အခန်း (၁၁၇၆-၁၁၈၀)
Vol. 68 Ch. 1176-1180
အခန်း(၁၁၇၆)
ဝမ်ချောင်၏အကြည့်က တိုင်ဂရစ်မြစ်၏ လတ္တံထံသို့ ကျရောက်သွားသည့် အခိုက်အတန့်တွင် ဒီမြို့ဟာ မျှော်လင့်ထားသည်ထက် ပို၍ တိုက်ခိုက်ရခက်ကြောင်း သိလိုက်ပြီဖြစ်သည်။ သူ၏အမိန့်အောက်တွင် ဒီမြို့ကြီးသည် အာရပ်၏လက်အောက်တွင် ရှိနေသည်ကထက် ပို၍ ပြင်းထန်လာပေလိမ့်မည်။
မြို့ရိုးများက ခိုင်မာလွန်းသောကြောင့် တိုက်ခိုက်ရ ပို၍ခက်ခဲစေသေးသည်။ တာလာ့တွင် ဝမ်ချောင်က သံမဏိခုခံရေးအားလှိုင်း နှစ်လှိုင်းကို ဖော်ထုတ်ရုံနှင့် တိဗက်နှင့် အနောက်ပိုင်းတူရကီများကို အာရပ်များနှင့် ခွဲခြားနိုင်ခဲ့သည်။ သို့သော် ယခုနေရာတွင်မူ ထိုကဲ့သို့သော အခြေအနေမျိုးက မလိုအပ်ခဲ့ချေ။ ထိုမြစ်က ဝမ်ချောင်၏ ဗျူဟာလိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီးသားဖြစ်သည်။ ထို့ကြောင့် စစ်အနုပညာမှ လက်တစ်ဝက်မှဖြတ်တောက်ကာ တိုက်ခိုက်ခြင်းဟူသော ဗျူဟာကို ထုတ်သုံးနိုင်သွားစေသည်။
ဘုန်း ဘုန်း ဘုန်း
ဝူရှန်းမြင်းတပ်နှင့် အက်ပါရန်ကာတာဖရက်များက မြို့ဂိတ်မှ ဦးဆောင်ချီတက်သွားသည့် အခိုက်အတန့်တွင် လေထုက ပေါက်ကွဲသံများကို လွှတ်ထုတ်ပြီး အာရပ်စစ်သည်တော်များကို ရပ်တန့်၍ မရနိုင်သော အရှိန်နှုန်းနှင့် လှည်းကျင်း ဖယ်ထုတ်ပစ်ရန် ကြိုးစားသည်။ ဓားနှင့်ဓားမောက်ရှည်များက အောက်သို့ ခုတ်ချလာသည့် နေရာတိုင်းလိုလို အာရပ်များက ဝရုန်းသုန်းကားဖြစ်ပြီး လေထဲသို့ မြောက်တက်ကုန်ကာ လက်နက်များ၏ ခုတ်ပိုင်းခြင်းကိုခံရပြီး သေဆုံးသူကသေဆုံး ဒဏ်ရာပြင်းပြင်းထန်ထန် ရသူကရ ဖြစ်ကုန်ကြရသည်။ အာရပ်ဝင်္ကပါက ပြိုလဲသွားပြီဖြစ်သည်။
ဝူရှန်းမြင်းတပ်နှင့် အက်ပါရန်ကာတာဖရက်တို့သည် ရှေ့ပြေးတပ်အဖြစ် စတင်ကာ ဦးဆောင်သွားသောအခါ အခြားသော ခိုရာစန်းနီများနှင့် ပုန်ကန်သူစစ်သားများ အားလုံးက နောက်မှ အနီးကပ် ကပ်လိုက်ပြီး အရှေ့ဘက် ကမ်းခြေပေါ်တွင်ရှိနေသည့် အာရပ်များကို ရင်ဆိုင်ကာ ပြင်းထန်သည့် လှိုင်းလုံးကြီးများအလား တိုက်ခိုက်ကြလေသည်။
သို့သော် ထိုအခြေအနေက ပြီးဆုံးရန် လိုအပ်နေသေးသည်။ ဝမ်ချောင်က ဖနောင့်တစ်ချက်ပေါက်လိုက်ပြီး သူ၏အင်အားကြီးမားသည့် စစ်ချီစက်ကွင်းနှစ်ခုကို လောကပေါ်သို့ စေလွှတ်လိုက်သည်။ စွမ်းအားကြီးမားသော စွမ်းအားလှိုင်းများက အလိုလိုရှေ့ဆက်သွားလေပြီး အာရပ်စစ်သားများ၏ ခြေထောက်အောက်သို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် သတ္ထုချင်းထိခတ်သံက ထွက်ပေါ်လာခဲ့သည်။ အနည်းဆုံး အာရပ်စစ်သည် တစ်ဝက်ခန့်က သူတို့၏ ချီစက်ကွင်းများက တဖြတ်ဖြတ် လှုပ်ခါလာပြီး ယမ်းခါလာလျှက် စွမ်းအားများ ထိုးကျကုန်ကြောင်း ခံစားလိုက်ရသည်။
တိုက်ပွဲနယ်မြေအဆိပ် ချီစက်ကွင်း
ဗိုလ်ချုပ်များရဲ့အဆိပ် ချီစက်ကွင်း
ထိုချီစက်ကွင်းများကို လွှတ်ထုတ်ပြီးနောက် ဝမ်ချောင်က ခြေထောက်ကို ဖနောင့် ပေါက်လိုက်ပြန်သည်။ ထိုသို့ဖြင့် တတိယမြောက် ချီစက်ကွင်းကို ထုတ်ဖော်သည်။ ဒီတစ်ကြိမ်တွင်မူ သူ၏ပစ်မှတ်က ဝူရှန်းမြင်းတပ်ဖြစ်သွားသည်။
ဖုန်မှုန့်တပ်ရင်းချီစက်ကွင်း
ဝမ်ချောင်၏ ဖုန်မှုန့်တပ်ရင်းချီစက်ကွင်း သုံးခုက ဝူရှန်းမြင်းတပ်နှင့် တွဲဆက်လျှက်ရှိပြီး ဝူရှန်းမြင်းတပ်ဟာ တောင်ပံတပ်ပေးလိုက်သော ကျားများအလား ပြောင်းလဲသွားသည်။ သူတို့၏အရှိန်နှုန်း ခွန်အားနှင့် ခုခံနိုင်စွမ်းအားများက ပြင်းထန်သည့် အဆင့်မြှင့်တင်မှုမျိုးကို ခံစားလိုက်ရသည်။
ခြိမ်း
အာရပ်များက ချီတက်လာမှုကို မရပ်တန့်နိုင်သေးခင် ယခုလို အခြေအနေမျိုးကြောင့် အလုံးအရင်း သုတ်သင်ခံရသည့် အခြေအနေသို့ ရောက်ရှိသွားသည်။
“အား”
ထောင်ထောင်မောင်းမောင်း သန်သန်မာမာ အာရပ်မြင်းသည်တော် တစ်ယောက်က ဝူရှန်းမြင်းတပ် အဖွဲ့ဝင်တစ်ယောက်နှင့် ထိပ်တိုက်ဆုံပြီး တစ်မီတာခန့်မြင့်သည့် လေထဲသို့ မြောက်တက်သွားသောအခါ ငယ်သံပါအောင် အော်ဟစ်သည်။ လေထဲတွင်ရှိနေသည့် အခိုက်အတန့်တွင်ပင် သူ၏ရင်ဘက်က ချိုင့်ဝင်သွားပြီး ကိုယ်တွင်းအင်္ဂါများ အားလုံးက အက်ကွဲသွားကာ သေသွားရသည်။ တိုက်ပွဲနယ်မြေအနှံ့ အလားတူသော ဖြစ်ရပ်ပေါင်းများစွာက ဖြစ်နေ၏။
“မျိုးမစစ်တွေ”
တိုင်ဂရစ်မြစ် အနောက်ဘက်ကမ်းစပ်တွင် ရှိနေသော အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်က အရှေ့ပိုင်းကမ်းစပ်ပေါ်သို့ ရောက်ရှိပြီးနောက် စစ်သားများအားလုံး ချေမွခံနေရပြီး အလောင်းများက တောင်ပုံရာပုံ ပုံကာ သွေးများက မြစ်ထဲသို့ စီးဝင်လာနေကြောင်းကို မြင်ရသည်။ ထန်၊ ခိုရာစန်းနီနှင့် ပုန်ကန်သူများအားလုံးက မြို့ထဲမှချီတက်လာကြပြီး အားလုံးကို သုတ်သင်နေ၏။ ထိုမြင်ကွင်းက သူတို့အား အလွန်ဒေါသထွက်သွားစေသည်။
“အစိုးရတွေအားလုံး ငါ့ရဲ့အမိန့်ကိုနာခံကြစမ်း။ အကုန်လုံး အခုထွက်ပြီး ခိုရာစန်းတွေက အဲ့ဒီအကြွင်းအကျန်တွေ ကျူးကျော်တဲ့ ကောင်တွေကို သတ်ကြစမ်း”
လေပြင်းက ဖြတ်တိုက်သွားသည်။ တိုင်တန်သုံးယောက်က ခြုံထားသော ကြီးမားသော ဝတ်ရုံကြီးများက လေတွင်လွင့်နေသည်။ သူတို့က လေထဲသို့ခုန်တက်သွား၏။ ကြမ်းတမ်းသော မြင်းဟီသံများအကြားတွင် လေထုကပင် ခြောက်ကပ်သွားပုံထင်ရပြီး ကောင်းကင်တွင် နက်ရှိုင်းသည့် ခွာရာခြောက်စုံကို ချန်ထားရစ်ခဲ့သည်။ မည်သည့်အချိန်ကမှန်းမသိ အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်က လေထုကို မြေအမာလိုမျိုး ဖိနင်းပစ်လိုက်သည်။
အနက်ရောင်သံချပ်ကာဝတ် စစ်မြင်းသုံးကောင်က ထင်းထွက်လာပြီးနောက် သူတို့၏ ခွာအသီးသီးမှ အနက်ရောင်မီးတောက်က တောက်လောင်လာကာ ထိုသုံးယောက်အား ကပ်ဘေးလောကမှ ဆင်းသက်လာခဲ့သည့် မိစ္ဆာနတ်ဆိုးကြီးများအလား ခံစားရစေသည်။
ချွင်
အမှောင်အလင်းတန်း၏ခေါင်းဆောင် အောက်တည့်တည့်တွင် ကြီးမားလွန်းလှသော အနက်ရောင် ချီစက်ကွင်းတစ်ခုက ပေါ်ထွက်လာသည်။ သူက ရှေ့မှဦးဆောင်ကာ မြို့ရိုးထံချီတက်သွားသည်။
နောက်နှစ်ယောက်ကလည်း သူ၏နောက်မှ ချောမွေ့စွာ လိုက်သွားကြသည်။
“ဟား ဟား လှုပ်ရှားဖို့အချိန်ကျပြီ”
ဝမ်ချောင်က ရယ်သည်။ သူ၏ဆံပင်က လေတွင်လွင့်ပြန်သည်။ သူ၏ ရန်သူများက မတိုက်ခိုက်သေးခင် သူက ခိုရာစန်း၏မြို့ရိုးပေါ်မှ ခုန်ချလိုက်ပြီး အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်ထံ ခုန်ဝင်သွားသည်။
“မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း”
ဝမ်ချောင်က လျှပ်စီးတမျှ မြန်ဆန်သည်။ သူကရှေ့သို့ ခုန်တက်သွားသည့်အချိန်တွင် နေနှင့်လ၏ ပုံရိပ်ယောင်များကလည်း ပုခုံးတစ်ဖက်တစ်ချက်စီတွင် ပေါ်လာပြီဖြစ်သည်။ တိုက်ပွဲနယ်မြေပေါ်တွင် လေပြင်းများက ရုတ်တရက် မွှေနှောက်ခံရသလို ဝရုန်းသုန်းကားဖြစ်သွားလေပြီး ဝမ်ချောင်ကို မူတည်ကာ ရူးသွပ်စွာလည်ပတ်ကုန်သည်။ တိုင်တန်သုံးယောက်၏ စစ်မြင်းသုံးကောင်ကပင် မုန်တိုင်းဒဏ်ကို ခံရသည်။ လေထဲတွင်ရှိနေပြီးသား သူတို့ခန္ဓာကိုယ်များက ယမ်းခါသွားပြီး တည်နေရာများက ပျက်ယွင်းကုန်လျှက် မတည်မငြိမ် ဖြစ်လာကြကာ ကောင်းကင်မှ ပြုတ်ကျလုနီးပါးဖြစ်သွားသည်။
ဝမ်ချောင်၏အောက်ဘက်တွင် ရှိသည့် အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာ၏ ခန္ဓာကိုယ်များအတွင်းမှ သွေးနှင့် စွမ်းအင်ပေါင်းများစွာက ထိုးထွက်လာလျှက် ဝမ်ချောင်၏ ကိုယ်အတွင်းသို့ သွေးမြူအဖြစ် ပြောင်းလဲကာ စီးဝင်သည်။
“သေစမ်း”
အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်က ထိုမြင်ကွင်းကြောင့် မျက်နှာထားများ တင်းမာသွားကြလေသည်။
ဘုန်း
ကလေးငယ်တစ်ယောက်၏ လက်မောင်းတမျှ တုတ်ခိုင်သော လှံတစ်လက်က ရှေ့သို့တိုးဝင်သွားသည့် အချိန်တွင် အံ့အားသင့်ဖွယ် အားလှိုင်းများကို ထုတ်လွှတ်လျှက် ပတ်ဝန်းကျင်တစ်ခုလုံးကို ကျော်ဖြတ်ကာ ဝမ်ချောင်၏ ကြောက်မက်ဖွယ်ကောင်းသည့် စုပ်ယူမှုစွမ်းအားကို ပယ်ဖျက်ရန် ကြိုးစားသည်။
“သတိထား”
အမှောင်အလင်းတန်း၏ ခေါင်းဆောင် ဖားတိက လေထဲတွင် တည်ငြိမ်အောင် ရပ်ပြီးနောက် အနီးအနားရှိ လူတစ်ယောက်က သူ့ကို စိုးရိမ်တကြီး လှမ်းအော်သည်။ ဖားတိက ခေါင်းကိုမော့ပြီး တစ်ချက်ကြည့်လိုက်ပြီးနောက် အလန့်တကြား ဖြစ်သွားရသည်။ ငယ်ရွယ်သောဗိုလ်ချုပ်က အကောင်းတိုင်း ရှိနေသေးကြောင်း မြင်ရသည်။ သို့သော် ဖားတိကို အအံ့ဩစေဆုံး အချက်ကမူ ဝမ်ချောင်သုံးယောက် ဖြစ်နေခြင်းဖြစ်သည်။ ဖားတိ၏ ကျင့်ကြံခြင်းအဆင့်တွင်ရှိသော လူတစ်ယောက်ကပင် မည်သည့်လူက အစစ်အမှန်ဖြစ်ကြောင်း မခန့်မှန်းနိုင်ချေ။
“မဖြစ်နိုင်ဘူး ဒါက ဘာသိုင်းလဲ”
ဖားတိ၏မျက်ခုံးက ပင့်တက်သွားသည်။ သူ၏စိတ်က အံ့အားသင့်မှုအပြည့်နှင့် ပင့်တက်သွားလေသည်။ ပုံရိပ်ယောင်များဟာ အထူးတလည် ချွင်းချက်မရှိ အဆင့်အတန်းမြင့်မားလွန်းသော သိုင်းမျိုးမဟုတ်ချေ။ သို့သော် ပုံရိပ်ယောင်များက မဟာဗိုလ်ချုပ်ကြီးများကို ရှားရှားပါးပါး အရူးလုပ်နိုင်ခဲသည်။ သူ၏ တပ်ဆွဲအုပ်ချုပ်ခဲ့သော နှစ်များတွင် ဖားတိအနေဖြင့် ယခုလိုအခြေအနေမျိုးကို တစ်ကြိမ်သော်မျှ မကြုံဖူးချေ။
“သူ့ကိုသတ်”
အစောပိုင်း အံ့အားသင့်မှု အဆုံးသတ်ပြီးနောက် တိုင်တန်သုံးယောက်လုံးက ခပ်မြန်မြန် စိတ်ငြိမ်သွားကြသည်။
ဘုန်း
လှံသုံးလက်က တစ်သားတည်းအဖြစ် ပေါင်းစပ်သွားပြီး ဖျက်ဆီးခြင်းစွမ်းအင်မုန်တိုင်း သုံးခုက သူတို့၏ကိုယ်အတွင်းမှ စတင်ကာထွက်ပေါ်လျှက် လေထုကို ထိုးခုတ်ရန်ကြိုးစားသည်။ ထိုအခိုက်အတန့်တွင် အာကာသပြင်ကပင် ထိုးဖောက်ခံရပုံပေါ်သည်။
ဘန်း ဘန်း
ဝမ်ချောင်နှစ်ယောက်က ချက်ချင်းဆိုသလို အစိတ်စိတ် အပိုင်းပိုင်းအဖြစ် ပြောင်းလဲကာ ပေါက်ကွဲသွားသည်။ သို့သော် ထိုအခိုက်အတန့်တွင် လေထဲတွင် ဟိန်းသံတစ်ချက်က ပေါ်ထွက်လာသည်။
“မဟာဖျက်ဆီးခြင်းသိုင်း”
“အမှောင်အလင်းတန်းရဲ့ ပျက်စီးမှု”
လေထဲတွင် ဖျက်ဆီးခြင်းစွမ်းအား နှစ်ရပ်နှင့် ပြင်းထန်လွန်းသော ရွှေရောင်စွမ်းအင်မုန်တိုင်းက ထိပ်တိုက်ဆုံသွားသည်။
ဘုန်း ဘုန်း
အလင်းများက တောက်ပလာပြီးနောက်တွင် ဖားတိက ပေရာပေါင်းများစွာ အကွာထိ နောက်သို့ တွန်းပို့ခံလိုက်ရရင်း အော်ဟစ်လိုက်ရသည်။ သူသည် အရှေ့ပိုင်းကမ်းစပ်မှ အနောက်ပိုင်းကမ်းစပ်သို့ ရောက်သည်အထိ တောက်လျှောက် လွင့်ထွက်သွားရသည်။ ဖားတိ၏စစ်မြင်းက ခြေပြန်ချလိုက်နိုင်သည့် အခိုက်အတန့်တွင် အရှိန်အဝါပြင်းထန်သည့် စွမ်းအင်လှိုင်းများက ဖြာထွက်လာသေးသည်။
ဟီ...
