အခန်း (၁၂၅၃-၁၂၅၅)
Vol. 85 Ch. 1253-1255
အခန်း (၁၂၅၃) ကမ္ဘာ့အချမ်းသာဆုံးနေရာသို့ တက်လှမ်းခြင်း
ဖုန်းယွီ၏ မျက်လုံးများတွင် စဉ်းစားနေသည့် အရိပ်အယောင်များ ပေါ်လာသည်။ “ဖုန်းယွီ အတိုင်ပင်ခံ ကုမ္ပဏီကို ပြောတာလား။ အဲဒီကုမ္ပဏီကို ကျွန်တော် ဂရုမစိုက်ဖြစ်တာ တော်တော်ကြာပြီ၊ ဖြစ်ရင်လည်း ဖြစ်မှာပေါ့”
စတိဗ် ကြောင်အသွားသည်။ ဖုန်းယွီက ဤမျှ ဝေဝါးသော အဖြေမျိုး ပေးလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။
ဖြစ်ရင်လည်း ဖြစ်မှာပေါ့ ဆိုသည်မှာ ဘာသဘောလဲ။ ရှိရင်ရှိတယ်၊ မရှိရင်မရှိဘူးဟု ပြတ်ပြတ်သားသား ရှိသင့်တယ် မဟုတ်ဘူးလား။
သို့သော် ဖုန်းယွီ၏လေသံအရ ဒေါ်လာ ၅၀ ဘီလီယံ မပြည့်လျှင်တောင် ကွာဟချက် အလွန်နည်းပါးမည်ဖြစ်ပြီး၊ အနည်းဆုံး ၄၅ ဘီလီယံအထက် ရှိနိုင်ကြောင်း စတိဗ် ခန့်မှန်းလိုက်သည်။
ဤမျှ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုကို ဖုန်းယွီက ဂရုမစိုက်ဖြစ်တာ ကြာပြီဟု ပြောသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ဘယ်သူပဲဖြစ်ဖြစ် ဒီလောက်များပြားတဲ့ ပိုင်ဆိုင်မှုမျိုးကို အမြဲမပြတ် စောင့်ကြည့်နေကြမှာပဲ။ ပရော်ဖက်ရှင်နယ် မန်နေဂျာတွေနဲ့ လွှဲထားရင်တောင် အနည်းဆုံး တစ်ပတ်တစ်ခါတော့ အစီရင်ခံစာ နားထောင်ရမှာပေါ့။
သို့သော် ဖုန်းယွီ၏ မျက်နှာပေးကို ကြည့်ရသည်မှာ လိမ်နေပုံ မရပေ။ ထို့ပြင် ဖုန်းယွီ၏ပိုင်ဆိုင်မှုနှင့် သူ၏စရိုက်အရ ဤကဲ့သို့သော ကိစ္စမျိုးတွင် လိမ်ပြောရန်လည်း မလိုအပ်ပေ။
စတိဗ်သည် ခေတ္တစဉ်းစားပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ဖုန်း... တချို့က ထိုက်ဟွာ လုပ်ငန်းစုကြီးရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၂၀ ဘီလီယံ ကျော်တယ်လို့ ပြောကြတယ်။ ကျွန်တော့်အမြင်တော့ အဲဒီခန့်မှန်းချက်က နည်းလွန်းနေတယ်၊ ၃၀ ဘီလီယံလောက် ရှိမယ်လို့ ယူဆတယ်၊ အနည်းဆုံးပေါ့။ ကျွန်တော် ပြောတာ မှန်ရဲ့လား”
ဖုန်းယွီက စတိဗ်ကို ပြုံးစစဖြင့် ကြည့်လိုက်သည်။ ကျွန်တော့်မှာ ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲဆိုတာ တိုက်ရိုက်မေးတာက ပိုမကောင်းဘူးလား၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပြောမှာ မဟုတ်ဘူး။
ကျွန်တော့်မှာ ပိုက်ဆံ ဘယ်လောက်ရှိလဲဆိုတာ ခင်ဗျားကို ဘာလို့ ပြောပြရမှာလဲ။
ဒီတစ်ခါ စတိဗ်က ဖုန်းယွီရဲ့ ကုမ္ပဏီတွေနဲ့ အမှတ်တံဆိပ်တွေကို ကြော်ငြာပေးဖို့ ကတိပေးထားလို့သာ ဖုန်းယွီက အင်တာဗျူး ခံလိုက်ခြင်း ဖြစ်သည်။
“အဲဒီလောက်ပါပဲ”
စတိဗ် ရူးချင်သွားသည်။ နောက်တစ်ခါ ဝေဝါးသော အဖြေမျိုး ပေးပြန်ပြီ။
အဲဒီလောက်ပါပဲ ဆိုသည်မှာ ဘာကိုဆိုလိုတာလဲ။ ၂၀ ဘီလီယံနဲ့ နီးစပ်တာလား၊ ၃၀ ဘီလီယံနဲ့ နီးစပ်တာလား။ ဒါဟာ ဒေါ်လာ ၁၀ ဘီလီယံလောက် ကွာခြားနေတာလေ၊ အများကြီး ကွာတာပေါ့။
ဒေါ်လာ ၁၀ ဘီလီယံ ဆိုသည်မှာ ယခုနှစ် ဖော့ဘ်စ် သူဌေးကြီးစာရင်း၏ ထိပ်ဆုံး အယောက် ၂၀၊ ဒါမှမဟုတ် ၁၅ ယောက်စာရင်းထဲ ဝင်နိုင်သည့် ပမာဏ ဖြစ်သည်။
“ဒါဆိုရင် ၃၀ ဘီလီယံလို့ ကျွန်တော် ခန့်မှန်းလိုက်လို့ ရမလား” စတိဗ်က မကျေမနပ်ဖြင့် ထပ်မေးလိုက်သည်။
“ခင်ဗျား သဘောပဲလေ” ဖုန်းယွီက ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သည်။
စတိဗ် တစ်ယောက် အားလျှော့ချင်လာတော့သည်။ တခြားလူတွေက ဖော့ဘ်စ် သူဌေးကြီးစာရင်းရဲ့ ထိပ်ဆုံးမှာ ပါရတာကို ဂုဏ်ယူစရာလို့ သတ်မှတ်ကြပြီး၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အကုန်ပြောပြချင်နေကြတာ။
အကယ်၍ ဖော့ဘ်စ်ရဲ့ ခန့်မှန်းချက်က နည်းနေရင်တောင် သူတို့ရဲ့ အဆင့်က ဒီထက် ပိုမြင့်သင့်တယ်ဆိုပြီး လူသိရှင်ကြား ကန့်ကွက်တတ်ကြသေးသည်။
ဒါပေမဲ့ ဒီဖုန်းယွီနဲ့ တရုတ်လူမျိုး အတော်များများကတော့ ချမ်းသာတာကို ထုတ်မပြချင်ကြဘဲ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ဖုံးကွယ်ထားဖို့ပဲ ကြိုးစားနေကြသည်။
တရုတ်နိုင်ငံမှာ သူဌေးကြီးတွေ ပေါ်ထွက်လာတာကို အစိုးရက ခွင့်မပြုဘူးဆိုတဲ့ ကောလာဟလတွေက တကယ်ပဲလား။ ဒါပေမဲ့လည်း မဟုတ်ပြန်ဘူး၊ ဖုန်းယွီ အာရှရဲ့ အချမ်းသာဆုံး ဖြစ်နေတာ ကြာပြီပဲ။ သူ့ပိုင်ဆိုင်မှုတွေ တိုးလာတာပဲ တွေ့ရတယ်၊ လျော့သွားတာ မတွေ့ရပါဘူး။
