အခန်း (၁၃၄၁-၁၃၄၅)
Vol. 79 Ch. 1341-1345
အခန်း(၁၃၄၁)
အကြံအစည်ကြီးတဲ့တပည့် ကျစ်အန်းတု
ထိုခရီးတွင် ဝမ်ချောင်သည် စုန့်ယို့ရန်ထံမှတစ်ဆင့် ဂိုဏ်းလောကနှင့် ပတ်သတ်သော အကြောင်းအရာများကို အမြောက်အများ သိလာရသည်။ သူက သူမနှင့် စကားပြောဖြစ်လေလေ ဝမ်ချောင်အနေဖြင့် စုန့်ယို့ရန်သည် အကွက်ချကြံစည်မှုကြောင့် ရုန်းရင်းဆန်ခတ် တိုက်ခိုက်ခဲ့ရကြောင်း သိလိုက်သည်။ သူမကိုယ်တိုင်ကမူ စိတ်နှလုံးသား ကောင်းမွန်နေပြီး အလွန်ရိုးသားကာ တည့်တိုးပြောတတ်သောသူ ဖြစ်လေသည်။
“အဆင့်လွန်နဲ့ အဆုံးအစမဲ့ မူလအမရသိုင်းနဲ့ ပတ်သတ်ပြီး ဘာသတင်းမှ မကြားရတာ နှစ်ရာကျော်သွားခဲ့ပြီမဟုတ်လား။ ဂိုဏ်းလောကထဲမှာလည်း ဒီသိုင်းက ပျောက်သွားပြီဆိုပြီး ကြေညာထားတာပဲလေ။ ဘာလို့ရုတ်တရက်ကြီး ရှာတွေ့သွားတာလဲ။ နောက်ပြီး မူလအမရတောင်ရဲ့ တည်နေရာကိုတောင် ရှာတွေ့သေးတယ်ဟုတ်လား။ နောက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ဘာလို့ ဒီလောက်အများကြီး ရောက်နေတာလဲ”
ဝမ်ချောင်က စုန့်ယို့ရန်အားပြောသည်။
“ဒါက....”
“အမှန်တိုင်းပြောရရင် ငါတို့လည်း ထူးဆန်းတယ်လို့ထင်တာ။ ဒီလောက် သဘောကျစရာကောင်းနေတဲ့ ရတနာမျိုးကို လူသိနည်းလေလေ ကောင်းလေလေပေါ့။ ဒါပေမဲ့ ဒီနေရာမှာ လူတွေအများကြီး ရောက်နေကြတယ်။ အခုနောက်ပိုင်း ကြားထားတဲ့အတိုင်းဆိုရင် မူလအမရနန်းတော်ကို သွားတဲ့ မြေပုံကို လူတစ်ယောက်က ရှာတွေ့သွားတယ်။ သူက ဒီနေရာကို ရောက်လာတယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီလူက ကောင်းကောင်း ဂရုမစိုက်ဖြစ်ခဲ့လို့ သူ့ကိုသိတဲ့လူ ဒါမှမဟုတ် ရန်သူတွေက ရှာတွေ့သွားတာပဲ။ အဲ့ဒီလိုနဲ့ အဲ့ဒီရန်သူက ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းကိုပေါက်ကြားအောင်လုပ်ပြီး တစ်ဖက်သူကို ဒုက္ခရောက်အောင် လုပ်တာပေါ့။ ဂိုဏ်းလောကထဲမှာတော့ ဒီလိုကိစ္စမျိုးက ဖြစ်နေကြပါပဲ”
သခင်လေးချင်းယန်က ဒီကိစ္စနှင့်ပတ်သတ်သော အကြောင်းအရာများကို နားမလည်ကြောင်း မြင်သောအခါ စုန့်ယို့ရန်က စိတ်ရှည်စွာ ရှင်းပြပေးလေသည်။
“ဒါပေမဲ့ အခြားအဖွဲ့အစည်းတွေနဲ့ မတူတာက ငါတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့က မူလအမရနန်းတော်တစ်ခုတည်းကြောင့် ဒီနေရာကိုလာတာမဟုတ်ဘူး”
“အိုး”
ဝမ်ချောင်က အံ့အားသင့်သွားရင်း စုန့်ယို့ရန်ကိုကြည့်သည်။
“ဟွန်း သခင်လေးလည်း လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေလောက်တဲ့ မိစ္ဆာလမ်းလျှောက်တဲ့ မိစ္ဆာဧကရာဇ်ဆိုတဲ့လူကို သိတယ်မဟုတ်လား”
စုန့်ယို့ရန်ကမေးသည်။
“ဒါပေါ့ ငါသိတာပေါ့”
ဝမ်ချောင်က ခပ်တိုးတိုးရယ်သည်။
“အွန်း ဒါဆိုကောင်းတယ်။ အတိတ်က မိစ္ဆာဧကရာဇ်က တားဆီးဖို့လည်းခက်ပြီး နှိမ်နင်းဖို့လည်း မရနိုင်ခဲ့တဲ့လူလေ။ သူ့ရဲ့စိတ်နေသဘောထားက ရက်စက်ပြီး အာဏာရှင်ဆန်တယ်။ ဂိုဏ်းလောကက လူတိုင်းကသူ့ကို ကြောက်ကြတယ်။ နောက်ပိုင်းမှာ ကံကြမ္မာသွေဖယ်တဲ့ အပြောင်းအလဲတွေကြောင့် အဓိကဂိုဏ်းတွေရဲ့ ကျွမ်းကျင်ပညာရှင်တွေက အတူပေါင်းပြီး ဒီမိစ္ဆာလမ်းကိုလျှောက်တဲ့ မိစ္ဆာကြီးကို သတ်လိုက်ကြတယ်။ ဒါပေမဲ့ သိပ်မကြာခင်က တစ်စုံတစ်ယောက်ကပြောတယ်။ သူတို့ရဲ့ ကိုယ်ပိုင်မျက်လုံးနဲ့ မိစ္ဆာဘုရင်ကြီးကို ပြန်တွေ့လိုက်တယ်တဲ့။ ဆိုးယုတ်တဲ့လမ်းကြောင်းကိုလျှောက်တဲ့ ဒီမိစ္ဆာက အသက်ရှင်နေတုန်းပဲ။ သူက ဒီနေရာမှာ ပေါ်လာတာ”
“ငါတို့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က လူတွေကို ဦးဆောင်ခေါ်ပြီး စံပြအနေနဲ့ လှုပ်ရှားဖို့ တာဝန်ပေးခံရတယ်။ ဘယ်လိုနည်းနဲ့မဆို ငါတို့က ဒီမိစ္ဆာဘုရင်ကို သုတ်သင်ရမယ်။ ဒီလိုမှ သူ့ကြောင့် နှုတ်ဆတ်ခံရတဲ့လူတွေမရှိမှာ”
စုန့်ယို့ရန်က တင်းမာသောမျက်နှာထားဖြင့် ပြောသည်။ သူမ၏မျက်နှာက ဖြောင့်မတ်မှန်ကန်မှုများဖြင့် တောက်ပနေသေးသည်။ သူမသည် မကြာခဏဆိုသလို လှည့်စားခံရတတ်သော်လည်း တရားမျှတမှုနှင့် ပတ်သတ်လာသောအခါ စုန့်ယို့ရန်သည် အမြဲတစေ ရပ်တည်သောနေရာကို နားလည်နေတတ်သည်။
ဝမ်ချောင်က ဘာစကားမှမဆိုပေ။ သို့သော် သူ၏စိတ်ထဲတွင်မူ အထင်သေးနေမိသည်။ ယခင်က သူ၏ဆရာဖြစ်သူသည် အမှန်တကယ်ပင် ရက်စက်သော လူသတ်သမားတစ်ယောက် ဖြစ်ခဲ့သည်။ စုန့်ယို့ရန်ပြောသော စကားကလည်း မှန်ကန်သည်။ သို့ရာတွင် သူ၏ဆရာဖြစ်သူသည် နောက်ပိုင်းတွင် ပြောင်းလဲလာခဲ့ပြီး ယခင်ကထက် ရက်စက်သောလူမျိုး မဟုတ်တော့ဘဲ ပို၍ဆိုးသည်မှာ သူ၏ဆရာဖြစ်ခြင်းသည် တစ်ဘဝစာ ဖခင်ဖြစ်ခြင်းနှင့်တူသည်။ ဝမ်ချောင်အနေဖြင့် တစ်စုံတစ်ယောက်က သူ၏ဆရာဖြစ်သူကို ထိုသို့ပြောဆိုနေခြင်းကို ခွင့်မပြုနိုင်ပေ။
“အရှေ့မှာရောက်ပြီ”
စုန့်ယို့ရန်က အနီးအနားရှိ တောင်တစ်လုံးကို မော့ကြည့်သည်။ ဝမ်ချောင်က သူ၏အကြည့်နောက် လိုက်ကြည့်လိုက်သောအခါ မြေပြင်အထက် ခြောက်ဆယ်မှ ခုနှစ်ဆယ်မီတာခန့်မြင့်သော တောင်တစ်တောင်ကို မြင်လိုက်ရသည်။ ထိုတောင်အနှံ့ အမျိုးမျိုးသော အလံများက လွင့်နေသည်။ အားလုံးက ယင်ရန်သင်္ကေတနှင့် ကြိုးကြာဖြူပါနေသော တူညီသောအလံများ ဖြစ်နေလေသည်။ တောင်ထိပ်တွင် အကြီးဆုံးအလံကြီးတစ်ခုရှိသည်။ မီတာနှစ်ဆယ်ခန့်ပင် မြင့်လေပြီး လေတွင်လွင့်နေလေသည်။
ငါးမီတာ၊ ခြောက်မီတာခန့်တိုင်းတွင် စောင့်ကြည့်စင်များရှိသည်။ မရေမတွက်နိုင်သော ဖြောင့်မတ်မှန်ကန်ခြင်း အဖွဲ့မှ ဂိုဏ်းသားပေါင်းများစွာက ပတ်ဝန်းကျင်ကို သတိကပ်ကာ စောင့်ကြည့်နေကြပြီး သူတို့၏လက်များကိုလည်း ဓားများပေါ်သို့ အသင့်တင်လျှက် တိုက်ခိုက်ရန် အသင့်ပြင်နေကြသည်။ ဝမ်ချောင်နှင့် စု့န်ယို့ရန်တို့က တောင်ကိုလေ့လာနေချိန်တွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများကလည်း သူတို့ကို သတိထားမိသွားသည်။
“စီနီယာအစ်မ”
ရုတ်တရက် ကျယ်လောင်သော အော်သံနှင့်အတူ (၁၇)နှစ်၊ (၁၈)နှစ်အရွယ်ခန့်ရှိမည့် လူငယ်လေးတစ်ယောက်က စိတ်လှုပ်ရှားသော မျက်နှာမျိုးနှင့် နေရာမှအပြေးလာသည်။
“ရှောင်ယဲ့”
စုန့်ယို့ရန်က ခြေလှမ်းများကိုမြှင့်ရင်း ထိုတပည့်ဂိုဏ်းသားဆီသွားသည်။
“ဟား”
ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် ဖျော့တော့စွာရယ်လိုက်သည်။ သို့သော် လိုက်မသွားခဲ့ပေ။
ဒီဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က နယ်မြေအတွင်းမှ နံပါတ်တစ် မဟာမိတ်ဆိုတဲ့ နာမည်နဲ့တော့ ထိုက်တန်သားပဲ။ တော်တော်လေးကို အင်အားကြီးတဲ့ အင်အားစုပဲ။
ဝမ်ချောင်က ထိုနေရာကို ဂရုတစိုက် စစ်ဆေးနေလိုက်သည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ထိုယာယီစခန်းကတင် အနည်းဆုံး ဖြောင့်မတ်မှန်ကန်ခြင်း တပည့်ဂိုဏ်းသား ငါးရာနီးပါး ရှိနေခဲ့ပြီးသားဖြစ်သည်။ ဝမ်ချောင်သည် အဆင့်မြင့်သိုင်းနယ်မြေအဆင့် သို့မဟုတ် ထိုထက်မြင့်သော အဆင့်တွင်ရှိသော တပည့်ဂိုဏ်းသား အရေအတွက်က သုံးရာကျော်ကြောင်း ခန့်မှန်းနိုင်သည်။ အင်ပါယာသိုင်းနယ်မြေအဆင့်တွင်ရှိသော အရေအတွက်က လေးဆယ်မှ ငါးဆယ်နီးပါး ရှိနိုင်သည်။ သူတော်စင်သိုင်းနယ်မြေအတွက်ကမူ.... (၁၇)ယောက်၊ (၁၈)ယောက်ခန့်ပင် ရှိနိုင်သည်။ သိသာစွာပင် ဒါဟာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်တစ်ခုလုံး၏ အင်အားမဟုတ်သေးချေ။
စစ်တပ်ထဲတွင် အဆင့်မြင့်သိုင်းနယ်မြေအဆင့်ကတင် သာမာန်ဗိုလ်ချုပ် သို့မဟုတ် အင်ပါယာ သိုင်းနယ်မြေအဆင့်သည် ဖော်ပြရန်ခက်ခဲလောက်အောင် ထူးချွန်လွန်းသော ဗိုလ်ချုပ်များဖြစ်နေလေပြီ။ သူတော်စင်သိုင်းနယ်မြေအဆင့်ဆိုလျှင် ရှီယွမ်ချင်အဆင့်တွင်ရှိသော ဗိုလ်ချုပ်မှူးကြီးတစ်ယောက် ဖြစ်နိုင်၏။ ဝမ်ချောင်ကပင် အနောက်မြောက်ပိုင်းရှိ ဒီလိုသေးငယ်သော တောင်သေးသေးလေးတွင် စုစည်းနေသည့် ကျွမ်းကျင်ပညာရှင် အမြောက်အများကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်မိသွားသည်။
လူတိုင်းကပြောကြတယ်။ ဂိုဏ်းလောကက ပုန်းနေတဲ့နဂါး၊ ဝပ်နေတဲ့ကျားတွေ ပြည့်နှက်နေတဲ့ နေရာတဲ့။ ဒီဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က ဂိုဏ်းလောကရဲ့ အသေးစားပုံစံငယ်လေး တစ်ခုလောက်ပဲ။ ဒါတောင်မှ အနောက်မြောက်ပိုင်းမှာ ဒီထက်ကျွမ်းကျင်ပညာရှင် အများကြီးကို စုစည်းထားနိုင်နေပြီ။ ဒီတော့ ဂိုဏ်းလောကတစ်ခုလုံးမှာရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေ အားလုံးဆိုရင် ဘယ်လောက်တောင် များလိုက်မလဲ။
ဝမ်ချောင်က ခံစားချက်များဖြင့် လွှမ်းမိုးခံလိုက်ရသည်။ သူကိုယ်တိုင်ကပင် ထိုသိုင်းလောကမှ ဂိုဏ်းများသည် သီးသန့်နေလေ့ရှိကြပြီး အင်ပါယာခုံရုံးနှင့် ကွဲထွက်နေသည့်ကိစ္စအပေါ် နှမြောတသ ဖြစ်မိသွားသည်။ မင်းဆက်တစ်ခုပြီးတစ်ခုတိုင်းက ဂိုဏ်းလောကမှ ကျွမ်းကျင်ပညာရှင်များကို ခန့်အပ်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် အားလုံးက ကျရှုံးခဲ့ကြ၏။ သို့မဟုတ်လျှင် အခြေအနေက အမှန်တကယ် ခြားနားနေလောက်သည်။
“ဘယ်သူလဲ”
ရုတ်တရက် အသံတစ်သံက ဝမ်ချောင်၏အတွေးများကို ဖျက်ပစ်လိုက်သည်။ ဝမ်ချောင်က ခေါင်းကိုမော့ကြည့်လိုက်သောအခါ စုန့်ယို့ရန်နှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများကလည်း လှမ်းကြည့်နေကြောင်း မြင်လိုက်ရသည်။
“သခင်လေးချင်းယန် လာ ဒီကိုမြန်မြန်လာ”
စုန့်ယို့ရန်က ဝမ်ချောင်ကို လက်ယမ်းပြသည်။
“ဘာ သူက သခင်လေးချင်းယန်လား”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားက အလန့်တကြားအော်သည်။ သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုက ရှိနေသည်။
ဝမ်ချောင်က ဖျော့တော့စွာပြုံးရင်း တောင်ပေါ်သို့တက်သွားလိုက်သည်။
“သခင်လေးချင်းယန် ဟုတ်လား မင်းက သခင်လေးချင်းယန်လား”
ထိုလူငယ်က ဝမ်ချောင်၏ပတ်ပတ်လည်တွင် ပတ်ပြေးနေရင်း မယုံကြည်နိုင်သော မျက်နှာထားမျိုးဖြင့် ဖြစ်နေလေသည်။
“နင်မယုံဘူးမဟုတ်လား ငါလည်း စတွေ့တော့ မယုံရဲခဲ့ဘူးလေ။ သခင်လေးချင်းယန်ရဲ့ အစောင့်က ပျောက်သွားတာ။ ဒီတော့ငါက ငါတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှာ ခဏနေခိုင်းဖို့ ဖိတ်ခေါ်လာခဲ့တာပဲ။ နင်တစ်ယောက်တည်းပဲ ဒီအကြောင်းကိုသိရင် အဆင်ပြေတယ်နော်။ ဘယ်သူ့ကိုမှ မသိစေနဲ့”
စုန့်ယို့ရန်က တခစ်ခစ်ရယ်သည်။ သူမသည်လည်း သတင်းကို စသိရသောအခါ အမှန်တကယ်ပင် အံ့ဩလျှက် ထိတ်လန့်ခဲ့ရသေးသည်။
“ဟုတ်သားပဲ သခင်လေး ဒါကငါ့ရဲ့ မောင်ငယ်လေးလေ။ သူ့နာမည်က စုန့်ကြွယ်တဲ့။ သူက နင့်ကိုလေးစားအားကျတဲ့ လူတွေထဲက တစ်ယောက်ပေါ့။ သူက နင်နဲ့ ဘယ်လိုဘယ်ပုံ တွေ့ချင်တာဆိုပြီး အမြဲတမ်းငါ့ကို ပြောပြနေကြပဲ”
စုန့်ယို့ရန်က တခစ်ခစ်ရယ်သည်။ ဝမ်ချောင်က ထိုမောင်နှမနှစ်ယောက်ကိုကြည့်ရင်း တိတ်တဆိတ်သာ ပြုံးနေသည်။
“ဂျူနီယာညီမ ငါတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကို ဧည့်သည်ရောက်လာတာလား”
သူတို့သုံးယောက်က စကားပြောနေချိန်တွင် ရုတ်တရက် အပေါ်ဘက်မှ အေးစက်ပြီး ထီမထင်သော အသံမျိုးက မိုးခြိမ်းလိုက်သလိုမျိုး ဝုန်းကနဲရောက်ရှိလာသည်။ တခဏခန့်ကြာပြီးနောက် စွစ်ကနဲ မြည်သံနှင့်အတူ တောင်ထိပ်မှ ပုံရိပ်တစ်ခုက ခုန်ချလာရင်း ငှက်တစ်ကောင်ကဲ့သို့ ကောင်းကင်ကို ကျော်ဖြတ်ပျံသန်းရင်း လေထဲတွင် ဝဲပျံပြီး ကောင်းကင်အတွင်း ကျော့ရှင်းကြည့်ကောင်းစွာနှင့် ရပ်တန့်လေသည်။
ဘုန်း
ဖြတ်ကနဲလက်သွားပြီးနောက် ထိုပုံရိပ်က ဝမ်ချောင်က ငါးဆယ်၊ခြောက်ဆယ်မီတာခန့် အကွာတွင် ဆင်းသက်လာသည်။ တုန်ယင်သွားပြီး ဖုန်မှုန့်များက လိမ့်တက်လာသည်။ ထိုနှင်းဖြူရောင် ပုံရိပ်ထံမှ မရေမတွက်နိုင်အောင် သိပ်သည်းသော စွမ်းအင်များက ဖြာထွက်လာရင်း ကြီးမားသည့် လေပြင်းကြီးကိုပင် ဖန်တီးလိုက်သေးသည်။
အဟွတ် အဟွတ်
ရောက်လာသောဖုန်များက စုန့်ကြွယ်ကို ချောင်းဆိုးစေသည်။ သူ၏မျက်နှာက နီရဲလာသည်။ ထိုအချိန်တွင် စုန့်ယို့ရန်ကမူ ခြေလှမ်းအနည်းငယ်ပင် ဆုတ်လိုက်လျှက် ယခုလေးတင်ပေါ်လာသော လူကို သတိကပ်ကာကြည့်သည်။
“ကျစ်အန်းတု နင်ဘာလုပ်တာလဲ”
