အခန်း (၁၂၄၆-၁၂၅၀)
Vol. 73 Ch. 1246-1250
1246 01
အခန်း(၁၂၄၆)
“ဒီလူ...”
ကျန်းချွယ်က တံတွေးမြိုချသည်။ သူ၏မျက်နှာ အမူအရာက ထိတ်လန့်လာပုံပေါ်သည်။
“အရှင့်ကို တောက်လျှောက် အတိုက်အခံလုပ်ပြီး နောက်ကွယ်ကနေ ထိန်းချုပ်နေတဲ့လူက သူလား”
သူတို့သည် မီတာတစ်ထောင်ကိုပင် မသွားရသေးချေ။ ငါးမိနစ်ကျော်ခန့်သာ သွားရသေးသည်။ ထိုငါးမိနစ်ကျော်ခန့်အတွင်း ဝမ်ချောင်က ထိုလူ၏ အစစ်အမှန် ခန္ဓာကိုယ်ကိုလည်း မမြင်ခဲ့ရချေ။ သို့ရာတွင် အချို့သော အကြောင်းပြချက်များကြောင့် ကျန်းချွယ်အနေဖြင့် သူသည် မတည်ရှိသော သရဲများကို ကြောက်လန့်သလို၊ ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ်တစ်ယောက်ကို ကြောက်လန့်သလို ခံစားနေခဲ့ရသည်။ သူ၏ဆံပင်မွှေးများကပင် ထောင်တက်ပြီး ခန္ဓာကိုယ်ကပင် တုန်ယင်နေလေသည်။
“သူတို့ပဲ”
ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။ သူသည် စတင်ကာ တွေးတော၏။
ကျန်းရှောင်ရှု၏ ကိစ္စကိုသုံးပြီး သူသည် နောက်ဆုံးတွင် နောက်ကွယ်ကလူကို ထွက်လာအောင် လုပ်နိုင်ခဲ့သည်။ သူတို့သည် စကားလုံးအနည်းငယ် ပြောခဲ့ပြီး ထိုလူ၏ အစစ်အမှန်မျက်နှာကို မမြင်ခဲ့ရသော်လည်း ဝမ်ချောင်ကမူ သတင်းအချက်အလက် အမြောက်အများ ရရှိခဲ့လေသည်။
ပထမဦးဆုံးအကြိမ်အဖြစ် ဝမ်ချောင်သည် သူနည်းတူ စိတ်စွမ်းအားကို ကျွမ်းကျင်ပြောင်မြောက်စွာ အသုံးပြုနိုင်သော မဟာထန်မှ ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။ ယခုစကားပြောခန်းအရ သူသည် စိတ်စွမ်းအားကို ထပ်ခါတလဲလဲသုံးပြီး ထိုလူ၏ အစစ်အမှန် ခန္ဓာကိုယ်ကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း ထိုသူကမူ အကြိမ်တိုင်းလိုလို ထွက်ပြေးသွားခဲ့သည်ကြီးသာလျှင်ဖြစ်သည်။
“ကြည့်ရတာ ကောင်းကောင်း မထိန်းထားနိုင်တဲ့ တစ်ခါသုံး သတိပေးချက် ဖြစ်လောက်တယ်။ အား မင်းရဲ့ပြိုင်ဘက်က ငါဖြစ်နေတာပဲ”
ဝမ်ချောင်က ပြောလိုက်သည်။ သူ၏မျက်ဝန်းက တောက်ပလာ၏။
“မင်းကနည်းနည်း စိတ်မရှည်ဖြစ်လွန်းတယ်”
ဝမ်ချောင်၏ နှုတ်ခမ်းတွင် ဖျော့တော့သည့်အပြုံးက ပေါ်လာသည်။ တစ်ဖက်သူသည် အတက်နိုင်ဆုံး ကြိုးစားပြီး သူတို့ရဲ့နောက်ခံကို ဖုံးကွယ်နိုင်အောင် ကြိုးစားခဲ့သော်လည်း ဝမ်ချောင်ကမူ သဲလွန်စ အနည်းငယ်ကို ရရှိလိုက်သေးသည်။ ဝမ်ချောင်က ဟင်းရွက်ရောင်းသော အဘွားကြီး၊ သားသတ်သမား၊ မိန်းမငယ်လေး၊ ရထားလုံးမှထွက်လာသော ကုန်သည်နှင့် ဖြတ်သွားဖြတ်လာ တစ်ယောက်ကို တွေ့ခဲ့ရသည်။ သူတို့အားလုံးသည် ခြားနားသောနောက်ခံ အသံအမျိုးမျိုးတို့နှင့်ဖြစ်ပြီး အမျိုးမျိုးသော မတူညီသည့် စကားများကို ပြောသွားခဲ့ကြသည်။ သို့သော် ထိုလူ၏ စကားပြောဟန်က တူသည်။
လူတစ်ယောက်သည် သူတို့၏ အပြင်ပန်းရုပ်ရည်ကို ပြောင်းလဲ၍ရသည်။ သို့သော် လေသံ၊ စကားလုံး အသုံးအနှုန်းနှင့် တွေးတောပုံကို ပြောင်းလဲ၍မရချေ။ ပထမဦးဆုံး စကားစပြောချိန်ကတည်းက ဝမ်ချောင်သည် တစ်ဖက်သူ၏ အသက်အရွယ်ကို ခန့်မှန်းလိုက်နိုင်သည်။
“လူငယ်ပဲ အသက် (၂၆) (၂၇)လောက်ပဲဖြစ်မယ်။ (၃၀)မကျော်လောက်ဘူး”
ဝမ်ချောင်က ရထားလုံးအနောက်ဘက်သို့ မှီလိုက်သည်။ သူ၏ လက်ချောင်းက တတောက်တောက် စခေါက်ပြန်သည်။
မြို့တော်ကို လွှမ်းခြုံထားသော မြူထုက စတင်ကာပျယ်လာသည်။ ဝမ်ချောင်သည်လည်း အရာအားလုံးကို ထိန်းချုပ်နေသော ပြိုင်ဘက်ကို အနည်းငယ် စဉ်းစားမိပြီးလေပြီ။ သို့သော် ပြိုင်ဘက်၏ အသက်အရွယ်ကို သိလိုက်ပြီးနောက် ဝမ်ချောင်ကပို၍ စိတ်ရှုပ်သွားရသည်။ သူသည်လည်း ယခုလို မတွေ့ခင်က အများကြီး တွေးတောမိခဲ့သည်။ မဟာဆရာ၊ ဘုရင်ချီ၊ လီလင်းဖူတို့ အားလုံးသည် အဆင့်အတန်း မြင့်မားမှုကို ပိုင်ဆိုင်ထားသူများဖြစ်ပြီး သာမာန်လူလောက်က သူတို့ကို မဆက်သွယ်နိုင်ချေ။ သူတို့ကို ထိန်းချုပ်ရန်လည်း မဖြစ်နိုင်ချေ။ ဝမ်ချောင်သည် ဖြစ်နိုင်ချေအများကြီးကို တွေးခဲ့မိသည်။ သို့သော် တစ်ဖက်သူသည် အသက်(၂၆)နှစ် (၂၇)နှစ်အရွယ်သာရှိသော လူငယ်တစ်ယောက်ဟု မထင်ထားမိချေ။
ထိုအခြေအနေက ဝမ်ချောင်ကို အံ့ဩသွားစေသည်။
ဝမ်ချောင်သည်လည်း ပြိုင်ဘက်ဟာ ထိုကဲ့သို့သော စွမ်းအင်များကို မည်သို့မည်ပုံရပြီး မဟာဆရာ၊ ဘုရင်ချီ၊ လီလင်းဖူနှင့် ပထမမင်းသားတို့ကိုပင် ထိန်းချုပ်နိုင်ကြောင်း မသိနိုင်ချေ။ ဒါဟာ မဖြစ်နိုင်သလောက် ဖြစ်နေသည်။
ရထားလုံးက ရှေ့သို့ဆက်သွားသည်။ ကျန်းချွယ်က ခရီးတစ်လျှောက်လုံး စိတ်မအေးနိုင်ခဲ့ချေ။ ထိုအချိန်တွင် ဝမ်ချောင်ကမူ ရထားလုံးကိုမှီကာ မျက်လုံးမှိတ်ထားပြီး အတွေးနက်နေသည်။
.....
1246 02
ဝမ်ချောင်က ဝမ်မိသားစုစံအိမ်သို့ မပြန်ဘဲ စားသောက်ဆိုင် တစ်ဆိုင်၏အရှေ့တွင် ရပ်သွားသည်။
ထိုက်ပိုင်ကျောင်းဆောင်
ထိုနေရာသည် ယခုအခါ မြို့တော်၏ နာမည်အကျော်ကြားဆုံးသော စားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်လာသည်။ ထိုသို့နာမည်ကျော်ကြားနေသည်မှာ မဟာထန်၏ အတော်ဆုံးသော စားဖိုမှူးများက ထိုနေရာတွင်ရှိနေသောကြောင့်သာ မဟုတ်သေးလေဘဲ ဆိုင်ပိုင်ရှင်က လောကအနှံ့ ကျော်ကြားသည့် မျိုးနွယ်ခြားနယ်မြေများ၏ဘုရင် ဝမ်ချောင်ဖြစ်နေသောကြောင့်ဖြစ်သည်။
ဝမ်ချောင်သည် ထိုဆိုင်ကို ကြင်ယာတော်ထိုက်ကျန်း၏ မတော်တဆမှုပြီး သိပ်မကြာခင်ကမှ ဖွင့်ထားခဲ့ခြင်းဖြစ်သည်။ ထို့နောက် အမျိုးမျိုးသော ပြင်ဆင်မွန်းမံမှုများကို လုပ်ခဲ့သည်။ သူသည် အနီးအနားရှိ ဆိုင်များကိုလည်း ဆက်လက် ဝယ်ယူသွားခဲ့သောကြောင့် ယခုအခါ ထိုဆိုင်ကြီးက နဂိုထက် လေးဆ၊ ငါးဆခန့် ကြီးမားလာပြီဖြစ်သည်။ ခြောက်ထပ်ဆောင်ပင်ဖြစ်လာသည်။ အတွင်းတွင်လည်း လှပခမ်းနားစွာ ပြင်ဆင်ထားသေး၏။ ထို့ကြောင့် သန့်စင်ကာ ကျော့ရှင်းကြည့်ကောင်းလွန်းသော လေထု အရှိန်အဝါမျိုးကို လွှတ်ထုတ်ထားလေသည်။
အိမ်တော်ထိန်းများထဲမှ တစ်ယောက်က အရှေ့တွင်ရပ်လျှက် အသင့်စောင့်ဆိုင်းနေပြီဖြစ်သည်။ ထို့နောက် ဝမ်ချောင်အား စားသောက်ဆိုင်၏ အကောင်းဆုံးသော အခန်းများထဲမှ တစ်ခန်းထံ ခေါ်သွားပေးသည်။
ထိုက်ပိုင်ကျောင်းဆောင်၏ စီးပွားရေးက အလွန်ကောင်းသည်။ နေ့တိုင်းလိုလို လူတစ်သောင်းနီးပါးက လာရောက်စားသောက်ကြသည်။ သို့သော် မည်သည့်အခြေအနေ ဖြစ်နေစေကာမူ အတိတ်ဆိတ်ဆုံး အကောင်းဆုံး လူအရှင်ဆုံးအခန်းကမူ ဝမ်ချောင်အတွက်သာ သီးသန့်ရှိနေလေသည်။
ဝမ်ချောင်က တံခါးကိုဖွင့်ကာ ဝင်လိုက်သည်။ သူ့ကို အတွင်းတွင် စောင့်ကြိုနေသည်မှာ သိုးမွှေးဦးထုပ်ကို ဆောင်းထားပြီး အရပ်သားဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်ဖြစ်သည်။ ထိုလူ၏ရုပ်ရည်တွင် အသားကဖြူပြီး မုတ်ဆိတ်မွှေး ကင်းမဲ့သော မျက်နှာမျိုးနှင့်ရှိနေသည်။ ထို့ကြောင့် အမျိုးသားဆန်သော လေထုအရှိန်အဝါမျိုးထက် ပို၍မိန်းမဆန်နေသည်။ မဟာထန်တွင် ထိုကဲ့သို့သော ကြင်အင်လက္ခဏာနှင့် အမျိုးအစား တစ်မျိုးတည်းသာရှိသည်။
နန်းတွင်းက မိန်းမဆိုးတွေ
ထိုလူက ဝမ်ချောင်ကို မြင်ပြီးပြီးချင်း ချက်ချင်းလိုလိုထကာ လေးနက်စွာ ဂါရဝပြုသည်။ အတက်နိုင်ဆုံး ကြိုးစားပြီး နာခံဟန်ပြလေသည်။
“ဒီလူက လျိုရှန်းတုံးပါ။ အရှင့်သား မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်ကို ဂါရဝပြုပါတယ်”
နန်းတွင်းရဲ့ မိန်းမဆိုး အိမ်တော်ထိန်း လျိုရှန်းတုံး
မင်းသားငါးလီဟန်က ဝမ်ချောင်မျှော်လင့်ထားသည်ထက် ပို၍ လုပ်နိုင်စွမ်းရည်ရှိလေသည်။ သူသည် ထိုအကြောင်းအရာကို မနေ့ကမှ ပြောလိုက်သည်။ သူသည် လီဟန်၏ အကူအညီဖြင့် ဆက်သွယ်ခိုင်းထားခြင်းဖြစ်သည်။ တိုက်ဆိုင်စွာနှင့် ဒီနေ့ဝမ်ချောင်က စားသောက်ဆိုင်တွင် ရောက်လာသောအခါ လျိုရှန်းတုံးက လာရောက်စားသောက်သည်နှင့် ကြုံသွားသည်။ ထို့ကြောင့် ယခုလို တွေ့ဆုံရန် စီစဉ်ပေးခြင်း ခံရခြင်းဖြစ်သည်။
ဒါက ခန္ဓာကိုယ်တစ်စစီ ဆွဲဖြဲတဲ့ပုံစံမျိုးနဲ့ ကွပ်မျက်ခံရတဲ့လူမဟုတ်လား။
ဝမ်ချောင်က ထိုအရာရှိမိန်းမဆိုးကို ဂရုတစိုက် စစ်ဆေးနေသည်။ သူသည် လျိုရှန်းတုံးကို ပထမဦးဆုံးအကြိမ် စတင်တွေ့ဖူးခြင်းဖြစ်သည်။ အချို့သော အကြောင်းပြချက်များကြောင့် မဟာထန်ကြီးတွင် ကောက်ကျစ်သော မိန်းမဆိုး အရာရှိပေါင်း များစွာရှိသည်။ ထိုသူများသည် သူတော်စင်ဧကရာဇ်မင်း ထီးနန်းဆက်ခံနေချိန်တွင် အကျော်ကြားဆုံးသော အလေးစားခံရဆုံးသော လူများဖြစ်နေသည်။
သို့သော် အရှင်သခင်နောက်သို့ သေသည်အထိလိုက်ရန် သစ္စာပြုထားသည့် စိတ်နှစ်ကာ သစ္စာခံထားသောလူက အနည်းငယ်သာရှိသည်။ ကောင်းလီရှီသည် ထိုကဲ့သို့သော လူမျိုးဖြစ်သည်။ ထို့အပြင် ဉာဏ်များကာ အကြံအစည်ကြီးသော လီကျန်းကျုံးလည်းရှိသည်။ ကောင်းရှန်းကျစ်ကဲ့သို့ မဟာဗိုလ်ချုပ်ကြီးကိုပင် ငွေညစ်ရဲပြီး ခြိမ်းခြောက်ရဲသောလူ ပျန်လင်းချန်လည်းရှိသည်။ ယခုအခါ သူတော်စင်ဧကရာဇ်၏ နန်းတွင်းမိန်းမဆိုးထဲမှ တစ်ယောက်ဖြစ်သူ သူတော်စင်ဧကရာဇ်ကို မကြာခဏဆိုသလို ခစားရသောလူ သူတော်စင်ဧကရာဇ်နှင့် နေ့တိုင်းလိုလို တွေ့ခွင့်ရှိပြီး အကြံပေးတစ်ယောက်အဖြစ် တာဝန်ယူထားရသည့် လျိုရှန်းတုံးလည်း ပါဝင်သည်။
လျိုရှန်းတုံးတွင်မူ ကောင်းလီရှီနှင့် လီကျင်းကျုံးတို့နှင့် ခြားနားသည်။ သို့သော် သူသည် ပျန့်လင်းချန်နှင့် တူညီသည်။ ပျန့်လင်းချန်ကဲ့သု့ိ ကောင်းရှန်းကျစ်၏ အတွင်းပိုင်းကိစ္စကိုသုံးပြီး သူ့ကို ငွေညစ်ခဲ့သောလူကဲ့သို့ဖြစ်သည်။ နှစ်ယောက်လုံးသည် လောဘကြီးကြသည်။ သို့သော် ပျန့်လင်းချန်နှင့် မတူသည်မှာ လျိုရှန်းတုံးက အခြားသောသူများကို အရင်စစ်ဆေးပြီး မည်သို့ဖားသင့်ကြောင်း နားလည်သည်။ ပို၍ဆိုးသည်မှာ သူသည် သူ၏ အပြုအမူများကို ဖုံးကွယ်ရာတွင် ပျန့်လင်းချန်ထက် ပိုတော်သည်။
1246 03
ဝမ်ချောင်ကလည်း မှတ်မိပါသေးသည်။ သူသည် လီဟန်ကိုပြောပြီး ယခုလို ဆက်သွယ်ခိုင်းခဲ့သည်မှာ ထိုလူသည် လုံလောက်အောင် ခေါင်းမာပြီး လှည့်စားရဲသောကြောင့်ဖြစ်သည်။ ဒီနည်းအားဖြင့် အမှန်တရားကို ဖုံးကွယ်ထားသောကြောင့် ကြီးမားသော အရှုံးကြီးက အနိုင်ကြီးဖြစ်သွားရသည်။ ထိုအခြေအနေက သူ့အား ပထမဦးဆုံးအကြိမ် ခေါင်းမာပြီး သူတော်စင်ဧကရာဇ်ကို လှည့်စားရဲသောလူ ဖြစ်သွားစေခဲ့သည်။
ပို၍အရေးကြီးသည်မှာ ထိုကိစ္စသည် မဟာထန်စစ်တပ်၏ ဒုတိယမြောက် အင်အားအကြီးဆုံးသော ပုဂ္ဂိုလ်ကြီးဖြစ်သည့် အန်းတုံးကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီး ကျန်းရှို့ကွေးနှင့် ပတ်သတ်နေသည်။
“အရှင်နန်းတွင်း အိမ်တော်ထိန်းက ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး။ ကျန်းချွယ် သွား စားစရာတွေ ပြင်ဆင်ဖို့ သွားပြောလိုက်ပါ”
ဝမ်ချောင်က လက်ကိုယမ်းလိုက်ပြီး အခန်းထဲတွင် ဝင်ထိုင်သည်။ တစ်ချိန်ထဲတွင်ပင် လျိုရှန်းတုံးကိုလည်း ထိုင်ခိုင်းသည်။
“ဟား ဟား အရှင့်သားကလည်း ယဉ်ကျေးလွန်းနေပြန်ပါပြီ။ အရှင့်မှာ ပြောစရာရှိရင် အမိန့်လေး ပေးလိုက်ရုံပါပဲ။ ဒီလောက်ထိ ဒုက္ခများခံစရာ မလိုပါဘူး။ အရှင့်သားက အမိန့်ပေးလိုက်ရုံနဲ့ လျိုရှန်းတုံးက အတက်နိုင်ဆုံး ကြိုးစားပြီး ကိစ္စတွေကို ကောင်းကောင်း ကိုင်တွယ်ဆောင်ရွက်ပေးမှာပါ”
လျိုရှန်းတုံးက ခေါင်းညိမ့်ပြီး ဂါရဝပြုသည်။ သူ၏မျက်နှာတွင် ဖားလိုသော အမူအရာမျိုးက ပေါ်လာပြန်သည်။
“အရှင်နန်းတွင်း အိမ်တော်ထိန်းက ယဉ်ကျေးလွန်းနေပြန်ပါပြီ”
ဝမ်ချောင်က ရွှေရောင် ငွေရောင်များဖြင့် အလှဆင်ထားသည့် ရေနွေးကြမ်းအိုးကို ကောက်ကိုင်ပြီး လျိုရှန်းတုံးကို တစ်ခွက်ဖြည့်ပေးသည်။ ထို့နောက် သူ၏ခွက်ထဲသို့လည်း ဖြည့်သည်။
သူက ခပ်အေးအေးပြောသည်။
“ငါက တိုက်တိုက်ဆိုင်ဆိုင် အရှင့်ကို မေးစရာကိစ္စတစ်ခု ရှိနေတယ်။ ငါကြားထားတဲ့အတိုင်းဆိုရင် အရှင်က အရှင်ကျန်းရှို့ကွေးကို သွားတွေ့ပြီး ရိုကျိုးကနေ ပြန်လာခဲ့တာဆို”
ဝုန်း
လျိုရှန်းတို့၏ ဖားထားသော မျက်နှာအမူအရာက ချက်ချင်းလိုလို ပျက်သွားသည်။
“အရှင့်သား အရှင်...”
