အခန်း (၁၁၉၆-၁၂၀၀)
Vol. 70 Ch. 1196-1200
အခန်း(၁၁၉၆)
“အဆင့်မြင့်ဘုန်းတော်ကြီးက တည်ရှိနေခဲ့တာ အချိန်တအားကိုကြာပြီ။ ဒါကြောင့် သူက သက်ရှိဒဏ္ဍာရီတစ်ခုလို ဖြစ်နေခဲ့တာပဲ။ သူက ရှေးဟောင်းလျို့ဝှက်ချက်တွေနဲ့ အမှန်တရားတွေ အများကြီးကို သိတယ်လို့ ငါကြားဖူးတယ်။ အဲ့ဒီထဲမှာ အားလန်မင်းဆက်အကြောင်းလည်း ပါတယ်။ မင်းသာ ဖိုင်မွန်ရဲ့စာအုပ်ကို စိတ်ဝင်စားပြီး မင်းပြောတဲ့ အဲ့ဒီသင်္ကေတအကြောင်း သိချင်တယ်ဆိုရင်တော့ သူ့ကိုသွားပြီး မေးခွန်းတွေမေးမြန်သင့်တယ်”
ပါးရန်၏ စကားလုံးများက ဝမ်ချောင်၏ မျက်ဝန်းကို တောက်ပသွားစေသည်။ တခဏခန့် ရပ်တန့်ပြီးနောက် ပါးရန်ကဆက်ပြောသည်။
“ဒါပေမဲ့ လျို့ဝှက်ချက်ကို ဖမ်းဆုပ်မိထားတဲ့ လူတွေက အချိန်အရမ်း ကြာရှည်စွာ နေနိုင်ကြသလိုမျိုးပဲ။ ဆင်းတူရဲ့ အဆင့်မြင့်ဘုန်းတော်ကြီးက လူရှေ့ထွက်ခဲ့တယ်။ လူအများစုက သူ့အကြောင်းကို ကြားဖူးကြတယ်။ ဒါပေမဲ့ သူ့ကိုအမှန်တကယ် မြင်ဖူးတဲ့ ပမာဏကတော့ တအားနည်းပါးတယ်။ ဆင်းတူရဲ့ ဟိုင်ဒရာဘက်တွေတောင်မှ သူ့ရဲ့နေရာကို အတိအကျ မသိကြဘူး။ မကြာခဏဆိုသလို သူ့ရဲ့အသံကိုပဲကြားရပြီး ပုံရိပ်ကို အမှန်တကယ် မမြင်ရဘူးတဲ့။ ပိုဆိုးတာက ငါရဲ့ဆမ်ဆာနစ် မင်းဆက်က ဧကရာဇ်က သူ့ကိုတွေ့ချင်တဲ့အချိန်မှာ ကိုယ်တိုင်သွားတွေ့ခဲ့တာတောင်မှ ဧကရာဇ်ရဲ့ ဆန္ဒကို မဖြည်းဆည်းပေးခဲ့ဘူး”
“ခိုရာစန်းနဲ့ ပတ်ဝန်းကျင်နယ်မြေတွေမှာ ဒီလူက နတ်ဘုရားလို တည်ရှိမှုမျိုးပဲ။ သူ့ကိုလေးစားလွန်းလို့ ဘယ်သူကမှ ဆင်းတူကိုသွားပြီး မရှုပ်ရဲကြဘူး။ မင်းသူ့ကိုတွေ့ချင်ရင် အဲ့ဒီကိုသွားပြီး တစ်ချက်ကြည့်နိုင်တယ်”
ပါးရန်၏စကားလုံးများက ဝမ်ချောင်၏ တည်ငြိမ်သော စိတ်ရေကန်ကြီးထဲသို့ ကျောက်တုံးကြီး ပစ်ချလိုက်သလိုမျိုး မရပ်တန့်နိုင်သည့် အားလှိုင်းပေါင်းများစွာကို ထလာစေသည်။
စစ်ပွဲကပြီးဆုံးသွားလေပြီ။ အာရေးဗီးယားက လူအများကြီးဆုံးရှုံးသွားသည်။ ထို့ကြောင့် မည်မျှတုံးအသော လူဖြစ်စေ၊ မိုက်ရူးရဲဆန်လွန်းသော မူထယ်စီရန်သုံးကဲ့သို့သော လူမျိုးဖြစ်စေ သိပ်မကြာခင် အချိန်အတွင်း နောက်ထပ်စစ်ပွဲတစ်ခုကို စတင်ဦးလိမ့်မည်မဟုတ်ချေ။ ယခုလိုငြိမ်းချမ်းနေသော ကာလအတောအတွင်း သူသည် ဆင်းတူသို့ ခရီးတစ်ခေါက်သွားရန် အခွင့်အရေးရှိနေသည်။
ပို၍ဆိုးသည်မှာ ဆင်းတူသည် ကြီးမားလွန်းသော ဟိုက်ဒရာဘက်ကျောက်ရိုင်းတုံး တောင်ကြီးကို ပိုင်ဆိုင်ထားသည်။ ယခုအခါ အာရေးဗီးယားက ရှုံးသွားသည်။ ထို့ကြောင့်သူက ဆင်းတူသို့သွားပြီး အာရေးဗီးယားအတွက် ဝေစုတစ်ခုကို ဖယ်ထားရန် သွားပြောကောင်း ပြောနိုင်လောက်သည်။
.....
မဟာမိတ်စစ်တပ်က ဝမ်ချောင်၏ တောင်းဆိုမှုအတိုင်း လျှင်မြန်စွာ သဘောတူလက်ခံကြသည်။ ထိုစည်းမျဉ်းများအရ မဟာထန်ကို မလေးစားသောလူက မဟာမိတ်စစ်တပ်ကို မလေးစားသလိုဖြစ်သည်။ ပါးရန်နေရာချသော ပုန်ကန်သူ ခေါင်းဆောင်များ အားလုံးကလည်း မဟာထန်ထက်ပင် ထိုအချက်ကို ပို၍စိတ်အားထက်သန်စွာ လက်ခံကြသေးသည်။
မဟာထန်ကသာ ထိုစည်းမျဉ်းအတိုင်း ကျင့်သုံးရန် လက်ခံမည်ဆိုလျှင် သူတို့ကလည်း ဒီနေရာတွင် အခြေစိုက်စခန်း တည်ဆောက်မည်ဟု ဆိုလိုသည်။ ထို့ကြောင့် ပါးရန်နှင့် အခြားသော ပုန်ကန်သူခေါင်းဆောင်များ မြင်ချင်သည့်အတိုင်း ဖြစ်လာပေလိမ့်မည်။
ထိုအချိန်တွင် ဖန်းချန်းချင်က ရှိနေသောကြောင့် သူဟာ သူ၏ပြောင်မြောက်သည့် စီမံခန့်ခွဲမှုစွမ်းရည်ကို ထုတ်ဖော်ပြသသည်။ အမျိုးမျိုးသော ဆုံးဖြတ်ချက်များ အတန်းလိုက်ပြုလုပ်ပြီးနောက် သူသည် ခိုရာစန်းမှ လူများ၏ မဟာထန်အပေါ်အမြင်ကို အများကြီးမြှင့်တင်ပေးနိုင်ခဲ့သည်။
ခိုရာစန်းမှလူများကို အုပ်ချုပ်နိုင်သည်နှင့်အမျှ မဟာထန်သည် အခြားသောနေရာမှ လူများ၏ အသိအမှတ်ပြုမှုကို လက်ခံရရှိမည်ဖြစ်သည်။
ဆယ်ရက်ကျော်ခန့်ကြာပြီးနောက် မဟာကလန်ကြီးများမှ မိသားစုဝင်များ၏ ပထမတစ်သုတ်က ရောက်ရှိလာသည်။ မဟာထန်ဟာ ခိုရာစန်းသို့ ပထမဦးဆုံးသံကို ရိုက်ထည့်လိုက်ပြီဖြစ်ပြီး အရာအားလုံးက မှန်ကန်သော လမ်းကြောင်းအတိုင်း ဆက်လက်ဖြစ်ပွားနေသည်။
ထိုအချိန်တွင် ဝမ်ချောင်က ကောင်းရှန်းကျစ်၊ ဝမ်ရန်နှင့် စုဟန်ရှန်းတို့ကို အရာအားလုံးကို လွှဲအပ်ပေးလိုက်ပြီး သူကိုယ်တိုင်ကမူ လီစစ်ယဲ့၊ ချွေ့ဖြောင်းချီ၊ ကန်းခယ်ဘုရင်နှင့် ကျန်းရှို့ကျစ်တို့ အပါအဝင် ဝူရှန်းမြင်းတပ်တစ်ထောင်ကိုခေါ်ကာ ခိုရာစန်းမှထွက်ပြီး အနောက်မြောက်ဘက်ဆုံး ကာလရှိ ဆင်းတူသို့ ထွက်ခွာသွားသည်။
.....
ခုနှစ်ရက် ရှစ်ရက်ခန့် သွားလာပြီးနောက် ထိုအဖွဲ့က နောက်ဆုံးတွင် ပိုင်နက်နယ်မြေအတွင်းသို့ ဝင်ရောက်သွားသည်။
“ဒါက ဒါက ဆင်းတူလား လွင်ထီးခေါင်နယ်မြေကြီးပဲ”
သန်မာလွန်းသော မြင်းကြီးပေါ်တွင် ထိုင်နေသည့် ရွှယ်ချန်ကျွင်းက အရှေ့မှမြင်ကွင်းကို အံ့အားတကြီးကြည့်သည်။ သူသည်လည်း ဆင်းတူသည် အလွန်ဆင်းရဲသော နေရာဖြစ်ကြောင်း သိထားသည်။ ဆင်းတူသည် အခြားသော အင်ပါယာတိုင်းနှင့် ကွာခြားကြောင်း နားလည်ထား၏။ သို့သော် ထိုမြေဆီလွှာပေါ်သို့ အမှန်တကယ် နင်းချပြီးမှသာ ဆင်းတူဟာ မည်မျှခြားနားကြောင်း သိလိုက်သည်။
သူ၏မျက်စိရှေ့တွင် အမှောင်လောကကြီးဖြစ်နေသည်။ အဝေးတွင် မြင့်မားပြီး မက်စောက်သော တောင်ထိပ်များက ကောင်းကင်ထိတိုင် မိုးထိုးတက်နေသည်။ ထိုတောင်ထိပ်ကြီးများက ထက်ရှသော ဓားများအလား ထင်ရသည်။ ပို၍ဆိုးသည်မှာ အပေါ်ယံမျက်နှာပြင်က ပြောင်ရှင်းနေပြီး အပင်များကို မမြင်ရချေ။
မနီးမဝေးတွင်ရှိသော မြေပြင်ဆိုလျှင်လည်း အမည်းရောင် မြေဆီလွှာများနှင့်သာ ပြည့်နှက်နေသည်။ ထို့အပြင် ထူထည်းသော ညှီစို့နေသည့် အနံ့ကို ထုတ်လွှတ်နေသေးသည်။
ထိုနယ်မြေအတွင်းသို့ ဝင်ရောက်ပြီးနောက် ဝူရှန်းမြင်းတပ်၊ လီစစ်ယဲ့နှင့် ကန်းခယ်ဘုရင်တို့ အားလုံးက ပါးစပ်နှင့်နှာခေါင်းများကို အုပ်လိုက်မိကြသည်။
ဒါဟာ အမေ့ခံလောကကြီးဖြစ်သည်။ ပျက်စီးနေသည့် လောကကြီးဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့သည် လူသားလောကမှ သေဆုံးခြင်းနတ်ဆိုး၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာရသလို ခံစားလိုက်ရသည်။
မြေဆီလွှာအတွင်းတွင် ပုပ်သိုးဆွေးမြေ့နေသည့် အလောင်းများကိုလည်း မြင်ရသည်။ အနားတွင်လည်း ယင်ကောင်များက ဝိုင်းနေပြီး လောက်များကလည်း တွားသွားလျှက် ရှိနေသည်။ ထို့ကြောင့် သည်းမခံနိုင်သောမြင်ကွင်းမျိုးဖြစ်သွားသည်။
“ဆင်းတူက ဒီလိုနေရာမျိုးလို့ မထင်ထားဘူး”
လီစစ်ယဲ့က မနေနိုင်ဘဲပြောသည်။
“ဆိုရိုးစကားတောင် ရှိသေးတာ ‘မင်းဆင်းတူကို မြင်တဲ့အခါ မြေအောက်လောကက ဘာလဲဆိုတာကို သိရလိမ့်မယ်’တဲ့ ဒီနေရာက ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းပြီး ဆိုးရွားနေသလဲဆိုတာကို မြင်မှ ကိုယ်ပိုင်နယ်မြေနဲ့ ဗဟိုပြင်ကျယ်မှာ မွေးဖွားလာရတဲ့အတွက် ကံကောင်းမှုကို ဖမ်းဆုပ်ထွေးပွေ့ထားနိုင်လိမ့်မယ်”
ကျန်းရှို့ကျစ်က နောက်တန်းမှလှမ်းပြောသည်။ သူသည် မြေဆီလွှာထဲမှ ကြောက်စရာကောင်းသော အလောင်းများကို တခဏခန့်ကြည့်ပြီးနောက် သတိပေးလိုက်သည်။
“ဒါတွေအပြင် ဆင်းတူက ကပ်ရောဂါတွေ၊ အခြားကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်တတ်တယ်။ လေထဲမှာတောင် ဒီလိုအနံ့တွေက ပျံ့နေတတ်တာဆိုတော့ ဒီနေရာကို လူလာခဲတယ်လေ။ အားလုံးပဲ သတိလက်လွတ် မနေနဲ့။ ငါတို့ပြင်ဆင်ထားတဲ့ ဆေးတွေကို သောက်ဖို့မမေ့ကြနဲ့ဦး”
ဂလု
လူတိုင်းက ကျန်းရှို့ကျစ်၏ စကားကို ချက်ချင်းလိုလို တုန့်ပြန်ကြသည်။ သူတို့သည် သူတို့၏ ဆေးအိတ်များထဲမှ အညိုရောင်ဆေးလုံးများကို ထုတ်ပြီး ရေနှင့်မျောကာသောက်ကြသည်။
ကြိုတင်ပြင်ဆင်မှုများ လုပ်ထားပြီးနောက် အားလုံးက ဆင်းတူအတွင်းသို့ ဝင်ရောက်ထွက်ခွာကြသည်။ သူတို့က နက်ရှိုင်းသည့်အပိုင်းသို့ ဝင်လေလေ အလောင်းများက ပို၍များလေလေဖြစ်ပြီး အဆိပ်ငွေ့လေးများပါသည့် တိမ်စိုင်ငယ်လေးများလို မြူလုံးများကိုပင် မြင်ရသည်။ ထို့အပြင် မည်းမှောင်နေသော အသားအရည်နှင့် ဆင်းတူများက လမ်းဘေးနားတွင် ဒူးထောက်လျှက် တောင်းနေကြသည်။ သူတို့၏အစာအိမ်များက ဆက်တိုက်အော်ဟစ်နေပြီး အကူအညီပေးရန် တောင်းပန်နေကြသည်။
“ဒီမှာဘာတွေဖြစ်နေတာလဲ။ ငါဆင်းတူကို ရိက္ခာတွေအများကြီး ပေးထားသေးတာပါ။ ဆင်းတူကလည်း ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးတွေဆီကနေ သန်းချီရရှိနေတာမဟုတ်လား။ ဒီပမာဏကတင် စားစရာတွေအများကြီး ဝယ်လို့ရနေပြီ။ ဘာလို့ဒီလူတွေက ငတ်သေလုနီးပါးဖြစ်နေတာလဲ”
ဝမ်ချောင်ကပြောသည်။ သူဟာ မျက်မှောင်ကျုံ့ထားသည်။ သူသည် ဆင်းတူနှင့် ပူးပေါင်းပြီး ကြီးမားသည့် မှာယူမှုကို နှစ်ကြိမ်ခန့် လုပ်ဆောင်ခဲ့ဖူးသည်။ ထို့ကြောင့် ပေါက်ဈေးထက်ပင်မြှင့်ပြီး ပေးထားခဲ့ခြင်း ဖြစ်လေသည်။ သို့ရာတွင် ထိုသု့ိပေးချေမှုများက ဆင်းတူများအပေါ် သက်ရောက်မှုရှိပုံမရချေ။
ယွမ်ရှု့စုန့်က အရှေ့သို့ထွက်လာသည်။ သူသည် ဆင်းတူ၏ဂိုက်နှင့် စကားအနည်းငယ် ပြောကြားပြီးနောက် နောက်သို့ခပ်မြန်မြန် ပြန်စီးသွားကာ ဝမ်ချောင်ကို သူသိသမျှ အကြောင်းအရာများ အားလုံးကို ပြန်ပြောပြသည်။
“အရှင် ငါတို့ရဲ့ဆင်းတူက လမ်းညွှန်ကပြောတာကတော့ လက်ရှိအခြေအနေက ဆင်းတူရဲ့ ကုန်လွန်ခဲ့တဲ့ နှစ်တွေမှာ အကောင်းဆုံး အခြေအနေပါတဲ့။ အနည်းဆုံးတော့ လူတွေရဲ့ တစ်ဝက်လောက်ကတောင် ငတ်ပြီးမသေကြဘူးလေ။ ဆင်းတူက မဟာထန်ရဲ့ လူငယ်အမတ်မင်းကို တော်တော်လေးကို ကျေးဇူးတင်နေကြတာ။ သူက ငါတို့ရဲ့လမ်းညွှန်ဖြစ်ချင်တာကလည်း ငါတို့က ထန်ဖြစ်နေလို့ပဲ။ ငါတို့တွေ လူငယ်အမတ်မင်းကို မြင်ဖူးသလားလို့တောင် မေးနေသေးတယ်။ တကယ်လို့ သူ့ကိုသာ မိတ်ဆက်ပေးမယ်ဆိုရင် ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ချင်လို့ပါတဲ့”
