အခန်း (၁၃၂၆-၁၃၃၀)
Vol. 78 Ch. 1326-1330
အခန်း(၁၃၂၆)
“ဘာ”
ဝမ်ချောင်သည် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ စကားလုံးများကြောင့် အံ့ဩသွားသည်။ သူသည် သံမဏိဝတ်ရုံလီထံမှ ရတနာမြေပုံကို ရရှိခဲ့ခြင်းဖြစ်သည်။ ထိုမြေပုံသည် ရာစုနှစ်အဆက်ဆက် လက်ဆင့်ကမ်းပေး လာခဲ့ခြင်းဖြစ်သည်။ သို့မဟုတ် မဟာစွေ့၏ သာ့ယဲ့ခေတ် ကာလထက်ပင် ဝေးကွာလောက်သေးသည်။ ထိုအချိန်ကတည်းက မရေမတွက်နိုင်သော သိုင်းပညာရှင်ပေါင်းများစွာက လောက၏ နံပါတ်တစ်သိုင်းကို ရှာဖွေခဲ့ကြသည်။ သို့သော် သူတို့အားလုံးက လက်ဗလာနှင့်သာ ပြန်လာခဲ့ရသည်။ လူအများစုကမူ အရိပ်နောက်လိုက်သလို ဖြစ်နေလေပြီး ကောလဟလများကလည်း သဲလွန်စမဲ့နေသည်။
ထို့နောက် နောက်ပိုင်းတွင် ထိုအဆင့်လွန်သိုင်းဟာ ပျောက်ဆုံးသွားသည်။
ဝမ်ချောင်သည်ပင် သူ၏ဆရာနှင့် ဝူရှန်းရွာသူကြီးတို့က ထိုမျှအထိ မြန်မြန်ဆန်ဆန် တိုးတက်မှုရရှိမည်ဟု မမျှော်လင့်ထားမိချေ။ သူတို့ရှာတွေ့ထားသော နယ်မြေတွင် ထိုသိုင်းအမှန်တကယ် မြုပ်နှံထားခြင်း ဟုတ်မဟုတ် မသေချာရဲသည့်တိုင်အောင် ကြိုးစားကြည့်ရန် ထိုက်တန်လေသည်။
သိုင်းပညာ အသိုင်းအဝိုင်းအတွင်း တိကျသေချာသော နယ်မြေနှင့် ပတ်သက်၍ မည်သည့်သတင်းမှ မရရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ထိုအချက်တစ်ခုတည်းကတင် စိတ်ဓာတ်တက်ကြွစေရန် လုံလောက်သည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဆက်ပြောသည်။
“ဒီတစ်ကြိမ် ငါ ဝူရှန်းရွာသူကြီးနဲ့အတူ သွားဖို့ ကြံစည်ထားတယ်။ ဒါပေမဲ့ ဒီကိစ္စက တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာတော့လည်း ကောင်းပါတယ်။ မြို့တော်ထဲက ထွက်ပြီး ငါတို့နဲ့ လိုက်ခဲ့”
ဝမ်ချောင်၏ ကျင့်ကြံခြင်းအဆင့်က ပြဿနာ မရှိသေးသည့်တိုင်အောင် သူ့အနေဖြင့် အနာဂတ်တွင်လည်း ကျင့်ကြံခြင်းအဆင့်၏ ဆိုးရွားသော သွေဖယ်မှုများကို ဆက်လက်ပြီး ရင်ဆိုင်ရဦးပေမည်။ ထို့ပြင် အခြေအနေ ပိုဆိုး၍သာ ဖြစ်လာပေလိမ့်မည်။
ဝမ်ချောင်က မှင်သက်စွာရပ်နေရင်း ရုတ်တရက် ရရှိလာသည့် အကြံပြုချက်ကြောင့် အံ့အားသင့်သွားသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်သည် ဝမ်ချောင်၏ တိတ်ဆိတ်မှုကို တစ်မျိုးတစ်မည် မှတ်ယူမိသွားပြီး ချက်ချင်းလိုလို ဒေါသထွက်လာသည်။
“ဘာလဲ။ ဒီလိုအခြေအနေမျိုးမှာတောင် မင်းက မထွက်သွားချင်သေးဘူးလား။ အင်ပါယာကြီးက မင်းမရှိရုံနဲ့ မပျက်စီးသွားပါဘူး။ ဒီနေရာမှာ ဆက်နေတာက မင်းကို ဒီလိုအသက်မဲ့တဲ့ ပုံစံမျိုးကိုပဲ ဆက်ဖြစ်စေလိမ့်မယ်”
“ဟင်း”
ဝမ်ချောင်ဟာ ဘာစကားမှမပြောဘဲ သက်ပြင်းသာချသည်။ သူသည်လည်း သဘာဝအလျောက်ပင် ဆရာဖြစ်သူ၏ နာကျင်မှုကို နားလည်သည်။ သို့သော် ဒီလိုအခြေအနေမျိုးတွင် သူသည် မထွက်သွားနိုင်ပေ။ သူသာ ပြန်လည်မမွေးဖွားခဲ့လျှင် ဆရာဖြစ်သူ၏ ငြင်းခုံမှုကို လက်ခံဖြစ်လောက်သည်။ သူမရှိလျှင် မဟာထန်ဟာ ဆက်လက်တည်ရှိမည်ဟု ထင်မိလောက်သည်။ သို့သော် ဝမ်ချောင်ကသာ ထိုသို့မဟုတ်မှန်း နားလည်နေသည်။
“ဆရာ ဆရာ့ရဲ့တပည့်ကလည်း ဆရာ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို နားလည်ပါတယ်။ ဒါပေမဲ့ တပည့်အနေနဲ့ နည်းနည်းလောက် တွေးလို့ရမလား”
ဝမ်ချောင်ဟာ ကုန်းညွှတ်သွားသည်အထိ ဂါရဝပြုလိုက်သည်။
ယခုလိုမျိုး ရိုးသားလွန်းနေသည့် ဝမ်ချောင်က မိစ္ဆာဧကရာဇ် လူအိုကြီးမာန်အား ဒေါသဖောက်ထုတ်စရာ နေရာမရှိသလို ဖြစ်သွားစေသည်။ ထိုကလေးသည် ဒီနယ်မြေနှင့် လူများအကြောင်း တွေးနေသေးပြန်သည်။ သူသည် တပည့်ဖြစ်သူအား ထိုအတွက်ကြောင့် အမြဲတစေ ဂုဏ်ယူခဲ့ရသည်။ သို့သော် ယခုအခါ ထိုကဲ့သို့သော အပြုအမူကြောင့် အလွန်အမင်း ကူကယ်ရာမဲ့ရသည်။
“ကောင်းပြီ မင်းမသွားချင်ဘူးဆိုရင်လည်း ငါမင်းကို တွန်းအားမပေးတော့ဘူး။ ဒါပေမဲ့ မင်းရဲ့ ဒီအခြေအနေအရ မင်းကြာကြာ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းရဲ့ အန္တရာယ်တွေက မင်း ထင်ထားသလောက် မရိုးရှင်းဘူး”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က နံရံပေါ်သို့ ခုန်တက်လိုက်သည်။ တစ်ချိန်ထဲတွင်ပင် ဝှစ်ကနဲမြည်သံနှင့်အတူ ဝမ်ချောင်ဆီသို့ ထက်ရှသော ဓားတစ်လက်လို စာတစ်စောင်က ရောက်ရှိလာသည်။ ဝမ်ချောင်က သတိလက်လွတ် စာကိုလေထဲမှ လှမ်းဖမ်းယူလိုက်ပြီး ငုံ့ကြည့်လိုက်သောအခါ ဆရာဖြစ်သူ၏ လက်ရေးများ ပြည့်နှက်နေကြောင်း မြင်လိုက်ရ၏။ ရိုးရှင်းစွာပင် ဆရာဖြစ်သူက ခန္ဓာကိုယ်တွင်းမှ မတည်ငြိမ်သည့် ကြယ်တာရာစွမ်းအင်များကို ဖိနှိပ်ရန် အသုံးပြုလေ့ရှိသော မာန်ထရာနှင့် နည်းလမ်းများအကြောင်း ရေးသားထားခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် ကျင့်ကြံခြင်း၏ သွေဖယ်သွားမှုကို နှောင့်နှေးစေနိုင်သည်။
“ဆရာ”
ဆရာက နွေးထွေးမှုကို ခံစားလိုက်ရသည်။ သို့သော် ဆရာဖြစ်သူဟာ လေပြင်းနှင့်အတူ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
.....
အချိန်ကြာလာသောအခါ ဝမ်ချောင်သည် စံအိမ်အတွင်းတွင်သာ နေထိုင်လျှက် ဗိုလ်ချုပ်များ၏ အခြေအနေကို စောင့်ကြည့်ရင်းနှင့် ကုန်ဆုံးနေစေခဲ့သည်။ သူသည် သူ၏လူများကို ယွီစန်းအနောက်ပိုင်းနှင့် အရှေ့ပိုင်းတူရကီ အာရေးဗီးယား၊ ဂိုဂူလျောနှင့် အခြားသော တိုင်းပြည်များသို့ စေလွှတ်ပြီး အချိန်မရွေး တိုက်ခိုက်လာနိုင်သော အခြေအနေကို စောင့်ကြပ်ကာကွယ်ရန် အသင့်ပြင်ခိုင်းထားသည်။ ထို့ပြင် မျိုးဆက်ဆန်များနှင့် သိုလှောင်အိမ် ဆောက်လုပ်ရေး တိုးတက်မှုများကို မျက်စိဒေါက်ထောက် ကြည့်နေသည်။
အရှေ့တောင်ပိုင်း ကမ်းရိုးတန်းတောက်လျှောက် မရေမတွက်နိုင်သော သင်္ဘောများကို တည်ဆောက်နေသော ကလန်များကလည်း ခုံရုံးမှ သတိပေးစာအတိုင်း ဆက်လက်လုပ်ဆောင်နေသည်။ သို့သော် မင်းဆက်များက အဓွန့်ရှည်လာသည်နှင့်အမျှ မဟာထန်သည်လည်း ရေတပ်ကို အထူးတလည် အာရုံစိုက်ခြင်း မရှိတော့ချေ။ ထို့ကြောင့် ဝမ်ချောင်ကသာ ကုန်းမြေပေါ်တွင် မည်သည့်လက္ခဏာမှ မပြသမျှ ခုံရုံးမှ အရေးပါသော အရာရှိများဖြစ်သည့် လီကျွင်းရှန်းနှင့် ကွန်ဖြူးရှပ်ဂိုဏ်းကပင် ပင်လယ်ပေါ်တွင်လုပ်သည့် သူ၏ကိစ္စများကို ဂရုစိုက်လိမ့်မည် မဟုတ်ချေ။
ဆင်းတူ၏ဘက်ခြမ်းတွင် ကျန်းရှို့ကျစ်က ကျောက်ရိုင်းတုံးများ တူးဖော်ထုတ်လုပ်သည့်စက်ကို တည်ဆောက်ပြီးသည်မှာ ကြာပြီဖြစ်ပြီး အသုံးပြုနေပြီ ဖြစ်သည်။ ထိုသို့ဖြင့် မြောက်များလှစွာသော ကျောက်ရိုင်းတုံးများကို တူးထုတ်ထားနိုင်သည်။ တစ်ချိန်ထဲတွင်ပင် ဝမ်ချောင်က ဟိုက်ဒရာဘက် တောင်တန်းပေါ်တွင် ခံတပ်ကို တည်ဆောက်ခိုင်းထားသည်။ ဒီနည်းအားဖြင့် အာရပ်များ၏ လုပ်ကြံသတ်ဖြတ်မှုတိုင်းကို ခုခံကာကွယ်ရန် အသင့်ပြင်စေသည်။ ယခုအခါ ခိုရာစန်းဟာ ကျရှုံးသွားပြီး အာရပ်စစ်တပ်ကလည်း အချိန်မရွေး ဆင်းတူသို့ ချီတက်လာနိုင်သည်။ ဒီနည်းအားဖြင့် ဝမ်ချောင်၏ မိုင်းတူးနေသော ဖြစ်စဉ်ကို တိုက်ရိုက်ခြိမ်းခြောက် နိုင်လေသည်။
လောကရှိ လူတိုင်းကလည်း ထိုအဖိုးတန်သည့် ကျောက်ရိုင်းတုံးအကြောင်း သိထားကြသည်။ မဟာထန် အင်ပါယာခုံရုံးကလည်း မိုင်းတူးသည့် ကိစ္စတွင် ဝင်ရောက်စွက်ဖက် လိုသည်။ ထိုအတွက်ကြောင့် အာရေးဗီးယားသည်လည်း သေချာပေါက် လိုချင်ပေလိမ့်မည်။
ကံကောင်းသည်မှာ ဆင်းတူသည် ကပ်ရောဂါများ၊ အမျိုးမျိုးသော ရောဂါများ ဖြစ်ပွားလေ့ရှိသော နယ်မြေကြီးဖြစ်နေသည်။ ထို့အပြင် ဟိုက်ဒရာဘက်တောင်တန်းသည် အလွန်မက်စောက်ပြီး တိုက်ခိုက်ရန်ခက်ခဲသော အချက်ကို ထည့်ပေါင်းခြင်းအားဖြင့် အာရေးဗီးယားက မိုင်းများအား တိုက်ခိုက်ရန် မဆုံးဖြတ်ရသေးခြင်း ဖြစ်လောက်သည်။ ထိုအချက်အပြင် ဝမ်ချောင်က အနောက်ပိုင်းဒေသရှိ ကောင်းရှန်းကျစ်ထံစာပို့ရင်း အန်းရှီကာကွယ်ရေးစစ်တပ်ကို မကြာခဏဆိုသလို ခေါ်ဆောင်ကာ အာရပ်များကို တိုက်ခိုက်ရင်ဆိုင်ခြင်းဖြင့် မိုက်ရူးရဲဆန်စွာ မပြုမူရဲအောင် ခြိမ်းခြောက်ခိုင်းထားသည်။
ယခုအခါ ဝမ်ချောင်သည် တောင်ထံမှတစ်ဆင့် နေ့စဉ်နှင့်အမျှ ကျောက်ရိုင်းတုံးများကို အမြောက်အများ ရရှိနေသည်။ အခိုက်အတန့်တိုင်းကလည်း သူ့အတွက် အဖိုးတန်နေသဖြင့် သူသည် အခွင့်အရေးတိုင်းကို အမိအရဖမ်းဆုပ်ထားသည်။ သူသည်လည်း ထိုသို့သော ကောင်းချီးများဟာ ကြာရှည်မခံကြောင်း နားလည်လာသည်။
တစ်ချိန်ထဲတွင်ပင် ဆင်းတူ တစ်သုတ်ပြီးတစ်သုတ်က မဟာထန်တွင်းသို့ ဝင်ရောက်လျှက် သင်္ဘောများပေါ်သို့ တက်ရင်း ကတိပေးထားသော နယ်မြေများသို့ သွားလာနေသည်။ ထိုအခြေအနေ တစ်ခုလုံးက တိတ်တဆိတ် ဖြစ်သွားခဲ့ခြင်းဖြစ်ပြီး မည်သူ၏အာရုံကို မဆွဲဆောင်ခဲ့ချေ။ ဝမ်ချောင်ကလည်း သိသည်။ သို့ရာတွင် ထိုဆင်းတူများနှင့် မျိုးဆက်ဆန်များကိုမူ အနာဂတ်တွင် တစ်လောကလုံးအတွက် မျှော်လင့်ချက်အဖြစ် သူတို့နှင့်အတူ ပို့ဆောင်နေခဲ့ခြင်းဖြစ်သည်။
“စစ်သားတွေကို ခန့်အပ်တဲ့ အချိန်အထားက ဘယ်လိုလဲ”
ဝမ်ချောင်၏စာကြည့်ခန်းက ယခုအခါ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။ သူသည် စန္ဒကူးသစ်သား ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။
စုရွှတ်ရွှမ်းက ဂါရဝပြုလျှက်ပြောသည်။
“အရှင့်သား အရာအားလုံးက အကြံအစည်အတိုင်း ဆက်ဖြစ်နေပါတယ်။ ကျွန်တော်တို့တွေ တြိဂံပုံမြေကွက်လပ်မှာ ခိုရာစန်းနီတွေနဲ့ အနောက်ပိုင်း နေထိုင်သူ အမြောက်အများကို ခန့်အပ်ထားပြီးပါပြီ။ နောက်ပြီး မဟာထန်ဘက်က လက်ရွေးစင်တွေလည်း အများကြီးပါဝင်ပါတယ်။ ဒါပေမဲ့ စုဟန်ရှန်းက တြိဂံပုံမြေကွက်လပ်မှာ အင်အားစု တစ်သိန်းထက်ပိုများတဲ့ စစ်တပ်ကို ထိန်းထားဖို့က မလွယ်ဘူးဆိုတဲ့ သတင်းကို ပို့လာပါတယ်။ သူက အထူးတပ်ဖွဲ့တွေကို အကြီးအသေး ပါလာ့က နယ်မြေတွေရဲ့ စခန်းဆီကို ပို့ထားချင်နေတယ်။ အဲဒီလိုမှမဟုတ်ရင် အင်ပါယာခုံရုံးက လူတွေရဲ့ သံသယတွေနဲ့ မကျေနပ်မှုတွေကို ဆွဲဆောင်နိုင်တယ်တဲ့”
