အခန်း (၁၂၁၆-၁၂၂၀)
Vol. 71 Ch. 1216-1220
အခန်း(၁၂၁၆)
“အရှင်အမတ်ကို ထိချင်ရင် ငါ့ရဲ့အလောင်းကို ကျော်ဖြတ်သွားဖို့လိုအပ်တယ်”
ဝမ်ချောင်၏ လက်အောက်ငယ်သားများသည် အင်ပါယာခုံရုံးက လွှတ်လိုက်သော သံတမန်များကို ဂရုမစိုက်ချေ။ ဝမ်ချောင်သည် မဟာထန်အတွက် ဝန်ဆောင်မှုအကြီးကြီး ထမ်းဆောင်ပေးခဲ့သောသူဖြစ်သည်။ ဝမ်ချောင်ကို ယခုလိုအကျဉ်းသားကဲ့သို့ ဆက်ဆံလာရဲသော လူတိုင်းသည် သူတို့၏ ရန်သူများဖြစ်သည်။ ရွှေရောင်အစောင့်များအားလုံးကလည်း ထိုမြင်ကွင်းကြောင့် မျက်နှာအနည်းငယ် တင်းမာသွားကြသည်။ ထိုစစ်သားများ၏ မျက်လုံးများက နီရဲနေသည်။ ရှင်းလင်းစွာပင် သူတို့က ဝမ်ချောင်အတွက် သူတို့၏အသက်ကိုပင် စတေးမည့် ဆန္ဒရှိနေပုံရသည်။ သူတို့သည်လည်း ရွှေရောင်အစောင့်များကို တိုက်ခိုက်လိုက်ခြင်းက ပုန်ကန်သည့်သဘော သက်ရောက်ပြီး အဆုံးတွင် သေနိုင်ကြောင်း သိနေသည့်တိုင်အောင် ထိုသို့လုပ်ရဲကြသည်။ ရွှေရောင်အစောင့်များ အနေဖြင့် ပထမဦးဆုံးအကြိမ်အဖြစ် ဒီလိုအဖြစ်မျိုးကို တွေ့ဖူးခြင်းဖြစ်သည်။
“ဘာလုပ်နေတာလဲ အားလုံးပဲ လက်နက်ကိုသိမ်းကြစမ်း”
ဝမ်ချောင်က လက်ကိုယမ်းလိုက်သည်။ သူ၏လက်အောက်ငယ်သားများဟာ အလွန်အမင်း တွန့်ဆုတ်နေသော်လည်း လက်နက်များကိုမူ သိမ်းလိုက်ကြသည်။
“ကျောက်စိမ်းစည်းတံဆိပ်ကို အပ်ပြီးသွားပြီ။ မင်းတို့မှာ ဒီစည်းတံဆိပ်ရှိနေတာနဲ့ ချီးရှီကစစ်သားတိုင်းကို စုစည်းလို့ရတယ်။ မင်းတို့တွေ ကောင်းကောင်းသုံးဖို့ မျှော်လင့်ပါတယ် သွားကြမယ်”
ဝမ်ချောင်က စစ်မြင်းတစ်ကောင်ကို ဆွဲယူလိုက်ပြီး တက်စီးလိုက်သည်။ ထို့နောက် အချိန်ဆွဲမနေတော့ချေ။
ခိုရာစန်းသည် မဟာထန်၏ အနောက်ပိုင်းအကျဆုံး နယ်နိမိတ်ကြီးဖြစ်သည်။ ထိုသု့ိဖြင့် ဝမ်ချောင်သည် သူ၏လူများကိုခေါ်ပြီး ထွက်ခွာလာခဲ့သည်။ စစ်သားတိုင်းနီးပါးက ခိုရာစန်းမှ ထွက်ခွာသွားကြသည်။ သူသည် လီစစ်ယဲ့၊ ကန်းခယ်ဘုရင်နှင့် စုဟန်ရှန်းတို့ကိုပင် ထိုနေရာတွင် ထားရစ်ခဲ့၏။ ဝမ်ချောင်က ရွှယ်ချန်ကျွင်း၊ ရွှီခဲ့ယွီ၊ ချန်းစန်းယွမ်နှင့် ကျန်းချွယ်တို့ကိုသာ ခေါ်သွားသည်။ ထို့ပြင် ဝူရှန်းမြင်းတပ်မှ အဖွဲ့ဝင်ဆယ်ယောက်လည်းပါသည်။
...
ဝှစ်
ဝမ်ချောင်က ခိုရာစန်းမှ ထွက်သွားသည့် အခိုက်အတန့်တွင် မရေမတွက်နိုင်အောင် မြောက်များသော သတင်းပို့ငှက်ပေါင်း မြောက်များစွာက အရပ်မျက်နှာအနှံ့ ထွက်သွားသည်။ ဝမ်ချောင်သည် မျိုးနွယ်ခြားနယ်မြေ၏ ဘုရင်ဖြစ်လာသည်။ သို့သော် သူ၏စစ်အာဏာကို သိမ်းယူခြင်းခံခဲ့ရပြီး မြို့တော်သို့ စောင့်ဆိုင်းဆဲ အကြံပေးရာထူးဖြင့် ပြန်သွားခဲ့ရသည်။ ဒါဟာ ရာထူးတိုးသည့်သဘော သက်ရောက်သော်လည်း ရာထူးချခြင်းလည်းဖြစ်နေသည်။ ထိုသတင်းဟာ အတောင်ပံပေါက်လေပြီး မဟာထန်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသလို ပတ်ဝန်းကျင်ရှိ တိုင်းပြည်တိုင်းထံလည်း ရောက်ရှိသွားသေးသည်။
“ဘာ ဘာလို့ဒီလိုမျိုး ဖြစ်လာတာလဲ”
ထိုသတင်းကိုကြားသည့် အဝေးရှိ ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ အန်းစစ်ရွှန်းက ရုတ်တရက် ပုလ္လင်ပေါ်မှ ထရပ်လိုက်သည်။ သူ၏မျက်လုံးထဲတွင် အံ့အားသင့်မှုများက ရှိနေသည်။
သူနှင့်ဝမ်ချောင်သည် ကတောက်ကဆဖြစ်ဖူးသည်။ ထို့ကြောင့် ဝမ်ချောင်ဟာ ဒီလိုကပ်စိုက်သောအခါ ပျော်ပေလိမ့်မည်။ သို့သော် ဒီကိစ္စကမူ အလုံးစုံခြားနားနေပြီဖြစ်သည်။ ထိုမျှကြီးမားသော ဝန်ဆောင်မှုကြီး ပြုပေးခဲ့သည့်တိုင်အောင် ယခုလိုရာထူးချခံခဲ့ရသည်။ ထိုကိစ္စများက ဝမ်ချောင်အတွက်ပင် ဖြစ်လာခဲ့လျှင် အခြားသောစစ်တပ်အတွင်းရှိ မည်သူကမဆို ထိုသို့ဖြစ်လာနိုင်သည်။
“မဖြစ်နိုင်ဘူး ဒီကိစ္စကို ထပ်ပြီးစုံစမ်းပေးစမ်း ငါဒီသတင်းကို အတည်ပြုဖို့လိုအပ်တယ်”
တစ်ချိန်ထဲလိုလို လုံရှီကလည်းလှုပ်ခတ်သွားသည်။ အဓိကတိုက်ပွဲကြီးပေါင်း များစွာကို ကျော်ဖြတ်ခဲ့ပြီးနောက် ဝမ်ချောင်သည် အာရပ်စစ်သည် တစ်သန်းကျော်ကို သတ်ပေးခဲ့သည်။ ခုံးတောင်တန်း အနောက်ဘက်ခြမ်းရှိ အင်အားအကြီးဆုံးသော အင်ပါယာကြီး၏ နယ်နိမိတ်ကိုပင် အရပြန်ယူခဲ့သေး၏။ ထိုမျှလုပ်ဆောင်မှုကြီးက သမိုင်းထဲတွင်ပင် တစ်ကြိမ်တစ်ခါသော်မျှ မဖြစ်ခဲ့ဖူးသေးချေ။
သို့တိုင်အောင် အကြီးမားဆုံးသော ဆုလာဒ်ကြီးကမူ သူ၏စစ်အာဏာကို ရုတ်သိမ်းခြင်းဖြစ်နေသည်။ ထိုအခြေအနေက မဟာထယ်ကြီးစစ်တပ်မှ မဟာဗိုလ်ချုပ်ကြီး ခဲ့ရှု့ဟန်ကိုပင် ကြောင်တောင်တောင် ဖြစ်သွားစေခဲ့သည်။
မဟာထန်၏ နယ်နိမိတ်တိုင်းတွင် ရှိသမျှ အရာရှိတိုင်း၊ ဗိုလ်ချုပ်တိုင်းက ထိုသတင်းကြောင့် သတိလက်လွတ် ဖြစ်သွားကြပြီး မှင်သက်ကြောင်အသွားကြ၏။ မဟာထန်တစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်ကာ ညဉ်းညူအော်ဟစ်နေကြရသည်။
မဟာထန်အနီးအနား ဝန်းကျင်ရှိ တိုင်းပြည်တိုင်းကလည်း သတင်းကြောင့် အံ့ဩသွားကြသည်။ သို့ရာတွင် ထန်စစ်တပ်ဘက်မှ လူများနှင့် မတူသည်မှာ ဝမ်ချောင်က မြို့တော်သို့ ပြန်အခေါ်ခံရသည်ဆိုသော သတင်းကို ကြားရချိန်တွင် တူရကီခါကာနိတ်များ ယွီစန်း၊ ဂိုဂူလျော၊ နမ်ချောင်းနှင့် အာရေးဗီးယား အင်ပါယာကပင် စိတ်အေးသွားသလို အသက်ရှုနိုင်သွားကြသည်။
“ဟား ဟား အဆင့်မြင့်ဘုန်းတော်ကြီး ခင်ဗျားရဲ့မြင်နိုင်စွမ်းအားက တကယ်မှန်သွားတာပဲ။ ငါတို့ဘက်က ဘာမှလုပ်စရာမလိုဘဲနဲ့ မဟာထန်က အတွင်းပိုင်းတိုက်ခိုက်မှုတွေ ရှိနေပြီထင်တယ်။ အနာဂတ်မှာ ငါတို့က ပိုပြီးတော့ ဦးမော့နိုင်လိမ့်မယ်။ တဖန်ထပ်ပြီး ခိုရာစန်းကို သိမ်းနိုင်သွားလိမ့်မယ်”
အဝေးရှိပါးတတွင် နန်းတော်အတွင်း သာယာသော ဂီတသံစဉ်များက ပြည့်နှက်နေသလို အာရေးဗီးယား၏ ကာလစ်၊ မူတာစီရန်သုံးက လက်ကိုဖြန့်လျှက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေသည်။
ဒါဟာ သူကြားဖူးသမျှ သတင်းထဲတွင် အကောင်းဆုံးသတင်းဖြစ်သည်။ ဝမ်ချောင်က ခိုရာစန်းမှထွက်သွားကြောင်း သတင်းကြားလိုက်သောအခါ မူတာစီရန်သုံးသည် ပျော်ရွှင်လွန်းသဖြင့် ခုံရ့ုးမှ ဂီတပညာရှင်များနှင့် အရာရှိများအားလုံးကို ဆင့်ခေါ်လျှက် ပွဲတော်ကိုပင် ကျင်းပသေးသည်။
ဝမ်ချောင်က ထွက်သွားကာစသာ ရှိသေးသည်။ ခိုရာစန်း၏ မြို့ရိုးများကလည်း အခိုင်အမာ တည်ရှိနေသေး၏။ သို့သော် ထိုနေရာတွင် ဆမ်ဆာနစ်မင်းဆက်မှ စစ်တပ်များရှိပြီး အင်အား သိန်းပေါင်းများစွာ ရှိနေမည်ဆိုလျှင်ပင် မူတာစီရန်သုံးအတွက် မည်သည့်ခိုရာစန်းကမှ ထိုလူငယ်လောက် အာရေးဗီးယား အင်ပါယာကြီး၏ အုတ်မြစ်ကိုယိုင်နဲ့အောင် လုပ်နိုင်သည်ဟု မခံစားရချေ။
သူသည် သူ၏စစ်တပ်ကို အရှေ့ပိုင်းသို့ဆွဲခေါ်သွားပြီး ဆမ်ဆာနစ်မင်းဆက်ကို ချေမွလျှက် ခိုရာစန်းကို အညံ့ခံအောင်လုပ်ပြီး သူ၏ယခင်အောင်မြင်မှုများကို ပြန်လည်သိမ်းပိုက်ရန် သိပ်မကြာလောက်ချေ။ ထို့နောက် သူသည် ခိုရာစန်းမှစစ်သည်များ ပို၍စုစည်းနိုင်ပေလိမ့်မည်။ နောက်ထပ် စီမံကိန်းကြီးတစ်ခုကိုဆွဲလျှက် မဟာထန်ရှိရာ အရှေ့ဘက်ခြမ်းသို့ ချီတက်နိုင်ပေလိမ့်မည်။
“အဆင့်မြင့်ဘုန်းတော်ကြီး ငါတို့စစ်သားတွေကို ထပ်ပြီးစုဆောင်းရမယ်။ သုံးလအတွင်းမှာ ခိုရာစန်းကို သိမ်းပိုက်မယ်”
မူတာစီရန်သုံးက အော်ရယ်သည်။
“မဟုတ်ဘူး အခုက အချိန်မကျသေးဘူး”
သူ၏အနောက်ဘက်မှ အိုမင်းသောအသံက ထွက်လာပြန်သည်။ အနက်ရောင်ဝတ်ရုံခြုံပြီး တုတ်ကောက်ကြီးကိုင်ထားသော အဆင့်မြင့်ဘုန်းတော်ကြီးက ရိုးရှင်းသော စကားလုံးများကို ပြောလိုက်သည်။ ထိုအသံဟာ မကျယ်လွန်းသလို မတိုးလွန်းချေ။ သို့သော် ခန်းမတစ်ခုလုံးက ချက်ချင်းလိုလိုတိတ်ဆိတ်သွားပြီး ဂီတသံစဉ်ကပင် ရပ်သွားသည်။ လူတိုင်းက အဆင့်မြင့်ဘုန်းတော်ကြီးကိုကြည့်ပြီး သူ၏ဆိုလိုရင်းကို နားမလည်နိုင်ကြချေ။
“အဆင့်မြင့်ဘုန်းတော်ကြီး အဲ့ဒီကောင်စုတ်လေးက မရှိတော့ဘူးလေ။ ငါတို့က စောင့်ရဦးမယ်လို့ ပြောတာလား”
မူတာစီရန်သုံးက ဝိုင်ခွက်ကိုချပြီး ပုလ္လင်မှထရပ်သည်။ သူ၏မျက်နှာက အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
အခွင့်အရေးက ရောက်နေလေပြီ။ ထို့ကြောင့် သူသည်လည်း အဆင့်မြင့်ဘုန်းတော်ကြီးက မည်သည့်အတွက်ကြောင့် သူ့ကိုထပ်စောင့်ခိုင်းကြောင့် နားမလည်နိုင်ချေ။
“အရှင်မင်းကြီးအတွက် စိုးရိမ်စရာ မလိုအပ်ပါဘူး။ နည်းနည်းလောက်နေရင် အရှင်မင်းကြီး နားလည်သွားပါလိမ့်မယ်”
အဆင့်မြင့်ဘုန်းတော်ကြီးက ထိုသု့ိသာပြောသည်။ သူ၏အသံဟာ လျို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသေးပြန်သည်။
မူတာစီရန်သုံးက မျက်မှောင်အနည်းငယ်ကျုံ့သည်။ သူသည်လည်း နားမလည်နိုင်အောင်ဖြစ်နေသည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက် အပြင်ဘက်မှ လူတစ်ယောက်က အပြေးဝင်လာသည်။
“သတင်းပို့”
အာရပ်အင်ပါယာနန်းတော်မှ အစောင့်က ချက်ချင်းလိုလို အပြေးဝင်လာပြီး ဒူးတစ်ဖက်ထောက်ချသည်။ သူကခေါင်းကိုငုံ့ပြီး တင်ပြသည်။
“အရှင်မင်းကြီး အပြင်ဘက်မှာ မဟာထန်ဘက်က သံတမန်တစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်”
“ဘာ”
မူတာစီရန်သုံးက ထိုသတင်းကြောင့် ကြောင်သွားသည်။ အာရေးဗီးယားနှင့် မဟာထန်သည် စစ်ဖြစ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ယခုလိုအခြေအနေမျိုးတွင် ဒီလိုသတင်းကြားရသည်ထက် အံ့ဩစရာမရှိတော့ချေ။ အောက်ဘက်မှ အရာရှိများကလည်း အချင်းချင်း အကြည့်ဖလှယ်လိုက်ကြ၏။ မဟာထန်ဟာ မည်သည့်အတွက် ဒီလိုအခြေအနေမျိုးတွင် သံတမန်ပို့လိုက်ကြောင်း နားမလည်နိုင်ကြချေ။
မူတာစီရန်သုံး၏ အနောက်ဘက်မှ အဆင့်မြင့်ဘုန်းတော်ကြီးကသာ ထိုအခြေအနေကို ကြိုမြင်ထားသလိုမျိုး ဖျော့တော့စွာပြုံးနေသည်။
...