လျိုရှန်းတုံးက မသက်မသာဖြစ်သလိုကြည့်သည်။ ဝမ်ချောင်က ဘုရင်တစ်ပါး ဖြစ်နေခဲ့သောကြောင့်သာ မဟုတ်လျှင် သူကချက်ချင်းလိုလို ထွက်သွားပြီးလောက်လေပြီ။ မင်းသားငါးထံမှတစ်ဆင့် မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်က သူ့ကို တွေ့ချင်ကြောင်း ပြောသောအခါ အလွန်ပျော်ရွှင်ခဲ့သည်။ သို့သော် ဝမ်ချောင်၏ ပထမဦးဆုံး မေးခွန်းအရ ဒီတွေ့ဆုံမှုဟာ သူထင်ထားသလိုမဟုတ်ကြောင်း သိလိုက်သည်။
“အရှင်လျို ဒီလောက်ထိ ထိတ်လန့်စရာ မလိုပါဘူး။ ရေနွေးကြမ်းသောက်ပါဦး”
ဝမ်ချောင်က ထိုသို့ပြောပြီး ခွက်ကိုပြသည်။
“အရှင့်သား အရှင့်သားဘာတွေပြောနေမှန်း ငါမသိဘူး”
လျိုရှန်းတုံးကပြောသည်။
ဝမ်ချောင်က ဖျော့တော့စွာပြုံးလိုက်သည်။ ဖြစ်နိုင်သည်မှာ လျိုရှန်းတုံးအနေဖြင့် ပထမဦးဆုံးအကြိမ် ယခုလောက်ထိ မြောက်များသော လာဒ်လာဘများကို ရရှိခဲ့ဖူးခြင်းဖြစ်လောက်သည်။ သို့မဟုတ်လျှင်လည်း သူ့တွင် နဂိုကတည်းက ကောင်းမွန်သော စိတ်နေသဘောထား ရှိလောက်သောကြောင့် ဖြစ်လောက်၏။ ဝမ်ချောင်၏ ပထမဦးဆုံးသော မေးခွန်းက သူ့ကို စိတ်လှုပ်ရှားသွားစေခဲ့သည်။ ဆိုလိုသည်မှာ သူ့တွင် အပြစ်မကင်းစိတ်ရှိနေသည်။
“ဟား ဟား အရှင်လျိုက အမှန်တကယ်ကို ခေါင်းမာလွန်းပါတယ်။ အရှင်ကျန်းရှို့ကွေးရဲ့ ပိုက်ဆံကိုတောင် ယူရဲတယ်”
ဝမ်ချောင်က ရေနွေးကြမ်းကို တစ်ငုံသောက်သည်။ ထို့နောက် အပေါ်မှ အငွေ့များကို မှုတ်ထုတ်လိုက်ရင်း ခပ်အေးအေးပြောလိုက်သည်။
လျိုရှန်းတုံးကမူ သရဲကိုမြင်လိုက်ရသလိုမျိုး ဖြစ်သွားသည်။ သူသည် ကြောက်လွန်းသဖြင့် ကုလားထိုင်မှ ခုန်ထွက်လုနီးပါး ဖြစ်သွားသည်။ လျိုရှန်းတုံးသည် အစပိုင်းတွင် သံသယဝင်ရုံသာဆိုလျှင် ယခုမူ အလုံးစုံသေချာသွားလေပြီ။
“အရှင် အရှင် အရှင့်သား... ဘယ်လိုပေါက်ကရတွေ ပြောနေတာလဲ။ ဘယ်လိုကြောင့်များ အရှင်ကျန်းရဲ့ပိုက်ဆံ ဖြစ်ရတာလဲ”
လျိုရှန်းတုံးက ဟန်အမူအရာကို ထိန်းရန်ကြိုးစားသေးသည်။ သူသည် အတက်နိုင်ဆုံး နောက်ဆုံးတစ်ခေါက် ရုန်းကန်လိုသေးသည်။
“ဟား”
ဝမ်ချောင်က တစ်ချက်ကြည့်လိုက်ပြီး ပြုံးသည်။ သို့သော် ဆက်မငြင်းချေ။
1246 04
“အရှေ့မြောက်ပိုင်းရဲ့တိုက်ပွဲမှာ ရှီနဲ့ ခစ်ထန်တို့က ပြင်းထန်တဲ့ တိုက်ပွဲကြီးမှာ နိုင်သွားတယ်။ အန်းတုံးကာကွယ်စောင့်ရှောက်ရေး စစ်တပ်က ရှုံးသွားပြီး ဆုံးရှုံးမှု တအားကြီးမားခဲ့တယ်။ မင်းကဒါကို ဒီလောက်ကြီးမားတဲ့ ကိစ္စကြီးကို ဖုံးကွယ်ပြီး အမည်းကိုအဖြူလုပ်ထားတယ်။ နောက်ပြီး အရှင်မင်းကြီးကိုတောင် တင်ပြလိုက်သေးတယ်။ ဘယ်လောက်တောင် အတင့်ရဲလိုက်သလဲ”
ဘန်း
လျိုရှန်းတုံး၏ တစ်ကိုယ်လုံးက ချွေးစေးများ စိုရွှဲသွားသည်။ သူသည် ဒူးထောက်လျှက်သား ကျသွား၏။
“အရှင့်သား ငါ့ကိုကယ်ပါ ငါ့ကိုကယ်ပါ”
လျိုရှန်းတုံးက စားပွဲကိုပတ်လိုက်ပြီး ဝမ်ချောင်၏ ညာခြေထောက်ဘက်သို့သွားကာ ဖမ်းကိုင်သည်။ သူ၏ဝိညာဉ်ကပင် ခန္ဓာကိုယ်မှ ထွက်သွားပြီထင်သည်။
“ငါရိုကျိုးက မတော်တဆကိစ္စနဲ့ ဘာမှမပတ်သတ်ပါဘူး။ အရှင်ကျန်းရှို့ကွေးက အတင်းဖိအားပေးတာပါ။ ငါကသာ သူ့ရဲ့ပိုက်ဆံကိုယူပြီး သူပြောသလိုမလုပ်ရင် ငါ့ကိုသတ်မယ်လို့ ခြိမ်းခြောက်တယ်။ ရှီနဲ့ ခစ်ထန်က ကိစ္စတွေကို မဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်ခိုင်းနေတာပါ”
လျိုရှန်းတုံး၏ ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်နေသလို ကြီးမားသော ချွေးစက်ကြီးများ ကျလာသည်။ သူ၏အဝတ်ကပင် စိုရွှဲသွား၏။ သူသည် ကျန်းရှို့ကွေးထံမှ လာဒ်လာဘကို လက်ခံခဲ့ကြောင်းကို လူအနည်းစုကသာ သိသည်။ သူနှင့် ကျန်းရှို့ကွေးအပြင် သိသောလူက ငါးယောက်ပင်မရှိချေ။ ထို့ပြင် ထိုလူများအားလုံးက ကျန်းရှို့ကွေးကို သစ္စာရှိပြီး သူ၏နောက်သို့ ဆယ်နှစ်ကျော်ခန့် လိုက်ပါလာခဲ့သော လက်အောက်ငယ်သားများ ဖြစ်နေသေးသည်။
သို့သော် ဝမ်ချောင်က ထိုမျှအထိ ကောင်းကောင်းထိန်းသိမ်းထားသည့် လျို့ဝှက်ချက်ကို သိနေသည်ဟု မထင်ထားမိချေ။
ဝမ်ချောင်က မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။ အထူးသဖြင့် ကြောက်လန့်ပြီး ဒူးထောက်နေသော လျိုရှန်းတုံးကို မြင်ရချိန်တွင်ဖြစ်သည်။ သူ၏နေရာမှ ဝင်ပါခဲ့သော သေးငယ်သည့် ပူးပေါင်းဆောင်ရွက်မှုလေးနှင့်တင် လျိုရှန်းတုံးက သူ့ကိုချက်ချင်းပြောပြလိုက်သည်။ ထိုအထိတ်တလန့်မှတစ်ဆင့် လျိုရှန်းတုံးသည် ပျန့်လင်းချန်နှင့် လင်းကျင်းကျုံးတို့ကဲ့သို့ အကြံအစည်ကြီးသော မိန်းမဆိုးတို့နှင့် မတူကြောင်း သိလိုက်သည်။
အနည်းဆုံး ပျန့်လင်းချန်သည် ပိုက်ဆံကိုမယူရသေးသလို လင်းကျင်းကျုံးကလည်း ထိုသို့မလုပ်ရသေးချေ။ သို့သော် ဝမ်ချောင်ကို အချိန်အများကြီး အကုန်သက်သာသွားစေသည်။ သူသည် ယခုမူ အရာအားလုံးကို နားလည်သွားပြီဖြစ်သည်။
“အရှင်ကျန်း မင်းကအတော် ခေါင်းမာတာပဲ။ ငါမင်းကို တစ်ကြိမ်သတိပေးပြီးပြီ။ ဒါတောင်မှ နားမထောင်ဘူး”
ဝမ်ချောင်က ခေါင်းကိုမော့ပြီး စိတ်ထဲတွင် သက်ပြင်းချသည်။ အမှန်တိုင်းဆိုရသော် သူသည် ဝူရှန်းမြို့တွင် ရှိနေခဲ့ချိန်က ကျန်းရှို့ကွေးထံ စာပို့ပြီး ဒီကိစ္စကို သတိပေးထားသည်။ တစ်ချိန်ထဲတွင်ပင် အန်းယာလော့ရှန်းကို သတိထားရန် ပြောထားပြီးသားဖြစ်သည်။ ရလဒ်အရ သူပို့သောစာက ပင်လယ်ထဲသို့ ပစ်ချသော ကျောက်တုံးတစ်တုံး ဖြစ်သွားခဲ့ပုံရသည်။ ကျန်းရှို့ကွေးကမူ အာရုံပင် မစိုက်ခဲ့လောက်ချေ။
+++++
1247 01
အခန်း(၁၂၄၇)
ဝမ်ချောင်အနေဖြင့် ကျန်းရှို့ကွေးဟာ မည်သည့်အတွက်ကြောင့် လျိုရှန်းတုံးကို ထိုသို့လုပ်ခဲ့ကြောင်းကို အကြမ်းဖျင်း နားလည်နိုင်သည်။ အမတ်ချုပ်ကြီး၏ နေရာက ကျန်းရှို့ကွေးအတွက် ထာဝရရင်နာစေသော အရင်းအမြစ်တစ်ခုဖြစ်သည်။ သူ၏ ထိုနေရာအပေါ် အယူသီးစိတ်က လူတိုင်းကို ကျော်လွန်နေပြီးသားဖြစ်သည်။ သူသည် လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က အမတ်ချုပ်ကြီးနေရာကို ရအောင်မယူနိုင်ခဲ့ချေ။ ထိုအတွက်ကြောင့် သူ၏ ထိုနေရာအပေါ် လိုချင်တပ်မက်စိတ်က ပို၍သာ ပြင်းထန်လာခဲ့သည်။
သူသည် ဟွမ်မြစ်တွင် ကြီးမားသည့် တိုက်ပွဲကြီးတွင် အနိုင်ရရှိခဲ့ပြီး ရိုးကျိုးစစ်တပ်မှသာ ထွက်နိုင်ခဲ့လျှင် ကျန်းရှို့ကွေးအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ အုပ်ချုပ်အမိန့်ပေးခဲ့ခြင်းမဟုတ်လျှင်ပင် ကျန်းရှို့ကွေးက မြို့တော်သို့ဝင်ရောက်ပြီး အမတ်ချုပ်ကြီးဖြစ်မည့် အခွင့်အရေးကို ဆုံးရှုံးရနိုင်သည်။
ကျန်းရှို့ကွေးအနေဖြင့် ထိုကဲ့သို့သော အခြေအနေမျိုးကို လက်မခံနိုင်ချေ။ ထိုအတွက်ကြောင့်လည်း သူဟာ ဒီလောက်ထိရင်းနှီးပြီး သူတော်စင်ဧကရာဇ်၏ သံတမန်ကို လာဒ်ထိုးခဲ့ခြင်းဖြစ်သည်။
ရိုးရိုးသားသားပြောရသော် ကျန်းရှို့ကွေးက လူကောင်းမဟုတ်ချေ။ သူသည် ကောက်ကျစ်သည်။ ဉာဏ်များသည်။ သူ၏လက်အောက်ငယ်သားများကို အမိန့်ပေးသောပုံက အတိတ်မှ နာမည်ကျော် ဗိုလ်ချုပ်ကြီးများကို ယှဉ်နိုင်စွမ်းအား မရှိပါချေ။ သဘောထားကြီးမြတ်မှု၊ ကြင်နာမှုပင် မဆိုထားဘိ သူသည် မကြာခဏဆိုသလို လက်အောက်ငယ်သားများကို ပြင်းထန်စွာ အပြစ်ပေးတတ်သေးသည်။ သူတို့ နောက်ဆုံးတစ်ခေါက် မြို့တော်တွင် ဆုံခဲ့သည့်အချိန်တွင်လည်း ဝမ်ချောင်ဟာ တစ်ဖက်သူကို မြင့်မားသာထင်မြင်ချက် မရှိခဲ့ချေ။ သူ၏လိုအပ်ချက်က မည်သည့်အရာဖြစ်နေစေကာမူ သူ၏အာဏာအပေါ် ပြင်းထန်စွာ လိုချင်စိတ်က မည်သို့ဖြစ်နေစေကာမူ ကျန်းရှို့ကွေးသည် မဟာထန်အပေါ်တွင်မူ အစစ်အမှန် သစ္စာရှိသည့် အရာရှိကောင်းတစ်ယောက် ဖြစ်နေသေးသည်။ သူသည် မဟာထန်အတွက် အားလုံးကို ရင်းနှီးမြုပ်နှံထားသူဆိုသော အချက်ကို ငြင်း၍မရချေ။
မဟာထန်စစ်တပ်မှ နံပါတ်နှစ် ပုဂ္ဂိုလ်ကြီးတစ်ယောက်အနေဖြင့် ကျန်းရှို့ကွေးသည်လည်း အိမ်ရှေ့စံမင်းသား၏ အငယ်တန်း စောင့်ရှောက်ကာကွယ်သူ ဝမ်ကျုံးစစ်ပြီးလျှင် ဒုတိယမြောက် လွှမ်းမိုးနိုင်စွမ်း အရှိဆုံး ထူးချွန်သည့် ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သည်။
ရွှေတိုင်းက သန့်စင်နေရန် မလိုအပ်ချေ။ အမျိုးသားတိုင်းကလည်း မပြီးပြည့်စုံနိုင်ချေ။ ကျန်းရှို့ကွေး၏ အကျင့်စရိုက်တွင် မည်သို့သော ပြစ်ချက်များ ရှိနေစေကာမူ သူ၏စစ်တပ်ကို အမိန့်ပေးနိုင်သော စွမ်းရည်က အင်ပါယာကြီးက အလိုအပ်ဆုံးဖြစ်သည်။ ပို၍ဆိုးသည်မှာ တာလာ့၏တိုက်ပွဲတွင် ကျန်းရှို့ကွေးက ဟိန်းဟောက်ခြင်းကျားစစ်တပ်မှ အဖွဲ့ဝင်လေးထောင်နှင့် သူ၏ရိုကျိုးစစ်တပ်မှ စစ်သည် ထောင်ပေါင်းများစွာကို စေလွှတ်ခဲ့သည်။ ယခုအခါ ပြန်လည်၍ ကျေးဇူးကျွေးဆပ်ရန် အချိန်ကျလာပြီဖြစ်သည်။ သို့တိုင်အောင် ဝမ်ချောင်ကမူ တစ်ဖက်သူကို မည်မျှကယ်နိုင်မည်ဖြစ်ကြောင်း မသေချာသေးချေ။
“ရိုကျိုးရဲ့တင်ပြချက်... ဘယ်အချိန်ပို့မှာလဲ”
ဝမ်ချောင်ကမေးလိုက်သည်။
သူသည် ဝမ်ကျုံးစစ်တပ်၏ကိစ္စကို အထူးတလည် အာရုံစိုက်ထားပြီးသားဖြစ်သည်။ သို့သော် သူက ဝင်ရောက်စွက်ဖက်လိုက်သည့် အချိန်တွင် လျိုရှန်းတုံးက မြို့တော်သို့ ပြန်ရောက်သည်မှာ ရက်အနည်းငယ် ကြာသွားပြီဖြစ်သည်။ အချိန်က ကုန်လွန်သွားပြီဆိုကတည်းက ကျန်းရှို့ကွေး၏ ပြောင်းလဲထားသော တင်ပြချက်ကို သူတော်စင်ဧကရာဇ်ထံ တင်သွင်းပြီးလောက်လေပြီ။
ရှေးခေတ်အချိန်ကာလကတည်းက အရှင်သခင်ကို လှည့်ဖျားခြင်းဟာ ကြီးမားသည့် ပြစ်မှုကြီးဖြစ်သည်။ ဝမ်ချောင်က ကျန်းရှို့ကွေးအစား ချွေးစေးပျံမိသွားသည်။ သို့ရာတွင် လျိုရှန်းတုံး၏ အဖြေက ဝမ်ချောင်ကို အများကြီး အံ့ဩသွားစေသည်။
“အရှင့်သား တင်ပြချက်ကို မတင်ပြရသေးပါဘူး”
လျိုရှန်းတုံးက ထိုသို့ပြောသည်။ သူသည် သူ၏ခေါင်းကို ကြမ်းပြင်နှင့် ကပ်ထားသည်။
“ဘာ”
ဝမ်ချောင်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ခပ်မတ်မတ်ထိုင်လိုက်သည်။
လျိုရှန်းတုံးက အဖြစ်အပျက်များ အားလုံးကို အပြည့်အဝ ရှင်းပြသည်။
“ကျွန်တော်မျိုးကို ရိုကျိုးကို စေလွှတ်ခဲ့တာက အရှင်ဧကရာဇ်ပါ။ တိုက်ဆိုင်စွာနဲ့ ဒါက ခုံရုံးရဲ့ ဓလေ့ထုံးတမ်းအရ ကျွန်တော်ရဲ့အလှည့်လည်းဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်က ဒီကိစ္စကို အရှင်မင်းကြီးကို သွားရောက်တင်ပြခဲ့တာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က အရှင်မင်းကြီးကို သွားတွေ့ခဲ့တဲ့အချိန်မှာ မိန်းမဆိုးကောင်းလီရှီဆီကနေ အကြောင်းပြချက်အချို့နဲ့ ဝင်တွေ့ခွင့်မရခဲ့ဘူး။ မိန်းမဆိုးကောင်းကတော့ အရှင်မင်းကြီးက အနည်းငယ် နေထိုင်မကောင်းလို့ ရိုကျိုးက တင်ပြချက်နဲ့အတူ ရက်အနည်းငယ်လောက်နေမှ ပြန်လာဖို့ ပြောခဲ့ပါတယ်”
1247 02
ဝမ်ချောင်ကပင် ထိုအခြေအနေကြောင့် သတိလက်လွတ် ဖြစ်သွားရသည်။ သို့သော် တစ်စုံတစ်ရာကို ခပ်မြန်မြန် သတိရလိုက်၏။ သူတော်စင်ဧကရာဇ်သည် နတ်သိုင်းနယ်မြေအဆင့်သို့ မတက်နိုင်ခဲ့ချေ။ သူ၏အခြေအနေဟာ ဆိုးသထက် ဆိုးလာပေလိမ့်မည်။ ယခင်ခုံရုံးနှစ်ခုတွင်လည်း ဝမ်ချောင်ဟာ သူတော်စင်ဧကရာဇ်၏ စွမ်းအင်ထဲမှ အနည်းငယ်သော အစီအစဉ်မကျသည့် စွမ်းအင်မျိုးကို ရှာတွေ့လိုက်သည်။ ရှင်းလင်းစွာဖြင့်ပင် ထိုအချက်ကြောင့် ကောင်းလီရှီက လျိုရှန်းတုံးကို တံခါးဝတွင် တားမြစ်ခဲ့ခြင်းဖြစ်လောက်သည်။
