လှပသောမိန်းကလေးများ၏အချစ်ကို ရသော ကံကောင်းသည့် အမျိုးသားတစ်ဦး
Vol. 58 Ch. 799
"မင်းရဲ့တာဝန်က ငါတို့ကို မလက္ကာရေလက်ကြားကို ပို့ဖို့ပဲ တာဝန်ရှိတယ်ဆိုတာ မင်းကို ညွှန်းလိုက်တဲ့သူက သတိမပေးထားသေးဘူးလို့ ငါ့ကို မပြောနဲ့။"
ကျူးလုံက အမူအရာမဲ့စွာဖြင့် အေးအေးဆေးဆေး ပြောလိုက်သည်။
"အဲ့ဒီကို သွားတဲ့လမ်းခရီးမှာ မင်း ဘာပဲ တွေ့တွေ့ မမြင်သလို မကြားသလိုသာနေ …"
၀မ်ရှောင်ဒုန်သည် စိတ်ထဲမှ လှောင်ပြောင်ပြီး အထင်အမြင်သေးနေသည်။ သူသည် မျက်မမြင်လည်း မဟုတ်၊ နားပင်းသူလည်း မဟုတ်ပေရာ မည်ကဲ့သို့ မမြင်သလို မကြားသလို နေနိုင်ပါမည်နည်း။ လျှို့လျှို့ဝှက်ဝှက်တွေ လုပ်နေတယ်ပေါ့ ဟမ့်။ မင်းတို့တွေ မဟုတ်တာတွေ လုပ်မှာ ငါ သေချာပေါက် သိနေပြီဟေ့…။
ဆံပင်အနီရောင်လူရွယ် မီးနတ်ဆိုးသည် သူ့လက်ထဲတွင် ငှက်လှောင်အိမ်ကိုင်ထားပြီး ထူးဆန်းသောလေသံဖြင့် ကြားဖြတ်ပြောလိုက်သည်။
"ဟေ့လူ … မင်း ဘာလို့ ခေါင်းဆောင်ကျူးလုံကို ဒီလို မေးတာလဲ။ သူပြောတာသာ နားထောင်လိုက်။ ငါတို့ကို အလုပ်လုပ်ပေးတဲ့အတွက် မင်း ပိုက်ဆံရနေပြီပဲ။ ဒါကြောင့် မင်းအပြုအမူကို ဂရုစိုက်ပြီး မင်းကို ငှားရမ်းထားတဲ့ကိစ္စကိုပဲ လုပ်ပါ။ ငါတို့ကို စိတ်ပျက်စေရင် မင်းကို ပင်လယ်ထဲကန်ချပြီး ငါးမန်းစာကျွေးလိုက်မယ်။”
၀မ်ရှောင်ဒုန် တုန်လှုပ်သွားပြီး ချက်ချင်း အသိပြန်ဝင်လာသည်။ သည်ဆံပင်နီနီလူရွယ်က အမှန်အတိုင်း ပြောနေမှန်း သူ သိသည်။ ပင်လယ်ပြင်ကျယ်ကြီးတွင် သူတို့သာ တစ်ခုခု တကယ်လုပ်မည်ဆိုပါက သူ့ကို သေသည့်အထိ နှိပ်စက်နိုင်ပေသည်။
“ငါ့ကို ခြိမ်းခြောက်ဖို့ မကြိုးစားနဲ့။ မင်းတို့ရဲ့ဓာတ်ပုံတွေကို ရိုက်ပြီး ငါ့မိသားစုဆီ ပို့ထားပြီးသား။ ငါ အန္တရာယ်ထဲ ရောက်သွားရင် မင်းတို့ သံသယအ၀င်ခံရမှာပဲ။"
ကြောက်ကြောက်ရွံ့ရွံ့ ပြောလိုက်သော ၀မ်ရှောင်ဒုန်၏စကားကိုကြားတော့ မီးနတ်ဆိုးသည် ထူးထူးခြားခြား နှစ်ကြိမ်တိုင်တိုင် ရယ်မောတော့သည်။ သူက ကျူးလုံဘက် လှည့်ကြည့်လိုက်ပြီး
"ခေါင်းဆောင်ကျူးလုံ … ထန်မျိုးရိုးကောင်လေးက ဘယ်လိုလဲ။ သူ လာနေတာလား မလာနေတာလား။ ငါတို့က ဒီမှာ ဆုံဖို့သဘောတူထားတဲ့ အချိန်ရောက်ဖို့ မိနစ်၂၀ပဲ လိုတော့တယ်။ သူ အချိန်မီ မလာနိုင်ဘူး ဆိုရင် ငါတို့ သူ့ကို စောင့်ဖို့ မစဥ်းစားဘူး။”
