← Chapters

အခန်း (၁၃၀၁-၁၃၀၅)

Vol. 77 Ch. 1301-1305

အခန်း (၁၃၀၁-၁၃၀၅)

Vol. 77 Ch. 1301-1305

အပိုင်း ၁၃၀၁

ခွေးနှင့်ဝံပုလွေ (၄)

“သခင်လေး။ ကျွန်တော်တို့ စုံစမ်းခဲ့တာအရ ဒီချန်တာ့ကျုံးက တကယ်ပဲ သာမန်မုဆိုးတစ်ယောက်ပါပဲ။ ပြီးတော့ မျိုးနွယ်ခြားဘုရင်ကလည်း သူ့ကို ဒီတိုင်း ကျပန်း ရွေးလိုက်တာပဲ..။ ပြီးတော့ သူ့အိမ်နီးနားချင်းတွေ။ ဇနီးနဲ့ သားတွေဆီက ပြန်သိရတာက ချန်တာ့ကျုံးက သူ မြို့တော်မှာ ဘာသွားလုပ်ရမှာလဲဆိုတာကို တကယ် မသိပါဘူး။ ရွှေတုံးတစ်ရာအတွက်ပဲ လာခဲ့တာ..။ ပြီးတော့ မုဆိုးကို ခေါ်လာတဲ့ စစ်သည်တော် တစ်ယောက်နဲ့ တွေ့ပြီး သူ သံသယ မဝင်စေဘဲနဲ့ ခရီးလမ်းကြောင်း အကြောင်းလည်း မေးနိုင်ခဲ့သေးတယ်..။ သိရတာက မျိုးနွယ်ခြားဘုရင်က သူတို့ကို မုဆိုးကိုခေါ်လာဖို့ပဲ ခိုင်းတာပါတဲ့..။ မုဆိုးရယ်။ သူ့ဝံပုလွေရယ်။ သူခွေးရယ်နဲ့ ဘာမှမပတ်သက်ဖို့ အထူးတားမြစ်ခဲ့ပါတယ်..”

“.. ပြီးတော့ ကျွန်တော်တို့ရဲ့ ထပ်စုံစမ်းခဲ့တာအရ မျိုးနွယ်ခြားဘုရင်ကလည်း ဒီမုဆိုးနဲ့ တိုက်ရိုက် တွေ့ဆုံခဲ့တာမျိုး မရှိပါဘူး..။ မြို့တော်ရောက်တော့ သူတို့ တည်းခိုဆောင်တစ်ခုမှာ နေတယ်။ အဲဒီတည်းခိုဆောင်မှာတောင် မုဆိုးက သူ့ခွေးနဲ့ ဝံပုလွေကို အစာ ကျွေးခဲ့ပါသေးတယ်တဲ့..။ ဒီအချက်တွေအရ မျိုးနွယ်ခြားဘုရင်က သူနဲ့ ဇာတ်တိုက် ထားလိမ့်မယ်လို့တော့ ကျွန်တော်တို့ မထင်ပါဘူး..။ ပြီးတော့ မျိုးနွယ်ခြားဘုရင်က မာနကြီးတဲ့လူ။ ဒီလိုလုပ်တာက သူ့အဆင့်အတန်းကို နိမ့်သွားစေလိမ့်မယ်..။ အဲဒါကြောင့် တကယ့် အခြေအနေကလည်း ကျွန်တော်တို့ စုံစမ်းထားတာနဲ့ အတူတူပဲ ဖြစ်လောက်မှာပါ..”

ရုံးတော်အကြံပေးဌာနအတွင်းတွင် ဝါးရွက်ပုံစံ အမှတ်အသား ရှိသည့် အဖြူရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦး တင်ပြချက်ပြီးသည်နှင့် ဦးညွတ်လိုက်သည်။ သူ၏စွမ်းအားအား ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစား ထားသော်လည်း မျက်လုံးများထဲ၌ တဖျတ်ဖျတ် လျှပ်နေသော အလင်းတန်းများသည် ကြယ်ပွင့်များနှင့် တူနေ၏။ ဤပုံစံမှာ သူ၏ကျင့်ကြံခြင်းအဆင့်သည် အကြီးအကဲစုန့်နှင့် အတူတူ ဖြစ်ကြောင်း ဖော်ပြနေလေသည်။

ဝါးကြေးမုံ...

ဤလူသည် ကွန်ဖြူးရှပ်ဂိုဏ်းမှ သူလျှိုအဖွဲ့၏ခေါင်းဆောင် ဖြစ်သည်။ ကမ္ဘာအနှံ့ရှိ သူလျှိုများထံမှ ရရှိထားသော သတင်းအချက်အလက်များကို ကိုင်တွယ်၏။

လီကျွင်းရှန်း ဘာမှပြန်မပြောခဲ့ပေ။ သို့သော် မျက်ခုံးများမှာ သိသိသာသာ တွန့်ချိုးသွားခဲ့၏။ အခြေအနေအား ပိုသိရလေ ဝမ်ချောင်အပေါ် ပို၍နားမလည်နိုင်ပင်။

ဝမ်ချောင်သည် အလွန်မာနကြီးက ဤကိစ္စတွင် အနည်းငယ်မျှ ဝင်ရောက်စွက်ဖက်ရန် ဆန္ဒရှိမည် မဟုတ်သည်မှာ သေချာ၏။ သို့သော် ထိုကဲ့သို့ဆိုလျှင် ကွန်ဖြူးရှပ်ဂိုဏ်းသည် ဤကိစ္စအား သူတို့ကောင်းကျိုးအတွက် အသုံးချ၍ရသည် မဟုတ်ပါလော..။

“ဒီကိစ္စကို သေချာ ဆက်စောင့်ကြည့်ထား။ မျိုးနွယ်ခြားဘုရင် ဘာမှမလုပ်တာ သေချာအောင်လုပ်..။ ပြီးတော့ သူ့ဘက်က လှုပ်ရှားလာပြီဆိုတော့ ငါတို့ ဒီကိစ္စကို ကောင်းကောင်း အသုံးချပြီး ငါတို့ရဲ့လွှမ်းမိုးမှုကို ချဲ့ထွင်ရမယ်..” လီကျွင်းရှန်းမှ ပြောလာခဲ့သည်။

“ဟုတ်ကဲ့ပါ..”

ဝါးကြေးမုံ ဦးညွတ်ကာ အလျင်အမြန် ထွက်ခွာသွားလိုက်၏။ အခြားသူများနှင့် မတူသည်က ဝါးကြေးမုံသည် လီကျွင်းရှန်း၏ ဆုံးဖြတ်ချက်အား ဘယ်သောအခါမှ မေးခွန်း မထုတ်ပေ။ သူ ဂရုစိုက်သည်မှာ တစ်ခုသာရှိ၏ : သတင်းအချက်အလက်ပင်။

……

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နေ့တာ ကုန်ဆုံးသွားခဲ့သည်။ မိုးပြာနဂါးလမ်းထက်ရှိ စင်မြင့်သည် မရေမတွက်နိုင်သော လူများ၏ အာရုံအား ဆွဲဆောင်ခဲ့၏။

အာဝူးး…

လှောင်အိမ်အတွင်းတွင် ကြီးမားသော မီးခိုးရောင်ဝံပုလွေသည် တစ်ကြိမ်ပြီးတစ်ကြိမ် ဆွဲဆွဲငင်ငင် အူနေခဲ့၏။ သူ၏ခြေရင်းတွင် ခွေးပေါက်လေးတစ်ကောင် အမြှီးရမ်းကာ ပတ်ပြေးနေခဲ့သည်။ ဝံပုလွေ၏ အမူအရာသည် နူးညံ့၏။ လက်သည်းများ ထုတ်ကာ ခွေးပေါက်လေးအား တို့ထိ စသေးသည်။ တစ်ခါတစ်ရံတွင် ခွေးလေး၏အမွေးများကိုပင် ယှက်ပေးသေး၏။

ဝုတ် ဝုတ်..

ခွေးပေါက်လေးသည် ရုတ်တရက် ဟောင်ကာ ဝံပုလွေထက် ခုန်တက်လိုက်သည်။ ဝံပုလွေသည် ချက်ချင်းပင် မြေပြင်ထက် လဲကျသွားကာ အသက်အတွက် အသနားခံသကဲ့သို့ သနားစဖွယ်ကောင်းစွာ ငိုကြွေးလာခဲ့၏။

ဟား ဟား ဟား ဟား..

ကြည့်နေသောသူများမှာ သဘောကျသွားကာ တဟားဟား ရယ်မောကြတော့သည်။

“မေမေ။ အဲဝံပုလွေက အရမ်းချစ်စရာကောင်းတာပဲ.. သားသားလည်း တစ်ကောင် မွေးချင်တယ်..”

“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့.. ဝံပုလွေက ဘယ်လိုလုပ် မွေးလို့ရမှာလဲ..”

အမေဖြစ်သူမှ သားဖြစ်သူအား ရိုက်လိုက်သည်။ သို့သော် သူမ၏မျက်လုံးထဲတွင်လည်း ရယ်မြူးရိပ်တို့ အနည်းငယ် ရှိနေ၏။

“တွေ့ကြလား။ တွေ့ကြလား..”

စင်အောက်တွင် ကွန်ဖြူးရှပ်သမားများ ဆယ်ဦးကျော်ခန့် စုဝေးနေကြ၏။ ထိုထဲမှတစ်ဦးသည် လက်ဟန်ခြေဟန်ဖြင့် လုပ်ပြ၍ ဤအခွင့်အရေးအား အသုံးချကာ လူအုပ်ကြီးအား တရားဟောတော့သည်။

“မျိုးနွယ်ခြားဘုရင်ပြောတာ လူတွေက တိရိစ္ဆာန်တွေလိုပဲ။ အားကြီးတဲ့ကောင်က အားနည်းတဲ့ ကောင်ကို စားတယ်တဲ့..။ ဒါပေမဲ့ အခုမြင်ကွင်းကို ခင်ဗျားတို့ အားလုံးလည်း မြင်နေရတာပဲ..။ အဲဒါကို သူ ပြောတာကို ယုံကြသေးတာလား..။ အကုန်လုံးက ယုတ္တိမရှိတဲ့စကားတွေပဲ..”

“ဟုတ်တယ်။ မျိုးနွယ်ခြားဘုရင်ရဲ့ အယူအဆတွေက သူ့လုပ်ရပ်ကြောင့်ပဲ ပျက်စီးသွားတာပဲ..။ အားလုံးပဲ မျိုးနွယ်ခြားဘုရင် အယုံသွင်းတာ မခံကြပါနဲ့..။ ငြိမ်းချမ်းမှုကပဲ အဆုံးမရှိတဲ့ ပျော်ရွှင်မှုကို ယူလာပေးနိုင်မှာ..”

အခြားကွန်ဖြူးရှပ်သမားတစ်ဦးမှ ကျယ်လောင်စွာ သဘောတူလာခဲ့၏။

“ဟား ဟား။ ခွေးကောင်ကြီး ရော့..”

စင်မြင့်ထက်တွင် မုဆိုးချန်တာ့ကျုံး ကျယ်လောင်စွာအော်ရယ်ကာ အသားတစ်ပိုင်း လှီးဖြတ်၍ လှောင်အိမ်အတွင်း ပစ်ထည့်လိုက်သည်။ မူလတွင် လှည့်ပတ်သွားနေသော မီးခိုးရောင်ဝံပုလွေသည် လေပေါ်ခုန်တက်ကာ အသားပိုင်းစ ဆတ်ခနဲ ဖမ်းယူလိုက်၏။ ထို့နောက်တွင် သူ၏ပါးစပ်မှ ပျော်ရွှင်စွာ ဝါးနေသည့်အသံများ ထွက်ပေါ်လာခဲ့သည်။ အောက်မှလူအုပ်ကြီးသည် မရယ်ဘဲ မနေနိုင် ဖြစ်သွားကြ၏။ ခွေးနှင့်ဝံပုလွေတို့ ငြိမ်းချမ်းစွာ ပူးတွဲနေထိုင်ကြသည်အား စိတ်လှုပ်ရှားသွားကြသည်။

“ကျုပ်တို့က ငြိမ်းချမ်းရေး လိုချင်တာ.. စစ်ပွဲတွေ လိုချင်တာ မဟုတ်ဘူး..” လူအုပ်ကြီးအတွင်းတွင် တစ်ယောက်မှ အော်ပြောလာ၏။ ကျန်သည့်လူများသည်လည်း ချက်ချင်းပင် တက်ကြွစွာ ထောက်ခံလာကြသည်။

ဒုတ် ဒုတ် ဒုတ်..

ဤမြင်ကွင်းမြင်သော် သူလျှိုအများအပြားသည် ချက်ချင်းပင် သူတို့မြင်းများပေါ် တက်ခွကာ လူအုပ်ကြီးအတွင်းမှ ထွက်လာလိုက်၏။

“အခြေအနေ ဝမ်ချောင်အတွက် တော်တော်ဆိုးနေပြီ..”

ဝေးကွာသည့်နေရာ။ စုန့်ဘုရင် နေထိုင်ရာနေရာတွင် သူ၏သူလျှိုထံမှ တင်ပြချက်ရသော် စုန့်ဘုရင်၏ မျက်လုံးများထဲတွင် စိုးရိမ်ရိပ်များ ဖြစ်ပေါ်လာခဲ့သည်။ လက်ရှိအခြေအနေအား ကြည့်မည်ဆိုလျှင် ဝမ်ချောင်သည် သူ ရည်ရွယ်ထားသည်နှင့် ဆန့်ကျင်ဘက် ရလဒ်များ ရရှိနေဟန်ပင်။

“အရှင် စုန့်ဘုရင်။ ကျွန်တော်တို့ မျိုးနွယ်ခြားဘုရင်ကို သွားမေးကြမလား..” ပညာရှင်လုထင်မှ မေးလာခဲ့သည်။ လက်ရှိ နိုင်ငံရေးအတွေးအခေါ် ငြင်းခုံမှုသည် အလွန်အန္တရာယ် များ၏။ လုထင်သည် သူ၏၏ မြင့်မားသော အဆင့်အတန်းကြောင့် ထဲထဲဝင်ဝင် ဝင်ရောက် မစွက်ဖက်ရဲပေ။

“မလိုဘူး..”

စုန့်ဘုရင် ခေါင်းခါရမ်း လိုက်သည်။

“အခြေအနေက ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဝမ်ချောင်က ဘာကိုမှ အကြောင်းပြချက် မရှိဘဲ မလုပ်ဘူးဆိုတာ ငါယုံတယ်..။ ဒီတိုင်းပဲ ဆက်စောင့်ကြတာပေါ့..”

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားကာ နောက်တစ်နေ့ ကူးသွားခဲ့၏။ မုဆိုး။ ခွေးနှင့် ဝံပုလွေတို့မှာ သဟဇာတဖြစ်စွာ ဆက်လက်နေထိုင် နေကြဆဲပင်။ နေ့စဉ်နေ့တိုင်း စင်ဘေးတွင် များပြားလှသော လူအုပ်ကြီး စုဝေးလာခဲ့သည်။ ဝံပုလွေ ခွေးအား မစားသော မြင်ကွင်းသည် ကမ္ဘာကြီးအပေါ် သူတို့၏နားလည်မှုအား အပြည့်အဝ ပြောင်းလဲသွားစေခဲ့၏။ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုများပြားသော သတင်းအချက်အလက်များလည်း ထွက်ပေါ်လာခဲ့သည်။

ဤဝံပုလွေအား ဘယ်လို ပျိုးထောင်ထားကြောင်း။ ချန်မိသားစုနှင့် မည်ကဲ့သို့ နေထိုင်ကြောင်း။ မည်မျှပင် ဉာဏ်ကောင်းကြောင်း သတင်းများ ထွက်လာ၏။ ဤဝံပုလွေသည် အိမ်စောင့် ပေးနိုင်ကာ ကလေးငယ်များကိုပင် ဂရုစိုက် ပေးနိုင်သည်ဟုကြားသော် လူတိုင်း အံ့အားသင့် ပင့်သက်ရှိုက် မိကုန်ကြသည်။

“ဒါကို အရှင့်ဆီ တင်ပြမှရမယ်..”

စိုးရိမ်နေသော ပုံရိပ်တစ်ခု ထောင့်တစ်နေရာမှ ခပ်သုတ်သုတ် ထွက်ခွာသွားလိုက်သည်။

“အရှင်။ အခြေအနေ မကောင်းတော့ဘူး..”

ချန်းစန်းယွမ် ဝမ်ချောင်၏ စာကြည့်ဆောင်အတွင်း ဝင်သွားလိုက်သည်။ မျက်နှာအမူအရာမှာ စိုးရိမ်မှုကြောင့် ဗျာများနေ၏။

“ကွန်ဖြူးရှပ်ကျောင်းနဲ့ ကွန်ဖြူးရှပ်ဂိုဏ်းတွေက ဒီအခြေအနေကို အသုံးချနိုင်သလောက် အသုံးချနေကြပြီး သူတို့ကိုယ်သူတို့ ကြေညာနေကြတယ်..။ စာအုပ်ကုန်သည် ၈၀ ရာခိုင်နှုန်းကျော်လောက် ကျွန်တော်တို့စာအုပ် မရောင်းကြတော့ဘူး..။ အရှင် အရင်က အားစိုက်ထုတ်ခဲ့တာတွေအားလုံး အကျိုးမရှိ ဖြစ်ကုန်ပါပြီ..”

ချန်းစန်းယွမ်၏ စကားများသည် သူ မည်မျှပင် စိုးရိမ်နေကြောင်း အပြည့်အဝ ဖော်ပြနေ၏။ ‘အင်အားကသာအမှန်တရား’ သည် စစ်သားများနှင့် ဗိုလ်ချုပ်များ၏ စိတ်ထဲမှအတွေးများကို ဖော်ထုတ်ပေးခဲ့သည်။ လူများက စာအုပ်အတွင်းမှ အယူအဆများကို လက်မခံဘူး ဆိုလျှင်ပင် ဗိုလ်ချုပ်များ၏ အမြင်ရှုထောင့်မှကြည့်လျှင် ဤစကားလုံးများမှာ အကြွင်းမဲ့ မှန်ကန်၏။ သို့သော် ဤအတိုင်း ဆက်သွားနေမည်ဆိုလျှင် သူတို့ အားစိုက်ထုတ်ခဲ့သော ကြိုးစားမှုများမှာ အချည်းနှီး ဖြစ်ကုန်ပေလိမ့်မည်။ ထို့ကြောင့် ချန်းစန်းယွမ် အနေနှင့် ဘယ်လိုလုပ် မစိုးရိမ်ဘဲ နေနိုင်ပါမည်နည်း။

လှုပ်ရှားမှုအချို့ပင် ပြုလုပ်ချင်ခဲ့၏။ သို့သော် အကြိမ်တိုင်း ငြင်းပယ် ခံခဲ့ရသည်။ ဝမ်ချောင်သည် ခွေးနှင့် ဝံပုလွေအနားသို့ မည်သူမှ မကပ်ရန်ပင် ပြင်းပြင်းထန်ထန် အမိန့်ထုတ်ထားသေး၏။

“ထားလိုက်ပါ.”

