← Chapters

အခန်း (၁၂၃၆-၁၂၄၀)

Vol. 72 Ch. 1236-1240

အခန်း (၁၂၃၆-၁၂၄၀)

Vol. 72 Ch. 1236-1240

အခန်း(၁၂၃၆)

စက္ကန့်များက နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာညောင်းသွားသလို ခံစားရပြီးနောက်တွင်... ခုံရုံးရှိ လူတိုင်း၏ စိတ်အခြေနေက ဖိနှိပ်မှုအား အပြင်းထန်ဆုံး စိတ်အလှုပ်ရှားရဆုံး ဝမ်ချောင်ဟာ ထိုစိန်ခေါ်မှုထံမှ နောက်ပြန်ဆုတ်သွားလိမ့်မည်ဟု ယုံကြည်ထားလိုက်မိသည့် အခိုက်အတန့်မျိုးတွင် သူ၏ ငယ်ရွယ်သော အသံမျိုးကို ကြားလိုက်ရလေသည်။

“အရှင်တို့လည်း ကျီးတိုင်းပြည်ရဲ့ ပြဿနာကို ရှင်းရှင်းလင်းလင်း ဖော်ပြသွားခဲ့ပြီးပါပြီ။ ရေကြီးတဲ့ကာလတွေက တိုင်းပြည်ကို ငတ်မွတ်ခေါင်းပါးစေတဲ့ ကာလတွေဖြစ်တယ်။ ဒါကြောင့် ဒီငတ်မွတ်ခေါင်းပါးမှုကို အဓိပ္ပာယ်ဖော်ဆောင်ချင်ရင် ရေကြီးတဲ့ကိစ္စကို အရင်ဆုံး ကိုင်တွယ်ဖြေရှင်းရပါမယ်”

ဝမ်ချောင်သည် အနောက်ဘက်အကျဆုံး နေရာတွင်ရပ်နေပြီး ခပ်တိုးတိုးသာပြောသည်။ သို့သော် သူ၏စကားလုံးများက လူတိုင်းကို မှင်သက်သွားစေသေးသည်။

ကျီးတိုင်းပြည်သည် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေရသည်မှာ အချိန်တစ်ခုပင် ကြာသွားပြီဖြစ်ပြီး အင်ပါယာခုံရုံးမှ အရာရှိများက အစပိုင်းရောက်ရှိသွားသည့် အချိန်တွင် ငတ်မွန်ခေါင်းပါးမှုကို ကိုင်တွယ်ဖြေရှင်းရန်ကိုသာ တွေးတောနေခဲ့ကြသည်။ သို့သော် အရင်းအမြစ်ကို မရှာနိုင်ခဲ့ကြချေ။ ကျီးတိုင်းပြည်က ပိုပို၍ ဆင်းရဲလာသည်နှင့်အမျှ မရေမတွက်နိုင်သော ခုံရုံးငြင်းခုံမှုပေါင်း များစွာကို ကျော်ဖြတ်ခဲ့ပြီး လူတိုင်းဟာ ကျီးတိုင်းပြည်၏ ငတ်မွတ်ခေါင်းပါးမှု၏ အကြောင်းပြချက်က ရေလွှမ်းမိုးခြင်းဖြစ်ကြောင်း သိသွားကြသည်။

သည်တစ်ကြိမ်သည် ဝမ်ချောင်၏ ပထမဦးဆုံးသော ခုံရုံး၏ညီလာခံကို တက်ရောက်သည့် အကြိမ်ဖြစ်ပြီး သူသည် ခုံရုံးမှ ထပ်ခါတလဲလဲ ဆွေးနွေးငြင်းခုံမှုများ လုပ်ပြီးမှ ရရှိနိုင်သည့် အနှစ်ချုပ်ကို တန်း၍ပြောလိုက်နိုင်သည်။ သူတို့ထဲမှ တစ်ယောက်ယောက်ကသာ ဝမ်ချောင်၏ နေရာမျိုးတွင်ဆိုလျှင် ထိုသို့ဘယ်သောအခါမှ လုပ်နိုင်မည်မဟုတ်ချေ။ ထိုအချက်ကတင် ဝမ်ချောင်ဟာ အစစ်အမှန် ပါရမီကြီးပြီး အထင်သေး၍မရကြောင်း ဖော်ပြရာရောက်သည်။

ဒီကလေးက... လေးစားဖို့တော့ ကောင်းသားပဲ။ စွမ်းရည်နည်းနည်းတော့ ရှိတယ်။

လင်းချန်ရှင်းက အနီရောင်ဝတ်စုံနှင့် ဝမ်ချောင်ကို လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး နှလုံးသားက အေးစက်လာသည်။ ယခုလိုစိန်ခေါ်လိုက်ရသည့် အဓိက ရည်ရွယ်ချက်က ဝမ်ချောင်အား ကိုယ့်ကိုယ်ကို အရူးလုပ်မိစေပြီး ခုံရုံးမှ အတွင်းပိုင်းဆိုင်ရာ မူဝါဒရေးရာကိစ္စများက နယ်စပ်မှ တိုက်ပွဲများလောက် မရိုးရှင်းကြောင်း နားလည်သွားစေလို၍ဖြစ်သည်။ သို့သော် ဝမ်ချောင်၏ ပထမဦးဆုံးသော ထွက်လာသည့် စကားလုံးများက ခေါင်းတည့်တည့် သံလာရိုက်သလိုဖြစ်သွားပြီး လင်းချန်ရှင်းကို ခြိမ်းခြောက်သလို ခံစားသွားရစေသည်။

“အင်ပါယာခုံရုံးက အရာရှိခြောက်ယောက် ခုနှစ်ယောက်လောက်ကို စေလွှတ်ခဲ့ပေမဲ့ အဓိက လိုရင်းကို မဖမ်းဆုပ်နိုင်စေခဲ့ဘဲ ကျီးတိုင်းပြည်က အခြေအနေတွေ ဆိုးသထက် ဆိုးသွားစေခဲ့တာက ဘာကြောင့်လည်းဆိုရင် အကြောင်းပြချက်က ရိုးရှင်းလွန်းပါတယ်။ လူတစ်ယောက်ကို ငါးတစ်ကောင် သွားပေးမဲ့အစား ငါးဖမ်းနည်း သင်ပေးတာ ပိုကောင်းတယ်လေ”

ဝမ်ချောင်က လင်းချန်ရှင်းကိုကြည့်ပြီးပြောသည်။

“အရှင်လင်း ကျီးတိုင်းပြည်ရဲ့ မှတ်တမ်းလွှာတွေကို ငါကြည့်လို့ရမလား”

လင်းချန်ရှင်းက ချက်ချင်းလိုလို ကြောင်တောင်တောင် ဖြစ်သွားပြန်သည်။ သူသည် သဘာဝအလျောက်ပင် ဝမ်ချောင်အား ထိုတင်ပြလွှာကို မပေးလိုချေ။ သို့သော် အရာရှိပေါင်း များစွာ၏ အရှေ့တွင် ထိုသို့ပေးရတော့ပေမည်။

“အရှင်ဝမ်ကို တင်ပြလွှာတွေ ပေးလိုက်ပါ”

လင်းချန်ရှင်းက ဟန်အမူအရာ ပြလိုက်သောအခါ ဘေးဘက်မှ အရာရှိတစ်ယောက်က ရှေ့သို့ ခပ်မြန်မြန်ထွက်ပြီး ထူထည်းလွန်းသော စာလွှာအထပ်လိုက်အား ဝမ်ချောင်သို့ ပေးကမ်းသည်။

အစိုးရအုပ်ချုပ်မှုရေးရာ ကိစ္စများနှင့် ပတ်သတ်ပြီး ငြင်းခုံဆွေးနွေးသောအခါ အမှုထမ်းရေးရာရုံးတော်နှင့် ဘဏ္ဍာရေးရာ ရုံးတော်တို့က တင်ပြချက်များကို အမြဲတစေ အသင့်ပြင်ထားရသည်။ ထိုအခါမှသာ အခြားသောသူများက စစ်ဆေးနိုင်မည်ဖြစ်သည်။ ဒါက ပုံမှန်ကျင့်သုံးနေကျ ဖြစ်စဉ်တစ်ခုလည်းဖြစ်သည်။

ဝမ်ချောင်က မှတ်တမ်းလွှာများကိုကြည့်သည်။ ကျီးတိုင်းပြည်အတွက် တစ်ခုကို ခပ်မြန်မြန် ရှာတွေ့သွားပြီး လျှင်မြန်စွာဖတ်လိုက်သည်။

ခုံရုံးကြီးတစ်ခုလုံးက တိတ်ဆိတ်နေပြီး မည်သူကမှသူ့ကို မနှောက်ယှက်ရဲကြချေ။ အတိတ်တွင် သူတို့သည် ထိုအခိုက်အတန့်ကို အမိအရယူပြီး လှောင်မိလောက်သည်။ မည်သို့ပင်ဆိုစေ ဝမ်ချောင်သည် ဗိုလ်ချုပ်သာဖြစ်သည်။ သို့သော် ယခုမူ သူတို့အားလုံး၏ မျက်နှာအမူအရာက လေးနက်နေကြပြီး ဝမ်ချောင်အား ယခင်ကကဲ့သို့ မဆက်ဆံရဲကြချေ။

ကလက်

တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က မှတ်တမ်းလွှာကို ပြန်ပိတ်လိုက်ပြီး အရာရှိကိုပြန်ပေးသည်။

“ကြည့်ရတာ ငါ့ရဲ့ထင်မြင်ချက် သုံးသပ်ချက်က မှန်နေတယ်။ ကျီးတိုင်းပြည်နဲ့ပတ်သတ်တဲ့ ပြည်နယ်ရေးရာ တရားရုံးဘက်က တင်ပြထားတဲ့ မှတ်တမ်းလွှာတွေအရ ကျီးတိုင်းပြည်မှာ မကြာခဏ ရေလွှမ်းမိုးလွန်းတဲ့အတွက်ကြောင့် မြေဆီလွှာတွေကို အလွန်အမင်း ဆိုးရွားလာစေပြီး ဘာအပင်မှ မပေါက်နိုင်အောင် ဖြစ်သွားစေတာပဲ။ ပိုဆိုးတာက ရေလွှမ်းမိုးတဲ့ကိစ္စကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ ရေကာတာ ဆည်ကြီးတွေကို ဆောက်လုပ်ဖို့က လိုအပ်တယ်။ ဒီတော့ အချိန်ကလည်း လိုအပ်သေးတယ်။ ပိုပြီးအရေးကြီးပြန်တာက ဒီလိုရေလွှမ်းမိုးတဲ့အခါ ပြည်သူတွေက အမြဲတစေ အထိတ်တလန့်ဖြစ်ကာ စိုးရွံ့နေလို့ အဲ့ဒီနယ်မြေတွေပေါ်မှာ သူတို့ရဲ့ သီးနှံတွေကို စိုက်ပျိုးရဲတော့မှာမဟုတ်ဘူး။ ဒီအတွက်ကြောင့် ဒီနိမ့်ကျတဲ့ အရာရှိရဲ့ ရှု့မြင်သုံးသပ်ချက်အရဆိုရင် ကျီးတိုင်းပြည်အတွက် အကြံအစည်တွေကို အခြေအနေ မြေမျက်နှာသွင်ပြင် အနေအထားအလိုက် ကိုက်ညီအောင် ထိန်းညှိပေးဖို့ လိုအပ်လိမ့်မယ်။ အဲ့ဒီနယ်မြေကြီးက ယာလုပ်ဖို့ အပင်စိုက်ပျိုးဖို့ မသင့်တော်တော့ဘူး”

ဝမ်ချောင်က ရှိနေကြသော အရာရှိများကိုကြည့်ကာ ပေါ့ပါးစွာပြောလိုက်သည်။ သူ၏စကားလုံးများက ဝရုန်းသုန်းကား ဖြစ်သွားစေပြန်သည်။

“အတင့်ရဲလိုက်တာ။ လူတွေရှင်သန်နေထိုင်ဖို့ စားစရာလိုအပ်တယ်။ သူတို့ကသာ လယ်ယာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကိုမလုပ်ရင် ဘာကိုမှီခိုပြီး စားသောက်ကြမှာလဲ။ မျိုးနွယ်ခြား နယ်မြေတွေရဲ့ဘုရင် မင်းကပေါက်ကရတွေ ပြောနေတာပဲ”

“အရှင်မင်းကြီး ဒီအရာရှိက စောင့်ဆိုင်းဆဲ အကြံပေးအမတ် ဝမ်ချောင်ကို ပြည်နယ်ရေးရာ ကိစ္စတွေကို ပေါ့ပေ့ါလျော့လျော့ပြောပြီး လူတွေကို မှားယွင်းအောင် လမ်းပြပေးနေတယ်လို့ မြင်ပါတယ်။ အရှင်မင်းကြီး ကျေးဇူးပြုပြီး သူ့ကိုအပြစ်ပေးတော်မူပါ”

“ငါကတော့ သူက ဉာဏ်ပညာနည်းနည်းသုံးပြီး တင်ပြချက်တွေ ပေးမယ်လို့ ထင်ထားတာပဲ။ ဒါပေမဲ့ ဒီလိုမျိုး ပြောလာလိမ့်မယ်လို့ မထင်ထားဘူး။ ရယ်စရာကောင်းလိုက်တာ”

ဝမ်ချောင်၏ စကားလုံးများက ပျားအုံကိုတုတ်နှင့် ထိုးလိုက်သလိုမျိုးဖြစ်သွားပြီး ဒေါသထွက်သွားသော အရာရှိများအားလုံးက သူတို့၏ ဝေဖန်အကဲဖြတ် သုံးသပ်သော စကားများကို ကျယ်လောင်စွာ ထုတ်ပြောလာကြသည်။ ဝမ်ချောင်သည် မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ဖြစ်ပြီး အဆင့်အတန်းအချို့ ရှိနေသောကြောင့်သာ မဟုတ်လျှင် ဝမ်ချောင်၏နေရာတွင် အခြားသော စောင့်ဆိုင်းဆဲ အကြံပေးအရာရှိတစ်ယောက်သာဆိုလျှင် ထိုအရာရှိများ အားလုံးက ဝမ်ချောင်ကို ဝိုင်းဝန်းကာပြောဆိုရင်း ထိုက်ဟယ်နန်းဆောင်ထဲမှ မောင်းထုတ်လိုက်ကြလောက်သည်။

“ဟား သူကဒီတိုင်း စကားပြောကောင်းရုံပါပဲ။ သူကဘယ်လိုများ ဒီလောက်ထိ လုပ်နိုင်မှာလဲ”

ဘုရင်ချီက အေးစက်စွာရယ်နေသည်။ သူသည် အလဟသ စိုးရိမ်မိခြင်းဖြစ်သည်။ အဆုံးသတ်တွင်မူ ဝမ်ချောင်ဟာ တိုင်းပြည်၏ ပြည်တွင်းရေးရာ ကိစ္စများနှင့် ပတ်သတ်လာသောအခါ တစ်ဝက်သာ ကောင်းမွန်သောစကားများကို ပြောဆိုနိုင်ခဲ့ပြီး အမှန်တကယ် အသုံးဝင်သော အကြံမျိုး မပေးနိုင်ခဲ့ပါချေ။

“ချောင်အာ ဒါက ကပ်ဘေးပဲ..”

ဝမ်ချောင်၏ဦးလေးကြီး ဝမ်ကန်းကလည်း ထိုမြင်ကွင်းကြောင့် ရင်လေးသွားသည်။ သူ၏အကြံပေးသော စကားများက မည်သို့ဖြစ်နေစေကာမူ ဝမ်ချောင်သည် ထောင်ချောက်အတွင်း ကျသွားသည်။ ခုံရုံးမှ အရာရှိများက လူကိုအရှင်လတ်လတ် စားကြသည်။ ဝမ်ချောင်၏ ဒီနေ့စကားလုံးများက ထိုလူများအား ဝမ်ချောင်၏ နယ်စပ်မှ အဓိကတိုက်ပွဲကြီးနှစ်ခုကို ထမ်းဆောင်ကျော်ဖြတ်ခဲ့ပြီး ရရှိလာခဲ့သည့် အောင်နိုင်မှုများ အားလုံးကို ယူဆောင်ဖယ်ရှား ရှင်းလင်းနိုင်လောက်သည့် ကောလဟာလများကို ဖန်တီးနိုင်သည်။ သူသည် လောက၏ ပျက်လုံးတစ်ခု ဖြစ်လာနိုင်သည်။

ဝမ်ချောင်က အင်အားအများကြီး စိုက်ထုတ်ထားရသည်။ ထိုအတိုင်းအတာထိ ရောက်ရန်အတွက် အသက်ကိုပင် ရင်းထားရသည်။ သို့သော် အရာအားလုံးက တစ်ညတည်းနှင့် ကုန်ဆုံးသွားရပေတော့မည်။ ဝမ်ကန်းကလည်း ထိုသို့သော အခြေအနေမျိုးတွင် ကိုယ့်ကိုယ်ကို ဝေဖန်အကဲဖြတ်ရင်း အပြစ်တင်နေမိသည်။

“ဟ”

ဝမ်ချောင်က ကျောဘက်သို့ လက်ကိုပို့လျှက် ခုံရုံးမှအရာရှိများ၏ တုန့်ပြန်မှုကို ရယ်လျှက်ကြည့်သည်။

“သူတို့ကဘာကိုမှီခိုမှာလဲ ဟုတ်လား ဒါပေါ့ သူတို့က သံမဏိကျောက်ရိုင်းတုံးတွေတူးတာ ကြေးနီတုံးတွေတူးတာ ငွေတုံးတွေတူးတာကို မှီခိုလို့ရသေးတာပဲ”

ခုံရုံးမှ အရာရှိတိုင်း၏ စိတ်အခြေအနေက ဒေါသအထွက်ဆုံးသော အခိုက်အတန့်တွင်မှ ဝမ်ချောင်က ရုတ်တရက် ထပြောလိုက်သည်။ သူ၏စကားလုံးက စိတ်အားထက်သန်စွာနှင့် ဝေဖန်အကဲဖြတ်နေကြသူတိုင်း၏ အသံတိုင်းကို ချက်ချင်းလိုလို ဖိနှိပ်လိုက်ပြီး ခန်းမတစ်ခုလုံးကို ချက်ချင်းလိုလို တိတ်ဆိတ်သွားစေသည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းကဘာကို ဆိုလိုတာလဲ”

အဆုံးသတ်နားတွင် စုံစမ်းစစ်ဆေးရေးအမတ် လင်းချန်ရှင်းကသာ လူတိုင်း၏စိတ်ထဲမှ မေးခွန်းကို ထုတ်မေးလိုက်သည်။ သူ၏မျက်နှာအမူအရာက လေးနက်လာလေပြီး သူ၏မျက်လုံးထဲတွင် မေးခွန်းအပြည့် ပါနေသည်။

“အရမ်းရိုးရှင်းပါတယ်။ ထောင့်တစ်နေရာက ဆုံးရှုံးမှုကို အခြားတစ်နေရာက ပြန်တူးယူလို့ရတယ်။ ကျီးတိုင်းပြည်က လယ်ယာမြေ စိုက်ပျိုးရေးလုပ်ဖို့ မသင့်တော်တော့ပေမဲ့လည်း အဲ့ဒီနေရာမှာ သံမဏိ ကြေးနီနဲ့ ငွေသားကျောက်ရိုင်းတုံးတွေ ပေါကြွယ်ဝကြောင်း တိုက်တိုက်ဆိုင်ဆိုင် သိနေတယ်”

ဝမ်ချောင်က ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။

“ဘာ”

လူတိုင်းကလည်း ဝမ်ချောင်၏ စကားလုံးများကြောင့် ဖိအားများသွားကြသည်။ ဘုရင်ချီကပင် အံ့ဩလွန်းသဖြင့် စကားမပြောနိုင်တော့ချေ။ ကျီးတိုင်းပြည်သည် ငွေ၊ ကြေးနီနှင့် သံမဏိ ကျောက်ရိုင်းတုံးများ အမှန်တကယ်ရှိနေသည်။

အဆင်းရဲဆုံးတိုင်းပြည်ကြီးက အဖိုးတန်မိုင်းတွင်းများ၏ အိမ်ဖြစ်နေသည်။

ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါဟာ စိတ်ကူးယဉ်အိမ်မက်ထက် မပိုတော့ချေ။

အင်ပါယာခုံရုံးက ထိုနေရာသို့ အနည်းဆုံး အရာရှိခြောက်ယောက်ခန့် စေလွှတ်ခဲ့သော်လည်း မည်သူကမှ မည်သည့်ကျောက်ရိုင်းတုံး သွေးကြောအကြောင်းကိုမှ မတင်ပြခဲ့ကြချေ။ ဝမ်ချောင်၏ စကားလုံးများက လူတိုင်းကို သံသယဝင်သွားစေသည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်း မင်းရဲ့စကားလုံးတွေက အမှန်ပဲလို့ ငါတို့အတည်ပြုလို့ရလား”

ပြည်တွင်းရေးရာ အရာရှိတစ်ယောက်က ရုတ်တရက် ရှေ့ထွက်လိုက်သည်။ သူသည် ကန့်သတ်ချက် အမတ်မင်း ဟန်ရှောင်းယွန်ဖြစ်သည်။ သူ၏အမူအရာကလည်း လေးနက်တည်ကြည်နေသည်။ ဝမ်ချောင်၏ စကားလုံးများကသာ မှန်ကန်လျှင် အင်ပါယာခုံရုံးနှင့် သာမာန်ပြည်သူများက ပိုက်ဆံရှာနိုင်ရုံသာ မကသေးလေဘဲ ဆင်းရဲသော တိုင်းပြည်ကြီး တစ်ခုလုံးက အခြားသောတိုင်းပြည်တိုင်း၏ အထက်သို့ မြင့်တက်သွားပေလိမ့်မည်။

