← Chapters

မိုးကြိုးစွမ်းအင် စုဆောင်းပြီ

Vol. 12 Ch. 129

မိုးကြိုးစွမ်းအင် စုဆောင်းပြီ

Vol. 12 Ch. 129

“ဂျိမ်း ..”

“ဘုန်း..”

ကြေးနီဒိုင်းကို မိုးကြိုးများ ထိမှန်သွားရာ ဒိုင်းကြီးမှာ အစိမ်းရောင်များ တောက်ပလာပြီး၊ ခဏအကြာတွင် ပေါက်ကွဲ ပျက်ပြယ်သွားသည်။

ထိုခဏတာ အချိန်လေးက စုန့်ဝမ်အား ဓားတိုက်ကွက်ကို ပြင်ဆင်ရန် အချိန်ရစေခဲ့သည်။ မိုးကြိုးလျှပ်စီးများ အဆက်မပြတ် စီးဆင်းနေသည့်ကြားမှ လေ့ဟုန်၏ လည်ပင်းတည့်တည့်ဆီ ဓားဖြင့် ထိုးသွင်းလိုက်သည်။

'မိုးကြိုးဖောက်ခွဲနည်းစနစ်ကို အသုံးပြုရန် ဝိညာဉ်စွမ်းအင် အားလုံးနီးပါး ထုတ်သုံးလိုက်ရသဖြင့် လေ့ဟုန်မှာ အားအင်ကုန်ခမ်းလုနီးပါး ဖြစ်နေသည်။

မရှောင်နိုင်သည့်အဆုံး လေ့ဟုန်လည်း သူသေကိုယ်သေတိုက်ကွက်ဖြင့် တစ်ဖက်လူ နောက်ဆုတ်သွားစေရန် ဖိအားပေးဖို့ ဆုံးဖြတ်လိုက်သည်။ အတွေးတစ်ချက်ဖြင့် လေ့ဟုန်ရှေ့တွင် ဓားတစ်လက် ပေါ်လာပြီး စုန့်ဝမ်၏ ရင်ဘတ်ဆီသို့ တိုးဝင်သွားသည်။ ရန်သူက သူကိုယ်တိုင် အသေခံ၍ ဆက်တိုက်ခိုက်မည်ဟု လေ့ဟုန် မယုံပေ။

သို့သော် သူ့အတွေး လွဲမှားသွားပြီဖြစ်ကြောင်း မျက်တောင်တစ်ခတ်စာအတွင်း သိလိုက်ရပါတော့သည်။

စုန့်ဝမ်သည် ဓားကို ရှောင်တိမ်းခြင်း မပြုဘဲ သူ့ရင်ဘတ်သို့ ထိုးစိုက်ခံလိုက်သည်။ တစ်ချိန်တည်းမှာပင် စုန့်ဝမ်၏ ဓားသည် လေ့ဟုန်၏ လည်ချောင်းကို ထိုးဖောက်သွားပြီး ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲရာမှ လေ့ဟုန်၏လည်ပင်း အပိုင်းပိုင်းအစစ ဖြစ်သွားသည်။ ဦးခေါင်းမှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး လိမ့်ထွက်သွားသည်။ လေ့ဟုန်၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်နေပြီး သေသည့်တိုင်အောင် မျက်စိမပိတ်နိုင်ခဲ့ပေ။

စုန့်ဝမ်မှာလည်း လီဟုန်၏ ဓားရှည်ဖြင့် အထိုးခံခဲ့ရပြီး၊ ထက်မြက်လှသော ဓားချီကြောင့် သူ၏ ရင်ဘတ်တစ်ဝက်မှာ ကြေမွသွားခဲ့သည်။ သို့သော် ဓားဖျားနှင့် ထိတွေ့ချိန်တွင် ရုပ်သေးအစားထိုးပညာကို အတွေးတစ်ချက်ဖြင့် အသက်သွင်းပြီး မူလခန္ဓာအစစ်က ၁၀ ပေခန့်အကွာတွင် ဒဏ်ရာတစ်စုံတစ်ရာ မရဘဲ ပြန်ပေါ်လာသည်။

