အခန်း (၁၁၉၁-၁၁၉၅)
Vol. 69 Ch. 1191-1195
အခန်း(၁၁၉၁)
“အင် အင် အင်ပါယာအမတ်မင်း”
ဟော်ပါးစမ်းယဲ့က မြေပြင်တွင် ဒူးထောက်ထားပြီးသားဖြစ်သည်။ သာ့လွန်သာ့ရင်လင်၏ စကားများကြောင့် သူဟာ ခေါင်းကိုပို၍ ငုံ့လိုက်မိသည်။
“ဟော်ပါးစမ်းယဲ့က သူ့ရဲ့အပြစ်တွေ ကြီးတယ်ဆိုတာကို သိပါတယ်။ အင်ပါယာ အမတ်မင်းနဲ့ စန်းပေါ်က ဒီအပြစ်သားရဲ့အသက်ကို လိုချင်ရင်တောင်မှ ဟော်ပါးစမ်းယဲ့မှာ ပြောစရာမရှိပါဘူး။ ဒါပေမဲ့ ငါသေလို့မရတော့ဘူူး။ မဟာအမတ်မင်းနဲ့ ဗိုလ်ချုပ်ကြီးနှစ်ယောက်အတွက် ကလဲ့စားမချေရသေးတဲ့ အခြေအနေမျိုးမှာ ဟော်ပါးစမ်းယဲ့က သေဖို့ဆန္ဒမရှိသေးပါဘူး။ သေလို့လည်း မရနိုင်ပါဘူး”
ဟော်ပါးစမ်းယဲ့က ဒူးပေါ်သို့လက်တင်ထားသည်။ သူ၏ပုခုံးက တုန်နေသည်။ နောက်ဆုံးတွင် သူဟာ အော်ငိုတော့သည်။
“မဟုတ်ဘူး ဒါက မျက်ရည်မဟုတ်ဘူး။ ဒါကသွေး”
ထိုစကားလုံးများကြောင့် လူတိုင်းက တိတ်သွားသည်။ သူတို့၏ အမူအရာများကလည်း မှုန်မှိုင်းသွားကြ၏။ ဟော်ပါးစမ်းယဲ့ဟာ သေရန်ထိုက်တန်သည်။ သို့သော် အသက်ရှင်ခိုင်းခြင်းက ပို၍ကြီးမားသည့် အပြစ်ဒဏ်ဖြစ်လောက်သည်။ အရာအားလုံးက တိတ်ဆိတ်နေသည်။ သာ့လွန်သာ့ရင်လင်က ဟော်ပါးစမ်းယဲ့ကို စိုက်ကြည့်သည်။ သူ၏မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်က တဖြည်းဖြည်းချင်း လျော့သွားသည်။
“ဟော်ပါးစမ်းယဲ့ ငါအခုတော့မင်းရဲ့ နိမ့်ကျတဲ့အသက်ကို ထိန်းခွင့်ပြုထားလိုက်မယ်”
သာ့လွန်သာ့ရင်လင်က ခေါင်းကို တဖြည်းဖြည်းချင်းမော့ပြီး မျက်လုံးကိုမှိတ်လိုက်သည်။ ထိုမျက်ဝန်းအတွင်းတွင် သတ်ဖြတ်လိုစိတ်များကို ဖုံးကွယ်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ထဲမှ ကျယ်ပြောပြီး ပြင်းထန်လွန်းသည့် သတ်ဖြတ်လိုစိတ် အရှိန်အဝါတစ်ခုက မြင့်တက်လာသည်။
“ဝမ်ချောင်၊ ဝမ်ကလန်၊ မဟာထန်... စောင့်နေ မင်းတို့အားလုံးကို တန်ကြေးတစ်ခု ပေးဆပ်ခိုင်းပြီး ယွီစန်းရဲ့ နာကျင်မှုကို ခံစားခိုင်းမယ်”
သာ့လွန်သာ့ရင်လင်၏ အသံက တိတ်ဆိတ်သော လောကအနှံ့ ပျံ့နှံ့သွားသည်။ ထိုသို့ဖြင့် တဖြည်းဖြည်းချင်း မျောလွင့်သွားပြီး အဆုံးအစမဲ့သော လောကအထိ သယ်ဆောင်သွားလေသည်။
.....
တိဗက်တောင်ပေါ်ဒေသက စိတ်အခြေအနေ ထိုးကျနေသည့် အချိန်တွင် ခိုရာစန်းက ပျော်ရွှင်နေသည်။
“ချန်းချင် မင်းလာတယ်”
ခိုရာစန်း၏ အရှေ့ပိုင်းဂိတ်တွင် ကောင်းရှန်းကျစ်က အရောင်ဖျော့ဝတ်စုံကို ဝတ်ဆင်လျှက် ရောက်ရှိလာသည့် ဖန်းချန်းချင်ကို မြင်ရပြီးပြီးချင်း ပျော်ရွှင်သွားသည်။ ပထမဦးဆုံး အကြိမ်အဖြစ် မဟာထန်၏ အင်ပါယာ၏ အမွှာနှစ်သွယ်က တိုင်းတစ်ပါးမြေပေါ်တွင် ခြေချလိုက်ပြီး ဖန်းချန်းချင်က ဒီနေရာသို့ရောက်ရှိလာသောအခါ ကောင်းရှန်းကျစ်ကလည်း သူ့ကိုအလွန်ဒုက္ခပေးနေသည့် စီမံခန့်ခွဲရေး ကိစ္စများအားလုံးကို ဖန်းချန်းချင်ကို ဆက်လက်ကိုင်တွယ်ခိုင်းရန် လွှဲထားပေး၍ရလေပြီ။
“အရှင်”
ဖန်းချန်းချင်ကလည်း ကောင်းရှန်းကျစ်ကို မြင်ရသည့်အတွက် ပျော်သွားသည်။ တာလာ့၏တိုက်ပွဲမှ ခိုရာစန်း၏ တိုက်ပွဲအထိ ဖန်းချန်းချင်က နေ့ရောညပါ ပူပန်နေရသည်။ ယခုမှသာ သူနောက်ဆုံးတွင် စိတ်အေးနိုင်သွားသည်။ အင်ပါယာ၏ အမွှာနှစ်သွယ်က ဆုံစည်းသွားပြီဖြစ်သည်။ သူတို့သည် အန်းရှီ၊ စွစ်ယဲ့နှင့် အန်းရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်များအကြောင်း ပြောစရာအများကြီး ရှိနေသည်။ ထိုနှစ်ယောက်က စကားပြောခန်း အဆုံးသတ်သွားသည့်အချိန်တွင် ဖန်းချန်းချင်က အဝတ်အစားများကို သပ်ရပ်အောင်ပြင်ပြီး ဝမ်ချောင်ထံလျှောက်သွားသည်။
ဖန်းချန်းချင်က စကားမဆိုနိုင်သေးခင် ဝမ်ချောင်က ဖျော့တော့စွာပြုံးလျှက် တိတ်ဆိတ်မှုကို ဖြိုခွဲသည်။
“အရှင်ဖုန်း ငါတို့တွေ့ကြပြန်ပြီ”
“အရှင်ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် ငါ့ရဲ့ကျေးဇူးတင်စိတ်ကို စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရတော့ပါဘူး။ အရှင် ကျေးဇူးပြုပြီး ဒီဂါရဝပြုတာကိုတော့ လက်ခံပေးပါ”
ဖန်းချန်းချင်က ထိုသို့ခပ်တင်းတင်းပြောပြီး အလွန်အမင်း လေးစားသည့် မျက်နှာမျိုးနှင့် ကုန်းသွားသည်အထိ ငုံ့ကိုင်းကာ ဂါရဝပြုလိုက်သည်။
“အရှင်ဖုန်း ပြည်နယ်နဲ့ပတ်သတ်တဲ့ အရေးကြီးတဲ့ကိစ္စတွေကြောင့် ကျေးဇူးတင်ချင်တာဆိုရင်တော့ မလိုအပ်ပါဘူး”
ဝမ်ချောင်က ပြုံးလိုက်သည်။ သူသည် လက်ကမ်းပြီး ထူမပေးခြင်းမရှိချေ။ သို့ရာတွင် ဖန်းချန်းချင်ကမူ ဂါရဝပြုမှုကို အဆုံးသတ်အောင် မလုပ်နိုင်ချေ။ အကြောင်းမူကား သူ၏ခန္ဓာကိုယ်ကို ထောက်ပံ့ပေးထားသည့် ကြီးမားလွန်းသော ကြယ်တာရာစွမ်းအင်များက သူ့အားရှေ့သို့ ဆက်ပြီး မကုန်းအောင်တားထားသည်။ ဖုန်းချန်းချင်က ထပ်ခါတလဲလဲ ကြိုးစားသော်လည်း မျက်နှာကသာ နီရဲလာရသည်။
ကောင်းရှန်းကျစ်ကရယ်သည်။
“ချန်းချင် လုံလောက်ပြီ။ ဝမ်ချောင်ကသာ ဆန္ဒမရှိရင် မင်းသူ့ကိုဂါရဝပြုလို့ ရမှာမဟုတ်ဘူး။ သွားရအောင် ခိုရာစန်းကို စီမံခန့်ခွဲမဲ့ကိစ္စက တော်တော်လေးကို ရှုပ်ထွေးတယ်။ အထဲမှာပြောကြမယ်”
“ကောင်းပြီ”
ဖန်းချန်းချင်က လက်လျော့လိုက်ပြီး ခါးသီးသော မျက်နှာမျိုးနှင့်လိုက်သွားရသည်။
......
ခိုရာစန်း၏ ခန်းမတစ်ခုကို အစောင့်များက ကာကွယ်ထားသည်။ အတွင်းတွင် ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ ဖန်းချန်းချင်၊ ချန်းချန့်လီနှင့် ထိပ်တန်းအဆင့် ဗိုလ်ချုပ်ကြီးများ ရှိနေကြသည်။ လီစစ်ယဲ့ကပင် ဝင်ခွင့်မရှိချေ။
“အရှင်ဖုန်း ဒါက ခိုရာစန်းကို စီမံမဲ့ ငါ့ရဲ့အကြံပဲ။ တစ်ချက်ကြည့်ပါဦး ခိုရာစန်းကို အမှန်တကယ် စီမံခန့်ခွဲဖို့ အချိန်ကျရောက်လာတဲ့အခါ မင်းရဲ့အကူအညီကို လိုအပ်မှာပဲ။ ဒါကြောင့်ပဲ ငါကမင်းကို ခိုရာစန်းဆီ ပြောင်းရွှေ့စေခဲ့တာပေါ့”
အခန်းမှတည်ငြိမ်နေသော လေထုကို အာရုံခံမိသည့် ဝမ်ချောင်က လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။ သူဟာ အင်္ကျီလက်တစ်ဖက်ထဲသို့ လက်နှိုက်လိုက်ပြီး စကားလုံးများ သိပ်သည်းစွာပါဝင်သည့် စာတစ်စောင်ကိုထုတ်ကာ ယူလိုက်သည်။
ခိုရာစန်းကို စီမံခန့်ခွဲမှုသည် ဒီမြို့ကိုထိန်းသိမ်းထားသည့် ပျောက်ဆုံးသွားမည်ဆိုသော ကိစ္စကို ဆုံးဖြတ်ပေးနိုင်ရုံသာ မကသေးလေဘဲ မဟာထန်က အင်အားကြီးမားသည့် ရန်သူဖြစ်သည့် အာရေးဗီးယားကို ဖိနှိပ်ရာတွင်လည်း အထောက်အကူ ပြုနိုင်လေသည်။ ထိုအချက်အပြင် ဝမ်ချောင်၏ အကြံအစည်ကြီးများထဲမှ တစ်ခုနှင့်ပင် ဆက်စပ်နေသောကြောင့်ဖြစ်သည်။
ဖန်းချန်းချင်က ခိုရာစန်းကို စီမံခန့်ခွဲမည့်ကိစ္စနှင့် ပတ်သတ်လာသော် လျစ်လျူမရှုရဲချေ။ သူက စာကို လှမ်းယူလိုက်ပြီး တစ်ချက်ခန့်ကြည့်ပြီးနောက် မျက်ခုံးပင့်လိုက်မိသည်။ သူက ထိုင်ခုံတွင် ခပ်မတ်မတ်ထိုင်ပြီး ဂရုတစိုက်ဖတ်သည်။ သူက ပိုဖတ်လေလေ ပို၍အံ့ဩလာလေလေဖြစ်သည်။
ဖန်းချန်းချင်သည် အင်ပါယာ၏ အရေးပါသည့် အမှုထမ်းတစ်ယောက်ဖြစ်သလို စီမံခန့်ခွဲမှုရေးရာတွင်လည်း ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သည်။ သူသည် မည်သည့်အရာကိုမှ မပြင်ဆင်ဘဲ မလုပ်တတ်ချေ။ ဖန်းချန်းချင်အတွက် ခြေတစ်လှမ်း မလှမ်းခင်ကတည်းက သုံးလှမ်းကို ကြိုကြည့်ရန် တာဝန်ရှိပြီးသားဖြစ်သည်။ ထို့ကြောင့် ဒီနေရာသို့ မလာခင်ကတည်းက ဖန်းချန်းချင်က အရာအားလုံးကို ဂရုစိုက်တွေးတောခဲ့ပြီးလေပြီ။ သူ၏ စီမံခန့်ခွဲရာတွင် ရှိခဲ့သည့် နှစ်ပေါင်းများစွာသော အတွေ့အကြုံများကြောင့် ဖန်းချန်းချင်ဟာလည်း ခိုရာစန်းကို စီမံခန့်ခွဲမည့် သူ၏အကြံအစည်ဟာ အလွန် အသေးစိတ်ကျပြီး အဘက်ဘက်မှ ပြီးပြည့်စုံနေပြီဟု ထင်ထားသည်။ သို့သော် ဝမ်ချောင်၏အကြံကို တွေ့ပြီးမှသာ သူ၏လိုအပ်ချက်များကို သိလိုက်သည်။ သူဟာ မလုပ်နိုင်ခြင်းမဟုတ်ဘဲ ဝမ်ချောင်က ခြားနားသော ပုံစံနှင့် တွေးတောထားခြင်းသာဖြစ်သည်။
ခန်းမတစ်ခုလုံးက အချိန်အတန်ကြာအောင် တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် ဖန်းချန်းချင်က စာရွက်ကိုချပြီး အသက်ရှုထုတ်လိုက်သည်။ သူသည် အံ့အားသင့်မှုအပြည့်မှ လှုပ်ခါစွာ ထွက်လာနိုင်သွားသည်။
သူဟာ ကလေးဆန်မှု၊ ရင့်ကျက်မှုများ ရောနှောနေသည့် ငယ်ရွယ်သော မျက်နှာလေးကို ကြည့်လိုက်သည်။ တစ်ဖက်သူသည် တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးလေပြီ။ ဖန်းချန်းချင်၏ စိတ်ကမူ မုန်တိုင်းထန်သွား၏။ ကောလဟာလများက အမှန်တရားကို မြင်ရခြင်းနှင့်ခြားနားသည်။ ဝမ်ချောင်၏ စစ်ဘက်ရေးရာစွမ်းရည်များကို လူတိုင်းက အသိအမှတ်ပြု လက်ခံပြီးချိန်တွင် သူ့တွင် လေးစားဖွယ်ကောင်းသော စီမံခန့်ခွဲနိုင်စွမ်းရည် ရှိနေမည်ဟု မထင်ထားမိချေ။
“ဒီတော့ အရှင်ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီးက ခိုရာစန်းနဲ့ ပုန်ကန်သူစစ်တပ်တွေ အကြားက သဘောတူညီမှု လက်မှတ်ရေးထိုးမဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အရာအားလုံး ကြိုတင်ပြင်ဆင်ပြီးခဲ့ပြီပဲ”
ဖန်းချန်းချင်ကပြောပြီး ဝမ်ချောင်ကိုကြည့်လိုက်သည်။
“အွန်း”
ဝမ်ချောင်က ဖျော့တော့စွာပြုံးလျှက် ခေါင်းညိမ့်သည်။
“သဘောတူလက်မှတ် ရေးထိုးဖို့ဟုတ်လား။ ချန်းချင် မင်းကဘာကိုပြောနေတာလဲ”
ချန်းချန့်လီက မနေနိုင်ဘဲ ဝင်မေးသည်။
ဖန်းချန်းချင်က ဘာစကားမှမဆိုဘဲ စာရွက်ကိုသာ ပေးလိုက်သည်။
“ခိုရာစန်းမှာ မဟာမိတ်စစ်တပ် ဌာနချုပ်ကြီးကို တည်ထောင်ရမယ်။ ဆမ်ဆာနစ်တွေနဲ့ ပုန်ကန်သူစစ်တပ်တွေ အားလုံးက အတူတကွပူးပေါင်းလို့ မဟာထန်ကို နာခံပါ့မယ်လို့ သဘောတူရမယ်။ မဟာထန်က ဆမ်ဆာနစ်နဲ့ အခြားပုန်ကန်သူစစ်တပ်တွေကို ကိုယ်ပိုင်အဖွဲ့အစည်းတွေ တည်ထောင်နိုင်အောင် ကူညီထောက်ပံ့ပေးမယ်။ ပိုဆိုးတာက ဒီမဟာမိတ်စစ်တပ်ရဲ့ ဘယ်အဖွဲ့ဝင်ကိုမဆို အာရပ်က တိုက်ခိုက်တာနဲ့ မဟာထန်က စစ်သည်တွေကိုစုစည်းပြီး အာရပ်တွေကို တွန်းလှန်ပေးရမဲ့တာဝန် ရှိတယ်။ နောက်ပြီး မဟာမိတ်အဖွဲ့က အခြားအဖွဲ့ဝင်တွေကလည်း ဆင့်ခေါ်တဲ့အချိန်တိုင်း တုန့်ပြန်ပြီး ရောက်ရှိလာရမယ်။ အပြန်အလှန်အနေနဲ့ မဟာမိတ်အဖွဲ့က အခြားအဖွဲ့ဝင်တွေ အားလုံးက မဟာထန်ရဲ့ အမိန့်ကိုနာခံပြီး အမျိုးမျိုးသော မဟာမိတ် အဖွဲ့ဝင်တွေရဲ့ ပိုင်နက်နယ်မြေ အသီးသီးမှာရှိတဲ့ စစ်တန်းလျားတွေ အခြေစိုက်စခန်းတိုင်းအတွက် ကုန်ကျစရိတ်ကို အပိုထပ်ဆောင်းပေးရမယ်။ မဟာမိတ်အဖွဲ့က ဘယ်အဖွဲ့ဝင်ကမဆို မဟာထန်နဲ့ မဟာမိတ် စစ်တပ်ကြီးကို ဖီဆန်တာနဲ့ မဟာထန်က အခြားမဟာမိတ်အဖွဲ့ဝင်တွေကို စုစည်းပြီး ပုန်ကန်သူကို တိုက်ခိုက်ရမယ်”
ချန်းချန့်လီက စာကိုဖတ်နေရင်း မျက်မှောင်ကျုံ့လိုက်သည်။
“ချန်းချင် ဒါက မဟာမိတ်စစ်တပ်ကို စီမံခန့်ခွဲတဲ့အခါ ပါဝင်သင့်တဲ့ သာမာန်အကြောင်းအရာပဲ မဟုတ်ဘူးလား။ ဘာများထူးခြားနေလို့လဲ”
မဟာထန်က ပုန်ကန်သူစစ်တပ်ရဲ့ အင်အားကို ချေးငှားယူပြီး အာရေးဗီးယားကို ကိုင်တွယ်ရန် မျှော်လင့်သလို ပုန်ကန်သူစစ်တပ်ကလည်း မဟာထန်နဲ့ ဆက်သွယ်သည့် နည်းလမ်းတစ်ခုကို ရရှိရန်မျှော်လင့်လေသည်။ ဒါဟာ ခိုရာစန်းမှ လူတိုင်းနီးပါးသိသော အချက်ဖြစ်သည်။ သာမာန်စစ်သားများကပင် အခြေအနေကို အာရုံခံမိလောက်သည်။ ချန်းချန့်လီကလည်း ဖန်းချန်းချင်က မည်သည့်အတွက်ကြောင့် ဒီလိုကိစ္စမျိုးကို အလွန်အလေးထားနေကြောင်း နားမလည်နိုင်ချေ။
ဖန်းချန်းချင်က ဘာစကားမှမဆိုဘဲ ဝမ်ချောင်ကိုသာကြည့်သည်။ ဝမ်ချောင်ကပြုံးပြီး ရေနွေးကြမ်း တစ်ငုံသောက်သည်။
