လက်ဆောင်ပြန်မပေးရင် ရိုင်းပျရာကျတယ်
Vol. 9 Ch. 90
အချိန်များ ကုန်ဆုံးသွားသည်မှာ လွန်းပျံအလားပင်။
မျက်စိတစ်မှိတ်အတွင်း တစ်လကျော် ကုန်ဆုံးသွားခဲ့လေပြီ။
ဤကာလအတွင်း ကျုံးချင်၏ ဘဝသည် အတော်လေး အေးချမ်းသည်ဟု ဆိုနိုင်သည်။
သူသည် ပုံမှန်အားဖြင့် ဆေးလုံးများ ဖော်စပ်ပြီး ရံဖန်ရံခါ တောင်အောက်ဆင်းပြီး ဝိုင်အရက်ဝယ်သည်။ တစ်ခါတစ်ရံ၌ သူသည် သူတောင်းစားအဘိုးအိုနှင့် စစ်တုရင်ကစားပြီး စကားစမြည် ပြောဆိုခဲ့ပေ၏။
ဤသည်က ပန်းချီကားတစ်ချပ်ကဲ့သို့ လှပပြီး အေးချမ်းသော အချိန်ကာလတစ်ခုဟု ခံစားရသည်။
သို့သော် ဘဝတွင် ဤအရာများသာ ပါဝင်နေမည်ဆိုလျှင် သိမ်ဖျင်းလွန်းရာကျမည် မဟုတ်လော...
ယနေ့တွင်....
ရှန်ကျန်းဂိုဏ်းသည် အနီရောင် အစိမ်းရောင် မီးပုံးများ ဖဲကြိုးများဖြင့် တန်ဆာဆင်ထားပြီး ပုလွေသံများ ဗုံသံများ ကောင်းကင်သို့ ပျံ့လွင့်နေကာ ထူးထူးခြားခြား စည်ကားနေသည်။
တစ်ချိန်တည်းမှာပင် အဝေးမှ ပုံရိပ်တစ်ခု ရောက်ရှိလာပြီး မူဖူတောင်သို့ တန်းတန်းမတ်မတ် လာခဲ့သည်။
ဤအရာက ခြံဝန်းထဲတွင် ဆေးဖော်စပ်နေသော ကျုံးချင်ကို အနည်းငယ် ကြောင်အသွားစေသည်။
သူက အပြင်ထွက်ပြီး ကြိုဆိုလိုက်၏။
"ဂိုဏ်းချုပ်ကို ဒီလောက်ထိ ကြည်လင်တောက်ပပြီး ပြုံးရွှင်နေတာ မြင်ရတော့ ပျော်စရာကိစ္စ တစ်ခုခု ရှိနေလို့လား"
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် ယနေ့တွင် အနီရောင်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည်။
သူ့မျက်လုံးထဲမှ ပျော်ရွှင်မှုများသည် အလင်းရောင်များအဖြစ် လျှံကျနေပုံရသည်။
"ဒီပျော်ရွှင်မှုက ဘယ်ကလာတာလဲ ဆိုတာ မင်း ခန့်မှန်းကြည့်ပါလား"
သူတို့နှစ်ယောက်သား စကားပြောဆိုရင်း ကျုံးချင်သည် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်ကို ခြံဝင်းငယ်လေး၏ ဧည့်ခန်းမဆောင်သို့ ခေါ်ဆောင်သွားခဲ့သည်။
လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီးနောက် သူက ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။
"ဂိုဏ်းချုပ်ပြောတဲ့ ပျော်ရွှင်စရာကိစ္စက အရှေ့ပိုင်းဒေသ အင်မော်တယ်တာအို ညီလာခံ ပြီးဆုံးသွားတာပဲ ဖြစ်ရမယ်....ဟုတ်တယ်မလား"
အရှေ့ပိုင်းဒေသ အင်မော်တယ်တာအို ညီလာခံအကြောင်း ပြောလိုက်သည်နှင့် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်၏နှုတ်ခမ်းများ ကွေးညွတ်သွားသည်။
