ပင်းမို ... ။
Vol. 70 Ch. 839
သိုင်းတောင်ထိပ်။ (ထျန်းဝူတောင်ထိပ်။) ဤတောင်တန်းကြီးသည် အရိုင်းမြေကိုးပါးတွင် အကောင်းဆုံးသော ကျင့်ကြံမှုနယ်မြေဖြစ်၏။
ဝိညာဉ်စွမ်းအင် ပေါကြွယ်ဝပြီး ဘုံဗိမာန်များသည် တောင်တန်းတလျှောက် အစက်ချထားသလို ပြည့်နှက်နေသည်။
နတ်ဓားရှင် တပည့်ကြီးပင်းမိုသည် လွန်ခဲ့သောနှစ်ပေါင်းငါးရာက ဤတောင်ကို သိမ်းယူကာ ရွှမ်ကြွယ်မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့သည်။
ထို့ကြောင့် တောင်တန်းကြီးသည် ခန့်ညားထည်ဝါလှသော နန်းတော်များစွာနှင့် တဖိတ်ဖိတ်လက်နေ၏။
တောင်ထိပ် တစ်နေရာရှိ ရင်ပြင်ကြီး တစ်ခုပေါ်တွင် အရပ်ရှည်ရှည်နှင့် ဝတ်ရုံစများ တဖျပ်ဖျပ်လွင့်နေသော လူရွယ်တစ်ယောက် လက်နှစ်ဖက် နောက်ပစ်ကာရပ်နေ၏။
သူနှင့်(၁၀)ပေအကွာတွင် ပိန်ပိန်ပါးပါးနှင့် အနက်ရောင်ဝတ် အဖိုးအိုတစ်ဦး ခေါင်းငုံ့လျက် ရပ်နေသည်။
“ ယွီလောင် သတင်းရပြီလား။ ”
လူရွယ်က တည်ငြိမ်သောအသံဖြင့် မေးမြန်းလိုက်သော်လည်း သူ့အသံတွင်ဖိအား အချို့ ပါရှိလေသည်။ အနက်ဝတ် အဖိုးအိုကြီးက ခေါင်းငုံ့နေလျက်ဖြင့်၊
“ သခင် ... မရဏကမ္ဘာက လက်အောက်ခံအင်အားစုတွေက မြေအောက် ကမ္ဘာသင်္ချိုင်းရဲ့သတင်းကို စုံစမ်းနေကြပါတယ် မကြာခင်မှာ အတည်ပြုနိုင်ပါလိမ့်မယ်။ ”
-ဟု တိုးညှင်းစွာ ပြန်ဖြေသည်။ လူရွယ်မှ သက်ပြင်းချကာ၊
“ ငါ့အထင်တော့ ... ယွီလောင် ပြန်လာတော့မယ်မထင်ဘူး။ ”
-ဟု ပြောကြားလိုက်၏။
“ သခင် ... သခင်လေးယီလောင်က တစ်နေရာရာမှာ ပိတ်မိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ”
အနက်ဝတ် အဖိုးကြီးစကားကြောင့် ပင်းမိုမျက်ဝန်းထဲ ထူးဆန်းသောအငွေ့အသက် ဖြတ်ပြေးသွားပြီး၊
“ သူ့ခွန်အားနဲ့ဆိုရင် မရဏကမ္ဘာမှာ သူ့ကိုတားဆီးနိုင်တဲ့ လူ မရှိသလောက်ပါပဲ ... ခုလို ပြန်ရောက်မလာသေးတာက ... သူ မလာတော့ဘူးလို့ အဓိပ္ပါယ်ရတယ် ... ။ ”
ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ လူရွယ်ကအဝေးသို့ငေးမောလျက် တပည့်ဖြစ်သူ ရှန်းကွမ်းကျဲပေးပို့လိုက်သော ကျောက်စိမ်း တံဆိပ်တစ်ခုအကြောင်း တွေးနေခဲ့သည်။
ထိုတံဆိပ်ထဲရှိ သတင်းစကားသည် သူ့ကဲ့သို့သောပုဂ္ဂိုလ်မျိုးကိုပင် စိတ်နှလုံးအပေါ် ကြီးစွာ သက်ရောက်စေ၏။
ယခင်က ဟော်ယောင်းသေဆုံးမှုနှင့် ယွီလောင်ပြန်မလာသည့် အခြေအနေများဖြင့် ဆက်စပ်သော် အရာအားလုံးသည် အမှန်ပင် ရှင်းလင်းနေချေပြီ။
