← Chapters

ကောင်းကင်အရှင် နယ်ပယ်ထဲသို့ ဖောက်ထွင်းဝင်ရောက်ခြင်း။

Vol. 21 Ch. 308

ကောင်းကင်အရှင် နယ်ပယ်ထဲသို့ ဖောက်ထွင်းဝင်ရောက်ခြင်း။

Vol. 21 Ch. 308

ရက်အနည်းငယ် ကြာပြီးနောက်။

ကျန်းဟိုင်မြို့သည် လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက အေးအေးချမ်းချမ်း ရှိနေခဲ့သည်။

နတ်ဆိုးများ ဝင်ရောက် တိုက်ခိုက်လာခြင်း မရှိသောကြောင့် မြို့၏လုံခြုံရေးဘက်မှာလည်း အလွန်အမင်း တိတ်ဆိတ်နေ၏။ ဆေးများကို လက်ခံရရှိပြီးနောက် လီကျစ်ရွှမ်း နှင့် အခြားသူများသည် ခွန်အားတိုးတက်လာစေရန် စက္ကန့်တိုင်းကို မဖြုန်းတီးဘဲ လုံ့လစိုက်ထုတ်ခဲ့ကြသည်။

ချင်းယန်သည်လည်း လာရောက် လည်ပတ်မည့် ဧည့်သည် အားလုံးကို ငြင်းပယ်ကာ မြေအောက်ခန်းထဲတွင်သာ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ ရှောင်ပိုင်သည် လီကျစ်ရွှမ်းနှင့် အခြားသူများကို ဆေးများ ဝေငှပေးသည့်အပြင် အိမ်ကိုလည်း စောင့်ရှောက်ပေးထား၏။

နေ့တိုင်း သူမသည် ရံဖန်ရံခါ လက်ဆောင်လေးတစ်ခု ခိုးဝှက်ပြီး ပြန်ပေးတတ်သည်။ ချင်းယန် မရှိချိန်၌ လျိုဝူရွှမ်းနှင့် လောင်လီတို့သည် ဘုရင်တစ်ပါးလို ပြုမူနိုင်ခဲ့ပြီး အပြင်မှလာသော လက်ဆောင်မျိုးစုံကို နေ့စဉ် လက်ခံနေကလေသည်။

ထိုညနေခင်းတွင်။

နေဝင်ချိန် ဖြစ်သောကြောင့် ရွှေရောင် အလင်းတန်းသည် တိမ်များကို ခြယ်မှုန်းထား၏။ နေဝင်ရီတရော နွေအပူရှိန်၏ နောက်ဆုံးအငွေ့အသက်များကို ဆေးကြောပြီး လမ်းများတစ်လျှောက်တွင် အေးမြသော လေနုအေးများကို တိုက်ခတ်လာစေသည်။

ဤသည်မှာ ကျန်းဟိုင်မြို့၏ နောက်ထပ် အေးချမ်းသာယာသော နေ့တစ်နေ့ပင်။

ဖုဟိုင်ဗီလာ လူနေရပ်ကွက်၏ မြေအောက်ခန်းတွင်တော့ ခရမ်းရောင်အခိုးအငွေ့များသည် လေထုထဲတွင် တွန့်လိမ်ပြီး ဝေ့ဝဲနေ၏။

နံရံထဲတွင် မြုပ်နေသော ပုလဲလုံးသည် တောက်ပစွာ ထွန်းလင်းနေပြီး ကမ္ဘာနှင့် ကင်းကွာကာ အထီးကျန်နေသကဲ့သို့ပင်။

ထိုနေရာကို ချင်းယန် စီစဉ်ထားခြင်း ဖြစ်သည်။ အစီအရင် လိုင်းများကို မြေပြင်ပေါ်တွင် ရေးထွင်းထားပြီး ကြယ်စွမ်းအင် အလင်းရောင်များက တောက်ပနေပါသည်။ နံရံများကို အဝါရောင်စက္ကူဖြင့် ဖုံးအုပ်ထားပြီး သစ်ကြံပိုးခေါက်နှင့် လျှို့ဝှက်အနှစ်သာရ သွေးများဖြင့် ဖြည့်စွက်ထား၏။ အခန်းတွင်းရှိ စွမ်းအင်သည် ယခုအခါ ပြီးပြည့်စုံသွားပြီဖြစ်ပြီး နည်းလမ်းအမျိုးမျိုးဖြင့် ၎င်း၏အမြင့်ဆုံးအထိ မြှင့်တင်ထားချေပြီ။

