အခန်း (၁၃၃၆-၁၃၄၀)
Vol. 79 Ch. 1336-1340
အခန်း(၁၃၃၆)
ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်
ဘုန်း
ပြုံးနေသောမျက်နှာနှင့် ဝမ်ချောင်က ဝင်္ကပါအကြီးအကဲ၏ အနောက်ဘက်တွင်ရှိသော ဝင်္ကပါကျောက်သားများထဲမှ တစ်ခုကို သမန်ကာလျံကာ ပစ်လွှတ်လိုက်သည့် ဓားချီတစ်ခုဖြင့် ပေါက်ကွဲသွားစေလိုက်သည်။ ချက်ချင်းဆိုသလိုပင် ထိုဝင်္ကပါကျောက်သားကြီး တစ်ခုလုံးက ထိုးဖောက်ခံလိုက်ရသည်။
“စီနီယာ စိုးရိမ်ဖို့မလိုပါဘူး။ ဒီဂျူနီယာက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့စွမ်းရည် ရှိပါတယ်”
ဝမ်ချောင်က ထိုသို့အသာပြုံးရင်း သူ၏လက်ချောင်းကို ပြန်ရုတ်သိမ်းလိုက်သည်။
အရာအားလုံးဟာ တိတ်ဆိတ်သွားသည်။ ဝင်္ကပါအကြီးအကဲ၏ ပါးစပ်က အဟောင်းသားဖြစ်နေရင်း ဝမ်ချောင်ကို စွံ့အစွာကြည့်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ဝင်္ကပါအကြီးအကဲသည်လည်း သူ၏စိတ်ဟာ မုန်တိုင်းထန်သွားသလိုမျိုး ခံစားနေရရင်း ထိုလူငယ်ကိုသာ စိုက်ကြည့်နေမိသည်။
သူသည် ထိုကျောက်သားများကို မြေအောက်ထဲမှ ထုတ်ယူခဲ့ပြီးသော်လည်း ထိုကျောက်သားတိုင်းသည် သံမဏိအလား မာကြောနေခဲ့ပြီးသားဖြစ်သည်။
အရေးကြီးသောအချက်သည် သူဟာ ရန်သူများထံမှ ပုန်းအောင်းနေခဲ့ချိန်တွင် ဝင်္ကပါသိုင်းကိုသုံးကာ ထိုကျောက်သားများကို လီတစ်ရာဝန်းကျင် တစ်ခုလုံးအနှံ့တွင် ရှိသမျှ မြေသားစွမ်းအင်များနှင့် ပေါင်းစပ်ထားခဲ့ပြီးသားဖြစ်သည်။ ထိုအတွက်ကြောင့် သူဟာ ဝင်္ကပါကို ဖွင့်ရုံသာ ဖွင့်ထားသေးသော်လည်း အားလုံးကို လွင့်ပျယ်သွားအောင် မလုပ်ရသေးချေ။ ထိုလူငယ်၏ လက်ညိုးလေးမှ သမန်ကာလျံကာ ရိုက်ချက်ကတင် ကျောက်သားများထဲမှ တစ်တုံးကို ထိုးဖောက်နိုင်စွမ်းရည် လုံလောက်နေသည်။ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များကပင် ထိုကဲ့သို့သော လုပ်နိုင်စွမ်းရည် မရှိပါချေ။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က မုတ်ဆိတ်ကိုအသာသပ်ရင်း ဝမ်းသာအားရပြောသည်။
“ဘယ်လိုလဲ ပြောစရာရှိသေးလား။ အရင်အဘိုးကြီးရဲ့ တပည့်လို့ မင်းကိုငါပြောသားပဲ။ မင်းကသူ့ကို ဘာကောင်မှမဟုတ်သလို ဆက်ဆံနေတာကိုး”
ဝမ်ချောင်ကလည်း သူ၏စိတ်နေသဘောထားကို နားလည်နေပုံရသည်။ လက်ညိုးတစ်ချောင်းထဲနှင့် ထိုလူရမ်းကားအိုကြီး၏ ပါးစပ်ကိုပိတ်အောင် လုပ်လိုက်နိုင်သည်။
“ဟွန်း အင်အားကြီးမားတဲ့သိုင်းတွေက မင်းကို ဘာကောင်မှ မဖြစ်စေပါဘူး”
ဝင်္ကပါအကြီးအကဲက စိတ်ပြန်လျော့လိုက်သည်။ သူ၏ဒေါသများကလည်း ပျောက်ကွယ်သွားသည်။ သို့သော် သူ၏ပါးစပ်ကမူ ထိုသို့မဟုတ်ချေ။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က ပြုံးရုံသာပြုံးကြသည်။ သူတို့အနေဖြင့် ဝင်္ကပါအကြီးအကဲနှင့် ပထမဦးဆုံးအကြိမ် အဆက်အဆံရှိခြင်းမဟုတ်ချေ။ ထိုအတွက်ကြောင့် သူ၏ လှည့်ကွက်ကိုမူ မထုတ်ဖော်ကြပေ။
“သွားရအောင် ရတနာသိုက်က ဒီလထဲမှာပွင့်မှာ။ ဒီသတင်းက ပေါက်ကြားနေခဲ့ပြီးသား။ ဂိုဏ်းတွေကလည်း လူတွေလွှတ်ထားတယ်။ ငါတို့မြန်မြန်သွားရမယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ထိုသို့ပြောရင်း ရှေ့သို့ဆက်လျှောက်သွားသည်။
.....
သူတို့လေးယောက်က ထိုသို့ဆက်သွားနေချိန်တွင် ဝင်္ကပါအကြီးအကဲက အနောက်မြောက်ပိုင်းမှ ကိစ္စများကိုလည်း ရှင်းပြသည်။
“ဒီအခြေအနေက တော်တော်လေးကို ရှုပ်ထွေးနေပြီ။ အဆင့်လွန်နဲ့ အဆုံးအစမဲ့ မူလအမရသိုင်းနဲ့ ပတ်သတ်တဲ့သတင်းတွေ ထွက်လာတာ တော်တော်ကြီးကို ကြာခဲ့ပါပြီ။ ဒါပေမဲ့ အခုတစ်လောမှ ရုတ်တရက် ရတနာမြေပုံနှစ်ခုက ဒီနေရာကို ရောက်လာစေတယ်။ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ လူတိုင်းကို ဒီနေရာကို တွန်းပို့နေတယ်လို့ ထင်တာပဲ။ ငါကမင်းတို့နှစ်ယောက်ထက် စောစောလာတာဆိုတော့ အချိန်ကာလတစ်ခုအထိ စောင့်ကြည့်လို့ရသွားတယ်။ ဒီနေရာကိုရောက်နေတာ အဖွဲ့အစည်း အခုနှစ်ဆယ်ကျော်နေပြီ။ နောက်ပြီး မျိုးနွယ်ခြားတွေတောင် ပါသေးတယ်”
“မျိုးနွယ်ခြားတွေ ဟုတ်လား”
မျိုးနွယ်ခြားဆိုသော စကားလုံးက ဝမ်ချောင်၏မျက်မှောင်ကို ကျုံ့သွားစေသည်။ မဟာထန်၏ ဘုရင်တစ်ပါးအနေနှင့် သူသည် ထိုအသုံးအနှုန်းနှင့် ပတ်သတ်ပြီး အထိမခံဖြစ်လေသည်။
“စီနီယာ ဘယ်နိုင်ငံက မျိုးနွယ်ခြားတွေလဲဆိုတာကို သိပါသလား”
ဝမ်ချောင်က မေးလိုက်သည်။
ဝင်္ကပါအကြီးအကဲက သူ့ကိုမျက်လုံးလှန်ပြီး ခပ်ရိုင်းရိုင်းသာဖြေသည်။
“ငါကဘယ်လိုသိမှာလဲ။ မျိုးနွယ်ခြားတွေ အားလုံးက တစ်ရုပ်ထဲပဲ။ ငါက ဝူစကားမှ မပြောတတ်တာ။ ဘယ်လိုသိမှာလဲ။ နောက်ပြီးဒါက ငါနဲ့ ဘယ်လိုပတ်သတ်နေလို့လဲ”
ဝမ်ချောင်က စိတ်ထဲတွင်သာ ရယ်လိုက်မိပြီး အပြင်ဘက်တွင်မူ မပြသပေ။ သူသည်လည်း ထိုအကြီးအကဲသည် ဝမ်ချောင်က မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့၏ အရှေ့တွင် သူ၏မျက်နှာကို မထောက်ခဲ့သည့် ကိစ္စနှင့်ပတ်သတ်ပြီး ရန်ငြိုးထားနေသေးကြောင်း သိလိုက်သည်။
“ဒါ့အပြင် ကျန်းဝမ်ဖူ မင်းသတိထားရမယ်နော်။ ဒီတစ်ကြိမ်ရောက်နေတာ ငါ့ရဲ့ရန်သူတွေပဲ မဟုတ်ဘူး။ မင်းရဲ့ အဲ့ဒီဂိုဏ်းလောကက ရန်သူတွေ အများကြီးပါတယ်။ နောက်ပြီး အဲ့ဒီကောင်ဆိုရင် သူ့ရဲ့ဂိုဏ်းက လူဆယ်ယောက်ကျော်ကိုတောင် ခေါ်လာသေးတာ။ သူတို့က မင်းရဲ့ပုံတူတိုင်းကို နေရာတိုင်းမှာ ဖြန့်နေပြီး အချို့ဆိုရင် မြေပြင်မှာတောင် သစ်သားချောင်းနဲ့ ရိုက်ထားသေးတယ်။ ဒီတစ်ကြိမ် ကျွမ်းကျင်ပညာရှင်တွေ စုစည်းနေတာက သူနဲ့ပတ်သတ်နေမလားလို့တောင် သံသယဝင်မိတယ်”
ဝင်္ကပါအကြီးအကဲက လက်ကိုတစ်ချက်ယမ်းရင်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို စိုးရိမ်သောအကြည့်မျိုးနှင့် ကြည့်လိုက်သည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဘာစကားမှမဆိုချေ။ သို့သော် သူ၏ခန္ဓာကိုယ်ကမူ ယခင်ကထက်ပို၍ အေးစက်သွားပြီး လေးနက်တည်ကြည်လာသည်။ ဝမ်ချောင်၏ အမူအရာကလည်း လေးနက် တည်တင်းသွား၏။ သူ၏ဆရာသည် အတိတ်က ဂိုဏ်းအတွင်းမှ အဖြစ်အပျက်များနှင့် ပတ်သတ်ပြီး အမြဲတစေ တိတ်နေလေ့ရှိသည်။ ထိုအခြေအနေက သူ့အတွက် မကောင်းသဖြင့် မပြောပြခဲ့ခြင်းလည်း ဖြစ်လောက်သည်။ ဝမ်ချောင်က သူ့ကို ကယ်ပြီးချိန်ကတည်းက ဆရာဖြစ်သူက ကိစ္စများအားလုံးကို မေ့လျော့ခဲ့သလိုထင်ရသည်။
ထို့ကြောင့် ဝမ်ချောင်သည်လည်း အထူးတလည် မမေးဖြစ်တော့ချေ။ သူ၏ဆရာအစ်ကိုကသာ အရေးပါသော ကဏ္ဍတွင် ပါဝင်ခဲ့ကြောင်းကိုသာ သိထားသည်။
သို့သော် တစ်ချက်ပြန်ကြည့်လိုက်သောအခါ အရာအားလုံးသည် မူလစမှတ်သို့ ပြန်ရောက်သွားကြောင်းကို သိလိုက်ကြသည်။
အဆုံးသတ်တွင် ဆရာဖြစ်သူ၏ သိုင်းပညာလောကမှ ရန်ငြိုးများကို ရှောင်ရှား၍မရချေ။ ဝမ်ချောင်က ရုတ်တရက် ရှေ့ထွက်သွားပြီး ခပ်တိုးတိုးပြောသည်။
“ဆရာ အဲ့ဒီအချိန်က ဆရာ့ကို အကွက်ချကြံစည်ခဲ့ပြီး တိုက်ခိုက်ခဲ့တဲ့လူတွေက တကယ်ပဲ ဘယ်လိုလူလဲ”
“ချောင်အာ မင်းဒီကိစ္စကို မစိုးရိမ်ပါနဲ့။ သိုင်းပညာလောကက အရမ်းကို မည်းမှောင်လွန်းတယ်။ မင်းအနေနဲ့ ပါဝင်ပတ်သတ်ဖို့ မသင့်တော်ဘူး။ ဆရာကပဲ ကိုင်တွယ်လိုက်ပါ့မယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ထိုသို့ပြောသည်။ သူ၏ပုံစံကမူ ထင်သလောက် အာရုံစူးစိုက်မှု မရှိချေ။
ဝမ်ချောင်က တုန့်ဆိုင်းသွားသည်။ သို့သော် အဆုံးသတ်တွင် သူသည် ဆက်လက်ပြီး မမေးခဲ့ပါချေ။ ဆရာဖြစ်သူက မိစ္ဆာလောကတွင် အသံကြားရုံနှင့် လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေသော နံပါတ်တစ် ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်သည်။ သူ၏ကိစ္စများကို ကိုင်တွယ်သောနည်းလမ်းက ရက်စက်ပြီး ကြမ်းတမ်းသည်။ သိသာစွာပင် ထိုကိစ္စက စကားနှစ်ခွန်း သုံးခွန်းလောက်နှင့် ရှင်းပြ၍မရနိုင်ချေ။
ဝှစ်
သူတို့အဖွဲ့က ရှေ့ဆက်သွားနေစဉ် ရုတ်တရက် လေပြင်းက ဖြတ်တိုက်လာပြီး တောင်တန်းပေါ်မှ စာရွက်အချို့ ဆင်းသက်လာသည်။ သူတို့က ခေါင်းကိုမော့ကာ တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်နှာများက ဖြူဖျော့သွားစေလေသည်။
အကြောင်းမူကား ထိုစာရွက်များပေါ်တွင် မှင်စုတ်တံဖြင့် လူတစ်ယောက်၏မျက်နှာကို ရေးဆွဲထားခြင်းဖြစ်သည်။ စုတ်တံလက်ရာက အကြမ်းထည်ဆန်သော်လည်း ရေးဆွဲသူကမူ စွမ်းရည် အလွန်မြင့်ပုံရသည်။ ဆွဲထားသောလူက ရုပ်ရည်သွင်ပြင်နှင့် စိတ်နေသဘောထားက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ခုနှစ်ဆယ်ရာခိုင်နှုန်းနီးပါး တူနေသည်။
စွစ်
ဝမ်ချောင်က သူ၏လက်ချောင်းများကို အသာဆန့်တန်းလိုက်ရုံဖြင့် စာရွက်များထဲမှ တစ်ရွက်က သူ၏လက်ထဲသို့ ရောက်လာသည်။
‘လိုက်ဖမ်းမိန့် မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူ ရက်စက်ပြီး ကြောက်စရာကောင်းတဲ့ သတ်ဖြတ်ရတာကို ပျော်မွေ့နေတဲ့လူ။ သူက သိုင်းပညာလောကက လူတိုင်း အပြစ်ပေးပိုင်ခွင့်ရှိတဲ့ မဟာမိစ္ဆာကြီးပဲ။ သူ့ကို ဂိုဏ်းတိုင်းက လိုက်ပါအမဲလိုက်သင့်တယ်။ သူနဲ့ပတ်သတ်တဲ့ သဲလွန်စတွေကို သိရတဲ့ဘယ်သူမဆို ဒီကိစ္စကို အကြီးအကဲတွေကို တင်ပြနိုင်တယ်။ နေရာမှာတင် ကွပ်မျက်ပိုင်ခွင့်လည်းရှိတယ်။ ဒီလိုကောက်ကျစ်တဲ့ မိစ္ဆာလမ်းကို လျှောက်တဲ့လူကို ကိုင်တွယ်တဲ့နေရာမှာ ညှာတာပေးစရာ အကြောင်းမရှိဘူး။ ဒီလိုဆိုးယုတ်တဲ့ မိစ္ဆာကောင်ကိုသတ်ဖို့ ဘယ်လိုနည်းကိုမဆို သုံးနိုင်တယ်။ ဒါပေမဲ့ သေသေရှင်ရှင် အလောင်းကိုတော့ ပြနိုင်ရမယ်။ မဟာမိတ်ကလည်း အချက်အလက်တွေ တင်ပြပေးတဲ့လူ ဒီမဟာမိတ်ကို သတ်ပေးတဲ့လူကို ထိုက်ထိုက်တန်တန် ဆုလာဒ်ချီးမြင့်မယ်’
အဆုံးသတ်နားတွင် ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်ဟု ရေးထားသည်။ အနောက်ဘက်တွင် ယင်ရန်ပုံစံအား အဖြူရောင်ကြိုးကြာက ရစ်ပတ်ထားသော သင်္ကေတကို မြင်ရသည်။
ထိုစာရွက်က ဝမ်ချောင်၏မျက်နှာကို ပို၍တင်းမာသွားစေသည်။
“ဒီဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က အစ်ကိုကျန်းပျောက်သွားပြီးတဲ့ နောက်ပိုင်းမှာ ပေါ်လာတာ။ သူတို့က အချိန်တိုအတောအတွင်းမှာ မြောက်ပိုင်းနဲ့တောင်ပိုင်းကို အတူစုစည်းလိုက်ပြီး အဖွဲ့အစည်းကြီး တစ်ခုကို စုစည်းလိုက်တယ်။ အစ်ကိုကျန်းက လူကောင်းမဟုတ်သလို လူတွေကို အများကြီး သတ်ခဲ့ပေမဲ့လည်း အနည်းဆုံးတော့ မင်းကပေါ်တင်လှုပ်ရှားတာ။ ဒါပေမဲ့ ဒီကောင်တွေကတော့ ယုတ်မာပြီး ကောက်ကျစ်နေကြတဲ့ကောင်တွေ”
ဝင်္ကပါအကြီးအကဲက အနားသို့လျှောက်လာသည်။ သူ၏မျက်နှာက အထင်သေးမှုအပြည့်နှင့် ဖြစ်သည်။ ဝင်္ကပါအကြီးအကဲက အရပ်အလွန်ပုသည်။ ထို့ကြောင့် ဝမ်ချောင်၏လက်ထဲမှစာကို လှမ်းမဖတ်နိုင်ဘဲ စာရွက်နောက်ကိုသာ လှမ်းကြည့်နေရသည်။ သူတို့နှစ်ယောက်က တစ်ယောက်က အရပ်ရှည်ပြီး တစ်ယောက်က အရပ်ပုသူက ထိုသို့ကပ်ရပ်နေသောအခါ မြင်နေရသောပုံစံက အလွန်ရယ်စရာကောင်းသည်။
“ဟွန်း... ကြည့်နေတုန်းပဲလား”
ဝင်္ကပါအကြီးအကဲက ဝမ်ချောင်ကို စာရွက်ပါးမှတစ်ဆင့် လှမ်းဖောက်လျှက် ရန်ငြိုးကြီးစွာကြည့်သည်။
“ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော် ကြည့်ပြီးပါပြီ ကြည့်ပြီးပါပြီ”