ဖုန်းယွီက ကပ်စေးနှဲတဲ့ လူစားမျိုးလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ အမေရိကန်မှာ လှူဒါန်းတာ နည်းပေမဲ့ မနှစ်က ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေမှာ သူ့ရဲ့ ကုမ္ပဏီတွေက ငွေအမြောက်အမြား လှူခဲ့တာပဲ။ ကြားသိရသလောက်ဆိုရင် ဖုန်းယွီက တရုတ်နိုင်ငံမှာ ပိုပြီးတော့တောင် လှူထားသေးတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းက ရရှိခဲ့တဲ့ သတင်းအရ ဖုန်းယွီရဲ့ ကုမ္ပဏီ အများအပြားဟာ တရုတ်နိုင်ငံရဲ့ ၂၀၀၈ အိုလံပစ်ပွဲတော်အတွက် အလှူငွေတွေ အမြောက်အမြား ပေးအပ်ထားကြတယ်၊ စုစုပေါင်း ပမာဏဟာ ဒေါ်လာ ၂.၅ ဘီလီယံ ကျော်တယ်လို့ သိရတယ်။
ဒီလောက်များပြားတဲ့ ငွေတွေကို တစ်ပြိုင်တည်း လှူနိုင်တဲ့သူကို ကပ်စေးနှဲလို့ ဘယ်သူက ယုံမှာလဲ။
ဒီကိစ္စက တော်တော်လေး ခက်ခဲလှသည်။ စတိဗ်လည်း နားမလည်နိုင်သဖြင့် ဤသည်မှာ သူတို့နိုင်ငံ၏ ရှေးကျသော ဓလေ့ထုံးတမ်းကြောင့်သာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်ရသည်။
“ဖုန်း... ဒါဆို ခင်ဗျားရဲ့ ဟိုးဒင်းစ် ကုမ္ပဏီနှစ်ခုရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၆၀ ဘီလီယံ ကျော်နေပြီလို့ ကျွန်တော် ယူဆလို့ ရမလား”
ဒါကတော့ စတိဗ် ပေးနိုင်သည့် အနည်းဆုံး ခန့်မှန်းချက် ဖြစ်သည်။ ရဲရဲဝံ့ဝံ့ ခန့်မှန်းမည်ဆိုလျှင် ၇၀ ဘီလီယံတောင် ကျော်နိုင်သည်ဟု သူ ယူဆသည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း မိုက်ခရိုဆော့ဖ် ရှယ်ယာဈေးများ ထိုးကျသွားခဲ့သဖြင့် ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုကို ယခုတစ်ကြိမ်တွင် ဒေါ်လာ ၅၉.၂ ဘီလီယံဟု သတ်မှတ်ထားသည်။ ထို့ကြောင့် ဖုန်းယွီက ဒေါ်လာ ၆၀ ဘီလီယံ ရှိသည်ဟု ဝန်ခံလိုက်ရုံဖြင့် သူသည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာပေလိမ့်မည်။
ဤသည်မှာ Forbes မဂ္ဂဇင်းအတွက်လည်း အကျိုးရှိသည်။ မိုက်ခရိုဆော့ဖ် ရှယ်ယာဈေးများ ပြန်တက်လာပြီး ဘီလ်ဂိတ်က ၆၀ ဘီလီယံကို ပြန်ကျော်သွားချိန်၊ လူတိုင်းက ဘီလ်ဂိတ် နံပါတ် ၁ ပြန်ဖြစ်ပြီဟု ထင်မှတ်နေချိန်တွင်မှ ဖုန်းယွီ၏ ပိုင်ဆိုင်မှုမှာ ၆၅ ဘီလီယံ သို့မဟုတ် ၇၀ ဘီလီယံအထိ ရှိကြောင်း နောက်တစ်ကြိမ် ထပ်မံဖော်ပြလိုက်ပါက မဂ္ဂဇင်းရောင်းအားမှာ အကြီးအကျယ် တက်လာမည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဖုန်းယွီရဲ့ ပိုင်ဆိုင်မှုက အမြဲတမ်း ပဟေဠိ တစ်ခုလို ဖြစ်နေတာပဲ။ သူ ဖော်ပြလိုက်တဲ့ အချက်အလက်က အစစ်အမှန်လား ဆိုတာကိုလည်း ဘယ်သူမှ မသိနိုင်ဘူး။ ဒါပေမဲ့ သူ့ရဲ့ခန့်မှန်းချက်က အမြဲတမ်း အနိမ့်ဆုံးဘက်ကပဲ တွက်ထားတာမို့ ပိုတော့ မများနိုင်ပါဘူး။
အခု ဒီအချက်အလက်ကို ဖုန်းယွီဘက်က ဝန်ခံလိုက်ဖို့ပဲ လိုတာပါ။ ဒါက ပြဿနာ ရှိမယ် မထင်ပါဘူး။
ဖုန်းယွီ ခေတ္တစဉ်းစားလိုက်သည်။ “ဘီလ်ဂိတ်ရဲ့ အခုလက်ရှိ ပိုင်ဆိုင်မှုက ဘယ်လောက်လဲ”
“၅၉.၂ ဘီလီယံပါ။ မိုက်ခရိုဆော့ဖ် ရှယ်ယာဈေးတွေက လှုပ်ခတ်နေတုန်းပဲ၊ ထပ်ကျဖို့လည်း အလားအလာ ရှိနေတော့ သူ့ပိုင်ဆိုင်မှုက ထပ်ပြီး လျော့နည်းသွားနိုင်ပါတယ်” စတိဗ်က ဘာမှမဖုံးကွယ်ဘဲ ဖြေကြားလိုက်သည်။
“သူ့ရဲ့ ဖောင်ဒေးရှင်း ပိုင်ဆိုင်မှုတွေရော ထည့်တွက်ထားလား” ဖုန်းယွီက စူးစမ်းစွာ မေးလိုက်သည်။
“ထည့်တွက်ထားပါတယ်” စတိဗ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ ဖုန်းယွီက ဘာလို့ ထိုဖောင်ဒေးရှင်းကို စိတ်ဝင်စားနေရတာလဲ။ ထိုဖောင်ဒေးရှင်း၏ ပိုင်ဆိုင်မှုမှာ အများကြီး မဟုတ်သေးဘူးမလား။
ဖုန်းယွီ ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် ဘီလ်ဂိတ်သည် သူ၏ ပိုင်ဆိုင်မှု အများစုကို ဖောင်ဒေးရှင်းသို့ မလွှဲပြောင်းရသေးပေ။ ထို့ကြောင့် ဖောင်ဒေးရှင်း ပိုင်ဆိုင်မှုမှာ ထိုမျှ မများလှသေးပေ။
အရင်ဘဝတုန်းက ၂၀၀၈ ခုနှစ်ကျမှသာ ဘီလ်ဂိတ်သည် သူ၏ မိုက်ခရိုဆော့ဖ် ရှယ်ယာများ အားလုံးကို ဇနီးမောင်နှံ ဖောင်ဒေးရှင်းသို့ လှူဒါန်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ရှယ်ယာတန်ဖိုးမှာ ဒေါ်လာ ၆၀ ဘီလီယံ နီးပါး ရှိခဲ့သည်။
သို့သော် ယခုအချိန်တွင်မူ ထိုဖောင်ဒေးရှင်း၌ ပိုင်ဆိုင်မှုအချို့ ရှိသော်လည်း အများကြီး မဟုတ်သေးပေ။
“ဒါဆိုရင် ကျွန်တော့်ရဲ့ ကုမ္ပဏီနှစ်ခုက ပိုင်ဆိုင်မှုဟာ ၆၀ ဘီလီယံ ရှိတယ်လို့ ဝန်ခံလိုက်ရင် ကျွန်တော်က ကမ္ဘာ့အချမ်းသာဆုံး ဖြစ်သွားမှာပေါ့”
