← Chapters

စိတ်ဝင်စားစရာကောင်းတဲ့ ညီလေး

Vol. 9 Ch. 88

စိတ်ဝင်စားစရာကောင်းတဲ့ ညီလေး

Vol. 9 Ch. 88

ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာပြီး ပထမနှစ်အနည်းငယ်အတွင်းတွင် ကျုံးချင်သည် သူ၏ကျင့်ကြံဆင့် တိုးတက်မလာသည်မှလွဲ၍ သောင်းပြောင်းထွေလာ ပစ္စည်းအမြောက်အများကို တက်ရောက်စာရင်းသွင်း၍ ရရှိခဲ့သည်။

စနစ်၏ တက်ရောက်စာရင်းသွင်းခြင်းမှ ရရှိသော ပစ္စည်းများသည် အလွန်များပြားပေ၏။

ထိုအရာများအနက်မှ ပစ္စည်းအများစုသည် ထူးကဲသော တန်ဖိုးရှိကြသည်။

ကျင့်ကြံခြင်းကမ္ဘာသည် အရောင်းအဝယ်ပြုလုပ်ရာတွင် ငွေကြေးကို အသုံးမပြုချေ။

စိတ်ဝိညာဉ်ကျောက်တုံးများ အရင်းအမြစ်များရှားပါးသတ္တုတွင်းများစသည့် တန်ဖိုးရှိသော မည်သည့်အရာကိုမဆို ကုန်သွယ်ရေးပစ္စည်းအဖြစ် အသုံးပြုနိုင်သည်။

တစ်ဖက်လူက သူသည် စိတ်ဝိညာဉ်ဆေးပင်များအတွက် ပေးချေနိုင်စွမ်းရှိမရှိ သံသယဖြစ်နေသည်ကို ကျုံးချင်က သဘာဝကျကျပင် မြင်တွေ့မိသည်။

သူ ရှင်းပြမနေဘဲ ဓားရှည်တစ်ချောင်းကိုသာ ရိုးရှင်းစွာ ဆွဲထုတ်လိုက်၏။

"ဒီဓားနဲ့ အဲ့ဒီစိတ်ဝိညာဉ်ဆေးပင်တွေကို လဲလို့ရမလား"

ထိုဓားရှည် ထွက်ပေါ်လာသည့် အချိန်တခဏ၌ အနီရောင်ဝတ်စုံဝတ် အမျိုးသမီး၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ဤဓားမှတဆင့် သူမသည် တုန်လှုပ်ဖွယ်ရာ အေးစက်သော အရှိန်အဝါနှင့် အရိုးခိုက်အောင် အေးစိမ့်မှုကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

လေလံအိမ်တွင် လုပ်ကိုင်နိုင်သူများသည် လူမှုဆက်ဆံရေး ကျွမ်းကျင်ရုံသာမက အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုတစ်ခုအနေဖြင့် ပိုင်းခြားသိမြင်နိုင်စွမ်းကိုလည်း အားကိုးရသည်။

ဤဓားသည် သာမန်ပစ္စည်းမဟုတ်ကြောင်း သူမ တစ်ချက်ကြည့်လိုက်ရုံဖြင့် သိလိုက်သည်။

"ဒါက ဘုရင်အဆင့် နတ်ဘုရားလက်နက်လား"

သူမ၏စိတ် လှုပ်ခတ်သွားပြီး မျက်လုံးများမှတဆင့် အလင်းရောင်များ ထွက်ပေါ်လာသကဲ့သို့ ဖြစ်သွားပေ၏။

အကယ်၍ ဤဓားသာ အမှန်တကယ်ကို ဘုရင်အဆင့် နတ်ဘုရားလက်နက် ဖြစ်ခဲ့လျှင် ဤစီးပွားရေးသဘောတူညီချက်သည် သေးငယ်မည် မဟုတ်သည့်အပြင် ကျုံးချင်၏ အထောက်အထားသည်လည်း သာမန်မဟုတ်နိုင်ချေ။