“ချန့်လီ မင်းနားမလည်သေးဘူးလား။ ဒါက သာမာန်မဟာမိတ်ဖွဲ့တဲ့ ကိစ္စကြီးမဟုတ်ဘူး။ ဒီစာပါ အကြောင်းအရာတွေနဲ့ဆိုရင် မဟာထန်က ဆမ်ဆာခမ်းနဲ့ ခိုရာစန်းအကြားက ပိုင်နက်နယ်မြေမှာ ထာဝရ အုတ်မြစ်ယူသွားနိုင်ပြီ”
ဖန်းချန်းချင်က သက်ပြင်းချပြီး ချီးကျူးသော လေသံမျိုးနှင့်ပြောကာ ဝမ်ချောင်ကို တစ်ချက်ကြည့်လိုက်သည်။
“ငါစွစ်ယဲ့က လာတဲ့အချိန်မှာ အကြံအစည်တွေ အများကြီးတွေးခဲ့တယ်။ အားလုံးက မရေမတွက်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဆက်စပ်နေတာပဲ။ ဒါပေမဲ့ အဆုံးမှာတော့ အရှင်ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ဆီက ရိုးရှင်းတဲ့ စာကြောင်းတွေကိုတောင် မယှဉ်နိုင်ပါဘူး”
ဖန်းချန်းချင်က ရိုးသားစွာ လေးစားကြောင်းပြသသည်။ သူဟာ ထိုစာကိုမြင်သောအခါ လောကတွင် အမြင်စူးရှပြီး စောင့်ကြည့်လေ့လာနိုင်စွမ်းရည် ထူးချွန်လွန်းသော ထိုကဲ့သို့ မွေးရာပါ ပါရမီရှင်မျိုး အမှန်တကယ် တည်ရှိလိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ချေ။ တစ်ဖက်သူသည် ရိုးရှင်းသော စကားလုံးအနည်းငယ်နှင့် ရှုပ်ထွေးသော ပြဿနာများကို ဖြေရှင်းနိုင်သည်။
“ဟား ဟား ဟား အရှင်ဖုန်း ချီးကျူးတာ လွန်လွန်းနေပါပြီ။ ငါဒီကိစ္စကို မင်းဆီက မဖုံးကွယ်နိုင်မှန်း သိပါတယ်”
ဝမ်ချောင်က ပြုံးလိုက်ပြီး ရေနွေးကြမ်းခွက်ကိုချသည်။ ဉာဏ်ကောင်းသောလူများနှင့် စကားပြောရလွယ်သည်။ အမှန်တိုင်းဆိုရသော် ဝမ်ချောင်သည် ထိုစာကို ပါးရန်ကိုပြဖူးသည်။ ပုန်ကန်သူခေါင်းဆောင်များ ကောင်းရှန်းကျစ်တို့ကိုလည်း ပြဖူးသည်။ လူအများစုကမူ ချန်းချန့်လီအတိုင်း ရိုးရှင်းသော ပူးပေါင်းမှုဟုသာ ထင်ထားကြသည်။ လူအနည်းစုကသာ ဝမ်ချောင်၏ အစစ်အမှန် ရည်ရွယ်ချက်ကို နားလည်သည်။
“ချန်းချင် မင်းတို့နှစ်ယောက် ဘာတွေပြောနေတာလဲ”
ကောင်းရှန်းကျစ်ကမူ ဝမ်ချောင်နှင့် ချန်းချန့်လီတို့က မတူညီသော ဘာသာစကားတစ်ခုနှင့် ပြောနေသလို ခံစားနေရသည်။ သူဟာ နောက်ဆုံးတွင် မနေနိုင်ဘဲ ဝင်ပြောလာ၏။ သူသည် ဖုန်းချန်းချင်ကို ဆမ်ဆာခမ်းအား စီမံရန် ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် အကြောင်းအရာက စစ်မတ်ရေးရာကိစ္စများဘက်သို့ ပြောင်းသွားသည်။
“အရှင် အရှင်နားမလည်သေးဘူးလား။ ဒီအကြောင်းအရာအတိုင်း ဖြစ်လာတာနဲ့ မဟာထန်က ဆမ်ဆာခမ်းနဲ့ ခိုရာစန်းအကြားက နယ်မြေတွေအတွက် အစစ်အမှန် အုပ်ချုပ်သူပဲ”
ဖန်းချန်းချင်က သက်ပြင်းချပြီး စတင်ကာ ရှင်းပြသည်။
“ဒီသဘောတူညီချက်ပါ အကြောင်းအရာတွေကြောင့် မဟာထန်က ရိက္ခာအခွန်ငွေအဖြစ် အဆုံးအစမဲ့တဲ့ ပမာဏကို ရရှိရုံသာမကသေးဘဲ မဟာမိတ် အဖွဲ့ဝင်တွေရဲ့ စစ်တပ်ကိုလည်း စုစည်းနိုင်လိမ့်မယ်။ ဒါကြောင့် မဟာထန်ကို ရန်စတဲ့လူဖြစ်ဖြစ် ခုခံဖို့ကြိုးစားတဲ့ လူဖြစ်ဖြစ် မဟာမိတ် အဖွဲ့ဝင်တွေအားလုံးရဲ့ တိုက်ကွက်တွေကို ကျော်ဖြတ်ပြီးမှ ရောက်လာရလိမ့်မယ်။ ဒီအချက်တစ်ခုတည်းကတင် မဟာထန်ရဲ့ ခုံးတောင်တန်း အနောက်ပိုင်းထိ တောက်လျှောက် တည်ရှိနေမဲ့ အနေအထားက လှုပ်ခါနိုင်စွမ်းရည် မရှိတော့ဘူး။ ငါတို့က ဒီလိုလုပ်နိုင်တာနဲ့ အခြားစီမံရေးရာနဲ့ ပတ်သတ်တဲ့ ပြဿနာများအားလုံးက လွယ်ကူသွားပြီ”
“ဒီမူဝါဒနဲ့သာဆိုရင် ဆယ်နှစ်အတွင်းမှာ မဟာထန်က အနောက်ပိုင်းနယ်မြေတွေကိုတောင် ကျော်လွန်ပြီး ခိုရာစန်းကို ကောင်းကောင်း ဖမ်းဆုပ်နိုင်လိမ့်မယ်”
ခန်းမထဲရှိလူတိုင်းက တိတ်ဆိတ်သွားသည်။ သူတို့သည် ဖန်းချန်းချင်၏ စကားလုံးများကြောင့် မှင်သက်သွားကြသည်။ ဖန်းချန်းချင်၏ တုန့်ပြန်မှုမှတစ်ဆင့် ဒီအကြောင်းအရာဟာ ထင်သလောက် မရိုးရှင်းကြောင်း သိနေခဲ့ပြီးသားဖြစ်သည်။ သို့သော် သူတို့ဟာလည်း ဖန်းချန်းချင်က ကြည့်ရှု့ပုံမှာ ထိုမျှအထိ မြင့်မားနေမည်ဟု မထင်ထားမိချေ။
မဟာထန်သည် အနောက်ပိုင်းနယ်မြေတွင် ခိုင်မာစွာ ရပ်တည်နိုင်ရန်အတွက် နှစ်နှစ်ရာခန့် အချိန်ယူခဲ့ရသည်။ သို့သော် ဖန်းချန်းချင်ကမူ မဟာထန်က ဒီစာပါအကြောင်းအရာသာ ဒီနေရာတွင် လုပ်ဆောင်လိုက်လျှင် ဆယ်နှစ်တည်းနှင့် ထိုသို့ခိုင်မာစွာ အုတ်မြစ်ယူနိုင်မည်ဟုဆိုသည်။ ဒါဟာ ရိုးရှင်းစွာပင် ချဲ့ကားလွန်းသလိုဖြစ်သွားသည်။ အခြားတစ်ယောက်ကသာ ယခုလို အခိုင်အမာ ပြောလာပါက သူတို့ဟာ အလေးအနက်ထားလိမ့်မည် မဟုတ်ချေ။ သို့သော် ပြောလာသူက မဟာထန် တစ်ခုလုံးတွင် သူ၏ဉာဏ်ပညာရှိမှု၊ မြင်နိုင်စွမ်းရည်များနှင့် ကျော်ကြားသော ဖန်းချန်းချင်ဖြစ်နေသည်။
“ဆယ်နှစ်ဟုတ်လား ချန်းချင် မင်းချဲ့ကားလွန်းတာ မဟုတ်လား။ မဟာထန်က အနောက်ပိုင်းနယ်မြေကို လုပ်နိုင်စွမ်းရည်ရှိတဲ့ အမတ်တွေ ပြောင်မြောက်ထူးချွန်တဲ့ လူတွေအားလုံး ပို့လိုက်ရင်တောင်မှ အနည်းဆုံး နှစ်တစ်ရာလောက်တော့ အုပ်ချုပ်ပြီးမှ ဒီလိုပြောနိုင်လိမ့်မယ်။ ဒီသဘောတူညီချက် တစ်ခုတည်းကြောင့် ဒီလိုလုပ်နိုင်တယ်ဆိုတာက လွန်ကဲလွန်းမနေဘူးလား”
ချန်းချန့်လီက မနေနိုင်ဘဲဝင်ပြောသည်။ သူသည် ဖန်းချန်းချင်ကို သံသယဝင်ခြင်းမဟုတ်သလို ဝမ်ချောင်ကို မယုံကြည်၍လည်းမဟုတ်ချေ။ ဒီတိုင်း ဆယ်နှစ်က ယုံကြည်ရန် ခက်ခဲလွန်းသောကြောင့်ဖြစ်သည်။
“ဒီစာတစ်စောင်တည်းကတော့ သေချာပေါက် မလုပ်နိုင်ဘူးပေါ့။ ဒါပေမဲ့ နောက်ထပ် စာတစ်စောင်နဲ့ဆိုရင်တော့ အရာအားလုံးက ကွာခြားသွားပြီ”
ဖန်းချန်းချင်က ထိုသို့ပြောရင်း ဝမ်ချောင်ကိုကြည့်သည်။
“အရှင်ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် ငါတကယ်ကို လေးစားမိပါတယ်။ ခိုရာစန်းမှာ ထန်ဘာသာစကား သင်ကြားဖို့ ကျောင်းတွေဖွင့်မယ်ဆိုတဲ့ အကြံက စစ်တပ်နှစ်ခုကြားက နားလည်သဘောပေါက်မှုကို နက်ရှိုင်းစေဖို့အတွက် မဟုတ်လား”
အခန်း(၁၁၉၂)
“အရှင်ဖုန်းက တော်တော်လေး လေးစားဖို့ကောင်းတာပဲ။ မှန်တယ် ဒီအကြောင်းအရာ တစ်ခုတည်းကတင် ဘယ်လုံလောက်ပ့ါမလဲ။ ဒါပေမဲ့ နောက်အကြောင်းအရာတစ်ခုနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် ခိုရာစန်းက အခြေအနေကို အပြည့်အဝ ကြိုးကိုင်နိုင်လိမ့်မယ်။ အမှန်တိုင်းပြောရရင် ငါက မဟာထန်ရဲ့ ဘာသာစကားကို ခိုရာစန်းမှာ စတင်ပြီး ဖြန့်ဝေတာကို ပထမအကြောင်းအရာထက်တောင် ပိုပြီး ဂရုစိုက်သေးတယ်။ ဒီလိုနည်းနဲ့မှပဲ မဟာထန်က ဒီနေရာမှာ အုတ်မြစ်ခိုင်ခိုင်မာမာ ချနိုင်မှာပေါ့။ ဒါကြောင့် အရှင်ဖုန်းက ခိုရာစန်းကို စီမံခန့်ခွဲဖို့ လက်လွှဲယူပြီးတဲ့အခါ မင်းရဲ့အာဏာအောက်မှာ ပန်းတိုင်ကို ချီတက်နိုင်ဖို့ အရာအားလုံး ကြိုးစားသွားပေးဖို့ပဲ မျှော်လင့်တယ်။ ခိုရာစန်းတင်မဟုတ်ဘူး အာရေးဗီးယား နယ်စပ်က တိုင်းပြည်တွေအားလုံးလည်းပါတယ်”
ဝမ်ချောင်က စားပွဲကို တဒေါက်ဒေါက် ခေါက်နေရင်း အခိုင်အမာပြောလိုက်သည်။
“မဟာထန်ရဲ့ ဘာသာစကားတွေကို ဒီတိုင်းပြည်တွေဆီ ခပ်ကြမ်းကြမ်း ဖြန့်ဝေပေးဖို့ မျှော်လင့်တယ်။ ဖြစ်နိုင်မယ်ဆိုရင် အာရေးဗီးယားရဲ့ အတွင်းပိုင်းကိုတောင် မြင်စေချင်သေးတယ်”
ဝမ်ချောင်ကိုယ်တိုင်ကသာ ယခုလို ထန်ဘာသာစကားကို ဖြန့်ဝေပြီး သင်ကြားပေးခြင်းက အခြားသော အရာတိုင်းထက် အရေးပါကြောင်း နားလည်နေသည်။ ဒီလောက၏ မာကြောသောအင်အားက စစ်တပ်ဆိုလျှင် နူးညံ့သောအင်အားကမူ ယဉ်ကျေးမှုဖြစ်သည်။ တိုင်းပြည်တစ်ပြည်ကို နားလည်လိုလျှင် ဘာသာစကားက အရေးကြီးဆုံးဖြစ်သည်။ မဟာထန်၏ ဘာသာစကားကို ဆမ်ဆာခမ်း၊ ခိုရာစန်းနှင့် အာရေးဗီးယားမြို့တော် ပါးတအထိ ဖြန့်ဝေနိုင်မှသာ မဟာထန်၏ ယဉ်ကျေးမှုက ထိုနေရာများထိ ဖောက်ဝင်နိုင်ပေလိမ့်မည်။
ဘာသာစကားကို လေ့လာသင်ယူခြင်းက မဟာထန်ကို ပို၍နားလည်လာစေသည်။ မဟာထန်ကို ပို၍နားလည်လာသောအခါ မဟာထန်ကို လေးစားလာပြီး တဖြည်းဖြည်းချင်း လက်ခံလာပေလိမ့်မည်။ ဒါက မဟာထန်၏ အစစ်အမှန် အုတ်မြစ်ဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ ထိုမျှအထိ မရှင်းပြသေးချေ။
“အရှင် စိတ်အေးအေးထား ငါလက်လွှဲယူပြီးတဲ့နောက်မှာ ဒီကိစ္စကို အရေးအကြီးဆုံး ကိစ္စတစ်ခုအဖြစ် ကိုင်တွယ်ဆောင်ရွက်သွားမယ်”
ဖုန်းချန်းချင်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ ထိုအချိန်တွင် နှစ်ယောက်လုံးက သဘောတူညီမှု ရရှိသွားပြီဖြစ်သည်။
ဖုန်းချန်းချင်သည် အနောက်ပိုင်းနယ်မြေမှ သမိုင်းကို လေ့လာထားသူဖြစ်သည့်အလျောက် မဟာထန်ဟာ ထိုနယ်ပယ်နှင့် ပတ်သတ်လျှင် ပြစ်ချက်များရှိကြောင်း သိနေသည်။ မဟာထန်သည် အနောက်ပိုင်းနယ်မြေတွင် နှစ်နှစ်ရာကျော်ခန့် သိမ်းယူပြီး အုပ်ချုပ်နေခဲ့သော်လည်း မူဝါဒရေးရာပိုင်းအရမူ သိမ်လွန်နေသေးသည်။ ထို့ကြောင့် အနောက်ပိုင်းနယ်မြေမှ တိုင်းပြည်ကြီးများက အမှန်တကယ် လိုက်နာကျင့်သုံးကြခြင်း မရှိချေ။ အောက်ဘက်တွင်လည်း လှုပ်ရှားမှုပေါင်းများစွာက ရှိနေသေးပြီး သူတို့၏ သစ္စာရှိမှုများကလည်း မြို့ရိုးထိပ်ပေါ်တွင် ပေါက်နေသည့် မြက်ပင်များအလား ဖြစ်နေသေးသည်။ ရှေးခေတ်ဘိုးဘေးများက ချမှတ်ခဲ့သည့် မျိုးစေ့များကြောင့် မည်မျှဉာဏ်ကောင်း၊ လုပ်ရဲကိုင်ရဲရှိပြီး ရည်မှန်းချက်ကြီးသော သူများဖြစ်နေစေကာမူ ထိုအခြေအနေကို ပြောင်းလဲရန် အလွန်အမင်း ခက်နေသည်။
ဖုန်းချန်းချင်ကလည်း ထိုအခြေအနေအားလုံးကို သိသည်။ သို့သော် သူသည် ဘာကိုမျှ မပြောနိုင်ချေ။ အကြောင်းမူကား ဒါဟာ တော်ဝင်ခုံရုံးနှင့် ပတ်သတ်နေသောကြောင့်ဖြစ်သည်။ ယခုအခါ ဖုန်းချန်းချင်အနေနှင့် မဟာထန်တစ်ခုလုံးကို လက်ခုံအလား ကောင်းကောင်း နားလည်နေသည့် ဝိညာဉ်ဘက်တစ်ယောက်ကို တွေ့လိုက်ရပြီဖြစ်သည်။
ခိုရာစန်းသည် ခုံးတောင်တန်း အနောက်ပိုင်းသို့ တောက်လျှောက် ဖြန့်ကျက်ထားသော နယ်မြေကြီးဖြစ်ပြီး ဒီနယ်မြေတွင် မဟာထန်က အခွင့်အရေးတစ်ခု ရသွားသည်။ အင်အားသုံးရသည့် စစ်အင်အားကို အထောက်အပံ့အဖြစ် အသုံးပြုပြီး အင်အားကြီးမားသည့် မဟာမိတ်အဖွဲ့ကြီးကို တည်ထောင်ခြင်းအားဖြင့် မဟာထန်၏ တည်နေရာက အကြွင်းမဲ့အာဏာရှိသည့် နေရာမျိုးတွင် ခိုင်မာစွာ ရပ်တည်နေနိုင်မည်ဖြစ်ပြီး အနောက်ပိုင်းနယ်မြေတွင် ဖြစ်ခဲ့သည့် အမှားအယွင်းများကို ရှောင်ရှားလျှက် နယ်မြေတစ်ခုလုံးကို အခိုင်အမာ ထိန်းချုပ်နိုင်ပေလိမ့်မည်။
ထိုအချက်ကြောင့်လည်း ဖုန်းချန်းချင်ဟာ သူနှင့်ဝမ်ချောင်တို့က အတွေးချင်းတူပြီး တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်း နားလည်သည်ဟု ယူဆမိခဲ့ခြင်းဖြစ်သည်။
ရွှေကျင်းတစ်ထောင်ကို ရယူရလွယ်ကူသည်။ ဝိညာဉ်ဘက်ကိုမူ တွေ့ရန်ခက်ခဲသည်။
စီမံခန့်ခွဲအုပ်ချုပ်သည့် ကိစ္စနှင့်ပတ်သတ်ပြီး ပြဿနာအပုံလိုက် တွေ့ပြီးမှသာ အဆုံးသတ်လေ့ရှိသည်။ ဖုန်းချန်းချင်က သူ၏ကိုယ်ပိုင် ဗဟုသုတများကိုသုံးကာ လူအများနားလည်ရန် ထိုကိစ္စများကို ရှင်းပြနိုင်သည်။ ထိုသို့ရှင်းပြခြင်းအားဖြင့် အားလုံးက နားလည်သွားကြပေလိမ့်မည်။ ဆွေးနွေးမှုက အဆုံးသတ်သွားပြီးနောက် ဖုန်းချန်းချင်က ဝမ်ချောင်ကို ကျန်နေရစ်ခဲ့ရန်ပြောသည်။
“အရှင်ဖုန်း ဘာကိစ္စများရှိသေးလို့လဲ”
ဝမ်ချောင်က အံ့အားတကြီး ပြောလိုက်သည်။
“ဟား ဟား မိတ်ဆွေဟောင်းတစ်ယောက်က မင်းကို စာပေးခိုင်းလိုက်တယ်လေ”
ဖုန်းချန်းချင်က ဖျော့တော့စွာပြုံးပြီး သေးငယ်သည့် သစ်သားသေတ္တာလေးကို ထုတ်လိုက်ကာ လှမ်းပေးလိုက်သည်။ ဝမ်ချောင်က အံ့အားသင့်သွားသည်။ သို့သော် ခပ်မြန်မြန်ယူပြီး ထွက်သွားသည်။
ကလပ်
ဝမ်ချောင်က စိတ်ရှုပ်ထွေးစွာဖြင့် သေတ္တာလေးကို ဖွင့်လိုက်သည်။ အတွင်းတွင် ရင်းနှီးကျွမ်းဝင်သော ကျောက်စိမ်းဆံထိုးလေးသာ ရှိနေသည်။
“ချီချင်”
ဝမ်ချောင်က မှင်သက်သွားပြီး သူ၏နှလုံးသားအတွင်း ထူးဆန်းသော ခံစားချက်တစ်ရပ်က မြင့်တက်လာသည်။
.....
