အခန်း (၁၃၁၁-၁၃၁၅)
Vol. 77 Ch. 1311-1315
အပိုင်း ၁၃၁၁
အမှောင်ထုအခိုက်အတန့် (၁)
‘ဘုရင်ချီစံအိမ်’..
ခြံဝန်းတံခါးဝထိပ်တွင် စာလုံးသုံးလုံးအား ခမ်းနားထည်ဝါစွာ ရေးထွင်းထား၏။
“အကုန်လုံး ဖြေရှင်းပြီးသွားပြီလား..”
ကြွက်သားအပြည့်နှင့် လူတစ်ဦး ခန်းမ၏ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်၌ ဘွားခနဲပေါ် လာခဲ့ပြီး သူ၏ခန္ဓာကိုယ်မှ အန္တရာယ်အငွေ့အသက်အော်ရာတစ််ခု ထုတ်လွှတ်နေခဲ့သည်။ နဂါးဝတ်ရုံနှင့် ဘုရင်ချီပင်။ ဘုရင်ချီသည် စောင့်ဆိုင်းနေသည်မှာ အချိန်တစ်ခုကြာနေဟန်ရှိ၏။
“အရှင်။ အားလုံး ဖြေရှင်းပြီးသွားပါပြီ..။ မြို့တော်မှာ အခု ဝမ်ချောင်က လူသတ်မိစ္ဆာဘုရင် ဖြစ်နေပြီး လူတွေက သူ့ကို သွေးဆာတဲ့နတ်ဆိုး ဆိုပြီး မကျေမနပ် ပြောဆိုနေကြပါတယ်..။ အခုအချိန်မှာ သူ့ကို အားပေးထောက်ခံတဲ့လူတွေ တစ်ယောက်မှ မရှိတော့ပါဘူး..”
သူလျှိုနှစ်ဦးသည် ဘုရင်ချီစံအိမ်အတွင်းတွင် ကြမ်းပြင်ထက် ဒူးထောက်လျက် ရှိနေ၏။
“မင်းတို့ကို ဘယ်သူမှ သတိမထားမိဘူးမလား..” ဘုရင်ချီ မေးလိုက်သည်။
“ဘယ်သူမှ သတိမထားမိပါဘူး..။ ကျွန်တော်တို့ သေသေချာချာကို သတိထားခဲ့ကြပါတယ်..။ ဒါပေမဲ့ လူအုပ်ကြီးထဲမှာ တိဘတ်တန်နဲ့ ဂိုဂူယွန်းတွေ တချို့လည်း တွေ့ခဲ့တယ်..။ ကြည့်ရတာ သူတို့လည်း လူအုပ်ကြီးနဲ့ ရောနေဖို့ လူငှါးပြီး ဆူဆူပူပူ ဖြစ်အောင် လုပ်နေကြတဲ့ပုံပဲ။ ပြီးတော့ တခြားလေးငါးခြောက်ဂိုဏ်းလောက်က လူတွေကိုလည်း သတိထားမိခဲ့ပါသေးတယ်..” သူလျှိုနှစ်ဦးမှ တင်ပြလိုက်သည်။
“ဟိုး..”
ဘုရင်ချီ အနည်းငယ် အံ့အားသင့်သွား၏။ သို့သော် အလျင်အမြန်ပင် ပုံစံပြန်ပြင်ကာ ပြုံးလိုက်သည်။
“ဟား ဟား။ ကောင်းတယ်။ သူတို့အတွက် စိတ်မပူနဲ့။ အားလုံးက ရေနစ်နေတဲ့လူကို ဝါးကူထိုးနေကြတဲ့ လူတွေချည်းပဲ..။ ဒီကောင်လေးက လူတွေ တော်တော်များများအပေါ်ကို အမှားလုပ်ခဲ့ပြီး ငါ့အပေါ်တောင် အမှားလုပ်ခဲ့သေးတယ်..။သူတော့ ဂြိုလ်ဆိုးဝင်ပြီပဲ..“
တင်ပြချက်များကို ကြားသော် ဘုရင်ချီ နှလုံးပီတိ ဂွမ်းဆီထိ ဖြစ်သွားသည်။ မျက်နှာထက်တွင် ကောက်ကျစ်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ဝမ်ချောင်၏ ပြစ်တင်စွပ်စွဲခံရခြင်း။ ဆရာသခင်ကျူး ထွက်ပေါ်လာခြင်းတို့နှင့်ဆိုလျှင် ယခုတွင် သူသည် စုန့်ဘုရင်အား ဖိနှိပ်ရန်နှင့် ဝမ်ကလန်အား ကိုင်တွယ်ရန် ရှားပါးသည့် အခွင့်အရေးတစ်ခု ရခဲ့ပေပြီ။ သူ့စိတ်ထဲတွင် နှစ်ပေါင်းများစွာ စိုက်ဝင်နေသည့် ဆူးညှောင့်ခလုတ်အား ဖယ်ရှားပစ်ရမည်။ ထိုမျှသာမက သူသည် ရေနစ်နေသည့်လူအား ဝါးကူထိုး၍ရမည့် ဤကဲ့သို့ ကောင်းမွန်သည့်အခွင့်အရေးအား ကျိန်းသေပေါက် လက်လွတ်ခံမည် မဟုတ်ပေ။
“ဟမ့်။ ဝမ်ချောင်။ အခု မင်း ဘာဆက်လုပ်မလဲ ကြည့်ကြတာပေါ့..”
ဘုရင်ချီ တဖက် လှည့်လိုက်သည်။ အမှောင်ထုအတွင်း စိုက်ကြည့်ကာ မျက်လုံးများသည် ရက်စက်သည့် အလင်းတန်းများဖြင့် လင်းလက်သွား၏။
……
တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားခဲ့သည်။ အဆောင်အယောင် ရာထူးများ သိမ်းယူခံရပြီးနောက်တွင် ဝမ်ချောင်သည် အမှားသုံးသပ်ရန်အတွက် ဝမ်မိသားစုစံအိမ်မှ ထွက်ခွာခွင့် အနည်းဆုံး နှစ်လ ပိတ်ပင်ခံခဲ့ရ၏။ သို့သော် ထိုကဲ့သို့ဆိုလျှင်ပင် အရာအားလုံးသည် သူ စုရွှတ်ရွမ်း။ ကျန်းကျွယ်နှင့် ကျန်သည့်လူများအား အမိန့်ပေးထားသည့်အတိုင်း ရှောရှောရှူရှူသာ ဖြစ်နေခဲ့သည်။
“အရှင်။ စင်တုက ပထမအသုတ် လူငါးသောင်း ကတိသစ္စာနယ်မြေအတွက် ထွက်ခွာလာကြပါပြီ..။ ကျန်တဲ့လူတွေလည်း လှေတွေနဲ့ လိုက်လာနေကြပါတယ်..”
“ဒီကိစ္စကို စင်တုက High Priest ကို ပြန်တင်ပြပြီးသွားပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူက တော်တော်ကို ကျေနပ်သဘောကျနေပါတယ်။ ပြီးတော့ High Priestက သူ အရှင့်ကို ယုံကြည်တယ်ဆိုပြီးလည်း စကားပါးခိုင်း လိုက်ပါသေးတယ်။ ပြီးတော့ ပင်လယ်ရပ်ခြားကျွန်းမှာ နေထိုင်တဲ့ဘဝက စင်တုမှာထက် ပိုကောင်းလောက်တယ်လို့လည်း ပြောလာပါတယ်..”
ရွှီချန်ကျွင်းသည် စာကြည့်ဆောင်အတွင်း မားမတ်စွာ ရပ်နေကာ လက်ထဲတွင် စာလွှာများစွာ ကိုင်ထား၍ ဝမ်ချောင်ထံ သတင်းတင်ပြနေ၏။ သူ၏ဘေးတွင် ကျန်းကျွယ်။ စုရွှတ်ရွှမ်း။ ရွှီခဲ့ယီနှင့် အခြားသူများအားလုံး ရှိနေကြသည်။
“အင်း။ သိပြီ..” ဝမ်ချောင် ခေါင်းညိတ်ကာ ရွှီခဲ့ယီဘက် လှည့်လိုက်သည်။ “ကလန်ကြီးတွေဘက်ကရော..”
“ကျွန်တော်တို့ အရင်က သဘောတူထားသလိုပဲ။ ကလန်ကြီးတွေအားလုံး နှုတ်လုံကြပါတယ်။ အခု မျိုးစပ်စပါးတွေကို တောင်ဘက်ပိုင်းမှာရှိတဲ့ စီရင်စုနယ်တော်တော်များများမှာ စပြီးစိုက်ပျိုးနေကြပါပြီ။ မြောက်ဘက်ပိုင်းမှာက မိုးရှားပြီး ကျန်တဲ့နေရာတွေမှာက စပါးစိုက်ဖို့ မသင့်တော်တဲ့အတွက်ကြောင့် ကျန်တဲ့နေရာတွေက သူတို့ မျိုးစပ်စပါး စိုက်နိုင်ဖို့ တတ်နိုင်သလောက် ကြိုးစားကြည့်ကြမယ်လို့ ပြောပါတယ်။ ကိစ္စတစ်ခုလုံးက ကလန်ကြီးတွေရဲ့ လက်အောက်မှာပဲ လုပ်နေတာပါ။ ဘယ်အရာရှိမှ မပါပါဘူး။ တော်တော်များများက သူတို့ မျိုးစပ်စပါးတွေ စိုက်နေတယ်ဆိုတာကိုတောင် မသိကြပါဘူး..”
“ပြီးတော့ ကျွန်တော်တို့ ခေါ်ထားတဲ့ လက်သမားတွေကလည်း ကုန်လှောင်ရုံတစ်ရာ ဆောက်ပြီး သွားကြပါပြီ။ ကျန်တဲ့ဟာတွေလည်း ပြီးတော့မှာပါ။ အကုန်လုံးကတော့ သုံးလအတွင်း ပြီးစေရမယ်လို့ အာမခံပါတယ်။ လက်သမားတွေက အရှင်ပြောတဲ့ အပူချိန်နဲ့ စိုထိုင်းမှုတွေကို သိပ်နားမလည်နိုင် ဖြစ်နေကြလို့ပါ။ မဟုတ်ရင် ပိုပြီးမြန်မြန် ပြီးပါတယ်..” ရွှီခဲ့ယီ တည်ငြိမ်စွာ တင်ပြလိုက်သည်။
ဝမ်ချောင် ခေါင်းညိတ်လိုက်၏။ သူ၏ယခင်ဘဝတွင် ရိက္ခာပြတ်လပ်ခြင်းသည် သူ့အတွက် အလွန်ဘေးကျပ်နံကျပ် ဖြစ်စေခဲ့ကာ သူ၏စစ်တပ်အား ရှုံးနိမ့်ခြင်းသို့ ဦးတည်သွားစေခဲ့၏။ သို့သော် ရိက္ခာ အလုံအလောက် ကြိုတင်ပြင်ဆင် ထားမည်ဆိုလျှင် အရာအားလုံး ကွဲပြားသွားပေလိမ့်မည်။ ဤစီမံကိန်းသည် ကပ်ဘေးအတွက် ဝမ်ချောင် ကြိုတင် အကောင်အထည် ဖော်နေသည့် အရေးအကြီးဆုံးသော တန်ပြန်တိုက်စစ်ပင်။
လူတိုင်း၏ တင်ပြချက်များအသီးသီး ပြီးဆုံးသွားသည့်အချိန်တွင် ဝမ်ချောင် စုရွှတ်ရွှမ်းဘက် လှည့်လိုက်သည်။
“ကွန်ဖြူးရှပ်တွေ အကြောင်းရော ဘာထူးလဲ..”
ဝမ်ချောင် ဤမေးခွန်း မေးလိုက်သည်နှင့် အခန်းအတွင်းရှိ လူများ ရုတ်တရက် မျက်နှာအမူအရာ ပျက်ယွင်း ကုန်ကြသည်။
“အရှင်။ ကွန်ဖြူးရှပ်တွေနဲ့ အခြေအနေက သိပ်တော့မကောင်းဘူး။ ဆရာသခင်ကျူးရဲ့စကားတွေက ကျွန်တော်တို့အပေါ် သက်ရောက်မှု ပြင်းထန်ခဲ့တယ်။ ဒါပေမဲ့ အစောတုန်းက ‘ခွေးနှင့်ဝံပုလွေ’အဖြစ်အပျက် လူတွေရဲ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင် ကျန်ရစ်နေတုန်းပါပဲ။ ကျွန်တော်တို့ကို လူတိုင်း နားမလည်ပေမဲ့ ကျွန်တော်တို့ကို ထောက်ခံနေတဲ့ လူအနည်းအကျဉ်းလေးတော့ ရှိပါသေးတယ်။ မဟာထန်က သူ့စစ်တပ်ကို လျှော့ချပြီး ဘေးတိုင်းပြည်တွေနဲ့ ငြိမ်းချမ်းရေး ရယူတာကို စိုးရိမ်နေတဲ့လူတွေလည်း ရှိနေပါသေးတယ်..”
“ပြီးတော့ အရှင့်အမိန့်အတိုင်း ကျွန်တော်တို့ ကိုယ်ပိုင်စာအုပ်ဆိုင်နဲ့ ပုံနှိပ်လုပ်ငန်းတွေ ထောင်ပြီး ကျွန်တော်တို့ရဲ့ စာအုပ်တွေအားလုံးကို ပုံပြန်နှိပ်ထားပါတယ်။ ဒီအပိုင်းမှာတော့ ကွန်ဖြူးရှပ်တွေက ကျွန်တော်တို့ကို သိပ်ပြီးကြားဝင် မရှုပ်နိုင်ပါဘူး..” စုရွှတ်ရွှမ်းမှ တင်ပြလာခဲ့သည်။
ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။ ဤအလှည့်အပြောင်းများသည် သူ မျှော်လင့်ထားသည့် နယ်ပယ်အတွင်းရှိ၏။ ဆရာသခင်ကျူးသည် ကွန်ဖြူးရှပ်ကျောင်း၏ စိတ်ဝိညာဉ်ခေါင်းဆော င်ဖြစ်သည်။ သူ၏အရှိန်အဝါအား မည်သူမှ တိတိကျကျ မခန့်မှန်းနိုင်ပေ။ တစ်ညတာအတွင်းမှာပင် သူသည် ဝမ်ချောင် ကြိုးစားအားထုတ်ခဲ့သမျှကို အချည်းနှီးဖြစ်သွားအောင် လုပ်နိုင်သည်။ စာအုပ်ကုန်သည်များသည်ပင် သူ၏စာအုပ် ရောင်းချခြင်းများ ရပ်ဆိုင်းကုန်၏။
သို့သော် ဝမ်ချောင်သည် မျှော်လင့်ချက်အား တစ်ကြိမ်တစ်ခါမှ လက်မလျှော့ခဲ့ပေ။ လူများ၏အသိစိတ်အား ဖွင့်လှစ်ပေးခြင်းသည် အချိန်လိုအပ်၏။ ဆရာသခင်ကျူးကဲ့သို့ အလွန်မြင့်မားသောပုဂ္ဂိုလ်မျိုးနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် ဝမ်ချောင် ဘယ်သောအခါမှ စိတ်ယိမ်းယိုင်သွားမည် မဟုတ်ပေ။
“မင်းတို့အားလုံး သွားလို့ရပြီ..”
ဝမ်ချောင် စားပွဲထက်ရှိ စာရွက်များကို အာရုံပြန်စိုက်လိုက်သည်။ စုတ်တံ ကောက်ကိုင်ကာ စာရေးသားနေသည်ကို ဆက်ရေးလိုက်၏။ ‘အင်အားကသာအမှန်တရား’နှင့် ‘စစ်ပွဲဒေသနာ’ တို့ပြီးလျှင် ဤစာအုပ်သည် တတိယမြောက်စာအုပ်ဖြစ်ကာ ‘စစ်ပွဲနှင့်ငြိမ်းချမ်းရေး’ဟုခေါ်၏။ အိမ်တွင် နှစ်လအနားယူရစဉ်တွင် ဝမ်ချောင် ဤစာအုပ်အား ရေးသားနေခဲ့ခြင်း ဖြစ်သည်။
‘စစ်ပွဲနှင့်ငြိမ်းချမ်းရေး’သည် စစ်ဝါဒီနှင့် ကွန်ဖြူးရှပ်တို့ကြားမှ လက်ရှိအငြင်းပွါးမှု၏ ပစ်မှတ်ဖြစ်သည်။ လူအများကြား၌ ဆွေးနွေးနေကြသည့် ခေါင်းစဉ်မှာလည်း တိုက်ခိုက်သင့်သလား။ ငြိမ်းချမ်းရေး ရယူသင့်သလား ဟူ၍ဖြစ်၏။
‘စစ်ပွဲ သို့မဟုတ် ငြိမ်းချမ်းရေး’သည် လူသားများ၏ မရပ်တန့်နိုင်သော ပြဿနာဖြစ်သည်။ ဤပြဿနာအား ဂဃနဏ နားမလည်သောသူများသည် အမြဲတစေ အငြင်းအခုန် လုပ်နေရပေမည်။ စစ်ဝါဒီနှင့် ကွန်ဖြူးရှပ်များကြားမှ အငြင်းပွားမှုကဲ့သို့သော ပြဿနာမျိုးသည် ဘယ်သောအခါမှ အဆုံးသတ်မည် မဟုတ်ချေ။ စစ်ပွဲနှင့် ငြိမ်းချမ်းရေးသည် ဘယ်သောအခါမှ ဆန့်ကျင်ဘက်၌ မရှိနေပါ။ အဘယ်ကြောင့်ဆိုသော် စစ်ပွဲ၏နောက်ဆုံးပန်းတိုင်မှာ ငြိမ်းချမ်းရေး ဖြစ်နေသည့် အတွက်ကြောင့်ပင်..။
အလယ်ပိုင်းလွင်ပြင်၏ မင်းဆက်များအားလုံး ဆင်နွှဲခဲ့သည့် စစ်ပွဲများသည် ဤရည်ရွယ်ချက်အတွက် ဖြစ်၏။
စစ်ပွဲသည် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ရသည့် အရာဖြစ်ကြောင်း လူသားများ နားလည်ရပေမည်။ စစ်မှန်သောငြိမ်းချမ်းမှုသည် ကိုယ်တိုင်ကြိုးစားအားထုတ်မှုမှ ရရှိ၏။ ဤသည်ကသာ လမ်းပျောက်ခြင်းနှင့် တွေဝေခြင်းတို့ မဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။ အင်အားကြီးမားသော မဟာထန်သည်သာ စစ်မှန်သောငြိမ်းချမ်းမှု ရရှိနိုင်ကာ နိုင်ငံသူနိုင်ငံသားများအား အဆုံးမရှိသည့် ပျော်ရွှင်မှုနှင့် ဘေးကင်းလုံခြုံမှုတို့ သယ်ဆောင် လာပေးနိုင်မည်ဖြစ်၏။
သို့သော် ဤစာအုပ်သည် မပြီးသေးပေ။ ပြီးစီးရန် ရက်အနည်းငယ် လိုဦးမည်ဟု ဝမ်ချောင် ခန့်မှန်းထား၏။
ဝုန်းး…
ချန်းစန်းယွမ်။ စုရွှတ်ရွှမ်း။ ရွှီခဲ့ယီနှင့် အခြားသူများ ထွက်ခွာရန် ပြင်နေကြစဉ်မှာပင် ဝမ်မိသားစုစံအိမ်အပြင်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ လူအုပ်ကြီး၏ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ ဤရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွားခြင်းသည် ဝမ်ချောင်အား ချက်ချင်းအာရုံစိုက်မိသွားစေခဲ့၏။
“ဘာတွေဖြစ်နေတာလဲ..”
