← Chapters

အခန်း (၁၂၁၁-၁၂၁၅)

Vol. 71 Ch. 1211-1215

အခန်း (၁၂၁၁-၁၂၁၅)

Vol. 71 Ch. 1211-1215

အခန်း(၁၂၁၁)

“ထွက်သွားစမ်း ထွက်သွားစမ်း ထွက်သွားကြ”

အော်ဟစ်နေသော ကာလစ်၏မျက်နှာက ပြာနှမ်းကာ ရှုံ့မဲ့နေသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ဒေါသအမျက်ချောင်းချောင်း ထနေပုံပေါ်သည်။ အကြောင်းတရားက မည်သို့ဖြစ်နေစေကာမူ သူသည် ဘယ်သောအခါမှ လက်သင့်ခံနိုင်လိမ့်မည်မဟုတ်ချေ။

မူတာစီရန်သုံး၏ မျက်လုံးများက သွေးနီရောင်သမ်းနေသည်။ သူ၏ပြုမူပုံများက လူသားဆန်သော သားရဲတစ်ကောင်အလား ဖြစ်နေ၏။ လူတိုင်းသည် အံ့အားသင့်နေရသလို တုန်လှုပ်နေကြသည်။ အားလုံးက အလျှင်အမြန် ထွက်ခွာသွားကြသည်။ မည်သူကမှ ပြန်မငြင်းရဲကြချေ။

တခဏအတွင်း ခန်းမတစ်ခုလုံးက မူတာစီရန်သုံးကလွဲပြီး ရှင်းလင်းသွားသည်။

“မျိုးမစစ်တွေ၊ အသုံးမကျတဲ့ဟာတွေ၊ အမှိုက်ကောင်တွေ”

မူတာစီရန်သုံးက ပုလ္လင်၏အရှေ့တွင် ရပ်နေသည်။ သူ၏မျက်လုံးက တံခါးဝသို့သာ ကြည့်နေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ၏ရင်ဘက်ကလည်း နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။

အာရပ်များသည် နွေဦးအစပိုင်း၏ တိုက်ပွဲတွင် အင်အားခြောက်သောင်းကိုသာ ဆုံးရှုံးခဲ့ရသော်လည်း ကျန်သောစစ်သည် သိန်းပေါင်းများစွာက တိုက်ခိုက်ခြင်းမရှိဘဲ ထွက်ပြေးခဲ့ကြသည်။ ထို့ကြောင့် သူသည် အင်အားစု ခုနှစ်သိန်းမှ ငါးသိန်းကို ဆုံးရှုံးရခြင်းထက် ပို၍လက်မခံနိုင်အောင် ဖြစ်စေသေးသည်။ ဆိုလိုသည်မှာ အာရေးဗီးယားအင်ပါယာသည် လတ်လတ်ဆတ်ဆတ် တည်ထောင်ပြီးကာစ ဆမ်ဆာနစ် မင်းဆက်အတွင်းမှ မဟာမိတ်စစ်တပ်ကြီးကို ကိုင်တွယ်ရန် နည်းလမ်းမရှိတော့ချေ။

အနိုင်နှင့်အရှုံး သေချာခြင်းရှိအောင် မတိုက်ခိုက်ရသေးလေဘဲ ယခုလိုထွက်ပြေးသွားကြခြင်းက မူတာစီရန်သုံး၏ တစ်ဘဝလုံးတွင် ရှိခဲ့ဖူးသမျှ အခြေအနေတိုင်းတွင်ပင် အပြင်းထန်ဆုံးသော အရှက်ခွဲခြင်းဖြစ်နေသည်။

ကာလစ်က အံ့ကိုကြိတ်သည်။ ထို့နောက် နောက်ဆုံးတွင် အော်ဟစ်လိုက်သည်။

“အဆင့်မြင့်ဘုန်းတော်ကြီး ငါ ငါ့ရဲ့ဒေါသကို ဆက်ပြီးထိန်းနေရဦးမှာလား။ ငါ့ရဲ့ကြီးမားလွန်းလှတဲ့ အင်ပါယာကြီးက ဒီအရှေ့ပိုင်းသားတွေကို ကိုင်တွယ်နိုင်တဲ့နည်းလမ်း မရှိတော့ဘူးလား”

အရာအားလုံးက တိတ်ဆိတ်နေပြီး ခန်းမအတွင်းတွင် ကာလစ်၏ ဒေါသသံကိုသာ ကြားနေရသည်။ တစ်စက္ကန့်က နှစ်ပေါင်းမရေမတွက်နိုင်အောင် ကုန်လွန်သွားသည်ဟု ထင်ရပြီးနောက်တွင်မှ ကာလစ်၏နောက်ဘက်မှ အိုမင်းနေသော အကြီးအကဲတစ်ယောက်၏ အသံက ထွက်လာသည်။

“ဒါက တစ်ပွဲလေးပဲရှုံးတာ။ အရှင်မင်းကြီးက ဘယ်လိုကြောင့်များ ဒီလောက် ဒုက္ခအများခံဖို့ လိုအပ်တာလဲ”

ကာလစ်၏အနောက်ဘက်မှ ပေါ့ပါးပြီး တိုးလျသည့်အသံက ထွက်လာသည်။ ထို့နောက် အနက်ရောင်ဝတ်ရုံကို ခြုံထားပြီး အဆင့်မြင့် နတ်အင်အားကို ကိုယ်စားပြုသည့် တုတ်တံတစ်ချောင်းကို ကိုင်ဆောင်ထားသော အိုမင်းနေသည့် အကြီးအကဲတစ်ယောက်၏ ပုံရိပ်က တဖြည်းဖြည်းချင်း လျှောက်ထွက်လာနေသည်။ သူကလှုပ်ရှားသောအခါ သူ၏အနက်ရောင်ဝတ်ရုံက ရွေ့သွားသည်။ ထိုသို့ဖြင့် သူ၏ မရေမတွက်နိုင်သော သဲပိုးကောင်ပေါင်းများစွာ အော်ဟစ်သေဆုံးကာ ကပ်နေသလို ပုံစံမျိုးနှင့် ကြမ်းတမ်းပျက်စီးနေသော အသားအရည်ကြီးက ပေါ်လာသည်။ သို့သော် ခန္ဓာကိုယ်ပုံစံကမူ မည်သည့်ဆူညံသံကိုမှ မထုတ်သည်မှာ ချောက်အတွင်းမှထွက်လာသော သရဲတစ်ကောင်အလား ထင်ရသည်။

ထိုအချိန်တွင် အင်ပါယာတစ်ခုလုံးတွင် တစ်ယောက်တည်းသာရှိပြီး လျို့ဝှက်ဆန်းကြယ်လွန်းသော အဆင့်မြင့်ဘုန်းတော်ကြီးက ကာလစ်၏အနောက်ဘက် နီးကပ်လွန်းသောနေရာမှ ထွက်လာသည်။

“ကျန်းကဒီဒေါသကို သည်းမခံနိုင်တော့ဘူး။ ဒါက အကြီးမားဆုံး အရှက်ခွဲမှုကြီးပဲ။ ငါအင်ပါယာတစ်ခုလုံးရဲ့ စစ်တပ်အားလုံးကို စုစည်းပြီး ထန်နဲ့သေတဲ့အထိ တိုက်ပွဲဝင်ရမယ်။ အဲ့ဒီလိုနဲ့ ခိုရာစန်းတစ်ခုလုံးကို ချေမွပစ်လို့ အရှေ့ပိုင်းသားတွေ အားလုံးကို သုတ်သင်ပစ်ရမယ်”

ကာလစ်၏မျက်လုံးက နီရဲနေသည်။ သူဟာ အော်ဟစ်လိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များက ပေါက်ထွက်လာလေပြီး သူ၏ဝတ်ရုံကို လေထဲသို့ ခပ်ကြမ်းကြမ်း လွင့်ထွက်သွားစေသည်။ ထို့နောက် ဓားများ လှံများဖြင့် သက်ရှိများကို ထိုးခုတ်လိုက်သည့်အလား စူးရှသောအော်သံကပင် ထွက်လာသေးသည်။

“အရှင်မင်းကြီးအနေနဲ့ ဒီလောက်ထိ စိုးရိမ်ဖို့မလိုပါဘူး။ ဒါက ထန်တစ်သုတ်လောက်ပါပဲ။ သူတို့ကို ဒီလောက်ထိ စိုးရိမ်ပေးနေစရာ မလိုသေးဘူး။ အရှင်မင်းကြီး စိုးရိမ်သင့်တဲ့ ပြဿနာက သိပ်မကြာခင် အလွယ်တကူ ဖြေရှင်းလို့ရပါလိမ့်မယ်”

ဒေါသထွက်နေသော ကာလစ်နှင့်ယှဉ်သော် အဆင့်မြင့်ဘုန်းတော်ကြီးက တည်ငြိမ်ကာ အလွန်အမင်း အေးဆေးနေသည်။ သူ၏နက်နဲလွန်းသော မျက်ဝန်းများက လောက၏ လျို့ဝှက်ချက်တိုင်းကို ကြိုမြင်နိုင်သလို ထင်ရသည်။

အဆင့်မြင့်ဘုန်းတော်ကြီး၏ စကားကိုကြားသည့် ကာလစ်ကမူ တစ်စုံတစ်ရာကို နားလည်လိုက်သလိုမျိုး ခေါင်းလှည့်ကြည့်သည်။

“အဆင့်မြင့်ဘုန်းတော်ကြီး ခင်ဗျားကဘာကို ဆိုလိုတာလဲ”

အဆင့်မြင့်ဘုန်းတော်ကြီးက သူ၏စကားများထဲတွင် အချို့သော စကားလုံးများကို ဖုံးကွယ်ထားသည်။ သူသည် သမန်ကာလျံကာ မှတ်ချက်ကျသလိုမျိုး ပုံစံဖြင့် ပြောလာခြင်းဖြစ်သည်။

“ဟား ဟား အရှင်မင်းကြီး ကောင်းကင်ရဲ့ဖြစ်စဉ်တွေမှာ အပြောင်းအလဲ ရှိနေပြီဆိုတော့ အရှင်မင်းကြီး မျှော်လင့်တာတွေက နေရာတကျ ဖြစ်လာတော့မှာပါ”

အဆင့်မြင့်ဘုန်းတော်ကြီးက ခပ်တိုးတိုးရယ်သည်။ သို့သော် ဆက်လက်ပြီး မရှင်းပြချေ။

ထိုအချိန်တွင် ကာလစ်က မှင်သက်စွာရပ်နေသည်။ သူ၏စိတ်အတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။ သူဟာ ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားသည်။ သူ၏ရင်ဘက်မှ ဒေါသမီးတောက်များက တဖြည်းဖြည်းချင်း ငြိမ်းသက်သွားလေသည်။

.....

အာရပ်များ၏ အလုံးအရင်းသတ်ဖြတ်မှုများကို ပြန်လည်ဖယ်ရှားပြီးနောက် ခိုရာစန်းမှ လူများက ပြန်လည်ပျော်ရွှင်သွားကြသည်။ နောက်ဆုံးသော တိုက်ပွဲအချို့နှင့် မတူသည်မှာ ခိုရာစန်းသည် ကိုယ်ပိုင်အင်အားကိုမှီခိုပြီး အာရပ်များကို တွန်းထုတ်နိုင်ခဲ့သည်။ ထိုအခြေအနေကတင် ခိုရာစန်းနှင့် အသစ်စက်စက် တည်ထောင်ထားသော ဆမ်ဆာနစ်မင်းဆက်သည် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သော အင်အားရှိကြောင်း ဖော်ပြရာရောက်သည်။

မရေမတွက်နိုင်သော အောင်ပွဲခံသံများက လမ်းတိုင်းအနှံ့ ပျံ့နှံ့နေသေးသည်။

အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ သိပ်မကြာခင် ညအချိန် ကျရောက်လာ၏။ ဝမ်ချောင်က သူ၏အခန်းထဲတွင် မှတ်တမ်းလွှာများကို ဖတ်ရှု့နေချိန်ဖြစ်သည်။ နေ့အချိန် အတောအတွင်းမှ တိုက်ပွဲက ဝမ်ချောင်မျှော်လင့်ထားသည့်အတိုင်း ဖြစ်သွားသေးသည်။ သူသည် လက်နက်ကြီး တစ်သောင်းကျော်ကို ပိုင်ဆိုင်ထားသလို ကျည်ဆံတစ်သန်းကျော်ကိုလည်း ချီရှီ၏လက်နက်တိုက်မှ လာပို့ခိုင်းထားသည်။ ထို့ကြောင့် မည်သည့်ရန်သူစစ်တပ်ကိုမဆို ကိုင်တွယ်နိုင်နေပြီဖြစ်သည်။ မြို့အပြင်ဘက်တွင် အင်အားတစ်သန်းကျော်သော စစ်တပ်ကြီးတစ်ခု ရှိနေမည်ဆိုလျှင်ပင် စစ်သားတစ်ယောက်ချင်းစီတိုင်းအတွက် ကျည်ဆံတစ်ချောင်းနှင့်တင် အားလုံးကို ရှင်းလင်းနိုင်သေးသည်။ ထိုအတွက်ကြောင့်လည်း မဟာထန်က ဒီတိုက်ပွဲအတွက် အဖိုးတန်သော လက်နက်များကို ကပ်စေးမနည်းခဲ့ခြင်းဖြစ်သည်။

ကျည်ဆံ တစ်ခုချင်းစီတိုင်းက ရွှေသားတစ်သိန်းကုန်သည်။ ထို့ကြောင့် ကျည်ဆံတစ်သန်းဆိုလျှင် ရွှေသားသန်းတစ်ရာဖြစ်သည်။ ဝမ်ချောင်ကပင် လက်လွတ်စပယ် မသုံးရဲချေ။ သို့သော်သူက အာရေးဗီးယား၏ ကာလစ်ထံမှ ရွှေသားတစ်ဘီလီယံကျော်ကို အရယူပြီးကတည်းက ထိုပမာဏဟာ သိသာထင်ရှားခြင်းမရှိတော့ချေ။ ထို့ကြောင့် စစ်ဘက်ဆိုင်ရာ ကိုယ်ရေးအရာရှိရုံးတော် သို့မဟုတ် ဘဏ္ဍာရေးရုံးတော်များက သူ့ကို ဝေဖန်အကဲဖြတ်မည်ဆိုလျှင်ပင် ဝမ်ချောင်က သန်းရာအနည်းငယ်ခန့် ယူထုတ်ပြီး သူတို့ကို နှုတ်ပိတ်၍ရသေးသည်။

ယခုလိုကြီးမားသော ကံကြမ္မာကြီးနှင့်ဆိုလျှင် ဝမ်ချောင်အနေဖြင့် လက်နက်ကြီးများ၏ တန်ကြေးကို ဂရုစိုက်နေရန် မလိုအပ်ပါချေ။ ထိုအတွက်ကြောင့်လည်း သူက ခိုရာစန်းတွင် လက်နက်ပေါင်းများစွာကို ထုတ်သုံးခဲ့ခြင်းဖြစ်သည်။

အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ဝမ်ချောင်က သူ၏မှတ်တမ်းများတွင် စိတ်နစ်ထားသည်။ မဟာမိတ်စစ်တပ်ကြီးက အင်အားကြီးမားသထက် ကြီးမားလာသည်နှင့်အမျှ ကိုင်တွယ်ရမည့် အနုစိတ်သော ကိစ္စပေါင်းများစွာက ရှိလာသည်။ ဖုန်းချန်းချင်က ထိုကိစ္စများအားလုံးကို ကိုယ်တိုင်ကိုင်တွယ်နိုင်သည်။

သို့ရာတွင် ဝမ်ချောင်ကလည်း တစ်စုံတစ်ရာဟာ မှားယွင်းနေကြောင်း ခံစားမိလာသည်။ မည်သည့်အချိန်ကမှန်းမသိ သူ၏ပြတင်းပေါက် အပြင်ဘက်တွင် ဝရုန်းသုန်းကား အခြေအနေက ဖြစ်လာပြီး အသံများက ကျယ်သထက်ကျယ်လာသည်။ အဆုံးသတ်တွင် သူကပင် ဗဟိုပြင်ကျယ်မှ မီးပန်းဖောက်သံ၊ လူအုပ်ထံမှ အော်ဟစ်အားပေးသံများကို ကြားလိုက်ရသည်။

“ဘာတွေဖြစ်နေတာလဲ”

သူဟာ စုတ်တံကိုချပြီး မျက်မှောင်ကျုံ့လိုက်သည်။

သူသည် ခိုရာစန်းတွင် ရောက်နေခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာပြီဖြစ်ပြီး ယခုလို အခြေအနေမျိုးကို မကြုံဖူးချေ။ သူက ထိုသို့စဉ်းစားတွေးတောနေသည့် အချိန်တွင် ရုတ်တရက် လျှင်မြန်စွာ လှမ်းလာသော ခြေလှမ်းသံများနှင့် အလျင်စလို တံခါးခေါက်သံကို ကြားလိုက်ရသည်။

“အရှင် ဗိုလ်ချုပ်ပါးရန်က အရှင့်ကို မီးနတ်ဘုရားပွဲတော်မှာ ဝင်ပါဖို့ ဖိတ်လိုက်ပါတယ်”

“မီနတ်ဘုရားပွဲတော်ဟုတ်လား”

ဝမ်ချောင်က မျက်ခုံးပင့်လိုက်သည်။ သူသည် အံ့ဩသွားသည်။

“မဟာဗိုလ်ချုပ်မင်းပြောတာတော့ အရှင့်အနေနဲ့ ကိုယ်တိုင်သွားရောက်ပြီး ရှာဖွေဖို့ လိုအပ်ပါတယ်တဲ့”

အပြင်ဘက်ရှိ အစောင့်ကပြောသည်။

ဝမ်ချောင်က ပို၍ပင် စိတ်ရှုပ်သွားရသည်။ သို့သော် ထိုအစောင့်ကို မေးနေလျှင်လည်း အဖြေမရနိုင်ကြောင်း နားလည်သဖြင့် ခပ်မြန်မြန်ထရပ်ပြီး အခန်းထဲမှထွက်သည်။