စုန့်ယို့ရန်သည် လက်သီးကိုဆုပ်လျှက် ခြေထောက်ကိုချဲထားသည်။ ခြေထောက်ကို ရှေ့တစ်ဖက် နောက်တစ်ဖက် ချဲပစ်လိုက်သည်။ သူမသည် ခပ်တင်းတင်းဆွဲထားသော လေးကြိုးနှင့်တူသည်။ အချိန်မရွေး လွှတ်လိုက်နိုင်ပုံရ၏။
ဝရုန်းသုန်းကားဖြစ်နေသော ဖုန်များအတွင်းမှ အသံတစ်သံထွက်လာသည်။
“ဂျူနီယာညီမ မင်းဘယ်နေရာကို သွားတာလဲ။ အနောက်မြောက်ပိုင်းက ဒီလိုအခြေအနေမျိုးမှာ အရမ်းကို အန္တရာယ်များနေတာ။ ငါမင်းကို လိုက်ပါပို့ဆောင်ဖို့ လူတွေလွှတ်ချင်တယ်။ ဒါပေမဲ့မင်းက ငြင်းတယ်လေ။ မင်းတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ နောက်ပြီး ဒီညီငယ်လေးက ဘယ်သူလဲ။ ငါဘာလို့ သူ့ကို တစ်ခါမှ မမြင်ဖူးတာလဲ”
ကောင်းကင်မှ ဆင်းသက်လာသောလူက စကားပြောနေရင်း ရုတ်တရက် ဝမ်ချောင်ကို လှည့်ကြည့်သည်။
သူ၏ကျဉ်းမြောင်းကာ မှေးမှိတ်မတက် ဖြစ်နေသော မျက်ဝန်းတစ်စုံက သတ်ဖြတ်လိုစိတ်ဆန္ဒများ ပေါက်ကွဲလာသည်။
ဝမ်ချောင်သည်ပင် ထိုသတ်ဖြတ်လိုစိတ် ဆန္ဒများကြောင့် အနည်းငယ်ကြောင်သွားသည်။ သို့သော် သူသည်လည်း စိတ်ထဲတွင် နားလည်လိုက်ရင်း ရယ်မိသည်။ ထိုလူသည် သူ့အား အချစ်ပြိုင်ဘက်ဟု သတ်မှတ်နေပုံရသည်။
ဝမ်ချောင်က နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်သည်။ သူသည် စုန့်ယို့ရန်၏ နောက်သို့ လိုက်လာပြီး ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်သို့ လိုက်လာခဲ့သည်မှာ အခြေအနေကို သိချင်၍ဖြစ်သည်။ သူကသာ ဆရာဖြစ်သူ၏ တည်နေရာ သို့မဟုတ် အဆင့်လွန်နှင့် အဆုံးအစမဲ့ မူလအမရသိုင်းအကြောင်း သိနိုင်လျှင် ပိုကောင်းပေလိမ့်မည်။ အခြားသော ကိစ္စများအတွက်ကမူ ဝင်မပါချင်ပါပေ။
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်သည်လည်း တစ်စုံတစ်ရာဟာ မှားယွင်းနေကြောင်း သိလိုက်သည်။ အထူးသဖြင့် ထိုလူကိုကြည့်ရင်း သူ၏မျက်နှာက တင်းမာလာသည်။
“ကျစ်အန်းတု ဘယ်သူက နင့်ရဲ့အကာအကွယ်ကို လိုနေလို့လဲ။ ငါက ငါ့ရဲ့မိတ်ဆွေကို ပြန်ခေါ်လာတာ။ ငါက ဘယ်သူနဲ့မဆို မိတ်ဆွေဖြစ်လို့ရတယ်။ နင့်ရဲ့စိုးရိမ်မှုကို မလိုဘူး”
စုန့်ယို့ရန်ကလည်း ကျစ်အန်းတုဟုခေါ်သော အမျိုးသားကြောင့် ဒေါသထွက်နေသည်မှာ ရှင်းလင်းသည်။
“ဂျူနီယာညီမလေး ဒေါသတကြီး စကားတွေမပြောပါနဲ့။ ငါက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရဲ့ ကာကွယ်စောင့်ရှောက်သူတစ်ယောက်။ မဟာမိတ်အရှင်ရဲ့ တပည့်ဆိုလည်းဟုတ်တယ်။ မဟာမိတ်ထဲကို သံသယရှိစရာ လူတစ်ယောက်က ဝင်လာတဲ့ အခြေအနေမျိုးမှာ ငါက စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိတယ်။ ပိုဆိုးတာက အကြီးအကဲတွေကလည်း ငါတို့ရဲ့ဆက်ဆံရေးကို အသိအမှတ် ပြုထားပြီးသား။ မင်းမှာ ငါ့ကို ငြင်းစရာ ဘာအကြောင်းပြချက်ရှိလို့လဲ”
ထိုလူက ကျောဘက်သို့ လက်ပို့လျှက် ခေါင်းကိုမော့လိုက်သည်။ သူသည် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်ပြီး မောက်မာထောင်လွှားသော လေသံမျိုးနှင့်ပြောလေသည်။
“ပေါက်ကရတွေ လာပြောမနေနဲ့။ လူတိုင်းက သံသယဝင်စရာ အကြောင်းကိုမရှိဘူး။ နောက်ပြီးသူက သခင်လေး လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ သခင်လေးချင်းယန်ပဲ”
ဝမ်ချောင်၏ ဘေးဘက်မှ စူးရှသောအသံက ထွက်လာသည်။ စုန့်ယို့ရန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျှက် ကာကွယ်ပေးလိုသော ပုံစံမျိုးနှင့်ပြောသည်။
“သခင်လေးချင်းယန်ဟုတ်လား”
ကျစ်အန်းတု၏ မျက်ဝန်းက တစ်ချက်လက်သွားပြီး မျက်နှာက တင်းမာသွားသည်။ သူသည် ဝမ်ချောင်ကို စိုက်ကြည့်သည်။
“ဘာ သခင်လေးချင်းယန်လဲ။ ဂိုဏ်းလောကထဲက ဘယ်သူက သခင်လေးချင်းယန်နဲ့ တကယ်တွေ့ဖူးကြလို့လဲ။ သူ့ရဲ့နောက်ခံကို အတည်မပြုနိုင်မချင်း သူက သခင်လေးချင်းယန်လို့ ဘယ်သူက ပြောရဲလဲ။ ငါ့ရဲ့ထင်မြင်ချက်အရ သူက တော်တော်လေးကို သံသယဝင်စရာကောင်းနေတယ်”
ကျစ်အန်းတုက လက်ကိုယမ်းလျှက် ခိုင်မာစွာအမိန့်ပေးသည်။
“လာစမ်း ဒီသခင်လေးချင်းယန်ကို တောင်ပေါ်ကိုခေါ်သွားလိုက်။ ငါသူနဲ့ ကောင်းကောင်းစကားပြောချင်တယ်”
“ဟုတ်ကဲ့ ကာကွယ်စောင့်ရှောက်သူ”
ထို့နောက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် တပည့်ဂိုဏ်းသားအချို့က ဂါရဝပြုလျှက် ရှေ့သို့တက်လာကြသည်။
“ကျစ်အန်းတု နင်လုပ်ရဲလား”
ဝမ်ချောင်၏အရှေ့တွင် ပုံရိပ်တစ်ခုက ဝင်ရောက်လာရင်း ကျစ်အန်းတုကို ပြန်စိုက်ကြည့်သည်။ စုန့်ယို့ရန်သည် ဒေါသကြောင့် မျက်နှာကနီရဲနေပြီး ခန္ဓာကိုယ်က တုန်ယင်နေသည်။ ထိုမျိုးမစစ်ကောင်က ယခုလိုလုပ်သည်မှာ ပထမဦးဆုံးအကြိမ်လည်း မဟုတ်ပေ။ သူ၏ ကာကွယ်စောင့်ရှောက်သူနှင့် မဟာမိတ်အရှင်က မျက်နှာသာပေးသည်ဆိုသော အချက်ကို မှီခိုခြင်းအားဖြင့် သူသည် သူမနှင့် နီးကပ်စွာ ပြောဆိုဆက်ဆံတတ်သော လူတိုင်းကို ရက်စက်စွာ ဖိနှိပ်လေ့ရှိသည်။
“ငါ့ရဲ့ကိစ္စရေးရာကို နင်လာပြီး စိုးရိမ်ပေးစရာမလိုဘူး။ နင့်ကိုယ်နင် ဘာကောင်ထင်နေတာလဲ။ နင်က မိစ္ဆာဧကရာဇ် လူအိုကြီးကို သတ်ခဲ့တော့ရော ဘာဖြစ်လဲ။ ငါက နင့်လို အကြံအစည်ကြီးလွန်းတဲ့ တပည့်နဲ့ ဘာပတ်သတ်မှုမှမရှိဘူး။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဆိုးယုတ်မှုတွေ အများကြီးကို လုပ်ခဲ့တာမှန်တယ်။ ဒါပေမဲ့ နင့်လိုမျိုး အကြံအစည်ကြီးပြီး အကွက်ချကြံစည်တတ်တဲ့ ကောင်မျိုးနဲ့ယှဉ်ရင်တော့ အများကြီးသာသေးတယ်”
အခန်း(၁၃၄၂)
ယင်နက်ဘိုးဘေး
ခြိမ်း
စုန့်ယို့ရန်၏ စကားလုံးများက ဝမ်ချောင်၏စိတ်အတွင်း အားလှိုင်းများ ထွက်လာစေသည်။
သူပဲ။
ဝမ်ချောင်၏နှလုံးသားအတွင်း မိုးခြိမ်းလာသည်။ သူနှင့်မျက်နှာချင်းဆိုင်တွင် ရပ်နေသော ထိုလူထံမှ သူသည် ရင်းနှီးကျွမ်းဝင်မှုကို ခံစားမိခဲ့သည်။ ထိုကတည်းက ဝမ်ချောင်က သံသယဝင်နေခဲ့ခြင်းဖြစ်သည်။ ယခုအခါ စုန့်ယို့ရန်၏ စကားလုံးများက ထိုလူ၏နောက်ခံကို အတည်ပြုပေးလိုက်သည်။
ဝမ်ချောင်သည် သူ၏ လျို့ဝှက်ဆန်းကြယ်သော စီနီယာ ဂိုဏ်းတူအစ်ကိုကို ဒီနေရာတွင် ယခုလိုတွေ့ရမည်ဟု မထင်ထားမိပေ။
ဟွန်း ရန်သူတွေက လမ်းရှေ့မှာဆုံတယ်။ သူဖြစ်နေမယ်လို့ မထင်ထားဘူး။
ဝမ်ချောင်က ခေါင်းကိုမော့သည်။ သူ၏မျက်ဝန်း အနက်ရှိုင်းဆုံးအပိုင်းတွင် အေးစက်သောအလင်းက ဖြတ်ပြေးသွားသည်။ သူ၏အပြုအမူကလည်း ထူးခြားလာသည်။
သူသည် ထိုအမျိုးသားသည် စုန့်ယို့ရန်ကို သဘောကျသူများထဲမှ တစ်ယောက်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ကိစ္စများက ယခုအခါ ခြားနားသွားခဲ့သည်။
ဝမ်ချောင်သည်လည်း ထိုသိုင်းအစ်ကိုနှင့် ပထမဦးဆုံး တွေ့ဆုံမှုက မည်သို့ဖြစ်ပုံ ဖြစ်လောက်မည်နည်းဟု အမျိုးမျိုး စိတ်ကူးယဉ်ကြည့်ခဲ့ဖူးသည်။ သို့သော် ယခုလိုမျိုးတော့ဖြင့် မတွေးဖူးချေ။
သူသည် သူ၏စီနီယာအစ်ကိုကို ဂရုတစိုက် လေ့လာလိုက်သည်။ သူ၏ကြီးမားသော မျက်လုံးများက အေးစက်ကာ ထက်ရှသည်။ သူ၏မျက်ခုံးလကည်း စူးရှပြီး တင်းမာနေသေးကာ အချိန်မရွေး ဒုက္ခပေးနိုင်သူတစ်ယောက်ဆိုသော ခံစားချက်မျိုးကို ပေးစွမ်းလေသည်။ သူ၏နှာတံက မြင့်နေပြီး ချောမောသောမျက်နှာကို ပိုင်ဆိုင်ထားသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရှု့ထောင့်တိုင်းမှတစ်ဆင့် တစ်ဖက်သူသည် ချောမောခန့်ညားကာ ကြည့်ကောင်းသောလူမျိုးဖြစ်သည်။ သို့သော် တစ်ဖက်သူက ခြုံငုံပေးနေသော ခံစားချက်အရ ဖော်ပြရန်ခက်ခဲသည့် အနုစိတ်မှုတစ်ခု ပါဝင်နေသလို မထင်ရှားသည့် မြွေတစ်ကောင် သု့ိမဟုတ် ပိုးကောင်တစ်ကောင်က တွားသွားနေသလိုမျိုးဟု ခံစားရစေသေးသည်။
ခလွက် ခလွက်
အင်္ကျီလက်အတွင်းမှ ဝမ်ချောင်၏လက်သီးက ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သူ၏သတ်ဖြတ်လိုစိတ်များက ဖောင်းတက်လာ၏။ ဒီနေ့က မည်သို့ပင် အဆုံးသတ်စေကာမူ သူသည် ဆရာဖြစ်သူအတွက် အိမ်ကို ရှင်းလင်းပေးရတော့ပေမည်။
ဝုန်း
ဝမ်ချောင်က အကြံအစည်ရရုံရှိသေးသည်။ အခြားတစ်ဖက်ခြမ်းမှ ကျစ်အန်းတု၏ အမူအရာက ပြောင်းလဲသွားရင်း ဝမ်ချောင်ကို ပြန်ကြည့်သည်။
“ကာကွယ်စောင့်ရှောက်သူ လူကြီးမင်း”
ရုတ်တရက် တောင်ထိပ်မှ အော်ဟစ်သံထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် သူတော်စင်သိုင်းနယ်မြေ အဆင့်ရှိ ဖြောင့်မတ်မှန်ကန်ခြင်း တပည့်ဂိုဏ်းသား ခြောက်ယောက်၊ ခုနှစ်ယောက်ခန့်က သူတို့၏ ရွေ့လျားမှုသိုင်းများကိုသုံးလျှက် ကျစ်အန်းတုရှိရာ နေရာသို့ ချဉ်းကပ်လာသည်။
“ငါတို့အခုလေးတင် အကြီးအကဲ အော့ရန်ဆီက သတင်းရတယ်။ ဘိုးဘေးငါးယောက် မဟာမိတ်ရဲ့ ယင်နက်ဘိုးဘေးက မဟာမိတ်အရှင် မရှိတဲ့အခြေအနေကို အခွင့်ကောင်းယူပြီး ငါတို့ကို တိုက်ခိုက်လာပြီတဲ့”
ထိုလူများအားလုံးက ထိတ်လန့်ပြီး စိုးရိမ်သွားကြသည်။
“ဘာ”
ကျစ်အန်းတုနှင့် စုန့်ယို့ရန်တို့၏ မျက်နှာက ဖြူဖျော့သွားကြသည်။
“ယင်နက်ဘိုးဘေးက မှင်သက်ဖွယ်ကောင်းတဲ့ အင်အားကို ပိုင်ဆိုင်ထားတယ်။ သူက အရင်က မိစ္ဆာဧကရာဇ်ကို မယှဉ်နိုင်ပေမဲ့လည်း ထိပ်ဆုံးငါးယောက်ထဲမှာ ပါဝင်နေတုန်းပဲ။ ငါတို့ရဲ့အဖွဲ့က သူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ ငါတို့ ဝင်္ကပါတစ်ခုကို မြန်မြန်ဖွဲ့စည်းပြီး သူနဲ့တိုက်ခိုက်ဖို့အတွက် အင်အား အားလုံးကို ပေါင်းစည်းမှဖြစ်လိမ့်မယ်။ ငါ့ရဲ့အမိန့်ကိုထုတ်လိုက် အခုချက်ချင်း တိုက်ပွဲအတွက် ပြင်ဆင်ကြတော့”
ကျစ်အန်းတုက ထိုသို့ပြောပြီးနောက် တောင်ပေါ်သို့ အပြေးတက်သွားသည်။ အနောက်ဘက်မှ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများက လိုက်သွားကြသည်။
စုန့်ယို့ရန်က ဝမ်ချောင်ကိုလှည့်ကြည့်ပြီး စိုးရိမ်တကြီးပြောသည်။
“သခင်လေးချင်းယန် နင် နင်အရင်ထွက်သွားသင့်တယ်။ ကျစ်အန်းတုက အကြံအစည်ကြီးပြီး ကောက်ကျစ်တတ်တယ်ဆိုပေမဲ့လည်း ဒီဆိုးယုတ်တဲ့လမ်းက ကျင့်ကြံသူတွေအားလုံးကို သူ့ရဲ့လက်ခုံလို ကောင်းကောင်း သိထားပြီးသား။ ဘာပဲဖြစ်ဖြစ် သူက ဒီလမ်းကြောင်းက တပည့်ဂိုဏ်းသားတစ်ယောက် ဖြစ်ခဲ့တာပဲလေ။ သူပြောတဲ့အတိုင်း ငါတို့ရဲ့အင်အားက မလုံလောက်ဘူးဆိုရင် တကယ် မလုံလောက်လို့ ဖြစ်လိမ့်မယ်။ ငါအစကတော့ နင့်ကို မဟာမိတ်ထဲကိုဝင်ပြီး နင့်ရဲ့အစောင့်ကို ဝင်ပြီးရှာပေးချင်ခဲ့တာ။ ဒါပေမဲ့ အခုကတော့ မဖြစ်နိုင်တော့ဘူး။ ယင်နက်ဘိုးဘေးဆိုတာက တော်တော်လေးကို အင်အားကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်။ ငါနင့်ကို မဆွဲထားချင်ဘူး။ နင် မြန်မြန်လေးသွားပါတော့”
မည်သို့ပင်ဆိုစေ သခင်လေးချင်းယန်သည် သူမကိုကယ်တင်ခဲ့သည်။ ထို့ကြောင့် စုန့်ယို့ရန်ကလည်း သူမ၏ ကိစ္စများအတွင်း သူ့ကို ဆွဲမချလိုပေ။
စုန့်ယို့ရန်၏ မျက်နှာမှ စိုးရိမ်တကြီး အမူအရာက ဝမ်ချောင်၏ သူမအပေါ်ထင်မြင်ချက်ကို ကောင်းမွန်သွားစေသည်။ သူသည် ဒီနေရာတွင် အကြာကြီးနေရန် မစီစဉ်ထားပါချေ။ သို့သော် ဒီအပြောင်းအလဲ အသစ်က သူ့အား မထပ်သွားစေအောင် ဖြစ်စေသည်။ အနည်းဆုံး ဝမ်ချောင်သည် စုန့်ယို့ရန်၏ လုံခြုံရေးကို သေချာစေလိုသည်။
ဝမ်ချောင်က ကျစ်အန်းတု ထွက်သွားသောဘက်သို့ကြည့်ရင်း ပြောလိုက်သည်။
အင်း ငါအခုမင်းကိုတော့ လွှတ်ထားပေးလိုက်မယ်။ သူ့ရဲ့ဆရာကို သစ္စာဖောက်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့ ကျစ်အန်းတုကို သတ်ကိုသတ်ရမယ်။ ဒါပေမဲ့ အနာဂတ်မှာ အချိန်တွေအများကြီး ရှိမှာပါ။ အနည်းဆုံးတော့ မူလအမရတောင်ကို ရှာမတွေ့သေးခင်ပေါ့။
ခြိမ်း
ထိုအခိုက်အတန့်တွင် အနက်ရောင်တိမ်စိုင်များက အရှေ့ဘက်သို့ စတင်ကာ ရစ်ခွေလာရင်း မိုးခြိမ်းသံများဖြင့် ကျယ်လောင်စွာ ပေါက်ကွဲလာသည်။ ရုတ်တရက် အပြောင်းအလဲက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။
ဝေါင်း
သားရဲဆန်သော ဟိန်းသံတစ်ချက်က ကောင်းကင်အနှံ့ ပျံ့နှံ့သွားသည်။ ထို့နောက် သေးငယ်သော တောင်တစ်လုံး အရွယ်အစားခန့်ရှိသော မကောင်းဆိုးဝါးကြီး တစ်ကောင်က တိမ်ထဲမှ ထိုးထွက်လျှက် မဟာမိတ်အဖွဲ့က အခြေစိုက်စခန်း ယူထားသော တောင်ရှိရာနေရာသို့ အပြေးလာလေသည်။
“ချီလင်းလား”