"ငါတို့ရှန်ကျန်းဂိုဏ်းက အရှေ့ပိုင်းဒေသ အင်မော်တယ်တာအို ညီလာခံမှာ ပထမဆုံးအကြိမ် စပြီးပါဝင်ကတည်းက အလယ်အလတ်ကနေ အောက်ပိုင်းအဆင့်လောက်မှာပဲ ရပ်တည်နိုင်ခဲ့တာ"
"ညီလာခံတိုင်းမှာ ငါတို့က အမြဲတမ်း အမြှီးပိုင်းကကောင်တွေဖြစ်ပြီး အိမ်ဖြည့်သက်သက်တွေလို့ အခေါ်ခံခဲ့ရတယ်"
"ဒါပေမဲ့ ဒီတစ်ခေါက်တော့ မူဖူတောင်ရဲ့ အပြင်စည်းတပည့်နှစ်ယောက်က ငါတို့ရှန်ကျန်းဂိုဏ်းအတွက် ဂုဏ်ယူစရာတွေက သယ်ဆောင်လာပေးခဲ့တယ်"
"သူတို့နှစ်ယောက်က ဂိုဏ်းကြီးတွေအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ စွမ်းအားနဲ့ ချေမှုန်းလိုက်တယ်.....ပါရမီရှင်တွေအားလုံးကို နှိပ်ကွပ်လိုက်တယ်....ဂိုဏ်းတချို့က အဆင့်မြင့်ဂိုဏ်းသားတွေဆိုရင် ငြိမ်ငြိမ်မနေနိုင်တော့ဘဲနဲ့ သူတို့ကိုယ်တိုင် ဝင်တိုက်တာတောင် ပြတ်ပြတ်သားသား ဖိနှိပ်ခံလိုက်ရတယ်"
"မင်း ယုံမှာ မဟုတ်ဘူး....မူဖူတောင်က စေလွှတ်လိုက်တဲ့ အပြင်စည်းတပည့်နှစ်ယောက်က တစ်ချိန်က ဝူကျီဂိုဏ်းမြင့်မြတ်နယ်မြေရဲ့ အကြီးအကဲတွေ ဖြစ်ခဲ့ဖူးတယ်ဆိုတာ သူတို့ သိသွားကြတဲ့အချိန်မှာ သူတို့မျက်နှာတွေ ပြာနှမ်းသွားကြတယ်လေ"
"သူတို့အားလုံးက ငါတို့ရှန်ကျန်းဂိုဏ်းကို အရှက်မရှိဘူးလို့ ဆဲဆိုကြတယ်"
"ငါတို့ကို စိတ်တိုနေပေမယ့် ဘာမှ မလုပ်နိုင်တဲ့ သူတို့ရဲ့ ခံစားချက်ကို ကြည့်ရတာ တကယ့်ကို အရသာရှိလွန်းတယ်...."
ထိုစကားများက ကျုံးချင်ကို မရယ်ဘဲ မနေနိုင်အောင် ဖြစ်စေသည်။
ထိုလူများ၏ စိတ်ထဲတွင် မျှော်လင့်ချက်မဲ့ခြင်းနှင့် ရူးသွပ်မတတ် ညည်းညူနေခြင်းများကို သူ မြင်ယောင်ကြည့်နိုင်သည်။
အရှေ့ပိုင်းဒေသ အင်မော်တယ်တာအို ညီလာခံသည် မူလက ဂိုဏ်းအသီးသီးမှ တပည့်များကြား ဖလှယ်ပွဲတစ်ခုသာ ဖြစ်ပြီး သာမန်တပည့်များ တိုက်ခိုက်ခြင်းမျိုး မဟုတ်ပေ။
ဤသည်မှာ ပါရမီရှင်အသီးသီးအတွက် နာမည်ကျော်ကြားလာစေရန် စင်မြင့်တစ်ခုပင်။
ဤသည်က မျိုးဆက်သစ် လူငယ်များကြားမှ ယှဉ်ပြိုင်ပွဲတစ်ခုသာ ဖြစ်သည်။
ရုတ်တရက် ထိုယှဥ်ပြိုင်ပွဲသို့ ရှေးဟောင်းရုပ်ကြွင်းနှစ်ခု ဝင်ရောက်လာသည်။
ထို့ပြင် သူတို့သည် ဒေသတစ်ခုလုံးကို လှုပ်ခတ်စေနိုင်ပြီး လူများအားလုံး မော့ကြည့်ရမည့် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်နေကြ၏။