ဝမ်ချောင် မျက်မှောင်ကြုတ်သွားကာ ခေါင်းထောင်လာသည်။
စာကြည့်ဆောင် အခန်းဝ၌ရှိနေသည့် သူ၏လက်အောက်ငယ်သားများ ချက်ချင်း မျက်နှာရှုံ့မဲ့ကုန်ကြသည်။
“အရှင်။ မကြာခင် နဂါးလှေပွဲတော် ရောက်တော့မှာလေ။ အဲဒါ မြို့တော်က လူငယ်တွေက ပွဲတော်အတွက် ကြိုပြင်နေကြတာပါ။ အခုလညး သူတို့ အဲဒါအတွက် ပြင်ဆင်နေကြတာ ဖြစ်မယ်။ ခဏနေရင် ကျော်သွားမှာပါ..”
“မဟုတ်ဘူး..” ဝမ်ချောင် ချက်ချင်းပြန်ပြောလာခဲ့သည်။ “နဂါးလှေပွဲတော်က အနည်းဆုံး ၁၅ ရက် လိုသေးတယ်။ မြို့တော်က လူငယ်တွေက အစီအစဉ်တွေ ဆွဲနေကြတယ်ဆိုရင်တောင် အလွန်ဆုံးငါးရက်ထက် ပိုစောမှာမဟုတ်ဘူး..”
စုရွှတ်ရွှမ်း မျက်နှာအရောင်ဖျော့သွားသည်။ ကျန်သည့် လက်အောက်ငယ်သားများသည်လည်း ရုတ်တရက် အချက်တစ်ခုအား အမှတ်ရသွားကြ၏။ တစ်ကြိမ်တွင် ဝမ်ချောင်သည် မြို့တော်တွင် လတ်လျားလတ်လျား နေနေသည့်လူဖြစ်ခဲ့ဖူးကာ လူမှုအဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာများအားလုံး လုပ်ဆောင်ဖူး၏။ ထို့ကြောင့် မြို့တော်ရှိ လူငယ်များ၏ လှုပ်ရှားမှုများကို သူ နားလည်ပေသည်။
နဂါးလှေပွဲတော်ဖြင့် အကြောင်းပြခြင်းသည် သူ့အား အရူးလုပ်နိုင်မည် မဟုတ်ပေ။
“အရှင်။ ဒီတိုင်း လူအုပ်ကြီးတစ်အုပ် ဖြတ်သွားတာပဲဖြစ်မှာပါ။ ကျွန်တော် သွားကြည့်လိုက်မယ်။ သူတို့ ခဏနေရင် ကျော်သွားကြတော့မှာပါ..” ရွှီခဲ့ယီမှ ချက်ချင်း ပြောလာကာ အပြင်သို့ ပြေးထွက်သွားလိုက်သည်။ အပြင်၌ ရှိနေသည်မှာ မည်သူမည်ဝါဖြစ်နေပါစေ သူတို့အား မောင်းထုတ်ရန်မှာ အနည်းငယ် လှုပ်ရှားလိုက်ရန်သာ လိုအပ်၏။
သို့သော် ရွှီခဲ့ယီသည် ဤကိစ္စအား လျှော့တွက်ခဲ့သည်။ စာသင်ဆောင်အပြင်သို့ ခြေလှမ်းနှစ်လှမ်းသာ လှမ်းရသေး၏။ စံအိမ်၏နံရံအပြင်ဘက်မှနေ၍ ကျယ်လောင်သော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“မျိုးနွယ်ခြားဘုရင်။ ထွက်လာခဲ့။ မျိုးနွယ်ခြားဘုရင်။ လူသတ်မိစ္ဆာဘုရင်ကောင်..”
စူးရှကျယ်လောင်သော အော်ဟစ်သံအား ပြတ်ပြတ်သားသား ကြားလိုက်ရ၏။
“နေဦး။ စုရွှတ်ရွှမ်း။ ရွှီခဲ့ယီ။ ချန်းစန်းယွမ် မင်းတို့ ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတယ်..”
အနောက်ဘက်မှနေ၍ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့်အသံ ထွက်ပေါ်လာသော် ဝမ်ချောင် စုတ်တံ ပြန်ချလိုက်သည်။
မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ စုရွှတ်ရွှမ်း။ ရွှီခဲ့ယီနှင့် ချန်းစန်းယွမ်တို့ တုန်ယင် သွားကြသည်။ မျက်နှာမှာ သိသိသာသာပင် သွေးဆုတ်သွားကြ၏။
ဖုံးကွယ်ရန် ကြိုးစားနေကြသည့် သူတို့အစီအစဉ် ကျရှုံးသွားခဲ့လေပြီ။ သူတို့သည် အခြေအနေအား ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသော်လည်း အမှန်တရားမှာ အလျင်အမြန်ပင် ထွက်ပေါ်လာခဲ့သည်။
အခြေအနေအား ကယ်တင်ရန် ရည်ရွယ်ချက်ဖြင့် ချန်းစန်းယွမ် ဦးညွတ်ကာ တွန့်ဆုတ်စွာ ပြောလာခဲ့သည်။ “အရှင်။ အခြေအနေက အရှင်တွေးနေသလို မဟုတ်ပါဘူး။ ဒီကိစ္စကို ကျွန်တော်တို့နဲ့ လွဲထားလိုက်ပါ။ ကျွန်တော်တို့ မြန်မြန် ဖြေရှင်းလိုက်ပါမယ်..”
သို့သော် တစ်ခဏအကြာတွင် ဝမ်ချောင်သည် လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်နှုန်းဖြင့် သူတို့ဘေးမှ ဖြတ်သွားကာ ဆူညံသံများ ထွက်ပေါ်လာရာစီ ဦးတည်သွားလိုက်၏။
“ဘာကြောင် ကြည့်နေကြတာလဲ။ မြန်မြန်လိုက်သွားကြလေ..”
စုရွှတ်ရွှမ်း။ ရွှီခဲ့ယီနှင့် ကျန်သည့်လူများ ချက်ချင်း မျက်နှာအမူအရာ ပျက်ယွင်း ကုန်ကြသည်။
အသံများမှာ ပိုမိုကျယ်လောင်လာကာ လူအုပ်ကြီး၏ ကြွေးကြော်သံသည်လည်း ပိုမိုရှင်းလင်းလာခဲ့၏။
“မျိုးနွယ်ခြားဘုရင်။ မင်း စစ်မိစ္ဆာကောင်..”
“အရှင်မင်းကြီးကို လှည့်ဖျားတာအတွက် မင်းကို မခွင့်လွှတ်ပေးနိုင်ဘူး..”
“မျိုးနွယ်ခြားဘုရင်။ ထွက်လာခဲ့..”
ဝမ်မိသားစုစံအိမ်၏ နံရံအပြင်ဘက်မှနေ၍ အော်ဟစ်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ အသံအရဆိုလျှင် အပြင်ဘက်၌ စုဝေးနေသည့် လူအုပ်ကြီးမှာ တစ်ထောင်နီးပါး ရှိပေမည်။
“စုရွှတ်ရွှမ်း။ ရွှီခဲ့ယီ။ ချန်းစန်းယွမ် လာခဲ့ကြစမ်း..” ဝမ်ချောင်၏အသံ အေးစက် လာသည်။
နာမည် အခေါ်ခံလိုက်ရသည့် သုံးယောက် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အရှေ့တက်လာကြကာ မျက်နှာအမူအရာသည် ကြောက်ရွံ့၍ အခက်တွေ့နေကြ၏။
“ကွန်ဖြူးရှပ်တွေနဲ့ အခြေအနေ ဘယ် လို ရှိ လဲ..” ဝမ်ချောင် အေးစက်စွာ မေးလိုက်သည်။
“အရှင်။ ဆရာသခင်ကျူးက ကျွန်တော်တို့အပေါ် တကယ်ပဲ သက်ရောက်မှု ကြီးမားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ထောက်ခံတဲ့လူတွေလည်း အများကြီး ရှိပါသေးတယ်..” သွေးဆုတ်နေသည့်မျက်နှာဖြင့် စုရွှတ်ရွှမ်းမှ ပြောလာခဲ့သည်။
“ဒီလိုအခြေအနေမျိုးမှာ မင်းက ငါ့ကိုဖုံးကွယ်ထားချင်နေသေးတာလား..” ဝမ်ချောင် ခက်ထန်စွာ မေးလိုက်၏။
သုံးဦးသား၏ မျက်နှာအရောင်သည် ချက်ချင်းပင် စာရွက်တစ်ရွက်ကဲ့သို့ ဖြူဆုတ်သွားလေတော့သည်။
နဂါးလှေပွဲတော်သည် တရုတ်ပြက္ခဒိန်၏ ငါးလပိုင်း ငါးရက်နေ့တွင် ကျင်းပ၏။
******
အပိုင်း ၁၃၁၂
အမှောင်ထုအခိုက်အတန့် (၂)
“အရှင်။ ဒါက..”
ရွှီခဲ့ယီ ပြောပြရန် တွန့်ဆုတ်နေခဲ့သည်။
“အမှန်အတိုင်း ပြောစမ်း..”
ဒေါသကြောင့် ဝမ်ချောင်၏ မျက်နှာအမူအရာ ခက်ထန်လာ၏။
“အရှင်။ အခြေအနေက တော်တော်ကို ဆိုးဝါးပါတယ်။ ဆရာသခင်ကျူးက ကျွန်တော်တို့ ထင်ထားတာထက်ကို ကျွန်တော်တို့အပေါ် သက်ရောက်မှု ပြင်းထန်ခဲ့ပါတယ်။ ဆန္ဒပြပြီး ကျွန်တော်တို့ကို ပြစ်တင်ဝေဖန်တဲ့လူတွေ ရှိသလို။ ဒီကိစ္စ ပိုဆိုးလာအောင် တမင်သက်သက် ဆွပေးနေတဲ့ လူတွေလည်း ရှိပါတယ်။ အခြေအနေကတော့ ဘယ်လိုမှကို အကောင်းမြင်နိုင်စရာ မရှိပါဘူး..” စုရွှတ်ရွှမ်း ထိတ်လန့်စွာ ပြောလာခဲ့သည်။
“ဆက်ပြော..” ဝမ်ချောင် သုန်မှုန်စွာ အမိန့်ပေးလိုက်၏။
တော်ဝင်ရုံးတော်သည် သူ့အား စံအိမ်အတွင်းမှ နှစ်လထွက်ခွင့် ပိတ်ပင်ထားသည်။ ထို့ကြောင့် သတင်းအချက်အလက်အတွက် စုရွှတ်ရွှမ်း။ ရွှီခဲ့ယီနှင့် အခြားလက်အောက် ငယ်သားများကိုသာ အားကိုးရ၏။ ဤလူများသည် ဤကဲ့သို့ ကြီးမားသည့်ကိစ္စအား သူ့ထံမှ ဖုံးကွယ်ထားရဲလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမှ မတွေးမိပေ။
ဝမ်ချောင်၏ ဒေါသနှင့် ရင်ဆိုင်ရသော် လူတိုင်း တိတ်ဆိတ်သွားကြသည်။ သူတို့ ဝမ်ချောင်နောက် လိုက်ခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်၏။ သို့သော် ဝမ်ချောင် သူ၏လက်အောက် ငယ်သားများအပေါ် ဒေါသထွက်သည်ကို တစ်ခါမှ မမြင်တွေ့ဖူးပေ။ ဝမ်ချောင်သည် ဤကိစ္စအား အမှန်တကယ် ဒေါသထွက်နေကြောင်း မြင်သာပေသည်။
“အရှင်။ ကွန်ဖြူးရှပ်ကျောင်းကို ဘယ်သူမှ မဆန့်ကျင်ရဲတာကြောင့် မြို့တော်က စာအုပ်ကုန်သည်တွေက ကျွန်တော်တို့ကို ပိတ်ပင်လိုက်ပါပြီ။ စာအုပ်ကို ကျွန်တော်တို့ကိုယ်တိုင် ပုံနှိပ်ပြီး ထုတ်ဝေခဲ့ပေမဲ့ တစ်အုပ်မှ မရောင်းရပါဘူး.”
“ဆက်ပြော..” မျက်နှာ ပြာနှမ်းလာကာ ဝမ်ချောင် ပြောလိုက်သည်။
“မြို့တော်က အသံတွေကလည်း အရှင့်ကို တော်တော်ကို ဆန့်ကျင်နေကြပါတယ်။ ဒီအတောအတွင်းမှာ စံအိမ်အနားမှာ ဆန္ဒပြတဲ့အုပ်စု ဆယ်စုလောက် လာခဲ့သေးတယ်။ ဒါပေမဲ့ သူတို့အားလုံးကို ရှာတွေ့ပြီး လူစုခွဲနိုင်ခဲ့တယ်။ ဒီတစ်ခေါက်မှာတော့ မြို့စောင့်တွေ သတိလက်လွတ်ဖြစ်ပြီး တစ်ချက် လစ်ဟင်းသွားတာ ဖြစ်နိုင်ပါတယ်။ ဒီလူတွေက စံအိမ်အနားထိ ရောက်လာနိုင်ပြီး အရှင့်ကို လာနှောင့်ယှက်နေကြတယ်..“
စုရွှတ်ရွှမ်း ဝမ်ချောင်အား မော့ကြည့်ကာ ပြန်ဆက်ပြောလိုက်သည်။
“ပြီးတော့ ယွီရှန်းနဲ့ အနောက်တာကီခါကနိတ်တို့ ကွန်ဖြူးရှပ်ဂိုဏ်းနဲ့ ပူးပေါင်းလိုက်ပြီလို့ ကျွန်တော်တို့ သတင်းရခဲ့ပါတယ်။ မဟာထန်နဲ့ ငြိမ်းချမ်းရေး လိုချင်ကြောင်း ရိုးသားစွာ ဖော်ပြတဲ့အနေနဲ့ သူတို့စစ်တပ်ကို နောက်ထပ် လူအင်အားငါးသောင်း လျှော့ချလိုက်တဲ့အကြောင်း ကြေညာလာတယ်။ ဒီသတင်းက မြို့တော်မှာ ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့ပါတယ်။ ပြီးတော့ တော်ဝင်ရုံးတော်က ယွီရှန်းရဲ့ တာ့လုံထင်းလင်ဆီကနေ ယွီရှန်းက မဟာထန်နဲ့ ရန်သူမဖြစ်ချင်ဘူးဆိုတဲ့ သီးသန့်စာတစ်စောင် လက်ခံရရှိခဲ့ပါတယ်။ အရာအားလုံးက အရှင်က နှစ်နိုင်ငံ ဆက်ဆံရေးကြားမှာ ဝင်နှောင့်ယှက်ပြီး ဂယက်ထအောင် ပြုလုပ်ခဲ့လို့ ဖြစ်ခဲ့ရတာဆိုပြီးလည်း ပြောထားပါတယ်..” စုရွှတ်ရွှမ်းမှ ပြောလာခဲ့သည်။
“ပြီးတော့ တချို့က အရှင်က အမြဲတမ်း စစ်ပွဲဖြစ်အောင် ကြံစည်နေပြီး လက်ရှိမှာ စစ်ဖက်ရုံးတော်နဲ့ ပူးပေါင်းပြီး အာရေဗျရဲ့ မတော်တဆမှုကို အသုံးချပြီး နောက်ထပ်စစ်ပွဲဖြစ်ပေါ်အောင် ဖန်တီးနေတယ်လို့လည်း ကောလဟာလတွေ ဖြန့်နေပါတယ်။ ပြီးတော့ အရှင်က ယွီရှန်း။ အရှေ့အနောက်တာ့ခ်။ ဂိုဂူလျောနဲ့ မုန့်ရှိကျောက်တို့ကို တိုက်ခိုက်ဖို့လည်း အစီအစဉ် ဆွဲနေတယ်လို့လည်း ပြောနေကြပါတယ်..” ရွှီခဲ့ယီမှ ထပ်ပေါင်း ပြောလာခဲ့သည်။
“ဘာပြောလိုက်တယ်..”
ဝမ်ချောင် မျက်လုံးများ ပွင့်လာသည်။ အမှားဆင်ခြင်ရန်အတွက် အိမ်တွင်း၌ အကျယ်ချုပ် ကျနေစဉ်တွင် သူသည် ကျန့်ချိုး ကျန်းချုံးတို့နှင့် မည်သည့်ဆက်သွယ်မှုမှ မပြုလုပ်ခဲ့ပေ။ ဤကဲ့သို့သော အတင်းအဖျင်းစကားမျိုး ထွက်လာလိမ့်မည်ဟု သူ တွေးပင် မတွေးမိချေ။
“အရှင်။ ဒီကိစ္စမှာ အရှင် အတတ်နိုင်ဆုံး လုပ်ပြီးသွားပါပြီ။ အဲဒါကြောင့် ကျွန်တော်တို့ တွေးတာက..”
“တော်စမ်း..”
