အခန်း (၁၃၀၆-၁၃၁၀)
Vol. 77 Ch. 1306-1310
အပိုင်း ၁၃၀၆
ဆရာသခင်ကျူး
လီကျွင်းရှန်း ဝင်ပေါက် ၌ရပ်ကာ ‘စာသင်သား’များအား ကြည့်နေခဲ့သည်။ အရေးပါသော နိုင်ငံရေးအရာရှိများ အတော်များများ တွေ့လိုက်ရ၏။ သို့သော် ဤနေရာတွင် သူတို့သည် ရုံးတော်၌ရှိစဉ်ကဲ့သို့ ဟိတ်ဟန်များ မရှိကြပေ။ အားလုံးသည် သူတို့ရှေ့ရှိစာအုပ်အား ရွတ်ဆိုရာ၌သာ အာရုံစိုက်နေကြ၏။
“ဒီလူက.. မဟာစစ်ဆေးရေးအရာရှိပဲ..”
ရိုးရှင်းသောဝတ်စုံဖြင့် အရှေ့ဆုံးတန်း၌ ဒူးထောက်နေသော အကြီးအကဲတစ်ဦးအား လီကျွင်းရှန်း ထိတ်လန့်တကြား ကြည့်လိုက်သည်။
ဤအကြီးအကဲ၏ ပုံစံသည် အခြားသော နာမည်ကျော်ကွန်ဖြူးရှပ်များနှင့် ကွာခြားမှု မရှိနေပါ။ သို့သော် ဤလူမှာအခြားမဟုတ်။ မဟာထန်၏ မဟာစစ်ဆေးရေးအရာရှိ။ ကျန်းကျုံးမိပင်..။ သူတော်စင်ဧကရာဇ်သည်ပင် လေးစား ရိုသေရသော ဤပုဂ္ဂိုလ်သည် ဤနေရာတွင် ဒူးထောက်လျက် အခြားစာသင်များကဲ့သို့ လေ့လာသင်ယူနေ၏။
ဤသတင်းသာ ပြန့်နှံ့သွားပါက နယ်မြေတစ်ခုလုံး မှင်သက်အံ့အား သင့်သွားကုန်ကြပေမည်။
မဟာစစ်ဆေးရေးအရာရှိ၏ အသက်သည် ၈၀ ဝန်းကျင်ဖြစ်၏။ သူ၏ဆရာ ဖြစ်ခွင့်ရှိကာ သူ့အား စာသင်သားတစ်ဦးကဲ့သို့ ပြုမူစေနိုင်သည့် လူအရေအတွက်မှာ အလွန်နည်းပေသည်။
သို့သော် သက်ကယ်မိုးအဆောင်အတွင်း၌ ရှိနေသောလူသည် မဟာစစ်ဆေးရေးအရာရှိအား သင်ကြားပေးပိုင်ခွင့် ရှိသည့် လူတစ်ဦး ဖြစ်ကြောင်း လီကျွင်းရှန်းသိ၏။ အဘယ်ကြောင့်ဆိုသော် ဤပုဂ္ဂိုလ်သည် ကွန်ဖြူးရှပ်ကျောင်း၏ စိတ်ဝိညာဉ်ခေါင်းဆောင် ဖြစ်နေသည့်အတွက်ကြောင့်ပင်။ ထိုမျှသာမက အရှေ့ဘက်ဟန်မင်းဆက်မှစတင်၍ ‘ဆရာသခင်’(၁) အဖြစ် သတ်မှတ်၍ရသည့် တစ်ခုသောတည်ရှိမှု ဖြစ်သည်။
ဆရာသခင်ကျူး..
ကွန်ဖြူးရှပ်နယ်ပယ်အသီးသီးမှ ကွန်ဖြူးရှပ်သမားများသည် ဤပုဂ္ဂိုလ်အား ဆရာတစ်ဆူအဖြစ် ကြည်ညိုလေးစား ဆည်းကပ်ကြ၏။
ဧကရာဇ်ကောင်းကျုံးသည် ဤပုဂ္ဂိုလ်အား စိတ်အတွင်းမှ နစ်နစ်ကာကာ လေးစားသဘောကျကာ တော်ဝင်နန်းတော်သို့ ဖိတ်ခေါ်ရန် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့၏။ သို့သော် အကြိမ်တိုင်းတွင် ငြင်းပယ် ခံခဲ့ရသည်။ ပိုကောင်းသည့် နည်းလမ်းမရှိတော့သည့် အတွက်ကြောင့် ကောင်းကျုံးသည် ဤပုဂ္ဂိုလ်အတွက် နန်းဆောင်တစ်ခု ဆောက်လုပ်ပေးခဲ့၏။ ထိုမှသာ ‘ကွန်ဖြူးရှပ်ကျောင်း၏ခေါင်းဆောင်’သည် သူ့ဘက်၌ ရှိနေပေမည်။
ဤပုဂ္ဂိုလ်သည် နှစ်ပေါင်း ၁၂၀ ကျော် ရှင်သန် နေထိုင်လာခဲ့ကာ စာအုပ်လေးအုပ်နှင့် ဂန္တဝင်စာအုပ်ငါးအုပ်(၂)ကိုပင် ဝေဖန်သုံးသပ်မှုများ ပြုလုပ်ခဲ့၏။ ထိုထဲတွင် သူတော်စင်အထက်အဆင့်၏ ‘ကွန်ဖြူးရှပ်ဒဿနများ’ လည်းပါဝင်၏။ ဤသုံးသပ်ချက်များအား ကမ္ဘာတစ်ဝှမ်းရှိ ကွန်ဖြူးရှပ်သမားများသည် ယနေ့ထက်ထိတိုင် လေ့လာ သင်ယူနေကြဆဲပင်။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်စာအုပ်ငါးအုပ်။ ‘ကွန်ဖြူးရှပ်ဒဿနများ’သည် ကွန်ဖြူးရှပ်ကျောင်း၏ အလေးအမြတ်ထား စာအုပ်များ ဖြစ်သည်။
ဤစာအုပ်များသည် နွေဦးနှင့်ဆောင်ဦးကာလ၏ သူတော်စင်များမှ ရေးသားထားသော စာအုပ်များ ဖြစ်၏။
ဤစာအုပ်များသည် မည်သူမဆို ဝေဖန်သုံးသပ်ချက်များ ရေးသားနိုင်သည့် စာအုပ်များ မဟုတ်ပေ။ လုံလောက်သော လေ့လာသင်ယူမှုများ မရှိဘဲ ဝေဖန်သုံးသပ်ချက် ရေးသားထုတ်ဝေပါက ထိုနယ်ပယ်ရှိ လူများ၏ပြစ်တင် ဝေဖန်ခြင်းကို ခံရပေမည်။ ထိုကဲ့သို့ဖြစ်လာလျှင် ထိုလူသည် ကျယ်ပြောသော နယ်မြေ၌ နေစရာနေရာပင် ရှိတော့မည် မဟုတ်ချေ။ ‘ကွန်ဖြူးရှပ်ဒဿနများ’ အပေါ် ဝေဖန်သုံးသပ်ချက် ရေးနိုင်သောလူသည် မယုံကြည် နိုင်လောက်အောင် ဉာဏ်ပညာကြီးမားကာ စာပေကျမ်းဂန် နှံ့စပ်ရပေမည်။
ဤပုဂ္ဂိုလ်သည် မဟာထန်၏ ကောင်းကျူးဧကရာဇ် လက်ထက်၌ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ အသက်ရှစ်နှစ်အရွယ်တွင် အထိမ်းအမှတ် ကျောက်တိုင်များ အတူကြည့်ရှုရန်အတွက် ကောင်းကျူး၏ နန်းတော်အတွင်း ဖိတ်ခေါ်ခြင်း ခံခဲ့ရ၏။
ထို့နောက်တွင် သူသည် ဧကရာဇ်ထိုက်ကျုံးနှင့် စကားလက်ဆုံကျခဲ့ကာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ သို့သော် နောက်တစ်ကြိမ် ငြင်းပယ်ခဲ့၏။ ထို့အတွက်ကြောင့် မဟာထန်၏ သက်ရှိသူတော်စင်အဖြစ် ဂုဏ်ပြုခံခဲ့ရသည်။
ဤပုဂ္ဂိုလ်သည် တော်ဝင်ရုံးတော်အတွင်း တစ်ကြိမ်တစ်ခါမျှ မဝင်ရောက် ဖူးသော်လည်း သူ၏တပည့် အတော်များများသည် ဝန်ကြီးချုပ်၊ မဟာစစ်ဆေးရေးအရာရှိ သို့မဟုတ် ဆရာသခင်များ ဖြစ်လာကြသည်။ နိုင်ငံရေး အရာရှိများနှင့် နာမည်ကျော် ကွန်ဖြူးရှပ်အများစုမှာ သူ၏တပည့်များဟုပင် ပြော၍ရပေသည်။
ဤပုဂ္ဂိုလ်မှာ ‘ဆရာသခင်ကျူး’ပင်..။
ဤပုဂ္ဂိုလ်သည် လီကျွင်းရှန်း လာရောက်တွေ့ဆုံသည့် အရေးကြီးသော ပုဂ္ဂိုလ်လည်း ဟုတ်၏။
နာမည်ကျော်ကြားသော ဤကွန်ဖြူးရှပ်သမားများအားလုံး မျက်နှာ ဦးတည်ထားသော နေရာသို့ လီကျွင်းရှန်း လှမ်းကြည့်လိုက်သည်။ လက်ပေါက်ကျယ်သည့် အဖြူရောင်ဝတ်ရုံ၊ ရှည်လျားသော ဦးထုပ်နှင့် အပြားကြီးသော ခါးပတ် ဝတ်ဆင်ထားသည့် ပိန်ပါးသော အကြီးအကဲတစ်ဦး တွေ့လိုက်ရ၏။ အကြီးအကဲ၏ ဆံပင်နှင့် မုတ်ဆိတ်မွေးတို့မှာ ဖြူဖွေးဆွတ်နေပေပြီ။ သူသည် စင်မြင့်တစ်ခုထက် ထိုင်နေကာ စာပေများ သင်ကြားပို့ချ ပေးနေ၏။ မျက်နှာအမူအရာမှာ တည်ငြိမ်ကာ တင်းမာဟန် ရှိသည်။ လက်ထဲတွင်လည်း အနက်ရောင် သံပေတံတစ်ချောင်း ကိုင်ထား၏။
ဤအဖိုးအိုသည် အသက် ၉၀ ကျော်ခဲ့သည်မှာ အချိန်တစ်ခု ရှိပေပြီ။ သူ့အောက်၌ ထိုင်နေကြသော ကွန်ဖြူးရှပ်သမားများလည်း ဆံပင်များ ဖြူဖွေး၍ ပါးရေနားရေများ တွန့်နေကြ၏။ သို့သော် ဤအကြီးအကဲရှေ့တွင် သူတို့သည် အချင်းချင်း ယှဉ်ပြိုင်နေကြသာ လူငယ်များနှင့် တူနေခဲ့သည်။
ဤအကြီးအကဲသည် သိုင်းပညာရပ်များအကြောင်း မသိသော်လည်း သူ၏စွမ်းအားမှာ မြင့်မားသော တောင်တစ်တောင်ကဲ့သို့ အရှိန်အဟုန်ကြီးမား ထူထပ်၏။ သင်ယူခြင်းအပေါ် သူ၏လေးနက်သော အော်ရာသည် လွန်စွာကျယ်ပြော၍ အကန့်အသက် ကင်းမဲ့သည်။ ကမ္ဘာပေါ်ရှိ မည်သည့်စာသင်သားမဆို လေးစားကြောက်ရွံ့ ရပေလိမ့်မည်။
“.. ငါ ငါးကို ကြိုက်တယ်။ ဝက်ဝံလက်သည်းလည်း ကြိုက်တယ်။ သူတို့နှစ်ခု အတူမရှိနိုင်ဘူးဆိုရင်တော့ ငါးကို လက်လွှတ်ပြီး ဝက်ဝံလက်သည်းကိုပဲ ယူမယ်..။ ငါ ရှင်သန်ရတာ ကြိုက်တယ်။ ရိုးသားဖြောင့်မတ်တာကိုလည်း ကြိုက်တယ်။ နှစ်ခု အတူ မရှိနိုင်ဘူးဆိုရင်တော့ ရှင်သန်ရတာကို လက်လွှတ်ပြီး ရိုးသားဖြောင့်မတ်ဖို့ကိုပဲ ရွေးချယ်မယ်..” (၃)
“.. ခုန်းက အကြင်နာတရားကို ရှာဖွေဖို့ ပြောခဲ့ပြီး မုန့်က ရိုးသားဖြောင့်မတ်မှုကို ရှာဖွေဖို့ ပြောခဲ့တယ်..။ ခန္ဓာကိုယ် ပျက်စီးသွားပါစေ။ အကြင်နာတရားကို အပျက်စီး မခံနဲ့။ အသက် သေဆုံးသွားပါစေ။ ရိုးသားဖြောင့်မတ်မှု မဆုံးရှုံးစေနဲ့..။ အကြင်နာတရားနဲ့ ရိုးသားဖြောင့်မတ်မှုက သူတော်စင်အထက်အဆင့်နဲ့ ဒုတိယအဆင့်သူတော်စင်တို့ ထောက်ခံခဲ့တဲ့ စိတ်ကူးအတွေးရဲ့အခြေခံ။ ကျုပ်တို့ ကွန်ဖြူးရှပ်ကျောင်းရဲ့ ဇစ်မြစ်အတွေးအခေါ်ပဲ..။ ဒီစာလုံးနှစ်လုံးရဲ့ အနှစ်သာရကို သေချာစဉ်းစား ချင့်ချိန်မယ်ဆိုရင် ကွန်ဖြူးရှပ်ကျောင်းရဲ့ စာအုပ်တွေနဲ့ ဂန္တဝင်စာပေတွေရဲ့ အနှစ်သာရကို နားလည် သဘောပေါက်လာပါလိမ့်မယ်.. ”
အကြီးအကဲ၏အသံသည် ငြင်သာနူးညံ့၏။ ကြားရသည့် လူများအား စိတ်နှလုံး အေးချမ်းပျော့ပျောင်း လာစေခဲ့သည်။ စကားလုံး တစ်လုံးချင်းစီတိုင်းသည် စာသင်သားများ၏ စိတ်နှလုံးအတွင်းပိုင်းသို့ ဝင်ရောက်သွားကာ သူတို့အား ဉာဏ်အလင်း ဖွင့်ပေးလိုက်ဟန် ရှိ၏။
မဟာစစ်ဆေးရေးအရာရှိ အပါအဝင် အောက်၌ ရှိနေသော နာမည်ကျော် ကွန်ဖြူးရှပ်များအားလုံးသည် ရိုသေလေးစားစွာ နားထောင်ကာ စဉ်းစားဆင်ခြင် နေခဲ့ကြ၏။ အာရုံမစိုက်သည့်ပုံစံမျိုး အနည်းငယ်မျှပင် မပြရဲကြပေ။
ဤသက်ကယ် မိုးအဆောင်သည် ပညာသင်ကြားသည့် နေရာ။ မြင့်မြတ်မြေပြင်တစ်ခု ဖြစ်သည်။ လီကျွင်းရှန်း ကြားဝင် မနှောင့်ယှက်ရဲပေ။ တံခါးပေါက်ဝ၌သာ ရပ်နေကာ တိတ်ဆိတ်စွာ စောင့်နေခဲ့၏။
အချိန်တချို့ ကြာပြီးနောက်တွင် ရှေးကျကာ သာယာနားဝင်ချိုသည့် နာရီသံ ထွက်ပေါ်လာခဲ့သည်။ အတန်း ပြီးဆုံးသွားပြီ ဖြစ်ကာ ဝတ်ရုံအချင်းချင်း ပွတ်တိုက်သံများ ထွက်ပေါ်လာ၏။ ထို့နောက်တွင် ကွန်ဖြူးရှပ်သမားများ ထရပ်ကာ ညီညာစွာ ထွက်လာကြ၏။ တစ်ချိန်တည်းမှာပင် အတွင်းမှနေ၍ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ဆရာသခင်ကျူးက အသက်ကြီးနေပြီ..။ သူ့အချိန်တွေ အများကြီး မယူနဲ့..”
မဟာစစ်ဆေးရေးအရာရှိ ရပ်ကာ လီကျွင်းရှန်းအား တစ်ချက်ကြည့်၍ ပြောလိုက်သည်။ လီကျွင်းရှန်း လန့်သွားကာ ထို့နောက်တွင် ခေါင်းညိတ်လိုက်၏။
“နားလည်ပါပြီ..”
မဟာစစ်ဆေးရေးအရာရှိသည် မည်သည့်အပိုစကားမှ ထပ်မပြောခဲ့ပေ။ လီကျွင်းရှန်းဘေးမှ ဖြတ်လျှောက် သွားလိုက်၏။ ဤမြင်ကွင်းသည် အခြားသောသူများ၏ အာရုံစိုက်ခြင်းအား အနည်းငယ် ခံလိုက်ရသည်။ ထိုအချိန်တွင် လီကျွင်းရှန်း သူနှင့် ရင်းနှီးသည့်အသံတစ်သံ ကြားလိုက်ရ၏။
“ကျွင်းရှန်း။ ဝင်လာခဲ့..“
အသံသည် ရင့်ကျက်ကာ ဩရှ၏။ လူများ၏ နှလုံးအတွင်း ထိုးဖောက်နိုင်သော စွမ်းအားများ ပါဝင်နေသည်။ ဤပုဂ္ဂိုလ် စကားတစ်ခွန်းမျှ မပြောမီမှာပင် မိမိထံ၌ ရှိနေသော လျှို့ဝှက်ချက်များအားလုံး ထုတ်ဖော် ခံလိုက်ရသည်ဟု ခံစားရစေသည်။
လီကျွင်းရှန်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ စိတ်တင်းကာ ဝတ်ရုံအားဖြန့်၍ အတွင်းသို့ တရိုတသေ လျှောက်ဝင်သွားလိုက်၏။
ဆရာသခင်ကျူးနှင့် မလှမ်းမကမ်းသို့ ရောက်သော် လီကျွင်းရှန်း ရပ်၍ ဦးညွတ်အရိုအသေ ပေးလိုက်သည်။
“ကျွင်းရှန်း ဆရာတူအစ်ကိုကို အရိုအသေ ပေးပါတယ်..” ဤစကားလုံးများ၌ ပါဝင်သော လျှို့ဝှက်ချက်သည် မည်သူကိုမဆို ရုတ်တရက် ထိတ်လန့်သွားစေနိုင၏။
ဧကရာဇ် ကောင်းကျုံးကိုယ်တိုင် ကွန်ဖြူးရှပ်များ၏ခေါင်းဆောင်ဂုဏ်ပုဒ် ပေးအပ်ခံထားရသော ဆရာသခင်ကျူး။ အသက် ၁၂၀ ရှိပြီကာ အထင်ကြီး လေးစားခံရသော လူတစ်ဦးသည် လီကျွင်းရှန်း၏ ဆရာတူအစ်ကို ဖြစ်နေလေသည်။
“ထိုင်..”
အရေပြား ရှုံ့တွနေသော လက်ချောင်းဖြင့် ညွှန်ပြကာ ဆရာသခင်ကျူး သူ့ဘေး၌ ထိုင်ခိုင်းလိုက်သည်။ သူ၏မျက်နှာသည် ရှေးနံရံတစ်ခုကဲ့သို့ တည်ကြည်ခိုင်မာကာ ခံစားချက် အရိပ်အယောင်များ ကင်းမဲ့နေ၏။
“ငါတို့ နောက်ဆုံးတွေ့ခဲ့တာ ၁၀ နှစ်လောက် ရှိပြီမလား.”