ဤကဲ့သို့ သေးငယ်သောလင်မြို့တွင် ကြီးမားသော စီးပွားရေးတစ်ခုကို လုပ်ဆောင်နိုင်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ဘုရင်အဆင့် နတ်ဘုရားလက်နက် ထွက်ပေါ်လာခြင်းသည် ပထမတန်းစား အင်အားစုများကို လုယူတိုက်ခိုက်စေရန် လုံလောက်ပေ၏။

မြင့်မြတ်နယ်မြေဂိုဏ်းချုပ်တစ်ဦးပင်လျှင် ထိုဓား၏တည်ရှိမှုကို မနာလို ဖြစ်ပေလိမ့်မည်။

သို့သော် ဘုရင်အဆင့် နတ်ဘုရားလက်နက်များသည် အလွန်ရှားပါးသည်။

အနီရောင်ဝတ်ရုံဝတ်အမျိုးသမီး၏ အဆင့်အတန်းအရ သူမသည် ထိုကဲ့သို့ အဆင့်မြင့်ပစ္စည်းများနှင့် ထိတွေ့ခွင့် မရှိပေ။

သို့သော် ဘုရင်အဆင့် နတ်ဘုရားလက်နက်အဖြစ်သို့ ရောက်ရှိသွားသော အရာများတွင် အလွန်ထင်ရှားသော လက္ခဏာတစ်ခု ရှိသည်။

ထိုအရာမှာ နတ်ဘုရားလက်နက်အတွင်းတွင် စိတ်ဝိညာဉ်တစ်ခု မွေးဖွားလာခြင်း ဖြစ်ပြီး ဓားဝိညာဉ်ဟုလည်း ခေါ်ဆိုကြသည်။

ထိုဓားဆီမှ စိတ်ခံစားမှု အတက်အကျများကို သူမ ရှင်းလင်းစွာ ခံစားမိပေ၏။။

"စီနီယာ... ကျွန်မ ဒီဓားကို စစ်ဆေးကြည့်လို့ ရမလားရှင်"

သူမ၏လက်ထဲတွင် ဘုရင်အဆင့် နတ်ဘုရားလက်နက် အရောင်းအဝယ်တစ်ခု ပြီးမြောက်သွားနိုင်သည်ဟူသော အတွေးသည် အနီရောင်ဝတ်စုံဝတ်အမျိုးသမီးကို စိတ်လှုပ်ရှားလွန်း၍ မူးမေ့လဲလုမတတ် ဖြစ်သွားစေသည်။

"ကြည့်လေ"

ကျုံးချင်က ပေါ့ပေါ့ပါးပါး လက်ဆန့်တန်း၍ ဓားရှည်ကို အမျိုးသမီးထံသို့ ကမ်းပေးလိုက်သည်။

ဤအပြုအမူက အမျိုးသမီး၏နှလုံးကို လည်ချောင်းဝသို့ ရောက်လုမတတ် ခုန်ပေါက်သွားစေသည်။

သူမသည် ဓားကို ရိုသေစွာ ယူဆောင်ပြီး ဂရုတစိုက် ပွတ်သပ်ကြည့်လိုက်သည်။

ဓားမှ အေးစက်သော ရောင်ပြန်ဟပ်မှုတစ်ခု လင်းလက်သွားပြီး ငရဲပြည်မှ လာသကဲ့သို့ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ရပ်ကို သူမ ခံစားလိုက်ရသည်။

"ဒီဓားရဲ့ ကြောက်ဖို့ကောင်းတဲ့ လက္ခဏာရပ်တွေအရ ဒါက တကယ့်ကို ဘုရင်အဆင့် ဖြစ်လောက်တယ်....."

