← Chapters

အခန်း (၁၁၈၆-၁၁၉၀)

Vol. 69 Ch. 1186-1190

အခန်း (၁၁၈၆-၁၁၉၀)

Vol. 69 Ch. 1186-1190

အခန်း(၁၁၈၆)

“အသင့်ပြင် အကြံက အောင်မြင်သွားပြီ။ အမှောင်အလင်းတန်းရဲ့ တိုင်တန်သုံးယောက်က ပေါ်လာပြီ။ အားလုံးပဲ တိုက်ပွဲအတွက် အသင့်ပြင်ထားတော့”

ဝမ်ချောင်က ရုတ်တရက် သူ၏မြင်းဇာတ်ကြိုးကို လှမ်းဆွဲလိုက်သည်။ သူသည် အနောက်ဘက်မှလာသည့် လှုပ်ရှားမှုများ၏ အသံကို နားထောင်နေရင်း ဖျော့တော့စွာ ပြုံးနေသည်။ အမှောင်အလင်းတန်း၏ တိုင်နတ်သုံးယောက်ထဲမှ တစ်ယောက်ချင်းစီတိုင်းက အလွန်အမင်း အင်အားကြီးမားကြပြီး အပုမူစလင်ကို ယှဉ်နိုင်သည်။ သို့သော် စစ်ဗျူဟာချင်းယှဉ်သော် တိုင်တန်သုံးယောက်က ဝမ်ချောင်ကို ယှဉ်နိုင်စွမ်းရည် မရှိချေ။

ဝုန်း

ဝမ်ချောင်က လက်မောင်းတစ်ဖက်ကို မြှောက်လိုက်သည်။ သူ၏အနားဝန်းကျင်ရှိ စစ်သည်တော်တိုင်းက ချက်ချင်းဆိုသလို လူစုကွဲသွားသည်။ ထိုအခိုက် မမြင်ရသော သတ်ဖြတ်လိုစိတ် ဆန္ဒတစ်ခုက လေထဲကို ကျော်ဖြတ်လျှက် ဝင်ရောက်လာသည်။

“သတ်”

စူးရှသော မြင်းဟီသံက မုန်တိုင်းတစ်ခုလုံးကို ကျော်ဖြတ်လာသည်။ စွမ်းအားကြီးမားလွန်းသော စွမ်းအားတစ်ရပ်က တိုက်ပွဲနယ်မြေ အနောက်ဘက်ခြမ်း ဝရုန်းသုန်းကားအဖြစ်ဆုံး အပိုင်းမှ ထွက်ပေါ်လာပြီး ကြမ်းတမ်းစွာနှင့် လမ်းကြောင်းကိုဖွင့်လာသည်။ အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်နှင့် ဟူလာတို့က နှင်းမုန်တိုင်းအတွင်းမှ မြင်းစီးထွက်လာပြီး မြင်းတပ်ကို ဦးဆောင်လာသည်။

“သူတို့ကိုသတ်”

ဖားတိ၏ နီရဲသော မျက်လုံးများက ဝမ်ချောင်နှင့် ခွာဖြူအရိပ်မြင်းကို ချက်ချင်းမြင်လိုက်သည်။ သူ၏တပ်ဖွဲ့ တစ်ခုလုံး၏ စိတ်ဓာတ်အင်အားကို ထိုးကျစေသည်မှာ ထိုသူက တရားခံဖြစ်သည်။ အချိန်အတန်ကြာပြီး ထန်များကြောင့် နှင်းမုန်တိုင်းအတွင် ထပ်ခါတလဲလဲ ဆော့ကစားခံရပြီးနောက်တွင် ငယ်ရွယ်သည့် ထန်ဗိုလ်ချုပ်ကို တွေ့လိုက်ရလေပြီ။ ဒါဟာ ခွင့်လွှတ်ပေး၍မရသည့် ပစ်မှုကြီးဖြစ်သည်။

ခြိမ်း

လောကရှိ အခြားသော ဆူညံသံများအားလုံးက တိတ်ဆိတ်သွားသလိုမျိုး ဖြစ်သွားလောက်အောင် ငြိမ်သက်သွားသည်။ အာရပ်အစိုးရများက ကြီးမားသော တောင်တန်းကြီးအလား လိမ့်လာပြီး အစီအစဉ်မကျ ဖြစ်နေသည့် သူတို့၏ကိုယ်ပိုင်စစ်သားများကို ထိုးဖောက်သတ်ဖြတ်လျှက် ဝမ်ချောင်ထံ တိုက်ရိုက်လာသည်။

“ဟွန့်”

ဝမ်ချောင်က မြင်းဇာတ်ကြိုးကိုဆွဲကိုင်လျှက် ဟူလာနှင့် အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်ကို စောင့်ကြည့်လိုက်သည်။ သူက ပြုံးလိုက်သည်။

“မင်းတို့ငါးစာဟပ်သွားတာပဲ”

‘လူတစ်ယောက်ကိုပစ်ရန် မြင်းကိုအရင်ပစ်လိုက်သည်။ ထိုအခြေအနေကို နားလည်သွားပြီး ကိစ္စအားလုံးကို ကိုင်တွယ်နိုင်သူကသာ ဘုရင်ဖြစ်နိုင်သည်’

ထိုစကားအတိုင်း အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်တို့က သူ၏ထောင်ချောက်အတွင်းသို့ ကျဆင်းသွားသည်။

ချွင်

တိုက်ပွဲနယ်မြေ တစ်ခုလုံးအနှံ့ ဓားတစ်လက်၏ အော်ကြွေးသံက ပဲ့တင်ထပ်သွားသည်။ ဝမ်ချောင်သည် မြင်းပေါ်တွင် မတ်တပ်ရပ်လိုက်လျှက် ပါးရန်ထံမှ ရရှိထားသော ရွှေရောင်ဓားကို ကောင်းကင်သို့ တဖြောင့်တည်း ချိန်ရွယ်ထားလိုက်သည်။

ဝမ်ချောင်၏ ယုံကြည်မှုရှိလွန်းနေသော မျက်နှာအမူအရာနှင့် အနားတွင် ဝိုင်းနေသော အာရပ်စစ်သည် သောင်းကျော်ကို တစ်ချက်ကြည့်လိုက်လေပြီး ဖားတိ၏မျက်နှာက အလွန်အမင်း ပျက်ယွင်းသွားသည်။ သို့သော်သူက နက်နက်ရှိုင်းရှိုင်း မတွေးတောနိုင်သေးခင် ကောင်းကင်ကိုပင် တုန်ခါသံကို ကြားလိုက်ရသည်။

ခွာများက မိုးခြိမ်းနေသလိုမျိုး ပတ်ပတ်လည်အနှံ့က ထွက်ပေါ်လာပြီး မရေမတွက်နိုင်သည့် နှင်းမှုန်များစွာကို မြောက်တက်သွားစေသည်။ သို့သော် ထိုအချိန်တွင် နှင်းမုန်တိုင်းအတွင်းမှ မရေမတွက်နိုင်သော စစ်မြင်းများစွာက ထွက်လာကာ မြင်းစီးသူများ၏ ခန္ဓာကိုယ်ထံမှ သတ်ဖြတ်ခြင်း စိတ်စွမ်းအားများကို ထုတ်ထားသည်။ လေထုကပင် တောင့်တင်းသွားသည်။

“သတိထား ရန်သူတိုက်ခိုက်လာပြီ”

အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်၏ မျက်နှာများကလည်း ချက်ချင်းဆိုသလို ပျက်ယွင်းသွားကာ တင်းမာသွားကြသည်။

သူတို့သည် ထောင်ချောက်ထဲ ကျသွားပြန်သည်။

သုံးယောက်ထဲက တစ်ချိန်ထဲလိုလို သိလိုက်ကြသည်။ သို့သော် ထန်များက အာရပ်စစ်တပ်အတွင်းသို့ လမ်းကြောင်းဖောက်ကာ အတင်းဝင်ရောက်လာသည့် အခိုက်အတန့်မျိုးတွင် သူတို့၏ ထောင်ချောက်အတွင်း နောက်ထပ်ထောင်ချောက်တစ်ခု ထပ်ချဦးမည်ဟု မထင်ထားကြချေ။ သူတို့သည် အာရပ်ဗိုလ်ချုပ်များကိုဝိုင်းပြီး ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်ထားသည်။

ထိုသုံးယောက်၏ ဗျူဟာကို ထန်ကခန့်မှန်းနိုင်ခဲ့ပြန်သည်။

“ဘုရင်ကိုဖမ်းနိုင်ရင် ကျန်တဲ့လူတွေကို ဖမ်းနိုင်ပြီးသားပဲ။ အဲ့ဒီငယ်ရွယ်တဲ့ ထန်ဗိုလ်ချုပ်ကို အရင်သတ်”

ဖားတိ၏အကြည့်က အေးစိမ့်သွားပြီး သူဟာ အရှိန်ပြင်းပြင်းတင်လိုက်သည်။ ယခုလိုအခြေအနေမျိုးတွင် ဒုက္ခအပေးနိုင်ဆုံး ပြဿနာအရှာဆုံးက ထိုထန်ဗိုလ်ချုပ်ကြီးဖြစ်သည်။ တစ်ဖက်သူကသာ ဒီလိုအခြေအနေမျိုးကို ဖြစ်ပျက်လာစေလေရာ ထိုလူကသာ တာဝန်ယူသင့်သည်။

“ဟိုက်ရား”

ဖားတိက ဝမ်ချောင်ထံ ချီတက်သွားသည်။

တစ်ချိန်ထဲလိုလို ဖိုင်ရ၊ အမ်ရွှန်နှင့် ဟူလာတို့ကလည်း ချီတက်လာကြသည်။

“ဟား ဟား ဟား အာရပ်တွေ မင်းတို့ရဲ့ပြိုင်ဘက်က ဒီမှာ”

ရုတ်တရက် ခပ်ကြမ်းကြမ်း အော်တဲ့အသံက လေထုကို ထိုးခွဲသွားသည်။ ထို့နောက် လူတစ်ယောက်နှင့် မြင်းတစ်ကောင်က နတ်ဘုရားတစ်ပါးလိုမျိုး ကောင်းကင်မှ ဆင်းသက်လာသည်။ ထိုနေရာက မြေပြင်အထက် နှစ်ဆယ်မှ သုံးဆယ်မီတာခန့် မြင့်လောက်မည့် လေထဲမှ ဆင်းသက်လာခြင်းဖြစ်သည်။ ကောင်းရှန်းကျစ်က လေထဲတွင်လွင့်နေသော ဆံပင်များနှင့် သူ၏ခန္ဓာကိုယ်ကို ဝိုင်းပတ်ထားသော ကြယ်တာရာစွမ်းအင်များကြောင့် ခမ်းနားထည်ဝါစွာနှင့် ဆင်းသက်လာသည်။ သူသည် မြေပြင်ရှိ ဖားတိရှိရာဘက်သို့ လှံတစ်ချောင်းကို ပစ်လွှတ်လိုက်သည်။

လှံ၏အနောက်ဘက်တွင် ကြီးမားပြီး ထည်ဝါသော တိုင်ကြီးရှစ်တိုင်က တောက်ပသည့် အလက်များနှင့် ဖျက်ဆီးခြင်းစွမ်းအားများကို သယ်ဆောင်လျှက် လိုက်ပါသွားသေးသည်။

“မီးနတ်ဘုရားရဲ့ခွန်အား”

တစ်ချိန်ထဲလိုလို ဆမ်ဆာနှင့် မဟာဗိုလ်ချုပ်ကြီး ပါးရန်က ဖိုင်ရကိုရင်ဆိုင်သည်။

ပါးရန်၏ခေါင်းကို ကျော်လွန်ကာ ဖြတ်ပြေးသွားသည်မှာ အနီရောင်မီးတောက်ကြီးဖြစ်သည်။ ထိုမီးတောက်ကြီးက ကြီးမားလွန်းလှသော ရွှေရောင်မီးလုံးကြီးနှင့်တူသည်။ ထိုမီးလုံးကြီးက မည်သည့် ကျွမ်းကျင်ပညာရှင်ကိုမဆို လွှမ်းမိုးနိုင်သည့် အဆုံးအစမဲ့လောက်အောင် မြောက်များသည့် ဖျက်ဆီးခြင်းစွမ်းအားများကို သယ်ဆောင်ထားသည်။

မီးနတ်ဘုရားသည် ဆမ်ဆာနစ်လူမျိုးများ ကိုးကွယ်ကြသည့် နတ်ဘုရားများထဲမှ တစ်ပါးဖြစ်သည်။ ဆမ်ဆာနစ်၏ ဒဏ္ဍာရီတွင် မီးနတ်ဘုရားသည်လည်း နေနတ်ဘုရားဖြစ်သည်။ ဆမ်ဆာနစ်မင်းဆက်၏ မဟာဗိုလ်ချုပ်ကြီးဖြစ်သည့်အလျောက် ပါးရန်က ဆမ်ဆာနစ်၏ အင်အားကြီးသော သိုင်းများထဲမှ တစ်ခုကို အမွေဆက်ခံထားနိုင်သည်။ သူ့ကို တော်ဝင်မိသားစုက ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

သိပ်မကြာခင် ကောင်းကင်တွင် မူလစွမ်းအင်များက စတင်ကာ ဖောင်းကားလာပြီး နှင်းမုန်တိုင်းများအကြားတွင် မမြင်ရသော ခွန်အားတစ်ရပ်က အလိုလို စုဆောင်းမိလျှက် မူလစွမ်းအင်များကို ကြီးမားလွန်းသော ရေခဲလက်သီးကြီးများအဖြစ် သိပ်သည်းစေလေပြီး အခြားသော အာရပ်အစိုးရများကို ထိုးနှက်လေသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် ဝူရှန်းရွာသူကြီးတို့ကလည်း ကောင်းကင်ပေါ်မှ ဆင်းသက်လာကြပြီး အာရပ်အစိုးရတိုင်းကို တိုက်ခိုက်ကြသည်။

ရား

ချန်းချန့်လီ၊ ဝမ်ရန်၊ ပါးနားဟန်၊ ကန်းခယ်ဘုရင်နှင့် ပုန်ကန်သူခေါင်းဆောင်တို့ကလည်း ဖားတိတို့၏ အဖွဲ့ကို ဝိုင်းလိုက်ကြသည်။

ကြမ်းတမ်းလွန်းသော တိုက်ကွက်မိုးများက အာရပ်အစိုးရနှင့် ဗိုလ်ချုပ်တိုင်းကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။ အားလုံး၏ အမူအရာက ပြာနှမ်းသွား၏။ ချွင်းချက်မရှိသည်မှာ ဒါဟာ ထောင်ချောက်ကြီးဖြစ်နေသည်။ သူတု့ိအတွက် အထူးတလည် ပြင်ဆင်ထားသည့် ထောင်ချောက်ပင်ဖြစ်သည်။

“သေတဲ့ထိတိုက်ခိုက်ကြ”

“နောက်မဆုတ်ကြနဲ့”

“သတိထား”

တွေးတောရန်အချိန်မရှိတော့သည့်အတွက် အထိတ်တလန့်ဖြစ်နေသော အာရပ်ဗိုလ်ချုပ်များက ကိုယ်ပိုင် ကျွမ်းကျင်သည့် အင်အားစုတိုင်းကို ထုတ်သုံးကာ ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၊ ဝူရှန်းရွာသူကြီးတို့နှင့် ရင်ဆိုင်ရသည်။

ဘုန်း ဘုန်း ဘုန်း

ပြင်းထန်သည့် တိုက်ပွဲအတွင်း အေးခဲနေသော လေပြင်းနှင့် ကြမ်းတမ်းသော စွမ်းအင်လှိုင်းများက ရိုက်ခတ်လာသည်။ လေထဲတွင် ပေါက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်နေ၏။ သို့သော် အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက် ဟူလာနှင့် အခြားသော အာရပ်အစိုးရများ အားလုံးက အကောင်းဆုံးကြိုးစားနေသည့်တိုင်အောင် အလုံးအရင်းနှင့် ဝင်ရောက်လုပ်ကြံသတ်ဖြတ်မှု အကြားတွင် အငိုက်မိသွားကြပြီး လက်ရည်တူ မယှဉ်ပြိုင်နိုင်ကြချေ။

ဇွက်

မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ရုတ်တရက် လက်ညိုးတစ်ချောင်း ညွှန်လိုက်သောအခါ မျက်စိကြိမ်းမတက် တောက်ပသည့် ဓားချီအလင်းတန်း တစ်တန်းက ထွက်ပေါ်လာလေပြီး အာရပ်အစိုးရ တစ်ယောက်ကို တိုက်ရိုက်ကျော်ဖြတ်သွားသည်။ ထိုအာရပ်အစိုးရက အလွန်သိပ်သည်းပြီး တောက်ပြောင်နေသည့် သံချပ်ကာကြီးကို ဝတ်ဆင်ထားသောကြောင့် ဒါဟာ သာမာန်သံချပ်ကာမဟုတ်ကြောင်း ပြောနိုင်ပေလိမ့်မည်။ သို့တိုင်အောင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ အရှေ့တွင်မူ ထိုတိုက်ကွက်က ထိုအစိုးရကြီး၏ အသက်သေစေနိုင်သည့် နေရာမျိုးကို တိုက်ရိုက် ကျော်ဖြတ်သွားနိုင်သည်။

“တကယ်ကို တကယ်ကို ငါက ဒီမျိုးနွယ်ခြား ကျူးကျော်သူတွေ လက်ထဲမှာ သေရမယ်လို့ မထင်ထားဘူး။ တကယ်ပဲ ဒီလူတွေက ဘယ်သူတွေလဲ”