စုရွှတ်ရွှမ်း စကားမဆုံးမီတွင် ဝမ်ချောင် ခက်ထန်စွာ ကြားဖြတ် ပြောလိုက်သည်။
ဝမ်ချောင် မျက်လုံးများ မှိတ်ထားကာ အချိန်အတော်ကြာ ငြိမ်သက်စွာ ရပ်နေခဲ့၏။ မြို့တော်မှ အခြေအနေသည် ဤအဆင့်အထိ ရောက်သွားလိမ့်မည်ဟု သူ မယုံကြည်နိုင်ပေ။
အချိန်အတော် ကြာပြီးနောက်တွင် မျက်လုံးများ ပြန်ပွင့်လာကာ အမိန့်ပေးလိုက်သည်။ “ဂိတ်တံခါး ဖွင့်စမ်း..”
“အရှင်..”
“အရှင်။ မလုပ်ပါနဲ့..”
လူတိုင်း အသည်းအသန် တားမြစ်လိုက်ကြသည်။
သူတို့သည် ဆန္ဒပြသည့်အုပ်စု ဆယ်စုခန့် ဝမ်မိသားစုစံအိမ်သို့ မရောက်လာစေရန် တားမြစ်ခဲ့၏။ ထို့ကြောင့် လူအုပ်ကြီးက မည်မျှပင် စိတ်ညစ်စရာကောင်းသည်ကို သူတို့ အသေအချာသိပေသည်။ ယခုတစ်ကြိမ်တွင် ဝမ်ချောင်အား အပြင်ထွက်ခိုင်းလိုက်၍ မရပေ။
“တံခါးဖွင့်..”
ဝမ်ချောင် နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။ မျက်နှာအမူအရာမှာ ရေခဲသမျှ အေးစက်နေကာ ဆွေးနွေးညှိနှိုင်းခွင့်မပေးပေ။
အပြင်တွင် အစောင့်များ တွန်းကန်ခံနေရသည့်အသံများကို ကြားနေရ၏။ ဤအစောင့်များသည် ဒေါသထွက်နေသည့် လူအုပ်ကြီးအား တားမြစ်နိုင်သည်ထက်ကို ပိုပါသည်။ ထိုမျှသာမက အခြေအနေ မည်မျှပင် ဆိုးဝါးနေပြီဖြစ်ကြောင်းကို ဝမ်ချောင် သူ့မျက်လုံးဖြင့် သူကိုယ်တိုင် မြင်ချင်၏။ ယခုတွင် သူသည် ဆယ်ရက်ကျော်ခန့် ‘ရှောင်တိမ်း’ခဲ့ပြီးဖြစ်ကာ ဆက်၍ မရှောင်တိမ်းချင်တော့ပေ။
ဝုန်းး..
ကျယ်လောင်သော အသံတစ်သံနှင့်အတူ ဝမ်မိသားစုစံအိမ်၏ ဂိတ်တံခါး အတွင်းမှနေ၍ ပွင့်လာခဲ့သည်။ သာမန်အဝတ်အစားများ ဝတ်ဆင်ထားသည့် ဝမ်ချောင် တံခါးဘောင်အား ကျော်သွားလိုက်၏။
အော်ဟစ်သံများကို စာကြည့်ဆောင်အတွင်းပိုင်း၌ ကြားခဲ့သော်လည်း ဂိတ်တံခါး အပြင်ရောက်မှသာ ဝမ်မိသားစုစံအိမ်အပြင်တွင် ဘယ်လိုအခြေအနေမျိုး ဖြစ်နေကြောင်း နောက်ဆုံး၌ နားလည်သွားခဲ့ရသည်။ လုံးဝမတူညီကွဲပြားသည့် ကမ္ဘာတစ်ခုအတွင်း ရောက်သွားရသကဲ့ပင်။ အသံလှိုင်းများက ဘေးပတ်ပတ်လည်အနှံ့မှ ထိုးနှက်လာ၏။ စံအိမ်အပြင်ဘက်ရှိ လူအုပ်ကြီးမှာ သူ၏မျက်စိတဆုံးပင်။
“မျိုးနွယ်ခြားဘုရင်ကို ဖြုတ်ချပေး..”
“စစ်ပွဲတွေ အလိုမရှိ..”
လူများ၏ အော်ဟစ်ကြွေးကြော်သံများက သောသောညံနေသည်။ ထိုထဲတွင် ယောကျာ်းမိန်းမများ။ လူကြီးလူငယ်များပါဝင်ကာ လူတိုင်းသည် မျက်နှာများ ရဲတက်လာသည်အထိ အော်ဟစ်နေကြ၏။
ဝမ်ကလန်၏ ချပ်ဝတ်ဝတ်ဆင်ထားသော အစောင့် ၂၀ ကျော်ခန့် ဂိတ်တံခါး၌ စောင့်ကြပ်နေကြကာ လူအုပ်ကြီးအား အတတ်နိုင်ဆုံး တားမြစ်နေခဲ့ကြသည်။ သို့သော် ဤအစောင့်များသည် တိုက်ခိုက်နိုင်စွမ်းမရှိသည့် ပြည်သူပြည်သားများအပေါ် အလွန်ကြမ်းကြမ်းတမ်းတမ်း မပြုမူရဲပေ။ အစောင့်များသည် သန်မာသည့်ခွန်အားများ ပိုင်ဆိုင်ထားသော်လည်း ရိုက်နှက်ခံ။ ကျောက်တုံးများဖြင့် ပစ်ပေါက်ခံနေရ၏။ ဝိုင်းအုံကန်ကျောက်ထိုးနှက်ခံနေရသည့် အစောင့်အချို့ပင် ရှိပေသည်။
ခွန်အားနှင့်မလိုက် ဤအစောင့်များသည် သူတို့ကိုယ်သူတို့ ရိုက်နှက်ခံနေကြသည်။ မားမားမတ်မတ် ရပ်နေကြကာ ခေါင်းကိုသာ လက်ဖြင့်ကာထားကြ၏။ အသံတစ်သံ မထွက်ကြပေ။
“တော်ကြတော့..” ဝမ်ချောင် မနေသောဘဲ အော်ပြောလိုက်သည်။
“မျိုးနွယ်ခြားဘုရင်ပဲ..”
အော်ဟစ်သံတစ်သံသည် လူအုပ်ကြီးအား အာရုံအား အသစ်ရောက်လာသည့်လူထံ လွဲပြောင်းသွားစေခဲ့၏။ အကြည့်များမှာ ချက်ချင်း ဝမ်ချောင်အပေါ် ရောက်သွား ကုန်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆူညံသံများအားလုံး ပျောက်ကွယ် သွား၏။ ဂိတ်တံခါးရှေ့၌ ရပ်နေသည့် ကြီးမားသော လူအုပ်ကြီးတွင် မည်သူမှ အသံတစ်သံမျှ မထွက်ခဲ့ပေ။
“မင်းတို့အားလုံး ပြန်ဆုတ်ကြတော့..” ဝမ်ချောင် သူ့ကိုယ်စား အရိုက်နှက်ခံနေရသည့် ဝမ်ကလန်မှ အစောင့်များကို ပြောလိုက်သည်။ ဤဖြစ်ရပ်သည် သူတို့နှင့် လားလားမျှ မသက်ဆိုင်ပါ။ သူ့ကြောင့်သာ မဟုတ်လျှင် ဤအစောင့်များမှာ ဘယ်သောအခါမှ ရိုက်နှက်ခံရမည် မဟုတ်ပေ။
“ဒါပေမဲ့ အရှင်..”
အစောင့်ခေါင်းဆောင်မှ တစ်စုံတစ်ခုပြောရန် ပြင်လိုက်၏။ သို့သော် ဝမ်ချောင်မှ လက်တစ်ချက် လွဲရမ်းကာ တားလိုက်သည်။
“သွားတော့။ ဒီနေရာကို ငါနဲ့ လွှဲထားလိုက်..” ဝမ်ချောင် တင်းမာစွာ ပြောလိုက်သည်။
၂၀ ခန့်ရှိသော ဝမ်ကလန် အစောင့်များ တစ်ခဏခန့် တွန့်ဆုတ်သွားကြ၏။ နောက်ဆုံးမှသာ ဒဏ်ရာရနေသည့် ခန္ဓာကိုယ်များကို သယ်ကာ ဝမ်မိသားစုစံအိမ်အတွင်း ပြန်ဝင်သွားလိုက်ကြသည်။
“မျိုးနွယ်ခြားဘုရင်။ နောက်ဆုံးတော့ ထွက်လာပြီပေါ့..”
“တစ်ကိုယ်ကောင်းဆန်တဲ့ ရည်မှန်းချက်တွေနဲ့ မကောင်းတဲ့ကောင်။ ငါတို့ မင်းကို ယုံခဲ့တယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး..”
“ဒီလောက် အကြာကြီးနေမှ ထွက်လာတာ။ နောက်ဆုံးတော့ အပြစ်ရှိစိတ် ခံစားရပြီလား။ ငါတို့တော့ မင်းကို တကယ် အမြင်မှားခဲ့တာပဲ..”
လူအုပ်ကြီးအတွင်းမှ နောက်ထပ် ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာကာ မုန်းတီးသော မျက်လုံးများဖြင့် ဝမ်ချောင်အား စိုက်ကြည့်လိုက်၏။ အကြည့်သည်သာ လူသတ်နိုင်သည်ဆိုလျှင် ဝမ်ချောင် အသတ်ခံရသည်မှာ အကြိမ်ပေါင်းပင် ရေတွက်နိုင်တော့မည် မဟုတ်ချေ။
ဤမုန်းတီးသည့် အကြည့်များအောက်တွင် ဝမ်ချောင်၏နှလုံး ပြင်းထန်စွာ ထိုးနှက် ခံလိုက်ရသည်။ ပြန်လည် ဝင်စားလာသည့်အချိန်မှစ၍ ဝမ်ချောင်သည် အလယ်ပိုင်းလွင်ပြင်အား ကယ်တင်ရန်။ သူ့ရှေ့ရှိ ဤသာမန် ယောကျာ်းမိန်းမများ။ လူကြီးလူငယ်များကို ကယ်တင်ရန် အသက်ရှူချိန်ပင် မရှိဘဲ ပြေးလွှားလှုပ်ရှားခဲ့သည်။ သူ၏ဂုဏ်ပုဒ်များ။ ရာထူး အဆောင်အယောင်များကို သူ လျစ်လျူရှုနိုင်၏။ တော်ဝင်ရုံးတော်မှ လုပ်ပိုင်ခွင့်အာဏာများကို လျစ်လျူရှုနိုင်၏။ ကမ္ဘာတစ်ဝှမ်းရှိ ကွန်ဖြူးရှပ်သမားများအား ပြန်လည်ငြင်းဆိုနိုင်၏။ သို့သော် သူ့ရှေ့ရှိ ဤသာမန် ပြည်သူပြည်သားများကို ဂရုမစိုက်ဘဲ မနေနိုင်ပေ။
“အားလုံးပဲ။ ကျေးဇူးပြုပြီး ကျွန်တော် ပြောတာ နားထောင်ပေးကြပါ..”
စံအိမ်တစ်လျှောက်တွင် ဝမ်ချောင်၏အသံ ကျယ်လောင်စွာဟိန်း၍ ထွက်ပေါ်လာခဲ့သည်။ လူအုပ်ကြီး၏ ကြွေးကြော်သံများ နောက်တဖန် ငြိမ်ကျသွား၏။
“မျိုးနွယ်ခြားဘုရင်။ ဘေးတိုင်းပြည်တွေကို စစ်ခေါ်ဖို့အတွက် ခင်ဗျား စစ်ဖက်ရုံးတော်နဲ့ ပေါင်းကြံနေတယ်ဆိုတာ တကယ်လား..”
“ကိုယ့်ဆန္ဒတွေ ဖြည့်ဆည်းဖို့အတွက်။ စစ်ပွဲတွေ စတင်ဖို့အတွက် ကိုယ်ပိုင်စစ်တပ် ထူထောင်ပြီး တော်ဝင်အမိန့်ကို ဆန့်ကျင်ခဲ့တယ်ဆိုတာ တကယ်လား..”
“ဘာကို ‘အင်အားကသာ အမှန်တရားလဲ။ ဘေးတိုင်းပြည်တွေက သူတို့စစ်တပ်အင်အားကို လျှော့ချလိုက်တာကို ခင်ဗျား မမြင်ဘူးလား။ ကျုပ်တို့က ခင်ဗျားကို ယုံကြည်လိုက်ရတာ။ ခင်ဗျားကျတော့ ကိုယ်နာမည်ရဖို့အတွက်နဲ့ ကိုယ့်ဆန္ဒတွေ ဖြည့်ဆည်းဖို့အတွက်ပဲ လုပ်နေခဲ့တာပဲ..”
“မျိုးနွယ်ခြားဘုရင်။ ခင်ဗျားမှာ တခြားဘာပြောစရာ ရှိသေးလို့လဲ..”
လူအုပ်ကြီးအတွင်းမှ ကျယ်လောင်သော ဝေဖန်သံများ ထွက်ပေါ်လာခဲ့၏။
“အားလုံးပဲ ကျုပ်ပြောတာ နားထောင်ပေးကြပါ။ ကျုပ် စစ်သားသစ်တွေ စုဆောင်းပြီး ဘေးတိုင်းပြည်တွေကို စစ်ခေါ်ဖို့ စစ်ဖက်ရုံးတော်နဲ့ ဘယ်တုန်းကမှ မကြံစည်ဖူးဘူး။ ဒါတွေက ကောလဟာလ အတင်းအဖျင်းတွေသက်သက်ပါ။ ကျုပ် ကိုယ်ပိုင်စစ်တပ်ထူထောင်ပြီး လက်နက်တိုက် ဖွင့်ဖို့ တော်ဝင်အမိန့်ကို ဆန့်ကျင်ခဲ့တယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ဒါတွေအားလုံးက အန်းရှီ။ ချီရှီ။ လုံရှီနဲ့ မြို့တော်ကို ကာကွယ်ဖို့အတွက်ပဲ။ ဗိုလ်ချုပ်တစ်ယောက် အဝေးရောက်နေချိန်မှာ လက်ခံလို့မရတဲ့ တချို့အမိန့်တွေ ရှိတယ်။ စစ်မြေပြင်မှာ အခြေအနေက အမြဲတမ်း ပြောင်းလဲနေတာ။ အကုန်လုံးမှာ တော်ဝင်ရုံးတော်ရဲ့ အမိန့်ကိုပဲ စောင့်နေရင် အချိန်အများကြီး ကြာသွားလိမ့်မယ်။ အဲလိုသာဆိုရင် အန်းရှီစစ်တပ်က တိုင်းတပါးမှာ အဆုံးသတ် သွားရလိမ့်မယ်။ ဒါတင် မဟုတ်သေးဘူး အန်းရှီ။ ချီရှီနဲ့ ချီရှီမှာရှိတဲ့ တော်ဝင်လက်နက်တိုက်လည်း ရန်သူတွေလက်ထဲ ရောက်သွားလိမ့်မယ်။ ကျုပ်က ကျုပ်လုပ်သင့်တာ လုပ်ခဲ့တာ။ အဲလက်နက်တွေကို အာရေဗျတွေသုံးဖို့ ရန်သူတွေလက်ထဲ အရောက်ခံမဲ့အစား လက်နက်တိုက်ဖွင့်ပြီး အလယ်ပိုင်းလွင်ပြင်ကို ကာကွယ်ဖို့ သုံးလိုက်တာ ပိုအကျိုးရှိတယ်..”
ဝမ်ချောင် မျက်လုံးများ နီရဲလာသည်။ ခန္ဓာကိုယ် တဆတ်ဆတ် တုန်ယင်လာကာ နားထင်မှ ဆံစများပင် လှုပ်ခါလာ၏။
ချီရှီစစ်တပ်ကိစ္စသည် စစ်ဘက်ပိုင်းဆိုင်ရာကိစ္စ ဖြစ်သည်။ ထိုမျှသာမက ဝမ်ချောင်သည် စစ်ပွဲအတွင်းတွင် အချို့ဆုံးဖြတ်ချက်များကို ဘယ်သောအခါမှ မရှင်းပြခဲ့ပေ။ ချီရှီလက်နက်တိုက် ဖွင့်ခဲ့ရသည့် အကြောင်းအရင်းအား ရွှီချန်ကျွင်းနှင့် အခြားသူများကိုပင် မရှင်းပြခဲ့ပေ။ သို့သော် စစ်ပွဲအကြောင်း မသိနားမလည်သည့် ဤသာမန်ပြည်သူပြည်သားများရှေ့တွင် ဝမ်ချောင် သူ့ကိုယ်သူ ဖြေရှင်းခဲ့သည်။
မရင်းနှီးသည့် မျက်နှာများအား လိုက်ကြည့်ကာ တင်းမာစွာပြောလိုက်သည်။ “ကျုပ်။ ဝမ်ချောင် လုပ်ခဲ့သမျှအားလုံးမှာ ကိုယ်ကျိုးအတွက် တစ်ခုမှမပါဘူးလို့ ကောင်းကင်ကို တိုင်တည်ပြီး ပြောရဲတယ်။ လိမ်ခဲ့ရင် ကောင်းကင်က ကျုပ်ကို အပြစ်ပေးပါစေ..”
