အကြီးအကဲနှစ်ယောက် တပြိုင်နက်တည်း နှုတ်ထွက်သွားကြခြင်း
Vol. 9 Ch. 81
ကျုံးချင် စိတ်လှုပ်ရှားနေချိန်တွင် အဝေးတစ်နေရာ၌မူ လူတစ်ယောက်သည် အလွန်စိတ်မသက်မသာ ဖြစ်နေရသည်။
ဝူကျီဂိုဏ်း၏ သတ္တမအကြီးအကဲ ဝူယွဲ့အကြောင်း ပြောရလျှင် ဂိုဏ်းသို့ ပြန်ရောက်သည့်အချိန်မှစ၍ သူသည် စားမဝင်အိပ်မပျော်ဖြစ်ကာ အားအင်ကုန်ခမ်းနေသည်။
သူသည် လမ်းလျှောက်နေသော ဖုတ်ကောင်တစ်ကောင်အလား စိတ်ဓာတ်ကျဆင်းနေပေ၏။
သူ့စိတ်ထဲတွင် ထိုဆေးညွှန်းများအကြောင်းသာ တွေးတောနေမိသည်။
ဆေးပညာရှင်တစ်ယောက်အတွက် ကောင်းမွန်သော ဆေးညွှန်းတစ်ခုသည် သေစေလောက်သည့် ဆွဲဆောင်မှုမျိုး ရှိနေတတ်စမြဲပင်။
တစ်ပေခန့်ထူသော စာအုပ်ကြီးထဲတွင် မရေမတွက်နိုင်သော ဆေးညွှန်းများ ပါဝင်နေသည်။
သူ လိုချင်သော်လည်း မရယူနိုင်သည့်အပြင် တင်းတင်းကျပ်ကျပ် မဆုပ်ကိုင်နိုင်သည့် ခံစားချက်မျိုးက အလွန်ပင်ခံရခက်လှသည်။
ဤသို့ဖြင့် ပိုင်ချန်ခန်းမ၌....
"ဒီလို ဆက်သွားနေလို့တော့ မဖြစ်တော့ဘူး"
ဝူယွဲ့သည် ကုတင်ပေါ်မှ လူးလဲထလိုက်ပြီး ရှုပ်ပွနေသော ဆံပင်ဖြူများကို ကုတ်ဖွလိုက်သည်။
ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ချိန်၌ သူ၏မျက်လုံးများသည် နီမြန်းနေပေ၏။
နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံဖြင့် သူသည် အခန်းထဲမှ ထွက်ကာ ဝူကျီဂိုဏ်းချုပ်၏နန်းတော်ဖြစ်သော ဝူကျီခန်းမဆီသို့ ဦးတည်သွားလိုက်တော့သည်။
ဝူကျီဂိုဏ်း၏ ဂိုဏ်းချုပ်မှာ ဂိုဏ်းချုပ်အိုးယန်ဟောက်ပင်။
သူသည် တောင့်တင်းသန်မာပြီး ခန့်ညားထည်ဝါသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပေ၏။
ယခုအချိန်၌ သူသည် ပင်မခန်းမကြီးရှိ ပလ္လင်ထက်တွင်ထိုင်ကာ ဂိုဏ်းကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနေသည်။
ဤကဲ့သို့ မြင့်မြတ်နယ်မြေတစ်ခုအတွက် ဂိုဏ်းချုပ်သည် အမြင့်ဆုံးအာဏာကို ပိုင်ဆိုင်ထားသည့်တိုင် သက်ဆိုင်ရာ တာဝန်နှင့် ဝတ္တရားများကိုလည်း ထမ်းဆောင်ရသည်။
ဂိုဏ်းချုပ်အိုးယန်ဟောက်သည် လုံ့လဝီရိယရှိသော စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်မှာ သေချာပေါက်ပင်။
သူ၏ရာထူးသက်တမ်း နှစ်ငါးရာကျော်အတွင်း သူ၏ဦးဆောင်မှုအောက်တွင် ဂိုဏ်းသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