အာရပ်အစိုးရ၏မျက်ဝန်းက လုံးဝိုင်းနေသည်။ သူ၏မျက်နှာတွင် လက်သင့်မခံလိုစိတ်က ပြည့်နှက်နေသည်။ သို့သော် တခဏခန့်ကြာပြီးနောက် သူဟာ မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီဖြစ်သည်။

ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းသည် ပြိုင်ဘက်၏ ခန္ဓာကိုယ်မှ အားနည်းအမှတ်များကို ရှာဖွေနိုင်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ ဓားချီက သူ၏သေစေနိုင်သည့် နေရာကို တိုက်ရိုက်ထိမှန်သွားရုံသာ မကသေးလေဘဲ သူ၏အသက်ကို အဆုံးသတ်ပေးနိုင်သည်။

ထိုအာရပ်အစိုးရတစ်ယောက်က သေဆုံးပြီးသည်နှင့် တိုက်ပွဲ၏ ဟန်ချက်က ပြိုလဲကျသွားသည်။

ဝူရှန်းရွာသူကြီးကလည်း သူ၏အဖြူရောင် တုတ်ကောက်ကိုကိုင်လျှက် ခပ်အေးအေး ထွက်လာသည်။ သူသည် သူ၏အရှေ့ဘက်ရှိ အာရပ်အစိုးရ၏ ခန္ဓာကိုယ်ကို ဝိုင်းပတ်ထားသော ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကို ဖျက်ဆီးလိုက်ပြီး သံချပ်ကာကို ထိုးဖောက်လျှက် နှလုံးအတွင်းသို့ တိုက်ရိုက် စိုက်ဝင်သွားအောင် ထိုးလိုက်နိုင်သည်။ ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့က အဆင့်လွန် ဆရာသခင်ကြီးများဖြစ်သည်။ သာမာန်အာရပ်အစိုးရများလောက်က သူတို့ကို မယှဉ်နိုင်ချေ။

ခွက် ခွက် ခွက်

ပို၍များပြားသော လူများက လဲကျသေဆုံးကြသည်။ ဒီအခြေအနေဟာ အာရပ်များ၏ ခန့်မှန်းထားသော အခြေအနေမျိုးနှင့် အလှမ်းဝေးကွာလွန်းသည်။ တစ်ချိန်ထဲတွင်ပင် တိုက်ပွဲ၏ အော်ကြွေးသံ၊ လက်နက်များ၏ တောက်ပမှုများက နှင်းမုန်တိုင်းကိုကျော်ဖြတ်ကာ ထိန်လင်းလာသည်။

မဟာဗိုလ်ချုပ်ကြီးများက ကြမ်းတမ်းသည့်တိုက်ပွဲကို ဆင်နွဲနေသည့် အခိုက်အတန့်တွင် အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်တို့ကလည်း မယုံနိုင်စရာကောင်းသည့် တိုက်ကွက် မုန်တိုင်းကို ရင်ဆိုင်နေရသည်။

အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်တို့က ခေါ်လာသည့် စစ်သားများကလည်း မမျှော်လင့်ထားသည့် တိုက်ကွက်မုန်တိုင်းအောက်သို့ ရောက်နေသည်။

အက်ပါရန်ကာတာဖရက်နှင့် ဝူရှန်းမြင်းတပ်တို့က ပထမချီတက်မှု ကာလာအတောအတွင်း သူတို့ကို တကွဲတပြားစီဖြစ်အောင် လုပ်လိုက်နိုင်သည်။ ထို့နောက်ပိုင်း မရေမတွက်နိုင်သည့် အာရပ်မြင်းသမားများကို သတ်ဖြတ်သည်။

“သူတို့အားလုံးကိုသတ် အဖွဲ့ခုနှစ် ဘယ်ဘက်ခြမ်းကိုတိုက်ခိုက် အဖွဲ့ရှစ် ညာဘက်ခြမ်းကိုတိုက်ခိုက် ငါတို့တွေ သူတို့ကို ပြန်ပြီးစုစည်းသွားစေလို့မရဘူး”

အနက်ရောင်မြင်းကြီးကို စီးထားသည့် စုဟန်ရှန်းက နောက်တန်းမှ လှမ်း၍အမိန့်ပေးနေသည်။ သူ၏ အမူအရာက တည်ငြိမ်သည်။ မျက်ဝန်းကလည်း တောက်ပ၏။ သူ၏လှုပ်ရှားမှုတိုင်းက လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အရှိန်အဝါကို လွှတ်ထုတ်ထားသည်။ ဝမ်ချောင်က တိုက်ခိုက်ရင်း အလုပ်များနေသည့် အခိုက်အတန့်တွင် အမိန့်ပေးမည့် အခွင့်အာဏာဟာ သူဟာ စုဟန်ရှန်းကို ပေးအပ်ထားလေသည်။

အရောင်တင်ပေးခြင်း ခံရမှသာ အဖိုးတန်သော ဓားတစ်လက်အဖြစ် ပုံသွင်းနိုင်မည်ဖြစ်သည်။ ခါးသီးသော ဆောင်းတွင်းက ပွင့်လန်းလာသော မက်မွန်ပန်းများကို မွေးပျံ့စေနိုင်သည်။ တိုက်ပွဲ တစ်ပွဲပြီးတစ်ပွဲ ကျော်ဖြတ်ပြီး ပျိုးထောင်ပေးခြင်း ခံရမှသာ စုဟန်ရှန်းသည် မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ရန် အလားအလာကို အပြည့်အဝ ထုတ်ပြနိုင်ပေလိမ့်မည်။

တာလာ့မှ ခိုရာစန်းအထိ သူတို့သည် အမျိုးမျိုးသော အရွယ်အစားရှိသည့် တိုက်ပွဲတိုင်းကို ကျော်ဖြတ်ခဲ့ရသည်။ စုဟန်ရှန်းသည်လည်း သူ၏ လေးစားဖွယ်ကောင်းသော သင်ယူနိုင်စွမ်းရည်ကို ဖော်ထုတ်ပြသနိုင်ခဲ့သည်။ ဝမ်ချောင်က ယခုအခါ သူ့ကိုယုံကြည်ပြီး တိုက်ပွဲပေါင်းများစွာအတွက် အမိန့်ပေးခွင့် ပေးနိုင်နေပြီဖြစ်သည်။ ထိုနယ်ပယ်တွင် စုဟန်ရှန်းက သူ့ကို စိတ်မပျက်စေခဲ့ချေ။

ဘန်း ဘန်း ဘန်း

ထန်၊ ခိုရာစန်းနှင့် ပုန်ကန်သူစစ်သားများ၏ အဝိုင်းခံရသော အာရပ်များက လျှင်မြန်စွာ ချေမွခံရသည်။ သူတို့၏ အရှုံးက မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းထိ မြင့်တက်သွားသည်။ ခုနှစ်ထောင်၊ ကိုးထောင်၊ သောင်းသုံးထောင်၊ သောင်းခြောက်ထောင်... စက္ကန့်အနည်းငယ်တည်းနှင့် အမှောင်အလင်းတန်း၏ တိုင်တန်များဘက်မှ အင်အားနှစ်သောင်းကျော် ဆုံးရှုံးသွားရသည်။ အရေအတွက်က ပို၍များပြားလာသည်။ တိုက်ပွဲကြီးတစ်ခုလုံးက အာရပ်အလောင်းများနှင့် ပုံနေပြီဖြစ်သည်။

ကြမ်းတမ်းစွာ တိုက်ခတ်နေသည့် လေပြင်းထဲတွင် သွေးရနံ့က ထောင်းတက်လာသည်။ အရေအတွက်က ပို၍မြင့်မားလာသလို သွေးရနံ့က ပို၍သိပ်သည်းလာသည်။ ဖားတိနှင့် အခြားသော သူများက သူတို့၏ လူများက ဟင်းရွက်ကန်စွန်းများအလား ခုတ်ပိုင်းခံနေရကြောင်း မြင်ရချိန်တွင် သူတို့၏နှလုံးသားကလည်း သွေးစိမ်းရှင်ရှင်ထွက်လာသည်။ ထန်များ၏ အစီအစဉ်တကျ ဖြစ်မှုနှင့် တိုက်ခိုက်နိုင်သော စွမ်းရည်များက မောပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းကာ အလန့်တကြားဖြစ်နေသည့် အာရပ်များထက် အပြတ်အသတ် သာနေသည်။

ဖားတိနှင့် သူ၏လူများက နှင်းများအကြား ရုန်းကန်နေရသည့် အခိုက်အတန့်တွင် ထန်များကမူ လေထဲသို့ရောက်နေသော ငါးများအလား ဖြစ်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်း၊ အလွန်အမင်း အေးစိမ့်သော အခိုက်အတန့်မျိုးကမူ သူတို့ကို နှောင့်နှေးသွားအောင် မလုပ်နိုင်ခဲ့ချေ။ ဒီအခြေအနေက သူတို့၏ လုပ်ကြံသတ်ဖြတ်မှုကို ပို၍သာ ကူညီထောက်ပံ့ပေးနေသလို ဖြစ်နေသည်။

“နောက်ဆုတ် နောက်ဆုတ်”

မြေပြင်တွင် အထပ်ထပ် ပုံနေသည့် အလောင်းများကို မြင်လိုက်ရုံနှင့် ဖားတိ၏ မျက်ဝန်းက ဒေါသများ၊ တွန့်ဆုတ်မှုများ၊ စိတ်ပျက်အားငယ်မှုများ ပြည့်နှက်လာသည်။

ဒီစစ်တပ်၏အရှုံးက သူမျှော်လင့်ထားသည်ထက် မြန်ဆန်စွာ တိုးတက်လာနေသည်။ သူကသာ ယခု နောက်မဆုတ်လျှင် သူ၏စစ်သားတိုင်းက အရှင်းခံရနိုင်သည်။

ဘန်း ဘန်း

ဖားတိ၏ အရင်ဆုံး မြင်းကိုလှည့်လိုက်ပြီး အဝေးသို့ အပြေးနှင်သွားသည်။ သူတို့၏ ဗိုလ်ချုပ်ကြီးကပင် ထွက်ပြေးသွားကြောင်း မြင်သောအခါ အာရပ်မြင်းတပ်ကလည်း စတင်ကာ လိုက်ပါသွားကြသည်။

ထိုအခိုက်အတန့်တွင် အာရပ်များဟာ နှင်းမုန်တိုင်းအတွင်း မဟာထန်ကို အလဲထိုးအနိုင်ယူမည်ဆိုသော အတွေးမရှိကြတော့ချေ။ သူတို့အားလုံးက ကြောက်လန့်နေသော ငှက်များအလား တကွဲတပြားစီ ထွက်ပြေးကြသည်။

“နောက်ကလိုက်”

ဝမ်ချောင်က ချက်ချင်းဆိုသလို ဓားကိုရှေ့သို့ထိုးလိုက်သည်။ သူ၏လူများကို ဦးဆောင်ပြီး ဖားတိ၏နောက်မှလိုက်သည်။ စွမ်းအားချင်း၊ စိတ်စွမ်းအားချင်းယှဉ်သော် အာရပ်များသည် အလုံးစုံ ကျိုးနွံ့နေပြီဖြစ်သည်။ ဖားတိနှင့် တိုင်တန်များကပင် ခုခံမှုကိုလက်လျော့ထားသည်။ ယခုအခါ နောက်မှလိုက်ပြီး ရိတ်သိမ်းမှုကိုမြှင့်တင်ရမည့် အခိုက်အတန့်ဖြစ်သည်။

အခန်း(၁၁၈၇)

ခြိမ်း

စစ်တပ်ကြီးတစ်ခုလုံးက ဖားတိ၏အနောက်သို့ လျှင်မြန်စွာ လိုက်သွားကြသည်။ ယခုအခါ ထန်များကို တားနိုင်သည့် မည်သူကမှ မကျန်ရစ်တော့ချေ။ ယခုလိုလိုက်သတ်မှုသည် မရေမတွက်နိုင်သော အာရပ်စစ်သားပေါင်း များစွာက လဲကျသေဆုံးကြရသည်။

ထို့ကြောင့် တစ်နာရီသာ လိုက်ဖမ်းရသေးသော်လည်း ဝမ်ချောင်၏ အယောက်နှစ်သောင်းက အာရပ်စစ်သည် ရှစ်သောင်းမှ ကိုးသောင်းအထိ ထပ်သတ်နိုင်ခဲ့ပြီး လမ်းကြောင်းတောက်လျှောက် အလောင်းများကို ချန်ထားရစ်ခဲ့သည်။

ဘန်း

စစ်တပ်က ထိုသို့လိုက်ဖမ်းနေသည့် အခိုက်အတန့်တွင် လေးလံသော အရာဝတ္ထုတစ်ခုက မြေပြင်ပေါ်သို့ ပြုတ်ကျသံက ထွက်ပေါ်လာသည်။ အသံက စစ်တပ်၏နောက်ဘက်မှဖြစ်သည်။ နှင်းမုန်တိုင်း အလယ်တွင် မြင်းဟီသံကပင် မသိသာချေ။ သို့သော် ဝမ်ချောင်ကဲ့သို့ မဟာဗိုလ်ချုပ်ကြီး အတွက်ကမူ ထိုအသံက မိုးခြိမ်းသလိုကျယ်သည်။

“ရပ်စမ်း”

ဝမ်ချောင်က ရုတ်တရက် လက်မောင်းကိုမြှောက်ပြီး စစ်တပ်တစ်ခုလုံးကို ရပ်တန့်ခိုင်းသည်။ ချက်ချင်းဆိုသလိုပင် ဝမ်ချောင်က မြင်းကိုလှည့်ပြီး နောက်တန်းသို့သွားသည်။

“ဝမ်ချောင် ဘာဖြစ်တာလဲ”

ဝမ်ချောင်က စစ်တပ်၏အဆုံးနားသို့ သွားပြီး ရပ်တန့်သွားကြောင်း မြင်လိုက်ရသောအခါ ကောင်းရှန်းကျစ်၊ ပါးရန်နှင့် အခြားသောသူများက အမှီလိုက်လာကြသည်။

“ဘယ်လိုလဲ”

ဝမ်ချောင်ကမဖြေဘဲ မြင်းနောက်ကျောမှ ပြုတ်ကျသွားသည့် ထန်မြင်းသမားတစ်ယောက်ကို ကြည့်သည်။

“အရှင် ငါ ငါ အဆင်ပြေပါတယ် ငါတိုက်ခိုက်နိုင်သေးတယ်”

ထန်စစ်သားက ဒဏ်ရာအလိမ်းလိမ်းနှင့်ဖြစ်သည်။ သူသည် မြေပြင်မှထရပ်ရန်အတွက် အခြားသော စစ်သားများ၏ အကူအညီကိုပင် လိုအပ်နေသည်။

ယခုလိုနှင်းတောထဲ လိုက်ဖမ်းရသည့်အခါ မဟာမိတ်စစ်တပ်ကြီးက မရေမတွက်နိုင်အောင် မြောက်များသော အာရပ်များကို တိုက်ခိုက်သည်။ သို့သော် အာရပ်များကလည်း သာမာန်ပြိုင်ဘက်များ မဟုတ်ပါချေ။ အလွန်အမင်း အေးနေသောကြောင့် အလွန်အမင်း အားနည်းသွားကြသည့်တိုင်အောင် သူတို့၏ စစ်သွေးကြွမှုနှင့် ခက်ထန်ကြမ်းတမ်းမှုများက အရိုးထဲစွဲနေခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် ထန်များဟာ နိုင်နေသော်လည်း ပေးဆပ်ရသည့်တန်ကြေးက မသေးချေ။ သူတို့၏ စစ်သားပေါင်း များစွာက ဒဏ်ရာအလိမ်းလိမ်းနှင့်ဖြစ်သည်။

ဝမ်ချောင်သည် ထိုစစ်သား၏ ခဲနေသော ဒဏ်ရာများကိုကြည့်လိုက်ပြီး နှင်းမုန်တိုင်းကို တစ်ချက်မော့ကြည့်သည်။ အပူချိန်က ယခင်ထက် ပိုထိုးကျသွားပြီး ပို၍ ကြောက်စရာကောင်းလောက်အောင် အေးခဲလာသည်။ သူဟာ သူ၏ပတ်ပတ်လည်ရှိ မြင်းများတွင် ကပ်ထားသည့် မှေးမှိန်သည့်အလင်းများကို တစ်ချက်ပြန်ကြည့်လိုက်သည်။ လက်တွေ့မီးအိမ်ထဲမှ အလင်းများက ငြိမ်းလုနီးပါးဖြစ်လာသည်။ သူ၏မျက်ဝန်းက တောက်ပသွားသည်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် နောက်ဆုတ်ဖို့ပြင်ဆင်တော့ အားလုံး ခိုရာစန်းကို ချက်ချင်းပြန်ရမယ်”

ဝမ်ချောင်က ရုတ်တရက် အမိန့်ထုတ်သည်။ သူ၏စကားလုံးများက လူတိုင်းကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။

“ဒါပေမဲ့ဝမ်ချောင် ငါတို့အသာစီးရနေတာလေ။ ဘာလို့ လက်လျော့မှာလဲ”

ကောင်းရှန်းကျစ်ကပြောသည်။

ယခုလို ရုတ်တရက် ကျရောက်လာသော သမိုင်းတွင်သည့် နှင်းမုန်တိုင်းကြောင့် အာရပ်စစ်သည် ခြောက်သိန်းမှ ခုနှစ်သိန်းခန့်က သေဆုံးသွားခဲ့သည်။ ထို့အပြင် အာရပ်များ ယခင်က တစ်ကြိမ်သော်မျှ မကြုံဖူးသည့် အထိနာသည့် အခြေအနေမျိုးကို ရင်ဆိုင်နေရပြီဖြစ်သည်။ ထို့ကြောင့် မဟာဗိုလ်ချုပ်ကြီး တစ်ယောက်အနေနှင့် စစ်သေနာပတိချုပ် တစ်ယောက်အနေနှင့် ယခုလိုအခြေအနေမျိုးတွင် အာရပ်၏ စစ်တပ်တစ်ခုလုံးကို အလုံးစုံ သုတ်သင်ပစ်နိုင်ခြင်း မရှိလျှင် နှမြောစရာကောင်းမည်ဟု ခံစားရလောက်သည်။

