သူမကို ကျော်တက်သွားခြင်း
Vol. 67 Ch. 959
“ဒီကောင်လေးက အတင်းအကျပ် လုပ်နေတာပဲ။ ဒီလိုနေရာမျိုးမှာ အတင်းအကျပ် ဆင်းပြီး ကျင့်ကြံတာက ကိုယ့်အတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး”
ရှုယွမ်သည် ယီထျန်းယွမ် ပြေးဆင်းသွားသော ကျောပြင်ကို ကြည့်ကာ မထီမဲ့မြင်ပြုသော အမူအရာဖြင့် ခေါင်းခါလျက် ဆို၏။
“လူငယ်ဆိုတာ လူငယ်ပါပဲ။ ငါတို့လည်း အောက်ကို အတင်းပြေးဆင်းလို့ ရတာပဲ၊ ဒါပေမဲ့ ကျင့်ကြံလို့မှ မရတာ... ဘာထူးမှာလဲ”
“သူ့ရဲ့ ကျင့်စဉ်အဆင့် တိုးတက်သွားတာကို ငါ ခံစားမိတယ်၊ ဒုတိယအဆင့် မြေကမ္ဘာအရှင် ဝန်းကျင်လောက် ရှိမယ်ထင်တယ်”
ခေါင်းဆောင်ကူးက ခေါင်းခါလျက် ဆို၏။
ယီထျန်းယွမ် ထွက်ခွာသွားချိန်တွင် ချန်ရစ်ခဲ့သော အရှိန်အဝါကြောင့် သူ၏ ကျင့်စဉ်အဆင့်ကို ခန့်မှန်းနိုင်ခြင်း ဖြစ်သည်။ စွမ်းအင်လှိုင်းများမှာ လိမ်ညာ၍ မရသဖြင့် သေသေချာချာ ခံစားသိရှိနိုင်ချေ ရှိသည်။
“ဒုတိယအဆင့် မြေကမ္ဘာအရှင်...”
ရှုယွမ် မိမိလျှာကို မိမိ ပြန်ကိုက်မိလုနီးပါး ဖြစ်သွားသည်။
‘ပြီးခဲ့သည့်အကြိမ်က သိသိသာသာပင် ကြယ်တာရာသခင်အဆင့်သာ ရှိသေးသော်လည်း ယခုအခါ ဒုတိယအဆင့် မြေကမ္ဘာအရှင် ဖြစ်နေပြီလား။ သူ ဘယ်လိုများ ကျင့်ကြံခဲ့တာလဲ’
သူ၏ မျက်လုံးထဲတွင် မနာလိုမှုများ ပိုမိုသိပ်သည်းလာသော်လည်း ပါးစပ်မှမူ အလျှော့မပေးဘဲ ဆို၏။
“ဒုတိယအဆင့် မြေကမ္ဘာအရှင် ဖြစ်တော့ရော ဘာဖြစ်လဲ၊ ငါက တတိယအဆင့် မြေကမ္ဘာအရှင်ပဲလေ။ ငါ အသေအချာ ပြောရဲတယ်၊ ခဏနေရင် သူ ပြန်တက်လာပြီး ဒီအနီးအနားမှာပဲ အေးအေးဆေးဆေး ကျင့်ကြံရလိမ့်မယ်...”
သူသည် အရှုံးကို ဝန်မခံဘဲ ယီထျန်းယွမ် အဝေးကြီးသို့ မသွားနိုင်ဟုသာ ထင်မှတ်နေချေသည်။
“အော်... မင်းကတော့ ဒီအတိုင်းပဲ ဇွဲကောင်းနေတုန်းပဲ၊ အရှုံးကို လုံးဝ ဝန်မခံဘူးပဲ။ ဒါဆိုရင် ငါနဲ့ ထပ်ပြီး လောင်းဦးမလား”
ခေါင်းဆောင်ကူးက လှောင်ပြောင်လျက် ဆို၏။
“ဒါက...”
ရှုယွမ် မှင်တက်မိသွားသည်။ သူသည် ယခင်က လောင်းကြေး ရှုံးနိမ့်ခဲ့သည်ကို သတိရသွားပြီး ယခု ထပ်မံ လောင်းမည်ဆိုပါက ရှုံးနိမ့်လျှင် အတွင်းခံပင် ကျန်တော့မည် မဟုတ်ချေ။
“ဘာလဲ... ငါ မေးတာကို ဖြေလေ၊ လောင်းမလား မလောင်းဘူးလား။ တခြားဟာတွေ မလောင်းဘူး၊ ရွေးချယ်မှုတံဆိပ်ပြား နှစ်ဆယ်... ဆိုလိုတာက ဒီမှာ ကျင့်ကြံခွင့် တစ်လစာပေါ့”
ခေါင်းဆောင်ကူးက သူ့ကို ကြည့်ကာ ဆို၏။
“တောက်... လောင်းတယ်ကွာ၊ ငါ မယုံဘူး...”