တပည့်များနှင့် အကြီးအကဲများဖြစ်စေ ဧည့်အကြီးအကဲများဖြစ်စေ သူတို့အားလုံးသည် အရည်အချင်းရှိပြီး တိုးတက်အောင်မြင်နေကြသည်။
"ဂိုဏ်းချုပ်....သတ္တမအကြီးအကဲ လာရောက်တွေ့ဆုံပါတယ်"
ထိုစဉ် အစောင့်တစ်ဦး ဝင်ရောက်သတင်းပို့လာသဖြင့် အလုပ်ရှုပ်နေသော ဂိုဏ်းချုပ်အိုးယန်ဟောက် အချိန်တခဏကြာခန့် ရပ်တန့်သွားသည်။
"သူက ဘာကိစ္စနဲ့ လာတာလဲ"
နားမလည်နိုင် ဖြစ်သွားသော်လည်း ဂိုဏ်းချုပ်အိုးယန်ဟောက်က လျှင်မြန်စွာ တုံ့ပြန်ပြောဆိုလိုက်သည်။
"သူ့ကို ဝင်ခွင့်ပြုလိုက်ပါ"
သတ္တမအကြီးအကဲသည် ဂိုဏ်းအတွင်း၌ မြင့်မားသော ရာထူးနေရာကို ရယူထားသူ ဖြစ်သည်။
သူ၏ နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံဆင့်သည် မြင့်မြတ်နယ်မြေဂိုဏ်း၏ ထောက်တိုင်တစ်ခု ဖြစ်ရုံသာမက သူ၏ဆေးပညာစွမ်းရည်သည်လည်း အရှေ့ပိုင်းနယ်မြေတစ်ခုလုံးတွင် ပြိုင်ဘက်ကင်းသော အဆင့်သို့ ရောက်ရှိနေလေပြီ။
ထိုကဲ့သို့သော ပါရမီရှင်မျိုးကို ဝူကျီဂိုဏ်းချုပ်အနေဖြင့်ပင် လေးစားမှုအနည်းငယ်ခန့် ပြသရသည်။
အစောင့်ထွက်သွားပြီး မကြာမီမှာပင် ဝူယွဲ့၏ ပုံရိပ်က ပင်မခန်းမကြီးထဲတွင် ထွက်ပေါ်လာခဲ့သည်။
"သတ္တမအကြီးအကဲ.... ခင်ဗျား ဘာဖြစ်လာတာလဲ"
ဂိုဏ်းချုပ်အိုးယန်ဟောက်သည် မျက်လုံးများ နီမြန်းကာ ဖရိုဖရဲဖြစ်နေပြီး စိတ်ဓာတ်ကျနေပုံရသော ဝူယွဲ့ကိုကြည့်ကာ အံ့အားသင့်သော အမူအယာဖြင့် မေးမြန်းလိုက်သည်။
ဝူယွဲ့ အချိန်တခဏကြာမျှ တိတ်ဆိတ်သွားသည်။
ဤတစ်ကြိမ် သူလာခဲ့ခြင်းမှာ နှုတ်ထွက်စာတင်ရန်ပင်။
မူဖူတောင်ရှိ သူ၏စိတ်ဝိညာဉ်ကို လှုပ်ခတ်စေသော ရှေးဟောင်းဆေးညွှန်းများကို တွေးလိုက်မိသည်နှင့် သူသည် နောက်ထပ်အချိန်တခဏမျှပင် ဆက်မနေနိုင်တော့ချေ။
သို့ရာတွင် အမှန်တကယ် နှုတ်ထွက်ရမည့်အချိန်သို့ ရောက်လာချိန်၌ သူ တွန့်ဆုတ်သွားခဲ့သည်။
ဝူကျီဂိုဏ်းတွင် သူ၏ အဆင့်အတန်းသည် ထူးခြားပြီးမြင့်မားပေ၏။
အကယ်၍ ဤထူးခြားမြင့်မားသော အဆင့်အတန်းကြောင့်သာဆိုလျှင် သူ တွန့်ဆုတ်နေမည် မဟုတ်ပေ။
ထို့ထက်ပို၍အရေးကြီးသော အကြောင်းပြချက်မှာ ဝူကျီဂိုဏ်းချုပ်က သူ့ကို အလွန်လေးစားစွာ ဆက်ဆံခဲ့ပြီး အသိအမှတ်ပြုမှုများ ပေးခဲ့သောကြောင့်ပင်။
အကယ်၍ သူသာ ဤအတိုင်း ထွက်သွားလိုက်မည်ဆိုပါက ကျေးဇူးကန်းလွန်းရာကျမည် မဟုတ်လော....