အမျိုးသမီးက သူမ၏စိတ်ထဲတွင် ချက်ချင်း ကောက်ချက်ချလိုက်သည်။

"စီနီယာက တကယ်ပဲ ဒီနတ်ဘုရားလက်နက်နဲ့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ဆေးပင်တွေကို လဲလှယ်မှာလားရှင့်"

"စီနီယာ...ကျွန်မရဲ့ ပိုင်းခြားသိမြင်မှု အားနည်းတာကို ခွင့်လွှတ်ပါ"

"ဒီနတ်ဘုရားလက်နက်ရဲ့ တိကျတဲ့တန်ဖိုးကို ကျွန်မ မခန့်မှန်းနိုင်ပါဘူး"

"ဒါပေမဲ့ ဒီစိတ်ဝိညာဉ်ဆေးပင်တွေနဲ့ လဲမယ်ဆိုရင် အနိမ့်ဆုံးတန်ဖိုးနဲ့ တွက်ရင်တောင် စီနီယာဘက်က ရှုံးနေပါလိမ့်မယ်"

"တခြားပစ္စည်းတွေများ ထပ်ကြည့်အုံးမလားရှင် ....စီနီယာ စိတ်ဝင်စားတာများ ရှိမလားလို့ပါ"

"ကြည့်မနေတော့ဘူး...မင်းတို့ရဲ့ဂိုဒေါင်ထဲက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ဆေးပင် သုံးမျိုးလုံးကို ငါ့ဆီ ပို့ပေးလိုက်....ပိုနေတဲ့ တန်ဖိုးအတွက် တခြားဆေးဖော်စပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ လဲလိုက်...ဘယ်လို ကုန်ကြမ်းပစ္စည်းတွေ ထည့်ပေးမလဲဆိုတာ မင်းရဲ့သဘောပဲ"

ကျုံးချင်က ညွှန်ကြားလိုက်သည်။

သူ့အတွက်မူ ဆေးဖော်စပ်သော ကုန်ကြမ်းပစ္စည်းများအားလုံးသည် နောင်တစ်ချိန်တွင် အသုံးဝင်လာမည်သာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကုန်ကြမ်းပစ္စည်းများကို လက်ဝယ်ထားရှိခြင်းသည် မရှိသည်ထက် ပိုစိတ်ချရသည်။

"အော် ပြီးတော့ လျှော့ဈေးကိစ္စရော"

ကျုံးချင်က အနီရောင်ဝတ်စုံဝတ် အမျိုးသမီးကို ထပ်မံ၍ ကြည့်လိုက်၏။

"စိတ်ချပါ စီနီယာ....ဖြစ်နိုင်သမျှ အနိမ့်ဆုံးဈေးနှုန်းနဲ့ အရောင်းအဝယ် လုပ်ပေးပါ့မယ်" အနီရောင်ဝတ်စုံဝတ် အမျိုးသမီးက အလျင်အမြန် ပြောဆိုသည်။

ဘုရင်အဆင့် နတ်ဘုရားလက်နက်ကို ပေါ့ပေါ့ပါးပါး ထုတ်ပေးနိုင်သော တည်ရှိမှုမျိုးသည် လုံးဝသာမန်မဟုတ်ကြောင်း အနီရောင်ဝတ်စုံဝတ်အမျိုးသမီးက ကောင်းစွာနားလည်ထားသည်။

ထိုကဲ့သို့ လူမျိုးအတွက် ပိုက်ဆံရှာခြင်းသည် အရေးအကြီးဆုံးကိစ္စ မဟုတ်တော့ပေ။

သူတို့နှင့် မိတ်ဆွေဖွဲ့နိုင်ခြင်းသည် တခြားအရာအားလုံးထက် ပို၍အရေးကြီးသည်။

"စီနီယာ ခဏလောက် စောင့်ပေးပါ....ကျွန်မ အခုပဲ စိတ်ဝိညာဉ်ဆေးပင်တွေကို သွားယူလိုက်ပါ့မယ်"

ဆယ့်ငါးမိနစ် မပြည့်ခင်မှာပင် သူမ ပြန်ရောက်လာပြီး ဆယ်နှင့်ချီသော ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ဆေးပင်များကို ကျုံးချင်ထံသို့ ပေးအပ်လေသည်။