အခန်းအတွင်းတွင် ဝမ်ချောင်သည် ကြမ်းပြင်ထက် တင်ပလ္လင် ခွေထိုင်နေကာ မသိမသာ ခေါင်းမော့ထား၍ မျက်လုံးများ မှိတ်ထား၏။ ကမ္ဘာပေါ်တွင် မည်သည့်အရာကမှ သူ၏စိတ်ခံစားချက်အား အနှောင့်အယှက် မပေးနိုင်သည့်နှယ်...

“ငါ အကုန်လုံး စီစဉ်ထားတယ်..။ ရက်နည်းနည်းလောက် ကြာပြီးရင် အားလုံး ရှင်းသွားလိမ့်မယ်..”

ချန်းစန်းယွမ် တောင့်တင်းသွားသည်။ ထို့နောက်တွင် သက်ပြင်းချကာ အမိန့်အား လက်ခံလိုက်၏။

“ဒီလက်အောက်ငယ်သား ဒီအမိန့်ကို ဖြန့်ဝေလိုက်ပါမယ်..”

သုံးရက်မြောက်နေ့သို့ ရောက်လာလေပြီ။ မြို့တော်ရှိ လူများသည် ဤဝံပုလွေနှင့် ခွေးတို့နှင့် အလွန်ရင်းနှီးလာ၏။ နာမည်ပင် မှည့်ပေးထားကြသေးသည်။ ထိုအချိန်တွင် မြို့တော်ရှိ ကြီးမားသာ ကလန်များသည် ဤကိစ္စအပေါ် တဖြည်းဖြည်းချင်း စတင်၍ စိတ်ဝင်စားမှု လျော့နည်းလာကြ၏။ ဤကိစ္စသည် ကံမကောင်း အကြောင်းမလှသည့် ကိစ္စဖြစ်ကြောင်း မေးခွန်းထုတ်စရာပင် မလိုပေ။ သူတို့သည် ဝမ်ချောင်က ကြီးမားသည့် လှုပ်ရှားမှုအတွက် စီစဉ်နေကြသည်ဟု ယုံကြည်ခဲ့ကြ၏။ သို့သော် ယခုတွင် သူတို့ စိတ်ပျက်ရမည်မှာ သိသာနေလေသည်။

ကြီးမားသော ကလန်အချို့မှ လွဲ၍ မြို့တော်တွင် ဤကိစ္စအား အာရုံသိပ်စိုက်သည့်လူ မရှိတော့ချေ။

ဒုန်းး..

ညနေခင်းပိုင်းတွင် ကျယ်လောင်သော မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် တိမ်စိုင်တိမ်မည်းများ စုဝေးလာကာ မိုးသည်းထန်စွာ ရွာသွန်းလာ၏။

ကြီးမားသောမိုးစက်များ စင်မြင့်ထက် ဆင်းသက်လာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးသားလွှာသည် ကမ္ဘာကြီးအား ဝေဝါး၍ မပီမပြင် ဖြစ်သွားစေခဲ့သည်။

စင်မြင့်ထက်ရှိ ခွေး။ ဝံပုလွေ။ မုဆိုးနှင့် စင်အောက်ရှိ လူများအားလုံး ချက်ချင်း စိုရွှဲသွားကုန်ကြ၏။

ဒုတ်..

ထိုအချိန်တွင် စင်မြင့်ထက်သို့ တက်လာသည့်ခြေသံများ ထွက်ပေါ်လာခဲ့သည်။ အစောင့်လေးဦး၏ စောင့်ကြပ်မှုအောက်တွင် မမြင်ရသည်မှာ သုံးရက်ကြာပြီ ဖြစ်သည့် စုရွှတ်ရွမ်း။ အေးစက်ကာ ခံစားချက်ကင်းမဲ့သော မျက်နှာအမူအရာဖြင့် ရှေ့သို့ လျှောက်သွားလိုက်၏။

“ဒီတစ်ခေါက်မှာ ခင်ဗျား နိုင်သွားပြီ..။ အရှင်က အမြဲတမ်း ကတိတည်တယ်..။ ဒီရွှေတုံးတစ်သောင်းလုံး ခင်ဗျားအပိုင် ဖြစ်သွားပြီ..“

ထိုသို့ပြောကာ စုရွှတ်ရွမ်း စင်နောက်သို့ လက်တစ်ချက် ဝှေ့ရမ်းလိုက်သည်။ ချက်ချင်းပင် အစောင့်အချို့သည်င် ကြီးမားသော သံသေတ္တာများ ဖွင့်ပြကာ အတွင်း၌ သေသပ်စွာ စီထည့်ထားသော ရွှေတုံးများကို ပြလိုက်၏။

ဟင်..

မုဆိုး ပင့်သက် ရှိုက်မိသွားကာ တစ်ကိုယ်လုံး တောင့်တင်းသွား၏။ သူသည် ရွှေတုံးတစ်ရာ ရရှိမည် ဟူသည့်အသိဖြင့်သာ မြို့တော်သို့ လာခဲ့ခြင်း ဖြစ်သည်။ ရွှေတုံးတစ်သောင်းအား ဤကဲ့သို့ အလွယ်တကူ ရရှိနိုင်လိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မတွေးမိပေ။ တောတောင်များကြားမှ မုဆိုးတစ်ဦးအနေနှင့် ဤသည်မှာ ကြီးမားသော ကံကောင်းမှုပင်။

“ကျုပ်-ကျုပ် အိပ်မက် မက်နေတာတော့ မဟုတ်ဘူးမလား..”

ကြောင်အစွာရပ်နေကာ ချန်တာ့ကျုံး သူဘာသာသူ ရေရွတ်လိုက်သည်။

“ချန်တာ့ကျုံး။ ခင်ဗျား အိပ်မက် မက်နေတာမဟုတ်ဘူး..။ ဒါက တရားရုံးတော်က အတည်ပြု ပေးထားတဲ့ ခင်ဗျားနဲ့ မျိုးနွယ်ခြားဘုရင်ကြားက သဘောတူညီချက်ပဲ..”

ထိုအချိန်တွင် တရားရုံးတော်မှ အရာရှိတစ်ဦး စင်မြင့်ထက် တက်လာခဲ့သည်။ စာချုပ်အား လူအုပ်ကြီးရှေ့ ဖွင့်ပြလိုက်၏။ သို့သော် မိုးရွာနေသည့်အတွက်ကြောင့် တစ်ခဏသာ ပြလိုက်နိုင်ကာ ပြန်လိပ်သိမ်း၍ ချန်တာ့ကျုံးအား လွှဲပေးလိုက်သည်။

“ဂုဏ်ယူပါတယ်..”

“အံ့ဩစရာပဲ။ အံ့ဩစရာပဲ..”

ကြီးမားသော ရွှေသေတ္တာများကို မြင်သော် ချန်တာ့ကျုံး အလွန်ပျော်ရွှင်လာသည်။ သူ၏ဘဝတွင် မြို့တော်သို့ လာရုံဖြင့် ဤကဲ့သို့များပြားသည့် ရွှေဒင်္ဂါးများ ပြုလုပ်နိုင်လိမ့်မည်ဟု ဘယ်သောအခါမှ မတွေးမိခဲ့ပေ။

ဝုန်းး…

အောက်ရှိ လူအုပ်ကြီးသည်လည်း အယောက်တိုင်း လက်ခုပ်တီးကာ ဂုဏ်ပြုစကားများ သောသောညံ ပြောလိုက်ကြသည်။

ဝံပုလွေနှင့်ခွေး။ လူနှင့်ဝံပုလွေတို့ ဆော့ကစားကြသည်ကို သုံးရက်တိုင်တိုင် ကြည့်လာခဲ့ပြီးနောက်တွင် မြို့တော်မှ လူများသည် မသိလိုက် မသိဘာသာပဲ ဆွဲဆောင်ခံလိုက်ရ၏။ သူတို့ကြားတွင် သံယောဇဉ်အချို့ပင် ဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် မုဆိုးသည် နောက်ဆုံးတွင် ဝမ်ချောင်ထံမှ ရွှေတုံးတစ်သောင်း ရသည်ကို မြင်သော် သူတို့သည်လည်း ပျော်ရွှင်ဝမ်းသာ သွားကြ၏။

“ချန်တာ့ကျုံး။ ကျုပ် ခင်ဗျားကို နောက်ထပ် မေးခွန်းတစ်ခု မေးမယ်..။ ဝံပုလွေကို အစာမကျွေးဘဲ ထားမယ်ဆိုရင် ခင်ဗျားဝံပုလွေက ဒီလောက်ထိ သိမ်မွေ့ကျိုးနွံ နေဦးမယ်လို့ ခင်ဗျား အာမ ခံနိုင်သေးလား..” ရွာသွန်းနေသော မိုးစက်များအောက်တွင် စုရွှတ်ရွမ်းမှ မေးလိုက်သည်။

******

အပိုင်း ၁၃၀၂

တောတွင်းဥပဒေသ

“အာမ ခံနိုင်တယ်..” ချန်တာ့ကျုံးမှ တုန့်ဆိုင်းမှုမရှိ ပြန်ပြောလာခဲ့၏။ “ကျုပ် ဒီဝံပုလွေကို သူ ငယ်ငယ်လေးကတည်းက ကျွေးမွေးလာတာ။ သူ့အကျင့်စရိုက်ကို ကျုပ် အသိဆုံးပဲ.. သူက တခြားဝံပုလွေတွေနဲ့ မတူဘူး။ ပြီးတော့ သူရဲ့ရိုင်းစိုင်းကြမ်းတမ်းတဲ့ သဘာဝကိုလည်း ကျုပ် ယဉ်ပါးအောင် လုပ်ပြီးသွားပြီ.. အန္တရာယ် မများဘူး။ အနည်းဆုံးတော့ ကျုပ်ရဲ့ချန်မိသားစုနဲ့ ဒီခွေးအတွက်တော့ ဘာအန္တရာယ်မှ မရှိဘူး..”

“အဲလိုလား..” စုရွှတ်ရွှမ်း အေးစက်စွာ ဆိုလာခဲ့သည်။

“အခုကစပြီး ကျုပ်တို့ သူတို့ကို အစာကျွေးတာ ရပ်မယ်..။ ခုနစ်ရက်အတွင်းမှာ ခင်ဗျားရဲ့ဝံပုလွေက သူ့ဘေးက ခွေးကို မစားဘူးဆိုရင် ခင်ဗျား အရှင့်ဆီကနေ ရွှေတုံးတစ်မီလီယံ ရမယ်..”

ဝုန်းး..

ဤပမာဏသည် လူအုပ်ကြီးထံမှ ချက်ချင်း အံ့ဩတကြီး ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာစေခဲ့၏။ ချန်တာ့ကျုံးသည်ပင် အသက်ရှူ ရပ်တန့်သွားခဲ့သည်။ ရင်ဘတ်ထဲတွင်လည်း နှလုံးမှာ တဒုတ်ဒုတ် ခုန်လာခဲ့၏။

စုရွှတ်ရွှမ်းသည် ဤစကားများ အားလုံးကို အလွန်တည်ငြိမ်သော မျက်နှာအမူအရာဖြင့်သာ ပြောလာခဲ့ကာ မျက်နှာထက်တွင် ခံစားချက်များ တစ်ခုပင် မဖြတ်ပြေးသွားခဲ့ပေ။

“အရှင်က ပြောတဲ့အတိုင်း လုပ်တယ်..။ ဒီမှာရှိတဲ့ လူတိုင်းလည်း ကြားကြတာပဲ..။ ခင်ဗျား ခင်ဗျားရဲ့စကားကို သက်သေ ပြနိုင်မယ်ဆိုရင် ရွှေတုံးတစ်သန်းက ခင်ဗျားအပိုင် ဖြစ်လာလိမ့်မယ်.. ဒါပေမဲ့ ကြိုတော့ ပြောထားဦးမယ်။ ခင်ဗျား ရှုံးသွားရင် ခင်ဗျားခွေးက ဝံပုလွေစားတာ ခံရမှာနော်..။ ခင်ဗျားအနေနဲ့ စမ်းသပ်ချက်ကို ဆက်လုပ်ချင်စိတ် ရှိသေးလား..”

လူတိုင်း ဆွံ့အသွားကာ စင်မြင့်အား ကြောင်ကြည့်နေခဲ့ကြသည်။

လောင်းကြေး ရွှေတုံးတစ်သန်းသည် မြို့တော်တွင် ယခင်က တစ်ကြိမ်တစ်ခါမှ မရှိခဲ့ပေ။ ဤပမာဏသည် ကြီးမားသော ကလန်အချို့အတွက်ပင် ကြောက်မက်ဖွယ် ကောင်းသော ရိုက်ချက်တစ်ခု ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့ ကြီးမားသော ကံကောင်းခြင်းနှင့်ဆိုလျှင် မုဆိုးချန်တာ့ကျုံးသည် နေ့တွင်းချင်း ကြွယ်ဝချမ်းသာသော မြေရှင်တစ်ဦး ဖြစ်လာနိုင်၏။ သူ၏နယ်မြေတွင် ရာစုနှစ်များစွာ ရှင်သန်နိုင်သည့် ကြီးမားသော ကလန်အသစ်တစ်ခုပင် တည်ထောင်၍ ရချင်ရနိုင်ပေသည်။

ဤရွှေတုံးများသည် သူ၏ ကံကြမ္မာအား ပြောင်းလဲပစ်ရန် လုံလောက်၏။

“မယုံနိုင်စရာပဲ။ ရွှေတုံးတစ်သန်း.. မျိုးနွယ်ခြားဘုရင်က တကယ်အတည်ကြီး လုပ်နေတာလား..“

“မင်း မမြင်ဘူးလား.. သူက သုံးရက်လောက် ဘာမှမလုပ်ဘဲနဲ့ ရွှေတုံးတစ်သောင်း ရသွားတာလေ..။ မျိုးနွယ်ခြားဘုရင်က မဟာထန်ရဲ့ဘုရင်တစ်ပါးပဲ..။ စကားတည်မှာ သေချာတယ်..။ ယုံနိုင်စရာ မကောင်းဘူးဆိုပေမဲ့ သူ ဒီရွှေတုံးတွေ ထုတ်ပေးလိမ့်မယ်လို့ ငါတော့ ယုံတယ်..”

လူအုပ်ကြီးအတွင်းတွင် အချင်းချင်း ပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။ စင်မြင့်ထက်ရှိ ပြပွဲအား သုံးရက်ဆက်တိုက် ကြည့်ပြီးနောက် နောက်ဆုံးတွင် အဓိက အကြောင်းအရာသို့ ရောက်ရှိလို့ လာလေပြီ။ ထိုအချိန်တွင် လူတိုင်းသည် ဝမ်ချောင်၏ ပန်းတိုင်အား စတင်နားလည်လာကြ၏။

ဝေါ ဝေါ ဝေါ..

ပတ်ဝန်းကျင်တွင် မိုးသံတစ်သံတည်းသာ ကြားနေရသည်။

မိုးသည် ပိုသည်းလာကာ ချန်တာ့ကျုံး၏ မျက်နှာထက်သို့ တဖျောက်ဖျောက် ကျနေ၏။ ချန်တာကျုံးသည် နောက်ဆုံးတွင် တည်ငြိမ်နိုင်စွမ်းများ ပျောက်ဆုံးသွားကာ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်လာ၏။

ရွှေတုံးတစ်သန်း.. တောတောင်များကြားမှ မုဆိုးတစ်ဦးအနေနှင့် ဤဆွဲဆောင်မှုအား ငြင်းဆန်နိုင်ရန် မဖြစ်နိုင်ဟု သူ တွေးမိလိုက်၏။

“စဉ်းစားလို့ ရလား..” နီရဲနေသော မျက်နှာဖြင့် ချန်တာ့ကျုံး မေးလာခဲ့သည်။

“ခင်ဗျားမှာ အချိန်ရှိပါတယ်..”

စုရွှတ်ရွှမ်း၏မျက်နှာထက်တွင် ရှားပါးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

“ဒါပေမဲ့ တစ်ရက်ပဲရမယ်..။ ဒါပေါ့ ခင်ဗျား ငြင်းလို့လည်း ရပါတယ်..။ ငြင်းပြီး ခင်ဗျားရဲ့ရွှေတုံးတစ်သောင်းပဲ ယူပြီး ပြန်သွားမယ်ဆိုလည်း ရတယ်..။ ခင်ဗျားကို ဘယ်သူမှ မတားစေရဘူးလို့ ကျုပ် အာမခံတယ်..”

ချန်တာ့ကျုံး အံကြိတ်ကာ နောက်ဆုံးတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။ “ခင်ဗျား ပြောတဲ့အတိုင်း လုပ်တာပေါ့..”

“ခင်ဗျားတို့ ကျန်တဲ့လူတွေ ဘယ်လိုပဲ ထင်ထင်။ ကျုပ်ကတော့ ကျုပ် မွေးထားတဲ့ ဝံပုလွေနဲ့ခွေးကို အပြည့်အဝ ယုံကြည်တယ်..”

ရေးး… ချန်တာ့ကျုံး၏ စကားအား လူအုပ်ကြီးတစ်ခုလုံး သောင်းသောင်းဖြဖြ အော်ဟစ် အားပေးလိုက်ကြသည်။

“ဟုတ်တယ်။ ငါတို့ကိုယ်တိုင် စောင့်ကြည့်မယ်..”

