← Chapters

ရဲလျှင် မင်းဖြစ်1

Vol. 12 Ch. 128

ရဲလျှင် မင်းဖြစ်1

Vol. 12 Ch. 128

လေ့ထျန်းယုက ပြောစရာရှိတာ ပြောပြီးသည်နှင့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများနှင့် သူ့သွေးကို အသုံးပြုကာ အစီအရင်ကို စတင် လည်ပတ်စေလိုက်သည်။

သွေးဆုံးရှုံးမှုကြောင့် သူ့မျက်နှာမှာ ဖြူလျော့နေသော်လည်း၊ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ တစ်နှစ်ပတ်လုံး ကြံစည်ခဲ့ရသမျှ ယနေ့တွင် အောင်မြင်မှု အသီးအပွင့်ကို ရိတ်သိမ်းရတော့မည် ဖြစ်သည်။

ရုတ်တရက် သိုလှောင်လက်စွပ်ထဲရှိ ဆက်သွယ်ရေး ကျောက်စိမ်းပြား လှုပ်ရှားသွားသည်ကို သူ ခံစားလိုက်ရသည်။ စစ်ဆေးကြည့်လိုက်သောအခါ သူ့ဦးလေးလေ့ဟုန် ဂူအပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။

လေ့ထျန်းယုလည်း ဂူတံခါးကို ဖွင့်ရန်အတွက် ထိန်းချုပ်အစီအရင်ပြားကို ထုတ်ယူကာ မန္တန် ရွတ်ဆိုလိုက်သည်။ ဂူအဝင်ဝမှာ ရုတ်တရက် ပေါ်လာတော့သည်။ လေ့ဟုန်က ကန်ယွဲ့၏ အလောင်းကို ထမ်းလျက် ဂူထဲသို့ လမ်းလျှောက်ဝင်လာသည်။

လေ့ထျန်းယုလည်း ယခုမှ စိတ်သက်သာရာ ရပြီး သက်ပြင်းချနိုင်တော့သည်။

“ဦးလေး၊ အဲဒီမိန်းမကို သတ်လိုက်ပြီပေါ့”

လေ့ဟုန်က ကန်ယွဲ့၏ အလောင်းကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“သာမန် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ၊ ငါ့လက်ထဲကနေ ဘယ်လိုလုပ် လွတ်နိုင်မှာလဲ”

“ဦးလေး အချိန်ကိုက် ရောက်လာတာပဲ။ ကျနော် အဇူရာနွားလားရဲ့ မိုးကြိုးစွမ်းအားကို ဝါးမြိုနေတုန်း ရုတ်တရက် နိုးလာပြီး ခုခံမှာ စိုးလို့ အစီအရင်ကို စောင့်ကြည့်ပေးပါဦး”

လေ့ဟုန်၏ အေးစက်နေသော မျက်နှာတွင် ရုတ်တရက် အဓိပ္ပာယ်ဖော်ရခက်သော အပြုံးတစ်ခု ရုတ်တရက် ပေါ်လာသည်။

“တူလေးထျန်းယု၊ မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ မင်းရဲ့ ပြတ်သားပုံနဲ့ နည်းလမ်းတွေက တကယ့်ထိပ်တန်းပဲ။ ပြီးတော့ ဒီအခွင့်အရေးကလည်း တကယ်ကောင်းလွန်းတယ်။ ဒါပေမဲ့ အခုတော့ ငါ့အပိုင် ဖြစ်သွားပြီ”

နောက်ဆုံးစကားလုံးကို ပြောပြီးသည်နှင့် တပြိုင်နက် လေ့ဟုန်က အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးလာပြီး၊ အားနည်းနေသော လေ့ထျန်းယုကို တိုက်ခိုက်လိုက်သည်။

လေ့ထျန်းယုမျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှု၊ မယုံကြည်နိုင်မှုများဖြင့် သိသိသာသာ ပြောင်းလဲသွားသည်။ ခုခံရန်အတွက် အလျင်အမြန် ပြင်ဆင်လိုက်သော်လည်း၊ အခြေတည် အစောပိုင်းအဆင့် ရှိသေးသည့်အပြင် လေ့ဟုန်က အခြေတည် နှောင်းပိုင်းအဆင့် ဖြစ်နေသဖြင့် မည်သို့မျှ မယှဉ်နိုင်ပေ။

