မိုးကြိုးများက ကွင်းတစ်ခုလုံးကို လွှမ်းခြုံထားပြီ
Vol. 21 Ch. 298
ဗုန်း!
အလင်းတန်းများသည် ကျယ်ပြောလှသော ကောင်းကင်ကြီးကို အလွန်အမင်း လင်းထိန်သွားစေ၏။ မျက်စိတစ်မှိတ်အတွင်း၌ လျှပ်စီးကြောင်းသည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး သနားခြင်းကင်းမဲ့သော နတ်ဘုရား၏ ပြစ်ဒဏ်ကဲ့သို့ ကမ္ဘာပေါ်သို့ ဆင်းသက်လာခဲ့သည်။
မုန့်ထျန်းရွှမ်ဆီ ဦးတည်နေသော ကောင်းကင်မှ မြင့်မားသော လျှပ်စီးကြီးတိုင်တစ်ခု ပြိုကျလာကာ တလီတောင်တန်းများ၏ မြေပြင်ကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ ကောင်းကင်က နေနှင့် ယှဉ်နိုင်သော အနှီပူပြင်းသော အပူလှိုင်းကြီးထဲတွင် သစ်ပင်ကြီးများပင် အစုအဝေးကြီးများအလိုက် ဖယ်ရှားခံရပြီး အငွေ့ပျံသွားခဲ့သည်။
အဓိပတိမဟာမိတ် နှင့် သားရဲနတ်အရှင်ဂိုဏ်းမှ အဖွဲ့ဝင်များကြား မိုးကြိုးပစ်သံများ ပျံ့နှံ့သွားသည်။ အပျက်သဘောဆောင်သော လှိုင်းကို တွန်းလှန်ရန် ၎င်းတို့၏ ကြယ်စွမ်းအင်များကို ထုတ်လွှတ်ရန် အသည်းအသန် ရုန်းကန်ခဲ့ကြရ၏။
သို့သော်လည်း ၎င်းမှာ လုံလောက်ရုံပင် မရှိ။ မြေအဓိပတိအချို့သည် မတိုင်ခင်က ဒဏ်ကြောင့် ရုပ်ပိုင်းဆိုင်ရာ အားနည်းနေပြီဖြစ်ရာ ကောင်းကင်လျှပ်စီးကြောင်း၏ ထိုးဖောက်ခြင်းကို ခံရသောအခါ မိုးကြိုးများသည် ၎င်းတို့၏ သွေးကြောများမှတဆင့် ဖြတ်သွားကာ ယင်းကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့။
နောက်အခိုက်အတန့်...
ရက်စက်ကြမ်းကြုတ်သော လျှပ်စစ်မီးပွားသည် သူတို့၏ ပါးစပ်နှင့်နှာခေါင်းတို့မှ မီးခိုးများအား ပေါက်ထွက်လာစေကာ အရေပြားများ လောင်ကျွမ်းသွားကုန်သည်။
တခဏအတွင်း။
မြင့်မြတ်သော မြေအဓိပတိများသည် မီးဖိုထဲသို့ ဆွဲငင်ခံရသော ပိုးဖလံများပမာ ပြာမှုန် အစုအပုံများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
စက္ကန့်ပိုင်းမျှ ကြာသော် ကောင်းကင်တစ်ခွင်က လျှပ်စီးကြောင်းများ လျင်မြန်စွာ တိုးဝင်သွားပြီး နားကန်းလောက်သည့် ဟောက်သံလည်း တဖြည်းဖြည်း တိတ်ကျသွားသည်။
ခပ်ဝေးဝေးမှာ ကျောက်တုံးများ ပြိုလဲသွားလေသည်။
“အဟွတ် အဟွတ်…”
