← Chapters

အန္တရာယ်အဆင့်

Vol. 58 Ch. 800

အန္တရာယ်အဆင့်

Vol. 58 Ch. 800

ထန်ရှု သိထားသော သတင်းအခြေအနေအရ ကြယ်သုံးပွင့်အကြွင်းအကျန်ကို စူးစမ်းလေ့လာရန် အရည်အချင်းပြည့်မီသော နိုင်ငံသည် စုစုပေါင်း ၁၀နိုင်ငံ ရှိပြီး ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ထိပ်တန်းဆယ်နိုင်ငံလည်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတစ်ခုစီသို့ ပေးပို့ခဲ့သော စွမ်းရည်အသုံးပြုသူ မည်မျှနှင့်၎င်းတို့၏စွမ်းရည်များကို အတိအကျ မသိသော်လည်း အကြွင်းအကျန်ထဲသို့ ဝင်လာနိုင်သည့် စုစုပေါင်းလူ၅၀ ရှိပေသည်။

"မင်္ဂလာပါ … ငါက ဟိုက်ပင်ကျွန်းတရုတ်စစ်တပ်က တပ်မှူး ကောင်းဟုန်ရှင်းပါ။ ကျေးဇူးပြုပြီး မင်းတို့ထဲက ဘယ်သူက ခေါင်းဆောင်ကျူးလုံလဲ။” လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည် သံလွင်စိမ်းတဲမှ အရာရှိနှစ်ဦးနှင့်အတူ ထွက်လာပြီး သူတို့ငါးယောက်အုပ်စုဆီသို့ လျှောက်လာသည်။

ကျူးလုံက အလေးပြုပြီး

"ကျွန်တော်က ဒီကြယ်သုံးပွင့်အကြွင်းအကျန် စူးစမ်းရှာဖွေရေးအဖွဲ့ရဲ့ ခေါင်းဆောင်ကျူးလုံပါ။"

“နောက်ဆုံးတော့ မင်း ဒီကို ရောက်လာပြီပေါ့။” ကောင်းဟုန်ရှင်းက အပြုံးဖြင့် ဆိုလိုက်သည်။ “ကြယ်သုံးပွင့်အကြွင်းအကျန်နေရာကို မနက်ဖြန်မှာ ပူးတွဲဖွင့်လှစ်မှာမို့ တခြားနိုင်ငံတွေက လူတွေလည်း ရောက်လာကြပြီ။ ငါနဲ့လိုက်ခဲ့ကြ။ မင်းတို့ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားတယ်။ ပြီးရင် ငါ မင်းဆီ ပို့ပေးမယ် ဒါဆို ငါ့တာဝန်တစ်ဝက် ပြီးသွားပြီ။"

ကျူးလုံ ခေါင်းညိတ်လိုက်သည်။ သူသည် ထန်ရှုနှင့် ကျန်လူများကို မိတ်ဆက်မပေးဘဲ စစ်တပ်တဲထဲသို့ ကောင်းဟုန်ရှင်း၏အနောက်မှ တစ်ခါတည်း လိုက်သွားသည်။ စစ်တပ်တဲက တော်တော်ကျယ်တယ်။ တီဗွီဖန်သားပြင်တန်းတစ်ခု၏အရှေ့တွင် တာဝန်ကျယူနီဖောင်းဝတ် စစ်သား ၇ ဦးက ပြသနေသော ဓာတ်ပုံများကို ကြည့်ရှုလေ့လာနေသည်။ တဲ၏တစ်ဖက်တွင် ပစ္စည်းများစွာ ပါ၀င်ဟန်တူသော စစ်တပ်သုံးအိတ်ငါးလုံးအား မြေပြင်ပေါ်တွင် ချထားသည်။

ကောင်းဟုန်ရှင်းနှင့်အတူ လောက၀တ်တရားများဆိုပြီးနောက် ကျူးလုံသည် ထိုစစ်သုံးအိတ်များဆီသို့ တည့်တည့် လျှောက်သွားသည်။ သူက မြန်ဆန်စွာပင် အိတ်တစ်လုံး၏ဇစ်ကို ဖွင့်ပြီး ပစ္စည်းများအားလုံးကို လောင်းချစစ်ဆေးပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်ပြလျက်

