← Chapters

ကြွယ်ဝချမ်းသာခြင်းနတ်ဘုရား ဆင်းသက်လာခြင်း

Vol. 9 Ch. 87

ကြွယ်ဝချမ်းသာခြင်းနတ်ဘုရား ဆင်းသက်လာခြင်း

Vol. 9 Ch. 87

မူလက ကျုံးချင်၏ ဆေးလုံးများသည် အနည်းငယ်ပုံမှန်ဖြစ်သော ပထမဆုံးအသုတ်မှလွဲ၍ ကျန်သည့်အသုတ်များမှာ လုံးလုံးလျားလျား ကပ်ဘေးဆိုက်နေသည့်အလားပင်။

ဆေးလုံးများသည် အဖုအထစ်များ ဖြစ်နေတတ်သည့်အပြင် ထူးဆန်းသော ဘေးထွက်ဆိုးကျိုးများလည်း ပါဝင်နေတတ်သည်။

သို့သော် ယခုအချိန်တွင်မူ သူသည် နောက်ဆုံး၌ ပုံမှန်ဆေးလုံးများကို သန့်စင်ဖော်စပ်နိုင်လေပြီ။

သူ ဖော်စပ်ထားသော ဆေးလုံးများ၏ အရည်အသွေးမှာ မမြင့်မားသော်လည်း ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့၏ အဆိုအရ သူ၏ တည်ငြိမ်သော စွမ်းဆောင်ရည်သည် ပထမအဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာရန် လုံလောက်နေလေပြီ။

"မလွယ်လိုက်တာကွာ...."

ဆေးပညာပိုင်းတွင် ကျုံးချင်၏ တိုးတက်မှုအကြောင်း ပြောရလျှင် အပျော်ရွှင်ဆုံးသူများမှာ သူ မဟုတ်ဘဲ ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ ဖြစ်ကြသည်။

ထိုလူနှစ်ယောက်သည် မူဖူတောင်တွင် စမ်းသပ်ခံဘဝဖြင့် နေခဲ့ရသော နေ့ရက်များကို ပြန်တွေးမိတိုင်း စိတ်ဒဏ်ရာ ရနေကြဆဲပင်။

နောက်ပိုင်းတွင် သူတို့သည် ကြည်ဖြူစွာဖြင့် စမ်းသပ်ခံဘဝကို ခံယူခဲ့ကြသော်လည်း သူတို့နှစ်ယောက် မည်မျှထိ စိတ်ဖိစီးမှုများ ခံစားခဲ့ရသည်ကို ကောင်းကင်ဘုံသာ သိပေလိမ့်မည်။

ယခုချိန်၌ ကျုံးချင်၏တိုးတက်လာသော ဆေးသန့်စင်မှု နည်းစနစ်များနှင့်အတူ ထိုကဲ့သို့ ကြောက်ရွံ့တုန်လှုပ်ဖွယ်ရာ နေ့ရက်များသည် နောက်ဆုံးတွင် အတိတ်မှာ ကျန်ရစ်ခဲ့ပေတော့မည်။

ဆေးပညာတိုးတက်လာမှုသည် ကျုံးချင်ကို အလွန်စိတ်လှုပ်ရှားစေသည်။

"တကယ်ပဲ ကြိုးစားတဲ့သူတွေက အမြဲတမ်း အကျိုးခံစားခွင့် ရတာပဲ"

"ရှေးလူကြီးတွေက ငါ့ကို လိမ်မပြောခဲ့ကြဘူး"

ခရမ်းစိမ်းစိတ်ဝိညာဉ်ဆေးမီးဖို ရှေ့တွင် ကျုံးချင်သည် ဆေးလုံးအသုတ်ပေါင်း ဆယ်နှင့်ချီပြီး တစ်ရှိန်ထိုး ဖော်စပ်လိုက်သည်။

