သံမဏိဖြင့်ပြုလုပ်ထားသော အခန်းများ
Vol. 58 Ch. 801
နေ့လယ် ၁၂း၀၀ နာရီတိတိ …
ခဏအကြာတွင် အနီးနားမှ ရုတ်တရက် အသံများ ထွက်ပေါ်လာပြီး တရုတ်စစ်တပ်တပ်မှူး ကောင်းဟုန်ရှင်းသည် အဝေးမှ လျှောက်လာလေသည်။ လူငါးဦးရှေ့သို့ သူ ရောက်လာသောအခါတွင် လေးနက်သော အမူအရာဖြင့်
“တခြားနိုင်ငံတွေကအဖွဲ့တွေ စပြီးစုနေပြီ။ သွားရမှာက အရှေ့ဘက်ကမ်းရိုးတန်းကို။ အဲ့ဒီမှာ ရေငုပ်သင်္ဘောတစ်စင်း စောင့်နေပြီ။”
"ဘယ်နိုင်ငံက ရေငုပ်သင်္ဘောကို ဦးစီးတာလဲ တပ်မှူးကောင်း …"
ကျူးလုံက မေးလိုက်သည်။
“အမေရိကန် … ဒါပေမယ့် အထဲမှာ နိုင်ငံပေါင်းစုံက စစ်သားတွေ အများကြီးရှိတယ်။ ဆိုတော့ အမေရိကန်လူတွေ ရေငုပ်သင်္ဘောထဲမှာ တစ်ခုခုကို ကြံစည်နေရင်တောင် မဖြစ်နိုင်ဘူး။"
“လုံလောက်တဲ့ အကျိုးစီးပွားတွေက လူတွေရဲ့ဆင်ခြင်တုံတရားကို ဆုံးရှုံးစေတယ်။” ကျူးလုံက ဖြည်းညှင်းစွာ ခေါင်းညိတ်ရင်း
“ကြယ်သုံးပွင့်အကြွင်းအကျန်တွေက လူတော်တော်များများကို ရူးသွပ်သွားစေတယ်လို့ ပြောလို့ရလောက်အောင်ပါပဲ။ တပ်မှူးကောင်း … ကျေးဇူးပြုပြီး ကျွန်တော်တို့ဘက်နဲ့ အဆက်အသွယ် မပြတ်စေဘဲ ဘေးကင်းရေးကိုလည်း ဂရုစိုက်ပါ။”
“ငါတို့နိုင်ငံရဲ့စစ်သင်္ဘောတွေကို ရေမိုင် ၁၅၀အကွာက ရေပြင်မှာ စုစည်းပြီးပါပြီ။ ပင်လယ်ကြမ်းပြင်ရဲ့ နက်ရှိုင်းတဲ့ နေရာတွေမှာလည်း ရေငုပ်သင်္ဘော အများကြီး ပုန်းအောင်းနေကြတယ်။ တောင်ပိုင်းတပ်မတော်ကလည်း တောင်တရုတ်ပင်လယ်မှာ ရေကြောင်းစစ်ရေး လေ့ကျင့်မှုတွေ လုပ်နေတယ်ဆိုတော့ မရူးရင် ဘယ်သူမှ အလောတကြီး လုပ်ဝံ့မှာ မဟုတ်ဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့သတိပေးချက်ကို ငါ အလေးအနက်ထား မှတ်သားထားတယ်။”
ကောင်းဟုန်ရှင်းက ပြုံးကာ ဆိုလိုက်သည်။
သွားရမည့်နေရာသည် ၁၂ကီလိုမီတာ အကွာအဝေး ရှိပြီး ထန်ရှုတို့ငါးယောက်အဖွဲ့အား စစ်သားတစ်ဖွဲ့က စောင့်ကြပ်ပေးလျက် ထိုနေရာသို့ အမြန် ရောက်ရှိလာကြသည်။ ကမ်းရိုးတန်းသို့ ရောက်သောအခါ ထန်ရှုသည် အခြားနိုင်ငံများ၏ ရှာဖွေရေးအဖွဲ့များကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။