“အားလုံး အဆင်ပြေပါတယ်။ ကြိုးကြိုးစားစား လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တပ်မှူး။"

“ဒါတွေ မလိုအပ်ပါဘူး ခေါင်းဆောင်ကျူး။ ဒါငါ့တာ၀န်ပါ။”

ကောင်းဟုန်ရှင်းက ဝမ်းသာအားရ ခေါင်းခါလိုက်ပြီး

"မထွက်ခင် မင်းမှာ လိုအပ်တာရှိရင် ပြောပါ။ ငါ ပေးနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမှာပါ။”

“ဟင့်…အ…”

ကျူးလုံသည် စကားတစ်လုံး ပြောရုံသာ ရှိသေးစဉ် ထန်ရှု၏စကားသံက ကြားဖြတ်၀င်လာသဖြင့် သူ့မျက်နှာ အနည်းငယ် ရုပ်ဆိုးသွားသည်။

ထန်ရှုသည် ကျူးလုံကို လုံးဝလျစ်လျူရှုထားပြီး ကောင်းဟုန်ရှင်းကို ကြည့်ကာ

"ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခု ရှိလို့ တပ်မှူးက အကူအညီ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

တပ်မှူးကောင်းက ထန်ရှုကို အံ့အားသင့်စွာ ကြည့်ကာ ခေါင်းညိတ်လာသည်။

"တောင်းဆိုစရာရှိရင် ပြောပါ။"

“ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ စစ်တပ်က သင်္ဘောတွေ မတွေ့ဘူး။ တပ်မှူးက ဒီကို လေယာဉ်နဲ့ လာတာလား။ ကြယ်သုံးပွင့်အကြွင်းအကျန်ထဲက ထွက်လာတာနဲ့ ကျွန်တော်တို့ကို ပြန်ပို့ပေးဖို့ တာဝန်ရှိတာလား။"

"ငါတို့ ဒီကို ရဟတ်ယာဉ်နဲ့ လာခဲ့တာ။ တာဝန်ကတော့ ဒီကြယ်သုံးပွင့် အကြွင်းအကျန်ကို ကာကွယ်ဖို့ တခြားနိုင်ငံတွေရဲ့စစ်သားတွေနဲ့အတူ တစ်နှစ်ပတ်လုံး ဒီမှာ တပ်စွဲထားဖို့ပဲ။ ဒါပေမယ့် ရဟတ်ယာဉ်တွေကို အသုံးပြုတာက ငါ့လက်အောက်မှာ မရှိဘူး။ ဒါကြောင့် မင်းကို ငါ ပြန်ပို့ဖို့ နည်းလမ်းမရှိဘူး။"

"ဒါဆိုရင် တပ်မှူးရဲ့လူတွေကို ကမ်းခြေကို လွှတ်ပြီး ကျွန်တော်တို့ကို ဒီနေရာလိုက်ပို့ပေးတဲ့ ငါးဖမ်းလှေပိုင်ရှင်ကို ခေတ္တထိန်းသိမ်းထားဖို့ တောင်းဆိုချင်ပါတယ်။ မဟုတ်ရင် သူနဲ့ သူ့အဖွဲ့သားတွေ ပြန်ထွက်သွားတာနဲ့ ကျွန်တော်တို့ ပြန်နိုင်တော့မှာ မဟုတ်ဘူး။ ပြည်မကလူတွေ လာခေါ်ပေးတာ စောင့်ရမယ်ဆိုရင် အချိန်အတော်ကုန်သွားလိမ့်မယ်။”

“ဒါက အသေးအဖွဲကိစ္စပဲ … ငါ့နဲ့သာ ထားခဲ့ပါ။"