ဘန်း
ထိုစကားလုံးများက လူတိုင်းကိုရယ်စေသည်။ ဝမ်ချောင်ကပင် ပြုံးမိသည်။
ပါးရန်သည် ခိုရာစန်း၏ အစွန်နားမှ ဆင်းတူလမ်းညွှန်ကို ရှာဖွေလာခဲ့ခြင်းဖြစ်သည်။ အကူအညီကို တောင်းဆိုသောအခါ ပါးရန်က ထန်အချို့ကို ကူညီပေးရန်သာပြောခဲ့သည်။ ပို၍ဆိုးသည်မှာ ခိုရာစန်းမှ ထွက်လာသော သတင်းများအရ ဝမ်ချောင်သည် မဟာထန်၏ ငယ်ရွယ်သော ဗိုလ်ချုပ်ဟုသာ ဖော်ပြထားသည်။ လူအနည်းစုကသာ ဝမ်ချောင်နှင့် အခြားသောဘွဲ့နာမည်ဖြစ်သည့် လူငယ်အမတ်မင်းဆိုသော နာမည်ရှိကြောင်း သိကြသည်။ ထို့ကြောင့် ဆင်းတူ၏ လမ်းညွှန်ကလည်း သူ့ကိုမသိချေ။
“သူက ကျေးဇူးတင်ပြီးပါပြီလို့ ပြောလိုက်ပါ”
ဝမ်ချောင်ကပြောသည်။ အသားမည်းမည်း ဆင်းတူက ရယ်သံများနှင့် ယွမ်ရှု့စုန့်၏ စကားလုံးများကြောင့် စိတ်ရှုပ်ထွေးနေသည်။ အဆုံးသတ်တွင်မူ ယွမ်ရှု့စုန့်က အနားနားကပ်ပြီး ခပ်တိုးတိုးပြောလိုက်သည်။ တစ်ဖက်သူ၏ မျက်နှာက ပြောင်းလဲသွားပြီး စိတ်လှုပ်ရှားစွာအော်သည်။ သူသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်ရန် မနည်းကြိုးစားနေရသည်။
ဝမ်ချောင်၏နောက်ခံကို သိသွားပြီးနောက် ဆင်းတူ၏ လမ်းညွှန်က ပို၍ပင် တက်ကြွပျော်ရွှင်သွားသေးသည်။ ပို၍ဆိုးသည်မှာ သူဟာ လမ်းဘေးတွင် ဆင်းတူတစ်ယောက်ကို တွေ့သည်နှင့် စိတ်လှုပ်ရှားစွာ အပြေးသွားပြီး အော်သည်။ ထိုသို့ဖြင့် လမ်းဘေးတွင် တောင်းနေကြသော ဆင်းတူလူအုပ်ကြီးက စိတ်လှုပ်ရှားသွားကြလေသည်။
ဝမ်ချောင်ကလည်း ဒီအခြေအနေကို ငြင်းဆန်ရခက်ခဲသဖြင့် လက်အောက်ငယ်သားများအား ရိက္ခာအချို့ ဝေမျှပေးစေသည်။ သုံးရက်ခန့်ကြာပြီးနောက် ဆင်းတူ၏ လမ်းတစ်ဝက်ကျော်ခန့်ကို ဖြတ်သန်းပြီးသောအခါ ဝမ်ချောင်နှင့် လူများက ဆင်းတူ၏ အကျော်ကြားဆုံးသော တောင်တန်းကြီးသို့ ရောက်ရှိသွားသည်။ ထိုနေရာက ဟိုက်ဒရာဘက် တောင်တန်းကြီးဖြစ်သည်။
“ဒါက ဝု့စ်သံမဏိဓားတွေအတွက် ကျောက်ရိုင်းတုံးတွေရှိတဲ့ မိုင်းတွင်းလား ဝိုး... တော်တော်လေးကို ကြီးမားတဲ့ တောင်တန်းကြီးပဲ”
သူတို့က ဟိုက်ဒရာဘက် တောင်တန်းကြီးကို မြင်သောအခါ ပထမဦးဆုံး ခံစားမိသည်မှာ ခမ်းနားမှုမဟုတ်သလို မြင့်မြတ်မှုလည်းမဟုတ်ဘဲ အလွန်မတ်စောက်သည်ဆိုသော ခံစားချက်ဖြစ်သည်။
ထက်ရှသော တောင်စောင်းများက အလွန်မာကြောပြီး အပေါ်ယံပြင်ကလည်း ပိန်းပိတ်အောင် မည်းမှောင်နေသေးသည်။ သူတို့ကသာ သတိမထားမိလျှင် ချောက်ကမ်းပါးအတွင်းသို့ ပြုတ်ကျပြီး အရိုးများပင် ကွဲထွက်သွားနိုင်သည်။
“ဆင်းတူတွေအတွက် ဒီလိုနေရာမျိုးမှာ မိုင်းတူးဖို့ တော်တော်လေး ခက်ခဲမှာ အသေအချာပဲ။ တောင်တန်းပေါ် ခြေချဖို့ကတောင် တော်တော်ခက်နေမှာ။ မြင်းစီးဖို့ဆိုရင် မပြောနဲ့ဦး”
လီစစ်ယဲ့ကလည်း ခပ်တိုးတိုးရေရွတ်လိုက်ပြီး ကြီးမားသော တောင်တန်းကြီးကိုကြည့်လိုက်သည်။ ထိုတောင်တန်းကြီးက ကြီးမားသော သားရဲကြီးတစ်ကောင် ချောင်းမြောင်းနေသလို ဖြစ်နေ၏။ သူ၏မျက်ဝန်းကလည်း အံ့အားသင့်မှုနှင့် တောက်ပလာသည်။
ဟိုက်ဒရာဘက်တောင်တန်းသည် ကျော်ကြားမှုနှင့် ထိုက်တန်သည်။ ဝူရှန်းမြင်းတပ်ကပင် ထိုတောင်တန်းများကို ကြည့်ရုံနှင့် ခြောက်ခြားမှုကို ခံစားရသည်။
ဝမ်ချောင်က ဘာစကားမှမဆိုဘဲ နောက်တန်းမှသာကြည့်နေသည်။ ထို့ကြောင့် သူသည်လည်း အလားတူ ခံစားရသည်။ သို့ရာတွင် သူသည် ဟိုက်ဒရာဘက်တောင်တန်းမှလာသည့် ထူးခြားသည့် ခံစားမှုတစ်ရပ်ကို ရနေသည်။ သူက မတွေးတောနိုင်သေးခင် အော်သံကိုကြားလိုက်ရသည်။
“သူတို့ဒီမှာပဲ အာဘလိုနိုတန်နဲ့ အာလိုဂျာတွေ ရောက်လာပြီ”
ဝမ်ချောင်က ခေါင်းမော့ကာ ကြည့်လိုက်သောအခါ ကြီးမားလွန်းသော တောင်လမ်းဘေးတွင် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်အချို့ကိုမြင်လိုက်ရသည်။ သူတို့က အနက်ရောင်ဝတ်ရုံဝတ် ဆင်းတူတစ်ယောက်က ဦးဆောင်လာသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ထိုဦးဆောင်လာသူက ဟိုက်ဒရာဘက် တောင်တန်းများအနှံ့ ယုံကြည်မှုရှိစွာ လျှင်မြန်စွာ သွားလာနေသည်။ အနီးကပ် ကြည့်ရှု့လိုက်သောအခါ ခေါင်းဆောင်နှစ်ယောက်က ဝမ်ချောင်နှင့် အလွန်အမင်းရင်းနှီးသည့် အာပလိုနိုတန်နှင့် အာလိုဂျာတို့ဖြစ်ကြောင်း တွေ့လိုက်ရသည်။
တောင်တန်းပိုင်နက်နယ်မြေက အလွန်အမင်း ရှုပ်ထွေးပြီး ထက်ရှသော ကျောက်တုံးများနှင့် ဖုံးလွှမ်းနေသည်။ သို့သော် အာပလိုနိုတန်နှင့် အာလိုဂျာတို့က ဦးဆောင်ခေါ်လာသည့် ထိုဘုန်းတော်ကြီးများကမူ ခပ်မြန်မြန် လျှောက်လာနိုင်ကြသည်။
ဝမ်ချောင်နှင့် လီစစ်ယဲ့ကိုမြင်သောအခါ အာပလိုနိုတန်နှင့် အာလိုဂျာတို့က စိတ်လှုပ်ရှားစွာ လှမ်းအော်ပြီး ခပ်မြန်မြန်လာကြသည်။
“ဟား ဟား လေးစားရတဲ့ လူကြီးမင်းတို့ မတွေ့ရတာကြာပြီ”
ဝမ်ချောင်ကမြင်းကို ထိုနှစ်ယောက်ထံ အပြေးနှင်လိုက်သည်။
ဝမ်ချောင်နှင့် ထိုနှစ်ယောက်က မိတ်ဆွေဟောင်းများဖြစ်သည်။ သို့သော် မတွေ့သည်မှာ တစ်နှစ်ကြာသွားလေပြီ။ အာပလိုနိုတန်နှင့် အာလိုဂျာတို့က ပို၍ပိန်သွားသည်။ သို့သော် သူတို့ဟာ ပို၍အားအင်ပြည့်ဝလာသည်။ ဝမ်ချောင်သည် သူတို့ရင်ဘက်မှ တောင်တန်းသင်္ကေတ တံဆိပ်လေးကိုပင် မြင်လိုက်ရသည်။ သူတို့သည် ယခင်ထက်ပို၍ လုပ်နိုင်စွမ်းရည်ရှိပြီး အဆင့်မြင့်သွားခြင်း ဖြစ်လောက်သည်။
“အရှင်အမတ်မင်း နောက်ဆုံးတော့ ရောက်လာပြီလား။ ငါတို့မင်းကို စောင့်နေတာကြာပြီ။ မင်းတာလာ့မှာ အာရပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာ ငါတို့ကြားပါတယ်။ အဲ့ဒီတော့ ငါတို့ ဘယ်လောက်တောင် စိုးရိမ်လိုက်ရသလဲ။ ဒါပေမဲ့ အာပလိုနိုတန်နဲ့ ငါက အရှင်အမတ် နိုင်မယ်ဆိုတာ သိပြီးသားပါ”
အာလိုဂျာကပြောသည်။
“အရှင်အမတ်က တာလာ့ကနေ ခိုရာစန်းတောက်လျှောက် သိမ်းပိုက်ခဲ့ကြောင်းကြားတော့ ငါတို့နှစ်ယောက်လုံး စိတ်အေးသွားရတယ်လေ”
အခန်း(၁၁၉၇)
ဝမ်ချောင်ကရယ်သည်။
“ဟား ဟား အခု ခင်ဗျားတို့ပြောမှပဲ လေးစားရတဲ့ လူကြီးမင်းတွေက ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးတွေကို ပို့ပေးတဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ရတော့မယ်”
သုံးယောက်က စကားများဖလှယ်ပြီးနောက် တောင်တန်းထဲသို့ ခပ်မြန်မြန် ဝင်ရောက်ကြသည်။ မတ်စောက်သော တောင်တန်းကြီးအတွင်းသို့ ဝင်ရောက်ရာတွင် ဝမ်ချောင်က ဝူရှန်းမြင်းတပ်မှ အဖွဲ့ဝင် အများစုကို နောက်တွင်ချန်ထားရစ်ခဲ့ပြီး လီစစ်ယဲ့နှင့် အခြားသော ကျွမ်းကျင်ပညာရှင်များကိုသာ ဦးဆောင်လျှက် တောင်တန်းများထဲမှ တောင်တန်းတစ်ခုပေါ်သို့ ဦးဆောင်လိုက်ကြသည်။
တောင်ထိပ်တွင်သူက မီးခိုးများ လိပ်တက်ရစ်ခွေနေသည့် အကြမ်းထည် တည်ဆောက်ထားသော ရိုးရှင်းသော တဲအိမ်များကိုမြင်ရသည်။ ဆင်းတူထောင်ပေါင်းများစွာက တောင်ထိပ်တွင် အလုပ်လုပ်နေကြသည်။ သူတို့သည် ရိုးရှင်းသော လက်နက်များကို ကိုင်ဆွဲကာ ကျောက်သားများကို ဖောက်နေကြသည်။ ထိုသို့ဖြင့် တောင်ထဲတွင် တဖြည်းဖြည်းချင်း သွားလာနေလေသည်။
အလွန်ဝေးကွာသော တစ်နေရာတွင် အမျိုးမျိုးသော ကြီးမားသည့် စက်ကြီးများကို မြင်ရသည်။ အထူးသဖြင့် ထိုစက်ကြီးများက သားရဲကောင်ကြီးများအလား ဟိုက်ဒရာဘက် မိုင်းတွင်း၏အလယ်တွင် ဆောင့်ကြောင့်ထိုင်လျှက် တူးထုတ်နေလေသည်။
ဒါဟာ ဝမ်ချောင်အနေနှင့် ဟိုက်ဒရာဘက်တောင်သို့ ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပြီး လောကမှ အဖိုးတန်ဆုံးသော ကျောက်ရိုင်းတုံးကို မည်သို့တူးထုတ်ကြောင်း မြင်ဖူးသည့်အကြိမ်လည်းဖြစ်သည်။ အရာအားလုံးကမူ အလွန်အမင်း အံ့အားသင့်စရာကောင်းသည်။ သို့ရာတွင် ရိုးရှင်းသောပစ္စည်းများကိုသာ အသုံးပြုနေကြောင်း မြင်သောအခါ ဝမ်ချောင်က မျက်မှောင်ကျုံ့လုနီးပါး ဖြစ်သွားသည်။ သို့သော် မှတ်ချက်မချဖြစ်ပေ။
“အရှင်အမတ် အရှင်အမတ်အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးတာကတင် ငါတို့အတွက် ဂုဏ်ယူစရာ ကိစ္စကြီးဖြစ်နေပါပြီ။ အာပလိုနိုတန်နဲ့ ငါက ကူညီပေးနိုင်တာများရှိမလား။ ငါတို့ရဲ့ လုပ်နိုင်စွမ်းအား အတွင်းမှာဆိုရင် အရှင်အမတ် ကျေးဇူးပြုပြီး တောင်းဆိုလိုက်ပါ”
အနက်ရောင်ဝတ်ရုံ ခြုံထားသည့် အာပလိုဂျာက ရိုးသားစွာပြောသည်။
“အဆင့်မြင့်ဘုန်းတော်ကြီးရှိသလား ငါက အဆင့်မြင့်ဘုန်းတော်ကြီးကို ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးနဲ့ ပတ်သတ်တဲ့ကိစ္စကို ဆွေးနွေးချင်လို့ လာတာပါ။ ဒါတွေအပြင် ငါသူ့ရဲ့လမ်းညွှန်မှုကို တောင်းခံချင်တဲ့ အခြားကိစ္စတွေလည်း ရှိသေးလို့ပါ”
ဝမ်ချောင်ကပြောသည်။
“ဟား”
အက်ပလိုနိုတန်နဲ့ အာလိုဂျာတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးပြုံးကြသည်။ သူတို့သည် ဝမ်ချောင်၏ တောင်းဆိုမှုကို ခန့်မှန်းထားပုံရသည်။
“အရှင်အမတ် ကျေးဇူးပြုပြီး လိုက်ခဲ့ပါ။ အဆင့်မြင့်ဘုန်းတော်ကြီးက မင်းကိုစောင့်နေတာ ကြာပါပြီ”
ဝမ်ချောင်၊ လီစစ်ယဲ့နှင့် အခြားသောသူများက အာပလိုနိုတန်နှင့် အာလိုဂျာတို့၏ နောက်မှလိုက်ကာ ဟိုက်ဒရာဘက် မိုင်းတွင်း၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ဝင်ရောက်သွားကြသည်။
