လေ့မိသားစုလျှို့ဝှက်ချက်
Vol. 12 Ch. 130
အားကောင်းလှသော ဝိညာဥ်အသိစိတ် ရုတ်တရက် ပေါ်လာခြင်းကြောင့် စုန့်ဝမ် ထိတ်လန့်သွားပြီး မလုံခြုံတော့သလို ခံစားလိုက်ရကာ နှလုံးခုန်နှုန်းပင် မြန်လာသည်။ ထို့ကြောင့် အမြန်ဆုံး လှုပ်ရှားတော့သည်။ လေ့ထျန်းယု၏ သိုလှောင်လက်စွပ်ကို အလျင်အမြန် ချွတ်ယူလိုက်ပြီး အလောင်းကို ကျင်းထဲရှိ ခို့ချန်နှင့် ကန်ယွဲ့တို့၏ အလောင်းများဘေးတွင် ပစ်ချလိုက်သည်။ လက်ကို ဝှေ့ယမ်းလိုက်ရာ ခို့ချန်၏ သိုလှောင်အိတ်မှာ လေထဲသို့ ပျံတက်လာပြီး စုန့်ဝမ်အနားသို့ ကျရောက်လာသည်။
လေ့ထျန်းယုဆီမှ လိုဏ်ဂူအဝင်ဝ အစီအရင်ထိန်းချုပ်တံဆိပ်ကို စစ်ကြည့်သောအခါ အထဲတွင် ဝိညာဉ်အမှတ်အသား ရှိနေသည်ကို သတိပြုမိလိုက်သည်။ အော်ရာမှာ လေ့ထျန်းယုထံမှ ပေါ်လာသော ဝိညာဥ်အသိစိတ်နှင့် တူညီနေသဖြင့် လူတစ်ဦးတည်းထံမှ လာခြင်းဖြစ်ကြောင်း သိသာလှသည်။
ကျောက်ပြားပေါ်ရှိ ဝိညာဉ်အမှတ်သားကို ဝါးမြိုပြီးနောက် လေ့ထျန်းယုကို ဝိညာဥ်ရှာဖွေရာမှ ရရှိခဲ့သော မန္တန်ကို ရွတ်ဆိုလိုက်သည်။ ချက်ချင်းပင် အနီးနား ကျောက်နံရံတွင် ၁၀ ပေခန့်ကျယ်သော အပေါက်တစ်ခု ပေါ်လာသည်။ စုန့်ဝမ်သည် လေ့ထျန်းယု၊ ခို့ချန်နှင့် ကန်ယွဲ့တို့၏ အလောင်းများကို မီးရှို့ရန် ကျင်းထဲသို့ မီးတောက်အဆောင် ပစ်ထည့်လိုက်ပြီး အပြင်ထွက်ခဲ့လိုက်သည်။ ထို့နောက် မန္တန်ရွတ်ဆိုလိုက်ရာ ဝင်ပေါက် ပျောက်ကွယ်သွားပြီး ကျောက်နံရံအဖြစ် ပြန်လည် ပြောင်းလဲသွားသည်။
စုန့်ဝမ် မတုံ့ဆိုင်းဝံ့ပါ၊ ရေအောက်ဂူမှတစ်ဆင့် ရေကန်ဆီသို့ အမြန်ဆုံး ပြေးတော့သည်။ အလျင်အမြန် သွားနေစဉ်မှာပင် သိုလှောင်လက်စွပ်များကို ထုတ်ယူကာ ဝိညာဉ်အမှတ်အသားများ မရှိစေရန် ဝိညာဉ်အာရုံဖြင့် စစ်ဆေးဖျက်ဆီးပြီး လုံခြုံစွာ သိမ်းဆည်းလိုက်သည်။ သိုလှောင်လက်စွပ်များကို စစ်ဆေးပြီးနောက် ရေကန်ကြီး၏ အစွန်အဖျားသို့ ရောက်ရှိလာသည်။ အရှိန်မလျှော့ဘဲ ရေကန်၏ အနက်ရှိုင်းဆုံးနေရာများဆီသို့ ဆက်လက် ပြေးဝင်သွားသည်။