ကောင်းဟုန်ရှင်း ပြုံးကာ ဆိုလိုက်သည်။

ကျူးလုံသည် ထန်ရှုကို လှောင်ပြုံးဖြင့် ကြည့်နေခဲ့ပြီး မီးနတ်ဆိုးသည်လည်း ကဲ့ရဲ့လိုဟန် ရှိသည်။ လျှပ်စီးမိန်းကလေးကပင် ထန်ရှုသည် ဘာမှ မလုပ်ဘဲ လာရှုပ်နေသည်ဟု ခံစားမိသည်။ ရေမိန်းကလေးကသာ မျက်ခုံးအနည်းငယ် ကြုတ်လျှက် တွေးတွေးဆဆဖြင့် ထန်ရှုကို စိုက်ကြည့်နေသည်။

"ကြည့်ရတာ နင် စောစောပြန်ဖို့ အရမ်းဂရုစိုက်နေပုံပဲ။" ရေမိန်းကလေးက ရုတ်တရက် မေးလိုက်သည်။

"ဒါပေါ့။"

ထန်ရှုက သူမကို စိုက်ကြည့်ကာ မထူးခြားလေဟန် ပြန်ဖြေသည်။

“ငါ ဒီနေရာကနေ စောစောပြန်ချင်တယ်။ ငါ့မှာ တခြားလုပ်စရာတွေ ရှိသေးတယ်လေ။"

ရေမိန်းကလေးက စကားထပ်မပြောဘဲ ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။ သူမ၏အကြည့်များသည် အခြားတစ်နေရာသို့ ရွေ့သွားသော်လည်း သူမကို သိသော ကျူးလုံက အံ့သြသွားဟန်ဖြင့် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ပတ်၀န်းကျင်လေထုအခြေအနေသည် အနည်းငယ် ထူးဆန်းနေပြီး ကောင်းဟုန်ရှင်းလည်း သဘောပေါက်သွားဟန်ရသည်။ ကျူးလုံနှင့် မီးနတ်ဆိုးဖြစ်စေ၊ ရေမိန်းကလေးနှင့် လျှပ်စီးမိန်းကလေးဖြစ်စေ၊ ထန်ရှုနှင့် ၎င်းတို့ကြားတွင် တစ်စုံတစ်ရာ ရှိနေဟန်ရသော်လည်း စကားလုံးများဖြင့် ရှင်းပြ၍မရပေဘဲ အကွာအဝေးတစ်ခုမှာ ရှိနေသကဲ့သို့ပင်။ မည်သို့ပင်ဆိုစေကာမူ သူသည် ဤလူငါးယောက်အဖွဲ့ကိစ္စတွင် များများစားစား မပါဝင်ချင်ဘဲ တည်ငြိမ်စွာ အကြံပေးလိုက်သည်။

“အားလုံး … မင်းတို့နာမည်ပါတဲ့ တဲတစ်လုံးစီ အနီးနားမှာ ရှိတယ်။ မင်းတို့တွေ အဲ့ဒီမှာ အရင်နေလိုက်ကြ။ မနက်ဖြန်မနက်ကျမှ မင်းတို့ကို ရေငုပ်သင်္ဘောနေရာဆီ ခေါ်သွားပေးမယ်။"

ရေငုပ်သင်္ဘောလား…

ထန်ရှု၏အမူအရာ ပြောင်းသွားသည်။ ကြယ်သုံးပွင့်အကြွင်းအကျန်သည် ပင်လယ်ထဲတွင် နက်ရှိုင်းစွာ ရှိနေကြောင်း သူ သိသော်လည်း ၎င်းတို့ကို ရေငုပ်သင်္ဘောဖြင့် ထိုနေရာသို့ ပို့ဆောင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ပင်လယ်ကြမ်းပြင်ပေါ်က ထိုသံတုံးကြီးအား သူ စိတ်ဝင်စားပေသည်။ ၎င်းသည် သမုဒ္ဒရာစစ်ပွဲတွင် မရှိမဖြစ်လိုအပ်သော နည်းပညာလက်နက်အမျိုးအစားဖြစ်သည်။

