← Chapters

လေလံပွဲ

Vol. 12 Ch. 125

လေလံပွဲ

Vol. 12 Ch. 125

နောက်ရက်များတွင် စုန့်ဝမ်သည် ပုံမှန်လုပ်ရိုးလုပ်စဉ်များ လုပ်ဆောင်ရင်း နေ့ရက်များကို ကုန်လွန်စေခဲ့သည်။ ဆေးဖော်စပ်ခြင်း၊ ကျင့်ကြံခြင်းနှင့် အဆောင်သခင်အဖြစ် နေထိုင်မှု ပီပြင်စေရန် ရံဖန်ရံခါ မှော်အဆောင်များ ရေးဆွဲခြင်းတို့ကို ပြုလုပ်နေခဲ့သည်။

လဝက်ကျော် ကြာပြီးနောက်၊ အဆင့်မြှင့်ထားသော သွေးချီဆေးလုံး၏ အကူအညီဖြင့် သက်ရှည်ကျင့်စဉ်မှာ ချီစုစည်းခြင်း ပဥ္စမအဆင့်သို့ ချောမွေ့စွာ ရောက်ရှိသွားခဲ့သည်။ စုန့်ဝမ်လည်း အလွန်ပင် ကျေနပ်မိသည်။ သူ့ကျင့်ကြံမှုအရှိန်မှာ အခြားသော လမ်းမှန်ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြန်ဆန်ပြီး၊ တိုးတက်မှုမြန်သည်ဟု နာမည်ကြီးသော နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူ အများစုထက်ပင် သာလွန်နေသည်။

တခါတရံ အိုက်ခွင်း အလည်အပတ် ရောက်လာပြီး စကားစမြည် ပြောလေ့ရှိသည်။ တဖြည်းဖြည်းနှင့် အိုက်ခွင်းတစ်ယောက် ရှောင်လုစီကို မှော်အဆောင်ရေးဆွဲနည်း သင်ပေးသည်ဟူသော အကြောင်းပြချက်ဖြင့် ကျူးမေအိမ်သို့ မကြာခဏ သွားရောက်နေသည်ကို စုန့်ဝမ် သတိပြုမိလိုက်သည်။ အိုက်ခွင်းအနေဖြင့် မုဆိုးမကျူးမေ ပတ်သက်မှုတစ်ခု ဖန်တီးပြီး၊ တာဝန်ယူ စောင့်ရှောက်လိုခြင်း ဖြစ်နိုင်သည်ဟုပင် ထင်မိခဲ့သည်။

တစ်နေ့တွင် အိုက်ခွင်းသည် စိတ်လှုပ်ရှားစွာဖြင့် စုန့်ဝမ်၏ ခြံဝင်းငယ်လေးဆီသို့ ရုတ်တရက် ရောက်ရှိလာသည်။

"မင်း ကြားပြီးပြီလား .. ဟယ်ဟွမ်ဂိုဏ်းက စျေးအလယ်ဗဟိုက အဆောက်အအုံတစ်ခုကို ဝယ်လိုက်ပြီ၊ အရှေ့ဟွာဖန်းစျေးမှာ ဖျော်ဖြေရေးဂေဟာတစ်ခု ဖွင့်တော့မလို့တဲ့”

စုန့်ဝမ်သည် သူ့နားသူ မယုံနိုင်အောင် ဖြစ်သွားသည်။

"ဟယ်ဟွမ်ဂိုဏ်း ဟုတ်လား။ အဓိက လမ်းမှန်းဂိုဏ်းကြီးတွေထဲက ဟယ်ဟွမ်ဂိုဏ်းလား။ တပည့်အားလုံး အမျိုးသမီးတွေချည်းပဲ ရှိတဲ့ဂိုဏ်းလား။ အဲ့လိုဂိုဏ်းက ဖျော်ဖြေရေးဂေဟာ ဖွင့်မှာတဲ့လား။ ခင်ဗျား နားကြားလွဲတာများလား”