ဝမ်ချောင်က တိတ်တဆိတ် ရယ်မောလိုက်သည်။ သူသည် ထိုဝင်္ကပါ အကြီးအကဲနှင့် တိုတောင်းသော အချိန်တစ်ခုသာ အတူရှိရသေးသည်။ သို့သော် တစ်ဖက်သူ၏ စိတ်နေသဘောထားကို နားလည်လာပြီဖြစ်သည်။ ဝင်္ကပါအကြီးအကဲက ခွင့်လွှတ်ရန်ခက်သော ပါးစပ်မျိုးကို ပိုင်ဆိုင်ထားသည့်တိုင်အောင် နှလုံးသားက မဆိုးပေ။ သို့သော် သူ၏အမြင့်ကြောင့်... သူသည် အခြားသောသူများက သူ၏ဦးတည်ရာဘက်သို့ ကြည့်နေသော အကြည့်နှင့်ပတ်သတ်ပြီး အထိမခံ ဖြစ်တတ်ပုံရသည်။ တစ်ဖက်သူဟာ သူ့ကို အမှန်တကယ် ကြည့်ကြည့် မကြည့်ကြည့် အရေးမကြီးပေ။ သူက သဘောမကျရုံသာဖြစ်သည်။
“ဟွန်း မင်းမှာ အသိစိတ်နည်းနည်းတော့ ရှိသားပဲ”
ဝင်္ကပါအကြီးအကဲက အကြည့်ပြန်ရုတ်သွားသည်။
“အရှင့်မှာ ရတနာမြေပုံက ညွှန်ပြနေတဲ့ နေရာအကြမ်းဖျင်းတစ်ခုကို မြင်နိုင်တယ်။ ဒါပေမဲ့ ရတနာမြေပုံက ပျက်စီးနေပြီး အချက်အလက် အများစုက ပျောက်နေတဲ့အတွက်ကြောင့် စတုရန်းကီလိုမီတာ တစ်ထောင်ဝန်းကျင်ကိုပဲ ရှာဖွေနိုင်တော့မယ်။ နောက်ပြီး အဲ့ဒီနေရာကြီးက ဒီထက်ပိုပြီး ကျုံ့လို့မရဘူး။ ဒါပေမဲ့ ဒီလိုအနေအထားမျိုးမှာဆိုရင် ငါတို့ ဆယ်နှစ်လောက် ဆက်ရှာပြီးရင်တောင် ဘာမှတွေ့မှာမဟုတ်ဘူး”
“အရှေ့ပိုင်းက ရတနာမြေပုံက ညွှန်ပြနေတဲ့ နေရာအကြမ်းဖျင်းပေါ့။ ဒါပေမဲ့ ရတနာမြေပုံက ပျက်စီးနေတဲ့အပြင် အချက်အလက်တွေ အများကြီး ပျောက်နေတဲ့အတွက်ကြောင့် ငါတို့က စတုရန်းကီလိုမီတာ တစ်ထောင်ဝန်းကျင်ကိုပဲ အနှစ်ချုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီနေရာက သူ့အလိုလိုလည်း မကျုံ့သွားသော ဆယ်နှစ်ကျော် ရှာခဲ့တာတောင်မှ ဘာကိုမှ မတွေ့ခဲ့ဘူး”
“ဒါပေမဲ့ အခုတော့ အမျိုးမျိုးသော လူတွေအားလုံးက ဒီနေရာကို ရောက်လာကြတယ်။ နောက်ပြီး ငါက ဒီနေရာတစ်ခုလုံးကို စောင့်ကြည့်ဖို့အတွက် အခြေစိုက်စခန်း သေးသေးလေးတစ်ခုကိုတောင် ဖွဲ့စည်းထားသေးတယ်။ မင်းတို့အားလုံးက ငါနဲ့လိုက်ခဲ့ကြ။ ငါနဲ့ကပ်နေကြနော်။ ဒီလိုမှ မင်းတို့ရဲ့ ရန်သူတွေကို ရှောင်နိုင်မှာ။ အဲ့ဒါအပြင် မင်းရဲ့ခေါင်းကို လိုချင်နေတဲ့ လူတွေအများကြီးလည်းရှိလို့ မင်းဒီအဘိုးကြီးကို ဝန်ထုတ်ဝန်ပိုးမပေးဘဲ မင်းကိုယ်မင်း ရုပ်ဖျက်ဖို့ သဘောတူစေချင်တယ်”
ဝင်္ကၤပါအကြီးအကဲက လမ်းဘေးနားတွင်ရှိသော သစ်ပင်တစ်ပင်၏ အနားသို့ လျှောက်သွားသည်။ ဝမ်ချောင်တို့အားလုံး၏ စိတ်ရှုပ်ထွေးနေသော အကြည့်များအောက်တွင် သူက လက်ကို ဆန့်ထုတ်လိုက်ရုံနှင့် ဘာမှမရှိသောလေထဲမှ ရုတ်တရက် အဝတ်ထုပ် တစ်ထုပ်ကို ဆွဲထုတ်လိုက်နိုင်ပြီး ဒီဘက်သို့ ပစ်ပေါက်လိုက်သည်။
“အဲ့ဒီထဲမှာ ဂိုဏ်းတစ်ခုရဲ့ တူညီဝတ်စုံတွေ အများကြီးရှိတယ်။ ဒါကဒီတိုင်း လူအနည်းစုလောက်ပဲသိတဲ့ ဂိုဏ်းလေးဆိုပေမဲ့လည်း မင်းတို့ရဲ့နောက်ခံကို ဖုံးကွယ်ထားဖို့တော့ လုံလောက်တယ်”
ဝမ်ချောင်က ယခုအခါ လုံးဝယုံကြည်သွားပြီဖြစ်သည်။ ဝင်္ကပါအကြီးအကဲသည် ဒီနယ်မြေနှင့် အလွန်ရင်းနှီးနေသလို သူတို့ထက် ကြိုတင်ရောက်ရှိပြီး အရာအားလုံးကို အကွက်ကျကျ စီမံပေးထားသည်။ သူသည် နေရာတိုင်းတွင် ဝင်္ကပါများကို ဖုံးကွယ်ထားသောကြောင့် ဝမ်ချောင်ကိုယ်တိုင်ကပင် ဒီနယ်မြေအတွင်းတွင် မည်သည့်နေရာက ပုန်းကွယ်လျှက် တည်ရှိနေကြောင်းကို မသိနိုင်ပေ။
“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ”
ဝမ်ချောင်က အထုပ်ကိုယူသည်။
“ကောင်စုတ်လေး မင်းက အနည်းဆုံးတော့ မင်းရဲ့လူကြီးတွေကို ဘယ်လိုစကားပြောရမလဲ သိပြီပေါ့”
သူတို့အဖွဲ့က တောအုပ်ကို ဖြတ်လျှောက်လာကြသည်။ ထိုသို့ဖြင့် ထိုဝင်္ကပါအကြီးအကဲက ဖွဲ့စည်းထားသော အခြေစိုက်စခန်း သေးသေးလေးထံ ကပ်လာကြသည်။
နှစ်နာရီနီးပါးခန့် ကြာပြီးနောက် ဝင်္ကပါအကြီးအကဲက အရှေ့သု့ိညွှန်ပြလျှက် ဂုဏ်ယူစွာပြောသည်။
“အရှေ့မှာပဲ အဲ့ဒီအစိမ်းရောင် တောင်ကြီးလေ။ ငါနေရာတစ်ခုလုံးကို စောင့်ကြည့်နေခဲ့ပြီးသား။ အဲ့ဒီနေရာက အလယ်ဗဟိုကျတဲ့နေရာ မဟုတ်ပေမဲ့လည်း အမြင့်ဆုံးနေရာတွေထဲက တစ်ခုပဲ။ ဒါကြောင့် ထိပ်ဆုံးမှာရပ်နေရုံနဲ့ နယ်မြေတစ်ဝက်လောက်ကို မြင်နိုင်တယ်။ ဒီတော့ ငါတု့ိအနေဲ့ လှုပ်ရှားရ လွယ်ကူတာပေါ့”
ဝင်္ကပါအကြီးအကဲ၏ စကားကိုကြားသောအခါ သူတို့အဖွဲ့က အရှိန်နှုန်းအနည်းငယ် နှေးချလိုက်ကြသည်။ ဝမ်ချောင်က ဝင်္ကပါအကြီးအကဲ၏ လက်ညိုးအတိုင်း အဝေးတွင် ကောင်းကင်သို့ပင် မိုးမျှော်တက်မတက် မြင့်မားလွန်းသော အစိမ်းရောင်တောင်တန်းကြီးကို လှမ်းကြည့်လိုက်သည်။ ထိုအစိမ်းရောင် တောင်တန်းကြီးက ပတ်ပတ်လည် ဝိုင်းနေသော တောင်ကုန်းစိမ်းများအကြား ထင်းထွက်နေသေးသည်။
ဒီနေရာက ဆိုးတော့မဆိုးပါဘူး။ ပတ်ဝန်းကျင်မှာ လှုပ်ရှားမှုတွေရှိရင် ခပ်မြန်မြန် သတိထားမိနိုင်လောက်တယ်။
ဝမ်ချောင်က တိတ်တဆိတ် ချီးကျူးလိုက်သည်။ ဝင်္ကပါ အကြီးအကဲက နေရာကောင်းကို ရွေးထားသည်။
“ဟွန်”
ရုတ်တရက် ဝမ်ချောင်၏နားက တဖြတ်ဖြတ်လှုပ်သွားပြီး ထူးဆန်းသော အသံကို ကြားလိုက်ရသည်။ တခဏခန့်ကြာပြီးနောက် အဝေးမှ ခပ်တင်းတင်းအသံကို ကြားရသည်။
“အဲ့ဒီမှာဘယ်သူလဲ။ ငါတို့က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကပဲ။ မင်းတို့ရဲ့နာမည်ကိုပြောစမ်း”
ထိုအသံက မိုးခြိမ်းလိုက်သလိုမျိုး ကျယ်လောင်စွာ အုန်းကနဲ ရောက်ရှိလာသည်။ ဝမ်ချောင်တို့အားလုံးက တစ်ချက်ကြည့်လိုက်သောအခါ ရင်ဘက်တွင် ရင်ယန်နှင့် အဖြူရောင်ကြိုးကြာ သင်္ကေတပါသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည့် လူငယ် ငါးယောက် ခြောက်ယောက်ခန့်ကို တွေ့လိုက်ကြသည်။ သူတို့အားလုံးက အနီးအနားရှိ တောင်ကုန်းငယ်လေးထံမှလာပြီး ဝမ်ချောင်တို့အဖွဲ့ ရှိရာနေရာသို့ သစ်ကိုင်းခြောက်များကို နင်းလျှောက်ရင်း ရောက်လာနေကြသည်။
“မကောင်းတော့ဘူး သူတို့ပဲ”
ဝင်္ကပါအကြီးအကဲက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို တစ်ချက်ကြည့်ရင်း မျက်နှာက တင်းမာသွားသည်။ မဟာမိတ်အဖွဲ့၏ အလိုရှိနေသော ပုံများက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ပုံပန်းသွင်ပြင်ကို အကြမ်းဖျင်း ဖော်ပြနိုင်ခဲ့ပြီးသားဖြစ်သည်။ ထိုလူများက အနားသို့လာပြီး ကြည့်လိုက်ရုံနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို တွေ့သွားမည်ဖြစ်လေရာ မဟာမိတ်အဖွဲ့က ပို၍အင်အားကြီးမားသော လူများကို စေလွှတ်လျှက် လိုက်ဖမ်းခိုင်းပေလိမ့်မည်။
အခန်း(၁၃၃၇)
စကြာဝဠာကြီး၏ ပုံစံခွက်
“ကျန်းဝမ်ဖူ လူရမ်းကားအိုကြီး မြန်မြန်လေး မင်းရဲ့အဝတ်တွေ ဝတ်စမ်းပါ။ ငါဒီလူတွေနဲ့ ကိုင်တွယ်နေတဲ့အချိန်မှာ မင်းဒီမှာစောင့်နေ။ ငါမင်းကို ထည့်ပေးထားတဲ့ ဂိုဏ်းအကြောင်း လူသိသိပ်များတာမဟုတ်ဘူး။ ဒီတော့ ငါတို့သာ သတိထားမယ်ဆိုရင် သူတို့ကို လှည့်စားနိုင်မှာပါ”
ဝင်္ကပါအကြီးအကဲက အနည်းနှင့်အမျှ စိတ်မအေးဖြစ်နေသည်။ သို့သော် အများကြီး တုန့်ဆိုင်းနေခြင်း မရှိဘဲ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်များထံ လျှောက်သွားသည်။
“နေဦး”
အနောက်ဘက်မှ အေးစက်ပြီး ထင်မထင်သောအသံက ထွက်လာသည်။ ထိုအသံထဲတွင် နှလုံးသားကို အေးစိမ့်စေသော ထည်ဝါမှုများလည်းပါသည်။ ဝင်္ကပါအကြီးအကဲက ရပ်တန့်လိုက်ပြီး အံ့အားတကြီး လှည့်ကြည့်လိုက်မိ၏။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရုတ်တရက် ရှေ့သို့လှမ်းထွက်လိုက်ပြီး ဝင်္ကပါအကြီးအကဲကို ကျော်ဖြတ်လိုက်ကာ သူ၏အရှေ့မှ သူ့ထံဦးတည်လာနေသည့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ဂိုဏ်းသားများကိုကြည့်ရင်း သူ၏မျက်ဝန်းထဲမှ ခြောက်ခြားဖွယ်ကောင်းသော အရှိန်အဝါများက ထွက်လာသည်။
“ဟွန်း ဒီတိုင်း ဘာမှမဟုတ်တဲ့ တပည့်ဂိုဏ်းသားတွေပါပဲ။ အဲ့ဒီလောက်ထိ ဒုက္ခများခံနေစရာကို မရှိဘူး။ ဒီအဘိုးကြီးက ဂိုဏ်းတိုင်းကို ခြောက်ခြားအောင် လုပ်ထားနေခဲ့တဲ့ ကာလအတောအတွင်းမှာ ဟွန်း အဲ့ဒီဂိုဏ်းခေါင်းဆောင်တွေတောင်မှ ဒီအဘိုးကြီးရဲ့ရှေ့မှာ စကားကျယ်ကျယ် လာပြောရဲတာမဟုတ်ဘူး။ နှစ်အနည်းငယ်လောက်ပဲ ကြာသေးတယ်။ ဒီအဘိုးကြီးက ဘယ်လိုဖြစ်ပြီး ဒီလိုနာမည်တောင်မရှိတဲ့ တပည့်ဂိုဏ်သားတွေရဲ့ အရှေ့မှာ ခေါင်းငုံ့နေရတော့မှာလဲ”
ဘန်း
တခဏခန့်ကြာပြီးနောက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရပ်တန့်လိုက်သည်။ သူ၏ ညာဘက်လက်မှ လက်ညိုးနှင့် လက်ခလယ်ကို ဓားတစ်လက်အသွင် အတူစုစည်းလိုက်လျှက် ကျယ်ပြောလွန်းသော စွမ်းအင်လှိုင်းများအား ကောင်းကင်သို့ ပို့လွှတ်လိုက်သည်။
ဝုန်း
အံ့အားသင့်ဖွယ်ကောင်းသော အားလှိုင်းများက ပျံ့နှံ့ထွက်သွားလေပြီး အရပ်မျက်နှာအနှံ့ လွင့်သွားသည်။
“ကျန်းဝမ်ဖူ မင်းရူးနေပြီ”
ဝင်္ကပါအကြီးအကဲက အံ့အားသင့်သွားသလို ဒေါသလည်းထွက်သွားသည်။ သူသည် မူလကမူ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို သူ၏နောက်ခံကို ပုန်းကွယ်ထားစေလိုသည်။ ဒီနည်းအားဖြင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့၏ အာရုံကို မဆွဲဆောင်လိုခဲ့ပေ။ သို့သော် မစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ လုပ်ဆောင်မှုကမူ ဆန့်ကျင့်ဘက်ဖြစ်နေသည်။ ဖြောင့်မတ်မှန်ကန်ခြင်း အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များက ဒီနေရာသို့ လာရောက်တော့ပေမည်။ ထိုအခါ သူတို့ ဒုက္ခရောက်ပေတော့မည်။
“မင်းရဲ့ဒေါသကို ခဏထိန်းထားဦး။ ကြည့်လိုက်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ထိုသို့ပြောသည်။ ဝင်္ကပါအကြီးအကဲက သတိလက်လွတ် လှည့်ကြည့်လိုက်သောအခါ သူ၏မျက်လုံးကိုပင် သံသယဝင်မိစေသော မြင်ကွင်းမျိုးကို မြင်လိုက်ရသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများက ရုတ်တရက် ရပ်တန့်သွားကြရင်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ တည်နေရာဘက်မှ ထွက်လာသော အားလှိုင်းများကြောင့် မှင်သက်သွားကြသည်။
စွစ် စွစ် စွစ်
ဝင်္ကပါအကြီးအကဲကလည်း သူတို့ဟာ ဒီနေရာသို့ အပြေးလာတော့မည်ဟု ထင်ထားသည့် အခိုက်အတန့်တွင်ပင် တစ်ဖက်သူများ အားလုံး၏ မျက်နှာက ဖြူဖျော့လျှက် လာချိန်ကထက် မြန်ဆန်သော အရှိန်နှုန်းကိုသုံးကာ နောက်လှည့်မကြည့်ဘဲ ထွက်ပြေးသွားကြလေသည်။
“ဒါက”
ဝင်္ကပါအကြီးအကဲက မျက်လုံးပြူးကျယ်ကာ မေးရိုးအဟောင်းသား ဖြစ်သွားသည်။
“ဂိုဏ်းတွေရဲ့လောကမှာ အားကြီးသူက အားနည်းသူကို စားတာပဲ။ ဖြောင့်မတ်မှန်ကန်ခြင်း တပည့်ဂိုဏ်းသားတွေ ဆိုတာကလည်း ဒီတိုင်း သစ်ပင်ရဲ့ နူးညံ့တဲ့တည်သီးလေးတွေကို ကောက်နိုင်ရုံပဲ တက်နိုင်တာ။ သူတို့က ပြန်ရောက်သွားတဲ့ အချိန်မှာတောင် ဒီနေ့အကြောင်းအရာကို ပြန်ပြောရဲမှာမဟုတ်ဘူး”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ထိုသို့ပြောသည်။ မည်သူကမှ မတုန့်ပြန်နိုင်သေးခင် သူသည် နောက်လှည့်လျှက် စောင့်ရှောက်နေပြီဖြစ်သည်။
“ဟေ့ နေဦးလေ”
ဝင်္ကပါအကြီးအကဲကလည်း အော်ဟစ်ရင်း နောက်မှ အသည်းအသန်လိုက်သည်။ ဝမ်ချောင်ကသာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများ ထွက်သွားရာဘက်သို့ကြည့်ရင်း မျက်မှောင်က ကျုံ့သွားသည်။
ဝမ်ချောင်သည် ခုံရုံးနှင့် တိုက်ပွဲနယ်မြေတွင်သာ အဆက်အဆံ ရှိခဲ့ဖူးသည်။ ထို့ကြောင့် သူသည် ဂိုဏ်းလောကအကြောင်းကို မသိသလို စည်းမျဉ်းများအကြောင်းကိုလည်း နားမလည်ပါချေ။ မေးခွန်းထုတ်စရာ မလိုလောက်အောင် ဒီကာလအတောအတွင်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သူ့အား အလွန်အမင်း ကြာရှည်စွာ ဆွဲမြဲနေစေမည့် သင်ခန်းစာမျိုးကိုပေးလိုက်သည်။
ဝှစ်
ဝမ်ချောင်သည်လည်း အင်္ကျီလက်ကို ခါယမ်းလျှက် နောက်မှအပြေးလိုက်သွားသည်။
.....
