အချင်းချင်း သိနေကြတာလား
Vol. 67 Ch. 954
ဖုန်းချွေ့ချိုးမှာ ပါးရိုက်ခံလိုက်ရသဖြင့် လွင့်ထွက်သွားပြီး ချောမောလှပသော မျက်နှာလေးမှာ အတော်လေး ဖူးယောင်သွားကာ သွားအချို့ပင် ကျိုးထွက်သွားသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ရင်နာစရာ ကောင်းလှသည်။ ယခင်က နတ်သမီးလေးတစ်ပါးကဲ့သို့ အလှတရားမှာ ပျောက်ကွယ်သွားပြီး ယခုအခါ ဝက်ခေါင်းတစ်ခုအလား ဖူးယောင်နေတော့သည်။
ရိုက်မည်ဆိုလျှင်လည်း တကယ်ကို အားမနာတမ်း ရိုက်နှက်ခြင်းပင် ဖြစ်သည်။ ယီထျန်းယွမ်သည် အကြီးအကဲနျန်၏ မျက်နှာကို ထောက်ထားသောကြောင့်သာ ပြင်းထန်သော ဒဏ်ရာ မရအောင် ညှာတာပေးခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက အဓိကခန်းမ တပည့်ဖြစ်စေ၊ မည်သူဖြစ်စေ လျှို့ပိုင်စိန်းကဲ့သို့ပင် မသန်မစွမ်း ဖြစ်သွားပေလိမ့်မည်။
လူအုပ်ကြီးမှာ မှင်တက်မိသွားကြသည်။ အဓိကခန်းမ တပည့်အဆင့်အတန်းနှင့် အကြီးအကဲနျန်၏ အရှိန်အဝါကို ထုတ်သုံးလျှင်ပင် အသုံးမဝင်ပါလား။ ယီထျန်းယွမ်က ထိုသို့ပင် ဆက်လက် ရိုက်နှက်လိုက်ရာ လဲ့ကျန့်ယွီမှာမူ လက်ခုပ်တီး၍ အားပေးလိုက်တော့သည်။ ဘာပဲဖြစ်ဖြစ် ချောမောလှပသော အမျိုးသမီး ဆိုသည်မှာ သူနှင့် တစ်စက်မျှ မသက်ဆိုင်ချေ။
“ဖြောင်း... ဖြောင်း... ဖြောင်း... အစ်ကိုယီ... ကောင်းတယ်၊ ဒါပေမဲ့ မင်းက တကယ်ပဲ သတ္တိကြီးလွန်းတယ်...”
လဲ့ကျန့်ယွီသည် ယီထျန်းယွမ်ကို လက်မထောင်ပြလိုက်ပြီး ဤမျှအထိ ထိတ်လန့်စရာ ကောင်းသော လုပ်ရပ်အတွက် အံ့ဩမဆုံး ဖြစ်နေရသည်။ ရိုက်မည်ဆိုလျှင်လည်း တစ်စက္ကန့်မျှပင် တွန့်ဆုတ်ခြင်း မရှိခဲ့ချေ။
အခြားသော လူသားမျိုးနွယ်များမှာမူ ကျောချမ်းသွားကြသည်။ သူသည် ထျန်ယုနတ်ဘုရားနယ်မြေတွင် ဆက်လက် ရှင်သန်ရန် အမှန်တကယ်ပင် အစီအစဉ် မရှိတော့သည်လား။ ဤသူမှာ အကြီးအကဲနျန်၏ နောင်အနာဂတ် တပည့်ဖြစ်၏။ သူမ၏ တပည့်ကို ရိုက်နှက်ခြင်းမှာ အကြီးအကဲနျန်၏ ပါးကို ရိုက်လိုက်ခြင်းနှင့် အတူတူပင် မဟုတ်ပါလား။
“မင်း... မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့...”
ဖုန်းချွေ့ချိုးသည် အမြီးနင်းခံလိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်မှ ခုန်ထလိုက်ကာ သူမ၏ ပါးကို အုပ်လျက် ယီထျန်းယွမ်ကို စူးစိုက်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
“ငါက ဘယ်သူလဲဆိုတာ မင်းသိလား၊ မသိနားမလည်တဲ့ လူသားမျိုးနွယ်၊ ငတုံး လူသားမျိုးနွယ်... နတ်ဘုရားနယ်မြေရဲ့ အနိမ့်ကျဆုံး လူသားမျိုးနွယ်ဆိုတာ ထာဝရ ကျွန်လုပ်ရမယ့် အောက်တန်း...”
