အခန်း (၁၃၁၆-၁၃၂၀)
Vol. 78 Ch. 1316-1320
အပိုင်း ၁၃၁၆
စိတ်အစိုင်အခဲ (၁)
တောက်…
စာရွက်ပေါ်တွင် သွေးစက်များ ပြန့်ကျဲသွားသည်။ တစ်စက်ပြီးတစ်စက် တစ်နေရာပြီးတစ်နေရာ ပြန့်သွား၏။ ဝမ်ချောင် ခေါင်းငုံ့ကြည့်လိုက်သည့်အချိန်တွင် အားပြင်းပြင်း ဆုပ်ကိုင်လိုက်မိသည့်အတွက်ကြောင့် စုတ်တံလက်ကိုင် သူ၏လက်ဖဝါးအား ဖောက်ထွက်နေသည်ကို မြင်လိုက်ရသည်။ သို့သော် သွေးများက တစ်စက်စက် စီးကျနေသော်လည် ဝမ်ချောင် မည်သည့်နာကျင်မှုမှ မခံစားရပေ။ စုတ်တံသည် အခြားတစ်ယောက်၏လက်ဝါးအတွင်း စိုက်ဝင်နေသကဲ့ပင်။
သွေးစက်များက စာရွက်ထက် စီးကျနေ၏။ သို့သော် ‘တိုင်းပြည်ရဲ့သောကတွေကို အရှေ့ဆုံးကနေ စိုးရိမ်ပေးပြီး ပျော်စရာရှိရင်တော့ နောက်ဆုံးမှပျော်ပါ’ ဟူသည့်စာကြောင်းအား မြင်လိုက်ရသည့်အချိန်မှသာ စူးရှသည့်နာကျင်မှုက လှိုက်တက်လာခဲ့သည်။ သို့သော် လက်မှမဟုတ်ပေ။ နှလုံးသားမှ ဖြစ်၏။
ဝမ်ချောင်သည် သူ ဤအကြောင်းအရာများအား မေ့သွားပြီဖြစ်ကာ ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါး နေထိုင်ရန် သင်ယူနိုင်ခဲ့ပြီဟု ယုံကြည်ခဲ့သည်။ သို့သော် ဤစကားလုံးများ မြင်လိုက်ရသည့်အချိန် နှလုံးသားထဲ၌ လှုပ်နှိုးလာသည့် နာကျင်မှုအား ခံစားလိုက်ရသည့်အချိန်တွင် နာကျင်မှုမှာ မပျောက်ကွယ် သွားသေးကြောင်း ဝမ်ချောင် နားလည်လိုက်၏။ ပိုမိုနက်ရှိုင်းသည့် စိတ်အတွင်းပိုင်း၌သာ မြှုပ်နှံထားလိုက်ခြင်း ဖြစ်သည်။
ဝမ်ချောင် စုတ်တံအား တဖြည်းဖြည်းချင်း ပြန်ဆွဲထုတ်ကာ လက်ဝါးမှ သွေးများ သုတ်လိုက်သည်။ အနာလိမ်းဆေးအချို့လိမ်းကာ အနာအား ပတ်တီးပတ်လိုက်၏။ ထို့နောက်တွင် စုတ်တံအသစ်တစ်ချောင်းယူကာ ဘာမှမဖြစ်ခဲ့သကဲ့ပင် စာဆက်ရေး လိုက်သည်။
……
နေ့ရက်များ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့၏။ ယခုတွင် ဝမ်ချောင် အိမ်၌ အကျယ်ချုပ်နေရမည့်အချိန်မှာ လဝက်သာ ကျန်တော့ပေသည်။
ထိုအချိန်တွင် ဝမ်ချောင်၏ ဒုတိယအစ်ကို ဝမ်ပေ့နှင့် ညီမလေး ဝမ်ရှောင်ယောင်တို့ နယ်စပ်မှ ပြန်ရောက်လာကြ၏။ ဤအခြင်းအရာသည် ဝမ်မိသားစုအား အနည်းငယ် ရွှင်လန်းတက်ကြွလာစေကာ ခြံဝန်းထက် လွှမ်းခြုံထားသည် ပူဆွေးဝမ်းနည်းခြင်း တိမ်စိုင်များအား အဝေးသို့ လွှင့်ထွက်သွားစေခဲ့သည်။
“ထိုင်ကြ။ ထိုင်ကြ။ ထမင်းစားကြရအောင်..”
အမှောင်ရိပ် ကျရောက်လာသည်နှင့် မီးအိမ်များမှ အလင်းရောင်များ ထိန်လင်းလာသည်။ ဝမ်မိသားစုစံအိမ်တစ်ခုလုံး လင်းထိန်သွားကာ ပျော်ရွှင်ကြည်နူးမှု အငွေ့အသက်များ လွှမ်းခြုံသွား၏။ လူတိုင်း အဓိကခန်းမအတွင်း စုဝေးနေကြကာ ရှည်လျားသည့် ညစာစားပွဲထက်တွင် အရသာရှိသော ဟင်းလျာပေါင်းစုံ တည်ခင်းထားသည်။ အနီရောင်မီးအိမ်များ၏ အလင်းရောင်အောက်တွင် လူတိုင်း၏မျက်နှာအရောင်သည်လည်း ဝင်းလက်တောက်ပနေ၏။
ဝမ်မိသားစုသည် စားသောက်သည့်အချိန်၌သာ အပျော်ရွှင်ဆုံးဖြစ်၏။ အခြားသောကိစ္စများအားလုံးကို အပြည့်အဝ မေ့ဖျောက်ထားကြလေသည်။
“လာ လာ။ အကုန်အဆင်သင့် ဖြစ်နေပြီ..”
ဝမ်ချောင်၏အမေသည် စားပွဲထိပ်ဆုံး၌ထိုင်ကာ သူမ၏မျက်နှာသည် အပြုံးများဖြင့် ရွှင်လန်းနေ၏။ သူမ၏ဘယ်ဘက်တွင် ဝမ်ချောင်ထိုင်နေကာ ညာဘက်တွင် ဝမ်ပေ့ထိုင်နေသည်။ စားပွဲအဆုံးတွင် ဝမ်ချောင်၏ညီမလေး ဝမ်ရှောင်ယောင် ထိုင်နေ၏။ ကျန်သည့်လူများသည်လည်း သူတို့၏ အရေးပါမှု အစဉ်လိုက်အတိုင်း ထိုင်နေကြသည်။
“သမီး ဒါစားချင်တယ်..”
“ပြီးတော့ ဒီဟင်းရော..”
“ဒီဟင်းရော..”
ဝမ်ရှောင်ယောင်သည် စားပွဲ၏ အဆုံးနေရာမှနေ၍ အထူးတလည် ပြုလုပ်ထားသည့် တူရှည်တစ်စုံသုံးကာ စားပွဲအနှံ့လှုပ်ရှားနေ၏။ အကောင်းဆုံးဟင်းလျာများကို သူမ၏ထမင်းပန်းကန်အတွင်း ခပ်ထည့်နေကာ ယခုတွင် သူမ၏ထမင်းပန်းကန်ထဲတွင် ဟင်းပုံမှာ ထမင်းထက်ပင် မြင့်နေပေပြီ။ ပါးစပ်ထဲတွင်လည်း အပြည့်ပင်။
“ဖြည်းဖြည်းစား။ အကုန်လုံးအတွက် လောက်တယ်..” သခင်မဝမ်မှ ရယ်မော စနှောက်လိုက်၏။
“ဟား ဟား ဟား..” စားပွဲဝိုင်းရှိ ကျန်သည့်လူများသည်လည်း သူမနှင့်အတူ လိုက်ရယ်လိုက်ကြသည်။ အခြားသူများနှင့်ယှဉ်လျှင် ဝမ်ရှောင်ယောင်သည် အမြဲတစေ လွတ်လပ်ပေါ့ပါးပျော်ရွှင်သော ဘဝရှိ၏။ သူမထံတွင် စိုးရိမ်စရာ များများစားစား မရှိပေ။ ထို့အပြင် စိတ်ကျေနပ်လည်း လွယ်သည်။ အသက်ကြီးလာသော်လည်း သူမ သဘောကျသည့်အရာမှာ ဘယ်သောအခါမှ မပြောင်းလဲသွားခဲ့ပေ။
ဟုတ်ပါသည်။ ထိုအရာမှာ အစားအသောက်ပင်။
လူတိုင်း သူမထမင်းပန်းကန်ဘက် ကြည့်လာသည်ကိုမြင်သော် ဝမ်ရှောင်ယောင်၏ အစာစားလိုစိတ်များ ပိုတိုးလာ၏။ စတင်၍ အလုတ်အကြီးကြီး စစားတော့သည်။ ခေါင်းမှာ ထမင်းပန်းကန်အတွင်း နစ်နေကာ မြင်ပင် မမြင်ရတော့ချေ။
ဝမ်ရှောင်ယောင်ရှိနေသည့် ညစာထမင်းဝိုင်းသည် ဘယ်သောအခါမှ မပျင်းရပေ။ စားပွဲဝိုင်းတစ်ခုတည်း အတူထိုင်၍ စုဝေးစားသောက်ရသည်ထက် ပို၍ပျော်ရွှင်ကြည်နူးစရာ ကောင်းသည့်အရာ မရှိတော့ပေ။
“ဟမ်။ ဘယ်လို ဖြစ်တာလဲ။ သမီးအကြိုက်ဆုံး ကြက်ပေါင်က ဆားမပါဘူးလား..”
ဝမ်ရှောင်ယောင် တူဖြင့် ကြက်ပေါင်တစ်ချောင်းညှပ်ကာ ပါးစပ်ထဲထည့်လိုက်သည်။ ထို့နောက်တွင် စိတ်အလိုမကျမှုဖြင့် မျက်ခုံးများ တွန့်ချိုးသွား၏။
“ညီမလေး။ လျှောက်နောက်မနေနဲ့တော့။ ဆားပါပါတယ်..” သူ၏ညီမလေးအားကြည့်ကာ ဝမ်ချောင် ရယ်၍ ပြောလိုက်သည်။ ပြောပြောဆိုဆိုဖြင့် ကြက်ရိုးတစ်ချောင်း ယူကာ မြည်းကြည့်လိုက်၏။ သူ့ညီမလေး၏ စနောက်တတ်သည့် အကျင့်မှာ တကယ်ကို မပျောက်သေးပေ။ သူ မြည်းကြည့်ပြီးပေပြီ။ မည်သည့်ပြဿနာမှ မတွေ့ချေ။
ထိုမျှသာမက သူတို့စံအိမ်မှ စားတော်ကဲများသည် မြို့တော်တစ်ခွင်နာမည်ကျော်၏။ ဆားထည့်ဖို့မေ့ရန် မဖြစ်နိုင်ပေ။ သူ၏ညီမလေးက ပြဿနာရှာနေခြင်းသာ။
“ဆားမပါဘူး။ ဆားမပါဘူး။ ဆားမပါဘူးလို့..”
ဝမ်ရှောင်ယောင် အော်ပြောလိုက်သည်။ ဒေါသတကြီးဖြင့် တူကိုပင် စားပွဲထက် ပစ်ပေါက်လိုက်၏။
“ရှောင်ယောင်။ ပြဿနာမရှာစမ်းနဲ့..”
ဤသည်ကို မြင်သော် ဝမ်ချောင်၏အမေ ချက်ချင်းမျက်နှာအမူအရာ ခက်ထန် သွားသည်။ ဝမ်ပေ့သည်လည်း မပျော်မရွှင် ဖြစ်သွားကာ မျက်မှောင်များ ကြုတ်သွား၏။ သူ၏မောင်လေး။ အမေတို့နှင့် မတူဘဲ ဝမ်ပေ့သည် ပို၍အေးစက်ကာ လူသတ်သည့်အကြည့်များက ပိုပြင်းထန်၏။
“မစားဘူးဆိုရင်လည်း ထွက်သွားလိုက်တော့..”
“တစ်ယောက်မှ သမီးကို မယုံကြဘူး။ သမီး စနေတာ မဟုတ်ဘူး။ ဆားမပါဘူးလို့။ မယုံရင် ကိုယ့်ဘာသာကိုယ် စားကြည့်ကြ..”
ဝမ်ရှောင်ယောင် ဒေါသတကြီး မျက်မှောင်ကြုတ်ကာ အခြားသူများအား စိုက်ကြည့်လိုက်သည်။ အလျှော့ပေးမည့်ဟန် မရှိပေ။
“ဟုတ်လား။ သခင်မလေး။ ကျွန်တော် စားကြည့်ဦးမယ်..”
သူတို့၏သခင်မလေး အလွန်ဒေါသထွက်နေသည်ကိုမြင်သော် စုရွှတ်ရွှမ်းနှင့် ရွှီခဲ့ယီတို့သည် သူမ စိတ်ဒေါသပြေစေရန်အတွက် သူတို့တူများဖြင့် ကြက်ပေါင်တစ်ချောင်း ညှပ်ယူလိုက်ကြသည်။ ဤကြက်ပေါင်များသည် ဝမ်ရှောင်ယောင် အကြိုက်ဆုံးဖြစ်၏။ ထို့ကြောင့် လူတိုင်း တမင်သက်သက် သူမအတွက် ချန်ပေးထားခြင်း ဖြစ်သည်။ သို့သော် တစ်ခုလောက် စားကြည့်လျှင်လည်း မည်သည့်ထိခိုက်မှုမှ မရှိပေ။
သို့သော် တစ်ကိုက် ကိုက်ပြီးနောက်တွင် ရွှီခဲ့ယီနှင့် စုရွှတ်ရွှမ်းတို့နှစ်ဦးလုံး မျက်မှောင် ကြုတ်မိသွားကြသည်။
“ဘာဖြစ်လို့လဲ။ မင်းတို့နှစ်ယောက်လည်း ဆားအရသာ မရလို့လား..”
ဝမ်ချောင် ရယ်၍ ခေါင်းခါရမ်း လိုက်သည်။
စုရွှတ်ရွှမ်းနှင့် ရွှီခဲ့ယီတို့နှစ်ဦးသည် တစ်ခါတစ်ရံတွင် သူ့ညီမနှင့်အတူ လိုက်စတတ်၏။ မည်သို့ပင်ဆိုစေကာမူ သူမသည် တစ်မိသားစုလုံး၏ အငယ်ဆုံး ဖြစ်နေလေသည်။
“မဟုတ်ပါဘူး။ တ... တကယ်ကို ဆားမပါတဲ့ပုံပါပဲ..”
စုရွှတ်ရွှမ်းနှင့် ရွှီခဲ့ယီတို့ ဝမ်ချောင်အား မဝံ့မရဲ ကြည့်လိုက်ကြသည်။
“လျှောက်စနေကြတယ်..”
ဝမ်ချောင် ခေါင်းခါရမ်းလိုက်သည်။ ငိုရမလား ရယ်ရမလားပင် မသိတော့ပေ။
ထို့နောက်တွင် အခြားသောသူများသည်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိကာ တူများဖြင့် ကြက်ပေါင် ညှပ်ယူလိုက်ကြသည်။ ထိုအချိန်မှာပင် အပြင်မှနေ၍ အလောတကြီးခြေသံများ ကြားလိုက်ရ၏။ စားပွဲဝိုင်းရှိ လူများ၏ အံ့ဩတကြီး အကြည့်များအောက်တွင် စံအိမ်၏ စားတော်ကဲခေါင်းဆောင် ယောက်ချိုကိုင်လျက်သားဖြင့် ပြေးဝင်လာခဲ့သည်။
“သခင်မ။ ဒုတိယသခင်လေး။ တတိယသခင်လေး။ ကျွန်တော် တောင်းပန်ပါတယ်။ အစောကဟင်းပွဲမှာ အမှားအယွင်း နည်းနည်းလေး ရှိသွားတယ်။ သခင်မလေး ကြိုက်နှစ်သက်တဲ့ ကြက်ခြေထောက်က ဆားမပါဘဲ ချလိုက်မိတာပါ။ အခုချက်ချင်း ပြန်ယူသွားပြီး ပြန်သွားချက်လိုက်ပါမယ်။ သခင်မ။ ကျွန်တော် တကယ် တောင်းပန်ပါတယ်..”