ဝမ်ချောင်က တစ်ချက်ကြည့်လိုက်ရင်း သူ၏မျက်နှာက ဖြူဖျော့သွားကာ သူ၏မျက်လုံးက ပြူးကျယ်သွားသည်။
တိမ်စိုင်များအတွင်းမှ ထွက်လာသည့် ထိုမကောင်းဆိုးဝါးသည် ဆယ်မီတာကျော်ခန့် ရှည်လျားလေသည်။ ရှင်းလင်းစွာပင် သူသည် ခြောက်ခြားဖွယ်ကောင်းသော အနက်ရောင်ချီလင်းတစ်ကောင်ဖြစ်သည်။ သူ၏ကိုယ်ထည်က သန်မာပြီး အနက်ရောင် ကြေးခွံများကလည်း သိပ်သည်းစွာ ဖုံးအုပ်နေသေးသည်။ သူ၏အမြှီးကို လေထဲတွင် တစ်ချက် ယမ်းလိုက်ချိန်တိုင်းလိုလို အဆုံးအစမဲ့သည့် စွမ်းအင်များနှင့် ပေါက်ကွဲသွားပုံရလေသည်။ ထိုအမြှီးရိုက်ချက်အောက်တွင် ဒီတောင်ကပင် ပြားကပ်သွားနိုင်လောက်သည်။
ဝမ်ချောင်က အတွေ့အကြုံ အလွန်များပြားပြီး ကျွမ်းကျင်ပညာရှင်ပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသည်။ ချွီထေပါးကဲ့သို့ သိမ်မွေ့နယ်မြေမှ ကျွမ်းကျင်ပညာရှင်မျိုးနှင့် တိုက်ခိုက်ခဲ့ဖူး၏။ သို့သော် သူ့အနေဖြင့် ပထမဦးဆုံး အကြိမ်အဖြစ် လူတစ်ယောက်ကို အနက်ရောင်ချီလင်းတစ်ကောင်အဖြစ် အသွင်ပြောင်းစေနိုင်သော သိုင်းမျိုးကို မြင်ဖူးခြင်း ဖြစ်နေလေသည်။ သူက ချီလင်းအတွင်းမှ ထိုလူ၏ အစစ်အမှန် ခန္ဓာကိုယ်ကို မြင်ရသော်လည်း ဝမ်ချောင်အနေဖြင့် ထိုသိုင်းသည် အမှန်တကယ်ပင် အင်အားကြီးမားကြောင်း ပြောနိုင်သည်။
အင်အားကြီးမားသော အချက်ကို ဘေးဖယ်ထားလိုက်မည် ဆိုလျှင်ပင် ဂိုဏ်းလောကမှ ထိုသိုင်းများသည် တိုက်ပွဲနယ်မြေတွင် အသုံးပြုလေ့ရှိသော ထိုသိုင်းများထက် ပို၍ပင် အနုစိတ်ကျသေးသည်။
“အကြီးအကဲအော့ရန်”
တောင်တွေပေါ်မှ အံ့အားတကြီး အော်ဟစ်သံများက ထွက်ပေါ်လာသည်။
“ဝင်္ကပါထဲဝင်”
ထိုအမိန့်နှင့်အတူ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသား ငါးရာ၊ ခြောက်ရာခန့်က ခပ်မြန်မြန်စုစည်းလျှက် ကြီးမားသော ဝင်္ကပါကြီးကို ပြီးမြောက်အောင်မြင်အောင် လုပ်လိုက်ကြသည်။ လေထုက ရုတ်တရက် တင်းကြပ်သွားပြီး မရေမတွက်နိုင်သော ဓားပေါင်းများစွာက ကောင်းကင်ကို ချိန်ရွယ်လျှက် အေးစက်သောအလင်းဖြင့် တောက်ပနေလေသည်။
ဝမ်ချောင်အနေဖြင့် ဂိုဏ်းလောကအတွင်းမှ တိုက်ပွဲကို ပထမဦးဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်ပြန်သည်။
“ဟွန်”
ရုတ်တရက် ဝမ်ချောင်ကို အကြည့်ကို ပြောင်းလိုက်သောအခါ စုန့်ယို့ရန်နှင့် စုန့်ကြွယ်တို့ကလည်း တောင်ပေါ်သို့ တက်နေကြောင်း မြင်လိုက်ရသည်။ သူကလည်း ပြုံးရင်း နောက်မှလိုက်သွားသည်။
ဝုန်း
တစ်ချိန်ထဲတွင်ပင် ကြီးမားသော အနက်ရောင်ချီလင်းကြီးက ဥက္ကာပျံတစ်ခုလိုမျိုး တောင်ထိပ်ပေါ်သို့ ထိုးဆင်းလာပြီး ဖုန်မှုန့်များ၊ ကျောက်စရစ်ခဲများနှင့် ပေါက်ကွဲသွားစေသည်။
“ဝင်္ကပါကို အသင့်ပြင် တိုက်ပွဲအတွက် ပြင်ဆင်ကြ”
အနက်ရောင်ချီလင်းအတွင်းမှ တင်းမာသောအသံက ထွက်လာသည်။ ထိုထဲတွင် စိုးရိမ်မှုများက ပြည့်နှက်နေသည်။
တခဏခန့်ကြာပြီးနောက် ကြမ်းတမ်းသော စွမ်းအင်လှိုင်းတစ်ရပ်က တောင်တန်းသို့ ရောက်ရှိလာသည်။ ထို့နောက် အနက်ရောင်ကြေးခွံများ ပြည့်နှက်နေသော ကြီးမားသော လက်ကြီးတစ်ဖက်က အနက်ရောင်တိမ်စိုင်ထဲမှထွက်လျှက် အရှေ့ဘက်သို့လာသည်။
ထိုလက်ငါးချောင်းသည် ချိတ်ကောက်ကြီးတစ်ခုကဲ့သို့ အလွန်အမင်း ထက်ရှနေလေပြီး ဖော်ပြရန်ခက်ခဲသည့် ဆိုးယုတ်သော စွမ်းအားများနှင့် ပြည့်နှက်နေပုံရသည်။
ဝေါင်း
ကျယ်လောင်သောဟိန်းသံက လောကကြီးတခွင်လုံးအနှံ့ ပျံ့နှံ့သွားသည်။ ကြီးမားသော သားရဲကြီးက ပေါ်ထွက်လာရုံသာ ရှိသေးသည်။ တခဏခန့်ကြာပြီးနောက် ချက်ချင်းလိုလို တိမ်စိုင်အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားပြန်သည်။ သို့သော် ထိုသို့ချက်ချင်းလိုလို ပျောက်သွားပြီးရုံနှင့် လူတိုင်း၏နှလုံးသားက ကြောက်လန့်မှုများနှင့် ပြည့်နှက်သွားပြီဖြစ်သည်။
အား
တောင်ပေါ်မှ မရေမတွက်နိုင်သော တပည့်ဂိုဏ်းသားများ အားလုံးက အလန့်တကြား အော်ဟစ်ရင်း နောက်ဆုတ်ကြသည်။ အချို့သောလူများက ခြေမငြိမ်ကြဘဲ လဲကျသွားကြ၏။ ထိုသို့ဖြင့် တောင်ပေါ်မှ အစီအစဉ်တကျရှိနေသော ဝင်္ကပါက ချက်ချင်းဆိုသလိုပင် ကစဉ့်ကလျားဖြစ်သွားသည်။
“ဒါက ရေနက်ဘိုးဘေးပဲ။ ရေနက်ဘိုးဘေးပဲ”
မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများက ငိုညဉ်းကြ၏။ သူတို့၏မျက်နှာက ဖျော့တော့လျှက် ကြောက်လန့်နေကြ၏။
“ဒါကနဂါးခေါင်း”
စုန့်ယို့ရန်နှင့် သိပ်မဝေးသော အနောက်ဘက်တွင် ရပ်နေသော ဝမ်ချောင်က ရုတ်တရက် တင်းမာသော မျက်နှာထားနှင့်ဖြစ်သွားသည်။ သူသည်လည်း အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ရသည်။
တိမ်စိုင်ထဲမှထွက်လာသော ကြီးမားသော သားရဲကောင်ကြီးက ကြမ်းတမ်ရိုင်းစိုင်းသည့် နဂါးနက်ခေါင်းကြီး ဖြစ်နေလေသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့ကပြောသော ရေနက်ဘိုးဘေးဆိုသည်မှာ အော့ရန်အကြီးအကဲထက် အများကြီး အင်အားကြီးမားသည်။ ထိုအနက်ရောင်နဂါး ပုံစံကြီးကပင် မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားနေပြီဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရုတ်တရက် မိုးခြိမ်းသလိုမျိုး ကျယ်လောင်သည့် အသံက ကောင်းကင်တခွင်လုံးအနှံ့ ပဲ့တင်ထပ်သွားသည်။ ထိုအသံက အထင်သေးမှုအပြည့်နှင့်ဖြစ်သည်။
“ဟား ဟား အော့ရန်ချန်းဟန် မင်းပြေးနိုင်မယ်လို့ ထင်နေတာလား။ ဒီဘိုးဘေးက မင်းတို့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့က တပည့်ဂိုဏ်းသားအားလုံးကို ဒီနေ့ကိုင်တွယ်ပေးမယ်”
ဝုန်း
အလင်းများက ပေါက်ကွဲသွားပြီးနောက် တိမ်စိုင်များက ပွင့်ထွက်သွားသည်။ ထို့နောက် မီတာငါးဆယ်ကျော်ရှည်ပြီး ဆယ်မီတာခန့်မြင့်သည့် အနက်ရောင်နဂါးကြီးက တိမ်စိုင်ထဲမှ အနက်ရောင် အလင်းတန်းများနှင့်အတူ ထွက်လာသည်။
“သတိထား”
“ကြည့် ကြည့် ကြည့် ယင်နက်ဂိုဏ်းကလူတွေလည်း ရောက်လာပြီ”
တောင်ထိပ်ထံမှ အလန့်တကြား အော်ဟစ်သံများကလည်း ထွက်ပေါ်လာပြန်သည်။
ယင်နက်ဘိုးဘေး၏ နဂါးပုံသဏ္ဍန်ကြီး၏ အောက်ဘက်တွင် ရေနက်ဂိုဏ်းမှ အနက်ရောင်ဝတ်စုံဝတ် တပည့်ဂိုဏ်းသား တစ်ရာနီးပါး ရှိနေကြသည်။ သူတို့အားလုံးက လျှပ်စီးတန်းများ လင်းလက်သလိုမျိုး ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့၏ စခန်းထံ ရောက်လာနေကြလေသည်။
ရေနက်ဘိုးဘေးက တစ်ယောက်တည်း ရောက်လာခဲ့ခြင်းမဟုတ်ပေ။
“ဟား ဟား အော့ရန်ချန်းဟန် ဒီနေ့တော့ မင်းတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့က တပည့်ဂိုဏ်းသားအားလုံး သေရမယ်”
ယင်နက်ဘိုးဘေးက ကျယ်လောင်စွာပြောသည်။
“မင်းလုပ်ရဲလား”
တောင်ထိပ်ပေါ်မှ အော့ရန်ချန်းဟန်က ဒေါသထွက်သွားသည်။ တခဏခန့်ကြာပြီးနောက် အနက်ရောင်ချီလင်းကြီးက အနက်ရောင်နဂါးကို ရင်ဆိုင်ရန် လေထဲသို့ ထိုးတက်သွားသည်။
“မင်းကို တစ်ကြိမ်ရှုံးအောင် လုပ်ပြီးပြီ။ မင်းက ထပ်လာမယ်ဆိုရင်တောင်မှ ဒီဘိုးဘေးကို မယှဉ်နိုင်ဘူး”
အနက်ရောင်နဂါးကြီး၏ အရှိန်တစ်ခုတည်းကတင် အနက်ရောင် တိမ်စိုင်များအတွင်း အလွန်ကြီးမားနေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဆိုးယုတ်မှုအပြည့်နှင့် ကြောက်စရာကောင်းလွန်နေလေပြီ။ သူက အမြှီးကို တစ်ချက်ယမ်းလိုက်သောအခါ အဆုံးအစမဲ့သော စွမ်းအင်များအပြည့်ကို လွှတ်ထုတ်ထားသည့် ပုံရိပ်ကြီးနှစ်ခုက ဥက္ကာတုံးများအလား တောင်ထိပ်ထံ ဦးတည်လာနေသည်။
“ဒါက ယင်နက်ဂိုဏ်းရဲ့ ကာကွယ်စောင့်ရှောက်သူတွေပဲ။ သူတို့ကို တား”
တောင်ထံမှ စိုးရိမ်တကြီး အော်ဟစ်သံများက ထွက်လာပြန်သည်။ စခန်းတစ်ခုလုံးက စူးရှစွာ အော်ဟစ်နေသော လေများ၏ ဖြတ်တိုက်ခံရပြီးနောက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင် ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်က ထိုယင်နက်ဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူများထံ ခုန်ဝင်သွားကြသည်။
ဘန်း
တခဏခန့်ကြာပြီးနောက် ထိုအနက်ရောင် ချီလင်းကြီးသည် အနက်ရောင်နဂါးကြီးနှင့် ထိပ်တိုက်ရင်ဆိုင်နေပြီဖြစ်သည်။
ဘန်း ဘန်း ဘန်း
လက်သည်းများက စုတ်ဖြဲခံရပြီး မေးရိုးများက ဖြတ်ရိုက်ခံရသည်။ အင်အားကြီးမားသော ကြယ်တာရာစွမ်းအင်များက လေထဲတွင် ထိပ်တိုက်ရင်ဆိုင်ကြရင်း ကျယ်ပြောကာ အင်အားကြီးမားသည့် အားလှိုင်းများကို ဖန်တီးသည်။
နှစ်ယောက်၏ ပတ်ပတ်လည် ပေထောင်ပေါင်းများစွာ အတွင်းရှိ လေထုက ကြမ်းတမ်းသော အားလှိုင်းများကို လိမ့်ထွက်ကာ အော်ဟစ်ညဉ်းညူနေလေသည်။ ထို့ကြောင့် တောင်အောက်ဘက်ရှိ တပည့်ဂိုဏ်းသားများက ကျင့်ကြံခြင်းအဆင့်နိမ့်သူ သို့မဟုတ် အုတ်မြစ်မခိုင်မာသူများဆိုလျှင် သူတို့၏ခြေထောက်က မြေပြင်မှ မြောက်တက်လျှက် အဝေးသို့ လွင့်ထွက်သွားကြသည်။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များကပင် ထိုစွမ်းအင်လှိုင်းများကြောင့် နောက်သို့ဆုတ်ရန် တွန်းအားပေးခြင်း ခံနေရသည်။
ချွင် ချွင် ချွင်
တစ်ချိန်ထဲတွင်ပင် တောင်၏အလယ်ပိုင်းမှ လက်နက်ခြင်း ထိခတ်သံများက ထွက်ပေါ်လာသည်။ ယင်နက်ဂိုဏ်းမှ ယင်ဘိုးဘေး ကောင်းကင်ပေါ်မှ ပစ်ချပေးခဲ့သည့် အဖွဲ့ဝင်နှစ်ယောက်က သိုးအုပ်ထဲရောက်နေသော ကျားများအလား တောင်တန်းတစ်ခုလုံးအနှံ့ သတ်ဖြတ်ခြင်းလမ်းကြောင်းကို ဖောက်ရင်း အပေါ်သို့ တက်လာနေလေသည်။ သူတို့၏ ရွေ့လျားမှုဒိုင်းများကိုသုံးလျှက် သူတို့သည် ဘယ်မှညာသို့ ကူးလူးပြောင်းလဲ သွားလာနေလျှက် ပုံရိပ်ယောင်များကိုသာ ချန်ထားရစ်ခဲ့သည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများကို တိုက်ရိုက်ရင်ဆိုင်ရန် စိတ်ကူးထားပုံမရချေ။
“မျိုးမစစ်ကောင်”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင် အားလုံး၏ မျက်လုံးက ထိုမြင်ကွင်းကြောင့် နီရဲသွားကြသည်။ တောင်တွင် သိပ်သည်းနေသော တပည့်ဂိုဏ်းသားများက သူတို့၏ အကြီးမားဆုံး အကာအကွယ်ဖြစ်နေသည်။ ယင်နက်ဂိုဏ်းအတွက်ကမူ နည်းပါးသော အရေအတွက်က သူတို့အား ပို၍ ဖြတ်လတ်မြန်ဆန်စွာ လှုပ်ရှားနိုင်စွမ်းအား ရှိသွားစေသည်။ သူတို့က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့၏ တပည့်ဂိုဏ်းသားများအကြား ပြေးလွှားနေကြ၏။
ဒီဆိုးယုတ်တဲ့လမ်းစဉ်ကိုလျှောက်တဲ့ တပည့်ဂိုဏ်းသားတွေက တကယ်တော့ လေးစားစရာပဲ။ ဗျူဟာသီးသန့်ဆိုရင်တောင်မှ ဒီလူတွေက တော်တော်လေး ထက်မြက်ပြီး ထိုးဖောက်စစ်ဆင်ရေး ချနိုင်တယ်။ ဒီလိုနဲ့ သူတို့ရဲ့ ဖျက်ဆီးခြင်းစွမ်းအားကို အမြင့်ဆုံးမြှင့်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကို စဉ်းစားထားကြတာပဲ။
အခန်း(၁၃၄၃)
မမြဲခြင်းအနက်ရောင်ဗိုလ်ချုပ်
ဝမ်ချောင်က မိစ္ဆာလမ်းစဉ်နှင့် ဖြောင့်မတ်မှန်ကန်ခြင်းလမ်းစဉ်လျှောက် တပည့်ဂိုဏ်းသားများ၏ တိုက်ပွဲအတွက်မူ ဘေးလူတစ်ယောက်အဖြစ်သာ ပြုမူနေလေသည်။ သူ၏စိတ်ကမူ ဝေဝါးလာသည်။
ကျွမ်းကျင်ပညာရှင်နှစ်ယောက်ကို စေလွှတ်ပြီးနောက် ယင်နက်ဂိုဏ်းက ဖြောင့်မတ်မှန်ကန်ခြင်း အင်အားစုတစ်ခုလုံးကို ကစဉ့်ကလျား ဖြစ်သွားအောင် လုပ်လိုက်နိုင်သည်။
သူတို့သည် တိုက်ပွဲအတွင်းတွင် ယစ်ဝဲမနေကြချေ။ ထိုအစား သူတို့က ထုတ်သုံးနိုင်သော ဖျက်ဆီးမှုစွမ်းအားကိုသာ အမြင့်ဆုံးမြှင့်တင်ထားလိုက်ကြသည်။
“အသင့်ပြင်”
ထိုအချိန်တွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများ အားလုံးက နောက်ဆုံးတွင် တုန့်ပြန်နိုင်သွားသည်။ ဝမ်ချောင်က အေးစက်စွာ စောင့်ကြည့်လေ့လာနေသည့် အချိန်တွင် ထိုလူများအားလုံးက တောင်ဆင်ခြေလျောနား အတွင်းတွင် ဝင်္ကပါများအတွင်းသို့ စုစည်းရောက်ရှိနေကြပြီဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ဂိုဏ်းသားတစ်ယောက်၏ ကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များက ထိုးထွက်လာပြီး ဒုတိယမြောက်တစ်ယောက်၏ ကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် ထိုစွမ်းအင်များက နောက်ထပ်တစ်ယောက်ထံသို့ ဆက်လက် ဝင်သွားလေသည်။
....