“ဖြောင်း...”
ယီထျန်းယွမ်က နောက်ထပ် ပါးရိုက်ချက် တစ်ချက် ထပ်မံ ပေးလိုက်ရာ သူမမှာ နောက်သို့ အကြိမ်ကြိမ် ဆုတ်သွားရတော့သည်။
“နောက်တစ်ခါ ထပ်ပြောကြည့်စမ်း...”
ယီထျန်းယွမ်က အေးစက်စွာ ပြောလိုက်သည်။
“မင်း... မင်းက ငါ့ကို ထပ်ပြီး ရိုက်ရဲသေးတယ်ပေါ့၊ ငါ... ငါ မင်းကို သေစေရမယ်၊ အမှိုက်ထက်တောင် နိမ့်ကျတဲ့ မင်းတို့ လူသား...”
“ဖြောင်း...”
ယီထျန်းယွမ်က နောက်ထပ် ပါးရိုက်ချက် တစ်ချက် ပေးလိုက်ပြီး လှောင်ပြောင်လိုက်သည်။
“ဆက်ပြောလေ...”
“မင်း... မင်း...”
“ဖြောင်း...”
“ဆက်ပြောစမ်း...”
ယီထျန်းယွမ်သည် ဆက်တိုက်ပင် ပါးကို တဖြောင်းဖြောင်း ရိုက်ပေးလိုက်ရာ ဖုန်းချွေ့ချိုး၏ ရုပ်ရည်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်ကာ မျက်နှာမှာလည်း ကြောက်စရာကောင်းလောက်အောင် ဖူးယောင်နေတော့သည်။ လုံးဝ ဝက်ခေါင်းတစ်ခုအလား ဖြစ်သွားသဖြင့် သူမ၏ မူလရုပ်ရည်ကို အစရှာ၍ မရတော့ချေ။ ခန္ဓာကိုယ်အောက်ပိုင်းမှအပ မျက်နှာကို ကြည့်ခြင်းဖြင့် မည်သူမည်ဝါဖြစ်ကြောင်း လုံးဝ ခွဲခြား၍ မရတော့ချေ။
ဖုန်းချွေ့ချိုးမှာ စကားပင် ပီသအောင် မပြောနိုင်တော့ဘဲ ခေါင်းမူးနောက်နေရှာ၏။ ဝူးဝူးဝါးဝါး အသံမှအပ အခြားသော အသံများကို ထုတ်ဖော်နိုင်စွမ်း မရှိတော့ချေ။
“ငါ မိန်းကလေးတွေကို မရိုက်ဝံ့ဘူးလို့ ထင်နေတာလား။ မိန်းကလေး ဖြစ်နေရင်တောင် ငါကတော့ ရိုက်မှာပဲ...”
ယီထျန်းယွမ်က ခြေတစ်ချက်ဖြင့် ပြင်းထန်စွာကန်ထုတ်လိုက်ရာ ဘုန်းခနဲ အသံနှင့်အတူ ဖုန်းချွေ့ချိုးမှာ လွင့်ထွက်သွားပြီး ကောင်းကင်မှနေ၍ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။
ရလဒ်မှာ လျှို့ပိုင်စိန်းနှင့် ထူးမခြားနားဘဲ တစ်ကိုယ်လုံးရှိ အရိုးများမှာ ကြေမွသွားခဲ့ပြီ ဖြစ်ရာ ကုတင်ပေါ်မှ ဆင်းနိုင်ရန်အတွက် နှစ်အနည်းငယ်၊ သို့မဟုတ် ဆယ်စုနှစ်ပေါင်းများစွာ ကုသရပေဦးမည်။
၎င်းတို့ကို သတ်ပစ်ခြင်းမှာ အမှန်တကယ်ပင် အရိုးရှင်းဆုံးနှင့် အကြမ်းတမ်းဆုံး နည်းလမ်းဖြစ်ကာ အတွေ့အကြုံအမှတ် အမြောက်အများကိုလည်း ရရှိစေမည် ဖြစ်သော်လည်း ဤကဲ့သို့သော ငတုံးများအတွက်မူ ဤမျှဖြင့် လုံလောက်လှပြီဟု သူ ယူဆထားသည်။ ဆယ်စုနှစ် အနည်းငယ်အကြာတွင် ၎င်းတို့ကလဲ့စားလာချေမည်ကိုမူ သူ တစ်စက်မျှ မစိုးရိမ်ချေ၊ ထိုအချိန်ကျလျှင် ၎င်းတို့မှာ သူ့ကို မော့ကြည့်ရန်ပင် အရည်အချင်း လုံလောက်တော့မည် မဟုတ်ချေ။
“စီနီယာမမဖုန်း...”
