← Chapters

အခန်း (၁၂၅၀-၁၂၅၂)

Vol. 85 Ch. 1250-1252

အခန်း (၁၂၅၀-၁၂၅၂)

Vol. 85 Ch. 1250-1252

အခန်း (၁၂၅၀) အားလုံးက အရည်အသွေး လျှော့ချထားတာတွေချည်းပဲ

နိုင်ငံခြားမှ မော်တော်ကား ကုမ္ပဏီကြီးများသည် Toyotaကို နှိမ်နင်းပြီးနောက်တွင် ပင်းစီးတီး စက်မှုထုတ်လုပ်ရေး ကုမ္ပဏီအုပ်စုသည် အခြားသော တရုတ်ကားကုမ္ပဏီများနှင့် ပူးပေါင်းကာ အာရှတွင် အကြီးဆုံးဖြစ်မယ့် မော်တော်ကား အင်ဂျင်နီယာ ဓာတ်ခွဲခန်းဝင်းကြီးကို တည်ဆောက်ရန် ကြံစည်နေကြောင်း၊ ထိုဝင်းကြီးအတွင်း၌ ပြည့်စုံသော တိုက်မိမှုစမ်းသပ်ခန်းလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိသွားကြလေသည်။

ထိုအခါမှသာ သူတို့သည် ပင်းစီးတီး စက်မှုအုပ်စု၏ ရည်မှန်းချက်မှာ မသေးလှကြောင်း ရိပ်မိသွားကြတော့သည်။ Toyotaက FAW ကုမ္ပဏီကို မော်ဒယ်သစ်နှစ်မျိုး ထုတ်လုပ်ခွင့် ပေးအပ်ပြီးနောက်တွင် အခြားသော ကုမ္ပဏီကြီးများသည်လည်း အသီးသီး လှုပ်ရှားလာကြသည်။

ရေတိုအကျိုးအမြတ်အရ ကြည့်လျှင် ထုတ်လုပ်ခွင့် ပေးအပ်ခြင်းသည် သူတို့၏ အမြတ်ကို လျော့နည်းစေသလို တရုတ်ကားကုမ္ပဏီများ၏ နည်းပညာကိုလည်း မြှင့်တင်ပေးရာ ရောက်သည်။ သို့သော် ရေရှည်တွင်မူ ပင်းစီးတီး စက်မှုအုပ်စုကို ဖိနှိပ်ထားနိုင်သလို၊ တရုတ်ကားကုမ္ပဏီများကိုလည်း ကိုယ်ပိုင်သုတေသန မလုပ်တော့ဘဲ ဖက်စပ်ကားများသာ ထုတ်လုပ်သည့် လမ်းမှားသို့ ပို့ဆောင်ပေးနိုင်မည် ဖြစ်သည်။

တရုတ်နိုင်ငံတွင် ထိုဖက်စပ်ထုတ်လုပ်သည့် မော်ဒယ်သစ်များ အမြောက်အမြား ထွက်ပေါ်လာခြင်းကြောင့် Songjiang မော်တော်ကားများ၏ ဈေးကွက်ဝေစုကို အကြီးအကျယ် ထိခိုက်လာခဲ့သည်။ အကယ်၍ ထိုကားများသည် တရုတ်ကုမ္ပဏီများ ကိုယ်တိုင် သုတေသနပြု ထုတ်လုပ်ခြင်းသာ ဖြစ်ခဲ့လျှင် ယခုအချိန်သည် တရုတ်မော်တော်ကားလောက အပြိုင်အဆိုင် တိုးတက်လာမည့် သာယာဝပြောသော ကာလတစ်ခု ဖြစ်ပေလိမ့်မည်။ သို့သော် ထိုကုမ္ပဏီများသည် ဖက်စပ်ကားများသာ ထုတ်လုပ်နေကြပြီး မျက်မှောက် အကျိုးအမြတ်နောက်သို့သာ မျက်စိမှိတ် လိုက်နေကြခြင်း ဖြစ်သည်။ အချို့သောသူများသည် ဖက်စပ်လုပ်ကိုင်ခြင်း၏ အားနည်းချက်ကို သိသော်လည်း အမြတ်အစွန်းကို မစွန့်လွှတ်နိုင်ကြပေ။ ထိုအမြတ်များဖြင့် နောက်မှ ကိုယ်ပိုင် သုတေသန ပြန်လုပ်မည်ဟုသာ သူတို့ ယူဆနေကြသည်။

အကယ်၍ ထိုဖက်စပ်ကားများကို ပြည်ပသို့ တင်ပို့နိုင်လျှင် ပြဿနာ မရှိသော်လည်း၊ ယခုမူ ပြည်တွင်းဖြစ် လူမျိုးတူများ၏ ပိုက်ဆံကို ရှာဖွေပြီး နိုင်ငံခြားသားများကို ခွဲပေးနေရခြင်းသာ ဖြစ်သည်။

မည်သူက မည်သို့ပင် တွေးတောပါစေ၊ ဖုန်းယွီ၏ စိတ်ထဲတွင်တော့ အနည်းငယ် မကျေမနပ် ဖြစ်နေမိသည်။ အကယ်၍ တရုတ်ကားကုမ္ပဏီများမှာ အဘက်ဘက်မှ နောက်ကျကျန်နေပြီး နိုင်ငံခြားနည်းပညာကို အလွန်အမင်း လိုအပ်နေသော အခြေအနေမျိုးဆိုလျှင် ဤလမ်းစဉ်ကို မဖြစ်မနေ လျှောက်လှမ်းရမည် ဖြစ်သည်။ သို့သော် ယခုအခါ တရုတ်နိုင်ငံတွင် Songjiang မော်တော်ကား ရှိနေပြီ မဟုတ်ပါလော။ Songjiang၏ နည်းပညာမှာ နိုင်ငံခြား ကုမ္ပဏီကြီးများကို မမီသေးသော်လည်း၊ အခြားကုမ္ပဏီများကို ထုတ်လုပ်ခွင့် ပေးထားသော နည်းပညာများထက်မူ များစွာသာလွန်လှသည်။

သို့သော် ထိုကုမ္ပဏီများထဲမှ တစ်ခုမျှ ပင်းစီးတီး စက်မှုအုပ်စုထံ လာရောက်ပြီး ဖက်စပ်လုပ်ကိုင်ရန် မပြောခဲ့ကြပေ။ သူတို့သည် နည်းပညာကို အခမဲ့သာ ရယူလိုကြသည်။ နိုင်ငံခြားသားများနှင့် ဖက်စပ်လုပ်လျှင် ပြဿနာမရှိသော်လည်း၊ ပင်းစီးတီး စက်မှုအုပ်စုနှင့် ဖက်စပ်လုပ်မည်ဆိုပါက သူတို့၏ ဂုဏ်သိက္ခာကို များစွာ ထိခိုက်မည်ဟု ယူဆနေကြပုံရသည်။

အခြေအနေများက ဤသို့ ဖြစ်နေသဖြင့် ပင်းစီးတီး စက်မှုအုပ်စုကလည်း တုံ့ပြန်ရန် ပြင်ဆင်တော့သည်။ Songjiang Guo Aoကို အဆင့်မြှင့်တင်ထားသည့် မော်ဒယ်သစ် ထွက်ပေါ်လာရပေတော့မည်။

နိုင်ငံခြား ကုမ္ပဏီများကဲ့သို့ပင် မော်ဒယ်ဟောင်းများကို နိုင်ငံတော်နေ့ ကြိုဆိုသောအားဖြင့် ဈေးလျှော့ရောင်းချပြီး၊ တစ်ချိန်တည်းမှာပင် Songjiang Guo Ao မော်ဒယ်သစ်ကို ကြိုတင်မှာယူနိုင်ကြောင်း ကြေညာခဲ့သည်။

မော်ဒယ်သစ် Songjiang Guo Aoသည် ဆီစားသက်သာခြင်း၊ တုန်ခါမှု လျော့နည်းခြင်း၊ ဆူညံသံ လျှော့ချခြင်း၊ အတွင်းခန်း ပိုမိုကျယ်ဝန်းခြင်းနှင့် လုံခြုံရေး စွမ်းဆောင်ရည် မြင့်မားခြင်းတို့တွင် အဆင့်မြှင့်တင်ထားသည်။ အမျိုးအစား ၃ မျိုး ခွဲခြားထားပြီး ဈေးနှုန်း အနည်းငယ် တက်သွားသော်လည်း အခြားသော ဖက်စပ်ကားသစ်များနှင့် ယှဉ်လျှင်မူ ဈေးနှုန်းပိုင်းတွင် အပြတ်အသတ် အသာစီး ရနေဆဲပင်။

