← Chapters

ဒီလောက်ပဲလား...

Vol. 67 Ch. 952

ဒီလောက်ပဲလား...

Vol. 67 Ch. 952

လျှို့ပိုင်စိန်းသည် အရှိန်အဝါ အပြည့်ဖြင့် ပေါ်ထွက်လာရာ ချက်ချင်းပင် ဟစ်အော်အားပေးသံများ ထွက်ပေါ်လာပြီး လူတိုင်း သူ၏ ရောက်ရှိလာမှုအပေါ် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားသည်။ ယခင်က စိတ်ဓာတ်ကျနေသူများမှာလည်း ယခုအခါ အလွန်ပင် စိတ်လှုပ်ရှားနေကြပြီး နောက်ဆုံးတွင် သန်မာသူတစ်ဦးက ၎င်းတို့အတွက် ရှေ့ထွက်ပေးပြီဟု ယူဆလိုက်ကြသည်။

“စီနီယာအစ်ကိုလျှို့... အဲဒီကောင်ကို အနိုင်ယူပြီး ပညာပေးလိုက်စမ်းပါ”

“ဟုတ်တယ်... သူက အရမ်းကို မောက်မာနေတာ။ ဒါက လူသားမျိုးနွယ်တွေရဲ့ကမ္ဘာလို့ ထင်နေပုံရတယ်”

“ရိုက်စမ်း... ရိုက်စမ်း... သူ့ကို အသေသတ်ပစ်စမ်း”

တစ်ဦးချင်းစီမှာ ဟစ်အော်အားပေးနေကြပြီး ယခင်ကကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ကာ စကားမပြောရဲသည့် အခြေအနေမျိုး မဟုတ်တော့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် လဲ့ကျန့်ယွီတို့ဘက်မှ အရှိန်အဝါမှာမူ လျင်မြန်စွာ အေးစက်သွားပြီး လူတိုင်းမှာ ကြောက်လန့်တုန်လှုပ်နေကြကာ စကားတစ်ခွန်းပင် မဟဝံ့ကြတော့ချေ၊ ယခင်ကနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။

“မင်းတို့ ဘာဖြစ်နေကြတာလဲ။ အတွင်းခန်းမက ပါရမီရှင်တစ်ယောက် ရောက်လာရုံနဲ့ ငါတို့ ရှုံးမယ်လို့ ထင်နေကြတာလား...”

လဲ့ကျန့်ယွီသည် ပတ်ဝန်းကျင်ရှိ လူများ၏ အမူအရာအပေါ် အလွန်ပင် မကျေမနပ် ဖြစ်နေသည်။ ယခင်က အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သော်လည်း ယခုအခါ အားလုံး ငြိမ်သက်သွားသဖြင့် ဤသည်မှာ တစ်ဖက်လူ၏ အရှိန်အဝါမှာ အလွန် သန်မာနေသည်ကို ပြသနေခြင်း မဟုတ်ပါလား။

“ဒါက လျှို့ပိုင်စိန်း လေ... အတွင်းခန်းမရဲ့ ပထမဆုံးပဲ... လူသားမျိုးနွယ်တင် မကဘူး... သူတို့ရဲ့ အသန်မာဆုံး မျိုးနွယ်စုတွေတောင် သူ့ခြေဖဝါးအောက်မှာ အနှိမ်ခံရတာ။ ငါတို့ ဆက်ပြီး အော်နေမယ်ဆိုရင်တော့ သေချာပေါက် အငြိုးထားခံရလိမ့်မယ်”

“ဟုတ်တယ်... ဒါက လျှို့ပိုင်စိန်းပဲ။ ငါတို့ နိုင်မှာ မဟုတ်ဘူး၊ ရှုံးမှာပဲ”

“ရှုံးရုံတင် မကဘူး... အကြီးအကျယ် အရှက်ခွဲခံရမှာ”

တစ်ဦးချင်းစီမှာ ခေါင်းခါလိုက်ကြပြီး လိပ်တစ်ကောင်ကဲ့သို့ ခေါင်းပြန်ဝင်သွားကာ ဆက်လက် အော်ဟစ်ရန် မဝံ့ကြတော့ချေ။

“မင်းတို့ ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်သွားရတာလဲ။ သေချာပေါက် ရှုံးမယ်လို့ ဘာလို့ ထင်နေတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားကြည့်ရမှာ မဟုတ်လား...”

