ကျွန်တော်က ဝေ့ချီကစားနည်းလို့ ထင်နေတာ
Vol. 9 Ch. 86
အရက်ဆိုင်အတွင်းတွင် သူတောင်းစားအဘိုးအိုနှင့်ကျုံးချင်တို့သည် အရာရာတိုင်းကို ဆွေးနွေးပြောဆိုနေကြသည်။
ဆိုရိုးစကားအတိုင်း မိတ်ဆွေစစ်နှင့် သောက်လျှင် ခွက်တစ်ထောင်သည် နည်းလွန်းပြီး စိတ်သဘောထားချင်း မတိုက်ဆိုင်သူနှင့် ပြောဆိုလျှင် စကားတစ်ဝက်သည်ပင် များလွန်းသည် ဟူသည့်အလားပင်။
ယခုမှတွေ့ဆုံးဖူးသော်လည်း သူတို့နှစ်ယောက်သည် အလွန်အမင်း အဆင်ပြေနေကြ၏။
"ညီလေး မင်း ကျားကစားတတ်လား"
"ကျားမပါဘဲ ဝိုင်အရက်သောက်လို့ ဘယ်ဖြစ်မလဲ"
"ငါနဲ့အတူ နေရာပြောင်းပြီး ပျော်ပျော်ပါးပါး ကစားမလား"
သူတောင်းစားအဘိုးအိုသည် သိသိသာသာ မူးနေပြီး ပျော်ရွှင်နေသည်။
သူသည် စိတ်ကူးပေါက်ရာ လုပ်ဆောင်တတ်သူပင်။
ကျုံးချင်သည် ဝိုင်အရက်ကောင်းကို အရသာရှိသော အစားအစာနှင့် တွဲဖက်စားသောက်ခြင်းမျိုးကို ကြားဖူးသည်။
အလှလေးကို လက်မောင်းတွင်ပိုက်၍ နှုတ်ခမ်းတွင် ဝိုင်အရက်တေ့ကာ သောက်ခြင်းမျိုးကိုလည်း ကြားဖူးသည်။
သို့သော် ဝိုင်အရက်ကောင်းကို ကျားကစားခြင်းနှင့် တွဲဖက်သည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးချေ။
ထိုသို့ဆိုသည့်တိုင် တစ်ဖက်လူ၏ တက်ကြွနေသော စိတ်အခြေအနေကို မြင်ရသဖြင့် သူ မဖျက်ဆီးလိုချေ။
ထို့ပြင် စကားပြောဖော်ရသော အရက်သောက်ဖော်တစ်ဦးနှင့် တွေ့ရသည်မှာ ရှားပါးသည့်အပြင် လောလောဆယ်တွင် သူ့ထံ၌ လုပ်စရာမရှိသဖြင့် သူ ချက်ချင်းသဘောတူလိုက်သည်။
သူတို့နှစ်ယောက်သား အရက်ဆိုင်မှ ထွက်လာကြသည်။
လမ်းကြားတချို့ကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် မိုးမခပင်များ တန်းစီပေါက်နေသော မြစ်ကမ်းဘေးသို့ ရောက်ရှိလာကြ၏။
မြစ်ငယ်လေးသည် လျင်မြန်စွာ စီးဆင်းနေပြီး ကမ်းပါးနှစ်ဖက်စလုံးတွင် မိုးမခပင်များက ယိမ်းနွဲ့နေကြသည်။