ကြော်ငြာရာတွင်လည်း Songjiang Guo Aoကို ဈေးနှုန်းတူ ဖက်စပ်ကားများနှင့် တိုက်ရိုက်နှိုင်းယှဉ်ပြသခဲ့ရာ အစစအရာရာ သာလွန်နေသည်ကို တွေ့ရသည်။ အမှန်တစစ်တွင် ထိုဖက်စပ်ကားများသည် ပေးရသည့် ဈေးနှုန်းနှင့် လုံးဝ မထိုက်တန်လှပေ။

ထို့ပြင် ထိုဖက်စပ်ကားများသည် တကယ်တမ်းတွင် မော်ဒယ်ဟောင်းများသာဖြစ်ပြီး၊ နိုင်ငံခြားတွင် တူညီသော မော်ဒယ်များမှာ စွမ်းဆောင်ရည် အဆင့်မြှင့်ပြီးသား ဖြစ်နေသည်။ သို့သော် အရင်ဘဝက အစောပိုင်း ဖက်စပ်ကားများနှင့် ယှဉ်လျှင်တော့ ဤမော်ဒယ်များမှာ များစွာ သာလွန်သေးသည်ဟု ဆိုနိုင်သည်။

ပြည်တွင်းရှိ ကားကုမ္ပဏီများသည် အလွန်အံ့အားသင့်သွားကြသည်။ ပင်းစီးတီး စက်မှုအုပ်စုသည် ပစ်ကပ်ကားနှင့် Oriental Deer မော်ဒယ်သစ်များကို ခုတင်မှ မိတ်ဆက်ခဲ့သည် မဟုတ်ပါလား။ ဘာကြောင့် အခု Songjiang Guo Ao မော်ဒယ်သစ်ကို ချက်ချင်း ထပ်မံ မိတ်ဆက်ရပြန်တာလဲ။

အဆိုးဆုံးမှာ Songjiangကားများ မိတ်ဆက်ပွဲ ပြုလုပ်ခြင်းမဟုတ်ဘဲ သူတို့၏ကားများနှင့် အမြဲတမ်း နှိုင်းယှဉ်ပြနေခြင်းပင် ဖြစ်သည်။ ထို့ပြင် သူတို့၏ ကားများမှာ ထုတ်ပြန်ထားသည့်အတိုင်း လုံခြုံရေးအဆင့်သတ်မှတ်ချက် မမြင့်မားကြောင်းလည်း ပါရှိနေသဖြင့် ဤသည်မှာ မဖြစ်သင့်သော ကိစ္စဟု သူတို့ ယူဆကြသည်။ သူတို့၏ ကားမော်ဒယ်များသည် နိုင်ငံခြားတွင် စမ်းသပ်ထားခြင်း ဖြစ်ရာ ပင်းစီးတီး စက်မှုအုပ်စု၏ စမ်းသပ်ကိရိယာများသာ မတိကျခြင်း ဖြစ်လိမ့်မည်ဟု သူတို့က ထင်မြင်နေကြသည်။

ထိုသို့ဖြင့် သူတို့သည် လီမင်တေထံသို့ ဖုန်းဆက်ကန့်ကွက်ကြသလို၊ ဝမ်တုန်းဟွေး ဥက္ကဋ္ဌထံအထိ သွားရောက် တိုင်တန်းကြလေသည်။ ထိုအခါ လီမင်တေက အချက်အလက်များကို ထပ်မံတင်ပြခဲ့သည်။ ၎င်းမှာ နိုင်ငံခြားသားများက သူတို့ကို ထုတ်လုပ်ခွင့် ပေးထားသော မော်ဒယ်များသည် အစစ်အမှန် မဟုတ်ဘဲ အရည်အသွေး လျှော့ချထားသည်များသာ ဖြစ်နေခြင်းပင်။

နိုင်ငံခြားကုမ္ပဏီများ၏ မူလမော်ဒယ်များသည် ထိုလုံခြုံရေး စံနှုန်းများကို မီသော်လည်း၊ တရုတ်ကုမ္ပဏီများကို ပေးအပ်ထားသော မော်ဒယ်များမှာမူ စံနှုန်းမမီပေ။ ဤသည်မှာ ပင်းစီးတီး စက်မှုအုပ်စု၏ ဓာတ်ခွဲခန်းမှ စမ်းသပ်ချက်များအရ ရရှိလာသော အချက်အလက်များ ဖြစ်ပြီး၊ မယုံကြည်ပါက မိမိတို့ဘာသာ လာရောက် စမ်းသပ်နိုင်ကြောင်း လီမင်တေက ပြောလိုက်သည်။

သူတို့ မယုံကြည်ချင်သော်လည်း မိမိတို့ ထုတ်လုပ်နေသည့် ကားများနှင့် နိုင်ငံခြားမှ တင်သွင်းသော ကားများအကြား ကွာခြားချက်အချို့ ရှိနေသည်ကို မြင်တွေ့လိုက်ရသောအခါ လီမင်တေ တင်ပြသည့် အချက်အလက်များမှာ မှန်ကန်နိုင်ကြောင်း သူတို့ ရိပ်မိသွားကြသည်။

ထိုအခါမှသာ အားလုံးမှာ အကြီးအကျယ် ဒေါသထွက်ကုန်ကြတော့သည်။

ထုတ်လုပ်ခွင့် ပေးထားတာတွေက အရည်အသွေး လျှော့ချထားတာတွေ ဖြစ်နေရုံတင်မကဘဲ လုံခြုံရေးပိုင်းမှာပါ ပြဿနာ ရှိနေတယ် ဟုတ်လား။ ဒါဟာ ငါတို့ကို ပစ္စည်းအညံ့စားတွေနဲ့ လာပြီး လှည့်စားနေတာ မဟုတ်လား။

ဝမ်တုန်းဟွေးလည်း အလွန်ဒေါသထွက်သွားသည်။ မူလက ထိုကုမ္ပဏီများ အမြတ်ရခြင်းမှာ နိုင်ငံတော်အတွက်လည်း အကျိုးရှိသဖြင့် သူက ကူညီခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ ထိုကုမ္ပဏီများသည် အကြီးအကျယ် အလိမ်ခံလိုက်ရပြီ မဟုတ်ပါလား။

အတွေ့အကြုံ ရင့်ကျက်ပါသည်ဟု ဆိုကြသော လူများစွာမှာ တစ်ဖက်လူ၏ လှည့်ကွက်ထဲတွင် ပတ်ချာလည် နေခဲ့ကြရသည်။ တစ်ဦးနှစ်ဦးတည်း မဟုတ်ဘဲ အားလုံး အလိမ်ခံရခြင်းမှာ နိုင်ငံတော်အတွက်လည်း မျက်နှာပျက်စရာပင်။

လီမင်တေ၏ နောက်ထပ် စကားတစ်ခွန်းက သူတို့ကို ပို၍ပင် ပါးရိုက်လိုက်သလို ဖြစ်သွားစေသည်။

“ကျွန်တော်တို့ ပင်းစီးတီး စက်မှုထုတ်လုပ်ရေးအုပ်စုဟာ နိုင်ငံတော်ရဲ့ အိုလံပစ်ပွဲတော်အတွက် ဒေါ်လာ သန်း ၂၄၀ လှူဒါန်းခဲ့ပါတယ်။ ဒါဟာ ကုမ္ပဏီကော၊ ရှယ်ယာရှင်တွေပါ ကုမ္ပဏီနာမည်နဲ့ လှူဒါန်းခဲ့တာပါ။ အားနာနာနဲ့ပဲ ပြောရမယ်ဆိုရင် ဒီပိုက်ဆံတွေကိုသာ ကျွန်တော်တို့က အရောင်းမြှင့်တင်ရေးမှာ သုံးလိုက်ရင် ခင်ဗျားတို့ အကုန်လုံး အရှုံးပေါ်သွားကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီလို မလုပ်ခဲ့ဘူး။ ကျွန်တော်တို့ရဲ့ ရှယ်ယာရှင်တွေဟာ တရုတ်လူမျိုးတွေ ဖြစ်သလို၊ ကျွန်တော်တို့ ရှာတဲ့ ပိုက်ဆံတွေဟာလည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေမှာပါ။ ကျွန်တော်တို့က ပြည်ပကနေ ပိုက်ဆံရှာပြီး ပြည်တွင်းကို ပြန်လည် ရင်းနှီးမြှုပ်နှံ လှူဒါန်းနေတာပါ။ ခင်ဗျားတို့လို နိုင်ငံခြားသားတွေကို ပိုက်ဆံခွဲပေးနေတဲ့သူတွေနဲ့ မတူဘူးဗျ... ဟင်း”