ရှုယွမ် ဒေါသတကြီး ဖြစ်သွားသည်။ ယခုတစ်ကြိမ်တွင်လည်း ယီထျန်းယွမ်က အံ့ဖွယ်များကို ဖန်တီးနိုင်ဦးမည်ဟု သူ မယုံကြည်ချေ။
“ဒါပေမဲ့ ဘယ်လို လောင်းမှာလဲ၊ အနည်းဆုံးတော့ စံနှုန်းတစ်ခု ရှိရမှာပေါ့”
“မင်းပြောသလို သူ ကျင့်ကြံဖို့ ဒီအနားကို ပြန်လာရင် ငါ ရှုံးတယ်ပေါ့။ တကယ်လို့ သူက မီတာ နှစ်သောင်းကျော်မှာပဲ ဆက်နေနိုင်မယ်ဆိုရင်တော့ ငါ နိုင်တယ်၊ ဘယ်လိုလဲ”
ခေါင်းဆောင်ကူးက ပြုံးလျက် ဆို၏။
“သဘောတူတယ်...”
ရှုယွမ် ချက်ချင်းပင် ဆုံးဖြတ်လိုက်ပြီး ပြုံးလျက် ဆို၏။
“ခေါင်းဆောင်ကူး... ဒီတစ်ခါတော့ မင်း ရှုံးမှာ သေချာသွားပြီ။ မီတာ နှစ်သောင်းကျော်မှာ နေဖို့ဆိုတာ အနည်းဆုံး စတုတ္ထအဆင့် မြေကမ္ဘာအရှင်လောက် ရှိမှ ရမှာ၊ သူက ဘယ်လောက်ကြာကြာ နေနိုင်မှာလဲ”
“တကယ်တော့ စတုတ္ထအဆင့် မရှိရင် မီတာ နှစ်သောင်းအကျော်မှာ မနေနိုင်တာ မှန်ပါတယ်၊ ဒါပေမဲ့ ဒါက လူအပေါ်မှာလည်း မူတည်သေးတယ်လေ”
ခေါင်းဆောင်ကူးက ပြုံးလျက် ဆို၏။
“ငါကတော့ သူ ဒီတစ်ခါလည်း အချိန်အတော်ကြာ နေနိုင်လိမ့်မယ်လို့ ယုံကြည်တယ်”
“ရယ်စရာပဲ... သူက ကျင့်စဉ်အဆင့်ကို ဒီလောက် မြန်မြန် မြှင့်တင်ထားတာဆိုတော့ အခြေခံက သေချာပေါက် မခိုင်မာဘူး။ အခြေခံ ခိုင်မာရင်တောင် ထားပါတော့၊ ဒီလောက် မြန်မြန် ထိုးဖောက်ထားတာက အဲဒီအပေါ်မှာ ကျင့်စဉ်ကို ခိုင်မာအောင် လုပ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး”
ရှုယွမ်က ဆက်လက်၍ ချေပနေချေသည်။
“မင်းနဲ့ အများကြီး စကားမပြောတော့ဘူး၊ ခဏနေရင် သိရမှာပဲ မဟုတ်လား”
ခေါင်းဆောင်ကူးသည် သူ့ကို ဆက်လက်၍ ဂရုမစိုက်တော့ချေ။ ဘာပဲဖြစ်ဖြစ် ဘာပြောပြော တစ်ဖက်လူက ပြန်လည် ချေပနေမည်သာ ဖြစ်သဖြင့် ဂရုစိုက်နေရန် မလိုတော့ချေ။
“ကောင်းပြီ၊ ဒါဆိုရင် စောင့်ကြည့်ကြတာပေါ့”
ရှုယွမ် နှာခေါင်းရှုံ့လိုက်ပြီး နေရာမှာတင် တရားထိုင် ကျင့်ကြံနေရင်း အောက်ခြေမှ အခြေအနေကို စောင့်ကြည့်နေတော့သည်။
အကယ်၍ သူသာ အပြင်ဘက်မှ သတင်းများကို စုံစမ်းခဲ့မည်ဆိုပါက ဤကဲ့သို့သော လောင်းကြေးမျိုးကို မည်သို့မျှ ထပ်မံ ပြုလုပ်မည် မဟုတ်ချေ။ ဤသည်မှာ လက်ဆောင် ပေးလိုက်ခြင်းနှင့်သာ တူညီနေသည်မဟုတ်ပါလား...။
“ညီလေး... မင်း သေချာပေါက် အံ့ဖွယ်တွေကို ဖန်တီးပြရမယ်နော်”
ခေါင်းဆောင်ကူးက အသာအယာ ပြုံးလျက် ရေရွတ်လိုက်၏။
“ငါ ဒီမှာ နောက်ထပ် တစ်လ ထပ်နေနိုင်မလား ဆိုတာက မင်းအပေါ်မှာပဲ မူတည်တယ်”
သူသည် အဘယ်ကြောင့်မှန်း မသိသော်လည်း ယီထျန်းယွမ်က အံ့ဖွယ်များကို ဆက်လက် ဖန်တီးနိုင်လိမ့်မည်ဟု ခံစားနေရသည်။