လူတိုင်းသည် တဲထဲမှ ၎င်းတို့၏ သက်ဆိုင်ရာ စစ်သုံးအိတ်ကို ယူလာကြပြီးနောက် ထန်ရှုသည် သူ၏ စိတ်၀ိညာဥ်အာရုံကို ထုတ်ဖော်လိုက်ပြီး မီတာ ၃၀၀ မှ ၄၀၀ ဧရိယာကို ချက်ချင်း ဖုံးလွှမ်းလိုက်သည်။ သူသည် ဤအကွာအဝေးအတွင်းရှိ မြင်ကွင်းများနှင့် လူအားလုံးကို ရှင်းရှင်းလင်းလင်း “မြင်နိုင်သည်” ဟုဆိုနိုင်သည်။ သို့သော် သူသည် သူ့ကိုယ်ပိုင်စစ်တပ်တဲကို အလွယ်တကူ ရှာတွေ့သော်လည်း ပင်လယ်ကြမ်းပြင်ရှိ ကြယ်သုံးပွင့်အကြွင်းအကျန် ရှိရာသို့ မည်သည့်လူများ သွားကြမည်ကို သူ မပြောနိုင်ပေ။

“ထန်ရှု … ငါ တစ်ယောက်တည်း ညဘက်အိပ်ရမှာကို ကြောက်လို့။ နင် …”

လျှပ်စီးမိန်းကလေးသည် ထန်ရှု၏အနားသို့ ရောက်လာသည်။ သူမ၏ခါးသည် လူးလွန့်နေသော ရေမြွေတစ်ကောင်အလားဖြစ်ပြီး သူမ၏မျက်လုံးများထဲတွင် ဆာလောင်နေသည့်အလား ရှိနေသည်။

"ဒီလောက်လှည့်ကွက်လေးနဲ့ တက်မလာနဲ့။"

ထန်ရှုက သူ့လက်ကို မြှောက်ကာဝှေ့ယမ်းလိုက်ပြီး "မင်းက အပျိုစင်ဖြစ်နေသေးတာတောင် ဒီလို ပြုမူပြီး သိသိသာသာ ကိုယ့်ကိုကိုယ် ပြနေတယ်ပေါ့။ ငါသာ မင်းရဲ့ခန္ဓာကိုယ်ကို ယူလိုက်ရင် မင်း ငါ့ကို သောက်ကျိုးနည်း သတ်မှာ သေချာတယ် မဟုတ်လား။ ဒီလိုပျင်းစရာကောင်းတဲ့ ကစားနည်းနဲ့ မရှုပ်စမ်းနဲ့။ ကြယ်သုံးပွင့်အကြွင်းအကျန်ထဲကို ငါတို့မ၀င်ရသေးဘူး၊ ဒါကြောင့် မင်းရဲ့ခွန်အားတွေကို အားပြန်ဖြည့်ပြီး မင်းရဲ့အခြေအနေကို ချိန်ညှိတာ ပိုကောင်းမယ်။"

လျှပ်စီးမိန်းကလေး၏မျက်နှာ ကွက်ကနဲ ပျက်သွားပြီး ထန်ရှုကို ကြည့်သောအခါတွင် ကြောက်လန့်တကြား ကြည့်မိသည်။ သူမသည် အစောပိုင်းက ထန်ရှုကို မထီမဲ့မြင်ပြုခဲ့ဖူးသော်လည်း ယခုလေးတင် ထိုသူပြသခဲ့သည့် အရာကြောင့် ဘာမျှမသိသော အရူးတစ်ယောက်မဟုတ်သည်မှာ သေချာသည်။

ထန်ရှုက သူမကို လျစ်လျူရှုပြီး စစ်တဲထဲသို့ တန်းတန်းမတ်မတ် ဝင်သွားကာ တဲထဲတွင် စစ်သုံးအိတ်ကို ဇစ်ဖွင့်ပြီး အတွင်းရှိ ပစ္စည်းများကို စစ်ဆေးလိုက်သည်။ မစ်ဆူဘီရှီ စစ်သုံးဓားတစ်လက်၊ မှန်ပြောင်းအသေးစား၊ မီးခြစ်တစ်ဗူး၊ ရေငုပ်ဝတ်စုံ၊ အောက်ဆီဂျင်မျက်နှာဖုံး၊ ဘီစကွတ်နှင့်ရေ … နောက်ဆုံးမျှော်လင့်မထားသည့်အရာက - ပစ္စေတိုအသေးတစ်လက်။