“ဝံပုလွေတစ်ကောင်ကတောင် လူသားဆန်တဲ့စိတ် ရှိတယ်ဆိုရင် မျိုးနွယ်ခြားဘုရင် ခင်ဗျားတော့ အပြတ်အသတ် ရှုံးပြီပဲ..”

အော်ဟစ်အားပေးသံများက မြို့တော်အနှံ့ ပြန့်နှံ့သွားခဲ့၏။

ဖျတ် ဖျတ်..

လူအုပ်ကြီး၏ အသံများကြားတွင် စာပို့ငှက်များ၏ တောင်ပံ တဖျပ်ဖျပ် ခတ်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားသည့်အသံများ ထွက်ပေါ်လာခဲ့သည်။ ဤများပြားသော လောင်းကြေးသည် မြို့တော်ရှိ မရေမတွက်နိုင်သောများ၏ အာရုံအား ဆွဲဆောင်ခဲ့၏။

“ရွှေတုံးတစ်သန်း.. မျိုးနွယ်ခြား ဘုရင်ကတော့ တကယ်လုပ်ရဲတာပဲ..”

“မျိုးနွယ်ခြားဘုရင်က တကယ်ပဲ ဒီလောက်တောင် ယုံကြည်ချက် ရှိတာလား..။ ခုနစ်ရက်အတွင်း ဝံပုလွေက အဲခွေးကို မစားရင် သူ ရှုံးမှာက ရွှေတုံးတစ်သန်းပဲ မဟုတ်ဘူးနော်..”

“သူက အကုန်လုံးကို စုပြုံပုံအောပြီး လောင်းလိုက်တာပဲ..”

“လူတွေ အများကြီး ကြည့်နေတာဆိုတော့ သူ ဘာလှည့်ကွက်မှ လုပ်လို့မရမှာ မဟုတ်ဘူး..။ သူ လုပ်ခဲ့တဲ့ လောင်းကြေးကြောင့် လူတော်တော်များများက ညလုံးပေါက်တောင် စောင့်ကြည့် နေကြတာ..။ သူက အကုန်လုံးကို ပုံပြီးလောင်းလိုက်တာပဲ..။ စွန့်စားရာကျလွန်းတယ်..”

မြို့တော်၏ အသီးသီးသော နေရာများတွင် အကြီးအကဲများနှင့် ကလန်ခေါင်းဆောင်များ သူတို့ဘာသာသူတို့ ရေရွတ်ပြောဆိုလိုက်ကြ၏။

ဤအဆင့်တွင် ဝမ်ချောင်၏ ရည်ရွယ်ချက်မှာ နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း ပေါ်ထွက်၍ လာပေပြီ။ သို့သော် ထိုကဲ့သို့ဆိုလျှင်ပင် ဤထဲတွင် အခြားဖြစ်နိုင်ချေများ များစွာ ရှိနေသေး၏။

“လူလွှတ်ပြီး အဲနေရာကို ၂၄ နာရီ ကင်းလှည့် စောင့်ကြည့်ခိုင်းထား..။ စစ်ဝါဒီနဲ့ ကွန်ဖြူးရှပ်ကြားက ဒီပဋိပက္ခက မကြာခင် အလှည့်အပြောင်း ဖြစ်တော့မယ်..”

မြို့တော်၏တောင်ဘက်ပိုင်းရှိ ကလန်ခေါင်းဆောင်တစ်ဦးမှ အမိန့်ပေးလိုက်သည်။ ထိုအချိန်တွင် အခြားသောကလန်ခေါင်းဆောင်များသည်လည်း တူညီသည့်အမိန့်မျိုး ချမှတ်ခဲ့လေသည်။

……

“သခင်လေး။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ..”

လောင်းကြေးသတင်း ထွက်ပေါ်လာသည်နှင့် ရုံးတော်အကြံပေး ဌာနသည်လည်း သတင်း ချက်ချင်း ရရှိခဲ့သည်။

ကွန်ဖြူးရှပ်ဂိုဏ်းသားတစ်ဦးသည် ကြမ်းပြင်ထက် ဒူးထောက်ကာ လီကျွင်းရှန်း၏အမိန့်အား စောင့်နေခဲ့၏။

“ပစ်လိုက်တဲ့မြားကို ပြန်ယူလို့ မရတော့ဘူး..။ သူ့ဘက်က စလှုပ်ရှားလိုက်ပြီဆိုတော့ အခု ငါတို့ သူ့ကိုတားဖို့ ဘာမှ လုပ်လို့မရတော့ဘူး..။ ငါ့အမိန့် ဖြန့်လိုက်။ လူလွှတ်ပြီး စင်ကို ၂၄ နာရီ မျက်ခြေမပြတ် စောင့်ကြည့်ခိုင်းထား.. မျိုးနွယ်ခြားဘုရင်ရဲ့ လူတွေကို ခွေးကိုပဲ ဖြစ်ဖြစ် ဝံပုလွေကိုပဲ ဖြစ်ဖြစ် ဘာလှည့်ကွက်မှ လုပ်ခိုင်းလို့ မရဘူး..” လီကျွင်းရှန်းမှ ပြောလာခဲ့သည်။

“ဒီလက်အောက်ငယ်သား နားလည်ပါပြီ..”

ကွန်ဖြူးရှပ်ဂိုဏ်းသား အမိန့်အား ထမ်းဆောင်ရန် ခပ်သွက်သွက် ထွက်သွားလိုက်သည်။

ထိုနေ့ညတွင် ဝံပုလွေနှင့် ခွေးတို့ အစာရေစာ ဖြတ်ခံလိုက်ရ၏။ မရေမတွက်နိုင်သော လူများသည်လည်း မသိမသာ ဖြစ်စေ သိသိသာသာ ဖြစ်စေ စင်ဘေးပတ်ပတ်လည်၌ ရပ်စောင့်ကြည့်နေခဲ့ကြသည်။

ဝှစ်.. ညသန်းခေါင်ယံ အချိန်တွင် အမှောင်ထု အတွင်းမှနေ၍ လှောင်အိမ်ရှိရာသို့ အသားပိုင်း တစ်ပိုင်း ပျံသန်း ရောက်ရှိလာခဲ့၏။ သို့သော် ထိုအသားတုံးသည် လေထဲ၌ ရှိနေစဉ်မှာပင် မြားတစ်စင်း၏ ပစ်ချခြင်းကို ခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ထိုအမှောင်ထုဘက်မှ ညည်းသံတစ်သံ ထွက်ပေါ်လာခဲ့၏။ ထို့နောက်တွင် ပြန်လည်တိတ်ဆိတ် သွားခဲ့သည်။

“အရူးပဲ။ လူတွေ ဒီလောက်အများကြီး စောင့်ကြည့်နေတာကို လှည့်ကွက်တွေ လုပ်ချင်နေတယ်..။ ကိုယ့်သေတွင်းကိုကိုယ် တူးနေတာပဲ..”

အဝေးတွင် ကြယ်ရောင် လရောင်များသည် စားသောက်ဆိုင် တစ်ဆိုင်ထိပ်ရှိ မျက်နှာဖုံးနှင့်လူ၏ ပုံရိပ်အား ခပ်ရေးရေး ပုံဖော်ပေးနေ၏။ သို့သော် ဤလူ၏တည်ရှိမှုသည် မည်သူ့ကိုမှ အထိတ်လန့်မှ မဖြစ်စေခဲ့ပေ။ အလျင်အမြန်ပင် ပြန်လည် ပျောက်ကွယ်သွားခဲ့၏။

……

လရောင် ပျောက်ကွယ်သွားကာ ကောင်းကင်ယံ အရှေ့ဘက်တွင် တောက်ပသော နေမင်းအလင်းရောင် ထွက်ပေါ်လာခဲ့သည်။ ယမနေ့တွင် သည်းထန်စွာ ရွာသွန်းနေသော မိုးမှာလည်း တိတ်သွားလေပြီ။ အမှောင်ထုအတွင်း၌ တိတ်တဆိတ် စောင့်ကြည့်နေကြသည့် မရေမတွက်နိုင်သော သူလျှိုများနှင့် ကင်းထောက်များသည်လည်း အရိပ်များအတွင်း ဝင်ရောက် ပျောက်ကွယ်သွား၏။ စင်မြင့်ထက်တွင် ချန်တာ့ကျုံးဟု အမည်ရသောမုဆိုး အိပ်နေရာမှ ထလာကာ အညောင်းအညာ ဆန့်လိုက်သည်။ ဖြစ်ပျက်နေသည်များကို နည်းနည်းမှသတိမထားမိပေ။

“ဝံပုလွေပေါက်လေး။ လာခဲ့..” ချန်တာ့ကျုံး ဝံပုလွေအား ခေါ်လိုက်သည်။ ဝံပုလွေ ထရပ်ကာ လှောင်အိမ်၏သံတိုင်များ ရှိရာသို့ လျှောက်လာာခဲ့၏။ ကျိုးနွံနာခံစွာဖြင့် ချန်တာ့ကျုံး၏ လက်ဖဝါးအား ယှက်ပေးနေခဲ့သည်။ ရုတ်တရက် အစာ ဖြတ်ခံလိုက်ရသည့် အတွက်ကြောင့် သိသိသာသာ အားနည်းသွားသော်လည်း အမူအရာများမှာ အနည်းငယ်မျှ မပြောင်းလဲသွားပေ။

ခွေးပေါက်လေးသည်လည်း သန်းဝေကာ ခန္ဓာကိုယ် ခါရမ်း၍ ဝံပုလွေနား လျှောက်လာခဲ့သည်။ ထို့နောက်တွင် ဝံပုလွေအား တရှုံ့ရှုံ့ အနံ့ခံလိုက်၏။

ဝံပုလွေနှင့် ခွေးတို့၏ မူမပျက် ခင်မင်ရင်းနှီးနေကြသည့် ပုံစံသည် ချန်တာ့ကျုံးအား ချက်ချင်းပင် ယုံကြည်ချက် ပြည့်ဝသွားစေခဲ့သည်။ သူသည် ဤဝံပုလွေအား အကောင်ပေါက် အရွယ်မှစ၍ ကျွေးမွေးလာခဲ့ခြင်း ဖြစ်၏။ ဤအကောင်အား သူ့ထက် မည်သူမှ နားမလည်နိုင်ပေ။

ဝံပုလွေသည် သနားကြင်နာခြင်းအား သင်ယူထား၏။ မည်မျှပင် ဆာလောင်နေပါစေ သူနှင့်အတူ ကြီးပြင်းလာသော ခွေးပေါက်လေးအား ဘယ်သောအခါမှ စားမည် မဟုတ်ပေ။

မျိုးနွယ်ခြားဘုရင် ရှုံးမည်မှာ အသေအချာပင်။

မိုးသောက်ချိန်မှ နေ့ခင်းအချိန်သို့ ရောက်သည့်အချိန်တွင် ဝံပုလွေနှင့် ခွေးတို့သည် သိသိသာသာပင် ဆာလောင်သည့်ပုံစံ ပြလာကြ၏။ ခွေးပေါက်လေးသည် နှာခေါင်းတရှုံ့ရှုံ့ဖြင့် တအီအီ မြည်လာကာ ဝံပုလွေကမူ များစွာပိုမို ငြိမ်ကျသွားခဲ့သည်။ လှောင်အိမ်ထောင့်တစ်နေရာ၌ သွားထိုင်နေကာ ငြိမ်သက်စွာ စောင့်နေလိုက်၏။ တစ်လျှောက်လုံးတွင် ခွေးပေါက်လေးအား တစ်ချက်ပင် မကြည့်ခဲ့ပေ။

“ကောင်းတယ်..”

ဘေး၌ ရှိနေသော လူအုပ်ကြီးတစ်ခုလုံး ဝမ်းသာသွားကြသည်။ ချန်တာ့ကျုံးသည်လည်း များစွာ စိတ်အေးသွားရ၏။

မကြာလိုက်ချေ။ ဒုတိယမြောက်နေ့သို့ ရောက်လာခဲ့သည်။ ဝံပုလွေများသည် ဆာလောင်မှုဒဏ်အား ခွေးများကဲ့သို့ ခံနိုင်ရည်စွမ်း မများပေ။ ခန္ဓာကိုယ်မှာ သိသိသာသာပင် ပိန်ကျသွား၏။ မျက်လုံးများမှာ ပင်ပန်းနွမ်းနယ်လာကာ အလွန်အမင်းဆာလောင်နေကြောင်း မြင်နိုင်ပေသည်။ သို့သော် ခွေးအား စားရန် မကြိုးစားသေးပေ။

ယခုတွင် တတိယမြောက်နေ့သို့ ရောက်လာခဲ့၏။

ခွေးနှင့် ဝံပုလွေအား အားပေးရန်အတွက် လူများ မရေမတွက်နိုင်အောင် စုဝေးလာခဲ့သည်။

“အားတင်းထား။ ရက်စက်တဲ့ ကျားတောင်မှ သူ့ကလေးတွေကို ပြန်မစားဘူး..။မျိုးနွယ်ခြားဘုရင် ရှုံးမှာသေချာတယ်..”

လူအုပ်ကြီး စိတ်လှုပ်ရှားလာ၏။

ဤအခြေအနေအား မြင်သော် အဆင့်အမျိုးမျိုးရှိသည့် ကွန်ဖြူးရှပ်ဂိုဏ်းသားများသည်လည်း စိတ်အေးလာကြ၏။ အခြေအနေသည် သူတို့ အလိုရှိသည့် ဘက်သို့ တိုးတက် ပြောင်းလဲလာနေကြောင်း သိသာပေသည်။

“ကောင်လေး။ တော်တယ်..”

မုဆိုးသည် ခါး၌ပတ်ထားသော ဝံပုလွေအရေခွံအား ပွတ်သပ်ကာ ဝံပုလွေအား ချစ်ခင်မြတ်နိုးစွာ ကြည့်လိုက်၏။

စတုတ္ထမြောက်နေ့..

လှောင်အိမ်အတွင်းရှိ ဝံပုလွေသည် အရိုးပေါ်အရေတင် ဖြစ်နေလေပြီ။ မတ်မတ်ပင် မရပ်နိုင်တော့။ ညည်းလျှင်လည်း ကျယ်ကျယ်ပင် မညည်းနိုင်တော့ချေ..။ ခွေးကမူ အနည်းငယ် အခြေအနေ ကောင်းသေး၏။

ဝုတ် ဝုတ်.. ခွေးပေါက်လေး ဝံပုလွေနား လျှောက်သွားလိုက်သည်။ သို့သော် ဝံပုလွေ၏အမွေးအား နှစ်ကြိမ်သာယှက်ကာ ထွက်သွား၍ မည်သည့်လှုပ်ရှားမှုမှ ထပ်မလုပ်တော့ပေ။

“တော်တယ်..”

လူအုပ်ကြီး၏ စိတ်လှုပ်ရှားတကြီး ချီးကျူးထောပနာပြုသံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ဝေါင်းး…

သို့သော် လူတိုင်း စိတ်လှုပ်ရှား တက်ကြွနေစဉ်မှာပင် ရုတ်တရက် ခက်ထန်သော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာခဲ့၏။ အသက်မျင်းမျင်းသာကျ န်တော့သည့် မီးခိုးရောင်ဝံပုလွေသည် လှောင်အိမ်ဘေးသို့ လျှောက်သွားလိုက်၏။ ထိုနေရာရောက်သည်နှင့် ချွန်ထက်သောသွားများနှင့် ပါးစပ်အား ကျယ်လောင်စွာဟကာ ခွေးပေါက်လေး၏ လည်ပင်းအား ခဲကိုက် လိုက်တော့သည်။

အီ အီ.. ခွေးပေါက်လေးမှာ ရုန်းကန်ကာ သွေးများက ဝံပုလွေ၏ပါးစပ်မှ စီးကျလာခဲ့၏။

ဆာလောင်မှုသည် ဝံပုလွေ၏ ရိုင်းစိုင်းသောစရိုက်အား ထွက်ပေါ်လာစေခဲ့သည်။ ထိုမျှသာမက သွေးနံ့၏ လှုံ့ဆော်မှုသည် ကျိုးနွံတတ်သည့် ဝံပုလွေအား ကြမ်းကြုတ်လာစေခဲ့၏။ ဝေါင်းး… ခွေးပေါက်လေးအား စတင်၍ ရက်ရက်စက်စက် ဆုတ်ဖြဲကာ ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခု ဖန်တီးလိုက်သည်။

“အားး…”

လေထုအတွင်းတွင် ပင့်သက်ရှိုက်သံများ၊ အော်ဟစ်သံများဖြင့် ပြည့်နှက်သွား၏။ ရုတ်တရက်ဆန်သည့် မြင်ကွင်းကြောင့် လူအုပ်ကြီးတစ်ခုလုံး မှင်သက်ကြက်သေ သေသွားခဲ့ကြသည်။ မျက်လုံးအပြူးသား ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

အချို့သူများသည် ကြောက်လန့်တကြားဖြင့် ခပ်မြန်မြန်ပင် အကြည့်လွဲလိုက်ကြသည်။ သူတို့သည် လွန်ခဲ့သည့် ရက်များမှ ဝံပုလွေနှင့် ခွေးတို့ ပူးတွဲယှဉ်တွဲ နေထိုင်ကာ ဆော့ကစားကြသည့် မြင်ကွင်းနှင့် အသားကျ နေကြပေပြီ။ ဝံပုလွေက ခွေးအား ဘယ်သောအခါမှ စားလိမ့်မည်မဟုတ်ဟု အခိုင်အမာ ယုံကြည်ခဲ့ကြ၏။

ထို့အတွက်ကြောင့် ဆိုးရွားသော ဤမြင်ကွင်းသည် သူတို့အား အံ့သတကြီး ဖြစ်စေခဲ့သည်။

“မလုပ်နဲ့..” ချန်တာ့ကျုံး ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ လှောင်အိမ်ထံ ပြေးသွားကာ သူ၏မျက်နှာထက်တွင် စိတ်ပျက်မှု၊ မယုံကြည်နိုင်မှုများက အထင်းသား ဖြစ်ပေါ်နေခဲ့သည်။

“လွှတ်လိုက်.. တိရိစ္ဆာန်ကောင်။ မင်း ဘာတွေ လုပ်နေတာလဲ..”

