အခန်း (၃၀၃-၃၀၄)
Vol. 28 Ch. 303-304
အခန်း (၃၀၃)။
"ကောင်းကင်နဲ့ မြေကြီးဟာ တကယ်ကို နက်နဲဆန်းကြယ်တာပဲ။ ဒီလိုမျိုးအရာတစ်ခု တကယ်ရှိနေတာ။ ဒါပေမဲ့ မက်မွန်နတ်ဘုရားဂိုဏ်းရဲ့ ရတနာ ခုနစ်ပါးထဲမှာ ဆန်းကြယ်ဆုံးကတော့ စိတ်ဝိညာဉ် ဖြိုခွဲရုပ်သေးပဲ။ မက်မွန်နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်တုန်းက လျှပ်စီးထိမှန်ထားတဲ့ နှစ်တစ်သောင်း သက်တမ်းရှိ မက်မွန်နတ်ဘုရား သစ်သားကိုပဲ တွေ့ရှိခဲ့တာ။ အဲဒီကနေ ခုနစ်လက်မအရွယ် ကလေးတစ်ဦးကို မွေးဖွားခဲ့တယ်။ အဲဒါကို မှော်ဘဏ္ဍာအဖြစ် သန့်စင်လိုက်တာနဲ့ ပြိုင်ဘက်ကင်း ဖြစ်သွားတာပဲ။"
သူမရှေ့က လူတစ်ရပ်အရွယ် ကျောက်စိမ်းရိုင်းကို ကြည့်ရင်း အတွင်းမှာ ဝိုးတဝါး ပေါ်နေသည့် လူလိုလို မျောက်လိုလို သန္ဓေသားကို မြင်ရသည်အခါ ရိုရန် မင်းသမီး မင်းသမီးယူလူလက်သည် အံ့အားသင့်နေသည်။ "ထျန်းကျူတောင်ဟာ အနောက်မြောက်ဘက်ဒေသမှာ နတ်ဘုရားတောင်ပဲ။ အဲဒီတောင်မှာ သမိုင်းတစ်လျှောက် ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် ကျင့်ကြံခဲ့ကြတယ်။ အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ တာအိုပညာဖြစ်တဲ့ ကောင်းကင်တိုင် ပုံရိပ်ဖော်ခြင်း အတတ်ပညာကိုတောင် ကောင်းကင်တိုင် တောင်ရဲ့ ပုံသဏ္ဌာန်အတိုင်း ဖန်တီးခဲ့တာ။ ဒီလို ရှေးကျတဲ့ နတ်ဘုရားတောင်မျိုးကပဲ ဒီလို အံ့ဖွယ် တည်ရှိမှုမျိုးကို မွေးဖွားပေးနိုင်တာ။ ဒီလောကမှာ ဒီလိုမျိုး တခြားရှိဦးမလား မသိဘူး။"
ကောင်းကင်တိုင်တောင်သည် ထျန်းကျိုးပြင်ပ၊ အနောက်ပိုင်းနှင့် မြောက်ပိုင်းဒေသ နယ်နိမိတ်အစပ်မှာ တည်ရှိသည့် နတ်ဘုရားတောင်တစ်ခု ဖြစ်သည်။ ၎င်းသည် ကျယ်ပြန့်ပြီး အဆုံးအစမရှိဘဲ ကောင်းကင်ယံအထိ ထိုးဖောက်နေ၏။ တောင်အတွင်းမှာ ကောင်းကင်နှင့် မြေကြီး ဘယ်နှစ်လွှာ၊ ငှက်၊ သားရဲ၊ မှော်သားရဲများ၊ ချီလင်၊ နဂါး၊ ဖီးနစ်နှင့် ရှားပါး ရတနာတွေ မည်မျှရှိနေလဲ ဘယ်သူမှ မသိနိုင်ပေ။ သခင်ကျိုးနှင့် ဟုန်ယွိတို့ တချိန်က တိုက်ခိုက်ကြသည့်အခါ, သခင်ကျိုး အသုံးပြုခဲ့သော "ကောင်းကင်တိုင် ပုံရိပ်ဖော်ခြင်းပညာသည် ထိုတောင်၏ပုံသဏ္ဌာန်ကို အခြေခံထားခြင်း ဖြစ်သည်။
"ဒီလောကမှာ ဒါမျိုး ဒီတစ်ခုတည်းပဲ ရှိနိုင်လောက်တယ်။ ကျောက်တုံးထဲမှာ အချင်းအိမ်တစ်ခု ကြီးထွားဖို့ဆိုရင် နှစ်ပေါင်းသန်းချီ၊ ဒါမှမဟုတ် နှစ်သန်းပေါင်း ဆယ်ချီတောင် ကြာနိုင်တယ်။ ဘယ်လောက်တောင် အံ့ဖွယ်ဖို့ကောင်းလိုက်လဲ။ ဒါဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ အံ့ဖွယ်ဖြစ်ရပ် တစ်ခုပဲ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ ငါ စောစောစီးစီး ရှာတွေ့ခဲ့ပြီး၊ အဲဒီကျောက်တုံးပေါ်မှာ ငါ့ သွေးအနှစ်သာကို ချထားခဲ့လို့သာ။ မဟုတ်ရင် ဒီကျောက်သန္ဓေသားဟာ လျှပ်စီးထိမှန်ပြီး ကွဲထွက်သွားရင် မွေးဖွားလာကတည်းက လူသားအင်မော်တယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာမှာ။ သူသာ ဒီကမ္ဘာလောကကြီးရဲ့ အသိကို ပိုင်ဆိုင်ပြီး ကျင့်ကြံခြင်းနည်းလမ်းကို သိသွားမယ်ဆိုရင်၊ ရှေးခေတ် သူတော်စင် ဧကရာဇ်လို တည်ရှိမှုမျိုး ဖြစ်လာမှာ သေချာတယ်။"
ချန်ပီယံမြို့စားက အေးစက်စက် ပြုံးလိုက်သည်။ "ဒါပေမဲ့ အခု ငါ့ရဲ့သွေးအနှစ်သာရကို ချထားတော့ အတွင်းထဲက အချင်းအိမ်က ငါ့ရဲ့သွေးကို စုပ်ယူလိမ့်မယ်။ သူ မွေးဖွားလာပြီးရင် ငါ့ရဲ့ အသိစိတ်က အလိုလို ပါလာလိမ့်မယ်။ သူ မွေးဖွားချိန်မှာ ငါ့ရဲ့ သိုင်းပညာ လက်သီးဆန္ဒကို သူ့ခန္ဓာကိုယ်ထဲ ထည့်ပေးလိုက်မယ်။ ဒါဆို သူ့ကိုယ်ပိုင် အသိစိတ် ရှိတော့မှာ မဟုတ်ဘူး။"
"လျှပ်စီးထိမှန်ပြီးနောက် သူ တကယ်ပဲ ခုန်ထွက်လာမှာလား။" မင်းသမီးယူလူလက်က ထပ်မေးသည်။
"ဒါတော့ မသေချာဘူး။ ပြောဖို့ ခက်တယ်။ ဒါပေမဲ့ သီအိုရီအရဆို အဲဒီလို ဖြစ်သင့်တယ်။ လျှပ်စီးတစ်ချက် ဖြစ်နိုင်သလို၊ ဆယ်ချက်လည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လျှပ်စီး စွမ်းအင်က သူ့ကို လျင်မြန်စွာ ကြီးထွားစေပြီး မွေးဖွားဖို့ ကူညီပေးနိုင်တယ်။ ဒီကျောက်စိမ်းရိုင်း နတ်ဘုရားကျောက်တုံးသာ တကယ် မွေးဖွားလာရင် ငါ့ရဲ့စွမ်းအားဟာ ခြောက်ဆယ်ရာခိုင်နှုန်း တိုးလာလိမ့်မယ်။ အခုဆိုရင် ကျောက်စိမ်းမြို့တော်မှာ လှိုင်းလေထန်နေတယ်။ ဒီစွမ်းအားနဲ့ဆိုရင် ငါဟာ အင်အားစုအားလုံးထက် တကယ်ကို သာလွန်နေမှာ။ လက်တစ်ဖက် လှန်လိုက်ရုံနဲ့ မိုးတိမ်နဲ့ မိုးရေကို ဆင့်ခေါ်နိုင်လိမ့်မယ်။"
ချန်ပီယံမြို့စားက ပေါ့ပါးစွာ ရယ်လိုက်ပါသည်။ ထိုအပြုံးက ဤကမ္ဘာကြီးကို ကစားနေသူတစ်ဦး တစ်ဦးလား လွတ်လပ်ပေါ့ပါ့သည်။
"ငါ့မှာ လုံလောက်အောင် စွမ်းအား မရှိသေးပေမဲ့ လက်တစ်ဖက် လှန်လိုက်ရုံနဲ့ မိုးတိမ်နဲ့ မိုးရေကိုတော့ ဆင့်ခေါ်နိုင်ပါသေးတယ်။ ဒါပေမဲ့ ဟုန်ရွှန်ကျိရဲ့ ခြိမ်းခြောက်မှုက အရမ်းကို ကြီးမားတယ်။ တော်ဝင်ချန် ဧကရာဇ် ယန်ဖန်ကလည်း ထိုးဖောက် မမြင်နိုင်တဲ့ လူတစ်ဦးပဲ။ ဒါပေမဲ့ သူတို့အနေနဲ့ ငါ့ဝှက်ဖဲကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ။"
...