သူ၏အောင်မြင်မှုနှုန်းမှာ သိပ်မမြင့်မားလှဘဲ ၃၀ ရာခိုင်နှုန်းသာ ရှိသေးသည်။

သို့သော် အနည်းဆုံးအနေဖြင့် သူဖော်စပ်ထားသော အရာများကို ပုံမှန်အတိုင်း အသုံးပြုနိုင်သည်။

ဤအရာက သူ့ကို အဆင့်မြင့်ဆေးလုံးများ ဖော်စပ်နိုင်ရန် မျှော်လင့်ချက် ပေးစွမ်းသည်။

မကြာမီ သူ၏အကြည့်သည် နတ်ဘုရားမီးတောက်ဆေးလုံး၏ဆေးညွှန်းပေါ်သို့ ကျရောက်သွားသည်။

နတ်ဘုရားမီးတောက်ဆေးလုံးသည် နတ်ဘုရားစိတ်ဝိညာဉ်ကို မွမ်းမံပေးနိုင်ပြီး စိတ်ဝိညာဉ် ထိခိုက်ဒဏ်ရာများကို ကုသပေးနိုင်သည်။

ထိုဆေးလုံး၏လုပ်ဆောင်ချက်သည် အစွမ်းထက်ပြီး အရည်အသွေးမှာလည်း ထူးကဲလှ၏။

ထိုဆေးလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖော်စပ်နိုင်ပါက အလွန်အဓိပ္ပာယ်ရှိမည်ဟု ကျုံးချင်က ခံစားမိသည်။

တစ်ညလုံး အိပ်ရေးပျက်ခံရလျှင်ပင် သူသည် ထိုဆေးလုံးကို သေချာပေါက် ကျွမ်းကျင်ပိုင်နိုင်အောင် လုပ်ရပေမည်။

သို့သော် သူ အချိန်ယူ၍ လေ့လာရန် ပြင်ဆင်လိုက်စဉ်မှာပင် စိတ်ဝိညာဉ်ဆေးပင်များ ပြတ်လပ်နေကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရသည်။

အစွမ်းထက်သော ဆေးလုံးတိုင်းအတွက် ထူးခြားသော ကုန်ကြမ်းပစ္စည်းများ ထောက်ပံ့ရန် လိုအပ်သည်။

နတ်ဘုရားမီးတောက်ဆေးလုံး ဖော်စပ်ရန်အတွက် အဓိက စိတ်ဝိညာဉ်ဆေးပင်မှာ မူဖူတောင်တွင် မရှိပေ။ သူသည် တပည့်တစ်ယောက်ကို ရှန်ကျန်းဂိုဏ်း၏ပင်မခန်းမသို့ လွှတ်ပြီး စုံစမ်းခိုင်းရာ ဂိုဏ်းတွင်လည်း မရှိကြောင်း သိလိုက်ရသည်။

ဤခံစားချက်က သူ့အား အတော်လေး စိတ်မသက်မသာ ဖြစ်စေသည်။

"တောင်သခင်....တန်းထင်းခန်းမဆောင်ရဲ့ လေလံအိမ်ခွဲတစ်ခုက လင်မြို့မှာ ရှိပါတယ်"

"သူတို့ရဲ့ စိတ်ဝိညာဉ်ဆေးပင် သိုလှောင်ထားရှိမှုက အရှေ့ပိုင်းနယ်မြေတစ်ခုလုံးမှာ ပြိုင်ဘက်ကင်းပဲ"

"လေလံအိမ်ကို သွားကြည့်ရင် တစ်ခုခု တွေ့နိုင်လောက်တယ်"

ကျုံးချင် စိတ်ပျက်နေသည်ကို ဝူယွဲ့မြင်တွေ့ချိန်၌ အကြံပြုလိုက်သည်။

အရှေ့ပိုင်းနယ်မြေတွင် မဟာမြင့်မြတ်နယ်မြေ ငါးခုရှိသည်။

တန်းထင်းခန်းမဆောင်သည် ထိုအရာများအနက်မှ တစ်ခုပင်။

သို့သော် တခြားမဟာမြင့်မြတ်နယ်မြေလေးခုနှင့် မတူဘဲ တန်းထင်းခန်းမဆောင်၏ အစစ်အမှန်အဖွဲ့ဝင်များကို ထိပ်တန်းဆေးပညာရှင်တစ်စုက ဦးဆောင်ထားသည်။