“ဝမ်းသာစရာပဲ ဒီလိုသာဆိုရင် ပြင်ဖို့အချိန်ရှိသေးတယ်”
ဝမ်ချောင်က ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူ၏လက်ညိုးကလည်း စားပွဲကို တတောက်တောက်ခေါက်သည်။
“မင်းကျန်းရှို့ကွေးကို ဒီကိစ္စနဲ့ပတ်သတ်ပြီး ကူညီပေးခဲ့တဲ့အကြောင်းကို ဘယ်သူတွေ သိသေးလဲ”
ဝမ်ချောင်ကမေးသည်။
ထိုအဆင့်တွင် လျိုရှန်းတုံးက ဘာကိုမှ မဖုံးကွယ်ထားရဲဘဲ စပြောသည်။
“နန်းတော်ကလူအများကြီးတော့ မသိပါဘူး။ နန်းတော်က အိမ်တော်ထိန်းအချို့နဲ့ ပထမမင်းသားကပဲ ငါအရှင်ကျန်းရှို့ကွေးအတွက် ရေးပေးထားတဲ့ စာလွှာကို ဖတ်ဖူးသေးတာပါ။ အခြားဘယ်သူကမှ မသိပါဘူး”
“ဘာ”
ဝမ်ချောင်၏နှလုံးသားက အံ့အားသင့်မှုအပြည့်ဖြင့် တုန်ယင်သွားသည်။ အထူးသဖြင့် ပထမမင်းသား၏ နာမည်ကို ကြားလိုက်ချိန်တွင်ဖြစ်သည်။
အတိတ်တွင် ဝမ်ချောင်ဟာ ထိုမျှအထိ ဂရုမစိုက်လောက်ချေ။ သို့သော် ပထမမင်းသား လီလင်းဖူ၊ ဘုရင်ချီနှင့် မဟာဆရာတို့က အတူတကွ ပူးပေါင်းနေကြောင်း သိပြီးရချိန်တွင်မူ ထိုသို့မဟုတ်တော့ချေ။
“ပထမမင်းသားက ဒီကိစ္စကို ဘယ်လိုသိတာလဲ”
ဝမ်ချောင်ကပြောသည်။
“ပထမမင်းသားက အရှင်မင်းကြီးရဲ့ ပထမမင်းသားကို ကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်နိုင်အောင် လေ့ကျင့်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခုံရုံးကကိစ္စတွေကို ဝင်ရောက်ကိုင်တွယ်နေခဲ့တာပါ။ အရှင်မင်းကြီးကတော့ အနားယူနေပြီး အတွေ့မခံနိုင်တော့ စည်းမျဉ်းတွေအရ ငါကဒီမှတ်တမ်းလွှာကျမ်းကို ပထမမင်းသားကိုပဲ စစ်ဆေးသုံးသပ်ဖို့ ပို့ဆောင်ထားရပါတယ်။ သူတော်စင်ဧကရာဇ်ကို တွေ့ခွင့်ရတဲ့အချိန်မှ နောက်ထပ် အကြမ်းစာလွှာကိုကူးယူပြီး တရားဝင်တင်မှာပါ”
လျိုရှန်းတုံး၏ ဒူးထောက်ထားသော ခန္ဓာကိုယ်က ကြောက်လန့်မှုကြောင့် တုန်လာသည်။
“ကျွန်တော်က ဒီအခြေအနေထဲကို အတင်းဆွဲသွင်းခံရတာပါ။ အခြားရွေးချယ်စရာ မရှိလို့ပါ။ အရှင့်သား ကျေးဇူးပြုပြီးကူညီပေးပါ”
ထိုစကားကိုပြောပြီးနောက် လျိုရှန်းတုံးက ဝမ်ချောင်၏ခြေထောက်ကို အသက်ကယ် ကောက်ရိုးမျှင်လိုမျိုး ခပ်တင်းတင်းဖက်သည်။
သူက ကျန်းရှို့ကွေးကို စစ်မတ်မှတ်တမ်းလွှာကို အတုပြုလုပ်ပြီး ထိုသို့ကူညီပေးခဲ့သည်မှာ လူအနည်းစုကသာ သိသောကြောင့်လည်းဖြစ်သည်။ ဒုတိယမြောက် အကြောင်းပြချက်ကမူ ကျန်းရှို့ကွေး၏ အာဏာကြောင့်ဖြစ်သည်။ ရိုကျိုးတွင် ကျန်းရှို့ကွေးသည် အင်အားကြီးမားလွန်းသည့် မတော်တဆမှုတိုင်းကို ဖိနှိပ်နိုင်သည်။ သူ၏ခြိမ်းခြောက်မှုနှင့် ပေါင်းစပ်နေပြီး လျိုရှန်းတုံးက လက်ရှိအနေအထားမျိုးထိ ရောက်ရှိသွားခဲ့ရခြင်းဖြစ်သည်။
သို့သော် ထိုကိစ္စက ပေါ်သွားသည့်အခါ အရှင်သခင်ကို လှည့်ဖျားသော လုပ်ရပ်က သေးငယ်သော ပြစ်မှုမဟုတ်ချေ။ လျိုရှန်းတုံးကပင် သူသည်မည်သု့ိ အဆုံးသတ်နိုင်ကြောင်း ဆက်မတွေးရဲတော့ချေ။
“အရှင်လျို မင်းက ကိုယ့်လုပ်ရပ်ကို ကောင်းကောင်းနားလည်ပြီး ပြင်ဆင်ထားတာကောင်းတယ်။ အဲ့လိုမှမဟုတ်ရင် မင်းကိုစောင့်ကြိုနေမှာက တစ်စစီဆွဲဖြဲခံပြီး ကွပ်မျက်ခံရတာပဲ”
ဝမ်ချောင်က ထိုင်ခုံနေရာတွင်သာ ဆက်ထိုင်နေရင်းပြောလိုက်သည်။
လျိုရှန်းတုံးက တုန်ယင်သွားသည်။ သူသည် တစ်စစီဆွဲဖြဲလျှက် သတ်ဖြတ်သည်ဆိုသော ကိစ္စမျိုးကို ယခင်မင်းဆက်များတွင် မကြားဖူးသော်လည်း မေးခွန်းထုတ်ရန် မလိုလောက်အောင် တအားဆိုးရွားသည့် သေခြင်းဖြစ်သည်။
“အရှင်လျို ဆေးကောင်းတိုင်းကခါးတယ်။ သစ္စာရှိတဲ့ အကြံပေးတိုင်းက နားမခံသာတဲ့ စကားမျိုးတွေကို ပြောရတယ်။ ငါမင်းကို အကြံပေးချင်တာကတော့ အခုချက်ချင်း ရိုကျိုးရဲ့ကိစ္စကို အမှန်တိုင်းတင်ပြဖို့ပဲ ပြောချင်တယ်။ ဒါတွေအပြင် အန်းတုံးကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် ကျန်းရှို့ကွေးဆီကိုလည်း စာပု့ိပြီး ဒီကိစ္စက ပေါ်သွားတဲ့အကြောင်း သူ့ဘာသာသူ အပြစ်ဝန်ခံစာကို တော်ဝင်ခုံရုံးကို တင်ပြသင့်ကြောင်း ပြောလိုက်ပါ။ ဒါတွေအားလုံး လုပ်ပြီးသွားတဲ့အခါ အချိန်ရသေးတယ်။ အဲ့လိုမှမဟုတ်ရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ဘယ်သူကမှ သူတော်စင်ဧကရာဇ်ကို မလှည့်ဖျားရဲခဲ့ဘူး။ ဒီတော့ ဘာဖြစ်မလဲဆိုတာကို မင်းသိသင့်ပါတယ်”
“နားလည်ပါပြီ နားလည်ပါပြီ ဒီအစေခံက အခုချက်ချင်းပဲ လုပ်သင့်တာတွေကို သွားလုပ်လိုက်ပါ့မယ်”
1247 03
လျိုရှန်းတုံးက ကြောက်လန့်မှုအပြည့်နှင့်ပြောသည်။ မည်သည့်စကားတစ်ခွန်းမှ မဆိုတော့လေဘဲ ဝမ်ချောင်က ထိုင်ခုံမှထသည်။ မည်သို့ပင်ဆိုစေ လျိုရှန်းတုံး၏ကိစ္စက အလွယ်တကူ ကိုင်တွယ်၍မရချေ။ အကြောင်းမူကား ဒါဟာ သူတော်စင်ဧကရာဇ်ကို လှည့်ဖျားခြင်းဖြစ်နေသည်။ မည်သူကမှ သူ့ကို မကယ်နိုင်ချေ။ သို့သော် အနည်းဆုံး တစ်ဖက်သူကို မသေစေချင်သေးပေ။
ဝမ်ချောင်က အခန်းထဲမှ ခပ်မြန်မြန်ထွက်သွားပြီး အနောက်ဘက်တွင် လျိုရှန်းတုံး၏ အားနည်းသော ခန္ဓာကိုယ်လေးက ပြိုလဲကျသွားသည်။ သူ၏အဝတ်များက ချွေးစေးများစိုနေသည်။
“သွားရအောင် ဒါတွေအပြင် သူ့ကိုအလကားစားခိုင်းလိုက်ပါ။ နောက်ရက်အနည်းငယ်အတွင်း သူဘာမှ စားနိုင်တော့မှာမဟုတ်ဘူး”
ဝမ်ချောင်ကပြောသည်။
“ဟုတ်ကဲ့အရှင်”
...
သူသည် ထိုက်ပိုင်ကျောင်းဆောင်မှ ထွက်လာသောအခါ လမ်းဘေးတွင် ပုံရိပ်တစ်ခုကရပ်ပြီး သူ့ကိုစောင့်နေသည်။
“အရှင်”
ဝမ်ချောင်က ထွက်လာကြောင်း မြင်သောအခါ ရွှီခဲ့ယွီက ချက်ချင်းလိုလို လာရောက်ကြိုဆိုသည်။
“အခြေအနေ ဘယ်လိုလဲ”
ဝမ်ချောင်ကမေးလိုက်သည်။
“အရှင် အန်းတုံးကာကွယ်စောင့်ရှောက်ရေး စစ်တပ်ကို ပို့မဲ့စာကို ပြင်ဆင်ပြီးပါပြီ။ အချိန်မရွေး ရိုကျိုးကို ပို့လို့ရပါတယ်”
ဝမ်ချောင်က လျိုရှန်းတုံးနှင့် ထိုက်ပိုင်ကျောင်းဆောင်အတွင်း စကားပြောနေခဲ့ချိန်တွင် ရွှီခဲ့ယွီကမူ ဘေးခန်းတွင်ဖြစ်သည်။ ဝမ်ချောင်က ထွက်လာသောအခါ ရွှီခဲ့ယွီက စာရေးပြီးသွားလေပြီ။
“အရမ်းကောင်းတယ် ငါတို့ရဲ့ အမြန်ဆုံးသောငှက်နဲ့ပို့လိုက်”
ဝမ်ချောင်ကပြောသည်။
“ဟုတ်ကဲ့အရှင်”
ထိုက်ပိုင်နန်းဆောင်မှ ထွက်ပြီးနောက် ဝမ်ချောင်က သူ၏အိမ်သို့တိုက်ရိုက်ပြန်သည်။
ညအချိန်ရောက်လာသောအခါ ဝမ်မိသားစု၏ စံအိမ်ကြီးက တိတ်ဆိတ်နေသည်။ အစေခံများ နောက်လိုက်များ အားလုံးက အိပ်ယာဝင်ကုန်ကြလေပြီ။ သို့သော် ဝမ်ချောင်၏စာကြည့်ဆောင်ကမူ မီးအိမ်တစ်ခုကြောင့် လင်းနေသေးသည်။ ဝမ်ချောင်က အတွင်းတွင်ထိုင်နေသည်။ သူသည် အိပ်ချင်စိတ်မရှိပါချေ။ သူသည် တစ်စုံတစ်ရာကို စောင့်နေပုံရသည်။
တက် တက်
အချိန်တစ်ခုကြာပြီးနောက် တံခါးမှ ခေါက်သံတိုးတိုးကို ကြားရသည်။
“ဝင်ပါ”
တံခါးကအနည်းငယ် ပွင့်သွားပြီး အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော သိန်းငှက်အိုကြီးက သရဲတစ်ကောင်လိုမျိုး လျောဝင်လာသည်။
“သိန်းငှက်အိုကြီးက အရှင့်ကို ဂါရဝပြုပါတယ်”
သိန်းငှက်အိုကြီးက ဝမ်ချောင်နှင့် ခြေငါးလှမ်းအကွာတွင်ရပ်ပြီး ဒူးတစ်ဖက်ထောက်ချသည်။
“စုံစမ်းစစ်ဆေးတာ အခြေအနေဘယ်လိုလဲ”
ဝမ်ချောင်က မျက်လုံးကိုဖွင့်လိုက်သည်။
“အရှင် အရှင်ခန့်မှန်းထားတဲ့အတိုင်းပဲ။ ကျန်းချောင်ရှုကို စွပ်စွဲအကဲဖြတ်ပြီးတဲ့နောက်မှာ ဒီလူတွေက စတင်ပြီး လှုပ်ရှားလာကြတယ်။ ငါတို့ရဲ့လူတွေက ဘယ်နေရာမှာမှတ်တမ်းလွှာတွေရှိတယ်။ ဘယ်နေရာမှာ တင်ပြချက်တွေ ထိန်းသိမ်းထားတယ်ဆိုတာကို အနီးကပ် စောင့်ကြည့်ခဲ့ပါတယ်။ နှစ်နာရီဆက်တိုက် စောင့်ပြီးတဲ့နောက်မှာမှ ငါတို့ရဲ့လူတွေက အခြားတင်ပြလွှာတွေကို ရှာဖွေဖို့ ဝင်ရောက်သွားခဲ့ရင်း အခြားအရာတွေကိုလည်း ရှာတွေ့ခဲ့ပါတယ်”
သိန်းငှက်အိုကြီးက ခေါင်းကိုမော့လိုက်သည်။ ထို့နောက် ခပ်ထူထူ တင်ပြလွှာနှစ်စောင်ကို ထုတ်လာပြီး ဝမ်ချောင်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးပြန်သည်။ ဝမ်ချောင်က ပထမတစ်ခုကိုယူသည်။ ထု့ိနောက် ဖွင့်မဖတ်သေးဘဲ ဒုတိယမြောက်တစ်ခုကို ပြန်ကြည့်သည်။ ထိုအခါ သူ၏မျက်ခုံးက ပင့်တက်သွားပြီး မျက်နှာက အနည်းငယ် ဖြူဖျော့သွားသည်။
သိန်းငှက်အိုကြီးက ခေါင်းမော့ပြီး ခပ်တင်းတင်းပြောသည်။
1247 04
“အရှင် ငါတို့ နေ့အချိန်မှာကတည်းက ဒီမှတ်တမ်းလွှာတွေအားလုံးကို စစ်ဆေးကြည့်ခဲ့ပြီးပါပြီ။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က တင်ပြချက်တွေ မှတ်တမ်းလွှာတွေအားလုံးက အရမ်းကို သစ်လွင်နေတဲ့ စာတွေနဲ့ ရေးထားတဲ့ ပုံစံမျိုးနဲ့ပဲ ခုံရုံးမှာ ပေါ်လာခဲ့တာပါ။ ဒါက အရမ်းကို သိသာထင်ရှားလွန်းတဲ့ ပြစ်ချက်ပါ။ ဒါပေမဲ့ ညအချိန်ရောက်မှာတော့ အရာအားလုံးက ပြောင်းလဲသွားတယ်။ ဒီစာရွက်တွေရဲ့ မာကြောမှုနဲ့ အခြေအနေတွေက အရမ်းကိုသစ်လွင်နေတဲ့ စာရွက်အနေအထားမျိုး ဖြစ်နေသင့်သေးပေမဲ့လည်း ဘယ်လိုနည်းလမ်းမျိုးကို သူတို့သုံးလိုက်သလဲတော့ မသိဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သိမ်းဆည်းထားတဲ့ ပုံစံအတိုင်း ပြောင်းလဲသွားပါတယ်”
ဝမ်ချောင်က ကျားကိုခြောက်ရန် တောင်ကိုလှုပ်ခါခဲ့သည်။ ဒီနည်းအားဖြင့် မြွေကိုတွင်းထဲမှ ထွက်လာစေလိုခဲ့သည်။ သူသည် ကျန်းချောင်ရှု၏ နည်းလမ်းကိုသုံးပြီး နောက်ကွယ်မှ ကြံစည်သူကို စိတ်မရှည်ဖြစ်လျှက် ကိုယ့်ကိုယ့်ကို လူလုံးထွက်ပြစေလိုခဲ့သည်။ သို့ရာတွင် ထိုအခြေအနေတွင် အတိုင်းအတာများလည်းရှိသည်။ ကျန်းချောင်ရှုက သူတို့အား ပြင်းထန်သည့် ခြိမ်းခြောက်မှုကြီး ဖြစ်စေလောက်သောကြောင့် ဖြစ်လောက်သည်။ ထိုလူများအားလုံးက တစ်ရက်တည်းနှင့် ထိုအမှားကို ပြင်ဆင်ရန် ကြိုးစားလိုက်ကြသည်။
“အရှင် သူတို့ဘယ်လိုလုပ်လိုက်လဲဆိုတာကို ငါတကယ်မသိဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က စာရွက်သားက တဖြည်းဖြည်းချင်း ကွဲအက်ပြီး ဆွေးမြေ့နေသင့်တာ။ ဒီမှတ်တမ်းလွှာတွေလိုမျိုး အကောင်းတိုင်း ရှိမနေသင့်ဘူး။ ဒီလိုလုပ်နိုင်တဲ့ လူမျိုးတွေကို ငါတစ်ခါမှ မတွေ့ဖူးဘူး”
သိန်းငှက်အိုကြီးကပြောသည်။
“သူတို့ကဒီတိုင်း ရက်အနည်းငယ်လောက် အရောင်ဆိုးပြီး အပူပေးထားရုံပါပဲ။ ထင်သလောက် လေးစားဖို့လည်း မကောင်းပါဘူး”
ဝမ်ချောင်က တည်ငြိမ်စွာသာပြောသည်။
မိန်းမဆိုးအိုကြီးက စိတ်ရှုပ်ထွေးသွားသည်။ သို့သော် ဝမ်ချောင်က ရှင်းပြမနေချေ။ အခြားသောလောက တစ်ခုတွင် ထိုကဲ့သို့သော ရှေးဟောင်းပစ္စည်း အတုလုပ်သည့် နည်းလမ်းမျိုးက ထင်ရှားသည်။ ဒီလောကတွင်သာ လူအများစုက မသိကြခြင်းဖြစ်သည်။ သို့သော် သူတို့၏ လုပ်နိုင်စွမ်းရည်ကလည်း မှင်သက်ဖွယ်ကောင်းနေပြီဖြစ်သည်။
+++++
1248 01
အခန်း(၁၂၄၈)
“ဟုတ်ကဲ့အရှင် နောက်ပြီးကိစ္စတစ်ခု ရှိပါသေးတယ်”
တစ်စုံတစ်ရာကို မှတ်မိသွားသလိုမျိုး သိန်းငှက်အိုကြီးက ရုတ်တရက် ခေါင်းမော့လိုက်သည်။