မျက်တောင်တစ်ခတ် အချိန်အတွင်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် တပည့်ဂိုဏ်းသား ဆယ်ယောက်ကျော်၏ ကြယ်တာရာစွမ်းအင်များက အတူတကွ ပေါင်းစပ်သွားလေပြီး သေးငယ်သော ဓားဝင်္ကပါလေးတစ်ခုက ပုံသဏ္ဍန်ပေါ်လာသည်။
ထိုဓားဝင်္ကပါ၏ ပစ်မှတ်သည် ကောင်းကင်မှ ယင်နက်ဘိုးဘေးနှင့် မြေပြင်ရှိ ယင်နက်ဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်နှစ်ယောက် ဖြစ်လေသည်။
ဘုန်း ဘုန်း ဘုန်း
တောင်ပေါ်တွင် ဓားဝင်္ကပါ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ တစ်ခုချင်းစီတိုင်းက အချင်းချင်း ဆက်စပ်မှုမရှိပေ။
“တိုက်ခိုက်”
တခဏခန့်ကြာပြီးနောက် မြေကမ္ဘာက စတင်ကာ ကွဲအက်လျှက် ညဉ်းညူသံက ပေါ်ထွက်လာသည်။ ဓားဝင်္ကပါ ဆယ်ခုကျော်ခန့်က ထက်ရှလွန်းသော ဓားရာပေါင်းများစွာကို အလင်းတိုင်အသွင် ပြောင်းလဲထုတ်ဖော်လျှက် လေထဲရှိ ယင်နက်ဘိုးဘေးကို ပစ်ခတ်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် တစ်လောကလုံးက တိတ်ဆိတ်သွားပြီး အချိန်က ရပ်တန့်သွားသည်ဟုပင် ထင်ရသည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် အပြုံးပျောက်သွား၏။ သူ၏မျက်နှာ အမူအရာက လေးနက်တင်းမာသွားသည်။
သူ့အနေဖြင့် တပည့်ဂိုဏ်းသားများ၏ အလုံးအရင်းဖြင့် ပူးပေါင်းတိုက်ခိုက်မှုမျိုးကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ အရာအားလုံးက သစ်လွင်ကာ လတ်ဆတ်နေ၏။ ထို့ကြောင့် သူနှင့်ရင်းနှီးသော တိုက်ပွဲဗျူဟာများနှင့် မတူညီပါချေ။
တပည့်ဂိုဏ်းသားများအကြားမှ ဆက်ဆံရေးက ရိုးရှင်းကာ ဖြတ်လတ်ပြီး သက်ရောက်မှုရှိသဖြင့် တစ်ယောက်ချင်းစီတိုင်း၏ စွမ်းအားကို အမြင့်ဆုံး သုံးနိုင်စွမ်းရည် ရှိစေလေသည်။ ထိုတိုက်ကွက်ကို ရင်ဆိုင်ရသောအခါ ယင်နက်ဘိုးဘေးကပင် ခြောက်ခြားမှုကို တစ်စိတ်တစ်ပိုင်း ပြသလာသည်။ နဂါးကြီးက ဘယ်ညာရှောင်တိမ်းလျှက် အမြှီးကိုလည်း ဟိုယမ်းဒီယမ်းလုပ်နေသည်။
ဘန်း ဘန်း ဘန်း
မြောက်များလှစွာသော ဓားများက လွင့်ထွက်လုနီးပါး ဖြစ်သွားပြီး ယင်နက်ဘိုးဘေးကို အမှန်တကယ် ထိအောင် မလုပ်နိုင်ခဲ့ပေ။
ယင်နက်ဘိုးဘေး၏ ကြယ်တာရာစွမ်းအင်များက အင်အားကြီးမားလွန်းသဖြင့် ထိုဓားပျံအချို့ကပင် ထိလိုက်မိရုံနှင့် ပျက်ပြယ်သွားနိုင်လေသည်။
ယင်နက်ဘိုးဘေးကလည်း ချုပ်ထိန်း၍မရနိုင်သည့်တိုင်အောင် ဝမ်ချောင်ကမူ သူသည် ထိုဓားဝင်္ကပါများကို အတက်နိုင်ဆုံး ကြိုးစားရှောင်တိမ်းနေသည်ကို မြင်နိုင်သေးသည်။ ထိုအခြေအနေအရ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့က အလကားလုပ်ဆောင်နေခြင်း မဟုတ်လောက်ပေ။
“သတ်”
“သတ် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က လူတွေကိုသတ်”
တောင်ခြေမှ အော်ဟစ်သံများက ထွက်ပေါ်လာသည်။ တိုက်ပွဲအော်ဟစ်သံများက ပြည့်နှက်နေ၏။ ထိုကာလအတောအတွင်း ယင်နက်ဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များက တောင်ခြေသို့ ရောက်ရှိလာကြပြီဖြစ်သည်။
“အားလုံးပဲ ဓားဝင်္ကပါ အခုနှစ်ဆယ်လောက်နဲ့ တောင်ခြေက ယင်နက်ဂိုဏ်းရဲ့ တပည့်ဂိုဏ်းသားတွေကို တိုက်ခိုက်ကြစမ်း”
စူးရှသော အော်သံက ထွက်လာသည်။ ဝမ်ချောင်ကလည်း စုန့်ယို့ရန်ဟာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများကို အမိန့်ပေးနေခြင်းအား အံ့အားတကြီး တွေ့လိုက်ရသည်။
ဘုန်း ဘုန်း ဘုန်း
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများက တောင်ခြေရှိ ယင်နက်ဂိုဏ်းမှ တပည့်ဂိုဏ်းသားများနှင့် တိုက်ပွဲရင်ဆိုင်သောအခါ ဒေါသတကြီး အော်ဟစ်သံများက ထွက်ပေါ်လာသည်။
ကောင်းကင်ကို တုန်လှုပ်စေသော ပေါက်ကွဲသံတစ်ခုနှင့်အတူ အဖြူနှင့်အနက် အလင်းတန်းများက ထိပ်တိုက်ရင်ဆိုင်ကြသည်။ အင်အားစုနှစ်ခုက ထိပ်တိုက်ရင်ဆိုင်သွားသောအခါ ပြင်းထန်လွန်းသည့် တိုက်ပွဲက ဖြစ်ပေါ်လာလေသည်။
ဇွက် ဇွက် ဇွက်
ဓားက အသွေးအသားအတွင်းသို့ ဝင်ရောက်သွားသော အသံများက ပေါ်ထွက်လာသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဂိုဏ်းသားအချို့က မတုန့်ပြန်နိုင်သေးခင် သူတို့က မြေပြင်သို့ လဲကျလျှက် ခန္ဓာကိုယ်က အနင်းခံရသည်။
ထိုအခြေအနေကို မြင်သောအခါ တောင်ပေါ်မှ လူများ၏မျက်နှာက ဖြူဖျော့သွားသည်။
“မြန်မြန်လေး မဟာမိတ်အရှင်ကို အကြောင်းကြား ငါတို့ရဲ့သိုင်း ဂိုဏ်းတူဦးလေးတွေကို အကြောင်းကြားရမယ်။ သူတို့ပြန်လာမှပဲ ယင်နက်ဘိုးဘေးကို ကိုင်တွယ်နိုင်မှာ”
စုန့်ယို့ရန်၏ နှုတ်ခမ်းက တုန်ယင်နေသည်။ သို့သော်သူမက တည်ငြိမ်အောင် ကြိုးစားနေသေး၏။ လက်ရှိအခြေအနေက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အတွက် အလွန်အမင်း မျက်နှာသာမပေးသော အနေအထားမျိုးတွင်ဖြစ်သည်။
မဟာမိတ်အရှင်ကလည်း မရှိပေ။ မဟာမိတ်အင်အားစု ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကပင် မရှိချေ။ သူတို့က မူလအမရတောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့ကို လိုက်ရှာနေကြခြင်းဖြစ်သည်။
ယင်နက်ဘိုးဘေးက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အားအနည်းဆုံး အခြေအနေတွင် တိုက်ခိုက်ရန် ရွေးချယ်လာခဲ့ခြင်းဖြစ်နေသည်။ ယင်နက်ဘိုးဘေးသည် မိစ္ဆာလမ်းစဉ်လျှောက်သော ပုဂ္ဂိုလ်ကြီးများထဲမှ တစ်ယောက်ဖြစ်သည့်အလျောက် သူ့အားတားနိုင်ရန်အတွက် လုံလောက်အောင် အင်အားကြီးမားသော လူမျိုးကလည်း ဒီနေရာတွင် ရှိမနေပါပေ။ မိုးရွာလာသောအခါ အောက်သို့ အကုန်ကျဆင်းလာပြီး လူတိုင်းက စိုရွှဲပြီး စုန့်ယို့ရန်က ပို၍ပင် စိုးရိမ်လာသည်။
ဘုန်း
ကြီးမားသော အနက်ရောင်ချီလင်းကြီးက ကောင်းကင်ပေါ်မှ ပြုတ်ကျလာရင်း တောင်ထိပ်ထဲသို့ ဝုန်းကနဲ ရိုက်မိသွားသည်။
“ဂိုဏ်းတူဦးလေး”
စုန့်ယို့ရန်၏ မျက်နှာက ဖြူဖျော့သွားသည်။ သို့သော် ဒါဟာ အဆုံးသတ်မဟုတ်သေးချေ။ ထို့နောက် ခြောက်ခြားဖွယ်ကောင်းသော အသံတစ်ခုနှင့်အတူ အနက်ရောင်နဂါးကြီးကလည်း ထိုးဆင်းလာရင်း ဖြောင့်မတ်မှန်ကန်ခြင်း ဓားဝင်္ကပါများကို ရိုက်ချလိုက်သည်။
အား...