ကျူးလုံသည် နှစ်ခါ ဟန့်လိုက်ပြီး သူ့မေးခွန်းကို မဖြေချေ။ ထိုမာနထောင်လွှားသော သကောင့်သားကိုလည်း သူ မစောင့်ချင်ပေ။ သို့သော် သူ့တို့၏ အကြီးအကဲ သွမ့်မုလင်း၏အမိန့် ရှိနေသောကြောင့် ထန်ရှုအား ရိုးရှင်းစွာပင် ထုတ်မပစ်ရဲပါချေ။
စွဲမက်ဖွယ်ကောင်းလောက်အောင် ခေတ်ဆန်ဆန် လှပသော လျှပ်စီးမိန်းကလေးတွင် ရှည်လျားကာ ဖြာကျသော ခရမ်းရောင်ဆံပင်နှင့် သူမ၏လက်သည်းရှည်များကို ခရမ်းရောင် ခြယ်သထားသည်။ သူမသည် ခရမ်းရောင် လျှပ်စီးတန်းအသွင် ဖြစ်သော်လည်း အလွန်အေးမြသောအသွင် ရှိနေသည်။ သူမ၏ လှပသောမျက်နှာထက်တွင် အပြုံးဖျော့ဖျော့ ပေါ်လာကာ စကားဆိုလိုက်သည်။
"ခေါင်းဆောင်ကျူးလုံကို စိတ်ဆိုးဒေါသထွက်အောင် လုပ်နိုင်တဲ့သူကို မြင်ရတာ ရှားတယ်။ ဒါပေမယ့် အဲ့ဒီလူက ကျွန်မကို စိတ်ဝင်စားစေတယ်။ သူသာ ရုပ်ချောရင် ကျွန်မရဲ့တိုက်ခန်းထဲ ခေါ်သွားပစ်လိုက်မယ်။"
"မင်းကို ငါ စိတ်ရောကိုယ်ပါ ထောက်ခံတယ် လျှပ်စီးမိန်းကလေး။"
မီးနတ်ဆိုးက လက်မထောင်ပြလိုက်သည်။
“မင်း ဒီကောင်လေးကို တကယ် မြင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ကမ္ဘာပေါ်မှာ သူက ပျော်ရွှင်မှုအားလုံးကို ခံစားနိုင်တဲ့ ကံကောင်းသောသူ ဖြစ်လိမ့်မယ်။"
လျှပ်စီးမိန်းကလေးက တခစ်ခစ်ရယ်လိုက်ရာ မိုးမခလို သွယ်လျသော ခါးလေးသည် လှုပ်ယမ်းသွားတော့သည်။ သူမသည် မီးနတ်ဆိုးကို မျက်စပစ်လိုက်ရင်း
"ရှင်ရော မိန်းကလေးတွေ ချစ်မြတ်နိုးတဲ့ ကံကောင်းတဲ့လူတစ်ယောက် လုပ်ပြီး ကမ္ဘာကြီးရဲ့ ပျော်ရွှင်မှုအားလုံးကို ခံစားဖို့ ဘာကြောင့် မကြိုးစားရတာလဲ။"
"ဟင့်အင်း … ဟင့်အင်း။ ငါက အဲ့ဒီနေရာမှာ ဒီလောက် ကံမကောင်းဘူး။”
မီးနတ်ဆိုး ရုတ်တရက် လန့်သွားပြီး မီတာဝက်အကွာမှ တုန်တုန်ယင်ယင်ဖြင့် နောက်ပြန်လှည့်ကာ သူ့လက်ကို ဝှေ့ယမ်းရင်း
“ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ ငါ့မှာ ဒီလိုကံကောင်းတာ မရှိဘူး။ ငါ သည်းမခံနိုင်ဘူး။"
“အယုတ်တမာ…”
