မတူညီသော ရပ်တည်မှုများ၏ ရုန်းကန်မှုများ
Vol. 58 Ch. 803
စင်္ကြန်လမ်း၏အဆုံးတွင် အရောင်အသွေးစုံသော ရောင်ပြန်ပုံရိပ်များဖြင့် ပြည့်နှက်နေသည့် စိတ်ကူးယဉ်အိပ်မက်ကမ္ဘာလို သိပ္ပံစိတ်ကူးယဉ်ကမ္ဘာတစ်ခုလို နေရာတစ်ခု ရှိနေသည်။ အထူးခြားဆုံးမြင်ကွင်းမှာ ထိုနေရာ၏နံရံများပေါ်တွင် ထူးဆန်းသောစာသားလှိုင်းများ ပေါ်ထွက်နေခြင်း ဖြစ်သည်။ စာသားများသည် အပြာရောင်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ မည်သည့်ပုံစံနှင့်မှ မသက်ဆိုင်ပေ။
“သေပေတော့ …”
တောက်လောင်နေသော မီးနဂါးများသဖွယ် မီးတောက်များသည် ထိုးဖောက်၀င်ရောက်လာပြီး ပုံရိပ်များဆီသို့ တဟုန်ထိုး တိုက်ခိုက်လာသည်။ ဒါဇင်ချီသော ထိုမီးနဂါးများနောက်တွင် အမွှာညီအစ်ကိုနှစ်ယောက်သည် သူတို့၏တုတ်တံများကို ဝှေ့ယမ်းကာ ချိပ်ပိတ်သင်္ကေတများ ပြုလုပ်ပြီး ထိုပုံရိပ်များကို လောင်ကျွမ်းစေရန်အတွက် မီးနဂါးများကို ကြိုးစားထိန်းချုပ်လာကြသည်။
“ဂရား…”
အမွေးအမှင်များ ဖုံးလွှမ်းသော ခန္ဓာကိုယ်၊ အစိမ်းရောင်မျက်လုံးများနှင့် လေဟာနယ်ကိုပင် စုတ်ဖြဲနိုင်ဟန်ရသော ခြေသည်းချွန်များရှိသည့် သားရဲလူသားသုံးဦးသည် ပြင်းထန်သော စွမ်းအင်ကို ရှေ့သို့ ဖိအားပေးတွန်းထုတ်ကာ မီးနဂါး ၁၀ကောင်ကျော်၏တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ ရပ်ခဲ့သည်။
သို့သော် ၎င်းတို့၏အနောက်တွင် သားရဲလူသားနှစ်ယောက်သည် ကြမ်းပြင်ပေါ်တွင် ဆိုးဆိုးရွားရွား သေလုမျောပါး ဖြစ်နေကြသည်။ ၎င်းတို့၏ဝမ်းဗိုက်တွင် ပန်းကန်လုံးအရွယ် အပေါက်တစ်ခု ရှိနေသောကြောင့် ထိုအပေါက်မှ ထွက်သော သွေးများနှင့်အတူ တဖြည်းဖြည်း အသက်စွမ်းအင် ဆုံးရှုံးလာသည်။
“စိတ်ဝင်စားစရာပဲ။ ဘရာဇီးလ်နဲ့ အီတလီတို့ အချင်းချင်း ရန်ဖြစ်နေကြတယ်။”
ကျူးလုံသည် အလင်းမျက်နှာပြင်နောက်တွင် ပုန်းခိုကာ အဝေးမှ သေရေးရှင်ရေးတိုက်ပွဲကို အေးအေးဆေးဆေး ကြည့်နေသည်။ သူ့အနောက်တွင် ရေမိန်းကလေးနှင့် လျှပ်စီးမိန်းကလေးတို့သည် နိုးကြားသော အကြည့်များဖြင့် တိုက်ပွဲမြင်ကွင်းအား စိုက်ကြည့်နေကြသည်။
မီးနတ်ဆိုး၏မျက်နှာသည် အနည်းငယ် တည်ကြည်နေပြီး သူ့အကြည့်များက ထိုအမွှာနှစ်ယောက်ကို စိုက်ကြည့်နေပြီး သူနှင့် ထိုလူများကြားက ကွာဟချက်ကို တိတ်တဆိတ် တိုင်းတာနေသည်။ သူသည် မီးဒြပ်စင်ပညာရှင်တစ်ဦး ဖြစ်ပြီး မီးတောက်ကို သူကိုယ်တိုင် ထိန်းချုပ်နိုင်သည့်တိုင် သူ့အရှေ့မှ ထိုလူနှစ်ယောက်နှင့် မယှဉ်နိုင်ခဲ့ကြောင်း သူ သဘောပေါက်သွားသည်။