လေ့ထျန်းယု မန္တန်ပင် မရွတ်ရသေးမီ လေ့ဟုန်၏ လက်သီးက သူ့ဒန်တန်ဆီသို့ အရှိန်ဖြင့် ကျရောက်လာသည်။ လေ့ဟုန်၏ လက်သီးမှာ မိုးကြိုးလျှပ်စီးများဖြင့် တောက်ပနေပြီး၊ ထိုမိုးကြိုးလျှပ်စီးကပင် လေ့ထျန်းယု၏ ဒန်တန်ကို ထိုးဖောက် ချေမှုန်းပစ်လိုက်သည်။ ဒန်တန်အတွင်းရှိ ထူထပ်လှသော ချီစွမ်းအင်များမှာ ကျိုးပေါက်သွားသော ဆည်တစ်ခုအလား အရှိန်အဟုန်ဖြင့် ပြင်ပသို့ စီးထွက်သွားတော့သည်။ ခဏချင်းမှာပင် လေ့ထျန်းယု၏ ကျင့်ကြံမှုအားလုံး ဆုံးရှုံးသွားရပြီး ပြင်းထန်လှသော အတွင်းဒဏ်ရာများကို ရရှိသွားသည်။ ဝိညာဥ်စွမ်းအင်မှာလည်း အကြီးအကျယ် ချည့်နဲ့အားနည်းသွားပါတော့သည်။

လေ့ဟုန်က ပြင်းထန်သောဒဏ်ရာဖြင့် လဲကျသွားသော လေ့ထျန်းယုကို ခပ်ကြမ်းကြမ်း မထူလိုက်သည်။

“တူလေးထျန်းယု၊ မင်းရဲ့ဦးလေးက ငါက ကျင့်ကြံခြင်းလောကရဲ့ အမှန်တရားတွေ အများကြီး သင်ပေးခဲ့ပြီးပြီ။ ဒီနေ့တော့ နောက်ဆုံးနဲ့ အရေးအကြီးဆုံး သင်ခန်းစာကို ငါ သင်ပေးမယ်။ ဘယ်သူ့ကိုမှ မယုံပါနဲ့၊ မိဘတွေ ဒါမှမဟုတ် ဇနီးမယားလိုမျိုး ရင်းနှီးတဲ့ မိသားစုဝင်တွေကိုတောင် မယုံပါနဲ့။ အကျိုးအမြတ်သာ လုံလောက်မယ်ဆိုရင် ဘယ်သူမဆို မင်းကို သစ္စာဖောက်နိုင်တယ်။ နောက်ဘဝကျရင်တော့ .. အိုး မှားလို့၊ မင်းမှာ နောက်ဘဝ မရှိတော့ပါဘူး။ မင်းရဲ့ ဝိညာဉ်က အခုပဲ လွင့်စင်သွားတော့မှာ။ ဟားဟားဟား ...”

စကားဆုံးသည်နှင့် လေ့ဟုန်က လေ့ထျန်းယုကို ခို့ချန်ဘေးတွင် ပစ်ချလိုက်ပြီး ယဇ်ပလ္လင်ဆီသို့ လျှောက်လှမ်းသွားသည်။

ခို့ချန်သည် ဘေးနားတွင် အသက်ငင်နေသော လေ့ထျန်းယုကို ကြည့်ကာ ရူးသွပ်မှုနှင့် ကျေနပ်မှုများ ပြည့်နှက်နေသော အသံဖြင့် ရုတ်တရက် ရယ်မောလိုက်တော့သည်။

“ဟားဟားဟား ... လေ့ထျန်းယု၊ ရှင် အများကြီး ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့ တခြားသူရဲ့ အသုံးချခံ နယ်ရုပ်လေး ဖြစ်သွားရပြီ။ ကိုယ့်ဆွေမျိုးသားချင်းရဲ့ သစ္စာဖောက်တာကို ခံလိုက်ရတာပဲ။ ရှင့်အတွက် တကယ်ကို ထိုက်တန်ပါတယ်။ ကျွန်မထက်တောင် ပိုသနားစရာကောင်းနေသေးတယ်။ ဟားဟားဟား ... အား”