ဘေးနားရှိ မိန်းကလေးငယ် တစ်ဦး ပြေးလာပြီး ဖုန်းချွေ့ချိုးကို ပွေ့ချီလိုက်၏။ မိမိ၏ စီနီယာမမ ဤကဲ့သို့ ဖြစ်နေသည်ကို မြင်သည့်အခါ ယီထျန်းယွမ်ကို ဒေါသတကြီး ကြည့်လျက် အော်ဟစ်လိုက်သည်။
“မင်း... မင်း သေဖို့သာ ပြင်ထားတော့၊ စီနီယာမမဖုန်းကို ဒီလို လုပ်ရဲတယ်ပေါ့၊ သူမက နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲရဲ့ မျိုးဆက်တပည့် တစ်ယောက်ပဲ။ အကြီးအကဲနျန်ရဲ့ ဒေါသကို ခံယူဖို့သာ ပြင်ထားလိုက်...”
လဲ့ကျန့်ယွီတို့ဘက်မှ ကျင့်ကြံသူများမှာ ရင်ထဲတွင် တုန်လှုပ်သွားကြ၏။ ဤတစ်ကြိမ်တွင်မူ အမှန်တကယ်ပင် အလွန်အကျွံ ဖြစ်သွားခဲ့ပြီဟု ခံစားလိုက်ရကာ အကယ်၍ အကြီးအကဲနျန်က အမှန်တကယ် အပြစ်ပေးမည်ဆိုပါက အရာအားလုံး ပျက်စီးသွားပေလိမ့်မည်။
“သွားပါပြီ... အကြီးအကဲနျန်က အပြစ်ပေးတော့မှာပဲ၊ သူတော့ ဒုက္ခရောက်တော့မယ်...”
“ဒါကတော့ မှန်တယ်၊ အား... အရည်အချင်းက မဆိုးပေမဲ့ ဒီလို နောက်ခံ တောင့်တင်းတဲ့သူတွေနဲ့ တွေ့ရင်တော့ မတတ်နိုင်ဘူးပေါ့”
“ဘာမှမဖြစ်ဘူး... ညီအစ်ကိုယီ ဘာမှမဖြစ်စေရဘူး၊ သူက တခြားလူတွေထက် အများကြီး ပိုပြီး သန်မာနေတာပဲ၊ အကြီးအကဲတွေက အမြင်ကျဉ်းလိမ့်မယ်လို့ ငါ မယုံဘူး... ဟို ဖုန်းချွေ့ချိုး ဆိုတဲ့သူက အရည်အချင်း မဆိုးပေမဲ့ ညီအစ်ကိုယီရဲ့ လက်ထဲမှာ ရှုံးခဲ့တာပဲလေ။ ဒါကို ကြည့်ခြင်းအားဖြင့် ညီအစ်ကိုယီရဲ့ ပါရမီက သူတို့ထက် အများကြီး ပိုပြီး သန်မာတယ်၊ ဘာကို စိုးရိမ်နေဦးမှာလဲ”
လဲ့ကျန့်ယွီ၏ ရင်ထဲတွင် အနည်းငယ် စိုးရိမ်နေသော်လည်း ထျန်ယုနတ်ဘုရားနယ်မြေအနေဖြင့် ယီထျန်းယွမ်ကို အပြစ်ပေးလိမ့်မည် မဟုတ်ဟု သူ ယူဆထား၏။ အကယ်၍ အမှန်တကယ် အပြစ်ပေးမည်ဆိုပါက တကယ့်ကို ဆုံးရှုံးမှုကြီး ဖြစ်ပေလိမ့်မည်။
ဆန့်ကျင်ဘက်အားဖြင့် ဖုန်းချွေ့ချိုးတို့ဘက်မှာမူ လှောင်ပြောင်နေကြပြီး ယခုတစ်ကြိမ်တွင် ယီထျန်းယွမ် သေချာပေါက် သေပြီဟု ယူဆနေကြ၏။ အရည်အချင်း ရှိနေလျှင်ပင် အကြီးအကဲနျန်၏ အပြစ်ပေးခြင်းကို စောင့်ဆိုင်းရပေလိမ့်မည်။
“တစ်စုံတစ်ယောက်က အကြီးအကဲနျန်ကို သွားပြီး သတင်းပို့လိုက်ပြီလို့ ကြားတယ်၊ ဒီကောင်တော့ သေချာပေါက် သွားပြီပဲ... ခဏနေရင် သူ ဆက်ပြီး မောက်မာနိုင်ဦးမလား ကြည့်ကြတာပေါ့၊ ထောင်ထဲကို အပစ်ခံရရင်တော့ ဘယ်တော့မှ ပြန်ထွက်မလာနိုင်တော့ဘူး”
“စဉ်းစားကြည့်ရုံနဲ့တင် ကျေနပ်စရာပဲ၊ ဒီကောင်ကို လုံးဝ လွတ်ငြိမ်းခွင့် မပေးသင့်ဘူး...”
