← Chapters

အသက် ၇၀၀ ကျော်အရွယ် အပြင်စည်းတပည့်

Vol. 9 Ch. 82

အသက် ၇၀၀ ကျော်အရွယ် အပြင်စည်းတပည့်

Vol. 9 Ch. 82

ဤသို့ဖြင့် အပေါ်ယံတွင် ရင်းနှီးဟန်ဆောင်ထားသော်လည်း တစ်ယောက်စီတွင် ကိုယ်ပိုင်ရည်ရွယ်ချက်များ ရှိနေကြသော သူတို့နှစ်ဦးသည် သေချာစွာ ပြင်ဆင်ပြီးနောက် အတူတကွ ထွက်ခွာလာခဲ့ကြသည်။

သူတို့ မူဖူတောင်သို့ နောက်တစ်ကြိမ် ရောက်ရှိလာကြကာ ကျုံးချင်နှင့် တွေ့ဆုံကြသည်။

"စီနီယာ"

သူတို့နှစ်ယောက်သား လေးစားစွာဖြင့် ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

"ခင်ဗျားတို့နှစ်ယောက်က ဘာကိစ္စနဲ့ ပြန်ရောက်လာတာလဲ"

ခြံဝင်းငယ်လေးထဲတွင် ကျုံးချင်သည် ဇီးပင်အောက်ရှိ နောက်မီကုလားထိုင်ပေါ်တွင် ထိုင်နေရင်း အံ့အားသင့်သော အမူအယာဖြင့် မေးမြန်းလိုက်၏။

ထိုအချိန်တွင် ဝူယွဲ့က ဦးစွာပြောဆိုလိုက်သည်။

"စီနီယာ ဒီလိုပါ....ကျွန်တော် ပြန်ရောက်သွားပြီးတဲ့နောက်မှာ မူဖူတောင်က ဘဝကို အရမ်းလွမ်းဆွတ်နေမိလို့ပါ"

"ဘယ်လောက်တောင်လဲဆိုရင် စားမဝင် အိပ်မပျော် ဖြစ်တဲ့အထိပါပဲ"

"ဒါကြောင့် စီနီယာရဲ့ မူဖူတောင်ကို ဝင်ရောက်ချင်တာကြောင့် ဝူကျီဂိုဏ်းကနေ တိုက်ရိုက်နှုတ်ထွက်လာခဲ့တယ်"

"စီနီယာအနေနဲ့ ကျွန်တော်ကို လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်.... စီနီယာရဲ့ ဆေးလုံးစမ်းသပ်ဖို့အတွက် စမ်းသပ်ခံကြွက်အနေနဲ့ ခံယူဖို့ ဆန္ဒရှိပါတယ်.... စီနီယာရဲ့ ဆေးပညာလမ်းစဉ်အတွက် ကျွန်တော်ရဲ့ နည်းပါးလှတဲ့ စွမ်းအားနဲ့ အကျိုးပြုချင်ပါတယ်"

သောင်းပြောင်းထွေလာ ဆေးလုံးကျမ်းစာထဲမှ ဆေးညွှန်းအတွက် ဝူယွဲ့သည် အမှန်တကယ်ကိုအစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်သည်။

သူ့ကို အိပ်မက်ဆိုးများ မက်စေခဲ့သော ငရဲနှင့်တူသည်ဟု ခံစားခဲ့ရသော ဘဝမျိုးတွင် နေထိုင်ရမည်ဆိုလျှင်ပင် သူ ဆန္ဒရှိနေသည်။

ထိုစကားကို ကြားချိန်တွင် ကျုံးချင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

ဆေးဖော်စပ်ရာတွင် ကူညီပေးမည့်သူနှင့် ဆေးလုံးစမ်းသပ်ပေးမည့်သူ တစ်ယောက်ကမူ သူ အမှန်တကယ် လိုအပ်နေသည်။

ထိုအခြေအနေကို မြင်လိုက်ရသော နံဘေးရှိ ရှီရှောင်ထျန်းသည် အလွန်အမင်း စိုးရိမ်ပူပန်လာသည်။

ယခုအချိန်တွင် လူအိုကြီးရှီသည် အသာစီးရနေလေပြီ။ အကယ်၍ သူသာ တက်ကြွမှု မပြသလျှင် နေရာတစ်နေရာစာပင် ရလိုက်မည် မဟုတ်ချေ။