“ဟုတ်ပါတယ်..”
လီကျွင်းရှန်း ငြိမ်ကျသွားသည်။ ချောမောသော မျက်နှာထက်တွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့၏။ လွန်ခဲ့သည့်ဆယ်နှစ်တွင် သူသည် အသက် ၁၇ သာ ရှိသေးကာ ဆရာသခင်ကျူးသည် ဆရာသခင်ကျူး ဖြစ်နေလေပြီ။ အသက်တစ်ရာကျော် ရှိပြီဖြစ်သည့် သူ၏ ဆရာတူအစ်ကိုအား ရှာဖွေရန် ဤဇီးတောအုပ်အတွင်း အရဲစွန့်ဝင်လာကာ ဤသက်ကယ်မိုး အဆောင်သို့ လာခဲ့သည့်အချိန်များ ရှိ၏။
သို့သော် ထိုမတော်တဆမှု ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ မလာဖြစ်တော့ပေ။
သူတို့တပည့်နှစ်ဦး စကားမပြောရသည်မှာ အချိန်အတော် ကြာနေပေပြီ။
“မင်း အပြင်မှာ ဘာတွေလုပ်နေလဲဆိုတာ ငါ အကုန် ပြန်ကြားတယ်..” ဆရာသခင်ကျူး တည်ငြိမ်စွာ ပြောလာခဲ့သည်။ လက်နှစ်ဖက်အား အင်္ကျီလက်တွင်း ထည့်ထားကာ မျက်နှာအမူအရာသည် မူလအသွင်အပြင် မပျက်ပေ။ ရှင်သန်နေထိုင်ခဲ့သည့် အချိန်။ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံ များကြောင့် သူ၏စိတ်နှလုံးအား တုန်လှုပ် စေနိုင်သော အရာများမှာ အလွန်နည်းပါးပေသည်။
လီကျွင်းရှန်း ငြိမ်ကျသွားသည်။ အချိန်အတော် ကြာပြီးနောက်မှာမှ ပြောလာခဲ့၏။ “ကျွင်းရှန်းရဲ့ အသုံးမကျမှုတွေက ဆရာတူအစ်ကိုရဲ့ နားနဲ့ မျက်လုံးတွေကို ဂုဏ်ညှိုးငယ်စေခဲ့ပါပြီ..”
“မင်းရဲ့အရည်အချင်းနဲ့ လုပ်ဆောင်နိုင်စွမ်းတွေက ပြိုင်ဘက် ကင်းပါတယ်။ ဆရာကိုယ်တိုင် မင်းကို ကောင်းကင်အာဏာရဲ့ သားတော်အဖြစ် ရွေးချယ်ခဲ့တာပဲ..။ ဒါပေမဲ့ ကွန်ဖြူးရှပ်ကျေင်းမှာက အတွင်းပိုင်းနဲ့ အပြင်ပိုင်း ဆိုပြီးရှိတယ်..။ ငါက အပြင်ပိုင်းမှာ ဖြစ်နေပြီး မင်းက အတွင်းပိုင်းကလူပဲ..။ ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ကိစ္စတွေကို ငါ ကြားဝင်စွက်ဖက်မှာ မဟုတ်ဘူးဆိုတာ မင်း သိသင့်တယ်..”
ဆရာသခင်ကျူး ခေါင်းခါ ရမ်းလိုက်သည်။
သာမန်လူများသည် ကွန်ဖြူးရှပ်ကျောင်းကိုသာ သိကြ၏။ ကွန်ဖြူးရှပ်ဂိုဏ်းအကြောင်း သိသည့်လူ အလွန်နည်းပေသည်။ သို့သော် ကွန်ဖြူးရှပ်ကျောင်းအား အတွင်းပိုင်းနှင့် အပြင်ပိုင်းဟူ၍ နှစ်ပိုင်း ခွဲခြားထားသည်ကို သိသည့်လူများက ပို၍ပင်နည်းပါး၏။
အပြင်ကျောင်းသည် လေ့လာသင်ယူခြင်းနှင့် အယူအဆများ အပေါ်ကိုသာ အာရုံစိုက်သည်။ နယ်ပယ်၏ စိတ်ဝိညာဉ်ခေါင်းဆောင်အဖြစ် ဆောင်ရွက်၏။ လူများ၏ စိတ်နှလုံးအားး ဉာဏ်အလင်းပွင့်စေကာ လမ်းကြောင်းမှန်ပေါ် ညွှန်ပြပေးသည်။ ကွန်ဖြူးရှပ်နှင့် မုန့်ဇီတို့၏ အယူအဆများနောက် လိုက်သည်။ အတွင်းကျောင်းသည် ကွန်ဖြူးရှပ်ဂိုဏ်း ဖြစ်၏။ သူတို့သည် ပညာရေးပိုင်းနှင့် သိုင်းပညာရပ်နှစ်မျိုးလုံး လိုက်စားကာ သိုင်းကျင့်စဉ်များအား အဓိက ထားသည်။ ကွန်ဖြးရှပ်ဂိုဏ်းအတွင်း ဝင်ရောက်သည့်လူသည် ခွန်အားကြီးမားကာ သိုင်းပညာရပ်တွင် အရည်အချင်းရှိသည့်လူ ဖြစ်၏။
သင်ယူလေ့လာခြင်း သက်သက်သည် လူတစ်ဦး၏ အယူအဆများကို ကမ္ဘာအနှံ့ ဖြန့်ကျက်ပေးရန် သို့မဟုတ် လူများ၏ စိတ်နှလုံးအား ဉာဏ်အလင်း ဖွင့်ပေးရန် မလုံလောက်ပေ။ ထို့ကြောင့် ကွန်ဖြူးရှပ်သမားများသည် ကုန်းမြေအနှံ့ ဆယ်စုနှစ်ကြာ သွားလာခဲ့သော်လည်း နယ်မြေအရှင်များနှင့် ရင်းနှီး ကျွမ်းဝင်သော်လည်း မြင့်မားသည့်နေရာသို့ ဘယ်သောအခါမှ မရောက်ခဲ့ခြင်း ဖြစ်၏။ ကွန်ဖြူးရှပ်ကျောင်း၏ အယူအဆများသည် ကျင့်ကြံခြင်းနှင့် ပေါင်းစပ်၍ မရပေ။ တစ်ခါတရံတွင် စစ်ဝါဒီများ၏ ငြင်းပယ်ခြင်းကိုပင် ခံခဲ့ရ၏။ ဤအချက်ကြောင့် ကွန်ဖြူးရှပ်ဂိုဏ်းသည် သိုင်းပညာရပ်များ စတင်ကျင့်ကြံခဲ့သည်။ ထိုမျှသာမက ကွန်ဖြူးရှပ်သူတော်စင်သည် သူ၏ဘေးတွင် တပည့်သား ၇၂ ဦးရှိသည်။ ထိုပုဂ္ဂိုလ်များသည် ကျိလု(၄)နှင့်တူကာ ရှိန်လောက်သော သိုင်းပညာရပ်များ ပိုင်ဆိုင်ထား၏။ သူတော်စင် ခရီးထွက်ရာ၌ ကာကွယ် ပေးကြပေသည်။
အမှန်အတိုင်းဆိုရသော် ကွန်ဖြူးရှပ်ဂိုဏ်းတွင် ကျိလုမှ လက်ဆင့်ကမ်းလာသည့် သိုင်းပညာရပ်များ ရှိ၏။
သို့သော် နောက်ပိုင်းတွင် လျှို့ဝှက်သိုသိပ်စွာ နေလိုသည့်အတွက်ကြောင့် ကွန်ဖြူးရှပ်ဂိုဏ်းသည် ကွန်ဖြူးရှပ်ကျောင်းမှ တဖြည်းဖြည်းချင်း စတင် ခွဲထွက်လာခဲ့သည်။ ထိုကဲ့သို့ဆိုလျှင်ပင် နှစ်ဖွဲ့သည် ခွဲခြား၍ မရအောင် ဆက်နွှယ်နေကြဆဲပင်။ ဆရာသခင်ကျူး၏ အရှိန်အဝါကြောင့် လီကျွင်းရှန်းသည် မဟာစစ်ဆေးရေးအရာရှိနှင့် ရုံးတော်ရှိ အခြားအရာရှိများ အားလုံးကို မိန့်ပေး၍ ရ၏။ သူတို့အား တော်ဝင်ရုံးတော်အတွင်းမှပင် ထုတ်ပစ် ၍ရပေသည်။
”ကျွင်းရှန်း နားလည်ပါတယ်..။ ဒါပေမဲ့ ဒီတစ်ခေါက်ကိစ္စက သဟဇာတဖြစ်တဲ့ ကမ္ဘာကြီး ဒါမှမဟုတ် ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ တခြား ဘယ်လှုပ်ရှားမှုတွေနဲ့မှ မဆိုင်ပါဘူး..။ ကွန်ဖြူးရှပ်ကျောင်း ရာစုနှစ်နဲ့ချီ လိုက်နာစောင့်ထိန်းလာခဲ့တဲ့ အတွေးအခေါ်တွေနဲ့ ဆိုင်နေတာပါ..” လီကျွင်းရှန်း တင်းမာစွာ ပြောလာခဲ့သည်။
“မျိုးနွယ်ခြားဘုရင်လား..”
ဆရာသခင်ကျူး မျက်နှာအရေပြားများ လှုပ်ရှားသွားကာ နောက်ဆုံးတွင် မျက်လုံး ပွင့်လာ၏။
“ဆရာတူအစ်ကိုက သိနေပြီလား..”
လီကျွင်းရှန်း ထိတ်လန့်သွားသည်။
“ဟိုကလေး ကျုံးမိ ငါ့ကို ပြောပြပြီးသွားပြီ..” ဆရာသခင်ကျူး တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ပြောလာခဲ့သည်။
လီကျွင်းရှန်း မှင်သက်သွား၏။ သို့သော် ထိုအခါမှသာ မဟာစစ်ဆေးရေးအရာရှိ ဤနေရာ၌ ရှိနေရသည့် အကြောင်းအရင်းအား နားလည်သွားခဲ့သည်။
“ဆရာတူအစ်ကို။ တော်ဝင်ရုံးတော်ရဲ့ အရေးကိစ္စတွေက ပြည်သူတွေကြားမှာ ဖြစ်နေတာနဲ့ ယှဉ်လိုက်ရင် သာမညပါ..။ ‘အင်အားကသာ အမှန်တရား’၊ ‘တောတွင်းဥပဒေသ’၊ ‘အားကြီးသူက အားနည်းသူက စားသောက်တယ်’.. အရင်တုန်းက ဘယ်လူ ဘယ်အဖွဲ့အစည်းကမှ ဒီလိုအမြင်မျိုး မထုတ်ဖော်ခဲ့ဖူးဘူး..၊ ဒီသီအိုရီတွေအကြောင်း ရေးပြီးရှင်းထားပြထားတဲ့ စာအုပ်တွေလည်း မရှိခဲ့ဖူးဘူး..။ စစချင်းတုန်းကတော့ ကျွန်တော် သူ နိုင်မယ်လို့ မထင်ခဲ့ဘူး..။ ဒါပေမဲ့ အခုတော့ သားအဖချင်းလည်း ရန်ဖြစ်နေရတယ်။ ညီအစ်ကိုချင်းလည်း ရန်ဖြစ်နေရတယ်..။ ကလေးတွေကတောင် တောတွင်းဥပဒေသအကြောင်း သိကုန်ကြပြီ..။ အခုအချိန်မှာ မတားဘဲ ဒီအယူအဆတွေကို လူတွေရဲ့စိတ်ထဲ ဆက်ပြီး ထိုးဖောက် ဝင်ရောက်ခွင့် ပြုနေမယ်ဆိုရင် ကွန်ဖြူးရှပ်ကျောင်းရဲ့ နှစ်ပေါင်းထောင်နဲ့ချီတဲ့ အခြေခံအုတ်မြစ်တောင် လဲပြိုသွားပါလိမ့်မယ်..”
လီကျွင်းရှန်း ဆရာသခင်ကျူးအား ကြည့်ကာ တင်းမာစွာ ဆိုလိုက်သည်။ “ဒီအတွေးအခေါ်တွေသာ နယ်မြေအနှံ့ ပြန့်သွားမယ်ဆိုရင် လူသားတွေအချင်းချင်း တိုက်ခိုက် ကုန်ကြလိမ့်မယ်..။ ငြိမ်းချမ်းရေး သဘောတူချက်တွေအားလုံး ရပ်စဲကုန်လိမ့်မယ်..။ ကျင့်ဝတ်မှန်တွေ မရှိတော့တဲ့ သားရဲတွေ အချင်းချင်း သတ်ဖြတ် စားသောက်ကြတဲ့ နွေဦးနဲ့ဆောင်ဦး စစ်ပွဲရာသီကို ပြန်ရောက်သွားပါလိမ့်မယ်..။ အဲဒီလို ဖြစ်လာရင် သူတော်စင်တွေနဲ့ ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေ စိုက်ထုတ်ခဲ့ကြတဲ့ သွေးနဲ့ချွေးတွေက အကုန်အလဟဿ ဖြစ်ကုန်ပါလိမ့်မယ်..”
ဆရာသခင်ကျူး မျက်လုံးများ မှိတ်ကာ စဉ်းစားလိုက်သည်။ မျက်ခုံးနှစ်ခုမှာ စုကြုံ့လာ၏။ တိတ်ဆိတ်နေသည့် သက်ကယ်မိုးအဆောင်တွင် လီကျွင်းရှန်းသည်လည်း အဖြေအား ငြိမ်သက်စွာ စောင့်နေခဲ့၏။ စစ်ဝါဒီနှင့် ကွန်ဖြူးရှပ်များကြားမှ အတွေးအခေါ် ပဋိပက္ခသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပြင်းထန် လာခဲ့သည်။ ဝမ်ချောင်၏အတွေးအခေါ်များ ဆက်လက်မပြန့်နှံ့ရန် တားမြစ်နိုင်သည့်လူ ရှိမည်ဆိုလျှင် ဆရာသခင်ကျူး တစ်ဦးတည်းကသာ လုပ်နိုင်ပေလိမ့်မည်။
______________
ဤနေရာတွင် ‘ဆရာသခင်’ သည် ‘子(Zi)’ စာလုံးအား ရည်ညွှန်း၏။ ဥပမာအားဖြင့် ကွန်ဖြူးရှပ်နှင့် မုန့်ဇီကဲ့သို့ တရုတ်အတွေးအခေါ်ပိုင်ရှင်များသည် ‘Kongzi’ နှင့် ‘Mengzi‘ တို့ဖြစ်ကာ ဆရာသခင်ခုန့်နှင့် ဆရာသခင်မုန့် ဟူ၍ဖြစ်သည်။
စာအုပ်လေးအုပ်မှာ ‘ကြီးမြတ်သောသင်ယူခြင်း’၊ ‘အလယ်အလတ်လမ်းစဉ်၏ အယူဝါဒ’၊ ‘ကွန်ဖြူးရှပ်ဒဿန စုပေါင်းမှုများ’နှင့် ‘မုန့်ဇီ’ တို့ဖြစ်သည်။ ဂန္တဝင်စာအုပ်ငါးအုပ်သည် ‘သီချင်းများစာအုပ်’၊ ‘သမိုင်းမှတ်တမ်း’၊ ‘ဝတ်ပြုခြင်းစာအုပ်’၊ ‘ပြောင်းလဲခြင်းများစာအုပ်’ နှင့် ‘နွေဦးနှင့်ဆောင်ဦးသမိုင်း’ တို့ဖြစ်သည်။
ဤစာပိုဒ်သည် ‘မုန့်ဇီ’၏ ‘ကောင်းကျီ ၁’ မှ ဖြစ်သည်။
ကျိလုသည် သင်ယူမှု အားအကောင်းဆုံးနှင့် ထူးချွန်ပြောင်မြောက်ဆုံး ကွန်ဖြူးရှပ်သမားများထဲမှ တစ်ဦးဖြစ်သည်။ ထို့အပြင် သူသည် ရဲရင့်ကာ တဇွတ်ထိုး လုပ်တတ်သည့်အတွက်ကြောင့်လည်း နာမည်ကျော် ကြား၏။
******
အပိုင်း ၁၃၀၇
ကြင်နာခြင်းနှင့် တရားမျှတမှုရှိခြင်းအား ရေးသားခြင်း
ဆရာသခင်ကျူးသည် လောကီရေးရာမှ နှုတ်ထွက်ကာ ဤသက်ကယ် မိုးအဆောင်၌ အငိုမ်းစားယူနေသည်မှာ နှစ်ပေါင်းများစွာ ကြာပေပြီ။ တော်ဝင်မိသားစုများနှင့်ပင် မတွေ့ဆုံခဲ့ပေ။
လီကျွင်းရှန်းသည် ကွန်ဖြူးရှပ်ဂိုဏ်း၏ခေါင်းဆောင် ဖြစ်သော်လည်း ဆရာသခင်ကျူး ငြင်းလိုက်မည်ဆိုလျှင် သူသည်ပင် ဘာမှမလုပ်နိုင်ပေ။
သက်ကယ်မိုးအဆောင်သည် အသံများ ဆိတ်ငြိမ်နေကာ လီကျွင်းရှန်း ဆရာသခင်ကျူးအား တိတ်တဆိတ် ကြည့်ခဲ့၏။
နောက်ဆုံးတွင် ဆရာသခင်ကျူးမှ စကားပြောလာခဲ့သည်။
“နားလည်ပြီ။ ဒီကိစ္စကို ငါ့ဆီ လွှဲထားလိုက်..”
ဟူးး..
လီကျွင်းရှန်း စိတ်အေးသွားရကာ သက်ပြင်းချလိုက်သည်။
“ဆရာအစ်ကို။ ကျေးဇူးအများကြီးတင်ပါတယ်..”
လီကျွင်းရှန်း တရိုတသေ ဦးညွတ်ကာ ထရပ်လိုက်၏။
……
နှစ်ရက်ကြာပြီးနောက်တွင် သတင်းတစ်ခုသည် အင်ပါယာတစ်ခုလုံးအား လှုပ်ခတ်သွား၏။ အများရိုသေလေးစားရသည့် ကောင်းကျုံးခေတ်၏ တစ်ဦးတည်းသော ‘ဆရာသခင်’၊ မျက်မှောက်ခေတ်၏ တစ်ဦးတည်းသော ဆရာသခင်၊ ဆရာသခင်ကျူးသည် နောက်ဆုံးတွင် အများရှေ့ ပြန်လည် ထွက်ပေါ် လာတော့မည်။
ဤဖြစ်စဉ်သည် လူ့အဖွဲ့အစည်းတစ်ခုလုံးအား တုန်လှုပ်သွားစေခဲ့၏။ အထူးသဖြင့် ကွန်ဖြူးရှပ်ကျောင်းများပင်။ စီရင်စုကိုးခုရှိ မရေမတွက်န်ိုင်သော နာမည်ကျော် ပုဂ္ဂိုလ်များ။ ကွန်ဖြူးရှပ်ပညာရပ် သင်ကြားနေသော လူများအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ မြို့တော်သို့ အပူတပြင်း ခရီးနှင်ကြတော့၏။
“အဖေ။ အဖေ အသက်လည်း ကြီးနေပြီ.. ပြီးတော့ ဒီနေရာက မြို့တော်နဲ့ ဝေးလွန်းပါတယ်.. အဖေ့အခြေနေနဲ့ဆိုရင် အဖေ ရထားလုံးနဲ့ခရီးသွားတဲ့ဒဏ်ကို မခံနိုင်မှာ စိုးရတယ်..”