ထို့နောက် ငယ်သံပါအောင် အော်ဟစ်သံများက ပြည့်နှက်သွားသည်။ ဓားဝင်္ကပါများက ပြိုလဲကျကုန်၏။
“ချီတက်”
ထက်ရှသော အော်သံနှင့်အတူ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များ အားလုံးက ဓားဝင်္ကပါများအတွင်းသို့ ပြန်ဝင်ကြရင်း တောင်ထိပ်မှ ယင်နက်ဘိုးဘေးကို တိုက်ခိုက်ရန် ကြိုးစားကြပြန်သည်။
စုန့်ယို့ရန်ကလည်း ဝမ်ချောင်ဟာ သူမ၏နောက်တွင် ရှိနေကြောင်း တွေးမိလိုက်သဖြင့် စိုးရိမ်တကြီးအော်သည်။
“သခင်လေးချင်းယန် ပြန်ပါတော့”
လေထဲတွင် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး စွမ်းအင်အားလှိုင်းများက ဆယ်မီတာဝန်းကျင် တစ်ခုလုံးကို ရှင်းလင်းပစ်လိုက်သည်။ စုန့်ယို့ရန်နှင့် အခြားသောသူများက အားနည်းလွန်းသဖြင့် ထိုအားလှိုင်းအောက်တွင် မရပ်နေနိုင်ကြပေ။ ထို့ကြောင့် သူတို့အားလုံးက လဲကျသွားကြသည်။ ဝမ်ချောင်ကလည်း လိုက်ပါလဲကျစေလိုက်သည်။
ယင်နက်ဘိုးဘေးအင်အားက အထင်သေး၍ မရနိုင်သော်လည်း ဝမ်ချောင်ကမူ သူ၏ကြယ်တာရာစွမ်းအင်များက သံမဏိလို ခိုင်မာနေကြောင်း သိထားပြီးသားဖြစ်သည်။ သူတို့၏ စွမ်းအင်ကို ထိုအဆင့်ထိရောက်အောင် သန့်စင်ထားပြီးသော မည်သူကမဆို အလွန်နက်ရှိုင်းလွန်းသော စွမ်းအားများကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် ပြိုင်ဘက်အဆင့်ချင်းယှဉ်သော် ယင်နက်ဘိုးဘေးသည် ဒုက္ခအများဆုံးနှင့် ရှင်းလင်းရန် အခက်ဆုံးအပိုင်းတွင် ပါဝင်နေသည်မှာလည်း သံသယဝင်စရာပင်မရှိပေ။
“သတ်”
ယင်နက်ဂိုဏ်းမှ တပည့်ဂိုဏ်းသားများက ယင်နက်ဘိုးဘေးနှင့် ယင်နက်ဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူ နှစ်ယောက်နှင့်အတူ ပူးပေါင်းလျှက် အားသာနေသော အခွင့်အရေးကို အမိအရယူကာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကို ရင်ဆိုင်ကြသည်။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများက တစ်ယောက်ပြီးတစ်ယောက်က သူ၏အရှေ့တွင် လဲကျပြီး အော်ဟစ်သံများက ထွက်ပေါ်လာသည်။
ယင်နက်ဂိုဏ်းသည် ဖြစ်စဉ်ပြီးမှ ရောက်လာခဲ့ခြင်းဖြစ်သည့်အလျောက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကသာ ကြီးမားသည့် ထိန်းချုပ်မှုကို ခံစားရသည်။
မြောက်များလှစွာသော ဖြောင့်မတ်မှန်ကန်ခြင်း တပည့်ဂိုဏ်းသားများက ဟင်းရွက်ကန်စွန်းများကဲ့သို့ ခုတ်သင်ခံနေရချိန်တွင် သူတို့၏ တောက်လျှောက် စီးထွက်သွားသော သွေးများက ဆင်ခြေလျောတောက်လျှောက် ပျံ့နှံ့လျှက် လောကကြီးတစ်ခုလုံးကို နီရဲစေလေသည်။
“ဘယ်လိုနည်းနဲ့မဆို ငါတို့ သူတို့ကိုတားရမယ်”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသား တစ်ယောက်ပြီးတစ်ယောက် လဲကျနေကြောင်း မြင်သောအခါ စုန့်ယို့ရန်၏ ဖျော့တော့သော မျက်နှာက တဖြည်းဖြည်းချင်းစီ ဆုံးဖြတ်ချက် ပြတ်သားလာသည်။
“စုန့်ကြွယ် နင်သခင်လေးချင်းယန်ကိုခေါ်ပြီး ဒီနေရာကနေ ဝေးဝေးကိုသွားတော့”
စုန့်ယို့ရန်က ရုတ်တရက်ပြောသည်။ တိုက်ခတ်နေသော လေပြင်းက သူမ၏ဆံပင်များကို လေထဲတွင် ကခုန်နေစေသည်။
“ဒါပေမဲ့ စီနီယာအစ်မက ဘယ်လိုလုပ်မှာလဲ”
စုန့်ကြွယ်ကမေးသည်။
ချွင်
တုန့်ပြန်သည့်အနေဖြင့် ဓား၏အော်သံကသာ ထွက်လာသည်။ ထို့နောက် စုန့်ယို့ရန်က သူမ၏ ရွေ့လျားမှုတိုင်းကို အသက်သွင်းရင်း တိုက်ပွဲ၏ အကြမ်းတမ်းဆုံးနေရာသို့ သွားသည်။
တောင်ပေါ်သို့ တက်နေသည့် လမ်းတစ်ဝက်တွင် ယင်နက် ကာကွယ်စောင့်ရှောက်သူ နှစ်ယောက်က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့ကို တောက်လျှောက်သတ်ဖြတ်ရင်း ချီတက်လာနေချိန် ဖြစ်လေရာ ဓားဝင်္ကပါ တစ်ခုပြီးတစ်ခုကို ဖျက်ဆီးပစ်ခဲ့ပြီးသားဖြစ်သည်။ ထိုသို့ဖြင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့၏ ဓားဝင်္ကပါ သုံးဆယ်ရာခိုင်နှုန်းခန့်ကို ဖျက်ဆီးပြီး ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့အား အဓိကတိုက်ပွဲအတွင်းသို့ အာရုံမစိုက်နိုင်အောင် တားမြစ်ထားလေသည်။ သူတို့က ထုတ်လွှတ်ထားသော ခြိမ်းခြောက်မှုက တောင်ခြေမှ ယင်နက်ဂိုဏ်း၏ ကျွမ်းကျင်ပညာရှင်များထက်ပင် သာလွန်သေးသည်။
“စီနီယာအစ်မ ဒါကအန္တရာယ်များလွန်းတယ်”
စုန့်ကြွယ်ကလည်း စုန့်ယို့ရန်ဟာ အင်အားကြီးမားပြီး အန္တရာယ်များလွန်းသော ယင်နက်ကာကွယ်စောင့်ရှောက်သူ နှစ်ယောက်ကို တိုက်ခိုက်လိမ့်မည်ဟု မထင်ထားမိချေ။
အင်အားချင်းကွာခြားချက်က ကြီးမားလွန်းသည်။ စုန့်ယို့ရန်၏ တိုက်ကွက်က သိသာစွာပင် အသေခံနေခြင်းဖြစ်သည်။
“အချိန်မရှိတော့ဘူး ငါတို့ရဲ့ ဂိုဏ်းတူဦးလေးတွေက ဘယ်အချိန်ပြန်လာမလဲဆိုတာကို ဘယ်သူက သိမှာလဲ။ ငါတို့သာသူတို့ကို အခုမတားရင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့က တပည့်ဂိုဏ်းသားတွေ အားလုံး အသတ်ခံရလိမ့်မယ်”
စုန့်ယို့ရန်က အံ့ကိုကြိတ်လျှက် တိုက်ပွဲထဲသို့ ခုန်ဝင်သွားရင်း ယင်နက်ကာကွယ်စောင့်ရှောက်သူ နှစ်ယောက်ကို တိုက်ခိုက်နေသည့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းသည်။
စွစ်
ရုတ်တရက် ဓားချီက ဖြတ်ကနဲလက်လျှက် လေထုကို ထိုးခွဲသွားသည်။
တူညီသော မိစ္ဆာသိုင်းဖြစ်သော်လည်း ယင်နက်ကာကွယ်စောင့်ရှောက်သူ နှစ်ယောက်၏ လက်ထဲတွင် ပို၍ပင် အင်အားကြီးမားသွားလေသည်။
ဘန်း
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်ပညာရှင်တစ်ယောက်က အချိန်မှီ ရှောင်ရှားနိုင်ခဲ့သဖြင့် ဆိုးယုတ်သော လက်သည်းတစ်ဖက်၏ ကုန်ဆွဲမှုကို ခံလိုက်ရသည်။ သူ၏အဝတ်များက တစ်စစီဖြစ်သွားသည်အထိ ဆွဲဖြဲခံလိုက်ရပြီး ရင်ဘက်ကလည်း ချိုင့်ဝင်သွားသည်။ ခန္ဓာကိုယ်တစ်ခုလုံးက အမွှေးသွပ်အရုပ်လို လွင့်ထွက်သွားလေသည်။
ပွက်
စုန့်ယို့ရန်သည် တိုက်ပွဲအတွင်းသို့ ဝင်ရုံသာရှိသေးသည်။ စွမ်းအင်လှိုင်းတစ်ရပ်က သူမ၏ခန္ဓာကိုယ်မှ ဖြတ်ပြေးသွားပြီး သူမ၏ ဘယ်ဘက်ပုခုံးတွင် အလွန်ကြီးမားသော သွေးကြောများကို ဖျက်ဆီးပစ်လိုက်သည်။ သွေးများက စီးကျလာ၏။ သို့သော် စုန့်ယို့ရန်ကမူ အံ့ကိုကြိတ်ထားရင်း နောက်မဆုတ်ချေ။
“ကြိုးကြာပျံသန်းခြင်း”
စုန့်ယို့ရန်က သူမ၏ဓားကိုမြှေက်လျှက် ချက်ချင်းဆိုသလိုပင် ကျော်ကြားသော ကြိုးကြာပျံသန်ခြင်းကို အသုံးပြုလိုက်သည်။ ထိုသိုင်းသည် အမျိုးသမီးများအတွက် အထူးတလည် ဖန်တီးထားခြင်းဖြစ်သည်။ အသုံးပြုရန်အတွက် ဓားတစ်လက်ကိုလည်း လိုအပ်သည်။ အသုံးပြုလိုက်သောအခါ ကျင့်ကြံသူက အဆပေါင်းများစွာ မြန်ဆန်သွားမည်ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်က ကြိုးကြာတစ်ကောင်ကဲ့သို့ ပေါ့ပါးသွားပေလိမ့်မည်။ ပို၍ဆိုးသည်မှာ ထိုဓားသည် မြင့်မားလွန်းသော အရှိန်နှုန်းနှင့် လည်ပတ်မှုကို စတင်မည်ဖြစ်ပြီး ဖော်ပြရန်ခက်ခဲသော ဖျက်ဆီးခြင်းစွမ်းအားများက သိုင်းပညာရှင်တစ်ယောက်၏ ကြယ်တာရာစွမ်းအင်များကိုပင် အလွယ်တကူ စုတ်ဖြဲပစ်နိုင်လေသည်။
စုန့်ယို့ရန်က ထိုသိုင်းကို စိတ်ကျေနပ်သလို အသုံးပြုနေပြီး လုံလောက်အောင် အင်အားကြီးမားခြင်း မရှိသေးချေ။ သို့သော် သူမသည် ထိုကိစ္စများကို ဂရုမစိုက်နိုင်တော့ချေ။
အဝေးမှ ယင်နက်ဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူ တစ်ယောက်က မိစ္ဆာတစ်ကောင်အသွင် ပြောင်ထားသည်။ ထိုမိစ္ဆာကြီးက မီတာနှစ်ဆယ်ကျော် မြင့်မားလေပြီး ခန္ဓာကိုယ်တစ်ခုလုံးက အနက်ရောင် စွမ်းအင်များဖြင့် ဖုံးလွှမ်းနေလေရာ ထိုတိုင်းတိုက်ခိုက်လျှက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့ဝင်တိုင်းကို ဘက်ပေါင်းစုံမှ ရှင်းလင်းပစ်နေသည်။
တင်
စုန့်ယို့ရန်က သူမ၏ဓားကို ထိုယင်နက်ဂိုဏ်းမှ ကာကွယ်စောင့်ရှောက်သူထံ ပစ်လွှတ်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း
ဖျက်ဆီးခြင်းစွမ်းအားလှိုင်းနှင့် ဆိုးယုတ်သော စွမ်းအားလှိုင်းတို့က ထိပ်တိုက်ရင်ဆိုင်သွားကြပြီး အနီးအနား ပတ်ဝန်းကျင်တွင်ရှိသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များထံ လိမ့်ဝင်လာသည်။ စုန့်ယို့ရန်ကလည်း ထိုနေရာတွင် ရှိနေသည်။
လေထု၏ စူးရှစွာ အော်ဟစ်သံက စုန့်ယို့ရန်အား ပြင်းထန်လွန်းသော အန္တရာယ်ကို ခံစားမိလိုက်စေသည်။
မတည်မြြဲခင်းဗိုလ်ချုပ်နက်
စုန့်ယို့ရန်၏ စိတ်အတွင်း စိတ်ပျက်အားငယ်မှုက ပေါ်ထွက်လာသည်။ ယင်နက်ဂိုဏ်းသည် အင်အားကြီးမားသော ကျွမ်းကျင်ပညာရှင် နှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး တစ်ယောက်က မတည်မြဲခြင်း ဗိုလ်ချုပ်နက်ဖြစ်ကာ အခြားသောတစ်ယောက်က မတည်မြဲခြင်း ဗိုလ်ချုပ်ဖြူဖြစ်လေသည်။ သူတို့နှစ်ယောက်က မတည်မြဲခြင်း မိစ္ဆာအမွှာဟု ကျော်ကြားသည်။ ထိုနှစ်ယောက်လုံးက ဖြောင့်မတ်မှန်ကန်ခြင်း လမ်းစဉ်မှ မရေမတွက်နိုင်သော သိုင်းပညာရှင်များကို သတ်ဖြတ်ခဲ့ဖူးပြီး သူတို့၏ ကျင့်ကြံခြင်းအဆင့်ကလည်း မြင့်မားလွန်းအားကြီးနေလေသည်။ သူမက မည်သည့်နည်းနှင့်မှ သူတို့ကို မယှဉ်နိုင်ပေ။
“ချန်နေရာကိုနင်း”
စုန့်ယို့ရန်က အံ့ကိုကြိတ်ထားရင်း ရှေ့သို့တက်သည်။
“လီနေရာ”
တခဏခန့်ကြာပြီးနောက် စုန့်ယို့ရန်က ရှေ့သို့ တစ်ဖြောင့်တည်းထိုးတက်သွားရင်း မတည်မြဲခြင်း ဗိုလ်ချုပ်နက်၏ သေစေနိုင်သောတိုက်ကွက်ကို ဆံချည်တစ်မျှင် အကွာအဝေးမျိုးနှင့် ရှောင်လိုက်သည်။
“မိုးမခသိုင်းကခုန်ခြင်း”
စုန့်ယို့ရန်က သူမ၏ဓားကို ရှေ့သို့ထိုးသွင်းလိုက်ကာ ဝမ်ချောင်က ဝေ့ချန်းထင်နှင့် တိုက်ခိုက်ခဲ့ချိန်က သင်ပေးခဲ့သော နည်းလမ်းကို ပြန်သုံးလိုက်သည်။
စွစ်
ဓားချီအလင်းတန်းတစ်တန်းက ရှေ့သို့တိုးဝင်သွားပြီး ရေတစ်ပွက်ပွက် ပွက်သလို အသံမျိုးက ကပ်ပါသွားသည်။ စုန့်ယို့ရန်၏ တိုက်ကွက်များက မတည်မြဲခြင်း ဗိုလ်ချုပ်နက်ထံသို့ မရောက်ရှိသွားခဲ့ဘဲ သူ၏အဝတ်ကိုသာ စုတ်ဖြဲနိုင်ခဲ့သည်။
ထိုတိုက်ကွက်က ရိုးရှင်းစွာပင် မတည်မြဲခြင်း ဗိုလ်ချုပ်နက်ကိုပင် ကြောင်သွားစေလေသည်။
“ဟွန်း မိုက်ရူးရဲဆန်တဲ့ ကောင်မလေး မင်းက သေချင်နေတာပဲ”
ခပ်တင်းတင်း အော်ဟစ်သံနှင့်အတူ ဝရုန်းသုန်းကားဖြစ်နေသော လိမ့်တက်နေသည့် အနက်ရောင် တိမ်စိုင်များအတွင်းမှ စူးရှပြီး ဒေါသတကြီးဖြစ်နေသော မျက်ဝန်းတစ်စုံက စုန့်ယို့ရန်ကို ကြည့်လာသည်။
စုန့်ယို့ရန်က ထိတ်လန့်သွားသည်။ သူမ၏ ဟန်အမူအရာက နောက်ဆုံးတွင် ပြိုကျသွားပြီဖြစ်လေသည်။
အခန်း(၁၃၄၄)
အံ့အားသင့်မှု
ရူးလိုက်တဲ့ကောင်မလေး... သိုင်းပညာတွေက ဒီလိုနည်းလမ်းနဲ့ သုံးရတာလား။
အနောက်ဘက်မှ နေနေသော ဝမ်ချောင်သည်လည်း စုန့်ယို့ရန်ဟာ ယခင်က သူ၏ညွှန်ကြားချက်တိုင်းကို အတုယူရင်း လုပ်ဆောင်နေကြောင်း မြင်သောအခါ ရယ်ရခက်၊ ငိုရခက်ဖြစ်သွားသည်။ စုန့်ယို့ရန်သည် ယင်နက်ကာကွယ်စောင့်ရှောက်သူ ဝေ့ချင်းထင်ထက် အဆပေါင်းများစွာ အင်အားကြီးမားသော ယင်နက်ကာကွယ်စောင့်ရှောက်သူကို ရင်ဆိုင်ရာတွင် သူသင်ပေးထားသည့် နည်းလမ်းမျိုးကို သုံးလိမ့်မည်ဟု မထင်ထားမိပေ။
စုန့်ယို့ရန်က မတည်မြဲခြင်းဗိုလ်ချုပ်နက်၏ လက်ထဲတွင် သေသွားမည့် အခိုက်အတန့်တွင် ဝမ်ချောင်က ရုတ်တရက် အော်လိုက်သည်။
“ခွန်းနေရာကိုနင်း ကျန်းနေရာကိုသွား”
ဝုန်း
စုန့်ယို့ရန်၏စိတ်က တစ်စုံတစ်ရာကို တွေးတောနေသည့် အချိန်တွင်မူ သူမ၏ခန္ဓာကိုယ်က လှုပ်ရှားနေပြီဖြစ်သည်။ စုန့်ယို့ရန်က ရုတ်တရက် နောက်ဆုတ်လိုက်ပြီး ဘေးဘက်သို့ အနည်းငယ် တိမ်းရှောင်လိုက်သည်။
ဘုန်း
ထိုသို့ရှောင်လိုက်ရုံသာ ရှိသေးသည်။ စုန့်ယို့ရန်၏ အရှေ့ဘက် လက်မအနည်းငယ်သာ ကွာဝေးသော နေရာသို့ ကောင်းကင်ကိုပင် တုန်ခါစေသော ပေါက်ကွဲသံကြီးနှင့်အတူ ဖျက်ဆီးခြင်းစွမ်းအား ပြင်းထန်သည့် အနက်ရောင်ကြယ်တာရာ စွမ်းအင်များက ကျရောက်လာသည်။
ခလွက် ခလွက်
ထိုနေရာတွင်ရှိသော လူကြီးတစ်ယောက်၏ တစ်ဝက်ခန့်မျှမြင့်သည့် ကျောက်တုံးကြီးကဆိုလျှင် ဖျက်ဆီးခံလိုက်ရသည်။
အရာအားလုံးက ရုတ်ချည်းဆန်စွာ ဖြစ်ပျက်သွားခဲ့လေရာ စုန့်ယို့ရန်ပင်မဆိုထားဘိ မတည်မြဲခြင်း ဗိုလ်ချုပ်နက်ကပင် သံသယဝင်သွားသည်။
“ဒီလိုကောင်မလေး သေးသေးလေးက ဘယ်လိုကြောင့် ဒီလောက်ထိ အင်အားကြီးနေတာလဲ”
မတည်မြဲခြင်း ဗိုလ်ချုပ်နက်က အံ့အားသင့်သလို ဒေါသလည်းထွက်သွားသည်။ သူ၏မျက်လုံးက မယုံကြည်နိုင်မှုဖြင့် တောက်လောင်လာ၏။ သူသည် အနည်းငယ်ပင် မတုန့်ဆိုင်းတော့ဘဲ သူ၏တန်ထန်းထဲမှ ကြယ်တာရာစွမ်းအင်များ အားလုံးကို ပေါက်ကွဲသွားစေလိုက်ရင်း ညာဘက်လက်မောင်းထံသို့ မိစ္ဆာစွမ်းအင်များကို ပို့လွှတ်လျှက် စုန့်ယို့ရန်ထံ ရိုက်ချလိုက်သည်။
ဝမ်ချောင်ကထပ်ပြောသည်။
“အဆင့်မြင့်နေမင်းက ကောင်းကင်ဘုံကို ချိတ်ပိတ်မယ်”
စုန့်ယို့ရန်က သူမ၏ဓားကိုမြှောက်လျှက် လေထုကိုထိုးခွဲကာ တိုက်ခိုက်ရင်း တစ်ဖက်မှ တိုက်ကွက်ကို ရှောင်ရှားလိုက်သည်။ ထိုအရာသာမကသေးချေ။ စုန့်ယို့ရန်၏ဓားက တစ်ချက်တိုက်ခိုက်လိုက်သောအခါ မတည်မြဲခြင်းဗိုလ်ချုပ်နက်၏ လက်မောင်းကို ဖြတ်တောက်လုနီးပါး ဖြစ်သွားခဲ့သေးသည်။ သူ၏မျက်နှာက ချက်ချင်းလိုလို ဖြူဖျော့သွားပြီး နောက်သို့ဆုတ်လိုက်ရ၏။ တစ်ချိန်ထဲတွင်ပင် အရှေ့သို့ လက်သီးဖြင့် ထိုးလွှတ်လိုက်ရင်း စုန့်ယို့ရန်ထံ အင်အားကြီးမားသော အားလှိုင်းများကို ပို့လွှတ်လိုက်၏။
“ကြိုးကြာသဏ္ဍန်”
ဝမ်ချောင်က သူယခင်က တစ်ကြိမ်သော်မျှ ပြောခဲ့ဖူးခြင်းမရှိသည့် သိုင်း၏နာမည်ကို ပြောလိုက်သည်။
စုန့်ယို့ရန်၏ ခန္ဓာကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များက ပေါက်ထွက်လာပြီး ကြိုးကြာတစ်ကောင်၏ စူးရှသော အော်ဟစ်သံက ပေါ်ထွက်လာသည်။ ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအားများ အားလုံးက ထိုးထွက်လာလေရင်း ကြီးမားသော သက်ရှိသရဖူအနီ ကြိုးကြာတစ်ကောင်အသွင် ပြောင်းလဲလျှက် စုန့်ယို့ရန်နှင့် ပေါင်းစပ်သွားသည်။ တခဏခန့်ကြာပြီးနောက် နောက်ထပ်စူးရှသော ကြိုးကြာတစ်ကောင်၏ အော်ဟစ်သံက ထိုးထွက်လာသေးပြန်သည်။ စုန့်ယို့ရန်၏ဓားက အသက်ဝင်လာသလို ဖြစ်သွားရင်း သိပ်သည်းလွန်းသော ဓားချီများကို လွှတ်ထုတ်လျှက် မတည်မြဲခြင်းဗိုလ်ချုပ်နက်ကို ပစ်ခတ်လိုက်သည်။
ခီး...