စုန့်ဝမ်လည်း ချက်ချင်းဆိုသလို လေ့ဟုန်၏ ဦးခေါင်းကို ကောက်ယူပြီး လေ့ဟုန်၏ခန္ဓာကိုယ်ကို ဖမ်ထိန်းရင်း သွေးအဆီအနှစ်နှင့် ဝိညာဉ်ကို ဝါးမြိုလိုက်သည်။ ထို့နောက် လက်မှ သိုလှောင်လက်စွပ်ကို ချွတ်ယူလိုက်ပြီး ခန္ဓာကိုယ်ကို ရှာဖွေလိုက်သည်။ ရှာဖွေရင်း အခြားသိုလှောင်လက်စွပ် တစ်ကွင်းကိုပါ တွေ့ရှိခဲ့သည်၊ ၎င်းမှာ မူလက ကန်ယွဲ့၏ လက်စွပ်ဖြစ်သည်။

စစ်ဆေးပြီးသည်နှင့် မီးတောက်အဆောင် သုံးပြီး လေ့ဟုန်၏ အလောင်းကို ပြာချလိုက်သည်။ အလောင်းကို ချန်မထားနိုင်သလို အလောင်းရုပ်သေး ပြုလုပ်ရန်လည်း သိမ်းမထားရဲပေ။

လေ့ဟုန်ကိစ္စ လက်စသတ်ပြီးသည်နှင့် ယဇ်ပလ္လင်ဆီသို့ ချဉ်းကပ်သွားသည်။ တိုက်ပွဲအရှိန်ကြောင့် ကျောက်တုံးကြီးများ ကြေမွကုန်ပြီး၊ ဂူမျက်နှာကျက်မှ ကျောက်တုံးကြီးများပင် ပြုတ်ကျခဲ့သော်လည်း ယဇ်ပလ္လင်နှင့် မြေပြင်ပေါ်ရှိ အစီအရင်မှာမူ လုံးဝ ပျက်စီးခြင်းမရှိဘဲ နဂိုအတိုင်း ရှိနေသည်မှာ အလွန်ပင် ထူးခြားလှသည်။

ချုပ်နှောင်ခံထားရသော အဇူရာနွားလားမှာ အဆင့်တက်ခြင်း ပြီးဆုံးခါနီးသောကြောင့်လား၊ တိုက်ပွဲ၏ ရိုက်ခတ်မှုကြောင့်လား ဝေခွဲမရသော်လည်း နိုးထလာတော့မည့် အရိပ်အယောင်များ ပြသနေသည်။ ခန္ဓာကိုယ်မှာ ဖြည်းညှင်းစွာ လှုပ်ရှားလာသည်။ သို့သော် လေ့ထျန်းယု ချည်နှောင်ထားခဲ့သော ဝိညာဥ်လက်နက်သံကြိုး၏ ချုပ်နှောင်မှုအောက်မှ ရုန်းမထွက်နိုင်သေးပေ။ သို့သော် စုန့်ဝမ်အတွက် အချိန်သိပ်မကျန်တော့ပေ။

ထို့ကြောင့် ချက်ချင်းပင် လေ့ဟုန် ထိုင်ခဲ့သောနေရာတွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ယဇ်ပလ္လင်၏ ကျောက်နံရံရှိ အပေါက်များထဲသို့ သူ့လက်များကို ထည့်လိုက်သည်။ အချိန်ခဏ ကြာသွားသော်လည်း ယဇ်ပလ္လင်မှာ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ စုန့်ဝမ် စိုးရိမ်သွားသည်။ သူ့အနေဖြင့် လေ့ဟုန်ကို သတ်ရန် ကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။ တစ္ဆေစစ်သူကြီးတစ်ကောင် သေဆုံးသွားခဲ့ပြီ၊ ဆံပင်နီတစ္ဆေစစ်သူကြီးနှင့် ငွေရောင်အလောင်းရုပ်သေးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်၊ ထို့ပြင် အစားထိုးရုပ်သေးတစ်ခုလည်း ဆုံးရှုံးခဲ့ရသည်။ အဇူရာနွားလား၏ မိုးကြိုးစွမ်းအားကို မဝါးမြိုနိုင်လျှင် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။

