အခန်း (၁၂၂၆-၁၂၃၀)
Vol. 72 Ch. 1226-1230
အခန်း(၁၂၂၆)
ဝမ်ကန်းက ခေါင်းကိုခါသည်။
“ဒီအချိန်ကာလ အတောအတွင်းမှာ ငါအရှင့်သား ဘုရင်စုန့်နဲ့ နှစ်ကြိမ်ပဲတွေ့ခဲ့ရတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာမဆို အသေးစိတ်အကြောင်းအရာတွေ ပြောဖို့အထိ အခြေအနေ မပေးခဲ့ဘူး”
ဝမ်ချောင်က ဦးလေးကြီးဖြစ်သူ၏ စကားလုံးများကြောင့် မျက်မှောင်ကျုံ့လိုက်မိသည်။
သူသည် ခိုရာစန်းတွင် တော်ဝင်အမိန့်တော်ကို လက်ခံရရှိခဲ့သည့် အချိန်မှစတင်ပြီး ထိုကိစ္စကို ဆက်တိုက် တွေးတောဖြစ်ခဲ့သည်။ သူ့အား ယခုလိုမျိုး စစ်အာဏာ ဖယ်ရှားခံရပြီး ရာထူးလျော့ချခံရသည့် ကိစ္စအား တစ်စုံတစ်ယောက်က ရှင်းပြနိုင်မည့် သူ၏စစ်သားများကို ခိုရာစန်းမှ ရုတ်သိမ်းစေခဲ့သည့် အကြောင်းအရင်းကို ပေးနိုင်မည်ဆိုလျှင်ပင် ဖြစ်သင့်ဖြစ်ထိုက်သော ဆင်ခြေဉာဏ်ဖြင့် အကျိုးအကြောင်းကျကျ ဆုံးဖြတ်ထားခြင်း မဟုတ်နိုင်သေးလောက်ချေ။
ဝမ်ချောင်သည် ဘုရင်စုန့်၊ ဦးလေးကြီးဝမ်ကန်း၊ စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာ ရုံးတော်မှ ကျန်းချုံကျန့်ချုံး၊ ရန်ကျောင်းနှင့် ကြင်ယာတော်ထိုက်ကျန်းတို့ကိုသာ မှီခိုရပေမည်။ ခုံရုံးတွင် မြို့စားကျို့က လွှမ်းမိုးနိုင်စွမ်းပြင်းထန်ပြီး သူ၏အဖွဲ့အစည်းဘက်မှ အရာရှိများ၏ အထောက်အပံ့ကို ရရှိနေသလို သူတော်စင်ဧကရာဇ်၏ မျက်နှာသာပေးမှုကိုလည်း ရရှိထားသေးသည်။ အရာအားလုံးက မကောင်းသော အကြံအစည်ရှိမည့် အရာရာတိုင်းကို ကာကွယ်ထားသည့် မမြင်ရသည့် အကာအကွယ်လွှာ ဖြစ်နေသည်။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က ငြိမ်းငြိမ်းချမ်းချမ်းနှင့် စီမံကိန်းတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုလောက် ခိုင်မာသည့် အကာအကွယ်လွှာနှင့်ပင် တော်ဝင်အမိန့်တော်က ရောက်ရှိလာသေးပြီး ဝမ်ချောင်၏ စစ်အာဏာကို ဖယ်ရှားလျှက် ခိုရာစန်းမှ ကြိုးစားအားထုတ်မှုတိုင်းကို တစ်ချက်တည်းနှင့် အလဟသ ဖြစ်သွားစေခဲ့သည်။ ဝမ်ချောင်သည် ထိုကဲ့သို့သော အခြေအနေမျိုးကို ဘယ်သောအခါမှ မမျှော်လင့်ထားဖူးချေ။ သူသည် ထိုမတော်တဆမှု အခြေအနေကို ပြန်လည်သုံးသပ်မိသောအခါ အထူးဆန်းဆုံးအပိုင်းက ဘုရင်စုန့်နှင့် ပတ်သတ်နေသည်။
မတော်တဆမှု ဖြစ်ပေါ်လာသောအခါ ဝမ်ချောင်သည်လည်း အခြေအနေနှင့် ပတ်သတ်သည့် အကြောင်းအရာများ အားလုံးကိုဘုရင်စုန့်က သူ့ကို အကြောင်းကြားလိမ့်မည်ဟု ထင်ထားသည်။ ထိုနည်းအားဖြင့် အနည်းဆုံး အခြေအနေကို သူကသိနိုင်သည်။ သို့သော် မတော်တဆမှု ဖြစ်သွားခဲ့ပြီး သူသည် ခိုရာစန်းမှ မြို့တော်သို့လာခဲ့သည့် တစ်လကျော် ကာလအတောအတွင်း ဘုရင်စုန့်က သူ့ကို စာတစ်စောင်ပင် ပို့မလာခဲ့ချေ။ ထိုကိစ္စဟာ ထူးဆန်းလွန်းနေသည်။
တခဏခန့် တိတ်ဆိတ်နေပြီးနောက် ဝမ်ချောင်က သူ၏စိတ်ထဲမှ မေးခွန်းကို ထုတ်မေးလိုက်သည်။
“တကယ်ပဲ ခုံရုံးမှာ ဘာတွေဖြစ်သွားတာလဲ”
အင်ပါယာခုံရုံး၏ ညီလာခံတွင် ဘုရင်စုန့်က သူလိုချင်သောအဖြေကို ထုတ်ပေးနိုင်မည်ဆိုလျှင် ဒုတိယမြောက် အပေးနိုင်ဆုံးလူက သူ၏ဦးလေးကြီး ဝမ်ကန်းဖြစ်သည်။
အင်ပါယာခုံရုံးမှ အနိမ့်တန်းအဆင့် အရာရှိတစ်ယောက်ဖြစ်သည့် ဦးလေးကြီးသည် သတင်းအချက်အလက်များကို ကိုင်တွယ်ဆောင်ရွက်ရန် အခွင့်အရေး ရရှိထားသူဖြစ်သည့်အလျောက် မြို့စားသုံးယောက်နှင့် အဆင့်မတူသည့်တိုင်အောင် အတိုင်းအတာတစ်ခုအထိ စွက်ဖက်ပိုင်ခွင့်ရှိသည်။
ဝမ်ချောင်သည် သူဒီနေရာသို့လာသည့် ခရီးလမ်းတွင် ဦးလေးဖြစ်သူကို မေးချင်ခဲ့သည်။ သို့သော် ဦးလေးကြီးဖြစ်သူကမူ ခပ်ရေးရေးသာ ပြန်ဖြေခဲ့ပြီး အချက်အလက်အများကြီး မပြောပြခဲ့ချေ။ ထို့ကြောင့် ဝမ်ချောင်ပြန်လာမှသာ ရှင်းပြမည်ဟုဆိုထားသည်။ ယခုမူ အချိန်ကျရောက်လေပြီ။
“ဟိုက်ရား”
သူ့ကိုအံ့အားသင့်စေသည်မှာ ဝမ်ကန်းက ရုတ်တရက် မျက်မှောင်ကိုကျုံ့လိုက်သည်။ သူ၏တည်ကြည်သော မျက်နှာတွင် စိုးရိမ်မှုများက နက်ရှိုင်းစွာ ပေါ်ထွက်လာသည်။
“ဝမ်ချောင် အခု ငါမင်းရဲ့မေးခွန်းကို မဖြေနိုင်ဘူး။ အဲ့ဒီအချိန်ကတည်းက ဖြစ်သွားခဲ့တဲ့ ကိစ္စတွေက တအားများလွန်းတယ်။ ငါခုံရုံးမှာ နှစ်နှစ်ဆယ်လုံးလုံး ရှိနေခဲ့တာ။ ငါမရေမတွက်နိုင်တဲ့ လွန်ဆွဲပွဲတွေ စစ်ဆေးမှုတွေ အများကြီးကြုံတွေ့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘယ်အရာကမှ ဒီအခြေအနေကို မယှဉ်နိုင်သေးဘူး။ ငါတောင်မင်းကို ရှင်းပြလို့မရနိုင်တဲ့ ကိစ္စတွေ အများကြီးရှိနေတယ်။ နောက်ပြီး အင်ပါယာအမိန့်တော်က ဘယ်လိုရောက်ရှိသွားသလဲဆိုတာကိုတောင် မသိဘူး။ အမှန်တိုင်းပြောရရင် အဲ့ဒီနေ့က ဘာဖြစ်သွားမှန်းတောင် ငါတကယ်မသိဘူး”
ဝမ်ကန်း၏ စကားလုံးများက ဝမ်ချောင်ကို အလွန် အံ့ဩသွားစေသည်။
“ဦးလေးကြီး တကယ်ပဲ ဘာတွေဖြစ်သွားတာလဲ။ ဘာလို့ ဦးလေးကြီးကတောင် မသိတာလဲ”
ဝမ်ချောင်က မျက်မှောင်ကျုံ့သည်။ ဖြစ်သွားခဲ့သော ကိစ္စက ကြီးမားလွန်းသဖြင့် ဦးလေးကြီး အဆင့်အတန်းတွင် ရှိသောလူကပင် သတိလက်လွတ် ဖြစ်သွားလိမ့်မည်ဟု ဝမ်ချောင်အနေဖြင့် မမျှော်လင့်ရဲချေ။
“ချောင်အာ ငါပြောလို့ပြီးသွားရင် မင်းနားလည်မှာပါ”
ဝမ်ကန်းက ရထားလုံး၏ အနောက်ဘက်သို့ မှီလိုက်ပြီး ခါးသီးသောမျက်နှာနှင့် စပြောသည်။
“အစပိုင်းကတည်းက ဒီကိစ္စနဲ့ပတ်သတ်ပြီး ပုံမှန်မဟုတ်တာတွေရှိတယ်။ မင်းမသိလောက်ပေမဲ့ အဲ့ဒီကိစ္စဖြစ်တဲ့ရက်မှာ ငါကအင်ပါယာခုံရုံးမှာ မရှိဘူး။ ဒီဖြစ်စဉ်အတောအတွင်း အစပိုင်း လွန်ဆွဲမှုကနေ နောက်ပိုင်းအမိန့်တော်ကို ချသွားတဲ့အထိ ငါမပါခဲ့ဘူး”
ဝုန်း
ဝမ်ကန်း၏စကားလုံးများက ဝမ်ချောင်ကို အလုံးစုံ မှင်သက်သွားစေသည်။ ထိုအခိုက်အတန့်တွင် သူ၏စိတ်အတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်ပြေးသွားပြီဖြစ်သည်။
သူ၏ဦးလေးကြီးသည် အနိမ့်တန်းအဆင့် အရာရှိတစ်ယောက်ဖြစ်ပြီး မြို့တော်မှသူ့ကို အခြားနေရာသို့ ပို့လိုက်သောကိစ္စက သာမာန်လူများက မလုပ်နိုင်ချေ။ ပို၍ဆိုးသည်မှာ ဦးလေးကြီးဖြစ်သူသည် အင်ပါယာခုံရုံး၏ ဝမ်ကလန်ကို ကိုယ်စားပြုသော အရေးပါသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ တစ်စုံတစ်ယောက်ကသာ ဝမ်ချောင်ကို ကိုင်တွယ်လိုလျှင် အရင်ဆုံး ဦးလေးကြီးကို ကိုင်တွယ်ရပေလိမ့်မည်။ ဦးလေးကြီး၏ စကားလုံးများအရ သူသည် ထိုရက်တွင် မြို့တော်တွင် ရှိမနေခဲ့ချေ။ ထို့ကြောင့် ဝမ်ချောင်သည် ဒါဟာရိုးရှင်းသော တိုက်ဆိုင်မှုဟု မယုံကြည်နိုင်ချေ။ ကြိုတင်ပြင်ဆင်ထားသော အနုစိတ်သည့် ထောင်ချောက်ဟု ထင်မြင်မိသည်။
ဝမ်ကန်းကလည်း ထိုကိစ္စကို ရှင်းရှင်းလင်းလင်း နားလည်သည်။ ထို့ကြောင့် သူ၏မျက်မှောင်က စိုးရိမ်မှုအပြည့်နှင့် ကျုံ့နေခြင်းဖြစ်သည်။ အဖြစ်အပျက်များ ဖြစ်ပျက်လာသောအခါ သတိထားမိသည့် ကိစ္စပေါင်း များစွာလည်းရှိသည်။ သို့သော် ထိုအချိန်မှ အရာအားလုံးကို ပြန်လုပ်လျှင် နောက်ကျလွန်းသွားသည်။
“ဒီကိစ္စမဖြစ်ခင်က ကျန်းနမ်နယ်ဘက်မှာ ကပ်ဘေးတစ်ခုဖြစ်နေလို့ လူတွေကပုန်ကန်တဲ့အပြင် လယ်ကွင်းတွေ အိမ်ခြေရာတွေက ဖျက်ဆီးခံထားရတယ်လို့ကြားတယ်။ ပြည်နယ်က အရာရှိတွေကတောင် မကိုင်တွယ်နိုင်ဘူးတဲ့။ ဒါကြောင့် ဒီလူတွေဘက်က အုံကြွလာတာ။ ဒီအတွက်ကြောင့် အင်ပါယာခုံရုံးက ဆွေးနွေးခဲ့ပြီး မဟာထန်က စည်ပင်ဝပြောလာတဲ့အတွက် ကျန်းနမ် ပြည်နယ်ဘက်မှာ အန္တရာယ်အများကြီး မရှိနိုင်ဘူးလို့ ယူဆတယ်။ နောက်ပြီး သာမာန်လူတွေ ပါဝင်ပတ်သတ်နေတဲ့ ကိစ္စကလည်း သေးငယ်တဲ့ကိစ္စလို့ ယူဆလို့မရတော့ပြန်ဘူး။ ဒါကြောင့် အဓိက အရာရှိတစ်ယောက်ကတော့ အဲ့ဒီနေရာကိုသွားပြီး လူတွေကို ချွေးသိပ်ပေးရမယ်။ အခြေအနေ တစ်ခုလုံးကို ခြုံငုံ့သုံးသပ်ကြည့်ရမယ်။ ဒါကြောင့် အနည်းငယ် ဆွေးနွေးပြီးတဲ့နောက်မှာ သူတို့က ငါ့ကို ပို့လိုက်ကြတာပဲ”
ဝမ်ကန်းက ခေါင်းမော့သည်။ သူ၏မျက်နှာတွင် အတွေးများကို စုစည်းထားသလိုမျိုး နက်နဲသော အတွေးမျိုးက ပေါ်လာသည်။
“ငါလည်းအံ့ဩသွားပေမဲ့လည်း ဒီကိစ္စက သာမာန်လူတွေနဲ့ ပတ်သတ်နေသလို ငါ့ရဲ့တာဝန်အတွင်းမှာလည်း ရှိနေတယ်ဆိုတော့ ငါအဲ့ဒီနယ်ဘက်ကို ထွက်သွားခဲ့တယ်။ အဲ့ဒီခုံရုံးကဏ္ဍမှာ ဘုရင်စုန့်တောင်ရှိသေးတယ်။ သူနဲ့ငါက ဒီဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ဘာမှမသိခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ငါမဟုတ်ရင်လည်း အခြားအရာရှိတစ်ယောက်က အပို့ခံရမှာပဲလေ။ ငါက အဲ့ဒီကျန်းနမ်ပြည်နယ်ကို ရောက်သွားတော့မှ အဲ့ဒီအခြေအနေက အင်ပါယာခုံရုံးကို တင်ပြထားတာနဲ့ ခြားနားနေတယ်ဆိုတာကို သိလိုက်ရတာ”
“ကျန်းနမ်ပြည်နယ်မှာ ရေလွှမ်းတာကတော့ အမှန်ပဲ။ ဒါပေမဲ့ ကပ်ဘေးကို ကိုင်တွယ်ပြီးသား။ ပြည်သူတွေ အားလုံးကလည်း သင့်တော်သလို ကိုင်တွယ်ခံထားရပြီးသား။ ဒါတွေအပြင် အဲ့ဒီကပ်ဘေးက မျှော်လင့်ထားတာထက်တောင် အများကြီး သေးငယ်နေသေးတယ်။ အများရှေ့မှာ ဆူပူအုံကြွတာတွေ ပုန်ကန်တာတွေမရှိဘူး။ အကြောင်းပြချက်ကတော့ မှတ်တမ်းလွှာကို ရေးသားတင်ပြခဲ့တဲ့ အဲ့ဒီအရာရှိက တာဝန်ပျက်ကွက်ပြီး အသေးစိတ်မစုံစမ်းဘဲ ဖြစ်သလို မှတ်တမ်းလွှာ ရေးသားခဲ့တာပဲ။ ဒါကြောင့် အဲ့ဒီအရာရှိကို ကိုင်တွယ်ပြီးတဲ့နောက်မှာ ပြည်နယ်က အဲ့ဒီအရာရှိတွေ အားလုံးက နှုတ်ထွက်သွားခဲ့ကြတယ်။ ငါရောက်သွားတဲ့အချိန်မှာ အဲ့ဒီကိစ္စက အားလုံး ကိုင်တွယ်ပြီးသားဖြစ်နေပြီ။ ဒါကြောင့် ငါကလည်း တစ်ချိန်ထဲမှာပဲ အင်ပါယာခုံရုံးက အမိန့်စာ ထုတ်ပြန်လိုက်တဲ့သတင်းကို သိလိုက်ရတယ်”
ဝမ်ချောင်ဟာ ဘာစကားမှမပြောချေ။ သို့သော် သူ၏မျက်နှာကမူ တဖြည်းဖြည်းချင်း မည်းမှောင်လာသည်။ ရထားလုံးဟာ ရှေ့သို့ဆက်လိမ့်နေသည်။ ဝမ်ကန်းက ဆက်ပြောသည်။ သူ၏လေသံက ပို၍လေးနက်လာသည်။
“ငါသတင်းရတဲ့အချိန်မှာ တစ်ခုခု မှားနေတယ်ဆိုတာကိုသိလို့ မြို့တော်ကို ညတွင်းချင်းပြန်လာတယ်။ ငါသွားတဲ့ အချိန်တခဏအတွင်းမှာ အင်ပါယာခုံရုံးက ဒီလောက်ကြီးတဲ့ ပြောင်းလဲမှုကြီးအောက်ကို ရောက်သွားတယ်။ အရင်ကငါနဲ့ သိကျွမ်းခဲ့တဲ့အရာရှိ အများစုက ပျောက်သွားပြီး အသစ်တွေ မရင်းနှီးတဲ့လူတွေ ပေါ်လာတယ်”
“ဦးလေးကြီး သူတို့ရဲ့နောက်ခံကို စုံစမ်းခဲ့လား။ အင်ပါယာခုံရုံးက လူတိုင်းဝင်ရောက်လို့ရတဲ့ နေရာမျိုးမှ မဟုတ်တာ။ လုပ်ဆောင်မှုရှိတဲ့လူတွေ၊ ပါရမီကောင်းတဲ့လူတွေပဲ ဝင်ခွင့်ရှိတာ”
ဝမ်ချောင်က ရုတ်တရက်ပြောသည်။