ယီထျန်းယွမ်သည် ၎င်းတို့၏ လောင်းကြေးအကြောင်းကို မသိရှိချေ။ သူသည် အောက်သို့သာ အရှိန်အဟုန်ဖြင့် ပြေးဆင်းသွားရာ မကြာမီမှာပင် မီတာ နှစ်သောင်း ငါးထောင်သို့ ရောက်ရှိသွားသည်။ ခဏအကြာတွင် မီတာ သုံးသောင်းသို့ ထပ်မံ ရောက်ရှိသွားပြန်သည်။ သူ၏ အရှိန်မှာ လေပြေတစ်ခုအလား လျင်မြန်လှချေသည်။
အထက်ရှိ ရှုယွမ် မှာမူ မှင်တက်မိသွားတော့သည်။ လောင်းကြေး ထပ်ပြီး မိနစ်အနည်းငယ်မျှသာ ရှိသေးသော်လည်း အနိုင်အရှုံးက ပေါ်ထွက်သွားခဲ့ပြီ ဖြစ်သည်။
“ခေါင်းဆောင်ရှု... မင်း ရှုံးသွားပြီ”
ခေါင်းဆောင်ကူးက တည်ငြိမ်စွာ ပြုံးလျက် ဆို၏။
“ဒီလောက် သက်သောင့်သက်သာနဲ့ မီတာ သုံးသောင်းအကျော်ကို ရောက်သွားတာဆိုတော့၊ နောက်ပိုင်းမှာ သူ ခံနိုင်ရည် မရှိလို့ ပြန်တက်လာရင်တောင် အနည်းဆုံးတော့ မီတာ နှစ်သောင်းအကျော်မှာပဲ ရှိနေမှာ မဟုတ်လား”
၎င်းတို့၏ အရည်အချင်းနှင့်ဆိုလျှင် မီတာ နှစ်သောင်း ငါးထောင်ကိုပင် မဆင်းနိုင်ချေ၊ မီတာ သုံးသောင်းဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ချေ။ မီတာ သုံးသောင်းသို့ ရောက်နိုင်သူသည် သေချာပေါက် မီတာ နှစ်သောင်းအကျော်တွင် ကြာရှည်စွာ နေထိုင်နိုင်ပေလိမ့်မည်။
“ငါ... ငါ...”
ရှုယွမ် ငိုချင်စိတ်ပင် ပေါက်သွားရသည်။ ခက်ခက်ခဲခဲ စုဆောင်းထားသော ရွေးချယ်မှုတံဆိပ်ပြား အနည်းငယ်ထဲမှ အခုတော့ နှစ်ဆယ်ကို ပေးလိုက်ရတော့မည် ဖြစ်ရာ တကယ့်ကို ဆုံးရှုံးမှု ကြီးမားလှချေသည်။
“ဘာ ငါ... ငါ... လဲ၊ မြန်မြန် ပေးစမ်းပါ”
ခေါင်းဆောင်ကူးသည် အနားသို့ သွားကာ သူ၏ ပုခုံးကို ပုတ်လိုက်သည်။
“ရော့... ရော့ကွာ”
ရှုယွမ် အံကြိတ်ကာ ထိုတံဆိပ်ပြားများကို ကမ်းပေးလိုက်ရသည်။
တံဆိပ်ပြားများကို လွှဲပြောင်းပေးလိုက်ရပြီးနောက် ရှုယွမ် ရင်ထဲတွင် သွေးထွက်မတတ် ခံစားလိုက်ရသည်။ ဤသည်မှာ တကယ့်ကို ဆုံးရှုံးမှု ကြီးမားလှပေသည်။ မိနစ်အနည်းငယ်အတွင်းမှာတင် အနိုင်အရှုံး ပေါ်သွားခဲ့သည် မဟုတ်ပါလား။ ယခင်က အချိန်အတော်ကြာ လိမ့်မည်ဟု သူ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
“ဒီကောင်လေးက တကယ်ပဲ ငါ့အတွက် ကံကောင်းစေတဲ့သူပဲ”
ခေါင်းဆောင်ကူးက ရှုယွမ် ကို ပြုံးလျက် ဆို၏။
“ဒါပေမဲ့ မင်းကတော့ ငါ့အတွက် ငွေထုတ်ကြီးပဲ။ အခုတော့ ငါ ဒီမှာ နောက်ထပ် တစ်လ ထပ်နေလို့ ရပြီပေါ့”
“လူသားမျိုးနွယ်က ဒီလောက်အထိ အံ့ဖွယ် မဖြစ်နိုင်ပါဘူး။ သူ... သူက တစ်ခုခုသော စွမ်းရည်ရှိနေလို့ နေမှာပါ...”