သူမ၏မျက်လုံးကို လှိမ့်ရင်း လျှပ်စီးမိန်းကလေးက ဖတ်ကနဲ ကျိန်ဆဲလိုက်သည်။ ရုတ်တရက်ဆိုသလိုပင် သူမ၏လှပသော မျက်နှာလေးထက်တွင် အံ့အားသင့်ပျော်ရွှင်သွားသော အမူအရာ ဖြစ်ပေါ်လာသည်။ သူမက ခပ်လှမ်းလှမ်းမှ လမ်းလျှောက်လာသော လူတစ်ယောက်အား ညွှန်ပြကာ "နင်က သတ္တိနည်းလိုက်တာ မီးနတ်ဆိုးရယ်။ ဒါကြောင့် ဒီအမျိုးသမီးက နင့်ကို အလွှတ်ပေးလိုက်မယ်။ ငါ့ရဲ့ ငယ်ရွယ်နုပျိုတဲ့ ပစ်မှတ်က လာနေပြီ။ သူက အရမ်းချောလွန်းလို့ ငါ့ကို မရိုးမရွ ဖြစ်စေတယ်။ ခေါင်းဆောင်ကျူးလုံ ကျွန်မကို မိနစ်၂၀လောက် အချိန် ပေးပါ။ အဲ့ဒီကောင်ချောလေးကို ကျွန်မစကပ်အောက် ရောက်အောင် သေချာလုပ်မယ်။"
“တိတ်စမ်း…”
ကျူးလုံသည် သုန်မှုန်သောမျက်နှာဖြင့် အသံနှိမ့်ကာ အော်ဟစ်လိုက်သည်။
လျှပ်စီးမိန်းကလေးသည် ခပ်တွေတွေဖြစ်သွားပြီးမှ နှာခေါင်း ရှုံ့လိုက်သည်။ မစ်ရှင်တစ်ခု ဆောင်ရွက်တိုင်း ကျူးလုံ၏အကျင့်အကြောင်း သူမ ကောင်းစွာ သိထားသည်။
သတိကြီးသည်၊ စည်းကမ်းကြီးသည်၊ အဖွဲ့သားတွေအပေါ် ပြင်းပြင်းထန်ထန် တင်းကျပ်သည်။
"ချီး … ဆိုးလွန်းတာပဲ။"
သူမသည် စိတ်ထဲမှ သက်ပြင်းချလိုက်သော်လည်း ထိုကောင်ချောလေးအား မှတ်မိနေစေရန် အားစိုက်ထုတ်နေသေးသည်။ သူမ၏တမူထူးခြားသော မိန်းမဆန်သည့် ဆွဲဆောင်မှုကို ပြသပြီး ကောင်ချောလေး၏နှလုံးသားကို ဖမ်းစားနိုင်စေရန် အနာဂတ်တွင် သူနှင့် ထပ်တွေ့ရန် မျှော်လင့်နေသည်။
သို့သော် သူမ၏မြင်ကွင်းမှ ကောင်ချောလေးသည် သူမတို့တည်နေရာဆီသို့ ဦးတည်လှည့်လာကာ ကမ်းစပ်တွင်ပင် သူ့ခြေလှမ်းကို ရပ်တန့်လိုက်သည်။
ငါ့ကို မပြောကြပါနဲ့ ... ဒါက ခေါင်းဆောင်ကျူးလုံ သောက်မြင်ကတ်နေတဲ့ “မာနကြီး … ဘ၀င်မြင့်တဲ့အကောင်”လို့။
ထန်ရှုက လှေပေါ် မှ လူများကို ၀ေ့၀ဲကြည့်လိုက်ပြီးနောက် ကျူးလုံကို တစ်ချက်ကြည့်လိုက်ပြီး
"ကျွန်တော် နောက်မကျဘူးမဟုတ်လား ကျူးလုံ…"
"ဟမ့်…"
ကျူးလုံက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာ လွှဲသွားသည်။
မီးနတ်ဆိုးသည် ထန်ရှုကို အကြိမ်အနည်းငယ် အကဲခတ်လိုက်ပြီး လျှင်မြန်စွာ ဝှေ့ယမ်းပြကာ အပြုံးဖြင့်
"ဟေ့ … မင်းက ညီအစ်ကို ထန်ရှုပဲ ဖြစ်ရမယ် ဟုတ်လား။ ဒီသေမင်းခရီးမှ ကြိုဆိုပါတယ်ကွာ။ ငါက မီးနတ်ဆိုးပါ။ ခရမ်းရောင်တွေနဲ့ အလှဆင်ထားသူက လျှပ်စီးမိန်းကလေး၊ အပြာရောင်ဝတ်စုံက ရေမိန်းကလေးတဲ့။ စကားမစပ် ငါ လျှပ်စီးမိန်းကလေးအကြောင်းတော့ မင်းကို အလေးအနက်ထားပြီး ပြောရမယ်။ သူက ငါတို့ယောက်ျားတွေအားလုံးအတွက် နတ်ဘုရားမ ဖြစ်သလို မင်းတို့လို ခပ်ချောချော ကောင်လေးတွေကိုလည်း သဘောကျတတ်တယ်။"