ဟိုက်ဒရာဘက် တောင်တန်း၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်သောအခါ ဝမ်ချောင်ဟာ နောက်ဆုံးတွင် ဒဏ္ဍာရီလာ အဆင့်မြင့်ဘုန်းတော်ကြီးကို မြင်လိုက်ရပြီဖြစ်သည်။ ထိုနေရာကမူ ရိုးရှင်းပြီး ရှေးကျသော သံမဏိသားဖြင့် တည်ဆောက်ထားသည့် ဂူဘုရားကျောင်းလေးမျှသာဖြစ်သည်။ ဟိုက်ဒရာဘက် တောင်တန်း၏ အလယ်နေရာတွင်ရှိသော ပြိုကျနေသည့် မိုင်းတွင်းအောက်ခြေနားတွင်ရှိသည်။ ကျောက်တိုင်များပေါ်တွင် အလှဆင်ထားခြင်းလည်းမရှိချေ။ ဒီအတိုင်း ဂူကျောင်း၏ ခံနိုင်ရည်အားကို မြှင့်စေရန် ပြုလုပ်ထားခြင်းသာရှိသည်။
“အဆင့်မြင့်ဘုန်းတော်ကြီး ဧည့်သည်တွေ ရောက်လာပါပြီ”
ဂူဘုရားကျောင်းအတွင်းတွင် အာပလိုနိုတန်နဲ့ အာလိုဂျာတို့က ဘေးချင်းယှဉ်လျှက် ရပ်နေကြပြီး မြင့်မားသော စင်မြင့်လေးပေါ်မှ ပုံရိပ်ကို ဂါရဝပြုလိုက်ကြသည်။
ဝမ်ချောင်က တစ်ချက်မော့ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်ရုံကို ခြုံထားသည့် ဘုန်းကြီးတစ်ပါးက ထိုင်နေကြောင်း မြင်လိုက်ရသည်။ သူ၏မျက်ဝန်းက တင်းတင်းကြပ်ကြပ် မှိတ်ထားပြီး ခန္ဓာကိုယ်က လှုပ်ရှားမှုကင်းမဲ့နေသည်မှာ ကျောက်ရုပ်ကြီးအလားထင်ရသည်။
အနီးကပ်ကြည့်လိုက်သောအခါ တစ်ဖက်သူ၏ကိုယ်မှ အတက်စွမ်းအားများပင် မရှိကြောင်း သိလိုက်သည်။ ထိုင်နေသူက ဒီတိုင်း အခွံကြီးသပ်သပ်ဟုသာ ထင်ရ၏။ ဝမ်ချောင်၏ ကျင့်ကြံခြင်းအဆင့်တွင် ရှိသော လူတစ်ယောက်အတွက် ထိုအခြေအနေဟာ မယုံနိုင်စရာဖြစ်သည်။
“အဆင့်မြင့်ဘုန်းတော်ကြီးက သူ့ရဲ့လျို့ဝှက်သိုင်းကို အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံပြီးသွားပြီလေ။ အဆင့်မြင့်ဘုန်းတော်ကြီးကသာ ဆန္ဒရှိရင် သူက သုံးလေးနှစ်လောက် မအိပ်မစားဘဲ နေနိုင်တယ်”
အာပလိုနိုတန်နှင့် အာလိုဂျာတို့က ရှင်းပြသည်။ သူတို့သည် ဝမ်ချောင်၏အတွေးကို အာရုံခံမိပုံပေါ်သည်။
“ဘာ”
လီစစ်ယဲ့နှင့် ကန်းခယ်ဘုရင်တို့ အားလုံးက အံ့အားတကြီး ရေရွတ်လိုက်ကြသည်။
“လူတစ်ယောက်က သုံးရက်ကနေ ငါးရက်အထိ ဘာမှမစားမသောက်ဘဲ နေမယ်ဆိုရင်တောင် အန္တရာယ်ရှိနေပြီ။ သိုင်းပညာရှင်တွေအတွက် ဆယ်ရက်လောက် တောင့်ခံနိုင်ရင်တောင် တော်တော်လေး လေးစားဖို့ကောင်းနေပြီ။ ဒီလူတစ်ယောက်က သုံးနှစ် လေးနှစ်လောက်အထိ ဘာမှမစား ဘာမှမသောက်ဘဲ နေနိုင်တာလား။ ရေတစ်စက်တောင် မသောက်ဘူးလား”
“မဟာဗိုလ်ချုပ်ကြီးတွေတောင် အဲ့ဒီလိုမလုပ်နိုင်ဘူး”
“မဖြစ်နိုင်တာ လူသားတစ်ယောက်က ဒီလောက်အကြာကြီး ဘာမှမစား ဘာမှမသောက်ဘဲ နေနိုင်ပါ့မလား”
သက်ရှိများတွင် အကန့်အသတ်ရှိသည်။ လူသားများသည်လည်း ရေစွမ်းအားမှ မလွတ်မြောက်နိုင်သလိုမျိုး သက်ရှိများကလည်း မည်သည့်အရာမှမစား မည်သည့်အရာမှမသောက်ဘဲ နေ၍မရချေ။ သုံးလေးနှစ်ဆိုသော ကာလက အတိုင်းအတာထက်ပင် ကျော်လွန်နေသည်။
ထိုအချိန်တွင် ဝမ်ချောင်က ရုတ်တရက်ပြောသည်။
“အလွန်အကြူး တွေးလို့မရဘူး။ လောကဆိုတာက လျို့ဝှက်သိုင်းတိုင်း ပြီးတဲ့အိမ်ပဲ။ ဆင်းတူရဲ့ လက်ရာမြောက်တဲ့ သိုင်းတွေက ငါတို့ကျင့်ကြံတဲ့ ကြယ်တာရာစွမ်းအင်တွေနဲ့ တကယ်ခြားနားတယ်။ အဲ့ဒီသိုင်းတွေက လူ့အသွေးအသား ခန္ဓာကိုယ်ပေါ်က စိတ်ဆန္ဒတွေကို အနိုင်ယူတာ။ ဒီသိုင်းတွေကို ကျင့်ကြံတဲ့အခါ ခန္ဓာကိုယ်က လုပ်ဆောင်မှုတွေအားလုံးကို တက်နိုင်သမျှ အနည်းဆုံးဖြစ်သွားအောင် ချုံ့ရတယ်။ အင်အားအကြီးဆုံး သိုင်းပညာရှင်ကြီးတွေဆိုရင် မြေအောက်မှာ သုံးနှစ်၊ လေးနှစ်လောက် အမြုပ်ခံထားရရင်တောင် အသက်ရှင်နိုင်ကြတယ်။ နောက်ပိုင်း ပြန်တူးထုတ်လိုက်ရင် သူတို့က အသက်ရှင်တုန်းပဲ။ ဒါတွေအားလုံးက အမှန်တရားပဲ”
ဝမ်ချောင်က ဆင်းတူ၏ လျို့ဝှက်ချက်များကို အခြားသူများထက် ပို၍ကောင်းစွာ နားလည်သည်။ အဆင့်မြင့်ဘုန်းတော်ကြီး၏ စွမ်းအင်က မှင်သက်ဖွယ်ကောင်းသော်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ချေ။
“လူငယ်အမတ်မင်းက ငါတို့ဆင်းတူတွေကို ဒီလိုမျိုး နားလည်ထားမယ်လို့ မထင်ထားဘူး”
ရုတ်တရက် အသံက ထွက်လာသည်။
ဝမ်ချောင်သည် ထိုအသံမျိုးကိုမကြားဖူးချေ။ ထိုအသံဟာ ပိုင်ရှင်ကို အမျိုးသားလော၊ အမျိုးသမီးလော ခွဲခြား၍မရနိုင်အောင် လူငယ်လော၊ လူကြီးလော မကွဲပြားနိုင်လောက်အောင် ခွဲခြားရခက်လွန်းသော အသံမျိုးဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူတို့သည် အသံတစ်သံကို ကြားရမှန်းသိသော်လည်း ထိုအသံကို ခွဲခြားရန် ခက်ခဲသွားသည်။
“အဆင့်မြင့်ဘုန်းတော်ကြီး”
လူတိုင်းက အံ့အားသင့်နေကြသော်လည်း အာပလိုနိုတန်နှင့် အာလိုဂျာတို့ကမူ ရုတ်တရက် မြေပြင်တွင် လဲချလိုက်ကြကာ ဒူးထောက်လျှက် လှုပ်ရှားမှုကင်းမဲ့သွားကြသည်။
လူတိုင်းက အဆင့်မြင့်ဘုန်းတော်ကြီးကို ချက်ချင်းမော့ကြည့်ကြသည်။ ကုလားထိုင်ပေါ်တွင် လှုပ်ရှားမှုကင်းမဲ့နေသော အဆင့်မြင့်ဘုန်းတော်ကြီးက စပြီးလှုပ်ရှားလာသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက တဖြည်းဖြည်းချင်း ကွဲအက်လာပြီးနောက်ပိုင်း အဆင့်မြင့်ဘုန်းတော်ကြီး၏ မျက်နှာပေါ်ရှိ ကြီးမားသော ရွှံ့တုံးကြီးလို အတုံးကြီးတစ်တုံးက မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။
ယခုလေးတင် ရေဆေးရုပ်လို့ ထင်ရသည့် အဆင့်မြင့်ဘုန်းတော်ကြီးက မိုးရွာပြီးနောက် ဝါးအညွှန့်လေးများ ပေါက်ဖူးလာသော ပုံသဏ္ဍန်မျိုး ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။ သူ၏ကိုယ်အတွင်းမှ ပြင်းထန်များပြားလွန်းသော အတက်စွမ်းအားများက ပေါက်ထွက်လာပြီး ဂူဘုရားကျောင်း တစ်ခုလုံးကို ဟာရီကိန်းမုန်တိုင်းကဲ့သို့ လွှမ်းခြုံသွားသည်။ တခဏခန့်ကြာပြီးနောက် အဆင့်မြင့်ဘုန်းတော်ကြီး၏ မျက်လုံးက တုန်လှုပ်လျှက် ပွင့်လာသည်။
“လေးစားရတဲ့ အဆင့်မြင့်ဘုန်းတော်ကြီး ငါတို့နောက်ဆုံးတော့ တွေ့ကြပြီ”
ဝမ်ချောင်က ဖျော့တော့စွာပြုံးလျှက် ဂါရဝပြုလိုက်သည်။ ဝမ်ချောင်က အဆင့်မြင့်ဘုန်းတော်ကြီးနှင့် ပထမဦးဆုံးအကြိမ် အဆက်အသွယ်ဖြစ်ဖူးခြင်းမဟုတ်ချေ။ ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးကို ပထမဦးဆုံးအကြိမ် လက်ခံရရှိရန်အတွက် အဆင့်မြင့်ဘုန်းတော်ကြီးက အသိအမှတ် ပြုပေးရသည်။ သို့ရာတွင် ယခုတစ်ကြိမ်ကသာ အမှန်တကယ် တွေ့ဆုံခြင်းဖြစ်သည်။
“ဟား ဟား လူငယ်အမတ်မင်း မင်းဟိုက်ဒရာဘက် အမြူတေတွေအတွက် ရောက်လာတာလား”
အဆင့်မြင့်ဘုန်းတော်ကြီးက ရယ်ပြီး တဖြည်းဖြည်းချင်း ထလာသည်။ လူတိုင်းက အံ့ဩသွားကြသည်။ သို့သော် ဝမ်ချောင်ကမူ ဒီလိုတုန့်ပြန်မှုကို မျှော်လင့်ထားပုံပေါ်သည်။
“အာရပ်တွေက ရှုံးသွားပြီ။ သူတို့ရဲ့စစ်သား တစ်သန်းကျော် အသတ်ခံလိုက်ရတယ်။ သူတို့ အချိန်အတန်ကြာတဲ့အထိ ပြန်လည်တိုက်ခိုက်နိုင်ဖို့ အင်အားမရှိလောက်သေးဘူး။ ဒီလိုအရှေ့ပိုင်းနဲ့ အနောက်ပိုင်းကြားက အရေးပါတဲ့ လမ်းကြောင်းအားလုံးက ငါ့ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီ။ အတိတ်ကသာဆိုရင် ဆင်းတူတွေကို အာရပ်တွေက ခြိမ်းခြောက်နိုင်တယ်လို့ ပြောဦးမှာ။ ဒါပေမဲ့ အခုတော့ လေးစားရတဲ့ ဘုန်းတော်ကြီးအနေနဲ့ ဒီလိုစိုးရိမ်မှုမျိုး မရှိတော့ဘူးမဟုတ်လား”
ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးသည် အလွန်အမင်း အရေးပါသည်။ ဝု့စ်သံမဏိဓားက မဟာထန်၏ စစ်တပ်တစ်ခုလုံး၏ အင်အားကို မြှင့်တင်ပေးနိုင်သော စွမ်းရည်ရှိသည်။ ဒီနယ်ပယ်တွင် ဝမ်ချောင်ဟာ နောက်ဆုတ်လိုစိတ်မရှိချေ။ သူသည် ရနိုင်သမျှရအောင် တောင်းဆိုရပေလိမ့်မည်။ ဝမ်ချောင်၏ ဒီနေရာသို့လာရသည့် အရေးပါသော ပန်းတိုင်များထဲမှ တစ်ခုဟာ အာရပ်များ၏ ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးဝေစုကို ရလိုရငြား သိလို၍ဖြစ်သည်။
“ဟား ဟား”
အဆင့်မြင့်ဘုန်းတော်ကြီးက ရယ်သည်။ သို့သော် သူ၏မျက်ဝန်းက စူးရှသောအလင်းကို ထုတ်လွှတ်သည်။
“လူငယ်အမတ်မင်းကလည်း ကြက်ဥတွေအားလုံးကို တစ်တောင်းတည်း ပုံထည့်လို့မရဘူးဆိုတာကို သိပါတယ်။ ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးတွေ အားလုံးကို မဟာထန်ကို ပေးလိုက်တာက ဆင်းတူအတွက်တော့ မကောင်းဘူး”
လီစစ်ယဲ့၊ ကန်းခယ်ဘုရင်နှင့် အခြားသော ကျွမ်းကျင်ပညာရှင်များက ထိုစကားလုံးများကြောင့် မျက်နှာထားများ တင်းမာသွားကြသည်။ ဝမ်ချောင်၏နောက်သို့ အချိန်တစ်ခုကြာ လိုက်ဖူးသောလူတိုင်းကမူ ထိုတုန့်ပြန်မှုကြောင့် အံ့ဩသွားသည်။
မဟာထန်နှင့်ဆင်းတူသည် အတူပူးပေါင်း လုပ်ဆောင်ခဲ့ဖူးသည်။ လအနည်းငယ်ခန့် အလိုကဆိုလျှင် တာလာ့ကို အာရပ်စစ်တပ်က ဝိုင်းထားသောအခါ ဆင်းတူက မဟာထန်က လိုအပ်သည့် ကျောက်ရိုင်းတုံးများကို အမြန်ဆုံး လာရောက်ပို့ဆောင်ပေးခဲ့ပြီး အနိုင်ပွဲအတွက် အကျိုးအမြတ်ကြီး ပြုခဲ့သည်။ သို့သော် မဟာထန်က နိုင်သွားပြီးချိန်တွင် ဆင်းတူကရုတ်တရက် ပူးပေါင်းလိုစိတ် မရှိတော့ဟု မထင်ထားကြချေ။
“လေးစားရတဲ့အရှင်”
အာပလိုနိုတန်နှင့် အာလိုဂျာတို့က ခေါင်းကိုအံ့အားတကြီး မော့လိုက်ကြသည်။ သူတို့သည်လည်း ဒီအခြေအနေကို မျှော်လင့်ထားပုံပေါ်သည်။
ဝမ်ချောင်ကသာ မတုန်လှုပ်ခြင်းဖြစ်သည်။ သူသည် ထိုနှစ်ယောက်အား လက်ကိုအသာ ယမ်းပြလိုက်သည်။ ထိုနှစ်ယောက်ကို စိတ်အေးအေးထားရန် အမူအရာ ပြလိုက်၏။
“အဆင့်မြင့်ဘုန်းတော်ကြီးပြောတာ အကျိုးအကြောင်း သင့်ပါတယ်။ ကြက်ဥတွေအားလုံးကို တစ်တောင်းတည်းထားလို့ ဘယ်ဖြစ်ပါ့မလဲ။ ဒါပေမဲ့ ငါက ကြက်ဥတွေအားလုံးကို ဝယ်လိုက်ရင်ကတော့ မတူနိုင်တော့ဘူး။ အဆင့်မြင့်ဘုန်းတော်ကြီးလည်း စိုးရိမ်စရာရှိဦးမယ်လို့ ထင်ပါသလား”
ဝမ်ချောင်ကပြောသည်။
“လူငယ်အမတ်မင်းပြောတာကလည်း အကျိုးအကြောင်း သင့်လျော်ပါတယ်။ ဒါပေမဲ့....”
