တည်ငြိမ်အေးဆေးပြီး စံပြဖြစ်အောင် နေထိုင်ခြင်း
Vol. 9 Ch. 83
ထုံယိုဝေ၏မျက်နှာအမူအယာ တောင့်တင်းသွားသည်။
သူ၏ မျက်လုံးများထဲတွင် ဖော်ပြရန်ခက်ခဲသော ခံစားချက်များစွာ ပြည့်နှက်နေပေ၏။
သူ လေးစားအားကျရသူကို တွေ့လိုက်ရသည့် ပျော်ရွှင်မှုနှင့် တုန်လှုပ်မှုများ ရှိနေသည့်အပြင် သူတို့၏ လုပ်ရပ်အပေါ် နားမလည်နိုင်မှုများလည်း ရှိနေသည်။
ထိုအချိန်တွင် သူသည် နားပင်းသွားသလော မျက်လုံးကန်းသွားသလောဟုပင် သံသယဝင်မိပြီး အရာရာကို မှားယွင်းစွာ မြင်တွေ့ကြားသိနေသည်ဟု ထင်မှတ်မိသည်။
သူ မျက်လုံးများကို ထပ်ခါတလဲလဲ ပွတ်သပ်ကြည့်လိုက်၏။
နောက်ဆုံးတွင် သူ အမြင်အမှားကြောင်း အတည်ပြုနိုင်ခဲ့သည်။
ဤလူများသည် သူ၏ စံပြပုဂ္ဂိုလ်ဟောင်းများ ဖြစ်ကြပြီး မြင့်မြတ်နယ်မြေတစ်ခု၏ အကြီးအကဲများ ဖြစ်သည့်အပြင် အရှေ့ပိုင်းဒေသ ဆေးပညာလောက၏ အထွတ်အထိပ်တွင် ရပ်တည်နေသော တည်ရှိမှုများပင်။
အချိန်အတော်ကြာပြီးနောက် သူ၏စိတ်ထဲမှ ထိတ်လန့်တုန်လှုပ်မှုများကို ဖိနှိပ်လိုက်သည်။
သူသည် မယုံကြည်နိုင်သော အမူအယာဖြင့် မေးမြန်းလိုက်၏။
"စီနီယာတို့....စောစောက ဘာပြောလိုက်တာလဲ...ကျွန်တော် မကြားလိုက်ရလို့ပါ....တစ်ခေါက်လောက် ပြန်ပြောပေးပါအုံး"
သူတို့နှစ်ယောက် ဒေါသထွက်သွားလိမ့်မည်ဟု သူ တွေးထင်ထားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့၏အဆင့်အတန်းက မည်သို့ဖြစ်သနည်း...
သူ၏အဆင့်အတန်းက မည်သို့ဖြစ်သနည်း...
ထို့ပြင် ရှီရှောင်ထျန်းသည် စိတ်ကြီးသည်ဟု နာမည်ကြီးကာ သူ၏စိတ်အခြေအနေများကို ခန့်မှန်းရခက်သည်။
ထုံယိုဝေသည် မုန်တိုင်းတစ်ခုနှင့် ကြုံရတော့မည်ဟုပင် ကြိုတင်ပြင်ဆင်ထားလိုက်သည်။
သို့သော် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့၏ သဘောထားမှာ အလွန်ဖော်ရွေနေသည်။
"အကြီးအကဲ...ကျွန်တော်က ဝူယွဲ့ပါ... ဒီနှစ် အသက် ၇၄၃ နှစ် ရှိပါပြီ ....ကျွန်တော်တို့နှစ်ယောက်က အခု မူဖူတောင်ကို တရားဝင် ဝင်ရောက်ပြီးတော့ မူဖူတောင်ရဲ့ အပြင်စည်းတပည့်တွေ ဖြစ်လာပါပြီ... အကြီးအကဲအနေနဲ့ မှတ်ပုံတင်ပေးဖို့ မျှော်လင့်ပါတယ်"
"အကြီးအကဲ.... ကျွန်တော်က ရှီရှောင်ထျန်းပါ..ဒီနှစ် အသက် ၇၂၁ နှစ် ရှိပါပြီ...ကျွန်တော်တို့နှစ်ယောက်က အခု မူဖူတောင်ကို တရားဝင် ဝင်ရောက်ပြီး မူဖူတောင်ရဲ့ အပြင်စည်းတပည့်တွေ ဖြစ်လာပါပြီ... အကြီးအကဲအနေနဲ့ မှတ်ပုံတင်ပေးဖို့ မျှော်လင့်ပါတယ်"
သူတို့နှစ်ယောက်သား တပြိုင်နက်တည်း ပြောဆိုလိုက်ကြသည်။
အတည်ပြုချက်ကို ထပ်မံရရှိလိုက်သော ထုံယိုဝေသည် လုံးလုံးလျားလျား ကြောင်အသွားပေ၏။
သူ နားကြားမှားခြင်း မဟုတ်ချေ။
သူတို့၏ ရုပ်ရည်သွင်ပြင်များက ကိုက်ညီနေသည့်အပြင် နာမည်များကလည်း ကိုက်ညီနေသည်။
သို့သော် ဂုဏ်သိက္ခာရှိသော မြင့်မြတ်နယ်မြေအကြီးအကဲများဖြစ်ကာ ဆေးပညာလောက၏ ထိပ်တန်းအာဏာပိုင်များက ရှန်ကျန်းဂိုဏ်းသို့ လာရောက်ပြီး အပြင်စည်းတပည့်အဖြစ် မှတ်ပုံတင်ကြသလော....