ဝမ်ချောင်က ခိုရာစန်းမှ ကိစ္စတိုင်းကို ဖုန်းချန်းချင်ကို လွှဲပေးလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း မဟာထန်ဘက်မှ စီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင်တစ်ယောက် ရှိလာသည်နှင့် ခိုရာစန်းက အစီအစဉ်တကျ ဖြစ်လာသည်။ ထိုသို့ဖြင့် မဟာမိတ်စစ်တပ်နှင့် ပတ်သတ်သည့် အမျိုးမျိုးသော နယ်ပယ်မှ ကိစ္စများ အားလုံးကို သေသပ်စွာ ကိုင်တွယ်ပြီးသားဖြစ်သွားသည်။ သို့သော် ဝမ်ချောင်ကို အံ့ဩစေဆုံးက ဖုန်းချန်းချင်က အာရေးဗီးယား ဘာသာစကားကို ကျွမ်းကျင်စွာ ပြောနိုင်နေခြင်းဖြစ်သည်။ ဒါဟာ သူမမျှော်လင့်ထားဖူးသော အခြေအနေမျိုးလည်းဖြစ်သည်။
ဖုန်းချန်းချင်၏ ရှင်းပြချက်အရ မိုးရွာနေသည့် နေ့တစ်နေ့အတွက် ကြိုတင်ပြင်ဆင်ထားသင့်သည်ဟု ဆိုသည်။ ကောင်းရှန်းကျစ်ကလည်း ဒီစစ်ပွဲအတွင်း အာရပ်ဘာသာစကားကို နားလည်လာသည့်တိုင်အောင် ဖုန်းချန်းချင်ကမူ အာရေးဗီးယား၏ ခြိမ်းခြောက်ခံနေရသည်ဟု အမြဲတစေ ခံစားနေရသဖြင့် ကိုယ်ပိုင်စိတ်ဆန္ဒနှင့် အာရပ်ဘာသာစကားကို သင်ကြားခဲ့ခြင်းဖြစ်သည်။ သူဟာ အလွန်တိုတောင်းသော အချိန်ကာလအတွင်း ဖမ်းဆုပ်မိသွားသည်။
ဖုန်းချန်းချင်၏ အာရေးဗီးယားများနှင့် ပတ်သတ်သည့် ဗဟုသုတများတွင် ပြဿနာအများကြီး ရှိသေးသည်။ သို့သော် သူဟာ ခိုရာစန်းနီများနှင့် ပုန်ကန်သူ စစ်သားများနှင့်မူ အလွယ်တကူ ဆက်သွယ်သွားနိုင်မည်ဖြစ်သည်။
အချိန်က တဖြည်းဖြည်းချင်းကုန်လွန်သွားသည်။ ဖုန်းချန်းချင်၏ စီမံမှုများနှင့် ဝမ်ချောင်၏ အကြံများကို ပူးပေါင်းခြင်းအားဖြင့် မူဝါဒရေးရာ ကိစ္စများအားလုံးကို လျှင်မြန်စွာ ကိုင်တွယ်ဆောင်ရွက်၍ ပြီးသွားသည်။
ခိုရာစန်းကို သိမ်းယူပြီးနောက် မဟာထန်က အာရေးဗီးယားအင်ပါယာက ကောက်ခံလေ့ရှိသည့် မြင့်မားလွန်းသော အခွန်စရိတ်ပေါင်းများစွာကို ပယ်ဖျက်ပေးခဲ့သည်။ ထပ်ပေါင်းဆိုရသော် ပထမဦးဆုံး သုံးနှစ်အတွက် အခွန်အခ မကောက်ခံဟု ကြေညာပေးခဲ့သည်။ ဒီသုံးနှစ်ကြာပြီးနောက် နေ့စဉ် လည်ပတ်မှုပုံစံမျိုးနှင့် ကောက်ခံသွားမည်ဖြစ်ပြီး အာရေးဗီးယားအင်ပါယာက တောင်းဆိုသည့် အရေအတွက်၏ သုံးဆယ်ရာခိုင်နှုန်းခန့်ပင် ရှိလိမ့်မည်မဟုတ်ချေ။
ထိုသို့အခိုင်အမာ ကြိုတင်ကျုံးဝါးကာ ပြောဆိုလိုက်ခြင်းက ခိုရာစန်းအတွင်း မုန်တိုင်းထန်စေခဲ့သည်။ ထိုသို့ဖြင့် မဟာထန်၏ အဆင့်အတန်းနှင့် မဟာမိတ်စစ်တပ်၏ လွှမ်းမိုးနိုင်စွမ်းအားများ အတူပေါင်းစပ်လိုက်သော် ခိုရာစန်းမှ လူတိုင်းနီးပါးက မဟာထန်အပေါ် အမြင်သစ်တစ်မျိုးဖြင့် ကြည့်နေကြပြီဖြစ်သည်။ ထိုအရာသာ မကသေးချေ ဖုန်းချန်းချင်က အာရေးဗီးယား၏ ကာလစ်ထံမှ တောင်းဆိုထားသော ရွှေတစ်ပိုင်းတစ်စကိုယူပြီး မြို့ကိုပြန်လည်ပြင်ဆင်ရန်နှင့် တိုက်ပွဲတွင် ဆုံးရှုံးမှုများ ရှိခဲ့သည့် ပြည်သူများကို ကူညီရန် ဆုံးဖြတ်ခဲ့သည်။
တစ်ချိန်ထဲတွင်ပင် တိုက်ပွဲက ပြီးဆုံးကာစသာ ရှိသေးသည်။ လူအများ၏ နှလုံးသားက မတည်ငြိမ်သေးချေ။ ထို့ကြောင့် မဟာထန်က ခိုရာစန်းနီများ ပုန်ကန်သူစစ်သားများနှင့် ပူးပေါင်းပြီး အဖွဲ့ငယ်လေးများဖွဲ့ကာ မြို့အတွင်း ကင်းလှည့်စေလျှက် လူများ၏စိတ်ကို ငြိမ်းချမ်းစေလေသည်။
ခိုရာစန်းသို့ မဝင်ရောက်ခင်ကတည်းက ဖုန်းချန်းချင်က ကြိုတင်ပြင်ဆင်မှုများ လုပ်ခဲ့ပြီးသားဖြစ်သည်။
သူကိုယ်တိုင် စေလွှတ်ခဲ့သည့် ကင်းထောက်များမှတစ်ဆင့် ဖုန်းချန်းချင်ဟာ ခိုရာစန်းတွင် ပစ္စည်း အမြောက်အများ လိုအပ်နေကြောင်း သိခဲ့ရသည်။ ဈေးတွင်ရနိုင်သော ပစ္စည်းများအားလုံးက မဟာထန်မှ ရောက်လာခြင်းဖြစ်ပြီး အလွန်အမင်းလည်း ဈေးကြီးသေးသည်။ ထို့ကြောင့် ဖုန်းချန်းချင်က နေ့စဉ်အသုံးအဆောင် ပစ္စည်းကောင်း အမျိုးမျိုးကို ကုန်သွယ်လှည်း အစီးသုံးဆယ်နှင့်အတူ ယူဆောင်လာခဲ့သည်။
ထိုကုန်သွယ်လှည်းကြီးများက ခိုရာစန်းသို့ ဝင်ရောက်လာသောအခါ ခိုရာစန်းရှိ လူတိုင်းနီးပါးက အရှေ့ပိုင်းတိုင်းပြည်မှ ကုန်ပစ္စည်းများကို အလွန်စိတ်ဝင်စားသွားသည်။ သို့သော် လူအများ၏ အာရုံကို မဆွဲဆောင်နိုင်သည့် စည်းမျဉ်းတစ်ခုလည်း ရှိသေးသည်။
ကျောင်း
မဟာထန်၏ စစ်ဘက်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ အထောက်အပံ့များနှင့် ယွမ်ရှု့စုန့်နှင့် တပည့်တို့သည် အနောက်ပိုင်းနယ်မြေတွင် ကျောင်းများကို ခပ်မြန်မြန် တည်ဆောက်လိုက်နိုင်သည်။ ကျောင်းများက မူလအစပိုင်းတွင်မူ ကလေးများကိုသာ လက်ခံသည်။ သို့သော် လူကြီးအနည်းငယ်လည်း ပါသည်။ ကျောင်းများ၏ စည်းမျဉ်းများအရ ရိုးသားစွာသာ ပညာသင်ကြားမည်ဆိုလျှင် ကျောင်းရှိ မည်သည့် ကျောင်းသားကျောင်းသူကမဆို တစ်ရက်လျှင်သုံးနှပ်ခန့် စားသောက်ခွင့်ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး မဟာထန်ဘက်မှ အပိုစရိတ်များကိုလည်း လက်ခံရရှိဦးမည်ဖြစ်သည်။
ထိုကဲ့သို့သော ကျောင်းများက ခိုရာစန်းတွင် တည်ရှိခဲ့ဖူးခြင်းမရှိချေ။ အစပိုင်းတွင်မူ လူအများက သံသယဝင်နေကြသည်။ သို့သော် ပါးရန်နှင့် ပုန်ကန်သူ ခေါင်းဆောင်များ၏ အကူအညီကြောင့် ထိုကျောင်းများတွင် ကျောင်းသားရှစ်ရာကျော်ခန့် စာရင်းပေးသွင်းလာသည်။ ဒါဟာ ပထမအစသာ ရှိသေးသည်။ ပမာဏက သိပ်မများချေ။ သို့သော် နယ်ခြားမြေဆီလွှာအတွင်း ပထမဦးဆုံး ကျလာသည့် ခြေရာများဖြစ်နေသည်။ အနာဂတ်တွင် ထန်ဘာသာစကားက တောမီးလိုမျိုး ပျံ့နှံ့သွားပေလိမ့်မည်။
ဝမ်ချောင်၏ အကြံအတိုင်း နောက်ထပ် ပို၍များပြားသော ကျောင်းများကို ဆက်လက်ပြီး တည်ဆောက်သည်။ အရာအားလုံးက မရပ်တန့်နိုင်သည့် အရှိန်နှုန်းနှင့် နည်းစနစ်ကျကျ ဖြစ်ပွားနေသည်။ သို့သော် ဝမ်ချောင်၊ ကောင်းရှန်းကျစ်နှင့် အခြားသော ရာထူးမြင့်ပုဂ္ဂိုလ်များ၏ အာရုံကို ဆွဲဆောင်လိုက်သည့် မတော်တဆမှုတစ်ခုကလည်း ဖြစ်လာသေးသည်။
“ဒီနေရာလား”
ဝမ်ချောင်က ရှေ့သို့ကြည့်ရင်းမေးသည်။
“ဒီနေရာပါ”
ခိုရာစန်းနီစစ်တပ်က ရိုသေလေးစားစွာပြောသည်။ သူသည် ဒူးတစ်ဖက်ပင် ထောက်ချထားသေး၏။ ခိုရာစန်းနီများ၏ စိတ်ထဲတွင် ဝမ်ချောင်၏ အဆင့်အတန်းနှင့် လွှမ်းမိုးနိုင်စွမ်းအားက ပါးရန်နှင့်ပင် ညီနေသည်။ အချို့ဆိုလျှင် ပါးရန်ကိုပင် ကျော်နိုင်လောက်သည်။
ဝမ်ချောင်သည် ဘာစကားမှမဆိုဘဲ သူ၏အရှေ့မှ လုံးဝိုင်းနေသည့် တွင်းကြီးကိုကြည့်သည်။ တွင်းက အချင်းနှစ်မီတာခန့်ရှိပြီး အောက်ခြေကို မမြင်ရလောက်အောင် နက်သည်။ ဝမ်ချောင်က သူ၏စိတ်စွမ်းအားဖြင့် စမ်းသပ်ကြည့်လိုက်သည်။ သို့သော် ထိုသို့လုပ်ခဲ့သည့်တိုင်အောင် သူဟာ အောက်ခြေကို မမြင်ရသေးချေ။
“ဒါကဘယ်လိုဖြစ်တာလဲ ရှင်းပြပါဦး”
ပုန်ကန်သူခေါင်းဆောင်က ပြောသည်။
“ဒီတစ်ကြိမ် နှင်းမုန်တိုင်းက အရင်နှင်းမုန်တိုင်းတွေထက် အရမ်းကိုပြင်းထန်တယ်။ မြေပြင်မှာ နှင်းတွေက အရမ်းကိုထူပိန်းနေတဲ့အထိ ပုံနေခဲ့တာ။ နှင်းတွေကိုဖယ်ရှားရင်း လူတစ်ယောက်က ဒီနေရာမှာ ရပ်နေတယ်။ ဒါပေမဲ့ သူက နှင်းတွေကို စပြီးမတူးနိုင်သေးခင် ပတ်ပတ်လည်က ပြိုလဲကျသွားတာပဲ။ သူတောင် ပါသွားသေးတယ်။ ငါတို့သတင်းကိုကြားတော့ အပြေးလာပြီး သူ့ကိုကယ်ချင်သေးတယ်။ ဒါပေမဲ့ ငါတို့ဝင်သွားတဲ့အချိန်မှာ နောက်ထပ်နှစ်ကြိမ်လောက် ထပ်ပြီး မြေပြိုသွားတာပဲ။ ဒါကြောင့် ဒီတွင်းက ငါတို့ထင်ထားတာထက် ပိုနက်မယ်လို့ ခံစားမိခဲ့တာ။ အချို့စစ်သားတွေလည်း ကျသွားတယ်။ ဒါပေမဲ့ ဘယ်သူကမှ ပြန်မတက်လာနိုင်ဘူး။ နောက်ပိုင်းမှာ ငါတို့ကြိုးတစ်ချောင်း ချပေးတယ်။ ဒါပေမဲ့ ဘာအကြောင်းပြချက်မှန်းတော့ မသိဘူး။ ကြိုးကိုကိုင်ပြီး လူတွေဆင်းသွားတဲ့အခါ နည်းနည်းကြာသွားတာနဲ့ ကြိုးပေါ်ကနေ ပြုတ်ကျသွားကြတယ်။ ငါတို့တောင်မှ တစ်ဆက်တည်း မဝင်သွားရဲလို့ အရှင်တို့ကို လာပြီးအကြောင်းကြားတာပါ”
ဒူးထောက်နေသည့် စစ်သားကပြောသည်။
“ဒါဆိုရင် အနီးအနားကလူတွေက ဘာလို့ တစ္ဆေသရဲတွေလို အော်ဟစ်နေကြတာလဲ”
ပါးရန်က မေးခွန်းထုတ်သည်။
“ငါမသိဘူး ငါတို့ရောက်လာတာ နောက်ကျတယ်။ ပတ်ဝန်းကျင်ကလူတွေ ပြောစကားအရ ဒီတွင်းထဲက အနက်ရောင်အငွေ့တွေ ထွက်လာတယ်။ အဲ့ဒီနောက် ရွှေရောင်မီးတောက်က ထွက်လာပြီး မိစ္ဆာတွေလို အော်ဟစ်သံလို အသံမျိုးက ထွက်လာတယ်ဆိုပဲ။ ဒါပေမဲ့ ငါတို့ရောက်လာတဲ့အချိန်မှာ ဘာမှမရှိတော့ဘူး”
စစ်သားတစ်ယောက်ကပြောသည်။
ပါးရန်က မျက်မှောင်ကျုံ့သည်။ သူသည် စကားလုံးများကြောင့် ပို၍ပင် စိတ်ရှုပ်သွားသေးသည်။ ခိုရာစန်းသည် ဗဟိုပြင်ကျယ်နှင့် ကွာခြားသည်။ မိစ္ဆာနတ်ဆိုးများက ဒီတိုင်း ဒဏ္ဍာရီသပ်သပ် မဟုတ်ချေ။ လူများကလည်း ထိုသူများဟာ တစ်ချိန်က အမှန်တကယ် တည်ရှိခဲ့သည်ဟု ယုံကြည်ထားကြသည်။ ထို့ကြောင့် သာမာန်လူများအားလုံးကလည်း မိစ္ဆာနတ်ဆိုးများ တည်ရှိကြောင်း ယုံကြည်ကြလေသည်။ ယခုလိုနေရာမျိုးတွင် အနက်ရောင်အငွေ့များ ထွက်လာပြီး မိစ္ဆာဟိန်းသံကို ကြားရခြင်းက ပုံမှန်မဟုတ်နိုင်ချေ။
“မဟာဗိုလ်ချုပ်ကြီး ငါအရင်ဆင်းပါရစေ။ ငါအခြားသူတွေကိုလည်း ကယ်နိုင်တယ်”
ပုန်ကန်သူ အရာရှိတစ်ယောက်က ရှေ့ထွက်လာသည်။ သူသည် ချက်ချင်းဆိုသလို ခုန်ဆင်းရန် ကြံစည်သည်။
“နေဦး အလျင်လိုစရာမလိုဘူး”
ဝမ်ချောင်ကပြောပြီး လက်ယမ်းပြသည်။
“စီနီယာကျန်း ငါဒီကိစ္စကို ခင်ဗျားရဲ့တာဝန်အဖြစ် လွှဲထားပေးလိုက်မယ်။ ဒီတွင်းကို အရင်ဆုံး ကိုင်တွယ်လိုက်ပါဦး။ အဲ့ဒီနောက် ငါတို့အထဲကို ဝင်ကြမယ်”
“နားလည်ပြီ”