“ ဆရာ ... မင်းတကယ်ပဲ ပြန်လည်မွေးလာပြီလား ... ။ ”
အတွေးများ လူရွယ်တစ်ယောက် ညည်းတွားလိုက်တော့သည်။ ဤသည်မှာ ထိုသူများအတွက်ပင် တုန်လှုပ်စေသော သတင်းကြီးပေပင်။
“ ဒါကြောင့်လည်း အမြဲတမ်း ငါ့ကို လေးစားတဲ့ ယွီလောင်ရဲ့သတင်းအစအနတွေ ပျောက်သွားတာကိုး ... ။ ”
လူရွယ်က သက်ပြင်းချလျက် အရက်အိုးထုတ်ယူကာ တစ်ငုံသောက်လိုက်ပြီး အေးစက်သော အပြုံးတစ်ပွင့် ပေါ်လာ၏။
“ ငါသိတယ် မင်းလိုလူက အကြောင်းမဲ့ သက်သက်နဲ့ ဒီလိုအလွယ်တကူ သေဆုံးသွားမှာ မဟုတ်ဘူးဆိုတာ ... ဒါကြောင့် ဒီတပည့်က မင်းပြန်လာမဲ့နေ့ကို စောင့်နေတယ်ဆရာ။ ”
အနက်ဝတ် အဖိုးကြီးခမျာ တိတ်ဆိတ်စွာ နားထောင်နေလျက်မှ ချွေးများစီးကျလာသည်။ တစ်ဖက်လူမှ ရည်ညွှန်းသော ဆရာဟူသည် အရိုင်းမြေကိုးပါး၏ ဘုရင်ဖြစ်၏။
“ အရင်တုန်းကတော့ ... ငါဟာဆရာ့ကို ဖခင်တစ်ဦးလိုရိုသေခဲ့ပြီး ကောင်းကင်သဖွယ် ကြောက်ရွံ့ခဲ့ရတယ် ... ဒါပေမဲ့ ဆရာ ... ဒါတွေအားလုံး အတိတ်တွေပါပဲ။ ”
ဤအခိုက်အတန့်တွင် လူရွယ်၏ မျက်ဝန်းများသည် ငြိမ်သက်သွားပြီး မည်သည့် ခံစားချက်မျှ မရှိတော့ချေ။
“ အစ်ကိုကြီး ... မင်းငါ့ကိုခေါ်တယ်ဆို။ ”
ရုတ်တရက် ကြည်လင်ပြတ်သားသော အသံနှင့်အတူ မိန်းမပျိုတစ်ဦး ရင်ပြင်ပေါ်သို့ ဆင်းသက်ကာ လျှောက်လှမ်းလာ၏။
ဤသည်မှာ စုရွှမ်ကြွယ်၏ စတုတ္ထတပည့် ကျင်းချွယ်ဖြစ်၏။ ကောင်းကင်နတ်သမီးအလား မြင့်မြတ်သောကျက်သရေနှင့် ပြီးပြည့်စုံသည်။
“ ဟုတ်တယ် ... ဒီမှာ မင်းအတွက် ... ။ ”
လူရွယ်မှ ပြန်လှည့်ကြည့်ကာ အေးစက်သောအသွင်များပျောက်ကွယ်လျက် ပြုံးပြီး ကျောက်စိမ်းသေတ္တာတစ်လုံးကို ကမ်းပေးလိုက်လေသည်။
ကျင်းချွယ်မှ ရှုပ်ထွေးဟန်ဖြင့် ကျောက်စိမ်းသေတ္တာကိုဖွင့်ကြည့်လိုက်ရာတွင် တောက်ပနေသော စိမ်းပြာရောင်ပုလဲတစ်လုံး မြင်တွေ့လိုက်ရ၏။
“ ဟမ့် ... ဒါ ... ပင်လယ်ပြာနတ်ပုလဲပဲ ... အဋ္ဌမမောင်လေးပိုင်ရီအတွက် ဆရာချန်ထား ပေးခဲ့တာပဲ ငါ မယူဝံ့ပါဘူး အစ်ကိုကြီး။ ”
သူမဆရာအကြောင်း ပြောပြီးသည်နှင့် ကျင်းချွယ်မျက်ဝန်းတစ်စုံတွင် ဝမ်းနည်းရိပ်များ ဖုံးလွှမ်းသွားလေသည်။ လူရွယ်မှ လေးလံစွာ သက်ပြင်းချလျက်၊
“ ညီလေးပိုင်ကို ငါရှာနေခဲ့တာကြာပြီ ... အခုထိကိုဘာသတင်းမှမရဘူး ... ဆရာလည်း မရှိတော့ဘူးဆိုတော့ ...
