← Chapters

ကံကြမ္မာဟူသော အရာမှာ စကားလုံးများဖြင့် ဖော်ပြ၍မရလောက်အောင် အံ့အားသင့်ဖွယ် ကောင်းလှသည်

Vol. 9 Ch. 85

ကံကြမ္မာဟူသော အရာမှာ စကားလုံးများဖြင့် ဖော်ပြ၍မရလောက်အောင် အံ့အားသင့်ဖွယ် ကောင်းလှသည်

Vol. 9 Ch. 85

ဤပြိုင်ပွဲတွင် မည်သူ အနိုင်ရမည်ကို ခန့်မှန်းရခက်ခြင်း မရှိပေ။

ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့သည် သူတို့၏ ပြိုင်ဘက်အားလုံးကို လွှမ်းမိုးထားသော အရှိန်အဟုန်ဖြင့် ချေမှုန်းပစ်ခဲ့ကြပြီး ရှန်ကျန်းဂိုဏ်းဝင်များ၏ အံ့အားသင့်တုန်လှုပ်မှု လေးစားမှုနှင့် ချီးကျူးမှုများကြားတွင် ပထမဆုကို ရရှိသွားကြသည်။

ကျုံးချင်သည် ဤရလဒ်အပေါ် မအံ့သြခဲ့ချေ။

နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူနှစ်ဦးက ဤပြိုင်ပွဲမျိုးတွင် ရှုံးနိမ့်သွားခဲ့လျှင် သရဲတစ္ဆေခြောက်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ကျန်ရှိသော အချိန်များသည် ရှည်လျားပြီး စိတ်ဝင်စားစရာမကောင်းသော ပိတ်ပွဲအခမ်းအနားသာဖြစ်သည်။

ကျုံးချင်သည် ဤအရာများအပေါ် လုံးဝစိတ်ဝင်စားမှုမရှိပေ။

နောက်ဆုံးရလဒ်ကို သိရှိပြီးနောက် သူ ထွက်ခွာခဲ့သည်။

ထိုနေရာတွင် ထိုင်စောင့်နေသည်ထက် တောင်အောက်ဆင်းပြီး ဝိုင်အရက်သွားသောက်ခြင်းက ပို၍စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။

လေများတိုက်ခတ်ပြီး တိမ်များကွဲသွားကာ အဝါရောင်ဖုန်မှုန့်များ နေရာအနှံ့ ပျံ့လွင့်နေပေ၏။

ကျုံးချင်သည် တောင်ပေါ်မှ ဆင်းလာခဲ့ပြီး ရှေးဟောင်းလမ်းမကြီးတစ်ခုကို ဖြတ်သန်းကာ သေမျိုးမြို့တစ်မြို့သို့ ရောက်ရှိလာခဲ့သည်။

လမ်းများပေါ်တွင် လမ်းသွားလမ်းလာ အမြောက်အများ သွားလာနေကြပြီး မြင်းရထားများကလည်း အဆုံးမရှိ မောင်းနှင်သွားလာနေကြသည်။

ဤလူများအနက် လှည့်လည်သွားလာနေသော သူရဲကောင်းများ ကုန်သည်များ ဈေးသည်များနှင့် နယ်ပယ်ပေါင်းစုံမှ လူများ ပါဝင်သည်။

ဤကမ္ဘာသည် အားကောင်းသူကို လေးစားပြီး ကျင့်ကြံခြင်းက အဓိကကျသော ကမ္ဘာတစ်ခု ဖြစ်သော်လည်း သာမန်ပြည်သူများကြားတွင် ကျင့်ကြံခြင်းပါရမီရှိသူများသည် နောက်ဆုံးတွင် လူနည်းစုသာ ဖြစ်နေဆဲပင်။

လူအများစုသည် နေ့စဉ်စားဝတ်နေရေးအတွက် အလုပ်ရှုပ်နေကြဆဲဖြစ်သည်။

ကျုံးချင်၏ရှေ့တွင် အရက်ဆိုင်တစ်ဆိုင် ရှိနေပေ၏။

ထိုအရက်ဆိုင်ငယ်လေးထဲတွင် စီးပွားရေးကောင်းမွန်နေပြီး ထိုင်ခုံအားလုံးနီးပါး လူပြည့်နေသည်။

"သခင်လေး ကြွပါ...."