ဘာကြောင့်လဲ....
သူ ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် သူ့ကိုယ်သူ ဘာကြောင့်လဲဆိုသော မေးခွန်းပေါင်း သိန်းနှင့်ချီ၍ မေးနေမိသည်။
ထို့ပြင် ထိုလူနှစ်ယောက်၏ သဘောထားသည် ကောလာဟလများကဲ့သို့ စိတ်ဆတ်မနေဘဲ အတော်လေး ဖော်ရွေနေသည်။
"စီနီယာတို့နှစ်ယောက်လုံး ခဏလောက် စောင့်ပေးပါအုံး"
ဤကိစ္စသည် ယုတ္တိမရှိလွန်းသဖြင့် စိတ်ကူးယဉ်ပုံပြင်ထဲက အရာတစ်ခုအလား ဖြစ်နေသည်။
ထိုကဲ့သို့ ပုဂ္ဂိုလ်များကို လက်ခံရန် သူ့ထံတွင် အရည်အချင်းမရှိဟု ထုံယိုဝေက ခံစားလိုက်ရသည်။
သူ ချက်ချင်း သတင်းပို့ရပေမည်။
သူ ဂိုဏ်းချုပ်ကို သတင်းပို့ရပေမည်။
"အကြီးအကဲရဲ့ဆန္ဒအတိုင်း လုပ်ပါ"
ထုံယိုဝေ၏ သဘောထားမှာ အလွန်ယဉ်ကျေးနေသော်လည်း ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့က ပို၍ပင် ယဉ်ကျေးနေကြသည်။
…
တစ်ဖက်တွင် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့သည် မှတ်တမ်းဆောင်၌ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။
အခြားတစ်ဖက်တွင်မူ ထုံယိုဝေသည် သူ့ဘဝ၏ အမြန်ဆုံးနှုန်းကို အသုံးပြုကာ ခြေထောက်မှ မီးပွားများနှင့် လျှပ်စီးများ ပွင့်ထွက်လုမတတ် ရှန်ကျန်းခန်းမဆောင်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားတော့သည်။
မူလက ခါးကိုင်းပြီး ခြေထောက်ထော့နဲ့ထော့နဲ့ဖြစ်နေသော သူသည် ယခုအချိန်၌ ခါးမကိုင်းတော့သည့်အပြင် ခြေထောက်လည်း ထော့နဲ့ထော့နဲ့မဟုတ်တော့ပေ။
ဂိုဏ်းအတွင်း၌....
