အပြင်စည်းတပည့် နှစ်ယောက်လောက်ပဲ ရွေးပြီး ဝင်ပြိုင်ခိုင်းလိုက်မယ်
Vol. 9 Ch. 84
ယနေ့သည် ရှန်ကျန်းဂိုဏ်းအတွက် အလွန်သက်ဝင်လှုပ်ရှားနေသော နေ့တစ်နေ့ပင်။
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က အဆင့်မြင့်အကြီးအကဲတစ်စုကို ဦးဆောင်ပြီး မှတ်တမ်းဆောင်သို့ သွားရောက်ကာ အချိန်ကြာမြင့်စွာ နေခဲ့သည်ကို တပည့်များစွာ မြင်တွေ့ခဲ့ရသဖြင့် မည်သို့ဖြစ်ပျက်ခဲ့သည်ကို အမျိုးမျိုး ခန့်မှန်းနေကြသည်။
"ရှန်ကျန်းဂိုဏ်းက ထိပ်သီးပါရမီရှိပြီးတော့ ကောင်းကင်ဘုံကို ဖီဆန်နိုင်တဲ့ တပည့်တစ်ယောက်ကို လက်ခံလိုက်တာလား....ဂိုဏ်းရဲအထက်ပိုင်းအကြီးအကဲတွေကြားမှာ ဒီလောက်ထိ လှုပ်လှုပ်ရှားရှားဖြစ်ဖို့ဆိုတာ မလွယ်ဘူးနော်"
တပည့်တစ်ယောက်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
ထို့နောက် သတင်းစုံစမ်းရာတွင် နှံ့စပ်သော ပုဂ္ဂိုလ်တစ်ဦးက တီးတိုးပြောဆိုလိုက်၏။
"အပြင်စည်းတပည့် နှစ်ယောက်ပါပဲ....ဒါပေမဲ့ အဲ့ဒီတပည့်နှစ်ယောက်က နည်းနည်းထူးခြားတယ်"
ထိုစကားများက လူများအားလုံး၏သိချင်စိတ်ကို ပို၍နှိုးဆွလိုက်သည်။
"သူတို့က ဘာများ ထူးခြားနေလို့လဲ"
"ဒီတပည့်နှစ်ယောက်က အသက်နည်းနည်းကြီးပြီးတော့ သူတို့ရဲ့ အရည်အချင်းသတ်မှတ်ချက်က နည်းနည်းနက်ရှိုင်းတယ်"
"အမ်...."
တပည့်တစ်ယောက် နေရာမှာပင် ကြက်သေသေသွားသည်။
မည်သည့်အချိန်ကစပြီး အသက်ကြီးခြင်းနှင့် အရည်အချင်းသတ်မှတ်ချက် နက်ရှိုင်းခြင်းတို့သည် ဂိုဏ်းဝင်ခွင့်စံနှုန်းများ ဖြစ်သွားရသနည်း...
ထို့ပြင် ဂိုဏ်း၏အဆင့်မြင့်အရာရှိများကြား၌ပင် လှုပ်ခတ်သွားစေခဲ့သည်။
လူများအားလုံး၏ နားမလည်နိုင်သော သို့မဟုတ် သိချင်စိတ်ပြင်းပြနေသော အကြည့်များအောက်တွင်...
သတင်းနှံ့စပ်သော ပုဂ္ဂိုလ်က သူတို့ကို ဆက်လက်၍ရင်တမမ ဖြစ်မနေစေဘဲ တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခုကို ထုတ်ဖော်လိုက်သည်။
"အဲ့ဒီလူနှစ်ယောက်က မြင့်မြတ်နယ်မြေက အကြီးအကဲတွေ....ပြီးတော့ အရှေ့ပိုင်းဒေသ ဆေးပညာလောကမှာ ထိုက်တောင်နဲ့ မြောက်ဘက်ကြယ်တာရာစုကြီးလို ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေလေ"
ဝုန်း....