“နင့်ပါးစပ်ပိတ်ထားလိုက်။”
လျှပ်စီးမိန်းကလေးက ဒေါသတကြီး ဆတ်ကနဲ ပြောလိုက်ပြီး မီးနတ်ဆိုးတစ်ယောက် ကြောက်ရွံ့ပြီး အလျင်အမြန် နောက်ပြန်ဆုတ်သွားစေရန် သူမ၏လက်ကို မြှောက်လိုက်သည်။ ထို့နောက် သူမ၏အမူအရာသည် တောက်ပပြီး ပြုံးနေသော မျက်နှာအသွင်သို့ ပြောင်းသွားကာ ထန်ရှုအား ပျော်ပျော်ရွှင်ရွှင် စကားဆိုလာသည်။
"ထန်ရှု မဟုတ်လား။ မီးနတ်ဆိုး ပြောတာကို ခေါက်ထားလိုက်။ သူက အမြဲလိုလို ပေါက်ကရ ပြောနေတာ။ ဘာပဲဖြစ်ဖြစ် နင် ငါတို့နဲ့ပူးပေါင်းနိုင်တာကို ငါ ဝမ်းသာပါတယ်။ အားနည်းတဲ့ ငါတို့လို အမျိုးသမီးတွေကို ကာကွယ်ဖို့ နင့်ကို အားကိုးရလိမ့်မယ်။"
"တွေ့ရတာ ဝမ်းသာပါတယ်။"
ထန်ရှုက အေးဆေးတည်ငြိမ်စွာ ပြန်ပြောပြီး ငါးဖမ်းလှေပေါ် တက်လိုက်သည်။
လျှပ်စီးမိန်းကလေးသည် ထန်ရှုဘေးသို့ ရောက်လာသည်။ သူမ၏ပြုံးကာတည်ကာ အမူအရာတိုင်းသည် သူမ၏ မိန်းမဆန်သော ဆွဲဆောင်မှုကို ပြသနေသော်လည်း ထန်ရှုသည် သူမကို တစ်ချက်မျှပင် မကြည့်ခဲ့ပေ။ သည်နေရာတွင် တခြားလူတစ်ယောက်ဆိုပါက သူတို့သည် သူမကို စွဲလန်းနေပြီးသားမို့ ခြားနားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပေလိမ့်မည်။ သို့သော် ထန်ရှုက မည်သူဖြစ်ပါသနည်း။ တစ်ချိန်က အင်မော်တယ်ကမ္ဘာ၌ ထိပ်ဆုံးပိုင်းတွင် အင်အားကြီးသော မြင့်မြတ်သူ ဖြစ်ခဲ့သည်။ လျှပ်စီးမိန်းကလေး အသာထားဘိ … ကိုးကောင်းကင်၏ကျက်သရေရှိသော မင်းသမီးပင်လျှင် သူ့အား မည်သည့်အခါမှ မဖမ်းစားနိုင်ချေ။
“ကောင်းပြီ … ရွက်လွှင့်တော့…။”
ကျူးလုံက ခပ်ပြတ်ပြတ် အမိန့်ပေးပြီး သင်္ဘောအခန်းထဲသို့ လှည့်၀င်လိုက်သည်။ ငါးဖမ်းလှေသည် မကြီးမားချေ။ ကမ်းလွန်ပင်လယ်ပြင်တွင် သွားလာလုပ်ကိုင်လေ့ရှိသော သင်္ဘောတစ်စင်းမျှသာ ဖြစ်သည်။ ငါးဖမ်းရန် ပင်လယ်သို့ ရွက်လွှင့်သည့်အခါတိုင်း ၎င်းတွင် လူတစ်ဒါဇင်ကျော် ပါရှိပြီး အကြိမ်တိုင်းနီးပါး ဝန်အပြည့်ဖြင့် ပြန်လာလေ့ရှိသည်။ သို့သော် ယနေ့တွင် ပိုင်ရှင် ၀မ်ရှောင်ဒုန်အပါအဝင် သင်္ဘော၀န်ထမ်း အနည်းငယ်သာ ပါရှိသည်။