တစ်ဦးချင်းစီမှာ ယီထျန်းယွမ်အပေါ် အံကြိတ်နေကြ၏။ ယီထျန်းယွမ်၏ ခွန်အားမှာ သန်မာနေလျှင်ပင် လူအများကို အသိအမှတ်ပြုလာအောင် မလုပ်နိုင်သေးချေ။ ဤသည်မှာ ၎င်းတို့၏ သဘာဝအရ လူသားမျိုးနွယ်က မိမိတို့၏ အထက်သို့ ရောက်ရှိလာသည်ကို အမြဲတမ်း အသိအမှတ် မပြုလိုကြသောကြောင့်ပင်။
ယီထျန်းယွမ်က ၎င်းတို့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“အဲဒီအပေါ်မှာ အပိုစကားတွေ ပြောမနေနဲ့၊ ယောကျ်ားဖြစ်ရင် ဆင်းလာပြီး စိန်ခေါ်လိုက်ကြစမ်းပါ၊ ခုနက ငါနဲ့ တိုက်ချင်နေကြတာ မဟုတ်လား။ အခု မင်းတို့ အကုန်လုံး လာခဲ့ကြစမ်း၊ ဘယ်နှစ်ယောက်ပဲလာလာ ငါ အကုန် လက်ခံတယ်...”
ဤစကားများကြောင့် ၎င်းတို့၏ မျက်နှာများမှာ တစ်လှည့်စီ ပြောင်းလဲသွားကြ၏။ ဆင်းသွားလျှင် သေချာပေါက် ရှုံးနိမ့်မည်ဖြစ်ရာ မည်သို့ ဆက်လက်ကစားပါမည်နည်း။ အတွင်းခန်းမ၏ ပထမဆုံးသော ပါရမီရှင် ဖြစ်စေ၊ အဓိကခန်းမ၏ ပါရမီရှင်ဖြစ်စေ၊ နောက်ခံကြီးမားသူဖြစ်စေ အားလုံးမှာ အပြတ်အသတ် နှိမ်နင်းခြင်းကိုသာ ခံခဲ့ရသည် မဟုတ်ပါလား။
ဤသည်မှာ ၎င်းတို့အတွက် တကယ့်ကို ဝမ်းနည်းစရာ ကောင်းလှ၏။ မည်သို့ လုပ်ဆောင်ရမှန်း မသိတော့ဘဲ ဆင်းရမလား၊ သို့မဟုတ် အပေါ်၌သာ လူကြောက် တစ်ယောက်အဖြစ် ဆက်လက် နေထိုင်ရမလား ဆိုသည်ကို ဝေခွဲမရ ဖြစ်နေကြတော့သည်။
၎င်းတို့သည် လူကြောက် တစ်ယောက်အဖြစ် မနေလိုကြသော်လည်း ဆင်းသွားလျှင် သေချာပေါက် ရှုံးနိမ့်မည်ဖြစ်ရာ ရလဒ်မှာ မည်သို့မျှ ကောင်းမွန်လိမ့်မည် မဟုတ်ချေ။
“ဘာလဲ... ဘယ်သူမှ မဆင်းရဲကြဘူးလား။ ဒါဆိုရင်လည်း အရှုံးပေးတာကို ရွေးချယ်လိုက်ကြပေါ့၊ ငါ့သူငယ်ချင်းကို တောင်းပန်ကြစမ်း...”
ယီထျန်းယွမ်က လဲ့ကျန့်ယွီကို ညွှန်ပြကာ အေးစက်စွာ ပြောလိုက်သည်။
“မင်းတို့ အရင်က ပေးထားတဲ့ကတိကို အခု တည်ရမယ့် အချိန်ပဲ...”