ထန်ရှု၏အာရုံစူးစိုက်မှုသည် တိုက်ခိုက်နေကြသော နှစ်ဖက်စလုံးအပေါ်တွင် မရှိဘဲ သလင်းကျောက်လုံးကို ထုတ်ယူရန် ကြိုးစားနေသော ဘရာဇီးလ်အမျိုးသမီး၏ လက်ပေါ်သို့ ကျရောက်နေသည်။ သလင်းကျောက်လုံးသည် ဖောက်ထွင်းမြင်နေရပြီး အတွင်းတွင် လျှပ်စီးတန်းများ လက်နေသည့် လွန်းပျံတစ်စင်း ပါရှိသည်။ သလင်းကျောက်အတွင်း၌ လျှပ်စီးကြောင်းများကြားတွင် လက်သည်းအရွယ်အစား ရွှေပိုးမွှားပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း သူ တွေ့မြင်နိုင်သည်။
ရုတ်တရက် လမ်းကြောင်းသို့ နောက်ထပ် ဝင်ပေါက်တစ်ခု ပွင့်လာပြီး လူအချို့ အဆောက်အဦးထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသောကြောင့် ထန်ရှု၏အမူအရာ ပြောင်းလဲသွားရသည်။ ထိုလူများကို အပြင်မှာ သူ တွေ့ဖူးရာ ဗြိတိန်က လာကြသူများဖြစ်သည်ကို သူ သိပေသည်။
ဖောက် … ဖောက် … ဖောက် … ဖောက် …
ထိုဗြိတိသျှလူမျိုးငါးဦး၏သေနတ်များမှ လေဆာရောင်ခြည်များ ထွက်ပေါ်လာပြီး ဘရာဇီးလ်မီးဒြပ်စင်ပညာရှင်နှစ်ဦးနှင့် သားရဲလူသားသုံးဦးတို့ကို တိကျစွာ ထိမှန်သွားသည်။
“လူယုတ်မာတွေ …”
"ယီး…"
တိုက်ခိုက်နေသော နှစ်ဖွဲ့စလုံး အံ့အားသင့်သွားသည်။ ဘရာဇီးအမြွှာအမျိုးသားတစ်ဦးဖြစ်သည့် မီးဒြပ်စင်ပညာရှင်သည် နဖူးကို ထိမှန်ကာ ချက်ခြင်း သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာ အပစ်ခံရခြင်းကို အချိန်မီတားဆီးနိုင်ခဲ့သော်လည်း သူ၏လက်မောင်းကို ပေးဆပ်လိုက်ရသည်။ သို့သော် သားရဲသုံးယောက်ထဲက နှစ်ယောက်သည် တန်းသေဆုံးသွားပြီး ကျန်တစ်ဦးသည် ရင်ဘတ်တွင် ဒဏ်ရာရကာ နောက်ဆုတ်သွားရင်း ကျဆုံးသွားသော သူ့ရဲဘော်များ၏အနီးတွင် ပြုတ်ကျလာသည်။
"သူတို့အားလုံးကို သတ်…"
ဗြိတိန်ဒြပ်စင်ပညာရှင်ငါးယောက်သည် ၎င်းတို့၏ လေဆာသေနတ်များကို ပြန်သိမ်းကာ ရက်စက်ကြမ်းကြုတ်သော ဝံပုလွေများကဲ့သို့ ပြင်းပြင်းထန်ထန် ရှေ့သို့ တိုးဝင်တိုက်ခိုက်လာသည်။ အီတလီမှ သားရဲလူသားငါးကောင်စလုံး သေဆုံးခဲ့ပြီး ဘရာဇီးမှ ကျန်ရှိသော မီးဒြပ်စင်ပညာရှင်ကို ဝိုင်းထားလိုက်ကြသည်။
အလင်းမျက်နှာပြင်၏အနောက်တွင် …