ကျုံးချင် အရက်ဆိုင်အဝင်ဝသို့ ရောက်ချိန်၌ စားပွဲထိုးလေးက အပြုံးဖြင့် နှုတ်ဆက်ကာ အထဲသို့ ဖိတ်ခေါ်လိုက်သည်။

"ဝိုင်အရက်အိုးကြီး နှစ်လုံး.... အမဲသားပေါင်း သုံးပေါင်...မြေပဲတစ်ပန်းကန်နဲ့ ဝက်လက်ပေါင်း နှစ်ပေါင်ချပေးပါ"

ဤအရက်ဆိုင်တွင် ကျုံးချင်ကို ဖောက်သည်ဟောင်းတစ်ဦးဟုလည်း သတ်မှတ်နိုင်သည်။

မကြာမီ သူ မှာယူထားသော ဝိုင်အရက်နှင့် ဟင်းပွဲများအားလုံး ရောက်လာသည်။

သူသည် ဝိုင်အရက်သောက်ကာ အသားစားရင်း ဆိုင်အတွင်း၌ ဝင်ထွက်သွားလာနေကြသော ချမ်းသာသည့် ကုန်သည်ကြီးများ ဆွေးနွေးပြောဆိုနေကြသည့် ကမ္ဘာ့နေရာစုံမှ ထူးဆန်းသော ဇာတ်လမ်းများကို နားထောင်နေသည်။ ဤသည်မှာ ဘဝ၏ ထူးခြားသော အရသာတစ်မျိုးပင်။

ထိုစဉ် အပေါက်ဝသို့ သူတောင်းစားအဘိုးအိုတစ်ဦး ရောက်လာသည်။

"သွား....သွား...သွား..."

"သူတောင်းစား ....ငါ တာဝန်ခံတဲ့ နေရာကို မညစ်ပတ်စေနဲ့ ....ငါ့ရဲ့ဧည့်သည်တွေကို မျက်စေ့နောက်အောင် မလုပ်နဲ့"

သူတောင်းစားအဘိုးအိုသည် တံခါးဝသို့ပင် မရောက်သေးခင် အစေခံကောင်လေးတစ်ယောက်က မောင်းထုတ်လိုက်သည်။

သူတောင်းစားအဘိုးအိုက သွားဖြဲ၍ ပြုံးလိုက်ပြီး ဒေါသတကြီး ပြောဆိုလိုက်၏။

"တခြားလူတွေ ဝင်လို့ရပြီး ငါ့ကျမှ ဘာလို့ ဝင်လို့မရတာလဲ...."

အစေခံကောင်လေးက ခါးထောက်ကာ မျက်မှောင်ကြုတ်ပြီး အေးစက်တင်းမာစွာ ခွန်းတုံ့ပြန်လိုက်သည်။

"ခင်ဗျားမှာ ပိုက်ဆံရှိလို့လား"

စိတ်ဝိညာဉ်ကို ထိုးဖောက်သွားသည့် မေးခွန်းကဲ့သို့သော ထိုစကားတစ်ခွန်းက သူတောင်းစားအဘိုးအိုကို နေရာမှာပင် ကြောင်အသွားစေသည်။

ကမ္ဘာပေါ်တွင် ရင်ကွဲစရာစကားလုံး မည်မျှထိများများက ဟန်ဆောင်မှုမရှိသော ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် မွေးဖွားလာတတ်သနည်း။

အချိန်တခဏကြာမျှ ကြောင်အသွားပြီးနောက် သူတောင်းစားအဘိုးအိုက သူ၏လက်များကို ပွတ်သပ်ရင်း ရယ်ရယ်မောမောဖြင့် ပြောဆိုလိုက်သည်။

