အခန်း (၃၀၁-၃၀၂)
Vol. 28 Ch. 301-302
အခန်း (၃၀၁)။
ဟုန်ယွိသည် မြေအနှစ်သာရရွှေဆေးလုံး၏ ဆေးစွမ်းသည် ဤမျှလောက် အစွမ်းထက်လွန်းလိမ့်မည်ဟု လုံးဝ မထင်ခဲ့မိပေ။
၎င်းကို မျိုချပြီး လေးနာရီကြာသောအခါ ဆေးစွမ်းက အာနိသင်ပြလာပြီး သူ၏ ခန္ဓာကိုယ်အတွင်း၌ မီးလောင်နေသကဲ့သို့ ခံစားလာရသည်။ သူသည် ချွေးသံရဲရဲ ဖြစ်ရုံသာမက၊ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများပင် ချွေးပေါက်များမှ စိမ့်ထွက်လာခဲ့သည်။
ဤကဲ့သို့ ပြင်းထန်ပြီး အစွမ်းထက်လွန်းသည့် ဆေးစွမ်းအားသည် ဆေးတာအိုဂိုဏ်းမှ ကျားဝံပုလွေဆေးနှင့် အတူတူပင်ဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်၏ သွေးကို အတင်းအကျပ် တိုက်ခိုက်ပြီး ပြင်းပြင်းထန်ထန် ပြောင်းလဲစေခြင်း ဖြစ်သည်။
ယခင်က ဟုန်ယွိသည် ပင်လယ်ပြင်တွင် လေ့ကျင့်စဉ် ယွမ်ယန်ကောင်းကင်ပုလဲ အားလုံးကို သုံးစွဲခဲ့သောအခါတွင်လည်း ဤကဲ့သို့ လွှမ်းမိုးနိုင်စွမ်းကြီးမားသော ဆေးစွမ်းကို ခံစားခဲ့ရဖူးသည်။ သို့သော် ဤမြေအနှစ်သာရ ဝိညာဉ်ဆေးလုံးနှင့် နှိုင်းယှဉ်ပါက ယွမ်ယန်ကောင်းကင်ပုလဲ၏ ဆေးအစွမ်းသည် အရေးမပါတော့ပေ။
နောက်ထပ် နှစ်နာရီ ထပ်မံ ကုန်လွန်သွားသည်။
ဟုန်ယွိ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးနှင့် ချွေးများ ပိုမိုထွက်လာခဲ့ပြီး၊ သူ့ခန္ဓာကိုယ် အပြင်ဘက်တွင် မာကျောသော သွေးခွံအလွှာတစ်ခုအဖြစ်ပင် ပုံစံဖော်သွားသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးပိုးအိမ်ဖြင့် ရစ်ပတ်ထားသကဲ့သို့ ဖြစ်နေသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းထန်သော နာကျင်မှုနှင့် ယားယံမှုတို့ ခံစားနေရပြီး ဗိုက်ထဲတွင် ဓားတစ်ထောင်ဖြင့် ခုတ်ထစ်နေသကဲ့သို့ ခံစားရ၏။ ဟုန်ယွိသည် သူ့ဗိုက်ထဲသို့ အဆိပ်ပြင်းသည့် အာဆင်းနစ်တစ်ကီလိုဂရမ် စားလိုက်လျှင်ပင် ဤမျှလောက် မသက်မသာ ဖြစ်မည်မဟုတ်ဟု သံသယရှိသည်။
ဤကဲ့သို့သော နာကျင်မှုမျိုးသည် လူသားတစ်ဦး ခံနိုင်ရည်ရှိသည့်အရာ မဟုတ်ပေ။
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ခိုင်မာပြီး ရှင်ခြင်းနှင့် သေခြင်းကို ကြာမြင့်စွာကတည်းက ကျော်လွန်ခဲ့သော်လည်း ဤကဲ့သို့ ညှဉ်းပန်းနှိပ်စက်မှုမျိုးကို ခံယူချင်စိတ် မရှိတော့ဟု ခံစားရသည်။ ဤသည်မှာ သူ့စိတ်ကို လေ့ကျင့်ခြင်း မဟုတ်ဘဲ မိမိကိုယ်ကို ညှဉ်းပန်းနှိပ်စက်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူသည် သူ့စိတ်ဝိညာဉ်ကို ရုပ်ခန္ဓာကိုယ်မှ ထွက်ခွာပြီး သူ၏ခန္ဓာကိုယ် သက်သက်ဖြင့် မြေအနှစ်သာရရွှေဆေးလုံး၏ ပြုပြင်ပြောင်းလဲမူကို ခံယူစေရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း...
မမျှော်လင့်သော အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မြေအနှစ်သာရရွှေဆေးလုံး၏ ဆေးစွမ်းသည် သူ၏နတ်ဘုရား စိတ်ဝိညာဉ်ကို တင်းတင်းကျပ်ကျပ် တွယ်ကပ်ထားသဖြင့် ထွက်ခွာရန် မဖြစ်နိုင်ပေ။ ထို့အပြင် ၎င်းသည် သူ့စိတ်ဝိညာဉ် စွမ်းအားကို ချီနှင့် သွေးအဖြစ် အဆက်မပြတ် ပြောင်းလဲနေပြီး ပျက်စီးနေသော သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ဖြည့်တင်းပေးနေသည်။ ထို့ကြောင့် သူ၏စိတ်ဝိညာဉ်၊ ချီနှင့် သွေးတို့သည် ပေါင်းစည်းရန်၊ သို့မဟုတ် လုံးဝ တစ်သားတည်း ဖြစ်လာရန်ပင် အလားအလာရှိနေသည်။
"ဟွန်း၊ ဒီတိုင်ရှန်ဂိုဏ်းရဲ့ ဆေးလုံးက တကယ်ကို ဆန်းကြယ်တာပဲ။"
ဟုန်ယွိသည် ဤအရာမျိုး ဖြစ်ပျက်စေရန် မည်သို့ ခွင့်ပြုနိုင်ပါမည်နည်း။
သူ၏ စိတ်ဝိညာဉ်သည် နှိုင်းယှဉ်၍မရအောင် အစွမ်းထက်သည်။ ဆေးလုံးငယ်တစ်ခု၏ ဖိအားက သူ့ကို မည်သို့ ထိန်းချုပ်နိုင်မည်နည်း။ အလွယ်တကူ ရုန်းကန်မှုဖြင့် သူသည် ခန္ဓာကိုယ်၏ ချုပ်နှောင်မှုများမှ ချက်ချင်း လွတ်မြောက်သွားပြီး သူ့ခန္ဓာကိုယ်မှ ထွက်ခွာလာခဲ့သည်။ သူ၏ စိတ်ဝိညာဉ်သည် လူသားပုံစံအဖြစ် ပြောင်းလဲကာ သွေးပိုးအိမ်ဖြင့် ရစ်ပတ်ထားသည့် သူ၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ ၎င်းသည် တုန်လှုပ်ဖွယ်ရာမြင်ကွင်းတစ်ခု ဖြစ်နေသည်။
"အာယွိ…၊ ဘယ်လိုလုပ် ဒီလို ဖြစ်နေရတာလဲ။ ဒါက အဆိပ်လား။ ခန္ဓာကိုယ်ကို ဒီလို အခြေအနေမျိုး ဖြစ်စေတဲ့ ဆေးလုံးမျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး။"
ရွှေပင့်ကူက သွေးပိုးအိမ်ဖြင့် ရစ်ပတ်ထားသော ဟုန်ယွိ၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သူမ၏ အသက်ရှူနှုန်းပင် ရပ်တန့်သွားပုံရပြီး သူမ အထိန်းချုပ်မဲ့ တုန်ယင်သွားခဲ့သည်။
"ဒါက အဆိပ်တော့ မဟုတ်ဘူး။ ငါ ဘာလို့ ဆေးကို ပေါ့ပေါ့ဆဆ သောက်မိသွားပါလိမ့်။" ဒါပေမဲ့ ဒီဆေးလုံးက အရမ်းအစွမ်းထက်လွန်းတယ်။ စိတ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာကိုယ်ကို တသားတည်း ပေါင်းစပ်ထားပြီး၊ ကြံ့ခိုင်သန်မာတဲ့ ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အထွတ်အထိပ် မဟာဆရာသခင် တွေလောက်ပဲ သောက်သုံးနိုင်တယ်။ တာအိုကျင့်ကြံသူတစ်ဦး သောက်မိရင် ချက်ချင်း သေဆုံးသွားလိမ့်မယ်။"
ဟုန်ယွိသည် သူ့ခန္ဓာကိုယ်ကို ကြည့်ပြီး အေးစက်စွာ ပြောသည်။ "သေချာတာက၊ တကယ်လို့, သခင်ကျိုးတို့လို ခန္ဓာကိုယ်သိမ်းပိုက်ခြင်း နယ်ပယ် ကျွမ်းကျင်သူမျိုးဆိုရင်တော့, ဒီဆေးကို သောက်ပြီးတဲ့အခါ သူ့ခန္ဓာကိုယ်ကို ကာကွယ်ချင်သေးတယ်ဆိုရင်, ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို ပေါင်းစည်း ပြီး သိုင်းသူတော်စင်တစ်ဦးဖြစ်ဖို့ပဲ ရွေးချယ်နိုင်တော့မယ်။ ပြီးရင်, တာအိုပညာမှော်စွမ်းရည်တွေ ဆုံးရှုံးသွားလိမ့်မယ်။ အခုနက ဆေးစွမ်းဟာ ငါ့စိတ်ဝိညာဉ်ကို အတင်းအကြပ် ဖိအားပေးနေတာကို ခံစားခဲ့ရတယ်။"
"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ အာယွိ…၊ နင့်ရဲ့ ဒီရုပ်ခန္ဓာကိုယ်က ပျက်စီးသွားပြီလား။ နင်ပါ ပြန်လည် မွေးဖွားဖို့ လုပ်ဆောင်ရတော့မှာလား။" ရွှေပင့်ကူက စိုးရိမ်တကြီးဖြင့် လှည့်ကြည့်ရင်း မေးလိုက်သည်။