သူကတံခါးကိုဖွင့်လိုက်ပြီး အချိန်တွင်ပင် လေထဲသို့ မီးပန်းကြီးဆယ်ခုခန့်က မြောက်တက်သွားသည်။ ထိုသို့ဖြင့် ကောင်းကင်တစ်ခုလုံး တောက်ပသည့် မီးများဖြင့် ဖြာဝေသွားသည်။ ထိုအချိန်မှသာ ခိုရာစန်းနီအတွင်းတွင် ပွဲတော်တစ်ခု ကျင်းပနေကြောင်း သိလိုက်သည်။

ဝမ်ချောင်သည် အခန်း၏ဝင်ပေါက်ဝတွင် ရပ်နေပြီး ခိုရာစန်းဘက်သို့ လှည့်ကြည့်သည်။ သူက မည်သည့်နေရာသို့ ကြည့်နေစေကာမူ တောက်ပစွာ လောင်ကျွမ်းနေသော မီးပုံမီးများက သိပ်သည်းသော အလင်းများနှင့်အတူ ညကောင်းကင်ကို ရောင်ပြန်ဟပ်နေမည်ဖြစ်ကြောင်း မြင်နိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် ခိုရာစန်းများက တိတ်ဆိတ်စွာဖြင့် အိပ်ယာဝင်သင့်သော်လည်း ယခုလိုမျိုး ဂီတပင်လယ်အတွင်း ပျော်ရွှင်မြူးတူးစွာ ရှိနေကြောင်းကိုမြင်ရသည်။ ထို့အပြင် လမ်းများပေါ်တွင်ပင် မရေမတွက်နိုင်အောင် ပြည့်နှက်နေသည့် လူပေါင်းများစွာကို တွေ့ရသည်။

“ဒီမှာဘာတွေ ဖြစ်နေတာလဲ”

ဝမ်ချောင်က မျက်လုံးပြူးသွားသည်။ သူသည် ခိုရာစန်းတွင် အချိန်အကြာကြီး နေထိုင်ခဲ့ပြီးနောက်တွင်ပင် ဒီအခြေအနေကို နားမလည်နိုင်သေးချေ။

သူက စိတ်ရှုပ်ထွေးနေသည့် အချိန်တွင်ပင် ရုတ်တရက် ရင်းနှီးကျွမ်းဝင်သော အသံကို ကြားလိုက်ရသည်။

“ဗိုလ်ချုပ်ဝမ် ဒီကိုလာပါ”

ဝမ်ချောင်က လှည့်လိုက်သောအခါ တောက်ပလွန်းသော အနီရောင်ဝတ်ရုံကို ခြုံထားသည့် ပါးရန်က အခြားသော ပုန်ကန်သူ ခေါင်းဆောင်အချို့နှင့်အတူ မီးပုံပွဲတွင်ရပ်နေကြောင်း တွေ့လိုက်ရသည်။ သူတို့အားလုံးက သွေးရောင်လွှွမ်းသော မျက်နှာထားမျိုးနှင့် တောက်ပပျော်ရွှင်နေကြသည်။

ဝမ်ချောင်က အနားသို့လျှောက်သွားရင်း မေးလိုက်သည်။

“မဟာဗိုလ်ချုပ် မြို့ထဲမှာ ဘာတွေဖြစ်နေတာလဲ။ နောက်ပြီး မီးနတ်ဘုရားပွဲတော်ဆိုတာက ဘာလဲ”

“ဟား ဟား မီးနတ်ဘုရားပွဲတော်ဆိုတာက အလင်းပွဲတော်လေ။ ငါတို့ခိုရာစန်းနီတွေက မီးနတ်ဘုရားကို ကိုးကွယ်ပူဇော်တယ်။ ဒါက အလင်းနတ်ဘုရားလည်းဟုတ်တယ်။ ဒီပွဲတော်က ငါတို့နှစ်တိုင်းလိုလို ကျင်းပတဲ့ အသိသာအထင်ရှားဆုံး ပွဲတော်ကြီးပေါ့။ ဒါပေမဲ့ ဆမ်ဆာနစ်မင်းဆက်က ကျရှုံးသွားပြီးချိန် ကတည်းက ခိုရာစန်းနီတွေအားလုံး ကျွန်ပြုခံရပြီး အာရပ်တွေက ထိန်းချုပ်ထားကြတယ်။ ဒါကြောင့် ငါတို့တွေ မီးနတ်ဘုရားပွဲတော်ကို မကျင်းပနိုင်တော့ဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဆမ်ဆာနစ်မင်းဆက်ကို ပြန်လည်တည်ထောင်လိုက်နိုင်ပြီ။ အာရပ်တွေက နှစ်ကြိမ်တောင် ရှုံးသွားပြီ။ ငါတို့လူတွေအားလုံးကလည်း မီးနတ်ဘုရားပွဲတော်ကို ပြန်ပြီးကျင်းပလို့ရပြီလို့ ယူဆတယ်လေ။ ဒီကိစ္စကို အချိန်အတန်ကြာ စဉ်းစားဆင်ခြင်ပြီးတဲ့နောက်မှာ အများပြည်သူရဲ့ စိတ်ဆန္ဒအတိုင်း လုပ်ဆောင်လိုက်ကြတာပေါ့”

“ဗိုလ်ချုပ်ဝမ် မင်းကငါတို့ ဆမ်ဆာနစ်မင်းဆက်နဲ့ ခိုရာစန်းနီတွေ အားလုံးရဲ့ ကယ်တင်ရှင်ပဲ။ မင်းသာမရှိရင် ဆမ်ဆာနစ်မင်းဆက်က နေ့အလင်းရောင်ကို ပြန်မြင်နိုင်မှာမဟုတ်သလို ငါတို့ခိုရာစန်းနီတွေကလည်း အာရပ်တွေရဲ့ လက်အောက်မှာ ကြောက်လန့်မှုအပြည့်နဲ့ နေနေရဦးမှာပဲ။ ဒါကြောင့် ဘယ်လိုနည်းနဲ့မဆို မင်းဒီပွဲကိုဝင်ပါရမယ်”

ပါးရန်ကပြုံးရင်း ဖိတ်ကြားဟန်ပြုသည်။

“ဒါက...”

ဝမ်ချောင်က တုန့်ဆိုင်းနေသည့် အချိန်တွင် ပုန်ကန်သူခေါင်းဆောင်များကလည်း တိုက်တွန်းကြသည်။

“အရှင် မြန်မြန်လေး အရှင်ကောင်းနဲ့ အခြားသူတွေလည်း ဝင်ပါပြီးပြီ။ အရှင်ပဲလိုတော့တာ”

“ဟုတ်တယ် ဟုတ်တယ် အရှင် အားလုံးက အရှင့်ကိုစောင့်နေတာ”

အနည်းငယ် တုန့်ဆိုင်းနေပြီးနောက် ဝမ်ချောင်က ခေါင်းညိမ့်လိုက်သည်။

“ကောင်းပြီလေ”

ထို့နောက်သူက ပါးရန်တို့၏ အနောက်သို့လိုက်ကာ လမ်းများတောက်လျှောက် ကျော်ဖြတ်လိုက်သည်။ ထိုအခါ မရေမတွက်နိုင်သော မီးပုံများဘေးတွင် ဝိုင်းပတ်ကာ သီဆိုကခုန်ပြီး အောင်ပွဲခံနေသော ပုံရိပ်ထောင်ပေါင်းများစွာကို မြင်လိုက်ရသည်။ အမျိုးသား မင်းသမီးများအပြင် လူငယ်များ လူကြီးများလည်းရှိသည်။ လူအုပ်ထဲတွင်ရှိသော လူတိုင်း၏မျက်နှာက တောက်ပပျော်ရွှင်ကာ စိတ်လှုပ်ရှားနေကြပြီး အားလုံး၏ စိတ်ရင်းဖြင့် ပျော်ရွှင်နေမှုကိုဖော်ပြသည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် လူအုပ်၏ စိတ်အခြေအနေမှ သက်ရောက်မှုကို ခံစားရသည်။

ထိုအခိုက်အတန့်တွင် လူအုပ်ကလည်း ပါးရန်နှင့်ဝမ်ချောင်ကို သတိထားမိလိုက်သည်။ ချက်ချင်းဆိုသလိုပင် ကျယ်လောင်စွာ အော်ဟစ်ကြပြန်သည်။

ဘုန်း

ကောင်းမွန်စွာ သင်ကြားပေးခြင်းခံရသည့် ခိုရာစန်းနီမိန်းမပျိုတစ်ယောက်က လူအုပ်ထဲမှ အပြေးထွက်လာပြီး ဝမ်ချောင်ကို တောက်ပသော အပြုံးမျိုးနှင့်ကြည့်သည်။ ထို့နောက် အနီရဲရဲ ပန်းပွင့်များဖြင့် သီထားသည့် ပန်းကုံးလေးအား သူ၏လည်တိုင်ဝန်းကျင်တွင် စွပ်ပေးလာသည်။

ထိုအချိန်တွင် လူအုပ်က ကျယ်လောင်သော အော်ဟစ်သံများကို ထုတ်ပြန်သည်။ အချို့က လေချွန်ကြ၏။ ပါးရန်ကပင်ရယ်သည်။

“ဟား ဟား ဒါက ငါတို့ဆမ်ဆာနစ်မင်းဆက်က ယဉ်ကျေးမှုလေ။ မျိုးနွယ်ခြား ဧည့်သည်တော် တစ်ယောက်က မီးနတ်ဘုရားပွဲတော်မှ ဝင်ရောက်ပါဝင်ဆင်နွဲတဲ့အခါ ငါတို့က ငါတို့ရဲ့ နွေးထွေးမှု၊ လေးစားမှုတွေကို ဖော်ပြတဲ့အနေနဲ့ မီးပန်းကုံးကို လက်ဆောင်ပေးလေ့ရှိတယ်။ ဒါပေမဲ့ လက်မထပ်ရသေးတဲ့ မိန်းမပျိုတစ်ယောက်က လက်ဆောင်ပေးတာဆိုရင်တော့ သူတို့ကမင်းကို ချစ်တယ်လို့ ဆိုလိုတာပဲ”

ပါးရန်၏စကားလုံးက ဝမ်ချောင်၏ပါးကို နီရဲသွားစေသည်။ ပတ်ဝန်းကျင်ရှိ ပုန်ကန်သူ ခေါင်းဆောင်များကလည်း ရယ်ကြသည်။ ဝမ်ချောင်ကို ပန်းကုံးလက်ဆောင်ပေးသော ဆမ်ဆာနစ် မိန်းမပျိုကမူ ဝမ်ချောင်ကို ဆက်တိုက်ကြည့်ရင်း သူ၏ပတ်ပတ်လည်တွင် ရူးသွပ်စွာ ကခုန်နေသည်။

ပါးရန်က ဝမ်ချောင်၏နားနားကပ်ကာ ခပ်တိုးတိုးပြောပြန်သည်။

“အာ ဒါလည်းဟုတ်တာပဲ ငါမင်းကို ပြောဖို့မေ့နေတာ။ ဆမ်ဆာနစ်က အမျိုးသမီးတွေက ဗဟိုပြင်ကျယ်က မိန်းမတွေနဲ့ ခြားနားတယ်။ သူတို့က သူတို့သဘောကျတဲ့လူကို တွေ့တဲ့အခါ စပြီးလိုက်တာပဲ။ အရှင် အရှင့်ရဲ့သိုင်းပညာက ပြိုင်ဘက်ကင်းပြီး ပါရမီကလည်း တော်တော်လေးကို ထူးခြားတယ်။ နောက်ပြီး လက်လည်းမထပ်ရသေးဘူးဆိုတော့ ငါတို့ဆမ်ဆာနစ်မင်းဆက်က မိန်းမပျိုပေါင်း များစွာက မင်းကိုအရမ်းကို လေးစားနေကြပြီ”

အခန်း(၁၂၁၂)

ဝမ်ချောင်သည် လူအုပ်ကို တစ်ချက်အကဲခတ်ကြည့်ပြီးနောက် သူ့ကိုကြည့်နေသည့် မရေမတွက်နိုင်လောက်အောင် မြောက်များသော အမျိုးသမီးပေါင်းများစွာကို ချက်ချင်းလိုလို သတိထားမိလိုက်သည်။ အားလုံးသည် လက်ထဲတွင် အနီရဲရဲ ပန်းကုံးများကို ကိုင်ထားကြသည်။ သူတို့၏ မျက်လုံးများက စိတ်အားထက်သန်မှုနှင့် တောက်ပနေကြ၏။ ဝမ်ချောင်သည် ခပ်မြန်မြန် အကြည့်လွှဲလိုက်ပြီး ကို့ယို့ကားယားနိုင်သော မျက်နှာထားမျိုးဖြစ်သွားသည်။

ပါးရန်နှင့် အခြားသော ပုန်ကန်သူခေါင်းဆောင်များ ရှိနေသောကြောင့်သာ မဟုတ်လျှင် ဝမ်ချောင်သည်လည်း ထိုလူများအားလုံးက ချက်ချင်းအပြေးလာပြီး လက်ထဲမှ ပန်းကုံးများအား သူ၏လည်တိုင်သို့ရောက်အောင် စွပ်လျှက် ဘေးဘက်တွင် ရူးသွပ်စွာ ကခုန်ကြမည်ဟု ခံစားမိလေသည်။

ပါးရန်ကလည်း ဝမ်ချောင်၏ ပုံမှန်မဟုတ်မှုကို သတိထားမိပုံရသည်။ သူဟာ ရုတ်တရက် ရှေ့သို့ထွက်လိုက်ပြီး ပထမဦးဆုံးရောက်လာကာ အနားတွင် ကခုန်နေသည့် ဆမ်ဆာနစ်မိန်းမပျို၏ နားနားကပ်ပြီး တစ်စုံတစ်ရာကိုပြောလိုက်သည်။

“ကောင်းပြီ သွားတော့”

ပါးရန်က လက်ကိုတစ်ချက် ပြန်ယမ်းလိုက်သောအခါ ထိုဆမ်ဆာနစ်မိန်းမပျိုက ဝမ်ချောင်ကို နက်နဲသော အကြည့်တစ်ချက်ပေးပြီး နောက်သို့ပြန်လှည့်ထွက်သွားသည်။ ထိုသို့ဖြင့် လူအုပ်ထဲပြန်ဝင်သွား၏။ ထိုမိန်းကလေးက အခြားသောမိန်းမပျိုများကို မည်သည့်စကားများ ပြောသွားကြောင်း သေချာမသိချေ။ သို့သော် ကျန်သောလူများ အားလုံးအား သူတို့၏ မီးပန်း ပန်းကုံးများ ပေးရန်ကြံစည်နေကြသည့် အခြားသော မိန်းမပျိုများအားလုံးက ဝမ်ချောင်ကို တွန့်ဆုတ်လျှက်ကြည့်ပြီးလှည့်ထွက်ကာ လူအုပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားကြလေသည်။

“မဟာဗိုလ်ချုပ်ကြီး သူတို့ကိုဘာပြောလိုက်တာလဲ”

ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် သိချင်စိတ်ပြင်းပြသွားပြီး ပါးရန်ကိုပင် မေးလိုက်သည်။

“ဟား ဟား မင်းခဏနေရင်း သိရမှာပေါ့”

ပါးရန်ကရယ်သည်။ သူ၏မျက်နှာတွင် တိုင်းတာရခက်ခဲသည့် အကြည့်တစ်ချက်က ပေါ်ပေါက်လာသည်။

ဝမ်ချောင်ဟာ ယခုအခါမှသာ စိတ်အေးသွားသလို သက်ပြင်းချလိုက်နိုင်သည်။ သူသည် ထိုအမျိုးသမီးများ၏ ရှေ့တိုးလာနိုင်သော အခြေအနေများကြောင့် စိတ်အနှောက်အယှက် မဖြစ်တော့ချေ။

“သွားရအောင် အရှင်ကောင်းနဲ့ အခြားသူတွေက မင်းကိုစောင့်နေကြတယ်”

ပါးရန်ကဝမ်ချာင်ကိုပြောသည်။

“အိုး”

ဝမ်ချောင်က ပို၍ပင် သိချင်သွားမိသည်။ သို့သော် မေးခွန်းများ ဆက်မမေးဘဲ ပါးရန်၏နောက်မှ လိုက်သွားလိုက်သည်။

ထိုညသည် ခိုရာစန်းအတွက် အိပ်ပျက်ညဖြစ်သည်။ မီးပုံမီးများနှင့် အောင်ပွဲခံနေသော လူအုပ်ကို နေရာတိုင်းတွင် မြင်နိုင်သည်။ သို့ရာတွင် ဝမ်ချောင်ကမူ အနည်းငယ်ခြားနားသော နေရာအချို့ကို သတိထားမိလိုက်၏။ ခိုရာစန်း၏ သာမာန်ပြည်သူများက အောင်ပွဲခံနေကြသော်လည်း အားလုံးသည် ဦးတည်ရာတစ်ဖက်တည်းတွင် အတူစုစည်းနေကြပုံပေါ်သည်။ သူတို့က ထိုကဲ့သို့ ဝေးဝေးရောက်သွားလေလေ မီးပုံက ပိုကြီးလေလေဖြစ်ပြီး လူအုပ်က ပိုများလေလေဖြစ်သည်။

“ငါတို့ရောက်ပြီ”

အချိန်တစ်ခုကြာပြီးနောက် မရေမတွက်နိုင်သော လူပေါင်းများစွာကို ဖြတ်သန်းသွားပြီးနောက်တွင် ဝမ်ချောင်ဟာ နောက်ဆုံးတွင် ပွဲတော်၏ အချက်အချာနေရာကို တွေ့လိုက်ရသည်။ ထိုနေရတွင် လွန်ခဲ့သော လအနည်းငယ်ခန့်ကမှ တည်ဆောက်ထားသည့် ကြီးမားသည့် ဘုရားကျောင်းကြီးရှိသည်။ ဘုရားကျောင်းကြီးက တောက်ပထိန်လင်းနေ၏။ အတွင်းတွင်လည်း ကြီးမားသော မီးပုံမီးက တောက်လောင်နေသည်။ ထိုမီးပုံမီးက အခြားသော မီးပုံမီးများထက် အဆပေါင်းများစွာ ကြီးမားသည်။

မီးပုံမီး၏ ပတ်ပတ်လည်တွင် လူအုပ်ကြီးရှိသည်။ အရေအတွက်က တစ်သောင်းအထိ ရှိနိုင်၏။ ဝမ်ချောင်သည် ခိုရာစန်းနီ၊ ပုန်ကန်သူခေါင်းဆောင်များနှင့် ထန်စစ်သားများကိုလည်း မြင်လိုက်ရသည်။