အင်ပါယာ၏ နေရာတစ်နေရာတွင် သားတစ်ယောက်သည် အသက် ၈၀ ကျော် အရွယ်ရှိသော သူ့အဖေ၏ ရထားလုံးအား တားထား၏။ ခရီးထွက်မည့် ကိစ္စအား ပြန်လည်စဉ်းစားရန် ဖျောင်းဖျနေခဲ့သည်။
“အသုံးမကျတဲ့ကောင်။ ဆရာသခင်ကျူးက ဘယ်သူလဲဆိုတာ မင်းသိလား.. ရထားလုံးနဲ့ ခရီးသွားတဲ့ဒဏ်မပြောနဲ့ ဒီနေ့ လမ်းမှာ သေမယ်ဆိုရင်တောင် ဒီအဖိုးကြီး ဘာနောင်တမှ ရမှာမဟုတ်ဘူး..။ မင်း အခုငါ့ကို တားလိုက်မှပဲ ငါ တစ်သက်လုံး နောင်တနဲ့ နေနေရမှာ..။ အဲလိုသာဖြ စ်လာရင် အဖေတစ်ယောက်အနေနဲ့ ငါ မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး..” ဆံပင်များ ဖြူဖွေးကာ ပါးရေနားရေ တွန့်နေသည့် အဖေအိုမှ ကြိမ်းမောင်းလိုက်သည်။ သူ၏ တစ်မိသားစုလုံးအား ခေါင်းမာစွာ ငြင်းပယ်နေ၏။
နယ်မြေအနှံ့တွင် နေရာအတော်များများ၌ အလားတူ မြင်ကွင်းမျိုး ဖြစ်ပေါ်နေခဲ့သည်။ ဆရာသခင်ကျူး၏ သတင်းသည် ရေကန်အတွင်း ပစ်ချလိုက်သည့် ကြီးမားသော ကျောက်တုံးတစ်တုံးနှယ်.. နှိုင်းယှဉ်လိုက်သော် စစ်ဝါဒီနှင့် ကွန်ဖြူးရှပ်များကြားမှ အငြင်းအခုံအား များစွာသေးငယ် သွားစေခဲ့၏။
သတ်မှတ်ထားသည့်အချိန်တွင် နာမည်ကျော် ကွန်ဖြူးရှပ်သမားများ သင်ယူခြင်းဘုရားကျောင်းရှေ့၌ မရေမတွက်နိုင်အောင် စုဝေးလာကြကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။
ဤကဲ့သို့ ခမ်းနားကြီးကျယ်သော မြင်ကွင်းသည် မရေမတွက်နိုင်သော ဘေးလူများ၏အာရုံအား ဆွဲဆောင်ခဲ့၏။ ဤလူများတွင် အများစုသည် အသက် ၄၀ ကျော်အရွယ် ဖြစ်ကြကာ ဆရာသခင်ကျူးက မည်သူမည်ဝါ ဖြစ်ကြောင်း မသိကြပေ။ သို့သော် ထိုလူ၏ နောက်ခံအကြောင်း ကြားသိလိုက်ရသည့် အချိန်တွင် လူတိုင်း ရိုသေလေးစား သွားကြသည်။
“အသက်ရှင်နေတဲ့ သူတော်စင်..။ တကယ်ကြီး သက်ရှိထင်ရှားရှိနေတဲ့ သူတော်စင်ပဲ..”
သာမန်လူများအားလုံး စိတ်ထဲတွင် နက်ရှိုင်းစွာ ကြည်ညိုလေးစား သွားကြသည်။ အချို့သူများသည် ဆရာသခင်ကျူးအား ဆည်းကပ်ရန်အတွက် သူတို့အိမ်တွင် သက်ရှိအထိမ်းအမှတ် ကျောက်တိုင်ပင် စိုက်ထူလာကြ၏။ သင်ယူခြင်းဘုရားကျောင်း၏ ဘေးပတ်ပတ်လည်တွင် ရုတ်ရုတ်သဲသဲ မဖြစ်စေရန်နှင့် စည်းစနစ်ကျရန်အတွက် ဧကရာဇ်သည်ပင် ရွှေရောင်အစောင့်များ ပို့လွှတ်ခဲ့သည်။
နေမင်းသည် ခေါင်းပေါ် တည့်တည့်ပင် ရောက်တော့ပေမည်။ ဆရာသခင်ကျူး ပေါ်လာမည့် အရိပ်အယောင် မရှိသေးချေ။ သို့သော်ငြားလည်း စုဝေးနေကြသည့် များပြားလှသော ကွန်ဖြူးရှပ်သမားများတွင် မည်သူကမူ စိတ်မရှည်သည့် အရိပ်အယောင်မျိုး မပြကြပေ။ အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင်..
“ကြည့်လိုက်..” တစ်ယောက်မှ ရုတ်တရက် အော်ပြောလာခဲ့၏။ လူအုပ်ကြီးသည် ချက်ချင်းပင် ထိုလူညွှန်ပြသည့်ဘက် ကြည့်လိုက်ကြ၏။
ဖြူဖွေးသန့်စင်သော အဖြူရောင်ဝတ်စုံနှင့် ပိန်ပါးသော ပုံရိပ်တစ်ခု ဘုရားကျောင်းရှေ့၌ ပေါ်လာခဲ့သည်။ ထိုပုဂ္ဂိုလ်သည် လက်နောက်ပစ်၍ရပ်နေကာ ဤကဲ့သို့ရပ်နေရုံဖြင့် မြင့်မြတ်ထူးကဲသော အော်ရာများက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေ၏။
“ဆရာသခင်ကျူး..”
“ဆရာသခင်ကျူး..”
ထိုပုဂ္ဂိုလ်၏ပုံရိပ်သည် လူအုပ်ကြီးအား ကိုင်လှုပ်လိုက်သကဲ့ပင်။ မြင့်မြတ်သော ကွန်ဖြူးရှပ်သမားများ မြေပြင်ထက် ဒူးထောက်ချကာ ခေါင်းတိုက် အရိုအသေပေးလိုက်ကြ၏။ အသက် ၇၀၊ ၈၀ အရွယ်ရှိသော အဖိုးအိုအချို့သည် ပျော်ရွှင်မှုကြောင့် မျက်ရည်များပင် ဝဲတက်လာခဲ့သည်။
အများအမြင်တွင် သူတို့သည် အသက်ကြီးကာ အဆင့်အတန်း ကြီးမားသော လူများဖြစ်၏။ သို့သော် သူတို့သည် ဆရာသခင်ကျူးရှေ့တွင် မည်မျှပင် သေးနုပ်ကြောင်း သူတို့ကိုယ် သူတို့သာ သိပေသည်။ ဆရာသခင်ကျူးနှင့်ယှဉ်လျှင် သူတို့သည် ‘လူငယ်များ’သာ ဖြစ်၏။
သူတို့ ကလေးအရွယ်တွင် ဆရာသခင်ကျူးသည် အသက် ၅၀၊ ၆၀ အရွယ် ရှိနေပေပြီ။ ကမ္ဘာတစ်ဝှမ်း ကျော်ကြားကာ ကွန်ဖြူးရှပ်ကျောင်း၏ ခေါင်းဆောင်အဖြစ် ရိုသေဆည်းကပ်ခြင်း ခံရ၏။ သူတို့ နာမည်ရသည့်အချိန်တွင်မူ ဆရာသခင်ကျူးသည် အနားယူ သွားလေပြီ။ ကွန်ဖြူးရှပ်ပညာ သင်ကြားသော ဤလူများအဖို့ သူတို့ဘဝတွင် ဆရာသခင်ကျူးအား မြင်တွေ့ခွင့်ရရှိခြင်းသည် နောင်တ ကင်းကင်း သေ၍ရသည့် မယုံနိုင်ဖွယ်ရာ ကောင်းချီးပင်။
အသက်အရွယ် ကြီးရင့်သော ဤစာသင်သားများ မျက်ရည်စက်လက် ဖြစ်လာကြသည်ကို မြင်သော် ရွှေရောင်အစောင့်များသည်ပင် မှင်သက်ကုန်ကြ၏။ သူတို့သည် အရေးပါသော ကွန်ဖြူးရှပ်ခေါင်းဆောင်တစ်ဦးအား စောင့်ကြပ်ပေးရမည်ကိုသာ သိထားကြသည်။ သို့သော် ဆရာသခင်ကျူးက မည်မျှပင် အရေးကြီးသည်ကို သူတို့ မသိကြပေ။ အချို့အစောင့်များသည် လက်နက်များ ချကာ ဆရာသခင်ကျူးအား ဒူးထောက် အရိုအသေ ပေးလာကြ၏။
ဆရာသခင်ကျူး ဘာမှမပြောခဲ့ပေ။ သူ့ရှေ့မှ မြင်ကွင်းအား တည်ငြိမ်စွာသာ ကြည့်ကာ တဖက် လှည့်သွားလိုက်သည်။ ထိုအချိန်တွင် လူတစ်ဦး ရှေ့ထွက်လာကာ ကြီးမားသော အဖြူရောင်စာရွက်တစ်ရွက် ဖြန့်လိုက်၏။ ဆရာသခင်ကျူး လက်တစ်ဖက် ဆန့်ထုတ်လိုက်သည့်အချိန်တွင် အခြားလူတစ်ယောက်သည် မှင်ဆွတ်ပြီးသား စုတ်တံအား ဆရာသခင်ကျူး လက်အတွင်း ထည့်ပေးလိုက်၏။
“အားလုံးပဲ ကြည့်ကြ။ ဆရာသခင်ကျူး စာရေးတော့မယ်..” တစ်ယောက်မှ အော်ပြောလာခဲ့သည်။ ဆရာသခင်ကျူး ရေးသားမည့်စာလုံးအား လူတိုင်း စိတ်လှုပ်ရှားတကြီး စောင့်ကြည့်လိုက်ကြ၏။
ဝှစ် ဝှစ်..
အားမာန်အပြည့်ဖြင့် ဆရာသခင်ကျူး စာလုံးနှစ်လုံး ရေးသားလိုက်သည် : '仁义'..
‘ကြင်နာခြင်း (仁)' ‘တရားမျှတမှု ရှိခြင်း(义)’
ဝုန်းး…
ဤစာလုံးနှစ်လုံး မြင်သော် တီးတိုးရေရွတ်သံများဖြင့် လူအုပ်ကြီး နောက်တစ်ကြိမ် ဆူညံပေါက်ကွဲ ထွက်လာခဲ့သည်။
“ကြင်နာခြင်းနှင့် တရားမျှတမှုရှိခြင်း..။ သင်ယူခြင်းရဲ့အခြေခံက အကြင်နာတရားနဲ့ တရားမျှတမှုရှိတာလို့ ဆရာသခင်ကျူး ပြောချင်တာလား..”
“ဆရာသခင်ကျူးကို ကိုယ်တိုင် မြင်ရတာတောင် မယုံကြည်နိုင်စရာ ကောင်းတဲ့ကောင်းချီး ဖြစ်နေပြီ..။ အခု ဆရာသခင်ကျူးကိုယ်တိုင် စာလုံးတွေ ရေးပြီး ကွန်ဖြူးရှပ်လမ်းကြောင်းပေါ်မှာ သင်ယူရမဲ့နည်းလမ်း ပေးတာကိုလည်း မြင်လိုက်ရတယ်..။ ဒီအဖိုးကြီးတော့ တကယ့်ကို ဘာနောင်တမှမရှိဘဲ သေလို့ရပြီ.. ဟား ဟား ဟား..“
“‘ကြင်နာခြင်း’ နဲ့ ‘တရားမျှတမှုရှိခြင်း’ ဒီစာလုံးနှစ်လုံးက ကွန်ဖြူးရှပ်ယဉ်ကျေးမှုရဲ့ အခြေခံပဲ..။ ဒီစာလုံးကိုရေးတာ ဆရာသခင်ကျူးဆီမှာ ဒီထက်ပိုတဲ့အဓိပ္ပာယ် ရှိရမယ်..”
လူအုပ်ကြီးသည် စကားပြောဆိုသံများဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်လာကာ ခံစားချက်များပင် မထိန်းနိုင် ဖြစ်လာခဲ့ကြသည်။ အချို့သည် ဤစာလုံးနှစ်လုံးအား ထပ်ကာတလဲလဲ ရေရွတ်ကာ ဆရာသခင်ကျူး ဤစာလုံးများ ရေးသားရခြင်း၏ အကြောင်းအရင်းအား နားလည်ရန် ကြိုးစားနေကြ၏။
ဆရာသခင်ကျူးသည် ဤစာလုံးများအား မရှင်းပြခဲ့ပေ။ စောင့်နေသော အခြွေအရံ ကိုင်ဆောင်ထားသည့် ဗန်းအတွင်းထည့်ကာ စုတ်တံ ပြန်ထည့်လိုက်ကာ တဖက်လှည့်၍ ထွက်ခွာခသွားလိုက်၏။
သို့သော် ဘုရားကျောင်းအပြင်၌ ရှိနေသော လူအုပ်ကြီးကမူ ထွက်ခွာရန် ဆန္ဒမရှိကြသေးပေ။
ဆရာသခင်ကျူးသည် တခဏခန့်သာ လူလုံးထွက်ပြခဲ့သော်လည်း သူ၏အရှိန်အဝါမှာ မည်မျှပင် ကြီးမားကြောင်း မည်သူမှ မပြောနိုင်ပေ။ ရေကန်အတွင်း ပစ်ထည့်လိုက်သည့် ကျောက်တုံးတစ်တုံးသည် ရေလှိုင်းတွန့်များ ထောင်နှင့်ချီ ဖြစ်ပေါ်စေနိုင်၏။ ဆရာသခင်ကျူး ထွက်ပေါ်လာခြင်းနှင့် သူ ရေးသားခဲ့သော စာလုံးများသည် စီရင်စုကိုးခု ရေကန်အတွင်း ကြီးမားသော ကျောက်တုံးတစ်တုံး ပစ်ချလိုက်သကဲ့ပင်။ ကြီးမားသောလှိုင်းလုံးများ ထကြွလာစေခဲ့သည်။
‘ဆရာသခင်ကျူး’..
ဤစာလုံးနှစ်လုံးသည် တောင်ပံတပ်ထားသကဲ့သို့ နယ်မြေတခွင် ပြန့်နှံ့သွားခဲ့၏။ သုံးနှစ်သားခန့် ကလေးငယ်များသည်ပင် ဤနာမည်အား ပြောကြသည့်အချိန်တွင် သူတို့၏ ခပ်ဆိုးဆိုးအမူအကျင့်များကို ဘေးဖယ် ထားကြလေသည်။
……
“ဆရာသခင်ကျူး ဟုတ်လား။ ဒီပုဂ္ဂိုလ်က ဘယ်သူလဲ..”
ထိုအချိန် ဝမ်မိသားစုစံအိမ်တွင် ဝမ်ချောင်သည် သူ့ရှေ့မှ လူအား ထိတ်လန့်တကြား ကြည့်နေခဲ့၏။ အခြေအနေအားလုံးမှာ အလွန်ရုတ်ချည်းဆန်စွာ ဖြစ်ပွားခဲ့ကာ သူသည်ပင် မအံ့ဩဘဲမနေနိုင် ဖြစ်ခဲ့ရသည်။
“မင်း မသိတာက ပုံမှန်ပါပဲ..။ မင်းမပြောနဲ့ ငါ့အပါအဝင် ငါ့မျိုးဆက်က လူတွေတောင် သူ ဘယ်သူလဲဆိုတာ သိပ်မသိကြဘူး..”
မျက်နှာချင်းဆိုင်တွင် ဘုရင်စုန့်သည် သူ၏လက်ဖက်ရည် ခွက်ချကာ ဆရာသခင်ကျူးအကြောင်း စုံစမ်းရရှိထားသမျှ လုံးစေ့ပတ်စေ့ ပြောပြလိုက်၏။
“မင်းပဲ မဟုတ်ဘူး။ ငါတောင် တော်တော်လန့်သွားတယ်.။. အရင်ဧကရာဇ် အုပ်စိုးတဲ့အချိန်တုန်းက ငါ တစ်ခါတလေ ဆရာသခင်ကျူးအကြောင်း နည်းနည်းပါးပါးတော့ ကြားဖူးတယ်..။ သူ သေသွားပြီဆိုတဲ့ ကောလဟလတွေတောင် ထွက်လာသေးတယ်..။ ဒါပေမဲ့ သူ အသက် ရှင်နေသေးတယ်လို့ ဘယ်သူက တွေးမိမှာလဲ..”
ဘုရင်စုန့် စိတ်လှုပ်ရှားစွာ သက်ပြင်း ချလိုက်သည်။
ဝမ်ချောင် သူ၏ထိုင်ခုံ၌ ဆွံ့အစွာထိုင်နေ၏။ သူ၏စိတ််အတွင်းပိုင်းတွင် ဗြောင်ဆူ နေလေပြီ။ သူ့ကြောင့်နှင့် အရေးပါသော နောက်ထပ်ပုဂ္ဂိုလ်တစ်ဦး အရှေ့ထွက်လာခဲ့သည်။ သူသာ မနှောင့်ယှက်လျှင် ဆရာသခင်ကျူးသည် သေဆုံးသည်အထိ အေးအေးချမ်းချမ်း အနားယူနေမည်ဟု သူ ယုံကြည်ပေသည်။
“အခြေအနေ မကောင်းတော့ဘူး..”
စိတ်မသက်မသာဖြစ်သည့် ခံစားချက်များဖြင့် ဝမ်ချောင် မျက်မှောင် ကြုတ်လိုက်သည်။ ဘုရင်စုန့်ကိုယ်တိုင် သူ့အား ပြောပြခြင်း မဟုတ်ပါက သူ့အနေနှင့် ဤကမ္ဘာပေါ်တွင် ဆရာသခင်ကျူးကဲ့သို့သော အကျော်ဇေယျ ပုဂ္ဂိုလ်တစ်ဦး သက်ရှိထင်ရှား ရှိနေဦးလိမ့်မည်ဟု ယုံကြည်နိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။ ထို့အပြင် ဆရာသခင်ကျူးသည် အချိန်အခါကိုက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကာ ကွန်ဖြူးရှပ်ကျောင်း၏ စိတ်ဝိညာဉ်ခေါင်းဆောင် ဖြစ်သည်။
နှစ်ဖွဲ့လုံးတွင် ‘ကွန်ဖြူးရှပ်’ဟူသည့်စာလုံး ပါဝင်နေ၏။ ယခုအချိန်သည် ‘အင်အားကသာ အမှန်တရား’နှင့် ‘ကြင်နာခြင်းနှင့် တရားမျှတမှုရှိခြင်း’တို့ အားပြိုင်နေသည့်အချိန် ဖြစ်သည်။ ဤအဖြစ်အပျက်သည် တိုက်ဆိုင်မှု တစ်ခုဖြစ်သည်ဟု ဝမ်ချောင် ဘယ်လိုမှ မယုံပေ။
“ဝမ်ချောင် ဆရာသခင်ကျူးရဲ့ လွှမ်းမိုးမှုနဲ့ အရှိန်အဝါက တော်ဝင်မျိုးနွယ်စု ဒါမှမဟုတ် တခြားဘာသာရေး ခေါင်းဆောင်တွေရဲ့ စွမ်းအားထက်သာတယ်..။ မင်းထုတ်ဝေခဲ့တဲ့ ‘အင်အားကသာ အမှန်တရား’က ကွန်ဖြူးရှပ်ရဲ့အယူအဆနဲ့ တည့်တိုးကြီး ဆန့်ကျင်နေတယ်..။ ဆရာသခင်ကျူး ထွက်လာတာက မင်းအတွက် ကောင်းတဲ့နမိတ် မဟုတ်ဘူး..။ မင်း သတိထားမှရမယ်..။ မင်းကို သတိပေးဖို့ ငါ ဒီကို တကူးတက လာခဲ့တာ..” ဘုရင်စုန့်မှ ခိုင်မာစွာ ပြောလာခဲ့၏။
ဘုရင်စုန့်၏ မှန်းဆချက်နှင့် ဝမ်ချောင်၏ ဆိုးဝါးသော နိမိတ်သည် နှစ်ရက်ကြာပြီးနောက်တွင် အတည်ပြုချက် ရရှိခဲ့သည်။ ထိုနေ့တွင် ကွန်ဖြူးရှပ်ကျောင်း၏ စိတ်ဝိညာဉ်ခေါင်းဆောင်အနေနှင့် ဆရာသခင်ကျူး၏ လုပ်ဆောင်နိုင်စွမ်းအား ဝမ်ချောင် တွေ့လိုက်ရ၏။ ဆရာသခင်ကျူးကိုယ်တိုင်သည် ဝမ်ချောင်၏ ‘အင်အားကသာ အမှန်တရား’ အား အပြစ်တင် ဝေဖန်ခဲ့လေသည်။
“ကြင်နာတာနဲ့ တရားမျှတမှုရှိတာကို ဖယ်ရှားပစ်လို့ မရဘူး.။. ဒီအယူအဆတွေကို ပျံ့နှံ့ခွင့် မပေးနိုင်ဘူး..”