ထိုအင်အားစုကို ဆေးပညာရှင်မဟာမိတ်အဖွဲ့ဟုလည်း ခေါ်ဆိုနိုင်ပေ၏။

အတွေ့အကြုံကြွယ်ဝသော ဆေးပညာရှင်တစ်ယောက် အသုံးပြုသော ဆေးဖက်ဝင်ပစ္စည်း ပမာဏသည် သံသယဖြစ်ဖွယ်မရှိဘဲ ကြောက်မက်ဖွယ်ကောင်းသည်။

အဖွဲ့ဝင်အားလုံး ဆေးပညာရှင်ဖြစ်နေသော မြင့်မြတ်နယ်မြေတစ်ခုလုံးဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

ထိုကဲ့သို့သော အဖွဲ့အစည်းမျိုးသည် နှစ်စဉ်နှစ်တိုင်း ဆေးဖက်ဝင်ပစ္စည်း အမြောက်အများကို သုံးစွဲကြသည်။

ဤအချက်အပေါ် အခြေခံ၍ တန်းထင်းခန်းမဆောင်၏ စိတ်ဝိညာဉ်ဆေးပင် သိုလှောင်ထားရှိမှုသည် အရှေ့ပိုင်းနယ်မြေတွင် အကြီးဆုံး ဖြစ်လာခဲ့သည်။

"လေလံအိမ် ဟုတ်လား..."

ကျုံးချင်က ထိုနာမည်ကို မှတ်သားထားလိုက်သည်။

"တောင်သခင်.... ကျွန်တော်တို့နှစ်ယောက်က အရှင့်အတွက် သွားပေးရမလား"

ထိုအခြေအနေကို မြင်တွေ့ချိန်၌ ရှီရှောင်ထျန်းက အလျင်အမြန် မေးမြန်းလိုက်သည်။

"မလိုဘူး"

ကျုံးချင်က လက်ကာပြလိုက်သည်။

"အရှေ့ပိုင်းဒေသ အင်မော်တယ်တာအို ညီလာခံက မကြာခင် စတော့မယ်...အစကတော့ မူဖူတောင်က လူတိုင်းကိုခေါ်ပြီး ငါလည်း အတူသွားချင်ခဲ့တာ....အခု ခင်ဗျားတို့နှစ်ယောက်က မူဖူတောင်ကို ကိုယ်စားပြုပြီး ပါဝင်လိုက်ပါ...ပြီးတော့ လင်းဖုန်းနဲ့ စုယဲ့ကိုပါ ခေါ်သွားလိုက်....သူတို့နှစ်ယောက်လုံးက ငယ်သေးတယ် အတွေ့အကြုံလည်း မရှိကြဘူး....ခင်ဗျားတို့နှစ်ယောက်က သူတို့ကို ကောင်းကောင်း စောင့်ရှောက်ပေးဖို့ ဒုက္ခပေးရတော့မယ်"

ထိုစကားများက ရှီရှောင်ထျန်းနှင့်ဝူယွဲ့တို့ကို မြှောက်ပင့်ခံရသကဲ့သို့ ခံစားရစေသည်။

"တောင်သခင်...အရှင့်ရဲ့သဘောထားက ကောင်းမွန်လွန်းပါတယ်"

ရှီရှောင်ထျန်းက ချက်ချင်းပြောဆိုလိုက်သည်။

"ဂျူနီယာညီလေးတွေဖြစ်တဲ့ အပြင်စည်းတပည့်တွေအနေနဲ့ ကျွန်တော်တို့ရဲ့ စီနီယာအစ်ကိုတွေကို စောင့်ရှောက်ရမယ့်တာဝန် ရှိပါတယ်"