ဝမ်ချောင်၊ ရွှီခဲ့ယွီနှင့် အခြားသောလူများက မြို့တော်သို့ ပြန်နေချိန်တွင် အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ ထိုသို့ဖြင့် မည်သူမှ စကားတစ်ခွန်းမဆိုကြဘဲ နေ့ရက်များက တဖြည်းဖြည်းချင်း ကုန်လွန်သွားလေသည်။ လေပြင်း၏တိုက်ခတ်သံ၊ မြင်းခွာသံများကိုသာ ကြားနေရ၏။ အရာရှိများနှင့် ရွှေရောင်အစောင့်များက ဝမ်ချောင်တို့၏အဖွဲ့နှင့် အကွာအဝေးတစ်ခုခြားထားသည်။ ထို့ကြောင့် လေထုအခြေအနေက ကို့ယို့ကားယားနိုင်နေသည်။ ထိုလူများကလည်း အချင်းချင်း အကြည့်ဖလှယ်နေကြသေးသည်။
သူတို့က ဆမ်ဆာနစ်၊ တာလာ့နှင့် ခုံးတောင်တန်းများကို ကျော်ဖြတ်ပြီး အနောက်ပိုင်းနယ်မြေရှိ စွစ်ယဲ့ကိုပင် ကျော်ဖြတ်လာကြသည်။ သိပ်မကြာခင် မဟာထန်၏ ပိုင်နက်နယ်မြေအတွင်းတွင် ရောက်ရှိလာကြပြီဖြစ်သည်။
ထိုအတိုင်း နောက်ထပ် ငါးရက်၊ ခြောက်ရက်ခန့် ကုန်လွန်သွားပြီး တစ်ရက်ချင်းစီတိုင်းက အဆုံးအစမဲ့အောင် ကြာညောင်းသွားသည်။ သူသည် ခိုရာစန်းမှ ထွက်လာပြီးချိန်ကတည်းက ဝမ်ချောင်ဟာ တိတ်ဆိတ်နေခဲ့သည်။ မည်သူကမှလည်း သူ၏အတွေးကို မသိနိုင်ချေ။ သို့သော် သူ၏ တည်ငြိမ်နေသော မျက်နှာထားကိုမြင်ရုံနှင့်တင် သူတို့သည်လည်း ရင်နာသလိုခံစားကြရသည်။
ရွှယ်ချန်ကျွင်းဟာ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မြင်းကိုအနားသို့ တိုးစီးသွားလျှက် ပင့်သက်သော စကားအနည်းငယ်ကိုပြောသည်။
“အရှင်အမတ် အဆင်ပြေမှာပါ။ အင်ပါယာခုံရုံးနဲ့ နားလည်မှုလွဲမှားနေတာ တစ်ခုခုရှိပါလိမ့်မယ်။ ကျွန်တော်မျိုးတို့ မြို့တော်ကိုပြန်သွားပြီး ဒီကိစ္စကို ရှင်းလင်းပြီးတာနဲ့ တော်ဝင်ခုံရုံးကလည်း အရှင့်ကို စည်းတံဆိပ် ပြန်ပေးလောက်မှာပါ”
ရွှီခဲ့ယွီနှင့် အခြားသောလူများကလည်း အနားသို့စီးလာကြသည်။
“ဟုတ်ပါတယ်အရှင်အမတ် ဒီအခြေအနေက ကျွန်တော်တို့ထင်သလောက် မဆိုးလောက်ပါဘူး။ အရှင်အမတ်က အရှင်မင်းကြီးကို တွေ့ခွင့်ရပြီးတာနဲ့ ပြဿနာတွေအားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ”
ဝမ်ချောင်ကမူ ဒီရက်အနည်းငယ်အတွင်း စကားတစ်ခွန်းမဆိုခဲ့ချေ။ ထို့ကြောင့် သူတို့အားလုံးကလည်း အရှင်အမတ်ဟာ အလွန်အမင်း စိတ်အခြေအနေ ဆိုးရွားနေခဲ့လောက်မည်ဟု ထင်ထားခဲ့သည်။
“ဟင်း ငါကဒီစစ်အာဏာ ရုတ်သိမ်းခံရတဲ့ ပြဿနာလောက်ကို စိုးရိမ်နေမယ်လို့ မင်းတို့ကထင်တာလား”
သူတို့ကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်ဟာ ဖျော့တော့စွာပြုံးပြီး ခေါင်းခါပြခြင်းဖြစ်သည်။
“အဲ့ဒီလိုမဟုတ်ဘူးလား”
သူတို့အားလုံးက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သို့သော် သူတို့ကမူ နောက်ဆုံးပြောလိုသည့် စကားများကို မပြောဖြစ်တော့ချေ။ ဝမ်ချောင်က ခေါင်းကိုဆက်ခါပြ၏။ ရွှယ်ချန်ကျွင်းနှင့် ရွှီခဲ့ယွီတို့သာ မဟုတ်ချေ။ ဖုန်းချန်းချင်နှင့် ကောင်းရှန်းကျစ်တို့သည်လည်း စစ်အာဏာ၏ ပြဿနာကိုသာ စိုးရိမ်နေကြခြင်းဖြစ်လောက်သည်။ သို့တိုင်အောင် ဝမ်ချောင်ကမူ ထိုကိစ္စကို မစိုးရိမ်ချေ။ အမှန်တိုင်းဆိုရသော် အင်ပါယာခုံရုံးက သူ့ကိုယခုလိုမျိုး နေရာပြောင်းလိုက်ခြင်းက သူ၏အရှိန်အဟုန်နှင့် အကြံအစည်များကိုဖျက်ပြီး သတိလက်လွတ်ဖြစ်သွားစေခဲ့သည်။ သို့တိုင်အောင် သူ့တွင် စစ်အာဏာ မရှိတော့လျှင်ပင် သူ၏အကြံအစည်တိုင်းက နေရာတကျ ဖြစ်နေဦးပေမည်။
ခိုရာစန်းဟာ တင်းကြပ်သောအစောင့်များ အပြည့်ရှိနေပြီး စုဟန်ရှန်းက အမိန့်ပေးထားသည့် လက်နက်ကြီး တစ်သောင်းကျော်လည်း ရှိနေသည်။ ထို့ပြင် ထူထည်းသိပ်သည်းလွန်းသော လေးလံသည့် မြို့ရိုးများလည်း ရှိနေသေးပြီး မဟာမိတ်စစ်တပ်မှ အဖွဲ့ဝင် သိန်းပေါင်းများစွာလည်း ရှိနေသေးသည်။ ပို၍ဆိုးသည်မှာ ကောင်းရှန်းကျစ်၊ ဖုန်းချန်းချင်ဆိုသည့် အင်ပါယာမှ အမွှာက ထိုနေရာတွင် စောင့်ကြပ်နေသည်။ ထို့ကြောင့် မည်သည့်လွဲမှားမှုမှ မရှိနိုင်သေးချေ။ ပို၍ဆိုးသည်မှာ ပါးရန်ကလည်း မဟာထန်ကသာ သဘောတူညီမှုကို မဖောက်ဖျက်သမျှ ဆမ်ဆာနစ်မင်းဆက်နှင့် မဟာမိတ်စစ်တပ်မှ အဖွဲ့ဝင်များအားလုံးက မဟာထန်၏ အင်အားအကြီးဆုံးသော အခိုင်မာဆုံး မဟာမိတ်များ ဖြစ်စေရပါမည်ဟု ကတိပြုထားသည်။
ထိုအရာများနှင့်သာဆိုလျှင် ဝမ်ချောင်ကိုယ်တိုင်က ထိုနေရာတွင် မရှိလျှင်ပင် ခိုရာစန်းက ပြီးပြည့်စုံစွာ လုံခြုံသည်။
ဝမ်ချောင်သည် အင်ပါယာအမိန့်တော်၏ အနောက်မှ ကိစ္စကိုသာ တွေးတောနေခြင်းဖြစ်သည်။ ထိုဖြစ်စဉ်တစ်ခုလုံးက ပုံမှန်မဟုတ်ချေ။ ဝမ်ချောင်ကပင် အခြေအနေကို စုံစမ်းကြည့်ချင်လာသည်။
“ဘုရင်စုန့်ဆီက ဘာသတင်းမှ မကြားရဘူးလား”
ထိုအတွေးများက စိတ်ထဲဝင်ရောက်လာပြီးနောက် ဝမ်ချောင်က ကျန်းချွယ်ကို လှည့်မေးလိုက်သည်။
“မရပါဘူး ကျွန်တော်တို့ အဆုံးမှာ ဘာစာကိုမှ မရသေးပါဘူး”
ကျန်းချွယ်၏ အမူအရာကလည်း သုန်မှုန်နေသည်။
ဝမ်ချောင်၏ မျက်ခုံးများအတွင်းတွင် စိုးရိမ်မှုက တစ်စွန်းတစ်စ ပေါ်ထွက်လာသည်။ သူ၏ရာထူးအချခံရသည့် ကိစ္စနှင့်ပတ်သတ်ပြီး နောက်ကွယ်မှ ကိစ္စအလှည့်အပြောင်းတိုင်းကို အသေးစိတ်ကျကျ ဖော်ပြနိုင်သူ ရှိလျှင်ပင် ထိုလူဟာ ဘုရင်စုန့်ကလွဲပြီး မည်သူကမှ မဖြစ်နိုင်ချေ။ သို့သော် ဝမ်ချောင်သည်လည်း ခိုရာစန်းကို စီမံနေသည့်အချိန်တွင် မြို့တော်တွင် ဖြစ်ပျက်သွားလောက်မည့် ကိစ္စများကို မတွေးတောနိုင်ချေ။
“ဒါဆိုရင် ငါ့ရဲ့ဦးလေးကြီး ဝမ်ကန်းဆီက သတင်းမရဘူးလား”
ဝမ်ချောင်က ဆက်ပြောသည်။ သူသည် မြို့တော်ကို စာနှစ်စောင်ရေးခဲ့သည်။ တစ်စောင်က ဘုရင်စုန့်အတွက်ဖြစ်ပြီး နောက်တစ်စောင်ကမူ သူ၏ဦးလေးကြီး ဝမ်ကန်းအတွက်ဖြစ်သည်။
“အရှင်ဝမ်ကတော့ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေဆဲလို့ ပြောပါတယ်။ ဒီကိစ္စဖြစ်နေတော့ သူကိုယ်တိုင်က မြို့တော်အပြင်ဘက်မှာ ကိစ္စတစ်ခုကို သွားရောက်တာဝန်ထမ်းဆောင်နေတဲ့ အခိုက်အတန့် ဖြစ်နေတယ်။ ဒါကြောင့် သူကိုယ်တိုင်တောင်မှ အဲ့ဒီနေ့က အဖြစ်အပျက်ကို မသိလိုက်ပါဘူး”
ကျန်းချွယ်က ထိုသို့ပြောသည်။ ခေါင်းကိုငုံ့သထက် ငုံ့သွားသည်။
အနောက်ပိုင်းနယ်မြေနှင့် မြို့တော်အကြားမှ ခရီးက အလွန်ကြာရှည်သည်။ သို့သော် ထိုကိစ္စ၏ လေးနက်မှုကြောင့် ကျန်းချွယ်သည် ဆမ်ဆာနစ်မင်းဆက်ထံမှ ရရှိထားသည့် အမဲလိုက်သိန်းငှက်များကိုပင် ပို၍မြန်ဆန်စွာ ကြမ်းတမ်းစွာ သွားရောက်နိုင်အောင် လွှတ်ခဲ့သည်။ အဆုံးသတ်တွင်မူ လိုချင်သည့်ပြန်ဖြေစာကို မရရှိခဲ့ချေ။
“ငါနားလည်ပြီ”
ဒီတစ်ကြိမ်တွင် ဝမ်ချောင်က ခေါင်းသာညိမ့်လိုက်ရသည်။ သူသည် ဘာစကားမှ ဆက်မပြောတော့ချေ။
အခန်း(၁၂၁၇)
“အရှင် ကျွန်တော်တို့ လီတစ်ရာလောက် ဆက်သွားရုံနဲ့ ချီရှီကိုရောက်တော့မှာပါ”
ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏နားထဲသို့ ရင်းနှီးကျွမ်းဝင်သည့် အသံတစ်သံက ထွက်လာသည်။ သူသည် စွစ်ယဲ့မှ ထွက်လာခဲ့သည်မှာ သုံးရက်ကြာသွားပြီဖြစ်သည်။ သိပ်မကြာခင် ချီရှီကိုရောက်တော့ပေမည်။
အဖွဲ့ဝင်အားလုံး၏ ခံစားချက်များက ရှုပ်ထွေးကုန်၏။ သူတို့သည် ချီရှီမှ ထွက်လာခဲ့သည်။ ယခုမူ ချီရှီကို ပြန်လာနိုင်ခဲ့လေပြီ။
ဖလပ် ဖလပ်
ထိုအခိုက်အတန့်တွင် သိန်းငှက်တစ်ကောင်၏ တောင်ပံခတ်သံက လျှင်မြန်စွာဖြင့် နီးကပ်လာသည်။ လူတိုင်း၏စိတ်က တခဏခန့် တောင့်တင်းသွားပြီးနောက် မော့ကြည့်လိုက်သောအခါ ကောင်းကင်ကို ကျော်ဖြတ်သွားသည့် အာရေးဗီးယား အမဲလိုက်သိန်းငှက်ကြီးကို မြင်လိုက်ရသည်။ မြေပြင်နှင့် ပေနှစ်ဆယ်ကျော် ကွာဝေးသောအမြင့်သို့ ရောက်ရှိသွားပြီးနောက် ထိုအကောင်က ရုတ်တရက်လှည့်ကာ ကျန်းချွယ်၏ပုခုံးပေါ်သို့ဆင်းသက်သည်။
“ဒါက...”
ရွှယ်ချန်ကျွင်းနှင့် ရွှီခဲ့ယွီပင်မဆိုထားဘိ ကျန်းချွယ်ကိုယ်တိုင်ကပင် ထိုအမဲလိုက်သိန်းငှက်ကြောင့် မှင်သက်သွားသည်။ သူတို့ထင်ထားသည်နှင့် လွဲမှားစွာပင် ထိုသိန်းငှက်ကြီးက မြို့တော်မှလာခြင်းမဟုတ်ဘဲ အနောက်ဘက်မှ လာသည်။ ထို့ကြောင့် သယ်လာသောစာက ဝေးကွာလှသည့် ခိုရာစန်းမှ ဖြစ်လောက်သည်။ လူတိုင်း၏မျက်လုံးက ပြူးကျယ်သွားကြသည်။
ဝှစ်
လူတိုင်း၏အကြည့်အောက်တွင် ကျန်းချွယ်ကစာကို ဖတ်လိုက်သည်။ တခဏခန့်ဖတ်ပြီးနောက် သူ၏တစ်ကိုယ်လုံးက တုန်ယင်သွားသည်မှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ဖြစ်သည်။ မျက်နှာကလည်း ဖြူဖျော့ကာ သွေးမဲ့သွားသည်။
“အရှင် သတင်းဆိုးပဲ ခိုရာစန်းမှာ ပြဿနာဖြစ်နေပြီ”
ကျန်းချွယ်က ခေါင်းကိုမော့ပြီး ဝမ်ချောင်အား မျက်လုံးကြီးများဖြင့် စိုက်ကြည့်လိုက်သည်။ သူတို့သည် ကျန်းချွယ်နှင့် သိကျွမ်းလာခဲ့သည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည့်တိုင်အောင် ထိုမျှအထိ သိသာထင်ရှားလွန်းသော မျက်နှာထားမျိုးကို မပြဖူးကြောင်း မှတ်မိနေကြသေးသည်။
ဝမ်ချောင်က ကျန်းချွယ်၏လက်ထဲမှစာကို တစ်ချက်ယူပြီး ချက်ချင်းကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်နှာကလည်း ဖြူဖျော့သွားသည်။
စာကို ခိုရာစန်း၏ စုဟန်ရှန်းက ပို့လိုက်ခြင်းဖြစ်သည်။ ကိစ္စအချို့ကို ထည့်ပြောထားသည်။
ဝမ်ချောင်က ခိုရာစန်းမှထွက်သွားပြီး သိပ်မကြာခင် ကွန်ဖြူးရှပ်ဝတ်စုံဝတ် ကျွမ်းကျင်ပညာရှင် သတ်လတ်ပိုင်းအရွယ် သုံးယောက်က ခိုရာစန်းကို စတင်ကာ စီမံခန့်ခွဲမှုအားလုံး သိမ်းယူလိုက်ပြီး မျိုးရိုးနာမည်ဝမ်အမည်ရ အရာရှိကလည်း တာဝန်ပေါင်းများစွာကို စလုပ်သည်။
ပထမတစ်ခုကမူ သူတို့သည် ကောင်းရှန်းကျစ်နှင့် ဖန်းချန်းချင်အား ပြောဆိုပြီး မူတာစီရန်သုံးနှင့် စာချုပ် ချုပ်ဆိုခိုင်းခြင်းဖြစ်သည်။ ထိုစာချုပ်အရ မဟာထန်နှင့် အာရေးဗီးယားသည် အချင်းချင်း စစ်ဖြစ်တော့မည်မဟုတ်ကြောင်း သဘောတူညီမှုယူသည့် စာချုပ်ဖြစ်သည်။
ဒုတိယတစ်ချက်ကမူ မဟာထန်သည် သူတို့၏ ရိုးသားမှုကို ပြသည့်အနေဖြင့် အာရေးဗီးယားအား ရွှေထည်သန်းခုနှစ်ရာ ပြန်လည်ပေးရန် ကတိပေးလိုက်သည်။ အလဲအလှယ်အနေဖြင့် အာရေးဗီးယားဘက်က အာရေးဗီးယားအင်ပါယာ၏ နယ်မြေတိုင်းတွင် ကွန်ဖြူးရှပ်ကျောင်းတော်များ ဖွင့်ခွင့်ပြုပြီး ကွန်ဖြူးရှပ်စာပေ ဖြန့်ဝေခြင်းအား လက်ခံရမည်။ ကန့်သတ်ချက်များ မရှိရချေ။
တတိယတစ်ချက်ကမူ မဟာထန်သည် ခိုရာစန်းထံမှ စစ်တပ်များကို ရုတ်သိမ်းရန် ကတိပေးလိုက်သည်။ စစ်သားများအားလုံးအပြင် လက်နက်ကြီးများကိုပင် သိမ်းယူသွားမည်ဖြစ်ပြီး ဆမ်ဆာနစ်မင်းဆက်နှင့် အာရေးဗီးယားအင်ပါယာအကြားမှ ကတောက်ကဆ ကိစ္စများကို ဝင်ပါတော့မည်မဟုတ်ဟု ပြောလိုက်လေသည်။
ပထမကိစ္စကို ကြည့်ခြင်းအားဖြင့် ဝမ်ချောင်၏မျက်နှာက ဖြူဖျော့နေပြီးသားဖြစ်သည်။ ဒုတိယကိစ္စကို မြင်ချိန်တွင် သူ၏အသက်ရှုချိန်ကပင် နွမ်းလျသွားသည်။ တတိယကိစ္စ ပြီးချိန်တွင်မူ သူ၏မျက်နှာဟာ စက္ကူအလား ဖြူဖျော့သွားပြီဖြစ်သည်။ ဒီအချိန်ကာလ အတောအတွင်း ထိုမျှကိစ္စပေါင်းများစွာ ဖြစ်သွားခဲ့လိမ့်မည်ဟု မထင်ထားမိချေ။ အာရေးဗီးယားသည် စစ်ပွဲများဖြင့် တည်ထောင်ထားသော အင်ပါယာကြီးဖြစ်ပြီး ဝံပုလွေများ ကျားဖြစ်ပြည့်နေသော တိုင်းပြည်ကြီးဖြစ်သည်။ အာရေးဗီးယားနှင့် ငြိမ်းချမ်းစွာ အတူတည်ရှိလိုသော ဆန္ဒဟာ စိတ်ကူးယဉ်ဆန်သည်။ ဒါဟာ ငါးဖမ်းနိုင်ရန် မျှော်လင့်ချက်ဖြင့် သစ်ပင်တက်နေသလို ဖြစ်သည်။
ပထမကိစ္စကို အာရေးဗီးယားနှင့် ငြိမ်းငြိမ်းချမ်းချမ်း လုပ်နိုင်လျှင် ပြောင်မြောက်သော အခွင့်အရေး ဖြစ်လောက်သော်လည်း ဝမ်ချောင်အတွက်ကမူ ဖြေရှင်း၍ရလောက်သေးသည်။
သို့သော် သန်းခုနှစ်ရာပြန်ပေးသည့် ကိစ္စကမူ ဝမ်ချောင် ခက်ခက်ခဲခဲ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ပြီး အနိုင်ယူထားခဲ့ပြီး ရရှိခဲ့သည့် မြောက်များလှစွာသော ငွေကြေးများနှင့်ယှဉ်လျှင် ဆိုးရွားစွာ ပြင်းထန်လွန်းသည်။ သို့သော် အနာဂတ်တွင်လည်း ရွှေပြန်တောင်း၍ ရနိုင်သေးသည်။ သို့တိုင်အောင် တတိယအခြေအနေအတွက်မူ မဟာထန်သည် စစ်တပ်ကို ရုတ်သိမ်းလိုက်ပြီး ခိုရာစန်းမှ လက်နက်ကြီးများအားလုံးကို ပြန်လည်သိမ်းယူလိုက်ခြင်းအားဖြင့် အာရေးဗီးယားအင်ပါယာနှင့် ဆမ်ဆာနစ်မင်းဆက်အကြား ရန်ပွဲများတွင် မစွက်ဖက်တော့ဟု ပြောလိုက်ခြင်းက ကြီးမားသည့် ထိုးနှက်ချက်ကြီးဖြစ်သည်။ ထိုအခြေအနေက ဝမ်ချောင်နှင့် ထန်စစ်သားများ ခက်ခက်ခဲခဲ ကြိုးစားသမျှ အရာအားလုံးကို အမြစ်မှဆွဲနှုတ်လျှက် သုတ်သင်လိုက်ခြင်းဖြစ်နေသည်။
ဝမ်ချောင်သည် ခိုရာစန်းတွင် အင်အားအများကြီး စိုက်ထုတ်ပြီး အခြေစိုက်စခန်းတစ်ခုကို တည်ထောင်ခဲ့သည်။ ဒီနည်းအားဖြင့် ဗဟိုပြင်ကျယ်သို့ ရောက်လာနိုင်ပြီး အာရေးဗီးယား၏ ခြိမ်းခြောက်မှုကို ဖိနှိပ်လို၍ဖြစ်သည်။ သို့သော် ယခုမူ သူ၏ခြေထောက်အောက်မှ မြေကြီးကိုပင် ဖြတ်တောက်လိုက်၏။ ဝမ်ချောင်၏ ကြိုးစားအားထုတ်မှုများ အားလုံးက အလဟသဖြစ်ပြီး အဓိပ္ပာယ်မဲ့သွားရသည်။
‘အသက်သုံးဆယ်အရွယ်မှာ ငါ့ရဲ့ကြိုးစားအားထုတ်မှုတွေ အားလုံးက ဖုန်သာသာ ဖြစ်နေခဲ့တယ်။ ငါ့ရဲ့ခရီးက လီရှစ်ထောင်အထိ ရောက်သွားနိုင်ပေမဲ့ တိမ်စိုင်တွေနဲ့ လမင်းကပဲ ငါ့ရဲ့အဖော်အဖြစ် ကျန်တော့တယ်’
ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားပြီး တစ်လောကလုံးက လည်ထွက်သွားသလို ခံစားလိုက်ရသည်။
“သတိပေးချက် အထူးအဖြစ်အပျက် အသုံးပြုသူရဲ့ တာဝန်ထဲမှာ ‘ဧကရာဇ်ရဲ့ ရွေးချယ်မှု’ဆိုတဲ့ ကြီးမားပြီး မျှော်လင့်ထားတဲ့ အဖြစ်အပျက်ကြီးတစ်ခု ပေါ်ထွက်လာပြီ။ ဒီတာဝန်က မပြီးမြောက်သေးဘူး။ မဟာထန်နဲ့ အာရေးဗီးယားကြားက စစ်ပွဲကလည်း မပြီးဆုံးသေးဘူး။ အသုံးပြုသူက ကံကြမ္မာစွမ်းအင်အမှတ် ငါးထောင် ဒဏ်ခတ်ခံရမယ်”
ထိုအခိုက်အတန့်တွင် ကံကြမ္မာကျောက်တုံး၏အသံက ထွက်လာသည်။ ထိုအသံက သူ၏ခန္ဓာကိုယ်ကို မိုးကြိုးပစ်လိုက်သလိုမျိုး တုန်ယင်သွားသည်။
ဝှစ်
ဝမ်ချောင်၏မြင်ကွင်းက မည်းမှောင်သွားပြီး သူသည်သွေးအန်လိုက်သည်။
“အရှင်”
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ရွှယ်ချန်ကျွင်း၊ ရွှီခဲ့ယွီ၊ ချန်းစန်းယွမ်၊ ကျန်းချွယ်နှင့် ဝူရှန်းမြင်းတပ် အဖွဲ့ဝင်များအားလုံးက မျက်နှာများ ဖြူဖျော့ကာ အလန့်တကြားဖြစ်သွားကြသည်။ ဝမ်ချောင်အနားသွားပြီး ကူညီပေးကြသည်။ သူတို့အားလုံးက အလွန်ထိတ်လန့်သွားကြသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
“ဘာလို့ဒီလိုဖြစ်သွားတာလဲ။ ငါတို့လုပ်ထားသမျှ အားလုံးက အလဟသ ဖြစ်သွားတာလား”
ဝမ်ချောင်က ထိုသို့ခပ်ကြမ်းကြမ်း အော်ဟစ်ကျုံးဝါးလိုက်ပြီးနောက် အသိစိတ်လွတ်ကာ သတိလစ်သွားလေသည်။
.....