ဤစကားများသည် ဆရာသခင်ကျူး အမှန်တကယ် ပြောခဲ့သော စကားများ ဖြစ်သည်။
ထိုစကားများသည် လေဆင်နှာမောင်းကဲ့သို့ မြို့တော်အနှံ့ ဖြတ်တိုက်သွားကာ နယ်ပယ်အနှံ့ ဆက်လက် ပြန့်နှံ့သွားခဲ့၏။ ကွန်ဖြူးရှပ်ကျောင်းတွင် ဆရာသခင်ကျူး၏ အဆင့်အတန်းအား မည်သူမှ လိုက်မမီသည့်အလျောက် ဤစကားလုံးများသည် လီကျွင်းရှန်း ရေးသားခဲ့သော စာအုပ်နှစ်အုပ်နှင့် မတူပေ။ မြို့တော်ရှိ စာပေပညာရှင်တစ်ဦးချင်းစီ တိုင်းသည် ဆရာသခင်ကျူး၏တပည့် ဖြစ်သည် ပြော၍ ရပေသည်။
ဤသည်မှာ ဆရာသခင်ကျူး၏ အောင်မြင်ကျော်ကြားမှု သင်္ကေတတစ်ခုပင်..။
ဆရာသခင်ကျူး သင်ယူခြင်းဘုရားကျောင်း၌ ထွက်ပေါ်လာခြင်းသည် အင်ပါယာတစ်ခုလုံးရှိ ကွန်ဖြူးရှပ်သမားများကို မြို့တော်သို့ အာရုံစိုက်လာစေခဲ့၏။ ယခုတွင် သူ၏စကားများသည် ဤကွန်ဖြူးရှပ်သမားများ၏ နားများအတွင်း အလျင်အမြန် ဝင်ရောက်သွားကာ အင်ပါယာရှိ ကျောင်းတော်များသို့လည်း ရောက်ရှိသွား၏။ နောက်ထပ်သော မုန်တိုင်းတစ်ခု စတင်ခဲ့လေသည်..။
ကွန်ဖြူးရှပ်ကျောင်းသည် အလယ်ပိုင်း လွင်ပြင်အနှံ့တွင် သူ၏သင်ကြားမှုအား ဖြန့်ကျက်ခဲ့သည်မှာ နှစ်ပေါင်းတစ်ထောင်ကျော် ခဲ့လေပြီ။ မမြင်နိုင်သော လွှမ်းမိုးမှုသည် နေ့စဉ်ဘဝ၏ အမျိုးမျိုးသော အပိုင်းကဏ္ဍများအတွင်း၌ပင် ရောနှော ပါဝင်လာ၏။ ကွန်ဖြူးရှပ်ကျောင်းများအကြောင်း အနည်းငယ်သာ သိသည့် စာမတတ်သောသူများသည်ပင် ထိုအရာများ၏ လွှမ်းမိုးမှုကို နက်ရှိုင်းစွာ ခံခဲ့ရ၏။ ဆရာသခင်ကျူးမှ ဝမ်ချောင်၏ ‘အင်အားကသာ အမှန်တရား’အား ဒိဠိအယူအဆဟု ပြောလာသည့်အချိန်တွင် ရာစုနှစ်ပေါင်းများစွာ ဆောက်တည်လာခဲ့သော ကွန်ဖြူးရှပ်ကျောင်း၏ အရှိန်အဝါသည် သူ၏ပြင်းထန်သော စွမ်းအားအား စတင်ပြသခဲ့လေသည်။
တစ်နေ့တည်းမှာပင် မရေမတွက်နိုင်သော နာမည်ကျော်ကွန်ဖြူးရှပ်သမားများ ဆရာသခင်ကျူးဘက်မှ ပါဝင်လာခဲ့ကြ၏။ ဝမ်ချောင်၏ ‘အင်အားကသာ အမှန်တရား’ အား ဝေဖန်တိုက်ခိုက်သည့်စာအုပ်များ ရေးသားခဲ့ကာ အရေအတွက် အများအပြား ရေးသားဖြန့်ဝေခဲ့သည်။ သက်ရောက်မှုသည် သူတို့၏ကျောင်းများနှင့်အတူ ကျောင်းသားများထံသို့ အလျင်အမြန် ရောက်ရှိသွားခဲ့၏။
ဆရာများအပေါ် လေးစားခြင်းသည် ကွန်ဖြူးရှပ်ကျောင်း၏အုတ်မြစ် ဖြစ်သည်။ စာသင်ခန်းအတွင်းတွင် ဒိဠိအယူအဆများ ထောက်ခံအားပေးသည့်လူ မည်သူမဆို ဆရာသခင်ကျူးအား အာခံ ပုန်ကန်ခြင်းပင်။
တစ်နေ့တည်းမှာပင် ရာနှင့်ချီသောကျောင်းသားများ ကျောင်းမှ ထုတ်ပယ်ခံလိုက်ရကာ အခြားကျောင်းများ ဝင်ရောက်ခြင်းမှလည်း ပိတ်ပင် ခံလိုက်ရ၏။
ဤပြင်းထန်သော လှုပ်ရှားမှုကြောင့်‘အင်အားကသာ အမှန်တရား’ အား ထောက်ခံနေသည့် အသံများမှာ ပိုမိုတိုးလျ လာလေတော့သည်။
******
အပိုင်း ၁၃၀၈
စွပ်စွဲပြစ်တင်ခြင်း
မြို့တော်တွင် ကွန်ဖြူးရှပ်ကျောင်း နှစ်ပေါင်းတစ်ထောင်ကျော် ဆောက်တည်လာခဲ့သော ကြီးမားသည့် အောင်မြင်မှုသည် ‘အင်အားကသာ အမှန်တရား’ အား စျေးကွက်အတွင်းမှ တစ်နေ့တည်းအတွင်း ရုတ်သိမ်းပျောက်ကွယ် သွားစေခဲ့၏။ ဤရုတ်သိမ်းမှုသည် လွန်စွာမှ သေသပ်လှကာ မြို့တစ်မြို့လုံးတွင် စာအုပ်တစ်အုပ်ပင် မတွေ့ရတော့ပေ။
ဝမ်ချောင်၏ဂုဏ်သိက္ခာအား တိုက်ခိုက်ရန်လည်း စတင်ကြိုးစား လာခဲ့ကြသည်။
နာမည်ကျော်ကွန်ဖြူးရှပ်သမား တစ်သောင်းကျော် လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်တစ်ခု ဝန်ကြီးရုံးတော်သို့ ရောက်ရှိလာ၏။ ထိုထဲတွင် ဝမ်ချောင်၏ ရာထူး အဆောင်အယောင်များအားလုံး ရုတ်သိမ်းကာ ‘အင်အားကသာ အမှန်တရား’ အား ပုံနှိပ်ထုတ်ဝေခြင်း ပိတ်ပင်ရန် တောင်းဆိုထားခဲ့သည်။
ရက်နည်းငယ်အတွင်းမှာပင် လူအများကြားတွင် ဝမ်ချောင်နှင့် ‘အင်အားကသာ အမှန်တရား’အား အားပေးထောက်ခံသည့်အသံများ မရှိသလောက် တိတ်ဆိတ် သွားခဲ့သည်။ ကွန်ဖြူးရှပ်ကျောင်း၏ ‘ကြင်နာခြင်းနှင့် တရားမျှတမှုရှိခြင်း’သည် ချက်ချင်း စတင်၍ထွက်ပေါ်ကာ အပြတ်သတ် အသာစီး ရလာခဲ့သည်။
မည်သူမှ သတိမထားမိသည်အထိ အခြေအနေပြောင်းလဲမှုသည် လွန်စွာမှ လျင်မြန်လွန်းလှ၏။
ဘုတ်..
ခပ်ထူထူစာအုပ်တစ်အုပ် ပြတင်းပေါက်အပြင်မှ လမ်းမထက်သို့ လွင့်ပစ်ခံလိုက်ရသည်။
“အဖေ။ ကျွန်တော့်စာအုပ် ပြန်ပေး..”
အတွင်းပိုင်းမှ ကောင်လေးတစ်ဦး၏ ထိတ်လန့်တကြား အော်ဟစ်သံ တစ်သံထွက်ပေါ်လာ၏။
“ခွေးကောင်။ ရှေ့လျှောက် မင်းကို ဒီလို ဒိဠိအယူစာအုပ်မျိုးတွေ ဖတ်ခွင့် ပိတ်တယ်..။ရွာအကြီးအကဲနဲ့ ဆရာသခင်ကျူးပြောတာ မင်း မကြားဘူးလား..။ ဒါက စဉ်းစားကြည့်ဖို့တောင် မတန်တဲ့ ကောက်ကျစ်တဲ့ စကားလုံးတွေပဲ.။. ဆရာသခင်ကျူးက ဘယ်သူလဲဆိုတာ မင်း မသိဘူးလား..။ မျိုးနွယ်ခြားဘုရင်အဆင့်လောက်က ဆရာသခင်ကျူးထက် ပိုသာတယ်လို့ မင်း ထင်နေတာလား..” အဖေဖြစ်သူ၏ ဒေါသကြီးကြိမ်းမောင်းသံ ပြန်လည် ထွက်ပေါ်လာခဲ့၏။
ဆရာသခင်ကျူး၏နာမည်သည် ကောင်လေး၏အသံအား များစွာ ငြိမ်ကျသွားစေ၏။
“ဒါပဲပြောမယ်.. မင်းကိုယ်တိုင် မင်းရဲ့သား မင်းရဲ့မြေးတွေကို ကျောင်းတိုင်း ဆရာတိုင်း ငြင်းပယ်တာ မခံရချင်ရင် ဒီလိုဟာမျိုးတွေနဲ့ အချိန်ကုန် ခံနေတာ ရပ်လိုက်တော့.. ။ဆရာကျူး ပြောထားပြီးသား.. မင်း ဒီလိုမျိုး အရေးမပါတဲ့ ကိစ္စတွေ စဉ်းစားနေတုန်းလား..”
အဖေဖြစ်သူ မည်မျှပင် ဒေါသထွက်နေကြောင်း မြင်နိုင်ပေသည်။
နယ်မြေ၏ နေရာအနှံ့တွင် အလားတူမြင်ကွင်းများ ဖြစ်ပေါ်နေခဲ့၏။
“အရှင်။ မကောင်းတော့ဘူး..”
ဝမ်မိသားစုစံအိမ်တွင် အလျင်လိုနေသော ခြေသံများ ထွက်ပေါ်လာခဲ့သည်။ သွေးဆုတ်နေသောမျက်နှာနှင့် စုရွှတ်ရွှမ်း ပြေးဝင်လာခဲ့၏။
“အရှင်။ ကျွန်တော်တို့ အခုလေးတင်ပဲ သတင်းရခဲ့တယ်။ လူတွေက သူတို့ရဲ့ ‘အင်အားကသာ အမှန်တရား’စာအုပ်ကို လွှင့်ပစ်နေကြပြီ.။. တစ်ချို့ဆိုရင် ပုံပြီးမီးတောင်ရှို့နေကြပြီ..”
အလျင်စလို ပြောပြီးနောက်တွင် စုရွှတ်ရွှမ်း စာကြည့်ဆောင်အား ဝေ့ဝိုက်ကြည့်လိုက်၏။
“…”
ချက်ချင်းပင် တောင့်ခဲသွားရသည်။ ချန်းစန်းယွမ်၊ ရွှီချန်ကျွင်၊ ရွှီခဲ့ယီ— လူတိုင်း ဤနေရာ၌ ရောက်နေကြသည်။ လေထုအခြေအနေမှာ ငြိမ်သက်နေကာ ကိုယ်စီ၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေ၏။
စုရွှတ်ရွှမ်း ချက်ချင်းပင် ပြောမည့်စကားများ နှုတ်ဆိတ်သွားသည်။ သတင်းဆိုးအား ပထမဆုံး ရရှိခဲ့သည့်လူမှာ စုရွှတ်ရွှမ်း မဟုတ်ကြောင်း သိသာပေသည်။ သတင်းအားလုံး ပေါင်းစုံသွားသည့်အချိန်တွင် အခြေအနေမှာ ဝမ်ချောင်အတွက် အလွန်ဆိုးဝါးနေ၏။
ကွန်ဖြူးရှပ်ဂိုဏ်းသည် ဆရာသခင်ကျူး ကဲ့သို့သော ဝှက်ဖဲမျိုး ထုတ်သုံးလာလိမ့်မည်ဟု မည်သူမှ မထင်ခဲ့ကြလေ။ အမှန်အတိုင်းပြောရလျှင် သူတို့ကိုယ်တိုင်သာ မကြုံတွေ့ရပါက အသက် ၁၂၀ ရှိပြီ ဖြစ်သော ကွန်ဖြူးရှပ်သမားတစ်ဦး ဤကမ္ဘာပေါ်၌ အသက်ရှင်နေသေးကြောင်း တွေးကြည့်နိုင်ရန် ခက်ခဲပေလိမ့်မည်။
သို့သော် လှိုင်းလုံးများမှာ တစ်လှိုင်းပြီး တစ်လှိုင်း ရောက်ရှိလာခဲ့၏။
ဖျတ် ဖျတ်.. သတင်းပို့ငှက်တစ်ကောင် ပြတင်းပေါက်မှ ပျံဝင်လာခဲ့သည်။
“ဘုရင်စုန့်စီက စာပဲ..”
ငှက်ခြေထောက်မှ ရွှေရောင်ပတ်ပြားကြောင့် ဤငှက်သည် ဘုရင်စုန့်၏ငှက် ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိခဲ့ကြသည်။ နှစ်ဖွဲ့လုံးသည် မြို့တော်၌ နေထိုင်သည့်လူများ ဖြစ်ကြသည့်လျောက် အရေးအကြီးဆုံး ကိစ္စရပ်များ မဟုတ်လျှင် ဘုရင်စုန့်သည် ဤနည်းလမ်းသုံးကာ သတင်းပို့မည်မဟုတ်ပေ။။
အခန်းအတွင်းရှိလူများ၏ မျက်နှာအရောင်မှာ ပိုမိုဖြူလျော့သွားတော့သည်။
ဝှစ်…
ဝမ်ချောင်သည် တည်ငြိမ်သော မျက်နှာအမူအရာဖြင့် လက်အား လွှဲရမ်းလိုက်၏။ ငှက်ခြေထောက်၌ ချည်ထားသောစာလွှာသည် ချက်ချင်း လေထုအတွင်း ဝဲပျံလာကာ ဝမ်ချောင်၏လက်အတွင်း ရောက်ရှိလာခဲ့သည်။ စာအား ကြည့်လိုက်သည့်အချိန်တွင် ဝမ်ချောင် စိတ်ထဲထိတ်ခနဲ ဖြစ်သွားသည်။ နောက်ဆုံးတွင် ကွန်ဖြူးရှပ်ဂိုဏ်းဘက်မှ စတင်လှုပ်ရှား လာခဲ့လေပြီ။
ကံဆိုးမှုများသည် အပေါင်းအသင်းနှင့် ရောက်လာတတ်၏။ တစ်ရက်ကြာပြီးနောက်တွင် သတင်းတစ်ခု မြို့တော်အတွင်း ပြန့်နှံ့လာခဲ့သည်။ တော်ဝင်ရုံးတော်သည် မျိုးနွယ်ခြားဘုရင် ဝမ်ချောင်၏ သံသယဝင် စုံစမ်းစစ်ဆေးမှုအား တရားဝင်စတင်ခဲ့၏။ ဝမ်ချောင် ကျူးလွန်ခဲ့သည့် ပြစ်မှုများမှာ ‘ပုန်ကန်ရန် အတွေးဖြင့် ကိုယ်ပိုင်စစ်တပ်တည်ထောင်ခြင်း’၊ ‘သူတော်စင်ဧကရာဇ်၏ အမိန့်အား ဆန့်ကျင်ခြင်းနှင့် ခွန့်ပြုချက်မရှိဘဲ ချီရှီလက်နက်တိုက် ဖွင့်လှစ်ခြင်း’ တို့ ဖြစ်သည်။ ထိုထဲတွင် ‘လက်မရွံ့နောက်လိုက်များ ပျိုးထောင်ကာ ဆွေမျိုးကောင်းစားရေးအတွက် အသုံးပြုခြင်း’ ကဲ့သို့သော ပြစ်မှုမျိုးလည်း ပါရှိ၏။ သို့သော် ပထမပြစ်မှုနှစ်ခုတည်းနှင့်တင် ဝမ်ချောင်အား ဆွဲချရန် လုံလောက်ပေသည်။
မဟာထန်သည် ကြီးမားသော ကလန်များနှင့် တော်ဝင်မျိုးနွယ်စုများ ထိန်းသိမ်းထားနိုင်သည့် စစ်သည်တော်အရေအတွက်အား တင်းကြပ်စွာ ထိန်းချုပ်ထား၏။ အဖွဲ့အနည်းငယ်သာရှိ ရကာ စစ်သည်တော်တစ်ထောင်ထက် မပိုရပေ။ သို့သော် ဝမ်ချောင်သည် ဝူရှန်းမြင်းတပ်အား တည်ထောင်ရာတွင် စစ်သည်တစ်သောင်းကျော်ဖြင့် ဖွဲ့စည်းခဲ့သည်။ တူညီသော ဥက္ကာခဲသတ္တုသံချပ်ကာနှင့် ချွန်ထက်သော ဝုသံမဏိဓားတို့ပင် တပ်ဆင်ပေးခဲ့၏။ ဤတပ်ဖွဲ့သည် ကြီးမားသောစစ်ပွဲ စတင်ရန် လုံလောက်ကာ အနိုင်အရှုံး ဆုံးဖြတ်ပေးနိုင်သည်။
ဤသည်မှာ ကိုယ်ပိုင်စစ်တပ်တစ်ခုအတွက် ခွင့်ပြုထားသည်ထက်လည်း များစွာ ကျော်လွန်နေ၏။
မဟာထန်တွင် ဤအရေအတွက်နှင့် ဤအရည်အချင်းမျိုး ရှိသော စစ်သည်တော်များ ပိုင်ဆိုင်ထားရုံနှင့် ပုန်ကန်ရန် ကြံစည်နေပါသည်ဟု သမုတ်ခံရရန် လုံလောက်ပေသည်။ ပို၍ပြင်းထန် သွားသည်မှာ ဤစစ်သည်တော်များသည် မဟာထန်၏ စစ်တပ်အဖွဲ့အစည်းအောက်၌ မရှိနေခြင်းပင်။
နှိုင်းယှဉ်ကြည့်လျှင် ဒုတိယမြောက်ပြစ်မှုသည် များစွာပိုပေါ့သည်ဟု ထင်ရ၏။ သို့သော် အမှန်မှာမူ များစွာပို၍ ပြင်းထန်ပေသည်။ အရှင်ဧကရာဇ်မင်းကြီးအား လှည့်ဖျားခြင်းသည် အမြဲတစေ အကြီးလေးဆုံး ပြစ်မှုဖြစ်၏။ ပေါ်ပေါက်သွားပါက လှုပ်ရှားရန် အချိန်ပင်ရှိမည် မဟုတ်ပေ။ တာဝန်များစွာ ထမ်းဆောင်ပေးခဲ့ကာ သူတော်စင်ဧကရာဇ် အလေးပေးခြင်းကို ခံရသည့် ကျန်းရှိုကွေ့ကဲ့သို့သော မဟာထန်၏ ကြီးမြတ်သော အထင်ကရပုဂ္ဂိုလ်သည်ပင် ယိုကျိုးကိစ္စတွင် ဝမ်ချောင်သာ မကူညီပေးခဲ့ပါက ရာထူးမှ ပယ်ချခံရကာ တောင်ဘက်စွန်းသို့ နှယ်နင်ဒဏ် ပေးခံရပေမည်။
ဤပြစ်မှုမျိုးသည် အရှင်ဧကရာဇ်မင်းကြီးက ခွင့်လွှတ် ပေးချင်သည်ဆိုလျှင်ပင် မှူးကြီးမတ်ရာများ၏ အပြင်းအထန် ကန့်ကွက်ခြင်းကို ရင်ဆိုင်ရနိုင်သေးသည်။ လူတစ်ဦးသည် မည်မျှပင် ကြီးမားသော တာဝန်များ ထမ်းရွက်ပေးခဲ့ပါစေ။ အဆင့်အတန်းက မည်မျှပင် မြင့်မားနေပါစေ။ ဤပြစ်မှုမျိုး ကျူးလွန်ခဲ့ပါက အနာဂတ်အောင်မြင်မှုများကို ကြိုနှုတ်ဆက်ထား၍ ရပေပြီ။
ဤပြစ်မှုများထဲတွင် တစ်ခုသည်ပင် လူတစ်ဦး၏ အသက်မွေးလုပ်ငန်းအား အဆုံးသတ်ပစ်ရန် လုံလောက်၏။ သို့သော် ဝမ်ချောင်သည် နှစ်ခုလုံးဖြင့် စွဲချက် တင်ခံထားရလေသည်။
ပို၍ကံဆိုးသည်မှာ အစောပိုင်းစုံစမ်းစစ်ဆေးမှုများသည် ဤစွဲချက်နှစ်ခုလုံးက မှန်ကန်ကြောင်း ဖော်ပြနေ၏။ မည်သူကမျှ ဝမ်ချောင်အား မမှန်မကန် စွပ်စွဲခဲ့ခြင်း မဟုတ်ပေ။
ဤသတင်းသည် ကမ္ဘာတစ်ခုလုံးအား တုန်လှုပ်သွားစေခဲ့လေသည်။
……
“လူကြီးမင်းတို့။ ဒီကိစ္စနဲ့ပတ်သက်ပြီး တခြားပြောချင်တာတွေ ရှိသေးလား..”
