အခန်း (၁၂၉၁-၁၂၉၅)
Vol. 76 Ch. 1291-1295
အခန်း(၁၂၉၁)
အတိတ်မှ အခြားသော ရာသီဥတု သဘာဝဖြစ်စဉ် အမျိုးအစားများနှင့် မတူသည်မှာ ထိုမုန်တိုင်းသည် ခြောက်ခြားဖွယ်ကောင်းပြီး ပြင်းထန်လွန်းအားကြီးသည်။ သဘာဝ၏ စွမ်းအားတစ်ရပ်လိုမျိုး မြင်တွေ့ရသူတိုင်းကို ကြောက်လန့်ရိုသေစိတ်များ ဖြစ်စေသည်။
ဝှစ်
မိုးသက်မုန်တိုင်းက ကျဆင်းလာသည်နှင့် အကြံပေးရုံးတော် လူကြီးမင်းနေထိုင်ရာ စံအိမ်အတွင်းတွင် ငယ်ရွယ်ပြီး ချောမောသော အဖြူရောင်ဝတ်စုံဝတ် ကွန်ဖြူးရှပ်ပညာရှင်က ခေါင်းကိုအပြင်ဘက်သို့ ဆန့်ထုတ်ရင်း မသက်မသာဖြစ်နေသော မျက်နှာထားမျိုးနှင့် ကောင်းကင်ကိုကြည့်သည်။
“ထူးဆန်းတဲ့ကိစ္စတွေ ဖြစ်လာတဲ့အချိန်တိုင်း ကောင်းကင်ဘုံ သဘာဝဘေး ဖြစ်စဉ်တွေကို မြင်နိုင်တယ်။ ဒါပေမဲ့အခုက ဘာကိစ္စကြောင့်လဲ”
လီကျွင်းရှန်းက ခပ်တိုးတိုးရေရွတ်သည်။
ကောင်းကင်တွင် ဖြစ်ပျက်နေသော ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ပုံမှန်မဖြစ်နိုင်ချေ။ ကွန်ဖြူးရှပ်ဂိုဏ်း၏ ရှည်ကြာသောသမိုင်းက သမိုင်းအရ မှတ်တမ်းတင်စာအုပ်များကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ကောင်းကင်ဘုံဖြစ်စဉ်များသည် အလွန်အမင်း ရှားပါးသည်။ နောက်ဆုံးတစ်ခေါက်ကဆိုလျှင် လွန်ခဲ့သော နှစ်တစ်ထောင်ကျော်ခန့်က တူညီသော အဖြစ်အပျက်မျိုး ဖြစ်ပျက်ခဲ့ဖူးသည်။ ဟန်၏ ဧကရာဇ်ဝူ အုပ်စိုးသော ကာလအတောအတွင်း သူသည် တုံးကျုံးရှု၏ အကြံပေးချက်ကို လက်ခံပြီး ကျောင်းတော်တစ်ရာကို ပယ်ချလျှက် ကွန်ဖြူးရှပ်ဝါဒကိုသာ လက်ခံခဲ့သည်။ ထိုအတွက်ကြောင့် ကောင်းကင်ဘုံနှင့် အမျိုးသားက ဆက်စပ်နေသည်ဟု ဆိုလို၍လည်းရသည်။ ထိုကဲ့သို့ ကိစ္စကြီးက လူသားလောကတွင် ဖြစ်ပျက်လာခဲ့သောအခါ လောကကပင် တုန့်ပြန်ကြသည်ဟု ပြောစမှတ်ရှိကြ၏။
အင်ပါယာနန်းတော်သည် မုန်တိုင်းထဲတွင် ဖယ်ရှားရှင်းလင်းခြင်း ခံခဲ့ရပြီး နန်းတော်၏ အလယ်ဗဟို အကျဆုံးသောနေရာတွင် မိုက်တရီယာဗုဒ္ဓ ပြန်လည်မွေးဖွားလာသလိုမျိုးပင် ထင်ရသည့် ငွေဖြူရောင်ဝတ်စုံနှင့် မိန်းမဆိုးက ကောင်းကင်ကို ပူပန်ကြီးစွာကြည့်သည်။
“ကောင်းကင်ဘုံဖြစ်စဉ် ဒါက မကောင်းတဲ့ အခြေအနေကို ဖော်ပြတာပဲ”
ကောင်းလီရှီသည် သူ၏မြင်းမြှီးတုတ်ကို အသာယမ်းရင်း ပိန်းပိတ်အောင် မည်းမှောင်နေသော ကောင်းကင်ကိုကြည့်သည်။ သူ၏မျက်မှောင်က မကြာခဏဆိုသလို လင်းလက်နေသော လျှပ်စီးကြောင်းများကိုကြည့်ရင်း ကျုံ့သထက် ကျုံ့လာသည်။
“ဟား ဟား ဖြစ်ပါစေ။ ယွမ်ရီ မင်းဆက်တွေပြောင်းလဲတဲ့အခါ နဂါးတွေ၊ မြွေတွေနဲ့ပတ်သတ်တဲ့ နမိတ်စကားတွေက ပေါ်လာတတ်စမြဲပါပဲ။ မဟာကစဉ့်ကလျားကြီးတွေ ဖြစ်လာတဲ့ကာလမှာ မဟာအခွင့်အရေးကြီးတွေ သေချာပေါက် ကပ်ပါလာဦးမှာပဲ။ ဒါပေမဲ့ ဒါက ရွှေခေတ်ရဲ့လက္ခဏာ။ ဒါကိုမင်းကဘာလို့ ဒီလောက်ထိ စိုးရိမ်နေတာလဲ”
ခန်းမအတွင်း ကျယ်လောင်သောရယ်သံက ထွက်လာသည်။ ယခုလေးတင် ခပ်တိုးတိုး ချောင်းဆိုးသံကပင် ခန်းမထဲမှ အဆုံးအစမဲ့အောင် ထွက်ပေါ်နေသေးသည်။ သို့သော် ယခုမူ အသံပိုင်ရှင်က အလွန်အမင်း စိတ်လှုပ်ရှားနေပုံရပြီး ထိုပျော်ရွှင်မှုကို မဖိနှိပ်နိုင်တော့ပုံလည်းပုံသည်။
သို့သော် ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏ စာကြည့်ခန်းနှင့် အနီးဆုံးရပ်နေသော လူနှစ်ယောက်ထက် မည်သူကမှပို၍ မစိုးရိမ်လောက်ချေ။ ချန်းစန်းယွမ်နှင့် စုရွှတ်ရွှမ်းတို့က ထိုနေရာတွင် ရှိနေသည်။
“ဒီမှာဘာတွေ ဖြစ်နေတာလဲ”
စုရွှတ်ရွှမ်းနှင့် ချန်းစန်းယွမ်တို့က ခေါင်းကိုမော့ကြည့်ရင်း မျက်နှာများက ဖြူဖျော့သွားကြသည်။ မြို့တော်တွင် နှစ်ပေါင်းများစွာ ကာလအတောအတွင်း မရေမတွက်နိုင်သည့် မိုးကြိုးမုန်တိုင်းများ ပေါ်ခဲ့ဖူးသည်။ သို့သော် မည်သည့်အရာကမှ ယခုလိုမဟုတ်ခဲ့ချေ။ ထို့အပြင် ရာထူးတိုးကာ ပြောင်းလဲသွားသော အခိုက်အတန့်တွင် သူတို့သည်လည်း ဝမ်ချောင်၏ စာကြည့်ခန်းထဲမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ကောင်းသော ပြင်းထန်သည့် ဖိအားကို ခံစားမိကြသည်။
ထိုအချိန်တွင် သူတို့သည် ကောင်းကင်ဘုံ၏ ကျယ်ပြောသော အရှိန်အဝါကို ရင်ဆိုင်နေသည့် သေးငယ်သော ပုရွက်ဆိတ်များအလား ခံစားလိုက်ကြ၏။ သူတို့သည် ကြောက်လန့်မှုအပြည့်နှင့် ဒူးထောက်ချချင်ကြသည်။ အသိစိတ်အရ အလိုလျောက်ပင် သူတို့အားလုံးသည်လည်း ထိုကိစ္စများက ဝမ်ချောင်နှင့် ဆက်စပ်သည်ဟု ခံစားမိနေကြ၏။
“အဲ့ဒီကိုကြည့်လိုက်ဦး”
ချန်းစန်းယွမ်ကအော်ပြီး လက်ညိုးထိုးပြသည်။ ချန်းစန်းယွမ်၏ လက်ညိုးနောက်မှတစ်ဆင့် ကျန်သောလူများက ကြည့်လိုက်ကြသောအခါ ဝမ်မိသားစုစံအိမ်၏ အပေါ်တည့်တည့် တစ်နည်းအားဖြင့် ဝမ်ချောင်၏ စာကြည့်ခန်း၏ အပေါ်တည့်တည့်တွင် စုဝေးနေသော တိမ်စိုင်နှင့်လေထုက အလွန်အမင်း ကြီးမားသော ဆွဲစုပ်ဝဲကြီးတစ်ခုအသွင် ပြောင်းလဲပြီး အရာအားလုံးကို မွှေနှောက်နေကြောင်း မြင်ရသည်။ ဂရုစိုက်ကြည့်မည်ဆိုပါက ထိုစုပ်ဝဲကြီးက မုန်တိုင်း၏ အလယ်ဗဟိုဖြစ်ပုံရပြီး ထိုနေရာမှ လျှပ်စီးများ စတင်ကာ မြောက်တက်လာနေခြင်းဖြစ်သည်။
ချန်းစန်းယွမ်နှင့် စုရွှတ်ရွှမ်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံး အနက်ရှိုင်းဆုံးအပိုင်းမှ အံ့အားသင့်မှုများကိုလည်း ခံစားမိကြသည်။
အပြင်ဘက်တွင် လေများက ပြင်းထန်စွာတိုက်ခတ်ပြီး မိုးကြိုးများက အုပ်စိုးနေသော်လည်း စာကြည့်ခန်းအတွင်းတွင် ဝမ်ချောင်သည် ဘာကိုမှ မမြင်သလိုမျိုး အပြင်လောကကို အလုံးစုံ မေ့လျော့သွားပုံရသည်။ ‘လုပ်နိုင်စွမ်းရည်က မှန်ကန်အောင် လုပ်နိုင်တယ်’ဆိုသော စကားလုံးများကို ရေးသားပြီးနောက် ဝမ်ချောင်သည် ဆက်လက်ပြီး ရွေးချယ်နေသေးပုံရသည်။
‘လူသားတွေရဲ့သမိုင်းမှာ မရေမတွက်နိုင်တဲ့ သစ်ပင်တွေ ပေါက်လာခဲ့သလိုမျိုး မရေမတွက်နိုင်တဲ့ တိုင်းပြည်တွေက ကြီးမားတဲ့တောအုပ်ကြီး ဖြစ်လာခဲ့ပြီး တောမှာလည်း ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိလာတယ်။ ရေကန်နဲ့မြစ်တွေ ခြောက်ကပ်သွားတဲ့အခါ ငါးတွေက တစ်ကောင်ကိုယ်ရဲ့ အချွဲအကျိတွေကနေ စိုစွတ်အောင်လုပ်ကြသလို ငှက်အမေကြီးတွေကလည်း ငှက်ပေါက်လေးတွေကို အဆာကျွေးဖို့လိုအပ်တာကို ခံစားမိကြတယ်။ အဲ့ဒီအချိန်မှာ အမဲလိုက်ခွေးတွေက ယုန်တွေနောက်ကိုလိုက်မယ်။ ဝံပုလွေတွေက အမဲလိုက်ခွေးတွေနောက်ကိုလိုက်ပြီး ကျားတွေက ဝံပုလွေတွေနောက်ကို လိုက်လိမ့်မယ်။ အားနည်းတဲ့ သတ္တဝါတွေက အားကြီးတဲ့သတ္တဝါတွေရဲ့ အဆာဖြစ်ရမှာပဲ။ ဒါက အားကြီးသူက အားနည်းသူကို စားတယ်ဆိုတဲ့ အခြေခံ သဘောတရားပဲ။ ဒီအခြေအနေအတိုင်းပဲ အံ့ဝင်ခွင်ကျ ရှင်သန်နေကြတယ်။ ဒါကို နိယာမလို့ခေါ်တယ်။ အင်အားအကြီးဆုံး လူကပဲ ဒီတောထဲမှာ ရှင်သန်နိုင်တယ်’
‘တောင်တစ်တောင်ထဲမှာ သားကောင်တွေက အကန့်အသတ်ရှိပြီး အရင်းအမြစ်တွေကလည်း အကန့်အသတ်ရှိတယ်။ အချိန်ကန့်သတ်လာတဲ့အခါ ဒီအရင်းအမြစ်တွေက ကျားတစ်ကောင်ထဲကိုပဲ မွေးနိုင်တော့တယ်။ အခြားကျားတစ်ကောင် ရောက်လာရင် အဆာမလုံလောက်လို့ ခိုက်ရန်ဖြစ်ပွားမှာက သေချာပေါက်ပဲ။ ကျားနှစ်ကောင် တည်ရှိနေခဲ့ရင် နှစ်ကောင်လုံးက ငတ်သေမဲ့ အန္တရာယ်ကို ခံစားရလိမ့်မယ်။ ဒီအတွက်ကြောင့် တောင်တစ်တောင်ထဲမှာ ကျားနှစ်ကောင် မထိန်းထားနိုင်တာပဲ’
‘ဒါက သတ္တဝါတွေအကြားက ရှင်သန်တဲ့လမ်းစဉ်။ တိုင်းပြည်တွေမှာလည်း အဲ့ဒီလိုပဲ။ အဆုံးသတ်မှာတော့ ရုန်းကန်ပြီးရတဲ့အနိုင်ကို ခန္ဓာကိုယ်၊ ရုပ်ပိုင်းဆိုင်ရာအင်အားနဲ့ သိုင်းစွမ်းအားတွေကတစ်ဆင့် ခွဲခြားနိုင်တယ်။ အားနည်းတဲ့သူက မောင်းထုတ်ခံရရင်ခံရ အဲ့ဒီလိုမှမဟုတ်ရင် သေရမှာပဲ။ ဒါက ရှင်သန်ခြင်းရဲ့ နိယာမလို့ခေါ်တယ်။ ဆိုတော့ ရှေးခေတ်အချိန်ကာလကတည်းက မင်းဆက် တစ်ဆက်ပြီးတစ်ဆက် ရှိခဲ့တယ်။ ပြည်နယ်တိုင်းက ချင်ကို စစ်ဖြစ်ကြတယ်။ ဒါပေမဲ့ ချင်ကတော့ အင်အားကြီးတယ်။ အခြားပြည်နယ်တွေက အင်အားနည်းတယ်။ ဒီအတွက်ကြာင့် ချင်ကပဲ နယ်မြေကြီးတစ်ခုလုံးကို ပိုင်ဆိုင်ခဲ့တယ်။ ဟန်ရဲ့အဆုံးသတ်မှာ အခြားတိုင်းပြည်တွေက အင်အားကြီးမားတဲ့ ဝေ့ကိုရင်ဆိုင်ပြီး စစ်ဖြစ်ကြတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ဝေ့ကရှင်သန်ခဲ့ပြီး အခြားတိုင်းပြည်တွေက ပျောက်ကွယ်သွားတယ်’
‘မဟာချင်က မြောက်ပိုင်းရဲ့ ရှုံးနွီကို စစ်အင်အားကတစ်ဆင့် မောင်းထုတ်ခဲ့တယ်။ ဒါပေမဲ့ သဘောထား ကြီးမြတ်မှုနဲ့ ဖြောင့်မတ်မှန်ကန်မှုတွေကိုသုံးပြီး မောင်းထုတ်နိုင်ခဲ့တာမဟုတ်ဘူး။ ကြမ်းတမ်းတဲ့ ချင်ကသာ မသန်မာခဲ့ရင် ဟူက ဆက်တိုက်ကျူးကျော်ပြီး ဗဟိုပြင်ကျယ်ကို အားနည်းသွားအောင် လုပ်လာလိမ့်မယ်။ ဝူရဲ့ဟန်က မြောက်ပိုင်းရဲ့ဟူနဲ့ တိုက်ခိုက်တဲ့အခါ တောင်ပိုင်းက မျိုးနွယ်ခြားလူထွားတွေကိုလည်း ရင်ဆိုင်ရသေးတယ်။ အဲ့ဒီအချိန်မှာ အနိုင်ရလာခဲ့တာက ဟန်ရဲ့စစ်တပ်က အင်အားကြီးမားနေလို့ဖြစ်ပြီး ကျုံးရှုက ထောက်ပြထားတဲ့ ကွန်ဖြူးရှပ်ပညာတွေကြောင့် မဟုတ်ဘူး။ မဟာထန်က လက်ရှိ အင်အားနဲ့ စည်ပင်ဝပြောမှုတွေကို ပိုင်ဆိုင်တဲ့အဆင့်ထိ ရောက်ရှိလာတာက အခြားတိုင်းပြည်တွေ အားလုံးကို နာခံအောင် လုပ်နိုင်လာတာတွေက မဟာထန်က အင်အားကြီးမားနေတာကို သူတို့သိနေလို့ဖြစ်ပြီး သဘောထားကြီးမြတ်မှုနဲ့ ဖြောင့်မတ်မှန်ကန်မှုတွေကြောင့် မဟုတ်ဘူး’
‘အင်အားကြီးသူက ရှင်သန်ပြီး အင်အားနည်းသူက ဖယ်ရှားသုတ်သင်ခံရမယ်။ ဒါက ကောင်းကင်ဘုံရဲ့ စည်းမျဉ်း၊ ပြောင်းလို့မရဘဲ တိကျနေတဲ့အချက်ပဲ။ နေနဲ့လက အရှေ့ကထွက်ပြီး အနောက်ကိုပြန်ဝင်သလိုမျိုး မပြောင်းနိုင်ဘူး’
‘ရှေးခေတ်အချိန်ကတည်းက အင်အားကြီးသူက ဖယ်ရှားခံရပြီး အင်အားနည်းသူကပဲ ရှင်သန်ရမယ်လို့ ဘယ်သူကမှ မပြောခဲ့ဘူး။ ချင်ကိုဟန်က အစားထိုးခဲ့တာက ချင်က အဆုံးသတ်မှာ အားနည်းသွားပြီး ဟန်က အစပိုင်းမှာကတည်းက အင်အားကြီးနေခဲ့လို့။ စိတ်ကူးယဉ်ကြည့်စမ်းပါ။ ကျူးလုတိုက်ပွဲမှာ ရှန်းယွီရှုံးသွားပြီး အင်အားကြီးမားတဲ့ ချင်က ရှင်သန်ခဲ့တယ်။ လက်ရှိခေတ်မှာ ဝန်းကျင်အခြေအနေကလည်း အလားတူ ရှိနေသေးပြီး လူတွေကပဲ ပြောင်းသွားတယ်’
‘ဝံပုလွေတွေက အသားစားတယ်။ သမင်တွေက မြက်စားတယ်။ ဒါက တိရိစ္ဆာန်တွေရဲ့ သဘာဝပဲ။ လက်ရှိခေတ်မှာ ပတ်ဝန်းကျင် မျိုးနွယ်ခြားတိုင်းပြည်တွေ အားလုံးက ဝံပုလွေတွေ ကျားတွေလို ဖြစ်နေပြီး သူတို့ရဲ့စစ်အင်အားကို ရည်ရွယ်ချက်ရှိရှိနဲ့ ဟာကွက်ပြသလိုမျိုး လျော့ချပေးထားရင်းနဲ့ လူမမြင်ကွယ်ရာ နေရာမှာ စစ်သားတွေကို လေ့ကျင့်ပေးပြီး ဒီအခြေအနေကို ပြောင်းလဲဝင်စီးဖို့ ကြိုးစားနေတယ်။ အဲ့ဒီအချိန်မှာ သဘောထားကြီးပြီး ဖြောင့်မတ်မှန်ကန်တယ်ဆိုတဲ့ နာမည်အောက်မှာ ရှိနေတဲ့ မဟာထန်ကတော့ စစ်တပ်အင်အားကို အမှန်လျော့ချလိုက်တယ်။ ကိုယ့်လက်ကိုယ့်ခြေကို ကိုယ်တိုင်ခုတ်တယ်။ ကျားက လက်သည်းညှပ်လိုက်သလို ဖြစ်သွားပြီ။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကို အင်အားကြီးဖို့ မျှော်လင့်နေပြီး အဘက်ဘက်က ငြိမ်းချမ်းမှုကို ရအောင်ယူပေးနိုင်ပြီး စစ်ပွဲတွေကို အဆုံးသတ်ပေးနိုင်မယ်လို့ စိတ်ကူးယဉ်နေတယ်။ ဒီအခြေအနေက ကိုယ့်ခန္ဓာကိုယ်ကိုသုံးပြီး ကျားကိုအစာကျွေးရင်း မီးမွှေးဖို့ ကိုယ်တိုင်ထင်းအဖြစ် ပေးလိုက်သလိုပဲ။ အဆုံးအစမဲ့တဲ့ မီးတောက်ကို လောင်စာထည့်ပေးသလိုပဲ ဖြစ်နိုင်မယ်။ မဟာထန်က အားနည်းသွားတာနဲ့ ပတ်ဝန်းကျင် အင်အားစုတွေ အားလုံးက မဟာထန် ပိုင်နက်နယ်မြေကြီးကို ခွဲခြားဖို့ ကြိုးစားကြလိမ့်မယ်။ အဲ့ဒီအချိန်မှာ နတ်နယ်မြေက သိမ်းယူခံရပြီး မဟာထန်က ဖယ်ရှားခံရမယ်။ ကပ်ဘေးက ငါတို့ပြည်သူတွေပေါ် ကျလာမှာဖြစ်ပြီး လူအယောက်တစ်ရာထဲက တစ်ယောက်တောင် ရှင်သန်နိုင်မှာမဟုတ်ဘူး။ အဲ့ဒီနေ့မှ နောင်တရရင် တအားနောက်ကျသွားလိမ့်မယ်’
‘ရှေးခေတ်အချိန်ကတည်းက ငြိမ်းချမ်းရေးကို စစ်ပွဲသုံးပြီးပဲ အရယူနိုင်တယ်။ ဒီလိုမှ တကယ့် ငြိမ်းချမ်းရေးကိုရတယ်။ ငြိမ်းချမ်းရေးကတစ်ဆင့် ကတိသစ္စာတွေလုပ်ပြီး အရယူဖို့ကြိုးစားရင် ငြိမ်းချမ်းရေး အဆုံးသတ်ကိုပဲ ရလိမ့်မယ်’
‘မဟာထန်က မျိုးဆက်တစ်ရာအတွက် ငြိမ်းချမ်းရေးကို ဆောင်ယူပေးချင်ရင် ကျူးကျော်သူတွေ အားလုံးကို နောင်ကျင်သွားအောင်လုပ်ပြီး ဖယ်ရှားချင်ရင် ကိုယ်တိုင်က အင်အားကြီးနေရမယ်။ ကိုယ့်ကိုယ်ကို ကူညီရမယ်။ ကိုယ့်ကိုယ်ကို ကူညီပေးတဲ့လူက ကောင်းကင်ဘုံရဲ့ ကူညီမှုကို ခံရမယ်’
...
