← Chapters

ပိုအရေးကြီးလာပြီး အလေးအနက်ထားလာခြင်း

Vol. 58 Ch. 802

ပိုအရေးကြီးလာပြီး အလေးအနက်ထားလာခြင်း

Vol. 58 Ch. 802

သူ၏တိုက်ရိုက်အထက်လူကြီးက ထန်ရှုကို အဖွဲ့ထဲ ထည့်သွင်းလိုက်စဥ်အခါက အားနည်းသော ကြက်ကလေးက သူ့အဖွဲ့၏ကြံ့ခိုင်မှုကိုသာ သက်ရောက်မှုရှိပြီး သည်ငတိက မည်သည့်ကဏ္ဍမှ ပါဝင်မည်မဟုတ်ဟု ရယ်စရာကောင်းသည့် လှုပ်ရှားမှုတစ်ခုအဖြစ် ထင်ခဲ့သည်။ သို့သော် အစောပိုင်းက ထိုယုတ္တိမတန်သော စိတ်ကူးနှစ်ခုသည် သူတို့အား ဒုက္ခများစွာကို ကယ်တင်ရုံသာမက ထိုစိတ်ကူးများမှ ကောင်းမွန်မှုအချို့ကို ရရှိခဲ့ကြောင်းကိုလည်း သိရှိလာစေခဲ့သည်။

သို့သော်လည်း ထန်ရှုသည် သူ့ကိုယ်သူ စိတ်ကြီးဝင်လာမည်ကို စိုးရိမ်သောကြောင့် သူသည် စက်ရုပ်အစိတ်အပိုင်းများကို စစ်သုံးအိတ်ထဲသို့ ထည့်ကာ သူ့သဘောတူညီချက်ကို မယုတ်မလွန် ပြောလိုက်သည်။ ကျူးလုံသည် အလေးချိန်ပြဿနာကြောင့် မီးနတ်ဆိုးနှင့် ခဏကြာ ဆွေးနွေးပြီးနောက် စက်ရုပ်အစိတ်အပိုင်းများပါသည့် စစ်သုံးအိတ်ကို စင်္ကြန်ထောင့်တွင် ဝှက်ထားကာ ပြန်သွားသည့်အခါ ပြန်လာယူရန် ဆုံးဖြတ်ခဲ့သည်။

"ရှေ့ဆက်သွားရအောင်။"

ကျူးလုံသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး အတွင်းပိုင်းဧရိယာဆီသို့ ဦးတည်လိုက်သည်။ ထိုအချိန်တွင် သူသည် မီနီပစ္စတိုသေနတ်ကို သတိကြီးစွာ ထုတ်ယူလိုက်ပြီး အေးစက်စက်မျက်လုံးများက ပတ်ဝန်းကျင်ကို စောင့်ကြည့်လိုက်သည်။ အနည်းငယ်သော အသံကပင် သူ့ကို နိုးကြားစေနိုင်လေသည်။

ကျယ်ဝန်းသော ခန်းမရှေ့တွင် သံမဏိဖြင့် သွန်းထားသော ရုပ်တုများစွာကို တွေ့မြင်နိုင်သည်။ ထန်ရှု၏စိတ်၀ိညာဥ်အာရုံသည် ထိုရုပ်တုများပေါ်သို့ ရောက်သွားသည်နှင့် သူ့အမူအရာမှာ ထူးဆန်းသော အမူအရာအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ ဤရုပ်တုများကို ကျပန်းချထားပုံပေါက်သော်လည်း အစီအရင်ဖွဲ့စည်းပုံများကို ကောင်းစွာ နားလည်ထားသူများအတွက် ရိုးရှင်းသော ခင်းကျင်းမှုပုံစံဖြင့်ပင် အချို့သော အစီအရင်များသည် တောက်ပထူးခြားကျသောအနေအထားများတွင် ထားရှိထားကြောင်း အလွယ်တကူ သိနိုင်သည်။