ရှုယွမ်သည် မိမိကိုယ်မိမိသာ ဤသို့ နှစ်သိမ့်နေရတော့သည်။
လောင်းကြေးကိစ္စ ဤမျှ လျင်မြန်စွာ ပြီးဆုံးသွားသည်ကို ယီထျန်းယွမ် လုံးဝ မသိရှိချေ။ သူသည် အရှိန်အဟုန်ဖြင့် အောက်သို့ ဆက်လက် ဆင်းသက်နေသည်။ ဝိညာဉ်စွမ်းအားများ ပိုမိုသိပ်သည်းလာသည်ကို သူ ခံစားရပြီး ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသော ဝိညာဉ်စွမ်းအားများမှာလည်း ပိုမို များပြားလာကာ အတွေ့အကြုံအမှတ်မှာလည်း အစက တစ်ထောင်မှ ယခုအခါ သန်းချီသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အခြေခံအားဖြင့် အသက်အနည်းငယ် ရှူလိုက်ရုံနှင့်ပင် အတွေ့အကြုံအမှတ် သန်းချီ၍ ရရှိနေခြင်း ဖြစ်ရာ ဤရရှိမှုနှုန်းမှာ အတော်လေး ထိတ်လန့်စရာ ကောင်းလှသည်။ အဓိက အချက်မှာ ကိုယ်တွင်းကမ္ဘာ၏ စိုပြည်မှု အရှိန်မှာ ပိုမို မြန်ဆန်လာခြင်း ဖြစ်သည်။ မူလက ပျိုးပင်လေးမျှသာ ရှိသော သစ်ပင်များမှာ ခဏချင်းမှာပင် မီတာ အနည်းငယ်ခန့် မြင့်မားလာခဲ့ပြီ ဖြစ်သည်။
မကြာမီမှာပင် သူ မီတာ ငါးသောင်းသို့ ရောက်ရှိသွားချိန်တွင် လမ်းဘေး၌ တရားထိုင်နေသော လူငယ်တစ်ဦးသည် မျက်လုံးဖွင့်ကြည့်လိုက်ရာ အစိမ်းသက်သက် ဖြစ်သော ပုံရိပ်တစ်ခု ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသဖြင့် အံ့ဩသော အကြည့်ဖြင့် ရေရွတ်လိုက်၏။
“ဒါ ဘယ်သူလဲ...”
သူ့ကို အလွယ်တကူ ကျော်တက်သွားခြင်း ဖြစ်ရုံတင်မကဘဲ ကြည့်ရသည်မှာ ပို၍ပင် ငယ်ရွယ်နေပုံရသဖြင့် ဤသူမှာ မည်သူဖြစ်ကြောင်း သူ မျက်မှောင်ကြုတ်လျက် ခန့်မှန်းနေတော့သည်။
သူ့ကို ကျော်တက်သွားရုံတင် မကချေ၊ ယီထျန်းယွမ်သည် လမ်းတစ်လျှောက်တွင် ကျင့်ကြံသူ အမြောက်အများကို ဖြတ်ကျော်သွားခဲ့သည်။ အချို့မှာ ကောင်းကင်သခင်များ ဖြစ်ကြပြီး အချို့မှာ အဓိကခန်းမမှ ထူးချွန်သော တပည့်များ ဖြစ်ကြသည်။ တစ်ဦးချင်းစီမှာ သူ့ကြောင့် အံ့အားသင့်သွားကြရသည်။
အထူးသဖြင့် မျက်နှာစိမ်းတစ်ယောက် ဖြစ်နေသဖြင့် ၎င်းတို့ တစ်ခါမျှ မမြင်ဖူးကြချေ။ အစိမ်းသက်သက်သော မျက်နှာတစ်ခုက အစကတည်းက မီတာ ငါးသောင်းကျော်အထိ တစ်ဟုန်ထိုး ရောက်လာနိုင်ခြင်းမှာ သူ၏ အရည်အချင်းက အတော်လေး ထိတ်လန့်စရာ ကောင်းလှချေသည်။
“ဒီကောင်လေးက ဘယ်သူလဲ၊ အဓိကခန်းမက တပည့်သစ်လား”
“မဖြစ်နိုင်တာ။ အခုမှ ဝင်လာတာကို ဒီလောက်အထိ နက်တဲ့နေရာကို ရောက်လာနိုင်တာလား၊ မဖြစ်နိုင်လောက်ပါဘူး...”