အမှောင်ထု အဆုံးအစမဲ့တဲ့အမှောင်ထု
ဝမ်ချောင်သည် သူ၏ဝိညာဉ်ဟာ အဆုံးအစမဲ့အောင် အေးစက်ပြီး မည်းမှောင်နေသော ဝန်းကျင်တစ်ခုကို ဖြတ်ပြေးနေရသလိုမျိုး ခံစားနေရသည်။ သူ့ကိုဆွဲကိုင်ထားသည့် မည်သည့်အရာမှမရှိသလို မရေမတွက်နိုင်သော အတွေးများကလည်း မျောလွင့်နေသည်။
“အား ငါ့ရဲ့ကလေးကိုပြန်ပေး”
ဝမ်ချောင်ဟာ မီးတောက်ပင်လယ်ကြီးတစ်ခုကို မြင်လိုက်ရသည်။ အတွင်းတွင် အမျိုးသမီးတစ်ယောက်က ကလေး၏အလောင်းကို ဆုပ်ကိုင်ထားရင်း ငိုညဉ်းနေ၏။ သူမ၏ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော အဆောက်အဦးများက ပြိုလဲနေကြပြီး မရေမတွက်နိုင်သော အလောင်းများကလည်း သွေးအိုင်ထဲ မျောနေကြသည်။
“အရှင် ငါတို့ရှုံးသွားပြီ ဗဟိုပြင်ကျယ်က ဖျက်ဆီးခံလိုက်ရပြီ။ ပြန်မယူနိုင်တော့ဘူး”
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်ဟာ တစ်ဝက်ခန့်ပြိုကျနေသော တောင်ထိပ်ပေါ်တွင် မရေမတွက်နိုင်သော လက်အောက်ငယ်သားများက သူ့ကိုဝိုင်းလျှက် ထိုင်နေကြကြောင်း မြင်လိုက်ရသည်။ သူတို့၏နဖူး၊ မျက်လုံး၊ နား၊ နှာခေါင်းများမှ သွေးများစိမ့်ထွက်နေပြီး သံချပ်ကာက စိုရွှဲနေသည်။ သူတို့၏မျက်ဝန်းထဲမှ စိတ်ပျက်အားငယ်မှုများက ဝမ်ချောင်၏ နှလုံးသားအထိ ထိုးစိုက်လာသည်။
မြစ်များ၊ ရေကန်များက ကွဲအက်ကုန်သည်။ မြေပြင်က ပြာဖြစ်သွား၏။ ထိုသို့ဖြင့် သူ၏စိတ်အတွင်း အဆုံးအစမဲ့သော မီးတောက်နှင့် သွေးများက ပြည့်နှက်လာသည်။ အဆုံးအစမဲ့သော နာကျင်မှုနှင့် ခါးသီးသော ဒုက္ခဆင်းရဲများက သူ၏ဝိညာဉ်ကို လွှမ်းမိုးလာ၏။
“အား”
အဆုံးသတ်တွင် တစ်လောကလုံးက ကွဲထွက်ပြီး ပြိုလဲကျသွားသောအခါ ဝမ်ချောင်သည် ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်သည်။ ထိုသို့ဖြင့် ရုတ်တရက် အသိဝင်ကာနိုးထလာ၏။ သူ၏ပတ်ပတ်လည်ရှိ အရာအားလုံးက တိတ်ဆိတ်နေသည်။ တစ်စက္ကန့်က ခေတ်တစ်ခေတ်စာ ကြာညောင်းနေသည့် အချိန်တွင် ဝမ်ချောင်ဟာ တိုးလျသည့် ရေပွက်ထသံကို ကြားလိုက်ရသည်။ တခဏခန့်ကြာပြီးနောက် သူ၏နဖူးက စိုစွတ်မှုကို ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်ဟာ သူ၏နဖူး၊ ပါးနှင့် လည်ပင်းများကို ရေစိုသော တပတ်တစ်ခုဖြင့် သုတ်ပေးနေပုံရသည်။
ထိုလက်မောင်း၏ လှုပ်ရှားမှုများက ညင်သာပြီး အနုစိတ်ကျသည်။
“ဘယ်သူလဲ”
သူ၏စိတ်ထဲတွင် အားလှိုင်းတစ်ခုက ဖြတ်ပြေးသွားသည်။ အချို့သော အကြောင်းပြချက်များကြောင့် ဝမ်ချောင်ဟာ ထိုလက်မောင်းပိုင်ရှင်ကို အလွန်အမင်း ရင်းနှီးသလို ခံစားလိုက်ရသည်။ ဝမ်ချောင်က မျက်လုံးဖွင့်ရန်ကြိုးစားပြီး ထိုလူကိုကြည့်ချင်သည်။ သို့သော် တခဏခန့်ကြာပြီးနောက် သူ၏စိတ်က နာကျင်မှု၊ ကိုက်ခဲမှုများအကြား လွှမ်းမိုးခံရရင်း တဖြည်းဖြည်းချင်း အသိပြန်ဝင်လာသည်။
“နိုးလာပြီလား”
အနည်းငယ်သော ထိတ်လန့်မှုပါဝင်သော်လည်း ညင်သာသိမ်မွေ့သည့် အသံတစ်သံက သူ၏နားအတွင်း ဝင်ရောက်လာသည်။ ဝမ်ချောင်က မျက်လုံးကိုဖွင့်လိုက်သည်။ ထို့နောက် အနည်းငယ် ပြန်မှိတ်လိုက်ရ၏။ သူသည် အလင်းရောင်ကြောင့် မျက်လုံးကျိမ်းသွားသည်။ အလင်းကို ကျင့်သားရချိန်မှသာ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကို မြင်လိုက်ရသည်။
“ချီချင်လား”
ရွှီချီချင်က ခေါင်းအသာညိမ့်ပြီး ပြုံးလိုက်သည်။ သူမ၏မျက်နှာက ဖြူဖျော့နေသလို မျက်လုံးကလည်း နီရဲနေသည်။ သူမသည် အများကြီးပိန်သွားသည်။ ရွှီချီချင်က ဝမ်ချောင်ကိုကြည့်ချိန်တွင် သူ၏မမျက်ဝန်းအတွင်း စိတ်မကောင်းသလို ရင်နာသလို အကြည့်မျိုးက ဖြတ်ပြေးသွားသေးသည်။
“ချီချင် ဒါကဘယ်နေရာလဲ”
ဝမ်ချောင်က လက်ကိုအနောက်ဘက်သို့ထောက်ပြီး ထရန်ကြိုးစားသည်။ သူ၏အသံက ဩရှလျှက် အလွန်အမင်း အားနည်းနေသေးသည်။
“ချီရှီ”
ရွှီချီချင်က ဝမ်ချောင်၏ကျောကို အသာဖိပေးသည်။
“နင်အခု အားနည်းနေသေးတယ်။ အနားယူသင့်သေးတယ်။ လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့ဦး”
“ချီရှီဟုတ်လား”
ဝမ်ချောင်က တောင့်ခဲသွားသည်။ ထို့နောက် တစ်စုံတစ်ရာကို သိလိုက်ပြီး အရာအားလုံးက တိတ်ဆိတ်သွားသည်။ တခဏခန့်ကြာပြီးနောက် သူဟာဆက်မေးသည်။
“ချီချင် ငါသတိလစ်နေတာ ဘယ်လောက်ကြာသွားပြီလဲ”
ရွှီချီချင်၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ တခဏခန့်ကြာပြီးမှသာ သူမကပြောသည်။
“သုံးရက်တောင် ကြာသွားတယ်”
အခန်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ဝမ်ချောင်က ရုပ်ထုတစ်ခုအလား တောင့်ခဲသွား၏။ သူသည်လည်း သုံးရက်ခန့်ကြာအောင် သတိလစ်သွားမည်ဟု မထင်ထားမိချေ။
အရာအားလုံးက တိတ်ဆိတ်နေသဖြင့် အပ်ကျသံကိုပင် မကြားနိုင်လောက်ချေ။ ရွှီချီချင်ကလည်း သူမ၏နှလုံးသားဟာ ကိုက်ခဲနေသလို ခံစားရ၏။ ဝမ်ချောင်၏တိတ်ဆိတ်မှုဟာ သူမကိုပို၍ ရင်နာစေသည်။ သူမသည် အရာအားလုံးကို သိပြီးလေပြီ။ ဝမ်ချောင်ဟာ မည်မျှသော အသက်ပေါင်းများစွာကို စတေးထားခဲ့ရကြောင်း သိနိုင်မှသာ သူ၏ခံစားချက်ကို နားလည်လောက်သည်။
ရက်ပေါင်းများစွာကြာအောင် လပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့ပြီး စတေးထားသမျှ အရာအားလုံးဟာ အလဟသဖြစ်သွားသည်။ ထိုအခိုက်အတန့်တွင် မည်သူကမှ ဝမ်ချောင်ထက်ပို၍ ဝမ်းမနည်းလောက်ချေ။
သို့သော် ထိုအခိုက်အတန့်တွင် ချီချင်ဟာ မည်သည့်စကားမှ မဆိုချေ။ သူမသည်လည်း ဝမ်ချောင်က မည်သူ၏ နှစ်သိမ့်မှုကိုမှ မလိုအပ်ကြောင်း နားလည်သည်။ သူသည် စိတ်အကြည်လင်ဆုံး အတွေးများကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်သည်။
တိတ်ဆိတ်မှုက ထာဝရနီးပါး ကြာပြီးနောက် ဝမ်ချောင်ဟာ သက်ပြင်းရှည်ကြီးကို ချလျှက် အသိပြန်ဝင်သွားသည်။
ဝမ်ချောင်၏ ဖြူဖျော့နေသော မျက်နှာကို မြင်ရသောအခါ ရွှီချီချင်က ဝမ်ချောင်၏မျက်နှာကို သုတ်ပေးရန် ရည်ရွယ်ချက်ဖြင့် သူမ၏လက်ကို သတိလက်လွတ် မြှောက်လိုက်သည်။ သို့သော် ရွှီချီချင်က ထိုလက်ကို ပြန်မရုတ်နိုင်သေးခင် သူမ၏လက်မောင်းပေါ်မှ အေးစိမ့်မှုကို ခံစားရ၏။ လက်တစ်ဖက်က သူမ၏ သွယ်လျသည့် လက်ကောက်ဝတ်ကို ဖြစ်ညှစ်ဆုပ်ကိုင်ထားသည်။
“ချီချင် မင်းပိန်သွားတယ်”
ဝမ်ချောင်ရင်းနှီးကျွမ်းဝင်သော အသံက ရွှီချီချင်အား ရင်ကျိုးမရဖြစ်သလို ခံစားရစေသည်။
“ငါအဆင်ပြေပါတယ်”
သူမသည် အတက်နိုင်ဆုံးကြိုးစားပြီး တည်ငြိမ်အောင် ထိန်းနေရသည်။ မူလကမူ ဝမ်ချောင်ဟာ နိုးလာပြီးပြီးချင်း ခိုရာစန်းကို ဦးစွာစိတ်ပူလိမ့်မည်ဟု ထင်ထားခဲ့သည်။ မမျှော်လင့်ထားစွာပင် ဝမ်ချောင်ဟာ သူမအကြောင်း မေးမြန်းသေးသည်။ ရွှီချီချင်၏ ခန္ဓာကိုယ်အတွင်း နွေးထွေးမှုက ဖျက်ဆီးသွားသည်။ သို့သော် သူမသည် ပို၍သာ ဝမ်းနည်းသွားရသည်။ သူမသည်လည်း ဝမ်ချောင်ယခုလိုမျိုး ပို၍တည်ငြိမ်ပြီး ဂရုမစိုက်ဟန်ပြလေလေ သူဟာပို၍ ခံစားရလေလေဖြစ်ကြောင်း နားလည်သည်။
“ချီချင် မင်းငါ့အကြောင်း စိုးရိမ်စရာမလိုပါဘူး”
ဝမ်ချောင်က သူချစ်ရသောသူကိုကြည့်ပြီး သူ၏လက်ဖဝါးကို ဆန့်ထုတ်လျှက် ရွှီချီချင်၏ ပိန်ကျသွားသောပါးကို အသာထိတွေ့လိုက်သည်။ သူကချီရှီမှ ထွက်ခွာသွားပြီးချိန်ကတည်းက အာရေးဗီးယားနှင့် တိုက်ခိုက်နေသည့် စစ်ပွဲတွင်သာ စိတ်ကိုနစ်မြုပ်ထားခဲ့သည်။ ဒါဟာ အင်ပါယာကြီး တစ်ခုလုံး၏ ကံကြမ္မာကို လောင်းကြေးတင်ထားရသောကြောင့် အာရုံစိုက်ထားရန် လိုအပ်လေသည်။ ယခုမှသာ သူသည် သူ၏အနောက်မှလူကို မည်မျှပင် မေ့ထားခဲ့မိကြောင်း သတိရသွားသည်။
ဝမ်ချောင်၏ အပြုအမူက ရွှီချီချင်ကို အံ့ဩသွားစေသည်။ နောက်ဆုံးတွင် နေမကောင်းသော ရွှီချီချင်၏ပါးက သွေးရောင်ပြန်လွှမ်းလာသည်။ သူမက ခေါင်းကိုငုံ့လိုက်၏။
“ဘာလုပ်နေတာလဲ”
ရုတ်တရက် အခန်းအတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွဲသည့် အသံတစ်သံက ထွက်ပေါ်လာသည်။
အခန်း(၁၂၁၈)
“လူငယ်အမတ်မင်းက သုံးရက်သုံးညတောင် နားပြီးပြီ။ ငါတို့တွေ လမ်းပေါ်ပြန်တက်သင့်နေပြီ”
အပြင်ဘက်မှ ကြမ်းတမ်းသည့်အသံက ထွက်လာသည်။ အလားတူ ဝမ်ချောင်၏အခန်းဘက် အင်အားသုံးကာ လာလိုသံများကိုလည်း ကြားရသည်။
“မင်းရမ်းကားတဲ့အကောင်တွေ အရှင်အမတ်က သတိလစ်နေတာ။ ဒါကိုမင်းတို့အားလုံး သိနေတာပဲ။ ဒါတောင်မှ သူ့ကိုအတင်း နှောက်ယှက်ချင်နေသေးတယ်။ ငါပြောမယ် အရှင်အမတ်ကို ထိုရဲတဲ့ကောင်တိုင်း ငါတို့အလောင်းကို ကျော်သွားမှရလိမ့်မယ်”
