အခန်း (၁၂၄၇-၁၂၄၉)
Vol. 85 Ch. 1247-1249
အခန်း (၁၂၄၇) ကိုယ့်ကျင်းကိုယ်တူးခြင်း
အထက်လူကြီးများကလည်း အင်တိုက်အားတိုက် ပံ့ပိုးပေးခဲ့ကြသဖြင့် ဓာတ်ခွဲခန်းဝင်းကြီး တည်ဆောက်ရန် သဘောတူညီချက် ရရှိခဲ့လေသည်။ သို့သော် အားလုံးအတွက် အဆင်ပြေစေရန် ရည်ရွယ်၍ တည်နေရာကို ကျင်းလင် (နန်ကျင်း) မြို့အနီးတွင် ရွေးချယ်ခဲ့သည်။ ထိုနေရာမှာ အလယ်ဗဟိုကျသဖြင့် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကုမ္ပဏီများအတွက် သွားလာရ လွယ်ကူပေသည်။
ပင်းစီးတီး စက်မှုထုတ်လုပ်ရေး အုပ်စုအတွက်မူ တည်နေရာမှာ ပြဿနာ မရှိလှပေ။ ဘာပဲဖြစ်ဖြစ် သူတို့သည် ကျင်းလင်မြို့၌ စက်ရုံရှိပြီးသား ဖြစ်သဖြင့် စမ်းသပ်မည့်ကားများကို ထိုစက်ရုံ၌ပင် တပ်ဆင်နိုင်ရာ အလွန်ပင်အဆင်ပြေလှသည်။
စီမံကိန်းကို အဆင့် ၃ ဆင့် ခွဲခြားထားပြီး အရေးကြီးသည့် တိုက်မိမှုစမ်းသပ်ခန်းနှင့် လေခွင်းအားစမ်းသပ်ခန်းတို့ကို အရင်ဆုံး တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အဓိကမှာ စက်ပစ္စည်းများ တပ်ဆင်စမ်းသပ်ရန်သာ ဖြစ်သဖြင့် ကျန်သည့်ကိစ္စများမှာ မခက်ခဲလှပေ။ မြေနေရာမှာလည်း မြေညှိပြီးသားဖြစ်သဖြင့် အသင့်အတင့် ရှိနေပြီးသား ဖြစ်သည်။ မူလက ထိုနေရာကို စက်မှုဇုန်အဖြစ် သတ်မှတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သဖြင့် ကျင်းလင်မြို့ဘက်မှလည်း ရင်းနှီးမြှုပ်နှံသူများကို စတင်ဖိတ်ခေါ်နေပြီ ဖြစ်သည်။
နိုင်ငံတော်က လျော်ကြေးငွေအချို့ ပေးခဲ့သလို ပင်းစီးတီး စက်မှုအုပ်စုကလည်း ငွေအချို့ ထပ်မံစိုက်ထုတ်ခဲ့သဖြင့် ကျင်းလင်မြို့ဘက်မှ မကျေနပ်မှုများကို ဖြေရှင်းနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဤဓာတ်ခွဲခန်းသည် ငွေစိုက်ထုတ်ထားသည့် ပင်းစီးတီး စက်မှုထုတ်လုပ်ရေးအုပ်စု၏ အမည်ပေါက်သာ ဖြစ်လာပေလိမ့်မည်။
တည်ဆောက်ရေး လုပ်ငန်းများ စတင်ချိန်တွင် ဖုန်းယွီအနေဖြင့် စိတ်အေးရပြီဟု ထင်မှတ်ခဲ့သော်လည်း၊ မထင်မှတ်ဘဲ ပြဿနာများက သူ့ထံသို့ အလိုအလျောက် ရောက်ရှိလာပြန်သည်။
Toyotaသည် အမေရိကန်တွင် GMနှင့် Fordကုမ္ပဏီများကို ဆက်သွယ်ကာ၊ Songjiang မော်တော်ကားများ အမေရိကန်၌ ဖွံ့ဖြိုးလာမှုကို ပူးပေါင်းနှိမ်နင်းရန် ကြိုးပမ်းနေကြောင်း ရဲလ်ဖ်က သတင်းပေးပို့လာသည်။
ထို့ပြင် Toyotaသည် Volkswagen (VW) အစရှိသည့် ကုမ္ပဏီများကိုလည်း ဆက်သွယ်ကာ Songjiangကားများ ဥရောပဈေးကွက်သို့ ထိုးဖောက်မှုကို ပိတ်ဆို့ရန် ကြံစည်နေသည်။ ဤသို့သာ ဖြစ်လာပါက Songjiangကားများ၏ ပြည်ပဈေးကွက်မှာ တဖြည်းဖြည်း ကျုံ့သွားမည်ဖြစ်ပြီး ကြီးမားသော အရှုံးနှင့် ရင်ဆိုင်ရပေလိမ့်မည်။
အကယ်၍ Songjiangကားအနေဖြင့် အရှုံးခံကာ ထိုစက်ရုံရှယ်ယာများကို ရောင်းချလိုက်မည်ဆိုပါက ဥရောပနှင့် အမေရိက ဈေးကွက်သို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးမှာ ပျောက်ဆုံးသွားမည် ဖြစ်သလို၊ ယခင်က ကြိုးစားခဲ့သမျှမှာလည်း အလဟဿ ဖြစ်သွားပေလိမ့်မည်။
အကယ်၍ ဆက်လက် ရုန်းကန်မည်ဆိုပါကလည်း မော်တော်ကားကုမ္ပဏီကြီးများ၏ ဝိုင်းဝန်းပိတ်ဆို့မှုအောက်တွင် အမြတ်အစွန်း ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထိုအခါ ပြည်ပဖက်စပ်စက်ရုံများ၏ အရှုံးသည် ပင်းစီးတီး စက်မှုထုတ်လုပ်ရေး အုပ်စုအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်လာပေလိမ့်မည်။
ဖုန်းယွီသည် ဤသတင်းကို ကြားသိရသောအခါ အခြေအနေမှာ အတော်လေး ခက်ခဲလှသည်ဟု ခံစားလိုက်ရသည်။ Toyotaက ဤကဲ့သို့ အခြေခံမှစ၍ ဖြိုလဲမည့် နည်းလမ်းကို သုံးလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အခြားကုမ္ပဏီများနှင့် ပူးပေါင်းရန်အတွက် Toyotaဘက်မှလည်း ပေးဆပ်ရမှုများ ရှိနိုင်သည် မဟုတ်ပါလား။
ကံကောင်းထောက်မစွာဖြင့် ရဲလ်ဖ်သည် ခါမီဒါ မာဆာအိုနှင့် ဆက်သွယ်ကာ အမြန်ဆုံး တုံ့ပြန်နိုင်မည့် နည်းလမ်းကို ရှာဖွေနိုင်ခဲ့သည်။ Toyotaက အခြားကုမ္ပဏီတွေကို ဆက်သွယ်နိုင်သလို၊ သူတို့ဘက်ကလည်း ဆက်သွယ်နိုင်သည်သာ မဟုတ်ပါလော။