ခို့ချန်၏ ရယ်မောသံမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူ့ရင်ဘတ်တွင် လက်သီးဆုပ်ခန့်ရှိသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး သွေးများစီးကျလာသည်။

“ဆူညံနေတာပဲ”

လေ့ဟုန်က တီးတိုးရေရွတ်ရင်း လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအား တစ်ခုက အသက်ငင်နေသော ခို့ချန်ကို ကျောက်တွင်း လွင့်စင်သွားစေပြီး ကန်ယွဲ့၏ အလောင်းဘေးသို့ ကျရောက်သွားစေသည်။

ခို့ချန်လည်း ဒုတိယစီနီယာအစ်မ၏ အလောင်းကို နောက်ဆုံးတစ်ချက် ကြည့်ပြီးနောက်၊ သူမ၏ မျက်လုံးများ ထာဝရ ပိတ်သွားပါတော့သည်။ တချိန်က ပြိုင်ဘက်များ ဖြစ်ခဲ့ကြသော ထိုနှစ်ဦးမှာ ယခုအခါ ထာဝရ အိပ်စက်ခြင်းတွင် အတူတကွ ရှိနေကြရရှာသည်။

လေ့ထျန်းယုသည် အားယူကာ ထရပ်လိုက်ပြီး အသက်ပြင်းပြင်းရှူလျက် ပြောလိုက်သည်။

“လေ့ဟုန်... မင်းက ကိုယ့်မိသားစုဝင် အချင်းချင်းကို တိုက်ခိုက်နေတာ၊ မိသားစုခေါင်းဆောင်ရဲ့ တိုက်ရိုက်မျိုးဆက် ဖြစ်တဲ့ ငါ့ကို ပစ်မှတ်ထားနေတာ။ ဒါက မှန်တယ်လို့ မင်း ထင်နေတာလား။ မိသားစုနဲ့ ငါ့အဖေက လက်စားချေမှာကို မင်း မကြောက်ဘူးလား”

ယဇ်ပလ္လင်ရှေ့တွင် တင်ပျဉ်ခွေထိုင်နေသော လေ့ဟုန်သည် သူ့လက်များကို ယဇ်ပလ္လင်ပေါ်ရှိ အပေါက်များတွင် တင်လိုက်ပြီး အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“ဟဲဟဲ... မိသားစုတဲ့လား၊ ငါက မိသားစုအတွက် အကြာကြီး အလုပ်အကျွေး ပြုခဲ့တယ်၊ မိသားစုကိစ္စတွေကို ကြိုးကြိုးစားစား စီမံပေးခဲ့တယ်၊ မရေမတွက်နိုင်တဲ့ ဝိညာဉ်ကျောက်တွေနဲ့ ရတနာတွေကို မိသားစုအတွက် စုဆောင်းပေးခဲ့တယ်။ နောက်ဆုံးတော့ ငါ ဘာရခဲ့လဲ။ ငါ့ရဲ့ ကျင့်ကြံမှုပါရမီက မင်းအဖေ လေ့ကျွင်းထက် နည်းနည်းလေး နိမ့်ကျရုံနဲ့၊ ထိပ်တန်း ဝိညာဉ်ပစ္စည်း အားလုံးက သူ့ဆီပဲ ရောက်သွားတယ်၊ ငါကတော့ အကြွင်းအကျန်လေးတွေကိုပဲ ရခဲ့တယ်။ မင်းအဖေက ငါ့ထက် အသက် နှစ်ဆယ်ကျော် ငယ်တယ်။ အခု သူက ရွှေအမြုတေ အလယ်အဆင့်ကို ရောက်နေပြီ၊ ငါကတော့ အသက် နှစ်ရာ ရှိတာတောင် အခြေတည်အဆင့် နှောင်းပိုင်းမှာ ပိတ်မိနေတုန်းပဲ။ ငါသာ မစွန့်စားရင် ရွှေအမြုတေအဆင့်ကို တက်လှမ်းဖို့ အခွင့်အရေး ရမှာ မဟုတ်ဘူး။ ဒါဆို သိပ်မကြာခင် ငါက မြေမှုန့်ပဲ ဖြစ်သွားတော့မှာ”