ဝမ်ချောင်က ဘာစကားမှမပြောဘဲ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
စုဟန်ရှန်းသည် ထိုနယ်ပယ်တွင် အလွန်အမင်း စူးရှကာ အကင်းပါးလွန်းသည်။ ထိုအခြေအနေအရ သူသည် သဘာဝကျကျ ကျွမ်းကျင်သာ ဗျူဟာပညာရှင်တစ်ယောက် မဖြစ်နိုင်သော်လည်း အလွန်အမင်း ကျွမ်းကျင်သည့် ပေါ်လစီပိုင်းဆိုင်ရာ စီမံခန့်ခွဲသူ ဖြစ်လာနိုင်သည်။ တြိဂံပုံမြေကွက်လပ်သည် ချီရှီနှင့် အလွန်နီးသည်။ မဟာထန်၏ ပိုင်နက်နယ်မြေဟု စဉ်းစားဆင်ခြင်၍ မရသော်လည်း နယ်စပ်တွင် ဖြစ်နေသေးသည်။ အင်အားနှစ်သောင်းကျော်သော စစ်တန်းလျားကပင် အင်ပါယာခုံရုံး၏ အာရုံကို ဆွဲဆောင်နေခဲ့ပြီးသားဖြစ်သည်။ ပို၍များပြားသော ပမာဏက စုစည်းနေမည်ဆိုလျှင် အင်ပါယာခုံရုံးက ပို၍ပို၍ပင် စိုးရိမ်လာပေလိမ့်မည်။ အရေအတွက်က တစ်သိန်းကျော်သွားသည်နှင့် တြိဂံပုံမြေကွက်လပ်က မည်သည့်လူသားအပိုင်နယ်မြေမှ မဟုတ်လျှင်ပင် အင်ပါယာခုံရုံးကလည်း သည်းခံနိုင်တော့မည် မဟုတ်လေဘဲ ဝမ်ချောင်ကို ပြဿနာစရှာပေလိမ့်မည်။
စုဟန်ရှန်းသည်လည်း ထိုအခြေအနေနှင့် ပတ်သက်သည့် အခွင့်အရေးကို သတိထားမိသည်။ သူသည် စစ်သည်တော်တစ်ဝက်ခန့်ကို စေလွှတ်လျှက် အကြီးအသေးပါလာ့နယ်မြေတွင် ခံတပ်နှစ်ခုဖြန့်ကာ တည်ဆောက်ခိုင်းရင်း အခြေချခိုင်းထားသည်။ ထို့ပြင် စစ်သားများကိုလည်း လှည့်ပတ်၍ လေ့ကျင့်ပေးသေးသည်။ ထိုအခြေအနေက မဟာထန်ခုံရုံး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးရာရောက်သလို အနာဂတ်တွင် လွဲမှားမှုများ ဖြစ်လာသောအခါ ကိုင်တွယ်ရန်အတွက် စစ်သားများကို အချိန်မရွေး ခန့်အပ်နိုင်စေလေသည်။
အန်းရှီကာကွယ်ရေးစစ်တပ်နှင့် ပူးပေါင်းခြင်းအားဖြင့် ယခုအနေအထားအရ ခိုရာစန်းတွင် ရပ်တန့်ထားသော ထိုအာရပ်များကိုလည်း ရင်ဆိုင်နိုင်လေသည်။
“ဒါ့အပြင် ကျွန်တော်တို့တွေ ကလန်မဟာမိတ်ကတစ်ဆင့် စစ်သားများကို ဆက်လက်ပြီး ခန့်အပ်ပါတယ်။ အထူးသဖြင့် အင်ပါယာခုံရုံးက အဖွဲ့ထပ်ပြီး ပြန်လွှတ်လိုက်တဲ့ စစ်သားတွေပါ။ နောက်ပြီး အငြိမ်းစားယူသွားတဲ့ ကာကွယ်စောင့်ရှောက်ရေး စစ်တပ်က စစ်သားတွေ အင်ပါယာစစ်တပ်က စစ်သားတွေ ကြေးစားစစ်သားတွေနဲ့ ဂိုဏ်းတွေက သိုင်းပညာရှင်တွေတောင် ပါပါသေးတယ်။ ကျွန်တော်တို့တွေ လူတွေအများကြီးစေလွှတ်ပြီး အလားအလာရှိတဲ့ သိုင်းပညာရှင်တွေကိုလည်း လိုက်ရှာခိုင်းထားပါတယ်”
ရွှယ်ချန်ကျွင်းက ဂါရဝပြုလျှက် ပြောသည်။ သူသည် ထိုအချိန်တွင် ဝမ်ချောင်၏စိတ်ထဲမှ အကြံအစည်များကို သတိမထားမိသေးချေ။
အခန်းဟာ ချက်ချင်းလိုလို တိတ်ဆိတ်သွားသည်။ ဝမ်ချောင်၏မျက်နှာတွင် တွေးတောနေသည့် မျက်နှာထားမျိုးက ပေါ်ထွက်လာ၏။ ထိုမတော်တဆမှုပြီးကတည်းက သူ၏စိတ်သည် အမြင်ကျယ်သွားသည်။ အင်ပါယာခုံရုံးက ကိုင်တွယ်၍မရသလို ကွန်ဖြူးရှပ်ဂိုဏ်းကလည်း အင်ပါယာခုံရုံး တစ်ခုလုံးကို စစ်တပ်ကို တက်နိုင်သမျှ အဖွဲ့ဖျက်ပစ်ရန်အတွက် ဆက်တိုက် ထိန်းချုပ်ထားနေသောကြောင့် ဝမ်ချောင်လုပ်နိုင်သမျှက ကိုယ်ပိုင်နည်းလမ်းများဖြင့် စစ်သည်တော်များကို စုစည်းထားခြင်းဖြစ်သည်။
လီကျွင်းရှန်းနှင့် ကွန်ဖြူးရှပ်ဂိုဏ်းက မဟာထန်ကြီးတစ်ခုလုံး၏ ပုံသဏ္ဍန်ကို အပြည့်အဝ ကြိုးကိုင်ထားနိုင်သည့်တိုင်အောင် သူသည် အချိန်မရွေး အပိုင်းအစများကို လိုက်ကောက်လျှက် အခြေအနေ တစ်ခုလုံးကို တည်ငြိမ်အောင် လုပ်နိုင်ရင်း ပြန်လာနိုင်သေးသည်။ ဒီနည်းအားဖြင့် ဒီနယ်မြေတစ်ခုလုံးရှိ ပြည်သူများအတွက် ငြိမ်းချမ်းမှုလုံခြုံရေးကို ပြန်ပေးနိုင်သေးသည်။ သို့သော် ထိုပန်းတိုင်သို့ ရောက်ရန်အလို့ငှာ တြိဂံပုံမြေကွက်လပ်တွင် စုစည်းထားသော စစ်သည်အင်အား တစ်သိန်းက မည်သည့်နည်းနှင့်မျှ မလုံလောက်ပါချေ။
ဝမ်ချောင်က သူသာ မဟာထန်ကြီးတစ်ခုလုံးကို အဆိုးရွားဆုံး အခြေအနေအတွင်းတွင် ကယ်တင်လိုလျှင် သူ့အနေဖြင့် အနည်းဆုံး စစ်သည်အင်အား ငါးသိန်းရှိသည့် လက်ရွေးစင်စစ်သားများကို ပြင်ဆင်ထားရန် လိုအပ်ကြောင်း တွက်ချက်ကြည့်လိုက်သည်။ မဟာထန်တွင် ထိုမျှများပြားသော ပမာဏကို စုစည်းထားပါက ပုန်ကန်သည်ဟု သတ်မှတ်ခံရမည်မှာ မလွဲဖြစ်သည်။ ထိုသတင်း ပြန်ကြားသွားသည်နှင့် သူသည် ကွပ်မျက်ခံရရင်း အဆုံးသတ်နိုင်သည်။ သို့သော် ဝမ်ချောင်ကမူ ဂရုမစိုက်တော့ပေ။ သူ့အနေဖြင့် အင်ပါယာခုံရုံးနှင့် တူညီသောလမ်းတွင် မလျှောက်နိုင်ကတည်းက မဟာထန်နှင့် ဗဟိုပြင်ကျယ်ကို သူ၏ကိုယ်ပိုင်နည်းလမ်းဖြင့် ကာကွယ်ရပေလိမ့်မည်။
တစ်ဦးတစ်ယောက်၏ အောင်မြင်မှုအတွက် သူ၏ စီနီယာသုံးယောက် ပြောထားသလိုမျိုး တစ်လောကလုံးက သူ့ကို သတ်ဖြတ်ခြင်းမိစ္ဆာဘုရင်ဟု ကျိန်ဆဲနေကြမည်ဆိုလျှင်ပင် ဂရုစိုက်ရန် မရှိတော့ပေ။
ထိုစစ်သားများကို ဗဟိုပြင်ကျယ်အတွင်း ထိန်းသိမ်းလေ့ကျင့်ပေးရလိမ့်မည် မဟုတ်ပေ။ တြိဂံပုံ မြေကွက်လပ်ကလည်း သူ၏ အကြီးမားဆုံး လေ့ကျင့်ရေးကွင်း ဖြစ်နေပြီးလေပြီ။ အခြားသောနေရာများ အားလုံးကို မာန်ရှဲ့ကျောင်းနှင့် ယွီစန်း သို့မဟုတ် တူရကီကဲ့သို့သော တိုင်းပြည်များက သိမ်းပိုက်ထားသေး၏။
“ဗဟိုပြင်ကျယ်ထဲမှာတော့ စစ်သားတွေကို လေ့ကျင့်ပေးလို့ရမှာ မဟုတ်ဘူး။ ဒီတော့ အခြား တိုင်းတစ်ပါးမှာပဲ လုပ်ရမယ်။ ဒါပေမဲ့ ဘယ်လိုနေရာမျိုးမှာ စစ်သည်အင်အား ငါးသိန်းကို စုစည်းထားနိုင်မှာလဲ”
ဝမ်ချောင်က ခေါင်းကို ရုတ်တရက်မော့လျှက် ခပ်တိုးတိုးရေရွတ်သည်။ ထို့နောက် ခပ်မြန်မြန်ပင် ပြန်ထိန်းလိုက်သည်။
“စုရွှတ်ရွှမ်း မြေပုံယူလာခဲ့”
တခဏခန့်ကြာပြီးနောက် လေးပေကျယ်ကာ ခြောက်ပေရှည်သည့် မြေပုံကမူ ဝမ်ချောင်၏အရှေ့ဘက် ခုံစောင်းတွင် ပြန့်သွားသည်။ ထိုမြေပုံသည် ယွီစန်း၏ ကုန်းမြေ မြေပုံနှင့် ဝမ်ချောင်က ကိုယ်ပိုင်ကင်းထောက်များကို စေလွှတ်ထား၍ ရရှိလာသော သတင်းအချက်အလက်များ အမျိုးမျိုးသော မြေပုံများကို ပေါင်းစည်းပြီးမှ တစ်လောကလုံး၏ မြေပုံများကို ဖန်တီးထားခဲ့ခြင်းဖြစ်သည်။ ထိုမြေပုံသည် သူသိထားသမျှ နေရာတိုင်းနီးပါးပါသည်။ ဥက္ကာသတ္ထု ကျောက်ရိုင်းတုံးများရှိသော ကျွန်းများကိုပင် သီးသန့် အမှတ်အသား ခြစ်ထားသေးသည်။ မည်သို့ပင်ဆိုစေ ထိုအရာဟာ အထူးတလည် ထူးခြားသော ပစ္စည်းဖြစ်လေသည်။
ဝမ်ချောင်က မြေပုံတစ်ခုလုံးကို တဖြည်းဖြည်းချင်းစီ အကဲခတ်ကြည့်သည်။ သူ၏ပတ်ပတ်လည်မှ စုရွှတ်ရွှမ်း၊ ရွှီခဲ့ယွီနှင့် ရွှယ်ချန်ကျွင်းတို့ အားလုံးက ဝမ်ချောင်၏အကြည့်နောက် လိုက်ကြည့်ကြသည်။
စစ်သားများကို လေ့ကျင့်ပေးရန် သင့်တော်သောနေရာ ရှာရခြင်းသည် ပြောသည်ကသာ ပိုလွယ်သည်။ ဝမ်ချောင်က မြေပုံ၏ အောက်ဘက်ခြမ်း ဘယ်ဘက်ထောင့်နားမှ အပေါ်ဘက် ညာဘက်ထောင့်နားထိ တောက်လျှောက် ကြည့်သွားသည်။ နောက်ဆုံးတွင် သူ၏အကြည့်က မြေပုံ၏ အပေါ်ဘက် ညာဘက်ထောင့်နားတွင်ရှိသော ကျွန်းများထံတွင် ရပ်တန့်သွားသည်။ ချက်ချင်းဆိုသလိုပင် စုရွှတ်ရွှမ်း၊ ရွှီခဲ့ယွီနှင့် ရွှယ်ချန်ကျွင်းတို့ အားလုံးကလည်း ဝမ်ချောင်၏ မျက်ဝန်းများက တောက်ပသွားကြောင်း သိလိုက်သည်။
“ဒီနေရာပဲ”
ရုတ်တရက် ဝမ်ချောင်၏စိတ်တွင် နာမည်တစ်ခုပေါ်လာသည်။
အရှေ့ပိုင်း ကျွန်းတစ်သောင်း
ထိုကျွန်းဆယ်ကျွန်းသည် ဂိုဂူလျောနှင့် အနီးဆုံးဖြစ်ပြီး ကုန်းမြေကြီးတစ်ခုလုံးမှ အနီးစပ်ဆုံးအထိ ရှိနေသည့် ကျွန်းများလည်းဖြစ်သည်။ အရေးကြီးသော အချက်ကမူ ဝမ်ချောင်သည် ထိုနေရာထံမှ မီရာဆာမယ်အာရာကာကို မှတ်မိနေသေးသည်။ ဝမ်ချောင်၏ နံပါတ်တစ် လုပ်ကြံသတ်ဖြတ်သူသည် ကျွန်းတစ်သောင်းကိုပြန်ပြီး ထိုကိစ္စကို ကိုင်တွယ်နေခြင်း ဖြစ်သည်။ သို့သော် ထိုအချိန်ကစပြီး သူမနှင့် ပတ်သက်သည့် သတင်းများကို မကြားရတော့ချေ။
******
အခန်း(၁၃၂၇)
“အနီးကပ်ကြည့်ကြည့် ဒုတိယလေ့ကျင့်ရေးကွင်းကို ဒီနေရာမှာ ဖြစ်ရမယ်။ ဒီနေရာက စစ်သည် ရှစ်သိန်းနီးပါးကိုတောင် ဆန့်နိုင်တယ်”
ဝမ်ချောင်က ရွှယ်ချန်ကျွင်းနှင့် ရွှီခဲ့ယွီတို့ကိုပြောရင်း အရှေ့ပိုင်း ကျွန်းတစ်သောင်းထံ လက်ညိုးညွှန်လိုက်သည်။ ထိုကျွန်းများကို ဘုရင်မ ဆယ်ယောက်က အုပ်စိုးနေခြင်းဖြစ်ပြီး သူတို့၏ စစ်တပ်ကလည်း အတန်ငယ် အားနည်းသည်။ ဝမ်ချောင်သည်လည်း ကပ်ဘေးကာလ အတောအတွင်း အရှေ့ပိုင်း ကျွန်းတစ်သောင်းဟာ ကုန်းမြေကြီးထံမှ သမုဒ္ဒရာ၏ ပိုင်းခြားထားခြင်းကို ခံခဲ့ရရင်း အဆုံးသပ်နား မရောက်ခင်အထိ သက်ရောက်ခံရခြင်းမရှိကြောင်း မှတ်မိနေသေးသည်။ သို့သော် ထိုကျွန်းများသည် အလွန်အမင်း ခေါင်လွန်းသည်။ ဒီဘဝတွင် ဖြစ်စေ၊ အရင်ဘဝတွင် ဖြစ်စေ ဝမ်ချောင်အနေဖြင့် ထိုနယ်မြေနှင့် ပတ်သက်ပြီး အဆက်အစပ် မရှိခဲ့ဖူးချေ။ ထိုအတွက်ကြောင့် သူသည်ပင် ဘုရင်မဆယ်ယောက်နှင့် ပတ်သက်သော အခြေအနေများကို မသိပေ။ သူသည် ထိုအကြောင်းအရာများကို မီရာဆာမီအာရာကာထံမှ သိထားခြင်းဖြစ်သည်။
စာကြည့်ခန်းထဲမှ သူ၏လက်အောက်ငယ်သားများ၏ မျက်နှာတွင် သံသယဝင်သော မျက်နှာထားမျိုးနှင့် ဖြစ်သည်။ ဝမ်ချောင်သည် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့သော နေရာကို ရွေးချယ်ကြောင်း နားမလည်ကြပုံလည်း ပေါ်သည်။ သို့ရာတွင် မည်သူကမှ ဝမ်ချောင်၏အမိန့်ကို ပေါ်တင်မေးခွန်း မထုတ်ကြပေ။
“ဟုတ်ကဲ့”
အားလုံးက ဂါရဝပြုသည်။
“ရွှယ်ချန်ကျွင်း အသင့်ပြင်။ အချိန်ကျလာတဲ့အခါ တြိဂံပုံမြေကွက်လပ်က စစ်သားတွေနဲ့ ဝူရှန်းမြင်းတပ် လေးထောင်ကို ခေါ်သွားလိုက်။ ကျွန်းတစ်ကျွန်းချင်းစီတိုင်းကို ဘုရင်မတစ်ယောက်စီက အုပ်ချုပ်ထားတယ်။ မင်းတို့သာ သူတို့နဲ့ ငြိမ်းချမ်းရေး ယူနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ မယူနိုင်ဘူးဆိုရင်လည်း သိမ်းပိုက်လိုက်”
ဝမ်ချောင်က တည်ငြိမ်စွာ အမိန့်ပေးသည်။
“ဟုတ်ကဲ့”
ရွှယ်ချန်ကျွင်းက ချက်ချင်းလိုလို ပြန်ဖြေသည်။
“မင်းအတွက်ကတော့ ရွှီခဲ့ယွီ ငါမင်းကို....”