အဆင့်မြင့်ဘုန်းတော်ကြီးက မျက်မှောင်ကျုံ့ပြီး ရပ်တန့်သွားပြန်သည်။ သူသည် လွန်ဆွဲနေပုံပေါ်သည်။
ဝမ်ချောင်ကပြုံးပြီး အရေအတွက်တစ်ခုပေးသည်။
“ထယ်တစ်ထောင့်ငါးရာ”
“လူငယ်အမတ်မင်း”
အာပလိုနိုတန်နှင့် အာလိုဂျာတို့ကမူ ဝမ်ချောင်၏စကားကြောင့် မှင်သက်သွားရာမှ ချက်ချင်းလိုလို အခြေအနေကို နားလည်သွားကြပြီး အံ့ဩသွားကြသည်။
ဝမ်ချောင်ကပေးသော ပမာဏက ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံး၏ တန်ကြေးဖြစ်သည်မှာ ရှင်းလင်းသည်။ သို့သော် စစ်ပွဲမတိုင်ခင်က ဝမ်ချောင်ကလည်း တစ်ကျင်းအတွက် ထယ်တစ်ထောင် တန်ကြေးကိုပေးကာ ဝယ်ယူမည်ဟု ပြောထားပြီးသားဖြစ်သည်။ ယခုအခါ သူဟာ အနိုင်ကွက်ရသွားသည်။ မျှော်လင့်ထားသည့်အတိုင်း ဝမ်ချောင်က တည့်တိုးသမားဖြစ်နေသည်။ သူသည် ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံး တစ်ကျင်း၏တန်ကြေးကို ငါးဆယ်ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးခဲ့သည်။ ယခုအခါ တစ်ထောင်မှ တစ်ထောင့်ငါးရာဖြစ်သွားသည်။ ဝမ်ချောင်၏ ဆင်းတူများပေါ် သဘောထားကြီးမြတ်မှုက စီးပွားရေးပညာရှင်ကြီးများကိုပင် ဖုန်ထဲရောက်သွားစေသည်။
သို့သော် ကန်းခယ်ဘုရင်သည် စီရင်သည်။ အခြားသော ထန်များကမူ မလှုပ်ရှားကြချေ။ သူတို့သည်လည်း တစ်ထောင့်ငါးရာက အလွန်များသည်ဟု ခံစားရပြီး ကျောက်ရိုင်းတုံးများ၏ တန်ကြေးကို ပို၍နိမ့်စေချင်သော်လည်း မည်သူကမှ ဝမ်ချောင်၏ ဆုံးဖြတ်ချက်ကို သံသယမဝင်ကြချေ။ သူ၏ဆုံးဖြတ်ချက်က မည်မျှပင် မဖြစ်နိုင်ဟု ထင်ရနေစေကာမူ အဆုံးသတ်တွင် ဝမ်ချောင်က သူမှန်ကြောင်း သူ့ကိုယ်သူ သက်သေပြနိုင်ခဲ့သည်။ ယခင်ကလည်း မရေမတွက်နိုင်အောင် ဖြစ်ခဲ့ဖူးသည်။
ဝမ်ချောင်က အဆင့်မြင့်ဘုန်းတော်ကြီးကို တည်ငြိမ်မှု၊ ယုံကြည်မှုအပြည့်နှင့် ကြည့်လိုက်သည်။
ဒီလိုအခြေအနေမျိုးတွင် ဝမ်ချောင်နှင့် မဟာထန်ကြီးအတွက် ပိုက်ဆံက အရေးမပါဆုံးသောကိစ္စ ဖြစ်သွားသည်။ အာရပ်များက လျော်ကြေးအဖြစ် ရွှေထည်တစ်ဘီလီယံကျော် ပေးချေခဲ့လေရာ ဝမ်ချောင်က ကျေနပ်သလို သုံးပိုင်ခွင့်ရှိနေသည်။ ပို၍ဆိုးသည်မှာ လာမည့်ကပ်ဘေးတွင် ရွှေနှင့်ငွေက တန်ကြေးရှိလိမ့်မည်မဟုတ်ချေ။ အစစ်အမှန် အရေးပါသော အရာများက ဗျူဟာအရင်းအမြစ်ဖြစ်သည်။ ဥပမာ ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးသည်လည်း ကပ်ဘေးကာလတစ်ခုလုံးအတွက် ကြိုးကိုင်နိုင်သော အရာများဖြစ်သွားသည်။ ကြွယ်ဝမှုပမာဏကပင် မယှဉ်နိုင်ချေ။
အဆင့်မြင့်ဘုန်းတော်ကြီး၏ မျက်မှောင်ကျုံ့ပြီး ဝမ်ချောင်၏ သဘောထားကြီးမှုကြောင့် မှင်သက်သွားပုံပေါ်သည်။ သို့သော် သူသည် အံ့ဩရုံသာ အံ့ဩသည်။ အဆင့်မြင့်ဘုန်းတော်ကြီး၏ ပါးစပ်က ဖွင့်မည့်လက္ခဏာ မပြသေးချေ။
“တစ်ထောင့်ခြောက်ရာ”
ဝမ်ချောင်က ဆက်ပြောသည်။
အဆင့်မြင့်ဘုန်းတော်ကြီးက မလှုပ်ရှားသေးချေ။
“တစ်ထောင့်ခုနှစ်ရာ”
ဝမ်ချောင်က ဈေးကိုထပ်ပေးသည်။ အဆင့်မြင့်ဘုန်းတော်ကြီးက မကြားဟန်သာ ဆောင်နေသည်။ ရုတ်တရက် ဝမ်ချောင်ဟာ တစ်စုံတစ်ရာကို နားလည်သွားပြီး ပြုံးလျှက် လက်နှစ်ချောင်းထောင်ပြသည်။
“ရိက္ခာတန်နှစ်ရာ ထပ်ထည့်လိုက်”
ဒီတစ်ကြိမ်တွင်မူ အဆင့်မြင့်ဘုန်းတော်ကြီးက တုန့်ပြန်မှုပြသလာပြီး လက်ချောင်းများကို မြှောက်ပြလာသည်။
အခန်း(၁၁၉၈)
“တန်ငါးရာ... ဒါတွေအပြင် ကျောင်းကျစ်က မင်းရဲ့မျိုးဆက်ဆန်ကိုလည်းလိုတယ်”
တန်ငါးရာက သိပ်အရေးမကြီးချေ။ အဆင့်မြင့်ဘုန်းတော်ကြီး၏ ဒုတိယမြောက် တောင်းဆိုမှုကို ကြားသောအခါမှသာ သူဟာ အံ့ဩသွားဟန်ပြသည်။
မျိုးဆက်ဆန်သည် ဝမ်ချောင်က ကျောင်းကျစ်တွင် ပြင်ဆင်နေသည့် လျို့ဝှက်အကြံအစည်ဖြစ်ပြီး သူ၏ခြုံငုံအကြံအစည် တစ်ခုလုံးအတွက် အရေးပါဆုံးများထဲမှ တစ်ခုဖြစ်နေသေးသည်။ သူသည် ထိုကိစ္စကို တင်းတင်းကြပ်ကြပ် ကွယ်ဝှက်ထားခဲ့သည်။ ခုံရုံးရှိ အရေးပါသော အမတ်များကပင် မသိသေးချေ။ ဝမ်ချောင်ကလည်း ဆင်းတူမှ အဆင့်မြင့်ဘုန်းတော်ကြီးက ထိုအရာ၏ တည်ရှိမှုကို သိနေမည်ဟု မထင်ထားမိချေ။
“မဖြစ်နိုင်ဘူး”
အနည်းငယ်တွေးတောပြီးနောက် ဝမ်ချောင်က ဆင်းတူ၏ အဆင့်မြင့်ဘုန်းတော်ကြီး၏ တောင်းဆိုမှုကို ပယ်ချလိုက်သည်။
“မျိုးဆက်ဆန်တွေက မဟာထန်ကလွဲပြီး ဘယ်တိုင်းပြည်ဆီမှာမှ မရောက်ရဘူး”
တစ်ကိုယ်ကောင်းဆန်မှုကြောင့်ဖြစ်စေ၊ အခြားသော အကျိုးအမြတ်များကြောင့်ပင်ဖြစ်စေ ဝမ်ချောင်ဟာ မဟာထန်က မပျော်မွေ့နိုင်သေးခင် မျိုးဆက်ဆန်များကို ပျော်မွေ့သုံးစွဲရန် မည်သည့်တိုင်းပြည်ကိုမျှ အခွင့်အရေး ပေးလိမ့်မည်မဟုတ်ချေ။ မည်သူ့ကိုမျှလည်း ထိခွင့်မပေးနိုင်ချေ။ ထိုအရာသာမကသေးချေ။ ဆင်းတူဟာ အာရေးဗီးယားနယ်စပ်နားတွင် ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်ဆန်က ဆင်းတူသို့ ဝင်ရောက်လာသည်နှင့် အာရေးဗီးယားသို့ ဝင်ရောက်သွားနိုင်ချေရှိနေသည်။ အာရေးဗီးယား အင်ပါယာကြီးသည် ဆင်းတူအားလုံးကို ကျွန်ပြုပြီး မျိုးဆက်ဆန်များကို စိုက်ပျိုးခိုင်းလောက်သည်။
ဖြစ်လာနိုင်သည့် အကျိုးအမြတ်ကို သိသွားရုံနှင့် အာရပ်များက တုန့်ဆိုင်းမနေဘဲ လုပ်ကြပေလိမ့်မည်။ ဝမ်ချောင်ဟာ သူ၏ရန်သူများကို ထိုကဲ့သို့သော အကျိုးပြုမှုကြီး မကမ်းလှမ်းနိုင်ချေ။
ဘုန်း
ဂူကတိတ်ဆိတ်သွားသည်။ အာပလိုနိုတန်နှင့် အာလိုဂျာတို့က ကို့ယို့ကားယား အမူအရာမျိုး ဖြစ်သွားကြသည်။ ဆင်းတူတွင် ဝမ်ချောင်ဟာ သဘောထားအကြီးဆုံး ပုဂ္ဂိုလ်ကြီးဖြစ်သည်။ အနည်းဆုံး ဆင်းတူသည် အာရေးဗီးယားထံမှ ထိုကဲ့သို့သော ဆက်ဆံခံရမှုမျိုးကို မပျော်မွေ့ခဲ့ရချေ။ ပို၍ဆိုးသည်မှာ ဝမ်ချောင်ကသာ ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးများ တစ်ကျင်းကို ထယ်သုံးရာမှ တစ်ထောင့်ခုနှစ်ရာထိ တိုးမြှင့်ပေးသော တစ်ဦးတည်းသောလူဖြစ်သည်။
သူတို့နှစ်ယောက်လုံးက ဝမ်ချောင်ကို အစစ်အမှန် မိတ်ဆွေအဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့် အဆင့်မြင့်ဘုန်းတော်ကြီး၏ အပြုအမူက သူတို့နှစ်ယောက်လုံးကို ရှက်ရွံ့မိသွားစေသည်။
“ဟား ဟား မင်းသဘောမတူရင်လည်း ရပါတယ်”
လူတိုင်းကို အံ့အားသင့်စေသည်မှာ အဆင့်မြင့်ဘုန်းတော်ကြီးက ဖျော့တော့စွာပြုံးသည်။ သူသည် ထိုအကြောင်းအရာကို ဆက်မပြောချေ။
“ဒါပေမဲ့ လူငယ်အမတ်မင်းက ရိက္ခာတန်ငါးသန်း ထပ်တိုးပေးဖို့ မျှော်လင့်တယ်”
အဆင့်မြင့်ဘုန်းတော်ကြီးက သူ၏အစစ်အမှန် တောင်းဆိုချက်ကို ဖော်ထုတ်ပြသလိုက်သည်။ အစမှအဆုံးအထိ အဆင့်မြင့်ဘုန်းတော်ကြီးဟာ ဝမ်ချောင်၏ မျိုးဆက်ဆန်ကို ရရှိရန် မမျှော်လင့်ထားပါချေ။ မဟာထန်၏ အင်ပါယာကြီးတစ်ခုလုံးနှင့် ပတ်သတ်နေသည့် အရေးကြီးသော အရာမျိုးကိုလည်း သူဟာ အပြင်လူများကို ပေးလိမ့်မည်မဟုတ်ချေ။ အဆုံးသတ်တွင် အဆင့်မြင့်ဘုန်းတော်ကြီး၏ အစစ်အမှန် ပန်းတိုင်က ဆန်သာဖြစ်သည်။
“ကောင်းပြီ”
ဝမ်ချောင်က တုန့်ဆိုင်းမနေဘဲ သဘောတူသည်။
အဆင့်မြင့်ဘုန်းတော်ကြီး၏ အတွေးများဟာ သူ့အတွက် လျို့ဝှက်ချက်မဟုတ်ချေ။ အစပိုင်းကတည်းက အဆင့်မြင့်ဘုန်းတော်ကြီးက ထိုအရာမျိုးကို အမှန်တကယ် ဂရုမစိုက်ကြောင်းသိသည်။ သို့သော် ရိက္ခာများ၊ ဆန်များကိုသာ ဆင်းတူကိုပေးနိုင်သည်။ ခိုရာစန်းမှ ဟိုက်ဒရာဘက် မိုင်းတွင်းအထိ ဝမ်ချောင်အနေနှင့် အလောင်းပေါင်းများစွာကို မြင်ခဲ့ပြီးသားဖြစ်သည်။
ဆင်းရဲမှု၊ ငတ်မွတ်မှု၊ မိုးခေါင်မှု စသဖြင့် အရာများက ဝမ်ချောင်မျှော်လင့်ထားသည်ထက် ဆိုးရွားလွန်းနေသေးသည်။ ထို့ကြောင့် ဆင်းတူကလိုအပ်သော ရိက္ခာပမာဏနှင့်ယှဉ်သော် မည်သည့်ငွေ၊ မည်သည့်ရွှေကမှ ပြောပလောက်ခြင်းမရှိချေ။
“ဒါပေမဲ့...”