"ညီလေး ပိုက်ဆံလား... ဒီသူတောင်းစားအိုကြီးဆီမှာ ပိုက်ဆံတော့ မရှိဘူး.... ဒါပေမဲ့ ငါ့မှာ ရတနာတချို့ ရှိတယ်.... ပိုက်ဆံနဲ့ ဝယ်လို့မရတဲ့ ပစ္စည်းကောင်းတွေပေါ့"

စကားပြောဆိုနေရင်း သူ၏ရင်ခွင်ထဲမှ လျှို့ဝှက်လက်စွဲစာအုပ်တချို့ကို ထုတ်ယူလိုက်သည်။

"မင်းရဲ့ အရိုးတွေက သာမန်မဟုတ်တာကို ငါ တွေ့ရတယ်.....ပြီးတော့ မင်းရဲ့ကောင်းကင်မျက်လုံးကနေ စိတ်ဝိညာဉ်အလင်းတန်းတစ်တန်း ဖြာထွက်နေတယ်"

"မင်းက အင်မော်တယ်တာအိုကို ကျင့်ကြံဖို့အတွက် မျိုးစေ့ကောင်းလေးပဲ"

"တွေ့ဆုံရတာ ကံပါပဲ...ဒီလျှို့ဝှက်လက်စွဲစာအုပ်တွေထဲက မင်း ကြိုက်တာတစ်ခု ရွေးလိုက်... ငါအာမခံတယ်...မင်းက ကျင့်ကြံခြင်းလမ်းစဉ်ပေါ် လျှောက်လှမ်းနိုင်လိမ့်မယ်"

"ဒါက တရားမျှတတဲ့ ဈေးနှုန်းပဲ...ဝိုင်အရက်နှစ်အိုးနဲ့ လဲရုံပဲ"

အရက်ဆိုင်အတွင်းတွင်ရှိနေသော ကျုံးချင် သဘောကျသွားသည်။

ဤသူတောင်းစားအဘိုးအိုက အလွန်စိတ်ဝင်စားစရာကောင်းသော ဇာတ်ကောင်ပင်။

ဤပုံစံ ဤမြင်ကွင်းများအားလုံးက သူ့ကို တစ်စုံတစ်ခုအား အမှတ်သွားသကဲ့သို့ ခံစားရစေသည်။

တံခါးအဝင်ဝရှိ အစေခံကောင်လေး၏ မျက်နှာသည် ချက်ချင်းမည်းမှောင်သွားသည်။

လောကီကမ္ဘာတွင် မည်သည့်ကျင့်ကြံခြင်းနည်းစနစ် လျှို့ဝှက်လက်စွဲစာအုပ်မဆို တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ကြသည်။

လျှို့ဝှက်လက်စွဲစာအုပ်တိုင်းသည် ဂိုဏ်းအသီးသီးနှင့် ထိပ်သီးမိသားစုကြီးများက ပြင်ပသို့ မပေါက်ကြားအောင် ထိန်းသိမ်းထားသော လျှို့ဝှက်ချက်များ ဖြစ်သည်ဟု ဆိုနိုင်ပေ၏။ ရံဖန်ရံခါ၌ မပြည့်စုံသော နည်းစနစ်အပိုင်းအစများ ပျံ့နှံ့လာလျှင်ပင် အစွမ်းထက်ပြီး ချမ်းသာသော ပုဂ္ဂိုလ်များ၏ လက်ထဲတွင် တင်းကြပ်စွာ ထိန်းသိမ်းထားလေ့ရှိသည်။

ဤအရာများသည် သူတို့ကဲ့သို့ သာမန်ပြည်သူများ ပိုင်ဆိုင်နိုင်သည့် အရာများ မဟုတ်ချေ။

ယခုချိန်၌ ဤသူတောင်းစားအဘိုးအိုက ကျင့်ကြံခြင်းနည်းစနစ်များအကြောင်း ပြောနေပြီး သူ၏လက်ထဲတွင်လည်း စာအုပ်အပုံလိုက်ကို ကိုင်ထားသည်။