နူးညံ့သော လေပြေက အနည်းငယ်ပူပြင်းသော နေ့ရက်အတွက် အေးမြမှုတစ်ချို့ကို ယူဆောင်လာပေးသည်။
"လာ လာ လာ... ဒီသူတောင်းစားအိုကြီးက မင်းကို ရတနာတစ်ခု ပြမယ်"
သူတောင်းစားအဘိုးအိုသည် ကျုံးချင်ကို အချင်းတစ်လံခန့်ရှိသော မိုးမခပင်ကြီးဆီသို့ ခေါ်သွားပြီးနောက် ထိုအပင်၏အောက်ခြေရှိ မြေကြီးကို တူးဆွလိုက်သည်။
မကြာမီ ရေနံချေးစိမ်ထားသော အဝတ်ဖြင့် ထုပ်ပိုးထားသော အရာတစ်ခုကို တူးဖော်ရရှိလိုက်၏။
သူသည် ထိုအထုပ်ကို ထုတ်ယူလိုက်ပြီး အဝတ်ကို ဖွင့်လိုက်ရာ အထဲမှနေ၍ လက်ရာမြောက်သော ကျားခုံနှင့်ကျားစေ့များ ထွက်ပေါ်လာသည်။
သူတောင်းစားအဘိုးအိုသည် ကျားခုံကို မိုးမခပင်ဘေးရှိ ချောမွတ်သော ကျောက်တုံးကြီးပေါ်တွင် ရတနာတစ်ခုအလား ဂရုတစိုက် တင်လိုက်သည်။
ထို့နောက် ကျုံးချင်ကို ကျောက်တုံးကြီးပေါ်တွင် ပလ္လင်ခွေထိုင်ရန် ဖိတ်ခေါ်လေသည်။
"ညီလေး....မင်းရဲ့ ကျားကစားတဲ့စွမ်းရည်က ဘယ်လိုလဲ"
သူက အဖြူရောင်ကျားစေ့များကိုကိုင်ကာ ဦးစွာ ရွှေ့လိုက်သည်။
ငါးကွက်ရွှေ့ပြီးနောက် ကျုံးချင်၏ကျားစေ့ငါးစေ့တန်းသွားချိန်၌ သူက အော်ဟစ်လိုက်၏။
"ကျွန်တော် နိုင်ပြီ..."
သူတောင်းစားအဘိုးအိုသည် သူ၏ဘဝအပေါ် သံသယဝင်လာသည်။
"မင်း ဘယ်လိုလုပ်ပြီး နိုင်သွားတာလဲ"
"မင်း နိုင်တယ်လို့ ဘယ်နေရာမှာ မြင်လို့လဲ"
ကျုံးချင် ဆွံ့အသွားသည်။
"..."
'ခင်ဗျားက ကျွန်တော်နဲ့ 'ငါးလုံးတန်း' ကစားနေတယ် ထင်လို့လေ.... တကယ်တော့ ခင်ဗျားက 'ဝေ့ချီ'ကစားနေတာကိုး'
သူ 'ဝေ့ချီ'ကစားနည်းကို နားမလည်ပေ။
ကျုံးချင်က စိတ်ကူးတစ်ခု ရလိုက်သည်။
"ဒီလိုလုပ်ပါလား.... ကျွန်တော်က ခင်ဗျားကို ကျားကစားနည်းအသစ် သင်ပေးမယ်လေ"
"ဘာကစားနည်းအသစ်လဲ"
သူတောင်းစားအဘိုးအို သိသိသာသာ စိတ်ဝင်စားသွားသည်။
"သွားကြစို့ အရင်ဆုံး ပစ္စည်းတချို့ သွားရှာရအောင်"
ကျုံးချင်သည် သူ၏ ယခင်ဘဝမှ တရုတ်စစ်တုရင်ကို ပြန်လည်အမှတ်ရလိုက်သည်။