ထိုမြင်းက အကြိမ်ပေါင်းများစွာ ယမ်းခါပြီးမှသာ တည်ငြိမ်အောင် ထိန်းလိုက်နိုင်သည်။
ထိုမြင်ကွင်းကြောင့် တိုက်ပွဲနယ်မြေ တစ်ဝက်ကျော်ကျော်ခန့်က တိတ်ဆိတ်သွားရသည်။ တိုင်ဂရစ်မြစ် အနောက်ပိုင်းကမ်းစပ်ပေါ်တွင်ရှိသော သိန်းပေါင်းများစွာသော စစ်သည်တော်များက သူတို့ ယခုလေးတင် မြင်လိုက်ရသော မြင်ကွင်းကြောင့် စွံ့အကုန်ကြသည်။
အင်ပါယာ၏ အလောင်းဖြူ ဟူလာသည် အင်ပါယာတစ်ခုလုံးအနှံ့ ကျော်ကြား အင်အားကြီးမားသော အစိုးရကြီးဖြစ်သည်။ အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်သည်မူ ဟူလာထက် ပို၍ကျော်ကြားပြီး ပို၍အင်အားကြီးမားသည်။ အရှေ့ပိုင်းမှ အပုမူစလင်ကပင် မယှဉ်နိုင်လောက်အောင်ဖြစ်သည်။ သို့သော် ဖားတိကပင် ဝမ်ချောင်၏ တစ်ကွက်တည်းနှင့် ပေရာကျော်အထိ ပြန်လွင့်ထွက်လာမည်ဟု မထင်ထားကြချေ။ သူသည် ထိုမဟာထန်မှ လူငယ်နှင့် ခွန်အားချင်းယှဉ်ရာတွင် နိမ့်ကျနေသည်။
ဒီအာရပ်ဗိုလ်ချုပ်အဖွဲ့က တော်တော်လေးတော့ လေးစားဖို့ကောင်းတာပဲ။
လေထဲမှဝမ်ချောင်က လက်နှင့်ခြေထောက်များကို အသာခါဆန့်လိုက်သည်။ သူသည် ရန်သူ၏နောက်သို့ မလိုက်ချေ။ သူက မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ တက်ရောက်သွားပြီးချိန်ကတည်းက သူ၏ခွန်အားက ဒုံးကြည်လိုထိုးတက်လာသည်။ ထို့ကြောင့် ယခုလိုအခြေအနေမျိုးတွင် သူ့ကိုရင်ဆိုင်နိုင်သော ကျွမ်းကျင်ပညာရှင်က အလွန့်အလွန်နည်းသွားသည်။ သူ့ကို အနိုင်ယူရန်ဆိုလျှင် ပို၍ဝေးကွာသွားသည်။ အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်ကပင် သူ့ကို မယှဉ်နိုင်ချေ။ သို့ရာတွင် သူတို့သည် အာရေးဗီးယားမှ ထိပ်တန်းအဆင့် အစိုးရများ ဖြစ်နေသေးသည်။ ထို့ကြောင့် ဝမ်ချောင်ကလည်း သူတို့ကို ခပ်မြန်မြန်ကိုင်တွယ်ရန် ခက်ခဲသည်။
“မျိုးမစစ်ကောင် ငါတို့အတူပေါင်းပြီး သူ့ကိုသတ်ကြတာပေါ့”
ဝမ်ချောင်က ရှေ့သို့တစ်လှမ်းတိုးလိုက်သည်နှင့် လေထုက ဝရုန်းသုန်းကားဖြစ်သွားသည်။ သို့သော် သူသည် အနောက်ဘက်မှလာသည့် အန္တရာယ်ကို ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် အမှောင်အလင်းတန်း၏ သွေးနှင့် အမှောင်အလင်းတန်း၏ ဓားသွားတို့က သူတို့၏အရှိန်အဝါ ပြင်းထန်သည့် လှံများကို အသီးသီး ဆုပ်ကိုင်လျှက် အရပ်မျက်နှာနှစ်ခုမှ ခုန်ထွက်ကာ ဝမ်ချောင်ထံ ချီတက်လာသည်။
“ဟား ဟား မင်းတို့က သူ့ကိုအဖွဲ့လိုက်ပေါင်းပြီး အနိုင်ကျင့်ချင်တာလား။ ချောင်အာ ငါလာပြီးကူညီပေးမယ်”
ထိုအခိုက်အတန့်တွင် အပေါ်မှ ကျယ်လောင်သည့်အသံက ပေါက်ကွဲထွက်လာသည်။ ထို့နောက် ခမ်းနားထည်ဝါပြီး မရပ်တန့်နိုင်သည့် စွမ်းအင်တစ်ရပ်က ဆင်းသက်လာကာ သောင်းကျော်သော လေမုန်တိုင်းများကို သယ်ဆောင်လာလေသည်။
“ဒါကဘယ်သူလဲ”
“သတိထား”
အမ်မရွန်ကလည်း ခြောက်ခြားဖွယ်ကောင်းသော စွမ်းအင်များကြောင့် အလွန်အံ့ဩသွားသည်။ သူ၏အရှေ့မှ ငယ်ရွယ်သော ဗိုလ်ချုပ်ကပင် အလွန်အမင်း လေးစားဖွယ်ကောင်းနေပြီးသားဖြစ်သည်။ သို့သော် ယခုအပေါ်တွင် ထပ်ပေါ်လာသော သိုင်းပညာရှင်ကြီးက ပို၍ပင် အင်အားကြီးလောက်သည်။ သူ့တွင် တွေးတောရန် အချိန်မရှိတော့သည့်အတွက် နှစ်ယောက်လုံးက ခွန်အားကိုသာ အားစိုက်ပြီး အထက်မှလူကို ကိုင်တွယ်လိုက်ရသည်။
ကောင်းကင်ကိုပင် တုန်ခါစေသည့် ပေါက်ကွဲသံမျိုးက ထွက်ပေါ်လာပြီးနောက် ဖျက်ဆီးခြင်းစွမ်းအင်သုံးရပ်က ထိပ်တိုက်ဆုံသွားသည်။ သို့သော် တိုက်ကွက်၏ သက်ရောက်မှုက အနည်မထိုင်သေးခင် ဝမ်ချောင်က လက်ဝါးကို ရှေ့သို့ အသာတွန်းလိုက်ကာ ကိုယ်ပိုင်တောင်ဖြိုတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း
လေထုက ပေါက်ကွဲသွားပြီး စွမ်းအင်တန်းများကို ပေထောင်ကျော်သည်အထိ မြောက်တက်ကာ လွင့်ပျံသွားစေသည်။ မြေပြင်မှ အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာက အော်ဟစ်ရန် အချိန်မရှိသေးခင် အသားတုံးများဖြစ်သွားကြသည်။
ဖျက်ဆီးခြင်းစွမ်းအင်လှိုင်းများအကြားမှ ပုံရိပ်နှစ်ခုက လွင့်ထွက်သွားသည်။
“သေစမ်း”
အမ်မရွန်နှင့် ဖားရတို့ကလည်း သူတို့၏အင်အားကြီးမားသည့် ချီစက်ကွင်းများကို အသီးသီး ထုတ်လွှတ်ကာ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းကြသည်။ သို့သော် သူတို့၏ခန္ဓာကိုယ်ကမူ သရဲများအလား ဖြူစုတ်နေသည်။ နှစ်ယောက်သည် ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့၏ ပူးပေါင်းကာ လုပ်ကြံသတ်ဖြတ်မှုအောက်တွင် အသက်ရှင်နိုင်ခဲ့သော်လည်း သူတို့သည် ပြင်းထန်သည့် အတွင်းဒဏ်ရာများ ရသွားကြလေပြီ။
“ဒီမျိုးမစစ်တွေ ကြည့်ရတာ ရထားတဲ့သတင်းတွေက မှန်တယ်။ ခိုရာစန်းမှာ တော်တော်လေးကို လေးစားဖို့ကောင်းတဲ့ ကျွမ်းကျင်ပညာရှင်ကြီးတွေ ရှိနေတယ်။ ချွီထေပါးတောင် သူတို့ဆီမှာ သေသွားတာ မအံ့ဩတော့ပါဘူး။ ဒါပေမဲ့ သူတို့က ဘယ်လောက်အင်အားကြီးကြီး ဒီနေရာကနေ မထွက်သွားနိုင်စေရဘူး”
“အားလုံးပဲ ငါ့ရဲ့အမိန့်ကို နာခံတိုက်ခိုက်ကြ”
အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်၏ အသံများက တိုင်ဂရစ်မြစ်အနှံ့ ဟိန်းထွက်သွားသည်။ ထို့နောက် သုံးယောက်လုံးက တဖန်ပြန်လည် ခုန်ဝင်လာပြန်သည်။
အနောက်ဘက်တွင် တဘန်းဘန်းအသံများက ထွက်ပေါ်လာသည်။ အာရပ်အစိုးရ တစ်ယောက်ပြီးတစ်ယောက်က တိုင်ဂရစ်မြစ်ကို ကျော်ဖြတ်လျှက် ဝမ်ချောင်တို့ထံ ခုန်ဝင်လာသည်။ ခြောက်ယောက်၊ ခုနှစ်ယောက်၊ ရှစ်ယောက်... အနည်းဆုံး အာရပ်အစိုးရ အယောက်နှစ်ဆယ်နှင့် ပို၍များပြားသော ဗိုလ်ချုပ်ပေါင်းများစွာက ခိုရာစန်းသို့ ချီတက်လာကြသည်။
အင်ပါယာ၏ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်ပေါင်း များစွာက လေထဲသို့ အတူခုန်ဝင်လျှက် ပူးပေါင်းတိုက်ခိုက်ကြသောအခါ သူတို့က ထုတ်လွှတ်ထားသည့် အရှိန်အဝါများက တောင်တန်းများကို ဖြိုလှဲပြီး မြစ်များကို ပြောင်းပြန်လှန်နိုင်လေသည်။
အခန်း(၁၁၇၇)
“ဝမ်ချောင် ငါလာပြီးကူညီမယ်”
လေပြင်းက ဆောင့်တိုးဝင်ရောက်လာသည့် အခိုက်အတန့်တွင် မြို့ရိုးပေါ်မှ ပုံရိပ်တစ်ခုက ငှက်တစ်ကောင်လို ထိုးဆင်းလာသည်။ ဝူရှန်းရွာသူကြီးက သူ၏တုတ်ကောက်ကိုကိုင်လျှက် အလွန်အမင်း ကျွမ်းကျင်စွာ ဝင်ရောက်လာသည်။ တာလာ့၏တိုက်ပွဲပြီးနောက် ဝမ်ချောင်က စီမံခန့်ခွဲပြီး အခြားသော ဗိုလ်ချုပ်နှစ်ယောက်၏ ထောက်ပံ့မှုနှင့်အတူ ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့ကို ယခင်အင်အား ပြန်ပြည့်အောင် လုပ်ပေးနိုင်ခဲ့သည်။
“ဒဏ္ဍာရီထိုးခုတ်ခြင်းသိုင်း ရှစ်သွယ်”
တစ်ချိန်ထဲလိုလို ကောင်းရှန်းကျစ်ကလည်း ဓားကိုဆွဲထုတ်ပြီး မြို့ရိုးပေါ်မှ ခုန်ချလာသည်။
“သမုဒ္ဒရာလက်စွပ်ကွင်း”
ချန်းချန့်လီက မြို့ရိုးပေါ်မှ ခုန်ဆင်းလာသည့် အခိုက်အတန့်တွင် လေထုက သမုဒ္ဒရာလှိုင်းများ၏ အော်ဟစ်သံနှင့်အတူ လိမ့်တက်လာသည်။ သူ၏လက်ထဲတွင် သမုဒ္ဒရာလက်စွပ်ကွင်းက ရောက်ရှိနေပြီဖြစ်သည်။
ကျစ်ရကိုသတ်ပြီးနောက် ဝမ်ချောင်က တစ်ဖက်သူ၏ သမုဒ္ဒရာလက်စွပ်ကွင်းကို ရရှိခဲ့သည်။ လူတိုင်းက တွေးတောဆင်ခြင်ခဲ့ပြီးနောက် ချန်းချန့်လီကသာ သမုဒ္ဒရာလက်စွပ်ကွင်းနှင့် အလိုက်ဖက်ဆုံးဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ထိုကွင်းက သူ့အတွက်ဖြစ်သွားသည်။ ချန်းချန့်လီက အဆင့်မြင့် ခွဲခြားခြင်းသိုင်းကို ထုတ်သုံးရန် မလိုအပ်တော့ချေ။ သမုဒ္ဒရာလက်စွပ်ကွင်းနှင့်ဆိုလျှင် သူသည် မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
အာရပ်အစိုးရပေါင်းများစွာ၊ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးပေါင်းများစွာနှင့် အခြားသော ဗိုလ်ချုပ်ပေါင်းများစွာကို ရင်ဆိုင်ရသည့်အခါ အားရမ်၊ အိုင်ပန်းနှင့် အခြားသော ပုန်ကန်သူခေါင်းဆောင်က မြို့ထဲမှ အသီးသီး ခုန်ထွက်လာကြသည်။ တိုက်ပွဲက စတင်ပြီး သိပ်မကြာခင် မဟာဗိုလ်ချုပ်ကြီးများ အကြားမှ တိုက်ပွဲက စတင်ဖြစ်ပွားနေလေပြီ။
တိုင်ဂရစ်မြစ်၏ အရှေ့ဘက်ကမ်းခြေ အပေါ်ရှိ လေထုက အန္တရာယ်များနေ နေရာဖြစ်လာသည်။ လေးလံလွန်းသော အားလှိုင်းများက ဖြတ်တိုက်လာသောအခါ လေထုအတွင်း ဟိန်းသံများ၊ ပွတ်တိုက်သံများ၊ ပျက်စီးသံများက ပေါ်ထွက်နေသည်။ အမျိုးမျိုးသော သိုင်းပညာများနှင့် လက်နက်ပေါင်းများစွာက လင်းလက်တောက်ပပြီး ထိန်လင်းနေသည်။ တစ်ဖက်ချင်းစီတိုင်းက အတူပူးပေါင်းပြီး ခုခံကာ တိုက်ခိုက်ကြသည်။ မည်သည့်ဘက်ကမှ မည်သူသာကြောင်း မပြောနိုင်ချေ။
ဟီ....