အပြင်ဘက်တွင် ဝရုန်းသုန်းကားသံများကိုလည်း ကြားရသည်။ လက်နက်ဆွဲထုတ်သံများကိုလည်း ကြားရ၏။ ပြောရလျှင် အထိခိုက်မခံနိုင်သော စိတ်အခြေအနေမျိုးတွင် ရှိနေသည့် ချန်းပင်းနှင့် ရွှီခဲ့ယွီတို့က လက်နက်များကို ဆွဲထုတ်လိုက်ကြခြင်းဖြစ်သည်။
“ရမ်းကားလိုက်တာ ငါတို့က အင်ပါယာ သံတမန်တွေပဲ။ မင်းတို့က ငါတို့ကိုထိရဲလား”
“လူငယ်အမတ်မင်းက မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်နော်။ မင်းတို့က ပုန်ကန်ချင်တာလား”
အပြင်ဘက်တွင် ဒေါသတကြီးအော်သံများကို ကြားရသည်။ လူတိုင်းက လက်နက်ဆွဲထုတ်ပြီးလောက်လေပြီ။ သူတို့၏အသံများအရ ဝမ်ချောင်သည်လည်း ဒါဟာ ဘာသာရေးရုံးတော်နှင့် သူတို့၏အစောင့်များဖြစ်လောက်ကြောင်း သိလိုက်၏။
“မျိုးမစစ်”
ရွှီခဲ့ယွီနှင့် ချန်းပင်းတို့က ပို၍ပင် ဒေါသထွက်သွားသည်။ သူတို့က တိုက်ခိုက်တော့မည့် အချိန်တွင်
“ရပ်စမ်း”
အခန်းအတွင်းဘက်မှ ဒေါသထွက်နေသော ခပ်တင်းတင်းအသံက ထွက်လာသည်။ အခန်း၏ အပြင်ဘက်တွင် ပွင့်လန်းနေသော မက်မွန်ပင် တစ်ပင်အောက်တွင် ရပ်လျှက် ထိပ်တိုက်ရင်ဆိုင်လုနီးပါး ဖြစ်နေသည့် အဖွဲ့နှစ်ဖွဲ့က တောင့်ခဲပြီး အခန်းဘက်သို့လှည့်ကြည့်လိုက်ကြသည်။
ခလွက်
တံခါးကပွင့်သွားပြီး ဖြူဖျော့သောမျက်နှာနှင့် ဝမ်ချောင်က ထွက်လာသည်။ သူ၏အရှိန်အဝါဟာ အစီအစဉ်မကျ ဖြစ်နေသလို ပုံပန်းသွင်ပြင်ကလည်း အလွန်အမင်း အားနည်းနေပုံပေါ်သည်။ သို့သော် သူ၏လှုပ်ရှားမှုများကမူ တည်ငြိမ်ကာမြင့်မြတ်လျှက် အထက်တန်းဆန်နေသေးသည်။
“အရှင်”
“အရှင့်သား”
ချန်းပင်းနှင့် ရွှီခဲ့ယွီတို့အားလုံးက ဝမ်ချောင်နိုးလာကြောင်း မြင်သောအခါ ပျော်ရွှင်သွားကြသည်။ သူတို့သည် ချက်ချင်းလိုလို လက်နက်များကို ပြန်သိမ်းလိုက်ကြ၏။ ထိုအချိန်တွင် ဘာသာရေးရုံးတော်ဘက်မှ အနီရောင်ဝတ်စုံနှင့် အရာရှိများအပြင် အစောင့်များကပါ လက်နက်များကိုင်လျှက် ကြောင်အစွာ ကျန်ရစ်ကြသည်။ ဦးဆောင်လာသော အရာရှိက အစောင့်များကို တစ်ချက်ကြည့်သည်။ အနောက်ဘက်မှ လူများက လက်နက်များကို ခပ်မြန်မြန် ပြန်ထိုးထည့်လိုက်ကြ၏။
လူတစ်ယောက်၏ ဂုဏ်သတင်းက သစ်ပင်၏အရိပ်နှင့်တူသည်။ ဝမ်ချောင်ဟာ အာရပ်စစ်နတ်ဘုရား ချွီထေပါးကို သတ်ခဲ့သည်ဆိုသော သတင်းက မဟာထန်တစ်ခုလုံးအနှံ့ ပျံ့နှံ့နေနှင့်ပြီးသားဖြစ်သည်။ နှစ်ဖက်လုံးကသာ အမှန်တကယ်တိုက်ခိုက်လျှင် မည်သူကမှ သူ့ကိုမယှဉ်နိုင်ချေ။ ထိုအတွက်ကြောင့်လည်း ဘာသာရေးရုံးတော်မှ လူများက အများကြီး ချုပ်ထိန်းနေကြခြင်းဖြစ်သည်။
ရုတ်တရက် ဦးဆောင်လာသော အရာရှိက မည်သည့်စကားမှ မဆိုနိုင်သေးခင် အစောင့်ခေါင်းဆောင်က စိတ်မရှည်သလိုထွက်လာပြီး ဝမ်ချောင်ကို လက်ညိုးထိုးလျှက်ပြောသည်။
“လူငယ်အမတ်မင်း မင်းရဲ့လက်အောက်ငယ်သားတွေ ဘာလုပ်ခဲ့သလဲကြည့်ဦး...”
သို့သော် သူ၏စကားမဆုံးသေးခင် အင်အားပြင်းထန်သော စွမ်းအားလှိုင်းတစ်ရပ်က သူ၏ခြေထောက်ကို မြေပြင်မှ လွတ်ထွက်စေလျှက် အနောက်ဘက်သို့ ဝုန်းကနဲ ထွက်ကျသွားစေသည်။
ချက်ချင်းဆိုသလိုပင် အစောင့်တိုင်း၏ မျက်နှာက ဖြူဖျော့ပြီး လက်နက်များကိုဆွဲထုတ်လျှက် ဝမ်ချောင်ကို ချိန်ကြသည်။
“ရပ်စမ်း”
ဦးဆောင်သူအရာရှိက ချက်ချင်းလိုလို အော်ဟစ်လျှက် သူ၏လူများကိုပြန်စုသည်။
“မင်းတို့မျိုးမစစ်ကောင်တွေ ငါ့ရဲ့အမိန့်မရှိဘဲ ဘယ်လိုတောင်လုပ်ရဲတာလဲ”
ထိုအရာရှိက အစောင့်ခေါင်းဆောင်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ တိတ်တဆိတ် ကျိန်ဆဲလိုက်၏။
ဒီအရူးကောင်က သူ့ကိုပြောထားတာ အားလုံးမေ့သွားတာလား။
များမကြာမှီကတည်းက ဝမ်ချောင်၏အရှေ့သို့ ရောက်သည်နှင့် စည်းမဲ့ကမ်းမဲ့မလုပ်ရန် သူဟာ သေချာပြောခဲ့ပြီးသားဖြစ်သည်။ သူက သတိလစ်နေသည့် အချိန်တွင် သူ၏လက်အောက်ငယ်သားများကို အနိုင်ကျင့်ခြင်းက ကိစ္စတစ်ရပ်ဖြစ်ပြီး သူဟာယခုလို နိုးနေသည့် အချိန်တွင်မူ မည်သူကမှ မလှုပ်ရှားသင့်ချေ။ လှုပ်ရှားလိုက်လျှင်လည်း သေချင်နေ၍သာ ဖြစ်ပေလိမ့်မည်။
“အရှင့်သား”
ဘာသာရေးရုံးတော်မှ ဦးဆောင်လာသူ အရာရှိက ရှေ့သို့တစ်လှမ်း တက်လိုက်ပြီး နူးညံ့ကာ လေးစားသော လေသံမျိုးနှင့် စပြောသည်။
“ငါတို့က ဘောင်ကျော်တာ မဟုတ်ပါဘူး။ ဒီတိုင်းဒါက အင်ပါယာအမိန့်တော် ဖြစ်နေတယ်။ ငါတို့က ဒီတိုင်း အမိန့်ကိုနာခံရတဲ့ အရာရှိလေးတွေပါ။ ဒါကြောင့် အရှင်အမတ်မင်းကလည်း ငါတို့နဲ့ပူးပေါင်းပြီး နိမ့်ကျတဲ့ ငါတို့နဲ့လိုက်ပြီး ပြဿနာအဖြစ်မခံဖို့ မျှော်လင့်ပါတယ်”
အရာရှိက ခေါင်းကိုငုံ့လိုက်သည်။ သူ၏အမူအရာဟာ လေးစားမှုအပြည့်နှင့်ဖြစ်သည်။ ခိုရာစန်းတွင် ဖြစ်သွားခဲ့သော ကိစ္စများကို တစ်လောကလုံးက သိနေသည်။ ထို့ကြောင့် ဒီလိုအခြေအနေမျိုးတွင် မည်သူကမှ လူငယ်အမတ်မင်းကို ရန်မစရဲချေ။ ရန်စရဲသူတိုင်း၏ ခေါင်းပေါ်သို့ ကပ်ဘေးဟာ ကျရောက်လာနိုင်သည်။
ဝမ်ချောင်ဟာ ဘာစကားမှမဆိုချေ။ ထိုအရာရှိကိုသာ တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။ သူ၏အကြည့်ဟာ စူးရှလွန်းသဖြင့် ထိုအရာရှိ၏ဝိညာဉ်ကိုဖောက်ပြီး လျို့ဝှက်ချက်တိုင်းကို မြင်နိုင်ပုံပေါ်သည်။ ထိုအရာရှိခေါင်းဆောင်၏ ခေါင်းတွင် ချွေးများစိုရွှဲသွားပြီး မျက်နှာကပင် အများကြီး ဖြူဖျော့သွားသည်။ သူသည်လည်း ဝမ်ချောင်ဟာ သူတို့၏လှည့်ကွက်တိုင်းကိုသိနေသလို ခံစားရသည်။
အရာအားလုံးက တိတ်ဆိတ်သွားပြီး လေထုအခြေအနေက ပြင်းထန်လာသည်။ တခဏခန့်ကြာပြီးနောက် သူသည် ဝမ်ချောင်၏အသံကို ကြားလိုက်ရသည်။
“ငါနားလည်တယ်”
ဝမ်ချောင်ဟာ တည်ငြိမ်စွာပြောသည်။ ထို့နောက် အနောက်သို့လှည့်လျှက် အခန်းအတွင်းသို့ ပြန်ဝင်သွား၏။
“ချန်းပင်း၊ ရွှီခဲ့ယွီ စပြီးပြင်ဆင်တော့ ငါတို့သိပ်မကြာခင် မြို့တော်ကိုထွက်ခွာမယ်”
“ဟုတ်ကဲ့”
လူတိုင်းဟာ ဂါရဝပြုလိုက်ကြသည်။ ထိုစကားကိုကြားပြီးပြီးချင်း လူတိုင်းကလည်း စိတ်အေးစွာ သက်ပြင်းချလိုက်ကြသည်။
နာရီပေါင်းများစွာ ကြာပြီးနောက် အရာအားလုံးကို သိမ်းဆည်းပြီးသောအခါ ဝမ်ချောင်ဟာ ရထားလုံးပေါ်သို့ တက်သည်။ သူ၏ဘေးဘက်တွင်မူ အနည်းငယ် ဖြူဖျော့နေသေးသည့် ရွှီချီချင်ပါသည်။ ထို့ပြင် ချန်းပင်းနှင့် ရွှီခဲ့ယွီတို့ကလည်း အတူထိုင်ကြ၏။ ကျန်သောအစောင့်များ အားလုံးကမူ မြင်းပေါ်တွင် အသီးသီးထိုင်ပြီး ရထားလုံးကို တင်းတင်းကြပ်ကြပ် ကိုင်ထားကြသည်။
“ချီချင် မင်းငါ့ရဲ့နောက်ကို လိုက်ဖို့မလိုဘူးဆိုတာကို မင်းလည်းသိပါတယ်။ မင်းရဲ့ခန္ဓာကိုယ် အခြေအနေနဲ့ဆိုရင် နောက်ပြီး မြို့တော်က မငြိမ်းချမ်းနိုင်ဘူး”
ဝမ်ချောင်က ရွှီချီချင်ကိုကြည့်သည်။
ဝမ်ချောင်ကလည်း ရွှီချီချင်ဟာ သူနှင့်အတူ မြို့တော်ကိုလိုက်ရန် အတင်းအကြပ် ပြောလိမ့်မည်ဟု မထင်ထားမိချေ။
“ငါဒီမှာလုံလောက်အောင် နေပြီးပြီ”
ရွှီချီချင်က လိုက်ကာအပြင်ဘက်သို့ တစ်ချက်လှမ်းကြည့်ရင်း ချီရှီကာကွယ်စောင့်ရှောက်ရေး ဌာနချုပ်ကို ကြည့်သည်။ သူမ၏မျက်လုံးထဲရှိ အကြည့်က ရှုပ်ထွေးသွား၏။ ဝမ်ချောင်က တာလာ့တွင် တပ်ဆွဲနေခဲ့ချိန်က သူမသည် ချီရှီတွင်သာ နေခဲ့သည်။ ဒီနေရာမှ တစ်လှမ်းမှပင် မထွက်ခွာခဲ့ချေ။ ယခုမူ အရာအားလုံးဟာ အဆုံးသတ်သွားလေပြီ။
“နောက်ပြီး သူတို့က ချီရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်ကို သိမ်းယူပြီးပြီလေ။ နောက်ပြီး နင်ကလည်း ချီရှီကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် မဟုတ်တော့ဘူးဆိုမှတော့ ငါဒီမှာနေလည်း အလဟသ ဖြစ်နေမှာပဲ။ ဒီတော့ ငါပြန်သွားသင့်ပါတယ်”
ဝမ်ချောင်ဟာ တခဏခန့်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ခေါင်းညိမ့်လိုက်သည်။
“ကျန်းချွယ် သွားရအောင်”
ခလွက်
ကျန်းချွယ်က လေထဲသို့ ကြာပွတ်ကိုမြှောက်ပြီး ရိုက်ချလိုက်ပြီးနောက်တွင် ရထားလုံးဟာ တဖြည်းဖြည်း ရွေ့သည်။ ဘိမ်းများဟာ စလှည့်ပြီးနောက်တွင် ထိုအဖွဲ့သည် အရှေ့တောင်ပိုင်းသို့ ထွက်ခွာလေပြီ။
“အနောက်ကလိုက်”
တစ်ချိန်ထဲလိုလို ဘာသာရေးရုံးတော်မှ အစောင့်များနှင့် ရွှေရောင်အစောင့်များ အားလုံးကလည်း စတင်ကာ လိုက်ပါသွားကြသည်။
.....
ရက်အနည်းငယ် ကြာပြီးနောက်...