သူတို့အဖွဲ့က တောင်ထိပ်တစ်ခုတွင် ရပ်တန့်လိုက်ကြသည်။ ညင်သာသော လေပြေက မြူများကို ကျော်ဖြတ်လျှက် တောင်ထိပ်သို့ ရောက်ရှိလာသောအခါ အေးမြပြီး လတ်ဆတ်သော လေထုကို ထုတ်လွှတ်ပေးလိုက်သည်။
“လူရမ်းကားအိုကြီး ကြည့်ရတာ မင်းက ဒီတစ်ကြိမ် နေရာကောင်းကို ရွေးထားတာပဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က အကြည့်ချင်းဖလှယ်လျှက် ခေါင်းညိမ့်လိုက်ကြ၏။
“ဒီနေရာက တကယ်ကောင်းတယ်”
ဝမ်ချောင်ကပင် ရှေ့သို့လျှောက်သွားရင်း အဝေးသို့ ကြည့်လိုက်မိသည်။ အချိန်အတန်ကြာအောင် ခရီးဆက်လာခဲ့ပြီးနောက် သူသည် ဒီနေရာတစ်ခုလုံးကို ပထမဦးဆုံးအကြိမ် ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီဖြစ်သည်။ ရတနာမြေပုံက ပြသထားသော နယ်မြေသည် ချီရှီ၏ မြောက်ပိုင်း အနောက်ပိုင်းနယ်မြေနှင့် အနောက်ပိုင်းတူရကီ ခါကာနိတ်အကြားနေရာဖြစ်သည်။ ထိုနယ်မြေကြီး တစ်ခုလုံး၏ အရှေ့ဘက်အရောက်ဆုံး အပိုင်းသည် သစ်ပင်များ စိမ်းလန်းနေပြီး အစိမ်းရောင်တောင်တန်းများ ရှိသည်။ သို့သော် ဒီတောင်တန်း၏ အနောက်ဘက်ခြမ်းသို့ ကြည့်မည်ဆိုလျှင်မူ မိုးကုတ်စက်ဝိုင်း တည့်တည့်တောက်လျှောက် ဆန့်တက်သွားသလိုမျိုး ကန္တာရကြီးကိုသာ မြင်ရမည်ဖြစ်သည်။ ထိုနေရာမှ အပူလှိုင်းကိုပင် သိသာထင်ရှားစွာ မြင်နိုင်နေသေးသည်။
ထိုနေရာသည် မော့ဟယ်ရန်ကန္တာရ၏ မြောက်ပိုင်း အစွန်အဖျားနေရာသာဖြစ်သည်။ မော့ဟယ်ရန်ကန္တာရသည် လီရှစ်ရာအထိ တောက်လျှောက် ကျယ်ပြောသည်။ သို့သော် ဒီလောကမှ မော့ဟယ်ရန်ကန္တာရသည် ဝမ်ချောင်မှတ်မိသော ကန္တာရထက် ပိုကြီးနေသေးသည်။ ဒီနေရာက လူနေထူထပ်ခြင်းပင် မရှိချေ။ အနောက်ပိုင်းတူရကီ ခါကာနိတ်မှ အဖွဲ့ဝင်များနှင့် အနောက်ပိုင်းနယ်မြေမှ အဖွဲ့သားများကပင် ဒီနေရာသို့ လာရောက်ခဲလေသည်။
သို့သော် တောင်ထိပ်ပေါ် ရပ်နေသော အခါမှသာ ဝမ်ချောင်သည် တောင်ကုန်းအစွန်း ကန္တာရအကြားတွင် လှုပ်ရှားနေသော ပုံရိပ်ပေါင်းများစွာကို မြင်လိုက်ရသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ဝမ်ချောင်သည်လည်း လေတွင်လွင့်နေသော အလံသုံးဆယ်၊ လေးဆယ်ကျော်ကို မြင်လိုက်ရသည်။ ဒါဟာ ထိုလူများ၏နောက်ခံ ဖြစ်လောက်၏။ ထိုအလံများတွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အလံဖြစ်သော ယန်ရန်သင်္ကေတကို ရစ်ပတ်ထားသော အဖြူရောင်ကြိုးကြာက အသိသာ အထင်ရှားဆုံးဖြစ်သည်။ အကြမ်းဖျင်းခန့်မှန်းချက်အရ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အရေအတွက်က တစ်ထောင်နီးပါး ရှိလောက်သည်။ ဝမ်ချောင်ကပင် ထိုအဖွဲ့အစည်းအတွင်း ကျွမ်းကျင်ပညာရှင် အများကြီးရှိကြောင်း မြင်နေသည်။ ထိုထဲမှ အရှိန်အဝါ ဆယ်ခုကဆိုလျှင်ပင် ဝမ်ချောင်ကိုပင် သတိကြီးကြီးထားစေရန် လုံလောက်နေသည်။
“ဟီး ဟီး အချို့အထီးကျန်သိုင်းပညာရှင်တွေ ဂိုဏ်းတပည့် ဂိုဏ်းသားတွေနဲ့ ကျဘမ်းအဖွဲ့အစည်းအချို့က လူတွေကတော့ ငြိမ်းချမ်းပြီး အဆင်ပြေပြေ ရှိနေတယ်လို့ ထင်ရလိမ့်မယ်။ ဒါပေမဲ့ ရက်အနည်းငယ်လောက် နေရင် ဘယ်သူတွေ ဘယ်လောက်သေကြမလဲဆိုတာကို ဘယ်သူကသိမှာလဲ”
ဝင်္ကပါအကြီးအကဲက အနောက်ဘက်မှ လျှောက်ထွက်လာရင်း ခပ်ဟဟရယ်ကာပြောသည်။ ဘေးလူတစ်ယောက်အနေနှင့် ဝင်္ကပါအကြီးအကဲသည် မီးတောက်ထဲ လောင်စာထည့်လိုစိတ်ရှိသည်။ ဝင်္ကပါအကြီးအကဲသည် သူ့ကိုယ်သူ သိုင်းပညာနယ်ပယ်မှ တစ်ဝက်ခန့်သာ သက်ဆိုင်သူဟု သတ်မှတ်ထားသူဖြစ်သည်။ ထို့ကြောင့် အခြားသောသူများက နာမည်ကိုကြားရုံနှင့် မျက်နှာဖြူဖျော့သွားစေလောက်သော မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့်ပင် အဆင်ပြေပြေ သွားလာနိုင်ခြင်းဖြစ်သည်။
“လူရမ်းကားအိုကြီး ဒီအကြောင်းကို မပြောနဲ့ဦး။ အရေးကြီးတဲ့ကိစ္စကို ဆွေးနွေးရမယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရုတ်တရက်ပြောသည်။
“ဟွန်း”
ဝင်္ကပါအကြီးအကဲက ရယ်သည်။ သို့သော် ဆက်လက်ပြီး မငြင်းတော့ချေ။ သူသည် ရှေ့သို့ထွက်သွားရင်း အနီးအနားရှိ ကျောက်သားတစ်ခုကို ကောက်ယူလိုက်ကာ မြေပြင်သို့ ပစ်ထည့်လိုက်သည်။
ဝုန်း
တစ်လောကလုံးက စတင်ကာ လှုပ်ခတ်သွားရင်း လေထုကပင် အားလှိုင်းများထလာလျှက် ယခင်တစ်ခေါက်ကထက် ပို၍ကြီးမားသော ဝင်္ကပါကြီးက ပေါ်လာသည်။ ဒီကျောက်တုံးဝင်္ကပါကြီးသည် အလယ်အလတ် အရွယ်အစားခန့်ရှိမည့် ကျောက်တုံးအိမ်ကြီးနှင့်တူသည်။ ဝင်္ကပါအကြီးအကဲက မြေပြင်တွင် စောင်ခင်းလိုက်ပြီး စားပွဲများ၊ ကုလားထိုင်များကို ခပ်မြန်မြန် ချလိုက်သည်။ ပို၍အရေးကြီးသည်မှာ ဝင်္ကပါအကြီးအကဲက စားစရာများကိုလည်း ပြင်ဆင်ထားသေးသည်။ ပြောင်းဖူးမုန့်ခြောက်များ၊ အသားများ၊ သစ်သီးများနှင့် ဝိုင်ပင်ရှိသေးသည်။ ထို့ကြောင့် သက်တောင့်သက်သာရှိရှိ နေနိုင်သော စခန်းတစ်ခုဟု ဆိုရပေမည်။
“လူရမ်းကားအိုကြီး မင်းက တော်တော်လေး အားစိုက်ထုတ်ထားတာပဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ မျက်လုံးကပင် လင်းလက်သွားသည်။ ဝင်္ကပါအကြီးအကဲ၏ အနုစိတ်ကျကျ ပြင်ဆင်ထားမှုများနှင့် ရိက္ခာများကြောင့် သူတို့သည် ဒီနေရာတွင် နှစ်လ၊ သုံးလခန့်တောင် နေနိုင်သည်။
သူတို့အဖွဲ့က နေရာကို ခပ်မြန်မြန် ရှင်းလင်းလိုက်ကြသည်။
ခရီးပန်းလာသောကြောင့် ဗိုက်အနည်းငယ် ဆာနေသဖြင့် သူတို့သည် ရိက္ခာခြောက်အချို့ကိုစားပြီး သစ်သီးများကိုစားလျှက် အားဖြည့်လိုက်ကြသည်။
စားသောက်ပြီးနောက်တွင် အဓိကလိုရင်းကို စတင်ကာ ဆွေးနွေးကြသည်။
ဝမ်ချောင်က ရေအိတ်ထဲမှရေကို တစ်ငုံသောက်ပြီးနောက် သူ၏သံသယကို ထုတ်ပြောသည်။
“ဆရာ ဒီအဆင့်လွန်နဲ့ အဆုံးအစမဲ့ မူလအမရမြေပုံက တကယ်ပဲမှန်လို့လား။ ဒီနေရာ မြေပုံကို လွန်ခဲ့တဲ့ နှစ်တွေအတောအတွင်း လူတွေအများကြီးက ရှာတွေ့ထားတာ။ ဒါပေမဲ့ ဘယ်သူကမှ ရတနာကို မရှာနိုင်ခဲ့ဘူး။ ဒီနေရာဆိုတာမှန်ရဲ့လား”
ဝမ်ချောင်ကလည်း ဆရာဖြစ်သူကို သူပေးထားခဲ့သည့် ရတနာမြေပုံဟာ မှန်ကန်ကြောင်း သိနေသည့်တိုင်အောင် မြေပုံကို ပိုင်ဆိုင်ထားခြင်းက လျို့ဝှက်ချက်များကို ဖော်ထုတ်ခြင်းနှင့် ခြားနားသည်။ ယခုအခါတွင် ဝမ်ချောင်ကိုယ်တိုင်ကပင် ဒီနေရာဟာ ရတနာမြေပုံမှ ညွှန်ပြထားသော နေရာဟုတ်မဟုတ် မသေချာပေ။
“ဟား ဟား ကောင်လေး မင်းမသိပါဘူး။ အဆင့်လွန်နဲ့ အဆုံးအစမဲ့ မူလအမရသိုင်းထဲမှာပါတဲ့ အဆုံးအစမဲ့ဆိုတာ ဘာကိုပြောတာလဲ။ အဆုံးအစမဲ့ဆိုတာက စကြာဝဠာကြီးကိုပြောတာ”
ဝင်္ကပါအကြီးအကဲက ဝိုင်များစိုနေသော မုတ်ဆိတ်ကိုတစ်ချက်ပွတ်ရင်း စတင်ကာပြောပြသည်။
“ဒီနယ်မြေကိုကြည့်လိုက် အနောက်ဘက်ခြမ်းကို ရောက်သွားရင် မော့ဟယ်ရန် ကန္တာရရှိတယ်။ သဲတွေပြည့်နေတာပဲ။ လေကလည်းထူသေးတယ်။ အပူလှိုင်းတွေကလည်း ဖြတ်တိုက်နေသေးတယ်။ ဒီတော့ ယန်ကိုကိုယ်စားပြုတယ်။ ဒီမှာအရှေ့ဘက် အဲ့ဒီမှာ စိမ်းလန်းတဲ့တောင်တန်းတွေ၊ အေးမြတဲ့ရာသီဥတုနဲ့ ပြည့်နှက်နေတာ မဟုတ်လား။ ဒါကြောင့် ဖုန်းရွှေအရကြည့်မယ်ဆိုရင် ဒါက ယင်သို့ သတ်မှတ်လို့ရတယ်။ ဒီတော့ ဒီအရည်အသွေးတွေအရ မူလအမရသိုင်းရဲ့ အဆုံးအစမဲ့နဲ့ လိုက်ဖက်ညီနေတယ်။ မြေမျက်နှာသွင်ပြင် အနေအထားအရ ပိုသေးတဲ့ယင်ရန် ပုံစံခွက်လိုပဲ။ ပိုကြီးတဲ့ ယင်ရန်ပုံစံခွက်အတွက်ကတော့ အရှေ့ဘက်က မြင့်တက်လာတဲ့နေမင်းနဲ့ အနောက်ဘက်က ဝင်သွားတဲ့နေမင်းပေါ့။ ဒီလိုနဲ့ ယင်ရန်က အသီးသီးဖြစ်ပေါ်လာတာပဲ”
“အသေးယင်ရန်နဲ့ အကြီးယင်ရန်တို့က ဒီလိုသဘာဝမြေမျက်နှာသွင်ပြင် အနေအထားကြောင့် ယင်ရန်နဲ့ လုံးဝကို လိုက်ဖက်ညီနေတယ်။ နောက်ပြီး ငါတို့က စကြာဝဠာရဲ့ အစစ်အမှန် ပုံစံခွက်ကိုလည်း ပိုင်ဆိုင်ထားတယ်။ ပိုပြီးအရေးကြီးတာက မင်းသာ ဂရုစိုက်ကြည့်မယ်ဆိုရင် ကန္တာရနဲ့ တောင်ကုန်းစိမ်းတွေအကြားက နေရာကို စစ်ဆေးကြည့်လိုက်မယ်ဆိုရင် ယင်နဲ့ရန်အကြားက စပ်ကြောင်းနဲ့ တစ်ထေရာတည်းတူနေတာကို ရှာတွေ့လိမ့်မယ်”
ထိုအကြီးအကဲက ထိုသို့ပြောနေချိန်တွင် သူသည် မြေပြင်တွင် s သင်္ကေတကို ရေးဆွဲလိုက်သည်။
“ဒီလိုစကြာဝဠာ ပုံစံခွက်ကြီးက မူလအမရသိုင်းက လျစ်လျူရှု့လို့ မရတဲ့ကိစ္စပဲ။ နောက်ပြီး ရတနာမြေပုံကလည်း ဒီမြေနဲ့ ပတ်သတ်နေသေးတယ်။ ဒါကြောင့် အဆင့်လွန်နဲ့ အဆုံးအစမဲ့ မူလအမရသိုင်းကို ဒီနေရာကို မြုပ်ထားတာပဲဖြစ်မယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေရာက အရင်ကနေရာတစ်ခု ဖြစ်နေလို့ ဘာတွေမြုပ်ထားသလဲဆိုတာကို သေချာမသိနိုင်ဘူး”
ဝမ်ချောင်ကပင် ကြောင်သွားသည်။ ဝင်္ကပါအကြီးအကဲက ဝင်္ကပါတွင် ကျွမ်းကျင်ရုံသာ မကသေးလေဘဲ ဖုန်းရွှေနှင့် မြေမျက်နှာသွင်ပြင် အနေအထားကိုလည်း နားလည်ပုံရသည်။ ယင်ရန်အသေးနှင့် ယင်ရန်အကြီး၊ စကြာဝဠာ ပုံစံခွက် စသဖြင့်တို့ကို အသေးစိတ် ဂရုစိုက်ကြည့်ကြည့်မည်ဆိုပါက ဝင်္ကပါအကြီးအကဲပြောသော အခြေအနေမျိုးနှင့် ကိုက်ညီနေမည်ဖြစ်ကြောင်း သိရမည်ဖြစ်သည်။
“ဒီသဘာဝစကြာဝဠာ ပုံစံခွက်က ဝိညာဉ်စွမ်းအင်တွေ အရမ်းပေါများနေသေးတယ်။ ဒါကြောင့် ဒီနေရာမျိုးမှာ ကျင့်ကြံတဲ့အခါ ကျင့်ကြံခြင်းအဆင့် တိုးတက်တာက မြန်ဆန်တယ်။ ဒါပေမဲ့ သေချာအာရုံခံကြည့်။ လေထဲမှာ ဝိညာဉ်စွမ်းအင်တွေတောင် မရှိတာကို သိရလိမ့်မယ်။ ငါထင်တာ မှန်မယ်ဆိုရင် တစ်စုံတစ်ယောက်က အထူးလက်နက်တစ်ခုကိုသုံးပြီး ဒီစွမ်းအင်တွေကို အခြားတစ်နေရာမှာ အသုံးပြုဖို့ ဆွဲဆောင်သွားတာပဲ။ ငါ့အထင် တော်တော်လေးကို အင်အားကြီးမားတဲ့ ဖုံးကွယ်ခြင်းဝင်္ကပါတစ်ခုတောင် ရှိနေလောက်တယ်။ ဒါကြောင့် အဆင့်လွန်နဲ့ အဆုံးအစမဲ့ မူလအမရဝင်္ကပါ ရှိနေတာဖြစ်ရမယ်”
ဝင်္ကပါအကြီးအကဲက ထိုသို့အခိုင်အမာ ကြေညာသည်။
ဝမ်ချောင်ကပင် တိတ်ဆိတ်သွားသည်။ သူသည် အနောက်မြောက်ပိုင်းသို့ လာရောက်သည့်ခရီးကို ဆရာဖြစ်သူက အတင်းခေါ်ဆောင်လာမှုကြောင့် လိုက်လာခဲ့ရခြင်းဖြစ်သော်လည်း သူ့အနေဖြင့် အဆင့်လွန်နှင့် အဆုံးအစမဲ့ မူလအမရသိုင်း ဒီနေရာမှာ အမှန်တကယ် ရှိမရှိ သံသယဝင်နေခဲ့ပြီးသားဖြစ်သည်။ သို့ရာတွင် ဝင်္ကပါအကြီးအကဲ၏ ရှင်းပြချက်ကို ကြားယောင်ပြီးနောက် သူသည်ပင် ယုံကြည်သွားမိသည်။