"မင်းသား၊ ဒီရက်ပိုင်း မင်းသားရဲ့ သိုင်းပညာလေ့ကျင့်မှုက ဘယ်လိုလဲ။"
ရာသီဥတုက နွေးထွေးနေပြီး သာယာသည်။ နေရောင်ခြည်အောက်တွင်, မင်းသားယုစံအိမ်သည် အခြားသော မိသားစုကြီးများကဲ့သို့ မီးပုံးများ၊ ရောင်စုံနဖူးစည်းစာတန်းများဖြင့် အလှဆင်ထားခြင်း မရှိဘဲ အမြဲတမ်း တိတ်ဆိတ်ပြီး ငြိမ်သက်နေပါသည်။
အကြောင်းကတော့ မင်းသားယုမှာ ကြင်ယာတော်များစွာ မရှိသလို ဇနီးလည်း မရှိသေးပေ။ သူသည် သူ့စံအိမ်ကို စစ်ဥပဒေဖြင့် အုပ်ချုပ်ထားသည်။ အတွင်းရေးများကို သခင်မလေး ယွန်ချင်းက စီမံခန့်ခွဲပြီး၊ ရိုးရှင်းပေမဲ့ စနစ်တကျရှိပြီး ရှုပ်ထွေးခြင်း မရှိပေ။
ဟုန်ယွိ မင်းသား စံအိမ်သို့ ရောက်ရှိလာသောအခါ မင်းသားယုသည် အဝါနုရောင် ပိတ်ဝတ်စုံကို ဝတ်ပြီး ခြံဝန်းထဲမှာ သိုင်းပညာ လေ့ကျင့်နေသည်။ သူ လှုပ်ရှားလိုက်သည်နှင့် သူ့လက်ဝါးများက ပျံဝဲနေပြီး ဘယ်နှင့်ညာ လက်ခနဲ လှုပ်ရှားနေသည်။ ခြံဝန်းတစ်ခုလုံးဟာ လေပြင်းများဖြင့် ပြည့်နေခဲ့ပြီး၊ ပတ်ဝန်းကျင်က လေထုသည် လှိုင်းလုံးကြီးတွေအဖြစ် ရိုက်ခတ်နေပုံရသည်။
"ကောင်းလိုက်တဲ့ လက်ဝါးပညာရပ်။" ဖန်ဆင်းခြင်းတာဂိုဏ်းဂိုဏ်းရဲ့ ကျယ်ပြန့်လှိုင်းလုံး တွန်းကန်လေလှိုင်းလက်ဝါး။ နှမြောစရာပဲ၊ ဒီလက်ဝါးကို အပြည့်အဝ ထုတ်ဖော်နိုင်ရင် လေစီးကြောင်းက သံမဏိနံရံအဖြစ် ခဲသွားသလို ခံစားရလိမ့်မယ်။ အဲဒါက သိုင်းသူတော်စင် နယ်ပယ်ရောက်မှ ဖြစ်လိမ့်မယ်! အခု သူ့ခန္ဓာကိုယ် ပတ်ပတ်လည်လောက်ပဲ လေစီးကြောင်း လှိုင်းထအောင် လုပ်နိုင်တာဆိုတော့, ဒါက အထွက်အထိပ် မဟာဆရာသခင် သိုင်းပညာအဆင့်ပဲ ရှိဦးမယ်။ သိုင်းသူတော်စင်နဲ့ အကွာအဝေးတစ်ခု ရှိနေသေးပြီး ချိုးဖျက်ဖို့ ခက်ခဲလိမ့်ဦးမယ်။"
ဟုန်ယွိနောက်မှ နင်ဂျာဘုန်းတော်ကြီးသည် ထိုလက်သီးပညာကို မြင်သောအခါ, အရင်ဆုံး ချီးကျူးပြီးမှ အားနည်းချက်တွေကို ထောက်ပြလိုက် သည်။
"ဟုန်ယွိ၊ မင်း ရောက်လာပြီလား။ အဲ…။ မင်းမျက်လုံးတွေက တောက်ပနေပါလား။ ပြီးတော့ မင်းခန္ဓာကိုယ်တစ်ခုလုံးရဲ့ အနှစ်သာရ စွမ်းအင်က ငါ့ကို အကျဉ်းထောင်တစ်ခု ဒါမှမဟုတ် သမုဒ္ဒရာတစ်စင်းလိုမျိုး ခံစားရစေတယ်။ မင်း... သိုင်းသူတော်စင် ဖြစ်သွားပြီလား။ ဒါ.. ဘယ်လို ဖြစ်နိုင်မှာလဲ။…. ဒါက...။"
မင်းသားယုသည် ဟုန်ယွိ ဝင်လာသည်ကို မြင်တော့ ချက်ချင်း ရပ်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်ပါသည်။ ထို့နောက် ဟုန်ယွိကို အံ့သြစွာ ကြည့်လိုက်ပြီးမှ သူ့နောက်က နင်ဂျာဘုန်းတော်ကြီးကို ကြည့်လိုက်သည်။
"ကျွန်တော့် ပညာတာအိုမှော်က နက်ရှိုင်းတယ်လေ။ ဒါကြောင့် ကျွန်တော့် ခန္ဓာကိုယ်ကို ထိန်းညှိတာက ဘာမှ မဟုတ်ပါဘူး။ ဒါပေမယ့်၊ မင်းသား၊ မင်းသားရဲ့ လက်သီးပညာက ဒီရက်ပိုင်းအတွင်း အများကြီး တိုးတက်လာတယ်" ဟုန်ယွိသည် ဤတစ်လအတွင်း မင်းသားယု၏ သိုင်းပညာက အရင်ကထက် ပို၍ နက်ရှိုင်းလာကြောင်း ပြောနိုင်ပါသည်။
"ဟား…။ ဟား…။ ဒါကလည်း မင်းကြောင့်ပါကွာ။" မင်းသားယုက ပြုံးလိုက်ပြီး လက်နဲ့ မျက်နှာဆေးကြောရန် ရေနွေး ယူခိုင်းလိုက်ပါသည်။ အဝတ်လဲပြီးနောက် သူသည် ဟုန်ယွိ၊ နင်ဂျာဘုန်းတော်ကြီးတို့နှင့်အတူ စာကြည့်ခန်းသို့ သွားခဲ့သည်။
"သူက ကျွန်တော့် မိတ်ဆွေကောင်း နင်ဂျာဘုန်းတော်ကြီးပါ။ မင်းသား စိုးရိမ်စရာမလိုဘူး။" ထိုင်ပြီးနောက် ဟုန်ယွိက နင်ဂျာဘုန်းတော်ကြီးကို မင်းသားယုနှင့် မိတ်ဆက်ပေးသည်။
“မင်းသားရဲ့ သိုင်းပညာက အရင်ကထက် အများကြီး ပိုတိုးတက်လာခဲ့ပြီး၊ ယုံကြည်မှုတွေနဲ့ ပြည့်နေတယ်။ ဒါက သူ အိမ်ရှေ့စံမင်းသားကို မကြောက် တော့ဘဲ ယုံကြည်မူအပြည့် ရှိလာတာကြောင့် ဖြစ်ရမယ်။ လူတစ်ယောက်ရဲ့ စိတ်ဟာ စိတ်အေးသက်သာရှိပြီး၊ အတွေးတွေ အနှောင့်အယှက် မရှိတဲ့ အခါ သိုင်းပညာနဲ့ တာအိုပညာ ကျင့်ကြံရာမှာ ကြီးမားတဲ့ အကူအညီ ဖြစ်စေတယ်။" မင်းသား၏ သိုင်းပညာ အရင်ကထက် အများကြီး ပိုမို တိုးတက်လာသည်ကို မြင်တော့, ဟုန်ယွိသည် ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း သိလိုက်ပါပြီ။ ဤသည်မှာ သူ့အကူအညီကြောင့် မင်းသားသည် ယုံကြည်မှုများစွာ မြင့်တက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။
ယုံကြည်မှုရှိလာသည့်အခါ စိတ်သည် စိတ်ဓာတ်ကျစရ မရှိတော့ဘဲ ခန္ဓာကိုယ်ကလည်း သက်သောင့်သက်သာ ရှိလာမှာဖြစ်ပြီး၊ သဘာဝအတိုင်း သိုင်းပညာကလည်း တိုးတက်လာလိမ့်မည်။ ထို့ထက်ပို၍, ဟုန်ယွိ၏ အကူအညီဖြင့်ဆိုပါက, မင်းသားသည် ရာဇပလ္လင်ပေါ် တက်လှမ်းရန် မျှော်လင့်ချက်ကိုပင် မြင်နေရသည်။
မင်းသားယုငသည် နင်ဂျာဘုန်းတော်ကြီးကို စိုက်ကြည့်ရင်း မေးသည်။ "နင်ဂျာဘုန်းတော်ကြီး၊ ခင်ဗျားဟာ သိုင်းတာအိုမှာ သိုင်းသူတော်စင် တစ်ဉီး ဖြစ်တယ် မဟုတ်လား။"
"မင်းသားရဲ့ အမြင်က အရမ်းကို စူးရှပါတယ်။ သာမန်လူတွေနဲ့ နှိုင်းယှဉ်လို့ မရဘူး။"
နင်ဂျာဘုန်းတော်ကြီး၏ ဆံပင်များသည် ရှည်လာနေပြီး၊ သူသည် ဘုန်းတော်ကြီးဝတ်စုံကို ဝတ်ထားခြင်း မရှိတော့ပေ။ သူ၏ပိုးသားဝတ်ရုံနှင့် မူလ ပင်ကို စိတ်နေစိတ်ထားကို ပေါင်းစပ်လိုက်ချိန်မှာ သူသည် အင်မော်တယ် လမ်းစဉ်ကို လျှောက်လှမ်းသည့် လူတစ်ဦးနှင့် အမှန်ပင် တူနေသည်။