သည်သေနတ်မှာ ကလစ် လုံးဝမပါတာလား။

ထန်ရှုသည် အချိန်အတော်ကြာအောင် ဂရုတစိုက် စစ်ဆေးကြည့်ရာ သေနတ်တွင် အမှန်တကယ် ကျည်ဆံမပါရှိဘဲ ထိုအစား အတွင်းဘက်တွင် ဆဲလ်ဖုန်းဘက်ထရီကဲ့သို့ အရာတစ်ခုကို တွေ့ရှိသဖြင့် မျက်မှောင်ကြုတ်သွားသည်။ သေနတ်အစစ်ကဲ့သို့ စွမ်းဆောင်နိုင်ပါ့မလားဆိုသည်ကိုတော့ ထန်ရှုလည်း စမ်းသပ်ရန် ရည်ရွယ်ချက် မရှိပေ။ သူသည် ပစ္စည်းအားလုံးကို သူ၏လက်စွပ်ထဲတွင် သိမ်းဆည်းထားသော်လည်း ရေငုပ်ဝတ်စုံနှင့် အောက်ဆီဂျင်မျက်နှာဖုံးကို စစ်သုံးအိတ်ထဲတွင် ထားခဲ့သည်။

ခဏကြာတော့ တင်ပျဉ်ခွေထိုင်ကာ သူ၏အခြေအနေကို ချိန်ညှိလိုက်သည်။

တဲအပြင်ဘက်တွင်။

ရေမိန်းကလေးသည် လျှပ်စီးမိန်းကလေးဘေးသို့ တိတ်တဆိတ် ရောက်လာသည်။ သူမ၏ပျက်ယွင်းနေသော အမူအရာကို တွေ့လိုက်ရချိန်တွင် သူမအား လေသံတိုးတိုးဖြင့် တီးတိုးဆိုလိုက်သည်။

“သူ့ရဲ့အရည်အချင်းအစစ်အမှန်က ဘာလဲဆိုတာ ငါ မသိပေမယ့် သူက ခြိမ်းခြောက်နေတဲ့ခံစားချက်ကို ပေးနေတယ်။ ငါ ဘာလို့ ဒီလိုခံစားချက်မျိုး ရနေမှန်း မသိပေမယ့် သူ့ကို အထင်သေးလို့မရဘူး။"

လျှပ်စီးမိန်းကလေး မျက်မှောင်ကြုတ်လျက် ထန်ရှု၏ စစ်တဲကို စိုက်ကြည့်လိုက်ပြီး အနောက်သို့ လှည့်လာကာ ဒေါသတကြီးပြောလိုက်သည်။

"အဲ့ဒီကောင် ဟန်ဆောင်နေတယ်ဆိုရင်ရော ဘယ်သူ သိမှာတုန်း။ ခြိမ်းခြောက်နေတဲ့ ခံစားချက်ဟုတ်လား။ ငါကျတော့ ဘာလို့ မခံစားရတာလဲ။ ခေါင်းဆောင်ကျူးလုံ ပြောတာ မှန်လောက်တယ်။ သူက ဘ၀င်မြင့်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးကျယ်မှုအကြောင်းကို ဘာမှ မသိနေတာပဲ။ စောင့်ကြည့်လိုက် … ကြယ်သုံးပွင့်အကြွင်းအကျန်ထဲကို ဝင်တဲ့အခါ သူ ငိုရလိမ့်မယ်။”

ရေမိန်းကလေး၏မျက်နှာသည် တည်ကြည်နေပြီး ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ကြည့်ရင်း ခေါင်းယမ်းပြလိုက်ကာ

"ဒါက ငါ စိတ်ပူရတဲ့ ဒုတိယအရာပဲ လျှပ်စီးမိန်းကလေး။ လှည့်ကြည့်လိုက်။ ငါတို့ ရောက်လာတော့ တခြားနိုင်ငံတွေကလူတွေ ဒီမှာ မရှိကြတာ မြင်တယ်မလား။ အရင်တုန်းက သူတို့ရဲ့ အပြုအမူပုံစံတွေအရဆိုရင် ငါတို့ကို ရန်စဖို့ လာခဲ့ဖူးတယ် မဟုတ်လား။”