ဂိတ်တံခါးရှေ့ရှိ ကြီးမားသောလူအုပ်ကြီး ချက်ချင်း ငြိမ်ကျသွားသည်။
“ဝမ်ချောင် ခင်ဗျား အမြဲတမ်းပြောတာ ဘေးတိုင်းပြည်တွေက ရည်မှန်းချက် ကြီးကြတယ်ဆို။ ဒါပေမဲ့ ယွီရှန်းက ပထမအသုတ် စစ်သား တစ်သိန်းခွဲ လျှော့ချပြီး အခု နောက်ထပ်ငါးသောင်း လျှော့ချလိုက်တယ်။ ပြီးတော့ အနောက်တာကီခါကနိတ်လည်း ပထမအကြိမ် စစ်သား နှစ်သိန်းလျှော့ချပြီး အခုငါးသောင်း ထပ်လျှော့ချလိုက်တယ်။ အဲဒါကိုရော ခင်ဗျား ဘယ်လိုရှင်းပြမလဲ။ အားလုံးက ခင်ဗျား ‘အင်အားကသာအမှန်တရာ’ ကို ရေးခဲ့တာက လူတွေကို လှည့်စားပြီး ကိုယ်ကျိုးအတွက် စစ်ပွဲတွေ စတင်ဖို့လို့ပဲ ပြောနေကြတယ်။ ဒါက အမှန်ပဲလား..” လူတစ်ဦး ဒေါသတကြီး မေးခွန်းထုတ်လာခဲ့သည်။ ဒေါသကြောင့် မျက်နှာပင် နီဲရဲနေ၏။
တစ်စုံတစ်ယောက်က သူ၏နှလုံးအား ဓားဖြင့် ထိုးစိုက်လိုက်သည်ဟု ဝမ်ချောင် ခံစားလိုက်ရသည်။ သူ၏ လပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့မှုသည် ဤကဲ့သို့ စွပ်စွဲခံရခြင်းဖြင့် အဆုံးသတ်သွား၏။ အဆုံးသတ်တွင် ဤလူများ၏စိတ်သည် အရူးလုပ်ခံထားရဆဲပင်။ စိတ်အားထက်သန်နေကြသည့် ဤလူများကိုကြည့်ကာ ဝမ်ချောင် ခန္ဓာကိုယ်နှင့်စိတ် နှစ်ခုလုံး ထိခိုက်လာခဲ့သည်။
“အားလုံးပဲ။ မျောက်တစ်ကောင်က ကျီးကန်းတစ်ကောင် ငါးစာဟပ်ဖို့အတွက် သေချင်ယောင် ဆောင်နိုင်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျီးကန်းကို စားလိုက်တာပဲ။ ပုရွက်ဆိတ်စားတဲ့ကောင်က ပုရွက်ဆိတ်ကို မျှားခေါ်ဖို့အတွက် သေချင်ယောင် ဆောင်နိုင်တယ်။ ဒါပေမဲ့ သူလည်း နောက်ဆုံးမှာတော့ ပုရွက်ဆိတ်တွေကို စားပစ်တာပဲ။ ယုန်တစ်ကောင်က ဆက်မခုန်နိုင်တော့ရင် မြေကြီးပေါ်လှဲပြီး သိမ်းငှက်ကို မျှားခေါ်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သိမ်းငှက်ကို ပြန်ခုန်အုပ်ကြီး သေတဲ့အထိ ကိုက်ခဲလိုက်တာပဲ။ ယာယီပြန်ဆုတ်တာက နောက်ဆုံးမှာ အောင်မြင်မှု ရဖို့အတွက်ပဲ။ ယွီရှန်း။ အရှေ့အနောက်တာ့ခ်။ ဂိုဂူလျော။ ဒီနိုင်ငံတွေအားလုံးက မဟာထန်အတွက် အရေးကြီးတဲ့ပြဿနာတွေပဲ။ နှစ်ပေါင်းတစ်ထောင်အတွင်းမှာ ဘေးတိုင်းပြည်တွေက မဟာထန်နဲ့အဆက်မပြတ် ပဋိပက္ခတွေ ဖြစ်ခဲ့တယ်..”
******
အပိုင်း ၁၃၁၃
အမှောင်ထုအခိုက်အတန့် (၃)
“ဆောင်းဦး ရိတ်သိမ်းချိန်ရောက်တိုင်း ယွီရှန်း။ အရှေ့အနောက်တာ့ခ်နဲ့ ဘေးတိုင်းပြည်တွေအားလုံး အလယ်ပိုင်းလွင်ပြင်ကို ကျူးကျော်တိုက်ခိုက်ကြတယ်။ ဒီတိုက်ပွဲတွေက ဘယ်တုန်းကမှ မရပ်တန့်ခဲ့တဲ့ တိုက်ပွဲတစ်ခုပဲ။ ယွီရှန်း သူ့စစ်တပ်ကို လျှော့ချတာက စစ်နည်းဗျူဟာတစ်ခုပဲ။ အချိန်ကျလာရင် သေချာပေါက် အင်အား ပြန်တောင့်တင်းလာပြီး အလယ်ပိုင်းလွင်ပြင်ကို တိုက်ခိုက်လိမ့်မယ်။ အားလုံးပဲ။ သူတို့ စကားတစ်ခွန်းတည်းနဲ့ သွားရုံလို့မရဘူး..” ဝမ်ချောင် ခက်ထန်စွာ ပြောလိုက်သည်။
ဝုန်းး…
အပ်ကျသံပင် ကြားရလောက်သည်အထိ လူအုပ်ကြီး တိတ်ဆိတ်ငြိမ်ကျသွား၏။ လေတိုးသံများကိုသာ ကြားနေရသည်။
“မင်းက လူသတ်မိစ္ဆာဘုရင်ပဲ။ အားလုံးပဲ သူ့စကား နားမထောင်ကြနဲ့..”
“ဝမ်ချောင်။ မင်း မျိုးနွယ်ခြားဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်ရဖို့ လူပေါင်းတစ်သန်း သတ်ခဲ့ပြီးပြီ။ ဒါက မလောက်သေးဘူးလား။ အလယ်ပိုင်းလွင်ပြင်တစ်ခုလုံး အလောင်းတွေပုံ။ သွေးချောင်းတွေစီးနေမှ မင်း ကျေနပ်မှာလာလား။ မင်းတို့ဗိုလ်ချုပ်တွေက ဘာမှအသုံးမဝင်တဲ့ စစ်ဘီလူးတွေကလွဲရင် ဘာမှ မဟုတ်ဘူးကွ..”
“ငါတို့ မင်းကို အများကြီး ယုံကြည်ခဲ့ကြတယ်။ မင်းရဲ့ ‘အင်အားကသာ အမှန်တရား’ကို အဖိုးတန်ရတနာလိုမျိုး ဆက်ဆံခဲ့ကြတယ်။ထပ်ခါတလဲလဲ ဖတ်ခဲ့တယ်။ ငါ့ဆရာနဲ့တောင် ငြင်းခုံခဲ့သေးတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက မင်းရဲ့ကိုယ်ကျိုးအတွက် ဖြစ်နေတာပဲ။ မင်း ပုန်ကန်ချင်လို့ ကိုယ်ပိုင်စစ်တပ်တည်ထောင်ပြီး တော်ဝင်အမိန့်ကို ဆန့်ကျင်ခဲ့တာပဲ။ ငါ တကယ်ပဲ မင်းကို အမြင်မှားခဲ့တာပဲ..””
“ဝမ်ချောင်။ ရည်မှန်းချက်ကြီးတဲ့ အမှိုက်လိုကောင်..”
မိနစ်အနည်းငယ်ခန့် ကြာပြီးနောက်တွင် ဒေါသတကြီးဟိန်းဟောက်သံများ။ ဝမ်ချောင်အပေါ် မရေမတွက်နိုင်သည့် ကြိမ်းမောင်းဆဲဆိုသံများဖြင့် လူအုပ်ကြီး နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာခဲ့သည်။ ဒေါသကြောင့် မျက်နှာများပင် ရှုံ့တွနေကြကာ ဝမ်ချောင်၏ အစောပိုင်းမှစကားအား မည်သူမှ နားမဝင်ကြပေ။ များပြားလှသော ကျိန်ဆဲသံများနှင့် တိုက်ခိုက်ပြောဆိုသံများသည် ဝမ်ချောင်၏ နှလုံးအား ရှုံ့တွတွန့်လိမ်လူး လွန့်လာစေခဲ့၏။
အနောက်ပိုင်း ဒေသမှပြန်လာပြီးနောက်တွင် ငြိမ်သက်နေသည့် ဝမ်ချောင်၏ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်နှင့် သွေးများသည် ဤကျိန်ဆဲတိုက်ခိုက်သည့် လှိုင်းလုံးများအောက်တွင် နောက်တစ်ဖန် လိမ့်တက်လာခဲ့၏။
“အားလုံးပဲ။ ကျုပ်ပြောတာ နားထောင်ပါဦ..”
ဝမ်ချောင် စကားများ ထပ်ပြောချင်သေးသည်။ သို့သော် ဒေါသထွက်နေသည့် လူအုပ်ကြီးသည် သူ၏အသံအား မကြားရတော့ပေ။
ဒုတ်..
ကျောက်တုံးတစ်တုံး လေပေါ်ပျံတက်လာကာ ဝမ်ချောင်၏ နဖူးတည့်တည့် ထိမှန်ခဲ့သည်။ သို့သော် ဝမ်ချောင်သည် မလှုပ်မယှက် ရပ်နေသည့်နေရာ၌သာ ရပ်နေခဲ့၏။
“အရှင်..”
ဤမြင်ကွင်းမြင်သော် ချန်းစန်းယွမ်။ စုရွှတ်ရွှမ်း။ ရွှီခဲ့ယီနှင့် အခြားသူများ ချက်ချင်းမျက်နှာသွေးဆုတ်ကုန်ကာ ဝမ်ချောင်အား ကာကွယ်ရန် ပြေးတက်လာခဲ့ကြသည်။
“အရှင်။ သွားရအောင်ပါ။ အခုက သူတို့နဲ့ ငြင်းခုံနေရမဲ့အချိန် မဟုတ်သေးပါဘူး..”
“သူတို့ အရှင့်အပေါ် နားလည်မှုလွဲနေတာက ပြင်းထန်လွန်းတယ်။ တစ်နေ့တော့ သူတို့ နားလည်လာမှာပါ..” အားလုံး စိုးရိမ်တကြီး ပြောလိုက်ကြသည်။
ဖောင်း ဖောင်း ဖောင်း။ ဝမ်ချောင်အား ကာကွယ်ရန် ပြေးသွားလိုက်သည်နှင့် လူအုပ်ကြီး၏ ပြင်းထန်သော ကျောက်တုံးမိုးများက အဆက်မပြတ် ကျဆင်းလာခဲ့၏။
“တော်ကြာတော့။ ဒီအဖိုးကြီး မင်းကို မေးချင်တာရှိတယ်..” လူအုပ်ကြီးအတွင်းမှ အသက်ခပ်ကြီးကြီး အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
တစ်ခဏအကြာတွင် လူအုပ်ကြီး ဘေးဖယ်ပေးကြကာ မီးခိုးရောင်ဆံပင်နှင့် အသက်ရှစ်ဆယ်ကျော် အဖိုးအိုတစ်ဦး ပေါ်လာ၏။ ညစ်ညမ်းကြမ်းတမ်းသည့် အညိုရောင်အဝတ်အစားများ ဝတ်ဆင်ထားကာ တုတ်ကောက်တစ်ချောင်းနှင့် ကုန်းနေသောခါးအား ထောက်ကန်ထား၏။
အဖိုးအိုသည် ဝမ်ချောင်အား စိုက်ကြည့်နေကာ မျက်နှာမှာ ဒေါသကြောင့် နီရဲနေ၏။
ဤအဖိုးအို ဝမ်ချောင်ထံ လျှောက်သွားသည်ကို ကြည့်ကာ လူအုပ်ကြီး များစွာငြိမ်ကျသွားသည်။ အချို့သည် နေရာပိုရရန်အတွက် အနောက်ကိုပင် ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ကြ၏။
အသက် ၇၀ အရွယ်အထိ နေနိုင်သည့်လူများမှာ ရှား၏။ ၈၀ ဆိုလျှင် ပို၍ပင် ရှားသွားပေပြီ။
မဟာထန်တွင် အသက် ၈၀ အထိ နေနိုင်သောသူများသည် အလွန်အရိုအသေခံရကာ အလွန်ဦးစား ပေးခံရသည်။ အသက်ကြီးသည့် လူတစ်ဦးသည် မည်မျှပင် ခေါင်းမာနေပါစေ။ လူအုပ်ကြီးရှေ့တွင် ထိုလူအား မည်သူကမျှ ဘာမှလုပ်ရဲမည် မဟုတ်ပေ။
“ဝမ်ချောင်။ မင်းက ဗိုလ်ချုပ်မျိုးရိုး။ မှူးမတ်မျိုးရိုးကနေ ဆင်းသက်လာတဲ့လူ။ မဟာထန်ရဲ့ ဘုရင်တစ်ပါးပဲ။ ဒီအဖိုးအိုက ကျေးတောရွာက အသက်ကြီးတဲ့ အဖိုးကြီးတစ်ယောက်သာသာပဲ။ မင်းနဲ့ မယှဉ်နိုင်ပါဘူး။ မင်း လုပ်နိုင်ရင် ဒီအဖိုးကြီးကို သေတဲ့အထိ ရိုက်လိုက်စမ်းပါ..”
ဝမ်ချောင်အား အေးစက်စွာနှာရှုံ့၍ ပြောဆိုကာ အဖိုးအို တုတ်ကောက်ဖြင့် အရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားလိုက်၏။
ရုတ်တရက်ဆန်သည့် ဤစကားကြောင့် ဝမ်ချောင်သည်ပင် ကြက်သေသေသွားသည်။
“ဒီအဖိုးကြီးက ဒီနှစ်ဆိုရင် အသက် ၈၃ နှစ်ရှိပြီ။ တခြားသူတွေနဲ့မတူတာက ဒီအဖိုးအိုက မြို့တော်က မဟုတ်ဘူး။ တောင်ဘက်ပိုင်းကလူ။ လူတွေ ပြောကြသလိုပဲ။ ယောကျာ်းသားတွေက အသက်တစ်မျှင်စာအချိန်ပဲ ကျန်တော့တယ်ဆိုရင်တောင် တိုက်ခိုက်ကြတယ်။ ဒါပေမဲ့ ဗုဒ္ဓက အမွေးတိုင်တစ်ချောင်းစာတောင် တိုက်ခိုက်ခဲ့လို့လား။ အသက်ရှစ်ဆယ်ကျော်အထိ နေလာတာ ဘယ်သူနဲ့မှ မျက်နှာနီရဲတဲ့အထိ မငြင်းခုံဖူးဘူး။ ပြဿနာတစ်ခုခုနဲ့ကြုံတွေ့ရတိုင်း သည်းခံရမယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း သတိပေးတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ဒီအဖိုးအို လမ်းခရီးပင်ပန်းတဲ့ဒဏ်ကို သည်းခံပြီး မြို့တော်ထိ ရောက်အောင် လာခဲ့တယ်။ ဘာလို့လဲသိလား..”
ဝမ်ချောင်အား တုတ်ကောက်ဖြင့် ထိုးကာ အဖိုးအို နီရဲနေသည့်မျက်နှာဖြင့် ပြောလိုက်သည်။
“အဖိုး။ ရပ်လိုက်ပါ..”
“ဘာတွေ လုပ်နေတာလဲ..”
စုရွှတ်ရွှမ်းနှင့် ရွှီခဲ့ယီတို့နှစ်ဦးလုံး ဒေါသထွက် ထိတ်လန့်သွားခဲ့ကြသည်။ သို့သော် အဖိုးအိုအား ရိုက်နှက်ရန်မဆိုထားနှင့် မည်သူကမှ အရှေ့ပင် မတက်ရဲကြပေ။
အသက် ၈၀ အရွယ်ရှိသည့် အကြီးအကဲများသည် ကမ္ဘာပေါ်တွင် အရိုသေခံရဆုံးလူများ ဖြစ်သည်။
သူတို့အား ထိရဲသည့်လူ မည်သူမဆို ကမ္ဘာကြီး၏ ပြင်းပြင်းထန်ထန် တုန့်ပြန်ခြင်းကို ချက်ချင်းခံရကာ လူ့အဖွဲ့အစည်းမှ ထုတ်ပယ်ခံရပေလိမ့်မည်။
အဖိုးအိုအား မထိရဲသည့်အတွက်ကြောင့် နှစ်ဦးသားသည် သူတို့ခန္ဓာကိုယ်ဖြင့်သာ ဝမ်ချောင်အား ကာကွယ်ပေး၍ အဖိုးအို၏ရိုက်နှက်မှုများကို ခံယူလိုက်သည်။
“ရွှီခဲ့ယီ။ စုရွှတ်ရွှမ်း ဘေးဖယ်ကြစမ်း..”
မီးခိုးရောင်ဆံပင်နှင့် အဖိုးအိုအား ကြောင်အစွာ စိုက်ကြည့်ကာ ဝမ်ချောင် ပြောလိုက်သည်။ သူသည် အဖြေနည်းလမ်းပေါင်းစုံ။ ရန်သူပေါင်းစုံအား တွေးခဲ့ဖူး၏။ သို့သော် မဟာထန်၏ ဒေါသကြီးသည့် သာမန်အဖိုးအိုတစ်ဦးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မတွေးခဲ့ဖူးပေ။ ဤလူများသည် သူ နည်းလမ်းပေါင်းစုံ စဉ်းစားကာ ကာကွယ်ပေးနေသည့် လူများဖြစ်သည်။ ယခုအချိန်တွင် ဝမ်ချောင်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်နှင့် သွေးများ ဗြောင်းဆန်လာသည်ဟု ခံစားနေရ၏။ သို့သော် တစ်စုံတစ်ခုက သူတို့လမ်းကြောင်းအား ပိတ်ဆို့နေသကဲ့သို့ ပေါက်ကွဲထွက်၍မရဘဲ ဖြစ်နေခဲ့သည်။
“အဖိုးကို လာခိုင်းလိုက်..”
ဖြစ်နေသည့်အရာများကို သိသော်လည်း ဝမ်ချောင် ဂရုမစိုက်ပေ။ ဤအဖိုးအို ဘာပြောချင်နေလဲဆိုတာကိုသာ သူကြားချင်၏။ မည်သည့်အတွက်ကြောင့် ဤမျှလောက်ထိ ဒေါသထွက်နေရလဲဆိုတာ သိချင်သည်။
စုရွှတ်ရွှမ်းနှင့် ရွှီခဲ့ယီတို့ သူတို့ခန္ဓာကိုယ် တောင့်တင်းသွားသည်ဟု ခံစားလိုက်ရသည်။ မလုပ်ချင်သော်လည်း ဝမ်ချောင်၏အမိန့်များကို သူတို့ ဘယ်သောအခါမှ မဆန့်ကျင်ရဲပေ။ မျက်နှာအရောင်များ စိမ်းတလှည့်။ ဖြူတလှည့် ပြောင်းသွားကာ ဘေးသို့ရှောင်ပေးလိုက်၏။
“ဟမ့်။ ကောင်လေး။ ဒီအဖိုးအိုက အသက်လည်းကြီးပြီ။ ကိစ္စတွေလည်း အများကြီး ကြုံတွေ့ဖူးတယ်။ လုံလောက်အောင် နေလာပြီးပြီဆိုတော့ ထူးဆန်းထွေလာကိစ္စတွေလည်း အများကြီး မြင်ခဲ့ပြီးပြီ။ ဒါပေမဲ့ မင်းလိုလူမျိုးကိုတော့ ဒီအဖိုးကြီး အခုမှ ပထမဆုံး တွေ့ဖူးတာပဲ။ တခြားလူတွေက မင်း စစ်ဘီလူးဖြစ်နေတဲ့အတွက် မင်းကို ရိုက်နှက်ဖို့ လာကြတာ။ ဒါမှမဟုတ် မင်းက ပုန်ကန်ဖို့ စီစဉ်ဖို့ ရောက်လာကြတာပဲ။ ဒါပေမဲ့ ဒီအဖိုးကြီးကတော့ အဲလိုမဟုတ်ဘူး..”