စားတော်ကဲခေါင်းဆောင်သည် ပြောပြောဆိုဆိုဖြင့် စားပွဲထက်မှ ကြက်ခြေထောက် ပန်းကန်ယူကာ ခပ်သုတ်သုတ် ထွက်ခွာသွားလိုက်သည်။
ဝုန်း…
အကြည့်များအားလုံး ဝမ်ချောင်ထက် ကျရောက်လာကာ ခန်းမတစ်ခုလုံး ကြက်သီးထဖွယ် ကောင်းစွာ ငြိမ်ကျသွား၏။ သူတို့အားလုံး ထိုကြက်ပေါင်များ မြည်းကြည့်ခဲ့ကြကာ အရသာတစ်စက်မှ မရှိကြောင်း သေချာသိခဲ့ကြ၏။ အချိန်ကြာကြာ မချက်ရသေးသည့်အတွက်ကြောင့် ဖြစ်နိုင်၏။ သိပ်ပြီးပင် မကျက်ချင်သေးပေ။
သို့သော် ဝမ်ချောင်သည် မည်သည့်ပုံမှန်မဟုတ်သည့်အရသာကိုမှ မခံစားမိခဲ့လေ။
လူတိုင်း မျက်နှာအမူအရာများ ရှုပ်ထွေးသွားကုန်ကာ မျက်လုံးထဲတွင် စိုးရိမ်ရိပ်များ ဖြစ်ပေါ်လာခဲ့၏။ ကုန်ဆုံးခဲ့သည့် အချိန်များအရ ဝမ်ချောင်သည် ပိုမိုသက်သာလာပြီ ဖြစ်ကာ ရုံးတော်မှ ပြဿနာများကို မေ့မေ့ပျောက်ပျောက် ဖြစ်နေပြီဟု လူတိုင်း ယုံကြည်ခဲ့ကြ၏။ သူ၏ပုံစံမှာ အဆင်ပြေနေဟန်ပင်။ တစ်ခါတစ်ရံတွင် ဝမ်ရှောင်ယောင်နှင့်ပင် စနှောက်နေသေး၏။
သို့သော် အရာအားလုံးမှာ သူတို့ တွေးထင်နေသကဲ့သို့ တစ်ခုမှမဟုတ်ကြောင်း ရုတ်တရက် ထိတ်လန့်စွာ နားလည်လိုက်ရသည်။
ဝမ်ချောင်သည် ဤအကြောင်းအရာများက တစ်ကြိမ်တစ်ခါမှ မမေ့ခဲ့လေ..။
တိတ်ဆိတ်နေသည့် အခန်းအတွင်းတွင် ဤလူများ၏ စိုးရိမ်တကြီး အကြည့်များအား မြင်ရသော် ဝမ်ချောင် တစ်စုံတစ်ခု နားလည်သွား၏။ သူ၏အပြုံးမှာလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ သူသည် သူ့ကိုယ်သူ ကောင်းမွန်စွာ ဖုံးကွယ်နိုင်ခဲ့သည်ဟု ယုံကြည်ခဲ့၏။ ဤကဲ့သို့ ပေါ်ထွက်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“အမေ။ ကျွန်တော် လမ်းလျှောက်ထွက်လိုက်ဦးမယ်..“
ဝမ်ချောင် တူများချကာ ထရပ်လိုက်သည်။ ထို့နောက်တွင် အားလုံး၏အကြည့်ကို ရှောင်ကာ တည်ငြိမ်စွာ လျှောက်ထွက်လာ၏။ သူ့နောက်တွင် ဝမ်ရှောင်ယောင်သည် “ဆားမပါမှန်း သိသားပဲ။ ဒါပေမဲ့ သမီးကို တစ်ယောက်မှ မယုံကြဘူး..” ဟု အော်ဟစ်နေဆဲပင်။
လေတစ်ချက် သူ၏ခန္ဓာကိုယ်အား ဝေ့ဝိုက်တိုက်ခတ်သွားသည့်အချိန်တွင် ဝမ်ချောင် ရုတ်တရက် ကျောစိမ့်သွားသည်။
မေ့လျော့သွားပြီဟု ထင်နေသည့်အရာများရှိ၏။ သို့သော် အခြားသူများအား အရူးလုပ်နိုင်သော်လည်း သူ့ကိုယ်သူတော့ အရူးမလုပ်နိုင်ပေ။ တစ်နေ့တွင် အမှတ်မထင် မျက်နှာဖုံးခွာချခံရကာ အားအနည်းဆုံးအပိုင်း ဖော်ထုတ်ခံရသည့်နေ့မျိုး ရောက်လာပေလိမ့်မည်။
ဝမ်ချောင် အခြားသူများကို သူ့အတွက် မစိုးရိမ်စေချင်ပေ။
သို့သော် အချို့ကိစ္စများသည် သူ မစိုးရိမ်ဘဲ မနေနိုင်သည့်ကိစ္စများ ရှိ၏။
သူ ရှုပ်ထွေးကာ လမ်းပျောက်နေသည်။ မှောင်မည်းနေသည့် ဤညတွင် ဘယ်သွားရမလဲဆိုတာ သူ မသိပါ။
“သခင်မ။ ကျွန်မတို့ ဒါကို သခင်လေးအခန်းထဲကနေ ရှာတွေ့ခဲ့ပါတယ်..”
ဝမ်ချောင် ထွက်သွားပြီး ဘယ်လောက်မှမကြာလိုက်ပေ။ အစေခံတစ်ဦး ရုတ်တရက် ရှေ့ထွက်လာကာ လက်ဝါးဖြန့်ပြလိုက်သည်။ လက်ဝါးထဲတွင် သွေးစွန်းနေသည့် ပိတ်စနှင့် နှစ်ပိုင်းကျိုးနေသည့် စုတ်တံတစ်ချောင်း ရှိနေ၏။ ဤပစ္စည်းနှစ်ခုအား မြင်သော် သခင်မဝမ် ချက်ချင်း မျက်နှာအရောင် ဖျော့တော့သွားသည်။
“အမေ။ ကျွန်တော် သူ့နောက်လိုက်သွားလိုက်မယ်..”
ဝမ်ပေ့ ချက်ချင်းထရပ်လိုက်၏။
“မလိုက်နဲ့။ သူ့အတွက် အချိန်ပေးလိုက်ပါ..”
ထိုင်းမှိုင်းသော မျက်လုံးများဖြင့် သခင်မဝမ် ခေါင်းခါရမ်းလိုက်သည်။ ဝမ်ချောင်သည် နှစ်ကြိမ်တိုင်တိုင် သတိမေ့မြောခဲ့ပြီး ဖြစ်၏။ သူ၏စိတ်ထဲမှ အစိုင်အခဲမှာ မပျောက်ကွယ် သွားသေးပေ။ ယခုအချိန်တွင် သူတို့လုပ်နိုင်သည်မှာ သူ့အား မလှုံ့ဆော်ပေးရန်နှင့် စံအိမ်အတွင်းတွင် နိုင်ငံရေးကိစ္စများ မပြောဆိုရန် တားမြစ်ခြင်းသာ ဖြစ်၏။ ထိုတော်ဝင်သမားတော် ပြောခဲ့သကဲ့ပင်။ သူမသား၏ စိတ်ဖျားနာခြင်းသည် သူကိုယ်တိုင် ကုမှသာ ပျောက်နိုင်ပေမည်။
……
တိတ်ဆိတ်သည့်ညအတွင်းတွင် ဝမ်ချောင် စံအိမ်အတွင်း၌ တစ်ကိုယ်တည်း လျှောက်သွားနေ၏။ အခြားသူများ ရှိနေနိုင်သည့် နေရာများကို တမင်သက်သက် ရှောင်ကာ လူသူကင်းရှင်းသည့် ပန်းခြံများ၊ လျှောက်လမ်းများကို ရွေးချယ်ခဲ့၍ တစ်ကြိမ်ပြီးတစ်ကြိမ် ပတ်လျှောက်ခဲ့၏။ သို့သော် သူ့စိတ်သည် တင်းကြပ်နေဆဲဖြစ်ကာ ယခုတစ်ကြိမ်တွင် ပို၍ပင် ပြင်းထန်လာခဲ့သည်။
ဒုန်းး….
ထိုအချိန်တွင် အပြင်မှနေ၍ အချိန်ဖော်ပြသည့် ခေါင်းလောင်းသံထွက်ပေါ်လာ၏။ ဝမ်ချောင် ခြေလှမ်းများ ရပ်လိုက်သည်။ စံအိမ်အပြင်ဘက်မှနေ၍ စံအိမ်သို့ ဦးတည်လျှောက်လှမ်းလာနေသည့် ခြေသံများ ကြားလိုက်ရ၏။ မြို့တော်အတွင်းတွင် နယ်မြေတိုင်း၌ အချိန်ကြေညာပေးသည့်လူများ ရှိပေသည်။ ဤလူများသည် အများအားဖြင့် နှစ်ယောက်တွဲ၍ သွားလာတတ်ကြ၏။
“ ငါတို့ရှေ့က စံအိမ်က ဝမ်မိသားစုစံအိမ်ပဲ..”
ညကင်းလှည့်သမားနှစ်ဦး၏အသံသည် ဝမ်ချောင်၏အာရုံအား ဆွဲခေါ်သွား၏။
“မျိုးနွယ်ခြားဘုရင်က အဲမှာနေတာမလား..”
“အာ။ မင်းက အသစ်ရောက်လာတဲ့လူပဲ။ ငါ မင်းကို အကြံပေးလိုက်မယ်။ ဒီအကြောင်း ထပ်မပြောနဲ့တော့..”
ညစောင့်တစ်ဦးမှ ပြောပြီးရုံသာ ရှိသေး၏။ အခြားတစ်ဦး၏ ကြားဖြတ်ပြောခြင်းကို ခံလိုက်ရသည်။ ထို့နောက်တွင် ထိုနှစ်ဦးသည် အမှောင်ထုအတွင်း တဖြည်းဖြည်းချင်း ဝင်ရောက် ပျောက်ကွယ်သွားခဲ့၏။ ဝမ်ချောင် သတိပြန်ဝင်လာသည့်အချိန်တွင် မြင့်မားသည့်နံရံတစ်ခုရှေ့ ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဤနံရံသည် တောင်တစ်လုံးကဲ့သို့ မြင့်မား၏။ သူ၏လမ်းကြောင်းအား ကာဆီးထားကာ သူ၏နှလုံးအား ဖိနှိပ်ထားသည်။ ထိုအချိန်တွင် ဝမ်ချောင် ရုတ်တရက် အပြင်ထွက်ချင်စိတ်များ ပြင်းပြလာ၏။ ခြေထောက်များ ပေါ့ပါးစွာတစ်ချက် လှုပ်ရှားကာ သစ်ရွက်တစ်ရွက်ကဲ့သို့ နံရံထက် ခုန်တက်လိုက်၏။
နံရံထက် ခြေချလိုက်သည်နှင့် အမှောင်ထုအတွင်းတွင် မရေမတွက်နိုင်သည့် အလင်းစက်များ တလက်လတ် တောက်ပနေသည်ကို မြင်လိုက်ရ၏။ ထိုရင်းနှီးသည့် ခံစားချက်သည် သူ၏စိတ်နှလုံးအတွင်း၌ နောက်တစ်ဖန် လိမ့်တက်လာခဲ့သည်။ သူသည် အဆုံးမရှိသည့် ပင်လယ်ပြင်အတွင်း မြောလွင့်နေသည့် အဖော်မဲ့ လှေတစ်စင်းအလားပင်။ အမှောင်ထုအတွင်း လမ်းပျောက်နေကာ ဦးတည်ချက်လည်း မရှိပေ။
ဝမ်ချောင် တဖက်လှည့်ကြည့်လိုက်သော် ညစောင့်နှစ်ဦး အဝေးသို့ လျှောက်သွားနေသည်ကို မြင်လိုက်ရ၏။
“ဟူးး…” ညင်သာစွာ သက်ပြင်းချကာ နံရံထက်မှ ခုန်ဆင်း၍ ဆန့်ကျင်ဘက်သို့ ဦတည်သွားလိုက်၏။
သူ့နောက်တွင် ပုံရိပ်တစ်ခုသည် အမှောင်ထုအတွင်းမှ တိတ်တဆိတ် စောင့်ကြည့်နေကာ သူ့နောက်သို့ ပုန်းလျှိုးကွယ်လျှိုး လိုက်သွားခဲ့လေသည်။
******
အပိုင်း ၁၃၁၇
စိတ်အစိုင်အခဲ (၂)
တိုက်ခတ်နေသည့် ညလေ တဖြူးဖြူးကြားတွင် ဝမ်ချောင် လမ်းများကို ဖြတ်လျှောက်လာခဲ့သည်။ သူ ဘာလုပ်ချင်နေလဲ၊ ဘယ်သွားချင်နေလဲဆိုတာ သူကိုယ်တိုင်လည်း မသိပါG ဤကဲ့သို့ လျှောက်ပတ်သွားနေလျှင် သူ့စိတ်က များစွာပိုမိုပေါ့ပါးသွားသည်ကိုသာသိ၏။
ဝုတ် ဝုတ်..
အမှောင်ထုအတွင်းတွင် ခွေးဟောင်သံများ၊ ယောကျာ်းသံများ၊ မိန်းမသံများ၊ ကလေးအော်ငိုသံများကို ကြားနေရသည်။ ဝမ်ချောင်သည် အရှေ့ကိုသာ တလှမ်းချင်း လျှောက်လှမ်းသွားနေကာ မည်သည့်အသံကိုပေါ်မှ စိတ်ဝင်စားမှုမရှိပေ။
“အဖေ၊ ကျွန်တော် တောင်းပန်ပါတယ်..”
လမ်းဘေးတဖက်ရှိ အိမ်တစ်အိမ်တွင် မီးအိမ်တစ်လုံး မီးလင်းနေ၏။ ပြတင်းပေါက်မှတဆင့် သားအဖနှစ်ဦး စကားပြောနေသည့်အသံများ လျှံထွက်လာသည်။
“ကျွန်တော် မှားသွားတာ၊ ကျွန်တော် အဖေနဲ့ ပြိုင်မငြင်းခဲ့သင့်ဘူး.. မျိုးနွယ်ခြားဘုရင်က ကြီးမြတ်တဲ့သူရဲကောင်းတစ်ယောက်၊ သူ မှန်တယ်လို့ ကျွန်တော် ယုံကြည်ခဲ့တယ်.. ဒါပေမဲ့ သူက ပုန်ကန်ဖို့စီစဉ်နေတဲ့ အကြံအစည်ကြီးမားတဲ့ လူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး..”
ဝုန်းး…
ဝမ်ချောင် သူ၏နှလုံး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်ဟု ခံစားလိုက်ရသည်။ နာကျင်မှုလှိုင်းလုံးများက တစ်ကိုယ်လုံး လှိုက်တက်လာသည့်အတွက်ကြောင့် လက်သီးနှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်လိုက်မိ၏။
“ဟူး.. အားလုံးက ပြီးခဲ့ပြီပဲ.. ။ အဖေနဲ့သား စကားများတယ်ဆိုတာ တစ်ညထက်မကျောပါဘူး.. ။ မင်း နားလည်ရင် ပြီးတာပဲ.။ မင်း မပြောနဲ့။ အဖေတောင် သူ ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး..”
အဖေနှင့်သားကြားမှ တိုတောင်းသည့် စကားဝိုင်းသည် ဝမ်ချောင်၏ မျက်လုံးများအား အရောင်မှိန်ဖျော့ သွားစေခဲ့သည်။ ပြတင်းပေါက်အား ဖြတ်ကျော်ကာ အရှေ့သို့ ဆက်လျှောက်သွားလိုက်၏။
ညသည် အေးစက်ကာ စိတ်ဓာတ်ကျစရာ ကောင်း၏။ လမ်းများအား ဖြတ်လျှောက်သွားနေရင်းဖြင့် ဝမ်ချောင် အေးစက်မှုတို့ကို ပိုမိုခံစားလာခဲ့ရသည်။ သူ လမ်းစလျှောက်ခဲ့သည့် အချိန်မှစ၍ ယခုအချိန်အထိ လမ်းပေါ်တွင် လူတစ်ဦးတစ်ယောက်မှ မတွေ့ရသေးပေ။
“အံ့ဩစရာကောင်းလိုက်တာ.. ။ ကွန်ဖြူးရှပ်ကျောင်းက အာရေဗျမှာ အခု ကျောင်းခွဲပေါင်းနှစ်ထောင်ကျော် ရှိနေပြီ..။ အာရေဗျရဲ့စော်ဘွားက တကယ်ယုံ ကြည်ရတဲ့လူပဲ။ ကျုပ်တို့ သူတို့ကို အထင်လွဲခဲ့မိတာပဲ..”
“အာရေဗျမှာ ကျုပ်တို့ မဟာထန်ဘာသာစကားကို သင်နေတဲ့လူတွေ သိန်းနဲ့ချီ ရှိနေပြီမလား.. ။ နောက်ကျရင် ကျုပ်တို့နားမှာရှိတဲ့ ဟူလူမျိုးတွေလည်း ထန်စကား ပြောတတ်ကြတော့မယ်..”
“ဟုတ်ပါ့ဗျာ.. ကျုပ်အိမ်ဘေးနားက ကောင်လေးဆိုရင် အလုပ်ကိစ္စနဲ့ ခိုရာစန်ကိုသွားတာ၊ ပိုက်ဆံ တော်တော်ရှာနိုင်ခဲ့တယ် ကြားတယ်..။ ဒါက ကမ္ဘာကြီး လည်ပတ်တဲ့ပုံပဲလေ..။ ပိုက်ဆံ ရှာနိုင်တယ်ဆိုရင် ဘယ်သူက စစ်တိုက်ချင်ဦးမှာလဲ။ ဒါတွေအားလုံးက မျိုးနွယ်ခြားဘုရင်ရဲ့အမှားတွေပဲ..”
“မှန်တယ် မှန်တယ်..”
ဘေးဘက်ရှိနံရံမှ အသံများထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ကော်ပုံးတစ်ပုံးနှင့် စုတ်တံတစ်ချောင်းသယ်လာသည့် လူနှစ်ဦး အဝေးသို့ လျှောက်သွားလိုက်၏။ နံရံထက်တွင် ကြေညာစာတစ်ခု ကပ်ကာ ထွက်သွားခြင်းပင်။
ဝုန်း…
အမှောင်ထုအတွင်း၌ ရပ်နေသည့် ဝမ်ချောင်အား မည်သူမှ သတိမထားမိခဲ့ပေ။ ထိုလူနှစ်ယောက်အား ကြည့်ကာ ဝမ်ချောင်၏မျက်နှာ တစ္ဆေတစ်ကောင်ကဲ့သို့ ဖြူဆုတ်လာခဲ့သည်။ သူတို့နှစ်ယောက် ထွက်သွားပြီးနောက်တွင် ဝမ်ချောင် အပြင် ထွက်လာလိုက်၏။ နံရံထက်တွင် ကွန်ဖြူးရှပ်ကျောင်း၏ ဘေးတိုင်းပြည်များအတွင်း သူတို့၏အောင်မြင်မှုများအကြောင်း ဖော်ပြထားသည့် ကြေညာစာတစ်စောင် ရှိနေသည်။
‘အရှေ့တာကီခါကနိတ်သည် ကျောင်းသား ၁၃၀၀ ဖြင့် ကျောင်း ၂၄ ကျောင်း ထပ်တိုးဖွင့်လှစ်ခဲ့သည်..’
“အနောက်တာကီခါကနိတ်သည် ကျောင်းသား ၂၈၀၀ ဖြင့် ကျောင်း ၃၅ ကျောင်း ထပ်တိုးဖွင့်လှစ်ခဲ့သည်..”
‘အနောက်တောင်ဘက်ပိုင်းတွင် စျေးအသစ်တသ်ခု ဖွင့်လှစ်ခဲ့ကာ လစဉ်လတိုင်း ရွှေတုံးတစ်မီလီယံခန့် ရရှိ၏..’
‘ပေထင်အုပ်ချုပ်ရေးအဖွဲ့တစ်ဝိုက်တွင် တော်ဝင်ရုံးတော်သည် အနောက်တာ့ခ်များနှင့် နောက်တစ်ကြိမ် ဆွေးနွေးခဲ့ကာ နှစ်ဖက်လုံးသည် သူတို့၏ခံစစ်အား မိုင်တစ်ရာသို့ ထပ်ဆုတ်ရန် သဘောတူခဲ့ကြသည်..’
