← Chapters

အိမ်နီးချင်းသစ်

Vol. 12 Ch. 131

အိမ်နီးချင်းသစ်

Vol. 12 Ch. 131

စုန့်ဝမ်သည် စိတ်ချရသည်အထိ ရေကန်အောက်ခြေတွင် နှစ်ရက်တိတိ ပုန်းကွယ်နေခဲ့သည်။ နှစ်ရက်လွန်မှ ကူပိုးကောင် တစ်ကောင် စတင်လွှတ်လိုက်သည်။

ကူပိုးကောင်သည် ရေမျက်နှာပြင်ပေါ်သို့ ဖြည်းညှင်းစွာ တက်လာပြီး ပတ်ဝန်းကျင်တွင် လူမရှိကြောင်း အတည်ပြုပြီးနောက် ကမ်းပေါ်သို့ တွားတက်သွားသည်။ ထို့နောက် ဆယ်မိုင်ပတ်လည်ကို တွားသွားရှာဖွေသည်။ လူသူကင်းရှင်းကြောင်း သေချာမှ ကောင်းကင်သို့ ပျံတက်ပြီး မိုင်ပေါင်းများစွာကို ကြည့်ရှုရှာဖွေသော်လည်း လူတစ်ဦးမျှ မမြင်ရပေ။

ယခုမှ စုန့်ဝမ်လည်း သက်ပြင်းချနိုင်တော့သည်။ သို့သော် အရဲမကိုးဝံ့သေး၊ ဝိညာဉ်စွမ်းအင်ကို မသုံးဘဲ ခန္ဓာကိုယ်ခွန်အားကိုသာ အားကိုး၍ ရေကန်အောက်ခြေမှ ဖြည်းညှင်းစွာ ကူးခတ်လာခဲ့သည်။ ရေကန်အဆုံးထိ ရောက်မှ ကမ်းပေါ်သို့ တွားတက်နိုင်ခဲ့သည်။

ကုန်းမြေပေါ် ရောက်သော်လည်း ဝိညာဥ်စွမ်းအား မသုံးဘဲ တောတွင်းမှသာ လမ်းလျှောက်ပြီး ပြန်ခဲ့သည်။ ထိုသို့ ခရီးနှင်ရင်း ၃ ရက်အကြာတွင်မှ အိမ်ပြန်ရောက်ခဲ့သည်။

အိမ်ပြန်ရောက်၍ ခြံဝင်းတံခါးကို တွန်းဖွင့်ရန် ပြင်လိုက်စဉ် မျက်နှာချင်းဆိုင်ရှိ ခြံဝင်းထဲတွင် အမျိုးသမီး ကျင့်ကြံသူတစ်ဦး ဓားသိုင်းလေ့ကျင့်နေသည်ကို တွေ့လိုက်ရသဖြင့် စုန့်ဝမ် အံအားသင့်သွားသည်။ ထိုအမျိုးသမီး ကျင့်ကြံသူမှာ ချီစုစည်းခြင်း သတ္တမအဆင့် ရှိပြီး၊ သုံးပေရှည်သော ပြာလဲ့လဲအရောင်ဓားကို ကိုင်ဆောင်လျက် ကြိုးစားပမ်းစား လေ့ကျင့်နေသည်။

စုန့်ဝမ်ကို ဒေါသထွက်စေသည်မှာ ထိုခြံဝင်းကို သူငှားရမ်းထားခြင်းကြောင့် ဖြစ်ပြီး၊ ၎င်းခြံဝင်းအတွင်းတွင် ဝိညာဥ်ဖုံးကွယ်အစီအရင်နှင့် ပထမအဆင့် သားရဲအလောင်းတစ်ကောင် ရှိနေခြင်း ဖြစ်သည်။