“ဒါကငါတို့ရဲ့ အသစ်စက်စက် တည်ဆောက်ထားတဲ့ မီးနတ်ဘုရား ဘုရားကျောင်းပဲ။ ဒီညပွဲတော်ရဲ့ ဗဟိုနေရာပေါ့”

ပါးရန်က အရှေ့ဘက်သို့ လက်ညိုးညွှန်လိုက်ပြီးနောက် ဝမ်ချောင်မမေးခင် ကြိုတင်ရှင်းပြပေးလိုက်သည်။

ဝမ်ချောင်က ခေါင်းသာမော့လျှက် ပါးရန်ညွှန်ပြသောဘက်သို့ ကြည့်လိုက်သည်။ သေချာပေါက်ပင် ထိုနေရာတွင် ပေတစ်ဆယ်ကျော်မြင့်သော ရုပ်ထုကြီးကို လှမ်းမြင်လိုက်ရသည်။ တစ်ကိုယ်လုံးက မီးတောက်များ တောက်လောင်နေသလိုမျိုး ဖြစ်နေလေသည်။

ဒါကသူတို့ပြောတဲ့ မီးနတ်ဘုရားဖြစ်လောက်တယ်။

သူ၏အကြည့်က အောက်သို့ရွေ့သွားပြီးနောက် မီးနတ်ဘုရားရုပ်ထု ခြေရင်းမှ ရင်းနှီးကျွမ်းဝင်သော ပုဂ္ဂိုလ်များကို မြင်လိုက်ရသည်။ ကောင်းရှန်းကျစ်နှင့် ဖုန်းချန်းချင်တို့ကလည်း ရှိသည်။ ဝမ်ချောင်က သူတို့ကိုပြုံးရင်း အနားသို့ လျှောက်သွားလိုက်သည်။

“အရှင်ဝမ် နောက်ဆုံးတော့ ရောက်လာပြီလား။ ငါတို့ကဒီမှာစောင့်နေတာ ခေတ်တွေတောင်ကြာသွားပြီ”

ကောင်းရှန်းကျစ်နှင့် ဖုန်းချန်းချင်တို့က ဝမ်ချောင်ကို မြင်သည့်အချိန်တွင် ဖုန်းချန်းချင်က အရင်လှည့်ပြီး နှုတ်ဆက်သည်။ သူ၏မျက်နှာက နီရဲနေလေရာ သူသည်လည်း ပွဲတော်၏ လေထုအခြေအနေအောက်တွင် ပျော်ရွှင်နေပုံပေါ်လေသည်။

“မီနတ်ဘုရားရဲ့ပွဲတော်က တကယ်မဆိုးဘူး။ လူသိန်းကျော်က အတူဝင်ရောက်ပြီး ဆင်နွဲကြတာက မြင်ရခဲတဲ့ကိစ္စမျိုးပဲ။ ဗဟိုပြင်ကျယ်မှာဆိုရင်တောင်မှ ဒီလိုအခြေအနေမျိုးက ရှားတယ်။ နောက်ပြီး ဒီပွဲမှာ ဝင်ပါနိုင်တာကတင် ခိုရာစန်းကိုလာရတာ တန်သွားပြီ”

ကောင်းရှန်းကျစ်က ပြုံးလျှက်ပြောသည်။ သူ၏အမြင်အာရုံကို ဒီမြင်ကွင်းက ဖမ်းစားထားသည်။

ဝမ်ချောင်သည် ထိုနှစ်ယောက်အနားသို့သွားလိုက်သည်။ ကောင်းရှန်းကျစ် အကြည့်နောက်သို့လိုက်ကာ ဘုရားကျောင်းနေရာသို့ ရောက်သွားသည်။ ထိုနေရာတွင် ဆွဲဆောင်မှုပြင်းထန်သော ဆမ်ဆာနစ် မိန်းမပျိုများက ကခုန်နေကြပြီး မီးနတ်ဘုရားရုပ်ထုကလည်း မီးများတောက်လောင်နေသေးသည်။ ထိုမိန်းမပျိုများအားလုံးက ကျော့ရှင်းကြည့်ကောင်းလွန်းသော မိန်းမပျိုတစ်ယောက်ကို ဝိုင်းနေခြင်းဖြစ်သည်။ သူမ၏ လက်မောင်းများတွင် ရွှေရောင်လက်ကောက်များဖြင့် တန်ဆာဆင်ထားပြီး မျက်နှာကိုလည်း ပုဝါတစ်ခုကအုပ်ထားသည်။

အခြားသောမိန်းမပျိုများနှင့် မတူသည်မှာ ထိုအမျိုးသမီးသည် ကျော့ရှင်းကြည့်ကောင်းပြီး အထက်တန်းဆန်သည့် အရှိန်အဝါကို လွှတ်ထုတ်ထားလေရာ ကောင်းကင်မှ တောက်ပလွန်းသော လမင်းကြီးအလား ဖြစ်နေသည်။ သူမ၏အသားအရောင်က နှင်းကဲ့သို့ဖြူဖွေးပြီး လရောင်ကဲ့သို့ သန့်စင်လွန်းသည်။ သူမကို တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့၏နှလုံးသားက ခုန်လှုပ်သွားစေလောက်အောင် ဆွဲဆောင်မှုပြင်းထန်သည်။

“အားတိရာ”

ဝမ်ချောင်က မှင်သက်သွားသည်။ ဘုရားကျောင်း၏ အလယ်တွင် တစ်ဦးတည်းသော ရပ်နေသည့် မင်းသမီးက ဆမ်ဆာနစ်မင်းသမီး အားတိရာဖြစ်သည်။ ဝမ်ချောင် တစ်ချက်ကြည့်လိုက်သောအခါ အားတိရာက ထူးဆန်းသော သတ္တုအဆင်တန်ဆာများကို ဝတ်ဆင်ထားကြောင်း မြင်လိုက်ရသည်။ ထိုအရာများက မီးလောင်နေသလိုဖြစ်နေသည်။ အားတိရာက စတင်ကာ ကခုန်ပြီး လှည့်လိုက်သောအခါ သူမ၏လက်မောင်းနှင့် ခန္ဓာကိုယ်မှ မီးတောက်များက အမွေ့ခံရသလို ဖြစ်သွားပြီး သူမအား မီးနတ်သမီးအလား ဖြစ်သွားစေသည်။

ပါးရန်က လှေကားထစ်များပေါ်သို့ တက်လာရင်း ရှင်းပြသည်။

“ဒါကငါတို့ တော်ဝင်မိသားစုရဲ့ ဓလေ့ရိုးရာလေ။ တော်ဝင်မိသားစုဝင်ကဘဲ မီးနတ်ဘုရားရဲ့ ပွဲတော်ကို ကိုယ်တိုင်ဦးစီးပြီး ကျင်းပပေးရတာ”

“အိုး”

ဝမ်ချောင်က နတ်သမီးကဲ့သို့ အားတိရာကိုကြည့်ပြီး မျက်ဝန်းများက တောက်ပနေသည်။ သူဟာ ခေါင်းညိမ့်လိုက်သည်။ သူ့အနေဖြင့် ပထမဦးဆုံး အကြိမ်အနေဖြင့် မီးနတ်ဘုရားပွဲတော်ကို ဝင်ရောက်ဆင်နွဲဖူးခြင်းဖြစ်သည်။ ပထမဦးဆုံး အကြိမ်အဖြစ် ယခုလို မျိုးနွယ်ခြားများ၏ ကခုန်ပြီးကျင်းပသည့် ပွဲမျိုးကိုလည်း ကြုံဖူးခြင်းဖြစ်သည်။ အရာအားလုံးက သူ့အတွက် လတ်ဆတ်လွန်းနေသည်။ မည်သို့ပင်ဆိုစေ ဒါဟာ ဗဟိုပြင်ကျယ်မှ ဓလေ့ထုံးတမ်းများနှင့် ခြားနားနေသည်။

ဘန်း

သူကတွေးတောနေသည့် အချိန်တွင် မီးနတ်ဘုရား ဘုရားကျောင်းပတ်ပတ်လည်မှ လူအုပ်က ရုတ်တရက် အောင်ပွဲခံသံများနှင့် ကျယ်လောင်စွာ အားပေးကြသည်။ ဝမ်ချောင်က ခေါင်းကိုမော့လိုက်သောအခါ အားတိရာက ရပ်တန့်လိုက်ကြောင်း မြင်လိုက်ရသည်။ ထိုအချိန်တွင် အလွန်အမင်း ချဲ့ကားစွာ ဝတ်ဆင်ထားသော ဆမ်ဆာနစ်ဗိုလ်ချုပ်ကြီး တစ်ယောက်က စင်ပေါ်သို့တက်ပြီး ငွေရောင်မျက်နှာဖုံးကို လေးစားစွာ ကမ်းလှမ်းလေသည်။ ထိုမျက်နှာဖုံးတွင် အနီရောင်ရတနာများကိုလည်း အလှဆင်ထားသေးသည်။

ထိုမျက်နှာဖုံးက ထိုအလှလေးကို အာရုံမလွင့်စေရုံသာ မကသေးလေဘဲ သူမ၏ မြင့်မြတ်ပြီး လျို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကိုပို၍ပင် ပေါင်းထည့်ပေးနိုင်သည်။

အော်ဟစ်သံများက ရပ်တန့်သွားပြီဖြစ်သည်။ အားတိရာက ဘုရားကျောင်း၏ အလယ်တွင် ရပ်နေသည်။ သူမ၏ ဆွဲဆောင်မှုပြင်းထန်သော မျက်လုံးက လူအုပ်ကို အကဲခတ်ပြီး တစ်စုံတစ်ရာကို ရှာသလိုဖြစ်သွားသည်။ ဝမ်ချောင်က မှင်သက်နေသည့် အချိန်တွင် အားတိရာ၏ ခန္ဓာကိုယ်က ရုတ်တရက် ယမ်းခါသွားသည်။ သူမ၏မျက်လုံးက သူ့ကိုမြင်လိုက်သောအခါ ပျော်ရွှင်မှုက ပေါ်ထွက်လာသည်။

တခဏခန့်ကြာပြီးနောက် ညင်သာသောလေပြေက ဖြတ်တိုက်သွားပြီးချိန်တွင် အားတိရာသည် စတင်ကာ လှုပ်ရှားပြီး ဝမ်ချောင်ရှိရာဘက်သို့ လျှောက်လာသည်။ ထိုအခြေအနေက ဝမ်ချောင်အား အံ့ဩသွားစေ၏။ သူက မတုန့်ပြန်နိုင်သေးခင် အားတိရာက သူ၏အရှေ့တွင် ရောက်နေပြီဖြစ်သည်။ သူမ၏ လှပသော မျက်လုံးထဲတွင် ချစ်စိတ်များက ပြည့်နှက်နေသည်။ သူမ၏ သွယ်လျပြီး ညင်သာသောလက်က အသာဆန့်ထွက်လာ၏။

“ဗိုလ်ချုပ် ငါနဲ့အတူ ကပေးနိုင်မလား”

အားတိရာ၏အသံက တိုးလျပြီး ညင်သာသည်။ ထို့အပြင် လူတစ်ယောက်၏ နှလုံးကြိုးများကိုပင် ဆွဲနှုတ်နိုင်လောက်အောင် ဆွဲဆောင်မှု ပြင်းထန်သေးပြီး ငြင်းဆိုလိုသည့် ခံစားချက်တိုင်းကို ဖယ်ရှားပေးနိုင်သည်။

ဝမ်ချောင်က တောင့်ခဲသွားသည်။ သူသည် အားတိရာက သူ့ကို ကခုန်ရန် ဖိတ်ခေါ်လိမ့်မည်ဟု မထင်ထားမိချေ။ သူ၏ပတ်ပတ်လည်မှ အရာအားလုံးက တိတ်ဆိတ်နေသည်။ လူတိုင်းက ဝမ်ချောင်ကိုသာ ကြည့်ရင်း သူ၏အဖြေကို စောင့်နေကြသည်။ ဝမ်ချောင်က ငြင်းချင်သည်။ သို့သော် ခေါင်းမော့လိုက်ပြီး စကားပြောမည့်အချိန်တွင် ရုတ်တရက် အားတိရာ၏ ချစ်စိတ်ပြင်းပြသော အကြည့်နှင့် မျှော်လင့်ချက် အပြည့်ပါသော မရေမတွက်နိုင်သော ခိုရာစန်းနီ၊ ပုန်ကန်သူခေါင်းဆောင်များ၏ အကြည့်များကို မြင်သောအခါ တုန့်ဆိုင်းသွားရသည်။

“ဟား ဟား ဗိုလ်ချုပ်ဝမ် မင်းပြည်တွင်းဓလေ့ထုံးတမ်းတွေကို လေ့လာသင့်တယ်။ မီးနတ်ဘုရားပွဲတော်ရဲ့ အကက ခိုရာစန်းမှာ အရမ်းကို ပုံမှန်ဖြစ်လွန်းတဲ့ ကိစ္စတစ်ခုပဲ။ ဒါကြောင့် မင်းအနေနဲ့ ဒီလောက်ထိ သတိထားနေဖို့ မလိုအပ်ပါဘူး”

ပါးရန်က ရုတ်တရက် ရှေ့ထွက်လာပြီး ဝမ်ချောင်ကိုပြုံးကာ အသာတွန်းလိုက်သည်။

ဝမ်ချောင်ကလည်း အနားရှိလူတိုင်း၏ မျှော်လင့်ချက်ကြီးမားသော အကြည့်များကို မြင်သောအခါ သူ၏သတိများကို ဘေးဖယ်ထားလိုက်ပြီး သဘောတူလိုက်သည်။

“ကောင်းတာပေါ့”

ဘန်း

ဝမ်ချောင်၏ပြန်ဖြေသံက လူအုပ်ထံမှ စိတ်လှုပ်ရှားသော အော်ဟစ်သံများကို ထွက်ပေါ်လာစေလေသည်။ ကောင်းကင်သို့ မီးပန်းများက တဖန်ထိုးတက်သွားလေပြီး ခိုရာစန်းနီများက သူတို့၏သံစဉ်များကို စတင်ကာ သီဆိုကြပြန်သည်။

တစ်စုံတစ်ယောက်က မီးတောက်နေသော သတ္ထုအဆင်တန်ဆာ နှစ်ခုကိုယူလာပြီး ဝမ်ချောင်၏ပုခုံးပေါ်တွင် တင်ပေးသည်။ ထိုသို့ဖြင့် ဝမ်ချောင်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် မီးညွှန့်များ တောက်လောက်နေသည့် ကြယ်ပွင့်ကို အလှဆင်ထားသလို ဖြစ်သွားသည်။

“မင်းသမီ ငါတကယ်ပဲ မကတတ်ဘူး”

ဝမ်ချောင်က စင်ပေါ်သို့လျှောက်သွားရင်း ရှက်ရွံ့နေသော ပုံစံမျိုးဖြင့်ပြောလိုက်သည်။

“ရပါတယ် ဒါကတအားရိုးရှင်းတယ်”

အားတိရာကမူ ချိုမြိန်စွာပြုံးရင်း ဝမ်ချောင်ကို ဘုရားကျောင်း၏ အလယ်ဘက်သို့ ဆွဲခေါ်လျှက် မီးနတ်ဘုရားရုပ်ထု၏ အောက်ခြေတွင် အတူကခုန်လေသည်။ အားတိရာက မီးနတ်သမီးတစ်ပါးလို ကျော့ရှင်းကြည့်ကောင်းမှုအပြည့်နှင့် ကခုန်နေသလို ခေါင်းမာပြီး ချုပ်ထိန်း၍ မရနိုင်သော အတင့်ရဲမှုများလည်း ရှိနေသည်။ ထို့ပြင် သူမဟာ သန့်စင်လွန်းသော မိန်းမပျိုတစ်ယောက်၏ အရှိန်မျိုးကိုလည်း သယ်ဆောင်ထားသေး၏။

ဘန်း

လူအုပ်ကလည်း စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးကြသည်။ မီးညွန့်များကပင် ယမ်းခါသွား၏။ ဝမ်ချောင်သည်လည်း အားတိရာ၏ လှုပ်ရှားမှုအတိုင်း တဖြည်းဖြည်းချင်း လိုက်ပါသွားသည်။ အစပိုင်းတွင်မူ သူဟာ ကို့ိယို့ကားယား ဖြစ်နေသေးသည်။ သူသည် ထိပ်တန်းအဆင့် သိုင်းပညာရှင်ကြီးဖြစ်သောကြောင့် အခြေခံအချက်များကို ဖမ်းဆုပ်မိသွားပြီး သိပ်မကြာခင် အားတိရာကို ယှဉ်နိုင်သွားသည်။

“ရှင်က အတက်လွယ်တာပဲ”

အားတိရာ၏မျက်ဝန်းက အံ့အားသင့်မှုနှင့် တောက်ပသွားပြန်သည်။

“မင်းသမီးက ချီးမြောက်လွန်းနေပါပြီ”

ဝမ်ချောင်က အသာပြုံးလိုက်သည်။ သူသည် အားတိရာနှင့် အမြဲတစေ အကွာအဝေးတစ်ခု ခြားထားတတ်သည်။ ပွဲတော်၏လေထုက ပြင်းထန်လာပြီး သတ္ထုဗုံများ၏ အော်ဟစ်သံက ကျယ်လောင်လာသောအခါ အောင်ပွဲခံသံများက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ထိုအချိန်တွင် လူအုပ်က စင်ပေါ်သို့စတင်ကာ ဝင်ရောက်ပြီး မီးနတ်ဘုရားပွဲတော်မှ စိတ်အားထက်သန်စေလွန်းသည့် သံစဉ်နှင့်အတူ ကခုန်ကြသည်။ ခိုရာစန်းနီများ၊ ပုန်ကန်သူခေါင်းဆောင်များ၊ ထန်စစ်သားများ၊ ကောင်းရှန်းကျစ်၊ ဖုန်းချန်းချင်၊ ချန်းချန့်လီ၊ ရှီယွမ်ချင်နှင့် ခမ်းနားသော ပွဲတော်တွင် ပါဝင်ဆင်နွဲသည့် လူတိုင်းက ပျော်ရွှင်သောမျက်နှာဖြင့် ကခုန်နေကြသည်။