ဘေးနားမှ နားထောင်နေသော ဟူရမ်၏ မျက်လုံးများမှာ တောက်ပလာသည်။ ကျုံးချင်းရှန်ကလည်း သူ့ကို တစ်ချက် လှမ်းတို့လိုက်မှ အမြန်ပြန်လည် ဘာသာပြန်ပေးလိုက်ရသည်။
ကျုံးချင်းရှန်လည်း မှင်သက်သွားသည်။ သူသည် ထိုက်ဟွာ Holdings Groupကို စီမံခန့်ခွဲနေသူဖြစ်ရာ ထိုက်ဟွာ၏ ပိုင်ဆိုင်မှု မည်မျှရှိသည်ကို သိထားသည်။ သို့သော် ဖုန်းယွီ လုပ်ငန်းစုကြီး၏ ပိုင်ဆိုင်မှုမှာ ဤမျှလောက် များပြားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဖုန်းယွီက ခုတင်ကမှ အလှူငွေတွေအတွက် ပိုက်ဆံတွေ အများကြီး ထုတ်သွားတာ မဟုတ်လား၊ ဘာလို့ ဒီလောက် အများကြီး ကျန်နေသေးတာလဲ။
ဒါဆိုရင် ဖုန်းယွီက ကမ္ဘာ့အချမ်းသာဆုံး ဖြစ်သွားပြီပေါ့။ ကမ္ဘာ့အချမ်းသာဆုံးက တရုတ်လူမျိုး တစ်ယောက် ဖြစ်လာပြီပေါ့လေ။
စတိဗ်၊ ကျုံးချင်းရှန်နှင့် ဟူရမ်တို့ ၃ ဦးစလုံး ဖုန်းယွီ၏ မျက်နှာကို စိုက်ကြည့်ကာ အဖြေကို စောင့်ဆိုင်းနေကြသည်။
ဖုန်းယွီက ရုတ်တရက် ပြုံးလိုက်သည်။ “ခင်ဗျား ရှိတယ်လို့ ယူဆထားမှတော့ ရှိတယ်လို့ပဲ သဘောထားလိုက်ပါတော့။ ကျွန်တော် ဝန်မခံလည်း ခင်ဗျားက ဒီအတိုင်းပဲ ရေးတော့မှာ မဟုတ်လား။ ဒါမှမဟုတ် ကျွန်တော့်ကို အချက်အလက်တွေ အကုန်ချပြခိုင်းပြီး ခင်ဗျားကို ပြန်ငြင်းစေချင်လို့လား”
စတိဗ်တို့ ၃ ဦးစလုံး အလွန် အံ့အားသင့်သွားကြသလို၊ တစ်ဖက်မှာလည်း စိတ်အေးသွားကြသည်။ သူတို့ ထင်ထားသည်မှာ မမှားပေ။ ဖုန်းယွီသည် တကယ်ပင် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်နေလေပြီ။
မိမိပိုင်ဆိုင်မှုကို ဖုံးကွယ်ထားချင်သူ တစ်ယောက်သည် မိမိ၏ ပိုင်ဆိုင်မှုကို အလကားနေရင်း ပိုပြီးကြွားလုံးထုတ်မည် မဟုတ်သည်မှာ သေချာလှသည်။
“ဖုန်း... ဒါဆို နောက်ထွက်မယ့် Forbes မဂ္ဂဇင်းမှာ ခင်ဗျားရဲ့ ပိုင်ဆိုင်မှုကို ဒေါ်လာ ၆၀ ဘီလီယံလို့ ဖော်ပြရင် ခင်ဗျား ကန့်ကွက်စရာ မရှိဘူးနော်” စတိဗ်က ထပ်မံ အတည်ပြုလိုက်သည်။
“မရှိပါဘူး... အဲဒီအတိုင်းပဲ လုပ်လိုက်ပါ။ ကမ္ဘာ့နံပါတ် ၁ လား၊ နံပါတ် ၂ လား ဆိုတာ လုနေစရာ မလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သုံးလို့တောင် ကုန်မှာ မဟုတ်တာ” ဖုန်းယွီက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
စတိဗ် ဆွံ့အသွားရသည်။ ဖုန်းယွီ၏အမြင်တွင်မူ လောက်ငရုံ ရှိလျှင်ပင် လုံလောက်ပြီဟု ယူဆပုံရသည်။ သို့သော် အခြားသူများအတွက်မူ ဤအဆင့်သတ်မှတ်ချက်မှာ အလွန်အရေးကြီးလှသည် မဟုတ်ပါလော။
မည်သို့ပင် ဖြစ်စေကာမူ ဖုန်းယွီဟူသော ဤထူးဆန်းသည့် ပုဂ္ဂိုလ်မှာ ကမ္ဘာ့အချမ်းသာဆုံး နေရာသို့ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်သည်။
******
အခန်း (၁၂၅၄) - နောင်တရနေသော စတိဗ်
ညနေပိုင်းတွင် ရှန်ဟိုင်းရှိ ချွမ်ကျူထယ်စားသောက်ဆိုင်၌ စတိဗ် ဖော့ဘ်စ်ကို ဧည့်ခံကျွေးမွေးခဲ့သည်။
မူလက တရုတ်ရိုးရာ အစားအစာများကို စားရမည်ဖြစ်၍ စတိဗ်မှာ ပျော်ရွှင်နေသော်လည်း၊ ပေါလ်အယ်လန်ကို အင်တာဗျူးစဉ်က သူပြောခဲ့သည့် စကားကို ရုတ်တရက် သတိရလိုက်မိသည်။ ပေါလ်အယ်လန်က တရုတ်နိုင်ငံသို့ သွားခဲ့လျှင် ထူးခြားသော ဒေသစာများကို လုံးဝမစားရန်၊ အရှိဆုံးသော သာမန်အစားအစာကိုသာ စားရန်၊ မဟုတ်ပါက အိပ်မက်ဆိုးနှင့် ကြုံရလိမ့်မည်ဟု သတိပေးခဲ့ဖူးသည်။
ပေါလ်အယ်လန်သည် တရုတ်နိုင်ငံသို့ တစ်ခေါက်သွားစဉ်က ဒေသထွက် အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခြင်း ခံရပြီးနောက်၊ တစ်ပတ်မပြည့်မီမှာပင် ကိုယ်အလေးချိန် ၁၂ ပေါင်ခန့် ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။
စတိဗ်သည် ကျုံးချင်းရှန်ကို အားနာသလို ပြုံးပြရင်း ပြောလိုက်သည်။ “ကျုံး... ကျွန်တော် သာမန်အစားအစာတွေကိုပဲ စားပါ့မယ်။ ထွေထွေထူးထူး ဟင်းလျာတွေ မလိုပါဘူး”
ကျုံးချင်းရှန်က စတိဗ်မှာ အားနာနေသည်ဟု ထင်မှတ်ကာ ရှင်းပြလိုက်သည်။”ဒါက ကျွန်တော်တို့ တရုတ်နိုင်ငံရဲ့ရိုးရာဓလေ့ပါဗျာ။ မိတ်ဆွေတွေ အဝေးကလာရင် ကောင်းကောင်းမွန်မွန် ဧည့်ခံရပါတယ်။ မစ္စတာဖော့ဘ်စ်... နိုင်ငံခြားသား အတော်များများက ကျွန်တော်တို့ရဲ့ အစားအစာတွေကို စားပြီးရင် ချီးကျူးမဆုံး ဖြစ်ကြတာပါ။ ခင်ဗျားနဲ့ သင့်တော်မယ့် ဟင်းလျာတစ်ခုတော့ သေချာပေါက် ပါမှာပါ”