"အဲဒီလို ဖြစ်လာမှာ မဟုတ်ဘူး။ ငါ့ခန္ဓာကိုယ်က အလွန်အမင်း အားကောင်းတယ်။ ပြီးတော့ ငါက အတွေးမဲ့ငြိမ်သက်ခြင်း အခြေအနေကို နားလည် ထားပြီးပြီ။ တောက်ပသောမိုးကြိုးကိုယ်ထည်ပညာနဲ့ သန့်စင်ပြီးတဲ့နောက် အထွတ်အထိပ် မဟာဆရာသခင်နဲ့ နှိုင်းယှဉ်နိုင်တဲ့ အဆင့်ကို ရောက်ရှိနေ ပြီ။ ဒီဆေးလုံးက ငါ့ခန္ဓာကိုယ်ထဲက သွေးအားလုံးနဲ့ အစားထိုးလိမ့်မယ်။ ပြီးတော့ အရိုးတွင်းခြင်ဆီကို သွေးသစ် ပြုလုပ်ဖို့ လှုံ့ဆော်ပေးလိမ့်မယ်။"
ဟုန်ယွိက ခေါင်းခါပြပြီး ရွှေပင့်ကူ၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်လိုက်ကာ လှည့်ပတ်သွားလာခြင်း မပြုရန် တားမြစ်လိုက်သည်။
"ငါ့ခန္ဓာကိုယ်က တခဏတာအတွင်း အားနည်းနေနိုင်တယ်။ ဒီဆေးက အရမ်းအစွမ်းထက်လွန်းတယ်။ သိုင်းသူတော်စင်တစ်ဦး ဖြစ်လာဖို့က လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး။ ကျင့်ကြံမှုလမ်းစဉ်မှာ တစ်ချက်တည်းနဲ့ ကောင်းကင်ဘုံအထိ ရောက်ရှိနိုင်တဲ့အရာမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။"
ဟုန်ယွိသည် ဤဆေးလုံးကို သောက်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် တခဏတာ အားနည်းနေမည်ဖြစ်ပြီး သာမန်လူတစ်ဦးထက်ပင် ပိုမို အားနည်းလာမည်ကို သိရှိလိုက်သည်။
စဉ်းစားကြည့်ပါ။ ခန္ဓာကိုယ်ထဲရှိ သွေးအားလုံးနီးပါးကို ထုတ်ယူပြီး အရိုးတွင်းခြင်ဆီက သွေးအသစ် ပြုလုပ်ပေးရမည်။ ၎င်းသည် ခန္ဓာကိုယ် ကြီးမားသော ပြောင်းလဲမှုကြီးတစ်ခု ဖြစ်သည်။ သာမန်လူတစ်ဦးဆိုလျှင်, ထိုဝေဒနာကို ခုခံရင်း ချက်ချင်း သေဆုံးသွားလိမ့်မည်။ အထွတ်အထိပ် ရှန်တန်သိုင်းသခင် သို့မဟုတ် သာမန် မဟာဆရာသခင်များပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
အကယ်၍, ဤမြေအနှစ်သာရရွှေဆေးလုံးကို ချီဇီယန်သာ သောက်သုံးပါက ချီဇီယန်သည် ချက်ချင်း သေဆုံးသွားလိမ့်မည်။
သို့သော် ဟုန်ယွိသည် သူ့ခန္ဓာကိုယ်က တခဏတာ အားနည်းပြီးနောက် တဖြည်းဖြည်း အားကောင်းလာမည်ကို သိရှိထားသည်။ သူ၏ ခန္ဓာကိုယ် သည် ပိုမို အားကောင်းလာပြီး သူ၏သွေးများက မွှေးပျံ့လာလိမ့်မည်။ သိုင်းသူတော်စင် နယ်ပယ်ထဲသို့ ဝင်ရောက်ခြင်းသည် "ပျက်စီးခြင်းမရှိဘဲ တည်ဆောက်ခြင်း မရှိနိုင်" ဟူသော စကားအတိုင်းပင် ဖြစ်သည်။
"ဒါက ဘာမှ မဟုတ်ဘူး။ မိုးကြိုးကပ်ဘေး ခံယူပြီးနောက် စိတ်ဝိညာဉ်ဟာ ဒီထက်တောင် ပိုအားနည်းဦးမယ်။ လေထဲက မီးအိမ်လို အချိန်မဆိုမရွေး ငြိမ်းသတ်သွားနိုင်တယ်။" ရုတ်တရက် ချန်ယင်းရှာက သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး၊ မျှော်လင့်ခြင်း၊ စိတ်လှုပ်ရှားမှု၊ ကြောက်ရွံ့မှုတို့ ရောနှောနေသည့် နားလည်ရခက်သော လေသံဖြင့် ပြောလိုက်သည် "ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ တစ္ဆေအင်မော်တယ်တွေ အများကြီး ရှိနေပေမဲ့၊ အများစုဟာ မိုးကြိုးကပ်ဘေးကို မဖြတ်ကျော်ရဲကြတာ။ ဒါမှမဟုတ် မိုးကြိုးကပ်ဘေး ဖြတ်ကျော်ပြီးနောက် သူတို့ရဲ့ စိတ်ဝိညာဉ်တွေဟာ အရမ်းအားနည်းသွားပြီး၊ နှောင့်ယှက်မှုမှန်သမျှကို မခုခံနိုင်တော့ဘဲ တိုက်ရိုက် ပျက်စီးသွားကြတယ်။ ယင်ချီ(စွမ်းအင်) အလွန်မင်း အားကောင်းပြီး အတွေ့အကြုံ ရင့်ကျင့်ကျက်တဲ့ တစ္ဆေအင်မော်တယ်တွေတောင် လျှပ်စီးထိမှန်ရင် သေဆုံးရလိမ့်မယ်။ ဒါကြောင့် အဲဒီပညာရှင် ငါးဦးက ပင်လယ်ပြင်ပေါ်မှာ မိုနိုဂိုတာရီနောက်ကို လိုက်ရဲကြတာ။ မိုနိုဂိုတာရီဟာ ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ဖြတ်ကျော်ပြီးပြီ။ သူ အခု ဘယ်လောက် အားနည်းနေလဲဆိုတာ ငါတို့ မသိနိုင်ဘူး။ ဒါက သူ့ကို သတ်ဖို့ အကောင်းဆုံး အချိန်ပဲ။"
“ခြေလှမ်းတိုင်းက ခက်ခဲလှပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းတယ်။ ရှင်ခြင်းနဲ့ သေခြင်းတို့ကြားမှာ ကြောက်ရွံ့စရာများနဲ့ ပြည့်နေတယ်။"
ဟုန်ယွိသည် ချန်ယင်းရှာ၏ စကားကို နားထောင်ရင်း သက်ပြင်းချလိုက်သည်။
အခုဆိုလျှင် သူ၏ခန္ဓာကိုယ်သည် အရမ်းအားနည်းနေသဖြင့် ကလေးငယ်တစ်ဦးပင် သူ့ကို လွယ်လွယ်ကူကူ ရိုက်နှက်နိုင်သည်။ မြေအနှစ်သာရရွှေဆေးလုံးကို မသောက်မီက သူသည် ရန်သူ တစ်ရာကိုပင် တိုက်ခိုက်နိုင်သည်။
ချန်ယင်းရှာ၏ ပြောစကားအရ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် သူ၏ စိတ်ဝိညာဉ်သည် ဒီထက်ပင် ပိုအားနည်းနေမည်တဲ့။
ဤအနေထားသည် အလွန်အမင်း ထိတ်လန့်စရာ ဖြစ်လိမ့်မည်။
ဟုန်ယွိသည် အတိတ်က မိုးကြိုးကပ်ဘေးကို တစ်ခါမှ မဖြတ်ကျော်ဖူးပေ။ သူ ဖတ်ခဲ့သော စာအုပ်များတွင် မိုးကြိုးကပ်ဘေးကို မည်သို့မည်ပုံ ဖြတ်ကျော်ရမည်ကို မှတ်တမ်းတင်ထားခြင်း မရှိပေ။ မိုးကြိုးကပ်ဘေးသည် မည်သူမျှ မပြောချင်သည့် ကြောက်စရာ လုပ်ငန်းစဉ်တစ်ခုသဖွယ် ဖြစ်နေသည်။
ဟုန်ယွိသည် ချန်ယင်းရှာ၏ စကားကို ယုံကြည်ရန်မှတပါး ရွေးချယ်စရာ မရှိပေ။ နတ်ဘုရားမိုးကြိုးကို ကျင့်ကြံထားသော မဟာနတ်ဆိုး အင်မော်တယ်နှင့် သူ၏ တာအိုလက်တွဲဖော်သည် သဘာဝအတိုင်း မတူညီသော လွှမ်းမိုးမှု ရှိသည်။
"ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် မိုးကြိုးကပ်ဘေးကို နှစ်ကြိမ် ဆက်တိုက် ဖြတ်ကျော်နိုင်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခု မြေအနှစ်သာရရွှေဆေးလုံးကို သောက်ပြီးနောက် ဖြစ်ပေါ်လာတဲ့ အားနည်းမူနဲ့ မိုးကြိုးကပ်ဘေးကို ခံယူပြီးနောက် ဖြစ်ပေါ်လာမယ့် အားနည်းမှုကို နှိုင်းယှဉ်ကြည့်ရင်, ငါ တကယ်ပဲ အသေချာ စီစဉ်ရတော့မယ်။"
ဟုန်ယွိသည် ပြောနေစဉ် သူ့စိတ်နှလုံးသားက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
ကမ္ဘာပေါ်ရှိ ကျင့်ကြံသူအားလုံး ကြောက်ရွံ့သော မိုးကြိုးကပ်ဘေးသည် အဘယ်နည်း။
မိုးကောင်းကင်က အသင့်ကို လျှပ်စီးဖြင့် တိုက်ခိုက်တော့ရော ဘာဖြစ်လဲ။ ဤကိစ္စနှင့်ပတ်သက်၍ ဘာတွေများ စိတ်လှုပ်ရှားစရာ ကောင်းနေလို့လဲ။
ရှင်ခြင်းနှင့် သေခြင်းကြားမှာ ကြောက်စရာ ရှိနေလား၊ ပျော်စရာ ရှိနေလားဆိုတာ နွေဦးရောက်ရှိပြီး၊ နွေဦးမိုးခြိမ်းသံ ထွက်ပေါ်လာမည့်အပေါ် မူတည်နေသည်။