“အရှင် ငါလည်းအရှင်နဲ့ ကလို့ရမလား”

ဝမ်ချောင်သည် ဘုရားကျောင်း၏အလယ်တွင် ကခုန်နေသည့်အလျောက် ရုတ်တရက် နားထဲတွင် မရင်းနှီးသော အသံတစ်သံကို ကြားလိုက်ရသဖြင့် ခေါင်းလှည့်ကြည့်လိုက်သောအခါ သူမမြင်ဖူးသည့် ခိုရာစန်းနီတစ်ယောက်က သူ့ကိုဖိတ်ခေါ်ကာ ကခုန်နေကြောင်း မြင်လိုက်ရသည်။ အားတိရာက ဦးဆောင်သော ကခုန်သူတစ်ယောက်ဖြစ်ပြီး ဒုတိယအပိုဒ်သို့ ရောက်သွားပြီးနောက်တွင် လူတိုင်းက ပါဝင်ဆင်နွဲလာကြသည်။ ထို့ကြောင့် သဘောကျသော မည်သူနှင့်မဆို ကခုန်၍ရလေသည်။

“ကောင်းပါပြီ”

ဝမ်ချောင်က ဖျော့တော့စွာပြုံးပြီး ခေါင်းညိမ့်လိုက်သည်။

တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်... လူတိုင်းက ပွဲတော်တွင် ဝင်ပါလာကြပြီး ကဖော်များကို ပြောင်းလဲကာ ကခုန်ကြသည်။ ဝမ်ချောင်က ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ကြင်နာပြီး သန့်စင်သော မျက်နှာများကိုသာ မြင်ရ၏။ အားလုံးက ပွဲတော်တွင် မွေ့လျော်နေကြသည်။ ထိုလူများအားလုံးသည် ပွဲတော်တွင် ပျော်ရွှင်နေကြရင်း အနိုင်ရရှိထားသောကြောင့် အောင်ပွဲခံချင်နေကြသည်။

ဝမ်ချောင်က ပျော်ရွှင်နေကြသော အပြုံးမျက်နှာများကိုကြည့်ရင်း သူသည်လည်း တစ်စုံတစ်ရာကို ခပ်ရေးရေး နားလည်လာ၏။ သူသည် နောက်ဆုံးတွင် သတိကိုလျော့ချလိုက်ပြီး ပျော်ရွှင်ဖွယ်ကောင်းသော ခံစားချက်အတွင်းသို့ စိတ်ကိုပျော်ဝင်သွားစေလိုက်သည်။

1213 01

အခန်း (၁၂၁၃)

နန်ကျောင်း၏ စစ်ပွဲမှ တာလသို့ တိုက်ပွဲ၊ ခိုရာစန်း၏ တိုက်ပွဲများအထိ ဝမ်ချောင်သည် တစ်ချိန်လုံး သတိအပြည့်ကပ်ပြီး အတွေးပေါင်း မြောက်များစွာနှင့် သွေးကြောများပင် တင်းကြပ်နေခဲ့ရလေသည်။ သို့သော် ထိုအခိုက်အတန့်တွင်မူ သူ့နားအတွင်း ဂီတသံ ပျော်ပွဲရွှင်ပွဲအသံများနှင့် ပြည့်နှက်နေသည်။ ဝမ်ချောင်သည် နောက်ဆုံးတွင် စိတ်အေးသွားနိုင်သည်ဟု ခံစားရသဖြင့် ရှားရှားပါးပါး ပေါ့ပါးလွတ်လပ်သော ခံစားချက်က ဝင်ရောက်လာသည်။ သူသည် စီမံခန့်ခွဲမှုများ၊ စစ်ဘက်ရေးရာ ကိစ္စများ ရိက္ခာနှင့် ပတ်သတ်သော ကိစ္စများ စသဖြင့် အရာအားလုံးကို ခေါင်းနောက်ဘက်သို့ ထိုးထည့်ထားလိုက်ပြီး ထိုပွဲတော်အတွင်းသို့ ပစ်ဝင်လိုက်ကာ သူ၏ကိုယ်ပိုင် အကျိုးအတွက် ပွဲတော်အား မွေ့လျော်ရန် ရှားရှားပါးပါး ဆုံးဖြတ်လိုက်လေသည်။

ကောင်းရှန်းကျစ်၊ ဖုန်းချန်းချင်နှင့် ချန်းချန်းလီတို့ အားလုံးသည်လည်း အလားတူသာလျှင် ဖြစ်သည်။ အနိုင်ပွဲပေါင်း များစွာ ရရှိပြီးနောက် ဆုလာဘ်ဆိုသော အရာက သူတို့နှင့် ထိုက်တန်သည်။ အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။

ရုတ်တရက် ကျယ်လောင် ရှင်းလင်း ပြတ်သားသော လေချွန်သံက ထွက်ပေါ်လာပြီး လူတိုင်းကို တိတ်ဆိတ်သွားစေသည်။ ဝမ်ချောင်က မျက်လုံးကို ဖွင့်လာသည်။ လူတိုင်းက ရပ်တန့်ပြီး ဦးတည်ရာ တစ်ခုတည်းသို့ ကြည့်နေကြသည်။

လူအုပ်၏ အလယ်တွင် အားတိရာက ဖုန်ရောင်ဝတ်စုံလေးကို ဝတ်ဆင်လျက် အိပ်မက်လောကထဲမှ ထွက်လာသော နတ်မိမယ်အလား ရပ်နေသည်။ မည်သည့်အချိန်ကမှန်း မသိ ဘုရားကျောင်း၏ ဘုန်းတော်ကြီးတစ်ပါးက သူမ၏ လက်ထဲသို့ ရှည်လျားသာ သတ္ထုမီးတုတ်လေးကို ထည့်ပေးထားသည်။ ထိုမီးတုတ်သည် လေးပေကျော် ရှည်လျားပြီး အမျိုးမျိုးသာ သင်္ကေတများကို ထွင်းထုထားသည်။ အထူးခြားဆုံး အရာကမူ အပေါ်တွင် တောက်လောင်နေသော မီးတောက် ဖြစ်သည်။ သာမန်အနီရောင်မီးတောက် မဟုတ်ဘဲ နို့နှစ်အဖြူရောင် မီးတောက် ဖြစ်သည်။ ထိုမီးတောက်က ညင်သာတိတ်ဆိတ် အေးချမ်းပြီး မြင့်မြတ်မှုကို ဖော်ဆောင်ထားသည်။

ဝမ်ချောင်က ဘေးဖက်ရှိ ခိုရာစန်းနီကို လှမ်းကြည့်ရင်း မေးလိုက်သည်။

“ဒါက ဘာလဲ”

ဝမ်ချောင်သည် အတွေ့အကြုံ ရှိသည့်တိုင်အောင် ပထမဆုံး အကြိမ်အဖြစ် နို့နှစ်ဖြူရောင် မီးတောက်ကို မြင်ဖူးခြင်း ဖြစ်လေရာ သူသည်လည်း အလွန် သိချင်သွားသည်။

“ဒါက ငါတို့ ဆမ်ဆာနစ်မင်းဆက်ရဲ့ အထွတ်အမြတ်မီးတောက်လေ နှစ်နှစ်ထောင်ကျော် လုံးလုံး တောက်လောင် နေခဲ့တာပေါ့။ မီးနတ်ဘုရားပွဲတော် ရောက်တိုင်း အထွတ်အမြတ် မီးတောက်ကို သုံးပြီး ယဇ်ပလ္လင်ကို ပူဇော်ရတယ်။ ဒီလို အခြေအနေမျိုးမှာ မင်းသမီးက အမြင့်မြတ်ဆုံးလို့ ထင်တဲ့ ဧည့်သည်တစ်ယောက်ကို ရွေးချယ်ပြီး အထွတ်အမြတ် မီးတောက်ကို အတူတကွ မီးထွန်းညှိခိုင်းလိမ့်မယ်။ ဒါက ဒီအခမ်းအနားပွဲရဲ့ အမြင့်ဆုံး အဆင့်ပဲ”

ခိုရာစန်းနီက ပြောသည်။ သူ၏မျက်နှာတွင် နွေးထွေးမှုနှင့် စိတ်အားထက်သန်မှုများကို မြင်ရသည်။

“ဒီလို ပွဲတော်မျိုးကို မကျင်းပနိုင်တာ နှစ်ပေါင်းများစွာ ကြာသွားပြီ။ ဒီအချိန်မှာ မင်းသမီးက ဘယ်သူ့ကိုများ ရွေးမှာလဲ”

ဝမ်ချောင်၏ မျက်လုံးက အနည်းငယ် လင်းလက်သွားသည်။ ထို့နောက် တခြားသော လူအုပ်များနှင့်အတူ ဆမ်ဆာနစ်မင်းသမီး အားတိရာကို ကြည့်လိုက်သည်။ တစ်ခဏခန့် ကြာပြီးနောက် အားတိရာက အဖြူရောင်မီးတောက်ပါ မီးတုတ်ကို ကိုင်ဆောင်လျက် ဝမ်ချောင် ရှိရာဘက်သို့ စတင်ကာ လျှောက်လာသည်။

“ဗိုလ်ချုပ် ဗိုလ်ချုပ်က ငါတို့ ဆမ်ဆာနစ် မင်းဆက်ရဲ့ အမြင့်မြတ်ဆုံး ဧည့်သည်ပါ။ ဗိုလ်ချုပ်သာ မရှိရင် ငါတို့ရဲ့ ဆမ်ဆာနစ် မင်းဆက်က အာရပ်ရဲ့ အုပ်ချုပ်မှု အောက်ကနေ လွှတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအခိုက်အတန့်မှာ ကျေးဇူးပြုပြီး ဗိုလ်ချုပ်ကို ဖိတ်ခေါ်လို့ ငါနဲ့အတူ အထွတ်အမြတ် မီးတောက်ကို ထွန်းညှိဖို့ တောင်းဆိုပါရစေ”

အားတိရာက ဝမ်ချောင်ကို စိုက်ကြည့်သည်။ သူမ၏အမူအရာက ရိုးသားလွန်းနေသည်။

ဝမ်ချောင်သည် အားတိရာကို ပြန်လည် စိုက်ကြည့်လိုက်ပြီး ရိုးရှင်စွာ ပြောလိုက်သည်။

“အရှင်မင်းသမီး ဒီလို ဖိတ်ကြားပေးတဲ့အတွက် ငါကသာ ကျေးဇူးတင်ရမဲ့သူပါ။ မင်းသမီး ဖိတ်ကြားတာကို ငါ လက်ခံပါတယ်။ ဒါက ငါ ကိုယ်တိုင်ကြောင့် မဟုတ်ဘဲ မဟာထန်တစ်ခုလုံးရဲ့ ကိုယ်စားပြု အနေနဲ့ပါ။ အာရေဗျကို နိုင်သွားပြီး ဆစ်ဆာနစ်မင်းဆက်ကို ပြန်လည် တည်ထောင်နိုင်စေတာက လူတစ်ယောက်တည်း အဖွဲ့အစည်း တစ်ခုတည်းက လုပ်နိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါက ငါတို့ ဆမ်ဆာနစ်နဲ့ တခြားသော စစ်သည်တော်တွေ အားလုံး ပေါင်းပြီးမှ လုပ်ဆောင်နိုင်ခဲ့တဲ့ ကိစ္စပါ။ ဒါကြောင့် ငါက မင်းသမီးနဲ့ ဆမ်ဆာနစ်မင်းဆက်နဲ့ မဟာထန်ကို ကိုယ်စားပြုပြီး အထွတ်အမြတ်မီးတောက်ကို အတူ ထွန်းညှိလိုက်ရအောင်”

“ကောင်းပြီ”

ထိုစကားများကို ကြားသောအခါ လူတိုင်းက ကျယ်လောင်စွာ အော်ဟစ် အားပေးကြသည်။ အားလုံးက စိတ်လှုပ်ရှားနေပြီး ပျော်ရွှင်သွားပုံ ပေါ်သည်။ အားတိရာ ကိုယ်တိုင်ကပင် ရှားရှားပါးပါး လေးစားမှုကို ထုတ်ပြသည်။

1213 02

အော်ဟစ်အားပေးသံများ အကြားတွင် ဝမ်ချောင်နှင့် အားတိရာတို့က အထွတ်အမြတ်မီးတောက်ကို အတူဆုပ်ကိုင်လျက် ကြီးမားလွန်းသော မီးနတ်ဘုရားရုပ်ထုကြီး၏ ခြေတော်ရင်းတွင် ရှိသော ယဇ်ပလ္လင်ထံ ဦးတည်လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် လူတိုင်း၏ မျက်လုံးများက စိတ်အားထက်သန်မှု စိတ်လှုပ်ရှားမှု မျှော်လင့် စောင့်စားမှုတို့ဖြင့် ပြည့်နှက်လာသည်။

အလင်းက တစ်ချက် လက်သွားပြီးချိန်တွင် ယဇ်ပလ္လင်တွင် အထွတ်အမြတ် မီးတောက်က လင်းထိန်သွားပြီ ဖြစ်သည်။ နို့နှစ်အဖြူရောင် မီးတောက်က ယဇ်ပလ္လင်၏ အောက်ခြေမှတစ်ဆင့် အတွင်းရှိ လမ်းကြောင်းများအတွင်းသို့ ဝင်ရောက်သွားပြီးနောက် ရုပ်ထုကြီး၏ အတွင်းပိုင်း တစ်ခုလုံးအနှံ့ ပြန့်နှံ့သွားသည်။

ဝုန်း...

တစ်ခဏခန့် ကြာပြီးနောက် မီးနတ်ဘုရားရုပ်ထုကြီး၏ အပေါ်သို့ မြောက်ထားသော ညာလက်က နို့နှစ်အဖြူရောင် မီးတောက်များ တောက်ပလာပြီဖြစ်သည်။

ထိုမီးတောက်များသည် ခိုရာစန်းတစ်ခုလုံးကို အလင်းပေးနိုင်သည်အထိ မျက်စိကျိန်းမတတ် တောက်ပလာလေသည်။

ဘန်း...

တောက်ပလွန်းသော မီးတောက်က ထွက်ပေါ်လာသောအခါ ခိုရာစန်းမှ လူများက အော်ဟစ် အားပေးကြသည်။ ပွဲတော်၏ လေထုက အထွတ်အထိပ်သို့ ရောက်ရှိသွား၏။ အထွတ်အမြတ် မီးတောက်ကို ထွန်းညှိပြီးမှ အဆင့်လွန်မီးနတ်ဘုရားနှင့် အလင်းနတ်ဘုရားတို့က ဆမ်ဆာနစ်မှ ပြည်သူတိုင်းကို ကာကွယ်ပေးမည်ဟု ဆိုလိုသည်။ တစ်ချိန်တည်းတွင်ပင် ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကိုလည်း ကိုယ်စားပြုလေသည်။

လူတိုင်း၏ မျက်နှာတွင် အပြုံးများ ရှိနေပြီး အထွတ်အမြတ် မီးတောက်ကိုသာ ကြည့်နေကြသည်။ ဝမ်ချောင်ကပင် အလိုအလျောက် ပြုံးလိုက်မိသည်။

ဝမ်ချောင်၏ စိတ်က တည်ငြိမ် အေးဆေးသွားသည်။ ပေးခဲ့ရသမျှ တန်ကြေးတိုင်း ပြန်လည် ရရှိသလိုမျိုး ဖြစ်သည်။ သူကိုယ်တိုင် အတွက်ပင် ဖြစ်စေ ထန်စစ်သားများ အတွက်ပင် ဖြစ်စေ လူအများကို ပျော်ရွှင်အောင် လုပ်ပေးပြီး အထွတ်အမြတ် မီးတောက်ကို ထွန်းညှိနိုင်သော လုပ်ရပ်ထက် ကောင်းမွန်ခြင်း မရှိတော့ချေ။

ဒုန်း ဒုန်း ဒုန်း...

အရှေ့ဘက်ခြမ်းနှင့် အာရုံတက်ခါနီး နီးကပ်လာသောအခါ မြင်းခွာသံများက အမှောင်ထုအတွင်း ဟိန်းထွက်လာပြီး တိတ်ဆိတ်ငြိမ်းချမ်းမှုကို ဖျက်ဆီးလိုက်သည်။ ထိုအသံမှတစ်ဆင့် မြင်းခွာသံများက ဂူဘုရားကျောင်းသို့ နီးကပ်လာသည်။ လူတိုင်းက ဦးတည်ရာသို့ လှည့်ကြည့်လိုက်ကြသည်။

“သတင်းပို့...”

ထိုလူများက မနီးကပ်လာသေးခင် တစ်ယောက်ယောက်က လှမ်းအော်နေသည်။

“အင်ပါယာခုံရုံးက သံတမန်က ရောက်လာပြီ ကျေးဇူးပြုပြီး အရှင် သူ့ကို သွားပြီး ကြိုဆိုပေးပါ”

“ဟား ဟား ဟား... ငါတို့ဘက်က လူပဲ”

ဖုန်းချန်းချင်က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

“ဒါက ကံကောင်းမှုတွေထဲက ကောင်းချီးပေးခံရမှုပဲ။ အရှင်အမတ်ရဲ့ ဆုလာဘ်ကို အင်ပါယာခုံရုံးက လာရောက်ပို့ဆောင်တာ ဖြစ်လောက်တယ်။ ဒီလောက် အချိန်ကြာပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ရောက်လာပြီ”

ထိုစကားလုံးများက လူတိုင်းက ဝမ်ချောင်ကို လှည့်ကြည့်မိစေသည်။

“ဝမ်ချောင် ဂုဏ်ယူပါတယ်”

ကောင်းရှန်းကျစ်က ဝမ်ချောင်ကို လှည့်ကြည့်ပြီး ပြုံးသည်။ အင်ပါယာခုံရုံး၏ ဆုလာဘ်က နောက်ဆုံးတွင် ရောက်ရှိလာပြီဖြစ်သည်။ ကောင်းရှန်းကျစ်သည်လည်း ပျော်ရွှင်မှုကိုသာ ခံစားရသည်။ ထိုအချိန်တွင် ပါးရန်၊ အားတိရာနှင့် အခြားသော ပုန်ကန်သူ ခေါင်းဆောင်များအားလုံးက ဝမ်ချောင်ကို ကျေးဇူးတင်သော အကြည့်နှင့် ကြည့်ကြသည်။

ဝမ်ချောင်ကသာ မထူးခြားနားသလို ဖြစ်နေသည်။ သူဟာ ဆုလာဘ်ရရ မရရ ဂရုမစိုက်ပါပေ။

“အရှင် ဂုဏ်ယူပါတယ်”

“အရှင် ဂုဏ်ယူပါတယ်”

အနားဝန်းကျင်ရှိ လူများအားလုံးက ဂုဏ်ယူကြောင်း ပြောကြသည်။ သူတို့သည် အခြေအနေ အတိအကျကို နားမလည်သော်လည်း မဟာထန်ဧကရာဇ်က ဘက်စုံ ပါရမီ ထူးချွန်လွန်းသော ငယ်ရွယ်သည့် ဗိုလ်ချုပ်ကို ဆုလာဘ်ပေးမည် ဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့်် အားလုံးက သူ့အတွက် ရိုးသားစွာ ပျော်ရွှင်မိကြသည်။

“သွားရအောင် ငါတို့အတူ သီဆိုကြရအောင်...”