အနိမ့်စားပြည်နယ်အရာရှိမှ ခုံရုံးတွင် ဝင်ပါနိုင်သည့် အဓိကအရာရှိတစ်ယောက် ဖြစ်ရန်အတွက် လူပေါင်းများစွာက တစ်ဘဝလုံး ဝန်ဆောင်မှုများစွာလုပ်ရန် အလွန်တော်ရန် ပါရမီကြီးရန် လိုအပ်သည်။ ထို့ကြောင့် လူအများစုအတွက် အင်ပါယာနန်းတော်မှ ထိုခန်းမကြီးဟာ အင်ပါယာတစ်ခုလုံး၏ အရိုက်အရာရှိသော လူများစုဝေးရာ နေရာဖြစ်လေပြီး သူတို့အိမ်မက်မက်ရုံသာ တက်နိုင်သော နေရာမျိုးလည်းဖြစ်လေသည်။ ဝမ်ချောင်က ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့သည့် စီမံကိန်းများနှင့် ဆက်တိုက်ရရှိခဲ့သည့် အနိုင်ပွဲများနှင့်ပင် တစ်ချိန်လုံး စစ်အာဏာလောက်ကိုသာ ကိုင်ဆွဲထားနိုင်ခဲ့သည်။ ယခုအခါ သူသည် ခုံရုံး၏ မူဝါဒရေးရာနယ်ပယ်အတွင်းသို့ ဝင်ရောက်နိုင်သည်။ သို့သော် စောင့်ဆိုင်းဆဲ အကြံပေးအနိမ့်စား နေရာကိုသာ ရရှိခဲ့ခြင်းဖြစ်သည်။
“ငါစုံစမ်းခဲ့တာပေါ့။ ဒါကရုတ်တရက်နိုင်တယ်လို့ ထင်ရပေမဲ့လည်း သူတို့ရဲ့နောက်ခံနဲ့ ပတ်သတ်ပြီး ဝေဖန်အကဲဖြတ်စရာကို မရှိတာ။ ပြည်နယ်အရာရှိတွေက ထောက်ခံပေးတာဖြစ်ဖြစ် ကိုယ်တိုင်က ပြည်နယ်အရာရှိ ဖြစ်နေတာတွေဖြစ်ဖြစ် အားလုံးကနောက်ခံကောင်းတယ်။ အကျိုးပြုမှု အများကြီးလည်းရှိတယ်။ ဒါပေမဲ့ အခုအချိန်ထိ သူတို့နဲ့ပတ်သတ်ပြီး ဘာမှတ်တမ်းလွှာမှ မရှိခဲ့ဖူးသေးဘူး။ ဒါပေမဲ့ သူတို့အားလုံးက ဘယ်နေရာကနေ တစ်စုတစ်စည်းတည်း ရှိနေပြီး ရုတ်တရက်ကြီး အပြုံလိုက် ရောက်ရှိလာတယ်ဆိုတာက မသိနိုင်တာပဲ”
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ဝမ်ချောင်၏မျက်ခုံးက ပင့်တက်သွားပြန်သည်။ မဟာထန်သည် အရာရှိများအတွက် စနစ်တကျ ရွေးချယ်ခြင်း၊ စမ်းသပ်ခြင်းတို့ဆိုသည့် ဗျူဟာနည်းလမ်းကို ကျင့်သုံးခြင်းဖြစ်သည်။ ပါရမီကြီးပြီး အကျိုးပြုမှုပေါင်းများစွာ လုပ်ဆောင်ထားသော တစ်စုံတစ်ယောက်ရှိနေပြီး တင်ပြခံရခြင်းမရှိသော ကိစ္စမျိုးက မရှိခဲ့ဖူးကြချေ။ ယေဘူယျကျကျပြောရသော် ထိုအခြေအနေက ဖြစ်နိုင်လောက်သည်။ သို့သော် အစစ်အမှန် မဆန်သလို ခံစားရစေသေးသည်။
“ငါလည်းအဲ့ဒီလို သံသယဝင်တာပဲ။ ဒါပေမဲ့ ငါကိုယ်တိုင်သက်သေကို မြင်ခဲ့ရတာ။ အရာအားလုံးကို ဘေးကိုအရင် ဖယ်ထားလိုက်ပါဦး။ အရင်ဆုံး အင်ပါယာခုံရုံးကို တင်ပြလာတဲ့ မှတ်တမ်းတွေမှာပါတဲ့ အဲ့ဒီစာရင်းတွေက အကျိုးပြုဝန်ဆောင်မှုတွေမှာ ဘာပြဿနာမှ ရှိမနေဘူး”
ဝမ်ကန်းက ခါးသီးစွာပြုံးသည်။ အင်ပါယာခုံရုံးတွင် နှစ်ပေါင်းများစွာရှိနေခဲ့သော အဖွဲ့ဝင်တစ်ယောက် အနေနှင့် သူ့ကိုအရူးလုပ်ရန် အလွန်အမင်း ခက်ခဲသည်။ သို့သော် သူသည် အနုစိတ်ကျကျ စစ်ဆေးကြည့်ခဲ့သည့်တိုင်အောင် ပြန်လည်မငြင်းခုံနိုင်အောင် ဖြစ်သွားရသည်။ ရထားလုံးအတွင်း ခြောက်ခြားဖွယ် တိတ်ဆိတ်မှုက ကြီးစိုးသွားပြန်သည်။ ထို့ကြောင့် ဝမ်ချောင်က ရုတ်တရက်ပြောသည်။
“ဦးလေးကြီးက သူတို့ရဲ့တင်ပြချက်တွေကို မစစ်ခဲ့ဘူးလား”
“ချောင်အာ မင်းကဉာဏ်တကယ်ကောင်းတယ်”
ဝမ်ကန်းက သက်ပြင်းချသည်။
“သူတို့ရဲ့နောက်ခံတွေက တကယ်ကို အပြစ်ရှာစရာမရှိတာအမှန်ပဲ။ သူတို့ရဲ့ လုပ်ဆောင်မှုတွေ အရာအားလုံးကလည်း အမှန်တကယ် ရှင်းလင်းတယ်။ ဒါပေမဲ့ ငါသူတို့ရဲ့ တင်ပြချက်တွေကို သွားစစ်တဲ့အချိန်မှာ ဒီမှတ်တမ်းလွှာတွေက အရမ်းကို သစ်လွင်လွန်းနေတယ်။ မှတ်တမ်းလွှာတစ်ခုလုံးက မှန်ကန်တာ မှန်ပေမဲ့လည်း ယခုလောက် အသစ်ချက်ချွတ် ဖြစ်နေတဲ့ စာရွက်ကြီးပေါ်မှာ ဘယ်သောအခါမှ မရေးထားဖူးတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒီလူတွေက တော်တော်လေးကို သံသယဝင်စရာကောင်းတယ်။ ဒါပေမဲ့ ဒီမှတ်တမ်းလွှာတွေ သစ်လွင်လွန်းနေတာက သူတို့ရဲ့ တစ်ခုတည်းသော ပြစ်ချက်ပဲ။ လောကမှ ဘယ်သူကမှ ဒီပြစ်ချက်ကို မဖာထေးပေးနိုင်ဘူး”
ဉာဏ်အကောင်းဆုံးသော သူတော်စင်က ထောင်ပေါင်းများစွာသော ကိစ္စများကို အာရုံစိုက်နေရလျှင်ပင် အဖြေတစ်ခုကိုရအောင် ရှာနိုင်သေးသည်။ ပြီးပြည့်စုံဆုံး နောက်ခံတွင်ပင် တစ်နေရာတော့ ပြစ်ချက် ရှိကောင်းရှိနေနိုင်သည်။ အချိန်ကသာ အတုလုပ်၍မရသော အရာဖြစ်သည်။
ရုတ်တရက် ရထားလုံးက ရပ်တန့်သွားသည်။ မောင်းနှင်သောလူက လှမ်းပြောသည်။
“သခင် ရောက်ပါပြီ”
ဝမ်ကန်းနှင့် ဝမ်ချောင်တို့က ချက်ချင်းလိုလို အသိပြန်ဝင်သွားပြီး ရထားလုံးထဲမှထွက်သည်။ ဝမ်ကန်း၏စံအိမ်က ရင်းနှီးကျွမ်းဝင်စွာ ပေါ်ထွက်လာသည်။ ထိုသို့ဖြင့် ကိစ္စများကို ဆွေးနွေးရင်း သူတို့သည် ဘေးချင်းယှဉ်လျှက် ဆက်လျှောက်သွားလိုက်ကြသည်။ သူတို့နှစ်ယောက်သည် အိမ်ပြန်လမ်းသို့ အတူပြန်လာသော သာမာန်ဆွေမျိုးနှစ်ယောက်အလား ထင်ရသည်။
အိမ်အတွင်းသို့ ရောက်သောအခါ ဝမ်ချောင်က သူ၏ဒေါ်လေး ရှင်းချွမ်ယွမ်နှင့် ဝမ်းကွဲအစ်ကိုကြီး ဝမ်လီတို့ကို နှုတ်ဆက်လိုက်သည်။ အချိန်တခဏခန့် နေပြီးနောက် ခပ်မြန်မြန် ထွက်ခွာလာခဲ့သည်။ အရာအားလုံးဟာ အလွန်အမင်း သာမာန်ဖြစ်နေပုံပေါ်သည်။ သူသည် ဦးလေးကြီးဖြစ်သူ၏ စံအိမ်မှ ထွက်ခွာလာပြီးနောက် ဘုရင်စုန့်၏စံအိမ်သို့ တိုက်ရိုက်သွားသည်။
ဒီကိစ္စတစ်ခုလုံးတွင် သံသယဝင်စရာကိစ္စ အများကြီးရှိနေသည်။ ထို့ကြောင့် သူ၏မေးခွန်းများ အားလုံးကို ဖြေပေးနိုင်သူ တစ်ယောက်တည်းသာရှိသည်။
အင်ပါယာမျိုးနွယ်ဝင်တစ်ယောက် ဖြစ်သလို အင်ပါယာခုံရုံး၏ ဦးဆောင်နေသော အလင်းပေါင်း များစွာထဲမှ တစ်ပွင့်ဖြစ်သည့် ဘုရင်စုန့်သည် ကိစ္စများအားလုံးကို ကောင်းကောင်းသိနေနိုင်သည်။ သူသည် ဒီကိစ္စတွင် ကြိုးကိုင်ထားသောသူ သို့မဟုတ် မူဝါဒရေးရာဆိုင်ရာကိုပင် ကောင်းကောင်း သိနေနိုင်သောလူဖြစ်သည်။
“ဟာ ရပ်စမ်း အဲ့ဒီမှာဘယ်သူလဲ”
ဝမ်ချောင်က မချဉ်းကပ်သွားသေးခင် တင်းမာပြီး ခမ်းနားထည်ဝါသော အသံကထွက်လာသည်။ သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားသော အစောင့်များက ဝမ်ချောင်၏အရှေ့သို့ ချောမွေ့စွာဖြင့် ဆင်းသက်လာလေပြီး လှံများဖြင့် ဝမ်ချောင်၏လမ်းကိုပိတ်ကာ သူ့ကိုစူးရှစွာစိုက်ကြည့်ကြ၏။
“ဖိတ်ခေါ်ခံရခြင်းမရှိသော ဘုရင်စုန့်၏ စံအိမ်ထဲကို ဝင်ပိုင်ခွင့်မရှိဘူး။ မင်းကဒါကို မသိတာလား။ မြန်မြန်လေး ထွက်သွားစမ်း”
ထိုအစောင့်နှစ်ယောက်ကို မြင်သောအခါ ဝမ်ချောင်၏မျက်နှာက မည်းမှောင်သွားသည်။ သူသည် ဘုရင်စုန့်စံအိမ်သို့ အကြိမ်ပေါင်းများစွာ လာဖူးသည်။ သို့သော် သူ၏လမ်းကြောင်းကို မည်သူကမှ မပိတ်ခဲ့ဖူးချေ။ ဝမ်ချောင်သည် ထိုအစောင့်နှစ်ယောက်ကိုလည်း မမြင်ဖူးချေ။
“ငါက မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ဝမ်ချောင်ပဲ။ ငါက အရှင့်သားဘုရင်စုန့်ကို လာရောက် ဂါရဝပြုတာ။ ကျေးဇူးပြုပြီး ငါ့ရဲ့သတင်းစကားကို ပေးပို့ပေးပါ”
ဝမ်ချောင်က ဒေါသတကြီး မတုန့်ပြန်လိုက်ချေ။ သူသည် အသက်ပြင်းပြင်းရှုပြီး ခပ်မြန်မြန် စိတ်ငြိမ်အောင် ထိန်းလိုက်သည်။
ထိုအစောင့်နှစ်ယောက်က မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ဆိုသော စကားကိုကြားချိန်တွင် မျက်နှာဖြူဖျော့သွားသည်။ သူတို့သည် ဝမ်ချောင်ကို ဂရုတစိုက် စစ်ဆေးကြည့်ကြပြီး နောက်ခံကို အတည်ပြုချင်ကြ၏။ နှစ်ယောက်က အကြည့်ချင်း ဖလှယ်ကြပြီးနောက် တစ်ယောက်က စံအိမ်အတွင်းသို့ ခပ်မြန်မြန် ဝင်ရောက်သွားလေသည်။
အခန်း(၁၂၂၇)
တခဏခန့်ကြာပြီးနောက် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သော အရှိန်အဝါနှင့် တောင့်တင်းသန်မာသော အစောင့်ခေါင်းစောင်က အရှိန်အဝါအပြည့်ဖြင့် ထွက်လာသည်။ သူ၏ခြေလှမ်းတိုင်းက လေးလံပြီး အားပါသည်။ ထိုလူသည် အရင်ဆုံး ဝမ်ချောင်ကို သံသယအပြည့်ဖြင့် စစ်ဆေးကြည့်ပြီးမှသာ ခပ်မြန်မြန်ပြောသည်။
“အရှင့်သားမရှိဘူး မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ကျေးဇူးပြုပြီးပြန်ပါ”
အစောင့်ခေါင်းဆောင်က တိုက်ရိုက်သာပြောသည်။ ထိုသို့ပြောပြီးနောက် သူဟာ ဝမ်ချောင်အား အပြင်သို့ပြန်ရန် ဟန်အမူအရာကိုပင် ပြသေးသည်။
“မရှိဘူးဟုတ်လား သူကဘယ်နေရာကိုသွားတာလဲ”
ဝမ်ချောင်ကဆက်မေးသည်။
ဘုရင်စုန့်သည် မြို့တော်မှ မထွက်ခွာခဲ့ဖူးချေ။ မြို့တော်က ထိုမျှသာကြီးသည်။
“ငါမသိဘူး အတိုချုံ့ပြောရရင် အရှင့်သားဒီမှာမရှိဘူး။ ကျေးဇူးပြုပြီးပြန်ပါ”
အစောင့်ခေါင်းဆောင်က ထူးမခြားနားသလိုသာပြောသည်။
“ဒီလိုဆိုမှတော့ အိမ်တော်ထိန်းအိုကြီးကို တွေ့ပါရစေ”
ဝမ်ချောင်ကပြောသည်။
“ကျေးဇူးပြုပြီးပြန်ပါ”
အစောင့်ခေါင်းဆောင်က ထပ်ပြောသည်။ သူ၏လေသံက မာလာသည်။
ဒီတစ်ကြိမ်တွင် ဝမ်ချောင်က ပြန်မငြင်းဘဲ ဘုရင်စုန့်စံအိမ်ထဲသို့ တိုက်ရိုက်ဝင်သည်။
“ရပ်စမ်း”
လူတိုင်းက ထိုမြင်ကွင်းကြောင့် မျက်နှာဖြူဖျော့သွားကြသည်။ အစောင့်နှစ်ယောက်က ဝမ်ချောင်ထံ လှံများကိုမြှောက်လျှက် ထိုးရန်ကြံစည်လိုက်ကြသည်။ ထိုအချိန်တွင် အစောင့်ခေါင်းဆောင်၏ မျက်နှာထားက အေးစက်သွားပြီး ဝမ်ချောင်၏လမ်းကိုပိတ်သည်။ ထိုတခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏ လက်အတွင်း တစ်စုံတစ်ရာပေါ်လာသည်။ ထိုအခါ အားလုံး၏မျက်နှာက တင်းမာသွားသည်။
“ဘုရင်စုန့်ရဲ့တံဆိပ်ပြား”
အစောင့်များထဲမှ တစ်ယောက်က တအံ့တဩအော်လိုက်သည်။ ဝမ်ချောင်က အနောက်တောင်ပိုင်း၏ စစ်ပွဲသို့ မထွက်သွားခင်က ဘုရင်စုန့်သူ့ကို ပေးခဲ့သည့် တံဆိပ်ပြားကို ထုတ်ပြလိုက်ခြင်းဖြစ်သည်။
“မင်းတို့အားလုံး နောက်ဆုတ်ကြစမ်း”
ရုတ်တရက် အိုမင်းသော အသံတစ်သံက လူတိုင်း၏နားအတွင်းသို့ ဝင်ရောက်လာသည်။
“လူကြီးမင်းအိမ်တော်ထိန်း”
အစောင့်များက ချက်ချင်းလိုလို နောက်ဆုတ်သွားကြသည်။ ဝမ်ချောင်က ခေါင်းကိုမော့ပြီး ကြည့်လိုက်သောအခါ ဘုရင်စုန့်၏စံအိမ် ဂိတ်ဝတွင်ရပ်နေသော ရင်းနှီးကျွမ်းဝင်သည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ တစ်ဖက်သူ၏ အနက်ရောင်ဝတ်ရုံက လေတွင်လွင့်နေသည်။
သူတို့နောက်ဆုံးတွေ့ခဲ့သည်မှာ နှစ်တစ်ဝက်ခန့် ကြာသွားခဲ့ပြီးလေပြီ။ အိမ်တော်ထိန်းက ယခင်အတိုင်း ကျန်းမာနေသေး၏။ သို့သော် အိမ်တော်ထိန်းက ကျန်းမာနေသေးသော်လည်း အများကြီး အသက်အရွယ် ကြီးရင့်သွားပုံပေါ်နေသည်။ အိမ်တော်ထိန်းအိုကြီးက ခြေလှမ်းအနည်းငယ် လှမ်းလာရင်းပြောသည်။
“ဝမ်ချောင် ဝင်လာခဲ့ပါ”
ထိုအချိန်တွင် မည်သူကမှ ဝမ်ချောင်ကို မတားကြချေ။ အခြားသော အစောင့်များကလည်း အခြေအနေကို သတိထားမိပြီး နောက်ပြန်ဆုတ်သွားကြသည်။ ဝမ်ချောင်က စံအိမ်အတွင်းသို့ ဝင်လာသည်။ လှေကားထစ်များကို တက်ပြီးနောက် အိမ်တော်ထိန်းအိုကြီး၏အရှေ့တွင် ရပ်သည်။
“အိမ်တော်ထိန်းအိုကြီး မတွေ့ရတာကြာပြီ”