ဤသည်မှာ အမှန်တကယ်ကို ကျောက်ခဲတစ်လုံးကြောင့် လှိုင်းဂယက်ထောင်နှင့်ချီ၍ ဖြစ်ပေါ်သွားသည့်အလားပင်။
ဤသတင်းသည် မိုးကြိုးပစ်ချလိုက်သည့်အလား တပည့်များ၏ဦးရေပြားကို ထုံကျင်သွားစေကာ လုံးလုံးလျားလျား ကြောင်အသွားစေသည်။
"မင်း မင်း မင်း ပြောတာ....မမှားဘူးမလား"
"ဂုဏ်သိက္ခာရှိတဲ့ မြင့်မြတ်နယ်မြေတစ်ခုရဲ့ အကြီးအကဲတွေက ငါတို့ ရှန်ကျန်းဂိုဏ်းကိုလာပြီး အပြင်စည်းတပည့်တွေ လာလုပ်တယ်.... ဟုတ်လား"
"ငါတို့ဂိုဏ်းက ဘယ်တုန်းကစပြီး ဒီလောက်ထိ အစွမ်းထက်သွားတာလဲ"
တပည့်တစ်ယောက်က မယုံကြည်နိုင်သော မျက်နှာထားဖြင့် စကားအထစ်ထစ်အငေါ့ငေါ့ဖြစ်သွားကာ ပြောဆိုသည်။
"အဲ့ဒီလူနှစ်ယောက်က ဘယ်တောင်ကို ဝင်သွားလဲဆိုတာ သိချင်လိုက်တာ...."
ထိတ်လန့်တုန်လှုပ်သွားပြီးနောက် တပည့်အချို့သည် ချက်ချင်းစိတ်လှုပ်ရှားလာကြ၏။
အကယ်၍ သူတို့သာ တောင်တစ်လုံးတည်းတွင် ရှိနေခဲ့လျှင် နောင်ကျရင် အချင်းချင်း ဆရာတူညီအစ်ကိုများဟု ခေါ်နိုင်ကြမည် မဟုတ်လော...
ဤအဆက်အသွယ်ဖြင့် အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်တွင် သူတို့၏ခါးကို သုံးပုံတစ်ပုံခန့် ပိုမတ်ထားနိုင်မည်ဟု ခံစားမိကြသည်။
"မူဖူတောင်..."
သတင်းနှံ့စပ်သူက ပြောဆိုသည်။
ရလဒ်က လူများအားလုံးကို နောက်တစ်ကြိမ် အံ့အားသင့်သွားစေသည်။
တပည့်အများစုတွင် မူဖူတောင်သည် ခြောက်သွေ့ပြီး ယိုယွင်းနေသော တောင်ဟူသည့် အမြင်မျိုး ရှိနေကြဆဲပင်။
ဤသည်က မည်သည့်အချိန်တွင်မဆို အစားထိုးခံရနိုင်ပြီး တခြားတောင်နှင့် ပေါင်းစည်းခံရနိုင်သည့် တောင်တစ်လုံး ဖြစ်သည်။
"သူတို့က ဘာလို့ မူဖူတောင်ကို ဝင်ကြတာလဲ"
လူအများသည် စိတ်ရှုပ်ထွေးသွားပြီး သူတို့၏မျက်နှာများပေါ်တွင် မေးခွန်းထုတ်လိုမှုများဖြင့် ပြည့်နှက်နေသည်။
ယနေ့ ဖြစ်ပျက်ခဲ့သည်များက ယုံကြည်နိုင်စရာမရှိဟု ခံစားမိပြီး သူတို့၏လောကအမြင်အပေါ် ပြင်းထန်စွာ ရိုက်ခတ်နေသည်။
ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ ဂိုဏ်းသို့ ဝင်ရောက်လာသည့်သတင်းသည် ရှန်ကျန်းဂိုဏ်းတစ်ခုလုံးကို တိုက်ရိုက်မီးရှို့လိုက်သကဲ့သို့ ဖြစ်သွားသည်ဟု ဆိုနိုင်ပေ၏။
ထို့ပြင် စံချိန်များစွာ တင်သွားခဲ့သည်။
ရှန်ကျန်းဂိုဏ်းသမိုင်းတလျှောက် အသက်အကြီးဆုံး အပြင်စည်းတပည့်နှစ်ဦး....
ရှန်ကျန်းဂိုဏ်း တည်ထောင်ပြီးကတည်းက သမိုင်းတလျှောက် အစွမ်းထက်ဆုံး အပြင်စည်းတပည့်နှစ်ဦး....
ရှန်ကျန်းဂိုဏ်းသမိုင်းတစ်လျှောက် ဂုဏ်သိက္ခာအမြင့်မားဆုံး အပြင်စည်းတပည့်နှစ်ဦး။
…
ဤအရာများက ရှန်ကျန်းဂိုဏ်းတွင် ရေပန်းစားသော ခေါင်းစဉ်များနှင့် အပြင်းအထန် ဆွေးနွေးစရာ အချက်များ ဖြစ်လာခဲ့သည်။
သို့ရာတွင်....