ကျန်းရှို့ကျစ်က ခေါင်းညိမ့်လိုက်ပြီး သူ၏တပည့်များကို ခပ်မြန်မြန်ခေါ်သည်။ သူတို့သည် ကြီးမားသည့် ဖားဖိုကြီးပေါင်းများစွာကို တပ်ဆင်ပြီး အဝတ်များ၊ သံမဏိကောက်များနှင့် ပြုလုပ်ပြင်ဆင်ထားသည့် မြောက်များလှစွာသော ပိုက်ကြီးများကို သုံးကာ တွင်း၏အဝနားတွင် ချိတ်ဆွဲထားလိုက်သည်။ ထို့နောက် တဖန်ထပ်ပြီး ဖားဖိုကြီးများကိုသုံးကာ တွင်းအနက်ပိုင်းသို့ လေများကို မှုတ်သွင်းပေးသည်။
ယခုလို အချိန်အတန်ကြာအောင် ပိတ်နေခဲ့သော တွင်းထဲတွင် မသန့်စင်သော လေများ ရှိနေလောက်သည်။ ဒါဟာ အသက်ရှုရန် မသင့်လျော်ချေ။ ထို့ကြောင့် ပထမဦးဆုံး ပြုတ်ကျသွားသည့် အစောင့်များနှင့် ဗိုလ်ချုပ်များက သေနေလောက်လေပြီ။ ဝမ်ချောင်က ရောက်ရှိသွားချိန်တွင်လည်း ဒီနေရာကို အလျင်စလိုမဝင်သင့်ကြောင့် သိသည်။
သိုင်းပညာရှင်တစ်ယောက်က မည်မျှအင်အားကြီးမားနေစေကာမူ ထိုလူများသည်လည်း လူသားဖြစ်နေသေးလေသည်။
အခန်း(၁၁၉၃)
“အဆင်သင့်ဖြစ်ပြီ”
တစ်နာရီနီးပါးခန့်ကြာပြီးနောက် ဖားဖိုကြီးခြောက်ခုကိုသုံးပြီး လေများမှုတ်သွင်းနေသည့် အချိန်တွင် ဝမ်ချောင်က တွင်းထဲသို့ ချောမွေ့စွာ ဆင်းသက်လိုက်နိုင်ပြီဖြစ်သည်။ ကောင်းရှန်းကျစ်နှင့် ပါးရန်တို့ကလည်း ကပ်လိုက်သွားသည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ။
အောက်သို့အနည်းငယ် ဆင်းပြီးနောက် ဝမ်ချောင်က သူ၏လက်ချောင်းများနှင့် နံရံထဲသို့ထိုးကြည့်ပြီး ကြောင်အသွားသည်။ တွင်းက ပိန်းပိတ်အောင် မည်းမှောင်နေသော်လည်း ဝမ်ချောင်ကဲ့သို့ မဟာဗိုလ်ချုပ်ကြီးများကမူ ညအမှောင်အတွင်းတွင်ပင် မြင်နိုင်စွမ်းရည်ရှိနေသည်။ နံရံတွင် ဝမ်ချောင်က နံရံဆေးရေးပန်းချီများကို ရှာတွေ့လိုက်သည်။
အခြားသော နံရံဆေးရေးပန်းချီများနှင့် မတူသည်မှာ အရည်ကျိုသတ္ထုရည်များကို နံရံပေါ် လောင်းချပြီးမှ ဖန်တီးထားခြင်းဖြစ်လောက်သည်။ အထူးဆန်းဆုံး ကိစ္စကမူ ထိုသတ္ထုက သွေးနီရောင်တူနေသည်။
ဝမ်ချောင်က တခဏကြာအောင် ဆက်လက်လေ့လာနေပြီးနောက် အဖြစ်အပျက်ကို လျှင်မြန်စွာ နားလည်သွားသည်။ သတ္ထုရည်ကို လောင်းချထားချိန်တွင် မြောက်များလှစွာသော လူသွေးများ ရောနှောသွားခဲ့ခြင်းဖြစ်လောက်သည်။ တိုက်ပွဲရာပေါင်းများစွာကို ကျော်ဖြတ်ခဲ့ဖူးသော ဗိုလ်ချုပ်တစ်ယောက် အနေနှင့် ဝမ်ချောင်၏အတွေးက မမှားနိုင်ချေ။
ထိုနံရံဆေးရေးပန်းချီများက ဆမ်ဆာနစ်မင်းဆက်၏ ပုံစံမျိုးဖြစ်သည်။ ဝမ်ချောင်က ခေါင်းများမှ ဦးချိုများ ချွန်ထွက်နေသော မိစ္ဆာနတ်ဆိုး ပုံရိပ်များအပြင် ထိုပုံရိပ်များ၏ အနောက်ဘက်မှ လူသားအလောင်းကွင်းကြီးကို မှတ်မိလိုက်သည်။
“မိစ္ဆာနတ်ဆိုး”
ထိုအခိုက်အတန့်တွင် သိပ်သည်းလွန်းသော ဆိုးရွားသည့်ရနံ့က သူ၏ကိုယ်ကို လွှမ်းခြုံလာသည်။ ထိုထဲတွင် သေဆုံးခြင်းရနံ့များလည်း ပါသည်။
အပြင်ဘက်မှ အစောင့်များပြောပုံနှင့် မတူသည်မှာ ဒီတွင်းထဲမှ နံရံဆေးရေးပန်းချီများကြောင့် ဝမ်ချောင်၊ ပါးရန်နှင့် ကောင်းရှန်းကျစ်တို့ ဝင်ရောက်လာခဲ့သည်။
ဗဟိုပြင်ကျယ်သည် မိစ္ဆာနတ်ဆိုးများနှင့် ပတ်သတ်သည့် ဒဏ္ဍာရီများကို မပိုင်ဆိုင်ထားချေ။ သို့သော် ဒီနေရာတွင်မူ နေထိုင်သူများက မိစ္ဆာနတ်ဆိုးများကို အလွန်အမင်း ယုံကြည်ကြသည်။ ထိုအရာများ တည်ရှိသည်မှာလည်း သံသယဝင်စရာမရှိချေ။
“ဒါက ရှေးခေတ်အပျက်အစီးနယ်မြေ တစ်ခုပဲ။ ဒီနံရံပေါ်က စကားလုံးတွေက အားလန်မင်းဆက်ခေတ်က ဖြစ်လောက်တယ်”
ဝမ်ချောင်၏အနောက်ဘက်မှ ပါးရန်၏အသံက ထွက်လာသည်။ သူက သူ၏လက်ချောင်းများကိုသုံးပြီး နံရံထဲသို့ ထိုးဆွကြည့်ကာ နံရံဆေးရေးပန်းချီများကို လေ့လာသည်။
“ဒါကဘာပြောထားလဲဆိုတာကို မင်းဖတ်တတ်လား”
ကောင်းရှန်းကျစ်၏ အသံကလည်း ထွက်လာသည်။ သူ၏အသံက ဝမ်ချောင်နှင့် ပါးရန်တို့၏ အထက်မှဖြစ်သည်။ သူသည်လည်း သိချင်စိတ် ပြင်းပြနေသည်။
“ငါမသိဘူး”
ပါးရန်ကခေါင်းခါသည်။ သူ၏အမူအရာက တည်ငြိမ်သွားသည်။
“ဒါပေမဲ့ ဒီနံရံဆေးရေးပန်းချီတွေရဲ့ အဓိပ္ပာယ်က ဆက်သွယ်ဖို့ဆိုတာကို နားလည်လိုက်တယ်။ ဒီနေရာက တားမြစ်နယ်မြေဖြစ်ပြီး ဝင်ရောက်ခွင့်မရှိဘူးတဲ့”
ထိုတခဏတွင် တွင်းဟာ သေလုခြောက်ခြားဖွယ်ဖြစ်အောင် တိတ်ဆိတ်သွားသည်။ လူတိုင်းကလည်း ဖော်ပြရန်ခက်ခဲသည့် ခံစားချက်မျိုးကို ရလိုက်ကြသည်။
အင်ပါယာတိုင်း၊ တိုင်းပြည်တိုင်းတွင် ရှေးဟောင်းဒဏ္ဍာရီများ လူမျိုးစုများ ရှိခဲ့သည်။ အင်အားကြီးမားသော လူမျိုးစုများက သမိုင်းမှ ပျောက်ကွယ်သွားပြီးသည်မှာ ကြာလှချေပြီ။ သို့သော် သူတို့က သူတို့၏ အကြွင်းအကျန် အမွေအနှစ်များ၊ သဲလွန်စများကို ဖုန်များနှင့်အတူ ချန်ထားရစ်ခဲ့သေးသည်။ ရှင်းလင်းစွာပင် အာရပ်မင်းဆက်ကလည်း တစ်ခုဖြစ်လေသည်။
“သွားရအောင်”
ပါးရန်က သူ၏ကြယ်တာရာစွမ်းအားကိုသုံးပြီး အောက်ပိုင်းသို့ ဆက်လက် ဆင်းသက်သွားသည်။ သူ၏အနောက်ဘက်မှ ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့က အကြည့်ချင်းဖလှယ်ပြီး လိုက်ဆင်းသွားကြသည်။ သူတို့က အနက်ပိုင်းသို့ ရောက်လေလေ မှောင်လာလေလေဖြစ်ပြီး လေထဲမှ ရနံ့ကလည်း သူတို့ကို လွှမ်းခြုံလာသဖြင့် အသက်ရှုကြပ်မတက် ဖြစ်လာသည်။ ထိုအခါမှသာ ဝမ်ချောင်က မည်သည့်အတွက်ကြောင့် အောက်ဘက်သို့ ရှုရှိုက်ရန် လေများမှုတ်သွင်းစေခဲ့ကြောင်း နားလည်လိုက်သည်။
သူတို့ကအောက်သို့ ဆင်းလေလေ မည်သူကမှ စကားမပြောဖြစ်တော့ချေ။ အချိန်တခဏခန့် ကြာပြီးနောက် ဝမ်ချောင်က ဖမ်းကိုင်ထားမှုကို လွှတ်ပေးလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
“တအားမြင့်တယ်”
ဝမ်ချောင်က အပေါ်ဘက်သို့ တစ်ချက်ကြည့်သည်။ သူ၏ရှု့ထောင့်မှကြည့်သော် ဝင်ပေါက်က နှမ်းစေ့ အရွယ်အစားတမျှ သေးသွားလေပြီ။ ဝမ်ချောင်က ဒီနေရာတွင် ရှိနေသည့် တွင်းအောက်ခြေဟာ မီတာရာကျော် ရှိနိုင်ကြောင်း သိလိုက်သည်။
ဝမ်ချောင်သည် သူ၏အရှေ့ရှိ အရာကို ခပ်မြန်မြန် လှည့်ကြည့်လိုက်သည်။ တွင်း၏အောက်ပိုင်းတွင် ရှိနေသော အရာက သူတို့ထင်ထားသည်နှင့် ခြားနားနေသည်။ ဒီနေရာက ပြွတ်သိပ်ပြီး ကျဉ်းမြောင်းနေခြင်းမရှိဘဲ ကြီးမားလွန်းသော သဘာဝဂူကြီးဖြစ်နေသည်။ ထိုဂူသည် မီတာနှစ်ဆယ်ကျော်မြင့်ပြီး အလွန်အမင်းကျယ်သည်။ ကြမ်းပြင်ကမညီဘဲ အပေါက်များလည်း ရှိနေသည်။ အစိမ်းရင့်ရောင် အလင်းများကလည်း ကွဲအက်ရာများအကြားမှ ဝင်ရောက်လာနေသေးသည်။
ဝမ်ချောင်က ဂူထဲမှ ကြီးမားလွန်းသော အနက်ရောင်ပုံရိပ်ကြီး တစ်ခုကို ခပ်မြန်မြန် သတိထားမိသွားသည်။ ထိုပုံရိပ်ကြီးက ကြီးမားလွန်းသော နန်းတော်ကြီးဖြစ်သည်။
“ဒါက... ဘယ်လိုကြောင့်လဲ”
ကောင်းရှန်းကျစ်က အံ့အားတကြီးရေရွတ်ရင်း ကြည့်သည်။ သူသည်လည်း အောက်သို့ ရောက်လာလေပြီ။ ထိုရှေးဟောင်းနန်းတော်ကြီးက မြေအောက် အနက်ရှိုင်းဆုံးအပိုင်းတွင် ခမ်းနားထည်ဝါစွာ ရှိနေခြင်းဟာ သူ့ကိုလည်း စွံ့အစေသည်။ သူက ကိုယ်တိုင်မြင်ရသောကြောင့်သာ မဟုတ်လျှင် ပျောက်ကွယ်သွားသည်မှာ ကြာလှပြီဖြစ်သည့် ရှေးဟောင်းမင်းဆက်ကြီးက ဒီနေရာတွင် နန်းတွင်းကြီးတစ်ခုကို ချန်ထားရစ်ခဲ့ကြောင်း သိလိမ့်မည်မဟုတ်ချေ။
အထက်ခိုရာစန်းမြို့နှင့် မတူသည်မှာ ဒီနန်းတော်က ပို၍ရိုးရှင်းပြီး ပို၍ ခမ်းနားထည်ဝါသေးသည်။ မှင်သက်ဇွယ် အကောင်းဆုံးကမူ ကြီးမားလွန်းသောတိုင်ကြီး (၁၂)တိုင် ရှိနေခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ မဟာထန်၊ ခိုရာစန်း၊ အာရေးဗီးယားတို့နှင့် မတူသည်မှာ ထိုအဆောက်အဦးများကို ကြေးနီသားဖြင့် လုပ်ထားခြင်းဖြစ်သည်။ သူတို့မြင်နေရသည့် အစိမ်းရင့်ရောင် အလင်းများကမူ နန်းတော်ကို ပြုလုပ်ခဲ့သည့် ကြေးနီမှ ထွက်လာခဲ့ခြင်းဖြစ်လောက်သည်။
“မဖြစ်နိုင်တာ”
ဝမ်ချောင်က နန်းတော်အတွင်းသို့ ဝင်ရောက်ကာ လေ့လာနေပြီဖြစ်သည်။ ထိုနန်းတော်က ခြားနားသော ပုံစံမျိုးနှင့်ဖြစ်ပြီး လေထုထဲတွင် သမိုင်း၏ရနံ့က သိပ်သည်းနေကာ လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။ သူတို့ကို အချိန်နောက်ပြန်ဆွဲခေါ်သွားသလိုမျိုး အားလန်ခေတ်သို့ ရောက်သွားစေသည်။ ထိုသို့ဖြင့် ဆမ်ဆာနစ်မင်းဆက်၏ ဒဏ္ဍာရီများက အမှန်တကယ် ဖြစ်ပျက်လာသလို ခံစားလိုက်ကြရစေသည်။
“ဒါကတကယ်ပဲ အားလန်မင်းဆက်ရဲ့ အပျက်အစီးနယ်မြေပဲ”
နောက်မှ ထပ်မံဆင်းသက်လာကြသော ပုန်ကန်သူခေါင်းဆောင်များထံမှ သက်ပြင်းချ ချီးကျူးသံများကို ကြားရသည်။ အားလုံးကလည်း အံ့အားသင့်မှုအပြည့်နှင့် နန်းတော်ကြီးကို ကြည့်နေကြသည်။
ခလွက်
အားလုံးက မြေအောက်နန်းတော်ကြီးကို ဂရုတစိုက် ကြည့်နေကြသည့် အချိန်တွင် မြေအောက်လောက တစ်ခုလုံးတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည့် စူးရှသည့် ကွဲအက်သံကို ကြားလိုက်ရပြီး လူတိုင်းက ချက်ချင်းလိုလို မော့ကြည့်လိုက်ကြသောအခါ ပုန်ကန်သူ ဗိုလ်ချုပ်တစ်ယောက်က အလောင်းတစ်လောင်း အရှေ့တွင် ရပ်နေကြောင်း မြင်လိုက်ရသည်။ သူ၏ရှု့ထောင့်မှကြည့်သော် သူဟာ ထိုအလောင်းပေါ် တက်နင်းမိပြီး ကြောက်လန့်သွားခြင်းဖြစ်လောက်သည်။
“ဒါက အောက်ကို ပြုတ်ကျသွားတဲ့ ပုန်ကန်သူ စစ်သားတွေပဲ”
ဝမ်ချောင်က ထိုအလောင်းကို ခပ်မြန်မြန် မှတ်မိလိုက်ပြီး မျက်ခုံးပင့်လိုက်မိသည်။ ထိုနေရာတွင် အလောင်း ခုနှစ်လောင်း၊ ရှစ်လောင်းခန့် ရှိနေသည်။ သူတို့၏ သံချပ်ကာများအရ သူတို့သည် ဝမ်ချောင်တို့မတိုင်မီ တွင်းထဲသို့ ပြုတ်ကျသွားခဲ့သောသူများဖြစ်ကြောင်း သိနိုင်သည်။ သူတို့ကျထားခဲ့သော နေရာက အလွန်ဝေးနေသည်။ သူတို့သည်လည်း ဒီမြေအောက် အပျက်အစီးနယ်မြေကို ရှာတွေ့သဖြင့် သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်လောက်သည်။