သို့သော် ဤတွန့်ဆုတ်မှုသည် လျှင်မြန်စွာပင် ပြတ်သားမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
လူတို့သည် မြင့်ရာသို့ သွားကြပြီး ရေသည် နိမ့်ရာသို့ စီးဆင်းစမြဲ ဖြစ်ပေ၏။ ဤသည်မှာ ထာဝရအမှန်တရားပင်။
ကျုံးချင်၏လက်ထဲရှိ သောင်းပြောင်းထွေလာ ဆေးလုံးကျမ်းစာသည် သူ့အတွက် သေစေလောက်သော ဆွဲဆောင်မှု ရှိနေသည်။
ထိုအရာက သူ၏အနာဂတ်တာအိုလမ်းစဉ်နှင့်ပင် သက်ဆိုင်နေသည်။
တာအိုလမ်းစဉ်ဆိုသည်မှာ လူမှုဆက်ဆံရေး မဟုတ်သည့်အပြင် လူများကို ညစာဖိတ်ကျွေးခြင်းလည်း မဟုတ်ပေ။
လူအမြောက်အများသည် တာအိုကို ကျင့်ကြံရန်အတွက် လူ့သဘာဝကို စွန့်လွှတ်ကာ ခံစားချက်များနှင့်စိတ်ဆန္ဒများကို ဖြတ်တောက်ကြသည်။
သူသည် သူ၏ကိုယ်ပိုင်တာအိုကို လိုက်စားနေခြင်းသာ ဖြစ်ပေ၏။
ဤသို့ တွေးတောပြီးနောက် သူက တည်ကြည်လေးနက်သော အမူအယာဖြင့် ပြောဆိုလိုက်သည်။
"ဂိုဏ်းချုပ်....ကျွန်တော်က နှုတ်ထွက်ချင်ပါတယ်"
ထိုစကား ထွက်လာသည်နှင့် ဂိုဏ်းချုပ်အိုးယန်ဟောက် ကြက်သေသေသွားသည်။
"သတ္တမအကြီးအကဲ ဘာလို့လဲ....."
ဝူယွဲ့ တခဏမျှ ဆွံ့အသွားသည်။
ဒုတိယတန်းစားဂိုဏ်းဖြစ်သော ရှန်ကျန်းဂိုဏ်းသို့ သူ ဝင်ရောက်လိုသောကြောင့် နှုတ်ထွက်သည်ဟု ပြော၍မဖြစ်နိုင်ချေ။
မည်သူမျှ ထိုအကြောင်းပြချက်ကို ယုံမည်မဟုတ်သည့်အပြင် အမှန်တရားကို မသိသော ဂိုဏ်းချုပ်က သူ့ကို ဉာဏ်ရည်မမီသူဟု ထင်မြင်သွားပေလိမ့်မည်။
ထို့ကြောင့် သူသည် ရှောင်လွှဲရန် ဆင်ခြေတစ်ခု ရှာလိုက်ရသည်။
"အကြောင်းပြချက် မရှိပါဘူး"
"ကျွန်တော်က ပင်ပန်းနေလို့ တောင်တန်းတွေဆီမှာပဲ သွားရောက်အနားယူချင်လို့ပါ...ဂိုဏ်းချုပ်အနေနဲ့ ကျွန်တော်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်ပါတယ်"
ဂိုဏ်းချုပ်အိုးယန်ဟောက် နားမလည်နိုင် ဖြစ်သွားသည်။
"အဋ္ဌမအကြီးအကဲလည်း မကြာသေးခင်က ရောက်လာပြီးတော့ ခင်ဗျားလို အကြောင်းပြချက်နဲ့ပဲ နှုတ်ထွက်သွားတယ်"
"ဝူကျီဂိုဏ်းမှာ နေရတာက ခင်ဗျားတို့နှစ်ယောက်လုံးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်စေလို့လား"
သူ၏မျက်လုံးများတွင် နက်ရှိုင်းသော နားမလည်နိုင်မှုများ ထင်ဟပ်လာသည်။
သူ၏ဂိုဏ်းမှ မူဝါဒများတွင် ပြဿနာရှိနေသလောဟုပင် သံသယဝင်လာမိသည်။
အကြီးအကဲနှစ်ယောက် ဆက်တိုက်နှုတ်ထွက်သွားခြင်းသည် ဝူကျီဂိုဏ်းအတွက် သေးငယ်သော ဆုံးရှုံးမှု မဟုတ်ပေ။ အထူးသဖြင့် နှစ်ယောက်လုံးက ဆေးပညာရှင်များ ဖြစ်နေကြသည်။
ဂိုဏ်းချုပ်အိုးယန်ဟောက်၏စကားကို ကြားလိုက်ချိန်၌ ဝူယွဲ့ ချက်ချင်းဒေါသထွက်သွားသည်။
"ဘာ အဋ္ဌမအကြီးအကဲက ထွက်သွားနှင့်ပြီ... ဟုတ်လား...."