“အရှင်အမတ် သံမဏိမြို့တော်က အရှေ့မှာပါ”
ထိုစကားလုံးများက မှော်သက်ရောက်မှုရှိပုံရသည်။ ရထားလုံးများ အပါအဝင် ယာဉ်တန်းတစ်ခုလုံးက ရပ်တန့်သွား၏။ ရထားလုံးအတွင်းမှ ဝမ်ချောင်ဟာ သတိလက်လွတ် လိုက်ကာကိုမြှောက်ပြီး ကြည့်လိုက်မိသည်။ အဝေးတွင် ကြီးမားလွန်းသော မြို့ကြီးရှိသည်။ မြို့တစ်မြို့လုံးကို သံမဏိသားဖြင့် တည်ဆောက်ထားပြီး ချိတ်ထားသော အဆောက်အဦးပုံစံကြီးကို မြင်နေရသည်။ လူများကလည်း ဝင်ချည်ထွက်ချည်ပြုနေကြသည်။ ထိုနေရာဟာ အလွန်စည်ကားပုံပေါ်သည်။
သူသည် ထိုမြို့ကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ပြီး ယခုလိုလူသူရှင်းလင်းသော နေရာမျိုးတွင် လာရောက်တည်ဆောက်ခဲ့သည်။ ဒါဟာ အနောက်ဘက်ခြမ်းအတွက် သူ၏အကြံအစည်များဖြစ်သည်။ ယခုမူ နောက်ဆုံးတွင် ပြန်လာနိုင်လေပြီ။
စစ်သားတစ်ယောက်က အပြေးလာပြီးမေးသည်။
“အရှင် အရှင်တစ်ချက်ဝင်ပြီး ကြည့်ချင်သေးလား”
“မလိုတော့ဘူး”
ဝမ်ချောင်က လိုက်ကာကို ပြန်ချလိုက်သည်။ သူဟာ စိတ်ထဲတွင် သက်ပြင်းချရင်း ယာဉ်တန်းကို ဆက်သွားခိုင်းသည်။
သုံးရက်ခန့်ကြာပြီးနောက် ဝမ်ချောင်တို့၏ အဖွဲ့က လုံရှီသို့ဝင်ရောက်သွားသည်။ နောက်ထပ် ဆယ်ရက်ခန့် ဆက်သွားလျှင် မြို့တော်သို့ ရောက်ပေလိမ့်မည်။
“သတင်းပို့”
သူတို့က လုံရှီသို့ဝင်ရောက်ပြီး သိပ်မကြာခင် မြင်းသမားတစ်ယောက်က ရထားလုံးအနားသို့ စီးလာသည်။ အနောက်ဘက်တွင် ဖုန်အလုံးလိုက်က ကျန်ရစ်၏။
“အရှင် အရှေ့ဘက်မှာ လမ်းကိုပိတ်ထားတဲ့ စစ်သည်တစ်ဖွဲ့ရှိပါတယ်။ သူတို့က ကျွန်တော်တို့ကို စောင့်နေသလိုပဲ”
“ဘယ်သူလဲ”
ရွှီချီချင်က အံ့အားတကြီးမေးသည်။ သူမက မျက်မှောင်ကျုံ့သွားသည်။
မဟာထန်နှင့် အာရေးဗီးယားသည် ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ထိုးပြီးကြောင်း တစ်လောကလုံးကသိသည်။
ထို့ကြောင့် ထန်စစ်တပ်ဟာ ခိုရာစန်းမှ ရုတ်သိမ်းလာခဲ့ပြီး ဝမ်ချောင်ဟာ မြို့တော်သို့ ပြန်နေကြောင်းကိုလည်း သိနေကြ၏။ ထို့ကြောင့် ရွှီချီချင်အနေဖြင့် ယခုလိုအခြေအနေမျိုးတွင် ဝမ်ချောင်ကို တားသောသူ ရှိလိမ့်မည်ဟု မထင်ထားမိချေ။
“ကျွန်တော်မသိပါဘူး သူတို့က ဘာသံချပ်ကာမှ မဝတ်ထားကြဘူး”
စစ်သည်တော်က ရိုးသားစွာပြန်ဖြေသည်။ ရွှီချီချင်ကမူ စိတ်ရှုပ်ထွေးသွား၏။ ရထားလုံး ပတ်ပတ်လည်တွင် ရှိနေသော ချန်းပင်းနှင့် ရွှီခဲ့ယွီတု့ိက ရှေ့သို့ရန်လိုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
“ချီချင် ခဏလောက်စောင့်ဦး”
ထိုအခိုက်အတန့်တွင် လူတိုင်း၏နားအတွင်း တည်ငြိမ်သော အသံကိုသာ ကြားလိုက်ရသည်။ မျက်လုံးမှိတ်ပြီး တိတ်တဆိတ်ထိုင်နေသော ဝမ်ချောင်ကမူ မတ်တပ်ထရပ်လိုက်ပြီး ရထားလုံးထဲမှ ထွက်သွားပြီဖြစ်သည်။
“မင်းတို့ရဲ့လက်နက်တွေ အားလုံးကိုသိမ်းလိုက်။ သူတို့က ရန်လိုချင်တာမဟုတ်ဘူး။ မိတ်ဆွေဟောင်းပါ”
ဝမ်ချောင်ဟာ ပေါ့ပါးစွာပြောလိုက်သည်။ သူသည် ထိုလူများကို မျှော်လင့်ထားပြီးပုံရသည်။
လမ်းဟာတိတ်ဆိတ်နေသည်။ လေပြင်းက ဖြတ်တိုက်သွားသောအခါ ဖုန်များက နေ့အလင်းရောင်ကို ဖျော့တော့အားနည်းစွာနှင့် ပိတ်ကာလိုသည်။
ဝမ်ချောင်၏အဝတ်က လေကြောင့်အနည်းငယ် လွင့်နေသည်။ သူသည် ရထားလုံးထဲမှ တဖြည်းဖြည်းချင်း ဆင်းသက်လျှက် ရှေ့သို့တစ်လှမ်းချင်းစီ လျှောက်သွားသည်။ သူ၏ခြေလှမ်းများဟာ ယုံကြည်မှုအပြည့်ပါသလို အလျင်လည်းမလိုချေ။ သူသည် မိတ်ဆွေဟောင်းတစ်ယောက်နှင့် တွေ့ရန်သွားနေသလိုသာဖြစ်သည်။
ကျန်းချွယ်က ရွှီခဲ့ယွီတို့ကို လှည့်ကြည့်သည်။ ထို့နောက် မသက်မသာဖြစ်သလို ပြော၏။
“ချန်းပင်း ရွှီခဲ့ယွီ အရှင်က အခြေအနေ သိပ်ကောင်းတာမဟုတ်ဘူး။ သူ့ကိုလိုက်ပြီး မကာကွယ်ပေးသင့်ဘူးလား”
ရွှီခဲ့ယွီက တခဏခန့် တွေးတောပြီးနောက် ပြောလိုက်သည်။
“မလိုဘူး”
“ကျန်းချွယ် ငါလည်းမင်းလို စိုးရိမ်တာပဲ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါအမြဲတမ်း အရှင့်ကိုယုံကြည်တယ်။ အရှင့်ရဲ့ ဆုံးဖြတ်မှုကိုလည်း ယုံကြည်တယ်။ အရှင်ကသာ သူတို့က မတိုက်ခိုက်ဘူးလို့ သေချာနေရင် အဲ့ဒီလိုပဲဖြစ်လိမ့်မယ်”
တခဏခန့်ကြာအောင် အံ့ဩနေပြီးနောက် ကျန်းချွယ်ကလည်း တိတ်ဆိတ်သွားသည်။
ဝမ်ချောင်၏ ခြေလှမ်းများက လမ်းအနှံ့ ပဲ့တင်ထပ်နေသည်။ သူသည် ရှည်လျားသောလမ်းကို တဖြည်းဖြည်းချင်းစီ လျှောက်ပြီး တစ်ချက်ကွေ့လိုက်ရုံနှင့် နောက်ဆုံးတွင် ကင်းထောက်ကပြောသော စစ်သည်တော်များကို တွေ့လိုက်ရပြီဖြစ်သည်။ ထိုနေရာတွင် လူဆယ်ယောက်ခန့်သာရှိ၏။ အားလုံးဟာ ရိုးရှင်းသောဝတ်စုံများကိုသာ ဝတ်ထားကြပြီး မည်သို့ပင်ကြည့်ကြည့် စစ်သည်တော်များနှင့်ပင် မတူချေ။ သူတို့သည် လက်ထဲမှ ပုဆိန်များနှင့် ဖြောင့်မတ်မှန်ကန်စွာ ရပ်နေသော ကိုယ်ဟန်အနေအထား၊ ကြာရှည်သောတိုက်ပွဲများကို ကျော်ဖြတ်ခဲ့ပြီးသောကြောင့် အသားမာတက်နေသော လက်များနှင့် သူတို့၏ ပြုမူပုံများကြောင့်သာ သူတို့သည် သံသယဝင်ရန် မလိုအောင် စစ်သားများဖြစ်ကြောင်း သိသာနေခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လက်ရွေးစင်များပင် ဖြစ်နိုင်သည်။
ထိုလူများအားလုံးက အလယ်တွင်ရပ်နေသော သက်လတ်ပိုင်းလူကို စောင့်ကြပ်ကာကွယ် ပေးနေကြပုံရသည်။ ထိုလူသည် မီးခိုးရောင်ဝတ်စုံကို ဝတ်ထားသည်။
ထိုလူဟာ ဝတ်ရုံရှည်တစ်ခုကိုပဲ ဝတ်ထားသေးပြီး ဝမ်ချောင်ဟာ ကျောပေးထား၏။ သူသည် ပျော်ပျော်နေတတ်ပုံရပြီး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပြုမူတတ်ပုံလည်းရသည်။ သူ၏ဘေးဘက်တွင် စတုရန်းပုံစားပွဲလေးတစ်ခုကို ချထားပြီး အဆင့်အတန်းမြင့်လောက်မည့် ဖြူဖွေးရှည်လျားသော လည်တိုင်နှင့် ကြွေပုလင်းလေးကိုလည်း တွေ့ရသည်။ ထို့ပြင် ဖြူဖွေးနေသော ကြွေခွက်နှစ်ခွက်ကိုလည်း ဘေးတစ်ဖက်တစ်ချက်စီတွင် ချထားသည်။ သတ်လတ်ပိုင်းလူက ပုလင်းကိုမြှောက်ပြီး ခွက်ထဲသို့ဖြည့်သည်။ ထို့နောက် တစ်ငုံသောက်၏။
သူ၏ပြုမူပုံများကလည်း ကျော့ရှင်းကြည့်ကောင်းသည်။ ယုံကြည်မှုအပြည့်လည်းရှိပြီး မြင့်မြတ်သော လေထုကိုပင် ထုတ်လွှတ်ထား၏။ ထိုအခြေအနေအရ ဝမ်ချောင်ဟာ တစ်ဖက်သူသည် ဓားသွေးနေသော ဓားသခင်တစ်ယောက်ဟု ခံစားရစေသည်။ ထိုသူတွင် အလွန်ပင် လေးစားဖွယ်ကောင်းသည့် အရှိန်အဝါရှိသည်။ ဝမ်ချောင်က ထိုကဲ့သို့သောလူမျိုး အနည်းငယ်ကိုသာ တွေ့ဖူးသေးသည်။
“အရှင်ဝမ်”
နွေးထွေးပြီး တိုးလျသည့်အသံက လမ်းကိုပဲ့တင်လျှက် ထွက်လာသည်။ နောက်ဆုံးတွင် ခြေလှမ်းသံများကြောင့် သတ်လတ်ပိုင်းလူက လှည့်ကြည့်လာပြီဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ဟာ ထိုအမျိုးသား၏ ချောမောသောမျက်နှာကို မြင်လိုက်ရပြီဖြစ်သည်။ သူ၏မေးစေ့မှ ရှည်လျားသော မုတ်ဆိတ်ကလည်း အောက်သို့ဆင်းကျနေ၏။ ရုပ်ရည်ချင်းယှဉ်သော် ထိုလူသည် ချောမောသော စစ်နတ်ဘုရား ကောင်းရှန်းကျစ်ထက် မနိမ့်သလို သူ၏ပြုမူပုံများက တစ်ဖက်သူထက်ပင် မြင့်မြတ်သေးသည်။
ပို၍အရေးကြီးသည်မှာ ထိုလူသည် နှာတံမြင့်မြင့်နှင့် နက်ရှိုင်းသော မျက်လုံးများကို ပိုင်ဆိုင်ထားလေရာ ဟူလက္ခဏာကိုပြသသည်။ သူသည် အရှိန်အဝါများကို အတက်နိုင်ဆုံး ထိန်းချုပ်ထားပုံရသော်လည်း ဝမ်ချောင်၏ မျက်လုံးထဲတွင်မူ သူ၏ သမုဒ္ဒရာလို ကျယ်ပြောသောစွမ်းအင်များကိုမူ ဖုံးကွယ်ရန်ခက်ခဲသည်။
ဝမ်ချောင်ဟာ ထိုကဲ့သို့သောလူမျိုးနှင့် မတွေ့ဖူးချေ။ သို့သော် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။
ခဲ့ရှု့ဟန်
လုံရှီတွင် ထိုရုပ်ရည်နှင့် ထိုအရှိန်အဝါကို ပိုင်ဆိုင်သောလူဟာ မဟာထယ်ကြီး၏ မဟာဗိုလ်ချုပ်ကြီး ခဲ့ရှု့ဟန်တစ်ယောက်တည်းသာရှိသည်။
အခန်း(၁၂၁၉)
“ဗိုလ်ချုပ်ခဲ့ရှု့”
ဝမ်ချောင်၏ ခြေလှမ်းများသည် အနည်းငယ်မြန်သွားသော်လည်း ယုံကြည်မှုအပြည့်နှင့် လျှောက်လှမ်းသွားခြင်း ဖြစ်နေသည်။
ချီရှီနှင့် လုံရှီမှ အကျော်ကြားဆုံးသော မဟာဗိုလ်ချုပ်ကြီး နှစ်ယောက်က နောက်ဆုံးတွင် ဆုံကြလေပြီ။
ဝမ်ချောင်သည်လည်း မဟာထယ်ကြီး၏ မဟာဗိုလ်ချုပ်ကြီးအကြောင်း မရေမတွက်နိုင်အောင် ကြားဖူးသည်။ သူသည် ခဲ့ရှု့ဟန်နှင့် ပထမဦးဆုံးအကြိမ် စတွေ့မည့် အခိုက်အတန့်ကိုပင် စိတ်ကူးယဉ်ခဲ့ဖူး၏။ သို့သော် ယခုလိုမျိုး ဖြစ်နေလိမ့်မည်ဟု မတွေးထားဖူးချေ။
ဝမ်ချောင်ကိုမြင်သောအခါ ခဲ့ရှု့ဟန်က လွတ်လပ်ပေါ့ပါးစွာပြုံးပြီး စားပွဲ၏ အခြားတစ်ဖက်ခြမ်းနေရာကို ညွှန်ပြသည်။
“အရှင်ဝမ် ထိုင်ပါ ငါမင်းကိုစောင့်နေတာ ရက်အနည်းငယ်တောင် ကြာသွားပြီ”
မဟာထယ်ကြီးမှ စစ်သည်တော်တစ်ယောက်က အလျှင်အမြန် ရှေ့တက်လာလျှက် စားပွဲ၏ အခြားတစ်ဖက်ခြမ်း အရှေ့တည့်တည့်တွင် ထိုင်ခုံလေးတစ်လုံးကို ချပေးသည်။ တခဏကြာအောင် တွေးတောပြီးနောက် ဝမ်ချောင်က ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး ခဲ့ရှု့ဟန်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်အရှင်”
ဝမ်ချောင်က မမောက်လာလွန်းသလို နှိမ့်ချမှုလည်းမပါသည့် ဟန်အမူအရာမျိုးဖြင့်သာ တုန့်ပြန်လိုက်သည်။ သူ၏အမူအရာဟာ လွတ်လပ်ပေါ့ပါးပြီး သဘာဝကျသည်။ ဒီတစ်ကြိမ်သည် သူတို့၏ ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုဖြစ်နေသော်လည်း ချုပ်ထိန်းမှုများ မရှိသလို မရင်းနှီးသော အပြုအမူများလည်း မပါဝင်ပါချေ။ အနှစ်ချုပ်ဆိုရသော် သူတို့သည် မိတ်ဆွေဟောင်းများအလား ပြုမူနေကြသည်။
“အရှင်ဝမ် ငါအားလုံးကိုသိပြီးပြီ။ ဒါကြောင့် ငါမင်းကိုဒီနေရာကနေ လိုက်ပို့တာ”
ခဲ့ရှု့ဟန်က သူ၏အရှေ့မှ လူငယ်ကိုကြည့်လိုက်ပြီး လိုရင်းကိုတိုက်ရိုက်ပြောသည်။ သူသည် အခြားသောသူများနှင့် ဂုဏ်အဆင့်အတန်းများကို ထုတ်သုံးခဲသည်။ သူ၏အရှေ့မှ သူ့ထက်ငယ်နေသော လူငယ်အတွက်ဆိုလျှင် ပို၍ဆိုးသေးသည်။ သူနှင့်ဝမ်ချောင်သည် ကကောက်တဆ ဖြစ်ခဲ့ဖူးသည်။ သို့သော် ခဲ့ရှု့ဟန်က ထိုစကားလုံးများကို သူ၏နှလုံးသား အနက်ရှိုင်းဆုံးအပိုင်းမှ လာသော စိတ်ရင်းဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
အရှင်ဟု ထည့်ခေါ်ပေးခြင်းကတင် ခဲ့ရှု့ဟန်၏ နှလုံးသားအတွင်းရှိ ဝမ်ချောင်၏ အဆင့်အတန်းကို ဖော်ပြရာရောက်သည်။
“အရှင်က ယဉ်ကျေးလွန်းနေပြန်ပါပြီ”
ဝမ်ချောင်က တည်ငြိမ်စွာသာ ပြန်ဖြေသည်။
“ခဲ့ရှု့က နောက်ထပ်တစ်ခွက် ကမ်းလှမ်းခဲတယ်။ ဒါပေမဲ့ အရှင်ဝမ် ငါမင်းကိုတော့ ဒီတစ်ခွက် ကမ်းလှမ်းမယ်”
ခဲ့ရှု့ဟန်က သူ၏ဝိုင်ခွက်ကိုမြှောက်ရင်း ဝမ်ချောင်ကို လေးစားစွာကြည့်လျှက် ပြောလိုက်သည်။
တခဏကြာအောင် တိတ်ဆိတ်ပြီးနောက် ဝမ်ချောင်ကိုယ်တိုင်ကလည်း စားပွဲပေါ်မှ နောက်ထပ် ခွက်တစ်ခွက်ကို ကောက်ကိုင်လိုက်ပြီး ခဲ့ရှု့ဟန်၏ခွက်နှင့် တိုက်လိုက်သည်။ ထို့နောက် ဝိုင်ကိုသောက်၏။