ဒါက ဝင်္ကပါတစ်မျိုးပဲ။

သည်ရုပ်တုတွေကြားထဲက နေရာသို့ လူတစ်ယောက် ဝင်လာလိုက်သည်နှင့် အစီအရင်အတွင်း ထိုသူသည် လမ်းပျောက်သွားမည်ဖြစ်ကာ ကံကောင်းထောက်မပြီး မှန်ကန်သော လမ်းကြောင်းကို ရှာမတွေ့ခဲ့ပါက ဘယ်တော့မှ ထွက်လာနိုင်မည်မဟုတ်ပေ။ ဟုတ်ပါသည်။ သည်ကဲ့သို့ကံကောင်းရန်ဆိုသည်မှာ ထီပေါက်ရန် ဖြစ်နိုင်ခြေထက်ပင် နည်းပေသည်။

'နည်းပညာရော အစီအရင်တစ်ခုရော ပါနေတာလား။'

'နိုင်ငံသားတွေရဲ့ဒီနှစ်ခုပေါင်းစပ်မှုက ကြယ်သုံးပွင့် အကြွင်းအကျန်ရဲ့နောက်ကွယ်မှာ ကျန်ရစ်ခဲ့တဲ့လူမျိုးက အတော်အဆင့်မြင့်တဲ့ ယဉ်ကျေးမှုကို ပိုင်ဆိုင်တာကို ပြနေတာပဲ။ ဒီအချက်အလက်က အရမ်းယဥ်ကျေးမှု မြင့်မားတဲ့သတ္တ၀ါတွေနဲ့ ဝေးကွာသေးတယ်ဆိုပေမယ့် ကမ္ဘာပေါ်က လက်ရှိယဉ်ကျေးမှုထက် အဆများစွာ ပိုမိုဆန်းပြားနေသေးတယ်။"

ထန်ရှု အသက်ပြင်းပြင်း ရှူလိုက်စဥ် ဝင်္ကပါထဲသို့ ဝင်တော့မည့် ကျူးလုံကို တွေ့လိုက်ရသဖြင့် သူ့လက်မောင်းကို အမြန်ဆွဲထားလိုက်ပြီး

“ဒီအကြွင်းအကျန်နေရာက ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ ဒါကြောင့် ကျွန်တော် ဒီလမ်းကို ဦးဆောင်ပါရစေ။ သန်မာတဲ့အာရုံက တစ်ခါတစ်ရံကျရင် အန္တရာယ်တွေကို စောစီးစွာ သိနိုင်တာမို့ အတော် အသုံးဝင်တယ်။”

ထန်ရှုက သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်ချိန်တွင် ကျူးလုံက သူ့လက်မောင်းလွတ်ရန် ရုန်းကန်ခဲ့သော်လည်း ထန်ရှု၏ဆုပ်ကိုင်ထားမှုက သံမဏိညှပ်ဖြင့် ညှပ်ထားသကဲ့သို့ ဖြစ်နေပြီး ရုန်းကန်မှုကြောင့် သူသာ နာကျင်သွားရသည်။ ထန်ရှုသာ သာမန်လူတစ်ယောက်ဖြစ်ပါက သူသည် အလွယ်တကူ လွတ်မြောက်နိုင်ပေသည်။

"သူက အတော် သန်မာသားပဲ။"

ကျူးလုံစိတ်ထဲက သက်ပြင်းချလိုက်ရင်း စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းညိတ်ကာ ထန်ရှုကို ဦးဆောင်ခွင့်ပေးလိုက်သည်။

မီးနတ်ဆိုးသည် ကျူးလုံ၏အနားသို့ ရောက်လာပြီး ထန်ရှု၏နောက်ကျောကို လှမ်းကြည့်ပြီး အသံကို နှိမ့်ကာ