အကြောင်းရင်းကို စုန့်ဝမ် ချက်ချင်း ရိပ်မိသည်။ သေချာပေါက် ကျောက်တာဖန်းလက်ချက်ပဲ ဖြစ်ရမယ်။ ထိုသူက ဤလမ်းရှိ ခြံဝင်းပေါင်း တစ်ရာကျော်ကို တာဝန်ယူရသူ ဖြစ်သည်။ ထိုအမျိုးသမီးကျင့်ကြံသူမှာ သူငှားထားသော ခြံဝင်းထဲတွင် ဓားသိုင်းလေ့ကျင့်နေပုံအရ သူမသည် ကျောက်တာဖန်းထံမှ ထိုနေရာကို ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိသာသည်။ စုန့်ဝမ်သည် ထိုမျက်နှာချင်းဆိုင် ခြံဝင်းကို ငှားပြီးနောက် အစပိုင်းတွင် နှစ်ခါခန့်သာ ဝင်ခဲ့ပြီး နောက်ပိုင်း လုံးဝ မဝင်ဖြစ်တော့ပေ။ ထို့ကြောင့် ကျောက်တာဖန်းက ငှားရမ်းသူမှာ တစ်ခုခု ဖြစ်သွားပြီဟု ယူဆကာ ခြံဝင်းကို အခြားသူအား ထပ်မံငှားရမ်း၍ ကိုယ်ကျိုးရှာခြင်း ဖြစ်မည်။

ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် စုန့်ဝမ်သည် မျက်နှာချင်းဆိုင် ခြံဝင်းတံခါးကို ခေါက်လိုက်သည်။ ချက်ချင်းဆိုသလို အမျိုးသမီးကျင့်ကြံသူက တံခါးဖွင့်လိုက်ပြီး မရင်းနှီးသော မျက်နှာကို မြင်သောအခါ “ရှင်ဘယ်သူလဲ”ဟု မေးလိုက်သည်။

စုန့်ဝမ်က ပြုံးပြပြီး “နှုတ်ခွန်းဆက်ပါတယ် စီနီယာ။ ကျနော်က လမ်းတစ်ဖက်က အိမ်နီးချင်း ကျန်းချန်ပါ။ အိမ်နီးချင်းသစ် ရောက်လာတာ မြင်လို့ နှုတ်ဆက်ဖို့ လာတာပါ”ဟု ပြောလိုက်သည်။

စကားပြောနေစဉ် စုန့်ဝမ်က အမျိုးသမီးကျင့်ကြံသူကို အကဲခတ်လိုက်သည်။ ထိုအမျိုးသမီးမှာ နုနယ်သော ရုပ်ရည်ရှိပြီး ထူးခြားလှပသည်တော့ မဟုတ်ပေ။ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ ဓားကျင့်ကြံသူဖြစ်ကြောင်း သိသာလှသည်။ အရပ်က ငါးပေကျော် မြင့်ပြီး စုန့်ဝမ်ထက် သိပ်မပုပေ။ ကာလရှည်ကြာ ဓားသိုင်း လေ့ကျင့်ထားခြင်းကြောင့် ဖြစ်နိုင်သည်၊ ကိုယ်လုံးကိုယ်ပေါက်မှာ အလွန်ပင် ကျနပြေပြစ်ပြီး ကျော့ရှင်းဖျတ်လတ်သော အသွင်ကို ဆောင်နေသည်။

အမျိုးသမီးကျင့်ကြံသူ၏ အမူအရာမှာ အေးစက်နေပြီး၊ စုန့်ဝမ်မှာ ပထမဆုံး ရောက်လာပြီး ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်သည့် အိမ်နီးချင်း ဖြစ်သော်လည်း သူမက ပြုံးပြခြင်း မရှိပေ။

“ကျမက ကျိရူရွှယ်ပါ။ မနေ့ကမှ ပြောင်းလာတာ”

စုန့်ဝမ်သည် သူမ၏ အေးစက်မှုကို သတိမထားမိသကဲ့သို့ပင် နွေးထွေးသော အမူအရာဖြင့် ဆက်ပြောသည်။

“အခုကစပြီး ကျနော်တို့က အိမ်နီးချင်းတွေ ဖြစ်သွားပြီဆိုတော့ ကူညီစောင့်ရှောက်ပေးပါဦး စီနီယာကျိ”

ကျိရူရွယ်က “တခြားကိစ္စ မရှိရင် ပြန်ပါတော့။ ကျမ ဓားသိုင်း ဆက်လေ့ကျင့်ရဦးမယ်” ဟု ပြန်ပြောကာ စုန့်ဝမ်၏ တုံ့ပြန်မှုပင် မစောင့်တော့ဘဲ တံခါးကို ပိတ်လိုက်တော့သည်။