အောက်ဘက်မှ စူးရှသော ဟီသံက ထွက်ပေါ်လာသည်။ အာရပ်အစိုးရတစ်ယောက်က တစ်ချက်ငုံ့ကြည့်လိုက်ပြီး မျက်နှာက ဖြူဖျော့သွားသည်။
“အားလုံးပဲ သတင်းဆိုးပဲ။ ငါတို့စစ်သားတွေက မခံနိုင်တော့ဘူး”
မြင့်မားကာ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် ခိုရာစန်းကြီး၏ အောက်ဘက်တွင် မရေမတွက်နိုင်သော ထန်များ၊ ခိုရာစန်းနီများနှင့် ပုန်ကန်သူစစ်သားပေါင်း များစွာက အာရပ်များကို တိုက်ပွဲနယ်မြေ၏ အစွန်နားထိ တွန်းထုတ်ထားပြီး အားနည်းသော လူများအလား နင်းချေနေသည်။
အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်၊ ဟူလာနှင့် အခြားသော အာရပ်အစိုးရများကမူ ဝမ်ချောင်တို့၏ အင်အားစု ထန်များ၊ ခိုရာစန်းနီများ၊ ပုန်ကန်သူ စစ်သားများနှင့် ဦးဆောင်နေသည့် အချိန်တွင် လီစစ်ယဲ့၊ ချွေ့ဖြောင်းချီနှင့် ကမ်းခယ်ဘုရင်တို့က ဦးဆောင်ထားသော အခြားသော အင်အားစုများက အာရပ်စစ်သည်နှစ်သိန်းကို အရှေ့ပိုင်းကမ်းစပ်တွင်ဝိုင်းလျှက် အလုံးအရင်းနှင့် သုတ်သင်နေပြီဖြစ်သည်။
ထိုအခိုက်အတန့်တွင် ခိုရာစန်းထဲမှ စစ်သားများက ဆက်လက်ပြီး ထွက်လာနေသည်။ ထိုအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုလျှင် အရှေ့ပိုင်းကမ်းစပ်မှ အင်အားစုနှစ်သိန်းလုံးက မဟာဗိုလ်ချုပ်များအကြားမှ တိုက်ပွဲ မပြီးဆုံးသေးခင် ရှင်းလင်းပစ်ခံရမည့် အနေအထားမျိုးတွင် ရှိနေသည်။
အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်က အောက်သို့ငုံ့ကြည့်ပြီး ထိုမြင်ကွင်းကို မြင်လိုက်သောအခါ သူတို့၏မျက်ဝန်းက မှေးကျဉ်းလျှက် မျက်နှာများက ရှုံ့မဲ့ကာ တင်းမာသွားကြသည်။ တိုင်ဂရစ်မြစ်သည် ခိုရာစန်း၏ အနောက်ဘက်တွင် တည်ရှိနေပြီး အာရပ်များ၏ အကြီးမားဆုံး အားနည်းချက် ဖြစ်သွားသည်။
“နောက်ဆုတ် စစ်သားတိုင်း နောက်ဆုတ်ကြ”
သာမာန်အခြေအနေမျိုးတွင်ဆိုလျှင် ထန်စစ်သားများက အင်အားစု ခုနှစ်သိန်းခန့်ရှိမည့် ရန်သူစစ်တပ်ကြီးကိုဝိုင်းပြီး တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် တိုင်ဂရစ်မြစ်က အာရပ်၏ တပ်ကူများကို အလွန်အမင်း နှေးသွားစေသည်။ ထို့ကြောင့် တစ်ဖက်ကမ်းစပ်တွင် ရှိနေသေးသော အင်အားစုငါးသိန်းကလည်း ကူကယ်ရာမဲ့ပြီး စောင့်ကြည့်ရုံသာ တက်နိုင်သည်။
“ဟွန်း မင်းတို့ကဒါကို အခုမှတွေးမိတာလား။ ချွေ့ဖြောင်းချီ၊ လီစစ်ယဲ့၊ ကမ်းခယ်ဘုရင် ငါ့ရဲ့အမိန့်ကိုနာခံ။ စစ်သားတိုင်း တင်းတင်းကြပ်ကြပ် ဝိုင်းထားပြီး အားလုံးကိုသတ်လိုက်”
လေထဲတွင်ရပ်နေသည့် ဝမ်ချောင်က ကျယ်လောင်စွာ အမိန့်ထုတ်သည်။
ဖြစ်ပျက်နေသော အရာအားလုံးကို အမြဲတစေ သိနားလည်နေခြင်းဟာ ဗိုလ်ချုပ်ကြီးတစ်ယောက်အတွက် လိုအပ်သော ညဉ်ဖြစ်သည်။ အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်နှင့် တိုက်ပွဲမစတင်ခင်ကတည်းက ဝမ်ချောင်က အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် အာရပ်များက တစ်စုံတစ်ရာကို သတိပြုလိုက်မိသည့် အချိန်တွင် ဝမ်ချောင်က ကြိုတင်ပြင်ဆင်မှုလုပ်၍ ပြီးဆုံးသွားပြီး အရှေ့ပိုင်းကမ်းစပ်တွင် အာရပ်စစ်သားများကို ဝိုင်း၍ အဆုံးသတ်သွားပြီဟု ဆိုလိုသည်။
ဝမ်ချောင်၏အမိန့်နှင့်အတူ ထန်၊ ခိုရာစန်းနီနှင့် ပုန်ကန်သူစစ်သားများ အားလုံးက ပိုက်ကွန်ကို ကြပ်လိုက်ကြသည်။ ထိုသို့ဖြင့် အရပ်မျက်နှာအနှံ့မှ ချီတက်ကာ အာရပ်များထံ ဝင်ရောက်ပြီး သတ်ဖြတ်ကြသည်။
ဘန်း ဘန်း ဘန်း
အာရပ်မြင်းတပ် အဖွဲ့ဝင်များက ပေါင်းပင်များအလား ခုတ်သင်ခံရသည်။ သူတို့က မည်မျှ ရုန်းကန်နိုင်နေစေကာမူ ခုခံနိုင်စွမ်းရည်က မရှိခဲ့ချေ။
နှစ်သောင်း၊ သုံးသောင်း၊ ငါးသောင်း၊ ခုနှစ်သောင်း... အာရပ်များ၏ သေဆုံးမှုက ထင်ထားသည်ထက်ပင် မြန်ဆန်သေးသည်။ ထန်များက အပြည့်အဝ ပြင်ဆင်ပြီး စည်းကမ်းတကျ တိုက်ခိုက်နေကြခြင်းဖြစ်သည်။ သို့သော် အာရပ်များက ထိတ်လန့်နေသော အနေအထားမျိုးတွင် ရှိနေသောကြောင့်သာ တိုက်ကွက်က မည်သည့်နေရာတွင် ရောက်လာမည်ဖြစ်ကြောင်းကို မမျှော်လင့်ထားနိုင်တော့ချေ။
စစ်တပ်က လျှင်မြန်စွာ ချေမွခံရသည်။ လေထဲတွင် အဆင့်အမြင့်ဆုံး တိုက်ပွဲက ဖြစ်ပွားနေသည့် နေရာတွင် အာရပ်များက မဟာထန်နှင့် ရင်ဆိုင်နေသည်။ သူတို့ကပင် အနည်းငယ် အားသာနေသည်ဟု ထင်ရသည်။ သို့သော် မြေပြင်ပေါ်ရှိ ကိစ္စများကမူ ထင်ထားသလို ဖြစ်မလာပေ။
“သူတို့ကိုဝိုင်းထားတဲ့ စစ်သားတိုင်းကိုသတ် စစ်သားတွေအတွက် လမ်းကြောင်းဖွင့်ပေးလိုက်”
ဘုန်း
အနက်ရောင် စွမ်းအားလုံးကြီးတစ်လုံးက ဥက္ကာပျံကြီးတစ်ခုလိုမျိုး စစ်သည်တော်အဖွဲ့ အတွင်းသို့ ကျရောက်သွားသည်။ အနောက်ဘက်တွင် ပေါက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်လာသည်။ ဖြတ်ကနဲဆိုသလိုပင် ပုန်ကန်သူစစ်သားများ၏ ခြေပြတ်လက်ပြတ်များ၊ အလောင်းများက ကောင်းကင်မှ ပြုတ်ကျလာသည်။
အမှောင်အလင်းတန်း၏ ခေါင်းဆောင် ဖားတိက အရင်ဦးဆုံးဆင်းသက်လာသည်။ ဟူလာနှင့် အခြားသော အာရပ်အစိုးရများက နောက်မှကပ်လိုက်လာ၏။ သူတို့အားလုံးက ထန်အင်အားစုကို တိုက်ခိုက်ကြသည်။
အစိုးရများ၏ အကူအညီကြောင့် အာရပ်များက ကမ်းစပ်သို့သွားသည့် လမ်းကြောင်းကို ခပ်မြန်မြန် ဖွင့်လိုက်နိုင်သည်။ ထိုသို့ဖြင့် စစ်သားများက လှေပေါ်သို့ခုန်တက်ပြီး အနောက်ဘက်ကမ်းစပ်သို့ ဆုတ်ကြ၏။
“သွား မြန်မြန်”
အာရပ်မြင်းသမားတစ်ယောက်က ရေခဲမြစ်ရေထဲသို့ ခုန်ဆင်းလိုက်ပြီး လှေပေါ်သို့တက်သည်။ ထို့နောက် အနောက်ဘက်ကမ်းစပ်သို့ ပြေး၏။ အနောက်ဘက်တွင် ပို၍များပြားသော စစ်သားများကလည်း နေရာလွတ်ထဲသို့ အပြေးဝင်ကာ ထွက်ပြေးကြသည်။
“နောက်ဆုတ် မြန်မြန်လေး နောက်ဆုတ်ကြစမ်း”
စစ်တပ်တစ်ခုလုံးက ကစဉ့်ကလျား ဖြစ်နေလေပြီ။
“ဖာ၊ ကုမာတန် မင်းတို့ရဲ့စစ်တပ်တွေကို ဦးဆောင်ပြီး နောက်ဆုတ်ဖို့ ကာထားပေးလိုက်။ ထန်တွေကို မလိုက်လာစေနဲ့”
ဟူလာက အနက်ရောင်သံချပ်ကာဝတ် အစိုးရနှစ်ယောက်ကိုကြည့်ပြီး လှမ်းခေါ်လိုက်သည်။ သို့သော် သူက စကားမဆုံးသေးခင်...
ဘုန်း
ရုတ်တရက် ခိုရာစန်း၏ ဖွင့်ထားပြီးသား ဂိတ်တံခါးကြီး၏ အလယ်တွင် အလွန်ကြီးမားသည့် နဂါးအလံကြီးတစ်ခုက ပေါ်ထွက်လာသည်။ ထိုအလံ၏အောက်ဘက်တွင် အလွန်ထွားကြိုင်းလွန်းသော လူထွားကြီးတစ်ယောက်က ထွက်လာသည်။ သူ၏အနောက်ဘက်တွင်မူ စစ်တပ် တစ်ဖွဲ့ပြီးတစ်ဖွဲ့က ကပ်လိုက်ပါလာသည်။ အားလုံးက မရပ်တန့်နိုင်သော အရှိန်အဝါအပြည့်နှင့် အာရပ်စစ်တပ်ထံ ဦးတည်လာသည်။
နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်၊ အသူရာသိုင်းစစ်တပ်၊ ထုံလော့မြင်းတပ်... ထိုသို့ဖြင့် မဟာထန်ဘက်မှ ထိပ်တန်းအဆင့် အရည်အသွေးရှိ စစ်တပ် တစ်တပ်ပြီးတစ်တပ်က ထွက်ပေါ်ကာ တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်လာသည်။
ချွင်
နတ်သိုင်းစစ်တပ်မှ စစ်သည်တော်တစ်ယောက်က ဓားကိုယမ်းကာ ခုတ်ချလိုက်ပြီး အာရပ်မြင်းသမားကို မတုန့်ပြန်နိုင်ခင် နှစ်ခြမ်းခွဲလိုက်သည်။ ထို့နောက် ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်...
ထန်များက လက်ရွေးစင်စစ်တပ်ကို လွှတ်လိုက်ပြီးသည့် အခိုက်အတန့်တွင် အာရပ်အစိုးရများက ယင်ကောင်များအလား ပြုတ်ကျကုန်သည်။ ထန်များကမူ ဂျုံရိုးတံများအလား သူတို့၏အသက်ကို ရိတ်သိမ်းနေသည်။
မရေမတွက်နိုင်သော မြင်းသမားများက သူတို့ကို ရပ်တန့်ရန် ချီတက်လာကြသည်။ သို့သော် အားလုံးက သစ်ပင်ကိုလှုပ်ခါရန် ကြိုးစားနေကြသည့် ပုရွက်ဆိတ်အုံကဲ့သို့သာ ဖြစ်နေသည်။ သူတို့သည် ရှေ့သို့ချီတက်ပြီး သိပ်မကြာခင် သေဆုံးသွားရသည်။ သူတို့၏ခန္ဓာကိုယ်က မြေပြင်သို့ ပြုတ်ကျသွားကြ၏။ ငါးထောင်၊ ရှစ်ထောင်၊ တစ်သောင်း...
“အား”
လေထဲတွင် အော်ဟစ်သံများက ပြည့်နှက်လာသည်။ အာရပ်စစ်သားများက ပထမဦးဆုံး အကြိမ်အဖြစ် အရှေ့ပိုင်းမှ ထန်လက်ရွေးစင်များကို အမှန်တကယ် အတွေ့အကြုံရလိုက်သည်။ ယခုလို ပြင်းထန်လွန်းသော ထိုးနှက်ချက်၏ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်က ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သွားသည်။
အာရပ်များသည် အားနည်းသော အနေအထားတွင် ရှိနေခဲ့ပြီးသားဖြစ်သည်။ ယခုအခါ အနက်ရောင် သံချပ်ကာဝတ် အစောင့်က ထန်လက်ရွေးစင် စစ်တပ်များကို တိုက်ပွဲအတွင်းသို့ ထည့်သွင်းလိုက်သောအခါ ကပ်ဘေးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့ကြောင့် တိုက်ပွဲ၏ ဒီရေကို မည်သည့်နည်းနှင့်မျှ ပြောင်းပြန်မလှန်နိုင်တော့ချေ။
“စစ်သားတိုင်း အရှိန်နှုန်းမြှင့်ပြီး နောက်ဆုတ်ကြစမ်း”
ထိုမြင်ကွင်းကြောင့် ဟူလာက အံ့ကြိတ်သည်။ သူသည် သူ၏စစ်တပ်ကို စောင့်ကြည့်ပေးနေသည့် အခြေအနေကို လက်လျော့လိုက်ပြီး စစ်သားတိုင်းကို နောက်သို့အမြန်ဆုံး ဆုတ်ခိုင်းသည်။
ဘုန်း
တစ်ဖက်ကမ်းစပ်မှ ခရာမှုတ်သံက ထွက်လာသည်။ ဒါဟာ နောက်ဆုတ်ရန် အချက်ပြနေခြင်းဖြစ်သည်။
ခရာမှုတ်သံများက ထန်၊ ခိုရာစန်းနီများနှင့် ပုန်ကန်သူစစ်သားများအား လုပ်ကြံသတ်ဖြတ်မှုကို နှစ်ဆခန့် အရှိန်မြှင့်စေသည်။
ခွက် ခွက် ခွက်
မျက်နှာဖြူဖျော့နေသော အလောင်းများက တစ်လောင်းပြီးတစ်လောင်း မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ လှုပ်ရှားမှုအနည်းငယ်အတွင်း မူလက အင်အားစု နှစ်သိန်းခန့်ရှိသည့် အာရပ်များထဲမှ တစ်သိန်းတစ်သောင်းခန့်က အသတ်ခံလိုက်ရသည်။ ထန်မဟာမိတ် စစ်တပ်ကြီးကလည်း အဘက်ဘက်မှ ဆက်တိုက်ဖိအားပေးပြီး အဆုံးအစမဲ့သည့် သတ်ဖြတ်မှုကို စတင်နေသေးသည်။
အာကာသပြင်ကပင် ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာသလိုမျိုး ဖြစ်လာသည်။ လှေများကပင် အာရပ်မြင်းတပ် အဖွဲ့ဝင်များကို တစ်ဖက်ကမ်းသို့ ပို့ပေးရန် အချိန်မရှိချေ။ နောက်ဆုံးတွင်...