ဝမ်ချောင်က လေးစားစွာ ဂါရဝပြုလိုက်သည်။ သူသည် ပထမဦးဆုံး စတွေ့ချိန်ကအတိုင်းသာ ဆက်ဆံနေခြင်းဖြစ်သည်။
“မင်းကတကယ် မပြောင်းသွားဘူး”
အိမ်တော်ထိန်းအိုကြီး၏ ပူပန်နေသော မျက်နှာတွင် အပြုံးဖျော့ဖျော့ပေါ်လာသည်။ သိုင်းပညာအရပင်ဖြစ်စေ၊ ခွန်အားအရပင်ဖြစ်စေ၊ အဆင့်အတန်းအရပင်ဖြစ်စေ ဝမ်ချောင်သည် သူ့ကို ကျော်လွန်နေပြီးသားဖြစ်သည်။ သို့သော် အတိတ်ကအတိုင်း ယဉ်ကျေးမှုအပြည့် လေးစားမှုအပြည့်နှင့် ဆက်ဆံနေသေးသည်။ ထိုအချက်ကြောင့်လည်း အိမ်တော်ထိန်းအိုကြီးသည် ဝမ်ချောင်ကို အသိအမှတ် အပြုဆုံးဖြစ်သည်။
“မင်းမြို့တော်ကို ပြန်ရောက်လာပြီလို့ကြားတော့ ငါလည်း မင်းလာလည်မယ်ဆိုတာကို မျှော်လင့်ထားပြီးသားပါ။ ငါနဲ့လိုက်ခဲ့”
အိမ်တော်ထိန်းအိုကြီးက ဝမ်ချောင်ကိုတစ်ချက်ကြည့်ပြီး ခန်းမအတွင်းသို့ ခပ်မြန်မြန် ဝင်သွားသည်။ ဝမ်ချောင်က အနီးကပ် ကပ်လိုက်သွား၏။ ခန်းမဟာ တိတ်ဆိတ်နေသည်။ မသိလျှင် အခြားလောက တစ်ခုခုဟုပင် ထင်ရသေး၏။
အိမ်တော်ထိန်းအိုကြီးက ခန်းမထဲတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ခမ်းနားထည်ဝါသော ရေနွမ်းကြမ်းအိုးလေးကို မြှောက်လျှက် ဝမ်ချောင်၏ခွက်ထဲသို့ ဖြည့်ပေးသည်။ ဝမ်ချောင်ကလည်း ရေနွေးကြမ်းဟာ ပူနေကြောင်း သိလိုက်သည်။ ရှင်းလင်းစွာပင် သူ့ကို မျှော်လင့်ထားပြီးလောက်ပြီ။
ဝမ်ချောင်က အိမ်တော်ထိန်းအိုကြီး၏ဘေးတွင် ခပ်မြန်မြန် ဝင်ထိုင်လိုက်သည်။
“ဝမ်ချောင် မင်းမှာမေးခွန်းတွေ အများကြီးရှိမယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ မြို့ဂိတ်ကအစောင့်တွေက မင်းကို လိမ်တာမဟုတ်ဘူး။ ဘုရင်စုန့်ဒီမှာမရှိဘူး”
အိမ်တော်ထိန်းအိုကြီးက ရေနွေးကြမ်းအိုးကို စားပွဲပေါ်သို့ပြန်ချရင်း ခပ်တိုးတိုးပြောသည်။
ဝမ်ချောင်ဟာ မည်သည့်စကားမှ မဆိုချေ။ သူ၏မျက်မှောင်ကမူ အနည်းငယ် ပြေသွားသည်။ သူသည် အိမ်တော်ထိန်းအိုကြီး၏ မျက်လုံးကို ကြည့်လိုက်သောအခါ ပထမဦးဆုံးအကြိမ် စတင်တွေ့ချိန်ကအတိုင်း ဖြစ်ကြောင်း မြင်လိုက်ရ၏။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည်လည်း အိမ်တော်ထိန်းအိုကြီးဟာ လိမ်ညာနေခြင်းမဟုတ်ကြောင်း သိလိုက်သည်။
အချိန်ဟာ ထာဝရနီးပါး ကြာညောင်းပြီးမှသာ ဝမ်ချောင်က နောက်ဆုံးတွင် မွှေးပျံ့သော ရေနွေးကြမ်းကို တစ်ငုံသောက်ရင်းမေးလိုက်သည်။
“ဘုရင်စုန့်က ဘယ်နေရာကို သွားတာပါလဲ”
“ငါမင်းကိုဖြေလို့မရဘူး။ ဒါပေမဲ့ အရှင့်သားက သူလုပ်ရမဲ့ကိစ္စကို သေချာပေါက် သွားလုပ်နေတာပါ”
အိမ်တော်ထိန်းအိုကြီးက ခပ်တိုးတိုးသာဖြေသည်။
“ဒီကိစ္စက... အရှင့်သားက မင်းထက်တောင်ပိုပြီး စိတ်ရှုပ်ထွေးနေပါသေးတယ်။ နောက်ပြီး ဒီကိစ္စကို မဖြစ်စေချင်ဆုံးပဲ။ အရှင့်သားက ခုံရုံးမှာ စစ်ဖြစ်သင့်တယ်လို့ထင်တဲ့ အဖွဲ့ဝင်တစ်ယောက်ပါပဲ။ မြို့စားကျို့နဲ့ မင်းရဲ့အဖေကလည်း ဒီအခြေအနေကို နားလည်ကြတယ်”
“ဒါပေမဲ့ ဘာလို့ဘုရင်စုန့်က ငါ့ရဲ့စာတစ်စောင်ကိုမှ ပြန်မဖြေခဲ့တာလဲ။ ငါ့ကိုပြောပါဦး ဘာတွေဖြစ်သွားတာလဲ။ ဘုရင်စုန့်ကသာ မကိုင်တွယ်နိုင်တဲ့ အခက်အခဲတွေရှိနေရင် ငါ့ကိုပြောလို့ရတယ်။ ဒီတိုင်း သူကဘာကို ကြောက်နေတာလဲ”
ဝမ်ချောင်က ခပ်တင်းတင်းမေးသည်။
အိမ်တော်ထိန်းအိုကြီးက မည်သည့်စကားမှ မဆိုဘဲ ရေနွေးကြမ်းအိုးကိုသာကြည့်ပြီး သူ၏ခွက်ထဲသို့ ပြန်ဖြည့်ပြန်သည်။ မွှေးပျံ့သော ရေနွေးကြမ်း၏ရနံ့က အိုးအတွင်းမှ လှိုင်ထွက်လာသည်။ အချိန်အတန်ကြာအောင် တိတ်ဆိတ်နေပြီးနောက် အိမ်တော်ထိန်းအိုကြီးက စပြောသည်။
“ဝမ်ချောင် အရှင့်သားမှာလည်း ကိုယ်ပိုင်အခက်အခဲတွေရှိတယ်။ အရှင့်သားက ရက်အနည်းငယ်နေရင် သေချာပေါက် မင်းကိုအဖြေပေးနိုင်မယ်လို့ပဲ ငါပြောနိုင်မယ်။ ဒီမတိုင်ခင်တော့ အရှင့်သားအနေနဲ့ အရင်ဆုံး စုံစမ်းပါစေ။ အဲ့ဒီတော့မှသာ မင်းရဲ့မေးခွန်းတွေ အားလုံးကို ဖြေနိုင်လိမ့်မယ်”
အိမ်တော်ထိန်းအိုကြီးက ဝမ်ချောင်ကို အလွန်အမင်း နက်နဲသော အကြည့်မျိုးဖြင့်ကြည့်သည်။ ဝမ်ချောင်ဟာ အချိန်အကြာကြီး တိတ်ဆိတ်သွားသည်။
“ငါနားလည်ပြီ”
ရေနွေးကြမ်းခွက်ကို ပြန်ချလိုက်ပြီးနောက် ဝမ်ချောင်က အဝတ်များကို သပ်ရပ်အောင်ပြင်သည်။ ထို့နောက် မတ်တပ်ထရပ်ပြီးနောက် စတင်ကာ ထွက်သွားသည်။
“ဝမ်ချောင် မင်းအဲ့ဒီနေ့က အဖြစ်အပျက်ကို မမေးတော့ဘူးလား”
ထိုအချိန်တွင် အိမ်တော်ထိန်းအိုကြီးကသာ သတိလက်လွတ် ဖြစ်သွားသူဖြစ်သည်။
“မလိုတော့ဘူး”
ဝမ်ချောင်၏အသံက ခန်းမအတွင်း ဟိန်းထွက်သွားသည်။ သူကိုယ်တိုင်ကမူ ထွက်သွားသည်။
ခန်းမ၏အပြင်ဘက်တွင် တောက်ပသောနေရောင်နှင့် ညင်သာသော နွေဦးလေပြေက ဝမ်ချောင်၏ မျက်လုံးထဲမှ အာရုံစူးစိုက်မှုများကို ထုတ်ဖော်ပြသသည်။ အဆုံးသတ်တွင် ဝမ်ချောင်ဟာ ဘုရင်စုန့်နှင့် မတွေ့နိုင်ခဲ့သလို ကျန်သောအဖြေများကို မရခဲ့ချေ။ သို့သော် အနည်းဆုံး အိမ်တော်ထိန်းအိုကြီးက သူ့အား ရက်အနည်းငယ်နေလျှင် အဖြေရမည်ဖြစ်ကြောင်း ပြောခဲ့သည်။
ခြိမ်း
ဝမ်ချောင်သည် သူ၏ကိုယ်ပိုင်အိမ်ထံ ပြန်နေသော ကလေးတစ်ယောက်လို လူအုပ်ကို ကျော်ဖြတ်လျှက် လမ်းများပေါ်တွင် သွားလာနေရင်း လူစိမ်းတစ်ယောက်၏အသံကို ကြားလိုက်ရသည်။
“အရှင် ရထားလုံးပေါ်ကို တက်ချင်ပါသလား”
“မလိုပါဘူး”
ဝမ်ချောင်က ချက်ချင်းလိုလို ငြင်းလိုက်ပြီး ရှေ့ဆက်သွားသည်။ သို့သော် ခပ်မြန်မြန်ပင် အသံကို ပြန်ကြားရပြန်သည်။
“ဒါပေမဲ့ အရှင်ကငါ့ရဲ့သခင်နဲ့ အတူသွားဖို့ သဘောတူထားတာ မဟုတ်ဘူးလား”
ဝုန်း
ဝမ်ချောင်က ရုတ်တရက်ကြောင်သွားပြီး လှည့်ကြည့်လိုက်မိသည်။ ထိုအခါ ရထားလုံးကို မောင်းနေသောလူက မျက်နှာကိုပင် အုပ်လုနီးပါးဖြစ်အောင် အလွန်အမင်း နှိမ့်ချလျှက် ဦးထုတ်ကို ဆောင်းထားသည်။ ရထားလုံးကလည်း အလွန်အမင်း ရိုးရှင်းပြီး သံသယဝင်ဖွယ်ရာမရှိချေ။ မြို့တော်မှ ကုန်သည်များ သုံးလေ့ရှိသော ရထားလုံးမျိုးဖြစ်သည်။ သို့သော် ရထားလုံးမှ ထူးခြားသော သင်္ကေတကို မြင်လိုက်ပြီးနောက် ဝမ်ချောင်၏မျက်လုံးက ပင့်သွားသည်။
“ဒါ့ဆိုလည်း ငါဒီကမ်းလှမ်းမှုကို လက်ခံပါ့မယ်”
ဝမ်ချောင်က ဟန်အမူအရာကို ခပ်မြန်မြန်ပြန်ထိန်းပြီး ရထားလုံးပေါ်သို့တက်သည်။
“ဟိုက်ရား”
ရထားလုံးက လျှင်မြန်စွာ ရွေ့လျားသည်။ ထိုသို့ဖြင့် မြို့တော်၏ ကျယ်ပြောလွန်းသော လူအုပ်အတွင်းသို့ ဝင်ရောက်သွားလေသည်။ လမ်းကြားများ၊ လမ်းများကို ကျော်ဖြတ်ပြီးနောက် နောက်ဆုံး တစ်နာရီနီးပါး ကြာပြီးမှသာ စစ်အမတ်မင်း၏စံအိမ်သို့ ရောက်ရှိသွားသည်။
ဝမ်ချောင်က ထွက်လာသောအခါ စံအိမ်မှလူများက ဝမ်ချောင်ကို ခပ်မြန်မြန်ကြိုဆိုပြီး စံအိမ်အတွင်းသို့ ခေါ်ဆောင်သွားကြသည်။ ရထားလုံးအတွက်မူကား တခဏခန့်သာရပ်ပြီးနောက် မြို့တော်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြန်သည်။
ဘုန်း
ဝမ်ချောင်က ကြိုဆိုခြင်းခန်းမအတွင်းသို့ ဝင်ရောက်လိုက်ချိန်တွင် သူ၏အနောက်ဘက်မှ စံအိမ်တံခါးကြီးက ခပ်တင်းတင်းပိတ်သွားသံ ကြားရသည်။ ခန်းမ၏နံရံပေါ်တွင် ဖယောင်းတိုင်ပေါင်း များစွာက လင်းထိန်လာပြီး စစ်အမတ်မင်း၏စံအိမ်ကြီးက ကြီးမားသော ရန်သူကြီးကို ရင်ဆိုင်နေရသလိုမျိုး အသင့်ပြင်ထားပုံပေါ်သွားသည်။ ဝမ်ချောင်က အရာအားလုံးကို တိတ်တဆိတ်ကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိချေ။ သူ၏နှလုံးသားကပင် ခပ်တိုးတိုး ခုန်လာသေးသည်။
“အရှင်ကျန်းချုံ”
ဝမ်ချောင်က ကြီးထွားပြီး ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကြီးထံ လျှောက်သွားပြီး ခေါ်လိုက်သည်။
ဝမ်ချောင်၏ မျက်နှာချင်းဆိုင်တွင် လူတစ်ယောက်က တည်ငြိမ်စွာရပ်နေသည်။ သူသည် အိမ်နေရင်းဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ သူသည် စောင့်နေခဲ့သည်မှာ အချိန်တစ်ခုကြာလောက်လေပြီ။
“ဝမ်ချောင် မင်းနောက်ဆုံးတော့ ရောက်လာပြီ”
ကျန်းချုံကျန့်ချုံးက စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။ သူ၏တစ်ကိုယ်လုံးက ပြေလျော့သွား၏။
“အရှင်ကျန့်ချုံး မြို့တော်က အခြေအနေက ဒီလောက်ထိဆိုးနေပြီလား။ စစ်အမတ်မင်းဆိုတဲ့ အရှင့်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီလောက်ထိ လျို့ဝှက်နေစရာ မလိုအပ်ပါဘူး”
ဝမ်ချောင်က ရှေ့သို့လျှောက်သွားရင်း မေးလိုက်သည်။
မဟာထန်၏ စစ်အမတ်မင်းတစ်ယောက် ဖြစ်ခဲ့သလို အင်ပါယာ၏ စစ်အင်အားစုကို ထိန်းချုပ်ထားသောလူကို မည်သူကမှ အထင်မသေးရဲချေ။ သို့သော် တစ်ဖက်သူသည် မြို့ဂိတ်တွင် စာရွက်ပြားလေးထည့်ပြီး လျို့ဝှက်စွာ သတင်းစကား ပေးသွားခဲ့သည်။ ထိုအရာသာမကသေးချေ။ ရထားလုံးကိုပင် ပြင်ဆင်ထားခဲ့သေး၏။ စစ်အမတ်မင်းစံအိမ်မှ သတိတင်းကြပ်မှုက ခုံရုံးမှ အရေးပါသော အရာရှိတစ်ယောက်၏ စံအိမ်ကြီး၏ ပုံသဏ္ဍန်နဲ့ မတူလေဘဲ စီမံကိန်းတစ်ခုအတွက် ပြင်ဆင်နေသော နယ်စပ်မှ ဌာနချုပ်တစ်ခုအလား ထင်ရသည်။
“ဝမ်ချောင် မင်းငါ့လိုမျိုး မြို့တော်က အပြောင်းအလဲတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်ပြီးရင် ဒီလိုပြောမှာမဟုတ်ဘူး။ ငါတို့က ဒုက္ခတွေများနေတဲ့ ကာလတစ်ခုကို ရောက်နေတာ။ အင်ပါယာခုံရုံးတစ်ခုက လက်ရှိအချိန်မှာ မင်းသိထားတာနဲ့ မတူတော့ဘူး”
ကျန်းချုံကျန့်ချုံးက လက်ညိုးတစ်ချောင်း ထောင်ပြရင်း သက်ပြင်းချသည်။ ထိုသို့ဖြင့် နှစ်ယောက်လုံးက အနက်ရောင်စန္ဒကူးသား စားပွဲတွင် ဝင်ထိုင်လိုက်ကြသည်။
ခန်းမထဲတွင် မည်သည့်အစေခံ၊ မည်သည့်လက်အောက်ခံမှ မရှိချေ။ ကျန်းချုံကျန့်ချုံး ကိုယ်တိုင်ကိုယ်ကျ ရေနွေးကြမ်းအိုးကိုယူပြီး ဝမ်ချောင်နှင့် သူ၏ခွက်ထဲသို့ ထည့်သည်။ သူကလည်း ဝမ်းနည်းသော မျက်နှာမျိုးဖြင့် တစ်ငုံသောက်လိုက်သည်။
ဝမ်ချောင်က တိတ်တဆိတ်ထိုင်ရင်း ကျန်းချုံကျန့်ချုံး၏ မျက်နှာကို အကဲခတ်နေသည်။
ကျန်းချုံကျန့်ချုံးသည် နောက်ဆုံးတစ်ခေါက် တွေ့ခဲ့သော လွန်ခဲ့သော နှစ်ဝက်ကနှင့်ယှဉ်လျှင် အလွန်အမင်း အိုစာသွားပုံပေါ်သည်။ သူ၏မျက်ဝန်းထောင့်များက တွန့်လာသည်။ သူသည် စိုးရိမ်ပူပန်မှုများအောက်တွင် သက်ရောက်ခံနေရပုံပေါ်သည်။ ကျန်းချုံကျန့်ချုံးက သူတော်စင်သိုင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့သော ထိပ်တန်းအတင့် စစ်သည်တော်တစ်ယောက်ဖြစ်ပြီး အင်ပါယာ မဟာဗိုလ်ချုပ်ကြီးလည်း ဖြစ်ခဲ့သည်။ ဝမ်ချောင်အနေနှင့်ပင် သူ့အား ထိုမျှလျှင်မြန်စွာ အိုစာသွားလောက်မည့် ပူပန်မှုများကို မတွေးနိုင်ချေ။