စုန့်ဝမ်၏ အံ့သြနေသော အမူအရာကို ကြည့်ရင်း အိုက်ခွင်းက နှာခေါင်းရှုံ့လိုက်သည်။

"မင်းကြည့်ရတာ ဒါမျိုး တစ်ခါမှ မမြင်ဖူးသလိုနဲ့ အံ့သြနေပါလား။ ဟယ်ဟွမ်ဂိုဏ်း ဖျော်ဖြေရေးဂေဟာဖွင့်တာ ဘာမှ အထူးအဆန်းမဟုတ်ဘူး။ အရင်က သူတို့ဂိုဏ်းပိုင်တဲ့ နယ်မြေတွေမှာပဲ ဖွင့်လေ့ရှိတာ။ တခြားအဖွဲ့အစည်းရဲ့ နယ်မြေထဲ လာဖွင့်တာကတော့ ဒါ ပထမဆုံးအကြိမ်ပဲ"

ထင်ရှားကျော်ကြားသော လမ်းမှန်ဂိုဏ်းတစ်ခုသည် ဤကဲ့သို့သော လုပ်ငန်းမျိုးနှင့် ဆက်နွှယ်နေလိမ့်မည်ဟု စုန့်ဝမ်က မယုံနိုင်သေးပေ။ သူ့အမြင်တွင် ပြည့်တန်ဆာအိမ်တစ်ခုသည် လမ်းမှန်ဂိုဏ်းတစ်ခုနှင့် ဆက်စပ်မှု ရှိနေလျှင်ပင်၊ လမ်းမှန်ဂိုဏ်းများသည် ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကို အနည်းဆုံးတော့ ရုပ်ပြကောင်းအောင် ထိန်းသိမ်းလေ့ရှိသ​ဖြင့် လျှို့ဝှက်၍သာ လုပ်ဆောင်လိမ့်မည်။ ယခုလို ဗြောင်ကျကျ လုပ်လိမ့်မည်ဟု လုံးဝထင်မှတ်ထားခြင်း မရှိပေ။

အိုက်ခွင်းကတော့ မျှော်လင့်တောင့်တမှုများဖြင့် ဝမ်းသာနေသည်။

“နောက်ဆုံးတော့ ငါလည်း ဟယ်ဟွမ်ဂိုဏ်းက နတ်သမီးလေးတွေနဲ့ တူနှစ်ကိုယ်ကျင့်စဉ် ကျင့်ကြံနိုင်တော့မယ်”

"ဘာ … ဘာပြောလိုက်တယ်၊ ဟယ်ဟွမ်ဂိုဏ်းရဲ့ ဖျော်ဖြေရေးဂေဟာမှာရှိတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ ဂိုဏ်းတပည့်တွေလား”

စုန့်ဝမ်ခမျာ အံအားသင့်ပြီး ပါးစပ်အဟောင်းသားနှင့် ငုတ်တုတ်မေ့သွားတော့သည်။ ဒါက သူ စိတ်ကူးထားတာထက် လုံးဝကို ကျော်လွန်နေပြီ။

အိုက်ခွင်းကတော့ ​အေးအေးဆေးဆေး ပခုံးတွန့်ပြလိုက်သည်။

“ဒါက သဘာဝကျပါတယ်၊ ဟယ်ဟွမ်ဂိုဏ်း ဖျော်ဖြေရေးဂေဟာ ဖွင့်ရတဲ့ ရည်ရွယ်ချက်က သူတို့တပည့်တွေ တူနှစ်ကိုယ်ကျင့်စဉ်တွေ လျင်လျင်မြန်မြန် လေ့ကျင့်နိုင်ဖို့နဲ့ ကျင့်ကြံမှုကို မြှင့်တင်နိုင်ဖို့ပဲ”