'ဒါက ကျင့်ကြံခြင်းနည်းစနစ်စာအုပ် လက်ကားဒိုင်လား'

သူ စဉ်းစားနေရန်ပင် မလိုချေ။ ဤအရာများသည် အတုများသာ ဖြစ်ပေမည်။

ဤသူတောင်းစားအဘိုးအိုသည် အမှိုက်စာအုပ်ပုံကြီးကို အသုံးပြုပြီး သူ၏ဉာဏ်ရည်ကို စော်ကားနေခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။

"အဘိုးကြီး....ခင်ဗျားကို နောက်ဆုံးအကြိမ် သတိပေးမယ်....အခုချက်ချင်း ထွက်သွားစမ်း..."

"ခင်ဗျား မသွားရင် ကျွန်တော် ခင်ဗျားကို ယဉ်ကျေးတော့မှာ မဟုတ်ဘူးနော်..."

သူ၏လေသံသည် မဖော်ရွေတော့ချေ။

"ဟေး ဟေး....အရာရာကို ဆွေးနွေးလို့ရပါတယ်ကွ...ဘာလို့ ဒီလောက်ထိ ဒေါသထွက်နေရတာလဲ"

"ဒါတွေအကုန်လုံးက အစစ်တွေပါ"

"မင်း သေသေချာချာ စဉ်းစားနော် ဒီရွာကို ကျော်သွားရင် ဒီဆိုင်ကို ထပ်တွေ့ရတော့မှာ မဟုတ်ဘူး"

သူတောင်းစားအဘိုးအိုက အဓိပ္ပာယ်ပါပါ ပြောဆိုလိုက်သည်။

ဆူညံနေသော အရက်ဆိုင်အတွင်းမှ ကြမ်းတမ်းသော အော်ငေါက်သံတစ်သံ ထွက်ပေါ်လာသည်။

"ကွေ့စန်းအာ....ဖောက်သည်တွေ ဘယ်လောက်များနေလဲဆိုတာ မင်း မမြင်ဘူးလား.... သူတောင်းစားတစ်ယောက်နဲ့ ဘာလို့ အချိန်ကုန်ခံနေတာလဲ"

"မင်း အလုပ်မလုပ်ချင်တော့ဘူးလား....အလုပ်မလုပ်ချင်ရင် ထွက်သွားစမ်း..."

ကွေ့စန်းအာက သူ အလွန်နစ်နာသွားသည်ဟု ခံစားလိုက်ရသည်။

"တာဝန်ခံ..ကျွန်တော်က ပျင်းနေတာ အပါးခိုနေတာ မဟုတ်ပါဘူး"

"ဒီသူတောင်းစားအိုကြီးက ကျွန်တော့်ကို အတင်းဆွဲထားပြီးတော့ ကျင့်ကြံခြင်းနည်းစနစ်တွေကို ဝိုင်အရက်နဲ့လဲမယ်လို့ ပြောနေလို့ပါ"

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်နေရာတဝိုက်လုံးမှ ရယ်မောသံများ ပွင့်အံ့ထွက်လာသည်။

ထူးဆန်းသောကိစ္စများ နှစ်စဥ်နှစ်တိုင်း ဖြစ်တတ်သော်လည်း ဤနှစ်တွင် အထူးများပြားနေသည်။

ရှေးဟောင်းပစ္စည်းများ သို့မဟုတ် ရတနာများကို ဝိုင်အရက်အတွက် ပေါင်နှံခြင်းမျိုးအာစ သူတို့ ကြားဖူးကြသည်။

သို့သော် ကျင့်ကြံခြင်းနည်းစနစ်စာအုပ်များကို ဝိုင်အရက်နှင့် လဲလှယ်သည်ဆိုသည်မှာ အမှန်တကယ်ကို သူတို့ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