ဤနှာခေါင်းရှုံ့သံကြောင့် ကားကုမ္ပဏီဥက္ကဋ္ဌများအားလုံး မျက်နှာ ပူသွားကြတော့သည်။ ထိုအခါမှသာ ပင်းစီးတီး စက်မှုအုပ်စုသည် သူတို့ကို ညှာတာနေခြင်းဖြစ်ကြောင်း သူတို့ သိရှိသွားကြသည်။ မဟုတ်ပါက ဈေးနှုန်းယှဉ်ပြိုင်မှုသာ ပြုလုပ်လိုက်လျှင် သူတို့အားလုံး အထိနာကုန်ပေလိမ့်မည်။

မမေ့သင့်သည်က ပင်းစီးတီး စက်မှုအုပ်စု၏ လယ်ယာသုံး စက်ကိရိယာများ၊ ဆိုင်ကယ်များနှင့် လျှပ်စစ်ယာဉ်များသည် တရုတ်ဈေးကွက်တွင် နံပါတ် ၁ နေရာကို ရယူထားပြီး အမြတ်အစွန်းလည်း မနည်းလှပေ။

ဝမ်တုန်းဟွေးသည် နောက်တစ်ကြိမ် ကြားဝင်ဖျန်ဖြေပေးလိုက်သည်။ “လောင်မင်... ဒီကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်ကြရအောင်။ သူတို့လည်း သူတို့အမှားကို သိသွားကြပါပြီ။ နောက်နှစ်ကျရင် သူတို့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်တွေကို ပြန်လည်အသက်သွင်းပါ့မယ်လို့ ကျွန်တော် သူတို့ကိုယ်စား အာမခံပါတယ်။ ပြီးတော့ ဒီဖက်စပ်ကားတွေကိုလည်း အဓိကထားပြီး ကြော်ငြာတာမျိုး မလုပ်တော့ပါဘူး။ အဲဒီတော့ ခင်ဗျားတို့ဆီက အချက်အလက်တွေကို လူသိရှင်ကြား မထုတ်ပြန်ဘဲ နေပေးလို့ မရဘူးလား”

လီမင်တေလည်း ဝမ်တုန်းဟွေးကို မျက်နှာပေးလိုက်သည်။ “ဥက္ကဋ္ဌဝမ် ဒီလိုပြောမှတော့ ကျွန်တော် သဘောတူပါတယ်။ ကျွန်တော်တို့ အားလုံးက တရုတ်လူမျိုးတွေပဲလေ။ ပြည်တွင်းကားကုမ္ပဏီတွေ ပိုက်ဆံရတာကို ကျွန်တော်လည်း ဝမ်းသာပါတယ်။ ဒါပေမဲ့ ကိုယ့်လူမျိုး ပိုက်ဆံကို ရှာပြီး နိုင်ငံခြားသားကို ခွဲပေးနေတာကျတော့... ဟင်းဟင်း..”

လီမင်တေ၏သရော်မှုကို ခံရသော်လည်း မည်သူမျှ ပြန်လည် မချေပရဲကြပေ။ ဝမ်တုန်းဟွေး ပြောလိုက်သည့် အခြေအနေမှာ အထက်လူကြီးများ၏ ဆုံးဖြတ်ချက်ဖြစ်မှန်း သူတို့ သိထားကြသည်။ သူတို့လည်း ကိုယ်ပိုင် အမှတ်တံဆိပ်ကို ပြန်လည်မြှင့်တင်လိုကြသည်မှာ အမှန်ပင်။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းသည်လည်း အောင်မြင်မှု တစ်ခုပင် မဟုတ်ပါလော။ အငြိမ်းစားယူချိန်တွင် “ဒီကားအမျိုးအစားဟာ ငါ့လက်ထက်မှာ ပြန်လည် နာမည်ကြီးလာတာ” ဟု ပြောနိုင်ခြင်းက ဂုဏ်ယူစရာပင် ဖြစ်သည်။

“အားလုံးပဲ... ဒီတစ်ခါတော့ ကျွန်တော်တို့ အားလုံး နိုင်ငံခြားသားတွေရဲ့ အလိမ်ခံလိုက်ရတာပဲ။ ဒီကိစ္စကို ဒီတိုင်း လွှတ်ထားလို့ မဖြစ်ဘူး။ သူတို့ဆီက လျော်ကြေးတောင်းမလား၊ ဒါမှမဟုတ် တရားစွဲမလား တစ်ခုခု လုပ်ရမယ်။ ဒီလိုတော့ အနိုင်ကျင့်ခံလို့ မဖြစ်ဘူး” FAWမှ ဥက္ကဋ္ဌကျောက်က အော်ဟစ်လိုက်လေသည်။

ထိုအခါ အားလုံးက ဒေါသတကြီး ထောက်ခံကြသော်လည်း လီမင်တေကမူ ခေါင်းခါလိုက်သည်။ နိုင်ငံခြားသားများသည် စာချုပ်ပါ အချက်အလက်များတွင် ဟာကွက်များ ထားရှိခဲ့မည်မှာ သေချာသဖြင့်၊ ဤလူများမှာတော့ မသိမသာ အရှုံးပေးလိုက်ရရုံသာ ရှိပေတော့မည်ဟု ဖုန်းယွီက သူ့ကို ပြောပြထားခဲ့သည်။ ဤသင်ခန်းစာကို မှတ်သားထားပြီး နောက်တစ်ကြိမ်တွင် အလိမ်မခံရဖို့သာ မျှော်လင့်ရပေမည်။

အခြားကုမ္ပဏီများကို ဆက်လက် မဖိနှိပ်တော့သော်လည်း၊ ပင်းစီးတီး စက်မှုအုပ်စုသည် ဈေးကွက်၏ ထိပ်ဆုံးနေရာတွင် ဆက်လက် ရပ်တည်နေမည်ဖြစ်ပြီး ပြည်သူလူထု၏ စိတ်ထဲတွင်လည်း အခိုင်အမာ နေရာရယူထားမည် ဖြစ်လေသည်။

******

အခန်း (၁၂၅၁) အိုလံပစ် မိတ်ဖက်လုပ်ငန်း

မျှော်လင့်ထားသည့်အတိုင်းပင် တရုတ်နိုင်ငံရှိ မော်တော်ကား ကုမ္ပဏီများသည် စာချုပ်များတွင် တစ်ဖက်သတ် အခွင့်အရေး ပေးအပ်ထားသည့် မော်ဒယ်နှင့် အခြေအနေများကိုသာ အတိအကျ ဖော်ပြထားပြီး မော်ဒယ်၏ အသေးစိတ် အချက်အလက်များကိုမူ ထည့်သွင်းထားခြင်း မရှိသည်ကို ဝမ်းနည်းဖွယ် တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် သူတို့ ပံ့ပိုးပေးသည်မှာ အရည်အသွေး လျှော့ချထားသောပုံစံများ ဖြစ်နေသည့်တိုင် ဥပဒေကြောင်းအရ မည်သည့် ပြဿနာမျှ မရှိနိုင်ပေ။

သို့သော် နစ်နာမှုများ ရှိနေသဖြင့် သူတို့အနေဖြင့်လည်း ဤအတိုင်း အရှုံးပေးရန် စိတ်မကူးကြပေ။ ထို့ကြောင့် ထိုကားကုမ္ပဏီများသည် သူတို့ လေ့လာထားသော နိုင်ငံခြား နည်းပညာများကို အသုံးချကာ ကိုယ်ပိုင်အမှတ်တံဆိပ် ကားများကို တပ်ဆင်ထုတ်လုပ်ရန် ကြိုးစားလာကြသည်။