ကစားရလွယ်ကူမှုအပိုင်းတွင် တရုတ်စစ်တုရင်သည် ဝေ့ချီထက် များစွာရိုးရှင်းပြီး သင်ယူရ လွယ်ကူသည်။
ထို့ပြင် ထိုအရာ၏ ထူးခြားသော ရွှေ့ကွက်စည်းမျဉ်းများက လူများကို ပို၍စိတ်ဝင်စားစေလေ့ ရှိသည်။
သူတို့နှစ်ယောက်သား မြို့တံခါးဝသို့ ရောက်ရှိလာကြသည်။
ကျုံးချင်သည် ပုံသဏ္ဍာန်အမျိုးမျိုးရှိပြီး အရည်အသွေးကောင်းမွန်သော ကျောက်တုံးတချို့ကို ရွေးချယ်လိုက်၏။
ထို့နောက် သူသည် ထွင်းထုဓားတစ်ချောင်းကို ထုတ်ယူပြီး ကျောက်တုံးများကို စတင်၍ ထွင်းထုတော့သည်။
ဤထွင်းထုဓားသည် စနစ်ကို တက်ရောက်စာရင်းသွင်းခြင်းမှ ရရှိသော ဆုလာဘ်တစ်ခုပင်။
ထိုအရာ၏အရည်အသွေးသည် အလွန်ကောင်းမွန်ပြီး ရွှေကိုဖြတ်၍ ကျောက်တုံးခွဲခြင်းမျိုးမှာ ကလေးကစားစရာမျှသာ ဖြစ်သည်။
သူ၏ကျင့်ကြံဆင့်နှင့်ဆိုလျှင် ကျောက်တုံးတချို့ကို ထွင်းထုခြင်းမှာ အားစိုက်ထုတ်ရန် မလိုပေ။
မကြာမီ ပုံသဏ္ဍာန်မမှန်သော ထိုကျောက်တုံးများသည် သူ၏ထွင်းထုမှုစွမ်းရည်အောက်တွင် တူညီသော ပုံစံရှိပြီး ချောမွတ်လုံးဝန်းသော စစ်တုရင်ရုပ်များအဖြစ် ပြောင်းလဲသွားသည်။
ကျုံးချင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရှေးဟောင်းဗုဒ္ဓပင်ကြီးအောက်တွင် ကျောက်တုံးကြီးတစ်တုံးကို တွေ့လိုက်ရသည်။
ဤသည်က စစ်တုရင်ခုံပြုလုပ်ရန် အလွန်သင့်တော်သည်။
သူသည် ချက်ချင်းဆိုသလိုပင် ကျောက်တုံးကြီးကို စတင်၍ ပြုပြင်လိုက်၏။
မကြာမီ ပြီးပြည့်စုံသော တရုတ်စစ်တုရင်ခုံတစ်ခု ပြီးစီးသွားသည်။
ကျုံးချင်က စည်းမျဉ်းများကို သူတောင်းစားအဘိုးအိုအား ရှင်းပြလိုက်သည်။
သူတို့နှစ်ယောက်သား အစမ်းသဘောဖြင့် နှစ်ပွဲကစားလိုက်ကြသည်။
သူတောင်းစားအဘိုးအိုသည် တရုတ်စစ်တုရင်၏ ဆွဲဆောင်မှုအောက်တွင် လျင်မြန်စွာ ဖမ်းစားခံလိုက်ရသည်။
"ညီလေး ဒီစစ်တုရင်က အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ...."