“အရှင်ကျန့်ချုံး တကယ်ပဲ အဲ့ဒီနေ့က ဘာတွေဖြစ်သွားတာလဲ။ ဘာလို့ အင်ပါယာခုံရုံးက ဒီလိုဖြစ်သွားတာလဲ။ စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာရုံးတော်က အင်ပါယာ တစ်ခုလုံးရဲ့ စစ်တပ်ရဲ့ အချက်အချာပဲ။ ဒါကြောင့် စစ်သားတွေစုစည်းတဲ့ ကိစ္စနဲ့ပတ်သတ်တဲ့ အမိန့်တိုင်းကို အဲ့ဒီနေရာကို ကျော်ဖြတ်ပြီးမှ ထွက်လာရတာ။ သူတို့က အရှင့်ကိုကျော်ဖြတ်ပြီးမှ ဒီလိုအမိန့်မျိုးကိုထုတ်တာ။ ဒါကြောင့် အရှင် အရှင့်ကိုပဲ မေးရတော့မယ်ထင်တယ်”
ခန်းမထဲတွင် သက်ပြင်းချသံက ထွက်လာပြန်သည်။
“ကြည့်ရတာ ဝမ်ကန်းက မင်းကို ကိစ္စအချို့ ပြောထားပြီးပြီထင်တယ်”
ကျန်းချုံကျန့်ချုံးက ရှုပ်ထွေးသော မျက်နှာထားမျိုးနှင့်ဖြစ်သည်။
“မင်းမှန်တယ် စစ်သားတွေကို စုစည်းတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး အရာအားလုံးက ငါ့ကိုကျော်ဖြတ်သွားရမယ်။ နောက်ပြီး ငါက အဲ့ဒီနေ့က အဖြစ်အပျက်တွေကို အရင်းနှီးဆုံးလူတစ်ယောက် ဖြစ်နေတယ်။ ဒါပေမဲ့ မင်းအထင်မှားနေတာ တစ်ခုရှိတယ်။ ငါတောင်မှ အင်ပါယာခုံရုံးက အဖြစ်အပျက်ကို နားလည်ရုံပဲ နားလည်သေးတာ”
အခန်း(၁၂၂၈)
“ဘာ”
ဝမ်ချောင်၏ခန္ဓာကိုယ်က အံ့အားသင့်မှုများကြောင့် တုန်ယင်သွားသည်။
“အခု ငါတွေးကြည့်ရမယ်ဆိုရင် အစပိုင်းကတည်းက အဲ့ဒီနေ့မနက်ခင်း ခုံရုံးညီလာခံက တအားကို ထူးဆန်းနေခဲ့တာ။ ပုံမှန်အားဖြင့် ငါကတက်တက်မတက်တက် အမြဲတမ်း သတင်းရပြီးသား။ ဒါပေမဲ့ အဲ့ဒီနေ့မှာတော့ ငါဘာသတင်းမှ မရဘူး။ နေ့လည်ပိုင်းမှ ငါ့ကို မနက်ပိုင်းခုံရုံးအတွက် ပြင်ဆင်ရမယ်ဆိုပြီး လူလွှတ်ပြီး အကြောင်းကြားလာတာ။ နောက်ပြီး ဒါက သာမာန်နန်းတွင်းဂိတ်စောင့်လည်း မဟုတ်ဘူးနော်။ ငါအဲ့ဒီကိုရောက်သွားတော့ ခုံရုံးကြီးတစ်ခုလုံးက ပွက်လောရိုက်နေတယ်။ ခုံရုံးက စနေတာ ကြာပြီဆိုတာ ဖော်ပြနေတာပဲ။ အဲ့ဒီအခါမှ ငါကလွဲပြီး လူတိုင်းက ပုံမှန်အတိုင်း ပြုမူနေကြတယ်ဆိုတာကို သိလိုက်ရတာ”
ကျန်းချုံကျန့်ချုံးက ခေါင်းကိုအသာမော့သည်။ သူ၏အသက်ရှုသံက အနည်းငယ် နွမ်းလျသွားပြီး သူ၏မျက်လုံးထဲတွင်လည်း ရှုပ်ထွေးသော ခံစားချက်များကိုဖော်ပြသည်။
လဝက်နီးပါး ကြာသွားခဲ့ပြီးသည့်တိုင်အောင် သူ့တွင် ထိုကိစ္စများဟာ အလွန်အမင်း ဝေဝါးလွန်းနေသလို ခံစားနေရသေးသည်။ မမြင်ရသော လက်တစ်ဖက်က အရာအားလုံးကို ထိန်းချုပ်ထားသလိုမျိုး အသက်ရှုရပင် ခက်ခဲသေးသည်။ စစ်အမတ်မင်းတစ်ယောက်ဖြစ်သော သူသည် စစ်ဘက်ဆိုင်ရာအာဏာ အပြည့်အဝ ကိုင်ဆွဲထားသူဖြစ်ပြီး သူ၏အဆင့်အတန်းဟာ နယ်စပ်မှ မဟာဗိုလ်ချုပ်ကြီးများ အားလုံး၏ အထက်တွင်ပင်ဖြစ်သည်။ သူသည် အင်ပါယာမှ စစ်သားများအားလုံးကို ထိန်းချုပ်ထားရသလို အင်ပါယာကြီးတစ်ခုလုံး၏ အစစ်အမှန် တိုင်တန်တစ်ယောက်ဖြစ်သည်။ အခြားသော အရာရှိများဖြစ်သည့် ပြည်တွင်းပင်ဖြစ်စေ တိုင်းဘက်မှပင်ဖြစ်စေ အရာရှိများအားလုံးက သူ့ကိုလေးစားမှုအချို့ဖြင့် ဆက်ဆံရသည်။ ကျန်းချုံကျန့်ချုံးသည်လည်း မည်သည့်အဖွဲ့အစည်း အတွက်ပင်ဖြစ်စေ၊ မည်သည့်လူအတွက်ပင်ဖြစ်စေ သူ့ကို ခေါင်းမာသည့်လှည့်ကွက်များ မသုံးရဲဟုယုံကြည်သည်။
“အဲ့ဒီနေ့က ခုံရုံးနဲ့ပတ်သတ်ပြီး ထူးဆန်းတဲ့ကိစ္စတွေ အများကြီးပဲ။ မင်းသာ အဲ့ဒီမှာမရှိနေရင် ကိုယ်တိုင်ကိုယ်ကျ နားလည်ဖို့ခက်ခဲလိမ့်မယ်”
ကျန်းချုံကျန့်ချုံး၏ မျက်နှာတွင် ရှင်းပြရန်ခက်ခဲသော မျက်နှာထားမျိုးက ပေါ်လာသည်။ သူသည် ထိုကိစ္စနှင့်ပတ်သတ်ပြီး မည်သူ့ကိုမှ မပြောရဲခဲ့ချေ။ ထို့ကြောင့် စိတ်ထဲတွင်သာ ထိန်းသိမ်းထားရသည်။ နားထောင်သူက ဝမ်ချောင်သာမဟုတ်လျှင် သူသည် စကားတစ်ခွန်းကိုမှ ဟလိမ့်မည်မဟုတ်ချေ။
“ငါခုံရုံးကိုရောက်သွားတော့ ငြင်းခုံမှုကစနေပြီ။ ခုံရုံးတစ်ခုလုံးက ဆူညံသံတွေအပြည့်ပဲ။ အခြားသူတွေလိုပဲ ငါကလည်း ဒါကဒီတိုင်း ဝရုန်းသုန်းကားဖြစ်နေတဲ့ အခြေအနေ တစ်ခုလို့ပဲ ယုံကြည်ထားတာလေ။ အမိန့်ကလည်း ကျမလာနိုင်ဘူးလို့ မျှော်လင့်ထားတာကို။ ဒါပေမဲ့ ကိစ္စအများစုက ငါမျှော်လင့်ထားတာနဲ့ ခြားနားစွာဖြစ်လာတယ်”
“အတိတ်မှာ ငါမင်းရဲ့ဦးလေးကြီးနဲ့ ကိစ္စတွေကို အမြဲတစေ ဆွေးနွေးနေကြ။ ဒီလိုကိစ္စမျိုးဆိုရင် ဆွေးနွေးဖို့တောင် မလိုအပ်ဘူး။ ဒီတိုင်း အကြည့်ချင်းဖလှယ်လိုက်ရုံနဲ့ ငါတို့ဘာပြောလဲဆိုတာကို အချင်းချင်း နားလည်နိုင်ကြတယ်။ ဒါပေမဲ့ ရုတ်တရက် မင်းရဲ့ဦးလေးကြီးမရှိတာကို တွေ့လိုက်ရတယ်။ နောက်ပြီး ခုံရုံးရဲ့ငြင်းခုံမှုတွေက အစကတည်းက မှားနေတာ။ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ အနောက်ကနေ အရာအားလုံးကို ထိန်းချုပ်နေသလိုပဲ။ ဒါကြောင့် အဲ့ဒီကိစ္စက ခပ်မြန်မြန်မြင့်တက်ပြီး ကြီးမားလာခဲ့တာ။ ဘုရင်စုန့်နဲ့ငါက တစ်ခုခုမှားနေတယ်ဆိုတာကို သိလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ငါတို့သုံးယောက်က တစ်ရက်နှစ်ရက်တည်း မဟာမိတ်ဖြစ်ခဲ့တာ မဟုတ်ဘူးလေ။ ဒါကြောင့် ဒီကမ်းလှမ်းချက်နဲ့ ပတ်သတ်ပြီးတော့တောင် ငါတို့က မထိတ်လန့်ကြဘူး။ ဘာလို့လဲဆိုတော့ ဒီအမိန့်ထွက်လာချေက အရမ်းနိမ့်နေတာကိုး။ ဒါပေမဲ့ ထင်မြင်ချက်တွေ အမျိုးမျိုးပေးဖို့ အချိန်ကျလာတဲ့ အချိန်မှာ ငါတို့အားလုံးကို အံ့အားသင့်စေတဲ့ ကိစ္စတစ်ခုကဖြစ်လာတာပဲ”
ကျန်းချုံကျန့်ချုံးက သက်ပြင်းရှည်ကြီးကိုချသည်။
ထိုသက်ပြင်းရှည်ကြီးကပင် ဖော်ပြရန်ခက်ခဲလွန်းကြောင်း ဖော်ပြသည်။ ဝမ်ချောင်ကပင် ခုံရုံးတွင် ပါဝင်ခဲ့ခြင်း မရှိသည့်တိုင်အောင် ကျန်းချုံကျန့်ချုံးက သူ့ကိုပြောသော အခြေအနေများကြောင့် အလွန်အမင်း ထိတ်လန့်နေပြီဖြစ်သည်။
“တကယ်ပဲ လောကကြီးက ဘာတွေပြောင်းလဲသွားတာလဲ”
ဝမ်ချောင်က မနေနိုင်ဘဲ မေးလိုက်မိသည်။
“ဘုရင်စုန့်နဲ့ငါက အရာအားလုံးကို ခန့်မှန်းနိုင်ခဲ့တယ်လို့ ထင်နေခဲ့တာ။ ဒါပေမဲ့ ငါတို့နဲ့ ဆက်ဆံရေးကောင်းတဲ့ ပြည်တွင်းအရာရှိတွေ ငါတို့ဘက်ကလူတွေ သူတို့အားလုံးက အရေးကြီးဆုံး အခိုက်အတန့်မှ အလဲထိုးခံလိုက်ရတယ်”
ကျန်းချုံကျန့်ချုံးက အခိုင်အမာပြောသည်။
ဘုန်း
ဝမ်ချောင်၏ကိုယ်က တုန်ယင်သွားသည်။ သူ၏မျက်လုံးထဲမှ အံ့အားသင့်မှုများက ပြင်းထန်လာသည်။
ကျန်းချုံကျန့်ချုံးက စကားဆက်မပြောတော့ချေ။ ဝမ်ချောင်သည်လည်း တိတ်ဆိတ်နေသည်။ ခန်းမတစ်ခုလုံးက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ ကျန်းချုံကျန့်ချုံး၏ စကားလုံးများက ဝမ်ချောင်အား သတိလက်လွတ်ဖြစ်စေသည်။ ပြည်တွင်းအရာရှိများက အလဲထိုးခံရသည်။ ဘုရင်စုန့်၊ ဝမ်ကလန်၊ ကျန်းချုံကျန့်ချုံးနှင့် ဆက်ဆံရေးကောင်းသော လူများအားလုံးကသာ ဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်။ ဝမ်ချောင်သည်လည်း ကျန်းချုံကျန့်ချုံး၏ ထိုနေ့မှခံစားချက်ကို နားလည်နိုင်လောက်သည်။ ထို့ပြင် မြို့တော်မှ ခံစားချက် အခြေအနေက မည်သည့်အတွက်ကြောင့် ထူးဆန်းပြီး ဝေဝါးနေကြောင်းကို နားလည်လိုက်သည်။ ထိုအတွက်ကြောင့် ကျန်းချုံကျန့်ချုံးက စံအိမ်သို့ လျို့ဝှက်စွာ ခေါ်လာခဲ့ကြောင်းကိုလည်း သိလိုက်သည်။ နှစ်ယောက်လုံးကလည်း အတွေးနက်ပြီး တိတ်ဆိတ်သွားကြသည်။
အချိန်အတန်ကြာမှ ကျန်းချုံကျန့်ချုံး၏ အသံက တိတ်ဆိတ်မှုကို တဖန်ထပ်ပြီးဖြိုခွဲသည်။
“အမှန်တိုင်းပြောရရင် ဒီလောက်ပဲဆိုရင် အဲ့ဒီလောက်ထိ မဆိုးသေးဘူး။ ငါအစိုးရိမ်ဆုံးက အဲ့ဒီကိစ္စ မဟုတ်သေးဘူး”
“အဲ့ဒီနေ့က အခြေအနေက တအားထူးဆန်းပေမဲ့လည်း ငါတို့ဘက်က ပြည်တွင်းအရာရှိတွေ အားလုံး အဖယ်ရှားခံရပေမဲ့လည်း ဒီအခြေအနေကြီး ဖြစ်ဖို့လောက်ထိ မလုံလောက်သင့်သေးဘူး။ ငါအစိုးရိမ်ဆုံးက သူတော်စင်ဧကရာဇ်ပဲ”
“ဘာ”
ဝမ်ချောင်၏ မျက်လုံးက ဖြူဖျော့သွားသည်။ သူက ခေါင်းကိုခပ်ကြမ်းကြမ်း မော့လိုက်သည်။
“အရှင်ကျန့်ချုံးက ဘာကိုဆိုလိုတာလဲ”
“ဝမ်ချောင် မင်းနားမလည်လောက်ဘူး။ ဒါပေမဲ့ နောက်ကွယ်မှာ လှည့်ကွက်တွေ ဘယ်လောက်များများ ကြံစည်သူရဲ့ပန်းတိုင်က ဘာဖြစ်ဖြစ် ပြည်တွင်းအရာရှိတွေ အားလုံးကို ဘယ်လောက်ပဲ ဖယ်ထုတ်ဖယ်ထုတ် ဒါပေမဲ့ ခုံရုံးရဲ့ ငြင်းခုံမှုတွေအတွက် အရေးကြီးဆုံးမဟုတ်ဘူး။ အစစ်အမှန် ဆုံးဖြတ်ချက်ချတာက အရှင်ဧကရာဇ် ဖြစ်နေတုန်းပဲ။ အရှင်ဧကရာဇ်ကသာ အတည်မပြုပေးရင် ဘယ်အမိန့်မှ မရောက်လာနိုင်ဘူး”
ကျန်းချုံကျန့်ချုံးက နောက်ထပ် သက်ပြင်းရှည်ကြီးကိုချပြီး ဆက်ပြောသည်။
“အင်ပါယာခုံရုံးက မုန်တိုင်းတွေ ငြင်းခုံမှုတွေရှိတဲ့ နေရာတစ်ခု ဖြစ်နေပြီးသား။ ဒါကြောင့် ဒီကိစ္စက ငါတို့ရဲ့ စစ်ဘက်အဖွဲ့အစည်းအတွက် လုံးဝကို အကျိုးမသာတဲ့ အခြေအနေကြီး ဖြစ်နေပြီ။ နောက်ပြီး ငါတို့ကိုပိုပြီး ဆိုးယုတ်စေတယ်။ အမှန်တိုင်းပြောရရင် အခြေအနေက ဆယ်ဆလောက် ပိုဆိုးလာရင်တောင်မှ ငါက ထိတ်လန့်ဦးမှာမဟုတ်ဘူး။ ဒါပေမဲ့ သူတော်စင်ဧကရာဇ် သူက ငါအစိုးရိမ်ရဆုံးပဲ”
“ဗဟိုပြင်ကျယ်တစ်ခုလုံးမှာ သူတော်စင်ဧကရာဇ်ကသာ ငါသိသမျှ ဒါမှမဟုတ် ငါတွေ့ဖူးသမျှထဲမှာ ကြိုးကိုင်နိုင်ဆုံးသောသူ အရှင်သခင်တစ်ယောက်ပဲ။ တိတိကျကျပြောရရင် သူ့ရဲ့ ရည်မှန်းချက်ကြီးမားမှုနဲ့ ပြင်းထန်လွန်းတဲ့ အရှိန်အဝါက အတူတကွ လုပ်ဆောင်နေတဲ့လူတွေ နယ်စပ်မှာ တိုက်ခိုက်နေတဲ့လူတွေ အားလုံးကို နောက်တွန့်စေခဲ့တယ်။ ဗဟိုပြင်ကျယ်ကြီးကို ဒီလောက်ကြီးပွားပြီး စည်ကားတိုးတက်လာအောင် လုပ်နိုင်ခဲ့တာက အရှင်ဧကရာဇ်ပဲ။ သူ့ကြောင့် ငါတို့အင်ပါယာ မဟာဗိုလ်ချုပ်ကြီးတွေက နယ်စပ်မှာ သေတဲ့အထိ တိုက်ခိုက်ဖို့ အင်အားအပြည့် ရှိနေကြတာ”
“ဒါပေမဲ့ အရှင်ဧကရာဇ်က... ဘာဖြစ်မှန်းတော့ ငါမသိဘူး။ ဒါပေမဲ့ အရှင်ဧကရာဇ်နဲ့ ပတ်သတ်ပြီး တစ်ခုခုဖြစ်နေတယ်လို့တော့ ငါခံစားရတယ်။ အရှင်ဧကရာဇ်က ထူးဆန်းလာတယ်။ တအားထူးဆန်းတယ်။ ငါဒါကို အစိုးရိမ်ဆုံးပဲ”
အဆုံးသတ်နားတွင် ကျန်းချုံကျန့်ချုံးက မျက်မှောင်ကိုကျုံ့သည်။ သူ၏တစ်ကိုယ်လုံးက စိုးရိမ်ပူပန်မှုဖြင့် တုန်ယင်နေသည်။ သူတော်စင်ဧကရာဇ်သည် အင်ပါယာကြီး တစ်ခုလုံး၏ အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်ကြီးဖြစ်ပြီး အစစ်အမှန် သခင်ဖြစ်သည်။ ထို့ကြောင့် စီမံခန့်ခွဲသူများဖြစ်စေ၊ သိုင်းပညာ ကျွမ်းကျင်သူများအတွက်ပင်ဖြစ်စေ ထိုကိစ္စက မှန်ကန်သည်။ ယခုအချိန်အထိ ကျန်းချုံကျန့်ချုံးအနေဖြင့် သူတော်စင်ဧကရာဇ်နဲ့ ပတ်သတ်သည့် ကိစ္စကို နားမလည်နိုင်သေးချေ။
ဝုန်း