“အရှင်ကျန်းချုံက ကျန်းရှောင်ရှုဟာ အကျဉ်းထောင်ထဲမှာ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်ဆိုပြီး အကြောင်းကြားလာပါတယ်။ သူက မသေခင်မှာ သူ့ရဲ့တင်ပြလွှာတွေကို လုပ်ဇာတ်ခင်းထားတဲ့အကြောင်း ဝန်ခံခဲ့သလို အပြစ်တွေအားလုံးကို ခံယူပါကြောင်း စာချန်သွားတယ်။ ဒီလိုနဲ့ မဟာဆရာနဲ့ အခြား ပြည်တွင်းရေးရာ အရာရှိတွေ အပြစ်တင်မခံရအောင် ခွင့်လွှတ်ပေးဖို့ပြောသွားတယ်။ နောက်ပြီး ကျန်းရှာင်ရှုက သူ့ရဲ့စာတွေထဲမှာ သူဟာ တိုင်းပြည်ကို ရိုးသားတဲ့ ချစ်ခြင်းတရားကြောင့် ဒီလိုလုပ်ခဲ့တာဖြစ်ကြောင်း ဖော်ပြထားတယ်။ သူ့ရဲ့နည်းလမ်းတွေက မှားပေမဲ့လည်း သူ့မှာအခြားဆိုးရွားတဲ့ ရည်ရွယ်ချက် မရှိပါဘူးတဲ့။ တိုင်းပြည်မှာ ကိုယ်ပိုင်စည်းမျဉ်းတွေရှိပြီး ကလန်တွေမှာလည်း ကိုယ်ပိုင်စည်းကမ်းတွေရှိတယ်။ ဒီလိုအပြစ်မျိုးကို ကျူးလွန်ခဲ့ပြီးတဲ့နောက်မှာ သူ့ကိုအပြစ်ပေးဖို့ လိုအပ်တယ်လို့ထင်တယ်။ ဒါပေမဲ့ အရှင်မင်းကြီးက မဟာဆရာနဲ့ အခြားပြည်တွင်းရေးရာ အမတ်တွေလိုမျိုး အမှန်တရားကို မသိတဲ့လူတွေကိုတော့ အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်တဲ့”
သိန်းငှက်အိုကြီးက ကျန်းရှောင်ရှု၏ စာထဲမှ ကိစ္စများ အားလုံးနီးပါးကို ထုတ်ပြောလာသည်။
“ဘာ”
ဝမ်ချောင်က သိန်းငှက်အိုကြီး၏ စကားလုံးများကြောင့် မျက်ခုံးပင့်သွားသည်။ သူသည်လည်း ကျန်းချုံကျန့်ချုံးက စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာရုံးတော်မှ ကျန်းရှောင်ရှု၏ အနားရှိ လူအင်အားကို တိုးချဲ့ရန် အကြံပေးထားပြီးသားဖြစ်သည်။ ဒီနည်းအားဖြင့် မတော်တဆမှုများမဖြစ်အောင် ကာကွယ်နိုင်ရန် မျှော်လင့်ခဲ့သည်။ သို့သော် ကျန်းချုံကျန့်ချုံးသည်လည်း တစ်ဖက်သူဟာ ကိုယ့်ကိုယ်ကို သတ်သေသွားလောက်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
“အသက်ရှင်ဖို့အတွက် အမြှီးကိုဖြတ်လိုက်တာပဲ။ သူတို့က ဒီတစ်ကြိမ်မှာ ရှင်းရှင်းလင်းလင်း လွတ်သွားတယ်”
ဝမ်ချောင်က မျက်လုံးကိုမှိတ်လိုက်သည်။ သူသည် လှုပ်ရှားမှု ကင်းမဲ့သွားပြန်သည်။ ဝမ်ချောင်သည် ဒါဟာ ကျန်းရှောင်ရှု၏ စိတ်ဆန္ဒအရလော သို့မဟုတ် တမင်တကာ နောက်ကွယ်မှလူက ကြံစည်ထားခြင်းကြောင့်လော မဆုံးဖြတ်နိုင်ချေ။ သို့သော် ကျန်းရှောင်ရှု၏ သေဆုံးခြင်းကိုမူ သံသယမဝင်ပါချေ။ နောက်တွင်လည်း သဲလွန်စ ကျန်ရစ်လိမ့်မည်မဟုတ်ချေ။ ထို့ပြင် နည်းပညာကျကျ သက်တမ်းရင့် မှတ်တမ်းလွှာများအဖြစ် ပြောင်းလဲထားသောသူများကလည်း သူတို့၏ တာဝန်ယူရမည့် ကိစ္စများအားလုံး ကိုင်တွယ်ပြီးလေပြီ။
အင်ပါယာခုံရုံးတွင် အသစ်စက်စက် ထူးဆန်းသည့် အရာရှိများက ပေါ်လာသည်။ ဝမ်ချောင်ကပင် သူတို့ကို ဘာမှဆက်မလုပ်နိုင်သေးချေ။
အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဝမ်ချောင်က သူ၏နထင်ကို နှိပ်နယ်ရင်း မျက်လုံးကိုတဖန် ပြန်ဖွင့်သည်။ သူသည် အတိတ်ကကိစ္စများကို မပြောင်းလဲနိုင်ချေ။ သို့သော် ရလဒ်များကို လက်ခံရပေလိမ့်မည်။
“ငါနားလည်ပြီ မင်းသွားတော့”
“ဒါတွေအပြင် ဒီပိုးသားအိတ်ကို ယူထား။ မင်းထွက်သွားပြီးမှ ဖွင့်ကြည့်လိုက်။ မှတ်ထား အိတ်ထဲက အကြောင်းအရာတွေကို ဘယ်သူ့ကိုမှ မသိစေနဲ့”
“ဟုတ်ကဲ့အရှင်”
သိန်းငှက်အိုကြီးက အိတ်ကိုယူပြီး ခပ်မြန်မြန်ထွက်သွားသည်။
“ကြည့်ရတာ ငါကျန်းရှောင်ရှုကို သုံးလို့မရတော့ဘူး”
ဝမ်ချောင်က ခပ်တိုးတိုးရေရွတ်သည်။ သူ၏လက်ညိုးက စားပွဲကို အသာခေါက်နေပြန်သည်။
သူ၏ပြိုင်ဘက်က သူထင်ထားသည်ထက် ပို၍မြန်ဆန်စွာ လှုပ်ရှားသွားသည်။ သို့သော် ဒါသည်လည်း အဆင်ပြေသေးသည်။ သူမျှော်လင့်ထားသည့်အတွင်းတွင် ရှိနေသေး၏။ ကျန်းရှောင်ရှုကို အသုံးပြုခဲ့ခြင်းက တစ်ဖက်သူများအားခြောက်ရန် ထိတ်လန့်သွားအောင်လုပ်ရန်သာဖြစ်သည်။
မြွေကိုရိုက်သောအခါ သေစေနိုင်သောနေရာကို ရိုက်ရသည်။ သူသည် ထိုမှတ်တမ်းလွှာများ၊ စာလွှာများကိုမှီခိုပြီး ပြိုင်ဘက်ရန်သူများကို ပျောက်ကွယ်သွားအောင် မလုပ်နိုင်ပါချေ။
“မင်းကပေါ်လာပြီဆိုမှတော့ ဆက်ပုန်းနေဖို့ မစဉ်းစားနဲ့တော့။ ငါနောက်ထပ် ဆက်လုပ်မှာက မင်းကိုဆွဲချပြီး ဘယ်နေရာကလာလဲဆိုတာ ကြည့်ရုံပဲ”
ဝမ်ချောင်က မျက်လုံးကို တဖြည်းဖြည်းချင်းမှိတ်သည်။ ထို့နောက် စာကြည့်ဆောင်အတွင်း တိတ်ဆိတ်မှုက ကြီးစိုးသွားပြန်သည်။
.....
1248 02
ဝမ်ချောင်၏ ဒေါ်လေးဖြစ်သူထံမှ တော်စပ်ထားသော ဦးလေးလီလင်းက နောက်တစ်ရက် နေ့လည်တွင် ရောက်လာသည်။
“ချောင်အာ မင်းငါ့ကိုရှာတာလား”
လီလင်းသည် စံအိမ်ထဲသို့ အလောတကြီး ပြေးဝင်လာသည်။ သူက ခန်းမထဲသို့မရောက်သေးခင် သူ၏အသံက ပဲ့တင်ထပ်နေပြီဖြစ်သည်။
နှစ်ဝက်ကျော်ခန့်ကြာပြီးနောက် လီလင်းသည် ကောင်းမွန်စွာ ကျင့်ကြံနိုင်ခဲ့သလို ယခင်က ဝမ်ချောင် တစ်ဖက်သူကို စမြင်ခဲ့ပုံနှင့်ခြားနားလာပြီဖြစ်သည်။ သူသည် နဂါးတစ်ကောင်လို ပြုမူပုံများ ရှိလာသလို ကျားတစ်ကောင်၏ အကြည့်မျိုးကို ပိုင်ဆိုင်လာသည်။ ထို့ပြင် ပြင်းထန်သည့် အရှိန်အဝါ စွမ်းအင်အပြည့်နှင့် လျှောက်ဝင်လာခြင်းဖြစ်သည်။
လီလင်းဟာ မြို့ဂိတ်ကို စောင့်ကြပ်ရသော အငယ်တန်းအရာရှိတစ်ယောက်ဘဝမှ ယခုလို မေးရိုးအဟောင်းသား ဖြစ်စေလောက်အောင် ပြောင်းလဲလာကြောင်းကိုသာ အားလုံးက နားလည်ထားလောက်သည်။ သို့သော် အရာအားလုံးကမူ ဝမ်ချောင်ကြောင့်ဖြစ်သည်။
“ဦးလေး ဦးလေးကို ဒုက္ခပေးစရာ ကိစ္စတစ်ခုရှိနေတယ်”
ဝမ်ချောင်က လိုရင်းကို တိုက်ရိုက်ပြောသည်။
“ဟား ဟား ပြောလိုက်စမ်းပါ။ ငါလုပ်နိုင်တာမှန်သမျှ မြေပြင်ကို သုံးပေနက်အောင် တူးရမယ်ဆိုရင်တောင် ငါလုပ်မှာ”
လီလင်းကပြောသည်။
ဝမ်ချောင်က စားပွဲကိုညွှန်ပြရင်း ပြောသည်။
“အဲ့ဒီစားပွဲပေါ်မှာ သတင်းအချက်အလက်အချို့ရှိတယ်။ ငါက ဦးလေးအနေနဲ့ မြို့စောင့်တပ်က လူတွေကို လှုပ်ရှားစေပြီး မြို့တော်က ဒီလူတွေကို စုံစမ်းစစ်ဆေးလိုချင်ရုံပဲ။ သူတို့က မြို့တော်မှာ ငါးလထက်မကြာတဲ့ ကာလအတောအတွင်း နေထိုင်ခဲ့တဲ့ ကွန်ဖြူးရှပ်ဝါဒသုံး အသက်(၂၆)နှစ် (၂၇)နှစ်အရွယ် လူတစ်ယောက်ကို ရှာပေးစေချင်တယ်။ နောက်ပြီး အဲ့ဒီလူက ကွန်ဖြူးရှပ် ကျောင်းတော်တွေအကြားမှာ အနိမ့်စား ဂုဏ်သတင်းအချို့တော့ ပိုင်ဆိုင်ထားလောက်တယ်”
“ချောင်အာ မင်း...”
လီလင်းက အံ့အားတကြီး မျက်တောင်ခတ်လိုက်သည်။ ဝမ်ချောင်၏ တောင်းဆိုမှုက သိသာစွာပင် ထူးဆန်းလွန်းနေသည်။ သို့သော် လီလင်းဟာလည်း အရူးမဟုတ်ချေ။ ဒီအချိန်ကာလ အတောအတွင်း မဟာထန်တွင် ဖြစ်ပွားခဲ့သော ကိစ္စများက ခိုရာစန်းသီးသန့်သာ မဟုတ်ကြောင်းကိုလည်း သူသည်လည်း နားလည်နေသည်။
“ချောင်အာ မင်း ဒီလူတွေရဲ့ သဲလွန်စကို ရှာတွေ့ပြီလား”
“အွန်း”
“အရာအားလုံးကသာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာရင် ငါရှာနေတဲ့လူက ဒီအဖွဲ့ထဲမှာပဲ။ ဒါကြောင့် ဦးလေးအနေနဲ့ ဒီလူတွေကိုအမြန်ဆုံး စုံစမ်းစစ်ဆေးပေးပြီး သင့်တော်တဲ့ မှတ်တမ်းလွှာတွေနဲ့အတူ တင်ပြပေးဖို့ မျှော်လင့်ပါတယ်”
ပြိုင်ဘက်ကို ဆွဲထုတ်ခြင်းက ပထမခြေလှမ်းဖြစ်သည်။ ယခုအခါ ဝမ်ချောင်က အစစ်အမှန် တိုက်ခိုက်ရမည့်အလှည့် ရောက်လာလေပြီ။ သူ၏ပြိုင်ဘက်က သူ့ကိုယ်သူ ကောင်းကောင်း ဖုံးကွယ်ထားနိုင်သည်ဟု ထင်ကောင်းထင်လောက်သည်။ သို့သော် ဝမ်ချောင်ကမူ သေးငယ်သည့် သဲလွန်စတစ်ခုသာ ရှိသော်လည်း တစ်ဖက်သူကို အလွယ်တကူ ထွက်ပြေးခွင့် ပြုလိမ့်မည်မဟုတ်ချေ။
အသက်(၂၆)နှစ် (၂၇)နှစ်အရွယ် လူငယ်တစ်ယောက်ကို မြို့တော်အတွင်းတွင် ရှာရသောကိစ္စက သမုဒ္ဒရာထဲမှ အပ်ကိုရှာရသည်နှင့်တူသည်။ သို့သော် တစ်ဖက်သူသည် ကွန်ဖြူးရှပ် ပညာသင်သား တစ်ယောက်ဆိုလျှင်မူ ရှာဖွေရမည့်နယ်ပယ် ကျဉ်းမြောင်းသွားလေပြီ။
ပို၍ဆိုးသည်မှာ မဟာဆရာ၊ လီလင်းဖူနှင့် ဘုရင်ချီတို့ကို တစ်ချိန်ထဲလိုလို စုစည်းနိုင်သည့် တစ်စုံတစ်ယောက်အနေနှင့် ထိုလူဟာ သာမာန်စွမ်းရည်သာရှိသောလူ သာမာန်ပုဂ္ဂိုလ်တစ်ယောက် မဖြစ်နိုင်ချေ။ နောက်ခံအတုတစ်ခုကို ထုတ်သုံးထားလျှင်ပင် အနည်းဆုံး ကွန်ဖြူးရှပ် ပညာသင်သားများအကြား အနိမ့်စား ကျော်ကြားမှုတစ်ခုတော့ဖြင့် ရှိရပေမည်။
ပို၍ဆိုးသည်မှာ ဝမ်ချောင်သည် မြို့တော်တွင် ဘဝတစ်ဝက်ကျော်ကျော်ခန့် နေထိုင်ခဲ့သည်။ ထို့ကြောင့် မြို့တော်အတွင်းတွင်ရှိသော အမျိုးမျိုးသော ကျောင်းတော်များအကြောင်း အနည်းနှင့်အများ နားလည်ထားသည်။ သို့ရာတွင် ယခုလိုလူများအကြောင်းကို မကြားဖူးသောကြောင့် ထိုလူသည် မြို့တော်တွင် နေထိုင်သည်မှာ ငါးလမကျော်လောက်သေးသည့် အပြင်လူဖြစ်ကြောင်း ရှင်းလင်းနေသည်။
ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သော လူများက တစ်ရာဝန်းကျင်ခန့် ရှိလောက်သည်။ မြို့စောင့်တပ်များ၏ လုပ်ဆောင်နိုင်စွမ်းအားနှင့်ဆိုလျှင်မူ ထိုလူများကိုရှာရန် သိပ်မကြာလောက်ချေ။
“နားလည်ပြီ ဒီကိစ္စကို ငါ့တာဝန်ထား”
1248 03
လီလင်းက ခေါင်းညိမ့်လိုက်ပြီး ခပ်မြန်မြန် လေးနက်တည်ကြည်သွားသည်။ သူသည် စားပွဲပေါ်မှ စာရွက်အထပ်လိုက်ကို ယူပြီးနောက် စကားတစ်ခွန်းမဆိုဘဲ ထွက်သွားသည်။ ဝမ်ကလန်၏ ထိပ်ဆုံးမှ အောက်ဆုံးအထိ အရာအားလုံးက ဝမ်ချောင်၏စစ်အာဏာကို ရုတ်သိမ်းစေခဲ့သော နောက်ကွယ်မှ ကြံစည်သူကို အလွန်အမင်း ဒေါသထွက်နေကြသည်။ လီလင်းသည်လည်း ဝမ်ချောင်၏မျက်နှာကို စောင့်ကြည့်နေခဲ့ရသူဖြစ်သည်။ ဝမ်ချောင်တွင်ဖြစ်သွားသော ကိစ္စက ဝမ်ချောင်ကိုယ်တိုင်ထက်ပင် သူက ဒေါသထွက်မိသေးသည်။
လီလင်းက သူလာရောက်ချိန်ကအတိုင်း သိပ်မကြာခင် အလျှင်အမြန် ထွက်သွားသည်။ သိပ်မကြာခင် မြို့စောင့်တပ်ဆီရောက်သွားသည်။
“လာ လာ လာ အားလုံးပဲ ငါ့ရဲ့အမိန့်ကို နာခံကြစမ်း။ အခုချက်ချင်း လွှတ်လို့ရသမျှ လူတွေအားလုံးကို မြန်မြန်သာလွှတ်ကြ”
“အသက်(၂၆) (၂၇)နှစ်အရွယ်ရှိမယ်။ ကွန်ဖြူးရှပ်ပညာရှင်တစ်ယောက် နောက်ပြီး မြို့တော်မှာ နေထိုင်တာ ငါးလမကျော်သေးတဲ့သူ။ ဂုဏ်သတင်းအနည်းငယ်လည်း ရှိလိမ့်မယ်။ ဒီအခြေအနေနဲ့ ပြည့်မှီတဲ့လူကို ရှာကြ။ ငါအဲ့ဒီလူကိုရှာတွေ့တာမျိုးကို လိုချင်တယ်။ မင်းတို့ မြေကြီးမှာ သုံးပေလောက် တွင်းတူးရမယ်ဆိုရင်တောင် ရအောင်ရှာမှ ကျေနပ်မယ်”
လီလင်း၏အသံက မြို့စောင့်တပ်အတွင်း ပဲ့တပ်ထပ်သွားသည်။ သူသည် ရာထူးမြင့်သော အရာရှိတိုင်းကို ဆင့်ခေါ်လိုက်ပြီး ထိုသို့အမိန့်ထုတ်လိုက်ခြင်းဖြစ်သည်။ တခဏခန့်ကြာပြီးနောက် မြို့စောင့်တပ်မှ စစ်သားများအားလုံး၏ မြင်းခွာသံများက မိုးခြိမ်းသံလို ပဲ့တပ်ထပ်သွားသည်။ သူတို့အားလုံးက ထွက်သွားကြသည်။
မြို့စောင့်တပ် စစ်သည်တစ်သောင်းကျော်ခန့်က ကြီးမားသော စက်ကြီးတစ်ခုလိုမျိုး စတင်ကာ လည်ပတ်ပြီး အလုပ်လုပ်သည်။ မဟာထန်၏ မြို့တော်က ဗဟိုပြင်ကျယ်ကြီး၏ နှလုံးသား အချက်အချာ နေရာဖြစ်သည်။ စီရင်စုကိုးခုမှ လူများအားလုံး စုစည်းနေကြပြီး လူတစ်သန်းကျော်၏ အိမ်လည်းဖြစ်သည်။ ယခုလို စည်ကားလွန်းသော မြို့ကြီးတွင် မြောက်များလွန်းသော လူဦးရေအတွင်းမှ ရှာဖွေရသောကိစ္စက လွယ်ကူသော တာဝန်မျိုးလည်းမဟုတ်ချေ။ သို့သော် မြို့တော်တွင် လူပေါင်းများစွာ ရှိနေသော်လည်း ကွန်ဖြူးရှပ်ပညာရှင်များကမူ နည်းသည်။ ထို့ကြောင့် ရှာဖွေရသည့် အတိုင်းအတာကိုမူ မြို့စောင့်တပ်များက လုပ်နိုင်သေးသည်။
ဝမ်ချောင်ကလည်း အလျင်မလိုပါချေ။ သူသည် စံအိမ်ထဲတွင် တိတ်တဆိတ်သာ စောင့်နေသည်။ မျှားကိုပစ်ပြီးလေပြီ။ ထို့ကြောင့် မြေသို့ကျသည့်ရက်ကတော့ဖြင့် ရောက်လာပေလိမ့်မည်။ ဝမ်ချောင်ကလည်း နောက်ဆုံးရလဒ်ကိုသာ စောင့်နေပေလိမ့်မည်။
....