လေ့ဟုန်က ရှိသမျှ မကျေနပ်မှုအားလုံး လေ့ထျန်းယုပေါ် ပုံချသလို မုန်းတီးတဲ့အကြည့်နဲ့ ကြည့်ရင်း ဆက်ပြောလာတယ်။

“ငါသာ အဇူရာနွားလားဆီက မိုးကြိုးစွမ်းအားကို ဝါးမြိုနိုင်ရင်၊ အဟန့်အတားကို ဖြတ်ကျော်ပြီး အခြေတည် နှောင်းပိုင်းအဆင့် အထွတ်အထိပ်ကို ရောက်နိုင်မယ်၊ ပြီးတော့ ရွှေအမြုတေအဆင့်ကို တက်ရောက်ဖို့ အခွင့်အရေး ရလိမ့်မယ်။ မစိုးရိမ်ပါနဲ့၊ မင်းဆီမှာ ရှိတဲ့ မိုးကြိုးစွမ်းအားတွေကိုလည်း ငါ ဝါးမြိုပေးပါ့မယ်”

ထိုသို့ ပြောပြီးနောက် လေ့ဟုန်သည် လေ့ထျန်းယုကို ဂရုမစိုက်တော့ဘဲ အဇူရာနွားလား၏ မိုးကြိုးစွမ်းအားကို ဝါးမြိုရန်အတွက် မိုးကြိုးကျင့်စဉ်များကို စတင် အသက်သွင်းလိုက်သည်။

ထိုအချိန်တွင် မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်လာပြန်သည်။ ဂူ၏ အနက်ရှိုင်းဆုံးနေရာမှ ငွေရောင်ပုံရိပ်တစ်ခု သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ ထိုပုံရိပ်ထံမှ ထူထပ်လှသော အလောင်းချီ အငွေ့အသက်များနှင့် သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေသည်။ ၎င်းမှာ စုန့်ဝမ်၏ တတိယအဆင့်တစ်ပိုင်း ငွေရောင်အလောင်းရုပ်သေးပင် ဖြစ်သည်။

လေ့ဟုန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ ရင်ထဲတွင် စိုးရိမ်စိတ်များ ပြည့်သွားသည်။ ဤဂူ၏ တည်ရှိမှုကို လေ့မိသားစု၏ အဓိကအဖွဲ့ဝင် အနည်းငယ်သာ သိကြသည်။ သို့ဆိုလျှင် ဤအလောင်းရုပ်သေးက ဘယ်ကရောက်လာသနည်း။ ဂူနဲ့ ယဇ်ပလ္လင်ကို ရှာတွေ့သွားတဲ့ တခြားကျင့်ကြံသူတွေ ရှိနေသလော။

အတွေးများစွာ လှည့်ပတ် ရှုပ်ထွေးနေသော်လည်း၊ လှုပ်ရှားမှုမှာမူ မြန်ဆန်နေဆဲ ဖြစ်သည်။ ငွေရောင်အလောင်းရုပ်သေးမှာ အခြားသော အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူများအတွက် အလွန် အန္တရာယ်ရှိသော်လည်း၊ လေ့မိသားစု၏ အခြေတည်နှောင်းပိုင်း ကျင့်ကြံသူ လေ့ဟုန်အတွက်မူ ၎င်းမှာ အနည်းငယ် ပိုသန်မာသော မိစ္ဆာသတ္တဝါ တစ်ကောင်မျှသာ ဖြစ်သည်။

လေ့မိသားစု၏ အဆင့်မြင့် မိုးကြိုးကျင့်စဉ်ရှေ့တွင် မိစ္ဆာသတ္တဝါ အားလုံး ပျောက်ကွယ်သွားရမည် ဖြစ်သည်။