ဓားဟာရှေ့သို့ ပျံသန်းသွားချိန်တွင် လေထုအတွင်း ကြိုးကြာအော်သံများက ပြည့်နှက်နေသည်။ မရေမတွက်နိုင်သော သေးငယ်သည့် ကြိုးကြာငယ်လေးပေါင်း များစွာကလည်း ပေါ်ထွက်လာ၏။
ဝုန်း
မတည်မြဲခြင်း ဗိုလ်ချုပ်နက်အနေဖြင့် တွေးတောရန် အချိန်မရှိတော့ဘဲ နောက်ထပ် လက်သီးတစ်လုံးကို ခပ်မြန်မြန် ပစ်လွှတ်လိုက်ရသည်။ လိမ့်တက်လာသော အနက်ရောင်စွမ်းအင်များက မျက်စိကြိမ်းမတက် တောက်ပသော အဖြူရောင်နှင့် ထိပ်တိုက်ဆုံသွားသည်။ အဖြူရောင်အလင်းက ပျောက်ကွယ်သွားပြီး ကြယ်တာရာစွမ်းအင်များက တည်ငြိမ်သွားသောအခါ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ အံ့အားသင့်နေသော ဂိုဏ်းသားများကလည်း ထိုဓားက မတည်မြဲခြင်း ဗိုလ်ချုပ်နက်၏ ဘယ်ဘက်ပုခုံးထဲသို့ စိုက်ဝင်လျှက်ရှိနေကြောင်း မြင်လိုက်ရ၏။ ဓားထိပ်က မတည်မြဲခြင်း ဗိုလ်ချုပ်နက်၏ ကျောဘက်မှ ဖောက်ထွက်နေသည်။ ထိုဓားသည် အလွန်နက်ရှိုင်းစွာ နစ်မြုပ်သွားသောကြောင့် အခြားတစ်ဖက်ခြမ်းမှပင် မြင်နိုင်နေခြင်းဖြစ်လေသည်။
တိုက်ကွက်ဟာ မတည်မြဲခြင်းဗိုလ်ချုပ်နက်ကို မသတ်နိုင်ခဲ့သည့်တိုင်အောင် သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်လိုက်နိုင်သည်။
“မဖြစ်နိုင်ဘူး”
ပထမဦးဆုံး အော်ဟစ်လိုက်သူက မတည်မြဲခြင်းဗိုလ်ချုပ်နက် မဟုတ်လေဘဲ စုန့်ယို့ရန်သာဖြစ်သည်။
ထိုကြိုးကြာသဏ္ဍန်သည် ကြိုးကြာပျံသန်းခြင်းသိုင်း၏ အင်အားအကြီးဆုံး သိုင်းကွက်ဖြစ်သည်။ ထိုသိုင်း၏ ထူးခြားသော ညင်လက္ခဏာက ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များ အားလုံးကို ထိုလူ၏ ကိုယ်အတွင်းသို့ ဆွဲသွင်းနိုင်ရင်း ကြယ်တာရာစွမ်းအင်များနှင့် ပေါင်းစပ်လျှက် ကျင့်ကြံခြင်းအဆင့် မြင့်သောလူကို တိုက်ခိုက်နိုင်စွမ်းရည် ရှိစေလေသည်။ သို့သော် စုန့်ယို့ရန်ကလည်း ထိုတိုက်ကွက်သည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိပြီးမှသာ ထိုနေရာအတွင်းရှိ ဝိညာဉ်စွမ်းအင်များကို အာရုံစူးစိုက်လျှက် ဆွဲယူနိုင်စွမ်းရည် ရှိသင့်ကြောင်း နားလည်ထားသည်။ ထိုလိုအပ်ချက်က အလွန်အမင်း တင်းကြပ်သည်။ သူမသည် အချိန်အတန်ကြာ ကျင့်ကြံခဲ့ဖူးလေသည်။ သို့သော် ဘယ်သောအခါကမှ အသုံးမပြုနိုင်ခဲ့ပေ။
“ကောင်မစုတ်လေး ငါမင်းကိုသတ်မယ်”
မတည်မြဲခြင်း ဗိုလ်ချုပ်နက်၏ မျက်လုံးများဟာ အံ့အားတကြီး ပြူးတက်သွားသည်။ သို့သော် သူသည် ခပ်မြန်မြန် အသိပြန်ဝင်သွားပြီး စုန့်ယို့ရန်ထံ ခုန်ဝင်လာသည်။ ဂိုဏ်းများလောကမှ ကျော်ကြားသော ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်သည့်အပြင် ယင်နက်ဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူ နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော သူ့အနေဖြင့် သူ့ထက်အားနည်းလွန်းသော ကောင်မလေးတစ်ယောက်ထံတွင် နှိပ်စက်မခံနိုင်ပေ။
“သူ့ကိုတား”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များကလည်း မှင်သက်သွားကြသည်။ သို့သော် ခပ်မြန်မြန် အသိဝင်လျှက် မတည်မြဲခြင်း ဗိုလ်ချုပ်နက်ကို တားကြသည်။
စွစ်
ထိုအခိုက်အတန့်တွင် စုန့်ယို့ရန်က ဝမ်ချောင်၏ ဘေးဘက်သို့ ပြန်သွားသည်။
“သခင်လေးချင်းယန် ငါတို့ရဲ့ ကြိုးကြာပျံသန်းခြင်းသိုင်းကို နင်ဘယ်လိုသိတာလဲ”
စုန့်ယို့ရန်က ဝမ်ချောင်အား မယုံကြည်နိုင်သလိုမေးသည်။ သူမက ဝရုန်းသုန်းကား တိုက်ပွဲနယ်မြေ အတောအတွင်း ခပ်အေးအေး လမ်းလျှောက်နေသလို ထင်ရသည့်သူဟာ ပေါ့ပါးအေးဆေးလွန်းနေကြောင်း ခံစားလိုက်ရသည်။ ဝမ်ချောင်က သူမထက်ပင် ကြိုးကြာပျံသန်းခြင်းသိုင်းကို ပို၍နားလည်နေသလို ခံစားရ၏။ ထိုအခြေအနေက မယုံနိုင်စရာဖြစ်၏။
“ဟား ဟား မင်းမြင်သွားပြီလား။ ငါက သခင်လေးချင်းယန်လေ”
ဝမ်ချောင်က အသာပြုံးရင်း ထိုသို့အကြောင်းပြချက် ပေးလိုက်သည်။
ဘုန်း
ထိုအခိုက်အတန့်တွင် တောင်ထိပ်ထံမှ ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ ထို့နောက် ကောင်းကင်ကို တုန်လှုပ်သွားစေနိုင်သော ဟိန်းသံက ကပ်ပါလာ၏။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ မရေမတွက်နိုင်သော တပည့်ဂိုဏ်းသားများ အားလုံးက အရုပ်ကြိုးပျက် လွင့်ထွက်သွားကြသည်။ ထိုအခိုက်အတန့်တွင် လူတိုင်း၏နားအတွင်း အလွန်အမင်း အိုမင်းကာ ထိတ်လန့်နေသောအသံက ထွက်လာသည်။
“တပည့်ဂိုဏ်းသားတွေအားလုံး ငါ့ရဲ့အမိန့်ကိုနာခံ နောက်ဆုတ်တော့”
အသံက အော့ရန်အကြီးအကဲ၏ အသံဖြစ်သည်။
ယင်နက်ဘိုးဘေးနှင့် အချိန်အတန်ကြာအောင် ကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့ပြီးနောက် အော့ရန်သည် နောက်ဆုံးတွင် မထိန်းထားနိုင်တော့ပေ။ တောင်ထိပ်တွင် အနက်ရောင်ချီလင်း၏ တောက်ပမှုက ဖျော့တော့လာပြီဖြစ်သည်။ သူ၏ပုံသဏ္ဍန်က ဆိုးရွားနေပြီဖြစ်သည်။ စုန့်ယို့ရန်၏ မျက်နှာက ဖြူဖျော့သွားပြီး သူမ၏ အသက်ရှုသံကပင် မတည်ငြိမ်တော့ပေ။
အော့ရန်ချင်းဟန်သည် မဟာမိတ်၏စခန်းတွင် ကျန်ရစ်နေသည့် အင်အားအကြီးဆုံးသော ကျွမ်းကျင်ပညာရှင်ဖြစ်ပြီး မဟာမိတ်၏ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များထဲမှ တစ်ယောက်ဖြစ်သည်။ အရေးအကြီးဆုံး အချက်ကမူ ယင်နက်ဘိုးဘေးက အလွန်အမင်း သွေးဆာလောင်ပြီး ရက်စက်တတ်လေသည်။ သူသည် တစ်စုံတစ်ရာကိုလုပ်ရန် ဆုံးဖြတ်လိုက်သည်နှင့် အဆုံးအထိ လိုက်လုပ်တတ်ပြီး လီတစ်ထောင် ကွာဝေးသည်အထိ လိုက်ဖမ်းတတ်လေသည်။ သူတို့ကသာ နောက်ဆုတ်သွားခဲ့လျှင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများ အားလုံးက ဆိုးရွားသော အရှုံးကို ရင်ဆိုင်ရတော့ပေမည်။
အော့ရန်အကြီးအကဲက ထိုအခြေအနေကို နားလည်သည်။ သိသာစွာပင် ယင်နက်ဘိုးဘေးနှင့် တိုက်ပွဲက ဆိုးရွားလွန်းသဖြင့်သာ ထိုသို့နောက်ဆုတ်ခိုင်းလိုက်ခြင်း ဖြစ်လောက်သည်။
စုန့်ယို့ရန်က အမိန့်ကိုလက်ခံနိုင်ရန် ကြိုးစားနေခဲ့သည့် အခိုက်အတန့်တွင် ရုတ်တရက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့ဝင်များရှိရာ နေရာမှ အထိတ်တလန့်ဖြစ်သလို အော်ဟစ်သံများက ပျံ့နှံ့လာသည်။
သူတို့သည် ယင်နက်ဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များကို ထိန်းထားနိုင်ရုံသာ တက်နိုင်နေခဲ့ခြင်းဖြစ်သည်။ ယခုအခါ အော့ရန်အကြီးအကဲ၏ အမိန့်ကြောင့် သူတို့အားလုံးက အရှုံးပြီးရင်းအရှုံးကို ရင်ဆိုင်နေရသည်။
“ခစ် ခစ် ခစ် ဘိုးဘေးအိုကြီးက အရှိန်အဝါကြီးမြတ်ပြီး သန်မာတယ်။ အဲ့ဒီအဘိုးကြီးအော့ရန်က သေတော့မှာ။ အားလုံးပဲ အင်အားတွေကို နှစ်ဆလောက် မြှင့်လိုက်ကြပါဦး။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့ဝင် တစ်ယောက်ကိုမှ အသက်ရှင်ခွင့်မပေးနဲ့”
“ချီတက်”
တောင်ခြေတွင်ရှိသော ယင်နက်ဂိုဏ်းမှ တပည့်ဂိုဏ်းသားများ အားလုံးက ထိုမြင်ကွင်းကြောင့် အားအင်များ ပြည့်နှက်သွားလျှက် သံမဏိကိုပူတုန်းထုရန် ကြိုးစားရင်း မဟာမိတ်အဖွဲ့ထံ ချီတက်လာကြသည်။
“အား”
ထိုသို့ဖြင့် လေထဲတွင် ပို၍များပြားသော စူးရှသည့် အော်ဟစ်သံများက ထွက်ပေါ်လာသလို ပို၍များပြားသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များ အားလုံးက ဟင်းရွက်ကန်စွန်းရွက်လို ခုတ်သင်ခံနေရသည်။ တောင်ထိပ်မှ ငုံ့ကြည့်မည်ဆိုပါက အလောင်းများ ထပ်နေကြောင်း မြင်နိုင်သည်။
စွစ်
တိုက်ပွဲထဲတွင် တစ်စုံတစ်ယောက်ကို လူအုပ်ကိုကျော်ဖြတ်လျှက် ရောက်လာနေကြောင်း မည်သူကမှ သတိမထားမိလောက်ပေ။ ထိုတစ်ယောက်သည် ဝမ်ချောင်နှင့် ခြေခုနှစ်လှမ်း ရှစ်လှမ်းခန့် အကွာသို့ ရောက်သွားသောအခါ ရုတ်တရက် အနက်ရောင်စွမ်းအင်အဖြစ် ပြောင်းလဲကာ ဝမ်ချောင်ထံ ခုန်ဝင်သွားသည်။ လူတိုင်းက အံ့အားတကြီး ဖြစ်သွားကြသည်။ ဝမ်ချောင်ကမူ ချွင်းချက်ဖြစ်သည်။
“ဟွန်း ဝေ့ချန်းထင်”
ဝမ်ချောင်က ကျောဘက်သို့ လက်ပစ်လျှက် ရပ်နေခြင်းဖြစ်သည်။ သူ၏မျက်နှာက တည်ငြိမ်သော မျက်နှာထားမျိုးနှင့်သာဖြစ်သည်။ သူ၏အင်အားက ထိုးကျသွားသော်လည်း သူသည် ဝေ့ချန်းထင် တစ်ကောင်ကိုတော့ဖြင့် အလွယ်တကူ ကိုင်တွယ်နိုင်သေးသည်။
ဝုန်း
သူ၏ကြယ်တာရာစွမ်းအင်များကို ဆင့်ခေါ်လိုက်သည့် ဝမ်ချောင်က သူ၏လက်ညိုးနှင့် လက်မကို ယူဆောင်လျှက် တိုက်ခိုက်ရန်ပြင်ဆင်သည်။
“ကိုယ်ပွားတစ်ယောက်ရဲ့ လှည့်ကွက်တွေ”
သူသည် ရိုးရှင်းစွာပင် ဒီလိုလှည့်ကွက်မျိုးကို အထင်မကြီးချေ။
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က ကြောင်တောင်တောင်ဖြစ်သွားသည်။
“သတိထား”
ရုတ်တရက် သူ၏အရှေ့မှ ပုံရိပ်တစ်ခုက ခုန်ဝင်လာသည်။
ဝှစ်
စုန့်ယို့ရန်က ဝေ့ချန်းထင်၏ ဓားချီကြောင့် ပုခုံးတွင် ထိုးဖောက်ခံလိုက်ရပြီး မြေပြင်တွင် လဲကျသွားသည်။ သူမ၏ဒဏ်ရာမှ သွေးများစီးကျလာသည်။
“စုန့်ယို့ရန်”
လူအုပ်ထဲမှ ဝေ့ချန်းထင်ကလည်း သူ၏တိုက်ကွက်ကို စုန့်ယို့ရန်က တားမည်ဟု မထင်ထားမိပေ။
“သခင်မလေး”
“သတ်”
ပတ်ဝန်းကျင်မှ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များက အခြေအနေကို မြင်သောအခါ ဝေ့ချန်းထင်ထံ ရူးသွပ်စွာ ချီတက်သွားကြသည်။
ဝေ့ချန်းထင်သည် မှင်သက်ဖွယ်ကောင်းလောက်အောင် ပါရမီကြီးပြီး မိစ္ဆာလမ်းစဉ်လျှောက်သော ပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်ခဲ့ဖူသည့်တိုင်အောင် သူသည် ယခုအခြေအနေတွင် သတိလက်လွတ်ဖြစ်လျှက် နောက်သို့ တွန်းပို့ခံလိုက်ရသည်။
ဒီအရူးမလေးကတော့
ဝမ်ချောင်က စုန့်ယို့ရန်အား ရှုပ်ထွေးသော ခံစားချက်များဖြင့် စိုက်ကြည့်လိုက်မိသည်။ သူ၏အင်အားနှင့်ဆိုလျှင် သူသည် ဝေ့ချန်းထင်၏ တိုက်ကွက်ကို တားနိုင်စွမ်းရည်ရှိသည်။ ထိုအတွက်ကြောင့် စုန့်ယို့ရန်က သူ့အတွက် တားပေးရန် မလိုအပ်ခဲ့ပါချေ။
ဝမ်ချောင်သည်လည်း သူ၏နှလုံးသားထဲတွင် ဖော်ပြရန်ခက်ခဲသော ခံစားချက်မျိုးကိုရလိုက်သည်။ ထူးဆန်းသော အံ့အားသင့်မှုနှင့် အချစ်စိတ်ရောနှောနေသော ခံစားချက်မျိုးဖြစ်သည်။
သူသည် မူလကမူ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်တွင် တခဏခန့်ကစားရုံသာ ရည်ရွယ်ထားခြင်းဖြစ်သည်။ သို့သော် ဝမ်ချောင်က ယခုအခါတွင်မူ ဂရုမစိုက်သလိုမျိုး ဆက်နေ၍ မရနိုင်တော့ချေ။
“မိန်းကလေးစုန့် မင်းအနေနဲ့ ငါ့ကိုကယ်ဖို့ တကယ်မလိုပါဘူး”
ဝမ်ချောင်က စုန့်ယို့ရန်ကို ထူမပေးရင်း ဒဏ်ရာကုစားသည့် ဆေးလုံးကို ကျွေးလိုက်သည်။
အဟွတ်
“သခင်လေး သခင်လေးဘယ်လိုပြောလိုက်တာလဲ။ သခင်လေးက ဒီတိုက်ပွဲမှာ ပိတ်မိသွားတဲ့သူ။ ဒါကြောင့် ငါက သခင်လေးကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ ပိုဆိုးတာက သခင်လေးက ငါ့ရဲ့အသက်ကို တစ်ကြိမ်ကယ်ခဲ့ဖူးပြီးသား။ ငါသခင်လေးကို ဘယ်လိုများ ဒဏ်ရာရခွင့်ပြုနိုင်မှာလဲ”