ဝမ်ချောင်က နောက်ဆုံးတွင် တိတ်ဆိတ်မှုကို တဖန်ဖြိုခွဲပြန်သည်။
“ငါက အဆင့်မြင့်ဘုန်းတော်ကြီးကို မျိုးဆက်ဆန် မပေးနိုင်ပေမဲ့လည်း အဆင့်မြင့်ဘုန်းတော်ကြီးကသာ ဆင်းတူရဲ့ ရှင်သန်ရေးအတွက် အကူအညီလိုအပ်ရင် ဆင်းတူအရေအတွက် တစ်ခုကို မဟာထန်ရဲ့ နယ်မြေများဆီ ပြောင်းရွှေ့လာပြီး နေထိုင်နိုင်ဖို့ ကူညီပေးနိုင်တယ်။ သူတို့က ကြွယ်ဝပြီး ခမ်းနားထည်ဝါတဲ့ ဘဝမျိုးနဲ့ မနေနိုင်လောက်ပေမဲ့လည်း ငတ်မသေစေရဘူး”
ထိုအခိုက်အတန့်တွင် ဘုန်းတော်ကြီးက လှုပ်ရှားသွားသည်။
“လူငယ်အမတ်မင်း ကျေးဇူးတင်ပါတယ်”
မဟာထန်သည် သူတို့၏ သဘောထားကြီးမှုကြောင့် တစ်လောကလုံးအနှံ့ ထင်ရှားကျော်ကြားနေပြီးသားဖြစ်သည်။ အဆင့်မြင့်ဘုန်းတော်ကြီးက ဝမ်ချောင်နှင့် မဟာထန်ထံမှ ရွှေငွေများနှင့် အစားထိုးမရသည့် အရာမျိုးကို လိုချင်နေကြောင်း မည်သူကမှ နားမလည်လောက်ချေ။ ထိုအခြေအနေ တစ်ခုတည်းကတင် ဆင်းတူကို နှစ်ပေါင်းများစွာ အသက်ရှင်နိုင်အောင် ကူညီကယ်ဆယ်နိုင်ပေလိမ့်မည်။
“ငါဆင်းတူအားလုံးရဲ့ကိုယ်စား မင်းကိုကျေးဇူးတင်ပါတယ်။ အာပလိုနိုတန်၊ အာလိုဂျာ ငါကျောက်ရိုင်းတုံးတွေနဲ့ ပတ်သတ်တဲ့ကိစ္စကို မင်းတို့နဲ့ပဲ လွှဲထားလိုက်မယ်။ အခုကစတင်ပြီး ချာရပ်စပါစီနူနဲ့ အခြားတိုင်းပြည်တိုင်းကို ပို့နေတဲ့ ကျောက်ရိုင်းတုံးတွေကို ပယ်ဖျက်လိုက်တော့။ ငါတို့တွေ မဟာထန်ကိုပဲ ကျောက်ရိုင်းတုံးတွေရောင်းမယ်။ ဒါတွေအပြင် ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံး တစ်ကျင်းစီတိုင်းအတွက် ငွေထည်တစ်ထောင့်ခုနှစ်ရာ မလိုအပ်ပါဘူး။ အရှင်အမတ်မင်း အရင်ကမ်းလှမ်းထားတဲ့အတိုင်း တစ်ထောင့်ငါးရာနဲ့ပဲ ယူလိုက်ပါ”
ဝုန်း
ဝမ်ချောင်၏ အနောက်မှအဖွဲ့က ထိုစကားလုံးများကြောင့် ပျော်ရွှင်သွားကြသည်။ ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးနှင့် ပတ်သတ်သည့် ပန်းတိုင်က ပြည့်မှီသွားလေပြီ။ ယခုအခါ ဆင်းတူမှ အဆင့်မြင့်ဘုန်းတော်ကြီးက အခြားသောတိုင်းပြည်များ အားလုံးကို ပို့ဆောင်မည့် ပမာဏကို ဖြတ်တောက်ခြင်းအားဖြင့် အားလုံးကို မဟာထန်သို့သာ ပို့ဆောင်မည်ဟု ဆိုလိုသည်။ ထိုအခြေအနေက မျှော်လင့်ထားသမျှထဲတွင် အကောင်းဆုံးဖြစ်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် အဆင့်မြင့်ဘုန်းတော်ကြီး”
ဝမ်ချောင်က ပြုံးလိုက်သည်။ ထို့နောက် စကားကိုရပ်ပြီး သူ၏ဝမ်းဗိုက်အတွင်းမှ လိပ်ထားသော စာရွက်လေးကို ထုတ်လိုက်သည်။
“ဒါတွေအပြင် ဒီဝမ်ချောင်က အဆင့်မြင့်ဘုန်းတော်ကြီးဆီက အကူအညီတောင်းခံချင်တဲ့ ကိစ္စတစ်ခု ရှိပါသေးတယ်”
ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံး၏ကိစ္စကို ဆွေးနွေးပြီးလေပြီ။ အဆင့်မြင့်ဘုန်းတော်ကြီး၏ စကားလုံးများက စည်းမျဉ်းအတိုင်းဖြစ်သည်။ ယခုအခါ သူကဒီလိုပြောလာပြီးကတည်းက အမှားအယွင်းများ မရှိနိုင်တော့ချေ။ သို့ရာတွင် ဝမ်ချောင်အနေဖြင့် ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးထက် ပို၍အရေးကြီးသည့် ကိစ္စတစ်ခုကို လုပ်ရဦးပေမည်။ ဝမ်ချောင်က စာရွက်ကို ခပ်မြန်မြန်ဖြည်ပြီး စာပါအကြောင်းအရာများကိုပြသည်။
ဝုန်း
စာရွက်အဖြူပေါ်တွင် လျို့ဝှက်ဆန်းကြယ်သော အနက်ရောင်မျက်လုံးကြီးရှိနေသည်။ အမြဲတစေ တည်ငြိမ်ပါသော ဆင်းတူ၏ အဆင့်မြင့်ဘုန်းတော်ကြီးက ရုတ်တရက် တုန်ယင်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ မျက်နှာက ဖြူဖျော့သွားသည်။
“မင်းဒါကို ဘယ်လိုများ ရှာတွေ့တာလဲ”
အဆင့်မြင့်ဘုန်းတော်ကြီး၏ မျက်ဝန်းက အံ့အားသင့်မှုနှင့် တောက်ပလာသည်။
“ဆိုတော့ အဆင့်မြင့်ဘုန်းတော်ကြီးက သိနေတာပဲ”
ဝမ်ချောင်က ရုတ်တရက် ရှေ့တိုးလိုက်သည်။ သူ၏အမူအရာက တင်းမာသွားသည်။ ပါးရန်ကမှန်သည်။ ဆင်းတူ၏ အဆင့်မြင့်ဘုန်းတော်ကြီးသည် လျို့ဝှက်ချက်များစွာ သိနေသည်။
“မင်းဒီသင်္ကေတက ဘယ်နေရာကနေ တွေ့လာခဲ့လဲဆိုတာကို ငါ့ကို မပြောရသေးဘူး”
အဆင့်မြင့်ဘုန်းတော်ကြီးက ခေါင်းကိုမော့ပြီး ဝမ်ချောင်ကို ခပ်တင်းတင်းကြည့်သည်။ သူ၏မျက်နှာတွင် ယုံကြည်မှုလည်းမရှိသလို တည်ငြိမ်မှုများလည်း မရှိတော့ချေ။
ဝမ်ချောင်က အားလန်မင်းဆက်နှင့် ဖိုင်မွန်၏ စာအုပ်အကြောင်း ရှင်းပြလိုက်သည်။
“ဆိုတော့ အဆင့်မြင့်ဘုန်းတော်ကြီးက အားလန်မင်းဆက်ရဲ့ လျို့ဝှက်ချက်အချို့ကို သိနေတာပဲ”
ဝမ်ချောင်ကမေးသည်။
“မင်းငါ့ကိုအထင်ကြီးနေပြီ”
ဆင်းတူဘုန်းတော်ကြီးက ခါးသီးစွာပြုံးသည်။
“ပါးရန်ပြောတာတွေက မှန်တယ်။ ဒါပေမဲ့ ပြဿနာလည်းပါတယ်။ ငါကမင်းရဲ့ မေးခွန်းတွေကို ဖြေနိုင်တဲ့လူမဟုတ်ဘူး”
“အာ”
ဝမ်ချောင်က အံ့ဩသွားသည်။
“လူငယ်အမတ်မင်း မင်းမသိသေးဘူးလား။ ငါက နှစ်နှစ်ရာကျော် ရှင်သန်ခဲ့တဲ့လူမဟုတ်ဘူး”
အဆင့်မြင့်ဘုန်းတော်ကြီးက ခါးသီးစွာပြုံးလိုက်သည်။
ဝမ်ချောင်၏စိတ်ထဲ အတွေးတစ်ခု ဝင်ရောက်လာလေပြီး ဖော်ပြရန်ခက်ခဲသော ခံစားချက်ကို ရလိုက်သည့် အခိုက်အတန့်တွင် သူ၏မျက်ခုံးများက ပင့်တက်သွားသည်။ သူ၏ဦးနှောက်ကို မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။ သူဟာ ရုတ်တရက် တစ်စုံတစ်ရာကို နားလည်လိုက်သလို မည်သည့်အရာကိုမှ မသိတော့သလို ခံစားလိုက်ရသည်။
“ပါးရန်ကမင်းကို ပြောပြခဲ့တဲ့ အဆင့်မြင့်ဘုန်းတော်ကြီးက ငါမဟုတ်ဘူး။ အစစ်အမှန် အဆင့်မြင့် ဘုန်းတော်ကြီးက တစ်ယောက်ပဲရှိတယ်။ ငါ့ကိုလည်း ဆင်းတူမှာ အဆင့်မြင့်ဘုန်းတော်ကြီးလို့ ခေါ်ပေမဲ့ ငါကသူ့ကို ကိုယ်စားပြုတဲ့လူလို့ပဲ လူတိုင်းက နားလည်ထားကြတာ။ ငါကမင်းရဲ့မေးခွန်းကို မဖြေနိုင်သလို မင်းရဲ့တောင်းဆိုမှုကိုလည်း သူ့ကို မပြောပြပေးနိုင်ဘူး”
အဆင့်မြင့်ဘုန်းတော်ကြီးကပြောသည်။
လူတိုင်းက အံ့အားသင့်သွားသလို အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သို့သော် ဝမ်ချောင်ကမူ ခပ်မြန်မြန် တည်ငြိမ်သွားသည်။
သူသည် ပါးရန်က ဆင်းတူ၏ အဆင့်မြင့်ဘုန်းတော်ကြီး အကြောင်းကို ပြောလာသောအခါ တစ်စုံတစ်ရာက လွဲမှားသလို ခံစားခဲ့ရသည့် အခြေအနေကိုနားလည်သွားသည်။ လက်စသတ်တော့ ဆင်းတူရဲ့ အဆင့်မြင့်ဘုန်းတော်ကြီးဆိုတာကိုပဲ သူကသိနေတာပဲ။ ပါးရန်ပြောတဲ့ တစ်ယောက်က အခြားတစ်ယောက် ဖြစ်နေတာပဲ။ နောက်ပြီး ဆင်းတူမှာ နောက်ထပ် အဆင့်မြင့်ဘုန်းတော်ကြီးတစ်ယောက် ရှိနေတယ်။
ဝမ်ချောင်သည် ဒီဘဝတွင်ဖြစ်စေ၊ ယခင်ဘဝတွင်ဖြစ်စေ ထိုအကြောင်းအရာကို မသိခဲ့ချေ။
ရှင်းလင်းပြတ်သားပြီးသား အခြေအနေက မြူများပြန်ဆိုင်းသွားပြန်သည်။ သူ၏အရှေ့မှ ဆင်းတူ၏ အဆင့်မြင့်ဘုန်းတော်ကြီးက ထိုလူမဟုတ်ချေ။ ဆိုလိုသည်မှာ သူသည် လက်ဗလာနှင့် ပြန်ရတော့ပေမည်။ ကပ်ဘေးနှင့်ပတ်သတ်သည့် သတင်းအချက်အလက်ကို ရှာလိုသည့် သူ၏တာဝန်က ကျရှုံးသွားပြန်သည်။
“ခင်ဗျားတို့ထဲက ဘယ်သူကမှ သူဘယ်မှာရှိလဲဆိုတာကို မသိကြဘူးလား”
ဝမ်ချောင်က လက်သင့်မခံသလိုပြောသည်။
“အသုံးမဝင်ဘူး ငါတို့က လေးစားရတဲ့ အကြီးအကဲနဲ့ ဆက်သွယ်နိုင်တဲ့နည်းလမ်း မရှိဘူး။ သူကငါတို့ကိုပဲ ဆက်သွယ်နိုင်တာ။ အကြိမ်တိုင်းလိုလို လေးစားရတဲ့ အကြီးအကဲက နောက်ထပ် အစားထိုး အဆင့်မြင့် ဘုန်းတော်ကြီးတစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ပြီးတာနဲ့ တိတ်ဆိတ်သွားလေ့ရှိတယ်။ အဆင့်မြင့်ဘုန်းတော်ကြီးရဲ့ သက်တမ်းအဆင့်က မှတ်တမ်းတွေ အားလုံးထဲမှာ တည်ရှိတယ်။ နောက်ပြီး ငါတို့ စိတ်ကူးယဉ်နိုင်သမျှကိုလည်း ကျော်လွန်နေသေးတယ်။ ဒါကြောင့် လေးစားရတဲ့ ဘုန်းတော်ကြီးက မင်းကိုမတွေ့ချင်သမျှ ဘာမှမတက်နိုင်ဘူး”
ထိုအဆင့်မြင့် ဘုန်းတော်ကြီးက တင်းမာစွာပြောသည်။
လူတိုင်း၏မျက်နှာက တင်းမာသွားကြပြန်သည်။ ဝမ်ချောင်ကလည်း မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။ အဆင့်မြင့်ဘုန်းတော်ကြီးက ထိုလူကို မရှာဖွေနိုင်လျှင် ဝမ်ချောင်လုပ်ချင်သမျှက အလဟသ ဖြစ်ရတော့ပေမည်။
ဝမ်ချောင်၏ မျက်ဝန်းအတွင်း စိတ်ပျက်သွားသော အမူအရာက ပေါ်ထွက်လာသည်။ အဆင့်မြင့်ဘုန်းတော်ကြီးက ရုတ်တရက်ပြောသည်။
“လေးစားရတဲ့ အဆင့်မြင့်ဘုန်းတော်ကြီး ဘယ်နေရာမှာ ရှိလဲဆိုတာကို ဘယ်သူကမှ မသိပေမဲ့လည်း သေချာတာ တစ်ခုတော့ရှိတယ်။ သူက ဟိုက်ဒရာဘက် တောင်တန်းအတွင်းမှာ ခြိုးခြံခြင်းအကျင့်ကို ကျင့်နေတယ်။ ဒါကြောင့် အရှင်အမတ်မင်းကသာ အဲ့ဒီနေရာကို ရောက်သွားနိုင်တာနဲ့ အရှင်အမတ်အနေနဲ့ သူနဲ့မတွေ့စရာ အကြောင်းတော့မရှိဘူး”
“ကျေးဇူးအများကြီးတင်ပါတယ် အဆင့်မြင့်ဘုန်းတော်ကြီး”
ဝမ်ချောင်က အသာဂါရဝပြုလိုက်သည်။ အစစ်အမှန် ဆင်းတူ၏ အဆင့်မြင့်ဘုန်းတော်ကြီးက လျို့ဝှက်ဆန်းကြယ်ပြီး တိုင်းတာရခက်ခဲသော နည်းလမ်းမျိုးနှင့် သွားလာနေသည်။ ဝမ်ချောင်က အငြင်းခံထားရသော်လည်း လက်ခံ၍ရသေးသည်။ အဆင့်မြင့်ဘုန်းတော်ကြီး ပြောသလိုမျိုး သူကံကောင်းလျှင် တွေ့နိုင်သည်။
အဆင့်မြင့်ဘုန်းတော်ကြီးက ရုတ်တရက် အာပလိုနိုတန်နှင့် အာလိုဂျာတို့ဘက်သို့လှည့်ပြီး အမိန့်ပေးလိုက်သည်။
“အာပလိုနိုတန်နဲ့ အာလိုဂျာ လူငယ်အမတ်မင်း ငါတို့ရဲ့ဆင်းတူဆီ ကိုယ်တိုင်ကိုယ်ကျ လာတာက ရှားပါးတဲ့ဖြစ်ရပ်ပဲ။ မင်းတို့က မိတ်ဆွေဟောင်းတွေမဟုတ်လား။ ဒီတော့ သူ့ကိုဂရုစိုက်လိုက်ပါ”
“ဟုတ်ကဲ့”
အာပလိုနိုတန်နှင့် အာလိုဂျာတို့က ဂါရဝပြုလိုက်ကြသည်။ သူတို့သည် အဆင့်မြင့်ဘုန်းတော်ကြီးဟာ အနားယူတော့မည်ဖြစ်ကြောင်း သိလိုက်ကြသည်။ အဆင့်မြင့်ဘုန်းတော်ကြီးက ဧည့်သည်များကို လက်ခံတွေ့ဆုံခဲသည်။ သူ့အတွက် ဝမ်ချောင်ကို အချိန်အကြာကြီး အဖော်ပြုပေးခြင်းကတင် ထူးခြားနေပြီဖြစ်သည်။
“ဒါဆိုရင် ဒီဝမ်ချောင်က နှုတ်ဆက်ပါတယ်”
ဝမ်ချောင်က ဂါရဝပြုပြီး အာပလိုနိုတန်နှင့် အာလိုဂျာတို့နှင့်အတူ ထွက်ခွာရန် လှည့်လိုက်သည်။
ရုတ်တရက် သူကတစ်ဖက်သို့ လှည့်လိုက်သည့်အခါ သူ၏အကြည့်က အဆင့်မြင့်ဘုန်းတော်ကြီး၏ ညာဘက်မျက်လုံးထံ မသိမသာ ရောက်ရှိသွားသည်။ ဝမ်ချောင်၏ နှလုံးသားက ခုန်လှုပ်သွားပြီး နှုတ်ခမ်းက တွန့်သွားသည်။ သို့သော် ပါးစပ်ကို ခပ်တင်းတင်းပိတ်ပြီး ခပ်မြန်မြန် ထွက်သွားသည်။
သူတို့က ဂူဘုရားကျောင်းနှင့် အလွန်ဝေးကွာသော နေရာသို့ ရောက်ရှိသွားပြီးနောက် ဝမ်ချောင်က တိတ်ဆိတ်မှုကို ဖြိုခွဲသည်။
“လေးစားရတဲ့ လူကြီးမင်းတို့ အဆင့်မြင့်ဘုန်းတော်ကြီးရဲ့ ညာဘက်မျက်လုံးက...”