သူ၏မျက်လုံးများ တောက်ပနေပြီး စစ်တုရင်ခုံကို စိုက်ကြည့်ကာ လောကအသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်အလား ပြောဆိုလိုက်သည်။
တရုတ်စစ်တုရင်သည် သူ၏ယခင်ဘဝမှ ရှေးခေတ်လူများ၏ ဉာဏ်ပညာအနှစ်သာရကို ပုံဖော်ထားသည်ဟု ဆိုနိုင်ပေ၏။
လွှမ်းမိုးမှုအပိုင်းတွင် ထိုအရာသည် 'ဝေ့ချီ' ထက် နိမ့်ကျခြင်း မရှိပေ။
သူ၏ယခင်ဘဝတွင် ပန်းခြံများနှင့် မြစ်ကမ်းဘေးများ၌ အဘိုးအိုများ စစ်တုရင်ကစားနေကြသည်ကို မကြာခဏ တွေ့ရလေ့ရှိသည်။
လူကြိုက်များမှုအပိုင်းတွင် ဤကစားနည်းသည် 'ဝေ့ချီ' ထက် များစွာပို၍သာလွန်သည်။
ကျုံးချင်သည် သူတောင်းစားအဘိုးအို၏ တုံ့ပြန်မှုအပေါ် အံ့အားသင့်သွားခြင်း မရှိချေ။
သူတို့နှစ်ယောက်သား ပွဲပေါင်းများစွာ ကစားခဲ့ကြသည်။
ထိုကစားပွဲများအားလုံးသည် ကျုံးချင်၏ ပြီးပြည့်စုံသော အနိုင်ရရှိမှုဖြင့် ပြီးဆုံးခဲ့သည်။
သို့သော် သူတောင်းစားအဘိုးအိုသည် လုံးဝ စိတ်ဓာတ်ကျခြင်း မရှိချေ။ ရှုံးနိမ့်မှုတစ်ခုစီတိုင်းနှင့်အတူ သူ ပို၍ရဲရင့်လာပေ၏။
သူ့ထံတွင် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းပြီး ဘယ်တော့မှ အရှုံးမပေးသော စိတ်ဓာတ်ရှိသည်။
ဗုဒ္ဓသစ်ပင်ကြီးအောက်ရှိ အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦးတို့၏ ပုံရိပ်သည် သဘာဝလောကကြီးနှင့် ပေါင်းစပ်သွားသည့်အလား အလွန်လိုက်ဖက်ညီနေသည်။
သူတို့သည် လှပသော ရှုခင်းတစ်ခု ဖြစ်လာခဲ့ပေ၏။
အချိန်သည် အမြဲတမ်း တိတ်ဆိတ်စွာနှင့် သတိမထားမိလိုက်ဘဲ ကုန်ဆုံးသွားတတ်သည်။
မျက်စိတစ်မှိတ်အတွင်း နေဝင်ရီတရောအချိန်သို့ ရောက်ရှိလာလေပြီ။
"ကဲ....ဒီနေ့တော့ ဒီလောက်ပဲ..."
ကျုံးချင်က မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ ပြန်ရမည့်အချိန်သို့ ရောက်နေလေပြီ။
သူတောင်းစားအဘိုးအို၏မျက်နှာတွင် နက်ရှိုင်းသော နှမြောတသမှုများ ထင်ဟပ်လာသည်။
သို့သော် သူသည် အရာရာတွင် အလယ်အလတ်ရှိရမည်ဟူသော သဘောတရားကို သိထားသည်။
သူက ပြောဆိုလိုက်၏။
"လူငယ်လေး....ဒီနေ့ မင်းနဲ့ တွေ့ဆုံခွင့်ရတာက တကယ့်ကို ငါ့ဘဝရဲ့ ကံကောင်းမှုကြီးပါပဲ"
"ဒီသူတောင်းစားအိုကြီးက ဒီနားမှာပဲ နေတာပါ...လူငယ်လေး မင်း အားလပ်ရင် ငါ့ကို လာရှာရမယ်နော်"
"ဒီသူတောင်းစားအိုကြီးကို မင်းနဲ့ နောက်တစ်ပွဲလောက် ကစားခွင့်ပေးပြီး အနိုင်အရှုံး ဆုံးဖြတ်ကြတာပေါ့"
"ကိစ္စ မရှိပါဘူး"
ကျုံးချင်က အပြုံးနှင့် ပြောဆိုလိုက်သည်။
"ဒါဆိုရင် ကျွန်တော် အရင်ပြန်နှင့်တော့မယ်"
"နောက်တစ်နေ့မှ ပြန်ဆုံကြတာပေါ့"
...
ကျုံးချင် ရှန်ကျန်းဂိုဏ်းသို့ ပြန်ရောက်ချိန်၌ မူဖူတောင်တွင် ဧည့်သည်တစ်ယောက် ရောက်နေသည်။
ဤသည်မှာ ရှန်ကျန်းဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်မှလွဲ၍ တခြားလူ မဟုတ်ချေ။
"ဂိုဏ်းချုပ် ဘာကိစ္စနဲ့ ရောက်လာတာလဲ"
ကျုံးချင် အနည်းငယ် အံ့အားသင့်သွားသည်။
"မင်းကတော့ကွာ....."