"ဟင်…"
ထန်ရှု၏အကြည့်များသည် ဂျပန်နိုင်ငံအဖွဲ့ဝင်ငါးဦးဆီ ရောက်သွားခဲ့ပြီး အံ့အားသင့်သွားခဲ့သည်။ ထိုအဖွဲ့ဝင်ငါးဦးတွင် သူ၏မိတ်ဆွေနှစ်ဦးကို တွေ့ရလိမ့်မည်ဟု သူ အနည်းငယ်မျှပင် မထင်ခဲ့မိပေ။ ကု၀ါကို ယာမာမိုတိုကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားသော်လည်း ၎င်းတို့ထဲတွင် ချန်းရွှဲ့မေကို မြင်လိုက်ရသည့်အတွက် သူ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေပေသည်။
ထိုအချိန်တွင် ကု၀ါကိုနှင့် ချန်း ရွှဲ့မေတို့သည်လည်း ထန်ရှုကို မြင်သွားကြသည်။ ကု၀ါကိုသည် ထန်ရှုနှင့် ဆက်ဆံရေး ရှိကြောင်း မထုတ်ဖော်နိုင်သောကြောင့် ပုံမှန်အတိုင်းသာ ပြုမူကာ မမြင်သာနိုင်သော ရိုသေလေးစားသော အမူအရာအား ပြသခဲ့ပြီး ချန်းရွှဲ့မေသည် ခေါင်းငုံ့ကာ အတွေးများနေပုံပေါ်သည်။
လွန်ခဲ့သည့်ခြောက်လက ချန်းရွှဲ့မေ ပျောက်ဆုံးသွားကြောင်းကိုသာ ထန်ရှု သိခဲ့ပြီး သူမ၏ညီမ ချန်းယန်နန်သည် အိမ်တွင် ဖိနှိပ်ခံနေခဲ့ရသည်။ မူလက သူမတွင် အန္တရာယ်မရှိဟု ထန်ရှု သေချာနေခဲ့သော်လည်း ယခုချိန်တွင် လျှို့ဝှက်မစ်ရှင်တစ်ခု လုပ်ဆောင်နေသည်ကို တွေ့လိုက်သောကြောင့် သူ၏ထင်မြင်ယူဆချက်များကို မှန်ကန်သည်ဟု အတည်ပြုလိုက်သည့်သဘောပင်။
ထိုသူတို့ကို နှုတ်မဆက်ဘဲ သူ့အကြည့်များကို ပြန်ရုတ်လိုက်ပြီး ထန်ရှုသည် ကျူးလုံတို့လေးယောက်အဖွဲ့နောက်သို့ လိုက်သွားတော့သည်။ ကောင်းဟုန်ရှင်းသည် နိုင်ငံခြားသားများစွာနှင့် စကားစမြည် ပြောဆိုနေသည်ကို သူ မြင်လိုက်ရပြီးနောက် သူတို့ငါးယောက်အဖွဲ့သည် အခြားနိုင်ငံများ၏ အသင်းများအနီးတွင် ရပ်လိုက်သည်။
"သင်္ဘောပေါ်တက်ရန် အဆင်သင့် ဖြစ်ပြီ။"
၁၂:၀၀တိတိတွင် လူဖြူအမျိုးသားက လေသံပြတ်ပြတ်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လာသည်။ နိုင်ငံပေါင်း ၁၀နိုင်ငံက လူ၅၀သည် ချက်ချင်းပင် ရေငုပ်သင်္ဘောပေါ်တက်ရန် တန်းစီပြီး သင်္ဘောသားများ၏လမ်းညွှန်မှုအောက်၌ ရေငုပ်သင်္ဘော၏အတွင်းပိုင်းသို့ ဝင်လာခဲ့ကြသည်။