ဝမ်ချောင်၏စုတ်တံက စာရွက်ပေါ်တွင် တောက်လျှောက် ဖြတ်ပြေးနေပြီး တစ်မျက်နှာ၊ နှစ်မျက်နှာ... သူက တစ်မျက်နှာပြီးတစ်မျက်နှာ ရေးပြီးသမျှ သူ၏ရန်ငြိုး၊ ပူပန်မှုနှင့် အတွေးတိုင်းကို သူ၏စုတ်တံ အတွင်းသို့ အမျိုးမျိုးသော အတက်ပေါင်းများစွာကို ကျော်လွန်ကာ ထည့်ပေးရင်း လှုံ့ဆော်ပေးနေသည်။
ခြိမ်း
ပြတင်းပေါက်အပြင်ဘက်တွင် မိုးကြိုးက ဖြတ်ပြေးသွားပြီး ပို၍ပင် တောက်ပသထက် တောက်ပလာသည်။ ထိုအချိန်တွင် ကောင်းကင်ကိုယ်တိုင်ကပင် ပိန်းပိတ်အောင် မည်းမှောင်သွားသည်။
မြို့တော်အတွင်းရှိ မရေမတွက်နိုင်သော လူပေါင်းများစွာကလည်း ခြောက်ခြားဖွယ်ကောင်းသော အမှောင်ကောင်းကင်၏ညကို ကျော်ဖြတ်နေကြသည်။
ဝမ်ချောင်၏ စာကြည့်ခန်းသည် လေကြောင့် ဝရုန်းသုန်းကားဖြစ်နေပြီး စာအုပ်များ၏ စာရွက်များက တဖြတ်ဖြတ်လှန်ကာ လွင့်ပျံနေသည်။ သို့သော် ဝမ်ချောင်၏ခေါင်းကမူ သူ၏အလုပ်ကိုသာ အထူးတလည် တည်ငြိမ်ကာ အာရုံစိုက်နေပြီး ဆက်လက်ပြီး ရေးနေသည်။
‘နောက်မှာကျန်ခဲ့တဲ့ ဒီလူတွေက အရိုက်ခံရမှာ သေချာပေါက်ပဲ။ ကျွန်မဖြစ်ချင်ရင် အစစ်အမှန် ငြိမ်းချမ်းရေးကို လိုချင်ရင် ကိုယ့်ကိုယ်ကို ဆက်တိုက် အင်အားမြှင့်နေရမယ်။ လုပ်ဆောင်နိုင်စွမ်းက မှန်ကန်တာကို လုပ်နိုင်ခဲ့တယ်ဆိုတဲ့ အချက်ကို နားလည်ရမယ်။ ဒါကမှ ရှင်သန်မှုရဲ့ တစ်ခုတည်းသော နိယာမပဲ’
အချိန်တစ်ချို့ကြာပြီးနောက် ဝမ်ချောင်၏ နောက်ဆုံးသောစာကြောင်းက အဆုံးသတ်သွားပြီး သူသည်လည်း စိတ်အေးစွာ သက်ပြင်းချလိုက်သည်။ အမှောင်ထုနှင့် မုန်တိုင်းများကလည်း အတွင်းတွင် ပျောက်ကွယ်သွားသည်။ တိမ်စိုင်များက ကွဲသွားပြီး မိုးကလည်း ဖျော့တော့သွားကာ အလင်းက အရှေ့ပိုင်းမှ စထွက်လာ၏။ ဝမ်ချောင်က စုတ်တံကို ခွက်ထဲသို့ပြန်ထည့်လိုက်ပြီး ကုလားထိုင် နောက်ဘက်သို့ မှီချလိုက်သည်။ သူ၏မျက်နှာတွင် နွမ်းနယ်မှုများကို မြင်နိုင်သည်။
ထိုတိုတောင်းသောညက သူ၏ခွန်အားတိုင်းကို ကုန်ဆုံးသွားစေသည်။ သူသည် တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ထားသည်ထက်ပင် စိတ်ပိုင်းဆိုင်ရာက မောပန်းနွမ်းနယ်သွားသည်။ သူသည် သူ၏ ရန်ငြိုးတရားများ၊ စိုးရိမ်ပူပန်မှုများ အားလုံးကို စကားလုံးများအသွင် ပုံအောထားသည်။ သို့သော် ဝမ်ချောင်ကိုယ်တိုင်ကသာ ဒါဟာ အဆုံးမသတ်သေးကြောင်း နားလည်နေသည်။ သူ၏စားပွဲပေါ်တွင် ရှိနေသော ခပ်ထူထူစာလွှာများက ဒီခေတ်ကို ကျော်လွန်သော အကြံတစ်ခုဖြစ်ပြီး တန်ဖိုးထားသော ငြိမ်းချမ်းမှု၊ သဘောထားကြီးမြတ်မှု၊ ဖြောင့်မတ်မှန်ကန်မှု အထက်တွင် ကြီးမားသည့် သက်ရောက်မှုကြီးကို သေချာပေါက် ယူဆောင်ပေးနိုင်လောက်သည်။
ဒီလောကက လူတိုင်းမျှော်လင့်ထားသည်ထက် ရက်စက်သေးသည်။ လူတိုင်းကသူ့ကို နားမလည်သည့်တိုင်အောင် ဝမ်ချောင်ကမူ လုပ်ရပေလိမ့်မည်။
ဆေးကောင်းသည် အရသာခါးသည်။ သစ္စာရှိတစ်ယောက်၏ သတိပေးချက်သည် နားဝင်ဆိုး၏။ ဝမ်ချောင်သည် သူ၏လုပ်ဆောင်မှုများက မည်သည့် သက်ရောက်မှုမှ မရှိခဲ့လျှင် သို့မဟုတ် လောကအပေါ် လွှမ်းမိုးမှုများ ရှိနိုင်မည်ဆိုသော အချက်မျိုးကို မသေချာပေ။ သို့သော် သူစမ်းကြည့်ရပေမည်။
ခြိမ်း
ရုတ်တရက် သူ၏စိတ်အတွင်း မိုးခြိမ်းသံကြီးက ထွက်လာသည်။ အခန်းအတွင်းတွင် အလင်းအမှောင် ယှက်ထွေးသွားသော အခိုက်အတန့်တွင် ရင်းနှီးကျွမ်းဝင်သော စွမ်းအင်တစ်ရပ်က ထိုးထွက်လာ၏။ ထိုအရာက လောက၏ မူလစွမ်းအင်ဖြစ်သည်။
“အထူးဖြစ်ရပ် အသုံးပြုသူက ရေးသားထားတဲ့ အကြောင်းအရာတွေက သမိုင်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုကြီး ရှိလာမှာဖြစ်ပြီး တစ်လောကလုံးကို လွှမ်းမိုးနိုင်လိမ့်မယ်။ ဒီတစ်လောကလုံးက အမည်မသိရတဲ့ လမ်းကြောင်းကြီးပေါ် စလျှောက်ရတယ်ဆိုတဲ့ အခြေအနေ ဖြစ်သွားဖို့ အခွင့်အရေး အရမ်းကိုမြင့်တယ်။ ဒီဖြစ်ရပ်က အရင်းအနှီး အလွန်များလွန်းတဲ့အပြင် ကြီးမားတဲ့ ဆုလဒ်တွေကိုလည်း ရရှိနိုင်တယ်။ ဒါကြောင့် နောက်ဆုံးသက်ရောက်မှုကို ဆုံးဖြတ်ချက်ချဖို့တောင် မဖြစ်နိုင်တော့ဘူး”
“အသုံးပြုသူမှာ စဉ်းစားဆင်ခြင်ဖို့ သုံးစက္ကန့် အချိန်ရှိမယ်။ ဒီစကားလုံးတွေကို မီးရှို့လိုက်တာနဲ့ ဒီဖြစ်ရပ်ရဲ့ လောကအပေါ် သက်ရောက်မှုက သုံညအထိ လျော့ကျသွားလိမ့်မယ်။ ဒါပေမဲ့ အသုံးပြုသူကတော့ အခြားခေတ်က အကြံအစည်တွေကို ဒီလောကထဲကို ယူဆောင်သွင်းဖို့ စဉ်းစားဆင်ခြင်နိုင်သေးတယ်။ ဒါပေမဲ့ ဒီစကားလုံးတွေကို တရားဝင်ထုတ်လိုက်ပြီး မဟာထန်အပေါ် ကြီးမားတဲ့ သက်ရောက်မှုကြီးဖြစ်လို့ တစ်စုံတစ်ရာ မှားယွင်းသွားတာနဲ့ လောကရဲ့ ပြင်းထန်တဲ့ အလုံးအရင်းနဲ့ တန်ပြန်တိုက်ခိုက်မှုကို ခံရလိမ့်မယ်။ ဒါကြောင့် အသုံးပြုသူက ဆက်တိုက်ဆိုသလို ကျရှုံးပြီး ကွပ်မျက်ခံရတဲ့အထိ ဖယ်ရှားခံရတဲ့အထိ ဖြစ်သွားနိုင်တယ်။ ရလဒ်က လုံးဝကို မခန့်မှန်းထားနိုင်လို့ အသုံးပြုသူအနေနဲ့ ဂရုစိုက် စဉ်းစားဆင်ခြင်စေချင်တယ်”
“အသုံးပြသူ ကျေးဇူးပြုပြီး ဒီစာတွေကို အများသိအောင် ထုတ်ပြန်မလားဆိုတာကို ဆုံးဖြတ်ပါ”
သူ၏စိတ်အတွင်း စာပေါင်းများစွာက ပေါ်လာသည်။ ဒီတစ်ကြိမ်တွင် ကံကြမ္မာကျောက်တုံး၏ အသံထဲတွင် မယုံကြည်နိုင်လောက်အောင် တည်ငြိမ်မှုများက ပြည့်နှက်နေသည်။
ဝမ်ချောင်က ကုလားထိုင်နောက်သို့ မှီထားသည်။ သို့သော် သူ၏စိတ်က ဝေဝါးနေသည်။ စာကြည့်ခန်းထဲမှ အလင်းနဲ့အမှောင်က ဆက်တိုက်ဆိုသလို ပြောင်းလဲနေပြီး ဝမ်ချောင်၏ အတွေးများအလိုက် တုန့်ပြန်နေသည်အလား ထင်ရသည်။
ဝမ်ချောင်သည်လည်း ထိုစာများကို ကံကြမ္မာကျောက်တုံးက ထိုမျှအထိ အထူးတလည် ရေးထားလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။ ကံကြမ္မာကျောက်တုံးကပင် ထိုစာ၏ ဒီလောကအပေါ် သက်ရောက်မှုကို မခန့်မှန်းပေးနိုင်ချေ။ သို့သော် ဝမ်ချောင်ကမူ အချိန်အကြာကြီး တုန့်ဆိုင်းမနေပေ။
“အတည်ပြုတယ်”
သူ၏အသံဟာ မကျယ်လွန်းသလို မတိုးချေ။ သို့သော်သူက ထိုသို့ပြောလိုက်သည်နှင့် တစ်လောကလုံးက အလိုလို စုတ်ပြဲသွားသလိုမျိုး ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက ထွက်လာသည်။
ဝုန်း
ကံကြမ္မာကျောက်တုံး၏ အသံက ဝမ်ချောင်၏စိတ်အတွင်း ထပ်ထွက်လာပြန်သည်။
“အထူးလောကဖြစ်ရပ် ‘လုပ်ဆောင်နိုင်မှုက မှန်ကန်အောင် လုပ်ပေးနိုင်တယ်’ကို သိပ်မကြာခင် ထုတ်ဝေနိုင်တယ်။ ဒီဖြစ်ရပ်က ဒီလောကရဲ့သမိုင်း တိုးတက်မှုအပေါ် အများကြီး လွှမ်းမိုးသွားနိုင်တယ်။ ဒီဖြစ်ရပ်က အတိတ်ကလောကက အဖြစ်အပျက်တိုင်းကို ကျော်လွန်နိုင်စွမ်းရည် ရှိနေလို့ အသုံးပြုသူအနေနဲ့ ကံကြမ္မာစွမ်းအင်အမှတ် တစ်သိန်းကို ဆုလဒ်အဖြစ် လက်ခံရရှိမယ်။ ဒါပေမဲ့ ဒီအကြံက ဒီခေတ်ရဲ့အဆင့်ကို ကျော်လွန်လွန်းနေတဲ့ အတွက်ကြောင့် ဒီခေတ်ရဲ့ တွေးပုံတွေးနည်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ဒီအတွက်ကြောင့် ဒီလောကရဲ့ သမိုင်းကို အများကြီး ပြောင်းလဲသွားစေလို့ ဒီစာကို ထုတ်ဝေလိုက်တဲ့ နေ့ကစပြီး အသုံးပြုသူက အင်အားကြီးမားတဲ့ ဖိနှိပ်ဒဏ်ကို ခံရပြီး လောကရဲ့ စွမ်းအားက တန်ပြန်တိုက်ခိုက်လိမ့်မယ်”
“အထူးသတိပေးချက်.... ဒီစာတွေကို တရားဝင် ထုတ်ဝေတဲ့နေ့ကစပြီး အသုံးပြုသူက ကံကြမ္မာစွမ်းအင်တွေကို သုံးလို့ လောကရဲ့စွမ်းအားကို တွန်းလှန်နိုင်တယ်။ ကံကြမ္မာစွမ်းအင်ကို အသုံးပြုတာက လောကရဲ့ ခုခံမှုအပေါ် မူတည်ပြီး အသုံးပြုနိုင်တယ်။ ကံကြမ္မာစွမ်းအင်တွေ အားလုံးကို အသုံးပြုပြီးရင် အသုံးပြုသူ အသတ်ခံရမယ်။ ဒီအခြေအနေက ဒီဖြစ်ရပ်ကြီးတစ်ခုလုံး အနှစ်ချုပ်သွားတဲ့အထိ ဒါမှမဟုတ် အသုံးပြုသူရဲ့အတွေးအကြံတွေကို ဒီလောကက လက်ခံသွားတဲ့အထိ ဆက်ဖြစ်နေလိမ့်မယ်”
++++
1292 01
အပိုင်း ၁၂၉၂
ကမ္ဘာအား တုန်လှုပ်စေခြင်း (၁)
ဝမ်ချောင် မှင်သက်သွားသည်။ သူ့ရှေ့မှ အခြေအနေအား သူ တစ်ကြိမ်တစ်ခါမှ မတွေးမိခဲ့လေ။ အနောက်တောင်စစ်ပွဲတွင် ကံကြမ္မာစွမ်းအား အများအပြား ရရှိခဲ့သည့်အချိန်မှစ၍ သူသည် ကမ္ဘာထိန်းချုပ်ခြင်းအား မကျင့်ကြံတော့ပေ။ လူတစ်ဦးသည် ကံကြမ္မာစွမ်းအား အလုံအလောက် ရှိနေသ၍ ကမ္ဘာထိန်းချုပ်ခြင်းက ထိုလူအပေါ် သက်ရောက်မှုရှိမည် မဟုတ်ပေ။ သို့သော် လက်ရှိအတွင် အခြေအနေမှာ လုံးဝကွဲပြားနေ၏။
သို့်သော် ဝမ်ချောင် ဤကိစ္စအား ထဲထဲဝင်ဝင် မစဉ်းစားရသေးခင်မှာပင် တံခါးပွင့်သွားသည်။ စုရွှတ်ရွှမ်း၊ ရွှီခဲ့ယီ၊ ချန်းစန်းယွမ်နှင့် ရွှီချန်ကျွင်းတို့ အလောတကြီး ပြေးဝင်လာကြ၏။ လေးယောက်သား အခန်းအား လှည့်ပတ် စစ်ဆေးကြပြီးနောက်တွင် အကြည့်များမှာ ဝမ်ချောင်ထက်သို့ စုပြုံကျရောက် လာခဲ့၏။ ဝမ်ချောင် စာရေးနေသည့် တစ်ညခင်းလုံး သူတို့သည် စိတ်ထဲတွင် အလွန်မသက်မသာ ဖြစ်စွာဖြင့် တံခါးအပြင်၌ ရပ်နေခဲ့ကြခြင်း ဖြစ်သည်။
“အရှင်၊ ဘယ်လိုနေလဲ..”