ကျင့်ကြံနေကြသော တပည့်တချို့သည် ရုတ်တရက် သူတို့၏နံဘေးမှ တစ်စုံတစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။
"ခုဏက ဘာကြီးလဲ"
ထိုအရှိန်မှာ အလွန်မြန်လွန်းသဖြင့် နောက်ချန်ပုံရိပ်ယောင်များ ကျန်ရစ်ခဲ့သည်။
ထိုနောက်ချန်ပုံရိပ်ယောင်များကြားတွင် မီးပွားတချို့လည်း ပါဝင်နေပေ၏။
ဤသည်မှာ လွန်ကဲသော အမြန်နှုန်းနှင့် လေဟာနယ်တို့ ပြင်းထန်စွာ ပွတ်တိုက်မိခြင်းကြောင့် ဖြစ်ပေါ်လာခြင်းပင်။
ထိုအရာက တပည့်များကို ကြောင်အသွားစေသည်။
"ကြည့်ရတာ လူတစ်ယောက်နဲ့ တူတယ်"
"ဂိုဏ်းက ဘယ်စီနီယာကများ ဒီလောက်ထိ အံ့အားသင့်ဖို့ကောင်းတဲ့ အမြန်နှုန်းကို ပိုင်ဆိုင်ထားတာလဲ"
"ဒါက ဘယ်လိုတောင် ကောင်းကင်ဘုံကိုဖီဆန်တဲ့ ကျင့်ကြံခြင်းနည်းစနစ်မျိုးလဲ"
တပည့်များက စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။
"ငါ မမှားဘူးဆိုရင် အဲဒါ့က ဆေးသန့်စင်ခြင်းတောင်က အကြီးအကဲထုံယိုဝေနဲ့ တူတယ်"
တစ်စုံတစ်ယောက်က အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်သည်။
"မဖြစ်နိုင်တာ...လုံးဝ မဖြစ်နိုင်ဘူး"
ထိုစကားထွက်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် ငြင်းဆိုမှုများ ဆက်တိုက်ထွက်ပေါ်လာသည်။
အကြီးအကဲထုံယိုဝေတွင် နာတာရှည် ခြေထောက်ရောဂါရှိကြောင်း သူတို့ သိထားကြသဖြင့် သူ၏အမြန်နှုန်းက ဘယ်တုန်းကမှ မမြန်ခဲ့ချေ။
ခြေထောက်မကောင်းသူတစ်ယောက်သည် မည်သည်ကြောင့် ဤကဲ့သို့ အံ့အားသင့်ဖွယ်ကောင်းသော အမြန်နှုန်းကို ပိုင်ဆိုင်နိုင်မည်နည်း....
လူအုပ်ကြီး၏တုံ့ပြန်မှုများက ထုံယိုဝေကို မှတ်မိလိုက်သော တပည့်အား ယုံကြည်မှု ပျောက်ဆုံးသွားစေသည်။
"ဒါဆို ငါ အမြင်မှားတာပဲ ဖြစ်မယ်"
"ဘာကို အမြင်မှားတာ ဖြစ်မယ်လဲ.... မင်း သေချာပေါက် အမြင်မှားတာပဲ"
ငြင်းခုန်နေရင်းဖြင့် ဂိုဏ်းထဲမှ မည်သည့်ဆရာသခင် သို့မဟုတ် အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်နေမည်ကို သူတို့အားလုံးက ခန့်မှန်းနေကြသည်။
သို့သော် မည်မျှပင် ခန့်မှန်းပါစေ တိကျသော ပုဂ္ဂိုလ်ကို သူတို့ မဖော်ထုတ်နိုင်ကြပေ။
သူတို့သည် သိချင်စိတ်ကို ဖိနှိပ်ထားလိုက်ပြီး ပြန်ရောက်သွားချိန်၌ ကိုယ်ပိုင်ဆရာသခင်များကို မေးမြန်းရန် ကြံရွယ်လိုက်ကြသည်။
မကြာမီ ရှန်ကျန်းဂိုဏ်းတွင် ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာသည်။
နေရာအမြောက်အများတွင် တပြိုင်နက်တည်း မေးခွန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဆရာသခင် ကျွန်တော်တို့ဂိုဏ်းမှာ မီးပွားတွေထွက်တဲ့အထိမြန်တဲ့ ကျင့်ကြံခြင်းနည်းစနစ် ရှိလား"
ထိုအရာက သူတို့၏ ဆရာသခင်များကို ဇဝေဇဝါ ဖြစ်သွားစေသည်။
'ဂိုဏ်းထဲမှာ ဒီလောက်ထိ အစွမ်းထက်တဲ့ ကျင့်ကြံခြင်းနည်းစနစ်ရှိတာ ငါ ဘာလို့ မသိရတာလဲ'
…
ဤသည်မှာ ရှန်ကျန်းဂိုဏ်းတပည့်များ၏ နေ့စဉ်ကျင့်ကြံမှုဘဝတွင် ကြုံတွေ့ရသော ကြားဖြတ်ဖြစ်ရပ်လေးတစ်ခုမျှသာ ဖြစ်သည်။
ယခုအချိန်၌ ရှန်ကျန်းခန်းမဆောင်အတွင်းတွင်...