တပည့်တွေ တူနှစ်ကိုယ်ကျင့်စဉ် လေ့ကျင့်နိုင်ဖို့အတွက် ပြည့်တန်ဆာအိမ် ဖွင့်ပေးတယ်တဲ့၊ လမ်းမှန်ဂိုဏ်းတစ်ခုက ဤကဲ့သို့သော အလုပ်မျိုး လုပ်နေသည်ကို စုန့်ဝမ် မယုံနိုင်လောက်အောင် ဖြစ်ရသည်။ နတ်ဆိုးလမ်းစဉ်မှာပင် မည်သည့်ဂိုဏ်းမျှ ဤမျှ ပေါ်ပေါ်ထင်ထင်နှင့် အရှက်မရှိ လုပ်ဆောင်သည်ကို သူ မတွေ့ဖူးပေ။ ဟယ်ဟွမ်ဂိုဏ်း၏ ဂိုဏ်းအတွင်းရှိ တပည့်ပေါင်းထောင်ချီ တပြိုင်တည်း ကျင့်ကြံနေကြလျှင် မည်သို့ရှိမည်နည်းဟု သူ မတွေးဘဲ မနေနိုင်တော့ပေ။

ခဏအကြာတွင် စုန့်ဝမ် ဆက်မတွေးရဲတော့ဘဲ ကျူးမေဘက်သို့ စကားလမ်းကြောင်းကို လှည့်လိုက်သည်။

“ခင်ဗျားက ဟယ်ဟွမ်ဂိုဏ်းရဲ့ တပည့်မတွေကိုပဲ စိတ်ဝင်စားနေတော့ ကျူးမေ့ကရော ဘယ်လိုလဲ”

အိုက်ခွင်း၏ မျက်နှာမှာ တည်ကြည်သွားသည်။

“ဒါက ကျူးမေ့နဲ့ ဘာဆိုင်လို့လဲ။ ငါတို့ ဆက်ဆံရေးက စင်ကြယ်တဲ့ ဝိညာဉ်ကျောက် အပေးအယူကိစ္စသက်သက်ပဲ”

စုန့်ဝမ်သည် အိုက်ခွင်းကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဤအဖိုးကြီးက ဘောင်းဘီပြန်ဝတ်ပြီးသည်နဲ့ တာဝန်မယူချင်တော့သည့် လူယုတ်မာမျိုး ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ဒါမျိုးက ပြည့်တန်ဆာအိမ်မှာပဲ ရှိသင့်တာ မဟုတ်လား။

...

မကြာမီ ကျင့်ကြံသူပေါင်း မြောက်မြားစွာ စောင့်မျှော်နေကြသော အရှေ့ဟွာဖန်းစျေး၏ နှစ်ပတ်လည် လေလံပွဲကြီး နောက်ဆုံးတွင် စတင်ပါတော့သည်။

စုန့်ဝမ်နှင့် အိုက်ခွင်းတို့လည်း လေလံပွဲအဝင်ဝသို့ စောစောစီးစီး ရောက်ရှိလာကြသည်။ လေလံပွဲမှာ နေမွန်းတည့်အချိန်တွင် စတင်ရန် သတ်မှတ်ထားသော်လည်း ယခုပင် အဝင်ဝတွင် လူတန်းရှည်ကြီး ဖြစ်နေချေပြီ။

လူပေါင်း ရာနှင့်ချီရှိနေသော လူတန်းကြီးကို မြင်သောအခါ စုန့်ဝမ် မနေနိုင်တော့ဘဲ မေးလိုက်သည်။

“စီနီယာအိုက် … ငါတို့အတွက် ဝင်ခွင့်လက်မှတ် ရနိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား၊ ဘာလို့ ဒီမှာ တန်းစီနေရတာလဲ။ ဖိတ်စာတွေ သုံးပြီး တန်းဝင်သွားလို့ မရဘူးလား”

အိုက်ခွင်းက ခပ်တည်တည်ဖြင့် ပြန်ဖြေလာသည်။

“ဒီနှစ်က အရင်နှစ်တွေနဲ့ မတူဘူး။ အရင်က လေလွင့်ကျင့်ကြံသူ ဖိတ်စာတွေ ကြိုပြီး ဝေပေးတာ။ သားရဲသခင်ဂိုဏ်းက အဲဒီဖိတ်စာတွေ လေလွင့်ကျင့်ကြံသူတွေလက်ထဲ မရောက်တာ သိသွားလို့ အဲဒီစနစ်ကို ဖျက်လိုက်ပြီ။ ဒီနှစ် စည်းကမ်းတွေ ပြောင်းသွားပြီ။ ဖိတ်စာတွေကို ဒီနေရာမှာပဲ ဝေပေးမှာ။ စောစောရောက်လေ ရဖို့ အခွင့်အရေး ပိုများလေပဲ။ ကံကောင်းတာက ငါ သတင်းကြိုရထားလို့ စောစောလာခဲ့တာ။ ငါတို့ ဖိတ်စာ ရမှာ သေချာပါတယ်”