ထိုအချိန်တွင် အရှေ့မြောက်ပိုင်း... ဝေးကွာလွန်းသော ရို့ကျိုးတွင် မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ပျံသန်းနေသော သိန်းငှက်လေးတစ်ကောင်က အန်းတုံးကာကွယ်စောင့်ရှောက်ရေး စစ်တပ်၏ ဌာနချုပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
“မျိုးမစစ်ကောင် ဝမ်ချောင် မင်းကငါ့ကို ခြိမ်းခြောက်နေတာလား”
စာကိုဖတ်ပြီးနောက် ကျန်းရှို့ကွေးက လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး စားပွဲကိုထုသည်။ ခိုင်မာလွန်းသော သတ္ထုစားပွဲကြီးက စက္ကူသားဖြင့် လုပ်ထားသလိုမျိုး ကြေမွသွားသည်။ ရိုကျိုး၏ နယ်မြေကပင် တုန်သွားသေးသည်။
“စုံစမ်းစမ်း ငါဒါကို အခုချက်ချင်း စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်။ ဒီသတင်းကို ဘယ်သူက ပေါက်ကြားစေတာလဲ။ ငါသူ့ကိုရှာတွေ့တာနဲ့ စုတ်ဖြဲပစ်မယ်”
ကျန်းရှို့ကွေးက အံ့ကိုကြိတ်လိုက်သည်။ သူ၏တစ်ကိုယ်လုံးက ဒေါသများဖြင့် တောက်လောင်နေသည်။
“ဟုတ်ကဲ့အရှင်”
ကျန်းရှို့ကွေး၏အနောက်မှ မျက်နှာဖြူဖြူနှင့် အရာရှိတစ်ယောက်က ချက်ချင်းလိုလို နောက်လှည့်ကာ ထွက်သွားသည်။
“ဒါပေမဲ့အရှင် ငါတို့မြို့တော်နဲ့ပတ်သတ်ပြီး ဘယ်လိုလုပ်ကြမလဲ။ လျိုရှန်းတုံးက ဒီကိစ္စအကြောင်းကို ထုတ်ပြောပြီးပြီ။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်က ဒီအကြောင်းကိုသုံးပြီး ငါတို့ကို ခြိမ်းခြောက်နေတာ”
ခန်းမအတွင်း ပုံမှန်မဟုတ်လောက်အောင် သတိအပြည့်ကပ်ကာ မသက်မသာ လေသံမျိုးနှင့်ပြောသည့် အသံတစ်သံက ထွက်လာသည်။
“မျိုးမစစ်ကောင် ဒါကပေါ်သွားတော့ ဘာဖြစ်လဲ။ ငါ့ကိုဒီကောင်တွေက လာပြီးခြိမ်းခြောက်တာကို ငါက ခံနေရမှာလား။ အရှင်မင်းကြီးကလွဲပြီး ဒီလောကက ဘယ်သူကမှ ငါ့ကိုလာပြီး အံ့မတုစေရဘူး။ အရှေ့မြောက် ရိုကျိုးပိုင်းမှာ ဒီအဘိုးကြီးရဲ့လက်က ကောင်းကင်ကိုတောင်အုပ်နိုင်တယ်။ အရာအားလုံးက ငါ့ရဲ့စိတ်ဆန္ဒအတိုင်းဖြစ်ရမယ်။ ငါဒီကိစ္စကို မကိုင်တွယ်နိုင်ဘူးလို့ မယုံဘူး”
ကျန်းရှို့ကွေး၏ မျက်လုံးက အေးစက်နေသည်။ သူ၏ခန္ဓာကိုယ်က ဒေါသများဖြင့်တောက်လောင်နေသည်။
“ဒါပေမဲ့အရှင်”
1248 04
လက်အောက်ငယ်သားက ဆက်မပြောနိုင်သေးခင် ကျယ်လောင်သော အသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက သူ့ကိုနံရံထဲသို့ ကပ်သွားအောင် ရိုက်ချလိုက်သည်။
“ဝမ်ချောင် ဒီအဘိုးကြီးက မင်းနဲ့ပတ်သတ်ပြီး မှားသွားတာရှိတယ်။ ငါ့ရဲ့တိုက်ပွဲမှာ ဒီအဘိုးကြီးက မင်းဆီကို ငါ့ရဲ့ ဟိန်းဟောက်ခြင်းကျားစစ်တပ် လေးထောင်နဲ့ ရိုကျိုးစစ်တပ် ထောင်ပေါင်းများစွာကို စေလွှတ်ပေးခဲ့တယ်။ အဲ့ဒီနောက် မင်းကငါ့ကို အတိုက်အခံ လုပ်ပြန်တယ်။ ဒီအဘိုးကြီးကို မင်းကတောင် ခြိမ်းခြောက်လိုက်သေးတယ်”
ခြိမ်း
ကျန်းရှို့ကွေး၏ ဒေါသအောက်တွင် ခန်းမကြီးတစ်ခုလုံးက တသိမ့်သိမ့်တုန်သွားသည်။
“ငါ့ရဲ့အမိန့်ကိုထုတ်စမ်း ငါဒီကိစ္စကို အပြီးတိုင် မြုပ်ကွယ်သွားတာမျိုးကို လိုချင်တယ်”
ဖလပ် ဖလပ်
မရေမတွက်နိုင်သော ငှက်များက ကြောက်လန့်တကြား ပျံသန်းသွားကြသည်။ အရှေ့မြောက်ပိုင်း နယ်မြေတစ်ခုလုံးက အမြစ်မှဆွဲလှန်ခံရသလိုမျိုး ဖြစ်သွားသည်။
....
အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ရက်အနည်းငယ်ခန့် ကြာပြီးနောက် မြို့စောင့်တပ်၏ စုံစမ်းစစ်ဆေးမှုက အသီးအပွင့်များ ရရှိလာသည်။
ခွက် ခွက် ခွက်
ဝမ်ချောင်၏ စားပွဲပေါ်တွင် မှတ်တမ်းလွှာအထပ်လိုက် ပုံလာသည်။ ထို့ကြောင့် စားပွဲကိုပင် အလေးချိန်ကြောင့် တုန်ခါသွားစေသည်။
“ချောင်အာ ဒါက မင်းလိုချင်တဲ့ သတင်းအချက်အလက်တွေ အကုန်ပဲ။ မင်းပြောတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့လူ (၂၇၈)ယောက်ရှိတယ်။ သူတို့အားလုံးက မြို့တော်မှာနေလာတာ အများဆုံးမှ ငါးလဝန်းကျင်လောက်ပဲရှိတဲ့ ကွန်ဖြူးရှပ်ဝါဒသို့ ပါရမီရှင် အသစ်တွေပဲ။ အံ့အားသင့်စရာကောင်းတာက အဲ့ဒီထဲက (၆၃)ယောက်လောက်က သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားကြတယ်”
လီလင်းကပြောသည်။
“ဟွန်”
ဝမ်ချောင်က ထိုစကားလုံးများကြောင့် မျက်မှောင်ကျုံ့လိုက်မိသည်။
“ဒါနဲ့ပတ်သတ်ပြီး ဘာမှလည်းမလုပ်နိုင်ဘူးလေ။ မြို့တော်မှာ လူဒီလောက်များတာ။ အချို့လူတွေက စိတ်ကျေနပ်သလို ထွက်သွားနိုင်တာပဲ။ မြို့စောင့်တပ်ကလည်း ဒီလူတွေကိုလိုက်ပြီး မစုံစမ်းနိုင်ဘူးလေ။ ဒါပေမဲ့ မဟာထန်ရဲ့ စည်းမျဉ်းအမိန့်တော်အရတော့ မြို့တော်ကိုဝင်တဲ့လူတွေက ခရီးသွားမှတ်တမ်းတော့ တင်ရမယ်။ မြို့စောင့်တပ်တွေက ဒီမှတ်တမ်းတွေအားလုံးကို ရရှိခဲ့တယ်။ နောက်ပြီးငါက ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် ငါ့ရဲ့လူတွေကိုလွှတ်ပြီးပြီ”
လီလင်းကပြောသည်။
“အဆင်ပြေပါတယ်။ သူတို့က အရင်လမှာ ပျောက်ကွယ်သွားတာမျိုး မဟုတ်သမျှ စိုးရိမ်ဖို့မလိုဘူး။ မှတ်တမ်းတွေကို ဒီမှာထားခဲ့။ ကျန်တဲ့ကိစ္စကိုတော့ ငါ့ရဲ့တာဝန်ထား”
ဝမ်ချောင်က မထူးခြားနားသလိုပြောသည်။
ဦးလေးကို လိုက်ပါပို့ဆောင်ပြီးနောက် ဝမ်ချောင်က မှတ်တမ်းလွှာများကို စဖတ်သည်။
“အခု မင်းဘယ်သူလဲဆိုတာ ကြည့်ရမဲ့အချိန်ပဲ”
+++++
1249 01
အခန်း(၁၂၄၉)
(၂၇၈)ယောက်ဆိုသော ပမာဏက နည်းပါးသောပမာဏမဟုတ်ချေ။ မှတ်တမ်းများက တောင်အသေးစား တစ်လုံးလိုမျိုး ပုံနေသေးသည်။
သဲလွန်စများ၏ နောက်ကွယ်တွင် အလျို့ဝှက်ထားဆုံးသော လျို့ဝှက်ချက်ကြီးက ရှိနေနိုင်သည်။ ဝမ်ချောင်အတွက် မည်သည့်သံသယဝင်ဖွယ်ရာ အချက်ကမဆို ပြိုင်ဘက်က ချန်ထားရစ်ခဲ့သည့်ခြေရာ ဖြစ်နေသဖြင့် ရှာရပေလိမ့်မည်။
လေးနာရီခန့်ကြာပြီးနောက် တောင်ပုံရာပုံဖြစ်နေသော မှတ်တမ်းလွှာများက တစ်ဝက်ခန့်လျော့သွားသည်။ တစ်ချက်ကြည့်ပြီးရုံနှင့် ဝမ်ချောင်ဟာ ထိုထဲမှ သံသယရှိဖွယ်ရာ မှတ်တမ်းလွှာ အခုတစ်ရာကျော်ခန့်ကို ဖယ်ရှားနိုင်ခဲ့သည်။ ထိုသို့ဖြင့် နောက်ဆုံးသော လူ(၁၂၀)ခန့်သာ ကျန်ရစ်လေသည်။ ဝမ်ချောင်သည် ဦးလေးကြီးလီလင်းက ထိုလူများကို ဆက်လက်ပြီး စုံစမ်းခိုင်းလိုက်သည်။
“မြို့စောင့်တပ်ကိုစုစည်းပြီး ဒီလူ(၁၂၀)ကို ထပ်ပြီးစုံစမ်းခိုင်းပေးပါဦး။ ဒါတွေအပြင် အဲဒီထဲက သံသယဝင်ဖို့ အကောင်းဆုံး အယောက်(၃၀)ကိုမှတ်ထားတယ်။ ဦးလေး ကျေးဇူးပြုပြီး မြို့စောင့်တပ်ရဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ အင်ပါယာစစ်တပ်ကို စေလွှတ်လို့ ဒီလူတွေကိုရှာပြီး မြို့တော်ရဲ့ လုံခြုံရေးအတွက် အပြစ်သားတွေကို ရှာဖွေနေတယ်ဆိုတဲ့ နာမည်ကိုသုံးပြီး စုံစမ်းစစ်ဆေးပေးပါ။ သူတို့ရဲ့ နောက်ခံတွေကိုစစ်ကြည့်ရမယ်”
ဝမ်ချောင်က တခဏခန့် ရပ်တန့်ပြီးနောက် ဆက်ပြောသည်။
“သူတို့ကို မေးမြန်းနေတဲ့အချိန်မှာ သူတို့ရဲ့ လက်ကောက်ဝတ်မှာ ထူးခြားတဲ့ အနက်ရောင်သင်္ကေတ ရှိမရှိ အာရုံစိုက်ပေးပါဦး”
ဝမ်ချောင်က ထိုသို့ပြောလိုက်သည်။ ထို့နောက် စုတ်တံတစ်ချောင်းကိုယူပြီး အဖြူရောင် စာရွက်ပေါ်တွင် အနက်ရောင် သင်္ကေတလေး၏ ပုံစံကို ရေးဆွဲပြသည်။ တိတိကျကျဆိုရသော် ဝမ်ချောင်က ခိုရာစန်းသို့ လာခဲ့ပြီး သူ၏စစ်အာဏာကို ရုတ်သိမ်းသွားခဲ့သူ ကွန်ဖြူးရှပ်ဝါဒသုံး ကျွမ်းကျင်ပညာရှင် သုံးယောက်၏ လက်ကောက်ဝတ်မှ ပုံကို ရေးဆွဲပြလိုက်ခြင်းဖြစ်သည်။
“မှတ်ထား ဒီအကြောင်း သူတို့ကို မသိစေနဲ့”
ဝမ်ချောင်က သူတို့ကိုပြောသည်။
“စိတ်အေးအေးထား ဒီကိစ္စကို ငါနဲ့လွှဲထားစမ်းပါ။ ငါကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်လိုက်မယ်”
လီလင်းကစာရွက်ကိုယူပြီး ဝမ်ချောင်က ရေးပေးလိုက်သည့် နာမည်များကိုကြည့်သည်။ ထို့နောက် ခပ်မြန်မြန် ထွက်သွားပြန်သည်။ မြို့စောင့်တပ်များက တဖန်ပြန်လည်ပြီး လှုပ်ရှားကြပြန်သည်။
....
