မောက်မာမှုနှင့် အရည်အချင်း … ။
Vol. 70 Ch. 830
ချောက်ကမ်းပါးထိပ်ပေါ်ရှိ လေထု တစ်ခုလုံးလေးလံထိုင်းမှိုင်းသွားကာ တိတ်ဆိတ် ငြိမ်သက်လာချေပြီ။
အတွေ့အကြုံ ရင့်ကျက်လွန်းသည့် မိစ္ဆာအိုကြီးများပင်လျှင် စုရီ၏စကားများကြောင့် မယုံကြည်နိုင် ဖြစ်နေကြသေးသည်။
ကနဦးရွှမ်ကျောက်အဆင့်မှ ဆယ်ကျော်သက်တစ်ယောက်သည် သူတို့ကဲ့သို့ ရွှမ်ယုအဆင့် ဖြစ်တည်မှုများအပေါ် ဂရုစိုက်ပုံ မပြခြင်းသည် စစ်မှန်သော မောက်မာမှုဖြစ်၏။
“ ကောင်းပြီ ... ရွှမ်ကျောက် အလယ်အလတ်အဆင့် ဧကရာဇ်တစ်ပါးကို သတ်နိုင်ရုံနဲ့ ဒီနေ့ ဘာမဆိုလုပ်နိုင်မယ်လို့ မင်းထင်နေလား ... ကောင်းကင်ကြီး ဘယ်လောက်မြင့်တယ်ဆိုတာ မင်းကိုငါပြမယ်။ ”
ကြာနီဂိုဏ်းမှ ရွှမ်ယုအဆင့် အမျိုးသမီးဧကရာဇ်က ထရပ်လာတော့သည်။ စုရီတစ်ယောက် စိတ်ဝင်စားဟန်မပြဘဲ လူတိုင်းကို ဝေ့ကြည့်ကာ၊
“ ငါ့အမြင်အရတော့ မင်းတို့အားလုံး တစ်ခါတည်းလာသင့်တယ် မဟုတ်ရင် ပျင်းစရာ ကောင်းနေလိမ့်မယ်။ ”
-ဟု ဖိတ်ခေါ်လိုက်၏။
တစ်ဖက်လူမှ သူမကိုလျစ်လျူရှုခြင်း ခံလိုက်ရသဖြင့် အမျိုးသမီးဧကရာဇ်သည် မျက်နှာမဲမှောင်သွားလေသည်။
“ ဝှစ် ...။ ”
ထို့နောက် သူမလက်ကောက်ဝတ်ကို လှည့်လိုက်ရာ ဓားရိပ်သည် ယပ်တောင်ကဲ့သို့ ပြန့်ကားသွားပြီး လေဟာနယ်ကို ဆုပ်ဖြဲကာ စုရီထံသို့ ဝင်ရောက်လာ၏။
ရွှမ်ယုအဆင့် တာအိုဥပဒေသများက ထိုဓားရိပ်များအတွင်းပြည့်နှက်နေပြီး အလွန်ပင် လှပဆန်းကြယ်လှလေသည်။
၎င်းတွင်ပါဝင်သည့် အရှိန်အဝါသည် လူအများ၏စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေ၏။ အထူးသဖြင့် ရွှမ်ကျောက်အဆင့် ရှိသူများမှာ အသက်ရှူကျပ်လာကုန်သည်။
သို့သော် စုရီအတွက်မူ လက်အင်္ကျီစကိုတစ်ချက် ခါယမ်းလိုက်ရုံသာ တုန့်ပြန်လိုက်၏။
“ ဝုန်း ... ။ ”
ယပ်တောင်တစ်ချောင်းကဲ့သို့ များပြားလှသော ဓားရိပ်များသည် အစအန မကျန်အောင် ပေါက်ကွဲပျက်ပြယ်သွားသည်။
“ ဟမ့် ... ။ ”
ထိုပေါက်ကွဲမှုမှ ပြန့်ကားလာသော အကြွင်းအကျန်ဓားလှိုင်းများကို ရှောင်တိမ်းရန် စုရီက လေထုအလယ် လှမ်းတက်လိုက်ပြီး လရိပ်ဓားကို ဆွဲထုတ်လိုက်တော့၏။
