အခန်း (၁၃၅၆-၁၃၆၀)
Vol. 80 Ch. 1356-1360
အခန်း(၁၃၅၆)
“မကောင်းတော့ဘူး”
သွေးမျက်လုံး၏မျက်နှာက ဖြူဖျော့သွားပြီး ချက်ချင်းလိုလို နောက်ဆုတ်သည်။ သို့သော် သွေးမျက်လုံး၏ ကျင့်ကြံခြင်းအဆင့်တွင်ရှိသော လူတစ်ယောက်အနေဖြင့် အာကာသ ရွေ့လျားမှုသိုင်းမျိုးကို သုံးနိုင်နေခဲ့သည့်တိုင်အောင် အဖြူရောင်လှိုင်းများအောက်မှ မလွတ်သွားခဲ့ပေ။
ဘန်း
မျက်တောင်တစ်ခတ် အချိန်အတွင်း ထိုအဖြူရောင်လှိုင်းများက လိုက်မှီလာသည်။ သွေးမျက်လုံးက သူ၏အင်အားများအားလုံးကို စုစည်းလျှက် မာရာမီးတောက်များကို ပို့လွှတ်လိုက်ပြီး ထိုအားလှိုင်းများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဝုန်း
မာရာ အနက်ရောင်မီးတောက်များက အဖြူရောင်စွမ်းအင်အားလှိုင်းနှင့် ထိပ်တိုက်တွေ့ဆုံသောအခါ တခဏခန့်သာခံပြီး အလုံးစုံ လောင်ကျွမ်းခံလိုက်ရသည်။ ထို့နောက် အာဏာရှင်ဆန်သော စွမ်းအင်လှိုင်းများ၏ သိမ်းယူမှုကို ခံရလေပြီး သွေးမျက်လုံးဆီ ဝင်ရောက်လာသည်။ သွေးမျက်လုံးကိုယ်တိုင်ကလည်း အရုပ်ကြိုးပျက် လွင့်ထွက်သွား၏။ သူ၏မျက်နှာက ဖြူဖျော့ပြီး သွေးများကို အန်ထုတ်လိုက်ရသည်။
ရိုက်ချက် တစ်ချက်တည်းနှင့် သွေးမျက်လုံးကဲ့သို့ အနက်ရောင်ဝတ်စုံဝတ် လူများအတွင်းမှ အင်အားအကြီးဆုံး လူကပင် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားသည်။ သူ၏အရိုးအများစုက ကျိုးသွားသည်။
ဝေါင်း
တောင်ထိပ်ပတ်ပတ်လည်တွင် သိပ်သည်းလွန်းသော တိမ်စိုင်များက မြောက်တက်လာပြီး သွေးစွန်းထင်းနေသော အပိုင်းအစများ၊ ပျက်စီးနေသော ပစ္စည်းများက အဖြူရောင် ရွက်ဖျင်တဲဝန်းကျင် ပေတစ်ရာခန့်အတွင်း မြောက်တက်နေလေသည်။ မြေပြင်တွင်လည်း အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်၏ အလောင်းရှိနေလေပြီး အခြားသော အနက်ရောင်ဝတ်စုံနှင့် လူများအားလုံးကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေကြသည်။ လက်တစ်ဖက်ဖြင့် သူတို့၏ရင်ဘက်ကို ဖိထားရင်း တောင်ထိပ်ပေါ်မှ ထိုအဖြူရောင်ရွက်ဖျင်တဲကို ကြောက်လန့်မှုအပြည့်ဖြင့် ကြည့်နေကြလေသည်။
ထိုအခိုက်အတန့်တွင် တစ်လောကလုံးက အသံတစ်စမျှ မရှိတော့ချေ။
အရာအားလုံး၏နောက်ကွယ်မှ ကြိုးကိုင်သူ တောင်နောက်ဘက်တွင် ပုန်းနေသော ဝမ်ချောင်ကပင် အံ့ဩသွားရသည်။
စွစ်
ရွက်ဖျင်တဲ၏ ရှေ့လိုက်ကာလေးက မြောက်တက်လာပြီးနောက် အဖြူရောင်ဝတ်စုံ ဝတ်ထားသည့်လူက လှောင်ပြောင်လိုသောအကြည့်ဖြင့် ယုံကြည်မှုရှိစွာ ထွက်လာသည်။ တစ်ဖက်သူ၏ အရှိန်အဝါက တောင်တန်းတမျှ ကျယ်ပြောပြီး ပင်လယ်တမျှ နက်ရှိုင်းပုံရကာ သူ၏ပတ်ဝန်းကျင်ရှိ အာကာသပြင်ကို အလိုအလျောက်ပင် ပုံပျက်ပန်းပျက် ဖြစ်စေသည်။
စုန့်ယွမ်ယွီ၏ အမူအရာဟာ အေးစက်ပြီး ခန္ဓာကိုယ်ကလည်း အကြောက်အလန့်မဲ့သော စွမ်းအင်များဖြင့် တောက်လောင်နေသည်မှာ ကောင်းကင်သို့ ထိုးတက်နေသော တောင်တန်းကြီးတစ်ခုအလား ထင်ရလျှက် လောက၏ ဗဟိုချက်အဖြစ် ခံစားမိစေသည်။
ဘယ်လိုဖြစ်နိုင်မှာလဲ ဒီလောက်ထိ အင်အားကြီးဖို့က...
ဝမ်ချောင်က ရေရွတ်လိုက်သည်။ သူသည် တောင်ထိပ်ပေါ်မှ ထိုလူ၏ကျောကိုကြည့်လိုက်ပြီး ပထမဦးဆုံး အကြိမ်အဖြစ် နက်ရှိုင်းသော ခြောက်ခြားမှုကို ခံစားလိုက်ရသည်။
လျောင်မြို့တွင် ဝမ်ချောင်သည် လုဝူတစ်ပိုင်းများနှင့် တိုက်ခိုက်ခဲ့ဖူးသလို မီးတောက်နက် အဇူရာများဖြင့်လည်း တိုက်ခိုက်ခဲ့ဖူးလေသည်။ ထို့ကြောင့် ထိုလူများသည် မည်မျှအင်အားကြီးမားကြောင်းကိုလည်း သိသည်။ ဝမ်ချောင်ကပင် စုန့်ယွမ်ယွီဟာ အင်အားကြီးမားကြောင်း သိနေခဲ့သည့်တိုင်အောင် သူတော်စင်သိုင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေမည်ဆိုလျှင်ပင် အင်ပါယာ မဟာဗိုလ်ချုပ်ကြီးအဆင့်တွင်သာ ရှိနိုင်သေးကြောင်းကို ယုံကြည်ထားလေသည်။
သို့သော် ယခုမူ ဝမ်ချောင်ကလည်း သူမည်မျှမှားခဲ့ကြောင်း သိလိုက်သည်။ ထိုလူက တိုက်ခိုက်ရေး စွမ်းအားခြင်းယှဉ်သော် ဆရာဖြစ်သူထက် အားနည်းခြင်းမရှိပါပေ။
ကုန်လွန်ခဲ့သော နှစ်နှစ်ကျော်အတောအတွင်း ဆရာဖြစ်သူက အနားယူရင်း ကုစားနေခဲ့ရသည်။ ထိုသို့လုပ်ပြီးမှသာ သူ၏ကျင့်ကြံခြင်းအဆင့်ကို ပြန်လည်ရရှိခဲ့ပြီး သိမ်မွေ့သော နယ်မြေအဆင့်ကို ထိတွေ့နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ရန်သူများကလည်း လွန်ခဲ့သော နှစ်နှစ်အတောအတွင်း အလကားနေခဲ့ခြင်းမဟုတ်ပေ။ ထိုလူများကလည်း သူ၏ဆရာဖြစ်သူကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုပင် အောင်မြင်အောင် ပိတ်လှောင်နိုင်ခဲ့ကတည်းက မည်သူကမှ ကိုင်တွယ်ရ မလွယ်ကူတော့ပေ။ ထိုပုဂ္ဂိုလ်များက အပိုတစ်နှစ် ရမည်ဆိုလျှင်ပင် သူတို့၏ကျင့်ကြံခြင်းအဆင့်က ဆရာဖြစ်သူနှင့် ယှဉ်နိုင်စွမ်းရည် ရှိလာပေလိမ့်မည်။
သူ၏ဆရာဖြစ်သူက သိမ်မွေ့နယ်မြေကို နားလည်သဘောပေါက်လာသောအခါ ဆရာဖြစ်သူ၏ ရန်သူများကလည်း သူတု့ိ၏ သိုင်းပညာအသီးသီးတွင် သိသာထင်ရှားသော တိုးတက်မှုက ရှိလာလောက်လေသည်။ ထိုလူကလည်း အလွန်အမင်း အန္တရာယ်များလေသည်။
သူသည် စုန့်ယွမ်ယွီဟာ သူ၏နောက်ခံကို စတင်ကာ သံသယဝင်ပြီး အကြီးအကဲ ငါးယောက်ကိုပင် တောင်ခြေတွင် ချထားလျှက် သူ့ကိုစောင့်ကြပ်ခဲ့ကြောင်းပင် တွေးမိသောအခါ ဝမ်ချောင်က ပြင်းထန်သည့် အန္တရာယ်ကို ခံစားမိလိုက်သည်။ စုန့်ယွမ်ယွီသည် အလွန်အမင်း အကြံအစည်ကြီးသော ပုဂ္ဂိုလ်မျိုးဖြစ်သည်။ စုန့်ယို့ရန်၏ အကူအညီကပင် သူ့ကို လှည့်စားနိုင်ရန် မလုံလောက်လောက်ပေ။
ငါဒီမှာ ဆက်နေလို့မရဘူး။
ဝမ်ချောင်က တိတ်တဆိတ်တွေးလိုက်သည်။ သို့သော် တောင်ပေါ်က ဝရုန်းသုန်းကား ဖြစ်နေသည့်တိုင်အောင် ဝမ်ချောင်ကမူ ချက်ချင်းမထွက်သွားခဲ့ပေ။ သူသည် အစပိုင်းကတည်းက တောင်ခြေအပြင်ဘက်တွင် မလှုပ်ရှားသေးဘဲ နေနေသည့် ကြောက်မက်ဖွယ်ကောင်းသည့် အင်အားစုသုံးစု ရှိနေကြောင်းကို ခံစားမိနေသည်။ သတိလက်လွတ် လှုပ်ရှားလိုက်ခြင်းက ထိုသုံးယောက်နှင့် စုန့်ယွမ်ယွီ၏အာရုံကို ဆွဲဆောင်မိသလိုသာ ဖြစ်သွားပေလိမ့်မည်။
ငါစောင့်ရဦးမယ်။
ဝမ်ချောင်က ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ချုပ်ထိန်းလိုက်ရင်း ဆက်လက်ပြီး ရပ်ကြည့်နေရန် ဆုံးဖြတ်လိုက်သည်။
“တကယ်ပဲ မင်းတို့အားလုံးက ဘယ်သူတွေလဲ”
စုန့်ယွမ်ယွီက အနက်ရောင်ဝတ်စုံနှင့် လူများထံ ယုံကြည်မှုရှိစွာ လှမ်းတက်သွားသည်။
စုန့်ယွမ်ယွီသည် ဂိုဏ်းလောကတွင် အင်အားကြီးဆုံးများထဲမှ တစ်ယောက်ဖြစ်ပြီး လမ်းညွှန်နေသော အလင်းတန်းလည်းဖြစ်သည်။ ထို့ကြောင့် သူသည် အခြားသောသူများ၏ နှလုံးသားထဲမှ အကြောက်တရားကို နှိုးဆွနိုင်သော မြင့်မြတ်သည့် ထည်ဝါမှုမျိုးကို ပိုင်ဆိုင်ထားလေသည်။
သို့သော် စုန့်ယွမ်ယွီ၏ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သော အရှိန်အဝါကို ရင်ဆိုင်ရချိန်တွင် မည်သည့်သူကမှ ပြန်မဖြေကြပေ။
ဘန်း
ရုတ်တရက် သူ၏ညာခြေထောက်ကို ခပ်ကြမ်းကြမ်း ဆောင့်ပေါက်လိုက်ရင်း အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ရက်စက်သော ရန်လိုမှုအပြည့်နှင့် လက်ထဲတွင် ဓားကိုကိုင်ကာ ရှေ့သို့ခုန်ဝင်လာသေးသည်။ သူသည် သိပ်မကြာခင် အနောက်မှ လူအများ၏ ဝန်းရံမှုကို ခံလိုက်ရသည်။ အခြားသောသူများကလည်း သူ၏နောက်သို့လိုက်ကြသည်။
ထိုလူများအားလုံးသည် စုန့်ယွမ်ယွီထံ စကားမပြောကြဘဲ ပြေးဝင်လာကြသည်။
ဒီလောကတွင် သူတို့၏အာရုံစိုက်မှုနှင့် ထိုက်တန်သော အဖွဲ့အစည်းဟူ၍ မရှိပေ။ စုန့်ယွမ်ယွီက မည်မျှအင်အားကြီးမားနေစေကာမူ သူတို့၏ မျက်လုံးထဲတွင် သာမာန်သေမျိုး ဖြစ်နေသေးသည်။ ထို့ကြောင့် ပုံမှန်ထက် အနည်းငယ် သန်မာရုံလောက်သာဖြစ်နိုင်သည်။
“ဟွန်း သေချင်နေကြတာပဲ”
စုန့်ယွမ်ယွီ၏အကြည့်က အေးစိမ့်သွားသည်။ သူသည် ချီတက်လာသော လူများကိုသာ စိုက်ကြည့်လိုက်သည်။ သို့သော် အထူးတလည် လှုပ်ရှားရန်လည်း မပြင်ဆင်ထားပါပေ။
သူက ကျောဘက်သို့ လက်တစ်ဖက်ပို့ထားလျှက် အခြားသော လက်တစ်ဖက်မှ အလင်းတန်းများကို လွှတ်ထုတ်ထားသည်။ ရုတ်တရက် နေမင်းအလား တောက်ပသည့် အလင်းတန်း ခြောက်စင်း၊ ခုနှစ်စင်းခန့်က ထိုးထွက်သွားလေရင်း အနက်ရောင်ဝတ်စုံနှင့်လူများကို ထိမှန်သွားသည်။
ဘုန်း ဘုန်း ဘုန်း
လုဝူတစ်ပိုင်းများပင်ဖြစ်စေ အင်အားကြီးမားသော မီးတောက်နက် အဇူရာများကပင်ဖြစ်စေ ဆက်တိုက်ဆိုသလို ပေါက်ကွဲသွားသော စွမ်းအင်လှိုင်းများကို တားနိုင်စွမ်းရည်မရှိပေ။
ပွက် ပွက် ပွက်
မှင်သက်ဖွယ်ကောင်းသော အလင်းတန်းများက ပေါ်ထွက်လာပြီးနောက်တွင် အနက်ရောင်ဝတ်စုံနှင့် လူများ၏ ရင်ဘက်တွင် ကြီးမားသော သွေးပေါက်များက ပေါ်ထွက်လာကြပြီး သူတို့၏ နှလုံးသားကိုပင် မြင်နိုင်လေသည်။ ထိုအပေါက်မှ တစ်ချက်ကြည့်ရုံဖြင့် အခြားတစ်ဖက်ကို ဖောက်မြင်နိုင်နေ၏။ ထို့ကြောင့် သူတို့၏ ရင်ဘက်မှ ကိုယ်တွင်းအင်္ဂါများကပင် အပေါက်ဖြစ်နေကြောင်း မြင်နိုင်လေသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
အနက်ရောင်ဝတ်စုံနှင့် လူများက ရပ်တန့်သွားသည်။ သူတို့၏ရင်ဘက်မှ သွေးအပေါက်များကို နားမလည်နိုင်သလိုသာ စိုက်ကြည့်နေကြလေသည်။
သူတို့၏အင်အားမျိုးနှင့်ဆိုလျှင် လက်နက်များကပင် သူတို့ကို ထိခိုက်အောင် မလုပ်နိုင်ပေ။ သို့သော် လူသားတစ်ယောက်လောက်က လက်ချောင်းအနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် သူတို့၏အသက်ကို အဆုံးသတ်ပေးနိုင်လေသည်။ ထိုအခြေအနေက လက်ခံရန်ပင်ခက်ခဲသည်။
ခွက် ခွက် ခွက်
သူတို့၏စိတ်အတွင်း အတွေးတစ်ချို့ ဖြတ်ပြေးသွားပြီးနောက် သူတို့အားလုံး၏ မြင်ကွင်းက မည်းမှောင်လျှက် အောက်ဘက်သို့ ပြုတ်ကျသွားကြလေသည်။
ထို့နောက် အရာအားလုံးက အလုံးစုံ တိတ်ဆိတ်သွားလေသည်။
အနက်ရောင်ဝတ်စုံနှင့် လူများကလည်း ချက်ချင်းလိုလို ရပ်တန့်လိုက်ကြရင်း သူတို့၏မျက်နှာတွင် ကြောက်လန့်မှုကြောင့် ဖြူဖျော့မှုများက ပေါ်ထွက်လာသည်။ အချိန်တစ်ခုကြာအောင် တိတ်ဆိတ်နေပြီးနောက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများ အားလုံးက ကျယ်လောင်စွာ အော်ဟစ်အားပေးကြသည်။
“မဟာမိတ်အရှင်”
“မဟာမိတ်အရှင်”
“မဟာမိတ်အရှင်”
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ထိုလူများနှင့် မည်သည့်နေရာကမှန်းမသိ ရုတ်တရက် ပေါ်ထွက်လာပြီး မျက်နှာတွင် အဝတ်အုပ်ထားသော ထိုလူများက အလွန်အမင်း လျို့ဝှက်ဆန်းကြယ်လွန်းသည်။ တစ်ယောက်ချင်းစီတိုင်းက ဖော်ပြရန်ခက်ခဲလောက်အောင် အင်အားကြီးမားနေသေးသည်။
ပိုဆိုးသည်မှာ သူတို့က စကားတစ်ခွန်းမှ မဆိုကြလေဘဲ တောင်ပေါ်သို့ တောက်လျှောက်တက်လျှက် လုပ်ကြံသတ်ဖြတ်ခံရကာ ဖျက်ဆီးမှုကိုသာ ပြုလုပ်နေကြပြီး ဘိုးဘေးငါးယောက် မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများနှင့် လုပ်ဆောင်မှုချင်း ခြားနားချက် ရှိနေလေသည်။ သူတို့သည် မြေအောက်လောကမှ တက်လာသော သရဲများနှင့်ပင် ပိုတူနေသည်။
တစ်ကြိမ်ထိပ်တိုက် ရင်ဆိုင်လိုက်ရုံနှင့် မြောက်များလှစွာသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားပေါင်း များစွာက သူတို့၏လက်အတွင်း သေဆုံးသွားရသည်။ အကြီးအကဲများကပင် ထိုလူများကို မယှဉ်နိုင်ခဲ့ပေ။ သို့တိုင်အောင် အဆုံးသတ်တွင် ထိုလူများ အားလုံးက မဟာမိတ်အရှင်ထံ တည့်တိုးကျရောက်သွားသည်။ အနက်ရောင်ဝတ်စုံနှင့် လူများက မည်မျှ အင်အားကြီးမားနေစေကာမူ မဟာမိတ်အရှင်၏ အရှေ့တွင် ရွံ့စေး ခွေးသာသာသာ ဖြစ်လေသည်။
ဝှစ်
တောင်ခြေ တောအုပ်ထံမှ လေပြင်းများက တိုက်ခတ်လာသည်။ လေထဲသို့ လူသုံးယောက်က မြောက်တက်လာရင်း လှုပ်ရှားလိုက်ကြသည်။
“သူတို့မထိန်းနိုင်တော့ဘူး”
ဘယ်ဘက်ခြမ်းမှ ဝါးဦးထုပ်နှင့်လူက ရုတ်တရက်ပြောသည်။
“ဗဟိုပြင်ကျယ်ရဲ့ အင်ပါယာခုံရုံးမှာတောင် မတွေ့တဲ့ ဒီလိုအင်အားကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒီမှာတွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ သိုင်းပညာလောကက ကျယ်ပြောတာပဲ”
“အင်အားကြီးမားလွန်းတဲ့ရန်သူ”
ညာဘက်ခြမ်းမှ ရန်သူကလည်း သဘောတူသည်။
“ကြည့်ရတာ ငါတို့ဝင်ပါဖို့လိုပြီ”
သူသည် သူ၏ လက်အောက်ငယ်သားပေါင်း များစွာကို ရိုက်ချက်နှစ်ချက်တည်းဖြင့် သတ်နိုင်ကြောင်း မြင်လိုက်ရသောအခါ သိုင်းပညာလောကမှ ထိုပုဂ္ဂိုလ်ကြီးသည်လည်း သူ့အတွက် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်တိုက်ခိုက်ရန် ထိုက်တန်ကြောင်း သိလိုက်ရသည်။
အလယ်မှလူက ခေါင်းအသာညိမ့်သည်။
“မင်းတို့နှစ်ယောက်သွား”
“သတ်”
အဝေးမှ တိုက်ခိုက်သံများကိုလည်း ကြားနိုင်သည်။ စုန့်ယွမ်ယွီ၏ အင်အားကို ပြသလိုက်မှုက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် တပည့်ဂိုဏ်းသားများကို အားတက်သွားစေသည်။ သူတို့အားလုံးက လက်နက်များကို လေထဲသို့မြောက်အောင် မြှောက်လျှက် အနက်ရောင်ဝတ်စုံနှင့် လူများထံ ချီတက်လာသည်။
“ဟား”
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ဘယ်ဘက်ခြမ်းမှလူက ရုတ်တရက် ရယ်လိုက်ရင်း ရက်စက်စွာပြုံးသည်။ သူ၏ညာဘက်လက်က ဆေဘာဓား၏ လက်ကိုင်ပေါ်သို့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာပြီး တစ်ချက် အသာ တစ်ဝက်ခန့်ပေါ်အောင် ဆွဲထုတ်လိုက်လေသည်။
ချွင်
ထိုသို့ဖြင့် ဆေဘာက ပေါ်ထွက်လာသောအခါ ထိုလူကိုယ်တိုင်ကလည်း မီးခိုးများအသွင် ပြောင်းလဲလျှက် ပျောက်ကွယ်သွားပြီဖြစ်သည်။
.....