၎င်းတို့သည် လဲ့ကျန့်ယွီကို ကြည့်ကာ မည်သို့ ပြောရမှန်း မသိတော့ချေ။ လူသားမျိုးနွယ် တစ်ဦးကို အမှန်တကယ်ပင် ခေါင်းငုံ့ရမည်လား။ သို့သော် အကယ်၍ ခေါင်းမငုံ့ပါက ရှေ့ရှိ လူငယ်က ၎င်းတို့ကို ဆဲဆိုနေမည်မှာ သေချာလှသဖြင့် သိက္ခာကျစရာ ပိုဖြစ်ပေလိမ့်မည်။
၎င်းတို့ မျှော်လင့်ချက်ကင်းမဲ့နေစဉ်မှာပင် ဘေးဘက်မှ ရင်းနှီးသော ပုံရိပ်တစ်ခု ပေါ်လာ၏။ ယင်းမှာ ဤဘက်သို့ ပျံသန်းလာသော အကြီးအကဲနျန်ပင် ဖြစ်သည်။ သူမ၏ ဘေးတွင် အမျိုးသမီး တပည့် အနည်းငယ်လည်း ပါရှိနေပြီး သိသာလှသည်မှာ တစ်စုံတစ်ယောက်က တမင်တကာ သွားခေါ်လာခြင်း ဖြစ်ရပေလိမ့်မည်။
၎င်းတို့သည် အကြီးအကဲနျန်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကြပြီး ယီထျန်းယွမ်ကို လှောင်ပြောင်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ဖုန်းချွေ့ချိုးကို ဒဏ်ရာရအောင် လုပ်ရဲသည်ဆိုမှတော့ ယခုတစ်ကြိမ် မည်သို့ အဆုံးသတ်မည်ကို ကြည့်ကြတာပေါ့။
“အကြီးအကဲနျန်... စီနီယာမမဖုန်းကို ဒဏ်ရာရအောင် လုပ်လိုက်တာ သူပါ၊ အတော်လေးလည်း မောက်မာလွန်းတယ်... ဒဏ်ရာ ပြင်းရုံတင်မကဘူး... စီနီယာမမဖုန်းကိုပါ စော်ကားခဲ့သေးတယ်...”
ဘေးနားရှိ အမျိုးသမီး ကျင့်ကြံသူက မဟုတ်မမှန် လုပ်ကြံ ပြောဆိုလိုက်၏။ ယီထျန်းယွမ်သည် အစအဆုံး ဖုန်းချွေ့ချိုးကို စော်ကားခြင်း မရှိခဲ့ချေ။ ဖုန်းချွေ့ချိုးကသာ ယီထျန်းယွမ်ကို အဆက်မပြတ် စော်ကားနေခဲ့ခြင်း ဖြစ်သည်။
“မင်း မဟုတ်တာတွေ ပြောမနေနဲ့... ညီအစ်ကိုယီက သူတို့ကို တစ်ခါမှ မစော်ကားခဲ့ဘူး၊ သူတို့ကပဲ ညီအစ်ကိုယီကို အမြဲတမ်း စော်ကားနေခဲ့တာ ငါ နားနဲ့ ဆက်ဆက်ကြားခဲ့တာပဲ...”
လဲ့ကျန့်ယွီသည် တွန့်ဆုတ်မနေဘဲ ရှေ့သို့ ထွက်ကာ မိမိ၏ ရပ်တည်ချက်ကို ခိုင်မာစွာ ပြသလိုက်သည်။
“မှန်တယ်... ကျွန်တော်တို့ အားလုံး သက်သေခံနိုင်ပါတယ်၊ အကြီးအကဲနျန်... သူက စီနီယာမမဖုန်းကို ဘယ်တော့မှ မစော်ကားခဲ့ပါဘူး၊ စီနီယာမမဖုန်းကသာ သူ့ကို အရင် စော်ကားခဲ့တာပါ...”
တစ်ဦးချင်းစီမှာ ပါးစပ်ပိတ်မနေကြတော့ဘဲ အချို့မှာ ယီထျန်းယွမ်အတွက် ရှေ့ထွက်ကာ ကာကွယ် ပြောဆိုပေးလိုက်ကြသည်။
အကြီးအကဲနျန်သည် ယီထျန်းယွမ်ကို မြင်လိုက်သည့်အခါ ချက်ချင်းပင် မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။
“မင်း ဘယ်ပျောက်နေတာလဲလို့ ငါ လိုက်ရှာနေတာ၊ မင်းက ဒီမှာ လာပြီး ပြဿနာ ရှာနေတာကိုး”
လူတိုင်းမှာ ချက်ချင်းပင် မှင်တက်မိသွားကြသည်။ ၎င်းတို့ အချင်းချင်း သိနေကြတာလား။