ဝူယွဲ့ကလည်း အားကျမခံ ပြောလိုက်သည် "အတိအကျပဲ....ဘယ်သူမဆို သူတို့ကို ထိခိုက်အောင်လုပ်ဖို့ ကြိုးစားရင် ကျွန်တော်တို့ရဲ့ အလောင်းတွေကို အရင်ကျော်ဖြတ်ရလိမ့်မယ်"

သူတို့နှစ်ယောက်၏ အာမခံချက်ကြောင့် ကျုံးချင် စိတ်သက်သာရာ ရသွားသည်။

နေမင်းနက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦးက သူတို့ကို စောင့်ရှောက်ပေးမည်ဖြစ်ရာ သူတို့ဘက်က သေလမ်းမရှာသရွေ့ အရှေ့ပိုင်းနယ်မြေတစ်ခုလုံးတွင် သူတို့၏ဘေးကင်းလုံခြုံရေးအတွက် စိတ်ချရပေမည်။

"ကောင်းပြီ...ခင်ဗျားတို့နှစ်ယောက် ပြင်ဆင်လိုက်ကြတော့... ဒီနေ့ပဲ ထွက်ခွာရမယ်"

ကျုံးချင်က စကားပြောဆိုပြီးနောက် တံခါးပိတ်ကျင့်ကြံနေကြသော စုယဲ့နှင့်လင်းဖုန်းတို့ကိုလည်း ခေါ်ထုတ်လိုက်သည်။

လူလေးယောက်ပါဝင်သော အဖွဲ့သည် ကြီးကျယ်ခမ်းနားစွာ ထွက်ခွာသွားကြ၏။

အချိန်တခဏအတွင်းတွင် ယခင်က တိတ်ဆိတ်ငြိမ်သက်နေသော မူဖူတောင်သည် ယခုချိန်၌ လုံးလုံးလျားလျား လူသူကင်းမဲ့သွားခဲ့သည်။

ကျုံးချင်သည် ဂရုမစိုက်ချေ။

သူ၏တပည့်များ ထွက်ခွာသွားပြီး မကြာမီ သူလည်း ထွက်ခွာလာခဲ့သည်။

သူ၏ဦးတည်ရာမှာ လင်မြို့မှလွဲ၍ တခြားမဟုတ်ပေ။

လင်မြို့သည် ရှန်ကျန်းဂိုဏ်း၏လွှမ်းမိုးမှုအောက်တွင် တည်ရှိသည်။

မြို့ပြင်ပိုင်းသည် သာမန်လူများ နေထိုင်ရာဖြစ်ပြီး မြို့တွင်းပိုင်းသည် ကျင့်ကြံသူများ သွားလာလှုပ်ရှားရာ နေရာပင်။

တံတိုင်းတစ်ခုက မိုးနှင့်မြေကဲ့သို့ ကွဲပြားသော ကမ္ဘာနှစ်ခုကို ခြားနားပေးထားသည်။

လေလံအိမ်သည် မြို့တွင်းပိုင်း၌ တည်ရှိပေ၏။

ဤနေရာသည် ကြီးကျယ်ခမ်းနားသော ခန်းမဆောင်ကြီးတစ်ခုပင်။

ထိုအရာ၏ ဖွဲ့စည်းတည်ဆောက်ပုံသည် အလွန်အဆင့်မြင့်ပြီး ခမ်းနားထည်ဝါကာ ဂန္ထဝင်ဆန်သည်။

ခန်းမဆောင်၌ ထွင်းထုထားသော မျှော်စင်များနှင့် ကျောက်စိမ်းတိုင်များသည် ရှေးဟောင်းအငွေ့အသက်များကို ထုတ်လွှတ်နေပြီး မျက်စိကျိန်းလောက်သော ပစ္စည်းအမျိုးမျိုးကို ပြသထားသည်။

ဤပစ္စည်းများအနက်အများစုမှာ ရှားပါးသော စိတ်ဝိညာဉ်ဆေးပင်များ ဖြစ်ကြသည်။

ထိုဆေးပင်တစ်ခုချင်းစီသည် တန်ဖိုးမဖြတ်နိုင်ချေ။

ကျုံးချင်သည် စိတ်ဝိညာဉ်ဆေးပင်များကို လိုက်လံကြည့်ရှုနေစဉ်၌....