လဲ့ကျန့်ယွီက ၎င်းတို့ကို စူးစိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။

“မင်းတို့ လူသားလောကမှာတုန်းကတော့ တစ်ဖက်ကမ်းခတ် သန်မာသူတွေ ဖြစ်ခဲ့ကြပြီး ဒီကိုရောက်တော့မှ ဘာလို့ ခေါင်းမဖော်ဝံ့တဲ့ လိပ်တွေလို ဖြစ်နေရတာလဲ။ ဒါကြောင့်ပဲ မင်းတို့ အမြဲတမ်း ပြန်မတိုက်ရဲတာလား။ မင်းတို့ရဲ့ အရင်က မာန်မာနတွေ ဘယ်ရောက်ကုန်ပြီလဲ။ မင်းတို့ရဲ့ အရင်က တိုက်ခိုက်လိုစိတ်တွေ ဘယ်ရောက်ကုန်ပြီလဲ...”

လဲ့ကျန့်ယွီ၏ ဟိန်းဟောက်သံအောက်တွင် ၎င်းတို့၏ မျက်ဝန်းအိမ် နက်ရှိုင်းသော နေရာ၌ အလင်းတန်းတစ်ခု ဝင်းခနဲ ပေါ်လာသည်။ လဲ့ကျန့်ယွီ၏ စကားများကြောင့် ၎င်းတို့ ယခင်က အခြေအနေများကို ပြန်လည် သတိရသွားကြသည်။

၎င်းတို့သည် လူသားလောကတွင် ထိပ်တန်း ပါရမီရှင်များ ဖြစ်ခဲ့ကြပြီး အဆင့်ဆင့် တက်လှမ်းလာခဲ့ကာ ခက်ခက်ခဲခဲနှင့် နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ နောက်ဆုံးတွင် မိမိတို့မှာ သူရဲဘောကြောင်သူများသာ ဖြစ်ကြောင်း အထင်သေးခဲ့ရပြီး အခြားသူများနှင့် အလွန် ကွာခြားလှသဖြင့် အလွယ်တကူ အနှိမ်ခံခဲ့ရသည်။

အမြဲတမ်း နှိမ်နင်းခံနေရသည့် အခြေအနေတွင် ၎င်းတို့၏ တိုက်ခိုက်လိုစိတ်များမှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ လူသားလောကတွင် ၎င်းတို့မှာ ပါရမီရှင်များထဲမှ ပါရမီရှင်များ ဖြစ်ခဲ့ကြသော်လည်း ဤနေရာ၌မူ မုန်လာဥများထက်ပင် နိမ့်ကျနေခြင်းမှာ တကယ့်ကို ဝမ်းနည်းစရာ ကောင်းလှသည်။

“ငါတို့က...”

၎င်းတို့၏ မျက်လုံးထဲတွင် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်နေသည်။ လဲ့ကျန့်ယွီ၏ စကားများမှာ ၎င်းတို့၏ တိုက်ခိုက်လိုစိတ်များကို လှုံ့ဆော်ပေးနိုင်ခြင်း မရှိသေးဘဲ အရာအားလုံးမှာ တစ်ဖက်လူ၏ အရှိန်အဝါအောက်တွင် နှိမ်နင်းခံထားရသဖြင့် မည်သည့် ခုခံလိုစိတ်မျှ မပေါ်ထွက်နိုင်တော့ချေ။

ယီထျန်းယွမ်သည် အောက်ခြေမှ အခြေအနေကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ မပြောဘဲ လျှို့ပိုင်စိန်းကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“အတွင်းခန်းမရဲ့ ပထမဆုံးသော ပါရမီရှင် ဟုတ်လား... တိုက်မယ်ဆိုရင်လည်း မြန်မြန် ဆင်းလာပြီး တိုက်စမ်းပါ။ အဲဒီအပေါ်မှာ ငတုံးတစ်ယောက်လို ရပ်မနေနဲ့”

“မင်းက ငါ့ကို ငတုံးလို့ ဆဲရဲတယ်ပေါ့...”