မူလက နင်ဂျာဘုန်းတော်ကြီးသည် သူ့အော်ရာကို ဖုံးကွယ်ထားသောကြောင့် သာမန်လူများသည် သူပိုင်ဆိုင်ထားသည့် ထူးခြားသော စွမ်းရည်ကို မမြင်နိုင်ကြပေ။ သို့သော် မင်းသားယုကိုယ်တိုင်က အထွက်အထိပ် မဟာဆရာသခင်ဖြစ်သောကြောင့် သူ့အမြင်က ကျယ်ပြန့်ပြီး၊ မြင်နိုင်ခဲ့သည်။
သို့သော် ဤအရာလည်း နင်ဂျာဘုန်းတော်ကြီး၏ မျှော်လင့်ချက်ထဲတွင် ပါဝင်ခဲ့ပြီး ဖြစ်သည်။ အင်ပါယာတစ်ခု၏ မင်းသာတစ်ပါးသည် ထိုအရာကို ပင် မမြင်နိုင်ဘူးဆိုပါက သူသည် အသုံးမဝင်တော့ပေ။ တော်ဝင်ချန်မင်းဆက်၏ မင်းသားများသည် မင်းသားဖြစ်ရုံသက်သက်တင် မဟုတ်ကြပေ။ အစွမ်းထက်သည့် ပုဂ္ဂိုလ်များချည်း ဖြစ်ကြသည်။ မဟုတ်ရင် သူတို့သည် အချိန်ကြာကတည်းက ဖယ်ရှားခံရပြီး ဖြစ်လိမ့်မည်။
"နင်ဂျာဘုန်းတော်ကြီးရဲ့ အကူအညီနဲ့ဆို ငါဟာ အတောင်ပံပေါက်လာတဲ့ ကျားတစ်ကောင်လို ဖြစ်လာလိမ့်မယ်။ လာကြစမ်း။ လက်နက်တိုက်ထဲက လျှို့ဝှက် နတ်ဘုရားဓားကို ယူလာခဲ့စမ်း။" မင်းသားယုက အမိန့်ပေးလိုက်သည်။
ထို့နောက် စစ်သည်တစ်ဦး ထွက်သွားပြီး ခဏအကြာတွင် အဖြူရောင်ကျောက်စိမ်း ဓားသေတ္တာ တစ်ခုနှင့်အတူ ပြန်လာသည်။ ဓားသေတ္တာကို ဖွင့်လိုက်သောအခါ ရတနာဓား တစ်လက်သည် သေတ္တာထဲတွင် တိတ်ဆိတ်စွာ တည်ရှိနေသည်။
ထိုရတနာဓား၏ ဓားသွားသည် ရွှေရောင်ပုံစံဖြစ်ပြီး ကျမ်းစာတစ်ခုအဖြစ် ပုံဖော်ထားသည်။ ထိုကျမ်းစာသည် အဆောင်တစ်ခု ဖြစ်သည်။ ၎င်းသည် ဓားအစွန်းကို ထက်ရှအောင် ပြုလုပ်နိုင်ခြင်းမရှိဘဲ၊ သတ်ဖြတ်ရန်အတွက် ရတနာဓားတစ်လက်နှင့်လည်း မတူပေ။
သို့သော် ဤဓားကို မြင်သောအခါ ဟုန်ယွိသည် နင်ဂျာဘုန်းတော်ကြီး၏ မျက်နှာက လှုပ်ရှားသွားသည်ကို တွေ့လိုက်ရသည်။
ဤဓားသည် ဒိုင်ဇင်ဘုရားကျောင်း၏ ကောင်းကင်ဘုရင်လေးပါးထဲက တစ်ပါးဖြစ်သည့် ဆန်းကြယ် ကောင်းကင်ဘုရင်၏ လက်နက်ဖြစ်သည်။ ဓားကို မထက်ရှအောင် ပြုလုပ်ထားခြင်းက ကရုဏာရှိပြီး သွေးမစွန်းစေရန် ဖြစ်သည်။
ဓားပေါ်က ကျမ်းစာကို ကြီးမားသော ခွန်အားဖြင့် ရေးထားပြီး၊ ဟုန်ရွှန်ကျိက အကျဉ်းထောင်နှိမ်နှင်းခြင်းဆေဘာအတွက် ရေးထားသည့် အဆောင် ကဲ့သို့ တစ္ဆေအင်မော်တယ်များနှင့် မကောင်းဆိုးဝါးများကို သတ်ဖြတ်ရန် အသုံးပြုသည်။
သွေးမစွန်းပေသော်လည်း တစ္ဆေအင်မော်တယ်များကို သတ်ဖြတ်ပြီး မကောင်းဆိုးဝါး ဝိညာဉ်များကို အနိုင်ယူသည်။
"ဒီလိုဆိုမှတော့ မင်းသားကို ကျေးဇူးအများကြီး တင်ပါတယ်။"
မင်းသားယုသည် ထိုဓားကို နင်ဂျာဘုန်းတော်ကြီးအား ပေးလိုပြီး သူ့စိတ်နှလုံးကို ရယူချင်နေသည်မှာ ရှင်းနေပါသည်။ နင်ဂျာဘုန်းတော်ကြီးကလည်း ယဉ်ကျေးမနေတော့ဘဲ ချက်ချင်းပင် ယူလိုက်ပြီး သူ့ဘေးမှာ သိမ်းထားသည်။ သူသည် ကျေးဇူးတင်ကြောင်း တိုးတိုးလေး ပြောပြီးနောက် မည်သည့်စကားမှ မပြောတော့ပေ။
မင်းသားယုသည် ထိုအရာကို ဂရုမစိုက်ပေ။ ပညာရှင်များအားလုံးသည် လွတ်လပ်သော စိတ်နေသဘောထားကို ပိုင်ဆိုင်ထားကြသည်ကို သူသိသည်။
"မင်းသား၊ မင်းသား ဒီနေ့ ကျွန်တော့်ကို ခေါ်တာက အင်ပါယာ စာမေးပွဲကြောင့် မဟုတ်လား။" နင်ဂျာဘုန်းတော်ကြီး ဆန်းကြယ် နတ်ဘုရားဓားကို ယူပြီးနောက် ပြတင်းပေါက်အပြင်ကို ငေးကြည့်နေသည်ကို မြင်ပြီး၊ ဟုန်ယွိသည် နင်ဂျာဘုန်းတော်ကြီးက ဒိုင်ဇင်ဘုရားကျောင်းမှာ သူ၏ အတိတ်ဘဝကို သတိရနေသည်ကို သိလိုက်ပါသည်။
"ဟုတ်တယ်။ ဒီနှစ်ရဲ့ အင်ပါယာ စာမေးပွဲဟာ သေးငယ်တဲ့ ကိစ္စ မဟုတ်ဘူး။ ခမည်းတော်က အစိုးရရဲ့ အုပ်ချုပ်ရေးကို ပြောင်းလဲဖို့ ပြင်ဆင်နေတယ်။ သူဟာ အရာရှိတစ်စုကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှာဖြစ်သလို၊ တစ်ချိန်တည်းမှာပင် အရာရှိသစ်အချို့ကို ရာထူးခန့်အပ်လိမ့်မယ်။" မင်းသားယု သည် စာကြည့်ခန်း စားပွဲပေါ်က ဖယောင်းဖြင့် ချိတ်ပိတ်ထားသော စာရွက်စာတမ်း တစ်ခုကို လက်ညှိုးထိုးပြသည်။ "ဒါက အိမ်ရှေ့စံ မင်းသား ပို့လိုက်တဲ့ အရာပဲ။ ဟုန်ယွိ၊ ဒါ ဘာဖြစ်မယ်လို့ ထင်လဲ။"
"ဖြစ်နိုင်တာက, အင်ပါယာ စာမေးပွဲရဲ့ မေးခွန်းများလား။" ဟုန်ယွိ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။
"ဟုန်ယွိ၊ မင်းက တကယ်ကို တစ္ဆေတွေနဲ့ နတ်ဘုရားတွေကိုတောင် ကြိုတင်ခန့်မှန်းနိုင်တာပဲ။ မှန်တယ်၊ အဲဒါက အင်ပါယာ စာမေးပွဲအတွက် မေးခွန်းပဲ။ ဒီအရာကို အိမ်ရှေ့စံမင်းသားမှပဲ ရရှိနိုင်တာ။ ငါတောင် မရနိုင်ဘူး။" မင်းသားက သက်ပြင်းချသည်။
"ဒီအင်ပါယာ စာမေးပွဲ မေးခွန်းကို ကျွန်တော် မလိုအပ်ဘူး။ အိမ်ရှေ့စံမင်းသားက အမျိုးသား အခမ်းအနားတစ်ခုကို လဲလှယ်စရာ ပစ္စည်းအဖြစ် အသုံးပြုရဲတယ်လား။ ဟား…၊ ဟား..." ဟုန်ယွိက ခြောက်သွေ့စွာ ရယ်လိုက်သည်။ ရုတ်တရက် သူက လက်ညှိုး ထိုးလိုက်သည်။ ချီ! ချီ! မီးလျှံအစအနတစ်ခုက စာရွက်စာတမ်းပေါ် ကျလာပြီး စာရွက်စာတမ်းကို ချက်ချင်း ပြာအဖြစ် လောင်ကျွမ်းသွားစေသည်။