“ ချွင် ... ။ ”
တစ်ဆက်တည်းမှာပင် ကြည်လင်အေးမြသော ဓားမြည်သံနှင့် အိပ်မက် ဆန်ဆန် အလင်းများ ဖြာထွက်လာသည်။
ဓားကိုင်ထားသော စုရီအသွင်သည် ချက်ချင်းဝေဝါးမှုန်ဝါးလျက် သေမျိုးကမ္ဘာကြီးမှ လွတ်မြောက်နေသူတစ်ဦးကဲ့သို့ ထင်မှား လာစေတော့၏။
“ တကယ့်ကို နတ်ဘုရားဆန်တဲ့ တာအိုဓားတစ်လက်ပဲ။ ”
ယွီချန်ထျန်းတစ်ယောက် မျက်လုံးများ တောက်ပသွားလေသည်။ သူသည် မဟူရာဓား ဧကရာဇ်အဖြစ် ကျော်ကြားလှသဖြင့် လရိပ်ဓား မြင်သောအခါ စိတ်လှုပ်ရှားလာ၏။
“ ဝှစ် ... ။ ”
ကြာနီဂိုဏ်းမှ ရွှမ်ယုအဆင့် အမျိုးသမီး ဧကရာဇ်သည်လည်း လေထဲပျံတက်လာခဲ့ပြီး သူမရောင်ဝါကို ဖွင့်ချလိုက်ရာ လေးလံလှသော ဖိအားတစ်ခု ချက်ချင်း ဆင်းသက်လာ၏။
“ သေလိုက်စမ်း ... ။ ”
ရုတ်တရက် အပြာရောင်လျှပ်စီးများ ဖြာထွက်နေသော ကမ္ဘာပျက်ဓားတစ်လက် ကျဆင်းလာသည်။ သူ့နောက်တွင် လျှပ်စီး ဥပဒေသများလိုက်ပါလာ၏။
ယွီပိုင်လင်းနှင့် ယွီချန်ထျန်းတို့ခမျာ ထိုဓားကိုမြင်ချိန်၌ မျက်နှာပျက်သွားကြသည်။ သူတို့ကဲ့သို့ ရွှမ်ယုအဆင့်ဧကရာဇ်များအတွက် ဤဓားသည် အလေးချိန်ရှိ၏။
ကနဦးရွှမ်ကျောက်အဆင့်မှ တစ်စုံတစ်ယောက်အနေဖြင့် ဤဓားချက်ကို ရင်ဆိုင်နိုင်စရာနည်းလမ်းမရှိချေ။
ကျန်းစွန်းဟုန် အပါအဝင် တိမ်အရိပ်၊ မိုဟန်ထျန်းနှင့် ထွတ်မြတ်ကိုးပါးနန်းတော်ထံမှ ဝတ်ရုံရှည်ဝတ် အမျိုးသားတို့သည်လည်း အသက်မရှူဘဲ စောင့်ကြည့်နေကြသည်။
သို့သော် စုရီသည် လူတိုင်း၏ အတွေးကိုဆန့်ကျင်ကာ ရှောင်တိမ်းခြင်းမရှိခဲ့ဘဲ လေထဲသို့လှမ်းတက်သွားပြီး လရိပ်ဓားဖြင့် ခုတ်ပိုင်းချသည်။
“ ကလန် ... ။ ”
“ ဘုန်း ... ။ ”
နားကွဲမတတ် ပေါက်ကွဲသံကြီးနှင့်အတူ အပြာရောင် လျှပ်စီးဓားအရိပ်များလွင့်စင်ကာ လေဟာနယ် ပြိုကျကုန်၏။
“ ဒါ ... ။ ”
ချောက်ကမ်းပါး ရင်ပြင်တစ်ခုလုံး တုန်ခါသွားလေသည်။ ယွီမိသားစုဝင်များသည် ပါးစပ်အဟောင်းသား ဖြစ်ကုန်တော့၏။ အလွန်ပင် အစွမ်းထက်လွန်းချေပြီ။
“ ဟမ့် ... ။ ”