ထိုကြောင့် သူက ချက်ချင်းပြောဆိုလိုက်သည်။

"စီနီယာ ကျွန်တော် အရင်က မိုက်မဲခဲ့မိပြီးတော့ စီနီယာကို စော်ကားမိခဲ့ပါတယ်"

"ဒါပေမဲ့ စီနီယာက ကျွန်တော်ကို အပြစ်မတင်တဲ့အပြင် ထွက်ခွာခွင့်ပြုပြီး အမှားကို ပြင်ဆင်ဖို့ အခွင့်အရေး ပေးခဲ့တယ်"

"ဒီလို သဘောထားကြီးမှုက လေးစားစရာကောင်းပြီး ကျွန်တော်ကို ရှက်ရွံ့စေမိတယ်"

"စီနီယာအပေါ် ထားရှိတဲ့ ကျွန်တော်ရဲ့ လေးစားမှုက မြစ်ရေတွေ တသွင်သွင်စီးဆင်းနေသလို အဆုံးအစမရှိပါဘူး....ပြီးတော့ လျှံကျနေတဲ့ မြစ်ဝါမြစ်ရေလိုပဲ တားဆီးလို့ မရနိုင်ဘူး"

"စီနီယာရဲ့ဘေးနားမှာ လိုက်ပါပြီးတော့ စီနီယာရဲ့ ကိုယ်ကျိုးစွန့်တဲ့ အရည်အသွေးတွေကို သင်ယူချင်ပါတယ်"

"ဒီနေ့ကစပြီး ရှီရှောင်ထျန်းက စီနီယာရဲ့ ဦးဆောင်မှုနောက်ကိုပဲ လိုက်ပါတော့မယ်"

"စီနီယာက အရှေ့ကိုသွားဆိုရင် အနောက်ကို ဘယ်တော့မှ မသွားပါဘူး"

"ခွေးကို လိုက်ဖမ်းခိုင်းရင် ကြက်ကို ဘယ်တော့မှ လိုက်မဖမ်းပါဘူး"

"လူအိုကြီးဝူ မစမ်းသပ်ရဲတဲ့ ဆေးလုံးတွေကို ကျွန်တော် စမ်းသပ်ပါ့မယ်.... လူအိုကြီးဝူစမ်းသပ်ရဲတဲ့ ဆေးလုံးတွေဆိုရင် ကျေးဇူးပြုပြီး ကျွန်တော်ကို နှစ်ဆတိုးပေးပါ စီနီယာ"

"အတိုချုပ်ပြောရရင် စီနီယာအတွက်ဆို ရေမီးမရှောင်ဘဲ လုပ်ဆောင်ပါ့မယ်.... သေရမယ်ဆိုရင်တောင် နောင်တရမှာ မဟုတ်ဘဲနဲ့ တုံ့ဆိုင်းမနေပါဘူး"

"ကျေးဇူးပြုပြီး ကျွန်တော်ကို လက်ခံပေးပါ စီနီယာ"

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ဝူယွဲ့၏ မျက်လုံးများ ပြူးကျယ်သွားသည်။

သူသည် ရှီရှောင်ထျန်းကို လက်ညှိုးထိုးကာ အံ့အားသင့်လွန်း၍ စကားပင် မပြောနိုင်တော့ချေ။

တစ်ဖက်လူနှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့သော်လည်း ထိုလူ၏ မြှောက်ပင့်ဖားယားမှုစွမ်းရည်သည် ဤမျှ ပြီးပြည့်စုံသောအဆင့်ထိ ရောက်နေမှန်း သူ မည်သည်ကြောင့် သတိမထားမိခဲ့သနည်း....

ယှဉ်ကြည့်လိုက်လျှင် သူ၏ စကားလုံးများက များစွာနိမ့်ကျနေသည်။

ဤသည်က လုံးလုံးလျားလျားကို အားနည်းလွန်းနေသည်။

ထိုလူနှစ်ယောက်၏ သရုပ်ဆောင်ချက်များကို ကြည့်ပြီး ကျုံးချင် တော်တော်လေး ရယ်ချင်သွားသည်။

ဤရှီရှောင်ထျန်းဆိုသောလူက အမှန်တကယ်ကို ပါရမီရှင်တစ်ယောက်ဖြစ်နေကြောင်း သူ မသိခဲ့ချေ။

ဤကဲ့သို့ ပါရမီရှင်မျိုးကိုသာ မူဖူတောင်၌ ထားလိုက်လျှင် ပျော်စရာများစွာ ယူဆောင်ပေးနိုင်ပေလိမ့်မည်။

ဤသို့ တွေးတောလိုက်ပြီးနောက်...