ခိုရာစန်း၏ အစိုးရစံအိမ်ကြီးတွင် ဝမ်ချောင်ဟာ အင်ပါယာခုံရုံးမှ လာသော သံတမန်များနှင့် တွေ့ဆုံလေသည်။ ထိုအဖွဲ့သည် လူအယောက် နှစ်ဆယ်မှ သုံးဆယ်အထိ ပါပြီး သူတို့၏ မျက်နှာများက တည်ငြိမ်သည်။ သူတို့သည် စံအိမ်ထဲသို့ မဝင်ချေ။ အားလုံးက မြင်းများပေါ်တွင်သာ ရပ်နေကြသည်။ ပတ်ပတ်လည်တွင် ဝမ်ရာဝမ်ဖူ၊ မိစ္ဆာဧကရာဇ်၊ လူအိုကြီးမာနှင့် အားလုံးက စောင့်နေကြပြီး ဖြစ်သည်။

“ဒါက လူငယ်အမတ်မင်း ဝမ်ချောင်လား”

1213 03

ဝမ်ချောင်တို့က အနားသို့ မကပ်သွားနိုင်မီ ဦးဆောင်လာသော အရာရှိက တောင့်တင်းသော မျက်နှာထားမျိုးနှင့် လှမ်းပြောသည်။ လူတိုင်းက ထိုအသံကြောင့် မျက်မှောင်ကြုတ် လိုက်မိသည်။ ဒါက သူတို့ မျှော်လင့်ထားသော ပျော်ရွှင်ဖွယ် အခြေအနေမျိုးနှင့် ခြားနားသည်။ သို့သော် ပို၍ပင် နက်နက်ရှိုင်းရှိုင်း တွေးတောမိစေ၏။

“ငါပါ”

ဝမ်ချောင်က မြင်းပေါ်မှ ဆင်းရင်း ပြန်ဖြေသည်။

“အင်း...”

ဦးဆောင်လာသော အရာရှိက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး နောက်တွင် သူ၏ဘေးဖက်မှ ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော အရာရှိများနှင့် အကြည့်ဖလှယ်လိုက်သည်။ ဝမ်ချောင်၏ နောက်ခံကို အတည်ပြုသလိုပင် ထင်ရ၏။ ဝမ်ချောင်က တစ်ချက် ကြည့်လိုက်သောအခါ အသက်၃၀မှ ၄၀ ဝန်းကျင်အတွင်းရှိ ပြည်တွင်းရေးရာ အရာရှိ ဖြစ်ကြောင်း မြင်လိုက်ရသည်။ သူသည် မြို့တော်တွင် တစ်ချိန်လုံး နေခဲ့သည့်တိုင် ဝမ်ချောင်သည်ပင် ထိုလူ့ကို မမြင်ဖူးပေ။ ထို့အပြင် ဝမ်ကန်းထံမှလည်း ထိုကဲ့သို့သော လူမျိုးအကြောင်း မကြားဖူးပေ။ ထို့အပြင် ဘေးဖက်တွင် ရှိသော အရာရှိများ အတွက်ကမူ သူတို့သည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ ရှင်းလင်းစွာပင် သူတို့သည် ဘာသာရေးရုံးတော်မှ ဖြစ်ပေလိမ့်မည်။

ဝမ်ချောင်၏ နှလုံးသားက ရုတ်တရက် ခုန်နှုန်း မြန်ဆန်လာသည်။ သို့သော် ထိုအခိုက်အတန့်တွင် သူမသိသော ပြည်တွင်းရေးရာ အရာရှိက တည်ငြိမ်သော လေသံဖြင့် စပြောသည်။

“မိန်းမစိုး အချိန်ကျပြီး အင်ပါယာအမိန့်တော်ကို ကြေညာ”

“ဟုတ်ကဲ့ အရှင်ဝမ်း...”

လူတိုင်း၏ နားအတွင်းသို့ စူးရှသောအသံက ဝင်လာသည်။ သို့သော် ထိုမိန်းမစိုး၏ ထိုအရာရှိကို ခေါ်ဆိုပုံက ကောင်းရှန်းကျစ်နှင့် ဖုန်းချန်းချင်ကိုပင် အံ့အားသင့်သွားစေသည်။ ထိုရုံးတော်မှ မိန်းမစိုးများသည် ထူးခြားသော အဆင့်အတန်း ရှိသည်။ သူတို့သည် ယခုလိုမျိုး နယ်စပ်သို့ အပို့ခံရခြင်းက အင်ပါယာအမိန့်တော်ကို သယ်ဆောင်ထား၍ ဖြစ်သည်။ ထို့ကြောင့် ရှုထောင့်တစ်ခုမှ ကြည့်လျှင် သူတို့သည် ဧကရာဇ်နှင့် အင်ပါယာခုံရုံးကို ကိုယ်စားပြုလေသည်။

သူတို့နှစ်ယောက်သည် နယ်စပ်တွင် အချိန်အကြာကြီး နေခဲ့ဖူးသည်။ ထို့ကြောင့် ကိစ္စပေါင်းများစွာကို မြင်ခဲ့ဖူးလေသည်။ သို့သော် ယခုလိုမျိုး မိန်းမစိုးတစ်ယောက်က ပြည်တွင်းရေး အရာရှိတစ်ယောက်ကို ထိုမျှ လေးစားနေသော အခြေအနေမျိုးကို မမြင်ဖူးကြချေ။

သူတို့နှစ်ယောက်က အကြည့်ချင်း ဖလှယ်ပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။ သို့သော် သူတို့က စကားမပြောနိုင်သေးခင် အဆင့်အတန်းအချို့ ရှိသော ပိုးသားဝတ်စုံနှင့် မိန်းမစိုးက လက်တစ်ဖက်တွင် မြင်းမြီးတုတ်ကို ကိုင်ရင်း တခြားတစ်ဖက်တွင် အင်ပါယာအမိန့်တော်ကို ကိုင်ကာ ကျယ်လောင်စွာ ဖတ်ပြသည်။

“ဝမ်ချောင်၊ ဝမ်ရန်၊ ဝမ်ဖူ ဒီအဖေနဲ့ သားနှစ်ယောက် အရှေ့ထွက်ပြီး အမိန့်တော်ကို နာခံ...”

ပိုးသားဝတ်စုံနှင့် ထိုမိန်းမစိုးက တည်နေသော မျက်နှာထားဖြင့် ပြောသည်။ သူ၏ မျက်လုံးက တောက်ပနေသည်။

“ဒီနိမ့်ကျတဲ့ အရာရှိက အမိန့်တော်ကို နာခံပါတယ်”

ဝမ်ချောင်၊ ဝမ်ရန်နှင့် ဝမ်ဖူတို့က ချက်ချင်းလိုလို ရှေ့ထွက်လိုက်ကြသည်။

“လီစီးရဲ့၊ ခုန်းကျီအန်း၊ စုအန်းရှန်း ရှေ့ထွက်ပြီး အမိန့်တော်ကို နာခံ”

“ဒီနိမ့်ကျတဲ့ အရာရှိက အမိန့်တော်ကို နာခံပါတယ်”

လီစီးရဲ့၊ ခုန်းကျီအန်းနှင့် စုအန်းရှန်းတို့ကလည်း ရှေ့ထွက်သည်။

“ရွှီခဲ့ရီ၊ ချန်းပင်၊ ရွှယ်ချန်ကျွင်း၊ စုရှစ်ရွှမ်း ရှေ့ထွက်ပြီး အမိန့်တော်ကို နာခံ”

ရွှီခဲ့ရီ၊ ချန်းပင်၊ ရွှယ်ချန်ကျွင်း၊ စုရှစ်ရွှမ်း တို့ကလည်း အရှေ့ထွက်ပြီး အမိန့်တော်ကို နာခံကြသည်။

“ပါးနားဟယ်၊ ခမ်းရန်ပင်း အရှေ့ထွက်ပြီး အမိန့်တော်ကို နာခံ”

ပါးနားဟယ်နှင့် ခမ်းရန်ပင်းတို့ကလည်း အရှေ့ထွက်ပြီး ခေါင်းကို ငုံ့လိုက်ကြသည်။ သူတို့၏ မျက်နှာတွင် လေးစားမှုများကို မြင်နိုင်သည်။ အနောက်ပိုင်းဒေသမှ ပုန်ကန်သူ ခေါင်းဆောင်များအတွက် မဟာထန်၏ သူတော်စင်ဧကရာဇ်သည် နေ့လည်ခင်းနေမင်း သို့မဟုတ် ဝိုင်းစက်နေသော လမင်းအလား တည်ရှိမှုမျိုး ဖြစ်သည်။ မည်သူကမျှ ဗဟိုပြင်ကျယ်၏ အဆင့်မြင့် အုပ်ချုပ်သူကြီးထံ မကောင်းသော ဆန္ဒများ မရှိရဲပေ။ မည်သို့ပင် ဆိုစေ တစ်ဖက်သူသည် ရွှေခေတ်ကို တည်ထောင်ပေးခဲ့သူ ဖြစ်သလို အင်အားအကြီးဆုံးသော စစ်သည်တော်ကြီးလည်း ဖြစ်သည်။ မရေမတွက်နိုင်သော အင်ပါယာပေါင်းများစွာကိုလည်း အုပ်စိုးနိုင်ခဲ့သူ ဖြစ်၏။ ထို့ကြောင့် သူ့အပေါ် လေးစားမှုသာ ရှိသည်။

1213 04

တစ်ခဏခန့် ကြာပြီးနောက် လူတိုင်းက ဒူးထောက်လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် မိန်းမစိုးက သူ၏လက်နှစ်ဖက်ဖြင့် အင်ပါယာအမိန့်တော်ကို ဖြည်လိုက်ပြီး ခေါင်းကို မော့ကာ စတင်ကာ ဖတ်ပြသည်။

“ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒအရ ဧကရာဇ်က မိန့်ဆိုလိုက်တယ်”

“ငယ်ရွယ်တဲ့ အမတ်မင်းက လူမဆန်တဲ့ သူတွေကို ဖယ်ရှားခဲ့ပြီး ချင်းရှီကို ထိုးဖောက်ခဲ့တယ်။ တိုင်းပြည်ကို ကာကွယ်နိုင်တဲ့ အကျိုးပြုမှုကြီးကို လုပ်ဆောင်ပေးခဲ့တယ်။ ဒါတွေကို အပြင် တာလရဲ့ တိုက်ပွဲမှာ ငယ်ရွယ်တဲ့အမတ်မင်းက လီပေါင်းများစွာကို ကျော်ဖြတ်ပြီး ဉာဏ်ပညာရှိမှု ရဲဝံ့မှု သစ္စာရှိမှု ဖြောင့်မတ်မှန်ကန်မှု အပြည့်နဲ့ ငါကိုယ်တော်ရဲ့မဟာထန်က စစ်သည်တော်တွေကို ဦးဆောင်ပြီး ကျူးကျော်လာတဲ့ အားပုမုစလင်နဲ့ အာရပ်စစ်တပ်ကို အလဲထိုးလို့ ရန်သူစစ်သည်လေးသိန်းကျော်ကို တိုက်ခိုက်နိုင်ခဲ့တယ်။ ဒါကြောင့် တိုင်းပြည်ကို ကာကွယ်ပေးတဲ့ ကြီးမားတဲ့ဂုဏ်ပုဒ်ကို ရရှိသွားတဲ့အပြင် တိုင်းပြည်ရဲ့ အဆင့်အတန်းကိုလည်း မြင့်မားစေခဲ့တယ်”

“ခိုရာစန်းရဲ့ တိုက်ပွဲမှာ ငယ်ရွယ်တဲ့ အမတ်မင်းက နှင်းမုန်တိုင်းကို သုံးပြီး အာရေဗြိရ စစ်သည်ငါးသိန်းကျော်ကို သတ်ဖြတ်ခဲ့တယ်။ အဓိကတိုက်ပွဲနှစ်ပွဲမှာလည်း ရန်သူစစ်သည် တစ်သန်းကျော် အသတ်ခံခဲ့ရတာက ပြောင်မြောက်လွန်းတဲ့ လုပ်ဆောင်မှုကြီးပဲ။ အင်ပါယာခုံရုံးက အကျိုးပြုသူတွေကို ဆုလာဘ်ချီးမြင့်ပြီး အမှားလုပ်တဲ့သူတွေကို အပြစ်ပေးတယ်။ သူက အသက်(၁၇)နှစ်မှာတင် ဒီအမတ်မင်းက တိုက်ပွဲအတွင်း ပြောင်မြောက် ထူးချွန်လွန်းတဲ့ စွမ်းရည်တွေကို ပြသခဲ့ပြီးပြီ။ ဒါကြောင့် သူ့ကို ကြီးကြီးမားမား ဆုလာဘ်ချီးမြင့်ပြီး လောကတစ်ခုလုံးကို သိကြားစေလျက် အတုယူခံရသော စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်စေရမယ်။ လောကက လူတွေအားလုံးကလည်း လူငယ်အမတ်မင်းရဲ့ သစ္စာရှိမှု ဖြောင့်မတ်မှန်ကန်မှု သစ္စာရှိမှုတွေကို ကြားသိပြီး လမ်းမှန်ကို လျှောက်နိုင်ကြမယ်။ ဆုလာဘ်တွေနဲ့ အပြစ်ပေးမှုတွေကို မျှတစွာ လုပ်ဆောင်ကြောင်းကို အားလုံးက သိစေရမယ်။ ငါကိုယ်တော်ရဲ့ နတ်နယ်မြေက ပါရမီကြီးတဲ့ ပုဂ္ဂိုလ်တွေအတွက် အိမ်သဖွယ် ဖြစ်တာကို အားလုံးကို နားလည်စေမယ်။ ဒါကြောင့် သူတော်စင်ဧကရာဇ်ရဲ့ ထောက်ပံ့မှုနဲ့ ရုံးတော်ခြောက်ခုက အပြင်းအထန် ဆွေးနွေးပြီးတဲ့နောက် နောက်ဆုံးမှာ လူငယ်အမတ်မင်း ဝမ်ချောင်ကို မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်ဘွဲ့ကို ထပ်တိုး ချီးမြင့်လိုက်တယ်။ ဘုရင်အဆင့်အတန်းနဲ့ ရိက္ခာတန်နှစ်သောင်း လစာ မွေ့လျော်စေ။ ဒါတွေအပြင် ဝမ်ချောင်ကို ပုလင်းတင်း သုံးသောင်း... မရေမတွက်နိုင်တဲ့ ဥဿဖယားနဲ့ သန္တာကျောက် ရတနာပစ္စည်းတွေအပြင် မြို့တော်မှာ ဘုရင်စံအိမ်ကို ချီးမြောက်မယ်။ ဒီကိစ္စကို လောကအနှံ့ လူတွေ ကြားသိအောင် ထုတ်ပြန်ကြေညာစေ”

ဘန်း...