ရွက်များကို လွှင့်ထူထားပြီး ရွက်လွှင့်ရန် အဆင်သင့် ဖြစ်နေခဲ့ချေပြီ။
ငါးဖမ်းလှေသည် အလွန်မြန်ဆန်သည်မဟုတ်ပဲ သမုဒ္ဒရာ၏လှိုင်းလုံးကြီးများကြားတွင် ဆိပ်ကမ်းမှ တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့သည်။ တစ်နေကုန် ရွက်လွှင့်ပြီးနောက် နောက်တစ်နေ့တွင် မလက္ကာရေလက်ကြားသို့ ရောက်လိမ့်မည်ဖြစ်သည်။ ရေလက်ကြားတစ်ခုလုံးသည် ၁၀၈၀ကီလိုမီတာမျှသာ ရှည်လျားသော်လည်း အရှေ့တောင်ဘက်သည် ပစိဖိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာတို့နှင့် ချိတ်ဆက်နေပြီး ကြယ်သုံးပွင့်အကြွင်းအကျန်နေရာသည် ထိုဆုံရပ်တွင် တည်ရှိသည်။ ထိုတည်နေရာသည် အလွန်သီးခြား ရှိနေသောကြောင့် ငါးဖမ်းလှေသည် ကျွန်းငယ်လေးတစ်ခုသို့ ချဉ်းကပ်ရန် အချိန်အတော်ကြာခဲ့သည်။
"ဟမ် … ထူးဆန်းလိုက်တာ။ ငါ့မိသားစုအကြီးအကဲရဲ့ငါးဖမ်းလှေနဲ့ ဒီကျွန်းပေါ်ကို အကြိမ်များစွာ ရောက်ဖူးတယ်။ ဒီကျွန်းပေါ်ကို လူသူအရောက်အပေါက် နည်းတယ်။ ဒီနေ့ ဘယ်လိုဖြစ်လို့ ဒီမှာ လှေတွေ ဒီလောက် အများကြီး ကမ်းကပ်ထားတာလဲ။"
၀မ်ရှောင်ဒုန်က သူ့အရှေ့တွင် မြင်နေရသော ဆယ်ချီသည့် သင်္ဘောအမျိုးမျိုးအား ကုန်းပတ်ပေါ်တွင် ရပ်ကြည့်နေရင်း အံ့အားသင့်နေသည်။ အဆိုပါလှေများအနက် အချို့မှာ ရွက်လှေများ၊ အချို့မှာ သင်္ဘောများနှင့် ကုန်တင်သင်္ဘောများ ဖြစ်ကြသော်လည်း ငါးဖမ်းလှေတစ်စီးမှ မပါ၀င်ချေ။
ကျူးလုံသည် သူ၏စစ်ကျောပိုးအိတ်ကို ယူကာ ၀မ်ရှောင်ဒုန်၏အနားသို့ ရောက်လာသည်။
“ငါတို့ကို ဒီမှာစောင့်ပါ။ ကျွန်းကနေ ၅ရက်အတွင်း ပြန်မလာဘူးဆိုရင် ထပ်မစောင့်နဲ့ ချက်ခြင်း ရွက်လွှင့်ပြီးပြန်တော့။ အခြားသင်္ဘောပေါ်က လူတွေနဲ့ ပြသနာ မဖြစ်စေနဲ့ … သူတို့တွေနဲ့ အလွယ်တကူ အဆက်အသွယ်မပြုလုပ်မိစေနဲ့။
"ဒါပေမယ့် … ဘာကြောင့်လဲ။"
၀မ်ရှောင်ဒုန်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"ငါတို့တွေ အသက်ရှင်လျက် ပြန်မလာနိုင်ရင် ဒီလူတွေက မင်းကို မကောင်းကြံနေလိမ့်မယ်။" ကျူးလုံက မထီတထီ ပြောလိုက်သည်။