နာရီဝက်အကြာတွင် ရေငုပ်သင်္ဘောသည် ပင်လယ်ကြမ်းပြင်တစ်နေရာတွင် ရပ်သွားသည်။ အကြွင်းအကျန်ဧရိယာ၏ဝင်ပေါက်နှင့် ချိတ်ဆက်ထားသော ထွက်ပေါက်များအတိုင်း နောက်ဆုံးတွင် နိုင်ငံ၁၀နိုင်ငံမှ လူ၅၀သည် သင်္ဘောကျင်းလမ်းအတိုင်း လိုက်ကာ အကြွင်းအကျန်ဧရိယာထဲသို့ ဝင်လာခဲ့ကြသည်။
“ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားပြီး အံ့သြစရာကောင်းတဲ့ မြင်ကွင်းလဲ။ ငါတို့ အခုပင်လယ်ရဲ့ မီတာရာနဲ့ချီတဲ့အနက်မှာ ရှိနေတာမဟုတ်လား ။ ဒါပေမယ့် နည်းနည်းလေးမှ ဖိအားကို မခံစားရဖို့ မမျှော်လင့်ထားဘူး။ ငါ့ရဲ့ခန့်မှန်းချက်မှန်ရင် ဒြပ်ဆွဲအား ဆန့်ကျင်တဲ့ကိရိယာတွေ အထဲတစ်နေရာရာမှာ ရှိရမယ်”
သူ့လက်ထဲတွင် ငှက်လှောင်အိမ်နှင့် စစ်သုံးအိတ်ကို ကိုင်ဆောင်ထားသော မီးနတ်ဆိုးက သက်ပြင်းချကာ ပြောလိုက်သည်။
ထန်ရှုက အသာခေါင်းညိတ်ပြပြီး လမ်းကြောင်းအတိုင်း လျှောက်လာလိုက်သည်။ အမြင့်ဆုံး မီတာ ၁၀၀မှ အနိမ့်ဆုံး မီတာဒါဇင်ပေါင်းများစွာ ရှိသောနေရာတွင် ပုံစံအမျိုးမျိုးရှိသည့် အဆောက်အဦးများ ပါ၀င်သော မြို့ငယ်လေးကို သူ့အရှေ့တွင် မြင်နေရသည်။ သို့သော် လေထဲတွင် လှိုင်းထနေပုံရပြီး အဆောက်အဦးများသည် ဝိုးတဝါးဖြစ်ကာ အစစ်အမှန်များ ဟုတ်ဟန်မတူပေ။
"ဒါက ရောင်ပြန်တစ်ခု … ရောင်ပြန် သရုပ်ဖော်နည်းပညာပါ။"
ထန်ရှုအား မျက်လုံးစွေကြည့်ရင်း ကျူးလုံက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ထန်ရှုသည် တခဏမျှ မှုန်ကုပ်ကုပ်ကို ကြည့်ကာ သူ၏စိတ်၀ိညာဥ်အာရုံအား ချက်ချင်း ထုတ်လွှတ်လိုက်သည်။ အရှေ့ဘက်ရှိ အခြေအနေကို ရှာဖွေတွေ့ရှိပြီးနောက် အစီအရင်သည် အမှန်တကယ် ရောင်ပြန်နည်းပညာအစစ်အမှန်တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ထိုအစီအရင်၏နောက်ကွယ်တွင် ဝေးကွာသော အစိတ်အပိုင်းများဆီသို့ ချဲ့ထွင်သွားသော လမ်းကြောင်းများ ရှိနေပြီး မည်သည့်နေရာတွင် လမ်းဆုံးသွားသည်ကို မသိနိုင်ပါပေ။