Toyota ဆက်သွယ်ခဲ့သော ထိုကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် ဖက်စပ်စက်ရုံများ ရှိကြပြီး နှစ်စဉ် ဘာမှပေးဆပ်စရာမလိုဘဲ အမြတ်အစွန်း အတော်အသင့် ခွဲဝေရရှိနေကြသူများ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့၏ ကားမော်ဒယ်များနှင့် နည်းပညာများသည် တရုတ်ကားကုမ္ပဏီများအတွက် များစွာအထောက်အကူ ဖြစ်စေခဲ့ပြီး နည်းပညာပိုင်းကိုလည်း မြှင့်တင်ပေးနိုင်ခဲ့သည်။
မူလက ဤအချက်မှာ ပြဿနာ မရှိသော်လည်း၊ ပင်းစီးတီး စက်မှုထုတ်လုပ်ရေး အုပ်စုကဲ့သို့သော ဦးဆောင်ကုမ္ပဏီရှိလာသောအခါ ပြဿနာ စလာတော့သည်။ အကယ်၍ တရုတ်ကားကုမ္ပဏီများသာ ပူးပေါင်းလိုက်ကြမည်ဆိုပါက နည်းပညာပိုင်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာမည်မှာ သေချာသည်။ ယခင်ကလည်း တရုတ်နိုင်ငံတွင် ကုမ္ပဏီငယ်လေးများကို ပေါင်းစည်းကာ နိုင်ငံတကာတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကုမ္ပဏီကြီးများအဖြစ် ပြောင်းလဲပစ်ခဲ့ဖူးသည် မဟုတ်ပါလော။
သို့သော် ထိုကုမ္ပဏီကြီးများက သိထားသည်မှာ တရုတ်ကားကုမ္ပဏီများအနေဖြင့် ပေါင်းစည်းရန်မှာ မဖြစ်နိုင်သလောက်ပင်။ အကြောင်းမှာ သူတို့နှင့် ဖက်စပ်လုပ်ကိုင်စဉ်ကတည်းက မိမိတို့၏ အမြတ်အစွန်းကို ကာကွယ်ရန်အတွက် ကုမ္ပဏီကို ရင်းနှီးငွေ ထပ်ထည့်ခြင်း သို့မဟုတ် ပေါင်းစည်းခြင်း ပြုလုပ်လိုပါက မိမိတို့၏သဘောတူညီချက် ရယူရမည်ဟူသော စာချုပ်ပါ အချက်များ ရှိနေသောကြောင့် ဖြစ်သည်။
စာချုပ်သက်တမ်းမှာ အနှစ် ၂၀ သာရှိပြီး၊ အနှစ် ၂၀ ပြည့်ပါက တရုတ်ကားကုမ္ပဏီများဘက်မှ ရှယ်ယာများကို အတင်းအကျပ် ဝယ်ယူခွင့် ရှိသော်လည်း၊ ယခုအချိန်တွင်မူ ၁၀ နှစ်ကျော်မျှ လိုသေးသည်။ တရုတ်ကားကုမ္ပဏီများအနေဖြင့် ဆယ်စုနှစ်တစ်ခုကျော်မျှ မစောင့်နိုင်ဘဲ စာချုပ်ဖောက်ဖျက်ကာ အတင်းအကျပ် ပေါင်းစည်းမည်ဆိုပါက နိုင်ငံပေါင်းစုံနှင့် ရန်သူဖြစ်သွားမည်ဖြစ်သလို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ စည်းမျဉ်းများကိုလည်း ချိုးဖောက်ရာ ရောက်ပေလိမ့်မည်။
ပင်းစီးတီး စက်မှုထုတ်လုပ်ရေး အုပ်စု သို့မဟုတ် တရုတ်မော်တော်ကား လောကတစ်ခုလုံးထက်စာလျှင် Toyota၏ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တိုးတက်မှုနှုန်းမှာ ပိုမိုမြန်ဆန်လှသလို အဟုန်မှာလည်း ပိုမိုပြင်းထန်လှသည်။
ပြိုင်ပွဲတစ်ခုတွင် အပြေးပြိုင်နေသကဲ့သို့ပင် ဖြစ်သည်။ လူတစ်ယောက်က အဆင့် ၆ မှ အဆင့် ၃ သို့ တက်လှမ်းလာနိုင်ပါက၊ ရှေ့ဆုံးမှ ၅ ယောက်စလုံးသည် ထိုအဆင့် ၃ နေရာကို ရယူထားသူကိုသာ အဓိက ပြိုင်ဘက်အဖြစ် သတ်မှတ်ကြပေလိမ့်မည်။ အခြားလူတစ်ယောက်က အဆင့် ၃၀ မှ အဆင့် ၂၀ သို့ တက်လာခြင်းမှာ အဆင့်တက်မှု ပိုများသော်လည်း၊ ရှေ့ဆုံး ၅ ယောက်အတွက်မူ ဘာမှမဟုတ်လှပေ။ အကြောင်းမှာ ထိုအဆင့် ၂၀ မှ လူသည် သူတို့ကို ခြိမ်းခြောက်နိုင်ရန်အတွက် အခြားလူများစွာကို ကျော်ဖြတ်ရဦးမည် ဖြစ်သောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် Toyotaမှာ အဆင့် ၆ မှ အဆင့် ၃ သို့ တက်လာသူဖြစ်ပြီး၊ ပင်းစီးတီး စက်မှုထုတ်လုပ်ရေး အုပ်စုမှာမူ အဆင့် ၃၀ မှ ၂၀ သို့ တက်လာသူသာ ဖြစ်သည်။ ကျန်သော တရုတ်ကားကုမ္ပဏီများမှာမူ စာရင်းထဲပင် မပါဝင်သေးပေ။
ခြိမ်းခြောက်မှုဟု ပြောလျှင် Toyota၏ ခြိမ်းခြောက်မှုမှာ သိသိသာသာ ပိုမိုကြီးမားလှပေသည်။
သူတို့အနေဖြင့် ကုမ္ပဏီတစ်ခုကို ဖိနှိပ်မည်ဆိုပါက သေချာပေါက် ရှေ့ဆုံးကလူကိုသာ နှိမ်နှင်းကြမည် ဖြစ်သည်။ နောက်ကလူမှာမူ ရှေ့သို့ တက်လာမှသာ နှိမ်နှင်းလျှင်လည်း အချိန်မီသေးသည် မဟုတ်ပါလား။
ထို့ကြောင့် Toyotaမှာ ကံဆိုးမိုးမှောင် ကျသွားတော့သည်။
...
“ဥက္ကဋ္ဌကြီး... အရေးကြီးတဲ့ ကိစ္စတစ်ခု ပေါ်လာပြီ” ဝါတာနာဘေး ဂျွန်အီချီရိုသည် ကျန်းဖုရှစ်ဖု၏ ရုံးခန်းထဲသို့ ဇွတ်အတင်း ပြေးဝင်လာသည်။
ကျန်းဖုရှစ်ဖု ဒေါသထွက်သွားသည်။ “မင်းကို ဘယ်နှစ်ခါ ပြောရမလဲ။ ရုံးခန်းထဲဝင်ရင် တံခါးခေါက်ရမယ်လေ၊ တံခါးခေါက်ရမယ်လို့.. မင်းမှာ အခြေခံ ယဉ်ကျေးမှုလေးတောင် မရှိဘူးလား။ ပြန်ထွက်သွား... ပြီးမှ တံခါးပြန်ခေါက်ပြီး ဝင်ခဲ့”
ဝါတာနာဘေး လှည့်ထွက်သွားချိန်တွင် ကျန်းဖုရှစ်ဖု၏ ရုံးခန်းစားပွဲအောက်မှ လူတစ်ယောက် ထွက်လာပြီး အနားယူခန်းထဲသို့ အမြန်ပြေးဝင်သွားသည်။ ကျန်းဖုရှစ်ဖုသည်လည်း သူ၏ ဘောင်းဘီဇစ်ကို အမြန်ဆွဲလိုက်လေသည်။
ဒေါက်... ဒေါက်... ဒေါက်...