သူမ၏ လျင်မြန်သော လုပ်ဆောင်ချက်နှင့် စွမ်းဆောင်ရည်မြင့်မားမှုသည် အမှန်တကယ်ကို ထူးခြားပေ၏။

လိုအပ်သော စိတ်ဝိညာဉ်ဆေးပင်များ ရရှိပြီဖြစ်သဖြင့် ကျုံးချင်သည် ဆက်လက်၍ နှောင့်နှေးမနေတော့ဘဲ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားခဲ့သည်။

ကျုံးချင် အဝေးသို့ ရောက်သွားပြီး သူ၏ပုံရိပ် လုံးဝပျောက်ကွယ်သွားသည်အထိ သူမက စောင့်ကြည့်လိုက်သည်။

ထိုအချိန်မှသာ အနီရောင်ဝတ်စုံဝတ် အမျိုးသမီးသည် နတ်ဘုရားလက်နက်ကို ရုံးချုပ်သို့ ပို့ဆောင်ရန် လူတစ်ယောက်ကို အလျင်အမြန် စေခိုင်းလိုက်သည်။

ထိုအရာ၏ တိကျသော အရည်အသွေးကို အကဲဖြတ်ပေးရန် ရုံးချုပ်ကို သူမ တောင်းဆိုလိုက်၏။

မည်သူမျှ သတိမထားမိလိုက်သည့်အရာမှာ ခန်းမဆောင်၏ ထောင့်တစ်နေရာတွင်ရှိနေသော ပုံရိပ်နှစ်ခုသည် ကျုံးချင် ထွက်ခွာသွားရာ နောက်ကျောဘက်ကို ကြည့်နေပြီး ပြင်းပြသော လောဘစိတ်များ သူတို့၏စိတ်ထဲတွင် ပေါက်ဖွားသွားခြင်းပင်။

ကျုံးချင်တွင် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ဆေးပင် အမြောက်အများကို ပိုင်ဆိုင်ထားကြောင်း သူတို့ မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသည်။

အကယ်၍ သူတို့သာ သူ့ကို ဓားပြတိုက်နိုင်လျှင် အလွန်အမင်း ချမ်းသာကြွယ်ဝသွားရန် လုံလောက်သည်။

ရတနာများသည် စိတ်နှလုံးသားကို လှုပ်ရှားစေပြီး ကြွယ်ဝမှုသည် စိတ်ဝိညာဉ်ကို ဆွဲဆောင်သည်ဟု ဆိုကြသည်။

ယနေ့သည် သူတို့ညီအစ်ကိုများ ချမ်းသာရမည့်အလှည့်ပင်။

ဤကဲ့သို့ အဆီတစ်ထပ် အသားတစ်ထပ် သိုးကောင်ကြီးနဲ့ တွေ့ရမည်ဟု သူတို့ တွေးထင်မထားမိချေ။

ထိုအချိန်တွင် ကျုံးချင်က လေလံအိမ်မှ ထွက်ခွာလာခဲ့သည်။

မူလက သူသည် ဂိုဏ်းသို့ တိုက်ရိုက်ပြန်ရန် ရည်ရွယ်ထားပေ၏။

သို့သော် မကြာသေးမီက သူတောင်းစားအဘိုးအိုအား လာရောက်လည်ပတ်မည်ဟု သူ သဘောတူညီထားသည်ကို ရုတ်တရက် သတိရလိုက်သည်။

သူ ချက်ချင်းဆိုသလိုပင် ဦးတည်ချက်ပြောင်းပြီး မြို့၏အရှေ့ဘက်သို့ တန်းတန်းမတ်မတ်သွားလိုက်သည်။

သူ ဗုဒ္ဒသစ်ပင်အိုကြီးဆီ ရောက်ချိန်၌ သူတောင်းစားအဘိုးအို စောင့်နေသည်ကို မြင်တွေ့မိသည်။