ကျုံးချင်က ပြောဆိုလိုက်သည်။

"မင်းတို့နှစ်ယောက်ကို မူဖူတောင်မှာ လက်ခံထားဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး...."

"ဒါပေမဲ့ မြင့်မြတ်နယ်မြေတစ်ခုရဲ့ အဆင့်မြင့်အကြီးအကဲ ရာထူးတွေနဲ့ ယှဉ်လိုက်ရင်...."

"မူဖူတောင်က မင်းတို့ကို အပြင်စည်းတပည့်အဆင့်အတန်းပဲ ပေးနိုင်လိမ့်မယ်... မင်းတို့ စဉ်းစားကြည့်ကြပါအုံး"

နေမင်းနက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦးကို သာမန်အပြင်စည်းတပည့်အဖြစ် သတ်မှတ်ခြင်းက သူတို့၏ပါရမီကို ဖြုန်းတီးရာရောက်သည်ဟု ကျုံးချင် ခံစားမိသည်။

သို့သော် အတွင်းစည်းတပည့်များကမူ သူ၏ ပင်မတပည့်များ ဖြစ်ကြသဖြင့် မသင့်လျော်ချေ။

တောင်တစ်လုံးတွင် တပည့်အရေအတွက်သည် အတိုင်းအတာတစ်ခုအထိ ပြည့်မှသာ အကြီးအကဲရာထူးကို ခန့်အပ်နိုင်ပေမည်။

ဤသည်က ဂိုဏ်းမှ ရေးမှတ်မထားသော ရိုးရာစည်းကမ်းတစ်ခုပင်။

ထို့ကြောင့် ကျုံးချင် ပေးနိုင်သည့် တစ်ခုတည်းသော အဆင့်အတန်းမှာ အပြင်စည်းတပည့်သာ ဖြစ်သည်။

"စဉ်းစားနေဖို့ မလိုပါဘူး"

သို့သော် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့သည် တပြိုင်နက်တည်း ပြောလိုက်ကြပြီး သူတို့၏ သဘောထားကို ချက်ချင်းဖော်ပြလိုက်သည်။

အဆင့်အတန်းကိုသာ သူတို့ အမှန်တကယ် ဂရုစိုက်ခဲ့လျှင် ဝူကျီဂိုဏ်းပင်မဌာနချုပ်၏ အကြီးအကဲရာထူးမှ နှုတ်ထွက်ခဲ့ကြမည် မဟုတ်ချေ။

မူဖူတောင်မှာ နေခွင့်ရမည်ဆိုလျှင် ကျုံးချင်က သူတို့ကို အစေခံ သို့မဟုတ် ကျွန်အဖြစ် စီစဉ်ပေးလျှင်ပင် သူတို့က ကျေကျေနပ်နပ်ကြီး လက်ခံကြပေမည်။

ယှဉ်ကြည့်လိုက်လျှင် မူဖူတောင်၏ အပြင်စည်းတပည့် ဖြစ်လာရခြင်းက သူတို့မျှော်လင့်ထားသည်ထက် များစွာပို၍ သာလွန်နေလေပြီ။

"အဲဒီလိုဆိုရင်လည်း မင်းတို့နှစ်ယောက်က အရင်ဆုံး ဂိုဏ်းရဲ့ မှတ်တမ်းဆောင်မှာ သွားပြီး စာရင်းပေးသွင်းလိုက်ကြပါ"

ကျုံးချင်သည် ထိုလူနှစ်ယောက်၏ ရည်ရွယ်ချက်အမှန်ကို သဘာဝကျကျပင် သိနေသည်။

သို့သော် သူ ဂရုမစိုက်ချေ။

ဧကရာဇ်အဆင့် သောင်းပြောင်းထွေလာ ဆေးလုံးကျမ်းစာလေးတစ်အုပ်သာ မဟုတ်လော....

သူ့ထံတွင် ထိုအဆင့်ရှိသော စာအုပ်များ သိုလှောင်ရုံတစ်ခုလုံး အပြည့်ရှိသည်။

အကယ်၍ နောင်တစ်ချိန်တွင် သူတို့၏ စွမ်းဆောင်ရည်က သူ့ကို ကျေနပ်စေခဲ့လျှင်...

စာအုပ်အစုတ်လေးတစ်အုပ်သာ ဖြစ်သဖြင့် သူတို့ကို ဖတ်ခွင့်ပေးလိုက်ပေမည်။

...