“မှန်ကန်တာပေါ့”

“တိုက်ဆိုင်စွာနဲ့ ငါ့ရဲ့လက်အောက်ငယ်သားတွေထဲက တစ်ယောက်က အဲ့ဒီနယ်မြေကို ကျော်ဖြတ်သွားဖူးတဲ့အတွက်ကြောင့် ဒီအကြောင်းအရာကို သိနေရတာပဲ။ ဒီကိစ္စ မှန်တယ် မမှန်ဘူးဆိုတာကိုတော့ အင်ပါယာခုံရုံးက မြန်ဆန်လွန်းတဲ့ မြင်းစီးသူတစ်ယောက်ကို စေလွှတ်ပြီး စုံစမ်းစစ်ဆေးခိုင်းရုံနဲ့ ရက်အနည်းငယ်လောက်နေရင် သိရမှာပါပဲ”

အရာရှိတိုင်း၏မျက်နှာတွင် သံသယဝင်သော အကြည့်မျိုးနှင့်ဖြစ်သည်။ ကျီးတိုင်းပြည်သည် အရေးကြီးသော နေရာမဟုတ်ချေ။ သို့သော် ဝမ်ချောင်ကသာ ထိုနေရာတွင် နေထိုင်သောသူများကပင် မသိသည့် ထိုနေရာတွင် ရှိနေလောက်မည့် သံမဏိကြေးနီနှင့် ငွေသားကျောက်ရိုင်းတုံး သွေးကြောများရှိကြောင်း သိနေခဲ့ရိုး မှန်ကန်ခဲ့လျှင်မူ ဝမ်ချောင်၏ ထိုလက်အောက်ငယ်သားသည် လောကရှိ ကံကောင်းမှုတိုင်းကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ဝမ်ချောင်က ခေါင်းကိုမော့လိုက်သည်။ သူ၏အမူအရာက ယုံကြည်မှုအပြည့်နှင့်ဖြစ်ပြီး အားလုံးကို စိတ်အေးစေသည်။ သူသည် မေးခွန်းမေးသလို ကြည့်နေသော အကြည့်များကိုကြည့်ကာ ပြန်လည်ရယ်ပြလိုက်ပြီး ရှင်းပြချက် မပေးတော့ချေ။

သူသည် ကျီးတိုင်းပြည်၏ မှတ်တမ်းများကို ကြည့်သောအခါ မြေပုံကို အထူးတလည် ကြည့်လိုက်မိသည်။ ထို့ကြောင့် ပြန်တွေးကြည့်မိသောအခါ ကျီးတိုင်းပြည်သည် အမှန်တကယ်ပင် သံမဏိကြေးနီနှင့် ငွေသား ကျောက်ရိုင်းတုံးများကို ပိုင်ဆိုင်ကြောင်း သတိရလိုက်သည်။ ဒီတိုင်း ထိုကျောက်ရိုင်းတုံး သွေးကြောများက ပုံမှန်ထက်ပိုနက်အောင် တူးကြည့်ရန် လိုအပ်ခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် ထိုနေရာတွင် နေထိုင်ခဲ့သော ပြည်သူများက ထိုကျောက်ရိုင်းတုံးများအကြောင်း ရှာမတွေ့ခဲ့လေဘဲ ယခုလို ဆင်းရဲနေရခြင်းဖြစ်သည်။

သို့သော် ဝမ်ချောင်ကမူ ခြားနားသည်။ သူက မှတ်ဉာဏ်များကိုသုံးပြီး ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးများထံမှ ဝု့စ်သံမဏိတုံးများကိုပင် ဝယ်ယူနိုင်ခဲ့လေရာ သူ၏ဝမ်းကွဲ ဝမ်လျံကို မျိုးနွယ်ခြားနယ်မြေများရှိ ကျွန်းများထံသို့ပင်လွှတ်ပြီး ဥက္ကာပျံသတ္ထုတုံးများကို ယူဆောင်ခိုင်းနိုင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် သဘာဝအလျောက်ပင် ကျီးတိုင်းပြည်မှ ကျောက်ရိုင်းတုံး သွေးကြောများကိုလည်း ရှာတွေ့နိုင်စွမ်းရည်ရှိသည်။ ပို၍ဆိုးသည်မှာ အနာဂတ်တွင် မဟာကပ်ဘေးကြီး စိုက်ရောက်လာသောအခါ မြေသားများက ကွဲအက်သွားလျှက် အတွင်းရှိ ကျောက်ရိုင်းတုံးများက ပေါ်ထွက်လာပေလိမ့်မည်။

“သံမဏိကျောက်ရိုင်းတုံး သွေးကြောကို မိုင်းတွင်းအဖြစ် ပြောင်းလို့ရတယ်။ အဲ့ဒီကျောက်ရိုင်းတုံးတွေကို တူးထုတ်ပြီး လက်နက်တွေ လုပ်လို့ရတယ်။ ဒီလိုလုပ်ဖို့အတွက် ပြည်သူတွေကို ခန့်အပ်ခြင်းနဲ့ သူတို့ကို အလုပ်တွေပေးလို့ရပြီ။ နောက်ပြီး ကြေးနီနဲ့ ငွေသားကျောက်ရိုင်းတုံးတွေကတော့ အနည်းဆုံး ငွေဒင်္ဂါးပြားတွေအဖြစ် ပြန်သုံးလို့ရတယ်။ ဒါက ရတနာသိုက်အဖြစ် ဖြည့်လို့ရတယ်။ တစ်ချိန်ထဲမှာပဲ အချို့ကြေးပြားတွေကို ကျီးတိုင်းပြည်မှာ ခွဲဝေဖြန့်ပေးရင်းနဲ့ ရေလွှမ်းမိုးတဲ့ ပြဿနာကိုတောင် ထိန်းချုပ်လိုက်လို့ရတယ်”

“ကျီးတိုင်းပြည်ရဲ့ ရေလွှမ်းမိုးတဲ့ကိစ္စက ထိန်းချုပ်မှုအောက်ကိုရောက်ဖို့ အချိန်အတန်ကြာ ယူရလိမ့်မယ်။ ဒီအတွက်ကြောင့်ပဲ ကျီးတိုင်းပြည်ကို အရင်က စေလွှတ်ခဲ့တဲ့ အရာရှိတိုင်းက မအောင်မြင်ခဲ့ကြတာပဲ။ သာမာန်ပြည်သူတွေက စားဖို့လိုအပ်တယ်။ သူတို့က အဲ့လောက်အကြာကြီး မစောင့်နေနိုင်ဘူး။ အင်ပါယာခုံရုံးက ပိုက်ဆံတွေ ခွဲဝေပေးတော့ဘာဖြစ်လဲ။ ဒီလူတွေအားလုံးက ရေကာတာတွေ တည်ဆောက်ဖို့ ဆည်းမြောင်းကြီးတွေဆောက်ဖို့ နှစ်နှစ် သုံးနှစ်လောက်သာ အာရုံစိုက်ပေးမယ်ဆိုရင် ရေလွှမ်းမိုးမှုကိုလည်း ထိန်းချုပ်နိုင်သလို မြေဆီလွှာကလည်း ပြန်လည်မွန်းမံ ပြင်ဆင်ချိန် ရသွားလိမ့်မယ်။ ရေဆည်မြောင်းတွေ ဆောက်လုပ်တာ ရေကာတာတွေ ဆောက်လုပ်တာ အားလုံးပြီးသွားပြီး ရေလွှမ်းမိုးတဲ့ ကိစ္စတွေကို အဲ့ဒီအောက်ကို သွပ်သွင်းလိုက်နိုင်ပြီဆိုရင် အဲ့ဒီလူတွေက လယ်ယာမြေစိုက်ပျိုးတဲ့အလုပ်ကို ပြန်လည်လုပ်ကိုင်နိုင်သလို ထင်းခုတ်ရမဲ့အလုပ်ကို ပုဆိန်အစွန်းနားကို သွေးနေရင်းနဲ့ မနှောင့်နှေးသွားစေဘူးပေါ့”

ဝမ်ချောင်က ဖျော့တော့စွာ ပြုံးလိုက်သည်။

ဝမ်ချောင်၏ စကားလုံးများက ခန်းမအတွင်းရှိ အရာရှိများ၊ ဗိုလ်ချုပ်များအားလုံးကို မှင်သက်သွားလျှက် အံ့အားသင့်သွားစေပြန်သည်။ ထိုအချိန်တွင် ဘုရင်ချီ၏ အသားအရောင်က မည်းမှောင်လွန်းသဖြင့် အိုးဖင်ကိုမြင်နေရသလို ဖြစ်လာသည်။

သူသည် လင်းချန်ရှင်းအား ဝမ်ချောင်ကိုကိုင်တွယ်ရန် တိုက်ရိုက်အမိန့်ပေးခဲ့ခြင်း မဟုတ်သော်လည်း ဒီတိုင်းဝမ်ချောင်ဟာ သူ၏ဂုဏ်သတင်းကို ပို၍ပင် အဆင့်မြှင့်တင်သွားနိုင်သည်။ သူ၏မူလအကြံအစည်အရ ဝမ်ချောင်ဟာ မည်မျှဉာဏ်ကောင်းစေကာမူ ထုတ်ပေးနိုင်မည့် အကြံအစည်တိုင်းကို ပျက်စီးအောင်လုပ်ရန် နည်းလမ်းရှိနေခဲ့သည်။ ထိုအကြံအစည်တိုင်းကို ကျရှုံးအောင် သူလုပ်နိုင်နေ၏။ သို့သော် ထိုနေရာတွင်သာ သံမဏိကြေးနီနှင့် ငွေသားကျောက်ရိုင်းတုံးတွင်းများ အမှန်တကယ် ရှိခဲ့ပြီး သူတို့က ဝမ်ချောင်၏ အကြံအစည်များကို လက်ဝါးကြီးအုပ်ခဲ့ပြီး အတင်းကာပြောခဲ့ပြီးမှ အမှန်တရား ပေါ်သွားခဲ့သော် သူတို့ဘက်က အခြေအနေက ဆိုးရွားသွားနိုင်သည်။ အကြောင်းမူကား အဖွဲ့အစည်းတိုင်းက ဝမ်ချောင်၏နေရာကို မထိုးဖောက်နိုင်အောင် ကာထားပေးရန် လုံလောက်နေသောကြောင့်ဖြစ်သည်။ သူသည် ဒီတစ်လှည့်တွင် ရှုံးသွားသည်။

“ဒီမျိုးမစစ်ကောင်”

ဘုရင်ချီက လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အံ့ကိုကြိတ်လိုက်သည်။ သူသည် ဝမ်ချောင်ကို လိမ်ညာနေရန် မျှော်လင့်သော်လည်း ဝမ်ချောင်၏ လက်ရှိအဆင့်အတန်းမျိုးတွင် ရှိနေသော လူတစ်ယောက်အနေဖြင့် ဒီလိုအရာမျိုးကိုပြောပြီး ဟာသလုပ်လိမ့်မည်မဟုတ်ကြောင်း နားလည်နေပြန်သည်။ အကြောင်းမူကား ဒီလိုသတင်းကိုထုတ်ပြောခြင်းက အလွန်ရင်းနှီးထားရသည်။ အရာရှိများ၏ တုန့်ပြန်မှုမှတစ်ဆင့် လင်းချန်ရှင်းဟာ ဝမ်ချောင်ကို ပြဿနာ ဆက်ရှာနေမည်ဆိုလျှင် အခြေအနေဟာ ပိုဆိုးရုံသာ ရှိပေတော့မည်။ ထိုသို့ဆက်လုပ်နေလျှင် ဝမ်ချောင်၏ ဂုဏ်သတင်းကို ထိပါးအောင် တိုက်ခိုက်နိုင်မည့် အခြေအနေမှ ကျရှုံးသွားရမည့်အစား ဝမ်ချောင်၏ လွှမ်းမိုးမှုကိုပင် ပိုကျယ်သွားစေပေတော့မည်။

နောက်ထပ် ပြည်တွင်းရေးရာ အရာရှိတစ်ယောက်က ရှေ့သို့ထွက်လာသည်။

“အရှင်ဝမ် မင်းပြောတဲ့ အဲ့ဒီကျောက်ရိုင်းတုံး သွေးကြောတွေက ဘယ်နေရာမှာပါလဲ။ ငါတို့ကအခုပဲ လူလွှတ်ပြီး စုံစမ်းစစ်ဆေးလို့ တူးထုတ်ခိုင်းရမယ်”

ဝမ်ချောင်ကလည်း ချက်ချင်းလိုလို အချိန်ဆွဲခြင်းမရှိလေဘဲ နယ်မြေသုံးခုကို စာရင်းထုတ်ပြလိုက်သည်။ ကျောက်ရိုင်းတုံး သွေးကြောများက မြေအောက်ပိုင်းတွင် နက်ရှိုင်းစွာ တည်ရှိနေသော အရာများဖြစ်သည့်အလျောက် ထူးခြားသော မျက်နှာသွင်ပြင် အနေအထားမျိုးရှိသည်။ ငွေသား၊ ကြေးနီနှင့် သံမဏိကျောက်ရိုင်းတုံးများက ထိုအောက်ဘက်တွင် တည်ရှိနေသောကြောင့် အပေါ်ပိုင်း၏ မြေမျက်နှာသွင်ပြင်က ခြားနားနေလေရာ အလွယ်တကူ မှတ်မိလွယ်သည်။

“မင်းကြားလား မြန်မြန်လေး အဲ့ဒီနေရာတွေကို ချရေးထားပြီး အခုချက်ချင်း လူလွှတ်လို့ ကျီးတိုင်းပြည်ရဲ့ အရာရှိတွေဆီကို ပို့ဆောင်လိုက်တော့လေ။ ဒီမြေပေါ်မှာ မှတ်သားထားတဲ့ နေရာအတိုင်း တင်းတင်းကြပ်ကြပ် စောင့်ကြပ်ပြီး တူးထုတ်ကြစမ်း”

အရာရှိကပြောသည်။

“ဟုတ်ကဲ့အရှင်”

ခုံရုံး၏ ထောင့်အစွန်းနားတွင် ရပ်နေသော သတင်းစကားများကို ပို့လွှတ်ရာတွင် တာဝန်ယူထားရသည့် အငယ်တန်းအရာရှိတစ်ယောက်က ချက်ချင်းလိုလို ခန်းမကြီးထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသည်။

ထိုအချိန်တွင် ဝမ်ကန်းက ဝမ်ချောင်နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။

အခန်း(၁၂၃၇)

ချောင်အာ အရမ်းတော်တယ်။

ဝမ်ကန်းသည် သူ၏မျက်လုံးဖြင့် ချီးကျူးသောစကားကို ဆိုလိုက်သည်။ ယခုအခြေအနေတွင် ဝမ်ကန်းအနေဖြင့် ဝမ်ချောင်ဟာ ထောင်ချောက်အတွင်းသို့ပင် ကျသွားပြီဟု ယုံကြည်လိုက်မိသေးသည်။ အနှစ်ချုပ်ဆိုရသော် ဝမ်ချောင်ဟာ ပထမဦးဆုံးသော ခုံရုံးညီလာခံတွင်ပင် ပြောင်မြောက်လွန်းသည့် ဖျော်ဖြေမှုကို ဖော်ပြလိုက်ပြီး စုစည်းနေကြသော အရာရှိများ၏ လေးစားမှုကို အနိုင်ပိုင်းလိုက်သည်။

သိုင်းပညာလမ်းကြောင်းနှင့် ပြည်တွင်းအရာရှိလမ်းကြောင်းတွင် ကြီးမားလွန်းသော ခလုတ်ကသင်းကြီး ရှိနေသည်။ အထူးသဖြင့် ပြည်တွင်းရေးရာ မူဝါဒရေးရာကိစ္စများကို ဆွေးနွေးရာတွင်ဖြစ်သည်။ ထို့ကြောင့် ဒီလိုအခြေအနေမျိုးတွင် ဗိုလ်ချုပ်အများစုက တိတ်ဆိတ်နေကြပြီး စစ်ဘက်ရေးရာကိစ္စနှင့် ပတ်သတ်သော ရေးရာကိစ္စများတွင်သာ ဝင်ရောက်စွက်ဖက်ကာ ပြောဆိုကြသည်။ သို့သော် ဒီနယ်ပယ်တွင်မူ ဝမ်ချောင်ဟာ ရှင်းလင်းစွာဖြင့် နှစ်ဖက်လုံးကို လျှင်မြန်စွာ ရွေ့ပြောင်းနိုင်ကြောင်း ဖော်ပြလိုက်သည်။

မြင့်မားသော စင်မြင့်ပေါ်တွင် ထိုင်နေသော သူတော်စင်ဧကရာဇ်သည် မရွေ့လျားသော တောင်တန်းတစ်လုံးလို တည်ငြိမ်နေပြီး သူသည် ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း စသဖြင့် ခံစားချက်များကို ခံစားနေရကြောင်း ပြောရန်ခက်ခဲသည်။ သို့သော် ဘေးဘက်မှ ကောင်းလီရှီကမူ ခေါင်းအသာညိမ့်လိုက်သည်။ ဝမ်ချောင်သည် ငယ်ရွယ်လွန်းပြီး စိတ်ခံစားချက်များနှင့် ကိစ္စများကို ဆုံးဖြတ်တတ်သော်လည်း သူသည် အမှန်တကယ် လေးစားဖွယ်ကောင်းသောလူဖြစ်သည်။ ပြည်တွင်းရေးရာ ကိစ္စများတွင်ဖြစ်စေ၊ မူဝါဒရေးရာ ကိစ္စများတွင်ဖြစ်စေ၊ စစ်ဖက်ရေးရာ ကိစ္စများတွင်ဖြစ်စေ သူသည်တော်သည်။

ကျီးတိုင်းပြည်နှင့် ပတ်သတ်သည့် ဆွေးနွေးမှုများက ခပ်မြန်မြန် အဆုံးသတ်သွားသည်။ ဝမ်ချောင်ကို ချိန်ရွယ်ထားသော ရန်လိုမှုများကလည်း ရှင်းလင်းစွာပင် အများကြီး လျော့ကျသွားသည်။ အချို့သော အရာရှိများဆိုလျှင် မကြာခဏဆိုသလို ဝမ်ချောင်အကြောင်း ထည့်ပြောလေပြီး လေးစားမှုကို ဖော်ပြနေကြပြီဖြစ်သည်။ ထို့ကြောင့် အခြေအနေက အစပိုင်းနှင့် ခြားနားလာသည်။

အချိန်ကြာလာသောအခါ ငြင်းခုံရန်လိုအပ်သော ကိစ္စများက နည်းသထက် နည်းလာသည်။ ထိုနယ်ပယ်တွင် မဟာထန်သည် လုပ်ဆောင်ရည်မြင့်မားသည်။ ထိုသို့လုပ်ဆောင်ရည် မြင့်မားသည်မှာ သူတော်စင်ဧကရာဇ်က အရေးအကြီးဆုံးသော မူဝါဒရေးရာ ကိစ္စများတွင်သာ ဝင်ပါပြီး ကျန်သောကိစ္စများ အားလုံးကို ခုံရုံးကို ကိုင်တွယ်ခိုင်းထားသောကြောင့်ဖြစ်သည်။

ဝမ်ချောင်သည် တောက်လျှောက် တစ်ချိန်လုံးတိတ်ဆိတ်ကာ အားလုံးကို လေ့လာနေခဲ့ပြီး ခုံရုံး၏ မူဝါဒရေးရာကိစ္စများနှင့် ပတ်သတ်သည့် အမျိုးမျိုးသော လျို့ဝှက်ဆန်းကြယ်သည့် ဖြစ်ရပ်များကို နားလည်လာသည်။ ထိုသို့ဖြင့် မနက်ခင်းနှောင်းပိုင်း ရောက်ရှိလာပြီး ခုံရုံး၏ညီလာခံက အဆုံးသတ်ရန် အချိန်နီးကပ်လာသည်။

“အရှင်မင်းကြီး ဒီအရာရှိမှာ မှတ်တမ်းလွှာတင်ပြစရာ ရှိပါတယ်”

ထိုအချိန်တွင် ဝမ်ချောင်ကပင် မည်သည့်ထင်မြင်ချက်မှ မရှိသည့် အရာရှိတစ်ယောက်က ရုတ်တရက် ရှေ့ထွက်လိုက်သည်။ သူ၏လက်ထဲတွင်လည်း မှတ်တမ်းလွှာ ကျောက်စာပြားကို ကိုင်ထားပြီး ဂါရဝပြုလိုက်သည်။

ကောင်းလီရှီက သူတော်စင်ဧကရာဇ်ကိုကြည့်ပြီးမှသာ ပြောသည်။

“အရှင်မင်းကြီးက မင်းကိုပြောခွင့်ပြုတယ်”