လျှပ်စီးမိန်းကလေး၏ရင်ထဲ လေးလံသွားသည်။ သူမ ချက်ချင်းပင် ဘေးပတ်လည်ကို လှမ်းကြည့်လိုက်ရာ ကြယ်သုံးပွင့်အကြွင်းအကျန်ထဲ ဝင်မည့် အခြားနိုင်ငံမှ လူများကိုမတွေ့ရသဖြင့်

“နင် ပြောတာ မှန်တယ်။ ငါတို့တွေ သတိထားရမယ်။”

နောက်တစ်နေ့…

ထန်ရှုသည် စစ်တဲထဲမှ ထွက်လာစဥ် ကျူးလုံနှင့် ကျန်သောသူများသည် အတူတကွ ထိုင်လျက် အလယ်တွင် ဖြန့်ခင်းထားသော လက်ဖြင့် ဆွဲထားသော မြေပုံကို ကြည့်ကာ တီးတိုးစကားဆိုနေကြသည်ကို တွေ့လိုက်ရသည်။ ထိုသူတို့အနား သူ ချဉ်းကပ်လာသည်ကို လူလေးယောက်က မည်သို့ မှ သဘောမထားသောကြောင့် သူပါ ပါဝင်ဆွေးနွေးတော့သည်။

“ဒီသံမဏိတံခါးကို ကျော်ပြီးသွားရင် ဘယ်လိုအရာတွေ၊ ဘယ်လိုအန္တရာယ်တွေ ရှိမယ်ဆိုတာ ငါတို့ မသိနိုင်ဘူး။ ဒါကြောင့် ဘယ်ခလုတ်ကိုမဆို မင်းတို့ အတတ်နိုင်ဆုံး ရှာပါ။ စောင့်ကြည့်ရေးအခန်းကို အမြန်ရှာရမယ်ဆိုတာတော့ သတိရပါ။ စောင့်ကြည့်ထိန်းချုပ်ခန်းကို ရှာနိုင်ရင် အကြွင်းအကျန်ထဲက အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာမို့ နောက်ပိုင်းလုပ်ဆောင်ချက်တွေအတွက် ပိုလွယ်ကူပြီး ပိုသင့်တော်လိမ့်မယ်။”

“နောက်တစ်ခု ရှိသေးတယ်။ တခြားနိုင်ငံက လာတဲ့သူတွေကို သတိထားပါ။ သူတို့  ဘယ်လောက်ပဲ စိတ်စေတနာကောင်းပြပါစေ သူတို့နဲ့ ခပ်ဝေးဝေးနေပါ။ အပျက်အစီးတွေထဲ ငါတို့ ရောက်သွားတာနဲ့ အတွင်းထဲမှာ ကြုံရမယ့် အန္တရာယ်တွေက တစ်ခုတည်း မဟုတ်ဘူး။ ငါတို့နဲ့အတူ ၀င်လာမယ့် တခြားနိုင်ငံတွေရဲ့ ကျွမ်းကျင်သူတွေဆီက အန္တရာယ်လည်း ပါတယ်။”

ထန်ရှုသည် မီးနတ်ဆိုးနှင့် ရေမိန်းကလေးကြားတွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ့အကြည့်များက မြေပုံကို စူးစမ်းနေရင်း

“ဒါက ကြယ်သုံးပွင့်အကြွင်းအကျန်အတွင်းပိုင်းအတွက် မြေပုံလား။”

ထန်ရှုအား ကျူးလုံ သဘောမကျသော်လည်း ထန်ရှုသည် တရုတ်နိုင်ငံသားတစ်ယောက် ဖြစ်နေသောကြောင့် အသက်ပိုရှည်နိုင်စေရန် ရှင်းပြနေဆဲပင်။