အင်ပါယာခုံရုံး၏ ဆုလာဘ်များက အားလုံးကို ဝရုန်းသုံးကား ဖြစ်သွားစေသည်။ ကောင်းရှန်းကျစ်နှင့် ဖုန်းချန်းချင်တို့ကပင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသည့်တိုင် အမှန်တကယ် ကြားသိရသောအခါ စိတ်လှုပ်ရှားသွားရသည်။

ဝမ်ချောင်၏ အဖေနှင့် အစ်ကိုကြီး ဖြစ်သော ဝမ်ရန်နှင့် ဝမ်ဖူတို့ကမူ အံ့အားသင့်သော မျက်နှာအမူအရာမျိုးကို ထုတ်ပြကြလေသည်။

အခန်း(၁၂၁၄)

မျိုးနွယ်ခြားနယ်မြေရဲ့ဘုရင်

သူတော်စင်ဧကရာဇ်သည် ဝမ်ချောင်ကို ထိုမျှအထိ မျက်နှာသာပေးလိမ့်မည်ဟု မည်သူကမှ မထင်ထားချေ။ သူ့ကို မြို့စား သို့မဟုတ် အနိမ့်စားဘွဲ့ ချီးမြင့်ရုံသာမကသေးလေဘဲ မျိုးနွယ်ခြား နယ်မြေများ၏ ဘုရင်ဖြစ်စေလိုက်သည်။ ထိုဆုလာဒ်သည် မယုံနိုင်စရာကောင်းသလို လူတိုင်း၏ မျှော်လင့်ထားမှုကိုလည်း ကျော်လွန်သွားသည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် အင်ပါယာခုံရုံးက အရှင်အမတ်မင်းကို ဘုရင်ဘွဲ့ချီးမြင့်လိုက်တာပဲ”

“ဟား ဟား ဝမ်းသာစရာပဲ အနာဂတ်မှာ ငါတို့က အရှင့်သားလို့ ခေါ်ရတော့မှာ”

ဝမ်ချောင်၏ လက်အောက်ငယ်သားများ အားလုံးက ခေါင်းမော့လိုက်ကြသည်။ သူတို့၏ မျက်ဝန်းက တောက်ပနေပြီး မျက်နှာထားများက စိတ်လှုပ်ရှားနေကြ၏။

ဘုရင် ဘုရင်

ဒါကမြို့စားထက်တောင် မြင့်သေးတယ်။ သူတို့ဘယ်တော့မှ မစဉ်းစားရဲတဲ့ အဆင့်အတန်းတစ်ခုပဲ။

ထိုအခိုက်အတန့်တွင် ဝမ်ချောင်က အစစ်အမှန် ဘုရင်ဖြစ်သွားပြီး ဘုရင်ချီနှင့် ဘုရင်စုန့်တို့နှင့် ရာထူးတူသွားသည်။

မဟာထန်သည် လွန်ခဲ့သော နှစ်နှစ်ရာကျော်ကတည်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် အင်ပါယာမျိုးနွယ်စုအပြင် မည်သည့် ဘုရင်ဘွဲ့ထူး ရရှိသူမှ မရှိခဲ့ချေ။ ဝမ်ချောင်က ပြိုင်ဘက်ကင်းသော လုပ်ဆောင်မှုများ လုပ်ပြီး မှတ်တမ်းမှတ်ရာများက အလွန်မြင့်မားလာသောကြောင့် ထိုကန့်သတ်ချက်ကို ကျော်ဖြတ်လိုက်ပြီး မျိုးနွယ်ခြား နယ်မြေများ၏ ဘုရင်ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ထိုအခိုက်အတန့်တွင် ပါးရန်၊ ဆမ်ဆာနစ်မင်းသမီး၊ ပုန်ကန်သူခေါင်းဆောင်များ၊ ပါးနားဟန်၊ ကန်းခယ်ဘုရင်နှင့် အခြားပတ်ဝန်းကျင်ရှိ အန်းရှိကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ စစ်သားတိုင်း၏ မျက်နှာက ပျော်ရွှင်မှုဖြင့် တောက်ပနေကြသည်။

ဝန်ဆောင်မှုအတွက် ဆုလာဒ်ကို ပြန်လည်ရရှိသည်။ ဝမ်ချောင်သည် ဆမ်ဆာနစ်မင်းဆက်၏ မိတ်ဆွေဖြစ်ပြီး မဟာမိတ်စစ်တပ်မှ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးက ဝမ်ချောင်ဟာ မဟာထန်အင်ပါယာကြီး၏ မြင့်မားသော တန်ဖိုးထားခံရသောအခါ စိတ်ရင်းဖြင့် ပျော်ရွှင်မိလေသည်။

ထိုအခိုက်အတန့်တွင် အတည်ငြိမ်ဆုံးလူက ဝမ်ချောင်ဖြစ်သည်။

သူသည် အဆင့်အတန်းအချို့ ရှိလောက်မည့် ပိုးသားဝတ်စုံနှင့် မိန်းမဆိုးကိုကြည့်သည်။ ထို့နောက် ဘေးဘက်တွင် မျက်လုံးမှိတ်ကာ တစ်စုံတစ်ရာကို စောင့်ဆိုင်းနေပုံရသည့် ပြည်နယ်ရေးရာအရာရှိကို ပြန်ကြည့်ပြီး အနောက်ဘက်မှ သံတမန်များကို ဆက်လက်ပြန်ကြည့်သည်။ သူ၏မျက်မှောင်က ပို၍သာ ကျုံ့လာသည်။ သူသည်လည်း ဘွဲ့ထူးအသစ်ရမိသည့်အတွက် ပျော်မိသည်။ သို့သော် ထိုလူများကမူ အောင်ပွဲခံရန် စိတ်အခြေအနေ မရှိလောက်ချေ။

မိန်းမဆိုး၏စကားက မဆုံးသေးချေ။ မျှော်လင့်ထားသည့်အတိုင်း မိန်းမဆိုး၏ စူးရှသောအသံက ထပ်ထွက်လာသည်။

“ဒါတွေအပြင် ရုံးတော်ခြောက်ခုလုံးအကြားက ဆွေးနွေးမှုတွေကြောင့် အရှင်အမတ်မင်းက စောင့်ဆိုင်းဆဲ အကြံပေးဖြစ်ထိုက်တယ်လို့ ယူဆတယ်။ အရှင်အမတ်မင်းက အစိုးရရေးရာ ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်နိုင်လို့ မြို့တော်ကို ချက်ချင်းပြန်ပြီး ရာထူးကို လက်ခံယူဆောင်ရမယ်။ အရှင့်ရဲ့ စစ်ဘက်ဆိုင်ရာအာဏာနဲ့ ခိုရာစန်းနဲ့ ပတ်သတ်သမျှ ကိစ္စအားလုံးကို ဝမ်ချန်းချင်၊ ဖန်းချန်းယွီနဲ့ လီဖန်းရင်တို့ကို လွှဲပေးရမယ်။ ဒါတွေအပြင် ဝမ်ရန်က မျိုးနွယ်ခြား နှိမ်နင်းရေးဗိုလ်ချုပ်၊ ဝမ်ဖူက ကျားဟိန်းသံဗိုလ်ချုပ်အဖြစ် ဘွဲ့ထူးနာမည်တွေရရှိပြီး အရှေ့မြောက်ပိုင်းကို ရွှေ့ပြောင်းစေ”

ဘုန်း

ထိုစကားကိုကြားသောအခါ လူတိုင်းက ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ကောင်းရှန်းကျစ်၊ ဖန်းချန်းချင်၊ ရှီယွမ်ချင်၊ ပါးနားဟန်၊ ကန်းခယ်ဘုရင်၊ ပါးရန်နှင့် ပုန်ကန်သူခေါင်းဆောင်များ၏ မျက်နှာအမူအရာများက အလွန်အမင်း အံ့ဩသွားပုံပေါ်သည်။

“ဘာဖြစ်တာလဲ။ အသင့်စောင့်အကြံပေးသူဖြစ်ပြီး အစိုးရရေးရာကိစ္စတွေမှာ ဝင်ပါရမယ်ဟုတ်လား။ အရှင်ဧကရာဇ်က လူငယ်အမတ်မင်းကို အဝေးကိုပို့တော့မှာလား”

“စစ်အာဏာတွေအားလုံးကို လွှဲပေးရမယ်။ စစ်အာဏာတွေ အားလုံးကို လွှဲပေးရမယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။ ငါတို့အားလုံးက အရှင်အမတ်မင်းကိုပဲ ယုံကြည်တာလေ။ သူ့အတွက်ကြောင့် ငါတို့က အာရပ်တွေကို နှိမ်နင်းနိုင်ခဲ့တာ။ အရှင်အမတ်မင်းကိုသာ အဝေးပို့လိုက်ရင် ငါတို့က အာရပ်တွေကို ဘယ်လိုကိုင်တွယ်ရမှာလဲ”

“မှားနေပြီ သူကအကြံပေးပဲဖြစ်ရမယ်။ ဟုတ်လား သူက မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်အနိမ့်စား တရားဝင်ရာထူးကို ရရှိရမှာလဲ”

ပတ်ဝန်းကျင်ရှိလူအုပ်က ဝရုန်းသုန်းကားဖြစ်သွားသည်။ သူတို့သည် သူတို့နားဖြင့် ကြားလိုက်သောကြောင့်သာ မဟုတ်လျှင် ယုံကြည်နိုင်ကြလိမ့်မည်မဟုတ်ချေ။ အနားရှိ ဖန်းချန်းချင်ကပင် ဝမ်ချောင်၏ကျောပြင်ကို စိုက်ကြည့်သည်။ သူ၏စိတ်က ဝရုန်းသုန်းကားဖြစ်နေပြီး လှိုင်းလုံးများအောက်သို့ ရောက်သွားသည်။

ဝမ်ချောင်သည် မျိုးနွယ်ခြားနယ်မြေ၏ ဘုရင်ဖြစ်သွားသောကြောင့် မြို့စားများနှင့် စီရင်စုမြို့စားများ၏ အထက်တွင်ဖြစ်ပြီး အဆင့်အတန်းအမြင့်ဆုံးသော သူကောင်းဘွဲ့ကို ရရှိလိုက်သည်။ သို့သော် အစစ်အမှန် အာဏာမရှိသောကြောင့် နာမည်သီးသန့် ရရှိထားသလိုဖြစ်နေသည်။ မဟာထန်၏ အင်ပါယာ အိမ်တော်စုတွင် တော်ဝင်မင်းသားပေါင်း များစွာရှိသည်။ သို့သော် ဘုရင်စုန့်နှင့် ဘုရင်ချီကသာ အစစ်အမှန် အာဏာကို ကိုင်ဆောင်ထားသူဖြစ်သည်။ တော်ဝင်ခုံရုံးက ဝမ်ချောင်၏ စစ်ဘက်အာဏာများ အားလုံးကို သိမ်းယူလိုက်ပြီး သူ၏ချီရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်နေရာကိုပင် ပြန်ယူသွား၏။ သို့သော် သူ့အား အပြန်အလှန်အနေဖြင့် စောင့်ဆိုင်းဆဲ အကြံပေးသူဘွဲ့ကို ပေးအပ်လိုက်သည်။ သူသည် ခုံရုံး၏ ငြင်းခုံမှုများတွင် ဝင်ပါနိုင်သည်။ ဆိုလိုသည်မှာ သူ့ကိုအစစ်အမှန် ရာထူးတိုးခြင်းမဟုတ်ဘဲ ရာထူးချခြင်းဖြစ်နေသည်။

ဒါကဘယ်လိုဖြစ်တာလဲ ဘာကြောင့်လဲ။

ဖန်းချန်းချင်၏ မျက်လုံးက လုံးဝိုင်းသွားသည်။ သူ၏နှုတ်ခမ်းက တုန်ယင်သွား၏။ သူ၏နှလုံးသားကလည်း မုန်တိုင်းထန်နေသည်။ စီမံခန့်ခွဲသည့် ကိစ္စပေါင်းများစွာကို နှစ်ပေါင်းများစွာ ကိုင်တွယ်ဆောင်ရွက် လာခဲ့ပြီးနောက်တွင် ဖန်းချန်းချင်သည် သူသည် တော်ဝင်ခုံရုံးမှ အလှည့်အပြောင်းနှင့် မူဝါဒများကို ကောင်းမွန်စွာ နားလည်နေပြီး ယုံကြည်ထားခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာပင် ဒီလိုအခြေအနေကို လာတွေ့ရသည်။

အလွန်အမင်း မြင့်မားလွန်းသော သူကောင်းမျိုးရိုးဘွဲ့ကို ချီးမြင့်ခံရသလို အလွန်အမင်း နိမ့်ကျသော အာဏာကိုလည်း ချီးမြင့်ခံရသောသူက တစ်ယောက်တည်းဖြစ်နေသည်။ သူက ဘေးဘက်မှ ကောင်းရှန်းကျစ်၏ မျက်နှာကြောင့် တောင့်တင်းနေသည်။ သူက မိန်းမဆိုးထံမှ ဝမ်ချောင်ကိုပြန်ကြည့်သည်။ အဓိကအောင်ပွဲပေါင်းများစွာ ရရှိခဲ့ပြီးနောက် ဒါဟာ သူတို့မျှော်လင့်ထားသော ဆုလဒ်ချီးမြင့်ခံရသည့် အခမ်းအနားပွဲမျိုး မဟုတ်ပါချေ။

ချက်ချင်းဆိုသလိုပင် ကောင်းရှန်းကျစ်သည်လည်း တော်ဝင်ခုံရုံးတွင် ပြဿနာတစ်ခု ရှိနေသည်ဟု ထင်သွားသည်။

စူးရှသောအသံက လူတိုင်း၏နားအတွင်းတွင် ဟိန်းထွက်နေသေးသည်။ စုဟန်ရှန်း၊ ပါးနားဟန်၊ ကန်းခယ်ဘုရင်နှင့် အခြားသော သူများကမူ ဆုလာဒ်အသီးသီးကို ရရှိကြ၏။ နောက်ဆုံးတွင် ဝမ်ချောင်က ခေါင်းကိုမော့ကာ ရှေ့သို့တက်ပြီး အမိန့်တော်ကို လက်ခံရယူသည်။

“ဒီအရာရှိက အမိန့်တော်ကို လက်ခံရယူပါတယ်”

အားလုံးက တိတ်ဆိတ်သွားကြသည်။ အစိုးရစံအိမ်တစ်ခုလုံး တိတ်ဆိတ်သွား၏။ ပျော်ရွှင်ဖွယ်လေထုက ပျောက်ကွယ်သွားလေပြီ။ သာမာန်ခိုရာစန်းနီမှ စစ်သားများကဲ့သို့ မဟာထန်၏ အုပ်ချုပ်ပုံများကို နားမလည်သူများကပင် တစ်စုံတစ်ရာဟာ မှားယွင်းနေကြောင်း သိကြ၏။

“မိန်းမဆိုး ကျေးဇူးပြုပြီး ဒီကောင်းရှန်းကျစ်ကို ဝင်စွက်ဖက်ပြောတဲ့အတွက်တော့ ခွင့်လွှတ်ပါ။ ဒါပေမဲ့ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။ အရှင်ဧကရာဇ်က ဝမ်ချောင်ကို မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်ဘွဲ့ကို ချီးမြင့်လိုက်ပြီး မြို့တော်ကို ရွှေ့ပြောင်းခိုင်းလိုက်တာတော့ အဆင်ပြေပေမဲ့ ဘာလို့ စောင့်ဆိုင်းဆဲ အကြံပေးသူရဲ့ဘွဲ့ပဲ ချီးမြင့်လိုက်တာလဲ။ ဘာလို့ချီရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ဆိုတဲ့ သူ့ရဲ့ရာထူးကို ပြန်ယူပြီး စစ်အာဏာအားလုံးကို လွှဲပြောင်းပေးရမှာလဲ”

ယခုအခါ အမိန့်တော်ကို ဖတ်ရှု့ခြင်းက ပြီးဆုံးသွားပြီဖြစ်သည်။ ကောင်းရှန်းကျစ်က ရှေ့သို့တက်ပြီး လူတိုင်း၏မေးခွန်းကို ထုတ်မေးလာ၏။ ကောင်းရှန်းကျစ်သည် ရှိသမျှ လူတိုင်းထဲတွင် ရာထူးအားဖြင့် မြင့်မားသလို ဝါအားဖြင့်လည်း မြင့်မားလေသည်။ ထို့ပြင် ထိပ်တန်းအဆင့် မဟာဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်နေသည့်အလျောက် မေးခွန်းမေးပိုင်ခွင့် ရှိသည်။

ဝမ်ချောင်သည် အန်းရှီကာကွယ်ရေးစစ်တပ် တစ်ခုလုံး၏ ကယ်တင်ရှင်ဖြစ်သည်။ မိတ်ဆွေအရပင်ဖြစ်စေ မဟာမိတ်အရပင်ဖြစ်စေ လမ်းညွှန်အရပင်ဖြစ်စေ၊ စီနီယာအရပင်ဖြစ်စေ ကောင်းရှန်းကျစ်သည် ဝမ်ချောင်အား အင်ပါယာခုံရုံး၏ အမှန်တကယ် တန်ဖိုးထားမှုကို လိုချင်သည်။ ယခုလိုမျိုး အရှုပ်အထွေး ရာထူးတစ်ခုပေးလိုက်ပြီး အမှန်တကယ် ရာထူးချလိုက်သည့် ကိစ္စမျိုးကိုမူ မလိုချင်ချေ။ ထို့ပြင် သူ၏ စစ်အာဏာကိုပင် ဖယ်ရှားလိုက်သေးသည်။

“အရှင်ကောင်း ဒါက အရှင်ဧကရာဇ်နဲ့ ရုံးတော်ခြောက်ခုလုံးရဲ့ ဆုံးဖြတ်ချက်ပါပဲ။ သူတို့က ဘယ်လိုကြောင့် ဆုံးဖြတ်လိုက်တယ်ဆိုတာကို အရှင်က ဝင်ရောက်စွက်ဖက်သင့်လို့လား”

မိန်းမဆိုးက ကောင်းရှန်းကျစ်ကို မထူးခြားနားသလို အကြည့်မျိုးဖြင့်ကြည့်သည်။

ကောင်းရှန်းကျစ်က မျက်မှောင်ကျုံ့လိုက်သည်။ လူတိုင်း၏မျက်နှာက တင်းမာသွားသည်။ ကောင်းရှန်းကျစ်သည် အင်ပါယာမှ အရေးပါသောရာထူးတစ်ခုကို ပိုင်ဆိုင်ထားသောလူဖြစ်ပြီး အန်းရှီစစ်နတ်ဘုရားဖြစ်သည်။ ပျန့်လင်းချန်ကလွဲပြီး မည်သည့်မိန်းမဆိုးကမှ ကောင်းရှန်းကျစ်ကို ထိုကဲ့သို့လေသံမျိုးနှင့် မပြောရဲချေ။

တစ်ချိန်လုံး တိတ်နေခဲ့သည့် အရှင်ဝမ်ဆိုသူက နောက်ဆုံးတွင် ပြောလာသည်။

“အရှင်ကောင်း နောက်ထပ်မမေးပါနဲ့တော့။ မင်းသိသင့်တဲ့ ကိစ္စရှိရင် အင်ပါယာခုံရုံးက မင်းကို အကြောင်းကြားမှာပါ။ မသိသင့်ဘူးဆိုရင်တော့ ဘယ်လောက်မေးမေး အသုံးဝင်မှာမဟုတ်ဘူး”

သူ၏အမူအရာက တင်းမာပြီး တောင့်တင်းနေသည်။ သူ၏နှုတ်ခမ်းကလွဲပြီး ခန္ဓာကိုယ်တစ်ခုလုံးက ငြိမ်သက်နေ၏။

ထိုအပြုအမူက ဖန်းချန်းချင်၊ ဝမ်ရန်၊ ချန်းချန့်လီနှင့် အခြားသောလူတိုင်းကို မျက်လုံးပြူးသွားစေသည်။ မိန်းမဆိုးနှင့်ပြောသော စကားတွင် ဝင်ရောက်စွက်ဖက်နိုင်ကတည်းက အရှင်ဝမ်ဆိုသူက သူတို့မျှော်လင့်ထားသည်ထက် အဆင့်အတန်း အများကြီး မြင့်နေနိုင်သည်။

“ဒါဆိုရင် ငါမေးခွန်းတစ်ခုတော့မေးမယ်”

ထိုအချိန်တွင် ငယ်ရွယ်သော အသံတစ်သံက ထွက်လာသည်။ တစ်ချိန်လုံးတိတ်နေခဲ့သည့် ဝမ်ချောင်က နောက်ဆုံးတွင် ပြောလာ၏။

“ငါက အရှင်ဝမ်၊ အရှင်ချန်း၊ အရှင်လီဆိုတာတွေကို မေးပါရစေ”