လှောင်အိမ်အတွင်းတွင် ဝံပုလွေသည် ဤအော်ဟစ်သံများအား မကြားသကဲ့ပင်။ ခွေးအား ဆက်လက်စားသောက်နေကာ ပါးစပ်မှ ကျောချွမ်းဖွယ်ကောင်းသော အသံများ ထွက်ပေါ်နေ၏။

အစိမ်းရင့်ရောင်မျက်လုံးများမှာ အန္တရာယ် အငွေ့အသက်များဖြင့် တောက်ပနေကာ အမွေးများမှာလည်း တဆုံးတိုင် ထောင်ထနေ၏။ ချွန်ထက်သော လက်သည်းများကိုလည်း ထုတ်ပြလာခဲ့သည်။

မီးခိုးရောင်ဝံပုလွေသည် သူ၏အစောပိုင်းမှ ကျိုးနွံနာခံမှုများ အားလုံး ပျောက်ကွယ်သွားလေပြီ။ တစ်ကိုယ်လုံး ရက်စက်ကြမ်းကြုတ်မှုများ၊ ရန်လိုမှုများဖြင့် ဖုံလွှမ်းနေ၏။ ရိုင်းစိုင်းသော ဝံပုလွေတစ်ကောင်နှင့် မခြားနားတော့ပေ။

ဝုန်းး.. ချန်တာ့ကျုံး လှောင်အိမ်နား ပြေးသွားကာ သံတိုင်များအား ဆုပ်ကိုင်၍ အော်ဟစ် လိုက်သည့်အချိန်တွင် ဝံပုလွေသည် သွေးသံတရဲရဲပါးစပ်နှင့် ချက်ချင်း ခေါင်းထောင်လာ၏။ ချန်တာ့ကျုံးထံ ပြေးသွားကာ ချန်တာ့ကျုံးအား တိုက်ခိုက်တော့သည်။ ချွန်ထက်သည့် သွားများဖြင့် ချန်တာ့ကျုံး၏ လက်အား ရက်ရက်စက်စက် ကိုက်ချလိုက်လေတော့၏။

******

အပိုင်း ၁၃၀၃

လူများ၏ စိတ်နှလုံးအတွင်းပိုင်းထဲအထိ ထိုးဖောက်ခြင်း

“အားး…”

ချန်တာ့ကျုံး မျက်နှာဖြူဖတ်ဖြူလျော် ဖြစ်သွားကာ အနောက်သို့ ဖင်ထိုက်လျက်သား လှဲကျသွားခဲ့သည်။

“မင်း ဘာတွေ လုပ်နေတာလဲ.. ရူးသွားတာလား။ ငါ့ကိုတောင် မမှတ်မိတော့ဘူးလား..”

သို့သော် လှောင်အိမ်အတွင်းမှ မီးခိုးရောင်ဝံပုလွေသည် ဘာမှ မကြားသည့်အတိုင်းပင်။ ချန်တာ့ကျုံးအား မတိုက်ခိုက်နိုင်သော် စိတ်လွတ်၍ ရူးသွားဟန် ရှိ၏။ ခန္ဓာကိုယ်ဖြင့် လှောင်အိမ်၏သံတိုင်များအား ဆောင့်တိုက်တော့သည်။ နီရဲနေသော မျက်လုံးများဖြင့် အောက်ရှိလူအုပ်ကြီးအား ကြမ်းကြုတ်စွာ ကြည့်နေသည်မှာ စားရမည့်သားကောင်အား ရွေးချယ်နေသကဲ့ပင်။

ဟင်…

“ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်သွားတာလဲ..”

လူအုပ်ကြီးထံမှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။ ဝံပုလွေ၏ ထူးဆန်းကာ ရက်စက်သည့် ပုံစံအား ကြည့်၍ အတော်များများ နောက်ပြန်ဆုတ် ကုန်ကြသည်။

“မကောင်းတော့ဘူး.. ဒီအကြောင်းကို သခင်လေးကို မြန်မြန်သွားတင်ပြရမယ်..”

ဘေးပတ်ဝန်းကျင်၌ ပုန်းကွယ်နေသော ကွန်ဖြူးရှပ်ဂိုဏ်းသားများသည်လည်း ထိတ်လန့်တကြား ဖြစ်ကုန်ကာ ရုံးတော်အကြံပေးဌာနသို့ သုတ်ခြေတင် ပြေးသွားကြတော့သည်။

ဖျပ် ဖျပ်.. တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ငှက်များသည်လည်း ကောင်းကင်ထက် ပျံတက်သွားခဲ့၏။

ဒုန်းး..

လူအုပ်ကြီး အုတ်အော်သောင်းနင်း ဖြစ်နေစဉ်တွင် စင်မြင့်ထက်၌ ခြေသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ လေးရက် ကြာပြီးနောက် နောက်ဆုံးတွင် စုရွှတ်ရွှမ်း ပြန်ပေါ်လာခဲ့၏။ အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားကာ အစောင့်ရှစ်ဦးလည်း ခေါ်လာခဲ့သည်။

“ခင်ဗျား ရှုံးပြီ..” စုရွှတ်ရွှမ်းမှ ချန်တာ့ကျုံးအား ပြောလိုက်သည်။

ချန်တာ့ကျုံးသည် မြေပြင်အား တွေတွေကြီး စိုက်ကြည့်နေကာ စကားတစ်ခွန်းမျှပင် ပြန်မပြောနိုင်တော့ပေ။ ဘယ်လို အခြေအနေမျိုးပဲ ဖြစ်နေပါစေ သူ ပျိုးထောင်ထားသည့် ဝံပုလွေတစ်ကောင်သည် သူ ပျိုးထောင်ထားသည့် ခွေးတစ်ကောင်အား ဘယ်သောအခါမှ စားလိမ့်မည် မဟုတ်ဟု သူ အမြဲတစေ ယုံကြည်ခဲ့၏။ သို့သော် အမှန်တရားသည် သူ့အား ခပ်ပြင်းပြင်း ရိုက်ချခဲ့လေသည်။

စုရွှတ်ရွှမ်းသည်လည်း ဘာမှ ထပ်မပြောခဲ့ပေ။ ချန်တာ့ကျုံးအနေနှင့် ရက်စက်သည့် အမှန်တရားအား လက်မခံနိုင်သေးသည်ကို သူ နားလည်၏။

ထို့ကြောင့် အစောင့်များနှင့်အတူ စင်ဘေးတဖက်တွင် ရပ်နေကာ တစ်စုံတစ်ခုအား စောင့်ဆိုင်း နေလိုက်သည်။

ထိုအချိန်တွင် မိုးပြာရောင်ဝတ်စုံ ဝတ်ဆင်ထားကာ ချောမောခံ့ညားသည့် လူငယ်တစ်ဦး အနီးရှိ စားသောက်ဆိုင်မှ လက်နောက်ပစ်၍ လမ်းလျှောက် ထွက်လာခဲ့သည်။

“အဲဒါ မျိုးနွယ်ခြားဘုရင်ပဲ..” ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီးထံမှ အံ့ဩတကြီး ရေရွတ်သံများ ထွက်ပေါ်လာခဲ့၏။

ဤလူမှာ အခြား မဟုတ်ပေ။ ဤငြင်းခုန်မှုမုန်တိုင်းအား အစပျိုးခဲ့သည့် မြို့တော်၏ ကြီးမားသောတည်ရှိမှု.. မျိုးနွယ်ခြားဘုရင်ပင်။

ဝမ်ချောင်သည် တည်တည်ငြိမ်ငြိမ်ပင် စင်မြင့်ရှိရာသို့ လျှောက်သွားလိုက်၏။ ယခုအချိန်တွင် သူ၏ထွက်ပေါ်လာမှုမှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော တည်ရှိမှုဖြစ်သည့် တောက်ပသောနေမင်း ထွက်ပေါ်လာသကဲ့ပင်။ ဘေးပတ်ပတ်လည်ရှိ စားသောက်ဆိုင်များမှ မရေမတွက်နိုင်သော အကြည့်များက သူ့ထက် စုပြုံ ကျရောက်လာခဲ့၏။

ဝေါ…

လေများ တိုးဝှေ့တိုက်ခတ်လာခဲ့သည်။ စင်ဘေး၌ ရှိနေသော ‘မျိုးနွယ်ခြားဘုရင်’ နှင့် ‘အင်အားကသာ အမှန်တရား’ ဟူသည့် ဆိုင်းဘုတ်နှစ်ခုမှာ မပြောင်းလဲသွားပေ။ သို့သော် ရန်လိုနေသည့် ဝံပုလွေက လှောင်အိမ်အား ဒေါသတကြီး ဆောင့်တိုက်နေစဉ်။ ဝမ်ချောင်က စင်မြင့်ထက်သို့ တက်သွားလိုက်သော် ဤဆိုင်းဘုတ်များသည် လုံးဝမတူညီ ကွဲပြားသည့် ခံစားချက်များ ပေးလာခဲ့၏။

“ရလဒ်ကို အားလုံးလည်း မြင်ပြီးကြပါပြီ..”

တိုက်ခတ်နေသာ လေများကြားတွင် ဝမ်ချောင်၏ဝတ်ရုံ တဖျတ်ဖျတ် လှုပ်ခါနေခဲ့သည်။ သူ၏အသံမှာ မိုးကြိုး ပစ်ချလိုက်သကဲ့ပင်။ နေရာအနှံ့ ဟိန်း၍ ပြန့်နှံ့သွားခဲ့၏။ ထိုအချိန်တွင် လူအုပ်ကြီး တိတ်ဆိတ် ငြိမ်ကျသွားသည်။ အနွေးဓာတ် မပျောက်သေးသည့် ခွေးပေါက်လေး၏အလောင်းရှေ့တွင် မည်သူမှ ဘာမှမပြောနိုင်ပေ။

“ယဉ်ပါးအောင် ထိန်းကျောင်း ခံထားရတဲ့ ဝံပုလွေတစ်ကောင်က မယုံနိုင်လောက်အောင် ကျိုးနွံနာခံတတ်တယ်..။ ခင်ဗျားတို့အိမ်ကို ကာကွယ် ပေးနိုင်တယ်။ ခင်ဗျားတို့ကလေးတွေနဲ့ ဆော့ကစား နိုင်တယ်။ ခင်ဗျားတို့ ခွေးနဲ့ အတူတွဲနေလို့ရတယ်။ သူက ဝံပုလွေတစ်ကောင် မဟုတ်ဘဲ ခွေးတစ်ကောင်လို့တောင် ခင်ဗျားတို့ကို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နိုင်တယ်..။ ဒါပေမဲ့ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် သူ့အသွေးအသားထဲမှာ နစ်ဝင်နေတဲ့ သွေးဆာပြီး ရက်စက်တတ်တဲ့ ပင်ကိုယ်ဗီဇကိုတော့ ခင်ဗျားတို့ မေ့ထားလိုက်လို့ မရဘူး..။ အခွင့်အရေး ရတာနဲ့ အဲဗီဇက သေရေးရှင်ရေး အခြေအနေမှာ ထွက်လာမှာပဲ.။. ဒီခွေးကို ကိုက်ခဲ့သလိုပဲ ခင်ဗျားတို့ လည်ပင်းကို ကိုက်လိမ့်မယ်..။ တောတွင်းဥပဒေသဆိုတာ ဒါပဲ..”

ဝမ်ချောင်၏အသံသည် လူတိုင်း၏ နားအတွင်းသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက် လာခဲ့၏။ စင်မြင့်ထက်တွင် မုဆိုးသည် မျက်နှာဖြူဖျော့နေကာ စိတ်နှင့် လူလည်း မကပ်သေးပေ။ ခန္ဓာကိုယ်မှာလည်း တဆတ်ဆတ် တုန်ယင်နေ၏။ သူ ဝံပုလွေပေါက်လေးအား မွေးလာသည်မှာ အချိန်အတော် ကြာပေပြီ။ သို့သော် သူ အံ့ဩရသည်က ဝံပုလွေလေးသည် နောက်ဆုံးတွင် ရက်စက်သော ဝံပုလွေတစ်ကောင်သာ ဖြစ်နေသေးလေသည်။

“.. အခုအချိန်မှာ မဟာထန်က ဘေးကနိုင်ငံတွေနဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတယ်။ ဒီဝံပုလွေနဲ့ ခွေးလိုပဲ သူတို့နဲ့ ယှဉ်တွဲ နေထိုင်နေကြတယ်..။ ကျုပ်တို့ သူတို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလို့ ရတယ်။ သူတို့နဲ့ ယှဉ်တွဲ နေထိုင်လို့ရတယ်။ ဒါပေမဲ့ ဝံပုလွေက ဝံပုလွေပဲ ဆိုတာ မမေ့လိုက်နဲ့..။ ဘယ်ချိန်မဆို ခင်ဗျားတို့ သတိလေး နည်းနည်းလွတ်လိုက်တာနဲ့ အမြန်ဆုံး၊ အရက်စက်ဆုံး နည်းလမ်းတွေ သုံးပြီး ခင်ဗျားတို့လည်ပင်းကို ကိုက်ဖြဲပစ်လိမ့်မယ်.။ .ဒါက တောတွင်းဥပဒေသ။ ဒီတိုင်းတစ်ပါးသားတွေရဲ့ ဝံပုလွေနဲ့ တူတဲ့ အကျင့်စရိုက်ပဲ..”

“ပြီးတော့ လူတစ်ယောက်က ဝံပုလွေတွေ၊ ကျားတွေနဲ့ ရင်ဆိုင်ချင်တယ်ဆိုရင် သူတို့ထက် ပိုရက်စက်ကြမ်းကြုတ်မှပဲ ရမယ်..”

ဝမ်ချောင် အနားရှိ အစောင့်အား အချက်ပြလိုက်သည်။ အစောင့်သည် ချက်ချင်းပင် လှောင်အိမ်နား လျှောက်သွားလိုက်၏။ အတွင်း၌ ရှိနေသော ဝံပုလွေသည် လူတစ်ယောက် အနားကပ်လာသည်ကို အာရုံခံမိသော် သွေးဆာနေသော မျက်လုံးများက ထိုလူထက် ချက်ချင်း ကျရောက်သွား၏။ အစွယ်များ ဖြဲပြ၍ ခန္ဓာကိုယ်အား ဝပ်ချကာ အစောင့် နီးကပ်လာလျှင် ခုန်အုပ်ရန် အသင့်ပြင် ထားလိုက်သည်။

သို့သော်..

ချွင်..

တောင့်တင်းသန်မာသော အစောင့်သည် လက်တစ်ဖက်ကိုသာ လှောင်အိမ်အတွင်း ထည့်လိုက်၏။ ဝံပုလွေအား ဂုတ်မှဆုပ်ကိုင်ကာ ဆွဲထုတ်လာလိုက်သည်။

ကြမ်းတမ်းသော ဝံပုလွေသည် လွတ်မြောက်ရန်နှင့် ပြန်လည် တိုက်ခိုက်ရန်အတွက် အစောင့်လက်အတွင်းမှ အသည်းအသန် ရုန်းကန်နေခဲ့၏။

“အားး…”

သူ၏ကြမ်းတမ်း ခက်ထန်သောပုံစံကြောင့် လူအုပ်ကြီးအတွင်းမှ ကြောက်လန့်တကြား စူးရှစွာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ သို့သော် တစ်ခဏအကြာတွင်.. ဂျွတ်..

အစောင့်မှ အင်အား အများအပြား သုံးကာ သူ၏လည်ပင်းအား မချိုးမီတွင် ဝံပုလွေသည် တစ်ချက်သာ အော်ဟစ်လိုက်နိုင်၏။ ခေါင်းနှင့် ခြေလက်များနှင့် အောက်ငိုက်စိုက် ကျသွားကာ လေထဲတွင် အသက်ကင်းမဲ့စွာ တွဲလောင်း ဖြစ်သွားတော့သည်။

“အားး…”

ကြည့်နေသောသူများမှာ ပါးစပ်ကို လက်ဖြင့်အုပ်ကာ စူးရှသော အော်ဟစ်သံများ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့၏။

“မြင်လား။ ရက်စက်ပြီး သွေးဆာတဲ့ ဝံပုလွေတောင် သူ့ထက် အင်အားပိုကြီးတဲ့ စစ်သားရှေ့မှာ ခုနတုန်းက သူ စားခဲ့တဲ့ခွေးနဲ့ ဘာမှမကွာဘူး..”

“ဒါက တိုင်းပြည်တွေ ကြားက ဆက်ဆံရေးရဲ့ သဘောသဘာဝပဲ..။ အမှောင်ထု တောအုပ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ် ပေးနိုင်တာက ကြင်နာတာနဲ့ တရားမျှတမှု ရှိတာ မဟုတ်ဘူး..။ အခက်အခဲကို ရင်ဆိုင်နိုင်တဲ့ ကြီးမားတဲ့သတ္တိနဲ့ ပိုပြီးကြီးမားတဲ့ ခွန်အားပဲ..။ ဒါက အင်အားကသာ အမှန်တရားပဲ..”

ထိုသို့ပြောပြီးသည်နှင့် ဝမ်ချောင် လူအုပ်ကြီးအား တစ်ချက်ဝေ့ဝိုက် ကြည့်ကာ ဝတ်ရုံခါ၍ ထိုနေရာမှ ထွက်သွားလိုက်သည်။

“..”

သူ့နောက်တွင် ကျန်ခဲ့သော ကြီးမားသည့် လူအုပ်ကြီး ငြိမ်ကျသွား၏။

တိတ်ဆိတ်မှု…

ကြောက်ခမန်းလိလိ တိတ်ဆိတ်မှု..