အချိန်နှင့်နေရာသည် အလွန်အမင်း ပြီးပြည့်စုံနေပြီ ဖြစ်၏။

"အောင်မြင်မှုက ဒီနေ့ပဲ။"

ချင်းယန် ကူရှင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ဖြည်းညင်းစွာ အသက်ရှူသွင်းနေသည်။ ကျင့်ကြံမှုအပေါ် သေချာ အာရုံစူးစိုက်လျက် ရှိပြီး ယခု သူ၏ အခြေတည်လာသော နတ်ဝိညာဥ်သည်လည်း ရွှေရောင်အလင်းများနှင့် တည်ငြိမ်စွာ ထိုင်နေလေသည်။

ဖရိုဖရဲ အတွေးတွေ ပျောက်ကွယ်သွားပြီး တရားထိုင်နေသော ဘုန်းကြီးတစ်ပါးအလား အေးဆေးတည်ငြိမ်စွာ ထိုင်လျက်ရှိ၏။ အခန်းထောင့်တွင် ဖယောင်းတိုင်တစ်တိုင် ထွန်းထားပြီး စန္ဒကူးနံ့သာ မီးခိုးများ လွင့်နေသည်။

ဤစိတ်ငြိမ်သက်စေသော အမွှေးတိုင်များကို မြက်ခင်းပြင်ဓားသူတော်စင်ထံက သိမ်းယူထားခြင်းပင်။ ၎င်းသည် သားရဲနတ်ဘုရားများ၏ စိတ်ကိုလည်း အေးချမ်းစေနိုင်သည်။ မြက်ခင်းပြင်ဓားသူတော်စင်သည် မသေဆုံးမီတွင် သူ၏ခွန်အား ပြန်လည်ရရှိရန်နှင့် သူ၏ စိတ်တည်ငြိမ်စေရန် ဤအမွှေးနံ့သာတိုင်များအား ဒါဇင်နှင့်ချီ မီးရှို့ခဲ့သည်။

ယခု ချင်းယန်သည် *ဆန်းကြယ်ကောင်းကင် အဂ္ဂိရတ်ဆေးနည်း* ၏ အကူအညီဖြင့် ဖော်မြူလာကို အလုံးစုံပြန်လည် ဖန်တီးထားရုံသာမက ၎င်း၏အကျိုးသက်ရောက်မှုကို အဆတစ်ရာ မြှင့်တင်ပေးခဲ့သည်။ ထို့နောက် မြေအောက်ခန်း၏ ထောင့်တစ်နေရာတွင် ထားရှိခဲ့၏။

သင်းပျံ့သော ရနံ့များကြားတွင် အခိုးအငွေ့များက သူ၏နှာခေါင်းထဲသို့ ပျံ့လွင့်လာခဲ့သည်။ ကြယ်စွမ်းအင်များကို စုပ်ယူနေစဥ် သူသည် အသက်ရှူသံကိုပါ ထိန်းကာ အာရုံစူးစိုက်လိုက်သည်။

သူ့စိတ်ထဲမှာတော့ ဧရာမရွှေရောင်သတ္တဝါကြီးသည် တိမ်ပင်လယ်ကြားတွင် တဟုန်းဟုန်းနှင့် အသွင်ပြောင်းကာ တိမ်တိုက်များကြားတွင် တဟုန်ထိုး ကူးခတ်နေ၏။ ၎င်းထံမှ နတ်စွမ်းအင် ရောင်ဝါများသည် ကောင်းကင်နှင့် မြေကြီးအပေါ် လွှမ်းခြုံထားလေသည်။

ဝူး!