"ညီလေး ဒီသူတောင်းစားအိုကြီးက မင်းကို စောင့်နေရတာ ကြာပြီကွ"

သူတောင်းစားအဘိုးအိုက သွားဖြဲပြလိုက်ရာ အဝါရောင်သွားနှစ်တန်း ပေါ်လွင်လာသည်။

ဤသည်က တောက်ပသော အဝါရောင် ဖြစ်နေသဖြင့် ထူးဆန်းသော ဟာသအာရုံတစ်ခုကို ပေးစွမ်းနေသည်။

"လာ လာ လာ... ငါ မင်းကို မျှော်နေတာ ရက်တော်တော်ကြာပြီ...နောက်ဆုံးတော့ မင်းရောက်လာပြီပဲ"

"အရင်ဆုံး ဒီသူတောင်းစားအိုကြီးနဲ့ စစ်တုရင်တစ်ပွဲ ကစားကြရအောင်"

"ဒီရက်ပိုင်းတွေမှာ ငါက ဒီစစ်တုရင်ရဲ့ နည်းဗျူဟာတွေနဲ့ စည်းမျဉ်းတွေကို ဝီရိယရှိရှိ လေ့လာထားတယ်...ငါ့စွမ်းရည်က မင်းအောက် မနိမ့်တော့ဘူးလို့ ယုံကြည်တယ်... မင်း သတိထားရတော့မယ်..."

သူတောင်းစားအဘိုးအိုသည် ယုံကြည်မှု အပြည့်ရှိပုံရသည်။

စကားပြောဆိုနေရင်း သူသည် စစ်တုရင်ခုံကို ပြင်ဆင်ထားပြီးဖြစ်သည်။

သို့သော် သူတို့နှစ်ယောက်ကြားက ကွာဟချက်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုဖြင့် ဖြည့်ဆည်း၍ မရနိုင်ကြောင်း အဖြစ်အပျက်များက သက်သေပြလိုက်သည်။

သူတို့နှစ်ယောက်သား တစ်နေ့လုံး ကစားကြပြီး သူတောင်းစားအဘိုးအိုက ပွဲတိုင်းရှုံးနိမ့်သွားခဲ့သည်။

"တော်ပြီ တော်ပြီ....မကစားတော့ဘူး"

ဗုဒ္ဓသစ်ပင်အောက်တွင် သူတောင်းစားအဘိုးအိုသည် စိတ်ပျက်လက်ပျက်ဖြင့် လက်ကာပြလိုက်၏။

"ဒါက အပန်းဖြေဖို့ ကစားတာလေ...ရှုံးတာလေးနဲ့ ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ"

ကျုံးချင်က ဝိုင်အရက်တစ်ငုံသောက်ပြီး စနောက်လိုက်သည်။

"တစ်နေ့လုံး ရှုံးနေတဲ့သူက မင်းသာဆိုရင် မင်း စိတ်မလှုပ်ရှားဘဲ နေမလား"

သူတောင်းစားအဘိုးအိုက ဒေါသတကြီး ပြောဆိုသည်။

"ဘဝမှာ နိုင်တာပဲဖြစ်ဖြစ် ရှုံးတာပဲဖြစ်ဖြစ်... ရလဒ်ကိုပဲ အာရုံစိုက်နေရင် ပျော်စရာတွေ အများကြီးနဲ့ လွဲချော်သွားမှာ သေချာတယ်"

ကျုံးချင်က ပြောဆိုသည်။

"မင်းက ငယ်ငယ်လေးနဲ့ အမြင်ကျယ်သားပဲ"

သူတောင်းစားအဘိုးအိုက နှုတ်ခမ်းမဲ့လိုက်သည်။

"မင်းမှာ ဇာတ်လမ်းတွေ အများကြီး ရှိမယ်ဆိုတာ ငါ ပြောရဲတယ်....ဒီသူတောင်းစားအိုကြီးနဲ့ စကားစမြည် ပြောချင်လား"

ကျုံးချင်က ပြုံးလိုက်သည်။

"တချို့ဇာတ်လမ်းတွေက ကိုယ်တစ်ယောက်တည်း ခံစားဖို့ ဖန်တီးထားတာ..."

