← Chapters

အခန်း (၁၂၇၁-၁၂၇၅)

Vol. 75 Ch. 1271-1275

အခန်း (၁၂၇၁-၁၂၇၅)

Vol. 75 Ch. 1271-1275

အခန်း(၁၂၇၁)

“ဘာ”

ဝမ်ချောင်သည် အံ့အားသင့်မှုများနှင့်အတူ တုန်ယင်သွားရသည်။

လုထင်သည် ဝမ်ချုံရှု့ကသာ အသက်ရှင်နေဦးမည်ဆိုပါက အသက်ကိုးဆယ် ကျော်လောက်ပြီဟု တစ်ကြိမ်တစ်ခါက ပြောခဲ့ဖူးသည်။ ပို၍ဆိုးသည်မှာ သူသည် သိုသိပ်စွာနေတတ်သော အကျင့်စရိုက်ရှိသော လူမျိုးဖြစ်သည်။ အခြားစကားဖြင့်ဆိုရသော် လုထင်ကလည်း ထိုလူ အသက်မရှင်လောက်တော့သည့် ဖြစ်နိုင်ချေက အလွန်မြင့်မားကြောင်း ယုံကြည်ထားလေသည်။ သို့သော် ယခုလောက် လျှင်မြန်စွာ ဝမ်ချုံရှု့ကို ရှာဖွေနိုင်သောကိစ္စက အမှန်ပင် အံ့အားသင့်စရာဖြစ်လေသည်။

ဝမ်ချောင်သည် စိတ်မြန်မြန် တည်ငြိမ်သွားပြီးနောက် မေးမြန်လိုက်သည်။

“ကျင်းစီရင်စုရဲ့ လီကလန်က ဘာပြောထားသေးလဲ”

ဝမ်ချုံ့ရှု့နှင့် ပတ်သတ်သော သတင်းဟာ အမှန်ပင် စိတ်လှုပ်ရှားစရာကောင်းသည်။ သို့သော် တစ်ဖက်သူ၏ နောက်ခံ အစစ်အမှန်ကို အတည်မပြုနိုင်မချင်း အပျော်မလွန်နိုင်သေးချေ။

“ကျင်းစီရင်စုရဲ့ လီကလန်က သူတို့တွေက အကန့်အသတ်မဲ့ ပညာရှင်ကြီး လုထင်ပြောတဲ့လူနဲ့ အလွန်အမင်းတူတဲ့ တစ်စုံတစ်ယောက်ကို ရှာတွေ့ထားတယ်လို့ ဆိုပါတယ်။ တစ်ဖက်သူက အသက်ကိုးဆယ် ကျော်နေတဲ့အပြင် ရှေးဟောင်းစာအုပ်တွေကို စုဆောင်းရတာ အရမ်းကိုဝါသနာကြီးတဲ့သူပါ။ ပိုဆိုးတာက ဒီလူရဲ့ ဘယ်ဘက်မျက်ခုံးမှာ ပဲစေ့အရွယ်အစားလောက်ရှိတဲ့ မှဲ့လေးရှိတယ်။ ဒါတွေအပြင် လီကလန်က ဒီလူရဲ့ မျိုးရိုးနာမည်က ဝမ်ဖြစ်ပြီး လွန်ခဲ့တဲ့ အသက်နှစ်ဆယ် ကျော်လောက်က ဒီနေရာကို ပြောင်းရွှေ့လာခဲ့တယ်ဆိုတာကို ပြောပြထားခဲ့တယ်။ ဒီလူက သူ့ကိုယ်သူ ဝမ်ကုရှင်းလို့ခေါ်တယ်။ ရွာသားတစ်ယောက်က သူတစ်ချိန်လုံး သယ်ဆောင်ထားတဲ့ ကျောက်စိမ်းတံဆိပ်လေးကနေတစ်ဆင့် သူ့ကို ဝမ်ချုံရှု့လို့ သိရတာပါ”

“ဒါတွေအပြင် သူ့ရဲ့အိမ်က စာကြည့်ဆောင်က တော်တော်လေးကို အံ့အားသင့်စရာပါပဲ။ သူက ရောက်လာတာနဲ့ ခြံဝန်းကျယ်ကြီးတွေ အမြောက်အများ ဝယ်ခဲ့တယ်။ လူအများကို ခေါ်ယူပြီး နောက်ထပ် ခြံဝန်းသုံးဆောင် ဆောက်လုပ်ခိုင်းခဲ့တယ်။ အားလုံးက စာအုပ်တွေကို သိုလှောင်ဖို့ အသုံးပြုတာပါ။ လီကလန်က ဆေးပင်တွေကို သွားဝယ်တဲ့အချိန်မှာ ဒီလူကို သတိထားမိသွားလို့ ဒီလူကြီးမင်းရဲ့ စံအိမ်ကနေ ရေအချို့တောင်းဆိုရင်း မေးမြန်းကြည့်တာကနေ ဒီလိုဖော်ပြဖို့ ခက်ခဲလောက်အောင် ကြီးမားတဲ့ စာကြည့်ဆောင်ကြီးကို တွေ့ခဲ့ရတာပါ”

သိန်းငှက်အိုကြီးက ပြောပြသည်။ သူ၏ခန္ဓာကိုယ်က ငုံ့ကိုင်ထားသည်။

“ဝမ်ချုံရှု့”

ဝမ်ချောင်က အလွန်အံ့ဩသွားသည်။

ရှေးဟောင်းစာအုပ်များကို စုဆောင်းသူများသည် အမှန်ပင် တသီးတသန့် နေတတ်ကြသည်။ သူတို့သည် သူတို့စုဆောင်းထားသည့် စာအုပ်များကို အမှန်ပင် တန်ဖိုးထားသလိုမျိုး အလွယ်တကူ မစွန့်ပစ်တတ်ကြချေ။ သို့ရာတွင် စာအုပ်အတွင်းတွင်လည်း စုဆောင်းသူ၏ နာမည်ပါသည့် တံဆိပ်တုံးကို ခက်နှိပ်ထားလေ့ရှိသည်။ စုဆောင်းသူက သေဆုံးသွားခဲ့ပြီး ထိုစာအုပ်သည် နောက်ထပ် စုဆောင်းသူတစ်ယောက်၏ လက်ထဲသို့ ရောက်သွားခဲ့သော် ထိုစုဆောင်းသူက ထိုစာအုပ်တွင် သူတို့၏နာမည်ကို ထပ်မံပြီး ခက်နှိပ်နိုင်သည်။ ဒီနည်းအားဖြင့် ဒီစာအုပ်ကို ပိုင်ဆိုင်ခဲ့သည့် မျိုးဆက် အဆက်ဆက်ကို မှတ်တမ်းအဖြစ် ရရှိနိုင်လေသည်။

ထိုအခြေအနေသည် ရှေးခေတ် စာအုပ်စုဆောင်းသူများက ကျင့်သုံးလေ့ရှိသော အလေ့အကျင့်နှင့် ထုံးတမ်းတစ်ခုလည်းဖြစ်သည်။

ထိုလူကသာ သူ့ထံတွင် ဝမ်ချုံရှု့အမည်ရသော စည်းတံဆိပ် ရှိနေခဲ့သော် ထိုလူသည် သူရှာနေသောလူ ဖြစ်နိုင်ချေဟာ အနည်းဆုံး ခြောက်ဆယ်ရာခိုင်နှုန်းအထိ ရှိနေပြီဖြစ်သည်။

“သိန်းငှက်အိုကြီး ပညာရှင်ကြီးလုထင်ကိုခေါ်ပြီး ဒီလူက ဝမ်ချုံရှု့ဟုတ်မဟုတ် သွားကြည့်ခိုင်းလိုက်။ ဒါတွေအပြင် ငါတို့ ကျွမ်းကျင်ပညာရှင် လေးယောက်ကို စေလွှတ်ပြီး သူ့ကို စောင့်ကြပ်ကာကွယ်ခိုင်းထားရတယ်။ မဟာကလန်ကြီးတွေက ပညာသင်သား အချို့ကိုလည်း လုထင်နဲ့အတူ အဖော်ပြုဖို့ ထည့်ပေးလိုက်။ ငှက်စည်းတံဆိပ် ကျမ်းစာဆိုတာ ဘာဆိုတာနဲ့ မှင်သင်္ကေတတွေက ဘာကိုဆိုလိုထားသလဲဆိုတာကို ငါအမြန်ဆုံးသိချင်တယ်”

ဝမ်ချောင်က ခပ်တင်းတင်းပြောလိုက်သည်။ သူ၏မျက်လုံးဟာ တောက်ပလင်းထိန်လာသည်။ ထိုအပြောင်းအလဲက သူ့ကိုအလွန် အံ့ဩစေသည်။ ကြည့်ရသည်မှာ နောက်ဆုံးတွင် ကွန်ဖြူးရှပ်ဂိုဏ်းနှင့် ပတ်သတ်ပြီး တိုးတက်မှုအချို့ ရရှိလောက်လေပြီ။

သိန်းငှက်အိုကြီးက လုထင်နှင့် အခြားသော ကျွမ်းကျင်ပညာရှင် ဆယ်ယောက်ခန့်ကိုခေါ်ကာ ခပ်မြန်မြန် ထွက်ခွာသွားသည်။ လုံခြုံရေးအတွက် ဘုရင်စုန့်က နောက်ထပ် ကျွမ်းကျင်ပညာရှင် အယောက်နှစ်ဆယ်ကို ထည့်ပေးလိုက်သေးသည်။ ထိုလူများကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ထားပြီး အားလုံးက လက်ရွေးစင်များဖြစ်သည်။ ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူများနှင့် စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအကြားမှ ရန်ပွဲက အင်ပါယာခုံရုံးကိုသာ သက်ရောက်ခဲ့ခြင်းမဟုတ်ဘဲ အင်ပါယာကြီး တစ်ခုလုံးကိုလည်း သက်ရောက်သည်။ ဒီအခြေအနေကို ဘုရင်စုန့်ထက် မည်သူကမှ ပို၍ရှင်းလင်းစွာ နားလည်လိမ့်မည်မဟုတ်ပေ။

1271 02

စစ်ဘက်ဆိုင်ရာ သိုင်းပညာရှင်များကသာ တစ်စုံတစ်ရာ ဖြစ်သွားခဲ့သော် မဟာထန်၏ လူဦးရေ ဆယ်သန်းကျော်ခန့်က ဒုက္ခရောက်နိုင်သည်။ ထိုအတွက်ကြောင့်လည်း ဘုရင်စုန့်က ဒီကိစ္စတွင် အင်တိုက်အားတိုက် ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

ထိုအချိန်တွင် မြို့တော်ကြီးက ငြိမ်းချမ်းမှုကာလအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်သည်။ ဝမ်ချောင်သည်လည်း ချီရှီ၏ တိုက်ကွက်များကို ထိန်းချုပ်လိုက်နိုင်သည်။ လူသစ်လေ့ကျင့်ရေးစခန်းများကိုလည်း ထိန်းချုပ်လိုက်နိုင်၏။ လီကျွင်းရှန်း၏ ကွန်ဖြူးရှပ်ဂိုဏ်းက လုပ်ကြံသတ်ဖြတ်မှုကို ထိန်းချုပ်ထားပြီး ရှေ့ဆက်မတိုးလာခဲ့ချေ။ ဝမ်ချောင်အတွက်ကမူ လုထင်နှင့် ဘုရင်စုန့်ထံမှ သတင်းကိုသာ စောင့်နေလောက်သည်။

နှစ်ဖက်လုံးက ငြိမ်းချမ်းရေးယူထားသည်။ မည်သည့်ဘက်ကမှ မည်သူ့ကိုမှ မတိုက်ခိုက်ချေ။ ဝမ်ချောင်နှင့် လီကျွင်းရှန်းတို့ နှစ်ယောက်လုံးကလည်း သူတို့သည် အချိန်မရွေး အသစ်ရောက်ရှိလာနိုင်သည့် လုပ်ကြံသတ်ဖြတ်မှုကို စတင်နိုင်ရန် စုတ်ချက်ဆွဲနေခြင်းဖြစ်ကြောင်း နားလည်နေကြသည်။ တစ်ချိန်ထဲတွင်ပင် မြို့တော်တွင် အပြောင်းအလဲ အသစ်တစ်ခု ဖြစ်လာသည်။ ထိုအခြေအနေက လူအများစုကိုမူ အထိတ်တလန့် မဖြစ်စေသေးပေ။

ကျန်းချုံကျန့်ချုံးနှင့် စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာဌာန ရုံးတော် မျိုးနွယ်ခြားနယ်မြေများ၏ဘုရင် ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ ခဲ့ရှု့ဟန်၊ ကျန်းချုံကျန့်ချုံးနှင့် ရှန်ယွီကျုံ့ထုံးတို့အားလုံး ပူးပေါင်းပြီး ဗိုလ်ချုပ်များ၏ အခြေစိုက်စခန်းကို အနောက်မြောက်ပိုင်းဖြစ်သည့် မြို့တော်၏ အစွန်အဖျားဘက်တွင် တည်ဆောက်ခဲ့သည်။

ဗိုလ်ချုပ်များ၏ အခြေစိုက်စခန်းသည် မူတစ်ဆယ်ကျော်လောက်အောင် ကျယ်ပြောလေသည်။ ဆောက်လုပ်ရေး ကုန်ကျစရိတ်များအားလုံးကို စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာရုံးတော်၊ ဝမ်ချောင်နှင့် မြို့တော်၏ အထက်တန်းလွှာကလန်များက ထမ်းဆောင်ထားသည်။ သို့သော် ဝမ်ချောင်ကိုယ်တိုင်ကမူ တစ်ဝက်နီးပါး ပေးချေခဲ့ခြင်းဖြစ်သည်။ နောက်ထပ် ပြောင်းလဲမှု အသစ်ကမူ ထိုအထက်တန်းလွှာကလန်များက ဆောက်လုပ်ရေး ကုန်ကျစရိတ်ကို ပေးအပ်မည်ဟု ကိုယ်တိုင်ကိုယ်ကျ ပြောဆိုလာခဲ့သည့် ကိစ္စဖြစ်သည်။

ထိုနည်းအားဖြင့် ထိုအခြေစိုက်စခန်းကြီးကို အလွန်အမင်း လျှင်မြန်စွာ တည်ဆောက်နိုင်သွားပြီး ဘဏ္ဍာရေးရုံးတော်ထံမှ ရန်ပုံငွေ ကျလာမည့်အချိန်ကို စောင့်ဆိုင်းနေရန်ပင် မလိုအပ်တော့ချေ။

ထို့အပြင် ဗိုလ်ချုပ်များ၏ အခြေစိုက်စခန်းကို ဆောက်လုပ်မှုအတွက် ဗိသုကာလက်ရာ ပညာရှင်က ဝူရှန်းသံမဏိ တည်ထောင်ရာတွင် အလွန်ကျော်ကြားလွန်းခဲ့သူ၊ အနောက်မြောက်ပိုင်း တိုက်ပွဲနယ်မြေတွင် သံမဏိမြို့ရိုးများကို ခိုင်မာစွာ ဆောက်လုပ်နိုင်ခဲ့သောသူ ကျန်းရှို့ကျစ်ဖြစ်သည်။ ဗိုလ်ချုပ်များ၏ အခြေစိုက်စခန်းသည် ပြီးမြောက်ရန် လပေါင်းများစွာ လိုအပ်သည်။ အချိန်ကျလာသောအခါ စခန်းကြီးသုံးခုမှ ကျောင်းသားများက ထိုကျောင်းသို့ဝင်ရောက်ကာ လေ့ကျင့်နိုင်မည်ဖြစ်သည်။ လူသစ်လေ့ကျင့်ရေးစခန်းကြီး သုံးခုနှင့် မတူညီသည်မှာ ဗိုလ်ချုပ်များ၏စခန်းကြီးက ဗျူဟာများကို အဓိကထား သင်ကြားပေးမည်ဖြစ်ပြီး တိုက်ပွဲနယ်မြေအတွက် အမှန်တကယ် အသုံးဝင်မည့် လက်တွေ့ကျသော နည်းပညာများကို သင်ကြားပေးပေလိမ့်မည်။

ညွှန်ကြားပြသပေးမည့် လူများအားလုံးက စီရင်စုငါးခု၏ လက်ရွေးစင် အရာရှိကြီးများထဲမှ ရွေးထုတ်ထားခြင်းဖြစ်သည်။ အလွန်အမင်း ကြွယ်ဝသည့် တိုက်ပွဲဝင်အတွေ့အကြုံ ရှိနေကြသည်။ ထို့ကြောင့် စခန်းကြီးသုံးခုတွင် ရှိနေသော ဗိုလ်ချုပ်များနှင့် ခြားနားသည့် ညင်သဘောသဘာဝကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်း ပါသည်။ ထို့ပြင် ဝမ်ချောင်ကိုယ်တိုင်က ဗျူဟာပညာကို ပို၍မြင့်မားသော အတိုင်းအတာသို့ ရောက်ရှိသည်အထိ ထိုသို့စဉ်းစားတတ်လာအောင် သင်ကြားပေးမည့်သူဖြစ်သည်။

ဝမ်ချောင်၏ ဂုဏ်သတင်းဟာ စစ်နတ်ဘုရားအသစ်ဆိုပြီး ကျော်ကြားသလို သူ၏အမိန့်ပေးနိုင်သော စွမ်းရည်က ထိုအခြေစိုက်စခန်းကို အလွန်အမင်း ဆွဲဆောင်မှု ပြင်းထန်သွားစေသည်။

ဝမ်ချောင်သည် လီကျွင်းရှန်းကို နောက်သို့ ဆွဲချလိုသည်။ သို့သော် လီကျွင်းရှန်းကမူ အငွေ့များလို ရုတ်တရက် ပျောက်ကွယ်နေ၏။ သို့သော် ထိုသို့ဖြစ်နေသည့်တိုင်အောင် ကွန်ဖြူးရှပ်ကျောင်းတော်၏ တိုက်ခိုက်မှုများက မရပ်တန့်သွားသေးချေ။ ပို၍များပြားသော ကျောင်းများကို ကွန်ဖြူးရှပ်ကျောင်းများက သဘောထားကြီးမြတ်မှု၊ ဖြောင့်မတ်မှန်ကန်မှု၊ သိတတ်မှု၊ ဉာဏ်ပညာ စသဖြင့် ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်း ပြောသောစကားများအပြင် သာယာဝပြောသော လောကကြီးကို တည်ဆောက်ရန် ဆိုသည့် အကြောင်းအရာများက ကွန်ဖြူးရှပ်များ၏ လွှမ်းမိုးမှုနှင့်အတူ ပြင်းထန်သထက် ပြင်းထန်လာနေသေးပြန်သည်။

ဝမ်ချောင်ကလည်း လူများ၏စိတ်ဟာ တဖြည်းဖြည်းချင်း ပြောင်းလဲလာကြောင်း အာရုံခံနိုင်သည်။ ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူများ၏ ရွေးချယ်သောနည်းလမ်းဟာ အနုစိတ်ကျလွန်းသည်။ ဝမ်ချောင်ကဲ့သို့ မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ကပင် ထိုလူများ၏ အကြံအစည်များကို မပို့ချအောင် မတားနိုင်ပေ။

သို့သော် သူက ထိုလူများကို မတားသော်လည်း ပြန်လည်တိုက်ခိုက်ရန် နည်းလမ်းမရှိဟု မဆိုလိုပေ။

“ရွှီခဲ့ယွီ၊ ချန်းစန်းယွမ်၊ ငါမင်းတို့ကို တာဝန်တစ်ခုပေးမယ်”

1271 03

ရက်အနည်းငယ်ခန့် ကြာပြီးနောက် ဝမ်ချောင်က ထိုနှစ်ယောက်ကို စာကြည့်ဆောင်ထဲသို့ ဆင့်ခေါ်လိုက်သည်။

“ငါမင်းတို့ကို မြို့တော်ရဲ့ မဟာကလန်ကြီးတွေနဲ့ ဆက်သွယ်ပြီး ဒီတာဝန်ကို အမြန်ဆုံး လုပ်စေချင်တယ်။ ဒါတွေအပြင် ကနဦးမတည်ငွေအတွက် ရွှေထည်သန်းသုံးဆယ်ပေးမယ်။ နောက်ပိုင်းမှာလည်း ပိုများတဲ့ ရန်ပုံငွေတွေကို ထောက်ပံ့ပေးမယ်။ ဒီလိုနဲ့ ဒီတာဝန်ကို ပြီးမြောက်အောင်လုပ်ရမယ်”