အရှင်ကျိုထျန်းသည် သူ့ရှေ့မှ ဖုန်မှုန့်များနှင့် အမှုန်အမွှားများကို ဖယ်ရှားလိုက်ပြီး လက်သီးဆုပ်ကာ ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်သည်။ သူ၏ဆံပင်များသည် အနက်ရောင်အငွေ့များဖြင့် လောင်ကျွမ်းနေပြီး၊ သူ၏ ၀တ်ရုံများ အများစုမှာ ကွဲကြေသွားကာ မီးလောင်နေပြီ။ ဆံနွယ်စွန်းများအထိ လျှပ်စစ်မီးများက တွယ်ကပ်နေဆဲပင် ဖြစ်သည်။
သူသည် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရင်း သူ့မျက်လုံးများက ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။ သူ၏ သူငယ်အိမ်များသည် အနက်ရှိုင်းဆုံး ငရဲထဲသို့ ဝင်သွားခဲ့ရသကဲ့သို့ ရုတ်တရက် ကျုံ့သွား၏။ သူ လှည့်ကြည့်လိုက်ရာ နေရာတိုင်းတွင် မီးလောင်နေသော အလောင်းများ ပြန့်ကျဲနေကာ အသေအပျောက်က ပြင်းထန်လှသည်။
အသက်ရှင်ကျန်ရစ်သူများ၌တောင် အသိအမှတ်မပြုနိုင်သော ခြေလက်အင်္ဂါတွေ ပျောက်ဆုံးနေခဲ့ချေပြီ။ သားရဲနတ်အရှင်ဂိုဏ်းဘက်က ပိုလို့တောင် ဆိုးသေး၏။
ကောင်းကင်လျှပ်စီး၏ ဗုံးကြဲမှုအောက်တွင် သားရဲကျင့်ကြံသူ အများစုသည် ၎င်းတို့ချက်ချင်း အငွေ့မပျံမီ ထအော်ရန်ပင် အချိန်မရှိခဲ့ပေ။
မြေပြင်သည် ပြာများဖြင့် ပြည့်နှက်နေပြီး လူရုပ်ပုံသဏ္ဍာန်များစွာသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ တစ်စုံတစ်ယောက်သည် တစ်ချိန်က ထိုနေရာတွင် ရပ်နေခဲ့ဖူးကြောင်း ညွှန်ပြနိုင်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် ဤတောင်တန်းအောက်၌ အငွေ့ပျံပြီး ပျောက်ကွယ်သွားခဲ့သည်။
ကြောက်စရာ ကောင်းလှပေ၏။
"ဘယ်တုန်းက..."
မုန့်ထျန်းရွှမ်လည်း ကြောက်ရွံ့မှုနှင့်အတူ ထိုနေရာတွင် အေးခဲနေမိသည်။ သူ၏နှလုံးသားမှာ အလွန်အမင်း တုန်လှုပ်ချောက်ချားသွားပြီး စကားမပြောနိုင်လောက်အောင် ထိတ်လန့်သွားတော့သည်။
ဒီစွမ်းအင်!
ဖောက်ခွဲကောင်းကင်ဂိုဏ်း၏ မိမိကိုယ်ကို ဖျက်ဆီးခြင်းသည် မည်သည့်အချိန်က ဤမျှ အားကောင်းလာခဲ့လေသနည်း။
ရက်အနည်းငယ်သာ ရှိသေးသည်ပင်။ ယခင်က သူတို့ဟာ ကြယ်စွမ်းအားများကိုသာ အသုံးချ၍ ဖောက်ခွဲ ခဲ့ကြလေသည်။ ယခုမူ ဤအရူးများသည် ကိုယ့်ကိုယ်ကို ဖျက်ဆီးရုံနှင့် မကျေနပ်သဖြင့် ကောင်းကင်ဘုံဒုက္ခကိုတောင် ထိန်းချုပ်ထားပြီလား။
ဒါ တရားမျှတသလား !