ကျိရူရွယ်၏ အေးစက်သော သဘောထားကို စုန့်ဝမ် ဂရုမစိုက်ပေ။ စကားပြောနေစဉ်အတွင်း ခြံဝင်းနှင့် အိမ်၏ အခြေအနေကို အကဲခတ်ခဲ့ရာ အားလုံး နဂိုအတိုင်း ရှိနေသည်ကို တွေ့ခဲ့သည်။ သူ၏ သိုလှောင်လက်စွပ်ထဲရှိ အစီအရင်ပြားမှတဆင့် ဝိညာဥ်ဖုံးကွယ်အစီအရင်မှာ ပုံမှန်အတိုင်း အလုပ်လုပ်နေဆဲဖြစ်ကြောင်း ခံစားမိလိုက်သည်။ ဒါက ကျိရူရွယ်အနေနှင့် အစီအရင် ရှိနေသည်ကို ရှာမတွေ့ခဲ့တာ ဖြစ်နိုင်သည်။

စုန့်ဝမ်သည် နောက်လှည့်၍ ခြံဝင်းသို့ ပြန်ရန် ပြင်လိုက်စဉ်မှာပင် လမ်းထောင့်တွင် အိုက်ခွင်း ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူနှင့်အတူ အသက် ၃၀ ကျော်ခန့်ရှိသော အမျိုးသမီးတစ်ဦးလည်း ပါလာသည်။ သူတို့နှစ်ဦးမှာ စကားတပြောပြောနှင့် ရယ်မောနေကြသည်။ စုန့်ဝမ် ထိုအမျိုးသမီးကို ယခင်ကလည်း မြင်ဖူးသည်၊ အိုက်ခွင်း၏ အသိဟောင်းတစ်ဦး ဖြစ်နိုင်သည်။

အိုက်ခွင်းကို ဂရုစိုက်မနေတော့ဘဲ စုန့်ဝမ်သည် ခြံဝင်းတံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။ အိမ်ထဲထိုင်ပြီး မကြာမီမှာပင် အိုက်ခွင်းက အပြင်မှ တံခါးလာခေါက်သည်။ စုန့်ဝမ် တံခါးဖွင့်ပေးလိုက်ရာ အိုက်ခွင်းက စိတ်အားထက်သန်စွာဖြင့် ဝင်လာပြီး ထိုင်ခုံတစ်လုံးတွင် ထိုင်လိုက်သည်။

အိုက်ခွင်းက မျက်နှာချင်းဆိုင် ခြံဝင်းကို လက်ညှိုးထိုးပြပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“မင်း အဲဒီ အမျိုးသမီးကျင့်ကြံသူကို စိတ်ဝင်စားနေတာတော့ မဟုတ်ပါဘူးနော်”

စုန့်ဝမ် ကျိရူရွယ်နှင့် စကားပြောနေသည်ကို အိုက်ခွန်း မြင်သွားခဲ့ခြင်း ဖြစ်မည်။ စုန့်ဝမ်က ခေါင်းခါပြီး “ဘယ်လိုလုပ် အဲဒီလို ဖြစ်မှာလဲ” ဟု ငြင်းလိုက်သည်။

“ဒါဆို မင်း ဘာလို့ သွားပြီး နှုတ်ဆက်နေတာလဲ။ တခြား အိမ်နီးချင်းတွေကို မင်း အဲဒီလိုနှုတ်ဆက်တာ ငါ မတွေ့ဖူးဘူး။ မင်းကို အကြံပေးမယ်၊ အဲဒီတစ်ယောက်ကို သွားပြီး မစတာ အကောင်းဆုံးပဲ”

“ဘာလို့လဲ ... သူက ဘာများထူးခြားလို့လဲ”

အိုက်ခွင်းက တိုးတိုးလေး ပြောသည်။

“သူက မဟာကောင်းကင်ဓားဂိုဏ်းကနေ အပယ်ခံရတဲ့ တပည့်တစ်ယောက်လို့ ပြောကြတယ်။ အဓိကဂိုဏ်းကြီးတွေကနေ နှင်ထုတ်ခံရသူတွေမှာ ကြမ္မာဆိုးတွေ ပါလာတတ်တယ်။ မပတ်သက်တာ အကောင်းဆုံးပဲ”