သို့သော် သူတို့၏ ဒဏ်ရာများက သူတို့ကို ထိုဆန္ဒကို မပြီးမြောက်စေခဲ့ချေ။
“သွားပြီးတစ်ချက် ကြည့်ရအောင်”
ပုန်ကန်သူခေါင်းဆောင်က အရင်ဦးဆုံး တုန့်ပြန်နိုင်သွားသည်။ သူသည် အလောင်းများကို ကျော်ပြီး ရှေ့သို့ဆက်သွားသည်။ သေသူကသေသွားလေပြီ သို့သော် အသက်ရှိနေသည့် လူများက ဆက်ရှင်ရန် လိုအပ်သည်။ သူတို့ကလည်း သေဆုံးသောလူများကို အသက်ပြန်မသွင်းပေးနိုင်ချေ။ ထို့ကြောင့် အလောတကြီး လုပ်ရမည့်ကိစ္စက မြေအောက် အပျက်အစီးနယ်မြေနှင့် ပတ်သတ်ပြီး ရှာဖွေစုံစမ်းရန်ဖြစ်သည်။
ပုန်ကန်သူခေါင်းဆောင်က အတွင်းသို့ဝင်သွားပြီးနောက် ကောင်းရှန်းကျစ်နှင့် ဝမ်ချောင်တို့က လိုက်သွားကြသည်။
“ဘယ်လိုတောင် ထူးဆန်းတဲ့ နေရာလဲ”
ဝမ်ချောင်က ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်ကာ သတိထားလမ်းလျှောက်နေသည်။ ဒီနေရာရှိ အရာအားလုံးက သူ့အတွက် သစ်လွင်ကာ လန်းဆန်းနေသည်။ ဝမ်ချောင်ကပင် ရှေးဟောင်း လူမျိုးစုတစ်ခု၏ အပျက်အစီးနယ်မြေကို မကြားဖူးသေးချေ။
အဖွဲ့က သတိထားကာ ရှေ့သို့ဆက်သွားကြသည်။ သူတို့သည် ပို၍မှေးမှိန်သော အစိမ်းရောင် အလင်းများ ထွက်သည့်နေရာသို့ ဝင်ရောက်လိုက်နိုင်သည်။ သူတို့သည် မှေးမှိန်သော အစိမ်းရောင် အလင်းများ ပို၍တောက်ပလာပြီး ပို၍များပြားသော ကြေးနီနံရံဆေးရေး ပန်းချီများကို ရှာတွေ့လာသည်။ သို့သော် တဖြည်းဖြည်းချင်း ခြားနားသည့် မြင်ကွင်းမျိုးက ပေါ်လာသည်။ နံရံဆေးရေးပန်းချီများက တစ်ပုံနှင့်တစ်ပုံ မတူတော့ချေ။ သို့သော် အားလုံးဟာလည်း မိစ္ဆာနတ်ဆိုးတစ်ပါးနှင့် လူအလောင်းများ ဖြစ်နေသေးသည်။ ပုံစံချင်းကသာ ကွာခြားလာ၏။ ထိုနံရံဆေးရေးပန်းချီများမှ လွှတ်ထုတ်နေသည့် သေဆုံးခြင်းရနံ့နှင့် အရှိန်အဝါများက သိပ်သည်းလွန်းသဖြင့် အသက်ရှုကြပ်မတက် ဖြစ်လာစေသည်။
“ဝမ်ချောင် ဒီနံရံဆေးရေးပန်းချီတွေက ထူးဆန်းတယ်လို့ မထင်ဘူးလား”
ဝမ်ချောင်က နောက်သို့လှည့်ကြည့်လိုက်သောအခါ ကောင်းရှန်းကျစ်က ကြီးမားသည့် နံရံဆေးရေးပန်းချီကြီးကို လေ့လာနေသည်။ သူက မျက်မှောင်ကျုံ့နေ၏။
“ဘာဖြစ်လို့လဲ”
ဝမ်ချောင်က အနားသို့လျှောက်သွားပြီး တအံ့တဩကြည့်လိုက်သည်။
“ဒီနံရံဆေးရေးပန်းချီတွေက လူတွေကိုသတ်ဖြတ်နေတဲ့ မိစ္ဆာနတ်ဆိုးတွေလို့ ထင်ရတယ်။ ဒါပေမဲ့ ဂရုတစိုက်သာ ကြည့်မယ်ဆိုရင် ဒီမိစ္ဆာနတ်ဆိုးတွေ အားလုံးက လူသားတွေကို ကျောပေးထားတာမဟုတ်လား”
ကောင်းရှန်းကျစ်က မျက်မှောင်ကျုံ့သည်။
“အို”
ဝမ်ချောင်က ကောင်းရှန်းကျစ်၏ အကြည့်အတိုင်း ခပ်မြန်မြန် ကြည့်လိုက်သည်။ ထိုနံရံဆေးရေးပန်းချီရှိ မိစ္ဆာနတ်ဆိုးက အခြားသော မိစ္ဆာနတ်ဆိုးများထက် အများကြီး ကြီးမားသည်။ အနောက်ဘက်တွင် အဆုံးအစမဲ့သော လူအရိုးများ၊ အလောင်းများ ပုံနေသည်။ သို့သော် အခြားသော ပန်းချီများနှင့် မတူသည်မှာ ဒီမိစ္ဆာနတ်ဆိုး၏ အနောက်ဘက်တွင်မူ ရှင်းလင်းစွာပင် သက်ရှိလူသားအနည်းငယ် ရှိနေသည်။ အားလုံးက မိစ္ဆာနတ်ဆိုး၏ ကျောပြင်ကို ကြည့်နေကြသည်။ သို့သော် သူတို့၏ မျက်နှာမှ အမူအရာများကို မမြင်နိုင်ချေ။ ယခုလိုမျိုး ကောင်းရှန်းကျစ်က ပြောလာမှသာ ဝမ်ချောင်က အနုစိတ်ကျကျ ကြည့်မိ၍ သတိထားမိသွားသည်။ မိစ္ဆာနတ်ဆိုးများက လူသားများကို သတ်ဖြတ်နေလျှင် မျက်နှာချင်းဆိုင်နေသင့်သည်။
“အရှင်ကောင်း ဘာကိုဆိုလိုချင်တာလဲ။ ဒီနံရံဆေးရေး ပန်းချီတွေက လူသားတွေကို မိစ္ဆာနတ်ဆိုးတွေက သတ်ဖြတ်ခဲ့တာ မဟုတ်ဘူးလို့ ပြောချင်တာလား။ ဒီမိစ္ဆာနတ်ဆိုးတွေက ပိုပြီးအင်အားကြီးမားတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်နေနိုင်တာပေါ့”
ဝမ်ချောင်က တွေးတောနေရင်း မျက်မှောင်ကျုံ့လိုက်မိသည်။
သူတို့နှစ်ယောက်လုံးက တိတ်ဆိတ်သွားကြသည်။ မိစ္ဆာနတ်ဆိုးများက လူသားများကိုသတ်ဖြတ်ခြင်းက ပုံမှန်သာဖြစ်ကြောင်း အားလုံးက နားလည်လက်ခံထားကြသည်။ သို့သော် နံရံဆေးရေးပန်းချီများထဲမှ လူသားများကို မိစ္ဆာနတ်ဆိုးများက သတ်ဖြတ်ထားခဲ့ခြင်း မဟုတ်ချေ။ ထို့နောက်... နှစ်ယောက်လုံးက တစ်စုံတစ်ရာကိုတွေးမိသွားပြီး ပို၍မျက်မှောင်ကျုံ့လာသည်။
“အဲ့ဒီကိုကြည့်လိုက်ဦး”
အနီးအနားမှ အော်သံကထွက်လာသည်။ ပုန်ကန်သူခေါင်းဆောင် တစ်ယောက်က နံရံရှိ သင်္ကေတတစ်ခုကို အံ့အားတကြီးကြည့်နေသည်။
“မိစ္ဆာနတ်ဆိုး တိုင်(၇၂)တိုင်ရဲ့ သင်္ကေတက ဒီနေရာမှာရှိနေတယ်”
ဝုန်း
ထိုစကားက လူအုပ်ကို အံ့ဩသွားစေသည်။ သူတို့အားလုံးက ထိုပန်းချီနားတွင် ဝိုင်းသွားသည်။ ပါးရန်က အရင်ဦးဆုံးရောက်သွားပြီး ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့ကလည်း အပြေးလာကြသည်။
နံရံဆေးရေးပန်းချီများအကြားတွင် ရွှေတောင်ဆိတ်ကြီး၏ သင်္ကေတကို ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့က ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ သို့သော် သာမာန် တောင်ဆိတ်များနှင့် မတူသည်မှာ ထိုဆိတ်က သူ၏ဦးခေါင်းထိပ်တွင် ချိုသုံးခုရှိနေသည်။ ချိုတစ်ခုချင်းစီတိုင်းက ဖော်ပြရန်ခက်ခဲလောက်အောင် ထက်ရှပြီး ကောင်းကင်ကိုပင် ထိုးဖောက်နိုင်နေသည်။
ဂရုတစိုက်သာ ကြည့်မည်ဆိုလျှင် ထိုတောင်ဆိတ်တွင် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပုံရမည့် ရွှေရောင်မျက်ဝန်းတစ်စုံ ရှိနေကြောင်း မြင်နိုင်ပေလိမ့်မည်။
ဝမ်ချောင်က ထိုရွှေရောင်သင်္ကေတကို ဂရုတစိုက် ကြည့်နေသည်။ မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်က ခုံးတောင်တန်း အနောက်ပိုင်း နယ်မြေများအတွက် ကျော်ကြားလွန်းသည်။ အပုမူစလင်၏ သိုင်းကလည်း မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်မှလာပြီး အော့စမန်းက တိုက်ပွဲမှထွက်ပြေးရန် ကြိုးစားချိန်ကလည်း ထိုသိုင်းကို အသုံးပြုသွားခဲ့သည်။ ဒီလောကတွင် မိစ္ဆာနတ်ဆိုး တိုင်(၇၂)တိုင်က သက်တမ်းအရှည်ဆုံး ဖြစ်သည်။
“မဖြစ်နိုင်ဘူး အားလန်မင်းဆက်နဲ့ မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်က ခေတ်တစ်ခုတည်း ရှိခဲ့တာမှမဟုတ်တာ။ ဘာလို့ မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်ရဲ့ ဒဏ္ဍာရီတွေကို သူတို့က သိနေရမှာလဲ”
ပုန်ကန်သူခေါင်းဆောင် တစ်ယောက်က နံရံမှ မိစ္ဆာနတ်ဆိုး သင်္ကေတကြီးကို အံ့အားတကြီး ကြည့်နေသည်။
လူအုပ်က ပို၍စကားများလာသည်။ သူတို့အားလုံးကလည်း မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်၏ ပေါ်ပေါက်လာမှုကြောင့် အလွန်အမင်း အံ့အားသင့်နေကြလေသည်။
အခန်း(၁၁၉၄)
“မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်နဲ့ပတ်သတ်ပြီး ဒဏ္ဍာရီတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အဓိက ပြောထားကြတာတွေကတော့ မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်ကို အားလန်မင်းဆက်ရဲ့ ပိုပြီးရှေ့ရောက်တဲ့ ခေတ်ကာလကြီးတစ်ခုမှာ ပင်လယ်အတွင်း ပိတ်လှောင်ထားခဲ့တယ်ဆိုတာပဲ။ ပိုဆိုးတာက ဒဏ္ဍာရီတွေထဲမှာ အားလန်မင်းဆက်က နတ်ဘုရားတွေကို အယုံကြည်ဆုံး လူမျိုးစုဖြစ်ပြီး အရမ်းကိုလည်း အင်အားကြီးကြတယ်။ ဒါပေမဲ့ အချို့အကြောင်းပြချက်တွေကြောင့် တစ်ညတည်းနဲ့ ပျောက်ကွယ်သွားခဲ့ပြီး တိုင်းပြည်ကြီးတစ်ခုလုံးက သုတ်သင်ရှင်းလင်းခံခဲ့ရတယ်”
ပါးရန်၏ ရင်းနှီးကျွမ်းဝင်သော အသံက လူတိုင်း၏နားအတွင်း ထွက်လာသည်။ သူက ထိုသို့ပြောရင်း ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့၏ အနားသို့ လျှောက်လာသည်။
“အားလန်မင်းဆက်က မျိုးဆက်အနည်းငယ်ကိုပဲ ချန်ထားရစ်ခဲ့တာ။ နောက်ပြီး အဲ့ဒီခေတ်နဲ့ ဆက်စပ်နေတဲ့ ဘယ်လက်နက်ပစ္စည်းကမဆို အရမ်းကိုထူးခြားပြီး လေးစားဖို့ကောင်းတဲ့ စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားကြတယ်။ ဒီအချက်ကြောင့်ပဲ အားလန်မင်းဆက် ပျက်စီးခဲ့တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အားလုံးက စိတ်ရှုပ်ထွေးနေကြရတာပေါ့”
ဆမ်ဆာနစ်မင်းဆက်ကိုပင် ကျော်လွန်နေသည့် ရှေးဟောင်းလူမျိုးစုကြီးကို ဆမ်ဆာနစ်နှင့် အနီးအနား တိုင်းပြည်များသာ နားလည်နိုင်သည်။ ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်ကလည်း ဘာကိုမှမသိပါချေ။
သိပ်မကြာခင် ထိုအဖွဲ့က မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်နှင့် ပတ်သတ်သည့် သင်္ကေတပေါင်းများစွာကို ရှာတွေ့လာသည်။ ပါးရန်၏ ရှင်းပြချက်များနှင့်ဆိုလျှင် ထိုနှစ်ယောက်သည်လည်း မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်နှင့် အားလန်မင်းဆက်တို့၏ ဆက်စပ်မှုကို နားလည်လာကြသည်။ သို့သော် သိပ်မကြာခင် အဖွဲ့က ဂူအပြင်ဘက် အစွန်းနားထိ ရှာဖွေလေ့လာ၍ပြီးသွားသည်။
ပုန်ကန်သူခေါင်းဆောင် အများစုကမူ အသိသာဆုံး နေရာသို့ အာရုံစိုက်ထားသည်။ ထိုနေရာက ရှုပ်ထွေးသော နန်းတွင်းဖြစ်သည်။ ဝမ်ချောင်ကလည်း နန်းတွင်းအတွင်းသို့ ဝင်ရောက်ရန် ကြံစည်လိုက်သည်။ သူက တစ်ဖက်သို့ လှည့်လိုက်သည့်အချိန်တွင် ရုတ်တရက် သူ၏မျက်လုံးက နံရံပေါ်က သိသာထင်ရှားခြင်းမရှိသည့် သင်္ကေတတစ်ခုကို ကြည့်မိသွားသည်။
ဝုန်း
ဝမ်ချောင်၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူ၏မျက်လုံးက မှေးကျဉ်းသွားပြီး ရုတ်တရက် ရပ်လိုက်မိသည်။
“ဒါက...”