စာရေးစားပွဲနောက်၌ ထိုင်နေသော ဝမ်ချောင်အား စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။ ဝမ်ချောင်သည် မျက်နှာအရောင် လျော့ကျသွားကာ များစွာလည်း ပိန်ကျသွား၏။ သို့သော် ပုံစံမှာ အလွန်အားအင် ကုန်ခမ်းဟန် ပေါ်နေသော်လည်း မျက်လုံးများကမူ လင်းလက်စွာတောက်ပနေ၏။ ဤအတွက်ကြောင့် သူတို့လေးဦးမှာ ပို၍ပင်စိုးရိမ် သွားကြတော့သည်။
ဝမ်ချောင် လက်လွှဲ ရမ်းလိုက်သည်။
“စုရွှတ်ရွှမ်း၊ ရွှီခဲ့ယီ၊ ချန်းစန်းယွမ်၊ ရွှီချန်ကျွင်း ငါ မင်းတို့ ခိုင်းစရာရှိတယ်..။ စားပွဲပေါ်က လက်ရေးစာမူ ယူပြီး စာပြန်စီလိုက်၊ ပြီးရင် ပြန်ထုတ်ပြီး တတ်နိုင်သလောက် စာအုပ်မြန်မြ န်ချုပ်လိုက်.. စာအုပ်ကို ငါ့နာမည်နဲ့ အင်ပါယာတစ်ခုလုံး ဖြန့်မယ်..။ သုံးရက်အတွက် မြို့တော်တစ်ခုလုံး၊ အင်ပါယာက နေရာလွတ်မကျန်ကို ဒီစာအုပ် ရောက်နေတာ မြင်ချင်တယ်..”
ဝမ်ချောင် လက်ညှိုးဆန့်ထုတ်ကာ စားပွဲထက်ရှိ စာရွက် အထပ်လိုက်အား ညွှန်ပြလိုက်သည်။
စာရွက်များကို ကြည့်ကာ စာကြည့်ဆောင်တစ်ခုလုံး တိတ်ဆိတ်သွား၏။
စာကြည့်ဆောင်သို့ ဝင်လာသည့်အချိန်ကတည်းက ဝမ်ချောင်ရှေ့ရှိ စာရွက်အထပ်လိုက်အား သူတို့လေးဦး သတိပြုမိခဲ့ကြပေသည်။ စာရွက်များတွင် စာလုံးများ အပြည့်ရှိနေကာ မှင်ပင် မခြောက်သေးပေ။
ဝမ်ချောင် မည်သည့် အကြောင်းအရာများ ရေးသားထားသည်ကို မည်သူမှမသိပါ။ သို့သော် ဝမ်ချောင်ကိုယ်တိုင် ငါးရက်တိုင်တိုင် အချိန်ယူ ရေးသားထားကာ ဤကဲ့သို့ တည်ငြိမ်စွာပြောလာလျှင် ဤသည်မှာ မရိုးရှင်းနိုင်ကြောင်းကိုတော့ သူတို့အားလုံး သိကြ၏။
“ဟုတ်ကဲ့ပါ..”
လေးယောက်သား ရိုသေစွာ ပြန်ဖြေကာ အရှေ့တက်သွား၍ စာရွက်အထပ်လိုက် သယ်ယူသွားလိုက်ကြသည်။ သို့သော် စာကြည့်ဆောင်အပြင်သို့ ထွက်လိုက်သည့်အချိန်တွင် ဤစာရွက်များမှာ မဟာထန်နှင့် နယ်နိမိတ် တိုင်းပြည်များအား အပြည့်အဝပြောင်းလဲပေးမည့် ကံကြမ္မာ ဖြစ်ကြောင်း သူတို့လေးဦး မသိခဲ့ကြလေ။
……
မုန်တိုင်းသည် အလျင်အမြန်ပင် ပြန်ငြိမ်ကျသွား၏။ အရှေ့ဘက်ကောင်းကင်ယံ တဖြည်းဖြည်းချင်း ပြန်လည် လင်းလက်လာသည်နှင့် မြို့တော်သည်လည်း ပြန်လည်ငြိမ်သက် လာခဲ့သည်။ မြို့တော်ရှိလူများအတွက်မူ ဝမ်ချောင် စာရေးသားစဉ်၌ ဖြစ်ပေါ်ခဲ့သော ဤကောင်းကင်ပြောင်းလဲမှုမှာ ပုံရိပ်ယောင် တစ်ခုမျှသာ ဖြစ်ကာ သူတို့အပေါ် ကြီးမားသောသက်ရောက်မှု မရှိခဲ့ပေ။ စကားဝိုင်းတွင် ခေါင်းစဉ်တစ်ခု တိုးလာရုံမျှသာရှိ၏။ မြို့တော်အတွင်းတွင် ဆန္ဒပြနေသော လူအရေအတွက်မှာ အနည်းငယ်မျှ မလျှော့သွားခဲ့ပေ။
မြို့တော်၏ အနောက်ပိုင်း၊ လီကျန်းအသားပေါင်းဆိုင်တွင်..
ဤဆိုင်မှ အသားပေါင်းသည် မြို့တော်တခွင် အလွန်နာမည်ရှိ၏။ ဤဆိုင်အား လီနှင့် ကျန်း ဟု မျိုးရိုးနာမည်ရှိသည့် ဇနီးမောင်နှံနှစ်ဦးမှ စတည်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ မျိုးဆက်အဆင့်ဆင့် လက်ကမ်းလာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ရှိပြီဟု ဆိုကြ၏။ အသားပေါင်းများမှာ ပါးလျကာ အလွှာလိုက်ဖြစ်နေသောအသားပြင်များ၊ နူးညံ့သော အရသာနှင့် မွှေးပျံ့သော ရနံ့တို့ကြောင့် နာမည်ကျော်၏။ စားသုံးသူ အများစုသည် ဤဆိုင်မှ အသားပေါင်းများ စားရရန်အတွက် နှစ်နာရီကျော်ပင် လမ်းလျှောက် လာတတ်ကြသည်။
1292 02
မနက်စောစောတွင် ဆိုင်မှ ရေနွေးငွေ့များ ထွက်နေကာ အသားပေါင်းနံ့ သင်းသင်းလေးမှာလည်း ဘေးပတ်ဝန်းကျင်အနှံ့ ပြန့်နှံ့နေ၏။ ဝင်ပေါက်တွင် စားသုံးသူ တော်တော်များများ စုဝေးရောက်နေကြပေပြီ။
“ဆိုင်ရှင်ရေ၊ အသားပေါင်းသုံးပွဲပေးပါဗျို့..” အသက် ၃၀ ဝန်းကျင်ရှိသော မိုးပြာရောင်ဝတ်စုံနှင့် စာသင်သားတစ်ဦးမှ အော်ပြောလာခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကောင်တာထက်တွင် ကြေးဒင်္ဂါးသုံး ပြားတင်လိုက်၏။
“စာသင်သား၊ အသားပေါင်းတွေ စားပြီးရင် လက်ဖက်ရည်စံအိမ်ကို သွားဦးမှာလား..” အသားပေါင်းများ လာချပေးကာ ဆိုင်ရှင်မှမေးလိုက်သည်။ ဆိုင်ရှင်နှင့် ဤစာသင်သားမှာ အလွန်ရင်းနှီးကြောင်း မြင်သာပေသည်။
“ဟား.. ဒါပေါ့ဗျာ..” ဘေးတစ်ဖက်ရှိ စာအုပ်ဆိုင်အားကြည့်ကာ စာသင်သားမှ အမှုမဲ့အမှတ်မဲ့သာ ပြန်ဖြေလိုက်၏။
စာအုပ်ဆိုင်အား အသက် ၄၀ ဝန်းကျင် မုတ်ဆိတ်မွေးနှင့် အမျိုးသားတစ်ဦးမှ ဖွင့်ထားခြင်း ဖြစ်သည်။ ဤစာအုပ်ကုန်သည်သည် စာအုပ်ရောင်းရန်အတွက် မနက်တိုင်း ဤနေရာသို့ လာလေ့ရှိ၏။ အခြားတိုင်းပြည်များနှင့် မတူသည်က မဟာထန်သည် စာအုပ်များနှင့် စာပေသင်ယူခြင်းအား အလွန်တန်ဖိုးထား အလေးပေးသည်။ စာသင်သားများသာမက သာမန်လူများသည်ပင် စာအုပ် အရောင်းအဝယ် ပြုလုပ်ခြင်းအား စိတ်ဝင်စားကြ၏။ အချို့သည် သူတို့ကိုယ်တို င်ဖတ်ရန် ဝယ်ကြသည်၊ အချို့သည်လည်း မိသားစု လက်ဆင့်ကမ်းရန် ဝယ်ကြသည်။
မိုးပြာရောင်ဝတ်စုံနှင့် စာသင်သားတွင်လည်း ဤဝါသနာမျိုး ရှိ၏။ နေ့စဉ်နေ့တိုင်း အသစ်ထွက်သည့် စာအုပ် ရှိမရှိ ရှာကြည့်သည်၊ တွေ့လျှင် ရတနာတစ်ခုကဲ့သို့ မှတ်ယူကာ ချက်ချင်းဝယ်ပစ်၏။ ထိုမှသာ အိမ်ယူသွားကာ သေချာဖတ်နိုင်မည် ဖြစ်ပေသည်။ သို့သော် စာသင်သားသည် ဤစာအုပ်ကုန်သည်၏ဆိုင်တွင် စာအုပ်အသစ်များ မတွေ့သည်မှာ အချိန်အတော်ကြာပေပြီ။
“ဟမ်..”
ပြထားသော စာအုပ်များကြ၌ စာအုပ်တစ်အုပ် ပိုလာသည်ကို ရုတ်တရက် သတိပြုမိသွားသော် စာသင်သား မျက်ခုံးပင့်သွားသည်။
“အင်အားကသာ အမှန်တရား.. ထူးဆန်းလိုက်တဲ့ နာမည်ပဲ..”
စာသင်သား အံ့ဩသွားသည်။ သူသည် အသက် ၁၀ နှစ်သားအရွယ်မှစတင်ကာ စာများဖတ်ခဲ့ခြင်းဖြစ်သည်။ ယခုတွင် နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့ပြီဖြစ်ကာ ထူးဆန်းသော နာမည်နှင့် စာအုပ်အမျိုးအစားမျိုးစုံ တွေ့ဖူး၏။ သို့သော် ဤစာအုပ်နှင့် တူသည်မျိုး တစ်ကြိမ်မှမတွေ့ဖူးခဲ့ချေ။ စာအုပ်ခေါင်းစဉ်အားကြည့်ကာ စာအုပ်အတွင်းမှ အကြောင်းအရာအား ခန့်မှန်းကြည့်၍မရနိုင်လေ။
ဤစာအုပ်သည် သူ့အား မတူကွဲပြားသောခံစားချက် ပေးနေကာ သူ့ထံ၌ ရှိနေသည့် အခြားစာအုပ်များနှင့် လုံးဝကွဲပြားနေ၏။
“ဆိုင်ရှင်၊ ဒီစာအုပ်က ဘာစာအုပ်လဲ..။ ဘာလို့ အရင်က တစ်ခေါက်မှ မမြင်ဖူးတာလဲ..။ ဘယ်ဂုဏ်သရေရှိစာသင်သားက ရေးထားတာများလဲ..” သက်လတ်ပိုင်းအရွယ် စာသင်သားမှ မေးလာခဲ့သည်။
“ဟမ်.. ဟိုး၊ စာသင်သားကျန်းပဲ.. မဟုတ်ဘူး၊ ဒီစာအုပ်က ဒီမနက်မှရောက်တဲ့ စာအုပ်အသစ်.. ရေးတဲ့လူကလည်း တော်တော် နာမည်ကြီးတယ်..။ ကျုပ်တို့မဟာထန်ရဲ့ မျိုးနွယ်ခြားဘုရင်လေ..။ ကျုပ် ကြားတာတော့ သူက ဒီစာအုပ်ကို တော်တော် အားစိုက်ထုတ်ပြီး ရေးထားတာတဲ့..။သူ့ကို ကျုပ်ဆိုင်ရဲ့ ရတနာတစ်ခုအဖြစ် ထားထားတာ။ ကျုပ်အတွက်တောင် တစ်အုပ် သိမ်းထားသေးတယ်..”
စာအုပ်ကုန်သည်မှ ရွှင်လန်းတက်ကြွစွာ ရှင်းပြလာခဲ့သည်။
“ဗျာ..”
ထိုစကားများကြောင့် စာသင်အား အံ့ဩသွားသည်၊ မျက်လုံးများပင် ပြူးသွား၏။
မျိုးနွယ်ခြားဘုရင်.. မျိုးနွယ်ခြားဘုရင်သည် မိုင်ပေါင်းတစ်ထောင်အကွာမှနေ၍ အောင်မြင်မှုအား ရယူပေးနိုင်သည့် အမျှော်အမြင်ကြီးမားသော စစ်မဟာဗျူဟာတစ်ဦး၊ မဟာထန်၏ စစ်နတ်ဘုရားအသစ်ဟု သူ ကြားဖူးသည်မှာ ကြာပေပြီ။ သို့သော် မျိုးနွယ်ခြားဘုရင်သည် ပညာရေးလမ်းကြောင်း၌ စိတ်ဝင်စားမှု ရှိသည်ဟု တစ်ခေါက်မှ မကြားဖူးပေ၊ စာအုပ်ရေးသည်ဟုလည်း မကြားဖူးချေ။
စာသင်သားသည် ချက်ချင်းပင် အသားပေါင်းဆိုင်မှ ထထွက်လာကာ စာအုပ်အား ကောက်ယူလိုက်သည်။ ပြုံးပျော်ရွှင်စွာဖြင့် စာအုပ်အား ဖွင့်ဖတ်ကြည့်လိုက်၏။ သို့သော် အနည်းငယ်သာ ဖတ်ကြည့်ရသေးသည် ရုတ်ချည်းပင် မျက်နှာ သွေးဆုတ်သွားခဲ့သည်။
1292 03
“ဆိုင်ရှင်၊ ဒီစာအုပ် ဘယ်လောက်လဲ..”