“တစ်လောကလုံးကလူတိုင်း အနောက်ပိုင်းမှာ ဗိုလ်ချုပ်လုပ်ဆောင်ခဲ့တဲ့ အရာတွေအားလုံးကို သိခဲ့ပြီးပါပြီ။ ဒါကြောင့် ဒီလိုမျိုးနွယ်ခြားကို ချဲ့ထွင်တဲ့ ဖြစ်လာမဲ့ နောက်ထပ်ရလဒ်က ဘယ်လိုဖြစ်သွားဖြစ်သွား ဗိုလ်ချုပ်က မဟာထန်ရဲ့ ဂုဏ်အဆင့်အတန်းကို မြှင့်တင်ပေးခဲ့ပြီး လူတိုင်းရဲ့ နှလုံးသားကို အနိုင်သိမ်းပိုက်ပြီးပါပြီ။ ဗိုလ်ချုပ်ဝမ် ဒါကြောင့် ဗိုလ်ချုပ်က ဒီခဲ့ရှု့ တစ်ဘဝလုံး လုပ်ချင်ခဲ့တဲ့အရာကို လုပ်ပေးနိုင်ခဲ့ပြီးပြီ။ ဒါကြောင့် နောက်ထပ်တစ်ခွက် ထပ်ပြီးကမ်းလှမ်းပါရစေ”
ခဲ့ရှု့ဟန်က သူ၏ခွက်ကိုပြန်ဖြည့်သလို ဝမ်ချောင်၏ခွက်ကိုလည်း ပြန်ဖြည့်ပေးသည်။ ထို့နောက် သူ၏ခွက်ကို ထပ်မြှောက်လိုက်ပြန်သည်။
လမ်းပေါ်မှ ယခုမြင်ကွင်းက နောက်ပိုင်းတွင် တစ်လောကလုံးအနှံ့ ပျံ့နှံ့သွားခဲ့သော လူတိုင်းဟာလည်း မှင်သက်ကြရလောက်သည်။
ထိုနှစ်ယောက်သည် မဟာထန်၏ မဟာဗိုလ်ချုပ်ကြီးနှစ်ယောက်ဖြစ်သလို တစ်ယောက်သည် နာမည်ကျော် အများသိ လေးစားခံရသူတစ်ယောက်ဖြစ်သလို အခြားတစ်ယောက်သည် မြင့်တက်လာကာစ ကြယ်စင်ဖြစ်သည်။ သူတို့၏ နှစ်ယောက်ထိပ်တိုက်တွေ့ဆုံမှုကတင် တစ်လောကလုံးကို မှင်သက်စေရန် လုံလောက်နေနှင့်ပြီးသားဖြစ်သည်။ ထို့အပြင် ပို၍ဝါကြီးပြီး လေးစားခံရသော ခဲ့ရှု့ဟန်က ဝမ်ချောင်အတွက် ဝိုင်များဆက်တိုက် ငှဲ့ပေးနေသည်။ ထိုအခြေအနေကတင် အစီအစဉ်မကျဖြစ်သော နှစ်ယောက်ကြားမှ ဆက်ဆံရေးကို သိသောလူတိုင်းအား မှင်သက်လျှက် အံ့အားသင့်သွားစေလောက်သည်။
ချွင်
အဖြူရောင် ကြွေခွက်လေးနှစ်ခွက်က အချင်းချင်း ထပ်တိုက်သွားပြန်သည်။ ဝမ်ချောင်နှင့် ခဲ့ရှု့ဟန်တို့က ခွက်အကုန်သောက်လိုက်ကြပြန်သည်။
“အရှင်ကငါ့ကို ချီးမြှောက်နေတာပဲ”
ခွက်ကိုတဖန် ကုန်အောင်သောက်လိုက်ပြီးနောက် ဝမ်ချောင်ဟာ ခွက်ကိုပြန်ချလိုက်ပြီး စကားစပြောသည်။
“ဝမ်ချောင်ကလည်း ဘာတိုးတက်မှု ကြီးကြီးမားမားမှ မလုပ်နိုင်ခဲ့ဘူးလို့ ယုံကြည်ထားတုန်းပါပဲ။ ငါကဒီတိုင်း စစ်သည်တော်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ရုံပဲ။ ဒါက ဝမ်ချောင်တစ်ယောက်တည်း အားစိုက်ထုတ်ထားတဲ့ ရလဒ်မဟုတ်သလို မဟာထန်ကြီး တစ်ခုလုံးရဲ့ အားစိုက်ထုတ်မှုဖြစ်နေတယ်။ ဒါကြောင့် ဒီအကြောင်းကို ထည့်ပြောတာက ဝမ်ချောင်က နတ်သိုင်းစစ်တပ်က စစ်သည်သုံးထောင်ကို ငှားရမ်းပေးခဲ့တဲ့အတွက် မဟာဗိုလ်ချုပ်ကြီးကို ကျေးဇူးတင်ရပါဦးမယ်။ အရှင့်ရဲ့အကူအညီ အခြားဗိုလ်ချုပ်ကြီးတွေရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် ဒီဝမ်ချောင်အနေနဲ့ ဒီစစ်ပွဲမှာ အနိုင်ဆက်တိုက်ရအောင်လုပ်ဖို့ အရမ်းကို ခက်ခဲမှာပါ”
ဝမ်ချောင်က တည်ငြိမ်စွာသာပြောသည်။ သူ၏ဟန်အမူအရာဟာ ဖြောင့်မတ်သည်။ သူ၏မျက်လုံးထဲတွင်လည်း မောက်မာထောင်လွှားမှုများကို မမြင်ရပါချေ။ သို့သော် ယုံကြည်မှုနှင့် တည်ငြိမ်မှုကမူ ရှိနေသေးသည်။
ခဲ့ရှု့ဟန်က ဝမ်ချောင်ကိုမော့ကြည့်သည်။ သူ၏မျက်လုံးများက ရေအလား တည်ငြိမ်သည်။ ထို့နောက် သူဟာ သက်ပြင်းချ၏။
“ဗိုလ်ချုပ်ဝမ် ခဲ့ရှု့ဟန်က အရင်ကမင်းကို မှားယွင်းပြီး နားလည်မှု လွဲမှားခဲ့ဖူးတယ်။ မဟာထန်နဲ့ သူ့ရဲ့ပြည်သူတွေမှာ မင်းလိုလူကို ပိုင်ဆိုင်ထားတာ အရမ်းကို ကံကောင်းခြင်းပါပဲ။ ငါဒီတစ်ခွက်သောက်ပြီး ငါ့ကိုယ်ငါ အပြစ်ပေးလိုက်မယ်”
ခဲ့ရှု့ဟန်က သူ၏ခွက်ကိုယူပြီး ခပ်မြန်မြန်ထည့်လျှက် ခပ်မြန်မြန် ကုန်အောင်သောက်သည်။ သူ၏မျက်နှာ အမူအရာကမူ ရှုပ်ထွေးနေသေးသည်။
ခဲ့ရှု့ဟန်သည် ဝမ်ချောင်အား ထိုသို့မဆက်ဆံဖူးချေ။ ယခင်တစ်ခေါက် မတော်တဆမှုတွင် ခဲ့ရှု့ဟန်သည် အခြားသော ဗိုလ်ချုပ်ကြီးများနှင့်ပင် ပူးပေါင်းပြီး သူတော်စင်ဧကရာဇ်ထံ စာလာတင်ပို့၍ ဝမ်ချောင်အား ကွပ်မျက်ခိုင်းခဲ့သေး၏။ ဝမ်ချောင်က ဝူရှန်းတွင် ကိုယ်ပိုင် အပိုင်စားနယ်မြေကို တည်ထောင်ခဲ့သောအခါ ခဲ့ရှု့ဟန်က ရန်လိုမှုအပြည့် ရှိနေခဲ့သည်။ သို့သော် ယခုအခါ ခဲ့ရှု့ဟန်သည် သူ၏အလျင်လိုမှုများ အထင်သေးမှုများ ပျောက်ကွယ်သွားကြောင်း ဝန်ခံရပေမည်။ သူ၏အရှေ့မှ ထိုလူငယ်သည် မဟာထန်အား အမှန်တကယ် ပြောင်းလဲအောင် လုပ်ပေးနိုင်သည့် စွမ်းအားမျိုး အမှန်တကယ် ရှိနေသည်။ သူသည် သူပထမဦးဆုံး စတင်ပုံဖော်ခဲ့ချိန်ကကဲ့သို့ မောက်မာပြီး အလိုလိုက်ခံထားရသည့် ကောင်စုတ်လေး မဟုတ်ပါချေ။
“အား ဝမ်ချောင် မင်းက ဆယ်နှစ်လောက် စောမွေးလာလျှင် ငါတို့ဒီလို နားလည်မှုလွဲမှားတာမျိုး ရှိလာမှာမဟုတ်ဘူး။ နောက်ပြီး ငါတို့အတူပေါင်းပြီး မဟာထန်ကို ရင်ဆိုင်ချီတက်လာမဲ့ ယွီစန်းကိုတောင် တိုက်ခိုက်နိုင်ဦးမှာ။ ဒီလိုဆိုရင် အရာအားလုံးက ပိုပြီးဖြစ်လာနိုင်လိမ့်မယ်”
ခဲ့ရှု့ဟန်က လေးလံသော သက်ပြင်းကိုချသည်။ သန်မာသောမြက်ကို ဖြတ်တိုက်သည့် မုန်တိုင်းက ထိုမြက်၏ ခံနိုင်အားကို စမ်းသပ်စစ်ဆေးနေသလို ရွှေအစစ်ဟုတ်မဟုတ် သိရန်အတွက် မီးတောက်ကို သုံးရန်လည်းလိုအပ်သည်။ လူတစ်ယောက်၏ အစစ်အမှန် အကျင့်စရိုက်ကို သိရန်အတွက် စမ်းသပ်မှုပေါင်း များစွာကို ကျော်ဖြတ်ခိုင်းရသည်။
“ဒါပေမဲ့ငါတို့... ရှုံးသွားတုန်းပဲ”
ဝမ်ချောင်ကပြောသည်။ ထို့နောက် အရာအားလုံးဟာ တိတ်ဆိတ်သွားလေသည်။
ဝမ်ချောင်ဟာ ထိုသု့ိပြောလိုက်သော်လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသော လူမှသာ သူ၏ဆိုလိုရင်းကို နားလည်သည်။ ထိုအခိုက်အတန့်တွင် မဟာထယ်ကြီးစစ်တပ်မှ စစ်သားများ အားလုံးကလည်း ဝမ်းနည်းသွားကြ၏။ ကြမ်းတမ်းသော တိုက်ပွဲတွင် မရေမတွက်နိုင်သော အသက်များ ဆုံးရှုံးခဲ့ရသည်။ ထိုသို့ဆုံးရှုံးပြီး တဖန်ပြန်လည် ရှင်သန်ပြီးနောက် သေဆုံးမှုကို ပြန်ကြုံရဦးမည်ဖြစ်သည်။ အောင်မြင်ပြီးသွားသည့် အခိုက်အတန့်တွင် သူ၏ကြိုးစားအားထုတ်မှုများ အားလုံးက အလဟသ ဖြစ်သွားရ၏။ ထိုမျှဝမ်းနည်းဖွယ်ကောင်းသော တိုက်ပွဲတွင် ဝင်ပါခဲ့ဖူးသော မည်သည့်စစ်သည်မဆို ဝမ်ချောင်၏အခြေအနေအောက်တွင် အလွန်ခံစားရလောက်သည်။
ခဲ့ရှု့ဟန်ကပင် အများကြီး နွမ်းနယ်သွားပုံပေါ်သည်။
“ဗိုလ်ချုပ်ဝမ် မင်းကိုယ့်ကိုယ်ကို အပြစ်တင်ဖို့ မလိုပါဘူး။ မှန်တယ်မှားတယ်ဆိုတာက ရှုပ်ထွေးတဲ့ကိစ္စပဲ။ လောကက လူတွေမှာ ကိုယ်ပိုင်ထင်မြင်ချက် ချပိုင်ခွင့်ရှိတယ်။ ဒီစစ်ပွဲရဲ့ အဆုံးစွန်ရလဒ်က ဘယ်လိုပြောင်းပြောင်း လူတိုင်းက ဗိုလ်ချုပ်လုပ်ခဲ့သမျှ အရာအားလုံးကိုနားလည်မယ်လို့ ငါသေချာတယ်”
ခဲ့ရှု့ဟန်က တင်းမာစွာပြောသည်။
ထိုစကားလုံးများက ပုံမှန်မဟုတ်သော အလေးချိန်များပါသည်။ ခဲ့ရှု့ဟန်သည် မဟာထန်၏ လူတိုင်းကို ကိုယ်စားပြုပြီး ဝမ်ချောင်အား ထိုစကားလုံးများကို ပြောလိုက်သည်မှာ ရှင်းလင်းလွန်းနေသည်။
“ကျေးဇူးအများကြီးတင်ပါတယ် ဗိုလ်ချုပ် ဝမ်ချောင်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆုံးရှုံးမှုတွေက အရေးမပါပါဘူး။ ဗိုလ်ချုပ်ရဲ့ စကားလုံးတွေနဲ့သာဆိုရင် တာလာ့မှာ အသက်စတေးသွားရတဲ့ စစ်သည်တော်တွေရဲ့ အသက်က အလဟသ မဖြစ်တော့ဘူးပေါ့။ သူတို့ရဲ့ကိုယ်စား ကျေးဇူးအများကြီး တင်မိပါတယ်”
ဝမ်ချောင်က လေးလံစွာသက်ပြင်းချရင်း ဝိုင်ပုလင်းကို မြှောက်လိုက်သည်။ ထို့နောက် သူ၏ခွက်ကိုဖြည့်သည်။ ခဲ့ရှု့ဟန်နှင့် ခွက်ချင်းတိုက်ပြန်သည်။
“အမှန်တိုင်းပြောရရင် ခိုရာစန်းကကိစ္စက ဗိုလ်ချုပ်နဲ့တင် ပတ်သတ်တာမဟုတ်ဘူး။ မဟာထန်မှ ရှိသမှ အခြားဗိုလ်ချုပ်တွေ စစ်သားတွေအားလုံးနဲ့ ပတ်သတ်သွားတာ။ ဗိုလ်ချုပ်က မသိလောက်သေးပါဘူး။ ဒါပေမဲ့ မဟာထန်က ကပ်ဘေးတွေအများကြီးရဲ့ အဝိုင်းခံထားရတာ။ လုံရှီ၊ ပေ့ထင်၊ ရို့ကျိုး... ဒီနေရာတွေ အားလုံးက သိပ်မကြာခင် ခိုရာစန်းရဲ့နောက်ကို လိုက်ရလောက်တယ်”
ခဲ့ရှု့ဟန်က သက်ပြင်းချသည်။
ဝုန်း
ဝမ်ချောင်၏နှလုံးသားက တုန်ယင်သွားသည်။ သူဟာခေါင်းကိုမော့ပြီး စိုက်ကြည့်မိသွားသည်။
“မဟာဗိုလ်ချုပ်က ဘာကိုဆိုလိုတာလဲ”
“ဗိုလ်ချုပ်ဝမ် ဗိုလ်ချုပ် သတိမထားမိလောက်ဘူး။ ဒါပေမဲ့ မနေ့က အင်ပါယာခုံရုံးက စောင့်ကြည့်စစ်ဆေးသူတွေ မဟာထယ်ကြီးမြို့ကို ရောက်လာကြတယ်။ နောက်ပြီး အယောက်တစ်ရာပါ တပ်ဖွဲ့ကို အုပ်ချုပ်တဲ့ ဗိုလ်ချုပ်ကြီးကနေ ဗိုလ်ချုပ်အဆင့်အထိ သူတို့အားလုံးက စစ်တပ်ကို စောင့်ကြည့်စုံစမ်း စစ်ဆေးသူရဲ့ စောင့်ကြည့်မှုအောက်ကို ရောက်နေတာ။ ဒါကြောင့် အမိန့်တိုင်း... ငါ့ဆီက ချလိုက်တဲ့ အမိန့်တွေကိုတောင် သူတို့က စစ်ဆေးပြီးမှ သာမာန်စစ်သားတွေဆီ ရောက်သွားနိုင်မှာ။ နောက်ပြီး မဟာထယ်ကြီးမြို့အတွင်းက လက်ရှိစစ်သည်အင်အား ငါးဆယ်ရာခိုင်နှုန်းလောက်ကို လျော့ချရမယ်လို့ ငါသတင်းရထားတယ်။ ငါက အတိုက်အခံ ငြင်းဆန်ပေမဲ့လည်း နှစ်လအတွင်း နောက်ထပ် သုံးဆယ်ရာခိုင်နှုန်းကိုတော့ လျော့ချရမယ်လို့ အမိန့်ရလာတယ်”
ခဲ့ရှု့ဟန်က ခါးသီးစွာပြောသည်။
“ဘာ”
ဝမ်ချောင်၏ မျက်လုံးထဲတွင် နက်ရှိုင်းလွန်းသည့် အံ့အားသင့်မှုက ပေါ်ထွက်လာသည်။ မဟာထယ်ကြီးမြို့သည် စစ်သည် အရေအတွက်ကို မှီခိုခဲ့သည်မဟုတ်ချေ။ သို့သော် အမြဲတစေ အရည်အသွေးကိုသာ မှီခိုထားခဲ့သည်။ ခဲ့ရှု့ဟန်သည် ထိုစံချိန်စံနှုန်းကို လေးစားစွာ လက်ကိုင်ဆွဲပြီး အမှန်တကယ် ကျင့်သုံးသူတစ်ယောက်ဖြစ်သည်။ လုံရှီတွင် မြောက်များလွန်းသော နေထိုင်သူ လူဦးရေရှိသည်။ လုံရှီ၏ အရွယ်အစားကလည်း ကြီးသည်။ သို့တိုင်အောင် ခဲ့ရှု့ဟန်သည် စစ်သည်အင်အား နှစ်သောင်းတည်းကိုသာ ယူဆောင်ထားသည်။ ထိုနှစ်သောင်းထဲနှင့် ယွီစန်းအင်ပါယာကြီး တစ်ခုလုံးကို ဆယ်စုနှစ်ပေါင်းများစွာကြာအောင် စောင့်ကြပ်လာခဲ့သည်။ ခဲ့ရှု့ဟန်သည် တစ်ကြိမ်သော်မျှ မရှုံးဖူးသေးချေ။
မဟာထယ်ကြီးစစ်တပ်သည် စစ်သည်တော် အမြဲတစေ လိုအပ်နေခဲ့သည်။ သို့တိုင်အောင် နောက်ထပ် သုံးဆယ်ရာခိုင်နှုန်းကို ထပ်မံ လျော့ချရဦးမည်ဆိုလျှင် ထိုမျှနည်းပါးလွန်းသော ပမာဏနှင့် မြောက်များလွန်းသော တိဗက်မြင်းတပ်အင်အားကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ဒါဟာ ကိုယ့်အုတ်ဂူကိုယ် တူးသည်နှင့် မခြားတော့ချေ။
“အဲ့ဒါတင်မကသေးဘူး အင်ပါယာခုံရုံးက ယွီစန်းအင်ပါယာနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမဲ့သတင်းကိုလည်း ငါရထားတယ်။ ရုံးတော်ခြောက်ခုလုံးက မဟာထယ်ကြီးမြို့ကနေ ယွီစန်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာမျိုး တားမြစ်တယ်ဆိုတဲ့ မှတ်တမ်းလွှာကိုတောင် ချပေးလာလိမ့်မယ်။ နောက်ပြီး အပိုရှင်းပြချက်တွေလည်း ပါမှာမဟုတ်ဘူး။ ဒါကြောင့် သူတို့ဘက်က တိုက်ခိုက်လာရင်တောင် အင်ပါယာခုံရုံးနဲ့ စစ်တပ်စောင့်ကြည့် စစ်ဆေးသူတွေက အလုံးအရင်းတိုက်ပွဲတွေကို အသိအမှတ်ပြုပေးမှ ပြန်လည်တိုက်ခိုက်နိုင်ဦးမှာ”