ရေအောက်တွင် ၁၀ မိုင် သွားလာပြီးနောက် ရွှံ့နွံများထဲတွင် ကြီးမားလှသော နတ်ဆိုးသားရဲလိပ်တစ်ကောင်ကို အာရုံခံမိလိုက်သည်။ ထိုလိပ်မှာမှာ အလွန်အားနည်းပြီး ချီစုစည်းခြင်းအဆင့်မှာပင် ရှိသေးသည်။ စုန့်ဝမ်သည် လိပ်သားရဲဆီသို့ ဦးတည်သွားပြီး အနားသို့ ရောက်သောအခါ ဝိညာဉ်စွမ်းအားကို သုံး၍ သတိလစ်သွားအောင် လုပ်လိုက်သည်။ ထို့နောက် ရွှံ့နွံထဲသို့ ငုပ်လျှိုးဝင်သွားပြီး လိပ်သားရဲကို သူ့အပေါ်တွင် တင်ထားလိုက်သည်။ နေရာကျသည်နှင့် ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ အော်ရာကို ဖိနှိမ်ထားပြီး ကျောက်တုံးတစ်တုံးအလား ငြိမ်သက်သွားတော့သည်။
ခဏအကြာတွင် အလွန်အားကောင်းသော ဝိညာဥ်အာရုံတစ်ခု သူ့အပေါ်မှ ဖြတ်ကျော်သွားသည်ကို အာရုံခံမိလိုက်ရာ စုန့်ဝမ် ထိတ်လန့်တုန်လှုပ်သွားသည်။
ဝိညာဥ်အသိစိတ်၏ ပိုင်ရှင် အမှန်တကယ် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ထိုဝိညာဥ်အာရုံမှာ ရေကန်တဝိုက်ကို အကြိမ်ကြိမ် လိုက်လံရှာဖွေခဲ့သော်လည်း ဘာမျှ ရှာမတွေ့ခဲ့ပေ။ သေချာရှာဖွေပြီးသည်နှင့် တရားခံမှာ ထိုနေရာတွင် မရှိတော့ကြောင်း ထင်မှတ်သွားသည်လား မသိ၊ ထိုဝိညာဥ်အာရုံ ပျောက်ကွယ်သွားသည်။
စုန့်ဝမ်မှာ လိပ်သားရဲကြီးအောက်တွင် ဆက်လက် ပုန်းကွယ်နေပြီး ထိုဝိညာဥ်အာရုံ ပျောက်ကွယ်သွားသော်လည်း အနည်းငယ်မျှပင် မလှုပ်ရှားဘဲ သတိကြီးစွာ ထားနေသည်။ ၁၅ မိနစ်ခန့် ကြာပြီးနောက် ထိုဝိညာဥ်အာရုံ ပြန်လည် ရောက်ရှိလာပြီး ရေကန်အောက်ခြေကို အကြိမ်ကြိမ် ထပ်မံ ရှာဖွေပြီးမှသာ ပြန်လည် ပျောက်ကွယ်သွားတော့သည်။
လေ့မိသားစုဘိုးဘေး ဝိညာဥ်သန္ဓေနယ်ပယ် ကျင့်ကြံသူလေ့ယွယ်သည် ကောင်းကင်ယံတွင် ပျံဝဲနေရင်း မျက်မှောင်ကြုတ်လိုက်သည်။ မိုင်တစ်ရာအတွင်းရှိ ဧရိယာတစ်ခုလုံးကို အကြိမ်ပေါင်းများစွာ ရှာဖွေခဲ့သော်လည်း လူတစ်ဦးတစ်ယောက်မျှပင် ရှာမတွေ့ခဲ့ပေ။
သူ့အောက်ဘက်တွင် ကျင်းကြီးတစ်ခု ကျန်ရှိနေပြီး လေ့ဟုန်က ကန်ယွဲ့ကို လိုက်လံသတ်ဖြတ်စဉ်က ကျန်ခဲ့သော မိုးကြိုးစွမ်းအားများ ရှိနေသည်။ လေ့ထျန်းယု ဤနေရာတွင် သေဆုံးသွားပြီး လေ့ဟုန်လည် ရှိနေခဲ့သဖြင့် လေ့ဟုန်မှာလည်း ဒုက္ခရောက်သွားနိုင်ကြောင်း ခပ်ဝါးဝါး ခံစားလိုက်ရသည်။