နံရံတစ်ပြင်လုံးတွင် ဤပုံစံမျိုး ကြေညာချက်များဖြင့် ပြည့်နှက်နေ၏။ သို့သော် များစွာပိုမိုရိုးရှင်းသည့် ကြေညာချက်အချို့ကိုလည်း ဝမ်ချောင် သတိပြုမိခဲ့သည်။
‘မျိုးနွယ်ခြားဘုရင်ကို ဖြုတ်ချပေး..’
‘မျိုးနွယ်ခြားဘုရင်က လူသတ်မိစ္ဆာဘုရင်ပဲ..’
‘အင်အားကသာအမှန်တရားဆိုတာက မိစ္ဆာဒိဠိအယူပဲ..’
ဤကြေညာချက်စာရွက်များ၏ ထောင့်များမှာ စိုနေတုန်းပင်။ ထိုလူနှစ်ယောက် ကပ်ခဲ့ခြင်း ဖြစ်ကြောင်း သိသာပေသည်။
ဝမ်ချောင် ဤကြေညာချက်များအား ဖြူဖျော့နေသည့်မျက်နှာဖြင့် ဖတ်နေခဲ့၏။ လက်သည်းများမှာ လက်ဖဝါးအတွင်း စိုက်ဝင်ကာ သွေးများပင် စီးကျနေလေပြီ။ ဤကြေညာချက်ရှိ စာလုံးတစ်လုံးချင်းစီတိုင်းသည် ဆောက်တစ်လက်ကဲ့သို့ ဝမ်ချောင်၏ခန္ဓာကိုယ်အား ထွင်းဖောက်နေ၏။
ဤကဲ့သို့ မှောင်မည်းနေသည့်ညမျိုးတွင် သူ့အား တွေ့သည့်လူမည်သူမှမရှိပေ။ သို့သော် ထို့ကြောင့်သာလည်း သူသည် ဤစကားလုံးတစ်လုံးချင်းစီတိုင်းကို စိတ်ထဲ ထည့်မှတ်နေခြင်း ဖြစ်သည်။ ယခုအချိန်တွင် တစ်ကိုယ်လုံး၌ နာကျင်မှုများဖြင့် ပြည့်နှက်နေ၏။ မွန်းကြပ်လုမတတ် ခံစားချက်များ နောက်တစ်ကြိမ် လိမ့်တက်လာကာ အေးစက် မည်းမှောင်သည့် ပင်လယ်ပြင်သည် သူ့အား ဝါးမြိုရန် နောက်တစ်ဖန် ခြိမ်းခြောက်လာခဲ့သည်။ မည်မျှပင် ရုန်းကန်နေပါစေ ချောက်နက်အတွင်းသို့ ပိုပို၍သာ နစ်မြှုပ်နေခဲ့၏။
ရှပ် ရှပ်…
ဝမ်ရှောင်၏ခြေလှမ်းများ ပိုမိုမြန်ဆန်လာကာ လမ်းမများထက် အသည်းအသန် ထွက်ပြေးသွားလိုက်သည်။ ဘေးနှစ်ဖက်မှ ပုံရိပ်များမှာ အလျင်အမြန်ပင် နောက်ကောက် ကျန်ရစ်ခဲ့၏။
ဝမ်ချောင်သည် ဤအတောအတွင်းတွင် ရုံးတော်ကိစ္စများကို မစဉ်းစားမိရန်၊ မပြောမိရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ ဤအကြောင်းအရာများကို မေ့နေပြီဟုလည်း သူ့ကိုယ်သူ ယုံကြည်ခဲ့၏။ သို့သော် ယခုအခါမှသာ ဤဒဏ်ရာများမှာ မကျက်သေးဘဲ သူ တွေးထင်ထားသည်ထက်ကို များစွာ ပိုမိုနာကျင်နေကြောင်း သိလိုက်ရသည်။
ဝမ်ချောင် ထိုပုံစံဖြင့် အချိန်အတော်ကြာ ပြေးလွှားနေခဲ့၏။ စိတ်နှင့်ကိုယ် နှစ်ရပ်လုံး ပင်ပန်းနေပြီဟု ခံစားလိုက်ရသည့်အခါမှသာ နောက်ဆုံးတွင် ရပ်လိုက်သည်။
ယခုတွင် သူ့ရှေ့၌ ထူးဆန်းသည့် တောအုပ်တစ်ခု ရှိနေ၏။ ကောင်းကင်ထက်တွင် မှိန်ဖျော့သည့်အလင်းရောင်တစ်ခု ရှိနေသည်။ သူသည် မြို့တော်၏ အနောက်ပိုင်းမှ တောင်ပိုင်းအထိ ပြေးလာခဲ့ခြင်းဖြစ်ကြောင်း ဝမ်ချောင်း သိလိုက်၏။
“ဘယ်သူလဲ..”
ဝမ်ချောင် ရုတ်တရက် တဖက်လှည့်လိုက်သည်။ ဓားသွားများကဲ့သို့ ထက်ရှသည့်အကြည့်များဖြင့် တောအုပ်အား စိုက်ကြည့်လိုက၏။
နေရာတစ်ခွင်လုံး တိတ်ဆိတ်နေကာ အသံတစ်သံမှ မထွက်လာခဲ့ပေ။
“မင်း ငါ့နောက် ဒီလောက်အကြာကြီး လိုက်နေတာ..။ ငါ မင်းထွက်လာအောင် ဖိအားပေးရမှာလား..”
ဝမ်ချောင် လက်တစ်ဖက် ဖြန့်လိုက်သည်။ လက်ဝါးထက်မှ စွမ်းအင်များကို ချွန်ထက်သော ဓားသွားတစ်ခုအတွင်း ချက်ချင်းစုဝေးလိုက်၏။
ဝမ်ချောင် လှုပ်ရှားတော့မည့် အချိန်မှာပင် ခြေလှမ်း ၂၀ ခန့်အကွာ၌ ရှိနေသော သစ်ပင်ထံမှ အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
“နေပါဦး..”
ဝှစ်…
အုံ့ဆိုင်းသော သစ်ပင်တစ်ပင်ထက်မှ ပုံရိပ်တစ်ခု မြေပြင်ထက် ခုန်ဆင်းလာခဲ့သည်။ ဤလူသည် အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးဝတ်ဆင်ထားသောလူတစ်ယောက် မဟုတ်ပေ။ ရင်ဘတ်တွင် ‘极’ (အန္တိမ) ဟူသော စာလုံးပါရှိသည့် အစိမ်းရောင်ပိုးသားဝတ်ရုံ ဝတ်ဆင်ထားသည့် လူတစ်ဦး ဖြစ်၏။
“မင်းက အမြဲတမ်း နေထိုင်သူ နယ်စားစံအိမ်ကလား..”
ဝမ်ချောင် အံ့အားသင့်သွားသည်။ ညဉ့်တစ်ပိုင်းလုံး သူ့နောက်လိုက်နေသည့်လူမှာ အမြဲတမ်းနေထိုင်သူနယ်စားစံအိမ်မှ ဖြစ်လိမ့်မည်ဟု မထင်ထားပေ။ ဤလူသည် ဤကဲ့သို့ မပြောသော်လည်း သူ ဝတ်ဆင်ထားသည့် အဝတ်အစားများသည် အန္တိမစစ်တပ်၏ဝတ်စုံနှင့် အလွန်တူ၏။ ခါးတွင်လည်း နယ်စားစံအိမ်မှ အမှတ်ပြား ချိတ်ထားသေးပေသည်။
“မျိုးနွယ်ခြားဘုရင်၊ ခွင့်လွှတ်ပေးပါ..”
ထိုလူ လက်ချင်းယှက်ကာ တရိုတသေ ဦးညွတ်လိုက်သည်။
“ဒီလက်အောက်ငယ်သားမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး..။ အမိန့်အတိုင်း ဖိတ်ကြားစာ လာပို့ပေးတာပါ..”
“ဖိတ်စာဟုတ်လား..”
ဝမ်ချောင် အံ့ဩတကြီး မျက်ခုံးများ ပင့်တက်သက်သွားသည်။ ရန်လိုမှုမှာလည်း ပျောက်ကွယ်သွား၏။
တာလက်စ်တိုက်ပွဲတွင် အမြဲတမ်း နေထိုင်သူနယ်စားသည် ဝမ်ချောင်နှင့် မဟာထန်အား ကူညီရန်အတွက် အန္တိမစစ်တပ်မှ စစ်သည်နှစ်ထောင် ပို့လွှတ်ပေးခဲ့သည်။ ဤစစ်တပ်၏ အကူအညီကြောင့်သာ မဟုတ်လျှင် အောင်မြင်မှု ရရှိရန် များစွာ ပိုမိုခက်ခဲပေလိမ့်မည်။
ဝမ်ချောင်သည် ယခင်တွင် အမြဲတမ်းနေထိုင်သူနယ်စားနှင့် တစ်ကြိမ်မှ မဆုံတွေ့ဖူးပေ။ သို့သော် ဝမ်ချောင်ထံမှ စာတစ်စောင်တည်းဖြင့် နယ်စားသည် ဝမ်ချောင်၏ စိတ်သဘောထား ပွင့်လင်းမှုအပေါ် လေးစားသဘောကျကာ ဝမ်ချောင်အား စစ်သည်နှစ်ထောင် ကူညီပေးခဲ့လေသည်။
“ဒီလက်အောက်ငယ်သား သေချာတော့ မရှင်းပြတတ်ပါဘူး..။ ဒါပေမဲ့ စာဖတ်ကြည့်လိုက်ရင် အရှင် နားလည်သွားပါလိမ့်မယ်..”
အစောင့်မှ မိုးပြာရောင်စာအိတ်နှင့် ဖိတ်စာတစ်စောင် ထုတ်ယူလာကာ ဝမ်ချောင်အား ရိုရိုသေသေ ကမ်းပေးလိုက်သည်။
“နားလည်ပြီ၊ နယ်စားကို ငါ့ကိုယ်စား ကျေးဇူးတင်စကား ပြောပေးဦး..” ဖိတ်စာအားလှမ်းယူကာ ဝမ်ချောင် ပုံမှန်လေသံဖြင့် ပြောလိုက်သည်။
သူသည် နယ်စား၏ ကြင်နာမှုနှင့် အကူအညီအတွက် ကျေးဇူးတင်သော်လည်း ယခုတွင် မည်သူ့ထံမှ အလည်သွားရန် စိတ်မပါသေးပေ။
“အရှင်၊ ဒီလက်အောက်ငယ်သား အရင်သွားလိုက်ပါဦးမယ်.။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အရှင် ဖိတ်စာထဲက အကြောင်းအရာကို ဖတ်ဖြစ်အောင် ဖတ်ပေးပါ..”
ဝမ်ချောင် ဖိတ်စာအား ယူလိုက်သည်နှင့် နယ်စားအစောင့်မှ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ အနောက်ပြန်ဆုတ်သည့်အချိန်တွင်လည်း ဖိတ်စာအား နောက်ဆုံးအကြိမ် တစ်ချက်ကြည့်လိုက်၏။
ဝှစ်..
ထို့နောက်တွင် သစ်ကိုင်းတစ်ခုထက် ခုန်တက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ် သွားခဲ့သည်။
ဝမ်ချောင် ကောင်းကင်အား မော့ကြည့်လိုက်သည်။ နေအလင်းရောင် ထွက်ပေါ်လာရန် ဘယ်လောက်မှ မလိုတော့ကြောင်း သိလိုက်ရ၏။
“ဟူးးး….” သက်ပြင်းရှည်ချကာ အိမ်ပြန်လမ်းဘက်သို့ ခြေဦး လှည့်လိုက်လေတော့သည်။
……
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
ဝမ်ချောင်သည် စာကြည့်ခန်း၏ကြမ်းပြင်ထက်တွင် တင်ပလ္လင် ခွေထိုင်နေကာ သူ၏ခန္ဓာကိုယ်မှ အဖြူရောင်စွမ်းအင်စီးကြောင်းများ ထွက်ပေါ်နေ၏။ မျက်နှာတစ်ပြင်လုံး နီရဲနေကာ ချွေးများလည်း စို့နေသည်။ အချိန်တစ်ခု ကြာပြီးနောက်တွင် ဝမ်ချောင် အသက်ရှူထုတ်ကာ စွမ်းအင်များ တဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်သည်။ မျက်နှာအရောင်မှာလည်း ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားခဲ့၏။
“ဆရာကျန့်၊ ကျေးဇူး အများကြီးတင်ပါတယ်..” ဝမ်ချောင် သူ့ရှေ့ရှိ တော်ဝင်သမားတော်အား ပြောလိုက်သည်။ “စိတ်ဝိညာဉ်ဆေးလုံးက အာနိသင် တကယ် ကောင်းတာပဲ..”
“အရှင် သိပ်ပြီးမယဉ်ကျေးလည်း ရပါတယ်။ အရှင့်ရဲ့သိုင်းပညာရပ်တွေက ကြီးမားနက်ရှိုင်းတယ်။ အရှင့်ရဲ့ အံ့ဩစရာကောင်းတဲ့ အရည်အချင်းနဲ့ဆိုရင် နောက်ထပ် နည်းနည်းလောက် နားပြီး အားဖြည့်လိုက်ရင် ပြန်သက်သာလာမှာပါ..”
ဝမ်ချောင်းအား ပြောကာ သမားတော် ဆေးသေတ္တာ သိမ်းလိုက်သည်။
“ဆရာကျန့်၊ ကျေးဇူးတင်ပါတယ်..”
ဝမ်ချောင် ခေါင်းညိတ်ကာ ထရပ်၍ အရိုအသေ ပေးလိုက်၏။
ဆေးသေတ္တာအား ကိုင်စွဲကာ တော်ဝင်သမားတော် အခန်းအတွင်းမှ ခပ်သုတ်သုတ် ထွက်သွားလိုက်သည်။ ဝမ်ချောင်သည်လည်း သူ၏စာကြည့်စားပွဲသို့ လျှောက်သွားကာ စာရွက်တစ်ရွက်ဖြန့်၍ လက်ရေးလှ စတင်ရေးကျင့်လိုက်၏။
နောက်ထပ်ရက်အနည်းငယ်ခန့်နေလျှင် သူ၏ အိမ်အကျယ်ချုပ်နှစ်လ ပြည့်ပေပြီ။ ဤအတောအတွင်းတွင် ဝမ်ချောင်သည် ရုံးတော်သို့ သွားစရာ မလိုပေ၊ စစ်ဖက်ရုံးကိစ္စများတွင်လည်း ဝင်ပါစရာ မလိုပေ။ လက်ရေးလှရေးကျင့်ခြင်းသည် သူ့အတွက် အချိန်ဖြုန်းရန်နှင့် စိတ်ခံစားချက်များ ငြိမ်သက်စေနိုင်သည့် နည်းလမ်းတစ်ခုဖြစ်၏။
“ဆရာကျန့်၊ ကျွန်မသား အခြေအနေ ဘယ်လိုရှိလဲ..”
ဝမ်ချောင် လက်ရေးလှရေးသားခြင်းအပေါ် အာရုံစိုက်နေစဉ်တွင် ရုတ်တရက် အဝေးမှ အသံတစ်သံ ကြားလိုက်ရသည်။
“အမေ..”
အသံပိုင်ရှင်အား ချက်ချင်းသိသွားကာ ဝမ်ချောင် ထိတ်လန့်သွား၏။
ထို့နောက်တွင် ပြန်ဖြေလာသည့် ရင်းနှီးသည့် သမားတော်၏အသံ ကြားလိုက်ရသည်။ “သခင်မ၊ ကျွန်တော် အရှင့်ကို စိတ်ဝိညာဉ်ဆေးလုံး ပေးထားပါတယ်။ သခင်မ မှာထားတဲ့အတိုင်း အရှင့်ကို အမှန်အတိုင်း မပြောထားပါဘူး။ အရှင်က အပေါ်ယံကြည့်ရင် အဆင်ပြေတယ် ထင်ရပေမဲ့ စိတ်ထဲက အစိုင်အခဲက ပိုပိုပြီးတော့ပဲ ဆိုးလာနေပါတယ်။ အရှင့်စွမ်းအင်တွေကလည်း သိသိသာသာကို မတည်မငြိမ် ဖြစ်လာနေတယ်.. အခြေအနေ မကောင်းပါဘူး..”
“အရှင့်စိတ်ထဲက အစိုင်အခဲကို ဖယ်ရှားပစ်နိုင်တဲ့နည်းလမ်း မရှိဘူးဆိုရင်၊ ဒါမှမဟုတ် အရှင်က အစိုင်အခဲကို သူ့ဘာသာသူ မရှင်းထုတ်ပစ်ဘူးဆိုရင် ပိုပြီးတော့ပဲ ပြင်းထန်လာပါလိမ့်မယ်။ အချိန်ကျလာရင် ဒီအဖိုးကြီးတောင် ဘာမှတတ်နိုင်တော့မှာ မဟုတ်ပါဘူး..”
စကားသံများအရ နှစ်ဦးသားသည် ဝမ်ချောင်၏ စာကြည့်ဆောင်နှင့် အလွန်ဝေးကွာသည့်နေရာ၌ ပြောရန် ရွေးချယ်ခဲ့ကြဟန်ရှိ၏။ သို့သော် ဝမ်ချောင်၏ ကျင့်ကြံခြင်းအဆင့်နှင့်လူမျိုးအတွက် ဤသည်မှာ အကျိုးမရှိပေ။
“ဟူး… ဒါပေမဲ့ ကျွန်မတို့က ဘာမှ မလုပ်ပေးနိုင်ဘူးလေ..”
ဝမ်ချောင်၏အမေသည် သူ့သား နားထောင်နေကြောင်း နည်းနည်းမျှ မသိပေ။ လေသံတွင် စိုးရိမ်မှုများအား အတိုင်းသား ကြားနေရ၏။
“စုရွှတ်ရွှမ်း၊ ရွှီခဲ့ယီ ငါ ပြောတာ သေချာနားထောင်ကြ။ ဒီအတောအတွင်း ဝမ်ချောင်ကို အပြင်ကကိစ္စတွေ ဘာတစ်ခုမှမပြောဖို့ တားမြစ်တယ်။ ငါတို့ဝမ်ကလန်က မဟာထန်အတွက် လုံလောက်အောင် ပေးဆပ်ခဲ့ပြီးပြီ။ အင်ပါယာအပေါ် ဘာအကြွေးမှ မတင်ဘူး..”