စုန့်ယို့ရန်က ခပ်တိုးတိုး ချောင်းဆိုးလိုက်သည်။ သူမ၏ အရှိန်အဝါက အားနည်းနေသည်။
“သခင်လေး သခင်လေးမြန်မြန်ထွက်သွားတော့။ သခင်လေး မသွားဘူးဆိုရင် ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး”
စုန့်ယို့ရန်၏ အသံက စိုးရိမ်မှုများ ပြည့်နှက်နေသည်။ သိုင်းပညာရှင်များ အားလုံးသည် သခင်လေးချင်းယန်ဟာ အင်အားကြီးမားသော ကျွမ်းကျင်ပညာရှင်မဟုတ်ကြောင်း သိထားပြီးသားဖြစ်သည်။ ယင်နက်ဘိုးဘေး၏ ကိစ္စများကို လုပ်ကိုင်တတ်ပုံအရ သခင်လေးချင်းယန်က ဒီနေရာတွင် ဆက်နေပါက သေချာပေါက် ကံကြမ္မာဟာ သတ်မှတ်ထားပြီးသား ဖြစ်နေလောက်သည်။
ဝမ်ချောင်က တိတ်ဆိတ်သွားသည်။ စုန့်ယို့ရန်က ရှင်းလင်းစွာပင် သူ့အား သခင်လေးချင်းယန်ဟု သတ်မှတ်နေသေးသည်။
ဒီတိုင်း အကြွေးပြန်ပေးတယ်လို့ သတ်မှတ်တာပေါ့။
ဝမ်ချောင်က အသက်ပြင်းပြင်းရှုရင်း ဝရုန်းသုန်းကားဖြစ်နေသော တိုက်ပွဲကို တစ်ချက်ကြည့်လိုက်သည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများ အားလုံးက ဆက်တိုက်ဆိုသလို သတ်ဖြတ်ခံနေရပြီး နောက်သို့တွန်းပို့ခံနေရသည်။
“မိန်းကလေးစုန့် ဒီမှာခဏနေလိုက်ဦး။ ခဏနေရင် ငါပြန်လာခဲ့မယ်”
ဝမ်ချောင်က ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ပြီး စုန့်ယို့ရန်ကို ထားခဲ့လိုက်သည်။ ထို့နောက် ဝေ့ချန်းထင်ရှိရာဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွား၏။ ထိုဘက်ခြမ်းတွင် မဟာမိတ်ဘက်မှ တပည့်ဂိုဏ်းသား ဆယ်ယောက်ကျော်ခန့်က ဝေ့ချန်းထင်ကို ဝိုင်းထားသည်။ သို့သော် သူ၏လျို့ဝှက်ဆန်းကြယ်သော မိစ္ဆာတစ္ဆေသိုင်းကြောင့် သူက လျှင်မြန်စွာဖြင့် ထိန်းထားလိုက်နိုင်သည်။
ထိုအရာသာ မကသေးချေ။ ဝေ့ချန်းထင်သည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ကျွမ်းကျင်ပညာရှင် နှစ်ယောက်ကိုပင် သတ်နိုင်လိုက်သေးသည်။
ဟွန်း ငါနဲ့ တွေ့တာကတော့ ကံဆိုးတယ်ပဲ သတ်မှတ်ပေါ့။
ဝမ်ချောင်က ဝေ့ချန်းထင်ထံ သွားနေချိန်တွင် သူ၏ဝတ်စုံက လေထဲတွင်လွင့်နေသည်။ သူက လက်ဖဝါးကို အသာမြှောက်လျှက် သူ၏လက်ညိုးနှင့် လက်ခလယ်အကြားတွင် သေးငယ်သော ကျောက်စရစ်ခဲလေး တစ်ခုကို ဆုပ်ကိုင်ထားလိုက်သည်။ ထိုနေရာတွင် မြောက်များလွန်းသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများက တည်ရှိနေသောကြောင့် ဝမ်ချောင်အနေဖြင့် သူ၏နောက်ခံကို ထုတ်ဖော်ရန် မရည်ရွယ်ထားပေ။ သို့သော် ဝေ့ချန်းထင်ကို ကိုင်တွယ်ရန်အတွက် ထိုသို့ထုတ်ဖော်ထားရန် မလိုအပ်ပါပေ။
ကလက်
လေထဲတွင် ဝေ့ချန်းထင်ဟာ ပို၍ကြမ်းတမ်းခက်ထန်စွာ တိုက်ခိုက်လာသည်။ ဝမ်ချောင်က ထိုအခိုက်အတန့်တွင် ရုတ်တရက် လက်ချောင်းများကို လှုပ်လိုက်၏။
ဘန်း
ကျောက်စရစ်ခဲလေးက ရှေ့သို့တိုးဝင်သွားသည်။ ထိုကျောက်စရစ်ခဲသည် မသန်မာလွန်းသလို မြန်လည်းမမြန်ပေ။ သာမာန်ထက် အနည်းငယ်ပို၍ သန်မာသော တစ်စုံတစ်ယောက်ဆိုလျှင်ပင် ထိုသို့ပစ်နိုင်ပေလိမ့်မည်။
သို့ရာတွင် ထိုသာမာန် ကျောက်စရစ်ခဲလေးက ထိုဝန်းကျင်တွင် ရှိနေသမျှ ကြယ်တာရာစွမ်းအင် စီးကြောင်းများကို ရှောင်ရှားနိုင်သလို ကျွမ်းကျင်ပညာရှင်ပေါင်း များစွာကိုလည်း ကျော်ဖြတ်သွားရင်း ဝေ့ချန်းထင်၏ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကို အဟကြား သေးသေးလေးကတစ်ဆင့် ရအောင်ကျော်ဖြတ်သွားသေးသည်။ ထို့နောက် ဝေ့ချန်းထင်က သိုင်းတစ်ခုကို သုံးတော့မည့် အချိန်တွင် သူ၏ဝမ်းဗိုက် အောက်ဘက်ခြမ်းရှိ ရှန်းကျုံးနေရာကို တစ်စုံတစ်ရာက လာရောက်ထိမှန်ကြောင်း ခံစားလိုက်ရသည်။
ကျောက်စရစ်ခဲလေးက အားအများကြီးလည်း ပါပုံမရချေ။ သို့သော် ဝေ့ချန်းထင်က သူ၏ကြယ်တာရာစွမ်းအင် အဟောင်းများကို အသစ်နှင့် ပြောင်းလဲမည့် အခိုက်အတန့်မျိုးတွင် ကွက်တိ လာမှန်ခြင်းဖြစ်နေသည်။ မှန်သွားသော အကြောအမှတ် နေရာကလည်း ထိုစွမ်းအင် အပြောင်းအလဲကို ဖြစ်စေသည့် နေရာတစ်ခုဖြစ်နေသည်။ ထို့ကြောင့် ထိုရိုးရှင်းသော ရိုက်ချက်လေး တစ်ခုတည်းကတင် ဝေ့ချန်းထင်၏ ကြယ်တာရာစွမ်းအင်များကို ကစဉ့်ကလျား ဖြစ်သွားစေလေသည်။
အခန်း(၁၃၄၅)
ဝမ်ချောင်ကလှုပ်ရှားပြီ
“မကောင်းတော့ဘူး”
ဝေ့ချန်းထင်သည် အံ့အားသင့်မှုကြောင့် မျက်နှာဖြူဖျော့သွားသည်။ သူသည် ကျောက်စရစ်ခဲလုံးလေး တစ်ခုဖြင့် အမှန်ခံရမည်ဟု ဘယ်သောအခါမှ မတွေးထားလောက်ပေ။ ထိုသေးငယ်သော ပစ်ပေါက်မှုလေးက သူ၏ကြယ်တာရာစွမ်းအင် အားလုံးနီးပါးကို ထိန်းချုပ်မှု ပျောက်ဆုံးသွားစေသေးသည်။ ပို၍ကြောက်စရာကောင်းသော အချက်ကမူ သူသည် ကျောက်စရစ်ခဲလေးကို တားရန် ကြိုးစားခဲ့သည့်တိုင်အောင် ရှင်းပြရန်ခက်ခဲလောက်အောင် ကျရှုံးသွားခဲ့သည်။
စွစ်
ဝေ့ချန်းထင်၏ ကြယ်တာရာစွမ်းအင်များက ကစဉ့်ကလျားဖြစ်သွားပြီး ဟာကွက်အပြည့် ပေါ်လာသည်နှင့် မြွေတစ်ကောင်ကဲ့သို့ ထင်ရသော ဓားတစ်လက်က ရှေ့သု့ိတိုးဝင်လာပြီး ခန္ဓာကိုယ်အတွင်းသို့ ထိုးစိုက်သွားသည်။ ထို့နောက် နောက်ထပ်အေးစက်သော အလင်းက လက်လျှက် ဓားတစ်လက်က လေထုကိုထိုးခွဲကာ ဝင်ရောက်လာပြန်သည်။
အား
ငယ်သံပါအောင် အော်ဟစ်ပြီး သွေးတစ်ပွက်အန်ပြီးနောက် ဝေ့ချန်းထင်၏ ဘယ်ဘက်လက်မောင်းက မြေပြင်သို့ ပြတ်ကျသွားသည်။
“မိုက်ရူးရဲဆန်တဲ့ကောင်လေး ငါမင်းကို မလွှတ်ပေးဘူး”
ဒေါသတကြီး ပြောဆိုသည့် စကားလုံးများကို ချန်ထားရစ်ခဲ့ပြီးနောက် ဝေ့ချန်းထင်က သူ၏အလင်းတန်းအသွင် ပြောင်းလျှက် အဝေးသို့ ထွက်ပြေးသွားသည်။
“တကယ်ပဲ ဒီမျိုးမစစ်ကောင်က ဘယ်သူလဲ”
ဝေ့ချန်းထင်၏ မျက်နှာဟာ သရဲတစ်ကောင်လို ဖြူဖျော့နေသည်။ သူ၏မျက်နှာက ချွေးစေးများ စိုရွှဲနေ၏။ တိုက်ပွဲအတောအတွင်း ထွက်ပြေးသွားရခြင်းသည် ကြီးလေးသော အပြစ်ဒဏ်ဖြစ်သည်။ ယင်နက်ဘိုးဘေး၏ သဘောကျခြင်းခံရသော တပည့်ဂိုဏ်းသားတစ်ယောက် ဆိုလျှင်ပင် မဖြစ်နိုင်ပေ။ သို့သော် ဝေ့ချန်းထင်သည် သူသာထွက်မပြေးသွားခဲ့လျှင် တောင်ပေါ်တွင် သေရမည်ဟု ခံစားရသည်။
မင်းက တစ်စုံတစ်ယောက်ကို ကူညီရင် အဆုံးထိကူညီ
ဝမ်ချောင်က ထွက်ပြေးသွားသော ဝေ့ချန်းထင်မှတစ်ဆင့် မတည်မြဲခြင်း ဗိုလ်ချုပ်နက်နှင့် ဗိုလ်ချုပ်ဖြူတို့ကို ပြန်ကြည့်လိုက်ပြီး သဘောတကျ တွေးလိုက်သည်။ ထိုနှစ်ယောက်သည် တိုက်ခိုက်လိုက်၊ ထွက်ပြေးလိုက် ဗျူဟာကို သုံးနေကြပြီး သူတို့၏တည်နေရာကို ဆက်တိုက်ဆိုသလို ပြောင်းလဲလျှက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ဝင်္ကပါများကို ဖျက်ဆီးနေကြသည်။ ဒီနည်းအားဖြင့် တောင်ခြေမှ ယင်နက်ဂိုဏ်းမှ တပည့်ဂိုဏ်းသားများထက်ပင် ခြိမ်းခြောက်မှု ကြီးမားနေသေးသည်။
ကလက်
ဝမ်ချောင်က ချက်ချင်းဆိုသလို ရှေ့သို့တက်လိုက်သည်။ သူက တိုက်ပွဲ၏ အခြားတစ်ဖက်ခြမ်းသို့ စလျှောက်၏။
မတည်မြဲခြင်းဗိုလ်ချုပ်နက်နှင့် မတည်မြဲခြင်း ဗိုလ်ချုပ်ဖြူတို့၏ အရှိန်နှင့် ဖြတ်လတ်မှုများက လက်ရှိခေတ်တွင် အကောင်းဆုံးများထဲမှဖြစ်လေသည်။ သူတို့သည် ထိုညဉ်လက္ခဏာတွင် အလွန်အမင်း ထူးခြားကျွမ်းကျင်နေလောက်၏။ သံသယဝင်ရန် မလိုလောက်အောင် သူတို့သည် အလွန်အမင်း ကိုင်တွယ်ရခက်နိုင်၏။ ပို၍ဆိုးသည်မှာ သူတို့၏ တိုက်ခိုက်လိုက်၊ ထွက်ပြေးလိုက် ဗျူဟာက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများ၏ ဓားဝင်္ကပါဖြင့် သူတို့ကို အမှန်တကယ် တိုက်ခိုက်ရန် အလွန်ခက်ခဲလေသည်။
သို့သော် ဝမ်ချောင်က ဓားဝင်္ကပါများကို ခပ်မြန်မြန် အကြည့်ပို့လိုက်သည်။ ထိုဝင်္ကပါများသည် အနုစိတ်ကျကျ ဖန်တီးထားခြင်းဖြစ်ပြီး လူဆယ်ယောက်၏အင်အားကို တစ်ခုတည်းဖြင့် ပေါင်းစည်းထားကာ အင်အားကို အမြောက်အများ မြှင့်တင်ပေးနိုင်သည်။
ဝမ်ချောင်သည် နေရာတွင်သာ လှုပ်ရှားမှုကင်းမဲ့စွာ ရပ်လျှက် ဓားဝင်္ကပါကိုသာ ဆက်တိုက်ကြည့်နေသည်။ သူ၏မျက်ဝန်းအတွင်း လေပြင်းက ဆက်တိုက်ပြေးလွှားနေသည်။ ဝမ်ချောင်သည် တဖြည်းဖြည်းချင်းစီ အချို့ကိစ္စများကို သတိထားမိလာသည်။
ထိုဝင်္ကပါများသည် ရှုပ်ထွေးလွန်းပြီး လူဆယ်ယောက်၏ တည်နေရာကလည်း တိကျခြင်းမရှိသလို အချို့သော အကြောင်းပြချက် တစ်ခုကြောင့်ပင်ဖြစ်စေ ဆက်တိုက်ပြောင်းလဲနေခြင်း ဖြစ်နေသည့်တိုင်အောင် ဝမ်ချောင်ကမူ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့ကသုံးသော ဓားဝင်္ကပါက ချန်ခွန်း၊ ခမ်းလီ၊ ကျန်းရွှမ်၊ ကန်းသွေ့ ဆိုသော လမ်းစဉ်အတိုင်း ဖြစ်ပျက်နေကြောင်း သိလိုက်သည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း သူတို့၏ တိုက်ခိုက်သော ပုံစံအရ အချို့သော စည်းမျဉ်းအချို့ကို ဖမ်းဆုပ်မိလိုက်သည်။
“ချန်နေရာ ချန်းရှုအမှတ်ရဲ့ ဘယ်ဘက်ခြမ်းကိုတိုက်ခိုက်”
ဝမ်ချောင်က တည်တင်းစွာအော်လိုက်သည်။
တောင်တန်းအလယ်တွင် ဖြစ်နေသောတိုက်ပွဲဟာ ဝရုန်းသုန်းကားဖြစ်နေသောကြောင့် မည်သူကမှ ဝမ်ချောင်ကို အာရုံမစိုက်ကြပေ။
ဝုန်း
တခဏခန့်ကြာပြီးနောက် လိမ့်တက်နေသော အနက်ရောင်စွမ်းအင်များနှင့် ငိုညဉ်းနေသော တစ္ဆေများအကြားမှ မတည်မြဲခြင်း ဗိုလ်ချုပ်နက်၏ မိစ္ဆာလက်သည်းကြီးက အနက်ရောင်စွမ်းအင်များကို ဖယ်ရှားရင်း ချန်နေရာတွင်ရှိသော ဓားဝင်္ကပါထဲသို့ တိုက်ခိုက်လိုက်သည်။
စွစ်
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများ၏ မျက်နှာက ချက်ချင်းလိုလို ဖြူဖျော့သွားရင်း သွေးများကို အန်ထုတ်ကြသည်။ ကျန်သောလူများ၏ မျက်နှာကလည်း တင်းမာသွား၏။ ဓားဝင်္ကပါ၏ သူတို့၏အင်အားကို မြှင့်တင်ပေးနိုင်သော်လည်း သူတို့က လက်ခံရရှိသော တိုက်ကွက်များ၏ စွမ်းအားကိုလည်း အဖွဲ့ဝင်များက မျှယူရသေးသည်။
“ခွန်းနေရာ ကုန်းယွီအမှတ်ရဲ့ ညာဘက်ခြမ်းကိုတိုက်ခိုက်”
ဝမ်ချောင်က ထပ်အော်သည်။
ဘန်း
သူ၏အပြောကို တုန့်ပြန်သလိုမျိုး ခွန်းနေရာမှ ဒေါသတကြီး ပေါက်ကွဲမှုက ထွက်ပေါ်လာပြီး ရိုးရှင်းသော တိုက်ကွက်က ရောက်ရှိလာသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသား ခြောက်ယောက်က လေထဲသို့ လွင့်ထွက်သွား၏။ သူတို့၏ရင်ဘက်က ချိုင့်ဝင်သွားပြီး အရိုးများက ကျိုးသွားသည်။ ဓားဝင်္ကပါက ပြိုကျသွားသည်။
“သူက ငါတို့ကိုပြောနေတာ။ သူပြောတာနားထောင်။ သူပြောသလိုလုပ်”
မည်သည့်အချိန်ကမှန်းမသိ တစ်စုံတစ်ယောက်ဟာ အခြေအနေကို နားလည်သွားသည်။ ဝမ်ချောင်က သူတို့အား မတည်မြဲခြင်းဗိုလ်ချုပ်နက်ကို တိုက်ခိုက်ရန် ညွှန်ကြားပေးနေခြင်းဖြစ်သည်။
“အဲ့ဒီမှာဘယ်သူလဲ”
မတည်မြဲခြင်းဗိုလ်ချုပ်နက်ကလည်း အနီးအနားတွင် ရပ်နေသော ဝမ်ချောင်ကို သတိထားမိလိုက်သည်။ သူ၏မျက်ဝန်းအတွင်း စူးရှသောအလင်းက လက်သွား၏။ ထို့ကြောင့် သူသည် အချိန်ဆွဲမနေတော့ဘဲ ဝမ်ချောင်ထံ ခုန်ဝင်လာရင်း နာမည်ကျော်ကြားသည့် တစ္ဆေနှင့်မိစ္ဆာပြိုလဲခြင်းသိုင်းကို ထုတ်သုံးကာ တိုက်ခိုက်လိုက်သည်။