မြင်ကွင်းက မိုဟန်ထျန်းကို မျက်ဝန်းများ မှေးစင်းသွား၏။ ထွတ်မြတ်ကိုးပါးနန်းတော်မှ အမျိုးသားသည်လည်း နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားလေသည်။
“ ကြောက်စရာ ကောင်းလိုက်တဲ့ဓား ငါဂိုဏ်းရဲ့ ရွှမ်ယုအဆင့် အကြီးအကဲယန်စုနီနဲ့ လုံးဝယှဉ်လို့ရတယ်။ ”
ထွတ်မြတ်ကိုးပါးနန်းတော်၏ အမျိုးသားခမျာတုန်လှုပ်သွား၏။ စုရီဓားသည် သံသယဖြစ်စရာမလိုအောင်ပင် လွှမ်းမိုးနိုင်လွန်းသည်။
ထိုအချိန်တွင် လူတိုင်းသည် ဤကျောက်စိမ်းရောင်လူငယ်သည် အဘယ့်ကြောင့် မာနကြီးဝံ့သည်ကို နားလည်လိုက်၏။
တစ်ဖက်တွင် စုရီဓားကိုမြင်ချိန်၌ ကြာနီဂိုဏ်း၏အမျိုးသမီးဧကရာဇ်သည် မျက်နှာ သိသိသာသာပြောင်းသွားပြီး ဓားချက်များ ချက်ချင်းထုတ်ဖော်တော့သည်။
“ ကလန် ... ။ ”
“ ခရစ် ... ။ ”
သို့သော် ဤတစ်ကြိမ် ထိပ်တိုက် တွေ့ဆုံမှုတွင် ဓားကျိုးကာလက်ကောက်ဝတ်ကို လှီးဖြတ်ခံလိုက်ရ၏။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”
ကြာနီဂိုဏ်း၏ ရွှမ်ယုအမျိုးသမီး ဧကရာဇ်ခမျာ ကြောက်လန့်ဖြူဖျော့သွားကာ ချက်ချင်းဆုတ်ခွာတော့၏။
“ ရပ်လိုက်စမ်း ... ။ ”
တိုက်ပွဲကို စောင့်ကြည့်နေသော ကုန်းစွန်းဟန်မှ ကျယ်လောင်စွာအော်ဟစ်လျက် သွေးနီရောင်လှံကိုဆင့်ခေါ်ပြီး စုရီထံ ထိုးသွင်း ဟန့်တားလိုက်သည်။
“ အရှက်မဲ့လိုက်တာ... ။ ”
တစ်ဖက်တွင် ထိုမြင်ကွင်းကြောင့် ယွီပိုင်လင်းက ချက်ချင်း ဝင်ရောက်စွက်ဖက်ရန် ပြင်လိုက်၏။ သို့သော် စုရီမှ လှည့်မကြည့်ဘဲ၊
“ ဒီနေ့ မင်းတို့အားလုံး ပွဲကြည့်ပရိတ်သတ်အဖြစ်နေပါ ငါ့ကိစ္စထဲ ဘယ်သူမှဝင်မပါနဲ့။ ”
-ဟု သတိပေး ဟန့်တားတော့သည်။
ယွီပိုင်လင်းခမျာ တုန့်ဆိုင်းသွားစဉ် ကျန်းစွန်းဟုန်၏လှံဖျားသည် လေဟာနယ်ကို ထိုးခွဲလျက် စုရီထံရောက်ရှိလာပြီဖြစ်၏။
ဤတိုက်ခိုက်မှုသည် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သည့် စွမ်းအားများပါရှိသောမိုးကြိုး ကဲ့သို့ ပေပင်။
“ ဝုန်း ... ။ ”
စုရီတစ်ယောက် လရိပ်ဓားဖြင့် ပြန်လည် ခုတ်ဖယ်လိုက်၏။ ပြင်းထန်သော တိုက်မိမှုကြီး မြည်ဟည်းလာချေပြီ။ များမကြာခင် ယွီပိုင်လင်း အပေါ် သစ္စာဖောက်ခဲ့သော တိမ်အရိပ်က တိုက်ပွဲအတွင်း ဝင်ရောက်လာပြန်၏။