တောင်ခြေတွင် တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသေးသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများက အနက်ရောင်ဝတ်စုံနှင့်လူ အချို့ကို နောက်ဆုတ်အောင် တွန်းအားပေးနိုင်နေပြီဖြစ်သည်။
“သတ်”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသား တစ်ယောက်က ဝိုင်းထားသည့် အပြင်ဘက်ဆုံး အပိုင်းမှ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ထံ ပြေးဝင်သွားသည်။
သို့သော် တခဏခန့် ကြာပြီးနောက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားက ရုတ်တရက် နောက်လှည့်ကြည့်လိုက်သည်။ သူသည် အန္တရာယ်ကို ခံစားလိုက်ရ၏။ သို့ရာတွင် သူ၏အနောက်ဘက်တွင် ပြောင်ရှင်းနေသော အမှောင်ထုသာရှိသည်။ ရုတ်တရက် သူ၏မျက်စိရှေ့တွင် ဆေဘာအလင်းတန်း ဖျော့ဖျော့က ပေါက်ထွက်လာသည်။
စွစ်
ထိုဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားက မတုန့်ပြန်နိုင်သေးခင် တောက်ပသော ထိုဆေဘာအလင်းက သူ့ကို နှစ်ခြမ်းလှီးသွားပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ် တစ်ဝက်က အခြားတစ်ဝက်နှင့် ကွဲထွက်သွား၏။ ထို့အပြင် အနက်ရောင်မီးတောက်များအသွင် ပြောင်းလဲသွားသေးသည်။ မီးတောက်များက လောင်ကျွမ်းလာသောအခါ တစ်ကိုယ်လုံးအနှံ့ စီးဆင်းသွားရင်း ခြေဆယ်လှမ်း ဝန်းကျင်အတွင်းရှိ အရာအားလုံးကို ပြာကျသွားစေလေသည်။
ဘန်း
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသား၏ အလောင်းကပင် ရုတ်တရက် ပျောက်ကွယ်သွားသေးသည်။ တခဏခန့်ကြာပြီးနောက် အနီးအနားရှိ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားကလည်း ဆေဘာအလင်း၏ ထိမှန်မှုကိုခံရပြီး မီးတောက်အသွင် ပြောင်းလဲပေါက်ကွဲသွားသည်။
ဒုတိယ၊ တတိယ၊ စတုတ္ထ... မျက်တောင်တစ်ခတ် အချိန်အတွင်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသား ဆယ်ယောက်ခန့်က အော်ဟစ်ရင်း မီးတောက်၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။ အနက်ရောင်မီးတောက်များက တောင်ခြေတွင် ပျံ့နှံ့လာပုံမှာ ရေစီးနေသလိုမျိုးပင် ထင်ရသည်။
စွစ်
နောက်ထပ် ဆေဘာဓားအလင်းက လေထုကို ထိုးခွဲသွားသည်။ သို့သော် ဒီတစ်ကြိမ်တွင်မူ မည်သည့် ဖြောင့်မတ်မှန်ကန်ခြင်း တပည့်ဂိုဏ်းသားကိုမှ ပစ်မှတ်မထားပေ။ ပါးလျသော ဆေဘာအလင်းက ပေသုံးရာကျော်ခန့်အထိ ဆက်လက်သွားပြီးနောက် နောက်ဆုံးတွင် ဝုန်းကနဲ မြည်သံနှင့်အတူ ပေါက်ကွဲသွားသည်။ တစ်တောင်လုံးက အလယ်မှ အခြမ်းခံရသလိုမျိုးပင် ထင်ရလေသည်။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသား အယောက်နှစ်ဆယ် သုံးဆယ်ခန့်က သတိမထားမိသေးခင် သူတို့သည် ထိုဆေဘာအလင်းအောက်တွင် အသတ်ခံရရန် လည်စင်းပေးနေသော သိုးအုပ်သာသာဖြစ်သွားသည်။ ထိုသို့ဖြင့် သူတို့အားလုံးက ခုတ်ထွင်ရှင်းလင်းခြင်း ခံရ၏။ သူတို့၏ ပြင်းပြင်းထန်ထန် ထိခိုက်သွားသော ခန္ဓာကိုယ်များကပင် အနက်ရောင်မီးတောက်များ၏ လောင်ကျွမ်းမှုကို ခံရလေသည်။
ဝေါင်း
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက ထိုသို့ခုတ်ထွင်ရှင်းလင်း ခံရနေသည့်တိုင်အောင် သူတို့၏ခေါင်းအတွင်း ငယ်သံပါအောင် အော်ဟစ်သံများက ပြည့်နှက်နေသေးသည်။ မီးတောက်များ၏ စမ်းသပ်မှုကို ခံနေရသော သူတို့၏ မျက်နှာကလည်း နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။
“အား”
ထိုမြင်ကွင်းကို မြင်လိုက်သည့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အားအင်တက်ကြွနေသော တပည့်ဂိုဏ်းသားများ အားလုံးက ကြောက်လန့်တကြား နောက်ဆုတ်ကြသည်။
ဆေဘာအလင်းကို ရင်ဆိုင်ရသောအခါ သူတို့အားလုံးက ပုရွက်ဆိတ်သာ ဖြစ်နေကြသည်။ သူတို့ဟာ မည်မျှပင် တိုက်ခိုက်ရန် ကြိုးစားစေကာမူ အလားတူ ရလဒ်ကိုသာ ရကြလေသည်။
ပို၍အရေးကြီးသည်မှာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများစွာက ချက်ချင်းနီးပါး အသတ်ခံလိုက်ရခြင်းဖြစ်နေသည်။ ထို့ပြင် မည်သူက မည်သို့လုပ်ခဲ့ကြောင်းကိုပင် မသိရဘဲ တစ္ဆေတစ်ကောင်က လာရောက်လုပ်ဆောင်သွားသလိုမျိုးပင် ထင်နေရ၏။ ထိုအခြေအနေဟာ ရူးသွပ်စေလောက်အောင် ခြောက်ခြားဖွယ်ကောင်းနေလေသည်။
အခန်း(၁၃၅၇)
ထာဝရနွေဦးဂါထာ
ဆွစ်
နောက်ထပ် ဆေဘာအလင်းက တစ်ချက်လက်သွားသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ကျွမ်းကျင်ပညာရှင် အယောက်နှစ်ဆယ်ခန့်က စပါးပင်များအလား ခုတ်ဖြတ်ခံရလေသည်။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ မည်သူကမှ တစ္ဆေသရဲများ၏ စွမ်းအားကဲ့သို့ ပါးလျလွန်းသော ဆေဘာစွမ်းအင်၏အရှေ့တွင် တောင့်ခံနိုင်စွမ်းရည် မရှိကြပေ။ ထိုဆေဘာစွမ်းအင်က လေထဲတွင် z ပုံသဏ္ဍန် အနေအထားမျိုးနှင့် ပေါ်ထွက်လာပြီး တောင်ပေါ်သို့ ဆက်တက်သွားလေသည်။
“မိစ္ဆာလမ်းကိုလျှောက်တဲ့ မိစ္ဆာကောင် ငါ့အတွက်သေစမ်း”
အပေါ်စီးမှ ကျယ်လောင်လွန်းသောအသံက မိုးခြိမ်းသံလို ဟိန်းထွက်လာသေးသည်။ ထို့နောက် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေသော ဆေဘာအလင်းတန်းက တဖန်ထပ်ပေါ်လာသောအခါ ဥက္ကာတုံးက ဆင်းသက်လာသလိုမျိုး မီးတောက်လုံးကြီးတစ်လုံးနှင့် ထိပ်တိုက်တွေ့ဆုံသွားလေသည်။
ထိုမီးတောက်များထဲတွင် အလွန်အမင်း ကြီးမားသန်မာသော လူကြီးတစ်ယောက်၏ ပုံရိပ်ကို ခပ်ရေးရေး မြင်ရသည်။ သူ၏ခန္ဓာကိုယ်က ကြယ်တာရာစွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် နီရဲတောက်ပနေသော သံချပ်ကာကြီးဖြင့် ပိတ်လှောင်ခံထားရသော လူထွားကောင်ကြီးအလားပင် ထင်ရသည်။ ထိုကဲ့သို့သော သံချပ်ကာအမျိုးအစားက အနုစိတ်ကျကျ ဖန်တီးတည်ဆောက်ထားခြင်း ဖြစ်လေပြီး ခုနှစ်လက်မမှ ရှစ်လက်မအခန့်ပင် ထူသေးကာ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေသော အရှိန်အဝါကိုပင် လွှတ်ထုတ်ထားလေသည်။
“ကြယ်တာရာမီးတောက်ပင်လယ်”
စစ်ခွန်းယွမ်ကျားက သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များအားလုံးကို ထုတ်လိုက်ရင်း ဖျော့တော့သော ဆေဘာစွမ်းအင်ထံ အော်ဟစ်ခုန်ဝင်သွားလေသည်။
ဘုန်း ဘုန်း ဘုန်း
စွမ်းအင်အားလှိုင်း တစ်လှိုင်းပြီးတစ်လှိုင်း အောက်သို့ဆင်းသက်လာသောအခါ ဆေဘာစွမ်းအင်က နောက်ဆုံးတွင် ကျိုးကြေသွားသည်။ နောက်ဆုံးအခါတွင် ဝါးဦးထုပ်ဆောင်ထားသော လူကလည်း ပေါ်ထွက်လာ၏။ သူသည် မြေပြင်အထက် ခုနှစ်ပေ၊ ရှစ်ပေခန့်အမြင့်တွင် မျောလွင့်နေခြင်းဖြစ်သည်။ သူ၏မျက်လုံးများဟာ အေးစက်ပြီး ကြွက်သားများက တောင့်တင်းနေသည်။ သူသည် လက်ထဲတွင် ပိန်းပိတ်အောင် မည်းမှောင်သော ဓားမောက်ရှည်တစ်လက်ကို ဆွဲကိုင်ထားပြီး သူ၏ကိုယ်ပေါ်မှ ခြုံထားသော ခြုံလွှာကလည်း နောက်ဘက်ရှိလေတွင် လွင့်နေလေသည်။ သူ၏ခန္ဓာကိုယ်က ခုန်အုပ်ရန် အသင့်ချောင်းနေသော ကျားသစ်တစ်ကောင်ကဲ့သို့ အရှိန်အဝါမျိုးကို လွှတ်ထုတ်ထားသည်။
ထိုအချိန်တွင် စစ်ခွန်းယွမ်ကျားက ဝါးဦးထုပ်နှင့်လူကို ပေါ်ထွက်လာအောင် ဖိအားပေးပြီးနောက်တွင် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး နောက်သို့ ယိုင်ကျသွားသည်။
သူ၏မျက်နှာဟာ ဖျော့တော့နေသည်။ ရှင်းလင်းစွာပင် သူသည် ယခုလေးတင် ထိပ်တိုက်ရင်ဆိုင်ခဲ့သော တိုက်ပွဲတွင် အရေးနိမ့်ခဲ့ပုံရသည်။ မည်သို့ပင်ဆိုစေ သူက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲမှ အပြည့်အဝ မသက်သာသေးပေ။ ထို့ကြောင့် ဝါးဦးထုပ်နှင့်လူကဲ့သို့ နောက်ထပ် အင်အားကြီးမားသော ရန်သူနှင့် တွေ့ဆုံရခြင်းက သူ့အား သိသာထင်ရှားသော ဒဏ်ရာများကို ရရှိစေလေသည်။
“ဟွန်း”
ဝါးဦးထုပ်နှင့်လူက စစ်ခွန်းယွမ်ကျားကို ကြည့်သည်။ ပိန်းပိတ်အောင် မည်းမှောင်သော ဓားမောက်ရှည်ကြီးက သွေးဆာသော အော်သံကို ထုတ်လွှတ်လိုက်ပြီး သူသည် တစ္ဆေတစ်ကောင်ကဲ့သို့ ထပ်မံပြီး ပျောက်ကွယ်သွားပြန်သည်။
ကြီးမားသော အာကာသခြေလှမ်း
ထိုသိုင်းသည် အာကာသ ရွေ့လျားမှုသိုင်း၏ အဆင့်မြင့်ထားသော ပုံစံကွဲတစ်ခုဖြစ်ကာ ပို၍များပြားပြီး ပို၍ပင် လေးစားဖွယ်ကောင်းသေးသည်။ သိုင်းကိုအသုံးပြုလိုက်သည်နှင့် အသုံးပြုသူ၏ အရှိန်အဝါဟာ ပျောက်ကွယ်သွားမည်ဖြစ်ကာ မယုံနိုင်စရာကောင်းသော အရှိန်နှုန်းဖြင့် ရွေ့လျားနိုင်စွမ်းရည် ရှိမည်ဖြစ်သည့်အလျောက် အစစ်အမှန် နေရာကို ရှာဖွေရန် အလွန်အမင်း ခက်ခဲပေလိမ့်မည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲတစ်ယောက်ဖြစ်ပြီး အင်အားကြီးမားလွန်းသော စစ်ခွန်းယွမ်ကျားကပင် ထိုအခြေအနေမျိုးတွင် ခက်ခဲရပေလိမ့်မည်။