ထိုလူများ၏ခံစားချက်များ အလွန်ရှုပ်ထွေးနေမည်မှာ သေချာပေါက်ပင်။
ထိုမြင်ကွင်းကို သူ တွေးကြည့်လိုက်ရုံဖြင့် ထူးဆန်းသော ဟာသအာရုံတစ်ခုကို ယူဆောင်လာပေးသည်။
"မင်းက ဂိုဏ်းအတွက် တကယ့်ကို ထူးချွန်တဲ့ ပါရမီရှင်တွေကို ပြုစုပျိုးထောင်ပေးခဲ့တာပဲ"
ထိုအချိန်တွင် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က အံ့အားတသင့် ရေရွတ်လိုက်သည်။
"အရှေ့ပိုင်းဒေသ အင်မော်တယ်တာအို ညီလာခံမှာ အာရုံစိုက်မှုအားလုံးကို ရယူနိုင်ပြီးတော့ ငါတို့ရှန်ကျန်းဂိုဏ်းကို ကြီးမားတဲ့ ဂုဏ်ကျက်သရေတွေ ဆောင်ကြဉ်းပေးခဲ့တဲ့ မူဖူတောင်ရဲ့ အပြင်စည်းတပည့်နှစ်ယောက်အပြင်...လင်းဖုန်းနဲ့ စုယဲ့တို့ကလည်း ရှန်ကျန်းဂိုဏ်း မျိုးဆက်သစ်တွေရဲ့ ပြိုင်ဘက်ကင်းစွမ်းအားကို ပြသခဲ့ကြတယ်"
"ငယ်ရွယ်တဲ့အရွယ်မှာ သူတို့နှစ်ယောက်က ဂိုဏ်းပေါင်းစုံက ပါရမီရှင် ၃၈ ယောက်ကို ဆက်တိုက်အနိုင်ယူခဲ့ပြီးတော့ နယ်ပယ်ကျော်ပြီး တိုက်ခိုက်တာက ထမင်းစားရေသောက်သလို သူတို့အတွက် လွယ်ကူနေကြတယ်"
"ဒီခရီးစဉ်ကြောင့် ငါတို့ရှန်ကျန်းဂိုဏ်းက ဒုတိယတန်းစားဂိုဏ်းကနေ ပထမတန်းစားဂိုဏ်းအဖြစ် တိုက်ရိုက်မြင့်တက်သွားတော့မယ်"
"ဒါတွေအားလုံးက မင်းရဲ့ကျေးဇူးတွေကြောင့်ပဲ"
အရှေ့ပိုင်းဒေသ အင်မော်တယ်တာအို ညီလာခံသည် ဂိုဏ်းအသီးသီးမှ တပည့်များကြားရှိ ယှဥ်ပြိုင်ပွဲသက်သက် မဟုတ်ချေ။
ထိုညီလာခံတွင် ရှုပ်ထွေးသော အခြေအနေများနှင့် အကျိုးစီးပွားများစွာလည်း ပါဝင်နေသည်။
ဤတစ်ကြိမ်တွင် ရှန်ကျန်းဂိုဏ်းသည် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဟုန်ဖြင့် ပထမနေရာရရှိခဲ့ပြီး ကြောက်မက်ဖွယ်ရာ ဂုဏ်သတင်းကို တည်ဆောက်နိုင်ခဲ့သည်။
သူတို့ထံ၌ နာမည်ဂုဏ်သတင်းနှင့် အင်အား ရှိနေလေပြီဖြစ်။
ဒုတိယတန်းစားဂိုဏ်းမှ ပထမတန်းစားသို့ တိုးမြှင့်ခံရခြင်းမှာ မလွဲမသွေ ဖြစ်လာမည့်ကိစ္စပင်။
ကျုံးချင်သည် ဂိုဏ်းကို တိုးတက်အောင်မြင်မှုဆီသို့ ဦးဆောင်သွားမည်ကို ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန် သိရှိထားပြီးဖြစ်သည်။
သို့သော် ဤနည်းလမ်းမျိုးဖြင့် ဖြစ်လာလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့ပေ။
အရာအားလုံး အလွန်လျင်မြန်ပြီး ရုတ်တရက်ဆန်လှ၏။
"ဒါကြောင့် ငါက ဂိုဏ်းတစ်ဂိုဏ်းလုံးကို ကိုယ်စားပြုပြီးတော့ ဂိုဏ်းအတွက် မင်းရဲ့ ပံ့ပိုးမှုတွေအပေါ် ကျေးဇူးတင်ပါတယ်"