ကျန်းချုံကျန့်ချုံးက ပူပန်မှုများနှင့် သတိလက်လွတ် ဖြစ်နေချိန်တွင် ဝမ်ချောင်ကမူ သူ၏စိတ်အတွင်းသို့ ကြီးမားသောကျောက်တုံးကြီး ပစ်ချလိုက်သလို ခံစားလိုက်ရသည်။ ကျန်းချုံကျန့်ချုံးကမူ သူတော်စင်ဧကရာဇ်နှင့် ပတ်သတ်သည့်ကိစ္စကို နားမလည်တော့ချေ။ သို့သော် ဝမ်ချောင်ကမူ နတ်သိုင်းနယ်မြေအဆင့်သို့ တက်ရောက်ရန် ကျရှုံးသွားသည့် ကိစ္စက သူတော်စင်ဧကရာဇ်နှင့် အင်ပါယာကြီးပေါ် မည်သို့သက်ရောက်သွားစေကြောင်း နားလည်လိုက်သည်။
ဒီကိစ္စက စတင်တော့မှာများလား။ ဝမ်ချောင်၏နှလုံးသားက လေးလံသွားသည်။ ယခုအခါ သူက တွေးမိသွားပြီဖြစ်လေရာ သူတော်စင်ဧကရာဇ်နှင့် စတင်တွေ့ဆုံချိန်ကတည်းက တစ်စုံတစ်ရာ၏ ထူးဆန်းမှုကို ခံစားနေခဲ့ရသည်။ သူဟာ အနောက်ပိုင်းနယ်မြေကို ချဲ့ထွင်နေခဲ့ချိန်က သူတော်စင်ဧကရာဇ်၏ အခြေအနေက ဆိုးရွားသထက် ဆိုးရွားလာပြီး ထိုအခြေအနေထိ ရောက်ရှိလာခြင်း ဖြစ်နိုင်သည်။
ဝမ်ချောင်၏နှလုံးသားက လေးလံသွားသည်။ သို့သော် အရာရှိတစ်ယောက်အနေဖြင့် အရှင်ဧကရာဇ်ကို မဝေဖန်သင့်ချေ။ သူတော်စင်ဧကရာဇ်ဆိုလျှင် ပို၍ဆိုးသေးသည်။ ကျန်းချုံကျန့်ချုံးကလည်း တစ်စုံတစ်ရာကို သိထားမိခဲ့သောကြောင့် ဖြစ်လောက်မည်ဟု ယူဆသည်။
“ဝမ်ချောင် ဒီကိစ္စက မင်းထင်သလောက် မရိုးရှင်းဘူးနော်။ မြို့တော်ကြီးက အပေါ်ယံမှာ တည်ငြိမ်နေတယ်။ ဒါပေမဲ့ လက်ရှိတိုးတက် ပြောင်းလဲနေတဲ့ အခြေအနေက အောက်ဘက်မှာဖြစ်နေတာ။ မင်းက အရောင်ပြ ရာထူးအတိုးခံရပြီး ရာထူးအချခံရတယ်။ ခိုရာစန်းကနေ ပြန်ခေါ်ရတယ်ဆိုတာက ရေခဲပြင်ထိပ်ဖျားလေးပဲ ရှိနေသေးတယ်။ ပိုဆိုးတာက မင်းရဲ့ထိပ်ဖျားက တအားချွန်လွန်းနေတယ်။ မင်းရဲ့ အာရပ်နဲ့ ဆက်တိုက် တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေက ဖုံးဖိထားဖို့ ခက်ခဲတယ်။ လက်ရှိအချိန်မှာ အရှေ့ပိုင်းနဲ့အနောက်ပိုင်း တူရကီခါကာနိတ်၊ ဂိုဂူလျောအင်ပါယာနဲ့ နမ်ကျောင်းတို့အားလုံးက မဟာထန်ကြီးကို အရမ်းကြောက်ရွံ့ပြီး ထိတ်လန့်နေရတဲ့ အနေအထားကို ပြန်ရောက်သွားပြီ။ အားလုံးက မှင်သက်နေကြတယ်။ ဒါပေမဲ့ တောအုပ်ထဲက ထင်းထွက်နေတဲ့ သစ်ပင်က သေချာပေါက် လေတိုးဒဏ်ကို ခံရမှာပဲ။ နောက်ပြီး မင်းက စစ်တပ်ဘက်မှာ အတောက်ပဆုံးတည်ရှိမှု ဖြစ်နေတယ်။ ဒီအတွက်ကြောင့် မင်းကိုနမူနာထားပြီး ကျန်တဲ့စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဖယ်ရှားလိုက်တာပဲ။ သူတို့ကမင်းကို ပထမဦးဆုံး ဦးတည်ကြလိမ့်မယ်။ ခိုရာစန်းကိစ္စက အစပိုင်းပဲ ရှိနေသေးတယ်။ နောက်ပြီး မင်းအရမ်းကို သတိကပ်နေရမယ်”
ကျန်းချုံကျန့်ချုံး၏ အမူအရာက ပို၍လေးလံလာသည်။
မဟာထန်တွင် ကျန်းချုံကျန့်ချုံးအတွက် အသိအမှတ် အပြုဆုံး လူငယ်ဆိုလျှင် ဝမ်ချောင်ကလွဲပြီး အခြားမရှိချေ။ သူ၏အကျင့်စရိုက် ပြုမူပုံ ဖော်ပြရန်ခက်ခဲလောက်အောင် ကျွမ်းကျင်စွာ ဖမ်းဆုပ်နိုင်သော ဗျူဟာစွမ်းရည်က ကျန်းချုံကျန့်ချုံး မြင်ဖူးသမျှထဲတွင် အထူးချွန်ဆုံးဖြစ်သည်။ ထိုအကြောင်းပြချက်ဖြင့် ကျန်းချုံကျန့်ချုံးက သူ့ကိုတစ်စုံတစ်ရာမှ ဖြစ်ခွင့်မပြုနိုင်ချေ။ ထိုအတွက်ကြောင့် သူဟာ မြို့ဂိတ်တွင် ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဝုန်း
ဝမ်ချောင်၏မျက်လုံးများက မှေးကျဉ်းသွားပြီး မျက်နှာက ချက်ချင်းလိုလို ဖြူဖျော့သွားသည်။ သူသည်လည်း ကျန်းချုံကျန့်ချုံးက သူ့ကိုပေးခဲ့သောစာဟာ သတိပေးချက်တစ်ခုသာဖြစ်ကြောင်း မသိခဲ့ချေ။ ထို့ပြင် ထိုသတိပေးချက်က စစ်အမတ်မင်းကိုပင် ထိုမျှအထိ သတိကြီးစေသေးသည်။
“အရှင်ကျန့်ချုံး အခြေအနေက ဒီလောက်ထိတောင် ဆိုးနေပြီလား”
ဝမ်ချောင်က တင်းမာစွာပြောသည်။
ကျန်းချုံကျန့်ချုံးက အင်ပါယာကျားဖြစ်ပြီး သူ၏အကျင့်စရိုက်ကို လူတိုင်းသိသည်။ သူပြန်လာသော ကိစ္စက အနည်းဆုံး ကျန်းချုံကျန့်ချုံးအား အခြေအနေကို ယေဘုယျအားဖြင့် ဖမ်းဆုပ်မိပေလိမ့်မည်။ သို့သော် အခြေအနေဟာ ထိုမျှအထိ ဆိုးရွားလိမ့်မည်ဟု မထင်ထားမိချေ။
“ဒီကိစ္စက... မင်းထင်ထားတာထက်တောင် ပိုပြီးကြီးမားနေလိမ့်မယ်”
ကျန်းချုံကျန့်ချုံးက ဝမ်ချောင်ကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။
ဒုန်း ဒုန်း ဒုန်း
ဝမ်ချောင်က မေးခွန်းဆက်မေးမည့် အချိန်တွင် ရုတ်တရက် တံခါးခေါက်သံကို ကြားလိုက်ရသည်။ ကျန်းချုံကျန့်ချုံး၏ မျက်နှာအမူအရာက တင်းမာသွားပြီး ဝမ်ချောင်နှင့်သူ နှစ်ယောက်လုံးက လှည့်ကြည့်လိုက်ကြသည်။
“ဘယ်သူလဲ”
ကျန်းချုံကျန့်ချုံးက ခပ်ကြမ်းကြမ်းအော်လိုက်သည်။ သူ၏အသံက လေထုထဲတွင် ထင်းထွက်သွားသည်။
“အရှင် စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာရုံးတော်က အရင်ကိုင်တွယ်ရမဲ့ အရေးကြီးကိစ္စ ရှိတယ်လို့ပြောပါတယ်”
ထိုအသံအရ အန်းနန်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ အရာရှိတစ်ယောက် ဖြစ်နိုင်သည်။ ကျန်းချုံကျန့်ချုံး၏ ဘေးဘက်တွင်ထိုင်နေသော ဝမ်ချောင်သည်လည်း ကျန်းချုံကျန့်ချုံး၏ မျက်နှာပေါ်မှ တောင့်တင်းနေသော အမူအရာများကို မြင်နိုင်သည်။ ထိုမျက်နှာအမူအရာက ဒေါသ၊ ကြောက်လန့်မှု၊ လက်မခံလိုစိတ်များဖြစ်ပြီး နောက်ဆုံးတွင် ကူကယ်ရာမဲ့မှုအဖြစ် ပြောင်းလဲသွားသည်။ သူသည် နောက်ဆုံးတွင် စိတ်အေးသွားသည်။ ဝမ်ချောင်သည်လည်း တစ်စုံတစ်ရာကို နားလည်လိုက်သော်လည်း ဘာစကားမှမဆိုချေ။
“ဝမ်ချောင် စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာ ရုံးတော်မှာ ပြဿနာတစ်ခု ရှိနေတယ်ထင်တယ်။ ကြည့်ရတာ ငါမင်းကို အဖော်မပြုပေးနိုင်လောက်ဘူး”
ကျန်းချုံကျန့်ချုံးက မတ်တပ်ထရပ်လိုက်ပြီး ဝမ်ချောင်ကို တုန့်ဆိုင်းစွာကြည့်သည်။
“ကြည့်ရတာ ငါတို့ စကားပြောခန်းကို နောက်မှဆက်ရလောက်တယ်”
“ဝမ်ချောင်က နားလည်ပါတယ်။ အရှင်သွားပါ”
ဝမ်ချောင်ကလည်း မတ်တပ်ထရပ်လိုက်သည်။ သူစကားအများကြီးပြောရန် မလိုအပ်ပါချေ။ အကြည့်တစ်ချက်ကတင် အချက်အလက် အများကြီးကို ဖလှယ်ပေးရန် လုံလောက်သည်။
ကျန်းချုံကျန့်ချုံးက တံခါးကိုဖွင့်ပြီး ထွက်သွားသည်။ ဝမ်ချောင်ကလည်း သူယခင်က မမြင်ဖူးသော စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာ ရုံးတော်မှ အရာရှိနှစ်ယောက်လာသည့် မိုးပြာရောင်ရထားလုံးထံ ချဉ်းကပ်သွားကြောင်း မြင်လိုက်သည်။ ကျန်းချုံကျန့်ချုံးက ထိုရထားလုံးပေါ်သို့ တက်ပြီးပြီးချင်း ထိုအရာရှိများက ရထားလုံးကိုထွက်ခွာစေလျှက် ထွက်ခွာသွားကြသည်။
ဝမ်ချောင်က ကျန်းချုံကျန့်ချုံး၏ ရထားလုံးက အဝေးသို့ ဝင်ရောက်ပျောက်ကွယ်ကြောင်း မြင်မှသာ စစ်အမတ်မင်းစံအိမ်ထဲမှထွက်သည်။ ကောင်းကင်က အရောင်ပြောင်းပြီး ညအချိန်ရောက်နေကြောင်း မြင်လိုက်သည်။ မီးအိမ်များကို ထွန်းညှိချိန်ပင် ရောက်နေလေပြီ။
“ဒီလောက်ထိတောင် ရှုပ်ထွေးနေပြီလား”
ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည် တစ်စုံတစ်ရာကို သတိထားမိသလိုမျိုး သူ၏အကြည့်က ချက်ချင်းလိုလို စူးရှသွားပြန်သည်။
အခန်း(၁၂၂၉)
စစ်အမတ်မင်း၏ စံအိမ်မှ ထွက်ခွာလာခဲ့ပြီးနောက် ဝမ်ချောင်က သူ၏ကိုယ်ပိုင်စံအိမ်သို့ တိုက်ရိုက်ပြန်သည်။
“ချောင်အာ မင်းနောက်ဆုံးတော့ ပြန်လာပြီပေါ့”
ဝမ်မိသားစုစံအိမ်၏ တံခါးက တောက်ပလင်းထိန်နေသေးသည်။ ဝမ်ချောင်၏မိခင်က အစေခံများနှင့်အတူ သူ့ကိုစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ သူမသည် ဝမ်ချောင်၏ ပိန်ပါးသော ခန္ဓာကိုယ်ကို မြင်လိုက်သောအခါ ချက်ချင်းလိုလို ပွေ့ဖွက်ပြီး ပျော်ရွှင်စွာဖြင့် မျက်ရည်များကိုသုတ်လေသည်။ လောကတွင် မည်သည့်မိခင်ကမဆို သူတို့၏ ကိုယ်ပိုင်ကလေးများကို ချစ်ကြသည်။ ဝမ်ချောင်ဟာ အပြင်လောကတွင် မည်မျှလုပ်နိုင်စွမ်းအား ပြင်းထန်နေစေကာမူ သူဟာ ဘုရင်ဖြစ်စေ၊ အမတ်ဖြစ်စေ မိခင်ဖြစ်သူ၏ မျက်လုံးထဲတွင်မူ သူသည် မိခင်ဖြစ်သူ၏ ဂရုစိုက်မှုကို လိုအပ်သည့် ခပ်ဆိုးဆိုး ကလေးငယ်လေးတစ်ယောက်သာ ဖြစ်နေသေးသည်။
သူမ၏သားဖြစ်သူ ပြန်လာသောကြောင့် သခင်မကျောင်းက အပိုစကားမမေးတော့ဘဲ ဝမ်ချောင်အတွက်သာ ညစာစားပွဲများ ပြင်ဆင်စေသည်။ ထို့နောက် စားသောက်နေသော ဝမ်ချောင်ကို ထိုင်ကြည့်သည်။
ညဟာ တိတ်ဆိတ်ငြိမ်သက်စွာ ကုန်ဆုံးသွားသည်။ ညစာစားပွဲပြီးဆုံးပြီးနောက် ဝမ်ချောင်ဟာ အခန်းထဲသို့ပြန်သည်။ ဝမ်မိသားစု၏ စံအိမ်အတွင်းတွင် မမြင်ရသော အကာအရံအတားတစ်ခု ရှိနေသလိုမျိုး အပြင်ဘက်ရှိ မုန်တိုင်းများ၊ ခုံရုံးရှိ ငြင်းခုံမှုများအားလုံးကို ကာထားသည်။ ဝမ်ချောင်သည်လည်း ခုံရုံးမှကိစ္စများကို အိမ်သို့မသယ်လာလိုပေ။
“တကယ်ပဲဘာတွေဖြစ်ခဲ့တာလဲ”
ဝမ်ချောင်က အိပ်ယာပေါ်တွင်ထိုင်နေပြီး မျက်လုံးကို တစ်ဝက်ခန့် မှေးမှိတ်ထားလျှက် စိတ်ထဲမှ သဲလွန်စများကိုရှာနေသည်။ ခိုရာစန်း၊ ချီရှီတွင် သူမြင်ခဲ့သမျှ အရာအားလုံး၊ ကြားခဲ့သမျှ အရာအားလုံးအပြင် ခဲ့ရှု့ဟန်နှင့်တွေ့ဆုံခြင်း၊ မြို့ဂိတ်တွင် တွေ့ဆုံခဲ့သောလူများ ထိုနောက်ပိုင်း အဖြစ်အပျက်များ၊ ဦးလေးကြီးနှင့် ပြောခဲ့သောစကားများ၊ အိမ်တော်ထိန်းအို၊ ကျန်းချုံကျန့်ချုံး စသဖြင့် အကြောင်းအရာများ အားလုံးထဲမှ သေးငယ်သည့် အချက်အလက်များ အားလုံးကို ပြန်လည်သုံးသပ် ဆင်ခြင်ကြည့်ပြီး အချက်အလက်တိုင်းကို စစ်ဆေးကြည့်သည်။
ရုတ်တရက် ဝမ်ချောင်ဟာ သူ၏စစ်တပ်အာဏာကို ယူဆောင်သွားခဲ့သော ကွန်ဖြူးရှပ် ဝတ်စုံဝတ် ကျွမ်းကျင်ပညာရှင် သုံးယောက်၏လက်တွင်ရှိသည့် လျို့ဝှက်ဆန်းကြယ်သော အမှတ်အသားကို သတိရသွားသည်။
ဝမ်ချောင်သည် အကြံတစ်ခုရလာသည်။
“သူတို့ဖြစ်နေမလား သူတို့ဖြစ်လောက်လား”
ဝမ်ချောင်က တစ်စုံတစ်ရာကို နားလည်သွားသလိုမျိုး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သို့ရာတွင် သူ၏စိတ်ထဲတွင် သံသယများ ပြည့်နှက်နေသေးသည်။ သူက တွေးတောနေချိန်တွင် ရုတ်တရက် တောင်ပံခတ်သံကို ကြားလိုက်ရသည်။ အပြင်ဘက်မှ ဇီးကွက်တစ်ကောင်၏ အော်သံကို ကြားရသဖြင့် ဝမ်ချောင်က အတွေးထဲမှ အသိဝင်လာသည်။
ဝမ်ချောင်က မျက်တောင်တစ်ချက်ခတ်သည်။ ထို့နောက် အိပ်ယာထဲမှထပြီး အော်လိုက်သည်။
“ဝင်လာခဲ့ပါ”
အခန်းက တိတ်ဆိတ်နေပြီး လေတိုက်သံကိုသာ ကြားရသည်။ သိပ်မကြာခင် မည်သူကမှ မရှိလောက်ဟု ထင်ရသော တံခါးအပြင်ဘက်မှ တစ်စုံတစ်ရာက တံခါးကိုတွန်းဖွင့်လိုက်ပြီး အတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်လာသည်။
“အရှင်အမတ်ကို ဂါရဝပြုပါတယ်”