“ဝင်ခဲ့” ကျန်းဖုရှစ်ဖုက တည်ကြည်သောအမူအရာဖြင့် ပြောလိုက်သည်။
“ဥက္ကဋ္ဌကြီး... မကောင်းတော့ဘူး။ ဥရောပနဲ့ အမေရိကမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ရောင်းအားတွေက ပြဿနာ အကြီးကြီး တက်နေပြီ” ဝါတာနာဘေးက အော်ပြောလိုက်သည်။
“ဥရောပနဲ့ အမေရိကဘက်ကို မင်း တာဝန်ယူထားတာ မဟုတ်ဘဲနဲ့ ဘယ်လိုလုပ် သိတာလဲ။ မင်း တာဝန်ယူထားတဲ့ အာရှဒေသကိုပဲ ဂရုစိုက်စမ်းပါ။ မင်းက ဒုတိယဥက္ကဋ္ဌ ရာထူးကို မရသေးဘူးနော်” ကျန်းဖုရှစ်ဖုက မကျေမနပ် ပြောလိုက်သည်။ ဒီဝါတာနာဘေးကတော့ အောင်မြင်မှုလေး နည်းနည်းရတာနဲ့ ဘဝင်မြင့်နေပြီ ထင်သည်။
“မဟုတ်ပါဘူး ဥက္ကဋ္ဌကြီး။ ဒါက ဥရောပဌာနခွဲနဲ့ အမေရိကဌာနခွဲ ဥက္ကဋ္ဌတွေဆီက သတင်းပို့လာတာပါ။ သူတို့ အရေးတကြီး ဖြေရှင်းနေရလို့ ဥက္ကဋ္ဌကြီးဆီ ဖုန်းဆက်တာလည်း ဖုန်းပိတ်ထားတယ်၊ ရုံးဖုန်းကလည်း လိုင်းမအားဘူး ဖြစ်နေလို့ပါ” ဝါတာနာဘေးက အမြန် ရှင်းပြလိုက်သည်။
ကျန်းဖုရှစ်ဖု၏မျက်နှာတွင် အနည်းငယ် အနေခက်ဟန် ပေါ်သွားသော်လည်း ချက်ချင်းပင် မူလအတိုင်း ပြန်ပြင်လိုက်သည်။ “ဖုန်းက အားကုန်သွားလို့ပါ။ ရုံးဖုန်းကလည်း ခုနက ကောင်းကောင်း မချမိဘဲ ဖြစ်နေတာ နေမှာ။ ကဲ... ဘာဖြစ်တာလဲ၊ ပြောစမ်းပါဦး”
“ဥရောပနဲ့ အမေရိကမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ထုတ်ကုန် ရောင်းအားတွေက အကြီးအကျယ် ထိုးကျသွားပြီ”
“ဘာ... အကြီးအကျယ် ထိုးကျသွားတယ် ဟုတ်လား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ အခု ရောင်းနေတဲ့ ကားတွေမှာ ဘာအရည်အသွေး ပြဿနာမှ မရှိဘူး မဟုတ်လား”
“မရှိပါဘူး”
“ဒါဆို ဘာဖြစ်လို့လဲ” ကျန်းဖုရှစ်ဖုက ပျာပျာသလဲ မေးလိုက်သည်။ လောလောဆယ် ဂျပန်နှင့် ဥရောပ၊ အမေရိက ဆက်ဆံရေးမှာလည်း မဆိုးလှပေ။ ထိုနိုင်ငံများကို စိတ်ဆိုးအောင် လုပ်ထားမိတာမျိုးလည်း မရှိသည် မဟုတ်ပါလော။
ဒါမှမဟုတ် စတော့ဈေးကွက် အခြေအနေ မကောင်းလို့ လူတွေ ပိုက်ဆံရှုံးနေကြတာလား။ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် ရောင်းအားက အကြီးအကျယ် ထိုးကျစရာ မရှိပါဘူး။ မနှစ်က စတော့ဈေးကွက်မှာ ပြဿနာတက်တုန်းကတောင် သူတို့ ရောင်းအားက တက်ခဲ့သေးတာပဲ။
ဒီနှစ် ပထမနှစ်ဝက်မှာလည်း ရောင်းမထွက်တဲ့ အခြေအနေမျိုး မရှိခဲ့ပါဘူး။ ဘာတွေ မှားယွင်းသွားတာလဲ။
“ဥက္ကဋ္ဌကြီး... အကြောင်းရင်းကတော့ ဥရောပနဲ့ အမေရိကမှာရှိတဲ့ ကားကုမ္ပဏီကြီးတွေက ကျွန်တော်တို့ကို ဝိုင်းပြီး တိုက်ခိုက်နေကြလို့ပါ”
“ဘာ... ဥရောပနဲ့ အမေရိကက ကားကုမ္ပဏီကြီးတွေက ငါတို့ကို ဝိုင်းတိုက်နေကြတယ် ဟုတ်လား။ ဘာလို့ အဲဒီလို ဖြစ်ရတာလဲ” ကျန်းဖုရှစ်ဖု ဒေါသတကြီး မတ်တတ်ထရပ်လိုက်သည်။ မင်းပဲ အဲဒီကုမ္ပဏီတွေကို ဆက်သွယ်ပြီး ပင်းစီးတီး စက်မှုထုတ်လုပ်ရေး အုပ်စုကို ဝိုင်းနှိမ်နင်းဖို့ သွားပြောတာ မဟုတ်လား။
“ကျွန်တော်လည်း မသိတော့ဘူး။ အရင်က အဲဒီကုမ္ပဏီ အဆင့်မြင့် အရာရှိတွေနဲ့ ဆက်သွယ်တုန်းကတော့ သူတို့က သဘောတူခဲ့ကြတာပဲ။ ကျွန်တော်တို့နဲ့အတူ တရုတ်ကားကုမ္ပဏီတွေကို ဝိုင်းပြီး နှိမ်နင်းပေးပါ့မယ်လို့ ပြောခဲ့ကြတာ။ ဒါပေမဲ့ ဘာလို့လဲမသိဘူး... သူတို့က ရုတ်တရက် သေနတ်ပြောင်းဝကို လှည့်ပြီး ကျွန်တော်တို့ကို လာတိုက်နေကြတယ်။ သူတို့အားလုံး တစ်ပြိုင်တည်း ဈေးနှုန်းတွေ လျှော့ချပြီး အရောင်းမြှင့်တင်ရေးတွေ လုပ်နေကြတာ။ ဒါကို ကျွန်တော်တို့ ကြိုပြီး သတင်းတောင် မရလိုက်ဘူး”
“မင်းလို လူအကောင်က ဘာတွေ လျှောက်လုပ်လိုက်တာလဲ။ သူတို့က ဈေးလျှော့တော့ ငါတို့ကရော ဈေးမလျှော့နိုင်ဘူးလား။ ငါတို့ Toyotaက သူတို့ကို ကြောက်ရမှာလား။ ဥရောပနဲ့ အမေရိက ဌာနခွဲတွေကို ချက်ချင်း အကြောင်းကြားလိုက်... ငါတို့လည်း ဈေးနှုန်းလျှော့ချပြီး အရောင်းမြှင့်တင်ရေးတွေ ချက်ချင်း စလုပ်မယ်”
******
အခန်း (၁၂၄၈) ပြည်တွင်းပြည်ပ အကျပ်အတည်း
Toyotaသည်လည်း ဈေးနှုန်းလျှော့ချကာ အရောင်းမြှင့်တင်ရေးကို စတင်ခဲ့လေသည်။ မည်သည့်ကုမ္ပဏီကမှ အရောင်းမြှင့်တင်ရေးကို အချိန်အကြာကြီး ပြုလုပ်နိုင်လိမ့်မည်မဟုတ်ကြောင်း၊ ဤသို့ပြုလုပ်ခြင်းက အားလုံး၏ အမြတ်အစွန်းကို လျော့နည်းစေကာ တစ်ဦးကိုတစ်ဦး အနာတရဖြစ်စေမည့် နည်းလမ်းသာဖြစ်ကြောင်း သူတို့ ယုံကြည်ထားကြသည်။
အမှန်တစစ်တွင်လည်း မော်တော်ကားကုမ္ပဏီကြီးများ၏ ဈေးနှုန်းများမှာ မကြာမီမှာပင် ပုံမှန်အတိုင်း ပြန်လည်ဖြစ်ပေါ်သွားခဲ့သည်။ ထိုကုမ္ပဏီများ ယခင်က ဈေးလျှော့ခဲ့သည်မှာ မော်ဒယ်ဟောင်းများကိုသာ ဖြစ်ပြီး လက်ကျန်ပစ္စည်းများကို ရှင်းထုတ်သည့် သဘောသာ ဖြစ်လေသည်။ အကယ်၍ ထိုကားများ မရောင်းရဘဲ ထားရှိပါက တန်ဖိုးကျဆင်းသွားမည်ကို သူတို့ စိုးရိမ်ခဲ့ကြခြင်း ဖြစ်သည်။
Songjiang အမှတ်တံဆိပ် မော်တော်ကားများသည်လည်း ထိုနည်းတူပင်ဖြစ်ပြီး ယခင်က ထုတ်လုပ်ထားသော Guo Ao ကားအုပ်စုကို အရင်းဈေးနီးပါးဖြင့် ရောင်းထုတ်ပစ်လိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ရောင်းမထွက်ဘဲ ပုံထားပါက နေရာယူသည့်အပြင် သိုလှောင်ရုံစရိတ်လည်း ကုန်ကျပေလိမ့်မည်။ ထို့ပြင် Songjiang၏ Guo Ao မော်ဒယ်မှာ ပြည်ပတွင် မူလကတည်းက ရောင်းအား သိပ်မကောင်းလှချေ။