မြို့၏ အနောက်တောင်ပိုင်း အကျဆုံးနယ်မြေတွင် ခြုံပုတ်များဖြင့် လုပ်ထားသော တံခါးတစ်ချပ်ရှိသည်။ ထိုတံခါး၏နောက်ကွယ်ဟာ တိတ်ဆိတ်ငြိမ်းချမ်းသော နယ်မြေဖြစ်ပြီး အနီးအနားတွင်လည်း ခပ်ကြမ်းကြမ်း စီးဆင်းနေသည့် စမ်းချောင်းလေးရှိသည်။
“ဆရာကပြောတယ် ‘ရဲရင့်ပြတ်သားမှုတွေနဲ့ အုပ်ချုပ်တဲ့သူက မြောက်ပိုင်းကြယ်စင်လိုပဲ။ အဲ့ဒီနေရာမှာပဲ ဆက်ကျန်ရစ်နေပြီး အခြားကြယ်စင်တွေကတော့ ဝိုင်းပြီးလည်ပတ်နေရမယ်တဲ့’ ဆရာကပြောတယ် ‘အထက်တန်းလွှာတစ်ယောက်ရဲ့ ပြုမူပုံက အဘက်ဘက်ကို ဟန်ချက်ညီအောင် ထိန်းရမှာဖြစ်ပြီး ဘက်လိုက်လို့မရဘူး။ နိမ့်ကျတဲ့အမျိုးသားရဲ့ ပြုမူပုံကတော့ ဘက်လိုက်တာမျိုးတွေရှိမယ်။ အရာအားလုံးကိုလည်း ဟန်ချက်ညီအောင် မထိန်းနိုင်ဘူး’ ”
“တပည့်ကျီးခမ်းကမေးတယ် ‘အုပ်ချုပ်သူက သူ့ရဲ့ပြည်သူတွေ လေးစားအောင် သစ္စာရှိအောင် ဘယ်လိုလုပ်ရမလဲ။ သူ့ရဲ့ပြည်သူတွေ အလုပ်လုပ်လာအောင် ကြိုးစားချင်လာအောင် ဘယ်လိုလုပ်ရမလဲတဲ့’ ဆရာကပြန်ပြောတယ် ‘သူက ပြည်သူတွေကို သူ့ရဲ့တည်ကြည်မှု၊ သူ့ရဲ့မြင့်မြတ်မှုတွေနဲ့ အုပ်ချုပ်တဲ့အခါ ပြည်သူတွေကသူ့ကို လေးစားလာလိမ့်မယ်။ သူက နာခံသိတတ်ပြီး စိတ်အားထက်သန်မှု ပြင်းထန်တဲ့အခါ ပြည်သူတွေကသူ့ကို သစ္စာရှိလိမ့်မယ်။ သူက ကောင်းမွန်သူ၊ ရိုးသားသူတွေကို မြေတောင်မြှောက်ပေးပြီး မပြီးပြည့်စုံတဲ့လူ၊ မထိုက်တန်တဲ့လူတွေကို သင်ခန်းစာပေးရင် ပြည်သူတွေကလည်း အချင်းချင်း အားပေးအားမြှောက်ပြုလို့ ပြင်းပြင်းထန်ထန် ကြိုးစားချင်စိတ် ပေါ်လာလိမ့်မယ်”
ထိုမနက်အစောပိုင်းတွင် ထိုခြုံပုတ်တံခါး၏ အနောက်ဘက်တွင် ငယ်ရွယ်သော စာပေရွတ်ဖတ်သံက ထွက်လာသည်။ အဖြူရောင်ဝတ်စုံကို ဝတ်ထားသည့် လွတ်လပ်ပေါ့ပါးပြီး ကျော့ရှင်းကြည့်ကောင်းစွာ နေထိုင်တတ်ပုံရသော ပညာသင်သားတစ်ယောက်က “ကွန်ဖြူးရှပ်စာပေ၏ အစိုးရအုပ်ချုပ်မှု”ဆိုသော ခေါင်းစဉ်အောက်မှ အကြောင်းအရာများကို လေ့လာနေလေသည်။
ထိုပညာသင်သား၏ ဝတ်ရုံက လေတွင်လွင့်နေသည်။ ထိုဝတ်စုံသည် ရှင်းလင်းလန်းဆန်းကာ ကျော့ရှင်းကြည့်ကောင်းပြီး ဖောက်ထွင်းမြင်ရမတက် ကြည်လင်သည့် အရှိန်အဝါမျိုးကို လွှတ်ထုတ်နေသေးသည်။
မနက်ခင်း၏ တိတ်ဆိတ်ငြိမ်းချမ်းမှုကို ရထားလုံး၏ ဘိမ်းသံက ဖျက်ဆီးလိုက်သည်။ ငယ်ရွယ်သော ပညာသင်သားက ခေါင်းကိုငုံ့ပြီး မျက်မှောင်ကျုံ့သည်။ ထိုအခါ မြို့စောင့်တပ်မှ စစ်သည် ဆယ်ယောက်ခန့်က မြင်းများကို အပြေးနှင်လျှက် သူ၏တံခါးအရှေ့တွင် ရပ်တန့်လိုက်ကြောင်း တွေ့လိုက်ရသည်။
“မင်းကလီကျွင်းရှန်းလား”
မြို့စားစစ်သည်တော်တစ်ယောက်က မေးသည်။
“ဟုတ်ပါတယ် ဘယ်လိုအကြောင်းပြချက်ကြောင့်များ တော်လွန်တဲ့ လူကြီးမင်းက ဒီလိုအခြေအနေမျိုးမှာ လာရောက်ကျူးကျော် နှောက်ယှက်ရတာပါလဲ”
အဖြူရောင်ဝတ်စုံနှင့် ပညာသင်သားက အလွန်အမင်း စိတ်ရှည်သည်းခံ ချုပ်ထိန်းမှုအပြည့်ရှိနေသည်။
1249 02
“မြို့စောင့်တပ်က ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ မင်းကိုငါတို့နဲ့ ပူးပေါင်းဖို့ မျှော်လင့်တယ်”
ဦးဆောင်လာသော အရာရှိကပြောသည်။ ထို့နောက်သူက မှတ်စုစာအုပ်ကိုထုတ်ပြီး မေးခွန်းအချို့ စမေးသည်။ အဖြေတိုင်းကိုလည်း မှတ်သားသွားသည်။
ပညာသင်သားက အလွန်အမင်း စိတ်ရှည်သည်။ သူသည် အနည်းငယ် မကျေမနပ် ဖြစ်မိသော်လည်း အတက်နိုင်ဆုံး ကြိုးစားပြီး စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ပေးသည်။ သူ၏အသက်၊ မွေးဖွားရာနေရာ၊ မြို့တော်သို့လာခဲ့သည့်ပန်းတိုင်... အရာအားလုံးကို တက်နိုင်သမျှ ဖြေပေးပြီး ဘာကိုမှ မဖုံးကွယ်ထားခဲ့ချေ။ မေးမြန်းမှုက တစ်နာရီနီးပါးခန့်ကြာသည်။ သို့သော် အဖြူရောင်ဝတ်စုံနှင့် လူငယ်ကမူ စိတ်မရှည်မှုကိုပင် မပြချေ။
စုံစမ်းစစ်ဆေးမှုက အဆုံးသတ်သွားပြီးနောက် ထိုစစ်သားများက ခပ်မြန်မြန်ထွက်သွားကြသည်။
သူတို့က မီတာတစ်ရာကျော်ခန့် ရောက်ပြီးနောက် မြို့စောင့်တပ်မှ အရာရှိက ရထားလုံးတစ်ခုအနားသို့ လျှောက်သွားသည်။
“အရှင် ငါတို့ကြည့်ပြီးပါပြီ။ သူ့ရဲ့လက်ကောက်ဝတ်မှာ ဘာသင်္ကေတမှ မရှိပါဘူး။ သူက ငါတို့ရှာနေတဲ့လူ မဟုတ်လောက်ဘူး”
“ငါနားလည်ပြီ မင်းတို့သွားလို့ရပြီ”
အတွင်းမှ အသံတစ်သံ ထွက်လာသည်။ မြို့စောင့်တပ် အရာရှိက ဂါရဝပြုပြီးထွက်သွားသည်။
ထိုအရာရှိထွက်သွားပြီးနောက် လီလင်းက ဝမ်ချောင်ကို ပြန်ကြည့်သည်။
“ချောင်အာ ဒါကနောက်ဆုံးတစ်ယောက်ပဲ။ သူတို့ထဲက ဘယ်သူကမှ မင်းပြောတဲ့ သင်္ကေတမျိုး မရှိဘူး။ ငါတို့ဘယ်လိုလုပ်ကြမလဲ”
လီလင်းက ဝမ်ချောင်ကို စိုးရိမ်တကြီးကြည့်သည်။
ဝမ်ချောင်သည် မြို့စောင့်တပ်က စုံစမ်းစစ်ဆေးမှုကို တာဝန်ထမ်းဆောင်နေသည့် တောက်လျှောက် စောင့်ကြည့်လေ့လာနေခဲ့သည်။ သို့သော် ဝမ်ချောင်က ရွေးချယ်ထားသော အယောက်သုံးဆယ်ထဲတွင် ထိုလီကျွင်းရှန်းအပါအဝင် မည်သူ၏ လက်ကောက်ဝတ်တွင်မှ သင်္ကေတရှိမနေခဲ့ချေ။
ဝမ်ချောင်က ခံစားချက်မဲ့စွာ ထိုင်နေသည်။ သူက မျက်လုံးကိုမှိတ်ကာ အတွေးနက်သွားသည်။ စုံစမ်းစစ်ဆေးမှုက သူလိုချင်သည့်ရလဒ်ကို မရခဲ့ချေ။ ထိုနယ်ဘက်တွင် ဝမ်ချောင်၏ ထိုသင်္ကေတကို ထည့်သွင်းထားသော မှတ်ချက်က မှားယွင်းသွားကြောင်းကို လူတိုင်းက ပြောနိုင်လောက်သည်။ သို့သော် သူ၏အမူအရာအရ ထိုသို့ဟုတ်ပုံမရချေ။ သူသည်လည်း သက်ရောက်မခံရချေ။
အချိန်တစ်ခုကြာပြီးနောက် ဝမ်ချောင်က မျက်လုံးကိုပြန်ဖွင့်ကာပြောသည်။
“သူတို့က ကြိုတင်ပြင်ဆင်ထားတာဖြစ်မယ်”
“အာ”
လီလင်းက တုန်ယင်သွားသည်။ သူသည်လည်း စွံ့အသွားသည်။
“ဒီလိုဆိုရင် ငါတို့အဲ့ဒီလူကို မရှာနိုင်တော့ဘူးပေါ့”
လီလင်းကလည်း ဝမ်ချောင်ဒီတစ်ကြိမ်တွင် ရင်ဆိုင်နေရသည့် ပြိုင်ဘက်နှင့်ပတ်သတ်ပြီး အခြေအနေအချို့ကို နားလည်လာသည်။ ထိုလူ၏ စွမ်းရည်အရ ထိုလူသည် ဝမ်ချောင်၏ လှုပ်ရှားမှုကို နားလည်နေပြီး ကြိုတင်သတိထား ပြင်ဆင်ထားလျှင် ထိုလူကို ရှာရန် အလွန်ခက်သွားနိုင်သည်။
“ဦးလေး စိတ်အေးအေးထား။ ဒီကိစ္စက အကျိုးမဲ့လုပ်ဆောင်နေတာမှ မဟုတ်တာ။ ငါလည်း သိပ်မကြာခင် သူ့ကိုဖော်နိုင်တော့မှာပါ”
ဝမ်ချောင်က ပေါ့ပါးစွာပြောသည်။ သူ၏မျက်လုံးက တဖြည်းဖြည်းချင်း တောက်ပလာပြီး မှင်သက်ဖွယ်ကောင်းသည့် အလင်းမျိုးကို ထုတ်ပြန်သည်။
ဝမ်ချောင်က လိုက်ကာ၏နောက်ကွယ်မှ ကြံစည်သူကို ရှာဖွေနေသေးချိန် တစ်ရက်ကြာပြီးနောက် အင်ပါယာခုံရုံးတွင် အသိုင်းအဝိုင်းကြီးတစ်ခုကို လှုပ်ခါစေလောက်မည့် မတော်တဆမှုတစ်ခုက ဖြစ်လာသည်။
စုံစမ်းစစ်ဆေးရေးအမတ်မင်း အင်ပါယာဆင်ဆာ အကဲဖြတ်လူကြီးမင်းရဲ့ ဟိုင်ချန်းက မှတ်တမ်းလွှာ ကျောက်စာပြားကိုကိုင်ပြီး ရှေ့ထွက်လာသည်။ သူ၏မျက်နှာက ပြာနှမ်းနေသည်။
“အရှင်မင်းကြီး ဒီအရာရှိဟိုင်ချန်းက မှတ်တမ်းလွှာတစ်ခု တင်ပြစရာရှိပါတယ်။ အန်းတုံးကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီး ကျန်းရှို့ကွေးက စစ်ဘက်ဆိုင်ရာ အခြေအနေတွေကို ဖုံးကွယ်ပြီး အရှင်သခင်ကို လှည့်စားခဲ့တယ်။ ဟွမ်မြစ်ကမ်း ကမ်းစပ်က တိုက်ပွဲမှာ သူက ရှီနဲ့ခစ်ထန်တို့ဆီမှာ အရှုံးကြီးရှုံးသွားခဲ့ပြီး မရေမတွက်နိုင်တဲ့ စစ်သားတွေ အရာရှိတွေကို ဆုံးရှုံးစေခဲ့ပါတယ်။ ဒါတောင်မှ သူက ဒီကိစ္စကို ဖုံးကွယ်ပြီး မတင်ပြဖို့ ကြိုးစားခဲ့တယ်။ အဲ့ဒါတင်မကသေးဘဲ ကျန်းရှို့ကွေးက သံတမန်နဲ့တောင် ပူးပေါင်းရဲခဲ့ပါသေးတယ်။ အဲ့ဒီလိုနဲ့ တိတ်တဆိတ် လာဒ်ထိုးပြီး အင်ပါယာက လူတိုင်းကို လိမ်ညာလှည့်ဖျားလို့ သူ့ရဲ့အဓိကအရှုံးကို အဓိက အနိုင်အဖြစ် ပြောင်းလဲခဲ့တယ်။ ကျန်းရှို့ကွေးက သူ့ရဲ့ မြောက်များလှစွာသော အကျိုးပြုလုပ်ဆောင်မှုတွေ အောက်မှာ ရည်မှန်းချက်ကြီးမားလာပါတယ်။ သူ့ရဲ့ အရှင်သခင်ကို လှည့်စားတယ်ဆိုတဲ့ ပြစ်မှုကို အလွယ်တကူ ပေါ့သေးသေး ခွင့်လွှတ်လိုက်လို့ မရပါဘူး”
1249 03
“ဒီနိမ့်ကျတဲ့အရာရှိကလည်း သူ့ရဲ့လက်အောက်ငယ်သား တစ်ယောက်စီကနေ ဒီကိစ္စနဲ့ပတ်သတ်ပြီး အကြောင်းကြားစာ ရရှိထားပါတယ်။ သက်သေက ခိုင်လုံပါတယ်။ အရှင်မင်းကြီး ကျေးဇူးပြုပြီး ဒီကိစ္စကို ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးလို့ အမှားအယွင်းလုပ်သူတွေကို ခပ်ကြမ်းကြမ်း အပြစ်ပေးပါ”
ဘန်း
ယဲ့ဟိုင်ချန်း၏အသံက ခုံရုံးတစ်ခုလုံးကို မုန်တိုင်းထန်စေခဲ့သည်။ ပြည်တွင်းဘက်ကဖြစ်စေ၊ စစ်တပ်ဘက်ကဖြစ်စေ အရာရှိများအားလုံးက အလွန်အံ့ဩသွားကြသည်။
ဘုရင်စုန့်ကပင် အံ့ဩသွားသည်။ သူ၏မျက်လုံးက မှေးကျဉ်းသွားသည်။
သူတော်စင်ဧကရာဇ်က မဟာထန်ကို အုပ်စိုးခဲ့သည်မှာ (၃၇)နှစ်ကြာသွားလေပြီ။ ထို့ကြောင့် သူ၏ပြည်တွင်းကို စီမံခန့်ခွဲအုပ်ချုပ်နိုင်စွမ်းအားဖြစ်စေ၊ သူ၏သိုင်းပညာကပင်ဖြစ်စေ ပြိုင်ဘက်ကင်းသည်။ သူ၏ပါရမီကလည်း ပြိုင်ဘက်ကင်းသည်။ ထို့ကြောင့် သူသည် မျိုးဆက်ကြီး တစ်ခုလုံးကို အုပ်ချုပ်နိုင်သောသူဖြစ်လာသည်။
ထိုကဲ့သို့သော ဧကရာဇ်တစ်ပါးက များစွာချီးကျူးခံနေရချိန်တွင် ယခုလိုမျိုး လှည့်စားခံရသော ကိစ္စက အလွန်အမင်း ရှားပါးသည်။ သို့သော် လူတိုင်းကမူ မဟာထန်ကြီး၏ စည်ပင်ဝပြောနေကြောင်း ကြောက်မက်ဖွယ်ကောင်းကြောင်း စစ်တပ်ကြီးက အရှိန်အဝါ ကြီးမားကြောင်း မြင်ကြသည်။ မျိုးနွယ်ခြားများကပင် ဧကရာဇ်အကြောင်း ကြားရုံနှင့် နောက်တွန့်သွားကြ၏။
လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်ခန့်က သူတော်စင်ဧကရာဇ်က မဟာထန်စစ်တပ်အား အမိန့်ပေးပြီး နယ်စပ်မှ အမျိုးမျိုးသော ရန်သူများကို ဦးဆောင်ချေမှုန်းခဲ့သည်။ ထိုသို့ဖြင့် မဟာထန်ကြီးသည် အရှေ့ပိုင်းတွင် အင်အားအကြီးဆုံးသော အင်ပါယာဖြစ်ကြောင်း နားလည်သွားစေခဲ့၏။ ဗဟိုပြင်ကျယ်၏ လွှမ်းမိုးနိုင်စွမ်းအားက အမြင့်ဆုံးသော အခိုက်အတန့်သို့ ရောက်ရှိလာခဲ့ခြင်းဟာ သူတော်စင်ဧကရာဇ်၏ လက်အောက်မှသာ ဖြစ်လာနိုင်ခဲ့ခြင်းဖြစ်သည်။
ပထမဦးဆုံးသော ချင်ဧကရာဇ်ဖြစ်စေ၊ ဧကရာဇ်ဟန်၏ ဝူပင်ဖြစ်စေ ထိုသို့မလုပ်နိုင်ခဲ့ဖူးချေ။ ထိုအချက်များဖြင့် သူတော်စင်ဧကရာဇ်သည် လေးစားဖွယ်ကောင်းသော သိုင်းပညာရှင်ကြီးဖြစ်ပြီး နတ်သိုင်းနယ်မြေနှင့်ပင် အလွန်နီးကပ်နေပြီဖြစ်သည်။
သူသည်လည်း သိုင်းနယ်မြေအဆင့်သို့ ရောက်ရှိသွားပြီးသည်နှင့် အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်လာပေလိမ့်မည်။
သူတော်စင်ဧကရာဇ်က နတ်သိုင်းနယ်မြေအဆင့်သို့ မတက်နိုင်သေးခင် နတ်သိုင်းနယ်မြေအဆင့်ဟာ အမှန်တကယ် တည်ရှိကြောင်း သက်သေမပြနိုင်သည့် ဒဏ္ဍာရီလာဖြစ်ရပ် ဖြစ်နေခဲ့သည်။ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များအတွက်ပင် ထိုသို့ဖြစ်သည်။
မဟာထန်အင်ပါယာရှိ လူတိုင်းကလည်း သူတော်စင်ဧကရာဇ်၏ ကျင့်ကြံခြင်းအဆင့်နှင့် ပတ်သတ်ပြီး သေချာမသိလောက်ချေ။ သို့သော် တစ်စုံတစ်ယောက်သည် ခေါင်းမာစွာနှင့် သူ့ကိုလှည့်စားရဲသည်။ သို့သော် ထိုလူဟာ အန်းတုံးကာကွယ်စောင့်ရှောက်ရေး ကျန်းရှို့ကွေး ဖြစ်နေသေးသည်။
ဒါက ဒီလောက်မြန်မြန် စလာပြီလား။
ဝမ်ချောင်က နောက်ဆုံးနေရာမှရပ်လျှက် ခုံရုံးထဲမှ ဝရုန်းသုန်းကား အခြေအနေကို နားထောင်နေရင်း မျက်လုံးကိုမှေးကျဉ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် ဝမ်ချောင်ဟာ အကြံအစည်၏ ရနံ့ကိုရလိုက်သည်။
ခိုရာစန်းမှစတင်ပြီး ကွန်ဖြူးရှပ်ကျောင်းတော်များက အတက်နိုင်ဆုံးကြိုးစားလျှက် မဟာထန်အား ဓားများနှုတ်လျှက် လက်မောင်းအတွင်းသို့ ဆွဲထည့်လိုခဲ့သည်။ ယခုစီမံကိန်းတွင် အကြီးမားဆုံးသော အနှောက်အယှက်က နယ်စပ်တွင်တပ်ဆွဲထားသော မဟာဗိုလ်ချုပ်များ၊ ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီးများ ဖြစ်နေသေးပြီး ဝမ်ချောင်သည် စီရင်စုစစ်တပ်များ၏ အင်အားလျော့ချမည့် တင်ပြချက်ကို ဖယ်ရှားခဲ့ပြီးသားဖြစ်သည်။ သို့သော် ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူများကမူ အလွယ်တကူ လက်လျော့မည့်ဆန္ဒ မပြသေးချေ။