“ငါတို့လည်း အကန့်အသတ်ကို ရောက်နေပြီ”

ဝမ်ချောင်က ခေါင်းခါသည်။

“ဒီလောက်လွန်ကဲလွန်းတဲ့ အအေးက နှစ်ဖက်လုံးကိုလည်း သာတူသက်ရောက်တာပဲ။ အာရပ်တွေက အားနည်းနေတယ်။ ဒါပေမဲ့ ငါတို့ရဲ့စစ်သားတွေလည်း တဖြည်းဖြည်းချင်း ခံစားလာရပြီ။ ဒီတိုင်းဆက်ဖြစ်နေရင် ငါတို့ခိုရာစန်းကို ဘယ်တော့မှ ပြန်နိုင်တော့မှာမဟုတ်လောက်ဘူး။ အာရပ်တွေက ရှန်းသာမှာ မြို့စောင့်တပ်ရင်းတစ်ခု အခြေစိုက်နေပြီးပြီ။ ငါတို့သာ ဆက်လိုက်နေရင် သေချာပေါက် ဒုက္ခရောက်မှာပဲ”

“ဒါပေမဲ့အရှင် ဒီလောက်အခွင့်အရေးကြီးကို လက်လွှတ်လိုက်တာက နှမြောစရာကောင်းတယ် မဟုတ်လား။ နောက်နှစ်ဆိုရင် သူတို့က နောက်ထပ် စစ်တပ်ကြီးတစ်ခုနဲ့ ပြန်ရောက်လာပြီး စစ်ပွဲကို စတင်လိမ့်မယ်”

ပါးရန်က လက်မခံလိုသေးချေ။

ဆမ်ဆာနစ်များက အနိုင်ကိုတောင့်တသည်။ ယခုလို မမျှော်လင့်ထားသော အနိုင်က ဆမ်ဆာနစ်များ အလိုချင်ဆုံးဖြစ်သည်။

“ဟွန်း သူတို့က နောက်နှစ်မှာ နောက်ထပ်စစ်တပ်တစ်ခုနဲ့ ပြန်လာနိုင်မယ်လို့ ဘယ်သူပြောလဲ”

ဝမ်ချောင်ကရယ်သည်။ သူ၏အမူအရာက ယုံကြည်မှုအပြည့် မာနအပြည့်နှင့်ဖြစ်သည်။ သူသည် စစ်တပ်ကို နောက်ဆုတ်ခိုင်းထားသော်လည်း အာရပ်များ၏ လုပ်ရပ်ကို မေ့လျော့ပေးမည်ဟု မဆိုလိုချေ။

“ဒီတိုက်ပွဲရဲ့ အကျိုးသက်ရောက်မှုကြောင့် ငါတို့က နှစ်သိန်းခွဲကနေ နှစ်သိန်းခြောက်သောင်းလောက်ထိ သတ်နိုင်ခဲ့တယ်။ နောက်ပြီး ငါတို့ဆက်မလိုက်ပေမဲ့လည်း အာရပ်စစ်တပ်ရဲ့ အဓိကအင်အားစုက ကျိုးပေါက်သွားပြီ။ အနည်းဆုံး နှစ်သိန်းလောက်က နှင်းမုန်တိုင်းထဲမှာ ပျောက်သွားလောက်ပြီ။ ဒါက နှင်းနဲ့ရေခဲတွေ ပြည့်နှက်နေတဲ့ လောကကြီး။ သူတို့ခိုနားစရာ ရှာနိုင်မှာမဟုတ်ဘူး။ အမှောင်အလင်းတန်းရဲ့ တိုင်တန်သုံးယောက်က အင်အားစုနှစ်သိန်းနဲ့အတူ ပြန်သွားနိုင်ခဲ့ရင်တောင် တော်တော်လေး လေးစားဖို့ကောင်းနေပြီ”

ကောင်းရှန်းကျစ်၊ ပါးရန်၊ ရှီယွမ်ချင်နှင့် မြောက်များလှစွာသော ပုန်ကန်သူခေါင်းဆောင်များ အားလုံးက ဝမ်ချောင်၏ စကားလုံးများကြောင့် မှင်သက်သွားကြသည်။ အာရပ်များသည် ဒီစီမံကိန်းတွင် သူတို့ကိုရင်ဆိုင်ရန် အင်အားစု ခုနှစ်သိန်းကျော် ခေါ်လာခဲ့သည်။ သို့သော် နှင်းမုန်တိုင်းတစ်ခုတည်းနှင့် သူတို့၏ လုပ်ကြံသတ်ဖြတ်မှု ပူးပေါင်းရုံကတင် ငါးသိန်းနီးပါး သုတ်သင်နိုင်ခဲ့သည်။

အရေအတွက်က တွေးတောရန်ပင် မဖြစ်နိုင်လောက်အောင် မြောက်များသည်။

ဝမ်ချောင်ဟာ ထိုအရေအတွက်ကို မည်သို့သိနေကြောင်း သို့မဟုတ် မည်သည့်အတွက်ကြောင့် ထိုသို့သေချာနေကြောင်း မည်သူကမှ မသိချေ။ သို့သော် သူ၏ဆုံးဖြတ်မှုကို မည်သူကမှ မေးခွန်းမထုတ်ဖူးချေ။ မေးခွန်းထုတ်လိမ့်မည်လည်း မဟုတ်ချေ။ သူသည် သူ၏လုပ်နိုင်စွမ်းရည်ကို မရေမတွက်နိုင်သည့် တိုက်ပွဲပေါင်းများစွာတွင် သက်သေပြပြီးလေပြီ။ ယခုနှင်းမုန်တိုင်း၏ အလယ်တွင်ပင် အရာအားလုံးက သူထင်ထားသည့်အတိုင်း ဖြစ်ခဲ့သည်။

“ဒါက...”

ပါးရန်ကိုယ်တိုင်က တုန့်ဆိုင်းသွားပြီးနောက် ပြန်ဖြေသည်။

“ဒီလိုဆိုရင် ဒီပါးရန်က ငြင်းစရာမရှိပါဘူး”

ဒီတိုက်ပွဲတွင် အာရပ်စစ်သည် ငါးသိန်းကို သတ်နိုင်သော ကိစ္စက သူ၏ယခင် အမျိုးမျိုးသော စိတ်ကူးယဉ်မှုများအတွင်းတွင်မူ အကောင်းမွန်ဆုံးသော ရလဒ်ဖြစ်နေသည်။

ဝုန်း

ဝမ်ချောင်က ရှန်းသာရှိရာဘက်သို့ နောက်ဆုံးတစ်ချက် ကြည့်ပြီးနောက် အခြားသောသူများနှင့်အတူ သဘောတူညီချက်မှု ခပ်မြန်မြန်ယူကာ လူအယောက်နှစ်သောင်းကို ဦးဆောင်လျှက် ခိုရာစန်းထံ ပြန်လည်ဆုတ်ခွာသွားသည်။

ခြိမ်း

နာရီပေါင်းများစွာကြာပြီးနောက် ဝမ်ချောင်နှင့်လူများက ခိုရာစန်းအတွင်းသို့ဝင်သည်။ အနောက်ဘက်တွင် ခိုရာစန်း၏ ဂိတ်တံခါးကြီးက ဘုန်းကနဲမြည်သံနှင့်အတူ ပြန်ပိတ်သွားသည်။ နောက်ဆုံးတွင် ဒီတိုက်ပွဲက အဆုံးသတ်သွားလေပြီ။

တစ်ချိန်ထဲလိုလို ရှန်းသာ၏ဂိတ်တံခါးက ပွင့်သွားသည်။ အရှိန်အဝါပြင်းထန်သည့် အာရပ်အစိုးရပေါင်း များစွာက ဂိတ်ဝတွင်ရပ်နေသည်။ အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်က ဦးဆောင်သည့် နွမ်းလျနေသော စစ်တပ်ကြီးကို ကြိုဆိုနေရင်း သူတို့၏ အမူအရာက ပျက်ယွင်းနေလေသည်။

.....

“ဂုဏ်ယူပါတယ် အသုံးပြုသူက အာရေးဗီးယားရဲ့ တန်ပြန်တိုက်ခိုက်မှုဆိုတဲ့ တာဝန်ကို ပြီးမြောက်အောင်မြင်သွားပြီ။ အာရပ်စစ်သည် ရှစ်သိန်းကို အနိုင်ယူနိုင်ခဲ့ပြီး ခိုရာစန်းရဲ့ တိုက်ပွဲကို နိုင်သွားခဲ့တဲ့အတွက်ကြောင့် အသုံးပြုသူက ကံကြမ္မာစွမ်းအင်အမှတ် လေးသောင်း ရရှိမှာပါ”

“ဂုဏ်ယူပါတယ် အသုံးပြုသူ တာလာ့ရဲ့ တိုက်ပွဲက ပြီးမြောက်အောင်မြင်သွားပြီး ရရှိမဲ့ဆုလဒ်တွေကို စတင်တွက်ချက်နေပါပြီ...”

“ဂုဏ်ယူပါတယ် အသုံးပြုသူ အသုံးပြုသူက ကံကြမ္မာတိုက်ပွဲမှာ အနိုင်ရရှိသွားတဲ့အတွက်ကြောင့် ကံကြမ္မာစွမ်းအင်အမှတ် လေးထောင်ကို ရရှိပါတယ်”

“ဂုဏ်ယူပါတယ် အသုံးပြုသူက တာလာ့ရဲ့ ဒုတိယမြောက် တိုက်ပွဲကဏ္ဍကို အောင်မြင်သွားတဲ့အတွက်ကြောင့် ကံကြမ္မာစွမ်းအင်အမှတ် နှစ်သောင်းကို ထပ်မံရရှိပါတယ်”

“ဂုဏ်ယူပါတယ် အသုံးပြုသူက တာလာ့ရဲ့ ဒုတိယမြောက် တိုက်ပွဲကဏ္ဍမှာ အာရပ်စစ်သည် သုံးသိန်းခြောက်သောင်းကို သတ်ဖြတ်နိုင်ခဲ့တဲ့အတွက် ကံကြမ္မာစွမ်းအင်အမှတ် ခုနှစ်သောင်းကို ရရှိပါတယ်”

“ဂုဏ်ယူပါတယ် အသုံးပြုသူက ခိုရာစန်းနီရဲ့ အကြွင်းမဲ့ယုံကြည်မှုကို လက်ခံရရှိသွားပါပြီ။ ဒါကြောင့် အသုံးပြုသူကို ကံကြမ္မာစွမ်းအင်အမှတ် နှစ်ထောင်ထပ်ပြီး ချီးမြှင့်လိုက်ပါတယ်”

ဝမ်ချောင်က စစ်တပ်ကိုဦးဆောင်ကာ မြို့ဂိတ်ကိုဖြတ်ပြီး ကိုယ်ပိုင်အဆောင်သို့ ပြန်နေသည့် အခိုက်အတန့်တွင် မမြင်ရသော လိုက်ကာကြီးတစ်ခုက ပွင့်သွားသလိုမျိုး ဖြစ်သွားသည်။ တခဏခန့် ကြာပြီးနောက် ကံကြမ္မာကျောက်တုံးထံမှ အမျိုးမျိုးသော သတင်းစကားများက သူ၏စိတ်အတွင်းသို့ ဝင်ရောက်လာသည်။ တာလာ့၏တိုက်ပွဲ စတင်ချိန်ကတည်းက ဝမ်ချောင်၏ခေါင်းပေါ်တွင် ကပ်ဘေး တစ်ခုပြီးတစ်ခု ကြီးစိုးနေခဲ့ကာ ပြီးမြောက်အောင်လုပ်ရမည့် တာဝန်ပေါင်းများစွာက ပြည်နှက်နေခဲ့သည်။

သို့သော် ဒီအခိုက်အတန့်တွင် အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်၏ နောက်ဆုတ်မှု၊ အာရပ်များ၏ မဟာထန်နှင့် ခိုရာစန်းကို အချိန်အတန်ကြာအောင် ပြန်လည်တိုက်ခိုက်နိုင်ခြင်း ဆုံးရှုံးမှုတို့က ဆုလဒ်များအားလုံးကို ထွက်ပေါ်လာစေသည်။ ကံကြမ္မာကျောက်တုံးကလည်း ဒီကဏ္ဍအတွက် ဆုလဒ်များကို တွက်ချက်ပေးနိုင်ပြီဖြစ်သည်။

“ဒါ...”

ဝမ်ချောင်က ရရှိသောဆုလဒ်များကြောင့် မှင်သက်ပြီး ခြေလှမ်းများကို ရပ်လိုက်မိသည်။ သူပြန်လည်မွေးဖွားလာပြီးချိန်ကတည်းက ကံကြမ္မာကျောက်တုံးအနေဖြင့် ဆုလဒ်များကို တွက်ချက်ရန် အချိန်အကြာဆုံး ယူခဲ့သည့် အခိုက်အတန့်ဟု ဆိုရပေမည်။ ကံကြမ္မာကျောက်တုံးက သူ၏ဆုလဒ်များကို တွက်ချက်ပေးနေရင်း အမျိုးမျိုးသော သတင်းများကို ဆက်တိုက်ပို့ကာ အလုပ်များနေ၏။ နောက်ဆုံးတွင် ဝမ်ချောင်က ကံကြမ္မာကျောက်တုံး၏ အနှစ်ချုပ်မှုကို ကြားလိုက်သည်။

“ဂုဏ်ယူပါတယ် အသုံးပြုသူ အမျိုးမျိုးသော အပြစ်ဒဏ်ကြေး အသုံးစရိတ်ကြေးတွေကို အားလုံး နှုတ်ပြီးသွားတဲ့နောက်မှာ အသုံးပြုသူက ကံကြမ္မာစွမ်းအင်အမှတ် တစ်သိန်းနှစ်သောင်း နှစ်ထောင့်တစ်ရာ့နှစ်ဆယ်မှတ်ကို ရရှိသွားလို့ အားလုံးပေါင်း ကံကြမ္မာစွမ်းအင်အမှတ် တစ်သိန်းသုံးသောင်း တစ်ထောင့်လေးရာငါးဆယ်မှတ်ကို ပိုင်ဆိုင်သွားပါတယ်”

ဝမ်ချောင်၏မျက်လုံးရှေ့တွင် ခမ်းနားသော ရွှေရောင် ဂဏန်းခြောက်လုံးက ရှိနေသည်။ ထိုမြင်ကွင်းက သူ၏ဦးခေါင်းခွံကိုပင် ထုံထိုင်းသွားစေသေးသည်။ ဒီတာဝန်က အချိန်အလွန်ကြာခဲ့ပြီး ကံကြမ္မာကျောက်တုံးကလည်း ဆုလဒ်များကို ပေါပေါသီသီ ထုတ်ပေးခဲ့သည်။ သို့သော် နောက်ဆုံးသော ပမာဏက ထိုမျှအထိ မြောက်များနေမည်ဟု ဝမ်ချောင်က မမျှော်လင့်ထားမိချေ။

သို့သော် ဝမ်ချောင်ကိုယ်တိုင်ကလည်း အရာအားလုံး အဆုံးသတ်သွားပြီဟု ထင်ချိန်မှ ကံကြမ္မာကျောက်တုံး၏ ပြောလာသည့်စကားသံကို ကြားလိုက်ရသည်။

“ဂုဏ်ယူပါတယ် အသုံးပြုသူက ကံကြမ္မာရဲ့စမ်းသပ်မှုကို စောစောပြီးမြောက်အောင်မြင် သွားခဲ့ပါပြီ။ အသုံးပြုသူရဲ့ ကံကြမ္မာကို ထိန်းချုပ်သူဆိုတဲ့ ခေါင်းစဉ်ကနေ ကံကြမ္မာကို အုပ်ချုပ်သူဆိုတဲ့ ခေါင်းစဉ်ကို အဆင့်မြှင့်တင်ပေးလိုက်ပါတယ်”

ကံကြမ္မာကို အုပ်ချုပ်သူဟုတ်လား။

ထိုနာမည်က ဝမ်ချောင်၏မျက်နှာတွင် အံ့အားသင့်မှုနှင့် အံ့ဩမှုများကို ပေါ်ထွက်လာစေလေသည်။ သူကိုယ်တိုင်ကပင် ဒီတိုက်ပွဲ၏ရလဒ်ကြောင့် သူ၏ခေါင်းစဉ်ကပင် အဆင့်တက်သွားမည်ဟု မထင်ထားမိချေ။

‘ကံကြမ္မာအုပ်ချုပ်သူ’ ဒါကဘာကို ဆိုလိုတာလဲ။ အဓိပ္ပာယ်ကတင် သိသာနေပြီမဟုတ်လား။

ဝမ်ချောင်က အခန်းတံခါးရှေ့တွင်ရပ်ပြီး စိတ်က ဝရုန်းသုန်းကားဖြစ်နေသည်။ တခဏခန့်ကြာပြီး နောက်ထပ် အသံတစ်သံကို ကြားလိုက်ရသည်။