“အရှင်မင်းကြီး မဟာထန်က လက်ရှိမှာ ငြိမ်းချမ်းနေပါတယ်။ နယ်စပ်မှာရှိနေတဲ့ မျိုးနွယ်ခြားတိုင်းပြည်တွေ အားလုံးကလည်း သူတို့ရဲ့လက်နက်တွေကိုချပြီး ရန်လိုမှုတွေကို ပြန်လည်ရုတ်သိမ်းချင်ကြတဲ့အထိ ကြောက်ရွံ့ရိုသေနေကြပြီးပါပြီ။ ပိုဆိုးတာက အင်ပါယာခုံရုံးက အမျိုးမျိုးသော တိုင်းပြည်တွေကို အချင်းချင်း နားလည်မှုနဲ့ ကုန်သွယ်ရင်း ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ စာချုပ်တွေကို လက်မှတ် ထိုးခဲ့ပြီးပါပြီ။ သာမာန်ပြည်သူတွေအပေါ် ကျရောက်နေတဲ့ အခွန်အခနဲ့ စရိတ်တွေအားလုံးကို လျော့ချဖို့အတွက် ဒီအရာရှိက စီရင်စုစစ်တပ်ကြီးတွေကို အင်အားလျော့ချချင်ပါတယ်။ စစ်သားတွေကို လျော်ကြေးအနည်းငယ်ပေးပြီး သူတို့ကို အိမ်ပြန်လို့ လယ်ယာအလုပ်လုပ်တာ အခြား အသက်မွေးဝမ်းကြောင်း အလုပ်ကို လုပ်တာမျိုးတွေ လုပ်စေချင်ပါတယ်”

ဘုန်း

ထိုအရာရှိ၏ စကားများက အင်ပါယာခုံရုံး တစ်ခုလုံးကို ချက်ချင်းလိုလို ပေါက်ကွဲသွားစေသည်။ ဗိုလ်ချုပ်များအားလုံးက ထိုအရာရှိကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။ ဝမ်ချောင်၏ မျက်နှာကပင် ဖြူဖျော့သွားသည်။

“အရှင်မင်းကြီး ဒီအရာရှိက ငြင်းပါတယ်”

“ရမ်းကားလိုက်တာ စီရင်စုစစ်တပ်စနစ်ကို ဧကရာဇ်ကောင်းဇူနဲ့ ထိုက်ကျုံးခေတ်ကတည်းက ကျင့်သုံးလာခဲ့တာ။ ဒါက တိုင်းပြည်တစ်ခုလုံးကို ဒုက္ခပေးဖို့ လာထိချင်တာလား။ ဒီအရာရှိကငြင်းတယ်”

“စီရင်စုစစ်တပ်က အင်အားကိုလျော့ချတာက ငါ့ရဲ့သေသွားပြီးတဲ့အလောင်းကို ကျော်ဖြတ်သွားမှပဲ ရလိမ့်မယ်။ မင်းတို့ ပြည်တွင်းရေးရာ အရာရှိတွေက ငါတို့ဗိုလ်ချုပ်တွေကို ပစ်မှတ်ထားဖို့ပဲသိတယ်။ မင်းတို့က လူငယ်အမတ်မင်းကိုတောင် နယ်စပ်ကနေ ပြန်ရွေ့လိုက်ပြီး စီရင်စုစစ်တပ်တွေကိုတောင် အင်အားလျော့ချချင်နေတယ်။ မင်းတို့က ဘာများလုပ်ချင်နေကြတာလဲ”

“မင်းတို့က ဒီလိုရှေ့ထွက် အသံထုတ်ပြီး နည်းပညာကျကျ ငြင်းခုံလာပြီဆိုမှတော့ ငါတို့ကလည်း ဘာလို့ စစ်သားတွေနဲ့ ဗိုလ်ချုပ်တွေ အားလုံးကို ရာထူးမဖယ်လိုက်တာလဲ။ ဒါကြောင့် တစ်ခုခုဖြစ်လာတဲ့အခါ မင်းတို့ပြည်တွင်းရေးရာ အရာရှိတွေကပဲ စစ်ပွဲအတွက် တိုက်ခိုက်ကြလေ”

ထိုသု့ိဖြင့် တစ်စုံတစ်ယောက်က ပျားအုံကို တုတ်နှင့်ထိုးလိုက်သလိုမျိုး ခန်းမတစ်ခုလုံးရှိ ဗိုလ်ချုပ်တိုင်းက အမျက်ထောင်းထောင်းထလျှက် ဒေါသထွက်သွားကြသည်။ စစ်မတ်ရေးရာ အမတ်မင်း ကျန်းချုံကျန့်ချုံးကပင် သူ၏မျက်လုံးထဲမှ ဒေါသမီးတောက်ကို မဖုံးကွယ်နိုင်ချေ။

နောက်ထပ် ပြည်တွင်းရေးရာ အရာရှိတစ်ယောက်က ခပ်မြန်မြန်ရှေ့ထွက်ပြီး ခပ်ကြမ်းကြမ်း ငြင်းခုံသည်။

“ရမ်းကားလိုက်တာ ဒီတော့ ဗိုလ်ချုပ်တွေအားလုံးက အင်ပါယာခုံရုံးကို ခြိမ်းခြောက်ချင်ကြတာလား”

တတိယမြောက် ထူးဆန်းသည့် အရာရှိက ရှေ့ထွက်လာသည်။

“ပြည်တွင်းရေးရာ အရာရှိတွေက တိုင်းပြည်ကိုအုပ်ချုပ်ပြီး ဗိုလ်ချုပ်တွေက နယ်စပ်ကို ကာကွယ်စောင့်ရှောက်ကြရတာ။ ဒါက ငါတို့ရဲ့ တာဝန်ပဲ။ မဟာထန်ကြီးကို စတင်တည်ထောင်ပြီးချိန်ကတည်းက စစ်ပွဲက ဆက်တိုက် ဖြစ်နေခဲ့တာ။ တိုင်းပြည်ရဲ့အင်အားက အသုံးပြုထားရတဲ့အချိန်မှာ လူတွေက ဝန်ထုတ်ဝန်ပိုး ခံစားနေရတယ်။ အရင်းအမြစ်တွေက ဆက်တိုက်ကုန်ဆုံးနေတယ်။ အခုက စီရင်စုစစ်တပ်တွေကို အင်အားလျော့ချပြီး ပြည်သူတွေရဲ့ဘဝကို တိုးတက်အောင် လုပ်ဖို့ အကောင်းဆုံးသော အခွင့်အရေးပဲ”

ပို၍များပြားသော ပြည်တွင်းအရာရှိပေါင်း များစွာက တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာကြပြီး သူတို့ကို ခြိမ်းခြောက်သည့် ဗိုလ်ချုပ်များကို ပြန်လည်ငြင်းခုံကြသည်။

ပြည်တွင်းရေးရာ အရာရှိများက ရှေ့တန်းတွင် မတိုက်ခိုက်နိုင်သလို ဗိုလ်ချုပ်များကို မယှဉ်နိုင်လောက်သော်လည်း အင်ပါယာခုံရုံးကမူ တိုက်ပွဲနယ်မြေမဟုတ်ချေ။ ထို့ကြောင့် သိုင်းအင်အားကလည်း ဒီနေရာတွင် အသုံးပြု၍မရနိုင်ချေ။ ထို့ကြောင့် ဒီနေရာတွင်ရှိနေသည့် ဗိုလ်ချုပ်ကြီးများ၏ ကျင့်ကြံခြင်းအဆင့်က မြင့်နေစေကာမူ ငြင်းခုံရာတွင် အားသာချက် မရနိုင်ချေ။

“အရှင်မင်းကြီး ဒီအရာရှိမှာလည်း မှတ်တမ်းလွှာတင်ပြစရာ ရှိပါတယ်။ ဒီအရာရှိက ဗိုလ်ချုပ်ကျန်းကို စိုးရိမ်စရာ စကားတွေပြောပြီး လူတွေကို အလန့်တကြားဖြစ်အောင်လုပ်လို့ လိမ်လည်လှည့်စားတဲ့အတွက် စွပ်စွဲချင်ပါတယ်။ ဒါက တိုင်းပြည်ကို ဒုက္ခပေးနေတာပါ။ ဒီအရာရှိကသူ့ကို တာဝန်ပျက်ကွက်တဲ့အပြစ် စွပ်စွဲချင်ပါတယ်”

အခြားတစ်ဖက်ခြမ်းတွင် ဘုရင်ချီက သူ၏အဖွဲ့မှ ပြည်တွင်းရေးရာ အရာရှိများကို တစ်ချက်ကြည့်လိုက်သည်။ သူတို့ကိုလည်း အဖွဲ့ထဲဝင်ပြီး ဗိုလ်ချုပ်များကို ကိုင်တွယ်ခိုင်းလိုက်၏။

အင်ပါယာခုံရုံးတွင် ဘုရင်စုန့်က စွန်ရဲတစ်ကောင်ဆိုလျှင် ဘုရင်ချီကမူ ဂျိုးငှက်တစ်ကောင်ဖြစ်သည်။ ထိုအခိုက်အတန့်တွင် တိုက်ဆိုင်စွာနှင့် ပြည်တွင်းရေးရာ အရာရှိများက တူညီသောတာဝန်ကို ထမ်းဆောင်နေသည်။

ဝမ်ချောင်က နောက်ဘက်တွင်ရပ်နေပြီး ပြည်တွင်းရေးရာ အရာရှိများက ဗိုလ်ချုပ်များကို အတိုက်အခံလုပ်နေသည့် အချိန်တွင် သူ၏မျက်လုံးဟာ တဖြည်းဖြည်းချင်း ကျဉ်းမြောင်းကာ အေးစိမ့်ဖွယ် အလင်းများလက်လာသည်။

စစ်တပ်ကို ခိုရာစန်းမှ ပြန်လည်ရုတ်သိမ်းပြီး အမျိုးမျိုးသော စီရင်စုစစ်တပ်များကိုလည်း အင်အားလျော့ချပြီးသားဖြစ်သည်။ ကွန်ဖြူးရှပ် ကျောင်းတော်များမှ စောင့်ကြည့်စစ်ဆေးသူများ အားလုံးက စစ်တပ်၏နေရာတိုင်း အဆင့်ဆင့်တိုင်းတွင် ရှိနေ၏။ ထို့ကြောင့် စစ်တပ်ကို ထပ်ခါတလဲလဲ နောက်ဆုတ်နေခြင်း ဖြစ်နေသော်လည်း ဝမ်ချောင်ကမူ သူတို့၏မျက်လုံးများက စီရင်စုစစ်တပ်များသို့ပင် ရောက်ရှိလာဦးမည်ဟု မထင်ထားမိချေ။

စီရင်စုစစ်တပ်များ၏ အင်အားကိုသာ လျော့ချလိုက်သော် စစ်ပွဲဖြစ်လာသည်နှင့် စီရင်စုစစ်တပ်များမှ ထိုလက်ရွေးစင်များကို သူတို့၏အင်အားအပြည့် ပြန်သုံးနိုင်အောင် ခေါ်ဆောင်၍ရလေသည်။ သို့သော် ကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ အင်အားများကို လျော့ချထားသောကြောင့် စစ်ပွဲဖြစ်လာသည့်အခါ စီရင်စုစစ်တပ်မှ လက်ရွေးစင်များကို ခေါ်သွင်း၍ လူအင်အားကို ဖြည့်တင်း၍ရသေးသည်။ သို့သော် စီရင်စုစစ်တပ်မှ အင်အားကို လျော့ချထားပြီးသော် မဟာထန်၏ အုတ်မြစ်ကြီးက ဖြတ်တောက်ခံရသလို ဖြစ်သွားပေလိမ့်မည်။

ပြည်တွင်းရေးရာ အရာရှိများနှင့် ဗိုလ်ချုပ်များ၏ ငြင်းခုံမှုက ကြောက်ခမန်းလိလိ ပြင်းထန်လာပြီး ဗိုလ်ချုပ်များအားလုံးက ပြည်တွင်းရေးရာ အရာရှိများ၏ ဝေဖန်အကဲဖြတ်မှုများအောက်သို့ ရောက်ရှိနေချိန်တွင် ကျယ်လောင်သော အသံက ထွက်လာသည်။

“အရှင်မင်းကြီး ဒီအရာရှိက ငြင်းပါတယ်”

ထိုအသံက ခန်းမတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။ ငြင်းခုံသံများ အားလုံးက ဖျော့တော့ပျောက်ကွယ်သွားလေပြီး ဗိုလ်ချုပ်များအားလုံးက ဝမ်ချောင်ကို စိတ်လှုပ်ရှားစွာ ကြည့်ကြသည်။ သူတို့၏ စိတ်ဓာတ်အင်အားက မြင့်တက်လာသည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်”

ဝမ်ချောင်သည် စစ်ဘက်တွင် အလွန်အမင်း မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ သူသည် သိပ်မကြာခင်ကမှ မြင့်တက်လာခြင်းဖြစ်သော်လည်း သူ၏လွှမ်းမိုးမှုဟာ ကြီးမားလွန်းသဖြင့် နယ်စပ်မှ ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီးများ၊ သို့မဟုတ် မဟာဗိုလ်ချုပ်ကြီးနှစ်ယောက်ကပင် ဝိုင်းပေါင်း၍ ယှဉ်ပြိုင်နိုင်ခြင်း မရှိသည်အထိဖြစ်သည်။

ဝမ်ချောင်၏ စကားများမှ အလေးချိန် တစ်ခုတည်းကတင် ခန်းမထဲတွင်ရှိနေသမျှသော ဗိုလ်ချုပ်များအားလုံး ပေါင်းထားသော အလေးချိန်ကို ကျော်နိုင်သည်။ ပို၍ဆိုးသည်မှာ ဝမ်ချောင်သည် တောက်ပလွန်းသော နောက်ခံရှိသည်။ သူ၏အဘိုးသည် ဝမ်ကျို့လင်ဖြစ်ပြီး မဟာထန်က လူတိုင်းက ယခုအခါ လေးစားနေကြရသည့် သူတော်စင်အမတ်ချုပ်ကြီးဖြစ်သည်။ မည်သည့်ဗိုလ်ချုပ်ကမှ ဝမ်ချောင်ကို ထိုနယ်ပယ်တွင် လာမယှဉ်ရဲချေ။

“အရှင်ဝမ် ဒါကဘာကို ဆိုလိုတာပါလဲ”

ပထမဦးဆုံး မှတ်တမ်းလွှာတင်ပြခဲ့သည့် ထူးဆန်းသော အရာရှိကမူ ဝမ်ချောင်ကိုကြည့်သည်။ အခြားသော အရာရှိများကလည်း သူ့ကိုကြည့်လာကြသည်။ ခန်းမတစ်ခုလုံးက တိတ်ဆိတ်လွန်းသဖြင့် ပင်အပ်ကျသံကိုပင် ကြားနိုင်သည်။ လေထုကပင် တင်းကြပ်လာသည်။

ဝမ်ချောင်က ထိုအရာရှိကို လျစ်လျူရှု့လိုက်ပြီး သူတော်စင်ဧကရာဇ်ကိုသာကြည့်ပြီး တိုက်ရိုက်ပြောသည်။

“အရှင်မင်းကြီး ဒီအရာရှိကလည်း စီရင်စုစစ်တပ်တွေရဲ့ အင်အားကို လျော့ချမယ်ဆိုပြီး တင်ပြတာက လုံးဝကို မလိုအပ်တဲ့ကိစ္စဖြစ်ပြီး တိုက်ရိုက်ဖယ်ထုတ်သင့်တယ်လို့ ထင်ပါတယ်”

“ဝမ်ချောင် မင်းမလွန်လာနဲ့။ အမျိုးမျိုးသော ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်တွေအားလုံးက နှစ်တိုင်းလိုလို စစ်ပွဲတွေဖြစ်နေတာ။ ဒီလိုနဲ့ လူတွေအပေါ် ဝန်ထုတ်ဝန်ပိုးကြီးတွေ ဆက်တိုက် ဖိချနေတယ်။ ဒီအခြေအနေတစ်ခုလုံးကို မင်းက ဆက်ဖြစ်စေချင်တာလား”

နောက်ထပ် ပြည်တွင်းရေးရာ အရာရှိတစ်ယောက်က ထွက်လာသည်။ သူသည် ဝမ်ချောင်၏ စကားလုံးများကြောင့် ဒေါသထွက်သွားပုံရသည်။

“ဆိုတော့ ခင်ဗျားဆိုလိုတဲ့ အဓိပ္ပာယ်က နယ်စပ်က စစ်သားတွေက သူတို့ရဲ့အသက်ကိုရင်းပြီး တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နေတဲ့အချိန်မှာ သူတို့က အရမ်းကို ကြွယ်ဝလွန်းတဲ့ ဘဝမျိုးမှာနေထိုင်ပြီး ပြည်သူတွေကို သားကောင်လို ချောင်းနေတယ်လို့ ပြောချင်တာလား”

ဝမ်ချောင်က ထိုအရာရှိကို မထူးခြားနားသလို တစ်ချက်ကြည့်လိုက်သည်။ သူ၏အကြည့်က ရေခဲတုံးများအလား အေးစိမ့်လွန်းနေသည်။

ထိုအရာရှိကလည်း ချက်ချင်းလိုလို စွံ့အသွားရသည်။ သူဟာမည်မျှ ခေါင်းမာသည်ဖြစ်စေ စစ်တပ်ကို မည်မျှပင် မကျေနပ်စေကာမူ ထိုကဲ့သို့သော စကားမျိုးကို မပြောရဲပါချေ။

“အရှင်မင်းကြီး ဒီအရာရှိက ဒီပြည်တွင်းရေးရာ အရာရှိတွေအားလုံးက အလိမ်အညာစကားတွေ ပြောနေလို့ လူတွေကို လမ်းမှားအောင်လုပ်ပြီး တိုင်းပြည်ကို ဒုက္ခပေးချင်တယ်လို့ ထင်ပါတယ်။ အရှင်မင်းကြီး ဒီအရာရှိကတော့ ဒီလူတွေအားလုံးကို ရာထူးကဖယ်ချပြီး ခပ်ကြမ်းကြမ်း အပြစ်ပေးသင့်တယ်လို့ထင်ပြီး တောင်းဆိုပါတယ်”

ဝမ်ချောင်က အေးစက်စွာပြောသည်။

အင်ပါယာခုံရုံး၏ ဝမ်ချောင်ကို ပထမဦးဆုံး ထင်မြင်ချက်က နွေးထွေးပြီး တည်ကြည်သော လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သို့သော် စီရင်စုရေးရာ စစ်တပ်များအားလုံးကို အင်အားလျော့ချမည်ဆိုသော တင်ပြချက်က သူ့ကိုဒေါသထွက်သွားစေခဲ့သည်။ ဒါဟာ ဝမ်ချောင်တွင် ပထမဦးဆုံး အကြိမ်အဖြစ် ဘုရင်ဖြစ်လာခဲ့ပြီးနောက် ပြည်တွင်းရေးရာ အရာရှိတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ပြီး ထိုလူများအားလုံးကို စွပ်စွဲခြင်းဖြစ်သည်။

အထိမခံနိုင်အောင် ဖြစ်နေသော ပြည်တွင်းရေးရာ အရာရှိများအားလုံး၏ နေရာယူထားပုံ ကန့်ကတ်ပုံများ အားလုံးက သေစေနိုင်သော ထိုးနှက်ချက်ကြီးတစ်ခုကို တားလိုက်ရသလိုဖြစ်သွားသည်။ ဝမ်ချောင်သည် စောင့်ဆိုင်းဆဲ အကြံအပေးအမတ်အဖြစ် အင်ပါယာခုံရုံးတွင် ဝင်ပါနေခြင်းဖြစ်သော်လည်း သူသည် မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ဖြစ်နေသေးပြီး သူတော်စင်ဧကရာဇ်က ကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်ထားသူဖြစ်သည်။

ထိုအဆင့်အတန်းနှင့်ယှဉ်သော် ဝမ်ချောင်၏ဦးလေးကြီး ဝမ်ကန်းကပင် သူ့ကို မယှဉ်နိုင်လေရာ အခြားသူများဆိုလျှင် ပို၍ဆိုးသည်။

အိုမင်းသော လူကြီးတစ်ယောက်၏ အသံကထွက်လာသည်။

“ဝမ်ချောင် ဘယ်လိုတောင် ရမ်းကားတာလဲ။ ဒီအဘိုးကြီးက မင်းကဒီတိုင်း အောင်မြင်မှု နာမည်တစ်ခုရထားလို့ အောင်မြင်မှုမှာ မွေ့လျောနေပြီး ငယ်ရွယ်တဲ့ အင်အားအပြည့်ကို ပိုင်ဆိုင်ထားနေတာကို နားလည်ပေမဲ့လည်း ဒါကမင်းရဲ့ ပထမဦးဆုံးအကြိမ် အင်ပါယာခုံရုံးကို တက်တာဖြစ်နေတယ်။ မင်းကမင်းရဲ့နောက်ခံကိုသုံးပြီး အခြားအရေးပါတဲ့ အရာရှိတွေကို အနိုင်ကျင့်တာက တော်တော်လေးကို အဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်ပဲ။ ဧကရာဇ်ကောင်းဇူနဲ့ ထိုက်ကျုံးတို့က ပထမဦးဆုံး အသိအမှတ်ပြုထားတဲ့ အပြစ်တင်တာတွေ ငြင်းခုံတာတွေအပြင် အစိုးရတွေအားလုံး အရှင်သခင်တွေအားလုံးက ဒီကိစ္စနဲ့ပတ်သတ်ပြီး သူတို့ရဲ့ မူဝါဒရေးရာအားလုံး ကျင့်သုံးမှုတွေကို လက်ခံကိုင်ဆွဲလာခဲ့ကြတာ။ တိတ်တဆိတ် စွပ်စွဲတာက သူတော်စင်ဧကရာဇ်ကို လှည့်စားတာဖြစ်ပြီး မဟာထန်ကြီးတစ်ခုလုံးကို ကပ်ဘေးထဲကို ဆွဲချသွားနိုင်တယ်။ အရှင်မင်းကြီး ဒီအရာရှိအိုကြီးကတော့ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ဝမ်ချောင်က အားလုံးကို နှုတ်ပိတ်စေချင်ရုံနဲ့ အပြစ်တင် စွပ်စွဲနေတယ်လို့ ယူဆပါတယ်။ အရှင်မင်းကြီးအနေနဲ့ သူ့ကိုသူ့ရဲ့ သူကောင်းမျိုးရိုးဘွဲ့ကနေ ဖယ်ရှားပြီး သာမာန်သူဘဝကို ရာထူးချပေးတော်မူပါ။ သူ့ကို ဘယ်သောအခါမှ ပြန်မတက်လာပါစေနဲ့”