ယခုတွင် ကောင်းကင်မိုးကြိုး အစီအရင်၏ ဆိုးရွားသော သက်ရောက်မှုကို ခံစားလိုက်ရပြီ။ မုန့်ထျန်းရွှမ်သည် သူ၏ ကောင်းကင်အဓိပတိ တန်ခိုးဖြင့် ၎င်းကို ခံနိုင်ရည်ရှိမည်ဟု ယုံကြည်ထားခဲ့သော်လည်း ၎င်းအား အတင်းအကျပ် ခုခံပြီးနောက်တွင် သူ၏ အခြေအနေမှာ ထက်ဝက်ကျော် ပြိုကျသွားခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်း၌ မိုးခြိမ်းသံ၏ ကျန်နေသေးသော စွမ်းအားကို ခံစားနိုင်သေးသည်။
သို့သော် မဟာမိတ်အဖွဲ့မှ သူ၏ ထိပ်တန်း လုပ်ဖော်ကိုင်ဖက်များကတော့ သူနှင့် မတူညီသော ဇာတ်သိမ်းတစ်ခု ဖြစ်သွားခဲ့သည်။ သူ ခံနိုင်ရည် ရှိပေမယ့် သူတို့သည်တော့ မခံနိုင်ခဲ့။ တချို့က သေကာ တချို့က အိုနာကျိုးကန်း ဖြစ်ကုန်ကြပြီ။ သူတို့အားလုံးသည် သူ၏ယုံကြည် စိတ်ချရသော လူယုံများဖြစ်ပါသည်။
ကောင်းကင်မိုးခြိမ်းသံ၏ ဗုံးကြဲမှုအောက်တွင် ဆန့်ကျင်ဘက်ဘက်၌ တစ်ပါးတည်းသာ ကျဆုံးခဲ့ပြီး မဟာမိတ်အဖွဲ့သည် မရေမတွက်နိုင်သော အသေအပျောက်များနှင့် ဝေဒနာကို အော်ဟစ်ခံစားခဲ့ရသည်။
သွေးချောင်းစီးချေပြီ။
“အကိုကြီး…”
အရှင်ကျိုထျန်းသည်လည်း အနက်ရောင် အခိုးအငွေ့တို့ ပါးစပ်နှာခေါင်းတို့မှ စီးကျလာ၏။ သူသည် တုန်တုန်ယင်ယင်ဖြင့် တစ်ကိုယ်လုံး အေးစက်သွားကာ သူ့ဘက်က အသေအပျောက်များလှသည့် တုန်လှုပ်ချောက်ချားဖွယ်ရာ အခြေအနေကို ငုံ့ကြည့်လိုက်သည်။
ကောင်းကင်နှင့်မြေကြီး၏ နိယာမများကြားတွင် မိုးကြိုးများ ဟူသည် သတ်ဖြတ်ခြင်းအား ကိုယ်စားပြုကြောင်း နားလည်ထားရမည်။ ကောင်းကင်လမ်းစဥ်သည် သမာသမတ်ကျပြီး ကိုယ်ကျိုးမဖက်ပေ။ ကောင်းကင်က မိုးခြိမ်းသံသည် နတ်ဆိုးများကို ချေမှုန်းနိုင်ပြီး ဘေးဒဏ်များကို ချေမှုန်းနိုင်စွမ်းရှိသော မိုးခြိမ်းသံငါးခုအနက်မှ ထိပ်တန်းဖြစ်သည်။ ယင်ဝိညာဥ်မွေးမြူခြင်းကို အထူးပြုသော သူတို့ကဲ့သို့ ကျင့်ကြံသူများအပေါ် မယုံနိုင်လောက်အောင် ထိရောက်မှုရှိပြီး လက်တွေ့အားဖြင့် အထူးစော်ကားသည့် နည်းလမ်းဖြစ်သည်။
ယခု ကောင်းကင်မိုးခြိမ်းသံကြောင့် သားရဲနတ်အရှင်ဂိုဏ်းထဲရှိ မြေအဓိပတိ တို့၏ ဝိညာဉ်များ ပျက်သုဉ်းသွားခဲ့ပြီ။ ထိုဝိညာဥ်များ ရှင်ပြန်ထမြောက်ရန် အလားအလာမရှိချေ။
"ငါတို့ တကယ်မနိုင်ရင် ပြေးကြရအောင်... ဆရာတူအစ်ကို"
အရှင်ကျိုထျန်းလည်း မီးခိုးများကို မှုတ်ထုတ်ပြီး စုတ်ပြတ်နေသော မုန့်ထျန်းရွှမ်၏ ၀တ်ရုံကို ဆုပ်ကိုင်ထားရင်း တုန်တုန်ယင်ယင်ဖြင့်: "မင်းမလာခင် ငါ့ကို ကတိပေးခဲ့တယ်။ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းရဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတာက အားကောင်းပေမယ့် ကောင်းကင်တွက်ချက်မှုအရ သူတို့ လုံးဝ မကွဲနိုင်ပါဘူးဆို အခုဟာက မင်းပြောခဲ့တာတွေတဲ် ဘယ်လိုမှ မတူဘူး...။"
"မတော်တဆ...ဒါက မတော်တဆမှုပဲ"
မုန့်ထျန်းရွှမ်ခမျာ ချွေးများ တသီသကြီး စီးကျနေပြီး :"မမျှော်လင့်ထားတဲ့ အရာတွေက အမြဲရှိနေတတ်တာပဲလေ!"