ထိုက်ဟယ်နန်းဆောင်သည် ခမ်းနားထည်ဝါ၏။ပ လ္လင်ထက်တွင် ပထမမင်းသား လီယင်းထိုင်နေကာ အေးစက်သော အကြည့်ဖြင့် အောက်၌ရှိနေသော အရာရှိများအား တစ်ဦးချင်း အကဲခတ်နေ၏။ ဝမ်ချောင်အား ပစ်မှတ်ထားသည့် အပြစ်တင် ဆွေးနွေးမှုများမှာ အထွတ်အထိပ်သို ရောက်နေလေပြီ။ မည်သို့ပင် ဖြစ်နေပါစေ။ ယနေ့တွင် ဆုံးဖြတ်ချက်တစ်ခု ချရပေမည်။ ယနေ့တွင် အင်ပါယာတစ်ခုလုံးအား ဖြေရှင်းချက်တစ်ခု မပေးပါက ဘုရင်ကိုယ်စားအုပ်ချုပ်သူအနေနှင့် သူ၏ဂုဏ်သတင်း ကျဆင်းသွားပေလိမ့်မည်။
ဘာသာရေးဝန်ကြီးမှ ရှေ့ထွက်လာကာ ကျယ်လောင်စွာ လျှောက်တင်လိုက်၏။ “အရှင်။ မျိုးနွယ်ခြားဘုရင်ရဲ့ ကိုယ်ပိုင်စစ်တပ်တည်ထောင်တာနဲ့ ဧကရာဇ်ရဲ့အမိန့်ကို လွန်ဆန်ပြီး လက်နက်တိုက်ဖွင့်တဲ့ပြစ်မှုတွေရဲ့ သက်သေက သိသာထင်ရှားပါတယ်..။ ဒီတော်ဝင်လက်အောက် ငယ်သားက သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်လို့ ယုံကြည်ပါတယ်..။ သူ့ကို ခွင့်လွှတ်ပေးလို့ မရပါဘူး..”
ဗိုလ်ချုပ်တစ်ဦးမှ ချက်ချင်း အရှေ့ထွက်လာကာ ပြန်လည်ငြင်းဆိုလိုက်သည်။ “အရှင်။ ဒီလိုလုပ်လို့ မရပါဘူး.. မျိုးနွယ်ခြားဘုရင်က ဝူရှန်းမြင်းတပ်ကို လျှို့ဝှက်ဖွဲ့စည်းခဲ့တယ်ဆိုတာ မှန်ပါတယ်..။ ဧကရာဇ်မင်းကြီးရဲ့ အမိန့်ကို ဆန့်ကျင်ပြီး လက်နက်တိုက် ဖွင့်ခဲ့တယ်ဆိုတာလည်း မှန်ပါတယ်..။ ဒါပေမဲ့ သူ ဒါတွေအားလုံးကို မဟာထန်အတွက် လုပ်ခဲ့တာပါ..။ ဒီလိုတွေကြောင့်သာ မဟုတ်ဘူးဆိုရင် တာလက်စ်တွေဆီမှာ စစ်ရှုံးပြီး အန်းရှီနဲ့ ချီရှီက ရန်သူတွေ လက်ထဲ ရောက်နေလောက်ပါပြီ..။ ဒီကိစ္စကြောင့် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ စစ်သည်တော်တွေရဲ့ နှလုံးကို အေးစက် သွားစေပါလိမ့်မယ်..”
တာလက်စ်စစ်ပွဲ ပြီးသွားသည်မှာ ကြာပေပြီ။ သို့သော် မည်သည့်အတွက်ကြောင့် ဤပြစ်မှုများကို ယခုအခါမှသာ ဆွဲထုတ်နေကြသနည်း..။ အကြောင်းအရင်းအား လူတိုင်း နားလည်ကြပါသည် ။ ကွန်ဖြူးရှပ်ဂိုဏ်းသည် အစိုးရအား အသုံးချကာ သူ၏လျှို့ဝှက် ကလဲ့စားချေခြင်းကို လုပ်ဆောင်လိုခြင်း။ ဤစွပ်စွဲချက်ကို အသုံးချကာ စစ်ဝါဒီနှင့် ကွန်ဖြူးရှပ်ဝါဒကြားမှ တိုက်ပွဲအား အနိုင်ရယူချင်နေခြင်းပင်။
ဗိုလ်ချုပ်များအားလုံးသည် ဤသည်မှာ လွန်စွာမှ တရားမျှတမှု မရှိဟု ယုံကြည်ကြ၏။
“ဟမ့်။ အဲဒီတော့ အင်ပါယာအတွက်ဆိုပြီး လူတစ်ယောက်က ကိုယ်ပိုင်စစ်သည်တွေ ပျိုးထောင်လို့ ရတယ်ပေါ့..။ အင်ပါယာအတွက်ဆိုပြီး အရှင်မင်းကြီးကို လှည့်စားပြီး စုန့်ဧကရာဇ်ကို မရိုမသေ ပြုမူလို့ရတယ်ပေါ့..။ မင်းပြောတဲ့ စကားအတိုင်း သွားမယ်ဆိုရင် မဟာထန်မှာ ဥပဒေတွေတောင် လိုပါဦးမလား..”
ရုတ်တရက် ဘုရင်ချီ ရှေ့ထွက်လာခဲ့သည်။ ဤအခွင့်အရေးသည် အလွန့်အလွန်ရှားပါးသည့် အခွင့်အရေးတစ်ခု ဖြစ်၏။ ပို၍အရေးကြီးသည်မှာ သူသည် ဝမ်ချောင်၏အပြစ်အတွက် အကြွေး ပြန်မယူရသေးခြင်းပင်။ ထိုအချိန်တွင် ဤအခွင့်အရေးသည် သူ့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့လေသည်။
“နယ်စပ်မှာ ဗိုလ်ချုပ်တွေ အများကြီးရှိတယ်။ ပြီးတော့ ဘယ်သူမှ နယ်နယ်ရရပုဂ္ဂိုလ်တွေ မဟုတ်ဘူး..။ အခု သူတို့က ဒီအကြောင်းပြချက်တွေ အသုံးချပြီး မဟာထန်ကို လုပ်ချင်တာ လုပ်လို့ရနေလား..။ ကောင်းကင်သားတော်တောင်မှ အပြစ်တစ်ခု ကျူးလွန်မိရင် ပြည်သူတစ်ယောက်နဲ့ တန်းတူ အပြစ်ပေးခံရတယ်..။ မျိုးနွယ်ခြားဘုရင်က ဘုရင်သာသာပဲ..။ ကောင်းကင်သားတော်ထက် ပိုပြီးကောင်းကောင်းမွန်မွန် ဆက်ဆံ ပေးရမှာလား..”
ဤစကားများ ထွက်ပေါ်လာသော် ခန်းမတစ်ခုလုံး ကျောချမ်းဖွယ် ကောင်းစွာ တိတ်ဆိတ် ငြိမ်ကျသွားသည်။ ဤစကားများသည် အလျင်စလို ပြန်လည်တုန့်ပြန်၍ ရသည့်စကားများ မဟုတ်ပေ။ ဘုရင်ချီ၏စကားများမှာ မှန်ကန်နေလေသည်။
လူအုပ်ကြီးအား ဝေ့ဝိုက်ကြည့်ကာ ဘုရင်ချီ ဘဝင်ခိုက်စွာ ပြုံးလိုက်သည်။ ထို့နောက်တွင် ပထမမင်းသားဘက်လှည့်ကာ ရိုးသားဖြောင့်မတ်မှုကို လိုလားသောလေသံဖြင့် ပြောလိုက်၏။
“အရှင်။ ဥပဒေမှာ သနားညှာတာမှု မရှိပါဘူး..။ မျိုးနွယ်ခြားဘုရင်က အပြစ်ကျူးလွန်ခဲ့တဲ့ အတွက်ကြောင့် အပြစ်ပေးခံရမှာပါ..။ ဒီနိမ့်ကျတဲ့ လက်အောက်ငယ်သားက ဝမ်ချောင်ကို ချက်ချင်း အကျဉ်းချပြီး ကွပ်မျက်ဖို့ တောင်းဆိုပါတယ်..။ ပြီးတော့ သူ့ရဲ့ဂုဏ်ပုဒ်တွေ အားလုံးကိုလည်း ရုတ်သိမ်းသင့်ပါတယ်..။ လူတိုင်းကို သတိပေးတဲ့အနေနဲ့ သူ့ကို ဥပမာတစ်ခုအဖြစ် ပြလိုက်ရအောင်ပါ..”
“အရှင်။ ဒီလိုလုပ်လို့ မရပါဘူး..”
နောက်ဆုံးတွင် စုန့်ဘုရင် မနေနိုင်တော့ဘဲ ရှေ့ထွက်ပြောလာခဲ့၏။
“ဒီနယ်မြေမှာရှိတဲ့ လူတွေအားလုံး မျိုးနွယ်ခြားဘုရင်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို မြင်တွေ့ခဲ့ကြပါတယ်..။ ဘေးတိုင်းပြည်တွေကတောင် ကြောက်ရွံ့ရတဲ့လူမျိုးပါ..။ ဒိကိစ္စကြောင့် ကျွန်တော်တို့ မျိုးနွယ်ခြားဘုရင်ကို သတ်လိုက်မယ်ဆိုရင် မဟာထန်က သူ့ခြေသူ့လက်ကို ဖြတ်လိုက်တာနဲ့ ဘာမှကွာတော့မှာ မဟုတ်ပါဘူး..။ နောင်တစ်ချိန်မှာ ပြည်ပတိုင်းပြည်တွေက သူတို့စစ်သည်အင်အားတွေ ပြန်တိုးမြှင့်ပြီး တိုက်ခိုက်လာခဲ့မယ်ဆိုရင် ဒီအတွက် ဘယ်သူကများ တာဝန်ယူမှာပါလဲ..”
စုန့်ဘုရင် အလွန်စိတ်ပူနေ၏။ အခြေအနေသည် ဝမ်ချောင်အတွက် အလွန်ဆိုးဝါးနေကာ ဘာဆက်ဖြစ်မလဲဆိုတာကိုလည်း ခန့်မှန်း၍မရပေ။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ပထမမင်းသားမှ ပြောလာခဲ့သည်။ “တော်ဝင်ဦးလေး။ အခု ကျွန်တော် ဒီကိစ္စကို တစ်ခု နားလည်လိုက်တယ်..”
မဝံ့မရဲ တွန့်ဆုတ်မှုများက သူ၏မျက်ခုံးများကြား၌ စုဝေးလာခဲ့၏။
အခြားအချိန်များတွင် ပထမမင်းသားသည် ဝမ်ချောင် နိမ့်ကျနေချိန်၌ သူ့အားထိုးနှက်ရန် ဝန်လေးနေမည် မဟုတ်ပါ။ သို့သော် ယခုအခြေအနေမှာ မတူပေ။ အသေးစိတ် အချက်အလက်များကို ကမ္ဘာသိ ချပြထားကာ သူ့ကိုလည်း လူပေါင်း မရေမတွက်နိုင်အောင် စောင့်ကြည့်နေကြ၏။ ပထမမင်းသားသည် တစ်ကိုယ်ကောင်းဆန်သည့် ဆန္ဒများ ရှိသည်ဆိုလျှင်ပင် ဤကိစ္စတွင် မျှမျှတတ လုပ်ဆောင်ရပေမည်။
ထိုမျှသာမက ဝမ်ချောင်သည် သူတော်စင် ဧကရာဇ်ကိုယ်တိုင် ဘုရင်ဘွဲ့ အပ်နှင်းပေးထားသည့်လူ ဖြစ်သည်။ ထိုမျှသာမက ကောင်းကင်သားတော်၏ တပည့်တစ်ဦးလည်း ဟုတ်၏။ ဝမ်ချောင်အား သတ်လိုက်ခြင်းသည် နယ်မြေတစ်လျှောက် မကျေနပ်မှုများ ဖြစ်ပေါ်စေမည်သာမက သူ နန်းတက်လျှင် သူ၏ဂုဏ်သတင်းအပေါ်လည်း ကြီးမားသည့်ထိခိုက်မှု ဖြစ်လာနိုင်၏။
“ဝမ်ချောင်။ မင်းအနေနဲ့ ပြောချင်တာ ရှိလား..”
ပထမမင်းသားမှ ဝမ်ချောင် ရပ်နေသည့် ခန်းမအနောက်သို့ လှည့်ကြည့်လိုက်သည်။ ကျန်သည့်လူများအားလုံးသည်လည်း မင်းသားနှင့်အတူ လှည့်ကြည့်လိုက်ကြ၏။
ဝမ်ချောင်သည် ပထမမင်းသားအား ပြန်ကြည့်ကာ တည်ငြိမ်စွာ ဆိုလာခဲ့သည်။ “ဒီလက်အောက်ငယ်သား ပြောချင်တာကတော့ တစ်ခုပဲ ရှိပါတယ်..။ လုပ်ခဲ့တာတွေအတွက် ဘာနောင်တမှ မရဘူး..”
ဤစကားကြောင့် ဘုရင်ချီ၊ ဝန်ကြီးချုပ် လီလင်းဖူ၊ မဟာစစ်ဆေးရေးအရာရှိနှင့် ပထမမင်းသားတို့ မသိမသာ မျက်နှာမဲ့ကုန်ကြတော့သည်။
******
အပိုင်း ၁၃၀၉
အကျပ်အတည်း
“နားလည်ပြီ..“
ပထမမင်းသား ပင့်သက်ရှိုက်ကာ မိနစ်အနည်းငယ်ခန့် တိတ်ဆိတ်သွား သည်။
“ဝမ်ချောင် မင်း လုပ်ခဲ့သမျှအားလုံးက တိုင်းပြည်အတွက်နဲ့ ပြည်သူပြည်သားတွေအတွက်ဆိုတာ ဒီမင်းသား သိတယ်..။ ဒါပေမဲ့ တိုင်းပြည်မှာ သူ့ဥပဒေသနဲ့ သူရှိပြီး ကလန်တွေမှာလည်း သူ့စည်းမျဉ်းစည်းကမ်းနဲ့ သူရှိတယ်..။ တော်ဝင်ရုံးတော်က ဒီဥပဒေ ထုတ်ပြန်ခဲ့တယ်ဆိုရင် လူတိုင်း လိုက်နာရမှာပဲ..။ ဥပဒေ ချိုးဖောက်ခဲ့ရင် ကောင်းကင်သားတော်ဆိုရင်တောင် သာမန်ပြည်သူတစ်ယောက်လို အပြစ်ပေးခံရမှာပဲ..”
ပြင်းထန်သည့် ရုံးတော်ငြင်းခုန်မှု အဆုံးသတ်သို့ ရောက်လာခဲ့သည်။
“အရှင်မင်းသားကို ရိုသေစွာ ပြန်လည်ပို့ဆောင်ပါတယ်..”
လူတိုင်းဦးညွတ်ကာ ပထမမင်းသား ထွက်ခွာသွားသည်ကို ကြည့်လိုက်ကြ၏။
ဤတစ်လျှောက်လုံးတွင် ဝမ်ချောင်သည် ပုံမှန် မဟုတ်လောက်အောင်ကို အေးစက်တည်ငြိမ် နေခဲ့သည်။
လူတိုင်းနီးပါး ခန်းမအတွင်းမှ ထွက်ခွာသွားပြီးနောက်တွင် ဝမ်ချောင် အေးစက်စွာ လှောင်ရယ်ကာ နာမည်တစ်ခုခေါ်လိုက်၏။ “ရုံးတော်အကြံပေး..”
ရုတ်တရက် ထွက်ပေါ်လာသည့်အသံကြောင့် လူတိုင်း ရပ်တန့်သွားကြသည်။ ဘုရင်ချီ။ မဟာစစ်ဆေးရေးအရာရှိနှင့် လီလင်းဖူတို့လည်း တဖက် လှည့်လာကြကာ ဆက်ဖြစ်မည်အား ကြည့်လိုက်ကြ၏။
“မျိုးနွယ်ခြားဘုရင်က တခြားပြောစရာများ ရှိလို့လား..”