ဝမ်ချောင် ထွက်သွားပြီးသည့် နောက်မှာပင် ဤအဖြစ်အပျက်များအား ကြည့်ရန်အတွက် မိုးပြာနဂါးလမ်းသို့ ရောက်လာသည့်လူများ၊ စားသောက်ဆိုင်များနှင့် တည်းခိုဆောင်များရှိ လူများ၊ သတင်း ကြားပြီးနောက်တွင် ရောက်ရှိလာသော ကလန်ခေါင်းဆောင်များ.. အားလုံး ကြက်သေ သေကုန်ကြသည်။

လူတိုင်းသည် ထိုမြင်ကွင်းကြောင့် ဖြစ်ပေါ်လာသည့် ထိတ်လန့်မှုအတွင်းမှ ရုန်းမထွက် နိုင်ကြသေးပေ။

ယခုတွင် ဝမ်ချောင် ထွက်ခွာသွားပြီ ဖြစ်သော်လည်း မြို့တော်မှ လူများအတွက်မူ ဤကိစ္စသည် အနည်ထိုင်သွားရန် များစွာ လိုနေသေးပေသည်။ ချန်တာ့ကျုံးမှ သူ၏ဝံပုလွေ၊ ခွေးတို့နှင့်အတူ စင်ပေါ်တက်လာသည့်အချိန်တွင် လူတိုင်းသည် သူတို့ ကစားပွဲတစ်ခု ကြည့်ရတော့မည်ဟု ယုံကြည်ခဲ့ကြ၏။ အများစုသည် ဝမ်ချောင် စင်ဘေး၌ စိုက်ထူထားသော ဆိုင်းဘုတ်နှစ်ခုတွင် တစ်ခုမှာ‘အင်အားကသာ အမှန်တရား’ ဟူသည့် ဆိုင်းဘုတ် ဖြစ်ကြောင်းကိုပင် မေ့နေကြလေပြီ။

ဖြစ်ပျက်ခဲ့သည့် ကိစ္စများ အားလုံးမှာ ဝမ်ချောင် သူ၏အယူအဆများအား သက်သေပြရန်သာ ဖြစ်၏။

သို့သော် ထိုခွေးပေါက် အသတ်ခံ အစားခံရသည့် အချိန်၊ ဝံပုလွေ လည်ပင်း ချိုးခံလိုက်ရသည့်အချိန်တွင် မည်သူကမှ မရယ်နိုင်ကြပေ။ မည်သူကမှ ဤသည်အား ကစားပွဲတစ်ခုဟု ဆက်လက် သဘော မထားနိုင်ကြတော့ပေ။

အချက်အလက်များသည် မည်သည့် ငြင်းခုံမှုကို မဆို ဖြတ်ကျော်နိုင်၏..။

ဝမ်ချောင်သည် ဤအသက်ရှင်သန်ရေး ဥပဒေသကို မြို့တော်နှင့် မဟာထန်ရှိ လူများအား ပြသရန်အတွက် အပွင့်လင်းဆုံးနှင့် အခိုင်မာဆုံး နည်းလမ်း အသုံးပြုခဲ့သည်။

ဝုန်းး…

တဒင်္ဂခန့် တိတ်ဆိတ်မှုပြီးနောက်တွင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ လူအုပ်ကြီး ပေါက်ကွဲ ထွက်လာ၏။

“မျိုးနွယ်ခြားဘုရင်ပြောတာမှန်တယ်.. ငါတို့အားလုံး မှားနေကြတာပဲ..”

“ငါတို့အားလုံး ဒီဝံပုလွေကို သဘောကျ ခဲ့ကြတယ်..။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ ခွေးကို စားလိုက်တာပဲ..။ ဝံပုလွေကဝံပုလွေပဲ။ ဘယ်ဟာကမှ ဒါကို မပြောင်းလဲပစ်နိုင်ဘူး..”

“ဘေးနိုင်ငံတွေက မဟာထန် ကြွယ်ဝချမ်းသာတာတွေကို မနာလို ဖြစ်နေပြီး အမြဲတမ်း မဟာထန်ကို တိုက်ခိုက်ဖို့ နည်းလမ်းရှာနေတာ..။ အိုက်ယားး ငါတို့အားလုံး အရူး လုပ်ခံနေရတာပဲ..။ မျိုးနွယ်ခြား ဘုရင်ကပဲ။ သူတစ်ယောက်တည်းကပဲ ရှင်းရှင်းလင်းလင်း မြင်နေခဲ့တာ..။ အဲဒါကြောင့် ဟိုစာအုပ် ရေးခဲ့တာပဲ.. မျိုးနွယ်ခြားဘုရင် မှန်တယ်..”

လူအုပ်ကြီးအတွင်းတွင် ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။ စင်မြင့်ထက်၌ ဖြစ်ပွားခဲ့သော မြင်ကွင်းသည် သူတို့၏စိတ်အတွင်းပိုင်း၌ နက်ရှိုင်းစွာ နေရာ ယူသွားခဲ့လေပြီ။ ဤမြင်ကွင်းအား သူတို့တစ်ဘဝလုံးပင် အမှတ်ရချင်ရနေနိုင်၏။

“သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေ နားမထောင်ကြနဲ့..။ ဒါတွေအားလုံးက တိုက်ဆိုင်တာပါ။ တိုက်ဆိုင်မှုတစ်ခုပဲ..။ မတော်တဆမှုတစ်ခုတည်းနဲ့ ဘယ်ဟာကိုမှ သက်သေပြလို့ မရဘူး..။ အားလုံးပဲ တော်ဝင်ရုံးတော်ကိုပဲ ယုံကြည်ကြ..”

လူအုပ်ကြီးအတွင်းတွင် ကွန်ဖြူးရှပ်သမားများကလည်း ကျယ်လောင်စွာ အော်ဟစ် ပြောဆိုလာကြ၏။ သို့သော် မည်သူကမှ သူတို့အမြင်အား အဖက်လုပ်ကာ နားထောင်မနေပေ။ သူတို့အသံမှာ လူအုပ်ကြီး၏ စကားသံများအောက် နစ်မြှုပ် ပျောက်ကွယ် သွားတော့၏။ ဤခွေးနှင့် ဝံပုလွေသည် ယခင်က သူတို့ တစ်ကြိမ်တစ်ခါမှ မတွေးဖူးသည့်အတွေးမျိုး တွေးမိစေခဲ့သည်။

မဟုတ်သေး။ သူတို့၏အတွေးအား ပြန်လည် သုံးသပ်ခဲ့သည်မှာ ဤလူအုပ်ကြီးသာ မဟုတ်ပေ။ အင်ပါယာတစ်ခုလုံးပင်..

“သွားပြီ..”

“အခြေအနေ မကောင်းတော့ဘူး..။ မျိုးနွယ်ခြားဘုရင် နိုင်သွားပြီ..။ ဒီတိုင်း ဆက်သွားနေမယ်ဆိုရင် ငါတို့နဲ့ မဟာထန်ရဲ့ငြိမ်းချမ်းရေးက မကြာခင် ပျက်စီးသွားလိမ့်မယ်..။ အရင်က ကြိုးစားခဲ့တာတွေ မှန်သမျှ အကုန်သဲထဲရေသွန် ဖြစ်သွားကုန်လိမ့်မယ်..”

“ဒီအကြောင်း အရှင့်ကို တင်ပြရမယ်..”

လူအုပ်အတွင်းရှိ ကင်းထောက်သမားများ ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြသည့်။ လူအုပ်ကြီးနှင့် စင်မြင့်ထက်၌ သေနေသည့် ဝံပုလွေအလောင်းအား တစ်လှည့်စီ ကြည့်ကာ လူအုပ်ကြီးအတွင်းမှထွက်လာ၍ ဦးတည်ချက်အသီးသီးသို့ အလျင်အမြန် ပြေးသွားလိုက်ကြ၏။

မြို့တော်၌ ဖြစ်ပွားခဲ့သော ဤဖြစ်ရပ်သည် အားလုံးတွေးနိုင်သည်ထက် သက်ရောက်မှု ပိုမိုကြီးမားခဲ့၏။ နေ့ဝက်အတွင်းမှာပင် ဖြစ်ပွားခဲ့သည်များကို မြို့တော်တစ်ခုလုံး သိသွားခဲ့သည်။ လူကိုယ်တိုင် စင်မြင့်အား လာကြည့်သည့် လူများမှာလည်း မရေမတွက်နိုင်အောင် ရှိလာခဲ့၏။ ထိုအချိန်တွင် ဝမ်ချောင်၏အမိန့်အရ အစောင့်များသည် မုဆိုးအား ကောင်းကောင်းမွန်မွန် ပြန်ပို့ပြီးကြပေပြီ။

သို့သော် ဝံပုလွေနှင့် ခွေး၏အလောင်းများကမူ ပုံမပျက် ရှိနေဆဲပင်။

ထိုကြောက်မက်ဖွယ် ကောင်းသောမြင်ကွင်း မြင်လိုက်ရသည့် လူများအားလုံး စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိုးနှက် ခံလိုက်ရ၏။ ဤကဲ့သို့ဖြစ်ရခြင်း၏ အဓိကအချက်မှာ ဤဝံပုလွေနှင့် ခွေးတို့က မည်မျှပင် ပနံသင့်စွာ ပူးတွဲ နေထိုင်ခဲ့ကြောင်း သူတို့ ကြားသိထားရသည့် အတွက်ကြောင့်ပင်။ သူတို့အပေါ် သံယောဇဉ်ပင် တွယ်လာကြသေး၏။ ကလေးများသည်ပင် ဤတိရိစ္ဆာန်နှစ်ကောင်ကြားမှ ခင်မင်ရင်းနှီးမှုအား ခံစားမိကြပေသည်။ ထို့အတွက်ကြောင့်ပင် စင်မြင့်ထက်ရှိ သွေးများအား မြင်လိုက်ရသည့်အချိန်တွင် သူတို့၏ထိတ်လန့်မှုမှာ ပိုမိုဆိုးဝါးခဲ့ရခြင်း ဖြစ်၏။

စင်မြင့်ထက်ရှိ ညိုပုတ်နေသော သွေးစီးကြောင်းများနှင့် ပါးစပ်တွဲလျောင်းကျကာ သေနေသော ဝံပုလွေအလောင်းသည် သူတို့အား ဆွံ့အစေခဲ့သည်။

အမှန်တရား၏ ရက်စက်မှု၊ ကလေးငယ်များ၏ အိပ်ရာဝင်ပုံပြင် ပျက်စီးသွားမှုတို့အား အကြင်နာတရားကင်းမဲ့စွာဖြင့် သူတို့ရှေ့တွင် ပြောင်ပြောင်ဘွင်းဘွင်း ချပြထား၏။ မြို့တော်၏ လေထုအခြေအနေမှာ ဖိစီးလေးလံ လာခဲ့သည်။ လူတိုင်း၏ ဦးခေါင်းထက်တွင် ကြီးမားလေးလံသော ကျောက်တုံးတစ်တုံး တင်ပေးလိုက်သကဲ့ပင်။ လေးလံလွန်းလှ၍ အသက်ပင် ရှူနိုင်ရုံသာ ရှူနိုင်ကြတော့၏။

ထိုနေ့တွင် လူအများစုပါးစပ်ဖျားတွင် ဤအကြောင်းအရာများသာ ပြောဆိုနေကြ၏။ ‘ကျိုးနွံသော ဝံပုလွေ’၊ ‘ဖြူစင်သော ခွေးပေါက်လေး’ အကြောင်း ပြောကြသည်။ ‘ပင်ကိုယ်စရိုက် ပွင့်ထွက်လာခြင်း’၊ ‘နောက်ဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း’ အစရှိသည့် အကြောင်းအရာတို့ ပြောကြသည်။ ထို့နောက်တွင် မျိုးနွယ်ခြားဘုရင် မထွက်သွားမီ၌ ပြောခဲ့သည့်စကားလုံးများကိုလည်း ပြန်ပြောကြလေ၏။

******

အပိုင်း ၁၃၀၄

အယူအဆပဋိပက္ခမုန်တိုင်း..

“မင်း.. အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့..”

“ဆရာ။ ကွန်ဖြူးရှပ်ကျောင်းရဲ့ သင်ရိုးက ကမ္ဘာလောကကြီးထဲက လူတွေကို ပျော်ရွှင်မှု ဖန်တီးပေးဖို့ပဲ..။ အမှန်က အမှန်။ မှားတာကမှားတာပဲ.. ဒီသင်ရိုးတွေရဲ့ အခြေခံက လူသားတွေအတွက်တော့ အဓိပ္ပာယ်ပြည့်ဝပါတယ်..။ ဒါပေမဲ့ မျိုးနွယ်ခြားဘုရင်ရဲ့ အယူအဆတွေက တိုင်းပြည်ရဲ့ကံကြမ္မာ အတွက်ပဲ.. ဆရာ။ ငြိမ်းချမ်းနေတာလည်း ဆိုးတော့ မဆိုးပါဘူး..။ ဒါပေမဲ့ မျိုးနွယ်ခြားဘုရင် ပြောသလိုပဲ။ ငြိမ်းချမ်းရေးဆိုတာက ကြိုးစား အားထုတ်မှုတွေကနေ ရလာတာ။ ညှိနှိုင်းဆွေးနွေးပြီး နောက်ဆုတ်နေတာကနေ ရလာတာ မဟုတ်ဘူး..။ ဆရာ အကယ်၍ ယွီရှန်း၊ အရှေ့၊အနောက်တာ့ခ်၊ ဂိုဂူလျောအင်ပါယာ၊ မုန့်ရှိကျောက်.. ဒီနိုင်ငံတွေကသာ မဟာထန်ကို ငြိမ်းချမ်းရေး ဟန်ပြ ပေးထားပြီး လက်နက်တွေ ဖျက်သိမ်းခိုင်းတာက မဟာထန်ကို အားနည်းအောင် လုပ်ပြီး ချက်ချင်းတိုက်ခိုက်လို့ရမဲ့ အခွင့်အရေးကောင်း စောင့်နေတာဆိုရင်ရော.. တကယ်သာ အဲလိုဆိုရင် ဆရာ့အနေနဲ့ ဘယ်လို ဖြစ်လာမယ်လို့ ထင်လဲ..”

“အဓိပ္ပာယ် မရှိတာ။ အရာအားလုံးသာ မင်း တွေးသလို ဖြစ်မယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ မျှော်လင့်ချက် ဆိုတာတောင် ရှိတော့မှာ မဟုတ်ဘူး..။ ငြိမ်းချမ်းရေးကို သင်ကြားတာတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ၊ တိုင်းတစ်ပါးသားတွေနဲ့ ရင်းနှီးအောင် လုပ်တာတွေကနေ ရယူသင့်တယ်...။ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာမှုတွေကို သူတို့လက်နဲ့ သူတို့ကိုယ်ပိုင် ရနိုင်တယ်။ စစ်ပွဲကနေ မဟုတ်ဘူးဆိုတာ နားလည်အောင် လုပ်ပေးရမယ်..။ မင်းရဲ့လက်ရှိအမြင်က တိုင်းတစ်ပါးသားတွေရဲ့ ရန်လိုစိတ်ကို နှိုးဆွပေးနေတာပဲ မဟုတ်ဘူးလား..။ ဒီအယူအဆအတိုင်း သွားမယ်ဆိုရင် ဘာငြိမ်ချမ်းရေးဆိုတာ ရှိတော့မှာလဲ..။ ငါ့တပည့်က ဒီလိုမျိုး ယုတ်ညံ့တဲ့ အယူအဆအတွက် ငါနဲ့ ငြင်းခုန်နေတာက ရှက်စရာ ကောင်းလိုက်တာ..။ ငါ ဒီနေရာမှာပဲ ကြေညာတယ်။ မင်းကို ကျောင်းထုတ်တယ်။ မင်း ကွန်ဖြူးရှပ်ကျောင်းက တပည့် မဟုတ်တော့ဘူး..”

ကျယ်လောင်သော ဤနောက်ဆုံး ကြေညာချက်နှင့်အတူ ကျောင်းဆောင်တစ်ခုလုံး ငြိမ်ကျသွားသည်။ အချိန်အတော် ကြာပြီးနောက်တွင် နောက်ဆုံးတွင် ကျောင်းသားတစ်ဦးမှ ပြောလာခဲ့၏။

“ကျေးဇူးအများကြီးတင်ပါတယ် ဆရာ..”

ပုံရိပ်တစ်ခု ကျောင်းအတွင်းမှ ထွက်သွားခဲ့၏။ သူ၏ကျောပြင်မှာ စိတ်သက်သာရာ ရသွားကာ စိတ်ပေါ့ပါး နေဟန်ပင်။ အဖေနှင့်သား၊ အစ်ကိုနှင့်ညီ၊ အိမ်နီးနားခြင်း အချင်းချင်း။ ဆရာနှင့်တပည့်.. ဤကဲ့သို့သော ငြင်းခုန်မှုများသည် မြို့တော်နှင့်နယ်မြေ၏ နေရာအနှံ့၌ ဖြစ်ပွားနေခဲ့၏။

‘အင်အားကသာ အမှန်တရား’ စာအုပ်အား ထုတ်ဝေလိုက်သည်မှစ၍ စင်မြင့်ထက်တွင် ဝံပုလွေက ခွေးအား ကိုက်စား လိုက်သည်အထိ။ ယခုမှသာ ဝမ်ချောင်၏ အစီအစဉ်မှာ အပြည့်အဝ ပြီးဆုံး သွားခဲ့လေသည်။ ထိုမျှသာမက ယခုမှသာလျှင်လည်း ‘တောတွင်းဥပဒေသ’နှင့် ‘အားကြီးသော အကောင်သည် အားနည်းသော အကောင်အား စား၏’ ဤကဲ့သို့သော အယူအဆများသည် လူများ၏ စိတ်နှလုံးအတွင်း၌ အမှန်တကယ် ထိုးဖာက် ဝင်ရောက်သွားခဲ့၏။ ယခုမှသာ ထိုအယူအဆများအား လက်ခံလာခဲ့ကာ စာရွက်ထက်မှ စာလုံးများအဖြစ် သဘောမထားကြတော့ပေ။

ဤဖြစ်ရပ်သည် အင်ပါယာ တစ်ခုလုံးအား မယုံနိုင်လောက်သည့် နှုန်းထားဖြင့် ဖြတ်တိုက်သွားသော မုန်တိုင်းတစ်ခုနှင့် တူ၏။ ငြိမ်းချမ်းရေး တောင်းဆိုသော ကြွေးကြော်သံများ၊ ဆန္ဒပြနေသောတိုက်ပွဲများ ချက်ချင်း အရေအတွက် လျော့နည်း သွား၏။ လမ်းများထက်တွင် ဆန္ဒပြရန် စုဝေးနေသော လူအုပ်ကြီးအား မည်သူမှ ထပ်မတွေ့ရတော့ပေ။ ပြောင်းပြန်ပင်။ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ တည်းခိုဆောင်များ.. ထိုနေရာများတွင် လူများ စုဝေးနေကြကာ ‘အင်အားကသာ အမှန်တရား’ စာအုပ်အတွင်း၌ ဖော်ပြထားသော အယူအဆအသစ်များကို ဆွေးနွေး ငြင်းခုံနေကြ၏။

ဤအယူအဆငြင်းခုန်မှု၏ ရလဒ်မှာ လူတိုင်းသည် သူတို့ကိုယ်ပိုင်အမြင်များ ရှိလာကြ၍ ထိုအယူအဆများအား ခေါင်းမာစွာ လက်ဆွဲလာခဲ့ကြသည်။ ဖြစ်ပွားနေသော ပဋိပက္ခမုန်တိုင်းအား လောင်စာ ထပ်ဖြည့်လိုက်သကဲ့ပင်။

ဝမ်ချောင်၏စာအုပ်သည် နွေဦးလေပြည်ကဲ့သို့ အင်ပါယာရှိ မရေမတွက်နိုင်သည့် အိပ်ပျော်နေသော လူများကို နှိုးထစေခဲ့သည်။ ကမ္ဘာကြီးအပေါ် သူတို့၏ သိမြင်နားလည်မှုအား နက်ရှိုင်းစွာ ပြန်လည်ချင့်ချိန် စဉ်းစားကြည့်စေခဲ့၏။

ဤအခြေအနေများအားလုံးကို စောင့်ကြည့်နေသည့် မဟာထန်ဘေးရှိ တိုင်းပြည်များအတွက် ဤတိုးတက်မှုမှာ ကြောက်မက်ဖွယ် ကောင်းသော တိုးတက်မှု ဖြစ်သည်။ ဤတိုင်းပြည်များသည် ကြီးမားသော ငြင်းခုံမှုအပေါ် များစွာ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာခဲ့ကြ၏။

“ငါ သူ့ကို လျှော့တွက်လိုက်တာပဲ..”