ဝင်္ကပါအကြီးအကဲက အင်အားကြီးမားလွန်းသော သိုင်းပညာရှင်တစ်ယောက် ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။ သူသည် ရတနာမြေပုံနှင့် ပတ်သတ်သမျှ အရာအားလုံးကို နားလည်နိုင်ချင်မှ နားလည်ပေလိမ့်မည်။ သို့သော် ဝင်္ကပါနှင့် မြေမျက်နှာသွင်ပြင်နှင့် ပတ်သတ်လာသော် သူသည် ယုံကြည်အားကိုးထိုက်သေးသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရုတ်တရက်ပြောသည်။
“ချောင်အာ ငါဝူရှန်းရွာသူကြီးနဲ့ စကားပြောကြည့်ပြီးပြီ။ ငါတို့နောက်ဆုံးတစ်ခေါက် လာခဲ့တဲ့အချိန်မှာ ငါတို့ မစုံစမ်းနိုင်ခဲ့တဲ့ တစ်နေရာရှိတယ်။ အဲ့ဒီနေရာမှာ ထူးဆန်းတဲ့ဝင်္ကပါတစ်မျိုးရှိတယ်။ ဒါကြောင့် စီနီယာကျိုးကပဲ လျို့ဝှက်ချက်တွေကိုသိမှာ။ ငါတို့ ဒီဝင်္ကပါကို အရင်စုံစမ်းပြီးမှ အခြေအနေကို သိရမှာပဲ။ ခဏနေရင် ငါက စီနီယာကျိုးရဲ့ ကာကွယ်စောင့်ရှောက်သူအဖြစ်လုပ်ပြီး အဲ့ဒီနေရာကိုသွားပြီး စုံစမ်းစစ်ဆေးကြည့်လိုက်မယ်။ အဲ့ဒီနောက် ပြန်လာပြီးမှပဲ အခြေအနေတွေ အားလုံးကို ဆွေးနွေးလို့ ဘာဆက်လုပ်ရမလဲဆိုတာကို ဆုံးဖြတ်ကြတာပေါ့”
အခန်း(၁၃၃၈)
ဂိုဏ်းတစ်ခု၏ လိုက်ပါဖမ်းဆီးမှုကို ခံရခြင်း
“ဆရာ့ရဲ့တပည့်က နားလည်ပါပြီ။ ဆရာပြောတဲ့အတိုင်း လုပ်ဆောင်ပါ့မယ်”
ဝမ်ချောင်က ထိုသို့ပြောလိုက်သည်။ သူသည် ထိုကိစ္စကို သိပ်ဂရုမစိုက်ချေ။
သူသည် ဒီနယ်မြေသို့ ယခင်ကလည်း မရောက်ခဲ့ဖူးချေ။ ထို့ကြောင့် သဘာဝအလျောက်ပင် ရင်းနှီးလိမ့်မည် မဟုတ်ချေ။ အနှစ်ချုပ်ဆိုရသော် ဆရာနှင့် ဝူရှန်းရွာသူကြီးတို့က ဒီနေရာသို့ ကြိမ်ဖန်များစွာ လာခဲ့ဖူးသည်။ ထို့ကြောင့် ဒီနယ်မြေနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေလောက်သည်။ ယခုအခါ မတူညီသော အဖွဲ့အစည်းပေါင်းများစွာက ရှိနေကြသောကြောင့် မိုက်ရူးရဲဆန်စွာ ပြုမူခြင်းက မသင့်လျော်ပါပေ။
“အွန်း”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ခေါင်းညိမ့်လိုက်ပြီး ဝူရှန်းရွာသူကြီးဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
“ရွာသူကြီး ချောင်အာရဲ့ဒဏ်ရာတွေက သက်သာသေးတာမဟုတ်ဘူး။ နာရီနှစ်ဆယ် ကြာချိန်တိုင်းလိုလို ပြန်ထကြွလာသေးတယ်။ ခဏနေရင် မင်းသူ့ကို စောင့်ကြည့်ပေးဖို့ ဝင်္ကပါထဲမှာနေခဲ့။ ဒဏ်ရာပြထလာတဲ့အခါ သူ့ကိုကူညီပြီး ကစဉ့်ကလျားဖြစ်နေတဲ့ ကြယ်တာရာစွမ်းအင်တွေကို ဖိနှိပ်ပေးလိုက်ပါ”
ဝူရှန်းရွာသူကြီးက ဘာစကားမှမပြောဘဲ ခေါင်းကိုသာ အသာညိမ့်သည်။
ထိုအခါမှသာ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က စိတ်အေးစွာနှင့် သက်ပြင်းချနိုင်သည်။ သူသည် ဝင်္ကပါအကြီးအကဲနှင့် နှစ်ယောက်တည်းသီးသန့် သွားရသည့် အကြောင်းပြချက် အများကြီးရှိသည်။ အရေးကြီးဆုံးအချက်ကမူ သူ၏တပည့်ဖြစ်သူကို စိတ်မပျက်စေ၍ဖြစ်သည်။
ဝမ်ချောင်၏ဒဏ်ရာများက ပို၍တည်ငြိမ်လာသည်။ ထို့ကြောင့် သူသည် မည်သည့်အဓိက ပြဿနာများပင် မရှိဘဲ တစ်နာရီလုံးလုံး တိုက်ခိုက်နိုင်လာပြီဖြစ်သည်။ သို့သော် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ ကျင့်ကြံခြင်းသွေဖယ်မှုဆိုသည့် သိုင်းဖောက်ပြန်ခြင်းက အလွယ်တကူ ကိုင်တွယ်၍ မရနိုင်ပေ။ ဝမ်ချောင်သည် ပို၍သတိထားပြီး ကြယ်တာရာစွမ်းအင်များကို မိုက်ရူးရဲဆန်စွာ အသုံးမပြုသည့်တိုင်အောင် သူသည် နာရီနှစ်ဆယ်တိုင်းလိုလို ကြယ်တာရာစွမ်းအင်များ၏ ထကြွသောင်းကျန်းမှုကို ခံရဆဲဖြစ်သည်။ ထိုသို့ဖြစ်ပေါ်လာချိန်တိုင်းလိုလို အရိုးကိုဖြတ်တောက်မတက် ပြင်းထန်လွန်းသည့် နာကျင်မှုကိုလည်း ခံစားရ၏။ သူကသာ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အင်အားကြီးမားသည့် ရန်သူနှင့် ရင်ဆိုင်ရပါက ထိုပြစ်ချက်က သေစေနိုင်လောက်သည်။
ထိုအတွက်ကြောင့်လည်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဝူရှန်းရွာသူကြီးကို ကျန်နေရစ်ခိုင်းခဲ့ခြင်းဖြစ်သည်။
စွစ် စွစ်
တခဏခန့်ကြာပြီးနောက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝင်္ကပါအကြီးအကဲတို့က ထွက်သွားသည်။ သူတို့က ဝင်္ကပါထဲမှ ထွက်ခွာသွားပြီး တောင်ထိပ်မှ ပျောက်ကွယ်သွားချိန်တွင် သူတို့၏ဝတ်ရုံက လေတွင်လွင့်လျှက် ပျောက်ကွယ်သွားသည်။ ဝမ်ချောင်ကလည်း ထွက်ခွာသွားပြီး သူတို့ကို တစ်ချက်ကြည့်ပြီးနောက် မြေပြင်ရှိ တစ်နေရာသို့ ကျောက်တုံးတစ်တုံးကို ပစ်ထည့်လိုက်သည်။
ဝုန်းကနဲမြည်သံနှင့်အတူ လောကကြီးတစ်ခုလုံးက တဖန်ပြန်လည် အသက်ဝင်သွားပြီး ဝမ်ချောင်မှစတင်၍ ပတ်ဝန်းကျင်ရှိ အရာအားလုံး၏ သဲလွန်စများကို ဖျောက်ဖျက်ပစ်လိုက်သည်။
ဝှစ်
ကျောက်တုံးဝင်္ကပါအတွင်းတွင် ပုန်းအောင်း၍ နေပြီးသည်နှင့် ဝမ်ချောင်က မြေပြင်တွင် တင်ပြင်ခွေထိုင်လိုက်ကာ စတင်ကာ ကျင့်ကြံသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ မတူညီသော ကြယ်တာရာစွမ်းအင်ပေါင်း များစွာက ခန္ဓာကိုယ်အနှံ့ တဖြည်းဖြည်းချင်းစီ စတင်စီးဆင်းရင်း အမျိုးမျိုးသော အကြောအမှတ်များကို ကျော်ဖြတ်လေသည်။
ဝမ်ချောင်အတွက် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကြောင့် ဖြစ်သော ဒဏ်ရာများကို ဖိနှိပ်ရခြင်းသည် အလွန်အမင်း အရေးကြီးသည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်ထဲမှ မတူညီသော အမျိုးအစား တစ်ထောင်နီးပါးခန့်ရှိသော ကြယ်တာရာစွမ်းအင်များကိုလည်း နှစ်သိမ့်ပေးနေရသလိုမျိုး ဖိနှိပ်ပေးနေရလေသည်။
အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ကျောက်တုံးဝင်္ကပါအတွင်းရှိ အရာအားလုံးက တိတ်ဆိတ် ငြိမ်သက်နေခဲ့၏။ ဝမ်ချောင်က မြေပြင်တွင် တင်ပြင်ချိတ်ထိုင်လျှက် ဆက်လက်ကျင့်ကြံနေချိန်တွင် ဝူရှန်းရွာသူကြီးက ဘေးဘက်ခြမ်းတွင်ထိုင်ရင်း သူ့ကို ကာကွယ်ပေးနေသည်။ နောက်ထပ် လေးနာရီနီးပါး ကြာသွားခဲ့၏။
...
ဝူရှန်းရွာသူကြီးက ကောင်းကင်ကို တစ်ချက်ကြည့်သည်။ ထို့နောက် ရေရွတ်၏။
အချိန်ကျနေပြီ။
တခဏခန့်ကြာပြီးနောက် သူသည် ညဉ်းညူသံကိုကြားလိုက်ရသည်။
ခေါင်းကိုလှည့်ကြည့်လိုက်သောအခါ နာကျင်မှုအပြည့်နှင့် တင်းမာသောမျက်နှာထားနှင့် လှုပ်ရှားမှုကင်းမဲ့နေသေးသော ဝမ်ချောင်ကို မြင်လိုက်ရသည်။ တစ်ဖက်သူ၏ အသားအရောင်ဟာ ဖြူဖျော့နေပြီဖြစ်သည်။ ပို၍ဆိုးသည်မှာ သူ၏နဖူးမှ ချွေးစေးများ ဆက်တိုက်စီးကျနေပြီဖြစ်သည်။
စွစ်
ထိုအချိန်တွင် ဝမ်ချောင်၏ ပေါ်နေသော လည်ပင်းပေါ်တွင်ရှိသည့် သွေးကြောများထဲမှ တစ်ခုထံမှ ခပ်တိုးတိုး အသံတစ်ရပ်ကို ကြားလိုက်ရသည်။ ထို့နောက် ထိုသွေးကြောကြီးဟာ ရုတ်တရက် ဖောင်းတက်လာပြီး အသက်ဝင်နေသလိုမျိုး စတင်ကာ တွန့်လိမ်လာသည်။ ထိုသို့ဖောင်းတက်လာမှုသည် ဝမ်ချောင်၏ ခန္ဓာကိုယ် တောက်လျှောက်အနှံ့ ပျံ့နှံ့သွားရင်း အလွန်အမင်း ကြောင်တောင်တောင်နိုင်သည့် မြင်ကွင်းမျိုးက ပေါ်လာသည်။
“ကြယ်တာရာစွမ်းအင်တွေ ထဖောက်လာပြီ”
ဝူရှန်းရွာသူကြီးကလည်း ထိုအခြေအနေကို ကြည့်ရုံဖြင့် ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်များဟာ ဝရုန်းသုန်းကား အခြေအနေသို့ ဝင်ရောက်နေပြီဖြစ်ကြောင်း အကင်းပါးစွာ နားလည်သွားသည်။ တစ်ခုသော နှောက်ယှက်မှုကြောင့် ဝမ်ချောင်က ဆက်တိုက်ဖိနှိပ်ထားသော အမျိုးမျိုးသော ကြယ်တာရာစွမ်းအင်များ အားလုံးက တစ်နေရာထဲတွင် စုစည်းလျှက် ထကြွသောင်းကျန်းလာခြင်းဖြစ်သည်။ ထိုအတွေ့အကြုံဟာ အလွန်အမင်း နာကျင်စေသည်။ ထိုကာလအတောအတွင်းတွင် ဝမ်ချောင်သည် ခုခံနိုင်သော စွမ်းအင်ဟာ အလွန်အမင်း နည်းပါးသွားတတ်သည်။
ဘန်း
ဝူရှန်းရွာသူကြီးက ချက်ချင်းဆိုသလို လက်ဝါးတစ်ချက်ကိုထုတ်လျှက် ဝမ်ချောင်၏ကျောဘက်သို့ ဖိလိုက်ရင်း တည်ငြိမ်သော်လည်း နူးညံ့သည့် ကြယ်တာရာစွမ်းအင်များကို တစ်ဖက်သူ၏ အတွင်းသို့ ဝင်သွားစေလိုက်သည်။ ထိုသို့ကျယ်ပြောများပြားသော စွမ်းအင်များက လမ်းကြောင်းတစ်ခု ချခင်းပေးလျှက် ဝမ်ချောင်၏ ဝရုန်းသုန်းကားဖြစ်နေသော ကြယ်တာရာစွမ်းအင်များကို ချောမွေ့စွာဖြင့် ထိုးဖောက်ကာ လမ်းညွှန်ပေးလေသည်။
ဝှစ်
ဝမ်ချောင်၏မျက်နှာက ဖြူဖျော့သထက် ဖြူဖျော့လာသည်။ သူ၏အသက်ရှုနှုန်းကလည်း လျှင်မြန်စွာနှင့် ဖျော့တော့ကာ နွမ်းလျလာ၏။ ရှင်းလင်းစွာပင် ထိုကြယ်တာရာစွမ်းအင်များ၏ ထကြွသောင်းကျန်းမှုဟာ အရေးပါသော အခိုက်အတန့်သို့ပင် ရောက်ရှိနေသေးသည်။ ဝူရှန်းရွာသူကြီးက မျက်မှောင်ကျုံ့ရင်း ကြယ်တာရာစွမ်းအင်များကို ပိုထည့်လိုက်သည်။ ထိုသို့ဖြင့် စွမ်းအင်များကို သူ၏ခေါင်းထိပ်မှ အဖြူရောင် မီးခိုးငွေ့များပင် ပြန်လည်ထွက်သွားစေသည်အထိ စွမ်းအင်များကို တုတ်ဆွဲထားရသည်။
အချိန်ကြာလာသောအခါ ဝူရှန်းရွာသူကြီး၏ မျက်နှာတွင်ပင် ချွေးများစထွက်လာသည်။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းသည် သိုင်းဆယ်မျိုးထဲမှ တစ်မျိုးဖြစ်သည့်အလျောက် သူ၏ထကြွသောင်းကျန်းမှုသည် ဖော်ပြရန်ခက်ခဲလောက်အောင် သောင်းကျန်းလေသည်။ ဝူရှန်းရွာသူကြီးကဲ့သို့ လူမျိုးကပင် စွမ်းအင်အမြောက်အများ ကုန်လွန်သွားလေသည်။
(၁၅)မိနစ်နီးပါးခန့် ကြာပြီးနောက် ဝမ်ချောင်၏ အသက်ရှုသံဟာ တဖြည်းဖြည်းချင်းစီ တည်ငြိမ်လာသည်။ ဝူရှန်းရွာသူကြီးက သက်ပြင်းများကို ရှိုက်ထုတ်လိုက်ရင်း တဖြည်းဖြည်းချင်းစီ လက်ဝါးကိုပြန်ရုတ်သည်။ ဝမ်ချောင်က ဝူရှန်းရွာသူကြီး၏ အကူအညီနှင့်အတူ အကြမ်းတမ်းဆုံး အပိုင်းကို ကျော်ဖြတ်နိုင်ခဲ့သည့်အတွက် ကျန်သောအပိုင်းများကို ကိုင်တွယ်နိုင်သွားပြီဖြစ်သည်။
ကျောက်တုံးဝင်္ကပါက နောက်ဆုံးတွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ အချိန်တစ်ခုကြာပြီးနောက်...