ကျန်းရှို့ကွေးက စစ်တပ်ဘက်တွင် နံပါတ်နှစ် အင်အားအကြီးဆုံးသော ပုဂ္ဂိုလ်ကြီးဖြစ်ပြီး သူသည် ရိုကျိုးအား သူ၏ကိုယ်ပိုင် ပိုင်နက်တစ်ခု ဖြစ်လာအောင်ပင် တည်ဆောက်နိုင်ခဲ့သူဖြစ်သည်။ ထိုအတွက်ကြောင့်သာ မဟုတ်လျှင် ကျန်းရှို့ကွေးသည် အရှုံးကိုအနိုင်အဖြစ် ပြောင်းလဲပြီး အင်ပါယာခုံရုံးကို လိမ်ရဲလိမ့်မည်မဟုတ်ချေ။ ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူများက ကျန်းရှို့ကွေးကို ဆွဲချပြီး သူ့ကိုနမူနာအဖြစ် ယူပြလိုက်လျှင် အခြားသော မဟာဗိုလ်ချုပ်ကြီးများနှင့် ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီးများ အားလုံးကို အကောင်းဆုံး သတိပေးနိုင်သွားလောက်သည်။ ဝမ်ချောင်က တွေးတောနေချိန်တွင် ကျယ်လောင်သော အော်သံကို ကြားလိုက်ရသည်။
1249 04
“ရမ်းကားလိုက်တာ မင်းတို့ ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူတွေက အမြဲတမ်းလိုလို ငါတို့ရဲ့စစ်တပ်ကို ဖိနှိပ်ဖို့ ပေါက်ကရနည်းလမ်းတွေကိုသုံးပြီး တင်ပြဖို့ပဲ ကြိုးစားနေကြတယ်”
စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာရုံးတော်မှ အရာရှိအိုကြီးတစ်ယောက်က ရှေ့ထွက်လာသည်။ သူသည် ကိုယ့်ကိုယ်ကို မချုပ်ထိန်းနိုင်တော့ချေ။
“ကျန်းရှို့ကွေးက မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ပဲ။ ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ဖြစ်သလို အင်ပါယာကြီးတစ်ခုလုံးမှာ စီနီယာအကျဆုံး ဗိုလ်ချုပ်တွေထဲက တစ်ယောက်လည်းဖြစ်တယ်။ သူက သူ့ရဲ့စစ်သားတွေကို ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဦးဆောင်ခေါ်သွားခဲ့ပြီး အနိုင်ဆက်တိုက် ယူနိုင်ခဲ့တယ်။ ယွီစန်းအင်ပါယာတောင်မှ သူ့ဆီမှာ ထပ်ခါတလဲလဲ ရှုံးနေခဲ့ရတာ။ အဲ့ဒီလိုနဲ့ စစ်သားအမြောက်အများ ဆုံးရှုံးခဲ့ရပြီး စစ်တပ်အင်အား မလုံလောက်တဲ့ဖြစ်ရပ်တောင် ဖြစ်ခဲ့ရသေးတယ်။ သူက ရိုကျိုးကို ကိုင်တွယ်အုပ်ချုပ်နေခဲ့တာ နှစ်ပေါင်းများစွာကြာသွားပြီ။ အရှေ့မြောက်ပိုင်း တောက်လျှောက် ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးနိုင်ခဲ့သည်။ ဂိုဂူလျော အင်ပါယာကတောင် သူ့ကို မဖြတ်လာရဲဘူး။ နောက်ပြီး အဲ့ဒီလို အင်အားနည်းလွန်းတဲ့ ရှီနဲ့ ခစ်ထန်လောက်ကို သူကရှုံးပါ့မလား။ ဒါက စွပ်စွဲတာပဲ။ အရှင်မင်းကြီး ကျေးဇူးပြုပြီး စဉ်စားဆင်ခြင်ပေးတော်မူပါ”
ကျန်းရှို့ကွေးသည် စစ်တပ်ဘက်တွင် နံပါတ်နှစ် အင်အားအကြီးဆုံးသောသူဖြစ်သည်။ သူ၏အဆင့်အတန်းက မဟာထန်ကြီး၏ စစ်နတ်ဘုရား ဝမ်ကျုံးစစ်ကို ယှဉ်နိုင်သည်။ ထို့ကြောင့် မျိုးဆက်ဟောင်းမှ စစ်ဘက်ဆိုင်ရာ အရာရှိများအားလုံးက သူ့ကို သိကြလေသည်။
ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသော အရာရှိအိုကြီးက ရှေ့ထွက်လာပြန်သည်။
“ဘယ်သူက ဒီလောက်အရေးကြီးတဲ့ စစ်တပ်ဆိုင်ရာ ကိစ္စကို ပြည်နယ်ရေးရာ ကိစ္စထဲကို ဆွဲသွင်းလာရဲပါ့မလဲ။ နောက်ပြီး ဘယ်သူက အန်းတုံးကာကွယ်စောင့်ရှောက်ရေး စစ်တပ်က စစ်သားတွေရဲ့ စီတန်းနေတဲ့ အလောင်းတွေက ဟွမ်မြစ်တောက်လျှောက် ပြည့်နေကြောင်းကို အမှားအယွင်း ပြုရဲပါ့မလဲ။ သူတု့ိရဲ့သွေးတွေက မြစ်ကိုတောင် ရေလျံစေလောက်သေးတယ်။ ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူတွေက ဒီလိုကိစ္စတွေကို မှားယွင်းပြီး ဖော်ထုတ်ပြသပါ့မလား။ ကျန်းရှို့ကွေးက အမြဲတစေ မောက်မာထောင်လွှားနေခဲ့တာ။ အင်ပါယာခုံရုံးက ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူတွေကို စေလွှတ်ပြီး သူ့ရဲ့စစ်တပ်ကို စစ်ဆေးကြည့်ခိုင်းခဲ့တယ်။ ဒါပေမဲ့ ကျန်းရှို့ကွေးက အားလုံးကို ဖီဆန်ရဲတယ်လေ။ သူက အဲ့ဒီလူတွေကိုတောင် အိမ်တွင်းအကျဉ်းချထားလိုက်သေးတယ်။ ဘယ်လောက် ရမ်းကားလိုက်သလဲ။ ရိုကျိုးရဲ့နယ်မြေက ဘယ်အချိန်က သူ့ရဲ့အပိုင်နယ်မြေ ဖြစ်သွားတာလဲ။ တိုင်းပြည်မှာ စည်းမျဉ်းတွေရှိတယ်။ သူတော်စင်ဧကရာဇ်တောင်မှ သူ့ရဲ့မျက်လုံးထဲမှာ တည်ရှိသေးခဲ့တာ။ ဒီလိုမောက်မာတဲ့ အမျိုးသားမျိုးက ဒီလောက်အပြစ်မျိုးပြုတာက ပုံမှန်ပဲမဟုတ်ဘူးလား”
+++++
1250 01
အခန်း(၁၂၅၀)
မဟာထန်တွင် ပြည်တွင်းရေးရာ အရာရှိပင်ဖြစ်စေ၊ ဗိုလ်ချုပ်များပင်ဖြစ်စေ ခုံရုံးတွင် ဆယ်နှစ်ကျော် အနှစ်နှစ်ဆယ်ကျော်ခန့် တာဝန်ထမ်းဆောင်ပြီးရုံနှင့် ကျန်းရှို့ကွေးကို ကောင်းကောင်း နားလည်ပေလိမ့်မည်။ မြို့စားကျို့သည် သူတော်စင်အမတ်မင်းဆိုပြီး လောကတခွင်အနှံ့ ကျော်ကြားနေခဲ့သော်လည်း ကျန်းရှို့ကွေးကမူ တစ်ဖက်သူကို ခေါင်းပုတ်ဖင်ပုတ်လုပ်ပြီး ကျိန်ဆဲခဲ့ဖူးသည်။
မဟာထန်၏ စစ်နတ်ဘုရား ဝမ်ကျုံးစစ်ကသာ သူ၏ရာထူးမှ ကိုယ်တိုင်ကိုယ်ကျ အနားယူခဲ့ပြီး ကိုယ်ပိုင် လုံခြုံရေးအတွက်ကြောင့် နန်းတွင်းထဲသို့ ဝင်ရောက်ခဲ့ပြီး အိမ်ရှေ့စံမင်းသား၏ အငယ်တန်း စောင့်ရှောက်သူ ဖြစ်လာခဲ့သောကြောင့်သာ မဟုတ်လျှင် ကျန်းရှို့ကွေးသည် တစ်ဖက်သူနှင့် ရန်ဖြစ်ပြီးလောက်လေပြီ။ လီလင်းဖူသည် အင်ပါယာအိမ်တော်စုမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ မဟာထန်၏ အမတ်ချုပ်ကြီးလည်းဖြစ်၏။ ထိုနေရာသည် ကျန်းရှို့ကွေးက အလိုချင်ဆုံးနေရာဖြစ်သည်။
မဟာထန်တစ်ခုလုံးတွင် သူတော်စင်ဧကရာဇ်ပြီးလျှင် ကျန်းရှို့ကွေးက မည်သူ့ကိုမှ မကြောက်ပါချေ။ ထိုလူက အဆင့်မြင့်ပြီး ထိပ်ဆုံးနေရာတွင် ရှိနေမည်ဆိုလျှင်ပင် ကျန်းရှို့ကွေးက ထိုလူများနှင့် ရင်ဆိုင်ရဲလေသည်။ ထိုထင်မြင်ချက်က ပြည်တွင်းအရာရှိများ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲမြဲစွာ အမြစ်တွယ်နေခဲ့ပြီးသားဖြစ်သည်။
“ပိုဆိုးတာက ကျန်းရှို့ကွေးက အရှင်သခင်ကို လိမ်ညာလှည့်စားခဲ့တယ်ဆိုတဲ့ သက်သေကို မေးခွန်းထုတ်စရာ မလိုတာပဲ။ ဟိုင်ချန်း သက်သေကို တင်သွင်းလိုက်”
ထိုအရာရှိအိုကြီးက ရှေ့သို့ခြေနှစ်လှမ်းတိုးလာပြီး စုံစမ်းစစ်ဆေးရေးအမတ်၊ အင်ပါယာ ဆင်ဆာအကဲဖြတ် လူကြီးမင်း ယဲ့ဟိုင်ချန်းကို ပြောလိုက်သည်။
ဝှစ်
ဖြောင့်မတ်မှန်ကန်သော လေထုနှင့်အတူ ယဲ့ဟိုင်ချန်းက လက်ကောက်ဝတ်ကို တစ်ချက်ယမ်းလိုက်သည်။ ထိုအခါ အရာရှိများကို ကိုယ်စားပြုသော စာလွှာနှစ်စောင် ပေါ်လာသည်။
“ဒီစာတစ်စောင်ကို ကျန်းရှို့ကွေးရဲ့ လက်အောက်ငယ်သားတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ ရေးပေးခဲ့တာ။ သူက ကျန်းရှို့ကွေးရဲ့နောက်ကိုလိုက်ပြီး တာဝန်ထမ်းဆောင်နေခဲ့တာ ဆယ်နှစ်ကျော် ကြာသွားတဲ့ အဆင့်မြင့်ဗိုလ်ချုပ်တစ်ယောက်ပဲ။ နောက်ပြီး အမြဲတစေ ရိုးရိုးသားသား စိတ်နှစ်ထားတဲ့ ရဲဘော်ရဲဘက်ဟောင်းတစ်ယောက်လည်း ဖြစ်တယ်။ မူလကတော့ သူက ဒီကိစ္စကို ဖုံးပေးဖို့ ကြံထားခဲ့တာ။ ဘာပဲဖြစ်ဖြစ် ကျန်းရှို့ကွေးက သူ့ရဲ့ အထက်လူကြီးလေ။ ဒါပေမဲ့ ညအနည်းငယ်လောက် နှိပ်စက်ခံရပြီးတဲ့နောက်မှာ သူ့ရဲ့ သေဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေအတွက်ကြောင့်နဲ့ သူက ဒီကိစ္စကို ထုတ်ပြောဖို့ ဆုံးဖြတ်လိုက်တာပဲ။ အရှင်သခင်တွေက အရှင်သခင်လို ပြူမူရတယ်။ အရာရှိတွေက အရာရှိတွေလို ပြုမူရတယ်။ အဖေကအဖေလို ပြူမူသင့်တယ်။ သားကသားလို ပြုမူသင့်တယ်။ ကျန်းရှို့ကွေးက သူ့ရဲ့အရာရှိဆိုတဲ့ ကဏ္ဍကို ထမ်းဆောင်ဖို့ ပျက်ကွက်သွားတယ်။ အရှင်မင်းကြီး ကျေးဇူးပြုပြီး စဉ်းစားဆင်ခြင်ပေးတော်မူပါ”
ဝုန်း
ယဲ့ဟိုင်ချန်းက စာကိုထုတ်ပြလိုက်သောအခါ ခန်းမတစ်ခုလုံးက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ ဗိုလ်ချုပ်များအားလုံး၏ မျက်နှာက ဖြူဖျော့သွား၏။ ဘုရင်စုန့်၏ မျက်နှာကပင် အနည်းငယ် တင်းမာသွားသည်။ ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသောလူများက သိုင်းပညာလမ်းကြောင်းကို လျှောက်သောလူများမဟုတ်ချေ။ သူတို့သည် ဒီလိုကိစ္စမျိုးကို ဟာသမလုပ်ဖူးချေ။ ရှင်းလင်းစွာဖြင့် သူတို့တွင် ခိုင်မာသည့်သက်သေ ရှိနေလောက်သည်။
ကျန်းရှို့ကွေးသည် စစ်တပ်ဘက်တွင် နံပါတ်နှစ် အင်အားအကြီးဆုံးသော ပုဂ္ဂိုလ်ကြီးဖြစ်ပြီး ရှု့ထောင့်တစ်ခုမှကြည့်သော် သူ၏ စစ်တပ်တစ်ခုလုံးအပေါ် လွှမ်းမိုးနိုင်စွမ်းအားက ဝမ်ချောင်ထက်ပင် သာသေးလေသည်။ သူ၏စီနီယာကျမှုက ဝမ်ချောင်ကပင် မယှဉ်နိုင်လောက်ချေ။ ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသောလူများ၏ လုပ်ကြံသတ်ဖြတ်မှုအောက်တွင် သိုင်းပညာရှင်ပေါင်းများစွာက နောက်ဆုတ်သထက် နောက်ဆုတ်နေခဲ့ရပြီး အခြေအနေများဟာ အလွန်အမင်း အကျိုးမသာသည့်ဘက်သို့ ရောက်ရှိလာသည်။ ကျန်းရှို့ကွေးကဲ့သို့သော လူမျိုးကိုသာ အဖမ်းခံလိုက်ရလျှင် မည်သူကမှ နောက်ဆက်ဖြစ်လာမည့် ကိစ္စကို စိတ်ကူးမယဉ်ရဲလောက်ချေ။
နောက်ထပ် ပြည်တွင်းအရာရှိတစ်ယောက်က ရှေ့ထွက်လာပြန်သည်။
1250 02
“အရှင်မင်းကြီး ဒါတင်မဟုတ်သေးပါဘူး။ ကျန်းရှို့ကွေးက တော်ဝင်သံတမန်ကိုတောင် လဒ်ထိုးရဲပါတယ်။ လျန်ရှန်းတုံးက အရာရှိမိန်းမဆိုးတစ်ယောက်ပါ။ ဒါတောင်မှ သူက ရွှေသားယွမ်လက်မှတ် ရွှေသားဆယ်သန်းကို လက်ခံယူထားခဲ့တယ်။ ဒီပိုက်ဆံတွေ ဘယ်နေရာကရသလဲလို့ သူ့ကို မေးခွန်းထုတ်ပေးပါ။ သိပ်မကြာခင်က လျန်ရှန်းတုံးက ပထမမင်းသားကို မှတ်တမ်းလွှာ တင်ပြခဲ့ပြီးပါပြီ။ စာပါအကြောင်းအရာတွေက အမည်းကိုအဖြူလုပ်ထားပြီး ကျန်းရှို့ကွေးကို တော်ကြောင်း ချီးကျူးထားတဲ့အပြင် ဟွမ်မြစ်ကမ်းက အရှုံးကို အနိုင်အဖြစ် ပြောင်းလဲထားပါတယ်။ တော်ဝင်ခုံရုံးကိုတောင်မှ ကျန်းရှို့ကွေးကို ဆုချီးမြင့်ခိုင်းထားပါသေးတယ်။ ဒီအခြေအနေရဲ့ ကြီးလေးမှုက ပထမမင်းသားကို အထိတ်တလန့်ဖြစ်သွားစေလို့ သူက ငါတို့အရာရှိတွေကို ချဉ်းကပ်ပြီး လမ်းညွှန်မှု တောင်းခံလာခဲ့တာပါ။ ပထမမင်းသားက ကိုယ်တိုင်ကိုယ်ကျ ဒီကိစ္စကို အတည်ပြုပေးနိုင်ပါတယ်။ ကျေးဇူးပြုပြီး အရှင်မင်းကြီး ခပ်မြန်မြန် ဆုံးဖြတ်ချက် ချပေးတော်မူပါ”
သူ၏စကားလုံးများက ကပ်ဘေးကို ပြောင်းလဲသွားစေသည်။ ကျန်းရှို့ကွေးနှင့် ပတ်သတ်သည့် အခြေအနေက ပို၍သာ ဆိုးရွားသွားသည်။
ခုံရုံးတစ်ခုလုံးက ခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ ကျန်းရှို့ကွေးနှင့်ပတ်သတ်ပြီး အခုခံပေးနိုင်ဆုံးသော လူများကပင် တုန်ယင်ကာ တိတ်ဆိတ်သွားကြရသည်။ ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသောလူများက ဒီတစ်ကြိမ်တွင် ကောင်းကောင်းပြင်ဆင်လာခဲ့ပုံပေါ်သည်။ ကျန်းရှို့ကွေး၏ လက်အောက်ငယ်သားမှ တင်ပြလိုက်သော စာတစ်စောင်က ထိုကိစ္စကို ကိုင်တွယ်ရ အလွန်ခက်ခဲစေခဲ့ပြီးသားဖြစ်သည်။ ယခုမူ ရွှေသားယွမ်လက်မှတ်များနှင့် ပထမမင်းသားက ကိုယ်တိုင်ကိုယ်ကျ အတည်ပြုပေးနိုင်လာသည်။
ပထမမင်းသားသည် သူတော်စင်ဧကရာဇ်၏ အကြီးဆုံးသားဖြစ်ပြီး ပထမမင်းသားနှင့် ပါဝင်ပတ်သတ်သည့် ကိစ္စတိုင်းကိုမဆို အလွယ်တကူ ကိုင်တွယ်၍မရချေ။ သူတို့သည် မည်မျှပင် လက်မခံနိုင်စေကာမူ မည်သူကမဆို အချက်တစ်ခုခုတော့ဖြင့် ဝန်ခံရပေလိမ့်မည်။
အတွေ့အကြုံရှိပြီး လုပ်သက်ရင့်သော အန်းတုံးကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီး ကျန်းရှို့ကွေးနှင့် သူ၏ရိုကျိုးစစ်တပ်က ဒီတစ်ကြိမ်တွင် အထိနာနိုင်သည်။ ရှီနှင့်ခစ်ထန်၏ တိုက်ပွဲတွင်လည်း ဆိုးဆိုးရွားရွား ရှုံးသွားခဲ့လောက်၏။ ထို့နောက် သူတို့က သမင်ကိုမြင်းဟုပြောပြီး အရှင်ဧကရာဇ်ကို လိမ်ညာလှည့်စားရန် ကြိုးစားခဲ့ခြင်းဖြစ်လောက်သည်။