ဖုန်းယွီကလည်း ပြုံးလျက် ဆိုလိုက်သည်။ “စတိဗ်... စိတ်ချပါ။ ဒီနေ့ ဟင်းတွေကို ဓား၊ ခက်ရင်းတွေနဲ့ စားလို့ရတာမို့ အဆင်မပြေတာမျိုး မရှိစေရပါဘူး”
ဖုန်းယွီသည် စတိဗ်က စားပွဲပေါ်ရှိ ထမင်းစားတံများကို အသုံးမပြုတတ်သဖြင့် ငြင်းပယ်နေခြင်း ဖြစ်လိမ့်မည်ဟု ထင်မှတ်နေခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဘဲကင်ကို မုန့်ပြားနှင့် လိပ်စားသည့်အခါ ဇွန်းတစ်ချောင်းရှိလျှင်ပင် အဆင်ပြေလှသည်။ တစ်ယောက်တည်း စားမည်ဆိုပါက လက်ဖြင့်ပင် ကိုင်စား၍ ရသည်လေ။
စတိဗ်သည် ထိုစကားကို ကြားသောအခါ စိတ်ထဲမှ ပို၍ပင် ထိတ်လန့်သွားတော့သည်။ သို့သော် သူက ထပ်မံငြင်းပယ်နေမည်ဆိုပါက ရိုင်းရာကျမည်ဟု ယူဆသဖြင့်၊ ထူးဆန်းသော အရာများ ပါမလာပါစေနှင့်ဟုသာ ဆုတောင်းရင်း အခြေအနေကို လက်ခံလိုက်ရတော့သည်။
ဟင်းသီးဟင်းရွက်တွေပဲ ပါပါစေ... ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ပါစေ။
ဟင်းလျာများ စတင်ချလာသောအခါ စားဖိုမှူးတစ်ဦးသည် သူတို့ရှေ့တွင်ပင် ဘဲကင်ကို အလွှာလေးများဖြစ်အောင် လှီးဖြတ်ပေးနေသည်ကို စတိဗ် တွေ့မြင်လိုက်ရသည်။ ဖုန်းယွီက စတိဗ်ကို နမူနာပြသကာ ဘဲကင်ကို မုန့်ပြားဖြင့်လိပ်၍ မြိန်ရည်ယှက်ရည် စားပြလိုက်သည်။
စတိဗ်သည် ဘဲသား၊ ကြက်သွန်မြိတ်၊ မုန့်ပြားနှင့် ဆော့စ်တို့ကို သေချာကြည့်လိုက်ရာ ထူးဆန်းသော အနံ့အသက် မရှိသည့်အပြင် အလွန်ပင် မွှေးကြိုင်လှသည်ကို သတိပြုမိသွားသည်။
သူသည် ဖုန်းယွီ လုပ်ပြသကဲ့သို့ပင် ခက်ရင်းကို အသုံးပြုကာ ဘဲကင်လိပ်ကို အသေအချာ ပြင်ဆင်ပြီး သတိထား၍ တစ်လုပ် မြည်းကြည့်လိုက်သည်။ ချက်ချင်းပင် သူ၏မျက်လုံးများ တောက်ပလာပြီး ကျန်သည့် အပိုင်းကိုပါ ပါးစပ်ထဲ အမြန် ထည့်လိုက်တော့သည်။
သောက်ကျိုးနည်း ပေါလ်အယ်လန်ကတော့ ငါ့ကို လိမ်လိုက်တာပဲ။ ဒီလောက် အရသာရှိတဲ့ အစားအစာကို ဘယ်လိုများ စားမဝင်လောက်အောင် ရွံစရာကောင်းတယ်လို့ ပြောရတာလဲ။ ခုနကသာ ငါ အတင်းငြင်းမိရင် ဒီလို ကောင်းမွန်တဲ့ ဟင်းလျာနဲ့ လွဲသွားတော့မှာပဲ။
နောက်ထပ် ဟင်းလျာများကိုလည်း စတိဗ်သည် အလွန်ကျေနပ်အားရစွာ စားသောက်ခဲ့သည်။ ရှန်ဟိုင်း ဒေသစာအချို့ကိုလည်း သူ ချီးကျူးမဆုံး ဖြစ်ခဲ့ရသည်။ ဤအရသာများမှာ နယူးယောက်မြို့ တရုတ်တန်းရှိ ဟင်းလျာများထက် များစွာ သာလွန်လှပေသည်။
ဤသည်မှာ ထိုက်ဟွာ Holdings Group၏ လက်အောက်ခံ စားသောက်ကုန် လုပ်ငန်းစုမှ ဆိုင်ဖြစ်ပေလိမ့်မည်။ ဤမျှ အရသာရှိလှသဖြင့် တရုတ်နိုင်ငံ၏ နံပါတ် ၁ စားသောက်ကုန် အမှတ်တံဆိပ် ဖြစ်နေခြင်းမှာ မဆန်းလှပေ။
နယူးယောက်မှာလည်း ဆိုင်တစ်ဆိုင် ရှိတယ်လို့ ကြားတယ်။ နောက်တစ်ခါ အားရင် မိသားစုကို ခေါ်သွားပြီး မြည်းစမ်းကြည့်ရမယ်။ ငါ့ကလေး ၃ ယောက်စလုံး သေချာပေါက် ကြိုက်ကြမှာပဲ။
ထိုနေ့တွင် သောက်သည့်ဝိုင်မှာ ကျုံးချင်းရှန် ရွေးချယ်ထားသော အထူးသစ်သီးဝိုင်ဖြစ်ပြီး အရက်ပြန်နှုန်း မမြင့်မားသလို အရသာမှာလည်း အလွန်ပင် ကောင်းမွန်လှသည်။ စတိဗ်သည် ဤတရုတ်ဝိုင်ကို သောက်ပြီးနောက်တွင်လည်း ချီးကျူးပြန်သည်။ ဤမျှ အရသာရှိသောဝိုင်မှာ ပေါလ်အယ်လန် ပြောသကဲ့သို့ ထူးဆန်းသော အရာများ လုံးဝ မပါဝင်ပေ။
နောက်တစ်ခါ ပေါလ်အယ်လန်ကို အင်တာဗျူးတဲ့အခါကျရင် ဘာလို့ အခုလိုလိမ်ပြောရတာလဲဆိုတာ သေချာမေးရမယ်။
ဒီတစ်ခါ ပိုင်ဆိုင်မှု တွက်ချက်တဲ့အခါ ပေါလ်အယ်လန်က အယောက် ၅၀ စာရင်းထဲကနေ ပြုတ်လုနီးပါး ဖြစ်နေလို့များ စိတ်ဆိုးပြီး လိမ်တာလား။ ဒါပေမဲ့ ဒါက အမှန်တရားပဲလေ။ ရှေ့ကလူတွေက သူ့ထက် ပိုပြီး ချမ်းသာနေကြတာကိုး။
နောက်တစ်နေ့တွင် တရုတ်ရိုးရာ မနက်စာကို ကျေနပ်စွာ စားသောက်ပြီးနောက်၊ စတိဗ်ကို ဟူရမ်က ကျုံးချင်းရှန်၏ ရုံးခန်းသို့ ခေါ်ဆောင်လာခဲ့သည်။
“ကျုံး... မနေ့က ခင်ဗျားရဲ့ဧည့်ခံကျွေးမွေးမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။ ကျွန်တော် တရုတ် အစားအစာတွေကို စွဲလမ်းသွားပြီလို့ ထင်တယ်” စတိဗ်က မြှောက်ပင့်ကာ ပြောလိုက်သည်။
“ဟားဟား... နယူးယောက်မှာလည်း ကျွန်တော်တို့ရဲ့ စားသောက်ဆိုင် ရှိပါတယ်ဗျာ။ ခဏနေရင် ကျွန်တော် ခင်ဗျားကို အသင်းဝင်ကတ် တစ်ခု ပေးပါ့မယ်။ အဲဒီကတ်ရှိရင် ကြိုတင် နေရာမှာရတာ လွယ်ကူသလို၊ ငွေရှင်းတဲ့အခါမှာလည်း အထူးလျှော့ဈေး ရမှာပါ”
“အဲဒါကတော့ ကျေးဇူးအများကြီး တင်ရမှာပဲ” စတိဗ်က ကျေနပ်စွာ ပြန်ပြောလိုက်သည်။ ကျုံးချင်းရှန်ဘက်က ပြသလာသည့် စေတနာအပေါ် သူ အလွန်ဝမ်းမြောက်မိသည်။