ခဏမျှ စဉ်းစားသော်လည်း အဖြေမရသဖြင့် လေ့ယွယ်သည် ယဇ်ပလ္လင်ဂူအဝင်ဝရှိ ရေလွှမ်းနေသော ကျောက်နံရံဆီသို့ ရုတ်တရက် ပြောင်းရွှေ့သွားသည်။ လေ့ထျန်းယုနှင့် လေ့ဟုန်တို့ သေဆုံးခြင်းမှာ လေ့မိသားစုအတွက် အရေးမကြီးလှသော်လည်း၊ ယဇ်ပလ္လင်သာ ပေါ်သွားလျှင် ကြီးမားသော ထိုးနှက်ချက် ဖြစ်ပေလိမ့်မည်။
လေ့ယွယ်သည် သူ့ရှေ့တွင် ပကတိအတိုင်းရှိနေသော ကျောက်နံရံကို ကြည့်ပြီး တွန့်ဆုတ်နေသည်။ ထိန်းချုပ်တံဆိပ် မပါဘဲ ဂူထဲသို့ ဝင်မည်ဆိုပါက ကျောက်နံရံကို ဖျက်ဆီးပစ်ရန် လိုအပ်သည်။ ကျောက်နံရံ ပျက်စီးသွားလျှင် ၎င်းပေါ်ရှိ ရှေးဟောင်းအစီအရင် ပျက်စီးသွားပြီး ရေကန်မှရေများ ဂူထဲသို့ စီးဝင်သွားပေလိမ့်မည်။ ၎င်းမှာ လေ့မိသားစု၏ အကျိုးစီးပွားအတွက် မကောင်းပေ။ ထို့အပြင် ကျောက်နံရံကို ဖောက်၍ ရှေးဟောင်းအစီအရင်ကို ဖျက်ဆီးနိုင်မည်ဟုလည်း အပြည့်အဝ ယုံကြည်မှု မရှိပေ။
ထို့ကြောင့် ရေကန်မျက်နှာပြင်ပေါ်သို့ ပြန်တက်ခဲ့သည်။ ရေကန်နားရှိ မြေပြင်ကို ခဏမျှ စိုက်ကြည့်ပြီး ယဇ်ပလ္လင်ဂူ၏ တည်နေရာကို တွက်ချက်ကာ ကုန်းမြေပေါ်သို့ ပျံသန်းသွားသည်။ မိုင်အနည်းငယ် ပျံသန်းပြီးနောက် ရပ်လိုက်ပြီး သူ့ရှေ့တွင် ဓားရှည်တစ်လက် ပေါ်လာပြီး မြေပြင်ထဲသို့ ထိုးစိုက်ဝင်သွားသည်။ ဓားသည် ပေ ၃၀၀ ကျော် ထူသော ကျောက်လွှာကို ထိုးဖောက်ကာ ယဇ်ပလ္လင်ဂူထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ဓားရှည်သည် ကျောက်လွှာထဲတွင် အရှေ့အနောက် အကြိမ်ကြိမ် လွန်းထိုးလှုပ်ရှားပြီးနောက် လူတစ်ယောက် ဝင်နိုင်လောက်သော လိုဏ်ခေါင်းတစ်ခုကို ဖန်တီးလိုက်သည်။ လမ်းဖောက်ပြီးသည် လေ့ယွယ်လည်း ထိုလမ်းကြောင်းမှတဆင့် ယဇ်ပလ္လင်ဂူအတွင်း ရောက်ရှိသွားသည်။
ဤဂူအတွင်းရှိ ယဇ်ပလ္လင်သည် လျှို့ဝှက်ဆန်းကြယ်ပြီး မည်သည့်ခေတ်တွင်၊ အဘယ်သို့သော ကျွမ်းကျင်သူက တည်ဆောက်ခဲ့သည်ဆိုသည်ကို အတိအကျ မပြောနိုင်ပေ။ သို့သော် ၎င်း၏ အစီအရင်ပုံစံများနှင့် ယဇ်ပလ္လင်၏ ဒီဇိုင်းကို ကြည့်ခြင်းအားဖြင့် ဤယဇ်ပလ္လင်မှာ အလွန်ကြာမြင့်လှသော ရှေးကျသည့်ခေတ်တည်းက တည်ရှိနေခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