ယနေ့တွင် သူတို့ အမှန်တကယ့်ကို အမြင်ကျယ်သွားလေပြီ။

တာဝန်ခံက စိတ်မရှည်စွာဖြင့် လက်ကာပြလိုက်သည်။

"သူတောင်းစားစုတ်ကို တုတ်နဲ့ရိုက်ထုတ်လိုက်"

"ဧည့်သည်တွေရဲ့ စိတ်အခြေအနေကို အနှောင့်အယှက် မဖြစ်စေနဲ့"

သူ၏အသံဆုံးသည်နှင့် အစောင့်လေးငါးယောက်က ချက်ချင်းပြေးထွက်သွားကြသည်။

"ရပ်လိုက်စမ်း"

ကျုံးချင် သည်းမခံနိုင်တော့ချေ။

"သူ့ရဲ့ဝိုင်အရက်ဖိုးကို ငါ ရှင်းမယ်"

ကျုံးချင်၏စကားသံ ထွက်ပေါ်လာသည်နှင့် တာဝန်ခံ၏မျက်နှာထား ချက်ချင်းပြောင်းလဲသွားသည်။

"ကောင်းပါပြီ သခင်လေး...ကျေးဇူးပြုပြီး ခင်ဗျား ဝင်ခဲ့ပါ"

ထိုစကားကို ကြားချိန်၌ သူတောင်းစားအဘိုးအိုသည် ခေါင်းမော့ရင်ကော့ကာ အရက်ဆိုင်ထဲသို့ ဝင်လာခဲ့သည်။

ထို့နောက် သူသည် ရင်းနှီးကျွမ်းဝင်စွာဖြင့် ကျုံးချင်၏အနီးသို့ ချဥ်းကပ်လာပေ၏။

ထို့နောက် သူက ပြုံးရွှင်နေသော မျက်နှာထားဖြင့် သူက ပြောဆိုလိုက်သည်။

"ညီလေး ကျေးဇူးပဲ....မင်းက သဘောထားကြီးပြီး ကြင်နာတတ်တာကို တွေ့ရတော့ ငါ မင်းဆီကနေ အမြတ်မထုတ်ပါဘူး"

"ငါ့ဆီမှာ ကျင့်ကြံခြင်းနည်းစနစ်ကိုးခုရှိတယ်.... ဒါတွေအားလုံးက အဆင့်မြင့် ကျင့်ကြံခြင်းနည်းစနစ်တွေချည်းပဲ"

"မင်း တစ်ခု ရွေးလိုက်ပါလား... ဝိုင်အရက်နှစ်အိုးဖိုးနဲ့ ညီမျှတယ်လေ"

ဤအဘိုးကြီး၏လက်ထဲရှိ ကျင့်ကြံခြင်းနည်းစနစ်များမှာ အစစ်များဖြစ်ကြောင်း ကျုံးချင် တစ်ချက်ကြည့်လိုက်ရုံဖြင့် သိလိုက်သည်။

ထို့အပြင် ထိုကျင့်ကြံခြင်းနည်းစနစ်များအားလုံးမှာ အလွန်ကောင်းမွန်ပြီး ဘုရင်အဆင့် ကျင့်ကြံခြင်းနည်းစနစ်များ ဖြစ်ကြသည်။

ဤအချက်က သူ့ကို အနည်းငယ် အံ့အားသင့်သွားစေသည်။

ဘုရင်အဆင့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုသည် ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်း၏ အစောင့်အရှောက်နည်းစနစ်ဖြစ်ရန် လုံလောက်ပေ၏။

ထိုကဲ့သို့ ကျင့်ကြံခြင်းနည်းစနစ်ကို ပေါ့ပေါ့ပါးပါး ထုတ်ပြနိုင်သူသည် သာမန်လူတစ်ယောက် မဟုတ်နိုင်ချေ။