သို့သော် Toyotaမှာမူ ဈေးလျှော့ရောင်းခဲ့သည်မှာ ယခုနှစ်အတွက် မော်ဒယ်သစ်များကို ဖြစ်သည်။ သူတို့၏မော်ဒယ်ဟောင်းများကိုမူ ယခင်ကတည်းက အကုန်ရှင်းထုတ်ထားပြီးသား ဖြစ်လေသည်။ ရလဒ်အနေဖြင့် Toyota၏ ထုတ်ကုန်ရောင်းအားမှာ ပြဿနာစတက်တော့သည်။
အခြားကုမ္ပဏီများက မော်ဒယ်ဟောင်းများကိုသာ ရှင်းထုတ်ခြင်းဖြစ်ပြီး မော်ဒယ်သစ်များမှာ ဈေးနှုန်းမြင့်မားနေခြင်းကို လူတိုင်းက နားလည်ပေးနိုင်ကြသည်။ သို့သော် Toyotaမှာမူ မော်ဒယ်သစ်ကိုပင် ဈေးလျှော့ရောင်းခဲ့ခြင်းဖြစ်သည်။ သူတို့က ဈေးနှုန်းပြန်တင်လိုက်သည်နှင့် ဝယ်ယူမည့်သူ မရှိတော့ပေ။
လွန်ခဲ့သော အပတ်ကမှ ဈေးအများကြီး သက်သာနေခဲ့ပြီး ယခုအပတ်တွင် ရုတ်တရက် ဈေးတက်သွားခြင်းမှာ မည်သူမဆို နစ်နာသည်ဟု ခံစားရပေလိမ့်မည်။ မော်တော်ကားကဲ့သို့သော အရာမှာ ရှေးဟောင်းပစ္စည်းအဖြစ် သိမ်းဆည်းထားမည့် ကားမျိုးမှလွဲ၍ ဈေးနှုန်းမှာ အမြဲတမ်း ကျဆင်းနေရမည် ဖြစ်သည်။ ဈေးတက်သည်ဟူ၍ ဘယ်သောအခါမှ မကြားဖူးခဲ့ချေ။
ထို့ကြောင့် အခြားကားကုမ္ပဏီများ ပုံမှန်အတိုင်း ပြန်လည်ရောင်းချနိုင်ချိန်တွင် Toyota၏ ကားများမှာမူ ရောင်းမထွက်ဘဲ ပုံနေတော့သည်။
ထိုအချိန်တွင် လွန်ခဲ့သော တစ်လခန့်ကမှ Toyotaကား ဝယ်ယူထားသူများသည် တောင်းဆိုမှုများ ပြုလုပ်လာကြတော့သည်။ ကျွန်တော်တို့ ဝယ်ပြီး တစ်လပဲ ရှိသေးတယ်၊ ခင်ဗျားတို့က ဒီလောက်အများကြီး ဈေးလျှော့လိုက်တာ ဘာသဘောလဲ၊ ဘာလို့လဲ ဟု မေးခွန်းထုတ်လာကြသည်။
ထိုသူများသည်လည်း မိမိတို့ နစ်နာသည်ဟု ခံစားရသဖြင့် Toyotaဘက်မှ ပိုက်ဆံပြန်အမ်းရန် သို့မဟုတ် ဈေးနှုန်းကွာဟချက်ကို ပြန်ပေးရန် တောင်းဆိုကြလေသည်။ သို့သော် Toyotaအနေဖြင့် ထိုငွေများကို ပြန်အမ်းရန်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ပြန်အမ်းလိုက်ပါက ယခင်က ဝယ်ယူခဲ့သူအားလုံးကပါ လာရောက်တောင်းဆိုကြမည်ဖြစ်ရာ ဤသည်မှာ လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီပေ။
Toyotaက ဈေးနှုန်းကွာဟချက်ကို ပြန်မပေးသဖြင့် Toyota အရောင်းဆိုင်များတွင် ပြဿနာများ တက်လာခဲ့သည်။ ဤသည်မှာ Toyota၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်လာစေတော့သည်။
ဤနှစ်ပိုင်းများသည် Toyota၏ အရှိန်အဟုန် အကောင်းဆုံး နှစ်များဖြစ်ရာ ယခုကဲ့သို့ ပြဿနာပေါ်လာခြင်းက စီမံခန့်ခွဲသူများအတွက် အလွန် ခေါင်းခဲစရာ ဖြစ်လာခဲ့သည်။
ကုမ္ပဏီ ဒါရိုက်တာဘုတ်အဖွဲ့ အစည်းအဝေးတွင် ဥက္ကဋ္ဌကျန်းဖုရှစ်ဖုသည် အကြီးအကျယ် အဆဲခံလိုက်ရသည်။ ဤမျှလောက် အသုံးမကျသော ဆုံးဖြတ်ချက်မျိုးကို ဘယ်လိုများ ချလိုက်ရတာလဲ၊ တခြားလူတွေ ဈေးလျှော့တိုင်း လိုက်လျှော့ရအောင် သူတို့ ဘယ်မော်ဒယ်တွေကို လျှော့တာလဲဆိုတာကိုတောင် မစုံစမ်းဘူးလား၊ ဒါဟာ ပရော်ဖက်ရှင်နယ် စီမံခန့်ခွဲသူ တစ်ယောက် လုပ်ရမယ့် အလုပ်လား ဟု အပြောခံရလေသည်။
ဥရောပနှင့် အမေရိကဌာနခွဲ တာဝန်ခံနှစ်ဦးမှာ ခေါင်းငုံ့ကာ တိတ်ဆိတ်နေကြသည်။ အာရှဌာနခွဲမှ ဝါတာနာဘေး ဂျွန်အီချီရိုမှာမူ ခေါင်းက စားပွဲနှင့် ထိလုနီးပါးပင် ဖြစ်နေတော့သည်။ ဥရောပနှင့် အမေရိက တာဝန်ခံများမှာ မူလကတည်းက သံသယရှိခဲ့ကြသော်လည်း ထိုစဉ်က ဝါတာနာဘေးက ဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်ဟု အကြောင်းကြားခဲ့သဖြင့် သူတို့မှာ လိုက်နာခဲ့ကြရခြင်း ဖြစ်သည်။
ကျန်းဖုရှစ်ဖုလည်း သိထားသည်။ ထိုနေ့က သူသည် အနားယူခန်းထဲသို့ အမြန်သွားချင်နေသဖြင့် ကိစ္စရပ်များကို အသေးစိတ် မစဉ်းစားဘဲ မှားယွင်းသော ဆုံးဖြတ်ချက်ကို ချမိခဲ့ခြင်း ဖြစ်သည်။ သို့သော် ဥရောပနှင့် အမေရိက တာဝန်ခံများ၏သံသယရှိမှုများကို ဝါတာနာဘေးက သူ့ထံသို့ အစီရင်ခံခြင်း မရှိခဲ့သည်ကိုမူ သူ မထင်မှတ်ခဲ့ပေ။
အကယ်၍သာ အစီရင်ခံခဲ့လျှင် သူ သတိဝင်လာနိုင်စရာ ရှိသည်။
သို့သော် ဖြစ်ပျက်သွားသည်များအတွက် ဆင်ခြေပေး၍ မရတော့ပေ။ ယခုအချိန်တွင် အရေးကြီးဆုံးမှာ ဤပြဿနာကို မည်သို့ ဖြေရှင်းမည်နည်း ဆိုသည့် အချက်ပင် ဖြစ်သည်။
ကျန်းဖုရှစ်ဖုသည် Toyotaအတွက် များစွာ အကျိုးပြုခဲ့သူ ဖြစ်သည်။ Toyota၏ ဤမျှလောက်သော တိုးတက်မှုများမှာ ကျန်းဖုရှစ်ဖု၏ ဦးဆောင်မှုကြောင့် ဖြစ်သဖြင့် သူ၏ ကောင်းကွက်များကို လျစ်လျူရှု၍ မရနိုင်ပေ။
ထို့ကြောင့်လည်း Toyotaက ကျန်းဖုရှစ်ဖုအား ရှယ်ယာအမြတ်များစွာ ပေးအပ်ကာ ချီးမြှင့်ထားခြင်း ဖြစ်သည်။ အကြောင်းမှာ အခြားသော ကားကုမ္ပဏီများစွာက ကျန်းဖုရှစ်ဖုကို လစာအမြောက်အမြားပေးကာ ဆွဲဆောင်ခဲ့ကြသော်လည်း သူက မသွားခဲ့သောကြောင့် ဖြစ်သည်။
ကျန်းဖုရှစ်ဖု ကုမ္ပဏီမှ ထွက်မသွားခဲ့သည်မှာ ကံကောင်းသည်ဟု ဆိုရမည်။ ထို့ကြောင့်လည်း ဥက္ကဋ္ဌကြီး၏ဒေါသမှာ အနည်းငယ် ပြေလျော့သွားခဲ့ခြင်း ဖြစ်သည်။ ကျန်းဖုရှစ်ဖုသည် Toyotaအပေါ် သစ္စာရှိသည်ကို သူ သိထားသည်။ မဟုတ်ပါက အခြေအနေမှာ ဤထက် ပိုမိုဆိုးရွားသွားနိုင်သည်။
အခု ပြောစမ်းပါဦး... ဘယ်လိုလုပ်ကြမလဲ။ ပြီးတော့ ဘာလို့ အဲဒီကားကုမ္ပဏီတွေက ငါတို့ Toyotaကိုမှ ပစ်မှတ်ထားနေကြတာလဲဟု ဥက္ကဋ္ဌကြီးက မေးလိုက်သည်။