“အာ”

“အရှင်”

ထိုနှစ်ယောက်က မေးရိုးအဟောင်းသားဖြစ်လျှက် ဝမ်ချောင်ကိုကြည့်ကြသည်။

ထည်သန်းသုံးဆယ်တောင်

ဒါကတကယ့်ရွှေတွေနော်။ ပိုများတဲ့ပမာဏက လာဦးမှာတဲ့လား။

ထိုအရေအတွက်က သူတို့၏ မျှော်လင့်ထားနိုင်သမျှကို ကျော်လွန်သွားသည်။ သိထားရမည်မှာ တော်ဝင်ခုံရုံးက ဝမ်ချောင်အား တာလာ့၏ တိုက်ပွဲအတွက် ရွှေထည်ဆယ်သန်းသာ ပေးခဲ့သည်။ ထိုအခြေအနေကတင် မဟာထန်အား တိုက်ပွဲကြီးတွင် အာရေးဗီးယားကို နိုင်စေခဲ့သည်။ သို့သော် ယခုမူ ဝမ်ချောင်က ရွှေထည် သန်းသုံးဆယ်ပေးလာသည်။ ဒါဟာ ကနဦးမတည်ငွေသာ ဖြစ်နေသေးသည်။ ထိုကြွယ်ဝမှုဟာ သူတို့၏ တစ်ဘဝလုံးသုံး၍ ကုန်နိုင်မည်မဟုတ်သော ပမာဏဖြစ်သည်။ ထို့ကြောင့် သူတို့ကိုယ်တိုင်ကပင် ထိုမျှအထိ တန်ကြေးထိုက်တန်ရလောက်အောင် မည်မျှကြီးမားသော တာဝန်ကြီး ဖြစ်နေမည်နည်းဟု တွေးတောမိလောက်သည်။

“ငါအားလုံးကို ဒီစာထဲမှာ ရေးထားတယ် သွားတော့”

“ဟုတ်ကဲ့အရှင်”

ရွှီခဲ့ယွီက စာကိုယူလိုက်ပြီး ချက်ချင်းထွက်သွားသည်။

ရက်အနည်းငယ်ခန့် ကြာပြီးနောက် မြို့တော်၏ ကျင်းစီရင်စုထံမှ သတင်းက ရောက်ရှိလာသည်။ လီကလန်က တည်ထောင်ထားသော ခန္ဓာကိုယ်... အင်အားမြှင့်တင်ခြင်းကျောင်းတော်က ကျင်းစီရင်စုတွင် တည်ရှိနေသည်။ ထိုကျောင်းတော်သည် မည်သည့်အခကြေးငွေကိုမှ မကောက်ခံလေဘဲ အမျိုးမျိုးသော သိုင်းပညာများကို သင်ကြားပေးသည်။ အနှစ်ချုပ်ဆိုရသော် ထိုကျောင်းတော်က မနက်စာနှင့် ညစာကိုပင် အလကားကျွေးသေးသည်။ အစပိုင်းတွင်မူ ကျောင်းသား တစ်ယောက်တည်းသာ ရှိခဲ့၏။ သို့သော် တဖြည်းဖြည်းချင်းစီ ခုနှစ်ယောက်ဖြစ်ကာ ထို့နောက် ဆယ်ယောက် ထိုထက်ပိုများလာသည်။

ကျင်းစီရင်စုသည် အစမျှသာဖြစ်သည်။ ထိုကဲ့သို့ သိုင်းပညာကျောင်းတော်များက မိုးရွာပြီးနောက် ထွက်လာသည့် ဝါးပင်များအလား လျှင်မြန်စွာ ပေါ်ပေါက်လာကာ ပမာဏများသထက် များလာလေပြီး အနီးအနားဝန်းကျင်ရှိ စီရင်စုများထံ ရောက်ရှိသွားသည်။ ထို့နောက် အခြားသောနယ်မြေများသို့ ဆက်လက် ပျံ့နှံ့သွားသေး၏။ တစ်ပတ်တည်းနှင့် ခန္ဓာကိုယ်... အင်အားမြှင့်တင်ခြင်း ကျောင်းတော်များ၏ အရေအတွက်က ရာကျော်လာသည်။ ထို့နောက် အင်ပါယာတစ်ခုလုံးအနှံ့ဆိုသလို ရောက်ရှိပျံ့နှံ့သွားလေသည်။ ရက်သတ္တပတ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီးနောက်တွင် ထိုကဲ့သို့သော ကျောင်းတော်များက ထောင်ကျော်လာသည်။ ထိုအရေအတွက်ဟာ ဆက်လက်ပြီး မြင့်တက်နေသေးပြီး ပမာဏက မှင်သက်ဖွယ်ရာပင်ဖြစ်သည်။

ခန္ဓာကိုယ်... အင်အားမြှင့်တင်ခြင်းကျောင်းတော်များသည် တူညီသောပုံစံဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး တူညီသော ဝန်းကျင် သဘောသဘာဝမျိုး ရှိနေသည်။ ထပ်ပေါင်းဆိုရသော် အတွေ့အကြုံရှိပြီးသော ညွှန်ကြားရေးသမားများသာ ပါဝင်နေသည်။ သာမာန်လူများကမူ ထိုအစီအစဉ်နှင့် ပတ်သတ်ပြီး အစပိုင်းတွင် သံသယဝင်ကြသေး၏။ သို့သော် ခန္ဓာကိုယ်... အင်အားမြှင့်တင်ခြင်း ကျောင်းတော်များသည် အစားအသောက် အလကားကျွေးကြောင်း ကြားရုံနှင့် ဝင်ရောက်ပါဝင်ကြသည်။ ထိုအရာသာ မကသေးချေ။ ထိုလူများသည် သိပ်မကြာခင် ထိုကျောင်းတော်များက ထပ်ပေါင်း မူဝါဒတစ်ရပ်ရှိကြောင်း သိလာကြသည်။ ခန္ဓာကိုယ်... အင်အားမြှင့်တင်ခြင်း ကျောင်းတော်များသည် တစ်ပတ်လုံးလုံး သိုင်းပညာကို လေ့ကျင့်ပေးသည်။ ထိုသို့ တစ်ပတ်လုံးလုံး လေ့ကျင့်ပေးရုံနှင့် အခကြေးငွေအဖြစ် ကြေးပြားများပါသော ပိုက်ဆံတွဲ ဆယ်တွဲရရှိခြင်းဖြစ်သည်။ ထိုကျောင်းတွင် တစ်လလုံးဆက်တိုက် သိုင်းပညာလေ့ကျင့်မည်ဆိုလျှင်မူ ငွေတစ်ပြားကို ရရှိမည်ဖြစ်သည်။ အချိန်ပိုကြာလေလေ ရရှိမည့်ငွေသားပမာဏက ပိုများလေလေဖြစ်ပြီး နှစ်ဝက်ခန့်ကြာပြီးနောက်တွင် ငွေတုံးကြီးတစ်တုံးလုံးကို ရရှိပေလိမ့်မည်။

ထိုကဲ့သို့သော အခြေအနေမျိုးက ဗဟိုပြင်ကျယ်တွင် မဖြစ်ပျက်ခဲ့ဖူးချေ။ ပို၍ဆိုးသည်မှာ ကျောင်းတော် အနီးအနားဝန်းကျင်တွင် လူပေါင်းများစွာ နေထိုင်ကြသည်။ လိုအပ်ချက်များက တင်းကြပ်သည့်တိုင်အောင် အဆုံးတွင် ကျောင်းတော်ဟာ မှင်သက်ဖွယ်ကောင်းသော ကျောင်းသားပမာဏကို လက်ခံရရှိလိုက်သည်။ ပိုက်ဆံဖြင့် ထိုလူများကိုလည်း ကျွေးမွေးသည်။ ထို့အပြင် သင်ကြားပြသသူများကိုလည်း ပေးချေပြီး မှင်သက်ဖွယ်ကောင်းလောက်အောင် မြောက်များသော နေ့စဉ်အသုံးအဆောင် ကုန်ကျစရိတ်များလည်း ရှိနေသေးသည်။ ဒါဟာ သာမာန် ကလန်ကြီးတစ်ခုက တောင့်ခံနိုင်သည့် ပမာဏမျိုး မဟုတ်ချေ။

သို့သော် ထိုလူများသည် သိပ်မကြာခင် ထိုခန္ဓာကိုယ်... အင်အားမြှင့်တင်ခြင်း ကျောင်းတော်များထံမှ လာသော ငွေပြားများက အဆုံးအစမဲ့လောက်အောင် မြောက်များကြောင်း သိလိုက်ကြသည်။ ထိုကျောင်းတော်များ၏ နောက်တွင်ရှိနေသောလူက တစ်စုံတစ်ယောက်တည်းသာ ဆိုလျှင် ထိုလူသည် မှင်သက်ဖွယ်ကောင်းလောက်အောင် ကြွယ်ဝသူဖြစ်ရပေမည်။ ထိုကျောင်းတော်များ၏ ပိုင်ရှင်ကသာ ပေါ်ထွက်လာခဲ့သော် အင်ပါယာကြီးတစ်ခုလုံးကပင် တုန်ယင်သွားလောက်၏။

1271 04

မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်

ထိုကျောင်းတော်များ၏ ပိုင်ရှင်က ကျော်ကြားလွန်းသော စစ်နတ်ဘုရား ဝမ်ချောင်ဖြစ်နေသည်။

ထိုသတင်းက ငလျှင်သဖွယ်ဖြစ်သည်။ မရေမတွက်နိုင်သော လူပေါင်းများစွာက ဝမ်ချောင်က တည်ထောင်ထားသော ထိုကျောင်းတော်များကို အာရုံစူးစိုက်သွားကြပြီး ထိုကျောင်းတော်များကို စိတ်ဝင်စားလာကြသည်။ ထိုကျောင်းတော်များသည် သိုင်းပညာကိုလည်း သင်ပေးသည်။ သူတို့၏ ခန္ဓာကိုယ်က ကြံ့ခိုင်လာနိုင်သည်။ ထို့အပြင် မရေမတွက်နိုင်သော လွှမ်းမိုးနိုင်စွမ်းပြင်းထန်သော မိသားစုများနှင့် အဖွဲ့အစည်းပေါင်း များစွာကလည်း ဝမ်ချောင်နှင့်ဆက်သွယ်လျှက် သူတို့၏ နယ်မြေများတွင် ထိုကဲ့သို့သော ကျောင်းတော်များဖွင့်ရန် ဆန္ဒရှိကြောင်းပြောသည်။ သူတို့သည် နေ့စဉ် ကုန်ကျစရိတ်များ၏ တစ်ပိုင်းတစ်စကိုပင် ပေးရန်ဆန္ဒရှိကြောင်း ပြောကြ၏။

ထိုကျောင်းတော်များက အလွန်အမင်း ကျော်ကြားလာရာ အလွန်နည်းပါးသော အချိန်ကိုသာ ယူခဲ့ရသည်။ ခန္ဓာကိုယ်ကို အင်အားမြှင့်တင်ပေးသည့်အပြင် သိုင်းပညာများကိုလည်း ကျင့်ကြံတာတစ်ခုဖြစ်သည့် ထိုကျောင်းတော်ကြီးက အင်ပါယာတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

ခန္ဓာကိုယ်... အင်အားမြှင့်တင်ခြင်းကျောင်းတော်များ၏ အရေအတွက်က သောင်းကျော်သည်အထိ မြင့်တက်လာသည်။ အင်ပါယာ၏ ထောင့်တိုင်း နေရာတိုင်းတွင်ပင် ကျောင်းတော်များက ရှိနေသည်။

ဖလပ် ဖလပ်

သတင်းပို့ငှက် တစ်ကောင်ပြီးတစ်ကောင်က မြို့တော်ထံ ပျံသန်းသွားကြသည်။ ထိုငှက်များထဲမှ တစ်ကောင်သည် မြို့တော်၏ အနောက်မြောက်ပိုင်း အကျဆုံး လက်ဖက်ရည်စံအိမ်ငယ်လေးထံသို့ ဝင်ရောက်သွားသည်။ ကွန်ဖြူးရှပ်ကျောင်းတော် ဝတ်စုံကို ဝတ်ဆင်ထားသော အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲကြီးက လက်ကိုဆန့်လျှက် သတင်းပို့ငှက်ကို လက်ခံယူသည်။ ထို့နောက်စာကို တစ်ချက်ကြည့်ပြီး မျက်နှာက တင်းမာသွားသည်။

“မျိုးမစစ်ကောင်”

ကွန်ဖြူးရှပ်ပညာရှင်များသည် ကျောင်းများကိုတည်ထောင်ရင်း သူတို့၏ အကြံအစည်များကို အကောင်အထည် ဖော်နေချိန်တွင် ဝမ်ချောင်ဟာလည်း သိုင်းပညာကို သင်ကြားပေးသည့် ကျောင်းများကို အင်ပါယာကြီးတစ်ခုလုံးအနှံ့ တည်ထောင်လိုက်သည်။ ဒါဟာ သူတို့၏ အကြံအစည်ကို အတိုက်အခံ လုပ်နေခြင်းဖြစ်သည်။

“ဟွန်း မင်းဘယ်လောက် တောင့်ခံနိုင်မလဲလို့ ငါကြည့်မယ်”

အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲက လက်ကိုတစ်ချက်ယမ်းလျှက် လက်ဖက်ရည် စံအိမ်ငယ်လေးအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။

++++++

အခန်း(၁၂၇၂)

ကွန်ဖြူးရှပ်ဂိုဏ်းမှ အဖွဲ့ဝင်များကသာ သတင်းကို လက်ခံရရှိခြင်းမဟုတ်ပေ။ ဝမ်မိသားစု စံအိမ်အတွင်းတွင် ဝမ်ချောင်သည် သာမာန် ထသွားထလာဝတ်စုံကို ဝတ်ဆင်ပြီး သစ်သားဆံထိုးလေး တစ်ခုတည်းနှင့် ဆံပင်ကို ထိန်းထားလျှက် ကျန်သောဆံပင်များကို ဖြန့်ချထားပြီး စားပွဲခုံနားတွင် ရပ်နေခြင်းဖြစ်သည်။ ထိုသို့ရပ်နေသည့် အချိန်တွင်ပင် ပညာတတ်တစ်ယောက်၏ ကျော့ရှင်းရည်မွန်မှုကို ထုတ်လွှတ်ပေးနေသလို တစ်ပြိုင်တည်းတွင်ပင် စစ်သည်တော်တစ်ယောက်၏ တည်ကြည်မှုကိုလည်း ထုတ်လွှတ်ထားသည်။ သူ၏အရှေ့တွင် အမျိုးမျိုးသော စီရင်စုနှင့် အမိန့်လက်ခံ နယ်မြေများထံမှ သတင်းများရှိနေသည်။

“မဆိုးပါဘူး ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ကျောင်းပေါင်းငါးသောင်း ကျော်သွားပြီ”

ဝမ်ချောင်က စားပွဲပေါ်မှစာကိုကြည့်ပြီး ပြုံးလိုက်သည်။ ထိုအရေအတွက်က သူ၏ မျှော်လင့်ထားသမျှကိုပင် ကျော်လွန်သွားလေပြီး နေ့စဉ်အသုံးစရိတ်က ရိုးရှင်းစွာဖြင့် မှင်သက်ဖွယ်ကောင်းသည်။ မြို့တော်တွင် နှစ်နှစ်ရာ သုံးရာခန့်နီးပါး စီမံလည်ပတ်လျှက် စီးပွားရေးများကို ချုပ်ကိုင်ထားသော မဟာကလန်ကြီးများကဲ့သို့ မှင်သက်ဖွယ်ကောင်းသော ကြွယ်ဝမှုကို ပိုင်ဆိုင်ထားသူများကပင် ထိုဝန်ထုတ်ဝန်ပိုးကို ခံနိုင်လိမ့်မည်မဟုတ်ချေ။ သာမာန် အခြေအနေမျိုးတွင်ဆိုလျှင် လူတစ်ဦးတစ်ယောက်က သို့မဟုတ် အဖွဲ့အစည်းတစ်ခုက ထိုမျှ မြောက်များသော ကုန်ကျစရိတ်ကို ပေးချေနိုင်လိမ့်မည်မဟုတ်ချေ။

သို့သော် ခိုရာစန်း၏ စစ်ပွဲပြီးနောက် ဝမ်ချောင်သည် မူတာစီရန်သုံးထံမှ ရွှေသားထည် (၁.၉)ဘီလီယံ ရရှိခဲ့သည်။ ရွှေသားတစ်ဘီလီယံကို အင်ပါယာခုံရုံးသို့ ပေးခဲ့ပြီး ကျန်သောသန်းတစ်ရာကို ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးကို ဝယ်ရန် အသုံးပြုခဲ့သည်။ သန်းနှစ်ရာကိုမူ အခြားသော ပေးချေစရိတ်များအဖြစ် တိုက်ပွဲတွင် သေဆုံးသွားခဲ့သော စစ်သည်တော်များ၏ မိသားစုများကို ပေးစေခြင်း၊ အနောက်ပိုင်းနယ်မြေမှ အမျိုးမျိုးသော အဖွဲ့ဝင်များ၏ ဝန်ဆောင်မှုများအတွက် ပေးချေခြင်းနှင့် အကြီးအသေးပါလာ့ တိုင်းပြည်များကို ပေးချေခြင်းတို့တွင် အသုံးပြုခဲ့သည်။

ထိုအခြေအနေက ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့အား ရွှေသားသန်းခြောက်ရာထည်စီ ကျန်ရစ်စေလေသည်။ ထိုပမာဏကြောင့်လည်း ဝမ်ချောင်ဟာ ယခုလို ခန္ဓာကိုယ်... အင်အားမြှင့်တင်ခြင်း ကျောင်းတော်များကို အင်ပါယာအနှံ့ တည်ဆောက်နိုင်သော အင်အားမျိုးကို ရရှိစေခဲ့ခြင်းဖြစ်သည်။

ထိုအဆင့်က လီကျွင်းရှန်းနှင့် ကွန်ဖြူးရှပ်ဂိုဏ်းကို ရင်ဆိုင်ရန် လုံလောက်ချင်မှ လုံလောက်ပေလိမ့်မည်။ အမှန်တိုင်းဆိုရသော် ယခင်အချိန်များကတည်းက ထိုရွှေများကိုရပြီးပြီးချင်း ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့က ထိုပိုက်ဆံများကို မည်သို့သုံးပြီး တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မည်၊ လူများကို အင်အားကြီးမားအောင် လုပ်မည်ဟူ၍ ခိုရာစန်းတွင်ကတည်းက ဆွေးနွေးတိုင်ပင်ခဲ့ပြီးသားဖြစ်သည်။ ထိုအချိန်များထဲမှ တစ်ခုက ခန္ဓာကိုယ်... အင်အားမြှင့်တင်ခြင်း ကျောင်းတော်များကို အင်ပါယာတခွင်အနှံ့ တည်ဆောက်စေ၍ မဟာထန်၏ ပြည်သူများအတွက် သိုင်းပညာသင်ကြားပို့ချပေးရန် သာမာန်လူများ၏ အင်အားကို တိုးမြင့်အောင်လုပ်ပေးရန် စဉ်းစားထားခဲ့ပြီးသားဖြစ်သည်။

ထိုအကြံက ကောင်းရှန်းကျစ်၏ အင်တိုက်အားတိုက်အဖြစ် အသိအမှတ်ပြုမှုကို လက်ခံရရှိခဲ့သည်။ ထို့ကြောင့် သူသည် ဒီအခွင့်အရေးကို အရယူပြီး ကျောင်းများကို ဆောက်လုပ်လိုက်ခြင်းဖြစ်သည်။

သူ၏ယခင်ဘဝတွင် အခြားသောလောကမှ ကျူးကျော်သူများနှင့် တိုက်ခိုက်သည့် အခိုက်အတန့်တွင် ဝမ်ချောင်အနေဖြင့် စစ်သည်အင်အား ပြတ်လပ်မှုဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရသည်။ ဗဟိုပြင်ကျယ်ကြီးသည် လူဆယ်သန်းကျော် နေထိုင်သော နယ်မြေကြီး ဖြစ်နေခဲ့သည့်တိုင်အောင် လူအနည်းစုကသာ တိုက်ပွဲနယ်မြေအတွက် သင့်တော်သည်။ ထိုအတွက်ကြောင့်လည်း ထိုကျောင်းတော်များကို တည်ဆောက်ရန် ရည်ရွယ်ချက်က ပို၍ကြီးမားခဲ့လေသည်။