“ရွာလူကြီး ကျေးဇူးအများကြီးတင်ပါတယ်”
ဝမ်ချောင်က မျက်လုံးကို တဖြည်းဖြည်းချင်းစီဖွင့်လျှက် ပြောလိုက်သည်။
ဝူရှန်းရွာသူကြီးက အသာပြုံးရင်း ခေါင်းကိုခါသည်။
“မင်းအနေနဲ့ ကျော်ဖြတ်နိုင်ခဲ့တာကတင် လုံလောက်ပါပြီ။ ဒီအတိုင်းက အန္တရာယ်များလွန်းတယ်။ မင်းအနေနဲ့ အခြားသူတွေနဲ့ တိုက်ခိုက်တာမျိုးကို ရှောင်ရှားနိုင်ရင် အကောင်းဆုံးပဲ။ ဒါ့အပြင် ငါမင်းကို ပြောချင်တာရှိသေးတယ်”
ဝူရှန်းရွာသူကြီးက ထိုသို့ပြောရင်း အပေါ်သို့တစ်ချက်ကြည့်ကာ မျက်လုံးအတွင်း စိုးရိမ်မှုများက ပေါ်ထွက်လာသည်။
“တစ်ခုခုတော့မှားနေပြီ။ မင်းရဲ့ဆရာနဲ့ ဝင်္ကပါအကြီးအကဲတွေက သူတို့ရဲ့ခရီးမှာ အများဆုံး ခြောက်နာရီပဲ လိုအပ်တယ်လို့ ပြောသွားတာ။ ဒါပေမဲ့အခု လေးနာရီတောင် နောက်ကျနေပြီ။ မင်းရဲ့ဆရာက အမြဲတမ်း အချိန်တိကျတဲ့သူပဲ။ ဒီတော့ ဘယ်လိုမျိုးနဲ့လောက်မှ နောက်မကျလောက်ဘူး။ ဒါကြောင့်ငါ တစ်ချက်သွားပြီး စုံစမ်းကြည့်ချင်တယ်”
“ငါလည်းလိုက်ခဲ့မယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားလည်းလမ်းမှာ ပူးပေါင်းဖို့ လူလိုအပ်မှာပဲ”
ဝမ်ချောင်က ချက်ချင်းလိုလို ထရပ်လိုက်သည်။ ဝမ်ချောင်ကိုယ်တိုင်လည်း ဆရာဖြစ်သူက နောက်ကျလွန်းနေသည့်အတွက် ထူးဆန်းသည်ဟု ခံစားရသည်။
“မလိုဘူး”
ဝူရှန်းရွာသူကြီးက ခေါင်းခါသည်။
“မင်းအနေနဲ့ ဒဏ်ရာတွေကနေ သက်သာသေးတာတောင် မဟုတ်ဘူး။ မင်းရဲ့ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက သောင်းကျန်းပြီးကာစပဲ ရှိသေးတာ။ ဒီတော့ မင်းအနေနဲ့ တိုက်ပွဲထဲ ဝင်ရောက်နိုင်ဦးမှာမဟုတ်ဘူး။ ဒါ့အပြင် ငါတစ်ယောက်တည်းသွားရင် တစ်ခုခုဖြစ်လာတဲ့အခါ ငါတစ်ယောက်တည်း ဖြတ်ဖြတ်လတ်လတ် လှုပ်ရှားနိုင်လိမ့်မယ်”
သူက ထည့်ပြောထားသော အကြောင်းအရာတစ်ခုလည်း ရှိနေသေးသည်။ သူနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့ အစိုးရိမ်ဆုံးက လျို့ဝှက်ဆန်းကြယ်ပြီး ပြိုင်ဘက်ကင်းသလိုမျိုး ထင်ရသည့် အနက်ရောင်ဝတ်စုံနှင့် လူများဖြစ်သည်။ ဝမ်ချောင်က အပြင်ဘက်တွင်ရှိနေသော မိနစ်တိုင်းလိုလို တိုက်ခိုက်မှုအောက်တွင် ရှိနေတတ်သည်။ ဝင်္ကပါအတွင်းတွင်သာဆိုလျှင် သူ၏အရှိန်အဝါကို ဖုံးကွယ်ထားပြီးသား ဖြစ်သည့်အလျောက် စားစရာနှင့် ရေကလည်း အပြည့်ရှိနေလေရာ ဒီနေရာဟာ သူ့အတွက် အများကြီးလုံခြုံလေသည်။
“ဒါက”
တခဏခန့်တုန့်ဆိုင်းနေပြီးနောက် ဝမ်ချောင်ဟာ နောက်ဆုံးတွင် ခေါင်းညိမ့်လိုက်သည်။
“ဒါဆိုရင် စီနီယာပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်”
ဝမ်ချောင်ကလည်း သူသည် အခြားသောသူများနှင့် တိုက်ခိုက်နိုင်သည့် အခြေအနေ မရှိကြောင်း နားလည်လေသည်။
“ဒါဆိုရင် မင်းဒီမှာစောင့်နေ။ ငါမင်းရဲ့ဆရာကို ခေါ်ပြီးပြန်လာခဲ့မယ်”
ဝူရှန်းရွာသူကြီးက ဝင်္ကပါကိုဖွင့်လျှက် တောင်ထဲမှထွက်သွားသည်။
သူသည် ဆက်နေရမည်ဆိုကတည်းက ကိုယ့်ကိုယ်ကို သက်တောင့်သက်သာရှိအောင် နေသင့်သည်။ ထို့ကြောင့် အနည်းငယ် တွေးတောလိုက်ပြီး ဝမ်ချောင်က နောက်သို့ပြန်လှည့်လျှက် ခွန်အားများကို အမြန်ဆုံးပြန်ပြည့်ရန် ကျင့်ကြံနေလိုက်သည်။
ကောင်းကင်က မှောင်လာပြီဖြစ်သည်။ သို့သော် ဝူရှန်းရွာသူကြီးပင်ဖြစ်စေ၊ သူ၏ဆရာပင်ဖြစ်စေ ပြန်လည်မည့် အရိပ်အယောင် မပြသေးသောကြောင့် ဝမ်ချောင်က စိုးရိမ်လာသည်။
“သူတို့ဘယ်နေရာကို သွားတာလဲ။ သူတို့ဆီက သတင်းလည်းမရဘူး။ နှမြောစရာကောင်းတာက ငါက ဒီနယ်မြေနဲ့ မကျွမ်းကျင်ဘူး”
“ရား”
ဝမ်ချောင်က အပြင်သို့ထွက်ရန် ပြင်ဆင်နေသည့် အခိုက်အတန့်တွင် ရုတ်တရက် အမျိုးသမီးတစ်ယောက်၏ စူးရှသော အော်သံကို ကြားလိုက်ရသည်။ ဝမ်ချောင်က ခေါင်းလှည့်လိုက်သောအခါ အသက်(၁၈)နှစ်၊ (၁၉)နှစ်အရွယ်ရှိမည့် အဖြူရောင်ကို ဝတ်ဆင်ထားသော ကောင်မလေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူမ၏လက်က ဓားတစ်ချောင်းကို ကိုင်ထားရင်း ဆံပင်များကလည်း လေတွင်လွင့်နေသည်။ သူမက တောင်ထိပ်ပေါ်သို့ တောက်လျှောက် အပြေးတက်လာ၏။ သူမ၏နောက်တွင် ဆိုးယုတ်သော မျက်နှာထားများနှင့် လူအချို့က လိုက်လာသည်။
“စုန့်ယို့ရန် မင်းမလွတ်ပါဘူး”
ထိုဆိုးယုတ်သော အမျိုးသားများက စီးဆင်းနေသော ရေကဲ့သို့ ချောမွေ့စွာ လှုပ်ရှားကြသည်။ ဝမ်ချောင်က လောက၏ ထိပ်တန်း ကျွမ်းကျင်ပညာရှင်များထဲမှ တစ်ယောက်ဖြစ်ဖူးသလို အမျိုးမျိုးသော သိုင်းပညာများကိုလည်း သင်ခဲ့ဖူးသည်။ ထို့ကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် အကင်းပါးစွာနှင့် နားလည်နိုင်သည်။ ယခုကဲ့သို့ ခန္ဓာကိုယ်ကို ပေါ့ပါးစေသော သိုင်းမျိုးက စစ်တပ်အတွင်းသာဆိုလျှင် အဆင်ပြေပေလိမ့်မည်။ သို့သော် မည်သည့်စစ်သားကမှ ထိုလူများလောက် ချောမွေ့စွာ အသုံးမပြုနိုင်လောက်ချေ။
အချို့သော အကြောင်းပြချက်များနှင့် ထိုလူများက တိုက်ခိုက်သောအခါ သူတို့၏ကိုယ်မှ ဆိုးယုတ်ပြီး ကောက်ကျစ်သော အရှိန်အဝါမျိုးက ထွက်နေသည်။
မိစ္ဆာလမ်းကို လျှောက်တဲ့လူတွေ
ဝမ်ချောင်က ရုတ်တရက် နားလည်သွားသည်။
“မင်းတို့ကောင်တွေ ဘယ်ဘက်ခြမ်းကိုသွား မင်းတု့ိက ညာဘက်ကလိုက်။ လူခွဲပြီးလိုက်ကြ ဘယ်လိုနည်းနဲ့မဆို ငါတို့တွေ ဒီကောင်မကို ထွက်ပြေးခွင့်ပြုလို့မရဘူး”
လှပသော အမျိုးသမီးငယ်လေးက တောင်ထိပ်ပေါ်သို့ ပြေးတက်လာသည့် အနောက်တွင် အဆင့်အတန်းမြင့်ပုံရသော အေးစက်သောမျက်နှာထားနှင့် လူငယ်တစ်ယောက်ကလည်း ချက်ချင်းလိုလို ခုန်တက်လာသည်။ သူသည် သူ၏လူငါးယောက်ကို လူစုခွဲစေလျှက် ကောင်မလေးကို ဖမ်းစေသည်။
ကလင် ကလင် ကလင် ချွင် ချွင်
တခဏခန့်ကြာပြီးနောက် ကောင်မလေးက ဖမ်းမိသွားသည်။ မိစ္ဆာလမ်းကိုလျှောက်သော တပည့်ဂိုဏ်းသားများက အချင်းချင်း ချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်လျှက် သူမ၏ ဆုတ်လမ်းတိုင်းကို ဖြတ်တောက်ထားရင်း တောင်ထိပ်ပေါ်သို့သာ တက်စေသည်။
အဖြူရောင်ဝတ်စုံနှင့် ကောင်မလေးက ဖော်ပြရန်ခက်ခဲလောက်အောင် ကျွမ်းကျင်သော အရှိန်နှုန်းဖြင့် သုံးပေရှည်သည့်ဓားကို ကိုင်ဆွဲထားသည်။ သို့တိုင်အောင် မြောက်များလှစွာသော ရန်သူများ၏ တိုက်ကွက်များကို တားနိုင်ရုံသာ တက်နိုင်လေသည်။ သူမသည် အဘက်ဘက်မှ တိုက်ခိုက်မှုများကို ခံနေရသေးသည်။ သူမ၏ခန္ဓာကိုယ်က ချွေးများစိုရွှဲနေသလို အသက်ရှုနှုန်းကလည်း လျော့ကျလာသည်။ သူမ၏အရှုံးဟာ အချိန်တစ်ခုသာကြာလောက်သည်။
“ဝေ့ချန်ထင် ဟွန်း မင်းက အဆုံးသတ်ကောင်းမှာမဟုတ်တာ သေချာတယ်။ နင်က ရတနာမြေပုံတစ်ခုအတွက်နဲ့ နင့်ရဲ့ ယင်နက်ဂိုဏ်းက ငါတို့ရဲ့တပည့်ဂိုဏ်းသား လေးယောက်ကိုတောင် သတ်သွားတယ်။ နောက်ပြီး နင်ငါတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့က လက်စားချေမှာကို မကြောက်ဖူးပဲ”
“ဟွန်း အခြားသူတွေကတော့ မင်းတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကို ကြောက်ချင်ကြောက်လိမ့်မယ်။ ဒါပေမဲ့ ငါတို့ကတော့ မကြောက်ဘူး။ မင်းမှာပြဿနာရှိရင် ဘိုးလေးငါးယောက်ကို သွားပြော။ စုန့်ယို့ရန် ဘယ်ဘိုးဘေးအိုကြီးတွေကမှ ထွက်ပြေးလွတ်မြောက်စေချင်မှာ မဟုတ်ဘူး။ ဒီတိုင်း နာနာခံခံနဲ့ လက်ကိုချပြီး အဖမ်းခံလိုက်”
ဝေ့ချန်ထင်က ထိုသို့အေးစက်စွာ ပြောလေသည်။
အခန်း(၁၃၃၉)
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့ကို တည်ထောင်ပြီးချိန်ကတည်းက မိစ္ဆာဧကရာဇ် လူအိုကြီးကို ပိုင်ဆိုင်ထားခြင်း မရှိတော့သည့် မိစ္ဆာဂိုဏ်းများအားလုံးက ပြန်လည်တိုက်ခိုက်နိုင်စွမ်းရည် မရှိကြတော့ချေ။ မိစ္ဆာလမ်းတွင် ကျန်ရစ်သော တစ်ခုတည်းသော အင်အားစုကမူ ဘိုးဘေးငါးယောက် မဟာမိတ်ဖြစ်လေသည်။ စုန့်ယို့ရန်က ထူးခြားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ မိစ္ဆာလမ်း၏ တပည့်ဂိုဏ်းသားများက သူမကိုဖမ်းရန်အတွက် အင်အားအများကြီး စိုက်ထုတ်ထားရသည်။ ငါးရက်ငါးညလုံးလုံး စောင့်ဆိုင်းပြီးမှသာ ထောင်ချောက်ကို ချနိုင်ခဲ့ခြင်းဖြစ်သည်။ မည်သည့်နည်းနှင့်မဆို သူမကို ထွက်ပြေးခွင့်ပြု၍မရပေ။
“စုန့်ယို့ရန် ငါတို့ကမင်းကို ဒဏ်ရာရအောင် လုပ်မိမှာကို ကြောက်နေတာကြောင့်သာ မဟုတ်ရင် မင်းရဲ့ လက်တွေခြေထောက်တွေကို ဖြတ်လိုက်ပြီးတာကြာပြီ။ ဒီလိုဆိုရင် မင်းသေချာပေါက် သေမှာပဲ။ ဒီတိုင်း ခုခံမှုကိုသာ လက်လွှတ်ပြီး လက်လျော့လိုက်စမ်းပါ။ ဘယ်လိုနည်းနဲ့မဆို မင်းက ငါတို့လက်ထဲကို ရောက်မှာပဲ”
“ရမ်းကားတယ်”
စုန့်ယို့ရန်က ခေါင်းဆောင်လာသည့် လူငယ်ကိုကြည့်ကာ ဒေါသတကြီး ပြောလေသည်။
“ဝေ့ချန်ထင် နင်က ငါတို့ဖြောင့်မတ်မှန်ကန်ခြင်း ဘက်က အမှိုက်ကောင်ပဲ။ ပိုကြီးတဲ့အာဏာအတွက်ကြောင့်နဲ့ နင်က နင့်ရဲ့ဆရာနဲ့ ဂိုဏ်းတူဦးလေးတွေကို ရောင်းချပြီး မိစ္ဆာလမ်းကို လျှောက်သွားတယ်။ အဲ့ဒီမိစ္ဆာလမ်းက တပည့်ဂိုဏ်းသားတွေ အားလုံးက ဆိုးယုတ်တဲ့ လူယုတ်မာကောင်တွေ မကောင်းတဲ့အကောင်တွေပဲ။ သူတို့က ဘာကိုမဆို လုပ်ဖို့ ဆန္ဒရှိကြတယ်။ နင်က သူတို့နဲ့ အရမ်းကို လိုက်ဖက်လွန်းပါတယ်။ နင့်ရဲ့လက်ထဲကို ကျရောက်တာက သေတာထက်တောင် ဆိုးဦးမယ်။ ငါစုန့်ယို့ရန်က နင့်ကိုကျေနပ်စေမဲ့အစား အသေခံလိုက်မယ်”
ကောင်မလေးက ဓားကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ သူမ၏ အမူအရာက ဒေါသနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေလေသည်။
စုန့်ယို့ရန်၏ စကားလုံးများက ဝေ့ချန်ထင်ဟုခေါ်သော အမျိုးသား၏မျက်နှာကို နီရဲသွားစေသည်။
“စုန့်ယို့ရန် ငါကမင်းကို တစ်ကြိမ်ပြီးတစ်ကြိမ် ညှာတာပေးနေတာက ငါတို့ရဲ့ အတိတ်ဆက်ဆံရေးကြောင့်ပဲ။ မင်းက ငါ့ကို အတင်းတွန်းအားပေးနေတယ်။ ဒီလိုဆိုမှတော့ ငါ့ကိုထပ်ပြီး အပြစ်မတင်နဲ့တော့။ အားလုံးပဲ စုစည်းကြ။ ဒီကောင်မ အသက်ရှုနေသေးသမျှ ကျန်တာဘာကိုမှ ဂရုစိုက်စရာမလိုဘူး”
သူ၏စကား ဆုံးပြီးကာစ ရှိသေးသည်။ ဝေ့ချန်ထင်က စတင်ကာ ဦးဆောင်လျှက် စုန့်ယို့ရန်ထံ ချဉ်းကပ်လာသည်။
ချွင်
ဝေ့ချန်ထင်၏ တိုက်ကွက်များက ချောမွေ့ကာ မြန်ဆန်ပြီး ကြမ်းတမ်းသည်။ သူ၏ ပထမဦးဆုံး တိုက်ကွက်က ထိုအမျိုးသမီး၏ ဘယ်ဘက်ရင်ဘက်ကို ချိန်ရွယ်နေသည်။
ခီး..