ဝမ်ချောင်၏အသံက တည်ငြိမ်သည်။ သို့သော် သူ၏စကားလုံးများကမူ ထိုနေရာတစ်ခုလုံးကို တိတ်ဆိတ်သွားစေ၏။ အရှင်ဝမ်အပါအဝင် လူတိုင်းက ဝမ်ချောင်ကိုလှည့်ကြည့်သည်။

“ဟုတ်တယ် သူတို့ပဲ”

နောက်ဆုံးတွင် ဝမ်မျိုးရိုးနာမည်နှင့် အရာရှိက ခေါင်းကိုလှည့်ပြီး သူ၏အနောက်ဘက်မှ ပုံရိပ်အချို့ကိုပြသည်။ ဝမ်ချောင်၏အကြည့်က ထိုပုံရိပ်များကို လှည့်ကြည့်လိုက်သည်။ ပေါက်ကွဲမတက် ပြင်းထန်သည့် စွမ်းအားများနှင့် ပုံရိပ်သုံးခုကို မြင်လိုက်ရ၏။ ထိုလူများသည် ကွန်ဖြူးရှပ် ပညာသင်သားများအလား ဝတ်ဆင်ထားကြသလို သူတို့၏ အမူအရာက တည်ငြိမ်အေးဆေးသည်။ သူတို့၏ စွမ်းအင်များကလည်း ချုပ်တည်းခံထားရ၏။ သို့ရာတွင် သူတို့၏ကိုယ်အတွင်းမှ စွမ်းအင်များကမူ အဆင့်လွန်ခွဲခြားခြင်း နတ်အဗာတာကို အသုံးပြုနေသည့် ချန်းချန့်လီထက်ပင် သာသေးသည်။

ဝမ်ချောင်သည်လည်း စစ်ဘက်ဆိုင်ရာတွင် အရေးပါသော ပုဂ္ဂိုလ်အရာရှိကြီးဖြစ်သည်။ တစ်လောကလုံးရှိ လူတိုင်းက သူ၏ဂုဏ်သတင်းကို သိကြ၏။

သို့တိုင်အောင် ထိုသုံးယောက်က မည်မျှအင်အားကြီးကြောင်း ဝမ်ချောင်က မသိနိုင်ချေ။ အနည်းဆုံး သူ၏နေရာတွင်ရှိသော လူကမူ တစ်စုံတစ်ရာကို သိသင့်သည်။

ဝမ်ချောင်က စစ်တပ်ထဲတွင် ရရှိနိုင်သော သတင်းအချက်အလက်များကို ကြည့်ခွင့်ရှိထားသည်။ သို့သော် မည်သည့်အမိန့်တော်တွင်မှ ထိုနာမည်များ မပါဝင်ချေ။ ဝမ်ချောင်သည်လည်း ထိုလူများ၏ နာမည်ကိုပင် မသိပါချေ။ ဝမ်ချောင်၏ အဆင့်အတန်းတွင်ရှိသော လူတစ်ယောက်အတွက် ဒီအခြေအနေဟာ လက်မခံနိုင်စရာ အကြောင်းအရာမျိုးဖြစ်သည်။

မသိရင်သူတို့က လေထဲကထွက်လာသလိုပဲ။

သို့သော် တခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏အကြည့်က ထိုလူများထဲမှ တစ်ယောက်၏ လက်ကောက်ဝတ်ကို ဖြတ်ပြေးသွားသည်။ သူ၏မျက်လုံးက မှေးကျဉ်းသွား၏။ လက်ကောက်ဝတ်တစ်ခုတွင် မှင်ဖြင့်ဆွဲထားသော အမှတ်အသားတစ်ခုကို တွေ့လိုက်သည်။ တစ်ချိန်ထဲတွင်ပင် ထိုလူကလည်း ဝမ်ချောင်၏အကြည့်ကို အာရုံခံမိသွား၏။ သူဟာ လက်ကောက်ဝတ်ကို တစ်ချက်ယမ်းလိုက်သောအခါ သူ၏ဝတ်ရုံက အင်္ကျီလက်က လျောကျသွားပြီး ထိုအရာကိုဖုံးသွားသည်။

ထိုအချိန်တွင် မျိုးရိုးနာမည်ဝမ်နှင့် အရာရှိက မြင်းကိုရှေ့တိုးလာရင်းပြောသည်။

“အရှင်ဝမ် အင်ပါယာခုံရုံးရဲ့ စိတ်ဆန္ဒအတိုင်း အမိန့်တော်ကို လက်ခံပြီး ကျေးဇူးပြုပြီး အရှင့်ရဲ့ စစ်အာဏာကို လွှဲပြောင်းပေးလို့ မြို့တော်ကို ချက်ချင်းထွက်ခွာသွားစေချင်ပါတယ်။ ဒါက အင်ပါယာခုံရုံးရဲ့ စည်းမျဉ်းဖြစ်သလို အရှင်ဧကရာဇ်ရဲ့ ဆန္ဒလည်းဖြစ်တယ်။ အရှင်ဝမ် ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ”

သူ၏အမူအရာက တောင့်တင်းသန်မာသော်လည်း လေသံကမူ ခံစားချက်များကင်းရှင်းနေသည်။ ဒါဟာ စည်းမျဉ်းအတိုင်း လိုက်ပါလုပ်ဆောင်လေ့ရှိသော လူတစ်ယောက်၏ အသံမျိုးဖြစ်သည်။

“ခဏနေပါဦး ကျေးဇူးပြုပြီး အကျိုးအကြောင်း နားထောင်ပါဦး”

“အရှင်က အမိန့်တော်ကို လက်ခံရပြီးကာစလေ။ အခုသူ့ကိုချက်ချင်း မောင်းထုတ်နေတာလား။ ဒါကဘာကို ဆိုလိုတာလဲ”

“မင်းတို့က ဘယ်သူတွေလဲ။ ဒီနေရာကိုလာပြီး အမိန့်တော်ကြေညာတာမျိုးမဟုတ်ဘဲ ငါတို့အရှင်ရဲ့ စစ်အာဏာကို ဆွဲဖြဲနေတာပဲ”

ဝမ်ချောင်၏ လက်အောက်ငယ်သားများ အားလုံးက ဒေါသထွက်သွားကြသည်။ ခိုရာစန်းနီမှ စစ်သားများကပင် တစ်စုံတစ်ရာကို သတိထားမိသွားကြပြီး ဝမ်ချောင်အတွက် ငြင်းခုံပေးလိုကြသည်။

“အရှင်ဝမ် ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့။ ခိုရာစန်းနီက အရှင့်ကို လိုအပ်တယ်”

ပုန်ကန်သူခေါင်းဆောင်များ အားလုံးက စိုးရိမ်သွားကြသည်။ နောက်ဆုံးသော တိုက်ပွဲများ၏ ရလဒ်က ယခုလို အောင်ပွဲခံနိုင်ခဲ့သည်မှာ ဝမ်ချောင်ကြောင့်ဖြစ်သည်။

သူသည် (၁၇)နှစ်သာရှိသေးသော်လည်း ခိုရာစန်းအားလုံး၏ ကျောရိုးဖြစ်သည်။ သူကအမြဲတစေ အခြေအနေတိုင်းကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့သလို ရေရှည်ကိုလည်း ကြိုမြင်နိုင်သည်။ မည်သည့် အပြောင်းအလဲကိုမဆို အသင့်ပြင်ထားတတ်၏။ ထိုအတွက်ကြောင့်လည်း ရန်သူဟာ မည်မျှအင်အားကြီးမားနေစေကာမူ သူတို့ဟာ သူ့ကို ယုံကြည်ထားရုံနှင့် အသာစီးရမည်ဆိုသော အာမခံချက်မျိုးက ရှိနေခဲ့သည်။ ဝမ်ချောင်ကသာ ခိုရာစန်းတွင် ရှိမနေခဲ့လျှင် အာရေးဗီးယား အင်ပါယာကြီး၏ ကြောက်မက်ဖွယ်ကောင်းသည့် အလုံးအရင်းနှင့် သတ်ဖြတ်မှုကြီးကို မည်သူကမှ ရင်ဆိုင်နိုင်မည်မဟုတ်ချေ။

အခန်း(၁၂၁၅)

“သံတမန် အရှင်မင်းကြီး မဟာထန်ရဲ့ဧကရာဇ်ကို တောင်းဆိုတဲ့နည်းလမ်းမျိုးများ မရှိဘူးလား။ အရှင့်ရဲ့ အမိန့်တွေကို ပယ်ရှားပြီး အရှင်အမတ်မင်းကို ခိုရာစန်းမှာပဲ နေထိုင်နိုင်အောင် တောင်းဆိုပေးပါ”

ပါးရန်က ရှေ့ကိုတက်လှမ်းလာပြီး ထန်ဘာသာစကားကိုသုံးလျှက် ပြောသည်။ ထိုထဲတွင် ခိုရာစန်းနီ၏ စကားလုံးများက ပါဝင်နေသေးပြီး မျိုးရိုးနာမည်ဝမ်အမည်ရှိသော လူကို အသနားခံလေသည်။

ပါးရန်သည် ဘယ်သောအခါမှ စိတ်လွတ်တတ်သောလူမျိုး မဟုတ်ချေ။ သို့သော် အရာအားလုံးက ရုတ်ချည်းဆန်စွာ ဖြစ်ပျက်သွားခဲ့သည်။ ဝမ်ချောင်၏ ဘွဲ့ထူးနာမည်အသစ်နှင့် ရွှေ့ပြောင်းကိစ္စများ အားလုံးက သူ့အား စိတ်မငြိမ်အောင် ဖြစ်သွားစေသည်။ ထို့ကြောင့် သူသည် ထိုသံတမန်နှင့် ညှိနှိုင်းလိုသည်။

ထိုအရာရှိကမူ မြင်းပေါ်မှအောက်သို့ ငုံ့ကြည့်သည်။ သူ၏မျက်မှောင်က ကျုံ့သွားသည်။

“မင်းဘာပြောနေသလဲဆိုတာကို ငါမသိပေမဲ့လည်း အင်ပါယာခုံရုံးရဲ့ အမိန့်ကို မနာခံလို့မရဘူး။ အုပ်ချုပ်သူရဲ့ စကားလုံးတွေကို အမြဲတစေ အလေးအနက် ထားရတယ်။ အရှင်ဝမ် အရှင်ဝမ်က ဒီအချက်ကို ကောင်းကောင်းသိမှာပါ”

သူကပါးရန်ကို စပြောသော်လည်း သူ၏နောက်ပိုင်း စကားလုံးကမူ ဝမ်ချောင်ကိုသာ ရည်ညွှန်းသည်။ သူ၏အမူအရာက ထက်ရှပြီးတင်းမာသည်။ ရှင်းလင်းစွာပင် သူသည် ဝမ်ချောင်ကိုသာ အပြစ်တင်သည်။

“လုံလောက်ပြီ”

ဝမ်ချောင်က ရုတ်တရက်ပြောသည်။

“ဒါက အင်ပါယာခုံရုံးနဲ့ သူတော်စင်ဧကရာဇ်ရဲ့ အမိန့်တော်ပဲ။ အမိန့်တော်တွေက ခိုင်မာတယ်။ တောင်လိုတောင် ရွေ့လို့မရဘူး။ မဟာဗိုလ်ချုပ်ကြီး ငါလည်းမင်းမှာ ကောင်းတဲ့ရည်ရွယ်ချက်ရှိတာကို သိပါတယ်။ ဒါပေမဲ့ အုပ်ချုပ်သူရဲ့ စကားလုံးတွေကို ပေါ့သေးသေး သဘောထားလို့မရဘူး။ မဟာထန်က ဆမ်ဆာနစ်မင်းဆက်နဲ့ ကွာခြားတယ်။ ဆုံးဖြတ်ချက်တစ်ခု ချပြီးရင် သေချာပေါက် လိုက်လုပ်ရတယ်။ ခိုရာစန်းအတွက် ငါကြိုတင်ပြင်ဆင်မှုတွေ လုပ်ပြီးသားပါ။ ပူးပေါင်းထားတဲ့ မဟာမိတ် အဖွဲ့အစည်းကြီးက စောင့်ကြည့်ကာကွယ်ပေးသလို အရှင်ကောင်းနဲ့ အရှင်ဖုန်းကလည်း ရှိနေသေးတော့ ငါမရှိရင်တောင်မှ ဒီနေရာက တည်ငြိမ်နေမှာပါ။ အာရပ်တွေက ထပ်ပြီးတိုက်ခိုက်လာရင်တောင်မှ စိုးရိမ်စရာ မရှိသေးပါဘူး။ ပိုဆိုးတာက ဒီမှာရှိနေတဲ့ လက်နက်ကြီး အလက်ငါးသောင်းနဲ့ဆိုရင် အာရေးဗီးယားက ဘယ်တော့မှ မအောင်မြင်နိုင်ဘူး”

သူတို့က ခိုရာစန်းသို့ ရောက်ရှိပြီးချိန်ကတည်းက ဝမ်ချောင်သည် သူမရှိလျှင်ပင် ခိုင်မာသော အုတ်မြစ်တစ်ခု ရှိနေရန် စီစဉ်ထားခဲ့ပြီးသားဖြစ်သည်။ ခိုရာစန်းသည် အာရေးဗီးယား၏ လက်မှကင်းလွတ်ပြီး အမြဲတစေ တည်ငြိမ်နိုင်ရန် မျှော်လင့်ခဲ့သည်။ အရာအားလုံးက မဟာထန်၏ ရှေ့တန်းတွင် ခိုင်မာသော ခံတပ်ကြီးတစ်ခု ဖြစ်လာစေရန်ဖြစ်သည်။

ထိုသို့သော စကားလုံးများကို ပြောပြီးနောက် ဝမ်ချောင်သည် တစ်ဖက်သို့လှည့်လိုက်ပြီး လူအုပ်ကိုကျော်ဖြတ်လျှက် အင်ပါယာအမိန့်တော်နှင့်အတူ ရောက်ရှိလာသည့် ကွန်ဖြူးရှပ်ဝတ်စုံကို ဝတ်ဆင်ထားသော အရာရှိသုံးယောက်ကိုကြည့်သည်။ ထိုသုံးယောက်က သူ၏စစ်ဘက်အာဏာကို လွှဲပြောင်းပေးခိုင်းနေသည်။

“အရှင်တို့ ခိုရာစန်းက မဟာထန်ရဲ့ အဓိကတိုက်ပွဲတွေဖြစ်ပျက်ရာ ရှေ့တန်းခံတပ်ကြီးတစ်ခုပါ။ မဟာမိတ်ကြီးက တည်ရှိနေပြီး ဒါကို သင့်တော်သလိုသုံးတာနဲ့ ငါတို့က ဆမ်ဆာနစ်မင်းဆက်နဲ့ အခြားပုန်ကန်သူစစ်တပ်တွေနဲ့အတူ ပူးပေါင်းထားမယ်ဆိုရင် အာရပ်တွေကို စိုးရိမ်စရာအကြောင်း မရှိပါဘူး။ ဒါကြောင့် ငါထွက်သွားပြီးတဲ့အခါ အရှင်တို့ကလည်း ကောင်းမွန်တဲ့ စိတ်ဆန္ဒနဲ့အတူ ကောင်းကောင်းလုပ်ဆောင်လို့ အောင်မြင်တိုးတက်မှု ရဖို့အတွက်နဲ့ စစ်သားတွေရဲ့အသက်ကို မလဲဖို့မျှော်လင့်တယ်”

ဝမ်ချောင်ကတင်းမာစွာ ပြောလိုက်သည်။

“အရှင်...”

ရွှယ်ချန်ကျွင်းက ဝမ်ချောင်၏ကျောပြင်ကိုကြည့်ရင်း သူ၏နှလုံးသားက လှုပ်ခါလာ၏။ ဝမ်ချောင်သည် ယခုအချိန်ထိ တည်ငြိမ်မှုကို ထိန်းသိမ်းထားသည်။ သူ၏စကားလုံးများနှင့် လုပ်ဆောင်မှုတိုင်းက အမြဲတစေ ကျော့ရှင်းကြည့်ကောင်းပြီး ကျင့်ဝတ်နှင့်အညီဖြစ်သည်။ သို့သော် ရွှယ်ချန်ကျွင်းကဲ့သို့ ဝမ်ချောင်နှင့် အမြဲတစေ အတူရှိလာခဲ့သော လူကမူ ဝမ်ချောင်၏ အင်္ကျီအောက်ထဲမှလက်က အနည်းငယ် တုန်ယင်နေကြောင်းကို သိနိုင်သည်။

ရွှယ်ချန်ကျွင်းကလည်း ဝမ်ချောင်၏စိတ်က လူတိုင်းထက်ပင် ပြင်းထန်စွာ တုန်လှုပ်နေကြောင်း နားလည်သည်။

“အရှင်ဝမ် အရှင့်အနေနဲ့ ဒီလိုကိစ္စတွေအတွက်ကြောင့်နဲ့ ကိုယ့်ကိုယ်ကို ဒီလောက်ထိ ဒုက္ခအများကြီး ခံနေစရာမလိုပါဘူး။ ငါတို့မှာ ကိုယ်ပိုင်အကြံတွေရှိတယ်”

ထိုအရာရှိသုံးယောက်က ဝမ်ချောင်ကိုငုံ့ကြည့်သည်။ သူတို့၏မျက်ဝန်းထဲတွင် မည်သည့်ခံစားချက်ကိုမှ မမြင်ရချေ။

“ရမ်းကားလိုက်တာ”

ပတ်ဝန်းကျင်ရှိ လူအုပ်ကို လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကြပြီး ခပ်တိုးတိုးကျိန်ဆဲကြသည်။

ဝမ်ချောင်သည် သူတော်စင်ဧကရာဇ်ကပင် လူငယ်အမတ်မင်းဘွဲ့ ပေးထားသူဖြစ်ပြီး ချီရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီးဖြစ်သည်။ သူ့ကိုနေရာမှ ဖယ်ရှားလိုက်ပြီးသည့်တိုင်အောင် သူသည် ယခုလေးတင် မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ဘွဲ့ကို ချီးမြင့်ခံလိုက်ရပြီး အစစ်အမှန် မဟာထန်၏ ဘုရင်ဘွဲ့ရသူဖြစ်သည်။ အထက်တန်းလွှာတိုင်း၏ အထက်တွင်ရှိသည်။ သို့သော် ထိုအရာရှိသုံးယောက်နှင့် မျိုးရိုးနာမည် ဝမ်အမည်ရ အရာရှိကမူ ဝမ်ချောင်ကို လေးစားမှုပင် မပြသချေ။ ထိုအခြေအနေက လူတိုင်းကို ဒေါသထွက်စေသည်။