“ ဒီကောင်လေးမှာ တစ်ခုခုမှားနေတယ် အတူတူ သတ်ရအောင်။ ”
ထို့နောက် ရွှမ်ယုဧကရာဇ်သုံးပါးနှင့် ကနဦးရွှမ်ကျောက်အဆင့် ဧကရာဇ်တစ်ပါး၏ တိုက်ပွဲကြီး ဖြစ်ပေါ်လာခဲ့သည်။
“ သေစမ်း ... ဒီလောက်တောင် ကောင်းကင်ကိုအံတုနေတဲ့ ဘီလူးတစ်ကောင် ကောင်းကင်နယ်မြေမှာ ဘယ်တုန်းက ပေါ်လာရတာလဲ။ ”
မိုဟန်ထျန်းသည်လည်း တည်ငြိမ်စွာ မနေနိုင်တော့ချေ။ သူသည် သွေးမြူမိစ္ဆာဂိုဏ်းမှ အကြီးအကဲတစ်ဦးဖြစ်၏။ ဘဝတစ်လျှောက် ဤမျှကောင်းကင်ဘုံကို စိန်ခေါ်နိုင်သည့် တစ်စုံတစ်ဦးရှိနေမှန်း မမြင်ဖူးချေ။
“ ဘယ်လောက် ပြင်းထန်လိုက်လဲ။ ”
အခြားတစ်ဖက်တွင် ဧကရာဇ်ငါးပါး၏ ထိုတိုက်ပွဲကြီးထံမော့ကြည့်လျက် ယွီပိုင်လင်း တစ်ယောက် အံ့အားသင့်သွားလေသည်။
ဤလူငယ်သည် အသက်ငယ်ငယ်ဖြင့် ဧကရာဇ်တစ်ပါးဖြစ်လာပြီး ရွှမ်ကျောက်အဆင့် ဧကရာဇ်(၁၃)ပါးကို ပေါင်းပင်များသဖွယ် ရိတ်သိမ်းပစ်ခဲ့ကြောင်း ကြားဖူး၏။
ယခုမူ ရွှမ်ယုဧကရာဇ်သုံးပါးကို တစ်ယောက်တည်း တိုက်ခိုက်လိုက်နေသည်။ သံသယဖြစ်စရာ မလိုအောင်ပင်သန်မာကာ ကြောက်စရာကောင်းချေ၏။
“ အရမ်းအစွမ်းထက်တယ်။ ”
“ ဒီကောင်လေးက ဘယ်သူလဲ။ ”
“ ယွဲ့မိသားစုက ဒီလိုဓားသမားတစ်ယောက်ကို ဘယ်ကနေ ဖိတ်ခေါ်လာတာလဲ။ ”
ကြာနီဂိုဏ်းသားများနှင့် ဧည်သည်တော်များသည် မယုံနိုင်အောင် ဖြစ်နေ ကြလေသည်။ မိုဟန်ထျန်းက ထိုသူများကို လျစ်လျူရှုလျက်၊
“ အဖိုးကြီးနျူ မင်းဘာရပ်ကြည့်နေတာလဲ။ ”
-ဟု အော်ဟစ်လိုက်၏။
“ ဝှစ် ... ။ ”
ဧည့်သည်တော်များအတွင်းမှ တစ်ဦးတည်းသော ရွှမ်ယုအဆင့်ဧကရာဇ်ခမျာ ချက်ချင်းထရပ်လာပြီး အံကြိတ်လျက် တိုက်ပွဲအတွင်း ပြေးဝင်တော့၏။
အချိန်ကြာလာသည်နှင့်အမျှ စုရီ၏ တိုက်ပွဲဝင်စွမ်းအားသည် ပိုမိုပြင်းထန်လာကာ ရွှမ်ယုအဆင့် ဧကရာဇ်လေးပါးအပေါ် အသာစီးရယူလာခဲ့သည်။
ထိုမျှကြောက်စရာကောင်းသော တိုက်ပွဲဝင်စွမ်းအားမျိုးသည် လူအုပ်ကြီးအတွက် အံ့အားသင့်စေ၏။ ဤကမ္ဘာကြီးတွင် တာအိုကို သက်သေပြနိုင်သော ဆယ်ကျော်သက်အရွယ် တစ်စုံတစ်ယောက် တွေ့ရှိရန်ခက်ခဲသည်။