"ဒီမေးခွန်းလွှာကို ကျွန်တော် ရလိုက်တာနဲ့ အင်ပါယာ စာမေးပွဲမှာ ကျွန်တော့်အတွက် ယုံကြည်ရတဲ့ လူအများပြားကို နေရာချနိုင်မှာ သေချာတယ်။ ဒီအခွင့်အရေးကို အသုံးပြုပြီး အစိုးရရဲ့ အုပ်ချုပ်ရေးကို ပြောင်းလဲရာမှာ ကျွန်တော့် လူတွေကို နန်းတော်မှာ နေရာချပေးနိုင်တယ်။ ဒါပေမဲ့ ဧကရာဇ်က လိမ္မာပါးနပ်ပြီး အမြင်ကျယ်တယ်။ ဒီလှည့်ကွက်လေးတွေကို သူ့ရဲ့ မျက်လုံးနဲ့ နားတွေကနေ ဖုံးကွယ်ထားလို့ မရဘူး။ နန်းတော်ရဲ့ အရပ်ဘက်နဲ့ စစ်ဘက် အရာရှိတွေထဲမှာလည်း လိမ္မာပါးနပ်တဲ့ အရာရှိတွေ အများကြီး ရှိနေသေးတယ်၊ ဒါကြောင့် သူတို့ဆီကနေ ဖုံးကွယ်ဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး။ မင်းသား အနေနဲ့ အခု လုပ်ရမှာက ပွင့်ပွင့်လင်းလင်းနဲ့ ဂုဏ်သိက္ခရှိစွာ လုပ်ဆောင်ဖို့ပဲ။ သိုင်းသူတော်စင်အဖြစ် အောင်မြင်အောင် ကျင့်ကြံဖို့ပဲ။ ဒီလို ပရိယာယ်မျိုးတွေ လုပ်နေစရာမလိုဘူး။ တကယ်လို့, ဧကရာဇ်သာ မိုက်မဲတဲ့ အုပ်စိုးရှင်တစ်ဦးဆိုရင်, ဒီအကြံအစည်ကို အသုံးပြုနိုင်တယ်။ ဒါပေမဲ့ အခု ဧကရာဇ်က သူတော်စင် ဧကရာဇ်တစ်ပါး ဖြစ်ဖို့ ကြိုးစားနေတာ ရှင်းနေတယ်။ ဒီလှည့်ကွက်လေးတွေက ကျွန်တော့်ကို အထင်သေးစေရုံသက်သက်ပဲ ဖြစ်လိမ့်မယ်။”
ဟုန်ယွိသည် ကောက်ကျစ်သော ပရိယာယ်များကို သဘောမကျခြင်း မဟုတ်ပေ။ သို့သော်, အသုံးပြုမည်လူအပေါ် မူတည်နေသေးသည်။
တော်ဝင်ချန် ဧကရာဇ် ယန်ဖန်သည် အနှိုင်းမဲ့ အလှပိုင်ရှင် ကြင်ယာတော်ယွမ် ညှို့ငင်မြေခွေးဘုရင်မ၏ ရှေ့မှာပင် ငြိမ်သက်စွာ ထိုင်နိုင်ခဲ့သည်။ ထိုကဲ့သို့လူမျိုးသည် နန်းတော်မှာရှိသည့် အရာရာတိုင်းကို ထိုးဖောက်မြင်နိုင်သူ ဖြစ်နိုင်ချေရှိသည်။
ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးဖြင့်ဆိုရင် လှည့်ကွက်တွေ အသုံးမပြုခြင်းက အကောင်းဆုံး ဖြစ်သည်။ အကောင်းဆုံးနည်းလမ်းက သူ့ထက် ပိုအားကောင်းအောင် လုပ်ဆောင်ပြီး တိုက်ရိုက် အနိုင်ယူဖို့ပင်။
"ဟုတ်ပါတယ်။ အိမ်ရှေ့စံမင်းသားက ဒီအရာကို ငါ့ဆီ ပရိယာယ်နဲ့ ပို့လိုက်တာ။ ဒီသွေးဆောင်မှုကို ငါ ခုခံနိုင်မလားဆိုတာ သူ ကြည့်ချင်တာ။ ဟဲ..၊ ဟဲ..၊ အစိုးရရဲ့ အုပ်ချုပ်ရေးကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ ပြောသလောက် ဘယ်လွယ်ပါ့မလဲ။ နန်းတော်မှာ အဆင့်မြင့် ဝန်ကြီးချုပ် သုံးပါး၊ ဝန်ကြီး ခြောက်ပါး၊ ဘုရင်ခံတွေနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ အများကြီး ရှိတယ်။ သူတို့ထဲက အများစုဟာ မြင့်မြတ်တဲ့ မင်းမျိုးမင်းနွယ် မိသားစုတွေရဲ့ မျိုးဆက်တွေပဲ။ ကျိမိသားစု၊ ကျူမိသားစုနဲ့ လီမိသားစု၊ ချန်မိသားစုတို့လို သူတော်စင် မိသားစုတွေရဲ့ မျိုးဆက်တွေကလည်း ကြီးမားတဲ့ အာဏာကို ထိန်းချုပ်ထားတယ်။ သူတို့ကို လုံးဝ သုတ်သင်ဖို့က ခက်ခဲလိမ့်မယ်လို့ ငါ ထင်တယ်" မင်းသားယုက လက်နှစ်ဘက်ယှက်ကာ ပြောလိုက်ပြီး၊ သူ့လေသံက ပျော့ပျောင်းသွားသည်။
"အစိုးရရဲ့ အုပ်ချုပ်ရေးကို ပြောင်းလဲဖို့ဆိုတာ အင်မော်တယ်တွေတောင် မလုပ်နိုင်တဲ့ အရာပဲ။ အင်မော်တယ်တွေတောင် စားရမယ်၊ ဝတ်ရမယ်၊ ကျင့်ကြံဖို့ နေရာတွေ လိုမယ်။ ပြီးတော့ သူတို့ကို အမူထမ်းဖို့ လူတွေ လိုအပ်တယ်။ တော်ဝင်ချန်ဟာ လက်ရှိ ရွှေခေတ်မှာ ရှိနေပေမဲ့ မြေယာ သိမ်းယူမှုတွေဟာ အရမ်း ဆိုးရွားနေတယ်။ ချမ်းသာသူတွေက ပိုချမ်းသာလာပြီး ဆင်းရဲသူတွေက ပိုဆင်းရဲလာတယ်။ မကြာခင်မှာ သာမန်လူတွေ ဟာ ဆက်ပြီး မရှင်သန်နိုင်တော့ဘဲ ပုန်ကန်လာလိမ့်မယ်။ အဲဒီအချိန်မှာ ဒေသအသီးသီးအပေါ် အင်ပါယာ တရားရုံးရဲ့ ထိန်းချုပ်မှုဟာ လျော့နည်းလာ မှာဖြစ်ပြီး မြင့်မြတ်တဲ့ မိသားစုတွေနဲ့ အုပ်ချုပ်သူတွေက သူတို့ရဲ့ ကိုယ်ပိုင်စွမ်းအားကို စုဆောင်းလာလိမ့်မယ်။ နတ်ဆိုးတွေနဲ့ ဂိုဏ်းအမျိုးမျိုးက လည်း ဒီ အခွင့်အရေးကို အသုံးချပြီး ပေါ်ထွက်လာကြလိမ့်မယ်။ ဒီအရာက အဖြေမဲ့ပုစ္ဆာတစ်ပုဒ် ဖြစ်သွားလိမ့်မယ်။ ဘယ်မင်းဆက်ကမှ နှစ်ပေါင်း တစ်သောင်းအထိ မတည်မြဲပါဘူး။" ဟုန်ယွိက ပြောသည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ခမည်းတော်နဲ့ ဟုန်ရွှန်ကျိတို့မှာ အကြံရှိပြီးသား ဖြစ်နိုင်တယ်။ ဘာဖြစ်မယ် ထင်လဲ။" မင်းသားယုက ပြောသည်။
"ဘာအကြံလဲ။" ဟုန်ယွိက ပြန်မေးသည်။
"သူတို့က အရာရှိတွေနဲ့ အထက်တန်းစား မိသားစုတွေကို အခွန်ဆောင်ခိုင်းပြီး၊ အလုပ်သမားတွေအဖြစ် အလုပ်လုပ်ခိုင်းချင်နေတာ။" ဟု မင်းသားက ပြောသည်။
"ဘာ!" ဟုန်ယွိသည် စကားကို ကြားတော့ အကြီးအကျယ် ထိတ်လန့်သွားပါသည်။ "ဒါက မြင့်မြတ်တဲ့ မင်းမျိုးမင်းနွယ်ဝင် မိသားစုအားလုံး၊ နန်းတော် အရာရှိတွေနဲ့ အခြား မြင့်မြတ်တဲ့ မိသားစုတွေကို စိတ်ဆိုးစေမှာ မဟုတ်ဘူးလား။ ဒီလိုဖြစ်လာရင် ကမ္ဘာကြီးဟာ ကြီးကြီးမားမား ရှုပ်ထွေးသွားလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ တကယ်ကို နည်းလမ်းကောင်းပဲ။ ဒါပေမဲ့ လုပ်ဖို့တော့ အရမ်း ခက်ခဲတယ်။ ဒါက နန်းတော်ရဲ့ အုပ်ချုပ်ရေးကိုပဲ အကျိုးပြုပြီး မြင့်မြတ်တဲ့ မိသားစုတွေရဲ့ အာဏာကို အားနည်းစေလိမ့်မယ်။ သာမန်လူတွေကတော့ ဆက်ပြီး ဆင်းရဲနေဦးမှာပဲ။ ပိုပြီးကြီးမားတဲ့ ဒီကိစ္စကြီးတွေ၊ ကြီးမားတဲ့ ရှုပ်ထွေးမှုကို အလွယ်တကူ ဖြစ်လာစေနိုင်တယ်။ စစ်ပွဲဖြစ်ပွားတဲ့အခါ ခံစားရတဲ့လူတွေက သာမန်ပြည်သူတွေပဲ။"