ဆွစ်
နောက်ထပ် ဆေဘာအလင်းက ပေါ်ထွက်လာပြီး ပို၍ပြင်းထန်မြန်ဆန်သော အရှိန်နှုန်းဖြင့် ရွေ့လျားသည်။ ပြန်ပေါ်လာသည့် အချိန်တွင်မူ စစ်ခွန်းယွမ်ကျားနှင့် အလွန်အမင်း နီးနေပြီဖြစ်သည်။ ပစ်မှတ်ကလည်း စစ်ခွန်းယွမ်ကျား၏ ကျောဘက်ဖြစ်သည်။
ဘန်း
စစ်ခွန်းယွမ်ကျား၏ မျက်နှာက တင်းမာသွားသည်။ တိုတောင်းသော ကာလအတောအတွင်းတွင် သူသည် သူ၏ ကြယ်တာရာစွမ်းအင် ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို စုစည်းလိုက်ပြီး ကျောဘက်သို့ ပို့ပစ်လိုက်သည်။ သို့သော် ထိုဆေဘာက စစ်ခွန်းယွမ်ကျားက မျှော်လင့်ထားသည်ထက် ထက်ရှနေသေးသည်။ ထိုသို့ဖြင့် စစ်ခွန်းယွမ်ကျား၏ ကြယ်တာရာစွမ်းအင်ကို အသာလှီးဖြတ်ကျော်ဝင်ရင်း ကျောပြင်ကို ခုတ်ချသည်။
“သေတော့”
လေထဲတွင် ဝါးဦးထုပ် ဝတ်ဆင်ထားသော ထိုလူက ရက်စက်စွာပြုံးလိုက်သည်။ သူသည် သူတို့၏ အဖွဲ့အစည်းမှ ထိပ်တန်းအဆင့် ဆေဘာသိုင်းတစ်မျိုးကို ကျင့်ကြံထားပြီး ထိုသိုင်းကို ဒဏ္ဍာရီစက်ကွင်းခုတ်ချက်ဟုခေါ်သည်။
အစပိုင်းတွင် ထိုဆေဘာသိုင်းက တစ်စက္ကန့်အတွင်း ဆေဘာဓားကို ဆယ်ချက်ခုတ်နိုင်စွမ်းရည် ရှိစေသည်။ နောက်ပိုင်းတွင် အချက်တစ်ရာ၊ အချက်တစ်ထောင် ထိုထက်ပို၍များပြားစွာ ခုတ်နိုင်စွမ်းရည် ရှိလာစေသည်။ အမြန်ဆုံးအဆင့်သို့ ရောက်ရှိသွားပါက ဆေဘာစွမ်းအင်တိုင်းက တစ်သားတည်းအသွင် ပြောင်းလဲလိုက်မည်ဖြစ်ပြီး ဆံချည်မျှင်တမျှ ပါးလျလွန်းသော အလင်းတန်းတစ်တန်းကပင် ပေနှစ်ရာကျော်ခန့် ရှည်နေပေလိမ့်မည်။
ထို့ကြောင့် ထိုသိုင်းသည် ရိုးရှင်းကာ သာမာန်ဖြစ်သည်ဟု ထင်ရသည့်တိုင်အောင် စွမ်းအားကမူ ဖော်ပြရန်ပင် ခက်ခဲသည်။ အင်ပါယာမဟာဗိုလ်ချုပ်ကြီး အထွတ်အထိပ်အဆင့်တွင် ရှိနေသော သူများ၏ ကြယ်တာရာစွမ်းအင်ကိုပင် စက္ကူဖြင့် လုပ်ထားသလိုမျိုး အသာအယာ လှီးဖြတ်နိုင်သည်။
ဘုန်း
ထိုထက်ရှသော ဆေဘာစွမ်းအင်က စစ်ခွန်းယွမ်ကျား၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီး တခဏခန့် ကြာပြီးနောက် ခံတပ်တစ်ခုကို ထိမှန်သွားသလိုမျိုး ကွဲထွက်သွားသည်။ စစ်ခွန်းယွမ်ကျား၏ သိပ်သည်းသော ကြယ်တာရာစွမ်းအင် သံချပ်ကာက ထိုထိုးနှက်ချက်ကို အောင်မြင်စွာနှင့် တားလိုက်နိုင်သည်။
ထိုစစ်ခွန်းယွမ်ကျားကလည်း အနက်ရောင်စွမ်းအင်များကြောင့် မီတာနှစ်ဆယ်ကျော်သို့ လွင့်ထွက်သွားသည်။ သူ၏မျက်နှာက ပို၍ပင် ဖြူဖျော့သွားသေး၏။ သို့သော် အဆုံးသတ်တွင် သူသည် ထိုထိုးနှက်ချက်ကို တားလိုက်နိုင်သည်။
ကျူရုန်နတ်သံချပ်ကာ
ထိုအရာသည် စစ်ခွန်းယွမ်ကျား ကျင့်ကြံထားသော အဆင့်လွန်သိုင်းဖြစ်သည်။ သူသည် ထိုသိုင်းကို နှစ်နှစ်ဆယ်နီးပါး ကျင့်ကြံခဲ့ပြီး နောက်ဆုံးမှသာ ယခုလို အပြည့်အဝ ပေါင်းစပ်နိုင်သော အဆင့်တွင် အောင်မြင်ခဲ့ခြင်းဖြစ်သည်။
သိသာစွာပင် ထိုသိုင်းကြောင့်လည်း စစ်ခွန်းယွမ်ကျားဟာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အင်အားအကြီးဆုံး အကြီးအကဲများထဲမှ တစ်ယောက်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ အင်အားအကြီးဆုံး သိုင်းများကပင် စစ်ခွန်းယွမ်ကျား၏ ကျူရုန်နတ်သံချပ်ကာကို ကျော်ဖြတ်ရန် အလွန်အမင်း ခက်ခဲပေလိမ့်မည်။
သို့သော် တခဏခန့်ကြာပြီးနောက် ခလွက်
ရုတ်တရက် စစ်ခွန်းယွမ်ကျား၏ ရင်ဘက်နားရှိ ကျူရုန်နတ်သံချပ်ကာတွင် ကွဲအက်ရာလေးများ ပေါ်လာသည်။ ထိုကွဲအက်ရာလေးများက စစ်ခွန်းယွမ်ကျားကို ဟန်အမူအရာ ပျက်သွားစေသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
စစ်ခွန်းယွမ်ကျားကလည်း အလွန်နက်ရှိုင်းလွန်းသော ခြောက်ခြားစိတ်ကို ချက်ချင်းလိုလို ခံစားလိုက်ရသည်။ ထိုကဲ့သို့ သံချပ်ကာအမျိုးအစားသည် သံမဏိထက်ပင် မာကြောသေးသည်။ သူ၏ရန်သူက ဆေဘာရိုက်ချက် တစ်ချက်တည်းနှင့် ကွဲအက်သွားအောင် လုပ်နိုင်ခဲ့လျှင် ထိုဆေဘာစွမ်းအင်က သူမျှော်လင့်ထားသည်ထက် အဆပေါင်းများစွာ သန်မာနေလေသည်။
“ဟွန်း”
လေထဲမှ ဝါးဦးထုပ်နှင့် လူကလည်း ထိုအခြေအနေကို ရှင်းရှင်းလင်းလင်း သတိထားမိလိုက်သည်။ သူ၏မျက်လုံးက အေးစိမ့်သွားပြီး သူသည် ဓားမောက်ရှည်ကိုမြှောက်လျှက် နောက်ထပ်တိုက်ခိုက်ရန် ကြံစည်သည်။
“အကြီးအကဲစစ်ခွန်း ငါတို့လာကူညီမယ်”
ရုတ်တရက် အလင်းများလက်သွားပြီးနောက် နောက်ထပ် အကြီးအကဲများကလည်း တောင်ခြေသို့ ရောက်ရှိလာပြီဖြစ်သည်။ ထိုအချိန်တွင် လေပြင်းက တစ်ချက်လက်သွားပြီး ညာဘက်ခြမ်းမှ ဝါးဦးထုပ်နှင့်လူက အေးစက်စွာပြုံးလိုက်သည်။ သူကရှေ့သို့ နှစ်လှမ်းလှမ်းလိုက်သည်။ တစ်လှမ်းချင်းစီတိုင်းက ပေတစ်ရာကျော် ဝေးကွာလေသည်။ ထို့နောက် ချက်ချင်းလိုလို ပျောက်ကွယ်သွားသည်။
မည်သူတစ်ဦးတစ်ယောက်မျှ မသိပါလေဘဲ ဒုတိယမြောက် ဝါးဦးထုပ်နှင့် အမျိုးသားက စစ်ခွန်းယွမ်ကျားတို့ အားလုံးကိုကျော်ဖြတ်လျှက် တောင်ပေါ်သို့တက်သွားပြီဖြစ်သည်။
ကြီးမားသော အာကာသခြေလှမ်းကို ပိုင်ဆိုင်ထားခြင်းက ရှုံးနိမ့်၍ မလုပ်နိုင်လောက်အောင် ဖြစ်စေလေသည်။ ထို့ကြောင့် ပထမဦးဆုံးပေါ်လာသည့် ဝါးဦးထုပ်နှင့်လူက သူ၏ထောက်ပံ့ အကူအညီကို မလိုအပ်ခဲ့ပါချေ။ အနှစ်ချုပ်ဆိုရသော် တောင်ထိပ်မှ စုန့်ယွမ်ယွီ၏ တည်ရှိမှုကသာ အနက်ရောင်ဝတ်စုံနှင့် လူများအားလုံးကို ကြီးမားသည့် ခြိမ်းခြောက်မှုကြီး ပေးနိုင်နေခြင်းဖြစ်သည်။ သွေးမျက်လုံးနှင့် အခြားသောသူများကပင် သူ့ကို ရိုးရှင်းစွာပင် မယှဉ်နိုင်ပေ။
“နောက်ဆုံးတော့ ထွက်လာပြီလား”
ကြီးမားသော ဖြောင့်မတ်မှန်ကန်ခြင်း အလံကြီးက လေထဲတွင်လွင့်နေသည်။ စုန့်ယွမ်ယွီက အဖြူရောင် ရွက်ဖျင်တဲ၏အရှေ့တွင် ရပ်ရင်း သူ၏နက်နဲသော အကြည့်ဖြင့် လေဟာနယ်ကို လှမ်းကြည့်လိုက်သည်။ သူသည် ဒီတောင်ဝန်းကျင်အတွင်းမှ လှုပ်ရှားမှုအားလုံးကို ဖမ်းဆုပ်ထားနိုင်ပြီးသားဖြစ်သည်။
စစ်ခွန်းယွမ်ကျားနှင့် တောင်ခြေတွင် တိုက်ခိုက်နေသော ဝါးဦးထုပ်နှင့်လူပင်ဖြစ်စေ၊ လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် ရောက်ရှိလာသည့် ဒုတိယမြောက် အမျိုးသားပင်ဖြစ်စေ၊ အဝေးရှိ သစ်ပင်များတွင် မျောလွင့်နေသေးသော လူပင်ဖြစ်စေ၊ စုန့်ယွမ်ယွီ၏ အမြင်အောက်မှ ပုန်းကွယ်နိုင်စွမ်းရည် မရှိပေ။
သူသည်လည်း တိုက်ပွဲစတင်ကတည်းက ထိုလူများ၏ တည်ရှိမှုကို သတိထားမိပြီးသားဖြစ်သည်။ လူကိုပစ်ရန် မြင်းကိုအရင်ပစ်ရသည်။ လက်အောက်ငယ်သားများကို ဖမ်းရန်အလို့ငှာ ဘုရင်ကို အရင်ဖမ်းရသည်။ စုန့်ယွမ်ယွီကလည်း ဝါးဦးထုပ်ဆောင်းထားသော ထိုလူသုံးယောက်က မဟာမိတ်ကြီးအတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီးဖြစ်ကြောင်း သိနေသည်။ သူက ထိုလူများကို နိုင်သမျှ ဒီကပ်ဘေးကို ဖြေရှင်းနိုင်ပေလိမ့်မည်။ ထိုအတွက်ကြောင့်လည်း သူဟာ မလှုပ်ရှားသေးသလို ကြယ်တာရာစွမ်းအင်များကို ထိန်းသိမ်းထားခြင်းဖြစ်သည်။
“သတ်”
တောင်တခွင်လုံးအနှံ့ ကျယ်လောင်သော တိုက်ခိုက်သံများက ပေါ်ထွက်လာသည်။ စုန့်ယွမ်ယွီက အနက်ရောင်ဝတ်စုံနှင့် လူများကို အမြစ်ဖြတ်သုတ်သင်လိုက်ချိန်တွင် သူတို့၏အင်အားစုကို တောက်လျှောက် ဖျက်ဆီးနေကြောင်း မြင်သောအခါ သူ့မျက်လုံးကပင် ခြောက်ခြားလာသည်။ အနက်ရောင်ဝတ်စုံနှင့် လူများဆိုလျှင် ပို၍ပင် ဆိုးသေးသည်။ သူတို့အားလုံးက နောက်သို့ဆုတ်ကြရင်း စုန့်ယွမ်ယွီကိုပင် ရှောင်ရန်ကြိုးစားကြသည်။
ထိုဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏အရှင်ဟာ သူတို့၏မျက်လုံးထဲတွင် တိုင်းတာရခက်ခဲလောက်အောင် အင်အားကြီးမားနေပြီဖြစ်သည်။
“နောက်ဆုတ် ဒီကောင်က အင်အားကြီးလွန်းတယ်။ ခေါင်းဆောင်ပဲ ကိုင်တွယ်ပါလိမ့်မယ်”
သွေးမျက်လုံးက အော်ဟစ်လိုက်သည်။
အနည်းဆုံး ယခုအချိန်အထိ သူတို့၏ဆုံးရှုံးမှုက ရှစ်ဆယ်ရာခိုင်နှုန်းခန့်အထိ ရှိနေပြီဖြစ်ပြီး အားလုံးကို စုန့်ယွမ်ယွီက လုပ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အနက်ရောင်ဝတ်စုံနှင့် လူများကမူ တစ်ဖက်သူကို သတ်ဖြတ်ခြင်းနတ်ဘုရားအဖြစ်ပင် သတ်မှတ်နေကြပြီဖြစ်သည်။ ယခုလိုအခြေအနေမျိုးတွင် သွေးမျက်လုံးက ထိုခေါင်းဆောင် သုံးယောက်လုံးပင် ဝင်ပါရန် မျှော်လင့်မိနေသည်။
ဟူး....