မင်းတို့က လှည့်ကွက် သုံးတယ်ဆိုတော့ ငါတို့ကလည်း လှည့်ကွက်နဲ့ပဲ ပြန်တုံ့ပြန်ရမှာပေါ့။ သူတို့သည် ရရှိထားသော နည်းပညာများကို အချင်းချင်း တိတ်တဆိတ် ဖလှယ်ကြပြီး မူလမော်ဒယ်များနှင့် မတူညီသော ကားများကို အမြန်ဆုံး ထုတ်လုပ်လာကြသည်။ ကိုယ်ပိုင် အမှတ်တံဆိပ် ကပ်လိုက်သည်နှင့် ၎င်းမှာ ကိုယ်ပိုင် သုတေသနပြု ထုတ်လုပ်သောကား ဖြစ်သွားတော့သည်။

ဖက်စပ်ကားများ၏ထုတ်လုပ်မှုကိုမူ နောက်နှစ်မှစ၍ တဖြည်းဖြည်း လျှော့ချသွားရန် စီစဉ်ကြသည်။ ဤသို့ဖြင့် နိုင်ငံခြားသားများ အမြတ်မရနိုင်တော့သည့် အခြေအနေသို့ ရောက်အောင် လုပ်ဆောင်ကာ ပိုမိုကောင်းမွန်သော နည်းပညာများ ပေးအပ်လာစေရန် ဖိအားပေးမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပင်းစီးတီး စက်မှုအုပ်စုကလည်း ကြော်ငြာစာသား အသစ်တစ်ခုကို ထုတ်ပြန်လိုက်သည်။ “Songjiang မော်တော်ကား၊ ပေကျင်း အိုလံပစ် မိတ်ဖက်လုပ်ငန်း၊ ရောင်းရသည့် ကားတစ်စီးတိုင်းအတွက် အိုလံပစ်သို့ ယွမ် တစ်ထောင် လှူဒါန်းပါသည်” ဟူ၍ ဖြစ်သည်။

အိုလံပစ် မိတ်ဖက်လုပ်ငန်းဆိုသည်မှာ စပွန်ဆာပေးသူဟု အဓိပ္ပာယ်ရသော်လည်း အခေါ်အဝေါ် ပြောင်းလဲလိုက်ခြင်းဖြင့် အိုလံပစ်ကော်မတီ၏ ဂုဏ်သိက္ခာကို ငဲ့ညှာပေးလိုက်ခြင်း ဖြစ်သည်။

ထိုစဉ်က တရုတ်နိုင်ငံတွင် အိုလံပစ် မိတ်ဖက်လုပ်ငန်းအဖြစ် ကုမ္ပဏီအများအပြား သတ်မှတ်ပြီးသား ဖြစ်သော်လည်း “ပေကျင်း အိုလံပစ် မိတ်ဖက်လုပ်ငန်း” ဟူသော စာသားကို အသုံးပြုခွင့် မရကြသေးသလို၊ ထိုအချက်ဖြင့် ကြော်ငြာခွင့်လည်း မရှိကြသေးပေ။

သို့သော် ပင်းစီးတီး စက်မှုအုပ်စုမှာမူ မတူညီပေ။ ၎င်းတို့သည် အလှူငွေ အမြောက်အမြား ထည့်ဝင်ထားသူများဖြစ်သဖြင့် အထူးအခွင့်အရေး အချို့ ရရှိထားကြသည်။ ဤကြော်ငြာကိုလည်း အထက်မှ ခွင့်ပြုချက် ရယူထားပြီး ဖြစ်သည်။ အကယ်၍ ၂၀၀၈ ခုနှစ်အထိ ကားရောင်းအားမှာ ခန့်မှန်းထားသည်ထက် ကျော်လွန်သွားပါက ပင်းစီးတီး စက်မှုအုပ်စုက လိုအပ်သော ငွေကြေးများကို ထပ်မံဖြည့်စွက် လှူဒါန်းပေးမည် ဖြစ်သည်။

ထိုကြော်ငြာ ထွက်ပေါ်လာပြီးနောက်တွင် ပင်းစီးတီး စက်မှုထုတ်လုပ်ရေး အုပ်စုနှင့် ၎င်း၏ လက်အောက်ခံ Songjiang မော်တော်ကား ကုမ္ပဏီတို့မှာ လူထုကြားတွင် စံပြလုပ်ငန်းများအဖြစ် အမွှမ်းတင်ခြင်း ခံရတော့သည်။

တိုက်ဆိုင်စွာပင် ထိုအချိန်တွင် ဖက်စပ်ကားများ၏ ကြော်ငြာအားမှာလည်း လျော့နည်းသွားသဖြင့် Songjiang ကားများ၏ ရောင်းအားမှာ နောက်တစ်ကြိမ် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ မော်ဒယ်သစ်များမှာ အလွန်ရောင်းကောင်းလှသည်။

ထို့ပြင် Elfကဲ့သို့သော ဈေးနှုန်းချိုသာသည့် ကားများလည်း အမြောက်အမြား ရောင်းချခဲ့ရသည်။

အင်တာနက်ပေါ်တွင်လည်း အိုလံပစ် မိတ်ဖက်လုပ်ငန်း ဆိုသည်မှာ ဘာကို ဆိုလိုတာလဲ၊ Songjiang ကားတွေက ကားတစ်စီး ရောင်းရတိုင်း ပိုက်ဆံ လှူတာက သူတို့အတွက် ဘာအကျိုးရှိလို့လဲ၊ အိုလံပစ်က ရတဲ့ ဝင်ငွေတွေကို Songjiang ကုမ္ပဏီကို ပြန်ခွဲပေးမှာလား စသည်ဖြင့် အမျိုးမျိုး ဆွေးနွေးနေကြသည်။

လူတိုင်းက အကြောင်းရင်း အမှန်ကို မသိရှိကြသဖြင့် အမျိုးမျိုး ခန့်မှန်းနေကြခြင်း ဖြစ်သည်။ အမြင်အမျိုးမျိုး ရှိကြသော်လည်း မည်သည့် အမြင်မျိုးပင် ဖြစ်စေကာမူ Songjiang ကားများအတွက် ကြော်ငြာပေးရာ ရောက်နေသည်။ မဟုတ်မမှန် လုပ်ကြံတိုက်ခိုက်သည့် မှတ်ချက်များကိုမူ ဖျက်သိမ်းခြင်း ခံရလေသည်။

ပထမဆုံး အိုလံပစ် မိတ်ဖက်လုပ်ငန်း ပေါ်ထွက်လာပြီးနောက် ဖုန်းယွီ အီလက်ထရွန်နစ်၏ ကြော်ငြာအသစ်တွင်လည်း အိုလံပစ် မိတ်ဖက်လုပ်ငန်း ဟူသော စာသား ပါဝင်လာခဲ့ပြီး ငွေအမြောက်အမြား လှူဒါန်းခဲ့သည်။

နောက်ထပ် တစ်ပတ်အတွင်းမှာပင် အိုလံပစ် မိတ်ဖက်လုပ်ငန်းများမှာ မှိုလိုပေါက်အောင် ပေါ်ထွက်လာခဲ့ပြီး တစ်ခုချင်းစီက ငွေအမြောက်အမြား လှူဒါန်းရန် ကတိပြုခဲ့ကြသည်။

အမှန်စင်စစ်တွင် ထိုငွေများကို ၎င်းတို့ လှူဒါန်းပြီးသား သို့မဟုတ် စပွန်ဆာ ပေးပြီးသား ဖြစ်သည်။ ကုန်ပစ္စည်းများပေါ်တွင် ပေကျင်း အိုလံပစ် မိတ်ဖက်လုပ်ငန်း တံဆိပ် ကပ်နှိပ်လိုက်သောအခါ ရောင်းအားမှာ သိသိသာသာ တက်လာခဲ့သည်။

သိသာထင်ရှားသော ဥပမာမှာ လီဟဟ၏ အဖျော်ယမကာများ ဖြစ်သည်။ ပုလင်းတစ်လုံး ရောင်းရတိုင်း တစ်ပြား လှူဒါန်းခြင်းမှာ နည်းပါးသည်ဟု ထင်ရသော်လည်း လီဟဟ၏ လက်ရှိရောင်းအားနှင့် တွက်ကြည့်လျှင်မူ မယုံနိုင်စရာ ကောင်းသော ပမာဏ ဖြစ်ပေလိမ့်မည်။

ထိုကာလအတွင်း လူတိုင်း၏ မြင်ကွင်းတွင် အိုလံပစ် မိတ်ဖက်လုပ်ငန်းများသာ ပြည့်နှက်နေတော့သည်။ တီဗီတွင်လည်း ထိုကြော်ငြာများကို အမြဲ မြင်တွေ့နေရသလို၊ လမ်းလျှောက်လျှင်လည်း တွေ့ရသည်၊ စူပါမားကတ် သွားလျှင်လည်း တွေ့ရသည်၊ အင်တာနက် သုံးလျှင်လည်း တွေ့ရသည်၊ နောက်ဆုံး ဆိုင်ငယ်လေးများတွင် ငံပြာရည် သွားဝယ်လျှင်ပင် ထိုကြော်ငြာ ပိုစတာများကို မြင်တွေ့နိုင်လေသည်။

...