ထိုပုံရိပ်က ဝမ်ချောင်နှင့် ခြေငါးလှမ်း ခြောက်လှမ်းခန့်အကွာတွင် ရပ်သွားသည်။ ထိုပုံရိပ်သည် အရပ်ရှည်ပြီး သန်မာသည်။ ဘယ်ဘက်ပုခုံးတွင် သန်မာထွားကြိုင်းသော သိန်းငှက်တစ်ကောင်ကို သယ်ဆောင်လာသည်။ ထို့အပြင် လေးစားမှု ပြည့်နှက်နေသော မျက်နှာမျိုးနှင့် ဂါရဝပြုလိုက်သည်။
“သိန်းငှက်အိုကြီး ခင်ဗျားတစ်ခုခုကို ရှာတွေ့လို့လား”
ဝမ်ချောင်၏စကားလုံးက ထိုလူ၏နောက်ခံကို ဖော်ထုတ်လိုက်သည်။
ညလယ်ခေါင် ဝမ်မိသားစုစံအိမ်သို့ ဝင်ရောက်လာခဲ့သော ထိုလူသည် သိန်းငှက်အိုကြီးကလွဲပြီး အခြားသူမဟုတ်ပါချေ။ ဝမ်ချောင်သည် တစ်ဖက်သူကို မြို့တော်တွင် ချန်ထားခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
ဝမ်ချောင်က မြောက်ပိုင်းမှ ဝူရှန်းသို့ စတင်သွားပြီးချိန်ကတည်းက သိန်းငှက်အိုကြီးကို အလုပ်မခိုင်းတော့ချေ။ သို့သော် သိန်းငှက်အိုကြီးက အရေးမကြီးတော့ဟု မဆိုလိုချေ။ အမှန်တိုင်းဆိုရသော် သိန်းငှက်အိုကြီးက တစ်ချိန်လုံး အရေးကြီးသည့်တာဝန်ကို ထမ်းဆောင်နေရခြင်းဖြစ်သည်။ သူက ခြောက်ခြားဖွယ်ကောင်းသည့် အန္တရာယ်များသော မြို့တော်သို့ ပြန်လာသောအခါ ဝမ်ချောင်သည် သိန်းငှက်အိုကြီးကို ချက်ချင်းလိုလို ဆင့်ခေါ်လိုက်သည်။ ထို့အပြင် သူ၏အသစ်လတ်လတ်ဆတ်ဆတ် လေ့ကျင့်ပေးထားသော သတင်းအချက်အလက် အသင်းလည်းပါဝင်သည်။
“အရှင်အမတ် အရှင့်ရဲ့ အမိန့်တွေအတိုင်း အရှင်မြို့ဂိတ်ကို ရောက်တဲ့အချိန်မှာ ငါတို့က လူအုပ်ထဲမှာ အရာအားလုံးကို မျက်စိဒေါက်ထောက်ကြည့်ဖို့ သူလျိုတွေထည့်ထားပြီးသားပါ။ နောက်ပြီး မရင်းနှီးတဲ့ အရာရှိတွေကိုလည်း တွေ့ခဲ့တယ်။ အရှင်အမတ်မင်း ထွက်ခွာသွားပြီးတဲ့နောက်မှာ ငါတို့က တော်တော်လေးကို ထူးဆန်းပြီး လျို့ဝှက်ဆန်းကြယ်လွန်းတဲ့ အငယ်တန်းအရာရှိရဲ့နောက်ကို လူတွေလွှတ်ပြီး လိုက်ပါခိုင်းခဲ့တယ်”
သိန်းငှက်အိုကြီးက တင်းမာစွာပြောသည်။
“သူတို့ဘယ်နေရာကို သွားလဲဆိုတာကို ရှာတွေ့ခဲ့လား။ သူတို့ရဲ့နောက်ခံက ဘာလဲ”
ဝမ်ချောင်ကမေးသည်။ သိန်းငှက်အိုကြီးက တခဏခန့် တုန့်ဆိုင်းနေပြီးနောက် ခေါင်းကိုခါသည်။
“မဟုတ်ဘူး ငါတို့လူတွေနောက်ကို လိုက်သွားခဲ့ပေမဲ့ တခဏလောက်ကြာတော့ ငါတို့ရဲ့ ကိုယ်ပိုင်လူတွေနဲ့တောင် အဆက်အသွယ် ပြတ်သွားတယ်။ သူတို့က မီးခိုးငွေ့လို ပျောက်ကွယ်သွားသလိုမျိုးပဲ။ ဒါက ငါကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးထားတဲ့ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်တွေပါ။ သူတို့မှာ အတွေ့အကြုံ အများကြီးရှိတယ်။ အရှင်အမတ် မရှိတဲ့အချိန်မှာ ငါက သူတို့ကို ပေ့ထင်နဲ့ ရို့ကျိုးက တာဝန်တွေအများကြီးကို ထမ်းဆောင်ခိုင်းပြီးသား။ သူတို့က အားလုံးကို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။ ဒီလူတွေက ဒီတိုင်း အငယ်တန်း အရာရှိတွေပါပဲ။ နောက်ပြီး ပုံမှန်အခြေအနေမျိုးမှာဆိုရင် မကျရှုံးသွားသင့်ဘူး။ ဒါကြောင့် ငါသတင်းကိုရပြီးပြီးချင်း ချက်ချင်းလိုလို စတင်စုံစမ်းခဲ့တယ်။ ဒါပေမဲ့ ကျစ်ကာလကျော်ပြီးမှပဲ သူတို့ရဲ့အလောင်းတွေကို မြို့ကျုံးထဲကနေ ရှာတွေ့ခဲ့တယ်”
ဝမ်ချောင်၏မျက်လုံးက ပြူးကျယ်သွားသည်။ မျက်မှောင်ကလည်းကျုံ့သွားသည်။
နေ့ခင်းအချိန်တွင် ပေါ်လာခဲ့သော အငယ်တန်းအရာရှိ နှစ်ယောက်ထဲမှ တစ်ယောက်က ဝမ်ချောင်ကို စိန်ခေါ်ခဲ့သူဖြစ်လောက်ပြီး ထိုလူကပင် ပုံမှန်မဟုတ်ချေ။ ဝမ်ချောင်သည် သိန်းငှက်အိုကြီးကို အမိန့်ပေးပြီး ထိုလူများ၏နောက်သို့ လိုက်စေခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာပင် ဒီလိုရလဒ်မျိုးကို ရလိုက်သည်။ ခုံရုံးမှ အရာရှိအဆင့်များသာဆိုလျှင် ထိုသို့မလုပ်လောက်ချေ။
တခဏခန့်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ဝမ်ချောင်ကပြောလိုက်သည်။
“သူတို့ကို နောက်ဆုံးတွေ့ခဲ့တဲ့နေရာက ဘယ်နေရာလဲ”
“မြို့ရဲ့အရှေ့ပိုင်းမှာပါ”
သိန်းငှက်အိုကြီးက လေးစားစွာပြန်ဖြေသည်။
“ငါနားလည်ပြီ ခင်ဗျားသွားတော့”
ဝမ်ချောင်က ခေါင်းညိမ့်လိုက်သည်။
“အရှင်အမတ်မင်း စိတ်အေးအေးထားပါ။ ဘယ်လိုနည်းနဲ့မဆို ဒီအငယ်တန်း အရာရှိနှစ်ယောက်ကိုရှာဖို့ ငါနည်းလမ်း စဉ်းစားပါ့မယ်”
သိန်းငှက်အိုကြီးက တည်ငြိမ်စွာပြောပြီး ဝမ်ချောင်၏ မျက်နှာအမူအရာကို အကဲခတ်သည်။
အင်ပါယာခုံရုံး၏ အရိပ်ကိုခိုလှုံလျှက် ကြီးမားလွန်းသော အဖွဲ့အစည်းကြီးအချို့က ဝမ်ချောင်ကို အတိုက်အခံ လုပ်နေခြင်းဖြစ်လောက်သည်။ သူတို့သည် အရာရှိများကို တုပပြီး မြို့ဂိတ်တွင်ပင် ဝမ်ချောင်ကို လာရောက်စိန်ခေါ်ကာ အရှက်ခွဲခဲ့ခြင်းဖြစ်လေသည်။ ဝမ်ချောင်၏ မြို့တော်ရှိ လက်အောက်ငယ်သားများ အားလုံးက ထိုအခြေအနေကို သိကြသည်။ သိန်းငှက်အိုကြီးနှင့် အခြားသောသူများ အားလုံးကလည်း ဒီလိုကိစ္စမျိုးကို ဖြစ်ခွင့်ပြုလိမ့်မည်မဟုတ်ချေ။ ဝမ်ချောင်ကို အတိုက်အခံလုပ်ရဲသော မည်သူကမဆို သူတို့၏ရန်သူဖြစ်သည်။
“ငါသိတယ်”
ဝမ်ချောင်က လက်ယမ်းလိုက်သည်။
“ဆက်ခံသူတွေ အသတ်ခံခဲ့ရတဲ့ မိသားစုတွေကို သွားတွေ့ပြီးတော့ လျော်ကြေးတွေပေးလိုက်ပါ။ သူတို့ရဲ့မိသားစုတွေ ဒုက္ခရောက်ရင်လည်း တက်နိုင်သမျှ ကူညီပြီး ဖြေရှင်းပေးလိုက်။ အခြားကိစ္စတွေအတွက်ကတော့ ခင်ဗျားရန်သူကို ခြောက်လန့်တာမျိုးမလုပ်ရင် အကောင်းဆုံးပဲ။ ငါ့မှာဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ ကိုယ်ပိုင်အကြံအစည်ရှိတယ်”
ဝမ်ချောင်က တင်းမာစွာပြောသည်။
“ဟုတ်ကဲ့”
သိန်းငှက်အိုကြီးက အခန်းထဲမှ ခပ်မြန်မြန်ထွက်သွားသည်။ သူလာရောက်ချိန်ကအတိုင်း တိတ်ဆိတ်နေသေးသည်။
ညကခပ်မြန်မြန် ကုန်လွန်သွားပြီး နောက်တစ်ရက်တွင် လေထဲတွင် ဂီတသံများက ပြည့်နှက်နေသည်။ ဝမ်ချောင်က အခန်းထဲတွင် တွေးတောနေဆဲရှိသေးသည်။ အခန်းအပြင်ဘက်မှ မိခင်ဖြစ်သူ၏ အနီးကပ်အစေခံတစ်ယောက်က အပြေးဝင်လာသည်။ သူမ၏မျက်နှာက နီရဲနေသည်။
“သခင်လေး အင်ပါယာခုံရုံးက လူလွှတ်လိုက်ပါတယ်။ သခင်မကတော့ သခင်လေး သူတို့ကို ချက်ချင်း ထွက်တွေ့ရမယ်လို့ပြောတယ်”
ဝမ်မိသားစုစံအိမ်၏ ဝင်ပေါက်တွင် ဝမ်ချောင်ဟာ အင်ပါယာခုံရုံးက လွှတ်လိုက်သည့် သံတမန်နှင့် တွေ့ဆုံသည်။
“အရှင်အမတ်မင်း ကျေးဇူးပြုလို့ ဒီနေ့က အရှင့်အတွက် ကြီးကျယ်ခမ်းနားတဲ့ အောင်ပွဲခံပွဲကြီးပါ။ အရှင်ဆေးကြောသန့်စင်ပြီး အဝတ်အစားလဲပြီးရင် ကျွန်တော်တို့နဲ့အတူ အရှင်မင်းကြီးကို သွားရောက်တွေ့ဆုံဖို့ လိုက်ပါလာခဲ့ပါ။ ဘာသာရေးရာ ရုံးတော်ကလည်း လိုအပ်တဲ့ မှတ်တမ်းလွှာတွေကို ပြင်ဆင်ပြီးပါပြီ။ ဒါကြောင့် အရှင်အမတ်မင်း မြင့်မြတ်တဲ့ အရှင်ဧကရာဇ်နဲ့ တွေ့ဆုံပြီးသွားတာနဲ့ အရှင့်ကို မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်အဖြစ် တရားဝင် ချီးမြှင့်ကြောင်း ကြေညာလို့ရပါပြီ”
ဂိတ်ဝတွင်ရပ်နေသော လူက မျက်နှာတွင် ချုပ်ထိန်းရခက်ခဲသော ပျော်ရွှင်မှုအပြည့်နှင့် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အသက်ကြီးရင့်နေသည့် မိန်းမဆိုးအိုကြီးတစ်ယောက်ဖြစ်သည်။ သူ၏အနောက်တွင် ရွှေရောင်အစောင့်များ၊ တော်ဝင်စစ်တပ်၊ မြို့အစောင့်တပ်၊ ဘာသာရေးရာရုံးတော်မှ အရာရှိများနှင့် ဘုရင့်အိမ်တော်ဝန် လက်အောက်ခံအရာရှိများ ပါဝင်သည်။ သူတို့အားလုံးသည် အခမ်းအနားပွဲ ဓလေ့ထုံးတမ်းအတိုင်း လာရောက်ကြသည်။ သူတို့အားလုံးက ဝမ်ချောင်ကို ကြိုဆိုနေကြသည်။
အထက်တန်းလွှာ ဘွဲ့ထူးတစ်ခုဖြစ်သည့် သူကောင်းမျိုးရိုးတစ်ခုအပြင် ဘုရင်အဆင့်ဘွဲ့ကို ရရှိသွားသောအခါ ယခုလို ကြီးကျယ်ခမ်းနားသည့် အခမ်းအနားပွဲကြီး ကျင်းပပြီး တစ်လောကလုံးကို ကြေညာရသည်။ ဝမ်ချောင်က သူတော်စင်ဧကရာဇ်နှင့်တွေ့ပြီး သူ၏အသိအမှတ်ပြုမှုကို လက်ခံရရှိပြီးမှသာ ဘာသာရေးရာရုံးတော်က ဝမ်ချောင်ဟာ မျိုးနွယ်ခြားနယ်မြေများ၏ဘုရင် အစစ်အမှန်ဖြစ်ကြောင်း တစ်လောကလုံးကို ကြေညာလျှက် အတည်ပြုပေးမည်ဖြစ်သည်။ ဒါဟာ မဟာထန်၏ ဘုရင်တိုင်းက ဖြတ်သန်းရသည့် အခမ်းအနားပွဲကြီးဖြစ်သည်။
“မိန်းမဆိုးလူကြီးမင်း ဒုက္ခများသွားရပြီ။ ကျေးဇူးလည်းအများကြီးတင်ပါတယ်”
ဝမ်ချောင်က ဆေးကြောသန့်စင်ပြီး အမတ်မင်းဖြစ်ကာစက အခမ်းအနားပွဲတွင် ဝတ်ဆင်ရန် ပြင်ဆင်ထားသော အနီရောင်ဝတ်စုံကြီးကို လဲဝတ်လိုက်သည်။ ထို့နောက် နန်းတွင်းမှလာသော ခမ်းနားထည်ဝါသော ရထားလုံးအတွင်းသို့ ဝင်ရောက်လိုက်ပြီး တော်ဝင်နန်းတွင်းသို့ ထွက်ခွာသည်။
အချိန်ဟာ မနက်အစောပိုင်းသာ ဖြစ်နေသေးသည်။ အရှေ့ပိုင်းမှ နေရောင်ဖျဖျကိုသာ မြင်နိုင်သည်။ သို့သော် လမ်းများတွင် လူများပြည့်ကြပ်နေသည်။ သတင်းကြားသော သာမာန်လူတိုင်းက လမ်းဘေးတွင်ရပ်ကာ ကြိုဆိုအားပေးနေကြသည်။ မြို့တော်မှလူများက ဘုရင်အဖြစ် တင်မြှောက်ကြောင်း ပွဲအခမ်းအနားအကြောင်း သိပြီးကြသည်မှာ ကြာပြီဖြစ်ပြီး ဒီအခိုက်အတန့်ကို စောင့်နေခဲ့ကြခြင်းဖြစ်သည်။
“အဲ့ဒီကိုကြည့်လိုက်ဦး လူငယ်အမတ်မင်း လူငယ်အမတ်မင်းက အရှင်ဧကရာဇ်မင်းကို သွားတွေ့ပြီး သူ့ရဲ့ ဘွဲ့ထူးအသစ်ကို ရရှိတော့မယ်”
“လူငယ်အမတ်မင်းလို့ ပြောနေတုန်းလား။ ဒါက မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်လေ။ ငါ့ရဲ့မဟာထန်မှာ မျိုးရိုးနာမည်မတူတဲ့ ပထမဦးဆုံး ဘုရင်ဘွဲ့ချီးမြင့်ခံရသူပဲ”
“ဟား ဟား ဒီလိုဘွဲ့ထူးမျိုးနဲ့ ထိုက်တန်တဲ့ သူရဲကောင်းက မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်လေ။ ဘယ်လောက်ကြီးကျယ်ခမ်းနားတဲ့ သူရဲကောင်းတစ်ယောက်လဲ။ ငါတို့ ဗဟိုပြင်ကျယ်ကြီး တစ်ခုလုံးရဲ့ အစစ်အမှန် သူရဲကောင်းကြီးပဲ။ အားလုံးပဲ မြန်မြန်လေးလာကြည့်ကြ”
လူအုပ်က လမ်းဘေးတွင် ပြည့်ကြပ်နေသလို ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှုများနှင့် ယိုဖိတ်ကျနေပြီး လေထုအခြေအနေက ကြာလာသည်နှင့်အမျှ ပို၍ပင် စည်ကားသက်ဝင်လာသည်။ မြို့ဂိတ်မှ မနေ့က မတော်တဆမှုက တစ်မြို့လုံးအနှံ့ လေပြင်းတစ်ခုလို တိုက်ခတ်သွားပြီး ဝမ်ချောင်၏ဂုဏ်သတင်းက ပို၍သာမြင့်လာသည်။
“သူလာနေပြီ သူလာနေပြီ”
ဝမ်ချောင်၏ ဝေါယာဉ်က ရှေ့တိုးလာသည်နှင့်အမျှ လူအုပ်က စိတ်လှုပ်ရှားစွာ အော်ဟစ်ကြသည်။
ဝမ်ချောင်က မတုန့်ပြန်နိုင်သေးခင် ကျယ်လောင်သည့် ဘုန်းကနဲအသံကြီးကို ကြားရသည်။ ထို့နောက် အော်ဟစ်သံများ၏ အကြားတွင် မီးပန်းကြီးတစ်ခုက မီတာတစ်ဆယ်ကျော်အထိ မြောက်တက်လျှက် ကောင်းကင်သို့ ဝင်ရောက်ပြီး တောက်ပလွန်းသော အလင်းတန်းများဖြင့် ပေါက်ကွဲသွားသည်။
ဘုန်း
ဒုတိယမြောက် မီးပန်းတစ်ခုက လိုက်ပါသည်။ ထို့နောက် တတိယ....
စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် မြို့တော်၏ ကောင်းကင်တစ်ခုလုံးအနှံ့ မီးပန်းပင်လယ်ကြီးက ပြည့်နှက်သွားပြီး လူအုပ်တစ်ခုလုံးကို ကြိုဆိုသည်။
မီးပန်းများ၏ ပေါက်ကွဲသံများအကြားတွင် မီးပန်းဖောက်သူများ၏ အော်ဟစ်သံများက မြို့တော်တစ်ခုလုံးအနှံ့ ပျံ့နှံ့နေကြောင်း မြင်နိုင်သည်။
“မျိုးနွယ်ခြားနယ်မြေများရဲ့ဘုရင်”
“မျိုးနွယ်ခြားနယ်မြေများရဲ့ဘုရင်”
ဝေါယာဉ်အတွင်းမှ ဝမ်ချောင်၏ နားထဲတွင် လူအုပ်၏ အော်ဟစ်သံများက ပြည့်နှက်နေသည်။
“ဒီနှစ်တစ်ရာအတွင်း လူငယ်အမတ်မင်းကပဲ ပြည်သူတွေရဲ့ ဒီလောက်ချစ်တာကို ခံရတာပါ”
ဦးဆောင်လာသော ငွေရောင်ဝတ်စုံဝတ် မိန်းမဆိုးက ပြည်သူများအားလုံးက လမ်းမပေါ်သို့တက်လျှက် ဝမ်ချောင်ကို အော်ဟစ်အားပေးနေကြောင်း မြင်သောအခါ ဝမ်ချောင်၏ ဝေါယာဉ်ကိုလှည့်ကြည့်ပြီး လေးစားစွာပြောသည်။
ဝေါယာဉ်ဘေးနားတွင် လိုက်ပါပို့ဆောင်သည့် ရွှေရောင်အစောင့်များ၏ မျက်နှာတွင် ရိုသေလေးစားမှု အပြည့်နှင့်ဖြစ်သည်။ ဒီလိုအကျင့်စရိုက်ရှိသည့် အမျိုးသားက ခမ်းနားကြီးကျယ်သည့် လေးစားမှုကို ရရန်ထိုက်တန်သလို အားလုံး၏ ယုံကြည်ကိုးကွယ်မှုကိုလည်း ခံရသင့်သည်။ ဝမ်ချောင်၏ အနောက်ဘက်ခြမ်းမှ လုပ်ဆောင်မှုများအားလုံးက အမျိုးသားတိုင်း၊ စစ်သားတိုင်း အိမ်မက် မက်ရသည့် လုပ်ရပ်ဖြစ်သည်။ သူတို့အားလုံးကလည်း သူတို့၏ကျောကို ချက်ချင်းလိုလို မတ်လိုက်ကြသည်။
ဝမ်ချောင်သည် ဝေါယာဉ်ထဲတွင် တည်ငြိမ်စွာ ဆက်ထိုင်နေပြီး အသေးစိတ်တိုင်းကို နားထောင်သည်။ သူက အော်ဟစ်အားပေးသံများကို နားထောင်လေလေ သက်ပြင်းချမိလေလေဖြစ်သည်။
မြို့တော်၏ ပြည်သူများကမူ ဆင်းသက်လာမည့် အန္တရာယ်များကို မသိလောက်ချေ။ သို့သော် ဒါဟာ သူတို့ကို ပို၍ပင်သဘောကျစေသည်။
ဝမ်ချောင်က ဘာလို့မစဉ်းစားမိရမှာလဲ။ သူ့ရဲ့အရှေ့က အဲ့ဒီဗိုလ်ချုပ်တွေ အားလုံးက ဘာလို့သူတို့အသက်ကို စတေးသွားကြတာလဲ။ ဘယ်သူတွေအတွက်လဲ ဘယ်သူတွေရဲ့ ဘဝတွေအတွက်လဲ။
ယာဉ်တန်းက ရှေ့သို့ဆက်လက် သွားနေသလို အော်ဟစ်အားပေးသံများက ပြည့်နှက်နေသည်။ ဝမ်ချောင်၏ ဝေါယာဉ်က နောက်ဆုံးတွင် အင်ပါယာနန်းတွင်းသို့ ဝင်ရောက်သွားလေပြီ။
ခြိမ်း
ကြီးမားလွန်းသော ရွှေရောင်ဂိတ်တံခါးကြီးက ဝုန်းကနဲအသံနှင့်အတူ ပိတ်သွားလေပြီး အပြင်ဘက်မှ ဆူညံသံများကို ပိတ်ဆို့ပစ်လိုက်သည်။ ထိုသို့ဖြင့် လောကတစ်ခုစီ ခြားနားဝင်ရောက်သွားသလိုဖြစ်သည်။
သူ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးက တိတ်ဆိတ်သွားပြီး ဝေါယာဉ်ထဲတွင် ထိုင်နေသော ဝမ်ချောင်၏စိတ်က မရေမတွက်နိုင်သော အတွေးပေါင်းများစွာဖြင့် မွှေနှောက်ခံရပြန်သည်။
ခွက်
အချိန်တစ်ခုကြာပြီးနောက် ဝေါယာဉ်က အနည်းငယ်တုန်ခါလျှက် ရပ်တန့်မည့် လက္ခဏာမျိုးပြသည်။
အခန်း(၁၂၃၀)
“ဘာဖြစ်တာလဲ”
ဝမ်ချောင်က အသိပြန်ဝင်လာသည့် အချိန်တွင် မျက်မှောင်ကျုံ့ရင်း တစ်ချက်ကြည့်လိုက်သည်။
“အရှင်အမတ် အရှေ့မှာ တစ်ယောက်ယောက်က လမ်းကိုလာပိတ်နေပါတယ်”
ငွေရောင်ဝတ်စုံနှင့် မိန်းမဆိုး၏ တုန်ယင်သောအသံက ထွက်လာသည်။
ဝုန်း
ဝမ်ချောင်က တင်းမာသောမျက်နှာနှင့် သူ၏အာရုံခံနိုင်စွမ်းအားကို ထုတ်လွှတ်လိုက်သောအခါ ခြေလှမ်း ငါးဆယ်ခြောက်ဆယ်ခန့် အကွာတွင် ပြင်းထန်သည့် အရှိန်အဝါနှင့် လူတစ်ယောက်က လမ်းကိုပိတ်နေကြောင်း တွေ့လိုက်ရသည်။
ဝမ်ချောင်သည် မူလကမူ ဒါဟာ နန်းတွင်းကို ကင်းလှည့်သော အင်အားကြီးမားသည့် တော်ဝင်စစ်တပ်မှ ဗိုလ်ချုပ်တစ်ယောက် ဖြစ်လောက်မည်ဟု ထင်ထားသည်။ သို့သော် မမျှော်လင့်ထားစွာပင် သူ၏ထင်မြင်မှုက မှားသွားသည်။
သို့သော် ထိုအချက်ကသာ ဝမ်ချောင်ကို အံ့အားသင့်စေခြင်း မဟုတ်သေးချေ။ တော်ဝင်နန်းတွင်းသည် အထွတ်အမြတ် နယ်မြေဖြစ်ပြီး ထိုနယ်မြေအတွင်း ရမ်းကားရဲသောလူများလည်း မရှိချေ။ ထိုအကြောင်းပြချက်ကြောင့် ထိုလူဟာ သူ၏ သူတော်စင်ဧကရာဇ်နှင့် သွားတွေ့မည့် ယခုလို ပွဲတော်၏ ကြီးမြတ်သော အခိုက်အတန့်မျိုးတွင် သူ၏လမ်းကို ပိတ်ရဲကတည်းက သာမာန်လူမလုပ်ရဲသော ကိစ္စမဟုတ်ကြောင်း သိလိုက်သည်။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ဘာလို့ထွက်လာပြီး ငါနဲ့မတွေ့တာလဲ”
အပြင်ဘက်မှ မြင့်မြတ်ပြီး ထည်ဝါသောအသံက ထွက်လာသည်။ ထိုအသံထဲတွင် ရာထူးကြီးသူ တစ်ယောက်၏ အာဏာသံမျိုးက ပါသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ကလည်း ရွှေရောင်အစောင့်များနှင့် ငွေရောင်ဝတ်စုံဝတ် မိန်းမဆိုးတို့အားလုံးက အသက်ရှုရပ်သွားကြောင်း ခံစားလိုက်ရသည်။ သူတို့သည် ကြောင်ကိုတွေ့သော ကြွက်တစ်ကောင်လိုမျိုး အလွန်ကြောက်သွားကြသည်။
ဝှစ်
ဝမ်ချောင်သည် အနည်းငယ်မျှ တုန့်ဆိုင်းခြင်းမရှိဘဲ လက်ကိုဆန့်တန်းလျှက် လိုက်ကာကိုမပြီး ဝေါယာဉ်ထဲမှထွက်သည်။ အဝေးတွင် ပုံရိပ်တစ်ခုက ရပ်နေ၏။ သူသည် လက်သည်းလေးဘက်ပါ နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် ခန္ဓာကိုယ်တစ်ခုလုံးက အဆုံးအစမဲ့သော ထည်ဝါမှုများကို လွှတ်ထုတ်ထားသည်။ ဝမ်ချောင်က ထိုလူကို တစ်ကြိမ်သော်မျှ မတွေ့ဖူးချေ။ သို့သော် တစ်ဖက်သူ၏ မျက်နှာတွင် သူတော်စင်ဧကရာဇ်၏ တူညီသော ရုပ်ရည်သွင်ပြင်အရ တစ်ဖက်သူကို ချက်ချင်းလိုလို မှတ်မိလိုက်သည်။
“ပထမမင်းသား”
ဝမ်ချောင်သည် အံ့အားတကြီး မျက်လုံးပြူးကျယ်လိုက်မိသည်။ သူသည် မြို့တော်သို့ ပြန်လာသည်မှာ တစ်ရက်ပင် မကြာသေးချေ။ သို့တိုင်အောင် ယခုလိုပုံစံမျိုးနှင့် ပထမမင်းသားနှင့် လာရောက်တွေ့ဆုံနေသည်။ ပထမမင်းသား၏ တည်ငြိမ်ပြီး မယိမ်းယိုင်သော ပုံပန်းသွင်ပြင်မှတစ်ဆင့် ဒါဟာဝမ်ချောင် ကျော်ဖြတ်ရမည့် နန်းတွင်းမှ ဓလေ့ထုံးတမ်းတစ်ခုဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ခန့်မှန်းမိလိုက်သည်။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းနဲ့တွေ့ခွင့်ရဖို့ တကယ်မလွယ်တာပဲ”
ပထမမင်းသား၏ မျက်ဝန်းက တောက်ပသွားသည်။ သူသည် ဝမ်ချောင်ထံ ကျားတစ်ကောင်လိုမျိုး လျှောက်လာသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည် ပတ်ဝန်းကျင်တစ်ခုလုံးကို အကဲခတ်ကြည့်လိုက်သောအခါ ခြေလှမ်းရာကျော် အကွာအတွင်းတွင် အင်ပါယာစစ်တပ်မှ စစ်သည်တော်များ အားလုံး ပျောက်ကွယ်သွားကြောင်း တွေ့လိုက်သည်။
အားလုံးဟာ တိတ်ဆိတ်နေသည်။ လေထုက တောင့်တင်းနေပြီး ဝေါယာဉ်နားရှိလူတိုင်းက မြေပြင်သို့ဝပ်လျှက် အညံ့ခံဟန် ဦးတိုက်ထားကြသည်။ သူတို့၏မျက်နှာက ဖြူဖျော့နေပြီး ခန္ဓာကိုယ်က တုန်ယင်နေသည်။
မင်းသားတစ်ပါးနှင့် ခုံရုံးမှ အရေးပါသောလူတစ်ယောက် တွေ့ဆုံသောကိစ္စက ကြီးမားစွာ တားမြစ်ထားသော ကိစ္စတစ်ခုဖြစ်သည်။ ဝမ်ချောင်ကမူ သာမာန်အရေးပါသော အရာရှိတစ်ယောက် မဟုတ်သေးချေ။ ထိုကိစ္စကိုသာ အများသိသွားလျှင် ကြီးမားသော အကျိုးဆက်ကြီး ဖြစ်လာနိုင်သည်။ ထို့ကြောင့် လူအချို့ကဆိုလျှင် နှုတ်ပိတ်ခံရနိုင်သည့်အတွက် ကြောက်လန့်တုန်လှုပ်နေကြသည်။
ပို၍အရေးကြီးသည်မှာ ပထမမင်းသားက အကြီးဆုံးသားဖြစ်ပြီး ဆက်ခံသူရာထူးရရှိထားသူဖြစ်ကာ မဟာထန်၏ ဧကရာဇ်ထီးနန်းကို ဆက်ခံနိုင်ရန် အလားအလာ အကောင်းဆုံးသော ဆက်ခံသူကြီး ဖြစ်နေသည်။ ထို့ကြောင့် အရာအားလုံးကသာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့လျှင် သူသည် မဟာထန်၏ဧကရာဇ် ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် နန်းတွင်းထဲရှိ သူ့ကိုရန်စရဲသောလူတိုင်းက ဖြစ်လာမည့် အကျိုးဆက်ကို အလွယ်တကူ ခန့်မှန်းကြည့်၍ရသည်။
“စိတ်အေးအေးထား ပထမမင်းသားက စိတ်သဘောထား ပွင့်လင်းတဲ့လူပါ။ ဒါကြောင့် မင်းတို့ကို ဒုက္ခပေးမှာမဟုတ်ဘူး”
ဝမ်ချောင်၏မျက်လုံးက တစ်ချက်လက်သွားပြီး ရှေ့သို့ဆက်လျှောက်သွားသည်။ လူတစ်ယောက်သည် ကံကြမ္မာကောင်းကို မကြောက်လန့်ရန် လိုအပ်သည်။ ကပ်ဘေးများကလည်း တိုင်းတာ၍မရချေ။ သူက ပြန်လည်မွေးဖွားလာချိန်ကတည်းက ဝမ်ချောင်အနေနှင့် ပထမမင်းသားကို အမြဲတစေ အတက်နိုင်ဆုံး ရှောင်ရှားခဲ့သည်။ သူ၏ဦးလေးကြီးကပင် သူ၏လွှမ်းမိုးမှုကြောင့် ပထမမင်းသားနှင့် ခပ်ဝေးဝေးနေခဲ့သည်။ သို့တိုင်အောင် သူသည် အချိန်အတန်ကြာ ရှောင်ရှားခဲ့ပြီးသည့်တိုင်အောင် နောက်ဆုံးတွင် အကန့်အသတ်ကို ရောက်ရှိသွားပုံရသည်။
ဝမ်ချောင်က ပထမမင်းသားအတွက် အလုပ်လုပ်ရန် ရွေးချယ်ခဲ့သည်။ သို့သော် ပထမမင်းသားကိုမူ သူ့ကိုလာရှာခွင့်မပြုခဲ့ချေ။ ဝမ်ချောင်သည်လည်း ပထမမင်းသားကသူ့ကို လာရှာသည့်အတွက် အနည်းငယ် သိချင်မိသွားသည်။
“အရှင့်သားကို ဂါရဝပြုပါတယ်”
ပထမမင်းသားနှင့် ခြေသုံးလှမ်း လေးလှမ်းခန့်အကွာတွင် ဝမ်ချောင်က ရပ်တန့်လိုက်ပြီး မမောက်မာလွန်း မနိမ့်ချလွန်းသော ပုံစံမျိုးဖြင့် အရိုအသေပေးလိုက်သည်။
“ဟား မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်က တကယ်ကြင်နာတတ်ပြီး သဘောထားကြီးမြတ်လွန်းပါတယ်။ သူတို့ကသာ ပါးစပ်လုံရင် ဒီမင်းသားက ဘာကြောင့်များ ဒီအစေခံတွေကို ဒုက္ခပေးရမှာလဲ”
ပထမမင်းသားက မထူးခြားနားသလိုပြောပြီး ဝမ်ချောင်ကိုသာကြည့်သည်။
ပထမမင်းသားအနေဖြင့် ဝမ်ချောင်ကို ပထမဦးဆုံးအကြိမ် အနီးကပ် စိုက်ကြည့်ကာ လေ့လာဖူးခြင်းဖြစ်သည်။ သူသည် သူနှင့်ပတ်သတ်သည့် ဒဏ္ဍာရီပေါင်းများစွာကို ကြားဖူးထားသလို လက်အောက်ငယ်သားများက သယ်လာသည့် ပန်းချီပုံကိုလည်း မြင်ဖူးသော်လည်း အစစ်အမှန်လူကို တွေ့ရသောအခါ သက်ပြင်းချမိပြန်သည်။
အနောက်တောင်ပိုင်းက စစ်ပွဲတွင် သူသည် အနောက်တောင်ပိုင်းသို့ မဟာကလန်ကြီးမှ ကျွမ်းကျင်ပညာရှင် တစ်ထောင်ကျော်ကို ဦးဆောင်ခေါ်သွားခဲ့ပြီး ဒီရေကိုပြောင်းပြန်လှန်လျှက် မာန်ရှဲ့ယွီစန်းစစ်တပ်မှ စစ်သည်သိန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ ထိုကိစ္စပြီးနောက် အလုံးအရင်းနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကြီးနှစ်ခုတွင်လည်း သူသည် လောက၏ အတော်ဆုံးသော အတော်ဆုံးသော မြင်းတပ်အဖွဲ့ဝင် တစ်သန်းနီးပါးကို သတ်ဖြတ်ခဲ့သည်။ ထိုသို့လုပ်ဆောင်နိုင်ခဲ့သော ကိစ္စကို မှင်သက်ဖွယ်ကောင်းလွန်းသော ကိစ္စဟုသာ ဖော်ပြရပေမည်။
ထိုသို့ပြုခဲ့ပြီးသော လူမျိုးကို စစ်နတ်ဘုရားဟုပင် ခေါ်ထိုက်နေပြီဖြစ်သည်။ သို့သော် ထိုသို့လုပ်ခဲ့သောလူက အသက်(၁၇)နှစ်၊ (၁၈)နှစ်အရွယ်ခန့်သာ ရှိသေးသော လူတစ်ယောက်ဟု မည်သူကမှ မတွေးမိလောက်ချေ။
အား ငါကသာ ဝမ်ကလန်ရဲ့ အငယ်ဆုံးသားက ဒီလောက်ပါရမီကြီးမှန်းသိရင် ဝမ်ကန်းကနေတစ်ဆင့် ဝမ်ကလန်တစ်ခုလုံးကို ဆွဲသွင်းခဲ့ပါတယ်။
ပထမမင်းသားက နောင်တရသွားသည်။ ဝမ်ချောင်၏ အကူအညီနှင့်သာဆိုလျှင် သူ၏ကြိုးစားမှု အကျိုးအမြတ်များ အားလုံးက သူ့အပိုင်ဖြစ်လာသင့်သည်။ ထိုသို့ဆိုလျှင် ယခုအခါ သူ့ကို ဘယ်သူကမှ အတိုက်အခံမလုပ်ရဲလောက်ချေ။
ပထမမင်းသားက ဝမ်ချောင်ကို လေ့လာနေချိန်တွင် ဝမ်ချောင်ကလည်း ပထမမင်းသားကို လေ့လာနေသည်။ မည်သို့ပင်ဆိုစေ သူတော်စင်ဧကရာဇ်၏ ဆက်ခံသူဖြစ်သည့်အလျောက် ပထမမင်းသားသည် သူတော်စင်ဧကရာဇ်၏ ရုပ်ရည်ဖြင့် အတော်ဆင်တူသည်။ ပို၍ဆိုးသည်မှာ အကြီးဆုံးသားဖြစ်သည့်အလျောက် ပထမမင်းသားသည် ရိုးရှင်းစွာပင် စီမံမှုရေးရာ ကိစ္စများကို စတင်ဆောင်ရွက်နေရပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်က မြင့်မြတ်ထည်ဝါသော အရှိန်အဝါကို လွှတ်ထုတ်ပေးနေသည်။ အဆင့်လွန်အာဏာကို ပိုင်ဆိုင်ထားသူ အာဏာကြီးသူတစ်ယောက်၏ အရှိန်အဝါကိုပင် သယ်ဆောင်လာ၏။
သူ၏လုပ်ဆောင်မှုတိုင်း သူ၏စကားလုံးတိုင်းက သူတော်စင်ဧကရာဇ်၏ ပြုမူပုံများကို တစ်စိတ်တစ်ပိုင်း သယ်ဆောင်ထားသည်။ သို့သော် အာ....