နံရံတွင် ဖျော့တော့သည့် အနက်ရောင်မျက်လုံး သင်္ကေတကြီးတစ်ခုရှိနေပြီး ထိုမျက်ဝန်းအတွင်း အနက်ရှိုင်းဆုံးအပိုင်းတွင် ပေါ်နေသည်မှာ လူသားတစ်ယောက်ဖြစ်သည်။ လက်မောင်းနှင့် ခြေထောက်များကိုလည်း ဆန့်ထားသေး၏။ မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်၏ ရွှေရောင်သင်္ကေတများနှင့် မတူသည်မှာ ထိုသင်္ကေတက သိသာထင်ရှားခြင်းမရှိချေ။ အလင်းမရောက်နိုင်သော အမှောင်ထောင့်နားတွင်သာ ရှိနေသည်။ ထို့ကြောင့် ဂရုသာမစိုက်မိလျှင် တွေ့ရန် အလွန်ခက်ခဲသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုအနက်ရောင်မျက်လုံးက ထူးခြားနေခြင်းလည်း မရှိပါချေ။ သို့သော် ဝမ်ချောင်က ထပ်ကြည့်မိသောအခါ နံရံရှိမျက်လုံးက အသက်ဝင်လာသလို ဖြစ်လာသည်။ ဝမ်ချောင်က စိုက်ကြည့်နေမိလေလေ တစ်ဖက်က ပြန်စိုက်ကြည့်လေလေ ဖြစ်လာသည်။ အလွန်အမင်းအေးစက်ပြီး ပြောရခက်သော ခံစားချက်တစ်မျိုးက ပေါ်ထွက်လာ၏။ သို့သော် ထိုအရာတစ်ခုတည်းကသာ ဝမ်ချောင်ကို အံ့ဩစေခြင်းမဟုတ်ချေ။
မဖြစ်နိုင်ဘူး ဒါမဟုတ်လောက်ပါဘူး။
ဝမ်ချောင်က လုံးဝိုင်းသော မျက်လုံးများနှင့် ထိုသင်္ကေတကို စိုက်ကြည့်နေမိသည်။ သူ၏စိတ်အတွင်း ကြီးမားသည့် အားလှိုင်းများက လိမ့်တက်လာသည်။ ဝမ်ချောင်သည် ထိုသင်္ကေတနှင့် မစိမ်းသက်ချေ။ သူသည် ကပ်ဘေးကာလအတောအတွင်းကလည်း တစ်ကြိမ်မြင်ခဲ့ဖူးသည်။ ဝမ်ချောင်က ထိုကိစ္စကို ရှေ့ဆက်ပြီး စုံစမ်းစစ်ဆေးကြည့်ခဲ့မိသည့်အခါ ထိုသင်္ကေတက ကပ်ဘေးနှင့် ရှင်းပြရန်ခက်ခဲလောက်အောင် ချိတ်ဆက်နေကြောင်း သိခဲ့ရသည်။ နံရံပေါ်ရှိ သင်္ကေတက ဝမ်ချောင်၏ မှတ်ဉာဏ်ထဲမှ ပုံစံနှင့် တထေရာတည်းမတူညီချေ။ သို့သော် အလွန်အမင်း နီးစပ်နေသည်။ ဝမ်ချောင်၏ မှတ်ဉာဏ်များထဲမှ တစ်ခုမဟုတ်လျှင်ပင် သံသယဝင်ရန် မလိုလောက်အောင် ဆက်စပ်မှု ရှိနေပေလိမ့်မည်။
သို့သော် သင်္ကေတတစ်ခုကို ဗဟိုပြင်ကျယ်တွင် ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး အခြားတစ်ခုကမူ ဝေးကွာသော ခိုရာစန်းတွင် ဖြစ်နေသည်။ ထို့ပြင် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ပျောက်ကွယ်သွားပြီဖြစ်သည်။ အားလန်လူမျိုးစုနှင့် ပတ်သတ်နေသည်။ သင်္ကေတနှစ်ခုကို ကျယ်ပြောလွန်းသော နေရာ၊ အချိန်နှင့် အာကာသပြင်က ခြားထားသည်။
ဗဟိုပြင်ကျယ်ရဲ့ အဆုံးသတ်နေ့တွေကို သူက ဒီနေရာမှာ ဘာလို့သင်္ကေတအဖြစ်နဲ့ လာမြင်နေရတာလဲ။
ဝမ်ချောင်၏စိတ်အတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ပေါ်ထွက်သွားသည်။
“သတိပေးချက် အသုံးပြုသူက ကံကြမ္မာရဲ့ သင်္ကေတကို ရှာတွေ့သွားလို့ ကံကြမ္မာပဟေဠိကို အသက်သွင်းနိုင်ပါပြီ”
ထိုအခိုက်အတန့်တွင် ကံကြမ္မာကျောက်တုံး၏ အလျင်လိုသော အသံက ထွက်ပေါ်လာသည်။ ကံကြမ္မာပဟေဠိက နောက်ဆုံးတွင် ခပ်မြန်မြန် လင်းလက်လာသည်။
ဝမ်ချောင်က သတိလက်လွတ် ကံကြမ္မာပဟေဠိ၏ စွမ်းရည်ကို အသက်သွင်းလုနီးပါးဖြစ်သွားသည်။
“ကံကြမ္မာပဟေဠိဆီက သတင်းအချက်အလက် ရယူမယ်”
“တောင်းဆိုမှုကို ငြင်းဆန်ပါတယ်။ အသုံးပြုသူအနေနဲ့ ဒီသင်္ကေတရဲ့ လျို့ဝှက်ချက်ကိုဖြေဖို့ နောက်ထပ် များပြားတဲ့ သတင်းအချက်အလက်တွေကို လိုအပ်ပါသေးတယ်”
ဝမ်ချောင်ကို အံ့ဩစေသည်မှာ တောင်းဆိုမှုကို ချက်ချင်းပယ်ချခံရသည်။ သူက အံ့အားသင့်နေသောကြောင့် ထပ်ပြီးစမ်းကြည့်မိသွားသည်။ ထို့နောက် တဖန်ထပ်စမ်းကြည့်သည်။ သို့သော် ကံကြမ္မာပဟေဠိ၏ စွမ်းရည်ကမူ တုန့်ပြန်ခြင်းမရှိချေ။
အချိန်တစ်ခုကြာပြီးနောက် ဝမ်ချောင်က လက်လျော့လိုက်သည်။ သို့သော် သူ၏စိတ်ကမူ လှုတ်ခတ် ခံနေရသေးသည်။ တာလာ့၏တိုက်ပွဲမှ အနိုင်ပြီးနောက် သူသည် တိုင်းတစ်ပါးနယ်မြေတွင် အနာဂတ် ကပ်ဘေးနှင့် ဆက်စပ်နေသည့် သင်္ကေတတစ်ခုကို မျှော်လင့်မထားဘဲ ရှာတွေ့လိုက်သည်။
မည်သို့ဖြစ်လာနိုင်ကြောင်း သူကိုယ်တိုင်လည်း မသိသေးသော်လည်း ပျောက်ကွယ်သွားသည့် အားလန်မင်းဆက်မှတစ်ဆင့် အခြားသော လောကမှ ကျူးကျော်သူများနှင့် ပတ်သတ်သည့် မူလဇစ်မြစ် အမှန်တရားတို့ကို ရှာတွေ့နိုင်ရန် အခွင့်အရေးတစ်ခု ရရှိမည်ဖြစ်သည်။
ဝုန်း
ရုတ်တရက် ဝမ်ချောင်က အလင်းများကြောင့် မူးဝေသွားသလို ခံစားလိုက်ရသည်။ သူ၏စိတ်က အင်အားများ ပြည့်နှက်လာပြီး ခန္ဓာကိုယ်ကလည်း တောင့်တင်းသွားသည်။ ထို့ကြောင့် သိချင်စိတ်နှင့် ကျေနပ်မှုတစ်ခုအတွက်ကြောင့်နှင့် သူဟာ တွန်းပို့ခံရခြင်းမရှိတော့ချေ။
“အားလန်မင်းဆက်က စာအုပ် ဒါက အားလန်မင်းဆက်ရဲ့ စာအုပ်ပဲ”
နန်းတော်ထဲမှ စိတ်လှုပ်ရှားသော အော်သံကထွက်လာသည်။
ထိုသတင်းကိုကြားသောအခါ ဝမ်ချောင်၏နှလုံးသားက ခုန်လှုပ်သွားသည်။ သူက ချက်ချင်းဆိုသလို အပြေးသွားသည်။ စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် သူဟာ ခမ်းနားထည်ဝါသော ကြေးနီနန်းတော်ကြီးအတွင်းသို့ ဝင်ရောက်လိုက်ပြီး အသံလာရာဘက်သို့ ပြေးသွားလိုက်လေသည်။
ထိုနန်းတွင်းထဲတွင် ပရိဘောဂအများကြီးရှိသည်။ အားလုံးက ရှေးဟောင်းအားလန်မင်းဆက်ခေတ် ပုံစံမျိုးနှင့်ဖြစ်သည်။ သို့သော် မည်သည့်ပစ္စည်းကမှ နန်းတွင်း၏ အလယ်ဗဟိုနေရာတွင် ကြေးနီရောင် ရစ်ပုလ္လင်လေးပေါ်တွင် တင်ထားသည့် ပစ္စည်းကို ယှဉ်နိုင်မည်မဟုတ်ချေ။ ထိုအရာက ရှေးဟောင်းစာအုပ်ဖြစ်သည်။
ဝမ်ချောင်က ရောက်သွားသောအခါ ထူထည်းလွန်းသော စာအုပ်အဖုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ စာအုပ်က ပွင့်လျက်သားဖြစ်သည်။ သို့သော် အချိန်က ကြာလာခဲ့သောကြောင့် စာမျက်နှာများက စာလုံးများ ပျောက်နေပြီဖြစ်သည့် လက္ခဏာကို ပြသနေသည်။ ထို့အပြင် စာရွက် တစ်ဝက်ကျော်ခန့်သာ ကျန်ရစ်သည့် နေရာများလည်းရှိသည်။
ဝမ်ချောင်က အနီးအနားရှိ ပုန်ကန်သူခေါင်းဆောင်တိုင်း၏ မေးခွန်းထုတ်သံကို ကြားလိုက်ရသည်။
“ဒါက မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်ထဲက တစ်တိုင်ရဲ့ သင်္ကေတဖြစ်တဲ့ ဖိုင်မွန်ပဲ။ ဒါက ဒီစာအုပ်ထဲမှာ ပါနေတာ။ ကောလဟာလတွေအရ ဖိုင်မွန်က သူ့ရဲ့ ကိုယ်တိုင်ရေးအလုပ်တွေနဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေမှာပဲ ထိုသင်္ကေတကို ချန်ထားရစ်ခဲ့တာ။ ဆိုတော့ဒါက ဖိုင်မွန်ရေးထားတဲ့ စာအုပ်လား”
“မဖြစ်နိုင်တာ ဖိုင်မွန်က မဟာမိစ္ဆာနတ်ဆိုး ဆယ်ယောက်ထဲက တစ်ယောက်လေ။ နောက်ပြီး မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်ထဲမှာလည်း အင်အားအကြီးဆုံးတွေထဲမှာပါတယ်။ သူက ပထမဦးဆုံး တစ်သုတ်မှာကတည်းက ပိတ်လှောင်ခံရပြီး ပင်လယ်ထဲ ပစ်ချခံခဲ့ရတာ။ ဘယ်လိုကြောင့်များ ဒီနေရာမှာ စာအုပ်ကို လာထားနိုင်မှာလဲ”
နောက်ထပ် ပုန်ကန်သူခေါင်းဆောင်က ငြင်းသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုပျက်စီးသွားတာတွေက ဖိုင်မွန်နဲ့ ပတ်သတ်နေလောက်တယ်။ ငါလည်း တကယ်မယုံပါဘူး။ ဒဏ္ဍာရီတွေအရ မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်က ရိုင်းစိုင်းရက်စက်တဲ့လူတွေ၊ ဘာသာစကားတွေ အများကြီးကို တက်ကျွမ်းတဲ့လူတွေဆိုပေမဲ့ သူတို့ရဲ့ လက်ရေးမူနဲ့ပတ်သတ်ပြီး သတင်းစကားတွေ မရှိခဲ့ဖူးသလိုပဲ။ မိစ္ဆာနတ်ဆိုးတွေက လူသားတွေရဲ့ ဘာသာစကားကို ရေးနိုင်တာလား”
ပတ်ဝန်းကျင်ရှိ ပုန်ကန်သူခေါင်းဆောင်များက အံ့အားတကြီး သက်ပြင်းချနေကြသည်။ အားလန်မင်းဆက်၏ မြေအောက် အပျက်အစီးနန်းတော်က ကြီးမားသော လှိုင်းလုံးကြီးတစ်ခုလိုမျိုး ခိုရာစန်းနီနှင့် ပုန်ကန်သူခေါင်းဆောင်များ အားလုံးကို ဆွဲဆောင်သွားသည်။ ပါးရန်ကပင် ယစ်ပုလ္လင်ပေါ်ရှိ စာအုပ်ကိုစိုက်ကြည့်ပြီး ငေးငိုင်နေသည်။
“မင်းတို့ထဲက ဘယ်သူက ရှေးခေတ်က စကားလုံးတွေကို နားလည်ကြလဲ”
ပါးရန်က ရုတ်တရက်ပြောသည်။
“မဟုတ်ဘူး ရှေးခေတ်လူမျိုးစု အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး လေ့လာရှာဖွေနေတဲ့ လူတွေတော့ ရှိကြပေမဲ့လည်း လွန်ခဲ့တဲ့ နှစ်ရှစ်ရာလောက်က စကားလုံးတွေလောက်ကိုပဲ မှတ်မိကြတော့မှာလေ။ ဒီအားလန်မင်းဆက်ဆိုတာက လွန်ခဲ့တဲ့ နှစ်သုံးထောင်ကနေ ငါးထောင်လောက်မှာ တည်ရှိခဲ့တာဆိုတော့ ဘယ်လိုနည်းနဲ့မှ မသိနိုင်ဘူး။ ဒီလောကမှာလည်း ဒီစာကိုဖတ်တတ်တဲ့လူမျိုး မရှိလောက်တော့ဘူး”
ပုန်ကန်သူ ခေါင်းဆောင်တစ်ယောက်ကပြောသည်။
သူတို့အားလုံးကလည်း စင်ပေါ်မှစာအုပ်ကို နောင်တအပြည့်နှင့် ကြည့်နေကြသည်။ စာအုပ်က မိစ္ဆာနတ်ဆိုးများနှင့် အနီးစပ်ဆုံး ခေတ်တစ်ခုမှ ကျန်ရစ်ခဲ့သည့် ရှေးဟောင်းအမွေအနှစ်ကြီးဖြစ်သည်။ လူတိုင်း တောင့်တပြီးလိုချင်သည့် လျို့ဝှက်ချက်ပေါင်းများစွာကို သယ်ဆောင်ထားကြသည်။
သို့သော် ပုန်ကန်သူခေါင်းဆောင်များက ထိုသို့စိတ်ဓာတ်ကျနေပြီး အမျိုးမျိုးသော အတွေးများ ရှိနေသော်လည်း မည်သူကမှ ထုတ်မပြောကြချေ။ အားလုံးကလည်း နှမြောစရာကောင်းသည်ဟု ခံစားနေရသည်။
ပို၍ဆိုးသည်မှာ စာအုပ်က အလွန်အထိမခံဖြစ်နေသည်။ သူတို့မျက်စိရှေ့တွင် ရှိနေသော်လည်း မည်သူကမှ အလျင်စလို မထိရဲချေ။ ထိလိုက်ရုံနှင့် ကြေမွသွားလောက်သည်။
“မဟာဗိုလ်ချုပ်ကြီး ငါစမ်းကြည့်လို့ရမလား”
အားလုံးက တိတ်ဆိတ်နေသည့် အချိန်တွင် ဝမ်ချောင်က ရှေ့သို့ထွက်လာသည်။
“ဝမ်ချောင်”
ကောင်းရှန်းကျစ်ကပင် ကြောင်သွားသည်။ သူသည်လည်း ဝမ်ချောင် ဝင်လာကြောင်း သိလိုက်သည်။ သို့သော် ဝမ်ချောင်က ယခုလိုတောင်းဆိုလိမ့်မည်ဟု မထင်ထားလောက်ချေ။
စင်ပေါ်ရှိ စာအုပ်အဖုံးက ကြေးနီရောင်သားဖြင့် လုပ်ထားသော်လည်း စာရွက်များကမူ ထိုသို့မဟုတ်ချေ။ ထို့ကြောင့် အနည်းငယ် ထိလိုက်ရုံနှင့် ကြေမွသွားနိုင်သည်။ ပုန်ကန်သူခေါင်းဆောင် တစ်ယောကက် ယခုလေးတင် စာမျက်နှာများကို ထိတွေ့လိုက်မိသည့် အချိန်တွင်မူ အခြေအနေက ပို၍ဆိုးရွားသွားခဲ့သည်။
ပို၍ဆိုးသည်မှာ မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်နှင့် အားလန်မင်းဆက်တို့က ဆမ်ဆာနစ်မင်းဆက်နှင့် ပုန်ကန်သူခေါင်းဆောင်များနှင့် ပတ်သတ်နေသည်။ ထို့ကြောင့် ဝမ်ချောင်က ယခုလို တောင်းဆိုခြင်းက မသင့်လျော်ပေ။
သို့သော် ဝမ်ချောင်က ဘာစကားမှမပြောဘဲ ကောင်းရှန်းကျစ်ကိုသာ တစ်ချက်ကြည့်ပြီး စိတ်အေးနေရန်ပြောသည်။
“မဟာဗိုလ်ချုပ်ကြီး ငါစမ်းကြည့်လို့ရမလား”
ဝမ်ချောင်က ထပ်မေးသည်။
“ဒါက...”