အဖြူရောင်ကျောက်စိမ်း လှေကားထစ်နားတွင် ထိုင်ပြီး သူတော်စင်ဧကရာဇ်၏ အနီးဆုံးနားတွင် ရှိနေသော အသက်အရွယ် ကြီးရင့်နေပြီဖြစ်သည့် မဟာဆရာက သူ၏ လက်တင်ကုလားထိုင်တွင်သာ တည်ငြိမ်စွာ ထိုင်နေခဲ့ခြင်းဖြစ်သည်။ သူဟာ မျက်လုံးကို အမြဲတစေ မှိတ်ထားသည်။ သို့သော် ရုတ်တရက် ထရပ်လာလေပြီး ဝမ်ချောင်ကို အေးစိမ့်စွာကြည့်လာသည်။

အင်ပါယာဆရာကျန်းကျုံးနီ

မဟာထန်၏ ပြည်တွင်းရေးရာ အရာရှိများ၏ ခေါင်းဆောင်

မဟာဆရာက ထပြောလာသောအခါ ခန်းမတစ်ခုလုံးအနှံ့ အေးစိမ့်သောလေပြေက တိုက်ခတ်သွားသည်။ နွေဦးရာသီအစောပိုင်းမှ တိုက်ခတ်လာသော လေပြေက ဆောင်းတွင်းအလား အေးစိမ့်သွားသည်။ အင်ပါယာခုံရုံးကြီးတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ဗိုလ်ချုပ်များကပင် စကားမပြောရဲကြချေ။ ဘုရင်စုန့်၏ မျက်နှာကလည်း အနည်းငယ် တင်းမာသွားကြသည်။ အင်ပါယာဆရာသည် လွှမ်းမိုးမှု ကြီးမားပြီး ဂုဏ်အဆင့်အတန်းကလည်း မြင့်မားသည်။ ဝမ်ချောင်ကလည်း ဒီကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်လျှင် ဒါဟာသူ၏ အနာဂတ် တက်လမ်းတစ်ခုလုံးအပေါ် သက်ရောက်သွားပေတော့မည်။

ဘုရင်စုန့်က ဝမ်ချောင်၏ အနာဂတ်တက်လမ်းနှင့်ပတ်သတ်ပြီး စိုးရိမ်နေချိန်တွင် ဝမ်ချောင်ကမူ အခြားတစ်ခုကို တွေးတောနေခြင်းဖြစ်သည်။

“ဟွန်း”

ဝမ်ချောင်ဟာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် မဟာထန်၏ အဆင့်အတန်းမြင့်မားလွန်းသော ဂုဏ်သိက္ခာမြင့်သည့် မဟာဆရာကြောင့် နောက်တွန့်သွားခြင်းမရှိချေ။ စီရင်စုစစ်တပ်၏ ပေါ်လစီ၏ အင်ပါယာကြီးတစ်ခုလုံး၏ အုတ်မြစ်ဖြစ်သည်။ ကွန်ဖြူးရှပ်ကျောင်းတော်များ၏ အနိုင်ကျင့်မှုဟာ လွန်လွန်းအားကြီးလာပြီး စစ်ပညာရှင်များ အားလုံး၏ အုတ်မြစ်ကိုပင် လာနဲ့လိုနေသည်။ မဟာဆရာ မဆိုထားဘိ ထိုထက်ရာထူးဆယ်ဆခန့် မြင့်နေသည်ဆိုလျှင်ပင် ဝမ်ချောင်ဟာ နောက်တွန့်လိမ့်မည်မဟုတ်ချေ။

ဒါဟာ ပြည်တွင်းရေးရာ အရာရှိများနှင့် စစ်မတ်ရေးရာ အရာရှိများအကြားမှ ငြင်းခုံမှုမဟုတ်သလို ကွန်ဖြူးရှပ်ဝါဒ ကိုင်ဆွဲသူနှင့် စစ်ပညာရှင်များအကြားမှ ငြင်းခုံမှုမဟုတ်တော့ချေ။ ဒါဟာ အင်ပါယာကြီးတစ်ခုလုံး၏ အခြေခံအုတ်မြစ်ကြီးကို လာနဲ့နေခြင်းဖြစ်သည်။ ဝမ်ချောင်က နောက်ဆုတ်ပေးလိုက်လျှင်ပင် မဟာထန်၏ ပျက်စီးမှုက နောက်ဆုတ်ပေးလိမ့်မည်မဟုတ်ချေ။

ဝမ်ချောင်က ခြေလှမ်းအနည်းငယ်ပင် ရှေ့တိုးလိုက်သေးသည်။

“လေးစားရတဲ့ မဟာဆရာ ခင်ဗျားက အစိုးရမင်းနှစ်ဆက်ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တယ်။ ဝမ်ချောင်က ခင်ဗျားကို အရမ်းကိုလေးစားမိခဲ့ဖူးပါတယ်။ အမြဲတစေလည်း လေးစားခဲ့တာပါ။ ဒါပေမဲ့ ခင်ဗျားရဲ့နှလုံးသားက ဒီလောက်ထိ တစ်ကိုယ်ကောင်းဆန်စိတ်တွေ ပြည့်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ ကိုယ်ပိုင် ပိုင်ဆိုင်မှု အကျိုးအမြတ်အတွက်နဲ့ အများကောင်းကျိုးကို ဖျက်ဆီးလိမ့်မယ်လို့ မထင်ထားမိဘူး။ တကယ်ကို ရှက်မိပါတယ်။ စိတ်လည်းပျက်မိတယ်”

ဝမ်ချောင်၏ စကားလုံးများက ခန်းတစ်ခုလုံးကို ပွက်လောရိုက်သွားစေပြီး အားလုံးကို မှင်သက်ကာ ဆူပွက်သွားစေသည်။

“ချောင်အာ”

ဝမ်ကန်းကပင် အံ့အားတကြီး ထအော်သည်။ သူ၏မျက်နှာက ဖြူဖျော့သွားသည်။ မာဆာ၏အဆင့်အတန်းက သာမာန်မဟုတ်ချေ။ သူ၏လွှမ်းမိုးမှုဟာလည်း ကြီးလွန်းသည်။ ထို့ကြောင့် မည်သူကမှ သူ၏ဖင်ကိုပင် ခေါင်းနှင့်မတိုက်ရဲသော အနေအထားမျိုးဖြစ်နေလေရာ ဝမ်ချောင်ဟာ ငယ်လွန်းလေသည်။

“ရမ်းကားလိုက်တာ ဝမ်ပေါ်မူက ဒီနေရာမှာ ရှိနေရင်တောင်မှ ဒီလိုမလုပ်ရဲဘူး။ ဒါကသူမင်းကို ဒီလိုသင်ပေးထားတာလား”

မာဆာဆရာက ဒေါသထွက်သွားသည်။ ခန်းမတစ်ခုလုံးက ပွက်လောရိုက်သွားပြီး လှုပ်ခါသွားလေသည်။

အခန်း(၁၂၃၈)

မဟာဆရာကျန်းသည် အသက်ရှစ်ဆယ် ကျော်နေပြီဖြစ်ပြီး ဝမ်ချောင်၏အဘိုး ဝမ်ကျို့လင်ဟု အများသိကြသည့် ဝမ်ပေါ်ဟူဟု အများသိကြသော မြို့စားကျို့နှင့် ပညာသင်သားဖြစ်သည်။ သို့တိုင်အောင် မဟာဆရာကမူ အမြဲတစေ ခက်ထန်ကြမ်းတမ်းသော စိတ်နေသဘောထားရှိသည်။ ဝမ်ချောင်က ဝမ်ကျို့လင်၏ မြေးတစ်ယောက်သာ ဖြစ်လေရာ သို့တိုင်အောင် သူ၏ဖင်ကို ခေါင်းနှင့်လာတိုက်ရဲသည်။ ထိုအခြေအနေဟာ သူ့ကိုအရှက်ခွဲနေခြင်းဖြစ်သည်။

အင်ပါယာခုံရုံးကြီးတစ်ခုလုံးက မဟာဆရာ၏ ဒေါသဒဏ်ကို ခံနေရသည်။

မဟာဆရာကို ဖင်ပုတ်ခေါင်းပုတ် လုပ်လိုက်သော ဝမ်ချောင်ကမူ မနက်ဖြန်ဆိုလျှင် အသိုင်းအဝိုင်းကြီး တစ်ခုလုံး၏ ဝေဖန်အကဲဖြတ်မှုကို ခံရတော့မည်ဖြစ်သည်။ လူတိုင်းကမူ မူလက ဝမ်ချောင်က အနည်းငယ်ပို၍ ရှုပ်ထွေးလိမ့်မည်ဟု ထင်ထားကြသည်။ သို့သော် မမျှော်လင့်ထားစွာပင် သူတို့သည် သူ၏ဒေါသကို အထင်သေးမိသွားပုံရသည်။ သူသည် ခိုရာစန်းမှ ပြန်လာပြီးချိန်ကတည်းက ဝမ်ချောင်၏စိတ်က တောက်လောင်နေသော မီးတောက်တစ်ခုလိုမျိုး ဖိနှိပ်ထားခံရသည်။

ကွန်ဖြူးရှပ်ကျောင်းတော်များက တိုင်းပြည်၏ ကျန်းမာရေးကို ဂရုမထားလေဘဲ စစ်ဘက်ဆိုင်ရာ အင်အားတိုင်းကို လျော့ချလိုက်ခြင်းက သူ့ကို ဒေါသထွက်စေခဲ့သည်။ ထို့ပြင် လူတိုင်းမှားနေသည့် တစ်ချက်ရှိသည်။ ဝမ်ချောင်သည် ဘယ်သောအခါကမှ သူကောင်းဘွဲ့ကို ဂရုမစိုက်သောသူဖြစ်သည်။

ဝမ်ချောင်သည် သူလုပ်ခဲ့သမျှ အရာအားလုံးဟာ မဟာထယ်ကြီး အကောင်းဆုံးသော အနေအထားမျိုးတွင် ရှိနေပြီး ကပ်ဘေးမတိုင်ခင်ကာလတွင် ကြံ့ကြံ့ခံနိုင်ရန် ကပ်ဘေးကို ရင်ဆိုင်ရာတွင် ကြံ့ကြံ့ခံနိုင်ရန်အတွက်သာဖြစ်သည်။ ယခုအခါ သူ၏အားထုတ်မှုများ အားလုံးက အလဟသ ဖြစ်သွားရသည်။ ဘုရင်ဘွဲ့ကို မဆိုထားဘိ သူ့ကို ဒီထက်ပိုမြင့်သည့် သူကောင်းဘွဲ့ပေးမည်ဆိုလျှင်ပင် အရေးမကြီးပါချေ။

ကပ်ဘေးက ကျရောက်လာသောအခါ ဗဟိုပြင်ကျယ်ကြီး တစ်ခုလုံးက ပြိုလဲကျပြီး တစ်စစီ ဖြစ်သွားပေလိမ့်မည်။ ထိုအခါ ဘုရင်ဖြစ်စေ၊ သာမာန်သူဖြစ်စေ မထူးခြားနားတော့ချေ။ မည်သည့်အရာကမှ အရေးမကြီးတော့ချေ။

ဝမ်ချောင်က မဟာဆရာကိုကြည့်ပြီး ခပ်ကြမ်းကြမ်းပြောသည်။

“ငါ့ရဲ့အဘိုးက လောကက ပြည်သူတွေရဲ့အပိုင်လို့ သင်ကြားပေးထားတယ်။ ငါက ပြည်သူတွေရဲ့ နေရာမှာ အစားဝင်ပြီး တိုင်းပြည်အတွက် အမြဲတစေတွေးပြီး ရှေ့တန်းမှာ ရပ်နေရမယ်။ တိုင်းပြည်ကို ကာကွယ်ရမယ်လို့ ပြောထားတာ။ ငါက ကိုယ်ပိုင်ပုဂ္ဂိုလ်ရေးရာ ခံစားချက်တွေကြောင့်နဲ့ အများကောင်းကျိုးကို ဖိနှိပ်ပြီး အသက်အရွယ်ကို အားကိုးလို့ အခြားလူတွေကို အနိုင်ကျင့်ရမယ်လို့ မသင်ထားဘူး။ ဟွန်း အကြီးအကဲတစ်ယောက် ဖြစ်နေရင်တောင် လေးစားခံရအောင်နေဖို့ မသိဘဲ အဆင့်အတန်းကိုသုံးလို့ အခြားသူကို ဖိနှိပ်ရမယ်လို့ မသင်ကြားပေးဖူးပါဘူး”

ဘုန်း

ခန်းမတစ်ခုလုံးက ဝမ်ချောင်၏ စကားလုံးများကြောင့် ယမ်းခါသွားသည်။ လူတိုင်းက ထုံထိုင်းသွားသလို ခံစားလိုက်ရ၏။ မဟာဆရာကျန်းက သူ၏မြင့်မားလွန်းသော နေရာကို အရယူပြီးနောက် မည်သူကမှ ထိုသို့မပြောရဲတော့ချေ။ ထိုစကားလုံးများကိုလည်း နောက်ကွယ်တွင်ပင် မပြောရဲခဲ့ပါချေ။ မည်သူကမှ ဝမ်ချောင်ကဲ့သို့ မဟာဆရာကို အင်ပါယာခုံရုံးရှေ့တွင် သူဟာ ပုဂ္ဂိုလ်ရေးရာ ခံစားချက်များကို ရှေ့တန်းတင်၍ အများကောင်းကျိုးကို ဖိနှိပ်ကြောင်း လေးစားခံရခြင်းနှင့် ထိုက်တန်အောင် မနေကြောင်း ပြောရဲလိမ့်မည်မဟုတ်ချေ။

နဂါးပုလ္လင်ဘေးမှ ကောင်းလီရှီကပင် ကြောင်သွားသည်။

ထိုအချိန်တွင် ဝမ်ချောင်၏ဦးလေးကြီး ဝမ်ကန်းကမူ သူ၏နှလုံးသားက ကျောက်တုံးတစ်တုံး အောက်သို့ အဖိခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ ထိုတိုင်းဆက်ဖြစ်နေသော် ဝမ်ကလန်ကပင် မဟာဆရာ၏ အမျက်ဒဏ်ကို ခံရပေလိမ့်မည်။

“ကောင်စုတ်လေး မင်းကတော်တော် ခေါင်းမာတာပဲ”

မဟာဆရာကျန်းက ဝမ်ချောင်၏စကားလုံးများကြောင့် ဒေါသထွက်ပြီး ယမ်းခါသွားသည်။ သူ၏မုတ်ဆိတ်ကြီးကပင် တုန်ယင်နေလေပြီး နှုတ်ခမ်းကပင် တဆတ်ဆတ် တုန်လာသည်။ သူသည် တစ်ဘဝလုံး မြင့်မားသော အဆင့်အတန်းတွင် နေထိုင်ခဲ့ပြီး အမြဲတစေ လေးစားမှုကို ခံခဲ့ရသည်။ ယခုလိုမျိုး အရှက်ခွဲမခံခဲ့ရဖူးချေ။ မဟာဆရာ၏ အကျင့်စရိုက်ရှိသော လူအနေဖြင့် ဒီလိုအခြေအနေမျိုးကို တောင့်မခံနိုင်ပါချေ။ သို့သော် သူသည်လည်း ဒီလိုအခြေအနေကို မကြုံတွေ့ဖူးသည့်အလျောက် ဒေါသတကြီးဖြစ်ကာ တုန်ယင်နေသော်ငြား မည်သို့မှ ပြန်မငြင်းနိုင်ချေ။ တခဏခန့်ကြာပြီးနောက် သူ၏မျက်နှာက ဒေါသများကြောင့် ခရမ်းပုပ်ရောင်ပင် သမ်းလာသည်။

“ဟွန်း မဟာဆရာ ငါကမျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်ပါ။ ငါက ခင်ဗျားနဲ့ အဆင့်တူတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့မျက်လုံးထဲမှာတော့ ငါက ကောင်စုတ်လေးပဲ ဖြစ်နေသေးတာလား။ ဒီတော်ဝင်ခုံရုံးမှာ အရှင်သခင်က သူ့ရဲ့အမှုထမ်းတွေပဲရှိတယ်။ ဘယ်နေရာက ကောင်စုတ်လေးဆိုတာက ရောက်လာတာလဲ။ ငါကခင်ဗျားကို ပုဂ္ဂိုလ်ရေးရာ ခံစားချက်တွေကို ရှေ့တန်းတင်ပြီး အများကောင်ကျိုးကို ဖိနှိပ်တယ်လို့ပြောတယ်။ ဒါကခင်ဗျားရဲ့ ငြင်းခုံပုံလား”

ဝမ်ချောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် နောက်မဆုတ်သွားရုံသာ မကသေးလေဘဲ ရှေ့သို့ပင်နှစ်လှမ်း တိုးလိုက်သေးသည်။

ဝမ်ချောင်က အမြဲတစေ သိုသိုသိပ်သိပ် နေခဲ့သောကြောင့်ဖြစ်လောက်သည်။ အခြားသောသူများက သူနှင့်ပတ်သတ်ပြီး မှတ်ချက်ချသောအခါ သူနှင့်ပတ်သတ်ပြီး ပြန်မငြင်းဖူးသောကြောင့်လည်း ဖြစ်လောက်၏။ ထို့ကြောင့် သူသည် အမြဲတစေ ပြောရလွယ်၊ အနိုင်ကျင့်ရလွယ်သော ဂျူနီယာလေး တစ်ယောက်ကဲ့သို့ ထင်မြင်ချက်မျိုး ပေးနေခဲ့ပြီး သူ့အားစိတ်မဆိုးတတ်သူဟု မှတ်သားထားကြပုံပေါ်၏။ သို့သော် ထိုအခိုက်အတန့်တွင်မူ ဝမ်ချောင်က ဒေါသထွက်သွားသောအခါ သူ၏မျက်လုံးဟာ မီးတောက်လာပြီး မိုးကြိုးတန်းများပင် လက်လာသည်။

အင်ပါယာမဟာဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်သော ဝမ်ချောင်သည် တိုက်ပွဲနယ်မြေတွင် စစ်သည် သန်းပေါင်းများစွာကို အမိန့်ပေးခဲ့သူဖြစ်သည်။ ထို့ကြောင့် သူ၏ အတွေ့အကြုံများကြောင့် သူ၏ပြုမူပုံများက မီးနှင့်သံမဏိတုံးများလို ဖြစ်နေလေပြီး အခြားသောသူများက လာမယှဉ်နိုင်ချေ။ ထိုအရာသာ မကသေးချေ။ ဝမ်ချောင်က ဒေါသတကြီးဖြစ်နေသောကြောင့် မဟုတ်လျှင်ပင် ဗဟိုပြင်ကျယ်ကြီး၏ စစ်သူတော်စင်၏ ပြင်းထန်လွန်းသော အရှိန်အဝါက ဘဘာဝကျကျပင် ထွက်နေဦးမည်ဖြစ်လေရာ အနားရှိလူတိုင်းကို ဖိနှိပ်နိုင်သေးသည်။

ဝမ်ချောင်၏ အကြည့်ဖြင့် စိုက်ကြည့်ခံရသည့် ခုံရုံးအရာရှိများ အားလုံးက သတိလက်လွတ် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိကြသည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်”

ထိုမြင်ကွင်းကြောင့် ကောင်းလီရှီက မျက်မှောင်အနည်းငယ် ကျုံ့မိသွားသည်။ မဟာဆရာကို ဖင်ပုတ်ခေါင်းပုတ်လုပ်ခြင်းဖြင့် ဝမ်ချောင်သည် ပြည်တွင်းရေးရာ အရာရှိများအားလုံးကို ရန်စပြီးလေပြီ။ ထို့ကြောင့် ဝမ်ချောင်၏ အနာဂတ်က မကောင်းနိုင်ချေ။ ပြည်တွင်းရေးရာအရာရှိများ၏ စွပ်စွဲမှုများက သူ့ကို သေသည်အထိ ဆွဲချသွားရန် လုံလောက်နေသည်။

ကောင်းလီရှီကလည်း သတိလက်လွတ် ဧကရာဇ်ကို ကြည့်လိုက်မိသွားသည်။ သူတော်စင်ဧကရာဇ်ကမူ မျက်လုံးကိုတစ်ဝက်သာ ဖွင့်ထားသည်။ သူ၏မျက်နှာက ခံစားချက်ကင်းမဲ့သည်။ သူသည် ဒီအခြေအနေကို ရပ်မည့်အရိပ်အယောင် မပြကြောင်း ရှင်းလင်းနေသည်။