ဝမ်ချောင်က စာကိုချထားလိုက်ပြီး ရေရွတ်လိုက်သည်။

ရွှေထည်သန်းခြောက်ရာက အကြာကြီးတော့ ခံမှာမဟုတ်ဘူး။ ဒါပေမဲ့ အနည်းဆုံး ဆယ်နှစ်တော့ခံတယ်။ ဒါကကပ်ဘေးမလာခင် အချိန်ကွက်တိလောက်ပဲ။ ခန္ဓာကိုယ်... အင်အားမြှင့်တင်ခြင်း ကျောင်းတော်တွေက နောက်ဆုံးအခိုက်အတန့်ထိ ခံသမျှ မဟာထန်ကြီးက သင့်တော်တဲ့စစ်သားတွေကို စုဆောင်းလေ့ကျင့်ပေးနိုင်စွမ်းရည် ရှိနေမှာပဲ။

ထိုအကြံကြီးသည် အင်ပါယာတစ်ခုလုံးအတွက် အင်အားမြှင့်တင်စေရန်ဖြစ်ပြီး ဝမ်ချောင်တစ်ယောက်တည်းကသာ ထိုသို့တွေးမိခြင်းမဟုတ်ပေ။

ဖလပ် ဖလပ်

သူကတွေးတောနေသည့် အချိန်တွင် အလွန်အမင်း ကြမ်းတမ်းပုံပေါက်သော ရွှေရောင်သိန်းငှက်ကြီး တစ်ကောင်က ပြတင်းပေါက်မှ ဖောက်ဝင်လျှက် ဝမ်ချောင်၏အရှေ့ စားပွဲခုံပေါ်သို့ ဆင်းသက်လာသည်။ သိန်းငှက်ကိုကြည့်လိုက်ရုံဖြင့် ဝမ်ချောင်က မျက်လုံးပြူးသွားရသည်။

ထိုအရာသည် သူနှင့်သိန်းငှက်အိုကြီး ကြိုတင်စီစဉ်ထားသော အချက်ပြမှုဖြစ်ပြီး လုထင်ထံမှ သတင်းရကြောင်း ဖော်ပြခြင်းလည်းဖြစ်သည်။ နှစ်ရက်ခန့် ကြာပြီးနောက်တွင် စာအုပ်များအပြည့် ထည့်ထားသော ရထားလုံးတစ်စီးက ကျင်းစီရင်စုမှထွက်လျှက် မြို့တော်ထံသို့ ရောက်ရှိလာပြီး ဝမ်မိသားစု စံအိမ်အတွင်းသို့ ဝင်ရောက်လာပြီဖြစ်သည်။

ဝမ်ချုံရှု့၏ နောက်ခံကို အတည်ပြုပြီးလေပြီ။ လုထင်သည်လည်း မျှော်လင့်ထားသည်ထက် ပို၍များပြားသော အရာများကို ရရှိခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာ ကတည်းက တည်ရှိခဲ့သည့် ကြာရှည်စွာ တွေးထားရသော စိတ်ဆန္ဒက ပြီးမြောက်သွားရုံသာမကသေးလေဘဲ ဝမ်ချုံရှု့ကို ကိုယ်တိုင်ပင် တွေ့နိုင်ခဲ့သည်။

ငှက်စည်းတံဆိပ် ကျမ်းစာနှင့်ပတ်သတ်သည့် သတင်းအချက်အလက် အပုံလိုက်ကိုလည်း ဗဟိုပြင်ကျယ်၏ နံပါတ်တစ် စာအုပ်စုဆောင်းသူထံမှ ရရှိခဲ့သေးသည်။ လုထင်သည် ပညာရေးနယ်ပယ်တွင် နှံ့စပ်ကျွမ်းကျင်မှုနှင့် သတင်းအချက်အလက်ပေါင်း များစွာကို ပိုင်ဆိုင်ထားသော အချက်ကို ဖယ်ထားလိုက်မည်ဆိုလျှင်ပင် သူသည် အချက်အလက်များကို ရအောင်ရွေးနှုတ်ပြီး မြို့တော်သို့ အသုံးဝင်မည့် အချက်အလက်များကို ပြန်ပို့နိုင်ခဲ့သည်။ ထို့အပြင် သူသည် သူရှာဖွေတွေ့ရှိခဲ့မှုများထဲတွင် အမှတ်အသားများ ပြုပေးလိုက်သေးသည်။

“အရှင် အကဲဖြတ်ပညာရှင်ကြီးလုက အရေးကြီးဆုံးစာအုပ်တွေက ထိပ်ဆုံးမှာလို့ပြောပါတယ်။ အရှင်က ပထမစာအုပ်ကို ဖတ်လိုက်တာနဲ့ ဒီမှင်သင်္ကေတတွေရဲ့ အဓိပ္ပာယ်ကို အကြမ်းဖျင်း နားလည်ပါလိမ့်မယ်တဲ့”

စုရွတ်ရွှန်းက တည်တင်းသော မျက်နှာနှင့်ပြောသည်။

ဝမ်ချောင်က အပိုစကားမဆိုတော့ဘဲ စာအုပ်သေတ္တာထဲ၏ ထိပ်ဆုံးမှ အနက်ရောင် စာအုပ်လေးကို ကောက်ယူလိုက်သည်။ ဖွင့်ဖတ်ကြည့်ပြီးနောက် အနီရောင်စည်းတံဆိပ်ဖြင့် ထုနှိပ်ထားသော တံဆိပ်သင်္ကေတကိုလည်း မြင်လိုက်သည်။

“ဝမ်ချုံ့ရှု့”

ဝမ်ချောင်သည် နာမည်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။ ပထမစာမျက်နှာကို တစ်ချက်လှန်ပြီးနောက်တွင် အမျိုးမျိုးသော ငှက်စည်းတံဆိပ် ကျမ်းစာသင်္ကေတများကို မြင်လိုက်ရသဖြင့် လုထင်၏ စကားက မှန်ကန်ကြောင်း သိလိုက်သည်။ မှင်သင်္ကေတ အလယ်နားတွင်ရှိသော ထိုသင်္ကေတကြီးဟာ စကားလုံးတစ်လုံးဖြစ်နေသည်။ ဒါဟာ ငှက်စည်းတံဆိပ် ကျမ်းစာပုံစံနှင့်တူညီလေသည်။ ဝမ်ချောင်က ဆက်လက်ပြီးဖတ်သည်။ ထိုစာအုပ်ကြီးသည် ရှေးဟောင်းကျမ်းစာဖြစ်ပြီး ငှက်စည်းတံဆိပ် ကျမ်းစာဟု အလိုအလျောက်ပင် ဖော်ပြ၍ရသည်။ စာများက ထိုကွန်ဖြူးရှပ်ပညာရှင်များ လွန်ခဲ့သော နှစ်ငါးရာ၊ ခြောက်ရာခန့်က လေ့လာခဲ့သည့် စာအချို့ထံမှ မြစ်ဖျားခံလာပုံရသည်။ ဝေ့ကျင်းခေတ် ကာလကပင် ဖြစ်နိုင်၏။ သူသည် ငှက်စည်းတံဆိပ် ကျမ်းစာပိုဒ်ကို အထူးတလည် စိတ်ဝင်စားခဲ့သည်။ ထို့ကြောင့် အချက်အလက်များ အားလုံးကို ရနိုင်သမျှ စုစည်းလေပြီး ဒီစာအုပ်ကို အနှစ်ချုပ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ အမျိုးမျိုးသော ငှက်စည်းတံဆိပ် ကျမ်းစာပိုဒ် စာအုပ်များအပြင် အရာအားလုံး၏ နောက်ကွယ်မှ မူရင်းဇစ်မြစ်နှင့် ပုံရိပ်များကိုပင် ဖော်ပြထားသေးသည်။

စာမျက်နှာ အရွက်နှစ်ဆယ်၊ သုံးဆယ်ခန့်ကို လှန်ဖတ်ပြီးနောက်တွင် ဝမ်ချောင်သည် လုထင်က ချန်ထားပေးခဲ့သည့် စာအုပ်အမှတ်လေးကို တွေ့လိုက်ရသည်။ ထူးခြားသော သင်္ကေတက သူ၏မျက်စိရှေ့တွင် ချက်ချင်းလိုလို ရောက်ရှိလာပြီးနောက်တွင် သူ၏မျက်လုံးက မှေးကျဉ်းသွားကာ အပ်ဖြင့်အထိုးခံရသည်။ ရှေးဟောင်းစာအုပ်ထဲတွင် ရှိနေသော ထိုစာလုံးက ကွန်ဖြူးရှပ်ဂိုဏ်း၏ မှင်သင်္ကေတအလယ်မှ စာလုံးနှင့် အလွန်တူညီသည်။

“သာယာဝပြောသော”

ဝမ်ချောင်က လွန်ခဲ့သော အချိန်ကာလပေါင်းများစွာကတည်းက ထွက်ခွာသွားလောက်ပြီဖြစ်သည့် ကွန်ဖြူးရှပ် ပညာရှင်ကြီးက ချန်ထားရစ်ခဲ့သည့် စာအုပ်ပါရှင်းပြချက်များကို ဖတ်ရှု့လိုက်သည်နှင့်အမျှ သူ၏မျက်ခုံးများဟာ ရုတ်တရက် မြင့်တက်သွားသည်။ သူသည် ထိုသင်္ကေတကို နှစ်ကြိမ်ခန့် မြင်ခဲ့ဖူးပြီးလေပြီ။ ဒီဘဝတွင်တစ်ကြိမ်၊ ယခင်ဘဝတွင် တစ်ကြိမ်မြင်ခဲ့ဖူး၏။ ဝမ်ချောင်အနေဖြင့် ဒါဟာ စကားလုံးတစ်လုံး ဖြစ်နေမည်ဟု မထင်ထားမိချေ။ စာအုပ်က ထိုစကားလုံး၏ မူလဇစ်မြစ် အကြောင်းအရာကိုပင် မှတ်တမ်းတင်ပေးထားသည်။

နွေဦးကာလနှင့် ဆောင်းတွင်းကာလ စစ်ပွဲများ အလွန်အမင်းဖြစ်ပွားသော ကာလအတောအတွင်းတွင် ပြည်နယ်တိုင်းက အချင်းချင်း တိုက်ခိုက်နေကြသည်။ ဗဟိုပြင်ကျယ်ကလည်း ကပ်ဘေးများဒဏ်ကို ခံစားရပြီး ထိခိုက်နစ်နာနေသည်။ ထိုအခိုက်အတန့်တွင် ပြည်နယ်များအားလုံးအကြားတွင် သူတော်စင်တစ်ပါးက ပတ်ပြေးရင်း သူတို့၏ တစ်ကိုယ်ကောင်းဆန်မှုများကို ဘေးဖယ်ထားရန်အတွက် ဖြောင့်ဖြရန်အလို့ဌာ မျှော်လင့်လျှက် အမျိုးမျိုးသော ပြည်နယ်ရှင်တိုင်းကို လိုက်လံတွေ့ဆုံခဲ့သည်။ အသက်သုံးဆယ်မှ အသက်ခုနှစ်ဆယ်ထိ ထိုသူတော်စင်ကြီးသည် အနှစ်လေးဆယ်လုံးလုံး အလားတူ ပြုမူခဲ့သည်။ သို့သော် သူ၏ကြိုးစားအားထုတ်မှုများက အလဟသ ဖြစ်သွားခဲ့ရသည်။ အနားယူသွားသည့် နှစ်များအတောအတွင်းတွင် ဗဟိုပြင်ကျယ်ကြီး၏ စစ်ပွဲများက မလျော့နည်းသွားဘဲ ပို၍သာ ပြင်းထန်လာသည်။

နဘေးနားရှိ တပည့်ဂိုဏ်းသားများက အမျိုးမျိုးသော အရှင်သခင်များကို ဖြောင့်ဖြရန်ကြိုးစားရင်း ထိုးနှက်ချက်ကြောင့် အသတ်ခံခဲ့ရသည်။ ထိုခေတ်မှ နောက်ဆုံးသော သူတော်စင်ကြီးကလည်း ရင်ကျိုးမရဖြစ်မှု ဒေါသများဖြင့် သေလွန်သွားခဲ့ရသည်။ သူသည် သွေးအန်ရင်း သူ၏လက်ချောင်းကို သွေးထဲသို့နှစ်လျှက် ထိုငှက်စည်းတံဆိပ် ကျမ်းစာသင်္ကေတအသစ်ကို ဖန်တီးခဲ့သည်။ ထိုစကားလုံးက သာယာဝပြောခြင်း စကားလုံးဖြစ်သည်။

ထိုသာယာဝပြောခြင်းဆိုသော စကားလုံးသည် ထိုသူတော်စင်ကြီး၏ အမျိုးမျိုးသော ဈာန်ဝင်စားမှုများနှင့် တွန့်ဆုတ်မှုများထံမှ ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။ ထိုစကားလုံးကို ရေးသားခဲ့ပြီးနောက် ထိုနောက်ဆုံးသော သူတော်စင်ကြီးက သူ၏နောင်တများနှင့် လက်ခံလိုစိတ် မရှိမှုများအားလုံးကို ငယ်ရွယ်သော နောက်လိုက်များထံ အပ်နှံထားပေးလျှက် ရုတ်တရက် သေဆုံးသွားခဲ့သည်။

ထိုသူတော်စင်ကြီး သေဆုံးပြီးနောက် နောက်လိုက်များထဲမှ လူငယ်တစ်ယောက်က ထိုသူတော်စင်ကြီးက ရေးသားထားခဲ့သော နောက်ဆုံးသောစကားလုံးကိုယူလျှက် တောင်ထိပ်တွင် တံခါးပိတ် နေထိုင်ခဲ့သည်။ သူသည် ထိုသင်္ကေတကို အုတ်မြစ်အဖြစ် သတ်မှတ်လျှက် ကွန်ဖြူးရှပ်ဂိုဏ်းယူခေါ်သော ဂိုဏ်းအသစ်တစ်ဂိုဏ်းကို တည်ထောင်ခဲ့လေသည်။

လူအများစုကမူ ထိုဒဏ္ဍာရီက အမှန်တရားဖြစ်လောက်သည်ဟု ယုံကြည်ထားကြသည်။ ဝေ့ကျင်းခေတ် ကာလတွင်ပင် လူအများစုက နာမည်ကျော် ဒဏ္ဍာရီအဖြစ် သတ်မှတ်ထားခဲ့သည်။ သို့သော် ထိုကွန်ဖြူးရှပ်ပညာရှင်အတွက်ကမူ အရာအားလုံးကို စုံစမ်းစစ်ဆေးရန် မဖြစ်နိုင်ပေ။ ထို့ပြင် ကွန်ဖြူးရှပ်ဂိုဏ်းနှင့် ပတ်သတ်သမျှကို မည်သူကမှ မကြားခဲ့ဖူးကြချေ။

ထိုအခြေအနေက ဝေ့ကျင်းခေတ်မှ ကွန်ဖြူးရှပ်ပညာရှင်များအား ချီဟန်ခေတ်နှင့် နောက်ပိုင်းခေတ်များ ကျော်လွန်ပြီးမှသာ ထိုအကြောင်းအရာကို ထုတ်ပြောစေခဲ့သည်။ ထိုသို့ဖြင့် ကွန်ဖြူးရှပ်ဂိုဏ်းနှင့် ပတ်သတ်သည့် ကိစ္စများက ပို၍ကျယ်ပြန့်သည့် ကောလဟာလများ ဖြစ်လာသည်။

ထိုစကားလုံးများသည် သမန်ကာလျံကာ စကားလုံးများသာဖြစ်သည်။ ထိုစာအုပ်၏ ရေးသားသူကပင် ငှက်စည်းတံဆိပ်၏ ကျမ်းစာပိုဒ်နှင့် ပတ်သတ်သော အကြောင်းအရာများကို စုစည်းခဲ့ရာတွင် အထူးတလည် အာရုံစိုက်ထားပုံမရပေ။ သို့ရာတွင် ထိုအကြောင်းအရာများကို ဖတ်ပြီးနောက် ဝမ်ချောင်က မှင်သက်သွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ဝမ်ချောင်ကမူ သူ၏စိတ်ထဲသို့ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သလို ခံစားလိုက်ရသည်။ သူသည် လီကျွင်းရှန်းက သူတော်စင်တစ်ရာ၏ သေဆုံးမှုအကြောင်း ပြောသည်ကို ကြားခဲ့ပြီးသားဖြစ်သည်။ သို့သော် ကွန်ဖြူးရှပ်ဂိုဏ်းသည် နွေဦးဆောင်းဦးနှင့် စစ်ဖြစ်ပွားသော ကာလနှင့် ဆက်စပ်နေလိမ့်မည်ဟု မထင်ထားမိချေ။ ထိုစာအုပ်ကပြောထားသမျှ စကားလုံးတိုင်းကသာ မှန်ကန်နေခဲ့သော် လီကျွင်းရှန်း၏အနောက်မှ ကွန်ဖြူးရှပ်ဂိုဏ်းကြီးက နှစ်တစ်ထောင်ကျော် သက်တမ်းရှိနေလေပြီ။

ထိုအခြေအနေက ဝမ်ချောင်၏ မျှော်လင့်ထားသမျှကို ကျော်လွန်သွားပြန်သည်။

ဂိုဏ်းတစ်ဂိုဏ်းတည်းက နှစ်တစ်ထောင်ကျော် ရှင်သန်ခဲ့ပြီး အမျိုးမျိုးသော စစ်ပွဲများ၊ ငတ်မွတ်ခေါင်းပါးသောဘေးများ၊ မျိုးဆက်အပြောင်းအလဲများကို ကျော်ဖြတ်ခဲ့ပြီး မဟာထန်ခေတ်အထိ တည်ရှိခဲ့သည်။ လီကျွင်းရှန်းနှင့် ကွန်ဖြူးရှပ်ဂိုဏ်းမှ အဖွဲ့ဝင်များအပြင် သူတို့၏ လက်ကောက်ဝတ်မှ မှင်သင်္ကေတများကို ကိုယ်တိုင်ပင် တွေ့ခဲ့ရသောကြောင့်သာ မဟုတ်လျှင် ဝမ်ချောင်အနေဖြင့် ထိုအခြေအနေဟာ အမှန်တကယ် ဖြစ်ပျက်ခဲ့ကြောင်း ယုံကြည်နိုင်လိမ့်မည်မဟုတ်ပေ။

ဝမ်ချောင်က ဆက်လက်ပြီးဖတ်သည်။ သို့သော် စာအုပ်ထဲတွင်လည်း ကွန်ဖြူးရှပ်ဂိုဏ်းနှင့် ပတ်သတ်သည့် သတင်းအချက်အလက် အမြောက်အများ မပါဝင်ချေ။ ဝမ်ချောင်က နောက်ထပ်တစ်အုပ်ကိုယူပြီး ထပ်ဖတ်ကြည့်သည်။ သို့သော် စာအုပ်ပါ အချက်အလက် အများစုက ငှက်စည်းတံဆိပ် ကျမ်းစာပိုဒ် စကားအကြောင်းကိုသာ ရှင်းပြထားခြင်းဖြစ်သည်။ ဒုတိယမြောက်စာအုပ်တွင် ဝမ်ချောင်ဟာ ကွန်ဖြူးရှပ်ဂိုဏ်း၏ ဒဏ္ဍာရီနှင့် ရင်းနှီးကျွမ်းဝင်သော သင်္ကေတကို ပြန်မြင်လိုက်ရသည်။

ထိုစာအုပ်သည် မြောက်ပိုင်း ကျိုးအစောပိုင်းကာလတွင် ရှင်သန်နေထိုင်ခဲ့သည့် ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူကြီးတစ်ယောက်၏ လက်ရာဖြစ်သည်။ သူ၏ပြောစကားများအရ ကွန်ဖြူးရှပ်ဂိုဏ်းသည် မြောက်ပိုင်းကျိုးကာလတွင် ပေါ်ပေါက်လာခဲ့သည်ဟုဆိုသည်။ ထိုဂိုဏ်းသည် မြောက်ပိုင်းကျိုးများအတွက် ကွန်ဖြူးရှပ်ပညာများကို သင်ကြားပေးသူတစ်ဦးဟု ခေါ်ဆိုကာ ကျယ်ပြန့်စွာ အသုံးပြုလာကြသလို အခြားသောတိုင်းပြည်များက သူတို့၏ရန်ငြိုးများ၊ ခွဲခြားမှုများကို လျစ်လျူရှု့လျှက် စစ်ပွဲများအားလုံးကို ရပ်တန့်ပြီး တစ်ကိုယ်ကောင်းဆန်စိတ် စိတ်ဆန္ဒများအားလုံးကို ဘေးဖယ်ထားလျှက် ငြိမ်းချမ်းစွာနေနိုင်ရန် မျှော်လင့်ကြသည်ဟုဆိုသည်။ ထိုသို့သာယာဝပြောသော လောကအကြောင်း ထည့်ပြောခဲ့သောလူက ရုတ်တရက်ပေါ်လာပြီး ဂိုဏ်းအကြောင်း အထူးတလည် ချီးမွန်းကာ ပြောကြားခဲ့ပြီး သိပ်မကြာခင် ပျောက်ကွယ်သွားခဲ့၏။