စုန့်ယွမ်ယွီ၏ ဝတ်စုံများက လေတွင်လွင့်နေသလို သူသည် တောင်ထိပ်မှထွက်ခွာလျှက် တိုက်ပွဲနယ်မြေထဲသို့ ပို၍ပင် ဝင်ရောက်လာသည်။
တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် အင်အားမျိုးကို ပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်သော စုန့်ယွမ်ယွီသည် မရေမတွက်နိုင်သော မျက်လုံးများ၏ စိုက်ကြည့်မှုကို ခံနေရသူဖြစ်သည်။ သူ၏လှုပ်ရှားမှုတိုင်းက အခြားသောသူများကို ချွေးစေးများပျံစေသည်။ အနက်ရောင်ဝတ်စုံနှင့် လူများ၏မျက်နှာက ဖြူဖျော့သွားသည်။ သတိလက်လွတ် နောက်ဆုတ်လိုက်ကြသည်။
ဆွစ်
စုန့်ယွမ်ယွီက မပြောင်းလဲသော မျက်နှာထားမျိုးနှင့် လက်ချောင်းများကို အသာလှုပ်ခတ်လိုက်သောအခါ စွမ်းအင်အလင်းတန်း တစ်တန်းက အနီးဆုံးနေရာတွင် ရှိနေသည့် အနက်ရောင်ဝတ်စုံနှင့်လူကို ထိမှန်သွားပြီး သူ့အား မြေပြင်ပေါ်သို့ လဲကျသွားစေသည်။
စုန့်ယွမ်ယွီက ဘာကိုမှ သတိမထားမိသလိုမျိုး လေထဲသို့ လှမ်းတက်လျှက် ရှေ့သို့ဆက်သွားသည်။
ခြေခြောက်လှမ်းခန့် လှမ်းပြီးနောက် စုန့်ယွမ်ယွီက လက်ကိုဖွင့်လိုက်သည်။ အနက်ရောင်ဝတ်စုံနှင့် လူများက မမြင်ရသော ချိန်းကြိုးများ၏ ဆွဲပတ်ထားမှုကို ခံရသလိုမျိုး အော်ဟစ်လျှက် စုန့်ယွမ်ယွီ၏ ဖမ်းဆုပ်မှုအတွင်းသို့ ဆွဲယူခံရသည်။ ထိုသို့ဖြင့် တစ်ဖက်သူသည် ဘဲတစ်ကောင်လိုမျိုး လေထဲသို့ မြောက်တက်သွားသည်။
“ပြော မင်းတို့က ဘယ်သူလဲ။ ဘာလို့ ငါတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကို လာပြီးတိုက်ခိုက်တာလဲ”
စုန့်ယွမ်ယွီက ကြောက်မက်ဖွယ်ကောင်းလွန်းသည့် လေသံဖြင့် အေးစက်စွာပြောသည်။
“ဟမ်း”
အနက်ရောင်ဝတ်စုံနှင့်လူက နှာခေါင်းသာရှုံ့လိုက်သည်။ စုန့်ယွမ်ယွီက ဘာကိုမှ မလုပ်နိုင်သေးခင် ထိုအမျိုးသားက တစ်စုံတစ်ရာကို ကိုက်ချလိုက်သည်။ သူ၏ပါးစပ်ထဲမှ အနက်ရောင်သွေးများက စီးကျလာပြီးနောက်တွင် ထိုလူတစ်ကိုယ်လုံးက ပျော့ခွေလျှက် အသက်မဲ့သွားသည်။
စုန့်ယွမ်ယွီက နောက်ဆုံးတွင် မျက်မှောင်ကျုံ့နေပြီဖြစ်သည်။
“အသေခံစစ်သား”
သိုင်းပညာလောကတွင် ကလဲ့စားချေ သတ်ဖြတ်ခြင်းက သာမာန်သာဖြစ်သည်။ သို့သော် ယခုလိုမျိုး သွားကြားထဲတွင် အဆိပ်ကိုဝှက်ထားသော အနက်ရောင်ဝတ်စုံနှင့် လူများကဲ့သို့ အဖမ်းခံရသည်နှင့် ကိုယ့်ကိုယ်ကို သတ်သေသည့်လူများကမူ ခြားနားလေသည်။ ဂိုဏ်းလောကမှ မည်သူကမှ ထိုကဲ့သို့သော ကိစ္စမျိုးကို လုပ်လေ့လုပ်ထမရှိပေ။ မိစ္ဆာလမ်းလျှောက်သော တပည့်ဂိုဏ်းသားများကပင် မလုပ်တတ်ပေ။ အသေခံတပ်သားများကမူ ချွင်းချက်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် စုန့်ယွမ်ယွီက ကြမ်းတမ်းသော တိုက်ပွဲအတောအတွင်းမှ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့၏ အကြီးအကဲနှစ်ယောက်ကို လှမ်းတွေ့လိုက်ပြီး အော်လိုက်သည်။
“အကြီးအကဲလျို အကြီးအကဲခမ်း”
ထိုနှစ်ယောက်က ကစဉ့်ကလျားဖြစ်နေသော အရှိန်အဝါများနှင့်ဖြစ်ပြီး သူတို့သည်လည်း တိုက်ပွဲထဲတွင် ဒဏ်ရာရနေကြပြီဖြစ်သည်။
“မဟာမိတ်အရှင်”
စုန့်ယွမ်ယွီ၏ အသံကိုကြားသောအခါ ထိုနှစ်ယောက်က ချက်ချင်းလိုလို နောက်ဆုတ်လျှက် စုန့်ယွမ်ယွီဘေးဘက်သို့ ပြန်လာကြသည်။ သူတို့နှစ်ယောက်လုံးက မျက်နှာများ ဖြူဖျော့နေပြီး အသားအရည်ကလည်း မကောင်းကြပေ။
သူတို့၏ကျင့်ကြံခြင်းအဆင့်က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အခြားသော အကြီးအကဲများထက် အနည်းနှင့်အများ အားနည်းသည်။ သူတို့သည် မာရာမီးတောက်နှင့် ကျွီပိုင်မီးတောက်ကို တောင့်မခံနိုင်သူများလည်းဖြစ်သည်။ ထို့ကြောင့် အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူသုံးယောက်ထဲမှ နှစ်ယောက်ခန့်က ထိုကဲ့သို့သော မီးတောက်များကို ပိုင်ဆိုင်ထားလေရာ ထိုအကြီးအကဲနှစ်ယောက်၏ ကြယ်တာရာစွမ်းအင်ပေါင်း များစွာကို ကုန်ဆုံးစေလေသည်။
“ငါဒီလူတွေကို မင်းတို့နဲ့ထားခဲ့မယ်”
စုန့်ယွမ်ယွီက ထိုသို့ပြောသည်။ သူသည် လက်ချောင်းကို နှစ်ကြိမ်ခန့် လှုပ်ခါလာပြီး တခဏခန့်ကြာပြီးနောက်တွင် အလင်းတန်းနှစ်တန်းက စူးရှစွာအော်ဟစ်လျှက် လေထုကို ထိုးခွဲသွားပြီး အကြီးအကဲနှစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
သူတို့၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်များက ချက်ချင်းလိုလို ဖောင်းပွလာကာ ဒဏ်ရာများက လျှင်မြန်စွာ ကောင်းမွန်လာသည်။ အကြီးအကဲလျိုက သူ၏ခန္ဓာကိုယ်တွင် ဆေဘာဓားရာကြီးတစ်ခု ရှိနေသေးသည်။ ထိုဒဏ်ရာကြီးက ဝဲဘက်ရင်ဘက်မှ ညာဘက်ဝမ်းဗိုက်ခြမ်းသို့ပင် ရောက်ရှိနေသေးသည်။ သို့သော် ယခုအခါ ဒဏ်ရာက ချက်ချင်းလိုလို ပိတ်သွားလေပြီး အသားသစ်များကပင် ပြန်ပေါ်လာသည်။
ဆွစ် ဆွစ် ဆွစ်
စုန့်ယွမ်ယွီက စွမ်းအင်ကြောင်းများကို ထပ်ပို့လိုက်သေးသည်။ မြောက်များလှစွာသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိနေသော အနေအထားမျိုးမှ မျက်တောင်တစ်ခတ် အချိန်အတွင်း အသွေးအသားများက သွေးရောင်ပြန်လွှမ်းလျှက် အားအင်ပြန်တက်ကြွလာကြရင်း ကျားများ၊ နဂါးများအလား တိုက်ပွဲထဲသို့ ခုန်ဝင်သွားကြသည်။
ဝုန်း
တောင်ထိပ်ပေါ်မှ ဝမ်ချောင်က ကျောက်တုံးကြီးပေါ်တွင် ရပ်နေရင်း အရာအားလုံးကို မြင်လိုက်ရသည်။ သူ၏မျက်လုံးက မှေးကျဉ်းသွား၏။ သိုင်းပညာရှင်တိုင်းက အခြားသောလူများ၏ ဒဏ်ရာများကို ကုသနိုင်ခြင်း၊ စွမ်းအင်များကို ပြန်လည်ဖြည့်ဆည်းနိုင်ခြင်းတု့ိကို လုပ်နိုင်တတ်သည်။ သို့သော် မည်သူကမှ စုန့်ယွမ်ယွီကဲ့သို့ သမန်ကာလျံကာ လုပ်လိုက်ရုံနှင့် အလွန်ဝေးကွာသော နေရာမှ လူများ၏ ဒဏ်ရာများကိုပင် ကုစားပေးနိုင်စွမ်းရည် မရှိတတ်ပေ။
သိုင်းပညာရှင်များ၏ တစ်ဆယ်ရာခိုင်နှုန်းခန့်ကပင် ထိုကဲ့သို့ မလုပ်နိုင်တတ်ပေ။ ထိုကဲ့သို့ သိုင်းပညာမျိုးက သာမာန်သိုင်းပညာရှင်များ လက်လှမ်းမမှီနိုင်သော ဝန်းကျင်ကို ကျော်လွန်နေလေပြီ။
ထာဝရနွေဦးဂါထာ
ရုတ်တရက် ဝမ်ချောင်၏စိတ်အတွင်း အတွေးတစ်ခုက ဝင်ရောက်လာသည်။ သို့သော် သူက အပြည့်အဝ နားမလည်နိုင်သေးခင် တိုက်ပွဲကြီးတွင် ကြီးမားသော အလှည့်အပြောင်းတစ်ခုက ဖြစ်ပေါ်လာပြီဖြစ်သည်။
အခန်း(၁၃၅၈)
ဘုန်း
ရုတ်တရက် အလင်းက ဖြတ်ကနဲ လက်သွားပြီးနောက် မီတာနှစ်ဆယ်ကျော်ခန့် ရှည်သော ကြာပွတ်ကြီးတစ်ချောင်းက စုန့်ယွမ်ယွီကို ကြမ်းတမ်းစွာ ဖြတ်ရိုက်လိုက်သည်။ ထိုကြာပွတ်ပေါ်တွင် မာရာအနက်ရောင် မီးတောက်ကလည်း ကြမ်းတမ်းစွာ တောက်လောင်နေသေးပြီး ကိုယ်ပိုင် အသက်ရှိနေသလိုမျိုး တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသည့် စူးရှသည့် အော်သံကြီးမျိုးကို ထုတ်လွှတ်နေလေသည်။
ကြာပွတ်က လေထုကို ကျော်ဖြတ်ခဲ့သည့် အခိုက်အတန့်တွင် ထက်ရှသည့် ဓားတစ်လက်အသွင် ပြောင်းလဲသွားပုံပေါ်သည်။ အနက်ရောင်ကြာပွတ်သည် လေကိုပင် စက္ကူလိုမျိုး ကျော်ဖြတ်လာခဲ့သည့် အခိုက်အတန့်တွင် လေကပင် စူးရှစွာ အော်ဟစ်သည်။ ထိုကြာပွတ်က ထက်ရှလွန်းသဖြင့် သံမဏိတုံးကိုပင် နှစ်ပိုင်းဖြတ်နိုင်လောက်သည်။
ကလက်
သို့သော် တခဏခန့်ကြာပြီးနောက် ဖြူဖွေးနူးညံ့သော လက်ဝါးတစ်ဖက်က ဆန့်ထွက်လာရင်း ကြာပွတ်ကို ခပ်ကြမ်းကြမ်း လှမ်းဆွဲကိုင်လိုက်သည်။ အနက်ရောင်မီးတောက်များက သူ၏လက်ကို ခပ်မြန်မြန် လောင်ကျွမ်းသွားသည်။ သို့သော် လက်သီးထံသို့ ရောက်ရှိသွားပြီးနောက်တွင် ဆက်လက်ပြီး ရှေ့ဆက်မတိုးတော့ချေ။ ထိုသို့ဖြင့် မမြင်ရသော နံရံတစ်ချပ်နှင့် ဆုံတွေ့သွားသလိုမျိုး ရပ်တန့်သွားလေသည်။
ချွင်
စုန့်ယွမ်ယွီက လှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင် အခြားဦးတည်ရာဘက် တစ်ခုမှ မှေးမှိန်သော ပုံရိပ်တစ်ခုကလည်း ပေါ်လာသည်။ စစချင်းကြည့်လိုက်မည်ဆိုလျှင် ထိုပုံရိပ်သည် ပေတစ်ရာခန့်အကွာတွင် ရှိနေကြောင်း သတိထားမိပေလိမ့်မည်။ သို့သော် မျက်တောင်တစ်ခတ် အချိန်အတွင်း ထိုပုံရိပ်က စုန့်ယွမ်ယွီ၏ အရှေ့တည့်တည့်သို့ ရောက်လာသည်။
ဆူးချွန်များပါသော သံလက်သီးစွပ်ကြီးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သော အရှိန်နှုန်းနှင့်အတူ စုန့်ယွမ်ယွီထံ တိုးဝင်လာသည်။
ခီး....
လက်သီးကြီးက အရှေ့သို့ ပေါက်ကွဲသံနှင့်အတူ ထိုးဝင်လာချိန်တွင် ဗုံးတစ်လုံး တပ်ဆင်ထားသလိုမျိုး မရေမတွက်နိုင်သည့် အားလှိုင်းများနှင့် စူးရှသော အသံများက ရှေ့သို့ပြေးဝင်လာသည်။
ထိုသံလက်သီး တစ်ခုတည်းကတင် ပထမဝါးဦးထုပ်နှင့်လူ၏ တိုက်ကွက်တိုင်းကို ကျော်လွန်နိုင်နေပြီဖြစ်သည်။ စစ်ခွန်းယွမ်ကျား၏ အဆင့်တွင်ဖြစ်စေ၊ ယင်နက်ဘိုးဘေး၏ အဆင့်တွင်ဖြစ်စေ မည်သူကမှ ထိုတိုက်ကွက်ကို မတားဆီးနိုင်လောက်ပေ။
သို့သော် ဖြူဖွေးသန့်စင်သော လက်ဝါးတစ်ဖက်က ရှေ့သို့ တိုးဝင်လာပြီး ဒုတိယမြောက် ဝါးဦးထုပ်နှင့်လူ၏ သတ္ထုသံလက်စွပ်ကို လှမ်းဖမ်းယူလိုက်သည်။ လက်သီးချင်း ထိပ်တိုက်ရင်ဆိုင်သွားသောအခါ ကောင်းကင်ကိုပင် တုန်ခါစေသည့် ပေါက်ကွဲသံကြီးက ဖြစ်ပေါ်လာသေးသည်။
ဘုန်း ဘုန်း ဘုန်း
ထိုအခိုက်အတန့်တွင် ကျွမ်းကျင်ပညာရှင် ဆယ်ယောက်ထက်မနည်း အင်အားအကုန်သုံးကာ တိုက်ခိုက်နေသံမျိုးကိုပင် ကြားရလေသည်။ မရေမတွက်နိုင်အောင် ပဲ့တင်ထပ်နေသည့် ကြယ်တာရာစွမ်းအင်ပေါင်း များစွာက စုန့်ယွမ်ယွီနှင့် ဒုတိယမြောက် ဝါးဦးထုပ်နှင့်လူ၏ တိုက်ကွက်များကြောင့် ထွက်ပေါ်လာလေရင်း ထိုနေရာတစ်ခုလုံးအနှံ့ လှည်းကျင်းပစ်လိုက်သည်။ ထိုသို့ဖြင့် ထိုဝန်းကျင်အတောအတွင်းတွင် ရှိသမျှ အရာအားလုံးက မြေပြင်အထက် ပေထောင်ပေါင်းများစွာ မြင့်မားသည့် အတိုင်းအတာသို့ပင် မြောက်တက်သွားသေးပြီး အမှောင်ထုကို ပေါက်ကွဲသွားစေကာ မိုးခြိမ်းပြီး မိုးကြိုးပစ်နေသလိုမျိုး တအုန်းအုန်းတဒိုင်းဒိုင်း မြည်ဟီးနေစေလေသည်။
ဘန်း
ပေါက်ကွဲမှုနှင့် လိပ်တက်နေသော ဖုန်များအကြားတွင် ဒုတိယမြောက် ဝါးဦးထုပ်နှင့်လူက ခြေဆယ်လှမ်းအကွာသို့ဆုတ်ရန် တွန်းအားပေးခြင်းခံလိုက်ရသည်။ အနှစ်ချုပ်ဆိုရသော် စုန့်ယွမ်ယွီကမူ ခိုင်မာလွန်းသော ထောက်တိုင်ကြီးအလား လေထဲတွင် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေသည်။
ကောင်းကင်ကိုပင် တုန်ခါစေသော တိုက်ကွက်က သူ့အား ခြေလှမ်းတစ်ဝက်ပင် မဆုတ်စေခဲ့ချေ။ ထိုအခိုက်အတန့်တွင် တစ်လောကလုံးက တိတ်ဆိတ်သွားသည်။ တိုက်ပွဲနယ်မြေမှ လူတိုင်း၏မျက်နှာက ဖြူဖျော့နေပြီး ဒုတိယမြောက် ဝါးဦးထုပ်နှင့် လူကလည်း မှင်သက်သွားသည်။
သူသည်လည်း စုန့်ယွမ်ယွီက အလွန်အင်အားကြီးမားကြောင်း သိသည်။ သို့သော် သိုင်းပညာလောကမှ ကျွမ်းကျင်ပညာရှင်တစ်ယောက်က ထိုမျှအထိ အင်အားကြီးမားနေလိမ့်မည်ဟု မထင်ထားမိပေ။ သူ၏အင်အားတွင်ရှိသော တစ်စုံတစ်ယောက်ကပင် စုန့်ယွမ်ယွီကို လှုပ်အောင်မလုပ်နိုင်ပေ။
“???”