"ခေါင်းဆောင်ကျူးလုံ … ဒီကောင်က အဆင်ပြေရဲ့လား။  ငါတို့ ဒီမှာ အမြောက်စာဇာတ်ကောင် မလိုဘူး။”

“သူက ကောင်းပါတယ်။ သွားကြစို့ … ငါတို့ နောက်တော့ သိရမှာပဲ။ သူနဲ့ အရမ်း၀ေး၀ေးမနေနဲ့။ ရှေ့မှာ အန္တရာယ်တစ်ခုခု ရှိလာရင် သူ့ကို ကယ်တင်ဖို့ ငါတို့ ချက်ချင်းလုပ်ဆောင်နိုင်လိမ့်မယ်။”

ကျူးလုံက ပြောသည်။

ရှေ့ မှသွားနေသော ထန်ရှု၏ခြေ လှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး သူ့အနောက်မှပါလာသော လူလေးဦးကို ကြည့်ကာ

“ဒီမှာ အန္တရာယ်တွေ များနေတာကို ကျွန်တော် ခံစားမိတယ်။ ကြည့်ရတာ ကြောက်စရာကောင်းတဲ့ အရာတစ်ခုကို ကျွန်တော်တို့ ဖြတ်ကျော်ရမယ်နဲ့တူတယ်။ ကျွန်တော့်နောက်ကို လိုက်ပြီး ကျွန်တော် လှမ်းလိုက်တဲ့နေရာတွေကို ကြည့်ပါ … နောက်မကျစေနဲ့။ ကျွန်တော့်ခြေလှမ်းအတိုင်း လိုက်လျှောက်တာတော့ အကောင်းဆုံးပဲ။”

ကျူးလုံသည် သတိကြီးသောလူတစ်ယောက် ဖြစ်ရာ ထန်ရှု ပြောပြီးနောက် သူသည် သတိပေးချက်များကို အာရုံစိုက်ခဲ့သည်။ လျှပ်စီးမိန်းကလေးနှင့် ရေမိန်းကလေးတို့သည် အန္တရာယ်များနှင့် ရင်ဆိုင်ရသည့်အခါ တစ်ခါမှ ဟာသမလုပ်သောသူများပီပီ ပေါ့ပေါ့ဆဆ ပြုမူမည်မဟုတ်ကြောင်း ခေါင်းညိတ်ပြနေသည်။ စစ်သုံးအိတ်နှင့် ငှက်လှောင်အိမ်ကို သယ်လာသော်လည်း ပေါ့ပေါ့ဆဆနှင့် မထီလေးစားလုပ်နေသူကတော့ မီးနတ်ဆိုးဖြစ်သည်။

ရုပ်တုများသည် ပုံမှန်ဘောလုံးကွင်းအရွယ်အစားခန့် ကျယ်ဝန်းသောနေရာတစ်ခုနှင့်အပြည့် ဖြစ်သည်။ ဤရုပ်တုများတွင် လူပုံသဏ္ဍာန်ရှားသော်လည်း ဝံပုလွေ၊ ကျား၊ ကျားသစ်၊ ခို၊ စာငှက်နှင့် မည်သူမျှ မမြင်ဖူးသော အခြားသားရဲပုံစံများအား များစွာတွေ့ရသည်။

"ဟမ်…"

လူငါးဦးအဖွဲ့တွင် အနောက်မှလိုက်လာသော မီးနတ်ဆိုးသည် ရုတ်တရက် မျက်လုံးများ လက်သွားသည်။ သူသည် လက်ဝဲဘက် မီတာအနည်းငယ်အကွာရှိ ရုပ်တုဆီသို့ ချက်ချင်း လျှောက်သွားသည်။ အဆိုပါရုပ်တုသည် တီကောင်နှင့်တူသော်လည်း ၎င်း၏နောက်ကျောတွင် ရောင်စုံမျဉ်းကြောင်းများစွာ ပါရှိပြီး ခြေရှစ်ချောင်းပါရှိသည့် ထူးဆန်းသော သွင်ပြင်အချို့ ရှိသည်။