“နားလည်ပါပြီ သခင်မ..”
အသံများ တဖြည်းဖြည်းချင်း အဝေးရောက်သွားသည်။
ဝမ်ချောင်သည် ကုလားထိုင်ထက်တွင် လှုပ်ရှားမှုကင်းမဲ့စွာ ထိုင်နေကာ စုတ်တံမှာလည်း လေထဲတွင် တန့်နေ၏။ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးသည့် အကြည့်များ ဖြတ်ပြေးသွားသည်။ သို့သော် အလျင်အမြန်ပင် စိတ်ပြန်ငြိမ်သွားကာ စာဆက်ရေးလိုက်၏။
စိတ်ဖျားနာခြင်းအား စိတ်ကုထုံးဖြင့် ကုသရပေမည်။ သို့သော် သူ၏ဖျားနာမှုကို မည်သူကများ ကုသပေးနိုင်ပါမည်နည်း။ တစ်ကမ္ဘာလုံး၏ အသေရေဖျက် ပြောဆိုခြင်းကို ခံရသည့်လူတစ်ယောက်အား ကုသပေးနိုင်သည့်လူ ရှိပါဦးမည်လော။
ဝမ်ချောင် စုတ်တံဖြင့် စုတ်ချက်များ အားပြင်းပြင်း ဖိရေးလိုက်၏။ လက်ရေးမှာ တဖြည်းဖြည်းချင်း ပိုမြန်လာကာ ဒေါသများ၊ မတရားခံရသည့် ခံစားချက်များ အားလုံးကို စာရွက်ထက် ပုံချလိုက်သည်။ ထိုပုံစံဖြင့် အချိန်အတော်ကြာသွားကာ နောက်ဆုံးတွင် စုတ်တံပစ်ချ၍ ကုလားထိုင်အား မောပန်းစွာ မှီချလိုက်သည်။ ထိုအချိန်မှသာ သူ၏မျက်နှာထက်တွင် နာကျင်မှုအရိပ်အယောင်များ တစွန်းတစ်စ ထွက်ပေါ်လာတော့၏။
********
အပိုင်း ၁၃၁၈
နယ်စား၏ဖိတ်ကြားချက်
ဝှစ်..
လေတစ်ချက် ပြတင်းပေါက်အား ဖြတ်ဝင်လာခဲ့သည်။ အခန်းအတွင်းရှိ စာအုပ်များအား ဖြတ်တိုက်သွားကာ ပါးလျသည့် မိုးပြာရောင်ဖိတ်စာတစ်စောင် စားပွဲထက်မှ ပြုတ်ကျသွားခဲ့၏။ ဝမ်ချောင် ဖိတ်စာအား ကုန်းကောက်လိုက်သည်။ ဖိတ်စာအား ထိမိသွားသည့်အချိန်တွင် ဤဖိတ်စာသည် ထိုနေ့ညတွင် အမြဲတမ်းနေထိုင်သူ နယ်စားအစောင့် ပေးခဲ့သည့် ထူးဆန်းသော ဖိတ်စာကတ် ဖြစ်ကြောင်း သိလိုက်ရ၏။
ဝမ်ချောင်သည် ယခုတွင် မည်သူ့ကိုမှ တွေ့ချင်စိတ် မရှိသေးပေ။ ဖိတ်စာအား စားပွဲထက်သာ ပြန်တင်ထားလိုက်သည်။ သို့သော် တစ်ခဏခန့်ကြာပြီးနောက်တွင် ဝေခွဲမရဖြစ်စွာဖြင့် ပြန်ကောက်ယူလိုက်၏။
“ဖတ်ကြည့်လို့ အကျိုးမယုတ်ပါဘူး..”
သက်ပြင်းချကာ ဝမ်ချောင် ဖိတ်စာအား ဖွင့်ဖတ်လိုက်သည်။ ဖိတ်စာကတ်ပေါ်ရှိ စာလုံးများသည် အလွန်သာမန်ကျသည့် လက်ရေးများဖြင့် ရေးသားထား၏။
‘အမြဲတမ်းနေထိုင်သူနယ်စား ယွီချီရှုန်းမှ အရှင် မျိုးနွယ်ခြားဘုရင်ထံသို့ :
မျိုးနွယ်ခြားဘုရင်ဟာ အစွမ်းကုန်ကြိုးစားတဲ့လူတစ်ယောက်ဖြစ်ပြီး တိုင်းပြည်အတွက် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်..။ သာမန်ပြည်သူတွေဟာ မောက်မာတဲ့လူတွေရဲ့ ဖျားယောင်းခြင်းကို ခံနေရပေမဲ့ သူတို့စိတ်ထဲမှာ တရားမျှတမှုနဲ့ အကြောင်းတရားတွေ ရှိနေတုန်းပဲ..။ ဘယ်ဟာကအမှန်၊ ဘယ်ဟာကအမှားဆိုတာ နောင်တစ်ချိန်မှာ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာပါလိမ့်မယ်..။ ပြီးတော့ အထူးပုဂ္ဂိုလ်တစ်ဦးဟာ ခြောက်လပိုင်း ၁၇ ရက်နေ့ ညသန်းခေါင်းယံအချိန်၊ မြို့တော်ရဲ့ တောင်ဘက်ပိုင်းမှာရှိတဲ့ တောအုပ်အတွင်းပိုင်းက ကျစ်လင်ပန်းခြံမှာ အရှင်နဲ့တွေ့ဖို့အတွက် အရှင့်ကို ဖိတ်ကြားဖို့ ယွီချီကို အပ်နှံထားပါတယ်..။ မျိုးနွယ်ခြားဘုရင် ချိန်းဆိုထားတဲ့နေရာကို အချိန်မီ ရောက်လာဖို့ မျှော်လင့်ပါတယ်..’
“တခြားတစ်ယောက်က အပ်နှံထားတာ..”
ဝမ်ချောင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ စိတ်ထဲတွင် ခံစားချက်လှိုင်းအချို့ ဖြတ်ပြေးသွား၏။ ဤဖိတ်ကြားချက်တွင် အကြောင်းအရာများများစားစား မပါပါ၊ သို့သော် နောက်ဆုံးပိုင်းသည် ဝမ်ချောင်အား အတော်အံ့အားသင့် သွားစေခဲ့သည်။ မူလတွင် သူသည် အမြဲတမ်း နေထိုင်သူနယ်စားက သူ၏စံအိမ်သို့ ဖိတ်ခေါ်ခြင်းဖြစ်မည်ဟု ထင်ခဲ့၏။ သို့သော် ယခုတွင် ထိုကဲ့သို့ ဟုတ်ဟန် မတူတော့ချေ။
ယခင်တွင် အထက်တန်းစားစံအိမ်တစ်ခုမှ အခြားသူများကိုယ်စား ဖိတ်ကြားသည့် ဖိတ်စာမျိုး သူ တစ်ကြိမ်မှ မရဖူးပေ။ ထို့ကြောင့် ထူးဆန်းသည် မတွေးဘဲ မနေနိုင် ဖြစ်သွား၏။
“ဘယ်လိုလူမျိုးကများ အမြဲတမ်းနေထိုင်သူနယ်စားကို သူ့ကိုယ်စား ဖိတ်စာ ရေးခိုင်းတာလဲ..။ ဘာလို့ သူတို့ကိုယ်တိုင် မထွက်လာတာလဲ..။ တခြားတစ်ယောက်ကို ဖိတ်စာကိုယ်စား ရေးခိုင်းဖို့ လိုလို့လား..”
ဖိတ်စာအား တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ ဝမ်ချောင်၏စိတ်အစဉ် ဗြောင်းဆန်သွားသည်။
အမြဲတမ်းနေထိုင်သူနယ်စား၏ ဤဖိတ်စာသည် အလွန်ကိုထူးဆန်းနေ၏။ ရေးသည့်သူမှာ ဖိတ်ကြားသည့်လူ မဟုတ်နေလေ။ ထိုမျှသာမက အဆုံးတွင်လည်း နယ်စားသည် သူ့အား ဖိတ်ကြားသည့်လူမှာ မည်သူမည်ဝါ ဖြစ်ကြောင်း မပြောထားပေ။ ဤကဲ့သို့ ထူးဆန်းသည့်ဖိတ်ကြားချက်မျိုး ရရှိသည့်လူ ရှိဖူးသည်ဟုလည်း သူ တစ်ခေါက်မှ မကြားဖူးပေ။
“ဟား…”
ဝမ်ချောင် ရယ်၍ ခေါင်းခါရမ်းလိုက်သည်။ ဖိတ်စာအား ပြန်သိမ်းကာ ဤကိစ္စကို စိတ်ထဲတွင်သာ သိမ်းထားရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် သူ၏မျက်လုံးများသည် ဖိတ်စာအနားသတ်ရှိ ပုံမှန်အမှတ်တံဆိပ်ထံ အကြည့်ရောက်သွားသည်။ မျက်လုံးတစ်စုံမှာ ထိုးစိုက်ခံလိုက်ရသကဲ့သို့ ချက်ချင်းကျုံ့ဝင်သွားကာ စိတ်ထဲတွင်လည်း ကြီးမားသည့်လှိုင်းလုံးများ လိမ့်တက်လာခဲ့၏။
“ဒါ၊ ဒါ.. ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..”
ဖိတ်စာကတ်၏ ညာဘက်အောက်ထောင့်၌ ရှိနေသည့် ရွှေရောင်တံဆိပ်အားကြည့်ကာ ဝမ်ချောင်၏မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်လာခဲ့သည်။ ဤတံဆိပ်သည် ကြာပွင့်သဏ္ဍာန်ရှိသည့် ရွှေရောင်မီးတောက်တစ်ခုဖြစ်၏၊ မီးတောက်အလယ်တွင် ရွှေရောင်ပုဆိန်သုံးလက်နှင့် အဆစ် ၁၂ ဆစ်ပါရှိသည့် ကျိုင်း(၁)တစ်လက်တို့ ရှိသည်။
ဝုန်းး…
ဝမ်ချောင် နှလုံးတစ်ခုလုံး လှုပ်ခါသွားသည်ဟု ခံစားလိုက်ရကာ တစ်ကိုယ်လုံးရှိ သွေးများ ဆောင့်တက်လာ၏။ နားထဲတွင် တဒုတ်ဒုတ်အသံများပင် မြည်လာကာ စိတ်ထဲတွင် လုံးဝဗလာကျင်း ဖြစ်သွားခဲ့သည်။
“ဘယ်လိုလုပ်.. သူတို့ ဖြစ်နိုင်မှာလဲ..”
စိတ်ထဲတွင် အတွေးပေါင်း မရေမတွက်နိုင်အောင် ထွက်ပေါ်လာကာ အချိန်ပင် ရပ်တန့်သွားဟန်ရှိ၏။ ဝမ်ချောင် သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်တော့ပေ။ သူ့အတွက် အရေးအပါဆုံး အမှတ်တံဆိပ်အား ဤဘဝတွင် နောက်တစ်ကြိမ် တွေ့မြင်ရဦးလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမှ မတွေးမိခဲ့ချေ။
အမြဲတမ်းနေထိုင်သူနယ်စားသည် မည်သည့်အတွက်ကြောင့် အခြားတစ်ယောက်ကိုယ်စား ဖိတ်စာကတ် ရေးသားခဲ့လဲဆိုတာ ဝမ်ချောင် ရုတ်တရက် နားလည်သွားသည်။ နယ်စားက ထိုလူ၏ နာမည်အား မထုတ်ဖော်ခဲ့ရသည့် အကြောင်းအရင်းကိုလည်း နားလည်သွား၏။
ဤလူများသည် သူ၏မှတ်ဉာဏ်များအတွင်းရှိ ‘ထိုလူများ’ဖြစ်လျှင် သူတို့သည် အမြဲတမ်းနေထိုင်သူနယ်စားအား အသုံးချနိုင်သည့် အရည်အချင်းမျိုး အပြည့်အဝရှိပေသည်။ သူတို့ကိုယ်သူတို့ မဖော်ထုတ်သည်မှာလည်း ပုံမှန်ပင်။ အဘယ်ကြောင့်ဆိုသော်.. ဤလူများသည် ဤကမ္ဘာ၏ မှတ်တမ်းများအတွင်းတွင် မတည်ရှိကြသည့်အတွက်ကြောင့်ပင်..။
ဖိတ်စာကတ် ချထားပြီးသည့်တိုင်အောင် ဝမ်ချောင် မတည်ငြိမ်နိုင်သေးပေ။ မည်သို့ပင်ဆိုစေကာမူ သူ ထိုလူများနှင့် တွေ့ရပေမည်။
……
မျက်စိတစ်မှိတ်အတွင်းမှာပင် ၆ လပိုင်း ၁၇ ရက်မြောက်နေ့သို့ ရောက်ရှိလာ၏။
ညသည် ပိန်းပိတ်မည်းမှောင်နေကာ ကောင်းကင်ယံထက်တွင် တလက်လက် တောက်ပနေသည့် ကြယ်ရောင်များသာ ရှိ၏။
ညသန်းခေါင်ယံအချိန်တွင် သာမန်အဝတ်အစားများ ဝတ်ဆင်ထားသည့် ဝမ်ချောင်သည် နံရံအား တိတ်တဆိတ် ခုန်ကျော်၍ ကျစ်လင်ပန်းခြံသို့ ဦးတည်သွားလိုက်သည်။
ပန်းခြံ၏အရိပ်များအတွင်းတွင် လူတစ်ဦး စောင့်နေ၏။ စောင့်နေသည်မှာ အချိန်တစ်ခု ကြာနေဟန်ရှိသည်။ ယခင်တွင် တွေ့ဆုံခဲ့သည့် အမြဲတမ်းနေထိုင်သူနယ်စား၏ အစောင့်ပင်။
သူနှင့်အတူ အန္တိမစစ်တပ်မှ စစ်သားများလည်း ရှိနေ၏။
“အရှင်က တကယ် ယုံကြည်စိတ်ချ ရတာပဲ..”
အစောင့်မှ ခပ်ရေးရေး ပြုံးလိုက်၏။
“ကျွန်တော့်နောက် လိုက်ခဲ့ပါ..”
ထိုသို့ပြောပြီးသည်နှင့် အစောင့်မှ ချက်ချင်းတဖက်လှည့်ကာ သစ်ကိုင်းတစ်ခုထက် ခုန်တက်သွားလိုက်၏။ ထို့နောက်တွင် တောအုပ်အတွင်းပိုင်းသို့ စတင်တိုးဝင် သွားတော့သည်။ မည်သည့်အပိုစကားတစ်ခွန်းမှမဆိုဘဲ ဝမ်ချောင်သည်လည်း သစ်ကိုင်းထက် ခုန်တက်ကာ လိုက်သွားလိုက်၏။ မှိန်ဖျော့သည့် ကြယ်ရောင်အောက်တွင် ဝမ်ချောင်သည် ခုန်လိုက်ဆင်းလိုက်ဖြင့် ဤအဖွဲ့နောက်လိုက်နေခဲ့၏။ ဘေးပတ်ဝန်းကျင်တွင် တိတ်ဆိတ်နေကာ ဇီးကွက်အချို့၏ အော်သံများသာ ကြားနေရသည်။
အချိန်တစ်ခုကြာပြီးနောက် နောက်ဆုံးတွင် အဖွဲ့သည် သစ်ပင်များထူထပ်သည့် တောအုပ်ငယ်လေးတစ်ခုရှေ့ ရပ်လိုက်ကြ၏။
အစောင့်မှ အနောက်လှည့်လာကာ ဝမ်ချောင်အား ပြောလိုက်သည်။ “အရှင်က တကယ်ထူးဆန်းတာပဲ..။ ဒီလောက် အကြာကြီး ကျွန်တော်တို့နောက် လိုက်ခဲ့တာတောင် ဘယ်သွားမှာလဲ၊ ဘယ်သူနဲ့ သွားတွေ့မှာလဲလို့ တစ်ခွန်း မမေးဘူး..”
“မေးစရာမလိုဘူး..” ဝမ်ချောင် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “ငါ့ကို အဲဒီနေရာဆီ ခေါ်သွား..”
အစောင့်အဖွဲ့ ကြက်သေ သေသွားကြသည်၊ ထို့နောက်တွင် ပြုံးလိုက်ကြ၏။
“ဟုတ်တာပဲ၊ အရှင့်ရဲ့ သိုင်းပညာနဲ့ဆိုရင် ဒီလိုကိစ္စမျိုးအတွက် ဘယ်လိုလုပ် စိုးရိမ်စရာ လိုပါ့မလဲ..”
ထို့နောက်တွင် အဖွဲ့သည် ဝမ်ချောင်အား တောအုပ်ငယ်အတွင်းပိုင်းသို့ ဦးဆောင်ခေါ်သွားလိုက်၏။ ဝမ်ချောင်သည်လည်း နောက်မှ လိုက်သွားလိုက်သည်။ တစ်ခဏအကြာတွင် ရှေးကျသည့် စွန့်ပစ်ဘုရားကျောင်းတစ်ကျောင်း ဝမ်ချောင်၏ မြင်ကွင်းရှေ့ ပေါ်လာခဲ့၏။ ခေါင်မိုးကြွေပြားများမှာ အပေါက်များဖြစ်နေကာ ထောင့်များတွင် ပင့်ကူအိမ်များ ဖုံးလွှမ်းနေသည်။ ပင့်ကူအိမ်အတွင်းတွင်လည်း အကောင်ပေါင်းစုံလည်း ရှိနေ၏။
“ဒါက..”
ရှေးဟောင်းဘုရားကျောင်းအား မြင်လိုက်ရသော် ဝမ်ချောင် အံ့အားသင့်သွားသည်။ မြို့တော်တွင် မွေးဖွားခဲ့သည့်လူအဖို့ သူသည် ဆယ်နှစ်ကျော်ခန့် မြို့တော်တွင် လတ်လျားလတ်လျား စိမ်ပြေနပြေ နေခဲ့၏။ မြို့တော်တွင် သူ မသိသည့်နေရာ မရှိပေ။ သို့သော် ဤကဲ့သို့သော နေရာမျိုးကို တစ်ကြိမ်မှ မမြင်ဖူးပေ။
ဤတောအုပ်အတွင်းတွင် စွန့်ပစ်ထားသည့် ဘုရားကျောင်း တစ်ကျောင်း ရှိနေသည်ကို သူ လုံးဝမသိချေ။
ဒုန်း..