အထူးသဖြင့် အဆင့်ငယ်တစ်ခုကို ဖြတ်ကျော်ပြီး ရွှမ်ယုဧကရာဇ်လေးပါးအပေါ် လွှမ်းမိုးနိုင်သော ဘီလူးတစ်ကောင်သည် သာ၍ရှားပါးချေသည်။
“ ဘယ်လိုဖြစ်နိုင်မှာလဲ ... ။ ”
မိုဟန်ထျန်းသည်ပင် အံ့အားသင့်ပြီး အလွန်အမင်း စိတ်လှုပ်ရှားလာခဲ့သည်။ ရွှမ်ယု အဆင့် ဧကရာဇ်လေးပါးထံမှ တိုက်ခိုက်မှုကို ခံယူရန် သူသည်ပင် မဝံ့ချေ။
“ သေလိုက်တော့ ... ။ ”
အဆုံးတွင် သတ်ဖြတ်လိုစိတ်များ ပေါက်ကြားလျက် လေဟာနယ်အတွင်းသို့ လှမ်းတက်ကာ လှုပ်ရှားမှုတစ်ခု ပြုလုပ် လိုက်လေသည်။
“ ဝုန်း ... ။ ”
မီးတောက်များ ကောင်းကင်တခွင် ပြန့်နှံ့ကုန်ပြီး ဥပဒေအသီးသီးဖြင့် ပေါင်းစပ် ရောယှက်သွားတော့၏။
“ ဒီလူယုတ်မာအိုကြီးတွေ ... ။ ”
မိုဟန်ထျန်းသည် ကြေးဝါလှံကို ကိုင်ဆောင်ကာ တစ်ဟုန်ထိုးဝင်ရောက်နေပြီး အခြားသူများဖြင့် ပူးပေါင်းလိုက်သည့် မြင်ကွင်းကြောင့် ယွီပိုင်လင်းခမျာ ဒေါသထွက်လာခဲ့သည်။
တိုက်ပွဲဝင်စွမ်းအားနှင့် အုတ်မြစ်အရ မိုဟန်ထျန်းသည် သံသယဖြစ်စရာမလိုအောင် အခြားသော ဧကရာဇ်များထက် သာလွန်၏။
ယွဲ့မိသားစုဝင်များသည်လည်း ကျောရိုးတစ်လျှောက် အေးစက်လာကာ စုရီ အတွက် စိုးထိတ်လာတော့၏။
“ ဟားဟားဟား ... နောက်ဆုံးတော့ မင်းရောက်လာပြီ။ ”
သို့သော် ထိုအချိန်တွင် စုရီ၏ရယ်သံသည် ကျယ်လောင်စွာ ပဲ့တင်ထပ်လာခဲ့၏။ ထို့ကြောင့် လူတိုင်းအံ့အားသင့်ကုန်ကြသည်။
ဆိုလိုသည်မှာ ဤစုရီသည် အစောပိုင်းတိုက်ပွဲတလျှောက်လုံး မိုဟန်ထျန်း ဝင်ရောက်လာမည့်အချိန်ကို စောင့်မျှော် နေပုံရချေ၏။
မိုဟန်ထျန်းခမျာ မျက်ခုံးပင့်သွားသည်။ ထို့ထက်ပို၍ သူ မတွေးနိုင်မီ စုရီရောင်ဝါသည် သိသိသာသာ ပြောင်းလဲသွား၏။
ကနဦးရွှမ်ကျောက်အဆင့် ကျင့်ကြံမှုသည် အပြည့်အထွက်ပေါ်လာပြီး ကျောက်စိမ်းရောင် ဝတ်ရုံလှိုင်းထသွားတော့သည်။
ကောင်းကင်နှင့်မြေကြီး တုန်ခါစေသည့် ကြောက်မက်ဖွယ်ကောင်းသော ဓားရောင်ဝါများ ဖြာထွက်လာချေပြီ။
“ ချွင် ... ချွင် ... ။ ”
တစ်ဖက်တွင် စုရီ၏သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်ကိုခံစားမိသော လရိပ်ဓားသည် ကျယ်လောင်စွာ မြည်သံပြုပေး၏။