“ဒင်္ဂါးဆယ်ပြား၊ ဒါပေမဲ့ မရောင်း..” စာအုပ်ကုန်သည် ပြန်ဖြေလိုက်သည်။ သို့သော် ‘မရောင်းဘူး’ ဟူသည့်စကားအား ဆုံးအောင်ပင် မပြောလိုက်ရချေ။ ကောင်တာပေါ်သို့ ဒင်္ဂါးဆယ်ပြား ပစ်တင်လိုက်သည့်အသံကြားလိုက်ရသည်။ စာသင်သားကျန်းသည် စာအုပ်ယူကာ ဘာမှမပြောဘဲ ထွက်သွားတော့၏။
“ဟေ့ မင်းရဲ့အသားပေါင်းတွေ..”
……
ဒုန်း ဒုန်း ဒုန်း ဒုန်း…
ရုံးတော်အကြံပေးဂေဟာအတွင်းတွင် အလျင်လိုနေသည့် ခြေသံများ ထွက်ပေါ်လာခဲ့သည်။ လေးနာရီခန့် ကြာပြီးနောက်တွင် ကွန်ဖြူးရှပ်ဂိုဏ်းတော်သားတစ်ဦး လီကျွင်းရှန်း၏အခန်းအတွင်း ပြေးဝင်သွားလိုက်၏။ ယနေ့တွင် ရာသီဥတုမှာ သိပ်မပူပါ။ သို့သော် ထိုတပည့်သား၏ အဝတ်အစားများမှာ ချွေးများဖြင့် ရွှဲနစ်နေကာ ပုံစံမှာလည်း အလွန်ကို မသက်မသာဖြစ်နေဟန်ရှိ၏။
“သခင်လေး၊ မကောင်းတော့ဘူး.. မျိုးနွယ်ခြားဘုရင်က စာအုပ်တစ်အုပ်ထုတ်ပြီး စာအုပ်က တော်တော်ကို ရောင်းကောင်းနေတယ်.. တစ်မြို့လုံး စာအုပ်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်နေပြီ..။ မြို့တော်ထဲမှာရှိတဲ့ လူတိုင်းနီးပါးလည်း တစ်အုပ်စီ ကူးနေကြပြီ..။ အခြေအနေက တော်တော်ဆိုးနေပြီ..”
“ဟမ်၊ အဲလိုလား.. အချိန်ကို တွက်ကြည့်လိုက်မယ်ဆိုရင်လည်း သူ တန်ပြန် တိုက်စစ်ဆင်မဲ့အချိန် ရောက်ပြီပဲ..။ ဒါပေမဲ့ သူ့ရဲ့တန်ပြန်တိုက်စစ်ဆင်တဲ့နည်းလမ်းက သူ့ရဲ့အယူအဆတွေကို ရေးပြီး စာအုပ် ထုတ်တာတဲ့လား..”
လီကျွင်းရှန်း ကျေနပ်စွာ ပြုံးလိုက်သည်။ လက်တစ်ချက် ဝှေ့ရမ်း၍ တုန့်ပြန်ကာ သူ၏ပုံစံမှာ ပေါ့ပေါ့ပါးပါးသာ။ စစ်တပ် လျှော့ချလိုက်သည့်အချိန်နှင့် စစ်ပွဲဆန့်ကျင်သော ဆန္ဒပြပွဲများ စတင်သည့်အချိန်များကို တွက်ကြည့် လိုက်မည်ဆိုလျှင် ဝမ်ချောင်အနေနှင့် ထိုင်နေကာ သေမည့်အချိန်ကိုသာ စောင့်နေမည် မဟုတ်လျှင်တော့ ဤအချိန်သည် သူ့ဘက်မှ လှုပ်ရှားလာသင့်သည့် အချိန်မှန်ပင်။
ဝမ်ချောင်အနေနှင့် ဘာမှ မလုပ်ဘဲ နေမည်ဆိုပါမှ သူ့အား အမှန်တကယ် အံ့အားသင့်စေပေလိမ့်မည်။
“သခင်လေး၊ အဲလို မဟုတ်ဘူး..။ အခြေအနေက မတူဘူး..။ သခင်လေး၊ ကြည့်ကြည့်လိုက်ပါ နားလည်သွားလိမ့်မယ်..”
သို့သော် လီကျွင်းရှန်းအံ့ဩသွားရသည်က ဂိုဏ်းတော်သားမှာ ချွေးစေးများ ပိုပျံလာကာ စိတ်စောနေမှုကြောင့် တစ်ကိုယ်လုံးလည်း ပို၍ပင်တုန်ယင်လာ၏။ စိတ်ထဲတွင် စကားလုံးပေါင်းထောင်နှင့်ချီ ရှိနေသော်လည်း မည်ကဲ့သို့ ထုတ်ပြောသင့်ကြောင်း မသိနေဟန်ပင်။ ဗျာများနေသည်မှာ မျက်နှာပင် နီရဲလာ၏။ နောက်ဆုံးတွင် လွယ်ထားသော အိတ်ကိုသာ ဖွင့်ကာ သူ စျေးမှဝယ်လာသည့် စာအုပ်တစ်အုပ် ထုတ်ယူလာလိုက်သည်။
လီကျွင်းရှန်းသည် တစ်စုံတစ်ခု ရေးရန် ပြန်နေဟန်ပင်၊ သူ့ရှေ့တွင် စာရွက်တစ်ရွက် ရှိနေ၏။ စစချင်းတွင် သူသည် စာအုပ်အား အာရုံသိပ်မစိုက်သေးပေ။ သို့သော် ရိုးရှင်းသောခေါင်းစဉ်အား မြင်လိုက်ရသည့်အချိန်တွင် ချက်ချင်းပင် မျက်နှာအရောင် ပြောင်းသွား၏။
“ပြစမ်း…”
လီကျွမ်းရှန်း၏ မျက်နှာအမူအရာ အလွန်လေးနက်လာသည်။ အစောလေးတင်မှ မှင်စိမ်ထားသောစုတ်တံ စာရွက်ထက် ပြုတ်ကျသွားကာ မှင်ကွက်အကြီးကြီးစွန်းထင်းသွားသည်ကိုပင် အာရုံမစိုက်နိုင်သေးချေ။
ဖျတ် ဖျတ် ဖျတ်..
စာအုပ်ဆွဲယူကာ ပထမစာမျက်နှာ လှန်လိုက်သည့်အချိန်တွင် လီကျွင်းရှန်း မိုးကြိုး ပစ်ချခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။ မျက်နှာမှာ လုံးဝသွေးဆုတ် သွားတော့၏။ တည်ငြိမ်သည့်ပုံစံ၊ ပေါ့ပေါ့ပါးပါးပုံစံ၊ ယုံကြည်မှုအပြည့်နှင့် ပုံစံများမှာ ပျောက်ကွယ် သွားတော့သည်။
“မဖြစ်နိုင်တာ.. ဒီလိုဖြစ်လို့ မရဘူးလေ..”
စာအုပ်ဖတ်နေရင်းဖြင့် လီကျွင်းရှန်း တုန်ယင်လာသည်။ ဘဝတွင် ပထမဆုံးအကြိမ်အနေနှင့် လီကျွင်းရှန်း လုံးဝဆောက်တည်ရာမရ ဖြစ်သွား၏။ ဤတပည့်က မည်သည့်အတွက်ကြောင့် အလွန်ထိတ်လန့်ကာ ဗျာများနေရသည်ကို နောက်ဆုံးတွင် သူ နားလည်သွားပေပြီ။ ဤစာအုပ်မှာ ရိုးရှင်းသည့်စာအုပ်တစ်အုပ် မဟုတ်တော့ပေ။ ကွန်ဖြူးရှပ်ဂိုဏ်းနှင့် ကွန်ဖြူးရှပ်ကျောင်း၏ အုတ်မြစ်အား အပြင်းအထန် လှုပ်ခါပစ်လိုက်လေသည်။
……
1292 04
ဝုန်းး..
လီကျွင်းရှန်း ဖြစ်စေ၊ ကွန်ဖြူးရှပ်ဂိုဏ်း ဖြစ်စေ၊ မဟာစည်းမျဉ်း ဖြစ်စေ၊ ချီဘုရင် ဖြစ်စေ.. ဝမ်ချောင်၏ တန်ပြန်တိုက်စစ်က ဤမျှလောက်ထိ ပြင်းထန် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။
ဝမ်ချောင်သည် စစ်ရေးလုပ်ပိုင်ခွင့်များ အားလုံး ရုတ်သိမ်းခံလိုက်ရပြီ ဖြစ်၏။ ရုံးတော်အတွင်းတွင် ပထမမင်းသား၊ လီလင်းဖူ၊ ချီဘုရင်၊ မဟာစည်းမျဉ်းနှင့် လီကျွင်းရှန်းတို့ ပူးပေါင်းကာ နိုင်ငံရေးအာဏာအား အပြည့်အဝ ချုပ်ကိုင်ထားသည်။ ယခင်တွင် သူတို့ယုံကြည်ခဲ့သည်က ဝမ်ချောင်အနေနှင့် မည်မျှပဲ လုပ်ဆောင်နိုင်ပါစေ ဤကဲ့သို့ ကြီးမားသောဂယက်မျိုး လုပ်နိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် သူတို့မျှော် လင့်ထားသည်နှင့် ပြောင်းပြန်ပင်၊ စစ်တပ် သို့မဟုတ် နိုင်ငံရေးလုပ်ပိုင်ခွင့် မရှိနေသော်လည်း ဝမ်ချောင်သည် ထိုနှစ်ခု လုပ်ဆောင်နိုင်သည်ထက် ပိုမိုသာလွန်သည့် ဂယက်တစ်ခု ဖန်တီးနိုင်နေဆဲပင်။
ဝမ်ချောင်သည် လူများ၏ စိတ်နှလုံးအား တိုက်ရိုက်တိုက်ခိုက်ခဲ့၏။
“‘အင်အားကသာ အမှန်တရား’၊ ‘အားကြီးတဲ့ကောင်က အားနည်းတဲ့ကောင်ကို စားတယ်’.. ဒီအယူအဆတွေနဲ့ဆိုရင် ငါတို့မဟာထန်ရဲ့ စေတနာသဒ္ဒါတရားတွေ၊ ဖြောင့်မတ်မှန်ကန်တာတွေ၊ ကျင့်ဝတ်တွေ၊ ဉာဏ်အမျှော်အမြင်ကြီးတာတွေက ဘယ်ရောက်သွားပြီတုန်း..”
မြို့တော်ရှိ ဝါးရုံတောတစ်ခုအတွင်းတွင် ကွန်ဖြူးရှပ်အဖိုးအိုတစ်ဦးသည် လက်ထဲရှိ စာအုပ်အားဖတ်ကာ ဒေါသကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်လာ၏။
“မိစ္ဆာဒိဠိပဲ..။ ဒါက လုံးဝကိုအယူမှား အလွဲမှားနေတာပဲ..။ ဒီလိုစကားမျိုး ပြောရဲတဲ့လူကို မသေမချင်း လည်ပင်း ညှစ်သတ်ပစ်သင့်တယ်..”
ဖျန်း…
အခြားသောနေရာတစ်နေရာတွင်၊ စိတ်ကြီးကာ နာမည်ကျော်ကြားသော ကွန်ဖြူးရှပ်သမားတစ်ဦးသည်လည်း စားပွဲအား ပြင်းထန်စွာ ရိုက်ချလိုက်၏။ ဒေါသကြောင့် သူ၏မျက်နှာမှာ ရှုံတွနေတော့သည်။
“မဟာထန်ရဲ့ အင်အားကြီးတဲ့ဘုရင်က ဒီလိုအယူအဆမျိုး ဖြန့်ဝေရဲတယ်ပေါ့..။ ခွေးတွေ ဝက်တွေတောင် ဒီကောင်ထက် သာဦးမယ်..”
အခြားသောနေရာတစ်နေရာတွင်၊ ဆန္ဒပြလူအုပ်ကြီးရှေ့၌ ဝမ်ချောင်အား ပြစ်တင်ဝေဖန်ခဲ့ကြသည့် ကွန်ဖြူးရှပ်သများ လေးငါးဦးခန့် စုဝေးနေကြ၏၊ သူတို့သည်လည်း ဒေါသ အမျက်ချောင်းချောင်း ထွက်နေကြလေသည်။
……
ကွန်ဖြူးရှပ်သမားများ၏ တုန့်ပြန်မှုအား ဘေးဖယ်ထားလိုက်လျှင် ‘အင်အားကသာ အမှန်တရား’ ဟူသည့်စာအုပ် မြို့တော်၌ အပြည့်အဝ ပြန့်နှံ့သွားသည့်အချိန်တွင် စာအုပ်သည် မည်သူမှ တွေးထင်မထားသည့် ငလျင်တစ်ခု ဖန်တီးခဲ့သည်။ အလယ်ပိုင်းလွင်ပြင်၏ နှစ်ပေါင်းတစ်ထောင်ကျော် သမိုင်းကြောင်းတွင် မည်သည့်ဗိုလ်ချုပ်ကမှ စာအုပ်ထုတ်ဝေသည့်ဖြစ်စဉ်မျိုး မရှိခဲ့ခဲ့ပေ။ ထိုမျှသာမက ဤစာအုပ်အား ရေးသားထားသည့်လူမှာ ထင်ရှားကျော်ကြေားသော မျိုးနွယ်ခြားဘုရင် ဖြစ်၏။ ဤအချက်သည် မြို့တော်အတွင်းတွင် မျှော်လင့်မထားသော သက်ရောက်မှု ဖြစ်ပေါ် သွားစေခဲ့လေတော့သည်။
******
1293 01
အပိုင်း ၁၂၉၃
ကမ္ဘာအား တုန်လှုပ်စေခြင်း (၂)
ထိုနေ့မနက် မနက်အစောပိုင်းတွင် ပြန်လည် ကူးယူရေးသားထားသော စာအုပ်များမှာ စျေးထဲတွင် အနည်းငယ်သာ ရှိသေး၏။ သို့သော် အရေအတွက်မှာ အချိန်တိုအတွင်းတွင် ရာနှင့်ချီ တိုးပွါးသွားခဲ့သည်။ ထို့နောက်တွင် ထောင်ဂဏန်း ရောက်သွား၏၊ သို့သော် ရပ်တန့်မသွားသေးဘဲ မူးဝေစရာ ကောင်းလောက်သော နှုန်းထားဖြင့် ဆက်လက် တိုးပွါးလာခဲ့သည်။ ခြောက်နာရီခန့် ကြာပြီးနောက်တွင် ဤစာအုပ်မှာ မြို့တော်တစ်ခုတည်းအတွင်း၌သာ မရှိနေတော့ပေ။ မြေငလျင်တစ်ခုကဲ့သို့ အင်ပါယာတစ်ခုလုံး ပြန့်နှံ့သွား၏။ ဆန္ဒပြနေသည့် လူများသည်ပင် စာအုပ်ဖတ်၍ ရေးသားထားသော အကြောင်းအရာများကို သိနိုင်ရန်အတွက် ဆန္ဒပြနေသည်အား ရပ်လိုက်ကြ၏။
နှစ်ရက်၊ သုံးရက်.. မုန်တိုင်းမှာ ပြင်းထန်နေဆဲပင်။ မဟာထန်တစ်ခုလုံးအား လွှမ်းမိုးလိုက်သည့် အကြောင်းအရာတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ‘အင်အားကသာ အမှန်တရား’၊ ‘အားနည်းသော အကောင်သည် အားကြီးသော အကောင်၏ အစာဖြစ်သည်’၊ ‘အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စွာ ရှင်သန်ခြင်း’၊ ’တောတွင်းဥပဒေသ’၊ ‘စစ်ပွဲဖြင့် ငြိမ်းချမ်းရေး ရှာဖွေသောသူများသည် ငြိမ်းချမ်းရေးကို တွေ့အံ့၊ သို့သော် ညှိနှိုင်းရေးဖြင့် ငြိမ်းချမ်းရေး ရှာသောသူများသည် ငြိမ်းချမ်းရေး၏ အဆုံးသတ်ကိုသာ ယူဆောင်လာအံ့‘၊ ‘ကိုယ့်ကိုယ်ကိုယ် ကူညီပါ၊ ကောင်းကင်၏ အကူအညီအား ရရှိမည်’— ဆန်းသစ်ကာ မမြင်တွေ့ဖူးသော ဤအယူအဆများသည် လတ်ဆတ်သော လေညှင်းအလားပင်၊ လူများ၏စိတ်အတွင်းသို့လည်း နိုင်ငံရေးအပေါ် မတူကွဲပြားသော အတွေးအမြင်များ ဆောင်ကျဉ်း ပေးခဲ့၏။
အလယ်ပိုင်းလွင်ပြင်၏ သမိုင်းကြောင်းတွင် တိုင်းပြည်များနှင့် ပြည်သူများကြားမှ ပတ်သက် ဆက်နွယ်မှုအား အတင်းအကြပ် ဖော်ပြသည့်စာအုပ်မျိုး တစ်ကြိမ်မှ မထွက်ခဲ့ဖူးပေ။ ထိုမျှသာမက စာအုပ်အတွင်းတွင် ဤကမ္ဘာအတွင်း၌ မည်ကဲ့သို့သောလူများကသာ ရှင်သန်နိုင်ကြောင်းကိုလည်း ပေါ်ပေါ်ထင်ထင်ပင် ဖော်ပြထား၏။ ဤအတွေးအခေါ်များသည် လူများအား အမြင်ပွင့်သွားအောင် ပြုလုပ်ပေးခဲ့သည်။
မြို့တော်အတွင်း လိမ့်တက်နေသည့် စစ်ပွဲဆန့်ကျင်ရေး လှိုင်းလုံးများနှင့် ငြိမ်းချမ်းရေးအား တောင်းဆိုနေသော အသံများမှာ ချက်ချင်း ဝပ်ကျသွား၏။ လူအုပ်ကြီးအား ရေအေးဖြင့် လောင်းချလိုက်သကဲ့ပင်၊ အားလုံး ငြိမ်ကျသွားတော့သည်။
……
လုံရှီ၊ မဟာမြို့တော်..