ဝေ့ချန်ထင်က တိုက်ခိုက်လိုက်သည်နှင့် သူ၏ပတ်ပတ်လည်မှ အနက်ရောင်စွမ်းအင်များက မိစ္ဆာခေါင်းပေါင်းများစွာ ပူးပေါင်းလျှက် အော်ညဉ်းနေသလိုမျိုး စိတ်ကိုဝေဝါးလျှက် သတိလက်လွတ် ဖြစ်သွားအောင် လုပ်နိုင်စွမ်းရည် ရှိလေသည်။
ဝိညာဉ်စုပ်ယူခြင်းသိုင်း
ကျောက်တုံးဝင်္ကပါအတွင်းမှ ဝမ်ချောင်ကလည်း ထိုသိုင်းကို ချက်ချင်းလိုလို မှတ်မိလိုက်သည်။ အတိတ်က ဝိညာဉ်သွေးကြောတောင်တွင် ဆရာဖြစ်သူက ဂိုဏ်းလောကများအကြောင်း ပြောခဲ့သည့်တိုင်အောင် ဝမ်ချောင်ဟာ တစ်ချိန်တွင် သိုင်းပညာရှင်များနှင့် တွေ့နိုင်ခြင်းကို ထည့်သွင်းခြင်းအားဖြင့် သူက ထိုလူများ၏လက်ထဲတွင် ရှုံးသွားမည့်အခြေအနေကို စိုးရိမ်ကာ သိုင်းပညာများ သင်ကြားပေးနေရင်း လောကက ဂိုဏ်းများသုံးလေ့ရှိသော သိုင်းများကိုလည်း ရှင်းပြခဲ့ဖူးလေသည်။
ဝိညာဉ်စုပ်ယူခြင်းသိုင်း၏ အထူးခြားဆုံး နယ်ပယ်ကမူ ဝိညာဉ်ကို ဖမ်းဆုပ်လျှက် စိတ်ကိုဝေဝါးထိုင်းမှိုင်းအောင် လုပ်နိုင်ခြင်းဖြစ်သည်။ ထိုအချိန်မျိုးတွင် ကြယ်တာရာစွမ်းအင် စီးဆင်းမှုကလည်း ပြတ်တောင်းပြတ်တောင်း ဖြစ်သွားပေလိမ့်မည်။ ဂိုဏ်းလောကအတွင်းတွင် ထိုသိုင်းသည် အလွန်အမင်း ကျော်ကြားသည်။ မရေမတွက်နိုင်သော ဂိုဏ်းတပည့်ပေါင်း များစွာက ထိုသိုင်းအကြောင်း ကြားရုံနှင့် မျက်နှာများ ဖြူဖျော့သွားသည်။ သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကမူ ဂရုမစိုက်ခဲ့ချေ။
မိစ္ဆာဧကရာဇ်၏ မျိုးဆက်မှ လူတိုင်းက ထိုသို့ ထွေရာလေးပါးတတ်သော သိုင်းမျိုးလောက်ကို အထင်သေးလေသည်။ တိုက်ပွဲအတောအတွင်းတွင် သူတို့က ပြင်းထန်လွန်းသော အင်အားကိုသာသုံးလျှက် ပြိုင်ဘက်၏စွမ်းအားများကို စုပ်ယူလေ့ရှိသည်။
ဝမ်ချောင်က တွေးလိုက်သည်။ နှစ်ဖက်လုံးက ကြမ်းတမ်းစွာ တိုက်ခိုက်နေကြ၏။
ရုတ်တရက် ကောင်မလေး၏ ခန္ဓာကိုယ်ပေါ်တွင် သွေးဒဏ်ရာကြီးက ပေါ်ထွက်လာသည်။ ထို့နောက် ဒုတိယ၊ တတိယ... ထိုသို့ဖြင့် ပို၍များပြားသော သွေးများက စီးကျလာသည်။
“ကောင်မစုတ်လေး အား တကယ်ကို အကျိုးအကြောင်း နားမလည်တာပဲ။ မင်းကိုဖမ်းမိတာနဲ့ ငါကမင်းကို နည်းနည်းလေး ပြေလျော့အောင်လုပ်ပေးမယ်။ အဲ့ဒီနောက် ဘိုးဘေးလက်ကိုအပ်လိုက်မယ်။ အဲ့ဒီအခါကျမှ မင်းဘယ်လောက် ခေါင်းမာမလဲကြည့်တာပေါ့”
ဝေ့ချန်ထင်၏အနားမှ မိစ္ဆာလမ်းကိုလျှောက်သော တပည့်ဂိုဏ်းသားက ကောက်ကျစ်စွာ လှောင်နေသည်။ သူ၏ကြယ်တာရာစွမ်းအင်များက ထိုးထွက်လာနေရင်း ကောင်မလေး၏ ခန္ဓာကိုယ်အောက်ပိုင်းကို ချိန်ရွယ်လိုက်သည်။
“မျိုးမစစ်ကောင်”
ကောင်မလေးက အံ့အားသင့်သွားသလို ဒေါသလည်းထွက်သွားသည်။ ထို့နောက် စတင်ကာ ထိတ်လန့်လာသည်။
သူမ၏ခွန်အားများဟာ ပြတ်တောက်လုနီးပါး ဖြစ်လာပြီး သူမသည်လည်း ထိုမိစ္ဆာလမ်းစဉ်လျှောက်သည့် တပည့်ဂိုဏ်းသား ငါးယောက်လက်ထဲတွင် အဖမ်းခံရတော့မည့် အခိုက်အတန့်တွင် ရုတ်တရက် သူမ၏နားအတွင်း ကျယ်လောင်သောအသံကို ကြားလိုက်ရသည်။
“စွမ်းအင်စီးဆင်းမှုကို ပြောင်းပြန်လှန် ရန်ကွမ်းနဲ့ ကုံးချယ်ကို ပိတ်လှောင်လိုက်”
“ခန်းနေရာကိုတက်နင်း ခမ်းကျုံးနဲ့ ကျစ်ဖူကိုတိုက်ခိုက်”
ထိုအသံဟာ ရုတ်ချည်းဆန်စွာ ထွက်ပေါ်လာခဲ့သော်လည်း အသံက ဆွဲဆောင်နိုင်စွမ်းရှိသလို ယုံကြည်အားကိုးထိုက်စေသော အရည်အသွေးမျိုးကို သယ်ဆောင်ထားသေးသဖြင့် သူမ၏ဂိုဏ်းမှ ဂိုဏ်းတူအစ်ကိုတစ်ယောက်က သိုင်းပညာတွင် လမ်းညွှန်ပြသနေသလိုမျိုးပင် ခံစားမိစေလေသည်။
မောပန်းနွမ်းနယ်နေသည့် အနေအထားမျိုးတွင် ထိုအသံက ချိုမြိန်သော နတ်ရေစင်အလား ဖြစ်နေသဖြင့် စုန့်ယို့ရန်ကလည်း အလိုအလောက်ပင် ထိုအမိန့်အတိုင်း လိုက်လုပ်လိုက်မိသည်။
သူမက ခန်းနေရာကို တက်နင်းလိုက်မိသည်။ ထို့နောက် သူမ၏ဓားက ရှန်းကျုံးအမှတ်နေရာကို ကွက်တိချိန်ရွယ်ကာ ထိုးစိုက်လိုက်သည်။
ဇွက်
ဓားက အသားကိုကျော်ဖြတ်ပြီး ထိုမိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းသည့် တပည့်ဂိုဏ်းသားကလည်း အလိုအလျောက်ပင် သူ၏ဆိုးယုတ်သော မိစ္ဆာကြယ်တာရာစွမ်းအင်များဖြင့် စုန့်ယို့ရန်၏ဓားကို တွန်းထုတ်လိုက်လေသည်။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ သိုင်းပညာများသည် ကြယ်တာရာစွမ်းအင်ကတစ်ဆင့် စွမ်းအားများကို ပိုင်ဆိုင်ထားခြင်း ဖြစ်နေလေသည်။ ထို့ကြောင့် မိစ္ဆာလမ်းစဉ်ကိုလျှောက်သော တပည့်ဂိုဏ်းသားက နောက်သို့ မဆုတ်ခွာနိုင်သေးခင် ထိုဓားက သူ၏ရှန်းကျုံးနေရာကို ကွက်တိ ကျော်ဖြတ်သွားပြီဖြစ်ပြီး သူ၏ကျောထိပ်မှပင် သွေးများစွန်းထင်းနေသော ဓားထိပ်က ပြန်ထွက်လာသည်။
“ဘယ် ဘယ်လို ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်တာလဲ”
မိစ္ဆာလမ်းစဉ်ကိုလျှောက်သော တပည့်ဂိုဏ်းသားက သူ၏လက်နှစ်ဖက်လုံးဖြင့် ထိုဓားကိုကိုင်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူဟာ သေဆုံးသွားခဲ့သည့်တိုင်အောင် ဖြောင့်မတ်မှန်ကန်ခြင်း လမ်းစဉ်မှ အားအင်ကုန်ခမ်းနေပြီးသား တပည့်ဂိုဏ်းသားတစ်ယောက်က လူငါးယောက် အဝိုင်းခံထားရသော အနေအထားမျိုးတွင် သူ့ကိုပြန်လည်ပြီး သတ်ဖြတ်နိုင်စွမ်းရည် ရှိလိမ့်မည်ဟု မထင်ထားမိပေ။
အခြားသော မိစ္ဆာလမ်းစဉ်လျှောက်သော တပည့်ဂိုဏ်းသားများပင် မဆိုထားဘိ စုန့်ယို့ရန်ကိုယ်တိုင်ကပင် တစ်ချက်တည်းနှင့် မိစ္ဆာလမ်းစဉ်လျှောက်သည့် တပည့်ဂိုဏ်းသားကို သတ်ဖြတ်နိုင်ခဲ့သည့်အတွက် မှင်သက်သွားလေသည်။
“အဲ့ဒီမှာဘယ်သူလဲ ထွက်လာခဲ့စမ်း”
ဝေ့ချန်ထင်တို့သည်လည်း မှင်သက်လျှက် ကြောက်လန့်သွားကြသည်။ ထို့နောက် ပတ်ဝန်းကျင်ကို သတိအပြည့်ကပ်လျှက်ကြည့်သည်။
သို့သော် လေပြင်းက တိုက်ခတ်နေသည်ကလွဲပြီး မည်သည့်အရာကမှ ဖြစ်မလာပါပေ။
ဘုန်း
ဝေ့ချန်ထင်၏ ဖြောင့်တန်းနေသော မျက်ခုံးများက ကျုံ့သွားပြီး သူ၏မျက်ဝန်းအတွင်း အေးစက်သောအလင်းက လက်လာသည်။ တခဏခန့်ကြာပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များက ပေါက်ကွဲထွက်လာလျှက် ပတ်ဝန်းကျင်အနှံ့ ပစ်ခတ်လေသည်။
တင်း တင်း တင်း
တစ္ဆေတစ်ကောင်လို မျက်နှာဖြူဖျော့နေသော စုန့်ယို့ရန်က သူမ၏ဓားကို ဘယ်ညာခါယမ်းနေရင်း သူမဆီရောက်ရှိလာသည့် တကွဲတပြားဖြစ်နေသော မိစ္ဆာကြယ်တာရာစွမ်းအင်များကို ဖယ်ရှားနေရသည်။ သို့သော် ဝေ့ချန်ထင်ကမူ သူမကို ကြည့်ပင်မကြည့်ချေ။ သူမ၏မျက်လုံးများက ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။ သို့သော် အရာအားလုံးက တိတ်ဆိတ်နေ၏။ လူရှိနေသော လက္ခဏာပင် မပြသချေ။
“မဖြစ်နိုင်တာ ငါတို့က တောင်ထိပ်နားမှာပဲ။ ဒီတော့ ပုန်းစရာနေရာလည်း မရှိဘူး။ တစ်ယောက်ယောက်သာ ရှိနေခဲ့ရင် ငါသူ့ကိုမြင်ရသင့်တာ။ ဒါပေမဲ့...”
ဝေ့ချန်ထင်က ကြောက်လန့်သွားသည်။ သူသည် ဂိုဏ်းလောကအတွင်း နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးသားဖြစ်သည်။ ယခုအခါ ပထမဦးဆုံးအကြိမ်အဖြစ် ဒီလိုအခြေအနေမျိုးကို ကြုံတွေ့ရခြင်းဖြစ်သည်။
“ဆရာဝေ့ ငါဆင်ခြေလျောဘက်ကို တစ်ချက်သွားပြီး အဲ့ဒီမှာပုန်းနေလားဆိုတာကို ကြည့်လိုက်ရမလား”
မိစ္ဆာလမ်းစဉ်ကိုလျှောက်သည့် တပည့်ဂိုဏ်းသားများထဲမှ တစ်ယောက်ကပြောသည်။
ဝေ့ချန်ထင်က အနည်းငယ် တွေးတောကြည့်လိုက်ပြီး ခေါင်းကိုခါပြသည်။
“အဲ့ဒီလောက်ထိတော့ ဒုက္ခများမခံနဲ့။ ငါဒီကောင်ကို ထွက်လာအောင် လုပ်နိုင်တဲ့နည်းလမ်းရှိတယ်”
ဝေ့ချန်ထင်က သူ၏အာရုံကို စုန့်ယို့ရန်ထံ ပြန်ပြောင်းလိုက်သည်။
“စုန့်ယို့ရန် မင်းက မင်းပြဿနာ မင်းရှာတာပဲ။ မင်းရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့ကလူတွေ ဒီနေရာမှာ ရှိနေမယ်ဆိုရင်တောင်မှ ဘယ်သူကမှ မင်းကို မကယ်နိုင်စေရဘူး”
ဝေ့ချန်ထင်၏ အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်အတွင်းမှ သိပ်သည်းလွန်းသော အနက်ရောင်စွမ်းအင်များက ထွက်လာပြန်သည်။ ထိုစွမ်းအင်များက တဖြည်းဖြည်းချင်းစီ လိမ့်တက်နေသော အနက်ရောင်မြူထုအသွင်ပြောင်းလျှက် မျက်နှာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ခီး...
ထို့နောက် အနောက်ဘက်မှ အနက်ရောင်မြူထုများက တစ္ဆေစစ်သား၊ တစ္ဆေဗိုလ်ချုပ်များအသွင် ပြောင်းလဲသွားပြီး တစ္ဆေများ၏ငိုညဉ်းသံက ပျံ့နှံ့လာသည်။ ဝေ့ချန်ထင်ကိုယ်တိုင်ကလည်း မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားသလိုမျိုး သူ၏အရှိန်အဝါက ပို၍ပင် ပြင်းထန်လာကာ ပို၍ပင် ကြောက်စရာကောင်းလာသည်။
“မိစ္ဆာတွေရဲ့သိုင်း”
စုန့်ယို့ရန်က ထိုမြင်ကွင်းကြောင့် မျက်နှာထား တင်းမာသွားသည်။ မိစ္ဆာတွေရဲ့သိုင်းသည် ဂိုဏ်းလောကအကြားတွင် အလွန်အမင်း ရက်စက်သော မိစ္ဆာသိုင်းအဖြစ် ကျော်ကြားသည်။ ထိုသိုင်းကို ကျင့်ကြံသောအခါ မြောက်များလှစွာသော အလောင်းများထံမှ ယင်စွမ်းအင်ကို စုပ်ယူရန်လိုအပ်သည်။ သတ်ဖြတ်ခြင်းစွမ်းအင်နှင့် သေဆုံးခြင်းစွမ်းအင်များကိုလည်း စုပ်ယူရပြီး အသက်ရှိနေသေးသည့် သိုင်းပညာရှင် (၄၉)ယောက်ထံမှ သွေးကိုလည်း ထုတ်ယူရန် လိုအပ်လေသည်။ ထိုအခါမှသာ ထိုသိုင်းကို အောင်မြင်စွာ ကျင့်ကြံနိုင်မည်ဖြစ်ပြီး အသုံးပြုလိုက်ရုံနှင့် အလွန်ပြင်းထန်လွန်းသော စွမ်းအားများကို ပိုင်ဆိုင်နိုင်လိမ့်မည်ဖြစ်သည်။
“စုန့်ယို့ရန် အခုမင်းကို ဘယ်သူကယ်မလဲ ငါကြည့်မယ်”
အနက်ရောင်စွမ်းအင်များဖြင့် လွှမ်းခြုံခံလိုက်ရသည့် ဝေ့ချန်ထင်က လူလိုလို၊ သရဲလိုလို၊ နတ်ဆိုးလိုလို ထင်ရသည်။ သူက သူ၏လက်ချောင်းများကို ဆန့်ထုတ်လိုက်သောအခါ အနက်ရောင်မြူထဲမှ ကြီးမားကာ ကြောက်စရာကောင်းလွန်းသည့် မိစ္ဆာလက်သည်းကြီးက ထွက်လာပြီး စုန့်ယို့ရန်ကို လှမ်းကုပ်သည်။ ထိုလက်သည်းက တစ်ချက်ပိတ်လိုက်သောအခါ အတွင်းမှ ယင်စွမ်းအင်များက မရေမတွက်နိုင်သော ဦးခေါင်းခွံများအသွင် ပြောင်းလဲရင်း ရှေ့သို့ခုန်ထွက်လာလေသည်။
“မကောင်းတော့ဘူး”
စုန့်ယို့ရန်၏ မျက်နှာက ဖြူဖျော့သွားသည်။ မိစ္ဆာတစ္ဆေသိုင်းကို အသုံးပြုလိုက်သောအခါ အသုံးပြုသူသည် အဘက်ဘက်မှ အင်အားအများကြီး မှားသွားလေ့ရှိသည်။ သူမ၏ လက်ရှိအခြေအနေမျိုးကြောင့် သူမသည် တစ်ချို့တိုက်ကွက်ကို တောင့်မခံနိုင်တော့ပါပေ။
“ချန်နေရာကိုတက်နင်း လီဘက်ကိုသွား”
“အဆင့်မြင့်နေမင်းက ကောင်းကင်ကို ချိတ်ပိတ်တယ်”
“မိုးမခသစ်ကိုင်း ကခုန်ခြင်း”
“အရှေ့ဘက်မှ တောက်လောင်နေတဲ့ နေမင်းက မြင့်တက်လာပြီ”
စုန့်ယို့ရန်၏နားအတွင်း ထိုအသံများက တစ်ကြိမ်ပြီးတစ်ကြိမ် ထွက်ပေါ်လာသည်။ ယခုလိုမျိုး ထိတ်လန့်ရင်ဆိုင်နေရသည့် အခိုက်အတန့်မျိုးတွင် စုန့်ယို့ရန်အနေဖြင့် အလိုအလျောက်ပင် ထိုအသံပိုင်ရှင်၏ လမ်းညွှန်မှုအတိုင်း လိုက်လုပ်မိသွားသည်။ သူမ၏ ကြယ်တာရာစွမ်းအင်များကို ဆင့်ခေါ်ပြီးနောက် သူမသည် ချန်နေရာသို့ တက်နင်းလိုက်ကာ ဝေ့ချန်ထင်၏ ထက်ရှသော လက်သည်းများကို ကပ်သီးလေး ရှောင်ရှားလိုက်နိုင်သည်။ ထို့နောက် လမ်းကြားတစ်ခုရအောင် ဖောက်ထုတ်လိုက်သေးသည်။ သူမသည် ချန်မှလီသို့ပြောင်းလဲရင်း ဝေ့ချန်ထင်၏ နောက်ထပ်တိုက်ကွက်ကို ရှောင်ရှားလိုက်ပြန်သည်။
“အဆင့်မြင့်နေမင်းက ကောင်းကင်ဘုံကို ချိတ်ပိတ်တယ်”
စုန့်ယို့ရန်က အော်လိုက်သည်။ သူမ၏ဓားက ရှေ့သို့ထိုးသွင်းလိုက်၏။ ဗြိကနဲအသံနှင့်အတူ သိပ်သည်းလွန်းသော မိစ္ဆာစွမ်းအင်များက စက္ကူတစ်ခုလို စုတ်ဖြဲခံရသည်။
“သူ့ရဲ့ ကြယ်တာရာစွမ်းအင်ထဲက အားအနည်းဆုံးနေရာကို ချိုးဖောက်လိုက်တာပဲ”
စုန့်ယို့ရန်က အံ့ဩသွားပြီး ပျော်ရွှင်သွားလေသည်။ ဝေ့ချန်ထင်သည် အင်အားကြီးမားသော်လည်း ရှင်းလင်းစွာပင် သူသည် ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာ အသစ်မှ အားအနည်းဆုံးအပိုင်းကို ဖောက်ထုတ်လိုက်နိုင်သည်။
ဒါက စမ်းချောင်းနှစ်ခုဆုံသည့် နေရာတွင်ရှိနေသော ပါးလျသည့် နယ်နိမိတ်များကဲ့သို့ ခုခံမှု နည်းပါးလွန်းပြီး ပုံမှန်မဟုတ်လောက်အောင် လွယ်ကူနေလေသည်။
စွစ်
ဝေ့ချန်ထင်က အဖြစ်အပျက်ကို နားလည်အောင် ကြိုးစားနေသည့် အချိန်တွင် သူ၏လက်မောင်းက ရုတ်တရက် ဓားတစ်လက်ဖြင့် အခုတ်ခံလိုက်ရသည်။ သူသည် ချက်ချင်းလိုလို နောက်သို့ဆုတ်သွားပြီး သူ၏မျက်နှာကလည်း ဖြူဖျော့သွားသည်။
“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ”