ကျန်းဖုရှစ်ဖုသည် ဝါတာနာဘေးကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ဝါတာနာဘေးသည် မတ်တတ်ရပ်ကာ ဦးညွှတ်လျက် ပြောလိုက်ရသည်။
ဥက္ကဋ္ဌကြီး... ကျွန်တော့်အမှားပါ။ Songjiang မော်တော်ကားက အင်ဂျင်ပါဝါ မြင့်မားတဲ့ SUV နဲ့ ပစ်ကပ်ကားတွေကို ထုတ်လုပ်လာတာက ကျွန်တော်တို့အတွက် ခြိမ်းခြောက်မှု အကြီးကြီးပါ။ ဒါကြောင့် တခြား ကားကုမ္ပဏီတွေကို ဆက်သွယ်ပြီး ဒီတရုတ်ကုမ္ပဏီကို ဝိုင်းနှိမ်နင်းဖို့ ကျွန်တော် ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ သူတို့က လက်ချင်းချိတ်ပြီး ကျွန်တော်တို့ Toyotaကို ပြန်တိုက်ခိုက်လိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့မိဘူး”
“မင်း ထင်တာလား... မင်း မထင်ထားဘူး ဟုတ်လား။ မင်းက ဘယ်လို ရာထူးနေရာမှာ ထိုင်နေတာလဲ။ ကုမ္ပဏီက မင်းကို ပေးထားတဲ့ ပိုက်ဆံတွေက နည်းနေလို့လား။ မင်းက ကုမ္ပဏီကို ဒီလိုပဲ ကျေးဇူးဆပ်တာလား။ ဝါတာနာဘေး ဂျွန်အီချီရို... ငါ အခုပဲ ကြေညာလိုက်မယ်၊ မင်းဟာ အာရှဌာနခွဲရဲ့ ဥက္ကဋ္ဌ ရာထူးနဲ့ မသင့်တော်တော့ဘူး။ ကုမ္ပဏီက လူသစ်တစ်ယောက် လွှတ်လိုက်မယ်။ မင်းရဲ့ အလုပ်ကိုတော့ ကုမ္ပဏီက ပြန်ပြီး စီစဉ်ပေးလိမ့်မယ်” ဥက္ကဋ္ဌကြီးက ကြေညာလိုက်လေသည်။
ဝါတာနာဘေး ထိတ်လန့်သွားသည်။ ဤမျှလောက်အထိ ပြင်းထန်လိမ့်မည်ဟု သူ မထင်ထားပေ။ သူသည် ကျန်းဖုရှစ်ဖုကို အသနားခံသည့် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သော်လည်း ကျန်းဖုရှစ်ဖုက မျက်နှာလွှဲထားလိုက်သည်။
ကိုယ့်ကိုယ်ကိုယ်တောင် မနည်းကယ်နေရချိန်တွင် သူတစ်ပါး အသက်ရှင်ရေးကို မည်သူက ဂရုစိုက်နိုင်ပါဦးမည်နည်း။
“ကျန်းဖုရှစ်ဖု... ဖြေရှင်းမယ့် နည်းလမ်းကိုရော စဉ်းစားပြီးပြီလား။ ဒီသက်ရောက်မှုတွေကို ဘယ်လို မြန်မြန် ရှင်းပစ်မလဲ” ဥက္ကဋ္ဌကြီးက လှည့်မေးလိုက်သည်။
ကျန်းဖုရှစ်ဖုက ပြန်ဖြေသည်။
“ကျွန်တော်တို့ စဉ်းစားထားပါတယ်။ အဲဒါကတော့ မော်ဒယ်သစ်တွေကို ချက်ချင်း ထုတ်လုပ်ဖို့ပါပဲ။ အခုရှိနေတဲ့ ကားတွေကိုတော့ အရောင်းမြှင့်တင်ရေး ဈေးနှုန်းအတိုင်း ဆက်ရောင်းသွားမယ်။ လွန်ခဲ့တဲ့ တစ်လလောက်က ဝယ်ထားတဲ့သူတွေကိုတော့ အခမဲ့ ပြုပြင်ထိန်းသိမ်းမှု တစ်ကြိမ် ပေးတာ ဒါမှမဟုတ် လက်ဆောင်ပစ္စည်းလေးတွေ ပေးပြီး သူတို့ရဲ့ ဒေါသကို လျှော့ချပေးပါ့မယ်”
“မော်ဒယ်သစ် ထုတ်မယ် ဟုတ်လား။ အခု ရောင်းနေတဲ့ ကားတွေက ဈေးကွက်ထဲ ရောက်တာ မကြာသေးဘူးလေ။ အခု မော်ဒယ်သစ် ထပ်ထုတ်ဖို့ဆိုတော့ ဒီဇိုင်းဌာနမှာ အဆင်သင့်ရှိလို့လား” ဥက္ကဋ္ဌကြီးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ကားရဲ့ အပြင်ပိုင်း ဒီဇိုင်းကို နည်းနည်း ပြောင်းမယ်၊ အတွင်းပိုင်းကို မြှင့်တင်မယ်၊ ပြီးတော့ နာမည်အသစ် တစ်ခု ပေးလိုက်ရင် မော်ဒယ်သစ် ဖြစ်သွားပြီလေ။ ဒါဆိုရင် အရင်က ကားတွေရဲ့ အမြတ်က နည်းသွားပေမဲ့ ကျွန်တော်တို့ အရှုံးတော့ မပေါ်နိုင်ပါဘူး။ ပြီးတော့ ဒီနှစ်အတွက် ကျွန်တော်တို့ရဲ့ ကားရောင်းအားကိုလည်း မြင့်တက်စေမှာမို့ Toyotaအတွက် ကြော်ငြာကောင်းတစ်ခု ဖြစ်သွားစေနိုင်ပါတယ်” ကျန်းဖုရှစ်ဖုက ဦးနှောက်ကို အမြန်သုံးကာ အကြံပေးလိုက်လေသည်။
အမှန်အတိုင်း ပြောရလျှင် ဤနည်းလမ်းမှာ နည်းလမ်းကောင်း မဟုတ်သော်လည်း သူ အမြန်ဆုံး စဉ်းစားမိသည့် နည်းလမ်း ဖြစ်သည်။ ထို့ပြင် ပြဿနာများကို ရှင်းလင်းရန်အတွက်လည်း အတိုင်းအတာတစ်ခုအထိ အထောက်အကူ ဖြစ်စေပေသည်။
“အင်း... အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့။ မင်းကို သတိပေးလိုက်မယ်၊ ဒီတစ်ခါတော့ ဘာအမှားအယွင်းမှ မရှိစေနဲ့။ မဟုတ်ရင် စာချုပ်အတိုင်း မင်းက တစ်ပြားမှ ရမှာမဟုတ်တဲ့အပြင် ကုမ္ပဏီရဲ့ နစ်နာမှုတွေကိုပါ ပြန်လျော်ရလိမ့်မယ်” ဥက္ကဋ္ဌကြီးက သတိပေးလိုက်လေသည်။
ကျန်းဖုရှစ်ဖု သက်ပြင်းချလိုက်နိုင်ပြီး ချက်ချင်းပင် ဦးညွှတ်ကာ ဝန်ခံလိုက်သည်။
အစည်းအဝေး ပြီးဆုံးသောအခါ ကျန်းဖုရှစ်ဖုသည် ဝါတာနာဘေးကို ရုံးခန်းသို့ ခေါ်ယူကာ စိတ်မပူရန် ပြောလိုက်သည်။ တစ်နှစ်အတွင်း ဝါတာနာဘေးကို ရာထူးပြန်ပေးမည်ဖြစ်ကြောင်း၊ လောလောဆယ်တွင်မူ ထောက်ပံ့ရေးဌာနသို့ ခဏသွားလုပ်နေရန် ပြောလိုက်လေသည်။
ကျန်းဖုရှစ်ဖုသည် အလုပ်ထဲတွင် အာရုံစိုက်လိုက်သောအခါ အလွန်ပင် စွမ်းဆောင်ရည် မြင့်မားလှသည်။ သို့သော် သူတို့ မထင်မှတ်ထားသည်မှာ ဥရောပနှင့် အမေရိက ပြဿနာများ မပြေလည်သေးခင်မှာပင် ဂျပန်ဈေးကွက်တွင် ပြဿနာ ထပ်ပေါ်လာခြင်း ဖြစ်သည်။
Toyota၏ ဖိနှိပ်မှုကို ခံထားရသော ဟွန်ဒါ ကုမ္ပဏီသည် နစ်ဆန်း အစရှိသော ကုမ္ပဏီများနှင့် ပူးပေါင်းကာ ဂျပန်ဈေးကွက်အတွင်း၌ အရောင်းမြှင့်တင်ရေးများ စတင်လုပ်ဆောင်လာကြသည်။ ဂျပန်နိုင်ငံသည် Toyota၏ အခြေစိုက်စခန်း ဖြစ်ရာ၊ မိမိနိုင်ငံ၏ နံပါတ် ၁ နေရာကို အဆုံးရှုံးမခံနိုင်ပေ။
ထို့ကြောင့် Toyotaသည် ပြည်တွင်းရော ပြည်ပမှာပါ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ကျန်းဖုရှစ်ဖုသည် အလွန်ပင် ဒေါသထွက်နေမိသည်။ ဘာကြောင့် ကားကုမ္ပဏီအားလုံးက Toyotaကိုမှ ဝိုင်းပြီး တိုက်ခိုက်နေကြရတာလဲ။
ဒါ ဘာကြောင့်ပါလိမ့်...