စုန့်ဝမ်သည် အိုက်ခွင်း၏ အရှက်မရှိမှုကို အံ့သြမိသွားသည်၊ သူက တစ်စုံတစ်ယောက်နှင့် အဆက်အသွယ်ရှိပြီး ဖိတ်စာရမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ ဒီအတိုင်း လူတန်းစီပြီး လေလွင့်ကျင့်ကြံသူဖိတ်စာကို လာယူရုံဖြစ်မည် မထင်ထားခဲ့ပေ။

နှစ်နာရီနီးပါး စောင့်ဆိုင်းပြီးနောက် စုန့်ဝမ်နှင့် အိုက်ခွင်းတို့သည် ဖိတ်စာရရှိပြီး ပွဲကျင်းပရာ ခန်းမအတွင်းသို့ ဝင်ခွင့်ရခဲ့ကြသည်။ သို့သော်လည်း လေလွင့်ကျင့်ကြံသူများ ဖြစ်သည့်အတွက် လေလံပွဲတွင် ပါဝင်ခြင်းမပြုမီ သူတို့၏ ဝိညာဉ်ကျောက်တုံး ပမာဏကို စစ်ဆေးခံရသည်။ စုန့်ဝမ်သည် အိုက်ခွင်းတွင် ဝိညာဉ်ကျောက် တစ်ထောင်ကျော် ပါလာသည်ကို မြင်သောအခါ အနည်းငယ် အံ့သြသွားသည်။ ဤအဖိုးကြီးက ထိုမျှများပြားသော ပမာဏကို မည်သို့ စုဆောင်းထားသနည်းဟု တွေးမရဖြစ်နေတော့သည်။

လေလံခန်းမထဲ ရောက်သောအခါ စုန့်ဝမ်နှင့် အိုက်ခွင်းတို့သည် ပထမထပ်တွင် လွတ်နေသော ထိုင်ခုံနှစ်လုံးတွင် ဝင်ထိုင်ခဲ့သည်။ လေလံခန်းမ၏ ပထမထပ်မှာ လေလွင့်ကျင့်ကြံသူဖိတ်စာ ရသူများအတွက် သီးသန့်ဖြစ်ပြီး၊ အပေါ်ထပ်များတွင်မူ ဝိညာဉ်အာရုံများကို ကာကွယ်ပေးနိုင်သည့် အခန်းငယ်လေးများ ရှိကာ ဖိတ်ကြားခံပုဂ္ဂိုလ်များသာ တက်ရောက်ခွင့်ရှိသည်။

မွန်းတည့်ချိန်အရောက် လေလံပွဲကို တရားဝင် စတင်လိုက်သည်။

နုပျို၍ ဆွဲဆောင်မှုရှိသော အမျိုးသမီးကျင့်ကြံသူတစ်ဦးသည် ပွဲကို စတင်ရန် လေလံစင်မြင့်ပေါ် တက်လာသည်။

ပွဲစသည်နှင့် အမျိုးမျိုးသော မှော်လက်နက်များ၊ ဆေးလုံးများနှင့် ရှားပါးပစ္စည်းများ အပြိုင်အဆိုင် လေလံဆွဲနေကြသည်။ စိတ်ဝင်စားစရာ ပစ္စည်းများစွာ ပါဝင်သော်လည်း စုန့်ဝမ်မှာတော့ ပုန်းကွယ်နေရသော သူ့အခြေအနေကြောင့် လေလံဆွဲ၍ အဆင်မပြေသဖြင့် ပျင်းပြီး အိပ်ပင်ငိုက်လာသည်။