စုန့်ဝမ် အခက်တွေ့နေချိန် မြေပြင်ပေါ်၌ လဲလျောင်းနေသော လေ့ထျန်းယုက ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ကောင်းတယ် .. လေ့ဟုန်လို ကျေးဇူးကန်းတဲ့ ကောင်က သေသင့်တယ်။ ဒါပေမဲ့ မင်း ငါတို့လေ့မိသားစုရဲ့ ယဇ်ပလ္လင်ကို လုယူချင်တယ်ဆိုရင်တော့ အဲဒါ မဖြစ်နိုင်ဘူး။ လေ့မိသားစုဝင်တွေပဲ ဒီယဇ်ပလ္လင်ကို လှုပ်ရှားအောင် လုပ်နိုင်တာ။ ငါ့ကို လွှတ်ပေးပြီး၊ လေ့မိသားစုဆီ ခေါ်သွားပေး။ မင်းကို ကျေနပ်လောက်မယ့် ကျင့်ကြံခြင်း အရင်းအမြစ်တွေ ပေးမယ်”

စုန့်ဝမ်က ထရပ်ပြီး လေ့ထျန်းယုအနားသို့ ချဥ်းကပ်သွားကာ အေးစက်စွာ ပြောလိုက်သည်။

“ဒန်တန်ပျက်စီးသွားတဲ့ အမှိုက်ကောင်က လေ့မိသားစုကပါလို့ ပြောရဲသေးတယ်ပေါ့”

ပြောပြောဆိုဆို စုန့်ဝမ်လက်က လျင်မြန်စွာ လှုပ်ရှားသွားပြီး လေ့ထျန်းယု၏ ဦးခေါင်းကို ဖမ်းဆုပ်လိုက်သည်။

“မလုပ်ပါနဲ့ .. ငါ့မိသားစုမှာ ဒန်တန်ကို ပြန်ပြင်နိုင်တဲ့ ရတနာတွေ ရှိ...”

လေ့ထျန်းယု စကားမဆုံးမီမှာပင် သူ့ဦးနှောက်ထဲသို့ ပြင်းထန်သော ဝိညာဉ်စွမ်းအားတစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရရာ သူ၏ စိတ်မှာ ချက်ချင်းပင် ဖရိုဖရဲဖြစ်ပြီး သတိလစ်သွားတော့သည်။

ခဏအကြာတွင် စုန့်ဝမ်သည် လက်ကို လွှတ်လိုက်ပြီး ယဇ်ပလ္လင်ဆီသို့ ပြန်လှည့်သွားသွားသည်။ သူက လေ့ထျန်းယုကို သတ်မည့်အစား ဝိညာဉ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ရရှိလာသော မှတ်ဥာဏ်များအရ ယဇ်ပလ္လင်ကို လှုပ်ရှားစေရန်အတွက် ၎င်းအတွင်းသို့ မိုးကြိုးစွမ်းအားများ ထည့်သွင်းပေးရန် လိုအပ်ကြောင်း သိရှိခဲ့ရသည်။

စုန့်ဝမ်သည် ယဇ်ပလ္လင်ရှေ့တွင် ပြန်ထိုင်လိုက်ပြီး သူ့လက်များကို ယဇ်ပလ္လင်ပေါ်သို့ ဖိကာ မိုးကြိုးလက်ဝါးမန္တန်ကျကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ သေးငယ်သော လျှပ်စီးတစ်ခုမှာ သူ့လက်ဝါးမှ ထွက်ပေါ်လာပြီး ယဇ်ပလ္လင်ထဲသို့ စီးဝင်သွားသည်။

ယဇ်ပလ္လင်မှာ တဖြည်းဖြည်းနှင့် ငွေရောင်အလင်းများ တောက်ပလာပြီး သေးငယ်သော ငွေရောင်မြွေများစွာမှာ ယဇ်ပလ္လင်ပေါ်တွင် တစ်ချက်တစ်ချက် ပေါ်လာသည်။ သို့သော် စုန့်ဝမ်၏ မိုးကြိုးစွမ်းအားမှာ အတော်လေး အားနည်းသည်။ ဆယ်ကြိမ်ခန့် ထပ်ခါတလဲလဲ ကြိုးစားပြီးနောက်တွင်မှ ယဇ်ပလ္လင်ဆီမှ တောက်ပသော ငွေရောင်အလင်းများကို ထုတ်လွှတ်လာတော့သည်။