ခဲ့ရှု့ဟန်၏ စကားလုံးများက ဝမ်ချောင်၏စိတ်ထဲသို့ ခဲတစ်လုံး ပစ်ချလိုက်သည်နှင့်တူသည်။ အားလှိုင်းပေါင်း များစွာထအောင် မွှေနှောက်လိုက်သေးသည်။ သူသည်လည်း ခဲ့ရှု့ဟန်၏ အဆင့်အတန်းတွင်ရှိသော လူတစ်ယောက်အနေဖြင့် ထိုမျှသော အရှုပ်အထွေးမျိုးဖြင့် ရှင်းလင်းခံရလိမ့်မည်ဟု မထင်ထားချေ။
“ဗိုလ်ချုပ်ဝမ် လောကက ပြောင်းသွားပြီ။ ဒါက ငါတစ်ယောက်တည်းနဲ့ ပတ်သတ်တဲ့ကိစ္စ မဟုတ်တော့ဘူး။ နောက်ပြီး ဒါဟာ သေးငယ်တဲ့ အကျိုးဆက်လေးလို့လည်း ထင်ရပေမဲ့လည်း အစပဲလို့ ခံစားနေရတယ်။ မဟာထန်က ဒုက္ခတွေအများကြီးကို ကြုံတွေ့ရင်ဆိုင်ရမဲ့ ကာလထဲကို ဝင်ရောက်နေပြီလို့တောင် ငါစိုးရိမ်နေမိတယ်”
ခဲ့ရှု့ဟန်က ဝမ်ချောင်ကို စိုက်ကြည့်ပြီး သက်ပြင်းချပြန်သည်။
“ခိုရာစန်းရဲ့ကိစ္စက မဟာထယ်ကြီးမြို့က ကိစ္စက ချွင်းချက်တွေ မဟုတ်ဘူးနော်။ အရှေ့ပိုင်းနဲ့အနောက်ပိုင်း တူရကီ၊ ဂိုဂူလျော၊ နမ်ကျောင်း... အင်ပါယာခုံရုံးက ဒီတိုင်းပြည်တွေကိုလည်း အလားတူ စာချုပ်တွေ ချုပ်ဆိုဖို့ ပြင်ဆင်နေကြတယ်။ ဒါကြောင့်မင်းနဲ့ငါတင်မဟုတ်ဘဲ နယ်စပ်မှာ တာဝန်ယူ စောင့်ကြပ်နေတဲ့ အခြားဗိုလ်ချုပ်တိုင်းနဲ့ စစ်သားတိုင်းက အင်ပါယာခုံရုံးကြောင့် အန္တရာယ်ကျနေပြီ”
“ဒါပေမဲ့ ဒါက ငါအစိုးရိမ်ဆုံးအခြေအနေ မဟုတ်သေးဘူး။ ငါအစိုးရိမ်ဆုံးက မဟာထန်ပဲ။ ရှေးခေတ်တွေကတည်းက လေးစားဖွယ်ကောင်းလွန်းတဲ့ စစ်အင်အားမရှိဘဲ ဘယ်မင်းဆက် ဘယ်အင်ပါယာကများ ကိုယ်ပိုင်တသီးတသန့် ရပ်တည်နိုင်ခဲ့လို့လဲ။ မဟာထန်က ကိုယ့်ခြေထောက်ကို ချိုးနေတာ”
ဝမ်ချောင်က ခဲ့ရှု့ဟန်ကို တင်းမာစွာ စိုက်ကြည့်လိုက်သည်။ သူသည်လည်း ဒီလောက်နည်းပါးသော အချိန်ကာလအတွင်း ထိုမျှကြီးမားသော ကိစ္စကြီး ဖြစ်သွားလိမ့်မည်ဟု မထင်ထားမိချေ။
“ဒါက စတင်လာတော့မဲ့ မုန်တိုင်းလက္ခဏာပဲ”
ထိုစကားတစ်ခွန်းတည်းနှင့်တင် ခဲ့ရှု့ဟန်သည် ကပ်ဘေး၏ သဘာဝကို ဖော်ပြလိုက်သည်။
“ဗိုလ်ချုပ် ငါပဲဖြစ်ဖြစ် ကောင်းရှန်းကျစ်ပဲဖြစ်ဖြစ် အရှင်ဝမ်ကျုံးစစ်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အကျဉ်းချခံထားရတဲ့ ဖုမာန်လင်းချာပဲဖြစ်ဖြစ် ထန်သမိုင်းရဲ့ တောက်ပလွန်းတဲ့ခေတ်ကို တည်ဆောက်ဖို့ ကြိုးစားကူညီခဲ့တဲ့ ဗိုလ်ချုပ်အားလုံးက အသက်လေးဆယ်ထဲ ဝင်နေကြပြီ။ အချို့ဆိုရင် အသက်ငါးဆယ်နားနီးနေပြီ။ ဒါကြောင့် အခုအချိန်မှာ မဟာထန်ရဲ့ မဟာဗိုလ်ချုပ်ကြီးတွေ အားလုံးထဲမှာ မင်းကပဲ အသက်နှစ်ဆယ်နား ရောက်နေတာ။ ဒါကြောင့် ဒီမုန်တိုင်းက ဘယ်လောက် ကြာရှည်မလဲဆိုတာကို ငါမသိသလို ဘယ်လောက်အတိုင်းအတာအထိ သက်ရောက်လာမလဲ။ ဒါမှမဟုတ် လူတွေ ဘယ်လောက်ကများ တောင့်ထားနိုင်မလဲဆိုတာကို ငါမသိဘူး။ ဒါကြောင့် ဘာတွေပဲဖြစ်လာဖြစ်လာ မင်းကတော့ နောက်မတွန့်သွားဖို့ မျှော်လင့်တယ်။ မင်းကပဲ မဟာထန်ရဲ့ မျှော်လင့်ချက်ပါ”
ခဲ့ရှု့ဟန်က ထိုစကားလုံးများကို ရှင်းလင်းပြတ်သားသော အသံထွက်နှင့် တည်ငြိမ်စွာပြောလာသည်။ ထိုထဲတွင် သူ၏မျှော်လင့်ချက်များ၊ ရည်မှန်းချက်များလည်း ပါသည်။
အင်ပါယာကြီးသည် မြောက်များလှစွာသော မြစ်အခွဲများ စီးဝင်နေသည့် ရေကန်ကျယ်ကြီးနှင့်တူသည်။ အပေါ်ယံတွင် လှုပ်ခတ်မှုများစွာ ရှိနေခဲ့သော်လည်း နှစ်ပေါင်းများစွာကြာအောင် တည်ရှိနေခဲ့၏။ အင်ပါယာကြီးက အောင်မြင်ကျော်ကြားမှုများကို လိုချင်လျှင် သူ၏တောက်ပမှု၊ ယဉ်ကျေးမှု အမွေအနှစ်များကို ဖြန့်ဝေပေးချင်လျှင် သို့မဟုတ် ယခင်ထက်ပို၍ စည်ပင်ဝပြော သာယာလိုလျှင် မီးတောက် အနည်းငယ်ကိုတော့ဖြင့် လိုအပ်သည်။ သူကဲ့သို့ သာမာန် မဟာဗိုလ်ချုပ်ကြီး တစ်ယောက်လောက်က ထိုသို့မလုပ်နိုင်ချေ။ သို့သော် လေးစားဖွယ်ကောင်းသော အင်အား မတွန့်မဆုတ်ဘဲ ဇွဲလုံ့လအပြည့်နှင့် လုပ်ဆောင်နိုင်စွမ်းအား ထက်မြတ်မှုအပြည့် ပိုင်ဆိုင်ထားသော တစ်စုံတစ်ယောက်က လုပ်နိုင်သေးသည်။ ထိုကဲ့သို့ လုပ်နိုင်ပြီး မဟာထန်ကြီးတစ်ခုလုံးကို ရင်ဆိုင်ပြီး အရာအားလုံးကို ကြိုးကိုင်လျှက် လောက၏ မီးတောက်ကို တောက်လောင်အောင် လုပ်ပေးနိုင်သူဆိုလျှင် တစ်ယောက်တည်းသာရှိသည်။
အတိတ်တွင် ခဲ့ရှု့ဟန်ကမူ ထိုကဲ့သို့သော မီးတောက်မျိုးက မတည်ရှိလောက်ဟု တွေးမိလောက်သည်။ အကြောင်းမူကား မည်သည့် သာမာန်လူကမျှ ထိုသို့မလုပ်နိုင်လောက်သောကြောင့် ဖြစ်သည်။ သူကိုယ်တိုင်ပင် မလုပ်နိုင်သေးသလို ကောင်းရှန်းကျစ်ကလည်း ကောင်းကင်ဘုံ ပါရမီမျိုးကို ပိုင်ဆိုင်သူဟု သတ်မှတ်ခံရလင့်ကစား ထိုသို့မလုပ်နိုင်သေးချေ။ အကြောင်းမူကား ထိုအဆင့်ကိုကျော်ရန် မဖြစ်နိုင်လောက်သောကြောင့်ဖြစ်သည်။
ထိုအတွေးက နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သည်။ သို့သော် ဝမ်ချောင်နှင့် တွေ့သည့်အချိန်တွင်မူ ပြောင်းလဲသွားရသည်။
အခန်း(၁၂၂၀)
မဟာထန်၏ စစ်စည်းမျဉ်းအရ ဗိုလ်ချုပ်များသည် အမိန့်မရှိဘဲ သူတို့၏စခန်းမှ ထွက်ခွာခွင့် မရှိတော့ချေ။ မဟာထယ်ကြီး၏ မဟာဗိုလ်ချုပ်ကြီး ခဲ့ရှု့ဟန်ကဲ့သို့ လူမျိုးကပင် ထိုကဲ့သို့ ပြစ်မှုကို ကျူးလွန်လိုက်မိလျှင် ပြင်းထန်စွာ အပြစ်ပေးခံရပေလိမ့်မည်။ ထို့ကြောင့် ယခုလိုအရာရှိလမ်းကိုထွက်ပြီး ဝမ်ချောင်ကို ကြိုဆိုခြင်းကတင် ကြီးမားစွာ ရင်းနှီးထားခြင်းဖြစ်နေသည်။ ထိုအတွက်ကြောင့်လည်း သူသည် ဝမ်ချောင်ကို လာရောက်ကြိုဆိုသည့်အခါ အရပ်သားဝတ်စုံကိုသာ ဝတ်လျှက် လိုက်ပါပို့ဆောင်ရခြင်းဖြစ်သည်။
ခဲ့ရှု့ဟန်သည် ဝမ်ချောင်ကို သူဘယ်သောအခါကမှ မကြည့်ဖူးသည့် မျှော်လင့်ချက်အပြည့်နှင့် ကြည့်လိုက်သည်။
ဟူး..
လေပြင်းက ခဲ့ရှု့ဟန်နှင့် ဝမ်ချောင်အကြား ဖြတ်တိုက်ပြီး သူတို့၏အဝတ်များကို လွင့်သွားစေသည်။ နှစ်ယောက်လုံးက တစ်ယောက်မျက်လုံး တစ်ယောက် စိုက်ကြည့်ပြီး အရာအားလုံးကို တိတ်ဆိတ်နေစေသည်။ ဝမ်ချောင်သည်လည်း ခဲ့ရှု့ဟန်က သူ့အား ထိုမျှအထိမြင့်မားစွာ ထင်မြင်သုံးသပ်လိမ့်မည်ဟု မတွေးဖူးပါချေ။
သူသည် ယခုမြင်နေရသည့် စူးရှပြီး တောက်ပသည့် မျက်ဝန်းထဲသို့ စိုက်ကြည့်လိုက်သော် သူ၏စိတ်အတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာဟာ ဖြတ်ပြေးသွားပြီဖြစ်သည်။ ဝမ်ချောင်က ပါးစပ်ဟလိုက်သည်။ သူ၏အသံက လတ်ဆတ်သောလေကို သယ်ဆောင်လျှက် ခဲ့ရှု့ဟန်ထံ တိုးတိုက်သွားသည်။
“မည်းမှောင်နေတဲ့ တိမ်စိုင်တွေက ကောင်းကင်ကို ထာဝရ မအုပ်ထားနိုင်ပါဘူး။ ပြင်းထန်လွန်းတဲ့ နှင်းမုန်တိုင်းတောင် အချိန်တစ်ခုကြာတဲ့အခါ ပျက်ပျယ်သွားရသေးတာပဲ။ မဟာဗိုလ်ချုပ် အင်ပါယာခုံရုံးက ကိစ္စတွေကို ငါမသိသလို ဒါတွေအားလုံး ဘာကြောင့်ဖြစ်လာမှန်းလည်း ငါမသိဘူး။ ဒါပေမဲ့ ငါသိတာကတော့ မုန်တိုင်းဘယ်လောက်ကြီးကြီး တစ်ရက်မှာတော့ ငါတို့ရဲ့ခေါင်းပေါ်ကို နေရောင် ပြန်ကျလာဦးမှာပါ”
“မဟာဗိုလ်ချုပ်ကြီး ဘယ်လိုမျှော်လင့်ထားသလဲတော့ မသိပေမဲ့ မဟာဗိုလ်ချုပ်ကြီးက စိတ်ကူးယဉ် မျှော်မှန်းထားသလိုမျိုး ငါလည်းမျှော်မှန်းမိပါတယ်။ ဒီလိုပဲ အလားတူ အားလုံးကလည်း မျှော်လင့်ကြမှာပဲ။ ဒါကြောင့် အဲ့ဒီနေ့ရက်က ရောက်လာမယ်ဆိုရင်တောင် အနာဂတ်က သိပ်မဝေးနိုင်တော့ပါဘူး”
ထိုအခိုက်အတန့်မှ ဝမ်ချောင်သည် လုံခြုံသော ကျောင်းဆောင်တစ်ခုအတွင်း အချိန်အတန်ကြာ အလှပြထားခဲ့သည့် ဓားအိမ်ထဲမှ ဓားတစ်လက်အလား နောက်ဆုံးတွင် သူ၏ထက်ရှသော အသွားကို ထုတ်ပြလိုက်သလို ဖြစ်သွားသည်။ ထိုအခိုက်အတန့်မှ မျက်စိကြိမ်းမတက် တောက်ပမှုက နေရောင်ကိုပင် ကျော်နိုင်သည်။
ဖြတ်တိုက်လာသော လေပြင်းများအကြားမှ ခဲ့ရှု့ဟန်သည် ဝမ်ချောင်၏ မျက်ဝန်းထဲမှ မျက်စိကြိမ်းမတက် တောက်ပသော အလင်းကို မှင်သက်စွာ စိုက်ကြည့်လိုက်မိသည်။ ထိုနေရာပတ်ပတ်လည်တွင် ခဲ့ရှု့ဟန်ကို ကာကွယ်ရန် ရပ်နေကြသော မဟာထယ်ကြီးစစ်တပ်မှ စစ်သားတိုင်းကလည်း ထိုအခိုက်အတန့်မှ ထုတ်ပြလိုက်သည့် ဝမ်ချောင်၏ ကျုံးဝါးရဲသော အရှိန်အဝါနှင့် စိတ်ဝိညာဉ်ကြောင့် မှင်သက်ကြောင်အသွားကာ တုန်လှုပ်သွားရ၏။
ဝမ်ချောင်သည် မြင့်မားလွန်းသော သိုင်းပညာကို ပိုင်ဆိုင်ထားသလို မရှုံးဖူးသော အနိုင်ပွဲများ ဆက်တိုက် သိမ်းပိုက်ထားနိုင်သည်။ စစ်အနုပညာတွင်လည်း မှင်သက်ဖွယ်ကောင်းလောက်အောင် ဖမ်းဆုပ်ထားနိုင်ပြီး သူ့ကိုကျော်သူမရှိကြောင်း လောကအနှံ့ ကျော်ကြားနေသေး၏။ သို့သော် ထိုအခိုက်အတန့်တွင်မူ သူ၏ခေါင်းမာသောစိတ်ဓာတ်၊ စစ်သွေးကြွလွန်းသော စိတ်ဝိညာဉ်နှင့် ဖျက်ဆီးရန် ခက်ခဲလွန်းသော ပြတ်သားမှုများက သူ၏ကျော်ကြားလွန်းသော လုပ်ဆောင်မှုများထက်ပင် တောက်ပသွားသေးသည်။
“ဟား ဟား ဟား ကောင်းတယ်”
ခဲ့ရှု့ဟန်က ရုတ်တရက် ထရယ်သည်။
“ဗိုလ်ချုပ်ဝမ် ငါမင်းကိုမှားယွင်းပြီး ဆုံးဖြတ်ချက် ချခဲ့မိတာမဟုတ်ဘူးပဲ။ မင်းရဲ့ ဒီစကားလုံးတွေနဲ့တင် ငါ့မှာ နောင်တမရှိတော့ဘူး။ မဟာထန် ဗဟိုပြင်ကျယ်နဲ့ ပြည်သူတွေအားလုံးက မင်းကိုပိုင်ဆိုင်ရတာ ကံကောင်းတာပါပဲ။ ဒီခဲ့ရှု့ဟန်ကလည်း တစ်ဘဝလုံး မင်းရဲ့စကားလုံးတွေကို မှတ်သားထားမှာပါ။ ဒါကြောင့် ဗိုလ်ချုပ်ဝမ်အနေနဲ့ ဒီစကားလုံးတွေကို မမေ့သွားဖို့ မျှော်လင့်တယ်။ မင်းမြို့တော်ကို သွားတဲ့အခါ ဘယ်လိုအခြေအနေမျိုးကို ရင်ဆိုင်ရစေကာမူ လက်မလျော့ဖို့ မျှော်လင့်တယ်။ ဗိုလ်ချုပ်ဝမ်က ဒီနေ့ ဒီနေရာမှာ ပြောခဲ့တဲ့ စကားလုံးတွေကို မှတ်မိရုံနဲ့တင် ခဲ့ရှု့ဟန်နဲ့ စစ်တပ်ထဲက အခြားဗိုလ်ချုပ်တိုင်းက ဗိုလ်ချုပ်ကိုထောက်ပံ့ဖို့ အသင့်ရှိနေမယ်ဆိုတာကို သိစေချင်ပါတယ်”
ချွင်
ဖန်ခွက်နှစ်လုံးက လေထဲတွင် တဖန်ပြန်လည် တွန်းတိုက်သွားပြန်သည်။ ဝိုင်များကပင် ဖိတ်စင်ကျလာ၏။
နောက်ဆုံးသောဝိုင်ခွက်ကို သောက်ပြီးနောက် ခဲ့ရှု့ဟန်က သူ၏လက်ရွေးစင် ဆယ်ယောက်နှင့်အတူ သဘောတကျရယ်မောရင်း ထွက်သွားသည်။ သူရောက်လာချိန်က စိတ်ဓာတ်ကျပြီး နွမ်းလျကာ သူ၏နှလုံးသားအတွင်း ပူပန်မှုများ ပြည့်နေခဲ့ရသည်။ သို့သော် ယခုမူ သူသည် လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်သွားသည်။
“မဟာဗိုလ်ချုပ် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ”
ဝမ်ချောင်က ခဲ့ရှု့ဟန်၏ ကျောကို တစ်ချက်ကြည့်သည်။ မြင်းစီးသွားသောကြောင့် ကျန်ရစ်ခဲ့သည့် ဖုန်လုံးများကိုလည်း စိုက်ကြည့်၏။ နောက်ဆုံးတွင် အချိန်အတန်ကြာအောင် စိုက်ကြည့်ပြီးမှသာ သူ၏ရထားလုံးထံ ပြန်သွားသည်။
“ဝမ်ချောင် အခုက ဒါက... ”
ရထားလုံးထဲမှ ရွှီချီချင်က ဝမ်ချောင်ကို စိုးရိမ်တကြီးနှင့် တစ်ချက်ကြည့်သည်။
“မိတ်ဆွေဟောင်းတစ်ယောက်ပါ သူထွက်သွားပြီ”
ထိုသို့ပြောပြီးနောက် ဝမ်ချောင်က မျက်လုံးကိုမှိတ်ပြီး တိတ်သွားပြန်သည်။
“ဟိုက်ရား”
ကြာပွတ်၏ရိုက်သံ ထွက်လာသောအခါ ရထားလုံးဟာ ရှေ့သို့တဖန်ထွက်ခွာပြီဖြစ်သည်။ ထိုအဖွဲ့ဟာလည်း မြို့တော်ထံသွားသည့်လမ်းပေါ် ပြန်ရောက်သွား၏။