ဝမ်ချောင် အတွေးထဲ မြောနေစဉ်မှာပင် အစောင့်သည် အရှေ့တက်သွားကာ ဦးညွတ်၍ မြေပြင်ထက်ရှိ သတ္တုသံကွင်းအား ဆွဲမ,လိုက်၏။ သံကွင်းဖြင့် ခပ်ပြင်းပြင်း ထုရိုက်လိုက်သည့်အချိန်တွင်.. ချပ်.. ကြီးမားသော စင်္ကြံလမ်းတစ်ခု ဝမ်ချောင်ရှေ့ ပေါ်လာခဲ့သည်။
“မျိုးနွယ်ခြားဘုရင်၊ အထဲ မဝင်ခင်မှာ ကျွန်တော် သတိပေးချင်တာလေးတချို့ ရှိပါတယ်။ ဒီနေ့ညကိစ္စတွေကို ဘယ်သူ့ကိုမှ ပြောပြလို့ မရပါဘူး..။ ဒီကိစ္စကို အရှင်ပြီးရင် သိတဲ့လူက ကျွန်တော်နဲ့ နယ်စားပဲရှိတယ်။ တခြားဘယ်သူ့ကိုမှ ပြောပြလို့ မရပါဘူး..။ ပြီးတော့ နောင်တစ်ချိန်မှာ ဒီကိစ္စကို ထုတ်ပြောလို့ မရဘူး..။ အရှင်နယ်စားကို သွားရှာမယ်ဆိုရင်တောင် အရှင်က ဘာမှဝန်ခံမှာမဟုတ်ပါဘူး..”
“ဒုတိယအနေနဲ့ ဒီလမ်းကို တစ်ခေါက်ပဲ သုံးလို့ရတယ်..။ သုံးပြီးတာနဲ့ စက်ယန္တရားတွေ အလိုအလျောက် လည်ပတ်ပြီး ချက်ချင်း ပြိုကျပျက်စီး သွားလိမ့်မယ်..။ အရှင် ဘယ်တော့မှ နောက်တစ်ခေါက် ပြန်လာလို့ရမှာ မဟုတ်ပါဘူး..။ ပြီးတော့ သူတို့က ဘယ်သူတွေလဲဆိုတာ မမေးဖို့ အမှတ်ရပေးပါ၊ ဒါက အဓိကတားမြစ်ချက်ပါပဲ.. အရှင် ဒီနှစ်ချက်ကို သဘောတူတယ်ဆိုရင် ကျွန်တော် အထဲ ခေါ်သွားပေးပါ့မယ်..”
ထိုသို့ပြောပြီးသည်နှင့် အစောင့်သည် သူနှင့်အတူ ပါလာသော အန္တိမစစ်သားနှစ်ဦးအား အချက်ပြလိုက်၏။ စစ်သားနှစ်ဦးသည် တစ်နေရာမှ မီးတုတ်သုံးချောင်း ထုတ်ယူလာကာ အလျင်အမြန်ပင် မီးညှိလိုက်၏။
“အင်း..”
ဝမ်ချောင် ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။
ထိုအခါမှသာ အစောင့်သည်လည်း စိတ်သက်သာရာရစွာ သက်ပြင်း ချလိုက်၏။ ထို့နောက်တွင် တဖက်လှည့်ကာ စစ်သားတစ်ဦးထံမှ မီးတုတ်တစ်ချောင်း ယူလိုက်သည်။
“မင်းတို့နှစ်ယောက် ဒီနေရာမှာ စောင့်နေကြ..။ ဘယ်သူ့ကိုမှ အနားမကပ်ခိုင်းနဲ့။ မျိုးနွယ်ခြားဘုရင် ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပါ..”
အစောင့်သည် အလျင်အမြန်ပင် မြေအောက်လှိုဏ်ခေါင်းအတွင်း ဆင်းသွားကာ အထဲဝင်၍ ပျောက်ကွယ်သွား၏။
ဝမ်ချောင်သည်လည်း အနည်းငယ်မျှပင် တွန့်ဆုတ်မနေဘဲ လိုက်သွားခဲ့သည်။ စစ်သားနှစ်ဦးအားဖြတ်ကာ လှိုဏ်ခေါင်းအတွင်း ဝင်သွားလိုက်၏။
ဝမ်ချောင်သည် အခြားမည်သူ့နောက်ကိုမှ ဘယ်သောအခါမှ ရဲတင်းစွာ လိုက်သွားမည် မဟုတ်ပေ။ လှိုဏ်ခေါင်းသာ ရုတ်တရက် ပြိုကျသွားပါက သူ့အနေနှင့် မြေအောက်တွင် ပိတ်မိသွားနိုင်ချေ များ၏။
သို့သော် ယခုတွင် သူသည် ဖိတ်စာကတ်မှ အမှတ်တံဆိပ်အား မြင်ခဲ့ပြီးဖြစ်သည်။ ဓားတောင်နှင့် မီးပင်လယ်များ ဖြတ်ကျော်ရမည်ဆိုလျှင်ပင် ဝမ်ချောင် ဤအစောင့်နောက် လိုက်သွားပေမည်။ ထိုအမှတ်တံဆိပ်အား ကိုယ်စားပြုသည့် လူများကို ဝမ်ချောင် ယုံကြည်၏။ ထိုလူများက သူ့အပေါ် ထိခိုက်စေလိုသည့် ရည်ရွယ်ချက် မရှိသည်ကို ယုံသည်။
ဝမ်ချောင် အစောင့်နောက် အလျင်အမြန် လိုက်မီသွား၏။
လေများက သူ၏မျက်နှာအား တဖြူးဖြူးတို က်ခတ်လာခဲ့သည်။ လှေကားထစ်အောက်သို့ ဆင်းသွားသည်နှင့် လှိုဏ်ခေါင်းသည် သူထင်ထားသည် ပိုကျယ်၊ ပိုသန့်ရှင်းနေသည်ကို ဝမ်ချောင် တွေ့လိုက်ရ၏။ ထို့နောက်တွင် လှိုဏ်ခေါင်းသည် အကွေ့အကောက်များ စပေါ်လာခဲ့သည်။ အကွေ့အကောက်များ တဖြည်းဖြည်းချင်း များလာကာ ဝမ်ချောင်သည်ပင် မြေအောက် မည်သည့်နေရာ၌ ရှိနေသည်ကို မပြောနိုင်တော့ပေ။
အချိန်အချို့ကြာပြီးနောက် အစောင့်လက်တွင်းရှိ မီးတုတ် မီးငြိမ်းတော့မည့်အချိန်တွင် သူတို့ ရပ်လိုက်ကြသည်။
“အရှင်၊ ကျွန်တော်တို့ ရောက်ပြီ..။ သူတို့ အရှင့်ကို အရှေ့မှာ စောင့်နေပါတယ်..။ အရှင် တစ်ယောက်တည်း သွားရပါမယ်..”
အစောင့် အရှေ့အား ညွှန်ပြလိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ အလွန်ကိုမှ ရိုသေလေးစားဟန် သိသာနေ၏။ ရိုသေလေးစားသည့် အဆင့်ကို ကျော်၍ အသက်ပေးကာ ကိုးကွယ်ဆည်းကပ်မည့် အဆင့်ပင် ရောက်နေပေပြီ။
သို့သော် ဝမ်ချောင်သည် ဤသည်က ထူးဆန်းသည်ဟုမထင်ပေ။ ဤလူများသာ တကယ်ကို သူတွေးသည့်လူများဆိုလျှင် မည်သည့်လေးစားမှုအဆင့်ဖြစ်စေ မပိုလွန်းပေ။
“ကျေးဇူးပဲ..”
ဝမ်ချောင် ခေါင်းညိတ်ကာ အစောင့် ညွှန်ပြရာသို့ ကြည့်လိုက်သည်။
လှိုဏ်ခေါင်းအောက်တွင် ခပ်ရေးရေး အလင်းတန်းတစ်ခု မြင်နေရ၏။ ဝမ်ချောင်သည် တည်ငြိမ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း စိတ်လှုပ်ရှားမှုအား မထိန်းချုပ်နိုင်ပေ။ လေထဲတွင် ရင်းနှီးသည့် အငွေ့အသက်တစ်ခု ခံစားမိနေ၏၊ သူကိုယ်တိုင်ပင် မေ့သွားပြီဟု ထင်နေသည့် အငွေ့အသက် ဖြစ်သည်။
ဝမ်ချောင် အစောင့်အား ကျော်ဖြတ်သွားကာ အလင်းရောင်ဆီသို့ ဦးတည်သွားလိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် အစပိုင်းတွင် ခြေလှမ်းများသည် မြန်ဆန်နေသေး၏။ သို့သော် အလင်းရောင်နှင့် ခြေလှမ်း ၃၀ ခန့်သာ လိုတော့သည့်အချိန်တွင် ခြေလှမ်းမှာ စတင်၍ နှေးကွေးလာခဲ့သည်။
အိမ်နှင့် ပိုမိုနီးကပ်လာသည့် လူတစ်ဦးကဲ့သို့ ခံစားချက်မှာလည်း ပိုမိုရှုပ်ထွေးလာခဲ့၏။
အပြင်၌ ရှိစဉ်တွင် ဝမ်ချောင်သည် ဤတွေ့ဆုံမှုအတွက် မျှော်လင့်ချက်အပြည့်ဖြင့် စိတ်မရှည်ပင်ဖြစ်ခဲ့သည်။ သို့သော် ယခုတွင် ပိုမိုနီးကပ်လာသည်နှင့် စိုးရိမ်စိတ်များက ပိုမိုကြီးထွားလာကာ ခြေလှမ်းများပင် နှေးကွေးလာ၏။
ဟူး…
ဝမ်ချောင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ စိတ်ခံစားချက်များ ထိန်းချုပ်လိုက်သည်။ ထို့နောက်တွင် တည်ငြိမ်စွာဖြင့် အရှေ့သို့ လျှောက်သွားလိုက်၏။
ဖျတ်..
လိုက်ကာအား မ,တင်ကာ ဝမ်ချောင် အခန်းအတွင်း ဝင်သွားလိုက်သည်။ သူကိုယ်တိုင်သာ မမြင်ရပါက လှိုဏ်ခေါင်းအဆုံးတွင် ဤကဲ့သို့သော အခန်းမျိုး ရှိနေလိမ့်မည်ဟု သူ ဘယ်လိုမှ ယုံကြည်နိုင်မည် မဟုတ်ပေ။ အခန်းသည် မယုံနိုင်လောက်အောင် သန့်ရှင်းသပ်ရပ်ကာ ကျောက်တုံးများဖြင့် စီစီရီရီ တည်ဆောက် ထားလေသည်။
______________
၁.ဤနေရာ၌ ရည်ညွှန်းသည့် ကျိုင်းသည် 锏 (ကျန်) ဖြစ်သည်။ ဓားနှင့်တူ၏၊ သို့သော် ဓားသွားနေရာတွင် ကြီးမားသည့်သတ္တုချောင်းတစ်ချောင်း အစားထိုးထားသည်။ ဤတုတ်ချောင်းသည် တုတ်ချောင်းအဖြစ် အသုံးပြု၍လည်း ရ၏။ သို့မဟုတ် ချိတ်ဆက်ထားသည့် အပိုင်းများအဖြစ်လည်း ခွဲခြား၍ရ၏။
******
အပိုင်း ၁၃၁၉
ထူးဆန်းသော တွေ့ဆုံမှု
အခန်းသည် အလွန်ကျယ်၏၊ သို့သော် အတွင်းပိုင်းတွင် မည်သည့် ပရိဘောဂ ပစ္စည်းမှ မရှိပေ။ ငြိမ်သက်တိတ်ဆိတ်နေသည့် အခန်းအလယ်တွင် လက်တင် ကုလားထိုင်တစ်လုံးသာ ချထား၏။ ကုလားထိုင်ရှေ့တွင် လိုက်ကာတစ်ခု ချထားသည်ကို ဝမ်ချောင် တွေ့လိုက်ရသည်။ လိုက်ကာနောက်တွင် မီးတောက်တစ်ခု လင်းလက်နေကာ အလင်းရောင်သည် သန်မာထွားကြိုင်းသည့် ပုံရိပ်များ၏ အရိပ်များကို ထွက်ပေါ်နေစေ၏။ သူတို့သည်လည်း လက်တင်ကုလားထိုင်ဟု ထင်ရသည့် ထိုင်ခုံပေါ်၌ ခံ့ညားစွာ ထိုင်နေကြသည်။
သူတို့သည် ထိုင်ခုံပေါ်၌ မလှုပ်မယှက် ထိုင်နေကြသော်လည်း သူတို့ထံမှ ထွက်ပေါ်နေသည့် အော်ရာသည် အလွန်အားပြင်း ရဲရင့်ခံ့ညားကာ အခန်းတစ်ခုလုံးအား လွှမ်းခြုံထား၏။
ဝမ်ချောင်သည် ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းသော စစ်ပွဲများ အများအပြား ကြုံတွေ့ဖူး၏။ အနောက်တောင်ပိုင်းစစ်ပွဲနှင့် တာလက်စ်စစ်ပွဲများတွင် လူများသည် အသားကြိတ်စက်များဖြင့် ကြိတ်ခံရသကဲ့သို့ စိစိညှက်ကြေကုန်ကာ သူ့တစ်ကိုယ်လုံးလည်း သွေးများဖြင့် ရွှဲနစ်ဖူးသည်။ သို့သော် မီးအလင်းရောင်ကြောင့် ထွက်ပေါ်နေသည့် ဤအရိပ်များနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် သူသည် ချက်ချင်းပင် ကလေးတစ်ယောက်ကဲ့သို့ ပြောင်းလဲသွား၏။
ဝမ်ချောင်၏အော်ရာသည် အတုမရှိထက်ရှသည့် ဓားသွားတစ်လက်နှင့်တူ၏၊ ထိမိသည့် အရာမှန်သမျှကို ပြတ်တောက်သွားအောင် ပိုင်းဖြတ်ပစ်နိုင်သည်။ လိုက်ကာနောက်ရှိ ပုဂ္ဂိုလ်များကမူ သူတို့သည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မီးဆေး၍ သွန်းလုပ်ထားသည့် သတ္တုအပိုင်းအစများ ဖြစ်သည်။ အတွင်းပိုင်းမှ အပြင်ပိုင်းအထိ စွမ်းအင်များ ပြည့်နှက်နေစေ၏။
သူတို့သည်လည်း ဓားတစ်ချောင်း၏ ထက်ရှမှုများ ပိုင်ဆိုင်ထားသည်။ သို့သော် ထိုမျှသာမက မည်သည့်တိုက်ခိုက်မှု၊ မည်သည့်ထိုးနှက်မှုကိုမဆို ကာဆီးနိုင်သည့် ကြီးမားသောတောင်များနှင့်လည်းတူ၏။
သူတို့နှင့်ယှဉ်လျှင် ဝမ်ချောင်၏အော်ရာမှာ နေနှင့်လအား နှိုင်းယှဉ်လိုက်သကဲ့ပင်။
ပိုအရေးကြီးသည်က သူတို့မျက်နှာအား လိုက်ကာဖြင့် ကာထားသော်လည်း ဤပုဂ္ဂိုလ်များသည် သူ့ဘဝတွင် အကြည်ညိုရဆုံး ပုဂ္ဂိုလ်များ၊ သူ့အပေါ် ကျေးဇူးအကြီးမားဆုံး ပုဂ္ဂိုလ်များဖြစ်သည်ကို ဝမ်ချောင် သေချာခဲ့ပြီး ဖြစ်၏။ ယခုအချိန်တွင် မျက်လုံးများအတွင်း၌ မျက်ရည်များ ဝဲတက်လာသည်ကိုပင် ဝမ်ချောင် မထိန်းနိုင်တော့ပေ။
“ဟား ဟား၊ ကောင်လေး.. ငါ ကြားတာတော့ မင်း မျက်တောင် မခတ်ဘဲ လူသတ်နိုင်တယ်ဆို၊ လူတွေလည်း သန်းနဲ့ချီ သတ်ခဲ့တယ်ဆို။ အပြင်မှာရှိတဲ့ လူတွေအားလုံးက မင်းကို လူသတ်မိစ္ဆာဘုရင်လို့ ခေါ်ကြတာပါ။ ဒါပေမဲ့ အခုပုံစံက ဘာပုံစံလဲ။ တကယ့် ယောကျာ်းရင့်သန်ကြီးက ဘယ်လိုလုပ် မိန်းမငယ်လေးလို မျက်ရည် တစမ်းစမ်း ဖြစ်နေတာလဲ..”
အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ခက်ထန်၏၊ အလွန်အသက်ကြီးရင့်၏၊ မဖုံးဖိနိုင်သည့် ရဲစွမ်းသတ္တိများလည်း ပေါင်းစပ်ပါဝင်နေသည်။ အခန်းတစ်ခုလုံး လှုတ်ခတ်တုန်ခါ သွား၏။
“မကောင်းတဲ့ဘိုးတော်၊ ငါတို့ ဘာပြောထားလဲ.. ဒီကောင်လေးကို ကြောက်သွားအောင် ခြောက်မနေနဲ့..”
လိုက်ကာနောက်မှနေ၍ အခြားအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ဤအသံသည် ဘဝစမ်းသပ်ချက်များအားလုံးကို ရင်ဆိုင် ဖြတ်သန်းခဲ့ရသည့် ဉာဏ်ပညာကြီးရင့်မှုများနှင့် လူတစ်ဦး၏ စိတ်ဝိညာဉ်အား နှစ်သိမ့်ပေးနိုင်သည့် စွမ်းအင်တစ်မျိုး ပါဝင်နေ၏။
“ဘာမှ မဖြစ်ပါဘူးဗျ။ ကြီးမြတ်တဲ့စီနီယာ ပြောတာ မှန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင် ဖြစ်သွားတာ ဝမ်ချောင်ရဲ့အမှားပါ..”