“သာယာဝပြောတဲ့အခါ သာမန်လူတွေ ခံစားရတယ်။ ပျက်စီးတဲ့အခါမှာလည်း သာမန်လူတွေပဲ ခံစားရတယ်။" မင်းသားယုက ပြောသည်။ "ခမည်းတော်က ဒီအခွင့်အရေးကိုယူပြီး အစိုးရရဲ့ အုပ်ချုပ်ရေးကို ပြုပြင်ပြောင်းလဲကာ၊ မူဝါဒအသစ်တွေ ထုတ်ပြန်မယ်။ ခုခံတဲ့ မင်းမျိုးမင်းနွယ်ဝင် မိသားစုတွေနဲ့ မြင့်မြတ်တဲ့ မိသားစုတွေကို ဖော်ထုတ်ပြီး ရှင်းပစ်ချင်နေတာ။ မဟုတ်ရင် ကမ္ဘာ ရှုပ်ထွေးလာတဲ့အခါ ဩဇာအာဏာ နည်းနည်း ပါးပါး ရှိတဲ့ မင်းမျိုးမင်းနွယ်ဝင် မိသားစုတွေ၊ မြင့်မြတ်တဲ့ မိသားစုတွေနဲ့ တာအိုဂိုဏ်းတွေက အကျိုးအမြတ် ရယူဖို့ ထွက်ပေါ်လာလိမ့်မယ်။"
"အင်ပါယာ နန်းတော်အတွက် ကမ္ဘာကြီး ရှုပ်ထွေးလာတဲ့အခါ လယ်သမားတွေရဲ့ ပုန်ကန်မှုကို ကြောက်စရာမလိုဘူး။ ကြောက်စရာကောင်းတာက တာအိုသခင်အချို့က ဒီအခွင့်အရေးကိုယူပြီး တရားဟောပြောကာ ဒုက္ခပေးလာမှာကိုပဲ။ ဒါ့အပြင်၊ မင်းမျိုးမင်းနွယ်ဝင် မိသားစုတွေနဲ့ မြင့်မြတ်တဲ့ မိသားစုတွေကလည်း ဒီအခွင့်အရေးကို အသုံးချပြီး၊ သူတို့ရဲ့ ဩဇာအာဏာကို စုဆောင်းကာ အင်ပါယာ နန်းတော်ရဲ့ ထိန်းချုပ်မှုကနေ ခွဲထွက်သွား လိမ့်မယ်။ သူတို့ဟာ ကမ္ဘာကို ပိုရှုပ်ထွေးအောင်လုပ်ပြီး အကျိုးအမြတ် ရယူကြလိမ့်မယ်။"
"သူတို့ ဒီလို လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ စောင့်ကြည့်ရုံပေါ့။ ကြီးမားတဲ့ ပြောင်းလဲမှုကြီးတွေ စတော့မယ်။..."
ဟုန်ရွှန်ကျိနှင့် တော်ဝင်ချန် ဧကရာဇ် ယန်ဖန်တို့သည် ဤမျှကြီးမားသည့် ကိစ္စကြီးကို အမှန်ပင် လုပ်ဆောင်ချင်နေကြသည်။ သူတို့သည် ဤကမ္ဘာပေါ်ရှိ မျိုးရိုးမြင့်မြတ်သူတွေ၊ အထက်တန်းစား ပုဂ္ဂိုလ်တွေနှင့်၊ မြင့်မြတ်သော မိသားစုတွေ ဆန့်ကျင်စေနိုင်သည့် ဤကြီးမားသော လုပ်ငန်းကြီးကို စတင်တော့မည်။ မျိုးရိုးမြင့်မြတ်သူတွေ၊ အထက်တန်းစားပုဂ္ဂိုလ်တွေနှင့် မြင့်မြတ်သော မိသားစုတွေကို ရင်ဆိုင်ဖို့ သေချာပေါက် သွေးချောင်းစီရလိမ့်မည်။
တော်ဝင်ချန်တစ်ခုလုံးမှဦ မျိုးရိုးမြင့်မြတ်သူတွေ၊ အထက်တန်းစားပုဂ္ဂိုလ်တွေနှင့် မြင့်မြတ် မိသားစုတွေ မည်မျှရှိသနည်း။ သေချာပေါက် အရမ်းကို များပြားပါသည်။ သူတို့ထဲမှာ ခန့်မှန်း၍မရနိုင်သည့် ပုဂ္ဂိုလ်အများပြား ရှိသည်။
ထိုအစီအစဉ်ကို စတင်လိုက်သည်နှင့် တစ်နိုင်ငံလုံး ကြီးမားသည့် ရှုပ်ထွေးမှုထဲ ကျရောက်သွားနိုင်သည်။
တစ်နိုင်ငံလုံး ရှုပ်ထွေးမှုအခြေအနေထဲ ကျရောက်မသွားရင်တောင် ကျောက်စိမ်းမြို့တော် ကိုယ်တိုင်က ပြင်းထန်သော မုန်တိုင်းတစ်ခု တိုက်ခတ်လာသကဲ့သို့ မိုးကြိုးနှင့် လျှပ်စီးမုန်တိုင်းများ၏ ဗဟိုချက်မ ဖြစ်လာပါလိမ့်မည်။
"ကမ္ဘာကြီးက ပြောင်းလဲတော့မယ်။"
ဟုန်ယွိသည် မတ်တပ်ရပ်လိုက်ပါသည်။ ပြတင်းပေါက်အပြင်ဘက်မှာ နေရောင်ခြည်သည် ရုတ်တရက် မှေးမှိန်သွားပြီး တိမ်တွေက နေကို ဖုံးအုပ်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ထို့နောက်တွင် ကောင်းကင်ယံမှ တိုးတိုး အသံမြည်ဟီးကာ မိုးခြိမ်းသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
“ဒါက နွေဦး မိုးခြိမ်းသံပဲ”။
"မင်းသား၊ မင်းသားအနေနဲ့ ဒီနှစ် အင်ပါယာ စာမေးပွဲအတွက် ကျွန်တော့်ကို စိတ်ပူစရာ မလိုဘူး။ ဧကရာဇ်က အကြီးအကျယ် လုပ်ချင်နေမှတော့, ဒီအင်ပါယာ စာမေးပွဲအတွက် ကိုယ်စားလှယ်တွေကို ကိုယ်တိုင် ရွေးချယ်မှာ သေချာတယ်။ ဟုန်ရွှန်ကျိ အရင်လို ကျွန်တော့်ကို အသရေဖျက်မှာကိုလည်း ကြောက်နေစရာမလိုဘူး။ ဟုန်ရွှန်ကျိနဲ့ ဧကရာဇ်တို့ ပူးပေါင်းနေပေမဲ့ ဒါဟာ နိုင်ငံတော် အခမ်းအနားဖြစ်ပြီး၊ ပြည်နယ် စာမေးပွဲတွေထက် အများကြီး ပိုလေးနက်တယ်။ ဟုန်ရွှန်ကျိ ဝင်ရောက် စွက်ဖက်နိုင်မှာ မဟုတ်ဘူး။ မင်းသား စိတ်အေးအေးထားပါ။ မင်းသားအနေနဲ့ သိုင်းသူတော်စင်အဆင့်ကို အောင်မြင်ရင် ရပြီ။ ကျန်တာတွေကို ခဏ မေ့ထားလိုက်။ ကျွန်တော် အရင် ပြန်တော့မယ်။ နောက်သုံးရက်ကနေ ငါးရက်အတွင်း မင်းသားကို ကျွန်တော် လာတွေ့ပါ့မယ်။"
ဟုန်ယွိသည် နွေဦး မိုးခြိမ်းသံကို ကြားသည့်အခါ မင်းသားကို နှုတ်ဆက်လိုက်သည်။
အခြားကိစ္စကြောင့် မဟုတ်ပေ။ သူသည် မိုးကြိုးကပ်ဘေးကို ခံယူရန် ပြင်ဆင်ဖို့ ဖြစ်သည်။
တာအို ကျင့်ကြံမှု၏ အမြင့်ဆုံးအဆင့် စမ်းသပ်မူ…၊ မိုးကြိုးကပ်ဘေးဒုက္ခ။
ကောင်းကင်နှင့် မြေကြီးကြီး၏ အမျက်ဒေါသ…။
အခန်း (၃၀၄)။
နွေဦးမိုးသည် သိပ်သည်းစွာ ရွာသွန်းလျက် ရှိပြီး၊ တစ်လနီးပါး ခြောက်သွေ့နေခဲ့သော မြေပြင်သို့ စိုစွတ်သော အငွေ့အသက်ကို ဆောင်ကျဉ်းပေးလာခဲ့သည်။
ကောင်းကင်ယံတွင်, တဂျိန်းဂျိန်း မြည်ဟည်းနေသော နွေဦးမိုးကြိုးသံသည် ဆောင်းခိုနေသည့် သတ္တဝါအားလုံးကို နိုးကြားစေခဲ့သလို၊ အေးခဲသော ဆောင်းတွင်းဝယ် မြေကြီးအတွင်း၌ ပုန်းအောင်းနေသော အသက်ဓာတ်များကို နိုးထစေခဲ့သည်။
မိုးခြိမ်းသံ ပဲ့တင်ထပ်လာသည်နှင့်အမျှ မြေကြီး၏ အသက်ဓာတ်သည် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
လူတိုင်းသည် နွေဦးမိုးရေနှင့် မိုးကြိုးလျှပ်စီးများကြားမှ လတ်ဆတ်ပြီး နွေဦးနှင့်တူသော အငွေ့အသက်ကို ခံစားရပြီး၊ လူတိုင်း နှလုံးသား၏ အနက်ရှိုင်းဆုံးမှ သက်သောင့်သက်သာ ခံစားမှုတစ်ခု ထွက်ပေါ်လာသည်။
ဟုန်ယွိသည် နွေဦးမိုးအတွင်း ရပ်လျက်၊ မြေကြီး၏ ပြင်းထန်သော မြေဆီလွှာအငွေ့အသက်ကို ခံစားနေသည်။