ဝမ်ချောင်က ပထမမင်းသားကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ အခြားသောလူများက မသိလောက်သော်လည်း ဝမ်ချောင်ကမူ ပထမမင်းသားဟာ ဘယ်သောအခါမှ သူတော်စင်ဧကရာဇ်၏ ထီးနန်းကို ထိုင်နိုင်မည်မဟုတ်ကြောင်း သိနေသည်။ ဒါဟာ မင်းသားငါး လီဟန်ကြောင့်မဟုတ်လေဘဲ သူ၏အကျင့်စရိုက်ကသာ မသင့်တော်သောကြောင့်ဖြစ်သည်။
“ဝမ်ချောင် မင်းကတကယ်ကို ပါရမီကြီးတဲ့လူပဲ။ ငါအတိတ်က မင်းကိုငါ့ဘက် မဆွဲသွင်းခဲ့မိတာက ဒီဘုရင်ရဲ့ အကြီးမားဆုံးအမှားပဲ။ ငါကသာ စစ်အနုပညာက မင်းရဲ့ပါရမီကို ကြိုမြင်နိုင်ခဲ့ပြီး မင်းက လောကမှာ ပြိုင်ဘက်ကင်းမှာကို သိခဲ့ရင် ဝမ်ကျုံးစစ်ကတောင် မင်းကိုမယှဉ်နိုင်ခဲ့ဘူးလို့သာ သိခဲ့ရင် ငါသေချာပေါက် မင်းကိုအရခေါ်ခဲ့မိမှာပဲ။ ငါကသာ မင်းရဲ့အကူအညီကို ရခဲ့ရင် ဖြစ်နိုင်တာက ငါနံပါတ်ကိုးနဲ့ နံပါတ်ငါးကိုကျော်ပြီး အဲ့ဒီနေရာမှာ ထိုင်ခဲ့နိုင်ပြီးလောက်ပြီ။ ဒီဘုရင်က သူ့ရဲ့အမှားကိုပြင်ပြီး မင်းကိုအခွင့်အရေးတစ်ခုပေးမယ်။ မင်းလည်း ဒီဘုရင်ကို အခွင့်အရေးတစ်ခု ပေးစေချင်တယ်။ ဝမ်ချောင် မင်းဘာလို့ လာပြီး ဒီဘုရင်ကို မကူညီတာလဲ”
ပထမမင်းသား၏အသံက ထိုနေရာတောက်လျှောက် ပဲ့တင်ထပ်သွားသည်။ ငွေရောင်ဝတ်စုံနှင့် မိန်းမဆိုးနှင့် ထိုနေရာရှိ အစောင့်များအားလုံးက ကြောက်လန့်မှုဖြင့် တုန်ယင်သွားကြသည်။ နံပါတ်ကိုးနှင့် နံပါတ်ငါးဆိုသော စကားက သူတို့အားလုံး၏ မျက်နှာကို ဖြူဖျော့သွားစေသည်။ မည်သူကမှ ဘာစကားမှ မဆိုရဲကြဘဲ ခေါင်းကိုဆက်တိုက် ငုံ့လိုက်ကြသည်။ ထို့နောက် မြေပြင်ကို ကပ်လိုက်ကြသည်။
မင်းသားများ၏စစ်ပွဲတွင် ပထမမင်းသားက တော်ဝင်နန်းတွင်း၏အလယ်တွင် မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ကို သူ့ဘက်ရောက်အောင် ဆွဲသွင်းသည့် တားမြစ်အပြစ်ကြီးကို ပြုမူလိုက်သည်။ ထိုအပြစ်ကို ဆိုးရွားစွာသာ ကိုင်တွယ်လိုက်လျှင် မျက်မြင်သက်သေများအားလုံးက အသတ်ခံရနိုင်သည်။ ထိုမြင်ကွင်းနှင့် ပတ်သတ်ပြီး သေးငယ်သော အသေးစိတ်အချက်အလက် တစ်ခုခုကသာ ပေါက်ကြားသွားခဲ့လျှင်ပင် အင်ပါယာခုံရုံး တစ်ခုလုံးကို ကြီးမားသည့် လှုပ်ခတ်မှုကြီး ဖြစ်သွားစေနိုင်သေးသည်။
သူတို့အားလုံးက တိတ်တဆိတ် ကြောက်လန့်ကာ တုန်ယင်နေကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်လွန်းသဖြင့် အပ်ကျသံကိုပင် ကြားနိုင်သည်။ ထိုသို့ဖြင့် တစ်စက္ကန့်က နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာညောင်းပြီးသည်ဟု ယူဆပြီးချိန်တွင် ဝမ်ချောင်က စကားပြောလာသည်။
“အရှင့်သားက ငါ့ကိုဒီလောက်ထိ မြင့်မြင့်မားမား မျှော်မှန်းထားမယ်လို့ ငါမထင်ထားဘူး။ ဒါပေမဲ့ ငါအရှင့်သားကို စိတ်ပျက်စေမိလောက်တယ်။ ဝမ်ချောင်က သာမာန်ဗိုလ်ချုပ်တစ်ယောက်ပါ။ တိုက်ပွဲနယ်မြေမှာ လုပ်ဆောင်မှုနည်းနည်း ရှိခဲ့ရုံလောက်ပဲ။ အရှင့်သားပြောတဲ့ ကိစ္စအတွက်ကတော့ သူတော်စင်ဧကရာဇ်ကပဲ ဆုံးဖြတ်နိုင်မှာပါ။ ငါ့လိုမျိုး နိမ့်ကျတဲ့ ဘာလွှမ်းမိုးမှုမှ မရှိတဲ့ ဒီဝမ်ချောင်လောက်က မလုပ်နိုင်လောက်ပါဘူး”
ဝမ်ချောင်က ထိုသု့ိပြောပြီး ဂါရဝထပ်ပြုသည်။
“ရမ်းကားလိုက်တာ ဝမ်ချောင် မင်းက အရှင့်သားကိုငြင်းတာလား”
ပထမမင်းသား၏ အစောင့်များထဲမှ တစ်ယောက်က ရှေ့ထွက်လာပြီး ဝမ်ချောင်ကို ခပ်ကြမ်းကြမ်း အော်သည်။
“ရမ်းကားတဲ့ ကျွန်းရှင်း အခုချက်ချင်း နောက်ဆုတ်စမ်း။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က မင်းလိုကောင်မျိုးက ရိုင်းပြလို့ရတဲ့လူလား”
ပထမမင်းသားက သူ၏လက်အောက်ငယ်သားကို လက်ယမ်းပြလျှက် ခပ်ကြမ်းကြမ်း ပြန်အော်သည်။ သို့သော် သူ၏အမူအရာကမူ ပြောင်းလဲသွားခြင်းမရှိချေ။
ဝမ်ချောင်က အရာအားလုံးကို မှင်သေသေအဖြစ်သာ စိုက်ကြည့်နေသည်။ သူသည် မင်းသားများက သူ၏လူများကို လဒ်ထိုးသည့် နည်းလမ်းအမျိုးမျိုးကို မမြင်ခဲ့ဖူးသော်လည်း အားလုံးကို ကောင်းကောင်း နားလည်သည်။
“ဝမ်ချောင် မင်း တကယ်ပဲ မစဉ်းစားပေးတော့ဘူးလား။ ဒီဘုရင်က ငါ့ရဲ့ရိုးသားမှုကို ဖော်ပြဖို့ မင်းကို ကိုယ်တိုင်ကိုယ်ကျ လာရောက်တွေ့ဆုံခဲ့တာ။ အတိတ်က မင်းသားတွေရဲ့ စစ်ပွဲတွေမှာ မြို့စားကျို့က ပုန်ကန်မှုတွေကို ချိုးဖောက်ပြီး သူတော်စင်ဧကရာဇ်ကို ကူညီလို့ ပုလ္လင်ကိုတက်နိုင်အောင် လုပ်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့အခု သူကလူတိုင်းရဲ့ လေးစားမှုကို ခံနေရပြီမဟုတ်လား။ ဝမ်ချောင် တကယ်လို့မင်းကသာ ငါနဲ့ပူးပေါင်းမယ်ဆိုရင် ငါတို့တွေပိုပြီး ကြီးကျယ်ခမ်းနားတဲ့ ရွှေရောင်ခေတ်ကို ဖန်တီးနိုင်တယ်။ ငါတို့နယ်မြေတွေကို ချဲ့ထွင်ကြမယ်။ မဟာထန်ကြီးရဲ့ နယ်နိမိတ်ကို အကန့်အသတ် မရှိအောင် လုပ်ကြမယ်။ ဒီလိုနဲ့ မြို့စားကျို့နဲ့ သူတော်စင်ဧကရာဇ်ရဲ့ ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းကြတာ မကောင်းဘူးလား။ ငါတို့က ပိုပြီးအံ့အားသင့်စရာကောင်းတဲ့ ပုံပြင်ကို ဖန်တီးနိုင်လိမ့်မယ်”
ပထမမင်းသားက စိတ်အားထက်သန်မှု အပြည့်နှင့်ပြောသည်။
ဝမ်ချောင်ကပင် ပထမမင်းသား၏ လှုံ့ဆော်မှုများကြောင့် ခံစားသွားရသည့်တိုင်အောင် ဟန်အမူအရာကို ခပ်မြန်မြန် ပြန်ထိန်းသည်။
“အရှင့်သား အရှင့်သားနားလည်မှုလွဲနေတာ ရှိလောက်တယ်။ စစ်သားတစ်ယောက်ရဲ့ တာဝန်က အမိန့်ကို နာခံဖို့ပဲ။ ဝမ်ချောင်က မဟာထန်ရဲ့ စစ်သည်တော်တစ်ယောက်ပါ။ အရှင့်သားက သူတော်စင်ဧကရာဇ်ရဲ့ ပုလ္လင်ကို ဆက်ခံနိုင်သွားရင် ဝမ်ချောင်က မဟာထန်ကြီး တစ်ခုလုံး စည်ပင်ဝပြောဖို့ အတွက်ကြောင့်နဲ့ အရှင့်သားရဲ့အမိန့်ကို သဘာဝအလျောက် နာခံမှာပါပဲ”
ဝမ်ချောင်က ခံစားချက်မဲ့သော မျက်နှာနှင့် ခပ်ပြတ်ပြတ်သာပြောသည်။
အရာအားလုံးဟာ သေလုခြောက်ခြားဖွယ် တိတ်ဆိတ်နေသေးသည်။ ပထမမင်းသားက ဝမ်ချောင်ကို စိုက်ကြည့်နေသည်။ သူ၏မျက်မှောင်ဟာ ကျုံ့သထက်ကျုံ့လာသည်။ ဝမ်ချောင်က အလွန်လုံခြုံသော အဖြေကိုပေးသွားသည်။ သို့သော် ဒါဟာ သူလိုချင်သော အဖြေမျိုးမဟုတ်ချေ။
“ဝမ်ချောင် ဒီဘုရင်က အခြားသူတွေငြင်းတာကို မကြိုက်ဘူး။ ဒါပေမဲ့ မင်းကိုတော့ ဒီလိုငြင်းခွင့် ပြုလိုက်မယ်။ မင်းကိုနောက်ဆုံးအခွင့်အရေး ထပ်ပေးမယ်”
ဝမ်ချောင်က မျက်လုံးပြူးသွားပြီး ခပ်မြန်မြန် ပုံမှန်ပြန်ဖြစ်သွားသည်။
“အရှင့်သား...”
“ဟား....”
ဝမ်ချောင်၏စကား မဆုံးသေးခင် ပထမမင်းသားက အင်္ကျီလက်ကိုခါယမ်းလျှက် သူ၏စကားကို ဖြတ်ပြောသည်။
“ဝမ်ချောင် ဒီဘုရင်က မင်းဆိုလိုတဲ့ အဓိပ္ပာယ်ကို နားလည်တယ်။ ဒါကြောင့် မင်းနောင်တမရဖို့လည်း မျှော်လင့်တယ်”
ပထမမင်းသားက ဝမ်ချောင်ကို နက်နဲသောအကြည့်တစ်ချက် ပေးပြီး နောက်သို့လှည့်ထွက်သွားသည်။ သို့သော် ထိုသို့ထွက်မသွားခင် သူ့ကို ပို၍အဓိပ္ပာယ် ဖော်ရခက်သော အကြည့်မျိုးဖြင့် ကြည့်သွားသေးလေသည်။
“ဝမ်ချောင် မင်းက အောင်မြင်မှုတိမ်စိုင်တွေကို စီးနင်းနေတဲ့လူမှန်း ဒီဘုရင်သိပါတယ်။ ဒါပေမဲ့ လပြည့်ဝန်းကတောင် တိမ်စိုင်အောက်ကို တိုးဝင်ရသေးတာပဲ။ လူသားတစ်ယောက်ဆိုရင် ပိုဆိုးတယ်။ မင်းနံပါတ်ငါးကို မကူညီသင့်ဘူး”
မင်းသားတစ်က ဆယ်ပေကျော်ခန့်အကွာတွင် ရပ်တန့်သွားပြီး ထိုစကားလုံးများကို ပြောသည်။ ထို့နောက် အေးစက်သော နှာမှုတ်သံနှင့်အတူ ပျောက်ကွယ်သွားပြန်သည်။
ဝုန်း
ဝမ်ချောင်၏ တည်ငြိမ်သောဟန်ချက်က မင်းသားငါး၏ နောက်ဆုံးစကားလုံးများနှင့်အတူ ပျက်ပျယ်သွားသည်။
နံပါတ်ငါး
အင်ပါယာနန်းတော် တစ်ခုလုံးတွင် ထိုသို့ခေါ်သောလူက မင်းသားငါး လီဟန်သာရှိသည်။ ဝမ်ချောင်သည် မူလကမူ သူကမင်းသားငါး လီဟန်ကို ကူညီသောကိစ္စကို လူအနည်းငယ်သာ သိသည်ဟုထင်ထားသည်။ သို့သော် ထိုသို့ဟုတ်ပုံမရချေ။
သူဒီလောက်ထိ သိထားမယ်လို့ မထင်ထားဘူး။
အနက်ရောင်တိမ်စိုင်များလို စိုးရိမ်မှုများက ဝမ်ချောင်၏ မျက်မှောင်ပေါ် လွှမ်းခြုံလာသည်။ သို့သော် သူဟာ ခပ်မြန်မြန်ဘေးသို့ ဖယ်လိုက်ပြန်သည်။