မြေအနှစ်သာရရွှေဆေးလုံးကို သောက်ပြီးနောက် ဟုန်ယွိ၏ ခန္ဓာကိုယ်သည် ရက်အတော်ကြာအောင် အလွန်အမင်း အားနည်းနေခဲ့သည်။ အထူးသဖြင့် ဒုတိယနေ့တွင် သူ့ခန္ဓာကိုယ်ရှိ သွေးအားလုံးကို ဆေးစွမ်းက ဖြည်းဖြည်းချင်း အတင်းအကျပ် ထုတ်ပစ်ပြီးသောအခါ သူ၏ စိတ်ဝိညာဉ် သည် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာသည်။ သူသည် "အဝတ်အစားဝတ်ရန်ပင် အားနည်းလွန်း"သည်ဟုပင် ခံစားခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်သည် သူ၏ အဝတ်အစားများကိုပင် မခံနိုင်လောက်အောင် အားနည်းနေခဲ့သည်။
အတိတ်က ဟုန်ယွိသည် ထိုကဲ့သို့ အားနည်းသူများအကြောင်းကို သူ့မှတ်စုများတွင်သာ ဖတ်ဖူးသည်။ သူကိုယ်တိုင်လည်း ထိုကဲ့သို့ အခြေအနေသို့ ရောက်ရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သို့သော် သူ ဂရုမစိုက်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူသည် ဤရက်များတွင် အစိမ်းရောင် မိုးမခစံအိမ်၌ ပြန်လည်ကုသနေခဲ့သည်။ တစ်ခါတစ်ရံ သူသည် အစေခံတွေ၊ စစ်သည်တွေနှင့် မြင်းစီးစစ်သည် အများအပြားကို နွေးထွေးသော ထမ်းစင်ဖြင့် သူ့ကို သယ်ဆောင်စေပြီး နှင်းများကို ခံစားရန်နှင့် ကဗျာများ ရွတ်ဆိုရန် နေရာတိုင်းသို့ သွားလေ့ရှိသည်။ ၎င်းသည် အလွန် သက်သောင့်သက်သာ ရှိလှသည်။
အစေခံအဖွဲ့များ ဝိုင်းရံလျက်၊ မြင်းစီးစစ်သည်များက အစောင့်အရှောက်ပေးလျက်၊ နွေးထွေးသော ထမ်းစင်ပေါ်တွင် ထိုင်လျက်၊ နေရာတိုင်းတွင် နှင်းကို ခံစားနေခြင်း။ ဤသည်မှာ ဟုန်ယွိ တစ်ချိန်က တောင့်တခဲ့သော မဟာမြင့်မြတ်သူတစ်ဦး၏ ဘဝပင်ဖြစ်သည်။ ယခု သူသည် ထိုအရသာကို မြည်းစမ်းခွင့် ရရှိခဲ့သည်။
တစ်လခန့် ပြန်လည်ကုသပြီးနောက် ဟုန်ယွိ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း အားကောင်းလာခဲ့သည်။ သူသည် အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ထင်မှတ်ရပါသည်။ သူ၏ မျက်လုံးများက တလက်လက် တောက်ပနေပြီး မှောင်မိုက်သော လျှို့ဝှက်ခန်းအတွင်းမှာပင် တစ်ဖက်လူများသည် သူ့မျက်လုံးများ တောက်ပနေသည်ကို ခံစားနိုင်သည်။ သူသည် အမှန်တကယ်ပင် "လေဟာနယ်ထဲမှ စွမ်းအင် ထုတ်ယူခြင်း" နယ်ပယ်သို့ (generating electricity in the void) ရောက်ရှိခဲ့သည်။ (ယခင်က နတ္ထိအခြေနေမှ လျှပ်စီးထုတ်ဖော်ခြင်းဟု ပြန်ဆိုခဲ့ပါသည်။ နောက်အခန်းများတွင် ပါဝင်လာပါ လေဟာနယ်ထဲမှ စွမ်းအင် ထုတ်ယူခြင်းဟု ပြန်ဆိုပါမည်။)
ထို့အပြင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများသည် ရှည်လျားပြီး လှပသော မျဉ်းကြောင်းများအဖြစ် အမြှောင့်မြှောင့်ထနေကာ၊ တောင်ကျ စမ်းရေကဲ့သို့ ချောမွေ့ပြီး သဘာဝအတိုင်း ဖြစ်ပေါ်နေသည်။
သို့သော် အပြင်ပန်းတွင်မူ, မူလက ရှိခဲ့သော သိုင်းအော်ရာ ကင်းမဲ့နေပုံရသည်။ ယင်းအစား ထိုစွမ်းအားကို သူ၏ အဓိက အပ်စိုက်မှတ်များတွင် ဝှက်ထားပုံရသည်။
ဟုန်ယွိပုံစံက အရင်ကထက်ပင် ပညာရှင်တစ်ဦးနှင့် ပိုတူနေသည်။ သို့သော် သူ့ခန္ဓာကိုယ်အတွင်း၌ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက ပုန်းကွယ်နေသည်။ တစ်ချိန်တည်းမှာပင် သူ အသက်ရှူလိုက်တိုင်း သူ၏ ပါးစပ်သည် မွှေးရနံ့များဖြင့် သင်းပျံ့နေသည်။ သူ၏လျှာမှ စီးထွက်လာ သော တံတွေးသည် ပျားရည်ကဲ့သို့ ချိုမြိန်နေသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် အချိန်တိုင်း လန်းဆန်းပြီး ချိုမြိန်သော ခံစားမှုမျိုး ခံစားရသည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် သူ့ခန္ဓာကိုယ်ထဲရှိ သွေးအသစ်သည် အလွန် ခမ်းနည်းထည်ဝါပြီး၊ အားကောင်းကာ၊ တောက်ပသော ခံစားမှုမျိုး ရှိနေသည်ကို ခံစားခဲ့ရသည်။
သူသည် မျက်လုံးများကို မှိတ်ပြီး သူ့ကိုယ်ကို စစ်ဆေးကြည့်သောအခါ, သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးများသည် စီးဆင်းနေသော ပြဒါးကဲ့သို့ ငွေရောင် တောက်ပမှုတစ်မျိုးကို ထုတ်လွှတ်နေသည်။ (၎င်းသည် သွေးက ပြဒါးအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားခြင်း မဟုတ်ဘဲ ခံစားမှုမျှသာ ဖြစ်ပါသည်။)
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် သူ၏ ခန္ဓာကိုယ်ထဲရှိ အရိုးအားလုံးသည် နှင်းကဲ့သို့ ဖြူဖွေးနေသည်ကို ခံစားခဲ့ရသည်။ သူ၏ အရိုးအဆစ်များရှိ အရိုးတွင်းခြင်ဆီသည် ဖုန်မှုန့်များ မပါဝင်ဘဲ အဖြူရောင် နှင်းခဲကဲ့သို့ ဖြစ်နေသည်။ မည်သည့် အညစ်အကြေးမျှ မပါဝင်ဘဲ အဖြူရောင် နှင်းခဲကဲ့သို့ ဖြစ်နေပါသည်။
ယခင်က သူ၏ ခန္ဓာကိုယ်ရှိ အရိုးနှင့် အရိုးတွင်းခြင်ဆီတို့သည် အလွန် သန့်စင်ခဲ့သော်လည်း ၎င်းသည် အပြစ်အနာအဆာရှိသော ကျောက်စိမ်း တစ်ပိုင်းကဲ့သို့ အမြဲ ခံစားခဲ့ရသည်။ သို့သော် အခုမူ ၎င်းသည် လုံးဝ သန့်စင်သော ကျောက်စိမ်းအပိုင်းတစ်ခု ဖြစ်သွားခဲ့ပြီ။
"ဒါက သိုင်းသူတော်စင်တစ်ဦးရဲ့ "နှင်းခဲလို အရိုးတွင်းခြင်ဆီ၊ သွေးကို သန့်စင်သော ပြဒါးသဖွယ် ပြောင်းလဲခြင်း နယ်ပယ်လား။"
သူ၏ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများ၊ ကြီးမားသော စွမ်းအားနှင့် အားကောင်းသော အသက်စွမ်းအင်တို့ကို ခံစားမိသောအခါ ဟုန်ယွိသည် သူ၏ လက်နှင့် ခြေထောက်များ ဖြတ်တောက်ခံရလျှင်ပင် ၎င်းတို့သည် အလိုလို ပြန်ပေါက်လာလိမ့်မည်ဟုပင် တခဏတာ ဝေဝေဝါးဝါး ခံစားမိသည်။
သို့သော် ဟုန်ယွိသည် ၎င်းသည် ခံစားမှုမျှသာ ဖြစ်သည်ကို သိရှိပါသည်။ သူ၏ ခြေလက်များကို ဖြတ်တောက်လိုက်လျှင် ၎င်းတို့ ပြန်ပေါက်လာရန်မှာ မဖြစ်နိုင်ပေ။
ဤကဲ့သို့သော စွမ်းရည်မျိုးကို အလွန်မြင့်မားသော ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားသည့် လူသား အင်မော်တယ်များသာ ပိုင်ဆိုင်နိုင်ပါသည်။
ဘုန်းတော်ကြီးယင်ယွဲ့၏ "ဗုဒ္ဓတိုက်ပွဲမှတ်တမ်း"တွင် အလွန်မြင့်မားသော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားသည့် လူသားအင်မော်တယ်များသည် "ဆုံးရှုံးသွားသော ကိုယ်အင်္ဂါအစိတ်ပိုင်းများ ပြန်ပေါက်စေနိုင်သည့် စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသည်။ သူတို့၏ လက်မောင်းတွေ ဖြတ်တောက်ခံရရင် တောင် ပြန်ပေါက်လာနိုင်သည်ဟု ဆိုထားသည်။
တစ်နည်းအားဖြင့် မိန်းမစိုးတစ်ဦးသည် လူသားအင်မော်တယ်တစ်ဦး ဖြစ်လာပါက သူ၏ အောက်ပိုင်းခန္ဓာကိုယ်သည်လည်း ပြန်ပေါက်လာမည် ဖြစ်သည်။
လူသားအင်မော်တယ်တစ်ပါး၏ အားကောင်းသော အသက်စွမ်းအားကို မည်သူမျှ စိတ်ကူးပင် မယဉ်နိုင်ပေ။