“အရှင်ဝမ် ကျေးဇူးပြုလို့ အင်ပါယာခုံရုံးရဲ့ အမိန့်တော်ကို ဖီဆန်လို့မရပါဘူး။ ဒါကြောင့် အရှင်ကျေးဇူးပြုပြီး အရှင့်ရဲ့ ကျောက်စိမ်းစည်းတံဆိပ်ကို အမြန်ဆုံးအပ်ပြီး ငါတို့နဲ့လိုက်ခဲ့ပါ”

ထိုအခိုက်အတန့်တွင် လူအုပ်၏အနောက်မှ မြင်းသမားအချို့က ထွက်လာသည်။ သူတို့က ဝမ်ချောင်ထံလာ၏။ ထိုအရာရှိများသည် ဘာသာရေးရာ ရုံးတော်မှ အရာရှိများဖြစ်ပြီး သူတို့က ဝမ်ချောင်ကိုကြည့်လျှက် ဖိတ်ကြားဟန်အမူအရာ ပြုကြသည်။

“မင်းတို့လုပ်ရဲလား”

“မင်းတို့က အရှင်အမတ်ကို အပြစ်သားလို့များ ထင်နေတာလား။ သူ့ကိုဒီလိုဆက်ဆံရဲတယ်”

ဩရှသောအသံနှင့်အတူ လက်နက်ချင်းထိခတ်သံက ထွက်ပေါ်လာသည်။ လီစစ်ယဲ့နှင့် သူ၏လူများက ဘာသာရေးရာရုံးတော်မှ ထိုအရာရှိများကို ဒေါသတကြီး စိုက်ကြည့်ကြသည်။ မဟာထန်မြို့တော်ရှိ လူတိုင်းကလည်း ဘာသာရေးရာရုံးတော်က ဘုရင်ချီ၏လက်အောက်မှ လူများဖြစ်ကြောင်း သိသည်။ ဘာသာရေးရာရုံးတော်မှ ထိုလူများက အင်ပါယာခုံရုံးမှ လူများနှင့် အဖော်ပြုလာကတည်းက ကောင်းသောရည်ရွယ်ချက် မရှိကြောင်း သိနေ၏။

ဘာသာရေးရာရုံးတော်မှ အနီရောင်ဝတ်စုံနှင့် အရာရှိများက ထိုမြင်ကွင်းကြောင့် မျက်နှာဖြူဖျော့သွားသည်။

“အရှင်အမတ်မင်း ငါတို့က အမိန့်တော်ကို သယ်ဆောင်ရုံပါပဲ။ ဒါကြောင့် အရှင်အမတ်မင်းကလည်း ငါတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နားလည်ပြီး ကိစ္စတွေကို ခက်ခဲအောင်မလုပ်ဖို့ မျှော်လင့်ပါတယ်”

ဝမ်ချောင်က ဘာစကားမှမပြောဘဲ ထိုသုံးယောက်ကိုသာ အေးစက်စွာစိုက်ကြည့်သည်။ ဘုရင်ချီက ထိုအရာရှိများကို မည်သည့်စကားပြောထားကြောင်း မသိသလို သူတို့ဟာ မည်သည့်အတွက်ကြောင့် သူတို့ကို အစောတလျင် ထွက်သွားစေလိုကြောင်း နားမလည်ချေ။ သို့သော် ကောင်းသောရည်ရွယ်ချက် မရှိကြောင်းသေချာသည်။

ဝမ်ချောင်က အရာရှိများကိုကြည့်ရင်း ပြောလိုက်သည်။

“ငါထွက်သွားတာ မထွက်သွားတာ ဘယ်အချိန်သွားမယ် မသွားဘူးဆိုတာက ငါနဲ့ဆိုင်တယ်”

“ဒါပေမဲ့ အရှင်အမတ်မင်း...”

ဘာသာရေးရာရုံးတော်မှ အရာရှိများက ငြင်းခုံသည်။

“ငါမေးပါရစေဦး အခုဖတ်သွားတဲ့ အမိန့်တော်ထဲမှာ ငါအခုချက်ချင်း ထွက်သွားသင့်တယ်လို့ပါလား။ ဒါမှမဟုတ် ဒါက အရှင်ဧကရာဇ်ရဲ့ တိုက်ရိုက်အမိန့်လား”

ဝမ်ချောင်က ထိုအဖွဲ့ကိုကြည့်ရင်း တောက်လောင်နေသော အကြည့်မျိုးဖြင့် မေးလိုက်သည်။

ဘာသာရေးရာရုံးတော်မှ အရာရှိများက တိတ်ဆိတ်သွားကြသည်။ အမိန့်တော်ထဲတွင်လည်း သဘာဝအလျောက်ပင် ထွက်သွားရမည့် နာရီအတိအကျ မပါဝင်ချေ။ သူတော်စင်ဧကရာဇ်ကလည်း ထိုကဲ့သို့သော သေးငယ်လောက်သည့် ကိစ္စမျိုးကို တိုက်ရိုက်အမိန့်ထုတ်မနေချေ။ တော်ဝင်အမိန့်တော်ကို ထုတ်ပြန်ရခြင်းက သေးငယ်သောကိစ္စမဟုတ်ချေ။ သူတို့သည် ယခုလိုကိစ္စမျိုးကိုလည်း မှားယွင်းပြီး မပြောကြားရဲပါချေ။ ဝမ်ချောင်က ထိုလူများအားလုံးကို လျစ်လျူရှု့လိုက်ပြီး ကောင်းရှန်းကျစ်နှင့် ပါးရန်ကို ပြန်ကြည့်သည်။

“အရှင်ကောင်း ကြည့်ရတာ ငါထွက်သွားရလိမ့်မယ်။ ငါခိုရာစန်းတွေကို ချန်ထားပေးခဲ့မယ်”

“နားလည်ပါတယ် စိတ်အေးအေးထား။ ငါအတက်နိုင်ဆုံးကြိုးစားပြီး ဒီနေရာကို ကာကွယ်မှာပါ”

ကောင်းရှန်းကျစ်က ဝမ်ချောင်ကို သုန်မှုန်စွာကြည့်သည်။ သို့သော် တစ်ချိန်ထဲလိုလို ဝမ်ချောင်၏နားအတွင်း တိုးလျသည့်လေချွန်သံကို ကြားလိုက်ရသည်။

“ဝမ်ချောင် အင်ပါယာခုံရုံးမှာ မင်းမသိတဲ့ကိစ္စတော့ တစ်ခုခုဖြစ်နေလောက်တယ်။ ဒါမှမဟုတ် ဒီလိုအခြေအနေမျိုးက ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ ဒါကြောင့် မင်းကိုယ်တိုင်စုံစမ်းသင့်တယ်။ ဒါမှမဟုတ် တစ်ခုခုဖြစ်နေပြီး ငါ့ရဲ့အကူအညီကိုသာလိုရင် ငါ့ကိုအမြန်ဆုံးအကြောင်းကြားလိုက်”

ဝမ်ချောင်က ကြောင်အသွားသည်။ ထို့နောက်ခေါင်းညိမ့်သည်။

“ကျေးဇူးတင်ပါတယ် အရှင်အမတ်”

ကောင်းရှန်းကျစ်က ဝမ်ချောင်၏ တည်ငြိမ်ပြီး ဆုံးဖြတ်ချက်ပြတ်သားသော မျက်နှာကိုကြည့်ကာ သက်ပြင်းချသည်။ စောင့်ဆိုင်းဆဲအကြံပေးဆိုသည်မှာ အင်ပါယာခုံရုံးမှ အရေးမပါသော ရာထူးတစ်ခုမျှသာဖြစ်ပြီး မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ဆိုသော ဘွဲ့နာမည်ကလည်း ဘာသာသပ်သပ်သာဖြစ်သည်။ အင်ပါယာခုံရုံးက မည်မျှကြီးမားသော မတော်တဆမှုကြီး ရှိသွားခဲ့၍ ဝမ်ချောင်ကို ထိုသို့ အတိုက်အခံလုပ်နေကြောင်းကို မသိနိုင်ချေ။ သူ၏စစ်အာဏာအားလုံးကို ဖယ်ရှားပြီး ရာထူးပင် ချလိုက်သေးသည်။

သာမာန်လူတစ်ယောက်သာဆိုလျှင် ရူးသွပ်သွားလောက်သည်။ သို့သော် ဝမ်ချောင်ကမူ သည်းခံနိုင်သေး၏။ ထို့အပြင် အပြုအမူများကလည်း တည်ငြိမ်သေးသည်။ ဝမ်ချောင်သည် ကောင်းရှန်းကျစ်၏အတွေးကို မသိသေးချေ။ ဒီတိုင်း ပါးရန်ကိုသာ ပြန်ကြည့်လိုက်သည်။ ဒီလိုနေရာပြောင်းသည့် ကိစ္စက ရုတ်တရက်ဆန်သည်။ သူဟာမကချေ။ သူ၏အဖေနှင့် အစ်ကိုကြီးဖြစ်သူကပင် အဝေးသို့ပို့ခံရသည်။ ဒီအချိန်တွင် နှစ်သိမ့်မှုအလိုအပ်ဆုံးလူများက ပါးရန်တို့ဖြစ်လောက်သည်။

“မဟာဗိုလ်ချုပ် ဒါကဧကရာဇ်ရဲ့ အမိန့်ပဲ။ ဖီဆန်လို့မရဘူး။ ဒါပေမဲ့ အင်ပါယာကသာ ဒီနေရာမှာ စစ်တန်းလျားတစ်ခုကို တည်ထောင်ထားမယ်ဆိုရင် ဒီနေရာကို သေတဲ့အထိ စောင့်ကြပ်ကာကွယ်ပေးနိုင်မယ်လို့ ငါယုံတယ်။ ဒါတွေအပြင် ငါကယာယီပဲ ထွက်သွားတာပါ။ ထာဝရမဟုတ်ဘူး။ ငါဒီကိစ္စကို ဖြေရှင်းပြီးတာနဲ့ သေချာပေါက် ခိုရာစန်းကိုပြန်လာမယ်”

ဝမ်ချောင်ကထိုသု့ိ တည်ငြိမ်စွာပြောသည်။

“အရှင် အရှင့်အနေနဲ့ ဆက်ပြီးရှင်းပြဖို့ မလိုပါဘူး”

ပါးရန်က သက်ပြင်းရှည်ကြီးကိုချသည်။

“ငါသေချာနားလည်ပါတယ်။ ဒါက အရှင်ဖြေရှင်းနိုင်တဲ့ ကိစ္စမှမဟုတ်တာ။ အရှင့်အနေနဲ့ ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေကြောင့်ပဲဖြစ်ဖြစ် ငါတို့ဆမ်ဆာတွေနဲ့ မိတ်ဆွေဖြစ်ပြီး မဟာမိတ်အဖြစ် တည်ရှိနေဖို့မျှော်လင့်ပါတယ်။ အရှင်ဒီမှာမရှိရင်တောင်မှ အရှင့်ရဲ့နောက်လိုက်တွေက မဟာထန်နဲ့ ဆမ်ဆာနစ်မင်းဆက်ကြားက မဟာမိတ်ကို ထိန်းသိမ်းထားမှာပါ။ ဆမ်ဆာနစ်မင်းဆက်ကလည်း မဟာထန်ကို သစ္စာရှိပြီး အနောက်ဘက်က အခိုင်မြဲဆုံးမဟာမိတ်ကြီး ဖြစ်စေတာပါပဲ”

“ကျေးဇူးတင်ပါတယ်”

ဝမ်ချောင်က ခေါင်းညိမ့်လိုက်သည်။ သူသည် ထိုစကားကို စောင့်နေခြင်းဖြစ်သည်။ ထိုစကားများနှင့်အတူ သူထွက်သွားရလျှင်ပင် ကိစ္စမရှိတော့ချေ။

“အရှင်ဝမ် လုံလောက်ပြီလား”

မြို့စောင့်နာမည် ဝမ်အမည်ရ အရာရှိက လှမ်းမေးပြန်သည်။ သူက ဝမ်ချောင်ကို တစ်ချိန်လုံး စောင့်ကြည့်နေခြင်းဖြစ်သည်။ သို့သော် ဝမ်ချောင်က ကောင်းရှန်းကျစ်နှင့် ပါးရန်တို့ကို စကားပြောပြီးမှသာ ထုတ်ပြောလာသည်။

“ချောင်အာ ဧကရာဇ်ရဲ့ အမိန့်တော်ကို ဖီဆန်လို့မရဘူး။ နည်းနည်းလေး အကောင်းဘက်က တွေးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ဒါက တော်ဝင်ခုံရုံးရဲ့ အမိန့်ပဲလေ”

ဝမ်ရန်က အနောက်ဘက်မှထွက်လာရင်း တိုးလျသောလေသံနှင့်ပြောရင်း ဝမ်ချောင်၏ပုခုံးကိုပုတ်သည်။

“စစ်ပွဲကနိုင်ပြီးပြီ။ ဒါက အရေးအကြီးဆုံးပဲ”

ဝမ်ချောင်၏အစ်ကိုကြီး ဝမ်ဖူကလည်း အနားသို့လာသည်။

ဝမ်ချောင်ကိုမြင်နေရခြင်းက ဝမ်ရန်နှင့် ဝမ်ဖူတို့အတွက် အကြီးမားဆုံးသော နှစ်သိမ့်မှုသာဖြစ်သည်။ အမတ်များ၊ ဗိုလ်ချုပ်များ ပြည့်နှက်နေသော ကလန်ဖြစ်သည့် ဝမ်ကလန်သည် တိုင်းပြည်ကိုသာ သစ္စာရှိလျှက် ခစားလာခဲ့သည်။ ဝမ်ကလန်၏ဆက်ခံသူဖြစ်သည့် ဝမ်ချောင်သည်လည်း တာဝန်ကို ယုံကြည်သက်ဝင်မှုအပြည့်နှင့် ထမ်းဆောင်သင့်သည်။ အခြားမည်သည့် အရာကမှ အရေးမကြီးပါချေ။

“အဖေ အဖေ့ရဲ့ကလေးက နားလည်ပါတယ်”

ဝမ်ချောင်ကခေါင်းညိမ့်သည်။ သူသည် ချီးရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်၏ အာဏာကို ကိုယ်စားပြုသည့် ကျောက်စိမ်းစည်းတံဆိပ်ကိုထုတ်ပြီး ကွန်ဖြူးရှပ်ဝတ်စုံကို ဝတ်ဆင်ထားသော ကျွမ်းကျင်ပညာရှင်သုံးယောက်ကို ပေးလိုက်သည်။

ထိုသေးငယ်သည့် ကျောက်စိမ်းစည်းတံဆိပ်လေးက လူတိုင်း၏အာရုံကို ဖမ်းစားထားသည်။ သူတို့အားလုံးကလည်း ဒါဟာ ချီးရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်၏အာဏာကို ကိုယ်စားပြုရုံသာ မကသေးလေဘဲ မဟာမိတ်စစ်တပ်၏ ခေါင်းဆောင်ကိုသာ ကိုယ်စားပြုကြောင်းနားလည်သည်။ ထိုစည်းတံဆိပ်က အာဏာနှင့်အဆင့်အတန်းကို ကိုယ်စားပြုနိုင်သည်။

“အရှင်ဝမ် စိုးရိမ်စရာမလိုပါဘူး။ ငါတို့ဒီနေရာကို ကောင်းကောင်းစီမံခန့်ခွဲပါ့မယ်”

ခေါင်းဆောင်ဖြစ်ပုံရသည့် ကွန်ဖြူးရှပ် ကျွမ်းကျင်ပညာရှင်က လက်ဆန့်ထုတ်ပြီး စည်းတံဆိပ်ကိုယူသည်။ ဘာသာရေးရာရုံးတော်မှ အရာရှိတစ်ယောက်က အခြေအနေကို အမိအရယူပြီး ဝင်ပြောလာသည်။

“အရှင်ဝမ် အခုက မိုးလင်းလာပြီဆိုတော့ ထွက်သွားသင့်ပြီထင်တယ်။ ငါတို့နဲ့လိုက်ခဲ့ပါ”

သူကထိုသု့ိပြောလိုက်ပြီး အနောက်ဘက်ကို လက်ယမ်းပြလိုက်သည်။ ထိုအခါ ဖုန်လုံးများ ထွက်ပေါ်လာပြီးနောက်တွင် ရွှေရောင်သံချပ်ကာများကို ဝတ်ဆင်ထားကြသည့် စစ်သည်အယောက်နှစ်ဆယ်ပါသော အဖွဲ့က ထွက်လာသည်။ အင်ပါယာနန်းတော်မှ မှင်သက်ဖွယ်ကောင်းလောက်အောင် တောက်ပသည့် ရွှေရောင်အစောင့်များက ဝမ်ချောင်ကို လာရောက်ခေါ်ဆောင်ခြင်းလည်းဖြစ်သည်။

ရွှေရောင်အစောင့်တွေ

ထိုလူများသည် တော်ဝင်နန်းတော်မှ အလေးစားခံရဆုံး အစောင့်များဖြစ်ပြီး သူတို့၏တာဝန်က ကောင်းကင်ဘုံ၏သားတော်ကို ကာကွယ်ရန်ဖြစ်သည်။ အပြင်လောကတွင်မူ သူတို့သည် မဟာထန်၏ ကောင်းကင်ဘုံ၏ သားတော်ကို ကိုယ်စားပြုသည်။ ထိုအရာရှိများက ထိုအစောင့်များကိုပင် ခေါ်လာခဲ့ကတည်းက ကြိုတင်ပြင်ဆင်လာကြောင်း ရှင်းလင်းနေသည်။

ချွင် ချွင် ချွင်

အေးစက်သော အလင်းရောင်အောက်တွင် ဝမ်ချောင်၏အနားရှိ လက်အောက်ငယ်သားများက လက်နက်များကို ဆွဲထုတ်ပြီး ထိုအစောင့်များကို ဒေါသတကြီး ချိန်ရွယ်လိုက်ကြသည်။

All Chapters