နူးညံ့သိမ်မွေ့သော ရုပ်ရည်သွင်ပြင်နှင့် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ရှေ့သို့တိုးလာပြီး မေးမြန်းလိုက်သည်။

"ဧည့်သည် ဘာများ ကူညီပေးရမလဲရှင်....ကျွန်မတို့ လေလံအိမ်မှာ အဆင့်နိမ့်ကနေ ထိပ်တန်းအဆင့်အထိ အမျိုးအစားစုံလင်တဲ့ စိတ်ဝိညာဉ်ဆေးပင်တွေ ရှိပါတယ်"

"တကယ်လို့ ဒီအရာတွေက ဧည့်သည်ရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ဘူးဆိုရင် ညနေကျရင် လေလံပွဲတစ်ခု ရှိပါသေးတယ်"

"အဲဒီအချိန်ကျရင် လေလံတင်မယ့်အထဲမှာဘုရင်အဆင့် ဆေးပင်တွေတောင် ပါဝင်လာမှာပါ"

"ဧည့်သည် လိုချင်တာကို ဒီနေရာမှာ သေချာပေါက် ရှာတွေ့လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်"

ထိုစကားများက ကျုံးချင်ကို အနည်းငယ် အံ့အားသင့်သွားစေသည်။

ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ဆေးပင်များသည် လောကတွင် ရှားပါးရတနာများ ဖြစ်နေပြီ ဖြစ်သည်။

ဘုရင်အဆင့် ဆေးပင်များသည် ဒဏ္ဍာရီလာ တည်ရှိမှုများဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်ပေ။

စကားလုံး အနည်းငယ်အတွင်းမှာပင် လေလံအိမ်၏ ကြီးမားသောကြွယ်ဝမှုကို ထင်ရှားစေသည်။

"မင်းတို့ဆီမှာ ရေခဲမီးမြက် မိုးကြိုးပန်းနဲ့ သရဲတစ္ဆေသစ်သီးတို့ရှိလား"

ကျုံးချင်သည် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ဆေးပင်သုံးမျိုးကို ဆက်တိုက်ရွတ်ပြလိုက်သည်။

ဤအရာများအားလုံးသည် နတ်ဘုရားမီးတောက်ဆေးလုံး ဖော်စပ်ရန်အတွက် အဓိက စိတ်ဝိညာဉ်ဆေးပင်များပင်။

အနီရောင်ဝတ်စုံဝတ်မိန်းကလေး အနည်းငယ် အံ့အားသင့်သွားသည်။

ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ဆေးပင် တစ်ပင်တည်းကပင် အလွန်တန်ဖိုးရှိသည်။

တတိယတန်းစားဂိုဏ်းတချို့ဆိုလျှင် ဂိုဏ်းတစ်ဂိုဏ်းလုံး၏ ကြွယ်ဝချမ်းသာမှုများအားလုံးကို ပေါင်းစည်းလိုက်လျှင်ပင် ထိုအဆင့် ဆေးပင်တစ်ပင်ကို ဝယ်ယူနိုင်မည် မဟုတ်ချေ။

ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ဆေးပင်တစ်ပင် ရောင်းရခြင်းသည် လေလံအိမ်တစ်ခုလုံးအတွက် ကြီးမားသောစီးပွားရေးတစ်ခုပင်။

ထို့ပြင် ကျုံးချင်၏ဆိုလိုရင်းအရ သူသည် ဆေးပင်သုံးမျိုးလုံးကို တပြိုင်နက်တည်း ဝယ်ယူလိုခြင်း ဖြစ်သည်။

ရုတ်ချည်းဆိုသလိုပင် သူမ၏မျက်နှာပေါ်မှ အပြုံးသည် ပို၍တောက်ပလာပေ၏။

"ဒီစိတ်ဝိညာဉ်ဆေးပင် သုံးမျိုးက အရမ်းတန်ဖိုးရှိပါတယ်....သာမန်နေရာတွေမှာဆိုရင် အကုန်လုံး စုစည်းမိဖို့ ခက်ခဲပါလိမ့်မယ်"