ထိုအကြောင်းကိုပြောဆိုရင်း ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က ကျုံးချင်ကို ဦးညွှတ်ရန် မတ်တတ်ထရပ်လိုက်သည်။
သို့သော် ကျုံးချင်က သူ့ကို ချက်ချင်းဟန့်တားလိုက်သည်။
"ဂိုဏ်းချုပ် ဒီလောက်ထိ ကြီးကျယ်တဲ့ အပြုအမူမျိုး မလိုအပ်ပါဘူး"
သူက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုသည်။
"ကျွန်တော် ဂိုဏ်းထဲကို ရောက်ကတည်းက ဂိုဏ်းဆီကနေ ကြီးမားတဲ့ ကြင်နာမှုတွေ ရရှိခဲ့တယ်"
"ပြီးတော့ ဂိုဏ်းချုပ်ရဲ့ အစွမ်းကုန် ကာကွယ်ပေးမှုကိုလည်း ရရှိခဲ့တယ်"
"ဂိုဏ်းက ကျွန်တော့်ကို ပေးခဲ့တဲ့ အကူအညီတွေနဲ့ ယှဉ်လိုက်ရင် ဒီအသေးအဖွဲ ပံ့ပိုးမှုလေးက တကယ်ကို ပြောပလောက်စရာ မရှိပါဘူး"
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်အတွက် ကျုံးချင်၏စိတ်ထဲတွင် စစ်မှန်သော ရိုသေလေးစားမှု ရှိသည်။
သူ၏ဆရာ တာအိုပညာရှင်နိုင်း ကွယ်လွန်သွားပြီးနောက် အကယ်၍ ဂိုဏ်းချုပ်၏ မမောမပန်း ကာကွယ်ပေးမှုသာ မရှိခဲ့လျှင် မူဖူတောင် ဆက်လက်၍ တည်ရှိနိုင်ခြင်းရှိမရှိဆိုသည်ကပင် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပေလိမ့်မည်။
ထိုအချိန်က ကျင့်ကြံခြင်းစွမ်းအား လုံးဝမရှိသော သူ၏အခြေအနေနှင့်ဆိုလျှင် အကယ်၍ သူသာ မူဖူတောင်မှ ထွက်ခွာခဲ့ပါက ဝှက်ဖဲပေါင်းများစွာ ရှိနေသည့်တိုင် အခြေခံအုတ်မြစ်မရှိဘဲ အသက်ရှင်ရပ်တည်ရန် အလွန်ခက်ခဲပေလိမ့်မည်။ ရွှေတောင်ငွေတောင်ဟု ဆိုကြသော အရာများသည်ပင် သူ၏လက်ထဲတွင် ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာပေလိမ့်မည်။
ဤအချက်တစ်ချက်တည်းအတွက်နှင့်ပင် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် သူ၏ရိုသေလေးစားမှုကို ရထိုက်သည်။
ယနေ့တွင် သူတို့နှစ်ယောက်သား စကားများစွာ ပြောဆိုခဲ့ကြသည်။
ထို့နောက်...
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် လေပေါ်မြောက်တက်နေသကဲ့သို့ ခံစားချက်ဖြင့် ပြန်သွားခဲ့သည်။
ကျုံးချင်၏ သဘောထားက သူထံတွင် ရှန်ကျန်းဂိုဏ်းအပေါ် ခိုင်မာသော သစ္စာရှိမှုနှင့်အလေးအနက်ထားမှုရှိကြောင်း ပြသနေသည်။
ထို့ပြင် ဝူကျီဂိုဏ်းမှ မဟာအကြီးအကဲနှစ်ယောက် ဝင်ရောက်လာခြင်းဖြစ်စေ မူဖူတောင်မှ ပင်မတပည့်နှစ်ယောက်၏ ကြီးထွားလာမှုနှင့် တိုးတက်လာမှုဖြစ်စေ...