ဝမ်ချောင်ဟာ ရွှယ်ချန်ကျွင်းကို အမိန့်ပေးနေစဉ်က သက်တောင့်သက်သာ ရှိနေသော်လည်း အမိန့်များ ဆက်ပေးမည့်အချိန်တွင် ရုတ်တရက် သူ၏တန်ထန်းထဲမှလာသည့် ထက်ရှလွန်းသော ပေါက်ကွဲမတက် နာကျင်မှုကို ခံစားလိုက်ရသည်။ ထိုခံစားချက်က ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။ ဝမ်ချောင်၏ မျက်နှာက ဖျော့တော့သွားပြီး သူသည် ကြယ်တာရာစွမ်းအင်များကို စုစည်းကြည့်လိုက်သည်။ ထိုအခါ ခန္ဓာကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များဟာ ထိန်းချုပ်မှု လွတ်ကင်းသွားပြီး သွေးကြောများနှင့် လျှင်မြန်စွာ ပြေးလွှားလာနေပြန်ကြောင်း သိလိုက်သည်။
ဝှစ်
ဝမ်ချောင်၏မြင်ကွင်းက မည်းမှောင်သွားပြီး သွေးများကို အန်ထုတ်လိုက်ရသည်။ သူ၏စိတ်အတွင်း အန်ချင်စိန်ဟာ လွှမ်းခြုံနေသေးသည်။ သူသည် ဘာကိုမှ မသိတော့ချေ။ သူနောက်ဆုံး ကြားသည်မှာ အလန့်တကြား အော်ဟစ်သံများသာ ဖြစ်သည်။
“အရှင်”
“အရှင်”
စုရွှတ်ရွှမ်းနှင့် ရွှီခဲ့ယွီတို့က အလန့်တကြား အပြေးလာကြောင်းကို ခပ်ရေးရေး အာရုံခံမိလိုက်သည်။ သို့သော် ထိုနောက်ပိုင်းတွင် သူသည် အသိစိတ် ပျောက်ဆုံးသွားသည်။
...
အချိန်တစ်ခုကြာပြီးနောက် ဝမ်ချောင်က ရထားလုံးဘိမ်းလိမ့်သံအပြင် ခန္ဓာကိုယ်အောက်ပိုင်းမှ လှုပ်ခတ်မှုများကြောင့် လန့်နိုးလာသည်။
“နိုးလာပြီ”
သူ၏နားအတွင်း ရင်းနှီးကျွမ်းဝင်သော အသံက ထွက်လာသည်။ အံ့အားသင့်သွားတဲ့ ဝမ်ချောင်ဟာ ခက်ခက်ခဲခဲ မျက်လုံးကို ဖွင့်လိုက်သည်။ အမှောင်ထုအတွင်းသို့ အလင်းများက ပေါက်ဝင်လာသော အနေအထားကို ကျင့်သားရသွားပြီးနောက် သူ၏အရှေ့မှ ပုံရိပ်တစ်ခုက တဖြည်းဖြည်းချင်းစီ ပေါ်လာသည်။ သူသည် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက်အရွယ်ကြီးရင့်ကာ အတွေ့အကြုံရှိသည့် မျက်ဝန်းတစ်စုံဖြင့် သူ့အား စိုးရိမ်တကြီးကြည့်လာသည်။
“ဆရာ”
ထိုပုံရိပ်က ဝမ်ချောင်ကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။
ဘာဖြစ်တာလဲ။
သူစာကြည့်ခန်းထဲမှာ လဲသွားတာပါ။ ဒါကို ဘာလို့ ရုတ်တရက် ဆရာကိုတွေ့ လိုက်ရတာလဲ။ နောက်ပြီး ဒီလိုလှုပ်ခတ်နေတာ....
ဝမ်ချောင်က ဆရာဖြစ်သူကိုကျော်လျှက် ကြည့်လိုက်သောအခါ သူသည် သစ်သားရထားလုံး တစ်ခုအတွင်း ရှိနေကြောင်း သိလိုက်သည်။
“ဒါက ဘာဖြစ်တာလဲ”
ဝမ်ချောင်က မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို အံ့အားတကြီး ကြည့်သည်။
“မင်းက ထူးဆန်းတယ်လို့ ထင်နေတုန်းပဲလား။ ငါမင်းကို လွှတ်ပေးပြီး အဲ့ဒီအကြောင်း ပြန်တွေးခိုင်းတာ။ နောက်ပြီး မင်းကို ဒီမာန်ထရာ ပေးတယ်ဆိုတာက မင်းရဲ့ ဒီဝရုန်းသုန်းကားဖြစ်နေတဲ့ ကြယ်တာရာစွမ်းအင်တွေကို ဖယ်ထုတ်စေချင်လို့ပဲ။ ဒီလိုနဲ့ မင်းရဲ့ခန္ဓာကိုယ်ကို သပ်သပ်ရပ်ရပ်ဖြစ်စေပြီး မင်းရဲ့ဒဏ်ရာတွေကို တည်ငြိမ်အောင် လုပ်စေချင်တယ်။ ဒါတောင်မှ မင်းက အခြားထင်မြင်ချက်တွေ ရှိနေတုန်းပဲ။ မင်းက ဘာလုပ်ချင်တာလဲ။ ဘာလုပ်မလို့လဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ တင်းမာသောမျက်နှာထားက ဝမ်ချောင်၏ မျက်နှာကိုလည်း တင်းမာစေသည်။
“ငါ ရောက်လာတဲ့အခါမှာ မင်းရဲ့ခန္ဓာကိုယ်က လုံးဝကို ရှုပ်ထွေးနေပြီ။ ဒီရက်တွေ အတောအတွင်းမှာ မင်းက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ကျင့်ဖို့ နည်းနည်းလေးတောင် အချိန်ရှိမနေဘူး။ မင်းဒီနယ်မြေကြီးအတွက် ဘာတွေစိုးရိမ်နေလဲ ငါသိတယ်။ ဒါပေမဲ့ မင်းမှာသာ ဒီအသက်မရှိရင် မင်းဒီတိုင်းပြည်ကို ကာကွယ်နိုင်ဦးမှာလား”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ မျက်လုံးများဟာ ဒေါသများနှင့် လောင်ကျွမ်းလာသည်။ ဆရာဖြစ်သူ၏ ညင်သာသောမျက်နှာကို ကျင့်သားရနေကျဖြစ်သည့် ဝမ်ချောင်ကိုယ်တိုင်ကပင် မိစ္ဆာဧကရာဇ် လူအိုကြီး၏ ထိုဘက်ခြမ်းကို မြင်လိုက်ရသောအခါ ကြောက်လန့်မှုဖြင့် တုန်ယင်သွားမိသည်။ သို့သော် သူသည် ပို၍ပင် ခံစားသွားရသည်။
“ဆရာပြောတာ မှန်ပါတယ်။ ဒီတပည့်က မှားပါတယ်”
ဝမ်ချောင်က နာခံစွာသာ ပြန်ဖြေလိုက်သည်။
“ဟား ဟား မင်းရဲ့ဆရာမှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိဘူး”
ရထားလုံးထောင့်နားမှ အကြီးအကဲတစ်ယောက်၏ အသံက ထွက်လာသည်။
“မင်းအခု ခုနှစ်ရက်ဆက်တိုက် သတိ လစ်နေခဲ့တယ်ဆိုတာကို သိရဲ့လား။ ဒီလိုအခြေအနေမှာ ငါတို့က မင်းရဲ့ဒဏ်ရာတွေကိုပဲ ဆက်တိုက် ကုပေးနေရတာ။ ကလေး မင်းရဲ့ဆရာကသာ မင်းကို ဒီလိုအခြေအနေမျိုးမှာ မြို့တော်ကနေ အတင်း ခေါ်ထုတ်မလာခဲ့ဘူးဆိုရင်တောင်မှ ငါက မင်းကို ထွက်သွားဖို့ အကြံပေးဦးမှာ။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက ကြောက်စရာကောင်းတဲ့ သိုင်းတစ်မျိုးပဲ။ ဒါပေမဲ့ အရမ်းကို ပျက်စီးနေတဲ့ အနေအထားမျိုးမှာပဲ ရှိနေတယ်။ ဒါကြောင့် ဒီအခြေအနေကိုသာ ဆက်ခွင့်ပြုလိုက်ရင် မင်း လက်ရှိ အနေအထားမျိုးနဲ့ နှစ်တစ်ဝက်တောင်မခံဘူး”
ဝမ်ချောင်၏ခန္ဓာကိုယ်က တုန်ယင်သွားလျှက် လှည့်ကြည့်လိုက်သည်။ အနီးအနားတွင် ဝူရှန်းရွာသူကြီးက တင်ပြင်ချိတ်လျှက် ထိုင်နေသည်။ သူ၏မျက်နှာဟာ ဖျော့တော့နေပြီး နဖူးတွင် ချွေးများကလည်း ရှိနေသေး၏။ သူသည် တဖြည်းဖြည်းချင်း စွမ်းအင်များကို ရုတ်သိမ်းလိုက်သည်။
ဝမ်ချောင်ဟာ မှင်သက်သွားသည်။ ထိုအခါမှသာ အခြေအနေကို နားလည်လိုက်ပြီး သူ၏စိတ်အတွင်း အရှက်တရားက ပြည့်နှက်လာသည်။
“ကျေးဇူး အများကြီးတင်ပါတယ် အကြီးအကဲ”
ဝူရှန်းရွာသူကြီးသည် ရှင်းလင်းစွာပင် ကြယ်တာရာစွမ်းအင်များ၏ လျှင်မြန်စွာ ကုန်ဆုံးမှုဒဏ်ကို ခံစားနေရခြင်း ဖြစ်သည်။ အရာအားလုံးဟာ ဝမ်ချောင်၏ဒဏ်ရာကို ကုစားပေးသောကြောင့် ဖြစ်ပေလိမ့်မည်။
“ဟား ငါတို့ရဲ့ကံကြမ္မာက ချိတ်ဆက်ထားပြီလို့ ပြောလို့ရတယ်။ ဒီတော့ မင်းအနေနဲ့ ဒီလိုစကားလုံးမျိုးတွေကို ပြောဖို့မလိုပါဘူး”
ဝူရှန်းရွာသူကြီးက လက်ကို ယမ်းလိုက်သည်။ ဝူရှန်းရွာသူကြီးနှင့် ဝမ်ချောင်သည် ယခုအခါ နက်ရှိုင်းစွာ ပတ်သက်ခဲ့သူများဟု ပြော၍ရသည်။ ဝမ်ချောင်၏ အမိန့်အောက်တွင် ရွာသား အမြောက်အများဟာ နာခံလျှက် တည်ရှိနေကြသည်။ အတိတ်တွင် သူသည် ဒီလိုအရာမျိုးကို လုပ်ခွင့်ပြုလိမ့်မည် မဟုတ်ချေ။ သို့သော် ဝမ်ချောင်နှင့် ကြာရှည်စွာ အဆက်အသွယ် ရှိလာခဲ့ပြီး သူ့ကို နားလည်လာပြီးနောက်တွင် ဝူရှန်းရွာသူကြီးအနေဖြင့် သူ၏အမိန့်များကို သဘောမတူရန် ပို၍ပင် ခက်ခဲလာသည်။
တစ်ဖက်သူသည် တိုင်းပြည်နှင့် ပြည်သူများအတွက် စိုးရိမ်နေသောကြာင့် သစ္စာရှင် အရာရှိတစ်ယောက် ဖြစ်သည်။ ဝူရှန်းရွာသူကြီးက ထိုလူနောက်သို့လိုက်ရင်းနှင့် အမြောက်အများ ဆုံးရှုံးရမည်ဆိုလျှင်ပင် ဝူရှန်းရွာသူကြီးအနေဖြင့် လက်ခံနိုင်သေးသည်။
အနည်းဆုံး သူတို့သည် ဗဟိုပြင်ကျယ်မှ ပြည်သူများ၏အသက်ကို ကာကွယ်ပေးရင်း ခမ်းနားကြီးကျယ် မြင့်မြတ်စွာ သေဆုံးသွားရသည်။
ဘန်း
ထိုအခိုက်အတန့်တွင် ရထားလုံးက ရုတ်တရက် ရပ်တန့်သွားသည်။ ထို့ပြင် အရှေ့ဘက်မှ ရိုးရှင်းသော်လည်း ရိုးသားသည့်အသံက ထွက်လာသည်။
“လူကြီးမင်းတို့ ထုံးဖြတ်သန်းနယ်မြေက အရှေ့မှာပါ”
ထိုစကားကိုကြားသောအခါ ဝမ်ချောင်၏စိတ်က တုန်ယင်သွားသည်။
“ထုံးဖြတ်သန်းနယ်မြေ ဟုတ်လား”
ဒါက လုံရှီးကနေ ချီရှီ၊ အန်းရှီကိုသွားတဲ့ ဖြတ်သန်းခွင့်နယ်မြေ မဟုတ်ဘူးလား။
ထိုအခါမှသာ ဝမ်ချောင်သည် ဆရာနှင့် ဝူရှန်းရွာသူကြီးတို့ဟာ သူ့အား မြို့တော်မှ အဝေးသို့ ခေါ်ဆောင်လာပြီးဖြစ်ကြောင်း အမှန်တကယ် သတိထားမိလိုက်သည်။ သို့ရာတွင် ဝမ်ချောင်အနေဖြင့် သူ နိုးလာသည့်အချိန်တွင် ထုံးဖြတ်သန်းခြင်းနယ်မြေကိုပင် ရောက်ရှိနေမည်ဟု သတိမထားမိပေ။ ထိုနေရာသည် မြို့တော်နှင့် အလွန်အမင်း ဝေးကွာနေပြီဖြစ်သည်။
“ပြန်သွားဖို့ တွေးနေတုန်းလား”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရထားလုံးထဲတွင် တင်ပြင်ချိတ်လျှက် ထိုင်နေခြင်း ဖြစ်သည်။ ဝမ်ချောင်၏ နေရာကိုပင် မကြည့်ချေ။ သို့တိုင်အောင် ဝမ်ချောင်၏ အမူအရာတိုင်းက သူ၏စူးရှသော အကြည့်အောက်မှ လွတ်မြောက်နိုင်ခြင်းမရှိပေ။
“မင်းဒီနေရာကနေ မြို့တော်ကိုပြန်ချင်ရင် အနည်းဆုံး ခုနှစ်ရက်လိုတယ်။ ဒါပေမဲ့ နေ့တစ်ဝက်တောင် မကြာခင် မင်းရဲ့ဒဏ်ရာတွေက တစ်ကြိမ်ထပ်ပြီး တက်လာဦးမှာပဲ။ မင်းက အနက်ရောင်ဝတ်စုံနဲ့ လူတွေနဲ့ ထပ်တွေ့တဲ့အခါ ငါနဲ့ဝူရှန်းရွာသူကြီးသာ မင်းရဲ့ဘေးမှာ မရှိရင် မင်း သေမှာ သေချာတယ်။ ဒါ့အပြင် မြို့တော်ကိုပြန်တဲ့ မင်းရဲ့အကြံအစည်က မင်းရဲ့အမေနဲ့ ရှောင်ယန်ကို ကပ်ဘေး စိုက်စေမှာ နားမလည်ဘူးလား”
မြို့တော်သည် အထိမခံနိုင်သော အနေအထားမျိုး၏ အလယ်တွင်ဖြစ်သည်။ သူသည် လိုအပ်လျှင် လိုအပ်သည်ထက် ကိစ္စပေါင်းများစွာကို လုပ်ထားသည်။ သို့မဟုတ်လျှင် သူ့အနေဖြင့် ကြယ်တာရာစွမ်းအင်များကိုပင် အာရုံမစိုက်နိုင်လောက်အောင် ရက်ပေါင်းများစွာ အာရုံစူးစိုက် နေခဲ့လိမ့်မည်မဟုတ်ပေ။ သူက ဆရာဖြစ်သူ၏ စကားပထမပိုင်းကို အာရုံအနည်းငယ်သာ စိုက်လိုက်မိသည်။ သို့သော် မိခင်နှင့် ညီမဖြစ်သူအကြောင်း ထည့်ပြောသောအခါ ချက်ချင်းဆိုသလိုပင် တုန့်ဆိုင်းသွားသည်။
“မင်းရဲ့ဆရာနဲ့ငါက ဆုံးဖြတ်ထားပြီးသား။ အနက်ရောင်ဝတ်စုံနဲ့ လူတွေကသာ ခေါင်းမာပြီး ဘယ်နေရာမှာမဆို ထောင်လွှားမောက်မာပြီး ပြစ်မှုတွေ ပြုရဲတယ်ဆိုပေမဲ့လည်း သူတို့က သူတို့ရဲ့ ပစ်မှတ်တစ်ခုတည်းကိုပဲ စိတ်ဝင်စားတာ။ သူတို့သတ်တဲ့ လူအများစုကလည်း သူတို့ရဲ့ တိုက်ကွက်တွေအောက်မှာ အငိုက်ဖမ်းမိသွားတဲ့ လူတွေကြီးပဲ။ ဒါကြောင့် မင်းရဲ့ လက်ရှိအခြေအနေမျိုးနဲ့ ပြန်သွားမယ်ဆိုရင် သူတို့မင်းကို တိုက်ခိုက်ဖို့အခွင့်အရေး အရမ်းကိုမြင့်တယ်”
ဝူရှန်းရွာသူကြီးက ပြောသည်။
ဝမ်ချောင်က သတိနှင့်နေချိန်တွင် သူသည် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ထိုအကြောင်းအရာကို ဆွေးနွေးပြီး ထိုသို့ အနှစ်ချုပ်ရရှိပြီးသားဖြစ်သည်။ မြို့တော်ကို ဒီလိုအခြေအနေမျိုးတွင် ပြန်ခြင်းက ဉာဏ်နည်းလွန်းသော အခြေအနေမျိုးဖြစ်သည်။
“ဒါပေမဲ့”
ဝမ်ချောင်က တစ်စုံတစ်ရာ ပြောလိုက်သည်။ သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သူ့ကိုခပ်မြန်မြန် ဖြတ်ပြောသည်။
“ဒါပေမဲ့ဆိုတာ မရှိဘူး”
“ငါတို့ မူလအမရသိုင်းကို ရှာနိုင်ပြီး မင်းရဲ့အခြေအနေကို မကုနိုင်ခင်အထိ မင်းအနေနဲ့ ပြန်ဖို့ တွေးတောင်မတွေးနဲ့။ မင်းပြန်ပြေးရဲရင် ငါမင်းရဲ့ခြေထောက်တွေ ချိုးပစ်မယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ မျက်နှာဟာ ရေခဲတုံးတမျှ အေးစက်နေပြီး မျက်လုံးများကလည်း ခံစားချက်မဲ့သည်။
ဝမ်ချောင်သည် ခါးသီးစွာသာ ပြုံးလိုက်ရ၏။ သူသည် ဒီအချိန်တွင် ဆရာဖြစ်သူကို အမှန်တကယ် ဒေါသ ထွက်စေလိုက်ကြောင်း သိလိုက်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီး၏ အမိန့်တိုင်းကို သိုင်းပညာလောကကြီး တစ်ခုလုံးက လိုက်ပါနာခံသလို သတ္တိကြီးလွန်းသော လူများကပင် မလိုက်နာဘဲ မနေရဲသည့် ပုဂ္ဂိုလ်မျိုးဖြစ်သည်။ သူသည် ယခုလိုပုံစံမျိုးဖြင့် ဝမ်ချောင်ကို စကားပြောနေခြင်းကတင် အများကြီး ရိုသေလေးစားမှု ပြနေခြင်းဖြစ်သည်။
ဝမ်ချောင်၏စိတ်အတွင်း မရေမတွက်နိုင်သော အတွေးများက ဖြတ်ပြေးသွားသည်။ သို့သော် သူသည် နောက်ဆုံးတွင် လက်လျော့ရန် ဖိအားပေးခံရသဖြင့် ကူကယ်ရာမဲ့စွာသာ ပြန်ဖြေလိုက်ရသည်။
“ဟုတ်ကဲ့ ဆရာ”
ဝူရှန်းရွာသူကြီးက အရာအားလုံးကို ထောင့်တစ်နေရာမှ အပြုံးနှင့်ကြည့်နေသည်။ ထိုကလေးသည် အမှန်ပင် ခေါင်းမာသည်။ ဆရာဖြစ်သူကသာ ဒီလို မကြမ်းပြလျှင် သူသည် စိတ်ကို ပြောင်းလဲလိမ့်မည် မဟုတ်ချေ။
ယခုအခါ ဝမ်ချောင်သည် နောက်ဆုံးတွင် လက်လျော့လိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ အခြေအနေဟာလည်း တိုးတက်လာသည်။ ထိုအချိန်တွင် ဝူရှန်းရွာသူကြီးကမူ သူတို့၏ ဆက်ဆံရေးကြောင့် ခပ်ဟဟသာ ရယ်နေလိုက်သည်။
.....