... အစ်ကိုကြီး တစ်ယောက်အနေနဲ့ ဆရာ့ရတနာတွေကို ဒီလို ငါတစ်ယောက်တည်း သိမ်းမထားသင့်ဘူး မဟုတ်လား ..ဒါက နင့်ရဲ့ ကျင့်ကြံမှုကို အထောက်အကူပြုမှာမို့ လက်ခံလိုက်ပါ။ ”
ကျင်းချွယ်တစ်ယောက် တွေဝေလျက် နှုတ်ခမ်းကိုခပ်ဖွဖွကိုက်ကာ၊
“ ကောင်းပြီ ဒါဆို ... အဋ္ဌမမြောက် မောင်လေးပိုင်ရီကို တွေ့တဲ့အခါကျရင်ပြောပါ ငါ ပြန်ပေးလိုက်ပါ့မယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ မင်းဆန္ဒအတိုင်းပါပဲ ... ။ ”
ထို့နောက် လူရွယ်၏မျက်နှာပေါ်ရှိ အပြုံးချက်ချင်း ပျောက်ကွယ်သွားကာ ဝမ်းနည်း လာဟန်ဖြင့်၊
“ ညီမကျင်း ... ငါပြောစရာရှိတယ် မင်းရဲ့အစ်ကိုသုံး ဟော်ယောင်းသေသွားပြီ။ ”
-ဟု ထုတ်ဖော်ပြောကြားလိုက်၏။ ကျင်းချွယ်တစ်ယောက် ထိတ်လန့်တကြားဖြင့် မယုံကြည်နိုင်စွာ တုန်လှုပ်သွားလေသည်။
“ ဘယ်လိုဖြစ်တာလဲ ... ။ ”
ပင်းမိုက သက်ပြင်းချလျက်၊
“ မရဏကမ္ဘာမှာ အလွန်ယုတ်မာတဲ့ လူတစ်ယောက် ထွက်ပေါ်လာတယ် အဲဒီလူက ဆရာ့ရဲ့အတိတ်ကြောင်းတွေကို အကုန် သိရုံတင်မကဘူး ...
... ဆရာ့ရဲ့ နည်းစနစ်နဲ့ အမွေတွေကို ကျွမ်းကျင်နားလည်နေတယ် သူ့ကိုယ်သူလည်း ဆရာဝင်စားသူအဖြစ် ဟန်ဆောင်ပြီး ...