ပွက် ပွက်
ရွေးချယ်စရာမရှိတော့သည့် အာရပ်မြင်းသမားတစ်ယောက်က တိုင်ဂရစ်မြစ်၏ လျှင်မြန်စွာ စီးဆင်းနေသော အေးစက်သည့် ရေထဲသို့ခုန်ချလိုက်ရသည်။ သူ၏မြင်းနှင့်အတူ ခုန်ချလိုက်ပြီး တစ်ဖက်ကမ်းသို့ကူးရန် ဖြစ်သွားသည်။ ဒုတိယ၊ တတိယ၊ စတုတ္ထ ထိုသု့ိဖြင့် အာရပ်မြင်းသမား သောင်းပေါင်းများစွာက မြစ်ထဲသို့ခုန်ချလိုက်ရသည်။
စစ်သည်တော်တစ်ယောက်က ရေထဲသို့ခုန်ချလိုက်လျှင် သေစေနိုင်ချေနည်းသည်။ သို့သော် ရှင်သန်နိုင်ချေလည်း မြင့်မားနိုင်သေးသည်။ အနှစ်ချုပ်ဆိုရသော် ထန်များ၊ ခိုရာစန်းများ၏ ကမ်းစပ်ပေါ်တွင် နေနေခြင်းကသာ သေချာပေါက် သေမည်ဖြစ်သည်။
ငါးထောင်၊ ခြောက်ထောင်၊ ခုနှစ်ထောင်... ပို၍များပြားသောစစ်သားများက မြစ်ထဲသို့ ခုန်ချကြသည်။ အချို့ကမူ တစ်ဖက်ကမ်းစပ်သို့ ကူးသွားနိုင်သည်။ သို့သော် အများစုကမူ ရေစီးတွင်မျောပါသွားကြသည်။ တခဏခန့်ကြာပြီးနောက် အရှေ့ပိုင်းကမ်းစပ်ပေါ်တွင်ရှိသော အာရပ်စစ်သားတိုင်းက မြစ်ထဲသို့ ခုန်ချသူကချ လှေပေါ်သို့တက်သူကတက် ဖြစ်သွားကြသည်။ ထိုအခိုက်အတန့်တွင် အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်၊ ဟူလာနှင့် အာရပ်အစိုးရများ၊ ဗိုလ်ချုပ်များ အားလုံးက ကောင်းကင်သို့ ပြန်တက်သူကတက် ရေနှင့်မြေပေါ်တွင် ဖြတ်ပြေးသူကပြေးနှင့် တစ်ဖက်ကမ်းသို့ သွားကြသည်။
“အဲ့ဒီမှာရပ်”
ကမ်းစပ်၏ အဝေးတစ်နေရာမှ ဝမ်ချောင်က လက်ကိုယမ်းလိုက်ပြီး စစ်သားများကို ရပ်ခိုင်းသည်။ တိုင်ဂရစ်မြစ်က နှစ်ဖက်အသွားနှင့် ဓားကဲ့သို့ဖြစ်သည်။ အာရပ်များကို ကိုင်တွယ်ရန် အသုံးပြုနိုင်သလို ထန်များကိုလည်း ပြန်လည်ထိခိုက်စေနိုင်သည်။ ကံကောင်းသည်မှာ ထန်များက ဒီနေရာတွင် အားသာချက် အရယူထားနိုင်သည်။ ထို့ကြောင့် ဒီအခြေအနေကို ဖြိုခွဲရန်လိုသူက အာရပ်များဖြစ်နေပြီး ထန်များမဟုတ်ချေ။
“နောက်ဆုတ်”
ထိုအမိန့်နှင့်အတူ စစ်သားများအားလုံးက ခိုရာစန်းသို့ နောက်ဆုတ်ကြပြီး တိုင်ဂရစ်မြစ်၏ အရှေ့ပိုင်းကမ်းစပ်ပေါ်တွင် အာရပ်အလောင်းတောင်ပုံကိုသာ ချန်ထားရစ်ခဲ့လေသည်။
အခန်း(၁၁၇၈)
“အရှင် ငါတို့ဘယ်လိုလုပ်ကြမလဲ”
တိုင်ဂရစ်မြစ်ကို ကျော်ဖြတ်ပြီးနောက် မရေမတွက်နိုင်သော အာရပ်စစ်သားပေါင်း များစွာက အေးစက်နေသော ရေခဲမြစ်အတွင်းမှ တုန်ယင်စွာ ထွက်လာကြရသည်။ ကမ်းစပ်ပေါ်တွင် ဟူလာ၏မျက်နှာက လက်သင့်မခံလိုစိတ် အပြည့်နှင့်ဖြစ်သည်။ သူသည် အမှောင်အလင်းတန်း၏ ခေါင်းဆောင် ဖားတိကိုကြည့်လိုက်သည်။
“အချိန်မရှိဘူး”
ဖားတိက သုန်မှုန်စွာပြောသည်။ သူက ကောင်းကင်ကို တစ်ချက်ကြည့်လိုက်သည်။ တိမ်များအကြားတွင် အလင်းက မှိန်ပျပျသာ ပေါ်ထွက်နေသည်။ မည်သည့်အချိန်ကမှန်းမသိ အမှောင်ထုက ကြီးစိုးလာပြီဖြစ်သည်။ ယခုလိုအခြေအနေမျိုးတွင် ဖားတိက မည်မျှလက်သင့်မခံနိုင်စေကာမူ သူဟာ တိုက်ပွဲကိုရပ်တန့်ပြီး မနက်ဖြန် ပြန်လည်စတင်မည့် အခြေအနေကို စောင့်ရန်လိုအပ်လာသည်။
“ဂျာလီရဲ့စစ်တပ်က မရောက်သေးဘူးလား”
ဖားတိက အနောက်ဘက်ရှိ ဗိုလ်ချုပ်ကိုလှည့်ကြည့်ပြီးပြောသည်။
ထိုဗိုလ်ချုပ်က ခေါင်းကိုငုံ့ပြီး တင်ပြသည်။
“အရှင် အရှင်ဂျာလီက တက်နိုင်သမျှ အမြန်ဆုံး ချီတက်လာနေပါတယ်။ ဒါပေမဲ့ ရာသီဥတုက တအားအေးပြီး မြစ်ကိုဖြတ်ကူးဖို့ သံမဏိတံတားတွေ အားလုံးက တအားကိုအေးကြလို့ သူတို့တွေ အရှိန်နှုန်း နှေးကွေးနေရတာပါ။ ဒါကြောင့် မနက်ဖြန်မနက်ထိ မရောက်လောက်ပါဘူး”
ဖားတိ၏မျက်ဝန်းထဲတွင် ဒေါသက ဖြတ်ပြေးသွားသည်။ အာရေးဗီးယားသည် ဒီမြို့ပေါ်တွင်ရှိသည့် လုပ်ကြံသတ်ဖြတ်မှုကို အင်ပါယာတစ်ခုလုံးမှ အင်အားစုများကို စုစည်းထားပြီး မျှော်လင့်ထားသည်ထက် အများကြီး ပြင်ဆင်ထားရသည်။
မူရင်းဗျူဟာအရ အာရပ်များက ရှည်လျားလွန်းသော သံမဏိတံတားကြီးများကိုသုံးပြီး မြစ်ကိုဖြတ်ကူးကြမည်ဖြစ်သည်။ သို့သော် ဖားတိကမူ သူ့တွင်ရှိသော လှေများကို ယုံကြည်မှု ပြင်းထန်ခဲ့ပြီး လေးလံသည့်တံတားများ ရောက်သည်အထိ မစောင့်ချင်ခဲ့ချေ။ ဖားတိအနေဖြင့် ထိုဆုံးဖြတ်ချက်က ယခုလို ပြင်းထန်သည့် တန်ကြေးကို ပေးဆပ်ရလိမ့်မည်ဟု မထင်ထားမိချေ။
“ဂျာလီကို သူ့ရဲ့အဖွဲ့ကို မြန်မြန်ချီတက်ခိုင်းဖို့ပြောလိုက်။ မနက်ဖြန် အာရုံမတက်ခင် ငါအဲ့ဒီ သံမဏိတံတားတွေကို လိုချင်တယ်”
ဖားတိက အမိန့်ပေးသည်။
“ဒီဗိုလ်ချုပ်က စာပို့လိုက်ပါ့မယ်”
ဗိုလ်ချုပ်က ဂါရဝပြုသည်။
“နောက်ပြီး ဟူလာ အရှင်မင်းကြီးဆီကို စာရေးလိုက်ဦး။ ငါတို့မှာ ထိပ်တန်းအဆင့် စစ်သည်တော်တွေ မလုံလောက်ဘူး။ ဒါကြောင့် အရှင်မင်းကြီးအနေနဲ့ နောက်ထပ် မဟာဗိုလ်ချုပ်တွေကို ထပ်ပို့ပြီး ထန်တွေကို ဖျက်ဆီးဖို့ ကူညီပေးဖို့ မျှော်လင့်တယ်လို့ပြောလိုက်။ ဒါတွေအပြင် အခွင့်အရေးသာရှိရင် အရှင်မင်းကြီးကို ဗိုလ်ချုပ်အန်စာရီကို သူ့ရဲ့စစ်တပ်ကို ခေါ်ဆောင်ပြီး ခိုရာစန်းဆီ လာရောက်ကူညီပေးစေချင်တယ်လို့ ပြောလိုက်ပါ”
ဖားတိကပြောသည်။
ဝုန်း
အန်စာရီ၏နာမည်ကြောင့် ဟူလာက တုန်ယင်သွားပြီး မျက်လုံးကလည်း ပြူးကျယ်သွားသည်။ အာရေးဗီးယား အင်ပါယာတွင် အန်စာရီ၏ဂုဏ်သတင်းက နေ့လည်ခင်းနေမင်းအလားဖြစ်သည်။ ချွီထေပါးကိုပင် ယှဉ်နိုင်သည်။ သို့သော်သူက အနည်းငယ်သာ လိုအပ်ချက်ရှိသည်။ သူတို့ခေတ်တွင် အန်စာရီနှင့် ချွီထေပါးတို့က အာရေးဗီးယား၏ သူရဲကောင်းနှစ်ယောက်ဖြစ်သည်။ နောက်ပိုင်းတွင်မူ အာရေးဗီးယား စစ်နတ်ဘုရားချင်း ယှဉ်ပြိုင်ရာတွင် အန်စာရီက ချွီထေပါးကိုရှုံးသွားသည်။ ဒေါသထွက်သွားပြီးနောက် သူဟာ စစ်တပ်မှ အနားယူသွားခဲ့ခြင်းဖြစ်သည်။
ချွီထေပါးက လောကတခွင်အနှံ့ အုပ်စိုးသိမ်းပိုက်ပြီး တိုက်ပွဲများကို ဆင်နွဲနေပြီး သိမ်းပိုက်မှုတွင် ပျော်ဝင်နေသည့် အခိုက်အတန့်တွင် အန်စာရီကမူ ကျင့်ကြံရန်သာ အာရုံစိုက်ထားသည်။ သူဟာ တစ်ရက်တွင် ချွီထေပါးကို အနိုင်ယူပြီး သူ၏အရှက်တရားကို ဆေးကြောပေးရန် မျှော်လင့်ထားသည်။
နှစ်ပေါင်းများစွာ ခါးသီးစွာ ကျင့်ကြံပြီးနောက် အပြင်လောကတွင် ကောလဟာလတစ်ခုက ထွက်ပေါ်လာသည်။ အန်စာရီ၏ခွန်အားက ချွီထေပါးကို ကျော်လွန်သွားပြီဟုဆိုသည်။ အန်စာရီကိုတွေ့ရန် တစ်စုံတစ်ယောက်က သွားရောက်ခဲ့သေးသည်။ သို့သော် တိုက်ဆိုင်စွာဖြင့် တစ်ဖက်မှ တစ်ချက်ကြည့်လိုက်လျှင် သူ၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး တိုက်ခိုက်လိုစိတ်များအားလုံး ခြောက်ကပ်သွားရသည်ဟု ဆိုလေသည်။
ဒါဟာ ကောလဟာလ သပ်သပ်သာဆိုလျှင် မည်သူကမှ ဂရုစိုက်လိမ့်မည်မဟုတ်ချေ။ သို့သော် အခိုင်အမာပြောနေသောသူက အာရပ်အစိုးရတစ်ယောက် ဖြစ်နေခဲ့သည်။ ထိုကိစ္စက လူအများဆီ သွားပြီးနောက် အင်ပါယာကြီးတစ်ခုလုံးကို မုန်တိုင်းထန်စေခဲ့သေးသည်။
သို့သော် အန်စာရီက ရက်စက်သော စိတ်နေသဘောထားရှိသည်။ ချွီထေပါးထက်ပင် ရက်စက်သေး၏။ သူသည် သူ၏ကိုယ်ပိုင် မဟာမိတ်ကိုပင် တိုက်ခိုက်ရန် တွေးတောခဲ့သေးသည်။ ထို့ကြောင့် အင်ပါယာရှိ မည်သူကမှ အန်စာရီနှင့် အဆက်အဆံ မလုပ်ချင်ပေ။
အမှောင်အလင်းတန်း၏သွေး ဖိုင်ရာက ရုတ်တရက်ပြောသည်။
“ဟုတ်တယ် နောက်ပြီး တောင်ပိုင်းစစ်နယ်မြေဇုံက သေဆုံးခြင်းအစိုးရ အန်းတီလည်းရှိနေသေးတယ်။ ငါတို့တွေ သူ့ကိုလည်း ရွှေ့ပြောင်းခိုင်းရမယ်။ စစ်သားတွေက မလုံလောက်ဘူးဆိုရင်တောင်မှ သူတို့ကတော့ ရှိဖို့လိုအပ်တယ်”
“ဒါပေမဲ့အရှင် အရှင်အန်းတီက တောင်ပိုင်းက ဝါးဒီးလူမျိုးတွေရဲ့ ပုန်ကန်မှုကို ဖိနှိပ်နေတဲ့အပြင် အဲ့ဒီက ရွာသူရွားသားတွေရဲ့ ပုန်ကန်မှုတွေကိုလည်း ကိုင်တွယ်နေရသေးတယ်။ ဒါကြောင့် အခြားကိစ္စတွေအတွက် အချိန်မရှိနိုင်ဘူး”
ဟူလာ၏အသံက တုန့်ဆိုင်းမှုများ ပြည့်နှက်နေသည်။
အာရေးဗီးယားက အင်အားကြီးမားသော်လည်း တစ်ချိန်ထဲတွင် ဖိနှိပ်နေရသည့် အင်အားစုပေါင်းများစွာ ရှိသည်။ သူတို့က သိမ်းပိုက်ခဲ့သည့် တိုင်းပြည်များလေလေ ခုခံမှုက ပို၍ပြင်းထန်လေလေဖြစ်သည်။ ထိုအတွက်ကြောင့်လည်း အာရေးဗီးယားက အစိုးရတိုင်းကို တစ်ပြိုင်းတည်း မစုစည်းနိုင်ခြင်းဖြစ်သည်။ အာရေးဗီးယား၏ နယ်စပ်မှ ရန်သူများက မဟာထန်လောက် အင်အားကြီးမားခြင်း မရှိသော်လည်း အရေအတွက်က များပြားနေသေးသည်။ ထိုအတွက်ကြောင့် အာရေးဗီးယားအနေနှင့် အမျိုးမျိုးသော နေရာများတွင် အစောင့်အစိုးရ စစ်တပ်များကို ချန်ထားရန် လိုအပ်နေသည်။
အန်းတီက အင်အားကြီးမားသည်။ သို့သော် သူတာဝန်ယူရသော နေရာကလည်း အလွန်အမင်း အရေးပါသည်။ ထို့ကြောင့် သူ့ကို အလွယ်တကူ ရွှေ့ပြောင်း၍မရချေ။
“သူက ဆယ်ရက်လောက်ပဲ ထွက်သွားတာဆိုရင်တော့ ပြဿနာမရှိလောက်ပါဘူး။ နောက်ပြီး တောင်ပိုင်းက အဲ့ဒီပုန်ကန်တဲ့ အင်အားစုက ခိုရာစန်းက စစ်သည်နှစ်သိန်းထက် ပိုပြီးအင်အားကြီးနိုင်လို့လား”
ဖားရက ခပ်တင်းတင်းပြောသည်။
“ဒါက”
ဟူလာကလည်း တိတ်တဆိတ် ခေါင်းငုံ့လိုက်သည်။ အရှေ့ပိုင်းမှ ခြိမ်းခြောက်မှုက အာရေးဗီးယား နယ်စပ်ရှိ မည်သည့်အင်အားစုက ခြိမ်းခြောက်မှုထက်မဆို ပြင်းထန်လွန်းနေခဲ့သည်။ အားလုံးပေါင်းလျှင်ပင် သာလွန်နေလောက်သေးသည်။
ထပ်ပေါင်းဆိုရသော် ထန်များတွင် အင်အားစုနှစ်သိန်းသာရှိသည်။ ထိုစစ်တပ်က မကြီးချေ။ သို့သော် လူတိုင်းကမူ အပြတ်အသတ် သာလွန်သည့် အင်အားစုကို ပိုင်ဆိုင်ထားကြသည်။ တိုက်ပွဲက စတင်ကာစသာ ရှိသေးသည်။ အာရပ်များက အင်အားစုနှစ်သိန်းကို ဆုံးရှုံးသွားရသည်။ အာရေးဗီးယား၏ နယ်စပ်ရှိ မည်သည့်အဖွဲ့အစည်းကမျှ ထိုသို့မလုပ်နိုင်ချေ။
“နားလည်ပါပြီ ငါသွားလုပ်လိုက်မယ်”
ဟူလာက ခပ်တင်းတင်းပြောသည်။
အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်က အာရပ်အစိုးရဆယ်ယောက်၏ နာမည်ကို စာရင်းထုတ်ပေးသည်။ ဟူလာက နာမည်တစ်ခုချင်းကို ရေးမှတ်သွားပြီး တခဏခန့်ကြာပြီးနောက် အာရပ်အမဲလိုက် သိန်းငှက်ကြီးက လေထဲသို့မြောက်တက်သွားကာ ပါးတထံပျံသန်းသွားသည်။
“ဟူလာ ငါ့ရဲ့အမိန့်ကိုထုတ်လိုက် မနက်ဖြန် သံမဏိတံတားတွေ ရောက်လာတဲ့အခါ မြစ်ကိုချက်ချင်းဖြတ်ပြီး ထန်တိုင်း၊ ခိုရာစန်းတိုင်းကိုသတ်ကြမယ်”
“ဟုတ်ကဲ့”
.....