သူသည် မပြန်နိုင်ကြောင်း သိထားပြီးကတည်းက ဝမ်ချောင်သည် စိတ်အေးစွာနှင့် ဆရာဖြစ်သူနှင့် ဝူရှန်းရွာသူကြီး၏ နောက်သို့သာ လိုက်နေရင်း အနောက်မြောက်ပိုင်းသို့သွားကာ မူလအမရသိုင်းကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ မူလအမရသိုင်းကို အဆင့်လွန်သိုင်းဟု လူသိများပြီး မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ ပြဿနာများကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းလည်းဖြစ်သည်။
“ဝူရှန်းရွာသူကြီးနဲ့ ငါက အနောက်မြောက်ပိုင်းမှာ ကြိမ်ဖန်များစွာ လိုက်ရှာပြီးပြီ။ ဒါပေမဲ့ လက်ဗလာနဲ့ ပြန်လာရတယ်။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ငါတို့ အခြားအဖွဲ့တစ်ဖွဲ့ကနေ မူလအမရသိုင်းနဲ့ ပတ်သက်တဲ့ မြေပုံတစ်ပိုင်းတစ်စကို ရထားတယ်။ အဲဒီနှစ်ခုကို ပေါင်းလိုက်တဲ့အချိန်မှာ သဲလွန်စအချို့ကို တွေ့လိုက်တာပဲ”
အနောက်မြောက်ပိုင်းသို့ ဦးတည်နေချိန်တွင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဝမ်ချောင်အား သူနှင့် ဝူရှန်းရွာသူကြီးတို့၏ အနောက်မြောက်ပိုင်းမှ လှုပ်ရှားသွားလာမှုများကို ပြောပြလေသည်။
“လူအများစုက ဒီအကြောင်းကို အာရုံစိုက်နေကြတုန်းပဲ။ မင်းရဲ့ဆရာနဲ့ငါက သဲလွန်စတွေ ရှာတွေ့ခဲ့ပေမဲ့လည်း ပြဿနာအများကြီး တွေ့ခဲ့ရသေးတယ်။ နောက်ပြီး အဲ့ဒီနေရာမှာ ရတနာမုဆိုး အမြောက်အများရှိနေတယ်။ ငါတို့တွေ မင်းရဲ့ဆရာရဲ့ လုပ်ဖော်ကိုင်ဖက် အချို့နဲ့တောင် ဆုံခဲ့သေးတယ်”
ဝူရှန်းရွာသူကြီးက ထပ်ဖြည့်ပြောသည်။
“ဟွန့် လုပ်ဖော်ကိုင်ဖက် ဟွန်း ထူးချွန်လွန်းတဲ့ လုပ်ဖော်ကိုင်ဖက်တွေ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ထိုသို့ပြောချိန်တွင် သူ၏မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ် ဆန္ဒများက ပေါက်ကွဲလာသည်။
“ဆရာ ဆရာဆိုလိုတာက”
ဝမ်ချောင်က ချက်ချင်းလိုလို တစ်စုံတစ်ရာကို တွေးမိလိုက်သည်။
“မင်းခန့်မှန်းတာမှန်တယ်။ အဲဒီလူတွေပဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အေးစက်စွာပြောသည်။
ဝမ်ချောင်ဟာ မျက်တောင်တစ်ချက်ခတ်လျှက် အသက်ပြင်းပြင်း ရှုလိုက်သည်။ သူ၏ မျက်နှာအမူအရာဟာ ထူးဆန်းသွားသည်။
သူသည် ဆရာဖြစ်သူနှင့် စတွေ့သောအခါ သူ၏ဆရာသည် လိုက်ဖမ်းခံနေရခြင်း ဖြစ်သည်။ သူ၏ အဲ့ဒီ အကြံအစည်ကြီးသော စီနီယာသိုင်းတူ အစ်ကိုအပြင် အမျိုးမျိုးသော ဂိုဏ်းများမှ အများစုသော ပုဂ္ဂိုလ်ကြီးများက ဆရာဖြစ်သူ၏ ကျရှုံးချိန်တွင် ပါဝင်ကစားခဲ့ကြသည်။
ရှင်းလင်းစွာပင် ဆရာဖြစ်သူကလည်း အနောက်မြောက်ပိုင်းသို့ သွားသောခရီးတွင် ထိုလူများနှင့် တိုးခြင်းဖြစ်လောက်သည်။
“ရန်သူတွေနဲ့ လမ်းရှေ့မှာ ဆုံတယ်ဆိုတဲ့ အတိုင်းပါပဲ”
ဝမ်ချောင်ကပြောသည်။
ဆရာဖြစ်သူသည် အမှန်တကယ်ပင် ရန်ငြိုးကြီးပြီး ဘယ်သောအခါမှ သင့်မြတ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ပုဂ္ဂိုလ်ရေးရာ ရန်ငြိုးများကို အလျင်စလို ဖြေရှင်းရန်လည်း မလိုအပ်ပေ။ အနောက်တောင်ပိုင်းနှင့် တာလာ့ကမူ ခြားနားသည်။ တစ်သန်းကျော်သော အသက်များကို ထိုတိုက်ပွဲ အတောအတွင်း နစ်မြုပ်ထားသည်။ ထို့ကြောင့် ဝမ်ချောင်အနေဖြင့် ထိုကိစ္စနှင့် ပတ်သက်ပြီး ဆက်လက်ပြီး စုံစမ်းစစ်ဆေးမှုများ မလုပ်ခဲ့ဖူးချေ။
******
အခန်း(၁၃၂၈)
လျောင်မြို့
ယခုအခါ ဝမ်ချောင်သည် အချိန်ရနေသေးသဖြင့် ဆရာဖြစ်သူ၏ ရန်သူများကို စတင်ကာ ကိုင်တွယ်နိုင်လေပြီ။
“မင်းရဲ့ဆရာနဲ့ ငါတို့ တစ်ဖွဲ့ကိုတော့ အလဲထိုးပြီးပြီ။ ဒါပေမဲ့ သူတို့က ထွက်ပြေးလွတ်မြောက်သွားသေးတယ်။ မူလအမရသိုင်းနဲ့ ပတ်သတ်တဲ့ သတင်းတွေတောင် သိုင်းပညာလောကကြီး တစ်ခုလုံးမှာ ပျံ့နှံ့လာပြီ။ ဒီတော့ ဒီမူလအမရသိုင်းကို ရှာဖွေတဲ့ ခရီးစဉ်က ငါတို့ထင်ထားသလောက် မရိုးရှင်းနိုင်တော့ဘူး”
ဝူရှန်းရွာသူကြီးက ထိုသို့ပြောသည်။
“လာပါစေ တစ်ယောက်ပဲဖြစ်ဖြစ် တစ်ရာပဲဖြစ်ဖြစ် ငါအားလုံးကိုသတ်မယ်။ ဟွန်း ဒါဆိုပိုကောင်းတာပေါ့ ငါသူတို့ကို တစ်ခါတည်း ရှင်းလို့ရတယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ မျက်လုံးက တောက်ပလာသည်။
သူသည် မြို့တော်သို့သွားရောက်ပြီး အနားယူနေကတည်းက သူ၏စိတ်အခြေအနေဟာ အများကြီး ညင်သာလာခဲ့ပြီး အတိတ်မှ ဖြစ်ရပ်ပေါင်းများစွာကို ကျော်ကြည့်နိုင်လာသည်။ ထို့ကြောင့် သူသည် ဂိုဏ်းများအတွင်းမှ ကိစ္စများကိုပင် အာရုံမစိုက်ဖြစ်တော့ချေ။ သို့သော် သူက ဂရုမစိုက်တော့ဟု မဆိုလိုသေးချေ။ ထိုလူများကသာ ကိုယ်တိုင်လာရောက်၍ သူ့ဆီလာဦးမည်ဆိုလျှင် သူကလည်း သူတို့ကို သတ်ဖြတ်ပေးရန် ပြဿနာမရှိပေ။
“အစ်ကိုကျန်း ငါတို့ဒီကိစ္စကို ဂရုတစိုက် စဉ်းစားသင့်တယ်”
ဝူရှန်းရွာသူကြီးက တိုက်တွန်းသည်။ သူသည် အလွန်အိုနေပြီဖြစ်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကဲ့သို့ မဟုတ်ဘဲ သွေးဆာလောင်ခြင်း မရှိတော့ပေ။ လိုအပ်၍သာမဟုတ်လျှင် သူသည် သတ်ဖြတ်ခြင်းကို အတက်နိုင်ဆုံး ရှောင်ရှားလိုသည်။
“ကလေး အနောက်မြောက်ပိုင်းကိုသွားတဲ့ ဒီခရီးမှာ မင်းသေချာပေါက် သတိထားရမယ်။ ငါတို့အားလုံးက အဲ့ဒီမှာရှိတဲ့ အနက်ရောင်ဝတ်စုံနဲ့ လူအဖွဲ့တွေအများကြီးကို တွေ့ခဲ့ပြီးသား။ သူတို့တွေကလည်း မူလအမရသိုင်းကို စိတ်ဝင်စားနေတဲ့ပုံပဲ။ ဒါကြောင့် မင်းကလည်း သူတို့ရဲ့ ပစ်မှတ်တစ်ခု ဖြစ်နေကတည်းက သတိကြီးကြီးထားပြီး လှုပ်ရှားရမယ်”
စွစ်
ဝူရှန်းရွာသူကြီးက ထိုသို့ပြောလိုက်ချိန်တွင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရုတ်တရက် သူ၏လက်ညိုးကို ဓားတစ်လက်အလား လေထဲသို့ ထိုးသွင်းလိုက်ရင်း ကြမ်းတမ်းသော စွမ်းအင်လှိုင်းများကို ပေါက်ထွက်သွားစေလျှက် ရထားလုံး၏ ခေါင်မိုးပေါ်မှတစ်ဆင့် ကောင်းကင်သို့ ရောက်ရှိသွားစေသည်။
ခွီး
ရုတ်တရက် လေထဲတွင် စူးရှလွန်းသော အော်ဟစ်သံကို ကြားလိုက်ရသည်။ ထို့နောက် တခဏခန့် ကြာပြီးချိန်တွင် ငါးပေ၊ ခြောက်ပေခန့်ရှိသော သိန်းငှက်ကြီးတစ်ကောင်က မိုးကြိုးပစ်ခံလိုက်ရသလိုမျိုး ကောင်းကင်ပေါ်မှ ပြုတ်ကျလေသည်။
သိန်းငှက်များသည် အသန်မာဆုံး လေးများဖြင့် ပစ်လျှင်ပင် အလွန်မြင့်မားသောနေရာမျိုးတွင် တည်ရှိနေသည့်အတွက် သူတို့ကို လှမ်းပစ်နိုင်ရန် ခက်ခဲလေသည်။ သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ရင်ဆိုင်ရသောအခါ ထိုအခြေအနေဟာ အသုံးမဝင်တော့ပေ။
ဝုန်း
ရုတ်တရက် လှုပ်ရှားမှုက ရထားလုံးအတွင်းမှ အခြားနှစ်ယောက်၏ အာရုံကို ဆွဲဆောင်သွားသည်။
“အရင်ကလူတွေထဲက တစ်ယောက်လား”
ဝူရှန်းရွာသူကြီးကမေးသည်။
“ငါမသိဘူး ဒါပေမဲ့ တစ်ချက်ကြည့်ရင် သိလာမှာပေါ့”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က တည်ငြိမ်စွာသာဖြေသည်။
ဝှစ်
တခဏခန့်ကြာပြီးနောက် သိန်းငှက်ကျလာသောကြောင့် လေပြင်းက လေထုကို ကွေးကောက်သွားလျှက် ရထားလုံးထဲသို့ ရောက်ရှိလာသည်။ ထို့နောက် ကြမ်းပြင်ပေါ်သို့ ဝုန်းကနဲ ပြုတ်ကျလာ၏။
ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က ချက်ချင်းဆိုသလို သိန်းငှက်ကို ကြည့်လိုက်ကြသည်။
သိန်းငှက်က အမွှေးများစုတ်ဖွာလျှက် မြေပြင်ပေါ်တွင် လဲနေသည်။ သူ၏နှလုံးသားနေရာတွင် သူ၏ အသက်ကို လုယူသွားခဲ့ပုံပေါ်သော လက်ညိုးတစ်ချောင်းစာမျှတုတ်သော သွေးအပေါက်ကြီး တစ်ပေါက်က ရှိနေသည်။
“သူ့ရဲ့ခန္ဓာကိုယ် တည်ဆောက်ပုံက တော်တော်လေး သန်မာတယ်။ ခြေထောက်နဲ့ တောင်ပံတွေကလည်း တော်တော်လေး သန်မာနေသေးတယ်ဆိုတော့ သာမာန်သိန်းငှက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီကောင်က အထူးလေ့ကျင့်ထားတာပဲ”
ဝမ်ချောင်က ငှက်ကိုတစ်ချက်ကြည့်ပြီးနောက် ပြောပြသည်။
သိန်းငှက်အိုကြီးက ငှက်ပေါင်းများစွာကို မွေးမြူထားသည်။ ထို့ကြောင့် ဝမ်ချောင်သည်လည်း ထိုအကောင်များကြားမှ ကွာဟချက်ကို နားလည်နေပြီဖြစ်သည်။
လေ့ကျင့်ပေးထားသော သိန်းငှက်များနှင့် တောရိုင်းသိန်းငှက်များ အကြားတွင် ဖွဲ့စည်းတည်ဆောက်ပုံအရ ကွာခြားချက်ရှိသည်မှာလည်း ရှင်းလင်းနေသေးသည်။ ထို့ပြင် ထိုသိန်းငှက်က သူ့ကိုပြောနေသည့် အသေးစိတ် အချက်အလက်ပေါင်း များစွာအရ ထိုသိန်းငှက်သည် မွေးမြူခံထားရခြင်းဖြစ်ကြောင်း ပြသနေသည်။ ဝူရှန်းရွာသူကြီးက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကိုကြည့်လျှက် မျက်လုံးဖြင့် မေးမြန်းသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သူတို့သုံးယောက်ထဲတွင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်သည်။ သူ၏ ဒဏ္ဍာရီ ဝိညာဉ်ပင်လယ်သိုင်းက သူ့အား ပို၍ပင် နက်နဲကျွမ်းကျင်သွားစေသေးသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သေသွားသော သိန်းငှက်ကို တစ်ချက်ကြည့်လျှက် ခေါင်းခါသည်။
“အရင်ကလူတွေထဲက မဟုတ်ဘူး”
“ဒါဆိုရင် ဒီလူတွေ မဟုတ်လောက်ဘူး”
ဝူရှန်းရွာသူကြီးက ထိုသို့ပြောသည်။
“ငါတို့တွေက ဒီခရီးမှာ အရမ်းကို အာရုံစိုက်သင့်တယ်ဆိုပေမဲ့လည်း ပိုးသားလမ်းက အရှေ့နဲ့တောင်ကို ဆက်စပ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်နေတုန်းပဲ။ ဒီတော့ အမြဲတစေ လှုပ်ရှားမှုတွေက ရှိမှာပဲ။ ငှက်တွေကိုသုံးတဲ့ ကုန်သည်လှည်းတန်းတွေကလည်း ရှိမှာပဲ”
ဝူရှန်းရွာသူကြီးက သိန်းငှက်၏အလောင်းကို ရှာဖွေလိုက်သည်။ မျှော်လင့်ထားသည်အတိုင်း ခြေထောက်တွင် စာချိတ်ရန် အသုံးပြုလေ့ရှိသော သတ္ထုလုံးလေးက ပေါ်လာသည်။ သိန်းငှက်၏ အမွှေးများက သိပ်သည်းလွန်းသောကြောင့် သတ္ထုလုံးလေးကို သတိမထားမိခဲ့ခြင်းဖြစ်သည်။
“သွားရအောင်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ထိုသတ္ထုလုံးလေးကို မြင်သောအခါ မျက်မှောင်ကျုံ့လိုက်သည်။ သူ၏လက်ကို တစ်ချက်ယမ်းလိုက်ရုံဖြင့် စွမ်းအားတစ်ရပ်က ထွက်သွားလေပြီး သိန်းငှက်၏အလောင်းကို ရထားလုံးထဲမှ လွင့်ပစ်လိုက်သည်။
ထိုသိန်းငှက်က ထိုလူများအပိုင်မဟုတ်ကြောင်း သေချာနေကတည်းက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကလည်း အတွင်းမှစာကို ဂရုစိုက်မနေပေ။
“လူကြီးမင်းတို့ တစ်ခုခုများဖြစ်လို့လား”
အပြင်ဘက်မှ မောင်းနှင်သူ၏အသံက ထွက်လာသည်။ ရထားလုံးအတွင်းမှ ပေါက်ကွဲသံနှစ်သံက သူ့အား လန့်သွားစေသည်။
“ရပါတယ် ရှေ့ဆက်သွား”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က တင်းမာစွာပြောသည်။ ရထားလုံးက တိတ်ဆိတ်စွာနှင့် အနောက်မြောက်ပိုင်းသို့ ဆက်လက်သွားနေလေသည်။
.....