“ဒါက နွေဦးလား။ နွေဦး မိုးခြိမ်းသံ တကယ်လာပြီပေါ့” ထိုအခိုက်တန့်တွင် ဟုန်ယွိသည် ကောင်းကင်ကို ကြည့်လိုက်၏။ မိုးခြိမ်းသံ ထွက်ပေါ်လိုက်တိုင်း သူ၏ခန္ဓာကိုယ်သည် ရေလှိုင်းတွန့်များ လှုပ်ခတ်ကဲ့သို့ သိမ်မွေ့စွာ လှုပ်ရှားနေသည်။
ဤသည်မှာ အစိမ်းရောင် မိုးမခစံအိမ်၏ နောက်ဘက် တောင်ကုန်းဖြစ်၏။ ဟုန်ယွိသည် စိတ်ဝိညာဉ် အနေထားဖြင့် ရပ်တည်နေခြင်းဖြစ်၍ မိုးခြိမ်းသံကြောင့် တုန်ခါသွားရခြင်း ဖြစ်သည်။ မိုးကြိုး ကပ်ဘေးအဆင့်အောက်ရှိ တစ္ဆေအင်မော်တယ်များသည် မိုးခြိမ်းချိန်တွင် အပြင်မထွက်ဝံ့ကြချေ။ ထိုသို့မဟုတ်ပါက, နွေဦးမိုးခြိမ်းသံ ထွက်ပေါ်လာချိန်တွင် ကောင်းကင်ယံမှ ဖျက်ဆီးခြင်းနှင့် ဖန်တီးခြင်း ဆန္ဒနှစ်ခု အပြင်းအထန် တိုက်ခိုက်ချိန်, ဖြစ်ပေါ်လာသော မိုးခြိမ်းသံ၏ ပြင်းထန်သော ဆန္ဒသည် စိတ်ဝိညာဉ်အား ပျက်ဆီးသွားစေရန် လုံလောက်ပါသည်။
တာအိုကျင့်စဉ်အဆင့် အားနည်းသူများသည် တိုက်ရိုက်ပင် ကြေမွသွားနိုင်သည်။
ဟုန်ယွိသည် ဤအရသာကို ပထမအကြိမ် ခံစားဖူးပြီးဖြစ်ကာ၊ အတိတ်ကျမ်း၏ အံ့ဖွယ်အစွမ်း မပါရှိပါက သူသည် သေဆုံးနေပြီ ဖြစ်သည်။
သို့သော် ဟုန်ယွိသည် ယခုအခါ မိုးကြိုးကပ်ဘေးတစ်ပိုင်းအဆင့် ကျွမ်းကျင်သူဖြစ်နေပြီး၊ အတိတ်ကျမ်း၏ စွမ်းအားကြောင့် နွေဦးမိုးကြိုးသံများကြား တွင် သူ၏ စိတ်ဝိဉာဉ်သည် ရေလှိုင်းများကဲ့သို့ သိမ်မွေ့စွာ ယိမ်းထိုးသွားရုံသာရှိခဲ့ပြီး သူ့ကို မည်သည့်ထိခိုက်မှုမှ မဖြစ်ပေါ်စေနိုင်ခဲ့ပေ။
သူ၏ ဘေးတွင် ချန်ယင်းရှာ၊ နင်ဂျာဘုန်းတော်ကြီးနှင့် ရွှေပင့်ကူတို့သည် သူ့ကို ကာကွယ်ရန် ရပ်တည်နေကြသည်။
“ဟုန်ယွိ၊ ရှင် မိုးကြိုးကပ်ဘေးကို တကယ် ရင်ဆိုင်တော့မှာလား”။ ချန်ယင်းရှာက စိုးရိမ်စွာ မေးသည်။
ထိုလူသုံးဦးသည် ဟုန်ယွိကို ကာကွယ်ရန် ရပ်တည်နေကြခြင်း ဖြစ်သည်။
မိုးကြိုးကပ်ဘေးကို ကျော်လွှားရာတွင် ကာကွယ်ပေးမည့်သူ မပါဘဲ လုံးဝ မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ကပ်ဘေးပြီးနောက် အားနည်းချိန် တစ်ခု ရှိနေမည် ဖြစ်ပြီး၊ ထိုအချိန်တွင် ရန်သူများသာ သိရှိသွားပါက အသက်ဆုံးရှုံးရမည် ဖြစ်သည်။
ရန်သူများ မသိရှိသည့်တိုင်၊ အခြားကျွမ်းကျင်သူများသည် သူတို့၏ ဝိညာဉ်ကို သိမ်းပိုက်ကာ မှော်ပစ္စည်းများအဖြစ် သန့်စင်သွားပါက၊ သေခြင်းထက် ဆိုးရွားသော အခြေအနေနှင့် ပြန်လမ်းမဲ့ အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။
“ဟုတ်တယ်။ ငါ့ရဲ့ အတိတ်ကျမ်းကို ကျင့်ကြံမူက မဟာပြီးပြည်စုံခြင်းအဆင့်ကို ရောက်နေပြီ။ ငါ စစ်နတ်ဘုရားနတ်ဆိုးကျမ်းကိုလည်း ကျင့်ကြံထားတယ်။ သူတော်စင် တူယွမ်ရဲ့ ဝိညာဉ်ကို စုပ်ယူပြီးနောက် မိုးကြိုးကပ်ဘေးတစ်ပိုင်းအဆင့်ကို ရောက်နေပြီ။ ဒီလိုအခြေအနေမျိုးနဲ့တောင် မိုးကြိုးဘေးကို မကျော်ဖြတ်နိုင်ရင်တော့ ဖြစ်ချင်ရာဖြစ်ပါစေတော့။”
ဟုန်ယွိက ရယ်မောပြီး ပြောသည်။ “မိုးကြိုးကပ်ဘေးကို ကျော်လွှားပြီးရင် အတွေ့အကြုံတွေ ပြောပြမယ်။ မင်းတို့လည်း အတိတ်ကျမ်းကို ကျင့်ကြံပြီးရင် ကျော်ဖြတ်နိုင်အောင် အခွင့်အရေး စောင့်နေကြ”။
ယခုအချိန်သည် နွေဦး မိုးခြိမ်းသံအလယ်တွင် ရှိနေသောကြောင့် ၎င်းတို့အားလုံး တစ်ချိန်တည်း ကပ်ဘေးကို ကျော်လွှားရန် မဖြစ်နိုင်ပေ။
အကယ်၍, ချန်ယင်းရှာနှင့် ဟုန်ယွိတို့ နှစ်ဦးစလုံး အတူတူ ကပ်ဘေးကို ကျော်လွှားမည်ဆိုလျှင်, နှစ်ဦးစလုံး အားနည်းသွားမည်ဖြစ်ပြီး မဖြေရှင်းနိုင်သည့် အခက်အခဲများ ပေါ်ပေါက်လာနိုင်သည်။ ထို့ကြောင့် တစ်ဦးက ဦးစွာ ကျော်လွှားပြီးမှ ကျန်တစ်ဦးက အချင်းချင်း အကာအကွယ်ပေးခြင်းက သဘာဝကျပေသည်။
ထို့အပြင် ချန်ယင်းရှာသည် အတိတ်ကျမ်းကို အပြည့်အဝ မကျွမ်းကျင်သေးသဖြင့် ကပ်ဘေးကို ကျော်လွှားရာတွင် အန္တရာယ်ရှိနိုင်သည်။ အန္တရာယ်က ကြီးကြီးမားမား မဟုတ်သော်လည်း သူမတွင် အလုံးစုံ သေချာမှု မရှိပေ။
မိုးကြိုး ကပ်ဘေးကို ကျော်လွှားရာတွင် ယုံကြည်စိတ်ချမှု ပြည့်ပြည့်ဝဝ ရှိနေခြင်းက အကောင်းဆုံး ဖြစ်သည်။
“စိတ်မပူပါနဲ့၊ ယင်းရှာ။ ဒီနေ့ ငါ မင်းသားယုဆီ သွားတုန်းက ဧကရာဇ် ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့ ကြီးမားတဲ့ လှုပ်ရှားမှုကြီးတစ်ခု လုပ်တော့မယ်လို့ ကြားလာခဲ့တယ်။ ကောင်းကင်ကြီးက ပြောင်းလဲတော့မယ်။ ကျောက်စိမ်းမြို့တော်မှာ အကြီးအကျယ် ဂယက်ထလိမ့်မယ်။ ခွန်အားမရှိရင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ခက်လိမ့်မယ်။ ဒါ့အပြင်, ဒီမိုးကြိုးကပ်ဘေးက ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော် ဒီနေ့ကို ကြာကြာ စောင့်နေခဲ့ရတာ။ ကောင်းကင်နဲ့ မြေကြီးရဲ့ အမျက်ဒေါသ၊ ဖန်ဆင်းခြင်းနဲ့ ဖျက်ဆီးခြင်းရဲ့ စွမ်းအားတွေ ဘယ်လောက် အံ့မခန်းလဲဆိုတာ ငါ သိချင်တယ်”။
ဟုန်ယွိက ပြောလိုက်သည်။
'ဟုတ်ပါတယ်လေ။ ဒါက ငါတို့ ကျင့်ကြံသူတွေရဲ့ ပုံစံပါပဲလေ။” ချန်ယင်းရှာက ခေါင်းညိတ်သည်။ 'တကယ်တော့ ငါလည်း မျှော်လင့်နေခဲ့တာ။ ငါ့တစ်သက်လုံး မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်းရဲ့ မိုးကြိုးလျှပ်စီးမှော်ပညာကို ကျင့်ခဲ့ပေမယ့် တကယ့် ကောင်းကင်မိုးကြိုး ပေါက်ကွဲတာကို တစ်ခါမှ မမြင်ဖူးသေးဘူး။ အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းမှာ ပါတာက မိုးကြိုးအနှစ်ကို သိုလှောင်ထားတာဖြစ်ပြီး၊ အစစ်မှန် ကောင်းကင် မိုးကြိုးကို သိုလှောင်ထားတာ မဟုတ်ဘူး။”