တိဘတ်တန်ကုန်းမြင့်။ တော်ဝင်နန်းတော်အပြင်တွင် တာ့လုံထင်းလင် မျက်လုံးများ မှိတ်ကာ ခေါင်းမော့ထားသည်။ တိုက်ခတ်လာသော လေများကို သူ့အား ဖြတ်တိုက်သွားစေကာ သူ၏ဝတ်ရုံများမှာ တဖျတ်ဖျတ် လှုပ်ခါနေ၏။ ယခုတွင် တာ့လုံထင်းလင်၏ စိတ်ထဲတွင် အတွေးများက မရေမတွက်နိုင်အောင် ပြည့်နှက်နေလေသည်။

မူလတွင် ဤအငြင်းပွါးမှုတွင် ကွန်ဖြူးရှပ်ကျောင်းသည် အသာစီးရနေခဲ့၏။ ကမ္ဘာကြီး၏ ခေတ်ရေစီးကြောင်းနှင့် လူများ၏ ငြိမ်းချမ်းရေး လိုလားတောင့်တသည့် စိတ်အား အသုံးချကာ စစ်ဝါဒီအား ခြေထောက်အောက် ပြားပြားဝပ် ဖိထားခဲ့သည်။ ဤပုံစံအတိုင်းသာ ဆက်သွားမည်ဆိုလျှင် မဟာထန်သည် အလှမ်းမဝေးတော့သည့် အနာဂတ်တွင် အင်အား ယုတ်လျော့ လာပေလိမ့်မည်။

တာ့လုံထင်းလင်သည်ပင် ဤအခြေအနေအား ပြန်လည် တွန်းလှန်နိုင်သည့် နည်းလမ်းမျိုး မစဉ်းစားနိုင်ခဲ့ပေ။

ဤတိုက်ပွဲသည် တစ်ကမ္ဘာလုံးနှင့် လူတစ်ယောက်။ နှလုံးသားတစ်ခုနှင့် သန်းနှင့်ချီသော နှလုံးသားများ တိုက်ခိုက်ရသည့် တိုက်ပွဲဖြစ်သည်။ စတင်စဉ်ကတည်းက အနိုင်ရနိုင်ခြေမှာ နတ္ထိပင်။ သို့သော် ဝမ်ချောင်သည် အနိုင်ရရှိအောင် ပြုလုပ်နိုင်ခဲ့၏။ သို့မဟုတ်.. အနည်းဆုံးမူ အယူအဆများကို ပြောင်းလဲ ပစ်နိုင်သည့် အရည်အချင်းမျိုး ထုတ်ပြခဲ့လေသည်။ စာအုပ် တစ်အုပ်ဖြင့် စတင်ခဲ့သည်။ ထို့နောက်တွင် ဥပမာပြရန်အတွက် ဝံပုလွေတစ်ကောင်နှင့် ခွေးတစ်ကောင် အသုံးပြုခဲ့၏။ ဝမ်ချောင်သည် ခွေးတစ်ကောင်နှင့် ဝံပုလွေတစ်ကောင်၏အသက်သာ ပေးဆပ်လိုက်ရကာ ငြိမ်းချမ်းရေး အယူအဆအား အတင်းအကြပ် ပြောင်းပြန် လှန်ပစ်နိုင်ခဲ့သည်။ ဤအောင်မြင်မှုအား တာ့လုံထင်းလင်သည်ပင် ချီးကျူး လေးစားမိ၏။

“ဒါကြောင့်လည်း ဒီလူက ငါတို့ ယွီရှန်းရဲ့ အဓိကခြိမ်းခြောက်မှုကြီး ဖြစ်နေတာပဲ.” တာ့လုံထင်းလင် တစ်ဦးတည်း ရေရွတ် ပြောလိုက်သည်။ ဤနည်းဗျူဟာတစ်ခုတည်းဖြင့် မျိုးနွယ်ခြားဘုရင်သည် ကမ္ဘာပေါ်ရှိ အထူးချွန်ဆုံးသော ဗျူဟာမှူးများထဲမှ တစ်ဦး ဖြစ်သွားပေပြီ။

ထိုအချိန်တွင် ယာ့လွမ်တော်ဝင်မျိုးနွယ်၏ မဟာဗိုလ်ချုပ် နန်ရီစုန့်ထျန်းမှ စိုးရိမ်စိတ်များဖြင့် ရုတ်တရက် ပြောလာခဲ့သည်။ “တော်ဝင်အမတ်မင်း။ အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ..။ လက်ရှိ အနေအထားအရ ကျွန်တော်တို့ မဟာထန်ရဲ့အခြေအနေကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ဘူး..။ မဟာထန်ရဲ့စစ်တပ်သာ အင်အား ပြန်ရလာမယ်ဆိုရင် ကျွန်တော်တို့ ယွီရှန်းက ပထမဆုံး တိုက်ခိုက်ခံရမဲ့ အင်အားစု ဖြစ်လာမှာပဲ..။ အရေးအကြီးဆုံးက ကျွန်တော်တို့ ရှုံးသွားလို့ မဖြစ်ဘူး..”

ပြီးခဲ့သော စစ်ပွဲအနည်းငယ်တွင် ယွီရှန်းအင်ပါယာသည် စစ်သည်တော်များနှင့် အရာရှိများ အများအပြား ဆုံးရှုံးခဲ့သည်။ အသုံးပြုရန် စစ်သည်အင်အား သိပ်မရှိတော့ပေ။ တိုက်ပွဲအတွက် စွမ်းဆောင်နိုင်သည်မှာ ယာ့လွမ်တော်ဝင်မျိုးနွယ်နှင့် တော်ဝင်မြို့တော်၏ စစ်တပ်တို့သာ ကျန်ရှိတော့၏။ ဤအချက်သည် ယွီရှန်း ကွန်ဖြူးရှပ်ဂိုဏ်းနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့ရသည့် အရေးကြီး အကြောင်းပြချက်တစ်ခုပင် ဖြစ်ပေသည်။

“စိတ်အေးအေးထား။ စစ်ပွဲအထိ ရောက်ဖို့က အဝေးကြီး လိုသေးတယ်..။ မဟာထန်မှာ သူတို့ ပြောကြသလိုပဲ။ လူတစ်ယောက်ကို သူ့အခေါင်း ပိတ်သွားတဲ့အချိန်မှပဲ ကောက်ချက်ချလို့ ရမှာပဲ..။ ကွန်ဖြူးရှပ်ဂိုဏ်းက ဆုံးရှုံးမှုတွေ ခံစားခဲ့ရတယ်ဆိုပေမဲ့ သူတို့က အလယ်ပိုင်းလွင်ပြင်မှာ နှစ်ပေါင်းတစ်သောင်း ကြာအောင် ရပ်တည်လာနိုင်ခဲ့တဲ့ ဂိုဏ်း။ မယုံကြည်နိုင်စရာကောင်းတဲ့ ကိုယ်ပိုင်အတွေးအမြင်တွေ ရှိတဲ့ဂိုဏ်းပဲ..။ ကွန်ဖြူးရှပ်ဂိုဏ်းမှာ တခြားလှည့်ကွက်တွေ ရှိဦးမယ်လို့ ငါ ယုံတယ်..။ ပြီးတော့..”

တာ့လုံထင်းလင် ရုတ်တရက် မျက်လုံးများ ပွင့်လာခဲ့သည်။ ညာဘက်လက် ဆန့်ထုတ်ကာ လက်ဝတ်ရုံအတွင်းမှ စာတစ်စောင် ထုတ်ယူလာလိုက်၏။

“အလယ်ပိုင်းလွင်ပြင်မှာရှိတဲ့ အရင်ကတည်းက ငါနဲ့ သိကျွမ်းလာခဲ့တဲ့ ငါ့မိတ်ဆွေဟောင်းလည်း သူ့ဘက်က စလှုပ်ရှား လာသင့်ပြီ..။ သူ့ဆီကို ဒီစာပို့လိုက်..။ စာရရင် ဘာလုပ်ရမလဲဆိုတာ သူ သိလိမ့်မယ်..”

ထိုစာကြောင့် နန်ရီစုန့်ထျန်း ထိတ်လန့်သွားသည်။ ယွီရှန်း၏ မျိုးဆက်တစ်လျှောက် အခြားသော မဟာဗိုလ်ချုပ်များကဲ့ပင်။ တော်ဝင်မျိုးဆက် လေးခု ဖြစ်စေ သို့မဟုတ် တော်ဝင်အမတ်မင်းများ ဖြစ်စေ သူတို့သည် ရာထူးလွှဲပြောင်းပြီး နောက်တွင် အချိန်အများစုကို အလယ်ပိုင်းလွင်ပြင်သို့ လှည့်ပတ်သွားခြင်းဖြင့်သာ ကုန်ဆုံးကြ၏။ သို့သော် ထိုအချိန်မှစ၍ နာမည် မထွက်ကြတော့သည့် အတွက်ကြောင့် သူတို့အား အာရုံစိုက်သည့်လူများမှာ အလွန်နည်းပါးသွားခဲ့သည်။

“အမိန့်အတိုင်းပါ။ ဒီလက်အောက်ငယ်သား လုပ်လိုက်ပါမယ်..”

နန်ရီစုန့်ထျန်း စာအားလက်ကမ်းယူကာ အလျင်အမြန် ထွက်ခွာသွားလိုက်သည်။

……

“ငါ့အမိန့် ဖြန့်လိုက်.. တပ်သုံးခုကို အချိန်မရွေး လှုပ်ရှားဖို့ အသင့်ပြင်ခိုင်းထား..”

အနောက်တာ့ခ်၏ ဝေးကွာသော စန်းမိတောင်တွင် တုန့်ပြန်မှုမှာ များစွာပိုမိုရိုးရှင်းခဲ့၏။ မဟာထန်တွင် ဤအလှည့်အပြောင်း စတင်ဖြစ်ပေါ်လာသည်နှင့် ဝူနျိုရှီပိသည် မသိစိတ်မှ ခြိမ်းခြောက်မှု ခံစားခဲ့ရကာ သူ၏စစ်တပ်များအား အသင့်အနေအထား ရှိစေခဲ့သည်။

“မြို့တော်က ငါတို့သူလျှို့တွေ သတင်းအသစ် ပို့လာပြီလား..”

စန်းမိတောင်ထက်တွင် ဝူနျိုရှီပိ သူ၏ဓားထက်၌ လက်နှစ်ဖက်တင်ကာ လှံရှည်တစ်ချောင်းကဲ့သို့ ဖြောင့်မတ်စွာ ရပ်နေခဲ့သည်။ သူ့ရှေ့တွင် အနောက်တာ့ခ်သူလျှိုတစ်ယောက် ဒူးတစ်ဖက် ထောက်လျက် ရှိနေ၏။

“အရှင်။ မြို့တော်မှာရှိတဲ့ ကျွန်တော်တို့ သူလျှိုတွေ အားလုံးရဲ့သတင်းက အတူတူပါပဲ။ အားလုံးလည်း ဒီအလှည့်အပြောင်းကို လေ့လာစောင့်ကြည့် နေကြပါတယ်..။ သတင်းအသစ် တစ်ခုခုရှိတာနဲ့ အရှင့်ဆီကို ချက်ချင်း တင်ပြကြပါလိမ့်မယ်..” သူလျှိုခေါင်းဆောင်မှ ရိုသေစွာ ပြန်ဖြေလာခဲ့သည်။ ထို့နောက်တွင် ခပ်သုတ်သုတ် ပြန်ထွက်သွားလိုက်၏။

အနောက်တာကီခါကနိတ်။ ဂိုဂူလျောအင်ပါယာနှင့် မုန့်ရှိကျောက်တို့၏ ကောင်းကင်ယံထက်တွင် ငှက်အတောင်ခတ်သံများ ပြည့်နှက်သွား၏။ များပြားလှသော ငှက်များ မဟာထန်၏ မြို့တော်သို့ ခဏဆိုသလို ပျံသန်းသွားခဲ့ကြကာ အရေအတွက်မှာ ယခုတစ်ကြိမ်သည် အများဆုံးပင်။

……

အခြားတိုင်းပြည်များက သူတို့၏စစ်တပ်အား အဆင်သင့် ပြင်ခိုင်းနေကြစဉ်တွင် အန်းရှီစစ်တပ်ဌာနချုပ်တွင်မူ လုံးလုံးလျားလျား မတူကွဲပြားသည့် အခြေအနေမျိုး ဖြစ်ပေါ်နေ၏။

“ကောင်းတယ်..”

ကောင်းရှန်းကျစ် လက်ထဲ ကိုင်ထားသောစာအား ဖြည်းညှင်းစွာ ချလိုက်သည်။ သူ၏စိတ်ထဲမှ ကြီးမားသော အစိုင်အခဲတစ်ခု ပျောက်ကွယ်သွားသကဲ့သို့ မျက်လုံးများမှာ တလက်လက် တောက်ပနေ၏။

“ဝမ်ချောင်။ လုပ်တာ ကောင်းတယ်..။ နောက်ဆုံးတော့ ငါ အသက် ချောင်ချောင်ရှူနိုင်ပြီ..”

“ချန်ချင်း။ ငါတို့ တခြားတိုင်းပြည်တွေကို လွှတ်ထားတဲ့ သူလျှိုတွေဆီက သတင်းသိရပြီလား..”

ကောင်းရှန်းကျစ် ဖုန်းချန်ချင်းဘက် လှည့်လိုက်သည်။

ဖုန်းချန်ချင်းမှ ပြုံးကာ ပြောလာခဲ့၏။ “ဟား.. မျိုးနွယ်ခြားဘုရင်ကတော့ သူတို့ကိစ္စထဲကို တခြားတိုင်းပြည်တွေ စွဲထည့်လိုက်တာပဲ..။ ဒီလူတွေ သူတို့အိပ်မက်ထဲမှာတောင် ဒီကိစ္စအကြောင်း စိုးရိမ် နေကြလောက်တယ်..။ ငါတို့သူလျှိုတွေရဲ့ တင်ပြချက်အရ မြို့တော်က ကိစ္စက သူတို့ကို အနားမရဘဲ စိတ်မသက်မသာ ဖြစ်အောင် လုပ်နေတယ်တဲ့..”

ဖုန်းချန်ချင်းသည် ဝမ်ချောင်အား အမှန်တကယ် လေးစားအားကျ၏။ သူနှင့် ကောင်းရှန်းကျစ်တို့သည် အင်ပါယာ၏အမွှာနံရံဟု လူသိ များကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဦးသည် နိုင်ငံရေးပိုင်း၌ ကျွမ်းကျင်ကာ အခြားတစ်ဦးသည် စစ်ရေးဘက်၌ ကျွမ်းကျင်သည့်အတွက်ကြောင့် ဖြစ်၏။ သူတို့နှစ်ဦးသည် ပြီးပြည့်စုံသည့် တွဲဖက်ပင်။ သို့သော် သူတို့နှစ်ဦးပေါင်းလျှင်ပင် ဝမ်ချောင်ကဲ့သို့ ဤကဲ့သို့သော လှည့်ကွက်များ၊ ဗျူဟာများ မဖန်တီးနိုင်ပေ။

ဤသည်မှာ ဗျူဟာတစ်ခု ဖန်တီးခြင်းကဲ့သို့ မရိုးရှင်းတော့ပေ။ မြို့တော်မှ ပို့လာသည့် ‘အင်အားကသာ အမှန်တရား’ စာအုပ်အား စာကြောင်းတိုင်း အလွတ်ရသည်အထိ သူ အကြိမ်ပေါင်းများစွာ ဖတ်ဖူး၏။

ဖုန်းချန်ချင်းသည် သူ့ကိုယ်သူ မယုံနိုင်လောက်အောင် အရည်အချင်း ရှိသည်ဟု အမြဲတစေ ယုံကြည်ခဲ့သည်။ မဟုတ်ပါက နိမ့်ကျသည့် စစ်သားတစ်ဦးအဖြစ်သာ ရှိနေစဉ်တွင် ကောင်းရှန်းကျစ်ထံ သူ့ကိုယ်သူ ထောက်ခံချက် ပေးခဲ့မည် မဟုတ်ပေ။ သို့သော် ယခုတွင် ဝမ်ချောင်သည် ဤစာအုပ်မျိုး ရေးသားခဲ့၏။ ဖုန်းချန်ချင်းသည် ဝမ်ချောင်နှင့် ယှဉ်လိုက်လျှင် သူ၏နိမ့်ကျမှုအား သက်ပြင်းသာ ချနိုင်တော့ပေသည်။

“ငါ့အမိန့် ဖြန့်လိုက်..။ ဘေးတိုင်းပြည်တွေကို သေချာအနီးကပ် စောင့်ကြည့်ထား..။ သူတို့ဘက်က လှုပ်ရှားမဲ့ အရိပ်အရောင်မျိုး နည်းနည်းပြလာတာနဲ့ ထွက်ဖို့ အသင့်ပြင်ထား..”