စိတ်လှုပ်ရှားမှုများသည် သူတို့အတွက်သာ ဖြစ်ပြီး မူဖူတောင်အတွက်မူ မည်သည့်သက်ရောက်မှုမျှ မရှိပေ။
ကျုံးချင်သည် စားချင်သည့်အချိန် စားပြီး သောက်ချင်သည့်အချိန် သောက်ကာ ရံဖန်ရံခါ ဆေးဖော်စပ်သည်။ သူသည် ရံဖန်ရံခါ၌ ပျော်ပွဲစားထွက်ကာ အလွန်အမင်း အေးဆေးသက်သာသောဘဝဖြင့် နေထိုင်နေသည်။
လင်းဖုန်းနှင့်စုယဲ့တို့အတွက်မူ ပြီးပြည့်စုံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သောက်သုံးပြီးကတည်းက ကျင့်ကြံဆင့် လျင်မြန်စွာ တိုးတက်လာမှုထဲတွင် နစ်မြုပ်နေပြီး ရုန်းမထွက်နိုင် ဖြစ်နေကြ၏။ အခြေခံအားဖြင့် သူတို့သည် ကျင့်ကြံနေခြင်း သို့မဟုတ် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင်သာ ရှိနေကြသည်။
ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့အကြောင်း ပြောဆိုသံများသည် ရက်အနည်းငယ် ကြာမြင့်ခဲ့သည်။
မကြာမီ ဂိုဏ်းတစ်ဂိုဏ်းလုံး၏ အာရုံစိုက်မှုသည် တခြားကိစ္စတစ်ခုဆီသို့ ရောက်ရှိသွားပေ၏။
ထိုအရာမှာ မကြာမီ ကျင်းပတော့မည့် ဂိုဏ်း၏ တောင်ထွတ်ခုနစ်လုံး မဟာယှဥ်ပြိုင်ပွဲကြီးပင်။
ဂိုဏ်းတွင်း မဟာယှဥ်ပြိုင်ပွဲကြီးများသည် ဂိုဏ်းအင်အားစုများကြားတွင် မထူးဆန်းချေ။
ပြိုင်ပွဲတွင် ထူးချွန်ပြီး စွမ်းဆောင်ရည်ကောင်းသူများသည် ဂိုဏ်းမှ အလေးပေးပျိုးထောင်မှုနှင့် အရင်းအမြစ် ခွဲဝေမှုများကို ရရှိကြပေမည်။
ဒဏ္ဍာရီလာပုဂ္ဂိုလ်တချို့၏ ဒဏ္ဍာရီလာ လမ်းကြောင်းများသည် ဂိုဏ်းတွင်းမဟာယှဥ်ပြိုင်ပွဲကြီးများမှ စတင်ခဲ့ခြင်းပင်။
ဤပြိုင်ပွဲသည် ဂိုဏ်းတစ်ဂိုဏ်းလုံးအတွက် ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခု ဖြစ်သည်။
ထို့ပြင် ဤမဟာယှဥ်ပြိုင်ပွဲကြီးသည် သာမာန်မဟုတ်ချေ။
ပြိုင်ပွဲတွင် ရလဒ်ကောင်း ရရှိသူများသည် မကြာမီ အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် ကျင်းပတော့မည့် အရှေ့ပိုင်းဒေသ အင်မော်တယ်တာအို ညီလာခံတွင် ပါဝင်ရန် ဂိုဏ်းကို ကိုယ်စားပြုရပေမည်။
အရှေ့ပိုင်းဒေသ၏ အင်မော်တယ်တာအို ညီလာခံသည် အမှန်တကယ်ပင် အားကောင်းသူများအတွက် စင်မြင့်တစ်ခုဖြစ်ပြီး ပါရမီရှင်များအတွက် သုခဘုံတစ်ခုဖြစ်သည်။
ဤသည်က မရေမတွက်နိုင်သော ဩဇာအာဏာကြီးမားသည့် ပုဂ္ဂိုလ်များ စုဝေးရာနေရာဖြစ်ကာ အရှေ့ပိုင်းဒေသတစ်ခုလုံးအတွက် ကြီးကျယ်ခမ်းနားသော ပွဲတော်ကြီး ဖြစ်သည်။
ယနေ့တွင်.....