“ဂုဏ်ယူပါတယ် အသုံးပြုသူက ကံကြမ္မာအုပ်စိုးသူဆိုတဲ့ ဘွဲ့နာမည်ကို ရရှိသွားပါပြီ။ ဒါကြောင့် အပိုကံကြမ္မာစွမ်းအင်အမှတ် တစ်သောင်းကို ထပ်မံချီးမြှင့်လိုက်ပါတယ်။ ဒါ့အပြင် လျို့ဝှက်ကဏ္ဍ တစ်ခုဖြစ်တဲ့ ကံကြမ္မာပဟေဠိဆိုတဲ့ ကဏ္ဍက ပွင့်သွားပါပြီ။ ကံကြမ္မာပဟေဠိက အရာအားလုံးရဲ့ အရင်းအမြစ်ပါ။ အသုံးပြုသူအနေနဲ့ ကံကြမ္မာစွမ်းအင်တွေကို ပမာဏအများကြီး ထုတ်သုံးနိုင်တာနဲ့ သတင်းတွေအများကြီး ရနိုင်ပါတယ်”

“သတိပေးချက်.. ဒါပေမဲ့ ဒီကဏ္ဍကို ထုတ်သုံးဖို့အတွက် အခြေအနေတွေက ပြည့်မှီရပါမယ်”

ထိုသို့ပြောပြီးနောက် ကံကြမ္မာကျောက်တုံးက တိတ်ဆိတ်သွားသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်က အံ့အားသင့်လွန်းသဖြင့် တောင့်ခဲမတက်ဖြစ်သွားသည်။

စိတ်၊ ခန္ဓာ၊ စွမ်းအင်၊ သိုင်းနဲ့ အာဏာများသည် ကံကြမ္မာကျောက်တုံးကပေးသည့် ဆုလဒ်ခေါင်းစဉ် အခွဲများဖြစ်သည်။ ဝမ်ချောင်က အားလုံးကိုမှတ်မိသည်။ သို့သော် ကံကြမ္မာကျောက်တုံးက နောက်ထပ် လျို့ဝှက်ချက်တစ်ခု ဖုံးကွယ်ထားဦးမည်ဟု မထင်ထားမိချေ။ အနည်းဆုံး ထိုကဏ္ဍအသစ်နှင့်ပတ်သတ်ပြီး သဲလွန်စမျိုးပင် မရှိခဲ့ဖူးချေ။ ကံကြမ္မာပဟေဠိနှင့် ပတ်သတ်ပြီး အကြောင်းအရာများကိုပင် မကြားဖူးချေ။ ဝမ်ချောင်က ကံကြမ္မာပဟေဠိနှင့် ပတ်သတ်ပြီး ကံကြမ္မာကျောက်တုံးနှင့် ခပ်မြန်မြန် ဆက်သွယ်ကြည့်သည်။

ဆုလဒ်ကဏ္ဍကို ကိုယ်စားပြုသည့် အလုံးငါးလုံးထက်တွင် သွေးနီရောင်နှင့် ရွှေရောင်ရောယှက်ကာ ရေးထားသော စကားလုံးများက ပေါ်နေသည်။ ထိုစကားလုံးများက ကံကြမ္မာပဟေဠိဖြစ်သည်။ စကားလုံးများက ရိုးရှင်းသည်။ သို့သော် စာသားများ၏ ထည်ဝါမှုနှင့် လျို့ဝှက်ဆန်းကြယ်သော အလင်းများက အောက်ဘက်ရှိ ဆုလဒ်ကဏ္ဍ ငါးခုကိုပင် လွှမ်းမိုးနိုင်သေးသည်။

ဝမ်ချောင်က ကံကြမ္မာပဟေဠိ၏ လျို့ဝှက်ချက်များကို သိနိုင်ရန် မျှော်လင့်ချက်နှင့် သူ၏စိတ်ကိုသုံးပြီး ရွှေရောင်စာလုံးများကို လှမ်းထိလိုက်သည်။ သို့သော် အခြားသော ကဏ္ဍငါးခုနှင့် မတူသည်မှာ ထိုသို့ထိလိုက်ရုံနှင့် မည်သည့်အချက်အလက်ကိုမှ ရရှိခြင်းမရှိချေ။ ထိုအစား ကံကြမ္မာကျောက်တုံး၏ အေးစက်သောအသံကသာ ထွက်လာသည်။

“သတိပေးချက် အသုံးပြုသူရဲ့ အခြေအနေက ကိုက်ညီမှုမရှိဘူး။ ဒါကြောင့် ကံကြမ္မာပဟေဠိကို အသက်မသွင်းနိုင်ဘူး”

ဝမ်ချောင်ကမူ ထိုစကားလုံးများကြောင့် စွံ့အသွားရသည်။

ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံးတော့ အတိတ်ကဖြစ်ခဲ့တဲ့ ကပ်ဘေးနောက်ကွယ်က အမှန်တရားကိုသိဖို့ လမ်းစပွင့်သွားပြီပဲ။

ထိုအတွေးနှင့်အတူ ဝမ်ချောင်က ခပ်မြန်မြန် အသိပြန်ဝင်သွားသည်။ သူသည် အခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လိုက်ပြီး တံခါးကိုဘန်းကနဲမြည်အောင် ပိတ်လိုက်သည်။

....

တစ်ညတာက လျှင်လျှင်မြန်မြန် ကျော်လွန်သွားပြီး မိုးသောက်ချိန်ရောက်လာသည်။ လူတိုင်းက အခန်းထဲမှ တဖြည်းဖြည်းချင်း ချောင်းကြည့်ကြသည်။ သူတို့အားလုံးက ဆိုးရွားလွန်းသော နှင်းမုန်တိုင်းကြောင့် မှင်သက်သွားရပြန်သည်။ သို့သော် သူတို့အားလုံးသည် သူတို့အိမ်မှထွက်ပြီး နှင်းမုန်တိုင်းနှင့် အလွန်ဝေးကွာသော မြေအောက်ဂူများ၊ မြေအောက်ခန်းများတွင် ပုန်းအောင်းနေခဲ့သောကြောင့် အာရေးဗီးယား အင်ပါယာကြီးတစ်ခုလုံးကို လှုပ်ခါနိုင်သည့် တိုက်ပွဲကြီးက ဖြစ်ပျက်သွားခဲ့ကြောင်းကို မည်သူကမှ မသိကြပေ။

အခန်း(၁၁၈၈)

“မဖြစ်နိုင်တာ မဖြစ်နိုင်ဘူး”

အဝေးရှိ ပါးတတွင် အာရေးဗီးယား၏ ကာလစ်က ရှန်းတထံမှ နှင်းများစိုရွှဲနေသည့် စာတစ်စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ သူ၏မျက်နှာက ဖြူဖျော့လာသလို ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေသည်။

စစ်သည်ခုနှစ်သိန်းကနေ ရှစ်သိန်းနီးပါး၊ မရေမတွက်နိုင်တဲ့ဗိုလ်ချုပ်တွေ နောက်ပြီး အမှောင်အလင်းတန်းရဲ့ တိုင်တန်သုံးယောက်အပြင် ဟူလာကိုတောင် လွှတ်ထားသေးတယ်။ ဒီစီမံကိန်းက ဘယ်လိုပဲကြည့်ကြည့် ကြီးမားလွန်းတဲ့ အင်အားစုကြီး ဖြစ်နေတာပဲ။

ထို့ကြောင့် ကာလစ်ကိုယ်တိုင်ကလည်း ထန်နှင့် ခိုရာစန်းတိုင်းကို ရှင်းလင်းသုတ်သင်ပြီး ရှင်းရှင်းလင်းလင်း သပ်သပ်ရပ်ရပ် အနိုင်ပိုင်းလျှက် ပြန်လာရန် မျှော်လင့်စောင့်စားနေခဲ့သည်။ သို့သော် နှင်းမုန်တိုင်းတစ်ခုတည်းက သူ၏အိမ်မက်တိုင်းကို ချေမွလိုက်သည်။

ယခုအခါ စစ်သည်ငါးသိန်းမှ ခြောက်သိန်းခန့်က နှင်းမုန်တိုင်းအတွင်း မြုပ်နှံခံခဲ့ရသည်။ ထိုသို့ဖြင့် ခိုရာစန်းနှင့် ရှန်းတအကြား နယ်မြေတွင် ထာဝရအနားယူရမည်ဖြစ်သည်။ ထိုနေရာကလည်း အေးစိမ့်လွန်းသော ငရဲကြီးဖြစ်သွားပေလိမ့်မည်။ ထိုသို့ဆိုးရွားလွန်းသော အရှုံးက ကာလစ်၏ နှလုံးသားထဲသို့ ချွန်ထက်နေသည့် တစ်စုံတစ်ရာဖြင့် ထိုးစိုက်လိုက်သလို ဖြစ်သွားစေသည်။

အာရေးဗီးယားက အရှေ့ပိုင်းကို စတင်သိမ်းပိုက်ရန် အကြံအစည်ရပြီးချိန်က စတင်ပြီး ယခုအချိန်အထိ သူတို့သည် စစ်သည်တစ်သန်းကျော် မြုပ်နှံခဲ့ရသည်။ ထိုထဲတွင် အင်အားကြီးမားသည့် အစိုးရသုံးယောက်နှင့် ချွီထေပါးပင် ပါသေးသည်။ ဒီအရှုံးကို ရင်ဆိုင်ရသောအခါ ကာလစ်ကိုယ်တိုင်ကပင် မျက်နှာဖြူဖျော့ပြီး အသက်ရှုရခက်သွားစေသည်။

“ငါဘယ်တော့မှ မယုံကြည်နိုင်ဘူး။ ဘယ်တော့မှပဲ။ ငါတို့မှာ စစ်သားတွေအများကြီးရှိတယ်။ ငါအရှေ့ပိုင်းက ထန်တွေဆီ ရှုံးစရာအကြောင်းမရှိဘူး”

ကာလစ်၏ကိုယ်က တဆတ်ဆတ် တုန်ခါနေသည်။ တုန်ခါမှုက ပို၍ပြင်းထန်လာပြီး အမူအရာက အလွန်ပြင်းထန်သည့် ဒေါသကို ထိန်းထားရပုံပေါ်လာသည်။ သူ၏နောက်ဆုံးစကားများတွင် မျက်ဝန်းက နီရဲသွားပြီး ရူးသွပ်လုနီးပါး ဖြစ်သွားသည်။ သူသည် အော်ဟစ်လိုက်သည်။

ခလွက်

သူ၏လက်ချောင်းက ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သဖြင့် သမုဒ္ဒရာသံမဏိသားဖြင့် လုပ်ထားသည့် ပုလ္လင်လက်တင်ခုံကပင် ကွဲသွားသည်။

“အရှင်မင်းကြီး ဒေါသကိုထိန်းပါ”

ခန်းမထဲရှိလူတိုင်းက ဒူးထောက်ချလိုက်ကြသည်။ သူတို့၏ အမူအရာကလည်း အလွန်ထိတ်လန့်နေပြီး ကြောက်လန့်နေကြပုံပေါ်သည်။

ဖလပ် ဖလပ်

ကာလစ်၏ ဒေါသအထွက်ဆုံး အချိန်တွင် ကာလစ်သတင်းပို့တစ်ယောက်က ခန်းမထဲသို့ အပြေးဝင်လာပြီး လက်ထဲတွင် အာရေးဗီးယား အမဲလိုက်သိန်းငှက်ကို သယ်လာသည်။

“သတင်းပို့”

ထိုသတင်းပို့က ခေါင်းကိုခပ်မြန်မြန် ငုံ့ချပြီး မြေပြင်တွင် ဒူးထောက်ချသည်။

“ကျွန်တော်တို့ ထန်တွေဆီက စာရလာပါတယ်။ ထန်တွေက ကျွန်တော်တို့ကို သဘောတူညီမှုကို ဖောက်ဖျက်ပြီး လုပ်ကြံသတ်ဖြတ်မှု စတင်ခဲ့တာကြောင့် လျော်ကြေးအနေနဲ့ ရွှေထည်နှစ်ဘီလီယံ ပေးရမယ်လို့ ပြောပါတယ်။ အဲ့ဒါတွေအပြင် သူတို့က ကလဲ့စားချေတဲ့အနေနဲ့ အာရေးဗီးယားကိုလည်း တိုက်ခိုက်လာဦးမှာပါ။ ဒါတွေအပြင် မနေ့ညကတိုက်ပွဲမှာ အသတ်ခံခဲ့ရတဲ့ စစ်သည်တော်တိုင်းရဲ့ အလောင်းတွေကိုစုပြီး ခိုရာစန်းရဲ့ မြို့ရိုးမှာ တွဲလောင်းချိတ်ဆွဲထားမယ်လို့ ပြောပါတယ်”

ဝုန်း

အစိုးရတိုင်း၊ ဗိုလ်ချုပ်တိုင်းက အလန့်တကြား ခေါင်းမော့လိုက်ကြသည်။ ကာလစ်၏မျက်နှာကပင် ချက်ချင်းလိုလို ဖြူစုတ်သွားပြန်သည်။

“ရမ်းကားလိုက်တာ”

ကာလစ်က ဒေါသတကြီး အော်လိုက်ပြီဖြစ်သည်။

“ဝမ်ချောင် ကျန်းမင်းရဲ့အလောင်းကို ဆွဲဖြဲပြမယ်”

ပထမဦးဆုံးအကြိမ်အဖြစ် အာရေးဗီးယား၏ သမိုင်းတွင်သော အင်အားအကြီးဆုံး အစိုးရလက်ထက်တွင် မာနကြီးပြီး ဂုဏ်ယူကာ ထောင်လွှားသော မူတာစီရန်သုံးက ထန်တစ်ယောက်ကို နာမည်တပ် ခေါ်ပစ်လိုက်သည်။

......

“အရှင်အမတ် အာရပ်တွေက ကျွန်တော်တို့ တောင်းဆိုတဲ့အတိုင်း နောက်ထပ် နှစ်ဘီလီယံ ထပ်ပေးမယ်လို့ထင်လား”

ကာလစ်က ဝမ်ချောင်စာကိုဖတ်ပြီး ဒေါသထွက်လွန်းသဖြင့် သွေးအန်မတက် ဖြစ်နေချိန်တွင် ရွှယ်ချန်ကျွင်းက ဝမ်ချောင်ကို သတိထားကာ မေးခွန်းမေးလိုက်သည်။ ဝမ်ချောင်က စာထဲတွင် ရွှေနှစ်ဘီလီယံ ထည့်ရေးခိုင်းသောအခါ ရွှယ်ချန်ကျွင်းကလည်း သူ၏နှလုံးသားက တုန်ယင်သွားသလို ခံစားခဲ့ရသည်။

ဒီလောကတွင် ရွှေထည်ဆယ်သန်းကပင် မြောက်များလွန်းသော ပမာဏကြီး ဖြစ်နေလေပြီ။ ဘဏ္ဍာရေးရုံးတောမှသာ ထိုပမာဏကို တောင်းခံမည်ဆိုလျှင် လက်ခံရရှိခြင်း မရှိခင် ထပ်ခါတလဲလဲ ဆွေးနွေးမှုများ ရှိလာပေလိမ့်မည်။ ထိုသို့ဆွေးနွေးပြီးလျှင်ပင် အမှန်တကယ် လက်ခံရရှိရန် အချိန်အတန်ကြာနိုင်သည်။ သို့သော် ဝမ်ချောင်က ပထမဦးဆုံး ညှိနှိုင်းချိန်ကတည်းက ရွှေသား တစ်ဘီလီယံကို တောင်းခဲ့သည်။ ယခုအခါ နောက်ထပ် နှစ်ဘီလီယံကို ထပ်တောင်းသည်။ ရွှယ်ချန်ကျွင်းကမူ သူ၏စိတ်က အလုပ်မလုပ်တော့ဟု ခံစားနေရသည်။

“ဟား ဟား ဒါပေါ့ သူတို့မပေးနိုင်ဘူးပေ့ါ”

ဝမ်ချောင်က စာအုပ်ကို ဖြတ်ကနဲလှန်ရင်း ပြန်ဖြေသည်။

“အာ”

ရွှယ်ချန်ကျွင်းက မှင်သက်သွားပြီး လုပ်လက်စကိုပင် ရပ်လိုက်မိသည်။

“မူတာစီရန်သုံးက တအားဒေါသထွက်နေလောက်တယ်။ ဒါကြောင့် သူက ငါတို့တောင်းဆိုတဲ့အတိုင်း လုပ်ပေးမှ တအားထူးဆန်းသွားမှာ”

ဝမ်ချောင်က ဖျော့တော့စွာပြုံးလိုက်ပြီး လက်ထဲမှစာအုပ်ကို ဆက်ဖတ်နေသည်။ ဒါဟာ ဆမ်ဆာနစ် မင်းဆက်၏ ရှေးဟောင်းစာအုပ်ကြီးဖြစ်သည်။ ယွမ်ရှု့စုန့်က သူ၏တပည့်များကို ဦးဆောင်ပြီး စာအုပ်တစ်အုပ်လုံးကို ထန်ဘာသာစကားအဖြစ် ပြောင်းလဲကာ ဘာသာပြန်ပေးခဲ့သည်။ သူတို့သည် နှင်းမုန်တိုင်း တိုက်ခတ်နေသည့် တစ်ညတည်းသာ အချိန်ယူခဲ့သည်။ ထို့ကြောင့် ဝမ်ချောင်က ချောချောမွေ့မွေ့ ဖတ်နိုင်သွားပြီဖြစ်သည်။

“ဒါဆိုရင်အရှင် ဒါက...”