ထိုမြင်ကွင်းကြောင့် အမှင်သက်ဆုံးလူက တောင်ထိပ်မှ ဝမ်ချောင်ဖြစ်လောက်သည်။ ဝမ်ချောင်သည်လည်း စုန့်ယွမ်ယွီက မည်မျှပင် အင်အားကြီးမားနေစေကာမူ လွန်ကဲလွန်းလောက်သော အတိုင်းအတာသို့ ရောက်ရှိနေလောက်ဟု မထင်ထားချေ။ သူကိုယ်တိုင်ကပင် တစ်ဖက်သူနှင့် တိုက်ခိုက်နိုင်မည်ဟု တွေးထားမိ၏။ သို့သော် ထိုမြင်ကွင်းကို မြင်လိုက်ပြီးနောက် သူကိုယ်တိုင်ကလည်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်ကို အထင်သေးမိနေကြောင်း သိလိုက်သည်။
ဝမ်ချောင်သည် နောက်ဆုံးတွင် စုန့်ယွမ်ယွီဟာ သူ၏အဆင့်အတန်းအတိုင်း အင်အားကြီးမားလွန်းသော လူတစ်ယောက်၏ အင်အားကြီးမားသော ရန်သူတစ်ယောက် မည်သို့မည်ပုံ ဖြစ်လာကြောင်း နားလည်လိုက်ပြီဖြစ်သည်။
သူက ယခုလိုမျိုး လက်ဖဝါး တစ်ဖက်တည်းနှင့် ဒုတိယမြောက် ဝါးဦးထုပ်နှင့်လူကို နောက်ဆုတ်သွားအောင် လုပ်လိုက်နိုင်ရုံဖြင့် လက်ရှိခေတ်အတွင်းတွင် အင်အားအကြီးမားဆုံး လူများထဲမှ တစ်ယောက်အဖြစ် စာရင်းဝင်နေပြီဖြစ်သည်။
မဟုတ်သေးပါဘူး
ဝမ်ချောင်က မျက်တောင်တစ်ချက် ခတ်လိုက်ရင်း တောင်ပေါ်မှ အသေးစိတ် အခြေအနေများကို ခပ်မြန်မြန် သတိထားကြည့်လိုက်သည်။ စုန့်ယွမ်ယွီ၏ ကြယ်တာရာစွမ်းအင်များက မည်သည့်နေရာသို့ ကျော်ဖြတ်သွားစေကာမူ ရှင်းလင်းပြီး လွင်ထီးခေါင်ဖြစ်နေသည့် နေရာကပင် မြက်ပင်လေးများ ပေါက်လာတတ်သည်။
စုန့်ယွမ်ယွီနှင့် ခြေလှမ်းနှစ်ဆယ် ဝန်းကျင်အတွင်းတွင် မီးပုံထဲသို့ ထင်းထည့်ရန်အဖြစ် ထားထားသော သစ်ကိုင်းခြောက်များတွင်ပင် အဝါရောင်ပန်းများ ပွင့်နေပြီဖြစ်သည်။
အမရ စကြာဝဠာ ထာဝရနွေဦးဂါထာ
ရုတ်တရက် ဝမ်ချောင်၏စိတ်အတွင်း အတွေးတစ်ခုက ဝင်လာပြီး ဝရုန်းသုန်းကားဖြစ်သွားသည်။ ဝမ်ချောင်သည် အစပိုင်းတွင်မူ ဒီတိုင်း တွက်ချက်မိရုံသာဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ဝမ်ချောင်သည်လည်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်က ဗဟိုပြင်ကျယ်၏ အဆင့်လွန်သိုင်းများထဲမှ တစ်မျိုးကို ကျင့်ကြံထားကြောင်း သိလိုက်သည်။ ထိုသိုင်းသည် မဟာအဆင့်မြင့် သိုင်းဆယ်မျိုးထဲမှ တစ်မျိုးဖြစ်သည့် အမရစကြာဝဠာ ထာဝရနွေဦးမာန်ထရာဖြစ်နေလေသည်။
သူ၏ယခင်ဘဝတွင် ဝမ်ချောင်သည် ထိုသိုင်းအကြောင်း ကြားရုံသာ ကြားဖူးသည်။ ယခုမှသာ ကိုယ်ပိုင်မျက်လုံးဖြင့် ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်နေသည်။ ဖြောင့်မတ်မှန်ကန်ခြင်း လမ်းကြောင်းမှ အဆင့်လွန်သိုင်းများအတွင်းတွင် ထိုသိုင်းသည် အဆင့်လွန်နှင့် အဆုံးအစမဲ့ မူလအမရသိုင်းနှင့် နတ်ဘုရားနှင့်မိစ္ဆာ သုတ်သင်ခြင်းသိုင်းပြီးလျှင် တတိယမြောက် စာရင်းဝင်လေသည်။
သူ၏ယခင်ဘဝတွင် ဝမ်ချောင်သည် အမတ်များ၊ ဗိုလ်ချုပ်များ ပြည့်နှက်နေသော ကလန်တစ်ခုတွင် ရှင်သန်နေထိုင်ရာမှ တောထဲသို့ ကျရောက်သွားခဲ့ပြီး လူမှု့အသိုင်းအဝိုင်း၏ အမြင့်ဆုံးအဆင့်မှ အိမ်ခြေရာမဲ့ တစ်ယောက်အဖြစ် ဆိုးရွားသောဘဝသို့ ကျရှုံးသွားခဲ့ရလေသည်။ သို့သော် ထိုဖြစ်စဉ် အတောအတွင်း သူသည် ဂိုဏ်းလောကကို အလွန်အမင်း နက်ရှိုင်းစွာ နားလည်သွားခဲ့သည်။ ဝမ်ချောင်သည်လည်း အမရစကြာဝဠာ ထာဝရနွေဦးမာန်ထရာကဲ့သို့ ကျင့်ကြံရန် အလွန်အမင်း ခက်ခဲပြီး နတ်နှင့် တစ္ဆေသရဲများကပင် ခက်ခဲလောက်သည်ဟု ထင်ရသောသိုင်းမျိုးက ဒီနေရာတွင် ပေါ်လာမည်ဟု မထင်ထားမိပေ။
ထိုသိုင်းသည် လိုအပ်ချက် အလွန်ကြီးမားလွန်းပြီး ပါရမီနှင့် နားလည်နိုင်သော စွမ်းရည်ကလည်း လိုအပ်ချက် အလွန်မြင့်လေသည်။ ထို့ပြင် မဟာသိုင်းဆယ်မျိုးထဲတွင် စာရင်းဝင်နေသည့်တိုင်အောင် ဖော်ပြရန်ခက်ခဲလောက်အောင် အင်အားကြီးမားနေသော်လည်း ထိုသိုင်းကိုကျင့်ကြံရန် ဖြတ်လမ်းနည်းမျိုး မရှိနေခဲ့ပေ။ ထို့ကြောင့် ချထားသော လမ်းကြောင်းအတွင်း တစ်ဆင့်ချင်းစီသာ တက်ရန်လိုအပ်လေသည်။ ထိုအတွက်ကြောင့် ဖော်ပြရန်ခက်ခဲသော အချိန် အားစိုက်ထုတ်မှုပေါင်း များစွာကို သုံးပြီးမှသာ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားနိုင်သည်။
ထို့ကြောင့် ပြန်လည်မွေးဖွားလာပြီးနောက်တွင် ဝမ်ချောင်သည် အမရစကြာဝဠာ ထာဝရနွေဦးသိုင်းကို အရယူရန် ကြိုးစားရန် မတွေးခဲ့ပါပေ။ အကြောင်းမူကား ထိုသိုင်းကို ကျင့်ကြံရန် အနှစ်နှစ်ဆယ်လည်း မရှိနေသောကြောင့်ဖြစ်သည်။ သို့သော် ယခုမူ ထိုသိုင်းဟာ သူ၏ရှေ့တွင် ပေါ်လာသည်။
တစ်စုံတစ်ယောက်က နှစ်နှစ်ဆယ် အချိန်ခန့်သုံးလျှက် သူတို့၏ စိတ်နေသဘောထားကို သန့်စင်ပြီး အလျင်မလိုသော အခြေအနေမျိုးနှင့် ထိုသိုင်းကို ကျင့်ကြံနိုင်ကတည်းက ထိုလူသည် အလွန်အမင်း အကြံအစည်ကြီးမားသလို စိတ်ဓာတ်အင်အား ခိုင်မာလွန်းပြီး ကိုင်တွယ်ရ မလွယ်ကူလွန်းသောသူ ဖြစ်ပေလိမ့်မည်။ ဝမ်ချောင်၏ စုန့်ယွမ်ယွီ၏ကျောပြင်ကို ကြည့်နေသော အကြည့်ကပင် ပြင်းထန်လွန်းသော ကြောက်လန့်မှုကို ဖော်ပြလာသည်။
ထိုသိုင်းတစ်ခုတည်းကတင်... သူ၏ အခြားသော ညင်လက္ခဏာများကို ထည့်မပြောလျှင်ပင် စုန့်ယွမ်ယွီဟာ အလွန်အမင်း ကြောက်စရာကောင်းသည့် ရန်သူဖြစ်နေလေပြီ။
“ဟွန်း သေမျိုးလောကမှာ မင်းလိုကောင်းမျိုး ရှိမယ်လို့ မထင်ထားဘူး”
ဒုတိယမြောက် ဝါးဦးထုပ်နှင့်လူက လေထဲတွင်ရပ်နေသည်။ သူသည် ခေါင်းကိုငုံ့ထားနေသည့်အခါ သူ၏ဝတ်ရုံက လေတွင်လွင့်နေသည်။ အနက်ရောင်ဝတ်စုံနှင့် လူများထဲမှ ခေါင်းဆောင်ဖြစ်သည့်အလျောက် သူသည် ပစ်မှတ်များကို စကားပြောခဲသည်။ အပြင်လူဆိုလျှင် ပို၍ပင် ဆိုးသေးသည်။
သို့သော် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်ကမူ လေးစားခံရရန်အတွက် ထိုက်တန်သော အင်အားမျိုးကို ပိုငဆိုင်ထားသည့်အလျောက် စကားပြောချင်စိတ် ရှိလာသည်။
“ဒါပေမဲ့ မင်းတို့အားလုံး အတူတူပဲ သေရမှာပဲ”
သူ၏မျက်ဝန်းအတွင်း အေးစိမ့်သောအလင်းက ဖြတ်ပြေးသွားသည်။ တခဏခန့်ကြာပြီးနောက် ထိုလူ၏ ခန္ဓာကိုယ်ဟာ မည်းတူးလျှက် ပျောက်ကွယ်သွားသည်။ တစ်ချိန်ထဲတွင်ပင် မာရာမီးတောက်ဖြင့် လုပ်ထားသော အနက်ရောင်ကြာပွတ်က လေထုကို တဖန်ပြန်လည်ထိုးခွဲလျှက် စူးရှစွာ အော်ဟစ်လာပြန်သည်။ တစ်စုံတစ်ယောက်က ထိန်းချုပ်နေသလိုမျိုး သူဟာ အလိုအလျောက် လိမ်တွန့်လျှက် မြွေတစ်ကောင်ကဲ့သို့ တရွတ်တိုက်သွားလာရင်း စုန့်ယွမ်ယွီထံ ခုန်အုပ်ရန် ကြိုးစားပြန်သည်။
စုန့်ယွမ်ယွီသည် ထိုအမျိုးသား၏ မျက်လုံးထဲတွင် နံပါတ်တစ်ရန်သူ ဖြစ်သွားသည်မှာ သံသယဝင်စရာ မရှိပေ။
စုန့်ယွမ်ယွီကို သတ်ပြီးမှသာ သူတို့က ပစ်မှတ်ကို သတ်ဖြတ်နိုင်ပေလိမ့်မည်။ ဒီနည်းအားဖြင့် စုန့်ယွမ်ယွီက အနက်ရောင်ဝတ်စုံနှင့် အခြားသောလူများကို သတ်ဖြတ်သည့် အခြေအနေကလည်း တားမြစ်နိုင်သည်။
ဘုန်း ဘုန်း ဘုန်း
အနက်ရောင်စွမ်းအားလှိုင်းများနှင့်အတူ ကြယ်တာရာစွမ်းအင်များကလည်း ပေါက်ကွဲသွားပြီး ထိုစွမ်းအားလှိုင်းများက စုန့်ယွမ်ယွီ၏ ပတ်ဝန်းကျင် ပေတစ်ရာဝန်းကျင်ကျော်ခန့်အထိ လွှမ်းမိုးသွားလေသည်။ ဒုတိယမြောက် ဝါးဦးထုပ်နှင့်လူ၏ ကြီးမားသော အာကာသခြေလှမ်းက သူ့အား ပို၍မြန်ဆန်ပြီး ပို၍ တိုင်းတာရ ခက်ခဲသွားစေသည်။ သူ၏တိုက်ကွက်များက ထောင့်တိုင်းမှမဆို ထွက်လာနိုင်လေပြီး ပြိုင်ဘက်များကို အငိုက်မိအောင် လုပ်နိုင်သည်။
စုန့်ယွမ်ယွီသည် တိုက်ကွက်များ၏ အလယ်ဗဟိုတွင်ဖြစ်သည်။ တောင်ထဲတွင် ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်နေလေပြီး ဆင်ခြေလျောတွင်လည်း မရေမတွက်နိုင်သော အပေါက်များက ပေါ်လာသည်။ အလံများ တစ်ခုပြီးတစ်ခု ပျက်စီးကုန်၏။ ထိုအလံများအားလုံး အောက်သို့ ပြုတ်မကျသေးခင် မာကြောသော တောင်ကျောက်သားများနှင့်အတူ လွင့်စင်ထွက်လဆက် ထိုနယ်မြေတစ်ခုလုံးအား သူတို့၏ အကြွင်းအကျန် ပစ္စည်းများနှင့် လွှမ်းမိုးလိုက်လေသည်။
ချွင်
ရုတ်တရက် မြေပြင်ထဲသို့ ဓားခုနှစ်လက်၊ ရှစ်လက်စိုက်ဝင်သွားပြီး ပြင်းထန်သော စွမ်းအားများအောက်တွင် ထိုနေရာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထိုနှစ်ယောက်၏ တိုက်ပွဲအတွက်ဖြစ်လာသော အားလှိုင်းများသည် အကောင်းမွန်ဆုံးသော သံမဏိသားဖြင့် လုပ်ထားသော ဓားများကပင် တောင့်ခံနိုင်သော အဆင့်တွင် မရှိပေ။
ထိုကျွမ်းကျင်ပညာရှင် နှစ်ယောက်၏ စွမ်းအားမျိုးဟာ သွေးမျက်လုံးကိုပင် ကြောက်လန့်မှုကြောင့် တုန်လှုပ်စေသည်။
ဝမ်ချောင်ကမူ တိုက်ပွဲ၏ အစွန်နားတွင်သာ ရပ်လျှက် သူ၏အရှိန်အဝါကို အတက်နိုင်ဆုံး ထိန်းချုပ်ပြီး အရာအားလုံးကို စောင့်ကြည့်လေ့လာနေသည်။
ထိုလူများသည် အလွန်အမင်း အင်အားကြီးမားသော ရန်သူများဖြစ်သည်။ ထူးဆန်းသော လွှမ်းမိုးနိုင်စွမ်းရှိသည့် အဖွဲ့အစည်းတစ်ခုက သူ့အား သခင်လေးချင်းယန်ဆိုသော နောက်ခံမျိုးကို မယူစေဘဲ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကိုသာ မတိုက်ခိုက်ပေးခဲ့လျှင် သူကသာ အနက်ရောင်ဝတ်စုံနှင့် လူများအားလုံးကို ရင်ဆိုင်ရပေလိမ့်မည်။ သူသည် အခြားသော အခြေအနေများတွင် ကြောက်နေလိမ့်မည်မဟုတ်ပေ။ သို့သော် ယခုအခါသူက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ပေါ့သေးသေး အသုံးပြု၍မရသလို ထိုလူများကိုလည်း သူတစ်ယောက်တည်း ရင်မဆိုင်နိုင်ပေ။
ကြည့်ရတာ ငါစုန့်ယို့ရန်ကို ကျေးဇူးတင်ရတော့မှာပဲ။
ဝမ်ချောင်က အဝေးသို့တစ်ချက်ကြည့်လိုက်သည်။ ထိုနေရာတွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများကို ကုသပေးရင်း စိုးရိမ်စိတ်များနေသော စုန့်ယို့ရန်က ရှိနေသည်။
ယခုလေးတင်ပေါ်လာသော ဝါးဦးထုပ်နှင့်လူများက ယခင်သူရင်ဆိုင်ဖူးသမျှ အနက်ရောင်ဝတ်စုံနှင့် လူများထက် အင်အားကြီးမားသည်။ သူတို့က ဒီတစ်ကြိမ်တွင် ကြီးအားသော အင်အားစုဖြင့် လာကြသည်။ ထိုအချက်အပြင် ဝမ်ချောင်သည်လည်း ပို၍အင်အားကြီးမားသော စွမ်းအင်အားလှိုင်းတစ်ရပ် ပိုင်ဆိုင်ထားသည့် ပုဂ္ဂိုလ်တစ်ယောက်ဟာ မလှုပ်ရှားသေးကြောင်း ခံစားမိနေသည်။
စုန့်ယို့ရန်ကြောင့်သာ မဟုတ်လျှင် သူသည် သူ၏ကိုယ်ပိုင်အင်အားကိုသာ မှီခိုရပေလိမ့်မည်။ ထိုအခါ သူသည် လွတ်မြောက်မည်ဟုပင် မပြောရဲလေရာ ကြောက်စရာကောင်းသည့် အန္တရာယ်ကိုပင် ရင်ဆိုင်ရလောက်သည်။
စုန့်ယွမ်ယွီအတွက်ကမူ သူသည် လေးစားဖို့ကောင်းသော ပြိုင်ဘက်ဖြစ်သည်။ သူသည် ဆရာဖြစ်သူကို ဖမ်းရန်အတွက် လူအများကြီးကိုလည်း ခေါ်လာ၏။ သူကိုယ်တိုင်ကိုပင် ဖမ်းချင်လောက်သည်။ ယခုအခါသူက အနက်ရောင်ဝတ်စုံနှင့် လူများကို ကြိတ်ချေရန် တစ်ဖက်သူကို အသုံးပြုနေသည်။ ဒီနည်းအားဖြင့် အနာဂတ်တွင် ဆရာဖြစ်သူကို ခြိမ်းခြောက်မှု လျော့နည်းသွားစေရန်လည်း မျှော်လင့်မိနေသည်။
ထာဝရနွေဦးဂါထာက တော်တော်လေးကို နက်နဲတယ်။ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် ဝါးဦးထုပ်နဲ့ လူနှစ်ယောက်ကတောင်မှ သူ့ကို မယှဉ်နိုင်ဘူး။
ဝမ်ချောင်၏မျက်လုံးက ရုတ်တရက် အေးစက်သော အလင်းများဖြင့် တောက်ပလာသည်။
ဖုန်မှုန့်နှင့် အကန့်အသတ်မဲ့ ကြယ်တာရာစွမ်းအင်များက တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ကျူးကျော်လာသည်။ ဝါးဦးထုပ်နှင့်လူက အင်အားကြီးမားပြီး မြန်ဆန်ကာ သာမာန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် မြန်ဆန်လွန်းစွာ လှုပ်ရှားနိုင်လေသည်။ လူပေါင်းများစွာအတွက်မူ ထိုတိုက်ပွဲက စောင့်ကြည့်လေ့လာရန်ပင် လက်လှမ်းမမှီနိုင်သော အတိုင်းအတာမျိုးတွင် ရောက်ရှိနေပြီဖြစ်သည်။