ရှန်ကျန်းဂိုဏ်း....

မှတ်တမ်းဆောင်....

ဤနေရာသည် တပည့်သစ်များ လက်ခံရန်အတွက် ဂိုဏ်း၏စာရင်းပေးသွင်းရာ ရုံးခန်းဖြစ်သည်။

ဤနေရာသည် ဂိုဏ်းတစ်ခုလုံးတွင် အားယားနေဆုံး နေရာတစ်ခုဖြစ်သည်ဟု ဆိုရပေမည်။

ငါးနှစ်တစ်ကြိမ် ဂိုဏ်းမှ တပည့်သစ်များ ခေါ်ယူချိန်မှလွဲ၍ ကျန်အချိန်များတွင် မှိုတက်လောက်အောင်ပင် အလုပ်မရှိ ဖြစ်နေတတ်သည်။

ဂိုဏ်းထဲတွင် လူကြိုက်အများဆုံး အားလပ်သော ရာထူးနေရာများအနက်မှ တစ်ခုလည်း ဖြစ်သည်။

မှတ်တမ်းဆောင်၏ အကြီးအကဲရာထူးမှာ ပုံသေမဟုတ်ဘဲ တောင်တစ်လုံးစီမှ အကြီးအကဲများက အလှည့်ကျ တာဝန်ယူရခြင်းပင်။

ထိုသက်တမ်းမှာ ဆယ်နှစ်ဖြစ်ပြီး ဆယ်နှစ်တစ်ကြိမ် အပြောင်းအလဲ လုပ်ရသည်။

လက်ရှိအကြီးအကဲမှာ ဆေးသန့်စင်ခြင်းတောင်မှ အကြီးအကဲထုံယိုဝေပင်။

တိတ်ဆိတ်နေသော ခန်းမဆောင်ထဲတွင် ထုံယိုဝေသည် ကောင်တာပေါ်တွင်မှောက်ပြီး တစ်ရေးအိပ်နေသည်။

လူနှစ်ယောက် ဝင်ရောက်လာသဖြင့် သူ လန့်နိုးသွားသည်။

ထိုလူနှစ်ယောက်မှာ လမ်းတစ်လျှောက်လုံး မေးမြန်းစုံစမ်းပြီး ရောက်လာခဲ့သော ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့မှလွဲ၍ တခြားလူများ မဟုတ်ချေ။

ထုံယိုဝေက သမ်းဝေလိုက်ပြီး ပင်ပန်းနေသော ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ကာ အိပ်ချင်မူးတူး မျက်လုံးများဖြင့်ကြည့်ပြီး အက်ကွဲကွဲအသံဖြင့် ပြောဆိုလိုက်သည်။

"နာမည်..."

"အသက်..."

"ဘယ်တောင်ကို ဝင်မှာလဲ..."

"ဘယ်လိုတပည့်မျိုးလဲ..."

စကားပြောဆိုနေရင်း သူသည် မှတ်ပုံတင်စာအုပ်ကို လျင်မြန်စွာ လှန်လှောနေလေပြီ။

ထိုအလုပ်တွင် သူ အတော်လေး ကျွမ်းကျင်နေပြီဖြစ်ကြောင်း ထင်ရှားသည်။

"ဝူယွဲ့"

"အသက် ၇၄၃ နှစ်"

"မူဖူတောင်ကို ဝင်မယ်"

"အပြင်စည်းတပည့်"

"ရှီရှောင်ထျန်း"

"အသက် ၇၂၁ နှစ်"

"မူဖူတောင်ကို ဝင်မယ်"

"အပြင်စည်းတပည့်"

ထိုလူနှစ်ယောက်က သူတို့၏ အခြေခံအချက်အလက်များကို ပြောပြလိုက်ကြသည်။

ဤအရာက အိပ်ချင်မူးတူးဖြစ်နေသော ထုံယိုဝေကို အနည်းငယ် ဇဝေဇဝါဖြစ်သွားစေသည်။

မူလက သူ များစွာအာရုံမစိုက်ခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ အပြင်စည်းတပည့်ဆိုသည်မှာ ထူးခြားလှသည် မဟုတ်ချေ။

သူ၏လက်မှတဆင့် လက်ခံခဲ့သော အပြင်စည်းတပည့်ပေါင်းမှာ ထောင်ဂဏန်း မရှိလျှင်ပင် ရှစ်ရာအောက်တော့ မနည်းပေ။

သို့သော် ဤလူနှစ်ယောက်သည် အမှန်တကယ်ကို သနားစရာကောင်းပေ၏။ အသက် ခုနစ်ရာကျော်အရွယ် အပြင်စည်းတပည့်များ ဟူသည်မှာ ရှန်ကျန်းဂိုဏ်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဖြစ်သည်။

အသက်ကြီးလေလေ ဂိုဏ်းသို့ဝင်ရောက်ပြီးနောက် အောင်မြင်မှု အကန့်အသတ် ရှိလေလေဆိုသည်ကို လူတိုင်း သိထားကြသည်။

ခဏလေး

...