စတွေ့ချိန်ကပင် နှစ်ထောင်ချီခဲ့ပြီ။ လွန်ခဲ့သော နှစ်နှစ်ထောင်ခန့်က လေ့မိသားစုမှ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် လိုဏ်ဂူအတွင်းသို့ မတော်တဆ ရောက်ရှိသွားခဲ့ပြီး ကျောက်နံရံကို ဖွင့်နိုင်သည့် ကျောက်ပြားတစ်ခုကို တွေ့ရှိခဲ့သည်။ ထိုတိုက်ဆိုင်မှုကြောင့် ဂူထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး ယဇ်ပလ္လင်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယဇ်ပလ္လင်ပေါ်တွင် ကျင့်စဉ်တစ်ခုပါဝင်သော ကျောက်စိမ်းပြားကို ရရှိခဲ့သည်။ ၎င်းကျင့်စဉ်မှာ မိုးကြိုးသုတ္တန်ဟု လူသိများသော မိုးကြိုးဓာတ်ကျင့်စဉ် ဖြစ်သည်။ ထိုကျောက်စိမ်းပြားတွင် ကျင့်ကြံခြင်းလောကရှိ အမျိုးမျိုးသော မိုးကြိုးဓာတ်မန္တန်များသာမက ဒဏ္ဍာရီလာ မိုးကြိုးလျှို့ဝှက်ချက်ကိုးပါးလည်း ပါဝင်သည်။
မိုးကြိုးလျှို့ဝှက်ချက်ကိုးပါးမှာ ကျင့်ကြံခြင်း၏ အဆင့်ကြီး ကိုးဆင့်နှင့် ကိုက်ညီသည်။ အဆင့်တစ်ခု တက်တိုင်း သတ်မှတ်ထားသော မိုးကြိုးကျင့်စဉ်တစ်ခုကို ကျင့်ကြံနိုင်သည်။ မိုးကြိုးသုတ္တန်ကို ရရှိခဲ့သော လေ့မိသားစုဘိုးဘေးသည် ပထမဆုံး မိုးကြိုးလျှို့ဝှက်ချက်ဖြစ်သော ဝင်ရိုးစွန်းနတ်ဘုရားမိုးကြိုးကို စတင်ကျင့်ကြံခဲ့သည်။
လေ့မိသားစုဘိုးဘေးသည် မိုးကြိုးကျင့်စဉ်များတွင် ပါရမီရှိပြီး ဝင်ရိုးစွန်းနတ်ဘုရားမိုးကြိုးကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။ ဝင်ရိုးစွန်းနတ်ဘုရားမိုးကြိုး၏ စွမ်းအားဖြင့် လေ့မိသားစုဘိုးဘေးမှာ နာမည်ကျော်ကြားလာခဲ့သည်။ နှစ်အနည်းငယ်အတွင်း အခြေတည်အဆင့်သို့ ရောက်ရှိခဲ့သော်လည်း ကျေနပ်မှုမရှိဘဲ ယဇ်ပလ္လင် အသုံးပြုပုံကို စတင်လေ့လာခဲ့သည်။