"မနှောင့်နှေးနဲ့ … သွားကြစို့။"
ကျူးလုံသည် တုန်လှုပ်ချောက်ချားနေသော ပတ်၀န်းကျင်လေထုအတက်အကျကို ဖြတ်ကျော်ပြီး ဒါဇင်ချီသော လမ်းကြောင်းများ၏အရှေ့တွင် ရပ်ကာ ချက်ချင်းပင် အသံ၀ါကြီးဖြင့် အမိန့်ပေးလိုက်သည်။ အခြားနိုင်ငံများမှ အဖွဲ့များသည် လမ်းကြောင်းတစ်ခုစီကို ရွေးချယ်ပြီး လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို တွေ့ရှိခဲ့ကြသည်။
"ငါတို့ ဘယ်လမ်းကြောင်းကို ယူမှာလဲ ခေါင်းဆောင်ကျူးလုံ။"
မီးနတ်ဆိုးက မေးလာသည်။
“၃”လို့ မှတ်သားထားတဲ့ ဝင်ပေါက်ကို ရှာ။ ငါတို့ နိုင်ငံက အရင်အဖွဲ့လုပ်ဆောင်ခဲ့တဲ့ ခြေလှမ်းတွေကို ခြေရာခံမှပဲ မြေပုံပေါ်ကလမ်းကြောင်းကို မှန်မှန်ကန်ကန် လိုက်လို့ရမယ်။"
"အဲ့ဒီမှာ …"
ထန် ရှုက ဘယ်ဘက်ခြမ်းရှိ လမ်းကြောင်းတစ်ခုကို ညွှန်ပြပြီး ကျော်တက်သွားသည်။
ကျူးလုံ အံ့အားသင့်သွားပြီး သူ့မျက်နှာထက်တွင် ဒေါသအကြည့်တစ်ခု ပေါ်လာသည်။ ခဏလောက် တုံ့ဆိုင်းသွားပြီးမှ အနောက်က သူ လိုက်သွားသည်။ လူငါးဦးသည် လမ်းဝသို့ ရောက်သောအခါ သံမဏိနံရံ၏ဘေးတစ်ဖက်တွင် '၃' အမှတ်အသားတစ်ခုကို တွေ့ရှိခဲ့သည်။
"ဒီမှာ ရှိမှန်း မင်း ဘယ်လိုသိလဲ။"
ထန်ရှုကို အာရုံစိုက်နေသော ကျူးလုံ၏အကြည့်များသည် တလက်လက် တောက်ပနေသည်။
အခြေအနေကို သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ရှာဖွေကြောင်း ကျူးလုံကို သူ မပြောနိုင်သောကြောင့် ထန်ရှု မုသားအချို့ ပြောလိုက်သည်။
"စီနီယာသွမ့်မုနဲ့တွေ့တုန်းက သူက ကျွန်တော့်ကို ဒီအကြောင်း ပြောပြခဲ့တယ်။ ဒါကြောင့် ဒီဟာက ဒီနေရာမှာ ရှိရမယ်လို့ အစောပိုင်းက တွက်ဆခဲ့မိတယ်။ စကားမစပ် … ကျွန်တော့်ရဲ့ထူးခြားတဲ့စွမ်းရည်တစ်ခုက အရမ်းအားကောင်းတဲ့ အာရုံတစ်ခု ရှိတယ်။”
အာရုံရဲ့စွမ်းအား …
ကျူးလုံ ကြက်သေ သေသွားပြီး ထန်ရှုသည် သူ၏ စူပါအာရုံခံစွမ်းအားကြောင့် ကြယ်သုံးပွင့်အကြွင်းအကျန်ကို စူးစမ်းလေ့လာရန် ခွဲတမ်းကို ရခဲ့သည်ကို ချက်ချင်း နားလည်သွားသည်။ ဤစွမ်းရည်ဖြင့် သူတို့ အန္တရာယ်ကြုံသောအခါတွင် ထန်ရှုသည် ကြီးမားသောအကူအညီဖြစ်လိမ့်မည်။ အကြွင်းအကျန်ကို စူးစမ်းလေ့လာသောအခါ အကျိုးကျေးဇူးအချို့ပင် ရရှိနိုင်ပေမည်။