တရုတ်နိုင်ငံတွင် “ဖုန်းယွီ စီးပွားရေး အပတ်စဉ် မဂ္ဂဇင်း” ထွက်ပေါ်လာပြီးနောက်တွင် သူတို့၏ “ဖော့ဘ်စ်” မဂ္ဂဇင်း ရောင်းအားမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။ တရုတ်နိုင်ငံသား အမြောက်အမြားမှာ စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးတက်နေချိန်တွင် သူတို့၏မဂ္ဂဇင်းကို ဘာကြောင့် စိတ်မဝင်စားကြသနည်း။
သူသည် “ဖုန်းယွီ စီးပွားရေး အပတ်စဉ် မဂ္ဂဇင်း” ကို လေ့လာကြည့်ရာ၊ အဓိက ကွာခြားချက်မှာ ထိုမဂ္ဂဇင်း၏ အကြောင်းအရာ အများစုမှာ တရုတ်နိုင်ငံနှင့်သာ သက်ဆိုင်ခြင်း ဖြစ်သည်။ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်တို့မှ သတင်းများ ပါဝင်ပြီး အာရှ၏ အခြားဒေသများနှင့် ဥရောပ၊ အမေရိက သတင်းများမှာမူ အနည်းငယ်သာ ပါဝင်လေသည်။
ကြည့်ရသည်မှာ တရုတ်လူမျိုးများသည် တရုတ်သူဌေးကြီးများ၏ သတင်းကိုသာ ပို၍စိတ်ဝင်စားကြပုံရသည်။ ကျုံးချင်းရှန်နှင့် ရင်းနှီးသွားပါက တဖြည်းဖြည်းနှင့် တရုတ်သူဌေးကြီးများဆီသို့ ပိုမိုချဉ်းကပ်နိုင်မည်ဖြစ်ပြီး၊ ထိုအခါမှ တရုတ်ဈေးကွက်ကို ဖွင့်လှစ်နိုင်မည် ဖြစ်သည်။
အကယ်၍ ထိုသို့မှ အဆင်မပြေပါက နောက်ထပ် နည်းလမ်းတစ်ခုကို စဉ်းစားရမည်။ ၎င်းမှာ “ဖုန်းယွီ စီးပွားရေး အပတ်စဉ် မဂ္ဂဇင်း” နှင့် ပူးပေါင်းကာ အချင်းချင်း သတင်းများ ဖလှယ်ခြင်း သို့မဟုတ် တစ်ဖက်၏ မဂ္ဂဇင်းကို ကိုယ်စားလှယ်အဖြစ် ဖြန့်ချိပေးခြင်းတို့ ဖြစ်သည်။
ယခင်က “ဖုန်းယွီ စီးပွားရေး အပတ်စဉ် မဂ္ဂဇင်း” ဘက်က သူတို့နှင့် ပူးပေါင်းရန် ကမ်းလှမ်းခဲ့ဖူးသော်လည်း သူက ငြင်းပယ်ခဲ့ဖူးသည်။ ထိုစဉ်က ဤကဲ့သို့သော မဂ္ဂဇင်းအသစ်လေးကို သူက အထင်မကြီးခဲ့ခြင်း ဖြစ်သည်။
မည်သည့် မဂ္ဂဇင်းမဆို ကမ္ဘာ့ထိပ်တန်း စီးပွားရေး မဂ္ဂဇင်းအဖြစ် အလွယ်တကူ သတ်မှတ်ခံရမည် မဟုတ်ဟု သူ ယူဆခဲ့သည်။
သို့သော် နောက်ပိုင်းတွင် သူ နောင်တရခဲ့ရသည်။ ဤ “ဖုန်းယွီ စီးပွားရေး အပတ်စဉ် မဂ္ဂဇင်း” သည် တရုတ်နိုင်ငံတွင် အလွန် ရောင်းကောင်းခဲ့သည့်အပြင်၊ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ် ဈေးကွက်များတွင်လည်း သူတို့၏ နေရာကို အကြီးအကျယ် လုယူသွားခဲ့သည်။
အကြောင်းမှာ ဤမဂ္ဂဇင်းသည် တရုတ်ဘာသာဖြင့် ထွက်ရှိခြင်းကြောင့်ပင်။ လက်ရှိတွင် စာလုံးရိုးရှင်းသော ဗားရှင်းနှင့် ရှေးဟောင်း စာလုံးဗားရှင်းဟူ၍ နှစ်မျိုး ထွက်ရှိနေသည်။
ထိုအခါမှ သူသည် ဖော့ဘ်စ် မဂ္ဂဇင်း၏ အကြီးမားဆုံးသော အားနည်းချက်မှာ သတင်းအကြောင်းအရာက နိုင်ငံခြားဖြစ်နေခြင်း မဟုတ်ဘဲ၊ တရုတ်ကုန်သည် အတော်များများက အင်္ဂလိပ်စာကို နားမလည်ခြင်းကြောင့် ဖြစ်သည်ကို ရိပ်မိသွားသည်။
နားမလည်သော မဂ္ဂဇင်းတစ်စောင်ကို ဖတ်မည့်အစား၊ ဖက်ရှင်မဂ္ဂဇင်း ဆိုလျှင်ပင် ပုံလေးတွေကြည့်ပြီး ကျေနပ်၍ ရသေးသည်။ သို့သော် သူတို့မှာ ပရော်ဖက်ရှင်နယ် စီးပွားရေး မဂ္ဂဇင်း ဖြစ်သဖြင့် အကြောင်းအရာများသာများပြီး ပုံများမှာ နည်းပါးလှသည်လေ။
ယခင်က ဤမဂ္ဂဇင်းမှာ ဖုန်းယွီ ရင်းနှီးမြှုပ်နှံထားသည့် မဂ္ဂဇင်းဖြစ်ကြောင်း သိသော်လည်း သူက အလေးမထားခဲ့ပေ။ Forbes မဂ္ဂဇင်း၏ ဆောင်းပါးအချို့ကို ပြန်လည် ဖော်ပြခွင့် ပေးခဲ့သော်လည်း ပုံမှန် အခကြေးငွေကို ရယူခဲ့သည်။
ရလဒ်အနေဖြင့် နောက်ပိုင်းတွင် “ဖုန်းယွီ စီးပွားရေး အပတ်စဉ် မဂ္ဂဇင်း” က သူတို့၏ ဆောင်းပါးများကို မသုံးတော့ပေ။ အကြောင်းမှာ ထိုဆောင်းပါးများကို မည်သူမှ စိတ်ဝင်တစား မဖတ်ကြသောကြောင့် ဖြစ်သည်။
ကျုံးချင်းရှန်၏ ဘေးတွင် ထိုင်နေသော ဟူရမ် ဆိုသည့် ဗြိတိန်လူမျိုးမှာ “ဖုန်းယွီ စီးပွားရေး အပတ်စဉ် မဂ္ဂဇင်း”၏ အယ်ဒီတာချုပ် ဖြစ်သည်။ မနေ့က လေဆိပ်က အလာတွင် သူတို့နှစ်ဦး စကားပြောဖြစ်ခဲ့ကြပြီး၊ ဟူရမ်တွင် ဖော့ဘ်စ်နှင့် ပူးပေါင်းလိုသည့် ဆန္ဒရှိနေသည်ကို သူ သိခဲ့ရသည်။ ဟူရမ်သည် မူလက ထိုမဂ္ဂဇင်းကို “ဖော့ဘ်စ် တရုတ်ဗားရှင်း” ဟုပင် အမည်ပေးလိုခဲ့ခြင်း ဖြစ်သည်။
စတိဗ်သည် စိတ်ထဲမှ ရေရွတ်နေမိသည်။ ခင်ဗျား ဘာလို့ အဲဒီနာမည်ကို မပေးခဲ့တာလဲ။ အဲဒီလို အမည်ပေးခဲ့ရင် ငါ့မှာ ရှယ်ယာပါဝင်ဖို့ ဒါမှမဟုတ် ဝယ်ယူဖို့ အကြောင်းပြချက် ရှိလာမှာပေါ့။