ကျူးလုံက သူ့အသံကို ဖော့ကာ တီးတိုးစကားဆိုလာသည်။
"ဘရာဇီးလ်ပညာရှင်က နောက်ဆုံးတော့ ကြာကြာခံနိုင်မယ် မထင်ဘူး။ ဒီနိုင်ငံနှစ်ခုက အဖွဲ့တွေကို အကြွင်းအကျန်ထဲ ဝင်လာပြီး ဒီမှာပဲ အားလုံး သေကုန်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။”
"သူတို့ကို သေခွင့်ပြုရုံပဲ။"
လျှပ်စီးမိန်းကလေးက တီးတိုးလေသံဖြင့် ကြားဖြတ်လိုက်သည်။
“သူတို့ ပိုသေကြလေလေ ကျွန်မတို့အတွက် အန္တရာယ်နည်းလေလေပဲ။ သနားစရာကောင်းတာက … ဘရာဇီးနဲ့ အီတလီနိုင်ငံသားတွေက အသုံးမကျကြဘူး။ နို့မဟုတ်ရင် သူတို့သာ အဲ့ဒီဗြိတိသျှတွေကို တိုက်ခိုက်ပြီး အတူတူ ကျဆုံးသွားရင် ကျွန်မတို့တွေက တံငါသည်လို အကျိုးအမြတ် ကောက်စားလိုက်ရုံပဲ။ တခြားနိုင်ငံတွေက အဖွဲ့တွေပါ တိုက်ခိုက်ကြရင် ပိုပြီး ပြည့်စုံသွားမယ်။”
ဝှစ် … ဝှစ် … ဝှစ် …
လျှပ်စီးမိန်းကလေး၏စကားဆုံးသွားသောအခါတွင် အရိပ်သုံးခုသည် လမ်းကြောင်းတစ်ခုမှ ဖြတ်၍ ဝင်ရောက်လာပြီး ဂျပန်အသင်းမှလူများ ဖြစ်ကြကာ သက်လတ်ပိုင်းလူတစ်ဦး၊ ကူဝါကိုနှင့် ယခုအခါ ပြင်းထန်စွာ ဒဏ်ရာရရှိထားသော ချန်းရွှဲ့မေတို့ ဖြစ်ပေသည်။
ထိုအချင်းအရာကို မြင်လိုက်သည့် ထန်ရှု၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ ကု၀ါကိုနှင့် ချန်းရွှဲ့မေတို့အား ဤနေရာတွင် သေဆုံးသွားသည်ကို သူ မမြင်ချင်ပေ။ သူ လှုပ်ရှားရန် အဆင်သင့်ဖြစ်နေစဉ်တွင် အလင်းတန်းအရှိန်ဖြင့် ထိုလမ်းကြောင်းထဲသို့ ပုံရိပ်လေးခု လျင်မြန်စွာ ဝင်ရောက်လာသည်။ ထိုလူလေးဦး စိတ်ပျက်နေဟန်ရသော်လည်း ဒဏ်ရာအနည်းငယ်သာ ရရှိထားသည်။
"ဂျာမန်တွေလား…"
ကျူးလုံ၏အမူအရာ ပြောင်းသွားကာ သူ့မျက်နှာထက်တွင် တစေ့တစောင်းအကြည့်တစ်ချက် ပေါ်လာသည်။ နှစ်နိုင်ငံကြား သမိုင်းဝင် ရန်ငြိုးထားမှုကြောင့် တရုတ်လူမျိုး အားလုံးနီးပါးက ဂျပန်ကို မုန်းတီးကြပြီး ယခုအချိန်တွင် ဂျပန်အဖွဲ့မှ ကျန်လူသုံးဦးမှာ အလွန်စိတ်ဆင်းရဲနေပုံရသည်။ ထိုအဖွဲ့များအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ဟု သူ လျှို့ဝှက်မျှော်လင့်ထားပြီး သည်ဂျပန်များ အကုန်သေသွားပါက အကောင်းဆုံးပင်။
“သေလိုက်တော့…”
ဘရာဇီးလ်အမျိုးသမီးကို စု၀ေးဝိုင်းရံထားသည့် ဗြိတိန်ငါးဦးသည် နောက်ဆုံးတွင် သူမကို သတ်ပြီး သလင်းကျောက်ကို လုယူသည်။ ထိုသူတို့သည် အလျင်စလို မလှုပ်ရှားသေးဘဲ ဂျာမန်အဖွဲ့နှင့် ရင်ဆိုင်ရသည့် ဂျပန်အဖွဲ့၀င်သုံးဦးကို စောင့်ကြည့်ရန် လျှို့ဝှက်စွာ ခံစစ်စည်းတစ်ခု ပြုလုပ်ခဲ့သည်။