အရာအားလုံးက ရှန်ကျန်းဂိုဏ်း အမြင့်သို့ ပျံတက်လာတော့မည်ဟု ညွှန်ပြနေသည်။
ယခင်က ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် ဂိုဏ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မမောမပန်း ကြိုးစားအားထုတ်ခဲ့ပြီး အရာအားလုံးကို ပေးဆပ်ခဲ့သည်။
သို့သော် ယခုအချိန်၌ သူသည် အေးအေးဆေးဆေး အောင်ပွဲခံရမည့် အကျိုးကျေးဇူးများကို ခံစားနေရလေပြီ။
အခွင့်ကောင်း အခါကောင်း ပေါ်ပေါက်လာပြီ ဖြစ်ရာ သူ မည်သို့ အေးအေးဆေးဆေး စီးမျောလိုက်ပါရမည်နည်း...
ဤသည်မှာ စဉ်းစားစရာနှင့် နက်နက်ရှိုင်းရှိုင်း တွေးတောစရာ မေးခွန်းတစ်ခုပင်။
...
မူဖူတောင်ပေါ်တွင်....
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန် ထွက်ခွာသွားသည်နှင့် ကျုံးချင်သည် ပြင်ပကိစ္စများကို အာရုံမစိုက်တော့ဘဲ ဆေးလုံးဖော်စပ်ခြင်း လုပ်ငန်းကြီးအတွင်းသို့ နောက်တစ်ကြိမ် သူ၏စိတ်ကိူ ပြန်လည်နှစ်မြှုပ်လိုက်သည်။
ဆေးလုံးဖော်စပ်ခြင်းတွင် သူ့ထံ၌ ပါရမီမရှိသလော သို့မဟုတ် သူ ဝါးနိုင်သည်ထက် ပိုကိုက်မိ၍လောဟု မသိရသော်လည်း ရလဒ်တချို့ကမူ ဖြစ်ကတတ်ဆန်း နိုင်လှသည်။
နတ်ဘုရားမီးတောက်ဆေးလုံး ဖော်စပ်ရန်အတွက် ကုန်ကြမ်းပစ္စည်း အစုံလိုက်ကို အသုံးပြုပြီးနောက်....
နောက်ဆုံးတွင် မည်သည့်အရာမျှ ပြစရာမရှိသော အချည်းနှီးသက်သက်ကိုသာ သူ ဖော်စပ်ရရှိခဲ့သည်။
ယခင်က အနည်းဆုံးအနေဖြင့် ကိုင်တွယ်ပြသ၍ရသော တစ်စုံတစ်ခုကို သူ ဖော်စပ်နိုင်ခဲ့သည်။
ယခု၌မူ သောက်ကျိုးနည်းလောက်အောက်ပင် ထိုအရာအားလုံး အနည်အဖတ်များ ဖြစ်သွားကြလေပြီ။
သို့ရာတွင် ကျုံးချင် မယုံကြည်နိုင်ချေ။
သူ၏ကျင့်ကြံခြင်းပါရမီ ညံ့ဖျင်းသည်ကပင် ဆိုးရွားလှပြီဖြစ်ရာ ယခု နတ်ဘုရားမီးတောက်ဆေးလုံးငယ်လေးဖြင့်ပင် သူ အခက်တွေ့နေသလော....