ထို့နောက် ကွန်ဖြူးရှပ်ဂိုဏ်းနှင့် ပတ်သတ်သည့် တစ်ကွဲတစ်ပြားစီဖြစ်နေသော အချက်အလက်များလည်း ပါသည်။ ထို့ကြောင့် လူအများ၏ ထိုဂိုဏ်းအပေါ် နားလည်သဘောပေါက်ထားမှုက အကန့်အသတ်နှင့် ရှိနေလေပြီး အသုံးဝင်လွန်းသော အချက်အလက်များကို မသိရပါချေ။

သူတို့သည်လည်း ထိုခေတ်တွင် ထိုဂိုဏ်းပေါ် အထူးတလည် ခံစားချက် မရှိခဲ့ကြချေ။

မြောက်ပိုင်းကျိုးမှ ထိုစာအုပ်ကို ရေးသားခဲ့သော ကွန်ဖြူးရှပ်ပညာရှင်က ပေါ့ပေါ့ပါးပါး ရည်ညွှန်းထားပြီး ထဲထဲဝင်ဝင် မရှင်းပြထားချေ။

ဝမ်ချောင်က တတိယမြောက်စာအုပ်ကို ဘေးဖယ်ထားပြီး နောက်စာအုပ်တစ်အုပ်ကိုယူကာ ဆက်ဖတ်သည်။ မြောက်ပိုင်းကျိုးပြီးနောက် ထိုအနက်ရောင်သင်္ကေတက မဟာစွေ့မင်းဆက်၏ ဧကရာဇ်ဝမ်ခေတ်တွင် ပေါ်လာသည်။

သူကဖတ်လေလေ မှင်သက်လာလေလေဖြစ်လာသည်။ နွေဦးနှင့်ဆောင်းဦး စစ်ဖြစ်ပွားခြင်း ပြည်နယ်များကာလ၊ ပေကျင်းခေတ်၊ မြောက်ပိုင်းကျိုး၊ စွေ့၊ သူတော်စင်ဧကရာဇ်၏ အုပ်စိုးရာကာလ... အချက်အလက်များအားလုံးကသာ မှန်ကန်နေခဲ့သော် ထိုအဖွဲ့အစည်းကြီးသည် သမိုင်း၏ ခေတ်တိုင်းလိုလိုတွင် ပေါ်လာသည်။

“ဗဟိုပြင်ကျယ်မှာ ဘာလို့ ဒီလိုအဖွဲ့အစည်းတစ်ခုက တည်ရှိနေတာလဲ”

ဝမ်ချောင်က စာအုပ်ကိုချလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူတို့ကသာ လုထင်ဆိုသော ပညာသင်သားတစ်ယောက်နှင့် အဆက်အစပ် မရှိခဲ့လျှင် ထိုစာအုပ်များနှင့်ပတ်သတ်သည့် သဲလွန်စကို လူအနည်းစုကသာ သိလောက်သည်။ ချက်ချင်းဆိုသလိုပင် ဝမ်ချောင်က လုထင်ဟာ မည်သည့်အတွက်ကြောင့် ကိုယ်တိုင်ကိုယ်ကျ ရှင်းပြခြင်းမရှိဘဲ စာအုပ်များကို ပို့လွှတ်ခဲ့ခြင်းဖြစ်ကြောင်း နားလည်သွားလေသည်။

အချို့သောကိစ္စများက ရှင်းရှင်းလင်းလင်း ရှင်းပြပေးရန် မလိုအပ်ပေ။ ကိုယ်တိုင်မြင်ရခြင်းက အခြားသောသူများ၏ စကားကို နားထောင်ရခြင်းထက် ပို၍ကောင်းသည်။ ကိုယ်ပိုင်မျက်လုံးကသာ ဒဏ္ဍာရီများ၏ စစ်မှန်မှုကို ဆုံးဖြတ်နိုင်လေသည်။

ပို၍ဆိုးသည်မှာ ထိုအချက်အလက်က မှင်သက်ဖွယ် ကောင်းလွန်းအားကြီးနေသည်။

ဝမ်ချောင်သည် ကမ္ဘာကပ်ဘေးခေတ်ကာလတွင် သူကတွေ့ကြုံခဲ့သည့် ထိုကျွမ်းကျင်ပညာရှင်များကလည်း ထိုကဲ့သို့သော နောက်ခံမျိုး ရှိလောက်မည်ဟု တွေးလိုက်မိသည်။

“စုရွတ်ရွှမ်း ဘုရင်စုန့်ရဲ့လူတွေ ရောက်လာပြီလား”

ဝမ်ချောင်ကမေးသည်။

သူတို့တွေ့ဆုံပြီးသည်မှာ လဝက်ကျော်ခန့် ကြာသွားပြီဖြစ်သည်။ ထို့ကြောင့် ရရှိလာသော သတင်းအချက်အလက်များအရ ဘုရင်စုန့်သည် နောက်ဆုံးတွင် တိုးတက်မှုအချို့ လုပ်သင့်နေလေပြီ။

++++

အခန်း(၁၂၇၃)

“အရှင် ဘုရင်စုန့်ရဲ့လူတွေက သိပ်မကြာခင် ရောက်လာပါလိမ့်မယ်”

စုရွတ်ရွှမ်းက ဂါရဝပြုရင်းပြောပြသည်။

“သတင်းပို့”

နှစ်ယောက်က စကားပြောနေသည့် အချိန်တွင် ရုတ်တရက် ဝမ်ကလန်မှ အစောင့်က အတွင်းသို့ အပြေးဝင်လာသည်။

“အရှင် ဘုရင်စုန့်စံအိမ်က အစောင့်ခေါင်းဆောင် လော့ကျန်းက အပြင်ဘက်မှာ တွေ့ခွင့်တောင်းနေပါတယ်”

“သူ့ကို ဝင်ခိုင်းလိုက်ပါ”

ဝမ်ချောင်၏မျက်လုံးက တစ်ချက်လက်သွားပြီး လက်ကိုယမ်းလိုက်သည်။ တခဏခန့်ကြာပြီးနောက် (၁.၉)မီတာခန့်မြင့်သော အနက်ရောင် မုတ်ဆိတ်မွှေးများနှင့် သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားသော လူတစ်ယောက်က ဝင်လာသည်။

“အရှင့်သား ဘုရင်စုန့်က အရှင့်ဆီ ဒီစာကို ကိုယ်တိုင်ကိုယ်ကျ ပို့ခိုင်းလိုက်ပါတယ်”

လော့ကျန်းက ဂါရဝပြုရင်း လက်နှစ်ဖက်လုံးဖြင့် စာတစ်စောင်ကို ဆက်သသည်။

“ဘုရင်စုန့်က ဒီကိစ္စက အရမ်းကို အလျင်လိုလို့ ကျွန်တော်ကိုယ်တိုင်ကိုယ်ကျ ပို့ရမယ်လို့ပြောပါတယ်”

ဝမ်ချောင်က စာအိတ်ထဲမှ စာကို ချက်ချင်းလိုလို ထုတ်ယူလိုက်သည်။ တစ်ချက်မျှ ကြည့်ပြီးရုံဖြင့် ဝမ်ချောင်၏မျက်နှာက တင်းမာသွားသည်။ စာပေါ်တွင် သွေးစက်ကြီးပင် စွန်းနေသေးသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏ နှလုံးသားက တုန်ယင်သွားရသည်။ ဝမ်ချောင်သည် စာကို ခပ်မြန်မြန် ဆက်ဖတ်သည်။

ထိုစာသည် ဘုရင်စုန့်က ဘုရင်ချီ၏ဘက်တွင် ထားထားသော သူလျိုထံမှတစ်ဆင့် ဘုရင်ချီ၏ နေ့စဉ်ဒူဝ အဖြစ်အပျက်များကို ဖော်ပြထားခြင်းဖြစ်သည်။ ဘုရင်ချီသည် လုပ်ဆောင်မှုတိုင်းတွင် သတိကြီးကြီးထားပြီး သက်သေ မချန်ရစ်ထားသည့်တိုင်အောင် ကြိုးစားအားထုတ်သူဟာလည်း သတိ မပေါ့ဆခဲ့ပါချေ။ အဆုံးသတ်တွင်မူ သူလျိုက သတင်းအချက်အလက် အချို့ရရှိခဲ့သည်။ ထိုသို့ဖြင့် ဘုရင်ချီနှင့် အကြံပေးများထဲမှ တစ်ယောက်၏ ပြောစကားကို ခိုးနားထောင်နိုင်သော အခွင့်အရေးကို ရရှိခဲ့လေသည်။

ထိုနှစ်ယောက်သည် မသိလိုက်မသိဘာသာပင် ကွန်ဖြူးရှပ်ဂိုဏ်းအကြောင်း ပြောဖြစ်လေသည်။ အကြံပေးသူကမူ ဘုရင်ချီအား ကွန်ဖြူးရှပ်ဂိုဏ်းကို ကူညီပြီး လက်အောက်ငယ်သားတစ်ယောက် လုံးလုံးဖြစ်လာခဲ့သည့် အခိုက်အတန့်က ခုံရုံးမှအရာရှိများ သူ့ကို ပေါ့သေးသေး သဘောထားစေသည်ဟု ပြောသည်။ သို့သော် ဘုရင်ချီကမူ ဂရုမစိုက်ချေ။ ပို၍ဆိုးသည်မှာ ကွန်ဖြူးရှပ်ဂိုဏ်းက ကြီးမားလွန်းသော လွှမ်းမိုးနိုင်စွမ်းအားနှင့် အင်အားကို ပိုင်ဆိုင်ထားသည့်အပြင် မြောက်များလှစွာသော ကျွမ်းကျင်ပညာရှင်များ ရှိကြောင်းကိုပင် ချဲ့ကားကာ ပြောသေးသည်။ သူတို့သည် သူတော်စင် အထွတ်အထိပ် သိုင်းပညာရှင်အချို့နှင့် မဟာဗိုလ်ချုပ်ကြီးအဆင့်များပင် ရှိသည်ဟုဆိုလေသည်။

ဘုရင်ချီသည်လည်း ထိုလူများသည် ဖော်ပြရန်ခက်ခဲလောက်အောင် အင်အားကြီးမားကြောင်း နားလည်ထားသလို ဝမ်ကလန်နှင့် ဘုရင်စုန့်ကို ကိုင်တွယ်ရာတွင် ကူညီမည်ဟု ကတိပေးသောကြောင့်သာ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားလေသည်။

ဘုရင်ချီနှင့် သူ၏အကြံပေးက ကွန်ဖြူးရှပ်ဂိုဏ်းဟာ အင်ပါယာခုံရုံးအတွင်း အဓိကစီမံကိန်းကြီး လုပ်ဆောင်ရင်းနှင့် အင်အားစုစည်းနေသည့် ကိစ္စအကြောင်းကိုလည်း ပြောပြလေသည်။ ထိုအကြောင်းအရာက အောင်မြင်သွားခဲ့သော် သူတို့သည် ခုံရုံးတစ်ခုလုံး၏ တည်ဆောက်ပုံကို ကြိုးကိုင်နိုင်ပေလိမ့်မည်။

ဝုန်း

ထိုစကားလုံးများကို ကြားပြီးနောက် ဝမ်ချောင်၏ နှလုံးသားက တစ်ချက်လှုပ်ခတ်သွားသည်။ အင်ပါယာခုံရုံးသည် သူကခိုရာစန်းမှ မပြန်လာခင်ကတည်းက ကြီးမားသော အပြောင်းအလဲကြီးကို တွေ့ကြုံခံစားခဲ့ပြီးသားဖြစ်သည်။ ဘုရင်စုန့်၏ ဌာနဘက်မှ အရာရှိပေါင်း မြောက်များစွာဖြစ်သည့် ပြည်နယ်ရေးရာ အရာရှိများပင်ဖြစ်စေ၊ စစ်ဘက်ရေးရာ အရာရှိများကပင်ဖြစ်စေ ရာထူးချခံရသူက ချခံရပြီး မြို့တော်မှ ပြောင်းရွေ့ခံရသူကခံရ စသဖြင့် ဖြစ်သွားခဲ့ပြီး မရင်းနှီးသော မျက်နှာစိမ်းများက ဝင်ရောက်လာခဲ့သည်။

ထိုနယ်ဘက်မှကြည့်သော် အင်ပါယာခုံရုံး၏ ဆောက်လုပ်ပုံက ကြီးမားစွာ ပြောင်းလဲနေခဲ့ပြီးသားဖြစ်သည်။ ဝမ်ချောင်သည်ပင် နောက်ထပ် ကြီးမားစွာ ပြောင်းလဲမည်ဆိုသော ဖြစ်နိုင်ချေကို မျှော်လင့်ကြည့်ရန် ခက်ခဲသွားသည်။ ထို့ပြင် အားလုံးကို ကြိုးကိုင်မည်ဆိုသော ကိစ္စဟာ ကြီးမားသော အခြေအနေကြီးဖြစ်သည်။

ဝမ်ချောင်ကပင် ပြင်းထန်သိပ်သည်းလွန်းသော အန္တရာယ်ကို ရရှိလိုက်သည်။

သူကစာကို ဆက်ဖတ်သည်။ သို့သော်စာက ရုတ်တရက် ရပ်သွားသည်။ ဝမ်ချောင်က မှင်သက်စွာ ထရပ်လိုက်သည်။ သူ၏စိတ်က မုန်တိုင်းထန်သွားသည်။

“ဘုရင်စုန့်ပို့လိုက်တဲ့ သူလျိုက ဘာဖြစ်သွားတာလဲ”

ဝမ်ချောင်ကမေးသည်။

“သူ့ရဲ့အခြေအနေကိုတော့ မသိရပါဘူး။ ဘုရင်စုန့်က လူလွှတ်ပြီး ရှာခိုင်းထားပါတယ်”

လော့ကျန်းကပြောသည်။

ဝမ်ချောင်၏မျက်လုံးက မှေးမှိန်သွားသည်။ သူသွေးစက်ကိုမြင်ကတည်းက အခြေအနေကို ခန့်မှန်းမိပြီးသားဖြစ်သည်။ ဘုရင်ချီက မာနကြီးပြီး ဘဝင်မြောက်သော်လည်း သူ၏အပါးတွင် လုပ်ကြံသတ်ဖြတ်သူပေါင်း များစွာရှိသည်။ ဘုရင်စုန့်၏ သူလျိုကို ရှာတွေ့သွားလောက်လေပြီ။

“ဘုရင်စုန့်ကို ငါ့ကိုယ်စား ကျေးဇူးတင်ပေးပါ။ စုရွတ်ရွှန်း လူလွှတ်ပြီး သူ့ရဲ့မိသားစုဆီကို ပိုက်ဆံတွေ သွားပို့လိုက်။ ဒါတွေအပြင် ရှာဖွေမှုမှာလည်း ပူးပေါင်းဖို့ လူတွေလွှတ်ပေးလိုက်ပါ။ ငါတို့တွေ သူ့ကို အတက်နိုင်ဆုံး ကယ်ဆယ်ပြီး ကူညီပေးရမယ်”

ဝမ်ချောင်ကပြောသည်။

မျှော်လင့်ချက်ဟာ နည်းပါးသော်လည်း အပုံတစ်သောင်းတွင် တစ်ခုဖြစ်နိုင်ချေရှိသမျှ အရာကို ကူညီပေးရပေမည်။ သူက လက်မလျော့နိုင်ပေ။

“အရှင့်ရဲ့ လက်အောက်ငယ်သားက နားလည်ပါပြီ”

စုရွတ်ရွှန်းနှင့် လော့ကျန်းတို့က ခပ်မြန်မြန် ထွက်သွားသည်။

ဝမ်ချောင်သည် စာကြည့်ခန်းထဲတွင်ရပ်ရင်း တိတ်ဆိတ်မှုအတွင်း နစ်မြုပ်သွားသည်။ သူသည် မူလကမူ ဘုရင်စုန့်က အင်ပါယာခုံရုံးတွင် ပူးပေါင်းခြင်း ဘုရင်ခံတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေသည့်အတွက် ကြီးမားသော ကိစ္စများ မရှိလောက်ဟု ယူဆထားသည်။ အနည်းဆုံး မသင့်တော်သော လျှောက်တင်ချက်များကို ငြင်းပယ်ခံရပေမည်။ သို့သော် ကြည့်ရသည်မှာ သူ၏အတွေးက ရိုးရှင်းလွန်းနေလောက်သည်။ အနည်းဆုံး ဘုရင်ချီနှင့် ကွန်ဖြူးရှပ်ဂိုဏ်းများကသာ ခုံရုံးတစ်ခုလုံး၏ တည်ဆောက်ပုံကို ကြိုးကိုင်နိုင်သွားမည်ဆိုလျှင်မူ သူတို့၏ လုပ်ဆောင်နိုင်မည့် အခွင့်အရေးအရ ယုံကြည်မှုရှိနေသောကြောင့်သာ ထိုသို့ပြောခြင်း ဖြစ်လောက်လေသည်။

ကြည့်ရတာ ငါခုံရုံးကကိစ္စတွေကို ဝင်မပါဘဲနေလို့ မရတော့ဘူးပဲ။ အနည်းဆုံး အခုအချိန်တော့ မနက်ခင်း ခုံရုံးညီလာခံတွေကို သွားတက်ရမယ်။ ဒီလိုနည်းနဲ့မှပဲ ဘုရင်စုန့်က ခုံရုံးမှာ အထောက်အပံ့ ရလိမ့်မယ်။

ဝမ်ချောင်က စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်သည်။

ထိုအတွေးများနှင့်အတူ ဝမ်ချောင်က စာကြည့်ဆောင်ထဲမှ ခပ်မြန်မြန် ထွက်သွားသည်။

.....