သို့သော် မိုးကြိုးနိယာမကျောက်ဟုခေါ်သော ပစ္စည်းတစ်ခု ပေါ်လာချိန်တွင် ဝိညာဉ်ကျောက်ရှစ်ထောင်ဟု စျေးခေါ်လိုက်သောအသံမှာ လေ့ထျန်းယု၏ အသံဖြစ်ကြောင်း မှတ်မိလိုက်သဖြင့် ရုတ်တရက် စိတ်ဝင်စားသွားခဲ့သည်။

ဒုတိယထပ်ရှိ သီးသန့်အခန်းတစ်ခုအတွင်း၌ လေ့ထျန်းယုနှင့် ခို့ချန်တို့ အတူထိုင်နေကြသည်။

“ညီမလေးခို့၊ မင်းရဲ့ အဇူရာနွားက စတုတ္ထအဆင့် အထွတ်အထိပ် ရောက်နေတာ သုံးနှစ်နီးပါး ရှိပြီ။ ဒီမိုးကြိုးနိယာမကျောက်နဲ့ဆိုရင် သူအဆင့်တက်သွားနိုင်မယ် မဟုတ်လား”

ခို့ချန်း၏ မျက်နှာလှလှလေးတွင် ပျော်ရွှင်မှုများဖြင့် ပြည့်သွားသည်။

“စီနီယာလေ့ .. ဒီမိုးကြိုးနိယာမကျောက်ကို ကျွန်မအတွက် ဝယ်ပေးတာလား”

လေ့ထျန်းယုက ခေါင်းညိတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ဒါပေါ့။ မိုးကြိုးဓာတ် ဝိညာဉ်သားရဲတွေပဲ မိုးကြိုးနိယာမကျောက်ရဲ့ အာနိသင်ကို အမြင့်ဆုံး စုပ်ယူနိုင်တာ။ ငါတို့ လူသားတွေလည်း ဒီကျောက်တုံးကို သန့်စင်နိုင်ပေမယ့် မိုးကြိုးကျင့်စဉ်တွေအပေါ် သက်ရောက်မှုက သိပ်မကြီးမားဘူး”

ခို့ချန် နွေဦးပန်းလေးတစ်ပွင့်အလား လှပစွာ ပြုံးလိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာလေ့၊ စီနီယာက ကျွန်မအပေါ် သိပ်ကောင်းတာပဲ”

နောက်ဆုံးတွင် လေ့ထျန်းယုသည် မိုးကြိုးနိယာမကျောက်ကို ဝိညာဉ်ကျောက် ၉၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။

နောက်ပစ္စည်းမှာ လူအများ စောင့်မျှော်နေကြသည့် အခြေတည်ဆေးလုံးများပင် ဖြစ်သည်။ အခြေတည်ဆေးလုံး သုံးလုံးရှိပြီး အခြေခံဈေးမှာ ဝိညာဉ်ကျောက်တုံး သုံးသောင်း ဖြစ်သည်။ ၎င်းမှာ စုန့်ဝမ် အလောင်းနတ်ဆိုးဂိုဏ်း၏ လေလံပွဲတွင် ကြားခဲ့ရသော ဈေးနှုန်းထက် သိသိသာသာ ပိုမြင့်မားနေသည်။ မိစ္ဆာလမ်းစဉ် လေလံပွဲများတွင် အခြေတည်ဆေးလုံး၏ အမြင့်ဆုံးဈေးမှာ သုံးသောင်းဝန်းကျင်သာ ရှိတတ်သည်။

ခို့ချန်၏ အကြည့်သည် အခြေတည်ဆေးလုံးများ ထည့်ထားသော ကျောက်စိမ်းသေတ္တာပေါ်မှ မခွာနိုင် ဖြစ်နေသည်။ ခဏအကြာတွင် ရွှန်းလဲ့သောအကြည့်ဖြင့် လေ့ထျန်းယုဘက် လှည့်လိုက်ပြီး နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။

“အကိုထျန်းယု .. ကြည့်ပါဦး၊ အခြေတည်ဆေးလုံးတွေပဲ”