တစ်ချက် အေးစက်စွာလှောင်ရယ်ကာ အဖိုးအို သူ၏အင်္ကျီရင်ဘတ်အတွင်းမှ စာအုပ်တစ်အုပ် ထုတ်ယူလာ၍ ဝမ်ချောင်ရှေ့ ပစ်ချလိုက်သည်။ စာအုပ်အဖုံးရှိ စာလုံးသုံးလုံး မြင်လိုက်ရသည့်အချိန်တွင် စုရွှတ်ရွှမ်းနှင့် အခြားသူများ မျက်နှာဖြူဖတ်ဖြူလျော် ဖြစ်သွားကြ၏။ ဝမ်ချောင်ကိုယ်တိုင်ကမူ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ မျက်နှာတစ်ခုလုံး သရဲတစ္ဆေတစ်ကောင်ကဲ့သို့ ဖြူဖျော့သွားသည်။ ဤစာအုပ်သည် အခြားစာအုပ် မဟုတ်ပေ။ ဝမ်ချောင်၏ ‘အင်အားကသာ အမှန်တရား’ ပင်။
ဝမ်ချောင် အကြောင်းအရာတစ်ခု နားလည်သွားသည်။ သို့သော် ဘာမှမပြောခဲ့ပေ။ အဖိုးအိုကိုသာ ဆက်လက်စိုက်ကြည့်နေ၏။
“အင်အားကသာ အမှန်တရား ဟုတ်လား။ ဒီအဖိုးကြီး နှစ်တွေအကြာကြီး အသက်ရှင်လာတာ ဒီလိုစာလုံးတွေကို စာအုပ်မျက်နှာဖုံးမှာ ရိုက်နှိပ်ပြီး ကမ္ဘာကို ဒီလိုအတွေးအခေါ်မျိုး ဖြန့်ဝေရဲတဲ့လူမျိုး တစ်ယောက်မှ မတွေ့ဖူးဘူး။ မင်းစာအုပ်ထဲမှာ ကျားကဝံပုလွေကို စားတယ်။ ဝံပုလွေကခွေးကို စားတယ်။ ခွေးကယုန်ကိုစားတယ်လို့ ရေးထားတယ်မလား။ ဒီအတွေးအခေါ်တွေသာ ပြန့်သွားရင် အလယ်ပိုင်းလွင်ပြင် ဘယ်လိုဖြစ်သွားမလဲဆိုတာ မင်းသိလား..”
“လုပ်စမ်းပါ။ မင်းက အရာရှိမျိုးရိုး။ ဗိုလ်ချုပ်မျိုးရိုးဆိုတာ ငါသိတယ်။ မင်းက အရမ်းတွေအင်အားကြီးပြီး သန်မာတယ်မလား။ ဒီအဖိုးကြီးကို သေတဲ့အထိ ရိုက်လိုက်စမ်းပါ။ ငါ နေရမဲ့နှစ်တွေလည်း ဘယ်လောက်မှမကျန်တော့ဘူး။ မင်းကိုယ်မင်း မှန်တယ်ထင်ရင်။ အင်အားကပဲ မှန်တယ်လို့ထင်ရင် လာစမ်းပါ။ ဒီအဖိုးကြီးကို သေအောင် လာရိုက်လိုက်စမ်းပါ..”
ပြောပြောဆိုဆိုဖြင့် အဖိုးအို ဒေါသတကြီး ဝမ်ချောင်ရှေ့ တိုးသွားကာ ဝမ်ချောင်အား ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။
“ဝမ်ချောင် မလုပ်ရဲပါဘူး..”
ဝမ်ချောင် မျက်နှာ ပျက်ယွင်းသွားကာ အလိုအလျောက် အနောက်ပြန်ဆုတ် လိုက်သည်။ သို့သော် ထို့နောက်တွင်..
ဖြန်းး..
လက်ဝါးတစ်ချက် ဝမ်ချောင်၏မျက်နှာထက် ကျရောက်လာ၏။ ဤဖြစ်ရပ်သည် အလွန်ရုတ်ချည်း ဆန်လှကာ စုရွှတ်ရွှမ်းနှင့် အခြားသူများမဆိုထားနှင့် အဖိုးအိုနောက်ရှိ ပြည်သူများသည်ပင် ကြက်သေသေကုန်ကြသည်။ လူအုပ်ကြီးရှေ့တွင် အဖိုးအို ဝမ်ချောင်အား ပြင်းထန်စွာ ရိုက်နှက်လိမ့်မည်ဟု မည်သူမှ မထင်ထားပေ။
“အရှင်..”
ဝမ်ချောင်၏ နောက်လိုက်များ မျက်နှာ သွေးဆုတ်ကုန်ကြသည်။ သို့သော် ယခုမှသာ တုန့်ပြန်လာနိုင်ကြကာ ဝမ်ချောင်နှင့် အဖိုးအိုကြား ကြားဝင်၍ကာဆီးလိုက်၏။
“ကောင်စုတ်တွေ။ ငါ့ရှေ့က ဖယ်ကြစမ်း..”
အဖိုးအို၏ မျက်လုံးများသည် ဝမ်ချောင်ကိုသာ စူးရှစွာစိုက်ကြည့်နေကာ စုရွှတ်ရွှမ်းတို့အုပ်စုအား စတင်၍ ဆဲဆိုတော့သည်။
“ဦးနှောက် မရှိတဲ့ကောင်။ ဒီအဖိုးကြီး ဒီနေ့ ဒီနေရာလာတာ မင်းကို ရိုက်နှက်ပြီး သင်ခန်းစာပေးဖို့ပဲ။ အသက်ငယ်ငယ်လေးနဲ့ မင်းကိုယ်မင်း သွေးနားထင် ရောက်နေတယ်။ သင်ပြပေးမဲ့လူမရှိတော့ မင်းကိုယ်မင်း ဆရာသခင်ကျူးလို့ တွေးပြီး အတွေးအခေါ်စာအုပ်တွေ ရေးရဲတယ်ပေါ့။ မင်းရဲ့ဒိဠိအယူအဆတွေသာ နယ်မြေအနှံ့ ပြန့်သွားရင် ဒီအင်ပါယာကြီးက သားရဲတိုင်းပြည် ဖြစ်သွားမှာပဲ။ ဘာတရားမျှတမှု။ ဘာကြင်နာခြင်းတရားမှ မရှိတော့ဘူး။ လက်သီးကပဲ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆို ဆုံးဖြတ်ပေးတဲ့နေရာ ဖြစ်သွားလိမ့်မယ်။ သားသမီးတွေလည်း သူတို့မိဘတွေပေါ် ဘာရိုသေလေးစားမှုမှ ရှိတော့မှာ မဟုတ်ဘူး။ ဒါက ဝမ်ကန်းကျစ်နဲ့ မင်းအမေ မင်းကို သင်ပေးထားတာလား။ မင်းအဖေ မင်းကို ကောင်းကောင်း မသင်ပြပေးရင် ဒီအဖိုးကြီး သင်ပေးမယ်။ မင်းကို သေတဲ့အထိ ရိုက်ပစ်မယ်ကွ။ ဦးနှောက်မရှိတဲ့ကောင်..“
ဒေါသတကြီး ကျိန်ဆဲကာ အဖိုးအို တုတ်ကောက်မြှောက်၍ စုရွှတ်ရွှမ်းနှင့် ရွှီခဲ့ယီတို့ကို ရှောင်ကာ ဝမ်ချောင်အား ရိုက်နှက်ရန် ကြိုးစားတော့သည်။ မျက်နှာပင် ပြာနှမ်းလာကာ အင်အားမရှိသော်လည်း ရှိသည့်အင်အားအားလုံးကို တုတ်ကောက်အတွင်း ထည့်သွင်းထား၏။ ဆိုးယုတ်သည့်ကလေးတစ်ဦးအား စည်းကမ်း သင်ပြပေးနေသကဲ့ပင်။
ဝုန်းး..
ဒေါသထွက်နေသည့် ဤအဖိုးအိုအား ဝမ်ချောင် တွေဝေကြောင်အစွာ ငေးကြည့်နေမိသည်။ နားထဲတွင် တဝီဝီမြည်နေကာ ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးနေသည်ဟု ခံစားနေရ၏။ နှလုံးမှာလည်း လက်တစ်စုံ၏ တင်းကြပ်စွာ ဆုပ်ညှစ်ခြင်းကို ခံနေရသည့်နှယ်။ ယခုတွင် သူသည် တစ်စုံတစ်ခု၏ စီးနင်းခြင်းကို ခံနေရသကဲ့ပင်။
ဤအဖိုးအိုအား မည်သူကမှ အတင်းအကြပ် ပြုလုပ်ခိုင်းခြင်းမျိုး မရှိသည်ကို ဝမ်ချောင် ခံစားမိ၏။ သူ၏စကားလုံးတိုင်းသည် နှလုံးအောက်ခြေမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူ၏ ရိုးသားစစ်မှန်သည့်အမြင်ပင်။
ဝမ်ချောင် စိတ်ထဲတွင် ဗလာကျင်း ဖြစ်သွားကာ နားထဲတွင် မည်သည့်အသံမှ မကြားရတော့ပေ။ အဖိုးအို၏ပါးစပ် ပိတ်လိုက်ဖွင့်လိုက် ဖြစ်နေသည်ကိုသာ မြင်နေရ၏။ သူ၏ဝိညာဉ်က သူ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားဟန်ပင်။
“စုရွှတ်ရွှမ်း။ အရှင့်ကို အထဲခေါ်သွား။ ဒီမှာဆက်နေလို့မရတော့ဘူး။ ဒီအဖိုးကို ငါ ထိန်းထားလိုက်မယ်..” ရွှီခဲ့ယီ စုရွှတ်ရွှမ်းအား အမိန့်ပေးလိုက်သည်။ လူအုပ်ကြီးက ပိုပို၍ အထိန်းအကွပ် မဲ့လာသည်ကိုကြည့်ကာ စိုးရိမ်လာ၏။
“အားလုံးပဲ ကြည့်ကြပါဦး။ လူသတ်မိစ္ဆာဘုရင်ရဲ့ နောက်လိုက်တွေ လူသတ်ကြတော့မယ်..”
ရွှီခဲ့ယီနှင့် အခြားသူများ အရှေ့တက်လာသည်နှင့် လူအုပ်ကြီးထံမှ အော်ဟစ်သံများ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။ ဒေါသအဟုန်ဖြင့် အရှေ့သို့ တိုးသွားလိုက်ကြ၏။
“ဒီကောင်တွေကို သေအောင်ရိုက်ကြ..”
“သူက မျိုးနွယ်ခြားဘုရင်ဖြစ်နေတော့ရော ဘယ်သူ ဂရုစိုက်မှာလဲ။ သူတို့က တကယ်ပဲ လူသတ်ရဲမှာလား..”
အော်ဟစ်သံများ ပိုမိုကျယ်လောင်လာကာ ကျောက်တုံးမိုးများလည်း နောက်တစ်ကြိမ် ရွာသွန်းလာ၏။ ရွှီခဲ့ယီနှင့် အခြားသူများသည် ဤကျောက်တုံးများအား ဘာမှမလုပ်ရဲကြပေ။ ခေါင်းကိုသာ လက်နှစ်ဖက်ဖြင့်ကာ၍ ခန္ဓာကိုယ်ကိုမူ ကျောက်တုံးများ ထိမှန်စေလိုက်တော့လေသည်။
******
အပိုင်း ၁၃၁၄
ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်း
ခွပ် ခွပ် ခွပ်..
မြင်းခွာသံများ ရုတ်တရက် လေထုအတွင်း ပြန့်နှံ့ထွက်ပေါ်လာကာ လူအုပ်ကြီးအနား အလျင်အမြန် ချဉ်းကပ်လာခဲ့သည်။ လေထုအတွင်းတွင် အလံများက တလွင့်လွင့်မြောလွင့်နေကာ ဤအလံများအောက်တွင် မြို့စောင့်တပ်ဖွဲ့၏ မြင်းစီးသူရဲများ မရေမတွက်နိုင်အောင် ရှိနေ၏။
“တော်ဝင်ရုံးတော်က ဒီနေရာမှာ လူစုဝေးခွင့် တားမြစ်ထားတယ်။ မြို့စောင့်တပ်ဖွဲ့တွေ ရောက်လာပြီ။ လူတိုင်း အခုချက်ချင်း လူစုခွဲကြ..” ကျယ်လောင်သောအသံတစ်သံ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
“အမိန့်ထုတ်ပြန်တယ်။ ၁၅ မိနစ်အတွင်း ဒီနေရာမှာ ရှိနေသေးတဲ့လူတွေ ဘယ်သူ့ကိုမဆို တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ ဖမ်းဆီးပြီး မြို့တော်ရာဇဝတ်တရားသူကြီးဆီ လွဲပြောင်းပစ်မယ်..”
ဝုန်းး…
မြို့စောင့်တပ်ဖွဲ့သည် တော်ဝင်မြို့တော်၏ အစိုးရလက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်ကာ ဥပဒေများ ထိန်းသိမ်းနိုင်သည့် လုပ်ပိုင်ခွင့်အာဏာရှိ၏။ မြို့စောင့်တပ်ဖွဲ့၏ အလံများနှင့် ထိုအသံသည် လူအုပ်ကြီးအား ချက်ချင်း ငြိမ်ကျသွားစေခဲ့သည်။ အလျင်အမြန်ပင် နေရာအနှံ့ ထွက်ပြေးကာ လူစုခွဲကြတော့၏။
“ချောင်အာ။ ငါလာတာ နောက်ကျသွားတယ်..”
မြို့စောင့်တပ်ဖွဲ့ချပ်ဝတ် ဝတ်ဆင်ထားသည့် ဗိုလ်ချုပ်တစ်ဦး ရှေ့ထွက်လာကာ ဝမ်မိသားစုစံအိမ်ဂိတ်တံခါးရှေ့ ရပ်လိုက်သည်။ ထိုသို့ပြောပြီးသည်နှင့် ဗိုလ်ချုပ်ဖြစ်သူသည် သူ၏ခေါင်းဆောင်း ချွတ်လိုက်၏။ ဝမ်ချောင်၏ဦးလေး လီလင်း၏ စိုးရိမ်ပူပန်နေသော မျက်နှာ ထွက်ပေါ်လာခဲ့သည်။ ဝမ်ချောင်အား ကြည့်ကာ တောင်းပန်သည့်လေသံဖြင့် ပြောလိုက်၏။
“မတော်တဆမှု တစ်ခုဖြစ်သွားလို့ တော်ဝင်ရုံးတော်က လူတွေက မြို့စောင့်တပ်ဖွဲ့စစ်သားတွေကို တခြားနေရာကို သွားခိုင်းနေတာ။ ငါလည်း အမိန့်ရတာနဲ့ တာဝန်ထမ်းဆောင်ဖို့ သွားလိုက်တာ။ ငါ မရှိတဲ့အချိန်တိုအတွင်း ဒီလောက်ထိကြီးတဲ့ ကိစ္စမျိုး ဖြစ်သွားလိမ့်မယ်လို့ မထင်ထားဘူး..”
လီလင်းသည် ဝမ်မိသားစုစံအိမ်ဘေးပတ်ပတ်လည်တွင် မြို့စောင့်တပ်ဖွဲ့စစ်သားများကို ဦးဆောင်ရန် တာဝန်ကျထားသည့်လူ ဖြစ်၏။ ယခင်တွင် မည်သည့်ပြဿနာမှ မရှိခဲ့ပေ။ ယခုတစ်ကြိမ်တွင် လူအများအပြား ပေါ်လာခြင်းမှာ ဤကိစ္စများ နောက်ကွယ်တွင် လက်မည်းတချို့ ရှိနေကြောင်း ဖော်ပြနေခြင်းပင်။ သို့သော် လီလင်းသည် ဤကိစ္စအကြောင်း စုံစမ်းရန် သိပ်ဂရုမစိုက် နိုင်သေးပေ။ ဝမ်ချောင်၏ လက်ရှိအခြေအနေက ပို၍စိုးရိမ်စရာ ကောင်းနေလေသည်။
မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေကာ ဝိညာဉ်နှင့်ခန္ဓာ မကပ်နေသကဲ့ပင်။ တစ်ခုခု မှားယွင်းနေလေပြီ..။
“မြန်မြန် သူ့ကို အထဲ သယ်သွားကြ..”
စဉ်းစားမနေတော့ဘဲ လီလင်းမှ ဝမ်ချောင်ဘေးရှိ ရှီခဲ့ယီ။ စုရွှတ်ရွှမ်း၊ ရွှီချန်ကျွင်း၊ ကျန်းကျွယ်နှင့် အခြားသူများကို ဝမ်ချောင်အား စံအိမ်အတွင်း ခေါ်သွားခိုင်းလိုက်သည်။
ဘုတ်..
သို့သော် မည်သူမှ မလှုပ်ရှားရသေးခင်မှာပင် ပုံရိပ်တစ်ခု မြေပြင်ထက် လဲပြိုကျသွား၏။
“အရှင်..”
“ချောင်အာ..”