ကော်ရှုဟန်သည် အနက်ရောင်နံရံထက် ရပ်နေကာ သူ၏လက်အောက်ငယ်သား မြို့တော်မှ အလောတကော ယူလာပေးခဲ့သည့် ‘အင်အားကသာ အမှန်တရား’ အမည်ရှိသော စာအုပ်အား ဖတ်နေ၏။ မုတ်ဆိတ်မွေး ပွတ်သပ်ပွတ်သပ်ဖြင့် နှုတ်ခမ်းထက်တွင်လည်း အပြုံးမှာ အတောမသတ်တော့ပေ။ ဤစာအုပ်သည် ကော်ရှုဟန်အတွက် အဖိုးတန် ရတနာတစ်ပါးပင်။
“ဟား ဟား ဟား၊ ကောင်းလိုက်တဲ့စာအုပ်.. ကောင်းလိုက်တဲ့စာအုပ်.. ဝမ်ချောင်၊ ဒီဗိုလ်ချုပ်ကြီးက မင်းကို အမြင် မမှားခဲ့ဘူးပဲ..။ ထောင်နဲ့ချီတဲ့ အထိန်းအမှတ် ကျောက်တိုင်တွေ၊ သောင်းနဲ့ချီတဲ့ ပြစ်တင်ဝေဖန်တာတွေက စာလုံးပေါင်း သောင်းဂဏန်းလောက်ပဲရှိတဲ့ ဒီစာအုပ်နဲ့ မယှဉ်နိုင်ဘူး..။ ရှေးလူကြီးတွေ ပြောတဲ့ လျှာဖျားတစ်ခုက အင်အားကြီးမားတဲ့ စစ်သည်တစ်သန်းကို ဖိနှိပ် နိုင်တယ်ဆိုတာကို ငါ အရင်က မယုံခဲ့ဘူး..။ ဒါပေမဲ့ အခုတော့ ယုံသွားပြီ..”
ကော်ရှုဟန်၏မျက်လုံးများ ထူးဆန်းသော အလင်းရောင်များဖြင့် တောက်ပလာခဲ့သည်။ စိုးရိမ်မှုကြောင့် ရက်ပေါင်းများစွာ ကြာအောင် ကြုတ်နေသော မျက်ခုံးမှာလည်း နောက်ဆုံးတွင် ပြေလျော့သွား၏။ ကွန်ဖြူးရှပ်ဂိုဏ်း ရုံးတော်အတွင်း ဝင်ရောက်ကာ စစ်ရေးကိစ္စများ ဝင်ရောက်စွက်သည့် အချိန်မှစ၍ ဤသတင်းသည် သူ ကြားရသမျှထဲတွင် အကောင်းဆုံး သတင်းပင်။
“ကောင်းကင်ဘုံက မဟာထန်ကို ကာကွယ်ပေးနေတာပဲ..။ အလယ်ပိုင်းလွင်ပြင်မှာ မင်း ရှိနေရင် တိုင်းပြည်က အမြဲတမ်း ကောင်းချီး ပေးခံနေရလိမ့်မယ်။ ဘယ်တော့မှ ပျက်စီးမှာ မဟုတ်ဘူးကွ..“
ကော်ရှုဟန်၏ ကျယ်လောင်သော ရယ်မောသံမှာ အဝေးသို့ ပြန့်နှံ့သွားလေတော့သည်။
……
1293 02
“ဟား ဟား ဟား၊ ကောင်းတယ် ကောင်းတယ် ကောင်းတယ်..။ မင်းကတော့ တကယ်ပဲ ငါ သိတဲ့ကောင်ပဲ..။ လူတွေရဲ့စိတ်က ဒီလိုအခြေအနေ ထိတောင် ဖြစ်နေတဲ့အချိန်မှာ မင်း ဒီတိုင်း ရပ်ကြည့်နေမှာ မဟုတ်ဘူးဆိုတာ ငါ သိသားပဲ..”
အန်းရှီအုပ်ချုပ်ရေးအဖွဲ့ဌာနချုပ်တွင် ကောင်းရှန်းကျစ်သည် မြို့တော်ရှိ ဆတ်သားတစ်ဦး ယူလာသည့် သူ၏ ‘အင်အားကသာ အမှန်တရား’ စာအုပ်အားဖတ်နေ၏။ မဟာထန်၏ လက်ရှိအခြေအနေသည် ‘ကံဆိုးမှုက အလုံးလိုက်အရင်းလိုက် ရောက်လာတတ်တယ်’ ဟူသည့် စကားအတိုင်းဖြစ်နေလေသည်။ ကောင်းရှန်းကျစ်သည်လည်း ထိုနည်းအတိုင်း ခံစားနေရ၏။ မဟာထန်ပေါ်သို့ ကောင်းကင်ကြီး ပြိုကျလာသကဲ့ပင်၊ များပြားလှသော မတော်တဆမှုများက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။
ဤအခြေအနေမျိုးတွင် သူသည် အင်ပါယာ၏ အရေးကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသော်လည်း လွန်စွာမှ ကူကယ်ရာ မဲ့နေသည်ဟု ခံစားနေရ၏။ စစ်တပ်တွင် အကြွင်းမဲ့အာဏာ မရှိချေ၊ သိုင်းပညာရပ်များပင် အကူအညီ မပေးနိုင်သော နေရာများရှိ၏။
ထိုမျှသာမက တပ်မှူးတစ်ဦးသည် အမိန့်မရဘဲ နေရာမှထွက်ခွာ ပိုင်ခွင့် မရှိပေ။ ဤတစ်ချက်တည်းကြောင့် ကောင်းရှန်းကျစ်သည် ဘာမှလုပ်၍မရ ဖြစ်နေခဲ့ခြင်း ဖြစ်၏။
……
“ဒီကောင်လေးကတော့ တကယ့်ကို ဘာမဆို ပြောရဲ ဆိုရဲတာပဲ..”
ပေထင်အုပ်ချုပ်ရေးအဖွဲ့၏ဌာနချုပ်တွင် လက်ထဲရှိစာလွှာနှင့် စားပွဲပေါ်ရှိ စာအုပ်အားကြည့်ကာ စစ်ဟန် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
……
“ဒီကောင်လေးကတော့ တကယ်သတ္တိရှိတဲ့ကောင်ပဲ..”
ရုံကျိုးတွင် ဖြစ်၏..။ လက်ထဲမှ စာအား ဖတ်ပြီးနောက်တွင် ကျန်းရှိုကွေ့ နှာရှုံ့ လိုက်သည်။ ဝတ်ရုံအား တစ်ချက်ခါကာ နေရာမှ ချက်ချင်း ထွက်သွားလိုက်၏။
မြို့တော်မှ ထိုကောင်လေးသည် သူ့အား အမှန်တကယ် အံ့အားသင့်အောင် လုပ်နိုင်ခဲ့သည်။ သို့သော် လက်ရှိတွင် ကျန်းရှိုကွေ့ စိုးရိမ်နေသည်မှာ ဤကိစ္စ မဟုတ်ပေ။
“သစ္စာဖောက် နှစ်ကောင်ကို ရှာမတွေ့သေးဘူးလား..”
“အရှင်၊ ကျွန်တော်တို့ သူတို့ကို ရှီလူမျိုးနဲ့ ခိုက်ထန်လူမျိုးတွေရဲ့နယ်မြေမှာ ရှာတွေ့ခဲ့ပါတယ်..”
……
ဝှစ်..
ဝမ်ချောင်မှ ‘အင်အားကသာ အမှန်တရား’ ဟူသောစာအုပ်အား ပမာဏအများအပြား ရေးသားဖြန့်ဝေနေစဉ်တွင် မရေမတွက်နိုင်သော သတင်းပို့ငှက်များသည် မဟာထန်၏ နယ်နိမိတ်တိုင်းပြည် အသီးသီးထံသို့ ပျံသန်း ရောက်ရှိလာခဲ့၏။
ပင်လယ်ရေပြင်အထက် မီတာလေးထောင်ကျော်တွင်.. တိဘတ်တန်ကုန်းမြင့်၏ အလယ်ဗဟို ဖြစ်သော တော်ဝင်မြို့တော်တွင် တာ့လုံထင်းလင်သည် ဒေါသကြောင့် မျက်မှောင်များ ကုပ်နေ၏။ သူ၏နှစ်ဘေးတွင် အကြောင်းအရာနှစ်ခု ရှိနေသည်။ မဟာထန်၏မြို့တော်ရှိ သူ၏သူလျှိုမှ ရေးသား ပေးပို့လိုက်သော တင်ပြချက်နှင့် ဝမ်ချောင်၏ ‘အင်အားကသာ အမှန်တရား’ ဟူသည့် စာအုပ်ပင်။ ဤစာအုပ် ရောက်လာသည်မှာ အချိန်တစ်ခု ကြာပေပြီ။ ထိုအချိန်မှစ၍ တာ့လုံထင်းလင်သည် လှုပ်ရှားမှု ကင်းမဲ့သွား၏၊ မျက်ခုံးနှစ်ခုကသာ ထိလုမတတ် ပိုပိုကျုံ့ဝင်လာခဲ့သည်။
“တော်ဝင်အမတ်မင်း၊ မဟာထန်မှာ ကွန်ဖြူးရှပ်ဂိုဏ်းက စစ်တပ်ကို ဖိနှိပ်နေတာက ကျုပ်တို့အတွက် တော်တော်ကိုမှ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ..။ ဒါပေမဲ့ မျိုးနွယ်ခြားဘုရင် ရေးလိုက်တဲ့ ဒီစာအုပ်က ကျုပ်အစီအစဉ်အတွက် အန္တရာယ် များလွန်းတယ်..”
တာ့လုံထင်းလင်နောက်တွင် ယာ့လွမ်တော်ဝင်မျိုးနွယ်၏ မဟာဗိုလ်ချုပ် နန်ရီစုန့်ထျန်း ရပ်နေ၏။ သူ၏မျက်လုံးများသည်လည်း စိုးရိမ်မှုကြောင့် မှုန်ကုပ်နေတော့သည်။ ယခုအချိန်တွင် မဟာထန်သည် ကမ္ဘာကြီး၏ ဗဟိုအချက်အချာ ဖြစ်၏။ ထိုနယ်မြေမှ သေးငယ်သော လှုပ်ရှားမှုသည် ဘေးပတ်ဝန်းကျင် တိုင်းပြည်များသို့ ချက်ချင်းပြန်လည် တင်ပြခံရသည်။။ တော်ဝင်ရုံးတော်မှ နေ့စဉ်ပြုလုပ်သည့် အရိုးရှင်းဆုံး ဆုံးဖြတ်ချက်များသည်ပင် ပြန်လည်ပြန့်နှံ့ သွားလေ့ရှိပေသည်။
1293 03
“တော်ဝင်အမတ်မင်း၊ မျိုးနွယ်ခြားဘုရင်သာ အောင်မြင်သွားရင် ဘာကောင်းတာမှ မဖြစ်လာနိုင်ဘူး..။ ကွန်ဖြူးရှပ်ဂိုဏ်းကို အသုံးချပြီး ထန်စစ်တပ်ကို အကြွင်းမဲ့ ဖိနှိပ်ဖို့ ကြိုးစားနေတာလည်း ကျရှုံးသွားမယ်..။ အဲဒါတင် မဟုတ်သေးဘူး။ မဟာထန်သာ ဒီစာအုပ်ထဲက အတိုင်း စတင်ကျင့်သုံးလာမယ်ဆိုရင် သိုးတစ်ကောင်က မြေခွေးတစ်ကောင်အဖြစ် ပြောင်းသွားသလိုပဲ.။. ကျုပ်တို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်..” နန်ရီစုန့်ထျန်းမှ ပြောလာခဲ့သည်။
ယွီရှန်းနှင့် မဟာထန်တို့သည် နိုင်တလှည့် ရှုံးတလှည့်ဖြင့် ရာစုနှစ်ပေါင်းများစွာ ကြာအောင် အချင်းချင်း တိုက်ခိုက်ခဲ့ကြ၏။ နန်ရီစုန့်ထျန်းအတွက် ဤသည်မှာ ပုံမှန်လုပ်ငန်းစဉ်တစ်ခုသာ ဖြစ်သည်။ နိုင်သည် ဖြစ်စေ၊ ရှုံးသည် ဖြစ်စေ ဆယ်စုနှစ်အချို့ ကြာပြီးနောက်တွင် ယွီရှန်းသည် အင်အားပြန်ပြည့်လာသည်ပင်။ အချိန်တစ်ခု စောင့်ဆိုင်းပြီးလျှင် မဟာထန်ကြောင့် ခံစားခဲ့ရသော ရှုံးနိမ့်မှုနှင့် အရှက်ခွဲခံရမှုများကို အဆပေါင်းရာနှင့်ချီ ပြန်လည်ပေးဆပ်လေ့ ရှိ၏။ သို့သော် ယခု ဤစာအုပ် ထွက်ပေါ်လာသော်.. အခြေအနေမှာ လုံးဝကွဲပြားသွားပေပြီ။
ဝမ်ချောင်ကိုသာ အမှန်တကယ် အောင်မြင်ခွင့် ပေးလိုက်မည်ဆိုပါက၊ မဟာထန်တွင် သူ့အား ကြီးမားစွာ လွှမ်းမိုးခွင့် ပေးလိုက်မည်ဆိုပါက.. ထိုအင်ပါယာသည် ကျားနှင့် ဝံပုလွေများ၏ အင်ပါယာတစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုနေ့သည် ယွီရှန်းအတွက် အမှန်တကယ် အဆုံးသတ်မည့်နေ့ပင်..။
“ဒီကိစ္စက မဟာထန်အပေါ်မှာ ဘယ်လောက် သက်ရောက်သွားလဲ..” ရုတ်တရက် တာ့လုံထင်းလင်မှ မေးလာ၏။
“ကူးရေးထားတဲ့ စာအုပ်ရဖို့ လူတွေ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ကြတဲ့အထိပါပဲ..” နန်ရီစုန့်ထျန်း ပြန်ဖြေလာခဲ့သည်။ ဝမ်ချောင်၏စာအုပ်သည် သူ မျှော်လင့်ထားသည်ထက် သက်ရောက်မှု ကြီးမားခဲ့၏။ ထို့ကြောင့်သာလည်း သူ အလွန်စိုးရိမ်နေရခြင်း ဖြစ်သည်။
“စာအုပ်က ထွက်လာ ပြီးနေပြီ..။ ငါတို့အနေနဲ့ ပြောင်းလဲဖို့ ဘာမှမလုပ်နိုင်ဘူး..။ ငါတို့မှာရှိတဲ့ တစ်ခုတည်းသော ရွေးချယ်စရာက သူ့သက်ရောက်မှုကို ကြိုးစား လျှော့ချဖို့ပဲ..”
တာ့လုံထင်းလင်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေ၏။ သို့သော် မျက်လုံးအတွင်းပိုင်းတွင်မူ စိုးရိမ်မှုများ ရစ်တွယ်နေလေသည်။ သူသည် ဝမ်ချောင်နှင့် မတွေ့ဖူးသေးသော်လည်း ဤပထမဆုံး တုန့်ပြန်မှုတွင်ပင် မျိုးနွယ်ခြားဘုရင် အန္တရာယ် များသည်ကို ခံစားမိနေလေပြီ။ ကြောက်ခမန်းလိလိ အင်အားကြီးမားသော ရန်သူဖြစ်ကြောင်း သံသယ ဖြစ်စရာမလိုပေ။
“… အလယ်ပိုင်းလွင်ပြင်မှာရှိတဲ့ ငါတို့လူတွေကို ရှိသမျှနည်းလမ်း အကုန်စဉ်းစားပြီး ဒီစာအုပ်တွေ ဝယ်ပစ်ဖို့ ပြောလိုက်.။. စာအုပ်တွေအကုန်လုံးကို ဖျက်ဆီးပစ်ဖို့က မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဖတ်မိတဲ့ လူအရေအတွက်ကို လျှော့ချဖို့တော့ အကောင်းဆုံး ကြိုးစားလို့ရသေးတယ်..။ ပြီးတော့ လီကျွင်းရှန်းကို ပြောလိုက်၊ မျိုးနွယ်ခြားဘုရင်ရဲ့လုပ်ရပ်က ငါတို့ကို တော်တော် မသက်မသာဖြစ်စေတယ်လို့..။ ဒါက ငြိမ်းချမ်းရေးကို လိုလားတဲ့ တိုင်းပြည်တစ်ခုရဲ့ လုပ်ထုံးလုပ်နည်း မဟုတ်ဘူးဆိုတာရယ်၊ ဒီကိစ္စ ဖြေရှင်းဖို့ သူတို့ရဲ့ကွန်ဖြူးရှပ်ဂိုဏ်းကို နည်းလမ်း စဉ်းစားဖို့ပါ ပြောလိုက်..”
မျိုးနွယ်ခြားဘုရင်သည် ကိုယ်တွယ်ရန် လွယ်ကူသည့် လူစားမျိုးမဟုတ်ပေ။ သူ့အနေနှင့် ဝံပုလွေအား ဝါးမြိုရန်အတွက် ကျားကို လွှတ်ပေးသည့် အဖြစ်မျိုးသာ လုပ်နိုင်ပေသည်။
……
ဖျတ် ဖျတ်.. လင်းယုန်ငှက်များ၊ သိမ်းငှက်များ ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့သည်။
ဝေးကွာသော စန်းမိတောင်တွင် ‘အင်အားကသာ အမှန်တရား’ အမည်ရှိသောစာအုပ်သည် တောင်တစ်တောင်လုံးကို တုန်လှုပ်သွားစေခဲ့၏။
“ခွေးကောင်၊ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး ဖြစ်လာတာလဲ..”