“မဟာဂူမိုးကြိုး”

သက်တံတစ်ခုအလား ကောက်ကွေးနေသော လျှပ်စီးတစ်ချက်မှာ လေထုထဲတွင် ပေါ်လာပြီး ဂူတစ်ခုလုံးကို လင်းထိန်သွားစေသည်။

“ဝုန်းးး”

ထိုလျှပ်စီးမှာ အလောင်းရုပ်သေးကို ထိမှန်သွားပြီး ငွေရောင်အလင်းများဖြင့် လွှမ်းခြုံသွားစေသည်။

ငွေရောင်အလောင်းရုပ်သေး၏ ကျောက်ခဲကဲ့သို့ မာကျောသော အသားများကို မိုးကြိုးလျှပ်စီးက ထိုးဖောက်လိုက်သဖြင့် အသားများ လွင့်စင်သွားပြီး ငွေရောင် တောက်ပနေသော အရိုးစုကြီးပင် ပေါ်လာသည်။ ငွေရောင်အလောင်းရုပ်သေးမှာ မိုးကြိုး၏ ပြင်းထန်သောအားကြောင့် နောက်သို့ လွင့်ထွက်သွားသည်။

လေ့ဟုန် အသက်ရှူချိန်ပင် မရလိုက်၊ အခြားပုံရိပ်တစ်ခုက ပြေးဝင်လာပြန်သည်။ ထိုပုံရိပ်မှာ ထူထပ်လှသော သွေးညှီနံ့များနှင့် ယင်စွမ်းအင်များဖြင့် လွှမ်းခြုံထားပြီး၊ ဆယ်ပေခန့် ရှည်လျားကာ အလံငယ် ရှစ်ခု ပါဝင်သော ဝိညာဥ်အလံကို ကိုင်ဆောင်ထားသည်။

စုန့်ဝမ်သည် သွေးလွတ်မြောက်နည်းစနစ်၏ ပထမအဆင့်ကို အသုံးပြုကာ ဝိညာဥ်အလံ၏ စွမ်းအားဖြင့် အလွန်လျင်မြန်စွာ လှုပ်ရှားလျက် လေ့ဟုန်ထံသို့ ချဉ်းကပ်လာသည်။ ငွေရောင်အလောင်းရုပ်သေးက အာရုံလွှဲပေးထားခြင်းကို အခွင့်ကောင်းယူကာ လေ့ဟုန်အနားသို့ အောင်မြင်စွာ ရောက်ရှိသွားသည်။

ဝိညာဥ်အလံကို ဝှေ့ယမ်းလိုက်ရာ၊ အခြေတည် နှောင်းပိုင်းအဆင့်နှင့် ညီမျှသော တစ္ဆေစစ်သူကြီးနှစ်ဦးမှာ အဆုံးမဲ့ ယင်လေပြင်းများနှင့် တစ္ဆေစွမ်းအင်များ ခြံရံလျက် ပေါ်လာတော့သည်။ မိုးကြိုးကျင့်စဉ်များမှာ တစ္ဆေများအပေါ် အလွန်အစွမ်းထက်သဖြင့် တစ္ဆေအလံအတွင်းရှိ အခြားတစ္ဆေများကို မဆင့်ခေါ်ခဲ့၊ မိုးကြိုးကျင့်စဉ်များရှေ့တွင် ထိုတစ္ဆေငယ်များမှာ အသုံးမဝင်ပေ။

“ဟွန်း .. တစ္ဆေလေးတွေပဲ၊ ငါ့ကို ဘာလုပ်နိုင်မှာလဲ”

လေ့ဟုန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အခြား မိုးကြိုးမန္တန်တစ်ခုကို ရွတ်ဆိုရန် ပြင်လိုက်သည်။

ထိအခိုက်မှာပင် အေးစက်သော အလင်းတန်းတစ်ခု လေ့ဟုန် မျက်နှာဆီသို့ ပစ်လွှင့်လာသည်။

“ကလေးကလားနည်းလမ်းတွေပဲ”