ထိုအခိုက်အတန့်တွင် အဇူရာနွားလားမှာ သေစေနိုင်သော ခြိမ်းခြောက်မှုကို ခံစားမိပုံရပြီး အဆင့်တက်စဉ် အိပ်မောကျနေရာမှ ရုတ်တရက် နိုးလာသည်။ အဇူရာနွားလား၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး ခွာများဖြင့် ယဇ်ပလ္လင်ကို ထောက်ကာ မတ်တတ်ရပ်ရန် ကြိုးစားသည်။ သို့သော် ကိုယ်ပေါ်တွင် ပတ်ထားသော သံကြိုးများကြောင့် ထမရဘဲ ဖြစ်နေသည်။

အဇူရာနွားလားမှာ ဒေါသပိုထွက်လာပြီး ပါးစပ်နှင့် နှာခေါင်းမှ လျှပ်စီးများပင် လက်ကနဲ ပေါ်လာသည်။ ၎င်း၏အော်ရာမှာလည်း ပိုမိုပြင်းထန်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ဂူတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သို့သော် ယဇ်ပလ္လင်မှ အလွန်တရာ ပြင်းထန်လှသော စုပ်ယူမှုအားတစ်ခု ထွက်ပေါ်လာပြီး အဇူရာနွားလားကို စင်မြင့်ပေါ်တွင် ခိုင်မြဲစွာ တွယ်ကပ်သွားစေပြီး ထုတ်လွှတ်နေသော မိုးကြိုးစွမ်းအားကိုပါ ဖြတ်တောက်လိုက်သည်။ ထိုစုပ်ယူမှုအားမှာ ပိုမို ပြင်းထန်လာပြီး ၎င်း၏ အသားများကို ဆွဲဖြဲကာ ခန္ဓာကိုယ်ကို ချေမှုန်းတော့မည့်အလား ဖြစ်နေသည်။

“မူး... မူး... မူး...”

အဇူရာနွားလားဆီမှ နာကျင်စွာ အော်ဟစ်သံများ ဆက်တိုက် ပေါ်ထွက်လာသည်။ ဝမ်းဗိုက်ပေါ်ရှိ မာကျောသော အရေခွံများမှာ စတင် ကွဲအက်လာပြီး သွေးထွက်နေသော ကွဲကြောင်းငယ်လေးများ ပေါ်လာကာ နီရဲသော သွေးများ စီးထွက်လာသည်။ ယဇ်ပလ္လင်နှင့် ကပ်နေသော အရေခွံများ ပြင်းထန်စွာ ဆွဲဖြဲခံလိုက်ရကာ သွေးများ စိုရွှဲနေသော အသားများ ပေါ်လာတော့သည်။ ယဇ်ပလ္လင်မှ စုပ်ယူအားက အဇူရာနွားလား၏ အသားများကို တစ်လွှာချင်း ခွာချနေသည်။

မကြာမီမှာပင် အဇူရာနွားလားဆီမှ အော်ဟစ်သံများ တဖြည်းဖြည်းနှင့် တိမ်ဝင်သွားသည်။ ရုန်းကန်နေရာမှ ဖြည်းဖြည်းချင်း ငြိမ်ကျသွားသည်။

ယဇ်ပလ္လင်တစ်ခုလုံး သွေးများဖြင့် နီရဲသွားပြီး ထိုသွေးများမှာ သွေးမြွေတစ်ကောင်အဖြစ် စုစည်းကာ စုန့်ဝမ်၏ လက်မောင်းတလျှောက် တွားတက်လာပြီး ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်။ လေ့ထျန်းယု ထိုသွေးမြွေကို ဝါးမြိုစဉ်က ခံစားခဲ့ရသော နာကျင်မှုကို စုန့်ဝမ် မခံစားခဲ့ရပေ။ ထိုသွေးမြွေများမှာ စုန့်ဝမ်ကိုယ်ထဲသို့ ဝင်သွားသည်နှင့် တပြိုင်နက် လျင်မြန်စွာ ဝါးမြိုခံလိုက်ရပြီး သန့်စင်သောသွေးများအဖြစ် ပြောင်းလဲသွားသည်။ ဖော်ပြ၍မရသလို၊ ထိတွေ့၍မရသော ဝိညာဉ်စွမ်းအားတစ်ခုကိုလည်း စုန့်ဝမ်က စုပ်ယူနိုင်ခဲ့သည်။