သုံးရက်ခန့်ကြာပြီးနောက် ဝမ်ချောင်က သန့်ရှင်းဆေးကြောလျှက် သူ၏အနီရောင် အင်ပါယာဝတ်စုံကို ဝတ်ဆင်ကာ မိသားစုအစေခံများ၏ လိုက်ပါပို့ဆောင်မှုနှင့်အတူ ဝမ်မိသားစုစံအိမ်မှ ထွက်လိုက်သည်။ အပြင်ဘက်တွင်လည်း ခမ်းနားထည်ဝါသော ရထားလုံးကြီးက အသင့်စောင့်နေလေပြီ။

ကောင်းကင်က ထိန်ထိန်မလင်းသေးချေ။ မနက်ခင်း နေရောင်အချို့ကသာ အရှေ့ဘက်မှ ထွက်လာသည်။

ဝှစ်

ထိုအခိုက်အတန့်တွင် သတင်းပို့ခိုတစ်ကောင်က ဝမ်ချောင်၏လက်ထဲသို့ ဆင်းသက်လာသည်။ ဝမ်ချောင်က စာကိုတစ်ချက်ဖတ်ပြီးနောက် လုံးချေပစ်လိုက်သည်။

“အားလုံး အဆင်သင့်ပဲလား”

ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။

စုရွတ်ရွှမ်းက ဂါရဝပြုရင်းပြောသည်။

“အရှင့်သား အရာအားလုံးကို ပြင်ဆင်ပြီးပါပြီ။ ဘုရင်စုန့်ရဲ့ ရထားလုံးက အရှင့်သားကို နန်းတော်ဂိတ်ပေါက်မှာ စောင့်နေပါတယ်။ ဒါကြောင့် အရှင်တို့ အထဲကို အတူဝင်လို့ရပါတယ်”

ဝမ်ချောင်က တစ်ချက် အသံပေးလျှက် ခေါင်းညိမ့်လိုက်သည်။ ထို့နောက် လိုက်ကာကိုမြှောက်ကာ အတွင်းသို့ဝင်သည်။

“ဟိုက်ရား”

အော်သံတစ်ချက်နှင့်အတူ ရထားလုံးက နန်းတော်ရှိရာဘက်သို့ လျှင်မြန်စွာ ပြေးသွားလေသည်။

နာရီဝက်ခန့်နီးပါး ကြာပြီးနောက် ဝမ်ချောင်၏ ရထားလုံးဟာ နောက်ဆုံးတွင် ရောက်ရှိသွားသည်။

နောက်ထပ် ခမ်းနားထည်ဝါသော ရထားလုံးကြီးကလည်း နန်းတော်ဂိတ်ဝတွင် သူ့ကိုစောင့်နေသည်။ ရထားလုံးတွင် ရေးထွင်းထားသော နဂါးပုံရိပ်အရ ပိုင်ရှင်၏နောက်ခံကို သိနိုင်သည်။

မဟာထန်၏ ဘုရင်တိုင်းက နဂါးပုံရိပ်ကို အသုံးပြုသော်လည်း ထိုနဂါးများအားလုံးက ခြားနားသေးသည်။ ရွှေရောင်မျက်လုံးနှင့် ငွေရောင်မျက်အိမ်ပါသော ထိုနဂါးကို ဘုရင်စုန့်ကသာသုံးသည်။

“အရှင်”

ဝမ်ချောင်၏ ရထားလုံးက ရောက်လာသည့် အခိုက်အတန့်တွင် ပုံရိပ်တစ်ခုက အနည်းငယ်ဂါရဝပြုလျှက် ရှေ့တိုးလာသည်။ ထိုလူသည် ဝမ်ချောင်နှင့် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က တွေ့ခဲ့သည့် လော့ကျန်းဖြစ်သည်။

“ဘုရင်စုန့်က အရှင့်ကိုစောင့်နေပါတယ်”

ဝမ်ချောင်က ခေါင်းညိမ့်လိုက်ပြီး ဘုရင်စုန့်၏ ရထားလုံးထဲသို့ဝင်သည်။

“ဟိုက်ရား”

ဝမ်ချောင်က ဝင်ပြီးပြီးချင်း ဘိမ်းများက စတင်ကာရွေ့သည်။ ထိုသို့ဖြင့် ထိုက်ဟယ်နန်းဆောင်ထဲသို့ ထွက်ခွာသွားလေသည်။

အင်ပါယာနန်းဆောင်ကြီးသည် အလွန်အမင်း အရေးကြီးသော နေရာကြီးတစ်ခုဖြစ်ပြီး ဝန်းအတွင်းသို့ မြင်းများ၊ ရထားလုံးများ မောင်းနှင်ခွင့်မရှိချေ။ သို့ရာတွင် ဘုရင်စုန့်ကမူ ယခင်ဧကရာဇ်က ဘုရင်စုန့်အား အင်ပါယာနန်းတွင်း၏ မည်သည့်နေရာကိုမဆို ရထားလုံးဖြင့် သွားနိုင်သော အမိန့်အပြင် ရွှေရောင်တံဆိပ်ပြားကိုလည်း ချီးမြှင့်ထားလေသည်။ ထို့ကြောင့် ထိုက်ဟယ်နန်းဆောင်အပြင် နောက်ပိုင်းနန်းဆောင်အတွင်းသို့ပင် ဆက်သွားနိုင်သည်။ ထိုအခွင့်အရေးကိုလည်း ဘုရင်စုန့်က မွေ့လျော်ပိုင်ခွင့်ရှိလေသည်။

“ငါပို့ထားတဲ့ အချက်အလက်တွေ တွေ့ပြီးပြီလား”

ဘုရင်စုန့်က ရထားလုံးအနောက်ဘက်သို့ အနည်းငယ်မှီလျှက်ပြောသည်။ သူ၏အမူအရာက အေးစက်နေသည်။

“တွေ့ပြီးပြီ”

ဝမ်ချောင်က ခေါင်းညိမ့်လိုက်ပြီး ဘုရင်စုန့်နှင့် မျက်နှာချင်းဆိုင်တွင်ထိုင်သည်။

“ဒီတစ်ကြိမ် သူတို့ရဲ့ပစ်မှတ်က ဟယ်ချီရုံပဲ။ ဘယ်လိုနည်းနဲ့မဆို သူတို့ကို အောင်မြင်ခွင့်ပြုလို့မရဘူး”

ဟယ်ချီရုံက အဆင့်နိမ့် အဆင့်နှစ်အရာရှိတစ်ယောက်ဖြစ်ပြီး ဘုရင်စုန့်၏ အရေးပါသော အကြံပေးများထဲမှ တစ်ယောက်ဖြစ်သည်။ သူသည် ခုံရုံးအတွင်း အတိုင်းအတာတစ်ခုအထိ မူဝါဒရေးရာအာဏာ တစ်ခုရှိလေသည်။

ဘုရင်စုန့်၏ အဖွဲ့အစည်းက ထိုကွန်ဖြူးရှပ်များကြောင့် တစ်ကြိမ်ပြီးတစ်ကြိမ် အားနည်းနေခဲ့သည်။ သို့သော် အချိန်တစ်ခုကြာ တိတ်ဆိတ်ပြီးနောက် ထိုကွန်ဖြူးရှပ်များက ဘုရင်စုန့်၏ အနီးကပ် အကြံပေးများထဲမှ တစ်ယောက်ကို မျက်စိကျလာပြန်သည်။

“ဟယ်ချီရုံက ခုံရုံးထဲမှာရှိနေတာ နှစ်ပေါင်းများစွာကြာပြီ။ ဒီတစ်ကြိမ်မှာ သူတို့က ရေကြီးတဲ့ကိစ္စ၊ ကျန်းနန်က မပြီးသေးတဲ့ ကိစ္စတွေနဲ့ သူ့ကိုမြို့တော်အပြင်ဘက်ကို ပို့ချင်နေတာ။ ကျန်းနန်ဒေသက မိုးရာသီတိုင်း ရေလွှမ်းမိုးဒဏ်ကို ခံနေရတယ်။ ခုံရုံးကလည်း ဒီပြဿနာကို ထိန်းချုပ်မှုအောက်ကို ဆွဲသွင်းချင်နေခဲ့တာကြာပြီ။ ဒါပေမဲ့ သိပ်မကြာခင်က အလုံးအရင်းနှင့် ဆည်ကာတာကြီးတွေဆောက်မယ်၊ ဒီကိစ္စတစ်ခုလုံးကို ပြီးမြောက်အောင် ဆောင်ရွက်မယ်ဆိုပြီး ရွှေထည်သုံးသန်း ရင်းနှီးမြုပ်နှံခဲ့တယ်။ ဒီလိုနဲ့ ကျင်းချူဘဏ္ဍာတိုက်ဆီ လွှဲပြောင်းပေးခဲ့တယ်။ အဲ့ဒီအချိန်က ဒါက တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ အကျိုးအမြတ်အတွက်လို့ ငါထင်ပြီး မတားခဲ့ဘူးလေ။ ဒါပေမဲ့ သူတို့က အခြားကြိုးကိုင် လုပ်ဆောင်မှုတွေ ရှိနေမယ်လို့ ဘယ်ထင်ထားမှာလဲ။ အဆုံးသတ်မှာတော့ အမတ်မင်းဟယ်ချီရုံကိုတောင် ဒီစီမံကိန်းကို ကိုယ်တိုင်ကိုယ်ကျ ဦးစီးခိုင်းနေသေးတယ်”

“ဟယ်ချီရုံက ကျန်းနန်ဇာတိ ဒီတော့ သူတို့က ဒီအကြောင်းပြချက်ကိုသုံးပြီး ဟယ်ချီရုံက မြို့တော်ထဲကထွက်ဖို့ မျှော်လင့်နေတယ်။ မနက်ခင်းခုံရုံးညီလာခံမှာ ဒီအကြောင်းကို ဆွေးနွေးလိမ့်မယ်”

ဘုရင်စုန့်က တင်းမာစွာပြောသည်။

ကျန်းနန်ဒေသမှ မပြီးမြောက်သေးသော စီမံကိန်းများမှတစ်ဆင့် ဟယ်ချီရုံကို ပို့ဆောင်သည့်ကိစ္စအထိ ထိုလူများဟာ တစ်ဆင့်ချင်းစီ လုပ်ဆောင်သွားခဲ့ပြီး သူတို့၏ အကြံအစည်များက ချိတ်ဆက်လျှက်ရှိနေသည်။ ဘုရင်စုန့်ကပင် ထိုလူများဟာ ထိုမျှအထိ အကြံအစည်ကြီးပြီး မြင်နိုင်စွမ်းအား ရှိလွန်းမည်ဟု မထင်ထားမိချေ။

“ဘယ်အရာရှိကမဆို ကျန်းနန်ဒေသက ကိစ္စတွေကို လုပ်နိုင်စွမ်းရည်ရှိတယ်။ ဟယ်ချီရုံက ကျန်းနန်ဇာတိဆိုရင်တောင်မှ သူ့ကို ဒီစီမံကိန်းတစ်ခုကို ကိုင်တွယ်ဖို့အတွက်ကြောင့်နဲ့ မြို့တော်အပြင်ဘက်ကို လွှတ်ဖို့မသင့်ဘူး”

ဝမ်ချောင်က တင်းမာစွာပြောသည်။

“သာမာန်အခြေအနေမျိုးမှာဆိုရင် ဒီလိုလုပ်ဖို့ မလိုဘူးပေါ့။ ဒါပေမဲ့ သူတို့ရဲ့ ဟယ်ချီရုံရဲ့ မွေးရပ်ဇာတိက လူအချို့ကို ရောက်လာစေပြီး ဟယ်ချီရုံကသာ အဆင့်အတန်းရှိရှိနဲ့ ထည်ထည်ဝါဝါ မွေးရပ်မြေကိုပြန်လို့ ဒီစီမံကိန်းကို ကိုင်တွယ်ဆောင်ရွက်ပေးရင် ကောင်းမယ်ဆိုပြီး တောင်းဆိုခိုင်းထားတယ်။ နောက်ပြီး သူ့အတွက် မှတ်တမ်းလွှာကိုတောင် ပြင်ဆင်ခိုင်းထားသေးတာ။ ဟယ်ကလန်က ကျန်းနန်က ကလန်ကြီးတစ်ခုဖြစ်နေတယ်။ ဒါကိုလူအများစုက ဒီလိုတောင်းဆိုလာကြတယ်။ ဘုရင်ချီက ဒီအခွင့်အရေးကို အရယူပြီး ဟယ်ချီရုံကို ထွက်သွားခိုင်းတာ”

“ဒီကိစ္စက ခုံရုံးက စေလွှတ်တာမျိုးနဲ့ မတူတော့ဘူး။ သူ့ကိုမြို့တော်ကနေ ရာထူးလွှဲပြောင်းပေးဦးမှာ။ ဒါတွေအပြင် ဒီစီမံကိန်းက အချိန်တအားကြာမှာဖြစ်လို့ အနည်းဆုံး နှစ်နှစ်၊ သုံးနှစ်လောက်တော့ လိုအပ်လိမ့်မယ်။ အဲ့ဒီအချိန်အတောအတွင်းမှာ အင်ပါယာခုံရုံးက အခြေအနေက တည်ငြိမ်သွားလောက်ပြီ။ အဲ့ဒီအခါမှာ တစ်ခုခုလုပ်မယ်ဆိုရင် တအားနောက်ကျသွားလိမ့်မယ်”

ဘုရင်စုန့်က တည်ငြိမ်စွာပြောသည်။

မနက်ခင်းခုံရုံး ညီလာခံကြီးသည် အမြဲတစေ ငြင်းခုံမှုများ၊ နောက်ကျောဓားထိုးမှုများ ပြည့်နှက်နေတတ်သည်။ ထိုခုံရုံးအတွင်း ထုတ်သုံးသမျှ အကြံအစည်များက ရှုပ်ထွေးလွန်းပြီး မျှော်လင့်နိုင်စွမ်းအားပင် မရှိလောက်ချေ။ ဘုရင်စုန့်ကဲ့သို့ ခုံရုံးတွင် ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်နေထိုင်ခဲ့သော လူဟောင်းကြီးတစ်ယောက်ကပင် ကိုယ်ကိုတိုင် ကိစ္စကို ဦးဆောင်နိုင်ပါမည်ဟု မပြောရဲလောက်အောင် ဖြစ်စေသည်။

“သူ့ရဲ့ရွာကလူတွေက တကယ်ပဲ တောင်းဆိုတာဆိုရင်တောင်မှ ဟယ်ချီရုံက ငြင်းနိုင်သေးတယ်။ တိုင်းပြည်က အထက်မှာပဲ။ ဟယ်ချီရုံက တိုင်းပြည်ကြီးတစ်ခုလုံးရဲ့ အထက်ကိုမေ့ပြီး အောက်ဘက်က ရွာသားတွေရဲ့ စိတ်ဆန္ဒကို ဦးစားပေးစရာမလိုဘူး”

ဝမ်ချောင်က တင်းမာစွာပြောသည်။

“အဲ့ဒီလောက်ထိ မရိုးရှင်းဘူး။ ဒါတွေအားလုံး ဒီတိုင်းသာဖြစ်လာခဲ့မယ်ဆိုရင် ဟယ်ချီရုံက ငြင်းလို့ရသေးတယ်။ ဒါပေမဲ့ ရွာသားတွေရဲ့ တောင်းဆိုမှုအပြင် ဟယ်ချီရုံရဲ့ ပြင်းပြင်းထန်ထန် ဖျားနာနေတဲ့ မိခင်က ပါလာပြီဆိုရင်တော့ အခြေအနေက ခြားနားသွားပြီ”

ဘုရင်စုန့်ကပြောသည်။ သူ၏မျက်မှောင်ဟာ စိုးရိမ်မှုများဖြင့် ကျုံ့သွားပြီဖြစ်သည်။

ဘုန်း

ဝမ်ချောင်၏ ခန္ဓာကိုယ်ကပင် တုန်ယင်သွားသည်။ ဒီအခြေအနေက သူမျှော်လင့်ထားသလို မဟုတ်ပေ။ ဗဟိုပြင်ကျယ်တွင် မိဘများကိုသိတတ်မှုက လူများ၏စိတ်အတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ခံထားရပြီးသားဖြစ်ပြီး အရေးကြီးဆုံးကိစ္စလည်းဖြစ်သည်။ ဟယ်ချီရုံက သူ၏ရွာသားများ၏ တောင်းဆိုမှုကို ငြင်းဆန်နိုင်သည်။ သို့သော် သူ့မိခင်က ပြင်းပြင်းထန်ထန် ဖျားနာနေသည့် အခိုက်အတန့်မျိုးတွင် မပြန်သွားခဲ့ပါက မသိတတ်ရာရောက်သည်။ မည်သည့်ခေတ်၊ မည်သည့်ကာလ၊ မည်သည့်မင်းဆက်တွင်မဆို ခုံရုံးအတွင်းမှ အကဲဖြတ်မှုတစ်ခုကို လက်ခံရရှိလိုက်ရုံဖြင့် ဟယ်ချီရုံဟာ သူ၏အရာရှိနေရာကိုပင် ထိန်းထားနိုင်လိမ့်မည်မဟုတ်ပေ။

“ဟယ်ချီရုံက အဆင့်နိမ့် အဆင့်နှစ် အရာရှိတစ်ယောက် နောက်ပြီး ခုံရုံးက သစ္စာခံအရာရှိတစ်ယောက်။ ဒါကို သူကအရာရှိဖြစ်နေပြီး သူ့ရဲ့အမေက ဘာလို့ကျန်းနန်မှာ ရှိနေတာလဲ”

ဝမ်ချောင်ကမေးသည်။

“ဟယ်ချီရုံကလည်း သူ့ရဲ့အမေကို မြို့တော်ကို ပြောင်းရွှေ့လိုခဲ့သေးတယ်။ ဒါပေမဲ့ သူမက မွေးရပ်မြေကို အရမ်းချစ်တာနဲ့ မထွက်ခွာလိုခဲ့ဘူး။ ဒါတွေအပြင် သူတို့ရဲ့ဆွေမျိုးတွေအားလုံးက အဲ့ဒီမှာနေကြတယ်။ ဒီတော့ ဟယ်ချီရုံကလည်း စိတ်ပြောင်းအောင် မလုပ်နိုင်ဘူးပေါ့”

ဘုရင်စုန့်က သက်ပြင်းချသည်။

ရထားလုံးက တိတ်ဆိတ်သွားသည်။ မည်သူကမှ စကားမပြောကြတော့ချေ။

အချိန်တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က မျက်လုံးကိုဖွင့်လိုက်သည်။

“ကျန်းနန်က အခြေအနေကို စစ်ဆေးပြီးပြီလား။ ဘာလို့ ဒီကိစ္စနှစ်ခုက တိုက်တိုက်ဆိုင်ဆိုင် ချိတ်ဆက်သွားတာလဲ။ ကျန်းနန်က ဒီစီမံကိန်းအတွက် လူလိုနေတဲ့ အခိုက်အတန့်မှာ ဟယ်ချီရုံရဲ့ အမေက ရုတ်တရက်ကြီး ပြင်းပြင်းထန်ထန် ဖျားနာလာတာလား”

ထိုကိစ္စဟာ သံသယဝင်စရာ ကောင်းလွန်းသည်ဟု သူသည်လည်း ခံစားနေမိသည်။ ဟယ်ချီရုံ၏အမေဟာ ရုတ်တရက် ပြင်းပြင်းထန်ထန် ဖျားနာလာခြင်းက တိုက်ဆိုင်မှုဟု မယုံကြည်နိုင်ပေ။ ဒါဟာ လူလုပ်သောကိစ္စပင် ဖြစ်နိုင်လေ၏။

+++++

1274 01

အခန်း(၁၂၇၄)

ဘုရင်စုန့်သည် ဝမ်ချောင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် ခံစားချက် အားလှိုင်းများက ဖြတ်ပြေးသွားသည်။

“မင်းရဲ့အာရုံခံစားနိုင်စွမ်းအားက မဆိုးဘူး။ ငါအကျဉ်းထောင်ကို လူလွှတ်ပြီး စုံစမ်းခိုင်းပြီးသား။ အဲ့ဒီလိုနဲ့ ချီရုံရဲ့အမေက ပြင်းထန်တဲ့ဝေဒနာ ခံစားနေရတာကို မတွေ့ခဲ့ဘူး။ သူမကဒီတိုင်း သာမာန် အအေးမိတာပဲ။ နောက်ပြီး သားကိုတွေ့ချင်စိတ်နဲ့ ရွာထဲက အချို့လူတွေရဲ့ ဖြောင်းဖြမှုကြောင့် အအေးမိတာကနေ အပြင်းအထန် ဖျားနာမှုအသွင် ပြောင်းလဲသွားတာပဲ”

ဝမ်ချောင်က ထိုစကားကိုကြားပြီးမှသာ မျက်မှောင်ပြေလျော့သွားသည်။ ထိုကိစ္စက သူမျှော်လင့်ထားသည်ထက် ရှုပ်ထွေးနေခဲ့သည်။ ဟယ်ချီရုံ၏မိခင်ကသာ သားဖြစ်သူကို လွမ်းနေခဲ့လျှင် ဟယ်ချီရုံက မိဘများကို သွားတွေ့ရန်အတွက် ခွင့်ရက်တောင်းဆို၍ရသည်။ နှစ်လသို့မဟုတ် ထိုထက်ပိုကြာရှည်စွာ ရနိုင်သေး၏။ ရှင်းလင်းစွာပင် တစ်စုံတစ်ယောက်က ထိုအခြေအနေကို အခွင့်ကောင်းယူနေခြင်းဖြစ်သည်။

ထိုအချိန်တွင် ရထားလုံးက ရုတ်တရက် ရပ်တန့်သွားပြီး နောက်ဆုံးတွင် ထိုက်ဟယ်ဂိတ် အရှေ့သို့ ရောက်ရှိသွားသည်။ ထိုက်ဟယ်ဂိတ်မှ စဝင်သွားလျှင် ထိုက်ဟယ်နန်းဆောင်သို့ ရောက်ပေလိမ့်မည်။ ဝမ်ချောင်နှင့်ဘုရင်စုန့်တု့ိ နှစ်ယောက်လုံးက အသိပြန်ဝင်သွားကြသည်။ သူတို့၏မျက်နှာများကို ထိန်းညှိလျှက် ရထားလုံးထဲမှ အတူထွက်လိုက်ကြသည်။