စုန့်ဝမ်က ခေါင်းညိတ်ပြီး ထိုသတိပေးချက်ကို လက်ခံလိုက်သည်။ အိုက်ခွင်းသည် ဤကိစ္စများတွင် အတွေ့အကြုံရှိသူပီပီ စုန့်ဝမ်ကို အလေးအနက် အကြံပေးနေခြင်း ဖြစ်သည်။

စုန့်ဝမ်ကလည်း ဝတ္တရားရှိသည့်အတိုင်း ပြန်ပြောလိုက်သည်။

“ခင်ဗျားလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦး။ ခုနက အမျိုးသမီးကရော ခင်ဗျားရဲ့ အချစ်ဟောင်းတွေထဲက တစ်ယောက်လား”

“သူနဲ့ ငါက ထွေထွေထူးထူး ပတ်သက်မှုတော့ မရှိပါဘူး။ ဒါပေမဲ့ သူ ပြည့်တန်ဆာအိမ်မှာ အလုပ်လုပ်တုန်းက ငါ နည်းနည်းပါးပါး အားပေးဖူးတယ်။ ခုတော့ ဘဝသစ်စပြီး ဝိညာဉ်ဆေးပင်စိုက်သူတစ်ယောက်နဲ့ အိမ်ထောင်ကျသွားပြီ ထင်တာပဲ”

စုန့်ဝမ် မဲ့ပြုံးပြုံးလိုက်သည်။ မည်သည့်ကမ္ဘာမှာမဆို ရိုးသားသူတွေပဲ လှည်းကျိုးထမ်းရတာ မဟုတ်လား။

“အခု သူအိမ်ထောင်ကျသွားပြီဆို၊ ခင်ဗျားက ဘာလို့ အူမြူးနေတာလဲ”

အိုက်ခွင်းက စားဘဲကြီးအပြုံးဖြင့် ပြန်ဖြေလိုက်သည်။

“ဟယ်ဟွမ်ဂိုဏ်းရဲ့ ပြည့်တန်ဆာအိမ်က မကြာခင် ဖွင့်တော့မှာလေ ... ဟဲ ဟဲ”

......

အိုက်ခွင်း ထွက်သွားပြီးနောက် စုန့်ဝမ် ရုပ်ဖျက်ပြီး ကျောက်တာဖန်း၏ နေအိမ်သို့ သွားခဲ့သည်။ ရည်ရွယ်ချက်မှာ ခြံဝင်းတစ်ခု ငှားရန်နှင့် ကျောက်တာဖန်းအကြောင်း စုံစမ်းရန်ဖြစ်သည်။ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက စော်ကားသည်ကို ပြန်မပေးဆပ်ခိုင်းလျှင် စိတ်ရှင်းရှင်း နေနိုင်လိမ့်မည် မဟုတ်။

မြို့ထဲတွင်တော့ ကျောက်တာဖန်းကို ကိုင်တွယ်ရန် အစီအစဉ်မရှိပေ။ သူ့နောက်ကွယ်တွင် သားရဲသခင်ဂိုဏ်း ရှိနေသည်။ မြို့ထဲတွင် သတ်လိုက်လျှင် သားရဲသခင်ဂိုဏ်း၏ ပြင်းထန်သော စစ်ဆေးမှုကို ခံရမည်ဖြစ်ပြီး၊ ထိုအခါ လမ်းတွင်းရှိ အိမ်ငှားများအားလုံး စုံစမ်းစစ်ဆေးမှု၏ အဓိက ပစ်မှတ် ဖြစ်သွားပေလိမ့်မည်။

ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာရန် မလိုပေ။ ကျောက်တာဖန်းကို ကိုင်တွယ်လိုလျှင် မြို့အပြင်ဘက်မှာ လုပ်တာက ပိုကောင်းသည်။

“ဒေါက် .. ဒေါက် ..”