ရလဒ်အနေဖြင့် ဆေးမီးဖို နှစ်ကြိမ် ပေါက်ကွဲသွားသည်။
ဤအရာက ကျုံးချင်ကို အတော်လေး စိတ်ဓာတ်ကျသွားစေသည်။
"ဒီနေ့က ဆေးလုံးဖော်စပ်ဖို့ မသင့်တော်တဲ့နေ့ ဖြစ်မယ်"
စိတ်ဓာတ်ကျနေချိန်တွင် ပြန်လည်ပြုပြင်ရန်အတွက် နည်းလမ်းတစ်ခုကို အစဥ်အမြဲ လိုအပ်သည်။
ကျုံးချင်သည် သူတောင်းစားအဘိုးအိုကို ရှာဖွေပြီး အတူတကွစားသောက်ရန် ချက်ချင်းစဉ်းစားလိုက်၏။
သူ အချိန်ဆွဲမနေဘဲ လရောင်အောက်တွင် တောင်အောက်သို့ တန်းတန်းမတ်မတ် ဆင်းသွားလိုက်သည်။
ညဘက်၌ လင်မြို့သည် ပို၍စည်ကားနေကာ အိမ်ခြေထောင်ပေါင်းများစွာမှ မီးရောင်ထိန်ထိန်လင်းနေပြီး ပျော်ပါးစားသောက်သံများက အဆက်မပြတ် ထွက်ပေါ်နေသည်။
ဆန့်ကျင်ဘက်အနေဖြင့် မြို့၏ မြောက်ဘက်တံတိုင်းသည် အလွန်တိတ်ဆိတ်နေသည်။
ကျုံးချင် ဗုဒ္ဓသစ်ပင်အိုကြီးဆီ ရောက်ချိန်၌သူတောင်းစားအဘိုးအို တစ်ယောက်တည်း ထိုင်သောက်နေသည်ကို တွေ့လိုက်ရသည်။ သူတောင်စားအိုကြီး၏မျက်လုံးများ ရီဝေဝေဖြစ်နေပြီး သူ အနည်းငယ် မူးနေပုံရသည်။
"စိတ်ညစ်စရာ ရှိလို့လား"
ကျုံးချင် နေရာလွတ်တစ်ခုရှာပြီး ဝင်ထိုင်ကာ မေးမြန်းလိုက်သည်။
သူတောင်းစားအဘိုးအိုက လှည့်ကြည့်လိုက်ပြီး ကျုံးချင် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အားရပါးရ ရယ်မောပြီး ပြောဆိုသည်။
"ဒီညပဲ ငါ ထွက်သွားတော့မလို့...မင်းနဲ့ ထပ်တွေ့ရမယ်လို့ ငါ ထင်မထားမိဘူး"
"လာ ငါနဲ့အတူ သောက်"
သူတောင်းစားအဘိုးအိုက သူ၏လက်ထဲမှ ဝိုင်အရက်အိုးကို ပစ်ပေးလိုက်ရာ ကျုံးချင်က တည်ငြိမ်စွာ ဖမ်းယူလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်သား ဤနည်းလမ်းဖြင့် တစ်ယောက်တစ်လှည့် သောက်လိုက်ကြသည်။
ဝိုင်အရက်အိုးကုန်ခါနီးချိန်၌ သူတောင်းစားအဘိုးအိုက လွမ်းဆွတ်သော အမူအယာဖြင့် သက်ပြင်းချလိုက်သည်။
"ငါ သွားတော့မယ်....ငါ့ရဲ့အိမ်မှာ ကိစ္စတစ်ခု ဖြစ်နေလို့ ပြန်ပြီးဖြေရှင်းရတော့မယ်"
ကျုံးချင်၏ ဝိုင်အရက်သောက်နေသော ဟန်ပန် အနည်းငယ် ရပ်တန့်သွားသည်။
"အကူအညီ လိုလား"
သူတောင်းစားအဘိုးအိုသည် ရယ်မောလိုက်၏။
"ဒီကိစ္စကို တခြားလူတွေ ကူညီလို့ မရဘူး"
"ဒီသူတောင်းစားအိုကြီးက တစ်ဘဝလုံး ခြေဦးတည့်ရာ လှည့်လည်သွားလာနေခဲ့တာ..... စိတ်သဘောထားချင်း တိုက်ဆိုင်တဲ့သူ သိပ်မတွေ့ခဲ့ဖူးဘူး....မင်းက အဲဒီထဲက တစ်ယောက်ပဲ"