သူတို့၏အဖွဲ့သည် မြို့တော်သို့သွားသော ပိုးသားလမ်းတောက်လျှောက် ခရီးနှင်လာခဲ့ချိန်တွင် မည်သည့် အနှောက်အယှက်ကိုမျှ မတွေ့ရပါချေ။ ဆယ်ရက်ကျော်ခန့်ကြာပြီး မတ်စောက်လွန်းသော တောင်တန်း နယ်မြေကို ကျော်ဖြတ်ပြီး နောက်ဆုံးတွင် လုံရှီ၏ပိုင်နက်နယ်မြေမှ ထွက်ခွာလျှက် မဟာထယ်ကြီး၏ တောက်ပစည်ကားလွန်းသော မြို့တော်ကြီးထံ ရောက်ရှိလာပြီဖြစ်သည်။
ဘုန်း
ဝမ်ချောင်၏ ရထားလုံးက မြို့တော်သို့ ရောက်သွားသောအခါ အနောက်ဘက်ဂိတ်တွင် လူပင်လယ်ကြီးက ပြည့်နေပြီဖြစ်သည်။ မရေမတွက်နိုင်သော လူပေါင်းများစွာက သူ၏ရောက်ရှိလာသည့် သတင်းကို ကြားပြီးပြီးချင်း အနောက်ဘက်ဂိတ်သို့ အပြေးအလွှား လာကြသည်။
“သူလာပြီ သူလာပြီ”
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် လာနေပြီ မြန်မြန်လေး ထွက်ကြည့်ကြ”
“ဝမ်ချောင် ဝမ်ချောင် ဝမ်ချောင်”
ရထားလုံးများက မချဉ်းကပ်လာသေးခင်ကတည်းက အဝေးမှ မိုးခြိမ်းမတက် ကျယ်လောင်လွန်းသော အားပေးသံများကို ကြားနေရပြီဖြစ်သည်။ ပြည်သူသောင်းပေါင်းများစွာက ထိုနေရာတွင် စုဝေးနေကြသည်။ သူတို့၏ မျက်နှာအမူအရာက ပျော်ရွှင်တောက်ပမှုအပြည့် ရှိနေပြီး စိတ်လှုပ်ရှားစွာဖြင့် ဝမ်ချောင်၏ ရထားလုံးထံ အပြေးလာနေကြသည်။
“သူပြန်လာပြီ လူငယ်အမတ်မင်းက နောက်ဆုံးတော့ ပြန်လာပြီ။ အားလုံးပဲ မြန်မြန်သွားကြည့်ရအောင်”
လူတိုင်းဟာ စိတ်အားထက်သန်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် တွန်းတိုက်ရင်း ရထားလုံးထံ အပြေးလာကြသည်။
“အရှင် ငါတို့ရောက်ပါပြီ”
ရထားလုံး၏ အပြင်ဘက်မှ အသံတစ်သံထွက်လာသည်။ သို့သော် ရထားလုံးထဲမှ မည်သည့်အသံမှ ထွက်မလာချေ။ အပြင်ဘက်မှ စည်ကားမှုများနှင့်ယှဉ်သော် အတွင်းပိုင်းက ဆန့်ကျင်ဘက်ဖြစ်သည်။
ဝမ်ချောင်၏မျက်လုံးဟာ ပိတ်ထားသည်။ သူ၏ကျောက ရထားလုံးကို မှီထားလျှက်သားဖြစ်သည်။ ထွက်ခွာရန်ပင် မလိုအပ်ပါလေဘဲ အပြင်ဘက်မှ လာနေသည့် မိုးခြိမ်းမတက် ကျယ်လောင်သော အားပေးသံများအရ အပြင်တွင် လူပေါင်းများစွာ ရှိနေလောက်ကြောင်း သူသိနိုင်သည်။
သို့သော် ဝမ်ချောင်ကမူ ဒီလိုအခြေအနေမျိုးကြောင့် ပျော်ရွှင်မှုကို မခံစားရချေ။ လူတိုင်းဟာလည်း သူသည် ခိုရာစန်းမှ အနိုင်နှင့်ပြန်လာကြောင်း သိသည်။ သို့သော် သူ၏ရာထူးတိုးမှုဟာ ဟန်ပြသာဖြစ်ပြီး အမှန်တကယ် ရာထူးချခံရင်း ပြန်လာရကြောင်း မည်သူကမှ မသိလောက်ချေ။ ထိုပြည်သူများကလည်း အင်ပါယာခုံရုံးမှ ကိစ္စများကို မသိသလို မှတ်တမ်းလွှာများတွင် ရေးသားထားသည့် မူဝါဒရေးရာ မှတ်တမ်းများကိုလည်း မသိလောက်ချေ။ လောကကြီးဟာ ပြောင်းလဲနေကြောင်းကိုပင် မသိလောက်ပါချေ။
“ဟင်း”
ဝမ်ချောင်က သက်ပြင်းရှည်ကြီးကိုချပြီး ဝမ်းနည်းသွားသည်။
“မိုးတိတ်သွားတာနဲ့ ကောင်းကင်က ကြည်လင်သွားမှာပါ။ ခုံရုံးကအမတ်တွေ နင့်ရဲ့စိတ်ရင်းကို နားလည်သွားတဲ့ တစ်ရက်တော့ ရောက်လာဦးမှာပါပဲ။ အဲ့ဒီနေ့ရက်က သိပ်မဝေးတော့ဘူးလို့ ငါယုံတယ်”
အဖြူရောင်ဝတ်စုံကိုဝတ်ပြီး ဘေးဘက်တွင်ထိုင်နေသည့် ရွှီချီချင်က ဝမ်ချောင်ကိုကြည့်ပြီး ခပ်တိုးတိုး နှစ်သိမ့်ပေးသည်။ သူမသည် ဝမ်ချောင်၏ ဝမ်းနည်းနေသော မျက်နှာကိုမြင်သောအခါ အလိုလို ဝမ်းနည်းလာမိသည်။
ဝမ်ချောင်ကလည်း ခေါင်းအသာညိမ့်သည်။
လူပင်လယ်ကြီးက ဝမ်ချောင်၏ရထားလုံးထံ တိုးတိုက်၍လာသည်။ သို့သော် သူတို့သည် အင်ပါယာခုံရုံးက ဖန်တီးထားသော မြို့ရိုးကိုမူ မဖြတ်နိုင်ကြချေ။
“ဘေးဖယ်ကြစမ်း မင်းတို့အားလုံး ဘေးမှာရပ်နေကြ”
“အားလုံးပဲနောက်ဆုတ်ကြ”
“ငါ့ရဲ့အမိန့်ကိုထုတ်စမ်း အမိန့်ကိုဖီဆန်ပြီး ဒီလူတန်းကို ကျော်ဖြတ်လာတဲ့လူတိုင်းကို မြို့စောင့်တပ်က ဖမ်းပြီးအကျဉ်းချမယ်”
လူအုပ်၏ရှေ့တန်းမှ ဘာသာရေးရာရုံးတော် အရာရှိများ၊ ဘဏ္ဍာရေးရုံးတော်မှ အရာရှိများ၊ အမှုထမ်းရေးရာ ရုံးတော်မှ အရာရှိများ၊ မြို့အစောင့်များနှင့် တရားရုံးတော်မှ အရာရှိများအားလုံးက စစ်သည်ထောင်ပေါင်းများစွာ ပါဝင်သည့် စစ်တပ်ကို အမိန့်ပေးဦးဆောင်ရင်း ကျော်ဖြတ်လာသည်။ သူတို့အားလုံးက ကြောက်ရွံ့လေးစားဖွယ်ကောင်းသော အရှိန်အဝါအပြည့်နှင့်ဖြစ်သည်။ သူတို့အတွက် ထိုသာမာန်ရထားလုံးက သူတို့ဘက်ခြမ်းမှ ဆူးတစ်ချောင်းဖြစ်သည်။
သူတို့သည်လည်း ဘုရင်ချီထံမှတစ်ဆင့် ဝမ်ချောင်အား ပြန်လာသောအချိန်တွင် သာမာန်လူများနှင့် ဝေးဝေးနေရန် အမိန့်ရထားပြီးသားဖြစ်သည်။ ဘုရင်ချီသည် ဝမ်ချောင်၏ မြို့တော်အတွင်းမှ ကျော်ကြားမှုကို လျော့ချလိုသည်။ ဒီနည်းအားဖြင့် သူဟာ ပြန်ရောက်လာသောအခါ ထိုလူများ၏စိတ်အတွင်း သူ၏အဆင့်အတန်း ကျော်ကြားမှုများအားလုံးကို မမြင့်တက်စေလိုပေ။ ဝမ်ကလန်သည် လုံလောက်အောင် ကျော်ကြားနေပြီးလေပြီ။ ထို့ကြောင့် နောက်ထပ် မြို့စားကျို့တစ်ယောက်ကို မဖန်တီးသင့်တော့ချေ။
“ခေါင်းကိုက်ချင်စရာပဲ ငါတို့က ဘုရင်ချီရဲ့အမိန့်ကို ပုန်ကန်လို့လည်းမရဘူး။ ငါတို့က မြို့ထဲက သာမာန်သူတွေအားလုံးကို ဖမ်းရမယ်ဆိုရင်တောင်မှ ဝမ်ကလန်ကိုတော့ သွားပြီးပိတ်လို့ မရဘူးလေ”
ရထားလုံးက တဖြည်းဖြည်း နီးကပ်လာသောမြင်ကွင်းကို ကြည့်နေရင်း ဦးဆောင်လာသော ဘာသာရေးရုံးတော်မှ အရာရှိက မျက်နှာပျက်သွားသည်။
ဝမ်ချောင်က အနောက်ပိုင်းတွင် လုပ်ဆောင်ခဲ့သော အကျိုးပြုမှုကြီးဟာ ကြီးမားလွန်းသည် သူ၏ ဂုဏ်အဆင့်အတန်းက သာမာန်လူများအကြားတွင် နေ့လည် နေမင်းအလား ထွန်းလင်းနေခဲ့ပြီးသားဖြစ်သည်။ သူ့ကို ပေါ်တင် အတိုက်အခံလုပ်ခြင်းက ဉာဏ်မဲ့သော ဆုံးဖြတ်ချက်ဖြစ်သည်။ ထို့ကြောင့် ဘုရင်ချီဘက်မှ အကြံပေးများကလည်း အစီအစဉ်ပေါင်းများစွာ ချထားရသည်။ သူတို့က အများပြည်သူကို မနှောက်ယှက်ရန်အလို့ငှာ အမိန့်ထုတ်ပြီး လူအုပ်အကြား တည်ငြိမ်မှုကို ထိန်းသိမ်းရန် ရည်ရွယ်ချက်နှင့် ဝမ်ချောင်က ဘေးကင်းစွာပြန်လာဖို့ ကာကွယ်ဟန်ဆောင်ရင်း သူတို့အား ဖြိုခွင်းရမည်ဖြစ်သည်။
ထို့နောက် ဝမ်ချောင်က သူ၏ကျော်ကြားလွန်းသော တိုးတက်မှုများကြောင့် မာနကြီးသွားလျှက် လူအုပ်ကို သူ၏ရထားလုံးနားကို မကပ်စေရန် စစ်တပ်ကိုပင် ဆင့်ခေါ်ထားသော ကောလဟာလများကို ဖန်တီးလိုသေးသည်။
ထိုကောလဟာလများ ပျံ့နှံ့သွားသည်နှင့် ဝမ်ချောင်၏ အများပြည်သူအကြားမှ အဆင့်အတန်းနှင့် လုပ်ဆောင်မှုများ သူ၏ပုံရိပ်ကပင် လျော့ကျသွားနိုင်သည်။ အမှန်တရားကို မည်သည့်ပြည်သူကမှ မဖော်ထုတ်နိုင်ချေ။
ဘာသာရေးရာရုံးတော်မှ အရာရှိက မြို့စောင့်များထဲမှ ကျွမ်းကျင်ပညာရှင်နှစ်ယောက်ကို လှမ်းကြည့်ပြီး အမိန့်ပေးလိုက်သည်။
“မင်းတို့နှစ်ယောက် နားထောင်ကြစမ်း ဆယ်ယောက်တစ်ဖွဲ့စီခေါ်ပြီး ရထားလုံးကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထား။ မှတ်ထား ဘယ်လိုနည်းနဲ့မဆို ဝမ်ချောင်ကို ရထားလုံးထဲက မထွက်စေနဲ့”
ထိုကျွမ်းကျင်ပညာရှင်များ အားလုံးက ဘုရင်ချီ၏လက်အောက်မှဖြစ်သည်။ ထို့ကြောင့် သစ္စာရှိပြီး ယုံကြည်၍ရသည်။
“ဟုတ်ကဲ့”
“မင်းတု့ိကောင်တွေ ငါ့ရဲ့နောက်ကိုလိုက်ခဲ့ကြ”
ထိုမြို့အစောင့် ကျွမ်းကျင်ပညာရှင်နှစ်ယောက်က လက်ကိုတစ်ချက်ယမ်းလိုက်ပြီး မြင်းများပေါ်သို့တက်ကာ ရှေ့သို့စီးနင်းသွားသည်။ သူတို့၏ မျက်ဝန်းများက တောက်ပနေသည်။
....
“အရှင်အမတ် ဒါက မြို့စောင့်ကလူတွေပဲ”
ဝမ်ချောင်က ရထားလုံးထဲတွင် ထိုင်နေချိန်တွင် ရွှီခဲ့ယွီ၏အသံက အပြင်ဘက်မှလာသည်။
“မြို့တော်က သာမာန်လူတွေက အရှင့်ရဲ့ပြန်အလာကို မျှော်လင့်စောင့်စားနေကြတာ။ ဒီလောက် အများကြီးထွက်ပြီး အရှင့်ကိုကြိုဆိုတာပဲ ကြည့်ပါတော့။ ဒါကိုမြို့အစောင့်က လူတွေက မတော်တဆကိစ္စ တစ်ခုခုဖြစ်ပြီး အရှင်မြို့ထဲကို အမြန်ဆုံးဝင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရောက်လာကြတာဖြစ်လိမ့်မယ်”
ဝမ်ချောင်က ရထားလုံး၏ တိုင်ကိုမှီလျှက် လှဲနေသေးသည်။ သူ၏မျက်နှာတွင် မည်သည့် အမူအရာမှ မရှိချေ။ ဘေးဘက်မှ ရွှီချီချင်ကမူ မျက်မှောင်အသာကျုံ့သည်။
“သူတို့က ဒီလောက်စိတ်မရှည် ဖြစ်နေမယ်လို့ ငါမထင်ထားဘူး”
ရွှီချီချင်က သက်ပြင်းအသာချသည်။ မြို့တော်တွင် အချိန်ကြာရှည်စွာ နေထိုင်ခဲ့ပြီး လွှမ်းမိုးမှုရှိသော နောက်ခံကို ပိုင်ဆိုင်ထားသူ ဖြစ်သည့်အလျောက် အင်ပါယာခုံရုံးက လူများ သုံးလေ့သုံးထရှိသည့် နည်းလမ်းများနှင့် လှည့်ကွက်များကို သူမ၏လက်ခုံလို နားလည်နေခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် အခြေအနေကို တစ်ချက်ကြည့်ရုံနှင့် အဖြစ်အပျက်ကို နားလည်သည်။
“သူတို့က အကြောင်းပြချက်ကောင်းကောင်း ရှာထားတာပဲ”
ရွှီချီချင်ကမူ ဒေါသထွက်ခဲသည်။ ယခုမူ ဖျော့တော့သည့်ဒေါသကို ထုတ်ပြသည်။ သူတို့နှစ်ယောက်သည် အင်ပါယာကြီးအတွက်နှင့် အသက်ကိုရင်းထားရသည်။ သို့သော် မြို့တော်သို့ ပြန်လာသောအချိန်တွင်မူ အင်ပါယာခုံရုံးက သူတို့ကို ဒီလိုဆက်ဆံရန် ဆုံးဖြတ်လိုက်သည်။
“သူတို့ကျေနပ်သလို လုပ်ပါစေ”
ဝမ်ချောင်က ရွှီချီချင်၏လက်ဖဝါးကို အသာကိုင်လျှက် ခပ်တိုးတိုးချော့သည်။
“မီးခိုးလောက်က နေကိုမပိတ်နိုင်ဘူး။ ပုဇွန်ကြီးတစ်ကောင်ရဲ့ လက်တံလောက်က စကြာဝဠာကြီးကို မပြောင်းလဲနိုင်ပါဘူး။ သမိုင်းနဲ့လောကရဲ့ ကြီးမားတဲ့ အဖြစ်အပျက်တွေကို လူတစ်ယောက် နှစ်ယောက် ဒါမှမဟုတ် လက်တစ်ဆုပ်စာလောက်က မပြောင်းနိုင်ဘူး။ ဒါကြောင့် သူတို့တွေ ဘာလုပ်လုပ် ဘယ်လိုကြံကြံ မအောင်မြင်နိုင်ဘူး”
အခြားသောသူ၏ လက်ဖမိုးမှလာသော နွေးထွေးမှုနှင့် တောက်ပသော မျက်ဝန်းတစ်စုံအား ရွှီချီချင်က ရပ်တန့်သွားစေသည်။ သူမ၏ ခံစားချက်များအားလုံးက ချက်ချင်းလိုလို တည်ငြိမ်သွားပြီး မျက်နှာက နီရဲသွားသည်။ ထို့နောက် ခပ်တိုးတိုးအသံပေးသည်။
ရထားလုံးက ရှေ့သို့ဆက်သွားချိန်တွင် အားပေးသံများက ကျယ်သထက် ကျယ်လာသည်။ တစ်လောကလုံးက လှုပ်ခါနေပုံရသည်။
ထိုအချိန်တွင် ရထားလုံး၏ ပြတင်းပေါက်က ပိတ်လျှက်သားဖြစ်သည်။ ဝမ်ချောင်က သူ၏ကိုယ်ပိုင် အကြံပြုချက်အတိုင်း အပြင်သို့မထွက်ချေ။ ဘာသာရေးရာရုံးတော်မှ အရာရှိကလည်း စိတ်အေးသွားရသည်။
ဝမ်ချောင်၏လက်ရှိ အဆင့်အတန်းအရ သူကသာ ပြည်သူများ၏ နှလုံးသားကို အရယူလိုလျှင် မျက်နှာလေးသာ ပြရန်လုံလောက်သည်။ ထိုသို့ပြရုံနှင့် တိုးတက်မှုက အမြင့်ဆုံး ရောက်ရှိသွားနိုင်၏။ ထိုအခြေအနေကို သူနှင့်ဘုရင်ချီတို့ အကြောက်ဆုံးဖြစ်သည်။ ဝမ်ချောင်ကလည်း ရထားလုံးထဲမှ မထွက်သမျှ သူ၏လွှမ်းမိုးမှုကို အတက်နိုင်ဆုံး ချုံ့၍ရသေးသည်။
ဘာပဲဖြစ်ဖြစ် ငါတို့အောင်မြင်ပြီထင်တယ်။
ဝမ်ကလန်က သူတို့ရဲ့ ဂုဏ်အဆင့်အတန်းကို ထပ်မြှင့်ဖို့အတွက် ဒီအခွင့်အရေးကိုတော့ မသုံးလောက်ပါဘူး။
ဘာသာရေးရုံးတော်မှ အရာရှိက ထိုသို့တွေးနေသည်။