******
အခန်း (၁၂၄၉) မော်ဒယ်သစ်များအတွက် လုပ်ပိုင်ခွင့် ပေးအပ်ခြင်း
လီမင်တေသည် ဖုန်းယွီထံသို့ သတင်းကောင်းတစ်ခု ပေးပို့လာခဲ့သည်။ ဥရောပနှင့် အမေရိကတွင် အရောင်းမြှင့်တင်ရေး ပြဿနာများ ပြေလည်သွားပြီဖြစ်ကြောင်း၊ Toyotaဘက်မှလည်း တုံ့ပြန်မှုများ ပြုလုပ်ခဲ့သော်လည်း အတိုင်းအတာတစ်ခုအထိ ထိခိုက်မှုရှိသွားခဲ့ပြီး အထူးသဖြင့် ယခုနှစ်အတွက် Toyota၏ အမြတ်အစွန်းမှာ ခန့်မှန်းထားသည်ထက် လျော့နည်းသွားမည်မှာ သေချာကြောင်း သတင်းပို့လာခြင်း ဖြစ်သည်။
သို့သော် ဖုန်းယွီကမူ အခြေအနေမှာ ဤမျှလောက်နှင့် ရိုးရှင်းလိမ့်မည်မဟုတ်ဟု ခံစားနေမိသည်။
ဖုန်းယွီသည် Toyota၏ တုံ့ပြန်မှုကို စိုးရိမ်နေခြင်း မဟုတ်ပေ။ ကမ္ဘာပေါ်ရှိ မည်သည့်ကုမ္ပဏီနှင့်မဆို ယှဉ်ပြိုင်ရန် သူ မကြောက်သော်လည်း၊ အကယ်၍ နိုင်ငံခြား ကားကုမ္ပဏီကြီးများ အားလုံး စုပေါင်းလိုက်ကြမည်ဆိုပါက ပင်းစီးတီး စက်မှုထုတ်လုပ်ရေး ကုမ္ပဏီအုပ်စုအတွက် အခြေအနေ ဆိုးရွားသွားနိုင်သည်။
ဖုန်းယွီ၏ စိုးရိမ်မှုမှာ အမှန်တကယ်ပင် ဖြစ်လာခဲ့သည်။ နောက်တစ်နေ့တွင် လီမင်တေက သူ့ထံ ဖုန်းဆက်လာပြီး မကောင်းသော သတင်းတစ်ခုကို ပြောပြလာသည်။
Toyotaသည် FAW နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်လိုက်ပြီး၊ FAW နှင့် ဖက်စပ်လုပ်ကိုင်နေသော ကုမ္ပဏီသို့ နောက်ထပ် မော်ဒယ်သစ် နှစ်မျိုး ထုတ်လုပ်ခွင့် ပေးအပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် FAW က Toyotaသို့ ငွေသားအမြောက်အမြား ပေးချေခဲ့သည်။
သို့သော် FAW သည်လည်း လိမ္မာပါးနပ်လှပေသည်။ သူတို့သည် ပူးပေါင်းဆောင်ရွက်မည့် စာချုပ်သက်တမ်းကို ထပ်မံတိုးမြှင့်ခြင်း မပြုရန် အခိုင်အမာ ဆုပ်ကိုင်ထားခဲ့သည်။ ဆိုလိုသည်မှာ ဤမော်ဒယ်နှစ်မျိုးသည် Toyotaအတွက် ဆယ်စုနှစ်တစ်ခုကျော်မျှသာ အမြတ်အစွန်း ပေးစွမ်းနိုင်မည်ဖြစ်ပြီး၊ ထိုကာလ ပြီးဆုံးပါက ဤဖက်စပ်ကုမ္ပဏီသည် FAW ၏ ရာနှုန်းပြည့်ပိုင်ဆိုင်သော ကုမ္ပဏီခွဲတစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွားမည် ဖြစ်သည်။
ဤကဲ့သို့သော အခြေအနေသည် Toyotaအတွက် နစ်နာသည်ဟု ဆိုနိုင်သည်။ မိမိတို့၏ ကားမော်ဒယ် နည်းပညာများကို ဖက်စပ်ကုမ္ပဏီသို့ အဆက်မပြတ် ရောင်းချနေရခြင်းက FAW ၏ နည်းပညာ အင်အားကို မြှင့်တင်ပေးရန် ကူညီပေးနေသကဲ့သို့ပင်။ ထွက်ပေါ်လာသော ကားရောင်းရငွေမှ Toyotaက အမြတ်ခွဲဝေမှု ရရှိမည်ဆိုသော်လည်း ဥရောပနှင့် အမေရိကရှိ ဖက်စပ်စက်ရုံများနှင့် ယှဉ်လျှင်မူ များစွာ နည်းပါးလှပေသည်။
မူလက Toyotaသည် FAW နှင့် ဖက်စပ်လုပ်ကိုင်ခြင်းဖြင့် မိမိတို့၏ အမှတ်တံဆိပ်ကို တရုတ်နိုင်ငံတွင် နာမည်ကျော်ကြားလာအောင် ပြုလုပ်ရန်နှင့် ကြီးမားသော အလားအလာရှိသည့် တရုတ်ဈေးကွက်ကို သိမ်းပိုက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင်မှ တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ရောင်းချခြင်းဖြင့် အမြတ်အစွန်း ပိုမိုရယူရန် ကြံစည်ခဲ့ကြသည်။ အနာဂတ်တွင် ဖက်စပ်ကုမ္ပဏီ၏ ရှယ်ယာများကို ပိုမိုပိုင်ဆိုင်နိုင်ရန် သို့မဟုတ် အခြားသော ကုမ္ပဏီများနှင့်ပါ ဖက်စပ်လုပ်ကိုင်ရန်လည်း မျှော်လင့်ထားခဲ့ကြသည်။
သို့သော် ထိုအချိန်တွင် တရုတ်အစိုးရ ခေါင်းဆောင်များက နိုင်ငံခြား ကုမ္ပဏီများနှင့် ဖက်စပ်စက်ရုံသစ်များ တည်ဆောက်ခြင်းကို ရပ်ဆိုင်းလိုက်သည်။ နောင်လာမည့် နှစ်အနည်းငယ်အတွင်း တရုတ်ကားကုမ္ပဏီများအနေဖြင့် နိုင်ငံခြားနှင့် ဖက်စပ်လုပ်ငန်းသစ်များ ထပ်မံလုပ်ကိုင်ခွင့် ရတော့မည် မဟုတ်ပေ။
ဤသည်မှာ ဖုန်းယွီ၏ကြိုးပမ်းမှုကြောင့် ဖြစ်သည်။ သူသည် နိုင်ငံခြားနှင့် ဖက်စပ်လုပ်ကိုင်ခြင်း၏ အားနည်းချက်များကို အထက်လူကြီးများအား တင်ပြခဲ့သည်။ အကယ်၍ နှစ်အနည်းငယ်ကြာတိုင်း ဖက်စပ်စက်ရုံသစ်များ ပေါ်ထွက်နေမည်ဆိုပါက ယခင်က ပင်ပင်ပန်းပန်း ဆွေးနွေးခဲ့သည့် စာချုပ်များမှာ အဘယ်အဓိပ္ပာယ် ရှိတော့မည်နည်း။ စာချုပ်တစ်ခု သက်တမ်းကုန်ဆုံးသည်နှင့် နောက်ထပ် ဖက်စပ်စက်ရုံသစ်တစ်ခု ထပ်ပေါ်လာမည်ဆိုပါက ဈေးကွက်တစ်ခုလုံးတွင် နိုင်ငံခြား အမှတ်တံဆိပ် ဖက်စပ်ကားများသာ ပြည့်နှက်နေပေလိမ့်မည်။