အမှောင်ထုက ကြီးစိုးလာပြီးနောက် ခိုရာစန်းက တည်ငြိမ်သွားသည်။ ရာသီဥတုက အေးသထက် အေးလာသည်။ သို့သော် ခိုရာစန်း၏ မြင့်မားမတ်စောက်လွန်းသော မြို့ရိုးများပေါ် တဖြည်းဖြည်းချင်း ဖွဲ့တည်လာသည့် ရေခဲလွှာပါးပါးကို မည်သူကမှ သတိမထားမိချေ။ ထို့ကြောင့် အာရုံတက်လာသည့်အချိန်တွင် အလွန်အမင်း အေးစက်နေပြီဖြစ်သည်။
ထိုအခိုက်အတန့်တွင် ခိုရာစန်းကမူ မီးများထိန်လင်းစွာထွန်းပြီး နွေးထွေးလျှက်ရှိသည်။ ထန်များက ကြီးမားသော အောင်ပွဲအတွက် အသေးစား မီးပုံပွဲလေးလုပ်သည်။ သို့သော် တိုက်ပွဲကြီးကမူ အဆုံးသတ်ဦးမည်မဟုတ်ချေ။
“အရှင်ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် ငါတို့ ဘာဆက်လုပ်ကြမလဲ။ အာရပ်တွေက နောက်ဆုတ်သွားပေမဲ့လည်း သူတို့ရဲ့အရှုံးက ထင်ထင်ရှားရှားကြီး ပြင်းထန်သေးတာမဟုတ်ဘူး”
ရှီယွမ်ချင်က ခန်းမ၏ထောင့်တစ်နေရာမှ လှမ်းမေးသည်။ သူက ဝမ်ချောင်ကိုသာ တည်ငြိမ်စွာကြည့်သည်။
“အာရပ်တွေ ပုံမှန်တိုက်ခိုက်တဲ့ ပုံစံအရ သူတို့က ဒီနေ့တိုက်ပွဲမှာ ရှုံးသွားပြီးတဲ့နောက်မှာ နောက်ထပ် တိုက်ခိုက်ဖို့ ပိုပြီးပြင်ဆင်ထားကြလိမ့်မယ်။ ပိုပြီးလည်း ကြမ်းတမ်းလာလိမ့်မယ်။ အဲ့ဒါတင်မကသေးဘူး ငါ့အထင် သူတို့ကနောက်ထပ် ကျွမ်းကျင်ပညာရှင်တွေ စစ်သားတွေကို ဆင့်ခေါ်လောက်တယ်။ ဘာပဲဖြစ်ဖြစ် ပါးတက သိပ်မဝေးဘူးလေ”
ချန်းချန့်လီက သူ၏ထင်မြင်ချက်ကိုပြောသည်။ သူ၏အမူအရာက အလွန်အမင်း တင်းမာနေသည်။
ဒါဟာ သူတို့အာရပ်နှင့် တိုက်ခိုက်သည့် ပထမဦးဆုံးတိုက်ပွဲလည်း မဟုတ်ချေ။ တာလာ့၏တိုက်ပွဲတွင် သူတို့ဟာ အာရေးဗီးယားကို သိမ်းပိုက်နိုင်ခဲ့မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် အာရပ်များက အဆုံးအစမဲ့သော တပ်ကူများကို ပိုင်ဆိုင်နေခဲ့သည်။ ထိုသို့ဖြင့် တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာပြီး အားလုံးက အင်အားကြီးသထက် ကြီးခဲ့သည်။
“ဒါတွေအပြင် မူလက ပုန်ကန်သူစစ်သားတွေက ခိုရာစန်းကိုထပ်လာပြီး ငါတို့ကို ကူညီပေးဖို့ရှိတယ်။ ဒါပေမဲ့ အာရေးဗီးယားနယ်စပ်က ပုန်ကန်သူစစ်သားတွေက ခပ်ကြမ်းကြမ်း ဖိနှိပ်ခံထားရတယ်လို့ကြားတယ်။ ငါ့အထင် အာရေးဗီးယားက နယ်စပ်ကစစ်တပ်တွေ ငါတို့ဆီလာပြီး မကူညီပေးနိုင်အောင် ဖြတ်တောက်ပြီး ငါတို့ကိုကိုင်တွယ်ဖို့ ကြံစည်နေတာ ဖြစ်လောက်မယ်။ အာရေးဗီးယားနဲ့ ကာလစ်တို့က ငါတို့ကို တော်တော်လေးကို ခြိမ်းခြောက်နိုင်တဲ့ လူတွေအဖြစ် သတ်မှတ်နေပြီ”
ပါးရန်က ခပ်တင်းတင်းပြောသည်။
“အင်အားစု နှစ်သိန်းလောက်နဲ့ အာရေးဗီးယားက လူအင်အားစုတိုင်းကို ရင်ဆိုင်ဖို့ကတော့ မဖြစ်နိုင်လောက်ဘူး။ ဗိုလ်ချုပ် မဟာထန်ဘက်က တပ်ကူတွေသာမလာရင် ငါတို့တွေ ထိန်းထားနိုင်မှာမဟုတ်ဘူး။ နောက်ထပ် တိုက်ပွဲကို ခုခံရင်ဆိုင်ဖို့ ဘယ်လိုကြံစည်ထားလဲ”
ပါးရန်က ဝမ်ချောင်ကိုကြည့်သည်။ သူ၏မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုက ရှိနေသည်။
မဟာထန်သည် ခိုရာစန်းနှင့် အလွန်ဝေးသည်။ ထို့ကြောင့် မဟာထန်ဘက်မှ ဝမ်ချောင်ပြောထားပြီးသား တပ်ကူများက ခိုရာစန်းသို့ ခပ်မြန်မြန် မရောက်လာနိုင်ချေ။ သို့တိုင်အောင် ဝမ်ချောင်ကမူ အာရပ်များ လုပ်ကြံသတ်ဖြတ်မှုကို ထိန်းထားရန်သာ ထပ်ခါတလဲလဲပြောနေသည်။ ထိုသို့ပြောချိန်တိုင်း သူက အမြဲတစေ ယုံကြည်မှုရှိပြီး သေချာနေသည်။
သို့သော် ပါးရန်ကမူ ဝမ်ချောင်က မည်သည့်အတွက်ကြောင့် ထိုသို့အနှစ်ချုပ်ပြနေကြောင်း နားမလည်နိုင်ချေ။ မူလကမူ ဝမ်ချောင်က သတိကြီးလွန်းပြီး အကြံအစည်ကို လျို့ဝှက်ထားတတ်သည်ဟုသာ ထင်ခဲ့သည်။ သို့သော် ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီတို့ကပင် ထိုအကြောင်းအရာကို မသိဘဲ ဖြစ်နေမည်ဟု မထင်ထားမိချေ။
ဝုန်း
ထိုအခိုက်အတန့်တွင် ခန်းမထဲရှိလူတိုင်းက ဝမ်ချောင်ကို လှည့်ကြည့်ကြသည်။ အနက်ရောင်သံချပ်ကာဝတ် အစောင့်ကပင်ပါ၏။ အားလုံးက ဝမ်ချောင်ကိုသာ ယုံကြည်မှုအပြည့်နှင့် ကြည့်နေကြသည်။
ယခုအခါ ဝမ်ချောင်က သူတို့၏ကျောရိုးဖြစ်လာသည်။ ကောင်းရှန်းကျစ်ကဲ့သို့ အန်းရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီးကပင် မသိလိုက် မသိဘာသာပင် ဝမ်ချောင်ကို ယုံနေမိ၏။
“ဟား ဟား ငါအားလုံးကို ကိုင်တွယ်ထားပြီးသား။ နေထွက်တဲ့အခါ မင်းတို့နားလည်လိမ့်မယ်”
ဝမ်ချောင်က ခပ်တိုးတိုးရယ်သည်။ ခန်းမထဲရှိ လူတိုင်းက ဝမ်ချောင်၏ စကားလုံးများကြောင့် မှင်သက်သွားရသည်။
ယခုအခါ မြို့ပြင်ဘက်တွင် အာရပ်စစ်သားပေါင်းများစွာနှင့် မဟာဗိုလ်ချုပ်ပေါင်းများစွာက ပြည့်နှက်နေသည်။ အားလုံးကို တစ်ပြိုင်တည်းတားရန် အလွန်ခက်သည်။ သို့တိုင်အောင် ဝမ်ချောင်ကမူ အာရပ်များကို မိုးသောက်သည်နှင့် ကိုင်တွယ်နိုင်သည်ဟု မဆိုလိုပြန်ချေ။ ဒါဟာ မယုံနိုင်စရာ ကောင်းနေပြန်သည်။
အခြားသူတစ်ယောက်ကသာ ထိုကဲ့သို့ ပြောလာမည်ဆိုလျှင် ထိုလူကို သူရူးဟုသတ်မှတ်လောက်သည်။ သို့သော် ပြောလာသူက ဝမ်ချောင်ဖြစ်နေပြီး အလွန်ကဲဆုံးစကားကို ဆိုလာလျှင်ပင် လူတိုင်းက အလိုအလျောက် ဝမ်ချောင်ဟာ အမှန်တကယ် အလေးအနက် ပြောနေခြင်းဖြစ်ကြောင်း နားလည်လက်ခံမိလာသည်။
အစည်းအဝေးက ခပ်မြန်မြန် အဆုံးသတ်သွားသည်။ သူတို့၏ ဝမ်ချောင်ကို ယုံကြည်မှုက သူဟာ အရာအားလုံးကို လုပ်နိုင်မည်ဟု နားလည်လက်ခံမိစေပြန်သည်။ ထို့ကြောင့် မည်သူကမှ သူ့ကို မေးခွန်းမထုတ်ကြတော့ချေ။ အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ အပူချိန်က ဆက်တိုက် ထိုးကျလာသည်။ နှစ်ဖက်လုံးက တိုက်ခိုက်မှု ရပ်ဆိုင်းထားသည့်တိုင်အောင် တိုင်ဂရစ်မြစ်၏ နှစ်ဖက်လုံးက တင်းကြပ်မှုအပြည့်နှင့်ဖြစ်သည်။
ခိုရာစန်း၏ အရှေ့တောင်ပိုင်း တစ်နေရာရှိ ကြီးကျယ်ခမ်းနားသော အမိုးခုံး ခန်းမကြီးတစ်ခုအတွင်းတွင် မီးအိမ်တစ်ခုတည်းကိုသာ ထွန်းထားသောကြောင့် ခပ်မှိန်မှိန်သာ လင်းနေသည်။ အတွင်းတွင် ဝမ်ချောင်က တင်ပြင်ခွေထိုင်နေပြီး လှုပ်ရှားမှုကင်းမဲ့နေသည်။ ခိုရာစန်းက သူတို့၏လက်အောက်တွင်သာ ဖြစ်နေသေးသည်။ တိုင်ဂရစ်မြစ်က ခပ်ကြမ်းကြမ်းစီးဆင်းနေသော အသံနှင့် မြင်းဟီသံကလွဲပြီး မည်သည့်အသံမှ မရှိချေ။
အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ဝမ်ချောင်က သူ၏အရှေ့တွင် မည်သည့်အရာကိုမှ မမြင်ရသည့်တိုင်အောင် သူဟာ တစ်မြို့လုံးရှိမျက်လုံးများက သူ့ကိုစောင့်ကြည့်နေပြီး သူ့ကို စောင့်နေကြောင်း ခံစားမိနေသည်။ သို့သော် လူအနည်းစုကသာ ဝမ်ချောင်စောင့်နေသည့်အရာကို သိသည်။
ဝုန်း ဝုန်း ဝုန်း
သူကတွေးတောနေသည့် အချိန်တွင် တံခါးခေါက်သံက ထွက်လာသည်။
“ဝင်လာခဲ့ပါ”
ဝမ်ချောင်က အသက်ပြင်းပြင်း တစ်ချက်ရှုပြီး ဝင်လာခိုင်းလိုက်သည်။
အခန်း(၁၁၇၉)
တံခါးကပွင့်သွားပြီး မီးခိုးရောင်ဝတ်စုံကို ဝတ်ထားသည့် ကျန်းရှို့ကျစ်က အပြင်ဘက်မှ ဝင်လာသည်။
“အရှင်အမတ်မင်း သတ်မှတ်ထားတဲ့အချိန်က ရောက်လာပြီ။ အရှင့်ရဲ့အမိန့်ပဲ လိုအပ်တော့တာပါ”
တခဏကြာအောင် တိတ်ဆိတ်နေပြီးနောက် ဝမ်ချောင်က ခေါင်းညိမ့်လိုက်သည်။
“အစီအစဉ်တိုင်းပဲလုပ်လိုက်”
ထိုဖြစ်စဉ်က အချိန်မှန် ဖြစ်ပျက်လာခြင်း ရှိရှိမရှိရှိ ဝမ်ချောင်အနေဖြင့် ကိုယ်ကိုယ်တိုင်အတွက် အပြည့်အဝ ပြင်ဆင်ထားသင့်သည်။ ထိုမတော်တဆမှုကသာ အမှန်တကယ် ဒီနေရာတွင် ဖြစ်ပျက်လာခဲ့ပြီး သူက လုံလောက်အောင် မပြင်ဆင်ထားခဲ့လျှင် လွဲမှားမှု ဖြစ်ကောင်းဖြစ်လာလောက်သည်။
“နားလည်ပါပြီ ဒီအဘိုးကြီးက အခုချက်ချင်းသွားပြီး ကိုင်တွယ်လိုက်ပါ့မယ်”
ကျန်းရှို့ကျစ်က ခပ်မြန်မြန်ခေါင်းညိမ့်ပြီးနောက် ထွက်ခွာသွားသည်။ တခဏခန့်ကြာပြီးနောက် ခိုရာစန်း၏ တည်ငြိမ်မှုကို ကျယ်လောင်သော ဆူညံသံက ဖြိုခွဲလိုက်သည်။
......