“အမိန့်အတိုင်းပါ..”

အန်ရှီစစ်တပ်ဗိုလ်ချုပ် အမိန့်နှင့်အတူ ချက်ချင်း ထွက်ခွာသွားခဲ့သည်။

စာအုပ်တစ်အုပ်နှင့် ဖြစ်ရပ်တစ်ခုသည် ကမ္ဘာတစ်ခုလုံး၏ အခြေအနေအား ပြောင်းလဲ ပစ်နိုင်ခဲ့၏။ ဝမ်ချောင်တစ်ဦးတည်းကသာ ဤကဲ့သို့ ပြုလုပ်နိုင်ပေသည်။

……

ဤကိစ္စရပ်များ အားလုံး ဖြစ်ပွားနေစဉ်တွင် ရုံးတော်အကြံပေးဌာနသည် သတင်းတိုင်း စုစည်းခဲ့၏။ အများနည်းတူပင် ဤနေရာတွင်လည်း ဖိအားများအားလုံး စုဝေးနေလေသည်။

“သခင်လေး။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ..။ တစ်တိုင်းပြည်လုံးက မျိုးနွယ်ခြားဘုရင်ရဲ့စာအုပ်အကြောင်းပဲ ပြောနေကြတာ.။ ကွန်ဖြူးရှပ်ကျောင်းတွေမှာ ဆရာတွေနဲ့ ငြင်းခုန်တဲ့တပည့်တွေ ရှိလာနေပြီ..။ မျိုးနွယ်ခြားဘုရင်ရဲ့ လုပ်ရပ်က ကွန်ဖြူးရှပ်ကျောင်းရဲ့အုတ်မြစ်ကို စပြီးကိုင်လှုပ်နေပြီ..။ ဟန်လူမျိုးတွေရဲ့ဧကရာဇ်ဝူ စပြီး အုပ်ချုပ်တဲ့အချိန်။ ကွန်ဖြူးရှပ်သမားတွေ တခြားအတွေးအခေါ် ကျောင်းတစ်ရာကို အနိုင်ယူနိုင်ခဲ့တဲ့ အချိန်ကစပြီး ဒီလိုကိစ္စမျိုး တစ်ခေါက်မှ မဖြစ်ဖူးခဲ့ဘူး..။ ကျွန်တော်တို့ အခု မတားဘဲ ဆက်ဖြစ်ခွင့် ပေးနေမယ်ဆိုရင် ကွန်ဖြူးရှပ်ကျောင်းရဲ့ နှစ်ပေါင်းတစ်ထောင် ဂုဏ်သတင်း အဆုံးသတ် သွားပါလိမ့်မယ်..”

အကြီးအကဲစုန့်။ ဝါးကြေးမုံ၊ ဓားတစ္ဆေ။ အဖြူရောင်ဝတ်စုံနှင့် မိန်းမပျိုတစ်ဦး.. ရုံးတော်အကြံပေးဌာနအတွင်းတွင် ကွန်ဖြူးရှပ်ဂိုဏ်းအဖွဲ့ဝင် အတော်များများ စုဝေးနေကြ၏။ အားလုံးမှာ စိတ်လေးလံ နေခဲ့ကြသည်။

ကွန်ဖြူးရှပ်ဂိုဏ်းသည် လတ်တလော တိုးတက်မှုများကို အနီးကပ် စောင့်ကြည့်ခဲ့၏။ သူ၏ ‘ခွေးနှင့်ဝံပုလွေ’ မတော်တဆမှုဖြင့် ဝမ်ချောင် ကွန်ဖြူးရှပ် အဖွဲ့ဝင်တိုင်းအား အရူးလုပ်နိုင်ခဲ့ကြောင်း ဝန်ခံရပေမည်။ ဝမ်ချောင်သည် သူ၏အယူအဆများကို သက်သေ ပြပေးနိုင်ခဲ့သည်သာမက ကွန်ဖြူးရှပ်ဂိုဏ်း၏ တန်ပြန်တိုက်ခိုက်မည့် အစီအစဉ်ကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။

အစပိုင်းတွင် သူတို့အားလုံးသည် အောင်ပွဲက သူတို့အတွက်ဟု ယုံကြည်ခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် လှောင်အိမ်အတွင်းတွင် ဝံပုလွေနှင့် ခွေးတို့ ပူးတွဲနေနိုင်ခြင်းသည် ကွန်ဖြူးရှပ်ကျောင်း၏ ‘ကြင်နာခြင်းနှင့် တရားမျှတမှုရှိခြင်း’မှာ အမှန်ဖြစ်ကြောင်း သက်သေ ပြပေးခဲ့သည့်အတွက်ကြောင့်ပင်။ ထိုမျှသာမက ကွန်ဖြူးရှပ်ကျောင်းသည် လူလွှတ်ကာ ဝမ်ချောင်၏ အယူအဆများမှာ အဓိပ္ပာယ်မရှိဟုပင် အော်ဟစ်စေခဲ့၏။ လီကျွင်းရှန်းသည်ပင် သားရဲထိန်းသမားများ ခေါ်ခဲ့သေးသည်။

သို့သော် နောက်ဆုံးရလဒ်မှာ..

မဟာထန်၏ မျိုးနွယ်ခြားဘုရင်သည် မည်မျှပင် ဖြုံလောက်စရာ ကောင်းကြောင်း ကွန်ဖြူးရှပ်အဖွဲ့ဝင်များ အားလုံးကို နားလည်သွားစေခဲ့၏။

သို့သော် စိုးရိမ်စရာအကောင်းဆုံးမှာ ယခုဤကိစ္စ ဦးတည်နေသည့် လမ်းကြောင်း ဖြစ်သည်။ ယခုအချိန်၌ မတားမြစ်ပါက ကွန်ဖြူးရှပ်ကျောင်း၏ ကြိုးစား အားထုတ်မှုများမှာ အလဟဿ ဖြစ်ကုန်ပေလိမ့်မည်။

******

အပိုင်း ၁၃၀၅

ကွန်ဖြူးရှပ်ကျောင်း၏ သူတော်စင်ဘုရားကျောင်း။

“ဒီကိစ္စကို ငါ့ဆီလွှဲထားလိုက်..” လီကျွင်းရှန်းမှ ပြောလာခဲ့သည်။ သူသည် ထုံးစံအတိုင်း အဖြူရောင်ဝတ်ရုံ ဝတ်ထားဆဲပင်။ သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်နှင့် ယှဉ်လျှင် များစွာဖျော့တော့သွားကာ မျက်နှာလည်း ပိုမိုချောင်ကျသွား၏။ ကောင်းကောင်း မအိပ်ရသေးကြောင်း မြင်နိုင်ပေသည်။ ဝမ်ချောင် တိုက်ခိုက်လာသည့် နည်းလမ်းမျိုးအား သူ တစ်ကြိမ်မျှ မကြုံတွေ့ဖူးပေ။ ဤနည်းလမ်းသည် မဟာထန်တွင် မည်သူမှ ဘယ်သောအခါမှ ကြိုးစားကြည့်မည် မဟုတ်သည့် နည်းလမ်းပင်။

သို့သော် မည်သို့ပင် ဆိုစေကာမူ ဤလူသည် မျိုးနွယ်ခြားဘုရင် ဖြစ်၏။

‘အင်အားကသာ အမှန်တရား’သည် ပြည်သူများအကြား နေ့စဉ်နှင့်အမျှ ပြန့်နှံ့နေ၏။ ဤပြန့်နှံ့မှုက မည်သည့်နေရာသို့ ဦးဆောင်သွားမည်ကိုလည်း လီကျွင်းရှန်း ကောင်းကောင်း သိပေသည်။ သို့သော် ရက်ပေါင်းများစွာ ကြာအောင် စဉ်းစားပြီးသည့်တိုင် ပြန်လည် တိုက်ခိုက်နိုင်သည့် မည်သည့်နည်းလမ်းကောင်းကိုမှ ရှာမတွေ့သေးပေ။ ဝမ်ချောင်၏အစီအစဉ်သည် အလွန်သိမ်မွေ့၏။ သူ၏အကြံဉာဏ်များကို ဖြန့်ကျက်နိုင်ခဲ့သည်သာမက သူ၏ပြိုင်ဘက်များကိုလည်း ပါးစပ် ပိတ်သွားအာင် လုပ်နိုင်ခဲ့သည်။

ထိုအချိန်တွင် သတင်းအချက်အလက်အတွက် တာဝန်ရှိသော ဝါးကြေးမုံမှ ရှေ့ထွက်လာကာ တင်ပြလာခဲ့၏။ “အဲဒါတင် မကသေးပါဘူး...။ ယွီရှန်းရဲ့ တာ့လုံထင်းလင်၊ အနောက်တာ့ခ်က ဝူနျိုရှီပိ၊ အရှေ့တာ့ခ်က အာရှီနထော့ကျန်း၊ ဂိုဂူလျောအင်ပါယာက ယွန်းဂျယ်စိုးမွန်းနဲ့ အာရေဗျတွေက ကျွန်တော်တို့ကို ဒီကိစ္စကို မြန်မြန် ရပ်တန့်ပေးဖို့ စာပို့လာကြပါတယ်..။ ဒီနိုင်ငံတွေက ကျွန်တော်တို့သူလျှိုတွေရဲ့ တင်ပြချက်အရ သူတို့ဘက်က ပြန်တုန့်ပြန်မဲ့ အရိပ်အယောင်တွေ မြင်နေရပြီး သဘောတူညီချက် အားလုံးကို ပယ်ဖျက်ပစ်မဲ့ အရိပ်အယောင်မျိုးလည်း ရှိနေပါတယ်..။ တချို့က ထုတ်လိုက်တဲ့ စစ်သားတွေကို ပြန်ခေါ်ဖို့တောင် ဆွေးနွေးနေကြပါပြီ..”

ဝုန်းး..

ထိုစကားများ ကြားသော် လီကျွင်းရှန်းနှင့် အခန်းအတွင်းရှိ အခြားကွန်ဖြူးရှပ်ဂိုဏ်းများ အားလုံး တောင့်တင်းကုန်ကြသည်။

လီကျွင်းရှန်း ခေါင်းမော့လာကာ “ဒါတွေက ဘယ်တုန်းက ဖြစ်ခဲ့တာလဲ..။ တော်ဝင်ရုံးတော်ရော သိပြီးပြီလား..” ဟု မေးလိုက်၏။

“ဒါတွေက ပြီးခဲ့တဲ့ရက်တွေတုန်းက သီးသန့်စာလွှာနဲ့ ရောက်လာတာတွေပါ..။ သခင်လေး ဖိအားတွေ ရမ်းများနေမှာဆိုးလို့ အဲဒီတုန်းက မတင်ပြခဲ့တာပါ..” ဝါးကြေးမုံ ပြန်ဖြေလိုက်သည်။

“ဟူးး..”

လူတိုင်း စိတ်အေး သွားကြရသည်။ သီးသန့်စာလွှာများဆိုလျှင် ဆိုလိုသည်မှာ လှုပ်ရှားဆောင်ရွက်ရန် အချိန်ရှိသေးပေသည်။ ဘေးတိုင်းပြည်များသည် မဟာထန်နှင့် စစ်မဖြစ်လိုကြသည်မှာ ထင်ရှား၏။ သို့သော် ဝမ်ချောင်၏ လုပ်ရပ်နှင့် မြို့တော်မှ မုန်တိုင်းသည် သူတို့အား ကြီးမားသည့် ခြိမ်းခြောက်မှု ခံစားစေခဲ့ရသည်။ ထို့ကြောင့် အခြေအနေ ပိုမိုမဆိုးဝါးလာစေရန် မျှော်လင့်ချက်အား ကွန်ဖြူးရှပ်ဂိုဏ်းထံ အပ်နှံခဲ့ကြခြင်း ဖြစ်၏။

အကြီးအကဲစုန့် သက်ပြင်းချကာ သူ၏တင်ပြချက် တင်ပြလာခဲ့သည်။ “အမှန်တော့ ဘေးတိုင်းပြည်တွေပဲ မဟုတ်ပါဘူး.. ဝန်ကြီးချုပ်။ ဆရာသခင်နဲ့ ဘုရင်ချီတို့လည်း သူတို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာလုပ်သင့်လဲဆိုတာ စာတွေ ပို့ပြီး မေးနေကြတယ်..”

ကွန်ဖြူးရှပ်ဂိုဏ်းသည် ဘေးတိုင်းပြည်မှ ဖိအားများသာ ရင်ဆိုင်နေရသည် မဟုတ်ပါ။ ရုံးတော်မှ ဖိအားကိုလည်း ရင်ဆိုင်နေရ၏။ ဘုရင်ချီ၊ ဝန်ကြီးချုပ်နှင့် ဆရာသခင်တို့သည် ကွန်ဖြူးရှပ်ဂိုဏ်း၏ မရှိမဖြစ် လိုအပ်သော မဟာမိတ်များ ဖြစ်သည်။

ဝမ်ချောင်၏ ရည်ရွယ်ချက်အား လူတိုင်း ရှင်းရှင်းလင်းလင်း မြင်ရပေသည်။ ထို့ကြောင့် ပထမမင်းသား၊ ဘုရင်ချီနှင့် ဝန်ကြီးချုပ်အားလုံးတို့သည် ကွန်ဖြူးရှပ်ဂိုဏ်းမှ ဤအခြေအနေအား ပြောင်းလဲပစ်နိုင်ရန် မျှော်လင့်နေကြခြင်း ဖြစ်၏။

အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီး၏ နှုတ်ခမ်းများ လှုပ်ရှားလာခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူမကိုယ်သူမ ထိန်းချုပ်လိုက်၏။ သခင်လေး ခံစားနေသည့် ဖိအားများမှာ လုံလောက်နေပေပြီ။ သူမ၏ပြဿနာများကို ထပ်ပေါင်းထည့်ပေးရန် မလိုအပ်တော့ပေ။

ခန်းမတစ်ခုလုံး တိတ်ဆိတ် ငြိမ်ကျသွားခဲ့သည်။ လူတိုင်းသည် နေရာတစ်နေရာတည်းကိုသာ ဦးတည်ကြည့်နေကြကာ မျက်လုံးများမှ မမြင်နိုင်သော ဖိအားများ ထုတ်လွှတ်နေ၏။

လီကျွင်းရှန်းသည် ကွန်ဖြူးရှပ်ဂိုဏ်း၏ ခေါင်းဆောင် ဖြစ်သည်။ ဝမ်ချောင်အဆင့်ရှိသည့် လူမျိုးအား တန်ပြန်တိုက်စစ်ဆင်နိုင်သည့် ကျန်ရှိနေသော တစ်ဦးတည်းသောလူ ဖြစ်၏။

အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် လီကျွင်းရှန်း ပြောလာခဲ့သည်။ “သိပြီ..”

“သဟဇာဖြစ်တဲ့ကမ္ဘာကြီးရဲ့ ကြီးမြတ်မှုရှေ့မှာ လူတိုင်းက သေးနုပ်တဲ့အရာတွေပဲ..။ ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ နှစ်ပေါင်းထောင်နဲ့ချီတဲ့ အုတ်မြစ်ကို ကျွန်တော်တို့ လက်ထဲ ပျက်စီးခံလို့ မရဘူး။ မျိုးနွယ်ခြားဘုရင်ရဲ့လက်ထဲမှာဆို ပိုလို့တောင် မရသေးတယ်..

“ရေချိုးဖို့နဲ့ လဲဖို့အဝတ်အစားတွေ ပြင်ပေးထား။ ကျွန်တော် သူတော်စင်ဘုရားကျောင်း သွားဖို့ လိုလာပြီ..”

ဝုန်းး…

‘သူတော်စင်ဘုရားကျောင်း’ ဟူသည့်စကားလုံးသည် ခန်းမအတွင်း ရှိနေသည့် လူများအားလုံးကို အံ့ဩတကြီး ဖြစ်သွားစေခဲ့၏။ မျက်နှာထက်တွင် လေးစားသမှု အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။ ပုံမှန်အားဖြင့် လီကျွင်းရှန်းအပေါ် ဆက်ဆံသည့်ပုံစံထက်ပင် ပိုမိုလေးနက်သွားကြ၏။

အကြီးအကဲစုန့် ရှေ့ထွက်လာကာ အရိုအသေ ပေးလိုက်သည်။ ထို့နောက်တွင် သိလိုစိတ်ဖြင့် မေးလိုက်၏။ “သခင်လေး။ သခင်..”

“အင်း..”

လီကျွင်းရှန်း ခိုင်မာပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။

“ဒီတိုက်ပွဲက ကျွန်တော်တို့ ကွန်ဖြူးရှပ်ဂိုဏ်းနဲ့ပဲ မဆိုင်တော့ဘူး..။ ကျွန်တော် သူ့ကို သွားတွေ့ရမဲ့အချိန် ရောက်ပြီ..”

လီကျွင်းရှန်း သက်ပြင်း ချလိုက်လေသည်။

……

ညီလာခံပြီးနောက် လေးနာရီကြာပြီးနောက်တွင် ရိုးရှင်းကာ သာမန်ကျသည့် ရထားလုံးတစ်စီး လူအုပ်ကြီးအတွင်း ရောနှော ထွက်ပေါ်လာခဲ့သည်။ လမ်းအသွယ်သွယ် ဖြတ်လာပြီးနောက်တွင် မြို့တော်၏ အနောက်တောင်ဘက်ထောင့်။ တော်ဝင်နန်းတော်၏ ဘေး၌ရှိသော ဇီးတောအုပ်အတွင်း ဝင်ရောက်သွားခဲ့၏။

ဇီးတောအုပ်၏ ဝင်ပေါက်တွင် ရွှေရောင်နဂါးအလံနှစ်ခု ချိတ်ဆွဲထားသည်။ အလံဘေးတွင် ပုံမှန်အားဖြင့် တော်ဝင်နန်းတော်၌သာ မြင်ရလေ့ရှိသည့် တော်ဝင်အစောင့်များ၊ ရွှေရောင်ချပ်ဝတ်နှင့် အစောင့်များ ရှိနေ၏။

ဤနေရာသည် သာမှန်လူ ဝင်ရောက်ခွင့် မရှိသည့်နေရာ ဖြစ်ကြောင်း မြင်သာပေသည်။

လီကျွင်းရှန်း ခါး၌ချိတ်ဆွဲထားသော တံဆိပ်ပြား ပြလိုက်ကာ တောအုပ်အတွင်းပိုင်းသို့ ချောချောမွေ့မွေ့ ဝင်ခွင့်ရသွားခဲ့၏။

အေးချမ်းလွန်းလှသည်….