“အရင်ဆုံး အထဲကိုဝင်ရအောင်။ အချိန်ကျလာတဲ့အခါ ငါတို့အခြေအနေတိုင်း လုပ်ကြမယ်။ ဘာတွေပဲဖြစ်လာဖြစ်လာ ဟယ်ချီရုံကို အိမ်ပြန်ခွင့်ပြုပြီး မိဘတွေကို တွေ့ခွင့်ပြုရမဲ့အပြင် နောက်ထပ် အရာရှိတစ်ယောက်ကိုလည်း ဒီစီမံကိန်းကို တာဝန်ယူဖို့ ထောက်ခံပေးရမယ်”

ဝမ်ချောင်က အတည်ပြုကြောင်း တစ်ချက်အသံပေးလိုက်ပြီး ခေါင်းညိမ့်လိုက်သည်။ ဘုရင်စုန့်ပြောသော စကားက သူ၏စိတ်ထဲတွင် ရှိနေသော အခြေအနေဖြစ်သည်။

ထိုက်ဟယ်နန်းဆောင်သည် ကောင်းကင်ထဲသို့ တိုးဝင်နေသည့်အလား မြင့်မားစွာ တည်ရှိနေသည်။ သူတို့နှစ်ယောက်သည် ကျောက်စိမ်းဖြူ လှေကားထစ်များပေါ်သို့ တက်လိုက်ကြသည်။

ထိုက်ဟယ်နန်းဆောင်အတွင်းတွင် အရာရှိများအားလုံးက စုဝေးရောက်ရှိနေကြသည်။

ဝုန်း

ဝမ်ချောင်နှင့် ဘုရင်စုန့်တို့ ခန်းမထဲကို အတူဝင်လိုက်သည့် အခိုက်အတန့်တွင် မရေမတွက်နိုင်သော မျက်လုံးပေါင်းများစွာက မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ကို လှမ်းကြည့်လာကြသည်။

“သူပဲ”

“ကြည့်ရတာ ဒီနေ့ တစ်ခုခုတော့ဖြစ်တော့မယ်”

တင်းမာသောမျက်နှာထားဖြင့် ဝမ်ချောင်ကို ကြည့်နေသော မျက်လုံးများဟာ အသိအမှတ်ပြုမှု အပြည့်နှင့် တောက်ပနေကြသည်။ ဝမ်ချောင်သည် ဗိုလ်ချုပ်ဘဝမှ စတင်ခဲ့သော်လည်း စီရင်စုစစ်တပ်များဆိုင်ရာ ကိစ္စကို ဖြေရှင်းခဲ့ပြီး ကျန်းချောင်ရှု့အား သင်ခန်းစာပေးလိုက်ခြင်းက ဝမ်ချောင်ဟာ မည်မျှလေးစားစရာကောင်းကြောင်း လူတိုင်းကို နားလည်သွားစေခဲ့သည်။ သူသည် ခုံရုံးသို့ မတက်သော အချိန်ကာလများ ရှိသည့်တိုင်အောင် သူ၏လွှမ်းမိုးမှုဟာ ကြီးမားနေသေးသည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်”

ဗိုလ်ချုပ်ကြီးကျန်းယွန်ရမ်နှင့် အခြားသော ဗိုလ်ချုပ်များက ဝမ်ချောင်ကို မြင်ရသောအခါ ပျော်သွားကြသည်။

“အွန်း”

ဝမ်ချောင်က ခေါင်းတစ်ချက်ညိမ့်လိုက်ပြီး ထိုဗိုလ်ချုပ်များကို ပြန်လည်ကာ နှုတ်ဆက်သည်။ သူ၏မျက်လုံးကမူ အခြားတစ်နေရာသို့ ခပ်မြန်မြန် ရောက်ရှိသွားသည်။

ဝမ်ချောင်သည်လည်း ဘုရင်ချီဟာ နဂါးရစ်တိုင်အနားတွင် လက်ပိုက်လျှက်ရှိနေကြောင်း သတိထားမိလိုက်သည်။ ဝမ်ချောင်ကသူ့ကို ကြည့်သည်။ ဘုရင်ချီကလည်း သူ့ကိုကြည့်သည်။ ရုတ်တရက် ဘုရင်ချီ၏နှုတ်ခမ်းများက ကော့တက်လျှက် အေးစက်စွာပြုံးပြီး လှောင်ပြုံးကိုဖော်ပြသည်။

ဝမ်ချောင်၏မျက်မှောင်ထဲတွင် စိုးရိမ်မှုတိမ်စိုင်များက ရစ်ဆိုင်းလာသည်။ သို့သော် ဝမ်ချောင်က စတင်ကာ ဒုက္ခမရှာနိုင်သေးခင် ဘုရင်ချီက တစ်ဖက်သို့လှည့်လျှက် ခန်းမ၏စင်မြင့်တစ်နေရာသို့ လှမ်းကြည့်သည်။ သူ၏တစ်ဖက်သာဖွင့်ထားသော မျက်လုံးများအရ သူသည် ဝမ်ချောင်ကို အာရုံစိုက်ရန် ပျင်းရိနေပုံပေါ်သည်။

“ဟွန်း”

ဝမ်ချောင်ကသူ့ကို ဘေးဖယ်ထားလိုက်ပြီး အခြားသူများသို့ ပြောင်းကြည့်သည်။ ခုံရုံးထဲမှ ပြည်တွင်းရေးရာနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၏ တည်ဆောက်ပုံက မပြောင်းလဲသေးချေ။ ဘုရင်စုန့်က ပူးပေါင်းရေးဘုရင်ခံ ဖြစ်လာကတည်းက ပြည်တွင်းအရာရှိပေါင်းများစွာက ဗိုလ်ချုပ်များကို ပစ်မှတ်ထားသည့် အခြေအနေပေါင်းများစွာကို ပယ်ချခဲ့ပြီးသားဖြစ်သည်။

1274 02

သို့ရာတွင် သူက ကွန်ဖြူးရှပ်ဂိုဏ်းဘက်က ခုံရုံးထဲကိုထည့်ထားသည့် မရင်းနှီးသော မျက်နှာပေါင်းများစွာကို ကြည့်ပြီးချိန်တွင် ထိုမျက်နှာများဟာ ခံစားချက်မဲ့နေခဲ့သည့်တိုင်အောင် ဝမ်ချောင်ကမူ သူတို့သည် ယခင်နှင့်အနည်းငယ် ခြားနားလာကြောင်း သိလိုက်ကြသည်။ သို့သော် သူသည် ကိစ္စကိုမြင်ရုံနှင့် ထုတ်မပြောနိုင်ချေ။

သူ၏အကြည့်က ရှေ့သို့ဆက်ဝင်သွားပြီး သိပ်မကြာခင် ညာဘက်အမြင့်တစ်နေရာတွင် ရှိနေသော ထူးခြားသည့် စန္ဒကူးကုလားထိုင်ထံ ရောက်ရှိသွားသည်။ နောက်ထပ် ရင်းနှီးသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။

ဝမ်ချောင်၏ တန်ပြန်ပြောဆိုမှုကြောင့် ဒေါသထွက်ပြီး သတိလစ်လုနီးပါး ဖြစ်သွားခဲ့ပြီးချိန်ကတည်းက မဟာဆရာသည် တော်ဝင်ခုံရုံးသို့ မတက်တော့ချေ။ သို့သော် ဒီနေ့တွင်မူ သူသည် ပေါ်လာသည်။ သူသည် ကုလားထိုင်တွင် ထိုင်နေပြီး ဝမ်ချောင်ကို ကျောပေးထားကာ တရေးတမော အိပ်နေပုံပေါ်သည်။ ရှင်းလင်းစွာပင် သူသည် ဝမ်ချောင်ကို မမြင်ချင်ယောင်ဆောင်နေခြင်းဖြစ်သည်။

ဝုန်း

ဝမ်ချောင်က မဟာဆရာ၏ကျောကို မြင်လိုက်ချိန်တွင် သူ၏မျက်လုံးဟာ မှင်သက်သွားသည်။ မဟာဆရာသည် ရိုးရှင်းစွာပင် အလွန်အမင်း မာနကြီးသည်။ ဝမ်ချောင်က အရှက်ခွဲပြီးချိန်တွင် သူသည် ခုံရုံးတွင် ပေါ်လာရမည့်အရေးကိုပင် ရှက်နေတတ်၏။ အလွန်ထူးခြားသောကိစ္စ ဖြစ်လာရန်သာ မရှိလျှင် သူသည် ယခုလိုမျိုး ဝမ်ချောင်နှင့် ခန်းမတစ်ခုထဲတွင် အတူနေလိမ့်မည်မဟုတ်ချေ။

ဟယ်ချီရုံအတွက်လား။

ဝမ်ချောင်က တိတ်တဆိတ် တွေးလိုက်သည်။ သို့သော် ဝမ်ချောင်၏ စိတ်အနက်ရှိုင်းဆုံး အပိုင်းကမူ ထိုကိစ္စဟာ ထင်သလောက် မရိုးရှင်းကြောင်းသိနေသည်။

ဝမ်ချောင်က နှလုံးသားထဲမှ မသက်မသာဖြစ်မှုကို ဖိနှိပ်ထားလိုက်ပြီး ဟယ်ချီရုံကို ပြောင်းလဲကြည့်လိုက်သည်။ ထို့နောက် ဘယ်ဘက်ခြမ်းသို့ ကြည့်လိုက်၏။ ထိုဘက်တွင်လည်း အခြားသော အရာရှိများရှိသည်။ ထို့ပြင် အတွင်းဝန်အမတ်ကြီး လီလင်းဖူကလည်း ရှိနေသည်။ ထိုအခိုက်အတန့်တွင် သူ၏နားထဲသို့ ဝင်ရောက်လာသည့် အမြင့်သံကို ကြားလိုက်ရသည်။

“ပထမမင်းသား ရောက်ရှိလာပါပြီ”

ခလွက်

ကြာပွတ်သံတစ်ချက်နှင့်အတူ စုဝေးနေသော အရာရှိများအားလုံးက ချက်ချင်းလိုလို တိတ်ဆိတ်သွားသည်။ ထိုအချိန်တွင် ပထမမင်းသားလီရင်က ခန်းမ၏ ဘေးဘက်ခြမ်းမှ ထွက်ပေါ်လာပြီး ကျားများ၊ နဂါးများအလား လျှောက်လှမ်းလျှက် ငွေရောင်ပိုးသားဝတ် မိန်းမဆိုးများနှင့် ရွှေရောင်ဝတ်စုံဝတ် အစောင့်များကို ချန်ရစ်လျှက်လာသည်။

“ပထမမင်းသားကို ဂါရဝပြုပါတယ်”

ပထမမင်းသားကို မြင်ရသောအခါ လူတိုင်းက ဂါရဝပြုကြသည်။ ပထမမင်းသားကမူ ဝတ်ရုံကိုသာ အသာမြှောက်လျှက် သူတော်စင်ဧကရာဇ်ကို ကိုယ်စားပြသော ပုလ္လင်တွင် ဝင်ထိုင်သည်။

သူ၏မျက်လုံးထဲတွင် လှောင်ပြုံးကရှိနေသည်။ သူ၏အရှိန်အဝါက ခမ်းနားထည်ဝါပြီး ကျယ်ပြောသည်။ သူသည် နဂါးပုလ္လင်တွင်ထိုင်ပြီး သူတော်စင်ဧကရာဇ်၏ ကိစ္စများကို ဆောင်ရွက်နေရသောကြောင့် ပထမမင်းသားဟာ အရှင်သခင်တစ်ပါး၏ တော်ဝင်အရှိန်အဝါမျိုးကို ပိုင်ဆိုင်လာပြီဖြစ်သည်။ သူ၏အကြည့်ကတင် လျှပ်စီးလက်သမား ထင်ရ၏။ ထိုသို့ဖြင့် ခန်းမတစ်ခုလုံးအနှံ့ လင်းထိန်သွားစေသည်။ အဆုံးသတ်နားတွင် သူဟာ ဝမ်ချောင်ကို တစ်ချက်ကြည့်ပြီးနောက် အကြည့်ပြန်လွှဲသွား၏။

“လေးစားရတဲ့ အရာရှိမင်းတို့ မင်းတို့မှာ စိုးရိမ်နေတာများရှိရင် မှတ်တမ်းလွှာ တင်ပြနိုင်တယ်။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ ထွက်သွားနိုင်ပြီ”

ခန်းမအတွင်း စူးရှသောအသံက ထွက်ပေါ်လာသည်။ ပထမမင်းသား၏ ဘယ်ဘက်မှ အဖြူရောင်ဆံပင်နှင့် မုတ်ဆိတ်မွှေးများကို ပိုင်ဆိုင်ထားသော မိန်းမဆိုးအိုကြီးက မိန်းမဆိုးကောင်း၏နေရာကို ယူထားသည်။ သူသည် ပိန်ပါးပြီး ပုံစံဟာ ဖရိုဖရဲနှင့်ဖြစ်သည်။ သူ၏လက်ချောင်းများကလည်း လက်သည်းများအလား ထင်ရသေး၏။ သူ၏ခန္ဓာကိုယ်သည် မည်သည့်အရှိန်အဝါမှ မရှိနေသည့်တိုင်အောင် သူ၏မျက်လုံးများက အခန်းတစ်ခုလုံးကို အကဲခတ်နေလေပြီး ထက်ရှကာ တိုင်းတာရခက်ခဲသော အလင်းမျိုးကို ထုတ်ဖော်ပြသနေခဲ့သည်။ ထိုလူသည်လည်း တော်ဝင်နန်းတော်မှ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များထဲမှ တစ်ယောက်ဖြစ်နိုင်သည်။

“အရှင့်သား ဒီအရာရှိက မှတ်တမ်းလွှာတစ်ခု တင်ပြစရာရှိပါတယ်”

အရာရှိတစ်ယောက်က ခပ်မြန်မြန် ရှေ့ထွက်ပြီး ဒီနေ့အတွက် ညီလာခံကိုစတင်သည်။

သူတော်စင်ဧကရာဇ်က နန်းတော်ထဲသို့ ပြန်လည်ဝင်ရောက်ကာ အငြိမ်းစားယူသွားပြီး ပထမမင်းသားက သူ၏ဘုရင်ခံအဖြစ် ကိုယ်စားဆောင်ရွက်လာသော အခြေအနေဟာ မည်သည့်အရာမှ မပြောင်းလဲသွားဟု ထင်ရသည်။ အုပ်ချုပ်သူကလည်း အမျိုးမျိုးသော စီရင်စုနှင့် လက်အောက်ခံ နယ်မြေများနှင့် ပတ်သတ်သော ကိစ္စကို စီမံဆောင်ရွက်နေရသေးသည်။ ထိုကိစ္စကမူ ဝမ်ချောင်နှင့် မသက်ဆိုင်ချေ။ တခဏခန့်နားထောင်နေပြီးနောက် မျက်လုံးကိုသာမှိတ်ကာ နားထောင်နေလိုက်သည်။

1274 03

ဒီနေ့၏ ခုံရုံးညီလာခံတွင် မဟာဆရာ၊ ဘုရင်ချီနှင့် လီလင်းဖူတို့အားလုံး လာကြသည်။ ဝမ်ချောင်ကပင် ဒီနေ့ဆွေးနွေးမည့် အကြောင်းအရာများက အရန်သဘောသာဖြစ်ကြောင်း အဓိကအကြောင်းအရာများက မလာရောက်သေးကြောင်း နားလည်နေသည်။ အဓိကကိစ္စကမူ အမတ်မင်း ဟယ်ချီရုံနှင့် ပတ်သတ်နိုင်သည်။

ထိုခုံရုံးညီလာခံက သူ့ကိုဒီနေရာတွင် ဆက်နေခိုင်းခြင်းရှိမရှိ၊ သို့မဟုတ် အိမ်ပြန်ခိုင်းပြီး ရာထူးရွေ့ပြောင်းခြင်း ပြုမပြုဆိုသော ကိစ္စနှင့် ပတ်သတ်နေသည်။

ခုံရုံးက ကိစ္စတစ်ခုပြီးတစ်ခု ဆုံးဖြတ်နေပြီး သိပ်မကြာခင် အသံတစ်သံက ရုတ်တရက် ထွက်ပြောလာသည်။

ထိုအရာရှိက သူ၏နေရာမှ ထွက်လာပြီးနောက် ပထမမင်းသားကိုကြည့်ကာ ဂါရဝပြုလျှက် ကျယ်လောင်စွာ အော်ပြောသည်။

“အရှင့်သား ဒီအရာရှိက မှတ်တမ်းလွှာတစ်ခု တင်ပြစရာရှိပါတယ်။ ကျန်းနန်ရေလွှမ်းမိုးတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အမျိုးမျိုးသော စီမံဆောင်ရွက်မှုတွေကို လုပ်ဆောင်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ပြဿနာက တည်ရှိနေတုန်းပဲ။ သိပ်မကြာခင်က ရေကာတာတွေတည်ဆောက်ပြီး ရေလွှမ်းမိုးခြင်းမရှိအောင် ကာကွယ်ဖို့ အမျိုးမျိုးသော နည်းလမ်းတွေကို ဆောင်ရွက်ဖို့အတွက် ရွှေထည်သုံးသန်းကို ရင်းနှီးမြုပ်နှံမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ ဒီနိမ့်ကျတဲ့အရာရှိကလည်း တော်ဝင်ခုံရုံးက ပြည်သူတွေရဲ့ဆန္ဒကို စဉ်းစားဆင်ခြင်သောအားဖြင့် အမတ်မင်းကြီး ဟယ်ချီရုံကို ကျန်းနန်ကို စေလွှတ်လို့ ဒီစီမံကိန်းကို ဆောင်ရွက်စေချင်ပါတယ်”

ဝုန်း

ဝမ်ချောင်က ဘေးလူအဖြစ် ရပ်နေခဲ့ရာက ရုတ်တရက် မျက်လုံးကိုဖွင့်လိုက်သည်။

ကျိုးထိုက်ချင်

သူက အသံကို မှတ်မိလိုက်သည့်အလျောက် မျက်လုံးထဲ အေးစက်သောအလင်းက ဖြတ်ပြေးသွားသည်။ ထိုအသံသည် တော်ဝင်ခုံရုံးအား တာလာ့သို့ တပ်ကူများမပို့အောင် တားမြစ်ခဲ့ရာတွင် အတက်နိုင်ဆုံး ကြိုးစားခဲ့သည့် အခမ်းအနားပွဲဆိုင်ရာ အမတ်မင်းကြီး ကျိုးထိုက်ချင်ဖြစ်သည်။

ရောက်လာပြီ

ဝမ်ချောင်၏စိတ်ထဲတွင် တစ်ချက်လှုပ်ခတ်သွားသည်။ အချိန်အတန်ကြာပြီးနောက်တွင် ခုံရုံးညီလာခံဟာ အဓိကကျသော အကြောင်းအရာသို့ ရောက်ရှိသွားသည့်ပုံပေါ်သည်။

“အရှင့်သား ဒီအရာရှိကတော့ သဘောတူပါတယ်။ အရာရှိဟယ်က ကျန်းနန်ဇာတိဖြစ်သလို အဲ့ဒီနေရာက မြေမျက်နှာသွင်ပြင် အနေအထားကို တော်တော်လေး ရင်းနှီးနေမှာပါ။ အရာရှိဟယ်ကိုသာ လွှတ်လိုက်မယ်ဆိုရင် ပြည်နယ်ပိုင်တွေနဲ့ပေါင်းပြီး ဒီစီမံကိန်းကို တက်တက်ကြွကြွ လုပ်ဆောင်နိုင်မှာပါ။ ဒီလိုနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေကို လျော့ချပေးနိုင်မှာပါ”

အရာရှိဟောင်းကြီးတစ်ယောက်ကလည်း ကျိုးထိုက်ချင်၏စကားကို သဘောတူကြောင်း ထုတ်ပြသည်။

“ဒါအမှန်ပဲ ဒါတွေအပြင် အရှင်ဟယ်ရဲ့မိခင်ကလည်း ကျန်းမာရေးအခြေအနေက တော်တော်လေးကို ဆိုးရွားနေတယ်။ ကျေးဇူးသိတတ်မှုက အရာအားလုံးရဲ့ အထက်မှာပဲ။ ဒီတော့ ဒီစီမံကိန်းကို ကိုင်တွယ်ဆောင်ရွက်နေတဲ့ အရာရှိဟယ်အနေနဲ့ သူ့ရဲ့ သားတာဝန်ကို ကျေပွန်စွာနဲ့ လုပ်ဆောင်နိုင်သလို တိုင်းပြည်နဲ့ ပြည်သူတွေအတွက်လည်း အကျိုးအမြတ် ရရှိစေလိမ့်မယ်။ အမှန်တိုင်းပြောရရင် ဒါက ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ပစ်တာပဲ။ သေချာပေါက်ကို အရှင်ဟယ်က ငြင်းမှာမဟုတ်ဘူး”