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က ကူကယ်ရာမဲ့သော အမူအရာဖြင့် ပြောဆိုလိုက်သည်။
"တောင်ထွတ်ခုနစ်လုံး မဟာယှဥ်ပြိုင်ပွဲကြီးက ငါတို့ရှန်ကျန်းဂိုဏ်းအတွက် ကြီးကျယ်ခမ်းနားတဲ့ ပွဲတစ်ခုလေ"
"မူဖူတောင်က ပထမရသွားတော့ ဒါက မင်း တောက်ပရမယ့် အချိန်ပဲ"
"ဒါပေမဲ့ အရေးကြီးတဲ့ အချိန်ကျမှ မင်းကို ရှာမတွေ့ဘူး"
"ကျွန်တော်က အဲ့ဒီလိုပွဲမျိုးတွေကို ဘယ်တုန်းကမှ မကြိုက်ဘူးဆိုတာ ဂိုဏ်းချုပ် သိသားနဲ့..." ကျုံးချင်က လက်ကာပြရင်း ပခုံးတွန့်လိုက်သည်။
ဂိုဏ်းချုပ်ရွှမ် ယွမ်ဟုန်က ပြောဆိုသည်။
"ငါက မင်းကို တကယ်ကြီး လက်မြှောက်ပါတယ်....ဒီတစ်ခေါက် ငါလာတာ မင်းကို ကိစ္စတစ်ခု ပြောချင်လို့ပဲ....မူဖူတောင်က တောင်ထွတ်ခုနစ်လုံး မဟာယှဥ်ပြိုင်ပွဲကြီးမှာ ပထမရသွားပြီ"
"ခုနစ်ရက်အတွင်းမှာ မင်းက ရှန်ကျန်းဂိုဏ်းကို ကိုယ်စားပြုပြီး အရှေ့ပိုင်းဒေသ အင်မော်တယ်တာအို ညီလာခံကို တက်ရောက်ရမယ်"
"ဒီအတောအတွင်း သေချာပြင်ဆင်ထားပါ"
"မင်း တစ်ခုခုလိုရင် တောင်းဆိုလို့ရတယ်... မင်းရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ငါ အစွမ်းကုန် ကြိုးစားပါ့မယ်"
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်၏ စိတ်ရင်းမှန်ဖြင့် ဂရုစိုက်မှုကို ရင်ဆိုင်ရသောအခါ ကျုံးချင်က အပြုံးနှင့် ပြောဆိုလိုက်၏။
"ဂိုဏ်းချုပ်ရဲ့ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်.... ဒါပေမဲ့ ဒါ အပြင်ခဏထွက်တာပဲလေ... သိပ်ပြီးပြင်ဆင်စရာ မရှိပါဘူး"
အိုး ဘုရားရေ...
ထိုစကားများက ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်၏ မျက်ခုံးများကို တွန့်ကွေးသွားစေသည်။
သူ၏စိတ်ထဲတွင် တွေးတောလိုက်မိသည်။
'ဒါက အင်မော်တယ်ဧကရာဇ် တစ်ပါးလား'
သူ့ကိုယ်သူ အဆုံးမရှိသော ယုံကြည်မှုများ အမြဲတစေ ပိုင်ဆိုင်ထားပေ၏။
အမှန်အားဖြင့် ထိုကဲ့သို့ တည်ရှိမှုမျိုး၏ရှေ့တွင် မည်ကဲ့သို့ ကြီးကျယ်ခမ်းနားသည့် ပွဲမျိုးကို မမြင်ဖူးဘဲ ရှိမည်နည်း....