မီးခိုးရောင်ဆံပင်များနှင့် အိုမင်းနေသော စစ်တပ်ဘက်မှ အရာရှိတစ်ယောက်ကလည်း သူ၏နှလုံးသားက လေးလံသွားသလို ခံစားလိုက်ရသည်။
ဘယ်လိုဖြစ်နိုင်မှာလဲ။ ကျန်းရှို့ကွေးက အခု သူ့ကိုယ်သူတောင် မကာကွယ်နိုင်လောက်တော့ဘူး။ ဒီလိုသာဖြစ်လာခဲ့ရင် အနာဂတ်မှာ ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးတဲ့လူတွေကို ဘယ်သူကမှ အတိုက်အခံ လုပ်ရဲတော့မှာလဲ။ ငါတို့ သိုင်းပညာရှင်တွေက ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူတွေရဲ့အောက်မှာ ထာဝရ နစ်မြုပ်နေရတော့မှာလား။ မဟာထန်ကြီးက ကိုယ့်ကိုယ်ကို ဒုက္ခိတဖြစ်အောင်လုပ်နေတာ။ မျိုးနွယ်ခြားတွေက ကျူးကျော်လာတာနဲ့ ဘယ်သူက သူတို့ကို သွားတားတော့မှာလဲ။
ထိုအရာရှိအိုကြီးက ခုံရုံးတွင် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် တည်ရှိနေခဲ့သူဖြစ်သည်။ ယခုလောက်ထိ အန္တရာယ်များပြီး စိန်ခေါ်မှုပြည့်နှက်သော အခြေအနေမျိုးကို မကြုံခဲ့ဖူးပါချေ။ သူသည် သတိလက်လွတ် ထိုက်ဟယ်နန်းဆောင်၏ အနောက်ဘက်သို့ကြည့်ပြီး ဝင်ပေါက်အနားတွင် ရပ်နေသော ငယ်ရွယ်ပိန်ပါးသည့် ပုံရိပ်လေးကို ကြည့်လိုက်မိသည်။
စစ်တပ်ဘက်က ကပ်ဘေးစိုက်နေသည်။ စစ်တပ်တစ်ခုလုံးဟာ ဆက်မတွေးနိုင်လောက်အောင် မှန်ကန်နေလောက်သော်လည်း တစ်စုံတစ်ယောက်ကသာ ဒီရေကို ပြောင်းပြန်လှန်ပြီး အခြေအနေကို ပြောင်းလဲနိုင်လျှင် မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ဖြစ်လောက်သည်။
ဝုန်း
ထိုအရာရှိအိုကြီးကလည်း ထူးဆန်းသော ခံစားချက်တစ်ခုကို ရလိုက်သည်။ သူသည် ရုတ်တရက် ခုံရုံးမှ ဗိုလ်ချုပ်တိုင်းနီးပါးက သူ့နည်းတူ ထိုလူငယ်ကိုသာ လှည့်ကြည့်နေကြကြောင်း တွေ့လိုက်ရသည်။
“ဟင်း”
ဝမ်ချောင်က သက်ပြင်းချသည်။ သူသည် ဝမ်ကျုံးစစ်၏ ကိစ္စက လူတိုင်းကို သတိလက်လွတ်ဖြစ်စေကြောင်း ခန်းမတစ်ခုလုံး၏ စိတ်အခြေအနေကို ခန့်မှန်းကြည့်နိုင်သည်။ တိုက်ပွဲတိုင်းနိုင်ခဲ့ပြီး လက်ရွေးစင်စစ်သားပေါင်း များစွာက ချီးကျူးမှုကို ခံခဲ့ရသောလူ အင်အားကြီး ဗိုလ်ချုပ်ပေါင်းများစွာက အလေးစား အသိအမှတ်ပြုမှုကို ခံခဲ့ရသော အရေးပါလွန်းသည့် ဗိုလ်ချုပ်ကြီးတစ်ယောက်က ထိုသို့ဝမ်းနည်းဖွယ် အရှုံးတရားကို ရင်ဆိုင်နေရသည်။ လူပေါင်းများစွာအတွက် ဒါဟာ မယုံနိုင်စရာကောင်းလောက်သည်။
အရှင်ကျန်း တစ်ဘဝလုံးစာအတွက် အစစ်အမှန်သူရဲကောင်းက တခဏတည်းနဲ့ အဆုံးသတ်သွားနိုင်တယ်။
1250 03
ဝမ်ချောင်က ခေါင်းကိုအသာခါလိုက်မိသည်။ အမိန့်ပေးနိုင်သော စွမ်းရည်ချင်းယှဉ်သော် ကျန်းရှို့ကွေးသည် အားမနည်းသည်မှာ မှန်ကန်သည်။ ကျန်းရှို့ကွေးသည် လုံရှီကို အခြေစိုက် ဆွဲထားပြီး ရိုကျိုးကနေ အရှေ့မြောက်ပိုင်းအထိ ဝရုန်းသုန်းကား အခြေအနေတိုင်းကို ကိုင်တွယ်နိုင်ပြီး အရာအားလုံးကို အမြစ်လှန်ကာ သုတ်သင်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် မီးတောက်ကို တောက်လောင်စေခဲ့သူဖြစ်သည်။ ကျန်းရှို့ကွေးကသာ သူ့ပေါ်ထားသော မျှော်လင့်ချက်များကို မပယ်ချခဲ့ပေ။ သူသည် အောင်မြင်စွာဖြင့် အန်းတုံးကာကွယ်စောင့်ရှောက်ရေး စစ်တပ်ကြီးကို တည်ထောင်နိုင်ခဲ့ပြီး နောက်ဆုံးမှ ရန်သူအဓိကအင်အားစု လေးခုဖြစ်သော ရှီ၊ ခစ်ထန်၊ အရှေ့ပိုင်းတူရကီ ခါကနိတ်နှင့် ဂိုဂူလျောတို့ကို ဖိနှိပ်နိုင်ခဲ့သည်။ သူသည် ခိုင်မြဲစွာ ဖိနှိပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
ဂိုဂူလျောဧကရာဇ် ယွန်းဂယ်ဆိုမွန်ကဲ့သို့ မျိုးဆက်တစ်ခုလုံးကို အုပ်ချုပ်နိုင်ခဲ့သည့် ပြိုင်ဘက်ကင်းသော အရှင်သခင်ကြီးကပင် ကျားမှကြောင်ဖြစ်သွားခဲ့ရသည်။ တစ်ဖက်သူသည် ခုခံရသောဘက်တွင် အမြဲတစေ ရှိနေခဲ့ပြီး ပြန်လည်တိုက်ခိုက်နိုင်စွမ်းအား ကင်းမဲ့လျှက် အိပ်ပျက်ညပေါင်းများစွာကို ရင်ဆိုင်ခဲ့ရဖူးသည်။
တစ်ဖက်သူသည် မဟာထန်၏ အစစ်အမှန် သူရဲကောင်းဖြစ်သည်။ ဝမ်ချောင်ကပင် ထိုသူအကြောင်း ကြားချိန်တိုင်း သက်ပြင်းချလျှက် ချီးကျူးမိသေးသည်။
ကျန်းရှို့ကွေးသည် ဟန်မြစ်နားတွင်ဖြစ်သော တိုက်ပွဲအတောအတွင်း စိတ်ထွေပြားခဲ့လောက်သော်လည်း ဝမ်ချောင်ကမူ အခြေအနေအားလုံးကို သိသည်။ ရိုကျိုး၏ စစ်တပ်အင်အားက တစ်လောကလုံးအနှံ့ ထင်ရှားကျော်ကြားသည်။ သူတို့သည် အတွင်းရောအပြင်ပါ သုတ်သင်ခံရလောက်အောင် ထောင်ချောက်ထဲသို့ ဆွဲသွင်းခံရခြင်းမရှိလျှင် တစ်ဖက်သူများထံ ရှုံးစရာအကြောင်း မရှိချေ။ ခမ်းရာလော့ရှန်းက ရုတ်တရက် ဝမ်ချောင်၏စိတ်အတွင်း ပေါ်ပေါက်လာသည်။
သူ၏တွက်ဆမှုကသာ မှန်ကန်လျှင် မဟာထန်ကို ခြိမ်းခြောက်နေသော ရန်စွယ်က အစပိုင်းကတည်းက စတင်ကြိုးစားခဲ့ပြီး ကျန်းရှို့ကွေးကို တွန်းထုတ်ရန် ကြိုးစားနေခဲ့ခြင်းဖြစ်လောက်သည်။ ကျန်းရှို့ကွေးကမူ သတိမထားမိလောက်ချေ။ ဝမ်ချောင်က သူ့ကို သတိပေးခဲ့ဖူးသည်။ သို့သော် အား....
ကျန်းရှို့ကွေးဟာ ဘဝင်မြင့်လွန်းသည်။ ဘဝင်မြင့်လွန်းသဖြင့် အကြံပေးချက်များကို လက်မခံချေ။ ဘဝင်မြင့်လွန်းသဖြင့် သူသည် ဟူနှင့်ဟန်များကို ထိန်းချုပ်နိုင်ပြီး အရာအားလုံးကို ကိုင်တွယ်နိုင်သည်ဟု ယုံကြည်နေခဲ့သည်။
သူသည် သူ၏ အရိုးများထဲတွင်ပင် စွဲနေသော ထိုစွန်ရဲသွေးများက သူ့ကိုခေါင်းမာပြီး နောက်လှည့်ကာ ပြန်မဆိတ်ဖြစ်လောက်အောင် မာနကြီးစေခဲ့သည်။
ဒါငါနောက်ဆုံးအကြိမ်အဖြစ် ခင်ဗျားကို ကူညီတာပဲ။ ခင်ဗျားရဲ့ကျေးဇူးကြွေးကို ပြန်ဆပ်တယ်လို့ သဘောထားလိုက်။
ဝမ်ချောင်၏စိတ်အတွင်း အတွေးပေါင်းများစွာက ပြည့်နှက်လာသည်။ သူသည် အခြားသော ဦးတည်ရာဘက်တစ်ခုသို့ ခပ်မြန်မြန်ကြည့်လိုက်သည်။ ထိုနေရာတွင်မူ ဗိုလ်ချုပ်တစ်ယောက်က ရပ်နေ၏။ သူသည် တစ်စုံတစ်ရာကို စောင့်နေသလိုမျိုး စိုးရိမ်တကြီးဖြစ်ကာ မသက်မသာဖြစ်နေသည့် ဝမ်ချောင်၏အကြည့်ကို မြင်သောအခါ ချက်ချင်းလိုလို စိတ်ငြိမ်သွားသည်။
စပြီ။
ဝမ်ချောင်က အကြည့်တစ်ချက်ပေးလိုက်သည်။
လေထုက အထိအခိုက်မခံနိုင်ဆုံးသော အချိန်တွင် ခန်းမအတွင်း အကျယ်လောင်ဆုံးသော အသံက ထွက်လာသည်။
“အရှင်မင်းကြီး ဒီအရာရှိက ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြောချင်ပါတယ်”
မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာအောက်တွင် ထိုဗိုလ်ချုပ်က ကျောက်ပြားလွှာတစ်ခုကိုကိုင်ပြီး ရှေ့ထွက်လာသည်။
“ဒီအရာရှိကလည်း ရိုကျိုးရဲ့ အန်းတုံးကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီး ကျန်းရှို့ကွေးဆီကနေ စာတစ်စောင်ကို ရထားပါတယ်။ ဒါကြောင့် အရှင်မင်းကြီးကို တင်ပြဖို့ မျှော်လင့်ပါတယ်”
ဝှစ်
ခန်းမတစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်သွားပြန်သည်။ ယဲ့ဟိုင်ချန်းအပါအဝင် ပြည်တွင်းအရာရှိတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာထားက တင်းမာသွားသည်။
ဘာဖြစ်တာလဲ။ ကျန်းရှို့ကွေးက သူတော်စင်ဧကရာဇ်ဆီကို ဘယ်လိုကြောင့်များ သီးသန့်စာရေးလိုက်တာလဲ။
ယဲ့ဟိုင်ချန်း၏စိတ်က မုန်တိုင်းထန်သွားသည်။ ထိုကိစ္စက သေချာနေခဲ့ပြီးသားဖြစ်သည်။ သို့သော် ယခုတော့ဖြင့် ကိစ္စများဟာ မမျှော်လင့်ထားသော ဦးတည်ရာဘက်သို့ ယိမ်းသွားပြန်သည်။ သူကိုယ်တိုင်ကပင် အခြေအနေကို နားမလည်နိုင်လောက်အောင် စိတ်ရှုပ်ထွေးသွားသည်။
1250 04
“ယူလာခဲ့ပါ”
ထိုအချိန်တွင် သူတော်စင်ဧကရာဇ်၏ ခမ်းနားထည်ဝါသော အသံက အပေါ်ဘက်ခြမ်းမှ ထွက်လာသည်။ ကြောက်ရွံ့လေးစားဖွယ်ကောင်းသော အင်အားမျိုးကလည်း ပါသည်။ ခန်းမတစ်ခုလုံးဟာ တိတ်ဆိတ်သွားသလို ထိုဗိုလ်ချုပ်ကလည်း တလေးတစားဖြင့် ရှေ့သို့တက်ပြီး ခေါင်းကိုငုံ့ရင်း စာလွှာကို ကမ်းလှမ်းလိုက်သည်။
သူဟာ လှေကားထစ်များပေါ်သို့ ရောက်ရုံနှင့် ကောင်းလီရှီက ချောမွေ့မြန်ဆန်စွာ ဆင်းလာပြီး စာကိုယူသည်။ ထို့နောက် သူတော်စင်ဧကရာဇ်ကို ကမ်းပေးလိုက်သည်။
အင်ပါယာခုံရုံးအတွင်းရှိ စိတ်အခြေအနေဟာ ဖော်ပြရန်ခက်ခဲလောက်အောင် ထူးဆန်းသွားသည်။ လူတိုင်း၏ အာရုံက သူတော်စင်ဧကရာဇ်လက်ထဲမှ စာထံရောက်သွားသည်။ သူတို့အားလုံးက အတက်နိုင်ဆုံး စာပါအကြောင်းအရာများကို ကြည့်လိုကြသည်။
အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ သူတော်စင်ဧကရာဇ်၏ ပုံရိပ်ကြီးက ခံစားချက်ကင်းမဲ့စွာ လှုပ်ရှားမှုကင်းမဲ့စွာဖြင့် တည်ရှိနေသေးသည်။ သို့ရာတွင် သူတော်စင်ဧကရာဇ်ကို ကောင်းကောင်းရင်းနှီးသော အရာရှိအိုများကမူ ကျုံ့နေသောမျက်မှောင်က ထိုစာကိုဖတ်ရင်း ပြေသထက် ပြေသွားကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။
အောက်ဘက်တွင် ဗိုလ်ချုပ်က ခေါင်းငုံ့လျှက်သားပုံစံနှင့် လေးစားစွာတင်ပြသည်။
“အရှင်မင်းကြီး ဟွမ်မြစ်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ ကျန်းရှို့ကွေးက အရှင်မင်းကြီးက ဒေါသထွက်လို့ သူ့ရဲ့မြို့တော်ထဲကို ပြန်ဝင်ခွင့်ကို ပိတ်သိမ်းလိုက်မှာ အမတ်ချုပ်ကြီးနေရာကို မပေးတော့မှာကို စိုးရိမ်ပြီး တော်ဝင်သံတမန်ကို လဒ်ထိုးမိစေခဲ့ပါတယ်။ ဒီကိစ္စက စုံစမ်းစစ်ဆေးရေး အင်ပါယာ ဆင်ဆာအကဲဖြတ် လူကြီးမင်း ယဲ့ဟိုင်ချန်း ဖော်ပြတဲ့အတိုင်း အတိအကျပါပဲ။ ကျန်းရှို့ကွေးက ဒီကိစ္စနဲ့ပတ်သတ်ပြီး တာဝန်ယူရမဲ့ အပိုင်းကနေ မလွတ်နိုင်ပါဘူး။ အရှင်မင်းကြီးအနေနဲ့ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်ပါတယ်။ ဒါပေမဲ့ ကျန်းရှို့ကွေးကလည်း အကျိုးအကြောင်းကို သိနေပါသေးတယ်။ ကျန်းရှို့ကွေးက အမတ်ချုပ်ကြီးနေရာနဲ့ပတ်သတ်ပြီး ဘယ်လောက်တောင် အယူသီးစိတ် ပြင်းထန်နေသလဲဆိုတာကို လူတိုင်းကလည်း သိမယ်ထင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မမျှော်လင့်ထားတဲ့ အဖြစ်အပျက်သာ ရှိမလာခဲ့ရင် ကျန်းရှို့ကွေးက မဟာထန်ရဲ့ အမတ်ချုပ်ကြီး ဖြစ်နေခဲ့ပြီးလောက်ပါပြီ။ ဒါကိုလည်း လူတိုင်းသိနေပါသေးတယ်”
“စစ်သည်တော်တစ်ယောက်အတွက် အနိုင်နဲ့အရှုံးက အမြဲတစေ ဒွန်တွဲနေတဲ့အရာပဲ။ အန်းတုံးကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီး ကျန်းရှို့ကွေးက မဟာထန်ကို ဒီလောက်ထိ အကြာကြီး အကျိုးပြု တာဝန်ထမ်းဆောင်ပေးလာခဲ့တာ။ ပိုဆိုးတာက ကျန်းရှို့ကွေးက အပြစ်ပြုမိပေမဲ့လည်း အဆုံးမှာတော့ အရှင်မင်းကြီး သူ့အပေါ် ထားရစ်ခဲ့တဲ့ ကျေးဇူးတရားတွေကို သတိရပြီး သူ့ရဲ့ ချောက်ကမ်းပါးနား ရောက်နေတဲ့မြင်းကို နောက်ပြန်လှည့်ဖို့ ဇာတ်ကြိုးဆွဲခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့လမ်းစဉ်တွေကို ဖာထေးပြီး အရှင်ဧကရာဇ်ကြီးကို ဝန်ခံခဲ့တယ်။ အနာအဆာတစ်ခုလောက်က ကျောက်စိမ်းရဲ့ အရောင်အဝါကို မဖုံးကွယ်နိုင်ပါဘူး။ အရှင်မင်းကြီး ကျေးဇူးပြုပြီး စဉ်းစားဆင်ခြင်ပေးတော်မူပါ”
ယဲ့ဟိုင်ချန်း အပါအဝင် ပြည်တွင်းအရာရှိတိုင်း၏ အမူအရာများက ပျက်ယွင်းသွားကြသည်။ ထိုဗိုလ်ချုပ်၏ စကားလုံးများက ကျန်းရှို့ကွေး၏ပြစ်မှုကို အမြင့်ဆုံးမှ အသေးဆုံးအထိ ချုံ့ပစ်လိုက်သည်။ သူတော်စင်ဧကရာဇ်ကိုသာ ဖြောင့်ဖြနိုင်ခဲ့လျှင် ကျန်းရှို့ကွေးကို ကိုင်တွယ်မည့်ကိစ္စက ရှုံးနိမ့်ပြီဟု ပြောရပေလိမ့်မည်။
ဝမ်းနည်းစရာ အကောင်းဆုံးကိစ္စကမူ ကျန်းရှို့ကွေး၏စာက အင်ပါယာခုံရုံးသို့ ဒီလိုအချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့သည်မှာ သူသည် ထိုစာကို နောင်တရပြီး စာရေးခဲ့သည်မှာ သိပ်မကြာလောက်သေးချေ။ ကျန်းရှို့ကွေးကလည်း စာထဲတွင် သူ၏အမှားကို မငြင်းထားပြန်ချေ။ ထိုအစား သူတော်စင်ဧကရာဇ်၏ အပြစ်ဒဏ်ကို တောင်းခံပြီး တာဝန်အပြည့်ယူပါ့မည်ဟုပင် ဖော်ပြထားသေး၏။ ထိုသို့ဖြစ်နေခဲ့လျှင် သူတို့က ဦးနှောက်ကို အသားကုန် အလုပ်ပေးပြီး အမျိုးမျိုး စွဲချက်တင်မည်ဆိုလျှင်ပင် ပြစ်ချက်ကို ရှာနိုင်လိမ့်မည်မဟုတ်ချေ။