ရထားလုံးထွက်သွားပြီး သိပ်မကြာခင် အနီးအနားရှိ တောအုပ်ထဲမှ အလင်းများနှင့်အတူ ပုံရိပ်တစ်ခု ထွက်လာသည်။ သူတို့အားလုံးက သိန်းငှက်၏အလောင်းနား ရောက်သွားကြသည်။
“ဒီသိန်းငှက်က လေထဲ ပေခြောက်ထောင်လောက်မှာ ပျံသန်းနေတာ။ မျှားတောင်မှ သူ့ကို ပစ်မချနိုင်ဘူး။ ဒါပေမဲ့ လက်ညိုးတစ်ချောင်းထဲနဲ့ သူ့ရဲ့နှလုံးသားက ပေါက်သွားတယ်။ ဘယ်လောက် ကြောက်ဖို့ကောင်းလိုက်လဲ”
အနက်ရောင်ဝတ်စုံနှင့် လူများက သိန်းငှက်၏အလောင်းကိုကြည့်ရင်း ချွေးစေးများပျံလာသည်။
“သူတို့ရဲ့ အာရုံခံစားနိုင်တဲ့ စွမ်းရည်ကလည်း တော်တော်လေး သန်မာတယ်။ ကံကောင်းတာက ငါတို့က အကွာအဝေး ခြားထားလို့ပဲ။ အဲ့ဒီလိုမှမဟုတ်ရင် ငါတို့ဘယ်လို သေသွားမှန်းတောင် မသိလောက်ဘူး”
နောက်ထပ် အနက်ရောင်ဝတ် လူတစ်ယောက်ကပြောသည်။
တတိယမြောက် အနက်ရောင်ဝတ်စုံနှင့်လူက နောက်ဆုံးတွင်ပြောလာသည်။
“ဒီကိစ္စကို သတင်းပို့လိုက် သူတို့ကို သာမာန်နည်းလမ်းတွေနဲ့ သုံးလို့မရဘူး။ ငါတို့ ခြားနားတဲ့နည်းလမ်းကို သုံးရမယ်”
သူတို့ဟာ ရှေ့သို့လျှင်မြန်စွာ တက်လိုက်ရင်း ဒူးတစ်ဖက်ထောက်ချလျှက် သိန်းငှက်၏ခြေထောက်ကို အသာဆွဲလိုက်ကာ တွဲချည်ထားသည့် သတ္ထုလုံးလေးကို ချွတ်လိုက်သည်။
“ကံကောင်းတာက ငါသိန်းငှက်ကို အချိန်မှီပြောင်းလိုက်လို့ပဲ။ ငါသာ ဒီစာထည့်တဲ့ အလုံးလေးကို သူ့ရဲ့ခြေထောက်မှာ မချည်ထားခဲ့ရင် ငါတို့အကြောင်း ပေါ်သွားလောက်တယ်။ လာ သွားရအောင် တာဝန်က ဒီနေရာမှာပြီးပြီ။ အခု သူတို့နဲ့ပဲ သက်ဆိုင်သွားပြီ။ ငါကြားထားတဲ့အတိုင်းဆိုရင် အကြီးအကဲ လူကြီးမင်းတောင်မှ လှုပ်ရှားမယ်ဆိုပဲ။ ဒီတော့ ဒီကောင်တွေ မလွတ်မြောက်ပါဘူး”
ထိုသို့ပြောပြီးပြီးချင်း သူတို့က သိန်းငှက်ကို ကောက်ကိုင်လျှက် ထွက်ပြေးသွားလေသည်။
...
ရထားလုံးအတွင်းတွင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကပြောသည်။
“လျောင်မြို့က ရောက်တော့မယ်။ ဒီထက်ပိုဆက်သွားမယ်ဆိုရင် ကျောက်စိမ်းဂိတ် ဖြတ်သန်းနယ်မြေပဲ။ ငါတို့အခု သွားမဲ့နေရာက လီရာပေါင်းများစွာအထိ လူနေတာမျိုးမရှိတော့ ငါတို့ အနားယူလို့ရတဲ့ နောက်ဆုံးနေရာတစ်ခုလည်း ဖြစ်လောက်တယ်။ ငါတို့အဲ့ဒီမှာရပ်ပြီး ရိက္ခာခြောက်တွေစားမယ်။ မြင်းတွေအတွက် ပဲတွေထုတ်ရမယ်။ အဲ့ဒီနောက် ခရီးဆက်သွားမယ်”
ရက်ပေါင်းများစွာက ကုန်လွန်သွားသည်။ သူတို့က မူလအမရသိုင်းကို ရှာဖွေရင်း အချိန်မည်မျှ ကုန်မည်မှာ မသိချေ။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ကမူ ထိုနာမည်နှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေလေပြီ။
သူတို့က သိပ်မကြာခင် လျောင်မြို့သို့ ဝင်သွားသည်။ ထိုနေရာသည် လူနေနည်းပါးသည်။ ထိုနယ်မြေအတွင်းတွင် အိမ်ထောင်ဂဏန်း အနည်းငယ်သာရှိသည်။ ထိုလူများအားလုံးက ပိုးသားလမ်းပေါ်တွင် နေရာအထိုင် ဆုံးဖြတ်ခဲ့သည့် ကုန်သည်များဖြစ်သည်။ သူတို့သည် သူတို့၏ ထိုနေရာတွင် ဆိုင်ခန်းလေးများဖွင့်ထားကြသည်။ ထိုအတွက်ကြောင့်လည်း အင်ပါယာခုံရုံးက ထိုနေရာတွင် တည်းခိုဆောင်များ လုပ်ထားခဲ့ခြင်းဖြစ်ပြီး ဒီနည်းအားဖြင့် လျောင်မြို့ကို တဖြည်းဖြည်းချင်းစီ ပေါ်လာစေသည်။
“စားစရာနဲ့ သောက်စရာတွေ စားစရာနဲ့သောက်စရာတွေ”
ရထားလုံးက ရှေးဟောင်းကျောက်တုံးဂိတ်ပေါက်မှ ထွက်ခွာသွားသည်နှင့် လမ်းဘေးဘက်တွင်ရှိသော အိမ်တစ်အိမ်က ချထားသော တည်းခိုဆောင်ဆိုင်းဘုတ်လေးကို မြင်နိုင်သည်။ အောက်ဘက်တွင် ရပ်နေသော စားပွဲထိုးက ပုခုံးပေါ်တွင် တဘတ်တစ်ခုကို တင်ထားရင်း ခါးကိုလည်း ကိုင်းထားသေးသည်။ ဝမ်ချောင်တို့၏ အဖွဲ့ကို မြင်သောအခါ သူဟာချက်ချင်းလိုလို ရှေ့ထွက်လျှက် စားသုံးသူများကို ဆွဲဆောင်သည်။
“ဧည့်သည်တို့ ကျောက်စိမ်းဂိတ် ဖြတ်သန်းခြင်းနယ်မြေကို ကျော်ဖြတ်သွားကြမှာမဟုတ်လား။ ငါတို့ရဲ့ လျောင်မြို့ကို လာတဲ့အခါ ဒီနေရာကိုတော့ သေချာပေါက် လာသင့်တာပေါ့။ ဝိုင်အသား၊ ဆားစိမ်အမဲသား၊ ဆားစိမ်ပဲ၊ နောက်ပြီးပဲတွေ .... အရာအားလုံးရှိတယ်”
“တုန့်ဆိုင်းနေစရာ မလိုဘူးနော်။ ငါတို့လူတွေတောင် မြို့မှာ ငါတို့က မင်းတို့ တစ်ညနေပြီး ရိက္ခာတွေ ဖြည့်ရမဲ့ နေရာအနည်းငယ်ထဲက တစ်ခုပဲ။ ဒီနေရာက သဲမုန်တိုင်းကကြမ်းတယ်။ နောက်ပြီး ငါတို့က စီးပွားရေး ကောင်းကောင်းလုပ်လို့ ရတာလည်းမဟုတ်ဘူး။ ဒီတော့ မင်းတို့ အချိန်ကိုက်ရောက်လာတာပဲ။ ငါတို့ရဲ့ သူဌေးကလည်း အတွင်းပိုင်းကနေ ပစ္စည်းအသစ်တွေ ရထားကာစ ဖြစ်နေသေးတာ။ ဒီတော့ ဒီအခွင့်အရေးကိုသာ လက်လွှတ်ခံလိုက်မယ်ဆိုရင် မင်းတို့ နောက်တစ်လ စောင့်နေရလိမ့်မယ်”
စားပွဲထိုးက စိတ်အားထက်သန်စွာပြောသည်။
“သွားရအောင် ဒီနေရာက ဒီလို အများအတွက် ဖွင့်ထားပေးတဲ့ ဆိုင်မျိုးရှားတယ်။ အတွင်းဝင်ပြီး ခဏလောက် နားရအောင်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကပြောသည်။ သူတို့သုံးယောက် ရထားလုံးထဲမှထွက်ပြီး အတွင်းသို့ဝင်သည်။
ဝမ်ချောင်က လက်များကို ကျောဘက်သို့ပို့လျှက် လေ့လာကာ အတွင်းသို့ဝင်သွားသည်။ သူ့အနေဖြင့် မူလအမရသိုင်းကိုရှာရန် ဆရာဖြစ်သူနှင့်အတူ ထွက်လာခဲ့သည့် ပထမဦးဆုံးအကြိမ်လည်းဖြစ်သည်။ ဆရာနှင့် ဝူရှန်းရွာသူကြီးတို့ ရွေးချယ်ထားသော ဒီလမ်းက အနောက်ဘက်သို့သွားသော လမ်းကြောင်းနှင့် ခြားနားနေသည်။ ထို့ကြောင့် ပိုခေါင်ပြီး ပိုလူရှင်းသည်။ ကျောက်တုံးနှင့်သဲကလွဲပြီး မည်သည့်အရာမှ မရှိချေ။ ထို့ကြောင့် ရိက္ခာများကို ဖြည့်ဆည်းခြင်းကလည်း လိုအပ်လေသည်။
“လာ လာ လာ လာ ဧည့်သည်တို့ ကျေးဇူးပြုပြီး ထိုင်ကြပါ။ တွေ့ရတာ ဝမ်းသာပါတယ်။ ဒီဆားနဲ့ ပဲတစ်ပန်းကန်က ငါတို့သူဌေးရဲ့ လက်ဆောင်ပဲ”
တည်းခိုဆောင်အတွင်းတွင် စားပွဲထိုးက ပဲတစ်ပန်းကန်နှင့်အတူ ရောက်လာသည်။ လျောင်မြို့သည် လေပြင်းက သဲများအကြားတွင် ရှိနေသေးသည့်တိုင်အောင် ထိုစားသောက်ဆိုင်ကမူ အံ့အားသင့်စရာ ကောင်းလောက်အောင် ရိုးရှင်းနေသည်။ ရိုးရှင်းကာ ပြောင်ရှင်းသော ပုံစံမျိုးဖြင့် အလှဆင်ထားသေးပြီး မြို့တော်နှင့် ယှဉ်၍မရသေးသည့်တိုင်အောင် ဝမ်ချောင်မျှော်လင့်ထားသည်ထက် သာလွန်နေသေးသည်။ ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က တည်းခိုဆောင်အတွင်း ထိုင်ရန် နေရာတစ်ခုကို ရွေးချယ်လိုက်ကြသည်။
“ကျေးဇူးပြုပြီး မြင်းစာနှစ်အိတ် ပြင်ဆင်ပေးပါ။ လူလေးယောက်စာအတွက် လေးရက်လောက်ခံမဲ့ ရိက္ခာကိုလည်း ပြင်ဆင်ပေးပါ။ ဒါတွေအပြင် မီးခတ်ကျောက်နှစ်တုံးနဲ့ ရေခြောက်အိတ်ကိုလည်း ပြင်ဆင်ပေးပါ။ ပြီးရင် ငါတို့ရဲ့ ရထားလုံးမောင်းနှင်သူအတွက်လည်း စားပွဲ ပြင်ဆင်ပေးလိုက်ပါဦး”
ဝူရှန်းရွာသူကြီးကပြောသည်။ အရာအားလုံးကို သင့်တော်စွာ ကိုင်တွယ်သွား၏။ သူ၏ ဂျူနီယာဖြစ်သော ဝမ်ချောင်ကပင် ထိုင်ရုံကလွဲပြီး ဘာမှလုပ်စရာမရှိဘဲ ကျန်ရစ်ခဲ့သည်။
တခဏခန့် ကြာပြီးနောက် စားစရာနှင့်ဝိုင်များက ရောက်လာသည်။ မြို့၏ လူသူရှင်းလင်းမှုနှင့် မကြာခဏဆိုသလို ဖြစ်ပျက်တတ်သော ပြင်းထန်ကြမ်းတမ်းလွန်းသည့် သဲမုန်တိုင်းများကြောင့် အရွက်များ နည်းပါးလေသည်။ ထိုသို့ဖြင့် ဆားစိမ်အရွက်များ ဆားနှင့်ပဲများနှင့် ဆားစိမ်အမဲသားများကသာ အရရှိနိုင်ဆုံး စားစရာဖြစ်နေသည်။ စားစရာအများစုက ဒီတည်းခိုဆောင်ရှိ ဧည့်သည်များအတွက် ပြင်ဆင်ထားသော စားစရာများ ဖြစ်သည်။ ပို၍ဆိုးသည်မှာ ရာသီဥတုက ခြောက်သွေ့သောကြောင့် စားစရာများဟာ ဆားစိမ်ထားမှသာ အလွယ်တကူ မပုပ်သိုးသွားမည်ဖြစ်သည်။
“အစ်ကိုကျန်း လာစားရအောင်”
ဝူရှန်းရွာသူကြီးက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ မျက်နှာချင်းဆိုင်တွင်ထိုင်ရင်း တူတစ်ချောင်းကိုကိုင်လျှက် ဆားစိမ်အမဲသားကို စားရန်ကြံစည်လိုက်သည်။
“နေဦး”
အံ့ဩစရာကောင်းလောက်အောင် ဝမ်ချောင်က နှစ်ယောက်ကိုတားပြီး သူ၏ အင်္ကျီလက်အတွင်းမှ ငွေရောင်အပ်တစ်ချောင်းကို ထုတ်လိုက်သည်။ ဝမ်ချောင်သည် အပြင်ထွက်သောအခါ ရွှေငွေများကို သယ်ခဲသည်။ ယခုလိုအခြေအနေမျိုးတွင် ငွေက အသုံးဝင်သည်။
ဝုန်း
ဝမ်ချောင်က သူ၏လက်ချောင်းကို တစ်ချက်လှည့်လိုက်ပြီးနောက် ထိုငွေချောင်းလေးကို အပ်ချောင်းအသွင် ပြောင်းစေလျှက် စားစရာများအတွင်းသို့ ထိုးစိုက်လိုက်သည်။
“ဆရာကြီး အဆင်ပြေတယ်”
ဝမ်ချောင်က တည်ငြိမ်စွာပြောရင်း ထိုငွေအပ်ကို ပြန်ယူသည်။ ယခုအခါ သူတို့က အပြင်ဘက်တွင်ဖြစ်ပြီး အနက်ရောင်ဝတ်စုံနှင့် လူများ၏ ခြိမ်းခြောက်မှုကိုလည်း ခံနေရသေးလေရာ သတိကြီးကြီး ထားသင့်သည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က ထိုမြင်ကွင်းကြောင့် အသာခေါင်းညိမ့်လိုက်ကြသည်။ ဝမ်ချောင်က မြေအောက်လောကတွင် အတွေ့အကြုံ မရှိသော်လည်း သူသည် အနုစိတ်ကျကျ တွေးတောနိုင်ပြီး ရှားပါးစွာ တန်ဖိုးရှိသော လက္ခဏာမျိုးကို ပိုင်ဆိုင်ထားသည်။
သူတို့သုံးယောက်က တူများကိုကိုင်ကာ စစားကြသည်။