လီကျွင်းရှန်း အနည်းငယ် ထိတ်လန့်သွားသည်။ သို့သော် အလျင်အမြန်ပင် ကိုယ်နေဟန်ထား ပြန်ထိန်းကာ လူအုပ်ကြီးအတွင်းမှ လျှောက်ထွက်လာလိုက်၏။ ဝှစ်.. အခြားအရာရှိများအားလုံး ဘေးသို့ ရှောင်ပေးကြကာ ဝမ်ချောင်နှင့် လီကျွင်းရှန်းတို့ စကားပြောရန် နေရာဖယ်ပေးလိုက်ကြသည်။
ဤရုံးတော် စကားအခြေအတင်တွင် ဘာတွေ ဖြစ်နေလဲဆိုတာကို လူတိုင်း နားလည်၏။ ဤဖြစ်စဉ်သည် ဝမ်ချောင်နှင့် လီကျွင်းရှန်းတို့၏ ယှဉ်ပြိုင်မှု ဖြစ်သည်။ ရုံးတော်တစ်လျှောက်လုံးတွင် နှုတ်ဆိတ်၍ နေနေသည့် ဝမ်ချောင်သည် ယခုတွင် လီကျွင်းရှန်းအား ရုတ်တရက် ခေါ်လိုက်သော် လူတိုင်း အလွန်ပြင်းထန်သည့် အန္တရာယ်အငွေ့အသက်တစ်ခု ခံစားလိုက်ကြရ၏။
“ဟား ဟား။ ဒီလာဦး..”
ဝမ်ချောင် ခန်းမ၏ဘေးတစ်ဖက်၌ ရပ်နေသည့် ရွှေရောင်အစောင့်တစ်ယောက်အား လက်ယှက်၍ ခေါ်လိုက်သည်။ အစောင့်သည်လည်း ကြောင်အစွာ လျှောက်သွားလိုက်၏။ ထို့နောက်တွင်..
ချပ်.. အကြံပေးအရာရှိလောင်းအား ကိုယ်စားပြုသည့် ငွေရောင်ငါးတံဆိပ်ပြား ချွတ်ကာ အစောင့်လက်ထဲ ထည့်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် မေးသိုင်းကြိုးအား ညင်သာစွာ ဆွဲဖြည်ကာ ရွှေခရမ်းရောင်ခေါင်းဆောင်း ချွတ်၍ ကမ်းပေးလိုက်သည်။ အနက်ရောင်ဆံနွယ်ရှည်များ ပုခုံးထက် ကျဆင်းလာ၏။
“လီကျွင်းရှန်း။ ငါ မင်းကို လျှော့တွက် လိုက်မိတာပဲ..”
ဝမ်ချောင်၏စကားများကို ကြားသော် လီကျွင်းရှန်း နားရွက်များ နီရဲသွားသည်။
အပေါ်ယံအားဖြင့် ကြည့်မည်ဆိုလျှင် ယခုတစ်ကြိမ်တွင် ကွန်ဖြူးရှပ်ဂိုဏ်း နိုင်၏။ သို့သော် လီကျွင်းရှန်းမှ ဆရာသခင်ကျူးအား ရှေ့ထွက်ရန် ဖိတ်ခေါ်လိုက်သည့် အချိန်မှစ၍ ကွန်ဖြူးရှပ်ဂိုဏ်းဘက်မှ ရှုံးနိမ့်ခဲ့သည်ကို ဝမ်ချောင်နှင့် လီကျွင်းရှန်းတို့ နှစ်ဦးလုံး သိပေသည်။
“ငါ့ကို အကြံပေး အရာရှိလောင်းနေရာကနေ ဖယ်လိုက်ပြီး မျိုးနွယ်ခြားဘုရင်ရဲ့ တော်ဝင်ဝတ်ရုံ ချွတ်ခိုင်းလိုက်ရုံနဲ့ မင်း နိုင်ပြီလို့ ထင်နေတာလား..”
ဝမ်ချောင် နှာရှုံ့လိုက်သည်။ မျက်လုံးထဲတွင် လှောင်ပြောင်ရိပ်များ ဖြစ်ပေါ်လာ၏။
“မျိုးနွယ်ခြားဘုရင်။ မင်း ဘာပြောချင်တာလဲ..”
ဝမ်ချောင်အား စူးစိုက်ကြည့်ကာ လီကျွင်းရှန်း မျက်လုံးများ မှေးကျဉ်းသွားသည်။
သို့သော် ဝမ်ချောင် ဘာမှ ထပ်မပြောခဲ့ပေ။ အင်္ကျီလက်ရုံ တစ်ချက်ခါရမ်းကာ ခန်းမအပြင်သို့ လျှောက်ထွက်သွားလိုက်၏။
“ချောင်အာ။ ခဏစောင့်ဦး..”
ဝမ်ချောင်၏ဦးလေး ဝမ်ကန်း အပြေးလိုက်သွားလိုက်သည်။
ထွက်ခွာသွားသည့် ဝမ်ချောင်၏ ကျောပြင်အား လီကျွင်းရှန်း အချိန်အတော်ကြာ နှုတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့လေသည်။
……
ဝမ်ချောင် သူ၏ငါးတံဆိပ်ပြား ပြန်အပ်ကာ ထိုက်ဟယ်နန်းဆောင်မှ ထွက်လာသည့်အချိန်တွင်..
ဖျတ် ဖျတ်..
မရေမတွက်နိုင်သောငှက်များ မဟာထန်မြို့တော်၏ ကောင်းကင်ယံထက် ပျံတက်သွားခဲ့သည်။ ဝမ်ချောင် ပြစ်တင်စွပ်စွဲခံရသည့် သတင်းနှင့်အတူ မြို့တော်အတွင်း၌ ဖြစ်ပွားခဲ့သည့် သတင်းပေါင်းစုံကို သူတို့နှင့်အတူ ဘေးတိုင်းပြည်များ အားလုံးသို့ သယ်ဆောင်သွားလိုက်၏။
“ကောင်းတယ်..”
အရှေ့တာကီရှိ ရွက်ဖျင်တဲ တစ်ခုအတွင်းတွင် မုတ်ဆိတ်မွေးနှင့် သန်မာထွားကြိုင်းသော လူတစ်ဦးသည် သူ၏လက်ထဲတွင် စာတစ်စောင် ကိုင်ထားကာ ကျယ်လောင်စွာ အော်ရယ်နေခဲ့သည်။
“ဒီကွန်ဖြူးရှပ်ဂိုဏ်းကတော့ တကယ့်ကို တော်တော် ရှိန်စရာကောင်းတာပဲ..။ စကားလုံးနည်းနည်းလောက်နဲ့ မျိုးနွယ်ခြားဘုရင်ကို ချောက်ကမ်းပါးထဲ ရောက်အောင် တွန်းချနိုင်တယ်..”
မဟာထန်မှ ရရှိသည့်သတင်းကြောင့် ခါဂန်းသည် အလွန်ကို ပျော်ရွှင်နေ၏။
မျိုးနွယ်ခြားဘုရင် တာဝန်ယူထားရသော နယ်မြေသည် အရှေ့တာကီနှင့် မနီးသော်လည်း ကျွန်းပျောက်လျှင် ကိုင်းပါပျော က်သွားမည်ပင်။ ဝမ်ချောင် ပြသခဲ့သည့်အင်အားသည် မည်သည့်အင်ပါယာကိုမဆို ခြိမ်းခြောက်ရန် လုံလောက်၏။
ထိုမျှသာမက မဟာထန်သည် အခြားဘက်ခြမ်းရှိ ရန်သူများကို တိုက်ခိုက်ခဲ့လျှင် ယိုကျိုးသို့ စေလွှတ်ရန်လည်း လူအင်အားအပိုများ ရှိပေလိမ့်မည်။ ထိုကဲ့သို့ဖြစ်လာလျှင် အရှေ့တာကီခါကနိတ်သည် ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ရမည်မှာ အသေအချာပင်။
“အစိုးရကိစ္စတွေမှာ ပါဝင်ခွင့်မရအောင် ပိတ်ပင်ခံလိုက်ရတယ်။ စစ်ရေးကိစ္စတွေမှာ ပါဝင်ခွင့် မရအောင် ပိတ်ပင်ခံလိုက်ရတယ်..။ ဟား ဟား.. ဒီပိတ်ပင်ချက်နှစ်ခုနဲ့တင် သူက လက်သည်းတွေ မရှိတော့တဲ့ ကျားတစ်ကောင်ထက် မပိုတော့ဘူး..။ ငါတို့ကို မခြိမ်းခြောက်နိုင်တော့ဘူး..”
“ဘာမှမဟုတ်ကို စိုးရိမ်မိခဲ့တာပဲ..။ ဒါပေမဲ့ ဘာပဲပြော ပြော ဒီတစ်ခေါက် ငါတို့ နိုင်ခဲ့တာပဲ..”
ဂိုဂူလျောအင်ပါယာ။ ရှီလူမျိုးနှင့် ခိုက်ထန်လူမျိုးများ။ မုန့်ရှီကျောက်— ဤတိုင်းပြည်၏ အမြင့်ပိုင်းအရာရှိများ သတင်းရသည့် အချိန်တွင် လူတိုင်း ပျော်ရွှင်ဝမ်းမြောက် သွားကြသည်။
ဤအခြေအနေ အပြောင်းအလဲသည် အလွန်ရုတ်ချည်း ဆန်လှကာ လူတိုင်းအား အံ့အားသင့်စေခဲ့၏။ သိပ်မကြာသေးသည့် အချိန်တွင် သူတို့အားလုံးသည် မဟာထန်က ယခင်ကထက်ပင် ပို၍ရန်လိုလာလေမလားဟု စိုးရိမ်ပူပန်ခဲ့ကြရ၏။ သို့သော် ယခုတွင် ခြိမ်းခြောက်မှုများ အားလုံး ပျက်ပြယ်သွားလေပြီ။
“ဆရာသခင်ကျူး.. သူ အသက် ရှင်နေသေးလိမ့်မယ်လို့ မထင်ထားဘူး..။ ဒီလှုပ်ရှားမှုနဲ့တင် ကွန်ဖြူးရှပ်ဂိုဏ်းဘက်က နိုင်နေပြီးသား..”
ဝေးကွာသည့် ယွီရှန်းတွင် တာ့လုံထင်းလင်သည်လည်း တူညီသည့် တင်ပြချက်များ ရရှိခဲ့၏။ သို့သော် အများနှင့်မတူသည်က တာ့လုံထင်းလင်သည် ‘ဆရာသခင်ကျူး ပြန်လည်ထွက်ပေါ်လာခြင်း’ ဟူသည့်ကိစ္စအပေါ်၌ အာရုံ ပိုစိုက်ခဲ့သည်။ သူ အလယ်ပိုင်းလွင်ပြင်အနှံ့ ခရီးထွက်ခဲ့စဉ်တွင် ဆရာသခင်ကျူး၏ ဂုဏ်သတင်းများအကြောင်း ကြားခဲ့၏။ ထိုအချိန်တွင် သူသည် တော်ဝင်အမတ်မင်း မဖြစ်သေးပေ။ သို့သော် အလယ်ပိုင်းလွင်ပြင်ရှိ တစ်ဦးတည်းသော ‘ဆရာသခင်’ နှင့် ကြည်ညိုစရာကောင်းသော ဤစာသင်သားအပေါ် အလွန်ရိုသေ လေးစားခဲ့သည်။
သို့သော် ထိုအချိန်၌ သူကြားခဲ့သည်မှာ ဆရာသခင်ကျူး သေဆုံးသွားပြီဟူ၍ ဖြစ်၏။ ယခုတွင် ဤသည်မှာ အမှန်မဟုတ်ကြောင်း သိသာပေသည်။
“လီကျွင်းရှန်းက စစ်ဝါဒီနဲ့ ကွန်ဖြူးရှပ်ဝါဒီကြားက အငြင်းပွါးမှုကို ကိုင်တွယ်နိုင်ဖို့ အများကြီး လိုသေးတယ်..။ ဒီကွန်ဖြူးရှပ်ခေါင်းဆောင် ရှေ့ထွက်လာလို့သာ အကုန်လုံး ပြောင်းလဲသွားတာပဲ..။ အဓိကကတော့ အလယ်ပိုင်းလွင်ပြင်တစ်ခုလုံးမှာ ဆရာသခင်ကျူးရဲ့ ဂုဏ်အဆင့်အတန်းနဲ့ ယှဉ်နိုင်တဲ့လူ ဘယ်သူမှ မရှိလို့ပဲ..” တာ့လုံထင်းလင်မှ ပေါ့ပါးစွာ ပြောလာခဲ့သည်။
ထိုအချိန်တွင် ယာ့လွင်တော်ဝင်မျိုးနွယ်၏ မဟာဗိုလ်ချုပ် နန်ရီစုန့်ထျန်းမှ ရုတ်တရက် ပြောလိုက်၏။ “တော်ဝင်အမတ်မင်း။ မျိုးနွယ်ခြားဘုရင် စွပ်စွဲပြစ်တင်ခံရတာက တကယ့်ကို အောင်ပွဲခံသင့်တဲ့ ကိစ္စမျိုးပါ..။ ဒါပေမဲ့ ဒီလက်အောက်ငယ်သား အများကြီး ပြောမိတဲ့အတွက် ခွင့်လွှတ်ပါ။ ကွန်ဖြူးရှပ်ဂိုဏ်းက ဆရာသခင်ကျူးလို ပုဂ္ဂိုလ်မျိုးကို အမိန့်ပေးနိုင်တယ်ဆိုရင် သူတို့က ရိုးရှင်းတဲ့ အင်အားစုလေးပဲ မဟုတ်တော့ပါဘူး..။ ဒီအင်အားစုက နောက်ကျရင် ကျွန်တော်တို့အတွက် အဓိက ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်..”
“ဟား။ အဲလိုဆိုရင်တောင် ဒါက နောက်မှ ဖြစ်လာမဲ့ကိစ္စပဲ..”
တာ့လုံထင်းလင် အင်္ကျီလက် ခါရမ်းကာ ပေါ့ပါးစွာ ရယ်လိုက်သည်။
“လာ. ဆရာသခင်ကျူး လူကိုယ်တိုင် ရှေ့ထွက်တာက ရှားတယ်..။ လက်ဆောင်တစ်ခု ပြင်ပြီး ယွီရှန်းရဲ့ တော်ဝင်အမတ်မင်းနာမည်နဲ့ ဆရာသခင်ကျူးထံ ပို့ပေးလိုက်..။ ငါနဲ့ ယွီရှန်းရဲ့တခြားတော်ဝင်အမတ်မင်းတွေ အားလုံး အလယ်ပိုင်းလွင်ပြင်အနှံ့ လျှောက်ပတ် သွားပြီး ကွန်ဖြူးရှပ်ကျောင်းတွေမှာ ပညာသင်ဖူးတယ်..။ အဲဒါကြောင့် ငါတို့က ဆရာသခင်ကျူးရဲ့တပည့်တွေလို့ ပြောလို့ရတယ်..။ တပည့်တစ်ယောက်က ဆရာတစ်ယောက်ကို ပေးတဲ့လက်ဆောင်မျိုး ပြင်လိုက်..”
“ဒီလက်အောက်ငယ်အား အမိန့်အတိုင်း လုပ်လိုက်ပါမယ်..” တိဘတ်အစောင့်တစ်ဦး ဦးညွတ်ကာ အမိန့်အား ထမ်းဆောင်ရန် ခပ်သွက်သွက် ထွက်သွားလိုက်သည်။
“ပြီးတော့..”
အစောင့် ထွက်သွားသည်နှင့် တာ့လုံထင်းလင်မှ နောက်တစ်ဖန် ပြောလာခဲ့၏။
“စုန့်ထျန်း၊ လီကျွင်းရှန်း ငါတို့ကို လက်ဆောင်ပေးတာက ရှားတယ်..။ အဲဒါကြောင့် အပြန်အလှန်အနေနဲ့ ငါတို့လည်း သူ့ကိုတစ်ခု ပြန်ပေးသင့်တယ်..။ မျိုးနွယ်ခြားဘုရင်အတွက် ပိုကောင်းတဲ့ လက်ဆောင် တစ်ခုခုပြင်ထား..”
နန့်ရီစုန့်ထျန်းသည် ကြီးမားကာ ရွေ့လျား၍မရသည့် ကျောက်တုံးတစ်တုံးကဲ့သို့ ရပ်နေဆဲပင်။ သို့သော် နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွား၏။
“ဒီလက်အောက်ငယ်သား လုပ်လိုက်ပါမယ်..”
……
ဘေးတိုင်းပြည်များက လှုပ်ရှားမှုများ ပြုလုပ်နေစဉ်တွင် ဝမ်ချောင် သူ၏မိသားစုစံအိမ်သို့ ပြန်ရောက်လာခဲ့သည်။ သူ၏ဘေးပတ်ပတ်လည်တွင် မုန်တိုင်းများ တိုက်ခတ်နေသော်လည်း စိတ်အစဉ်ကမူ တည်ငြိမ်အေးချမ်း နေ၏။
“ချောင်အာ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်မစိုးရိမ်ပါနဲ့..။ ငါ နည်းလမ်း ရှာပြီး မင်း လုပ်ခဲ့တာတွေကို သူတော်စင်ဧကရာဇ်ဆီ တင်ပြလိုက်မယ်..။ မင်း စစ်သားတွေ လေ့ကျင့်ပြီး လက်နက်တိုက် ဖွင့်တာက မဟာထန်အတွက်ပဲ..။ ဒီလက်နက်တွေ မရှိရင် ချီရှီနဲ့ လုံရှီက သေရေးရှင်ရေးအခြေအနေထဲ ရောက်နေလောက်ပြီ..။ အရှင်မင်းကြီးနဲ့ နယ်မြေမှာ ရှိတဲ့လူတွေ နားလည်ကြမယ်ဆိုတာ သေချာပါတယ်..”