"ဟုတ်တယ်....ခင်ဗျားတို့နှစ်ယောက်က ညီအစ်ကိုတွေလို ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု ရှိကြတာပဲ ....သူ ခင်ဗျားကို မပြောဘူးလား"
ဝူယွဲ့က သူ၏စိတ်ထဲမှ ကျိတ်ပြီးဆဲရေးလိုက်မိသည်။
'ဒီကောင်စုတ်... ငါက သူ့ကို ညီအစ်ကိုလို ချစ်ခင်ရတဲ့ မိတ်ဆွေလို သဘောထားပါတယ်.... သူက ငါ့ရဲ့ကွယ်ရာမှာ စီနီယာဆီ ခိုလှုံဖို့ ကြံစည်နေတာပဲ'
ယခုအချိန်တွင် ဝူကျီဂိုဏ်းမှ ထွက်ခွာမည့်အပေါ်ထားရှိသော ဝူယွဲ့၏အပြစ်ရှိစိတ်များ လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။
အခွင့်အရေးဆိုသည်မှာ ကြုံကြိုက်တုန်း အရယူရမည့်အရာ ဖြစ်ပေ၏။
ခြေတစ်လှမ်း နောက်ကျသွားသည်နှင့် အရာအားလုံး ဆုံးရှုံးသွားနိုင်သည်။
"ဂိုဏ်းချုပ် ကျွန်တော်မှာ အရေးကြီးကိစ္စရှိလို့ အရင်သွားနှင့်ပါရစေ"
"ဒါက အကြီးအကဲတံဆိပ်ပြားပါ... အခုပဲ ဂိုဏ်းချုပ်ကို ပြန်အပ်ပါတယ်"
"ဒါပေမဲ့ စိတ်ချပါ ...အချိန်ရရင် ကျွန်တော်က မကြာခဏ ပြန်လာလည်ပါ့မယ်"
ထိုသို့ပြောဆိုပြီးနောက် သူသည် ဝူကျီဂိုဏ်းအကြီးအကဲရာထူးကို ကိုယ်စားပြုသည့် တံဆိပ်ပြားကို စားပွဲပေါ်သို့ တင်လိုက်သည်။
ထို့နောက် သူသည် အလွန်အမင်း အလျင်စလို ထွက်ခွာသွားရာ ကြောင်အနားမလည်ဖြစ်နေသော ဝူကျီဂိုဏ်းချုပ် အိုးယန်ဟောက်သာ ကျန်ရစ်ခဲ့တော့သည်။
မည်သည့်အချိန်ကစ၍ ဂုဏ်သိက္ခာရှိသော မြင့်မြတ်နယ်မြေဂိုဏ်းတစ်ခုသို့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် လုပ်၍ရသွားသနည်း။
နှုတ်ထွက်သွားခြင်းကပင် အလွန်အမင်း လွယ်ကူလွန်းသည်။
သူ့အနေဖြင့် လူလွှတ်ကာ တားဆီးချင်သော်လည်း စဉ်းစားပြီးနောက် ထိုသို့မလုပ်ရန် ဆုံးဖြတ်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ သတ္တမအကြီးအကဲနှင့် အဋ္ဌမအကြီးအကဲ နှစ်ယောက်လုံးသည် ရှားပါးသော ပါရမီရှင်များပင်။
ပါရမီရှင်များကို သာမန်လူများနှင့် မတူဘဲ ကွဲပြားစွာ ဆက်ဆံရပေမည်။