"ဒါပေမဲ့ ကျွန်မတို့ လေလံအိမ်မှာတော့ လက်ကျန်ပစ္စည်း အတော်အသင့် ရှိနေတယ်"

"ဧည့်သည်က အဲ့ဒီထဲက တစ်မျိုးကို လိုချင်တာလား သုံးမျိုးလုံးကို လိုချင်တာလားရှင်"

ကျုံးချင်က ပြောဆိုသည်။

"ဘယ်လောက်ပဲရှိရှိ အကုန်လိုချင်တယ်"

ထိုစကား ထွက်ပေါ်လာသည်နှင့် အနီရောင်ဝတ်စုံဝတ် အမျိုးသမီး၏မျက်လုံးများ သိသိသာသာ ကျဉ်းမြောင်းသွားသည်။

"ဧည့်သည်... နောက်နေတာတော့ မဟုတ်ပါဘူးနော်....လေလံအိမ်မှာ နေရာအနှံ့ကနေ စုဆောင်းပြီး ရုံးချုပ်ကို ပို့ဖို့ ပြင်ဆင်ထားတဲ့ ကုန်ပစ္စည်းတစ်သုတ် ရှိနေတယ်...ဧည့်သည် ပြောတဲ့ စိတ်ဝိညာဉ်ဆေးပင် တစ်မျိုးစီအတွက် အပင် ဆယ်ပင်အောက် မနည်း ရှိတယ်...ဧည့်သည်က တကယ်ပဲ အကုန်လုံးကိုယူမှာ သေချာရဲ့လား"

သူမ ဤမျှထိ အံ့အားသင့်သွားသည်မှာ မထူးဆန်းချေ။

ဤသည်က ကျုံးချင်၏ ယခင်ဘဝတွင် အိမ်ရာစီမံကိန်း ဖွင့်လှစ်သည့် အရောင်းကိုယ်စားလှယ်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

တိုက်များဆောက်ပြီးကာ ရောင်းရန် ပြင်ဆင်နေချိန်၌ ရုတ်တရက် လူတစ်ယောက် ပြေးဝင်လာပြီး တိုက်များအားလုံးကို ဝယ်ယူမည်ဟု ပြောဆိုလိုက်သည့်အလားပင်။

ဤသည်မှာ ကြီးမားသောစီးပွားရေး တစ်ခုသာမဟုတ်တော့ဘဲ ကြွယ်ဝချမ်းသာခြင်းနတ်ဘုရား ဆင်းသက်လာခြင်း ဖြစ်ကြောင်း သိသာထင်ရှားသည်။

သေချာသည်မှာ တခြားတစ်ဖက်က အခကြေးငွေ တတ်နိုင်ရန် လိုအပ်သည်။

ထို့ပြင် ကျုံးချင်သည် ဤဈေးနှုန်းကို အမှန်တကယ် တတ်နိုင်မည်လော...

ရှန်ကျန်းဂိုဏ်း၏ ဘဏ္ဍာရေးအရင်းအမြစ်များနှင့်ဆိုလျှင် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ဆေးပင် အမြောက်အများကို ဝယ်ယူခြင်းသည် သိသာထင်ရှားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လိမ့်မည်။

တောင်သခင်တစ်ဦးအနေဖြင့် နှစ်တစ်ထောင်လောက် စုဆောင်းထားလျှင်ပင် ဤအခကြေးငွေ ပမာဏအပြည့်အဝကို ပေးချေနိုင်ရန် ခဲယဉ်းပေလိမ့်မည်။

သို့သော် မမေ့သင့်သည့် အချက်တစ်ချက်မှာ ကျုံးချင်သည် စနစ်တစ်ခု ပါလာသော ကူးပြောင်းရောက်ရှိလာသူ တစ်ဦးပင်။

...

All Chapters