လျှို့ပိုင်စိန်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဝင်းလက်သွား၏။ သူသည် အမြဲတမ်း အထက်တန်းကျကျ နေထိုင်ခဲ့သူဖြစ်ပြီး မည်သူမျှ သူ့အပေါ် မလေးမစား မလုပ်ဝံ့ကြချေ၊ ယခုအခါ တစ်စုံတစ်ယောက်က သူ့ကို ဆဲဆိုလိုက်သဖြင့် ရင်ထဲတွင် ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။

“လူသားမျိုးနွယ်ဆိုတာ လူသားမျိုးနွယ်ပါပဲ... တကယ့်ကို နိမ့်ကျလွန်းတယ်။ ယဉ်ကျေးမှုဆိုတာ တစ်စက်မှ မရှိဘူး။ ဒါကြောင့်လည်း အမြဲတမ်း အောက်ဆုံးမှာ ဖိနှိပ်ခံနေရတာပေါ့၊ ဒါတွေအားလုံးက မင်းတို့ ကိုယ်တိုင် ရှာဖွေခဲ့တာပဲ”

“ယဉ်ကျေးမှု ဆိုတာက လူအချင်းချင်းမှ ပြောရတာလေ... မင်းက တကယ့် တိရစ္ဆာန် တစ်ကောင်ပဲ မဟုတ်လား”

ယီထျန်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါ့အမြင်မှာတော့ မင်းတို့က အရည်အချင်း အနည်းငယ် ရှိတာနဲ့ ကိုယ့်ထက် အားနည်းတဲ့သူတွေကို ခြေဖဝါးအောက်မှာ နင်းခြေချင်နေကြတာ၊ ဒါက ပိုပြီးတော့ နိမ့်ကျတာပဲ။ အထူးသဖြင့် ရှုံးနိမ့်သွားရင်တောင် အရှုံးမပေးဘဲ နေတာက အခြေခံ အကျဆုံးဖြစ်တဲ့ကတိတည်မှုလေးတောင် မရှိဘူးဆိုတာ ပြနေတာပဲ၊ ဒီလိုလူမျိုးတွေက ဒီကမ္ဘာပေါ်မှာ ဘယ်လိုမျိုး ရပ်တည်နိုင်မှာလဲ...”

ဤစကားများကြောင့် လူအမြောက်အများမှာ ဒေါသထွက်သွားကြသော်လည်း ပြန်လည် ချေပရန် မဖြစ်နိုင်တော့ချေ။ လဲ့ကျန့်ယွီ တိုက်ခိုက်ရေးစင်ပေါ်တွင် တိုက်ခိုက်စဉ်က ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်ခဲ့သော်လည်း ၎င်းတို့ကတိကဝတ်ကို မတည်ခဲ့ကြချေ။

“ကောင်းပြီ... ကောင်းပြီ... မင်းက တကယ့်ကို သတ္တိရှိတာပဲ။ ဒါဆိုရင် မင်းရဲ့ အရည်အချင်းက ဘယ်လောက်အထိ သန်မာသလဲဆိုတာ ငါ တစ်ချက်လောက် စမ်းကြည့်ရတာပေါ့...”

လျှို့ပိုင်စိန်းသည် တိုက်ခိုက်ရေးစင်ပေါ်သို့ ဆင်းသက်လာခဲ့ပြီး ရပ်တည်လိုက်သည်နှင့် သူ၏ ပတ်ဝန်းကျင်၌ လေစီးကြောင်းများ ဝင်းလက်လာသည်။ သာမန်ဟု ထင်ရသော်လည်း အမှန်တကယ်တော့ အရပ်မျက်နှာ အနှံ့ကို ပိတ်ဆို့ထားခြင်း ဖြစ်ပြီး မည်သည့် အရပ်မျက်နှာမှ တိုက်ခိုက်လာသည်ဖြစ်စေ လျင်မြန်စွာ တုံ့ပြန်နိုင်သည်။ ဤသည်မှာ ခြေလှမ်းတိုင်းကို သေသေချာချာ လုပ်ဆောင်ခြင်းဖြစ်ပြီး လျှို့ပိုင်စိန်းသည် အလွယ်တကူ စိတ်လိုက်မာန်ပါ လုပ်မည့်သူ မဟုတ်ကြောင်း ပြသနေသည်။

ယီထျန်းယွမ်သည် လူနှစ်ဦးကို အလွယ်တကူ နှိမ်နင်းခဲ့သည်ဖြစ်ရာ သူသည်လည်း အလွန်အမင်း မပေါ့ဆဝံ့ချေ။ ဤလှုပ်ရှားမှု တစ်ခုတည်းနှင့်ပင် လျှို့ပိုင်စိန်း၏ နောက်ကွယ်မှ ထောက်ခံသူများမှာ အားပေးလိုက်ကြသည်။