လမ်းကြောင်းသည် မီတာရာနှင့်ချီ ရှည်လျားသည်။ သူတို့ငါးယောက်အဖွဲ့ ဖြတ်လာခဲ့ပြီးနောက် ကျယ်ဝန်းသော ဧရိယာကို စတီးနံရံဖြင့် ဖုံးအုပ်ထားသည်ကို တွေ့လိုက်ရသည်။ နိုင်ငံခြားသိပ္ပံရုပ်ရှင်ဇာတ်ကားများထဲက မာကျောကြံ့ခိုင်သောနေရာများကဲ့သို့ ဤနေရာသည် နည်းပညာမြင့်ပစ္စည်းများ၊ ရောင်စုံအချက်ပြမီးများ၊ အမည်မသိသင်္ကေတအမျိုးမျိုး၊ သရီးဒီရောင်ပြန် ဂရပ်ဖစ်ရုပ်ပုံများစွာနှင့် ပြည့်နှက်နေသည်။
ထိုဧရိယာအတွင်း၌ သံမဏိအဆောက်အဦးအမျိုးမျိုး ရှိကြပြီး ထိုအဆောက်အဦးများ၏တံခါးများကို တင်းကျပ်စွာ ပိတ်ထားသော်လည်း တံခါးတစ်ခုစီသည် လမ်းမနှင့်ဆက်သွယ်ထားသည့် လမ်းသွယ်များသို့ ချိတ်ဆက်ထားသည်။
“ရှေ့မီတာ ၅၀အကွာမှာရှိတဲ့ စက်ရုပ်နှစ်ရုပ်ကို ငါတို့ ဖြတ်ကျော်ရလိမ့်မယ်။ အဲ့ဒီစက်ရုပ်တွေက အေအိုင်စက်ရုပ်တွေဖြစ်ပြီး အရမ်းရန်လိုတဲ့ စက်ရုပ်တွေ။ အဲ့ဒီကနေ အသက်ရှင် လွတ်မြောက်လာတဲ့ လူပြောတာက လူတွေ ၀င်လာတဲ့အချိန်မှာ အဲ့ဒီစက်ရုပ်၂ရုပ်က လူထက်ဝက်နီးပါးကို ပစ်သတ်ခဲ့တယ်ဆိုပဲ။”
ကျူးလုံ၏မျက်ခုံးများ တင်းတင်းကျပ်ကျပ် ကြုံ့ထားပြီး စက်ရုပ်၂ရုပ်အပေါ် သူ၏အကြည့်များ ရောက်သွားကာ ဤအခက်အခဲကို လွယ်ကူစွာ ကျော်ဖြတ်နိုင်ရန် သူ၏ ဦးနှောက်ကို အလုပ်ပေးလိုက်သည်။ သူတို့ နက်နက်ရှိုင်းရှိုင်း ရှေ့တိုးချင်ပါက သည်လမ်းကြောင်းကို ဖြတ်ကျော်မှ ရပေမည်။
"ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်။ ဒါပေမယ့် ဖြစ်နိုင်ပါ့မလားတော့ မသိဘူး။"
ထန်ရှုက ကြားဖြတ်ပြောသည်။
"မင်း ... ငါ့ကို ပြောပါ။"
ကျူးလုံက မျက်ခုံးတွန့်ကာ ပြောလိုက်သည်။