“အရှင်အမတ်မင်းက သတိထားမိလိုက်တာပဲ”
နှစ်ယောက်လုံးက ကြောင်သွားသည်။ အာလိုဂျာက သက်ပြင်းသာချ၏။
“အဆင့်မြင့်ဘုန်းတော်ကြီးရဲ့ ညာဘက်မျက်လုံးက ကန်းနေတာပါ။ အဲ့ဒါမျက်လုံးအတုလေ”
ထိုနှစ်ယောက်က အတိတ်မှအကြောင်းအရာကို ပြန်သတိရသွားပုံပေါ်ပြီး ဝမ်းနည်းသွားကြသည်။
“အာ ဘယ်လိုဖြစ်ခဲ့တာလဲ”
ဝမ်ချောင်က မျက်မှောင်ကျုံ့သည်။
“ပုံပြင်ရှည်ကြီးပါပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့။ အဲ့ဒီအချိန်က အမျိုးသားတစ်ဖွဲ့က မိုင်းတွင်းထဲကို ကျူးကျော်လာကြတယ်။ ဒီလူတွေက အနက်ရောင်ဝတ်စုံဝတ်ထားကြတယ်။ မျက်နှာကိုလည်း အုပ်ထားကြတယ်။ သူတို့ရဲ့နည်းလမ်းတွေက တော်တော်လေး ရက်စက်တယ်။ အဆင့်မြင့်ဘုန်းတော်ကြီးက ခုခံမှုအမျိုးမျိုး ကြိုးစားခဲ့သော်လည်း အဆုံးသတ်မှာတော့ သူ့ရဲ့မျက်လုံး တစ်လုံးက ကန်းသွားရတယ်”
“ဒါက ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးတွေအတွက်လား”
ဝမ်ချောင်က အံ့အားတကြီးမေးသည်။
“ဒါတော့ ငါမသိဘူး”
အာလိုဂျာက ခေါင်းကိုခါသည်။
အခန်း(၁၁၉၉)
“အဲ့ဒီဖြစ်ရပ်က တော်တော်လေးကို ထူးဆန်းတယ်။ အဲ့ဒီ အနက်ရောင်ဝတ်စုံနဲ့ လူတွေက အရင်က တစ်ခါမှ မပေါ်လာခဲ့ဖူးဘူး။ ငါတို့ နောက်ပိုင်း စုံစမ်းစစ်ဆေးခဲ့တဲ့ အချိန်အတောအတွင်းမှာ ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးတွေကို ယူသွားခဲ့တာကို တွေ့လိုက်ရတယ်။ ပိုဆိုးတာက လူအများကြီး သေသွားပေမဲ့လည်း သူတို့ ပြန်ထွက်ခွာသွားတဲ့အခါ အလောင်းတွေ ပြန်သယ်သွားကြတယ်။ ဒါကြောင့် တစ်လောင်းမှ မချန်ထားရစ်ခဲ့ကြဘူး။ အခုအချိန်ထိ သူတို့ဘယ်နေရာကနေ ရောက်လာမှန်း မသိကြသေးဘူး”
“အိုး”
ဝမ်ချောင်က မျက်မှောင်ကျုံ့သည်။ မရေမတွက်နိုင်သော အတွေးများက ဖြတ်ပြေးသွားသည်။ သူ့တွင် အကြံတစ်ခုရသည်။ သို့သော် ဒီနေရာတွင် မဆုံးဖြတ်နိုင်သေးချေ။
အပြင်ဘက် မိုင်းတွင်း၏ အလယ်ဗဟို အပြင်ဘက်တံခါးမှ ထွက်ခွာသွားပြီးနောက် အာပလိုနိုတန်နှင့် အာလိုဂျာတို့က ဝမ်ချောင်အား အနက်ရောင် သတ္ထုပြားများကို နံရံအဖြစ်သုံးကာ ကာထားပြီး ရွံ့တံခါးများနှင့် တည်ဆောက်ထားသည့် ရိုးရှင်းသော်လည်း အကြမ်းထည်ဆန်သည့် အနက်ရောင် အိမ်လေးထံ ခေါ်သွားပေးသည်။ အတွင်းတွင်လည်း ရနံ့တစ်မျိုးက ရှိနေသည်။
“အရှင်အမတ် မိုင်းတွင်းကအိမ်တွေက ဒီလိုရိုးရှင်းပြီး အကြမ်းထည်ဆန်ကြပါတယ်။ နောက်ပြီး ထူးခြားတဲ့ အဆောက်အဦးမျိုးလည်း မရှိဘူးဆိုတော့ အရှင်အမတ်ကို ဒီလိုနေရာမှာပဲ ရက်အနည်းငယ်လောက် နေခိုင်းရတော့မယ်”
အာပလိုနိုတန်နှင့် အာလိုဂျာတို့က တောင်းပန်ကာပြောသည်။
ဆင်းတူ၏ မြေမျက်နှာသွင်ပြင် အခြေအနေက အလွန်အမင်းဆိုးရွားသည်။ တောင်ပေါ်မှ ဘုန်းကြီးအများစုက ခြိုးခြံခြင်းအတက်ကို ကျင့်ကြံကြသည်။ ယခုလို အိမ်မျိုးကတင် သူတို့အတွက် ချဲ့ကားလွန်းနေပြီဖြစ်သည်။
“ရပါတယ် ငါကိုယ့်ဘာသာ ဂရုစိုက်လိုက်မယ်”
အာပလိုနိုတန်နှင့် အာလိုဂျာတို့ ထွက်ခွာသွားပြီးနောက် ဝမ်ချောင်က အနောက်ဘက်သို့ အမူအရာပြသည်။
ချွင် ချွင် ချွင်
တခဏခန့်ကြာပြီးနောက် အစောင့်တချို့က စည်းကမ်းတကျ ထွက်လာသည်။ သူတို့သည် သေတ္တာအချို့ကို ချောမွေ့စွာဖွင့်လိုက်ပြီး ကြီးမားသော ဘုတ်ပြားကြီးများကိုထုတ်ကာ မြေပြင်တွင် ထိုးစိုက်လျှက် စတင်ကာ တပ်ဆင်ကြသည်။
တခဏခန့်ကြာပြီးနောက် နောက်ထပ် ရိုးရှင်းသော အိမ်တစ်အိမ်က ပေါ်လာသည်။ အမျိုးမျိုးသော အစိတ်အပိုင်းများ ဝက်အူလှည့်များကို ပေါင်းစပ်ကာ လျှင်မြန်စွာ တပ်ဆင်လိုက်ပြီး ငါးမိနစ်ပင် မကြာသေးခင် သန့်ရှင်းကာ ရိုးရှင်းသော သတ္ထုအိမ်လေးကို တည်ဆောက်၍ပြီးသွားလေပြီ။ နောက်ထပ် သတ္ထုဘုတ်ပြားများကို ကြမ်းခင်းအဖြစ် အောက်ဘက်တွင် ခင်းချလိုက်ပြီးနောက် အိမ်ယာအဆုံးသတ်သွားပြီဖြစ်သည်။
ကျန်းရှို့ကျစ်က မထွက်ခွာခင်ကတည်းက ကြိုတင်ပြင်ဆင်မှု လုပ်ခဲ့သည်။ ဒါဟာ ဝမ်ချောင်အသုံးပြုရန် သူကိုယ်တိုင် ပုံစံဆွဲထားသည့် အထူးတလည် တည်ဆောက်ထားသော မော်ကျူးအိမ်ဖြစ်သည်။
သူသည် ဆင်းတူ၏ အဆင့်မြင့်ဘုန်းတော်ကြီးနှင့် မတွေ့နိုင်ခဲ့သော်လည်း ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးတိုင်းကို လက်ခံရယူရန် သဘောတူလက်မှတ် ရေးထိုးနိုင်ခြင်းကလည်း အဓိက အောင်နိုင်မှုကြီးဖြစ်နေလေပြီ။ ဝမ်ချောင်သည် ရွှယ်ချန်ကျွင်းနှင့် ကျန်းရှို့ကျစ်တို့အား အာပလိုနိုတန်နှင့် အာလိုဂျာတို့နှင့်အတူ စာချုပ်နှင့်ပတ်သတ်သည့် ကိစ္စများကို အသေးစိတ်ပြောရန် လွှတ်လိုက်သည်။
ရို့ကာလတွင် ကျန်းရှို့ကျစ်နှင့် ရွယ်ချန်ကျွင်းတို့က ပြန်ရောက်လာသည်။
“ဘယ်လိုလဲ”
ဝမ်ချောင်က ဆီမီးအိမ်ကြောင့် လင်းထိန်နေသော အခန်းအတွင်းတွင် ထိုင်နေသည်။
“ငါတို့တွေ တစ်နေ့လုံး စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ ဆင်းတူက အထွက်နှုန်းက တော်တော်လေး နိမ့်နေတာကို တွေ့လိုက်ရတယ်။ ဒီအခြေအနေတိုင်းဆိုရင် နောက်ငါးနှစ် ခြောက်နှစ်လောက် ကြာသွားပြီးရင်တောင်မှ အထွက်နှုန်းက သိပ်မများလောက်ဘူး။ နောက်ပြီး ဆယ်နှစ်လောက်အထိတောင် မပြောင်းလဲနိုင်လောက်ဘူး။ ငါတို့သာ တူညီတဲ့နည်းလမ်းကိုပဲ ဆက်သုံးနေမယ်ဆိုရင် အချိန်အတန်ကြာမှပဲ ပစ္စည်းတွေကိုရလိမ့်မယ်”
ကျန်းရှို့ကျစ်က နောင်တရနေပုံပေါ်သည်။ သူတို့သည် ညှိနှိုင်းမှုတစ်စိတ်တစ်ပိုင်းကိုသာ လုပ်နိုင်ခဲ့၏။ သို့သော် ကျန်းရှို့ကျစ်၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုက လက်နက်များဖြစ်သည်။
“ဆင်းတူကသုံးတဲ့ ကိရိယာတွေက တော်တော်လေးကို ခေတ်နောက်ကျနေတယ်။ သူတို့က လူအင်အားကိုပဲ အဓိကသုံးပြီးတော့ တူးထုတ်နေကြတာလေ။ ငါမြေမျက်နှာသွင်ပြင် အနေအထား၊ သူတို့ရဲ့ အခြေအနေကို ထည့်တွက်ပြီး သင့်တော်တဲ့ပုံစံတွေကို ဆွဲပြီးပြီ။ မနက်ဖြန်မှ ခိုရာစန်းကို ပို့လိုက်မယ်။ အဲ့ဒါတွေနဲ့သာ အသုံးပြုမယ်ဆိုရင် အနည်းဆုံး အထွက်နှုန်းက သုံးဆလောက် တိုးသွားမှာပဲ”
ဝမ်ချောင်က ခေါင်းညိမ့်သည်။ ဆုံးဖြတ်ချက် ပြတ်သားသောလူက လုပ်နိုင်စွမ်းရည် ရှိသင့်သည်။ ထိုနည်းအားဖြင့် ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးများ၏ အထွက်နှုန်းကို တိုးတက်စေပေလိမ့်မည်။ ထိုအတွက်ကြောင့်လည်း သူဟာ ကျန်းရှို့ကျစ်ကို ခေါ်လာခဲ့ခြင်းဖြစ်သည်။
“အွန်း ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးတွေနဲ့ ပတ်သတ်တဲ့ စာချုပ်ကဘယ်လိုလဲ”
“အရှင်အမတ်ရဲ့ သဘောအတိုင်းပဲ။ ငါတို့တွေ ဆယ်နှစ်လုံးစာအတွက် ရွှေထည် သန်းတစ်ရာပေးဖို့ ဆုံးဖြတ်ထားတယ်။ ဒီပမာဏက သူတို့ရဲ့ ငတ်မွတ်ခေါင်းပါးမှုကို အချိန်အတန်ကြာ ဖြေရှင်းပေးဖို့ လုံလောက်မှာပါ”
“အွန်း”
ဝမ်ချောင်က ခေါင်းညိမ့်သည်။ ဟိုက်ဒရာဘက်မိုင်းတွင်းကို ဆယ်နှစ်တာ အုပ်စိုးနိုင်စွမ်းရည်နှင့်ဆိုလျှင် ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးများကို အပြည့်အဝ ထုတ်ယူနိုင်ပြီး လာမည့်ကပ်ဘေးအတွက် ပြင်ဆင်နိုင်ချေ ရပေလိမ့်မည်။ ဆင်းတူများအတွက်မူ သူတို့အတွက် အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်ကြောင်း သိသွားပေလိမ့်မည်။ သူတို့သည် သဘောတူညီမှုမှ ရရှိခဲ့သည့် ပမာဏထက်ပင် ပို၍ကျေနပ်စေပေလိမ့်မည်။
ဝမ်ချောင်က နောက်ထပ် မေးခွန်းတစ်ခုနှစ်ခု မေးသေးသည်။ ဆွေးနွေးမှု အဆုံးသတ်သွားပြီးနောက် ရွယ်ချန်ကျွင်းနှင့် ကျန်းရှို့ကျစ်တို့က ပြန်ထွက်သွားကြသည်။ ဟိုက်ဒရာဘက် တောင်တန်းတစ်ခုလုံးကလည်း တိတ်ဆိတ်သွားသည်။ အဆုံးသတ်တွင် ဆင်းတူမိုင်းသမားများကပင် အိပ်သွားပြီဖြစ်သည်။
အချိန်က တဖြည်းဖြည်းချင်း ကုန်သွားသည်။ သုံးရက် လေးရက်ခန့်အတွင်း ဝမ်ချောင်က ဟိုက်ဒရာဘက် တောင်တန်းအတွင်း လှည့်လည်သွားလာနေခဲ့သည်။ သူသည် ဆင်းတူ၏ သဘာဝရတနာနှင့် ပတ်သတ်ပြီး ကောင်းကောင်း နားလည်လာပြီဖြစ်သည်။ သို့သော် အစစ်အမှန် ဆင်းတူအဆင့်မြင့် ဘုန်းတော်ကြီး၏ ဆံပင်တစ်ချောင်းကိုမူ မတွေ့ရသေးချေ။ ဝမ်ချောင်သည် တောင်တန်းတစ်ခုလုံးအနှံ့ ထပ်ခါတလဲလဲ သွားရှာခဲ့ပြီးလေပြီ။ သို့တိုင်အောင် သဲလွန်စကိုပင် မတွေ့ချေ။
“ငါကသူနဲ့တွေ့ဖို့ ကံကြမ္မာမပါဘူးလား”
ဝမ်ချောင်က ဟိုက်ဒရာဘက် တောင်တန်းကြီး၏ ထက်ရှကာ ချွန်းထွက်နေသော ကျောက်သားတုံးပေါ်တွင် ရပ်လျှက် အောက်ဘက်မှ တောင်တန်းအနေအထားကို ငုံ့ကြည့်ကာ အလွန်အမင်း တွန့်ဆုတ်လာသည်။ သူသည်လည်း ဆင်းတူအဆင့်မြင့် ဘုန်းတော်ကြီးကိုတွေ့ရန် အလွန်အမင်း ခက်ခဲကြောင်းသိသည်။ သို့သော် အိမ်သို့ဒီတိုင်း မပြန်ချင်သေးပေ။
ညကကျရောက်လာသည်။ အမှောင်ထုက တောင်တန်းတစ်ခုလုံးကို လွှမ်းခြုံလာ၏။ ဒါဟာ ဆင်းတူ၏ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။ ကျောက်ရိုင်းတုံးများနှင့်လည်း ပတ်သတ်လာသည်။
ဝမ်ချောင်က စိတ်ဓာတ်ကျလာသည်။ သူဟာ တောင်ခြေတွင် သွားရှာရန် ဆုံးဖြတ်လိုက်သည်။
ထိုနေရာတွင်လည်း အရာအားလုံးက တိတ်ဆိတ်နေသည်။ ဝမ်ချောင်က တောင်အနားတွင် ပတ်ပတ်လည် သွားလာနေသည့်အချိန်တွင် ရုတ်တရက် ထူးဆန်းသော လှုပ်ခတ်မှုကို သိလိုက်ရသည်။
“ဟွန်”
သူက မျက်ခုံးပင့်ပြီး အနီးအနားကိုကြည့်လိုက်သည်။
ခီး...