“ဒီကောင် သေချာပေါက် သေပြီပဲ။ စီနီယာအစ်ကိုလျှို့ရဲ့ တိုက်ခိုက်မှုအောက်မှာ ၁၀ ချက်တောင် ခုခံနိုင်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်”

“အများဆုံး ၅ ချက်ပဲ... အဲဒီကောင် ချက်ချင်း ရှုံးသွားလိမ့်မယ်”

၎င်းတို့မှာ ဤမျှအထိ ယုံကြည်မှု ရှိနေကြသည်။ အတွင်းခန်းမ၏ ပထမဆုံးသော ပါရမီရှင် ဆိုသည့် အမည်မှာ အလကား ရလာခြင်း မဟုတ်ချေ။ လျှို့ပိုင်စိန်းသည် အတွင်းခန်းမရှိ သန်မာသူ အမြောက်အများကို အနိုင်ယူခဲ့ပြီးမှသာ ပထမနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

လူသားမျိုးနွယ်ဘက်မှ အကြည့်များမှာ မှေးမှိန်သွားပြီး အားလုံးမှာ ခေါင်းခါလိုက်ကြသည်။ ဤအရှိန်အဝါမှာ အလွန်ပင် တောက်ပလွန်းလှသည် မဟုတ်ပါလား။ ဆန့်ကျင်ဘက်အနေဖြင့် ဤဘက်တွင်မူ မည်သည့် အရှိန်အဝါမှ မရှိဘဲ အမည်မသိ လူငယ်တစ်ဦးသာ ရှိနေခြင်းပင်။

“အဆင်သင့် ဖြစ်ပြီလား။ ငါ မင်းကို အခွင့်အရေး မပေးဘူးလို့ မပြောရအောင် ၃ ချက် အရင် အကျောပေးလိုက်မယ်”

“ရှူး...”

အေးစက်သော အလင်းတန်းတစ်ခု ထိုးဖောက်လာရာ လျှို့ပိုင်စိန်း၏ မျက်ဆံများ ကျုံ့သွားပြီး လက်ထဲမှ ယပ်တောင်ကို အလျင်အမြန် ဝှေ့ယမ်းကာ ရှေ့သို့ ကာကွယ်လိုက်ရာ ခဏချင်းမှာပင် ဤယပ်တောင်မှာ ရာဂဏန်းခန့် ပြောင်းလဲသွားပြီး သူ၏ ရှေ့တွင် ထူထဲလှသော တံတိုင်းကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားတော့သည်။ ကြည့်ရသည်မှာ မည်သို့မျှ မဖျက်ဆီးနိုင်သော ခံတပ်ကြီးတစ်ခုအလားပင်။

“ဘုန်း...”

ကြမ်းတမ်းလှသော စွမ်းအားတစ်ခု ကျဆင်းလာပြီး ဤယပ်တောင်များမှာ လက်သီးတစ်ချက်တည်းနှင့်တင် ရိုက်ခွဲခြင်း ခံလိုက်ရကာ မျက်စိတစ်မှိတ်အတွင်း အမှုန့်များအဖြစ် ပြောင်းလဲသွားတော့သည်။ လျှို့ပိုင်စိန်း၏ ရင်ထဲတွင် တုန်လှုပ်သွားပြီးနောက် လက်သီးတစ်ချက်သည် သူ၏ အကာအကွယ်ကို ထိုးဖောက်ကာ သူ၏ ရင်ဘတ်ဆီသို့ တိုးဝင်လာသည်ကို မြင်လိုက်ရသည်။

“ဘုန်း...”

သူ၏ ရင်ဘတ်အတွင်း တင်းကျပ်သွားပြီး ပြင်းထန်လှသော နာကျင်မှုတစ်ခု ထွက်ပေါ်လာကာ လှိုင်းလုံးကြီးတစ်ခုအလား ရိုက်ခတ်လာတော့သည်။ အလွန်အမင်း နာကျင်လှသဖြင့် အသက်တစ်ရှူစာပင် မကြာလိုက်ဘဲ သူသည် သတိမေ့သွားပြီး မည်သည့်အရာကိုမျှ မသိရှိနိုင်တော့ချေ။

“ဘုန်း...”