“ကောင်းပြီ! ငါသွားတော့မယ်။”
ဟုန်ယွိသည် ရယ်မောပြီးနောက် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ နွေးထွေးသော လေပြေတစ်ချက်အဖြစ် ပြောင်းလဲကာ ကောင်းကင်ယံရှိ နွေဦးမိုးကြိုးအတွင်းသို့ ပျံတက်သွားခဲ့သည်။
အပေါ်ရှိ ကောင်းကင်ကြီးသည် မှောင်မည်းသော တိမ်တိုက်များဖြင့် ပြည့်နှက်နေပြီး၊ အတွင်းမှ မိုးခြိမ်းသံများက လှိမ့်တက်နေ၏။ မိုးခြိမ်းသံ ထွက်ပေါ်လာတိုင်း ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေပြီး နတ်ဆိုးများကို ထိတ်လန့်စေကာ၊ အဆုံးမဲ့ ခုခံစွမ်းအားကို သယ်ဆောင်လာသည်။
ဟုန်ယွိသည် ပေတစ်ထောင်အမြင့်သို့ ရောက်သည်နှင့် လေထဲမှတဆင့် ရိုက်ခတ်လာသည့် ကြီးမားသော ဖိအားကို ခံစားရသည်။ ဤဖိအားသည် သူ၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေပြီးနောက်၊ မရေမတွက်နိုင်သော ကြိမ်လုံးများ အဖြစ် ပြောင်းလဲသွားကာ၊ သူ၏ စိတ်ဝိဉာဉ်ကို ရိုက်နှက်သကဲ့သို့၊ မရေမတွက်နိုင်သော ချွန်ထက်သည့် ဓားငယ်များ ကဲ့သို့ သူ၏ အတွေးများကို ပြိုကွဲစေသည်။
“ဒါက တကယ်ကို အစိတ်ပိုင်း တစ်ထောင် ပိုင်းဖြတ်ခံရတာထက် မလျော့ဘူး။”
ဟုန်ယွိသည် ဤသည်မှာ တကယ့် မိုးကြိုးကပ်ဘေး မဟုတ်သေးဘဲ ကပ်ဘေး၏ အစွန်ပိုင်းမှ စွမ်းအားမျှသာ ဖြစ်ကြောင်း သိသည်။ သာမန် တစ္ဆေအင်မော်တယ်တစ်ပါးဆိုလျှင်, သူတို့၏ စိတ် ဝိညာဉ် လွင့်စင်သွားပေလိမ့်မည်။
'ကြီးမားသော ဖိအားနှင့် အတွေးများ ကြေမွခြင်း၏ နာကျင်မှုကို ခံနိုင်ရည်ရှိလျက် ဟုန်ယွိသည် ဆက်လက် တက်လှမ်းလာခဲ့သည်။ သို့သော်, သူတက်လှမ်းသွားသည့် တစ်ပေချင်းစီ၏ ဖိအားသည် ဆယ်ဆ တိုးလာခဲ့သည်။
ဟုန်ယွိ၏ မျက်လုံးထဲတွင် ပတ်ဝန်းကျင်ရှိ လေထုသည် မျက်စိစူးလောက်သည့် အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။ ကုန်း အဆုံးမဲ့ မြင့်မားသော အထက်ကောင်းကင်ယံ၌ အလင်းတန်းများသည် အဆက်မပြတ် ရစ်ဝဲကာ ပေါက်ကွဲနေကြသည်။
'တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် ကောင်းကင်နှင့် မြေကြီးအတွင်းရှိ ကြီးမားကျယ်ပြန့်သော ယင်နှင့် ယန် စွမ်းအင်များ အပြင်းအထန် ပွတ်တိုက်ခြင်းမှ လျှပ်စီးများ ဖြစ်ပေါ်လာသည်ကို ခံစားရသည်။
မရှင်းလင်းသော အရာအချို့သည် လျှပ်စီးများအတွင်းဝယ် အဆက်မပြတ် မွေးဖွားခြင်းနှင့် ပျက်စီးခြင်းများ ဖြစ်ပေါ်လျက် ရှိနေသည်။
“သာမန် တစ္ဆေအင်မော်တယ်တစ်ပါးသာဆိုရင် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ဖို့ မဆိုထားနဲ့ဦး၊ တိမ်တွေထဲ ပျံတက်ဖို့တောင် အလွန်ခက်ခဲလိမ့်မယ်။”
တခဏအတွင်းမှာ, ဟုန်ယွိသည် ပေသုံးထောင်အမြင့်သို့ ရောက်ရှိလာပြီး ဖြစ်သည်။ သူသည် မှောင်မည်းသော တိမ်တိုက်များ၏ အစွန်းနားသို့ ရောက်ရှိလာခဲ့သည်။ တိမ်တိုက်အလွှာအတွင်းသို့ ဝင်ရောက်ပြီး အတွင်းမှ မိုးကြိုး၏ အစစ်မှန်မျက်နှာကို မြင်ရန်နှင့် ကောင်းကင်နှင့် မြေကြီး၏ အစစ်မှန် စွမ်းအားကို ခံစားရန် နောက်ထပ် အနည်းငယ်သာ လိုတော့သည်။
သို့သော် သူသည် မှောင်မည်းနေသော တိမ်တိုက်များ၏ အစွန်းမှ ပေတစ်ထောင်အကွာတွင် ရှိနေစဉ်၊ ကောင်းကင်နှင့် မြေကြီး အပြည့်ရှိနေသည့်၊ ပြင်းထန်ပြီး ကျယ်ပြန့်သော အကာကွယ်အော်ရာသည် အစိုင်အခဲပုံစံဖြင့် သူ၏ရှေ့ဆက်တိုးမူကို ပိတ်ဆို့ထားသည်ကို ခံစားရသည်။
ဟုန်ယွိ ရှေ့သို့ တက်လှမ်းသည့်အခါတိုင်း သူ့ဝိညာဉ်အတွင်းရှိ အတွေးများသည် ထုံကျင်ပြီး ပြင်းထန်သော နာကျင်မှုကို ခံစားရပြီးနောက် သတိလစ်သွားကာ၊ သူ့စိတ်ဝိညာဉ်သည် လွင့်စင်သွားရသည်။
"ဒီပြင်းထန်တဲ့ အကာကွယ်အော်ရာနဲ့ ယှဉ်ရင်, သိုင်းသူတော်စင်ရဲ့ လက်သီးဆန္ဒက ဘာမှ မဟုတ်ဘူး။” ဟုန်ယွိသည် အကြိမ်အနည်းငယ် ကြိုးစားကြည့်သော်လည်း ဟုန်ယွိသည် မှောင်မည်းသော တိမ်တိုက်အတွင်းသို့ မဝင်နိုင်ခဲ့ပေ။ အတွေးတစ်ခုဖြင့် သူသည် စစ်နတ်ဘုရား နတ်ဆိုးကျမ်းကို အသက်သွင်းလိုက်သည်။
အား..…၊ အား..…။
သူ၏စိတ်ဝိညာဉ်မှ စစ်နတ်ဘုရားပုံရိပ်က ပေါက်ကွဲထွက်လာပြီး၊ ပြင်းထန်စွာ ဟိန်းဟောက်ကာ အကာကွယ်အော်ရာ အလွှာထဲသို့ ထိုးဖောက် ဝင်ရောက်ပြီးနောက် ပေါက်ကွဲလိုက်သည်။။
ဘန်း…။
အကာကွယ်အော်ရာ အလွှာသည် ပေါက်ကွဲပြီး အတားဆီး လျော့သွားခဲ့သည်။
"အတိတ်က တိုင်းတာလို့ မရဘူး။ ငါက အမိတ္တဘဗုဒ္ဓပဲ” ထိုအချိန်တွင် ဟုန်ယွိသည် အတိတ်ကျမ်းကို အသက်သွင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ရွှေရောင်၊ မပြောင်းလဲနိုင်သော အတိတ်ခေတ် ဗုဒ္ဓတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားပုံရပြီး မည်းမှောင်သော တိမ်တိုက်များထဲသို့ ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်သွားသည်။
"ဖျစ်…၊ ဖျစ်…။”
သူ၏ အတွေးများကြားတွင် ကွဲအက်သံများ ထွက်ပေါ်လာသည်။