၀မ်ရှောင်ဒုန် တုန်လှုပ်သွားသည်။ အနီးနားရှိ သင်္ဘောပေါ်တွင် သေနတ်ကိုင်ဆောင်ထားသော လူမည်းနိုင်ငံခြားသားနှစ်ဦးသည် သူတို့ဘက်ဆီသို့ အေးစက်စွာ စိုက်ကြည့်နေသည်ကို သူ သတိထားမိပေသည်။
အဲ့ဒါတွေက သေနတ်တွေပဲ။
ဒီလူတွေက ဘယ်သူတွေလဲ။ သေနတ်ကို ပွင့်ပွင့်လင်းလင်း ဘယ်လိုသယ်လာ၀ံ့ကြတာလဲ။ ဒါက မြေအောက်အဖွဲ့အစည်းတွေရဲ့စုဝေးမှုကြီးတစ်ခုလား။
၀မ်ရှောင်ဒုန်သည် အချိန်အတော်ကြာအောင် တွေးတောပြီးမှ တိတ်တဆိတ် စိတ်ဆုံးဖြတ်လိုက်သည်။ သူ မရသေးသော ငွေများကို မယူဘဲ ကျူးလုံတို့ ထွက်သွားပြီးသည်နှင့် ချက်ချင်း ရွက်လွှင့်ပြီး ပြန်သွားရန်ပင်ဖြစ်သည်။ ပိုက်ဆံက အရေးကြီးသည့်တိုင် သူ့အသက်နှင့် ယှဉ်ပါက အလကားပင်။
ထန်ရှုသည် နောက်ဆုံးမှ ဆင်းလာခဲ့သည်။ ၀မ်ရှောင်ဒုန်၏ဖြူဖျော့နေသော မျက်နှာကို သူ မြင်သည့်အခါ ထိုနေရာရှိ လက်နက်ကိုင်လူမည်းကို ခိုးကြည့်သည်။ ထို့နောက် သူက အေးစက်စွာ ပြောလိုက်သည်။
“ငါတို့ ထွက်သွားပြီး မင်း ခိုးပြန်ရင် မင်း ဒုက္ခ ပိုကြီးလိမ့်မယ်။ ငါတို့ ဒီမှာ သေသွားရင်တော့ အဆင်ပြေတာပေါ့။ ဒါပေမယ့် ငါတို့ ပြန်လာနိုင်ခဲ့ရင် ကမ္ဘာမြေကြီးရဲ့အဆုံးအထိ မင်း ထွက်ပြေးရင်တောင် ငါတို့ မင်းကို ရှာတွေ့နိုင်တယ်။”
၀မ်ရှောင်ဒုန်၏နှလုံးသားသည် ရေခဲတွင်းထဲသို့ ချက်ချင်း ထိုးကျသွားသည့်အလား ခံစားလိုက်ရသည်။ သူက ထန်ရှု၏အေးစက်စက်မျက်နှာကို ကြည့်ပြီး မချိပြုံး ပြုံးကာ
"ငါ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်မစ္စတာထန်…"
ထန်ရှုက သူ့ပခုံးကို ပုတ်ကာ ရုတ်တရက် တီးတိုးပြောလိုက်သည်။
"ကျူးလုံက မာနကြီးလွန်းတယ်မဟုတ်လား။ သူက မင်းကို ဘာမှ မပြောချင်ပေမယ့် ငါ မင်းကို တစ်ခုတော့ ပြောနိုင်တယ်။ ငါတို့တွေက အမှန်တကယ်တော့ နိုင်ငံ့အထူးအဖွဲ့အစည်းရဲ့အဖွဲ့ဝင်တွေ။ ဒီနေရာမှာ တာဝန်တစ်ခုယူထားတာကွ။ ငါတို့တာဝန်ကို ကောင်းစွာ ပြီးမြောက်တာနဲ့ နိုင်ငံက အများကြီး အကျိုးရှိသွားမှာ။ ဒါကြောင့် မင်းအတွက် မဟုတ်ရင်တောင် ငါတို့နိုင်ငံအတွက် လုပ်ပါ။”
သူတို့က အစိုးရအဖွဲ့အစည်းဆီကလား။
ထန်ရှုကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်ရင်း ၀မ်ရှောင်ဒုန် ရင်တုန်ပန်းတုန် ဖြစ်သွားရကာ ထန်ရှု၊ ကျူးလုံနှင့် အခြားသူများ၏အကြောင်းကို ချက်ချင်း နားလည်သွားသည်။ ထိုသူတို့သည် အထူးတပ်ဖွဲ့မှ မဟုတ်တောင် အစိုးရဘက်တော်သားများ ဖြစ်ပေလိမ့်မည်။