"???"
ထိုစကားကို ကြားသော် အရှင်ကျိုထျန်းသည် သူ့ပတ်ဝန်းကျင်၌ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်နေမိ၏။ သားရဲနတ်အရှင်ဂိုဏ်းက ခေါ်လာသမျှ အဓိပတိအားလုံးနီးပါး ပျက်သုဉ်းပြီး သူတို့၏ ဦးခေါင်းများကတောင် ကွဲသွားပြီ။ ဤမြင်ကွင်းသည် သူ့နှလုံးသွေးများကို ချက်ချင်း စီးကျလာစေသလိုပင်။
"မုန့်ထျန်းရွှမ်! မင်းကဒါကို မထင်မှတ်ပဲ မတော်တဆလို့ ခေါ်တယ်ပေါ့!"
………………
"မဆိုးပါဘူး။"
ကောင်းကင်ယံက ချင်းယန်သည် အောက်ဘက်ရှိ ခမ်းနားသော မြင်ကွင်းကို ငုံ့ကြည့်နေသည်။ ကျေနပ်စွာ ခေါင်းညိတ်ပြပြီး သူ့မျက်နှာက ထုတ်ဖော်မပြပေမယ့် အတွင်းထဲမှာတော့ အတော်လေး ကျေနပ်သွားသည်။
"လုံးဝ အံ့သြစရာကောင်းတယ်!"
ဤသည်မှာ ကောင်းကင်မိုးကြိုး အစီအရင်၏ ကနဦးစမ်းသပ်မှုသာ ဖြစ်သည်။ သူ့ကိုယ်သူ ဖျက်ဆီးခြင်းနှင့် နှိုင်းယှဥ်နိုင်မည်ဟု မထင်ထားသလို အစပိုင်း၌ သူ့စွမ်းအားကိုတောင် မသေချာခဲ့ပေမဲ့ အထင်ကြီးလောက်စရာ ရလဒ်မှာတော့ တကယ်ကို သူ့မျှော်လင့်ထားတာထက် ကျော်လွန်ခဲ့ပါ၏။
"တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့တယ်!"
"ဘာသားရဲနတ်ဘုရားကို ကိုးကွယ်တဲ့ဘာသာလဲ ဘာအဓိပတိမဟာမိတ်လဲ။ ဒီပြင်းပြင်းထန်ထန် မိုးကြိုးအောက်မှာ သူတို့က လုံးဝကို အရေးမပါဘူး။"
"လွင့်မျောနေတဲ့ တိမ်တွေလို အရေးမပါဘူး! ကျစ် ငါမမျှော်လင့်ထားဘူး... ကောင်းကင်မိုးကြိုးရဲ့ ရလဒ်က တကယ်ကောင်းတာပဲ!"