"မလှုပ်နဲ့…"

ရှေ့တွင် ရှိနေသည့် ထန်ရှုသည် မီးနတ်ဆိုး၏ လှုပ်ရှားမှုကို ကောင်းစွာ သိရှိသည်။ သူက လှည့်ကာ အသံတိုးတိုးဖြင့် အော်ဟစ်ပြီး မီးနတ်ဆိုးဆီသို့ ချက်ချင်း ပြေးသွားလိုက်သည်။ ထန်ရှုကို ဒေါသထွက်စေခဲ့သောအရာမှာ သူ့ခြေထောက် ရွေ့လျားသည်နှင့် အစီအရင်၏မှန်ကန်သော လမ်းကြောင်းကနေ သွေဖယ်သွားကာ သူ့အရှေ့က ရုပ်တု၏အနေအထားသည် ချက်ချင်း ပြောင်းလဲသွားခြင်းဖြစ်သည်။ ထန်ရှု မလှုပ်ရှားတော့ဘဲ သူ့လက်သီးကို အားကုန်သုံးကာ ဘယ်ဘက်သုံးမီတာအကွာရှိ ကြမ်းပြင်ကို ပြင်းပြင်းထန်ထန် ထုရိုက်လိုက်တော့သည်။

ဘန်း…

လေထဲတွင် လှိုင်းများတုန်ခါသွားကာ နေရာသည် တွန့်လိမ်ကောက်ကွေးသွားသည်။ ထန်ရှု၏အရှေ့ရှိ ရုပ်တုသည် သူ့မူလနေရာသို့ ပြန်ရောက်လာပြီး တပြိုင်နက်တည်းမှာပင် လျှပ်စီးတန်းအလား လျှပ်တပြက်အရှိန်ဖြင့် ကြောင်တောင်တောင် ဖြစ်နေသော မီးနတ်ဆိုး၏အရှေ့တွင် ချက်ချင်းဆိုသလို ပေါ်လာသည်။ သူသည် ထိုအကောင်၏ပခုံးကို ဆွဲကိုင်ကာ ရေမိန်းကလေး၏အနောက်သို့ အတင်းဆွဲခေါ်သွားသည်။

“ဘာဖြစ်တာလဲ…”

မီးနတ်ဆိုးသည် ဇ၀ေဇ၀ါအမူအရာဖြင့် ဘေးပတ်လည်ကို ကြည့်ပြီး နောက်ဆုံးတွင် ထန်ရှုကို ကြည့်လိုက်သည်။

“ဒီဒြပ်စင်ပါရမီရှင်အဖွဲ့ဟာ စည်းကမ်းကောင်းပြီး အန္တရာယ်ရှိတဲ့ အကြွင်းအကျန်နေရာထဲ သတိနဲ့လုပ်ဆောင်မယ်လို့ အစက ကျွန်တော် ထင်ခဲ့တယ်။ မင်း ဒီလောက်မောက်မာပြီး မိုက်မဲလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။"

ထန်ရှုက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ “မင်း ဒီနေရာထဲမှာ ထာဝရ လမ်းမပျောက်ချင်ရင် ငါ့အမိန့်ကို နာခံပါ။ ဒါက မင်းအတွက် ပထမဆုံးနဲ့ နောက်ဆုံးသတိပေးချက်ပဲ။ ငါ မင်းကို ကယ်တင်မယ့် ဒုတိယအကြိမ် ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။”

ထိုသို့ပြောပြီးနောက် သူသည် ရေမိန်းကလေး၊ လျှပ်စီးမိန်းကလေး၊ ကျူးလုံတို့ကို လျင်မြန်စွာ ဖြတ်ကျော်သွားကာ ရှေ့ဆုံးနေရာသို့ ပြန်သွားခဲ့သည်။ ထိုသုံးယောက်လုံး ပဟေဠိဖြစ်နေရင်တောင်မှ သူ ဘာမှ ထပ်ရှင်းပြမည်မဟုတ်ပေ။