မဟာဆရာသည် စကားမပြောနိုင်လောက်အောင် ဒေါသထွက်နေချိန်ဖြစ်သည်။ သူသည် လက်ညိုးသာညွှန်နေပြီး ဝမ်ချောင်ကိုသာ ထိုးထားပြီး ထိုလက်ညိုးကပင် တုန်နေ၏။ မဟာဆရာက ဒေါသထွက်နေသော်လည်း ဝမ်ချောင်ကမူ ပို၍ဒေါသထွက်နေသည်။

“တိုင်းပြည်က အားလုံးရဲ့အထက်မှာရှိတယ်။ ဒါကလူတိုင်း အရေးအပေးသင့်ဆုံး အရာပဲ။ စစ်တပ်က ပြည်သူတွေကောင်းဖို့အတွက် တိုက်ခိုက်ပေးနေတာ။ ခင်ဗျားတို့တွေက စီရင်စုစစ်တပ်ရဲ့ ကျင့်သုံးပုံမရှိဘဲ ဘာတွေဖြစ်မယ်ဆိုတာကို မသိကြဘူးလား”

ဝမ်ချောင်က ပြည်တွင်းရေးရာ အရာရှိများအားလုံးကို ခြုံငုံကာကြည့်လိုက်သည်။ သူ၏မျက်လုံးက သွေးများပင် စိမ့်ထွက်လုနီးပါး ဖြစ်လာသည်။ ထိုလူများအားလုံးက ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသောသူများ ရှေ့တန်းတင်လွန်းသောလူများဖြစ်သည်။ သူတို့သည် အများကောင်းကျိုးအတွက် အလုပ်လုပ်နေကြသည်ဟု ထင်နေလောက်သော်လည်း ထိုကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသောသူများ အားလုံးက အင်ပါယာ၏ အုတ်မြစ်ကို နဲ့နေခြင်းဖြစ်သည်။ အနောက်ပိုင်းနယ်မြေ ချဲ့ထွင်သည့်ကိစ္စတွင် သူသည် အင်အများကြီး စိုက်ထုတ်ပြီးမှ ခိုရာစန်းသို့ ရောက်အောင်သွားလျှက် မဟာမိတ်စစ်တပ်ကြီးကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် တခဏခန့် ကြာပြီးရုံနှင့် အင်ပါယာခုံရုံးမှ ကွန်ဖြူးရှပ်များ အားလုံးက ဖျက်ဆီးပစ်လိုက်သည်။

ဒါဟာ ဘယ်သောအခါကမှ မကြားဖူးသေးသော ကိုယ့်လက်နှင့်ကိုယ့်ခြေကို ကိုယ်တိုင်ဖြတ်တောက်ခြင်း ဖြစ်နေသည်။

“နွေဦးနဲ့ ဆောင်းဦးကာလမှာ ပြည်နယ်တွေအားလုံးက အချင်းချင်းရင်ဆိုင်ဖို့ တိုက်ပွဲတွေ ဆင်နွဲကြတယ်။ ချန်းပင်းတိုက်ပွဲ အတောအတွင်းမှာ ကျောင်းပြည်နယ်က ဖြစ်ခဲ့တဲ့စစ်ပွဲမှာ လူအင်အား လေးသိန်းကျော် ဆုံးရှုံးသွားတယ်။ နောက်ထပ်သုံးစရာ စစ်သားတွေ မရှိတော့လို့ ကျောင်းပြည်က ဖျက်ဆီးခံလိုက်ရတယ်။ အဲ့ဒီနောက် မဟာချင်ကို တည်ထောင်ခဲ့တယ်။ ဧကရာဇ်ဟူဟာရဲ့ ခုနှစ်နှစ်မြောက်နှစ်မှာ ပုန်ကန်သူ စစ်အရှင်သခင်တွေက အမျိုးမျိုးသော နယ်မြေတွေကနေ အုံကြွလာတယ်။ အဲ့ဒီအခါ တိုက်ပွဲပေါင်းများစွာ ဖြစ်ပျက်ခဲ့ပြီး ချင်စစ်တပ်ကြီးက အင်အားအများကြီး လျော့ကျသွားခဲ့တယ်။ ဒါပေမဲ့ လုံလောက်တဲ့ ထောက်ပံ့မှုမရှိတဲ့အပြင် ခန့်အပ်နိုင်တဲ့ ပမာဏက နည်းပါးလွန်းပြီး အသုံးမဝင်ခဲ့လို့ အင်အားကြီးမားတဲ့ အင်ပါယာကြီးတစ်ခုလုံးက ချေမွခံခဲ့ရတယ်။ အနောက်ပိုင်းဟန်ရဲ့ (၃၇)နှစ်မြောက်နှစ်မှာ ဟန်ရဲ့ ကောင်းဇူက မြောက်ပိုင်းကို အလောတကြီး နယ်မြေချဲ့ထွင်မှု ပြုခဲ့ပေမဲ့ သူရဲ့စစ်သည်အင်အား နှစ်သိန်းက ပိုင်တန်းမှာ အဝိုင်းခံခဲ့ရတယ်။ စစ်တပ်ကြီးတစ်ခုလုံးက ဆိုးရွားတဲ့အခြေအနေကို ရောက်ရှိနေခဲ့ပြီး အဆုံးသတ်မှာ လှပတဲ့မိန်းမပျိုတွေရဲ့ လှုံ့ဆော်မှုအောက်မှာ ဆုံးရှုံးမှုှုကနေ လွတ်မြောက်နိုင်ခဲ့ကြတယ်။ အရင်စွေ့သာ့ယဲ့ခေတ်ရဲ့ (၁၄)နှစ်မြောက်ခေတ်မှာပေါ့။ မဟာစွေ့ကြီးက တူရကီတွေနဲ့ တိုက်ပွဲဖြစ်ပြီး တစ်ပွဲတည်းနဲ့ ရှုံးသွားတယ်။ တူရကီတွေက ချီတက်လာတဲ့အချိန်မှာ မဟာစွေ့မှာ ဘယ်စစ်သားကိုမှ ရှာလို့မရတော့ဘူး။ နောက်ထပ် ဘယ်စစ်သားကိုမှ ခန့်အပ်ဖို့ အချိန်လည်း မလုံလောက်တော့ဘူး။ ဒါကြောင့် မဟာစွေ့ကြီးက မင်းသမီးတစ်ပါးကို ကမ်းလှမ်းပြီး ငြိမ်းချမ်းရေးယူလိုက်ရတယ်။ ဒီလိုနဲ့ လက်ရွေးစင်တွေအပြည့် တည်ထောင်ထားခဲ့တဲ့ ဆောက်လုပ်မှုများအားလုံးက ဖယ်ရှားရှင်းလင်းခံရပြီး အများကြီး အဆင့်အတန်း လျော့ချခံခဲ့ရတယ်။ တူရကီခါကာနိတ်တွေကတောင် အရှေ့ပိုင်းနဲ့ အနောက်ပိုင်း တူရကီခါကာနိတ်ဆိုပြီး ကွဲသွားခဲ့သေးတယ်”

“မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် မင်းဆက် တစ်ဆက်ပြီးတစ်ဆက် စစ်တပ်အင်အားကို ထိန်းသိမ်းထားတဲ့အချိန်မှာ စစ်တပ်က အမြဲတမ်း အနိုင်အရ ယူနိုင်ခဲ့တယ်။ ပြဿနာကိုတောင် မရှာနိုင်ဘူး။ ဒါပေမဲ့ ရှုံးနိမ့်သွားပြီး နောက်ဆုတ်စရာ မရှိတော့တာနဲ့ နောက်မှ ထောက်ပံ့ပေးတာမျိုး မရှိတော့တာနဲ့ အင်ပါယာတစ်ခုလုံးရဲ့ အုတ်မြစ်ကြီးက ချက်ချင်းလိုလို လှုပ်ခါသွားပြီး သေစေနိုင်လောက်အောင် ခြိမ်းခြောက်နိုင်တဲ့ ကပ်ဘေးကို ရင်ဆိုင်ရတော့တာပဲ။ စီရင်စုစစ်တပ်ရဲ့ ကျင့်သုံးမှုမရှိဘဲ သေးငယ်တဲ့တိုင်းပြည် အနည်းငယ်ကတောင် မျိုးနွယ်ခြားနယ်မြေတွေ ကျူးကျော်လာတဲ့အခါ သူတို့ရဲ့တိုင်းပြည်ကြီးကို ဆုံးရှုံးခံရနိုင်တယ်။ သူတို့ရဲ့တိုင်းပြည်တွေက ပျောက်ကွယ်သွားပြီ။ မျိုးနွယ်ခြားတွေက သူတို့ရဲ့ကိုယ်ပိုင် တိုင်းပြည်တွေကို တည်ထောင်သွားလိမ့်မယ်။ အဲ့ဒီအတွက်ကြောင့်ပဲ ဧကရာဇ်ကောင်းဇူနဲ့ ထိုက်ကျုံးတွေက အရင်မင်းဆက်က သင်ခန်းစာကို အရယူပြီး စီရင်စုစစ်တပ်စနစ်ကို ကျင့်သုံးဖို့ ကြိုးစားခဲ့ကြတာ။ ဧကရာဇ်ထိုက်ကျုံး ကိုယ်တိုင်ကိုယ်ကျ အမဲလိုက်ပြီး မြို့တော်က သူကောင်းမျိုးရိုး ဆက်ခံသူတွေကိုသာ သင်ကြားပြသပေးလို့ သိုင်းပညာရှင်တစ်ယောက်ရဲ့ မာန်မာနကို နားလည်စေခဲ့တာ။ ဒီလိုနဲ့ ယနေ့ခေတ် မဟာထန်ကြီးရဲ့ စည်ပင်ဝပြောပြီး အင်အားကြီးမားလာတဲ့ စစ်တပ်ကြီးကို ဦးဆောင်နိုင်စေခဲ့တာပေါ့။ အဲ့ဒီနောက်ပိုင်းမှာ မဟာထန်က နယ်စပ်တွေမှာ စခန်းချထားတဲ့အချိန်မှာ စစ်သားတွေအများကြီးကို ဆက်တိုက်စုဆောင်းခဲ့တယ်။ ဒီအတွက်ကြောင့်ပဲ လက်ရွေးစင် ခြောက်သိန်းကျော်ကို မှီခိုပြီး အရှေ့ပိုင်းနဲ့အနောက်ပိုင်း တူရကီ၊ ဂိုဂူလျောအင်ပါယာရှိ ခစ်ထန်၊ မာန်ရှဲ့နဲ့ ယွီစန်းကျောင်းတွေကို ဆက်တိုက်ဖိနှိပ်နိုင်ခဲ့တယ်။ ဒါတွေအပြင် အနောက်ပိုင်းနယ်မြေကိုတောင် ချဲ့ထွင်နိုင်ခဲ့သေးတယ်။ ဒီမင်းဆက်ကပဲ အင်အားခြောက်သိန်းထဲနဲ့ ဒီလောက်ထိ လုပ်နိုင်ခဲ့တာ”

“ကောင်းတုံးဦးစီးတဲ့ ထျန်းရှန်းခေတ် (၁၁)နှစ်မြောက်နေ့မှာ ယွီစန်းက အရှေ့ပိုင်း အနောက်ပိုင်း တူရကီတွေနဲ့ အတူပေါင်းပြီး တိုက်ခိုက်လာခဲ့တယ်။ စစ်တပ်ရဲ့ ဆုံးရှုံးမှုက စီရင်စုစစ်တပ်တွေထဲကနေသာ မဖယ်ပေးနိုင်ခဲ့အခါ အင်ပါယာကြီးတစ်ခုလုံးက ပျက်စီးသွားရမှာပဲ”

ဝမ်ချောင်၏အသံက ကျယ်လောင်သည်။ ခန်းမတစ်ခုလုံးရှိ လူတိုင်းကလည်း မှင်သက်ကြောင်အ နေကြရ၏။ သူ၏မျက်လုံးက သွေးနီရောင်သမ်းပြီး ဒေါသများကပင် စိမ့်ထွက်နေသည်။ ဝမ်ချောင်ဟာ သူ၏ဒေါသကို ဖောက်ထုတ်နေခြင်းသာဆိုလျှင် ခန်းမထဲရှိ မည်သူကမှ သူ့ကိုအာရုံစိုက်နေလိမ့်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ ဒါဟာထိုက်ဟယ်နန်းဆောင်ဖြစ်သည်။ ဒီနေရာရှိ မည်သူကမဆို လုပ်ဆောင်မှုကြီးများစွာ လုပ်ဆောင်နိုင်ခဲ့သောသူ အဆင့်အတန်း အလွန်မြင့်မားသောလူများ ဖြစ်သည်။ မည်သူကမှ လာရှုပ်၍မရနိုင်ချေ။

သို့သော် ဝမ်ချောင်ဟာ ဒေါသထွက်နေပြီး အော်ဟစ်နေခဲ့သည့်တိုင်အောင် သူ၏စကားလုံးတိုင်းဟာ အကျိုးအကြောင်းသင့်သည်။ ပေးသောဥပမာတိုင်းက သမိုင်းမှတ်တမ်းတိုင်းတွင် ရှာ၍ရနေသည်။ ထိုအခိုက်အတန့်တွင် မဟာကျမ်းစာပြုစုသူ ယန်ဝမ်ကျန်းကဲ့သို့ ဘေးဘက်တွင်ထိုင်ပြီး စုတ်တံနှင့် အရာအားလုံးကို မှတ်တမ်းတင်နေခဲ့သော လူကပင် ထိုင်ခုံမှထရပ်လျှက် ဝမ်ချောင်၏စကားကို တက်တက်ကြွကြွ နားထောင်လာသည်။ သူသည်လည်း ဝမ်ချောင်၏ ငြင်းခုံမှုဟာ အကျိုးအကြောင်းသင့်ကြောင်း ခံစားရသည်။

“အနာဂတ်က အန္တရာယ်တွေအကြောင်း ထည့်မတွက်ဘဲ စီရင်စုစစ်တပ်ကို အင်အားလျော့ချဖို့ ပြောတာက အင်ပါယာတစ်ခုလုံးရဲ့ အုတ်မြစ်ကြီးကို လာနဲ့နေသလိုပဲ။ မဟာဆရာ ငါ့ရဲ့အမြင်မှာတော့ ခင်ဗျားက လောဘကြောင့်ကန်းပြီး စဉ်းစားဆင်ခြင်နိုင်စွမ်းအားတွေ ပျောက်ဆုံးသွားတယ်လို့ ထင်တယ်။ ခင်ဗျားက ဒီလိုကမ်းလှမ်းပုံထောက်ရင် မဟာဆရာ ငါကတော့ခင်ဗျားကို အနားယူသင့်ပြီလို့ အကြံပေးချင်တယ်”

ခြိမ်း

ဝမ်ချောင်၏ စကားလုံးများက ကြမ်းပြင်ကိုရိုက်ခတ်ကာ ဂျိမ်းကနဲ မြည်လာသည်။ သူ၏နောက်ဆုံးသော စကားလုံးများက မိုးခြိမ်းသံလိုမျိုး အရာအားလုံးကို ကွဲအက်သော မြည်သံကြီးနှင့်အတူ လှုပ်ခတ်သွားသည်။ မဟာဆရာကိုယ်တိုင်ကပင် နောက်သို့ယိုင်ကျသွားပြီး မတည်မငြိမ်ဖြစ်သွားသည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်း... မင်း မင်းလုပ်ရဲတယ်။ မင်းငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ”

မဟာဆရာ၏မျက်နှာက ဖြူဖျော့သွားသည်။ ဝမ်ချောင်၏ အနားယူသင့်ပြီဆိုသော စကားလုံးက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝရုန်းသုန်းကားဖြစ်သွားစေပြီး သူသည် သတိလစ်လုနီးပါး ဖြစ်သွားသည်။

“မဟာဆရာ”

“မဟာဆရာ”

လူတိုင်းကလည်း မဟာဆရာ၏ အခြေအနေကြောင့် အလန့်တကြားဖြစ်သွားကြပြီး ပြည်တွင်းရေးရာ အရာရှိပေါင်းများစွာက အလျင်စလိုပြေးကာ ထူပေးကြသည်။

“ဝမ်ချောင် မင်းမရမ်းကားလာနဲ့။ မင်းမဟာဆရာကို ဘယ်လိုကြောင့်များ ဒီလိုစကားတွေပြောတာလဲ”

ထိုအချိန်တွင် မည်သူကမှ ဘုရင်ချီထက် ပို၍ဒေါသမထွက်လောက်ချေ။ သူသည် ဝတ်ရုံကိုယမ်းပြီး ဖြောင့်မတ်မှန်ကန်မှုအပြည့်နှင့် တရားမျှတမှုကို ဆောင်ကျဉ်းလိုသော ပုံစံမျိုးဖြင့် တိုင်အရိပ်အောက်မှ ထွက်လာကာ ဝမ်ချောင်ကို ခပ်ကြမ်းကြမ်းပြန်ငြင်းသည်။

“မဟာဆရာက အသက်ကြီးနေပြီ။ သူကမဟာထယ်ကြီးအတွက် သွေးချွေးတွေကျတဲ့အထိ မျက်ရည်ကျတဲ့အထိ ဝန်ဆောင်မှုပေးခဲ့ပြီးသား။ ဒီနေရာက ဘယ်အရာရှိ ဘယ်ဗိုလ်ချုပ်ကမှ သူ့ကို မလေးစားဘဲ နေနိုင်မှာလဲ။ ငါကသူ့ကို မြင်တဲ့အချိန်မှာ သူ့ကို မဟာဆရာလို့ တရိုတသေ တလေးတစား ခေါ်ရတယ်။ ဒါကြောင့် မဟာဆရာတစ်ခုခု ဖြစ်သွားခဲ့ရင် မင်းကတာဝန်ယူနိုင်မှာလား”

ဘုရင်ချီက သူတော်စင်ဧကရာဇ်ကို ခေါင်းလှည့်ကြည့်သည်။

“အရှင်ဧကရာဇ် ဒီအရာရှိကတော့ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က အကြီးအကဲတွေကို လေးစားမှု မပြသတဲ့အတွက် သူ့ကိုရာထူးချသင့်တယ်လို့ ထင်ပါတယ်။ မဟာထယ်ကြီးရဲ့ သဘောထားကြီးမြတ်မှု၊ ဓလေ့ထုံးတမ်းတွေကို လိုက်နာမှုတွေကို ကျင့်သုံးလာခဲ့တာပါ။ အကြီးအကဲတွေကို လေးစားရတာက တိုင်းပြည်ရဲ့အခြေခံအုတ်မြစ်ပါ။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်က မဟာဆရာကို လေးစားမှုမပြသဘဲ ဒီလိုပြောဆိုလိုက်တဲ့အတွက်ကြောင့် ဒီအမှုထမ်းအနေနဲ့ သူ့ရဲ့ဘုရင်ဘွဲ့ကို ရုတ်သိမ်းပြီး တစ်တိုင်းပြည်လုံးအတွက် နမူနာပြသင့်တယ်လို့ ထင်ပါတယ်”

ခုံရုံးတစ်ခုလုံး၏ လေထုအခြေအနေက ထူးဆန်းလာသည်။ မြို့တော်ရှိလူတိုင်းကလည်း ဘုရင်ချီ၏ အတိုက်အခံလုပ်မှုကိုသိကြသလို ပြည်တွင်းရေးရာ အရာရှိများကပင် သူ့ကိုထင်သလောက် သဘောမကျကြချေ။ ဘုရင်ချီဟာ ရှေ့သို့ထွက်ခဲသည်။ ထို့ကြောင့် သူ၏ဘက်မှ ပြည်တွင်းရေးရာ အရာရှိများကသာ ရှေ့ထွက်ပြီး ပြဿနာရှာတတ်ကြလေသည်။ ယခုအခါ သူက ပထမဦးဆုံး အနေဖြင့် ရှေ့သို့ထွက်လာသည်။

“ဟွန်း”

ဝမ်ချောင်ဟာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြန်သည်။

“အရှင်မင်းကြီး ဒီအရာရှိမှာလည်း မှတ်တမ်းလွှာ တင်ပြစရာရှိပါတယ်။ ဒီအရာရှိကတော့ ဘုရင်ချီက တာဝန်ကို ပျက်ကွက်တဲ့အတွက်ကြောင့် စွဲချက်တင်ချင်ပါတယ်။ အင်ပါယာခုံရုံးက တိုင်းပြည်ကို အုပ်ချုပ်တဲ့ ရေးရာတွေနဲ့ပတ်သတ်ပြီး ဆွေးနွေးနေတာ။ ဒီကိစ္စတွေကို ကိုင်တွယ်နေတဲ့ နေရာကြီးပါ။ ဘုရင်ချီလိုမျိုး တော်ဝင်မင်းသားတစ်ပါး၊ မဟာထန်ရဲ့ ဘုရင်တစ်ပါးက သူ့ရဲ့အဆင့်အတန်းကို မွေ့လျော်နေပြီး နှစ်နှစ်ဆယ်ကျော်တာတောင်မှ ပြင်ပရေးရာ ကိစ္စတွေကို အာရုံမစိုက်ခဲ့ပါဘူး။ သူက သူ့ရဲ့တစ်ဘဝလုံးကို ပထမဦးဆုံးထွက်လာပြီး တင်ပြခဲ့တာက အကြီးအကဲတွေကို လေးစားမှု ပျက်ကွက်တယ်ဆိုပြီး အခြားအရာရှိတစ်ယောက်ကို စွပ်စွဲတာပါပဲ။ ဘုရင်ချီမှာ သာမာန်အရည်အချင်းပဲ ရှိတဲ့ ပါရမီမျိုးကို ပိုင်ဆိုင်ထားပြီး အကြောင်းရေးရာ ကိစ္စတွေကိုလည်း ကောင်းမွန်စွာ စဉ်းစားဆင်ခြင်နိုင်စွမ်းအား မရှိဘူး။ လုပ်ရည်ကိုင်ရည်ကလည်း အရည်အချင်း မပြည့်မှီပါဘူူး။ ဒါကြောင့် ဒီအရာရှိအနေနဲ့ ဘုရင်ချီက ဒီလောက်ကြီးမားတဲ့ တာဝန်ယူမှုမျိုးနဲ့ မထိုက်တန်ဘူးလို့ ယူဆပါတယ်။ အရှင်မင်းကြီး ကျေးဇူးပြုပြီး ဘုရင်ချီရဲ့ အဆင့်အတန်းကို ရုတ်သိမ်းလို့ ဘုရင်ချီကို အနားယူခိုင်းလိုက်ပါ”

“မင်း...”