တပည့်တစ်ဦးက ကျုံးချင်ကို ရှန်ကျန်းခန်းမဆောင်တွင် ပြုလုပ်မည့် အဆင့်မြင့်အစည်းအဝေးသို့ တက်ရောက်ရန် လာရောက်ဖိတ်ကြားသည်။
ကျုံးချင်သည် ထိုကဲ့သို့ အစည်းအဝေးများကို အမြဲတစေ စိတ်ဝင်စားမှု သိပ်မရှိခဲ့ပေ။
သို့သော် မူဖူတောင်သည် ရှန်ကျန်းဂိုဏ်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသေးသဖြင့် သူသည် သမရိုးကျမဟုတ်ဘဲ များစွာထူးခြားမနေသင့်ပေ။
ထို့ကြောင့် သူ အချိန်တခဏကြာမျှသာ တွန့်ဆုတ်နေပြီးနောက် သဘောတူကာ သွားရောက်ခဲ့သည်။
ထိုအချိန်တွင် ရှန်ကျန်းခန်းမဆောင်အတွင်း၌ အလွန်စည်ကားနေသည်။
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် ထိပ်ဆုံးတွင် ထိုင်နေကာ အောက်ဘက်တွင် အကြီးအကဲများနှင့် တောင်သခင်များအားလုံး စုဝေးနေကြသည်။
"တောင်သခင်ကျုံး ရောက်လာပြီ"
ကျုံးချင် ရောက်လာခြင်းနှင့်အတူ မူလက စည်ကားနေသော အခြေအနေသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပေ၏။
လူများအားလုံး သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်ကြသည်။
သူတို့၏သဘောထားများမှာ မယုံကြည်နိုင်လောက်အောင်ပင် စိတ်အားထက်သန်နေသည်။
ထိုအရာက ကျုံးချင်ကို နေရထိုင်ရခက်စေသည်။
ထိုအချိန်တွင် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က ကျုံးချင်ကို ကြည့်ပြီး အပြုံးနှင့် ပြောဆိုသည်။
"ဂိုဏ်းရဲ့ တောင်ထွတ်ခုနစ်လုံး မဟာယှဥ်ပြိုင်ပွဲကြီးက စတင်တော့မယ်"
"မူဖူတောင်က ဘယ်သူ့ကို စေလွှတ်ပြီး ယှဉ်ပြိုင်စေမလဲဆိုတာ ငါ သိချင်မိတယ်"
ကျုံးချင်က အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ပြောဆိုလိုက်သည်။
"ဂိုဏ်းချုပ်.... မူဖူတောင်မှာ လူဦးရေနည်းတယ်ဆိုတာ ခင်ဗျားလည်း သိတာပဲ"
"တကယ်တမ်းက လွှတ်စရာလူ သိပ်မရှိဘူး... အဲ့ဒါကြောင့် အပြင်စည်းတပည့် နှစ်ယောက်လောက်ပဲရွေးပြီး ပါဝင်ခိုင်းလိုက်ပါ့မယ်"
"ဘာပဲဖြစ်ဖြစ် အဓိကက ပါဝင်ယှဉ်ပြိုင်ဖို့ပဲ မဟုတ်လား"
ထိုစကား ထွက်ပေါ်လာသည်နှင့် ရှန်ကျန်းဂိုဏ်း၏ မရေမတွက်နိုင်သော အဆင့်မြင့်အကြီးအကဲများသည် မျက်လုံးများ ပြူးကျယ်သွားကြပြီး ပါးစပ်များ မဲ့ရွဲ့သွားကြသည်။
ဘုရားရေ.... အပြင်စည်းတပည့် နှစ်ယောက်လောက်ကို ဒီအတိုင်း လွှတ်လိုက်မယ်တဲ့လား..
အဲ့ဒါတွေက သာမန် အပြင်စည်းတပည့်တွေလား...
ပြီးတော့ အဓိကက ပါဝင်ယှဉ်ပြိုင်ဖို့ပဲတဲ့...