ထိုအခိုက် ခေါ်သံကို တုန့်ပြန်သလိုမျိုး မြေပြင်မှ ပုန်းအောင်းနေသည့် တစ်စုံတစ်ရာက ထွက်လာသည်။ သူသည် စိတ်လှုပ်ရှားစွာနှင့် အပြေးထွက်လာ၏။ ဒါဟာ အနက်ရောင် မြူများကို အလုံးလိုက် ပေါ်ထွက်လာစေလျှက် ခုန်ထွက်လာသော ကင်းမြှီးကောက် မကောင်းဆိုးဝါးကြီးဖြစ်သည်။ ထိုအကောင်ကြီးက ဝမ်ချောင်၏ အရှေ့တွင် ပေါ်လာသည်။ သူ၏ရက်စက်သော မျက်ဝန်းများက တောက်ပနေသည်။
ဝမ်ချောင်က ထိုအကောင်ကို မြင်မြင်ချင်း ပြုံးလိုက်မိသည်။ မာစီ၏တိရိစ္ဆာန်... မဟုတ်သေးဘူး ဝမ်ချောင်ရဲ့ တိရိစ္ဆာန်... မာစီသေဆုံးပြီးချိန်ကတည်းက ထိုအကောင်က ဝမ်ချောင်၏နောက်သို့ လိုက်ခဲ့သည်။ ဒီခရီးတွင်လည်း သူဟာ မြေကြီးထဲမှတစ်ဆင့် လိုက်လာခဲ့သေးသည်။
“အကောင်လေး”
ဝမ်ချောင်ကရယ်သည်။ သူ၏အမူအရာက ခပ်အေးအေးဖြစ်သွားသည်။
ဝှစ်
ဝမ်ချောင်ဟာ ထိုအကောင်ကြီး၏ ခေါင်းပေါ်သို့ ခပ်မြန်မြန် ခုန်တက်လိုက်သည်။
“လာ တစ်ချက် လျှောက်ကြည့်ရအောင်”
ဝမ်ချောင်က ရုတ်တရက် အကြံတစ်ခုရသွားသည်။
ဝုန်း
ကြီးမားသော ကင်းမြှီးကောက် မကောင်းဆိုးဝါးကြီးက မြေကြီးထဲသို့ရုတ်တရက် ဝင်ရောက်သွားပြီး ဝမ်ချောင်ကို နက်ရှိုင်းသည့်အပိုင်းသို့ ခေါ်သွားသည်။ ဝမ်ချောင်က ထိုင်ခဲသောကြောင့် ဖြစ်လောက်သည်။ သူသည် အလွန်စိတ်လှုပ်ရှားနေပြီး အတွင်းသို့ ဆက်တိုက်တိုးဝင်သွားသည်။
ဟိုက်ဒရာဘက် တောင်တန်းကြီးသည် အလွန်အမင်း မာကြောသော်လည်း မြေပြင်ကမူ နူးညံ့သည်။
ငါဒီနည်းလမ်းနဲ့ မြေအောက်မှာ ရှာလို့ရနိုင်တာပဲ။
ထိုအတွေးနှင့်အတူ ဝမ်ချောင်က ကင်းမြှီးကောက် မကောင်းဆိုးဝါးကို ထိန်းချုပ်လိုက်ပြီး ဟိုက်ဒရာဘက် တောင်တန်း၏ အနက်ရှိုင်းဆုံးအပိုင်းသို့ တိုးဝင်သွားသေးသည်။
တောင်တန်းရဲ့အောက်ပိုင်းက ပိုပြီးကျယ်တယ်။
ကင်းမြှီးကောက် မကောင်းဆိုးဝါးက မီတာတစ်ဆယ်ကျော်ခန့် ဆက်လက် တိုးဝင်ပြီးနောက် ကျောက်သားအမာကို တွေ့ရသည်။ ဟိုက်ဒရာဘက် တောင်တန်းကြီးက အပေါ်ယံတွင် ကြီးမားရုံသာ မကသေးလေဘဲ အောက်ပိုင်းတွင် ပို၍ကြီးမားနေသေးသည်။
ဝမ်ချောင်က တောင်တန်း အစွန်အဖျားနားတွင် တောက်လျှောက် သွားလာနေခဲ့သည်။ မီတာတစ်ရာ၊ နှစ်ရာ၊ သုံးရာ... ရှစ်ရာခန့်အထိ သွားပြီးသည့်တိုင်အောင် အောက်ပိုင်းထိ မရောက်ရှိသေးချေ။ ထိုအချိန်တွင် ဝမ်ချောင်ကမူ ပင်လယ်ရေ အောက်ပိုင်းထဲတွင် လှည့်လည်သွားလာပြီး စူးစမ်းနေရသလို ခံစားလိုက်ရသည်။ ထိုအနက်ကပင် အလွန်အမင်း အန္တရာယ်များနေပြီဖြစ်သည်။ လေထုကလည်း ပါးလျလာပြီး အသက်ရှုရန် မဖြစ်နိုင်တော့ချေ။ သို့ရာတွင် ဝမ်ချောင်အပေါ်မူ သက်ရောက်မှုက နည်းပါးသည်။ သူသည် ကင်းမြှီးကောက် မကောင်းဆိုးဝါး၏ ကိုယ်ပေါ်တွင်ရှိသည့် လေများကို သိုလှောင်ထားနိုင်သော ဝင်္ကပါကို တွေ့ခဲ့ပြီးသားဖြစ်သည်။
ထိုထဲတွင် ပိတ်လှောင်ထားသည့် လေပမာဏကမူ များပြားသည်။ သို့သော် ဝမ်ချောင်ကဲ့သို့ မဟာဗိုလ်ချုပ်ကြီးအဆင့် ကျင့်ကြံသူအတွက်ကမူ လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။
ရှစ်ရာ၊ ကိုးရာ... သူဟာ အောက်သို့ရောက်သထက် ရောက်လာခဲ့ပြီး ကင်းမြှီးကောက် မကောင်းဆိုးဝါး၏ လေအိတ်ထဲမှလေများက အချိန်အကြာကြီး မလုံလောက်နိုင်ချေ။
ဝုန်း
ထိုနေရာတွင် အလင်းမရှိချေ။ မျက်လုံးကလည်း အသုံးမဝင်တော့ချေ။ ဝမ်ချောင်က သူ၏ စိတ်ဝိညာဉ် အာရုံခံနိုင်စွမ်းအားကိုသာ လွှတ်ထုတ်ပြီး မြေအောက်နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံထားရသည်။ ချက်ချင်းဆိုသလိုပင် သူဟာ ပတ်ဝန်းကျင်ကို ကောင်းကောင်း ဖမ်းဆုပ်လိုက်နိုင်သည်။
ကြည့်ရတာ ငါသူ့ကိုရှာမတွေ့နိုင်ဘူးထင်တယ်။
ဝမ်ချောင်က ထူးဆန်းသော ပုံသဏ္ဍန်ရှိ ကျောက်သားများနှင့် ရွှံ့ပင်လယ်ကြီးကို ကြည့်နေသည်။ သူသည် အစစ်အမှန် အဆင့်မြင့် ဘုန်းတော်ကြီး၏ သဲလွန်စကို ရှာမတွေ့သေးပေ။
ဝမ်ချောင်ဟာ ပတ်ဝန်းကျင်တွင် ကြုံသလိုလျှောက်သွားနေခြင်း မဟုတ်ဘဲ ဘုန်းတော်ကြီးကို ရှာဖွေနေခြင်းဖြစ်သည်။ သူသည် လွန်ခဲ့သော ရက်များအတွင်း ဟိုက်ဒရာဘက် တောင်တန်းကြီးတစ်ခုလုံးကို ထပ်ခါတလဲလဲ ရှာဖွေခဲ့ပြီးလေပြီ။ သို့သော် သဲလွန်စမဲ့နေပြီ။
သူမရှာရသေးတာ အောက်ပိုင်းပဲကျန်တယ်။
ဒါဟာ သူ၏အတွေးဖြစ်သည်။ သို့တိုင်အောင် စိတ်ပျက်သွားရ၏။ သူသည် အချိန်အကြာကြီး ရှာဖွေနေခဲ့ရသည့်တိုင်အောင် ဘာကိုမှ မတွေ့သေးချေ။ သူသည် ဒီအခွင့်အရေးကို လက်လျော့ရမည့်ပုံ ပေါ်နေသည်။
ဝုန်း
ဝမ်ချောင်က ထွက်သွားရန် ကြံစည်လိုက်သည့် အခိုက်အတန့်တွင် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံစားလိုက်မိသည်။
ဒါကဘာလဲ။
ဝမ်ချောင်က ရုတ်တရက် ခေါင်းကိုလှည့်ပြီး အနက်ရှိုင်းဆုံးအပိုင်းသို့ လှမ်းကြည့်လိုက်သည်။
မီတာတစ်ထောင်ကျော်ခန့် နက်သည့်နေရာတွင် စွမ်းအားလှိုင်းတစ်ရပ်ကို ခံစားလိုက်မိသည်။ ထိုစွမ်းအားလှိုင်း၏ အရင်းအမြစ်က အလွန်ဝေးသည်။ အနည်းငယ်သာ ထွက်နေသော အားလှိုင်းများကတင် ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ ထိုနည်းပါးသော ပမာဏကတင် သူ့ကို တုန်ယင်စေသည်။
အဲ့ဒီမှာဘာတွေဖြစ်နေတာလဲ။
ဝမ်ချောင်က စွမ်းအားလှိုင်းများ ထွက်လာရာဘက်သို့ ခပ်မြန်မြန် သွားလိုက်သည်။
မီတာတစ်ထောင့်တစ်ရာ တစ်ထောင့်နှစ်ရာ... တခဏခန့် ကြာပြီးနောက် ဝမ်ချောင်က စွမ်းအားလှိုင်းများဟာ ပို၍ပြင်းထန်လာကြောင်း ခံစားလိုက်ရသည်။
ဝမ်ချောင်က တစ်ထောင့်ငါးရာအထိ ရောက်ရှိသွားပြီးနောက်တွင် စွမ်းအင်အရင်းအမြစ်က ကြီးမားလွန်းသဖြင့် တစ်လောကလုံးကိုပင် ဖြူဖျော့စေလောက်သည်။ မဟာဗိုလ်ချုပ်ကြီးများကပင် ထိုစွမ်းအင်၏ အရှေ့တွင် ဘာမှမဟုတ်လောက်ချေ။ ထိုစွမ်းအင်က မြေအောက် ပို၍နက်ရှိုင်းသည့် အပိုင်းမှလာသည်။ ထိုနေရာဟာ မီတာထောင်ပေါင်းများစွာ အနက်ဖြစ်လောက်သည်။
ထိုအရာသာ မကသေးချေ။ ဝမ်ချောင်ကလည်း ပြင်းထန်လွန်းသည့် နေရာလပ် အာကာသ လှုပ်ခတ်မှုများကို ခံစားနေရသည်။ ထိုစွမ်းအင်များက ပြင်းထန်ကြီးမားလွန်းသဖြင့် ဝမ်ချောင်ကိုယ်တိုင်ကပင် မချဉ်းကပ်သွားရဲချေ။
အခန်း(၁၂၀၀)
ထိုစွမ်းအားလှိုင်းများကို အာရုံခံပြီးပြီးချင်း ဝမ်ချောင်က ကြောင်အသွားသည်။ ဝရုန်းသုန်းကား ဖြစ်နေသော အာကာသစွမ်းအားများက သူ့အား ချွီထေပါးက ဓားကိုသုံးပြီး အာကာသပြင်ကြီးအား ဖွင့်လိုက်သည့် အခိုက်အတန့်ကို သတိရသွားစေသည်။ ထိုစွမ်းအင်များဟာ လျို့ဝှက်ဆန်းကြယ်ပြီး အခြား နေရာဒေသ တစ်ခုနှင့် ဆက်စပ်နေကြောင်း ခံစားလိုက်ရသည်။ သူယခု အာရုံခံမိသည့် စွမ်းအင်များကမူ ယိုဖိတ်ကျနေသည့် စွမ်းအင်၏ နည်းပါးလွန်းသော ပမာဏသာဖြစ်လောက်သည်။
ဝမ်ချောင်၏စိတ်က ဝရုန်းသုန်းကားဖြစ်သွားပြီး မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ပေါ်ထွက်လာသည်။
ဝမ်ချောင်က ရုတ်တရက် သိပ်မကြာခင်က ဖြစ်ရပ်တစ်ခုကို ပြန်တွေးလိုက်မိသည်။ လွန်ခဲ့သော အချိန်ကာလများစွာက ဖြစ်ရပ်တစ်ခုကို ပြန်တွေးလိုက်မိသည်။ ကပ်ဘေးကာလတွင် သူမှတ်မိသည်မှာ မှန်ကန်မည်ဆိုလျှင် အခြားသော လောကမှ ကျူးကျော်သူများက နေရာသုံးနေရာမှတစ်ဆင့် ဒီလောကသို့ ဝင်ရောက်လာခဲ့ကြသည်။ ဝမ်ချောင်ကလည်း ထိုနေရာများထဲမှ တစ်ခုက ဆင်းတူဖြစ်ပြီး ဟိုက်ဒရာဘက် တောင်တန်းအနီးအနားဖြစ်ကြောင်း မှတ်မိနေသေးသည်။
သို့ရာတွင် အချိန်ကာလက အလွန်ကြာနေခဲ့ပြီဖြစ်ပြီး ဝမ်ချောင်ကိုယ်တိုင်ကလည်း ဆင်းတူသို့ မရောက်ဖူးခဲ့သောကြောင့် ကိစ္စများကို အတည်မပြုနိုင်ဘဲ ခန့်မှန်းချက်သာ ထုတ်ခဲ့ရသည်။ ကောလဟာလများကသာ မှန်ကန်နေခဲ့လျှင် ထိုနေရာက ဟိုက်ဒရာဘက် တောင်တန်း၏ အောက်ဘက်ပိုင်းတွင် ဖြစ်လောက်သည်။ သို့သော် အောက်ဘက်ပိုင်းတွင်ရှိသော စွမ်းအင်များက မည်သို့ပေါ်လာကြောင်း၊ မည်သို့သော အခြေအနေများထဲတွင် တစ်ဖက်သူများက ကျူးကျော်လာခဲ့ကြောင်း မသိနိုင်ချေ။
ဝမ်ချောင်က ထိုနေရာတွင် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေမိသည်။ ထို့နောက် ရုတ်တရက် ဝုန်းကနဲ အသံနှင့်အတူ ဝမ်ချောင်က ကင်းမြှီးကောက် မကောင်းဆိုးဝါးကို ထိန်းချုပ်ပြီး အောက်ဘက်သို့ ဆက်ဆင်းခိုင်းသည်။ ဝမ်ချောင်ကလည်း ထိုအရာနှင့် အလွန်အမင်း နီးကပ်နေပြီဖြစ်ကြောင်း ခံစားမိနေသည်။
“ရပ်”
သတိပေးချက် အလျဉ်းမရှိဘဲ အိုမင်းပြီး တိုးလျသည့် အသံတစ်သံက သူ၏စိတ်အတွင်း ပေါ်ထွက်လာသည်။ ထိုထဲတွင် တည်ငြိမ်မှုနှင့် သတိကြီးမှုများ ပါဝင်သည်။
“???”