သို့သော် ဝမ်ချောင်သည် ထိုအကွက်ကို ကြိုတင်ခန့်မှန်းလိုက်နိုင်သည်။ မတည်မြဲခြင်း ဗိုလ်ချုပ်နက်က မတိုက်ခိုက်သေးခင် ဝမ်ချောင်က နေရာပြောင်းပြီးသားဖြစ်သောကြောင့် အင်အားကြီးမားသော စွမ်းအားလှိုင်းတစ်ရပ်က သူ့ကိုပွတ်တိုက် ဖြတ်ကျော်ပြီး လေကိုသာထိသွားသည်။
“ကန်းနေရာ အနောက်ဘက် ရှန်းချန်နေရာကိုတိုက်ခိုက်”
ထိုသို့ဖြင့် တည်ငြိမ်နေသော ဝမ်ချောင်က တဖန်ထပ်အော်လိုက်ရင်း ဘာကိုမှ မဖြစ်ပျက်သလို ပြုမူလိုက်သည်။
ထိုအချိန်တွင် မတည်မြဲခြင်းဗိုလ်ချုပ်နက်က ရှေ့သို့ချီတက်လာသည်။ သူ၏အနောက်ဘက် ကန်းနေရာမှ ဓားဝင်္ကပါက ချက်ချင်းဆိုသလို လှုပ်ရှားရင်း သူ၏ကျောဘက်မှ ရှန်းချန်နေရာကို တိုက်ခိုက်လိုက်သည်။ ထိုအချိန်တွင် မတည်မြဲခြင်းဗိုလ်ချုပ်နက်၏ ကြယ်တာရာစွမ်းအင်များက တိုက်တိုက်ဆိုင်ဆိုင် ထိုအမှတ်မှ ဖြတ်သွားချိန်ဖြစ်နေသည်။ သူ၏အနောက်ဘက်မှလာသော ထက်ရှသောဓားချီကို အာရုံခံမိလိုက်သည့် မတည်မြဲခြင်း ဗိုလ်ချုပ်နက်၏ မျက်နှာက တင်းမာသွားသည်။ နောက်ဆုံးတွင် နောက်လှည့်လျှက် တိုက်ကွက်ကို ရင်ဆိုင်လိုက်ရသည်။
“ခန်းနေရာ ချီဖူအမှတ်”
ခန်းနေရာတွင်ရှိနေသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ကျွမ်းကျင်ပညာရှင်များက ချက်ချင်းလိုလို တိုက်ခိုက်ရင်း အကန့်အသတ်မဲ့အောင် မြောက်များသော ဓားချီများအား ကန်းနေရာတွင်ရှိသော ဓားဝင်္ကပါနှင့် ပူးပေါင်းလျှက် မတည်မြဲခြင်း ဗိုလ်ချုပ်နက်အား နောက်သို့ ယိုင်ထွက်သွားစေလိုက်သည်။ တစ်ဖက်သူ၏ အရှိန်အဝါကပင် ကစဉ့်ကလျားဖြစ်လျှက် မျက်နှာက ဖျော့တော့သွားသည်။ ပတ်ဝန်းကျင်မှ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများ အားလုံးက ထိုမြင်ကွင်းကြောင့် အားတက်ရင်း သံသယများကို ဘေးဖယ်လိုက်ကြသည်။
သူတို့သည်လည်း မိုးပြာရောင်ဝတ်စုံ ဝတ်ထားသော လူငယ်လေးက မည်သည့်အတွက်ကြောင့် ထိုသို့လုပ်နိုင်ကြောင်း မသိသေးသည့်တိုင်အောင် ရှင်းလင်းစွာပင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ဓားဝင်္ကပါကို လက်ခုံကဲ့သို့ နားလည်နေသည့် တစ်ဖက်သူဟာ မတည်မြဲခြင်း ဗိုလ်ချုပ်နက်၏ လှုပ်ရှားမှုတိုင်းကို ခန့်မှန်းတွက်ချက်နိုင်နေသေးသည်။
“လီနေရာ ယွီကျုံးအမှတ်”
“ရွှမ်နေရာ မင်းမာန်အမှတ်”
“ကျန်းနေရာ ရွှမ်ကွမ်းအမှတ်”
ဝမ်ချောင်၏ နက်နဲသောအကြည့်က မတည်မြဲခြင်းဗိုလ်ချုပ်နက်၏ လှုပ်ရှားမှုတိုင်းကို ဖောက်မြင်နိုင်နေသည်။ မတည်မြဲခြင်း ဗိုလ်ချုပ်နက်က ညာဘက်သို့ပြေးလိုက် ဘယ်ဘက်သို့ ခုန်ဝင်လိုက် လုပ်နေစေကာမူ ဝမ်ချောင်၏ ဗျူဟာအောက်မှ မလွတ်မြောက်သွားခဲ့ပေ။ အနောက်ဘက်မှ ကြည့်နေသော စုန့်ယို့ရန်နှင့် စုန့်ကြွယ်တို့ကလည်း အလုံးစုံ အံ့ဩနေကြသည်။
သူတို့သည်လည်း ဝမ်ချောင်၏အကြည့်ဟာ ပြိုင်ဘက်၏ သိုင်းကွက်မှ ဟာကွက်တိုင်းကို မြင်နိုင်လောက်အောင် ထက်ရှမှန်း သိထားပြီးသားဖြစ်သည်။ သို့သော် ဝမ်ချောင်ဟာ မတည်မြဲခြင်း ဗိုလ်ချုပ်နက်ကဲ့သို့ မိစ္ဆာလမ်းစဉ်လျှောက်သော ပုဂ္ဂိုလ်ကြီးတစ်ယောက်ကိုပင် ထိုမျှအထိ ဖောက်မြင်နိုင်မည်ဟု မထင်ထားမိပေ။ ပို၍ဆိုးသည်မှာ ဝမ်ချောင်၏ အမူအရာအရ သူသည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ဓားဝင်္ကပါကိုပင် နားလည်နေပုံပေါ်သည်။
ထိုအခြေအနေက သူတို့၏စိတ်အတွင်းမှ လောက၏အမြင်ကို ပြောင်းပြန်လှန်ပစ်လိုက်သည်။
“အံ့ဩစရာပဲ”
စုန့်ယို့ရန်က သူမ၏လက်သီးကို စိတ်လှုပ်ရှားစွာ ဆုပ်လိုက်သည်။ ထိုအချိန်တွင် မတည်မြဲခြင်းဗိုလ်ချုပ်နက်နှင့် တိုက်ပွဲက အရေးပါသော အခိုက်အတန့်သို့ ရောက်ရှိလိုက်သည်။
စွစ်
ရုတ်တရက် ဓားတစ်လက်က မတည်မြဲခြင်းဗိုလ်ချုပ်နက်၏ ဓားချီကို ကျော်ဖြတ်ပြီး သူ၏ခန္ဓာကိုယ်တွင် အလွန်ကြီးမားသော ဒဏ်ရာကြီးကို ချန်ထားရစ်ခဲ့လိုက်သည်။ ထို့နောက် ဓားတစ်လက်က ကပ်ပါလာ၏။ သူ၏ဗိုက်အတွင်းသို့ ဝင်ရောက်သွားပြီးနောက်ပိုင်းတွင် သူ၏ကျောကုန်းတွင်လည်း အလွန်နက်သော ဒဏ်ရာတစ်ခုက ပေါ်လာပြန်သည်။ အရိုးကိုပင် ပေါ်မတက် လှီးဖြတ်ထားသေး၏။
“အား”
မတည်မြဲခြင်းဗိုလ်ချုပ်နက်က နောက်ဆုံးတွင် ထိတ်လန့်လာပြီဖြစ်သည်။ သူ၏ အင်အားအကြီးဆုံး အားသာချက်က သူ၏ခွန်အားနှင့် ရွေ့လျားမှုသိုင်းဖြစ်သည်။ ထို့ကြောင့် အလုံးအရင်းနှင့် တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ သူသည် ခွန်အား၏ အားသာချက် ပျောက်ဆုံးသွားသည်။ ထိုအတွက်ကြောင့် သူသည် သူ၏ မခန့်မှန်းနိုင်သော ရွေ့လျားမှုတိုင်းကို အားကိုးနေရခြင်းဖြစ်သည်။ သို့သော် လျို့ဝှက်ဆန်းကြယ်သော မိုးပြာရောင်ဝတ်စုံနှင့် ထိုကောင်စုတ်လေးက သူ၏ရွေ့လျားမှုတိုင်းကို ဖောက်မြင်နိုင်သည်မှာ ရှင်းလင်းနေသေးပြန်သည်။ ဒီနည်းအားဖြင့် သူ၏ လှုပ်ရှားမှုတိုင်းကို ကြိုတင်ခန့်မှန်းလျှက် လမ်းကြောင်းတိုင်းကိုပိတ်ထားသည်။
“တကယ်ပဲ မင်းက ဘာကောင်လဲ”
မတည်မြဲခြင်းဗိုလ်ချုပ်နက်က ပို၍ပို၍ ထိတ်လန့်လာရင်း အသက်(၁၇)နှစ်၊ (၁၈)နှစ်အရွယ် လူငယ်လေးတစ်ယောက်က သူ၏သိုင်းလှုပ်ရှားမှုတိုင်းကို ဖောက်မြင်နိုင်သည့်အတွက် မယုံကြည်နိုင်တော့ချေ။ ဂိုဏ်းလောကအတွင်းတွင် ထိုကဲ့သို့သောလူမျိုးဟာ အလွန့်အလွန် နည်းပြီး မရှိသလောက်ပင်ဖြစ်၏။
“ကျန်းနေရာ ရှန်ကျုံးအမှတ်”
ဝမ်ချောင်က ရုတ်တရက်အော်သည်။
မတည်မြဲခြင်း ဗိုလ်ချုပ်နက်က တုန့်ပြန်ရန် ပင်ပန်းလွန်းနေသည့် အခိုက်အတန့်တွင် ရုတ်တရက် ဓားတစ်လက်က သူ၏ရှန်ကျုံးအမှတ်အတွင်းသို့ ဖောက်ဝင်သွားသည်။ အခြားအခြေအနေတွင်ဆိုလျှင် မတည်မြဲခြင်းဗိုလ်ချုပ်နက်အနေဖြင့် တားမြစ်နိုင်လောက်သည်။ သို့သော် ဝမ်ချောင်၏အမိန့်အောက်တွင် လည်ပတ်နေသော ဓားဝင်္ကပါ၏ ချက်ချင်းဆိုသလို ရောက်ရှိလာသော တိုက်ကွက်များက မတည်မြဲခြင်း ဗိုလ်ချုပ်နက်၏ စိတ်ကိုပင် ကစဉ့်ကလျား ဖြစ်လာစေသည်။
ပွက်
တခဏခန့်ကြာပြီးနောက် ငယ်သံပါအောင် အော်ဟစ်သံတစ်သံက ထွက်ပေါ်လာသည်။ ဓားတစ်လက်က ရှန်းကျုံးအမှတ်မှ တောက်လျှောက်ဖောက်ဝင်လျှက် ကျောဘက်မှ ပြန်ထွက်လာသည်။
“အား”
မတည်မြဲခြင်းဗိုလ်ချုပ်နက်က အော်ဟစ်သည်။ ရှန်းကျုံးအမှတ်သည် ရင်ဘက်အလယ် ဗဟိုနေရာဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ သွေးကြောအမှတ်လည်းဖြစ်သည်။ ထိုနေရာသို့ ဓားဖြင့်အထိုးခံလိုက်ရပြီးနောက် မတည်မြဲခြင်းဗိုလ်ချုပ်နက်၏ စွမ်းအားများဟာ ချက်ချင်းလိုလို ကွဲအက်သွားသည်။
“ပြိုင်ဘက်အတွက် အခွင့်အရေးပဲ”
ထိုအခြေအနေကို မြင်လိုက်ရသော ပတ်ဝန်းကျင်မှ တပည့်ဂိုဏ်းသားများက ချက်ချင်းဆိုသလို အားအင်တက်ကြွသွားကြသည်။ မတည်မြဲခြင်းဗိုလ်ချုပ်နက်၏ ခန္ဓာကိုယ်ပေါ်သို့ အဘက်ဘက်မှ ဓားများ ဆင်းသက်လာ၏။
ချွင်
ရုတ်တရက် မတည်မြဲခြင်းဗိုလ်ချုပ်နက်၏ လည်တိုင်ကို အေးစက်သော အလင်းတစ်ချက်က ဖြတ်ပြေးသွားသည်။ ထို့နောက် သူ၏ခေါင်းမှ သွေးများစီးထွက်လာရင်း လေထဲတွင် ပျံ့နှံ့သွားသည်။
ဘယ်လောက်မြန်လိုက်တဲ့ဓားလဲ။ ငါမသွားချင်ဘူး။
မတည်မြဲခြင်းဗိုလ်ချုပ်နက်က လည်ထွက်နေသော ကောင်းကင်ကို တစ်ချက်ကြည့်ပြီးနောက် သူ၏မြင်ကွင်းက မည်းမှောင်လျှက် ဘာကိုမှမသိတော့ချေ။
“ဗိုလ်ချုပ်နက်”
မတည်မြဲခြင်းဗိုလ်ချုပ်ဖြူ၏ မျက်လုံးက နီရဲသွားသည်။
ဝမ်ချောင်က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့၏ ဓားဝင်္ကပါကို အမိန့်ပေးပြီး ဗိုလ်ချုပ်နက်ကို တိုက်ခိုက်ခိုင်းချိန်တွင် နဂိုက နှစ်ယောက်လုံးကို အာရုံစူးစိုက်ကာ တိုက်ခိုက်နေရခြင်းဖြစ်ပြီး အားလုံးက မတည်မြဲခြင်းဗိုလ်ချုပ်ဖြူကိုသာ တိုက်ခိုက်နေရသည်။ သူသည်လည်း သူတို့၏ တိုက်ကွက်များကို ကိုင်တွယ်ရန် ကြိုးစားနေရင်း ပင်ပန်းနေပြီဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် မတည်မြဲခြင်းဗိုလ်ချုပ်နက်က အချိန်တိုအတွင်း အသတ်ခံရလိမ့်မည်ဟု မထင်ထားမိချေ။
“မတည်မြဲခြင်းဗိုလ်ချုပ်ဖြူပဲကျန်တယ်”
“သူ့ကိုသတ်”
မတည်မြဲခြင်းဗိုလ်ချုပ်နက်၏ သေဆုံးသွားသော ခန္ဓာကိုယ်ကို မြင်သောအခါ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများ အားလုံးက ဓားကိုမြှောက်လျှက် မတည်မြဲခြင်းဗိုလ်ချုပ်ဖြူကို တိုက်ခိုက်ရန် ပူးပေါင်းလိုက်ကြသည်။
လူပေါင်းမြောက်များစွာက ပေါင်းစည်းလျှက် မတည်မြဲခြင်းဗိုလ်ချုပ်ဖြူကို တိုက်ခိုက်နေကြောင်း မြင်လိုက်ရသည့် ဝမ်ချောင်ကလည်း ဝင်ရောက်စွက်ဖက်ရန် မလိုအပ်တော့ဟု ခံစားလိုက်ရသည်။
ပို၍ဆိုးသည်မှာ သူတို့နှစ်ယောက်၏ ဝင်ရောက်စွက်ဖက်မှုသာ မရှိလျှင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့၏ အခြေအနေက ပိုကောင်းပေလိမ့်မည်။
“သခင်လေးချင်းယန် မင်းကတကယ် လေးစားဖို့ကောင်းတာပဲ”
စုန့်ကြွယ်က ဝမ်ချောင်၏ဘေးဘက်သို့ အပြေးသွားပြီး ဝမ်ချောင်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးသလိုမျိုး လိုက်ကြည့်နေလေသည်။ ခပ်တိုးတိုး ချောင်းဆိုးနေသည့် ဖြူဖျော့နေသော မျက်နှာနှင့် စုန့်ယို့ရန်ကလည်း ဝမ်ချောင်၏အနားသို့လာသည်။
“သခင်လေးချင်းယန် ကျေးဇူးတင်ပါတယ်”
စုန့်ယို့ရန်က စိတ်ထဲမှလာသော ကျေးဇူးတင်စိတ်အပြည့်နှင့် ပြောလိုက်သည်။
“ရပါတယ်”
ခြိမ်း
ထိုအချိန်တွင် ကောင်းကင်ကိုပင် တုန်ခါသွားစေသော ပေါက်ကွဲသံကြီးနှင့်အတူ လေအတွင်း အော်ဟစ်သံများက ပျံ့နှံ့သွားပြန်သည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ထိပ်တန်းအဆင့် မဟာမိတ်ဂိုဏ်းသား ဆယ်ယောက်ကျော်ခန့်က သဲများ၊ ကျောက်စရစ်ခဲများနှင့်အတူ တောင်ထိပ်ပေါ်မှ ပြုတ်ကျလာသည်။
“ဘာဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်လဲ။ မင်းတို့အားလုံး ငါ့အတွက် သေရမှာပဲ”
ယင်နက်ဘိုးဘေး၏ ကြမ်းတမ်းပြီး ရိုင်းစိုင်းသော ရယ်သံကြီးက ကောင်းကင်ကိုပင် ဟိန်းထွက်သွားသည်။
ဘုန်း ဘုန်း ဘုန်း
ယင်နက်ဘိုးဘေးက သူ၏ နဂါးနက်အမြှီးကို ဖြတ်ယမ်းလိုက်ပြီး နောက်ထပ် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်ပညာရှင်တစ်အုပ်ကို ပစ်ထုတ်လိုက်ပြန်သည်။
ချက်ချင်းဆိုသလိုပင် လူတိုင်း၏မျက်နှာက တစ္ဆေများလို ဖြူဖျော့သွားသည်။
“မြန်မြန်လေးသွားတော့”
တောင်ထိပ်ထံမှ ဒေါသထွက်နေသလို အံ့အားသင့်နေသလို အသံကလည်း ထွက်ပေါ်လာသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်က တောင်ပေါ်မှ အော်ဟစ်ကာ ပြေးဆင်းလာရင်း တိုက်ပွဲထဲသို့ဝင်ရောက်လာသည်။ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များက ယင်နက်ဘိုးဘေးကို တားဆီးပြီး ယခုလို ဝမ်းနည်းစရာ အခြေအနေကို အဆုံးသတ်ရန်အတွက် သေသည်အထိတိုက်ခိုက်ရန် ဆုံးဖြတ်ထားခဲ့ပြီးသား ဖြစ်လေသည်။