သူတို့၏တောင်များအတွက် အဓိကက ပါဝင်ယှဉ်ပြိုင်ရုံလောက်ဆိုလျှင်ပင် ထို့ထက်ပို၍ ကျိုးကြောင်းဆီလျော်ပေမည်။
"ဂိုဏ်းချုပ်...ခင်ဗျားအနေနဲ့ ဒီလောက် ယုတ္တိမရှိတဲ့ တောင်းဆိုမှုကို သဘောတူမှာ မဟုတ်ဘူးမလား"
အကြီးအကဲတစ်ယောက်က ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်ကို ကြည့်လိုက်သည်။
ထိုလူနှစ်ယောက်ကို ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်သင့်သည်ဟု သူတို့ ခံစားမိသည်။
ထိုသို့ဖြစ်လာမှသာ တခြားတပည့်များအတွက် တရားမျှတပေလိမ့်မည်။
မထင်မှတ်ထားဘဲ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က စဉ်းစားခြင်းပင်မပြုဘဲ သဘောတူလိုက်၏။
"မင်းရဲ့ မူဖူတောင်က လူလွှတ်နိုင်တယ်ဆိုရင်ဒါက အရမ်းကောင်းတာပေါ့....ငါက ပြိုင်ပွဲကို သုံးရက်အတွင်း ကျင်းပဖို့ စီစဉ်ထားတယ်...အဲ့ဒီပွဲကျရင် အချိန်မှန်တက်ရောက်ဖို့ မင်း မှတ်ထားအုံး"
ကျုံးချင်သည် ကျန်ရှိသော အစည်းအဝေးအကြောင်းအရာများကို စိတ်မဝင်စားတော့ချေ။
ယခင်ဘဝတွင်ဖြစ်စေ ဤဘဝတွင်ဖြစ်စေ သူ အမုန်းဆုံးအရာမှာ အစည်းအဝေးများ ဖြစ်သည်။
ထို့ကြောင့် သူသည် ထောင့်တစ်နေရာတွင် နေရာယူကာ ကျိုးကုန်း (အိပ်မက်နတ်ဘုရား) နှင့် တွေ့ဆုံရန် ဟန်ပြင်လိုက်၏။
သူသည် အစည်းအဝေးပြီးဆုံးသည်အထိ တောက်လျှောက်အိပ်ပျော်သွားခဲ့သည်။
ရှန်ကျန်းခန်းမဆောင်မှ မူဖူတောင်သို့ သူ ပြန်ရောက်ချိန်၌ နေဝင်ရီတရောအချိန်ပင် ရောက်နေလေပြီ။
ကျုံးချင်သည် ဤပြိုင်ပွဲကို တကယ်တမ်း ဂရုမစိုက်ချေ။
သူ သာမာန်ကာလျှံကာ လုပ်ဆောင်ခြင်းမျှသာ ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူသည် ဝူယွဲ့နှင့် ရှီရှောင်ထျန်းကို ခေါ်ယူလိုက်၏။
"တောင်သခင်"
ခြံဝင်းငယ်လေးထဲတွင် သူတို့နှစ်ယောက်သား ကျုံးချင်ကို ဦးညွှတ်လိုက်ကြသည်။
"ယဉ်ကျေးနေစရာ မလိုပါဘူး"
ကျုံးချင်က လက်ကာပြရင်း ပြောဆိုလိုက်သည်။
"အခု ခင်ဗျားတို့နှစ်ယောက်ကလည်း ငါ့မူဖူတောင်ရဲ့ တပည့်တွေ ဖြစ်နေပြီ"
"သုံးရက်အတွင်းမှာ ဂိုဏ်းက တောင်ထွတ်ခုနစ်လုံး မဟာယှဥ်ပြိုင်ပွဲကြီး ကျင်းပလိမ့်မယ်"
"ခင်ဗျားတို့နှစ်ယောက်က ငါ့ရဲ့မူဖူတောင်ကို ကိုယ်စားပြုပြီး ပြိုင်ပွဲဝင်ပေးနိုင်မလား"
ထိုစကားများက သူတို့နှစ်ယောက်ကို စိတ်လှုပ်ရှားသွားစေသည်။
သူတို့သည် ကျုံးချင် စိတ်ကျေနပ်စေရန်အတွက် တစ်စုံတစ်ခုလုပ်ပေးရန် ရှာဖွေနေကြခြင်း ဖြစ်သည်။
မထင်မှတ်ထားဘဲ အိပ်ချင်နေတုန်း ခေါင်းအုံးကမ်းပေးခံရသကဲ့သို့ ဖြစ်သွားပေ၏။
ဤသည်က သူတို့ ဟန်ရေးပြရန် အခွင့်အရေး မဟုတ်လော...
"တောင်သခင် ကျွန်တော်တို့က သေချာပေါက် အစွမ်းကုန် ကြိုးစားပါ့မယ်"
သူတို့နှစ်ယောက်သား လက်သီးများကို ပွတ်သပ်ရင်း စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေကြသည်။
ဤသည်မှာ ကျုံးချင်က သူတို့ကို ပေးအပ်သော ပထမဆုံးတာဝန်ဖြစ်ပြီး သူတို့နှစ်ယောက်လုံး ကိုယ့်ကိုယ်ကိုယ် ဟန်ရေးပြရန် မစောင့်နိုင်တော့ပေ။
သူတို့သည် မူဖူတောင်၏ ဂုဏ်သိက္ခာကို ထုတ်ဖော်ပြသရန် သစ္စာဆိုလိုက်ကြ၏။