... ဟော်ယောင်းကို လှည့်စားသတ်ဖြတ်ခဲ့တာပါ ယွီလောင်ကိုလည်း စိတ်ဝိညာဉ် ထိန်းချုပ်လိုက်ပုံရတယ်။ ”
-ဟု ရှင်းပြလိုက်သည်။
“ ဘယ်လောက်သတ္တိရှိလဲ ... တစ်စုံတစ်ယောက်က ဆရာပုံစံအသွင်ယူ ဝံ့သလား။ ”
ကျင်းချွယ်ထံမှ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ချက်ချင်းပေါက်ကြားလာ၏။ လူရွယ်မှ ခေါင်းညိတ်လျက်၊
“ သူ့နာမည်ကစုရီ ... မကြာခင် သူ အရိုင်းမြေကိုလာလိမ့်မယ် ဆရာ့နာမည်သုံးပြီး ငါတို့ကိုရန်တိုက်ပေးဖို့ ကြံစည်နေတယ် ဒါကြောင့် သတိထားပါ ညီမကျင်း။ ”
“ ငါ နားလည်ပြီ ... အစ်ကိုကြီးစိတ်မပူနဲ့ ဒီလူယုတ်မာသတင်းရရင် ငါ့ကိုပြောပါ သူ့ကို ငါကိုယ်တိုင်သတ်မယ်။ ”
“ ကောင်းပြီ ... ။ ”
ထို့နောက် ကျင်းချွယ်မှနှုတ်ဆက်ကာ ပြန်လည်ထွက်ခွာသွား၏။ သူမ ပျောက်ကွယ် ထွက်သွားပြီးနောက် လူရွယ်၏အမူအရာသည် ပြန်လည်အေးစက်လာပြီး၊
“ အရိုင်းမြေတစ်ခုလုံးကို သတင်း ထုတ်ပြန်လိုက်ပါ စုရီဆိုတဲ့လူယုတ်မာဟာ ငါတို့ဆရာအမည်ကိုခံယူပြီး လိမ်လည် နေတဲ့အတွက် ...
... ရွှမ်ကြွယ်မဟာမိတ်ရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်လိုက်ပြီ သူ့သတင်းပေးနိုင်တဲ့သူကို ထိုက်ထိုက်တန်တန် ဆုချမယ်။ ”
-ဟု အမိန့်ပေးလိုက်တော့သည်။
“ ဟုတ်ကဲ့ နားလည်ပါပြီ။ ”
အနက်ဝတ်အဖိုးကြီးထံမှ ပြန်ဖြေသံ နှင့်အတူ လေတိုးသံထွက်ပေါ်လာပြီး ချက်ချင်း ပျောက်ကွယ်သွားတော့၏။
ထို့နောက်တွင် လူရွယ်သည် တစ်ယောက်တည်း တိတ်ဆိတ်စွာကျန်ရစ်ခဲ့ပြီး ရင်ပြင်အစွန်းသို့ လျှောက်လှမ်းသွားကာ ကောင်းကင်ပေါ် မော့ကြည့်လျက်၊
“ ဆရာ ... တပည့်ကိုအပြစ်မတင်ပါနဲ့ ရွှမ်ကြွယ်မဟာမိတ်ဟာ ... ဆရာ့ရဲ့နာမည်နဲ့ ရပ်တည်နေရတာပါ ဆရာပြန်လာရင် သူတို့က အမိန့်ကို နာခံတော့မှာ မဟုတ်ဘူး ...
... ဒါကြောင့် တစ်ကမ္ဘာလုံးက လူတွေရဲ့အမြင်မှာ ဆရာဆိုတာ ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ ...
... လူတစ်ယောက် ဖြစ်ရမယ် ... ဆရာပေါ်လာချင်ရင်တောင် ချွင်းချက်မရှိ အတုအယောင်တစ်ယောက်ပါပဲ။ ”
-ဟု ညည်းတွားလိုက်တော့၏။ ထိုစဉ် အနက်ဝတ်အဖိုးကြီး ပြန်လည်ရောက်ရှိလာပြီး တုန်ရီနေသောအသံဖြင့်၊
“ သခင် ... သတင်းဆိုးရှိတယ် အဖိုးကြီးဖန်းနဲ့ ဓားပျံဂိုဏ်းက လူတွေအားလုံး အသတ်ခံလိုက်ရပါပြီ။ ”
-ဟု ပြန်လည်သတင်းပို့လာသည်။
လူရွယ်မှ မျက်ဝန်းများ မှေးစင်းသွားကာ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ချက်ချင်းပေါက်ကြားလာတော့၏။
***