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်နှင့် ရှန်ကျန်းဂိုဏ်း အဆင့်မြင့်အကြီးအကဲတစ်စုသည် အစည်းအဝေး ပြုလုပ်နေကြ၏။
အစည်းအဝေး၏ အကြောင်းအရာမှာ မကြာမီ ကျင်းပတော့မည့် ရှန်ကျန်းဂိုဏ်း တောင်ထွတ်ခုနစ်လုံး မဟာယှဥ်ပြိုင်ပွဲကြီး အကြောင်းပင်။
လူတိုင်း ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြချိန်တွင်....
ထုံယိုဝေ၏ပုံရိပ်သည် ရှန်ကျန်းခန်းမဆောင်ထဲသို့ တိုက်ရိုက်တိုးဝင်လာခဲ့သည်။
"ဂိုဏ်း.. ဂိုဏ်းချုပ်...."
"အကြီးအကဲထုံ...ခင်ဗျား ဒီလောက်ထိ အလောတကြီး ဖြစ်နေတာ ဘာပြဿနာ ရှိလို့လဲ"
"ကျွန်တော်က ခင်ဗျားကို ပြောချင်လို့တော့ မဟုတ်ဘူး"
"ဒါပေမဲ့ ခင်ဗျားက တောင်တစ်လုံးရဲ့ အကြီးအကဲလေ.... မြင့်မားတဲ့ရာထူးနဲ့ ကြီးမားတဲ့အာဏာကို ရယူထားတာ...မိုးပြိုကျရင်တောင် ခင်ဗျားက တည်ငြိမ်အေးဆေးနေပြီး စံပြဖြစ်အောင် နေသင့်တယ်လေ....ဒီလောက်ထိ ကတိုက်ကရိုက်နိုင်တာက ဘယ်လို အမူအကျင့်မျိုးလဲ"
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က မျက်မှောင်ကြုတ်ပြီး ဆူပူလိုက်သည်။
"ဂိုဏ်းချုပ်....ဝူကျီဂိုဏ်းရဲ့ အကြီးအကဲနှစ်ယောက် ဖြစ်ပြီးတော့ အရှေ့ပိုင်းဒေသ ဆေးပညာလောကရဲ့ ထိပ်တန်းအာဏာပိုင်တွေဖြစ်တဲ့ ဝူယွဲ့နဲ့ ရှီရှောင်ထျန်းတို့က မူဖူတောင်မှာ အပြင်စည်းတပည့် လာလုပ်ချင်နေကြတယ်... သူတို့က အခု မှတ်တမ်းဆောင်မှာ စောင့်နေကြတယ်.... ဂိုဏ်းချုပ်ကိုယ်တိုင်သွားပြီး လက်ခံပေးပါ"
ဘာ....
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားပြီး ထိုင်ခုံမှ ခုန်ထလိုက်သည်။
မူလက ဆူညံနေသော ခန်းမကြီးသည် ချက်ချင်း တိတ်ဆိတ်သွားပြီး အပ်ကျသံကိုပင် ကြားနိုင်လောက်အောင် ငြိမ်သက်သွားသည်။
သူတို့အားလုံးထံမှ အသံများ ပျောက်ကွယ်သွားခြင်းပင်။
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် နားကို ပွတ်သပ်ရင်း နားကြားမှားနေသလောဟု တွေးတောနေမိကြသည်။
"ခင်ဗျား ဘာပြောလိုက်တာလဲ...."