“ဘာဖြစ်လို့လဲ။ ကျွန်တော်တို့လည်း ပိုက်ဆံ စပွန်ဆာပေးတာပဲလေ။ ဘာလို့ အိုလံပစ် မိတ်ဖက်လုပ်ငန်း ဆိုတဲ့ နာမည်ကို သုံးပြီး ကြော်ငြာလို့ မရတာလဲ” ဟု Pepsi၏ တရုတ်ပြည် တာဝန်ခံက အသံကျယ်ကြီးဖြင့် မေးခွန်းထုတ်လေသည်။

“ကျွန်တော် ပြောပြီးပြီပဲ။ အေသင် အိုလံပစ် ပြီးမှ ခင်ဗျားတို့ ကြော်ငြာလို့ ရမယ်။ အင်း... မသေချာသေးပါဘူး၊ ခင်ဗျားတို့ လှူတဲ့ ငွေပမာဏက နည်းနေရင် ၂၀၀၈ ခုနှစ်ကျမှ ကြော်ငြာခွင့် ရချင်ရမှာပါ” တရုတ်အိုလံပစ်ကော်မတီမှ တာဝန်ရှိသူက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

“ဒါဟာ ခွဲခြားဆက်ဆံတာပဲ။ သိသိသာသာ ခွဲခြားဆက်ဆံတာ။ ကျွန်တော်တို့က နိုင်ငံခြားကုမ္ပဏီဖြစ်ပေမဲ့ တရုတ်မှာ စက်ရုံဆောက်ထားတယ်၊ တရုတ် အလုပ်သမားတွေကို ခန့်ထားတယ်၊ တရုတ်ဥပဒေအတိုင်း အခွန်တွေလည်း ဆောင်နေတာပဲ။ ကျွန်တော်တို့ကို ဘာလို့ ဒီလို ဆက်ဆံရတာလဲ”

“ဒါက ခွဲခြားဆက်ဆံတာ မဟုတ်ပါဘူး။ ပုံမှန် စီးပွားရေး လုပ်ထုံးလုပ်နည်း တစ်ခုပါပဲ။ ခင်ဗျား ပိုက်ဆံ လှူတာတော့ မှန်ပါတယ်။ ဒါပေမဲ့ တခြားလူတွေ လှူတဲ့ပမာဏက ခင်ဗျားထက် အဆပေါင်း ဒါဇင်နဲ့ချီပြီး များနေတာလေ။ အဲဒီတော့ သူတို့က ခင်ဗျားထက် အဆပေါင်း ဒါဇင်နဲ့ချီပြီး ကြော်ငြာခွင့် ပိုရသင့်တာပေါ့။ ဒါက ကျိုးကြောင်းဆီလျော်တယ် မဟုတ်လား”

“အဆပေါင်း ဒါဇင်နဲ့ချီတယ် ဟုတ်လား။ သူတို့ လှူတဲ့ ငွေက ကျွန်တော်တို့ထက် ဘယ်လိုလုပ် အဆပေါင်း ဒါဇင်နဲ့ချီပြီး များနိုင်မှာလဲ။ ကျွန်တော်တို့က ယွမ် သန်း တစ်ရာ လှူဖို့ စီစဉ်ထားတာလေ”

Pepsi ကိုယ်စားလှယ်၏ အမြင်တွင် ယွမ် သန်း တစ်ရာ ဆိုသော စပွန်ဆာကြေးမှာ တရုတ်နိုင်ငံတွင် သူတို့ထက် ပိုပေးနိုင်သူ အနည်းငယ်သာ ရှိလိမ့်မည်ဟု ယူဆထားခြင်း ဖြစ်သည်။ အဆပေါင်း ဒါဇင်နှင့်ချီ များပြားသည်ဆိုသည်မှာ မဖြစ်နိုင်ဟု သူ ထင်မြင်သဖြင့် ဤတရုတ်လူမျိုးမှာ လိမ်ပြောနေခြင်း ဖြစ်ရမည်ဟု သူ ယူဆလိုက်သည်။

“ယွမ် သန်း တစ်ရာက အများကြီးလား။ ကျွန်တော် သိသလောက်ဆိုရင် ယွမ် သန်း နှစ်ထောင် ဝန်းကျင် လှူတဲ့ ကုမ္ပဏီကတင် ၅ ခုထက် မနည်း ရှိတယ်။ ယွမ် သန်း လေးထောင်ထက် ပိုလှူတဲ့သူတောင် ရှိသေးတယ်။ အင်း... သန်း တစ်ထောင် ငါးရာထက် ပိုလှူတဲ့သူကလည်း ၅ ခုလောက် ရှိတာပဲ။ အဲဒီလူတွေက အခု ပေကျင်းအိုလံပစ် မိတ်ဖက်လုပ်ငန်းအနေနဲ့ ကြော်ငြာနေကြတဲ့ သူတွေပေါ့”

Pepsi ကိုယ်စားလှယ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ခုနက ဒီတရုတ်လူမျိုး ဘာပြောလိုက်တာလဲ။ ယွမ် သန်း လေးထောင်ထက် ပိုလှူတဲ့သူ ရှိတယ် ဟုတ်လား။ ဒါဆို ဒေါ်လာ သန်း ငါးရာ တောင် ရှိနေပြီ မဟုတ်လား။

ဘယ်သူကများ ဒီလောက် များပြားတဲ့ ငွေတွေကို လှူဒါန်းလိုက်တာလဲ။ ဒီနှစ်ပိုင်းအတွင်း ကမ္ဘာ့စီးပွားရေး ထိခိုက်နေသဖြင့် သူဌေးကြီးများ၏ပိုင်ဆိုင်မှုများ လျော့နည်းနေချိန်တွင် မည်သူကများ ဤမျှ ရက်ရောနိုင်ပါဦးမည်နည်း။

စဉ်းစားကြည့်လျှင် အာရှ၏အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သော ဖုန်းယွီသာ ဖြစ်နိုင်ပေသည်။ သူသည် တရုတ်လူမျိုး တစ်ဦး မဟုတ်ပါလား။

လွန်ခဲ့သော နှစ်နှစ်အတွင်း စတော့ရှယ်ယာများ အကြီးအကျယ် ကျဆင်းချိန်တွင် ဖုန်းယွီသည် ရှယ်ယာ အများအပြား လက်ဝယ်မရှိတော့ကြောင်း၊ မိုက်ခရိုဆော့ဖ် ရှယ်ယာများ အပါအဝင် အများစုကို ရောင်းချထားပြီး ဖြစ်ကြောင်း ကြားသိရသည်။

ထို့ကြောင့် ဤစီးပွားရေး အကျပ်အတည်းတွင် ဖုန်းယွီ၏ပိုင်ဆိုင်မှုမှာ ထိခိုက်မှု အနည်းဆုံး ဖြစ်ခဲ့သည်။ အချို့ကမူ ဖုန်းယွီ၏ ကုမ္ပဏီ အများအပြားမှာ စတော့ဈေးကွက်တွင် စာရင်းဝင်ထားခြင်း မရှိသလို၊ ဒီနှစ်ပိုင်းအတွင်း ဆက်လက် ဖွံ့ဖြိုးနေသဖြင့် ဖုန်းယွီ၏ပိုင်ဆိုင်မှုမှာ လျော့မသွားဘဲ ပိုမိုတိုးတက်လာသည်ဟုပင် ဆိုကြသည်။