“အဲ့ဒီလိုစက်ရုပ်အမျိုးအစားတွေမှာ သတ်မှတ်ထားတဲ့ လုပ်နည်းစနစ်တစ်ခု ရှိလိမ့်မယ်။ အဲ့ဒီကောင်တွေက ဉာဏ်ရည်ထက်မြက်တဲ့ စက်ရုပ်တွေဆိုကြပေမယ့် သူတို့ရဲ့အတွင်းပိုင်းတည်ဆောက်ပုံတွေ ပျက်စီးသွားမယ်ဆိုရင် သူတို့ရဲ့ရွေ့လျားနိုင်မှုကို ဆုံးရှုံးသွားလိမ့်မယ်။ ရေမိန်းကလေးရဲ့စွမ်းအားက ရေကို ထိန်းချုပ်တာမဟုတ်လား။ လျှပ်စီးမိန်းကလေးက အဲ့ဒါတွေကို ဖျက်ဆီးဖို့ သူ့ရဲ့လျှပ်စီးကြောင်းကို ထုတ်လွှတ်လိုက်တဲ့ချိန်မှာ အဆိုပါစက်ရုပ်နှစ်ရုပ်ကို ရေနဲ့ နစ်မြုပ်စေလိုက်ရုံပဲ။ အဲ့ဒါက စက်ရုပ်တွေရဲ့ အတွင်းခန်းတွေမှာ ပြဿနာတွေကို ဖန်တီးသွားနိုင်လိမ့်မယ်။”
ရေနှင့်လျှပ်စစ်လား…
ကျူးလုံ၏မျက်လုံးများ အရောင်လက်သွားကာ ချက်ချင်းပင် သူ့နဖူးကို လက်ဖဝါးဖြင့် ရိုက်လိုက်ပြီး ချီးကျူးလိုက်သည်။
"သောက်ကျိုးနည်း … သိပ်တော်တာပဲကွာ။ ရေက လျှပ်စီးစေတယ်။ စက်ရုပ်တွေရဲ့အတွင်းပိုင်းထဲကို ရေတွေ ဝင်ရောက်လာတဲ့အခါ ရေစိုခံတဲ့ပစ္စည်းတွေ ဖြစ်ရင်တောင်မှ လျှပ်စီးကြောင်းက စက်ရုပ်ရဲ့အတွင်းပိုင်းကို ပျက်စီးစေနိုင်တယ်။ ရေမိန်းကလေး၊ လျှပ်စီးမိန်းကလေး မင်းတို့နှစ်ယောက် စမ်းကြည့်ကြ။"
ရေမိန်းကလေးသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ သူမ၏လက်နှစ်ဖက်ဖြင့် လေထဲတွင် စက်ဝိုင်းပုံစံ ဆွဲလိုက်သည်။ လေထဲတွင်ရှိသော ရေဒြပ်စင်များသည် အဆက်မပြတ် စု၀ေးလာပြီး သူမ၏လက်ထဲတွင် ၀ေ့ဝဲနေသော အချိန်တိုလေးအတွင်း စက်ဝိုင်းပုံရေကွက်များ ဖြစ်ပေါ်လာသည်။ သူမ၏လက်များက ဝှေ့ယမ်းလိုက်ချိန်တွင် ထိုရေကွက်များသည် ရေနဂါးနှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ နံရံဘေးတွင်ရပ်နေသော စက်ရုပ်နှစ်ကောင်ဆီသို့ ဦးတည်သွားခဲ့သည်။
“ကျူးကျော်သူတွေကို တွေ့တယ်။ ဖော်ရွေသော အရိပ်အယောင် မရှိ။ ရန်လိုမှုတွေကို တွေ့ရတယ်။ ပစ်။”
စက်ရုပ်နှစ်ကောင်၏ပါးစပ်မှ အသံနှစ်သံအား တစ်ပြိုင်နက် ကြားရသည်။ ထိုစက်ရုပ်များ ရွေ့လျားလာစဉ်တွင် ၎င်းတို့၏ပြုပြင်တပ်ဆင်ထားသော လက်နက်များမှတစ်ဆင့် လေဆာရောင်ခြည်နှစ်ခုသည် ရေနဂါးနှစ်ကောင်ကို ဖြတ်ကျော်လာကာ ရှေ့သို့ ချက်ချင်း ပစ်ခတ်လာသည်။