သူသည် ချက်ချင်းဆိုသလိုပင် ကောင်းကင်ဘုံမျက်လုံးကို အသုံးပြုပြီး သူတောင်းစားအဘိုးအိုကို စစ်ဆေးကြည့်လိုက်သည်။

တစ်ဖက်လူ၏ သတင်းအချက်အလက်များနှင့် လျှို့ဝှက်ချက်များကို သူ ရှင်းလင်းစွာ သိလိုက်ရသည်။

ဤအချက်က သူ့ကို ထပ်မံ၍ အနည်းငယ် အံ့အားသင့်သွားစေသည်။

ဤသူတောင်းစားအဘိုးအိုထံတွင် ထိုကဲ့သို့ အထောက်အထားမျိုး ရှိနေလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။

သို့သော် သူ ဂရုမစိုက်ပေ။

အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် သူက ပြောဆိုလိုက်သည်။

"တွေ့ဆုံရတာ ကံပါပဲ.....ကျင့်ကြံခြင်းနည်းစနစ်တွေ မလိုပါဘူး"

"ဒီနေ့ ခင်ဗျားရဲ့ ဝိုင်အရက်ဖိုးကို ကျွန်တော် တာဝန်ယူပါ့မယ်"

"ခင်ဗျား သောက်ချင်သလောက် သောက်ပါ"

ထိုစကားကို ကြားချိန်၌ သူတောင်းစားအဘိုးအိုသည် ပျော်ရွှင်ပုံမရဘဲ သူ၏နားရွက်များနှင့် ပါးများကို ကုတ်ဖဲ့ကာ စိုးရိမ်ပူပန်နေပုံ ပေါက်လာသည်။

"အိုး ညီလေး....မင်းလည်း ဟိုသာမန်လူတွေလိုပဲ... ဒီကျင့်ကြံခြင်းနည်းစနစ်တွေက အတုတွေလို့ ထင်နေတာလား"

"ငါ မင်းကို ပြောပြမယ်..."

သူ၏ စကားမဆုံးခင် ကျုံးချင်က အပြုံးနှင့် ပြောဆိုလိုက်သည်။

"ဝိုင်အရက်သောက်တယ်ဆိုတာ စိတ်အခြေအနေနဲ့ သက်ဆိုင်တယ်.... စိတ်အခြေအနေ မကောင်းရင် တခြားအကြောင်းအရာတွေ ဆွေးနွေးနေလို့ ဘာထူးမှာလဲ"

"လာပါ ဒီခွက်ကို မော့လိုက်ကြရအောင်"

ဤသဘောထားက သူတောင်းစားအဘိုးအိုကို အနည်းငယ် ကြောင်အသွားစေသည်။

သူက နှုတ်ခမ်းကို လျှာဖြင့်သပ်ပြီး ပြောဆိုလိုက်သည်။

"စိတ်ဝင်စားစရာ စကားပဲ"

"ညီလေး အဲ့ဒီစကားနဲ့တင် ဒီသူတောင်းစားအိုကြီးက မင်းကို မိတ်ဆွေအဖြစ် သတ်မှတ်လိုက်ပြီ"

"လာ....ဒီသူတောင်းစားအိုကြီးက မင်းအတွက် တစ်ခွက်ဂုဏ်ပြုတယ်"

လူသားများ၏ဆက်ဆံရေးသည် မကြာခဏဆိုသလို အံ့အားသင့်စရာ ကောင်းပေ၏။

တချို့လူများသည် ဆယ်စုနှစ် ရာစုနှစ်များချီ၍ သိကျွမ်းသော်လည်း သူစိမ်းများကဲ့သို့ ဖြစ်နေတတ်သည်။

တချို့ကမူ ဝိုင်အရင်တစ်ခွက်ဖြင့်ပင် မိတ်ဆွေများ ဖြစ်သွားကြသည်။

ကံကြမ္မာဟူသော အရာမှာ စကားလုံးများဖြင့် ရှင်းပြ၍မရလောက်အောင် အံ့အားသင့်ဖွယ် ကောင်းလှသည်။

...

All Chapters