"သူဌေး…"
ထန်ရှု၏စိတ်ထဲတွင် သာယာသောအသံတစ်ခု ထွက်ပေါ်လာသည်။
ကု၀ါကိုသည် ၎င်းတို့ကြားရှိ စိတ်ဝိညာဉ်ချိတ်ဆက်မှုမှတစ်ဆင့် သူ ရှိနေသည်ကို ခံစားမိမှန်း ထန်ရှု သိခဲ့ပေသည်။ သို့သော် သူ အလျင်စလို မပေါ်လာဘဲ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်ခြင်းမှတစ်ဆင့် သူ၏အတွေးကို ပြန်ပို့လိုက်သည် … ဂျာမန်များကို ဖယ်ရှားရန် ဗြိတိန်များနှင့် ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်ပါ။
ကု၀ါကို၏အမူအရာ ပြောင်းသွားပြီး ထန်ရှု၏အဖွဲ့ ရှိရာသို့ လျှို့ဝှက်စွာ လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ဗြိတိန်နိုင်ငံသားငါးဦးအား အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောလိုက်သည်။
“ဗြိတိသျှမိတ်ဆွေတို့ … ဒီကြယ်သုံးပွင့်အကြွင်းအကျန်က ဘေးအန္တရာယ်တွေနဲ့ ပြည့်နေပေမယ့် အင်အားတစ်ခုစီက တစ်ဦးနဲ့တစ်ဦး ရန်လိုနေကြတယ်။ ငါ့အဖွဲ့က ရှုံးနေပြီမို့ တစ်ဖွဲ့ဖွဲ့ကသာ ငါတို့ကို တိုက်ခိုက်လာရင် ပျက်သုဉ်းသွားမှာကို စိုးမိပါတယ်။ ဒါကြောင့် ရှင်တို့နဲ့ မဟာမိတ်ဖွဲ့ချင်ပါတယ်။ ရှင်တို့က ကျွန်မတို့ကို ကူညီပြီး ဒီလူတွေကို ဖယ်ရှားပေးနိုင်သရွေ့ ကျွန်မလက်ထဲမှာ ရှိတဲ့ ဒီစွမ်းအင်ဘောင်လိုမျိုး ဒီအကြွင်းအကျန်ထဲမှာ တွေ့သမျှအားလုံးကို မျှဝေပေးသွားမှာပါ။”
ထိုသို့ပြောပြီးနောက် သူမသည် အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းတစ်လုံးအရွယ်အစား အနက်ရောင်စွမ်းအင်သုံး ဘောင်တစ်ခုကို ထုတ်ကာ ဗြိတိန်ငါးဦးရှေ့တွင် လှုပ်ယမ်းလိုက်သည်။
ဂျာမန်လေးယောက်၏အမူအရာ ပျက်သွားသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုပါက ကောင်းစွာယုံကြည်မှုရှိသော်လည်း နိုင်ငံနှစ်ခုကို တစ်ပြိုင်နက်တည်း အနိုင်ယူနိုင်ခဲ့လျှင်ပင် ပီရပ်အောင်ပွဲ(တန်ဖိုးကြီးမားစွာ ပေးဆပ်ပြီးမှ ရသည့်အောင်ပွဲ)ဖြစ်မည်ကို သူတို့ ရှင်းရှင်းလင်းလင်း သိထားသည်။ ထို့အပြင် ၎င်းတို့သည် လူတစ်ဦးကို ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။