ရေနဂါးများသည် များစွာမထိခိုက်ဘဲ စက်ရုပ်နှစ်ခုကိုသာ တိုက်ရိုက်ထိမှန်စေပြီး နောက်သို့ ခြေလှမ်းပေါင်းများစွာ တွန်းပို့လိုက်သည်။ ထို့နောက် ရေပုံသဏ္ဍာန် ပြန့်ကျဲသွားပြီး စက်ရုပ်များအား ရွှဲနစ်သွားစေခဲ့သည်။
လျှပ်စီးမိန်းကလေး၏မျက်လုံးများထဲတွင် အေးစက်စက်အရိပ်တစ်ခု ဖြစ်ပေါ်လာကာ သူမ၏လက်ချောင်းများကြားမှ လျှပ်စီးများ တဖျတ်ဖျတ်လက်လာပြီး စက်ရုပ်နှစ်ရုပ်အား ပစ်ခတ်လိုက်သည်။ စက်ရုပ်များအား ထိမှန်သွားပြီး လျှပ်စီးများသည် နေရာအနှံ့ ပြန့်ကျဲသွားသော အခိုက်အတန့်တွင် လေဆာရောင်ခြည်များကို ပစ်ခတ်နေသော စက်ရုပ်များသည် ရုတ်တရက် ကျယ်လောင်သော အသံများ ထွက်လာကာ ၎င်းတို့ထံမှ မည်းနက်နေသော မီးခိုးများ ထွက်လာလေတော့သည်။
“ပြီးဆုံးပြီ။”
နောက်ဆုံးတွင် စက်ရုပ်နှစ်ရုပ်သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ၎င်းတို့၏အေအိုင်သည်လည်း ပိတ်သွားခဲ့သည်။ ထန်ရှုကို လှည့်ကြည့်လိုက်သော ကျူးလုံ၏မျက်နှာထက်တွင် ကျေနပ်နေသော အရိပ်အယောင်တွေ ပေါ်လာပြီး
"မင်း ... မဆိုးဘူးပဲ။ အနည်းဆုံးတော့ မင်းမှာ ဦးနှောက် ရှိတယ်။”
ထန်ရှု၏ပါးပြင်သည် နီရဲလာပြီး ကျူးလုံ၏ ချီးကျူးမှုကို သူ အမှန်တကယ် လက်မခံနိုင်ချေ။
ရေမိန်းကလေး၏မျက်၀န်းထဲတွင် တောက်ပသောအလင်းတစ်ချက် ဖြတ်သန်းသွားကာ သူမက သိမ်မွေ့စွာ ပြောလိုက်သည်။
“လျှပ်စီးနဲ့ရေ တွဲဖက်လိုက်ရင် တကယ်ပဲ ထူးခြားတဲ့ အကျိုးသက်ရောက်မှုတွေကို ဖြစ်စေတယ်။ အဲ့ဒါက လူတော်တော်များများ နားလည်ထားတဲ့ ရိုးရှင်းတဲ့အချက်တစ်ခုဖြစ်ပေမယ့် အဲ့ဒါတွေကို ငါတို့ တစ်နည်းနည်းနဲ့ လွဲချော်နေကြတယ်။ နင်က အံ့သြစရာ ကောင်းတယ် ထန်ရှု။ နင်သာ ငါတို့အဖွဲ့နဲ့အတူရှိရင် အဖွဲ့က အမြဲတမ်း ကောင်းမွန်တဲ့ ရလဒ်တွေ ရနိုင်လိမ့်မယ်လို့ ငါ ယုံတယ်။”
သို့သော် မီးနတ်ဆိုးက ချစ်ခြင်းမုန်းခြင်း အလျဥ်းမရှိသော လေသံဖြင့် ကြားဖြတ်ပြောသည်။
"သိပ်အများကြီး မပြောနဲ့ ရေမိန်းကလေး။ မတူညီတဲ့ လူတစ်ဦးချင်းစီမှာ မတူညီတဲ့ ဆန္ဒတွေ ရှိကြတယ်လေ။ တစ်ဦးတစ်ယောက်က အသင်းမှာ ဆက်နေဖို့ ဒါမှမဟုတ် အသင်းကနေ ထွက်သွားဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို ငါတို့တွေ ဘယ်သူမှ နှောက်ယှက်ပိုင်ခွင့် မရှိဘူး။”