“ကြည့်ရတာ ဒီလောက် ငယ်တာကို ကျင့်စဉ်က သိပ်မမြင့်ဘူးထင်တယ်။ သူ့ရဲ့ အရှိန်အဝါကို ခံစားကြည့်ရအောင်... အော်... တတိယအဆင့် မြေကမ္ဘာအရှင်ပဲလား”
အောက်ခြေတွင် တရားထိုင်နေသူများထဲ၌ အကြီးအကဲ အဆင့်အတန်းများ ရှိသလို တာဝန်ခံ အဆင့်အတန်းများလည်း ရှိကြပြီး ၎င်းတို့၏ ကျင့်စဉ်မှာ မနိမ့်လှချေ။ ပဉ္စမ သို့မဟုတ် ဆဋ္ဌမအဆင့် မြေကမ္ဘာအရှင်များ ပါဝင်သလို ကောင်းကင်သခင် အဆင့်များလည်း ပါဝင်သည်။ သေချာပေါက်ပင် ဤကောင်းကင်သခင်မှာ ပဉ္စမ သို့မဟုတ် ဆဋ္ဌမအဆင့် ဝန်းကျင်မှ ထိုးဖောက်လာခြင်း ဖြစ်နိုင်သဖြင့် အလွန်အမင်း မသန်မာလှချေ။
သို့သော် ၎င်းတို့ ထိုင်နေသော နယ်မြေကို ယီထျန်းယွမ်က အလွယ်တကူ ကျော်တက်သွားသဖြင့် အားလုံး မှင်တက်မိသွားကြပြီး ဤတပည့်သစ်မှာ မည်သူဖြစ်ကြောင်း မသိနိုင်ကြတော့ချေ။
ယီထျန်းယွမ်သည် မိန်းကလေးငယ် တစ်ဦးကို ကျော်တက်သွားချိန်တွင် ထိုမိန်းကလေးငယ်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်ရာ သူမ၏ လှပသော မျက်ဝန်းအိမ်မှ ရွှေရောင်အလင်းတန်းတစ်ခု ပန်းထွက်လာပြီး ရှေ့ရှိ မြေပြင်ကိုပင် ထိုးဖောက်သွားမတတ် ဖြစ်သွားသည်။
“သူက ဘယ်သူလဲ...”
ထိုမိန်းကလေးငယ်သည် ယီထျန်းယွမ် ပြေးသွားသော ကျောပြင်ကို ကြည့်ကာ တရားထိုင်ရာမှ ထရပ်လိုက်ပြီး သူမ၏ မျက်လုံးများမှာ တောက်ပလာချေ၏။
“စိတ်ဝင်စားဖို့ ကောင်းသားပဲ၊ ငါနဲ့ အသက်ချင်း မကွာတဲ့ အခြေအနေမှာ ငါ့ကို ကျော်တက်နိုင်တဲ့သူက တကယ်ပဲ မများဘူး”
သူမသည် များစွာ မတွေးတောတော့ဘဲ ခြေလှမ်းကျဲကျဲဖြင့် နောက်မှ လိုက်လံ ဖမ်းဆုပ်လိုက်တော့သည်။ ကြည့်ရသည်မှာ ယီထျန်းယွမ်နှင့် ယှဉ်ပြိုင်လိုပုံပင်။
သေသေချာချာ ကြည့်မည်ဆိုပါက သူမသည် အနက်ဆုံးနေရာတွင် တရားထိုင်နေသော ပထမဆုံးသူ ဖြစ်သော်လည်း ယခု ယီထျန်းယွမ်က သူမကို ကျော်တက်သွားခြင်း ဖြစ်ချေသည်။