ရွှယ်ချန်ကျွင်းက ကြောင်တောင်တောင် ဖြစ်သွားသည်။ တစ်ဖက်သူက သဘောမတူကြောင်းသိလျှင် မည်သည့်အတွက်ကြောင့် အရှင်က ရွှေသားနှစ်ဘီလီယံ တောင်းခံသည့်စာ ပို့ခိုင်းကြောင်း နားမလည်ချေ။

“ဟွန်း လောကက ဘယ်သူကမှ အာရေးဗီးယားရဲ့ တော်ဝင်မျိုးနွယ်ထက် ပိုမချမ်းသာနိုင်ဘူး။ အာရေးဗီးယားရဲ့ ကာလစ်က တအားဒေါသထွက်နေလိမ့်မယ်။ ဒါကြောင့် သူငါတို့ကို မပေးချင်တာက ပုံမှန်ပဲ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူငါတို့ကိုပေးအောင် ငါလုပ်ပေးရမှာပေါ့”

ဝမ်ချောင်က စာအုပ်ထံမှ ခေါင်းမော့လာ၍ ခပ်ဟဟရယ်သည်။

မဟာထန်သည် ကြွယ်ဝသည်။ သို့သော် ထိုကဲ့သို့သော ကြွယ်ဝမှုက တိုင်းပြည်ကြီးတစ်ခုလုံးထံ ဖြန့်ထားပေးရသည်။ တော်ဝင်မျိုးနွယ်ကပင် တစ်စိတ်တစ်ပိုင်းကိုသာ ပိုင်ဆိုင်နိုင်သည်။ ထို့ကြောင့် မဟာထန်၏ ကြွယ်ဝမှုက မည်သို့ရှိနေစေကာမူ ဘဏ္ဍာရေးရုံးတော်ကြီးက စစ်ဘက်ဆိုင်ရာ အမှုထမ်းများ နှစ်စဉ်အသုံးပြုနေသည့် ကုန်ကျစရိတ်များနှင့် ပတ်သတ်ပြီး အမြဲတစေ ငြင်းခုံနေလေ့ရှိသည်။

သို့သော် အာရေးဗီးယားကမူ ခြားနားသည်။ ကာလစ်သည် အင်ပါယာကြီး တစ်ခုလုံးကို ပိုင်သည်။ သူ၏စကားလုံးက အကြွင်းမဲ့အာဏာဖြစ်သည်။ လောကက သူ့အပိုင်ဖြစ်သည်။ ပို၍ဆိုးသည်မှာ အာရေးဗီးယား၏ ကြွယ်ဝမှုက တိုင်းပြည်တစ်ခုလုံးစာ ဖြန့်ကျက်ထားရခြင်းမဟုတ်ချေ။ ထိုအစား အထက်တန်းလွှာများနှင့် ကာလစ်ကိုယ်တိုင်ကသာ သိမ်းပိုက်ထားခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ အာရေးဗီးယား အနီးဝန်းကျင်ရှိ တိုင်းပြည်တိုင်း၏ ပိုင်ဆိုင်မှုများအားလုံးက တဖြည်းဖြည်းချင်း စုစည်းမိလာလေလေ ရာစုနှစ်ပေါင်းများစွာ ကြာညောင်းလာပြီးနောက် ပိုင်ဆိုင်မှုက အလွန်များပြားလာခဲ့သည်။ ထိုအရာအားလုံးကို ကာလစ်ကသာ ပိုင်ဆိုင်သည်။ ထို့ကြောင့် သူဟာ မည်မျှကြွယ်ဝကြောင်းသိနိုင်သည်။

ဝမ်ချောင်အတွက် ထိုသို့သော ကြွယ်ဝမှုမျိုးကို သဘောမကျမှသာ ထူးဆန်းနေပေလိမ့်မည်။

ဝမ်ချောင်၏ အနာဂတ် အကြံအစည်များအတွက် မြောက်များလွန်းသော ငွေကြေးများလိုအပ်သည်။ ထို့ကြောင့် ကာလစ်က အကောင်းဆုံးသော ထောက်ပံ့သူဖြစ်သွားသည်။

ရွှယ်ချန်ကျွင်းက ဝမ်ချောင်ကိုကြည့်ပြီး နားလည်ချင်ယောင် ဟန်ဆောင်လိုက်သည်။

ခွက် ခွက် ခွက်

ဝမ်ချောင်နှင့် ရွှယ်ချန်ကျွင်းတို့က စကားပြောနေသည့်အချိန်တွင် တံခါးခေါက်သံက ထွက်လာသည်။

“ဝင်လာခဲ့ပါ”

ဝမ်ချောင်က လက်ကိုယမ်းလျှက် ပြန်ဖြေသည်။

ထို့နောက် တံခါးကပွင့်သွားပြီး အန်းရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်တော်တစ်ယောက်က ခပ်မြန်မြန် ဝင်လာသည်။

“အရှင်ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် အရှင်က အရှင်အမတ်မင်းကို ဆွေးနွေးခန်းမထဲကို ဖိတ်ခေါ်ခိုင်းလိုက်ပါမယ်”

.....

အပြင်ဘက်တွင် နှင်းမုန်တိုင်းက တဖြည်းဖြည်းချင်း ငြိမ်သက်လာပြီဖြစ်သည်။ ဝမ်ချောင်က ကောင်းရှန်းကျစ်နှင့်တွေ့ရန် အစည်းအဝေးခန်းသို့ သွားနေသည့်အချိန် မြို့၏အခြားတစ်နေရာတွင် လျို့ဝှက်စွာ ကျင်းပနေသည့် အစည်းအဝေးလေး ရှိနေသည်။

သို့သော် ထိုအစည်းအဝေးပွဲတွင် ထန်တစ်ယောက်မှ မပါဝင်ဘဲ ခိုရာစန်းနီနှင့် အခြားသော ပုန်ကန်သူခေါင်းဆောင်များသာ ပါသည်။

“မဟာဗိုလ်ချုပ် မင်းလည်းထန်တွေရဲ့အင်အားကို မြင်တာပဲ။ အာရပ်တွေက တော်တော်လေး ကြမ်းတမ်းပြီး တိုင်းပြည်ပေါင်းများစွာကို သိမ်းပိုက်ခဲ့တယ်။ ဒါပေမဲ့ သူတို့က တစ်ကြိမ်ပြီးတစ်ကြိမ် ရှုံးသွားရတယ်။ ဒီလောက်တိုတောင်းတဲ့ လတွေအတွင်းမှာ သူတို့က နောက်ထပ်စစ်သည် တစ်သန်းကျော်တောင် ရှုံးသွားသေးတယ်။ ဒါက တော်တော်လေးကို ကြောက်စရာကောင်းတယ်။ ဒါပေမဲ့ ငါက မဟာထန်က တစ်ရက်မှာ နောက်ဆုတ်သွားတဲ့အခါ အာရပ်တွေပြန်လာပြီး ငါတို့အားလုံး သတ်ဖြတ်ခံရမှာကိုပဲ စိုးရိမ်တယ်”

ပုန်ကန်သူခေါင်းဆောင်များက စိုးရိမ်တကြီးပြောသည်။

ပါးရန်က ဘာစကားမှမဆိုချေ။ သူသည်လည်း မျက်မှောင်ကျုံ့သည်။ ထို့နောက် မျက်မှောင်က ကျုံ့သထက်သာ ကျုံ့လာ၏။ သူသည်လည်း စိုးရိမ်မိသည်။ သို့သော် အခြားသူများရှေ့တွင် ဖော်မပြဖူးချေ။

“မဟာဗိုလ်ချုပ် မင်းက အဲ့ဒီထန်ဗိုလ်ချုပ်နဲ့ အရင်းနှီးဆုံးပဲ။ သူ့ကို ဒီနေရာမှာနေအောင် နည်းလမ်းတစ်ခုခု စဉ်းစားပါလား”

“ငါတို့အားလုံးလည်း အာရပ်တွေက ဘယ်လောက်ရက်စက်ပြီး ကြောက်စရာကောင်းလဲဆိုတာကို သိနေတာပဲ။ ထန်တွေထွက်သွားတာနဲ့ ဘယ်လိုဖြစ်လာမလဲဆိုတာကို ငါတို့နားလည်သင့်တယ်။ ငါတို့ အဲ့ဒီလိုအဖြစ်မျိုးတွေကို ရင်ဆိုင်နိုင်မယ်မထင်ဘူး”

ခန်းမထဲရှိလူတိုင်းကလည်း ပါးရန်ကို ဝိုင်းပြောနေကြသည်။

မဟာမိတ် အဖွဲ့အစည်းကြီးတွင် ထန်ကိုသာဖယ်လိုက်လျှင် ပါးရန်ကသာ ကျင့်ကြံခြင်းအမြင့်ဆုံး ထန်များနှင့် ဆက်ဆံရေး အရင်းနှီးဆုံးဖြစ်သည်။ ထို့ကြောင့် လူတိုင်းကသူ့ကို ပြောဆိုနေကြခြင်းဖြစ်သည်။

ထန်များ၏အင်အားကို မြင်ခဲ့ပြီး ငယ်ရွယ်သော ဗိုလ်ချုပ်ကြီး၏ လုပ်ရဲကိုင်ရဲစိတ် ဖြေရှင်းနိုင်စွမ်းရည်၊ ဉာဏ်ပညာနှင့် ဗျူဟာများအားလုံးကို ကြုံတွေ့ခဲ့ပြီးသောအခါ လူတိုင်းကလည်း ထန်များနှင့် ပို၍ပင် မဟာမိတ်ဖွဲ့ချင်သွားကြသည်။ သူတို့သည်လည်း ထိုထန်က ဒီနေရာတွင်ဆက်နေပြီး ရေရှည် မဟာမိတ်ကြီးကို ထိန်းသိမ်းထားရန် မျှော်လင့်မိလေသည်။

ဝမ်ချောင်ကိုယ်တိုင်ကပင် သူ၏အမြဲတစေ ရန်လိုမှုကင်းမဲ့ပြီး ငြိမ်းချမ်းစွာ ရှိနေသလိုမျိုး မျက်နှာထားမျိုးက မဟာမိတ်စစ်တပ်အတွင်း မသက်မသာဖြစ်စေသည့် ခံစားချက်မျိုးကို ဖြစ်ပွားလောက်မည်ဟု မထင်ထားလောက်ချေ။

“ဒါပေမဲ့ ဒီကိစ္စက ငါတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။ ထန်တွေက ထွက်သွားချင်ရင် ငါတို့က ဘာတက်နိုင်မှာလဲ”

ပါးရန်ကပြောသည်။ သူ၏မျက်မှောင်ကလည်း ကျုံ့နေသည်။ သူ၏စကားလုံးများက ခန်းမတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။

အခန်း(၁၁၈၉)

“တကယ်တော့ ငါ့မှာအကြံရှိတယ်”

ထိုအခိုက် ခန်းမ၏ထောင့်တစ်နေရာမှ တုန့်ဆိုင်းသလို အသံမျိုးကထွက်လာသည်။ ပုန်ကန်သူ ခေါင်းဆောင်များနှင့် ပါးရန်တို့က ပြောသူကို လှည့်ကြည့်လိုက်ကြသည်။

ပါးရန်သည်လည်း အာရေးဗီးယား၏ အနောက်တောင်ပိုင်းနယ်မြေမှ ပုန်ကန်သူ ခေါင်းဆောင်တစ်ယောက် ဖြစ်လောက်မည့် ထိုလူကို ခပ်ရေးရေးမှတ်မိသည်။

ထိုပုန်ကန်သူခေါင်းဆောင်သည် ဘယ်ဘက်မျက်ခုံးတွင် ကြက်ခြေခတ် အမာရွတ်ကြီးရှိသည်။ သူက အကြံကို ရှင်းပြလာ၏။

“ထန်က ငါတို့ရဲ့ ဘာသာစကားချင်း ခြားနားချက်ကြောင့် ဒီနေရာမှာနေဖို့ ဆန္ဒရှိမှာတော့မဟုတ်ဘူး။ ငါတို့ကလည်း အချင်းချင်း စကားမပြောနိုင်ဘူးလေ။ ဒီတော့ ဆက်သွယ်ဖို့က မဖြစ်နိုင်ဘူး”

“ဒီတိုက်ပွဲမှာငါတို့က အရှင်ကနေတစ်ဆင့်ပဲ အချင်းချင်း နားလည်အောင်လုပ်ခဲ့ရတာ။ ဒါပေမဲ့ အဆင့်နမ့် စစ်သားတွေကတော့ အချင်းချင်း ပြောဆိုဆက်သွယ် မရှိကြလို့ တစ်ယောက်ကိုတစ်ယောက် နားမလည်ကြဘူး။ ဒါကြောင့် ငါတို့ကသာ မဟာထန်ရဲ့ ဘာသာစကားကို သင်ယူပြီး သူတို့တွေ ငါတို့ကို နားလည်လာအောင် လုပ်မယ်ဆိုရင် ငါတို့အချင်းချင်း ပိုပြီးနားလည်လာလို့ အရာအားလုံး ခြားနားသွားလောက်မယ်လို့ထင်တယ်”

“ဒါက အကြံကောင်းပဲ။ ဒါပေမဲ့ငါတို့ အဲ့ဒီလိုလုပ်ချင်ရင် ငါတို့ကို သူတို့ရဲ့ဘာသာစကား သင်ပေးဖို့ ထန်ဆရာတွေအများကြီး လိုအပ်လိမ့်မယ်။ နောက်ပြီး အဲ့ဒီဆရာတွေကလည်း ခိုရာစန်းအထိ ရောက်လာမှ ဖြစ်လိမ့်မယ်။ ဒါကြောင့် ထန်တွေက သဘောမတူလောက်ဘူး”

နောက်ထပ် ပုန်ကန်သူ ခေါင်းဆောင်တစ်ယောက်ကပြောသည်။

အခန်းထဲရှိလူတိုင်းက တုန့်ဆိုင်းသွားကြပြန်သည်။

ပြောဆိုဆက်သွယ်ရေးနှင့် နားလည်နိုင်စွမ်းအားကြောင့် ဒီမဟာမိတ်ကြီးက ပို၍ကြာရှည် တည်မြဲသွားနိုင်သည်။ သို့သော် ဒီနေရာက ဆမ်ဆာခမ်းနှင့် ခိုရာစန်းအကြား နယ်မြေကြီးဖြစ်နေသလို အခြားသော ပုန်ကန်သူခေါင်းဆောင်များ လာသောနယ်မြေများလည်း ရှိနေသောကြောင့် ဘာသာစကား လိုအပ်ချက်က မြင့်မားသည်။ ဘာသာစကားကို သင်ကြားပေးမည့် ဆရာများ၏ အရေအတွက်ကလည်း မြောက်များလေသည်။ ထို့ပြင် ဘာသာစကား သင်ကြားရခြင်းကလည်း အချိန်အတန်ကြာ လိုအပ်ဦးမည်ဖြစ်သည်။ ကုန်ကျစရိတ်ကလည်း ကြီးလေရာ မဟာထန်က သဘောတူပါမည်ဟု အာမခံချက်မရှိချေ။

ပို၍ဆိုးသည်မှာ ပုန်ကန်သူခေါင်းဆောင်များ အားလုံးက မဟာထန်အကြောင်း ခပ်ရေးရေးမျှ စတင် နားလည်နေကြပြီဖြစ်သည်။ ထိုတိုင်းပြည်ကြီးသည် အင်အားကြီးမားပြီး စည်ပင်ဝပြောကာ အာဏာမြင့်မားစွာ ကိုင်ဆွဲထားသည့် တိုင်းပြည်ကြီးဖြစ်နေသည်။ သူတို့သည် သက်တောင့်သက်သာရှိသော ဘဝတွင် နေထိုင်နေကြသည်။ ခိုရာစန်းကမူ မဟာထန်ကို မယှဉ်နိုင်ချေ။ ထို့ကြောင့် ထန်ဘာသာစကား သင်ကြားပေးမည့် ဆရာများကလည်း ဒီလောက်အဝေးကြီး ခရီးမဆက်ချင်လောက်ချေ။

ထို့ကြောင့် ခန်းမထဲရှိလူတိုင်းက စိုးရိမ်ပူပန်သွားကြပြန်သည်။

ပါးရန်ကထပ်ပြောသည်။

“ဒီကိစ္စကို ငါ့ရဲ့တာဝန်ထားလိုက်။ ဆရာတွေနဲ့ပတ်သတ်တဲ့ ပြဿနာကတော့ ဖြေရှင်းရလွယ်ပါတယ်။ ငါတို့က ကုန်ကျစရိတ်အတွက် ပိုက်ဆံတွေပေးမယ်လို့ ပြောလို့ရတာပဲ။ လုံလောက်တဲ့ ဆုလာဒ်သာရှိရင် အချို့ထန်တွေက လာဖို့ဆန္ဒရှိမှာပါ။ ငါတို့က ကုန်ကျစရိတ်တွေကို တာဝန်ယူပြီး ခံမယ်ဆိုရင် မဟာထန်ကလည်း ကန့်ကွက်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီကိစ္စကိုတော့ မဟာထန်တွေ သဘောတူမှဖြစ်လိမ့်မယ်”

မျှော်လင့်ချက်ပြည့်နှက်ပြီး စိုးရိမ်ပူပန်မှု ပြင်းထန်နေသော အကြည့်များအောက်တွင် ပါးရန်က မတ်တပ်ထရပ်လိုက်ပြီး ခန်းမထဲမှထွက်သွားလိုက်သည်။

ယခုအခါ ပါးရန်သည်လည်း အောင်မြင်မည်ဖြစ်ကြောင်း မသေချာသေးချေ။ မည်သို့ပင်ဆိုစေ ဒီနယ်မြေသည် အာရပ်နှင့် ပုန်ကန်သူများအကြားမှ နယ်မြေကြီး ဖြစ်နေသေးသည်။

.....