အချိန်ကြာလာသောအခါ သူတို့သုံးယောက်က စတင်ကာ စိတ်အေးလာကြသည်။ ပန်းကန်ပြားထဲမှ စားစရာများဟာ တဖြည်းဖြည်းချင်း ကုန်လာပြီး အချို့သော ပန်းကန်ပြားဆိုလျှင် ပြောင်ရှင်းနေပြီဖြစ်သည်။
“ဟား ဟား ဟား”
ထိုအခိုက် မည်သူကမှ ထောင့်တစ်နေရာနားတွင် အရာအားလုံးကို စောင့်ကြည့်နေသည့် အနက်ရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုကို သတိမထားမိလောက်ချေ။ ထိုသူက တစ်ဖက်လူများကိုကြည့်ရင်း အေးစက်စွာ ရယ်မောနေလေသည်။
++++++
အခန်း(၁၃၂၉)
ခြုံခိုတိုက်ခိုက်ခြင်း၊ အနက်ရောင်ဝတ်စုံနှင့် လူများ၏တိုက်ခိုက်မှု
“မင်းတို့သုံးယောက်ကို ကိုင်တွယ်ဖို့အတွက် ကောင်းကင်ဘုံဆေးမှုန့်ကို တန်ကြေး ကြီးကြီးပေးပြီး ရအောင် ယူခဲ့တာ တန်တာပဲ။ မင်းတို့တွေက တကယ်ကို သတိကြီးကြတယ်။ ငွေရောင်အပ်ကိုတောင် သုံးပြီး အဆိပ်ကို စမ်းသပ်သေးတယ်။ ဒါပေမဲ့ ဒါက တုံးလွန်းတာပဲ။ ဒီကောင်းကင်ဘုံဆေးမှုန့်က ကောင်းကင်ဘုံသားတွေတောင် အာရုံခံနိုင်တာမှ မဟုတ်တာ။ ငွေရောင်အပ်တွေလောက်တော့ ထည့်မပြောနဲ့။ မင်းတို့က ဒီလောက်အများကြီး စားထားပြီဆိုမှတော့ မင်းတို့က ကောင်းကင်ဘုံသားတွေထက် လုပ်နိုင်စွမ်းရည် ရှိနေမယ်ဆိုရင်တောင်မှ ဘယ်လိုကျရှုံးမလဲ ကြည့်ဦးမယ်။ ဟား ဟား ဟား”
အနက်ရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်က ကျရှုံးခြင်းဆိုသော စကားလုံးကို တိတ်တဆိတ် ရေရွတ်နေသည်။ ထို့နောက် ထိုအရာဟာ ဂါထာတစ်ခုလိုမျိုး ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့၏ မျက်နှာဟာ တောင့်တင်းလျှက် စားပွဲပေါ်တွင် လဲကျသွားကြသည်။
အခန်းဟာ တိတ်ဆိတ်နေသည်။ အချိန်တစ်ခုကြာပြီးနောက် အခန်းအတွင်း လေလှိုင်းတစ်တန်းက ဖြတ်ပြေးသွားလျှက် အနက်ရောင်ကို ဝတ်ဆင်ထားသည့် လူကြီးတစ်ယောက်က တစ္ဆေတစ်ကောင်လိုမျိုး ပေါ်ထွက်လာသည်။ သူသည် ရှေ့သို့ နှစ်လှမ်းခန့်လှမ်းပြီးနောက် ထိုသုံးယောက်ကို ဂရုတစိုက် စစ်ဆေးကြည့်ရင်း ရပ်တန့်သွားသည်။
ထိုသုံးယောက်သည် လဲကျသွားသော်လည်း သူသည် အမြဲတစေ သတိကြီးတတ်သူဖြစ်သည်။ ထို့ကြောင့် ပစ်မှတ်က အမှန်တကယ် ထိမှန်သွားခြင်း မသေချာသေးသမျှ မိုက်ရူးရဲဆန်လိမ့်မည် မဟုတ်ချေ။
တခဏခန့်ကြာပြီးနောက် အနက်ရောင်ဝတ်စုံနှင့်လူက ရယ်ရင်း စိတ်အေးသွားသည်။
“ဟား ဟား စားပွဲပေါ်မှာ ဘာစားစရာမှ မရှိတော့ဘူးဆိုတော့ သူတို့တကယ် စားလိုက်တာပဲ”
ခွက် ခွက် ခွက်
ထိုလူက လက်သန်းအရွယ်အစားခန့်သာရှိသော ကျောက်တုံးလေး သုံးတုံးကို ထုတ်လိုက်ရင်း ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့၏ ကျောဘက်ရှိ အကြောအမှတ် တစ်နေရာသို့ ပစ်လိုက်လေသည်။ ထိုသို့လုပ်ပြီးနောက် အနက်ရောင်ဝတ်စုံနှင့်လူက လက်ခုပ်တီးလျှက် ရှေ့သို့တက်သွားသည်။
“ကလေး မင်းရဲ့ သေရမဲ့ကံကြမ္မာက မရောက်သေးဘူး။ မြင့်မြတ်တဲ့ အတွေ့အကြုံရဲ့ စီနီယာကြီးကသာ မင်းဆီက တစ်ခုခု တောင်းချင်တာသာ မဟုတ်ရင် ငါက မင်းတို့သုံးယောက်ကို ဒီနေရာမှာပဲ သတ်လိုက်ပြီ”
အနက်ရောင်ဝတ်စုံနှင့် လူကြီး၏ ဝမ်ချောင်ကိုကြည့်သော မျက်လုံးက အေးစက်သွားသည်။ ထို့နောက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို ပြန်ကြည့်သည်။ ထိုသုံးယောက်ထဲတွင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်ပြီး ခြိမ်းခြောက်မှု အကြီးဆုံးဖြစ်သည်။
ဝုန်း
သူက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ အနားသို့လျှောက်သွားပြီး သူ၏လက်ဖြင့် တစ်ဖက်သူကို လှမ်းဖမ်းရန် ကြံစည်လိုက်သည်။ သို့သော် ချက်ချင်းဆိုသလိုပင် အားအင်အပြည့်ပါသော လက်ဝါးတစ်ချက်က ရုတ်တရက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ အင်္ကျီလက်အတွင်းသို့ လှမ်းနှိုက်လိုက်ရင်း ထိုလူ၏ လက်ကောက်ဝတ်ပေါ်မှ အကြောအမှတ် တစ်နေရာကို ဖမ်းကိုင်လိုက်သည်။
အနက်ရောင်ဝတ်စုံနှင့်လူက ကြောက်လန့်တကြား ထိတ်လန့်သွားသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များက လျှင်မြန်စွာ ထွက်ပြေးလာ၏။ သို့သော် သူ၏ လှုပ်ရှားမှုဟာ မြန်ဆန်နေသေးသည့်တိုင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကမူ ပို၍မြန်နေသည်။ ထိုလူက မလွတ်မြောက်နိုင်သေးခင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ လက်ချောင်းများက ထိုလူ၏ ညာဘက်ကို တင်းတင်း ဆုပ်ကိုင်သွားပြီဖြစ်သည်။ တူညီသော အခိုက်အတန့်တွင် ပြင်းထန်လွန်းသော စွမ်းအားများက လက်ဖဝါးမှတစ်ဆင့် စတင်ကာ စီးဝင်လာပြီး ထိုလူ၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားကာ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်အား အလုံးစုံ ထိန်းချုပ်မှု ရရှိသွားစေသည်။
“မဖြစ်နိုင်ဘူး”
ထိုလူက အလန့်တကြား အော်ဟစ်သည်။ သူ၏မျက်လုံးက ပြူးကျယ်သွားရင်း မျက်နှာကလည်း စက္ကူတစ်စလိုမျိုး ဖြူဖျော့လာသည်။ သူသည် အရှေ့မှလူကို သရဲတစ်ကောင်ကို မြင်ရသလိုမျိုး ကြည့်သည်။
“မဖြစ်နိုင်တာ။ ကောင်းကင်ဘုံ ဆေးမှုန့်အဆိပ်ကို ဘယ်သူကမှ မခံနိုင်ဘူး”
အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်နှာဟာ ကြောက်လန့်မှုကြောင့် တုန်ယင်သွားသည်။
“ဟွန်း မင်းအနေနဲ့ အဆိပ်က သက်ရောက်မှုပြဖို့ အချိန်လိုတယ်ဆိုတာကို သိသင့်တယ်။ ဒါပေမဲ့ မစားဘူးဆိုရင်တော့ အဆိပ်က ဘယ်လောက်ပြင်းပြင်း ပြဿနာမရှိတော့ဘူး”
ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့က စားပွဲပေါ်မှ ခေါင်းကိုမော့လျှက် အနက်ရောင်ဝတ်စုံနှင့်လူကို လှောင်ပြုံးနှင့်ကြည့်သည်။
အဆိပ်ရှိမရှိ ငွေရောင်အပ်ကိုသုံးပြီး စမ်းသပ်တယ်ဟုတ်လား။
သူကဘာလို့ ဒီလောက်ထိ တုံးရမှာလဲ။ အရာအားလုံးက ဒီအနက်ရောင်ဝတ်စုံနဲ့လူ မြင်အောင်လို့ ဟန်ပြလုပ်ရုံသပ်သပ်ပဲ။
“မဖြစ်နိုင်ဘူး မင်းတို့စားတာကို ငါမြင်လိုက်တယ်။ မင်းတို့ ဒီစားစရာကို စားသမျှ အဆင်မပြေနိုင်ဘူး”
အနက်ရောင်ဝတ်စုံနှင့်လူက အံ့ကိုကြိတ်လျှက်ပြောသည်။ သူသည် ဒီအခြေအနေကို လက်မခံနိုင်သေးချေ။
သူသည် တုံးအပြီး အသုံးမကျသော လူမျိုးလည်းမဟုတ်ချေ။ ဝမ်ချောင်တို့ အရာအားလုံးကို စားပြီးကြောင်း သေချာမှသာ ထွက်လာခဲ့ခြင်းဖြစ်သည်။
“မင်းက ဒီဆားစိမ်အမဲသားကို ပြောတာလား”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ထိုသို့ပြောရင်း ပန်းကန်ပြားကို လက်နှစ်ချောင်းဖြင့် ညွှန်ပြလိုက်သည်။
အနက်ရောင်ဝတ်စုံနှင့်လူက တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်နှာက တင်းမာသွားသည်။ သူသည် ဆားစိမ်အမဲသားတုံးများက တစ်တုံးထဲမှ ခုနှစ်တုံး ကွဲထွက်သွားကြောင်း မြင်လိုက်ရသည်။ သူသည် မူလပန်းကန်ပြားထဲတွင် စားစရာ မည်မျှကျန်ကြောင်းကိုသာ အာရုံစိုက်ခဲ့ခြင်းဖြစ်လေပြီး စားစရာဟာ မည်သည့်နေရာသို့ ရောက်သွားကြောင်းကို သတိမထားမိခဲ့ပေ။
ဝုန်း
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က စွမ်းအင်တစ်သန်းကို လွှတ်ထုတ်လိုက်ပြီး တခဏခန့်ကြာပြီးနောက် ဆားစိမ်အမဲသားက ဆီများပြည့်နှက်နေခဲ့ရာမှာ ချက်ချင်းဆိုသလိုပင် ကျုံ့လာသည်။ ထို့နောက် အပေါ်ယံမျက်နှာပြင်ပေါ်တွင် အဖြူရောင်အမှုန့်များ ပေါ်လာသည်။
အဖြူရောင်အမှုန့်များ ပေါ်လာသောမြင်ကွင်းက အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်နှာကို တစ္ဆေတစ်ကောင်လိုမျိုး ဖြူစုတ်သွားစေသည်။
“မဖြစ်နိုင်တာ ကောင်းကင်ဘုံဆေးမှုန့်က အရသာလည်းမရှိဘူး။ အရောင်လည်းမရှိဘူး။ အနံ့လည်း မရှိဘူး။ ဘယ်လိုနည်းလမ်းကမှ သူ့ကိုမတွေ့နိုင်ဘူး”
အနက်ရောင်ဝတ်စုံနှင့်လူကလည်း သူလောကနှင့် ပတ်သတ်ပြီး သိထားသမျှ အရာအားလုံးက ပြောင်းပြန်အလှန်ခံရသလိုမျိုး သူ၏စိတ်ဟာ ပြင်းထန်လုံးထွေးခြင်းကို ခံစားလိုက်ရသည်။
ဝမ်ချောင်က ထိုစကားလုံးများကို ပြုံးရုံသာပြုံးနေသည်။
ဆရာဖြစ်သူ၏ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းသည် မယုံနိုင်စရာကောင်းလောက်သော အဆင့်သို့ ရောက်ရှိနေခဲ့ပြီးသားဖြစ်သည်။ ထိုဆေးမှုန့်ဟာ အရောင်၊ အနံ့၊ အရသာ မဲ့ပေလိမ့်မည်။ သို့သော် လောက၏ စွမ်းအားအတွင်းတွင်မူ ထိုသို့မဟုတ်ချေ။ အနည်းငယ်သော မသန့်စင်မှုကတင် စာရွက်ဖြူပေါ် တင်ထားသော အမည်းစက်လို ရှင်းလင်းနေခဲ့ပြီးသားဖြစ်သည်။
“ဒီတာဝန်မှာ မင်းတစ်ယောက်တည်းတော့ မဟုတ်လောက်ဘူး။ မင်းရဲ့ အပေါင်းအဖော်တွေကို ခေါ်လိုက်”
ဝမ်ချောင်က ခပ်ပြတ်ပြတ်ပြောသည်။
“ဟား ဟား ဟား”
အနက်ရောင်ဝတ်စုံနှင့် ထိတ်လန့်နေသော လူကြီးက ရုတ်တရက် စရယ်သည်။ သူသည် ခြားနားသော မျက်နှာထားမျိုးကို ပြပြန်သည်။
“မင်းတို့လူရမ်းကားတွေက ငါတို့ အကြီးအကဲတွေ ပြောထားသလိုပဲ တကယ်ကို ကိုင်တွယ်ရခက်တယ်။ မင်းတို့က ဒါကို ကြိုတင်သတိထားမိထားတာ သေချာနေတာပဲ။ ဒါပေမဲ့ ငါနဲ့ကစားဖို့အတွက် လုံလောက်အောင် စိတ်ရှည်သေးတယ်။ နောက်ဆုံး မေးခွန်းအနေနဲ့...”