ချင်းယန် သေချာစဉ်းစားကြည့်နေသည်။ မွေးရာပါ လျှို့ဝှက်ဆန်းကြယ်သော မိုးကြိုးအမျိုးအစား ငါးမျိုး ရှိလေသည်။
"အခု ဒီအဆင့်မြင့် သွေးကိုယ်ပွားက ရာသီလေးခုရဲ့ ကောင်းကင်မိုးကြိုးနဲ့ ပေါင်းစပ်ထားတာ... စွမ်းအားကြီးကို ထုတ်လွှတ်နိုင်တယ်။ တောင်တွေကို လှုပ်ခါပြီး မြေကြီးကိုတောင် ချေဖျက်ပေးနိုင်တဲ့ ကမ္ဘာမိုးကြိုးကရော... ငါမထည့်ထားတဲ့ ထိုးစစ်အတွက် နတ်မိုးကြိုးကရော...?"
"ဒီကောင်းကင်မိုးကြိုးကို တိုးတက်အောင် လုပ်နိုင်တဲ့ နေရာတွေ အများကြီးရှိတာပဲ.. ဒီလိုဆို မိုးခြိမ်းသံ ငါးခုလုံး စုပုံလာလိမ့်မယ်။"
သားရဲနတ်အရှင်ဂိုဏ်း၏ ကျင့်ကြံသူများသည် မိုးကြိုး လျှပ်စီးနှင့် ထိပ်တိုက်တွေ့ကြသည့် အခိုက်၌ သရဲတစ္ဆေများကဲ့သို့ပင် သူတို့၏ သဘောသဘာဝများသည် သဟဇာတမဖြစ်ပါဘဲ ကမ္ဘာထဲသို့ ချက်ချင်း ပျော်ဝင်သွားကြလေ၏။
လူဝင်စားချိန်အတွင်း မန်ဖိုဟင်းချိုကို သောက်ကြသော်လည်း သူတို့၏ နောက်ဘဝတွင် ဤကြောက်စရာကောင်းသော မြင်ကွင်းများကို ဘယ်တော့မှ မေ့လောက်မည် မဟုတ်ချေ။
"ဂိုဏ်းချုပ်လေး!"
လျိုဝူရွှမ်း၏ အသံထွက်လာသည်။ သူသည် အပြင်ဘက်တွင် ရပ်ကာ ထိုအတားအဆီးကို ဖြတ်ဖို့ကြိုစားနေသည်။ အထဲကို စိုးရိမ်တကြီး ကြည့်ကာ အသဲအသန် အော်ဟစ်နေဆဲ ဖြစ်သည်။
"ကျုပ်ကိုလည်း ဝင်ခွင့်ပြုပါ..."
"ဟမ်?"
ချင်းယန် အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့အတွေးများကို ဖယ်ထားလိုက်သည်။ အပြင်ဘက်သို့ ငုံ့ကြည့်လိုက်သည့်အခါ သူ၏ စိတ်ပူပန်သောက ရောက်နေသော အမူအရာကို သတိပြုမိလေ၏။ တစ်ဖက်လူမှာ ဖြစ်ပျက်ခဲ့သည့်အရာကြောင့် တုန်လှုပ်သွားပုံရသည်။
"ဒါက ခင်ဗျားကိစ္စမဟုတ်ဘူး။ ကျွန်တော့်အမိန့်ကို နားထောင်ပြီး အပြင်မှာပဲ ဆက်စောင့်နေ။"
"ဒါပေမဲ့ ဂိုဏ်းချုပ်လေး... ကျုပ်လည်း ဖောက်ခွဲ ကောင်းကင်ဂိုဏ်းမှာ ပါဝင်ချင်တယ်..."