"အခု ပစ္စုပ္ပန်ဗုဒ္ဓကျမ်းရဲ့ တတိယပိုင်းထဲက အပ်စိုက်မှတ်တွေ အားလုံးကို သန့်စင်နိုင်တော့မယ်။ ငါ အပ်စိုက်မှတ်တွေ အားလုံးကို သန့်စင်လိုက်ရင် ဘယ်အဆင့်ကို ရောက်နိုင်မလဲ မသိဘူး။"
တစ်လကြာပြီးနောက် နှင်းအားလုံး အရည်ပျော်သွားပြီး နွေးထွေးသော နေရောင်ခြည်က ထိုးဖောက်ဝင်ရောက်လာပြီ။ ရာသီဥတုက နွေးထွေးလာပြီး လေထဲတွင် နွေဦးရနံ့များဖြင့် ပြည့်နှက်နေသည်။ ညှိုးနွမ်းနေသော သစ်ကိုင်းဖျားနှင့် အရွက်အချို့ပင် အညှောက်ပေါက်လာကြပြီ။ ၎င်းသည် ဆောင်းရာသီ၏ အဆုံးနှင့် နွေဦးဝင်ရောက်ရှိခြင်း၏ အမှတ်သင်္ကေတတစ်ခု ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် တော်ဝင်ချန်နိုင်ငံ၏ ၆၁ နှစ်မြောက် နွေဦးပွဲတော်လည်း ရောက်ရှိလာခဲ့သည်။
တော်ဝင်ချန်နိုင်ငံ၏ ၆၁ နှစ်မြောက် ဆောင်းရာသီသည် သေချာပေါက် အေးခဲသော ဆောင်းရာသီ ဖြစ်ခဲ့သည်။ သို့သော် ၁၂ လမြောက် လူနာလ (တပို့တွဲလ)နောက်ပိုင်းရှိ နွေဦးပွဲတော်သည် စစ်မှန်သော နွေဦးပွဲတော် ဖြစ်သည်။ ရာသီဥတု ပူနွေးလာပြီး ခရီးသွားများ နေရာတိုင်းတွင် ရှိနေသည်။ ဤနွေဦးပွဲတော်အတွင်း ကျောက်စိမ်းမြို့တော်တစ်ခုလုံး ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည်။
အေးခဲသော ရာသီဥတု ကုန်ဆုံးပြီးနောက် နွေးထွေးသော နွေဦးပွဲတော်သည် တော်ဝင်ချန် မင်းဆက်၏ သာယာဝပြောမှုသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာကြောင်း ပြသနေသကဲ့သို့ ဖြစ်သည်။
အစိမ်းရောင် မိုးမခစံအိမ်တစ်ခုလုံးတွင် အနီရောင် မီးပုံးကြီးများကို မြင့်မားစွာ ချိတ်ဆွဲထားပြီး ရောင်စုံ ပန်းများက နေရာတိုင်းတွင် ရှိသည်။ အစေခံ ရာပေါင်းများစွာသည်လည်း ဝမ်းမြောက်နေကြပြီး အဝတ်အသစ်များ ဝတ်ဆင်ကာ သူတို့၏ အိတ်ကပ်များတွင် ငွေသားတုံးများက ဖောင်းကြွနေသည်။
နှစ်သစ်ကူး အစဉ်အလာ ဆုလာဘ်များအနေဖြင့်မူ အစိမ်းရောင် မိုးမခစံအိမ်ရှိ အနိမ့်ဆုံး အစေခံများပင်လျှင် ငွေဒင်္ဂါးတုံး ဆယ်တုံး၊ အဝတ်အသစ် တစ်စုံနှင့် ဖိနပ်အသစ်များ ရရှိခဲ့သည်။
ဟုန်ယွိ၏ ခန္ဓာကိုယ်သည် လုံးဝ ပြန်လည်ကောင်းမွန်လာပြီးနောက် ဤရက်များတွင် သူသည် မုရုံယန်ကို မကြာသေးမီက နန်းတော် သတင်းထုတ်ပြန်ချက်များအားလုံးကို စုဆောင်းစေခဲ့သည်။ ထို့အပြင် မင်းသားယုထံမှ ရရှိသော ကျောက်စိမ်းမြို့တော်ရှိ မင်းမျိုးမင်းနွယ် မိသားစုကြီးများနှင့် ပတ်သက်သည့် အရှုပ်ထွေး သတင်းအချက်အလက်များ အားလုံးကိုပါ စုဆောင်းစေခဲ့သည်။ သူသည် ရှေးခေတ်မှ မင်းမျိုးမင်းနွယ် မိသားစုများနှင့် သူတော်စင် မျိုးဆက်များအကြောင်း၊ ထောက်လှမ်းရေး သတင်းအချက်အလက်များကိုပါ ပြည်နယ်အချို့မှ လေ့လာ စုဆောင်းခိုင်းခဲ့သည်။
ဥပမာ- ချင်ပြည်နယ်ရှိ ကျိမိသားစု၊ ယင်းကျိုးပြည်နယ်ရှိ ဇူမိသားစု၊ နှင်းပြည်နယ်ရှိ ချန်မိသားစုနှင့် ကျူကျိုးပြည်နယ်ရှိ လုံမိသားစုစသည်တို့ ဖြစ်သည်။
ဟုတ်ပါသည်, ချန်ပီယံမြို့စားနှင့် ပတ်သက်သည့် သတင်းအချက်အလက်များက အများဆုံး ဖြစ်ခဲ့ပါသည်။
အိမ်ရှေ့စံမင်းသားသည် နောက်ဆုံးတွင် အလျှော့ပေးလိုက်ပုံရသည်။ သူသည် ချန်ပီယံမြို့စားနှင့် ပတ်သက်သည့် သတင်းအချက်အလက်အချို့ကို မင်းသားယုထံ ပေးပို့ခဲ့သော်လည်း ကောင်းကင် ဖန်ဆန်းခြင်းမှ သိုင်းပညာများကိုမူ ကူးယူပေးခြင်း မရှိခဲ့ပေ။
သေချာသည်မှာ, မင်းသားယုသည် ကျေနပ်မှု မရှိခဲ့ပါဘူး။ သူသည် အိမ်ရှေ့စံမင်းသားနှင့် ဆက်လက် ငြင်းခုံနေပြီး ထာဝရမိခင်ကို လွှတ်မပေးခဲ့ပေ။ သူမသည် သူ၏အိမ်တော်၌ အကျဉ်းချခံထားရဆဲ ဖြစ်သည်။
သို့သော် အိမ်ရှေ့စံမင်းသားသည် သူမကို အတင်းအကျပ် ခေါ်ဆောင်သွားရန် သူ့လူများကို မစေလွှတ်ခဲ့ပေ။
ကြင်ယာတော်ယွမ်၏ နန်းဆောင်တွင်လည်း အရာရာ ငြိမ်းချမ်းနေသည်။ ဖိဖုရားခေါင်ကြီးသည်လည်း တိတ်ဆိတ်သွားခဲ့သည်။ အခြားသော နန်းဆောင်မှ ဧကရာဇ်တော်ဝင် ကြင်ယာတော်များနှင့် ကြင်ယာတော်များသည် လွန်ခဲ့သော တစ်လက မူလမြေနန်းဆောင်အတွင်း၌ ဖြစ်ပျက်ခဲ့သည့်အရာများကို သိရှိခဲ့ပုံ မပေါ်ချေ။
"သခင်လေး၊ နင်ဂျာဘုန်းတော်ကြီး ပြန်ရောက်လာပါပြီ။"
ယနေ့တွင် ဟုန်ယွိသည် သူ၏အခန်းထဲ၌ နန်းတော် သတင်းထုတ်ပြန်ချက်များကို လေ့လာနေခဲ့သည်။ သူသည် တော်ဝင်ချန် ဧကရာဇ် ယန်ဖန်သည် နှင်းပြည်နယ် နန်းတော်သို့ သွားရောက်ကာ မြောက်ပိုင်း နှင်းလွင်ပြင် မျိုးနွယ်စုများ၏ ဘုရင်များနှင့် တွေ့ဆုံခဲ့သည်ကို တွေ့ရှိခဲ့သည်။ ထို့အပြင် ရှပြည်နယ် နယ်စပ်တွင် ဟွှာလျှိုနိုင်ငံသည် လှုပ်ရှားရန် အသင့်ရှိနေသည်။ ကြီးမားသော စစ်ရေးလှုပ်ရှားမှုများ ရှိနေပုံရပြီး ယွန်မင်နိုင်ငံကမူ လုံးဝ ဆုတ်ခွာသွားခဲ့သည်။
ထို့အပြင် တောင်ပိုင်းပြည်နယ်ရှိ ရွှေ့ယန်ပြည်နယ်၏ အုပ်ချုပ်ရေးမှူး ဟုန်ခမ်းသည် ဖျားနာမှုကြောင့် သူ့ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။ ဓလေ့ထုံးတမ်း ဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီး ဖန်ဝန်ရှန်ကို သူ့နေရာတွင် အစားထိုးခဲ့သည်။
ဟုန်ယွိသည် ဟုန်ခမ်း၏ ဖျားနာမှုကြောင့် ရာထူးမှ ထွက်ခွာခြင်းသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းကြောင့် ဖြစ်ကြောင်း သိရှိထားသည်။ သူသည် ဤဆိုးယုတ်သော ရွှေယန်ပြည်နယ် အုပ်ချုပ်ရေးမှူးကို လူရူးတစ်ဦးအဖြစ်သို့ ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်သည်။
ဤကိစ္စသည် နန်းတော်တွင် ဂယက်များစွာ ဖြစ်စေခဲ့ပုံမရသော်လည်း လျှို့ဝှက် ဆွေးနွေးမှုများစွာ ရှိလိမ့်မည်။ သို့သော် ဟုန်ယွိသည် ထိုသတင်းကို မကြားခဲ့ရပေ။
"ဟုန်ယွိ၊ မင်း သိုင်းသူတော်စင် နယ်ပယ်ထဲ ဝင်ရောက်သွားပြီပေါ့။ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။"
ဤသည်မှာ နင်ဂျာဘုန်းတော်ကြီး ပြန်လာပြီးနောက် ဟုန်ယွိကို ပထမဆုံး မြင်တွေ့ရသောအခါ အံ့ဩသွားခြင်း ဖြစ်သည်။
"နင်ဂျာဘုန်းတော်ကြီး၊ ခင်ဗျား ဘယ်လို ဖြစ်လာတာလဲ။ ခင်ဗျား ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာပဲ။"
ဟုန်ယွိသည် နင်ဂျာဘုန်းတော်ကြီးကို မြင်သောအခါ အနည်းငယ် အံ့ဩသွားခဲ့သည်။