လေ့ဟုန်ရှေ့တွင် မိုးကြိုးလုံးတစ်ခု ဖြစ်ပေါ်လာပြီး၊ ၎င်းမှာ အေးခဲလဓားကို တားဆီးပေးသည့် ဒိုင်းငယ်တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

“မဟာဂူမိုးကြိုး ... ကျဆင်းစမ်း”

မိုးကြိုးလျှပ်စီးမှာ ထပ်မံ ပေါ်လာပြန်ပြီး မျက်နှာပြာ တစ္ဆေစစ်သူကြီးထံသို့ ဦးတည်သွားသည်။ လျှပ်စီးမှာ ယင်စွမ်းအင်အလွှာများကို ဖြိုခွဲကာ မျက်နှာပြာ တစ္ဆေစစ်သူကြီးကို ထိမှန်သွားသည်။

တစ္ဆေစစ်သူကြီးမှာ ပူပြင်းလှသော နေရောင်အောက်မှ နှင်းခဲအလား အရည်ပျော်သွားပြီး၊ ချက်ချင်းပင် မြေမှုန့်အဖြစ် ပြောင်းလဲကာ ပြာလဲ့လဲ့ မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားတော့သည်။

ဤအချိန်တွင် စုန့်ဝမ်နှင့် ကျန်ရှိသော တစ္ဆေစစ်သူကြီးမှာ လေ့ဟုန်၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။ စုန့်ဝမ်၏ ခြောက်ကပ်နေသော ဖုတ်ကောင်လက်သည်းများက လေ့ဟုန်ကို ဖမ်းဆုပ်ရန် လှမ်းလိုက်သည်။

လေ့ဟုန်၏ ရှေ့မှ မိုးကြိုးဒိုင်းငယ်မှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး၊ ဖုတ်ကောင်လက်သည်းများကို ပတ်ပတ်လည် ဝိုင်းရံထားသော မရေမတွက်နိုင်သည့် လျှပ်စီးတန်းငယ်လေးများအဖြစ် ပြောင်းလဲသွားသည်။

စုန့်ဝမ်၏ ကိုယ်ပေါ်တွင် ကြီးမားသော ကြေးနီဒိုင်းတစ်ခု ချက်ချင်း ပေါ်လာပြီး တောက်ပသွားသည်။ မိုးကြိုးမှာ ကြေးနီဒိုင်းကို ထိမှန်သွားပြီး ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ ကြေးနီဒိုင်းမှာ ကြေမွသွားပြီး မိုးကြိုးမှာလည်း လုံးဝ ပျောက်ကွယ်သွားသည်။ စုန့်ဝမ်မှာမူ ထိုပြင်းထန်သော စွမ်းအင်များကြောင့် နောက်သို့ လွင့်ထွက်သွားတော့သည်။

စုန့်ဝမ် နောက်သို့ လွင့်သွားသော်လည်း ဆံပင်နီတစ္ဆေစစ်သူကြီးနှင့် အေးခဲလဓားတို့က ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။ ဆံပင်နီတစ္ဆေစစ်သူကြီးက လေ့ဟုန်၏ ခါးကို ဘေးဘက်မှ ကုတ်ဖဲ့လိုက်သည်။ အေးခဲလဓားမှာမူ လေ့ဟုန်၏ ဦးခေါင်းကို တိုက်ခိုက်လာသည်။

လေ့ဟုန်၏ လက်ထဲတွင် လျှပ်စီးများ လက်ကနဲ ဖြစ်သွားပြီး ဆံပင်နီတစ္ဆေစစ်သူကြီးကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ တပြိုင်တည်းမှာ အစိမ်းရောင်ဓားတစ်လက် ထွက်ပေါ်လာပြီး အေးခဲလဓားဆီသို့ ပျံတက်သွားသည်။

“ချွမ်း ...”