ဤနေရာမှ ထွက်ခွာသွားပြီးနောက် အချိန်တခဏအတွင်းတွင် ပြန်လာနိုင်ခြေမရှိသည်ကို တွေးမိချိန်၌ သူ၏စိတ်နှလုံးသား လှုပ်ရှားသွားသည်။
သူသည် ချက်ချင်းဆိုသလိုပင် သူ၏ခါးမှ တံဆိပ်ပြားကို ဖြုတ်လိုက်သည်။
"မခွဲခွာခင် မင်းကို ပေးစရာ ပစ္စည်းကောင်း ဘာမှမရှိဘူး... ဒီကျောက်စိမ်းဆွဲပြားကို ယူထားလိုက်ပါ....အမှတ်တရပေါ့ကွာ"
ဤအရာသည် သူ သန့်စင်ထားသော မှော်ရတနာတစ်ခု ဖြစ်ပြီး အန္တရာယ်နှင့် ကြုံတွေ့ရချိန်၌ သခင်ဖြစ်သူကို အလိုအလျောက် ကာကွယ်ပေးနိုင်သည့် လုပ်ဆောင်ချက် ပါရှိသည်။
ထိုအရာသည် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင်သူတစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပေ၏။
ကျင့်ကြံသူများ စုဝေးပြီး အန္တရာယ်များ ပြည့်နှက်နေသော ဤလောကကြီးတွင် နောက်ထပ်အချိန်တစ်စက္ကန့်၌ မည်သည့်အရာ ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။
ဤကျောက်စိမ်းဆွဲပြားသည် သူတောင်းစားအဘိုးအိုက ကျုံးချင်အတွက် ထားရစ်ခဲ့သော အသက်ကယ်ရတနာဖြစ်ပြီး အရေးကြီးသော အချိန်တွင် သူ၏အသက်ကို ကယ်တင်ပေးနိုင်ပေမည်။
ကျောက်စိမ်းဆွဲပြား၏ လုပ်ဆောင်ချက်ကိုလည်း သူ ရှင်းပြမနေချေ။
လူကြီးလူကောင်းများ၏ မိတ်ဆွေဖွဲ့မှုသည် ရေကဲ့သို့ ကြည်လင်ပြီး ဖြစ်နိုင်လျှင် ကျုံးချင်တသက်လုံး ဤပစ္စည်းကို အသုံးပြုရန် မလိုပါစေနှင့်ဟုပင် သူ မျှော်လင့်မိသည်။
သို့သော် သူ ထုတ်မပြောသော်လည်း ဤပစ္စည်း၏ တန်ဖိုးကို ကျုံးချင် မည်သည်ကြောင့် နားမလည်ဘဲ နေမည်နည်း။
သူ၏လက်ထဲမှ ကျောက်စိမ်းပြားကို ကြည့်ရင်း သူ၏အတွေးများ ရှုပ်ထွေးသွားသည်။
ပြောရလျှင် ဤသူတောင်းစားအဘိုးအို သူ့အပေါ်ထားရှိသော သဘောထားမှာ စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။
မကြာသေးမီက သူ၏နောက်သို့ လူများလိုက်နေကြောင်း တစ်ဖက်လူ သိသွားပြီးနောက် ဒုက္ခကို ဖြေရှင်းပေးရန် လူများကို တိတ်တဆိတ် စေလွှတ်ပေးခဲ့သည်။
ယခု ထိုသူတောင်းစားအိုကြီးသည် မခွဲခွာမီတွင် အဖိုးတန် ကာကွယ်ရေးပစ္စည်းတစ်ခုကိုပင် ပေးအပ်နေသည်။
ဤကျောက်စိမ်းတံဆိပ်ပြားသည် သူတောင်းစားအိုကြီးကိုယ်တိုင်အတွက်ပင်လျှင် အလွန်တန်ဖိုးရှိသော ပစ္စည်းတစ်ခု ဖြစ်သည်။
သို့သော် ယခုချိန်၌ တစ်ဖက်လူက သူ့ကို ဤအတိုင်း ပေးလိုက်သည်။