မြို့တော်အတွင်းတွင် ဤကဲ့သို့ လူသူအလှမ်းဝေးကာ အေးချမ်းသာယာသော နေရာတစ်နေရာရှိကြောင်း တွေးကြည့်ရန် ခက်ပေသည်။ ရထားလုံးသည် လေတဖြူးဖြူး တိုက်နေသော လမ်းကျဉ်းလေးအတိုင်း မောင်းဝင်သွားကာ တစ်ခဏအကြာတွင် ရွှေရောင်တလက်လက် တောက်ပနေသည့် နန်းဆောင်တစ်ခု ပေါ်လာ၏။

“သခင်လေး။ ကျွန်တော်တို့ ရောက်ပါပြီ..”

ကွန်ဖြူးရှပ်ဂိုဏ်းသားတစ်ဦး ရထားလုံးပေါ်မှဆင်းကာ ရထားလုံးတံခါး ဖွင့်လိုက်၏။ လီကျွင်းရှန်း ဝတ်ရုံမကာ ထွက်လာခဲ့သည်။ မြေပြင်ထက် ခြေချလိုက်သည်နှင့် မွေးပျံ့သော ဇီးနံ့များက သူ၏နှာခေါင်းအတွင်း တိုးဝှေ့ဝင်ရောက်လာခဲ့၏။

“နောက်ဆုံးတစ်ခေါက် ရောက်လာတာတောင် တော်တော်ကြာနေပြီပဲ..”

လီကျွင်းရှန်း အသက်တစ်ချက် ပြင်းပြင်းရှူလိုက်သည်။ ရင်းနှီးသော ဤမြင်ကွင်းများကို ကြည့်ကာ စိတ်ထဲတွင် ခံစားချက်များ ပြည့်နှက်လာ၏။

လီကျွင်းရှန်း ကြီးမားသော ခန်းမအား မော့ကြည့်လိုက်သည်။ ခန်းမ၏ဝင်ပေါက်တွင် မည်သည့် စာတန်းမှ မချိတ်ဆွဲထားပေ။ သို့သော် ဝင်ပေါက်နှင့် အတန်ငယ် လှမ်းသည့်နေရာတွင် ကျောက်တိုင်တစ်တိုင် စိုက်ထူထား၏။ ကျောက်တိုင်ထက်တွင် ကြီးမားသောစာလုံးများ ထွင်းထုထားသည်။

‘ကွန်ဖြူးရှပ်များ၏ ခေါင်းဆောင်..’

ထိုအောက်တွင် ‘ကောင်းကင်၏အလိုဆန္ဒထံ တက်လှမ်းခြင်း..’ ဟူသည့်စာလုံးများ ရေးထိုးထား၏။

ကျောက်တိုင်၌ ဖြစ်ပေါ်နေသော အစက်အပျောက်များကြောင့် ကျောက်တိုင်သည် အချိန်အတော် ကြာနေပြီ ဖြစ်ကြောင်း မြင်နိုင်ပေသည်။

ကောင်းကျုံးတော်ဝင်ချိပ်ပိတ်စည်း….

ကျောက်တိုင်အားကြည့်ကာ လီကျွင်းရှန်း၏စိတ်ထဲတွင် ထိုအတွေး ဖြတ်ခနဲ ပေါ်လာ၏။

‘သူတော်စင်အထက်အဆင့်’ နှင့် ‘ဒုတိယအဆင့်သူတော်စင်’များမှလွဲ၍ ဧကရာဇ်သည် ကွန်ဖြူးရှပ်ဂိုဏ်းမှ လူများအား တရားဝင် ရာထူးပေးသည်မှာ ရှား၏။ ‘ကွန်ဖြူးရှပ်များ၏ခေါင်းဆောင်’ ဟူသည့် ဂုဏ်ပုဒ်သည် မည်သူမှ မရရှိနိုင်သော ဂုဏ်ပုဒ်ဖြစ်သည်။ စောင့်ကြပ််နေသော ရွှေရောင်အစောင့်များနှင့် ကောင်းကျုံးတော်ဝင်ချိပ်ပိတ်စည်းသည် ဤရွှေရောင်နန်းတော်အတွင်း၌ နေထိုင်နေသည့် ပုဂ္ဂိုလ်မှာ နှယ်နှယ်ရရ မဟုတ်သည်ကို ဖော်ပြနေလေသည်။

ခန်းမအားကြည့်နေကာ လီကျွင်းရှန်း၏ စိတ်ထဲတွင် အတွေးများ မရေမတွက်နိုင်အောင် ထွက်ပေါ်လာ၏။ ဤဇီးတောအုပ်နှင့် အတွင်းရှိ ခန်းမအကြောင်း သိကြသည့်လူမှာ အနည်းငယ်သာ ရှိသည်။ သို့သော် နာမည်ကျော် ကွန်ဖြူးရှပ်သမားများနှင့် ကွန်ဖြူးရှပ်ပညာရပ် သင်ကြားသောလူ များအားလုံးသည် ဤနေရာအား လွန်စွာမှ အမြန်တနိုး တန်ဖိုး ထားကြ၏။

ဤနေရာသည် ကွန်ဖြူးရှပ်ကျောင်း၏ သူတော်စင်ဘုရားကျောင်းပင်..။

အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ နေထိုင်နေသော ပုဂ္ဂိုလ် — သို့မဟုတ် ‘ခန့်အပ်ခံထားရသောပုဂ္ဂိုလ်’သည် ကွန်ဖြူးရှပ်ကျောင်းတော်၏ စိတ်ဝိညာဉ်ခေါင်းဆောင် ဖြစ်နေသည့် အတွက်ကြောင့်ပင်။

“အရှင်ဘုရင်သည် ကြင်နာမှုရှိလျှင် တစ်ပိုင်းပြည်လုံး ကြင်နာစွာ ပြုမူကြပေလိမ်မည်..။ အရှင်ဘုရင်သည် တရားမျှတမှု ရှိလျှင် တစ်တိုင်းပြည်လုံး တရားမျှတစွာ ပြုမူကြပေလိမ့်မည်..။ အရှင်ဘုရင်သည် ရိုးသားဖြောင့်မတ်လျှင် တစ်တိုင်းပြည်လုံးသည် ရိုးသားဖြောင့်မတ် ကြပေလိမ့်မည်..”

“အုပ်ချုပ်သူသည် ပြည်သူများ၏ ပျော်ရွှင်မှုအား မျှဝေခံစားနိုင်လျှင် ပြည်သူများသည် သူ၏ပျှော်ရွှင်မှုအား မျှဝေခံစားကြပေသည်..။ အုပ်ချုပ်သူသည် ပြည်သူများ၏ သောကများအား ဝမ်းနည်းပေးလျှင် ပြည်သူများသည် သူ၏ သောကအား ဝမ်းနည်းကြပေသည်..”

“တိုင်းပြည်တစ်ပြည်အတွက် ပြည်သူများသည် အရေးအကြီးဆုံး ဖြစ်၏..။ နယ်မြေ၏ နတ်ဘုရားများမှာ ဒုတိယ အရေးအကြီးဆုံးဖြစ်ကာ အရှင်ဘုရင်သည် နောက်ဆုံး ဖြစ်၏။ ထို့အတွက်ကြောင့် ပြည်သူများ၏ အားပေးထောက်ခံမှု ရရှိကာ ကောင်းကင်သားတော် ဖြစ်လာသော သူ။ ကောင်းကင်သားတော်၏ မျက်နှာသာ ပေးမှုဖြင့် ဘုရင် ဖြစ်လာသောသူ။ ဘုရင်၏ နှစ်သက်မှုဖြင့် မှူးကြီးမတ်ရာ ဖြစ်လာသောသူ..”

(TN : ဤအကြောင်းအရာများသည် အမျိုးမျိုးသော ကွန်ဖြူးရှပ်စာပေများမှ ကောက်နုတ်ချက်များ ဖြစ်၏။ ပထမဆုံးစကားမှာ ‘လိလုံ ၁’ ထံမှ ဖြစ်ကာ ဒုတိယသည် ‘လျန်ဟွေ့ဝမ် ၂’ မှ ဖြစ်သည်။ တတိယသည် ‘ကျင်းရှင်း ၂’ မှ ဖြစ်၏။ မုန့်ဇီသည် ကွန်ဖြူးရှပ်ပညာတွင် ကွန်ဖြူးရှပ်ပြီးလျှင် ဒုတိယမြောက် ကြီးမြတ်သော အတွေးအခေါ်ပညာရှင်ဖြစ်သည်။ လူသားသဘာဝ၏ မွေးရာပါ ကောင်းသောအချက်များကို မြင်သာအောင် ဖော်ပြခဲ့၏)

သူတော်စင်ဘုရားကျောင်းအတွင်းမှ ထွက်ပေါ်လာသည့် ရွတ်ဆိုသံများကို လီကျွင်းရှန်း ကြားလိုက်ရသည်။ သို့သော် ပုံမှန်ကျောင်းများနှင့် မတူသည်က ဤအသံများသည် လူငယ်သံ မပေါက်ဘဲ အလွန်အသက်အရွယ် ကြီးရင့်နေ၏။ ဤအမျိုးသားများသည် အသက် ၈၀၊ ၉၀ အရွယ် ရှိကြ၏။ အားလုံးသည် ခန့်မှန်းခြေ လွန်ခဲ့သော နှစ်ပေါင်း ၅၀၊ ၆၀ မှစတင်ကာ ကွန်ဖြူးရှပ်သမားများ ဖြစ်လာခဲ့ကြခြင်း ဖြစ်သည်။

တခဏခန့် ကြာပြီးနောက်တွင် မီးခိုးဖျော့ရောင်ဝတ်စုံ ဝတ်ဆင်ထားကာ ဆံပင်များဖြူဖွေးနေသည့် ကွန်ဖြူးရှပ်သမားတစ်ဦး ခန်းမအတွင်းမှ ထွက်လာခဲ့သည်။ “သခင်လေး။ သခင်လေး ရောက်နေတာကို ဆရာသခင်ကျူး သိပါတယ်..။ သခင်လေးကို အထဲဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်..”

ဤနေရာတွင် စာသင်သားတစ်ဦးသာ ရှိနေပါက ဤကွန်ဖြူးရှပ်အား မြင်လိုက်ရသည့် အချိန်တွင် ကြက်သေ သေသွားမည်မှာ ကျိန်းသေ၏။ ဤကွန်ဖြူးရှပ်သမားသည် ဟွမ်ရှန်းနယ်ပယ်တွင် နာမည်ကျော်ကြားလှသည်။ လွန်ခဲ့သည့် နှစ်နှစ်ဆယ်ခန့်တွင် သူ ထုတ်ဝေခဲ့သော ‘ကွန်ဖြူးရှပ်ဝါဒ’ စာအုပ်သည် ကမ္ဘာအနှံ့ ပြန့်နှံ့သွားကာ ကွန်ဖြူးရှပ်အဖွဲ့ဝင် အတော်များများသည် လမ်းညွှန်တစ်ခုအဖြစ် အသုံးပြုခဲ့ကြ၏။

ဤပုဂ္ဂိုလ်သည် လွန်ခဲ့သည့်နှစ်များတွင် သေဆုံးသွားပြီဟု ကောလဟလထွက်ခဲ့သည်။ မည်သူမှမသိသည်မှာ ဤပုဂ္ဂိုလ်သည် သူတော်စင်ဘုရားကျောင်းအတွင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်၏။ ယခုတွင် ထိုလူနောက် လိုက်နေမှာ ဆယ်စုနှစ်တစ်ခုကျော် ရှိပေပြီ။

“ကျေးဇူး အများကြီး တင်ပါတယ်..”

လီကျွင်းရှန်း ရိုရိုသေသေ ဦးညွတ်လိုက်သည်။ ထို့နောက်တွင် ဝတ်ရုံမ,ကာ ခန်းမအတွင်း လျှောက်ဝင်သွားလိုက်၏။

ခန်းမအတွင်းတွင် ရွှေရောင်အစောင့်များနှင့် တော်ဝင်အစောင့်များ မရှိပေ။ ဘေးနှစ်ဖက်တွင် အမွှေးတိုင်ခွက်များ ချထားကာ ကသိုးနံ့များက သင်းပျံ့စွာ ထွက်ပေါ်နေ၏။ နဂါးပုံစံ၊ ကျားပုံစံ၊ ကြိုးကြာပုံစံ ပုံစံအမျိုးမျိုး ရှိကာ ဤအမွှေးတိုင်ခွက်များရှေ့တွင် အသက် ၅၀ နှင့်အထက် ကြီးမြတ်သော ကွန်ဖြူးရှပ်သမားများ တင်ပလ္လင်ခွေကာ ထိုင်နေကြ၏။ အချို့သည် လက်ရေးစာမူများ ကူးရေးနေကြကာ အချို့သည် မျက်လုံးများမှိတ်၍ အတွေးအခေါ်များ စဉ်းစားချင့်ချိန် သုံးသပ်နေခဲ့ကြသည်။

ဤပုဂ္ဂိုလ်များသည် သူတို့၏လုပ်ဆောင်မှုအပေါ် အာရုံအပြည့်အဝ စိုက်ထားကာ လီကျွင်းရှန်းအား တစ်ချက်ကလေးပင် မကြည့်ခဲ့ကြချေ။ လီကျွင်းရှန်းသည်လည်း ဤသည်အား စိတ်အနှောင့်ယှက် မဖြစ်ပေ။ ထိုလူများအား ဖြတ်သွားကာ အတွင်းသို့ ရှေ့ဆက် သွားလိုက်၏။

ရွတ်ဆိုသံမှာ ကျယ်သထက် ကျယ်လောင်လာခဲ့သည်။ ခန်းမအနောက်ပိုင်းသို့ ဝင်လိုက်သည်နှင့် ကျောက်တုံး ခြံဝန်းတစ်ခုနှင့် အလွန်ရိုးရှင်းသော်လည်း ကောင်းစွာ ထိန်းသိမ်းထားသည့် သက်ကယ်အမိုးအဆောင်ခန်းလေး တစ်ခုတို့ကို လီကျွင်းရှန်း တွေ့လိုက်ရ၏။ ကြီးကျယ်ခမ်းနားသော နန်းဆောင်ဘေးတွင် ဤကဲ့သို့ သဘာဝဆန်ဆန် ရိုးရှင်းသည့် အဆောက်အဦးတစ်ခု ရှိနေသည်မှာ မျက်မြင်ကိုယ်တွေ့ မတွေ့ရလျှင် ယုံနိုင်ရန် ခက်ခဲပေသည်။

ရိုးရှင်းကာ သဘာဝဆန်သော်လည်း ဤသက်ကယ်မိုးအဆောင်သည် ထူးကဲသာလွန်သော သန့်ရှင်းစင်ကြယ်သော အော်ရာတစ်ခု ထုတ်လွှတ်နေ၏။ ဤအဆောင်သည် ဇီးပင်များ၊ ဝါးပင်များကြားတွင် ဒဏ်ရာရသော လက်မတစ်ချောင်း ထောင်ထွက်နေသည်နှင့် တူနေလေသည်။

ထူးဆန်းသော်လည်း လီကျွင်းရှန်းသည် အသားကျပြီးသား ဖြစ်၏။

နာမည်ကျော် ကွန်ဖြူးရှပ်သမားများ။ ကွန်ပညာရှပ်ပညာ သင်ကြားသူများသည် ဤသက်ကယ်မိုး အဆောင်အတွင်း ဝင်ချည်ထွက်ချည် ပြုလုပ်နေကြ၏။ လီကျွင်းချန်းသည်လည်း ခပ်သွက်သွက် လျှောက်ဝင်သွားလိုက်သည်။ အတွင်းသို့ ရောက်သည်နှင့် အသက်အရွယ်ကြီးကာ စာပေကျမ်းဂန်နှံ့စပ်သော ကွန်ဖြူးရှပ်သမားများသည် စာသင်သားများကဲ့သို့ အတန်းလိုက် ထိုင်နေကြကာ စိတ်နှစ်၍ သင်ယူနေကြသည်ကို မြင်လိုက်ရ၏။

သူတို့၏ ကိုယ်နေဟန်ထားသည် လွန်စွာမှာ ရိုသေကျိုးနွံကာ ဘာမှမသိနားမလည်သော လူငယ်များက သုတကြွယ်ဝသော ဆရာတစ်ဦးထံ၌ ပညာဆည်းပူးနေသကဲ့ပင်။

စီရင်စုကိုးခု၏ အခြားသောနေရာများတွင် ဤကြီးမြတ်သော ကွန်ဖြူးရှပ်သမားများသည် လွန်စွာမှ ရိုသေလေးစား ခံရပေလိမ့်မည်။ သူတို့၏ လေ့လာသင်မှုအဆင့်အရ သူတို့သည် မည်သူနှင့်မှ ထပ်မံသင်ယူစရာမလိုတော့ပေ။ မည်သူကမှလည်း သူတို့အား မည်သည့်အကြောင်းအရာမှ မသင်ကြားပေးနိုင်တော့ပေ။ သို့သော် ဤသက်ကယ်မိုးအဆောင်အတွင်းတွင် ဤပုဂ္ဂိုလ်များသည် လမ်းညွှန်မှု ရှာဖွေနေသော ကလေးများနှယ်.. ရှက်ရွံ့စိတ်များ မဖြစ်ပေါ်ကြဘဲ ဤနေရာ၌ လေ့လာသင်ယူရသည်ထက် ပိုမိုကြီးမြတ်သောအရာ မရှိတော့ဟု ခံစားနေကြရဟန် ရှိ၏။

လူတိုင်းသည် ဤနေရာ၌ နေထိုင်ကာ သင်ယူခွင့်ရရှိခြင်းမှာ လွန်စွာမှ အဖိုးထိုက်တန် လွန်းလှ၍ ရင်ဝယ်ပိုက်ထားရသည့် အခွင့်အရေးတစ်ခုဟု သတ်မှတ်ထားကြလေသည်။

All Chapters