စုန့်ယို့ရန်က အားအင်တက်ကြွသွားပြီး ချက်ချင်းဆိုသလို ဒုတိယအကွက်ကို ထုတ်သုံးလိုက်သည်။ မိုးမခပင် ကခုန်ခြင်းသည် ထက်ရှသောဓားချီများကို သိပ်သည်းစေခြင်းဖြစ်သည်။ ထို့နောက် ဝေ့ချန်ထင်၏ လက်မောင်းအောက် ဝမ်းဗိုက်ဘယ်ဘက်ခြမ်းနှင့် တန်ထန်းနေရာသို့ တိုက်ရိုက်ပစ်ခတ်ခြင်းဖြစ်လေသည်။
ဗွက်
ဝေ့ချန်ထင်၏ ဘယ်ဘက်ပုခုံးပေါ်တွင် လက်ညိုးတစ်ချောင်းစာမျှတုတ်သော ဓားချီအပေါက်ကြီးက ဖြစ်ပေါ်လာသည်။
ဝေ့ချန်ထင်က ဓားနှစ်လက်လုံးကို တားဆီးလိုက်နိုင်သည်။ သို့သော် သူ့အနေဖြင့် တတိယမြောက် ရိုက်ချက်ကိုမူ မတားဆီးနိုင်တော့ပေ။
“ဆရာဝေ့”
အခြားသော မိစ္ဆာလမ်းကိုလျှောက်လှမ်းသည့် တပည့်ဂိုဏ်းသားများ အားလုံးက ထိုမြင်ကွင်းကြောင့် အလန့်တကြား ဖြစ်သွားကြရင်း စုန့်ယို့ရန်ကို အဘက်ဘက်မှ ပူးပေါင်းလျှက် အချင်းချင်း တိုက်ခိုက်ကြလေသည်။
ထို့နောက် အသံပိုင်ရှင်က ထပ်ထွက်လာသည်။
“ရေခုတ်ထွင်ခြင်းဆေဘာဓားချက်”
“ကျားဟိန်းနဂါးငို”
စွစ်
အေးစက်သောအလင်းက ဖြတ်ကနဲလက်သွားပြီးနောက် မိစ္ဆာလမ်းစဉ်ကိုလျှောက်သော တပည့်ဂိုဏ်းသားများ အားလုံးက လဲကျသွားကြသည်။ သူတို့သည် အော်ဟစ်ရင်း ထိတ်လန့်နေကြ၏။ ထိုထဲမှတစ်ယောက်ဆိုလျှင် စုန့်ယို့ရန်ကြောင့် အဝတ်အစားများ ပြတ်ထွက်သည်အထိ အခုတ်ခံလိုက်ရပြီး ဝမ်းဗိုက်တွင်လည်း အလွန်နက်သော ဒဏ်ရာကြီးကရှိနေသည်။ ထိုဒဏ်ရာက သူ့အား ရင်ခွဲထားသည်ဟုပင် ထင်ရစေသည်။
ထိုအခိုက်အတန့်တွင် လူတိုင်းက စုန့်ယို့ရန်အား သရဲတစ်ကောင်ကို မြင်ရသလိုမျိုး ကြည့်နေကြသည်။ သူတို့ထဲက မည်သူကမှ အကြည့်ချင်း မဆုံရဲကြတော့ပေ။ ဝေ့ချန်ထင်ကိုယ်တိုင်ကပင် မျက်လုံးထဲ ကြောက်လန့်မှုများကို ဖော်ပြနေပြီဖြစ်၏။ သူသည် မူလကမူ သူဟာပို၍ အင်အားကြီးမားပြီး မိစ္ဆာတစ္ဆေသိုင်းကို ပိုင်ဆိုင်ထားကတည်းက စုန့်ယို့ရန်ကို အလွယ်တကူ ဖမ်းနိုင်မည်ဟု ထင်ထားသည်။ သို့သော် ယခုအခါ ထိုတာဝန်က မျှော်လင့်ထားသည်ထက် အများကြီးခက်နေသည်။
ဝေ့ချန်ထင်က ရုတ်တရက် အပြုအမူကို ပြောင်းလဲလိုက်ရင်း စုန့်ယို့ရန်၏ အနောက်ဘက်သို့ကြည့်ကာ ဂါရဝပြုလိုက်သည်။ သူ၏မျက်နှာတွင် လေးစားသော မျက်နှာထားမျိုးကလည်း ပေါ်လာ၏။
“လေးစားရတဲ့စီနီယာက ဘယ်သူပါလဲ။ ဒီဂျူနီယာက ယင်နက်ဂိုဏ်းက ဝေ့ချန်ထင်ပါ။ ငါ့ရဲ့ဆရာက အနက်ရောင်ယင် ဘိုးဘေးပါပဲ။ ဒါက ငါတို့ ယင်နက်ဂိုဏ်းနဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အကြားက ပြဿနာပါ။ ဒါကြောင့် စီနီယာအနေနဲ့ ဝင်ရောက်မနှောက်ယှက်ဖို့ မျှော်လင့်ပါတယ်”
အဆုံးသတ်နားတွင် သူ၏ဆံပင်များက အနည်းငယ် ထောင်တက်သွားသေးသည်။ ဒီတောင်တွင် တစ်ချက်ကြည့်ရုံဖြင့် အရာအားလုံးကို မြင်နိုင်သည်။ သို့သော် သူသည် ထိုလူသည် မည်သည့်နေရာတွင် ပုန်းအောင်းနေကြောင်းကို မသိနိုင်ချေ။ ပို၍ထိတ်လန့်စေသည်မှာ ထိုလူက လူလုံးထွက်ပြလာခြင်း မရှိသေးဘဲ ညွှန်ကြားချက် အချို့ကိုသာ ပေးလိုက်ခြင်းဖြစ်သည်။ သို့သော် ထိုအခြေအနေကတင် စုန့်ယို့ရန်က သူ့အား နိုင်အောင်လုပ်သွားနိုင်စေသည်။ ထိုကဲ့သို့သော သူမျိုးကသာ သူ့ကို ဒေါသထွက်ပြီး သတ်ဖြတ်ချင်လာခဲ့သော် သူ့အနေဖြင့် ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ အလွယ်တကူ အသတ်ခံရနိုင်လေသည်။
အခန်း(၁၃၄၀)
သခင်လေးချင်းယန်
“ယင်နက်ဘိုးဘေးကဘာလဲ။ ဒီနေရာကထွက်သွား”
ကျောက်တုံးဝင်္ကပါအတွင်းမှ ဝမ်ချောင်က လှမ်းပြောလိုက်သည်။ သူသည် သိုင်းပညာလောကမှ အဖွဲ့အစည်းများနှင့် ပတ်သတ်ပြီး မည်သည့်နားလည်မှုမှ မရှိချေ။ ထို့အပြင် ယင်နက်ဘိုးဘေးများကိုလည်း မကြားဖူးပါချေ။ ဝေ့ချန်ထင်၏ ရေနက်ဘိုးဘေးဆိုသော နာမည်ကို ထောက်ပြလိုက်ခြင်းက အကျိုးအကြောင်း မသင့်ပါချေ။
ဝေ့ချန်ထင်၏ မျက်နှာကလည်း ဒေါသရောင်ပြောင်းလာသည်။ ယင်နက်ဘိုးဘေးသည် ဂိုဏ်းလောက အတောအတွင်းတွင်မူ နေ့လည်ခင်းနေမင်းကဲ့သို့ဖြစ်ပြီး ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များကပင် ထိုနာမည်ကိုကြားရုံဖြင့် ခြောက်ခြားသွားရသည်။ သို့သော် ထိုလူကမူ ရိုသေမှုကို မပြသခြင်းက လွန်ကဲလွန်းစွာ မောက်မာထောင်လွှားနေခြင်းဖြစ်သည်။ သို့သော် ခေါင်းငုံ့ဦးညွှတ်ရမည့် အခိုက်အတန့်မျိုးကလည်း ရှိကိုရှိနေသည်။ ထိုလူကလည်း ဖော်ပြရန်ခက်ခဲလောက်အောင် စွမ်းအားကြီးမားလွန်းသဖြင့် ဝေ့ချန်ထင်ကပဲ ဒေါသများကို မြိုချလိုက်ရသည်။
“စီနီယာက ဝင်ရောက်စွက်ဖက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့လည်း ချန်ထင်က ပြောစရာ မရှိတော့ပါဘူး။ သွားရအောင်”
ဝေ့ချန်ထင်က ထိုသို့ဖြင့် ကြောက်ရွံ့ရိုသေစွာ နောက်ဆုတ်သွားပြီး တစ်ဖက်သူက အချိန်မရွေး တိုက်ခိုက်လိုက်မည့် အခြေအနေကို စိုးရိမ်နေလေသည်။ သူဟာ ခြေလှမ်းငါးဆယ်အကွာထိ ဆုတ်ပြီး တုန့်ပြန်မှုရမှသာ သူနှင့်အဖွဲ့ဝင်များက နောက်ဆုံးတွင် စိတ်အေးစွာ သက်ပြင်းချလျှက် နောက်သို့လှည့်လျှက် ထွက်ခွာသွားနိုင်လေသည်။
“သွားမယ်”
တခဏခန့်ကြာပြီးနောက် သူတို့အားလုံးက သဲလွန်စပင်မရှိဘဲ ပျောက်ကွယ်သွားကြသည်။
....
လင်းချန်ထင်က ထွက်သွားပြီး တောင်တန်းတစ်ခုလုံးက တိတ်ဆိတ်သွားပြီးသည့်တိုင်အောင် စုန့်ယို့ရန်သည် မျက်လုံးပြူးကျယ်စွာနှင့် ပတ်ဝန်းကျင်တစ်ခုလုံးကို လိုက်ကြည့်ရင်း အမောတကော အသက်ရှုနေရသည်။ သူမသည် သတိကို မလျော့ချရဲချေ။
“စီနီယာ အခုလိုအသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”
စုန့်ယို့ရန်က အသံလာရာဘက်သို့ကြည့်ပြီး ဂါရဝပြုသည်။ သူမသည် သတိကြီးနေသော်လည်း သူမ၏ခေါင်းကမူ အနည်းငယ်သာငုံ့ထားပြီး ပတ်ဝန်းကျင်ကို ကြည့်နေသေးသည်။ သူသည် ဝမ်ချောင်၏ တည်နေရာကို သိလို၏။
ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် တိတ်တဆိတ် ရယ်လိုက်သည်။ ထိုကောင်မလေးသည် ထင်ထားသလောက် မရိုးရှင်းပေ။
“စီနီယာ ဒီဂျူနီယာက စုန့်ယို့ရန်ပါ။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပေါ့။ စီနီယာ အပြင်ကိုထွက်လာပါ့လား။ ဒါမှ ယို့ရန်က သေချာပေါက် ကျေးဇူးတင်နိုင်မှာပါ”
စုန့်ယို့ရန်က လေးစားစွာပြောသည်။
“မလိုဘူး သွားပါ ပြဿနာမရှိတော့ဘူးဆိုတော့ ကျေးဇူးတင်စရာလည်း မလိုဘူး”
ကျောက်တုံးဝင်္ကပါအတွင်းမှ ဝမ်ချောင်က ထိုသို့ပြောသည်။
“ဒါက... စီနီယာမှာ ဘာစိတ်ဆန္ဒမှ မရှိဘူးဆိုရင်လည်း ဒီဂျူနီယာက... အား ”
စုန့်ယို့ရန်က စကားပြောနေရင်း သူမ၏မျက်မှောင်က ကျုံ့သွားကာ သူမ၏ ခြေထောက်က ခွေယိုင်ကျသွားသည်။ သူမ၏မျက်နှာဟာ ဖြူဖျော့နေလျှက် ခြေတစ်လှမ်းခန့် ယိုင်ထွက်သွားပြီးနောက် မြေပြင်သို့ သတိလစ်လျှက် လဲကျသွားလေသည်။
“မကောင်းတော့ဘူး”
ဝမ်ချောင်၏မျက်နှာက တင်းမာသွားသည်။ ထိုကောင်မလေးက သွေးဆုံးရှုံးမှုလွန်ကဲပြီး သတိလစ်သွားမည်ဟု မထင်ထားမိပေ။ တွေးတောရန် အချိန်မရှိတော့သည့်အတွက် ဝမ်ချောင်ကိုယ်တိုင်က ဝင်္ကပါထဲမှထွက်လျှက် စုန့်ယို့ရန်၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်သည်။
သို့သော် ဝမ်ချောင်ကို အံ့အားသင့်စေသည်မှာ သူကအပြေးထွက်လိုက်ရုံနှင့် စုန့်ယို့ရန်က ရုတ်တရက် ကောက်ကျစ်စွာ ပြုံးလိုက်ခြင်းဖြစ်သည်။ ဝမ်ချောင်က သူမ၏လက်ကောက်ဝတ်ကို သွားကိုင်မည့် အချိန်တွင် စုန့်ယို့ရန်က သူမ၏လက်ကို တစ်ချက်ယမ်းလျှက် ဝမ်ချောင်၏လက်ကို ပြန်ကိုင်လိုက်သည်။
“စီနီယာ ကျေးဇူးပြုပြီး ဒီဂျူနီယာကို ခွင့်လွှတ်...”
တခဏခန့်ကြာပြီးနောက် သူမဟာ ချောမောသော ရုပ်ရည်သွင်ပြင်နှင့် ပိန်ပါးသော လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရသည်။ တစ်ဖက်သူသည် အသက် (၁၈)နှစ် (၁၉)နှစ်အရွယ်သာရှိသည်။ စုန့်ယို့ရန်၏ မျက်လုံးက ထုံထိုင်းသွားအောင် အရိုက်ခံလိုက်ရသလိုမျိုး ပြူးကျယ်သွားလေသည်။
သူမသည် ဖြစ်နိုင်ချေအများကြီး တွေးထားဖူးသည်။ သို့သော် မည်သည့်အရာကမှ သူမ၏အရှေ့မှာ ဖြောင့်တန်းသောမျက်ခုံးနှင့် ချောမောသောလူငယ်အား တိုင်းတာရခက်ခဲသည့် စီနီယာဆိုသော နေရာတွင် ထား၍မရပါချေ။ ပို၍ဆိုးသည်မှာ သူ၏မျက်နှာဟာ ဖျော့တော့နေသေးပြီး အရှိန်အဝါကလည်း အနည်းငယ် နွမ်းလျနေသေးသည်။ ထို့ကြောင့် ဂိုဏ်းလောကအတွင်းမှ စီနီယာမျိုးလည်း မဟုတ်ပါပေ။
“နင်ဘယ်သူလဲ”
စုန့်ယို့ရန်က သတိလက်လွတ် အော်မေးလိုက်သည်။
“မင်းင့ါကိုလှည့်စားတယ်”
စုန့်ယို့ရန်၏ မျက်နှာထားကို ကြည့်ရုံနှင့် ဝမ်ချောင်လည်း အဖြစ်အပျက်ကို သိလိုက်သည်။ သူက သူ၏လက်ကို မြေပြင်ပေါ်တွင်ထောက်လျှက် ပြန်ရပ်လိုက်သည်။
“မိန်းမငယ်လေးက အဆင်ပြေမှတော့ ငါအရင်သွားတော့မယ်”
ဝမ်ချောင်က ဆရာဖြစ်သူ၏ ထွက်ခွာသွားမှုနှင့် ပတ်သတ်ပြီး အဖြစ်အပျက်ကို စိုးရိမ်နေသေးသည်။ ဒီတစ်ကြိမ် သူ၏ဝင်ရောက်စွက်ဖက်မှုက ကြုံကြိုက်သော အခွင့်အရေးတစ်ခုကြောင့်သာဖြစ်သည်။ သူသည်လည်း ထိုလူများနှင့် အများကြီး ပါဝင်ပတ်သတ်ရန် ဆန္ဒမရှိပါပေ။
“နေဦး”
ဝမ်ချောင်က ထွက်သွားတော့မည့် အချိန်တွင် အနောက်ဘက်မှ ညဉ်းညူသံကို ကြားရပြန်သည်။ ဝမ်ချောင်က ဖျော့တော့စွာပြုံးလိုက်၏။ တစ်ကြိမ်အရူးလုပ်ခံရပြီးနောက် နောက်တစ်ကြိမ် အရူးလုပ်ခံရရန် မဖြစ်နိုင်တော့ပေ။
“မိန်းမငယ်လေး ဟန်ဆောင်နေဖို့ မလိုပါဘူး။ မင်းအနေနဲ့ မြန်မြန်လေးသွားသင့်ပြီ”
ညခင်းလေပြေက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြတ်တိုက်သွားသည်။ ဝမ်ချောင်၏အသံကပင် ပတ်ဝန်းကျင်တွင် ဟိန်းထွက်သွားသည်။ သို့သော် တုန့်ပြန်သံက ရှိမနေချေ။ ဝမ်ချောင်က ရပ်တန့်သွားရင်း လှည့်ကြည့်မိသွားပြန်သည်။ သို့သော် ချက်ချင်းဆိုသလိုပင် တစ္ဆေတစ်ကောင်လို ဖြူဖျော့သောမျက်နှာနှင့် စုန့်ယို့ရန်က မြေပြင်တွင် လှုပ်ရှားမှုကင်းမဲ့စွာ လှဲနေကြောင်း မြင်လိုက်ရသည်။ သူမ၏ အသက်ရှုပုံကပင် အားနည်းနေပြီး ခန္ဓာကိုယ်က ခြောက်ကပ်နေသော သွေးများနှင့် စိုရွှဲနေသည်။ ဝမ်ချောင်၏မျက်နှာက တင်းမာသွားသည်။ သူသည် နောက်ဆုံးတွင် ဒီကောင်မလေးက သူ့ကို လှည့်စားသွားခြင်း မဟုတ်တော့ကြောင်း သိလိုက်သည်။
စွစ်
ဝမ်ချောင်က တစ်ချက်ခုန်လိုက်သည်။ တစ်ချိန်ထဲတွင်ပင် ခိုဥအရွယ်အစားခန့်ရှိသော နှင်းဖြူရောင် ဆေးလုံးလေးကို ထုတ်လိုက်သည်။ ထိုဆေးလုံးအား ကောင်မလေးကို ကျွေးနေရင်း သူမ၏ဒဏ်ရာများကို ကုသရန် ကြယ်တာရာစွမ်းအင် တစ်တန်းကိုလည်း လွှတ်ထုတ်ပေးလိုက်သည်။
အချိန်တစ်ခုကြာပြီးနောက် စုန့်ယို့ရန်က နောက်ဆုံးတွင် နိုးလာသည်။ သူမ၏ အသားအရောင်က အများကြီး သက်သာလာသည်။
“နင်ငါ့ကိုကယ်လိုက်တယ်”
“အွန်း မင်းက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာ။ ဒါကြောင့် ငါမင်းအတွက် ကုပေးလိုက်တယ်”
ဝမ်ချောင်ဟာ သတိလက်လွတ် ပြောလိုက်သည်။ သူ၏စိတ်ကမူ အခြားတစ်နေရာတွင်ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်”
စုန့်ယို့ရန်က ရိုးသားစွာပြောသည်။ သူမ၏ မျက်ဝန်းအတွင်း တောင်းပန်စိတ်က ရှိနေသေး၏။ သူမက ဝမ်ချောင်ကို ထွက်လာအောင် လှည့်စားခဲ့ရာတွင် မည်သည့်မကောင်းသော ရည်ရွယ်ချက်မှ ရှိမနေခဲ့သော်လည်း သူမသည် လှည့်စားမိခဲ့လေသည်။
“ခဏစောင့်နေလိုက် မင်းသက်သာလာတဲ့အခါမှ သွားပေါ့”
ဝမ်ချောင်က ထိုသို့ပြောသည်။ သူ၏ခန္ဓာကိုယ်က မရင်းနှီးသော အရှိန်အဝါကို လွှတ်ထုတ်ထားသည်။
စုန့်ယို့ရန်က ထိုစကားလုံးများကြောင့် ဒေါသမထွက်သွားပေ။ တစ်ဖက်သူသည် အကြီးအကဲကြီး တစ်ယောက်သာဆိုလျှင် သူမအနေဖြင့် ကြောက်လန့်တုန်လှုပ်ကာ လေးစားမိလောက်သည်။ သို့သော် ထိုလူငယ်ကမူ သူမနှင့် အသက်အရွယ်တူလောက်သည်။ ထို့ကြောင့် သူမက ချက်ချင်းဆိုသလိုပင် သိချင်သွားမိသည်။ စုန့်ယို့ရန်၏ မျက်လုံးများက ဝမ်ချောင်၏ကျောကို လေ့လာနေရင်း တဖြတ်ဖြတ် တောက်ပလာသည်။ သူမ၏စိတ်အတွင်း မရေမတွက်နိုင်သော အတွေးများက ဖြတ်ပြေးသွားသည်။
“နင် နင့်ရဲ့အစောင့်ကို ရှာနေတာမဟုတ်လား”
စုန့်ယို့ရန်က ရုတ်တရက် ပြောသည်။
“ဟွန်”
ဝမ်ချောင်က မျက်မှောင်ကျုံ့လျှက် လှည့်ကြည့်သည်။
“ဟီး ဟီး ဒီလိုမျိုး တော်တော်လေးကို လူသူပြတ်လတ်တဲ့နေရာ ချောက်ကမ်းပါးအစွန်းနားမှာ နောက်ပြီး နင်က သိုင်းပညာတွေအားလုံးရဲ့ ဗဟုသုတကိုလည်း သိနေတယ်ဆိုတော့ နင်က ကျုံးရွှေယွန်ရဲ့ သခင်လေး ချင်းယန်ပဲဖြစ်ရမယ်။ ငါမှန်လား”
စုန့်ယို့ရန်၏ မျက်လုံးထဲတွင် ကောက်ကျစ်သော အလင်းတန်းက ဖြတ်ပြေးသွားသည်။ သူမက ငါမှန်လားဟု မေးလိုက်သော်လည်း သူမ၏ အမူအရာအရ တစ်ဖက်သူ၏ နောက်ခံကို ကွက်တိသိနေသလိုမျိုး ပြသနေလေသည်။
“???”