“မင်းတို့က ဟင်းပွဲ(၁၄)ပွဲမှာထားတာ။ ငါက ဆားစိမ်အမဲသားပေါ်မှာပဲ ကောင်းကင်ဘုံဆေးမှုန့်ကို တင်ထားတယ်။ ဒါပေမဲ့ မင်းတို့က သတိကြီးပြီး ကြိုတင်သတိထားမိသွားတယ်။ မင်းတို့က ဆားစိမ်အမဲသားတွေ အားလုံးကို ဖယ်လိုက်တယ်ဆိုကတည်းက မင်းတို့ရဲ့တူ၊ ခွက်တွေပေါ်မှာလည်း ကောင်းကင်ဘုံဆေးမှုန့်တွေ ရှိနေဦးမှာပဲ။ ဆိုလိုတာက မင်းတို့လည်း နည်းနည်းတော့ စားလိုက်သေးတယ်။ ဒါကိုဘာလို့ အဆင်ပြေနေသေးတာလဲ။ ဒါကငါ့ရဲ့ နောက်ဆုံးမေးခွန်းပါ။ မင်းတို့ ဖြေပေးမယ်ဆိုရင် ငါမင်းတို့မေးခွန်းကို ဖြေပေးမယ်”
ဝမ်ချောင်က ပြုံးရုံသာပြုံးပြီး တစ်ဖက်သူအား သေချာမြင်နိုင်ရန်အတွက် တူကိုပြပေးလိုက်သည်။
ဘယ်သောအခါကမှ အသုံးမပြုထားသော သန့်ရှင်းသပ်ရပ်နေသော တူများကို မြင်သောအခါ အနက်ရောင်ဝတ်စုံနှင့် လူ၏မျက်နှာက သိသိသာသာပင် တင်းမာသွားပြန်သည်။ ဝမ်ချောင်က မရှင်းပြသော်လည်း သူကနားလည်လိုက်သည်။ ရှင်းလင်းစွာပင် ဝမ်ချောင်တို့အားလုံးက ပုံမှန်စားနေသည်ဟု ထင်ရသော်လည်း သူတို့က တူကို ကြယ်တာရာစွမ်းအင် ခပ်ပါးပါးဖြင့် လွှမ်းခြုံထားခဲ့ခြင်းဖြစ်သည်။ ထိုသို့လုပ်ခြင်းအားဖြင့် သူတို့၏တူက အဆိပ်ကို ဘယ်သောအခါမှ ထိလိမ့်မည်မဟုတ်ချေ။
“မင်းတို့ မျိုးမစစ်ကောင်တွေ”
အနက်ရောင်ဝတ်စုံနှင့်လူက အံ့ကိုကြိတ်သည်။ သူသည် ကောက်ကျစ်ပြီး အကြံအစည်ကြီးသော်လည်း ထိုအကောင်များကမူ ပို၍ပင် အကြံအစည် ကြီးသေးသည်။
“မင်းက ဉာဏ်ကောင်းတယ်။ ငါမင်းကို အဲ့ဒါပေးလိုက်ပြီဆိုတော့ မင်းက ဖောက်မမြင်နိုင်ရင်တောင်မှ အဆုံးသတ်မှာပဲ”
ခလွက်
မည်သူကမှ မတုန့်ပြန်နိုင်သေးခင် သူ၏ကိုယ်အတွင်းမှ စွမ်းအင်များက မီးတောင်ထဲမှ ထွက်လာသော ချော်ရည်များကဲ့သို့ ဖြစ်လာသည်။ ထိုအခိုက်အတန့်တွင် ထိုလူ၏ခန္ဓာကိုယ်ဟာ ဖြတ်လတ်သွားရင်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ဖမ်းချုပ်ထားမှုမှ ချော်ထွက်သွားသည်။
သူသည် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ချုပ်ကိုင်ထားမှုမှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်းအရ ထိုလူသည်လည်း အလွန်အမင်း ကျွမ်းကျင်သော ကျွမ်းကျင်ပညာရှင် ဖြစ်ရပေမည်။
“သူတို့ကိုသတ်”
အနက်ရောင်ဝတ်စုံနှင့်လူက အေးစက်သောအသံဖြင့် သတ်ဖြတ်လိုစိတ် အပြည့်ကို လွှတ်ထုတ်ကာ အော်လိုက်သည်။
ဝှစ်
အနည်းငယ်ပင် နှောင့်နှေးခြင်း မရှိတော့လေဘဲ အနက်ရောင်ဝတ်စုံနှင့်လူကြီးက လေးကြိုးမှ ပစ်လွှတ်လိုက်သော မျှားတစ်စင်းကဲ့သို့ လေပြင်းများကိုပင် လွှတ်ထုတ်ရင်း တည်းခိုဆောင်အတွင်းမှ ပြေးထွက်သွားလေသည်။
“ဟွန်း”
ထိုမြင်ကွင်းကြောင့် ဝမ်ချောင်က အေးစက်စွာသာ လှောင်လိုက်သည်။ အနက်ရောင်ဝတ်စုံနှင့် လျို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းမှ လူများက အမှန်ပင် လေးစားဖွယ်ကောင်းသည်။ သူတို့အားလုံးက အမျိုးမျိုးသော လျို့ဝှက်ဆန်းကြယ်သည့် သိုင်းများကို ပိုင်ဆိုင်ထားလေရာ ထိုအမျိုးသားကိုပင် သူ့ဆရာဖြစ်သူ၏ ဖမ်းချုပ်မှုမှ လွတ်သွားစေခဲ့သည်။ သို့သော် ဖမ်းချုပ်မှုမှ လွတ်သွားခြင်းက ကိစ္စတစ်ခုဖြစ်ပြီး ထွက်ပြေးခြင်းကမူ အခြားကိစ္စတစ်ခုဖြစ်သည်။
သူတို့ကဲ့သို့ ပြိုင်ဘက်ကင်း ကျွမ်းကျင်ပညာရှင် သုံးယောက်က ဒီနေရာတွင် ရှိနေသောအခါ သူတို့သုံးယောက်လုံးကလည်း သိမ်မွေ့နယ်မြေကို ထိတွေ့ပြီးသားသူများ ဖြစ်သည့်အလျောက် တစ်ဖက်သူသာ အမှန်တကယ် ထွက်ပြေးနိုင်ခဲ့မည်ဆိုလျှင် သူ့ကိုယ်သူ ဖောက်မြင်နိုင်သော ကျွမ်းကျင်ပညာရှင် တစ်ယောက်အဖြစ်ပင် သုံးရတော့ပေမည်။
သူကတကယ်ပဲ ဒီလောက်ထိ ကျွမ်းကျင်တယ်ဆိုရင် ဘာလို့ပြေးမှာလဲ။
ခွက် ခွက် ခွက်
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၊ ဝမ်ချောင်နှင့် ဝူရှန်းရွာသူကြီးတို့ သုံးယောက်က ချက်ချင်းလိုလို တိုက်ခိုက်လိုက်ကြသည်။ ဝမ်ချောင်က လက်ငါးချောင်းကို ဆန့်ထုတ်လိုက်ပြီး ပြင်းထန်လွန်းသော အားတစ်ရပ်ကို လွှတ်ထုတ်လိုက်၏။ ထိုအခြေအနေက သူနှင့်မျက်နှာချင်းဆိုင်တွင်ရှိသော နံရံကြီးကိုပင် ကျွတ်ကနဲ ပေါက်ကွဲသွားစေလျှက် အနက်ရောင်ဝတ်စုံနှင့် လူကိုပင် ရုတ်ချည်း ရပ်တန့်သွားစေသည်။
အနားယူပြီး ပြန်လည်အားမွေးခဲ့ပြီးနောက် ဝမ်ချောင်၏ ခန္ဓာကိုယ်ဟာ ယခင်ထက် အများကြီး တည်ငြိမ်လာသလို ကစဉ့်ကလျားဖြစ်နေသော စွမ်းအင်များကိုလည်း ဖယ်ရှားပြီးလေပြီ။ ဝမ်ချောင်က အခြားသူများ၏ ကြယ်တာရာစွမ်းအင်များကို မိုက်ရူးရဲဆန်စွာ မစုပ်သမျှ သူ့အနေဖြင့် ရန်သူများကို ထိန်းချုပ်နိုင်စွမ်းရည် လုံလောက်စွာ ပိုင်ဆိုင်နေခဲ့ပြီးသားဖြစ်သည်။
“မကောင်းတော့ဘူး”
ထွက်ပြေးသွားသော အနက်ရောင်ဝတ်စုံနှင့် လူသည်လည်း သူ၏ခန္ဓာကိုယ်က တောင့်တင်းသွားကြောင်း သိလိုက်ရုံနှင့် သူ၏မျက်နှာဟာ ဖြူဖျော့သွားသည်။ တစ်ခြားသောအခြေအနေများတွင် ထိုဆွဲစုပ်အားက သူ့အပေါ် သက်ရောက်မှု နည်းပေလိမ့်မည်။ သို့သော် ထိုအခိုက်အတန့်မျိုးတွင် သေစေနိုင်လောက်အောင် ခြိမ်းခြောက်နိုင်သည်။ သေးငယ်လွန်းသော ကြန့်ကြာမှုကတင် သူ့အား ကောင်းကင်ပေါ်မှ ဆွဲချပြီး ငရဲသို့ တွန်းပို့နိုင်သည်။
ဝုန်း
ရုတ်တရက် တောင်တန်းများကိုပင် ဖိနှိပ်နိုင်စွမ်းရည်ရှိသော စွမ်းအားတစ်ရပ်က အနောက်ဘက်မှလာပြီး ကျောကိုဝင်ဆောင့်တိုးသည်။
ဝုန်း
အနက်ရောင်ဝတ်စုံနှင့်လူက အနောက်သို့ ချာကနဲလှည့်လျှက် တစ်ချက်အော်ဟစ်လိုက်ရင်း ခန္ဓာကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များ အားလုံးကိုထုတ်ကာ ဝူရှန်းရွာသူကြီး၏ တိုက်ကွက်ကို တားလိုက်သည်။
ဘန်း
ထိုသို့ဖြင့် တည်းခိုဆောင်ကြီး၏ အမိုးကပင် လေပေါ်သို့ မြောက်တက်သွားသောကြောင့် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက ထွက်လာသည်။ ထိုသို့ဖြင့် ကျောက်တုံးများ၊ တိုင်များကို ကောင်းကင်အထက် ဆယ်မီတာခန့်အထိ မြောက်တက်သွားစေသေးသည်။
ဝုန်း
တစ်စက္ကန့်က ကြာပြီးနောက်တွင် သိပ်သည်းလွန်းသော စွမ်းအင်သုံးမျိုးက ရောက်ရှိလာသည်။ နို့နှစ်ဖြူရောင် စွမ်းအင်များက ဆယ်မီတာကျော်ပင် ရှည်လျားသေးသည်။ ထိုအင်အားကြီးသည့် စွမ်းအင်လှိုင်း ထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။ ထိုအရာက ထိုအမျိုးသား၏ကျောကို ထိုးဖောက်သွားသည်နှင့် တစ်ဖက်သူကို မြေပြင်ပေါ်သို့ ချက်ချင်းလိုလို ပြုတ်ကျသွားစေသည်။
ဝမ်ချောင်၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက သူ့အား ဆွဲထားလိုက်သည်။ ထိုအချိန်တွင် ဝူရှန်းရွာသူကြီးကလည်း တစ်ဖက်သူနှင့် တိုက်ရိုက် တိုက်ခိုက်လိုက်ရင်း တစ်ဖက်သူကို အများကြီး အားနည်းသွားစေသည်။ ထို့နောက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သေစေနိုင်သော တိုက်ကွက်ဖြင့် သတ်လိုက်ခြင်းဖြစ်သည်။ သူတို့သုံးယောက်လုံးက သိမ်မွေ့စွာ ပူးပေါင်းဆောင်ရွက် သွားကြရင်း ရန်သူအား အသက်ရှုချိန် မပေးလေဘဲ သတ်ဖြတ်ပစ်လိုက်သည်။
ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့၏ အစီအစဉ်တကျ တိုက်ခိုက်တတ်သော တိုက်ကွက်မျိုးကို တားနိုင်သည့် လူအရေအတွက်သည် အလွန်ပင် နည်းပါးသည်။ အနက်ရောင်ဝတ်စုံနှင့်လူက ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်လောက်သော်လည်း သူ၏စွမ်းရည်ကမူ သူ၏အသက်ကို ကယ်နိုင်သော အဆင့်မျိုးတွင် မရှိသေးပါချေ။
******
အခန်း(၁၃၃၀)
ယုံကြည်မှုရှိစွာ ရင်ဆိုင်ခြင်း
“သတ်”
“သူတို့မပြေးစေနဲ့ သူတို့ကိုသတ်”
အနက်ရောင်ဝတ်စုံနှင့်လူက သေဆုံးသွားသည့် အခိုက်အတန့်တွင် ပတ်ပတ်လည်မှ အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ကွဲအက်သွားသော ခေါင်မိုး၊ အဓိကဝင်ပေါက်၊ နံရံများ၏အနောက်၊ ပြတင်းပေါက်များမှတစ်ဆင့် မြောက်များလှစွာသော အနက်ရောင်ဝတ်စုံနှင့် လူများက သတ်ဖြတ်လိုစိတ်ဆန္ဒများကို ထုတ်ဖော်လျှက် ထိုသုံးယောက်ထံ အဘက်ဘက်မှ ဝင်ရောက်လာကြသည်။
“မင်းရဲ့အသက်ကိုပေး”
ရုတ်တရက် အရှိန်အဝါကြီးမြတ်သော အော်ဟစ်သံနှင့်အတူ ရွှေရောင်အလင်းတန်းများက ပေါက်ကွဲလာပြီး ကြီးမားလွန်းသော လက်မောင်းကြီးတစ်ဖက်က ကွဲထွက်နေသော ခေါင်မိုးမှတစ်ဆင့် သုံးယောက်ထံ ချဉ်းကပ်လာသည်။
ထိုအခိုက်အတန့်တွင် ကြီးမားသော လက်မောင်းကြီးသည် ရွှေရောင်ကြေးခွံများ လွှမ်းနေကြောင်း ရှင်းလင်းစွာမြင်နိုင်သည်။ ထိုသို့ဖြင့် ချီနင်း၏လက်သည်းအလား ထင်ရသည်။
ဝေါင်း
သားရဲဆန်သော ဟိန်းသံကြီးက ရက်စက်ကာ ခြောက်ခြားဖွယ်ကောင်းသည်။ တခဏခန့်ကြာပြီးရုံနှင့် အနက်ရောင်မီးတောက်လှိုင်းများက ရှေ့သို့ ထိုးထွက်လာသည်။ ထိုအချိန်တွင် ချီနင်း၏ လက်သည်းကြီးက ထိုသုံးယောက်ထံ ဆက်တိုက်ဆင်းသက်လာသည်။
ဘန်း
တစ်ခန်းလုံးက ထိုသို့ပြည့်နှက်နေပြီး ဝမ်ချောင်တို့၏ အဖွဲ့ဟာ ချေမွခံရလုနီးပါး ဖြစ်လာချိန်တွင် သားရဲလက်သည်းနှင့်ယှဉ်သော် အလွန်အမင်း သေးငယ်သည့် အဖြူရောင် တုတ်ကောက်လေးက အပေါ်ဘက်သို့ ပင့်တက်သွားလျှက် ဆင်းသက်လာသော ကြီးမားသည့် လက်သည်းကြီးကို ရင်ဆိုင်လိုက်သည်။
ဝုန်း
ထိပ်တိုက်တွေ့ဆုံသောအခါ ထွက်လာသော အားလှိုင်းများက အလွန်ပြင်းထန်လွန်းသည်။ ဖျက်ဆီးခြင်းစွမ်းအားများနှင့် ပေါင်းစပ်ထားသော ကြီးမားသော ရွှေရောင်လက်သည်းကြီးကပင် မြေပြင်နှင့် ပေနှစ်ဆယ်ကျော် အကွာတွင် ရုတ်တရက် ရပ်တန့်သွားရသည်။ သူသည် ရှေ့သို့ တစ်လက်မပင် မတိုးနိုင်တော့ချေ။ ဖျက်ဆီးရန်ခက်ခဲသော ခံတပ်တစ်ခုကို ရင်ဆိုင်လိုက်ရသလိုမျိုး ရပ်တန့်သွားခြင်းဖြစ်သည်။
ဝူရှန်းရွာသူကြီးဟာ နောက်ဆုံးတွင် လှုပ်ရှားလေပြီ။
“ရွာသူကြီး ငါချောင်အာကို မင်းနဲ့လွှဲထားခဲ့မယ်။ သူက ဒဏ်ရာတွေကနေ အပြည့်အဝ သက်သာသေးတာ မဟုတ်တော့ အကြာကြီး မတိုက်ခိုက်နိုင်ဘူး။ တိုက်ခိုက်ဖို့မလိုရင် အကောင်းဆုံးပဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ လေးနက်ပြီး အိုမင်းနေသော အသံကြီးက လူတိုင်း၏နားအတွင်း ထွက်လာသည်။ သူသည် လက်ကိုဖွင့်လိုက်ရုံနှင့် မရေမတွက်နိုင်သော စွမ်းအင်အလင်းတန်းပေါင်း များစွာကို လွှတ်ထုတ်လိုက်လေသည်။ ထိုစွမ်းအင်အလင်းတန်းများက လက်ညိုးတစ်ချောင်းစာသာ ထူသည်။ သို့သော် ထက်ရှသော ဓားများအလား ဖော်ပြရန်ခက်ခဲလောက်အောင် ကြောက်မက်ဖွယ် ကောင်းသေးလေသည်။
ဝုန်း
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ အတွေးတစ်ခုနှင့်အတူ နို့နှစ်ဖြူရောင် စွမ်းအင်အလင်းတန်းများက ချက်ချင်းလိုလို ပွင့်လန်းလာသော ပန်းများအလား တစ်စစီ ပျံ့လွင့်သွားရင်း အရပ်မျက်နှာအနှံ့သို့ ထွက်သွားလျှက် ထောင့်တိုင်းသို့ တိုက်ခိုက်လိုက်သည်။
“အား”
ထိုသို့ဖြင့် ပတ်ပတ်လည်တွင် ရှိသမျှသော အနက်ရောင်ဝတ်စုံနှင့် လူများကို မိစ္ဆာဧကရာဇ် လူအိုကြီးမာန် ပစ်လွှတ်လိုက်သည့် စွမ်းအင်များက ထိမှန်သွားပြီး ငယ်သံပါအောင် အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ခန္ဓာကိုယ်များက ရုတ်တရက် ပြုတ်ကျလျှက် တဆတ်ဆတ် တုန်ယင်နေကြလေသည်။
ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းသည် ထိပ်တန်းအဆင့် သိုင်းဆယ်မျိုးတွင် စာရင်းဝင်နေခဲ့ခြင်း မရှိသော်လည်း မည်သူကမှ အောင်မြင်အောင် မကျင့်နိုင်ခဲ့သောကြောင့်သာ ထိုသို့ဖြစ်နေခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ မည်သူကမှ သူ၏အရှိန်အဝါကို မတွေ့ကြုံဖူးကြချေ။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ လက်ထဲတွင်မူ ထိုအဆင့်လွန်သိုင်းကြီးက နောက်ဆုံးတွင် အစစ်အမှန် စွမ်းအားကို ထုတ်ပြနိုင်လေပြီး ရန်သူက မည်မျှရှိနေစေကာမူ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းက တစ်ယောက်တည်းနှင့် အားလုံးကို သတ်နိုင်စွမ်းရည်ရှိစေသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် အဆင့်တူသော လူမျိုးကပင် ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းမှ တစ်ဆင့် ထွက်ပေါ်လာသည့် ပြိုင်ဘက်ကင်းသော ဓားစွမ်းအင်လှိုင်းများကို တားနိုင်စွမ်းရည် ရှိလောက်သည်။