မီးနတ်ဆိုး၏မျက်နှာသည် ချက်ချင်းပင် နီမြန်းလာပြီး ပြီးခဲ့သောအချိန်က ပြောင်းလဲသွားသည့်မြင်ကွင်းကို ပြန်သတိရကာ အကြောက်တရားသည် သူ့ရင်ထဲတွင် ပေါက်ဖွားလာခဲ့သည်။ သို့သော် ထန်ရှု၏ ပြစ်တင်ရှုံ့ချသော စကားများက သူ့အား အခံရခက်ကာ ရှက်ရွံ့စေသည်။ ထန်ရှု ခုနက လုပ်ခဲ့သောအရာသာ မရှိပါက ထိုသူ့ကို သေအောင် သူ ပါးရိုက်မိပေမည်။

"မင်းအလုပ်ကိုသာ လုပ်စမ်းပါ။ အန္တရာယ် ကြုံလာရင် ကိုယ့်အားကိုယ်ကိုးမယ်။”

မီးနတ်ဆိုးက မကျေမနပ်ဖြင့် ပြောလိုက်သည်။

ထန်ရှုက မီးနတ်ဆိုးကို လျစ်လျူရှုထားပြီး ရှေ့ကို ဆက်လျှောက်နေသည့်တိုင် သည်လူက သူ့အတွေးနှင့်သူ ဆုံးဖြတ်ပြီး သူရွေးချယ်ထားသောလမ်းကနေ နောက်တစ်ခါ ဖယ်ထွက်သွားပါက ဘယ်တော့မှ မကယ်တင်တော့ဘူးဟု တွေးထားသည်။

ကျူးလုံက မျက်မှောင်ကြုတ်ပြီး ထန်ရှု၏နောက်ကျောကို ကြည့်ကာ

"ဘာဖြစ်တာလဲ ထန်ရှု…"

“ခင်ဗျား သိဖို့အတွက်ဆိုရင် ကျွန်တော့်မှာ ထူးခြားတဲ့ စွမ်းရည်တစ်ခု ရှိသေးတယ်။ ဖုန်းရွှေအစီအရင် ခင်းကျင်းမှုကို ကျွန်တော် သိတယ်ဆိုတာပဲ။”

ထန်ရှုက နောက်ပြန်လှည့်မကြည့်ဘဲ ဖြေသည်။ “ဒီနေရာဟာ ရုပ်တုတွေရှိတဲ့ နေရာတစ်ခုနဲ့ တူနိုင်တယ်။ ဒါပေမယ့် အဲ့ဒါကို အစီအရင်ဖွဲ့စည်းမှုပုံစံဖြင့် နေရာချထားတဲ့အပြင် ပိုဆိုးတာက အဲ့ဒါက ဒုက္ခအပေးဆုံး ဝင်္ကပါအစီအရင်ပဲ။ တစ်စုံတစ်ယောက်က အစီအရင်ကို ချိုးဖျက်ဖို့ လုံလောက်တဲ့ ခွန်အားမရှိရင် ဝင်္ကပါထဲ ပိတ်မိနေပြီဆိုတာ ဘယ်တော့မှ မသိနိုင်ဘူး။ ကပ်ဆိုးဘေးကနေ လွတ်မြောက်ဖို့ အခွင့်အလမ်းက မရှိသလောက်ပဲ။”

ဒီနေရာက ဝင်္ကပါလား … ပြီးတော့ သူက အစီအရင်ခင်းကျင်းမှုမှာ ကျွမ်းကျင်တယ်တဲ့လား…

ကျူးလုံ၏မျက်နှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ့ကိုယ်တွင်း၌ အေးစိမ့်သွားရသည်။ ထန်ရှု၏စကားများကြောင့် ဤလူအား အတန်ပင်  နားလည်နိုင်စွမ်းမရှိသည်ကို သူ ဖျတ်ခနဲ သဘောပေါက်သွားစေသည်။