အကယ်၍ အမှန်တကယ် ဖက်စပ်လုပ်ကိုင်လိုပါက တစ်ဖက်လူထံမှ နည်းပညာကို ရယူကာ မိမိတို့ကိုယ်တိုင် မော်ဒယ်သစ်များ ထုတ်လုပ်ပြီး ကိုယ်ပိုင်အမှတ်တံဆိပ်ကိုသာ ထိန်းသိမ်းထားသင့်သည်။ နိုင်ငံခြား အမှတ်တံဆိပ်ကိုသာ ဆက်လက် သုံးစွဲနေမည်ဆိုပါက ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ကြာပြီးနောက် ဖက်စပ်လုပ်ငန်း ပြီးဆုံးသွားသည့်တိုင် ကိုယ်ပိုင်အမှတ်တံဆိပ်မှာ နာမည်မရှိသဖြင့် ပြန်လည် အကျပ်ရိုက်သွားနိုင်သည်။
အထက်လူကြီးများကလည်း ဖုန်းယွီ၏စကားမှာ ကျိုးကြောင်းဆီလျော်သည်ဟု ယူဆခဲ့ကြသည်။ သို့သော် အခြေအနေအရပ်ရပ်ကို သေချာစွာ သုတေသန ပြုလုပ်ရန် လိုအပ်သဖြင့် နိုင်ငံခြားနှင့် ဖက်စပ်ကားကုမ္ပဏီသစ်များ တည်ထောင်ခြင်းကို ခဏရပ်ဆိုင်းထားကာ၊ သေချာစွာ စိစစ်ပြီးမှသာ ပြန်လည်ဖွင့်ပေးရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဖုန်းယွီ၏ရည်ရွယ်ချက်မှာ အောင်မြင်ခဲ့သည်။ ဤသည်မှာ နိုင်ငံခြား အမှတ်တံဆိပ်များ ကျူးကျော်ဝင်ရောက်မှုကို များစွာ တားဆီးပေးနိုင်ခဲ့သည်။
မူလက ဖုန်းယွီ ထင်မှတ်ထားသည်မှာ ဤသို့ပြုလုပ်လိုက်ပါက ကားကုမ္ပဏီကြီးများသည် အထက်၏ လမ်းညွှန်ချက်အတိုင်း ကိုယ်ပိုင်အမှတ်တံဆိပ် ကားများကိုသာ အားသွန်ခွန်စိုက် ထုတ်လုပ်လာကြလိမ့်မည် ဟူ၍ ဖြစ်သည်။ အကယ်၍ ကား၏ အရည်အသွေး ကောင်းမွန်ပါက အစိုးရရုံးသုံးကားများအဖြစ် ဝယ်ယူရန် အထက်က အရိပ်အယောင် ပြထားပြီး ဖြစ်ရာ၊ ဤသည်မှာ ကုမ္ပဏီများအတွက် ပံ့ပိုးမှုတစ်ခုပင် ဖြစ်သည်။
ပြည်သူလူထု၏ စိတ်ထဲတွင် အစိုးရအရာရှိကြီးများ စီးသည့်ကားမှာ သေချာပေါက် ပစ္စည်းကောင်း ဖြစ်ရမည်ဟူသော အသိမျိုး ရှိတတ်ကြသည်။ ယခင်က ပြည်တွင်းဖြစ် ဟုန်ချီနှင့် ဂျစ်ကားများ၊ နောက်ပိုင်းတွင် ပေါ်ထွက်လာသော Santanaဖက်စပ်ကားများမှာလည်း အစိုးရရုံးသုံးကားများအဖြစ် လူမြင်ကွင်းသို့ ရောက်ရှိလာခဲ့ရာမှ စားသုံးသူများကြားတွင် နာမည်ကြီးခဲ့ခြင်း ဖြစ်သည်။
အစိုးရရုံးသုံးကားများအဖြစ် ဝယ်ယူခြင်းက လူထု၏ စိတ်ကို လွှမ်းမိုးစေနိုင်သလို ပြည်တွင်း အမှတ်တံဆိပ်များအတွက်လည်း ကြော်ငြာပေးရာ ရောက်ပေသည်။
အထက်လူကြီးများမှာ ဤကဲ့သို့ စေတနာအပြည့်ဖြင့် လုပ်ဆောင်ခဲ့ကြသော်လည်း Toyota၏ ဤလှည့်ကွက်ကိုတော့ မကာကွယ်နိုင်ခဲ့ကြပေ။ စာချုပ်အရ သူတို့သည် မော်ဒယ်သစ်များကို ဖက်စပ်ကုမ္ပဏီသို့ ဆက်လက် ပံ့ပိုးပေးရမည် ဖြစ်ပြီး၊ မူလက နောက်ထပ် နှစ်နှစ်ခန့်အကြာမှ ပေးရန် စီစဉ်ထားသော်လည်း ယခုအခါ အချိန်မတိုင်ခင် စောစီးစွာ ပေးအပ်လိုက်ခြင်း ဖြစ်သည်။
FAW ကဲ့သို့သော ကုမ္ပဏီများအတွက်မူ ဖက်စပ်ကားများကို ထုတ်လုပ်ရခြင်းမှာ ပိုမိုလွယ်ကူသလို၊ နည်းပညာပိုင်းမှာလည်း အသားကျပြီးသား ဖြစ်ကာ အရင်းအနှီးလည်း သိပ်မလိုပေ။ ကိုယ်ပိုင်ကား မော်ဒယ်သစ် တစ်ခုကို သုတေသန ပြုလုပ်ရန်မှာ ငွေအမြောက်အမြား လိုအပ်လှသည်။ အထူးသဖြင့် တိုက်မိမှုစမ်းသပ်ချက်များ ပြုလုပ်ရမည့် စည်းကမ်းများ ရှိလာချိန်တွင် ပို၍ပင် ကုန်ကျစရိတ် များပြားလာသည်။
မထင်မှတ်ထားသည်မှာ ပြဿနာက ဤမျှနှင့် မပြီးဆုံးသေးဘဲ၊ အခြားသော တရုတ်ကားကုမ္ပဏီများ၏ ဖက်စပ်လုပ်ငန်းများမှာလည်း မော်ဒယ်သစ် ထုတ်လုပ်ခွင့်များကို ရရှိလာကြခြင်း ဖြစ်သည်။ ယခင်ကဆိုလျှင် ထိုမော်ဒယ်များကို ပြည်ပမှ တင်သွင်းမှသာ ရရှိနိုင်ခြင်း ဖြစ်သည်။
ထိုမော်ဒယ်များသည် တရုတ်နိုင်ငံတွင် အတိုင်းအတာတစ်ခုအထိ နာမည်ရပြီးသား ဖြစ်သည်။ ပြည်တွင်း၌ ထုတ်လုပ်သောအခါ ဈေးနှုန်းမှာ အနည်းငယ် ကျဆင်းသွားမည် ဖြစ်သော်လည်း အများကြီးတော့ လျော့နည်းသွားမည် မဟုတ်ပေ။ နိုင်ငံခြားမှ တင်သွင်းသော ကားများမှာ အခွန်အခများကြောင့် ဈေးနှုန်း သုံးဆခန့် မြင့်မားနေသော်လည်း၊ ဖက်စပ်ထုတ်လုပ်သောအခါ သွင်းကုန်ခွန် မရှိတော့သဖြင့် အမြတ်အစွန်းမှာ အကြီးအကျယ် တိုးတက်လာတော့သည်။
တရုတ်ကားကုမ္ပဏီများ၏ ရှေ့တွင် လမ်းနှစ်လမ်း ရှိနေသည်။ ပထမတစ်လမ်းမှာ ဤဖက်စပ်ကားများကို အင်တိုက်အားတိုက် ထုတ်လုပ်ရန် ဖြစ်သည်။ အမြတ်၏ သုံးပုံတစ်ပုံခန့်ကို နိုင်ငံခြားသားများအား ခွဲဝေပေးရမည် ဖြစ်သော်လည်း အမြတ်မှာ အလွန်ပင်မြင့်မားလှသည်။ ဒုတိယလမ်းမှာမူ ကိုယ်ပိုင်အမှတ်တံဆိပ် ကားများကို သုတေသန ပြုလုပ်ရန်ဖြစ်ပြီး၊ ငွေအမြောက်အမြား ရင်းနှီးရမည့်အပြင် ဖက်စပ်ကားများမှ ရရှိမည့် မြင့်မားသော အမြတ်အစွန်းများကိုပါ စွန့်လွှတ်ရမည် ဖြစ်သည်။