ကျယ်ကျယ်ပြန့်ပြန့် လေ့လာသော်လည်း ဘာမျှ ရှာမတွေ့ခဲ့ပေ။ သေခါနီးဖြစ်နေသော ရန်သူတစ်ဦးကို ဂူထဲသို့ ခေါ်ဆောင်လာရာမှ မတော်တဆ ယဇ်ပလ္လင်ကို လှုပ်နှိုးမိခဲ့ပြီး ရန်သူ၏ မိုးကြိုးစွမ်းအားကို ဝါးမြိုမိသွားသည့် အချိန်ကျမှသာ ယဇ်ပလ္လင်၏ လုပ်ဆောင်ချက်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် လေ့မိသားစုဘိုးဘေးသည် မိုးကြိုးပါရမီရှိသော ကျင့်ကြံသူများကို ပြန်ပေးဆွဲပြီး ဂူထဲသို့ ခေါ်ဆောင်ကာ သူတို့၏ မိုးကြိုးစွမ်းအင်များကို ဝါးမြိုရန် လုပ်ဆောင်တော့သည်။ ကျင့်ကြံသူများကို ပိုဝါးမြိုသည်နှင့်အမျှ လေ့မိသားစုဝင်များမှာ ပိုမိုအစွမ်းထက်လာခဲ့ပြီး ထင်ရှားကျော်ကြားသော ကျင့်ကြံခြင်းမိသားစုတစ်စုအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ယဇ်ပလ္လင်ဂူအနီးတွင် ဝိညာဉ်စွမ်းအင် အလွန်တရာ နည်းပါးသဖြင့် မိသားစုနေထိုင်ရာအဖြစ် မသင့်တော်ပေ။ ထို့ကြောင့် လေ့မိသားစုဘိုးဘေးသည် မိုင်တစ်ရာခန့်အကွာရှိ ဝိညာဉ်စွမ်းအင် ကြွယ်ဝသော တောင်တစ်ခုပေါ်တွင် အခြေစိုက်ခဲ့သည်။
ယဇ်ပလ္လင်မှာ လျှို့ဝှက်ဆန်းကြယ်လှသည်၊ ၎င်းကို အသုံးပြုပြီး တစ်ပါးသူ၏ မိုးကြိုးစွမ်းအင်ကို ဝါးမြိုနေချိန်တွင် မည်သည့် ဝိညာဉ်လှိုင်းထွက်ပေါ်မှုမျှ မရှိပေ။ ဝိညာဥ်သန္ဓေအဆင့်ကျင့်ကြံသူများပင် ရှာမတွေ့နိုင်သဖြင့် လေ့မိသားစုသည် ယဇ်ပလ္လင်ကို ပြင်ပလူများ ရှာတွေ့သွားမည်ကို မစိုးရိမ်ခဲ့ပေ။
လေ့မိသားစု အင်အားကြီးလာသည်နှင့်အမျှ ကနဦးနေအိမ်မှာ ကျင့်ကြံသူအများအပြား၏ ဝိညာဉ်စွမ်းအင် လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တော့သဖြင့် မိုင်နှစ်ထောင်ခန့် ဝေးကွာသည့် ဝိညာဉ်စွမ်းအင် ပိုမိုပေါကြွယ်ဝသော နေရာသစ်သို့ ပြောင်းရွှေ့ခဲ့ကြသည်။ နှစ်ပေါင်းထောင်ချီ ကြာပြီးနောက် လေ့မိသားစု၏ ပထမဆုံးဘိုးဘေးမှာ အသက်ကြီးရင့်သဖြင့် ကွယ်လွန်သွားသည်။ မျိုးဆက်တစ်ခုတွင် မိုးကြိုးပါရမီရှိသော ကျင့်ကြံသူများအစား မိုးကြိုးဓာတ်သားရဲများကို အသုံးပြုရန် စိတ်ကူးရခဲ့သည်။ သားရဲများရှိ မိုးကြိုးစွမ်းအင်ကိုလည်း ဝါးမြိုနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ယဇ်ပလ္လင်၏ အကူအညီဖြင့် လေ့မိသားစု၏ မျိုးဆက်တိုင်းတွင် မိုးကြိုးပါရမီရှင်တစ်ဦး ထွက်ပေါ်လာခဲ့ပြီး မိသားစုကို ပိုမိုအင်အားတောင့်တင်းစေခဲ့သည်။ လေ့မိသားစုထံမှ မိုးကြိုးလျှို့ဝှက်ချက်ကိုးပါးကို ရယူရန် ကြိုးပမ်းခဲ့သော လမ်းမှန်ဂိုဏ်းများ ရှိခဲ့သည်။ ထိုဂိုဏ်းများသည် ပထမဆုံးလျှို့ဝှက်ချက် နှစ်ခုကို ခက်ခက်ခဲခဲ ရယူနိုင်ခဲ့သော်လည်း ၎င်းတို့၏ စွမ်းအားမှာ ထင်သလောက် မကြီးမားဘဲ လေ့မိသားစုဝင်များ အသုံးပြုသည်နှင့် ယှဉ်လျှင် သိသိသာသာ အားနည်းနေကြောင်း တွေ့ရှိခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံခြင်းလောကတွင် မိုးကြိုးလျှို့ဝှက်ချက်ကိုးပါးသည် လေ့မိသားစု သွေးမျိုးဆက်များ ကျင့်ကြံမှသာ စစ်မှန်သော စွမ်းအားကို ထုတ်ဖော်နိုင်သည်ဟူသော ကောလာဟလများ ပျံ့နှံ့သွားသည်။ လေ့မိသားစုမှာ ပိုမိုအင်အားကြီးလာပြီး ဝိညာဥ်သန္ဓေအဆင့် ပညာရှင်များ ထွက်ပေါ်လာသဖြင့် နောက်ပိုင်းတွင် မည်သူမျှ မိုးကြိုးလျှို့ဝှက်ချက်ကိုးပါးကို ရယူရန် မကြိုးစားဝံ့တော့ပေ။
လေ့ယွယ်သည် ယဇ်ပလ္လင်ပတ်လည်ကို သေချာစွာ စစ်ဆေးခဲ့ရာ လေ့ဟုန် ချန်ထားခဲ့သော ပြာများနှင့် ကျောက်ခဲပုံထဲရှိ ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ လေထုထဲတွင် ကျန်ရှိနေသော အော်ရာများအရ ဤနေရာတွင် မကြာသေးမီက လေ့ဟုန်နှင့် လေ့ထျန်းယု အပါအဝင် လူလေးဦးနှင့် သားရဲတစ်ကောင် ရှိခဲ့ကြောင်း ကောက်ချက်ချလိုက်နိုင်သည်။
လေထုထဲတွင် အလောင်းချီကျင့်ကြံသူ၏ ပြင်းထန်သော အော်ရာက ကျန်ရှိနေဆဲ ဖြစ်သည်။ လေ့ဟုန်နှင့် လေ့ထျန်းယုတို့မှာ ထိုအလောင်းချီကျင့်ကြံသူ၏ သတ်ဖြတ်မှုကို ခံလိုက်ရခြင်း ဖြစ်နိုင်ခြေ အလွန်များသည်။ အခြားနှစ်ဦးမှာ လမ်းမှန်ဂိုဏ်း ကျင့်ကြံသူများ ဖြစ်နိုင်ပြီး၊ အမျိုးသမီး ကျင့်ကြံသူများ ဖြစ်သည်။ သူတို့လည်း သေဆုံးသွားပြီ ဖြစ်နိုင်သည်။ ဤသို့ ဆုံးဖြတ်ရခြင်းမှာ အမျိုးသမီးကျင့်ကြံသူ နှစ်ဦး၏ ကျန်ရှိနေသော ဝိညာဉ်အပိုင်းအစများကို အာရုံခံမိသောကြောင့် ဖြစ်သည်။ လေ့ဟုန်နှင့် လေ့ထျန်းယုတို့ကမူ မည်သည့် ဝိညာဉ်အပိုင်းအစမျှ ကျန်မနေပေ။