ဘုရင်ချီက ရုတ်တရက် ခေါင်းကိုလှည့်လိုက်သည်။ သူ၏မျက်နှာက ဒေါသကြောင့် ရှုံ့မဲ့သွားသည်။ ဘုရင်ချီသည် စကားအများကြီးပြောရင် အမှားပါတတ်တယ်ဆိုသော စကားကို အမြဲတစေ လက်ကိုင်ထားသူဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏လက်အောက်ငယ်သားများကိုသာ ကိစ္စများကို လွှဲပေးထားပြီး ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိခဲ့ချေ။ ထိုအတွက်ကြောင့် နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင်အောင် သူသည် အရာရှိများကို ဒေါသတကြီးထွက်အောင် လုပ်နိုင်ခဲ့လေရာ မည်သူကမှ သူ့ကို တိုက်ရိုက် မကိုင်တွယ်နိုင်ခဲ့ကြချေ။ သို့သော် သူဟာ နောက်ဆုံးတွင် အခွင့်အရေးကို အရယူပြီး ဝမ်ချောင်ကို စွပ်စွဲအကဲဖြတ်ချိန်တွင် ဝမ်ချောင်က တစ်ဖက်သို့ပြန်လှည့်ပြီး တူညီစွာ ဒုက္ခပြန်ပေးလာသည်။ သူ့ကို သတိလက်လွတ် ဖြစ်သွားစေခဲ့သေး၏။

အခန်း(၁၂၃၉)

“ဝမ်ချောင် မင်း ပေါက်ကရတွေ လာပြောနေတာပဲ”

“ဘုရင်ချီ ခင်ဗျားက ဘာလုပ်ဆောင်မှု ရှိရှိမရှိရှိ တစ်ခြားသူတွေ မသိရင်တောင် ခင်ဗျားကိုယ်တိုင်ကတော့ သိနေမှာပဲ။ ဒီဘုရင်ရဲ့အမြင်မှာတော့ ဘာသာရေးရာ ရုံးတော်ကမှ ခင်ဗျားထက်ပိုပြီး သင့်တော်ဦးမယ်”

ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။ သူသည် နောက်မဆုတ်နိုင်သလို နောက်ဆုတ်ရန်လည်း မလိုအပ်ပါချေ။ သူသည် သည်းမခံနိုင်သလို သည်းခံရန်လည်း မလိုအပ်ချေ။ စီရင်စုစစ်တပ်ကို အင်အားလျော့ချမည်ဆိုသော ကမ်းလှမ်းချက်က ဝမ်ချောင်၏ဒေါသကို သွားဆွသလိုဖြစ်သွားသည်။ မဟာဆရာပင်ဖြစ်စေ၊ ဘုရင်ချီပင်ဖြစ်စေ ဝမ်ချောင်သည် ထိုကိစ္စနှင့်ပတ်သတ်ပြီး ငြင်းရန်ကြိုးစားသူတိုင်းကို ခွင့်လွှတ်နိုင်မည်မဟုတ်သလို တစ်ယောက်ကိုမှလည်း လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ဒါဟာ အင်ပါယာခုံရုံးအတွင်းမှ သာမာန် အဖွဲ့အစည်းပိုင်းဆိုင်ရာ တိုက်ပွဲမဟုတ်သလို ငြင်းခုံမှုများလည်းမဟုတ်တော့ချေ။ ဗဟိုပြင်ကျယ်ကြီးတစ်ခုလုံး၏ ပြည်သူ သန်းကျော်၏အသက်ကို ရှေ့တန်းတင်ထားခြင်းဖြစ်နေသည်။

“လုံလောက်ပြီဘုရင်ချီ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မဆူနဲ့တော့”

ပုလ္လင်၏ဘေးမှ ကောင်းလီရှီက သည်းမခံနိုင်တော့ဘဲ ခပ်ကြမ်းကြမ်းဝင်ပြောသည်။

“မင်းတို့နှစ်ယောက်လုံးက မဟာထန်ကြီးရဲ့ ဘုရင်တွေပဲ။ အဆင့်အတန်းကလည်း မြင့်တယ်။ မင်းတို့က အရှင်မင်းကြီးရဲ့အရှေ့မှာ ဒီလိုလုပ်နေစရာလား”

စီရင်စုစစ်တပ်ကို အင်အားလျော့ချမည်ဆိုသော ခုံရုံး၏ငြင်းခုံမှုဟာ ကလေးများအချင်းချင်း ငြင်းခုံမှုအဖြစ် ပြောင်းလဲသွားသည်။ ကောင်းလီရှီကပင် ဒီအခြေအနေကို ဆက်ဖြစ်ခွင့်မပြုနိုင်ချေ။ ကောင်းလီရှီဟာ ခုံရုံးကို တိတ်ဆိတ်သွားစေရန် ချက်ချင်းလိုလို ပိတ်ပြောလိုက်သည်။ ကောင်းလီရှီသည် တရားဝင်ရာထူးများ မရှိသော်လည်း လူတိုင်းသည် သူဟာ ဧကရာဇ်၏နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခစားလာခဲ့ပြီး သူနှင့် စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုရှိကြောင်း သိနေခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်ကလည်း ဒီအခြေအနေကို ဆက်မကြည့်ချင်ကြောင်း ဖော်ပြရာရောက်သည်။

“ထွက်ခွာသွားကြတော့”

ဧကရာဇ်က ရုတ်တရက်ပြောသည်။ သူ၏လက်ငါးချောင်းက အသာလှုပ်ခတ်သွား၏။ သူ၏ ခမ်းနားထည်ဝါသော အသံက ခန်းမတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားလေပြီး မေးခွန်းထုတ်ရန် မပြုတော့ချေ။

“ဟုတ်ကဲ့ ဟုတ်ကဲ့ အရှင်မင်းကြီး”

ဝမ်ချောင်နှင့် ဘုရင်ချီတို့ နှစ်ယောက်လုံးက ဂါရဝပြုလျှက် ဘေးသို့ဆုတ်ခွာလိုက်ကြသည်။

ဝမ်ချောင်၏မျက်နှာက အေးစက်ကာ ခံစားချက်မဲ့နေသည်။ ဘုရင်ချီ၏မျက်နှာကမူ ဒေါသများဖြင့် အံ့ကြိတ်နေသည်။

“မျိုးမစစ်ကောင်စုတ်လေး ဒီဘုရင်က မင်းကိုမလွှတ်ပေးဘူး”

ဘုရင်ချီ၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်သော အလင်းက လက်သွားသည်။ သူသည် မူလကမူ ဝမ်ချောင်နှင့် မဟာဆရာ၏ ရန်ပွဲကို အခွင့်ကောင်းယူပြီး သူ့အား အကြီးအကဲကို မလေးစားသော အကြောင်းအရာမျိုးနှင့် စွဲချက်တင်မည်ဟု ထင်ထားမိသည်။ သို့သော် မမျှော်လင့်ထားစွာပင် ဝမ်ချောင်ဟာ စကားလုံးအနည်းငယ်ထဲနှင့် သူ့ကို ပြန်လည်ကိုင်တွယ်လိုက်သည်။ ထိုအခြေအနေက ဘုရင်ချီ ဒေါသထွက်သွားစေသလို ဝမ်ချောင်ကို သတ်ချင်စိတ်ထက် အခြားသော စကားများကိုပင် ထုတ်မပြနိုင်တော့ချေ။

“ကောင်းပြီ ဆွေးနွေးမှုတွေပြန်သွားမယ်”

ကောင်းလီရှီက သူ၏မြင်းမြှီးတုတ်တံလေးကို အသာယမ်းလျှက် သူတော်စင်ဧကရာဇ်၏ နာမည်ကိုသုံးကာ အာဏာသံအပြည့်နှင့် ပြန်ပြောလိုက်သည်။

“ဒါတွေအပြင် မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မဟာဆရာက အသက်ရှစ်ဆယ်ကျော်ပြီ။ လူငယ်တွေက စိတ်အားထက်သန်မှု ပြင်းထန်တယ်။ စိတ်ကြီးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့မင်း မဟာဆရာကို နည်းနည်းလေးတောင် အလျော့မပေးနိုင်ဘူးလား”

ထိုစကားလုံးများက ဝမ်ချောင်နှင့် မဟာဆရာ၏ ရန်လိုမှုများကို ပြေရာပြေကြောင်းဖြစ်စေရန် ရည်ရွယ်သည်။

“ဟုတ်ကဲ့ ဝမ်ချောင်က နားလည်ပါတယ်”

ဝမ်ချောင်က ဂါရဝပြုလိုက်သည်။ သူသည် သူတော်စင်ဧကရာဇ်ဟာ သူ့ကိုကာပေးရန် ကြိုးစားနေခြင်းဖြစ်ကြောင်း နားလည်လေသည်။

ထိုအခိုက်အတန့်တွင် ရှေ့တန်းမှ အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုက ထွက်လာသည်။

“အရှင်မင်းကြီး စီရင်စုစစ်တပ်ကို အင်အားလျော့ချမယ်ဆိုတာနဲ့ ပတ်သတ်ပြီး မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်ရဲ့ ဒေါသကို နားလည်လို့ရပါတယ်။ ဒါပေမဲ့ ဒီနိမ့်ကျတဲ့အရာရှိကတော့ ပြည်တွင်းရေးရာ အရာရှိတွေက အကျိုးအကြောင်းသင့်သင့် ငြင်းခုံတာလို့ ယုံကြည်ပါတယ်။ မဟာထန်က ငြိမ်းချမ်းနေတယ်။ ဒါတွေအပြင် ယွီစန်း၊ အရှေ့ပိုင်းနဲ့၊ အနောက်ပိုင်း တူရကီ၊ မာန်ရှဲ့ကျောင်း၊ ဂိုဂူလျောနဲ့ အာရေးဗီးယားတွေနဲ့ ပတ်သတ်ပြီး သဘောတူစာချုပ်ကိုလည်း လက်မှတ်ထိုးပြီးကာစ ဖြစ်နေတယ်။ ဒါကြောင့် စစ်သားတွေအများကြီးကို မလိုအပ်သေးတာကလည်း မှန်ကန်နေသေးတာပဲ။ နောက်ပြီး အမျိုးမျိုးသော စီရင်စုစစ်တပ်တွေက အရင်းအမြစ်တွေ အများကြီးကို အသုံးပြုနေခဲ့တာပါ။ စစ်ပွဲအချိန်မှာ ဒီဆုံးရှုံးမှုကို လက်ခံလို့ရပေမဲ့လည်း အခုက စစ်ဖြစ်နေတဲ့ ကာလလည်းမဟုတ်တော့ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က အာရေးဗီးယားအင်ပါယာကြီးကို အလဲထိုးပြီးကာစ ဖြစ်နေသေးတယ်။ ဒါကြောင့် ဒီလောက်စစ်သားတွေ အများကြီးကို ထိန်းသိမ်းထားဖို့ မလိုအပ်ပါဘူး။ တကယ်လို့ လိုအပ်ရင်လည်း စီရင်စုစစ်တပ် တစ်စိတ်တစ်ပိုင်းကိုပဲ ထိန်းသိမ်းထားပြီး ကျန်တဲ့လူတွေကိုတော့ လိုအပ်မှ ပြန်လည်ခန့်အပ်သင့်ပါတယ်”

ထိုအသံထွက်လာသောအခါ ပြည်တွင်းရေးရာ အရာရှိများနှင့် ဗိုလ်ချုပ်များအားလုံးက ခေါင်းငုံ့လိုက်ကြသည်။ သူတို့၏မျက်နှာတွင် လေးစားမှုများကို မြင်နိုင်သည်။ ပြောလိုက်သောသူက မဟာထန်၏ သူတော်စင်အမတ်ကြီး လီခဲ့နူဖြစ်သည်။

မည်သူကမှလည်း သူဟာ ဒီလိုအခြေအနေမျိုးတွင် ထွက်ပြောလိမ့်မည်ဟု မထင်ထားကြချေ။ မဟာထန်၏ အမတ်ချုပ်ကြီးဖြစ်သည့်အလျောက် အရာရှိများအားလုံး၏ ခေါင်းဆောင်ဖြစ်သည်။ လီခဲ့နူသည် သူ၏စကားလုံးများက ပုံမှန်မဟုတ်လောက်အောင် အလေးချိန်စီးသည်။ သူသည် ဝမ်ချောင်၊ ဘုရင်စုန့်၊ ဘုရင်ချီကိုပင် လွှမ်းမိုးနိုင်သေး၏။ အမတ်ချုပ်ကြီးက ထိုသို့ပြောလိုက်သောအခါ ငြင်းခုံမှုတိုင်းကို သူ၏ လွှမ်းမိုးမှုကို ပြသလိုက်ပြီးသားဖြစ်သည်။ လူအများစုက အမတ်ချုပ်ကြီး၏နောက်သို့ လိုက်ရတော့ပေမည်။

ဝမ်ချောင်က သူ၏နေရာသို့ပြန်ရန် ပြင်ဆင်ထားပြီးသားဖြစ်သည်။ သို့သော် အမတ်ချုပ်ကြီး၏ စကားကို ကြားသောအခါ မျက်လုံးက ကျဉ်းမြောင်းသွားပြီး မျက်နှာကဖြူဖျော့သွားသည်။ ဝမ်ချောင်က စကားပြောရန် ပါးစပ်ဟလိုက်ချိန်တွင် သူဟာ အနီးအနားရှိ တိုင်ကိုကြည့်ပြီး ရုတ်တရက် ရပ်လိုက်မိသည်။

ဘုရင်စုန့်

ဝမ်ချောင်က မျက်ခုံးကိုပင့်လိုက်ပြီး ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကိုကြည့်သည်။ သူက ယခုအချိန်အထိ ဘုရင်စုန့်ဟာ အမြဲတစေ စိတ်လွတ်နေသလိုဖြစ်နေခဲ့ပြီး ခုံရုံး၏ ငြင်းခုံမှုများတွင်လည်း ဝင်မပါခဲ့ချေ။ သူသည် ပုံမှန်ပြုမူပုံနှင့် ခြားနားနေခဲ့သည်။ သို့သော် ထိုအခါမှသာ အမတ်ချုပ်ကြီး လီခဲ့နူက စကားပြောလိုက်သောအခါ ဘုရင်စုန့်က ခပ်ကြမ်းကြမ်း ဆောင့်တွန်းခံလိုက်ရသလိုမျိုး ထိုပုံရိပ်ကို ခေါင်းမော့လျှက် ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ဘုရင်စုန့်၏ မျက်လုံးထဲတွင် အလင်းများ တောက်ပလာလေပြီး အမူအရာက အလွန်အမင်း ရှုပ်ထွေးသွားသည်။

“ဒါ...”

ဝမ်ချောင်က မျက်ခုံးကိုပင့်လျှက် ဘုရင်စုန့်၏အကြည့် လားရာဘက်သို့ ကြည့်လိုက်သည်။ သူ၏စိတ်က မုန်တိုင်းထန်သွားသည်။ သူသည် တစ်စုံတစ်ရာကို ခပ်ရေးရေး ခံစားမိလိုက်သည်။ ဝမ်ချောင်က တွေးတောနေချိန်တွင် လီခဲ့နူ၏ စကားလုံးများက ခုံရုံး၏တုန့်ပြန်မှုများကို အတွဲလိုက် ဆက်ပေါ်လာစေသည်။

“ဒီအရာရှိက သဘောတူပါတယ်”

“ဒီအရာရှိက သဘောတူပါတယ်”

“ဒီအရာရှိက သဘောတူပါတယ်”

ထိုအခိုက်အတန့်တွင် ခန်းမထဲတွင် ပြည်တွင်းအရာရှိများ၏ သဘောတူသံများက ပေါ်ထွက်လာသည်။ သဘောမတူလိုသော လူများကပင် သဘောတူကြောင်း ထပြောရသည်။

ဝမ်ချောင်၏ မျက်လုံးက အေးစိမ့်လာပြီး သူသည် ချက်ချင်းလိုလို ရှေ့ထွက်လာသည်။

“အရှင်မင်းကြီး ဒီအရာရှိက ငြင်းပါတယ်။ စီရင်စုစစ်တပ်တွေနဲ့ စစ်ဘက်ရေးရာ အမှုထမ်းရေးရာ ရုံးတော်နဲ့ပတ်သတ်တဲ့ ကိစ္စတွေက ပါဝင်ပတ်သတ်နေကတည်းက နယ်စပ်က စီရင်စုတွေအားလုံးက ကာကွယ်စောင့်ရှောက်ရေး စစ်တပ်ကတင် သူတို့ရဲ့ ထင်မြင်ချက်ကို ထုတ်ပြောပိုင်ခွင့်ရှိပါတယ်။ ဗိုလ်ချုပ်ဘွဲ့နာမည် ရထားတဲ့လူတွေ ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီး၊ မဟာဗိုလ်ချုပ်ကြီးတွေ အားလုံးမှာ ပြောရေးဆိုခွင့်ရှိနေပါတယ်။ ဒီဗိုလ်ချုပ်ကြီးတွေ အားလုံးက သူတို့ရဲ့ထင်မြင်ချက်ကို ထုတ်ပြလိုက်တာနဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ပါပြီ။ ဒါကြောင့် အင်ပါယာခုံရုံးက ဒီကိစ္စကို ဆွေးနွေးငြင်းခုံပြီး ဆုံးဖြတ်ချက်ချဖို့ မသင့်ဘူးလို့ထင်ပါတယ်”

ဝမ်ချောင်က ခိုင်မြဲစွာပြောသည်။ ချက်ချင်းဆိုသလိုပင် သူဟာ လူတိုင်း၏ အာရုံစိုက်ရာဖြစ်လာသည်။

“အရှင်မင်းကြီး ဒီအရာရှိက လက်ခံပါတယ်”

ထိုအခိုက်အတန့်တွင် စစ်အမတ်မင်း ကျန်းချုံကျန့်ချုံးက အခြေအနေကို အခွင့်ကောင်းယူပြီး ရှေ့ထွက်လျှက် ပြောလာသည်။

ကျန်းချုံကျန့်ချုံးသည် ဝမ်ချောင်ကို ချီးကျူးမိသည့်တိုင်အောင် မဟာထန်၏ ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီးများကို ဆွဲသွင်းလိုက်ခြင်းက အမှန်တကယ် သင့်လျော်သော လုပ်ဆောင်မှုဖြစ်သည်။ အင်ပါယာခုံရုံး၏ ဆွေးနွေးဆုံးဖြတ်မှုများက အင်ပါယာခုံရုံးအတွင်းသာ ဆောင်ရွက်သင့်သော်လည်း ကာကွယ်ရေးစစ်တပ်များကို အင်အားလျော့ချမည်ဆိုသော စစ်တပ်များကိုမူ ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်များ၊ မဟာဗိုလ်ချုပ်ကြီးများနှင့် မသက်ဆိုင်ဟု ဆို၍မရချေ။

ကျန်းချုံကျန့်ချုံးသည် ခဲ့ရှု့ဟန်၊ ကျန်းချုံကျန့်ချုံး၊ အန်းစစ်ရွှန်း၊ ကောင်းရှန်းကျစ်တို့အားလုံးက ထိုကိစ္စနှင့်ပတ်သတ်လျှင် တူညီသည့် ထင်မြင်ချက်မျိုး ရှိမည်ဟု ယုံကြည်သည်။

မဟာထန်၏ ထိပ်တန်းအဆင့် ဗိုလ်ချုပ်ကြီးများအားလုံးက သူတို့၏ ဆုံးဖြတ်ချက်ကို အများသိအောင် လုပ်ပြီးသည်နှင့် သူတို့သည်လည်း ချက်ချင်းလိုလို လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အဖွဲ့တစ်ဖွဲ့ကို ကိုယ်စားပြုမည်ဖြစ်လေရာ ပြည်တွင်းအရာရှိများကပင် ဘာမှလုပ်နိုင်လိမ့်မည်မဟုတ်ချေ။

မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်က စစ်အမတ်ချုပ်ကြီးနှင့် ပူးပေါင်းလိုက်သောအခါ အမတ်ချုပ်ကြီး လီခဲ့နူ အပါအဝင် ပြည်တွင်းအရာရှိများ အားလုံး၏ မျက်နှာက တင်းမာသွားသည်။ သို့သော် အခြေအနေဟာ ထိုမျှနှင့်အဆုံးမသတ်ချေ။ တခဏခန့်ကြာပြီးနောက် ခန်းမအတွင်းတွင် နောက်ထပ် အသံတစ်သံက ထွက်လာပြန်သည်။ ထိုသို့ဖြင့် ဆန့်ကျင်ဘက်ဘက်သို့ အလေးသာစေမည့် ထင်မြင်သုံးသပ်မှု အပြည့်နှင့် စကားကို ထုတ်ပြောပြန်သည်။