ပါးရန်နှင့် ပုန်ကန်သူခေါင်းဆောင်များက စိုးရိမ်တကြီး ဖြစ်နေကြချိန်တွင် ဝမ်ချောင်က တံခါးကို တွန်းဖွင့်ပြီး အစည်းအဝေး ခန်းမအတွင်းသို့ ဝင်ရောက်လိုက်သည်။ သူနှင့်အတူ အေးစိမ့်သော လေပြေများကိုပင် သယ်ဆောင်လာ၏။ သူဟာ ခေါင်းကိုမော့လိုက်ပြီးနောက် အစည်းအဝေးခန်းမ၏ စားပွဲတွင် ထိုင်နေသည့် ကောင်းရှန်းကျစ်ကို မြင်လိုက်ရသည်။ တစ်ဖက်သူက ခေါင်းကိုငုံ့ပြီး မျက်မှောင်ကိုကျုံ့ကာ တစ်စုံတစ်ရာကို စဉ်းစားနေပုံပေါ်သည်။

“အရှင်ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်က ငါ့ကိုရှာတာလား”

ဝမ်ချောင်က အထဲသို့ဝင်သွားပြီး လိုရင်းကိုတိုက်ရိုက်ပြောသည်။

ကောင်းရှန်းကျစ်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ အတွေးများနေသော စိတ်အခြေအနေမှ ရုန်းထွက်လာကာ ခေါင်းကိုမော့ကြည့်သည်။

“ဝမ်ချောင် မင်းရောက်လာပြီလား။ ထိုင်ပါ”

“အရှင် ဘာဖြစ်လို့လဲ။ အရှင့်လိုလူမျိုးကတောင် ထုတ်မပြောနိုင်လောက်အောင် ကိစ္စတစ်ခုခုများ ရှိနေလို့လား”

ဝမ်ချောင်ကပြောသည်။ သူဟာ ကောင်းရှန်းကျစ်၏ဘေးတွင် ဝင်ထိုင်လိုက်သည်။

“အာရပ်တွေနဲ့ပတ်သတ်လို့လား”

“ဒီတစ်ပွဲနိုင်သွားပြီးတဲ့နောက်မှာ အာရပ်တွေက နောက်လအနည်းငယ် ကြာတဲ့အထိ တိုက်ခိုက်လာဦးမှာ မဟုတ်ဘူး။ ဘာများစိုးရိမ်စရာရှိလဲ”

ကောင်းရှန်းကျစ်က ဝမ်ချောင်အတွက် ရေနွေးကြမ်းငှဲ့ပေးသည်။ သို့သော် သူ၏မျက်ခုံးပေါ်ရှိ စိုးရိမ်မှုတိမ်စိုင်က မပျက်ပျယ်သွားချေ။

“မင်းလည်း စစ်ဘက်ရေးရာ ကိစ္စတွေက ငါ့ကိုဒုက္ခမများစေမှန်း သိပါတယ်။ ဒါပေမဲ့ စစ်မတ်ရေးရာ ကိစ္စတွေနဲ့ မပတ်သတ်တဲ့ အပြင်နယ်ပယ်က ကိစ္စတွေက ငါ့ရဲ့ကျွမ်းကျင်မှုမဟုတ်ဘူး။ ဒါကြောင့် ပြည်နယ်ရေးရာကိစ္စတွေကို ဆွေးနွေးဖို့ မင်းကိုခေါ်ရတာ”

“ပြည်နယ်ရေးရာကိစ္စဟုတ်လား”

ဝမ်ချောင်က မျက်မှောင်ကျုံ့သည်။ သို့သော် တစ်စုံတစ်ရာကို ခပ်မြန်မြန်တွေးမိပြီး ပြုံးလိုက်သည်။

“အရှင်က ခိုရာစန်းရဲ့ကိစ္စကို စိုးရိမ်နေတာလား”

“အမှန်ပဲ”

ကောင်းရှန်းကျစ်က ခေါင်းညိမ့်ပြီး စတင်ကာရှင်းပြသည်။

“မြို့တစ်မြို့ကို တိုက်ခိုက်တာက လွယ်တယ်။ ထိန်းထားဖို့က ခက်ခဲတယ်။ ငါတို့အတွက် တာလာ့ကနေ ဒီနေရာထိ တောက်လျှောက်လာပြီး တိုက်ခိုက်ခဲ့တာကတင် ငါတို့အရင် စိတ်ဆန္ဒတွေကို ကျော်လွန်နေပြီ။ ဒါပေမဲ့ မင်းလည်းသိပါတယ်။ တာလာ့က လက်ရှိအခြေအနေက တအားရှုပ်ထွေးတယ်။ ဒီနေရာမှာဆိုရင် ငါတို့က လူတွေနဲ့လည်းမရင်းနှီးသလို နယ်မြေနဲ့လည်း မကျွမ်းကျင်ဘူး။ ဒါတွေအပြင် လူအင်အားကလည်း ဆိုးဆိုးရွားရွား လိုအပ်နေသေးတယ်။ ဘယ်လိုနည်းနဲ့မဆို ဒီနေရာကို စီမံခန့်ခွဲဖို့က ပြဿနာကြီးပဲ”

ကောင်းရှန်းကျစ်၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများက ရှိနေသည်။ ထိုပြဿနာက သူ၏စိတ်ထဲတွင် ရစ်ဝဲနေခဲ့သည်မှာ ကြာလှချေပြီ။ သို့သော် သူ၏အရှေ့တွင် အင်အားကြီးမားသည့် ရန်သူစစ်တပ်ကြီး ရှိနေသောကြောင့် ထိုကိစ္စကို အပြည့်အဝ အာရုံမစိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အာရပ်များက ရှုံးသွားသည်။ ထို့ကြောင့် ဒီကိစ္စကို တွေးမိသွားသည်။

“အရှင်ကဘာကိုဆိုလိုတာလဲ”

ဝမ်ချောင်ကမေးသည်။ သူ၏အမူအရာက လေးနက်သွားသည်။

“ငါအသေးစိတ် အချက်အလက်တွေကိုတော့ မတွေးရသေးဘူး။ ဒါပေမဲ့ ငါတို့မှာ ရွေးချယ်စရာ နှစ်ခုပဲရှိတယ်။ နေမလား ထွက်သွားမလားဆိုတာပဲ”

ကောင်းရှန်းကျစ်က လေးလံသော လေသံမျိုးနှင့်ပြောသည်။

“ငါတို့က ဒီစစ်ပွဲမှာ ပန်းတိုင်ပြည့်မှီသွားပြီ။ အာရပ်တွေရဲ့ စိတ်ဝိညာဉ်က အထိနာသွားပြီ။ သူတို့က ကျွမ်းကျင်ပညာရှင်တွေ မရေမတွက်နိုင်အောင် ဆုံးရှုံးသွားတယ်။ ဒါကြောင့် သူတို့တွေ အရှေ့ပိုင်းအကြောင်း ထပ်တွေးဖို့ အချိန်အရမ်း လိုလိမ့်မယ်။ ဒီစစ်ပွဲမှာငါတို့က အာရပ်တွေဆီကနေ ရွှေတစ်ဘီလီယံကျော်ကို ရရှိခဲ့ပြီးပြီ။ တော်ဝင်ခုံရုံး တစ်ခုလုံးကလည်း ဒီအကျိုးအမြတ်တွေကြောင့် တော်တော်လေးကို အံ့ဩနေလောက်ပြီ။ ဒီရွှေတွေနဲ့ဆိုရင် ငါတို့က မြို့တော်ကို အေးအေးဆေးဆေး ပြန်သွားတဲ့အခါ အောင်ပွဲခံမှုအပြည့်နဲ့ ကြိုဆိုခံရလိမ့်မယ်။ တစ်ချိန်ထဲမှာပဲ ငါတို့က စစ်ပွဲမှာ သေဆုံးသွားခဲ့တဲ့ စစ်သားတွေအတွက် လျော်ကြေးငွေအမြောက်အများ ပေးချေလို့ရပြီ။ ငါစစ်တပ်အတွင်း နေထိုင်ခဲ့တဲ့ ဒီတစ်ဘဝလုံးမှာ ငါတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေထဲမှာ ဒါကအကောင်းဆုံး အခိုက်အတန့်ပဲ”

“ဒါပေမဲ့အရှင် အရှင်ကနောက်ဆုတ်ဖို့ မပြင်ဆင်ထားဘူးမဟုတ်လား”

ဝမ်ချောင်ကပြောသည်။

“အွန်း”

ကောင်းရှန်းကျစ်က ဖျော့တော့စွာပြုံးသည်။ သို့သော် မငြင်းဆန်ပေ။

“ဒါပေမဲ့ ငါတို့ နောက်မဆုတ်ချင်ရင် ရင်းနှီးရမှာတွေရှိတယ်။ အရင်ဦးဆုံးအနေနဲ့ အာရပ်တွေက အချိန်မရွေး ခြိမ်းခြောက်လာနိုင်တယ်။ တစ်သောင်းပဲရှိတဲ့စစ်တပ်က ဘယ်လိုနည်းနဲ့မှ မလုံလောက်နိုင်ဘူး။ ဒုတိယတစ်ချက်ကတော့ ငါတို့နဲ့ ဒီနေရာမှာ နေထိုင်တဲ့လူတွေနဲ့ ပြောဆိုတဲ့ ဘာသာစကားချင်း မတူဘူး။ ဒါက ပြဿနာကြီးပဲ”

“အခု အာရပ်တွေက ငါတို့ကို ခြိမ်းခြောက်လာနေတော့ နှစ်ဖက်လုံးက ကောင်းကောင်း ပူးပေါင်းထားနိုင်တယ်။ ဒါပေမဲ့ ဒီမဟာမိတ်စစ်တပ်မှာ လူအင်အား တအားများတယ်။ ဒီတော့ အခြေအနေတွေက ရှုပ်ထွေးလာလိမ့်မယ်။ စစ်သားတွေအချင်းချင်းအဖြစ်၊ ရည်ရွယ်ချက်ရှိရှိ မွေနှောက်လို့ပဲဖြစ်ဖြစ် နားလည်မှုလွဲမှားတဲ့ ကိစ္စတွေ ရှိလာကြတဲ့အခါ ငါတို့ရဲ့မဟာမိတ်က ချက်ချင်း ပြိုကျသွားမှာပဲ။ အဲ့ဒီလိုဖြစ်လာတဲ့အခါ ငါတို့က ခိုရာစန်းကို ဆုံးရှုံးရုံတင် မကသေးဘူး အသက်ရှင်ရက် ထွက်သွားဖို့တောင် ခက်လိမ့်မယ်”

“မဟာထန်က အနောက်ပိုင်းနယ်မြေကို အရင်ဆုံးချီတက်တော့ အင်အားစုနှစ်သိန်းနီးပါးပါလို့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင်မှ အနောက်ပိုင်းနယ်မြေက တိုင်းပြည်ကြီးတွေက ဆုံးဖြတ်ချက် ပြတ်သားမှုမရှိဘဲ နောက်ကွယ်ကနေ ကြံစည်တာမျိုးတွေ ရှိနေသေးတယ်။ ခိုရာစန်းဝန်းကျင်က အခြေအနေက အနောက်ပိုင်းတိုင်းပြည်တွေကထက် ပိုပြီး ခက်ခဲပြီး ရှုပ်ထွေးတယ်။ ဒါကြောင့် ငါ့အနေနဲ့ မဟာထန်က ဒီနေရာမှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်နေနိုင်ပါ့မလားဆိုတာကို မသေချာဘူး”

အန်းရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီး ကောင်းရှန်းကျစ်က သာမာန်လူတစ်ယောက်ထက် ကိစ္စပေါင်းများစွာကို ပို၍နားလည်သည်။ မနေ့ညကတိုက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် တစ်မြို့လုံးက အောင်ပွဲခံကာ ပျော်ရွှင်နေကြသည်။ သို့သော် အောက်ပိုင်းတွင်မူ အပေါ်ယံထက် စိုးရိမ်စရာ များစွာရှိနေသည်။

“ဟား ဟား ဒီတော့ အရှင်က ခိုရာစန်းကို စီမံခန့်ခွဲဖို့ စိုးရိမ်နေတာပေါ့”

သူ့ကိုအံ့အားသင့်စေသည်မှာ ဝမ်ချောင်က အော်ရယ်ခြင်းဖြစ်သည်။ သူသည် ကောင်းရှန်းကျစ်လောက် စိုးရိမ်ခြင်းမရှိချေ။ ကောင်းရှန်းကျစ်က ဝမ်ချောင်ကိုကြည့်ပြီး ခေါင်းညိမ့်သည်။

“အရှင် စိတ်အေးအေးထား ငါအရာအားလုံးကို ကိုင်တွယ်ပြီးသား။ အရှင်ဖုန်းက သိပ်မကြာခင် ခိုရာစန်းကို ရောက်လာလိမ့်မယ်။ နည်းနည်းထပ်ကြာရင် မြို့တော်ရဲ့ မဟာကလန်ကြီးတွေကလည်း ခိုရာစန်းကို ချီတက်လာကြလိမ့်မယ်။ သူတို့က ဒီနေရာမှာ သူတို့ရဲ့ တည်းခိုဆောင်တွေ စားသောက်ဆိုင်တွေကိုဖွင့်ပြီး ပိုးသားလမ်းမှာ ကုန်သွယ်မှု စတင်လိမ့်မယ်။ နောက်ပြီး သူတို့က ဒီပိုးသားလမ်းတောက်လျှောက် ကုန်သွယ်မယ်။ လက်ဖက်ခြောက်တွေကို ကုန်သွယ်မယ်။ ကြွေထည် မြေထည်တွေကို ကုန်သွယ်တဲ့အပြင် ဒီနေရာမှာ မိုင်းတွင်းတွေတူးဖော်ပြီး စီးပွားရေးလုပ်ငန်းတွေ စတင်ကြလိမ့်မယ်။ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းအကြားက ကုန်သွယ်ရေးဆိပ်ကမ်းတွေက မြောက်များလှစွာသော အကျိုးအမြတ်တွေကို ထပ်မံရရှိလာလိမ့်မယ်။ အတိတ်မှာသာဆိုရင် အာရပ်တွေက မျိုးနွယ်ခြား ကုန်သည်တွေရဲ့ ဝင်ရောက်ခွင့်ကို တားမြစ်ပိတ်ပင်ထားလို့ ငါတို့အနေနဲ့ ဒီနေရာကိုရောက်လာဖို့ တအားခက်ခဲခဲ့တယ်။ ဒါပေမဲ့ ငါတို့က ဒီနေရာကို ဖွင့်ပြီးသွားပြီ။ ဒီတော့ မဟာကလန်ကြီးတွေက အရင်ဆုံး အကျိုးအမြတ်ယူဖို့ ရောက်လာကြတော့မှာပေါ့။ ငါတို့ရဲ့စစ်သားတွေကသာ ခိုင်ခိုင်မာမာရပ်တည်ပြီး စောင့်ကြပ်ကာကွယ်ပေးနေကြရင် ပိုပြီးများပြားတဲ့လူတွေက ရောက်ရှိလာဦးမှာပဲ”

ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ သူ၏အမူအရာတွင် ယုံကြည်မှုအပြည့်ရှိနေသည်။

ထန်ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်သည့်အလျောက် ဝမ်ချောင်သည် စစ်ဘက်ရေးရာ ကိစ္စတိုင်းကို ကိုင်တွယ်ဆောင်ရွက်နေရသလို စစ်ပွဲပြီးနောက် ဖြစ်ပျက်မည့် ကိစ္စတိုင်းကိုလည်း ဆက်လက် စီမံပေးရသည်။ သူသည် ကောင်းရှန်းကျစ်က ထိုအကြောင်းအရာကို မပြောခင်ကတည်းက အရာအားလုံးကို ကြိုတင်ကြံစည်ပြီး ပြင်ဆင်ထားပြီးသားဖြစ်သည်။

ဒုန်း ဒုန်း ဒုန်း

သူတို့နှစ်ယောက်က စကားပြောနေသည့် အချိန်တွင် တံခါးခေါက်သံက သူတို့၏အာရုံကို ဆွဲဆောင်သွားသည်။

“ဗိုလ်ချုပ်ဝမ် ဗိုလ်ချုပ်ကောင်း မင်းတို့နှစ်ယောက် အဲ့ဒီမှာလား”

အပြင်ဘက်မှ ရင်းနှီးကျွမ်းဝင်သော အသံက ထွက်လာသည်။

“ပါးရန်လား”

ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်က တစ်ယောက်ကိုတစ်ယောက် အံ့အားတကြီး ကြည့်လိုက်ကြသည်။

“ဝင်လာခဲ့ပါ”

ကောင်းရှန်းကျစ်က အရင်လှမ်းပြောလိုက်သည်။

တံခါးတစ်ချပ်က ပွင့်သွားပြီး ပါးရန်က ကိုယ်ပေါ်မှ နှင်းများကိုခါချလျှက် ဝင်လာသည်။ အနောက်ဘက်မှ ပုန်ကန်သူ ခေါင်းဆောင်အချို့ကလည်း လိုက်လာကြသည်။

ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့က မျက်ခုံးပင့်လိုက်ကြသည်။ ပါးရန်က ပုန်ကန်သူ ခေါင်းဆောင်များနှင့်အတူ လာရောက်လည်ပတ်သည်မှာ ရှားပါးသောကိစ္စဖြစ်သည်။

“ဗိုလ်ချုပ် ထိုင်ပါ”

ကောင်းရှန်းကျစ်က ဘေးဘက်ရှိထိုင်ခုံကို ခပ်မြန်မြန် ညွှန်ပြသည်။

“ဗိုလ်ချုပ်တို့ ရိုးရိုးသားသားပြောရရင် ပါးရန်က တောင်းဆိုစရာရှိပါတယ်”

ပါးရန်က စားပွဲသို့ရောက်လာပြီးပြီးချင်း ထိုင်ချခြင်းမပြုဘဲ ထန်ဗိုလ်ချုပ်ကြီးနှစ်ယောက်ကို ရိုသေလေးစားစွာ ဂါရဝပြုလိုက်သည်။