တောင်ထိပ်ရှိ ရွှေရောင်ရွက်ဖျင်တဲမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ဆူညံသံများကြားတွင် အာပုရာခါကန်း၏ ဒေါသကြောင့် စားပွဲများ၊ ကုလားထိုင်များသည်ပင် ပြောင်းပြန် လှန်ကုန်ကြသည်။
အာပုရာခါကန်းသည် မျက်လုံးပြူး မျက်စံပြူးဖြင့် ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။ တာလက်စ်စစ်ပွဲတွင် မဟာထန်သည် စစ်သည်တစ်သိန်းဖြင့် သူ့ထက်ဆယ်ဆ ပိုမိုများပြားသော ရန်သူများကို အနိုင်ယူခဲ့သည်။ ထို့နောက်တွင် ခိုရာစန်း၊ အာရေဗျတိုက်ပွဲများတွင်လည်း ဆုံးရှုံးမှုအရေအတွက်မှာ တစ်သန်းကျော် ခဲ့၏။ အာရေဗျစစ်နတ်ဘုရား ချူးထေးဘတ်သည်ပင် ဝမ်ချောင် လက်ချက်ဖြင့် သေဆုံးခဲ့သည်။
1293 04
အာပုရာခါကန်းသည် အနောက်တာကီခါကနိတ်က မယုံနိုင်လောက်အောင် အင်အား ကြီးမားသည်ဟု အမြဲတစေ ယုံကြည်ခဲ့၏။ သို့သော် အာရေးဗီးယား အင်ပါယာအား ဆန့်ကျင်နိုင်လောက်သည့် အဆင့်အထိတော့ မရောက်ခဲ့ပေ။ အာရေဗျသည်ပင် မဟာထန်အား မကိုင်တွယ်နိုင်လျှင် မည်သည့်တိုင်းပြည်က ကိုင်တွယ် နိုင်ပါတော့မည်နည်း..။
ဤစစ်ပွဲများသည် အာပုရာခါကန်း၏ ယုံကြည်ချက်များကို ရိုက်ချိုးပစ်ခဲ့သည်။ ယခုတွင် သူသည် မဟာထန်၏ မျိုးနွယ်ခြားဘုရင်အား အလွန်စိုးရိမ်လာလေပြီ။ မဟုတ်၊ ဤခံစားချက်မှာ စိုးရိမ်သည့် ခံစားချက် မဟုတ်ပေ။ ကြောက်ရွံ့နေခြင်းပင်..။ ထို့အပြင် ဤကြောက်ရွံ့မှုသည် အနောက်တာကီခါကနိတ်၏ စစ်သည်အင်အား လျှော့ချရန် အခြားနိုင်ငံများနှင့် လျင်မြန်စွာ သဘောတူခဲ့ခြင်းအပေါ် ကြီးမားစွာ သက်ရောက် လာခဲ့သည်။
“မဟာထန်က ကွန်ဖြူးရှပ်ဂိုဏ်းက ဘာလုပ်နေတာလဲ..။ ဒီစာအုပ်သာ မဟာထန်တစ်ခုလုံး ပြန့်သွားပြီး ဒီထဲက အယူအဆတွေကို လူတိုင်း လက်ခံလိုက်ရင် ဘာတွေ ဖြစ်ကုန်မလဲဆိုတာ သူတို့ မသိကြဘူးလားကွ..”
အာပုရာခါကန်း ဘယ်လိုမှ စိတ်ပြန် မငြိမ်နိုင်တော့ပေ။ ဤစာအုပ်သည် စစ်သည်တစ်သန်းနှင့် စစ်တပ်တစ်ခုထက် သူ့အား ပိုမိုကြောက်ရွံ့စေ၏။ ဤစာအုပ်က မည်မျှပင် ကြောက်မက်ဖွယ် ကောင်းသည်ကို သူ့ထက် ပိုနားလည်သည့်လူ မရှိတော့ပေ။
အနောက်တာကီခါကနိတ်ဖြစ်စေ၊ အရှေ့တာကီခါကနိတ်ဖြစ်စေ.. သူတို့သည် သူတို့ထက် လူဦးရေဆယ်ဆ ပိုမိုများပြားသော အလယ်ပိုင်းလွင်ပြင်၏ မင်းဆက်အသီးသီးအား ဖိနှိပ်နိုင်ခဲ့သည်။ သူတို့ဘက်မှ တစ်ကြိမ်ပြီး တစ်ကြိမ် တိုက်စစ်ဆင်ကာ တစ်ဖက်အား ခုခံကာကွယ်ရန် အဆက်မပြတ် ဖိအားပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် တာ့ခ်လူမျိုးများသည် ဝံပုလွေစရိုက် ရှိကာ ထန်လူမျိုးနှင့် အခြားမင်းဆက်များသည် သိုးများနှင့်တူ၏။ သို့မဟုတ် စာပေပညာရှင်များဟု ခေါ်ဆို၍ ရပေသည်။
သူတို့လူမျိုးများအတွက် စာပေပညာရှင်များမှာ ငကြောက်များသာ ဖြစ်၏။
‘သိုးသည် ဝံပုလွေ၏အစာဖြစ်၏’ ဤသည်မှာ ကမ္ဘာလောကကြီး၏ နိယာမစည်းမျဉ်းတစ်ခု ဖြစ်သည်။ သို့သော် အလယ်ပိုင်းလွင်ပြင်မှ ထန်လူမျိုးများသာ မျိုးနွယ်ခြားဘုရင်၏ အယူအဆများကို လက်ခံလိုက်မည် ဆိုလျှင် အနောက်တာ့ခ်လူမျိုးများ ရင်ဆိုင်ရသည်မှာ သိုးတစ်ကောင် ဟုတ်တော့မည် မဟုတ်ချေ။ သူတို့နည်းတူ သို့မဟုတ် သူတို့ထက်ပင် ပိုမိုရက်စက်ကြမ်းကြုတ်သည့် ဝံပုလွေတစ်ကောင် ဖြစ်သွားလေပြီ။
ဤသည်မှာ အာပုရာခါကန်း အကြောက်ဆုံး ဖြစ်၏။
အာပုရာခါကန်း၏ ဒေါသအောက်တွင် ရွက်ဖျက်တဲအတွင်းရှိ အစေခံများ ကြောက်လန့်စွာ တုန်ယင်လာကြသည်။ ရေနက်နတ်ဆရာနှင့် ဝူနျိုရှီပိတို့ကသာ တည်ငြိမ် နေခဲ့ကြ၏။ သို့သော် ထိုစာအုပ်အား အကြည့်ရောက်သွားသည့်အချိန်တွင် သူတို့နှစ်ဦးသည်လည်း မျက်နှာအမူအရာ လေးနက်လာကာ မတည်ငြိမ် နိုင်ကြတော့လေပြီ။
******
အပိုင်း ၁၂၉၄
ကမ္ဘာအား တုန်လှုပ်စေခြင်း (၃)
မျိုးနယ်ခြားဘုရင်ကိုသာ အောင်မြင်ခွင့်ပေးလိုက်မည်ဆိုလျှင် စစ်ပွဲတစ်ခုတည်း၏ ရလဒ်ကိုသာ ဆုံးဖြတ်ပေးနိုင်မည်မဟုတ်၊ နောင်အနာဂတ်တွင် ဖြစ်လာမည့် စစ်ပွဲများအားလုံးကိုလည်း ဖြေရှင်းပြီးရာ ရောက်သွားပေလိမ့်မည်။ စစ်သည်တော်အင်အားများပြားသော မဟာထန်သည် အင်အားကြီးမားသူ စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းကာ နယ်မြေချဲ့ထွင်လိုသည့်ဆန္ဒ ဖြစ်ပေါ်လာမည်ဆိုပါက ဘေးပတ်ပတ်လည်ရှိ တိုင်းပြည်များအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာပေလိမ့်မည်။
“အရှင်၊ အခုက ဒါတွေစဉ်းစားရမဲ့အချိန် မဟုတ်သေးပါဘူး.. ခုလော်၊ မင်း လူလွတ်ပြီး မြို့တော်က ဘယ်လှုပ်ရှားမှုကိုမဆို မျက်ခြေမပြတ် အသေးစိတ်စောင့်ကြည့်ထား..” ရုတ်တရက် ဝူနျိုရှီပိမှ ပြောလာခဲ့သည်။ သူ၏အကြည့်များသည် ဘေးဘက်ရှိ အနောက်တာကီဗိုလ်ချုပ်ထံ ကျရောက်သွား၏။ “အခြေအနေဆိုးလာပြီး မဟာထန်တစ်ခုလုံး ဒီကောင်လေးအကြံကို လက်ခံလိုက်တယ်ဆိုရင် စစ်ပွဲစမယ်..”
“ဟုတ်ကဲ့ပါ အရှင်”
ဗိုလ်ချုပ်သည် အမိန့်ခံယူကာ အလျင်အမြန်ပင် လှည့်ထွက်သွားလိုက်၏။
“ကွားလန်၊ ငါ့အမိန့်ကိုဖြန့်လိုက်.. ဘယ်စစ်သည်မဆို စစ်မြေပြင်ကိုသွားဖို့ အချိန်မရွေး အဆင်သင့်ဖြစ်နေပါစေ..”
ဝူနျိုရှီပိ၏ အမိန့်စကားများကြောင့် အာပုရာခါကန်းသည်လည်း သတိပြန်ဝင်လာခဲ့၏။ မဟာထန်၏မြို့တော်အတွင်း ဖြစ်ပွါးနေသော အဖြစ်အပျက်များမှာ အနောက်တာကီ၏ လုပ်ဆောင်နိုင်စွမ်းနှင့် များစွာအလှမ်းကွာဝေးနေပေသည်။ သူတို့အနေနှင့် အဆိုးဆုံးအခြေအနေအတွက် သူတို့ကိုယ်သူတို့ အသင့်ပြင်ထားကာ အခြေအနေ မည်သို့မည်ပုံ ထူးလာမည်ကို စောင့်ကြည့်နေရန်သာ တတ်နိုင်၏။
……
အနာက်တောင်ဘက်၌ ရှိနေသော ဂိုဂူလျော၊ ရှီလူမျိုး၊ ခိုက်ထန်ထူမျိုးနှင့် မုန့်ရှီကျောက်တို့သည်လည်း မဟာထန်၏ မြို့တော်မှ သတင်းများကြားသော် ကြောက်ရွံ့စိတ်များဖြင့် မသက်မသာဖြစ်လာခဲ့ကြသည်။
……
ယခုအချိန်တွင် ဝမ်ချောင်၏ ‘မှန်တာလုပ်ရမယ်’ စာအုပ်သည် မြို့တော်အတွင်းတွင် ယမ်းမှုန့်စည်ပိုင်းအား မီးညှိပေးလိုက်သကဲ့ပင်။ လူတိုင်း မျှော်လင့်ထားသည်ထက် သက်ရောက်မှုပိုကြီးခဲ့၏။ ရုံးတော်နှင့် ပြည်သူများ နှစ်ရပ်လုံး၏ စိတ်ဝင်စားမှုကို ခံနေရသည်။
ဆန္ဒပြသမားများ သိသိသာသာ ငြိမ်ကျသွားကာ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များတွင် ဤစာအုပ်အကြောင်း ဆွေးနွေးသည့်လူများဖြင့် ပြည့်နှက်နေ၏။
“.. ဓားတွေက လူ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်နိုင်တယ်၊ ဒါပေမဲ့ လူတစ်ယောက်ရဲ့ စိတ်ကူးအတွေးကိုတော့ မဖျက်ဆီးနိုင်ဘူး.. တိုင်းပြည်နဲ့ပြည်သူကြားက ဆက်ဆံရေးမှာ၊ အဆုံးမရှိတဲ့ အမှောင်ထုတောအုပ်ထဲမှာ လူတစ်ယောက်က ရဲရင့်ခြင်းနဲ့ သိုင်းပညာရပ်ခွန်အားရဲ့ အရေးပါမှုကို အသိအမှတ်မပြုရင် စောင့်ကြိုနေတဲ့ တစ်ခုတည်းသောအရာက သေခြင်းတရားပဲ..”
မြို့တော်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အမျိုးသားတစ်ဦးသည် လက်ထဲရှိစာအုပ်အား ဆုပ်ကိုင်ကာ တစ်ကိုယ်တည်း ရေရွတ်နေခဲ့၏။ ‘မှန်တာလုပ်ရမယ်’ စာအုပ်၏ နောက်ဆုံးစာမျက်နှာ၌ ရေးသားထားသော ဤစာပိုဒ်သည် သူ့အားတော်တော်ဆွဲဆောင်နေခဲ့သည်။
ဝမ်ချောင်၏စာအုပ်ထဲတွင် လူအများ အကြိတ်အနယ်ဆွေးနွေးကြရသည့် စာပိုဒ်များ များစွာပါ၏။ ထိုထဲတွင် ဤစာပိုဒ်သည် နာမည်အကြီးဆုံးစာပိုဒ်ဖြစ်သည်။ ရေရွတ်နေရင်းဖြင့် ထိုလူ၏မျက်လုံးများထဲတွင် နားလည်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ငြိမ်သက်သွားကာ သူ၏စစ်ပွဲဆန့်ကျင်သောဆိုင်းဘုတ်အား ပြန်ကြည့်လိုက်၏။
“ငြိမ်းချမ်းနေတာက ဆိုးတော့မဆိုးပါဘူး၊ ဒါပေမဲ့ ဒီငြိမ်းချမ်းရေးက ငါတွေးထားသလို လွယ်လွယ်နဲ့ မရနိုင်ဘူးပဲ.. ပေးဆပ်မှုတွေ၊ အားစိုက်ထုတ်မှုတွေ အများကြီးလိုအပ်တယ်.. ဒီစာအုပ်ထဲမှာ ပြောထားသလိုပဲ ရဲရင့်ခြင်းနဲ့ သိုင်းပညာရပ်ခွန်အားကပဲ ဒီငြိမ်းချမ်းမှုကို တည်တံ့အောင် လုပ်ပေးနိုင်မှာ..”
ကမ္ဘာပေါ်တွင် အဖိုးအထိုက်တန်ဆုံး ရတနာတစ်ခုကဲ့သို့ ထိုအမျိုးသား စာအုပ်အား တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။ သူသည် စာအုပ်ပေါင်းမြောက်များစွာ ဖတ်ဖူး၏။ သို့သော် မည်သည့်စာအုပ်ကမှ သူ့အား ဤကဲ့သို့ ထူးခြားသည့်ခံစားချက်မျိုး မပေးဖူးခဲ့ပေ၊ သူ့အား ဤကဲ့သို့ အသိအမြင်ဉာဏ်အလင်း မပွင့်စေခဲ့ပေ။
မြို့တော်၏ နေရာအနှံ့တွင် အလားတူမြင်ကွင်းမျိုး ဖြစ်ပွါးနေခဲ့၏။ ‘မှန်တာလုပ်ရမယ်’ ဟူသော စကားလုံးများသည် မီးတောက်တစ်ခုကဲ့သို့ အင်ပါယာတစ်ခုလုံး ပြန့်နှံ့သွားခဲ့သည်။
လူများအား ဉာဏ်အလင်းပွင့်သွားစေကာ သူတို့၏စိတ်အတွင်း၌ ကိုင်ဆွဲထားသည့် အယူအဆများအပေါ် နက်ရှိုင်းစွာ ဆင်ခြင်သုံးသပ်လာစေခဲ့၏။ တစ်ညတာအချိန်အတွင်းမှာပင် စစ်ပွဲဆန့်ကျင်သောအသံများအားလုံး ငြိမ်ကျသွားခဲ့သည်။ သို့သော် ဤငြိမ်သက်မှုတွင် အချို့သော မကျေနပ်ချက်များကလည်း လိမ့်တက်လာနေခဲ့၏။
“ရဲတင်းလွန်းတယ်.. ဒါက ကိုယ်ကိုယ်ကိုယ် အထင်ကြီးတာထက်ကို အများကြီးပိုနေပြီ.. ပညာရေးပိုင်းမှာ ဘာအောင်မြင်မှုမှမရှိတဲ့ စစ်သားသာသာ လူတစ်ယောက်က သူ့အယူအဆတွေကိုရေးပြီး စာအုပ်တောင် ထုတ်လိုက်သေးတယ်.. သူ့ကို ဘယ်သူက လုပ်ခွင့်ပေးလို့လဲကွ.. ကွန်ဖြူးရှပ်တွေရဲ့ ထောင်စုနှစ်ချီ ကြာမြင့်နေတဲ့ သင်ကြားမှုတွေကို သူက မေးခွန်းထုတ်ရဲတယ်ပေါ့..”
“မှန်တယ်၊ ဒီလိုမျိုး မှားယွင်းတဲ့အယူအဆတွေကို ကျုပ်တို့ ခွင့်ပြုပေးလို့မရဘူး.. လူတိုင်း ပူးပေါင်းပြီး မျိုးနွယ်ခြားဘုရင်ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ပြီး ဒီခွေးအယူအဆတွေကို အမြစ်ကနေ လှန်ထုတ်ပစ်ရမယ်.. မဟုတ်ရင် တိုင်းပြည်ကို နှစ်ပေါင်းတစ်ထောင်လောက် အဆိပ်ခတ်နေလိမ့်မယ်.. သူ့အပြစ်အတွက် ဝမ်ကလန်ရဲ့အငယ်ဆုံးသားကို အခေါက်တစ်ရာလောက် သတ်မယ်ဆိုရင်တောင် အပြစ်ကြေမှာ မဟုတ်ဘူး..”
“ဥပဒေသသုံးခုနဲ့ သူတော်ကောင်းတရားငါးခုရှိတယ် : အုပ်ချုပ်သူက အုပ်ချုပ်သူ၊ နာခံတဲ့လူက နာခံတဲ့လူ၊ အဖေက အဖေ၊ သားက သား— ဒါတွေက ကမ္ဘာကြီးရဲ့ အခြေခံအုတ်မြစ်၊ အရာအားလုံးရဲ့ ဇစ်မြစ်ပဲ.. ဒါသာဖျက်ဆီးခံလိုက်ရရင် ကျုပ်တို့မှာ ဘာသွားကျန်တော့မှာလဲ..”