လျှို့ပိုင်စိန်းသည် ကောင်းကင်မှ မြင့်မားစွာ ကျဆင်းလာပြီး သူ၏ ရင်ဘတ်နေရာမှာ အကြီးအကျယ် ချိုင့်ဝင်သွားခဲ့ပြီ ဖြစ်ကာ ကျန်ရှိသော နေရာများမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ ဤလက်သီး၏ စွမ်းအားမှာ အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားသဖြင့် သူ၏ တစ်ကိုယ်လုံးရှိ အရိုးများမှာ ကြေမွသွားခဲ့ခြင်းပင်။

လက်သီးတစ်ချက်တည်းနှင့်ပင် အတွင်းခန်းမ၏ ပထမဆုံးသော ပါရမီရှင်မှာ ဤသို့ဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။

“အတွင်းခန်းမရဲ့ ပထမဆုံးသော ပါရမီရှင်တဲ့လား...”

ယီထျန်းယွမ်က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါကလည်း ဒီလောက်ပဲလား... တစ်ချက်တည်းတောင် မခံနိုင်ပါလားကွ... ဟေ...”

သူသည် ဤမျှအထိ မောက်မာလှသည်။ တစ်ဖက်လူက လူကို နှိမ်ချင်နေသည် မဟုတ်ပါလား၊ ဒါဆိုလျှင် သူသည်လည်း ၎င်းတို့ကို တိုက်ခိုက်ရေးစင်ပေါ်တွင် ပြင်းပြင်းထန်ထန် နင်းခြေပြကာ ထိုခံစားချက်ကို မြည်းစမ်းခိုင်းလိုက်ခြင်းပင်။

တစ်ကွင်းလုံး တိတ်ဆိတ်သွားပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော လျှို့ပိုင်စိန်းကို လူတိုင်း စူးစိုက်ကြည့်နေကြကာ မိမိတို့၏ မျက်လုံးများ မှားယွင်းနေသလားဟုပင် သံသယဝင်နေကြသည်။ အတွင်းခန်းမ၏ ပထမဆုံးသော ပါရမီရှင်သည် ပြင်ဆင်ထားသည့် အခြေအနေတွင်ပင် လက်သီးတစ်ချက်တည်းနှင့် ရှုံးနိမ့်သွားသည်လား။

ဤအရည်အချင်းမျိုး ရှိနေသည်ဆိုပါက တစ်ဖက်လူမှာ ကောင်းကင်သခင် အဆင့်သို့ ရောက်ရှိနေပြီလား။ သို့သော် မဟုတ်ချေ... ယခုတင်က တက်လာစဉ်က တတိယအဆင့် မြေကမ္ဘာအရှင် ကျင့်စဉ်အဆင့်ဟု ခံစားရသော်လည်း ယခုအခါ တစ်ဖက်လူကို လက်သီးတစ်ချက်တည်းနှင့် အနိုင်ယူနိုင်ရုံတင်မကဘဲ အဆင့် ၃ ဆင့်အထိ ကျော်လွန် အနိုင်ယူလိုက်ခြင်းမှာ တကယ့်ကို မယုံကြည်နိုင်စရာပင်။

“တကယ့်ကို... တကယ့်ကို သန်မာတာပဲ... အတွင်းခန်းမရဲ့ ပထမဆုံးသော ပါရမီရှင်တောင် ရှုံးသွားပြီ...”

လဲ့ကျန့်ယွီက စိတ်လှုပ်ရှားစွာဖြင့် ၎င်းတို့ကို ကြည့်ကာ ပြောလိုက်သည်။

“ကြည့်ကြစမ်း... ဘာကို ကြောက်နေကြတာလဲ... အတွင်းခန်းမရဲ့ ပထမဆုံးသော ပါရမီရှင်တင် မကဘူး... အဓိကခန်းမရဲ့ ပထမဆုံးသော ပါရမီရှင် ဆိုရင်တောင် ဒီအတိုင်းပဲ ရှုံးသွားမှာပဲ...”

ကျင့်ကြံသူ တစ်ဦးချင်းစီမှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ရင်ထဲ၌ စိတ်လှုပ်ရှားလာကြပြီး ၎င်းတို့၏ ယုံကြည်မှုများ ပြန်လည် ရရှိလာကြတော့သည်။

All Chapters