ဂျာမန်ခေါင်းဆောင်အား မိုရာဗီဒယ်ဟု ခေါ်တွင်ပြီး ဤအခိုက်အတန့်တွင် သုန်မှုန်နေသော အမူအရာ ဖြစ်နေပေသည်။ ကူဝါကိုကို စိုက်ကြည့်သော သူ၏မျက်လုံးများထဲတွင် သတ်ပစ်ချင်စိတ်များ လင်းလက်နေသည်ကို တွေ့ရသည်။ သူက ဗြိတိန်လူငါးယောက်အဖွဲ့ကို ချက်ချင်း ပြောလိုက်သည်။
“ဂျေစီ … တစ်ယောက်နဲ့တစ်ယောက် တစ်ချို့အရာတွေကို သိကြတဲ့အတွက် ငါတို့က မိတ်ဟောင်းဆွေဟောင်းတွေလို့ ပြောလို့ရတယ်။ မင်း သူတို့နဲ့ မဟာမိတ်ဖြစ်ပြီး ငါတို့ကို ဖယ်ရှားမယ်ဆိုရင် မင်း ပေးရမယ့် တန်ဖိုး ဘယ်လောက်ကြီးမားတာကို မင်း ရှင်းရှင်းလင်းလင်း သိမှာပဲ။ ငါတို့ မဟာမိတ်ဖွဲ့ပြီး ဒီဂျပန်တွေကို အပြီးအပိုင် ဖျက်ဆီးလိုက်တာက ပိုကောင်းမှာပေါ့ ပြီးရင် လုယူမှုတွေကို ဝေမျှမယ်။ နောက်ပြီး ဒီကြယ်သုံးပွင့်အကြွင်းအကျန်က သေချာပေါက် ကောင်းမွန်တဲ့ အရာတွေ များစွာရှိတာမို့ ဘယ်နိုင်ငံမှ ၎င်းတို့အားလုံးကို မမျိုချနိုင်ဘူး။ ငါတို့အဖွဲ့နဲ့ ပူးပေါင်းပြီး နောက်ဆုံးအနိုင်ရရှိသူ ဖြစ်လာတာက ပိုမကောင်းဘူးလား။”
ဗြိတိသျှငါးဦးသည် အကြည့်ချင်းဖလှယ်ကာ မိုရာဗီဒယ်ကို နောက်ဆုံးတွင် တီးတိုးဆိုလိုက်သည်။ “ဒီဂျပန်တွေက ငါတို့ကို မခြိမ်းခြောက်နိုင်ဘူး။ မင်းရဲ့အဆိုပြုချက်ကို အခြေအနေတစ်ခုနဲ့ ငါတို့လက်ခံပေးမယ်။”
မိုရာဗီဒယ်က ဝမ်းသာအားရဖြင့်
"ဒါဆို မင်းရဲ့တောင်းဆိုချက်က ဘာလဲ။"
ဗြိတိန်အဖွဲ့ခေါင်းဆောင် ဂျေစီက
“မင်းတို့ရဲ့ရိုးသားမှုကို သက်သေပြဖို့အတွက် သူတို့ကို အရင်တိုက်ခိုက်လိုက်။ သူတို့ကို မင်းတို့ သတ်လိုက်တာနဲ့ ငါတို့ ချက်ချင်း လှုပ်ရှားမယ်။ နို့မဟုတ်ရင် မင်းတို့ကို သုတ်သင်ဖို့ ဒီဂျပန်သုံးယောက်နဲ့ ငါတို့ ပူးပေါင်းလိုက်မယ်။”
မိုရာဗီဒယ်၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ခဏမျှစဉ်းစားကာ ခေါင်းညိတ်လိုက်သည်။
“ဒါဆို ဒီအတိုင်းပဲ ဖြစ်ပါစေ။ ငါတို့ အရင် လှုပ်ရှားမယ်။"
သူ ပြောပြီးသည်နှင့် အမိန့်တစ်ခု ထုတ်လိုက်ပြီး လူလေးယောက်သည် ကူဝါကိုတို့သုံးယောက်အဖွဲ့ဆီသို့ လျှပ်စီးကြောင်းများသဖွယ် လျင်မြန်စွာ ပြေးသွားကြသည်။
ဂျေစီနှင့် မိုရာဗီဒယ်တို့၏စကားသံကို ကြားလိုက်ရသော အလင်းမျက်နှာပြင်၏နောက်ကွယ်မှ ထန်ရှုသည် ကူကယ်ရာမဲ့သွားရသည်။ ဂျေစီနှင့်အဖွဲ့သည် ဥာဏ်မရှိဟုပင် သူ ဆဲဆိုလိုက်သည်။ သူသာဆိုရင် ဂျာမန်တွေထက် ဂျပန်ကို ရွေးမိမှာ အသေအချာပင်။