နင်ဂျာဘုန်းတော်ကြီးသည် တောင်ပိုင်းပြည်နယ်မှ ကျောက်စိမ်းမြို့တော်ရှိ ဝူဝမ်မြို့စားစံအိမ်၏ အိမ်တော်သို့ ပေးပို့မည့် ငွေဒင်္ဂါးများ လှည်းများနှင့် ပူဇော်သက္ကာများကို ကြားဖြတ်လုယက်ရန် သွားခဲ့သည်။ အခု သူသည် လက်ဗလာဖြင့် ပြန်လာခဲ့ပြီး သူ့ခန္ဓာပေါ်တွင် တုန်လှုပ်ဖွယ်ရာ ဒဏ်ရာများစွာ ရှိနေသည်။
အခန်း (၃၀၂)။
နင်ဂျာဘုန်းတော်ကြီးသည် အပေါ်ဆုံးတွင် သားရေဖျင်ကြမ်းဝတ်ရုံကြီးကို ဝတ်ဆင်ထားပြီး၊ ထို့နောက်၊ အနက်ရောင် ဖဲသားအဝတ်ကို ဝတ်ဆင်ထားကာ၊ အတွင်း၌ နက်ရွှေရောင်သင်္ကန်းကို ဝတ်ထားပါသည်။ ထို့အပြင် ငွေငါးမန်း သံချပ်ကာတစ်ထပ်ကိုပါ ထပ်ဝတ်ထားရာ အလွန် မာကျောကြံ့ခိုင်လှသည်။ ခြေလှမ်း ၅၀ အကွာမှ သံချပ်ကာကိုပင် ထိုးဖောက်နိုင်သည့် နတ်ဘုရားဒူးလေးသည်ပင် ၎င်းတို့ကို ထိုးဖောက်နိုင်မည် မဟုတ်ပေ။
သိုင်းသူတော်စင်တစ်ဦးအနေဖြင့်, ငွေငါးမန်းသံချပ်ကာနှင့် နက်ရွှေရောင်သင်္ကန်း နှစ်ထပ်ကို အကာအကွယ်အဖြစ် ထပ်ဝတ်ထားချိန်မှာ စစ်မြေပြင် သို့ ပြေးဝင်တိုက်ခိုက်ပါက, သူသည် လုံးဝ ပြိုင်ဘက်ကင်း အင်အားစု ဖြစ်နေလိမ့်မည်။ သူ့ကို ပြေးလွှားနေသော လူသား သားရဲတစ်ကောင်ဟု ညွှန်းဆိုပါက ချဲ့ကားပြောဆိုရာ ရောက်မည် မဟုတ်ပေ။
အထူးသဖြင့် နင်ဂျာဘုန်းတော်ကြီးကဲ့သို့ သိုင်းသူတော်စင်တစ်ဦးသည် သူ၏ သိုင်းပညာအားလုံးကို အစွမ်းကုန် ထုတ်ဖော်လိုက်သောအခါ စိတ်ဝိညာဉ်များနှင့် နတ်ဘုရားများပင် သူ့အနီးသို့ မကပ်နိုင်ပေ၊ ဒူးလေးနှင့် မြှားများကလည်း သူ့ကို ထိုးဖောက်နိုင်မည် မဟုတ်ပေ။ သိုင်းပညာနှင့် တာအိုပညာများကလည်း သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။
ထိုကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးသည် ငွေဒင်္ဂါးလှည်းများနှင့် ပူဇော်သက္ကာပစ္စည်းများ သယ်ဆောင်လာသော အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရန် သွားခြင်းမှာ ကြက်သတ်ရန် နွားလှီးဓားကို အသုံးပြုသကဲ့သို့ သူ့အင်အားကို ဖြုန်းတီးခြင်းဟုပင် ဟုန်ယွိ ခံစားမိသည်။
သို့သော် အခုမူ သူသည် နွားလှီးဓားဖြင့် ကြက်တစ်ကောင်ကို သတ်ရန် ကြိုးစားနေသော်လည်း မသတ်နိုင်ခဲ့သည့်အတွက် ဟုန်ယွိသည် သဘာဝအတိုင်း အလွန် အံ့အားသင့်သွားသည်။
ယခုအခါ နင်ဂျာဘုန်းတော်ကြီး၏ အဝတ်အစားများသည် စုတ်ပြဲသွားနေခဲ့ပြီး၊ ရွှေဒင်္ဂါး တစ်သောင်းတန်သော နက်ရွှေရောင်သင်္ကန်းနှင့် ငွေငါးမန်း သံချပ်ကာတို့ပင် စုတ်ပြတ်ပြီး၊ သူတောင်းစားတစ်ဦးနှင့် တူနေပြီ။ သူ့အခြေအနေမှာ သိုင်းသူတော်စင်တစ်ဦးနှင့် လုံးဝ ကွာခြားနေသည်။
သိုင်းသူတော်စင်တစ်ဦးသည် ထိုကဲ့သို့သော ဆိုးရွားသော အခြေအနေတွင် ရှိနေသည်ဟု တစ်စုံတစ်ယောက်က ပြောပါက၊ ရိုက်သတ်လျှင်ပင် မည်သူကမျှ ယုံကြည်မည် မဟုတ်ပေ။
သို့သော် ကံကောင်းစွာဖြင့် နင်ဂျာဘုန်းတော်ကြီးသည် ဒဏ်ရာရခဲ့သော်လည်း သေနိုင်သည့် ဒဏ်ရာမျိုး မဟုတ်ခဲ့ပေ။
"ဘာတွေ ဖြစ်ခဲ့တာလဲ။ အထွဋ်အထိပ်ကောင်းကင်နယ်မြေက ကျွမ်းကျင်သူတစ်ဦးကို ငွေဒင်္ဂါးမြင်းလှည်း အစောင့်အဖြစ် စေလွှတ်လိုက်လို့လား။ ဒါလည်း မဖြစ်နိုင်ပါဘူး။ ငွေဒင်္ဂါးမြင်းလှည်းက အရေးကြီးပစ္စည်းမှ မဟုတ်တာ။ ဘယ်လိုလုပ် ကျွမ်းကျင်ပညာရှင်တွေကို အစောင့်လွှတ်မှာလဲ။ နင်ဂျာဘုန်းတော်ကြီးလို လူမျိုးကို တစ္ဆေအင်မော်တယ်တွေတောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ အထွဋ်အထိပ်ကောင်းကင်နယ်မြေ ခေါင်းဆောင် ရဲ့ စိတ်ဝိညာဉ် ဖြိုခွဲရုပ်သေးကြောင့်လား။"
"တစ်ယောက်ယောက်…၊ လာစမ်း။ ငါ့ဆီ အဝတ်အစား တစ်စုံ ယူခဲ့ပေး။ ပြီးတော့ ဂျင်ဆင်း စွပ်ပြုတ်ပါ ယူလာခဲ့ပေး။"
ဟုန်ယွိသည် နင်ဂျာဘုန်းတော်ကြီးကို ထိုင်ခိုင်းပြီးနောက် အခြား အဝတ်အစားတစ်စုံနှင့် ဂျင်ဆင်း စွပ်ပြုတ်တစ်ပန်းကန်ကို ယူခိုင်းလိုက်သည်။ နင်ဂျာဘုန်းတော်ကြီးကို အဝတ်စားလဲခိုင်းရသည်။ သို့မှသာ ဆိုးရွားသော အခြေအနေမျိုးတွင် ရှိမနေတော့မည် ဖြစ်သည်။
သိုင်းသူတော်စင်တစ်ဦးသည် ပြန်လည်ကုစားနိုင်စွမ်း မြင့်မားသော်လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ရန် လိုအပ်ဆဲ ဖြစ်သည်။ ဒဏ်ရာဟောင်းများ စုပုံလာပါက အသက်ကြီးလာသောအခါ ဒုက္ခပေးလိမ့်မည်။
"ငါ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဟုန်ယွိ၊ မင်း ဘယ်လိုလုပ်ပြီး သိုင်းသူတော်စင် ဖြစ်သွားတာလဲ။ ဒါက မဖြစ်နိုင်ဘူး။ မင်း သိထားရမယ်။ သွေးပြောင်းလဲတာဟာ သိုင်းပညာမှာ အခက်ခဲဆုံး အဆင့်ပဲ။"
ဂျင်ဆင်းစွပ်ပြုတ် ပူပူနွေးနွေး တစ်ခွက်ကို သောက်ပြီးနောက် နင်ဂျာဘုန်းတော်ကြီး၏ မျက်နှာက ချက်ချင်းပင် ပြန်လည် တောက်ပလာပြီး အလျင်အမြန် မေးလိုက်သည်။
"ငါက တိုင်ရှန်တာအိုဂိုဏ်းရဲ့ မြေအနှစ်သာရ ရွှေဆေးလုံးကို စားသုံးလိုက်ရုံပါပဲ။" ဟုန်ယွိက နင်ဂျာဘုန်းတော်ကြီးသည် သိုင်းပညာကို အလွန်အမင်း ရူးသွပ်သူဖြစ်ကြောင်း သိထားပြီး၊ သူသည် သူ၏ ပြောင်းလဲမှုအကြောင်းကို နားမလည်မချင်း အလွတ်ပေးမည် မဟုတ်ကြောင်းကိုပါ သိထားသည်။ ထို့အပြင်, သူ သိုင်းသူတော်စင်တစ်ဦး ဖြစ်လာသည်မှာ အလွန် မယုံနိုင်စရာ ကိစ္စဖြစ်သည်။
"တိုင်ရှန်တာအိုဂိုဏ်းက မြေအနှစ်သာရ ရွှေဆေးလုံးလား။ မင်း အဲဒါကို ဘယ်က ရခဲ့တာလဲ။ ဒီဆေးလုံးက မယုံနိုင်စရာပဲ။ သူ့ရဲ့ ဆေးစွမ်းက မယုံနိုင်စရာကောင်းအောင် အစွမ်းထက်လွန်းတယ်။ မင်းရဲ့ခန္ဓာကိုယ် အခြေအနေအရ အဲဒီဆေးကို စားသုံးပြီးရင် သွေးထွက်လွန်းပြီး အလွန်အမင်း အားနည်းသွားမှာ သေချာတယ်။ မင်း အဲဒီလို လူမဆန်တဲ့ နာကျင်နှိပ်စက်မူမျိုးကို ခံနိုင်ရည်ရှိခဲ့တယ်။ ပိုအရေးကြီးတာက ဒီဆေးလုံးကို စားပြီးရင် လူတစ်ဦးရဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ဟာ တစ်သားတည်း ဖြစ်သွားပြီး တာအိုပညာရှင်တွေအတွက်တော့ အလွန် ဆိုးကျိုး ဖြစ်စေတယ်။"
နင်ဂျာဘုန်းတော်ကြီး ပြောနေစဉ် သူသည် မြေအနှစ်သာရ ရွှေဆေးလုံးအပေါ် သူ၏ နားလည်မူကို ပြောပြနေသည်။
"အော်….။ ခင်ဗျားက ဒီဆေးလုံးအကြောင်း တော်တော်ရင်းနှီးတာပဲ။ ခင်ဗျားတို့ဒိုင်ဇင်ဘုရားကျောင်းက ဒီဆေးလုံးကို အရင်က သန့်စင်ဖူးတာလား။ ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင် စားဖူးတာလား။" ဟုန်ယွိက စိတ်ဝင်စားစွာ မေးလိုက်သည်။