ထိုအမြတ်အစွန်းမှာ မပြောပလောက်သော ပမာဏ မဟုတ်ပေ။ အချို့သော ကားများ၏ အမြတ်မှာ ၁၀၀ ရာခိုင်နှုန်းအထိပင် ရှိနေနိုင်သည်။
အခြားသော ဖက်စပ်ကားကုမ္ပဏီများတွင် မော်ဒယ်သစ်များ ရရှိနေပြီဖြစ်ကြောင်းနှင့် ထိုကားများတွင် အလယ်အလတ်တန်းစားနှင့် ဈေးပေါသောကားများပါ ပါဝင်နေကြောင်း လီမင်တေ သိလိုက်ရသောအခါ အခြေအနေမှာ အတော်လေး ခက်ခဲသွားပြီဟု ခံစားလိုက်ရသည်။
သူတို့အနေဖြင့် ထိုကုမ္ပဏီများကို ဖက်စပ်ကား ထုတ်လုပ်မှု ရပ်ဆိုင်းရန် ပြော၍ မရပေ။ အကြောင်းမှာ ထိုကုမ္ပဏီများ၏ အဓိက ရှယ်ယာရှင်မှာ အစိုးရဖြစ်ပြီး၊ ရရှိသော အမြတ်မှာလည်း နိုင်ငံတော်အတွက် ဖြစ်နေသောကြောင့် ဖြစ်သည်။ အကယ်၍ ထိုကုမ္ပဏီများကို သွားရောက် တားဆီးမည် သို့မဟုတ် ဖက်စပ်ကားများ၏ အားနည်းချက်များကို ထောက်ပြနေမည်ဆိုပါက အထက်လူကြီးများ၏ ငြိုငြင်မှုကို ခံရပေလိမ့်မည်။
မင်းတို့ ပုဂ္ဂလိက ဖက်စပ်လုပ်ငန်းတွေက ပိုက်ဆံရှာလို့ ရပြီး၊ ငါတို့ အစိုးရပိုင် ဖက်စပ်လုပ်ငန်းတွေကျတော့ ပိုက်ဆံမရှာရဘူးလား။ မင်းတို့က နည်းပညာ ကောင်းတယ်ဆိုတာ ကြွားနေတာပဲ... ဘာကို ကြောက်နေတာလဲ ဟု အပြောခံရနိုင်သည်။
ထို့ပြင် မော်ဒယ်သစ်များ ရရှိခြင်းက ထိုကားကုမ္ပဏီများ၏ နည်းပညာ အင်အားကိုလည်း တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးရာ ရောက်သည် မဟုတ်ပါလား။
အထက်လူကြီးများ၏အမြင်မှာ ဖက်စပ်ကားများ ရောင်းရငွေဖြင့် မိမိတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ် ကားများကို သုတေသန ပြုလုပ်နိုင်သည်ဟူ၍ ဖြစ်သည်။ မဟုတ်ပါက သုတေသန စရိတ်မှာ မည်သည့်နေရာမှ ရလာပါမည်နည်း။
ဖုန်းယွီသည် ဤသတင်းကို ကြားသောအခါ အလွန်ပင်စိတ်ညစ်သွားရသည်။ အရင်ဘဝတုန်းကလည်း ဤကဲ့သို့ပင် ဖြစ်ခဲ့ဖူးသည်။ အကယ်၍ လီတာဖူတို့ကဲ့သို့သော ကုမ္ပဏီများ ပေါ်မလာခဲ့လျှင် တရုတ်နိုင်ငံတွင် ကိုယ်ပိုင်အမှတ်တံဆိပ် မော်တော်ကားဟူ၍ ကျန်ရှိတော့မည် မဟုတ်ပေ။
ဟုန်ချီကား ရှိနေသေးသည် ဆိုသော်လည်း မည်သူမျှ အသိအမှတ် မပြုကြပေ။ နည်းပညာ ခေတ်နောက်ကျခြင်း၊ ပုံစံမလှပခြင်း၊ အတွင်းပိုင်း မခန့်ညားခြင်းနှင့် စွမ်းဆောင်ရည် ညံ့ဖျင်းခြင်းတို့ကြောင့် ဈေးနှုန်းသက်သာသော်လည်း ဝယ်သူ မရှိလှပေ။ ထို့ပြင် ထိုကားကို ပြင်တတ်သူလည်း ရှားပါးလှသည်။
ကားဆိုသည်မှာ ပျက်စီးတတ်သည်မှာ သဘာဝပင်။ မပျက်လျှင်တောင်မှ ပုံမှန် စစ်ဆေးပြုပြင်မှုများ လိုအပ်သည်။ ထို့ကြောင့် ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုမှာ အလွန်အရေးကြီးသည်။ Songjiang ကားများအတွက် 4S ဆိုင်များ ရှိသလို၊ အခြားသော ပုဂ္ဂလိက ပြုပြင်ရေးဆိုင်များလည်း အများအပြား ရှိသည်။ Volkswagen၊ Toyota၊ ဟွန်ဒါ၊ ဖော့ဒ် စသည့် ကားများအတွက်လည်း ပြုပြင်ရေးဆိုင်များစွာ ရှိသည်။
သို့သော် ရှန်ဟိုင်းမော်တော်ကား သို့မဟုတ် ဟုန်ချီကားများအတွက် ပြုပြင်ရေးဆိုင်ကိုမူ တွေ့ရခဲလှသည်။ တန်ဖိုးနည်း ဗန်ကားလေးများကို ပြုပြင်သည့်ဆိုင်ကပင် ထိုဆိုင်များထက် ပိုများပေလိမ့်မည်။
ဤသို့သော သံသရာဆိုးအတွင်း ပိတ်မိနေပါက ကိုယ်ပိုင်အမှတ်တံဆိပ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားရုံသာ ရှိသည်။ အရင်ဘဝတုန်းက ဟုန်ချီသည် ယွမ် ၅ သန်း တန်ဖိုးရှိသော ရှေ့ပြေးနမူနာ ကားကို ထုတ်ပြကာ နည်းပညာသစ်များကို ပြသခဲ့သော်လည်း၊ ဟုန်ချီကား၏ ရောင်းအားမှာမူ ကောင်းမွန်မလာခဲ့ပေ။ FAW အတွက် အမြတ်အစွန်း အများဆုံး ရရှိနေသည်မှာ Toyotaနှင့် Volkswagen ကားများသာ ဖြစ်လေသည်။
“မန်နေဂျာဖုန်း... အဲဒီဖက်စပ်ကားတွေရဲ့ တကယ့် ကုန်ကျစရိတ်တွေကို ချပြလိုက်ရင်ရော။ သူတို့ကို အတင်းဈေးလျှော့ခိုင်းတဲ့ သဘောပေါ့” လီမင်တေက ပြတ်ပြတ်သားသား နည်းလမ်းတစ်ခုကို အကြံပြုလိုက်သည်။
ဖုန်းယွီက ခေါင်းခါလိုက်သည်။ ဤနည်းလမ်းမှာ အလွန်ပင် ယုတ်မာလွန်းရာ ကျသလို၊ အခြားသော ကားကုမ္ပဏီများ၏ အကျိုးစီးပွားကိုသာမက နိုင်ငံတော်၏ အကျိုးစီးပွားကိုပါ ထိခိုက်စေနိုင်သည်။ ထိုသို့ ပြုလုပ်လိုက်ပါက Songjiang မော်တော်ကားသည် လူတိုင်း၏ ရန်သူ ဖြစ်သွားပေလိမ့်မည်။
အခြားသော နည်းလမ်းများကိုသာ ထပ်မံ စဉ်းစားရပေတော့မည်။