ဝမ်ချောင် မျက်လုံးများ ပွတ်ကာ အလျင်အမြန် ပုံစံပြန်ထိန်းလိုက်သည်။ ကောင်မလေးတစ်ဦးကဲ့သို့ ပြုမူသည့်အတွက် ဝေဖန်ခံလိုက်ရသော်လည်း ဝမ်ချောင် ဂရုမစိုက်ပေ။ ထိုရင်းနှီးသည့်အသံများနှင့် ရင်းနှီးသည့် လှောင်ပြောင်မှုသည် စိတ်ထဲတွင် နွေးထွေးသည့် ခံစားချက်များသာ ဖြစ်ပေါ်လာစေခဲ့၏။ ဤဘဝတွင် ဤပုဂ္ဂိုလ်များအား နောက်တစ်ကြိမ် မြင်တွေ့ရခြင်းသည် ဝမ်ချောင်၏ အကြီးမားဆုံး ကံကောင်းမှုပင်။
သူတို့ သေဆုံးသွားသည့် အချိန်မှစ၍ ယခုအချိန်အထိ သူတို့၏သင်ခန်းစာများနှင့် ဝေဖန်မှုများကို မကြားရသည်မှာ မည်မျှပင် ကြာရှည်နေပြီ ဖြစ်ကြောင်း ဝမ်ချောင် တွက်ပင် မတွက်ကြည့်နိုင်တော့ပေ။ ဝမ်ချောင်၏ အကြီးမားဆုံး နောင်တများထဲမှ တစ်ခုမှာ ဤပုဂ္ဂိုလ်များကို နောင်တများဖြင့် ထွက်ခွာခွင့် ပြုခဲ့ခြင်းဖြစ်၏။ စီရင်စုကိုးခုအတွက် မည်သည့် မျှော်လင့်ချက်ရောင်ခြည်တန်းမှ မြင်သွားအောင် မလုပ်ပေးနိုင်ခဲ့ပေ၊ သူတို့၏မျှော်လင့်ချက်အား ရိုက်ချိုးပစ်ခဲ့သည်။ ဝမ်ချောင် မျက်လုံးထောင့်တွင် မျက်ရည်များ နောက်တစ်ကြိမ် ဝဲတက်လာ၏၊ သို့သော် အတင်းအကြပ် ပြန်ထိန်းထားလိုက်သည်။
“ဟားဟား ကောင်လေး၊ ဒီအဖိုးကြီးတွေ ဘာလို့ မင်းကို တွေ့ချင်လဲဆိုတာသိလား..”
အစောပိုင်းမှ ခက်ထန်သည့် အသံပိုင်ရှင်သည် အားရပါးရ အော်ရယ်လိုက်၏။
“မင်း တော်ဝင်ရုံးတော်မှာ မတရားစွပ်စွဲခံရပြီး ပြည်သူတွေက မင်းကို လူသတ်မိစ္ဆာဘုရင်လို့ ခေါ်နေတယ်လို့ ကြားတယ်..။ ဘာလဲ အဲလို ခေါ်ခံရတာကို မခံနိုင်ဘူးလား..”
“မဟုတ်ပါဘူး..”
ဝမ်ချောင် ခေါင်းခါရမ်းလိုက်သည်။
“ဟား ဟား.. အဲဒါဆိုလည်း ပြီးတာပဲ။မင်း မဟာထန်မှာ မတရား ခံနေရတယ်ကြားလို့ ဟိုကောင်လေးကို မင်းကို ဒီကို ဖိတ်ခိုင်းလိုက်တာ.. တကယ့်ယောကျာ်းတစ်ယောက်က နည်းနည်းပါးပါး စွပ်စွဲခံရတော့ရော ဘာဂရုစိုက်စရာရှိလဲ..။ အယားပြေ ကုတ်တာ လောက်ပဲရှိတယ်။ လူတွေ မင်းကို မိစ္ဆာဘုရင်လို့ ခေါ်တာကတော့ အရင်တုန်းက ဒီအဖိုးကြီးသာဆိုရင် ဒါကို ချီးကျူးတာလို့ သတ်မှတ်ပြီး သုံးရက်သုံးညလောက် စားသောက်ပွဲကြီး ကျင်းပလိုက်မယ်။ ဒီအဖိုးကြီးခေတ်မှာ လူတစ်ယောက်သတ်ရင် လူသတ်သမား ဖြစ်မယ်၊ လူဆယ်ယောက်သတ်ရင် သူရဲကောင်း ဖြစ်မယ်၊ လူတစ်သန်းသတ်ရင်တော့ မင်းက သူရဲကောင်းတွေထဲက သူရဲကောင်းတစ်ယောက် ဖြစ်သွားပြီပဲ။ လူပိုသတ်လေ ကမ္ဘာပေါ်ကလူတွေက မင်းကို ပိုပြီးလေးစားလေပဲ။ သူတို့က မင်းကို လူသတ်မိစ္ဆာဘုရင်လို့ ပြောလည်း မင်းအနေနဲ့ မပျော်စရာ ဘာရှိလို့လဲကွ..” ခက်ထန်သောအသံမှ အားမာန်ပါပါ ပြောလာခဲ့၏။ သူ့အမြင်တွင် ကမ္ဘာကြီးသည် ဝမ်ချောင်အား သူရဲကောင်းတစ်ယောက်အဖြစ် ကြိုဆို ဂုဏ်ပြုနေခြင်းပင်။
“ကျစ်ကျဲ..”
အပြစ်တင်သည့်လေသံဖြင့် ဉာဏ်ပညာကြီးရင့်သော အသံမှ ရုတ်တရက် ပြောလာခဲ့၏။
“ဒီနာမည်ကို မင်း ကြိုက်ရင်ပြီးရော၊ ဒါပေမဲ့ ငါတို့ဂျူနီယာကို လမ်းလွဲရောက်အောင် မလုပ်နဲ့..။ မဟာစွေရဲ့ နောက်ဆုံးနှစ်တွေမှာ မင်းက ဗရမ်းဗတာဖြစ်နေတဲ့ ကမ္ဘာကြီးရဲ့ ကြီးမြတ်တဲ့မိစ္ဆာဘုရင်အနေနဲ့ ကျော်ကြားတာကို မသိတဲ့လူ ဘယ်သူရှိလို့လဲ..။ ကောင်လေး၊ သူ့ရဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေ နားမထောင်နဲ့.. ဒါပေမဲ့ ဒီအဖိုးကြီးလည်း မင်း ကြုံနေရတာတွေကို ကြားတယ်။ မင်းကိုယ်တိုင် ပြောခဲ့သလိုပဲ၊ တကယ့်ယောကျာ်းကောင်းတစ်ယောက်က သူ့လုပ်ရပ်အတွက် ဘာနောင်တစိတ်မှ မခံစားရဖို့ပဲလိုတယ်။ တခြားလူတွေ ကဲ့ရဲ့တာ၊ ချီးကျူးတာတွေကတော့ အရေးမကြီးဘူး..။ တကယ့်ယောကျာ်းတစ်ယောက်က ကိစ္စတစ်ခု လုပ်သင့်မလုပ်သင့်ဆိုတာကို အဲကိစ္စ မှန်နေလား၊မှားနေလားဆိုတာကိုပဲ ကြည့်ပြီး ဆုံးဖြတ်တယ်။တခြားလူတွေရဲ့အမြင်ကတော့၊ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး မင်းကို နားလည်မှု လွဲနေမယ်ဆိုရင်တောင် ဘာအရေးလဲ..။ တစ်နေ့မှာ တိမ်တွေကင်းစင်ပြီး နေသာလိမ့်မမယ်..။ မင်း ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကို လူတိုင်း နားလည်လာလိမ့်မယ်..”
ဤပုဂ္ဂိုလ်သည် နူးညံ့ညင်သာသော အသံရှိကာ အေးအေးဆေးဆေးသာ ပြောသွားခဲ့၏။ နွေဦးမိုးစက်များကဲ့သို့ ဝမ်ချောင်၏ စိတ်နှလုံးအား တိတ်တဆိတ် သန့်စင်ပေးသွားကာ ဒဏ်ရာများ ဆေးကြောပေးခဲ့သည်။
“ကြီးမြတ်တဲ့စီနီယာတို့ပြောတာ မှန်ပါတယ်..။ ဝမ်ချောင် မှားတာပါ..”
ဝမ်ချောင် မျက်ရည်များ ဝဲတက်လာကာ ခေါင်းငုံ့လိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် ထိုကမ္ဘာပျက်သည့် ခေတ်ကာလ၊ သူ ရင်းနှီးသည့် ထိုသင်ခန်းစာများ နားထောင်ခဲ့ရသည့် အချိန်ကာလသို့ ပြန်လည်ရောက်ရှိသွားသည်ဟု ခံစားလိုက်ရ၏။ ထိုအချိန်တွင် သူသည် အရာအားလုံး ဆုံးရှုံးခဲ့ရကာ စိတ်ဓာတ်ကျမှိုင်တွေနေချိန် ဖြစ်၏၊ ဤစီနီယာများက သူ့အား ရှာတွေ့ကာ တောင်ထိပ်တစ်ခုပေါ်သို့ ခေါ်သွားခဲ့ကြသည်။ ထိုနေရာတွင် သူတို့၏ သိုင်းပညာရပ်များ သင်ကြားပေး၍ ကမ္ဘာကြီးကို သူ့ထံ အပ်နှံခဲ့သည်၊ သူ့အား မဟာစစ်သူကြီး ဖြစ်စေခဲ့သည်။
စီနီယာ.. ဝမ်ချောင် စိတ်ထဲ၌ ရေရွတ်လိုက်၏။ အတိတ်အား လွမ်းဆွတ်သည့် ခံစားချက်များ လှိုက်တက်လာသော် သူ၏စိတ်အတွင်းရှိ နာကျင်မှုများအားလုံး ပြေလျော့သွားသည်ဟု ဝမ်ချောင် ခံစားလိုက်ရ၏။
ဟုတ်သည်..။
အဘယ်၍ ထိုကြီးမြတ်သော စီနီယာသည် တူညီသည့် ကုသမှုမျိုး ရရှိခဲ့မည်ဆိုလျှင် မည်မျှပင်ကြီးမားသည့် မှားယွင်းစွပ်စွဲခံရမှု ဖြစ်ပါစေ၊ သို့မဟုတ် မည်မျှပင် ကြီးမားသည့် နာကျင်မှု ဖြစ်ပါစေ ဂရုစိုက်ခဲ့မည် မဟုတ်ပေ။ အရေးအပါဆုံးကိစ္စသည်ပင် သူ၏ပါးစပ်တွင် သေးနုပ်ရေးမပါသည့်ကိစ္စ ဖြစ်လာ၏။ ဤစီနီယာများပြောသည့် အတိုင်းပင်။ စစ်မှန်သော ယောကျာ်းသားတစ်ဦးသည် ကိစ္စရပ်တစ်ခု လုပ်သင့်မလုပ်သင့်ကို ထိုကိစ္စ မှန်လား၊မှားလားပေါ် မူတည်၍ ဆုံးဖြတ်၏။ ကျန်သည့် ကိစ္စများမှာ အရေးမပါပေ။
ဤတစ်လျှောက်လုံးတွင် သူသည် စိတ်ရှုပ်ထွေးကာ အတွေး မှားနေခဲ့သည်။
“ကောင်လေး၊ ငါတို့ မင်းကို ဒီနေရာကိုခေါ်တာက တစ်ခုပြောချင်လို့..”
ထိုအချိန်တွင် အခြားအကြီးအကဲတစ်ဦးမှ ပြောလာခဲ့သည်။ ဤအကြီးအကဲ၏ အသံသည် အခြားနှစ်ဦးနှင့် လုံးဝကွဲပြားနေ၏။
“မင်း လုပ်တာတွေအကုန်လုံး မှန်တယ်..။ လူတွေက ဘယ်လောက်ပဲ မင်းကို နားလည်မှု လွဲနေပါစေ၊ ဘယ်လောက်ပဲ ဝေဖန်ရှုံ့ချနေပါစေ။ စိတ်ထဲ မထည့်နဲ့.. မင်းလုပ်ရမှာက အတွေးကို ရှင်းရှင်းထားဖို့၊ ကိုယ့်စိတ်ကို ပြန်ကြည့်ပြီး ရှက်ရွံ့တာမျိုး မဖြစ်ဖို့ပဲ.. ဒါမှမဟုတ် မင်းက ဒီဟာတွေကို တခြားလူတွေ နားလည်လက်ခံပေးဖို့၊ အသိအမှတ် ပြုပေးဖို့ လုပ်နေတာလား..”
ထိုနောက်ဆုံးမေးခွန်းတွင် အပြစ်တင်ဝေဖန်သည့် အငွေ့အသက်များ မသိမသာ ပါဝင်နေ၏။
ဝုန်း..
မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဝမ်ချောင် စိတ်ထဲတုန်လှုပ်သွားသည်။ ရုတ်တရက် ဉာဏ်အလင်း ပွင့်သွား၏။
“ဟုတ်သားပဲ..”
သူသည် ဤကမ္ဘာအတွင်းတွင် အချိန်အတော်ကြာနေလာကာ အဆက်မပြတ် ရုန်းကန်လှုပ်ရှားနေရသည့်အတွက်ကြောင့် သူ၏ မူလရည်ရွယ်ချက်များကိုပင် မေ့လျော့နေလေပြီ။ သူ့အနေနှင့် မည်သူတစ်ဦးတစ်ယောက်၏ အသိအမှတ်ပြုခြင်း၊ နားလည်ပေးခြင်းမှ မလိုအပ်ပေ။
သူ ဤကိစ္စများ အားလုံးကို လုပ်ဆောင်ခဲ့သည်မှာ သူကိုယ်၌ကိုယ်က လုပ်ချင်သည့်အတွက်ကြောင့် ဖြစ်၏။ အခြားသူများ၏ နားလည်မှု ရယူချင်သည့်အတွက်ကြောင့် မဟုတ်ပေ။ တစ်ကမ္ဘာလုံး သူ့အား နားမလည်ဘူးဆိုလျှင်ပင်၊ တစ်ကမ္ဘာလုံးက သူ့အား ဝေဖန်ရှုံ့ချနေမည်ဆိုလျှင်ပင်၊ သူ့အား လူသတ်မိစ္ဆာဘုရင်ဟု ခေါ်နေမည်ဆိုလျှင်ပင် ဘာအရေးနည်း။ သူသည် နဂိုကတည်းက ဤအရာများကို လိုချင်၍ ရှာဖွေနေသည့် လူမဟုတ်လေ၊ ထို့အတွက်ကြောင့် ယခုတွင် မည်သည့်အတွက်ကြောင့် ဂရုစိုက်နေရသနည်း။
လိုက်ကာနောက်တွင် အလင်းရောင်တစ်ချက် လင်းလက်လာခဲ့သည်။ လိုက်ကာနောက်ရှိ အရှိန်အဝါကြီးမားသော ပုဂ္ဂိုလ်သုံးဦးသည် သူတို့၏မျက်နှာများကို မဖော်ပြသော်လည်း ဤတစ်လျှောက်လုံး ဝမ်ချောင်၏ တုန့်ပြန်မှုအား လေ့လာ စမ်းစစ်နေခဲ့ကြ၏။ ဝမ်ချောင် နားလည်ဟန်ရှိသည်ကို မြင်သော် ညင်သာစွာ ခေါင်းညိတ် လိုက်ကြသည်။
“ကောင်လေး၊ မင်း နားလည်ရင်ရပြီ..” ခက်ထန်သောအသံမှ နောက်တစ်ကြိမ် ပြောလာခဲ့သည်။
“ယောကျာ်းတစ်ယောက်က ကောင်းကင်ကို မော့ကြည့်လိုက်ရင် သူ ကောင်းကင်ကို အရှက်မရစေခဲ့ဘူး။ အောက်ပြန်ငုံ့ကြည့်လိုက်ရင်လည်း သူ့လက်အောက် ငယ်သားတွေကြားမှာ လိပ်ပြာလုံလုံနဲ့ ရင်ကော့ခေါင်းမော့ထားနိုင်တဲ့ အရည်အချင်းမျိုး ရှိဖို့ပဲလိုတယ်။ တခြား ကျန်တာဘာကိုမှ စိုးရိမ်စရာမလိုဘူး။ အလယ်ပိုင်းလွင်ပြင်မှာ ဂျူနီယာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ မင်းတစ်ယောက်ကိုပဲ ငါ စိတ်တိုင်း ကျတယ်။ဒီအဖိုးအိုကြီးက နေလာတာ အသက်တစ်ရာ ကျော်နေပြီ။ တခြားလူတွေနဲ့ တွေ့ဖို့ ဘယ်တုန်းကမှ မတွေးဖူးဘူး။ မင်း စိတ်ဓာတ်ကျပြီး လမ်းပျောက်နေတယ်လို့သာ မကြားရရင် မင်းနဲ့တွေ့ဖို့ကိုလည်း စဉ်းတောင်စဉ်းစားမှာ မဟုတ်ဘူး..”
“ကျေးဇူး အများကြီးတင်ပါတယ် စီနီယာ..” ဝမ်ချောင် ပြောလိုက်သည်။ ဤဘဝတွင် ဤလူများနှင့် ထပ်မံဆုံတွေ့ရခြင်းသည် သူ့ထံတွင် မည်သည့် နောင်တမှ မရှိတော့ပေ။
“ကောင်လေး၊ ကျစ်ကျဲက ရိုင်းတယ်ဆိုပေမဲ့ သူပြောတဲ့ထဲမှာ အမှန်တရားလည်း ပါတယ်။ သူ ပြောတဲ့အတိုင်းပဲ ကောင်းကင်ဘုံက လူတစ်ယောက်ကို ကောင်းချီးပေးတော့မယ်ဆိုရင် သူ့စိတ်ကို နာကျင်ရတဲ့ ခံစားချက်တွေနဲ့ စမ်းသပ်လိမ့်မယ်။ သူ့ရဲ့ကြွက်သားတွေနဲ့ အရိုးတွေ သန်မာလာအောင် လုပ်ပေးလိမ့်မယ်။ မင်းက ဝန်ကြီးနဲ့ ဗိုလ်ချုပ်မျိုးရိုးက ဆက်သက်လာတဲ့လူပဲ။ အံ့ဩစရာကောင်းတဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားတယ်။ စစ်ပွဲပညာရပ်ကိုလည်း ကျွမ်းကျင်တယ်။ မင်းရဲ့ခရီးလမ်းက သွေးတွေအရိုးတွေနဲ့ ပြည့်နေတယ်ဆိုပေမဲ့ အခက်အခဲ နည်းနည်းပဲရှိပြီး တော်တော်ကို ချောမွေ့တယ်လို့ ပြောလို့ရတယ်။ နည်းနည်းပါးပါး မတည်မငြိမ် ဖြစ်သွားတာကလည်း ကောင်းတဲ့ကိစ္စပါပဲ။ ခဲသတ္တုတွေကို လုံလောက်အောင် ဆေးကြောသန့်စင်လိုက်ရင် ရွှေအစစ်ကို တွေ့လာလိမ့်မယ်။ မင်း မချိုးဖျက်ခံရသ၍ မင်း ပိုပြီးတော့ ထူးချွန်ထက်မြက် လာဦးမှာလဲ..” ဉာဏ်ပညာကြီးရင့်သောအသံမှ ပြောလာခဲ့သည်။
“ဂျူနီယာ နားလည်ပါပြီ.. စီနီယာတို့၊ စီနီယာတို့ရဲ့သင်ကြားပြသမှုအတွက် ကျေးဇူး များကြီးတင်ပါတယ်..”