“အားလုံးကိုသတ်”
အနက်ရောင်ဝတ်စုံနှင့် လူများကလည်း အလားတူ တိုက်ခိုက်လိုက်ရင်း ခက်ထန်ကြမ်းတမ်းသော ဒေါသတကြီး အော်ဟစ်သံများကို လွှတ်ထုတ်လိုက်သည်။
စွစ်
ဝမ်ချောင်တို့၏အဖွဲ့နှင့် ခြေလှမ်းဆယ်လှမ်းအကွာတွင် ရှိသော ပြတင်းပေါက်ကြီးထံမှ အနက်ရောင်ကို ဝတ်ဆင်ထားပြီး မျက်နှာကို အနက်ရောင်မာဖလာအုပ်လျှက် သမင်သားရည်လက်အိတ်ကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က ရုတ်တရက် တစ်စုံတစ်ရာကို လှမ်းဖြူးလိုက်သည်။ တခဏခန့် ကြာပြီးနောက် အနက်ရောင်မြူများက လိမ့်တက်လာရင်း ဖုန်များကလည်း စတင်ကာ ပျံ့နှံ့လာသည်။ ထိုအရာများက ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ထံ လိမ့်ဝင်လာသည်။
“သတိထား”
ဝမ်ချောင်၏မျက်နှာက ချက်ချင်းလိုလို ဖြူဖျော့သွားသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် အနက်ရောင် အမှုန့်များဟာ အလွန်အမင်း ပြင်းထန်သော အဆိပ်ဖြစ်ကြောင်း သိလိုက်သည်။
ဝုန်း
တွေးတောရန်ပင် အချိန်မရှိတော့သည့် ဝမ်ချောင်က ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်မှ သွေးကြောတိုင်းကို ပိတ်လိုက်သည်။ တစ်ချိန်ထဲဆိုသလိုပင် သူ၏ခန္ဓာကိုယ်အတွင်းမှ အလင်းရောင်တစ်ရပ် ထွက်ပေါ်လာရင်း ဘယ်ညာဘက်တွင် နေမင်းနှင့်လမင်း တစ်စင်းစီက ပေါ်ထွက်လာသည်။ ဝမ်ချောင်ကို ဗဟိုပြုလျှက် အခန်းအတွင်းရှိ လေများအားလုံးက ပြင်းထန်လွန်းသော ဆွဲစုပ်အားတစ်ရပ်ကဲ့သို့ လည်ပတ်လာလေရင်း ထိုအမှုန့်များကို အပြင်ဘက်သို့ လွှတ်ထုတ်ပစ်လိုက်သည်။
အား
အနက်ရောင်ဝတ်စုံနှင့် လူများက ရုတ်တရက် လိမ့်ဝင်လာသော ဆွဲစုပ်အားဖြင့် တိုက်မိလိုက်ကြပြီး အော်ဟစ်သံများကို လွှတ်ထုတ်လိုက်ကြသည်။ အနက်ရောင်အမှုန့်များ၊ ကျောက်စရစ်ခဲများ ပတ်ပတ်လည်တွင် သူတို့က လွင့်ထွက်သွားကြ၏။ ဝမ်ချောင်က တစ်ချက်သာ လှုပ်ရှားရသေးသည်။ သူ၏မျက်နှာက ဖြူဖျော့သွားရသည်။ သူ၏ကျင့်ကြံခြင်းအဆင့်က ယာယီအားဖြင့် ဖိနှိပ်ထားရုံသာ ရှိနေသေးသည်။ ဂရုစိုက်မဲ့စွာနှင့် ကြယ်တာရာစွမ်းအင်များကို အသုံးပြုခြင်း သို့မဟုတ် အချိန်အတန်ကြာ တိုက်ခိုက်ခြင်းက သူ၏ဒဏ်ရာများကို ဆိုးရွားလာစေလေပြီး ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များ၏ အခြေအနေကိုလည်း ကစဉ့်ကလျား ဖြစ်စေသေးပြန်သည်။
“ဒီအဘိုးကြီးနှစ်ယောက်ကို မေ့လိုက်တော့ ဒီကလေးကို အရင်ကိုင်တွယ်”
အနက်ရောင်ဝတ်စုံနှင့် လူများ၏ ခေါင်းဆောင်က ဝမ်ချောင်၏ ခန္ဓာကိုယ်မှ ထူးဆန်းမှုကို ခံစားမိသွားပြီး ကျန်သောလူများအား ခေါ်ဆောင်လျှက် ဝမ်ချောင်ထံ ချဉ်းကပ်လာသည်။
ဝေါင်း
သားရဲဟိန်းသံ တစ်ချက်က ထွက်ပေါ်လာပြန်သည်။ ထိုသို့ဖြင့် ရက်စက်ကြမ်းတမ်းပြီး ခက်ထန်သော စွမ်းအင်များနှင့် ပြည့်နှက်နေသော ဟိန်းသံကြီးက ကောင်းကင်တွင် ပဲ့တင်ထပ်လာသည်။ တခဏခန့်ကြာပြီးနောက် အနက်ရောင်ဝတ်စုံနှင့် လူများထဲမှ တစ်ယောက်က ရုတ်တရက် စတင်ကာ ဖောင်းကားလာလျှက် လူတစ်ဝက်သားရဲတစ်ဝက်ဟုပင် ထင်ရသည့် မကောင်းဆိုးဝါးအသွင် ပြောင်းလဲသွားသည်။ အံ့အားသင့်စရာ ကောင်းသည်မှာ ထိုအကောင်က ဝမ်ချောင်၏စံအိမ်တွင် တစ်ကြိမ်တစ်ခါက ပေါ်ခဲ့ဖူးသည့် လုဝူနှင့်တူသည်။
ဝှစ်
အနက်ရောင်ဝတ်စုံနှင့် ထိုလူကြီးက ပုံသဏ္ဍန်ပြောင်းလဲမှု ပြီးသွားရုံနှင့် သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ခရမ်းရောင်မီးတောက်များဖြင့် တောက်လောင်လာသည်။ သူက ဟိန်းဟောက်လိုက်ရင်း ဝမ်ချောင်ကို ခပ်ကြမ်းကြမ်း မျက်လုံးများဖြင့် လှမ်းကြည့်သည်။ ထို့နောက် မှင်သက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ခုန်ဝင်လာသည်။
အခြားသောဦးတည်ရာဘက်မှ ဟိန်းသံများကိုလည်း ကြားရသည်။ ယခုလိုမျိုး သားရဲတစ်ဝက် လူတစ်ဝက်အသွင် ပြောင်းထားသည့် လုဝူမကောင်းဆိုးဝါး လေးကောင် ငါးကောင်ခန့်က ခုန်ဝင်လာသေးသည်။
“ဒါက မင်းတို့အမြုပ်ခံရမဲ့နေရာပဲ။ မင်းတို့ရဲ့ ရုန်းကန်မှုတွေကို ဖယ်ရှားလိုက်။ နာနာခံခံနဲ့ အသေခံ”
အနက်ရောင်ဝတ်စုံနှင့် လူများ၏ခေါင်းဆောင်က လေးနက်သောအသံဖြင့် အမိန့်ပေးလိုက်ရင်း ပြင်းထန်လွန်းသော အတက်စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် လက်မောင်းကြီးကို ဆန့်ထုတ်လိုက်သေးသည်။
ထိုစွမ်းအင်များသည် လုဝူ၏စွမ်းအားများနှင့် ခြားနားသည်။ လေးစားဖွယ်ကောင်းသော အတက်စွမ်းအင်များ ပါဝင်နေလေပြီး မည်းမှောင်ကာ ဆိုးယုတ်သည့် ဖျက်ဆီးခြင်းစွမ်းအင်များကိုလည်း သယ်ဆောင်ထားသေးသည်။ သေခြင်းရှင်ခြင်း စွမ်းအင်များကဲ့သို့ မတူညီသော စွမ်းအင်အမျိုးအစား နှစ်မျိုးက အနက်ရောင်ဝတ်စုံနှင့် လူများ၏ ခေါင်းဆောင်၏ ခန္ဓာကိုယ်အတွင်းတွင် အဆင်ပြေပြေနှင့် တည်ရှိနေခြင်းဖြစ်သည်။
အာဝူး....
ကျယ်လောင်သော သံရှည်ဆွဲ အူသံကြီးက ထွက်လာပြန်သည်။ ထိုခေါင်းဆောင်၏ ခြေထောက်က ရှေ့သို့ ဆန့်ထွက်လာချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကမူ သာမာန်မျက်စိဖြင့် မမြင်ရနိုင်လောက်အောင် ကြီးထွားလာသည်။ သူ၏နားအနောက်ဘက်တွင် အနက်ရောင်သွေးကြောများ စတင်ပျံ့နှံ့လာလေပြီး ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ဆက်ပျံ့သွားလေသည်။ ထိုအနက်ရောင် သင်္ကေတက အဆောင်သင်္ကေတ တစ်ခုလိုမျိုး ရှေးကျကာ လျို့ဝှက်ဆန်းကြယ်သေးလေပြီး အမည်မသိရသော စွမ်းအားတစ်ရပ်နှင့် ပေါင်းစပ်နေသည်။
ခလွက် ခလွက်
ထိုလူ၏ ခန္ဓာကိုယ်အတွင်းမှ ဆူညံသံများကိုလည်း ကြားနိုင်သည်။ ထိုအနက်ရောင် အစင်းကြောင်းများက ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပြီးနောက်တွင် သူ၏ဆံပင်များက ရုတ်တရက် ချုပ်နှောင်ထားမှုမှ လွတ်ကင်းစွာနှင့် လွင့်ထွက်သွားသည်။ သူ၏အရပ်ကလည်း ထပ်မြင့်လာပြန်ပြီး ခုနှစ်ပေမှ ကိုးပေအထိ ရောက်ရှိသွားသည်။ သူ၏ခြေလှမ်းများကလည်း အလွန်အမင်း တုတ်ခိုင်ကာ သန်မာလာသည်။ သူသည် ထိုနေရာတွင် ရပ်နေရုံနှင့် ရှေးဟောင်းခေတ်မှ လူထွားကြီးနှင့်တူသည်။
“သေစမ်း”
အနက်ရောင်ဝတ်စုံနှင့် လူများ၏ခေါင်းဆောင်ဟာ လူအသွင်ပုံစံဖြင့် ပေါင်းစပ်ပြီးနောက်တွင် သူ၏စွမ်းအင်များဟာ နှစ်ဆခန့်တိုးမြင့်သွားသည်။
ဝုန်း
ကြယ်တာရာစွမ်းအင်များက ပေါက်ကွဲသွားသောအခါ ထိုခေါင်းဆောင်က သရဲတစ်ကောင်လို ပျောက်ကွယ်သွားသည်။
“အစောင့်အရှောက် နတ်ဘုရား.... မီးတောက်နက် အဇူရာ”
အနက်ရောင်ဝတ်စုံနှင့် လူများက သူတို့၏စွမ်းအင်များ အားလုံးကို လွှတ်ထုတ်လျှက် ခက်ထန်ကြမ်းတမ်းသော အနက်ရောင်အဇူရာ ပုံစံများအသွင် ပြောင်းလဲလိုက်ချိန်တွင် အော်ဟစ်သံများကလည်း ထွက်ပေါ်လာသည်။
ဘန်း
သူတို့က မီးတောက်နက် အဇူရာများကို ဆင့်ခေါ်လိုက်သည့် အခိုက်အတန့်တွင် ထိုလူများက သူတို့၏ခေါင်းဆောင်နှင့် ပူးပေါင်းလျှက် ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ကို တိုက်ခိုက်လိုက်ကြသည်။
လေထဲတွင် အန္တရာယ်များသော အရှိန်အဝါများက ပြည့်နှက်နေပြီး ဝမ်ချောင်ကိုယ်တိုင်၏ မျက်နှာကပင် တင်းမာသွားသည်။ သူတို့သည် ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များကို တစ်ကြိမ်တည်း လွှတ်ထားပုံအရ ထိုလူများသည် သူနှင့်ဆရာ့ကို တစ်ကြိမ်တည်း ရင်ဆိုင်ချင်ပုံရသည်။ တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က ပြန်လည်တည်ငြိမ်သွားသည်။
“ဟွန်း ငါက ငါ့ရဲ့အမှားကနေ သင်ခန်းစာယူဖို့အတွက် တစ်ကြိမ်ပဲ လဲကျတယ်။ ဒါပေမဲ့ မင်းတို့ကငါ့ကို နှစ်ကြိမ်ဆက်တိုက် လှည့်ကွက်ဆင်နိုင်မယ်ထင်တာလား”
ဝမ်ချောင်က အေးစက်စွာ လှောင်လိုက်သည်။
လုဝူ၏မီးတောက်၊ ကျွီပိုင်၏မီးတောက်၊ မာရာမီးတောက်တို့ အားလုံးက ကြောက်စရာကောင်းသော မီးတောက်တို့ ဖြစ်နေကြသည်။ သူတို့သည် အချင်းချင်း လက်သင့်မခံနိုင်ကြပေ။ ဝမ်ချောင်က ထိုမီးတောက်များကြောင့် ဒုက္ခခံနေရပြီးသားဖြစ်သည်။ သို့သော် သူ၏လက်ခုံကဲ့သို့ ထိုမီးတောက်များကို ကောင်းမွန်စွာ နားလည်သွားပေသေးသည်။ ဒီနည်းအားဖြင့် ထိုမီးတောက်သုံးခုကို စမ်းသပ်ကာ အသုံးပြုနိုင်သွားသည်။ အနက်ရောင်ဝတ်စုံနှင့် လူများကမူ ထိုမီးတောက်များကို သူ့ထက်ပို၍ နားမလည်နိုင်ပေ။
“ဆရာ၊ ဝူရှန်းရွာသူကြီး လုဝူမီးတောက်ကို ကျင့်ကြံတဲ့ကောင်ကို ငါနဲ့လွှဲထားပေးပါ”
ဝမ်ချောင်ကထိုသို့ပြောသည်။ သူ၏အခြေအနေအရ သူက ကြယ်တာရာစွမ်းအင်အပို စုပ်ယူလိုက်သမျှ သူ၏ကျင့်ကြံခြင်းအဆင့်က ဆက်တိုက်သွေဖယ်သွားပြီး ဒဏ်ရာကို ဆိုးသွားစေလောက်သည်။ သို့သော် လုဝူ၏မီးတောက်ကမူ ခြားနားသည်။ ထိုမီးတောက်က ဖော်ပြရန်ခက်ခဲလောက်အောင် အာဏာရှင်ဆန်ပြီး ဖျက်ဆီးခြင်းစွမ်းအားများနှင့် တောက်လောင်နေတတ်သော်လည်း မှင်သက်ဖွယ်ကောင်းသော အတက်စွမ်းအားများကို ပိုင်ဆိုင်ထားသေးသည်။ ထိုအင်အားကြီးမားလွန်းသည့် အတက်စွမ်းအားများက ဝမ်ချောင်အလိုအပ်ဆုံး အရာလည်းဖြစ်သည်။ လုဝူ၏ စွမ်းအားနှင့်သာဆိုလျှင် ဝမ်ချောင်သည် ခန္ဓာကိုယ်ကို ပို၍ပင် မြှင့်တင်နိုင်ပြီး ကျင့်ကြံခြင်းသွေဖယ်မှုကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုများကိုပင် ဖယ်ရှားနိုင်ပေလိမ့်မည်။
ဘန်း
အံ့အားသင့်ဖွယ်ကောင်းလွန်းသော အားလှိုင်းများက ထွက်ပေါ်လာပြီးနောက် ဝမ်ချောင်က ပျောက်ကွယ်သွားသည်။ သူ့အနေဖြင့် ဒီတိုက်ပွဲအတွင်း ပထမဦးဆုံး စတင်ရွေးချယ်လိုက်သည့် အခိုက်အတန့်လည်းဖြစ်သည်။
ဝုန်း
ဝမ်ချောင်က သူ၏မူလနေရာနှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ပြန်ပေါ်လာသည်။ သူ၏ခြေထောက်ကမူ လုဝူမကောင်းဆိုးဝါးတစ်ဝက် တစ်ကောင်၏ခေါင်းကို ဖိချထားသည်။ ချက်ချင်းဆိုသလိုပင် ဝမ်ချောင်၏ ခြေထောက်အောက်ခြေက စုပ်ဝဲတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပြင်းထန်လွန်းသော ဆွဲစုပ်အားတစ်ရပ်က ထွက်ပေါ်လာလေပြီး ကြမ်းတမ်းသော စုပ်အားကို လွှတ်ထုတ်လိုက်သည်။ ထိုသို့ဖြင့် အနက်ရောင်ဝတ်စုံနှင့်လူ၏ ကိုယ်ပေါ်မှ ခရမ်းရောင်မီးတောက်များ အားလုံးက ဝမ်ချောင်၏ကိုယ်ထဲသို့ စတင်ကာ စီးဝင်သွားသည်။
“မဖြစ်နိုင်တာ”
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လုဝူတစ်ဝက် လူတစ်ဝက်တို့၏ မျက်လုံးက ပြူးကျယ်သွားရင်း မယုံကြည်နိုင်မှုက ပြည့်နှက်သွားသည်။
ဝုန်း
သူဟာ လက်ကိုမြှောက်လျှက် ဝမ်ချောင်ကိုတိုက်ခိုက်ရန် ကြိုးစားသေးသည်။ လုဝူတစ်ဝက် ပုံသဏ္ဍန်မျိုးနှင့် သူ၏လက်သည်းများက သားရဲလက်သည်းများအသွင် ပြောင်းလဲလျှက် ဓားထက်ပင် ထက်ရှသေးသည်။
“ကျ”
ရုတ်တရက် အပေါ်ဘက်မှ အေးစက်သောအသံက ထွက်လာသည်။ ဝမ်ချောင်က သူ၏ညာဘက် ခြေထောက်ထဲသို့ စွမ်းအင်တိုင်းကို လောင်းထည့်လိုက်ကာ တောင်တန်းတမျှ လေးလံလွန်းသော အားတစ်ရပ်ကို လွှတ်ထုတ်လိုက်သည်။
ဝူး....
ငယ်သံပါအောင် အော်ဟစ်သံများနှင့်အတူ အနက်ရောင်ဝတ်စုံနှင့် ထိုလုဝူက မြေပြင်ပေါ်သို့ ဖိချခံလိုက်ရရင်း ခေါင်းကလည်း အောက်ဘက်ရှိ ကြမ်းခင်းဘုတ်ပြားနှင့် တိုက်မိရင်း ကွဲကြေသွားကာ မြေကြီးထဲသို့ စိမ့်ဝင်သွားသည်။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားများသည် အင်အားကြီးမားပြီး လျို့ဝှက်ဆန်းကြယ်သောသိုင်းကို ကျင့်ကြံထားကြသော်လည်း ဆာလောင်နေသော ကုလားအုပ်က မြင်းထက်ကြီးနေသေးသည်။ ဝမ်ချောင်သည် ကျင့်ကြံခြင်းသွေဖယ်မှုကို ခံစားနေခဲ့ရသည့်တိုင်အောင် သူသည် သိမ်မွေ့နယ်မြေသို့ ရောက်ရှိလုနီးပါးဖြစ်နေသော ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေသေးသည်။ ထို့ကြောင့် အလားတူအဆင့်တွင် ရှိနေသော လူများကသာ သူ့ကိုခြိမ်းခြောက်နိုင်ပေလိမ့်မည်။
ယခင်ကလုဝူသာ ထွက်ပေါ်လာခဲ့လျှင် သူ့ကိုယှဉ်နိုင်လိမ့်မည် မဟုတ်လေဘဲ ယခုလို လုဝူတစ်ပိုင်းများဆိုလျှင် ပို၍ပင် ဆိုးရွားသေးလေသည်။