ဝမ်မိသားစုစံအိမ်အတွင်းတွင် ဝမ်ကန်းသည် ဝမ်ချောင်နှင့် မျက်နှာချင်းဆိုင်၌ ထိုင်နေကာ စိုးရိမ်ပူပန်စွာ ပြောနေ၏။ ဝမ်ချောင်ကမူ အလွန်ကို တည်ငြိမ်နေသည်။ ဝမ်ချောင် ပိုတည်ငြိမ်လေ ဝမ်ကန်းအနေနှင့် စိတ်ထဲတွင် ပိုစိုးရိမ်လေပင်။
အနောက်တောင်ဘက်စစ်ပွဲမှစ၍ တာလက်စ်စစ်ပွဲအထိ၊ မှူးမတ်အဖြစ်မှ ဘုရင်အထိ၊ ဝမ်ချောင်၏ လမ်းကြောင်းသည် ချောမွေ့ လွယ်ကူခဲ့သည်။ သို့သော် ရုတ်တရက် ချောက်နက်ကြီးအတွင်း တွန်းချခံလိုက်ရ၏။ မျိုးနွယ်ခြားဘုရင် ဟူသည့်ဂုဏ်ပုဒ်သည်ပင် ဖယ်ရှား ခံလိုက်ရသည်။ ဤဖိအားများ အားလုံးကို သူ၏တူဖြစ်သူ မတောင့်ခံနိုင်မည်ကို ဝမ်ကန်း အမှန်တကယ် စိုးရိမ်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ကြီးမားသောပျော်ရွှင်မှုနှင့် ကြီးမားသော ဝမ်းနည်းမှု နှစ်ခုလုံးသည် အလွန်လျင်မြန်စွာ ရောက်လာခဲ့သည်။ မည်သည့်သာမန်လူကမှ တောင့်ခံနိုင်မည် မဟုတ်ပေ။ ထိုမျှသာမက ဝမ်ချောင်သည် အသက် ၁၈ နှစ်သာ ရှိသေးကာ ငယ်လွန်းသေး၏။
“ဟား။ ဦးလေး.. ဦးလေး ဘာတွေးနေလဲဆိုတာ ကျွန်တော် သိပါတယ်..။ ဦးလေး ကျွန်တော့်အတွက် စိုးရိမ်စရာမလိုပါဘူး..။ ကျွန်တော် ကိုင်တွယ်နိုင်ပါသေးတယ်..”ဝမ်ချောင် ပေါ့ပါးစွာ ပြောလိုက်သည်။
ခန်းမတံခါးအား တင်းကြပ်စွာပိတ်ထားကာ အတွင်းတွင် ဆိတ်ငြိမ်နေ၏။ ဤအခန်းအတွင်းတွင် တူဝရီးနှစ်ဦးမှ လွဲ၍ အခြားမည်သူမှမရှိပေ။
“ဟူးး…”
ဝမ်ကန်း သက်ပြင်း ချလိုက်သည်။
“ချောင်အာ။ မင်းကိုယ်မင်း ဖိအား အများကြီး ပေးစရာ မလိုပါဘူး..။ ငါတို့ဝမ်ကလန်က မှူးမတ်တွေ၊ ဗိုလ်ချုပ်တွေရှိတဲ့ ကလန်ပါ..။ မင်း ရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းတွေနဲ့ဆိုရင် မျိုးဆက် တစ်ခုစာမကကို လောက်တယ်..။ တခြားရှုထောင့်က ကြည့်မယ်ဆိုရင် မင်း တော်ဝင်ရုံးတော်နဲ့ စစ်တပ်ကနေ အနားယူတာက ကောင်းတယ်လို့လည်း ပြောလို့ရတယ်..။ အနည်းဆုံးတော့ ပိုအေးချမ်းတဲ့ဘဝမှာ နေနိုင်ပြီး အန္တရာယ်တွေ အများကြီး ရင်ဆိုင်စရာ မလိုတော့ဘူးပေါ့..။ နယ်မြေအတွက်ကတော့ မင်း အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီပဲ..။ မင်းပြောခဲ့သလိုပဲ။ ငါတို့ဝမ်ကလန်က လူတွေ ကိုယ်လုပ်တဲ့လုပ်ရပ်မှာ နောင်တ မရရင် ပြီးတာပဲ..”
ဝမ်ချောင် မှင်သက် သွားသည်။ ဦးလေးဖြစ်သူ၏ စိုးရိမ်နေသည့် မျက်နှာအား ကြည့်ကာ စိတ်ထဲတွင် နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ဘယ်လို အချိန်မျိုး၌ ဖြစ်နေပါစေ မိသားစုက မိသားစု။ ဆွေမျိုးက ဆွေမျိုးပင်။ သူ၏ဦးလေးသည် သူ၏ အားစိုက်ထုတ်မှုအားလုံးကို ရုံးတော်အတွင်း၌သာ လုံးလုံးလားလား မြှုပ်နှံခဲ့၏။ သူ့စိတ်ထဲတွင် ဤလူသည် ဝမ်ကလန်မှလူများကို မဟာထန်။ တော်ဝင်ရုံးတော်နှင့် အင်ပါယာမှလူများအတွက် အလုပ်လုပ်ပေးရန် တွန်းအားပေးသည့် လူတစ်ဦးအဖြစ်သာ မြင်ခဲ့၏။
ဦးလေးငယ်ဝမ်မိသည် ဤဦးလေးဝမ်ကန်းနှင့် အလွန်ရင်းနှီးသည့် ဆက်ဆံရေးမျိုး ရှိ၏။ သို့သော် ဦးလေးငယ်ဝမ်မိ ကောင်းကင်ဆေးပညာရှင်တောင်၌ နေထိုင်ကာ တော်ဝင်စစ်တပ်၏ ဆရာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခဲ့သည့်အချိန်တွင် နှစ်ဦးသား စကား များခဲ့ကြကာ ဆက်ဆံရေး အပြီးသတ် ပြတ်တောက်လုနီးပါးပင် ဖြစ်ခဲ့သည်။
ထို့ကြောင့် ဝမ်ချောင် မြို့တော်တွင် လတ်လျားလတ်လျား နေနေကာ မာကျောက်ကဲ့သို့သော လူမျိုးနှင့် ပူးပူးတွဲတွဲနေနေသည့် အချိန်တွင် ဦးလေးသည် သူ့အား အေးစက်သည့် အကြည့်များဖြင့် ကြည့်ခဲ့ခြင်း ဖြစ်၏။ ထိုအချိန်တွင် သူသည် ဆန်ကုန်မြေလေး အပျော်အပါး လိုက်စားသည့်လူသာ ဖြစ်ခဲ့လေသည်။
သို့သော် ယခုတွင် သူ့အတွက်နှင့် ဤဦးလေးသည် ‘မင်း တော်ဝင်ရုံးတော်နဲ့ စစ်တပ်ကနေ အနားယူတာကလည်း ကောင်းတယ်လို့ ပြောလို့ရပါတယ်’ ဟူသောစကားမျိုး။ ‘မင်း အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီပဲ’ ဟူသောစကားမျိုး ပြောခဲ့သည်။ သူ၏ဦးလေးအနေနှင့် ဤစကားများပြောရန် မည်မျှပင် ခက်ခဲသည်ကို ဝမ်ချောင် ကောင်းကောင်း သတိထားမိ၏။
“ဦးလေး။ ကျေးဇူးတင်ပါတယ်..” ဝမ်ချောင် စိတ်ရင်း အမှန်အတိုင်း ပြောလိုက်သည်။
သူ၏ဦးလေးအား ပြန်လိုက်ပို့ပေးသည့် အချိန်တွင် ဦးလေးဖြစ်သူမှာ အတော်အသက်ကြီးနေပြီ ဖြစ်ကြောင်း ဝမ်ချောင် သတိထားမိလိုက်သည်။ စိတ်ထဲတွင် ဝမ်းနည်းမှုများ ချက်ချင်း လှိုက်တက်လာခဲ့၏။ သူ ရုံးတော်မှ နှုတ်ထွက်လိုက်လျှင် သူ၏ဦးလေးနှင့် စုန့်ဘုရင်တို့သည် သူတို့ဘာသာသူတို့ ကိုင်တွယ် ကြရတော့ပေမည်။
သို့သော် ဝမ်ချောင် မျက်တောင်တစ်ချက်ခတ်ကာ စိတ်ခံစားချက်အား အလျင်အမြန် ပြန်လည်ငြိမ်သက် စေလိုက်သည်။
“ထွက်လာခဲ့..” ဝမ်ချောင် ရုတ်တရက် အမိန့်ပေးလိုက်၏။
ဝမ်ချောင်နောက်တွင် ပုံရိပ်နှစ်ခု ချက်ချင်းထွက်ပေါ်လာခဲ့သည်။ သိမ်းငှက်အိုနှင့် ကျန်းကျွယ်တို့ပင်..။
“ငါ ပြစ်တင် စွပ်စွဲခံရတာနဲ့ ပတ်သက်ပြီး ကလန်ကြီးတွေဘက်က ဘာပြောကြသေးလဲ..” နှစ်ဦးအား ကျောပေးထားရင်းဖြင့်ပင် ဝမ်ချောင် ပြောလိုက်သည်။
“ဒါ..”
“ဒါက..”
ဝမ်ချောင်၏မေးခွန်းအောက်တွင် သိမ်းငှက်အိုနှင့် ကျန်းကျွယ်တို့၏မျက်လုံးများ ချက်ချင်းထိုင်းမှိုင်း သွားသည်။
“အရှင် စွပ်စွဲပြစ်တင်ခံရတယ်လို့ ကြားတော့ ကလန်ကြီးအများစုက ဆက်ဆံရေးတွေ ဖြတ်တောက်ပြီး ကျွန်တော်တို့နဲ့ အဆက်အသွယ် ဖြတ်လိုက်ကြပါတယ်..။ ကျွန်တော်တို့ လူလွှတ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူတို့ တံခါးရှေ့မှာတင်ပဲ ငြင်းလွှတ်လိုက်တယ်..”
ဝမ်ချောင် စတင်အောင်မြင်လာသည့်အချိန်တွင် ကလန်ကြီးများသည် သွေးနံ့ရသည့် ငမန်းများပမာ သူ့ထံ အပြေးအလွှား ပြေးလာခဲ့ကြသည်။ သို့သော် ယခုတွင် ဝမ်ချောင်၏အင်အား ယုတ်လျော့လာကာ ဘက်ပေါင်းစုံမှ စွပ်စွဲခံနေရသည့်အချိန်တွင် ဤကလန်ကြီးများအားလုံး သူ့အား စွန့်ခွါကုန်ကြ၏။ ဤလုပ်ရပ်များကြောင့် သိမ်းငှက်အိုနှင့် ကျန်းကျွယ်တို့ ဒေါသထွက်ရလေသည်။
*******
အပိုင်း ၁၃၁၀
အစီအစဉ်ချခြင်း
“ဟား.. သူတို့ကို သွားခိုင်းလိုက်ပါ..”
ဝမ်ချောင် အင်္ကျီလက် လွဲရမ်းကာ ရယ်လိုက်သည်။ သူ့အနေနှင့် အနည်းငယ်မျှ မစိုးရိမ်ပေ။
ပြန်လည်ဝင်စားခဲ့သည့်လူတစ်ဦးအနေနှင့် လူသားများ၏ နွေးထွေးကြင်နာမှု။ အေးစက်မှု နှစ်ခုစလုံးကို သူ ကြုံတွေ့ခဲ့ဖူးပေပြီ။ ထို့ကြောင့် ဤကိစ္စမျိုးကို သူ သိပ်ဂရုမစိုက်ချေ။ ဆိုရလျှင် ဤအဖြစ်အား သူ ကြိုတင်မျှော်လင့်ထားပြီး ဖြစ်၏။
“ဘယ်လောက်ကျန်ခဲ့လဲ..” ဝမ်ချောင် တည်ငြိမ်စွာ မေးလိုက်သည်။
“၇၃၈ ကလန် ကျန်ပါသေးတယ်..” သိမ်းငှက်အိုမှ ပြောလာခဲ့သည်။ “ဒီကလန်ကြီးတွေအားလုံးက ကျွန်တော်တို့နဲ့အတူ အချိန်အတော်ကြာ လက်တွဲလုပ်ကိုင်ခဲ့တဲ့ ကလန်ကြီးတွေပါပဲ..”
“ဟိုးး..“
ဤအရေအတွက်သည် ဝမ်ချောင်အား အနည်းငယ် အံ့အားသင့်စေခဲ့၏။ သူ ထင်ထားသည်ထက် များစွာ ပိုများပေသည်။
“သူတို့က ဘာလို့ မထွက်သွားတာလဲ..”
“ကျွန်တော်လည်း သူတို့ကို ဒီမေးခွန်းမျိုး မေးခဲ့ပါတယ်..။ သူတို့ ပြန်ဖြေကြတာက သူတို့အားလုံး မျိုးနွယ်ခြားဘုရင်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ မြင်တွေ့ခဲ့ကြတယ်။ ဒီအခိုက်အတန့်က ဘာမှဟုတ်တယ်လို့ ပြောလို့ မရပါဘူး..။ နောင်တစ်ချိန်မှာ အရှင်က နောက်တစ်ကြိမ် ပြန်တောက်ပလာပြီး ပိုမြင့်တဲ့ နေရာထိတောင် တက်လှမ်းနိုင်လိမ့်မယ်လို့ သူတို့အားလုံး ယုံကြည်ထားကြပါတယ်..” သိမ်းငှက်အို ဦးညွတ်ကာ ပြန်ဖြေလိုက်သည်။
“ဟား.. အားလုံးက သူတို့ကိုယ်ကျိုးအတွက်ပဲ..“
ဝမ်ချောင် ရယ်လိုက်သည်။ သို့သော် ပါးစပ်မှ ထိုကဲ့သို့ ပြောနေသော်လည်း စိတ်ထဲတွင် နွေးထွေးသည့်ခံစားချက် ခံစားနေရဆဲပင်။
ယခုအချိန်မျိုးတွင် သူ၏ဘေး၌ ရှိနေနိုင်သေးသည့် လူများသည် စစ်မှန်သောမဟာမိတ်များပင်။
“ငါ့အမိန့် ဖြန့်လိုက်.. ကလန်တစ်ခုချင်းစီတိုင်းကို ကိုယ်စားပြု အကြီးအကဲတစ်ယောက်ဆီ လွှတ်ပြီး သန်းခေါင်လောက် စံအိမ်လာဖို့ ပြောလိုက်.. သူတို့ပူးပေါင်းဖို့ လိုအပ်တဲ့ အစီအစဉ်အသစ် ရှိတယ်..” ဝမ်ချောင် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။ အရှင်..” သိမ်းငှက်အို အလျင်အမြန် ပြန်ဖြေလိုက်၏။
“ကျန်းကျွယ်။ ပြင်စရာရှိတာ ပြင်ထား.. မျိုးစပ်ဆန်စီမံကိန်းကို ပြင်ဆင်နေတဲ့အချိန် လုံလောက်ပြီ။ နောက်ဆုံး လက်တွေ့ အကောင်အထည်ဖော်ဖို့ အချိန်တန်ပြီ..။ ဒါပေမဲ့ ဒီကိစ္စက ကလန်ကြီးတွေရဲ့ အကူအညီလိုတယ်..။ ရွှီခဲယီနဲ့ တခြားလူတွေကို ကလန်ခေါင်းဆောင်တွေ လက်မှတ်ထိုးဖို့ စာချုပ်တွေ ပြင်ထားဖို့ အကြောင်း ကြားလိုက်..။ ကိစ္စက အပြင်ပေါက်ကြားလို့ မရတဲ့အတွက်ကြောင့် သူတို့ဘက်က လျှို့ဝှက်ထားပါမယ်ဆိုပြီး ကတိကဝတ် ပေးဖို့လည်း လိုတယ်..။ ပြီးတော့ ငါတို့နဲ့တွဲလုပ်တဲ့ ကလန်တွေအားလုံးကို ဆန်တွေ သိုလှောင်ဖို့ သိုလှောင်ရုံကြီးကြီးတွေ များများစားစား ပြင်ထားဖို့လည်း ပြောလိုက်..။ မျိုးစပ်ဆန်တွေကို ကမ္ဘာကြီးဆီ စဖြန့်ရင် အသင့်ရောင်းနိုင်ဖို့ စပြီးတော့ များများ သိုလှောင်ထားရမယ်..။ ပြီးတော့ ဘေးတိုင်းပြည်တွေကနေ နွားတွေ။ သိုးတွေနဲ့ တခြားစားစရာတွေလည်း ဝယ်ထားရမယ်..။ နောက်ကျရင် ဒီပစ္စည်းတွေက ငါတို့အသက်တွေကို ကယ်တင် ပေးနိုင်လိမ့်မယ်..
ဝုန်းး..
ဤစကားများကြောင့် သိမ်းငှက်အိုနှင့် ကျန်းကျွယ်တို့နှစ်ဦးလုံး ကြက်သေ သေသွားကြသည်။ ပုန်းကွယ်နေသည့် အန္တရာယ်တစ်စုံတစ်ခုအား အလိုအလျောက် ခံစားမိသွားကြ၏။
ဤအရာများက လူသားအားလုံး၏ အသက်ကို ကယ်တင်ပေးနိုင်လိမ့်မည်ဟု ဝမ်ချောင် ပြောလာသည့်အချိန်တွင် အဓိပ္ပာယ်အား မည်သူမှ နားမလည်ပေ။ သို့သော် ဝမ်ချောင်သည် တစ်စုံတစ်ခုအတွက် ပြင်ဆင်နေခြင်းဖြစ်သည်ဟု သူတို့ ပြောနိုင်၏။ ထိုမျှသာမက ဤကိစ္စသည် အလွန့်အလွန်အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်ရပေမည်။ မဟုတ်ပါက ကလန်ကြီးများစွာ၏ အကူအညီ လိုအပ်မည် မဟုတ်ပေ။
လျှို့ဝှက်သိုလှောင်ရုံများ ဆောက်လုပ်ရန်ပင် လိုအပ်နေသေးသည်။
သို့သော် နားမလည်နိုင် ဖြစ်နေကြသော်လည်း နှစ်ဦးလုံး ထပ်မမေးခဲ့ကြပေ။ မည်သည့်အချိန်၌ ဖြစ်နေပါစေ။ ဝမ်ချောင်၏ အမိန့်များက မည်မျှပဲ ပြင်းထန်နေပါစေ သူတို့သည် ဘယ်သောအခါမှ မေးခွန်း ပြန်ထုတ်မည် မဟုတ်ပေ။
“ပြီးတော့ စုဟန်ရှန်းနဲ့ လီစစ်ယဲ့တို့နှစ်ယောက်လုံး တြိဂံနေရာလပ်ကြားမှာ ရှိနေကြတာလား..” ဝမ်ချောင် မေးလိုက်သည်။
“ဟုတ်ပါတယ်. ဗိုလ်ချုပ်စုနဲ့ ဗိုလ်ချုပ်လီတို့နှစ်ယောက်လုံး စာပို့လာကြပါတယ်။ သူတို့ ချီရှီစစ်တပ်ဌာနချုပ်ဆီ ပြန်ဖို့ စီစဉ်နေကြတယ်လို့ ပြောထားပါတယ်..” သိမ်းငှက်အိုမှ ပြန်ဖြေလိုက်၏။
“အစီအစဉ် ပြောင်းသွားပြီ.. သူတို့ကို ချီရှီဆီပြန်ဖို့ မလိုတော့ဘူးလို့ ပြောလိုက်.. တြိဂံနေရာလပ်ကြားမှာပဲ ဝူရှန်းမြင်းတပ်နဲ့ နေထားခိုင်းပြီး ပါးဟန်နဲ့အတူ စစ်သားတွေ လေ့ကျင့်ပေးခိုင်းထား.။. ပါးဟန်ကို ခိုရာစန်းကနေ စစ်သားသစ်တွေ စုဆောင်းပြီး တြိဂံနေရာလပ်ကြားကို ပို့ခိုင်းလိုက်..။ သူတို့ကို လေ့ကျင့်ပေးဖို့ကိစ္စကို ငါတို့ တာဝန်ယူမယ်..”