ခြံတံခါးကို အကြိမ်အနည်းငယ် ခေါက်ပြီးနောက် စုန့်ဝမ်သည် အပြင်တွင် စောင့်နေလိုက်သည်။

ခဏအကြာတွင် ကျောက်တာဖန်းသည် စိတ်မရှည်သော အမူအရာဖြင့် တံခါးဖွင့်လာသည်။ ချီစုစည်းခြင်း ပဥ္စမအဆင့်သာရှိသော သူစိမ်းကို မြင်သောအခါ သူက တည့်တည့်မေးလိုက်သည်။

“ဘာလိုချင်လို့လဲ .. မြန်မြန်ပြော”

“အိမ်ငှားချင်လို့”

ကျောက်တာဖန်းက သူ၏ခါးပိုက်အိတ်ထဲမှ မြေပုံတစ်ခု ထုတ်လိုက်သည်။ ၎င်းတွင် လမ်းတစ်ခုလုံးရှိ ခြံဝင်းများစွာကို ပြသထားသည်။ မြေပုံကို စုန့်ဝမ်အား ပေးပြီး ပြောလိုက်သည်။

“ကြည့်လိုက်။ နာမည်မရေးထားတဲ့ ခြံဝင်းတွေက အားနေတာတွေပဲ”

စုန့်ဝမ် မြေပုံကို ကြည့်လိုက်ရာ စွန်းတာရှုံ၏ ခြံဝင်းမှာ အားလပ်နေကြောင်း သတိပြုမိလိုက်သည်။ စွန်းရူ ပျောက်ဆုံးသွားပြီးနောက် စိတ်ဓာတ်ကျသွားပုံရပြီး သူ ဘယ်ကို ရောက်သွားမှန်း မသိရပေ။

ထိုခြံဝင်းကို လက်ညှိုးထိုးပြရင်း စုန့်ဝမ်က “ခြံအမှတ် ၃၆၊ ဒါကို ယူမယ်” ဟု ပြောလိုက်သည်။

“ငှားခက တစ်လကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ဆယ်တုံး၊ အချိန်မှန် ပေးရမယ်၊ မဟုတ်ရင် နှင်ထုတ်မယ်”

စုန့်ဝမ်က ခေါင်းညိတ်ပြီး ဝိညာဉ်ကျောက်တုံး သုံးဆယ် ပေးလိုက်သည်။

“သုံးလစာ ကြိုပေးမယ်”

“မင်းနာမည် ဘယ်သူလဲ”

“ကောထောင်”

ကျောက်တာဖန်းက မြေပုံထဲသို့ ဝိညာဉ်စွမ်းအား အနည်းငယ် ထည့်သွင်းလိုက်သည်။ မြေပုံမှာ ချက်ချင်း ပြောင်းလဲသွားပြီး ခြံအမှတ် ၃၆ အပေါ်တွင် ကောထောင်ဟူသော အမည် ပေါ်လာသည်။

ထိုအချိန်မှာပင် ခြံဝင်းအတွင်းမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

“အား... အစ်ကို .. နာတယ် .. အရမ်းနာတယ်”

ရုတ်တရက် ထွက်ပေါ်လာသော အသံက ခြံတံခါးဝရှိ လူနှစ်ဦးစလုံး၏ အာရုံကို ဆွဲဆောင်သွားသည်။

စုန့်ဝမ်သည် ထိုအသံရှိရာသို့ လှည့်ကြည့်လိုက်မိသည်။ ကျောက်တာဖန်း အူကြောင်ကြောင်ညီငယ်မှာ ခြံထဲတွင် အံတင်းတင်းကြိတ်ကာ နာကျင်မှု ခံစားနေရသည်ကို တွေ့လိုက်ရသည်။

ကျောက်တာဖန်း မျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောက် ပေါ်လာပြီး၊ စုန့်ဝမ်၏ အမြင်ကို ပိတ်ဆို့ရန် တံခါးကို အလျင်အမြန် ဆွဲပိတ်လိုက်သည်။

“ခြံအမှတ် ၃၆ ကို ကိုယ့်ဘာသာ သွားလိုက်တော့။ ရှာမတွေ့ရင် တစ်ယောက်ယောက်ကို မေးကြည့်၊ အရင်က စွန်းတာရှုံ နေတဲ့ခြံဆိုရင် အားလုံး သိကြတယ်။ ငါ့မှာ အရေးကြီးကိစ္စ ရှိလို့ လိုက်မပို့တော့ဘူး”

..............