လေ့ယွယ်သည် ညာဘက်လက်ကို မြှောက်ကာ လေထဲတွင် လမ်းကြောင်းတစ်ခုကို ဖြည်းညှင်းစွာ ဆွဲလိုက်သည်။ နူးညံ့သော ဝိညာဉ်စွမ်းအားတစ်ခုမှာ ဂူအတွင်းတွင် စတင် လည်ပတ်လာသည်။ ခဏအကြာတွင် အားနည်းသော အလင်းစက်လေး အချို့မှာ အရပ်မျက်နှာ အသီးသီးမှ သူ၏ လက်ထဲသို့ စုစည်းလာသည်။
လေ့ယွယ်က မန္တန်များ ရွတ်ဆိုကာ ထိုအလင်းစက်များဆီသို့ လက်ဟန်အစီအရင်များ ထပ်ခါတလဲလဲ ပြုလုပ်လိုက်သည်။ အသက်ရှူချိန် အနည်းငယ်အကြာတွင် လေ့ယွယ်၏ မျက်နှာမှာ အနည်းငယ် ဖြူလျော့သွားပြီး သူ၏ အရှိန်အဝါမှာ သိသိသာသာ အားနည်းသွားသည်။
“ဒီကျိန်စာသင့်နေတဲ့ ဝိညာဉ်သံကြိုးနည်းစနစ်က ဝိညာဉ်စွမ်းအား အရမ်းကုန်တာပဲ။ ဝိညာဉ်အပိုင်းအစ နည်းနည်းပါးပါး စုစည်းရုံနဲ့တင် တစ်ဝက်နီးပါး ကုန်သွားပြီ”
ထိုဝိညာဉ်အပိုင်းအစများမှတစ်ဆင့် လေ့ယွယ်သည် အမျိုးသမီးနှစ်ဦး မသေဆုံးမီ မြင်တွေ့ခဲ့ရသည့် အချက်အလက်အချို့ကို သိရှိခဲ့သည်။ ထိုလူနှစ်ဦးမှာ လေ့ဟုန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်းနှင့် လေ့ဟုန်သည် လေ့ထျန်းယုကို တိုက်ခိုက်ခဲ့ကြောင်းကိုပါ သိရှိသွားသည်။ သို့သော် သူ အသိချင်ဆုံးဖြစ်သည့် အလောင်းချီကျင့်ကြံသူနှင့် ပတ်သက်သည့် အချက်အလက်မှာမူ ပါမလာပေ။ ထိုသူက အမျိုးသမီးနှစ်ဦး သေဆုံးပြီးချိန်မှ ထွက်ပေါ်လာခြင်း ဖြစ်နိုင်သည်။
လေ့ယွယ်သည် ယဇ်ပလ္လင်ပတ်လည်ကို ဆက်လက်၍ သေချာစွာ ရှာဖွေသော်လည်း အခြားသဲလွန်စ ရှာမတွေ့ပေ။ ထို့နောက် ဂူ၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်ကာ ရှာဖွေပြန်သည်။ ၁၅ မိနစ်ခန့် ကြာပြီးနောက် စုန့်ဝမ် တူးထားခဲ့သော လိုဏ်ခေါင်းကို ရှာတွေ့သွားသည်။ ထိုလိုဏ်ခေါင်းမှတဆင့် အခြားဂူတစ်ခုသို့ ရောက်ရှိသွားသည်။ ထိုဂူထဲတွင် လိုက်လံရှာဖွေသော်လည်း ဘာမျှ ရှာမတွေ့ပေ။
ထို့ကြောင့် ဂူထဲမှ ကျောက်တုံးများကို သုံး၍ လိုဏ်ခေါင်းကို ပိတ်လိုက်ပြီး ဂူထဲမှ ထွက်ခွာခဲ့သည်။ လေ့ယွယ်သည် ကောင်းကင်ယံတွင် ပျံဝဲရင်း ဝိညာဉ်အာရုံကို သုံး၍ ပတ်ဝန်းကျင်ကို ရှာဖွေခဲ့သည်။ စိတ်ပျက်စရာကောင်းသည်မှာ အလောင်းချီကျင့်ကြံသူ ချန်ထားခဲ့သော မည်သည့်ခြေရာမျှ ရှာမတွေ့ခဲ့ပေ။