ပါးရန်က တုန့်ဆိုင်းသွားသည်။ သူက အနီးအနားဝန်းကျင်ရှိ ပုန်ကန်သူခေါင်းဆောင်များကို ကြည့်ပြီး ခပ်မြန်မြန် ခေါင်းညိမ့်လိုက်သည်။
“ရပါတယ်”
အခြားလူတစ်ယောက်ကသာ ထိုသို့တောင်းဆိုလာလျှင် ပါးရန်တို့က ဒေါသထွက်သွားလောက်သည်။ ယခုလို တောင်းဆိုမှုက အလွန်ရိုင်းပြီး ရန်စသည်ဟုပင် ဆို၍ရသည်။
သို့သော် ဝမ်ချောင်ကမူ ခြားနားသည်။ ဝမ်ချောင်သည် မဟာမိတ်စစ်တပ်ကို နေ့လည်ခင်းနေမင်းအလား လွှမ်းမိုးထားနိုင်သူဖြစ်သည်။ သူဟာ အဆင့်လွန်အဆင့် ဗိုလ်ချုပ်ကြီးတစ်ယောက်လည်းဖြစ်သည်။ သူ၏ အဆင့်က ပါးရန်ကိုပင်ကျော်နေသည်။ ယခုလို အခြေအနေမျိုးတွင် ဝမ်ချောင်က ဒီလိုတောင်းဆိုလိုက်ခြင်းက ဘောင်ကျော်သည်ဟု ဆို၍မရချေ။
“ကျေးဇူးအများကြီးတင်ပါတယ်”
ဝမ်ချောင်က ခပ်မြန်မြန်အနားသို့ လျှောက်သွားလိုက်သည်။ ထိုစင်ကြီးက လူတစ်ယောက်၏ တစ်ဝက်ခန့်မျှအထိ မြင့်သည်။ သူဟာ အနည်းငယ်ပင် နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ လက်ဝါးကို ဆန့်ထုတ်လျှက် လျို့ဝှက်ဆန်းကြယ်ပြီး ပျက်စီးနေသည့် စာအုပ်ကို အသာဖိလိုက်သည်။
“ကံကြမ္မာကျောက်တုံး ဒီစာအုပ်ရဲ့ လျို့ဝှက်ချက်တွေကို ကူပြီးရှာပေးပါဦး”
မည်သူကမှ မသိနိုင်သော နယ်မြေတစ်ခုအတွင်းတွင် ဝမ်ချောင်က ကံကြမ္မာကျောက်တုံးနှင့် ဆက်သွယ်လိုက်သည်။ သူက ဒီနေရာသို့ ခြေလှမ်းဝင်ပြီး စာအုပ်ကို မျက်စိကျပြီးကတည်းက သူ၏စိတ်ထဲမှာ ကံကြမ္မာပဟေဠိက စွမ်းအားများနှင့် တောက်ပလင်းလက်လာသည်။ ပို၍အရေးကြီးသည်မှာ လူတိုင်းက မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်၏ သင်္ကေတကို အာရုံစိုက်နေသည့် အချိန်တွင် ဝမ်ချောင်က အနက်ရောင်မျက်လုံး၏ သင်္ကေတကို သတိထားမိလိုက်၍ဖြစ်သည်။
ဒါက သူအပြင်မှာ မြင်ခဲ့ရတာနဲ့ အတူတူပဲ။
“ဖိုင်မွန်ရဲ့စာအုပ်ကို ဘာသာပြန်ချင်ရင် ကံကြမ္မာစွမ်းအင်အမှတ် တစ်သောင်းကုန်ကျပါမယ်။ အတည်ပြုပါသလား”
ကံကြမ္မာကျောက်တုံး၏ အသံက ထွက်လာပြန်သည်။ ထိုအသံက ခံစားချက်ကင်းမဲ့၏။
ဝမ်ချောင်၏နှလုံးသားက ခုန်လှုပ်သွားသည်။ သူက ကံကြမ္မာကျောက်တုံးထံမှတစ်ဆင့် စွမ်းအင်အသစ်တစ်မျိုးကို ရရှိခဲ့ပြီး ကံကြမ္မာပဟေဠိက အကျိုးပြုမှုအများကြီး လုပ်လိုက်နိုင်သော်လည်း ကံကြမ္မာစွမ်းအင် အမြောက်အများကို ကုန်ဆုံးစေသေးသည်။ လိုအပ်သောပမာဏကလည်း ဝမ်ချောင် မမျှော်လင့်ထားမိသည့် ပမာဏမျိုး ဖြစ်နေသည်။
အခန်း(၁၁၉၅)
“အတည်ပြုတယ်”
ဝမ်ချောင်က တုန့်ဆိုင်းမနေဘဲ ပြောလိုက်သည်။
တခဏခန့်ကြာပြီးနောက် လူအုပ်၏ စောင့်ကြည့်နေမှုအောက်တွင် ဝမ်ချောင်၏လက်က ဝေဝါးသော အလင်းများကို လွှတ်ထုတ်လာပြီး တစ်အုပ်လုံးကို လွှမ်းခြုံသွားသည်။
ကံကြမ္မာကျောက်တုံးက ထပ်ပြောသည်။
“ရှေးခေတ်ဘာသာစကားကို ဘာသာပြန်ခြင်း စတင်ပါပြီ။ သတင်းအချက်အလက်တွေ လက်ခံရရှိဖို့ ပြင်ဆင်ထားပါ။ သတင်းအချက်အလက်တွေကို လက်ခံဖို့အတွက် ကံကြမ္မာစွမ်းအင်အမှတ် တစ်ရာကို ပေးချေဖို့ ဆန္ဒရှိပါသလား”
ဝမ်ချောင်က ခေါင်းညိမ့်လိုက်သည်။ တခဏခန့်ကြာပြီးနောက် စွမ်းအားအလင်းလုံးအတွင်းရှိ စာအုပ်၏ စာမျက်နှာများက စတင်ကာ တဖြတ်ဖြတ်လန်သွားသည်။ သို့သော် စာရွက်များ ကြွေကျမည့် လက္ခဏာကိုမူ မပြသချေ။
ဖိုင်မွန်ရဲ့စာအုပ်
အားလန်ခေတ်မှ ရှေးဟောင်းစာအုပ်ကြီးက ဝမ်ချောင်အတွက် တံခါးများကို ဖွင့်ပေးပြီး ကြာရှည်စွာ ပျောက်ကွယ်နေသည့် လူမျိုးစုအတွင်းသို့ ခေါ်ဆောင်သွားပေးသည်။
ထိုစာအုပ်၏ စာမျက်နှာ တစ်ရွက်ချင်းစီ လှန်သွားချိန်တိုင်း ပို၍များပြားသည့် သတင်းအချက်အလက်များက သူ၏စိတ်အတွင်းသို့ ဝင်ရာက်လာသည်။
တခဏခန့်ကြာပြီးနောက် နောက်ဆုံးစာမျက်နှာ လှန်သွားပြီးနောက်တွင် ဖိုင်မွန်၏စာအုပ်ကြီးကို ဘာသာပြန်၍ပြီးသွားသည်။ ဝမ်ချောင်က မျက်လုံးကိုပြန်ဖွင့်သည်။ အခြားသော သူတိုင်းက သူ့ကို အံ့အားသင့်မှုအပြည့်နှင့် ကြည့်နေကြောင်း တွေ့လိုက်ရသည်။
“ဝမ်ချောင် မင်း...”
ပါးရန်ကပင် ဝမ်ချောင်ကို ကြောင်အစွာစိုက်ကြည့်နေလေသည်။
ပြောရမည်ဆိုလျှင် စင်ပေါ်ရှိစာအုပ်ကို မည်သူကမှ ဘာသာပြန်နိုင်ခြင်းမရှိချေ။ ထို့ကြောင့် ပါးရန်က စင်အနားသို့ လျှောက်သွားသောအခါ ဝမ်ချောင်က စာအုပ်၏ လျို့ဝှက်ချက်များကို ဖြေနိုင်မည်ဆိုသည့် အချက်ကို စဉ်းစားခဲ့ခြင်းပင် မရှိချေ။ မည်သို့ပင်ဆိုစေ ဝမ်ချောင်ဟာ ခိုရာစန်းနီပင်မဟုတ်ချေ။ သို့ရာတွင် လက်ရှိအခြေအနေများအရ ဝမ်ချောင်က ထိုစကားလုံးများကို အောင်မြင်စွာ ဘာသာပြန်လိုက်နိုင်ကြောင်း သေချာသွားသည်။
ဝမ်ချောင်က ခေါင်းညိမ့်သည်။ ပါးရန်နှင့် ပုန်ကန်သူ ခေါင်းဆောင်များထံမှ မျှော်လင့်ချက် ကြီးမားနေသော အကြည့်များရှေ့တွင် သူဟာ ဖုံးကွယ်ထားခြင်းမရှိချေ။
“ဒီစာအုပ်က အားလန်ရဲ့ ပြည်နယ်အဆင့် ဆရာတစ်ယောက် ရေးသားပြုစုခဲ့တာပဲ။ အချို့သူတွေကတော့ သူ့ကို မူအာဝီရာလို့ခေါ်တယ်။ အဲ့ဒီထဲမှာ မှတ်တမ်းတင်ထားတာက အားလန်မင်းဆက် တစ်ခေတ်လုံးစာသမိုင်းပဲ။ မြင့်တက်ရာကနေ ကျရှုံးသွားတဲ့အထိပါတယ်။ ဒါပေမဲ့ စာအုပ်က ပျက်စီးနေတဲ့အတွက်ကြောင့် အမှန်တရားရဲ့ တစ်စိတ်တစ်ပိုင်းလောက်ကိုပဲ ပေါင်းစပ်ပြီး အဖြေထုတ်လိုက်နိုင်တယ်”
ဝမ်ချောင်၏စကားလုံးများက လူတိုင်း၏အာရုံစိုက်ရာ ဖြစ်သွားသည်။ ပုန်ကန်သူခေါင်းဆောင်များနှင့် ပါးရန်တို့က သူ့ကို ပြင်းပြစွာစိုက်ကြည့်နေကြပြီး အသက်ရှုပင် အောင့်မိမတက်ဖြစ်လျှက် နားထောင်နေကြသည်။ သူတို့က မျက်တောင်ပင် မခတ်နိုင်ကြချေ။ သူတို့၏မျက်နှာတွင် တည်ငြိမ်မှုများ မရှိတော့ချေ။
အားလန်မင်းဆက်
ထိုမင်းဆက်သည် ဆမ်ဆာနစ်မင်းဆက်ထက်ပင် အင်အားအများကြီး ကြီးမားသည့် မင်းဆက်ကြီးဖြစ်သည်။ ထိုမင်းဆက်ကြီးသည် အံ့အားသင့်ဖွယ်ကောင်းသည့် ကိစ္စပေါင်းများစွာကို လုပ်ဆောင်ခဲ့ပြီး ဆောက်လုပ်ရေးစီမံကိန်းများတွင်လည်း အလွန်ထူးချွန်ခဲ့သည်။ အားလန်မင်းဆက်နှင့် ပတ်သတ်ပြီး လူအများချီးကျူးကြသည်မှာ မြေကမ္ဘာမှ လွတ်မြောက်ခြင်းဆိုသော အကြောင်းအရာ ဖြစ်သည်။ သူတို့အားလုံးက ငှက်များအလား ကောင်းကင်တွင် ပျံသန်းနိုင်ကြသည်။
ထပ်ပေါင်းဆိုရသော် သူတို့သည် သိုင်းပညာပေါင်းများစွာ စတေးခံပစ္စည်းပေါင်း များစွာကို ပိုင်ဆိုင်ခဲ့သည်။ သို့သော် ထိုမျှတောက်ပထည်ဝါသော လုပ်ဆောင်မှုများအားလုံးက တစ်ညတည်းနှင့် ပျောက်ကွယ်သွားရသည်။
ဆမ်ဆာနစ်နှင့် ရှေးဟောင်းခေတ်များမှ ဆက်ခံသူများအတွက်မူ ထိုအကြောင်းအရာကို အထူးတလည် အာရုံစိုက်မိလေသည်။
“အားလန်မင်းဆက်ရဲ့ ပြည်နယ်အဆင့် ဆရာတစ်ယောက်အနေနဲ့ မူအာဝီရာက အားလန်ဘုရင်တွေရဲ့ ယုံကြည်မှုကို လက်ခံရရှိခဲ့တယ်။ ပိုဆိုးတာက သူက အားလန်မင်းဆက်ကို မြင့်တက်လာတဲ့အကြောင်း အထူးတလည် ရေးသားထားခဲ့တာပဲ။ သူက အားလန်ရဲ့ ဘုရင်ခြောက်ယောက်ဆီမှာ အမှုထမ်းခဲ့ပြီး ရှေးဟောင်းခေတ်ကနေ အတူရှိခဲ့ပြီး အဲ့ဒီထဲကလေးယောက်က အသက်အရွယ် အိုမင်းလို့ သဘာဝအလျောက် သေသွားတဲ့အထိ စောင့်ကြည့်နေခဲ့ရသူလည်းဖြစ်တယ်”
ဝမ်ချောင်၏ ရှင်းပြမှုတစ်ဝက်တွင် ခန်းမထဲရှိ လူတိုင်းက အံ့အားတကြီး ရေရွတ်မိကြပြန်သည်။ ဝမ်ချောင်က စာအုပ်၏စကားလုံးများကို ထပ်ခါတလဲလဲ ပြောသွားသော်လည်း သူတို့ကမူ ထိုစကားလုံးများကို နားလည်နေသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ပုန်ကန်သူခေါင်းဆောင်တစ်ယောက်က အံ့အားတကြီး ပြောသည်။
“ဒါကသာ အမှန်ဆိုရင် သူက အားလန်ခေတ်မှာ နှစ်နှစ်ရာကျော် နေခဲ့တာမဟုတ်လား။ လူတစ်ယောက်က ဒီလောက်ထိ အကြာကြီး အသက်ရှင်နိုင်ပါ့မလား”
“နောက်ပြီး သူပြောသွားတဲ့အတိုင်းဆိုရင် အားလန်မင်းဆက်က သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် ဒီလောက်ထိ ခမ်းနားကြီးကျယ်သွားတာပေါ့။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘယ်လိုအင်အားကြီးတဲ့ လူတစ်ယောက်က သမိုင်းမှာ ဘာအမှတ်အသားမှမချန်ဘဲ ဘယ်လိုထွက်သွားနိုင်မှာလဲ။ ငါမူအာဝီရာဆိုတဲ့ နာမည်ကို တစ်ခါမှတောင် မကြားဖူးဘူး”
ဝမ်ချောင်ပြောသော စကားများက မှန်နေလျှင် အနောက်ဘက် ခုံးတောင်တန်းများ တောက်လျှောက်တွင် ရှိသမျှ တိုင်းပြည်တိုင်းအတွက် လှုပ်ခတ်မှုကြီးဖြစ်လာမည်မှာ သေချာသည်။
ဝမ်ချောင်က လူအုပ်ကို အကဲခတ်ကြည့်သည်။ သူက ထိုစကားလုံးများကို မငြင်းဘဲ ဆက်ပြောသည်။
“မူအာဝီရာရဲ့ စာတွေအရ အားလန်မင်းဆက်ကို ဆွဲချနေတဲ့ အဖွဲ့အစည်းတစ်ခုတော့ ရှိတယ်။ အဲ့အဖွဲ့အစည်းက တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်ခါတလဲလဲ ဖျက်ဆီးခံနေရတယ်။ သူတို့တွေက နတ်ဘုရားတွေကို ယုံကြည်ပြီး နတ်ဘုရားတွေကို ကိုးကွယ်ဆည်းကပ် ပူဇော်ကြတယ်။ ဒါတွေအပြင် လူသားအားလုံးကိုလည်း ကျွန်ပြုကြတယ်။ မူအာဝီရာက သူ့ရဲ့တစ်ဘဝလုံးစာသုံးပြီး ဒီနတ်ဘုရားတွေကို အတိုက်အခံလုပ်ဖို့ နည်းလမ်းတွေကို ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာတော့ သူကျရှုံးသွားတယ်။ သူဒီစစ်ပွဲမှာ ရှုံးပြီးတဲ့နောက်မှာ အားလန်မင်းဆက်က မြုပ်နှံခံလိုက်ရတာပဲ”
ခန်းမထဲရှိလူတိုင်းက အသက်ရှုရပ်သွားမတက် ဖြစ်သွားကြသည်။ အင်အားကြီးမားသော အားလန်မင်းဆက်ကို နတ်ဘုရားများက ဖျက်ဆီးခဲ့ခြင်းဖြစ်နေသည်။
ဒါပေမဲ့ ဘယ်လိုဖြစ်နိုင်မှာလဲ။
“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး အားလန်မင်းဆက်က နတ်ဆိုးတွေဖျက်ဆီးတာကို ခံရတာ။ ဒါကို လူတိုင်းသိကြတယ်။ နောက်ပြီး အဲ့ဒီနံရံဆေးရေးပန်းချီတွေက ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသားပဲ။ မူအာဝီရာ ရေးထားတာတွေက မမှန်နိုင်ဘူး”
ပုန်ကန်သူ ခေါင်းဆောင်တစ်ယောက်က ပြောသည်။ စာအုပ်ပါ အကြောင်းအရာများက သူတို့သိထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