လှည့်ထွက်လာခဲ့သော စုန့်ဝမ်မျက်လုံးများထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ပေါ်ထွက်နေသည်။ ကျောက်တာဖန်း၏ညီထံမှ အလောင်းချီစွမ်းအင် အငွေ့အသက်ကို အာရုံခံမိခဲ့သည်။ ထိုအငွေ့အသက်သည် အလောင်းချီကျင့်ကြံသူများ၊ အလောင်းရုပ်သေးများနှင့် လူသေအလောင်းများမှသာ ထုတ်လွှတ်ကြသည်။ ထိုသူ၏ အသက်ရှူသံမှာ ပုံမှန်ဖြစ်ပြီး နှလုံးခုန်သံမှာလည်း အားကောင်းလှသည်၊ လူသေအလောင်း မဟုတ်သည်မှာ သေချာသည်။

ထိုသူ၏ ဒန်တန်မှာလည်း ပျက်စီးနေပြီး၊ ပြန်လည်ကောင်းမွန်စေမည့် ရှားပါးရတနာများ မရှိဘဲ ပြန်လည်ကျင့်ကြံရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဖြစ်နိုင်ခြေ တစ်ခုသာ ကျန်တော့သည်။ ဖုတ်ကောင်အသွင်ပြောင်းခြင်း .. သူ့ကိုယ်တွင်းမှ အလောင်းချီမှာ ကိုယ်တိုင် စုပ်ယူကျင့်ကြံထားခြင်း မဟုတ်ဘဲ၊ တစ်စုံတစ်ဦးက သူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးထားခြင်း ဖြစ်သည်။

လမ်းမှန်ကျင့်ကြံခြင်းလောကမှာ သူထင်ထားတာထက် အများကြီး ပိုစိတ်ဝင်စားဖို့ ကောင်းနေသည်ဟု စုန့်ဝမ် တွေးမိလိုက်သည်။

ကျောက်တာဖန်းသည် သားရဲသခင်ဂိုဏ်း၏ ပြင်ပတပည့် အုပ်ချုပ်ရေး အရာရှိတစ်ယောက် ဖြစ်ပြီး၊ စျေးမြို့ထဲရှိ လမ်းတစ်ခုကို စီမံခန့်ခွဲခြင်းမှ အကျိုးအမြတ်များစွာ ရရှိနေသည်။ ထိုသို့ နောက်ခံလည်းရှိ၊ ဝိညာဉ်ကျောက်လည်း ပုံမှန်လို ရရှိနေသူက မြို့ထဲတွင် နေထိုင်ရင်း နတ်ဆိုးကျင့်စဉ်များကို ကျင့်ကြံနေသည်မှာ ကြီးမားသော အကြောင်းရင်းခံတစ်ခု ရှိနေမည်မှာ ကျိန်းသေပင် ဖြစ်သည်။

......

စုန့်ဝမ် ခြံအမှတ် ၃၆ ၏တံခါးကို တွန်းဖွင့် ဝင်လိုက်သည်နှင့် ခြံဝင်းမှာ အနည်းငယ် ရှုပ်ပွနေပြီး ခြံထဲတွင်လည်း ပစ္စည်းများ ဟိုတစ်စ ဒီတစ်စ ပျံ့ကျဲနေသည်ကို တွေ့လိုက်ရသည်။ စုန့်ဝမ်လည်း ဤနေရာတွင် နေထိုင်မည် မဟုတ်သဖြင့် ကြည့်ကောင်းရုံမျှသာ ရှင်းလိုက်သည်။

ထို့နောက် အစီအစဥ်ကို အကောင်အထည်ဖော်ရန် စတင်ခဲ့သည်။ မီးဖိုချောင်ထဲသို့ ဝင်ကာ ရေစည်ကြီးနှင့် အောက်ခံကျောက်ပြားကို နေရာရွှေ့ပြီး ဂေါ်ပြားတစ်ချောင်း ထုတ်ယူကာ စတင်တူးဆွတော့သည်။ တူးထုတ်လိုက်သော မြေကြီးများအား သိုလှောင်လက်စွပ်တွင်း သိမ်းဆည်းလိုက်သည်။