၁၅ မိနစ်ခန့် ကြာပြီးနောက် စုန့်ဝမ် ထရပ်လိုက်ပြီး ပြာလဲ့နွားလား၏ ပျက်စီးနေသော ခန္ဓာကိုယ်ကို ကြည့်ကာ ပြုံးလိုက်သည်။ မိုးကြိုးနိယာမများအပေါ် သူ၏ နားလည်မှုမှာ ရုတ်တရက် ပိုမို ရှင်းလင်းလာကြောင်း သိသိသာသာ ခံစားမိနေသည်။ စိတ်ကူးတစ်ချက်ဖြင့် ရေနွေးအိုးတစ်လုံးခန့်ရှိသော လျှပ်စီးတစ်ခု သူ့လက်ဝါးတွင် ပေါ်လာသည်။ ထိုအရာမှာ ကျောက်စိမ်းပြားထဲတွင် ဖော်ပြထားသည့် လက်သီးဆုပ်ခန့်ထက် များစွာ ပိုကြီးမားနေသည်။

စုန့်ဝမ်သည် ကျေနပ်စွာ ပြုံးလိုက်သည်။ မြင့်မြတ်သော သားရဲခွိုင်နို၏ သွေးမျိုးဆက်ပါသော ဝိညာဉ်သားရဲဖြစ်သည့် အဇူရာနွားလား၏ မိုးကြိုးစွမ်းအားကို ဝါးမြိုခြင်းက သူ့ကို ရှားပါးသော မိုးကြိုးပါရမီရှင် ဖြစ်လာစေခဲ့သည်။ လေ့ထျန်းယု ဒီလောက်အထိ အပင်ပန်းခံခဲ့တာ၊ လေ့ဟုန် သူ့မျိုးနွယ်ကို သစ္စာဖောက်ခဲ့တာ အံ့သြစရာ မရှိတော့ပေ။

တွေးနေရင်း စုန့်ဝမ်သည် သတိလစ်နေသော လေ့ထျန်းယုကို သတိရသွားပြီး လက်ကို ဝှေ့ယမ်းလိုက်ရင်း ဝိညာဉ်စွမ်းအားဖြင့် ယဇ်ပလ္လင်ပေါ်သို့ ဆွဲတင်လိုက်သည်။ လေ့ထျန်းယုသည် အခြားသူများထံမှ မိုးကြိုးစွမ်းအား များစွာ စုပ်ယူထားခဲ့သဖြင့် သူ့ကိုယ်ထဲတွင် မိုးကြိုးစွမ်းအင် အမြောက်အမြား ရှိနေမှာ သေချာလှသည်။ စုန့်ဝမ်အနေဖြင့် ၎င်းကို အလဟဿ အဖြစ်မခံနိုင်ပေ။ လေ့ထျန်းယုကို လေ့ဟုန် ချက်ချင်း မသတ်ခဲ့သည်မှာလည်း ထိုအချက်ကြောင့်ပင် ဖြစ်သည်။

အသင့်ဖြစ်သည်နှင့် စုန့်ဝမ်သည် ယဇ်ပလ္လင်ကို ပြန်အသက်သွင်းလိုလိုက်သည်။ အတင်းအကျပ် ဝိညာဉ်ရှာဖွေ ခံရပြီးနောက် အများစုမှာ ဝိညာဉ် ပျက်စီးသွားပြီး အသိစိတ် ဆုံးရှုံးသွားတတ်ကြသည်။ သို့သော် လေ့ထျန်းယုမှာ ကံကောင်းသည်ဆိုရမည်၊ သူ့ဝိညာဉ်နှင့် အသိစိတ်မှာ ပျက်စီးခြင်းမရှိခဲ့ပေ။ သို့သော် ယင်းက ကံဆိုးခြင်းလည်း ဖြစ်နိုင်သည်။ ယဇ်ပလ္လင် အသက်ဝင်လာပြီးနောက် လေ့ထျန်းယု နိုးလာခဲ့သည်။