ဓားနှစ်လက် ထိ​တွေ့မိသည်နဲ့ အေးခဲလဓားမှာ အဝေးသို့ လွင့်စင်ထွက်ပြီး ပျောက်ကွယ်သွားသည်။

ဆံပင်နီတစ္ဆေစစ်သူကြီး၏ လက်သည်းက လေ့ဟုန်၏ ဘေးနံဘက်သို့ ကုတ်မိသွားရာ အသားစများ စုတ်ပြဲပြတ်ပါသွားပြီး နီရဲနေသော ကိုယ်တွင်းအင်္ဂါများပင် ပေါ်လာသည်။

လေ့ဟုန်၏ လက်ဝါးကလည်း ဆံပင်နီတစ္ဆေစစ်သူကြီး၏ မျက်နှာကို ရိုက်မိသွားရာ၊ မိုးကြိုးလျှပ်စီးအရှိန်ဖြင့် လွင့်ထွက်သွားစေသည်။ တစ္ဆေစွမ်းအင်များ ပျံ့လွင့်သွားပြီး တစ္ဆေစစ်သူကြီး၏ဝိညာဉ်ပင် လွင့်ပြယ်မတတ် ဖြစ်သွားသည်။

စုန့်ဝမ်လည်း လေ့ဟုန်၏ စွမ်းအားကို အံ့သြသွားပြီး၊ နည်းလမ်းအားလုံးကို သုံးခဲ့သော်လည်း အနိုင်မတိုက်နိုင်ကြောင်း သဘောပေါက်လိုက်သည်။ သို့သော် ယခုအချိန်မှာ နောက်ဆုတ်ရမည့် အချိန်မဟုတ်ပေ။ နောက်ပြန်လှည့်၍လည်း မရတော့ပေ။ အသက်ချင်းလဲ၍ အဆုံးထိတိုက်ရန်သာ ရှိတော့သည်။

စုန့်ဝမ်သည် ကြေးနီဒိုင်း အကာအကွယ်ဖြင့် ရှေ့သို့ တိုးဝင်လိုက်သည်၊ သူနှင့်အတူ အသားများစွာ ဆုံးရှုံးသွားပြီး အရိုးစုကြီး ပေါ်နေသော ငွေရောင်အလောင်းရုပ်သေးမှလည်း တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ဤအချိန်တွင် လေ့ဟုန်မှာလည်း အတော်ပင် ဒုက္ခများနေသည်။ ဆံပင်နီတစ္ဆေစစ်သူကြီး၏ လက်သည်းမှာ သူ့အသားများကို ဆွဲခွာသွားရုံတင်မကဘဲ၊ ကိုယ်အတွင်းသို့ ယင်စွမ်းအင် အမြောက်အမြားကိုပါ ထိုးသွင်းလိုက်သဖြင့် ထိုစွမ်းအင်က အတွင်းအင်္ဂါများကို လျင်မြန်စွာ တိုက်စားနေသည်ကို အသည်းအသန် ထိန်းချုပ်နေရသည်။

သူသည် စုန့်ဝမ်၏ တရစပ် တိုက်ခိုက်မှုများကို ခုခံရင်း၊ တစ်ဖက်တွင်လည်း ကိုယ်တွင်းရှိ တစ္ဆေစွမ်းအင်များကို ဖယ်ရှားရန် သူ့ဝိညာဉ်စွမ်းအားကို အဆက်မပြတ် သုံးနေရသည်။

“မဟာဂူမိုးကြိုး”

မိုးကြိုးမှာ ထပ်မံ ဖြစ်ပေါ်လာသော်လည်း၊ တိုက်ခိုက်တော့မည့် ဆဲဆဲမှာပင် ရုတ်တရက် ပျက်ပြယ်သွားသည်။ လေ့ဟုန်လည်း အလွန်အမင်း နာကျင်ဟန်ဖြင့် မျက်နှာရှုံ့မဲ့သွားပြီး လက်တစ်ဖက်ဖြင့် ဘယ်ဘက်ရင်အုံကို ဖိလိုက်မိသည်။

မိုးကြိုးမန္တန်ကို အသက်သွင်းနေစဉ်တွင် သူ၏ နှလုံးနေရာမှ စူးရှသော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသဖြင့် မန္တန် ရွတ်ဆိုမှု ပြတ်တောက်သွားခြင်း ဖြစ်သည်။ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ၊ သေးငယ်သော ကူပိုးကောင်လေး နှစ်ကောင်မှာ သူ့နှလုံးကို တွယ်ကပ်နေပြီး၊ အတွင်းထဲသို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် ကြိုးစားနေကြသည်ကို တွေ့လိုက်ရသည်။