၎င်းသည် တိမ်တိုက်များကြားမှ အချိန်မရွေး လွတ်မြောက်လာတော့မည့် အတိုင်းပင်။ ဤသည်မှာ နဂါးရုပ်သွင်ပေါ်ထွက်ခြင်း၏ နောက်ဆုံးအဆင့် ဖြစ်သည်။

ချင်းယန်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ အဓိပတိခန္ဓာ၏ ပုံသဏ္ဌာန်အခြေအနေကို သတိပြုမိကာ အနည်းငယ် မျက်မှောင်ကြုတ်မိ၏။ ယခင် စနစ်မှ ပေးထားသည့် အချက်အလက်များကို တွေးတောကာ သတိမပေါ့ရဲပေ။

စိတ်ငြိမ်သက်စေသော အမွှေးတိုင်များ အားလုံးကို ထွန်းညှိပစ်လိုက်သည်။ ဤအဆင့်ကို လုံးဝ ဂရုတစိုက်လုပ်ရမည် ဖြစ်သောကြောင့် အားလုံးကို သုံးစွဲပစ်လည်း ကိစ္စမရှိချေ။

ကောင်းကင်အဓိပတိ၏ ကောင်းကင်အရှင် တံခါးခုံကို ဖြတ်ကျော်ရန်အတွက် ပေးဆောင်ရမည့် စျေးနှုန်းက အလွန်မြင့်မားလှသည်။ နဂါးတံခါးမှ ခုန်တက်နေသော ငါးကြင်းတစ်ကောင်ထက် မနည်းပေ။ တံတားကို ဖြတ်ကျော်ပြီးသည်နှင့် သူသည် သက်ရှိလောကထဲမှ ထိပ်တန်းတစ်ယောက် ဖြစ်လာလိမ့်မည်။

ကောင်းကင်ဘုံသို့ တက်လှမ်းရမည့် လမ်းသည် သူ့မျက်စိရှေ့တွင် ရှိနေပေပြီ။

ဒါကြောင့် ပြင်ဆင်မှုအနည်းငယ် ပြုလုပ်တာက လုံးဝကို ကျိုးကြောင်းဆီလျော်ပါ၏။

“ဟူး—”

ဒါကိုတွေးရင်း ချင်းယန် ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်ပြီး သူ့စိတ်ကို အာရုံစူးစိုက်ကာ သူ့၏ဝိညာဉ်စွမ်းအားကို ဆက်လက် ခိုင်ခံ့စေလိုက်သည်။ ထိုအချိန်တွင် သူ၏စိတ်ထဲရှိ အဓိပတိခန္ဓာသည်လည်း ပို၍ ခိုင်မာလာချေပြီ။

နဂါးသည် သူ့စိတ်ထဲတွင် လှိုင်းတံပိုးများကို ဖြတ်၍ ကောင်းကင်ဘုံကို စတင်တိုက်ခိုက်နေပြီ။ ၎င်းက ကောင်းကင်တံခါးကို တစ်ချက် ဝင်တိုက်လိုက်လေတိုင်း ရွှေရောင် အခိုးအငွေ့များ လွင့်ပျံလာ၏။

ချက်ချင်းပင် သူ၏လည်ပင်းမှလည်း ရွှေရောင်အကြေးခွံများ ပေါ်ထွက်လာကာ နဂါးလူသားနှင့်ပင် တူသွားစေသည်။ သူ၏ အသက်ရှူသံတိုင်းသည် ကျယ်လောင်စွာ ပဲ့တင်ထပ်နေသော နဂါးဟောက်သံ အတိုင်းပင်။

ဗုန်း!

ရုတ်တရက် မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများ ဖြာထွက်သွားသည်။ နဂါးကြီး၏ ဟောက်သံသည် မိုးခြိမ်းသံနောက်မှ ပြေးလိုက်သွားကာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပုံရသည်။

မိုးကြိုးတိမ်တိုက်များသည် ကောင်းကင်တစ်ခွင် မိုင်ပေါင်းများစွာအထိ ဖြန့်ကျက်ပစ်လိုက်၏။ ထိုအခိုက် ကမ်းရိုးတန်းမြို့တစ်ခွင်၌ မထင်မှတ်ထားသော မိုးရေများက သဲသဲမဲမဲ ရွာချလာလေသည်။

ဤပင်လယ်ကမ်းစပ် ကျန်းဟိုင်မြို့ငယ်လေး၏ သမိုင်းတစ်လျှောက် အကြီးမားဆုံး တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်တော့မည့်အလား။

…

ဗုန်း!