“တစ်ခုခုတော့ လိုနေလိမ့်မယ်။ ဒီအပျက်အစီးနယ်မြေကတော့ မလိမ်နိုင်ဘူး။ အားလန်မင်းဆက်ရဲ့ ရှေးခေတ်ဆက်ခံသူတွေကလည်း မလိမ်နိုင်ဘူး။ ငါတို့မသိတာတစ်ခုခု ရှိပါလိမ့်မယ်။ အရှင်ကာကွယ်ရေးဗိုလ်ချုပ် ကျေးဇူးပြုပြီး ဆက်ဖတ်ပေးပါဦး။ မူအာဝီရာက နောက်ထပ် နာမည်တစ်ခုများ ရှိနေသေးသလား။ ဒီလိုအရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ပျောက်နေစရာ အကြောင်းတော့မရှိဘူး။ မူအာဝီရာက အခြားနာမည်တစ်မျိုး ရှိနေလိမ့်မယ်”
ပုန်ကန်သူခေါင်းဆောင် တစ်ယောက်ကပြောသည်။
“ဗိုလ်ချုပ်ပြောတာမှန်တယ်။ မူအာဝီရာက တကယ်တော့ အများခေါ်နာမည်ပဲ။ သူ့မှာ အခြားနာမည်ရှိတယ်။ ဖိုင်မွန်တဲ့ ဒီစာအုပ်ကို ဖိုင်မွန်ရဲ့စာအုပ်လို့ခေါ်တယ်”
ဝမ်ချောင်က ပုန်ကန်သူခေါင်းဆောင်ကိုကြည့်ပြီး တစ်လုံးချင်းစီကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်။
ဝါး
ဝမ်ချောင်၏ နောက်ဆုံးစကားလုံးများက ဝရုန်းသုန်းကားဖြစ်သွားစေသည်။ လူတိုင်းက ဝမ်ချောင်ကို စိုက်ကြည့်ကြပြီး စွံ့အသွားကြသည်။ ပါးရန်ကပင် အံ့ဩသွားသည်။
“ဖိုင်မွန် သူကဖိုင်မွန် မဟုတ်နိုင်ပါဘူးနော်။ ဒါက မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်ထဲက တစ်ယောက်မဟုတ်လား။ ဘယ်လိုကြောင့်များ သူက လူဖြစ်ပြီး အားလန်မင်းဆက်က ပြည်နယ်ဆရာ ဖြစ်နေရမှာလဲ”
လူတိုင်း၏စိတ်က ဝရုန်းသုန်းကားဖြစ်သွားသည်။
“အဲ့ဒီမှာဘာတွေဖြစ်ခဲ့သလဲတော့ ငါမသိဘူး။ ဒါပေမဲ့ မူအာဝီရာက ဖိုင်မွန်ဆိုတာ အမှန်ပဲ။ ပိုဆိုးတာက နတ်ဘုရားတွေက သူ့ကိုအပြစ်ပေးခဲ့လို့ သူ့ရဲ့ခန္ဓာကိုယ်က ပြောင်းလဲသွားတာလို့ ပြောသေးတယ်။ ဒါကြောင့် ဒီလိုအပ်ချက်ကို မေ့သွားလို့မရဘူးဆိုပြီး သူက ဒီမြေအောက်နန်းတော်ကို တည်ဆောက်လို့ လျို့ဝှက်ချက်တွေကို လက်ဆင့်ကမ်းပေးဖို့ ဆုံးဖြတ်ချက်ချခဲ့တာပဲ”
ဝမ်ချောင်က တင်းမာစွာပြောပြသည်။
လူတိုင်းက ထိုသတင်းကိုလက်ခံရန် မနည်းကြိုးစားနေရသည်။ မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်မှ ဖိုင်မွန်က အားလန်မင်းဆက်၏ ရွှေခေတ်ကိုဦးဆောင်ပေးခဲ့သည့် ပညာရှင်ကြီးဖြစ်နေသည်။ မိစ္ဆာနတ်ဆိုးများက လူသားများကိုကာကွယ်ပြီး နတ်ဘုရားများက လူသားများကို ရက်စက်စွာ သတ်ဖြတ်သည်။ အရာအားလုံးက လူတိုင်း၏စိတ်ကို ကစဉ့်ကလျား ဖြစ်သွားစေနိုင်သည်။ သူတို့သည် အချိန်အတန်ကြာအောင်ပင် ဆက်မတွေးဝံ့တော့ချေ။
“ဗိုလ်ချုပ်ဝမ် ဖိုင်မွန်စာအုပ်ထဲမှာ ဘာတွေများ ပြောထားသေးလဲ”
ပါးရန်က ရုတ်တရက်မေးသည်။
“ဘာလို့နတ်ဘုရားတွေက အဲ့ဒီလိုလုပ်တာလဲ။ သူတို့ရဲ့ရည်ရွယ်ချက်က ဘာလဲ”
“မရှိတော့ဘူး ဖိုင်မွန်စာအုပ်က ပျက်စီးနေတာဆိုတော့ သတင်းအချက်အလက် အများစုက ပျောက်ကုန်ပြီ။ ပိုဆိုးတာက ငါရထားတဲ့ သတင်းအချက်အလက်တွေကတစ်ဆင့် ဒါက ဖိုင်မွန်စာအုပ်ရဲ့ ပထမတစ်ဝက်ပဲ ဖြစ်နေတာပဲ။ နောက်ထပ်တစ်ပိုင်း ရှိလိမ့်မယ်။ ဒါပေမဲ့ ဘယ်မှာမှန်းတော့ မသိဘူး”
ဝမ်ချောင်ကပြောသည်။
“ဘာ”
ပါးရန်က မျက်လုံးပြူးကျယ်ကာ အံ့ဩသွားသည်။ အပျက်အစီးနယ်မြေကို ကောင်းကောင်း ထိန်းသိမ်းထားသည်။ မူအာဝီရာကသာ ဖိုင်မွန်အစစ်အမှန်ဆိုလျှင် အရာအားလုံးကိုရေးချရန် အခွင့်အရေးရှိသည်။
သူက စာအုပ်ကို နှစ်ပိုင်းခွဲထားခဲ့လျှင် ဆိုလိုသည်မှာ ဒီကိစ္စက အလွန်အရေးကြီးမားနေသောကြောင့် ဖြစ်ပေလိမ့်မည်။ တစ်နေရာတည်းတွင် စုစည်းထားခဲ့ပါက ဆုံးရှုံးသွားခဲ့လျှင် နစ်နာဖွယ်ရာရှိသည်။ ထို့ကြောင့် သူဟာ နှစ်ပိုင်းခွဲခဲ့ခြင်းဖြစ်လောက်သည်။
“အား တွေ့ပြီ”
လူတစ်ယောက်ကအော်သည်။ လူတိုင်းက အာရုံစိုက်လိုက်ကြသည်။
“ဖိုင်မွန်ရဲ့ စတေးခံလက်နက်။ ဒါက ဖိုင်မွန်ရဲ့ စတေးခံလက်နက်ပဲ”
“အား”
စတေးခံလက်နက်ဆိုသော စကားလုံးက ပုန်ကန်သူခေါင်းဆောင်တိုင်းကို လှည့်ကြည့်မိစေသည်။
ဖိုင်မွန်စာအုပ်က မှန်ခြင်းမှားခြင်းဆိုသည်မှာ ဒုတိယအဆင့်ဖြစ်သည်။ သူတို့အားလုံးက ဒီမြေအောက်ဂူကြီးအတွင်းတွင် လှည့်လည်သွားလာနေခဲ့သည်မှာ မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်မှ အမွေအနှစ်များကို ရှာဖွေနိုင်ရန်ဖြစ်သည်။ ခိုရာစန်းနှင့် အာရေးဗီးယား၏သမိုင်းတွင် အရာအားလုံးက မိစ္ဆာနတ်ဆိုးတိုင် (၇၂)တိုင်နှင့် ချိတ်ဆက်နေသည်။ ထိုသို့ဆက်စပ်နေသမျှ အရာအားလုံးကလည်း အင်အားကြီးမားလွန်းသည်။
ဝမ်ချောင်ကသာ သွားမကြည့်ခြင်းဖြစ်သည်။ သူ၏အာရုံက ဖိုင်မွန်၏စာအုပ်မှ ဖယ်ခွာပြီး ဘေးဘက်တစ်နေရာသို့ ရောက်သွားသည်။ သူက ထိုလက်နက်ကို စိတ်ဝင်စားခြင်းမရှိချေ။ သူ၏ကျင့်ကြံခြင်းအဆင့်တွင် လူတစ်ယောက်က အင်အားကြီးမားသည် အင်အားနည်းသည်ဆိုသော အခြေအနေမျိုးကို လက်နက်ပစ္စည်းကိရိယာများက ဆုံးဖြတ်ပေးနိုင်ခြင်းမရှိတော့ချေ။ လောက၏ နိယာမများကို နားလည်သဘောပေါက်မှုကသာ အရေးကြီးလာသည်။
ဝမ်ချောင်က ဖိုင်မွန်စာအုပ်ထဲမှ ဖော်ပြထားသည့် နတ်ဘုရားများနှင့်ပတ်သတ်ပြီး ပို၍ စိုးရိမ်မိသည်။
ဖိုင်မွန်ရဲ့စာအုပ်ထဲက အဲ့ဒီသင်္ကေတက နတ်ဘုရားတွေကို ကိုယ်စားပြုတာပဲ။ ဘယ်လိုဆက်နွယ်မှုတွေ ရှိနေလို့ အခြားလောကက လူတွေက ကျူးကျော်လာကြတာလဲ။
ဝမ်ချောင်၏မျက်လုံးက ပြောင်းလဲသွားပြီး နန်းတွင်းထဲမှ တဖြည်းဖြည်းချင်းထွက်သည်။
လူတိုင်းကလည်း တစ်လောကလုံးကို အခြားလောကမှ ကျူးကျော်လာသူများက ဖျက်ဆီးသွားခဲ့ကြောင်း လူတိုင်းသည်လည်း သိကြသည်။ သို့သော် အခြားလောကမှ လူများက မည်သို့မည်ပုံ ပေါ်လာကြောင်းက လျို့ဝှက်ဆန်းကြယ်နေသေးသည်။ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သေချာနေသည့် အချက်တစ်ချက်ရှိသည်။ ဖိုင်မွန်စာအုပ်မှ ထိုမျက်လုံးသင်္ကေတက အခြားသောလောကမှ ကျူးကျော်သူများ ဝင်ရောက်လာခဲ့သည့်နေရာတွင် ပေါ်လာခဲ့ဖူးသည်။ သို့သော် နှစ်ကြိမ်သာပေါ်ပြီး နောက်ပိုင်းတွင် သူတို့၏လက္ခဏာကို မတွေ့ရတော့ချေ။ သူတို့က ရုတ်တရက် ပေါ်လာပြီး အလားတူ ရုတ်တရက် ပျောက်သွားခဲ့လျှင် ပို၍ပင် သံသယဝင်စရာရှိသည်။
ယခုအခါ သူက အနက်ရောင်မျက်လုံးများ၏ လျို့ဝှက်ချက်ကို ရှာဖွေနိုင်လျှင် အခြားသော လောကမှလူများ ကျူးကျော်လာရသည့် နောက်ကွယ်မှ အမှန်တရားကို ရှာဖွေနိုင်လောက်သည်။ အလားတူ သူတို့ဟာ မည်သည့်နေရာမှလာခဲ့ပြီး မည်သို့လုပ်၍ လာခဲ့ကြောင်း သိနိုင်သည်။
သူ၏စိတ်အတွင်း အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။ ထို့နောက် ဝမ်ချောင်က ခေါင်းကိုအသာခါလိုက်ပြီး တွင်းထဲမှ ခပ်မြန်မြန်ထွက်သည်။
ခမ်းနားထည်ဝါသော နန်းတွင်း၏ အပျက်အစီးနယ်မြေကို ရှာဖွေတွေ့ရှိခဲ့သည့်အပြင် ဖိုင်မွန်၏ စတေးခံလက်နက်ကို တွေ့ရှိခဲ့ခြင်းက ခိုရာစန်းနှင့် ပုန်ကန်သူစစ်တပ်ကို အံ့ဩသွားစေခဲ့သည်။ ထိုညတွင် ဝမ်ချောင်က အခန်းထဲတွင် အနားယူနေသောအခါ မျှော်လင့်ထားသည့် လာရောက်လည်ပတ်သူကို လက်ခံရရှိခဲ့သည်။
“ပါးရန်”
ဝမ်ချောင်က ထိုလူကိုကြည့်ရင်း အံ့ဩသွားသည်။
ပါးရန်က ဝမ်ချောင်၏အရှေ့တွင် လာထိုင်ပြီး လိုရင်းကိုပြောသည်။
“ဗိုလ်ချုပ် မင်းငါတို့ရဲ့ ခိုရာစန်းနဲ့ ရှေးဟောင်းအပျက်အစီးနယ်မြေကို စိတ်ဝင်စားတယ်မဟုတ်လား”
ဝမ်ချောင်က မှင်သက်သွားသည်။ သူဟာ တစ်စုံတစ်ရာကို နားလည်လိုက်ပြီး ပြုံးလိုက်သည်။
“ဗိုလ်ချုပ်က ငါတို့ဒီနေ့အတွင်း သွားရောက်ရှာဖွေခဲ့တဲ့ တွင်းအကြောင်း ပြောချင်တာလား”
“ဗိုလ်ချုပ်က ဖိုင်မွန်ရဲ့ စတေးခံလက်နက်ကို စိတ်ဝင်စားမှန်း ငါသိပါတယ်။ ဒါပေမဲ့ အားလန်မင်းဆက်ရဲ့ လူမျိုးစုနဲ့ လျို့ဝှက်ချက်တွေကိုတော့ အရမ်းစိတ်ဝင်စားနေတဲ့ပုံပဲ”
ပါးရန်ကပြောသည်။ ဝမ်ချောင်က ပတ်ဝန်းကျင် နံရံဆေးရေးပန်းချီများကို လေ့လာနေချိန်တွင် ပါးရန်ကသူ့ကို အမြဲတစေ အကဲခတ်နေခဲ့သည်။ ဝမ်ချောင်၏ အပြုအမူများက သာမာန်မဟုတ်ကြောင်း သက်သေပြစရာမရှိချေ။
ဝမ်ချောင်က ဖျော့တော့စွာပြုံးလိုက်ပြီး ဘာစကားမှမဆိုဘဲ စုတ်တံတစ်ချောင်းကိုယူလျှက် အနက်ရောင် မျက်လုံးနှင့် တူလွန်းသော သင်္ကေတတစ်ခုကို ရေးဆွဲပြသည်။
“ဒါကဘာလဲ”
ပါးရန်က ထိုသင်္ကေတကို အံ့အားတကြီးကြည့်သည်။
“ရှေးဟောင်းအပျက်အစီးနေရာထဲက တစ်စုံတစ်ရာပေါ့။ ဒါပေမဲ့ ခိုရာစန်းကမဟုတ်ဘူး”
ဝမ်ချောင်ကရယ်သည်။ သူသည် ထိုမျက်လုံးသင်္ကေတကို မည်သို့မည်ပုံ ရှာဖွေတွေ့ရှိခဲ့ကြောင်း ရှင်းပြလိုက်သည်။ သို့သော် ဝမ်ချောင်က ကပ်ဘေးအကြောင်း မပြောချေ။ သူဟာ ဗဟိုပြင်ကျယ်အတွင်းရှိ အပျက်အစီးနယ်မြေအတွင်းမှ သင်္ကေတကို ရှာတွေ့ခဲ့ကြောင်းသာ ပြောထားသည်။ ထပ်ပေါင်းဆိုရသော် ဝမ်ချောင်က ဖိုင်မွန်စာအုပ်ထဲတွင်လည်း တွေ့ခဲ့ကြောင်း ရှင်းပြလိုက်လေသည်။
“မင်းဆိုလိုတာက အားလန်မင်းဆက်ကို နတ်ဘုရားတွေက ဖျက်ဆီးခဲ့တာပေါ့။ သူတို့က ဘာတွေပဲဖြစ်ဖြစ် ဗဟိုပြင်ကျယ်မှာ ပေါ်လာခဲ့ပြီး အလားတူလုပ်ရပ်တွေကို လုပ်သွားခဲ့သေးတယ်ပေါ့ ဟုတ်လား”
ပါးရန်ကမေးသည်။ သူ၏မျက်ဝန်းထဲတွင် အံ့အားသင့်မှုက သိသာထင်ရှားသည်။
“အွန်း”
ဝမ်ချောင်က ရိုးသားစွာ ခေါင်းညိမ့်လိုက်သည်။
“ဒါပေမဲ့ ဒီကိစ္စက ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် မဟာထန်နဲ့ အာရေးဗီးယားက နေရာဒီလောက်အကျယ်ကြီး ခြားနေတာ။ ဒါပေမဲ့ အချင်းချင်း အဆက်အသွယ်မရှိကြသလို တာလာ့မှာမှ စတင်ပြီး တိုက်ခိုက်ခဲ့ကြတာမဟုတ်လား။ မဟာထန်နဲ့ ဆမ်ဆာနစ်တွေကလည်း အင်အားကြီးမားတဲ့ အဖွဲ့အစည်းကြီးတွေ ဖြစ်ခဲ့တာကြာပြီ။ အားလန်ခေတ်နဲ့ ဗဟိုပြင်ကျယ်က တစ်ခေတ်တည်းပေါ်ခဲ့တာ ဖြစ်နိုင်တယ်မဟုတ်လား”
မမျှော်လင့်ထားစွာပင် ပါးရန်က တစ်စုံတစ်ရာကို တွေးမိပြီး ခေါင်းညိမ့်သည်။
“ဗိုလ်ချုပ် မင်း ဒီရှေးဟောင်းအပျက်အစီးတွေကနေ ဘာတွေရှာတွေ့ချင်တာလဲတော့ ငါမသိပေမဲ့ မင်းဖိုင်မွန်က မူအာဝီရာအသွင်ပြောင်းပြီး အားလန်မင်းဆက်ရဲ့ ပြည်နယ်အဆင့် ဆရာဖြစ်လာတယ်ဆိုပြီး ပြောလိုက်တော့ ငါတစ်စုံတစ်ရာကို သတိရသွားတယ်။ ဆင်းတူရဲ့ ဟိုက်ဒရာဘက်မှာ အဆင့်မြင့် ဘုန်းတော်ကြီးရှိတယ်။ ဆမ်ဆာနစ်မင်းဆက်ရဲ့ အင်အားအမြင့်ဆုံးကာလမှာ ငါကလေးအရွယ်မှာပေါ့။ ငါအဆင့်မြင့်ဘုန်းတော်ကြီးအကြောင်း ကြားဖူးခဲ့တယ်”