“ မကောင်းတော့ဘူး ... ။ ”
မိုဟန်ထျန်းက ကျောရိုးတစ်လျှောက် အေးစက်လာကာ အသက်အန္တရာယ်ရှိစေသော ခြိမ်းခြောက်မှု ခံစားလိုက်ရသည်။
သူ အမှန်ပင် လှည့်စားခံလိုက်ရချေပြီ။ တစ်ဖက်လူသည် ခွန်အားကိုသိုဝှက်ထားကာ တိုက်ပွဲထဲ သူ့ကို ဆွဲသွင်းလိုက်ခြင်းဖြစ်၏။
“ ဝှစ် ... ။ ”
ကံမကောင်းစွာဖြင့် အသိနောက်ကျသွားသည်။ ထိုအချိန်တွင် လရိပ်ဓားသည် နဂါးငွေ့တန်းကြီးတစ်ခုအလား သူ့အပေါ် ပြုတ်ကျလာတော့၏။
“ ချိုးဖြတ် ... ။ ”
ရှင်ခြင်းနှင့်သေခြင်းကြား အရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သဖြင့် မိုဟန်ထျန်းခမျာ တားမြစ်နည်းစနစ်တစ်ခုကို ချက်ချင်း အသုံးပြုလိုက်ရသည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”
သို့သော် ကြေးဝါလှံသည် နဂါးငွေ့တန်းအတွင်း တောက်လောင်နေသော ကြယ်မြစ်ကြီးထံတိုးဝင်ရာတွင် အက်ကွဲနေခဲ့ သဖြင့် ချက်ချင်းဆုတ်ခွာလိုက်သည်။ သို့သော် မအောင်မြင်ချေ။
“ မလုပ်နဲ့ ... ။ ”
ချွေးများရွဲနစ်လျက် လှံကိုလွှတ်ချကာ ခန္ဓာကိုယ်စွန့်ခွာထွက်ပြေးရန် ကြိုးစားလိုက်၏။ ထိုစဉ်ကြယ်မြစ်ကြီးသည် သူ့အပေါ် လွှမ်းခြုံ လာချေပြီ။
“ ဘောင်း ... ဘောင်း ... ။ ”
ပေါက်ကွဲသံကြီးထွက်ပေါ်လာကာ သွေးမြူမိစ္ဆာဂိုဏ်းမှ ရွှမ်ယုဧကရာဇ်ဖြစ်သော မိုဟန်ထျန်းတစ်ယောက် အစအနမကျန်အောင် လုံးဝပျောက်ကွယ်သွားတော့၏။
ရွှမ်ယုအဆင့် ဧကရာဇ်တစ်စု၏ ပေါင်းစပ်စွမ်းအားကိုဖြတ်ကျော်ပြီး တစ်ချက် တည်းဖြင့် သတ်ခြင်းမည်ချေပြီ။
ထိုမျှထိတ်လန့်စရာကောင်းသော မြင်ကွင်းမျိုးသည် လူအုပ်ကြီးကိုသာမက တိုက်ပွဲဝင်နေသည့် ရွှမ်ယုဧကရာဇ်များကိုပင် အသက်မဲ့သွားစေ၏။
“ မလုပ်နဲ့ ... ။ ”
ထိုစဉ် စုရီ၏ ဓားသည် အလျားလိုက် ဝင်ရောက်လာပြန်ပြီဖြစ်သည်။ ရွှမ်ယုအဆင့် အမျိုးသမီးဧကရာဇ်သည် ကြောက်လန့်တကြား အော်ဟစ်လိုက်စဉ် အပိုင်းပိုင်းကွဲအက်ပြီး သေဆုံးသွားတော့၏။
“ ပြေး ... ။ ”
ကျန်းစွန်းဟုန်မှ ဦးစွာသတိဝင်လျက် ချက်ချင်းလှည့်ပြေး၏။ ကျန်သူများသည်လည်း သတိပေးစရာမလိုအောင် ပြေးကုန်ကြချေပြီ။