ကောင်းကင်ယံတွင် အကြာကြီး ရပ်နေပြီးနောက် လေ့ယွယ်လည်း စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်သည်။ ထို့နောက် တောင်ကြီးတစ်ခုဆီသို့ ပျံသန်းသွားပြီး ပေ ၃၀၀ ခန့်ရှည်သော ကျောက်တုံးကြီးတစ်ခုကို ဓားဖြင့် ဖြတ်ယူလိုက်သည်။
ထိုကျောက်တုံးကြီးကို ဆွဲယူလာကာ သူဖွင့်ခဲ့သော လိုဏ်ခေါင်းကို ပိတ်လိုက်ပြီး၊ အနီးနားရှိ မြေသားများကို ပြုပြင်လိုက်ရာ မည်သည့်ခြေရာလက်ရာမျှ မကျန်ရှိတော့ဘဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ အားလုံးဖုံးကွယ်ပြီးနောက် လေ့ယွယ်လည်း လေ့မိသားစုနေအိမ်သို့ ပျံသန်းသွားတော့သည်။ အလောင်းချီကျင့်ကြံသူကို လိုက်လံရှာဖွေခြင်းမှာ လေ့မိသားစု မျိုးဆက်သစ်များအတွက် တာဝန်တစ်ရပ် ဖြစ်လာပေလိမ့်မည်။
ဤနေရာက အရှေ့ဟွာဖန်းစျေးအပြင် ကျင့်ကြံသူများ စုဝေးရာ ဒေါင်ဟွာမြို့နှင့် နီးကပ်သည်။ များပြားလှသာ ကျင့်ကြံသူများကြား အလောင်းချီကျင့်ကြံသူကို ရှာဖွေရန်မှာ ဝိညာဥ်သန္ဓေအဆင့် ကျွမ်းကျင်သူအတွက်ပင် မလွယ်ကူပေ။ ထိုအလောင်းချီကျင့်ကြံသူ သွားနိုင်ခြေ အရှိဆုံးနေရာမှာ ဒေါင်ဟွာမြို့နှင့် တစ္ဆေချောက်ကမ်းပါး ဖြစ်သည်။
ဒေါင်ဟွာမြို့သည် အနီးနားတွင် အကြီးဆုံးမြို့ဖြစ်ပြီး အလောင်းချီကျင့်ကြံသူသည် သတ်ဖြတ်ခဲ့သူများထံမှ ရရှိသော ပစ္စည်းများကို ရောင်းချရန် ထိုနေရာသို့ သွားနိုင်ဖွယ်ရှိသည်။
တစ္ဆေချောက်ကမ်းပါးမှာမူ မိစ္ဆာများနှင့် တစ်ခါတစ်ရံ နတ်ဆိုးကျင့်ကြံသူများ ရောနှောနေထိုင်ရာ နေရာဖြစ်သည်။ ထိုနေရာတွင်လည်း အလောင်းချီကျင့်ကြံသူ၏ ခြေရာများကို တွေ့ရှိနိုင်သည်။ လေ့ယွယ်အနေဖြင့် ဤကိစ္စများကို ကိုယ်တိုင်လုပ်ဆောင်ရန် မလိုပေ။ လေ့မိသားစုတွင် ဒေါင်ဟွာမြို့ရော တစ္ဆေချောက်ကမ်းပါးမှာပါ ပိုင်ဆိုင်မှုများ ရှိနေပြီး လက်အောက်ခံများကို ညွှန်ကြားလိုက်ရုံသာ လိုအပ်သည်။ လေ့မိသားစု၏ မျိုးဆက်သစ်များ ဆက်လက် စုံစမ်းကြပေလိမ့်မည်။
.........