"တချို့ဇာတ်လမ်းတွေက စိတ်အခြေအနေ ကောင်းမှ ပြောပြလို့ရတာ"

"တစ်နေ့နေ့ ကျွန်တော် စိတ်ပါတဲ့အချိန်မှာ ပြောပြတာပေါ့"

"ကဲ နောက်ကျနေပြီ...ကျွန်တော် ပြန်သင့်ပြီ"

ကျုံးချင်သည် ကြယ်တာရာများ ပြည့်နှက်နေသော ကောင်းကင်နှင့် တောက်ပသော လမင်းကြီးကို ကြည့်လိုက်ပြီး သူတောင်းစားအဘိုးအိုကို နှုတ်ဆက်လိုက်သည်။

"ကောင်းပြီလေ... အခွင့်အရေးရရင် မင်းပြောတဲ့ ဇာတ်လမ်းတွေက ဘယ်လောက်တောင် အံ့အားသင့်စရာကောင်းလဲဆိုတာ ဒီသူတောင်းစားအိုကြီးက နားထောင်ချင်သေးတယ်"

သူတို့နှစ်ယောက်သား လမ်းခွဲလိုက်ကြသည်။

ကျုံးချင်၏ပုံရိပ်သည် တဖြည်းဖြည်း ဝေးကွာသွားပေ၏။

သူတောင်းစားအဘိုးအိုသည် သူပျောက်ကွယ်သွားရာ လမ်းကြောင်းကို ကြည့်ပြီး အတွေးနက်နေသည်။

အချိန်အတော်ကြာပြီးနောက် သူ၏မျက်လုံးများကို ကျဉ်းမြောင်းကာ ပြုံးလိုက်သည်။

"စိတ်ဝင်စားစရာပဲ..."

"တကယ့်ကို စိတ်ဝင်စားစရာပဲ"

"ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ ညီလေးမျိုးနဲ့ မတွေ့ရတာ ကြာပြီ"

"ဒါပေမဲ့ တစ်ယောက်ယောက်က ငါ့ရဲ့ညီလေးကို လုပ်ကြံဖို့ ကြိုးစားရဲတယ်ဆိုတော့ သူတို့က ကိုယ့်အတွက် ဘာကကောင်းလဲဆိုတာ မသိကြတာပဲ"

ကျုံးချင်၏ အနောက်မှ လိုက်ပါသွားသော ပုံရိပ်နှစ်ခုကို ကြည့်လိုက်ပြီးနောက် အေးစက်စက်အရိပ်အယောင်တစ်ရပ်က သူ၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။

ထိုအချိန်မှာပင်...

ပုံရိပ်နှစ်ခုသည် အဝေးမှ ချဉ်းကပ်လာပြီး သူတောင်းစားအဘိုးအို၏ ရှေ့တည့်တည့်သို့ ရောက်လာသည်။

"ဘိုးဘေး... ဘိုးဘေး အပြင်ထွက်နေတာ နှစ်အတော်ကြာနေပါပြီ"

"အခြေအနေအရပ်ရပ်ကို ဦးစီးပေးဖို့ ဂိုဏ်းကို ပြန်လာခဲ့ပါ"

ဤအမျိုးသားနှစ်ဦးသည် သံမဏိဖြင့် သွန်းလုပ်ထားသည့်အလား ကြွက်သားအဖုအထစ်များရှိကာ တောင့်တင်းသန်မာကြသည်။

သူတို့၏ချီစွမ်းအင်သည် နက်ရှိုင်းပြီး သူတို့၏ အင်မော်တယ်အရှိန်အဝါကို ထိန်းချုပ်ထားသည့်တိုင် သူတို့သည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူများ ဖြစ်ကြောင်း သိသာထင်ရှားသည်။

All Chapters