ဝမ်ချောင်က စွံ့အသွားသည်။ စုန့်ယို့ရန်၏ ဒဏ်ရာများဟာ ပျောက်ကင်းသွားခဲ့သဖြင့် သူမထွက်သွားနိုင်ပြီဖြစ်ကြောင်း ပြောပြီးလေပြီ။ သို့သော် သူမက ယခုလို တုန့်ပြန်မည်ဟု မထင်ထားမိပေ။ စုန့်ယို့ရန်၏ မျက်နှာပေါ်မှ သူ၏လျို့ဝှက်ချက်တိုင်းကို ဖောက်မြင်နိုင်သလိုမျိုး အလွန်အမင်း ယုံကြည်မှုရှိနေသော မျက်နှာထားက ဝမ်ချောင်ကိုပင် ထိုကောင်မလေးသည် သူ့ကို နားလည်မှုအချို့ လွဲနေကြောင်း သိလိုက်သည်။ ထို့ကြောင့် သူ့အား ကျုံးရွှေယွန်၏ သခင်လေး ချင်းယန်နှင့် မှားနေခြင်းဖြစ်ရပေမည်။
“ငါခန့်မှန်းတာ မှန်သားပဲ”
စုန့်ယို့ရန်က သဘောပေါက်သွားသော အပြုံးမျိုးနှင့် ပြုံးနေသည်။ သူသည် ဝမ်ချောင်နှင့် ယှဉ်ရာတွင် အသာစီးရသွားသလိုမျိုး ခံစားရ၏။
“ဂိုဏ်းလောကထဲမှာ ကျုံးရွှေယွန်ရဲ့ သခင်လေးချင်းယန်က မရေမတွက်နိုင်တဲ့ သိုင်းပညာတွေကို လေ့လာစူးစမ်းခဲ့ပြီး ဖြောင့်မတ်မှန်ကန်ခြင်း သိုင်းတွေနဲ့ ဆိုးယုတ်ခြင်းသိုင်းတွေကို လေ့လာထားတဲ့ ပညာသင်သားတစ်ယောက်လို့ ပြောကြတယ်။ ဒီလိုနဲ့ သူက ဒီသိုင်းတွေအားလုံးရဲ့ ပြစ်ချက်ကိုသိပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့ ပြိုင်ဘက်ရဲ့ဟာကွက်ကို တန်းမြင်နိုင်တယ်။ ဒါပေမဲ့ သူမွေးလာတဲ့အချိန်မှာ သူ့မှာ ယန်ကိုးမျိုးထဲက တစ်မျိုးက လိုအပ်ချက်ရှိနေတယ်။ ဒါကြောင့် သူက ပါရမီတော်တော်လေး ကြီးပေမဲ့လည်း သိုင်းပညာအရာမှာ ဘယ်တော့မှ အမြင့်ဆုံးအဆင့်ကို မရောက်နိုင်ဘူး။ ဒါပေမဲ့သူ့ရဲ့ ထူးခြားတဲ့စွမ်းရည်က ဂိုဏ်းလောကက လူတိုင်း သူ့ကို လူငယ်သခင်လေး လေးယောက်ထဲမှာတောင် ခေါင်းဆောင်အဖြစ် ထားပေးစေခဲ့တယ်။ ပိုဆိုးတာက သူက အဓိကဂိုဏ်းတွေနဲ့ အဆက်အသွယ် သိပ်မရှိဘဲ သီးသန့်နေတတ်တယ်။ ဒီတော့ သူဘယ်နေရာမှာ ရှိနေတယ်ဆိုတဲ့ သတင်းကို များသောအားဖြင့် မသိကြရတာများတယ်။ ဘယ်သူကမှလည်း သူ့ကို မမှတ်မိသလောက်ပဲ။ သူ့ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သိသာထင်ရှားနိုင်တာက သူ့မှာပါတဲ့ အရမ်းကို အင်အားကြီးလွန်းတဲ့ အစောင့်ပဲ။ နင်အဲ့ဒီတစ်ယောက်နဲ့ လမ်းကွဲသွားတာမဟုတ်လား။ နင်ဒီနေရာမှာ နေနေတာက သူ့ကိုစောင့်နေတာမဟုတ်လား”
စုန့်ယို့ရန်က ရယ်သည်။ ထိုထူးဆန်းသောကောင်လေးဟာ အမှန်ပင် မရင်းနှီးသောပုံပေါက်သည်။ သို့သော် သူဟာထိုသို့ဖြစ်နေလေလေ သူမသည်လည်း ထိုလူ၏နောက်ခံကို ခန့်မှန်းနိုင်လေလေဟု ခံစားရလေလေဖြစ်လေသည်။ နက်နက်ရှိုင်းရှိုင်း တွေးတောပြီးနောက် သူမသည် ဝမ်ချောင်အား ကျုံးရွှေယွန်မှ လူငယ်သခင်လေး ချင်းယန်နှင့် ဆက်စပ်တွေးတောမိလိုက်နိုင်သည်။ အရေးကြီးဆုံး ကဏ္ဍကမူ သူတို့နှစ်ယောက်စလုံးဟာ အလွန်ငယ်သည်။ အမှန်ပင် ငယ်လွန်းသည်။
ထိုအချိန်တွင် ဝမ်ချောင်ဟာ ဘာစကားမှမပြောချေ။ သူ၏မျက်လုံးများကမူ ဟိုဟိုဒီဒီရွေ့နေသည်။
စိတ်ဝင်စားစရာပဲ။
ဝမ်ချောင်၏စိတ်ထဲတွင် ထိုအတွေးဟာ ရုတ်တရက်ပေါ်လာသည်။
သူသည် ထိုကောင်မလေးကို မောင်းထုတ်ရန် အသင့်ပြင်ထားချိန်တွင် စတင်ကာ စိတ်ဝင်စားလာမိသည်။ သိသာစွာပင် သူမသည် သူ့အား အခြားတစ်ယောက်နှင့် လူမှားနေသည်။ သို့သော် ဂိုဏ်းလောကအတွင်းတွင် သူနှင့်ဆင်တူသောလူမျိုး ရှိမည်ဟု မထင်ထားမိချေ။ တစ်ဖက်သူသည် သူ့နည်းတူ စာကြောင်းအနည်းငယ်တည်းနှင့် တစ်စုံတစ်ယောက်အား ရန်သူကို အနိုင်ရစေရန် လမ်းညွှန်ပေးနိုင်ပုံရသည်။
“ငါကအဲ့ဒီသူပါလို့ ငါမပြောဖူးသလိုပဲ”
ဝမ်ချောင်က မထူးခြားနားသလိုပြောသည်။
“ဟား ဟား နင်အခြားသူတွေကို မသိစေချင်မှန်း ငါသိပါတယ်။ ငါဘယ်သူ့ကိုမှ မပြောပါဘူး”
စုန့်ယို့ရန်က ဝမ်ချောင်ကို စနောက်သလိုမျိုး မျက်လုံးမှိတ်ပြသည်။
“ဒါပေမဲ့သခင်လေး မူလအမရနန်းတော် ပေါ်လာတော့ အဖွဲ့အစည်း တော်တော်များများက ဒီနေရာကိုရောက်နေတယ်။ သခင်လေးကသာ ဒီနေရာမှာ တစ်ယောက်တည်းနေမယ်ဆိုရင် လုံခြုံမှာမဟုတ်ဘူး။ ဘာလို့ငါနဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကို မလိုက်ခဲ့တာလဲ။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရဲ့ အကာအကွယ်နဲ့ဆိုရင် ဘယ်သူကမှ သခင်လေးကိုလာပြီး တိုက်ခိုက်ရဲမှာမဟုတ်ဘူး။ သခင်လေးပိုပြီး လုံခြုံလိမ့်မယ်။ ဒါ့အပြင် ငါတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှာ လူတွေအများကြီးရှိတယ်။ ဒီတော့ သခင်လေးကို ကူညီပြီး အဲ့ဒီအစောင့်ကို ရှာပေးလို့ရတယ်လေ”
စုန့်ယို့ရန်၏ မျက်ဝန်းများဟာ တောက်ပစွာနှင့် အကျိုးအကြောင်း ပြောပြသည်။
သခင်လေးချင်းယန်သည် အင်အားကြီးမားသော သိုင်းပညာရှင်တစ်ယောက် မဟုတ်သော်လည်း သူ၏ သင်ယူလေ့လာနိုင်စွမ်းရည်နှင့် နားလည်တက်ကျွမ်းထားသမျှသည် မည်သည့်ဂိုဏ်းအတွက်မဆို ခွန်အားများကို ပျိုးထောင်ပေးနိုင်လေသည်။ သူ့ထံမှ ညွှန်ကြားချက် အနည်းငယ်ကတင် ထိုဂိုဏ်း၏ တပည့်ဂိုဏ်းသားတစ်ယောက်ကို အရှိန်နှုန်းမြင့်မားစွာဖြင့် ခုန်တက်လောက်အောင် အင်အားကြီးသွားစေနိုင်သည်။ ထိုအတွက်ကြောင့်လည်း ဂိုဏ်းပေါင်းများစွာက သူ့ကို ခန့်အပ်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။
စုန့်ယို့ရန်က သူမသည် မမျှော်လင့်ထားစွာဖြင့် လျို့ဝှက်လွန်းသော သခင်လေးချင်းယန်ကို တွေ့ရမည်ဟု မထင်ထားမိပေ။ သူမကသာ သခင်လေးချင်းယန်ကို အကြီးအကဲများနှင့်တွေ့ရန် ခေါ်သွားပေးခဲ့ပြီး မဟာမိတ်အတွင်းသို့ဝင်ရန် ပြောဆိုပေးနိုင်ခဲ့လျှင် သူဟာ မဟာမိတ်အတွက် အကူအညီကြီး ဖြစ်လာပေလိမ့်မည်။
ဝမ်ချောင်က ဘာစကားမှမပြောချေ။ စဉ်းစားဆင်ခြင်ဟန်ဖြင့်သာ တွေးတောနေသည်။
စုန့်ယို့ရန်ကလည်း ဝမ်ချောင်က ဆွဲဆောင်ခံလိုက်ရကြောင်း မြင်သောအခါ သူမ၏ အားစိုက်ထုတ်မှုများကို နှစ်ဆခန့်မြှင့်တင်လိုက်သည်။
“သခင်လေးက လျို့ဝှက်ဆန်းကြယ်တဲ့ နေရာတွေကို စူးစမ်းရှာဖွေရတာကို သဘောကျမှန်း ငါသိတယ်။ မူလအမရတောင်ကလည်း ပေါ်နေပြီဆိုတော့ ငါက မဟာမိတ်က ကျွမ်းကျင်ပညာရှင်တွေကို စေလွှတ်ပြီး အဲ့ဒီနေရာထဲက ရတနာတွေကိုရှာဖို့ သခင်လေးကို အဖော်ပြုခိုင်းလို့ရတယ်လေ”
ဂိုဏ်းလောကအတွင်းရှိ လူတိုင်းကလည်း သခင်လေးချင်းယန်သည် လောကရေးရာကိစ္စများကို စိတ်မဝင်စားကြောင်း သိထားပြီးသားဖြစ်သည်။ သို့သော် သူသည် နာမည်ကြီးတောင်များ မြစ်ပြင်ကြီးများနှင့် အခြားသော ဒဏ္ဍာရီလာနေရာများ ဂိုဏ်းလောကအတွင်းမှ အန္တရာယ်များသော နေရာများအကြောင်းကို သိထားပြီးသားဖြစ်သည်။
သခင်လေးချင်းယန်သည် ဒီနေရာသို့ ရောက်လာသည်မှာ မူလအမရတောင်ကို မြင်ချင်၍ ဖြစ်လောက်သည်။
ထိုစကားလုံးများကို ကြားသောအခါ ဝမ်ချောင်၏နှလုံးသားက လှုပ်ခတ်သွားသည်။ သူသည် ယခင်က ကမ်းလှမ်းချက်ကို စဉ်းစားဆင်ခြင်ရုံသာဖြစ်သည်။ ယခုမူ အမှန်တကယ် ဆွဲဆောင်ခံလိုက်ရလေပြီ။
ဒီဘဝမှာပဲဖြစ်ဖြစ် ငါ့ရဲ့ အရင်ဘဝမှာပဲဖြစ်ဖြစ် ဒီဂိုဏ်းလောကက အမြဲတမ်း ငါနဲ့အလှမ်းကွာဝေးပြီး ကြုံတွေ့ဖို့ ခက်ခဲနေတုန်းပဲ။ ငါဒီကောင်မလေးရဲ့နောက်ကို လိုက်သွားပြီး တစ်ချက်ကြည့်လိုက်သင့်တယ်။ ဒီလိုနဲ့ ဂိုဏ်းလောကရဲ့ အခြေအနေကိုလည်း သိရမှာပဲ။ နောက်ပြီး... ငါဝင်္ကပါအကြီးအကဲဆီက ကြားထားတဲ့အတိုင်းဆိုရင် ဆရာ့ရဲ့ ရန်သူကြီးတွေထဲက တစ်ယောက်က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်နဲ့ အတွင်းကိုဝင်ရောက်ရင်းနဲ့ ငါဒီရန်သူအကြောင်း နည်းနည်းတော့ သိလာလောက်တယ်။ ဒီလိုနဲ့ မူလအမရတောင်အကြောင်းကိုလည်း စုံစမ်းနိုင်မယ်။
လောကရှိ လူတိုင်းသည်လည်း မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်အကြောင်း သိသည်။ သို့သော် ဂိုဏ်းလောကအတွင်းတွင်မူ ထိုသို့မဟုတ်သေးပေ။ အင်ပါယာခုံရုံးနှင့် ဒီလောကသည် ဆက်စပ်မှု အလွန့်အလွန် နည်းပါးသော ခြားနားသောနေရာများတွင် တည်ရှိနေသည်။ ထိုအတွက်ကြောင့် သခင်လေးချင်းယန်အဖြစ် ဟန်ဆောင်ခြင်းအားဖြင့် ဝမ်ချောင်သည် အန္တရာယ်အများကြီး မရှိနိုင်ပေ။
“ကောင်းပြီ”
ဝမ်ချောင်ဟာ နောက်ဆုံးတွင်ပြောလိုက်သည်။
“ကောင်းလိုက်တာ”
စုန့်ယို့ရန်က စိတ်လှုပ်ရှားစွာဖြင့် လက်သီးလေးကိုဆုပ်လိုက်သည်။ ငါးမိနစ်နီးပါးခန့် ကြာပြီးနောက် ဝမ်ချောင်က ကိုယ့်ကိုယ်ကို ပြင်ဆင်၍ပြီးသွားပြီး စုန့်ယို့ရန်၏ နောက်မှလိုက်ကာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်စခန်းသို့ သွားလေသည်။