"ငါ မစားဖူးပါဘူး။ ဒါပေမဲ့ ဒါက တိုင်ရှန်တာအိုဂိုဏ်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဆေးလုံး သုံးမျိုးထဲက တစ်မျိုးလေ။ ဒိုင်ဇင်ဘုရားကျောင်းရဲ့ ဆေးဘုရင်ခန်းမက အဲဒီဆေးတွေကို လေ့လာနေတာ ကြာလှပြီ။ ကံမကောင်းစွာပဲ၊ အတိတ်က ဆေးတာအို ဘုန်းတော်ကြီးတွေထဲမှာ ဘယ်သူကမှ အဲဒီဆေးတွေကို မသန့်စင်နိုင်ခဲ့ဘူး။" နင်ဂျာဘုန်းတော်ကြီးက ခေါင်းခါရင်း ပြောသည်။ "တိုင်ရှန်တာအိုဂိုဏ်းက အရမ်း အစွမ်းထက်တယ်။ လူတစ်ဦးရဲ့ အခြေခံအုတ်မြစ်ကို ခိုင်မာစေတဲ့ လူသားအနှစ်သာရ မဟာရွှေဆေးလုံးနဲ့ မြေအနှစ်သာရ ရွှေဆေးလုံးကို စားသုံးပြီး ကျင့်ကြံနိုင်ရင်၊ သိုင်းသူတော်စင်အဖွဲ့တစ်ခုကို ဖန်တီးနိုင်တယ်။ သူက သဘာဝတရားကြီးရဲ့ အထက်မှာရှိနေတဲ့ အမြင့်ဆုံး တာအိုသခင်ပါပဲ။"
တိုင်ရှန်တာအိုဂိုဏ်း၏ စွမ်းအားကို သက်ပြင်းချပြီးနောက် သူသည် ငွေဒင်္ဂါးလှည်းများကို လုယက်မှုနှင့် ပတ်သက်သည့် အဖြစ်အပျက်များကို ဖြည်းဖြည်းချင်း ပြန်လည် ပြောပြတော့သည်။
"ဒီတစ်ခါ ငါ ငွေဒင်္ဂါးလှည်းတွေကို ကြားဖြတ်လုယက်ဖို့ သွားတဲ့အခါ၊ အလယ်ပိုင်းဒေသ ကျိချွမ်းပြည်နယ်မှာ အဲဒီလူအုပ်စုနဲ့ ဆုံခဲ့တယ်။ ဒါပေမဲ့ ငါ လှုပ်ရှားလိုက်တာနဲ့ ဖြတ်သွားဖြတ်လာ ကုန်သည်တစ်ဖွဲ့က သူတို့ကို ကူညီလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ အဲဒီကုန်သည်အဖွဲ့ကို ဆန်းကြယ် ကောင်းကင် ကုန်သွယ်ရေးအဖွဲ့လို့ ခေါ်တယ်။ အဲဒါက ချင်ပြည်နယ်ကနေ ကျောက်စိမ်းမြို့တော်ကို ပစ္စည်းတွေ သယ်ယူပို့ဆောင်နေတဲ့ ကြီးမားတဲ့ ကုန်သည်အဖွဲ့ကြီးတစ်ခုပဲ။ ငါဟာ နှလုံးလက်သီးဂိုဏ်း၊ ထိုက်ယီဂိုဏ်း၊ ယွမ်တုံးဂိုဏ်း၊ မှတ်စုသုံးခုဂိုဏ်း၊ လှိမ့်နေသောကျောက်တုံးဂိုဏ်းနဲ့ တခြား ဂိုဏ်းကြီးအချို့က ကျွမ်းကျင်သူ အများအပြားကို တွေ့ဆုံခဲ့ရတယ်။ သူတို့ထဲမှာ မဟာဆရာသခင် အဆင့်ရဲ့ အထွတ်အထိပ်မှာရှိနေတဲ့ ကျွမ်းကျင်သူ အများအပြားလည်း ပါဝင်တယ်။ အဲဒီ ဂိုဏ်းတွေရဲ့ ခေါင်းဆောင်တွေလည်း သူတို့ထဲမှာ ပါဝင်တယ်။ သူတို့ရဲ့ သိုင်းပညာက ငါ့လောက် အစွမ်းမထက် ပေမယ့် စုစုပေါင်း ၁၈ ယောက်ရှိတယ်။ သူတို့ထဲမှာ ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ် မဟာပြီးပြည့်စုံခြင်းအဆင့်ရှိ တာအိုပညာရှင်တစ်ဦးလည်း ပါဝင်တယ်။ သူတို့ ပူးပေါင်းတိုက်ခိုက်ချိန်မှာ ငါ့အနေနဲ့ လက်နှစ်ဖက်နဲ့ တိုက်ခိုက်ဖို့ ခက်ခဲပြီး တစ်ချိန်လုံး လိုက်ဖမ်းခံခဲ့ရတယ်။ ငါ့ရဲ့ အထွက်အထိပ် ခြေလှမ်းပညာကြောင့်သာ ထွက်ပြေးနိုင်ခဲ့တာ”။ ပိုအရေးကြီးတာက သူတို့ပတ်ဝန်းကျင်က လူတွေအားလုံးဟာ ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူတွေချည်းပဲ။ သူတို့က သေးငယ်ပြီး သပ်ရပ်လှပတဲ့ ဒူးလေးတွေကို အသုံးပြုကြပြီး၊ ထိုးဖောက်နိုင်စွမ်းကလည်း အလွန် အားကောင်း လွန်းတယ်။ ဒါပေမဲ့ ငါ တစ်ခုတော့ လုယူနိုင်ခဲ့တယ်။ မင်း ကြည့်ကြည့်ပါဦး။ ဒီလို ဒူးလေးမျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ ဒီအပေါ်မှာ 'ဆန်းကြယ်ကောင်းကင် ကုန်သွယ်ရေးအဖွဲ့ရဲ့ ကောင်းကင်နတ်ဘုရားဒူးလေး' ဆိုတဲ့ စကားလုံးတွေ ရေးထိုးထားတယ်။"
နင်ဂျာဘုန်းတော်ကြီးက သူ့နောက်ကျောရှိ အိတ်တစ်လုံးထဲက လှပသော သံမဏိဒူးလေးတစ်ခုကို ထုတ်ယူလိုက်ပါသည်။
ဟုန်ယွိသည် ဒူးလေး၏ကိုယ်ထည်ကို ကြည့်လိုက်သောအခါ၊ ၎င်းကို ပျော့ပြောင်းကျောက်စိမ်း ဆွဲဆန့်နိုင်သော သံမဏိဖြင့် ပြုလုပ်ထားပြီး၊ အတွင်းပိုင်း အပြင်အဆင်က မယုံနိုင်လောက်အောင် ရှုပ်ထွေးနေသည်ကို တွေ့ရသည်။ ပျော့ပြောင်းကျောက်စိမ်း ဆွဲဆန့်နိုင်သော သံမဏိ အလွှာ များကို နွယ်ပင်များကဲ့သို့ အထပ်ထပ် ရစ်ပတ်ထားပြီး အလယ်ဗဟိုမှာ အခေါင်းပေါက် ဖြစ်သည်။ ဘေးတဘက်မှာ သံမဏိဝါယာကြိုးများ ရှိပြီး၊ ဒူးလေးဘေးမှာ လက်ကိုင်တစ်ခု ရှိသည်။ သံမဏိမြှား အနည်းငယ်ကို လက်ကိုင်ပေါ်မှာ တင်လိုက်ပြီး၊ ခပ်ဖွဖွ လှုပ်ရှားလိုက်သည်နှင့် မြှားတွေက အတွင်းထဲမှာ ပိတ်မိသွားပြီး၊ ကြိုးကို ဖြည်းဖြည်းချင်း ဆွဲတင်လိုက်ရုံပင်။ သူ့အနေဖြင့် ခွန်အား အနည်းငယ်မျှ ဖြုန်းတီးနေရန် မလိုတော့ပေ။
ဤဒူးလေးသည် တူအရွယ်စား သံမဏိမြှား စုစုပေါင်း ၁၀ ချောင်းအထိ ပစ်ခတ်နိုင်သည်။ ထို့အပြင် ဆန္ဒရှိသလို ဆက်တိုက် ပစ်ခတ်နိုင်ပြီး၊ ဆယ်ချောင်းလုံးကို တပြိုင်နက် ပစ်ခတ်မူများလည်း လုပ်ဆောင်နိုင်သည်။ ဒူးလေးပေါ်က အမှတ်သားများသည် မီလီမီတာအထိ တိကျသည်။
ရှုပ်ထွေးလှသော အတွင်းပိုင်း တည်ဆောက်ပုံသည် ဟုန်ယွိ၏ နားလည်မှုကို လုံးဝ ပြောင်းပြန် လှန်ပစ်လိုက်သည်။ ၎င်းသည် သဘာဝကို ကျော်လွန် နေသည့် အနုပညာမြောက် လက်ရာတစ်ခု ဖြစ်ပြီး လူသားများ ပြုလုပ်ထားသည်နှင့် မတူပေ။
သူသည် ဒူးလေးကို ကောက်ကိုင်ပြီး အပြင်ဘက်ကို ပစ်မှတ်ထားကာ မောင်းကို ဆွဲလိုက်သည်။ ရှီး…။ ရှီး….၊ ရှီး…၊ ရှီး…၊ ရှီး..၊ ရှီး…၊ ရှီး…၊ မြား ၁၀ ချောင်းသည် ပြင်းထန်သော လေချွန်သံနှင့်အတူ ပစ်ထွက်သွားပြီး လေလမ်းကြောင်းရှည်ကြီးတစ်ခု ချန်ထားခဲ့ကာ၊ ချက်ချင်းဆိုသလို ခြေလှမ်း ၅၀၀ အကွာရှိ သစ်ပင်ကြီးတစ်ပင်သို့ ရောက်ရှိပြီး ပင်စည်ကို တိုက်ရိုက် ထိုးဖောက်သွားသည်။
ဒူးလေးအတွင်းမှ တရှပ်ရှပ် အသံများ ထွက်ပေါ်လာပြီး တစ်စုံတစ်ရာ လှည့်ပတ်နေသကဲ့သို့ပင်။
"ဒီဒူးလေးရဲ့ ပစ်ခတ်နိုင်တဲ့ အကွာအဝေးက သက်တံ့ထိုးဖောက်နဲ့တောင် နှိုင်းယှဉ်နိုင်တယ်။ ပိုပြီးတော့ သူ့ရဲ့ထိုးဖောက်နိုင်စွမ်းက အရမ်း အားကောင်းတယ်။ ဒါက နတ်ဘုရားလက်ဒူးလေးထက် အနည်းဆုံး သုံးဆ ပိုများတယ်။ ပိုပြီးတော့ နတ်ဘုရားလက်ဒူးလေးကို ဆွဲတင်ရတဲ့ ခွန်အားမျိုးလည်း မလိုအပ်ဘူး။ ကြိုးတပ်ဆင်ဖို့ အချိန်ပိုကြာတာပဲ ရှိတယ်။ ဒါပေမဲ့ ၁၀ ချက် ဆက်တိုက် ပစ်ခတ်တာဆိုတော့ ပျံသန်းနေသော ကျိုင်းကောင်ဒူးလေးတောင် မမီနိုင်ဘူး။ ဒီလက်နက်က တကယ်ပဲ ကြောက်စရာကောင်းတယ်။ လျင်မြန်သွက်လက်တဲ့ ကျွမ်းကျင်သူတွေ ရှိနေသရွေ့ လူအယောက် သုံးဆယ်လောက် ပူးပေါင်းလုပ်ဆောင်ရင် သိုင်းသူတော်စင်တစ်ဦးတောင် အန္တရာယ် ရှိနိုင်တယ်။ ဒါပေမဲ့ ပျော့ပြောင်းကျောက်စိမ်း ဆွဲဆန့်နိုင်သော သံမဏိက တန်ဖိုးကြီး ပစ္စည်းတစ်ခုပဲ။ ဘယ်လိုလုပ် အများကြီး ရှိနိုင်မှာလဲ။"