သို့သော် ဝမ်ချောင်ကမူ သက်ရောက်ခံရခြင်းမရှိပေ။
ဝါးဦးထုပ်နှင့်လူက အရှိန်နှုန်းကို အကန့်အသတ်သို့ တိုးမြှင့်ထားပြီး သူ၏ထိုးနှက်လိုက်သော လက်သီးချက်တိုင်းက ပြင်းထန်လွန်းသော ခွန်အားများနှင့် ပေါင်းစပ်ထားကာ ‘လူတစ်ယောက်က လုံလောက်အောင် သန်မာရင် သိုင်းပညာရှင် ဆယ်ယောက်ကိုတောင် ဖိနှိပ်နိုင်တယ်’ဆိုသော အခြေအနေကို ထုတ်သုံးနေသည်။ တစ်စုံတစ်ယောက်က အတိုင်းအတာတစ်ခုအထိ ခွန်အားမြင့်မားသွားခဲ့သော် မည်သည့်စွမ်းရည်မျိုးကိုမှ ဂရုစိုက်ရန် မလိုအပ်တော့ဘဲ ရန်သူပေါင်းများစွာကိုပင် ရိုးရှင်းစွာ တိုက်ခိုက်နိုင်လေသည်။ ပို၍ဆိုးသည်မှာ ထိုအမျိုးသားက မီတာနှစ်ဆယ်ကျော်ခန့် ရှည်လျားသော မာရာမီးတောက် ကြာပွတ်ကြီးကို ထိန်းချုပ်ရန်အတွက် သူ၏စိတ်ကို ခွဲဝေပေးထားခဲ့သေးသည့်တိုင်အောင် သူ၏ကိုယ်ပိုင် တိုက်ကွက်များကလည်း အမျိုးမျိုးသော ရှု့ထောင့်များမှ ရောက်လာနေသေးလေသည်။
အခန်း(၁၃၅၉)
ကြမ်းတမ်းသောလေပြင်းနှင့် စွမ်းအင်အားလှိုင်းများ အကြားတွင် စုန့်ယွမ်ယွီသည် သမုဒ္ဒရာအတွင်း မလှုပ်ရှားဘဲ ရပ်နေသော ကျောက်တုံးတစ်တုံးအလား လေထဲတွင်ရပ်နေလေသည်။ သူ၏မျက်နှာထားက ယုံကြည်မှုအပြည့် ရှိနေလေပြီး တုန်လှုပ်ပုံပင်မရချေ။ သူက ဘက်ထောင့်အမျိုးမျိုးက ရောက်ရှိလာသော တိုက်ကွက်တိုင်းကို လက်တစ်ဖက်မြှောက်လျှက်သော်လည်းကောင်း၊ လက်ညိုးလေး တစ်ချောင်းကို အသာလှုပ်ခတ်၍သော်လည်းကောင်း အေးအေးဆေးဆေး ကိုင်တွယ်နေလေသည်။
ပြင်းထန်သော တိုက်ပွဲများအကြားတွင် စုန့်ယွမ်ယွီသည် ဥယျာဉ်အတွင်း လမ်းပတ်လျှောက်နေသလိုမျိုး သာသာယာယာသာ ရှိနေလေသည်။
ဝမ်ချောင်ကပင် ထိုမြင်ကွင်းကြောင့် သက်ရောက်ခံလိုက်ရသည်။
ကျွမ်းကျင်ပညာရှင်ကြားမှ တိုက်ပွဲတွင် အထူးသဖြင့် ထိုအဆင့်တိုက်ပွဲ အတောအတွင်းတွင် စုန့်ယွမ်ယွီကဲ့သို့ မည်သူကမှ နေရာတွင် ခြေမြဲအောင် ရပ်နေနိုင်လိမ့်မည်မဟုတ်ပေ။ ကြယ်တာရာစွမ်းအင်များ၏ ကိုယ်တွင်းအင်္ဂါပေါ်သက်ရောက်မှု သီးသန့်ကတင် အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများကိုပင် ပြင်းထန်သည့် ဝန်ထုတ်ဝန်ပိုးကြီး ပေးနိုင်လေသည်။ သို့သော် စုန့်ယွမ်ယွီကမူ အလုံးစုံ သက်ရောက်ခံရပုံမရချေ။
ထာဝရနွေဦးမာန်ထရာက တော်တော်လေး လေးစားဖို့ကောင်းတယ်။ အဲ့ဒီစွမ်းအင်က ကိုယ်တွင်းအင်္ဂါတွေ အားလုံးကို ကာကွယ်ပေးထားလို့ သစ်သားမျှင်တွေလိုမျိုး ထောက်ပံ့ပေးထားနိုင်တဲ့အတွက် စုန့်ယွမ်ယွီကို ဘယ်လိုအတွင်းဒဏ်ရာမှ ရရှိစေမှာမဟုတ်ဘူး။ ရနေရင်တောင် အမြန်ဆုံး မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းနဲ့ ကုသပေးလိမ့်မယ်။ ပိုဆိုးတာက သူအသုံးပြုနေတဲ့ ကြယ်တာရာစွမ်းအင် ပမာဏက လျစ်လျူရှု့လို့တောင် ရနေတာပဲ။ ဒီအချက်တစ်ခုတည်းကတင် စုန့်ယွမ်ယွီကို ထူးခြားစေတယ်။ အဲ့ဒီလိုနဲ့ အဲ့ဒီလူနဲ့ အချိန်အကြာကြီး တိုက်ခိုက်နိုင်စွမ်းအား ရှိစေတာပဲ။ ဒါကြောင့် တောင့်ခံနိုင်စွမ်းအားချင်းယှဉ်ရင် အမရစကြာဝဠာ ထာဝရနွေဦးမာန်ထရာကို ဘယ်သူကမှ မဖိနှိပ်နိုင်ဘူး။
ဝမ်ချောင်က ထိုတိုက်ပွဲကိုကြည့်နေရင်း သူ၏စိတ်အတွင်း အတွေးများက ဖြတ်ပြေးသွားကာ မျက်ဝန်းကလည်း လေးလံလာသည်။
သူ့အနေဖြင့် ပထမဦးဆုံးအကြိမ်အဖြစ် ထာဝရနွေဦးမာန်ထရာကို တိုက်ပွဲအတွင်း မြင်ဖူးခြင်းဖြစ်သည်။ ဗဟိုပြင်ကျယ်၏ မဟာသိုင်းဆယ်မျိုးထဲမှ တစ်ခုချင်းစီတိုင်း၏ ခြားနားသော စွမ်းအင်များကို ပိုင်ဆိုင်ထားသည်။ အခြားသောသူများက ထိုသိုင်းများကို အသုံးပြုသည်အား မြင်ရခဲလေသည်။ ဝမ်ချောင်အနေဖြင့် ဒီတိုက်ပွဲမှ အကျိုးအမြတ်အများကြီး ရလိုက်သည်။ သူသည် ကိစ္စအချို့ကို အတော်လေးနားလည်သွားသည်။
ဒီဂိုဏ်းများမှ ထိုလူများသည် တစ်ယောက်ချင်းတိုက်ပွဲများတွင် အင်အားများကို စိုက်ထုတ်ထားပြီး လေ့လာမှုများကို နက်ရှိုင်းစွာပြုလုပ်လျှက် သူတို့၏သိုင်းများကို ရှုပ်ထွေးမှုများမှ ရိုးရှင်းမှုအသွင် ပြောင်းလဲခဲ့ကြသည်။ ဒါဟာ တိုက်ပွဲနယ်မြေမှ အခြေအနေမျိုးနှင့် ခြားနားသည်။ အကြောင်းမူကား ထိုနေရာတွင် စစ်သည်သောင်းပေါင်းများစွာက အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရခြင်း ဖြစ်နေသည်။
ထိုအရာသာ မကသေးချေ။ ဝမ်ချောင်သည်လည်း စွမ်းအင်လောကမှ တစ္ဆေတိုက်ပွဲကို ကြည့်နိုင်သည်။ ဒီနည်းအားဖြင့် မတူသော ရှု့ထောင့်မှ စောင့်ကြည့်လေ့လာနိုင်၏။ သူ၏မြင်ကွင်းထဲတွင် ဖုန်မှုန့်နှင့် မီးခိုးများက သက်ရောက်မှုမရှိသလို ကြီးမားသော အာကာသခြေလှမ်းကပင် သူ၏မျက်စိအောက်မှ ပြေးလွတ်သွားခဲ့ခြင်း မရှိပေ။
ပို၍အရေးကြီးသည်မှာ စွမ်းအင်လောကမှတစ်ဆင့် ဝမ်ချောင်သည် စုန့်ယွမ်ယွီ၏ ခန္ဓာကိုယ်အတွင်းသို့ တောက်လျှောက် လိမ့်ဝင်နေသော စွမ်းအင်အပ်မျှင် ထောင်ပေါင်းများစွာကို မြင်နိုင်နေခြင်းဖြစ်သည်။ ထို့အပြင် ဝါးဦးထုပ်နှင့်လူက ကြီးမားသော အာကာသခြေလှမ်းကို အသုံးပြုပုံအား အနုစိတ်ကျကျ မြင်နိုင်နေသေးသည်။ ဝမ်ချောင်ကပင် သူကိုယ်တိုင်က ထိုတိုက်ပွဲအတောအတွင်းတွင် ရှိနေသလိုမျိုးပင် ခံစားလိုက်ရသည်။
သူတို့၏တိုက်ကွက်များ၊ တိုက်ကွက်ဖလှယ်မှုများ၊ တိုက်ခိုက်မှုများ ပြန်လည်တိုက်ခိုက်မှုများ... ဝမ်ချောင်က အားလုံးကို မြင်နိုင်နေသည်။ တောင်ပေါ်မှ မည်သူကမှ သူမြင်နေသော အရာများကို မြင်နိုင်စွမ်းရည် မရှိလောက်ပေ။
ဝုန်း
သူဟာ တိုက်ပွဲကို စောင့်ကြည့်နေသည့် အခိုက်အတန့်တွင် ဝမ်ချောင်ဟာ ရုတ်တရက် တစ်စုံတစ်ရာကို သတိထားမိလိုက်ပြီး ခေါင်းလှည့်ကြည့်လိုက်သည်။ သူသည် တောင်အောက်သို့ ကြည့်လိုက်သည်။ တခဏခန့်ကြာပြီးနောက် သူ၏မျက်နှာက တင်းမာသွားပြီး အမှောင်ထုအတွင်းသို့ ဆုတ်ခွာလိုက်ရသည်။
ဝမ်ချောင်က ပျောက်ကွယ်သွားသော အခိုက်အတန့်တွင် မြေပြင်က စတင်ကာ ကွဲအက်သွားပြီး ပြင်းထန်သိပ်သည်းလွန်းသော စွမ်းအားများက မီးတောင်ထဲမှ ထွက်လာသော ချော်ရည်အလား ထိုးထွက်လာသည်။
ခလွက်
တောင်ထိပ်က ကွဲအက်သွားသည်။ မည်သူကမှ မတုန့်ပြန်နိုင်သေးခင် ကျောက်သားဖြင့်လုပ်ထားသော ကြီးမားသော လက်ကြီးတစ်ဖက်က ပေါ်လာသည်။ ထိုလက်မှ လက်ချောင်း တစ်ချောင်းချင်းစီတိုင်းက ကျောက်တိုင်များအလား ထင်ရပြီး မြေကြီးအတွင်းဘက်မှ ထိုးထွက်လာလေသည်။
အရင်ဦးဆုံး ပေါ်ထွက်လာသည်မှာ ဆွေးမြေ့ပုပ်သိုးနေသည်ဟုပင် ထင်ရသည့် လက်ကြီးတစ်ဖက်ဖြစ်ပြီး ထို့နောက် ကြီးမားသော လက်မောင်းကြီးက ပေါ်လာသည်။ နောက်ဆုံးတွင် အလွန်ကြီးမားသော လူထွားကြီးက ပေါ်လာပြီဖြစ်သည်။ သူသည် ကောင်းကင်ကိုပင် အုပ်မိုးထားနိုင်၏။ လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းနှင့်အတူ သူက စုန့်ယွမ်ယွီကို လှမ်းဖမ်းရန် လက်မောင်းတစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
တစ်စုံတစ်ရာကို အာရုံခံမိသည့် စုန့်ယွမ်ယွီက တစ်ချက်မော့ကြည့်ပြီး မျက်နှာထားက တင်းမာသွားသည်။ သို့သော် သူက မရှောင်နိုင်သေးခင်...
ဘန်း
ထိုလူထွားကြီး၏လက်က အောက်သို့ဆင်းသက်လာလျှက် စုန့်ယွမ်ယွီကို လှမ်းဖမ်းလိုက်သည်။
“မဟာမိတ်အရှင်”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများ အားလုံး၏မျက်နှာက ဖျော့တော့လျှက် ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။ အခြားတစ်ဖက်ခြမ်းတွင် အနက်ရောင်ဝတ်စုံနှင့် လူများကမူ ပျော်သွားသည်။
“နောက်ဆုံးတော့ ခေါင်းဆောင်က လှုပ်ရှားပြီ”
အနက်ရောင်ဝတ်စုံနှင့် လူများအားလုံး၏ မျက်လုံးက စတင်ကာ တောက်ပလာကြသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်သည် သူတို့မျှော်လင့်ထားသည်ထက် ပို၍ ကိုင်တွယ်ရ ခက်ခဲနေသည်။ အထူးသဖြင့် သူတို့၏အရှင်ဖြစ်သည်။ သို့သော် သူတို့၏ခေါင်းဆောင်က ပါဝင်လာရုံနှင့် အရာအားလုံးက ကွာခြားသွားပြီဖြစ်သည်။
“သူတို့ကိုသတ် တစ်ယောက်မှ မရှင်စေနဲ့”
သွေးမျက်လုံးကအော်သည်။ သူသည် ဒီတိုက်ပွဲတွင် သူ၏လူ အမြောက်အများကို ဆုံးရှုံးလိုက်ရသည်။ ထို့ကြောင့် သူ၏စိတ်အတွင်း ဒေါသများက ပြည့်နှက်နေပြီဖြစ်သည်။
ယခင်ကဆိုလျှင် မည်သူကမှ သူတို့အား ထိုမျှအထိ ကြီးမားစွာ ဆုံးရှုံးအောင် မလုပ်နိုင်ခဲ့ဖူးပေ။ မဟာထန်၏ ထိုလူငယ်အမတ်ကပင် မလုပ်နိုင်ပေ။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကမူ သူတို့၏ သတ်ဖြတ်လိုစိတ်ဆန္ဒကို အောင်မြင်စွာ လှုံ့ဆော်လိုက်နိုင်သည်။
ဒီရန်ပွဲက ချက်ချင်းလိုလို ပြင်းထန်သွားသည်။
ဘန်း ဘန်း
ပို၍များပြားသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အဖွဲ့ဝင်များနှင့် အနက်ရောင်ဝတ်စုံနှင့် လူများက သွေးအိုင်အတွင်းသို့ လဲပြိုကျကြသည်။
.....
“အဆုံးသတ်မှာတော့ ငါ့ဆီရောက်လာတာပဲ”
အမှောင်ထုထဲတွင် အင်အားအကြီးဆုံးဖြစ်သည့် နောက်ဆုံး ဝါးဦးထုပ်နှင့်လူက ရှေ့သို့ရုတ်တရက် လှမ်းထွက်လာပြီဖြစ်သည်။ သူသည် လက်အောက်ငယ်သားများ၏ အရှုံးကို ဂရုမစိုက်သလို ဆုံးရှုံးသွားပြီဖြစ်သည့် ထိုအဆင့်နိမ့်အဆင့် ကျွန်များကိုလည်း အာရုံမစိုက်ပါပေ။ သူအမှန်တကယ် ဂရုစိုက်သည်မှာ ယခုအချိန်အထိ ပစ်မှတ်ကို ရှာမတွေ့သေးသည့် ထိုလူများသာဖြစ်သည်။
“ဟွန်း အမှိုက်တစ်သိုက်ထက်မပိုဘူး”
သူ၏မျက်ဝန်းအတွင်း အေးစက်သောအလင်းက လက်သွားသည်။ သို့သော် သူဟာ ထိုသို့ပြောနေသည့်တိုင်အောင် တောင်ပေါ်မှ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်ကမူ သူ၏အာရုံကို အောင်မြင်စွာ ဆွဲဆောင်နိုင်သေးသည်။
တစ်ဖက်သူသည် သူတို့၏ပစ်မှတ် မဟုတ်သော်လည်း ဒီလောကတွင် မည်သည့်လူပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းကမှ သူတို့ကို ဖီဆန်ခွင့်မရှိပေ။ သူတို့၏မူလရည်ရွယ်ချက်က မည်သို့ ဖြစ်နေစေကာမူ ပစ်မှတ်နှင့် ရောနှောလိုက်ပြီဆိုကတည်းက သူတို့၏ ကံကြမ္မာဟာ ချမှတ်ထားပြီးသားဖြစ်သွားသည်။
ဘုန်း
ထိုအခိုက်အတန့်တွင် တောင်ထိပ်ထံမှ ကြီးမားသော ပေါက်ကွဲမှုကြီးက ဖြစ်ပေါ်လာသည်။
ကျောက်သားလူထွားကြီး၏ ညာဘက်လက်က အတွင်းမှနေ၍ စတင်ကာ ပေါက်ထွက်သွားသည်။ ချက်ချင်းဆိုသလို အလင်းက လက်လာပြီးနောက်တွင် စုန့်ယွမ်ယွီက ပေါ်ထွက်လာသည်။ သူ၏ဝတ်ရုံက နှင်းဖြူရောင်အလား တောက်ပနေသေးပြီး ယုံကြည်မှုက အပြည့်ရှိနေသေးကာ သူ၏ကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုကိုမှ မမြင်ရပေ။ ကြမ်းတမ်းသောရိုက်ချက်က သူ့ကို ဖျက်ဆီးနိုင်ခဲ့ပုံမရပေ။
ဒုတိယမြောက် ဝါးဦးထုပ်နှင့်လူက ထိုမြင်ကွင်းကြောင့် မျက်နှာထား တင်းမာသွားသည်။ ထိုရိုက်ချက်ကို တားနိုင်ခဲ့လောက်သည်။ သို့သော် စုန့်ယွမ်ယွီကဲ့သို့ မည်သူကမှ ခြစ်ရာပင်မထင်ဘဲ ထွက်လာနိုင်ရိုး မရှိခဲ့ပေ။
“မင်းနောက်ဆုံးတော့ ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့ဘူးပဲ”
စုန့်ယွမ်ယွီက ဝါးဦးထုပ်နှင့်လူ၏ အကြည့်ကို လျစ်လျူရှု့ရင်း သူ၏စူးရှကာ တောက်ပသည့်မျက်ဝန်းကို အဝေးတစ်နေရာမှ ဝါးဦးထုပ်နှင့် နောက်ဆုံးလူကိုကြည့်လိုက်သည်။
ပထမဝါးဦးထုပ်နှင့် လူနှစ်ယောက်က သူ၏အာရုံစိုက်မှုနှင့်ပင် မတန်ပေ။ နောက်ဆုံးလူကသာ သူဂရုစိုက်ဆုံး ဖြစ်လေသည်။
.....