“မဟာဗိုလ်ချုပ် ကောင်းရှန်းကျစ်နဲ့ ကန်းခဲ့ဘုရင်ကို အန်းရှီစစ်တပ်နဲ့ အနောက်ပိုင်း လူမျိုးစုတွေဆီကနေ လက်ရွေးစင်တွေ ရွေးထုတ်နိုင်မဲ့ နည်းလမ်းတစ်ခု စဉ်းစားထားဖို့ ပြောလိုက်.. ပြီးရင် သူတို့ကို တြိဂံနေရာလပ်ကြားမှာ မော့ဓားစစ်သားတွေအဖြစ် လေ့ကျင့်ပေးဖို့ ပြင်ဆင်ထား..” ဝမ်ချောင်မှ ခက််ထန်စွာ ဆက်ပြောလာခဲ့၏။
လေတစ်ချက် ဝှေ့တိုက်သွားကာ ဝမ်ချောင်၏ ဝတ်ရုံတဖျတ်ဖျတ် လှုပ်ခါသွားသည်။ မှောင်မည်းနေသည့် ကောင်းကင်ယံအား ငေးကြည့်နေသော မျက်လုံးများသည် မယုံနိုင်လောက်အောင် နက်ရှိုင်းကာ အဝေးသို့ ရှုမြင်ဆင်ခြင်နိုင်၏။
“အမိန့်ကို နာခံပါတယ်..” သိမ်းငှက်အိုနှင့် ကျန်းကျွယ်တို့နှစ်ဦးလုံး ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။
မဟာထန်သည် သူ့အား ဆက်လက်၍ သည်းမခံတော့ပေ။ ပထမမင်းသားမှ ခိုရာစန်သို့ စစ်သားများစေလွှတ်ရန် အဆိုပြုချက်ကို ငြင်းပယ်လိုက်သည့် အချိန်မှစ၍ သူတော်စင်ဧကရာဇ်သည် အပြည့်အဝ နောက်ပြန်ဆုတ်သွားပြီ ဖြစ်ကြောင်း။ သူ၏ ပြင်းပြသောရည်မှန်းချက်အား တော်ဝင်ရုံးတော်မှတဆင့် နားလည်အောင် ပြုလုပ်ရန် မျှော်လင့်ချက် မရှိတော့ကြောင်း သိခဲ့သည်။
ဝမ်ချောင်၏ စွပ်စွဲပြစ်တင်ခံရခြင်းနှင့် ရာထူးအဆောင်အယောင်များ ရုတ်သိမ်းခံရခြင်းသည် လီကျွင်းရှန်းအတွက် အောင်မြင်မှုတစ်ခု ဖြစ်၏။ သို့သော် ဝမ်ချောင်အတွက်မူ လွတ်လပ်သွားခြင်းပင်။
ဆိုရလျှင် အလယ်ပိုင်းလွင်ပြင်အား ကယ်တင်ရန်၊ ကမ္ဘာကြီးအား ကယ်တင်ရန်တို့တွင် တော်ဝင်ရုံးတော်သည် သူ၏ တစ်ခုတည်းသောရွေးချယ်စရာ မဟုတ်ပေ။
တော်ဝင်ရုံးတော်၏ ထောက်ပံ့မှု မရှိဘူးဆိုလျှင်ပင် ဝမ်ချောင်သည် ထောင်နှင့်ချီသော သူ၏လူများဖြင့် အနောက်တောင်ပိုင်းသို့ စွန့်စားသွားရဲ၏။ ရွှေတုံး ၁၀ ဘီလီယံ ယူပြီးနောက်တွင် တော်ဝင်ရုံးတော်၏ မည်သည့်အထောက်အပံ့မှမရှိဘဲ အနောက်ဘက်ပိုင်းတွင် စစ်သားတစ်သိန်းပါရှိသည့် စစ်တပ်တစ်ခု ဖွဲ့စည်းရဲသည်။ တာလက်စ်များကို တိုက်ခိုက်ရဲသည်။
မဟာထန်အား ကယ်တင်ရန်မှာ နည်းလမ်းတစ်ခုတည်းသာ ရှိခဲ့သည် မဟုတ်ပါ။
ရုံးတော်မှတဆင့် မလုပ်ဆောင်နိုင်လျှင် ကွေ့ပတ်၍ လုပ်ဆောင်ရုံသာ။ အဓိကမှာ တိုင်းပြည်အား ကယ်တင်နိုင်ရန်ပင်။
တြိဂံနေရာလပ်ကြားသည် ပိုင်ရှင်မရှိသည့် နယ်မြေဖြစ်ကာ အလယ်ပိုင်းလွင်ပြင်၏ ပိုင်နက်အတွင်း မရှိပေ။ ထိုနေရာတွင် စစ်သားမည်မျှပင် ပေါ်လာပေါ်လာ တော်ဝင်ရုံးတော်၏ တရားစီရင်ပိုင်ခွင့်အောက် မရှိပေ။ လီကျွင်းရှန်းသည်ပင် ကြားဝင်နှောင့်ယှက်၍ မရချေ။
တော်ဝင်ရုံးတော်သည် စစ်တပ်အင်အား လျှော့ချချင်နေသည့် အတွက်ကြောင့် ဝမ်ချောင်အနေနှင့် ရပ်တန့်ရန် ဘာမှမလုပ်နိုင်ပေ။ သူ လုပ်နိုင်သည်မှာ နယ်စပ်အပြင်တွင် စစ်သားသစ်များ လေ့ကျင့်ပေးကာ မဟာထန်အား ကာကွယ်ရန်အတွက် နောက်ဆုံးအင်အားစု ဖန်တီးရန်ပင်။
“ဒီအမိန့်ဖြန့်လိုက်။ စစ်တပ်တွေကနေ ပယ်ထုတ်ခံလိုက်ရတဲ့ စစ်သားတွေ အိမ်မပြန်ချင်ဘူးဆိုရင် တြိဂံနေရာလပ်ကြားမှာ စုဝေးလို့ရတယ်..။ ပြီးတော့ ငါ မဟာဘုရင်ရယ်၊ လက်စ်ဆာဘာလူတို့ရယ်နဲ့ ဆွေးနွေးပြီးသွားပြီ..။ သူတို့ပိုင်နက်ထဲမှာ စစ်တပ်ခံတပ် ဖွဲ့စည်းလို့ ရတယ်..။ အကြောင်းပြချက်တစ်ခုကတော့ သူတို့ကို တိဘတ်တွေ ပြန်ကူတိုက်ပေးဖို့။ ဒုတိယကတော့ တော်ဝင်ရုံးတော် မမြင်နိုင်တဲ့နေရာမှာ စစ်သားတွေ လေ့ကျင့်ပေးဖို့.. တြိဂံနေရာလပ်ကြားမှာ စစ်သားတွေ အများကြီး စုဝေးပြီး အကြာကြီး ရှိနေမယ်ဆိုရင် သူလျှိုတွေ တော်တော်များများ အာရုံစိုက်မိကုန်ကြလိမ့်မယ်..”
သိမ်းငှက်အိုနှင့် ကျန်းကျွယ်တို့နှစ်ဦးလုံး ကြက်သေ သေကုန်ကြသည်။ ဝမ်ချောင်သည် မဟာဘုရင်နှင့် လက်စ်ဆာဘာလူတို့၏ ပိုင်နက်အတွင်းတွင် ခံတပ်တည်ဆောက်ရန် ဆွေးနွေး ညှိနှိုင်းထားသည်ကို သူတို့ သိပင်မသိခဲ့ပေ။
ဝမ်ချောင် ဆက်မရှင်းပြခဲ့ချေ။ သို့သော် လူတစ်ဦးသည် ပိုက်ဆံရှိလျှင် လုပ်ချင်သည့် အရာမှန်သမျှ လုပ်နိုင်၏။ မဟာဘုရင်နှင့် လက်စ်ဆာဘာလူတို့တွင်လည်း သူတို့၏စိုးရိမ်စရာများ ရှိပေသည်။ သူတို့၏ အကြီးမားဆုံး စိုးရိမ်မှုမှာ အနီးရှိနေသည့် ယွီရှန်းအင်ပါယာပင်။
ပြည်ထောင်နှစ်ခုသည် ယွီရှန်း၏ တိုက်ခိုက်အုပ်ချုပ်ခြင်းကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ခံခဲ့ရ၏။ တစ်ကြိမ် ပူးပေါင်းလုပ်ဆောင်ဖူးသည်အရ ဝမ်ချောင်၏ ဤပြည်ထောင်နှစ်ခုအား ကာကွယ်ပေးရန်နှင့် ရွှေအပိုများ ထပ်မံတိုးပေးမည့် ကတိသည် ဝမ်ချောင်အား သူတို့ပြည်ထောင်နှစ်ခု၏ နယ်စပ်တွင် ကြီးမားသောခံတပ်တစ်ခု တည်ဆောက်ရန် သဘောတူစေခဲ့သည်။
အချို့သော အခြေအနေများအောက်တွင် ဝမ်ချောင် သူတို့ပြည်ထောင်နှစ်ခုလုံးရှိ စစ်တပ်များကို စုစည်း၍ရသည်ဟုလည်း ပြည်ထောင်နှစ်ခုလုံး သဘောတူခဲ့ကြ၏။
“ပြီးတော့ တောင်ပိုင်းမှာရှိတဲ့ သင်္ဘောဆောက်တဲ့ ကလန်တွေအားလုံးကိုလည်း အကြောင်းကြားလိုက်..။ သူတို့ကို ရွှေတုံးသန်းနှစ်ရာ ပေးမယ်..။ သူတို့က သင်္ဘောကိုယ်ထည် ၁၃၀ ရှိတဲ့ သင်္ဘောတွေ ဆောက်ပေးရမယ်..။ ဆွဲပြီးသား ပုံကြမ်းလည်း ရှိတယ်။ သူတို့ကို ပေးလိုက်မယ်.။. ဒီသင်္ဘောတွေကို တတ်နိုင်သလောက် မြန်မြန်ပြီးအောင် ဆောက်ရမယ်..။ သင်္ဘောပထမဆုံးပြီးတဲ့ ကလန်က ငါတို့ဆီကနေ အပိုဆုကြေး ရွှေတုံးဆယ်သန်း ထပ်ရမယ်..” ဝမ်ချောင် တည်ငြိမ်စွာ ပြောလိုက်၏။
ကျန်းကျွယ်နှင့် သိမ်းငှက်အိုတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အချင်းချင်း၏ မျက်လုံးများထဲမှ ထိတ်လန့်မှုကို မြင်လိုက်ရ၏။
ရွှေတုံးသန်းနှစ်ရာသည် အလွန်များလွန်းသည်။ ဤပမာဏသည် အရှေ့တောင်ပိုင်းရှိ သင်္ဘောတည်ဆောက်သည့် ကလန်များ အားလုံးကို ရူးသွပ်သွားအောင် လုပ်နိုင်၏။
အင်အားကြီးမားသော ကလန်တစ်ခုသည် တစ်နှစ်ပတ်လုံး အလုပ်လုပ်မည်ဆိုလျှင်ပင် ရွှေတုံးတစ်သိန်းရလျှင်ပင် အံ့ဩစရာ ဖြစ်ပေလိမ့်မည်။ ဝမ်ချောင် ကမ်းလှမ်းသည့် များပြားသောပမာဏသည် မည်သည့်ကလန်ကြီးအတွက်မဆို ငြင်းဆန်ရန် ခက်ခဲပေသည်။
“ဒါပေမဲ့ အရှင်။ ရွှေတုံးသန်းနှစ်ရာက မများလွန်းဘူးလား..” ကျန်းကျွယ် မဝံ့မရဲ မေးလိုက်သည်။
ဝမ်ချောင်သည် ကာလစမူတာဆင် ၃ ထံမှ ရွှေတုံးများ အများအပြား ရခဲ့သော်လည်း သန်းနှစ်ရာသည် နည်းပါးသည့်ပမာဏမဟုတ်နေပေ။
“အဲကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်စရာ မလိုဘူး.. ပိုက်ဆံဆိုတာ သုံးမှ အသုံးဝင်တာ။ ပြီးတော့ နောင်တစ်ချိန်မှာ ငါတို့ လှေတွေ တော်တော်လိုလာလိမ့်မယ်..။ သူတို့တန်ဖိုးက ရွှေတုံးသန်းနှစ်ရာထက်တောင် ပိုလာလိမ့်မယ်..” ဝမ်ချောင် ပြန်ဖြေလိုက်သည်။
ဤလှေများနှင့် အခြားအစီအစဉ်များသည် ဝမ်ချောင် ကမ္ဘာကြီးအတွက် ပြင်ဆင်ထားသည့် နောက်ဆုံးသော အသက်ရှင်သန်ရန် မျှော်လင့်ချက် ဖြစ်၏။ ထိုမျှသာမက စင်းတီများ သယ်ပို့ရန်အတွက် လှေအများအပြား လိုအပ်ပေလိမ့်မည်။
“နားလည်ပါပြီ..” သိမ်းငှက်အိုနှင့် ကျန်းကျွယ်တို့ ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။
ဝမ်ချောင် အမိန့်များ အများအပြား ဆက်ပေးခဲ့၏။ နောက်ဆုံး မိနစ်သုံးဆယ်ခန့် ကြာပြီးနောက်တွင် သိမ်းငှက်အိုနှင့် ကျန်းကျွယ်တို့ ဝမ်ချောင်၏အခန်းအတွင်းမှ ထွက်လာခဲ့ကြသည်။ မိနစ်အနည်းငယ်ခန့် ကြာပြီးနောက်တွင် ငှက်များ မရေမတွက်နိုင်အောင် ကောင်းကင်ထက် ပျံတက်သွားကာ နေရာအနှံ့ ပျံသန်းသွားတော့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားကာ အရာအားလုံး အစီအစဉ်အတိုင်း ရှေ့ဆက်လာခဲ့၏။
ဝမ်ချောင် စွပ်စွဲပြစ်တင်ခံရသည့် သတင်းသည် ပြည်သူများကြားတွင် အတွေးအမြင် ငြင်းခုန်မှုအား ပို၍သာ ပြင်းထန်လာစေခဲ့သည်။ ဝမ်ချောင်သည် စစ်သားများ သီးသန့်ပျိုးထောင်ထားကာ သူတော်စင်ဧကရာဇ်၏ ခွင့်ပြုချက် မရှိဘဲ လက်နက်တိုက် ဖွင့်ခဲ့ကြောင်း သိရှိသွားကြပြီးနောက်တွင် ဝမ်ချောင်အပေါ် ပြစ်တင်ဝေဖန်သံများက ပိုမိုတိုးပွါးလာခဲ့၏။
“တော်ဝင်ရုံးတော်ရဲ့ ကြေညာချက်ကို အားလုံး တွေ့ပြီးသွားပြီလား.. တွေ့ပြီးကြပြီလား..။ မဟာထန်ရဲ့ဥပဒေက ဘယ်ကလန်ကြီးကိုမှ စစ်သားတစ်ထောင်ထက်ပိုပြီး စုဆောင်းခွင့် မပြုဘူး..။ ဒါပေမဲ့ မျိုးနွယ်ခြားဘုရင်က စစ်သားတစ်သောင်းကျော်တောင် စုစည်းခဲ့တယ်..။ အဲဒါတောင် သူ အတိအကျ ဘယ်လောက် စုစည်းခဲ့လဲဆိုတာ ဘယ်သူမှ မသိသေးဘူးနော်..။ ဒီငြိမ်းချမ်းနေတဲ့ကာလမှာ ဘာလို့ စစ်သားတွေ အများကြီး စုဆောင်းနေတာလဲ..။ သူ ဘာလို့ ‘အင်အားကသာအမှန်တရား’ ဆိုတဲ့စာအုပ်ကို ရေးခဲ့လဲဆိုတာ အခု ခင်ဗျားတို့ အားလုံး နားလည်သွားလောက်ပါပြီ.. ဟုတ်တယ်မလား..”
“အရှင်မင်းကြီးတွေ။ လက်အောက်ငယ်သားတွေ၊ အဖေတွေ၊ သားတွေ လူ့အဖွဲ့အစည်းထဲမှာ လူတိုင်း သူတာဝန်နဲ့သူ ရှိတယ်..။ ဒါက ကမ္ဘာကြီးရဲ့ စည်းမျဉ်းစည်းကမ်းပဲ..။ ဒါပေမဲ့ မျိုးနွယ်ခြားဘုရင်က သူတော်စင်ဧကရာဇ်ရဲ့ ခွင့်ပြုချက် မရှိဘဲ မဟာထန်ရဲ့ လက်နက်တိုက်ကို ဖွင့်ခဲ့တယ်..။ သူတော်စင်ဧကရာဇ် နှစ်ပေါင်းသုံးဆယ် အချိန်ပေးပြီး ဖြည့်တင်းခဲ့ရတဲ့ လက်နက်တိုက်ကို ပြောင်ခါသွားအောင် လုပ်ပစ်တယ်..။ ဒီလူက သူတော်စင်ဧကရာဇ်ကိုတောင် မလေးစားဘူးဆိုတဲ့ သဘောလား..။ သူ့နယ်မြေက လူတွေကိုတောင် ဂရုမစိုက်ဘူးဆိုတဲ့ သဘောလား..”
“ကိုယ်ပိုင် စစ်သားတွေ စုဆောင်းပြီး လက်နက်တိုက်ဖွင့်ဖို့ တော်ဝင်အမိန့်ကို ဖီဆန်ခဲ့တယ်။ ဒါက ဘယ်လိုသူရဲကောင်းမျိုးလဲ..။ ဒါက ပုန်ကန်ဖို့ ကြံစည်နေတဲ့ အကြံအစည်များတဲ့ လူသတ်နတ်ဆိုးဘုရင်နဲ့ ဘာမှမကွာဘူး..။ မျိုးနွယ်ခြားဘုရင်က စစ်ပွဲ ဖြစ်ချင်တယ်။ တစ်ကမ္ဘာလုံးကို မီးလောင်မြိုက်သွင်းချင်တယ်..။ သူ့ဆီမှာ ငါတို့ကို အေးအေးချမ်းချမ်း နေစေချင်တဲ့စိတ် တစ်စက်မှ မရှိဘူး..”
မြို့တော်၏ အနောက်ဘက်ပိုင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် လူအတော်များများ စုဝေးနေကြသည်။ ထိုထဲတွင် ဝမ်ချောင်အား အမျိုးမျိုး ပြစ်တင်ဝေဖန်နေသည့် အသံများကလည်း ကျယ်လောင်စွာ ထွက်ပေါ်နေ၏။
“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့..။ မျိုးနွယ်ခြားဘုရင်က ဒီလိုလူမျိုး မဟုတ်ဘူးကွ..။ မျိုးနွယ်ခြားဘုရင်ကြောင့်သာ မဟုတ်ရင် အနောက်တောင်ဘက်ပိုင်းကို မုန့်ရှီကျောက်နဲ့ ယွီရှန်းတို့ သိမ်းသွားလောက်ပြီ..။ ပြီးတော့ စစ်ပွဲထဲမှာလည်း လူတွေ မရေမတွက်နိုင်အောင် သေနေလောက်ပြီ..”
ငြင်းဆိုသည့်အသံများ တစ်ချက်တစ်ချက် ထွက်ပေါ်လာ၏။ သို့သော် လူအုပ်ကြီးအတွင်းတွင် အလျင်အမြန်ပင် ပြန်လည်နစ်မြှုပ် သွားခဲ့သည်။ တိုးဝှေ့နေသည့် လူအုပ်ကြီးအတွင်းတွင် ဤပြန်လည်ငြင်းဆန်ခဲ့သည့် လူများသည် အလျင်အမြန်ပင် အပြင်သို့ တွန်းထုတ် ခံလိုက်ရ၏။
ဝှစ် ဝှစ်.. လူအုပ်ကြီး၏ဒေါသက အထွတ်အထိပ်သို့ ရောက်လာသည့်အချိန်။ မျိုးနွယ်ခြားဘုရင်အကြောင်း ပိုမိုကျယ်လောင်စွာ ဆဲဆို လာကြသည့်အချိန်တွင်.. လူအများစုသည် ထူးဆန်းသည့်အပြုံးဖြင့် လူအုပ်ကြီးအတွင်းမှ ပြန်ဆုတ်လာကြ၏။ ဤလူများသည် မြို့တော်၏ လမ်းများထက်တွင် အကြိမ်ရေ အနည်းငယ်ခန့် လှည့်ပတ် လျှောက်သွားကြကာ နောက်ဆုံးတွင် ခြံဝန်းတစ်ခုအတွင်းသို့ တိတ်တဆိတ် ဝင်ရောက် ပျောက်ကွယ် သွားခဲ့ကြလေတော့သည်။