ဤစေတနာသည် လက်ဆောင်၏ တန်ဖိုးထက် များစွာသာလွန်ပေ၏။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ကျုံးချင်ကလည်း ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
ဤသည်မှာ သစ်သားပန်းပုရုပ်တစ်ခုပင်။
ဤသစ်သားပန်းပုရုပ်သည် မကြာသေးမီက တက်ရောက်စာရင်းသွင်းရာမှ သူ ရရှိထားသော ပစ္စည်းဖြစ်ပြီး ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို ထုတ်လွှတ်နိုင်စွမ်း ရှိသည်။
သေချာသည်မှာ ဤသစ်သားပန်းပုရုပ်မှတဆင့် စနစ်၏စည်းမျဉ်းတချို့ကိုလည်း သူ နားလည်လိုက်သည်။ ကျင့်ကြံခြင်းနည်းစနစ်များနှင့် မှော်ရတနာများအပြင် ဤကဲ့သို့ အထောက်အကူပြုပစ္စည်းများသည် သူ၏ကျင့်ကြံဆင့် မြင့်တက်လာသည်နှင့်အမျှ တိုးတက်လာပေမည်။
"လက်ဆောင်ပြန်မပေးရင် ရိုင်းပျရာကျတယ်လို့ ပြောကြတယ်"
"ဒီပစ္စည်းကို ကောင်းကောင်းသိမ်းထားပါ"
ကျုံးချင် လက်ကမ်းပေးသော သစ်သားပန်းပုရုပ်ကို ကြည့်ပြီး သူတောင်းစားအဘိုးအိုက အပြုံးနှင့် ပြောဆိုသည်။
"ဒီပစ္စည်းက တကယ့်ကို လက်ရာမြောက်တာပဲ"
"မင်းပဲ ယူထားလိုက်ပါ... ဒီသူတောင်းစားအိုကြီး ရဲ့လက်ထဲကို ရောက်လာရင် အလကားဖြစ်သွားလိမ့်မယ်"
သူ၏အမြင်အရ ကျုံးချင်ပေးသော သစ်သားပန်းပုရုပ်သည် အနုပညာလက်ရာမြောက်သော ပစ္စည်းတစ်ခုဟု ထင်မြင်ပုံရသည်။
ထို့ပြင် သူ့ထံ၌ ကင်းမဲ့သည်မှာ ဤကဲ့သို့ အနုပညာအာရုံခံစားမှုမျိုးပင်။
"ယူထားလိုက်ပါ"
"ဒီပစ္စည်းက အရေးကြီးတဲ့အချိန်ကျရင် ခင်ဗျားကို ကူညီပေးနိုင်လိမ့်မယ်"
သို့သော် ကျုံးချင်က သူတောင်းစားအဘိုးအို၏ ရင်ခွင်ထဲသို့ အတင်းထိုးထည့်ပေးလိုက်သည်။
ထိုအခြေအနေကို မြင်တွေ့ချိန်၌ သူတောင်းစားအဘိုးအိုသည် ငြင်းဆန်ရန် ခက်ခဲသဖြင့် လက်ခံလိုက်ရသည်။
သူ၏စိတ်ထဲတွင် ခါးသီးစွာ ပြုံးလိုက်မိသည်။ 'အရှေ့ပိုင်းဒေသတစ်ခုလုံးကို ကြည့်လိုက်ရင် ငါ့ကို ကူညီနိုင်တဲ့သူက အရမ်းနည်းပါးနေတုန်းပဲ.... ဒီတော့ အနုပညာလက်ရာမြောက်တဲ့ သစ်သားပန်းပုရုပ်တစ်ရုပ်က ဘာများ အသုံးဝင်မှာလဲ'
"ကဲ ဒီသူတောင်းစားအိုကြီး သွားသင့်ပြီ"
"မိသားစုကိစ္စ ပြီးသွားရင် နောက်တစ်နေ့ ပြန်လာပြီးတော့ မင်းနဲ့ ကောင်းကောင်း သောက်အုံးမယ်"
ထို့နောက် သူတောင်းစားအဘိုးအို ထွက်ခွာသွားသည်။
သူ့ထံတွင် ခွဲခွာရခြင်းအတွက် ဝမ်းနည်းပူဆွေးမှု မရှိဘဲ တည်ကြည်လေးနက်သော အကြည့်တစ်ခုသာ ရှိသည်။
ဤသည်မှာ စိုးရိမ်ပူပန်မှုများနှင့် ဝန်ထုပ်ဝန်ပိုးများရှိနေသော အကြည့်တစ်ခုပင်။
...