ထိုအခိုက်အတန့်တွင် မြစ်၏ အခြားတစ်ဖက်ခြမ်းတွင် ရှိနေသော အာရပ်စစ်သည် သိန်းပေါင်းများစွာက ဆူညံသံကိုမထုတ်ကြချေ။ အေးစိမ့်လွန်းသောညတွင် စစ်မြင်းများက အဖြူရောင်လေများကို မှုတ်ထုတ်နေသည်။ ရာသီဥတုက အေးသထက် အေးလာသည်။ ဆောင်းတွင်းက ယခင်ဆောင်းတွင်းများထက် အလွန့်အလွန် အေးလွန်းသည်။ သို့သော် အာရပ်စစ်သားများကဲ့သို့ ကောင်းမွန်စွာ လေ့ကျင့်ပေးထားပြီး သိုင်းပညာကျွမ်းကျင်သော လူများအတွက် သည်းခံနိုင်သေးသည်။
အေးစိမ့်သောလေထုက သိပ်သည်းစွာ စုဝေးလာနေသော်လည်း အာရပ်စစ်သည် သိန်းပေါင်းများစွာ၏ ဒေါသက ပို၍လေးလံသေးသည်။ အာရပ်စခန်း၏ရှေ့ဆုံးတွင် အာရပ်ဗိုလ်ချုပ်ကြီးတိုင်းက အတူတကွ စုစည်းနေကြပြီး ခိုရာစန်း၏ မြောက်များလွန်းသော မြို့ရိုးများကို လှမ်းကြည့်နေကြသည်။ စစ်တပ်အတွက် မြို့ရိုးကိုဖျက်ဆီးပြီး အတွင်းသို့ဝင်ရောက်လျှက် ထန်၊ ခိုရာစန်းနီနှင့် ပုန်ကန်သူတိုင်းကိုသတ်ရန်က အရေးကြီးဆုံးဖြစ်သည်။
ဘန်း
ရုတ်တရက် ခိုရာစန်းအတွင်းမှ ကျယ်လောင်သည့်အသံက ထွက်လာသည်။ ဒါက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။
“ဘာဖြစ်တာလဲ”
အမှောင်အလင်းတန်း၏ ခေါင်းဆောင်ဖားတိက ခေါင်းကိုမော့ပြီး ခိုရာစန်းကိုကြည့်သည်။
“အရှင် ထန်တွေက တိုက်ခိုက်တော့မှာလား”
ဘေးဘက်မှလက်ထောက်ကပြောသည်။
“မဖြစ်နိုင်တာ”
လက်ထောက်၏စကား မဆုံးသေးခင် အမှောင်အလင်းတန်း၏သွေး ဖားရက ခေါင်းကိုခါပြီး ငြင်းဆန်သည်။
“ထန်တွေနဲ့ခိုရာစန်းတွေက တိုက်ခိုက်နိုင်တဲ့ အရေအတွက်မျိုးမှမရှိတာ။ ပိုဆိုးတာက သူတို့တိုက်ခိုက်လိုက်ရင် တိုင်ဂရစ်မြစ်က ကြီးမားတဲ့အကာအကွယ်ကြီး ဖြစ်နေဦးမှာပဲ။ ဒါကြောင့် တိုက်ခိုက်တာက အသေခံတာပဲ”
“ဒါပေမဲ့ သူတို့ဘာလုပ်တာလဲ”
အင်ပါယာ၏ အလောင်းဖြူဟူလာကပြောသည်။ သူ၏အမူအရာက နားလည်ရခက်နေပုံရသည်။
ခိုရာစန်းအတွင်းမှ လှုပ်ရှားမှုက ပြင်းထန်ကျယ်လောင်လွန်းသည်။ သူတို့ဘက်မှကြည့်သော် မြို့ကြီးက မီးတုတ်များ၊ မီးအိမ်များနှင့် တောက်ပထိန်လင်းနေသည်။ သို့သော် မြို့တံခါးကမူ ခပ်တင်းတင်း ပိတ်ထားသောကြောင့် ဖွင့်မည့်လက္ခဏာမပြသေးချေ။
အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ စစ်သားများအားလုံးက သတိအပြည့်ကပ်ပြီး အချိန်မရွေး ပြောင်းလဲလာနိုင်သည့် အရေးပေါ် အခြေအနေကို ပြင်ဆင်ထားကြသည်။ တောက်ပစွာ လင်းထိန်လာသော မြို့ကြီးကလွဲပြီး ခိုရာစန်းဟာ ပြောင်းလဲမှုမရှိချေ။ ဆူညံသံများကပင် တဖြည်းဖြည်းချင်း ပျောက်ကွယ်လာသည်။
“တကယ်ပဲသူတို့ ဘာလုပ်ကြမလို့လဲ”
အာရပ်ဗိုလ်ချုပ်က ခပ်တိုးတိုးရေရွတ်သည်။ သူ၏စကားက လူတိုင်း၏စိတ်ထဲမှ အတွေးဖြစ်သည်။
ဖားတိ၊ ဖားရနှင့် ဟူလာတို့ကဲ့သို့ အင်အားကြီးမားသော ဗိုလ်ချုပ်ကြီးများကပင် ထန်များ၏ အကြံအစည်ကို မခန့်မှန်းနိုင်ချေ။ ထန်များကသာ တိုက်ခိုက်ရန် ကြံစည်နေခြင်းမဟုတ်လျှက် ဆူညံသံများက မည်သည့်အသံများဖြစ်ကြောင်း အားလုံးက တွေးတောနေကြသည်။
“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် အစောင့်တွေကို အင်အားတိုးမြှင့်ထား။ ဒါပေမဲ့ နောက်ထပ်စစ်သားတွေကိုလည်း အနားယူခိုင်းထားလိုက်ဦး။ ငါတို့တွေ ပထမအလင်းရောင်ထွက်တာနဲ့ တိုက်ခိုက်ကြမယ်”
ဖားတိ၏အမိန့်က စစ်တပ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။
.....
ခိုရာစန်းအတွင်းတွင် အရာအားလုံးက တည်ငြိမ်သွားသည်။
ဝမ်ချောင်က အခန်းအတွင်း လှုပ်ရှားမှုမဲ့စွာရှိနေသည်။ နာရီများစွာကုန်လွန်လာသည်။ သို့သော် ဝမ်ချောင်စောင့်နေသော အရာကမူ မဖြစ်လာသေးချေ။ အလွန်ထိုးကျလာသည့် အပူချိန်ကလွဲပြီး အရာအားလုံးက ထူးဆန်းခြင်းမရှိသေးချေ။
ညသန်းခေါင်အချိန်တွင် ဝမ်ချောင်၏မျက်မှောင်က ပြေသွားသည်။
မဖြစ်နိုင်တာ ငါအတွက်အချက်မှားတာလား။ အဲဒါက မဖြစ်လာဘူးလား။
ဝမ်ချောင်၏မျက်နှာက တည်ငြိမ်နေသည်။ သို့သော် စိတ်ကမူ မသက်မသာဖြစ်လာသည်။ မျှော်လင့်ထားသည့်အတိုင်းသာ ဖြစ်လာခဲ့လျှင် ထိုအဖြစ်အပျက်က ဖြစ်ပျက်နေသင့်လေပြီ။ သို့သော် ဝမ်ချောင်ကမူ ထိုဖြစ်ရပ်၏ လက္ခဏာကိုမမြင်ရသေးချေ။
သူပြန်လည်မွေးဖွားလာခြင်းက လောက၏ ဖြစ်ရပ်ပေါင်းများစွာကို ပြောင်းလဲသွားစေခဲ့ပြီး ကြီးကြီးမားမား ရွေ့လျားသွားစေခဲ့သည်။ ဘုရင်စုန့်က ရာထူးအချမခံရချေ။ အနောက်တောင်ပိုင်းကလည်း မရှုံးခဲ့ချေ။ တာလာ့၏ တိုက်ပွဲကပင် မရှုံးသွားခဲ့ချေ။ သို့သော် ကြီးမားသည့် အနိုင်ကြီးကို ရသွားသည်။ အရာအားလုံးက မှတ်ဉာဏ်နှင့် ခြားနားသွားသည်။ ထိုမတော်တဆ ဖြစ်ရပ်ကလည်း သူ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ပြောင်းလဲသွားခြင်းဖြစ်လောက်သည်။
ဝမ်ချောင်၏မျက်မှောင်က ကျုံ့သထက်ကျုံ့လာသည်။ သူက ဝင်ရောက်စွက်ဖက်မှုကြောင့် ထိုဖြစ်ရပ်ကသာ ပေါ်မလာခဲ့လျှင် အာရုံတက်သောအခါ ထန်များက တိုင်ဂရစ်မြစ် အခြားတစ်ဖက်ခြမ်းစီ စစ်သည်သိန်းပေါင်းများစွာကို ရင်ဆိုင်ရမည်ဖြစ်ပြီး မြောက်များလှစွာသော အစိုးရများ၊ ဗိုလ်ချုပ်များနှင့် နောက်တန်းမှ ရောက်လာမည့် တပ်ကူများကိုလည်း ကြုံတွေ့ရပေလိမ့်မည်။ ပါးရန်ပြောလာသလိုမျိုး နယ်မြေအင်အားစုတစ်ခုလုံးကို ပို့လွှတ်ထားသည့် အင်ပါယာကြီးတစ်ခုလုံးကို ရင်ဆိုင်ရခြင်းက အနိုင်ရနိုင်ချေ အလွန်အမင်း သေးငယ်သည့် ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲကြီးဖြစ်သွားနိုင်လေသည်။
ထိုအတွေးများက သူ၏စိတ်အတွင်းဝင်ရောက်လာသည့် အခိုက်အတန့်တွင် ဝမ်ချောင်က စိတ်မငြိမ်နိုင်တော့ဘဲ စိုးရိမ်လာရသည်။ သူသည် သတိလက်လွတ် စားပွဲပေါ်မှ ရေနွေးကြမ်းခွက်ကို လှမ်းယူပြီး တစ်ငုံသောက်ရန်ပြင်ဆင်လိုက်သည်။
သို့သော် သူက ထိုခွက်ကို နှုတ်ခမ်းနားသို့သာ ကပ်ရသေးသည်။ ရုတ်တရက် ကွဲအက်သွားသော အသံကို ကြားလိုက်ရသည်။ ထိုအသံက သူ၏နားထဲတွင်မူ မိုးခြိမ်းသံတမျှ ကျယ်လောင်နေ၏။
ဝမ်ချောင်က မျက်လုံးပြူးသွားပြီး အောက်သို့ငုံ့ကြည့်လိုက်သည်။ ထိုအခါ သူ၏စိတ်ကို ထိုးနှက်နိုင်သည့် မြင်ကွင်းမျိုးကို မြင်လိုက်ရသည်။ ရေနွေးကြမ်း အပေါ်ယံမျက်နှာပြင်တွင် ရေခဲလွှာများက လျှင်မြန်စွာဖြင့် ကွဲအက်သွားပြီး တဖြည်းဖြည်းချင်း ထူထည်းလာသည်။
ဝုန်း
အေးစိမ့်သောလေက တံခါးကိုဖြတ်တိုက်လာပြီးနောက် ထိုလေက ထိလိုက်မိသည့် နေရာတိုင်းတွင် အဖြူရောင် ရေခဲများက စတင်ကာ ဖြစ်တည်လာသည်။ ဝမ်ချောင်၏လက်ထဲရှိ ရေခဲခွက်ကပင် နုနယ်လွန်းသော ရေခဲမှုန်များဖြင့် ဖုံးလွှမ်းသွားပြီဖြစ်သည်။
“အား”
အမှောင်ထုအတွင်း အလန့်တကြား အော်သံများကိုကြားရသည်။ ထို့နောက် ခပ်မြန်မြန် ပျောက်ကွယ်သွားသည်။
“လာပြီ”
တစ်စုံတစ်ခုကို နားလည်သွားသည့် ဝမ်ချောင်၏စိတ်က လှုပ်ခတ်သွားသည်။ သူဟာ ရုတ်တရက် တံခါးထံ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး တွန်းဖွင့်လိုက်သည်။
ဘုန်း
ထိုအခိုက်အတန့်တွင် သူဟာ အခြားသော လောကတစ်ခုသို့ လျှောက်လှမ်းဝင်လိုက်ရသလို ခံစားလိုက်ရသည်။ နေရာတိုင်းတွင် အဆုံးအစမဲ့သော လေပြင်းနှင့် နှင်းများက ကြီးစိုးနေသည်။ ချက်ချင်းဆိုသလိုပင် ဝမ်ချောင်၏ ခန္ဓာကိုယ်ပေါ်တွင် နှင်းတစ်လွှာက ဖုံးပြီးလေပြီ။ သူ၏ဆံပင်နှင့် နှာခေါင်းများကပင် ဖြူဖွေးသွား၏။ အပြင်ဘက်တွင် မီးတောက်များက တောက်လောင်လျှက် ရှိနေသေးသည်။ ယခင်က ဝမ်ချောင်က ကျန်းရှို့ကျစ်၊ ပါးနားဟန်နှင့် အခြားသော လက်မှုပညာရှင်တိုင်းကို စစ်တပ်နောက်သို့လိုက်ပြီး ခိုရာစန်းတောက်လျှောက် မီးထွန်းခိုင်းခဲ့သည်။ မြို့အတွင်းရှိ မီးပြင်းဖိုတိုင်းကလည်း သိပ်သည်းလွန်းသော မီးခိုးငွေ့လုံးများကို ကောင်းကင်သို့ လွှတ်ထုတ်နေပြီဖြစ်သည်။
ထိုမီးပြင်းဖိုများနှင့် မီးဖိုများမှ ထုတ်လွှတ်သည့် အပူမီးက ခိုရာစန်း၏ ညအပူချိန်ကို မြှင့်တင်ပေးနေသည်။ သို့သော် ယခုမူ မီးများအားလုံးကပင် ဖိနှိပ်ခံလိုက်ရသည်။ မီးပြင်းဖိုရှိမီးများကပင် မှေးမှိန်လာ၏။
ဝှစ်
နောက်ထပ်အေးစက်သော လေပြင်းက တိုက်ခတ်လာသည်။ ဝမ်ချောင်နှင့် ဆယ်လှမ်းခန့်အကွာတွင်ရှိသည့် မီးပြင်းဖိုကြီးက ရုတ်တရက် မီးငြိမ်းသွားပြီး ခဲသွားသည်။ အတွင်းမှ တောက်လောင်နေသည့် သတ္ထုမီးပြင်းဖိုကြီးကပင် လျှင်မြန်စွာ အေးကျသွားပြီး အပေါ်တွင် နှင်းအလွှာ အထပ်ထပ်ပေါ်လာသည်။ မီးပြင်းဖို တစ်ခု၊ နှစ်ခု၊ သုံးခု...
ဝမ်ချောင်က အပြင်ဘက်သို့ လှမ်းထွက်လိုက်သည့် အခိုက်အတန့်တွင် မီးပြင်းဖိုပေါင်းများစွာက ငြိမ်သက်သွားပြီဖြစ်သည်။
တခဏခန့်သာ ကြာရသေးသည်။ အပူချိန်က တစ်ဆယ်ဒီဂရီသို့ ထိုးကျသွားသည်။ ထို့နောက် မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့် ဆက်လက်ပြီး ထိုးကျနေသေးသည်။ ဝမ်ချောင်က ကြည့်လိုက်သည့် နေရာတိုင်းတွင် အဖြူရောင်ရေခဲပြင်ကသာ ဖုံးလွှမ်းနေပြီဖြစ်ပြီး မျက်လုံးကိုပင် ကန်းစေလောက်မည့် ပြင်းထန်သည့် လေဟိန်းသံများကို ကြားနေရသည်။
ဟီ...