အကြောင်းရင်းမှာ ဂျာမန်တို့နှင့်ပူးပေါင်းလိုက်သည့်တိုင် ဂျပန်တို့ကို ချေမှုန်းပြီးနောက်တွင်လည်း ဂျာမန်တို့သည် အင်အားကြီးမားသော ရန်သူအဖြစ် ဆက်လက်တည်ရှိနေမည်သာတည်း။ လိုအပ်ပါက နောက်ပိုင်းတွင် အားနည်းသော အဖွဲ့ကို အလွယ်တကူ ချေမှုန်းပစ်နိုင်သောကြောင့် အားကောင်းသော အသင်းနှင့်ပူးပေါင်းခြင်းထက် အားနည်းသော အသင်းများနှင့်ပေါင်းစည်းသည်က ပိုကောင်းပေသည်။
"ခေါင်းဆောင်ကျူးလုံ … ခင်ဗျားတို့လေးယောက် ဒီမှာ ဆက်ပုန်းလို့ရတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲ့ဒီဂျပန်တွေကို ကယ်တင်မှ ဖြစ်မယ်။ ကျေးဇူးပြုပြီး အကြောင်းပြချက် မမေးပါနဲ့။ ကျွန်တော် ဒီလူတွေကို ဖြေရှင်းပြီးသွားရင် ခင်ဗျား လုပ်ရမည့်အလှည့် ရောက်လာလိမ့်မယ်။”
ထိုစကား ပြောပြီးနောက် ကျူးလုံ ပြောလာမည့် စကားကို မစောင့်တော့ဘဲ ချက်ချင်းပင် ဘေးဘက်သို့ ရွှေ့ပြောင်းကာ လူတိုင်း၏အကြည့်အောက်တွင် ပေါ်လာသည်။ ထို့အပြင် သူသည် ထိုနေရာသို့ ရွေ့လျား၊လှုပ်ရှားရုံတင်မက သူ့ထံမှ ပြင်းထန်သော အော်ရာတစ်ခု ထွက်ပေါ်လာပြီး မခုခံနိုင်လောက်သော အားတစ်ခုကို ဖြစ်ပေါ်လာစေသည်။ သူ၏လက်သီးနှစ်လုံးသည် အံ့အားသင့်နေသော မိုရာဗီဒယ်၏နောက်ကျောကို ဥက္ကာခဲများ ဗုံးကြဲလိုက်သည့်အလား ပြင်းထန်စွာ ထိုးနှက်သည်။
“ဖောင်း…”
မိုရာဗီဒယ်ကိုယ်တိုင်က ဆင့်ကဲဆင်မျိုးရိုးဗီဇဖြင့် ပြန်လည်ပြုပြင်ထားသော မျိုးရိုးဗီဇရှိသူဖြစ်ရာ သူ၏ ခွန်အားများ တိုးလာရုံသာမက သူ၏ခံနိုင်ရည်အားသည်လည်း ပိုမိုကြောက်စရာကောင်းလာခဲ့သည်။ ထန်ရှု၏ ပြင်းထန်သော လက်သီးချက်များက သူ၏နောက်ကျောကို ထိုးဖောက်ကာ ချက်ချင်း ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း သူ၏ အသက်စွမ်းအားအငွေ့အသက်ကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။
ထို့နောက်တွင် ကု၀ါကိုတို့သုံးယောက်အဖွဲ့ကို တိုက်ခိုက်နေသော ဂျာမန်လူမျိုး ဒြပ်စင်ပညာရှင်နှစ်ဦးကြားတွင် ထန်ရှု ပေါ်လာသည်။ ဂျာမန်ဒြပ်စင်ပညာရှင်တစ်ဦး၏အောက်နံရိုးကို အလွယ်တကူ ပိတ်ကန်လိုက်ပြီးနောက် ထန်ရှု၏လက်ထဲတွင် ဓားမြှောင်တစ်လက် ပေါ်လာသည်။ ထို့နောက် အခြားတစ်ဦး၏ အောက်နံရိုးအား ၎င်းဓားမြှောင်ဖြင့် ထိုးစိုက်လိုက်ပြီးနောက် ထိုလူ၏လည်ပင်းကို လက်၀ါးစောင်းတစ်ချက် ခုတ်လိုက်သည်။
ခရက် ...