ယခုလည်း စတိဗ်သည် ထိုသို့ပင် ဆန္ဒရှိသော်လည်း ခက်ခဲလိမ့်မည်ဟု သူ ခံစားရသည်။ သို့သော် သူ စမ်းကြည့်ချင်သေးသည်။ ဘာပဲဖြစ်ဖြစ် ဖော့ဘ်စ်သည် စီးပွားရေး မဂ္ဂဇင်းလောကတွင် အတွေ့အကြုံ ပိုရှိသည် မဟုတ်လား။
ကျုံးချင်းရှန်သည် ထိုက်ဟွာ Holdings Group၏ ဥက္ကဋ္ဌ ဖြစ်ရာ၊ သူကသာ သဘောတူလိုက်လျှင် ဤကိစ္စမှာ အောင်မြင်ရန် နီးစပ်သွားမည် ဖြစ်သည်။
ထို့ကြောင့် ယခုတစ်ကြိမ် ကျုံးချင်းရှန်ကို အင်တာဗျူးခြင်းသည် ရည်ရွယ်ချက် တစ်ခု ဖြစ်သလို၊ နောက်ထပ် ရည်ရွယ်ချက်မှာ ဖော့ဘ်စ် အနေဖြင့် “ဖုန်းယွီ စီးပွားရေး အပတ်စဉ် မဂ္ဂဇင်း” တွင် ရှယ်ယာ ပါဝင်နိုင်မလားဟူသည့် အချက်ကို စမ်းသပ်မေးမြန်းရန်ပင် ဖြစ်သည်။
“ကျုံး... ကျွန်တော်တို့ စကြမလား”
******
အခန်း (၁၂၅၅) ကျုံး၏ ထိုက်ကျိပညာ
ကျုံးချင်းရှန်သည် စတိဗ်တစ်ယောက် အတန်ကြာ ငေးငိုင်နေသည်ကို မြင်သောအခါ၊ မေးရမည့် မေးခွန်းများကို ပြန်လည်စဉ်းစားနေခြင်း ဖြစ်လိမ့်မည်ဟု ယူဆကာ ဘာမှ အလေးမထားဘဲ ပြုံးလျက် ဆိုလိုက်သည်။ “ကောင်းပါပြီ”
“ကျွန်တော် မေးပါရစေ။ ခင်ဗျားက ထိုက်ဟွာ Holdings Groupရဲ့ ဥက္ကဋ္ဌ ဖြစ်လာတယ်ဆိုတော့၊ ခင်ဗျားမှာလည်း ရှယ်ယာတွေ ရှိမှာပေါ့၊ ဟုတ်တယ် မဟုတ်လား”
“သေချာတာပေါ့” ကျုံးချင်းရှန်က စိတ်ထဲမှ ရေရွတ်နေမိသည်။ သူသည် လီဟဟ၏ ရှယ်ယာအားလုံးကို ထိုက်ဟွာ Holdings Groupထဲသို့ ထည့်သွင်းထားပြီး ဖြစ်ရာ၊ ယခုအခါ လီဟဟကုမ္ပဏီ၏ အကြွင်းမဲ့ ထိန်းချုပ်ပိုင်ခွင့်မှာ ထိုက်ဟွာ Holdings Groupထံတွင် ရှိနေလေပြီ။
ယခင်ကဆိုလျှင် ကျုံးချင်းရှန်သည် ဤအချက်ကို လုံးဝသဘောတူမည် မဟုတ်ပေ။ သို့သော် ဖုန်းယွီက အလွန်စိတ်ရင်းမှန်ဖြင့် ဖိတ်ခေါ်ခဲ့သောအခါမှသာ ဤသည်မှာ မိမိအတွက် အကျိုးရှိသော ကိစ္စဖြစ်မှန်း သူ သိမြင်ခဲ့ရခြင်း ဖြစ်သည်။
ထို့ပြင် ထိုက်ဟွာ Holdings Group၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရာတွင် လစာ မယူသော်လည်း နှစ်စဉ် ရှယ်ယာများကို ဆုကြေးအဖြစ် ရရှိလေသည်။ ထိုရှယ်ယာများသည် ပိုက်ဆံပေးဝယ်၍ မရနိုင်သော အရာများဖြစ်ပြီး နှစ်စဉ်ရရှိသော ရှယ်ယာ အမြတ်ခွဲဝေမှုမှာပင် နည်းပါးသော ပမာဏ မဟုတ်ပေ။
“ကျွန်တော်တို့ လေ့လာထားသလောက်ဆိုရင် ဖုန်း က အမြဲတမ်း ပြည်တွင်းမှာ မရှိတတ်ဘူးလေ။ ဒါဆိုရင် ထိုက်ဟွာလုပ်ငန်းစုရဲ့အစစ်အမှန် စီမံခန့်ခွဲသူက ခင်ဗျားပဲပေါ့၊ ဟုတ်လား”
ကျုံးချင်းရှန် ခဏတွေဝေသွားပြီးမှ ခေါင်းခါလျက် ပြောလိုက်သည်။ “ကျွန်တော့်ကို ပရော်ဖက်ရှင်နယ် မန်နေဂျာတစ်ယောက်လို့ပဲ ခင်ဗျား နားလည်ထားလို့ ရပါတယ်။ ထိုက်ဟွာ Holdings Groupဟာ ရှယ်ယာအခြေပြု Holdings Group ကုမ္ပဏီတစ်ခုပါ။ မန်နေဂျာဖုန်းကမှ ဥက္ကဋ္ဌ ဖြစ်သလို၊ အဓိက ရှယ်ယာရှင်ကြီးလည်း ဖြစ်ပါတယ်”
စတိဗ် အနည်းငယ် စိတ်ပျက်သွားသည်။ အကယ်၍ ကျုံးချင်းရှန်က ဟုတ်ပါတယ်ဟု ဖြေခဲ့လျှင် ထိုက်ဟွာ Holdings Groupတွင် ရှယ်ယာရှင် အများကြီး မရှိကြောင်း သူ ကောက်ချက်ချနိုင်မည် ဖြစ်သည်။ ထို့နောက် “ဖုန်းယွီ စီးပွားရေး အပတ်စဉ် မဂ္ဂဇင်း” မှ ခန့်မှန်းထားသော ကျုံးချင်းရှန်၏ ပိုင်ဆိုင်မှုမှတစ်ဆင့် ဖုန်းယွီ၏ပိုင်ဆိုင်မှုကို ပြန်လည်တွက်ချက်နိုင်မည် ဖြစ်သည်။
သို့သော် သူ၏ မေးခွန်းမှာ သိသာလွန်း၍လား သို့မဟုတ် ကျုံးချင်းရှန်က ရိပ်မိသွား၍လား မသိသော်လည်း၊ ဤမေးခွန်းမှ ကျေနပ်ဖွယ် အဖြေကို သူ မရရှိခဲ့ပေ။
ပရော်ဖက်ရှင်နယ် မန်နေဂျာ ဟုတ်လား။ ဖုန်းယွီ Holdings Group၏ ဥက္ကဋ္ဌ ခါမီဒါ မာဆာအိုကလည်း ဤအတိုင်းပင် ဖြေခဲ့ဖူးသည်။ သို့သော် ခါမီဒါ မာဆာအို၏ ပိုင်ဆိုင်မှုမှာ မနည်းလှဘဲ ဒေါ်လာ ၁ ဘီလီယံ ကျော်သည်ဟု ကြားသိရသည်။
ပရော်ဖက်ရှင်နယ် မန်နေဂျာတစ်ယောက်က ဒီလောက်အများကြီး ရှာနိုင်လို့လား။ သေချာပေါက် သူကလည်း ဖုန်းယွီ Holdings Groupရဲ့ ရှယ်ယာရှင် တစ်ယောက် ဖြစ်မှာပါ။
“ကျုံး... တရုတ်နိုင်ငံရဲ့ အကြီးဆုံး အဖျော်ယမကာ လုပ်ငန်းစုဖြစ်တဲ့ လီဟဟ အုပ်စုကို ခင်ဗျား ကိုယ်တိုင် တည်ထောင်ခဲ့တာ၊ ဟုတ်တယ် မဟုတ်လား”
“အတိအကျ ပြောရရင်တော့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း နှစ်ယောက် ပေါင်းပြီး တည်ထောင်ခဲ့တာပါ။ အဲဒီ သူငယ်ချင်း နှစ်ယောက်ကလည်း လီဟဟရဲ့ရှယ်ယာရှင်တွေ၊ ဒါရိုက်တာတွေ ဖြစ်ကြသလို လီဟဟရဲ့ ထုတ်လုပ်ရေးနဲ့ ဝယ်ယူရေး အပိုင်းတွေကို တာဝန်ယူထားကြပါတယ်”
“ဒါဆိုရင် ဖုန်းက ဘယ်လိုမျိုး လီဟဟရဲ့ ရှယ်ယာရှင် ဖြစ်လာတာလဲ” စတိဗ်က ပြုံးလျက် မေးလိုက်သည်။