အမှန်စင်စစ် ဤအရာများမှာ ကောလာဟလများသာ ဖြစ်သည်။ ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သော Forbes၏ အချမ်းသာဆုံး စာရင်းတွင် ဖုန်းယွီသည် ဒုတိယနေရာ၌သာ ရှိနေသေးသည်။ သို့သော် တစ်နှစ်ကုန်ဆုံးတော့မည် ဖြစ်ရာ ဖုန်းယွီ၏ပိုင်ဆိုင်မှုမှာ ပြောင်းလဲမှု ရှိနေပေလိမ့်မည်။ အခြားသူဌေးကြီးများ၏အဆင့်မှာ အချိန်မရွေး ပြောင်းလဲနိုင်သော်လည်း ဘီလ်ဂိတ်နှင့်ဖုန်းယွီတို့၏ အဆင့်မှာမူ အချိန်အတော်ကြာ တည်ငြိမ်နေခဲ့ပြီး သူတို့၏ ပိုင်ဆိုင်မှု အတိအကျကိုလည်း ထုတ်ပြန်ကြေညာခြင်း မရှိပေ။

“ခင်ဗျားမှာ တခြား သိချင်တာ ရှိသေးလား။ မရှိရင်တော့ ပြန်လို့ ရပါပြီ။ ၂၀၀၄ ခုနှစ် ပြီးမှပဲ ခင်ဗျားတို့ ကုမ္ပဏီ အိုလံပစ် မိတ်ဖက်လုပ်ငန်း အဖြစ် ကြော်ငြာလို့ ရမရ သိရပါလိမ့်မယ်”

Pepsi ကိုယ်စားလှယ်သည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားရတော့သည်။ ထိုအခါမှ တရုတ် အိုလံပစ် ကော်မတီမှ လူငယ်ကိုယ်စားလှယ်မှာ ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး အားရပါးရ ရယ်မောလိုက်လေသည်။

ဖုန်းယွီ ပြောတာ တကယ် မှန်တာပဲ။ ဒီလူတွေကလည်း ကြော်ငြာတွေထဲမှာ ပေကျင်း အိုလံပစ် မိတ်ဖက်လုပ်ငန်းဆိုတဲ့ စာသား ထည့်ချင်နေကြတာ။ ထို့ကြောင့် သူသည် အထက်လူကြီးများကို တင်ပြကာ ထိုသူများနှင့် သဘောတူညီချက်များ ချုပ်ဆိုခဲ့သော်လည်း၊ လုပ်ပိုင်ခွင့် စာရွက်စာတမ်းများ ထုတ်ပေးခါနီးတွင်မှ “ခင်ဗျားတို့ လှူတဲ့ ပိုက်ဆံက နည်းလွန်းတယ်” ဟု အကြောင်းပြကာ အချိန်ဆွဲထားခြင်း ဖြစ်သည်။

အကယ်၍ အခြားသူသာဆိုလျှင် ဤသို့ လုပ်ရဲမည် မဟုတ်ပေ။ သို့သော် ဤလူမှာ ဖုန်းယွီ၏ငယ်သူငယ်ချင်းဖြစ်သလို သတ္တိလည်း ကောင်းလှသော ဝမ်တုန်းကျွင်းပင် ဖြစ်လေသည်။ နိုင်ငံခြားသားများကို ဤသို့လှည့်စားရသည်မှာ ဝမ်တုန်းကျွင်းအတွက်တော့ အလွန်ပင် ပျော်စရာ ကောင်းလှပေသည်။

******

အခန်း (၁၂၅၂) ဖော့ဘ်စ်၏နောက်တစ်ကြိမ် အင်တာဗျူး

ဖုန်းယွီသည် ယနေ့တွင် ဧည့်သည်တစ်ဦးကို လက်ခံတွေ့ဆုံရန် ရှန်ဟိုင်းသို့ လေယာဉ်ဖြင့် သွားရောက်ခဲ့သည်။ ထိုဧည့်သည်မှာ ရင်းနှီးပြီးသားဟု ဆိုနိုင်သောသူဖြစ်ပြီး ဖုန်းယွီနှင့်အတူ ကျုံးချင်းရှန်နှင့် ဟူရမ်တို့ လိုက်ပါလာခဲ့ကြသည်။

ထိုသူမှာ Forbes မဂ္ဂဇင်း၏ အကြီးအကဲ စတိဗ် ဖော့ဘ်စ် ဖြစ်သည်။ သူသည် ဖုန်းယွီကို နောက်တစ်ကြိမ် အင်တာဗျူးရန် ဆက်သွယ်လာခဲ့ခြင်း ဖြစ်သည်။ ဖုန်းယွီက အချိန်မအားကြောင်း ပြောသော်လည်း၊ စတိဗ်ကမူ သူကိုယ်တိုင် တရုတ်နိုင်ငံသို့ လာရောက် အင်တာဗျူးမည်ဖြစ်ကြောင်းနှင့် ဖုန်းယွီ၏အချိန်ကို အများကြီး မယူပါဟု ဆိုကာ ရောက်ရှိလာခြင်း ဖြစ်သည်။

အကြောင်းရင်းမှာ ရိုးရှင်းလှသည်။ ဖော့ဘ်စ်မဂ္ဂဇင်း၏ စုံစမ်းစစ်ဆေး တွက်ချက်မှုများအရ ဖုန်းယွီ၏အစစ်အမှန်ပိုင်ဆိုင်မှုမှာ ဘီလ်ဂိတ်ကို ကျော်လွန်သွားနိုင်ခြေ ရှိနေသောကြောင့် ဖြစ်သည်။

သို့သော် ဖုန်းယွီ ထိန်းချုပ်ထားသော ဖုန်းယွီ holding groupနှင့် ထိုက်ဟွာ holding groupနှစ်ခုစလုံးမှာ စတော့ဈေးကွက်တွင် စာရင်းဝင်ထားခြင်း မရှိပေ။ ထိုအုပ်စုများ၏ လက်အောက်ခံ ကုမ္ပဏီများနှင့် ရှယ်ယာပါဝင်ထားသော ကုမ္ပဏီ အများစုမှာလည်း စာရင်းဝင်ကုမ္ပဏီများ မဟုတ်ကြပေ။ ထို့ကြောင့် ပိုင်ဆိုင်မှု တွက်ချက်ရာတွင် အမှားအယွင်း ရှိနိုင်သည်ဟု စတိဗ်က ယူဆသဖြင့် ဖုန်းယွီကို လူကိုယ်တိုင် လာရောက် အင်တာဗျူးခြင်း ဖြစ်သည်။

အကယ်၍ ဖုန်းယွီ၏ နှုတ်မှ အစစ်အမှန် အချက်အလက်များကို ရရှိနိုင်ပါက ပို၍ကောင်းမွန်ပေလိမ့်မည်။ အကယ်၍ ဖုန်းယွီ၏ ပိုင်ဆိုင်မှုမှာ ဘီလ်ဂိတ်ကို တကယ် ကျော်လွန်သွားပြီဆိုပါက ဤသတင်းကို ဖော်ပြခြင်းဖြင့် Forbes မဂ္ဂဇင်း၏ ရောင်းအားမှာ သေချာပေါက် နောက်တစ်ကြိမ် မြင့်တက်လာမည် ဖြစ်သည်။

ဘီလ်ဂိတ်သည် ၁၉၉၄ ခုနှစ်မှစ၍ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာကို အချိန်အတော်ကြာ သိမ်းပိုက်ထားခဲ့သူ ဖြစ်သည်။ ယခုအခါ ထိုနေရာတွင် လူသစ်တစ်ယောက် အစားထိုးဝင်ရောက်လာခြင်းက လူအများ၏ အာရုံစိုက်မှုနှင့် စူးစမ်းလိုစိတ်ကို ဆွဲဆောင်နိုင်မည်မှာ သေချာလှသည်။