ကောင်းရှန်းကျစ်က ပို၍အံ့ဩသွားသည်။ သို့သော် ဝမ်ချောင်ကမူ ပါးရန်နှင့် ပုန်ကန်သူခေါင်းဆောင်များကို ကြည့်ပြီး အတွေးတစ်ခုရသွားပြီဖြစ်သည်။

“ကိစ္စတစ်ခုရှိရင် ဗိုလ်ချုပ် ကျေးဇူးပြုပြီးပြောပါ။ ငါတို့က မဟာမိတ်တွေပဲ။ ငါတို့တက်နိုင်သမျှ ကူညီမှာပါ”

ကောင်းရှန်းကျစ်က ပါးရန်ကိုပြောသည်။ ဝမ်ချောင်ကမူ အသိအမှတ်ပြုသလို ခေါင်းညိမ့်လိုက်၏။

ပါးရန်က ဘာစကားမှမဆိုသေးဘဲ နောက်မှ ပုန်ကန်သူခေါင်းဆောင်တစ်ယောက်ကို ခေါင်းညိမ့်ပြလိုက်သည်။

“ဗိုလ်ချုပ်တို့ မဟာထန်က ငါတို့ အယုံကြည်ရဆုံး အခိုင်မာဆုံး လေးစားရတဲ့ မဟာမိတ်ကြီးပဲ။ ငါတို့ကလည်း မဟာထန်က ဒီနေရာမှာ ရေရှည်နေဖို့မျှော်လင့်တယ်။ နောက်ပြီး ငါတို့ကလည်း မဟာထန်နဲ့ လေးနက်တဲ့ ဆက်သွယ်မှုတစ်ခု ပြုလုပ်ချင်တယ်”

ပြောလာသူက ဆမ်ဆာခမ်းဝန်းကျင် အနီးအနားမှ ပုန်ကန်သူ ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ဆမ်ဆာခမ်းသည် အနောက်ပိုင်းနယ်မြေနှင့် သိပ်မဝေးချေ။ ထို့ကြောင့် ထိုပုန်ကန်သူ ခေါင်းဆောင်ကလည်း ဘာသာစကားကို ကောင်းကောင်းဖမ်းဆုပ်နိုင်သည်။ ထိုအတွက်ကြောင့်လည်း ပါးရန်ကသူ့ကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

“ဒါပေမဲ့ ငါတို့က မဟာမိတ်တွေ မဟုတ်ဘူးလား”

ကောင်းရှန်းကျစ်က အံ့ဩသွားသည်။ သူသည် အခြေအနေကို နားမလည်နိုင်ချေ။

“ဒါက ဒါက ငါတို့က ပိုပြီးနက်ရှိုင်းတဲ့ ဆက်ဆံရေးတစ်ခုကို တည်ထောင်ချင်ရုံပါ”

နောက်ထပ် ပုန်ကန်သူခေါင်းဆောင်တစ်ယောက်က ပြောသည်။

“ငါတို့ကလည်း မဟာထန်ကို ပိုပြီးနက်နက်ရှိုင်းရှိုင်း နားလည်လာနိုင်ဖို့ မျှော်လင့်တယ်... ငါတု့ိက မဟာမိတ်တွေဆိုရင်တောင်မှ ငါတို့ရဲ့ ဘာသာစကား ကွာခြားချက်က ရှိနေတယ်။ ဒါကြောင့် ငါတို့အနေနဲ့ လေးစားရတဲ့ ဗိုလ်ချုပ်တွေကများ မဟာထန်ကနေ ဆရာတွေကို စေလွှတ်ပေးလို့ ဒီနေရာကို လာရောက်စေပြီး ထန်ဘာသာစကားကို သင်ကြားပေးစေနိုင်မလားလို့ပါ”

တတိယမြောက် ပုန်ကန်သူခေါင်းဆောင်က ထွက်လာသောအခါ သူ၏အတွင်းပိုင်း အတွေးများအားလုံးကို ထုတ်ပြောပြသည်။

“အာ”

တတိယမြောက် ပုန်ကန်သူခေါင်းဆောင်၏ စကားလုံးများကြောင့် ကောင်းရှန်းကျစ်က ကြောင်တောင်တောင် ဖြစ်သွားသည်။ ထိုအခိုက်အတန့်တွင် အော်ရယ်သံတစ်ခုက ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ဝမ်ချောင်က တစ်ချိန်လုံး နားထောင်နေရာမှ ကိုယ့်ကိုယ်ကို ချုပ်ထိန်းထားနိုင်ခြင်း မရှိဘဲ ရယ်မောလိုက်လေသည်။

အခန်း(၁၁၉၀)

ပါးရန်က ထိုအချိန်တွင် ဝင်ပြောလာသည်။

“ဗိုလ်ချုပ် ဒီလိုတောင်းဆိုတာက နည်းနည်းရိုင်းတယ်ဆိုတာကို ငါသိပါတယ်။ ဘာသာစကားတစ်ခု သင်ကြားဖို့အတွက် အချိန်တွေ၊ အင်အားတွေ၊ ပိုက်ဆံတွေ အရမ်းကုန်ပါလိမ့်မယ်။ ငါတို့ကလည်း ဗိုလ်ချုပ်ရဲ့ အရင်းအမြစ်တွေကိုသုံးဖို့ လိုအပ်ဦးမှာပါ။ ဒါပေမဲ့ ပိုက်ဆံကိစ္စနဲ့ပတ်သတ်ရင်တော့ ငါတို့က ကုန်ကျစရိတ်အားလုံးကို ခံမှာပါ”

မဟာထန်သည် ခိုရာစန်းနီများကို ထောက်ပံ့ကူညီပြီး ပုန်ကန်သူခေါင်းဆောင်များကို ဦးဆောင်လျှက် အာရေးဗီးယားကို ရင်ဆိုင်ရန်အတွက် လူပေါင်းများစွာကို ဆုံးရှုံးထားရသည်။ ယခုလို အခြေအနေမျိုးတွင် ယခုလို တောင်းဆိုလိုက်ခြင်းက အနည်းနှင့်အများ မသင့်လျော်ချေ။ သို့သော် ပါးရန်ကမူ တောင်းဆိုရပေမည်။

“ဟား ဟား မဟာဗိုလ်ချုပ်ကြီးပါးရန် ခင်ဗျားနားလည်မှု လွဲနေပြီ”

ဝမ်ချောင်က နောက်ဆုံးတွင် ထိုင်ခုံမှထလိုက်ပြီး ကောင်းရှန်းကျစ်ကို လှည့်ကြည့်သည်။

“အရှင်ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် ဘာသာစကား ပြဿနာကို စိုးရိမ်နေတုန်းလား”

ကောင်းရှန်းကျစ်က ဘာစကားမှမဆိုဘဲ ပါးရန်၏ စိတ်ရှုပ်ထွေးနေသော အဖွဲ့ကိုကြည့်ကာ သူ၏မျက်နှာက စိတ်ရှုပ်ထွေးသွားသည်။ ဝမ်ချောင်က တိတ်တဆိတ်သာ ပြုံးနေသည်။ ဒီမဟာမိတ်ကြီးသည် ခိုရာစန်းနီနှင့် ပုန်ကန်သူများက မဟာထန်ကို မှီခိုမှုဟာ မဟာထန်ဘက်က ခိုရာစန်းနီနှင့် ပုန်ကန်သူများကို မှီခိုမှုထက် ပြင်းထန်ခဲ့သည်။ ကောင်းရှန်းကျစ်က ဘာသာစကား အကာအကွယ်လွှာကို တွေးတောနေသည့် အချိန်တွင် ခိုရာစန်းနီနှင့် ပုန်ကန်သူများက ပို၍စိုးရိမ်နေပေလိမ့်မည်။

“မဟာဗိုလ်ချုပ်ကြီးပါးရန် နောက်ပြီး ဗိုလ်ချုပ်ကြီးတို့ စိတ်အေးအေးထား။ ငါက အခုပဲ ဒီကိစ္စက ဘာပြဿနာမှမရှိဘဲ ဖြစ်လာစေရမယ်လို့ သဘောတူပေးနိုင်တယ်။ သိပ်မကြာခင် ငါတို့က ခိုရာစန်းနဲ့ အခြားနေရာတွေမှာ ထန်ဘာသာစကားကို သင်ကြားပို့ချပေးမဲ့ အတန်းတွေအတွက် အမျိုးမျိုးသော နည်းလမ်းတွေကို အသုံးပြုသွားမှာပါ။ ဒါကြောင့် အမြန်ဆုံးလှုပ်ရှားသွားမှာဖြစ်လို့ အားလုံးပဲ မစိုးရိမ်ကြပါနဲ့”

ဝမ်ချောင်ကပြုံးလျှက် ပြောလိုက်သည်။

“အာ”

သူတို့သည်လည်း ယခုလိုတောင်းဆိုမှုကို လက်ခံပေးနိုင်လောက်မည်ဆိုသော မျှော်လင့်ချက် သေးသေးလေးကို ကိုင်ဆွဲလာကြသည့်တိုင်အောင် ယခုလိုသတင်းကို ကြားပြီးနောက် အပျော်လွန်သွားကြသည်။

“ဝမ်းသာစရာပဲ”

“ကျေးဇူးအများကြီးတင်ပါတယ် ဗိုလ်ချုပ် ကျေးဇူးအများကြီးတင်ပါတယ်”

တစ်ဖွဲ့လုံးက ပျော်သွားကြသည်။ ထန်ဘာသာစကား သင်ကြားပေးသည့် ကိစ္စပင်ဖြစ်စေ သို့မဟုတ် ထန်ဘာသာစကားပင်ဖြစ်စေ ဝမ်ချောင်မျှော်လင့်ထားသည်ထက် ပို၍ လျှင်မြန်ချောမွေ့စွာ တိုးတက်လာလေသည်။ မဟာထန်၏ အင်အားကို အတွေ့အကြုံရှိပြီးနောက် ပုန်ကန်သူ စစ်တပ်များ အားလုံးက ထိုဘာသာစကားကို နားလည်လိုစိတ် ပြင်းထန်လာကြသည်။ ဝမ်ချောင်သည် ယွမ်ရှု့စုန့်နှင့် အဖွဲ့ကိုလှမ်းခေါ်ကာ ကောင်းရှန်းကျစ်နှင့်ပတ်သတ်ပြီး သေချာဆွေးနွေးခိုင်းလိုက်သည်။

ဝမ်ချောင်က အစည်းအဝေးခန်းမထဲမှ ထွက်လာသည့် အချိန်တွင် နှင်းမုန်တိုင်းက ရပ်တန့်သွားပြီဖြစ်သည်။ သူက အနည်းငယ် ကြည်လင်လာသော ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်ပြီး သူ၏စိတ်က အတွေးများနှင့် ဝရုန်းသုန်းကား ဖြစ်သွားသည်။ အချို့သော အကြောင်းပြချက်များကြောင့် သူက ရုတ်တရက် အဝေးရှိ ချီရှီမှ ရွှီချီချင်ကိုတွေးလိုက်မိသည်။

ချီချင်ဘာများ လုပ်နေလောက်မလဲ။ ဝမ်ချောင်က ခပ်တိုးတိုးပြောသည်။

ခိုရာစန်းမှ ကိစ္စများကို ကြိုးကိုင်ရန်အတွက် ဝမ်ချောင်က ဖန်းချန်းချင်ထံ စာရေးထားသည်။ အမျိုးမျိုးသော မဟာကလန်ကြီးများနှင့် ရွှီချီချင်တို့ထံလည်း စာပို့ထားသည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် ရွှီချီချင်က စာပြန်မလာခဲ့ချေ။ သို့သော် ရောက်ရှိလာသည့် ရိက္ခာများကမူ မရပ်တန့်သွားခဲ့ချေ။ ယခုလိုအခြေအနေမျိုးက ယခင်က မဖြစ်ပျက်ခဲ့ဖူးသော အခိုက်အတန့်မျိုး ဖြစ်သည်။ ဝမ်ချောင်ကပင် စိုးရိမ်လာမိသည်။

ချီချင်အဆင်ပြေဖို့ မျှော်လင့်တယ်။

ဝမ်ချောင်က အနည်းငယ် တွေးတောကြည့်ပြီး စာဖတ်ခန်းအတွင်းသို့ ခပ်မြန်မြန် ဝင်သွားသည်။

ဖလပ် ဖလပ်

တခဏခန့်ကြာပြီးနောက် သတင်းပို့ငှက်တစ်ကောင်က လေထုကိုထိုးခွဲလျှက် အရှေ့မြောက်ပိုင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

.....

အဝေးရှိချီရှိဟာ နှင်းများဖုံးလွှမ်းနေသော နယ်မြေကြီးဖြစ်သည်။ အနောက်မြောက်ပိုင်း ထောင့်တစ်နေရာရှိ အိမ်တစ်အိမ်တွင် ဆောင်းတွင်းမက်မွန်ပန်းများက ပွင့်လန်းနေပြီဖြစ်ပြီး သန့်စင်လွန်းသော မွှွေးရနံ့က လေထုအတွင်း ဝင်ရောက်ထိုးခွင်းနေသည်။ မက်မွန်ပန်းများ၏ အနောက်ဘက်တွင် အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးတစ်ယောက် ရှိနေသည်။ သူမ၏မျက်နှာက ကျန်းမာရေးမကောင်းသောကြောင့် ဖျော့တော့သည့် လက္ခဏာများကို ဖော်ပြနေသည်။ သူမဟာ ဖွင့်ထားသော ပြတင်းပေါက်ကိုမှီပြီး မွှေးရနံ့ကို ရှုရှိုက်နေသည်။

“မိန်းကလေး ပြတင်းပေါက်ကို ပိတ်လိုက်ရအောင်။ ရာသီဥတုက အေးလာပြီ။ မိန်းကလေးရဲ့ ခန္ဓာကိုယ်က အားနည်းနေတုန်းပဲ။ မိန်းကလေးအနေနဲ့ မြန်မြန်လေး အနားယူသင့်ပါတယ်”

သူမ၏အနောက်ဘက်မှ အစေခံတစ်ယောက်၏ အသံက ထွက်လာသည်။ ထိုအသံထဲတွင် စိုးရိမ်ပူပန်မှုများပါသည်။

“အလျင်လိုစရာမလိုဘူး”

ရွှီချီချင်က အများကြီးပိန်ပါးသွားသည်။

“ငါထိန်းနိုင်ပါသေးတယ်။ ငါရှားရှားပါးပါး လတ်ဆတ်တဲ့လေတွေရှုဖို့ အခွင့်အရေးရတာ။ ငါ့ကိုနည်းနည်းလောက် နေခိုင်းပါဦး”

“ကောင်မလေး မိန်းကလေးကို ဖြောင်းဖြမနေနဲ့တော့”

အနောက်ဘက်မှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ယောက်၏ အသံကထွက်လာသည်။ ထိုအသံထဲတွင် နွေးထွေးမှု တစ်စွန်းတစ်စပါသည်။

“မင်းရဲ့သခင်မလေးက အတွင်းထဲမှာ အချိန်အကြာကြီး နေထားရတာ။ အခုမှ အခြေအနေက တိုးတက်လာကာစရှိသေးတယ်။ ပြတင်းပေါက်လေးဖွင့်ပြီး လတ်ဆတ်တဲ့လေလေး ရှုပါစေ။ ဒီတိုင်းနေခိုင်းလိုက်ပါ။ အများဆုံး ငါးမိနစ်ပဲ။ ပြီးရင် ပြတင်းပေါက်ပိတ်ပြီး ခေါ်လာလို့ရတာပဲ”

“လာ မိန်းကလေးရွှီ ငါမင်းအတွက် ဂျင်းပြုတ်ရည်လေး ချက်ထားတယ်။ ပူတုန်းလေး သောက်လိုက်ဦး။ သိပ်မကြာခင် အေးသွားတော့မယ်”

ထိုစကားလုံးများနှင့်အတူ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက ထွက်လာသည်။ သူမက ရိုးရှင်းသော ဝတ်စုံများကိုသာ ဝတ်ဆင်ထားပြီး ဓလေ့ထုံးတမ်းနှင့်အညီ နေထိုင်တတ်သည့် ဇနီးသည်တစ်ယောက်ဟု ထင်ရသည်။ သူမက ပြတင်းပေါက်နားသို့ လျှောက်သွားကာ ရွှီချီချင်ထံသို့ ဂျင်းပြုတ်ရည် တစ်ပန်းကန်ကို ချပေးသည်။

“သခင်မဖုန်း ကျေးဇူးအများကြီးတင်ပါတယ်”

ရွှီချီချင်က ခေါင်းကိုအသာငြိမ့်လို့ ကျေးဇူးတင်မှုအပြည့်နှင့် ဟင်းရည်ခွက်ကိုယူသည်။ သခင်မဖုန်းသည် အင်ပါယာ၏ အမွှာမြို့ရိုးနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ဖုန်းချန်းချင်၏ ဇနီးဖြစ်သည်။ ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့က ရှေ့တန်းတွင် တိုက်ခိုက်နေချိန်တွင် နောက်တန်းမှ ဝန်ထမ်းရေးရာကိစ္စများ၊ ထောက်ပံ့ရေးကိစ္စများ စသဖြင့် ကိစ္စများအားလုံးကို ရွှီချီချင်နှင့် ဖုန်းချန်းချင်ကိုသာ လွှဲအပ်ပေးထားခဲ့သည်။ ရွှီချီချင်က ကျန်းမာရေး မကောင်းသည့်ကိစ္စကို အခြားသော လူများထံမှ ဖုံးကွယ်နိုင်သော်လည်း ဉာဏ်ကောင်းလွန်းသော ဖုန်းချန်းချင်ထံမှ ဖုံးကွယ်နိုင်ခြင်း မရှိခဲ့ချေ။