ဤမြင်ကွင်းမြင်သော် ကြောက်ရွံ့မှုကြောင့် လူတိုင်း မျက်နှာအရောင် ဖျော့သွား၏။ ဝမ်ချောင် မြေပြင်ထက် လဲကျသွားသည်။ မျက်နှာအရောင်မှာ ဖြူဖတ်နေကာ အံကြိတ်ထား၍ လက်သီးများကိုလည်း တင်းကြပ်စွာ ဆုပ်ထား၏။ သတိမလည်တော့ဘဲ အသက်ရှူနှုန်းမှာလည်း အားနည်းနေသည်။
“မြန်မြန် သမားတော်ခေါ်..” ထိတ်လန့်ပူပန်မှုများဖြင့် လီလင်း အော်လိုက်သည်။ ဝမ်ချောင်အား မြေပြင်ထက်မှ ပွေ့ချီကာ ဝမ်ချောင်၏အခန်းအတွင်းသို့ ပြေးသွားတော့သည်။
……
“ဟား ဟား ဟား။ ဝမ်ချောင်။ တစ်ကမ္ဘာလုံး မင်းရန်သူဖြစ်လာတာ ဘယ်လိုခံစားရလဲ..”
အမှောင်ထုအတွင်းမှ မထီတရီရယ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ဤနေရာသည် ကြီးမားကျယ်ပြောသည့် တောင်တစ်တောင်ဖြစ်ကာ ဘေးပတ်ပတ်လည်တွင် အလောင်းကောင်များ။ သောင်းနှင့်ချီသော သွေးစီးကြောင်းများဖြင့် ဝန်းရံနေ၏။ ကောင်းကင်ထက်တွင် လျှပ်စီးတန်းများ တဖျတ်ဖျတ်လျှပ်နေကာ လျှပ်စီးတစ်ချတက် လင်းသွားသည့်အချိန်တွင် အနီရောင်လှံတံ ကိုင်ဆောင်ထားကာ အနီနှင့်အနက်ချပ်ဝတ် ဝတ်ဆင်ထားသည့်ပုံရိပ်တစ်ခုကို ဝမ်ချောင် တစ်ချက် မြင်လိုက်ရသည်။ ဤလူသည် တောင်ထိပ်၌ ရပ်နေကာ ပါးစပ်တွင် ခနဲ့တဲ့တဲ့လှောင်ပြုံးတစ်ခု ချိတ်ဆွဲထား၏။
“ကမ္ဘာကြီးကို ကယ်တင်ချင်တာလား။ သူရဲကောင်း ဖြစ်ချင်တာလား။ ကမ္ဘာပေါ်ကလူတွေက မင်း သူတို့ကို ကယ်တာ ခံချင်လို့လား။ မင်း အကောင်းဆုံး ကြိုးစားလုပ်ခဲ့လည်း စီရင်စုကိုးခုက ငါ့လက်ထဲပဲ ရောက်လာခဲ့တာပဲမလား..”
“ဝမ်ချောင်။ မင်း ရှုံးပြီ..”
ယာလော့ရှန်း၏ စဉ်းလဲသောရယ်သံ လေထုတစ်ခွင် ပြန့်နှံ့သွားသည်။
ဝမ်ချောင်၏ မျက်လုံးများထဲတွင် သွေးများ ချက်ချင်းဆောင့်တက်လာကာ လက်သီးကို တင်းကြပ်စွာဆုပ်၍ ထိုခပ်ဝဝပုံရိပ်ထံ ပြေးသွားလိုက်၏။
“ငါ မရှုံးသေးဘူးကွ။ ယာလော့ရှန်း။ မင်း အရှုံးပေးဖို့ပြင်ထား..”
သို့သော် ဝမ်ချောင် အရှေ့သို့ မပြေးတက်သွားနိုင်သေးစဉ်မှာပင်။ ဝုန်းး…
ကမ္ဘာကြီး အမှောင်ကျသွားကာ အလောင်းကောင်များ။ သွေးစီးကြောင်းများနှင့်အတူ တောင်ကြီးသည်လည်း ပျောက်ကွယ်သွား၏။ အနက်ရောင်လေဟာနယ်သာ ကျန်ရှိနေခဲ့သည်။
“သတ်ကြ…”
တစ်ခဏအကြာတွင် စစ်ပွဲကြွေးကြော်သံများ မိုးခြိမ်းသံကဲ့သို့သော မြင်းခွာသံများက ကမ္ဘာကြီးအား တုန်လှုပ်စေခဲ့သည်။ အစပိုင်းတွင် သေးငယ်သော ဆူညံသံတစ်ခုသည် အလျင်အမြန်ပင် ကျယ်လောင်သော ကြွေးကြော်သံများအဖြစ် ပြောင်းလဲသွားကာ မိုင်ပေါင်းတစ်ရာအထိ ပြန့်နှံ့သွား၏။ ကမ္ဘာကြီး၏ အခြေခံအုတ်မြစ်အား လှုပ်ခါပစ်လိုက်သည့် မြေငလျင်တစ်ခုနှယ်။ မရေမတွက်နိုင်သော ချပ်ဝတ်စစ်သည်တော်များ ကြွေးကြော်ကြကာ ဓားများ၊ လှံတံများ ကိုင်မြှောက်၍ ဝမ်ချောင်အား ဖြတ်ကျော်ကာ အရှေ့သို့ ပြေးတက်သွားခဲ့ကြသည်။
“အရှင်။ ကျွန်တော်တို့ အမြဲတမ်း အရှင့်နောက် လိုက်နေမယ်..”
“မဟာထန်အတွက်..”
“သတ်ကြ…”
ဤကြွေးကြော်သံများသည် အားမာန်ပါလွန်း၍ လူတစ်ယောက်၏ သွေးများကိုပင် ဆူပွက်လာစေနိုင်၏။ ဝမ်ချောင်၏ မျက်စိတစ်စုံး၌ မြင်နေရသည်မှာ စစ်သားများသာ..။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ချောင်သည် တိုက်ပွဲစဉ်တစ်ခုတွင် သူ၏စစ်တပ်ကို ဦးဆောင်၍ စီရင်စုကိုးခုတစ်လျှောက်ရှိ ကျူးကျော်သူများကို တိုက်ခိုက်သည့်အချိန်သို့ ပြန်ရောက်သွားခဲ့သည်။
“သတ်ကြ…”
ဝမ်ချောင်သည်လည်း သူ၏သွေးများ ပွက်ပွက်ဆူလာသည်ဟု ခံစားလိုက်ရ၏။ ချွင်… ဓားအား ဓားအိမ်အတွင်းမှ အားမာန်ပါပါ ဆွဲထုတ်လိုက်သည်။ သို့သော် အရှေ့သို့ ပြေးမတက်ရသေးစဉ်မှာပင် သွေးစွန်းနေသောလက်တစ်ဖက် မြေကြီးအတွင်းမှ တိုးထွက်လာကာ ဝမ်ချောင်၏ ညာဘက်ခြေထောက်အား စွဲကိုင်လိုက်သည်။
“အရှင်။ ကျွန်တော်တို့ကို ဘယ်သူမှ နားမလည်ကြဘူး။ လူတိုင်း လက်လျှော့ကုန် ကြပြီ။ ကျွန်တော်တို့ အခုလိုခုခံ နေတာက တကယ်ပဲ ဘာအဓိပ္ပာယ်မှ မရှိဘူးလား..”
ဝမ်ချောင် ခေါင်းငုံ့ကြည့်လိုက်သည်။ ထိုအခါမှသာ မြေပြင်ထက်တွင် ဤတိုက်ပွဲစဉ်အတွင်း သူနှင့်လိုက်ပါလာခဲ့သည့် စစ်သားများ၏ အလောင်းများ ဖုံးလွှမ်းနေသည်ကို သတိပြုမိသွား၏။ သူ၏ခြေရင်းတွင် သူ၏လက်အောက်ငယ်သား ဖြစ်ခဲ့ဖူးသည့် ဗိုလ်မှူးတစ်ယောက် သွေးများပေကျံနေသည်။ သူ၏ချပ်ဝတ်မှာ စုတ်ပြတ်နေကာ သူ့အားကြည့်နေသည့် မျက်နှာမှာလည်း သွေးရောင်မရှိတော့ပေ။ မျက်လုံးများမှာ ပင်ပန်းနွမ်းနယ်ကာ စိတ်ဓာတ်ကျနေကြောင်း ဖော်ပြနေသည်။
“အရှင်။ ကျွန်တော်တို့ လုပ်နေတာတွေက တယ်ပဲ ဘာအဓိပ္ပာယ်မှ မရှိဘူးလား..”
“ကျွန်တော်တို့ကို ဘယ်သူမှ နားမလည်ဘူး။ ကျွန်တော်တို့ကို ဘယ်သူမှ နားလည်မပေးကြဘူး..”
မရေမတွက်နိုင်သော အသံများ ဝမ်ချောင်၏ နားစည်အတွင်း စတင်ဝင်ရောက်လာသည်။ ဘေးပတ်ပတ်လည်ရှိ စိတ်ပျက်အားလျော့နေသော မျက်နှာများကို ဝမ်ချောင် ကြောင်အစွာသာ စိုက်ကြည့်နေမိ၏။ ထိုအချိန်တွင် ရုတ်တရက် ကမ္ဘာကြီး ချာချာလည်လာကာ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းမှ ချွေးစေးများ ထွက်လာခဲ့သည်။
“မင်းက ဒီနယ်မြေကို ဗြောင်းဆန်အောင် လုပ်နေတဲ့ တရားခံပဲ..”
သူ၏နားထဲတွင် အသံတစ်သံ ထွက်ပေါ်လာခဲ့၏။ ထို့နောက်တွင် အသံများ ထောင်သောင်းနှင့်ချီ ဆက်လက်ထွက်ပေါ်လာခဲ့သည်။
ဝုန်းး…
ကမ္ဘာကြီး ရုတ်တရက် တစစီ ပြိုကျသွားသည်။ ထို့နောက်တွင် လှိုင်းလုံးများ မရေမတွက်နိုင်အောင် လိမ့်တက်လာခဲ့၏။ ဝမ်ချောင် သူ့ကိုယ်သူ အဆုံးမရှိသည့် ပင်လယ်ပြင်အတွင်းတွင် လှိုင်းလုံးများကြား၌ ပေါ်တစ်လှည့်မြှုပ်တစ်လှည့် ဖြစ်နေသည့် သစ်သားတုံးတစ်တုံးကဲ့သို့ ခံစားလိုက်ရ၏။ အေးစက်မှု၊ လေးလံမှုတို့နှင့် မွန်းကြပ်သည့် ခံစားချက်များက သူ၏စိတ်နှလုံးနှင့် ခန္ဓာကိုယ်တစ်ခုလုံး၌ ပြည့်နှက်လာ၏။
ဝေါ… အမှောင်ထုအတွင်းမှ လှိုင်းလုံးတစ်လုံး လိမ့်တက်လာခဲ့သည်။ ထို့နောက်တွင် ဒုတိယမြောက်၊ တတိယမြောက်၊ ကြီးမားပြင်းထန်သည့် လှိုင်းလုံးများ တစ်လှိုင်းပြီးတစ်လှိုင်း လှိုက်တက်လာကာ ဝမ်ချောင်အား ပင်လယ်အောက်ခြေသို့ တစ်ကြိမ်ပြီး တစ်ကြိမ် ဆွဲချနေတော့သည်။
မှောင်မိုက်ခြင်း၊ အေးစက် စိတ်ပျက်အားငယ်ခြင်၊ ခံစားချက်ပေါင်းစုံ ဝမ်ချောင်၏ စိတ်အတွင်း အရှိန်အဟုန်ပြင်းပြင်း ဆောင့်ဝင်လာ၏။ မကြုံစဖူး အထီးကျန်ဆန်သည့် ခံစားချက်ကို ဝမ်ချောင် ခံစားလိုက်ရသည်။
“သမားတော်။ အရှင် ဘာဖြစ်တာလဲ..”
အမှောင်ထုအတွင်းတွင် ဝမ်ချောင် တိုးလျသည့် စိုးရိမ်တကြီး အသံတစ်သံ ကြားလိုက်ရသည်။ ထို့နောက်တွင် ဆက်လက်၍ သက်ပြင်းချသံတစ်သံ ကြားလိုက်ရ၏။
“ဟူးး။ အရှင်က စိတ်ဓာတ်ကျနေပြီး စိတ်ထဲမှာ တောက်လောင်နေတဲ့ မီးတောက်တစ်ခု ရှိနေတယ်..”
“ကျုပ်သုံးသပ်ချက်သာ မှန်မယ်ဆိုရင် အရှင် အရင်ကလည်း ဒီလိုဝေဒနာမျိုး ခံစားဖူးတယ်။ သူ့ချီစွမ်းအင်နဲ့ သွေးတွေ ကစဉ့်ကလျား ဖြစ်နေတယ်။ အခြေအနေကတော့ အကောင်းဘက်မှာ မရှိဘူး..”
……
ဝုန်းး…
အရှေ့ရှိ မြင်ကွင်းများ ပျောက်ကွယ် သွားခဲ့သည်။
အဆက်မပြတ် ပြောင်းလဲနေသည့် မြင်ကွင်းတစ်ခုအတွင်းသို့ ဝမ်ချောင် ပြုတ်ကျသွား၏။ ယခုတွင် သူသည် မီးတောက်များဖုံးလွှမ်းနေသည့် ကမ္ဘာအတွင်း ရှိနေသည်။ ထို့နောက်တွင် အလွန်အမင်းအေးခဲသည့်နေရာသို့ ရောက်နေ၏။ ဝမ်ချောင်၏ စိတ်အစဉ်သည် မီးတောက်နှင့် ရေခဲကြားတွင် အဆက်မပြတ် ခေါက်တုံ့ခေါက်ပြန် ရှေ့နောက် လူးလွန့်နေခဲ့သည်။
ဘုရင်ချီ၊ စုန့်ဘုရင်၊ ပထမမင်းသား၊ ပဉ္စမမြောက်မင်းသား၊ လီကျွင်းရှန်း၊ သူ၏မျက်စိရှေ့တွင် မရေမတွက်နိုင်သော ပုံရိပ်များ ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေ၏။ နောက်ဆုံးတွင် ဝမ်ချောင် လုံးဝ သတိလစ်သွားခဲ့တော့သည်။
ယခုအချိန်တွင် ဝမ်မိသားစုစံအိမ်သည် ဝမ်းနည်းပူဆွေးခြင်း၊ စိတ်ဖိစီးခြင်း တိမ်စိုင်တိမ်မည်များကြား နစ်မြှုပ်နေ၏။
စုန့်ဘုရင်၊ ကျန့်ချိုးကျန်းချုံး။ ဝမ်ကန်း။ အကြီးအကဲယဲ့နှင့် အကြီးအကဲကျောင်းတို့အားလုံး ဝမ်ချောင်၏အခန်းအတွင်း စုဝေးနေကြသည်။ ဝမ်ချောင်၏အိပ်ယာဘေးတွင် သူ၏အမေသည် မျက်ရည်များ တိတ်တဆိတ် ခိုးသုတ်နေ၏။ အခန်းထောင့်တွင် အစေခံများသည် သတိကင်းမဲ့နေသော ဝမ်ချောင်အားကြည့်ကာ မျက်နှာမှာ စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖတ်နေကြသည်။ သူတို့သည်လည်း မျက်ရည်များ ခိုးသုတ်နေကြလေသည်။
ဤမြင်ကွင်းမြင်ရသော် လူတိုင်း အပြစ်ရှိစိတ် ခံစားလာကြရ၏။ သူတို့အားလုံး သတင်းကြားကြားချင်း ပြေးလာကြခြင်း ဖြစ်သည်။ အံကြိတ်ကာ သတိမေ့နေသည့် ဝမ်ချောင်အား မြင်လိုက်ရသည့်အချိန်တွင် အားလုံး ပြင်းထန်သည့် နောင်တစိတ်တို့ ဖြစ်ပေါ်လာကြ၏။
မဟာထန်သည် လူတိုင်း၏မဟာထန် ဖြစ်သည်။ ဝမ်ချောင်တစ်ဦးတည်း၏ မဟာထန် မဟုတ်ပါ။ သို့သော် ဤကိစ္စတွင် ဝမ်ချောင်သည် ချွင်းချက်မရှိ တစ်ကိုယ်တည်း တိုက်ခိုက်နေရ၏။ သူ၏ရှုံးနိမ့်မှုကို အဖတ်ဆယ်ရန်၊ လူများ၏ စိတ်အတွေးကို ပြောင်းလဲရန် တစ်ကြိမ်ပြီး တစ်ကြိမ် အားသွန်ခွန်စိုက် ရုန်းကန်ခဲ့သည်။ စုန့်ဘုရင်ဖြစ်စေ၊ ကျန့်ချိုးကျန်ချုံး ဖြစ်စေ သို့မဟုတ် အခြားသူများဖြစ်စေ မည်သူကမှ သူ့အား မယ်မယ်ရရ အကူအညီများ မပေးခဲ့ပေ။ ဤအပိုင်းတွင် သူတို့သည် သူတို့ကိုယ်သူတို့ အပြစ်မတင်ဘဲ မနေနိုင်ပေ။
“ဒီကောင်လေး သတိမေ့နေတာ ရက်တွေကြာနေပြီ။ ကြည့်ရတာ ဒီကိစ္စက သူ့ပေါ် ထိချက်တော်တော် ပြင်းသွားတဲ့ပုံပဲ..”
“ဒီကိစ္စကို ဒီတိုင်းဆက်ဖြစ်ခွင့် ပေးလို့မရဘူး။ တစ်ခုခု လုပ်မှရမယ်။ အကုန်လုံးကို ဒီကောင်လေးပုခုံးပေါ်ပဲ ပစ်တင်လိုက်လို့ မရဘူး။ မမေ့လိုက်နဲ့။ သူ့အသက်က ၁၈ နှစ်ပဲ ရှိသေးတယ်..”
“ဒါပေမဲ့ ကျုပ်တို့ လုပ်နိုင်တာ ဘာမှမရှိဘူးလေ။ ဆရာသခင်ကျူးက ကွန်ဖြူးရှပ်သမားတွေအားလုံးရဲ့ ခေါင်းဆောင်။ တစ်ကမ္ဘာလုံးမှာ ဩဇာအာဏာ အကြီးမားဆုံးပုဂ္ဂိုလ်ပဲ။ အရင်ဧကရာဇ်တောင်မှ သူ့ကို ရိုရိုသေသေ ဆက်ဆံခဲ့တာ။ ပြီးတော့ အခုအချိန်မှာ လူအများစုက ကွန်ဖြူးရှပ်သမားတွေကို ထောက်ခံ အားပေးနေကြပြီ..”