ထိုအခိုက်အတန့်တွင် ဝမ်ချောင်က ရုတ်တရက် မြင်းများ၏ဟီသံ၊ စစ်သားများ၏ အော်သံကို ကြားလိုက်ရသည်။ တိုင်ဂရစ်မြစ် တစ်ဖက်ခြမ်းတွင်ရှိသည့် အာရပ်စစ်တပ်တစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်သွားလေပြီ။
“ဝမ်ချောင် ကြည့်လိုက်ဦး”
သူ၏နားတွင် ရင်းနှီးကျွမ်းဝင်သော အသံက ထွက်လာသည်။ ကောင်းရှန်းကျစ်ကလည်း နှင်းမုန်တိုင်းထဲမှ ထွက်လာသည်။
“ရာသီဥတုက ထူးဆန်းနေတယ်။ အပူချိန်က တော်တော်လေးကို လျှင်လျှင်မြန်မြန် ထိုးကျသွားတာပဲ။ ဒီလိုရာသီဥတုမျိုးနဲ့ဆိုရင် ငါတို့အတွက် မကောင်းတော့ဘူး”
ချန်းချန့်လီ၊ ရှီယွမ်ချင်နှင့် လုံရှီတို့က နောက်မှထွက်လာသည်။
“ဘယ်လောက်တောင် ကြီးလိုက်တဲ့ နှင်းမုန်တိုင်းလဲ။ ငါတို့ဒီကိုလာနေတဲ့အချိန်မှာ မြို့ရိုးတွေပေါ်မှာတောင် ရေခဲတွေပြည့်နေတာကို တွေ့ခဲ့ရတယ်။ အရှင်ကာကွယ်ရေးဗိုလ်ချုပ် ငါတို့ဘယ်လိုလုပ်ကြမလဲ”
ချန်းချန့်လီကမေးသည်။
နှင်းမုန်တိုင်းက ရုတ်တရက် ရောက်ရှိလာသည်။ အပူချိန်က လျှင်မြန်စွာ ထိုးကျသွား၏။ ထို့နောက် ဆက်လက်ပြီး ကျနေသေးသည်။ ချန်းချန့်လီကပင် တစ်စုံတစ်ရာ မှားယွင်းကြောင်း ခံစားမိလေရာ အခြားသူများဆိုလျှင် ပို၍ဆိုးသည်။
အပူချိန်က လျှင်မြန်လွန်းစွာ ထိုးကျသွားသည်။ သို့သော် တစ်ဒီဂရီ၊ နှစ်ဒီဂရီခန့်သာမဟုတ်ဘဲ တစ်ဆယ်ဒီဂရီအထိဖြစ်သည်။ ဆက်လက်ပြီး ထိုးကျနေသေးသည်။ ထို့ကြောင့် သာမာန်စစ်သားများက ဒီဒဏ်ကိုမခံနိုင်ချေ။
“ဟား ဟား မလိုဘူး ငါဒါအတွက် ပြင်ဆင်ထားပြီးသား။ ဒီအပူချိန် ထိုးကျသွားတာက ကောင်းချီးပေးတာပဲ။ ကပ်ဘေးမဟုတ်ဘူး”
သူတို့ကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်က စိုးရိမ်မှုမရှိဘဲ ပျော်ရွှင်နေပုံရသည်။ သူက ရုတ်တရက် အမှောင်ထုအတွင်းသို့ ကြည့်လိုက်ပြီး သူ၏မျက်ဝန်းထဲရှိ အမူအရာက နက်နဲသွားသည်။ ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် အခြားသောလူများက အစပိုင်းတွင် အံ့ဩသွားသည်။ ထို့နောက် သတိလက်လွတ် အကြည့်နောက်သို့ လိုက်ကြည့်မိသွားသည်။
ဝမ်ချောင်ကြည့်နေသောအရာကို မြင်လိုက်ပြီးနောက်တွင် သူတို့ဟာ နားလည်သလို တုန်ယင်သွားမိသည်။
နှင်းမုန်တိုင်း
ထိုနှင်းမုန်တိုင်းသည် မြို့အတွင်းရှိ ထန်၊ ဆမ်ဆာနစ်နှင့် ပုန်ကန်သူများအတွက်ပင် ပြဿနာဆိုလျှင် ကွင်းပြင်တွင်ရှိနေသော အာရပ်စစ်တပ်အတွက်ဆိုလျှင် ကပ်ဘေးဖြစ်သည်။
ထိုအခိုက်အတန့်တွင် လူတိုင်းက နားလည်သွားကြသည်။
“ဆိုတော့ ဝမ်ချောင် ဒါကမင်းပြောတဲ့ အခွင့်အရေးဆိုတာလား”
ကောင်းရှန်းကျစ်က ဝမ်ချောင်၏ဘေးနားတွင် လာရပ်ပြီး သိပ်သည်းလွန်းသော နှင်းများပြည့်နှက်နေသည့် မြေပြင်ကိုကြည့်သည်။
“အွန်း”
ဝမ်ချောင်ကခေါင်းညိမ့်သည်။ သူစောင့်နေသော နှင်းမုန်တိုင်းက နောက်ဆုံးတွင် ရောက်ရှိလာသည်။ ထို့ကြောင့် ဆက်လက်ပြီး ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။
ရှောင်ရွှယ်ခေတ်
ရုတ်တရက် ဝမ်ချောင်၏စိတ်အတွင်း ထိုအတွေးက ဝင်ရောက်လာသည်။ သူဟာ ကျယ်ပြောလွန်းသော နှင်းမုန်တိုင်းကိုသာ ကြည့်နေ၏။ သူကလွဲပြီး ကောင်းရှန်းကျစ်ပင်ဖြစ်စေ၊ ပါးရန်ပင်ဖြစ်စေ မည်သူကမဆို နှင်းမုန်တိုင်း၏ ကိုယ်စားပြုမှုကို သိကြလိမ့်မည်မဟုတ်ချေ။
ဒါဟာ သာမာန်နှင်းမုန်တိုင်းမဟုတ်သလို သာမာန်ဆောင်းတွင်းလည်း မဟုတ်ချေ။ ‘တိုင်းပြည်ရဲ့ အဆုံးသတ်မှုနောက်မှာ ဆိုးယုတ်သူတွေက ကပ်ပါလာလေ့ရှိတယ်’ ထိုစကားဟာ ကပ်ဘေးကျရောက်ရန်အတွက် အမျိုးမျိုးသော သဘာဝပြောင်းလဲမှုများ နိမိတ်များကို ရည်ညွှန်းခြင်းဖြစ်သည်။ နေမင်း၏ အမှောင်ပျက်စီးခြင်းကို တာလာ့၏ကောင်းကင်တွင် သူစတင် မြင်ရချိန်ကတည်းက ကပ်ဘေးက စတင်နေပြီဖြစ်သည်။
ယခုလိုကြီးမားသော အလုံးအရင်းနှင့် ဝင်ရောက်တိုက်ခတ်လာသည့် နှင်းမုန်တိုင်းကြီးက ကပ်ဘေးကြီး အမှန်တကယ် မရောက်ရှိလာခင် အကြိုစမ်းသပ်သလို ပေါ်ပေါက်လာခြင်းဖြစ်သည်။
အခန်း(၁၁၈၀)
နှင်းမုန်တိုင်းတိုက်ခတ်ပြီး နှစ်နှစ်သုံးနှစ်အတွင်း မြောက်ပိုင်းမှစတင်၍ ခန့်မှန်းရခက်ခဲလွန်းသော အအေးလှိုင်းများ ဆင်းသက်လာပေလိမ့်မည်။ ထိုသို့ဖြင့် ကြုံတောင့်ကြုံခဲ ခါးသီးလွန်းသည့် ဆောင်းတွင်းက စတင်သည်။
ဒါဟာ နှစ်ရာပေါင်းများစွာ ကြာချိန်တိုင်း ဖြစ်တတ်လေ့ရှိသည့် ကြောက်မက်ဖွယ်ကောင်းလွန်းသော အရိုင်းဆန်သည့် ဆောင်းတွင်းဖြစ်သည်။ ထိုဆောင်းတွင်းက နှစ်လ၊ သုံးလခန့်သာ ကြာညောင်းခြင်းမဟုတ်ချေ။ ငါးလ၊ ခြောက်လအထိသာ မဟုတ်လေဘဲ အနည်းဆုံး ဆယ်လခန့်ကြာတတ်သည်။
မဟာထန်၏ နယ်စပ်များကို ကျော်လွန်သွားလျှင် တွေ့ရမည့် မြက်ပင်တိုင်း၊ သစ်ပင်တိုင်းက ခဲပြီးသေသွားသည်။ သက်ရှိသိန်းပေါင်းများစွာကလည်း သေလိမ့်မည်။ ထိုကဲ့သို့သော ဆောင်းတွင်းဒဏ်ကို မည်သူကမှ တောင့်ခံနိုင်လိမ့်မည်မဟုတ်ချေ။
ခါးသီးသော ဆောင်းတွင်းက အနာဂတ်တွင် ပို၍ကြီးမားသည့် ကပ်ဘေးကို ဖြစ်လာစေနိုင်သည်။ လောက၏ မှောင်မိုက်မှုနှင့် ကပ်ဘေးပေါင်းများစွာက ပါလာနိုင်သည်။ ထိုအရာအားလုံးဟာ ရှောင်ရွှမ်ခေတ် သမိုင်းကိုရည်ညွှန်းသည်။
ကိုယ်တိုင်ကြုံတွေ့ခဲဖူးသော မည်သူကမှ ထိုဆောင်းတွင်းဟာ မည်မျှကြမ်းတမ်းနိုင်ကြောင်း နားလည်လိမ့်မည် မဟုတ်ချေ။
ခလွက်
သူတို့က စကားပြောနေသည့် ဖြစ်စဉ်အတောအတွင်း အပူချိန်က ဆက်တိုက်ထိုးကျနေသေးသည်။ လူတိုင်းက ဝမ်ချောင်၏ အခန်းတံခါးကြီးနားတွင် ရပ်နေသော လူတိုင်းကလည်း ကွဲအက်သွားသံကို ကြားလိုက်ရသည်။ ထို့နောက် ခိုရာစန်း၏ မြို့ရိုးပေါ်တွင် သိပ်သည်းစွာ ဖြစ်တည်လာသည့် ရေခဲတုံးကြီးပေါင်းများစွာ၏ ဖြစ်တည်မှုအသံက လူတိုင်းကိုကြောက်လန့်စေသည်။
ဝမ်ချောင်က ရုတ်တရက် ခေါင်းကိုလှည့်ပြီး ကောင်းရှန်းကျစ်ကိုပြောသည်။
“အရှင်ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် အပူချိန်က တော်တော်လေးကို မြန်မြန်ဆန်ဆန် ထိုးကျသွားတာဆိုတော့ အန်းရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်က စစ်သားတွေကို မြေအောက်ဂူတွေနဲ့ မြေအောက်အခန်းတွေထဲကို ခေါ်သွားသင့်တယ်”
“ဘာ”
ဝမ်ချောင်၏စကားက လူတိုင်းကို ကြောင်သွားစေသည်။ သူသည် မြေအောက်ဂူနှင့် မြေအောက်ခန်းများကိုပင် ကြိုတင်ပြင်ဆင်ထားသေးသည်။ သို့သော် ဝမ်ချောင်က ထိုအကြောင်းအရာကို သူတို့ကို ထုတ်ပြောခြင်းမရှိခဲ့ချေ။
“ငါအားလုံးကို ပြင်ဆင်ထားပြီးသား”
ဝမ်ချောင်က အန်းရှီဗိုလ်ချုပ်များကိုပြောသည်။
“အရှင်ကဒီနေရာကို မလာရင်လည်း ခုံးကျစ်အန်းက အရှင့်ကိုလာပြီး အကြောင်းကြားမှာပါ။ ဒါတွေအပြင် ငါက ပါးနားဟန်၊ ကန်းခယ်ဘုရင်နဲ့ ချွေ့ဖြောင်းချီတို့ကိုလည်း စစ်သားတွေအားလုံးဆီကို သိုးမွှေးထည်တွေ၊ ဂွန်းသားထည်တွေအားလုံး ပို့ဆောင်ပြီးပါပြီ။ သူတို့က ဒါတွေကို ဝတ်ထားပြီး ဂူတွေနဲ့ မြေအောက်ခန်းတွေထဲကို ဝင်ရုံပဲ။ အဲ့ဒီကအပူချိန်က ဒီနေရာထက် အများကြီးမြင့်လိမ့်မယ်”
ချန်းချန့်လီ၊ ရှီယွမ်ချင်၊ လုံရှီနှင့် အခြားသော ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်တိုင်းက အံ့အားတကြီး ဖြစ်သွားကြသည်။ ကောင်းရှန်းကျစ်ကပင် အလွန်အံ့ဩသွားပုံပေါ်သည်။
ယခုလို ခက်ခဲကြမ်းတမ်းလွန်းသော ဆောင်းတွင်းကို မည်သူကမှ ခန့်မှန်းနိုင်လိမ့်မည်မဟုတ်ချေ။ ကောင်းရှန်းကျစ်၊ ချန်းချန့်လီတို့ကပင် ဝမ်ချောင်ကို လာရှာခဲ့သေးသည်။ သို့သော် သူတို့အားလုံးက ဒီဆောင်းတွင်းကို မည်သို့ကိုင်တွယ်မည်ဖြစ်ကြောင်း တွေးတောနေသည့် အခိုက်အတန့်တွင် ဝမ်ချောင်က အရာအားလုံးကို ပြင်ဆင်ထားပြီဖြစ်လိမ့်မည်ဟု မထင်ထားကြချေ။
“ဒါတွေအပြင် ပါးရန်က သူ့ရဲ့လူတွေကိုလွှတ်ပြီး မြို့ထဲက သာမာန်လူတွေကို အကြောင်းကြားပြီးလောက်ပြီ။ ဒီဆောင်းတွင်းက ငါတို့ကြုံတွေ့ခဲ့ဖူးတဲ့ အခြေအနေတွေ အားလုံးထက် အရမ်းကို ကြမ်းတမ်းခက်ထန်လိမ့်မယ်။ နောက်ပြီး အခုမြင်နေရတာထက် အများကြီး ကြောက်စရာ ကောင်းလာနိုင်တယ်။ ဘယ်လောက်တောင်လည်းဆိုတာ မသိနိုင်ဘူး။ ဒါတွေအားလုံးက အစပဲ”
ဝမ်ချောင်က ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် အခြားသော အန်းရှီဗိုလ်ချုပ်တိုင်းက စွံ့အသွားသည်။ အတိတ်က သူတော်စင်များက လီတစ်ထောင်အကွာမှ အနိုင်ကို အကြံအစည်များနှင့်တင် ဆုံးဖြတ်နိုင်သည်။ သို့သော် ဝမ်ချောင်ကမူ သူတို့ကိုပင် ကျော်သွားသည်။ ယခုအခိုက်အတန့်တွင် သူတို့အားလုံးက ဝမ်ချောင်ကို အကြွင်းမဲ့လေးစားသွားကြသည်။ သူတို့အရှေ့တွင် ရပ်နေသောလူက လူသားမဟုတ်ဘဲ တိုင်းတာရခက်ခဲလွန်းသော နတ်ဘုရားတစ်ပါးဟုပင် ခံစားလိုက်ရသည်။
ကောင်းရှန်းကျစ်နှင့် အရာရှိများအားလုံးက ခပ်မြန်မြန်ထွက်ခွာသွားသည်။ ဝမ်ချောင်၏ အမိန့်က သေသပ်စွာ သယ်ဆောင်ခြင်းခံရသည်။ တိုက်ခတ်နေသော နှင်းမုန်တိုင်းအသံက ကျယ်သထက် ကျယ်လာပြီး လောကရှိ အသံတိုင်းကို ခြောက်ကပ်သွားစေသည်။ ဝရုန်းသုန်းကားဖြစ်နေသည့် မုန်တိုင်းကြီး၏အလယ်တွင် ခိုရာစန်းက ပုံမှန်မဟုတ်လောက်အောင် တိတ်သွားသည်။
“အရှင်အမတ်”
တခဏခန့်ကြာပြီးနောက် နှင်းမုန်တိုင်းအတွင်းမှ အသံတစ်သံထွက်လာသည်။ လီစစ်ယဲ့၊ ချွေ့ဖြောင်းချီ၊ ခုံးကျစ်အန်း၊ ကန်းခယ်ဘုရင်နှင့် စုဟန်ရှန်းတို့အားလုံးက ခပ်မြန်မြန်ထွက်လာသည်။ ဒီတစ်ကြိမ်တွင် အပူချိန်က အများကြီးထိုးကျနေပြန်သည်။
ထိုအဖွဲ့၏ ဆံပင်များ၊ မုတ်ဆိတ်များ၊ ပုခုံးများ၊ လက်မောင်းများ အားလုံးတွင် နှင်းများအထပ်လိုက် ရှိနေသည်။ ယခုအပူချိန်က အနှုတ်လေးဆယ်အထိ ရောက်ရှိနေပြီဖြစ်သည်။ လီစစ်ယဲ့နှင့် စုဟန်ရှန်းတို့ပင် စအေးလာလေရာ အခြားသောလူများဆိုလျှင် ပိုဆိုးလေသည်။
ကျစ်ကာလက အပူချိန်အကျဆုံး ကာလဖြစ်သလို နေ့တစ်နေ့တာ၏ အအေးဆုံးကာလလည်း ဖြစ်နေသေးသည်။ ထိုကာလအတောအတွင်း မုန်တိုင်းတိုင်းနီးပါးက တိုက်ခတ်တတ်သည်။
သာမာန်စစ်သားများဆိုလျှင် ထိုကဲ့သို့ကြမ်းတမ်းသည့် ဆောင်းတွင်းဒဏ်ကို ခံနိုင်လိမ့်မည်မဟုတ်ချေ။ သူတို့က ကြယ်တာရာစွမ်းအင်များကို လွှတ်ထုတ်နိုင်သော်လည်း ကြယ်တာရာစွမ်းအင်၏ အဆင့်က အအေးဒဏ်ကို ကြာရှည်မကာထားနိုင်ချေ။
သာမာန်စစ်သားများက သိုးမွှေးထည်များ၊ ဝါးဂွမ်းထည်များကို ဝတ်ဆင်ပြီး မြေအောက်ခန်းထဲသို့ ဝင်ရောက်ပြီးကြလေပြီ။ အပေါ်တွင်နေနိုင်သော လူများအားလုံးက လက်ရွေးစင်များဖြစ်သည်။