ဝမ်ချောင် ထရပ်ကာ တရိုတသေ ဦးညွတ်လိုက်သည်။
“ကောင်လေး၊ မင်းနားလည်ရင်ပဲ ရပြီ။မင်းကို နားလည်ဖို့ နှေးပြီး မင်း နားလည်ဖို့ အချိန်တစ်ခုလောက် ပေးရမယ် ထင်နေတာ။ ကြည့်ရတာ ဟိုကလေးတွေ ပြောတာမှန်တဲ့ပုံပဲ၊ မင်းက ဉာဏ်တော့ နည်းနည်းကောင်းသားပဲ..”
ခက်ထန်သောအသံမှ နောက်တစ်ကြိမ် အားရပါးရ ရယ်လိုက်သည်။
“ကျစ်ကျဲ..”
တတိယမြောက်အသံမှ ရုတ်တရက် ပြောလာခဲ့သည်။ အသံထဲတွင် မကျေနပ်မှုများ တစွန်းတစ ပါဝင်နေ၏။ သို့သော် အသံသည် အလျင်အမြန်ပင် ဝမ်ချောင်ဘက် ပြန်လှည့်လာခဲ့သည်။
“ကောင်လေး၊ လူတစ်ယောက်က ဒီကမ္ဘာထဲမှာ ရှင်သန်နေထိုင်ပြီး သူရဲကောင်းတစ်ယောက် ဖြစ်ချင်တဲ့ဆန္ဒရှိတယ်ဆိုရင် မွန်းကြပ်မှုတွေ၊ အခက်အခဲတွေ ကျော်ဖြတ်ရမှာပဲ။ ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာ စိုပြေနေသ၍၊ မင်းကိုယ်မင်း မှန်ကန်တဲ့ လမ်းကြောင်းပေါ် လျှောက်နေတယ်လို့ ခံစားနေ၍သ၍.. အဲဒါဆိုရင် လုံလောက်ပြီ..”
“ဒီဂျူနီယာ နားလည်ပါပြီ..” ဝမ်ချောင် ပြန်ဖြေလိုက်သည်။
“ဟား ဟား၊ ငါတို့က ကံပါလို့ ဆုံကြရတာပဲ..။ မင်းက ငါတို့ကို စီနီယာလို့ ခေါ်တယ်ဆိုမှတော့ အဲဂုဏ်ပုဒ်ကို အလကား အဖြစ်ခံလို့ မရဘူး။ ငါတို့ မင်းကို နည်းနည်းပါးပါး ပြန်ပေးရမှာပေါ့၊ မဟုတ်ရင် ငါတို့ သေတဲ့အထိ လှောင်ပြောင်ခံရလိမ့်မယ်..” ခက်ထန်သောအသံမှ ပြောလာခဲ့သည်။
ဝုန်းး…
ဝမ်ချောင် မတုန့်ပြန်နိုင်ခင်မှာပင် ကမ္ဘာကြီး တုန်ခါသွားကာ စိတ်စွမ်းအင်စီးကြောင်းသုံးခု ဝမ်ချောင်အပေါ် ကျရောက်လာခဲ့သည်။ ပြင်းထန်သည့် ဆွဲငင်အားတစ်ခုကဲ့သို့ ဤစိတ်စွမ်းအင် စီးကြောင်းသုံးခုသည် ဝမ်ချောင်အား အဆုံးမရှိသည့် ဝိညာဉ်ကမ္ဘာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့၏။
ဝေါ…
ဤနေရာတွင် ဖုန်မှုန့်သဲမှုန့်များနှင့် ပြင်းထန်သော လေမုန်တိုင်းများတိုက်ခတ်နေကာ မီးတောက်များကလည်း အလျှံဟီးဟီး တောက်လောင်နေ၏။ ထိုအချိန်တွင် ဝမ်ချောင်၏ နားအတွင်းတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ကောင်လေး၊ သေချာကြည့်ထား..“
ကမ္ဘာကြီးတစ်ခုလုံး လှုပ်ခတ်တုန်ခါနေ၏။ ဝမ်ချောင် တဖက်လှည့်ကြည့်လိုက်သော် ကမ္ဘာကြီး၏အလယ်၌ သန်မာထွားကြိုင်းသည့် လူသုံးဦး ရပ်နေသည်ကို မြင်လိုက်ရသည်။ဤပုဂ္ဂိုလ်သုံးဦးသည် တောင်များကဲ့သို့ မြဲမြံစွာရပ်နေကာ ကြီးမားသော သွေးနှင့်မီးတောက်အော်ရာများ ထုတ်လွှတ်နေ၏။
အချိန် ပြောင်းပြန်လည်သွားကာ ဝမ်ချောင်သည် လေဟာနယ်အချိန်အား ဖြတ်ကျော်၍ အတိတ်ကာလမှ ဤပုဂ္ဂိုလ်သုံးဦး၏ ခေတ်ကာလအား မြင်လိုက်ရသည်။ ဤကမ္ဘာသည် စစ်တပ်များ စီးနင်းသောင်းကျန်းနေသည့် ဖရိုဖရဲဖြစ်နေသော ကမ္ဘာတစ်ခု ဖြစ်သည်။ နယ်မြေတခွင် စစ်ပွဲများဖြင့် ပြည့်နှက်နေကာ ခွန်အားကြီးမားသော သူရဲကောင်းများသည် အထွတ်အထိပ်နေရာအတွက် တိုက်ခိုက်ကြ၏။ အထူးချွန်ဆုံးသော ဗိုလ်ချုပ်များကသာ လူအုပ်ကြီးအတွင်းမှ ခွဲထွက်ကာ တောင်ထိပ်၌ ထွက်ရပ်နိုင်ကြသည်။ သူတို့သည် ဤကမ္ဘာပေါ်တွင် ဒဏ္ဍာရီတွင်မည့် သွေးနှင့်သံမဏိမှတ်တမ်းများ ဖန်တီးခဲ့ကြလေသည်။
******
အပိုင်း ၁၃၂၀
ငြိမ်းသတ်၍မရသည့် ဝိညာဉ်နှင့် စိတ်စွမ်းအားအား အမွေဆက်ခံခြင်း
“သဲသောင်ပြင်အတွင်းမှာ တိုက်ခိုက်တဲ့ တိုက်ပွဲတစ်ရာက ဝတ်ထားတဲ့ချပ်ဝတ်ကို ရွှေရောင်ပြောင်းစေတယ်..”
ဝမ်ချောင် ကြည့်နေစဉ်မှာပင် ထိုကြမ်းတမ်း သန်မာထွားကြိုင်းသည့်လူသည် ခြေနှစ်ဖက်ခွဲကာ ညာဘက်ကို မိုးပေါ်မြှောက်လိုက်၏၊ သူ၏ပုံစံသည် ကောင်းကင်ကြီးအား မ,ပင့်ထားဟန်ပင်။ ဝုန်း… ကျယ်လောင်သော မိုးခြိမ်းသံ ထွက်ပေါ်လာခဲ့၏။ ထို့နောက်တွင် ကမ္ဘာကြီး စတင်၍ ပြိုကျပျက်စီးလာတော့သည်။
“သတ်ကြ..”
ကြုံးဝါးသံများ ကောင်းကင်ယံထက် ပြည့်နှက်သွားကာမြေပြင်အက်ကွဲကြောင်းများမှနေ၍ မရေမတွက်နိုင်သော စစ်သည်တော်များ ကုန်းရုန်းထွက်လာ၏။ အားလုံးသည် မတူညီသည့် စစ်ချပ်ဝတ်ဝတ်စုံများ ဝတ်ဆင်ထားကာ မတူညီသည့်တိုင်းပြည်အလံများ ကိုင်ဆောင်ထားကြ၏။ အားလုံးသည် လျှပ်စီးကဲ့သို့ လျှင်မြန်သည့် အရှိန်နှုန်းဖြင့် လှုပ်ရှားနေကြကာ သူတို့၏ပစ်မှတ်မှာ အခြားမဟုတ်ပေ၊ သဲသောင်ပြင်အလယ်၌ ရပ်နေသည့် ထိုပုဂ္ဂိုလ်သုံးဦးပင်။
“သတ်ကြ..”
စစ်ပွဲတိမ်တိုက်များ စုဝေးလာကာ ပြင်းထန်စွာတောက်လောင်နေသည့် မီးတောက်များမှာ မြေပြင်ထက် ပေတစ်ရာအထိပင် မြှင့်တက်နေသည်။ လေထုအတွင်းတွင် ကျောက်စရစ်ခဲများ ဖုန်မှုန့်သဲမှုန့်များ ပြည့်နှက်နေကာ အောက်ဘက်ရှိ သောင်းနှင့်ချီသည့် မြင်းစစ်သည်များ၏ ကြုံးဝါးသံကလည်း ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။
ချွင် ချွင် ချွင်..လက်နက်ချင်းထိတိုက်သံများ၊ ချပ်ဝတ်ပွတ်တိုက်သံများ နားစည်တစ်ခုလုံး ပြည့်နှက်သွားသည်။ တစ်ခဏအကြာမှာပင် ထိုပုဂ္ဂိုလ်သုံးဦး၏ ပုံရိပ် လူအုပ်ကြီးအတွင်း၌ ပျောက်ကွယ်သွားခဲ့သည်။
ပွက်လောရိုက်နေသည့်အခြေအနေအလယ်၏ အဝေးတွင် ဝမ်ချောင်သည် ဗိုလ်ချုပ်ချပ်ဝတ်များ ဝတ်ဆင်ထားသည့် ပုံရိပ်များစွာကိုသာ ခပ်ရေးရေးမြင်နေရ၏။ လက်ထဲတွင် စစ်ပုဆိန်သွားတပ်လှံရှည် ကိုင်ဆောင်ထားကြကာ ဘက်ပေါင်းစုံမှ ဝင်ရောက်လာနေသည့် ပြင်းထန်သော တိုက်ခိုက်မှုများကို ကာဆီးနေခဲ့၏။ ဤကဲ့သို့ အဆုံးမရှိသည့် တိုက်ခိုက်မှုများနှင့် ကြုံတွေ့နေရသော်လည်း သူတို့သုံးဦးသည် အလွန်ပျင်းရိကာ အထီးကျန်နေဟန်ပင်၊ ပင်လယ်ပြင်အတွင်းရှိ ဖောင်တစ်စင်းနှင့်တူနေ၏။
သို့သော် ဤကဲ့သို့ဖြစ်နေသော်လည်း သူတို့သုံးဦးထံမှ ထွက်ပေါ်နေသည့် အော်ရာသည် အလွန်ကိုမှပြင်းထန်နေသည်။ မြင်းစစ်သည်များ ဘယ်လောက်ပဲ သူတို့ထံ ချီတက်သွားကြပါစေ သူတို့သုံးဦးသည် မြေပြင်ထက် စိုက်ထူထားသည့် သံမဏိတိုင်များကဲ့သို့ နေရာမှမရွေ့ဘဲ မားမားမတ်မတ် ရပ်နေခဲ့ကြ၏။
သူတို့သုံးဦး၏ ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာများ ပိုပို၍တိုးပွါးလာခဲ့သည်၊ ချပ်ဝတ်များသည်ပင် စတင်၍ အပေါက်အပြဲများ ဖြစ်ပေါ်လာ၏။ သို့သော် သုံးဦးသားသည် မည်သည့်အရာကမှ သူတို့အား စိတ်လှုပ်ရှားအောင် မလုပ်နိုင်သကဲ့သို့ တွေတွေကြီး ရပ်နေကြဆဲပင်။
ဝုန်း…
လျှပ်စီးတန်းတစ်ချက်နှင့်အတူ ကောင်းကင်ကြီး ပေါက်ပြဲသွားသည်။ ကောင်းကင်ထက်မှ ကြီးမားသည့် အလံတိုင်တစ်ခု ပြုတ်ကျလာကာ သုံးဦးသားအလယ်သို့ ကျလာ၏။ အလံတိုင် ပြန့်သွားသည့်အချိန်တွင် အပေါ်တွင် ‘唐’ ဟူသည့် ကြီးမားသည့်စာလုံး ထွက်ပေါ်လာခဲ့သည်။
“ဟား ဟား၊ ရောက်လာပြီ..”
ထိုအချိန်တွင် သုံးဦးသားထံမှ ရဲရင့်ခြင်းများ၊ စိတ်တက်ကြွမှုများအပြည့်နှင့် အသံများ ထွက်ပေါ်လာခဲ့သည။
“ရဲရဲတောက်နေတဲ့သွေးနဲ့ သစ္စာရှိတဲ့နှလုံးသားက ရည်မှန်းချက်ကြီးမားတဲ့ဝိညာဉ်ကို သွန်းလုပ်ပေးတယ်..”
တိုက်ပွဲ၏ အထွတ်အထိပ်အချိန်တွင် အခြားကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။ သို့သော် ယခုတစ်ကြိမ်သည် ဉာဏ်ပညာကြီးရင့်သော ပုဂ္ဂိုလ်၏အသံဖြစ်သည်။
ဝုန်း…
ကမ္ဘာကြီး တုန်ခါသွားခဲ့သည်။ အဆုံးမရှိသည့် အဝါရောင်သဲပြင်များ လှိုင်းထသွားကာ ဝမ်ချောင် ရှိနေသည့်ဘက်သို့ သွေးစွန်းနေသည့်ချပ်ဝတ်နှင့် လက်သီးထိုးချက်တစ်ချက် တစ်ရှိန်ထိုး ဦးတည်လာနေခဲ့၏။ ထိုအခိုက်အတန့်တွင် အားထားရသောပုဂ္ဂိုလ်သုံးဦး ကမ္ဘာပေါ်၌ နောက်တစ်ဖန် ထွက်ပေါ်လာကာ ထို့နောက်တွင် ပျောက်ကွယ်သွားခဲ့သည်။
ဝုန်းး…
ကမ္ဘာကြီး မည်းမှောင်သွားကာ အရာအားလုံး ပျောက်ကွယ်သွားခဲ့သည်။ နောက်တစ်ကြိမ် မျက်လုံးပြန်ဖွင့်လိုက်သည့် အချိန်တွင် နေရာအနှံ့ ကြွေးကြော်ချီတက်နေကြသည့် သောင်းနှင့်ချီသော မြင်းစစ်သည်များသည် မြေပြင်ထက်၌ အလောင်းပုံများ ဖြစ်နေကြ၏။ ကမ္ဘာကြီး မည်းမှောင်နေကာ ကောင်းကင်ကြီးလည်း မည်းမှောင်နေသည်။ အလောင်းများထံမှ စီးကျနေသော သွေးများသည်ပင် အနက်ရောင်ဖြစ်နေ၏။
ဝမ်ချောင် မော့ကြည့်လိုက်သော် အတုမရှိဗိုလ်ချုပ်သုံးဦး မရှိတော့ပေ။ စစ်ပွဲအောင်လံတံခွန်အား ကျောမှီထားသည့် လူတစ်ဦးသာကျန်ရှိတော့၏။ တဖြူးဖြူးတိုက်ခတ်နေသည့် လေများကြားတွင် သူ၏ရွှေရောင်စစ်ပွဲအောင်လံတံခွန်မှာ အစုတ်စုတ်အမွှာမွှာဖြစ်နေသည်ကို မြင်ရပေမည်၊ အပေါက်များဖြင့် ပြည့်နှက်နေကာ ချည်မျှင်များကို စုထားသည်နှင့်သာ တူနေတော့၏။
ဤအတုမရှိဗိုလ်ချုပ်၏ ခန္ဓာကိုယ်သည်လည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။ ခန္ဓာကိုယ်အား ထုတ်ချင်းဖောက်ထွက်နေသည့် မြားများမှာ ရေတွက်၍ပင်မရပေ။ အနက်ရောင်လှံရှည်တစ်ချောင်းသည် ရင်ဘတ်အားအတွင်း စိုက်ဝင်နေကာ နောက်ကျောဘက်မှ ပြန်ထွက်နေ၏။ ကြောက်စရာကောင်းသည့် ဒဏ်ရာမှ သွေးများကလည်း တရစပ်စီးကျနေသည်။ သို့သော် ဗိုလ်ချုပ်၏မျက်လုံးများသည် ခိုင်မာပြတ်သားနေ၏၊ နာကျင်မှုကြောင့် မျက်မှောင်တစ်ချက်ပင် မကြုံ့နေပေ။ တစ်စုံတစ်ခုအား စောင့်ဆိုင်းနေသကဲ့သို့ မျက်လုံးများသည် အရှေ့တူရှုကိုသာ စိုက်ကြည့်နေ၏။
“သတ်ကြ..”
အချိန်တစ်ချို့ကြာပြီးနောက်တွင် ကမ္ဘာကြီး နောက်တစ်ဖန် တုန်ခါလာကာ အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် ခက်ထန်သောမျက်နှာထားနှင့် မရေမတွက်နိုင်သော မြင်းစစ်သည်များ ကျားများကဲ့သို့ အရှေ့သို့ ချီတက်သွားခဲ့ကြသည်။
ဤအတုမရှိဗိုလ်ချုပ်သည် သူ တောင့်ခံနိုင်မည်မဟုတ်ကြောင်း သိသော်ငြားလည်း၊ သူရင်ဆိုင်နေရသည့် စစ်တပ်မှာ မျက်စိတစ်ဆုံး ရှိနေသည်ဆိုသော်ငြားလည်း..