သူတို့နှင့် နှိုင်းယှဉ်လိုက်လျှင် အရှေ့ပိုင်းဒေသ အင်မော်တယ်တာအို ညီလာခံသည် ပွဲငယ်လေးဟုသာ ခေါ်ဆိုနိုင်ပြီး သူ့ထံမှ အာရုံစိုက်မှု သို့မဟုတ် အလေးထားမှုကို မရရှိသည်မှာ သဘာဝကျသည်။
အရေးမပါသည့်ကိစ္စကို ကြီးကြီးကျယ်ကျယ် လုပ်နေသူမှာ သူကိုယ်တိုင်သာ ဖြစ်နေပေ၏။
ကျုံးချင်၏ ထပ်ခါတလဲလဲ ပြသခဲ့သော စွမ်းဆောင်ရည်များနှင့် ဝူကျီဂိုဏ်းမှ အကြီးအကဲနှစ်ယောက်ကို လက်ခံလိုက်ခြင်းတို့က ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်အား သူ၏အင်မော်တယ်ဧကရာဇ် အထောက်အထားကို အခိုင်အမာ ယုံကြည်သွားစေသည်ဟု ဆိုနိုင်သည်။
သူ တစ်ယောက်တည်းသာ မဟုတ်ဘဲ ရှန်ကျန်းဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများလည်း ပါဝင်သည်။
ယခုအချိန်၌ မည်သူတစ်ဦးတစ်ယောက်မျှ ကျုံးချင်၏ အင်မော်တယ်ဧကရာဇ် အထောက်အထားအပေါ် သံသယမရှိကြတော့ပေ။
ကျုံးချင်သည် မြင့်မြတ်နယ်မြေ၏ မဟာအကြီးအကဲနှစ်ယောက်ကိုပင် ဤမျှထိ နာခံရို့ကျိုးအောင် ထိန်းချုပ်နိုင်ခဲ့သည်။
ဤသည်မှာ အင်မော်တယ်ဧကရာဇ်တစ်ပါး၏ ထူးခြားသော နည်းလမ်းများ မဟုတ်ဟုဆိုလျှင်ပင် သူတို့ ယုံကြည်တော့မည် မဟုတ်ချေ။
ဤအကြောင်းအရာများ အားလုံးကို ကျုံးချင်သည် ယခုလောလောဆယ်တွင် မသိရှိသေးပေ။
"ကောင်းပြီလေ... ဒီလိုဆိုတော့လည်း ငါ ကြာကြာ မနေတော့ဘူး"
"ဘာပဲဖြစ်ဖြစ် အပြင်သွားရင် အမြဲတမ်း သတိထားပါ"
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် မှာကြားစရာတချို့ကို မှာကြားပြီးနောက် ညအမှောင်ထုအောက်တွင် ထွက်ခွာသွားခဲ့သည်။
ကျုံးချင်အတွက်မူ အစမှအဆုံးတိုင် အရှေ့ပိုင်းဒေသ အင်မော်တယ်တာအို ညီလာခံကို သူ၏စိတ်ထဲ လုံးဝထည့်မထားခဲ့ပေ။
သူ၏အမြင်အရ ဤခရီးစဉ်သည် သူ၏တပည့်နှစ်ယောက်ကို အတွေ့အကြုံရစေရန်နှင့် အပန်းဖြေရန်အတွက်သာ ဖြစ်သည်။
သူ အပန်းဖြေခရီးထွက်ခြင်းနှင့် မခြားနားချေ။
နောက်ပိုင်းကာလများတွင် ကျုံးချင်၏ ဘဝသည် ယခင်အတိုင်းပင် ဖြစ်သည်။
သူ၏အာရုံစိုက်မှုသည် ဆေးပညာဘက်သို့ ပြန်လည်ရောက်ရှိသွားသည်။
လိုလျှင်ကြံဆ နည်းလမ်းရ ဆိုသည့်အတိုင်း...
အမှန်တကယ်ကို အချိန်တစ်ခုကြာမြင့်ပြီးနောက် ဆေးပညာလမ်းစဉ်၌ သူ၏စွမ်းအားသည် နောက်ဆုံးတွင် အဆင့်ချိုးဖျက်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။