ယဇ်ပလ္လင်ပေါ်တွင် လဲလျောင်းနေပြီး သူ့အပေါ်တွင် လျှပ်စီးများ လက်နေသည်ကို မြင်သောအခါ လေ့ထျန်းယုမှာ ထိတ်လန့်သွားသည်။ ဤမြင်ကွင်းမှာ သူ့အတွက် အလွန် ရင်းနှီးနေသည်။ ယခင်က တခြားသူများ ယဇ်ပလ္လင်ပေါ်မှာ လဲလျောင်းနေချိန် သူက ဘေးတွင်ထိုင်ပြီး သွေးအဆီအနှစ်နှင့် မိုးကြိုးစွမ်းအင်များကို ဝါးမြိုခဲ့သည် မဟုတ်ပါလား။

ယခုတော့ အခြေအနေက ပြောင်းပြန် ဖြစ်သွားချေပြီ။ သူက ယဇ်ပလ္လင်ပေါ်တွင် လဲလျောင်းနေရပြီး အခြားသူ ဝါးမြိုမှု ခံရဖို့ စောင့်စားနေရပြီဖြစ်သည်။

လေ့ထျန်းယု အကြောက်လွန်ပြီး အော်ဟစ်အသနားခံပါတော့သည်။

“မလုပ်ပါနဲ့ .. ကျေးဇူးပြုပြီး ငါ့ကို အသက်ချမ်းသာပေးပါ။ ငါ့အဖေက နာမည်ကျော် မိုးကြိုးမုန်တိုင်းသခင်လေ့ကျွင်းပါ။ ငါ့ကို လွှတ်ပေးရင် မင်းကို ဝိညာဉ်ကျောက်တုံးနဲ့ ရတနာတွေ အများကြီး ပေးလိမ့်မယ်”

စုန့်ဝမ်က အရေးပင်မလုပ်၊ ယဇ်ပလ္လင်ကို အသက်သွင်းပြီး ဝါးမြိုမှုကို စတင်ပါတော့သည်။

ယဇ်ပလ္လင်ဆီမှ စုပ်ယူမှုအား တိုးလာသည်ကို ခံစားရပြီး သူ့ကျောပြင် ဆွဲဖြဲခံနေရသဖြင့် လေ့ထျန်းယုသည် နာကျင်စွာ အော်ဟစ်တော့သည်။

“မင်း ငါ့ကို သတ်လို့မရဘူး။ ငါတို့ လီမိသားစုရဲ့ ဘိုးဘေးက ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူပဲ။ ဘိုးဘေးက ငါ့ကို သိပ်ချစ်တာ၊ ငါ့ဆီမှာ သူ့ရဲ့ ဝိညာဉ်အစိတ်အပိုင်းတစ်ခု ရှိတယ်။ ငါ့ကို သတ်ရင် မင်းလည်း ဘိုးဘေးလက်က လွတ်မှာ မဟုတ်ဘူး။ တောင်းပန်ပါတယ် ... ငါ့ကို မသတ်ပါနဲ့ ... အား ... အား ...”

အသားများကို တစ်လွှာချင်း ခွာချခံရသည့် ပြင်းထန်လှသော နာကျင်မှုကြောင့် လေ့ထျန်းယု အသက်ချမ်းသာပေးရန် တောင်းပန်နေမိသည်။ သူ့အော်ဟစ်သံများမှာ မိန်းကလေးစွန်းရူ သေခါနီး တောင်းပန်ခဲ့ပုံနှင့်လည်း ဆင်တူနေသည်။ ထိုအရာကို အမှတ်ရမိသည့် စုန့်ဝမ်တွင် သနားညှာတာစိတ်ဟူ၍ မြူမှုန်မျှပင် မပေါ်ခဲ့ပေ။

ခဏအကြာတွင် လေ့ထျန်းယုဆီမှ မိုးကြိုးစွမ်းအင်အပြင် သွေးအဆီအနှစ်၊ ဝိညာဉ်နှင့် အစွမ်းထက်လှသော ဝိညာဥ်အသိစိတ်တစ်ခုကိုပါ ဝါးမြိုခဲ့သည်။ အစွမ်းထက်လှသော ထိုဝိညာဥ်အသိစိတ်က စုန့်ဝမ်အား တုန်လှုပ်သွားစေသည်။