ဟုန်ယွိက တီးတိုးရေရွတ်သည်။
"အဲဒါကိုတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ သူတို့ဟာ ဆန်းကြယ်ကောင်းကင် ကုန်သွယ်ရေးအဖွဲ့က စစ်ရေးနဲ့ ဆက်သွယ်မှု ရှိပုံရတယ်" ဟု နင်ဂျာဘုန်းတော်ကြီးက ပြောသည်။
"ထိုက်ယီဂိုဏ်း၊ နှလုံးလက်သီးဂိုဏ်း၊ ယွမ်တုံးဂိုဏ်း၊ မှတ်စုသုံးခုဂိုဏ်း၊ လှိမ့်နေသော ကျောက်တုံးဂိုဏ်း၊ ဒီဂိုဏ်းတွေအားလုံးဟာ ဂိုဏ်းကြီးတွေပဲ။ သူတို့ရဲ့ ဂုဏ်သတင်းက ယောင်ချီဂိုဏ်းနဲ့ အထွဋ်အထိပ်ကောင်းကင်နယ်မြေတို့ထက် အနည်းငယ် နိမ့်ပေမဲ့ သူတို့မှာလည်း ကျွမ်းကျင်သူတွေနဲ့ ပြည့်နေတယ်။ သူတို့ထဲမှာ သိုင်းသူတော်စင် ဒါမှမဟုတ် တစ္ဆေအင်မော်တယ်တွေ မရှိပေမဲ့ ဂိုဏ်းခေါင်းဆောင်၊ အကြီးအကဲတွေနဲ့ အချို့ပညာရှင်တွေ ဟာ အဲဒီနယ်ပယ်တွေကို ရောက်လုနီးပါး ပုဂ္ဂိုလ်တွေချည်းပဲ။ ဒါပေမဲ့ ဒီလို အားကောင်းတဲ့ အင်အားစုကြီးက တကယ်ကို ပူးပေါင်းခဲ့တာလား။ ပြီးတော့ သူတို့က ချန်ပီယံမြို့စားရဲ့ ဆန်းကြယ်ကောင်းကင် ကုန်သွယ်ရေးအဖွဲ့နဲ့တောင် ပူးပေါင်းခဲ့တာလား။ ပြီးတော့ ကျောက်စိမ်းမြို့တော်ကို အတူတကွ သွားနေကြတယ်။ ဒါက ဘာကို ဆိုလိုတာလဲ။"
ဟုန်ယွိသည် စဉ်းစားလေလေ ပို၍ မျက်မှောင်ကြုတ်လေ ဖြစ်သည်။
ဆန်းကြယ်ကောင်းကင် နတ်ဘုရားလေးက တစ်ခု။ ထို့အပြင်, သိုင်းလောကရှိ ဂိုဏ်းကြီးတွေအားလုံး ပူးပေါင်းခဲ့ကြသည်။
သိုင်းလောက၏ ထိုဂိုဏ်းကြီးများသည် ဟုန်ယွိအတွက် ဘာမှ မဟုတ်ဘူးဆိုသည်ကို သိထားရမည်။ သို့သော်, ပုရွက်ဆိတ်များစွာက ဆင်တစ်ကောင် ကို ကိုက်သတ်နိုင်သေးသည်။ ထို့အပြင် သူတို့အားလုံး စုရုံးပြီး ကျောက်စိမ်းမြို့တော်ကို လာနေကြတာက နည်းနည်း ထူးဆန်းနေပါသည်။
"ဒီကိစ္စကို ခဏ မေ့ထားလိုက်ရအောင်။" ဟုန်ယွိက စဉ်းစားလိုက်သည်။ "မကြာသေးမီက၊ ကံအားလျော်စွာ၊ ငါ ဒိုင်ဇင်ဘုရားကျောင်းက ပစ္စုပ္ပန်ဗုဒ္ဓ ကျမ်းရဲ့ တစ်ဝက်ကို ရခဲ့တယ်။ အဲဒါကတော့ အပ်စိုက်မှတ် တစ်ရာ့ရှစ်ခုကို စုစည်းနိုင်တဲ့ နည်းလမ်းတွေပဲ။"
ထိုသို့ပြောရင်း ဟုန်ယွိက လက်ကို ဝှေ့ယမ်းလိုက်ရာ လေဟာနယ်ထဲမှာ အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး ထိုအက်ကွဲကြောင်းထဲက ကျမ်းစာတစ်ဝက် ပေါ်လာကာ နင်ဂျာဘုန်းတော်ကြီးထံ ပေးလိုက်သည်။
"ကောင်းလိုက်တာ၊ ကျမ်းစာတစ်ဝက်လား။ ဒါ ငါတို့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ ပစ္စုပ္ပန်ဗုဒ္ဓကျမ်းလား။ ဒါက ဘာလို့ ဒီမှာ ရှိနေတာလဲ။ မင်း ဘယ်လိုရခဲ့တာလဲ။" နင်ဂျာဘုန်းတော်ကြီး၏ လက်များက တုန်ယင်နေသည်။
ဟုန်ယွိက ကမ္မဗုဒ္ဓဆင်းတုတော်အကြောင်းနှင့် ကြင်ယာတော်ယွမ်က ဟာကူဇိယွဲ့မှတဆင့် သိခဲ့သည့် ပစ္စုပ္ပန်ဗုဒ္ဓကျမ်းကို သုံးပိုင်းခွဲပြီး နေရာအမျိုးမျိုးမှာ ဝှက်ထားခဲ့ပုံအကြောင်း ပြောပြခဲ့သည်။
"ဟင်း…၊ ပစ္စုပ္ပန်ဗုဒ္ဓမှာ ဓမ္မပုံစံ သုံးမျိုး ရှိတယ်။ ဓမ္မကာယ၊ နိရ်မာဏကာယနဲ့ သမ္ဘောဂကာယတို့ပဲ။ ကုသိုလ်တော် ဘုရားက သူတို့ထဲက တစ်ခုပဲ။ ဒါဆို ပစ္စုပ္ပန်ဗုဒ္ဓကျမ်းကို သုံးပိုင်း ခွဲထားတာပေါ့။ ဒါဆို ငါတို့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ မြေအောက်နန်းဆောင်မှာ ထိုက်ရှီတောင်ရဲ့ နဂါးဝိညာဉ်က ဘယ်ကာယကို ဖိနှိပ်ထားတာလဲ။" (နိရ်မာဏကာယကို ဖန်ဆင်းခြင်းကာယဟု၎င်း၊ သမ္ဘောဂကာယကို ချီးမြှင့်ခြင်းကာယဟု၎င်း မြန်မာလို မှတ်သားနိုင်ပါသည်။) ကာယ - ဟူသည် ခန္ဓာကိုယ်ဟု အဓိပ္ပာယ်ရပါသည်။)
နင်ဂျာဘုန်းတော်ကြီးက ခေါင်းခါလိုက်သည်။
"ငါလည်း မသိသေးဘူး။ နောက်မှ ပြောကြတာပေါ့။"
"ဒီအပ်စိုက်မှတ် တစ်ရာ့ရှစ်ခုကို စုစည်းတဲ့ နည်းလမ်းနဲ့ ငါ လူသားအင်မော်တယ်တစ်ဦး ဖြစ်လာမယ်လို့ မပြောရဲပေမဲ့ သိုင်းသူတော်စင်နယ်ပယ်ရဲ့ အထွတ်အထိပ်ကိုတော့ သေချာပေါက် ရောက်မှာပါ။ ငါ ဆေဘာသူတော်စင် ဂွန်ယန်ယုအောက် မနိမ့်တော့ပါဘူး။"
နင်ဂျာဘုန်းတော်ကြီးသည် စာအုပ်ကို ကလေးတစ်ဦးကို ကိုင်ထားသကဲ့သို့ ဂရုတစိုက် ကိုင်ထားသည်။ "ငါတို့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ ဂန္ထဝင်ကျမ်း အလင်းရောင်ကို ပြန်မြင်ရမယ်လို့ မမျှော်လင့်ခဲ့ဘူး။"
"သခင်လေး၊ မင်းသားက သခင်လေးကို တွေ့ချင်နေတယ်။ သူက နွေဦးမှာ ကျင်းပမယ့် အင်ပါယာ စာမေးပွဲအကြောင်း ဆွေးနွေးချင်တယ်လို့ ပြောတယ်။"
ဤအချိန်တွင် သွေးတစ်စက်က အပြင်ကနေ ခေါ်လိုက်သည်။
"ကောင်းပြီ…။ ငါ ချက်ချင်း လာခဲ့မယ်။"
ဟုန်ယွိက မတ်တပ်ရပ်လိုက်သည်။
နွေဦးရာသီ ရောက်ရှိလာခဲ့ပြီး၊ နန်းတော်၏ ပထမဆုံး အဓိက အရေးအခင်းမှာ အင်ပါယာ စာမေးပွဲ ဖြစ်သည်။
ဟုန်ယွိသည် ဤတစ်ကြိမ် အင်ပါယာ စာမေးပွဲကို အောင်မြင်ပြီး နန်းတော်၏ ဗဟိုအဖွဲ့အစည်းထဲကို ဝင်ရောက်ကာ တရားဝင် အရာရှိတစ်ဦး ဖြစ်လာချင်သည်။ အင်ပါယာ စာမေးပွဲကို အောင်မြင်ရန်မှာ တစ္ဆေအင်မော်တယ် ဖြစ်ရန် ကျင့်ကြံရသည်ထက် မလွယ်ကူသော်လည်း၊ မင်းသားယု၏ ဖြတ်လမ်းက ပံ့ပိုးကူညီမူဖြင့်ဆိုပါက ပိုပြီး လွယ်ကူလာလိမ့်မည်။
"နွေဦး မိုးခြိမ်းသံ၊ နွေဦးမိုးခြိမ်းသံ။ ဒါ ဘယ်တော့ ရောက်လာမလဲ မသိဘူး။" ဟုန်ယွိသည် မတ်တပ်ရပ်လိုက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်မိပါသည်။ နေရောင်က နွေးထွေးနေပြီး မည်းမှောင်နေသည့် တိမ်တိုက်တွေ မရှိခဲ့ပါဘူး။
"မြို့စား၊ ဒီနေ့၊ မှတ်စုသုံးခုဂိုဏ်း၊ လှိမ့်နေသောကျောက်တုံးဂိုဏ်း၊ ထိုက်ယီဂိုဏ်း၊ နှလုံးလက်သီးဂိုဏ်းနဲ့ ယွမ်တုံးဂိုဏ်းတို့ရဲ့ ခေါင်းဆောင်တွေနဲ့ အကြီးအကဲတွေကိုယ်တိုင် အစောင့်အရှောက်အဖြစ် တာဝန်ယူ ပို့ဆောင်လာတဲ့ ပစ္စည်းအားလုံးကို ကျောက်စိမ်းမြို့တော် ရွှေခန်းမရဲ့ ဂိုဒေါင်ကို ပို့ဆောင်ပြီးပါပြီ။"
ဤနေရာသည် ကြီးမားကျယ်ပြောပြီး၊ မြူခိုးများထနေသော နေရာလွတ်တစ်ခု ဖြစ်ကာ၊ လေးဖက်လေးတန်လုံး မှိုင်းမှိုင်းညို့ညို့အရောင် ရှိပြီး၊ ဖရိုဖရဲ အခြေအနေနှင့် တူသော်လည်း ဖရိုဖရဲအခြေအနေမျိုး မဟုတ်ပေ။ ရံဖန်ရံခါ ထိုဖရိုဖရဲအခြေအနေအတွင်း၌ ကြည်လင်သောချီများ စီးဆင်းနေသည်။
ဤနေရာသည် ဝိညာဉ်ကမ္ဘာတစ်ခု ဖြစ်သည်မှာ ထင်ရှားပါသည်။