လျှပ်စီးမိန်းကလေးသည် ရေမိန်းကလေးနှင့် အလားတူစွာ ထိတ်လန့်သော အမူအရာဖြင့် အကြည့်ချင်း ဖလှယ်မိကြသည်။ သူတို့အားလုံးသည် ဒြပ်စင်ပါရမီရှင်များ ဖြစ်ကြပြီး ပိုမိုမြင့်မားသော ချိတ်ဆက်မှုများနှင့်အတူ ဖုန်းရွှေအစီအရင် ခင်းကျင်းခြင်းဆိုင်ရာ ဗဟုသုတအချို့ကို လေ့လာသင်ယူခဲ့ဖူးကြရာ ထန်ရှုအား ဖုန်းရွှေ အစီအရင် ခင်းကျင်းခြင်းကို နားလည်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့မိကြပေ။

သူက အတော်အစွမ်းထက်တဲ့ ဖုန်းရွှေ ပညာရှင်တစ်ယောက်များ ဖြစ်နိုင်မလား။

ထိုသို့ဆိုပါက သူတို့၏အကြီးအကဲ သွမ့်မုလင်းသည် ထန်ရှုကို သူတို့၏အဖွဲ့ထဲသို့ အတင်းအကျပ် ထည့်ပြီး ထန်ရှု၏အလွန်အကျွံတောင်းဆိုမှုများကိုပင် လိုက်လျောပေးခဲ့ခြင်းမှာ အံ့သြစရာမရှိတော့ပေ။

သို့သော် မီးနတ်ဆိုး၏အမူအရာသည် သည်အချိန်တွင် ပိုဆိုးသွားခဲ့သည်။ သူ အထင်သေး ရှုတ်ချခဲ့သော ထန်ရှုသည် သူ့ကို တစ်ကြိမ် ကယ်တင်ခဲ့ရသည်။ သူ့မျက်နှာက ဘယ်ထားရမှန်း မသိသလို ခံစားနေရသည်။ ဤလူသည် အစီအရင်ခင်းကျင်းခြင်း၏ အနှစ်သာရကို နားလည်သဘောပေါက်ထားသော ဖုန်းရွှေပညာရှင်တစ်ဦး ဖြစ်မှန်း သိလာရပြီးနောက် ပို၍အရုပ်ဆိုးသွားခဲ့သည်။

ခုနစ်မိနစ်ကျော်ကြာပြီးနောက် ထန်ရှုသည် လူလေးဦးကို ဦးဆောင်ကာ ရုပ်တုများကို ဖြတ်ကျော်လာခဲ့ပြီး သုံးမီတာကျယ်သော လမ်းတစ်ခုသို့ ရောက်ရှိလာသည်။ ထန်ရှုသည် သံမဏိဖြင့် ဖုံးအုပ်ထားသော အရှေ့တံခါးကို ကြည့်လိုက်ပြီး ထိုတံခါး၏အနောက်ဘက် အတွင်းပိုင်းအခြေအနေကို သိရှိရန် သူ၏စိတ်ဝိညာဉ်အာရုံကို ချက်ချင်း လွှတ်လိုက်သည်။