မည်းမှောင်သော တိမ်တိုက်များထဲသို့ ဝင်ရောက်သည့် အခိုက်အတန့်၌ ဟုန်ယွိသည် အသေးငယ်ဆုံးသော ဖုန်မှုန့်လေးအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ခံစားရသည်။ တစ်နည်းဆိုရသော် သူသည် အမှုန့်များအဖြစ်သို့ ပေါက်ကွဲ လွင့်စဉ်သွားခဲ့ခြင်း ဖြစ်သည်။
အတွေးတစ်ခုချင်းစီပင်လျှင် အမှုန့်အဖြစ် ကြေမွ ပျက်စီးသွားခဲ့သည်။
သူသည် မည်သည့် ဖြစ်တည်မှုမျိုး ဖြစ်နေပါသနည်း။ ဟုန်ယွိကိုယ်ပိုင်ပင် သူ၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း မသိနိုင်တော့ပေ။ သူ၏ အတွေးများတွင် ရှုပ်ထွေးမှုများသာ ရှိနေသည်။ သူသည် နာကျင်မှုကို မသိတော့သလို မည်သည့်အရာကိုမျှလည်း မသိတော့ပေ။
သူသိသည့် အရာမှာ တစ်ခုသာ ရှိသည်။ ၎င်းမှာ သူသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည့် ခံစားချက်ပင် ဖြစ်သည်။
သို့သော်, ကံကောင်းထောက်မစွာ၊ သူသည် အတိတ်ကျမ်းကို အသုံးပြုနိုင်ခဲ့သည်။ သူ၏ အစစ်မှန် သဘာဝ အနှစ်သာရ အတွင်း၌ မသေနိုင်သော သဘောတရား ရှိနေသည်။ ဤအကျပ်အတည်း ဖြစ်နေအချိန်တွင် သူသည် အတိတ်ကျမ်း၏ အစစ်မှန် အဓိပ္ပာယ်ကို ရုတ်တရက် သတိရလိုက်သည်။ ပြင်းထန်သော စိတ်အာရုံပြုမှုဖြင့် ကြေမွသွားခဲ့သော အတွေးအားလုံးတို့သည် ပြန်လည် စုစည်းမိကာ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို ပြန်လည် ဖွဲ့စည်းလိုက်သည်။ (အစစ်မှန် သဘာဝအနှစ်သာရဟူသည် စိတ်ဝိညာဉ်ကို ဆိုလိုခြင်း ဖြစ်ပါသည်)။
“အား…."
သူ၏ စိတ်ဝိညာဉ် ပြန်လည် စုစည်းမိသည်နှင့် ဟုန်ယွိသည် နောက်ဆုံးတွင် ဖိအားဆိုသည်မှာ မည်သည့်အရာ၊ နာကျင်မှုဆိုသည်မှာ မည်သည့်အရာ၊ စိတ်မသက်မသာ ဖြစ်မှုဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ကို သိရှိသွားသည်။
ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးသည် အဆုံးမဲ့သော အလင်းရောင်ဖြင့် ပြည့်နှက်နေသည်။ ဤအလင်းရောင်ရှေ့တွင် ကျိချန်ယွဲ့၏ ကောင်းကင်ဘုံ နန်းတော် နတ်ဘုရားအလင်းသည် ထည့်သွင်းပြောဆိုစရာပင် မလိုတော့ချေ။
ဤအလင်းရောင်၏ လက်မတိုင်း၊ အမျှင်တိုင်းသည် သူ၏အတွေးများထဲသို့ ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်ရန် ရည်ရွယ်နေသည်။ ဤခံစားချက် သည် သံမဏိအပ်များစွာက သူ့ခန္ဓာကိုယ်၏ ချွေးပေါက်များထဲသို့ ဖောက်ထွင်းဝင်ရောက်ပြီး သူ့ခန္ဓာကိုယ်ကို လုံးဝ ထိုးဖောက် ဖျက်ဆီးကာ အသားအမျှင်များအဖြစ် ပြောင်းလဲပစ်ပြီး ချွေးပေါက်တိုင်းမှ ထိုးဖောက်ထွက်သွားမည့် ခံစားမှုမျိုးနှင့် တူလှသည်။
ဤအလင်းရောင်၏ လက်မတိုင်းသည် အတွေးတစ်ခုနှင့် ညီမျှသည်။ ၎င်းသည် ဖျက်ဆီးခြင်းနှင့် ဖန်ဆင်းခြင်း၏ အစစ်မှန်ဆန္ဒကို သယ်ဆောင်ထားပြီး ဟုန်ယွိ၏ အတွေးများကို ဝါးမျိုရန် ကြိုးပမ်းနေသည်။
ဤသည်ကား ကောင်းကင်နှင့် မြေကြီး၏အတွေးဖြစ်ပြီး၊ တစ်စုံတစ်ဦး၏ အတွေးများကို ဝါးမျိုမည့် ဆန္ဒဖြစ်သည်။
'ဟုန်ယွိ၏ အတွေးတစ်ခုချင်းစီသည် ကောင်းကင်နှင့် မြေကြီး၏ အဆုံးမဲ့သော ဝါးမျိုခြင်းကို ရင်ဆိုင်နေရသည်။
သူသည် လက်ဗလာဖြင့် သမုဒ္ဒရာထဲ ခုန်ဆင်းခဲ့သည့် လူတစ်ယောက်ကဲ့သို့ ခံစားရပြီး၊ အဆုံးမဲ့သော ငါးမန်းများ၏ ကိုက်ဖြတ်ခြင်းကို ရင်ဆိုင်နေရသည်။
တကယ်ပင် ဤအချိန်တွင် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးသည် မိုးကြိုးလျှပ်စီး၏ အတွေးများ၊ စကြဝဠာ၏အတွေးများ ယင်နှင့် ယန်တို့၏ အတွေးများဖြင့် ပြည့်နှက်နေသည်။ မည်သည့် စိတ်ခံစားမှုမျှ မရှိတော့ဘဲ၊ ဝါးမျိုခြင်းနှင့် ပေါင်းစည်းခြင်းသာ ရှိသည်။
ဤအတွေးတစ်လုံးစီတိုင်းသည် ဟုန်ယွိ၏ အတွေးများထက် ဆယ်ဆ ပိုပိုအစွမ်းထက်ပြီး၊ အရေအတွက်ကလည်း အဆုံးမဲ့သည်။ ၎င်းတို့သည် အစုလိုက်အပြုံလိုက် ဝင်ရောက်လာကာ ဟုန်ယွိ၏ အတွေးတစ်ခုချင်းစီကို စားသုံးရန် ကြိုးစားပြီးနောက် ၎င်းတို့ကို ပေါင်းစည်းကာ၊ ဟုန်ယွိကို သူ့စိတ်ဆန္ဒ လုံးဝ ဆုံးရှုံးစေပြီး ကောင်းကင်နှင့် မြေကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာစေသည်။ ဤရလဒ်သည် သဘာဝအတိုင်း သေခြင်း၊ ပျက်စီးခြင်း၊ မြေမှုန့်အဖြစ်သို့ ပြောင်းလဲခြင်း၊ ပြာအဖြစ်သို့ ပြောင်းလဲခြင်း ဖြစ်သည်။
သာမန်လူတစ်ဦးသည် ချန်ယင်းရှာ၏ ပင်လယ်နက်ရှိ ငါးမန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော ငါးမန်းတစ်သောင်း ဝင်္ကပါထဲသို့ ကျရောက်ပါက ထိုအခြေအနေမျိုးပင် ဖြစ်ပေလိမ့်မည်။
ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ပြန်လည်စုစည်းမိသည်နှင့် ဟိန်းထနေသော မိုးခြိမ်းသံ ကြောင့် အတွေးထောင်ပေါင်းများစွာအဖြစ် ပြန်လည် ကြေမွသွားပြန်သည်။
ထို့နောက်တွင် ထိုအတွေးထောင်ပေါင်းများစွာသည် ဖျက်ဆီးခြင်းနှင့် ဖန်ဆင်းခြင်းဆိုင်ရာ ဆန္ဒများ၏ ဆုတ်ဖြဲခြင်းကို ခံရပြန်သည်။
"ဒါက အသုရာ သွေးပင်လယ်ထဲ ကျရောက်ပြီး နတ်ဆိုးတွေရဲ့ ဆုတ်ဖြဲခြင်းကို ခံနေရသလိုပဲ။"
ထိုအခိုက်အတန့်တွင် ဟုန်ယွိသည် အသုရာ သွေးပင်လယ်ထဲ ကျရောက်သွားသကဲ့သို့ ခံစားရသည်။ အဆုံးမဲ့သော အသုရာ နတ်ဆိုးများက သူ၏ အသားစတိုင်းကို ဆုတ်ဖြဲကာ မျိုချနေကြသည်။
သာမန် တစ္ဆေအင်မော်တယ်တစ်ဦးသာဆိုလျှင်, ကြာမြင့်စွာကတည်းက သေဆုံးသွားလိမ့်မည်။