လေ့ဟုန် ထိတ်လန့်သွားပြီး ကူပိုးကောင် နှစ်ကောင်ကို ချေမှုန်းရန် ဝိညာဉ်စွမ်းအားကို အလျင်အမြန် အသုံးပြုလိုက်ရသည်။

သို့သော် စုန့်ဝမ်ကလည်း ဤအဖိုးတန် အခွင့်အရေးကို လက်လွတ်မခံပေ။ အေးခဲလဓားက လေ့ဟုန်၏ ဦးခေါင်းနောက်ဘက်သို့ တိုးဝင်လာပြီး၊ စုန့်ဝမ်ကိုယ်တိုင်က ဓားပျံကို ကိုင်ဆောင်လျက် လေ့ဟုန်၏ မျက်နှာဆီသို့ တိုက်ရိုက် ထိုးသွင်းလိုက်သည်။ ငွေရောင်အလောင်းရုပ်သေးကလည်း ကျန်ရှိနေသော အရိုးလက်များကို ဝှေ့ယမ်းလျက် လေ့ဟုန်၏ ဘယ်ဘက်ဘေးမှ ခုန်အုပ်၍ တိုက်ခိုက်လိုက်သည်။ ဒဏ်ရာရနေသော ဆံနီတစ္ဆေစစ်သူကြီးမှာလည်း ညာဘက်မှ ပြေးဝင်လာပြန်သည်။

အရပ်မျက်နှာ အားလုံးမှ ဝိုင်းရံပိတ်ဆို့ခြင်း ခံလိုက်ရသော လေ့ဟုန်သည် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

“မိုးကြိုးဖောက်ခွဲခြင်း”

ချက်ချင်းဆိုသလို လေ့ဟုန်၏ ကိုယ်ပေါ်မှ မိုးကြိုး အမြောက်အမြား ပေါက်ကွဲထွက်လာပြီး၊ မိုးကြိုးများ ဝိုင်းရံထားသော ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးအလား ဖြစ်သွားစေသည်။

ပထမဆုံး ထိမှန်ခံရသည်မှာ သူ့ကိုယ်တွင်းရှိ ကူပိုးကောင် နှစ်ကောင် ဖြစ်ပြီး၊ မိုးကြိုးလျှပ်စီး စွမ်းအားကြောင့် ချက်ချင်းပင် ကြေမွသွားတော့သည်။ ဆင်ခြင်ဥာဏ် နည်းပါးလွန်းလှသော တစ္ဆေစစ်သူကြီးများမှာ ချက်ချင်းပင် လှည့်၍ ထွက်ပြေးပါတော့သည်။ သိစိတ်မရှိသော ငွေရောင်အလောင်းရုပ်သေးပင် ရှေ့မတိုးဘဲ ရပ်တန့်သွားသည်။ သို့သော် ၎င်းမှာ တစ္ဆေတစ်ကောင်ကဲ့သို့ ဖျတ်လတ်မှု မရှိသဖြင့် ၎င်း၏ လှုပ်ရှားမှုများမှာ တစ်လှမ်း နောက်ကျသွားသည်။

လေ့ဟုန်ထံမှ ထွက်ပေါ်လာသော မရေမတွက်နိုင်သော မိုးကြိုးများမှာ ငွေရောင်အလောင်းရုပ်သေးကို ထိမှန်ပြီး အဝေးသို့ လွင့်ထွက်သွားစေသည်။ အေးခဲလဓားမှာလည်း ပြင်းထန်လှသော မိုးကြိုးစွမ်းအား ထိမှန်ခံရပြီး အဝေးသို့ လွင့်စင်သွားပြန်သည်။

စုန့်ဝမ် တစ်ယောက်သာလျှင် နောက်မဆုတ်ဘဲ ရှေ့သို့ ဆက်လက် တိုးဝင်နေပါတော့သည်။

...............

All Chapters