ဂျာမန်ဒြပ်စင်ပညာရှင်၏လည်ပင်းရိုး ကျိုးသွားကာ ချက်ချင်း သေဆုံးသွားပြီး ထိုအလောင်းကို ထန်ရှုမှ အလွယ်တကူ ကန်ထုတ်လိုက်သည်။
အဝေးမှ ရပ်ကြည့်နေကြသော ဗြိတိန်စွမ်းအားရှင်တို့၏ အမူအရာ ပျက်သွားကြသည်။ သတိပေးချက်မရှိဘဲ အစီအစဉ်ကို နှောင့်ယှက်မည့် တစ်စုံတစ်ဦး ပေါ်လာမည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။ ထို့ထက်ပို၍ ဂျပန်သုံးဦးအဖွဲ့ကို ကူညီခဲ့သူမှာ မမျှော်လင့်ဘဲ တရုတ်လူရွယ်တစ်ဦးဖြစ်ပြီး ထန်ရှု၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားက သူတို့အား ထိတ်လန့်စေသည်။
အလင်းမျက်နှာပြင်နောက်ကွယ် …
ထန်ရှု၏ဆုံးဖြတ်ချက်ကြောင့် ကျူးလုံ လွန်စွာ ဒေါသထွက်နေရသကဲ့သို့ မီးနတ်ဆိုးနှင့် လျှပ်စီးမိန်းကလေးတို့သည်လည်း အမှန်တကယ်ပင် စိတ်ဆိုးနေကြသည်။ သူတို့သည် ထန်ရှု၏လုပ်ရပ်ကို အမှန်တကယ်နားမလည်နိုင်ဖြစ်ပြီး ထန်ရှုသည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိနေသည်လားဟုပင် တွေးမိနေသည်။ သူက ဘာဖြစ်သွားတာလဲ။ ထိုဂျပန်လူမျိုးငရှုပ်များကို ကူညီရန်ပင် သွားလိုက်သေးသည်။
ရေမိန်းကလေးတစ်ယောက်သာ အနည်းငယ် ထူးဆန်းသော အမူအရာဖြင့် ရှိနေသည်။ ထန်ရှုသည် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် မြန်ဆန်လွန်းသောကြောင့် သူ၏၀ိုးတ၀ါးပုံရိပ်ကိုသာ သူမ မြင်လိုက်ရသဖြင့် သူမ၏ရင်ထဲတွင် ဒေါသလှိုင်းများ ဖြစ်ပေါ်လာရသည်။ ထိုသူ့ကို ကြည့်ပြီးနောက် သူမ တုန်လှုပ်ခြောက်ခြားစွာ သိလာရသောအရာမှာ ထန်ရှုသာ သူမ၏ရန်သူဖြစ်ခဲ့ရင် ဘာတွေဖြစ်မလဲ။ ထန်ရှုအတွက်ကမူ သူမကို သတ်ရသည်မှာ ပုရွက်ဆိတ်တစ်ကောင်အား ပွတ်ချေလိုက်သလို လွယ်ပေလိမ့်မည်။
'ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။'
ကျူးလုံ၏မျက်နှာပေါ်ရှိ ဒေါသအမူအရာသည် ချက်ချင်း အေးခဲသွားပြီး မီးနတ်ဆိုးနှင့် လျှပ်စီးမိန်းကလေး၏မျက်နှာများထက်မှ ဒေါသတရားသည်လည်း ကြက်သေ သေနေသော အမူအရာဖြင့် အစားထိုးသွားသည်။ ထန်ရှုတစ်ယောက် ဂျာမန်ပညာရှင်တစ်ဦးကို သတ်ကာ အခြားနှစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရသွားစေသည့် မြင်ကွင်းကို သူတို့အားလုံး တိတ်ဆိတ်စွာ စိုက်ကြည့်နေမိကြတော့သည်။