'ငါ ... ဒီလိုလူတွေအတွက် အလုပ်လုပ်နေရတာလား။'
ဂုဏ်ယူမှုများက ၀မ်ရှောင်ဒုန်၏ရင်ထဲတွင် ရုတ်ခြည်း ပြည့်လျှံသွားသည်။ ကမ်းပေါ်သို့ ခုန်ဆင်းသွားသော ထန်ရှုကို ကြည့်ရင်း စိတ်လှုပ်ရှားမှုများ မြင့်တက်လာပြီး "မင်းတို့ကို ငါ စောင့်နေမယ် မစ္စတာထန်။ ကျန်တဲ့ငွေကိုလည်း ငါ လက်မခံတော့ဘူး။ တိုင်းပြည်အတွက် ငါ့ရဲ့လုပ်အားလို့ သဘောထားပေးပါ။”
"ကောင်းတယ်။ မင်းက တကယ့်ကို ယောကျ်ားကောင်းပဲ။"
ထန်ရှုက ၀မ်ရှောင်ဒုန်ကို လက်မထောင်ပြလိုက်ပြီး ကျူးလုံနှင့်တခြားသူများကို အမီလိုက်ရန် ပြေးသွားတော့သည်။
စင်စစ်အားဖြင့် ကျူးလုံတို့အဖွဲ့သည် ၀မ်ရှောင်ဒုန်နှင့် ထန်ရှု၏စကားသံကို ကောင်းစွာ ကြားနိုင်ပေသည်။ ၎င်းတို့အားလုံးသည် သာမာန်လူများထက် အကြားအာရုံ ၁၀ဆ ပိုကောင်းသည့် ဒြပ်စင်ပညာရှင်များဖြစ်သည်။ ထန်ရှုသည် သာမန်ပြည်သူဆီသို့ သူတို့၏အထောက်အထားကို ပေါက်ကြားစေသည့်အတွက် အနည်းငယ် စိတ်ဆိုးသွားသော်လည်း ၀မ်ရှောင်ဒုန် ထွက်ပြေးသွားပြီး သူတို့အား ချန်ထားခဲ့ခြင်းမှ ကာကွယ်ရန် ရည်ရွယ်ပြီး စကားပြောခဲ့ကြောင်းလည်း သိရှိသည်။
သည်ကောင်က အတော် စေ့စပ်သေချာတာပဲ။
ကျူးလုံသည် ထန်ရှုကို သဘောမကျသော်လည်း ထန်ရှု လုပ်ခဲ့သည့်အရာအတွက် စိတ်ထဲက သဘောကျကြောင်းကိုဖြင့် ဝန်ခံရပေမည်။
သူတို့ငါးဦးသည် ကျောပိုးအိတ်များကို လွယ်ကာ ကျွန်းဆီသို့ လမ်းလျှောက်သွားကြသည်။ ကျွန်းတွင် ရှားပါးသော အပင်ငယ်များသာ ရှိပြီး ကြီးမားသော သစ်ပင်ကြီးများ မရှိလုနီးပါးပင်။ စိမ်းလန်းသော အပင်ငယ်အလွှာတစ်ခုသာရှိကာ ၎င်းသည် ကျောက်ဆောင်အပေါက်များနှင့် စိုစွတ်သော နေရာများတွင် ပေါက်တတ်သည့်အမျိုးအစားဖြစ်သည်။
ရှေ့ကီလိုမီတာအနည်းငယ်အကွာတွင် ထန်ရှုသည် တဲတစ်လုံးကို မြင်ရသည်။ အရောင်အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးနှင့် ၀တ်စုံများအပြင် ပတ်၀န်းကျင်ကို စောင့်ရှောက်ပေးနေသည့် ယူနီဖောင်းအမျိုးမျိုး ၀တ်ထားသော စစ်သားများလည်း ရှိနေခဲ့သည်။ ထိုစစ်ယူနီဖောင်းများအား တရုတ်စစ်သားများက ဝတ်ဆင်ထားသည်ကို သူ မြင်တွေ့နေရသည်။