ဤသည်မှာ အားကစားပြိုင်ပွဲများကဲ့သို့ပင် ဖြစ်သည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံ၏ စားပွဲတင်တင်းနစ် အသင်းသည် အမြဲတမ်း ချန်ပီယံ ဖြစ်နေသဖြင့် လူတိုင်းက စိတ်မဝင်စားကြတော့ပေ။ သို့သော် တစ်နေ့တွင် တရုတ်အသင်း ရှုံးနိမ့်ပြီး ဒုတိယသာ ရရှိခဲ့မည်ဆိုပါက၊ ပထမ ရရှိသွားသူအပေါ် လူထု၏ အာရုံစိုက်မှုမှာ အကြီးအကျယ် မြင့်တက်လာမည် ဖြစ်ပြီး ထိုသတင်းသည်လည်း လူအများအပြားကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။

Forbes မဂ္ဂဇင်းသည် ဘီလ်ဂိတ်ကို ပိုက်ဆံရှာရာတွင် သူရဲကောင်းတစ်ဦးအဖြစ် ပုံဖော်ခဲ့သည်။ ထိုသူရဲကောင်း အနိုင်ယူခံလိုက်ရခြင်းက အလွန်ကြီးမားသော လှုံ့ဆော်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

ထို့ပြင် ထိုသူမှာ ဖုန်းယွီသာ ဖြစ်ခဲ့လျှင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၏ အသက်အရွယ် စံချိန်မှာလည်း ထပ်မံအဆင့်မြှင့်တင်ခံရဦးမည် ဖြစ်သည်။

...

“ဖုန်း... ခင်ဗျားကို တွေ့ရတာ ဝမ်းသာပါတယ်ဗျာ” စတိဗ်သည် ဖုန်းယွီကို မြင်သည်နှင့် လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်သည်။

“ဟူရမ်ကိုတော့ ခင်ဗျား သိပြီးသား ဖြစ်မှာပါ။ ဒါကတော့ ကျုံးချင်းရှန် ပါ၊ ခင်ဗျား သူ့အကြောင်းလည်း လေ့လာထားဖူးမယ် ထင်တယ်” ဖုန်းယွီက ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်။

ဟူရမ်ကို ဖုန်းယွီက လေဆိပ်သို့ ကြိုခိုင်းလိုက်ခြင်း ဖြစ်သည်။ တရုတ်ပြည်အကြောင်း တစ်ဝက်တစ်ပျက် နားလည်နေသော ဤဗြိတိန်လူမျိုးသည် လမ်းခရီးတစ်လျှောက် စတိဗ်နှင့် အများကြီး စကားပြောခဲ့မည်မှာ သေချာသည်။ တစ်ချိန်က စတိဗ်သည် ဟူရမ်၏ အိုင်ဒေါ ဖြစ်ခဲ့ဖူးသည် မဟုတ်လား။

ယခုအခါတွင်မူ ဟူရမ်၏ အိုင်ဒေါမှာ ဖုန်းယွီ ဖြစ်နေလေပြီ။

“ခင်ဗျားကို ကျုံး လို့ပဲ ခေါ်လို့ ရမလား။ ကျုံး... နေကောင်းလား၊ ခင်ဗျားကို အင်တာဗျူးချင်နေတာ ကြာပါပြီ။ ဖုန်းကို အင်တာဗျူးပြီးရင် ခင်ဗျားကိုပါ ခဏလောက် အင်တာဗျူးလို့ ရမလား။ အချိန်အများကြီး မယူပါဘူး”

စတိဗ်က ကျုံးချင်းရှန်၏ လက်ကို အားတက်သရော ဆုပ်ကိုင်ရင်း မေးလိုက်သည်။

ဤသူကား ဖုန်းယွီ၏ လက်ရုံးနှစ်ဦးထဲမှ တစ်ဦးဖြစ်ပြီး ထိုက်ဟွာ Holdings Groupကို စီမံခန့်ခွဲနေသူ ကျုံးချင်းရှန် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် ကမ္ဘာ့အဖျော်ယမကာ လောက၏ ထိပ်သီးတစ်ဦးလည်း ဖြစ်ရာ စတိဗ်အနေဖြင့် သူ့အကြောင်းကို ကြိုတင် လေ့လာထားပြီးသား ဖြစ်သည်။

ဟူရမ်က စတိဗ်၏စကားကို ဘာသာပြန်ပေးရာ ကျုံးချင်းရှန်က ပြုံးပြီး ပြန်ဖြေလိုက်သည်။ “မနက်ဖြန်မှ ချိန်းရင်ရော ဘယ်လိုလဲ။ ကျွန်တော်တို့ တရုတ် ထုံးစံအရ အဝေးကလာတဲ့ မိတ်ဆွေကို ညကျရင် စားပွဲသောက်ပေးပြီး ဧည့်ခံရမှာမို့လို့ပါ”

စတိဗ်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။ “ရတာပေါ့... အိမ်ရှင် စီစဉ်တဲ့အတိုင်းပါပဲ”

ကျုံးချင်းရှန်က သဘောတူလိုက်လျှင် သူ မလောတော့ပေ။ မနက်ဖြန် အင်တာဗျူးခြင်းက နောက်နှစ်မှ အင်တာဗျူးခြင်း မဟုတ်သဖြင့် စိတ်အေးရသည်။ ယနေ့ညတွင် ဖုန်းယွီ၏ အင်တာဗျူး အချက်အလက်များကို ပြန်လည် စုစည်းနိုင်မည် ဖြစ်သဖြင့် မနက်ဖြန် ကျုံးချင်းရှန်ကို မေးခွန်းများ ထပ်မနေအောင် ပြင်ဆင်နိုင်မည် ဖြစ်သည်။

ဟူရမ်သည်လည်း တရုတ်နိုင်ငံ၏ ထိပ်တန်းမဂ္ဂဇင်းအယ်ဒီတာချုပ် တစ်ဦးဖြစ်သလို နာမည်ကျော် မီဒီယာသမားတစ်ဦး ဖြစ်သော်လည်း၊ ဤနေရာတွင်မူ ရေနွေးကြမ်း ငှဲ့ပေးသူနှင့် ဘာသာပြန်အဖြစ်သာ တာဝန်ယူနေရသည်။

သို့သော် သူသည် ဤအလုပ်ကို ပျော်ပျော်ကြီး လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤကဲ့သို့သော ထိပ်သီး ၃ ဦး၏ စကားဝိုင်းတွင် ပါဝင်ခွင့်ရခြင်းမှာ သူ့အတွက် အလွန်ဂုဏ်ယူစရာ ကောင်းလှသည်။ ထို့ပြင် စတိဗ် ဖော့ဘ်စ်ထံမှ အင်တာဗျူးနည်းများကိုလည်း လူကိုယ်တိုင် လေ့လာခွင့် ရရှိနေသည် မဟုတ်ပါလော။

စတိဗ်သည် ကော်ဖီတစ်ငုံ သောက်လိုက်ပြီးနောက် ပြောလိုက်သည်။ “အင်း... အရသာ ရှိသားပဲ။ ဖုန်း... ခင်ဗျားကတော့ လက်ဖက်ရည်ကိုပဲ ပိုကြိုက်နေတုန်းပဲနော်။ အဆင်ပြေမယ်ဆိုရင် အခုပဲ အင်တာဗျူး စလိုက်ကြရအောင်”

ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။ “ရတာပေါ့... စကြတာပေါ့”

အခုမှ မလုပ်လျှင် အပိုစကားတွေ ပြောနေရမည် မဟုတ်ပါလော။ ဖုန်းယွီနှင့် စတိဗ်သည် သိကျွမ်းသူများသာဖြစ်ပြီး သူငယ်ချင်းများ မဟုတ်သဖြင့် ထွေထွေထူးထူး ပြောစရာလည်း မရှိပေ။

“ဖုန်း... ကျွန်တော်တို့ သိထားသလောက်ဆိုရင် အခု ခင်ဗျား ထိန်းချုပ်ထားတဲ့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာ အဓိက နှစ်ခုပဲ ရှိတယ်။ တစ်ခုက ဖုန်းယွီ လုပ်ငန်းစုကြီးဖြစ်ပြီး နောက်တစ်ခုက ထိုက်ဟွာ လုပ်ငန်းစုကြီး၊ ဟုတ်တယ် မဟုတ်လား” စတိဗ်က လေးလေးနက်နက် မေးလိုက်သည်။