"ဒီကြယ်သုံးပွင့်အကြွင်းအကျန်ကို တစ်ခါတုန်းက ဖွင့်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းက နိုင်ငံအသီးသီးက လူများစွာကို စေလွှတ်ကြပေမယ့် အသက်ရှင်လျက် ထွက်လာတာ တယောက်ပဲ ရှိတယ်။ အဲ့ဒီလူက ငါတို့လို တရုတ်နိုင်ငံသား ကိုယ်ခံပညာရှင် တစ်ယောက်ပဲ။ သူ လွတ်မြောက်လာပေမယ့် ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ဒဏ်ရာတွေက ပြင်းထန်လွန်းတာကြောင့် သုံးရက်မြောက်နေ့မှာ ခဏလေးပဲ သတိလည်လာပြီး ဆုံးပါးသွားခဲ့တယ်။ ဒီမြေပုံက သူ သယ်လာခဲ့တာ။”

"ဒါဆို ဒီကြယ်သုံးပွင့်အကြွင်းအကျန် ဘယ်လောက် ကြီးမားလဲဆိုတာ မင်း သိပြီးပြီလား။"

ထန်ရှုက မေးလိုက်သည်။

"ငါ မသိဘူး။ ဒီမြေပုံက အကြွင်းအကျန်နေရာရဲ့ သေးငယ်တဲ့ ဧရိယာမျှသာလို့တော့ သိတယ်။”

ကျူးလုံ ခေါင်းယမ်းကာ ဖြေလိုက်သည်။ "ခန့်မှန်းချက်က ဆယ်ပုံတစ်ပုံတောင် မဟုတ်လောက်ဘူး။ ဒါပေမယ့် ဒီလောက်သေးငယ်တဲ့ ဧရိယာကတောင် ဘောလုံးကွင်း တစ်ဒါဇင်ကျော်လောက် ကျယ်တယ်။"

ထန်ရှု၏အမူအရာ ပြောင်းလဲသွားသည်။ သူက အရှေ့မြောက်ကို လှမ်းကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ကျွန်တော်တို့ ဒီကြယ်သုံးပွင့်အကြွင်းအကျန်ထဲကို ဝင်တဲ့အခါ အန္တရာယ်အဆင့်ကို နှစ်ဆတိုးဖို့ လိုကောင်းလိုနိုင်တယ်။"

မီးနတ်ဆိုးသည် သူ့ဆံပင်အောက်ပိုင်းကို ဆုပ်ကိုင်ရင်း

"အထိတ်တလန့် မလုပ်လို့ရမလား ထန်ရှု။ မင်းအတွက် အန္တရာယ် ရှိကောင်းရှိနိုင်ပေမယ့် ငါတို့အတွက်တော့ မပြောပလောက်ဘူး။ မင်း ကြောက်နေတိုင်း ပုံကြီးမချဲ့နဲ့။ ငါတို့နောက်ကို လိုက်သာလိုက်ခဲ့။ ငါ မင်းကို ကာကွယ်ပေးပါ့မယ်။"

ထန်ရှု တခဏလောက် စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

"ကြယ်သုံးပွင့်အကြွင်းအကျန်ထဲ ဝင်ခြင်းရဲ့ အစောပိုင်းအဆင့်မှာ ကျွန်တော် ခင်ဗျားတို့နောက်ကို လိုက်မယ်။ ဒါပေမယ့် အန္တရာယ်အချို့ကို ဖြေရှင်းပြီးရင် ကျွန်တော့်ဘာသာပဲ သွားမယ်။"

"ဘယ်လိုဖြစ်ဖြစ်။"

ကျူးလုံသည် ထန်ရှုအား ဘုဆတ်ဆတ်လေသံဖြင့် ပြန်ဖြေသည်။ ထန်ရှု ​ကြောက်​​နေပြီဟု သူ တွေးထင်လိုက်​သည်​။ အကြွင်းအကျန်ထဲ ဝင်လာပြီး အန္တရာယ်အမျိုးမျိုးကို ကြုံလာရသည့်အခါ သည်ငတိ အဖွဲ့ထဲက ထွက်သွားရန် မည်သည့်စကားမှ ဆိုဝံ့တော့မည်မဟုတ်ဟု သူ ခံစားမိလေသည်။

All Chapters