“ဟွန်း”
ဝါးဦးထုပ်ခေါင်းဆောင်က သစ်ပင်များကိုကျော်လွန်၍ စုန့်ယွမ်ယွီ၏အကြည့်ကို အာရုံခံမိပုံရပြီး အထင်တသေးရယ်သည်။ သူ၏ထိုတိုက်ကွက်က အဆာပြေဆာမျှသာဖြစ်သည်။ သူအမှန်တကယ် စမလုပ်ခင် သွေးပူရုံသာဖြစ်လေသည်။
စွစ်
ဝါးဦးထုပ်နှင့်ခေါင်းဆောင်၏ ဝတ်ရုံက စုတ်ပြဲသွားသောအခါ အဝတ်အစား၏ ပြဲထွက်သံများက ပေါ်ထွက်လာသည်။ ထို့နောက် ဘေးဘက်သို့ ပြုတ်ကျသွားသည်။ ထိုအချိန်တွင် ထိုလူဟာ ရှေ့သို့ လှမ်းခုန်ပေါက်လိုက်သည်။ ထိုအခါ သူ၏ပတ်ပတ်လည် ပေတစ်သောင်းဝန်းကျင်အတွင်းရှိ အရာအားလုံးက စုတ်ပြဲကုန်သည်။ ဝါးဦးထုပ်နှင့် ခေါင်းဆောင်၏ ခန္ဓာကိုယ်အတွင်းမှ ခြောက်ခြားဖွယ်ကောင်းသော စွမ်းအင်တစ်ရပ်က ပေါ်ထွက်လာရင်း ပတ်ဝန်းကျင်ရှိ အာကာသပြင်တစ်ခုလုံးကို ရှုံ့တွကာ ကျုံ့သွားစေသည်။
ထိုအရာသာ မကသေးချေ။ မြေပြင်ကပင် ကျုံ့သွားသည်။ ထိုလူ၏ ဖနောင့်ပေါက်ချက် တစ်ချက်မှ ထွက်လာသော စွမ်းအားဒဏ်ကို တောင့်မခံနိုင်ပုံပေါ်သည်။
ဝေါင်း
ရုတ်တရက် သားရဲဟိန်းသံတစ်သံက သစ်ပင်များကိုကျော်လွန်ပြီး ရောက်လာသည်။ ဝါးဦးထုပ်နှင့် ခေါင်းဆောင်၏ ခန္ဓာကိုယ်ဟာ စတင်ကာ ထိုးထွက်လာလေရင်း ဖောင်းကားလာသလို သူ၏ခန္ဓာကိုယ်အတွင်းမှ ရွှေရောင်အလင်းတန်းများက စစိမ့်ထွက်လာသည်။
မျက်တောင်တစ်ခတ် အချိန်အတွင်းတွင် အရိုးကွဲအက်သံများက ပေါ်ထွက်လာသည်။ အနက်ရောင်ဝတ်စုံနှင့် ထိုလူသည် ဆယ်ပေကျော်အမြင့်သို့ ချက်ချင်းလိုလို မြောက်တက်သွားသည်။ ထို့နောက် ထပ်ရှည်နေသေးပြီး ပို၍ပင် တုတ်ခိုင်လာသေးကာ ပို၍ပင် သန်မာလာသည်။ သူ၏ကိုယ်ကို ဖုံးကွယ်ထားသည့် အနက်ရောင်ဝတ်စုံက အပ်မျှင်များအသွင် ပြောင်းလဲပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ သူ၏မျက်နှာကို အုပ်ထားသော ဝါးဦးထုပ်ကလည်း ကောင်းကင်သို့ လွင့်ထွက်လျှက် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားသည်။ တတိယမြောက် ဝါးဦးထုပ်နှင့်လူက တောက်ပလွန်းသော ရွှေလူသားဖြင့် အစားထိုးခြင်းခံလိုက်ရသည်။
ထိုရွှေလူသားက ကောင်းကင်တွင် မျောလွင့်နေရာမှ ဆယ်ပေ၊ ပေနှစ်ဆယ်၊ ပေသုံးဆယ်... သိပ်မကြာခင် ထိုရွှေလူသားသည် ပေသုံးဆယ်ကျော်မြင့်သော လူထွားကြီးဖြစ်လာသည်။ ဖြစ်စဉ်ဟာ အချိန်သိပ်ပင် မကြာလိုက်ပေ။
သူ၏ခန္ဓာကိုယ်က ပြောင်းလဲလာသည်နှင့် သူ၏ခန္ဓာကိုယ်အတွင်းမှ ပို၍ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအားများက ဖြာထွက်လာသည်။ အလွန်ဝေးကွာသော တစ်နေရာမှာပင် ထိုကဲ့သို့သော စွမ်းအားများကို အာရုံခံမိနိုင်သည်။ ထိုသို့ အာရုံခံမိလိုက်ရုံနှင့် ကြောက်လန့်မှုဖြင့် တုန်လှုပ်သွားစေရန် လုံလောက်လေသည်။
ဝုန်း
ထိုမြင်ကွင်းကို အရင်ဦးဆုံးမြင်လိုက်ရသူမှာ တောင်ခြေတွင် တိုက်ခိုက်နေသည့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများဖြစ်သည်။
“ဒါကဘာလဲ”
“အားလုံးပဲ သတိထားကြ”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများက ကြောက်လန့်မှုဖြင့် မျက်လုံးပြူးသွားကြသည်။
တောင်ပေါ်မှ စုန့်ယွမ်ယွီက ရွှေရောင်လူထွားကြီးကိုကြည့်ကာ သူ၏မျက်နှာတွင် ပထမဦးဆုံး အကြိမ်အဖြစ် တည်ငြိမ်လေးနက်မှုက အစားထိုးဝင်ရောက်လာသည်။
ယခုအခါ တိုက်ပွဲက အဓိကဖြစ်ရပ်သို့ ရောက်ရှိသွားပြီဖြစ်သည်။ နောက်ဆုံးသောရန်သူက မတိုက်ခိုက်သေးသော်လည်း တစ်ဖက်သူက လွှတ်ထုတ်ထားသော ကျယ်ပြောပြီး မူလစွမ်းအားများကတင် ရှေ့နှစ်ယောက်ထက် သာလွန်လွန်းနေသည်။ စုန့်ယွမ်ယွီကပင် ပြင်းထန်လွန်းသည့် အန္တရာယ်ကို ခံစားမိလိုက်သည်။
“ဟွန်း အခုက တိုက်ပွဲကို အဆုံးသတ်ဖို့ အချိန်ကျပြီ။ နောက်ပြီးမင်း ပုရွက်ဆိတ်လေး မင်းက ဘယ်နေရာမှာပုန်းပုန်း မလွတ်နိုင်ပါဘူး”
တတိယမြောက် ဝါးဦးထုပ်နှင့်လူက ပျောက်ကွယ်သွားပြီး ဒေါသတကြီးဖြစ်နေသည့် ရွှေရောင်လူထွားကြီးကသာ ပေါ်ထွက်လာသည်။ သူ၏ခန္ဓာကိုယ်က သံမဏိအလား မာကြောလေပြီး သူ၏ဖောင်းထွက် တင်းကားနေသော ကြွက်သားများက ဖျက်ဆီးခြင်းစွမ်းအားအပြည့်ဖြင့် ပေါက်ကွဲမတက် ပြင်းထန်နေသေးသည်။
ဘန်း
မရေမတွက်နိုင်သော လူပေါင်းများစွာ၏ စောင့်ကြည့်မှုအောက်တွင် ထိုရွှေရောင်လူထွားကြီးက ရှေ့သို့လှမ်းတက်လိုက်သည်။ သူ၏ ခြေတစ်လှမ်း လှမ်းလိုက်ချိန်တိုင်းလိုလို ခုနှစ်မီတာ၊ ရှစ်မီတာခန့်ကို ကျော်လွန်သွားနိုင်၏။ သူက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ စခန်းသို့ ရောက်လာနေချိန်တွင် ကမ္ဘာကြီးတစ်ခုလုံးက တုန်ခါနေလေသည်။ လေထုကပင် ချက်ချင်းလိုလို တင်းကြပ်သွားလေပြီး လူတိုင်းကလည်း ရွှေရောင်လူထွားကြီး၏ ချဉ်းကပ်လာမှုနှင့်အတူ မွန်းကြပ်မှုကို ခံစားလိုက်ရသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများ အားလုံးက ကြောက်လန့်သော မျက်နှာထားများနှင့် နောက်သို့စတင်ကာ ဆုတ်နေကြပြီဖြစ်လေသည်။
အခန်း(၁၃၆၀)
စွစ်
ရွှေရောင်လူထွားကြီးသည် လိုက်မမှီနိုင်လောက်သော အရှိန်နှုန်းဖြင့် လှုပ်ရှားပြီး တောင်ခြေသို့ ချက်ချင်းလိုလို ရောက်လာသည်။
သူ၏ညာခြေထောက်က ရှေ့သို့ လှမ်းတက်လိုက်သောအခါ လေပေါ်သို့ နင်းတက်ခြင်းပင် မပြုတော့ဘဲ တောင်ဆင်ခြေလျောပေါ်သို့ အရင်ဦးဆုံး နင်းချလာသည်။ သူ၏ ရွှေရောင်ခြေချောင်း ငါးချောင်းက ထိုမြေသားနှင့် ထိသောအခါ ထိုမြေသားကြီး တစ်ခုလုံးက ကွဲထွက်တော့မလို ရူးသွပ်စွာ တုန်ခါလာလေသည်။ ထိုမျှပြင်းထန်သော အင်အားက ကောင်းကင်ဘုံကိုးဆင့်မှ နတ်ဘုရားတစ်ပါး သေမျိုးလောကသို့ အမှန်တကယ် ဆင်းသက်လာပုံနှင့် တူလွန်းနေလေသည်။
“နတ်ဘုရားတွေကို အတိုက်အခံ လုပ်ရဲတဲ့အတွက် မင်းတို့အားလုံး သေရမယ်”
ရွှေရောင်လူထွားကြီးက လောကကို ငုံ့ကြည့်လိုက်သည်။ သူ၏ ကြေးနီရောင် မျက်ဝန်းတစ်စုံက တောင်ပေါ်တွင်ရှိသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်တပည့်များအား ပုရွက်ဆိတ်များကို ကြည့်သလို ကျော်ကြည့်လေသည်။
ထိုနတ်လူထွားကြီးသည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဂိုဏ်းသားများကို ကြောက်လန့်မှုဖြင့် ဖြူဖျော့စေလေသည်။
အချို့သော သိုင်းမျိုးကို မမြင်ဖူးချေ။ ထိုသိုင်းက ယင်နက်ဘိုးဘေးက အသုံးပြုနေသော နဂါးနက်ပုံစံကြီးပင်ဖြစ်စေ အော့ရန်ချန်းဟန် အသုံးပြုသော ချီလင်းပုံစံကြီးထက်ပင်ဖြစ်စေ သာလွန်နေခဲ့ပြီးသားဖြစ်သည်။ ဒါဟာ ကြယ်တာရာစွမ်းအင်ဖြင့် ဆင့်ခေါ်ထားခြင်း မဟုတ်တော့ဘဲ အသွေးအသားများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော အစစ်အမှန် ပြောင်းလဲမှုမျိုး ဖြစ်နေလေသည်။ ခုနှစ်ပေ၊ ရှစ်ပေခန့်မြင့်သော ထိုလူထွားတစ်ယောက်က မီတာနှစ်ဆယ်၊ သုံးဆယ်ခန့်မြင့်မားသော ရွှေရောင်လူထွားကြီး အသွင်ကို သူတို့၏အရှေ့တွင် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။ ထိုအခြေအနေက သူတို့၏ မျှော်လင့်စိတ်ကူးနိုင်သမျှ အားလုံးကို ကျော်လွန်နေပြီဖြစ်သည်။
“မိစ္ဆာသိုင်း ဒါက မိစ္ဆာသိုင်းပဲဖြစ်မယ်”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ကျွမ်းကျင်ပညာရှင် တစ်ယောက်က ကြောက်လန့်တကြားအော်သည်။
“ဟွန်း မိစ္ဆာသိုင်းဟုတ်လား ဘာကိုမှ နားမလည်တဲ့ ပုရွက်ဆိတ်တွေ ဒါက နတ်ဘုရားတစ်ပါးရဲ့ လက်ရာပဲ”
ရွှေလူထွားကြီးက လှောင်လိုက်သည်။ သူ၏မျက်နှာတွင် အထင်တသေး အပြုံးကလည်း ရှိနေသေးသည်။
“သူ့ကိုကြောက်မနေကြနဲ့။ သူ့မှာ တိရိစ္ဆာန်ခွန်အားပဲရှိတာ။ အားလုံးပဲ အတူပူးပေါင်းပြီး သူ့ကိုသတ်ကြ”
တစ်စုံတစ်ယောက်က ရုတ်တရက် ထအော်သည်။ ပြင်းထန်သောဖိအားနှင့် ကြောက်လန့်မှု၏ လှုံ့ဆော်မှုကို ခံရသောအခါ လူသားများသည် ပြေးလျှင်ပြေး မပြေးလျှင် ပို၍ကြမ်းတမ်းစွာ တိုက်ခိုက်ပေလိမ့်မည်။
စွစ်
အလင်းကတစ်ချက် လက်သွားသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသား တစ်ယောက်က လူထွားကြီးထံ ခုန်ဝင်လာသည်။ အခြားသောလူများက လိုက်ပါလာကြသည်။ အားလုံးက ရွှေရောင်လူထွားကြီးကို ရင်ဆိုင်သည်။
“အားလုံးပဲ မကြောက်ကြနဲ့။ သူ့ရဲ့ကိုယ်ရဲ့ ကြီးထွားမှုက ငါတို့ရဲ့ အားသာချက်ပဲ”
“သူ့ကိုအဖက်ဖက်ကနေ ဝိုင်းပြီးတိုက်ခိုက်ကြ။ အားလုံးပဲ အတူသတ်ကြမယ်”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများက အဖက်ဖက်မှ ခုန်ဝင်လာကြသည်။ သူတို့အားလုံးက အလွန်အမင်း ကြောက်လန့်နေသောကြောင့် သူတို့၏ အလားအလာများကို စစ်ထုတ်မိသွားသည်။ ထို့နောက် ကြယ်တာရာစွမ်းအင်များက ထိုးထွက်လာမှုနှင့်အတူ ပေါက်ကွဲသံများကို ဆက်တိုက်ဆိုသလို ကြားရသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများ အားလုံးက ပို၍ပြင်းထန်သော အင်အားကို စစ်ထုတ်နိုင်ကြပြီး ယခင်တိုက်ပွဲများထက် ပို၍ကြမ်းတမ်းစွာ တိုက်ခိုက်လာနိုင်ကြသည်။
“သတိထား”
တစ်ချိန်ထဲလိုလို ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အကြီးအကဲများကလည်း ထိုတိုက်ပွဲအတွင်း ဝင်ရောက်လာကြသည်။ သူတို့က သာမာန်တပည့်ဂိုဏ်းသားများထက် ပို၍ ကျင့်ကြံခြင်းအဆင့်မြင့်ပြီး ပို၍ပင် သန်မာသည်။ ထို့ကြောင့် လှုပ်ရှားမှု အနည်းငယ်ထဲနှင့်တင် လေထဲတွင် အမျိုးမျိုးသော အင်အားကြီးမားသည့် တိုက်ကွက်များက ပေါက်ကွဲထွက်စေပြီး လူထွားကြီးကို ထိခိုက်အောင် လုပ်ရန်အတွက် လေထုကို ထိုးခွဲလျှက် ဝင်ရောက်လာလေသည်။
လူထွားကြီးကလည်း သိပ်သည်းသော တိုက်ကွက်များ၏ ဝန်းရံမှုကို ခံလိုက်ရသည်။
“အသုံးမကျတဲ့ဟာတွေ”
လူထွားကြီးက အထင်တသေးသာပြုံးပြီး ကြမ်းတမ်းစွာ လက်သီးထိုးလိုက်သည်။
ခြိမ်း
ရွှေရောင်အလင်းတန်းက ထိုလက်သီးမှ ပေါက်ကွဲထွက်လာပြီးသည်နှင့် အလွန်အမင်း သိပ်သည်းကာ အင်အားကြီးမားလွန်းသော အရှိန်အဝါကို လွှတ်ထုတ်ရင်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများထံသို့ ဝင်ရောက်သွားသည်မှာ လေထဲတွင် ရွှေရောင်အားလှိုင်းတစ်လှိုင်း ပေါ်ထွက်လာလေရင်း သူတို့ကို ဟိန်းဟောက်ကာ ဝါးမြိုလိုက်သည်နှင့်ပင် တူသေးလေသည်။
ထို့နောက် ကျယ်လောင်လွန်းသော ပေါက်ကွဲသံကြီးက ဖြစ်ပေါ်လာသည်။ အချိန်ကပင် ရပ်တန့်သွားသလိုမျိုး ထင်ရ၏။ အခြားသော မရေမတွက်နိုင်သော လူပေါင်းများစွာက ကြောက်လန့်တကြား မော့ကြည့်မှုအတွင်းတွင် ရွှေရောင်လှိုင်းက စတင်ကာ ကျော်ဖြတ်သွားသည်။ ထိုသို့ ဖြတ်ကျော်ခံရသည့် နေရာတိုင်းတွင် ရှိသမျှသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများဟာ တောင့်ခဲသွားသလိုမျိုး မလှုပ်ရှားနိုင်အောင် ဖြစ်သွားကြသည်။ သူတို့၏ တစ်ကိုယ်လုံးက အညိုရောင် ကျောက်သားရုပ်ထုကြီးများအသွင် ပြောင်းလဲလျှက် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
ခြိမ်း
တခဏခန့် ရပ်တန့်သွားပြီးနောက် ရွှေရောင်အားလှိုင်းများဟာ အပြင်ဘက်သို့ စတင်ကာ ဖြာထွက်လာပြန်ပြီး ပတ်ဝန်းကျင်တွင် ရှိသမျှသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲများနှင့် တပည့်ဂိုဏ်းသားများ အားလုံးကို ထိမှန်သွားလေသည်။ ရွှေရောင်အလင်းတန်း တစ်တန်းက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသား တစ်ယောက်ကို ကျော်ဖြတ်သွားသောအခါ သူဟာ ရပ်တန့်သွားသည်။ ထို့နောက် သူ၏ဆံပင်က တောင့်ခဲသွား၏။ ထို့နောက် သူ၏အဝတ်၊ အသားအရည်၊ လက်သည်း အရာအားလုံးက ခဲသွားလေသည်။