ကျူးလုံသည် ထန်ရှုအား ပဟေဠိဖြစ်နေသော အမူအရာဖြင့် ကြည့်နေသည်။ သူတို့အားလုံး သည်နေရာသို့ လွယ်လွယ်ကူကူ ရောက်လာခဲ့ခြင်းသည် ထန်ရှုကြောင့်မှန်း သူ ကောင်းစွာ သိသည်။ တရုတ်နိုင်ငံသည် ဤကြယ်သုံးပွင့်အကြွင်းအကျန်ကို ရှာဖွေရန် ပထမဆုံးအဖြစ် လူ ၁၀၀ နီးပါးစေလွှတ်ခဲ့ပြီး နောက်ဆုံးတွင် ထိုနေရာထိပင် ရောက်ရှိခဲ့သည်ကို သတိပြုရမည်ဖြစ်သည်။ သို့သော် အသက်ရှင်နေသူ အရေအတွက်မှာ ၂၀ထက်နည်းပြီး ရုပ်တုများ ထားသော ကွင်းပြင်ကို ဖြတ်ကျော်စဥ်တွင် စက်ရုပ်များ တိုက်ခိုက်ခံရပြီးနောက် ၎င်းတို့အနက်မှ တစ်ဦးသာ အသက်ရှင်လွတ်မြောက်ခဲ့သည်။

ထို့ကြောင့် ထန်ရှုအပေါ် သူ၏အထင်သေးမှုသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားချေပြီ။ ထန်ရှု၏ တိုက်ခိုက်ရေးစွမ်းရည်သည် ထိုမျှလောက် ကောင်းလိမ့်မည်မဟုတ်ဟု သူ ယုံကြည်ခဲ့သော်လည်း ထိုသူ၏အထူးစွမ်းရည်များသည် သူတို့အတွက် အရေးတကြီး လိုအပ်နေသည့် အရာများ ဖြစ်သည်။

"ထန်ရှု … ငါတို့ ရှေ့ဆက်သွားချင်တယ်ဆိုရင် ဒီတံခါးကို ဖွင့်ဖို့ နည်းလမ်းရှာရမယ်။ မဟုတ်ရင် ဒီနေရာကို စူးစမ်းလေ့လာဖို့ အားထုတ်မှုက များများစားစား ရရှိမှာ မဟုတ်ဘူး။”

ကျူးလုံ၏အမူအရာသည် တဖျတ်ဖျတ်လက်နေသည်။ တံခါးဖွင့်ရမည့်နည်းလမ်းအား ထန်ရှု ရှာတွေ့နိုင်မည်ဟု သူ အနည်းငယ် မျှော်လင့်ထားသည်။

ထန်ရှုက တည်ငြိမ်သော အပြုံးဖြင့် တုံ့ပြန်လိုက်သည်။ သူသည် ပတ်ဝန်းကျင်ကို သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ကြည့်ရှုပြီးနောက် သံမဏိတံခါးကို ဖွင့်ရန် နည်းလမ်းကို ရှာဖွေနေပြီဖြစ်သည်။ သို့သော်လည်း ဤထူးခြားသောစွမ်းရည်ကို ထုတ်မပြမိစေရန် သူသည် လှည့်ပတ်ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် အရှေ့သံမဏိနံရံတွင် ရေးထိုးထားသော ရှေးဟောင်းသင်္ကေတအချို့၏အရှေ့တွင် ရပ်လိုက်သည်။

၎င်းသည် နဂါးပုံစံ ပုံဖော်ထားသည့် ချိတ်ဆက်ထားသော မျဉ်းများ၏စုစည်းမှုတစ်ခု ဖြစ်သည်။ ဂရုတစိုက် သတိမထားမိပါက နဂါးတွင် မျက်လုံးတစ်ဖက် ပျောက်ဆုံးနေသည်ကို သတိပြုမိမည်မဟုတ်ပေ။ ကျူးလုံနှင့် ကျန်သောသူများ၏ အကြည့်အောက်တွင် ထန်ရှုသည် ပျောက်နေသော မျက်လုံးနေရာဆီသို့ လက်လှမ်းကာ ဖိလိုက်သည်။