ဝမ်ချောင်က အံ့ဩသွားသည်။
ဘယ်သူလဲ။
ထိုနေရာဟာ မြေမျက်နှာပြင်နှင့် မီတာတစ်ထောင့်ငါးရာကျော် ဝေးနေပြီဖြစ်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးက ပိန်းပိတ်အောင် မည်းမှောင်နေလေရာ လေပင်မရှိချေ။ ထို့ကြောင့် တစ်စုံတစ်ယောက် ရှိနေရန် မဖြစ်နိုင်ချေ။
“မြန်မြန်လေးရပ်စမ်း လူငယ်လေး ဒါကမင်းထိသင့်တဲ့အရာ မဟုတ်ဘူး”
ထိုအသံထဲတွင် တည်ငြိမ်မှုများ ပါဝင်လာသည်။
ဝုန်း
ဝမ်ချောင်က ချက်ချင်းဆိုသလို သူ၏ကြီးမားပြင်းထန်လွန်းသည့် စိတ်စွမ်းအားများကို လွှတ်ထုတ်လျှက် ပတ်ဝန်းကျင်အနှံ့ ဖြန့်ကျက်လိုက်သည်။ သို့တိုင်အောင် အံ့အားသင့်သွားရသည်မှာ သူ၏စိတ်စွမ်းအားများကပင် အသံပိုင်ရှင်ကို ရှာမတွေ့ချေ။
“အဆင့်မြင့်ဘုန်းတော်ကြီး”
ဝမ်ချောင်က သတိရသွားပြီး အော်ဟစ်လိုက်သည်။
ဝမ်ချောင်၏ စိတ်စွမ်းအားနယ်မြေကို မည်သူကမှ မကျော်ဖြတ်နိုင်သေးချေ။ သို့တိုင်အောင် ထိုလူက ဝမ်ချောင်၏စိတ်အတွင်းသို့ သူ၏အသံကို ပို့လွှတ်နိုင်ပြီး ရှာဖွေတွေ့ရှိခြင်းမရှိဘဲ ပုန်းအောင်းနေနိုင်သည်။ ဆင်းတူထဲတွင် ထိုတစ်ယောက်တည်းကသာ ယခုလိုလုပ်နိုင်စွမ်းရည် ရှိလောက်သည်။ ထိုလူဟာ အဆင့်မြင့်ဘုန်းတော်ကြီးဖြစ်သည်။ အခြားမည်သူကမှ မလုပ်နိုင်သင့်ချေ။
ဝမ်ချောင်က အော်ဟစ်လိုက်သည့် အချိန်တွင် မြေအောက်လောကက တိတ်ဆိတ်သွားသည်။ သို့သော် အသံက ထပ်ထွက်လာ၏။
“လူငယ်လေး ဒီနေရာကနေ မြန်မြန်လေး ထွက်သွားပါ။ အဲ့ဒီနေရာက ဘယ်သူမှ မထိသင့်တဲ့နေရာပဲ”
ဝမ်ချောင်က တခဏခန့် တွေးတောကြည့်သည်။ ထို့နောက် စွမ်းအင်လှိုင်းများ ထွက်လာရာဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး အပေါ်ဘက်သို့ ခပ်မြန်မြန် ပြန်တက်သည်။ ထိုလူက သူ၏နောက်ခံကို ထုတ်မပြောသေးသော်လည်း ဝမ်ချောင်က သိနေပြီဖြစ်သည်။
ဟိုက်ဒရာဘက် တောင်တန်းအောက်ခြေပိုင်းနှင့် ပေတစ်ဆယ်ကျော်ခန့် ဝေးကွာသော နေရာတွင် ဝမ်ချောင်က ရပ်တန့်လိုက်သည်။
အဆင့်မြင့်ဘုန်းတော်ကြီး ဒီဂျူနီယာက ဗဟိုပြင်ကျယ် မဟာထန်ရဲ့ လူငယ်အမတ်မင်း ဝမ်ချောင်ပါ။ ဒီဝမ်ချောင်က တွေ့ခွင့်တောင်းပါတယ်။
ဝမ်ချောင်က သူ၏စိတ်စွမ်းအားလှိုင်းများကို သုံးလျှက် ထိုအတွေးကို သယ်ဆောင်စေပြီး ပတ်ဝန်းကျင်အနှံ့ ဖြန့်ကျက်လိုက်ကာ သတင်းစကားကို ပို့လွှတ်သည်။
သူက အဆင့်မြင့်ဘုန်းတော်ကြီးကို ကိုယ်တိုင်မရှာနိုင်ခဲ့သော်လည်း သူ၏ ကြိုးစားအားထုတ်မှုက အလဟသ မဖြစ်ခဲ့ချေ။ အနည်းဆုံး အဆင့်မြင့်ဘုန်းတော်ကြီး ရှိမည့်နေရာကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။ သို့သော် နေရာအတိအကျကိုမူ မသိချေ။
အရာအားလုံးက တိတ်ဆိတ်ကာ မှောင်မည်းနေသည်။ မြေအောက် အနက်ရှိုင်းဆုံးအပိုင်းတွင် မည်သည့် အရာကိုမှ မသိနိုင်သေးချေ။ ဝမ်ချောင်ကလည်း လှုပ်ရှားမှုကင်းစွာ ရပ်နေသည်။ သူသည် အဆင့်မြင့် ဘုန်းတော်ကြီး၏ ပြန်ဖြေစာကို စောင့်နေ၏။ မည်သည့်စွမ်းအင် အားလှိုင်းမှ လှုပ်ခတ်မလာခဲ့ချေ။ တစ်လောကလုံးကလည်း တိတ်ဆိတ်နေသည်။ တစ်စက္ကန့်က ခေတ်ပေါင်းများစွာကို ကြာညောင်းခဲ့ပြီးနောက် ဝမ်ချောင်က သက်ပြင်းရှည်ကြီးချသံကို ကြားလိုက်ရသည်။
“ဟင်း”
သက်ပြင်းရှည်ကြီး ချသံထဲတွင် အဆုံးအစမဲ့သည့် အဓိပ္ပာယ်များ ပါဝင်သည်။ ဝမ်ချောင်ဟာ ထိုမျှရှုပ်ထွေးသည့် သက်ပြင်းချသံကို မကြားဖူးချေ။
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်ကိုယ်တိုင်ကပင် တစ်ဘဝလုံးစာ မတွေ့ကြုံရတော့သလို ဖြစ်သွားသည်။
“လာ မင်းငါ့ကိုရှာနေမှန်း ငါသိတယ်”
အသံက ပျောက်ကွယ်သွားသည်။ ထို့နောက် တခဏခန့်ကြာပြီးနောက် မည်သည့်နေရာကမှန်းမသိ စွမ်းအင်လုံး တစ်လုံး ပေါ်လာသည်။ ထိုအရာက ဝမ်ချောင်၏ ရှု့ထောင့်ဘက်မှကြည့်သော် မှေးမှိန်သော ဖယောင်းတိုင်လေးသာဖြစ်သည်။ ဖယောင်းတိုင်က သိပ်မကြီးချေ။ သို့သော် လွှတ်ထုတ်နေသည့် စွမ်းအားလှိုင်းများက ဘယ်သောအခါမှ အားနည်းသွားမည့်ပုံမပေါ်ချေ။
ငါနောက်ဆုံးတော့ ရှာတွေ့ပြီ။
ဝမ်ချောင်က ပျော်ရွှင်သွားပြီး ကင်းမြှီးကောက် မကောင်းဆိုးဝါးကို ချုပ်ထိန်းလျှက် စွမ်းအင်လုံးနောက်သို့ လိုက်သွားသည်။
သူက ဟိုက်ဒရာဘက် တောင်တန်းတောင်ခြေမှ ပေတစ်ဆယ်ကျော်ခန့်အထိ သွားလာပြီးနောက် အဆင့်မြင့် ဘုန်းတော်ကြီးက စကားထပ်ပြောသည်။
“မင်းရဲ့ ညာဘက်ခြမ်းက နံရံအက်ကွဲကြောင်းကို ကြည့်လိုက်။ အဲ့ဒီကနေ ဝင်လာခဲ့”
ဝမ်ချောင်က သူ၏အာရုံခံနိုင်စွမ်းအားကို လွှတ်ထုတ်လိုက်ပြီးနောက် မျှော်လင့်ထားသည့်အတိုင်း လူတစ်ယောက်စာ ဝင်နိုင်သည့် နံရံအက်ကွဲကြောင်းတစ်ခုကို တွေ့လိုက်ရသည်။
ဝမ်ချောင်က အသက်ပြင်းပြင်းရှုပြီး ကင်းမြှီးကောက် မကောင်းဆိုးဝါးပေါ်မှဆင်းကာ ထိုကျောက်တုံး အက်ကွဲကြောင်းထဲသို့ဝင်သည်။ ထိုနေရာက အပြင်ဘက်မှကြည့်သော် ကျဉ်းမြောင်းသော်လည်း အတွင်းတွင် ကျယ်သည်။
ဒါက သဘာဝတူးမြောင်းပဲ။
ဝမ်ချောင်က စိတ်ထဲတွင် မှတ်ချက်ချလိုက်သည်။ သူ၏အာရုံခံနိုင်စွမ်းအားကလည်း ထူးခြားသည်မှာ အလျဉ်းသင့်သွားသည်။ သူသည် တူးမြောင်းအတွင်းသို့ ကြောင်တစ်ကောင်လို ဝင်ပြေးနိုင်သွားသည်။ ထိုတူးမြောင်းကြီးသည် အလွန်ကျယ်သည်။ အောက်သို့တောက်လျှောက် ဝင်ရောက်သွားပြီးနောက် အပေါ်သို့ ခပ်မြန်မြန် တက်ရသေးပြန်သည်။
ဆယ်မိနစ်ဝန်းကျင်ခန့် ကြာပြီးနောက် ဝမ်ချောင်က မီတာခုနှစ်ရာမှ ရှစ်ရာခန့်အထိ တက်လိုက်ရသည်။ ထိုသို့ဖြင့် ထိုတောင်ကြားကြီး၏ အမြင့်နှင့်အနက်ကို အံ့အားသင့်သွားရပြန်သည်။ ဝမ်ချောင်ကလည်း ထိုအက်ကြောင်းကြီးက မည်မျှမြင့်နိုင်ကြောင်း တွေးတောနေသည့်အချိန်တွင် အဆင့်မြင့်ဘုန်းတော်ကြီးက ဆက်ပြောသည်။
“ရောက်ပြီ ဝင်ခဲ့တော့”
ဝမ်ချောင်က ခေါင်းမော့လိုက်သောအခါ သူ၏အထက်ရှိ ကြီးမားသော သတ္ထုဂိတ်ကြီးကို မြင်လိုက်ရသည်။ ဂိတ်၏အထက်တွင် ကြီးမားသည့် ပုလဲလုံးကြီးဖြင့် အလှဆင်ထားသည်။ ထို့ကြောင့် မှေးမှိန်သည့် အလင်းက ထွက်နေသည်။
ဝမ်ချောင်က ဂိတ်တံခါးကိုတွန်းဖွင့်ပြီး ဝင်ရောက်ရန် ပြင်ဆင်ချိန်တွင် တံခါးထိပ်တွင် ထွင်းထုထားသည့် ထူးဆန်းသည့် ပုံများကိုမြင်လိုက်ရကာ ရပ်တန့်မိသွားသည်။
ဒါက စာသားတွေပဲ။
ဝမ်ချောင်က ပုလဲ၏ မှေးမှိန်သည့် အလင်းအောက်တွင် ထိုစာများကို ထင်ထင်ရှားရှား လေ့လာဖြစ်သည်။ ထိုစကားလုံးများက အခြားသော တိုင်းပြည်တိုင်း၏ ဘာသာစကားနှင့် ခြားနားပြီး အလွန် ရှေးကျပုံပေါ်သည်။
“ဂုဏ်ယူပါတယ် အသုံးပြုသူက နှစ်သုံးထောင်ကျော် သက်တမ်းရှိ ဟာရာဖားဘာသာစကားကို ရှာတွေ့လိုက်တဲ့အတွက် ကံကြမ္မာစွမ်းအင်အမှတ် တစ်ရာကိုချီးမြှင့်ပါတယ်”
ဝမ်ချောင်က ရုတ်တရက် ကံကြမ္မာကျောက်တုံး၏ အသံကိုကြားလိုက်ရသည်။
ရှေးဟောင်းဟာရာဖားဟုတ်လား။
ဝမ်ချောင်၏ကိုယ်က အံ့အားသင့်မှုကြောင့် တုန်ယင်သွားသည်။ သူသည် ယခုလို သံမဏိဂိတ်ကြီးပေါ်တွင် ရေးထားသောစာများက ရှေးဟောင်းဘာသာစကား တစ်ခုဟု မထင်ထားမိချေ။
“ကံကြမ္မာကျောက်တုံး ကံကြမ္မာပဟေဠိကိုသုံးပြီး ဒီဂိတ်ပေါ်က စာလုံးတွေကို ဘာသာပြန်လိုက်ပါဦး”
ဝမ်ချောင်က အမိန့်ပေးသည်။
“တောင်းဆိုတာကို ငြင်းပယ်ပါတယ်။ အသုံးပြုသူက လုံလောက်တဲ့အဆင့် မရှိသေးလို့ သတင်းအချက်အလက် မရနိုင်ပါဘူး။ ဘာသာပြန်တာက မဖြစ်နိုင်ပါဘူး”
ကံကြမ္မာကျောက်တုံးက ချက်ချင်းလိုလို ပြန်ဖြေသည်။
မလုံလောက်သေးဘူးလား။
ဝမ်ချောင်က သက်ပြင်းချပြီး ထိုကိစ္စကို ဘေးဖယ်ထားလိုက်သည်။
ခွက်
ဝမ်ချောင်က တံခါးကိုတွန်းဖွင့်ပြီးဝင်သည်။
သူသည် ဆင်းတူ၏ အဆင့်မြင့်ဘုန်းတော်ကြီးနှင့် တွေ့မည့်အခြေအနေကို အမျိုးမျိုး တွေးကြည့်ခဲ့ဖူးသည်။ သူသည် ဂိတ်နောက်ဘက်တွင် တွေ့ရမည့်အရာကိုလည်း တွေးကြည့်မိ၏။ သို့သော် ဒါဟာ လမ်းဆုံးဖြစ်နေမည်ဟု မထင်ထားမိချေ။
သံမဏိဂိတ်ကြီး၏ အနောက်ဘက်တွင် ပိန်းပိတ်အောင် မည်းမှောင်နေသည့် နံဟောင်နေသော ဂူကြီးသာရှိသည်။ မြေပြင်က အကြမ်းထည်ဆန်ပြီး ညီညာမှုပင်မရှိချေ။ ဝမ်ချောင်ကလွဲပြီး မည်သူကမှ ရှိမနေချေ။ ကုလားထိုင်နှင့် စားပွဲပင်မရှိချေ။ ဒါဟာ ထောင်ချောက်ဟုပင် ထင်ရ၏။
“အဆင့်မြင့်ဘုန်းတော်ကြီး”
ဝမ်ချောင်ကပြောသည်။
အရာအားလုံးက တိတ်ဆိတ်နေသည်။ အဆင့်မြင့်ဘုန်းတော်ကြီးက တိတ်ဆိတ်နေ၏။ ဝမ်ချောင်က အကြိမ်အနည်းငယ် ခေါ်ကြည့်သည်။ ထို့နောက် တစ်စုံတစ်ရာဟာ မှားနေကြောင်း သိသွားသည်။
ကင်းမြှီးကောက် မကောင်းဆိုးဝါးထဲမှ ထွက်လာခဲ့ပြီးနောက် သူသည် လေအပြည့်ရှုခဲ့သည်။ သို့သော် ဒီအပေါ်သို့ ထပ်တက်ပြီး ထပ်ခါတလဲလဲ စကားပြောပြီးနောက် သူ့အနေဖြင့် လေကိုရှုရှိုက်နိုင်စွမ်းရည် မရှိတော့ချေ။ လေမရှိလေဘဲ ဝမ်ချောင်ကဲ့သို့ မဟာဗိုလ်ချုပ်ကြီးကပင် မြေအောက် ပေခုနှစ်ရာမှ ရှစ်ရာအထိ နက်သောနေရာမျိုးတွင် မရှင်သန်နိုင်ချေ။ ဝမ်ချောင်၏ အသက်ရှုသံက အလျင်စလိုဖြစ်လာပြီး တစ်ကိုယ်လုံးက နွမ်းနယ်ကာ မွန်းကြပ်မတက် ဖြစ်လာသည်။ ဝမ်ချောင်က အကန့်အသတ်သို့ရောက်ပြီး ထွက်ခွာရန်ပြင်မှ အသံတစ်သံထွက်လာသည်။
“နည်းနည်းသည်းခံလိုက်ဦး”
ဝမ်ချောင်က ဖိအားများသွားသည်။ သူသည် ဆင်းတူ၏ အဆင့်မြင့်ဘုန်းတော်ကြီး၏ ဆိုလိုရင်းကို နားမလည်ချေ။ တခဏခန့်ကြာပြီးနောက် အပေါ်ရှိ ကျောက်တုံးများက ဝုန်းကနဲဖြစ်သွားကာ မရေမတွက်နိုင်သည့် ကျောက်တုံးပေါင်းများစွာက မိုးရွာသလို ကျဆင်းလာသည်။ ထိုအခိုက်အတန့်တွင် တောင်တန်းတစ်ခုလုံးက တုန်ခါသွားသည်။ ထို့နောက် ဝှစ်ကနဲမြည်သံနှင့်အတူ လေအေးများက ဆင်းသက်လာသည်။
လတ်ဆတ်သောလေကို ရသောအခါ ဝမ်ချောင်က အသက်ပြင်းပြင်းရှုလိုက်သည်။ သို့သော် ထို့နောက် ပို၍ပင် အံ့ဩသွားရသည်။
သူသည် မြေအောက် အနက်ရှိုင်းဆုံး အပိုင်းတွင်ဖြစ်ပြီး မြေလျိုးပေးသည့် ကင်းမြှီးကောက် မကောင်းဆိုးဝါးလည်း မရှိချေ။ ထို့ကြောင့် မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ကပင် ဒီနေရာသို့ မရောက်နိုင်ချေ။ သို့တိုင်အောင် ထိုဆင်းတူ၏ အဆင့်မြင့်ဘုန်းတော်ကြီးကမူ ဒီနေရာသို့ရောက်ပြီး လတ်ဆတ်သော လေများကို ဝင်ရောက်အောင် လုပ်နိုင်ခဲ့သည်။ ဒါဟာ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်၏ လက္ခဏာဖြစ်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်”
အနှေးကွေးဆုံးသော လူကပင် ထိုအဆင့်မြင့်ဘုန်းတော်ကြီး၏ လုပ်ဆောင်မှုကို နားလည်ပေလိမ့်မည်။ ထိုအဆင့်မြင့် ဘုန်းတော်ကြီးကသာ သူ့ကိုသတ်ချင်လျှင် ဒုက္ခများရန်ပင် မလိုအပ်ချေ။
“မင်းဒီနေရာကို မလာသင့်ဘူး”
ဂူဟာရှင်းလင်းနေသည်။ သို့သော် ဝမ်ချောင်ကမူ တစ်ဖက်သူ၏အသံကို ကြားနေရသည်။
“အဆင့်မြင့်ဘုန်းတော်ကြီးက မြေအောက်က စွမ်းအင်အရင်းအမြစ် ရှိတဲ့နေရာကို ဆိုညွှန်းချင်တာလား။ အစားထိုး အဆင့်မြင့်ဘုန်းတော်ကြီးကို မေးမြန်းခဲ့တဲ့မေးခွန်းကို ဆိုညွှန်းချင်တာလား”
ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။
သူ၏ဝန်းကျင်တွင် ဟိုက်ဒရာဘက် တောင်တန်းကလွဲပြီး မည်သည့်အရာမှမရှိချေ။ အဆင့်မြင့် ဘုန်းတော်ကြီးကသာ ဆန္ဒမရှိလျှင် ဝမ်ချောင်ကလည်း ရှေ့ကိုထွက်လာအောင် လုပ်၍မရပါချေ။
“နှစ်ခုလုံးပဲ”
အဆင့်မြင့်ဘုန်းတော်ကြီးက သက်ပြင်းချသည်။ အသံက အလွန်အိုနေလေပြီ။
“မင်းဖိုင်မွန်ရဲ့ စာအုပ်ကို ဖတ်ပြီးပြီပဲ။ ဒါကြောင့် မင်းပိုပြီး နားလည်လာလေလေ အန္တရာယ် ပိုများလေလေဆိုတာကို သိသင့်တယ်”
ဝမ်ချောင်က တည်ငြိမ်နေသည်။ သူ၏မျက်လုံးကမူ ပြောင်းလဲလာသည်။ သူဟာ တွက်ချက်နေခြင်းဖြစ်သည်။ အဆင့်မြင့်ဘုန်းတော်ကြီးက မြေအောက် အနက်ရှိုင်းဆုံး အပိုင်းတွင် ရှိနေသော်လည်း သူ၏ အာရုံခံနိုင်စွမ်အားမှ မည်သည့်အရာကမှ လွတ်မြောက်သွားခြင်းမရှိချေ။
“ရှောင်ရှားလို့မရတဲ့ အရာတွေကရှိတယ်။ နေမင်းက ထွက်လာသလို လကလည်း ဆင်းသက်လာရမှာပဲ။ အချို့ကိစ္စတွေကနေ ထွက်ပြေးလို့မရပါဘူး”
ထွက်ပြေးရင်း ထွက်ပြေးနေမည့်အစား အမှန်တရားကိုသာ ရှာဖွေသင့်သည်။ အနည်းဆုံး ကပ်ဘေးကျရောက်လာသည့်အခါ သူမထိတ်လန့်ရတော့ချေ။
သူဟာ ဒီနေရာတွင် ရှိနေကတည်းက သူ့ကိုယ်သူ သက်တောင့်သက်သာ ရှိစေမည့်အပြင် အင်္ကျီလက်ကို တစ်ချက်ခါယမ်းလိုက်ပြီး ဂူကြမ်းခင်းပေါ်တွင် တင်ပြင်ခွေထိုင်လိုက်သည်။