ဘန်း
ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံက ထွက်လာသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသား၏ အသက်ဝင်နေသော ရုပ်ထုက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက်တွင် မရေမတွက်နိုင်သော အပိုင်းအစများအသွင် ပြောင်းလဲလျှက် ပေါက်ကွဲသွားသည်။
ဘုန်း
ဒုတိယ တစ်စက္ကန့်ခန့်ကြာပြီးနောက် နောက်ထပ် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသား တစ်ယောက်က မြေပြင်ပေါ်သို့ ပြုတ်ကျပြီး ပေါက်ကွဲသွားပြန်သည်။ ထို့နောက် တတိယ၊ စတုတ္ထ၊ ပဉ္စမ... မျက်တောင်တစ်ခတ် အချိန်အတွင်းတွင် ထိုရွှေရောင်အလင်းတန်း တစ်တန်းတည်းကတင် ထိုနေရာတွင် ရှိသမျှသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် တပည့်ဂိုဏ်းသားများနှင့် အကြီးအကဲများ အားလုံးကို ကျောက်တုံးအသွင် ပြောင်းလဲလိုက်စေသည်။
လက်သီးတစ်ချက်တည်းနှင့် ရွှေရောင်လူထွားကြီးက သူတို့အားလုံး၏ အသက်များကို အဆုံးသတ်ပေးလိုက်သည်။ ထို့ပြင် သူတို့သည် အသွေးအသားများနှင့် ပြုလုပ်ထားသော ခန္ဓာကိုယ် မဟုတ်တော့လေဘဲ ကျောက်တုံးရုပ်ထုကို အဆုံးသတ်ပေးသလို ဖြစ်နေသည်။
ဝှစ်
လေပြင်းက တောင်ထိပ်ကို ဖြတ်ကျော်လျှက် ဟိန်းဟောက်တိုက်ခိုက်လာချိန်တွင် အရာအားလုံးဟာ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ မရေမတွက်နိုင်သော ကျောက်တုံးပေါင်းများစွာက ထိုမြင်ကွင်းကို ကြည့်နေကြသည်။ သူတို့၏ဆံပင်က ထောင်တက်သွားသည်။ သူတို့၏နှလုံးသားက အေးစက်သွားပြီး မျက်နှာများက ဖြူဖျော့ကုန်ကြသည်။
“ဘယ်လို ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါက ဘယ်လိုမိစ္ဆာသိုင်းလဲ”
တောင်ပေါ်မှ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့၏ ကျွမ်းကျင်ပညာရှင်တစ်ယောက်က ခပ်တိုးတိုး ရေရွတ်သည်။ သူ၏နှလုံးသားက တုန်ယင်နေသည်။
ထိုစကားလုံးများက မရေမတွက်နိုင်သော လူပေါင်းများစွာ၏ စိတ်အတွင်း ဟိန်းထွက်နေခြင်းဖြစ်သည်။ မည်သူကမှလည်း ထိုကဲ့သို့သော သိုင်းမျိုးကို မမြင်ဖူးကြပေ။ သူတို့သည် အသွေးအသားဖြင့် လုပ်ထားသော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြသည်မှာ မှန်ကန်သည်။ သို့သော် ချက်ချင်းလိုလို ကျောက်သားရုပ်ထုအသွင် ပြောင်းလဲသွားပြီး ပြုတ်ကျလျှက် ပေါက်ကွဲကုန်လေသည်။ ထို့ကြောင့်ဒါကို သိုင်းဟု စဉ်းစားဆင်ခြင်၍ မရတော့လေဘဲ တစ်ဖက်သူ၏ ထူးခြားသော စွမ်းရည်ဟုပင် ပြောရတော့ပေမည်။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်က ထိုသို့ပြောလိုက်သလိုမျိုး မိစ္ဆာသိုင်းနှင့်ပင် တူသေးသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီနှင့် ဝမ်ချောင်တို့ကပင် အလားတူ မှင်သက်သွားကြသည်။ စုန့်ယွမ်ယွီကဲ့သို့သော လူမျိုးကပင် မျက်နှာထား တင်းမာသွားသည်။
“တကယ်ပဲ သူတို့က ဘယ်သူတွေလဲ”
စုန့်ယွမ်ယွီ၏မျက်လုံးက အေးစက်သောအလင်းဖြင့် ပေါက်ကွဲသွားသည်။ ယခုအချိန်အထိ အနက်ရောင်ဝတ်စုံနှင့် လူများ၏ တိုက်ခိုက်ရသည့် အကြောင်းပြချက်ကို မသိသေးပေ။ သူတို့၏ သိုင်းများကလည်း ဂိုဏ်းလောကအတွင်းတွင် ရှာတွေ့နိုင်ခြင်း မရှိသေးပေ။ ပို၍ဆိုးသည်မှာ သူ၏ တပည့်ဂိုဏ်သားပေါင်း မြောက်များစွာ အသတ်ခံရခြင်းက စုန့်ယွမ်ယွီ၏စိတ်ကို ဒေါသများ လိမ့်တက်လာစေသည်။
“ငါမင်းကိုအရင်သတ်မယ်။ အဲ့ဒီနောက် အဲ့ဒီလူထွားကြီးကို ရင်ဆိုင်မယ်”
စုန့်ယွမ်ယွီ၏ အေးစက်သောအကြည့်က အနီးအနားရှိ ဒုတိယမြောက် ဝါးဦးထုပ်နှင့်လူထံ ရောက်သွားသည်။
စွစ်
စုန့်ယွမ်ယွီက လက်ချောင်းကို လှုပ်ခါလိုက်ပြီး စွမ်းအင်လှိုင်းပေါင်း များစွာကို လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် ထိုလူထံ ပစ်လွှတ်လိုက်သည်။ တစ်ချိန်ထဲတွင်ပင် စုန့်ယွမ်ယွီ၏ ခန္ဓာကိုယ်က ယမ်းခါရင်း ပျောက်ကွယ်သွားသည်။
သူ့အနေဖြင့် ပထမဦးဆုံးအကြိမ်အဖြစ် တိုက်ခိုက်ရန် ကြိုးစားခြင်းဖြစ်သည်။
ဘုန်း
စုန့်ယွမ်ယွီက ဒုတိယမြောက် ဝါးဦးထုပ်နှင့်လူနှင့် ထိပ်တိုက်ရင်ဆိုင်သောအခါ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ထိုဝါးဦးထုပ်နှင့်လူက ကြီးမားသော အာကာသခြေလှမ်းကိုသုံးပြီး ရှောင်ရှားရန် ကြိုးစားလိုက်သည်။ သို့သော် စုန့်ယွမ်ယွီကမူ တစ်ဖက်သူ၏ ရွှေ့လျားမှုကို ကြိုတင်ကာ တွက်ချက်ထားနိုင်ပုံပေါ်လေပြီး သူ့အား ထိပ်တိုက်ရင်ဆိုင်အောင် တွန်းအားပေးလိုက်သည်။
စွစ်
စုန့်ယွမ်ယွီ၏ ပထမဦးဆုံး လက်ဦးမှုယူကာ တိုက်ခိုက်ခဲ့သည့် တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ဒုတိယမြောက် ဝါးဦးထုပ်နှင့်လူက တုန်ယင်စွာနှင့် သွေးအန်လိုက်ရသည်။ စုန့်ယွမ်ယွီက အင်အားတိုင်းကို ထုတ်သုံးလိုက်သောအခါ သူကိုယ်တိုင်ကပင် မယှဉ်နိုင်ပေ။
“ငါ့ရဲ့တပည့်ဂိုဏ်းသား အမြောက်အများကို သတ်ပြီးတဲ့နောက်မှာ ငါကမင်းကို ဘာမှမလုပ်နိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား”
စုန့်ယွမ်ယွီ၏ အေးစက်သောအသံက တောင်တန်းတခွင်အနှံ့ ပဲ့တင်ထပ်သွားသည်။ လေထုက စူးရှစွာနှင့် အော်ဟစ်ချိန်တွင် စုန့်ယွမ်ယွီ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်အလင်းတန်း ခြောက်ဆယ်၊ ခုနှစ်ဆယ်ခန့်က ပေါက်ထွက်လာပြီး ဒုတိယမြောက် ဝါးဦးထုပ်နှင့်လူကို လွှမ်းခြုံလိုက်သည်။ စုန့်ယွမ်ယွီက နောက်ဆုံးတွင် တိုက်ခိုက်လာသောအခါ ဒုတိယမြောက် ဝါးဦးထုပ်နှင့်လူကပင် တောင့်ခံရန်ခက်ခဲလေသည်။
ထိုအချိန်တွင် ဝမ်ချောင်ထက် မည်သူကမှ မအံ့ဩလောက်ချေ။ သူကိုယ်တိုင်ကပင် အနက်ရောင်ဝတ်စုံနှင့် လူကြောင့်ပင်ဖြစ်စေ၊ စုန့်ယွမ်ယွီကြောင့်ပင်ဖြစ်စေ မှင်သက်နေရလေသည်။
တကယ်ပဲဒါက ဘယ်လိုအဆင့်လွန်သိုင်းလဲ။ သူတို့က အဆုံးအစမဲ့တဲ့ သိုင်းတွေအားလုံးကို ပိုင်ဆိုင်ထားတဲ့ပုံပဲ။ နောက်ပြီး ဒီသိုင်းတွေအားလုံးကိုလည်း အမည်မသိရဘူးဆိုတော့ ဒီလူတွေက ဘယ်နေရာကလာတာလဲ။
ဝမ်ချောင်၏စိတ်က ထိုးမွှွေခံရသလို မွှေနှောက်ခံနေရသည်။ ခံစားချက်များက ရှုပ်ထွေးလိမ့်တက်ကုန်သည်။
သူ့အနေဖြင့် အနက်ရောင်ဝတ်စုံနှင့် လူများကို ပထမဦးဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်း မဟုတ်ချေ။ သူဟာ တစ်ဖက်သူများနှင့် အဆက်အသွယ် ရှိလာလေလေ ဝမ်ချောင်က ပို၍ စိတ်ရှုပ်လာလေလေဖြစ်သည်။ ထိုလူများက မြူထုတိမ်စိုင်အတွင်းမှ ထွက်လာသလိုမျိုး မြင်ရသော်လည်း ဖမ်းဆုပ်၍မရနိုင်ပေ။ ကွန်ဖြူးရှပ်ဂိုဏ်းကဲ့သို့ လျို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းအတွက်ပင် ဝမ်ချောင်က သမိုင်းမှတ်တမ်းများထဲမှ မှတ်တမ်းများကို ရှာဖွေနိုင်သေးသည်။ ထို့ကြောင့် သူတို့၏ ဇစ်မြစ်ကို နားလည်နိုင်သည်။ သို့သော် အနက်ရောင်ဝတ်စုံနှင့် လူများကမူ သူဟာ သူတို့ကို နားလည်လာလေလေ ပို၍ နားမလည်တော့လေလေ ဖြစ်လာသည်။
ယခုအချိန်အထိ ဝမ်ချောင် သူတို့နှင့်ပတ်သတ်ပြီး ဖတ်ဖူးသမျှ စာအုပ်က ဖိုင်မွန်စာအုပ်ဖြစ်သည်။
သို့သော် ဆမ်ဆာနစ်မင်းဆက်နှင့် အာရေးဗီးယား အင်ပါယာ၏ ဖိုင်မွန်ဒဏ္ဍာရီ မိစ္ဆာနတ်ဘုရား (၇၂)ပါးထဲတွင်ပင် သူတို့၏ဇစ်မြစ်ကို ရှာဖွေနိုင်ခဲ့ခြင်းမရှိပေ။ သူတို့၏ပန်းတိုင်ကိုဆိုလျှင် ပို၍ မသိနိုင်သေးပေ။
သူတို့သည် တစ္ဆေသရဲများကဲ့သို့ ရှည်လျားသော သမိုင်းမြစ်ကြီးတွင် ပျံသန်းနေသော ငှက်များနှင့်ပင် တူသေးသည်။ အနီးကပ်စစ်ဆေးကြည့်ရှု့ရန် ကြိုးစားကြည့်သောအခါ ဘာကိုမှ မတွေ့ရတော့ပေ။ ယခုအချိန်အထိ ဝမ်ချောင်ကိုယ်တိုင်ကလည်း ထိုလူများဟာ မည်သို့မည်ပုံ သူ့ဆီလာကြကြောင်း မသိနိုင်တော့ပေ။
အနောက်တောင်ပိုင်းမှ အနောက်မြောက်ပိုင်းအထိ ထိုလူများအားလုံးက သူ့ကိုသာ တောက်လျှောက် လိုက်ဖမ်းနေကြသည်။ သို့သော် ဝမ်ချောင်ကိုယ်တိုင်ကမူ ထိုသို့လိုက်ဖမ်းရသည့် ရည်ရွယ်ချက်ကိုလည်း မသိပါချေ။
စုန့်ယွမ်ယွီက အန္တရာယ်ရှိနေပြီ။
သူ၏စိတ်အတွင်း ထိုအတွေးက ပေါ်ပေါက်လာသည်။ ဝမ်ချောင်ကလည်း ထိုရွှေရောင်လူထွားကြီးက တောင်ထိပ်ပေါ်သို့ ခပ်မြန်မြန် တက်လာကြောင်းကို သတိထားမိလိုက်သည်။
သူ၏ခြေလှမ်းများဟာ နှေးသလိုထင်ရသော်လည်း သူသည် ဖော်ပြရန်ခက်ခဲလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ရွေ့လျားနေခဲ့ခြင်းဖြစ်သည်။ ထိုစွမ်းအင်အားလှိုင်းများက ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာခဲ့ပြီးနောက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားတိုင်းကို ကျောက်တုံးရုပ်ထုအသွင် ပြောင်းလဲနေပြီး မြေပြင်သို့ ပြုတ်ကျပေါက်ကွဲကုန်စေလေသည်။ ထိုအချိန်တွင် လေထုအတွင်း ကြယ်တာရာစွမ်းအင်များက ဆက်တိုက် လိမ့်တက်လျှက် မီးခိုးရောင် အညိုရောင် ကျောက်သားအလင်းတန်းများအသွင်ပြောင်းကာ ဆင်ခြေလျောပေါ်သို့ ပြုတ်ကျရင်း ရွှေရောင်လူထွားကြီး၏ တောင်ထိပ်သို့တက်သည့် လမ်းကြောင်းကို အမှတ်အသား ပြုပေးလေသည်။
လူတိုင်းကလည်း လူထွားကြီး၏ ခြောက်ခြားဖွယ်ကောင်းသော အင်အားကို မြင်ရသောအခါ အလွန်အမင်း ကြောက်လန့်ကုန်ကြသည်။ အားလုံးက နောက်သို့ စဆုတ်နေကြ၏။
တောင်ထိပ်တွင် စုန့်ယွမ်ယွီ၏မျက်နှာထားက တင်းမာနေပြီဖြစ်သည်။
“ဘေးထွက်နေ”
ရုတ်တရက် ရွှေရောင်လူထွားကြီး၏ ပါးစပ်မှ ကျယ်လောင်သော အော်ဟစ်သံက ထွက်ပေါ်လာသည်။ ရွှေရောင်လူထွားကြီး၏ မာနအရ သူ့အား စုန့်ယွမ်ယွီ၏ အဆင့်တွင်ရှိသော ပြိုင်ဘက်မျိုးကို ရင်ဆိုင်ရရာတွင် အခြားသောသူများကို ဝင်ရောက်ပူးပေါင်းစေလိုခြင်း မရှိပေ။
စွစ်
ဒုတိယမြောက် ဝါးဦးထုပ်နှင့်လူကလည်း ချက်ချင်းဆိုသလိုပင် သူ၏ ကြီးမားသော အာကာသခြေလှမ်းတိုင်းကို အသုံးပြုလျှက် စုန့်ယွမ်ယွီ၏ လက်ချောင်းပစ်ခတ်မှုများကြောင့် ထွက်လာသော စွမ်းအားလှိုင်း ရိုက်ချက်တစ်ချက်ကို ခံယူရင်း ထွက်ပြေးလိုက်သည်။ ဒုတိယမြောက် ဝါးဦးထုပ်နှင့်လူက နောက်ဆုတ်သွားသည့် အခိုက်အတန့်တွင်...
ဘုန်း
စုန့်ယွမ်ယွီနှင့် ရွှေရောင်လူထွားကြီးတို့က လေထဲတွင် ထိပ်တိုက်ရင်ဆိုင်ကြသည်။ သာမာန်လက်သီး အရွယ်အစားခန့်ရှိသော လက်သီးတစ်လုံးနှင့် တောင်တန်းတစ်လုံးမျှကြီးသော လက်သီးတစ်လုံးက ထိပ်တိုက်ရင်ဆိုင်ကြသည်။ သို့သော် ထိပ်တိုက်တွေ့ဆုံသွားသောအခါ မတူညီသော အဆင့်တွင်ရှိသော စွမ်းအားမျိုးကို လွှတ်ထုတ်နေသည်။
ထိုတိုက်ကွက်ကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်မျိုးကို မည်သူကမှ ဖော်ပြ၍ မရနိုင်လောက်ပေ။ ထိုနှစ်ယောက်က တိုက်ပွဲဖြစ်ပျက်သွားသောအခါ ကြီးမားသော တောင်တန်းကြီးကပင် လူထွားကြီး၏ လက်ထဲတွင် ဖြစ်ညှစ်ခံထားရသော ကျောက်သားတုံးတစ်တုံးလို ဖြစ်သွားသည်ဟုသာ ပြောရတော့ပေမည်။ ထိုတောင်ကြီး တစ်လုံးလုံးက ညဉ်းညူလျှက် တုန်ခါသွားသည်မှာ အချိန်မရွေး ပြိုလဲကျတော့မည်ဆိုသော ခံစားချက်မျိုးကိုပင် ရစေသည်။