တစ်ချိန်လုံး တည်ငြိမ်နေခဲ့သည့် ဘုရင်စုန့်က ရှေ့ထွက်လာပြီး အခိုင်အမာ ကျယ်လောင်စွာပြောသည်။

“အရှင်မင်းကြီး ဒီအရာရှိကလည်း သဘောတူပါတယ်”

ဝှစ်

အင်ပါယာတစ်ခုလုံးက တိတ်ဆိတ်ကာ တင်းမာသွားသည်။ ခုံရုံးမှ အလေးချိန်စီးသော ပုဂ္ဂိုလ်ကြီးသုံးယောက်က တစ်ချိန်ထဲတွင်ပင် သူတို့၏ ရပ်တည်မှုကို ဖော်ပြလိုက်သည်။ ပြည်တွင်းအရာရှိများ အားလုံးက ပြင်းထန်သည့်ဖိအားကို ခံစားကြရသည်။

ဘုရင်စုန့်က ရှေ့ထွက်လာသောအခါ ဝမ်ချောင်သည် အမတ်ချုပ်ကြီး လီခဲ့နူ၏မျက်နှာက အနည်းငယ် ဖြူဖျော့သွားကြောင်း တွေ့လိုက်သည်။ သူ၏ဟန်အမူအရာ အချို့ကပင် ပျက်သွား၏။

“အရှင်မင်းကြီး ဒီအရာရှိက သဘောတူပါတယ်”

“ဒီအရာရှိက သဘောတူပါတယ်”

“ဒီအရာရှိက သဘောတူပါတယ်”

အင်ပါယာခုံရုံးမှ ဗိုလ်ချုပ်များအားလုံးက တဖန်ပြန်လည်ပြီး ဦးမော့လာကြလျှက် ဝမ်ချောင်၏ ကမ်းလှမ်းချက်ကို ထောက်ခံကြောင်း ဖော်ပြကြသည်။

အင်ပါယာခုံရုံးသည် ချက်ချင်းဆိုသလိုပင် သရေကျသွားသည်။ လူတိုင်းကလည်း သူတော်စင်ဧကရာဇ်၏ ဆုံးဖြတ်ချက်ကိုသာ စောင့်နေရန် လိုအပ်နေကြသည်။

ခန်းမက တိတ်ဆိတ်နေသည်။ တိတ်ဆိတ်မှုများ၏ အလယ်တွင် ဝမ်ချောင်ဟာ ခန်းမထဲတွင် ခေါင်းလောင်းသံ မမြည်သော်လည်း အလွန်အမင်း တိုးလျပြီး အလွန်ဝေးကွာသည့် တစ်နေရာမှ လာပုံဖြစ်လောက်မည့် အသံမျိုးကို ကြားလိုက်ရသည်။ မည်သည့်အရာရှိကမှ သတိမထားမိလောက်ချေ။ သို့သော် ဝမ်ချောင်က အသံကိုကြားသောအခါ သူ၏နှလုံးသားက လေးလံသွားပြီး မျက်နှာက တင်းမာသွားသည်။ ဝမ်ချောင်က မော့ကြည့်လိုက်ချိန်တွင် ခန်းမ၏အထက်ပိုင်းရှိ အရာအားလုံးက ပုံမှန်အတိုင်းဖြစ်နေသည်ဟု ထင်ရသော်လည်း လေထုအခြေအနေဟာ ထူးဆန်းလာကြောင်း သိလိုက်သည်။

“ကျန်းနားလည်ပြီ ဒီကိစ္စကို နောက်ထပ်တစ်ကြိမ်မှ ထပ်ပြီးဆွေးနွေးမယ်”

သူတော်စင်ဧကရာဇ်၏ ခမ်းနားထည်ဝါသောအသံက ခန်းမတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။ ထိုသို့ပြောပြီးနောက် သူတော်စင်ဧကရာဇ်က ရုတ်တရက် ပုလ္လင်ထံမှ ထကာ ထွက်ခွာသွားသည်။ အရာရှိများအားလုံးက ခေါင်းကိုငုံ့လိုက်ကာ အော်ဟစ်ကြသည်။

“အရှင်မင်းကြီး အသက်သောင်းကျော်ရှည်ပါစေ”

သူတို့သည် ထွက်ခွာသွားသည့် ဧကရာဇ်ကိုကြည့်နေကြသည်။

ဝမ်ချောင်၏ ပထမခုံရုံးညီလာခံက ထိုသို့ဖြင့် အဆုံးသတ်သွားသည်။ ကြာပွတ်၏ကွဲအက်သလို ထွက်လာသော ရိုက်သံနောက်တွင် အရာရှိများအားလုံးက ထိုက်ဟယ်နန်းဆောင်မှ ထွက်ခွာသွားကြသည်။

...

ခုံရုံးညီလာခံက အဆုံးသတ်သွားပြီးသည်နှင့် ကျန်းချုံကျန့်ချုံးက ရှေ့ထွက်လာပြီး ဝမ်ချောင်နှင့်အတူ ခန်းမထဲမှထွက်သည်။ ထိုအချိန်တွင် ဗိုလ်ချုပ်များအားလုံးက ဝမ်ချောင်ကို ဝိုင်းနေကြပြီး အားလုံး၏မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် နီရဲနေကြသည်။

“အရှင့်သား ငါတို့မင်းကို အကြွေးအများကြီး တင်သွားပြီ။ အဲ့ဒီလိုမှမဟုတ်ရင် ငါတို့ဗိုလ်ချုပ်တွေက အနာဂတ်မှာ ရပ်စရာနေရာတောင် ရှိတော့မှာမဟုတ်ဘူး”

“ဟုတ်တယ် ဟုတ်တယ် အရှင့်သားက ငါတို့ဘက်က လူတွေအားလုံးရဲ့ ဂုဏ်အဆင့်အတန်းကို မြှင့်တင်ပေးလိုက်တာပဲ။ ပြည်တွင်းနဲ့ စစ်ဘက်ရေးရာ အရာရှိတွေရဲ့ ငြင်းခုံမှုတွေက အမြဲတစေ ရှိနေတာဆိုပေမဲ့လည်း အခုမှပဲ ငါတို့က နည်းလမ်းကျကျ ပြန်ငြင်းနိုင်တော့တယ်။ သူတို့က အမြဲတမ်း ဘောင်ကျော်နေခဲ့ကြတာ”

“ဟုတ်တယ် ဟုတ်တယ် ကံကောင်းစွာနဲ့ အရှင့်သားက ဒီနေရာမှာရှိနေတယ်။ မဟာဆရာက ငါတို့ကို အမြဲတစေ မကျေမနပ်ဖြစ်နေတာလေ။ နောက်ပြီးသူက ခုံရုံးရဲ့ငြင်းခုံမှုမှာ ဝင်ပါခဲတယ်။ ဒါပေမဲ့ အခုတလော မဟာဆရာက မကြာခဏဆိုသလို ဝင်ဝင်ပါလာတယ်။ ငါတို့မှာလည်း မဟာဆရာကို အတိုက်အခံ ပြန်ပြောနိုင်လောက်တဲ့ အဆင့်အတန်းမျိုးက မရှိဘူး။ အရှင့်သားကပဲ ဒီလိုလုပ်နိုင်တာ”

မဟာဆရာ၊ ဘုရင်ချီ၊ အမတ်ချုပ်ကြီးနှင့် အခြားသော ပြည်တွင်းရေးရာ အရာရှိများအားလုံးဟာ ခုံရုံးမှ ဗိုလ်ချုပ်များအားလုံးအတွက် အမြဲတစေ ဖိအားပေးနေခဲ့သည်။ ဝမ်ချောင်ရောက်ရှိလာခြင်းက နောက်ဆုံးတွင် ထိုလူများကို ခေါင်းမော့ရင်ကော့သွားနိုင်စေသည်။ မဟာဆရာကပင် မျက်နှာဖြူဖျော့ပြီး ဒေါသတကြီးဖြစ်လျှက် ငြိမ်ငြိမ်မရပ်နိုင်အောင် တုန်ယင်နေကြောင်း မြင်သောအခါ သူတို့သည်လည်း စိတ်အေးသွားရသည်။

ဝမ်ချောင်အနေဖြင့် ယခုလိုအခြေအနေမျိုးထိ မဟာဆရာကို ဒေါသထွက်အောင် မလုပ်သင့်သော်လည်း ဝမ်ချောင်မှန်သည့် အချက်တစ်ချက် ရှိနေသေးသည်။ မဟာဆရာသည် အမြဲတစေ သူ၏ဝါကြီးမှုကိုသုံးပြီး အခြားသောသူများကို အနိုင်ကျင့်နေတတ်သည်။ သို့သော် ထိုစကားလုံးများကို အမြဲတမ်း စိတ်ထဲမှာသာ ပြောနေခဲ့ပြီး ဝမ်ချောင်ကဲ့သို့ ထုတ်မပြောရဲကြပါချေ။

“အရှင်တို့က ယဉ်ကျေးလွန်းနေပြန်ပါပြီ။ ပြည်ငယ်ရဲ့ကိစ္စတွေက ကလေးကစားစရာ မဟုတ်ဘူး။ အရှင်တို့တွေရဲ့ အကူအညီသာမရှိရင် ဝမ်ချောင်ကတောင် ဘာကိုမှလုပ်နိုင်မှာမဟုတ်ပါဘူး”

ဝမ်ချောင်က တည်ငြိမ်စွာသာ ပြောသည်။ သူတို့က သာယာနာပျော်ဖွယ် စကားများဖလှယ်ရင်း အပြင်သိုပ ထွက်လိုက်ကြသည်။ ဝမ်ချောင်ဟာ ယခုအခါ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး၏ ခေါင်းဆောင်များထဲမှ တစ်ယောက်ပင်ဖြစ်ကြောင်း အဆင့်အတန်းကို အတည်ပြုပြီးလေပြီ။

သူတို့က ထိုက်ဟယ်နန်းဆောင်မှ ထွက်လိုက်ပြီး လှေကားထစ်များအောက်သို့ ဆင်းသက်လိုက်ချိန်တွင် အရှေ့တွင်ရပ်နေသော ပုံရိပ်တစ်ခုကို တွေ့လိုက်သည်။ ထိုသူ၏ငွေရောင် အင်ပါယာဝတ်စုံက လေတွင်လွင့်နေပြီး ဖောက်ထွင်းမြင်ရမတက် ကြည်လင်သော လေထုက သူ့ကို ဝိုင်းထားသည်။ ဝမ်ချောင်နှင့် ကျန်းချုံကျန့်ချုံးတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ထိုလူ၏အနားသို့ လျှောက်သွားကြသည်။

“အရှင့်သား”

ဝမ်ချောင်နှင့် ကျန်းချုံကျန့်ချုံးတို့က ရှေ့ထွက်ပြီး ဂါရဝပြုကြသည်။

“ဝမ်ချောင် လာ ငါနဲ့စကားပြောရင်း လမ်းလျှောက်ရအောင်”

ဘုရင်စုန့်က ကျောဘက်သို့ လက်ပို့လျှက်ပြောလိုက်သည်။

အခန်း(၁၂၄၀)

“ဒါဆိုရင် ဒီကျန်းချုံကျန့်ချုံးက နှုတ်ဆက်ပါတယ်”

ကျန်းချုံကျန့်ချုံးကလည်း ထိုနှစ်ယောက်တွင် ဆွေးနွေးစရာကိစ္စရှိကြောင်း နားလည်သဖြင့် ချက်ချင်းလိုလို နောက်ဆုတ်သွားသည်။ အခြားသော ဗိုလ်ချုပ်များကလည်း အခြေအနေကို နားလည်ပြီး ထွက်ခွာသွားကြ၏။ ထိုသို့ဖြင့် ဘုရင်စုန့်နှင့် ဝမ်ချောင်သာ ကျန်ရစ်ခဲ့သည်။

ဘုရင်စုန့်က ဝမ်ချောင်၏ဘေးနားတွင်ရပ်ရင်း အတူလမ်းဆက်လျှောက်သည်။ သူက ဘာကိုမှ ဂရုမထားသလိုမျိုး မေးလာသည်။

“ခုံရုံးရဲ့ညီလာခံအတွင်းမှာ မင်းခံစားမိလား”

“အွန်း”

ဝမ်ချောင်က ခေါင်းညိမ့်သည်။ ဒါဟာသူ၏ ပထမဦးဆုံးနေ့သာဖြစ်နေသော်လည်း ဝမ်ချောင်ကမူ ခုံရုံးမှ ပြောင်းလဲမှုများကို အာရုံခံမိသည်။ အလွန်အမင်း ထူးဆန်းပြီး ရှုပ်ထွေးသော တိမ်စိုင်များက ဝိုင်းနေပြီဖြစ်သည်။

“အဲ့ဒီနေ့ရက်က အခြေအနေက ဒီနေ့ထက်တောင် ရှုပ်ထွေးသေးတယ်”

ဘုရင်စုန့်က ပေါ့ပါးစွာပြောသည်။ ထိုစကားလုံးများက ဝမ်ချောင်အား ရှင်းပြချက်ပေးသည်ဟု ယူဆ၍ရသည်။

“အဲ့ဒီမရင်းနှီးတဲ့ မျက်နှာတွေနဲ့ အရာရှိတွေက ဘယ်သူတွေလဲ။ ခုံရုံးမှာ ညတွင်းချင်းတော့ ဒီလောက် လူတွေအများကြီးက မပေါ်လာနိုင်ပါဘူး။ တကယ်ပဲ သူတို့က ဘယ်သူတွေလဲ”

ဝမ်ချောင်ကမေးသည်။

“နည်းနည်းလောက်ကြာရင်ပေါ့ ငါအခုတော့ ဒါတွေကို မဖြေနိုင်သေးဘူး။ ဒါပေမဲ့ နောက်ခံချင်းယှဉ်ရင်တော့ ဒီလူတွေက ပြီးပြည့်စုံတယ်။ ဝေဖန်လို့တောင် မရဘူး”

ဘုရင်စုန့်ကပြောသည်။

“ဆိုတော့ မဟာဆရာပေါ့ ဟုတ်လား”

ဝမ်ချောင်က ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏အကြည့်က စူးရှသွားသည်။

မဟာဆရာသည် ပြည်တွင်းအရာရှိများ၏ ခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့် ခုံရုံးမှ မျက်နှာသစ်များ အားလုံးကလည်း ဘုရင့်အရာရှိများဖြစ်နေသည်။ ထို့ပြင် ပြည်တွင်းအရာရှိ အသစ်ပေါင်းများစွာက ခုံရုံးတွင် ပေါ်လာသောကိစ္စက မဟာဆရာနှင့် မပတ်သတ်ဟု ပြော၍မရချေ။ မဟာဆရာက အသိအမှတ်ပြုမှ ရပေလိမ့်မည်။ ပို၍ဆိုးသည်မှာ မဟာဆရာက နောက်ကွယ်က ဦးဆောင်သူ မဟုတ်လျှင်ပင် ရှင်းပြရန် ခက်ခဲလောက်အောင် ပါဝင်ဆက်နွယ်နေပေလိမ့်မည်။

“အရင်က ငါလည်းမင်းနဲ့ အတွေးတူခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီလောက်ထိ မရိုးရှင်းမှာကို စိုးရိမ်တယ်။ မဟာဆရာက အမှန်တကယ် ပါဝင်နေလောက်တယ်။ ဒါပေမဲ့သူက လိုက်ကာနောက်ကွယ်ကနေ အားလုံးကို ကိုင်တွယ်နေသူ မဟုတ်လောက်ဘူး။ အနှစ်ချုပ်ပြောရရင် ငါက နောက်ထပ်ကိစ္စကို ပိုပြီးစိုးရိမ်တယ်”

ဘုရင်စုန့်က တင်းမာစွာပြောသည်။

“အိုး”

ဝမ်ချောင်က မျက်မှောင်ကျုံ့လိုက်သည်။ သို့သော် သူက စကားပြောမည့်အချိန်တွင် အနောက်ဘက်မှ အသံတစ်သံက ထွက်လာသည်။

“အရှင့်သား ခဏနေပါဦး”

နှစ်ယောက်လုံးက ချက်ချင်းလိုလို လှည့်ကြည့်လိုက်သောအခါ သူတို့၏အနောက်ဘက်မှ အဆင့်တစ်ကို ကိုယ်စားပြုသော သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်လျှက် လျှောက်လာသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုနှစ်ယောက်၏ မျက်နှာက ချက်ချင်းလိုလို ထူးဆန်းသွားသည်။

“အရှင်အမတ်ချုပ်ကြီး”

ဘုရင်စုန့်က ဂါရဝပြုသည်။ သို့သော် ဝမ်ချောင်ကမူ ခပ်မတ်မတ်သာ ရပ်နေပြီး ကျောဘက်သို့ လက်ပို့လျှက် ညင်သာစွာသာပြုံးနေသည်။ အနောက်ဘက်မှ လိုက်လာသောလူက အရာရှိများ အားလုံး၏ခေါင်းဆောင် လက်ရှိအမတ်ချုပ်ကြီး လီခဲ့နူကလွဲပြီး အခြားမဟုတ်ပါချေ။

“အရှင့်သားတို့က ယှဉ်ကျေးလွန်းနေပြန်ပါပြီ”

လီခဲ့နူက ချဉ်းကပ်လာပြီးနောက် အလျင်စလို ဂါရဝပြန်ပြုသည်။

“အရှင်အမတ်ချုပ်ကြီးက ငါတို့နဲ့ ဆွေးနွေးစရာရှိလို့လား”

ဝမ်ချောင်ကမေးသည်။ သူ၏အသံဟာ မအေးစက်လွန်းသလို နွေးထွေးမှုလည်းမရှိချေ။ သူသည် လီခဲ့နူနှင့် အင်ပါယာခုံရုံးတွင် ငြင်းခုံပြီးကာစဖြစ်လေရာ တစ်ဖက်သူကိုတွေ့ရန် စိတ်အခြေအနေ ကောင်းမနေချေ။

“ဟား ဟား မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ဘုရင်စုန့် အရှင့်သားတို့က အခုဖြစ်သွားခဲ့တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ငါ့ကိုနားလည်မှု လွဲနေတာပါလား”

လီခဲ့နူက ချဉ်းကပ်လျှက် ဂါရဝပြုလာပြီး လန်းဆန်းတက်ကြွသော အပြုံးမျိုးနှင့်ပြောသည်။

“ဒီလူက စီရင်စုစစ်တပ်တွေနဲ့ ပတ်သတ်တဲ့ကိစ္စကို အကျိုးအကြောင်းကျကျ ဝင်ရောက် ဆွေးနွေးပေးရုံပါ။ အခြားရည်ရွယ်ချက် မရှိပါဘူး။ အနာဂတ်မှာ လိုအပ်တယ်ဆိုရင်လည်း စစ်သားတွေကို ကြိုတင်ခန့်အပ်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ဝင်ရောက်ဆွေးနွေးပေးနိုင်ပါတယ်။ စီရင်စုစစ်တပ်တွေရဲ့ အင်အားကိုလည်း အလုံးအရင်းနဲ့တိုးအောင် သဘောထား ထုတ်ပြပေးနိုင်ပါတယ်။ အရာအားလုံးက ဖြစ်နိုင်ပါတယ်”

လီခဲ့နူက ပြစ်ချက်ကင်းသော ကမ်းလှမ်းချက်မျိုးဖြင့်ပြောသည်။ သူ၏အမူအရာဟာ တည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ရှိကာ နွေးထွေးပြီး ဝါဂွမ်းလိုမျိုး နူးညံ့ညင်သာသည့်ပုံပေါ်သည်။ ထိုကဲ့သို့သော လူမျိုးကို ဒေါသထွက်ရန် မဖြစ်နိုင်ချေ။ ပို၍ဆိုးသည်မှာ သူသည် အဆင့်တစ်ရာထူးမျိုးကို ရှိလင့်ပြီး အရာရှိများအားလုံး၏ ခေါင်းဆောင် ဖြစ်လင့်ကစား မောက်မာထောင်လွှားခြင်းလည်း မရှိပါချေ။ ထိုအတွက်ကြောင့်လည်း အရာရှိများ အားလုံးထဲတွင်ပင် မဟာထန်၏ အမတ်ချုပ်ကြီးဆိုပြီး လေးစားခံနေရလွန်းသည့် အကြောင်းပြချက်ဖြစ်သည်။

“အရှင်အမတ်ချုပ်ကြီးရဲ့ စကားလုံးတွေက လေးနက်လွန်းနေပြန်ပါပြီ။ ဒီဘုရင်က အဲ့ဒီလိုရည်ရွယ်ချက် မရှိပါဘူး”

ဘုရင်စုန့်၏ မျက်ဝန်းထဲတွင် စိတ်ရှုပ်ထွေးမှုက ပေါ်ထွက်လာသည်။ သို့သော် သူ၏စိတ်ထဲမှ သဲလွန်စများက ချက်ချင်းလိုလို ရှင်းလင်းသွားသည်။ သို့သော် ဝမ်ချောင်၏ အမူအရာကမူ အေးစက်ပြီး မလှုပ်ခတ်သေးချေ။