နောက်ထပ် အရေးပါသော အရာရှိကြီးတစ်ယောက်ကလည်း ထုတ်ပြောသည်။ သုံးယောက်ဆက်တိုက် ထောက်ခံပေးပြီးနောက်တွင် အခြားသော အရာရှိများကလည်း ဦးတည်ချက်ကိုထုတ်ပြရင်း ထောက်ခံကြောင်း ပြောကြသည်။

တစ်ယောက်ပြီးတစ်ယောက် ပြော၍ဆုံးသွားသည့် အချိန်တွင် စစ်လက်ထောက် အမတ်မင်းကြီး ချောင်ချန်းကျုံးက နေရာမှ ရှေ့ထွက်လိုက်သည်။ သူသည် ဘုရင်စုန့်နှင့် အနီးအနားတွင် ရှိနေသူဖြစ်သည်။

“အရှင့်သား ဒီအရာရှိကတော့ ငြင်းတယ်။ အရှင်ဟယ်က တောက်ပတဲ့အမတ်ကြီးတစ်ပါး။ သူက အဆင့်နိမ့် အဆင့်နှစ်အရာရှိတစ်ယောက်လည်း ဖြစ်တယ်။ ပိုဆိုးတာက သူကခုံရုံးကို ရောက်ရှိနေခဲ့တာ နှစ်ပေါင်းများစွာကြာပြီ။ ခုံရုံးကကိစ္စတွေကို အရမ်းကို ရင်းနှီးကျွမ်းဝင်နေပြီဖြစ်လို့ အင်ပါယာကြီး တစ်ခုလုံးရဲ့ လည်ပတ်ပုံတွေကို ကျွမ်းကျင်နေတဲ့လူတစ်ယောက်။ တစ်ဖက်က ဆည်မြောင်းတွေ တူးထုတ်တာ၊ ဆည်ကာတာတွေ ဆောက်တယ်ဆိုတဲ့ကိစ္စက တိုင်းပြည်နဲ့ ပြည်သူတွေကို အကျိုးအမြတ်ရတာ မှန်ပေမဲ့လည်း ဒီကိစ္စအတွက်ကတော့ အလုပ်သမားရေးရာရုံးတော်က အရာရှိတွေကိုပဲ ပို့လွှတ်သင့်တယ်လို့ထင်တယ်။ အရှင်ဟယ်ကိုယ်တိုင် သွားစရာအကြောင်းကို မရှိဘူး။ အဓိက အရေးပါတဲ့ကိစ္စနဲ့ အရေးမပါတဲ့ကိစ္စငယ်လေးတွေ ရှိနေတဲ့အခါ ပိုကြီးတဲ့ကိစ္စကိုကြည့်ပြီး သေးငယ်တဲ့ကိစ္စကို သင့်တော်တဲ့လူကိုပဲ စေလွှတ်သင့်ပါတယ်။ နောက်ပြီး အရေးကြီးတဲ့ကိစ္စကို အရေးကြီးတဲ့ တာဝန်အောက်ကို ထည့်သွင်းသင့်ပြီး အရေးမကြီးတဲ့ကိစ္စကို အရေးမကြီးတဲ့ တာဝန်အောက်ကိုပဲ ပို့လွှတ်သင့်ပါတယ်။ ပိုဆိုးတာက အရှင်ဟယ်က အလုပ်သမားရေးရာ ရုံးတော်က အရာရှိတစ်ယောက်လည်း မဟုတ်ပါဘူး”

1274 04

ချောင်ချန်းကျုံးက ဦးဆောင်ပြီးနောက်တွင် ဘုရင်စုန့်ဘက်မှ အရာရှိတစ်ယောက်ပြီးတစ်ယောက် ထွက်ပြောကြသည်။

“အရှင့်သား ဒီအရာရှိကတော့ အရှင်ချောင်နဲ့ သဘောထားတူညီပြီး ငြင်းဆန်ပါတယ်။ ခုံရုံးက အရာရှိတွေ အားလုံးက ကိုယ့်နေရာ ကိုယ့်တာဝန် အသီးသီးကို တာဝန်ထမ်းဆောင်နေရတာပါ။ အခြေခံအားဖြင့် ခုံရုံးက တာဝန်ယူထားတဲ့ ကဏ္ဍအသီးသီးက ကိစ္စတွေကို ကိုင်တွယ်ရတာပါပဲ။ ဆည်ကာတာ ဆောက်လုပ်တဲ့ စီမံကိန်းတစ်ခုက အဆင့်နိမ့် အဆင့်နှစ် အရာရှိတစ်ယောက်ကို စောင့်ကြပ်ကြည့်ရှု့ဖို့ လိုအပ်တယ်ဆိုရင်လည်း အခြားနေရာတွေက ဒီလိုလိုအပ်မှု ရှိလာတဲ့အခါ ကျွန်တော်တို့က အဆင့်မြင့် အဆင့်နိမ့် ဒါမှမဟုတ် အဆင့်နိမ့် အဆင့်တစ် ဒါမှမဟုတ် အဆင့်မြင့် အဆင့်တစ် အရာရှိတွေကိုတောင် ပို့လွှတ်ရမှာပါလား။ ဒီလိုဆိုရင် ကိစ္စတွေအားလုံးက ဒီလိုကိုင်တွယ်လိုက်တာနဲ့ အင်ပါယာခုံရုံးက ဗလာဖြစ်သွားပြီး လူတောင်ကျန်တော့မှာ မဟုတ်ပါဘူး။ ဒါဆိုရင် ဘယ်လိုစနစ်ကို ကျင့်သုံးမှာပါလဲ။ ဒီနိမ့်ကျတဲ့အရာရှိက ဒီကိစ္စကို အခိုင်အမာ ငြင်းပယ်ပါတယ်”

ထိုအခိုက်အတန့်တွင် ဘာသာရေးရာရုံးတော်မှ အနီရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုက ထွက်လာသည်။ သူသည် ဖေ့ချွမ်ရီဖြစ်သည်။

“ဟယ်ချီရုံက အလုပ်သမားရေးရာ ရုံးတော်ကပဲ။ ရုံးတော်မှာရှိခဲ့ဖူးလို့ သူက ဒီကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်တဲ့နေရာမှာ အရမ်းကို ကျွမ်းကျင်နေခဲ့ပြီးသား။ ဒီနယ်ပယ်မှာ သူနဲ့ ဘယ်သူက သွားယှဉ်နိုင်မှာလဲ။ ပိုဆိုးတာက ကျေးဇူးသိတတ်မှုက အရေးကြီးဆုံးကိစ္စပဲ။ သူကသာ မိခင်က ပြင်းပြင်းထန်ထန် ဖျားနာနေတဲ့အချိန်မှာ သွားပြန်မတွေ့ချင်ဘူးဆိုရင် မသိတတ်တဲ့ သားတစ်ယောက် ဖြစ်သွားလိမ့်မယ်။ ဒီလိုဆိုရင် အင်ပါယာခုံရုံးမှာ အရာရှိတစ်ယောက်အနေနဲ့ ရပ်တည်ပြီး အင်ပါယာအတွက် စံပြပုဂ္ဂိုလ်ဖြစ်ထိုက်သေးရဲ့လား”

ဝမ်ချောင်က အရာအားလုံးကို ဘေးဘက်မှ ရပ်ကြည့်နေသည်။ သူ၏မျက်လုံးထဲတွင် ခက်ထန်သောအလင်းက ဖြတ်ပြေးသွား၏။ ဖေ့ချွမ်ရီသည် ဘာသာရေးရုံးတော်မှ အမတ်တစ်ယောက်ဖြစ်သလို ဘုရင်ချီ၏ လူလည်းဖြစ်သည်။ ဘုရင်ချီကသာ ရှေ့ထွက်ခိုင်းလျှင် ရှင်းလင်းစွာပင် သူသည် ဒီကိစ္စကို သေချာအာရုံစိုက်ပြီးလေပြီ။ ဘုရင်ချီနှင့် မဟာဆရာ၊ လီလင်းဖူ၊ ပထမမင်းသားတို့ ပူးပေါင်းသောအင်အားစုအရ ဘုရင်စုန့်၏ အဖွဲ့အစည်းက တစ်ဖက်သူကို အမှန်တကယ် ဆုံးရှုံးရနိုင်သည်။ တစ်ဖက်သူကို ဆက်လက်ပြီး ဆုံးရှုံးလိုက်ရသော် ဘုရင်ချီကို ရင်ဆိုင်ရာတွင် အားနည်းသွားလောက်သည်။

ပို၍အရေးကြီးသည်မှာ အဆင့်နိမ့် အဆင့်နှစ် အရာရှိဖြစ်သော ဟယ်ချီရုံ၏ အကူအညီသာ မရှိပါက ဘုရင်ချီ၏ လူများက ခုံရုံးတွင် ပို၍အလေးသာသွားနိုင်လေပြီး ကမ်းလှမ်းချက်ပေါင်း များစွာကို ထုတ်လာနိုင်သည်။ ပို၍ဆိုးသည်မှာ....

ဝမ်ချောင်သည် ဘုရင်စုန့်၏ သူလျိုထံမှ ရရှိခဲ့သည့် သတင်းအချက်အလက်ကို တွေ့လိုက်မိသည်။ ရှင်းလင်းသည်မှာ ဟယ်ချီရုံကို ဖယ်ထုတ်သောကိစ္စက အစသာဖြစ်လောက်သည်။ ဟယ်ချီရုံ၏နေရာက ဘုရင်ချီ၏ လက်ထဲသို့ ကျရောက်သွားပြီး ကွန်ဖြူးရှပ်ဂိုဏ်းမှ လူများဝင်လာခဲ့သော် ပို၍များပြားသော လူများကို အစားထိုးပေလိမ့်မည်။ ကွန်ဖြူးရှပ်ဂိုဏ်းက နေရာတစ်ခုတည်းကိုသာ ကန့်သတ်လိမ့်မည် မဟုတ်ပေ။ ထိုအတွက်ကြောင့် ဝမ်ချောင်က ပေါ်လာရခြင်းဖြစ်သည်။

“အရှင့်သား”

ရုတ်တရက် ကျယ်လောင်ကာ အားအင်ပြည့်ဝသော အသံက ခန်းမတစ်ခုလုံးအနှံ့ ဟိန်းထွက်သွားသည်။ နောက်ဆုံးနေရာမှ ဝမ်ချောင်က ဝတ်ရုံကိုမြှောက်လျှက် ရှေ့ထွက်လာသည်။

“ဒီအရာရှိကတော့ ကျန်းနန်က စီမံကိန်းကို ဘုရင်ချီကိုပဲ စေလွှတ်သင့်တယ်လို့ထင်တယ်”

ဝမ်ချောင်က ဂါရဝပြုလိုက်သည်။

++++++

1275 01

အခန်း(၁၂၇၅)

ခြိမ်း

ခုံရုံးဟာ စကားပြောသံများဖြင့် ပွက်လောရိုက်သွားသည်။ အရာရှိများ အားလုံးသည်လည်း ဝမ်ချောင်၏ တင်ပြချက်ကြောင့် မှင်သက်သွားကြ၏။ သူတို့ထဲမှ မည်သူကမျှ ဝမ်ချောင်ဟာ ရုတ်တရက်ထွက်လာပြီး ဘုရင်ချီကို ဆွဲချလိမ့်မည်ဟု မထင်ထားကြချေ။

“ဝမ်ချောင်”

ဘုရင်စုန့်နှင့် စစ်အမတ်မင်း ကျန်းချုံကျန့်ချုံးကပင် ကြောင်သွားသည်။ သိသာစွာပင် ဝမ်ချောင်သည် ထိုအကွက်ကို ကြိုတင်မတိုင်ပင်ထားပါချေ။

“မျိုးမစစ်ကောင်”

ဘုရင်ချီဟာ အစပိုင်းတွင် မှင်သက်သွားသည်။ သို့သော် ခပ်မြန်မြန် အသိပြန်ဝင်သွားပြီး သူ၏မျက်နှာဟာ ဒေါသများဖြင့် တင်းမာလာလျှက် အံ့ကိုကြိတ်လိုက်သည်။

ထိုကိစ္စကို မှတ်တမ်းလွှာဖြင့် ခုံရုံးသို့ တင်ပြပြီးသားဖြစ်သည်။ ဘုရင်ခံတစ်ယောက်ဖြစ်သည့် ဘုရင်စုန့်သည်လည်း ထိုမှတ်တမ်းလွှာကို မြင်ခဲ့ပြီးသားဖြစ်သည်။ သို့သော် ဟယ်ချီရုံ၏ ကိစ္စဟာ ပေါက်ကြားသွားခဲ့သေးသည့်တိုင်အောင် ဘုရင်ချီဟာ မစိုးရိမ်ပါပေ။ သူသည် အရာအားလုံးကို ပြင်ဆင်ထားပြီးသားဖြစ်သည်။ ဘာသာရေးအမတ်မင်း ဖေးချွမ်ရီကလည်း သူ၏အရေးပါသော ချက်(စ်) အပိုင်းအစတစ်ခုဖြစ်သည်။ သို့သော် ဝမ်ချောင်ဟာ ရုတ်တရက် အကျိုးအကြောင်းမသင့်စွာ သူ့ကို ဆွဲသွင်းလိမ့်မည်ဟု မထင်ထားမိပေ။

“ဝမ်ချောင် မင်းစိတ်လွတ်သွားပြီလား။ ဒီဘုရင်က အင်ပါယာမျိုးနွယ်ဝင်တစ်ယောက် မြင့်မားလွန်းတဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ထားတယ်။ မျိုးရိုးမြင့် သူကောင်းမျိုးနွယ်ဝင်တစ်ယောက် ဒါကိုမင်းက ဒီလိုကိစ္စတစ်ခုကို ကိုင်တွယ်ပေးစေချင်တယ်ဟုတ်လား”

ဘုရင်ချီဟာ အလွန်ဒေါသထွက်သွားသည်။ အပြစ်ဒဏ်ခုံရုံးမှ သူတို့၏တိုက်ပွဲဟာ အရာရှိများအကြား အုပ်အော်သောင်းနင်း ဖြစ်စေခဲ့သည်။ ယခုအခါ ဝမ်ချောင်ဟာ သူ့ကို ခုံရုံးတစ်ခုလုံး၏အရှေ့တွင် တိုက်ခိုက်လာပြီး သူကဲ့သို့ အရှိန်အဝါကြီးမြတ်သည့် ဘုရင်တစ်ပါးအား သေးငယ်သည့် ကိစ္စတစ်ခုကို သွားရောက် ကိုင်တွယ်ပေးစေလိုနေသည်။ ထိုကိစ္စက ဘုရင်ချီကို အရှက်ခွဲခြင်းဖြစ်သဖြင့် သူသည် ဝမ်ချောင်ကို အရိုးထဲစွဲသည်အထိ မုန်းတီးသွားသည်။

ဝမ်ချောင်က ကျန်းလျံချုံးကို တစ်ချက်ကြည့်လျှက် ပေါ့ပါးစွာပြောလိုက်သည်။

“ဟား ငါကြားထားတဲ့ အတိုင်းဆိုရင် ဘုရင်ချီက နယ်မြေတခွင်အနှံ့ ပါရမီရှိတဲ့ အရာရှိတွေ အားလုံးကို စုစည်းထားလို့ ဘုရင်ချီဟာ နိမ့်ချနာခံတတ်တယ်။ ပညာတတ်တွေကို လေးစားတယ်။ ဆည်မြောင်းသွယ် ရေဖောက်တဲ့ လုပ်ငန်းတွေကိုတောင် လေ့လာဖူးတယ်လို့ ကြားထားဖူးတာပါ။ နောက်ပြီး မင်းက အလုပ်သမားရေးရာ အမတ်မင်းကြီး ကျန်းလျံချုံးကိုတောင် မင်းရဲ့စံအိမ်ကိုဖိတ်ခေါ်ခဲ့သေးတာပဲ။ ဘုရင်ချီက အရှင်ကျန်းနဲ့ ဆွေးနွေးထားပြီးသားမဟုတ်ဘူးလား”

“မင်း”

ဘုရင်ချီဟာ အလွန်ဒေါသထွက်သွားသည်။ သူတစ်ယောက်တည်းသာ မဟုတ်ချေ။ အလုပ်သမားရေးရာ အမတ်မင်း ကျန်းလျံချုံး၏ မျက်နှာပေါ်တွင်ပင် ပြောင်းလဲသော အမူအရာမျိုးက ပေါ်လာသည်။

ဒီနေ့ခုံရုံး၏ ငြင်းခုံမှုတွင် မူလအကြံအစည်အတိုင်း သူသည် ဘာသာရေးရာအမတ်ကြီး ဖေးချွမ်ရီ၏ နောက်လိုက်အဖြစ်လုပ်လျှက် နှစ်ယောက်ပေါင်းကာ ဟယ်ချီရုံအား ခုံရုံးမှထွက်ခွာရန် ဖိအားပေးရန်ဖြစ်လေသည်။ သို့သော် ဝမ်ချောင်၏ ဝင်ရောက်ပြောဆိုမှုနှင့်အတူ ကျန်းလျံချုံးက ခြေတစ်လှမ်းခန့် နောက်ဆုတ်ပြီး တည်ငြိမ်အောင်နေရန် ဖိအားပေးခံလိုက်ရသည်။ သို့မဟုတ်လျှင် ဝမ်ချောင်၏ ပြောဆိုမှုများကို သက်သေပြခြင်းအားဖြင့် သူသည် ဘုရင်ချီနှင့် ပူးပေါင်းထားသည်ဟူ၍ သံသယဝင်ခံရနိုင်သည်။

ထိုအခိုက်အတန့်တွင် ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ဘုရင်ချီနှင့် ကျန်းလျံချုံးတို့၏ တုန့်ပြန်မှုများမှတစ်ဆင့် အနှေးကွေးဆုံးလူကပင် အခြေအနေကို နားလည်သည်။

ဒီနှစ်ယောက်က ပူးပေါင်းနေခဲ့တာ ကြာတဲ့ပုံပဲ။

ဝမ်ချောင်သည် ဘုရင်ချီနှင့် ကျန်းလျံချုံးက သူ၏စံအိမ်တွင် တာတံမန်ဆောက်လုပ်ခြင်း၊ ရေမြောင်းသွယ်ခြင်း စသဖြင့် လုပ်ငန်းများနှင့် ပတ်သတ်သည့် ကိစ္စများကို ဆွေးနွေးနေသည်ဟု ပြောလာကတည်းက ဒီလိုအခြေအနေမျိုးတွင် ဘုရင်ချီက ပြန်လည်ငြင်းခုံရန် နည်းလမ်းမရှိတော့ချေ။

မျိုးမစစ်ကောင် တစ်ရက်မှာတော့ ဒီဘုရင်က မင်းကိုအရေခွံ စုတ်ဖြဲပစ်မှာ။

ဘုရင်ချီက စိတ်ထဲတွင် အော်ဟစ်ပြီး မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

1275 02

ဟား ဟား ကောင်းတယ် ဝမ်ချောင် ဒီဘုရင်က မင်းဒီလိုလုပ်ရတဲ့ အကြောင်းပြချက်ရှိမှန်း သိပြီးသား။

ဘုရင်စုန့်ကသာ အခြေအနေကို အရင်ဆုံး နားလည်သွားသူဖြစ်သည်။ နောက်ဆုံးတွင် ဝမ်ချောင်ဟာ မည်သည့်အတွက်ကြောင့် ဖေးချွမ်ရီကို နှောက်ယှက်ခဲ့ကြောင်း နားလည်သွားသည်။ ဘုရင်စုန့်သည် ဘုရင်ချီဟာ အလုပ်သမားရေးရာ အမတ်မင်း ကျန်းလျံချုံးနှင့် ပူးပေါင်းထားကြောင်း သိပြီးသားဖြစ်သည်။ ထိုသို့ဖြင့် ဟယ်ချီရုံကို တွန်းထုတ်ရန်အတွက် ခန့်အပ်ထားခြင်းလည်းဖြစ်သည်။

သိသာစွာပင် ဝမ်ချောင်၏ လက်အောက်ငယ်သားများထဲမှ တစ်ယောက်ကလည်း စုံစမ်းခဲ့ပြီးလောက်လေပြီ။