သို့သော် စကြာဝဠာအိတ်နှင့် နှိုင်းယှဉ်ရင် ဤကမ္ဘာငယ်သည် အများကြီး သေးငယ်ပြီး၊ အချင်းဝက် ငါးမိုင် (သို့) ခြောက်မိုင်လောက်သာ ရှိကာ၊ အမြင့်ပေ သုံးဆယ်ကျော်လောက်သာ ရှိပါလိမ့်မည်။ ထို့အပြင် တောက်ပပြီး ကြည်လင်သော ရုပ်အငွေ့အသက်မျိုး မရှိဘဲ၊ ကောင်းကင်နှင့် မြေကြီး စတင်ကာ အရာအားလုံး ပုံမပေါ်သေးသည့် မူလအခြေအနေနှင့် ဆင်တူနေသည်။
၎င်းသည် မြေကြီးအရောင်ရှိသော မြို့ငယ်လေးတစ်ခုနှင့် ပိုတူသည်။
အချင်းဝက် ငါးမိုင် ခြောက်မိုင်ဝန်းကျင်သည် မြို့တစ်မြို့၏ အရွယ်အစားဖြစ်သည်။ အကယ်၍, ပစ္စည်းများ သိုလှောင်ရန် အသုံးပြုပါက အများအပြား သိမ်းဆည်းထားနိုင်သည်။
ဤနေရာသည် ဖန်ဆင်းခြင်းဗူးသီးထဲက ဝိညာဉ်ကမ္ဘာ ဖြစ်ပါသည်။
ချန်ပီယံမြို့စားသည် ဆံပင်တိုတို၊ ပွယောင်းယောင်းရှိသော ပိုးသားဝတ်ရုံကို ဝတ်ထားတုန်းပင်။
သူ့ရှေ့တွင် ကြီးမားသော ကျောက်တုံးတစ်တုံး ရှိနေပြီး၊ ကျောက်စိမ်းရိုင်းတုံး တစ်တုံးနှင့် ပိုတူသည်။ ၎င်းသည် လူတစ်ဦး၏ အရပ်ထက်ပင် မြင့်မားပြီး ဥပုံသဏ္ဌာန် ရှိကာ အပေါက်အနည်းငယ် ရှိသည်။ ကျောက်တုံးအတွင်း၌ ဝိုးတဝါး တစ်စုံတစ်ရာက သန္ဓေတည်နေပုံရပြီး၊ လူနှင့်လည်း မတူ၊ မျောက်နှင့်လည်း မတူသည့် ပုံသဏ္ဌာန်တစ်ခု ရှိနေသည်။ ၎င်းသည် မည်သည့် နတ်ဘုရားကျောက်တုံး အမျိုးအစား ဖြစ်သည်ကို မသိရပေ။
ဤအချိန်တွင် မင်းသမီး ယူလူလက်သည် ချန်ပီယံမြို့စား၏ နောက်တွင် ရပ်နေသည်။ သူမသည် လက်ရာမြောက်သော သားရေဘွတ်ဖိနပ်နှင့် ထူးခြားဆန်းပြားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ပြည့်ဖြိုးသော ရင်သားများဖြင့် သူမပုံစံက ပြိုင်ဘက်ကင်း အလှမယ်တစ်ဦးသဖွယ် ဖြစ်နေပါသည်။
"အော်…။ သူတို့အားလုံး ရောက်လာကြပြီလား။ သူတို့ ပစ္စည်းတွေကို ကျောက်စိမ်းနဂါးတောင် ပေါ်က ဖန်ရှင်းတာအိုဂိုဏ်းရဲ့ တာအိုဘုရားကျောင်းကို ပို့ဆောင်ခိုင်းပြီး ဆေးလုံးတွေအဖြစ် သန့်စင်ခိုင်းလိုက်။ နွေဦးရောက်လာပြီ၊ နွေဉီးမိုးခြိမ်းသံက မကြာခင် ရောက်လာတော့မယ်။ နောက်ထပ် မိုးခြိမ်းသံ တစ်ချက်ပဲ လိုတယ်။ ဒီမှော်ကျောက်တုံးထဲက အရာက ရုပ်ခန္ဓာကိုယ်ပုံစံအဖြစ် စုစည်းပြီး အသက်ရှိ လူသားတစ်ဦး ဖြစ်လာတော့မယ်။ ပြီးရင် ကျောက်တုံးထဲကနေ ဖောက်ထွက်လာလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ငါ့မှာ အဓိကကိုယ်ပွားတစ်ဦး ရရှိလာလိမ့်မယ်။ ဒီကိုယ်ပွားက လူသားအင်မော်တယ်တစ်ဦးတောင် ဖြစ်လာဖွယ်ရှိတယ်”။
ချန်ပီယံမြို့စားသည် မင်းသမီး ယူလူလက်ဆီသို့ လျှောက်သွားပြီး၊ ဤပြိုင်ဘက်ကင်း အလှမယ်နှင့် ထူးခြားဆန်းပြားသော မင်းသမီး၏ ခါးကို ဖက်လိုက်ပြီးနောက် သူ့လက်ကို သူမ၏ လည်ပင်းထဲသို့ ထည့်လိုက်သည်။
မင်းသမီး ယူလူလက်က ကိုယ်ကို လှည့်လိုက်ပြီး သူမရှေ့က မှော်ကျောက်တုံးကို ကြည့်ကာ လေးနက်စွာ ပြောသည်။ "ဒါက တကယ်ကို ထူးဆန်းတာပဲ။ နတ်ဘုရားလေနိုင်ငံရဲ့ မက်မွန်ပင်တွေဟာ လူသားသန္ဓေသား တည်နိုင်တယ်ဆိုတာလောက်ပဲ ငါ သိထားတာ။ ဒါပေမဲ့ ကျောက်တုံးကလည်း လူသားပုံစံ သန္ဓေတည်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။
"ကျောက်တုံး အက်ကွဲကြောင်းထဲက ခုန်ထွက်လာတဲ့ ဇာတ်လမ်းကို မင်း မကြားဖူးဘူးလား။ ငါ ဒီ မှော်ကျောက်တုံးကို ကောင်းကင်တိုင် တောင်ထိပ်မှာ တွေ့ခဲ့တာ။ သူက ဝိညာဉ်သန္ဓေသားတစ်ခု မွေးဖွားပေးလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ သစ်ပင်တစ်ပင်ကတောင် လူသားပုံစံ မွေးဖွားနိုင်မှတော့ ကျောက်တုံးကလည်း မွေးဖွားနိုင်တာပဲ။ မက်မွန်နတ်ဘုရားဂိုဏ်းရဲ့ အထွက်မြက် မှော်ခုနစ်ပါးထဲက တစ်ခုဖြစ်တဲ့ စိတ်ဝိညာဉ် ဖြိုခွဲရုပ်သေးဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်အမျိုးစားတစ်ခုပဲ။ ရှေးခေတ်က သူတော်စင် ဧကရာဇ်တစ်ဦးကို ကျောက်တုံးကနေ မွေးဖွားလာတာလို့ အဆိုရှိကြတယ်။ ဒါပေမဲ့ မက်မွန်ပင်ထဲမှာ ဝိညာဉ်သန္ဓေသားကို မွေးဖွားဖို့ဆိုရင် အနည်းဆုံး တစ်သောင်းနှစ်ကြာပြီး မရေမတွက်နိုင်တဲ့ မိုးကြိုးလျှပ်စီးဒဏ်ကို ခံကြရတယ်။ နောက်ဆုံးမှာမှ ကံကောင်းထောက်မပြီး မွေးဖွားလာနိုင်တာ။ ဒါပေမဲ့ ကျောက်တုံးထဲမှာ ဝိညာဉ်သန္ဓေသားတစ်ဦး မွေးဖွားဖို့ဆိုရင် နှစ်သန်းတစ်ရာတောင် ကြာနိုင်တယ်။"
ချန်ပီယံမြို့စားက ကောက်ကျစ်စွာ ပြုံးပြီး ပြောသည်။ "ဒီမှော်ကျောက်တုံးဟာ ကျောက်စိမ်းရိုင်း တစ်ပိုင်းပဲ။ အနှစ်သာရ စွမ်းအင်တွေနဲ့ ပြည့်နေ တယ်။ ကောင်းကင်တိုင် တောင်မှာ သူဟာ နှစ်ပေါင်းများစွာ လေနဲ့ မိုးဒဏ်ကို ခံခဲ့ရတယ်။ ဒီနှစ်မှာ နွေဦး မိုးခြိမ်းသံသာ ဒီကျောက်တုံးကို ထိမှန်ခဲ့ရင် ဝိညာဉ်သန္ဓေသားက ခုန်ထွက်လာလိမ့်မယ်။ သူဟာ လူသားအင်မော်တယ် စွမ်းအားနဲ့ မွေးဖွားလာပြီး ငါ့ကိုယ်ပွား ဖြစ်လာလိမ့်မယ်။ သူ့ကို ငါ့ရဲ့သွေးမျိုးဆက်နဲ့ ချိတ်ဆက်ထားမယ်။ အဲဒီအချိန်ကျရင် ဟုန်ရွှန်ကျိတောင် ငါ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး။ ဟွန်း…။ ဟုန်ရွှန်ကျိကများ ယောင်ချီဂိုဏ်းက အမေနဲ့သမီးကို မထိဖို့ ငါ့ကို သတိပေးရဲတယ်။ အခုချိန်မှဦ ငါ သူ့ကို သတ်နိုင်တယ်ဆိုပေမဲ့ ပေးဆပ်ရမယ့် တန်ဖိုးက အရမ်း မြင့်မားတယ်။ ဒီဝိညာဉ်သန္ဓေသားကို သူ့ကို ဖိနှိပ်ခိုင်းထားရင်, လုံလောက်ပြီ။"
"ရှင် ဘာလို့ ဒီလောက် ရမ္မက်ကြီးနေရတာလဲ။ အဲဒီတုန်းက ကောင်းကင် မြွေဘုရင်မကိုတောင် စနောက်ရဲသေးတယ်။" ယူလူလက်က သက်ပြင်းချလိုက်သည်။ "အခုဆို, ဟုန်ရွှန်ကျိရဲ့ မိန်းမကိုတောင် စနောက်ရဲနေပြီ။ ဒါပေမဲ့ ရှင် အခုနက ဟုန်ရွှန်ကျိကို သတ်နိုင်တယ်လို့ ပြောခဲ့တယ်။ ရှင့်လက်ထဲမှာ ဝှက်ဖဲတစ်ခု ရှိနေသေးတယ် ထင်တယ်။"
"ဟုန်ရွှန်ကျိရဲ့ မိန်းမတင်မကဘူး၊ အဲဒီ ကြင်ယာတော်ယွမ် ညှို့ငင်မြေခွေးဘုရင်မကလည်း မဆိုးဘူး။" ချန်ပီယံမြို့စားက ထပ်ပြုံး လိုက်သည်။ "ငါ့မှာ ဝှက်ဖဲ ရှိနေသေးတာ သေချာတာပေါ့။ ဒါပေမဲ့ အဲဒါက ဟုန်ရွှန်ကျိကို ရင်ဆိုင်ဖို့ မလုံလောက်ဘူး။ နှစ်ဖက်လုံး ထိခိုက်မှု ရှိနိုင်ခြေ အရမ်းများတယ်။ အဲဒီတုန်းက ငါ ကောင်းကင် မြွေဘုရင်မကို စကားလုံးနဲ့ စနောက်လိုက်တာ၊ သူမရဲ့ ကိုယ်ပွားက ငါ့ကိုသတ်ဖို့ ရောက်လာခဲ့တယ်။ ငါ အနောက်တိုင်းဒေသကို ထွက်ပြေးရပြီး၊ အခု ကံကောင်းခြင်းတွေ မရခဲ့ဘူးလား။ ဒီနတ်ဘုရား ကျောက်တုံးဆို, သူမ ငါ့ကိုလိုက်တုန်းက ကံအားလျော်စွာ တွေ့ခဲ့တာရပဲ။"