အခြားသောသူများက မဟာထန်၏ အမတ်ချုပ်ကြီးနှင့်ပတ်သတ်ပြီး နောက်ကွယ်မှ အကြောင်းအရာကို မသိလျှင်ပင် ဝမ်ချောင်ကမူ ဘုရင်စုန့်နှင့် အခြားသော ခုံရုံးမှ အရာရှိလိုမျိုး ထိုလူ၏ ဂုဏ်သတင်းနှင့် ပြုံးပြအရူးလုပ်ခံရမည့် လူမျိုးမဟုတ်ချေ။ သို့သော် ဝမ်ချောင်သည်လည်း ထိုလူ၏ ညင်သာသော အပြုအမူကြောင့် လှည့်စားခံလိုက်ရလျှင် သူ့တွင် အရိုးများမကျန်တော့သည်အထိ ဝါးမြိုခံရနိုင်ကြောင်း နားလည်သည်။

အတိတ်တွင် သို့မဟုတ် လက်ရှိတွင်လည်း ထိုလူ၏ အပြုံးမျက်နှာကြောင့် ဖြစ်လောက်သည်။ လူအများစုက အရူးလုပ်ခံခဲ့ရပြီး အနာဂတ်တွင် ဆက်လက်ပြီး အရူးလုပ်ခံရဦးမည့်ပုံပေါ်သည်။ သို့သော် ထိုထဲတွင်မူ ဝမ်ချောင်မပါဝင်ချေ။ ဝမ်ချောင်က သူတော်စင်အမတ်ချုပ်ကြီး၏ အခြားသော ကျော်ကြားသည့် နာမည်ပြောင်တစ်ခုဖြစ်သည့် လီလင်းဖူကို သိနေသောကြောင့်ဖြစ်သည်။

အမတ်ချုပ်ကြီးနှင့်ပတ်သတ်ပြီး နောက်ထပ် ဆိုရိုးစကားတစ်ခုရှိလျှင် “ပါးရည်လိုပါးစပ်နဲ့ ဗိုက်ထဲမှာ ဓားဝှက်ထားတဲ့လူ”ဆိုသော အကြောင်းအရာကို သိပေလိမ့်မည်။ ထိုလူသည် မဟာထန်၏ သမိုင်းတွင် အတော်ဆုံးသော သရုပ်ဆောင်တစ်ယောက် ဖြစ်လောက်သည်။ ဗဟိုပြင်ကျယ်ကြီး တစ်ခုလုံးတွင်ပင် သမိုင်းဝင်လောက်သည့် ပုဂ္ဂိုလ်ကြီးဖြစ်လောက်၏။

ဝမ်ချောင်ကမူ ထိုလူပြောသွားသည့် စကားလုံး တစ်လုံးကိုမျှ မယုံပါချေ။ “လိုအပ်ရင် စီရင်စုစစ်တပ်ကို အင်အားချဲ့ထွင်နိုင်ပါတယ်”ဆိုသော စကားက ပြောရုံသာပြောခြင်းဖြစ်ပြီး အမှန်တကယ် သက်ရောက်လိမ့်မည်မဟုတ်ချေ။

ဝမ်ချောင်က ရုတ်တရက် ရှေ့တက်လိုက်သည်။ သူကလည်း တဖန်ပြန်ပြုံးပြီး လီခဲ့နူကို မှတ်ချက်ချသည်။

“ဟား ဟား အရှင်အမတ်ချုပ်ကြီး ရီချူးရဲ့အစိုးရက အရှင်အမတ်ချုပ်ကြီးကို ကျန်းမာပါစလို့ ဆုတောင်းပေးခိုင်းလိုက်တယ်”

သို့သော် ရိုးရှင်းသောစကားလုံးများက အမြဲတစေ ဟန်အမူအရာထိန်းနိုင်သည့် အမတ်ချုပ်ကြီး၏ မျက်နှာကို ဖြူဖျော့သွားစေသည်။ လီခဲ့နူကဲ့သို့သော အကျင့်စရိုက်ရှိသော လူကပင် မျက်နှာပြာနှမ်းသွားပြီး စွံ့အသွားရသည်။

သို့သော် တခဏသာဖြစ်သည်။ လီခဲ့နူက ခပ်မြန်မြန် ဟန်အမူအရာကို ပြန်ထိန်းလိုက်ပြီး မျက်နှာက သွေးရောင်ပြန်လွှမ်းပြီး လန်းဆန်းတက်ကြွသွားကာ နွေဦးလေပြေလိုမျိုး အပြုံးမျိုးကပေါ်လာသည်။

“ဟား ဟား မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်က ငါ့ကိုနားလည်မှုလွဲနေပြီထင်တယ်”

လီခဲ့နူက ဒေါသမထွက်ချေ။ သူ၏မျက်နှာဟာ တည်ငြိမ်ပြီး ပေါ့ပါးလွတ်လပ်နေသေးသည်။

“ဘုရင်စုန့်၊ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ဒီအမတ်ချုပ်ကြီးက လုပ်စရာကိစ္စ ရှိနေသေးလို့ အရင်ထွက်သွားလိုက်ပါဦးမယ်။ အနာဂတ်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး အရှင့်သားကို ရှင်းပြချက် ပေးပါ့မယ်”

လီခဲ့နူကပြောသည်။

“အရှင်အမတ်ချုပ်ကြီးက ယဉ်ကျေးလွန်းနေပြန်ပါပြီ။ နောက်တစ်ကြိမ်မှ ထပ်တွေ့ကြရအောင်”

ဘုရင်စုန့်က လက်နှစ်ဖက် ပူးကပ်လျှက် ဂါရဝပြုလိုက်သည်။ သူသည် ထွက်သွားသည့် လီခဲ့နူကို ကြည့်နေသည်။ တခဏကြာမှသာ ဝမ်ချောင်ကိုပြန်ကြည့်သည်။

“ဝမ်ချောင် မင်းဘာလို့ လီရှီးကျစ်ရဲ့စကားကို ထည့်ပြောလာတာလဲ။ မင်းအဲ့ဒါတွေကို ယုံတယ်လို့တော့ မပြောနဲ့နော်”

“ယုံတာမဟုတ်ဘူး အဲ့ဒါတွေက မှန်နေတာ”

ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။ သူသည် လီလင်းဖူထွက်သွာသော ဘက်သို့သာ ကြည့်လိုက်သည်။

ရီချူး၏အစိုးရ လီရှီးကျစ်သည် တစ်ချိန်က သူတော်စင်ဧကရာဇ်၏ ကြီးမားစွာ မျက်နှာသာပေးမှုကို ခံစားခဲ့ရသည်။ သို့သော် လီလင်းဟူ၏ အကွက်ချ ကြံစည်မှုများကြောင့် သူ့အား အနားယူခံခဲ့ရသည်။ သူဟာ မြို့တော်သို့ပြန်လာပြီး သူတော်စင်ဧကရာဇ်နှင့် နီးကပ်လုနီးပါး အချိန်တွင်ပင် သူက နောက်ပြန်လှည့်လိုက်သောအခါ လီလင်းဖူက သူတော်စင်ဧကရာဇ်ကို လှည့်စားပြီး လီရှီးကျစ်က အိုနေပြီ ကျန်းမာရေးမကောင်းဟုဆိုသည်။ ထိုသို့ဖြင့် သူတော်စင်ဧကရာဇ်အား သနားညှာတာသောအားဖြင့် သူ့ကို ရာထူးမှ နှုတ်ထွက်လျှက် တစ်ဘဝလုံး အနားယူပါစေဟု ပြောလိုက်ပြန်သည်။

လီရှီးကျစ်က လှည့်စားခံရကြောင်း ရှာတွေ့သွားသောအခါ ထိုကိစ္စက ရုတ်သိမ်းပြီးလေပြီ။

သို့သော် ခုံရုံးရှိ မည်သည့်အရာရှိ သို့မဟုတ် လီလင်းဖူ၏ မူဝါဒရေးရာဆိုင်ရာ ရန်သူများကပင် သူ့ကို မယုံကြည်ကြချေ။ အကြောင်းမူကား လီလင်းဖူသည် သူတော်စင်ဧကရာဇ်ဆိုသော ဂုဏ်သတင်းရှိသည်။ ထို့ကြောင့် သူ့အနေဖြင့် လှည့်စားရန်မဖြစ်ဟု ထိုကိစ္စမျိုးကို မလုပ်လောက်ဟု ယုံကြည်ထားသည်။ အဆုံးသတ်တွင် လီရှီးကျစ်ကသာ စိတ်ဓာတ်ကျစွာနှင့် သေဆုံးသွားရသည်။

ထိုအချိန်က ထိုကိစ္စကြီးက လှုတ်ခတ်မှုကြီးဖြစ်ခဲ့သည်။ သို့သော် ခိုင်မာသောသက်သေ မရှိသလို မည်သူကမှလည်း မယုံကြည်ကတည်းက ဒီတိုင်းကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

ဘုရင်စုန့်ကပင် ဝမ်ချောင်ဟာ ထိုကိစ္စကို ပြန်လည်ပြောလာမည်ဟု မထင်ထားမိချေ။ သို့သော် သူ၏လေးနက်သော မျက်နှာကိုမြင်သောအခါ ဘုရင်စုန့်၏မျက်နှာကလည်း တင်းမာသွားသည်။

“ဆိုတော့ အရှင့်သားက ငါနဲ့တွေ့ဖို့ ငြင်းဆန်တာက အမတ်ချုပ်ကြီး လီခဲ့နူကြောင့်ပေါ့ မှန်လား”

ဝမ်ချောင်က ရုတ်တရက်ပြောသည်။

ဝုန်း

ဘုရင်စုန့်၏မျက်နှာက တင်းမာသွားသည်။

“ဒါက စကားပြောလို့ကောင်းတဲ့ နေရာမဟုတ်ဘူး သွားရအောင်”

ဘုရင်စုန့်က ရုတ်တရက် ဝမ်ချောင်၏ လက်မောင်းကိုဆွဲပြီး နေရာကိုအကဲခတ်သည်။ ထို့နောက် ရှေ့သို့ ဆွဲခေါ်သွားသည်။

အင်ပါယာခုံရုံး၏ အပြင်ဘက်တွင် ဘုရင်စုန့်က ဝမ်ချောင်ကို ရထားလုံးထဲသို့ ဆွဲထည့်သည်။ သူတို့က အတွင်းတွင် ထိုင်ပြီးမှသာ သူဟာ စိတ်အေးသလို သက်ပြင်းချသည်။

“ဝမ်ချောင် မင်းက တအားဉာဏ်ကောင်းလွန်းတယ်။ ငါဒီကိစ္စကို မင်းကိုထုတ်မပြောတာတောင်မှ မင်းက တူးဆွနိုင်တယ်။ ဒါပေမဲ့ ခုံရုံးမှာ ပါးစပ်တွေအများကြီးရှိတယ်။ ဒါကြောင့် ပြဿနာထဲ ဆွဲသွင်းလို့ကောင်းတဲ့ နေရာမဟုတ်သလို ငါတု့ိစကားပြောလို့ကောင်းတဲ့ နေရာလည်းမဟုတ်ဘူး”

“ဟား စစ်တပ်က ခိုရာစန်းက ရုတ်သိမ်းခံခဲ့ရတယ်။ ကာကွယ်စောင့်ရှောက်ရေး စစ်တပ်တွေအားလုံးက အင်အားတွေအများကြီး လျော့ချခံထားရတယ်။ အခုငါတို့က စီရင်စုစစ်တပ်တွေကိုတောင် အင်အားလျော့ချဖို့ ပြောနေကြရပြီ။ ဒါတောင်မှ ဒီထက်ပိုပြီး အရေးကြီးတဲ့ကိစ္စ ရှိနေသေးတာလား”

ဝမ်ချောင်က လှောင်သလိုပြောသည်။

ဘုရင်စုန့်က တိတ်သွားသည်။

“ဆိုတော့ အရှင့်သား အဲ့ဒီနေ့က ဘာများဖြစ်ခဲ့တာလဲ”

ဝမ်ချောင်က လိုရင်းကိုသာပြောသည်။

“အား ဒီအခြေအနေထိ ရောက်မှတော့ ငါလည်းမင်းကို ဖုံးကွယ်ထားစရာအကြောင်း မရှိတော့ပါဘူး”

ဘုရင်စုန့်က သက်ပြင်းချပြီး ထိုနေ့က အဖြစ်အပျက်ကို တဖြည်းဖြည်းချင်းစီ ဖော်ပြသည်။ ဝမ်ချောင်ကလည်း ဝမ်ကန်း၊ ကျန်းချုံကျန့်ချုံးနှင့် အခြားသော အရေးပါသည့် အရာရှိများထံမှတစ်ဆင့် သတင်းအချက်အလက် အများစုကို သိထားပြီးသားဖြစ်သည်။ သို့သော် ဘုရင်စုန့်ကမူ သူ၏မြေပုံတွင် အရေးပါဆုံးနေရာကို ဖြေနိုင်သည်။

ဘုရင်စုန့်သည် ခုံရုံး၏ညီလာခံ မစတင်ခင်ကတည်းက ခိုရာစန်းနှင့်ပတ်သတ်သည့် ကမ်းလှမ်းချက်အကြောင်း သိထားပြီးသားဖြစ်သည်။ ထို့ကြောင့် ဘုရင်စုန့်သည် ခုံရုံး၏ ခေါင်းဆောင်များထဲမှ အရေးပါသည့်လူတစ်ယောက် ဖြစ်သည့်အလျောက် သူ့ထံမှ ကမ်းလှမ်းချက်အများစုကို ဖုံးကွယ်ထား၍ မရနိုင်ချေ။ ထို့ကြောင့် တင်ပြချက်ပေါင်းများစွာက သူ၏လက်ကို ကျော်ဖြတ်ပြီးမှသာ အင်ပါယာခုံရုံးထံ ရောက်နေသည်။

အစပိုင်းတွင်မူ ဘုရင်စုန့်သည် ခိုရာစန်းမှ စစ်သားများကို ရုတ်သိမ်းသည့်ကိစ္စနှင့် ပတ်သတ်ပြီး ကိစ္စများကို စိုးရိမ်ခြင်းမရှိခဲ့ချေ။ အကြောင်းမူကား ထိုကိစ္စ မဖြစ်နိုင်သည်ဟု ယူဆထားသောကြောင့်ဖြစ်သည်။ ဒီတိုင်း မိုက်ရူးရဲဆန်သည့် ပြည်တွင်းအရာရှိများက တင်ပြခြင်းဟုသာ မှတ်သားထားလိုက်၏။

သို့သော် ခုံရုံးသို့ ရောက်ရှိလာသောအခါ ဘုရင်စုန့်သည်လည်း တစ်စုံတစ်ရာဟာ မှားယွင်းနေကြောင်း သိလိုက်သည်။ အစပိုင်းတွင်မူ ဝမ်ကန်းက ရှိမနေချေ။ ဒုတိယတစ်ချက်ကမူ စစ်အမတ်ကြီး ကျန်းချုံကျန့်ချုံးကလည်း အလွန်နောက်ကျသည်အထိ မရောက်လာခဲ့ချေ။ ထို့ပြင် ဘုရင်စုန့်ကို ပို၍ မသက်မသာဖြစ်စေသည်မှာ အမြဲတစေ စစ်မဖြစ်ရန် အတိုက်အခံ ပြောနေတတ်သော လူများအားလုံးက ခုံရုံးတွင် ရှိနေကြသည်။ ထို့ပြင် လူသစ်ပေါင်းများစွာကလည်း ရှိနေ၏။ မိုက်ရူးရဲဆန်သော ပြည်တွင်းအရာရှိများကပင် ထိုသို့မလုပ်တတ်ချေ။

ပို၍အခြေအနေဆိုးသည်မှာ ဘုရင်စုန့်သည်လည်း ပြည်တွင်းရေးရာ အရာရှိများက ပြင်ဆင်ပြီး ရောက်ရှိလာကြကြောင်း မြင်လိုက်ရသည်။ မဟာဆရာက သူတို့ကိုဦးဆောင်ပြီး ဘုရင်ချီနှင့် မဟာမိတ်ဖွဲ့ထား၏။ ခုံရုံးထဲတွင် ဘုရင်ချီက သူ၏လက်အောက်မှ အရာရှိများအားလုံးကို ထိုကမ်းလှမ်းချက်ကို အပြည့်အဝ ထောက်ခံခိုင်းလိုက်သည်။ သို့သော် ထိုကမ်းလှမ်းချက်ကို ဖြစ်ခွင့်ပြုသည့် နောက်ထပ်လူတစ်ယောက် ရှိသေးသည်။

“လီလင်းဖူ”

ဝမ်ချောင်က ဘုရင်စုန့်မပြောသည့် အဖြေကို ပြောလိုက်သည်။

“မှန်တယ် ဒါက အရှင်အမတ်ချုပ်ကြီးပဲ”

ဘုရင်စုန့်က သက်ပြင်းချသည်။

“ဝမ်ချောင် မင်းက အင်ပါယာခုံရုံးက မူဝါဒရေးရာတွေနဲ့ ပတ်သတ်ပြီး အဆက်အသွယ်ရှိတာမဟုတ်ဘူး။ ဒါက မင်းရဲ့ ပထမဦးဆုံးသော တက်တဲ့ညီလာခံပဲ။ ဒါကြောင့်မင်းက အမတ်ချုပ်ကြီးက အရေးကြီးတဲ့ နေရာလောက်ကို ကိုယ်စားပြုတာမဟုတ်မှန်း သိသင့်တယ်။ အရာရှိတွေကြားက သူ့ရဲ့နေရာက နောက်ထပ် အဓိပ္ပာယ်တစ်ခု ရှိနေတယ်။ အရှင်အမတ်ချုပ်ကြီးက ခုံရုံးကကိစ္စတွေကို ဝင်စွက်ဖက်ခဲတယ်။ ဒါပေမဲ့သူ ဝင်ပါလိုက်တာနဲ့ ဒါကသူ့ရဲ့ ဆန္ဒတင်မဟုတ်ဘဲ အရှင်မင်းကြီးရဲ့ ဆန္ဒကိုလည်း ကိုယ်စားပြုတာပဲ”

“အရှင်လီက သူတော်စင်ဧကရာဇ်ရဲ့စိတ်ကို ဖမ်းဆုပ်နိုင်စွမ်းရည်ရှိတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်အတောအတွင်း သူက စကားပြောခဲတယ်။ ဒါပေမဲ့ သူပြောလိုက်တာနဲ့ သူတော်စင်ဧကရာဇ်နဲ့ သဘောထား တိုက်ဆိုင်နေတာများတယ်။ ဒါကြောင့် အမတ်ချုပ်ကြီးက ဒီလိုကမ်းလှမ်းလိုက်တဲ့အခါ အရှင်ဧကရာဇ်က လက်ခံပေးလိုက်တာပဲ။ အခြေအနေ အများစုမှာ အရှင်ဧကရာဇ်အနေနဲ့ သူ့ရဲ့ဆန္ဒကိုတောင် ဖော်ထုတ်ပြသဖို့ မသင့်လျော်ဘူး။ ဒါကြောင့် သူက အမတ်ချုပ်ကြီးရဲ့ ဆန္ဒအတိုင်း လက်ခံပေးလိုက်ရတယ်။ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ အရှင်လီက သူတော်စင်ဧကရာဇ်ရဲ့ ဆန္ဒလို့ လူအများက လက်ခံလာခဲ့ကြတာ”

“ခုံရုံးညီလာခံ အတောအတွင်းမှာ အမတ်ချုပ်ကြီးက ရှေ့ထွက်လာတဲ့အခါ အစကတော့ သူက သူတော်စင်ဧကရာဇ်ရဲ့ ဆန္ဒကို ကိုယ်စားပြုပြီး ကမ်းလှမ်းချက်ကို ငြင်းပယ်မယ်လို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ ငါ့ကိုအံ့အားသင့်စေတာက သူက ဒီကမ်းလှမ်းချက်ကို လက်ခံလိုက်တာပဲ။ ဒီလိုဖော်ပြမှုကတင် ခုံရုံးတစ်ခုလုံးရဲ့ အခြေအနေကို ပြောင်းလဲသွားစေခဲ့တယ်။ နောက်ပြီး ဗိုလ်ချုပ်တွေကတောင် သူတို့ရဲ့ ရပ်တည်မှုနေရာကို လက်လျော့ပြီး တစ်ဖက်ကို လှည့်လိုက်ရတာပေါ့”

ဘုရင်စုန့်က ခပ်တင်းတင်းပြောသည်။ သူ၏မျက်လုံးထဲတွင်လည်း အခြေအနေများကို ရေရေရာရာ မစုစည်းနိုင်သည့် အကြည့်မျိုးကရှိနေသည်။

ယခုအချိန်ထိ သူသည် ထိုနေ့က ထူးဆန်းသော စိတ်အခြေအနေကို ပြန်တွေးမိချိန်တိုင်းလိုလို အံ့အားသင့်ရသေးသည်။ ထိုတစ်ရက်တည်းနှင့်တင် အင်ပါယာခုံရုံးကြီးက မဟာထန်၏ နယ်စပ်၏ ရှေ့တန်းခံတပ်ပေါင်းများစွာ၏ ကံကြမ္မာကို ဆုံးဖြတ်လိုက်ပြီး မရေမတွက်နိုင်သော ပေးဆပ်ထားရသည့် အသက်ပေါင်းများစွာကို အလဟသ ဖြစ်သွားစေခဲ့သည်။

All Chapters