အဖြူရောင် လျှပ်စီးတစ်စင်းက ဆင်းသက်လာသည်။

ဗီလာ၏ ဧည့်ခန်းတွင်မူ မီးဖိုချောင်သုံးခါးစည်းကို ဝတ်ထားသည့် ရှောင်ပိုင်သည် ကော်ဖီစားပွဲကို ထောင့်စွန်းပါမကျန် ဖုန်မှုန့်များမထိအောင် သုတ်နေခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ချင်းယန် မရှိခဲ့လည်း သူမသည် အိမ်ကြီး၏ အရေးကိစ္စများကို ဆက်လက်စီမံနေခဲ့သည်။ ပြတင်းပေါက်များကို သန့်ရှင်းရေးလုပ်ခြင်း၊ ချက်ပြုတ်ခြင်းနှင့် ပိုမိုမြင့်မားသော ကြယ်သားရဲ အဆင့်သို့ ရောက်အောင် ကျင့်ကြံရန်လည်း အချိန်ရှာ၏။

သို့သော်လည်း သင့်လျော်သော အခွင့်အလမ်း မရှိခြင်းကြောင့် သူမ ငြိမ်သက်နေခဲ့ရသည်။ ဧကရာဇ် ကြယ်သားရဲအဆင့်သို့ တက်လှမ်းရာတွင် အကြီးမားဆုံး ပြဿနာမှာ အားကောင်းသည့် ဓာတ်ကူပစ္စည်းအဖြစ် လိုအပ်ခြင်း ဖြစ်သည်။

သားရဲဒီရေပြီးနောက် တလီတောင်တန်းများဘက်၌ ကြယ်သားရဲများ ပြင်းထန်စွာ အားပျော့သွားခဲ့သည်။ ဘုရင်အဆင့် သားရဲအပေါင်းတို့သည် လိပ်ကဲ့သို့ လျှိုမြောင်ထဲတွင် ပုန်းရှောင်နေကြပြီး ချင်းယန်ကို ရှောင်ကြသည်။ ဆံပင်တစ်ချောင်းတောင် မမြင်ရ။

ထို့ကြောင့် ရှောင်ပိုင်သည် အချိန်မဖြုန်းဘဲ ရှာဖွေနေမည့်အစား သူမသည် အိမ်သန့်ရှင်းရေးလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ချင်းယန် ထွက်လာပါက သူ့ကို နည်းနည်းချော့မော့ပြီး လိုအပ်သည်များ ရှာဖွေရန် ကိရိယာတစ်ခု ဖန်တီးပေးခိုင်းမည်။

"ဒီနတ်သမီးမရှိရင် ဒီအိမ်က ပြိုကျမှာပဲ..."

ရှောင်ပိုင်သည် အပြင်ဘက်မှ ကောင်းကင်ကို မော့ကြည့်ရင်း နဖူးကို ပွတ်သပ်ကာ ခါးစည်းအဝတ်စကို ချွတ်လိုက်သည်။ ထိုစဥ် မှန်ပြတင်းပေါက်ပေါ်တွင် မိုးရေစက်ကြီးများအား တွေ့လိုက်ရသောကြောင့် သူမ ပဟေဠိ ဖြစ်သွား၏။

"ထူးဆန်းတယ် ဒီနေ့ မိုးရွာတော့မှာ မဟုတ်ဘူးလို့ မိုးလေဝသခန့်မှန်းချက်က ကြေညာထားပါတယ်.."

ရုတ်တရက် ပြင်းထန်ပြီး ကြမ်းတမ်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာလေသည်။ ၎င်းတို့မှာ မြေအောက်ခန်း၏ ကျောက်တံခါး အက်ကြောင်းများမှ စိမ့်ထွက်လာကာ လှေကား တံတိုင်ကို အပြေးအလွှား တက်လာ၏။

အကြောက်တရားက သူမအပေါ် လွှမ်းခြုံသွားသဖြင့် ရှောင်ပိုင် ချက်ချင်းပင် အသက်မရှူနိုင် ဖြစ်သွားသည်။

"ဟင်? ဒါဘာလဲ?!"