"ကျေးဇူးပြုပြီး တစ်ခေါက်လောက် ပြန်ပြောပေးပါလား"
အကြီးအကဲတစ်ယောက်က အထစ်ထစ်အငေါ့ငေါ့လေသံဖြင့် မေးမြန်းလိုက်သည်။
ထုံယိုဝေသည် သူတို့၏ ခံစားချက်ကို ကောင်းစွာ နားလည်ပေ၏။
အကြောင်းအရင်းမှာ သူ ပထမဆုံးကြားလိုက်ရချိန်တွင်လည်း ထိုကဲ့သို့ တုံ့ပြန်ခဲ့သောကြောင့်ပင်။
သူ ချက်ချင်းဆိုသလိုပင် ထပ်မံ၍ ပြောဆိုလိုက်သည်။
ဤတစ်ခေါက်တွင် ခန်းမတစ်ခုလုံး၌ လေအေးများကို ရှိုက်သွင်းသံများ ထွက်ပေါ်လာသည်။
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် ထိုအချိန်ကျမှသာ သူ၏မလျော်ကန်မှုကို သတိထားမိလိုက်သည်။
သူသည် ဝတ်ရုံကို သပ်ရပ်အောင် ပြင်ဆင်လိုက်၏။
ထို့နောက် သူသည် အဆင့်မြင့်အကြီးအကဲများကို စိတ်ပျက်သော အမူအယာဖြင့်ကြည့်ကာ လက်ညှိုးထိုးပြီး ဆူပူကြိမ်းမောင်းလိုက်သည်။
"ခင်ဗျားတို့ရဲ့ သေးနုပ်တဲ့ ရည်မှန်းချက်တွေကို ကြည့်စမ်းပါအုံး"
"ခင်ဗျားတို့ရဲ့ သနားစရာကောင်းတဲ့ အမူအကျင့်တွေကို ကြည့်စမ်း"
"သူတို့က မြင့်မြတ်နယ်မြေတစ်ခုရဲ့ မဟာအကြီးအကဲနှစ်ယောက်ပဲ မဟုတ်လား"
"သူတို့ မူဖူတောင်ကို ဝင်ရောက်တာက သူတို့မှာ ကောင်းမွန်တဲ့ ဆုံးဖြတ်နိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြတာပဲ"
"ဘာများ အုတ်အော်သောင်းတင်း ဖြစ်စရာ ရှိလို့လဲ"
ထိုစကားများက လူတိုင်းကို မျက်လုံးလှန်ကြည့်မိစေသည်။
ဘုရားရေ....
စောစောက ဘယ်သူ အရင်ဆုံး အော်လိုက်တာလဲ...
သူ လန့်ပြီးသွားမှ ကျန်တဲ့လူတွေ လန့်ခွင့်မရှိတော့ဘူးလား...
ဒါက ဟိုစကားပုံလို ဖြစ်မနေဘူးလား...
အရာရှိမင်းကျတော့ မီးရှို့ခွင့်ရှိပြီး သာမန်ပြည်သူတွေကျတော့ မီးအိမ်တောင် ထွန်းခွင့်မရှိဘူး ဆိုတာလေ...
အဆင့်မြင့်အကြီးအကဲများသည် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်၏အပြုအမူကို သူတို့၏စိတ်ထဲမှနေ၍ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြသည်။
ထိုအချိန်တွင် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က ထုံယိုဝေကို ပြောဆိုလိုက်သည်။
" အဲ့ဒီလူနှစ်ယောက်က အခု မှတ်တမ်းဆောင်မှာ စောင့်နေတယ်လို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား"
ထုံယိုဝေက ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ဒါဆို ဘာကို စောင့်နေကြတာလဲ... မြန်မြန်လုပ်... သူတို့ကို သွားပြီးကြိုဆိုဖို့ ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြစမ်း"
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန် စိတ်လောနေသည်။ စကားပြောဆိုနေရင်း သူသည် ရှေ့မှ ဦးဆောင်ကာ အမြန်ဆုံးနှုန်းဖြင့် ပြေးထွက်သွားလေပြီ။
အဆင့်မြင့်အကြီးအကဲများကလည်း နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားကြသည်။
ထုံယိုဝေမှာမူ နေရာမှာပင် ကြက်သေသေပြီး ကျန်ရစ်ခဲ့သည်။
အသက်ရာကျော်နေပြီဖြစ်သော အမျိုးသားကြီးသည် ယခုအချိန်တွင် အနည်းငယ် ကြောင်တောင်တောင်ဖြစ်ကာ ဇဝေဇဝါ ခံစားနေရသည်။
သူ တွေးနေမိသည်မှာ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန် အစောပိုင်းက သူ့ကို ဆူပူခဲ့သည့်အကြောင်းပင်။
'အဆင့်မြင့်အကြီးအကဲတစ်ယောက်အနေနဲ့ ကိုယ့်ပုံရိပ်ကို ဂရုစိုက်ရမယ်'
'ကတိုက်ကရိုက်နိုင်တာက ဘယ်လို အမူအကျင့်မျိုးလဲ'
'တည်ငြိမ်အေးဆေးနေပြီး စံပြဖြစ်အောင် နေရမယ်'
'ဒါဆို ဒါက စံပြဖြစ်အောင် ဦးဆောင်နေတဲ့ ဂိုဏ်းချုပ်ရဲ့ ပုံရိပ်ပေါ့လေ'
သူနှင့်ဂိုဏ်းချုပ်ကြားတွင် မည်သည့်ကွာခြားမှုမရှိဟု သူ ခံစားလိုက်ရသည်။