ဘိဇ် … တပ် … တပ် …

ကျယ်လောင်သော စက်သံတစ်ခု ထွက်ပေါ်လာပြီး တင်းကျပ်စွာ ပိတ်ထားသော သံမဏိတံခါးသည် အလယ်မှ ဖြည်းညှင်းစွာ ပွင့်လာကာ သူတို့၏ မျက်စိရှေ့တွင် ကျယ်ပြန့်သော စင်္ကြန်လမ်းကို ပေါ်ထွက်လာစေသည်။

ကျူးလုံနှင့်ကျန်သောလူများသည် ထန်ရှုအား ၀မ်းသာအားရ ကြည့်လိုက်ကြသည်။ သို့သော် သူတို့၏ ပျော်ရွှင်နေသော အမူအရာသည် စင်္ကြန်အတွင်းရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်နှင့် ချက်ချင်းပင် တောင့်တင်းသွားကြသည်။ အဆိပ်ပြင်းသော မြွေပွေးများသည် ကြောက်မက်ဖွယ်ကောင်းသော ရန်သူများအတွက် ပြင်ဆင်နေသကဲ့သို့ နိုးနိုးကြားကြား ရှိနေချိန်တွင် ၎င်းတို့၏လမ်းကြောင်းကို ပိတ်ဆို့နေသသည့်အလား မသိစိတ်က ခြေလှမ်းအနည်းငယ်ကို နောက်ပြန်ဆုတ် သွားစေသည်။

ထန်ရှုသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ စင်္ကြန်လမ်း၏ဘေးတစ်ဖက်တစ်ချက်ရှိ စက်ရုပ်များကို ကြည့်နေသည်။ မမျှော်လင့်ဘဲ မီတာဆယ်ဂဏန်းမျှသာ ရှိသော စင်္ကြန်တွင် စက်ရုပ် ၁၈ ကောင် ရှိနေပြီး တစ်ရုပ်စီ၏ခြေရင်းတွင် စက်ရုပ်ခွေးတစ်ရုပ်စီ ပါရှိသည်။

"လျှပ်စီးမိန်းကလေး … ရေမိန်းကလေး … မင်းတို့အလှည့်ပဲ။"

ထန်ရှု ဘေးဖက်ကို လျှောက်သွားပြီး သူ့အမူအရာသည် ပိုမိုတည်ငြိမ်နေပေသည်။

လျှပ်စီးမိန်းကလေးနှင့် ရေမိန်းကလေးသည် အကြည့်ချင်းဖလှယ်ကာ တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြသည်။ တစ်ယောက်က ရေနဂါးများ ဖြစ်ပေါ်လာစေပြီး အခြားတစ်ယောက်က လျှပ်စီးကြောင်းများ တောက်လောင်စေကာ စက်ရုပ်များဆီသို့ လျင်မြန်စွာ တိုက်ခိုက်လိုက်ကြသည်။

ဖျတ် … ဖျတ် … ဖျတ်…

လျှပ်စီးမိန်းကလေးသည် လျှပ်စီးများအား အရပ်မျက်နှာအရပ်ရပ်သို့ ပျံ့လွင့်စေကာ စက်ရုပ်ခွေးများနှင့် စက်ရုပ် ၁၈ရုပ်ဆီသို့ လျှပ်စစ်မီးပွားများ လွင့်စင်သွားကာ ၎င်းတို့အားလုံးကို လျင်မြန်စွာ ပိတ်သွားစေပြီး အနက်ရောင် မီးခိုးများသည် လမ်းအတွင်း၌ ညှော်နံ့ လွင့်ပျံနေစေခဲ့သည်။

ထန်ရှုက ရှေ့ကို ခြေလှမ်းအနည်းငယ်လှမ်းပြီး ပေါ့ပေါ့ပါးပါးလေသံဖြင့်

"သွားရအောင်။ ငါ့ရဲ့ ခန့်မှန်းချက် မှန်ရင် ရှေ့မှာ စိတ်ဝင်စားစရာတွေ ရှိလိမ့်မယ်။”

All Chapters