“ကျွန်တော်က ရင်းနှီးမြှုပ်နှံမှု လိုအပ်နေချိန်မှာ သူက ပိုက်ဆံရှိနေတယ်လေ။ ဒါကြောင့် သူ့ဆီကနေ ရင်းနှီးမြှုပ်နှံမှုကို လက်ခံခဲ့တာပါပဲ”
“ဘာလို့ စတော့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူ မရှာတာလဲ၊ ဒါမှမဟုတ် စွန့်စားရင်းနှီးမြှုပ်နှံသူတွေဆီက ဘာလို့ အကူအညီ မယူတာလဲ။ အဲဒီလိုဆိုရင် ကုမ္ပဏီရဲ့ ထိန်းချုပ်ပိုင်ခွင့်က သူများလက်ထဲ ပါမသွားနိုင်ဘူးလေ”
ကျုံးချင်းရှန် မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ ဤစကားမှာ ရန်တိုက်ပေးနေသကဲ့သို့ ခံစားရသောကြောင့် ဖြစ်သည်။
“အဲဒီအချိန်တုန်းက စတော့ဈေးကွက်မှာ စာရင်းဝင်ဖို့ အခြေအနေ မပေးသေးသလို ကျွန်တော်တို့ နိုင်ငံရဲ့ ဘဏ္ဍာရေး ဈေးကွက်ကလည်း စတင်ခါစပဲ ရှိပါသေးတယ်။ ထပ်ပြီး ပြောရရင် အဲဒီတုန်းက ကျွန်တော်တို့ နိုင်ငံမှာ စွန့်စားရင်းနှီးမြှုပ်နှံသူတွေလည်း မရှိသေးသလို၊ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေကလည်း ကျွန်တော်တို့ နိုင်ငံကို လာဖို့ဆန္ဒ မရှိကြသေးပါဘူး။ ကုမ္ပဏီ ထိန်းချုပ်ပိုင်ခွင့် ပါသွားတယ်ဆိုတဲ့ ကိစ္စကတော့ ခင်ဗျား နားလည်မှု လွဲနေတာပါ။ လီဟဟ စတင် တည်ထောင်ချိန်ကနေ အခုထိ ဆုံးဖြတ်ချက် ချသူဟာ ကျွန်တော်ပဲ ဖြစ်ပါတယ်”
အင်… ဆုံးဖြတ်ချက် ချသူက အမြဲတမ်း ကျုံးချင်းရှန်ပဲ ဟုတ်လား။
စတိဗ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ သတင်းအချက်အလက်တွေ မှားနေပြန်ပြီလား။ လီဟဟရဲ့ အဓိက ရှယ်ယာရှင်က ဖုန်းယွီ လို့ ပြောထားတာ မဟုတ်လား။ သို့သော် ဤကိစ္စကို ကျုံးချင်းရှန်က လိမ်ပြောမည် မဟုတ်ပေ။
အာရှဘက်မှာ သတင်းထောက်တွေ ထပ်တိုးရမယ် ထင်တယ်။ ရထားတဲ့ အချက်အလက်တွေက အမှားအယွင်း များလွန်းတယ်။ ကုမ္ပဏီတစ်ခုရဲ့ အဓိက ရှယ်ယာရှင် ဘယ်သူလဲဆိုတာတောင် မှားနေတယ်လေ။
သူ မသိသည်မှာ ဖုန်းယွီသည် ကျုံးချင်းရှန်နှင့် ကတိကဝတ် ပြုထားခြင်း ဖြစ်သည်။ ဖုန်းယွီသည် လီဟဟ၏ စီမံခန့်ခွဲမှုပိုင်းတွင် ဝင်ရောက် စွက်ဖက်ခြင်း မရှိသဖြင့်၊ လီဟဟ၏ ဆုံးဖြတ်ချက် ချသူမှာ ကျုံးချင်းရှန်သာ အမြဲတမ်း ဖြစ်နေခြင်း ဖြစ်သည်။
“ကျွန်တော် ကြားသိရသလောက်ဆိုရင် ခင်ဗျားက ထိုက်ဟွာ Holdings Groupရဲ့ ဥက္ကဋ္ဌ ဖြစ်လာမှသာ လီဟဟက တရုတ်နိုင်ငံရဲ့ အကြီးဆုံး အဖျော်ယမကာ လုပ်ငန်းစု ဖြစ်လာတာပါ။ အရင်ကတော့ ကျန်းလီပေါင်အုပ်စုက အကြီးဆုံး ဖြစ်ခဲ့တာ မဟုတ်လား။ သူတို့ ထုတ်တဲ့ Magic Waterကို ကျွန်တော် သောက်ဖူးပါတယ်၊ အရသာက တော်တော် ကောင်းပါတယ်”
ဟူရမ်၏ ဘာသာပြန်ချက်ကို နားထောင်ပြီးနောက် ကျုံးချင်းရှန်၏ မျက်နှာမှာ ဘာမှမပြောင်းလဲဘဲ မေးခွန်းထဲရှိ သံသယကို မသိရှိသကဲ့သို့ပင် တည်ငြိမ်နေလေသည်။
“ကျန်းလီပေါင်ရဲ့ ထုတ်ကုန် အမျိုးအစားက နည်းပါတယ်။ ထုတ်ကုန် တစ်ခုချင်းစီရဲ့ ရောင်းအားကို ကြည့်မယ်ဆိုရင်တော့ ကျန်းလီပေါင်က တရုတ်နိုင်ငံမှာ အမြင့်ဆုံးပါပဲ။ သူတို့ရဲ့ အဓိကထုတ်ကုန် တစ်ခုတည်းရဲ့ ရောင်းအားဟာ လီဟဟရဲ့ ထုတ်ကုန် အမျိုးမျိုးကို ပေါင်းလိုက်တာထက်တောင် ပိုများပါတယ်။ လီဟဟက တရုတ်နိုင်ငံရဲ့ အကြီးဆုံး အဖျော်ယမကာ လုပ်ငန်းစု ဖြစ်နေတာကလည်း ကျွန်တော်တို့ဆီမှာ ထုတ်ကုန် အမျိုးအစား ပိုစုံပြီး စက်ရုံတွေ ပိုများနေလို့ ရောင်းအား စုစုပေါင်းက အနည်းငယ် ပိုမြင့်နေတာကြောင့်ပါ”
“ကျွန်တော် ထိုက်ဟွာ Holdings Groupရဲ့ ဥက္ကဋ္ဌ ဖြစ်လာမှ လီဟဟက ကျန်းလီပေါင်ကို ကျော်တက်သွားတယ် ဆိုတာကတော့ တိုက်ဆိုင်မှု တစ်ခုလို့ပဲ ကျွန်တော် ယူဆပါတယ်။ ကျန်းလီပေါင်နဲ့ လီဟဟဟာ ကျွန်တော်တို့ တရုတ်လူမျိုးတွေရဲ့ စိတ်ထဲမှာဆိုရင် ခင်ဗျားတို့ အမေရိကန်က Colaနဲ့ Pepsi လိုပါပဲ။ အတူတူပဲလို့ ယူဆတဲ့သူတွေ ရှိသလို တစ်မျိုးကိုပဲ အထူးနှစ်သက်တဲ့သူတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ သူတို့ နှစ်မျိုးလုံးဟာ အလွန်ရေပန်းစားနေတယ် ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး မဟုတ်လား”
ကျုံးချင်းရှန်သည် စတိဗ်၏စကားလှည့်ကွက်ကို နောက်တစ်ကြိမ် ဖယ်ရှားလိုက်ပြန်သည်။ ထိုအခါမှ စတိဗ်သည် တရုတ်လူမျိုးများမှာ ကိုင်တွယ်ရ မလွယ်ကူကြောင်း သတိပြုမိသွားပြီး တရုတ်လူမျိုးများကို အထင်သေးမိခဲ့သည်ဟု ခံစားလိုက်ရသည်။ ကျုံးချင်းရှန်သည် ထိုက်ဟွာ Holdings Group၏ ဥက္ကဋ္ဌ ဖြစ်လာနိုင်ခြင်းမှာ သေချာပေါက် အလွန်တော်သောကြောင့်ပင် ဖြစ်ရပေမည်။