တိုက်ပွဲဝင်ဆန္ဒများ ပျောက်ကွယ်သွား သည့်နောက် ရွှမ်ယုအဆင့်ဧကရာဇ်များသည်ပင် ကြက်များ၊ ငှက်များနှင့် မခြားချေ။
သို့သော် ကံမကောင်းစွာဖြင့် နောက်ကျသွား၏။ ဤသို့ထွက်ပြေးကြမည်ကို စိုးရိမ်သောကြောင့် မိုဟန်ထျန်း ဝင်ရောက်သည် အထိ စုရီမှ စောင့်ဆိုင်းနေခြင်းပေပင်။
ယခုမူ တုန့်ဆိုင်းနေစရာ မရှိတော့ဘဲ ကြက်သွန်မြိတ်များကဲ့သို့ ခွန်အားအပြည့်အဝ ထုတ်ဖော်ကာ ရိတ်သိမ်းလိုက်တော့၏။
“ မကောင်းတော့ဘူး ... ။ ”
“ ခရစ် ... ။ ”
အဝေးသို့ရောက်ရှိနေပြီဖြစ်သော ကုန်းစွန်းဟန်ရှေ့မှ လေဟာနယ် ပြိုကျသွားပြီး သွေးမြူများအဖြစ် ပြောင်းလဲသွားသည်။
တစ်ဖက်တွင် သူနှင့် ဆန့်ကျင်ဘက် အရပ်ဆီသို့ထွက်ပြေးနေသော တိမ်အရိပ်သည် ထိုမြင်ကွင်းထံစောင်းငဲ့ကြည့်လျက်၊
“ ညီအစ်အိုယွီ ... ငါမှားသွားတယ် ဒီခွေးအိုကြီးကို အသက်ချမ်းသာပေးပါ ... ။ ”
-ဟု ချက်ချင်းအော်ဟစ်လိုက်သည်။
သို့သော် ကြယ်မြစ်ကြီးသည် သူ့ထံလျင်မြန်စွာကြွေကျပြီး အသက်တရှိုက်စာ အတွင်း ပျောက်ကွယ်သွားစေ၏။ ထို့နောက် ဧည်သည်တော် ရွှမ်ယုဧကရာဇ်ပေပင်။
ဤနည်းအားဖြင့် ဧကရာဇ်ငါးပါးကို သတ်ဖြတ်ရန် မျက်စိတစ်မှိတ်မျှသာကြာမြင့်၏။ မြန်ဆန်လွန်းပြီး သွေးထွက်သံယိုမြင်ကွင်းသည် လူအုပ်ကြီး၏ နှလုံးသားအပေါ် လွှမ်းမိုးရန် လုံလောက်နေချေပြီ။
ကောင်းကင်နယ်မြေ၏ ဘီလူးကြီးများအားလုံး ယနေ့တွင် ကြက်များ၊ ငှက်များကဲ့သို့ အားနည်းလွန်းနေတော့၏။
နတ်ဆိုးအိုကြီး (၁၃)ပါးနှင့် အမှောင်ဟင်းလင်းပြင်ဒေသရှိ တိုက်ပွဲကိုမြင်ပြီး ဖြစ်သော်လည်း ယွီယွန်ရှန်ခမျာ မှင်သပ်နေဆဲပေပင်။
ယနေ့သတင်းသာ ပျံ့နှံ့သွားသော် အရိုင်းမြေကြီးတစ်ခုလုံး တုန်လှုပ်သွားမည်မှာ ဧကန်ဖြစ်၏။ တစ်ဖက်တွင် စုရီက လရိပ်ဓားထံ ငုံ့ကြည့်လျက်၊
“ ဒီလိုပြိုင်ဘက်တွေက နောက်ဆုံးတော့ အားနည်းနေသေးတယ် ... မင်းလည်း မပျော်ဘူး မဟုတ်လား။ ”
-ဟု မေးမြန်းလိုက်သည်။
လရိပ်ဓားမှ ထိုစကားကို နားလည်သဘောတူသကဲ့သို့ ချက်ချင်းတုန်ခါပြ လာတော့၏။
“ ဘရူး ... ။ ”
***