“စစ်သားတိုင်းကို စုစည်းထားပြီးပါပြီ။ အားလုံးက အရှင့်ရဲ့အမိန့်ကို စောင့်နေကြတယ်။ အရှင်အမတ် ငါတို့ဘယ်ချိန် တိုက်ခိုက်မှာလဲ”
လီစစ်ယဲ့က ခပ်မတ်မတ်ရပ်နေသည်။ သူ၏ခန္ဓာကိုယ်က အသေးစားတောင်တန်းတစ်ခုအလား ထင်ရသည်။ မျက်ဝန်းက သတ်ဖြတ်လိုစိတ်အပြည့်နှင့် တောက်ပနေသည်။
စစ်သားများကို ရက်ထောင်ကျော် လေ့ကျင့်ပေးထားသည်မှာ အချိန်အခိုက်အတန့် တစ်ခုအတွက်သာဖြစ်သည်။ ဒီနှင်းမုန်တိုင်းက ရိုးရှင်းစွာပင် မခန့်မှန်းနိုင်စွာ ရောက်ရှိလာသည်။ လူတိုင်းက ပုန်းအောင်းရန်သာ ကြိုးစားနေကြသည်။ သို့သော် ဒါဟာ စစ်တပ်အတွက် ပြောင်မြောက်သည့် အခွင့်အရေးလည်းဖြစ်သည်။ စစ်အနုပညာအတွက် အချိန်၊ ရာသီဥတု၊ မြေမျက်နှာသွင်ပြင်နှင့် လူအများ၏စိတ်က အကျုံးဝင်သည်။ ဒါဟာ ဝမ်ချောင် ကိုယ်တိုင်ကိုယ်ကျ သင်ပြခဲ့ဖူးသော အချက်လည်းဖြစ်သည်။ ရုတ်တရက်ရောက်လာသော နှင်းမုန်တိုင်းက အာရပ်များကိုတိုက်ခိုက်ရန် ပြောင်မြောက်သော အခွင့်အရေးဖြစ်သည်။
လီစစ်ယဲ့၏စကားများက ခုံးကျစ်အန်း၊ စုဟန်ရှန်း၊ ဟွမ်ပေါ့ထန်းနှင့် ကန်းခယ်ဘုရင်တို့အားလုံးကို ဝမ်ချောင်ကို ကြည့်မိစေသည်။ သူတို့အားလုံးက သူ၏အမိန့်ကို စောင့်နေကြသည်။ သူတို့က စောင့်နေသည့် အခိုက်အတန့်တွင် ပတ်ဝန်းကျင်က ပို၍တိတ်ကျသွားသည်။ လူများသော မြို့ရိုးများ၏ အခြားတစ်ဖက်ခြမ်းရှိ အာရပ်များ၏ အထိတ်တလန့်အော်သံများကို ထင်ထင်ရှားရှား ကြားနေရသည်။ နှင်းမုန်တိုင်းကပင် သူတို့၏အသံကိုမဖုံးနိုင်ချေ။
အာရပ်များက သတိမဲ့လွန်းသည်။ ရုတ်တရက် ရောက်လာသော နှင်းမုန်တိုင်းက သူတို့ကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။ ရှင်းလင်းစွာပင် စစ်သည်သိန်းကျော်က ထိုအခြေအနေကို မပြင်ဆင်ထားကြချေ။ ထို့ကြောင့် အထိတ်တလန့်ဖြစ်သော အော်သံများက အသိသာဆုံးဖြစ်သည်။
ဝမ်ချောင်၏အမိန့်များအရ သူတို့သည် အကောင်းမွန်ဆုံးသော စစ်သည်တော်များကို စုစည်းလျှက် အချိန်မရွေး လှုပ်ရှားနေရန် ပြင်ဆင်ထားရမည်ဖြစ်သည်။ အလွန်အမင်း ရှားပါးသည့် ရာသီဥတု၏ အခြေအနေကို အခွင့်ကောင်းယူပြီး အာရပ်စစ်တပ်ကို အထိနာအောင်လုပ်ရမည်။
“အလျင်လိုစရာမလိုဘူး”
သူတို့ကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်က လက်ကိုယမ်းပြီး အကြံပြုချက်ကိုငြင်းသည်။
“ခဏစောင့်ဦး အခုအချိန်မကျသေးဘူး”
ထိုစကားလုံးများက သူတို့စောင့်ဆိုင်းနေသော အခြေအနေမျိုးနှင့် ခြားနားသည်။ ထို့ကြောင့် အားလုံးက ကြောင်တောင်တောင် ဖြစ်သွားကြ၏။
“ဒါပေမဲ့ အရှင်အမတ် ငါတို့မြင်တဲ့အတိုင်းဆိုရင် နှင်းမုန်တိုင်းကြောင့် အာရပ်တွေက အလုံးအရင်းနဲ့ နောက်ဆုတ်ကြတော့မယ်ထင်တယ်။ ငါတို့ကသာ အခုမလှုပ်ရှားရင် သူတို့ထွက်ပြေးသွားတာကိုပဲ ကြည့်နေရလိမ့်မယ်”
ခုံးကျစ်အန်းက ပြန်ပြောသည်။ သူ၏မျက်နှာတွင် တွန့်ဆုတ်မှုက ပေါ်ထွက်လာသည်။
ဗိုလ်ချုပ်တစ်ယောက်၏ တာဝန်က တိုက်ခိုက်ရန်ဖြစ်သည်။ သူတို့ကသာ ဒီအခွင့်အရေးကို အရယူပြီး အာရပ်များကို မတိုက်ခိုက်လျှင် ဆောင်းတွင်းကုန်လွန်သွားသည်နှင့် သူတို့က ပြန်လာကြပေလိမ့်မည်။ ထိုအချိန်ကျလာသည့်အခါ မဟာထန်က ကိုင်တွယ်ရန်နည်းလမ်း ရှိလိမ့်မည်မဟုတ်ချေ။
စုဟန်ရှန်းနှင့် ချွေ့ဖြောင်းချီတို့က ဘာစကားမှမဆိုသော်လည်း နှစ်ယောက်လုံးကလည်း သံသယဖြစ်နေသော မျက်နှာအမူအရာမျိုးကို ပြကြသည်။ စစ်ပွဲတွင် အချိန်ကအရေးပါသည်။ သူတို့က အချိန်ဆွဲလေလေ အာရပ်များက ထွက်ပြေးလေလေဖြစ်ပေလိမ့်မည်။
“ဒါကထင်သလောက် မရိုးရှင်းဘူး။ အာရပ်တွေ မပြေးနိုင်ပါဘူး”
ဝမ်ချောင်၏အကြည့်က စူးရှသည်။ သူ၏လှုပ်ရှားမှုတိုင်းက လွန်ကဲလွန်းသည့် ယုံကြည်မှုကို ဖော်ထုတ်ပြသနေသည်မှာ တစ်လောကလုံး၏ သူ၏ဖမ်းဆုပ်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိသည့်အလားဖြစ်သည်။
“နှင်းမုန်တိုင်းက ခိုရာစန်းအနောက်ပိုင်းက အရာအားလုံးကို ဖျက်ဆီးလိမ့်မယ်။ နယ်မြေတွေကိုလည်း ခဲစေလိမ့်မယ်။ သူတို့က ပြေးချင်ရင်တောင်မှ ဝေးဝေးမပြေးနိုင်ဘူး။ ခြောက်သိန်း၊ ခုနှစ်သိန်းလောက်ရှိတဲ့ စစ်တပ်တစ်ခုက ခပ်မြန်မြန် မရွှေ့ရှားနိုင်ဘူး။ အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ဆုံးရှုံးမှုက ပိုများလာလိမ့်မယ်။ သူတို့ရဲ့စွမ်းရည်က ပိုနည်းလာပြီး ခုခံနိုင်စွမ်းရည် လျော့ကျလာလိမ့်မယ်။ သူတို့ရဲ့ ဝင်္ကပါကတောင် ဝရုန်းသုန်းကားဖြစ်သွားမှာပဲ။ အဲ့ဒီနောက်ပိုင်း အချိန်ကမှ တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ပဲ”
သူ၏စကားလုံးများကြောင့် လူတိုင်းက မှင်သက်သွားကြသည်။
“ဒီဗိုလ်ချုပ်က ချက်ချင်းထွက်သွားပ့ါမယ်”
အရာရှိများအားလုံးက ဂါရဝပြုပြီး ထွက်သွားကြသည်။ စစ်အနုပညာတွင် အမှန်နှင့်အမှားက ရောနေတတ်သည်။ ထိုနယ်ပယ်တွင် သူတို့အားလုံးက ဝမ်ချောင်ထက် အလွန်နိမ့်ကျသည်။
လီစစ်ယဲ့၏ အဖွဲ့က ခပ်မြန်မြန်ထွက်သွားသည်။ ထိုသို့ဖြင့် ဝမ်ချောင်တစ်ယောက်တည်းကသာ နှင်းမုန်တိုင်းအတွင်း တိတ်တဆိတ် စောင့်ဆိုင်းလျှက် ကျန်ရစ်သည်။
.....
အချိန်က တဖြည်းဖြည်းချင်း ကုန်သွားသည်။ ခိုရာစန်းက တိတ်ဆိတ်နေချိန်တွင် အမှောင်ထုအတွင်းရှိ အာရပ်စခန်းကမူ မုန်တိုင်းထန်နေလေပြီ။
“အရှင် ဒီနှင်းမုန်တိုင်းက ပြင်းထန်လွန်းတယ်။ အပူချိန်က ထိုးကျတာတောင် အားမြန်ပြီး တအားကျဆင်းနေပြီ။ စစ်သားတွေက ဒီဒဏ်ကို မခံနိုင်တော့ဘူး”
“ငါတို့သယ်လာတဲ့ ရိက္ခာတွေအားလုံးကလည်း ခဲကုန်ပြီ။ စစ်မြင်းတွေကလည်း တောင့်တင်းပြီး ထုံထိုင်းကုန်ကြပြီ။ သူတို့ရဲ့ကိုယ်ပေါ်မှာတောင် ရေခဲတွေပြည့်နေပြီ”
“အရှင် ငါတို့မထိန်းနိုင်တော့ဘူး”
အာရပ်ဗိုလ်ချုပ် တစ်ယောက်ပြီးတစ်ယောက်က အလန့်တကြားအော်ဟစ်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ သို့သော် နှင်းမုန်တိုင်းက သူတို့၏ အသံတိုင်းကို ပိတ်ဆို့နေပြန်သည်။ ထိုမုန်တိုင်းကြီးက အလွန်လျှင်မြန်စွာ ရောက်ရှိလာပြီး ရုတ်တရက် ဆန်လွန်းသည်။ ထို့ကြောင့် အားလုံးက သတိလက်လွတ် ဖြစ်သွားရသည်။
စစ်တပ်၏အရှေ့ဆုံးတွင် အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်က ဘေးချင်းယှဉ်လျှက် ရပ်နေသည်။ သူတို့၏ကိုယ်က စွမ်းအင်အကာအကွယ်ကို လွှတ်ထုတ်နေပြီး လေနှင့် အအေးဒဏ်ကို ဖယ်ရှားနေသည်။ သုံးယောက်လုံးက တိတ်နေကြ၏။ သူတို့သည် တက်နိုင်သမျှ တည်ငြိမ်ဟန်ပေါ်အောင် လုပ်နေကြသော်လည်း သူတို့၏မျက်ဝန်းထဲရှိ မှုန်မှိုင်းမှုနှင့် စိတ်ပျက်လက်ပျက် ဖြစ်နေသော အချက်အရ ခံစားချက်အမှန်ကို ထုတ်ပြနေသည်။
ဘာလို့ဒီလိုဖြစ်လာတာလဲ။
ဖားတိသည် သူတို့နှင့် အလွန်ဝေးသောနေရာရှိ ခမ်းနားထည်ဝါသော မြို့ကြီးကိုကြည့်ပြီး သူ၏မျက်ဝန်းထဲရှိ အလင်းက လက်သွားသည်။ နှလုံးသားက မုန်တိုင်းထန်လာသည်။
သူတို့ယခုလုပ်ရမည့် ကိစ္စက နေထွက်လာသည်အထိစောင့်ပြီး လွှမ်းမိုးနိုင်စွမ်းပြင်းထန်သော အင်အားစုကိုသုံးကာ မြို့ကိုဖျက်ဆီးလျှက် ထိုကြွေးကျော်သူများကို ဖယ်ရှားရှင်းလင်းရန်ဖြစ်သည်။ သို့သော် ရုတ်တရက်ရောက်လာသော နှင်းမုန်တိုင်းက သူ၏အကြံအစည်တိုင်းကို ဖျက်ဆီးလိုက်သည်။
ကြမ်းတမ်းသောလေပြင်းနှင့် ထိုးကျလာသော အပူချိန်က သူ၏စစ်တပ်တစ်ခုလုံးကို ကစဉ့်ကလျားဖြစ်စေသည်။ အားလုံးက ယခင်ခမ်းနားထည်ဝါမှုများ ပျောက်ဆုံးနေကြပြီဖြစ်သည်။ မြင်းများ၏ ဟီသံ၊ အလန့်တကြားအော်သံများ၊ စစ်သားများ၏ အထိတ်တလန့်ဖြစ်သံများက သူ၏နားအတွင်း ဆက်တိုက်ရိုက်ခတ်နေကာ သုံးယောက်လုံး၏ နှလုံးသားကို သွေးစိမ်းရှင်ရှင် ထွက်လာစေသည်။ သုံးယောက်လုံး၏ အမူအရာက မကောင်းတော့ချေ။
“အရှင် ငါတို့နောက်ဆုတ်ဖို့ တောင်းဆိုပါတယ်”
“အရှင် ငါတို့နောက်ဆုတ်ဖို့ တောင်းဆိုပါတယ်”
ဗိုလ်ချုပ်တိုင်းက အလန့်တကြားအော်သည်။ ဒါဟာ အရေးပေါ်အခြေအနေဖြစ်သည်။ ဒီတိုင်းဆက်ဖြစ်နေလျှင် သူတို့က နောက်မဆုတ်လျှင် အားလုံးအရှင်းခံရနိုင်သည်။
ဝုန်း
သုံးယောက်လုံးက ခံစားချက်မဲ့စွာရပ်လျှက် မြို့ကိုကြည့်နေကြသည်။ တိုက်ခတ်နေသော လေပြင်းက ကျယ်လောင်သော ဟိန်းသံကို ထုတ်လွှတ်နေသည်။ သို့သော် သူတို့သုံးယောက်ကမူ တိတ်ဆိတ်နေသည်မှာ သေနေသည့်အလား ထင်ရသည်။ သူတို့၏စိတ်အတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။
“ဟူလာ ငါတို့တွေမြို့ကိုတိုက်ဖို့ ကြိုးစားကြည့်လို့ရလား”
ဖူသက ရုတ်တရက်ပြောသည်။ သူ၏အသံထဲတွင် မျှော်လင့်ချက်ပါသည်။
“အရှင် မဖြစ်နိုင်ပါဘူး။ ငါလူတွေလွှတ်ပြီး စမ်းကြည့်ခိုင်းပြီးသွားပြီ။ ဒါပေမဲ့ ခိုရာစန်းတစ်ခုလုံး ရေခဲတွေ အုပ်ထားသလိုဖြစ်နေပြီ။ ငါတို့ရဲ့ကြိုးတွေကတောင် မဖောက်နိုင်တော့ဘူး။ ပိုဆိုးတာက ကြိုးတွေကတောင် ခဲသွားပြီ။ ငါတို့အပေါ်မတက်နိုင်တော့ဘူး။ နောက်ပြီး မြို့ကိုတိုက်ခိုက်ဖို့က ပိုလို့တောင် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ငါတို့နောက်ဆုတ်ဖို့ပဲ ရွေးချယ်ရလိမ့်မယ်။ ငါတို့ကန်းတကို ဆုတ်ရလိမ့်မယ်”
ဟူလာက ခက်ခက်ခဲခဲပြောသည်။ သူသည်လည်း လက်သင့်မခံနိုင်ချေ။
တိုင်တန်သုံးယောက်၏ အတွေးကို သူကဘယ်လိုမသိဘဲနေမှာလဲ။ အပူချိန်က ဆက်တိုက်ထိုးကျနေတာ။ ဒါကြောင့် ဒီလောက်ခဲမတက်ဖြစ်နေတဲ့ ရာသီဥတုထဲမှာ နောက်ဆုတ်ဖို့ကလွဲပြီး မဖြစ်နိုင်ပြန်ဘူး။ အာရပ်များသည် သူတို့၏ဗျူဟာအရ ဖြစ်နိုင်ချေတိုင်းကို တွေးတောထားသေးသည်။ သူတို့သည်လည်း အမှန်တကယ် တွေးတောထားခဲ့၏။ သို့သော် ရောက်လာသော နှင်းမုန်တိုင်းကမူ မပါဝင်ချေ။
အမိုးအကာပါသော အဆောက်အဦးကသာ ကြမ်းတမ်းခက်ထန်လွန်းသော အအေးဒဏ်ကို တားနိုင်ရုံ တားနိုင်လောက်သည်။ သို့မဟုတ်လျှင် အင်အားစု ခြောက်သိန်းကျော်လုံးက မတိုက်ခိုက်ရပါလေဘဲ ပြင်းပြင်းထန်ထန် အထိနာသွားတော့ပေမည်။ ထိုအခိုက်အတန့်တွင် ပိတ်ထားသောမြို့က ခိုရာစန်းဖြစ်သည်။ သို့သော် သိပ်သည်းလွန်းသော ရေခဲအလွှာများက မြို့ကိုဖုံးနေသည်မှာ ကျော်ဖြတ်ရ ခက်ခဲလွန်းသော သဘာဝ အရန်အတားတစ်ခုအလား ဖြစ်သွားသည်။ ထို့အပြင် အတွင်းတွင် မဟာမိတ်အင်အားစု နှစ်သိန်းက ရှိနေသေးသည်။ ထိုစစ်တပ်ကသာ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ခြုံခိုတိုက်ခိုက်မည်ဆိုလျှင် ဖြစ်လာမည့် အကျိုးဆက်ကို မတွေးတောရဲချေ။
ထို့ပြင် အခြားတစ်ဖက်ခြမ်းက တိတ်ဆိတ်လွန်းနေသည်မှာလည်း ပုံမှန်မဟုတ်ချေ။