ရုတ်တရက် ထုံယိုဝေ၏စိတ်ထဲ၌ လျှပ်စီးလက်သွားသကဲ့သို့ ဖြစ်သွားသည်။

သာမန်လူတစ်ယောက်သည် အသက် ခုနစ်ရာကျော်အထိ မနေနိုင်ပေ။

သူတို့၏ဂိုဏ်းချုပ်ပင်လျှင် ပို၍မြင့်မားသော နယ်ပယ်သို့ မချိုးဖျက်နိုင်ခင်က အသက်ခုနစ်ရာကျော်အထိ မနေနိုင်ခဲ့ပေ။

သူ၏မှုန်ဝါးနေသော မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်၏။

မည်သည့်ကောင်စုတ်လေးများသည် ဤနေရာထိလာပြီး သူ့ကို စနောက်နေသည်ကို သူ ကြည့်ချင်သွားသည်။

သို့သော် ထိုတစ်ချက်ကြည့်လိုက်ခြင်းက ထုံယိုဝေ၏နှလုံးခုန်သံကို ရပ်တန့်သွားစေသည်။

ကြီးမားသော လှိုင်းလုံးကြီးတစ်ခုက သူ၏စိတ်ထဲတွင် လှုပ်ခတ်သွားသည်။

လွန်ခဲ့သော နှစ်ငါးဆယ်က အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် ကျင်းပသော မဟာဆေးပညာညီလာခံကြီး ရှိခဲ့သည်။

ရှန်ကျန်းဂိုဏ်းသည်လည်း ကံကောင်းထောက်မစွာဖြင့် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ကြားခံခဲ့ရသည်။

ထိုအချိန်က သူသည် ဆေးသန့်စင်ခြင်းတောင်သခင်၏နောက်သို့ ဆေးပညာရှင်တစ်ယောက်အနေဖြင့် လိုက်ပါသွားခဲ့ပြီး ထိုဆေးပညာညီလာခံတွင် ပါဝင်ခဲ့သည်။

ထိုအချိန်တုန်းက သူသည် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့ကို အဝေးမှ လှမ်းမြင်ခဲ့ဖူးသည်။

ထိုတစ်ချက်ကြည့်လိုက်ခြင်းက ထာဝရအမှတ်ရစရာ ဖြစ်လာခဲ့ပေ၏။

ထိုအချိန်က ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့သည် ဆေးပညာလောက၏ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သူတို့သည် ဆေးပညာညီလာခံတစ်ခုလုံးတွင် အတောက်ပဆုံး ကြယ်ပွင့်နှစ်ပွင့် ဖြစ်ခဲ့သည်။

သူတို့ ထွက်ပေါ်လာသည်နှင့် ထောင်ပေါင်းများစွာသော လူများ၏ ချီးကျူးမှုများနှင့် လေးစားအားကျမှုများ ထွက်ပေါ်လာခဲ့ပြီး မရေမတွက်နိုင်သော လူများက သူတို့၏အနားတွင် ဝိုင်းအုံနေခဲ့ကြသည်။

ထိုမြင်ကွင်းသည် ထုံယိုဝေ၏ နှလုံးသားထဲတွင် တံဆိပ်ခတ်နှိပ်လိုက်သကဲ့သို့ စွဲထင်နေခဲ့သည်။

သူသည် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့အဆင့်ကို မီအောင်လိုက်ရန် တသက်တာ ရည်မှန်းချက်ထားခဲ့ဖူးသည်။

သို့သော် ယခုအချိန်၌ ဤအစွမ်းထက်ပုဂ္ဂိုလ်ကြီးနှစ်ယောက်က ရှန်ကျန်းဂိုဏ်းကို အပြင်စည်းတပည့်အဖြစ် ဝင်ရောက်ချင်သည်ဟု သူ့ကို လာပြောနေကြသည်။

ဤသည်က မည်သည့်သဘောမျိုး ဖြစ်သနည်း....

...

All Chapters