ခို့ချန်တစ်ယောက် “စီနီယာလေ့” မှ “အကိုထျန်းယု” သို့ ရုတ်တရက် ပြောင်းလဲသွားသည်။ တကယ်တော့ လွန်ခဲ့သော လအနည်းငယ်က သူမကို အခြေတည်အဆင့် တက်ရောက်နိုင်ရန် ကူညီသည့်အနေဖြင့် အခြေတည်ဆေးလုံး ဝယ်ပေးမည်ဟူသော ကတိပေးခဲ့သည်ကို ပြန်သတိပေးလိုက်ခြင်း ဖြစ်သည်။

လေ့ထျန်းယုကလည်း မမေ့ပါ၊ အနည်းငယ် ပြုံးလိုက်ပြီး သူ၏ ရင်ဘတ်ကို ယုံကြည်မှုရှိရှိ ပုတ်လိုက်သည်။

“ညီမလေးခို့၊ မစိုးရိမ်ပါနဲ့။ ဒီနေ့ မင်းအတွက် အခြေတည်ဆေးလုံးတစ်လုံး ရအောင် ယူပေးမယ်”

ခို့ချန်၏ မျက်နှာမှာ ပျော်ရွှင်မှုဖြင့် ဝင်းပသွားပြီး လေ့ထျန်းယု၏ လက်မောင်းကို ဖက်လိုက်ရာ၊ သူမ၏ ပြည့်ဖြိုးနူးညံ့သော ရင်အစုံမှာ လေ့ထျန်းယု၏ သန်မာသော လက်မောင်းနှင့် ထိကပ်သွားတော့သည်။

“ကျေးဇူးတင်ပါတယ် အကိုထျန်းယု၊ အကိုက တကယ် အံ့သြဖို့ ကောင်းတာပဲ”

အလှတရားကြောင့် ဆင်ခြင်တုံတရားများ ဝေဝါးသွားသည့်အလား လေ့ထျန်းယုသည် ခို့ချန်၏ သွယ်လျသော ခါးလေးကို ဖက်ပြီး

ပြောလိုက်သည်။

“ညီမ မစိုးရိမ်ပါနဲ့။ အခြေတည်ဆေးလုံး တစ်လုံးလောက် ဝယ်ရတာက ငါ့အတွက် စာမဖွဲ့လောက်ပါဘူး”

သို့သော် အခြေတည်ဆေးလုံးကို စိတ်ဝင်စားသူမှာ ခို့ချန်တစ်ယောက်တည်း မဟုတ်ပေ။ ပထမဆုံး အခြေတည်ဆေးလုံး၏ ဈေးနှုန်းမှာ တရှိန်ထိုး တက်လာပြီး မကြာမီမှာပင် ဝိညာဉ်ကျောက်တုံး လေးသောင်းဟူသော အဆမတန် မြင့်မားသည့် ဈေးနှုန်းသို့ ရောက်ရှိသွားသည်။ ထို့အပြင် အကြိတ်အနယ် စျေးပြိုင်ပေးနေဆဲဖြစ်ပြီး ၎င်းမှာ နောက်ဆုံးဈေး မဟုတ်သေးပေ။

ထိုအခါတွင်မှ လေ့ထျန်းယု စိုးရိမ်သွားပြီး ရှက်ကိုးရှက်ကန်းနှင့် ပြောလာသည်။

“ဂျူနီယာညီမလေးခို့၊ ခုနက မိုးကြိုးနိယာမကျောက်ကို ဝယ်လိုက်မိလို့ ငါ့ဆီမှာ ဝိညာဉ်ကျောက်တုံး သုံးသောင်း ရှစ်ထောင်ပဲ ကျန်တော့တယ်။ ဆက်ပြီး လေလံမဆွဲနိုင်တော့ဘူး။ စျေးကလည်း လေးသောင်းကျော်အထိ ရောက်သွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး”

လေ့ထျန်းယု လေလံဆွဲမှု ရပ်လိုက်သောအခါ၊ ခို့ချန်၏ မျက်နှာမှ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး အေးစက်စက် ဖြစ်သွားတော့သည်။ လေ့ထျန်းယုဘက်သို့ လှည့်ကြည့်သော သူမမျက်ဝန်းများတွင် ဖုံးကွယ်၍မရသော စိတ်ပျက်မှုများ ပေါ်လာပြီး မျက်ရည်များပင် ဝိုင်းလာသည်။