ရေမိန်းကလေးသည် သူ့ကို မကျေမနပ် စိုက်ကြည့်ကာ ခေါင်းငုံ့သွားပြီး စကားထပ်မပြောတော့ပေ။
သူတို့ငါးယောက်အဖွဲ့သည် ရှေ့သို့ ဆက်လက်ရွေ့လျားနေသည်။ ပထမအဆောက်အဦး၏တံခါးဝသို့ ပိုမိုနီးကပ်လာသောအခါ ကျူးလုံက
“ငါတို့အရှေ့က ဘေးတစ်ဖက်တစ်ချက်ဆီမှာ အခန်း ၁၆ခန်းမှာ ဘာမှ ထူးခြားတာမရှိဘူး။ ဒါကြောင့် ငါတို့တွေ အခန်း၁၇က စပြီးရှာရမယ်။ နို့မဟုတ်ရင် ငါတို့တွေ အရှေ့က သံမဏိရုပ်တုအများအပြားကို ဖြတ်ကျော်ပြီးမှ အဲ့ဒီတံခါးကိုဖြတ်ပြီး အတွင်းပိုင်းဧရိယာဆီ တည့်တည့် သွားလို့ရမယ်။”
“နေဦး…”
ထန်ရှုသည် စက်ရုပ်နှစ်ရုပ်ဆီသို့ လျှောက်သွားပြီး မစ်ဆူဘီရှီစစ်တပ်ဓားကို ဆွဲထုတ်ကာ စက်ရုပ်များကို ခွဲခြမ်းစိပ်ဖြာတော့သည်။ သူသည် စက်ရုပ်နှစ်ခုမှ တောက်ပနေသော ပုံဆောင်ခဲအမြုတေနှစ်ခုကို အမြန်ထုတ်ယူခဲ့သည်။ သူသည် ၎င်းတို့ထဲမှ တစ်ခုကို ကျူးလုံထံ ပစ်ပေးပြီး သူ့အတွက် တစ်ခုကို ယူလိုက်ကာ "ဒီပစ္စည်းတွေက သုတေသနတန်ဖိုး မြင့်မားရမယ်။ အကယ်၍ ကျွန်တော်တို့နိုင်ငံက သိပ္ပံပညာရှင်တွေသာ ဒီစွမ်းအင်ကျောက်အမျိုးအစားကို အပြည့်အဝ ဖော်ထုတ်နိုင်ရင် တိုင်းပြည်ရဲ့နည်းပညာဆိုင်ရာ အောင်မြင်မှုအဆင့်သည် အနာဂတ်မှာ အရည်အသွေး မြင့်မားပြီး ခုန်တက်သွားလိမ့်မယ်။”
ထိုသို့ ပြောပြီး ထန်ရှု တခဏ ချီတုံချတုံ ဖြစ်သွားပြီးမှ စီးကရက်တစ်လိပ်ကို ထုတ်ကာ နှစ်ကြိမ်ခန့် မီးညှိဖွာရှိုက်လိုက်သည်။
“ဒီစက်ရုပ်နှစ်ခုရဲ့အတွင်းပိုင်းဘုတ်တွေအပြင် သူတို့ရဲ့ စွမ်းအင်ပတ်လမ်းတွေက သုတေသနလုပ်ဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်။ ဒီနေရာကနေ ထွက်သွားတဲ့အခါ ခင်ဗျားနဲ့အတူ သယ်ယူလာဖို့ တစ်ခုကို ဖြုတ်သွားတာ အကောင်းဆုံးပဲ။"
“စိတ်ကူးကောင်းတယ်။”
ကျူးလုံသည် ထန်ရှုကို ယခင်က မကျေမနပ် ဖြစ်နေခဲ့သော်လည်း ယခုအချိန်တွင် သူ၏မကျေနပ်မှုမှာ လျော့နည်းလာချေပြီ။