တစ်နာရီမပြည့်မီမှာပင် စုန့်ဝမ်သည် အလျား ပေ ၆၀၊ အနံ ပေ ၃၀ နှင့် အနက် ၇ ပေခန့်ရှိသော အခန်းတစ်ခုကို တူးဖော်ပြီးစီးသွားသည်။ မြို့ထဲသို့ ပြန်လာစဥ်က မျက်နှာချင်းဆိုင်ခြံဝင်း၏ မြေအောက်ခန်းတွင် ကိုးနန်းဆောင်ယင်အစီအရင်နှင့် ဝိညာဉ်ဖုံးကွယ်အစီအရင်တို့ တည်ဆောက်ရန် စီစဉ်ခဲ့သည်။ ကျောက်တာဖန်း၏ လုပ်ရပ်ကြောင့် ယခုကဲ့သို့ ခြံဝင်းအသစ်တစ်ခု ထပ်ငှားပြီး တည်ဆောက်နေရခြင်း ဖြစ်သည်။

ဤအစီအရင် နှစ်ခုရှိလျှင် ရွှေအမြုတေအဆင့် ပညာရှင်များ၏ ဝိညာဉ်အာရုံမှ ဖုံးကွယ်ထားနိုင်လိမ့်မည်။ အခြားသူများ သိရှိ၍ မဖြစ်သော နည်းစနစ်အချို့ကို ထိုမြေအောက်ခန်းထဲတွင် ကျင့်ကြံရန် စီစဉ်ထားသည်။

စုန့်ဝမ်သည် လောလောဆယ် နတ်ဆိုးကျင့်စဥ်များကို ကျင့်ကြံမည် မဟုတ်ပေ။ ထိုကျင့်စဥ်များမှာ အလောင်းသွေးစွမ်းအင်နှင့် ယင်ဓာတ်အဆီအနှစ် အမြောက်အမြား လိုအပ်ပြီး၊ ဤနေရာတွင် ရရှိရန် ခက်ခဲသည်။ တောင်ကြားရှိ တစ္ဆေဈေးတွင် အနည်းငယ် ဝယ်ယူနိုင်သော်လည်း မလောက်ငပေ။

အလောင်းနတ်ဆိုးဂိုဏ်းမှ မထွက်ခွာမီ စုန့်ဝမ်သည် အလောင်းသွေးစွမ်းအင်နှင့် ယင်ဓာတ်အဆီအနှစ် အများအပြားကို စုဆောင်းထားခဲ့သည်။ ဝူယင်ကို သတ်ခဲ့စဉ်က ယင်အဆီအနှစ်အချို့ ရရှိခဲ့သော်လည်း တဖြည်းဖြည်း သုံးစွဲနေရသဖြင့် လျော့နည်းလာပြီ ဖြစ်သည်။ ထို့ကြောင့် အရေးပေါ်အခြေအနေမျာအတွက် အရန်အဖြစ် သိမ်းဆည်းထားရန် ရည်ရွယ်ပြီး လောလောဆယ် မသုံးသေးပေ။

ကျိရူရွယ် နေထိုင်နေသော ခြံဝင်းမှ ဝိညာဉ်ဖုံးကွယ်အစီအရင်ကိုလည်း ပြန်ရယူရမည်ဖြစ်သည်၊ အစီအရင်ဖြင့် ဖုန်းကွယ်ထားသော သားရဲအလောင်းကို ရှာတွေ့သွား၍ မဖြစ်ပေ။

နောက်ရက်များအတွင်း စုန့်ဝမ်သည် ဆေးလုံးများ ဖော်စပ်လိုက်၊ သက်ရှည်ကျင့်စဉ်ကို ကျင့်ကြံလိုက်နှင့် အိမ်တွင်းအောင်းနေခဲ့သည်။ ကျိရူရွယ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ကူပိုးကောင်တစ်ကောင်ကို လွှတ်ထားသည်။ သူမ ခြံဝင်းထဲမှ ထွက်သည်နှင့် ဝိညာဉ်ဖုံးကွယ်အစီအရင်ကို သွားယူရန် စီစဉ်ထားသည်။

ဤသို့ စောင့်ဆိုင်းရင်း လေးရက် ကြာသွားသည်။ ထိုညတွင် ကျိရူရွယ်သည် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ကာ မျက်နှာဖုံးစွပ်၍ ခြံဝင်းထဲမှ ထွက်ခွာသွားသည်။

……………..

All Chapters