မြို့တော်၏ အနောက်ပိုင်းရှိ ကျောင်းတစ်ကျောင်းတွင် သုတကြွယ်ဝသော ကွန်ဖြူးရှပ်သမား ဆယ်ဦးခန့် စုဝေးနေကြသည်။ အားလုံးသည် ဒေါသများဖြင့် တရှူးရှူးတရှဲရှဲဖြစ်နေကြ၏။ မြို့တော်အတွင်းတွင် ဝမ်ချောင်၏အတွေးအခေါ်မှာ အလွန်ပြန့်နှံ့လာကာ သူတို့တပည့်များသည်ပင် တစ်အုပ်စီ ဝယ်ထားကြပေသည်။ ကွန်ဖြူးရှပ်ကျောင်းသည် စေတနာနှင့် ဖြောင့်မတ်မှန်ကန်မှုအား အလေးထား၏။ သို့သော် ယခုတွင် ဤတပည့်များသည် အားကြီးသူက အားနည်းသူကိုအနိုင်ယူသည် ဟူသော ကွန်ဖြူးရှပ်ဝါဒနှင့် ဆန့်ကျင်နေသည်များကို ဖတ်နေကြသည်။ နာမည်ပျက်စရာကောင်းပေသည်။
ဤစာအုပ်များကို သူတို့၏ကျောင်းအသီးသီးမှ အကြိမ်အတော်များများ သိမ်းခဲ့၏။ သို့သော် သူတို့၏ တားမြစ်ချက်မှာ အချည်းနှီးပင်။
နောက်ဆုံးတွင် ကွန်ဖြူးရှပ်သမားတစ်ဦးသည် ဒေါသတကြီးဖြင့် ရုတ်တရက် ထရပ်လိုက်၏။
“ဒီကိစ္စကို ကျောင်းသခင်ဆီ တင်ပြရမယ်.. ဘာပဲဖြစ်ဖြစ် ဒီစာအုပ်ကို ဆက်မပြန့်အောင်တားရမယ်..”
မြို့တော်ရှိ ကျောင်းများတွင် အလားတူမြင်ကွင်းများ ပြန့်နှံ့ဖြစ်ပွါးနေ၏။ ထို့နောက်တွင် ဤသတင်းများအားလုံးသည် မြို့တော်၏အနောက်ပိုင်းရှိ ရုံးတော်အကြံပေးဂေဟာ၌ လာရောက်စုပြုံခဲ့သည်။
ယခုတွင် ဧည့်တွေ့ခန်းမအတွင်းတွင် ဧည့်သည်များအတွက် ချထားသော စားပွဲများ၊ ထိုင်ခုံများအားလုံးကို ရှင်းလင်းထား၏။
ခန်းမအလယ်တွင် လီကျွင်းရှန်းတစ်ဦးတည်း တင်ပလ္လင်ခွေ ထိုင်နေခဲ့သည်။ သူ၏ဘေးပတ်ပတ်လည်တွင် နာမည်ကျော် ကွန်ဖြူးရှပ်သမားများထံမှ စာလွှာများ၊ အသနားခံလွှာများက ပြန့်ကျဲနေ၏။
ဤစာလွှာများအားလုံးသည် ဝမ်ချောင်နှင့် သူ၏ ‘မှန်တာလုပ်ရမယ်’ စာအုပ်အား ပြစ်တင်ဝေဖန်ထားကြကာ စာလွှာတိုင်းတွင် ဒေါသအငွေ့အသက်များ လွှမ်းခြုံနေ၏။ လီကျွင်းရှန်းအား အစိုးရိမ်စေဆုံးမှာ စာလွှာများ၌ အမှုမဲ့အမှတ်မဲ့ ဖော်ပြထားသော သတင်းအချက်အလက်များဖြစ်သည်။
စာအုပ်အတွင်းမှ အတွေးအခေါ်များသည် ပုလိပ်ရောဂါတစ်ခုကဲ့သို့ ပြန့်နှံ့နေကာ လူများအပေါ် ပိုမိုလွှမ်းမိုးလာနေ၏။
“ဘာပဲဖြစ်ဖြစ် ငါတို့ ဒါကိုတားရမယ်..”
လီကျွင်းရှန်း၏မျက်လုံးများထဲမှ တက်ကြွမှုအားမာန်များမှာ ပျောက်ကွယ်သွားလေပြီ။ စိုးရိမ်များ၊ စိတ်မသက်မသာဖြစ်ခြင်းများ၊ ဆုံးဖြတ်ချက်ပြတ်သားခြင်းများသာ ကျန်ရှိနေတော့၏။
သူ၏ဘဝတစ်ခုလုံးနှင့် ကွန်ဖြူးရှပ်ဂိုဏ်း၏ သက်တမ်းတစ်လျှောက်လုံးသည် ကိစ္စတစ်ခုအတွက် ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ အရေးကြီးသော အခိုက်အတန့်မျိုးတွင် လီကျွင်းရှန်းသည် မည်သူ့ကိုမှ သူ့အစီအစဉ်အား ဖျက်ဆီးခွင့်ပေးမည်မဟုတ်ပေ။
ပြုလုပ်ရဲသည့်လူ မည်သူမဆို သူ၏ရန်သူပင်..
ဝှီးး.. ဖျတ် ဖျတ် ဖျတ်..
လေပြည်တစ်ချက်သည် လီကျွင်းရှန်းရှေ့ရှိ စာအုပ်များအား တဖျတ်ဖျတ်လှန်သွားစေခဲ့သည်။ သေချာကြည့်မည်ဆိုလျှင် ဤစာအုပ်များအားလုံးမှာ လီကျွင်းရှန်း သူ့လူများကို ဝယ်ခိုင်းထားသည့် ‘မှန်တာလုပ်ရမယ်’ စာအုပ်များဖြစ်ကြောင်း မြင်ရပေမည်။ စာအုပ်များသည် လီကျွင်းရှန်းရှေ့၌ ပြန့်ကျဲနေကာ အထဲမှ အကြောင်းအရာများကို သူ အကုန်မှတ်မိနေပေပြီ။
“ဝမ်ချောင်၊ ဒီလိုဖြစ်အောင် မင်းကိုယ်တိုင် လုပ်ခဲ့တာပဲ..”
လီကျွင်းရှန်း ခေါင်းမော့လာခဲ့သည်။ သူ၏မျက်လုံးများမှာ ထက်ရှမှုနှင့် ရက်စက်သောအလင်းတန်းတို့ဖြင့် တောက်ပနေ၏။ ယခုအချိန်တွင် သူ သင်ယူခဲ့သမျှ အရာအားလုံး၊ သူ၏စိတ်အတွင်း၌ စုစည်းထားသည့် ပြင်းပြသောဆန္ဒများအားလုံး ထွက်ပေါ်လာခဲ့သည်။ စုတ်တံကောက်ကိုင်ကာ သူ့ရှေ့ရှိ စာရွက်ထက်၌ ခပ်ကြီးကြီး စာလုံးသုံးလုံး ရေးချလိုက်၏ : ‘ကြင်နာခြင်း နှင့် တရားမျှတမှုရှိခြင်း’..
ဝေါ… လီကျွင်းရှန်း၏ ရုံးတော်အကြံပေးဂေဟာမှ လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်လာကာ မြို့တော်တစ်ခုလုံး ပြန့်နှံ့သွားခဲ့၏။
ဝမ်ချောင်၏ ‘မှန်တာလုပ်ရမယ်’ စာအုပ် ထွက်ပေါ်လာပြီးနောက်တွင် နောက်ထပ်သောမုန်တိုင်းတစ်ခု မြို့တော်အား စတင်လွှမ်းခြုံလာခဲ့သည်..
မြို့တော်သည် အမြဲတစေ ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့ရ၏။ ဝမ်ချောင်၏စာအုပ် ထွက်ပေါ်လာပြီးနောက် ရှစ်ရက်အကြာတွင် ‘ကြင်နာခြင်းနှင့် တရားမျှတမှုရှိခြင်း’၊ ‘ငှက်နှင့်သားရဲများ၏ ဒေသနာ’ အမည်ရှိသော စာအုပ်နှစ်အုပ် ထပ်မံထွက်ရှိလာခဲ့သည်။ ထိုမျှသာမက ဤစာအုပ်နှစ်အုပ် ရေးသားသည့်လူမှာလည်း အခြားမဟုတ်ပေ၊ နာမည်ကျော် ရုံးတော်အကြံပေး လီကျွင်းရှန်းပင်။ ဤပုဂ္ဂိုလ်သည် လျှာစောင်းထက်၏၊ ဘေးပတ်ပတ်လည်တိုင်းပြည်များအား စစ်သည်တော်အရေအတွက် စုစုပေါင်း တစ်သန်းနီးပါးလျှော့ချရန် ပြုလုပ်နိုင်ခဲ့သည့်လူဖြစ်သည်။
စာအုပ်နှစ်အုပ်သည် ဝမ်ချောင်၏ ‘မှန်တာလုပ်ရမယ်’ စာအုပ်အား ပစ်မှတ်ထားခြင်းဖြစ်ကာ စာအုပ်အတွင်း ပါဝင်သည့် စကားလုံးတိုင်း၊ စာကြောင်းတိုင်းကို အပြစ်ရှာပြောဆိုထား၏။တစ်ဦးမှာ ရုံးတော်အကြံပေးဖြစ်ကာ ကျန်တစ်ဦးသည် အကြံပေးဖြစ်လာတော့မည့်ပုဂ္ဂိုလ်ဖြစ်သည်။ နှစ်ဦးလုံးသည် မဟာထန်အတွက် အရေးပါသော အပိုင်းကဏ္ဍမှလူများဖြစ်၏။ ဤနှစ်ဦးကြားမှ ငြင်းခုံတိုက်ခိုက်ခြင်းသည် မဟာထန်အား အလျင်အမြန်ပင် လှုပ်ခါသွားစေခဲ့သည်။
“ဆိုင်ရှင်၊ ကျွန်တော့်ကို တစ်အုပ်ပေး..”
“ကျွန်တော်လည်း တစ်အုပ်ယူမယ်..”
“ဗျာ.. နှစ်အုပ်လုံးမရှိတော့ဘူးလား.. ရောင်းကုန်သွားတာလား၊ မြန်လိုက်တာ..”
မြို့တော်ရှိ စာအုပ်များတွင် လူများကြိတ်ကြိတ်တိုးစည်ကားလာခဲ့သည်။
စာအုပ်နှစ်အုပ်သည် တစ်ရက်အတွင်းမှာပင် ရောင်းကုန်သွားခဲ့၏။ မြို့တော်ရှိ ပုံနှိပ်ဆိုင်များသည် ပိုမိုထုတ်လုပ်နိုင်ရန်အတွက် အချိန်ပိုပင် ဆင်းခဲ့ကြသော်လည်း မြို့တော်ရှိ လူဦးရေ၏ ဝယ်လိုအားအား အလျင်မီအောင် မလုပ်နိုင်ခဲ့ကြပေ။
ဤသည်မှာ တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်ဖူးသော မုန်တိုင်းတစ်ခုဖြစ်သည်။ ရှေ့ရက်များမှ အငြင်းအခုံများကိုပင် ကျော်တက်သွား၏။ မည်သူမှဘာမှမပြောသော်လည်း လီကျွင်းရှန်းသည် ကွန်ဖြူးရှပ်အား ကိုယ်စားပြုကာ ဝမ်ချောင်မှာ စစ်ဝါဒီအား ကိုယ်စားပြုသည်ကို လူတိုင်းသိပေသည်။ ‘မှန်တာလုပ်ရမယ်’ သည် စစ်ဝါဒီ၏ ရှုထောင့်များကို ဖော်ပြထားခြင်းဖြစ်၏၊ ဝမ်ချောင် ဖော်ပြခဲ့သော အတွေးအခေါ်များသည် ကွန်ဖြူးရှပ်ကျောင်းများအားလုံးကို ဒေါသထွက်စေခဲ့သည်မှာ အသေအချာပင်။
ထို့ကြောင့်သာလည်း လီကျွင်းရှန်းသည် ‘ကြင်နာခြင်းနှင့် တရားမျှတမှုရှိခြင်း’၊ ‘ငှက်နှင့်သားရဲများ၏ ဒေသနာ’ တို့ကို ရေးသားခဲ့ခြင်းဖြစ်၏။
ဤသည်မှာ စစ်ဝါဒီနှင့် ကွန်ဖြူးရှပ်များကြား ထိပ်တိုက်တွေ့ဆုံခြင်းပင်။ မဟာထန်နှင့် အလယ်ပိုင်းလွင်ပြင်တစ်ခုလုံး၏ အနာဂတ်အား ဆုံးဖြတ်ပေးရာ၌ အလွန်အရေးပါလိမ့်မည်။ လူတစ်ဦးတိုင်း၊ အဖွဲ့အစည်းတစ်ခုချင်းစီတိုင်းသည် လေထုအတွင်းမှ အလွန်အန္တရာယ်များသည့် အငွေ့အသက်အား ခံစားမိလာကြသည်။
“လေပြည်တွေက မုန်တိုင်းရဲ့ ရှေ့တော်ပြေးပဲ.. မဟာထန်ကတော့ ပြောင်းလဲမှုကြုံတွေ့ရတော့မယ်..”
မြို့တော်၏ အနောက်ဘက်ပိုင်းရှိ ကြီးမားသောခြံဝန်းတစ်ခုအတွင်းတွင် ကလန်ခေါင်းဆောင်တစ်ဦးသည် လက်တစ်ဖက်တွင် ‘မှန်တာလုပ်ရမယ်’ ကိုင်ထားကာ အခြားတစ်ဖက်တွင် ‘ကြင်နာခြင်းနှင့် တရားမျှတမှုရှိခြင်း’ ကိုင်ထား၏။ သူ၏မျက်လုံးများထဲတွင် စိုးရိမ်မှုများက သိသိသာသာ ရစ်သိုင်းနေခဲ့သည်။ အဓိကကလန်ဖြစ်သည့် သူသည်ပင် မြို့တော်ရှိ အငြင်းပွါးမှုအပေါ် ကြောက်ရွံ့စိတ် ခံစားနေရလေသည်။ ဤအခြေအနေသည် အလွန်အန္တရာယ်များသည့် အခြေအနေဖြစ်၏၊ သတိတစ်ချက်လွတ်လိုက်သည်နှင့် ချောက်နက်အတွင်း ထိုးကျသွားနိုင်သည်။ ထိုအချိန်ရောက်လျှင် သူတို့၏ခန္ဓာကိုယ်မှာ အမှုန့်များအဖြစ် ကြေမွသွားကာ အရိုးများ တစစီဖြစ်သွားပေလိမ့်မည်။
“ကျင့်ဝတ်ထုံးနည်းကိုမသိတာ၊ အကြင်နာတရားကိုနားမလည်တာ.. လူတိုင်းက ခွန်အားကိုပဲ လိုချင်တပ်မက်နေကြရင် လူဆိုတာ ငှက်တွေ၊ သားရဲတွေနဲ့ ဘာကွာတော့မှာလဲ..”
______________
ဥပဒေသသုံးခုဆိုသည်မှာ : အုပ်ချုပ်သူသည် လက်အောက်ငယ်သားအား လမ်းညွှန်ပြသသင့်သည်၊ ဖခင်သည် သားအား လမ်းညွှန်ပြသသင့်သည်၊ ခင်ပွန်းသည်သည် ဇနီးသည်အား လမ်းညွှန်ပြသသင့်သည်။
သူတော်ကောင်းတရားငါးခုမှာ : ကြင်နာခြင်း၊ တရားမျှတမှုရှိခြင်း၊ ကျင့်ဝတ်မှန်ကန်ခြင်း၊ ဉာဏ်ပညာကြီးမားခြင်းနှင့် ရိုးသားဖြောင့်မတ်ခြင်းတို့ဖြစ်သည်။
+++++
အပိုင်း ၁၂၉၅
ကမ္ဘာအား တုန်လှုပ်စေခြင်း (၄)
“ကျင့်ဝတ်ထုံးနည်းကိုမသိတာ၊ အကြင်နာတရားကိုနားမလည်တာ.. လူတိုင်းက ခွန်အားကိုပဲ လိုချင်တပ်မက်နေကြရင် လူဆိုတာ ငှက်တွေ၊ သားရဲတွေနဲ့ ဘာကွာတော့မှာလဲ..”
“ကောင်းလိုက်တဲ့စာသား.. ‘မှန်တာလုပ်ရမယ်’ ဆိုတာက ဘာလဲ.. ကလိမ်ကကျစ်တဲ့နည်းလမ်း၊ ယုတ်မာတဲ့နည်းလမ်းပဲ.. သူ့ကိုသင်ခန်းစာပေးဖို့ တစ်ယောက်ယောက် ရှေ့ထွက်လာသင့်တာ ကြာနေပြီ..”
မြို့တော်၏တောင်ပိုင်းရှိ ဝါးရုံတောတစ်ခုအတွင်းတွင် ရေနွေးငွေ့စီးကြောင်းတစ်ခုအား ဖြတ်သန်းထိုးထားသော တံတားတစ်စင်းရှိ၏။ ယခုတွင် နာမည်ကျော်ကွန်ဖြူးရှပ်သမားအတော်များများ ဤတောအုပ်အတွင်း၌ စုဝေးနေကြသည်။
လီကျွင်းရှန်း ထုတ်ဝေထားသော ‘ကြင်နာခြင်းနှင့် တရားမျှတမှုရှိခြင်း’၊ ‘ငှက်နှင့်သားရဲများ၏ ဒေသနာ’ စာအုပ်နှစ်အုပ်အား ကိုင်ထားကြမှာ မျက်နှာအမူအရာမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေကြ၏။
သူတို့ စောင့်နေခဲ့ကြသည်မှာ အချိန်အတော်ကြာပေပြီ၊ နောက်ဆုံးတွင် ကွန်ဖြူးရှပ်များ၏ တန်ပြန်တိုက်ခိုက်မှု ထွက်ပေါ်လာခဲ့၏။ ထွက်ပေါ်လာသည်မှာလည်း အလွန်လျင်မြန်ပြင်းထန်ကာ သူတို့ထင်ထားသည်ထက် ပိုသာပေသည်။
“မျိုးနွယ်ခြားဘုရင်ကို ဘယ်သူက ဂရုစိုက်လို့လဲ.. သူက ကောင်းကင်သားတော်ဖြစ်နေတယ်ဆိုရင် ဘာလုပ်နိုင်မှာမို့လို့လဲ.. ဒီလိုမျိုး လွဲမှားတဲ့အယူအဆတွေ ဖြန့်ဝေရဲတဲ့လူကို နာမည်ပျက်အောင်လုပ်ပြီး ဝိုင်းကျဉ်ရမှာ..”