ကူကယ်ရာမဲ့စွာဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ လူတိုင်း စိတ်ခံစားချက်များ ထိုင်းမှိုင်းလာသည်။ စိတ်ဖျားနာခြင်းသည် စိတ်ကုထုံးဖြင့် ပြန်လည်ကုသရန်လိုအပ်၏။ သို့သော် အရိုးစွဲနေသည့် အလေ့အကျင့်များကမူ ကျော်လွှားရန် ခက်ခဲသည်။ သူတို့အားလုံး အစွမ်းကုန် လုပ်ဆောင်ကြမည်ဆိုလျှင်ပင် လူများ၏ ငြိမ်းချမ်းရေး လိုလားတောင့်တသည့်စိတ်အား ပြောင်းလဲနိုင်မည်မဟုတ်ပေ။ ယခုတွင် စိုးရိမ်စရာအကောင်းဆုံးမှာ ဝမ်ချောင်၏ အခြေအနေဖြစ်သည်။ အိပ်ယာထက်ရှိ လူငယ်လေး၏ မျက်နှာကိုကြည့်ကာ မျက်ခုံးများမှာ စိုးရိမ်မှုကြောင့် စုကြုံ့လာ၏။
ဝမ်ချောင်၏ဦးလေး ဝမ်ကန်းမှ ပစ္စည်းများသိမ်းနေသည့် တော်ဝင်သမားတော်ဘက် လှည့်ကာ မေးလိုက်သည်။ “သမားတော်။ သုံးရက်တောင် ရှိနေပြီ။ ချောင်အာရဲ့ဒဏ်ရာကို ကုသဖို့ တကယ်ပဲ ဘာနည်းလမ်းမှ မရှိတော့ဘူးလား..”
စုန့်ဘုရင်မှ ဖိတ်ခေါ်ခဲ့သည့် တော်ဝင်သမားတော် ခေါင်းခါရမ်းလိုက်သည်။ “ဟူး။ လုပ်နိုင်တာ ဘာမှမရှိဘူးကွယ်။ အရှင် ဘယ်လိုကျင့်စဉ်တွေ ကျင့်ကြံလဲဆိုတာ ကျုပ် မသိဘူး။ ဒါပေမဲ့ သူ့ကိုယ်ထဲမှာ အမျိုးအစား မတူတဲ့ချီတွေ ဒါဇင်နဲ့ချီ ရှိနေတယ်။ ဒါတွေရယ် စိတ်ဖျားနာတာရယ် ပေါင်းသွားလို့ အရှင် သတိမေ့နေတာ။ စိတ်ဖျားနာတာကို စိတ်ကုထုံးနဲ့ပဲ ကုလို့ရတယ်။ အရှင် ပြန်သက်သာ လာချင်တယ်ဆိုရင် သူ့ကိုယ်သူပဲ အားကိုးရမှာပဲ..”
စိတ်ခံစားချက်များ ပိုမိုလေးလံလာကာ အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။
ဖျောက်..
ထိုအချိန်တွင် အခန်းထောင့်၌ ရပ်နေသည့် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး လှုပ်ရှားလာ၏။ မျက်ဝန်းများတွင် မျက်ရည်များ စိုစွတ်နေဆဲဖြစ်ကာ ဝမ်ချောင်၏ အိပ်ယာနား ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
“သခင်မလေး ရွှီ”
ရွှီချီချင်အား ကြည့်ကာ လူတိုင်း၏မျက်လုံးများထဲတွင် ပူဆွေးရိပ်များ ပိုမိုကြီးမားလာခဲ့သည်။ ရွှီချီချင်နှင့် ဝမ်ချောင်ကြားမှ ဆက်ဆံရေးသည် လျှို့ဝှက်ချက် တစ်ခုမဟုတ်ပေ။ သူတို့နှစ်ဦး တစ်ဦးအပေါ်တစ်ဦး မေတ္တာရှိသည်ကို မည်သူမဆိုသိ၏။ အခြားသူများက တစ်ရက်တစ်ကြိမ်သာ လူနာ လာကြည့်ကြသော်လည်း ရွှီချီချင်သည် သုံးကြိမ် လာတတ်သည်။
“သခင်မလေးရွှီ။ ကိုယ့်ကျန်းမာရေးကိုကိုယ် ဂရုစိုက်ပါဦး။ ချောင်အာသာ သခင်မလေးကို ဒီလိုပုံစံမျိုးနဲ့မြင်ရင် တော်တော် စိုးရိမ်မိပါလိမ့်မယ်..” ဝမ်ကန်း စိတ်မကောင်းဖြစ်စွာ ပြောလိုက်သည်။ ဝမ်ချောင် အိပ်ယာထက် လှဲသွားသည့် အချိန်မှစ၍ ဤကလေးမသည်လည်း သိသိသာသာ ပိန်ကျသွားသည်။ တစ်ကိုယ်လုံးတွင် အင်အားများပင် မရှိတော့သည့်နှယ်..။
ရွှီချီချင်သည် ဘာမှမကြားဟန်ပင်။ ဖျော့တော့သည့် မျက်နှာထက်တွင် မျက်ရည်များ စီးကျလာ၏။ ဝမ်ချောင် သတိမေ့မြောနေသည်ကို သူမ မြင်ရသည်မှာ ဤအကြိမ်သည် ဒုတိယမြောက်အကြိမ် ဖြစ်သည်။ ဝမ်ချောင်သည် မဟာထန်အတွက် ရှိသမျှခွန်အားများ ထုတ်သုံးခဲ့သည်။ အထီးကျန်ဆန်သည့် စစ်သည်တော်တစ်ဦးကဲ့သို့ ကမ္ဘာကြီးအား အဆက်မပြတ် ခုခံတွန်းလှန်ခဲ့သည်။ တစ်ခါတစ်ရံတွင် ဤပုံစံသည် သူ့အား အရူးတစ်ယောက်နှင့်တူစေ၏။ သို့သော် သူမအမြင်တွင် ဤအချက်သည် ဝမ်ချောင်၏ အလွန်ဆွဲဆောင်မှုရှိသည့်အချက်ဖြစ်သည်။
“ဝမ်ချောင်..”
ရွှီချီချင် ခါးညွတ်လိုက်ကာ ဝမ်ချောင်၏နဖူးအား ညင်သာစွာနမ်းလိုက်သည်။
“ရှင် ရှုံးမှာ မဟုတ်ဘူးဆိုတာ ကျွန်မယုံတယ်။ ဘာတွေပဲ ဖြစ်နေပါစေ ရှင် ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး.”
ရွှီချီချင်၏နှုတ်ခမ်းထက်တွင် မျှော်လင့်ချက် ကင်းမဲ့သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဝုန်း…
သို့သော် ထိုအချိန်တွင် ရွှီချီချင်၏ စကားများကို ကြားလိုက်ရသကဲ့သို့ ဝမ်ချောင်၏ ဗြောင်းဆန်နေသော အော်ရာများ ရုတ်တရက် ငြိမ်ကျသွားသည်။
မြင်လိုက်ရသည့် ဤမြင်ကွင်းကြောင့် လူတိုင်း တောင့်တင်း ကြက်သေ သေသွားကုန်ကြလေ၏။
******
အပိုင်း ၁၃၁၅
စိတ်အတွင်း ရုန်းကန်ရခြင်း
ဝမ်ချောင် သူ၏နက်ရှိုင်းသည့် စိတ်အတွင်းပိုင်းတွင် မည်သည့်အရာကိုမှမမြင်ရ။ မည်သည့်အသံကိုမှ မကြားရပေ။ ထိုနေရာတွင် မှောင်မည်းအေးစက်သည့် ပင်လယ်ပြင်နှင့်အတူ အဆုံးမရှိသော ရေခဲပြင်များ၊ မီးတောက်လှိုင်းများကသာ အဆုံးမဲ့ တည်ရှိနေ၏။
“ ရှင် ရှုံးမှာ မဟုတ်ဘူး..”
“ဘာတွေပဲ ဖြစ်နေပါစေ ရှင် ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး..”
ရေခဲပြင်နှင့် မီးတောက်လွှာများကြား ရုန်းကန်နေရစဉ်တွင် ဝမ်ချောင် ရုတ်တရက် နူးညံ့နွေးထွေးသည့် အသံတစ်သံအား သူ၏စိတ်ထဲ၌ ထပ်ခါတလဲလဲ ကြားလိုက်ရသည်။ မှောင်မည်းနေသည့် ပင်လယ်ပြင်အတွင်းတွင် ခြောက်သွေ့သော ကုန်းမြေတစ်ခု ရုတ်တရက် ရှာတွေ့သွားသကဲ့သို့ ဝမ်ချောင်၏ စိတ်များ ငြိမ်သက်သွား၏။
“ချီချင်..”
ထိုနာမည်အား ရေရွတ်ပြီးနောက်တွင် ဝမ်ချောင််၏အသိစိတ် အမှောင် ဖုံးသွားတော့သည်။
……
တစ်စက္ကန့်သည် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီးနောက် နောက်ဆုံးတွင် ဝမ်ချောင် အမှောင်ထုအတွင်းမှ ရုန်းထွက်လာနိုင်ခဲ့သည်။
အဟွတ် အဟွတ်။ အားဖျော့သည့် ချောင်းဟန့်သံနှင့်အတူ နှိုးထလာ၏။
“ချောင်အာ။ နောက်ဆုံးတော့ နှိုးလာပြီ..”
ဝမ်ချောင် ဖြည်းညှင်းစွာ မျက်လုံးများ ဖွင့်လာသည်နှင့် အမေဖြစ်သူသည် ဝမ်ချောင်အား ပွေ့ဖက်ကာ မျက်ရည်များ အတားအဆီးမရှိ စီးကျလာ၏။
“အမေ, ဦးလေး..”
ရင်းနှီးသည့် ပုံရိပ်နှစ်ခု၏ မြင်ကွင်းသည် ဝမ်ချောင်၏စိတ်ထဲတွင် နွေးထွေးသည့် လှိုင်းလုံးတစ်ခု ဖြတ်သန်း ဝင်ရောက်လာစေခဲ့သည်။
“ချောင်အာ။ နောက်ဆုံးတော့ နှိုးလာပြီ..”
စိုးရိမ်ပူပန်စွာဖြင့် ဝမ်ကန်း အရှေ့တက်သွားကာ ဝမ်ချောင်အား ထထိုင်ရန် ကူပေးလိုက်သည်။
ဝမ်ချောင် ထထိုင်နိုင်သည်နှင့် အခန်းအား တစ်ချက် ဝေ့ဝိုက်ကြည့်လိုက်သည်။ ရင်းနှီးသည့်လူ အတော်များများ တွေ့လိုက်ရ၏။ စုရွှတ်ရွှမ်း၊ ရွှီခဲ့ယီနှင့် ကျန်းကျွယ်တို့အားလုံး ရှိနေကြသည်။ ဝမ်ချောင် သတိလည်လာသည်ကိုမြင်သော် သူတို့အားလုံး ဝမ်းသာပျော်ရွှင်သွားကြ၏။ သို့သော် တစ်ချိန်တည်းမှာပင် ရှက်ရွံ့စွာဖြင့် မလုံမလဲဖြစ်သွားကြသည်။
“အရှင် နောက်ဆုံးတော့ နှိုးလာပြီ..”
ဝမ်ချောင်၏မျက်နှာအရောင်သည် အလွန်ဖျော့တော့နေကာ ခန္ဓာကိုယ်သည်လည်း အားနည်းနေဆဲပင်။ သို့သော် အနည်းဆုံးတော့ သတိမေ့နေရာမှ ပြန်နှိုးလာပေပြီ။ ဤသတင်းသည် ဤအတောအတွင်းတွင် သူတို့ ကြားရသည့် အကောင်းဆုံး သတင်းဖြစ်ကာ လူတိုင်း ပျော်ရွှင်ဝမ်းသာသွားသည်။
“အားလုံး ရောက်နေကြတာပဲ..”
ဝမ်ချောင် အခန်းအတွင်းရှိ လူများအား ခေါင်းညိတ်ပြလိုက်သည်။
“အရှင် ကျွန်တော်တို့ တောင်းပန်ပါတယ်..”
ဝမ်ချောင် အားနည်းနေသည့် ပုံစံအားမြင်သော် လူတိုင်း နောင်တရသွားကြသည်။
“ကျွန်တော်တို့ကြောင့်သာ မဟုတ်ရင် အခြေအနေတွေက ဒီလောက်ထိ ဖြစ်ကုန်မှာ မဟုတ်ဘူး..”
“ဟား မင်းတို့နဲ့ ဘာမှမဆိုင်ပါဘူး။ အစကနေအဆုံးထိ အကုန်လုံးက ငါ့ကြောင့်ပဲ..”
ဝမ်ချောင် ခေါင်းခါရမ်းလိုက်သည်။ အံ့ဩစရာကောင်းစွာပင် သူ၏မျက်နှာအမူအမှာ တည်ငြိမ်နေ၏။
သို့သော် ဝမ်ချောင်၏ ဤတည်ငြိမ်နေသည့်ပုံစံသည် သူ၏အမေ၊ သူ၏ဦးလေး၊ ရှီခဲ့ယီ၊ စုရွှတ်ရွှမ်း၊ ရွှီချန်ကျွင်းနှင့် ကျန်သည့်လူများအား ပို၍စိုးရိမ်စေခဲ့သည်။ သူသည် ပုံမှန်မဟုတ်အောင်ကို တည်ငြိမ်နေခြင်း ဖြစ်၏။
သို့သော် ဝမ်ချောင်သည် သူတို့အား မေးခွန်းများ ဆက်မေးရန် အခွင့်အရေး မပေးခဲ့ပေ။
“အမေ ကျွန်တော် သတိမေ့နေတုန်း ဘယ်သူတွေ လာသေးလဲ..”
“စုန်ဘုရင်၊ အရှင်ကျန်းချုံးရယ် အကြီးအကဲယဲ့နဲ့ အကြီးအကဲကျောင်းတို့လည်း လာသေးတယ်..” အပြုံးတစ်ခု ဖျစ်ညှစ်ပြုံးကာ ဝမ်ချောင်၏အမေ ပြန်ဖြေလိုက်သည်။
ဤနာမည်များကြားသော် ဝမ်ချောင် အံ့အားသင့်သွား၏။ သို့သော် အလျင်အမြန်ပင် သတိပြန်ကပ်ကာ သူ၏အမေအား ပြန်ပြုံးပြလိုက်သည်။
“အမေ။ အမေ ဘာစိုးရိမ်နေလဲဆိုတာ ကျွန်တော်သိပါတယ်။ စိတ်မပူပါနဲ့။ ကျွန်တော် အဆင်ပြေပါတယ်..”
ဝုန်းး…
ထိုသို့ပြောနေစဉ်တွင် စံအိမ်တံခါးပေါက်ဝမှနေ၍ ကျယ်လောင်သောအသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဆူညံသံကြောင့် လူတိုင်း တောင့်တင်းသွားကုန်၏။ သို့သော် ဝမ်ချောင်ကမူ မျက်တောင်တစ်ချက်သာ ခတ်လိုက်သည်။
“အဟမ်း။ ချောင်အာ၊ မင်း အခုမှ နှိုးလာတာ မင်းခန္ဓာကိုယ်က အားနည်းနေတုန်းပဲ။ အခု နားလိုက်ဦး။ မရီး၊ ကျွန်တော်တို့ အရင်သွားရအောင်။ ချောင်အာကို တစ်ယောက်တည်းနေဖို့ အချိန်ပေးလိုက်ပါဦး..” ဝမ်ကန်း ဝမ်ချောင်၏အမေအား ပြောကာ ရှီခဲ့ယီနှင့်အခြားသူများအား မျက်စပစ်လိုက်၏။
ဝမ်ချောင်သည် ယခုတင်မှ သတိမေ့နေရာမှ နှိုးလာခြင်းဖြစ်ကာ စိတ်အခြေအနေ မတည်ငြိမ်သေးပေ။ အပြင်ဘက်ရှိ ဆန္ဒပြနေသည့် လူအုပ်ကြီး၏အသံများ ထပ်ကြားရလျှင် ဘယ်လို ဖြစ်သွားမလဲဆိုတာ မည်သူမှမသိချေ။
“အရှင်။ ကျွန်တော်တို့ သွားလိုက်ပါဦးမယ်..”
ကြောက်လန့်ရိပ် စိုးရိမ်ရိပ်များဖြင် စုရွှတ်ရွှမ်းနှင့် အခြားသူများ ခပ်သုတ်သုတ် ထွက်သွားလိုက်ကြသည်။
“အင်း..”