သူတို့ကို အတင်းအကြပ် ဆွဲထားမည့်အစား သဘောထားကြီးစွာဖြင့် ထွက်ခွာခွင့်ပြုလိုက်ခြင်းက ပို၍ကောင်းမွန်ပေမည်။ ဤနည်းဖြင့် အနည်းဆုံး ကောင်းမွန်သော ဆက်ဆံရေးနှင့် သံယောဇဉ်ကို ထိန်းသိမ်းထားနိုင်ပေမည်။
သူတို့အကြား၌ ဆက်ဆံရေး ပျက်ပြားသွားမည် မဟုတ်ပေ။
နောင်တစ်ချိန် သူတို့၏အကူအညီ လိုအပ်လာပါက ဤသံယောဇဉ်ကြောင့် အနည်းဆုံးအနေဖြင့် မျက်နှာသာ ပေးကြပေလိမ့်မည်။
ဤသို့ တွေးတောလိုက်ပြီးနောက် ဝူကျီဂိုဏ်းချုပ် အိုးယန်ဟောက်၏ စိတ်ဓာတ်ကျနေမှုများ သိသိသာသာ သက်သာသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဂိုဏ်း၏အဆင့်မြင့်အဖွဲ့ဝင်များအတွက် ခံစားခွင့်များကို တိုးမြှင့်ပေးသင့်သလောဟု သူ စဉ်းစားနေမိသည်။
အကယ်၍ အကြီးအကဲများကသာ နေ့တိုင်း ဤသို့ ထွက်သွားနေကြမည်ဆိုလျှင် မြင့်မြတ်နယ်မြေတစ်ခု၏အုတ်မြစ်ရှိသည့်တိုင် မည်သည့်ဂိုဏ်းကများ ထိုကဲ့သို့ ပါရမီရှင်များ ဆုံးရှုံးမှုကို ခံနိုင်ရည်ရှိမည်နည်း။
…
ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့၏ နှုတ်ထွက်မှုကြောင့် ဝူကျီဂိုဏ်းအပေါ် သက်ရောက်မှုနှင့် အပြောင်းအလဲများကို မပြောလိုတော့ချေ။
သူတို့နှစ်ယောက်လုံးသည် ဝူကျီဂိုဏ်းမှ ထွက်ခွာပြီးနောက် ရှန်ကျန်းဂိုဏ်းဆီသို့ မနားတမ်း အပြေးအလွှား သွားခဲ့ကြသည်။
ရှန်ကျန်းဂိုဏ်းသို့ ရောက်ခါနီးတွင် နှစ်ယောက်လုံး သန့်ရှင်းရေးလုပ်ရန် ပြင်ဆင်လိုက်ကြ၏။
ဤတစ်ခေါက်တွင် သူတို့သည် စိတ်ရင်းမှန်ဖြင့် လာခဲ့ခြင်းပင်။
ရှန်ကျန်းဂိုဏ်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ရန်အတွက် သူတို့အနေဖြင့် ကောင်းမွန်သော အထင်အမြင်ရစေရန် ကိုယ့်ကိုယ်ကိုယ် သပ်ရပ်အောင် ပြုလုပ်ရပေမည်။
ကြည်လင်သော မြစ်ကမ်းဘေးတွင် ရှီရှောင်ထျန်းသည်
ရေပြင်ပေါ်ရှိ သူ၏ရောင်ပြန်ပုံရိပ်ကို ကြည့်ကာ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်နေသည်။
သူ့ပုံစံသည် တာအိုပညာရှင်အသွင် အနည်းငယ် ဆောင်နေပြီး ထိုအချိန်တွင် မိုးကောင်းကင်ယံမှ ဆင်းသက်လာသော ဝူယွဲ့ကို မြင်လိုက်ရသည်။
"မင်း ပါလား...."