ခို့ချန်၏ မျက်ရည်ဝဲနေသော မျက်ဝန်းလေးများကို မြင်သောအခါ လေ့ထျန်းယု တုန်လှုပ်သွားသည်။

“ဂျူနီယာညီမလေးခို့၊ စိတ်မကောင်း မဖြစ်ပါနဲ့။ အခြေတည်ဆေးလုံး နောက်ထပ် နှစ်လုံး ကျန်သေးတယ်၊ ကျန်တဲ့ ဆေးလုံးတွေဆို ဈေးနှုန်းနည်းနည်း လျော့သွားနိုင်ပါတယ်”

ခို့ချန်က ခေါင်းညိတ်ပြပြီး လေလံစင်မြင့်ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

မကြာမီ ပထမဆုံး အခြေတည်ဆေးလုံးကို ဝိညာဉ်ကျောက်တုံး လေးသောင်း သုံးထောင်ဖြင့် ရောင်းချလိုက်ရသည်။ ဒုတိယမြောက် အခြေတည်ဆေးလုံး ရောင်းချိန်တွင် လေ့ထျန်းယု ပြောသကဲ့သို့ ဈေးလျော့မသွားဘဲ၊ အနည်းငယ် ပိုတက်လာကာ ဝိညာဉ်ကျောက်တုံး လေးသောင်း ငါးထောင်ဖြင့် ရောင်းထွက်သွားသည်။

ထို့နောက် တတိယမြောက် အခြေတည်ဆေးလုံးအလှည့် ရောက်ရှိလာသည်။ ဈေးနှုန်းမှာ စဖွင့်စဥ်မှာပင် လေးသောင်းသို့ ရောက်ရှိသွားသည်။

လေ့ထျန်းယုလည်း ခေါင်းငိုက်စိုက်ကျသွားသည်။

“ဂျူနီယာညီမလေးခို့၊ တောင်းပန်ပါတယ်။ မင်းအတွက် အခြေတည်ဆေးလုံး ဝယ်မပေးနိုင်တာ ငါ့အပြစ်ပါ”

သို့သော် ခို့ချန်သည် လေ့ထျန်းယု၏ စကားကို ဂရုမစိုက်ပုံရသည်။ ထိုအစား စင်ပေါ်ရှိ မိန်းမချောလေး ကိုင်ဆောင်ထားသည့် ကျောက်စိမ်းသေတ္တာကိုသာ စိုက်ကြည့်နေသည်။

ခဏမျှ တွေဝေနေပြီးမှ ခို့ချန်သည် အံကိုတင်းတင်းကြိတ်ကာ လေ့ထျန်းယုဘက်သို့ လှည့်၍ ပြောလိုက်သည်။

“စီနီယာလီ၊ ကျွန်မမှာ ဝိညာဉ်ကျောက်တုံး တစ်သောင်း ရှိတယ်။ အဲဒါကို စီနီယာလီကို ပေးမယ်။ ဆက်ပြီး လေလံဆွဲပါ”

လေ့ထျန်းယု အံ့သြဝမ်းသာသွားသည်။

“တကယ်လား”

ခို့ချန်းက လေ့ထျန်းယုလက်မောင်းကို ဖက်လျက် ချိုသာစွာ ပြောလိုက်သည်။

“ဒါပေါ့ .... အကိုတော်ထျန်းယုမှာ ဝိညာဉ်ကျောက်တုံး လိုအပ်နေရင်၊ ဂျူနီယာညီမလေး တစ်ယောက်အနေနဲ့ ကျွန်မက ကူညီရမှာပေါ့”

ခို့ချန်က မျက်နှာပြောင်တိုက် ပြောလာသော်လည်း လေ့ထျန်းယု စိတ်မကွက်ချေ။ ခို့ချန်၏မျက်ဝန်းများကို စိုက်ကြည့်ရင်း နူးညံ့စွာ ပြောလိုက်သည်။

“ညီမလေးခို့၊ မင်းက တကယ်စိတ်ထားကောင်းတဲ့ မိန်းကလေးပဲ”

ခို့ချန်၏ မျက်နှာမှာ နီမြန်းသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့လိုက်သည်။

...

All Chapters