လျိုဝူရွှမ်း ပွင့်လင်းသော နေရာကို လှည့်ကြည့်လိုက်သည်။ မိမိကိုယ်ကို ဖျက်ဆီးခြင်း၏ မြင်ကွင်းကို မြင်တွေ့ရပြီးနောက် အပြစ်ရှိသလို ခံစားရချိန်တွင် ထူးဆန်းသော တွန်းအားကိုပါ ခံစားလာခဲ့ရသည်။
ခုနက မြင်ကွင်းက သူ့ကို တကယ် ထိတ်လန့်သွားစေ၏။ မိုးကြိုးများက ဧကတစ်သောင်းလောက် အထိ ဖြန့်ကျက်ကာ ယုတ်မာသော ဂိုဏ်းဝင်များကို ဖျက်ဆီးပစ်လိုက်သည်။ ဖောက်ခွဲကောင်းကင်ဂိုဏ်း အဓိပတိခေါင်းဆောင်၏ ဘဝသည်လည်း မိမိကိုယ်ကို ဖျက်ဆီးခြင်းထဲတွင် ပုံအပ်ထားခဲ့သည်။
ဤအချိန်၌ လျိုဝူရွှမ်းသည် ဖောက်ခွဲကောင်းကင်ဂိုဏ်း၏ အယူဝါဒကို နားလည်ပုံရပြီး စိတ်လှုပ်ရှားသွားသည်။ မိမိကိုယ်ကို ဖျက်ဆီးခြင်း နည်းလမ်းကို အသုံးပြု၍ သေခြင်းတရားကို မကြောက်ကြခြင်းမှာ အံ့သြစရာမဟုတ်ပေ။
"ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထူထောင်ဖို့ ထာဝရငြိမ်းချမ်းရေးခေတ်ကို အရောက်လှမ်းနိုင်ဖို့ ဒီလိုအနစ်နာခံတာက လက်ခံထိုက်တယ်!"
"ဒါဆို ဒါက ကောင်းကင်ဂိုဏ်းရဲ့ စစ်မှန်တဲ့ အယူဝါဒပေါ့!"
ထိုအတွေးများ သူ့အတွင်းစိတ်ထဲ တုန်လှုပ်သွားသည့် အခိုက်၌ လျိုဝူရွှမ်းသည် စိတ်လှုပ်ရှားမှု အရှိန်အဟုန်ကြောင့် သူ့ရင်ဘတ်ထဲတွင် ပြင်းထန်စွာ တောက်လောင်နေသော မီးအား ဖျူးစ်ကပါ လောင်ကျွမ်းသွားသလို ခံစားလိုက်ရလေသည်။
သူသည် အတားအဆီးအတွင်းမှ ချင်းယန်ကို လှမ်းကြည့်ကာ အော်လိုက်သည်။
"ကျုပ်လည်း ဂိုဏ်းအတွက် အသက်ကို အပ်နှံလိုက်မယ်!"
သူ၏အသံသည် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးအပေါ် ပဲ့တင်ထပ်ခဲ့သည်။
"???"
ထိုစကားများကိုကြားတော့ ချင်းယန်သည် လျိုဝူရွှမ်း၏ မိမိကိုယ်ကို ကျေနပ်နေသည့် အမူအရာကို မြင်လိုက်ကာ နှုတ်ခမ်းတို့ လှုပ်ယမ်းသွား၏။ ရယ်ရမလား ဒေါသထွက်ရမလားပင်မသိ။
ရူးပြီ။
နောက်တစ်ယောက် ရူးသွားပြီ။
ယခုအချိန်တွင် အလောကြီးနေသော လျိုဝူရွှမ်း၏ အခြေအနေကို မြင်လိုက်ရသော် သူ့ခမျာ သူ၏ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုများကို အလေးအနက်ထား လုပ်ဆောင်ဖို့ တန့်သွားခဲ့သည်။
ကိုယ့်ကိုယ်ကိုယ် ဖျက်စီးမှာလား။
သူ၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်းသည် ဟာသသက်သက်မျှသာ ဖြစ်ပြီး အန္တရာယ်ကင်းသော်လည်း လျိုဝူရွှမ်း၏ မိမိကိုယ်ကို ဖျက်ဆီးခြင်းသည် အမှန်တကယ်ပင် သေပေလိမ့်မည်။
လာနောက်နေတာလား?!