သူ၏မျက်လုံးများတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။
ဤနေရာ၌ မိတ်ဆွေဟောင်းနှင့် တွေ့ရလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့ပေ။
"မင်းက လူလည်ကောင်ပဲ....ငါက မင်းကို ညီအစ်ကိုအရင်းလို ချစ်ခင်ရတဲ့မိတ်ဆွေလို သဘောထားခဲ့တယ်....မင်းက ဝူကျီဂိုဏ်းကထွက်ပြီး ရှန်ကျန်းဂိုဏ်းကို ဝင်ချင်နေတာကိုး"
"ဒီလောက်ကိစ္စကြီးကို မင်းက ငါ့ကိုတောင် မပြောဘူး"
"ကောက်ကျစ်လိုက်တဲ့ လူ"
ဝူယွဲ့က တိုက်ရိုက်လှောင်ပြောင်လိုက်သည်။
ထိုစကားကို ကြားချိန်၌ ရှီရှောင်ထျန်း၏ မျက်နှာသည် ရှက်ရွံမှုကြောင့် နီမြန်းသွားပေ၏။
အမှန်အားဖြင့် သူ လုပ်ခဲ့သည်မှာ ဂုဏ်ယူစရာကိစ္စတစ်ရပ် မဟုတ်ချေ။
သို့သော် သူ အလျင်အမြန် တုံ့ပြန်လိုက်သည်။
သူ ဂိုဏ်းမှ ထွက်လာသည်နှင့် ရှန်ကျန်းဂိုဏ်းဆီသို့ မနားတမ်း ပြေးလာခဲ့ခြင်း ဖြစ်သည်။
သူရောက်ပြီး မကြာမီမှာပင် ဝူယွဲ့က သူ့နောက်မှ ကပ်ပါလာသည်။
ဤှသည်က မည်သည့်အဓိပ္ပာယ်မျိုး ဖြစ်သနည်း။ သူတို့နှစ်ယောက်လုံးထံ၌ တူညီသော အကြံအစည်မျိုး ရှိနေကြသည်ဟု ဆိုလိုခြင်းပင်။
ရုတ်ချည်းဆိုသလိုပင် သူ၏ရှက်ရွံမှုများ ပျောက်ကွယ်သွားပြီး ခွန်းတုံ့ပြန်လိုက်သည်။
"မင်းလည်း အတူတူပဲ မဟုတ်လား...မင်း ထွက်လာတုန်းက ငါ့ကိုခေါ်ဖို့ စဉ်းစားခဲ့တယ်ဆိုတာ ငါ မယုံဘူး"
ဤသို့ဖြင့် တစ်ချိန်က ဘောင်းဘီတစ်ထည်တည်းကို အတူဝတ်ခဲ့ရလောက်အောင် ရင်းနှီးခဲ့သော ညီအစ်ကိုနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် လှောင်ပြောင်သရော်နေကြတော့သည်။
နောက်ဆုံးတွင် ဝူယွဲ့ကပင် အရင်ဆုံး စကားစစ်ထိုးပွဲရပ်စဲရန် ပြောဆိုလိုက်၏။
"ထားလိုက်တော့.... ငါတို့နှစ်ယောက်လုံးက စီနီယာဆီ ဝင်ရောက်ခိုလှုံဖို့ ကြိုးစားနေကြတာပဲ မဟုတ်လား....တစ်ယောက်တိုးတာ လျော့တာက ဘာမှ မကွာခြားဘူး"
"ငါတို့ အတူတူသွားကြရင် မကောင်းဘူးလား... ဒါဆိုရင် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့ ရတာပေါ့"
"ကောင်းလိုက်တဲ့ အကြံဉာဏ်ပဲ"
အပေါ်ယံတွင်တော့ သူတို့နှစ်ယောက်သည် သဟဇာတဖြစ်သော ညီအစ်ကိုများ ပြန်ဖြစ်သွားကြသည်။
သို့သော် သူတို့၏စိတ်ထဲတွင်မူ တီးတိုးရေရွတ်နေကြ၏။
'သူ ပါလာတာ ကောင်းပါတယ်.... စီနီယာက တစ်ယောက်တည်းပဲ လက်ခံမယ်ဆိုပြီး စမ်းသပ်မှု လုပ်ခဲ့ရင် ငါ့ရဲ့ ကြီးမြတ်မှုနဲ့ ထူးချွန်မှုကို ပေါ်လွင်စေဖို့ သူ့ရဲ့ မကောင်းတဲ့ လျှို့ဝှက်ချက်တချို့ကို ဖော်ထုတ်လို့ ရတာပေါ့... မဟုတ်ဘူးလား'
ညီအစ်ကိုများ ဆိုသည်မှာ...
ဤကဲ့သို့ အချိန်မျိုးတွင် ရောင်းစားရန်အတွက် ညီအစ်ကိုသံယောဇဉ်သည် အဓိပ္ပာယ်အရှိဆုံး ဖြစ်နေသည် မဟုတ်လော....
...