“ချျျျ…..”
အားမာန်အပြည့် ကြုံးဝါးကာ နည်းနည်းမျှ တွန့်ဆုတ်မနေဘဲ လှံရှည်ကိုဆွဲကိုင်၍ သူ့ကိုယ်သူ စစ်ပွဲအတွင်း ပစ်ဝင်သွားလိုက်သည်။
“ဘယ်တော့မှ မမောပန်း၊ ဘယ်တော့မှ အနားမယူဘဲ စစ်ပွဲတစ်ရာကို တိုက်ခိုက်နိုင်ဖို့ ခန္ဓာကိုယ်မှာ စိတ်အားထက်သန်မှုတွေ၊ ပြင်းပြတဲ့ရည်မှန်းချက်တွေရှိဖို့ လိုအပ်တယ်..” ထိုအချိန်တွင် တတိယမြောက် အကြီးအကဲမှ ပြောလာခဲ့သည်။
ဝုန်းး… ကြီးမားသည့် စစ်ပွဲပေါက်ကွဲသံ ထွက်ပေါ်လာကာ ကမ္ဘာကြီးအား တုန်ခါသွားစေခဲ့သည်၊ မြစ်များကို ပြောင်းပြန်စီးဆင်းသွားစေခဲ့၏။ အားထားရသောပုဂ္ဂိုလ်သုံးဦး နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။ သူတို့ဘေးပတ်ပတ်လည်တွင် မီးတောက်များ လျှံလျှံဟီးတောက်လောင်နေကာ ကောင်းကင်ထက်တွင် အဝါရောင်သဲမှုန်များ ပြည့်နှက်နေ၏။ ယခင်ကထက် ဆယ်ဆပိုမိုများပြားသည့် မြင်းစစ်သည်များ သူတို့ဘေးပေါ်လာခဲ့သည်။ အင်အားကြီးမားသော ဗိုလ်ချုပ်များ၏ ဦးဆောင်မှုဖြင့် ထိုစစ်သည်များအားလုံးသည် ဒီရေလှိုင်းတစ်ခုကဲ့သို့ အရှေ့သို့ ပြေးတက်သွားကြ၏။ သို့သော် ထိုအချိန်တွင် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
“သတ်ကြ…”
ကြုံးဝါးသံနှင့်အတူ သူတို့သုံးဦး၏နောက်မှ ကျယ်လောင်သော ကမှူးရှူးထိုး မြင်းခွါသံတစ်သံ ထွက်ပေါ်ခဲ့၏။ မြင်းစစ်သည်တစ်ဦး သူတို့ဘေးမှ ဖြတ်ကျော်သွားခဲ့သည်၊ ထို့နောက်တွင် နှစ်ယောက်၊ သုံးယောက်၊ လေးယောက်.. အဆုံးမရှိသည့် မြင်းစစ်သည်များ သူတို့ဘေးမှဖြတ်ကျော်သွားကာ ဘေးပတ်တပ်လည်ရှိ ရန်သူစစ်သည်များကို ရင်ဆိုင်တိုက်ခိုက်လိုက်ကြ၏။
ချွင် ချွင် ချွင်…
တစ်ချက်ကြည့်လိုက်ရုံဖြင့် လက်နက်အချင်းချင်း ထိတိုက်၍ ထွက်ပေါ်လာသော မီးပွါးများကို နေရာအနှံ့ မြင်နေရသည်။ ကမ္ဘာကြီးအတွင်းတွင် ရေတွက်၍မရသည့် မြင်းစစ်သည်များ အပြန်အလှန် တိုက်ခိုက်နေကြ၏။ တစ်ယောက်ကျသွားလျှင် ထိုနေရာအစားထိုးဝင်မည့်သူက အသင့်ရှိနေကာ ဆက်လက်တိုက်ခိုက်ခဲ့သည်။
အချိန်တစ်ခုကြာပြီးနောက်တွင် ကျယ်ပြောသော ဤကမ္ဘာကြီးအတွင်းတွင် မည်သည့်စစ်သည်တော်မှ မမြင်တော့ပေ။ မြေပြင်ထက်တွင်သာ မရေမတွက်နိုင်သည့် အလောင်းကောင်များ ပုံကျနေ၏။ တိုက်ပွဲပြီးဆုံးသွားသည်နှင့် အာရုဏ်ဦးအလင်းရောင် ထွက်ပေါ်လာခဲ့သည်။ နေမင်းသည်လည်း အမြင့်မားဆုံးတောင်ထိပ်မှ ထွက်ပြူလာခဲ့၏။ စိမ်းစိုသောသစ်ရွက်များ၊ အနီရောင်ပန်းပွင့်များ၊ မြက်ခင်းစိမ်းများဖြင့် ကမ္ဘာကြီးသည် နောက်တစ်ကြိမ် အသက်ဝင်လာခဲ့သည်။ ခမ်းနားကြီးကျယ် ထည်ဝါလှပသည့် ကမ္ဘာကြီး နောက်တစ်ဖန် ထွက်ပေါ်လာခဲ့၏။
……
ဝမ်ချောင် ဤမြင်ကွင်းများအားလုံးကို မှင်သက်စွာ ငေးကြည့်နေမိခဲ့သည်။ ယခုအချိန်တွင် သူသည် ပျက်စီးရာမှ ပြန်လည်ကြွယ်ဝလာသည့်၊ ယိုယွင်းရာမှ ပြန်လည်ရှင်သန်လာသည့် မျိုးဆက်တစ်ခု မြင်လိုက်ရသည်ဟု ခံစားလိုက်ရ၏။ မြေပြင်သည် အတိုင်းအဆမဲ့ လှပခမ်းနားလာသည်ကိုမြင်သော် သူ တစ်စုံတစ်ခု နားလည်သွားသည်။
“ကောင်လေး၊ မင်းမြင်လား.. မင်းအနေနဲ့ ဘယ်လောက်ပဲ စွပ်စွဲခံနေရပါစေ၊ ဘယ်လောက်ပဲ စိတ်ဓာတ်ကျနေပါစေ လူတွေရဲ့ ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်က အရေးမကြီးဘူး.. ငါတို့ရဲ့ အကြီးမားဆုံးဆုလာဘ်က ဆက်ပြီး လှပခမ်းနားနေတဲ့ ကမ္ဘာကြီးပဲ..”
“တိုင်းပြည်က သူ့ရဲ့ရွှေရောင်ခေတ်ကို ရောက်လာတဲ့အချိန်ကျရင် ဘာစကားလုံးတွေမှ မလိုအပ်တော့ဘူး.. နေမင်းနဲ့လမင်း ထိန်လင်းတောက်ပနေရင် ကမ္ဘာကြီးကလည်း သူ့လိုလို တောက်ပလာလိမ့်မယ်.. လူတစ်ယောက်က ပန်းပွင့်တာကို မြင်ချင်တယ်၊ လမင်းအရောင်ဖြာတာကို မြင်ချင်တယ်ဆိုရင် စစ်မီးပြင်ထဲမှာ အကြိမ်ပေါင်းတစ်ထောင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ဖို့လိုတယ်.. ဒါတွေကို မင်းနားလည်လား ကောင်လေး..”
ဝမ်ချောင်၏နားထဲတွင် အသံတစ်ခု တုန်ခါထွက်ပေါ်လာကာ ပုံရိပ်ယောင်များ ပျောက်ကွယ်သွားခဲ့သည်။ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားခဲ့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ချောင်သည် ကျောက်တုံးများ သေသပ်စွာ စီရီထားသည့် မြေအောက်အခန်းအတွင်း ပြန်လည်ရောက်ရှိလာခဲ့သည်။ လိုက်ကာနောက်တွင် မီးအလင်းရောင်အောက်၌ အားထားရသောပုဂ္ဂိုလ်သုံးဦး၏ အရိပ်များကို မြင်နေရဆဲပင်၊ ယခုတွင်လည်း တုပ်တုပ်မျှ မလှုပ်ရှားကြသေးပေ။ သို့သော် သေချာကြည့်မည်ဆိုလျှင် ဤပုံရိပ်များသည် ယခင်ကထက် အနည်းငယ်ပိုမိုအင်အားကုန်ခမ်းနေဟန်ပင်။
ထိုမြင်ကွင်းများ ပြသရန်အတွက် စိတ်စွမ်းအင် အတော်များများ အသုံးပြုခဲ့ရလေသည်။
အခန်းသည် အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်နေ၏။
“ကောင်လေး၊ မင်း နားလည်လား..” ခက်ထန်သည့်အသံမှ မေးလာခဲ့သည်။
“နားလည်ပါတယ်..” ဝမ်ချောင် ပြန်ဖြေလိုက်သည်။
“ကောင်လေး၊ မင်း နားလည်လား..” ဉာဏ်ပညာကြီးရင့်သောအသံမှ မေးလာခဲ့သည်။
“နားလည်ပါတယ်..” ဝမ်ချောင် ထပ်မံပြန်ဖြေလိုက်၏။
“ဟား..”
အကြီးအကဲသုံးဦးလုံး စတင်ရယ်မောလိုက်ကြသည်။
“ကောင်လေး၊ မင်းက ရေကန်ထဲက ငါးတစ်ကောင်ဖြစ်ဖို့ မွေးဖွားလာတာ မဟုတ်ဘူး..” ဉာဏ်ပညာကြီးရင့်သော အကြီးအကဲမှ ပြောလာခဲ့သည်။ “ဒီမဟာထန်က အန္တရာယ်တွင်းထဲ ရောက်နေပြီ.. ဒီနေ့မှာ စိုက်ပျိုးခဲ့တဲ့ မျိုးစေ့တွေက နောင်တစ်ချိန်မှာ ပြဿနာပင်အဖြစ် ကြီးထွားလာလိမ့်မယ်.. အခု ငါတို့အဖိုးကြီးတွေက အသက်ကြီးလွန်းနေပြီ.. ရှေ့လျှောက် ဒီမဟာထန်၊ ဒီကမ္ဘာကြီးက မင်းလိုလူမျိုးပေါ်ကိုပဲ မှီခိုရတော့မှာပဲ.. ငါတို့ရည်ရွယ်ချက်ကို နားလည်တယ်ဆိုရင် ဒီနေ့ညတွေ့ဆုံမှုက အလကား မဖြစ်သွားပါဘူး..”
“အဲဒါဆိုလည်း သွားတော့..“ တတိယမြောက် အကြီးအကဲမှ ပြောလာခဲ့သည်။ “သိုင်းပညာရပ်ပဲဖြစ်ဖြစ်၊ တခြားဟာပဲဖြစ်ဖြစ် ငါတို့ မင်းကို သင်ပေးနိုင်တာ ဘာမှမရှိဘူး.. မင်းရဲ့အနာဂတ်အောင်မြင်မှုတွေက ကျိန်းသေပေါက် ငါတို့ထက် သာလွန်လိမ့်မယ်.. မှတ်ထား အဖိုးတန်ဓားတစ်ချောင်းရဲ့ ထက်ရှမှုက သူ အသွေးခံတဲ့ အရေအတွက်နဲ့ဆိုင်တယ်.. ခါးသက်တဲ့ အေးစက်မှုနဲ့မှ မက်မွန်ပွင့်က သူ့ရဲ့မွေးရနံ့ကို ရနိုင်တယ်.. မင်းအနေနဲ့ ပြစ်တင်ဝေဖန်တာတွေ၊ အထင်လွဲတာတွေကို ပိုသည်းခံနိုင်လေ အနာဂတ်မှာ မင်းရဲ့အောင်မြင်မှုက ပိုပြီးကြီးမားလေပဲ..”
“ကံကြမ္မာက လူတွေကို ဆုံတွေ့စေတယ် ပြီးရင် ပြန်ကွဲကွာစေတယ်.. ဒါက ငါတို့ကြားက ကံကြမ္မာရေစက်ပဲ.. မှတ်ထား၊ မင်း ဒီနေရာကနေ ထွက်သွားပြီးရင် ဒီနေ့ကိစ္စကို ဘယ်သူ့ကိုမှ ပြောပြလို့မရဘူး..”
“ဒီဂျူနီယာ နာခံပါမယ်..” ဝမ်ချောင် စိတ်ရင်းအတိုင်း ပြန်ဖြေလိုက်သည်။
“သွားလို့ရပြီ..”
ဝှစ်.. မီးတောက် ငြိမ်းသက်သွားကာ လိုက်ကာနောက်မှမြင်ကွင်းသည်လည်း အမှောင်ကျသွားသည်။ တစ်ချိန်တည်းမှာပင် ဒီရေလှိုင်းကဲ့သို့ လိမ့်တက်နေသည့် အကြီးအကဲသုံးဦး၏ များပြားသောအော်ရာများသည်လည်း တစ်ခဏအကြာတွင် ညအမှောင်ထုအတွင်း ပျောက်ကွယ်သွားခဲ့၏။
ဝမ်ချောင်သည် စီနီယာသုံးဦးက သူ ထွက်သွားသင့်ပြီဟု ပြောချင်နေခြင်းဖြစ်ကြောင်းသိ၏။
“စီနီယာတို့ ခံစားနေရတဲ့ နာကျင်မှုကို ဂျူနီယာ နားလည်ပါတယ်..”
နောက်ဆုံးတွင် ဝမ်ချောင် ထိုင်ခုံမှ ထရပ်ကာ လိုက်ကာရှေ့တွင် ဒူးနှစ်ဖက်ထောက်ချလိုက်သည်။ လိုက်ကာနောက်မှ အံ့ဩတကြီးပင့်သက်ရှိုက်သံတစ်သံ ထွက်ပေါ်လာခဲ့၏။ သို့သော် ဝမ်ချောင်သည် ဘာမှမကြားသကဲ့သို့ တရိုတသေ သုံးကြိမ်ဦးတိုက်အရိုအသေပေးလိုက်သည်။
အတိတ်ဘဝတွင် သူသည် ခေါင်းမာသည့်စရိုက်ရှိခဲ့၏။ ထို့ကြောင့် သူ၏အချိန်အများစုကို သိုင်းပညာရပ်သင်ယူခြင်းနှင့် မဟာစစ်သူကြီးနေရာနှင့် အသားကျရန်သာ အသုံးချခဲ့သည်။ နောက်ဆုံး သူတို့သုံးဦးအကြောင်း၊ သူတို့ တိုက်ခိုက်ခဲ့ရသည်များနှင့် သူတို့ ဖြတ်သန်းခဲ့ရသည့် အခက်ခဲများကို နားလည်ခဲ့သည့်အချိန်တွင် သူတို့မှာ မရှိကြတော့ပေ။ သူတို့အား ဦးတိုက်အရိုအသေပေးရန် အခွင့်အရေးပင် မရခဲ့လေ။
‘စီနီယာတို့ အရင်ဘဝမှာ စီနီယာတို့ နောက်ဆုံးသွေးစက်အထိ ကမ္ဘာကြီးအတွက် တိုက်ခိုက်ပေးခဲ့တယ်.. ဒီဘဝမှာ ဒီလေးလံတဲ့တာဝန်ကို ဒီဂျူနီယာကို ထမ်းဆောင်ခွင့်ပြုပါ..
သုံးကြိမ် ဦးတိုက်အရိုအသေပေးပြီးနောက်တွင် ဝမ်ချောင် ဆက်မနေတော့ပေ။ ထရပ်ကာ အနောက်သို့ နောက်ဆုံးအကြိမ်တစ်ချက်ကြည့်၍ လာရာလမ်းအတိုင်း ပြန်လှည့်ထွက်လာလိုက်သည်။
“အရှင်..”
အစောင့်နှင့် စစ်သားနှစ်ဦးသည် မီးတုတ်များ ကိုင်ထားကာ ဘုရားကျောင်းဝင်ပေါက်တွင် စောင့်နေကြဆဲပင်။ ဝမ်ချောင်အား မြင်လိုက်ရသည့်အချိန်တွင် စိတ်အေးသွားကာ သက်ပြင်းချလိုက်ကြ၏။
“အရှင်၊ ဒီနေ့ညမှာ ဖြစ်ခဲ့တာတွေကို လျှို့ဝှက်ထားရပါမယ်၊ ဘယ်သူနဲ့မှ ဆွေးနွေးလို့မရပါဘူး..”
“အင်း..”
အတွေးထဲ မြောနေသော်လည်း ဝမ်ချောင်သည် ခိုင်မာစွာခေါင်းညိတ်လိုက်သေး၏။
ဤသတိပေးချက် မရှိဘူးဆိုလျှင်ပင် ဝမ်ချောင် ဤကိစ္စအား မည်သည့်အပြင်လူများမှ ပြောပြမည်မဟုတ်ပေ။
ဘယ်လိုအခြေအနေမျိုး၌ဖြစ်နေပါစေ ဤစီနီယာသုံးဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း ပေါက်ကြားသွား၍မရချေ။
ဝှစ်..
ဝမ်ချောင် အရှေ့သို့ လျှောက်လှမ်းသွားကာ နေရာမှ ထွက်သွားလိုက်၏။ ကျန်သည့်လူများသည်လည်း အနောက်မှကပ်လျက် လိုက်သွားလိုက်ကြသည်။
ဝုန်းး…
ဝမ်ချောင်တို့ ထွက်သွားသည်နှင့် မြေအောက်အနက်ပိုင်းမှ ကျယ်လောင်သောပေါက်ကွဲသံ ထွက်ပေါ်လာကာ မြေပြင်တစ်ခုလုံး တုန်ခါသွား၏။
အောက်ခြေမှ ပြင်းထန်သော ပေါက်ကွဲမှုလှိုင်းထွက်ပေါ်လာသည့်အချိန်မှာပင် ဝမ်ချောင် ခေါင်းနောက်ပြန်လှည့်ကြည့်လိုက်၏။ အလယ်ရှိ လျှို့ဝှက်လမ်းကြောင်း ပြိုကျသွားသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။
ဝုန်းး… တစ်ခဏအကြာတွင် ယိုင်နဲ့နဲ့သာရှိတော့သည့် ဘုရားကျောင်းသည်လည်း အပျက်အစီးပုံအဖြစ် ပြိုကျပျက်စီးသွားလေတော့သည်။