သူသည် အနည်းငယ် အဆင်မပြေ ဖြစ်နေသေးသည်။ ဖုန်းယွီကို အင်တာဗျူးရာတွင် အသံဖမ်းစက် သုံးခွင့်မရှိသလို၊ ဘောပင်နှင့် စာအုပ်ပင် သုံးခွင့်မပေးပေ။ ဤသည်မှာ သူ၏မှတ်ဉာဏ်ကို အကြီးအကျယ် စမ်းသပ်နေခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် အဓိက မေးခွန်းများကို မှတ်သားထားသဖြင့် ကျန်ရစ်မည် မဟုတ်ပေ။

“မှန်ပါတယ်” ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။ ဒါက လျှို့ဝှက်ချက် မဟုတ်သလို လူအများအပြားလည်း သိထားကြသည်။

“ဒါဆိုရင် အဲဒီ လုပ်ငန်းစုကုမ္ပဏီ နှစ်ခုစလုံးက ခင်ဗျားရဲ့ အကြွင်းမဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတာလား” စတိဗ်က ထပ်မေးလိုက်သည်။

သူ့စိတ်ထဲတွင် အကြွင်းမဲ့ ထိန်းချုပ်ထားခြင်း ဖြစ်လိမ့်မည်ဟု ယူဆထားသော်လည်း ဖုန်းယွီထံမှ အဖြေကို ရယူချင်နေခြင်း ဖြစ်သည်။

“ဟုတ်ပါတယ်။ ကျွန်တော်က ရှယ်ယာ သုံးပုံနှစ်ပုံထက် ပိုပြီးပိုင်ဆိုင်ထားပါတယ်”

စတိဗ်၏ ရင်ထဲတွင် စိတ်လှုပ်ရှားသွားသည်။ တကယ်ပဲ ဖြစ်နေပြီ။ သို့သော် ဖုန်းယွီက ရှယ်ယာ မည်မျှအထိ အတိအကျ ပိုင်ဆိုင်သည်ကိုတော့ သူ ဆက်မမေးတော့ပေ။ မေးလျှင်လည်း ဖုန်းယွီက ဖြေမည်မဟုတ်သလို၊ သူ့ကို မောင်းထုတ်လိုက်လျှင်ပင် ရနိုင်သည်။ ဖုန်းယွီ၏စိတ်ကြီးမှုကို သူ ကြားဖူးထားသည် မဟုတ်ပါလား။ သူ အင်တာဗျူးခဲ့ဖူးသော ဥရောပ အချမ်းသာဆုံး ပုဂ္ဂိုလ် ကီရီလန်ကို ပြီးလျှင် ဖုန်းယွီက ဒုတိယ စိတ်အကြီးဆုံး ဖြစ်ပေလိမ့်မည်။

“တရုတ်နိုင်ငံမှာ Nasdaq စာရင်းဝင်ထားတဲ့ အင်တာနက် ကုမ္ပဏီ တချို့ရှိတာကို ကျွန်တော်တို့ သတိထားမိပါတယ်။ သူတို့ရဲ့ ရှယ်ယာရှင်တွေထဲမှာ ထိုက်ဟွာ အတိုင်ပင်ခံဆိုတဲ့ ကုမ္ပဏီ တစ်ခု ပါဝင်နေတယ်။ အဲဒါက ထိုက်ဟွာ လုပ်ငန်းစုကြီးရဲ့ ကုမ္ပဏီခွဲ တစ်ခုလား”

ထိုက်ဟွာလုပ်ငန်းစုကြီးမှာ စာရင်းဝင်ကုမ္ပဏီ မဟုတ်သဖြင့် အတွင်းသတင်းများကို စုံစမ်းရန် ခက်ခဲလှသည်။ ဖုန်းယွီ လုပ်ဆောင်ခဲ့သော နည်းလမ်းများမှာ အလွန်မရှုပ်ထွေးသော်လည်း ကုမ္ပဏီ အဆင့်ဆင့်ကို ဖြတ်ကျော်ထားခြင်း ဖြစ်သည်။

ဖုန်းယွီ လုပ်ငန်းစုအုပ်စုကြီးမှာမူ ပို၍ပင် ရှုပ်ထွေးလှသည်။ ဖုန်းယွီနှင့် ထိုက်ဟွာ လုပ်ငန်းစုကြီးတို့တွင် လက်အောက်ခံကုမ္ပဏီ မည်မျှရှိသည်ကို စတိဗ် ယခုထက်ထိ သေချာစွာ စုံစမ်းနိုင်ခြင်း မရှိသေးပေ။

“ဟုတ်ပါတယ်... ထိုက်ဟွာ အတိုင်ပင်ခံ ကုမ္ပဏီက ထိုက်ဟွာ လုပ်ငန်းစုကြီးရဲ့ ကုမ္ပဏီခွဲ တစ်ခုပါ။ ဒါက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု ဖြစ်ပြီး စွန့်စား ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်ထားပါတယ်။ ရှုံးနိမ့်တာတွေလည်း အများကြီးပဲ။ အခု အင်တာနက် ကုမ္ပဏီတွေကို ကြည့်လေ... ရှယ်ယာဈေးတွေက ထုတ်ရောင်းတဲ့ ဈေးအောက်တောင် ရောက်နေပြီ။ ကျွန်တော် ပိုက်ဆံတွေ အများကြီး ရှုံးထားရတာ”

ဖုန်းယွီက ပါးစပ်ကသာ ထိုသို့ ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ အလွန်ပျော်ရွှင်နေမိသည်။ ရှယ်ယာဈေးတွေ ထိုးကျလေ ပိုကောင်းလေပင်။ သူသည် ထိုကုမ္ပဏီများကို စတော့ဈေးကွက်မှ ပြန်လည်ထွက်ခွာခိုင်းရန် စီစဉ်နေပြီးသား ဖြစ်ရာ၊ ဤသည်မှာ ငွေအမြောက်အမြား မြတ်စွန်းမည့် ကိစ္စဖြစ်သည်။

ခဲလုံးတစ်လုံးကို ယွမ် ၅ သောင်းနှင့် ရောင်းလိုက်ပြီး၊ ထိုပိုက်ဆံကို ရင်းနှီးမြှုပ်နှံကာ အမြတ်ရှာသည်။ နှစ်နှစ်ကြာသောအခါ ထိုခဲလုံးက ယွမ် ၃ သောင်းသာ တန်တော့သည်။ ထိုအချိန်တွင် မိမိလက်ထဲရှိ ၅ သောင်းမှာ ၈သောင်း ဖြစ်နေပြီ ဖြစ်ရာ၊ ခဲလုံးကို ၃ သောင်းနှင့် ပြန်ဝယ်လိုက်လျှင် ယွမ် ၅သောင်း အလကား မြတ်သွားသည် မဟုတ်ပါလော။ ဤသည်မှာ အလွန် တွက်ခြေကိုက်သော ကိစ္စပင် ဖြစ်သည်။

စတိဗ်သည် နားလည်သလို ခေါင်းညိတ်လိုက်ပြီး ထိုအင်တာနက် ကုမ္ပဏီများ၏ ဈေးကွက်တန်ဖိုးကို တွက်ချက်ကာ ဖုန်းယွီ၏ပိုင်ဆိုင်မှုထဲတွင် ထပ်မံ ထည့်သွင်းလိုက်သည်။

“ဖုန်း... ဒါဆို ခင်ဗျားရဲ့ကုမ္ပဏီခွဲတွေထဲမှာ ငွေကြေး အများဆုံး ကိုင်တွယ်နေတာက ဖုန်းယွီ အတိုင်ပင်ခံ ကုမ္ပဏီလား”

“ဟုတ်ပါတယ်... ဒါကလည်း ဘဏ္ဍာရေး ထုတ်ကုန်တွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် တည်ထောင်ထားတဲ့ ကုမ္ပဏီ တစ်ခုပါပဲ”

“ဒါဆိုရင် အဲဒီကုမ္ပဏီရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ ဘီလီယံ ၅၀ ထက် ကျော်နေပြီလား” စတိဗ် ဖော့ဘ်စ်သည် ဖုန်းယွီ၏ မျက်လုံးများကို စိုက်ကြည့်ရင်း သူ ယနေ့ မေးချင်ဆုံး မေးခွန်းကို မေးလိုက်လေတော့သည်။

All Chapters