ထို့ကြောင့် ရွှီချီချင်က ပြင်းပြင်းထန်ထန် ဖျားနာနေကြောင်း ကြားသောအခါ ဖုန်းချန်းချင်က ချက်ချင်းလိုလို ဇနီးဖြစ်သူနှင့် အနောက်ပိုင်းနယ်မြေမှ ကျော်ကြားလွန်းသော သမားတော်များကို ချီရှီကာကွယ်ရေး ဌာနချုပ်သို့လွှတ်လျှက် ရွှီချီချင်ကို ဂရုစိုက်ခိုင်းခဲ့သည်။ ထိုသမားတော်များ အမျိုးမျိုးသော နည်းလမ်းများနှင့် သခင်မဖုန်း၏ ဂရုစိုက်မှုများကြောင့် ရွှီချီချင်ကလည်း ယခုလို ကောင်းမွန်လာခြင်းဖြစ်သည်။

သူမက အပြည့်အဝ မသက်သာသေးသော်လည်း အခြေအနေက အများကြီး တိုးတက်လာပြီဖြစ်သည်။

ရွှီချီချင်က ဂျင်းပြုတ်ရည် တစ်ပန်းကန်လုံးကို ကုန်အောင်သောက်လိုက်ကြောင်း မြင်သောအခါ သခင်မဖုန်းက စိတ်အေးသွားသည်။ ထို့နောက် တစ်စုံတစ်ရာကို မှတ်မိသွားပြီးပြောသည်။

“မိန်းကလေးရွှီ အမှန်တိုင်းပြောရရင် ဒါကတကယ်ပဲ လိုအပ်လို့လား။ အခုအချိန်ထိ မင်းက မင်းရဲ့ ကျန်းမာရေးအကြောင်း လူငယ်အမတ်မင်းကို ပြောခွင့်မပြုသေးဘူး။ တကယ်လို့ မင်းကသာ ပြောလိုက်မယ်ဆိုရင် သူကချီရှီကို မြန်မြန်ပြန်လာမှာသေချာတယ်”

“ဒီလိုကြောင့်ပဲ တို့မပြောချင်တာပေါ့”

ရွှီချီချင်က ခေါင်းကိုခါပြီး ပြတင်းပေါက်အပြင်ဘက်မှ နီရဲတောက်ပနေသော မက်မွန်ပန်းပွင့်များကို ကြည့်သည်။

“အမျိုးသမီးတစ်ယောက်မှာ ဝန်ထုတ်ဝန်ပိုးတွေ ဘယ်လောက်များများ ပြည်နယ်တစ်ခုလုံးရဲ့ ကိစ္စတွေထက် အရေးမကြီးနိုင်ပါဘူး။ ဝမ်ချောင်နဲ့ အရှင်ကောင်းတို့က သူတို့ရဲ့ အသက်ကိုရင်းပြီး ရှေ့တန်းမှာ တိုက်ခိုက်နေကြတာ။ တို့အတွက်ကြောင့်နဲ့ သူတို့တွေကို အာရုံမများစေချင်ဘူး”

“ဒါပေမဲ့ အနည်းဆုံးတော့ မင်းသူ့ရဲ့စာကို ပြန်သင့်တယ်လေ”

သခင်မဖုန်းကပြောသည်။ သူမက ရွှီချီချင်လက်ထဲတွင် ဖိနှိပ်ဆုပ်ကိုင်ထားသည့်စာကို ကြည့်မိသွား၏။ ထိုစာဟာ ဝမ်ချောင် သိပ်မကြာခင်ကမှ ခိုရာစန်းမှ ပို့လိုက်သောစာဖြစ်သည်။ ရွှီချီချင်သည် ဝမ်ချောင်ကို သဘောကျကြောင်း သူမသည်လည်း ခံစားမိသည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် သူမသည် သူမ၏ ခံစားချက်များကို အလွန်အကျူး ဖိနှိပ်ထားပြီး စာကိုပင်မပြန်ဝံ့ချေ။

ရွှီချီချင်က ခေါင်းခါသည်။

“ဝမ်ချောင်က တို့ရဲ့လက်ရေးကို မှတ်မိတယ်။ တို့စာပြန်လိုက်တာနဲ့ တို့ကျန်းမာရေးမကောင်းလို့ အားနည်းပြီး လက်ရေးမှာ မာန်မပါတာကို သိသွားလိမ့်မယ်။ အဲ့ဒီအခါ အရင်ကြိုးစားအားထုတ်မှုတွေ အကုန်လုံးက အလဟသဖြစ်သွားမှာပေါ့”

သခင်မဖုန်းက မှင်သက်ပြီး ကြောင်အသွားသည်။ ရွှီချီချင်က စာမပြန်ချင်ကြောင်းကိုသာ သိထားသည်။ သို့သော် အကြောင်းပြချက်ကိုမူ မသိချေ။

“ဟင်း”

သခင်မဖုန်းက ရွှီချီချင်၏ ဖြူဖျော့နေသော်လည်း ခေါင်းမာနေသည့် မျက်နှာကိုကြည့်ပြီး သက်ပြင်းကိုသာချလိုက်သည်။

အခန်းထဲတွင် လူသုံးယောက်က ရပ်နေကြသည်။ သို့သော် အားလုံးက တိတ်ဆိတ်နေကြသည်။

ရွှီချီချင်၏ အကြည့်က ပြတင်းပေါက်အပြင်ဘက်သို့ ရောက်သွားသည်။ ထို့နောက် အဝေးမှလာသည့် တဖြတ်ဖြတ်ခတ်နေသော တောင်ပံခတ်သံကို ကြားလိုက်ရသဖြင့် ရွှီချီချင်က ခေါင်းမော့လိုက်သောအခါ အဖြူရောင် သတင်းပို့ငှက်တစ်ကောင်က ကောင်းကင်ကိုထိုးခွင်းပြီး သူမ၏ ပြတင်းပေါက်အရှေ့တွင် ခပ်မြန်မြန် ဆင်းသက်လာကြောင်း တွေ့လိုက်ရသည်။

သခင်မဖုန်းနှင့် အစေခံလေးရှောင်ကျူးတို့က တစ်ချက်လှမ်းကြည့်လိုက်ပြီး ငှက်၏ ညာဘက်ခြေထောက်မှ ရွှေရောင်စာကို တွေ့လိုက်သည်။

ဒါက လူငယ်အမတ်ဆီကစာပဲ။

နှစ်ယောက်လုံးက ထိုတံဆိပ်ကိုမှတ်မိသည်။ သူတို့သည် ရွှီချီချင်၏အနားတွင် ရှိနေသည်မှာ လုံလောက်အောင် ကြာပြီဖြစ်သဖြင့် ထိုသတင်းပို့ငှက်က ဝမ်ချောင် သူ၏စာများပို့ရန် အသုံးပြုလေ့ရှိသည့် ငှက်ဖြစ်ကြောင်း နားလည်ကြသည်။

ရွှီချီချင်ကလည်း မှတ်မိသည်။ ငှက်က သူမ၏လက်မောင်းကို အသာဆိတ်လာသောအခါ သူမ၏မျက်နှာက နီရဲသွားရသည်။

.....

အဝေးရှိ တိဗက်တောင်ပေါ်ကို ဖြူဖွေးသောနှင်းများက လွှမ်းခြုံထားသည်။ ခိုရာစန်းမှ ဆမ်ဆာခမ်းအထိ ထို့နောက် အန်းရှီ၊ ချီရှီနှင့် ဗဟိုပြင်ကျယ်တောက်လျှောက် တစ်လောကလုံးက အောင်ပွဲကြီးအတွက် အောင်ပွဲခံနေကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် တိဗက်တောင်ပေါ်ဒေသကမူ လေးလံပြီး ဝမ်းနည်းဖွယ်ကောင်းသော စိတ်အခြေအနေအတွင်း နစ်မြုပ်နေကြသည်။

မုန်တိုင်းက အလုံးစုံ မပျောက်ကွယ်သေးချေ။ အေးစိမ့်သော လေပြင်း၏ ငိုကြွေးသလိုအသံများက တစ်လောကလုံးကို လွှမ်းခြုံနေသေးသည်။

နှင်းမုန်တိုင်း၏ အလယ်တွင် ယွီစန်းအင်ပါယာ၏ အလေးစားရဆုံးသော အင်ပါယာအမတ်မင်းကြီး သာ့လွန်သာ့ရင်လင်က အဖြူရောင်သိုးမွှေးဝတ်ရုံကြီးကို ခြုံလျှက် ရင်ကျိုးမရဖြစ်နေသော မျက်နှာထားမျိုးနှင့် ရှိနေသည်။ သူ၏နဘေးတွင် မရေမတွက်နိုင်သော တော်ဝင်အစောင့်များက လှံများ၊ ပုဆိန်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြသည်။ တောင်ပေါ်ဒေသတွင် တော်ဝင်နန်းတွင်းမှ ထွက်လေ့ထွက်စရှိသော အဆင့်မြင့်ပုဂ္ဂိုလ်ကြီး စန်းပေါ်ကပင် နဘေးတွင်ရပ်နေသည်။

ယွီစန်းအင်ပါယာကြီး တစ်ခုလုံးတွင် ဒီနေ့ဟာ ကြိုတင်ဆုံးဖြတ်ပေးထားသလို နေ့တစ်ရက် ဖြစ်နေခဲ့သည်။ ထိုသို့ကြိုတင်ဆုံးဖြတ်ပြီးထားကြောင်း ရည်ညွှန်းသည်မှာ အလွန်ပြင်းထန်လွန်းသည့် အလွန်အမင်း အေးစိမ့်မှုက မရေမတွက်နိုင်သည့် သိုးများ၊ ဆိတ်များကို သတ်ဖြတ်သွားခဲ့သောကြောင့် မဟုတ်လေဘဲ အေးခဲနေသော မြေပြင်ပေါ်တွင် ခင်းထားသည့် အညိုရောင်ဖြာပေါ်တွင် လှဲနေသည့် ပုံရိပ်အချို့ကြောင့်ဖြစ်သည်။

သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့.... ဒီတစ်ကြိမ်သည် အင်ပါယာကြီး ကြုံတွေ့သမျှထဲတွင် ရင်ကျိုးမရအဖြစ်ဆုံး ဆုံးရှုံးမှုကြီးဖြစ်သည်။ စစ်ပွဲတစ်ပွဲတည်းနှင့် အမတ်မင်း တစ်ယောက်နှင့် ဗိုလ်ချုပ်ကြီးနှစ်ယောက်ကို ဆုံးရှုံးလိုက်ရသည်။ ထိုအခိုက်အတန့်တွင် အရေးအပါဆုံးသော ပုဂ္ဂိုလ်ကြီးသုံးယောက်၏ အလောင်းက ယွီစန်း၏ တော်ဝင်မြို့တော်သို့ ရောက်ရှိသွားပြီဖြစ်သည်။

“သာ့လွန်ရော့ကျန်း မင်းဘာလို့ ဒီလိုလုပ်ခဲ့ရတာလဲ”

သာ့လွန်သာ့ရင်လင်က အနားသို့ တဖြည်းဖြည်းချင်း လျှောက်သွားပြီး သာ့လွန်ရော့ကျန်း၏ အလောင်းနားတွင် ဒူးထောက်လိုက်သည်။ သူ၏မျက်နှာက ရင်ကျိုးမရဖြစ်မှုများ ပြည့်နှက်နေသည်။

“မင်းက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် မူထရီမဟာမြင်းတပ်ကို စုစည်းပြီး ရာလွန်တော်ဝင်တပ်ရင်းက စစ်သားတွေကို ငှားရမ်းခဲ့တယ်။ အဲ့ဒီနောက် တုစုန့်မာန်ဖော်ကျဲ့နဲ့ အဆက်အသွယ်ယူတယ်။ ငါဘာမှမသိဘူးလို့ တကယ်ပဲထင်တာလား။ ငါသာခွင့်မပြုရင် ဒီလောက်စစ်သားအများကြီးကို မင်းခေါ်သွားနိုင်ခဲ့မယ်လို့ တကယ်ပဲ ထင်နေခဲ့တာလား။ ဘာလို့ဒီလောက် တုံးအရတာလဲ။ ဘယ်လိုကြောင့်များ စန်းပေါ်နဲ့ငါက မင်းကို အပြစ်တင်ရမှာလဲ”

သာ့လွန်သာ့ရင်လင်သည် မျက်နှာဖြူဖျော့ပြီး သွေးကင်းမဲ့နေသည့်မျက်နှာ၊ တင်းတင်းကြပ်ကြပ် ပိတ်ထားသော မျက်လုံးများကိုကြည့်ပြီး သူ၏နှလုံးသားက တုန်ယင်လာသလို ခံစားရသည်။ သူသည် အင်ပါယာတွင် ဆယ်နှစ်ကျော်ကြာအောင် တာဝန်ထမ်းဆောင်ပြီးနောက် အသက်(၁၂)နှစ် အရွယ်ကတည်းက မဟာထန်နှင့်ရင်ဆိုင်သည့် တိုက်ပွဲများကို ဝင်ရောက်မည့် စစ်တပ်များကို စတင်ကာ အမိန့်ပေးခဲ့သည်။ သို့သော်သူ၏ သက်တမ်းတစ်လျှောက်တွင်ပင် သာ့လွန်သာ့ရင်လင်၏ နှလုံးသားက စုတ်ဖြဲခံရသလို မခံစားရဖူးခဲ့ချေ။ သို့သော် ထိုအခိုက်အတန့်တွင် သူ၏နှလုံးသားထဲတွင် ပြင်းထန်သည့် အားလှိုင်းများက လိမ့်တက်လာသည်။ သူသည် ယခင်ကကဲ့သို့ တည်ငြိမ်အေးဆေးမှုကိုပင် ပျောက်ဆုံးသွားသည်။

ထိုအခိုက်အတန့်တွင် သူ၏နားအတွင်း အသံတစ်သံက ဝင်လာသည်။

“အင်ပါယာအမတ်မင်း မဟာအမတ်မင်းနဲ့ ဗိုလ်ချုပ်တွေအတွက် ကလဲ့စားချေပေးရမယ်”

ဟော်ပါးစမ်းယဲ့၏မျက်လုံးက နီရဲပြီး အံ့ကိုကြိတ်ထားသည်။ သူသည် သာ့လွန်သာ့ရင်လင်၏ ဘေးဘက်တွင် ဒူးထောက်ချလိုက်သည်။ သူ၏မျက်နှာတွင် စိုးရိမ်မှုနှင့် ဒေါသများကိုမြင်နိုင်၏။

“မဟာအမတ်မင်းနဲ့ ဗိုလ်ချုပ်တွေက ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့ရတာပါ။ ဘယ်လိုနည်းနဲ့မဆို ထန်တွေကို တန်ကြေးပေးဆပ်ခိုင်းရမယ်”

ဖြန်း

ဟော်ပါးစမ်းယဲ့၏ စကားမဆုံးသေးခင် ကြမ်းတမ်းသည့်ရိုက်ချက်က သူ၏မျက်နှာပေါ် ရောက်လာသည်။ ပြင်းထန်သည့်အားက သူ၏မျက်နှာတစ်ဝက်ကို ယောင်ကိုင်းသွားစေသည်။

“အင်ပါယာအမတ်မင်း”

ဟော်ပါးစမ်းယဲ့က ယောင်ကိုင်းသွားသောပါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျှက် သာ့လွန်သာ့ရင်လင်ကို မော့ကြည့်လိုက်သည်။ သူသည်လည်း ကြောင်တောင်တောင် ဖြစ်သွားသည်။

“မျိုးမစစ်ကောင် မင်းကြောင့်သာမဟုတ်ရင် မူထရီမဟာမြင်းတပ်က ဒီလောက်ပြင်းပြင်းထန်ထန် ဆုံးရှုံးသွားရမလား။ တော်ဝင်မြို့တော်ရဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ပြီး ငါနဲ့စန်းပေါ်ဆီက အမိန့်မရှိဘဲ မင်းက တပ်ဖွဲ့ကိုတောင် ခေါ်ဆောင်သွားသေးတယ်။ စန်းပေါ်က မင်းရဲ့မျက်လုံးထဲမှာ တည်ရှိသေးရဲ့လား။ ဟော်ရှု့ဟွေ့ခမ်းနဲ့ တုစုန့်မာန်ဖော်ကျဲ့ကို လက်ခံပေးလို့ရသေးတယ်။ သာ့လွန်ရော့ကျန်းက ဒီတိုင်းပြည်တွင်းအမတ်ပဲ။ ရှုံးတာကို လက်ခံပေးလို့ရတယ်။ ဒါပေမဲ့မင်းက ပြည်တွင်းအမတ်တစ်ယောက်ကိုတောင် ပြန်မခေါ်လာနိုင်ခဲ့ဘူးမဟုတ်လား”

သာ့လွန်သာ့ရင်လင်က ဟော်ပါးစမ်းယဲ့ကို စိုက်ကြည့်သည်။ သူ၏မျက်နှာက ပြာနှမ်းနေ၏။ လက်ရွေးစင် အင်အားစု တစ်သိန်းကျော်သော စစ်တပ်ကြီးက ထွက်ခွာသွားသည်။ သို့သော် အဆုံးသတ်တွင် ဟော်ပါးစမ်းယဲ့တစ်ယောက်တည်းကသာ ပြန်လာနိုင်ခဲ့၏။ ယွီစန်းအင်ပါယာကြီးက ဆက်တိုက် ရှုံးနိမ့်နေပြီး လူအင်အား အသားကုန် လိုအပ်နေသောကြောင့်သာ မဟုတ်လျှင် သူ့ကို ကွပ်မျက်ပြီးလောက်လေပြီ။

All Chapters