“အတင့်ရဲတဲ့သတ္တဝါ .. လေ့မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကို သတ်ရဲတာလား။ မင်း ပြန်ပေးဆပ်ရစေမယ်”

ထိုဝိညာဥ်အသိစိတ်မှာ ပြင်းထန်သော ရေလှိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး စုန့်ဝမ်၏ အသိစိတ်ပင်လယ်ဆီသို့ ပြေးဝင်ကာ၊ ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားပုံရသည်။

သို့သော် အသိစိတ်ပင်လယ်ထဲ ရောက်သည်နှင့် ကြီးမားပြီး အတိုင်းအဆမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ စုပ်ယူအားကောင်းလှသော လျှို့ဝှက်ဆန်းကြယ်စွမ်းအင်နှင့် တည့်တည့်တိုးတော့သည်။

“ဒါဘာကြီးလဲ ..”

အားကောင်းလှသော ဝိညာဥ်အသိစိတ်ဆီက ထိတ်လန့်တုန်လှုပ်နေသော အသံတစ်ချက် ထွက်ပေါ်လာပြီး ထုတ်လွှတ်လိုက်ပြီး ချက်ချင်းဆိုသလို လုံးဝ ဝါးမြိုခံလိုက်ရသည်။

စုန့်ဝမ်လည်း မသက်သာလှ၊ သူ့စိတ်ထဲတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး လဲကျလုနီးပါး ဖြစ်သွားသည်။ ထိုဝိညာဥ်အသိစိတ်ကို တွင်းနက်ကြီးက ဝါးမြိုလိုက်သော်လည်း၊ ၎င်းဖန်တီးခဲ့သော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုကြောင့် စုန့်ဝမ်၏ အသိစိတ်ပင်လယ်မှာ တုန်ခါသွားရကာ ပြင်းထန်သော ခေါင်းကိုက်မှုကို ခံစားလိုက်ရသည်။

.....

ယဇ်ပလ္လင်ရှိရာဂူမှ၊ မိုင်ပေါင်း နှစ်ထောင်အကွာတွင် တည်ရှိသော လေ့မိသားစုခံတပ်ကြီး၏ အနက်ရှိုင်းဆုံးနေရာ၊ ပေတစ်သောင်းကျော် မြင့်သော တောင်ကြီးတစ်ခုတွင် ဟောင်းနွမ်းသော သစ်သားအိမ်လေးတစ်လုံး ရှိသည်။

ထိုသစ်သားအိမ်အတွင်း၌ အဖိုးအိုတစ်ဦး ထိုင်နေသည်။ ရုတ်တရက် အဖိုးအို၏ ခန္ဓာကိုယ် တုန်ခါသွားပြီး မျက်လုံးဖွင့်လိုက်သည်။ သူ့အကြည့်မှာ လျှပ်စီးအလား ထက်မြက်လှပြီး မြောက်ဘက်သို့ စိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

“ထျန်းယု သေသွားပြီ .. သူ့ဆီမှာ ထားခဲ့တဲ့ ငါ့ရဲ့ဝိညာဥ်အသိစိတ်လည်း ပျောက်ကွယ်သွားပြီ။ ဘယ်သူ သတ်လိုက်တာလဲ။ အဲဒီလူရဲ့ ကျင့်ကြံမှုက မသန်မာဘူးလို့တော့ ခံစားမိတယ်။ ငါ့ဝိညာဥ်အသိစိတ်ကို သူက ဘယ်လိုလုပ်ပြီး ဖျက်ဆီးနိုင်ရတာလဲ။ နောက်ဆုံးမြင်လိုက်ရတဲ့ အဲဒီ တွင်းနက်ကြီးကရော ဘာလဲ။ မကောင်းတော့ဘူး ... ယဇ်ပလ္လင်အဝင်ဝ ထိန်းချုပ်ကျောက်ပြားက ထျန်းယုဆီမှာ ရှိနေတယ်။ ဒီပစ္စည်း ပျောက်လို့မဖြစ်ဘူး”

စိတ်ကူးတစ်ချက်နှင့်ပင် အဖိုးအိုလည်း သစ်သားအိမ်အတွင်းမှ ပျောက်ကွယ်သွားတော့သည်။

……………..

All Chapters