“ဒီ ‘မှန်တာလုပ်ရမယ်’ကို အခွင့်အရေးအနေနဲ့အသုံးချပြီး နောက်ထပ်ဒီလိုမျိုး ထပ်မထွက်လာဖို့ ကျုပ်တို့ ပူးပေါင်းလှုပ်ရှားကြမယ်..” ကွန်ဖြူးရှပ်သမား အတော်များများမှ စိတ်လှုပ်ရှားစွာ ပြောလာခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် မြို့တော်၏အခြားတစ်နေရာတွင် ချပ်ဝတ်များ မဝတ်ဆင်ထားသော ဗိုလ်ချုပ်တစ်ဦး စားသောက်ဆိုင်တစ်ဆိုင်အတွင်း လျှောက်ဝင်လာခဲ့သည်။ ထိုနေရာတွင် ပြည်သူကဲ့သို့ ဝတ်ဆင်ထားသော အခြားဗိုလ်ချုပ်တစ်ဦးက သူ့အား စောင့်နေ၏။
“ဒီအငြင်းပွါးတာက ကျုပ်တို့အတွက် အခွင့်အရေးပဲ.. အရင်တစ်ခေါက်က ခိုရာစန်ကိစ္စက ထားလိုက်တော့.. ဒီတစ်ခေါက်တော့ ဘာတွေပဲဖြစ်နေပါစေ ကျုပ်တို့ မျိုးနွယ်ခြားဘုရင်ကို ကူကိုကူညီပေးရမယ်..”
“မှန်တယ်၊ ကျုပ်တို့ဗိုလ်ချုပ်တွေက အမြဲတမ်း လက်တွေ့ပဲမြန်ပြီး အပြောနှေးကြတယ်.. အဲဒါကြောင့် ကွန်ဖြူးရှပ်တွေ ဖိနှိပ်တာကို ခံနေရတာ.. အခုမျိုးနွယ်ခြားဘုရင်က စာအုပ်ထုပ်ပြီး စစ်သည်တော်တွေအတွက် ပြောပေးခဲ့တယ်.. ကျုပ်တို့ သူ့ကိုထောက်ခံရမယ်.. သူ့ကိုကူညီတာက ကျုပ်တို့ကိုကျုပ်တို့ ပြန်ကူညီတာပဲ..”
စားပွဲတွင် မျက်နှာချင်းဆိုင်ကာ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြသည်။ တစ်ဦးမျက်လုံးအတွင်းမှ ဆုံးဖြတ်ချက်ကို အခြားတစ်ဦးကမြင်နေရ၏။ ရှေးယခင်အချိန်များကတည်းက သူတို့၏အယူအဆများကို စာအုပ်ရေးသားဖြန့်ဝေနိုင်သော စစ်ဝါဒီအရေအတွက်မှာ အလွန်နည်းပါးခဲ့သည်။ စာရေးသူများသည် ပုံမှန်အားဖြင့် စစ်ပွဲပညာရပ်များအကြောင်းသာ ရေးကြ၏၊ ထိုစာအုပ်များကို ဗိုလ်ချုပ်များမှလွဲ၍ အခြားမည်သူမှ မဖတ်ကြပေ။
‘အားကြီးသူက အားနည်းသူကိုစားသောက်သည်’၊ ‘အချိန်အခါလိုက် ရှင်သန်နေထိုင်ခြင်း’၊ ‘တောတွင်းဥပဒေသ’၊ ‘အမှောင်ထုတောအုပ်’ ဤအကြောင်းအရာများသည် ယခင်က မည်သူမှ မဖော်ပြခဲ့ဖူးသော အကြောင်းအရာများဖြစ်သည်။
သမိုင်းကြောင်းများအတွင်းရှိ အထင်ကြီးစရာအကောင်းဆုံးသော စစ်နတ်ဘုရားများနှင့် ဗိုလ်ချုပ်များသည်ပင် ဤနည်းလမ်းသုံးကာ စစ်ဝါဒီအတွေးများ၏ အနှစ်သာရများကို မဖော်ပြဖူးခဲ့ပေ။ ယခုစာအုပ်သည် သာမန်ပြည်သူများပင် လက်ခံနိုင်သောနည်းလမ်းဖြင့် ပွင့်လင်းစွာ အသေးစိတ်ရှင်းလင်း ဖော်ပြထား၏။
“ကွန်ဖြူးရှပ်တွေက သူတို့ရဲ့တန်ပြန်တိုက်စစ် စနေကြပြီ.. ‘ကြင်နာခြင်းနှင့် တရားမျှတမှုရှိခြင်း’၊ ‘ငှက်နှင့်သားရဲများ၏ ဒေသနာ’ ဒါတွေက အစပဲရှိသေးတယ်.. နောက်ကျရင် ဒီထက်ပိုပြီးလှုပ်ရှားလာနိုင်တယ်.. ငါတို့ မျိုးနွယ်ခြားဘုရင်ရဲ့ အယူအဆတွေကို လူတွေရဲ့စိတ်အတွင်းပိုင်းထဲအထိ ထည့်ပေးနိုင်မဲ့နည်းလမ်း စဉ်းစားရမယ်.. ဒါတွေကို တတ်နိုင်သလောက် ဖြန့်ဝေရမယ်..”
“အင်း..”
နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခွက်တိုက်လိုက်ကြ၏။ ချွင်..
မိနစ်အနည်းငယ်ခန့်ကြာပြီးနောက်တွင် စားသောက်ဆိုင်အတွင်းမှ ထွက်လာခဲ့ကြသည်။
……
ဖျတ် ဖျတ်..
အချိန်နှင့်အမျှ မရေမတွက်နိုင်သောငှက်များသည် မြို့တော်မှနေ၍ နေရာအသီးသီးသို့ ပျံသန်းထွက်ခွါနေကြ၏။ လီကျွင်းရှန်း သူ၏စာအုပ်နှစ်အုပ် ထုတ်ဝေလိုက်သည့်အချိန်မှစ၍ မြို့တော်အတွင်းတွင် အယူအဆနှစ်ခု အပြင်းအထန် ထိပ်တိုက်တွေ့ဆုံလာခဲ့သည်။ ထိုမုန်တိုင်းသည် ဘေးပတ်ပတ်လည်တိုင်းပြည်မှ အုပ်ချုပ်သူများကိုပင် အာရုံဆွဲဆောင်ခဲ့၏။
ယွီရှန်း၊ အရှေ့နှင့်အနောက်တာကီခါကနိတ်၊ ဂိုဂူလျော၊ မုန့်ရှီကျောက်၊ အာရေဗျ၊ ရှီလူမျိုးများ၊ ခိုက်ထန်လူမျိုးများ.. ကမ္ဘာတစ်ဝှမ်းလုံးသည် မဟာထန်၏ အလယ်ဗဟို၌ ဖြစ်ပွါးနေသော အယူအဆပိုင်းဆိုင်ရာ ပဋိပက္ခများအား စောင့်ကြည့်နေကြသည်။
“မဟာထန်မှာဖြစ်နေတဲ့မုန်တိုင်းက သူတို့နဲ့ပဲဆိုင်တာ မဟုတ်တော့ဘူး.. မဟာထန်ဘေးပတ်ပတ်လည်မှာရှိတဲ့ ငါတို့ဂိုဂူလျောနဲ့ တခြားတိုင်းပြည်တွေလည်း ပါလာပြီ.. ဂိုဂူလျောဘုရင် ၂ ဆီကို ရွှေတုံးတစ်သန်းပို့လိုက်.. သူ့ကို လီကျွင်းရှန်းရဲ့ စာအုပ်နှစ်အုပ်ကို စာအုပ်ကုန်သည်တွေဆီကနေ ဝယ်နိုင်သလောက် များများဝယ်ပြီး ထန်လူမျိုးတိုင်းရဲ့လက်ထဲကို တတ်နိုင်သလောက် စျေးပေါပေါနဲ့ ပြန်ထည့်ပေးလိုက်ဖို့ပြောလိုက်.. ဒီစာအုပ်တွေကို ထန်လူမျိုးတိုင်းကို ပုံမှန်စျေးနှုန်းထက် ပိုနည်းတဲ့စျေးနဲ့ ဝယ်လို့ရစေချင်တယ်..”
“ဒီစစ်ပွဲမှာ မျိုးနွယ်ခြားဘုရင်နဲ့ သူ့ရဲ့’မှန်တာလုပ်ရမယ်’သာ နိုင်သွားမယ်ဆိုရင် မဟာထန်က ငါတို့ဂိုဂူလျောကိုပဲ ကျူးကျော်လာမှာမဟုတ်ဘူး.. အင်ပါယာတစ်ခုလုံး နောက်တစ်ခေါက် ပြန်နလန်မထူနိုင်အောင်ကို ဖြစ်သွားလိမ့်မယ်..”
ပီဆာ၏ မြင့်မားသောနံရံထက်တွင် ယွန်းဂျယ်စိုးမွန်းတစ်ယောက် ရပ်နေသည်။ နောက်ကျောတွင် ဓားခြောက်လက်လွယ်ထားကာ သူ၏စစ်သည်တော်အရှိန်အဝါမှာ အခြားမည်သူမဆိုထက် သာလွန်နေ၏။ လွန်စွာမှ တည်ငြိမ်သောအကြည့်များဖြင့် ဝေးကွာသော အလယ်ပိုင်းလွင်ပြင်ရှိရာဘက် လှမ်းကြည့်လိုက်သည်။ သူသည် စစ်ပွဲပေါင်းများစွာ ဆင်နွှဲဖူး၏။ ကျန်းရှိုကွေ့နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ဖူးသည်။ မရေမတွက်နိုင်သော ထန်ဗိုလ်ချုပ်များကိုလည်း အနိုင်ယူဖူးသည်။
သို့သော် ဤစစ်ပွဲများတွင် မည်သည့်စစ်ပွဲကမှ မဟာထန်၏မြို့တော်၌ ဖြစ်ပွါးနေသော အတွေးအခေါ်ပိုင်းဆိုင်ရာတိုက်ပွဲလောက် သူ့အား အန္တရာယ်များသည်ဟု မခံစားခဲ့ရစေပေ။ တစ်ခါတစ်ရံတွင် မမြင်ရသော ဓားသွားမှာ အမြန်ဆုံးနှင့် အထက်ဆုံးဖြစ်သည်..
ဒုန်း ဒုန်း ဒုန်း..
ယွန်းဂျယ်စိုးမွန်း၏ အမိန့်နှင့်အတူ နာရီပေါင်းများစွာ ကြာပြီးနောက်တွင် ရာနှင့်ချီသော စစ်သည်များသည် ရွှေတုံးအရေအတွက် အများအပြားသယ်ဆောင်ကာ ဂိုဂူလျောအင်ပါယာမှ ထွက်ခွါသွားကြ၏။ ကျန်းရှိုကွေ့နှင့် သူ၏အန်းတုံစစ်တပ်မှာ ရုံကျိုးလမ်းအားပိတ်ထားသည့်အတွက်ကြောင့် ဂိုဂူယွန်းများမှာ ထိုနေရာမှ ဖြတ်သွားရန်မဖြစ်နိုင်ပေ။
သို့သော် ‘ရေကြောင်းလမ်း’ဟုခေါ်သည့် လမ်းတစ်လမ်းရှိသေး၏။ ဟွမ်ဒိုမှထွက်ကာ လေက သူတို့ဘက်ပါမည်ဆိုလျှင် ရုံကျိုးအားပတ်၍ အတွင်းပိုင်းသို့ ခပ်မြန်မြန် ရောက်သွားနိုင်ပေသည်။
……
တစ်ချိန်တည်းမှာပင် ဝေးကွာသော တိဘတ်တန်ကုန်းမြင့်တွင် လင်းတများ တိမ်စိုင်များအတွင်းမှ ထွက်လာကာ တော်ဝင်မြို့တော်ထက် ဆင်းသက်လာသကဲ့သို့ လေများက တဝေါဝေါတိုက်ခတ်နေ၏။
“နောက်ဆုံးတော့ ကွန်ဖြူးရှပ်တွေဘက်က လှုပ်ရှားလာခဲ့ပြီ.. ထန်ကို ကိုင်တွယ်ဖို့ ငါတို့ ထန်ကိုပဲ ပြန်အသုံးချရမယ်..”
လက်ထဲရှိစာလွှာအား ဖတ်ပြီးနောက်တွင် တာ့လုံထင်းလင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
“အရှေ့နဲ့အနောက်တာ့ခ်တွေကို စလှုပ်ရှားဖို့ ပြောလိုက်တော့.. ငါတို့တိုင်းပြည်သုံးခုရဲ့နာမည်နဲ့ မဟာထန်ကို အကြောင်းကြားမယ်.. မျိုးနွယ်ခြားဘုရင်က ဘေးတိုင်းပြည်တွေအတွက် ခြိမ်းခြောက်မှုတစ်ခုပဲ၊ မျိုးနွယ်ခြားဘုရင်ကို အောင်အောင်မြင်မြင် ကိုင်တွယ်နိုင်ပြီး ဒီကိစ္စကို ဖြေရှင်းနိုင်မယ်ဆိုရင် ယွီရှန်းနဲ့ အရှေ့အနောက်တာ့ခ်တွေက မဟာထန်နဲ့ မဟာမိတ်လုပ်မယ်၊ အာရေဗျတွေ တိုက်ခိုက်လာရင် ငါတို့တိုင်းပြည်သုံးခုက မဟာထန်ဘက်မှာ ရပ်တည်ပြီး အာရေဗျတွေကို ကူတိုက်ပေးဖို့ ဆန္ဒရှိကြောင်း ပြောလိုက်..”
“တော်ဝင်အမတ်မင်း၊ ကျုပ်တို့က မဟာထန်နဲ့ တကယ်ကြီး ပူးပေါင်းတော့မှာလား..” မှတ်စုရေးသားရန် တာဝန်ရှိသော ဗိုလ်ချုပ်မှ ထိတ်လန့်တကြီး မေးလိုက်သည်။
“ဟမ့်..”
တာ့လုံထင်းလင် ဘာမှပြန်မဖြေခဲ့ပေ။ ဗိုလ်ချုပ်အား အေးစက်စက်အကြည့်တစ်ချက်သာ ပစ်လွှတ်လိုက်၏။ ထိုဗိုလ်ချုပ် တစ်ကိုယ်လုံးတုန်ယင်သွားကာ ချက်ချင်းပင် ခေါင်းပြန်ငုံ့၍ စာဆက်ရေးလိုက်သည်။
“အခုအချိန်မှာ မျိုးနွယ်ခြားဘုရင်ကို ကိုင်တွယ်နိုင်တာက အဲကွန်ဖြူးရှပ်ကောင်လေးပဲရှိတယ်.. ဒီစာမြင်တာနဲ့ ဘာလုပ်ရမလဲဆိုတာ သူသိမယ်ဆိုတာ ငါယုံတယ်..”
ထိုစကားများပြောပြီးနောက်တွင် တာ့လုံထင်းလင် ခန်းမအတွင်းမှ ထွက်သွားလိုက်တော့သည်။
______________
‘အမှောင်ထုတောအုပ်’ နဲ့ပတ်သက်ပြီး ရှာနိုင်တဲ့ ကိုးကားချက်က လျိုချီရှင်းရဲ့သိပ္ပံဝတ္ထုဖြစ်တဲ့ ‘ကမ္ဘာမြေအတိတ်၏အား အမှတ်ရခြင်း’ (Remembrance of Earth's Past') ပဲရှိတယ်။ ‘အမှောင်ထုတောအုပ်သီအိုရီ’ ကို အဆိုနှစ်ခုအပေါ် အခြေခံထားတယ်။ ပထမတစ်ခုက လူသားတိုင်း အသက်ရှင်နေထိုင်နိုင်ဖို့အတွက် လိုအပ်တဲ့ အခြေခံသဘောတရား၊ အကြောင်းရာတွေ.. ဒုတိယက လူသားတွေ တိုးတက်လာပြီး အရေအတွက် တိုးပွါးတာနဲ့အမျှ စကြာဝဌာကြီးရဲ့ အရင်းအမြစ်ပမာဏက အကန့်အသတ်ရှိလာတယ်။ ဒါက တခြားလူသားတိုင်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်တယ်။ ပြီးတော့ တိုင်းတစ်ပါးကလူတွေနဲ့က ဝေးကွာလွန်းတဲ့အတွက်ကြောင့် ပြောဆိုဆက်သွယ်ဖို့ အချိန်အများကြီးလိုအပ်တယ်၊ မယုံကြည်မှုတွေ၊ သံသယတွေဖြစ်လာစေတယ်။ ရလဒ်အနေနဲ့ လူသားတိုင်းက အမှောင်ထုတောအုပ်ထဲမှာ အသံတိတ်အမဲလိုက်သမားတွေ ဖြစ်လာကြတယ်။ နောက်တစ်ချက်ဖြစ်တဲ့ အကွာအဝေး ဝေးကွာလွန်းတဲ့အတွက်ကြောင့် ဆက်သွယ်ဖို့ အနှောင့်အယှက် ဖြစ်တာကိုတော့ ဒီထဲမှာ မထည့်ထားဘူး။ ဝမ်ချောင်က အရင်းအမြစ် ကန့်သတ်ချက်ရှိတာကိုပဲ ပိုအသားပေးပြီး ဖော်ပြထားတာပါ။
- သမိုင်းအရ ဂိုဂူလျောဟာ ဂိုဂူလျောအင်ပါယာရဲ့ ၁၆ ယောက်မြောက် ဘုရင်ဖြစ်ပါတယ်။