“အရှင့်သား ဒီနိမ့်ကျတဲ့ အရာရှိကတော့ ကျန်းနန်ဆည်တာတံမန် တည်ဆောက်ရေးအတွက်ကတော့ စောင့်ကြပ်ကြည့်ရှု့ စီမံခန့်ခွဲဖို့ ပိုပြီးသင့်တော်တဲ့ လူတွေအများကြီးရှိတယ်လို့ ယူဆရပြီး ဟယ်ချီရုံအတွက်ကတော့ သိတတ်နာခံမှုကို ဖယ်ရှားလို့မဖြစ်သလို ပြည်နယ်ရေးရာ ကိစ္စကိုလည်း လက်လျော့လို့ မဖြစ်လေဘူး။ ဒါကြောင့် ဒီအရာရှိအနေနဲ့ ဟယ်ချီရုံကို နှစ်လခန့်ခွင့်ပေးပြီး ကျန်းနန်ကို ပြန်စေလို့ မိခင်ဖြစ်သူကို သွားရောက်တွေ့ဆုံခွင့် ပြုသင့်တယ်လို့ထင်တယ်။ သူ့ရဲ့မိခင် ကျန်းမာရေးကောင်းသွားပြီဆိုတာနဲ့ မြို့တော်ကို ပြန်လာနိုင်ပြီ”

ဝမ်ချောင်ကပြောသည်။ ဟယ်ချီရုံ၏မိခင်ဟာ အအေးမိရုံသာဖြစ်သည်။ သူမ၏ အခြေအနေဟာ မပြင်းထန်ပါချေ။ ဟယ်ချီရုံက အိမ်ပြန်ပြီး မိခင်ဖြစ်သူကို သွားတွေ့ပြီးရုံနှင့် မိခင်ဖြစ်သူ၏ အခြေအနေဟာ ချက်ချင်းလိုလို ပြန်ကောင်းလာနိုင်သည်။ ထို့ပြင် သိပ်မကြာခင် မြို့တော်သို့ ပြန်လာနိုင်သေး၏။ အအေးရောဂါဟာ အဓိကရောဂါကြီးမဟုတ်ပေ။ ဟယ်ချီရုံက အိမ်သို့ပြန်လာသောအချိန်တွင်ပင် အအေးရောဂါက ပျောက်သွားလောက်လေပြီ။

ရုတ်တရက် အထက်မှ အသံတစ်သံထွက်လာသည်။

“ဟယ်ချီရုံ မောင်မင်းရဲ့ထင်မြင်ချက်က ဘာလဲ”

တိတ်ဆိတ်ကာ မယိမ်းယိုင်သည့် မဟာဆရာက ကုလားထိုင်မှနေ၍ လှမ်းပြောလိုက်သည်။ ရုတ်တရက် အပြောင်းအလဲက လူတိုင်းကို သတိလက်လွတ် ဖြစ်သွားစေသည်။ ဝမ်ချောင်နှင့် ဘုရင်ချီအကြားမှ ငြင်းခုံမှုက ဝရုန်းသုန်းကားဖြစ်ကာ လူတိုင်း၏အာရုံကို ဆွဲဆောင်ထားလေရာ မဟာဆရာဟာ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ထုတ်ပြောလာမည်ဟု မထင်ထားကြပေ။ ယခင်နှင့်မတူသည်မှာ မဟာဆရာသည် အလွန်အမင်းတည်ငြိမ်ကာ စိုးရိမ်မှုမရှိပေ။ သူ၏အစ စကားလုံးများက ဟယ်ချီရုံအား ကျန်းနန်သို့သွားပြီး စီမံကိန်းကို ကူညီပေးမည်ဆိုသော စကားလုံးမဟုတ်လေဘဲ ဟယ်ချီရုံ၏ ထင်မြင်ချက်ကို မေးမြန်းနေခြင်းဖြစ်သည်။

ဟယ်ချီရုံသည် ဘုရင်စုန့်ဘက်က အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ သာမာန်အခြေအနေမျိုးတွင် မဟာဆရာက သူ၏ထင်မြင်ချက်ကို မေးပါက ဟယ်ချီရုံက ငြင်းပေလိမ့်မည်။ သို့သော် အချို့သော အကြောင်းပြချက်မျိုးကြောင့် ဝမ်ချောင်သည် မကောင်းသောခံစားချက်ကို ရလိုက်သည်။

ထို့ကြောင့် သတိလက်လွတ်ဆိုသလို ဝမ်ချောင်က တစ်ချက်လှည့်ကြည့်လိုက်သောအခါ ဟယ်ချီရုံက ခေါင်းငုံ့နေကြောင်း မြင်လိုက်ရသည်။ သူသည် ဒုက္ခအလွန်များနေသလိုမျိုး သူ၏ဆန္ဒကို ချက်ချင်း ထုတ်မပြောချေ။

“ဒီနိမ့်ကျတဲ့အရာရှိက ...”

ဟယ်ချီရုံက တုန့်ဆိုင်းသွားပြီး စကားမပြောနိုင်ပေ။ ဝမ်ချောင်ကလည်း မကောင်းသော ခံစားချက်က ပို၍ဆိုးရွားလာကြောင်း သိလိုက်သည်။

“မကောင်းတော့ဘူး”

ဝမ်ချောင်သည် သူ၏နှလုံးသား လေးလံသွားသလို ခံစားလိုက်ရသည်။ ဟယ်ချီရုံကသာ အမှန်တကယ် မသွားချင်လျှင် ချက်ချင်းလိုလို ငြင်းဆန်ပြီး တုန့်ဆိုင်းမှုကို ပြသလိမ့်မည်မဟုတ်ပေ။ သို့သော် ပြဿနာရှိကြောင်း ဖော်ပြနေသည်။

“အရှင့်သား”

ဝမ်ချောင်ဟာ သတိလက်လွတ် ဘုရင်စုန့်ကို ကြည့်လိုက်သည်။ တစ်ချိန်ထဲလိုလို ဘုရင်စုန့်ကလည်း ဝမ်ချောင်ရှိရာဘက်သို့ အံ့အားသင့်မှုအပြည့်ဖြင့် ကြည့်လာသည်။ ဟယ်ချီရုံသည် ဘုရင်စုန့်၏လူဖြစ်သည်။ ဝမ်ချောင်သည် ထိုလူများ၏ ကိစ္စရေးရာထဲ ဝင်ရောက်စွက်ဖက်မှု မရှိစေရန်အလို့ငှာ အတက်နိုင်ဆုံး အဆက်အဆံ ရှောင်ရှားသည်။ ထိုအတွက်ကြောင့် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ရှင်းလင်းလာလေရာ ထိုကိစ္စကို သိချင်သောလူက ဘုရင်စုန့်သာလျှင်ဖြစ်သည်။ ဘုရင်စုန့်ကသာ ဝမ်ချောင်ကို မပြောသေးချေ။

ဘုရင်စုန့်၏ မျက်လုံးထဲမှ အံ့အားသင့်မှုက သူ့အား အရာအားလုံး ပြောပြလိုက်သည်။ ရှင်းလင်းစွာပင် ဘုရင်စုန့်ကိုယ်တိုင်ကလည်း မသိပါချေ။

“အရှင့်သား ဒီနိမ့်ကျတဲ့အရာရှိက ကျန်းနန်ကိုသွားပြီး ဒီစီမံကိန်းကို တာဝန်ယူချင်ပါတယ်”

နောက်ဆုံးတွင် ဟယ်ချီရုံက ပြောလိုက်သည်။ သူ၏စကားလုံးများက လူတိုင်းကို မှင်သက်သွားစေသည်။ ကျန်းယွန်ရမ်နှင့် အခြားသော ဗိုလ်ချုပ်ကြီးများ၏ ပါးစပ်က အဟောင်းသားဖြစ်သွားပြီး ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူတို့သည်လည်း ဟယ်ချီရုံကိုကူညီပြီး ဘုရင်ချီ၏ လူများကို ကိုင်တွယ်ပေးနေခဲ့သည့် အချိန်တွင် ဟယ်ချီရုံကိုယ်တိုင်က ပြဿနာဖြစ်နေလိမ့်မည်ဟု မထင်ထားမိချေ။

1275 03

အမှန်တိုင်းဆိုရသော် ကျိုးထိုက်ချင်နှင့် အခြားသော ပြည်တွင်းရေးရာ အရာရှိများကပင် ဟယ်ချီရုံ၏ အဖြေကြောင့် မှင်သက်သွားရသည်။ လူတိုင်းက အဆုံးအစမဲ့အောင် ငြင်းခုံနေသောအခါ ဟယ်ချီရုံက လူတိုင်းကို အံ့အားသင့်သွားစေ၏။

“အရာရှိတွေအားလုံးလည်း ကြားပြီးပြီပဲ။ အရှင်ဟယ်ကိုယ်တိုင်က စိတ်ဆုံးဖြတ်ပြီးပြီဆိုမှတော့ ဒီမင်းသားက ကမ်းလှမ်းချက်ကို သဘောတူပေးရမယ်။ ငါးရက်နေရင် ပြင်ဆင်မှုတွေ အဆုံးသတ်ပြီး ကျန်းနန်ကို ထွက်ခွာတော့။ ရေလွှမ်းမိုးတဲ့ ကိစ္စနဲ့ပတ်သတ်တဲ့ အရာအားလုံးက တိုင်းပြည်ရဲ့ ကိစ္စနဲ့ ပတ်သတ်နေသလို လူသားပေါင်းများစွာရဲ့ အသက်ဘေးနဲ့ ဆက်စပ်နေတယ်။ ဒါကြောင့် ဒီလိုကြီးမားတဲ့ စီမံကိန်းကြီးကို အချိန်အများကြီးသုံးပြီး ဆောင်ရွက်ရမယ်။ ဒါကြောင့် မောင်မင်းအနေနဲ့ ဒီစီမံကိန်းမှာပဲ အာရုံစိုက်ထားသင့်တယ်”

ဝမ်ချောင်၊ ဘုရင်စုန့်၊ ကျန်းချုံကျန့်ချုံး သို့မဟုတ် အခြားသော တစ်စုံတစ်ယောက်က စကားမပြောနိုင်သေးခင် ပထမမင်းသားက အခွင့်အရေးကို အရယူပြီး ကိစ္စကို ဆုံးဖြတ်ချက် ချပေးလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ် အရှင့်သား။ ဟယ်ချီရုံက ဒီတာဝန်ကို မပျက်ကွက်စေရပါဘူး။ အတက်နိုင်ဆုံး ကြိုးစားပြီး ပြီးမြောက်အောင် လုပ်ပါ့မယ်”

ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ လူတိုင်းက ဟယ်ချီရုံ၏ ဂါရဝပြုနေသော ပုံစံကိုသာ ကြည့်နေကြသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ဟာ ဟယ်ချီရုံကိုယ်တိုင်က စိတ်အေးသွားသလိုမျိုး ကြီးမားလွန်းသော ဝန်ထုတ်ဝန်ပိုးကြီးကို ပုခုံးပေါ်မှ ဖယ်ခွာလိုက်သလိုမျိုး ခံစားလိုက်ရပုံကို မြင်တွေ့လိုက်ရသည်။ တခဏခန့်ကြာပြီးနောက် ဟယ်ချီရုံက ခေါင်းမော့သည်။ ဝမ်ချောင်သည်လည်း သူ၏ ဘုရင်စုန့်ကို လှမ်းကြည့်လိုက်သော တောင်းပန်သည့် မျက်နှာထားကို မြင်လိုက်သည်။

ဝမ်ချောင်က တစ်စုံတစ်ရာကို နားလည်သွားပြီး တိတ်ဆိတ်သွားသည်။

ဟယ်ချီရုံ၏ သစ္စာဖောက်မှုက လူတိုင်းကို အံ့အားသင့်သွားစေသော်လည်း သူ၏ ကိုယ်ပိုင် ပြဿနာကိုမူ သံသယမရှိနိုင်ပေ။

ငါအတွက်မှားသွားတယ်။

တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က မဟာဆရာကို တစ်ချက်ကြည့်လိုက်သည်။ မဟာဆရာက ဒီလိုမေးခွန်းကို မေးမည်ဟု မထင်ထားမိချေ။ ရှင်းလင်းစွာပင် သူဟာ အဖြေကို သိပြီးသောကြောင့် ဖြစ်လောက်သည်။

ဝမ်ချောင်သည်လည်း မဟာဆရာနှင့် ဘုရင်ချီတို့က နောက်ကွယ်မှလူဟု မယုံကြည်နိုင်ချေ။

အရေးကြီးဆုံးအပိုင်းက လာတော့မယ်။

ဝမ်ချောင်က မဟာဆရာနှင့် ဘုရင်ချီကို ထပ်ကြည့်သည်။ ပထမမင်းသားက ထိုသို့ပြောလိုက်ပြီးနောက် သူတို့၏အကြံဟာ အောင်မြင်သွားလေပြီ။ ဟယ်ချီရုံ၏ မြို့တော်မှ ထွက်ခွာမှုက အောင်မြင်သွားလေရာ မည်သူကမှ မပြောင်းလဲနိုင်တော့ချေ။ သို့ရာတွင် ဝမ်ချောင်သည်လည်း ကိစ္စများဟာ ပြီးဆုံးရန် ဝေးကွာနေသေးကြောင်း အကင်းပါးစွာ နားလည်လိုက်သည်။ ဟယ်ချီရုံကို ဖယ်ရှားခြင်းက အစစ်အမှန် ခုံရုံးငြင်းခုံမှု၏ ဖွင့်မဲသာဖြစ်လောက်သည်။ အရာအားလုံးက အစသာဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း ဝမ်ချောင်က တခဏခန့်ကြာပြီးနောက် အသံတစ်သံကို ထပ်ကြားလိုက်ရသည်။

အလုပ်သမားရေးရာ အမတ်မင်း ကျန်းလျံချုံးက ရုတ်တရက် ရှေ့ထွက်ပြီးပြောပြန်သည်။

“အရှင့်သား ဒီအရာရှိမှာ မှတ်တမ်းလွှာတစ်ခု တင်ပြစရာရှိပါတယ်။ တောက်ပတဲ့အမတ်မင်း ဟယ်ချီရုံက နေ့စဉ်မှတ်တမ်းရေးရာ ကိစ္စတွေကို ဆောင်ရွက်နေရတဲ့ အတွင်းရေးမှူးတစ်ယောက်လို ထမ်းဆောင်နေရတဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ ဟယ်ချီရုံထွက်သွားတဲ့အခါ ဒီနေရာက လွတ်လပ်သွားပါပြီ။ ခုံရုံးကကိစ္စတွေကို တစ်ရက်တောင် နှောင့်နှေးကျန့်ကြာစေလို့ မရပါဘူး။ ဒါကြောင့် ဒီနိမ့်ကျတဲ့ အရာရှိအနေနဲ့ အရှင်ဟယ်ရဲ့ ခုံရုံးကကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်မဲ့ လူရဲ့နေရာမှာ အခြားတစ်ယောက်ကို ထောက်ခံပေးချင်ပါတယ်”

ဝုန်း

သူ၏စကားလုံးက ရုတ်တရက် ရပ်တန့်သွားစေပြီး ခုံရုံးကလူတိုင်း၏ စိတ်အခြေအနေကို ပြောင်းလဲသွားစေသည်။

ဟယ်ချီရုံနှင့် ပတ်သတ်သော ငြင်းခုံမှုက ပြင်းထန်လွန်းပြီး နှစ်ဖက်လုံးက အကြိတ်အနယ် ရုန်းကန်ခဲ့ရသည်။ ထိုနေရာကို တစ်စုံတစ်ယောက်ကို အစားထိုးလိုက်မည်ဆိုလျှင် ခုံရုံးအတွင်းမှ အာဏာ၏ ချိန်ခွင်က တိမ်စောင်းသွားနိုင်သည်။

ထိုအခိုက်အတန့်တွင် အသံတစ်သံက တည်ငြိမ်မှုကို ဖြိုခွင်းသည်။

“အရှင့်သား ဒီအရာရှိမှာလည်း မှတ်တမ်းလွှာတစ်ခု တင်ပြစရာရှိပါတယ်။ ကျန်းစီရင်စုရဲ့ အစိုးရ ကောဟွမ်က ထူးချွန်လွန်းတဲ့ ပြောင်မြောက်တဲ့စွမ်းရည်တွေကို ပိုင်ဆိုင်ထားသူပါ။ သူက စီရင်စုမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး မှတ်သားပြုလောက်တဲ့ အကျိုးပြုမှုတွေကို လုပ်ဆောင်ပေးခဲ့သူပါ။ ဒါကြောင့် ဒီအရာရှိအနေနဲ့ ကောဟွမ်ကို ဟယ်ချီရုံရဲ့နေရာမှာ အစားထိုးစေချင်ပါတယ်”

1275 04

ဘုရင်ချီက ဒေါသများကို မဖောက်ထုတ်ရသေးချေ။ သို့သော် အသက်ပြင်းပြင်း တစ်ချက်ရှုပြီးနောက် စိတ်ပြန်ငြိမ်သွားပြီး ရှေ့သို့တက်လိုက်သည်။ ဘုရင်ချီသည် ဟယ်ချီရုံ၏နေရာကို လိုချင်စိတ်ကို ဖုံးကွယ်ရန်ပင် ခက်ခဲနေခဲ့ပြီး ချက်ချင်းလိုလို တစ်စုံတစ်ယောက်ကို ထောက်ခံပေးလာသည်။

ဘုရင်ချီ၏စကားကို ကြားသောအခါ မဟာဆရာ၊ လီလင်းဖူနှင့် ပထမမင်းသားတို့ အားလုံးက မျက်မှောင်ကျုံ့လိုက်ကြသည်။ ဒါဟာ သူတို့ဆွေးနွေးထားသလို မဟုတ်ပါချေ။

ကျန်းစီရင်စုမှ အစိုးရ ကောဟွမ်သည် ဘုရင်ချီနှင့် အလွန်အမင်း ရင်းနှီးနေသူဖြစ်သည်။ ယခင်ခုံရုံး ငြင်းခုံမှု အနည်းငယ်အတွင်းတွင် ဘုရင်ချီဟာ ထပ်ခါတလဲလဲ ရှေ့ထွက်ပြီး ကောဟွမ်ကို အင်ပါယာခုံရုံးထဲသို့ ဆွဲသွင်းလိုကြောင်း ဖော်ပြခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် ဘုရင်ချီဟာ ဒီလိုဟာကွက်ကိုမြင်ရုံနှင့် ချက်ချင်း အသုံးချလာလိမ့်မည်ဟု မထင်ထားမိချေ။

အကျိုးအမြတ်နှင့် ပတ်သတ်သော် ဘုရင်ချီဟာ အမြဲတစေ သူ၏ကိုယ်ပိုင် အကျိုးအမြတ်ကိုသာ အရာအားလုံး၏ အထက်တွင်ထားသည်။ အခြေအနေတစ်ခုလုံးကို ဂရုစိုက်ရန် လိုအပ်ချက်ဖြစ်သည့် သူ၏အားနည်းချက်က တဖန်ဆက်လက်ပြီး သိသာလာပြန်သည်။

ထို့နောက် တစ်ချိန်ထဲလိုလို ဘုရင်စုန့်က ရှေ့ထွက်ပြီး တင်းမာသောမျက်နှာထားနှင့် ကျယ်လောင်စွာပြောသည်။

“အရှင့်သား ဒီအရာရှိကတော့ ငြင်းပါတယ်။ ဟယ်ချီရုံက မြို့တော်ကနေ ကျန်းနန်ကိုသွားတာက စီမံကိန်းတစ်ခုကို ကိုင်တွယ်ဆောင်ရွက်ရုံပါပဲ။ သူ့ရဲ့ရာထူးက နှုတ်ထွက်မသွားသေးပါဘူး။ ဒါကြောင့် အစားထိုးစရာ မလိုအပ်ဘူးလို့ထင်ပါတယ်။ ပိုဆိုးတာက ကောဟွမ်က စီရင်စုတွေလောက်ကို စီမံခန့်ခွဲနိုင်တဲ့ အတွေ့အကြုံလေးပဲ ရှိတာပါ။ ဒါကြောင့် အင်ပါယာကြီးတစ်ခုလုံးရဲ့ ကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်နိုင်စွမ်းရည် မရှိပါဘူး။ ဒါကြောင့် ဒီနိမ့်ကျတဲ့ အရာရှိကတော့ ဒီကမ်းလှမ်းချက်ကို လက်ခံဖို့ မသင့်ဘူးလို့ ယူဆပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး စဉ်းစားဆင်ခြင်ပေးတော်မူပါ”

All Chapters