ရှောင်ပိုင်၏ နှင်းဖြူရောင် အမွေးအမှင်များ ထောင်ကုန်၏။ သူမသည် ခြေထောက်များကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း မြေကြီးပေါ် လဲကျသွားကာ အမြီးများကိုပါ ပွေ့ဖက်ရင်း ဆိုဖာနောက်ကွယ်၌ ပုန်းနေလိုက်သည်။

ဤအစွမ်းထက်သော ရောင်ဝါကို သူမ သိသိသာသာ ခံစားလိုက်ရသည်။ ၎င်းမှာ မြေအောက်က လာနေခြင်းပင်။ အစိတ်စိတ် အမွှာမွှာဖြစ်သွားသော သမိုင်းဝင်ကာလများတွင်သာ ပေါ်ထွန်းခဲ့သော ရှေးဟောင်း သားရဲတစ်ကောင် ဖြစ်သည့် နဂါးမျိုးနွယ် ဖြစ်သည်။

ဤသည်မှာ နဂါးမျိုးနွယ်၏ ရောင်ဝါ အသွင်အပြင်ဖြစ်သည်။

သူမတစ်ခါမှ မမြင်ဖူးသော်လည်း ဤရောင်ဝါဆင်းသက်လာသောအခါ ချက်ချင်း ခံစားမိသည်။ ဤသည်မှာ ကြယ်သတ္တဝါတိုင်း၏ အကြောက်တရားထဲတွင် ကိန်းဝပ်နေသည့် အရှိန်အဝါတစ်ခုပင်။ ကြယ်သားရဲတိုင်းဟာ ဖုန်မှုန့်အမှုန်အမွှားမျှသာ ဖြစ်ပြီး သူ့ထံ၌ ဒူးထောက်ရလိမ့်မည်။

ရှောင်ပိုင်သည် တုန်တုန်ယင်ယင်ဖြင့် ဆိုဖာနောက်ကနေ လှေကားဆီ လှမ်းကြည့်လိုက်သည်။ ထိုနေရာမှ နဂါး၏ စွမ်းအားများ ထွက်လာခြင်း ဖြစ်ကာ ပကတိမျက်စိဖြင့် မြင်နိုင်သော ရွှေအမှုန်အမွှားများလည်း လွင့်ပျံလာ၏။

မိုးခြိမ်းသံ တဟုန်ထိုး မြည်နေကာ ဗီလာ အပြင်ဘက်တွင်လည်း မြင့်မြတ်သော သတ္တဝါတစ်ဦး ရောက်ရှိလာခြင်းကို ဂုဏ်ပြုသည့်အနေဖြင့် မိုးရေစက်များက သည်းထန်စွာ ရွာသွန်းနေပါသည်။

“သခင်… သူ… သူတကယ် ဒဏ္ဍာရီလာ နဂါးအစစ်လား”

ရှောင်ပိုင် ကြောက်လန့်တကြား တွေးကာ သူမ၏ ပျော့ပျောင်းသော အမြီးများကို ဆုပ်ကိုင်၍ ကြမ်းပြင်ပေါ်တွင် ဝပ်နေမိ၏။ အပြင်ဘက်ရှိ မိုးကြိုးသံများကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ဆုံးဖြတ်ချက်ကို ရုတ်တရက် နောင်တရမိသည်။

နဂါးများသည် ၎င်းတို့ နိုးထလာချိန်တွင် မိုးရေကို သယ်ဆောင်လာတတ်ကြောင်း ဘိုးဘေးများက ဆိုထားသည်။ သခင်သာ နဂါးအစစ်အဖြစ်သို့ ပြောင်းလဲသွားပါက သေချာပေါက် ကောင်းလိမ့်မည်။ သို့ပေမယ့် ရှောင်ပိုင်အား စိတ်မသက်မသာ ဖြစ်စေသည့် အရေးကြီး ပြဿနာတစ်ခုလည်း ရှိနေသေး၏။

ချင်းယန်သာ နဂါးအစစ် ဖြစ်လာလျှင် သူမကို ထာဝရ ချည်နှောင်ထားမှာ မဟုတ်ပါလား။

အို မဟုတ်ဘူး!

ဒါက လုံးဝမကောင်းဘူး။

ရှောင်ပိုင် ခေါင်းလေးကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။

………

ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီပိုင် တောင်တန်းပေါ်ရှိ ဆိတ်ငြိမ်သော အခန်းအတွင်း၌ လီကျစ်ရွှမ်းသည် ဂိုဏ်းဆရာနယ်ပယ် အဆင့်သို့ ဖြတ်ကျော်ရန် ပြင်ဆင်နေပြီး လီချင်းဟဲ နှင့် လောင်လီတို့က သူမကို ကာကွယ်ပေးနေသည်။

ဗုန်း!

ထိုစဥ် အပြင်ဘက်မှ ကျယ်လောင်သော မိုးခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာခဲ့၏။

All Chapters