သူ၏ လှည့်ကွက်များသည် ရုတ်တရက် ချမ်းသာလာသူများကို ဆွဲဆောင်ရန်သာ အဆင်ပြေပြီး ကျုံးချင်းရှန် ကဲ့သို့သော မြေခွေးအိုကြီးများအတွက်မူ အသုံးမဝင်လှပေ။ ထို့ကြောင့် မူလအစီအစဉ်အတိုင်း ကျုံးချင်းရှန် မှတစ်ဆင့် ထိုက်ဟွာ Holdings Group၏ ပိုင်ဆိုင်မှုကို တွက်ချက်ရန်သာ သူ ဆုံးဖြတ်လိုက်တော့သည်။
“ကျုံး... ထိုက်ဟွာလုပ်ငန်းစုကြီးလက်အောက်က ပင်းစီးတီး စက်မှုထုတ်လုပ်ရေး ကုမ္ပဏီအုပ်စုဟာ တရုတ်နိုင်ငံရဲ့ကား၊ ဆိုင်ကယ်နဲ့ လျှပ်စစ်ယာဉ် ထုတ်လုပ်ရောင်းချမှုမှာ အကြီးဆုံး ဖြစ်နေပြီ။ ဒါဟာ ထိုက်ဟွာလုပ်ငန်းစုကြီးရဲ့ ဦးဆောင်မှုကြောင့်ပဲပေါ့”
“ပြောင်းပြန်ပါဗျာ။ ထိုက်ဟွာ Holdings Groupဟာ ပင်းစီးတီး စက်မှုထုတ်လုပ်ရေး အုပ်စုရဲ့ လုပ်ငန်းတွေမှာ ဘယ်တုန်းကမှ ဝင်မစွက်ဖက်ပါဘူး။ အကြောင်းက ကျွန်တော်တို့က ရှယ်ယာ ပါဝင်ထားတာပဲ ရှိလို့ပါ။ အဲဒီ ကုမ္ပဏီဟာ အစိုးရနဲ့ ပုဂ္ဂလိက ဖက်စပ်လုပ်ကိုင်တဲ့ ကုမ္ပဏီ ဖြစ်သလို၊ ဥက္ကဋ္ဌကလည်း အစိုးရကနေ အငြိမ်းစားယူထားတဲ့သူ ဖြစ်ပါတယ်”
ကျုံးချင်းရှန်သည်လည်း အလွန်လိမ္မာပါးနပ်လှသည်။ သူသည် စတိဗ်ကို လမ်းမှားသို့ ပို့ရန် တမင်သက်သက် ဤသို့ ပြောလိုက်ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် စတိဗ်အနေဖြင့် ဤအချက်ကို စုံစမ်းရန်မှာ မလွယ်ကူပေ။
စတိဗ် မျက်မှောင်ကြုတ်သွားသည်။ သောက်ကျိုးနည်း... ဒီအချက်ကလည်း မှားနေပြန်ပြီ။
“ဒါဆိုရင် Viagraရောင်းတဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ဆေးဝါးလုပ်ငန်း ပင်းစီးတီး ဆေးဝါးလုပ်ငန်း အုပ်စုကကော ခင်ဗျားတို့ ထိန်းချုပ်ထားတာ မဟုတ်လား”
“ဒါလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့က ရှယ်ယာပဲ ပါဝင်ထားတာပါ။ အဲဒါကလည်း အစိုးရကပဲ အဓိက ထိန်းချုပ်ထားတာပါ။ ထပ်ပြောရရင် ပင်းစီးတီး ဆေးဝါးလုပ်ငန်း အုပ်စုဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ဆေးဝါးလုပ်ငန်း မဟုတ်ပါဘူး။ အကြီးဆုံးက ရှန်ဟိုင်း ဆေးဝါးလုပ်ငန်း အုပ်စုပါ”
ကျုံးချင်းရှန်က စိတ်ထဲမှ ထပ်မံဖြည့်စွက်လိုက်သည်။ မနှစ်က ရောင်းအားအရဆိုရင် ပင်းစီးတီး ဆေးဝါးလုပ်ငန်းက ရှန်ဟိုင်းထက် ယွမ် ၁ သန်းလောက် လျော့ပေမဲ့၊ အမြတ်ကတော့ အများကြီး ပိုသာသည်။ ထို့ပြင် ပင်းစီးတီး ဆေးဝါးလုပ်ငန်း၏ ဘဏ္ဍာရေးအခြေအနေမှာ အလွန်ကောင်းမွန်သော်လည်း ရှန်ဟိုင်းဘက်တွင်မူ ပြန်ဆပ်ရန် ကျန်နေသော ချေးငွေများစွာ ရှိနေသေးသည်။ ယခုနှစ်တွင်မူ ပင်းစီးတီး ဆေးဝါးလုပ်ငန်း အုပ်စုသည် သေချာပေါက် နံပါတ် ၁ ဖြစ်လာပေလိမ့်မည်။
“အာရှရဲ့ အကြီးဆုံး လယ်ယာထွက်ကုန် လုပ်ငန်းစုဖြစ်တဲ့ Beidacang အုပ်စုမှာရော ခင်ဗျားတို့က ရှယ်ယာပဲ ပါဝင်ထားတာလား”
“ဟုတ်ပါတယ်... ကျွန်တော်တို့က ရှယ်ယာပဲ ပါတာပါ။ အမှန်အတိုင်း ပြောရရင် ကျွန်တော့်ကို အဲဒီမှာ စီမံခန့်ခွဲခိုင်းရင်တောင် ကျွန်တော် မလုပ်တတ်ပါဘူး။ စိုက်ပျိုးရေး အပိုင်းမှာ ကျွန်တော် သိပ်ပြီး ကျွမ်းကျင်တာ မဟုတ်ဘူးလေ” ကျုံးချင်းရှန်က ပခုံးတွန့်ပြလိုက်သည်။
“ဖုန်းယွီ အီလက်ထရွန်နစ်ကိုတော့ ခင်ဗျားတို့ ထိန်းချုပ်ထားတာ သေချာပါတယ်နော်”
“ဒါကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဖုန်းယွီ အီလက်ထရွန်နစ်တို့၊ ဖုန်းယွီ အိမ်သုံးလျှပ်စစ်တို့ ဆိုတာမှာ ချေးငွေတွေ အများကြီး ရှိနေတာ။ နှစ်စဉ်ပေးရတဲ့ အတိုးကတင် နည်းတဲ့ ပမာဏ မဟုတ်ဘူး။ အဲဒါကြောင့် ကျွန်တော်လည်း ခေါင်းကို ခြောက်နေတာပဲ” ကျုံးချင်းရှန်က စိတ်ညစ်ဟန် ပြုလုပ်လိုက်သည်။
စတိဗ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ ဒီအီလက်ထရွန်နစ်နဲ့ အိမ်သုံးလျှပ်စစ် ကုမ္ပဏီတွေမှာ ချေးငွေတွေ အများကြီး ရှိနေတာလား။ ဒါဆိုရင် ဒီကုမ္ပဏီတွေရဲ့ပိုင်ဆိုင်မှုကို တွက်ချက်တဲ့အခါ အတန်ငယ် လျှော့တွက်ရမှာပေါ့။
စတိဗ်သည် ဆက်တိုက် မေးမြန်းခဲ့သော်လည်း နောက်ဆုံးတွင် သူ လိုချင်သော အဖြေကို မရရှိခဲ့ပေ။ ကျုံးချင်းရှန်၏ ထိုက်ကျိပညာဖြင့် ရှောင်တိမ်းမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေလေသည်။ သူသည် အစိုးရနှင့် အကြိမ်ကြိမ် ဆက်ဆံခဲ့ဖူးသဖြင့် ဤကဲ့သို့သော နည်းလမ်းများကို အလွန်ပင် ကျွမ်းကျင်နေခြင်း ဖြစ်လေသည်။