ဝမ်ချောင် ခေါင်းညိတ်ရုံသာ ညိတ်ကာ မည်သည့်အပိုစကားမှ မပြောခဲ့ပေ။
မိနစ်အနည်းငယ်ခန့် ကြာပြီးနောက်တွင် အခန်းအတွင်း၌ လူရှင်းသွား၏။ ထို့နောက်တွင် အပြင်ဘက်မှ ဆူညံသံများလည်း အဝေးသို့ ရောက်သွားခဲ့သည်။
ဝမ်ချောင် တွေဝေစွာဖြင့် အိပ်ယာထက် ထိုင်နေခဲ့၏။ အချိန်အချို့ ကြာပြီးနောက်တွင် အိပ်ယာဘေး ရွေ့သွားကာ ထရပ်လိုက်သည်။
ပြတင်းပေါက်မှတဆင့် အပြင်သို့ ကြည့်လိုက်သည့်အချိန်တွင် ကောင်းကင်ယံထက်၌ ထူထပ်သည့် တိမ်စိုင်များ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရ၏။
ဝမ်ချောင် ကောင်းကင်အား အသိစိတ်လွတ်စွာ စိုက်ကြည့်နေလိုက်သည်။
ဝမ်မိသားစုစံအိမ်အနီးရှိ အဆောက်အဦးတစ်ခု၏ ခေါင်မိုးထက်တွင် ပုံရိပ်တစ်ခုသည် နံရံထက် ဝပ်နေကာ ပြတင်းပေါက်မှတဆင့် သူ့အား တိတ်တဆိတ် အကဲခတ်နေသည်ကိုပင် သတိမပြုမိခဲ့ပေ။
ဝှစ်…
တစ်ခဏခန့် ကြာပြီးနောက်တွင် ထိုလူ ခေါင်းမိုးထက်မှ ဆင်းသွားကာ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
ထိုလူသည် လမ်းများတလျှောက် ဖြတ်လျှောက်သွားကာ မည်သူမှ သူ့နောက် မလိုက်နေကြောင်း သေချာစေရန် အရှေ့အနောက် ပတ်လျှောက်လိုက်၏။ နောက်ဆုံးမှသာ မထင်မရှားဖြစ်သည့် အနောက်ဂိတ်တံခါးပေါက်တစ်ခုမှတဆင့် ခမ်းနားထည်ဝါသော ခြံဝန်းတစ်ခုအတွင်း ဝင်သွားလိုက်သည်။
ထိုလူသည် လျှို့ဝှက်စင်္ကြံလမ်းတစ်လျှောက် လျှောက်သွားကာ မှောင်မည်းနေသော ခန်းမတစ်ခုအတွင်း ဝင်သွားလိုက်၏။ အခန်းအတွင်းတွင် လူတစ်ဦးသည် တိတ်ဆိတ်စွာ စောင့်နေကာ သူ၏ပုံရိပ်သည် အရိပ်များအောက် ရောက်နေခဲ့သည်။ သို့သော် ဤလူ မည်သည့်အဝတ်အစားများ ဝတ်ဆင်ထားသည်ကို မြင်နိုင်သေးပေသည်။
ဤလူသည် သာမန်ပြည်သူ အဝတ်အစားများ ဝတ်ဆင်ထားကာ ဝါးခမောက်တစ်လုံး ဆောင်းထား၏။ ထိုနေရာတွင် ရပ်ရုံသာရပ်နေသော်လည်း အကန့်အသတ်မရှိ များပြားသည့် အော်ရာများ ထုတ်လွှတ်နေ၏။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသား ထိုလူရှေ့ ဒူးထောက်ချကာ ရိုသေစွာပြောလိုက်သည်။ “အရှင်။ ဝမ်မိသားစုကကောင်လေး အစောလေးတင်ကမှ နှိုးလာတယ်လို့ သတင်းရပါတယ်..”
ဝုန်း…
အခန်းအတွင်းတွင် လေထုအခြေအနေ ရုတ်ချည်းပြောင်းလဲသွားသည်။ ပြင်းထန်သည့်အန္တရာယ် အငွေ့အသက်များ များပြားစွာ ထွက်ပေါ်လာ၏။
“အဲကောင်လေး မသေသေးဘူးလား..”
ထိုလူ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ အသံတွင် သတ်ဖြတ်လိုမှုများက သိသိသာသာ ထွက်ပေါ်လာ၏။
“ဒါပေမဲ့ ကျွန်တော် သတိထားမိသလောက်ဆိုရင် သူက နှိုးလာပေမဲ့ ပြင်းထန်တဲ့ရောဂါတစ်ခုကနေ ပြန်သက်သာလာခါစပုံစံမျိုးပါပဲ။ သူ့ရဲ့မျက်နှာအရောင်က တော်တော်ကိုဖြူဖျော့နေတယ်။ ပြီးတော့ သူ့ကိုကုပေးနေတဲ့ တောင်ဝင်သမားတော်ကိုလည်း ကျွန်တော်တို့ မေးခဲ့ပါသေးတယ်။ သမားတော်ပြောတာ သူ့ကိုယ်ထဲမှာ ကြယ်တာရာစွမ်းအင်တွေ ဖရိုဖရဲဖြစ်နေပြီး အချိန်မရွေး ပေါက်ကွဲထွက်နိုင်တဲ့ မတူတဲ့ ကြယ်တာရာစွမ်းအင်တွေ အနည်းဆုံး တစ်ရာလောက် ရှိနေပါတယ်တဲ့..” ဒူးထောက်ထားသည့်လူမှ တင်ပြလာခဲ့သည်။
“ဟိုး..”
အမှောင်အတွင်းမှလူသည် ဤသတင်းကြောင့် များစွာ စိတ်သက်သာရာ ရသွားဟန်ရှိ၏။
“အနည်းဆုံး တစ်ရာတောင် ရှိနေတာလား။ ကောင်းတယ်။ ငါ့ကိုယ်စား ဟိုလူတွေကို သတင်းပို့လိုက်။ အခု လှုပ်ရှားသင့်ပြီလို့..”
ဤလူ၏လေသံသည် ရေခဲသမျှ အေးစက်ကာ ဓားသွားကဲ့သို့ ထက်ရှ၏။
“ကောင်လေး။ မင်းကတော့ တကယ်ကို ကံကောင်းတာပဲ။ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ မျိုးနွယ်ခြားဘုရင် ဖြစ်လာပြီး နယ်မြေတစ်ခုလုံး ဗြောင်းဆန်သွားအောင် လုပ်နိုင်တယ်။ ဆရာသခင်ကျူးကိုတောင် ထွက်လာအောင်တောင် ဖိအားပေးလိုက်သေးတယ်။ မင်းကို အသက်ဆက်ရှင်ခွင့် ပေးလို့မရဘူး။ ဆက်ထားထားလို့ မရတော့ဘူးဆိုမှတော့ မင်းကို မြေအောက်ကမ္ဘာဆီ ပို့ပေးရတာပေါ့..”
အသံသည် အလွန်ကြက်သီးထဖွယ် ကောင်းလှကာ ဒူးထောက်ထားသည့် ဝတ်စုံနက်နှင့်လူသည်ပင် တုန်ယင်သွား၏။
မိနစ်အနည်းငယ်ခန့် ကြာပြီးနောက်တွင် ထိုအမျိုးသား ခန်းမအတွင်းမှ ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် ဝတ်စုံနက်နှင့်လူသည်လည်း ပျောက်ကွယ် သွား၏။
……
ဝမ်မိသားစုစံအိမ်၏ ဂိတ်တံခါးဝသည် တင်းကြပ်စွာ ပိတ်ထား၏။ ဝမ်ချောင်သည် အရာရှိအဆောင်အယောင်များ ရုတ်သိမ်းခံလိုက်ရကာ ဆရာသခင်ကျူး၏ ဝေဖန်ခြင်းကို ခံထားရသည့်အတွက်ကြောင့် ရုံးတော်မှ အရာရှိများသည် ဝမ်မိသားစုစံအိမ်နှင့် ဝေးဝေးနေရန်သာ ရွေးချယ်ကြ၏။ ထိုအချိန်တွင် ဆန္ဒပြသည့်အုပ်စုများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ပြီး ဝမ်မိသားစုစံအိမ်ရှေ့ရောက်လာကာ အကြိမ်ကြိမ် ရန်ရှာခဲ့ကြသည်။ စုရွှတ်ရွှမ်းနှင့် အခြားသူများသည် မြို့စောင့်တပ်ဖွဲ့များဖြင့် မောင်းထုတ်ခဲ့သော်လည်း အကုန်လုံးကို မောင်းထုတ်ပစ်နိုင်ရန် မဖြစ်နိုင်ပေ။
သို့သော် စံအိမ်အတွင်းတွင် ဝမ်ချောင်သည် အရာအားလုံးကို မေ့လျော့ထားဟန်ရှိ၏။ သူ၏နေ့ရက်များကို ငြိမ်းချမ်းစွာ စတင်နေထိုင်ခဲ့သည်။ တော်ဝင်ရုံးတော်ကိစ္စများ၊ နယ်စပ်ပြဿနာများနှင့် ကွန်ဖြူးရှပ်ဂိုဏ်း၏ပြဿနာများအားလုံးကို ဘေးဖယ်ထား၏။ နေ့ရက်တိုင်းကို စားလိုက်သောက်လိုက် အိပ်စက် အနားယူလိုက်ဖြင့် ပုံမှန်အစီအစဉ်ကျကျ နေထိုင်ခဲ့သည်။ အစေခံများနှင့်ပင် ရယ်ရယ်မောမော စနှောက်ကာ အလွန်သာမန်ဖြစ်နေသည့်ပုံစံပင်။
တော်ဝင်ရုံးတော်နှင့် ပတ်သက်၍လည်း စကားတစ်ခွန်းမှ မဟခဲ့ပေ။ သို့သော် ဤအခြေအနေသည် သူ့ဘေးမှ လူများအား ပို၍သာစိုးရိမ်စေခဲ့၏။
“သမားတော်။ ကျွန်မသား အခြေအနေ ဘယ်လိုရှိလဲ..”
စံအိမ်၏ အခန်းတစ်ခုအတွင်းတွင် ဝမ်ချောင်၏အမေ။ ဦးလေးနှင့် လက်အောက်ငယ်သားများ စုဝေးနေကြ၏။ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများက အထင်းသား ဖြစ်ပေါ်နေသည်။
“ဟူး။ အရှင်က ပုံမှန်ဖြစ်နေပြီး သွေးခုန်နှုန်းကလည်း ပုံမှန် ဖြစ်နေပြီဆိုပေမဲ့ ဒီကိစ္စကို မဖြေရှင်းနိုင်သေးမချင်း ဘယ်တော့မှ ပြန်ကောင်းနိုင်မှာ မဟုတ်ဘူး။ အရှင် စိတ်ဓာတ်ကျတာက တော်တော်ပြင်းထန်လို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကြယ်တာရာ စွမ်းအင်တွေက အခုဆိုရင် ပိုပြီးတော့တောင် အန္တရာယ်များနေပြီ..”
မုတ်ဆိတ်မွေးများ ဖြူဆွတ်နေသည့် တော်ဝင်သမားတော်မှ သက်ပြင်းချကာ ပြောလာခဲ့သည်။
တော်ဝင်နန်းတော်သည် အဆင့်မြင့်ပုဂ္ဂိုလ်အတော်များများ၏ အိမ်ဖြစ်၏။ ဤသမားတော်သည် သာမန်အစေခံများ။ ကိုယ်လုပ်တော်များနှင့် ကြင်ရာတော်များကိုသာ ကုသပေးသည် မဟုတ်ပါ။ သိုင်းပညာရပ်များ ထက်မြတ်သည့် မင်းသားများ၊ အလုပ်အကျွေးပြုသူများ၊ တော်ဝင်အစောင့်များနှင့် ဘုရင်များကိုလည်း ကုသပေး၏။ ထို့ကြောင့် ဤတော်ဝင်သမားတော်သည် သိုင်းပညာရပ်များ အကြောင်းလည်း နက်ရှိုင်းစွာနားလည်သည်။
သမားတော်၏ စကားများသည် အခန်းအတွင်းရှိ လူများအားလုံးကို စိုးရိမ်စိတ်ဖြင့် မျက်ခုံးများ တွန့်ချိုးသွားစေခဲ့သည်။ စစ်ဝါဒီနှင့် ကွန်ဖြူးရှပ်သမားများကြားမှ အငြင်းအခုန်သည် သူတို့လိုက်နိုင်သည်ထက် အဝေးကြီးရောက်နေလေပြီ။ သူတို့အနေနှင့် ဖြေရှင်းနိုင်သည့်နည်းလမ်းများ မရှိတော့ပေ။
အတွေးကိုယ်စီဖြင့် လူတိုင်း ငြိမ်ကျသွား၏..
……
အခြားသူများက မည်သို့မည်ပုံလုပ်ရမည်ကို စိုးရိမ်နေကြစဉ်တွင် စာကြည့်ခန်းအတွင်းတွင် ဝမ်ချောင်သည် ပေါ့ပေါ့ပါးပါး အဝတ်အစားများ ဝတ်ဆင်ထားကာ ခါးတွင် ခါးပတ်ကိုလည်း ခပ်လျော့လျော့သာ ပတ်ထား၏။ သူ၏ပုံစံမှာ အလွန်ကိုလွတ်လပ်ပေါ့ပါးနေဟန်ပင်။
အရှေ့တွင် စာရွက်တစ်ရွက် ချထားကာ စုတ်တံကိုင်၍ စိတ်လွတ်ကိုယ်လွတ် စာများရေးသားနေသည်။
သူ၏မျက်နှာအမူအရာသည် အလွန်အေးချမ်းလှကာ ပြင်ပကမ္ဘာ၏ သက်ရောက်မှု လုံးဝမခံရသကဲ့ပင်။
‘နွေဦးရာသီတွင် ရာသီဥတုသာယာကာ နေမင်းအလင်းရောင်သည်လည်း နွေးထွေးလှ၏။ ကန်ရေပြင်သည် နေအလင်းရောင် ရောင်ပြန်ဟပ်ကာ လှိုင်လုံးများမရှိ ငြိမ်သက်နေ၏။ ကျယ်ပြောသော အစိမ်းရောင် မြက်ခင်းပြင်သည်လည်း လေယူရာယိမ်းနွဲ့နေသည်။ မြေပြင်ထက်တွင် စင်ရော်ငှက်များ အုပ်ဖုဖွဲ့နေနေကြကာ ပင်လယ်အတွင်း ကူးလူးနေသည့် ငွေရောင်ကြေးခွံရှိသော ငါးများကဲ့သို့ ကောင်းကင်ထက် ပျံတက်သွားခဲ့ကြသည်။ (၁)’
ဤစာပိုဒ်သည် နွေဦးရာသီအကြောင်း ရေးဖွဲ့ထားသည့်ကဗျာ ဖြစ်သည်။ မည်သည့်နေရာ၌ ဖတ်မိခဲ့သည်ကို ဝမ်ချောင် မမှတ်မိတော့ပေ။ ယခုအချိန်တွင် စိတ်ထဲ၌ ပေါ်လာနေသည်များကိုသာ ချရေးနေခြင်းဖြစ်၏။
ကိစ္စပေါင်းများစွာ ကြုံတွေ့ခဲ့ရခြင်းကြောင့် ဖြစ်နိုင်၏။ ဝမ်ချောင်၏စိတ်အစဉ်သည် တဖြည်းဖြည်းချင်း တည်ငြိမ်လာကာ လက်ရေးမှာလည်း ကိုယ်လုပ်တော်ထိုက်ကျန်းအရေးအခင်း ဖြစ်နေစဉ်ကဲသို့ မသေမသပ် စုတ်ပြတ် မနေတော့ပေ။ ယခုတွင် ခံ့ညားကာ ဟိတ်ဟန်ပါသည့်ခံစားချက်များပေးစွမ်းနိုင်၏။ အခက်အခဲများသည် လူတစ်ဦးအား ပိုမိုထက်မြတ်လာအောင် ပြုလုပ်ပေးနိုင်ကာ သူသည် သူ၏စုတ်သံအား ဓားတစ်ချောင်းကဲ့သို့ အသုံးပြုနေဟန်ရှိသည်။
အိမ်၌ အကျယ်ချုပ် နေနေရစဉ်တွင် ဝမ်ချောင်သည် အချိန်ကုန်မြန်စေရန်နှင့် စိတ်ခံစားချက်များ သက်သာပြေပျောက်စေရန် လက်ရေးလှများ ရေးသားခဲ့၏။
‘ကမ်းစပ်ဟာ မြက်ပင်တွေ။ သစ်ခွတွေနဲ့ စိမ်းလန်းစိုပြည်နေတယ်။ မြူခိုးတွေ အပြည့်အဝ ပျောက်ကွယ်သွားချိန်မှာ တောက်ပတဲ့ လအလင်းရောင်ဟာ မိုင်ပေါင်းတစ်ထောင်အနှံ့ ထွန်းလင်းထွက်ပေါ်လာခဲ့တယ်။ လှိုင်းလုံးတွေ အဆက်မပြတ် ရိုက်ခတ်နေတဲ့အချိန်မှာ ရေလှိုင်းတွေဟာ ရွှေတွေလိုပဲ ပြိုးပြိုးပျက်ပျက်ရှိလှတယ်။ ပြန်ငြိမ်သက်သွားချိန်မှာတော့ ရေထဲမှာ ဒင်္ဂါးပြားတွေ နှစ်မြှုပ်နေသလိုပဲ..’
အရေးအသားတွင် စျာန်ဝင်နေကာ ဝမ်ချောင် ဆက်၍ရေးသားနေခဲ့သည်။
‘ရုံးတော်မှာရှိနေတဲ့အချိန်မှာရော။ နှုတ်ထွက်လိုက်တဲ့အချိန်မှာရော စိုးရိမ်နေရမယ်ဆိုရင် ဘယ်အချိန်မှာ ပျော်ရွှင်ရပါတော့မလဲ။ ‘တိုင်းပြည်ရဲ့သောကတွေကို အရှေ့ဆုံးကနေ စိုးရိမ်ပေးပြီး ပျော်စရာရှိရင်တော့ နောက်ဆုံးမှပျော်ပါ’လို့ ပြောရမယ်။ (၂)’
ဤနောက်ဆုံးစာသားနှစ်ကြောင်း ရေးသားလိုက်သည့်အချိန်တွင် ဝမ်ချောင်သည် မိုးကြိုး ပစ်ချခံလိုက်ရသည့်နှယ် ဒေါက်။ လက်ထဲ၌ ကိုင်ထားသည့်စုတ်တံ ပြုတ်ကျသွား၏။
ထိုအခါမှသာ ဝမ်ချောင်သည် သူ ရေးသားနေသည်မှာ ဤခေတ်ကာလမှ ကဗျာမဟုတ်ကြောင်း ရုတ်တရက် သတိထားမိသွားသည်။ သူ၏နက်ရှိုင်းသည့် မှတ်ဉာဏ်အတွင်း ရှိနေသည့် အခြားကမ္ဘာမှ အမျိုးသားတစ်ဦး ရေးသားခဲ့သော စာတမ်းတို ဖြစ်နေလေသည်..
______________
၁.ဤစာကြောင်းသည် မြောက်ပိုင်းစုန့်မင်းဆက်၏ အရာရှိတစ်ဦးဖြစ်သော ဖန့်ကျုံ့ယန်း(၉၈၉ - ၁၀၅၂) ရေးသားထားသည့် ‘ယွဲ့ယန်မျှော်စင်’ မှ စာသားဖြစ်သည်။ ယွဲ့ယန်မျှော်စင်သည် ဤစာပိုဒ်တွင် ရည်ညွှန်းထားသည့် သုန့်ထင်ကန်၏ ကမ်းစပ်ရှိ မျှော်စင်တစ်ခုဖြစ်သည်။
၂.ဤစာကြောင်းသည် ‘ယွဲ့ယန်မျှော်စင်အားလွမ်းချင်း’တွင် ဒုတိယ နောက်ဆုံးစာကြောင်း ဖြစ်ကာ နာမည်အကျော်ဆုံးဖြစ်၏။